အတင့်ရဲလိုက်တာ
Vol. 72 Ch. 997
လမ်းခရီးတွင် အေးချမ်းနေခဲ့သည်။ လူပုမျိုးနွယ်က ကျန်းရီတို့နောက်သို့ ဆက်လိုက်မလာတော့ပေ။ တစ်နေကုန် သွားပြီးနောက် ညအချိန်သို့ ရောက်လာသည်။ မိုယောင်အာက အားလုံးကို ညတွင် အနားယူရန် အမိန့်ပေးလိုက်သည်။ ညအချိန်က အလွန်လုံခြုံပေသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှလွဲ၍ အခြားမည်သည့်မျိုးနွယ်ကမှ ညအချိန်တွင် မသွားလာနိုင်ကြပေ။ ထို့ကြောင့် သူတို့အတွက် လုံခြုံမှုရှိနေသည်။
မိုယောင်အာတို့သည် ရန်သူ၏ မျှားခေါ်မှုကို ခံခဲ့ရပြီး နှစ်ရက်နှင့်နှစ်ည လိုက်ဖမ်းခံခဲ့ရသည်။ နောက်တွင် သူမတို့သည် အလစ်တိုက်ခိုက်ခြင်းကိုပင် ခံခဲ့ရသည်။ လူတစ်ထောင်ထဲမှ တစ်ဝက်ကျော် သေဆုံးသွားခဲ့ပြီး သူမတို့က မိုင်သောင်းချီ ထွက်ပြေးခဲ့ရသည်။ နောက်ဆုံးတွင် ကျန်းရီကြောင့်သာ မဟုတ်လျှင် သူမတို့ သေခဲ့လောက်ပေပြီ။ ထို့ကြောင့် သူမတို့၏ စိတ်နှင့်ခန္ဓာကိုယ်က အလွန်ပင်ပန်းနေပေပြီ။ ယခုတွင် သူမတို့သည် ကောင်းကင်နတ်ဆိုးတောင်သို့ ရောက်ရန် နှစ်ရက်သာ ဆက်သွားရတော့မည်ဖြစ်၍ ရင်ထဲမှ ပူပန်မှုများ အနည်းငယ်လျော့သွားပြီဖြစ်သည်။
မြေအောက်လိုဏ်ခေါင်းထဲတွင် မည်သည့်အလင်းရောင်မှ မရှိပေ။ သူတို့သည် အုပ်စုသုံးစု ခွဲနေပေသည်။ အကြီးအကဲပညာရှင်နှစ်ယောက်က မိုယောင်အာနှင့်အတူ ထိုင်၏။ ကျန်းရီနှင့်မိုထျန်းတို့က အတူထိုင်၏။ ကျန်လူများမှာမူ သက်သက်တစ်စု ထိုင်ကြ၏။ ကျန်လူများသည် မိုယောင်အာနှင့် ကျန်းရီတို့ အနားသို့ မကပ်ဝံ့သဖြင့် အဝေးမှသာ လေးစားအားကျသော မျက်ဝန်းများဖြင့် ကြည့်နေကြလေသည်။
ကျန်းရီက အလွန်တည်ငြိမ်နေ၏။ သူသည် တစ်နေ့လုံး အလွန်နှိမ့်ချနေခဲ့သည်။ ကြီးကြီးမားမား စွမ်းဆောင်နိုင်ခဲ့သည်ဟု ဝံ့ကြွားမနေခဲ့။ သူ့တွင် သခင်လေးများ၏ မောက်မာဝံ့ကြွားမှုမျိုး မရှိပေ။ သူ၏ နေလောင်ခံထားရပြီး မခံ့ညားသော မျက်နှာပေါ်တွင် အစမှ ယခုတိုင် မည်သည့်ခံစားချက်မှ မရှိချေ။ သူသည် လောကအကြောင်းစုံကို သိမြင်ပြီးသော အဘိုးအိုတစ်ယောက်ကဲ့သို့ပင်။ ကျန်းရီ၏ တည်ငြိမ်မှုက အကြီးအကဲနှစ်ယောက်ကို အံ့အားသင့်စေနေလေသည်။
ကျန်းရီ၏ အကျင့်စရိုက်နှင့် ဟန်ပန်က ယခင်ကနှင့် များစွာကွဲပြားသွားသဖြင့် မိုထျန်းကလည်း အံ့အားသင့်နေသည်။ ပညာရှင်တစ်ယောက်ထံတွင်သာ ရှိနိုင်သော ဟန်ပန်၊ ထောင်ချီသော လူများကို သတ်ခဲ့သည်ပင် အရေးမစိုက်သကဲ့သို့ နေနိုင်မှုနှင့် ကိစ္စကြီးတစ်ခု ဖြစ်ပြီးနောက်တွင် တည်ငြိမ်စွာ နေနိုင်မှုတို့မှာ ယခင်က မိုရှင်း မပိုင်ဆိုင်သော အရာများ ဖြစ်သည်။ သို့သော် မိုထျန်းသည် များစွာစဉ်းစားတွေးတောတတ်သူတစ်ယောက် မဟုတ်ပေ။ သူသည် မိုရှင်းက ကိစ္စကြီးတစ်ခုကို စွမ်းဆောင်နိုင်ခဲ့၍ သူတို့မိသားစုများ ပို၍မြင့်သောအထပ်သို့ တက်ရတော့မည်ကို တွေး၍သာ ဝမ်းသာနေသည်။ ထို့ကြောင့် သူသည် အခြားအကြောင်းများကို များစွာတွေးတောမနေတော့ပေ။
ကျန်းရီ၏ ဟန်ပန်အပြုအမူက မိုယောင်အာကိုလည်း စိတ်ဝင်စားနေစေသည်။ မိုယောင်အာသည် အဆင့်အတန်းမြင့်မြင့် မွေးဖွားလာသူတစ်ယောက် ဖြစ်သဖြင့် နှင်းဒေသမှ အာဏာရှိပုဂ္ဂိုလ်များစွာနှင့် သခင်လေးများစွာကို တွေခဲ့ဖူးပေသည်။ ထို့ပြင် သူမသည် မိန်းမပျိုတစ်ယောက်ဖြစ်၍ ယောက်ျားပျိုများအပေါ် ပို၍အာရုံစိုက်ခဲ့သည်။ ယခင် ကောင်းကင်နတ်ဆိုးတောင်ခြေမှာကတည်းက ကျန်းရီတွင် ထူးခြားသောအရှိန်အဝါတစ်ခု ရှိသည်ဟု သူမ ခံစားခဲ့ရသည်။ ထို့နောက်တွင် သူမ၏ ကျန်းရီအပေါ် စိတ်ဝင်စားမှုက ပို၍နက်ရှိုင်းလာခဲ့သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်သည် ယခင်က မထင်မရှားနေခဲ့သော်လည်း ရုတ်ခြည်း စွမ်းအားကြီးလာခဲ့သည်။ ထို့ပြင် သူ၏အင်အားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးပေသည်။ သို့ဖြစ်ရာ မည်သူက အံ့အားမသင့်ဘဲ နေပါမည်နည်း။
မိုယောင်အာသည် တိတ်တဆိတ်ထိုင်နေသော ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး သူမဘေးမှ အကြီးအကဲတစ်ဦးထံ အသံပို့လွှတ်လိုက်လေသည်။
“အကြီးအကဲမိုချီ... အရင်တုန်းက အဲ့မိုရှင်းရဲ့အကြောင်းကို စုံစမ်းဖို့ ကျွန်မ အကြီးအကဲကို တာဝန်ပေးခဲ့တယ်မလား။ သူ့ဆီမှာ ဘာပြဿနာတွေရှိလဲ”
“ဘာပြဿနာမှ မရှိပါဘူး”
အကြီးအကဲသည်လည်း ကျန်းရီကို တစ်ချက်ကြည့်၍ အသံပြန်ပို့လွှတ်လိုက်၏။
“မိုရှင်းရဲ့ အဘိုးက ဂိုဏ်းရဲ့ တိုက်ပွဲခန်းမက တပ်မှူးချုပ်တစ်ယောက်ပါ... စွမ်းဆောင်ချက်တွေလည်း အများကြီးရှိခဲ့တယ်။ သူ့ရဲ့အဖေနဲ့ သူ့ပထမဦးလေးတို့က တိုက်ပွဲမှာ သေဆုံးခဲ့တယ်... နောက်တစ်နှစ်ကြာတော့ သူ့အမေက နေမကောင်းဖြစ်ပြီး သေခဲ့တယ်။ မိုရှင်းက မိဘမဲ့တစ်ယောက်ပဲ... ပြီးတော့ သူက ငယ်ငယ်ကတည်းက တစ်ယောက်တည်းနေတတ်တဲ့အကျင့်ရှိတယ်.. ဂိုဏ်းထဲက တခြားကလေးတွေနဲ့ မဆော့မကစားခဲ့ဘူး။ အရင်တုန်းက သူက မထင်ရှားဘူး... သူက သူ့အစွမ်းကို လျှို့ဝှက်ထားလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး။ သူက ကြယ်ငါးပွင့်အဆင့်နဲ့ ကြယ်ခြောက်ပွင့်အဆင့် တာအိုပုံသဏ္ဌာန်တွေကိုတောင် သိမြင်နားလည်ထားတယ်။ သူသာ ဆက်တိုးတက်လာမယ်ဆိုရင် သူ့ရဲ့အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ်ရှိမှာ မဟုတ်ဘူး”
“ကြယ်ခြောက်ပွင့်အဆင့် တာအိုပုံသဏ္ဌာန်... ဟုတ်သား”
မိုယောင်အာသည် ကျန်းရီက ချိုးမင်နှင့် လူပုမျိုးနွယ်မှ ပညာရှင်အုပ်စုကို စွမ်းရည်တစ်ခုနှင့် သတ်ခဲ့ကြောင်းကို အမှတ်ရသွားပြီး အံ့အားသင့်ဟန်ဖြင့် အသံပို့လွှတ်လိုက်လေသည်။
“အကြီးအကဲမိုချီ... ရှင် ‘လေခွင်း လျှပ်တစ်ပြက်သတ်ကွက်’လို့ ခေါ်တဲ့ ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်ကို ကြားဖူးလား။ ကျွန်မတော့ တစ်ခါမှ မကြားဖူးဘူး”
“ကျုပ်လည်း တစ်ခါမှ မကြားဖူးဘူး”
မိုချီက တွေဝေစွာ မျက်တောင်ပုတ်ခတ်လိုက်ပြီး ပြန်အသံပို့လွှတ်လိုက်သည်။
“လောကကြီးက အကန့်အသတ်မဲ့တယ်... နေရာအနှံ့မှာ ဆန်းကြယ်မှုတွေ ရှိတယ်။ တာအိုပုံသဏ္ဌာန်တွေလည်း အများကြီးရှိကြတယ်။ သမိုင်းတစ်လျှောက်မှာ မသိမြင်နားမလည်နိုင်ခဲ့တဲ့ နက်နဲပြီး ဆန်းကြယ်တဲ့ တာအိုပုံသဏ္ဌာန်တွေလည်း အများကြီးရှိတယ်။ မိုရှင်းက အဲ့ထဲက တစ်ခုကို သိမြင်နားလည်နိုင်ခဲ့တာ အရမ်းထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အဲ့ဒါက သူက ထူးခြားတဲ့ပါရမီရှင်တစ်ယောက်ဆိုတာကိုပဲ ပိုသက်သေပြလိုက်တာပဲ။ ဒီတစ်ခေါက် ကျုပ်တို့ ဂိုဏ်းကို ပြန်ရောက်ရင်တော့ ဂိုဏ်းချုပ်ကို အဲ့ကြောင်းတင်ပြပြီး သူ့ကို ပျိုးထောင်ပေးခိုင်းရမှာပဲ...”
“နှင်းဒေသက ထောင်ချီတဲ့ ရှေးဟောင်းမျိုးနွယ်တွေက မျိုးနွယ်စွမ်းရည်တွေနဲ့ ထူးခြားတဲ့အစွမ်းတွေကိုပဲ မှီခိုခဲ့ကြတာ... တာအိုပုံသဏ္ဌာန်တွေကို လေ့လာဖို့ ပေါ့လျော့ခဲ့ကြတယ်။ တာအိုပုံသဏ္ဌာန်တွေကို လေ့လာကျင့်ကြံမှ သိုင်းပညာတာအိုမှာ အထွတ်အထိပ်ရောက်နိုင်လိမ့်မယ်။ မိုရှင်းက ငယ်သေးပေမယ့် ကျင့်ကြံခြင်းရဲ့ အနှစ်သာရအစစ်အမှန်ကို နားလည်တာပဲ”
မိုယောင်အာ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ကျန်းရီကို စိတ်ဝင်တစား ကြည့်လိုက်လေသည်။ ထို့နောက် သူမသည် ခေတ္တမျှ တွေးတောပြီးနောက် ရုတ်တရက် ထရပ်ကာ ကျန်းရီထံသို့ လျှောက်သွားလိုက်သည်။ သူမသည် ကျန်းရီအရှေ့သို့ ရောက်သောအခါ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
“မိုရှင်း... ကျွန်မနောက်လိုက်ခဲ့”
ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ မိုယောင်အာနှင့် အကြီးအကဲနှစ်ယောက်က သူ့ကို ကြည့်နေခဲ့သည်ကို သူ မည်သို့မသိဘဲ နေပါမည်နည်း။ တစ်စုံတစ်ယောက်က သူ့အပေါ် သံသယဝင်လာမည်ကို သူသိပေသည်။ မိုရှင်းအစစ်၏ အင်အားက အတော်လေးအားနည်းပြီး သူက လျင်မြန်စွာ တိုးတက်လာသည် မဟုတ်ပါလား။ ထို့ကြောင့် သူ့ကို မည်သူမှ သံသယမဝင်မှသာ ထူးဆန်းနေမည်ဖြစ်သည်။
“ဟုတ်ကဲ့ပါ တော်ဝင်သခင်မလေး”
လက်ရှိတွင် ကျန်းရီသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အင်အားကိုသုံး၍ လူပုမျိုးနွယ်ကို ရှင်းပစ်ရန် ကြံရွယ်ထားပေသည်။ ထို့ကြောင့် သူသည် ထိုနတ်ဆိုးမလေးအပေါ် အပြစ်မပြုဝံ့ပေ။ သူသည် ရိုရိုကျိုးကျိုး ထရပ်လိုက်ပြီး မိုယောင်အာအနောက်သို့လိုက်ကာ လိုဏ်ခေါင်းအရှေ့သို့ သွားလိုက်လေသည်။
ကျန်းရီနှင့် မိုယောင်အာတို့သည် လူစုကို ကျော်၍ ဂူငယ်လေးတစ်ခုသို့ ရောက်သောအခါ ရပ်လိုက်ကြ၏။ အရှေ့မှ လျှောက်နေသော မိုယောင်အာက ရုတ်တရက် အနောက်သို့ လှည့်ကာ စကားတစ်ခွန်းမှမပြောဘဲ ကျန်းရီကို စိုက်ကြည့်လိုက်သည်။
ကျန်းရီသည် အတန်ငယ် ရှက်သွားသဖြင့် ခေါင်းငုံ့လိုက်၏။ သူသည် မိုယောင်အာကို စိုက်မကြည့်ဝံ့ပေ။ မိုယောင်အာသည် ကျန်းရီကို ခေတ္တမျှ စိုက်ကြည့်ပြီးမှ ခေါင်းမော့၍ ပြုံးကာ ပြောလိုက်လေသည်။
“မိုရှင်း... ရှင်က ဘာလို့ ဒီလောက်ရုပ်ဆိုးရတာလဲ”
“အာ...”
ကျန်းရီသည် မိုယောင်က သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ထိုသို့သော စကားမျိုးကို ပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။ မိုယောင်အာက သူ၏ကျင့်ကြံခြင်းအကြောင်းကို မေးလိမ့်မည်ဟုသာ သူ မျှော်လင့်ထားပြီး မေးခွန်းကို မည်သို့ ပြန်ဖြေရမည်ကို တွေးနေခဲ့သည်။ သို့သော် မိုယောင်က ထူးဆန်းသောမေးခွန်းကို မေးခဲ့ပေသည်။ မိန်းမတစ်ယောက်၏ အတွေးများကို အကျိုးသင့်အကြောင်းသင့် ခန့်မှန်းရန် မဖြစ်နိုင်ပေ။
အမှန်ပင် မိုရှင်းက ပြောရလောက်အောင် ရုပ်မဆိုးပေ။ သို့သော် မိုယောင်အာနှင့် ယှဉ်လျှင်မူ သူက ခံ့ညားမည်မဟုတ်ချေ။ ကျန်းရီသည် ရှက်ရွံ့စွာ နှာခေါင်းပွတ်လိုက်ပြီး ရိုးအအဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ခန္ဓာကိုယ်၊ ဆံပင်နဲ့ အရေပြားတွေအကုန်လုံးကို ကျွန်တော့်ရဲ့ မိဘတွေဆီက အမွေရတာပါ။ ကျွန်တော် ရုပ်ဆိုးနေတာ ကျွန်တော့်ရဲ့အပြစ် မဟုတ်ပါဘူး”
“အဟက်...”
မိုယောင်အာသည် ထိုကဲ့သို့ ရွဲ့တဲ့တဲ့မှတ်ချက်မျိုးကို တစ်ခါမှ မကြားဖူးခဲ့သဖြင့် ဟက်ခနဲ ရယ်လိုက်၏။ သူမသည် မျက်လုံးပင့်ကာ ကျန်းရီကို မျက်စောင်းထိုး၍ မေးလိုက်၏။
“မိုရှင်း ကျွန်မ ရှင့်ကို ကြာပွတ်နဲ့ ရိုက်ခဲ့တုန်းက ဘာလို့ ဘာမှပြန်မလုပ်တာလဲ။ ရှင့်မှာ အဲ့လိုစွမ်းအားမျိုးရှိတာပဲ... ဘာလို့ ရှင်က အဲ့စွမ်းအားကို ဖုံးကွယ်ထားရတာလဲ။ ရှင်က ကျွန်မကို... မုန်းနေတုန်းပဲလား”
မိုယောင်အာက အစဖော်ပေးလိုက်၍ ကျန်းရီ ဒေါသဖြစ်သွား၏။ အကြောင်းမရှိဘဲ ကြာပွတ်ဖြင့် အရိုက်ခံရသည်ကို ဒေါသမထွက်သူ ရှိပါမည်လော။ သို့သော် ကျန်းရီသည် ဒေါသထွက်ဟန်မပြဘဲ မိုယောင်အာကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“သခင်မလေးက အဆင့်အတန့်ဖြင့်တဲ့ တော်ဝင်သခင်မလေးပါ... ကျွန်တော် မိုရှင်းက မိဘတွေဆီက ချစ်ခင်ကြင်နာမှုကို မခံခဲ့ရတဲ့ မိဘမဲ့တစ်ယောက်ပါ။ ကျွန်တော် ဘယ်လိုလုပ် သခင်မလေးကို မုန်းရဲမှာပါလဲ။ ပြီးတော့ ကျွန်တော်က အင်အားကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ‘မိုင်တစ်ထောင် ရေခဲလွှမ်း’ကို မကြာသေးခင်ကမှ သိမြင်နားလည်ခဲ့တာပါ။ ကျွန်တော့်ရဲ့ အတွင်းအားအဆင့်က တကယ့်ကို ကောင်းကင်ဧကရာဇ် စတုတ္ထအဆင့်မှာပါ။ သခင်မလေး မယုံဘူးဆိုရင် စစ်ဆေးကြည့်နိုင်ပါတယ်”
မိုယောင်အာသည် ဝေဖန်ခံလိုက်ရ၍ မျက်နှာလေးရဲသွား၏။ သူမသည် ရှက်ရွံ့မှုကြောင့် ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန် ‘လေခွင်း လျှပ်တစ်ပြက်သတ်ကွက်’အကြောင်းကို မေးရန် မေ့လျော့သွားလေသည်။ သူမသည် ကျန်းရီကို ကြည့်လိုက်ပြီး အပြစ်ရှိဟန်ဖြင့် ပြောလိုက်သည်။
“တောင်းပန်ပါတယ် မိုရှင်း... ကျွန်မ တမင်မေးတာ မဟုတ်ပါဘူး။ ဟင်... ရှင့်...ရှင့်ကို ဘယ်သူက ကျွန်မကို စိုက်ကြည့်ခိုင်းလို့လဲ”
‘မကောင်းတော့ဘူး...’
ကျန်းရီသည် မိုယောင်အာ၏ ရှက်နေသောမျက်နှာလေးနှင့် သူမ၏မျက်ဝန်းများထဲမှ ထူးဆန်းသည့် အရိပ်အယောင်များကို မြင်လိုက်သောအခါ စိတ်ရှုပ်သွားလေသည်။ မိုယောင်အာက သူ့ကို သဘောကျနေခြင်းလော။ ယင်းက ကောင်းသောလက္ခဏာမဟုတ်ပေ။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တွင် သမီးတစ်ယောက်သာရှိကြောင်း ကျန်းရီ သိပေသည်။ မိုယောင်အာကလည်း ပါရမီရှင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် နှင်းဒေသရှိ မျိုးနွယ်များစွာနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အာဏာရှိသော အကြီးအကဲများ၏ သားများ၊ မြေးများက ထိုလတ်ဆတ်သောပန်းကလေးကို ခူးဆွတ်လိုနေကြပေသည်။
အကယ်၍ ကျန်းရီသာ မိုယောင်အာနှင့် အရမ်းနီးကပ်သွားလျှင် နောက်ကျောလုံတော့မည် မဟုတ်ဘဲ အသက်ကိုဖက်နှင့်ထုပ်ထားရမည်ဖြစ်သည်။ သူမည်သူဖြစ်ကြောင်းလည်း ပေါ်သွားနိုင်သည်။ သို့ဆိုလျှင် သူ၏ ကြိုးစားမှုများအားလုံးက သဲထဲရေသွန်ဖြစ်သွားပြီး လူပုမျိုးနွယ်ကိုလည်း သူ့ဘာသာပင် ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းရီသည် အကြံတစ်ခုထုတ်လိုက်ပြီး တဏှာကြီးသော မျက်ဝန်းများဖြင့် မိုယောင်အာ၏ မို့မောက်နေသော ရင်မွှာတစ်စုံကို စိုက်ကြည့်လိုက်လေသည်။ ထို့နောက် သူသည် ငါးခူပြုံးပြုံးကာ လူယုတ်မာရယ်သံဖြင့် ရယ်လိုက်သည်။
“တော်ဝင်သခင်မလေးက လောကကြီးရဲ့ ထိပ်တန်းအလှပဂေးလေးတစ်ယောက်ဆိုတော့ ယောက်ျားတိုင်းက စိတ်ထကြွလာမှာပဲ။ သခင်မလေး ကျွန်တော့်ကို အပြစ်တင်လို့ မရပါဘူး။ အဲ့လောက်ဆွဲဆောင်မှုရှိနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပါ...”
“အတင့်ရဲလိုက်တာ”
မိုယောင်အာသည် ကျန်းရီ၏ ရိုင်းစိုင်းမှုကြောင့် အရှက်ရကာ ဒေါသထွက်သွားလေသည်။ သူမ၏ ကြာပွတ်လည်း ထွက်ပေါ်လာသည်။ သူမသည် ကျန်းရီကို ကြာပွတ်ဖြင့် ရိုက်တော့ပေမည်။ သို့သော် ဤတစ်ခေါက်တွင် ကျန်းရီက အကြောင်းမရှိဘဲ အရိုက်မခံနိုင်၍ နောက်သို့ ဆုတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“တော်ဝင်သခင်မလေးက ကျွန်တော့်ကို ထပ်ရိုက်မလို့ပါလား။ ညဉ့်လည်းနက်နေပြီဆိုတော့ သခင်မလေး စောစောနားပါတော့။ ကျွန်တော်မျိုး သွားပါတော့မယ်”
“ရှင်...”
ကျန်းရီက အေးစက်စက်လေသံနှင့် ပြောကာ နောက်သို့လှည့်ထွက်သွားသဖြင့် မိုယောင်အာသည် ကြာပွတ်ကိုကိုင်၍ မှင်တက်သွားလေသည်။ သူမသည် ကျန်းရီ၏ နောက်ကျောပြင်ကို စိုက်ကြည့်နေ၏။ သူမ၏ လှပသော မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များနှင့် ပြည့်နှက်နေလေသည်။ ကျန်းရီက မည်သို့သော လူတစ်ယောက်ဖြစ်ကြောင်း သူမ နားမလည်နိုင်ပေ။
***