ပရမ်းပတာ တိုက်ပွဲ
Vol. 72 Ch. 994
ရေခဲပြင်ပေါ်တွင် လူတစ်ယောက် တစ်ကိုယ်တည်း လမ်းလျှောက်နေသည်။ ယနေ့ညက အလွန်မည်းမှောင်ရာ မျက်စိရှေ့ မီတာသုံးရာကျော်လျှင် လှမ်းမမြင်နိုင်တော့ပေ။ နှင်းဒေသတွင် ညအချိန်ဆိုလျှင် ဝိညာဉ်လေများက အလွန်သိပ်သည်းသဖြင့် အလွန်အန္တရာယ်များသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှလွဲ၍ အခြားမည်သူမှ ညအချိန်တွင် မသွားလာနိုင်လောက်ပေ။
တစ်ကိုယ်တည်း လျှောက်လှမ်းနေသူမှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်နှင့် တစ်ပုံစံတည်း တူပေသည်။ သူသည် အနက်ရောင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ သူ၏ အသားအရောင်မှာ နေလောင်ထားသကဲ့သို့ နီညိုညိုဖြစ်နေပြီး သူ၏လက်များက သာမန်လူ၏လက်များကဲ့သို့ မဟုတ်ဘဲ နဂါးလက်မျိုးကဲ့သို့ ဖြစ်နေသည်။ သူသည် ခါးအနည်းငယ်ကိုင်းနေပြီး ခြေလှမ်းများလည်း လေးလံနေသည်။ သူ၏မျက်လုံးများကလည်း အသက်ကင်းမဲ့နေသည်။ သူသည် အထီးကျန်စွာ လေလွင့်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ပင်။
ဟူး...
နှစ်နာရီကြာ သွားပြီးနောက် ကျန်းရီသည် သက်ပြင်းရှည်တစ်ချက် ချလိုက်၏။ သူ၏မျက်လုံးများက ပြန်၍အသက်ဝင်လာသော်လည်း အထီးကျန်ဆန်ဟန် ပေါ်နေပေသေးသည်။ သူသည် နှင်းဒေသသို့ ရောက်ရန် ခရီးရှည်ကြီးကို လာခဲ့ရပြီး ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ခက်ခက်ခဲခဲ ရှာခဲ့ရသည်။ ထို့ပြင် သူသည် အသတ်ခံရလုနီးပါးလည်း ဖြစ်ခဲ့သည်။ သို့သော် သူ ပြန်ရခဲ့သော ရလဒ်မှာ ဤကဲ့သို့သော ရလဒ်သာလော။
လူပုမျိုးနွယ်ကို ရှင်းပစ်ရန်နှင့် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို ဝင်၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ အထွတ်အမြတ် ရတနာကို ရယူရန်ဆိုသော တာဝန်နှစ်ခုမှာ ကျန်းရီကို အသက်ပင်မရှူနိုင်လောက်အောင် ဖိနှိပ်ထားသော တောင်ကြီးများကဲ့သို့ပင်။ ထိုတာဝန်နှစ်ခုက နတ်ဘုရားအဖြစ်သို့ တက်လှမ်းရန်ထက်ပင် ခက်ခဲပေသည်။ ပထမတာဝန်အတွက် သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းရမည် သို့မဟုတ် ကြယ်တာရာစွမ်းအားများကို ပိုရရန်လိုအပ်ပေသည်။ မဟုတ်လျှင် သူသည် လူပုမျိုးနွယ်၏ နတ်ဘုရားတစ်ပိုင်းကို သတ်နိုင်မည် မဟုတ်ချေ။ ဒုတိယတာဝန်က ပို၍ပင် ခက်ခဲသေး၏။ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ အထွတ်အမြတ် ရတနာကို ရယူရန် မဆိုထားနှင့် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ ဝင်လာပါမည်လောကိုပင် သူ မသိချေ။
ကျန်းရီသည် ခြေလှမ်းများကို ရပ်ကာ မည်းမှောင်နေသော ကောင်းကင်ကို မော့ကြည့်လိုက်၏။ ကောင်းကင်ထက်မှ တိမ်မည်းများက သူ့ကို မွန်းကြပ်နေစေလေသည်။ သူသည် မျက်မှောင်ကြုတ်၍ ကောင်းကင်ကို စိုက်ကြည့်နေရင်း တိမ်မည်းများအထက်တွင် ဧရာမလက်ကြီးတစ်ခုရှိနေသလို ခံစားလိုက်ရ၏။ ထိုဧရာမလက်ကြီးက နောက်ကွယ်မှနေ၍ သူ၏ကံကြမ္မာကို ကြိုးကိုင်နေသကဲ့သို့ပင်။
ထိုခံစားချက်က ကျန်းရီကို မသက်မသာ ခံစားသွားရစေပြီး စိတ်ဓာတ်ကျသွားစေသည်။ သူ မည်မျှပင် ကြိုးစားစေကာမူ၊ သူ မည်မျှပင် စွမ်းအားကြီးလာစေကာမူ သူ့အရှေ့တွင် သူမဖြတ်ကျော်နိုင်မည့် တောင်ကြီးများက တစ်တောင်ပေါ်တစ်တောင်ဆင့်နေမည်သာ။ သူ၏ကံကြမ္မာက ဘယ်တော့မှ သူ့လက်ထဲတွင် ရှိလာမည် မဟုတ်ပေ။
ကျန်းရီသည် သေသည်အထိ ဝန်ထုပ်ဝန်ပိုးများကို ထမ်းထားရမည်ဖြစ်သည်။
လက်ရှိတွင် ကျန်းရီသည် တောင်လေးတစ်လုံးပေါ်တွင် ရှိနေပြီး မလှုပ်မရှားချင် ဖြစ်နေသည်။ ထို့ကြောင့် သူသည် မည်သည်ကိုမှ မတွေးတောလိုသလို၊ မည်သည့်နေရာကိုမှလည်း မသွားဘဲ နေရာတွင်ပင် ထိုင်နေလေသည်။ သူသည် တွေဝေမိန်းမောစွာဖြင့် မည်သည့်နေရာသို့ ဆက်သွားရမည်မသိ ဖြစ်နေပြီး လမ်းပျောက်နေသော ကလေးတစ်ယောက်ကဲ့သို့ ခံစားနေရပေသည်။
ကျန်းရီသည် တောင်ပေါ်တွင် တစ်ညလုံး ထိုင်နေခဲ့၏။ မကြာခင်မှာပင် အရှေ့ဘက်ကောင်းကင်တွင် အရုဏ်ဦးရောင်ခြည်တန်းလေး ထွက်ပေါ်လာပြီး ကျန်းရီ၏ မျက်နှာကို အလင်းပေးလိုက်သည်။ သူ၏မျက်နှာပေါ်တွင် သွေးရောင်အနည်းငယ် ရှိပေသေးသည်။ နောက်ဆုံးတွင် သူသည် အသိစိတ်ပြန်ကပ်လာပြီး ထရပ်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။ ထို့နောက် သူသည် အားဖြည့်ဆေးလုံးနှစ်လုံးကို ထုတ်၍ သောက်လိုက်ပြီး လုံခြုံသောနေရာတစ်ခုကို ရှာလိုက်ပြီး မြေအောက် မီတာရာကျော်အနက်ထိရှိသော မြေအောက်လိုဏ်ခေါင်းတစ်ခုကို တူးလိုက်သည်။
ကျန်းရီတွင် မည်သည့်လုပ်စရာများ၊ မည်သည့်အကြံကောင်းများ ရှိနေခြင်းက အရေးမပါပေ။ ရှေးဦးစွာ သူ ဒဏ်ရာများကို ကုသရပေမည်။ သူ၏စိတ်ဝိညာဉ်က ရွှေကျီးကန်းဆန်းကြယ်နယ်မြေတွင် သန်မာလာခဲ့သည်။ ပြီးခဲ့သော နှစ်ပိုင်းအတွင်း သူ ကိစ္စများစွာနှင့် တွေ့ကြုံခဲ့ရသည်။ သို့ကြောင့် သူသည် ပြိုလဲသွား၍ မဖြစ်ဟု သူ့ကိုယ်သူ သတိပေးနေရပေသည်။
ကျန်းရီသည် အတွေးမလွန်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်ပြီး မည်သို့ ဒဏ်ရာကုသရမည်၊ မည်သို့ အနားယူရမည်ကိုသာ တွေးတောလိုက်လေသည်။ သူ၏အတွေးက ဗလာဖြစ်နေ၏။ သူ အမည်မဲ့ကျင့်စဉ်ကိုသုံးကာ လျင်မြန်စွာ ဒဏ်ရာကုသလိုက်သည်။ သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက နဂါးညှိုးရော်မြက်ပင်ကြောင့် ပြောင်းလဲခဲ့ပြီဖြစ်၍ သူ့ခန္ဓာကိုယ်သည် အလိုလို စတင်ကုသနေပေသည်။ ကျန်းရီနေရာတွင် အခြားတစ်ယောက်ဖြစ်ပါက လမ်းပြန်လျှောက်နိုင်ရန်ပင် အနည်းဆုံး ဆယ်ရက်မှ လဝက်လောက်အထိ လိုမည်ဖြစ်သည်။ သို့သော် သူသည် တစ်ရက်ကုသရုံဖြင့် လမ်းပြန်လျှောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ ဒဏ်ရာပျောက်ကင်းနိုင်စွမ်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
ရှပ်...ရှပ်...ရှပ်...
နှစ်ရက်ကြာပြီးနောက် ကျန်းရီသည် အဝေးမှ ခြေသံသဲ့သဲ့များကြောင့် နိုးထလာ၏။ သူသည် ချက်ချင်း မျက်လုံးများ ဖွင့်လိုက်၏။ သူ့မျက်ဝန်းများက အေးစက်စက်အလင်း တောက်ပနေပေသည်။ နှစ်ရက်အနားယူပြီးပြီဖြစ်၍ သူ၏သက်လုံနှင့် စွမ်းအင်က ပြည့်ဝနေပြီဖြစ်သည်။ ထို့ပြင် သူ၏မျက်နှာထားကလည်း စိတ်ဓာတ်ကျနေသောမျက်နှာထား မဟုတ်တော့ပေ။
ကျန်းရီသည် ပို၍ကျယ်လောင်လာသော ခြေသံများကို နားစွင့်လိုက်၏။ သူ၏မျက်နှာက ပို၍တည်လာပေသည်။ လျှောက်လာသူမှာ တစ်ယောက်တည်း မဟုတ်ပေ။ အနည်းဆုံး လူတစ်ရာလောက်ရှိပေမည်။ ထိုလူများက မြေအောက်ထဲမှ သွားနေခြင်းဖြစ်သဖြင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များ ဖြစ်နိုင်သည်။ သူတို့၏ ခြေသံများက အသည်းအသန်ဖြစ်နေပြီး ပြင်းနေသဖြင့် သူတို့က ထွက်ပြေးနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ ကျန်းရီသည် ထိုကိစ္စတွင် ဝင်မပါလိုပေ။
ထို့ကြောင့် ကျန်းရီသည် ထွက်ပြေးရန် ဟန်ပြင်လိုက်၏။ သူ့ခန္ဓာကိုယ်မှနေ၍ ဝိညာဉ်လေတန်းများ တိတ်တဆိတ် ပျံထွက်လာသည်။ ထို့နောက် သူသည် ကောင်းကင်စိတ်အာရုံဖြင့် ထိုလူများဘက်သို့ ထောက်လှမ်းလိုက်၏။ သူ၏ခြေလှမ်းများ ချက်ချင်း တုံ့ဆိုင်းသွားပေသည်။
ထိုလူတစ်ရာသည် အမှန်ပင် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များဖြစ်ကြသည်။ ထိုအုပ်စုထဲတွင် မိုရှင်း၏ ဝမ်းကွဲအစ်ကို မိုထျန်းလည်းပါပေသည်။ အခြားသူတစ်ယောက်လည်း ကျန်းရီကို အံ့အားသင့်သွားစေပေသေးသည်။ ထိုလူအုပ်ထြတွင် မိုယောင်အာလည်း ပါနေသည်။ သူတို့သည် တုန်လှုပ်နေသော မျက်နှာထားများ ရှိနေကြပြီး စစ်တပ်ကြီးတစ်တပ်၏ လိုက်လံသတ်ဖြတ်မှုကို ခံနေရ၍ ထွက်ပြေးနေခြင်းဖြစ်ကြောင်း ထင်ရှားလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ထင်ထားသကဲ့သို့ပင် မြေပြင်ပေါ်မှနေ၍ တူထုသံများ ပဲ့တင်ထပ်လာသည်။ ဘယ်ညာနှစ်ဘက်မှနေ၍ လျင်မြန်စွာ ပြေးလာနေသော လူပုများစွာကို ကျန်းရီ အာရုံခံမိလိုက်သည်။ တူသံများကိုလည်း နေရာတိုင်းမှ ကြားနိုင်နေသည်။ ယင်းက ဆန်းကြယ်သော စွမ်းရည်တစ်ခုပင်။ လူပုများက မြေပြင်ကို တူဖြင့်ထုနေခြင်းဖြစ်သော်လည်း မြေပြင်ပေါ်တွင် အက်ကြောင်းများ ထွက်ပေါ်မလာဘဲ မမြင်နိုင်သောလှိုင်းဂယက်များသာ ထွက်လာပြီး မြေအောက်ထဲမှ ထွက်ပြေးနေသော လူများ၏ အရှိန်ကို ရုတ်ခြည်း နှေးသွားစေနေလေသည်။ ထို့ပြင် သူတို့၏ ကိုယ်တွင်းအင်္ဂါများလည်း တုန်ခါသွားကြသည်။ သူတို့သာ ထိုလှိုင်းဂယက်များအတွင်း အချိန်ကြာမြင့်စွာ ရှိနေလျှင် ဒဏ်ရာအသေးစားလေးများ ရသွားမည်ဖြစ်သည်။ ပြင်းထန်သည့်အခြေအနေတွင်ဆိုလျှင် သေပင်သေသွားနိုင်လောက်သည်။
‘လခွမ်းပဲ...’
ကျန်းရီသည် သူကလည်း ထိုလှိုင်းဂယက်များ၏ လွှမ်းခြုံမှုကို ခံထားရကြောင်း သတိပြုမိလိုက်သောအခါ စိတ်ထဲမှ ဆဲလိုက်လေသည်။ အစောတွင် သူတုံ့ဆိုင်းခဲ့သဖြင့် ထွက်ပြေးနိုင်မည့် အကောင်းအဆုံးအခွင့်အရေးကို ဆုံးရှုံးခဲ့ရပေပြီ။ ဤသို့သာ ဆက်သွားပါက သူ၏ပြန်ကောင်းခါစ ဒဏ်ရာများက ပြန်ဆိုးလာပေလိမ့်မည်။ သူ၏ကိုယ်တွင်းအင်္ဂါများကလည်း သွေးပြန်ထွက်လာမည်ဖြစ်သည်။
လူပုမျိုးနွယ်၏ စွမ်းရည်က အလွန်အစွမ်းထက်ပေသည်။ ထိုလှိုင်းဂယက်များက မြေအောက် သုံးကီလိုမီတာအကွာအထိပင် ရောက်သည်။ မြေကြီးသည် အောက်ဘက်ရောက်လာလေလေ၊ ပိုမာလာလေလေဖြစ်၍ ကောင်းကင်နတ်ဆိုးမျိုးနွယ်သည် မြေကြီးအောက် ပေထောင်ဂဏန်းအနည်းငယ်လောက်သာ တူးနိုင်ပေသည်။ ကျန်းရီ၏ ဝိညာဉ်လေဓားများက ပိုအစွမ်းထက်သော်လည်း မြေအောက် သုံးကီလိုမီတာကျော်အထိတော့ မတူးနိုင်လောက်ပေ။ ယခုတွင် ကျန်းရီအပေါ်သို့ ကောင်းကင်စိတ်အာရုံများစွာ ရောက်နေပေပြီ။ သို့ဖြစ်ရာ သူသည် မည်သို့ ဝိညာဉ်လေများကို အဆင်မခြင် ထုတ်လွှတ်ဝံ့ပါဦးမည်နည်း။
“သူတို့နဲ့ သေတဲ့အထိ တိုက်ခိုက်မယ်”
“ဟုတ်တယ်... ကျွန်တော်တို့ ထွက်ပြေးလို့လည်း မလွတ်တော့ဘူး။ သူတို့ကို တိုက်ခိုက်ကြတာပေါ့”
“တော်ဝင်သခင်မလေး... ကျွန်တော်တို့ သူတို့ကို ထိန်းထားပါမယ်။ သခင်မလေးက မြန်မြန် ထွက်ပြေးပါ”
အဝေးမှနေ၍ အော်သံများ ပဲ့တင်ထပ်လာသည်။ ကျန်းရီသည် စကားသံအချို့ကို ခပ်သဲ့သဲ့ ကြားလိုက်ရ၍ လှောင်ပြုံးပြုံးလိုက်လေသည်။ သူသည် မြေပြင်အထက်ကို အာရုံခံထောက်လှမ်းခဲ့ပြီး ဖြစ်သည်။ လူပုများက ငါးထောင်နီးပါး ရှိနေပေသည်။ ထို့ကြောင့် မိုယောင်အာက ထွက်ပြေးလိုလျှင်ပင် ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။ သူမသည် တိုက်ခိုက်စွမ်းအား မြင့်ပြီး စွမ်းအားကြီး ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်များစွာ၏ ဝန်းရံတိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။
‘အဲ့တောင်ဝင်သခင်မလေးဆိုတဲ့ အရူးမက ဘာလို့ လူနည်းနည်းလေးနဲ့ အပြင်ထွက်လာရတာလဲ။ သူ့ရဲ့အဖေကလည်း သူ့သမီး အပြင်မှာ သေသေရှင်ရှင် ဂရုမစိုက်တာလား။ ဒီလိုအခွင့်အရေးကောင်းတစ်ခုရနေမှတော့ လူပုမျိုးနွယ်က ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို လက်စားချေဖို့ သူ့ကို ရအောင်သတ်မှာပဲ’
ကျန်းရီသည် စိတ်မကောင်းစွာဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်၏။ မိုယောင်အာ၏ လက်ထဲတွင် ကြာပွတ်တစ်ချောင်း ထွက်ပေါ်လာပြီဖြစ်သည်။ ထို့နောက် သူမ၏လက်များက အနက်ရောင်အလင်းလက်သွားပြီး နဂါးလက်များကဲ့သို့ ပြောင်းလဲသွားလေသည်။ သူမသည် မြေပြင်ထက်သို့ ထိုးတက်သွားပြီး အော်ပြောလိုက်၏။
“ကောင်းကင်နတ်ဆိုးမျိုးနွယ်က သေတဲ့အထိ တိုက်ပွဲဝင်တယ်... ကိုယ့်လူတွေကို ဘယ်တော့မှ စွန့်ပစ်ခဲ့မှာ မဟုတ်ဘူး။ အားလုံးပဲ ကျွန်မအမိန့်ကို နာခံကြ... လူပုတွေကို သတ်။ ကျွန်မ ဂိုဏ်းကို သတင်းလှမ်းပို့ပြီးပြီ... မကြာခင် စစ်ကူတွေ ရောက်လာလိမ့်မယ်။ ကျွန်မတို့သာ လူပုတွေကိုသတ်ပြီး အဝိုင်းခံထားရတာကနေ ဖောက်ထွက်နိုင်ရန် ကယ်တင်ခံရလိမ့်မယ်”
“သတ်ကြ...”
မိုထျန်းနှင့် အခြားသူများသည် မိုယောင်အာ၏ စကားများကြောင့် စိတ်အားတက်သွားလေသည်။ သူတို့၏ မျက်ဝန်းများကလည်း အနက်ရောင်အလင်း တောက်ပလာသည်။ ထို့နောက် သူတို့ မြေပြင်ထက်သို့ လျင်မြန်စွာ တက်သွားကြသည်။ ထိုစဉ် မိုယောင်အာ၏ ကောင်းကင်စိတ်အာရုံက ကျန်းရီဆီရောက်ရှိလာပြီး အမိန့်တစ်ခု ပို့လွှတ်လိုက်လေသည်။
“မိုရှင်းလား... ကျွန်မနဲ့အတူ အပြင်ကိုထွက်ပြီး တိုက်ခိုက်ပါ”
‘မင်းအဖေကြီးကိုပဲ သွားတိုက်ခိုက်လိုက်’
ကျန်းရီသည် စိတ်ထဲမှ ဆဲလိုက်၏။ မြေပြင်ထက်တွင် လူပုများစွာ ရှိနေပြီး သူတို့ထဲတွင် ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်များစွာလည်း ပါဝင်ကြောင်း ထင်ရှားပေသည်။ လူပုမျိုးနွယ်သည် ဤကဲ့သို့သော အခွင့်အရေးကောင်းတစ်ခုကို မည်သို့ လက်လွတ်ခံပါမည်နည်း။ ဤနေရာသို့ လာနေသော အခြားလူပုများလည်း သေချာပေါက် ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် မိုယောင်အာတို့အုပ်စုမျှဖြင့် ဖောက်ထွက်နိုင်ရန် မဖြစ်နိုင်ချေ။ သူမတို့ မြေအောက်ထဲတွင်နေသည်ကမှ ပိုကြာကြာ အသက်ရှင်နိုင်ပေဦးမည်။ ထို့ပြင် ကောင်းကင်နတ်ဆိုးဂိုဏ်းက အမှန်ပင် စစ်ကူစေလွှတ်လိုက်ပြီဆိုလျှင်လည်း သူမတို့ မြေအောက်ထဲတွင် အချိန်ဆွဲနေခြင်းက အကောင်းဆုံးဖြစ်ပေမည်။
“မင်း ဘာနည်းလမ်းပဲသုံးသုံး ကိစ္စမရှိဘူး။ လူပုမျိုးနွယ်ကို တော်ဝင်တောင်ကနေ မောင်းထုတ်နိုင်ရင် မင်း ငါတို့ဂိုဏ်းချုပ်နဲ့ တွေ့ခွင့်ရမယ်”
မူလတွင် ကျန်းရီသည် ထိုကိစ္စတွင် ဝင်မပါလိုသော်လည်း ပဉ္စမအကြီးအကဲ၏ စကားများကို ပြန်အမှတ်ရသွားသောအခါ စိတ်လှုပ်ရှားသွားလေသည်။ အကယ်၍ သူသာ မျိုးနွယ်နှစ်ခုကြားမှာ ရန်ငြိုးကို ပို၍နက်ရှိုင်းသွားအောင် လုပ်နိုင်လိုက်လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အင်အားကို အသုံးချ၍ လူပုမျိုးနွယ်ကို ရှင်းပစ်နိုင်လောက်သည်မဟုတ်လော။
“သတ်မယ်...”
ကျန်းရီသည် အကြံတစ်ခု ရလိုက်၏။ ထိုအကြံမှာ မြေပြင်ထက်ရှိ ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်များအပါအဝင် လူပုအားလုံးကို သတ်ပစ်ရန်ဖြစ်သည်။ သို့ဆိုလျှင် မျိုးနွယ်နှစ်ခုကြားမှ ရန်ငြိုးက ပို၍နက်ရှိုင်းလာမည်ဖြစ်ပြီး မည်သို့မှ ပြေငြိမ်းနိုင်လောက်တော့မည် မဟုတ်ပေ။
***