← Chapters

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

Vol. 72 Ch. 996

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

Vol. 72 Ch. 996

“နားလည်ပါပြီ”

ကျန်းရီကလည်း လူပုအကုန်လုံးကို သတ်ပစ်လိုနေပေသည်။ စွမ်းအားအကြီးဆုံး လူပုအုပ်စုက သေသွားပြီဖြစ်ပြီး ကျန်လူပုများက အေးခဲနေသည်။ ထို့ကြောင့် သူတို့ကို သတ်ရန်မှာ ငှက်ပျောသီးအခွံခွာစားရသလို လွယ်ကူပေသည်။ ဤတစ်ကြိမ်တွင် လူပုမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ် သေဆုံးသွားပေပြီ။ သို့ဖြစ်၍ မျိုးနွယ်နှစ်ခုကြားမှာ ရန်ငြိုးက မည်သည့်အခါတွင်မှ ပြေငြိမ်းနိုင်တော့မည် မဟုတ်ပေ။

ကျန်းရီသည် သူတော်စင် အသုံးအဆောင် လှံတစ်လက်ကို ထုတ်လိုက်ပြီး အရှေ့သို့ အားဖြင့် ထိုးလိုက်ကာ အတွင်းအား ထုတ်လွှတ်လိုက်လေသည်။ ထိုလှံမှနေ၍ သောင်းချီသော လှံရိပ်များ ထွက်သွားပြီး ထောင်ချီသော လူပုများကို တိုက်ခိုက်လိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီ၏ အရှေ့ရှိ စွမ်းအားအကြီးဆုံး လူပုများက အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များနှင့် ယှဉ်နိုင်ပေသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များက အေးခဲနေသဖြင့် သူတို့သည် ထိုလှံချက်များကို မကာကွယ်နိုင်လိုက်ပေ။ ထို့ကြောင့် သူတို့သည် သောင်းချီသော လှံရိပ်များက သူတို့၏ခန္ဓာကိုယ်များအတွင်း စိုက်ဝင်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရလေသည်။ လှံရိပ်စိုက်ဝင်သွားသောအခါ သူတို့၏ ကိုယ်ပေါ်မှ ရေခဲလွှာက အက်ကွဲသွားပြီး သူတို့၏ ခန္ဓာကိုယ်ကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။

“ဟ...”

ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ ပညာရှင်နှစ်ယောက်ကလည်း လှုပ်ရှားလိုက်သည်။ သူတို့သည် ဓားနက်ရှည်များကို ဆွဲကိုင်ကာ အရပ်မျက်နှာအနှံ့သို့ အတွင်းအားတိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်ကြသည်။ အေးခဲနေသော လူပုများက သတ်ဖြတ်ရန်လွယ်ကူသော သက်ရှိပစ်မှတ်များ ဖြစ်နေကြသည်။ ရိုရှင်းသော ဓားချက်တစ်ချက်သည်ပင် သူတို့ကို အပိုင်းပိုင်းပြတ်သွားစေနိုင်ပေသည်။

“ဒီနေ့ လူပုအားလုံး သေရမယ်... အားလုံးသေရမယ်”

မိုယောင်အာကလည်း လှုပ်ရှားလိုက်သည်။ အစောတွင် ထိုလူပုအုပ်စုသည် သူမအပေါ် တဏှာစိတ်ထားခဲ့ကြသည်။ သူမသည် သူတို့၏ ရွံရှာဖွယ်အကြည့်များကြောင့် ရင်ထဲတွင် မီးဟုန်းဟုန်းတောက်ခဲ့ရသည်။ သူမ၏ ကြာပွတ်နက်သည် ခက်ထန်သော သားရဲတစ်ကောင်၏ သံမဏိအမြီးကဲ့သို့ အဆက်မပြတ် ရိုက်ခတ်နေလေသည်။ ကြာပွတ် ရိုက်ခတ်လိုက်တိုင်း လူပုဒါဇင်ကျော် အသက်ပျောက်သွားသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု...

‘မိုင်ထောင်ချီ ရေခဲလွှမ်း’က အလွန်စွမ်းအားကြီးပေသည်။ ကျန်းရီ၏ အတွင်းအားအဆင့်က နိမ့်သော်လည်း ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်က ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်ဖြစ်နေဆဲပင်။ သာမန် ဗာဂျရာအဆင့်သိုင်းသမားများနှင့် ကောင်းကင်ဧကရာဇ်များက ထိုတာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုကို မည်သို့ ခုခံနိုင်ပါမည်နည်း။ ယင်းကို ခုခံနိုင်သူများမှာ ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင် တစ်ဒါဇင်ကျော်ဖြစ်သည်။ သို့သော် ထိုသူများကို ကျန်းရီ၏ ဝိညာဉ်လေဓားများက သတ်ပစ်လိုက်ပြီဖြစ်သည်။ ကျန်လူပုများမှာမူ အချိန်တိုအတွင်း ရေခဲလွှာကို ဖောက်ထွက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် သူတို့၏သေခြင်းတရားကို ကူကယ်ရာမဲ့စွာသာ ကြည့်နေရလေသည်။

မိနစ်သုံးဆယ်ကြာပြီးနောက်...

မိနစ်သုံးဆယ်အတွင်းမှာပင် ကျန်းရီ၊ မိုယောင်အာနှင့် ပညာရှင်နှစ်ယောက်တို့က လူပုသုံးထောင်ကျော်ကို သတ်ပြီးခဲ့ပေပြီ။ ကျန်နေသေးသော လူပု သုံးထောင်ကျော် လေးထောင်မှာ ပြန်လှုပ်ရှားလာနိုင်ပြီဖြစ်ပြီး ကျန်းရီနှင့် အခြားသုံးယောက်က နတ်ဆိုးများကဲ့သို့ သတ်ဖြတ်နေသည်ကို မြင်လိုက်သောအခါ တိုက်ခိုက်လိုစိတ်ပျောက်သွားကြပြီး ချက်ချင်းပင် ကြောက်ရွံ့တကြီး ထွက်ပြေးကြလေသည်။

“မိုရှင်း... သူတို့ကို အေးခဲသွားအောင် လုပ်လိုက်။ တစ်ယောက်ကိုမှ မလွတ်စေနဲ့”

မိုယောင်အာက အော်ကာ အမိန့်ပေးလိုက်သည်။ ကျန်းရီ၏ မျက်ဝန်းများထဲ၌ အေးစက်စက်အလင်းတစ်ချက် လက်သွား၏။ ထို့နောက် သူသည် လက်နှစ်ဘက်ကို ဝှေ့ယမ်း၍ မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ မိုးမြေအတွင်းအားနှင့် ရေခဲနှင်းစွမ်းအားကို စုစည်းလိုက်သည်။ ပြီးနောက် သူ့ကိုယ်မှနေ၍ ကြောက်မက်ဖွယ် အအေးလှိုင်းတစ်လှိုင်း ထွက်သွားပြီး အားလုံးကို ထပ်မံအေးခဲလိုက်သည်။

ဝှစ်...

ကျန်းရီသည် မိုယောင်အာနှင့် သိပ်မဝေးသဖြင့် ‘မိုင်တစ်ထောင် ရေခဲလွှမ်းကို ထုတ်လွှတ်ပြီးပြီးချင်း သူမ၏ အနောက်သို့ သွားလိုက်ကာ သူမကိုယ်ပေါ်မှ ရေခဲလွှာကို လက်ဝါးဖြင့်ရိုက်၍ ခွဲပေးလိုက်လေသည်။ ထို့နောက် သူသည် သူမ၏နောက်ကျောပေါ်သို့ လက်ဝါးတင်ကာ သူမကိုယ်တွင်းသို့ အတွင်းအားသွင်းပေးလိုက်ပြီး လေအေးကို ဖယ်ရှားပေးလိုက်သည်။

“အာ...”

မိုယောင်အာသည် သူမနောက်ကျောပေါ်ရှိ ကျန်းရီ၏လက်ဝါးကို ခံစားမိလိုက်၍ အတန်ငယ် တုန်ယင်သွား၏။ သူမ၏ လှပသော မျက်နှာလေးက နီမြန်းသွားသည်။ သို့သော် သူမသည် လျင်မြန်စွာ ဣန္ဒြေဆည်လိုက်လေသည်။ ထို့နောက် သူမသည် မြေပြင်ကို ခြေဖြင့်ကန်အားပြု၍ အရှေ့သို့ လျင်မြန်စွာ ပျံသွားလိုက်၏။

ဝှစ်...ဝှစ်...

ကျန်းရီသည် ပညာရှင်နှစ်ယောက်ထံသို့ သွားလိုက်ပြီး သူတို့ကိုလည်း ရေခဲအတွင်းမှ ထုတ်ပေးလိုက်သည်။ ထိုပညာရှင်နှစ်ယောက်သည် ပြန်လှုပ်ရှားလာသည်နှင့် ထပ်မံ သတ်ဖြတ်လိုက်ကြသည်။

ကျန်းရီတို့လေးယောက်သည် သိုးတစ်အုပ်အတွင်း စိတ်ကြိုက်သတ်ဖြတ်နေသည့် ခက်ထန်သော ကျားရဲများကဲ့သို့ပင်။ သူတို့သည် သတ်ဖြတ်ရန် စွမ်းအားကြီး တိုက်ကွက်များကို သုံးရန်ပင် မလိုပေ။ သူတို့၏ ရန်သူများက အကာအကွယ်မဲ့နေကြသည် မဟုတ်ပါလား။ သာမန် အတွင်းအားတိုက်ခိုက်မှုတစ်ခုသည်ပင် လူပုတစ်အုပ်လုံးကို သတ်နိုင်နေပေသည်။

ဤတစ်ခေါက်တွင် လူပုမျိုးနွယ်က လူပုခုနစ်ထောင်ကျော် စေလွှတ်ခဲ့သည်။ အစောတစ်ချီတွင် လူပုသုံးထောင်ကျော် သတ်ဖြတ်ခံခဲ့ရသည်။ ဤတစ်ချီတွင်မူ လူပုများ ပြန်လှုပ်ရှားလာနိုင်သောအခါ အရေအတွက် တစ်ထောင်မပြည့်တပြည့်သာ အသက်ရှင် ကျန်တော့ပေသည်။ ထို့ကြောင့် သူတို့ကို ဆက်၍ အေးခဲသွားအောင် လုပ်ရန် မလိုတော့ချေ။ ကျန်းရီတို့လေးယောက်သည် မိုင်ဒါဇင်အနည်းငယ်အထိ လိုက်၍ ကျန်လူပုအားလုံးကို လိုက်သတ်လိုက်လေသည်။

ငရဲ...

ကျန်းရီက မိုထျန်းနှင့် ကျန်လူများကို ရေခဲအတွင်းမှ ထုတ်ပေးလိုက်၏။ လူအယောက်လေးဆယ်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။ ဆယ်မိုင်ပတ်လည်အတွင်းရှိ မြေပြင်ပေါ်တွင် ခြေပြတ်၊ လက်ပြတ်များနှင့် အပိုင်းပိုင်းပြတ်နေသော ခန္ဓာကိုယ်များနှင့် ဖုံးလွှမ်းနေပေပြီ။ အကောင်းအတိုင်းရှိနေသောအလောင်း တစ်လောင်းပင် မရှိပေ။ မြေပြင်ပေါ်ရှိ နှင်းများကလည်း သွေးများကြောင်း ချင်းချင်းနီနေသည်။ စီးဆင်းနေသော သွေးများကလည်း အေးခဲသွားခဲ့သဖြင့် သွေးခဲချောင်းများဖြစ်ကာ ကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းနေလေသည်။

ဟူး...

မိုယောင်အာသည် တောင်ထွတ်လေးတစ်ခုပေါ်တွင် ရပ်ကာ ပင့်သက်ရှိုက်လိုက်၏။ ယနေ့တွင် သူမ လူပေါင်းများစွာကို သတ်ခဲ့ပေပြီ။ သူမသည် ဤမျှလူပေါင်းများစွာကို ယခုမှ ပထမဆုံးအကြိမ် သတ်ဖူးခြင်းပင်။ ထို့ကြောင့် သူမ တုန်လှုပ်နေဆဲဖြစ်သည်။ ထိုစဉ် သူမက မျက်မှောင်ကြုတ်၍ ကြည့်လိုက်ရာ ကျန်းရီထံသို့ နားမလည်နိုင်ဟန်ဖြင့် လျှောက်သွားနေသော မိုထျန်းကို တွေ့လိုက်လေသည်။

“မိုရှင်း... တကယ်ပဲမင်းလား... မိုရှင်း...”

မိုထျန်း၏ မျက်လုံးကြီးများက အလွန်ပြူးကျယ်နေပြီး ကျန်းရီကို မယုံနိုင်ဟန်ဖြင့် ကြည့်နေ၏။ ယနေ့တွင် အခြေအနေက အလွန်ဆိုးနေခဲ့သည်။ သို့သော် ကျန်းရီသည် ထိုအခြေအနေကို တစ်ကိုယ်တော် ပြောင်းပြန်လှန်ခဲ့ပေသည်။ ယခင်က သူ့ထက် အားနည်းခဲ့သော ထိုဝမ်းကွဲညီလေးသည် မယုံနိုင်လောက်အောင် အင်အားကြီးလာသဖြင့် သူ အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေရသည်။

“ဟီးဟီး...”

ကျန်းရီက မိုထျန်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“အစ်ကိုမိုထျန်း... ကျွန်တော်ပါ။ မစိုးရိမ်ပါနဲ့... ကျွန်တော် ရှိနေရင် ဘယ်သူမှ အစ်ကို့ကို အနိုင်ကျင့်ရဲတော့မှာ မဟုတ်ပါဘူး”

“ကောင်းတယ်...ကောင်းတယ်”

မိုထျန်း၏ နဂါးလက်သည်းများက ကျန်းရီ၏လက်ကို ဆုပ်ကိုင်လိုက်၏။ သူသည် လက်ကို လွတ်မပေးဘဲ ခေါင်းတဆတ်ဆတ်ညိတ်နေလေသည်။ ကျန်သော ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များသည် မိုထျန်းကို အားကျဟန်ဖြင့် ကြည့်နေကြ၏။ ယနေ့တိုက်ပွဲ ပြီးနောက်တွင် ကျန်းရီသည် သေချာပေါက် စွမ်းဆောင်ချက်အမှတ်များ များစွာရတော့မည်ဖြစ်သည်။ လူပုများစွာအား သတ်ခဲ့မှုကို ထည့်မတွက်လျှင်ပင် မိုယောင်အာကို ကယ်ခဲ့ခြင်းကပင် ကြီးမားသော စွမ်းဆောင်ချက် ဖြစ်နေပေပြီ။ ထို့ပြင် သူ့တွင် ရှိန်လောက်ဖွယ် စွမ်းအားလည်းရှိ‌နေပေရာ သူ ဂိုဏ်းသို့ပြန်ရောက်သည်နှင့် ‌သေချာ‌ပေါက် အကြီးအကဲရာထူး ချီးမြှင့်ခံရမည်ဖြစ်သည်။

“တောင်ဝင်သခင်မလေး... သွားကြပါစို့။ ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးတောင်ကို ပြန်ရောက်မှ ပြောစရာရှိတာတွေ ပြောကြတာပေါ့”

ကြယ်ငါးပွင့်ပညာရှင်က မိုယောင်အာဘေးသို့ လျှောက်သွားပြီး နူးညံ့စွာ ပြောလိုက်သည်။ ကြယ်လေးပွင့်ပညာရှင်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်ပါတယ်... အရင်ဆုံး ဂိုဏ်းကိုပြန်ကြတာပေါ့။ တကယ်လို့ လူပုမျိုးနွယ်က ကျွန်တော်တို့ကို ထပ်ပြီး အလစ်တိုက်ခိုက်မယ်ဆိုရင် အရမ်းအန္တရာယ်များပါတယ်။ လက်စားချေဖို့ကိစ္စကိုတော့ ဂိုဏ်းချုပ်ဆီ တင်ပြပြီးမှာပဲ ဆွေးနွေးကြတာပေါ့”

မိုယောင်အာသည် ဘယ်သူက ဘာမှ မပြောသည့်အချိန်တွင် အဆင်ပြေနေခဲ့၏။ သို့သော် ပညာရှင်နှစ်ယောက်၏ စကားများကို ကြားလိုက်သောအခါ ချက်ချင်း မျက်နှာထားအေးစက်သွားပေသည်။  ထို့နောက် သူမသည် အမုန်းတရားဖြင့် ပြောလိုက်၏။

“ဟားဟား... ချိုးမင်က ကျွန်မကို ဖမ်းဖို့ လုပ်ခဲ့တာ။ မိုရွှယ်နဲ့ တခြားသူတွေ တိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်။ မိုရှင်းကြောင့်သာ မဟုတ်ရင် ကျွန်မတို့လည်း ဒီဘေးဒုက္ခက လွတ်မြောက်နိုင်ခဲ့မှာ မဟုတ်ဘူး။ ကျွန်မ ဂိုဏ်းကို ပြန်ရောက်တာနဲ့ စစ်တပ်ကိုစုစည်းပြီး လူပုမျိုးနွယ်ကို ရှင်းပစ်မယ်...”

“သွားမယ်...”

မိုယောင်အာက သူမ၏လက်များကို ဝှေ့ယမ်းလိုက်၏။ လက်များက အဖြူရောင်နဂါးလက်များအဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် သူမသည် တောင်ထွတ်မှဆင်းကာ မြေကြီးအတွင်းသို့ဝင်၍ လျင်မြန်စွာ ထွက်သွား၏။ မိုထျန်း၊ ကျန်းရီနှင့် အခြားသူများကလည်း သူမအနောက်မှ လျင်မြန်စွာ လိုက်သွားလိုက်သည်။ ပညာရှင်နှစ်ယောက်က နောက်သို့လှည့်၍ ကျန်းရီကို ကျေးဇူးတင်သည့် မျက်ဝန်းများဖြင့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်လေသည်။

ကျန်းရီတို့တစ်အုပ်စုလုံးသည် တိတ်တဆိတ် သွားနေ၏။ ကျန်းရီသည် သွားနေရင်းဖြင့် မိုထျန်းထံ အသံပို့လွှတ်ကာ အခြေအနေများကို မေးလိုက်သည်။ သူသည် မိုယောင်အာနှင့် မပတ်သက်လိုပေ။ အခြေအနေများက သူ့အတွက် အကျိုးမရှိလျှင် သူ သေချာပေါက် ထွက်ပြေးမည်ဖြစ်သည်။

ကျန်းရီသည် မေးမြန်းပြီးနောက် အခြေအနေများကို အကြမ်းဖျင်းနားလည်သွား၏။ ပြီးခဲ့သော နှစ်ဝက်အတွင်း၌ လူပုမျိုးနွယ်နှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်တို့ကြားတွင် ပဋိပက္ခများ အဆက်မပြတ်ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူတို့သည် တစ်ဘက်နှင့်တစ်ဘက် တွေ့သည်နှင့် တိုက်ခိုက်ခဲ့ကြသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်မိုရှန်းသည် မိုယောင်အာတစ်ယောက် အပြင်သို့ ထွက်လျှင် တိုက်ခိုက်ခံရမည်စိုး၍ သူမကို နှစ်ဝက်ကျော် အပြင်ထွက်ခွင့်ပိတ်ထားခဲ့ပြီး မကြာသေးခင်ကမှ အပြင်ထွက်ခွင့် ပြန်ပေးခဲ့ခြင်းဖြစ်သည်။

ထိုမိုယောင်အာသည် နတ်ဆိုးမလေးဖြစ်၍ အမြဲစိတ်ဆတ်ခဲ့သည်။ သူမသည် အပြင်ထွက်ခွင့်ရသည်နှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဘက်တွင် အဆုံးအရှုံးများစွာ ရှိခဲ့ကြောင်း ကြားလိုက်ရသဖြင့် သူမ၏ ဒေါသကို ဖြေဖျောက်ရန်အတွက် လူပုများအား သတ်ရန် လူတစ်ထောင်ကို ဦးဆောင်ကာ အပြင်သို့ ထွက်လာခဲ့ခြင်းပင်။ သို့သော် သူမတို့က လူပုမျိုးနွယ်၏ ထောင်ချောက်အတွင်းသို့ ကျရောက်သွားခဲ့ပြီး ဤနေရာသို့ မျှားခေါ်ခံခဲ့ရသည်။ ရလဒ်အနေဖြင့် သူမတို့သည် ချိုးမင်၏ အလစ်ဝင်တိုက်မှုကို ခံခဲ့ရလေသည်။ ကျန်းရီကြောင့်သာ မဟုတ်ခဲ့လျှင် သူမတို့သည် ဤနေရာတွင် ကျရှုံးသွားပေလိမ့်မည်။

ချိုးမင်က သေသွားခဲ့ပြီဖြစ်၍ နောက်ထပ် အလစ်တိုက်ခိုက်မှုများ မရှိနိုင်တော့သည် မဟုတ်လော။

ကျန်းရီသည် တိတ်တဆိတ် သက်ပြင်း ချလိုက်၏။ သူ အတန်ငယ် စိတ်လှုပ်ရှားနေပေသည်။ ချိုးမင်သည် ယခင်က သူတို့သတ်ခဲ့သော လူပုမျိုးနွယ်၏ သခင်လေးကဲ့သို့ မဟုတ်ချေ။ သူက လူပုမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်ဖြစ်သည်။ သူ၏အဆင့်အတန်းက သူ၏တတိယဦးလေး ချိုးယင်ထက်ပင် ပိုမြင့်ပေသည်။ ဤတစ်ခေါက်တွင် ချိုးမင်က တိုက်ပွဲတွင် သေဆုံးခဲ့ပေပြီ။ ထို့ကြောင့် လူပုမျိုးနွယ်က သေချာပေါက် လက်စားချေမည်ဖြစ်သည်။ ကျန်းရီသည်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းကို အသုံးချကာ လူပုမျိုးနွယ်ကို ရှင်းပစ်နိုင်လောက်ပေသည်။

“လူပုမျိုးနွယ်ကို ရှင်းပစ်ပြီးရင် အနည်းဆုံးတော့ ငါ ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ လောရွှယ်ကို တွေ့နိုင်မှာပဲ”

ကျန်းရီသည် သူသာကြားနိုင်သော လေသံဖြင့် ရေရွတ်လိုက်၏။

“လောရွှယ် ငါ့ကို စောင့်နေပါ။ ငါ မင်းကို သေချာပေါက် ကယ်မယ်... သေချာပေါက် ကယ်မယ်”

***

All Chapters