အဲ့ကောင်ကိုသတ်
Vol. 72 Ch. 998
တစ်ညအနားယူပြီးနောက် အားလုံး ဆက်၍ သွားလိုက်ကြသည်။ သူတို့က ကောင်းကင်နတ်ဆိုးတောင်နှင့် နီးကပ်လာပေပြီ။ ထို့ကြောင့် သူတို့ ပို၍စိတ်အေးလာကြလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
သို့သော် နေ့ဝက်ကြာ သွားပြီးနောက် တုန်ခါသံများကို ကြားလိုက်ရ၍ အားလုံး တုန်လှုပ်သွားကြသည်။ မိုချီက မြေပြင်တွင် နားကပ်ကာ အဝေးမှ တုန်ခါသံများကို ဂရုတစိုက် နားထောင်လိုက်၏။ သူ၏ မျက်ဝန်းများက အေးစက်စက်အလင်း တောက်ပသွား၏။ ထို့နောက် သူ အော်ပြောလိုက်လေသည်။
“တော်ဝင်သခင်မလေး.... ကျွန်တော်တို့ မျိုးနွယ်က လူပုမျိုးနွယ်နဲ့ တိုက်ခိုက်နေပါတယ်။ လူအရေအတွက်က တစ်ထောင်ကျော်လောက် ရှိပါတယ်”
“သတ်မယ်...”
မိုယောင်အာသည် အကြီးအကဲ၏ စကားကို ကြားလိုက်သောအခါ ချက်ချင်း မျက်နှာထားအေးစက်သွား၏။ သူမ၏ လက်များကလည်း အဖြူရောင်နဂါးလက်အဖြစ် ပြောင်းလဲသွားပြီး လက်ထဲတွင် ကြာပွတ်ထွက်ပေါ်လာပေသည်။ ထို့နောက် သူမသည် အော်ပြောလိုက်ပြီး အရာအားလုံးကို လျစ်လျူရှုကာ အရှေ့သို့ ပြေးသွားလိုက်လေသည်။
“သွားကြမယ်...”
မိုချီနှင့် အခြားအကြီးအကဲကလည်း မိုယောင်အာအနောက်မှ လျင်မြန်စွာ လိုက်သွားသည်။ မိုချီက ကျန်းရီက တစ်ချက်ကြည့်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။
“မိုရှင်း... တိုက်ခိုက်ဖို့ ပြင်ဆင်ထားတော့။ မပူပါနဲ့ ငါတို့ ဂိုဏ်းကို ပြန်ရောက်ရင် မင်းရဲ့ စွမ်းဆောင်ချက်တွေကို တင်ပြပေးမှာပါ။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲခန်းမက မင်းကို သေချာပေါက် ဆုတွေနဲ့ ရာထူးမြင့်မြင့်တစ်ခု ချီးမြှင့်မှာပါ”
ရာထူးမြင့်မြင့် ချီးမြှင့်မည်လော။
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ဆုများကို ဂရုမစိုက်ပေ။ သို့သော် ရာထူးကိုမူ သူကြိုက်ပေသည်။ သူသည် မိုရှန်းထံ ချဉ်းကပ်ကာ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ တည်နေရာကို မေးရန် မလိုတော့သော်လည်း သူသာ ရာထူးကြီးလျှင် လူပုမျိုးနွယ်နှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်အကြားတွင် ပဋိပက္ခများ ပိုများများ ဖန်တီးနိုင်မည်ဖြစ်သည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို အသုံးချ၍လည်း လူပုမျိုးနွယ်ကို ပို၍အလွယ်တကူ ရှင်းပစ်နိုင်မည်ဖြစ်သည်။
“အစ်ကိုမိုထျန်း... ခဏနေရင် အစ်ကိုတို့အားလုံး အပြင်ကို ချက်ချင်း ထွက်မလာကြပါနဲ့။ မဟုတ်ရင် အစ်ကိုတို့ ထပ်ပြီး အေးခဲသွားလိမ့်မယ်။ ကျွန်တော် အရင်ထွက်သွားပြီးမှ အစ်ကိုတို့က အခြေအနေကြည့်ပြီး ကျွန်တော်တို့ မျိုးနွယ်ဝင်တွေကို ကယ်ပါ”
ကျန်းရီသည် အရှေ့သို့ ပြေးသွားနေရင်းဖြင့် ညွှန်ကြားချက်များ ပေးလိုက်လေသည်။ မိုထျန်းနှင့် အခြားသူများက ခေါင်းညိတ်လက်ခံလိုက်ကြ၏။ အေးခဲခံလိုက်ရသည့် ခံစားချက်က အလွန်မသက်သာသည် မဟုတ်ပါလား။ သူတို့ထဲက မည်သူမှ ထပ်မံ အေးခဲမခံလိုကြတော့ပေ။
အားလုံးသည် လျင်မြန်စွာ ပြေးသွားနေကြ၏။ မိုင်ဒါဇင်အနည်းငယ် သွားပြီးနောက်တွင် ကျန်းရီသည် အရှေ့မှ တိုက်ပွဲအခြေအနေကို အာရုံခံမိလိုက်၏။
ဆိုးဝါးလှ၏။
မျိုးနွယ်နှစ်ခုစလုံးမှာ မျိုးနွယ်ဝင်များသည် တစ်ထောင်မျှသာ မဟုတ်ဘဲ အနည်းဆုံး ငါးထောင်ရှိပေသည်။ ယခုတွင် နှစ်ဘက်စလုံးသည် သူတို့၏လူထက်ဝက်ခန့် ဆုံးရှုံးနေပေပြီ။ သို့သော် လူပုမျိုးနွယ်ဘက်က အရေးသာနေကြောင်း ထင်ရှား၏။ လက်ရှိတွင် လူပုမျိုးနွယ်ဘက်၌ ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များ အနည်းဆုံး အယောက်သုံးဆယ် ရှိနေသည်။ သူတို့က ကောင်းကင်နတ်ဆိုးမျိုးနွယ်ဘက်မှ ပညာရှင်များကို အေးခဲပစ်နိုင်နေသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များသည် ထွက်မပြေးနိုင်တော့သဖြင့် ရွေးချယ်စရာမရှိတော့ဘဲ အသည်းအသန် ပြန်လည်တိုက်ခိုက်နေကြသည်။
“အကြီးအကဲမိုချီ... ကျွန်တော် အရင်ထွက်သွားလိုက်မယ်။ ကျွန်တော် ‘မိုင်တစ်ထောင် ရေခဲလွှမ်း’ကို ထုတ်ပြီး လူပုမျိုးနွယ်က ပညာရှင်တွေကို အေးခဲလိုက်တဲ့အထိ စောင့်နေပါ။ ပြီးမှ အကြီးအကဲတို့အားလုံး ရုတ်တရက် ထွက်လာပြီး သူတို့ကို အလစ်တိုက်ခိုက်ပြီး သတ်လိုက်ပါ။ ကျွန်တော်တစ်ယောက်တည်းနဲ့ လူပုမျိုးနွယ်က ပညာရှင်တွေအကုန်လုံးကို သတ်ဖို့မလွယ်ဘူး... အကြီးအကဲတို့ကိုပဲ အားကိုးရမှာပဲ”
ကျန်းရီက မိုချီထံ အသံပို့လွှတ်လိုက်၏။ မိုချီက သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ ကျန်းရီသည် ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန် ‘လေခွင်း လျှပ်တစ်ပြက်သတ်ကွက်’ကိုလည်း သိမြင်နားလည်ထားသည် မဟုတ်လော။ ချိုးမင်နှင့် ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင် တစ်ဒါဇင်ကျော်ကို သူ သတ်ပစ်ခဲ့သည် မဟုတ်လော။ အဘယ်ကြောင့် ယခုမှ သူသည် ထိုပညာရှင်များကို သတ်ရန် ခက်ခဲသွားရသနည်း။
ကျန်းရီသည် ထိုပညာရှင်များကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ် သို့မဟုတ် ဝိညာဉ်လေဓားများ သို့မဟုတ် မိုးကြိုးအမျက်တို့ကို ထုတ်သုံးလိုက်လျှင် တစ်ခဏအတွင်း ကိစ္စပြတ်သွားမည်ဖြစ်သည်။ သို့သော် သူသည် ၎င်းတို့ကို အသုံးပြု၍မရပေ။ မဟုတ်လျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားပေလိမ့်မည်။ ယခင်က သူ ဝိညာဉ်လေဓားများကို အသုံးပြု၍ရခဲ့ခြင်းမှာ မိုချီနှင့် ကျန်သူများကလည်း အေးခဲနေခဲ့၍ဖြစ်သည်။
ထို့ကြောင့် ကျန်းရီက အသံထပ်မံပို့လွှတ်ကာ ရှင်းပြလိုက်ရသည်။
“အကြီးအကဲ... ကျွန်တော့်ရဲ့ အတွင်းအားအဆင့်က အရမ်းနိမ့်လို့ ‘လေခွင်း လျှပ်တစ်ပြက်သတ်ကွက်’ကို တစ်လမှ တစ်ကြိမ်ပဲ သုံးလို့ရပါတယ်။ အတင်းသုံးမယ်ဆိုရင် တန်ပြန်ဒဏ်တွေ ခံရလိမ့်မယ်...”
ထိုမှ မိုချီ နားလည်သွားပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြန်အသံပို့လွှတ်လိုက်လေသည်။
“ဟုတ်တယ်...ဟုတ်တယ်... အဲ့လိုဆို မင်း အဲ့ဒါကို မသုံးတာ ကောင်းလိမ့်မယ်။ တန်ပြန်ဒဏ်ခံရတာက တကယ်ဆိုးတယ်။ ကောင်းပြီ... ငါတို့ မင်းနဲ့အတူ ပူးပေါင်းပြီး သူတို့ရဲ့ ပညာရှင်တွေကို အရင်ဆုံးသတ်မယ်”
ထို့နောက် မိုချီသည် အခြားအကြီးအကဲနှင့် မိုယောင်အာထံ အသံပို့လွှတ်လိုက်၏။ သူမတို့က ကျန်းရီကို ကြည့်ကာ အသင့်ပဲဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။ ကျန်းရီသည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး အရှေ့ရှိ လိုဏ်ခေါင်းတစ်ခုမှနေ၍ မြေပြင်အထက်သို့ တက်သွားလိုက်လေသည်။
ဝုန်း...
အပြင်ဘက်တွင် နှင်းများထူထပ်စွာ ကျနေခဲ့သဖြင့် လိုဏ်ခေါင်းဝကို နှင်းထုကြီးက ဖုံးလွှမ်းထားပေသည်။ ကျန်းရီသည် ထိုနှင်းထုကို ဖောက်ထွက်လိုက်ရာ ဝုန်းခနဲ ဖြစ်သွားသဖြင့် အနီးရှိ လူပုများ လန့်သွားကြ၏။ လူပုများသည် ကျန်းရီက သူတို့ကို အလစ်တိုက်ခိုက်တော့မည်ဟု ထင်လိုက်၍ လျင်မြန်စွာ နောက်ဆုတ်လိုက်ကြသည်။
ရွှီ...ရွှီ...
ကျန်းရီသည် ထိုလူပုများကို အရေးမစိုက်အားဘဲ လက်နှစ်ဘက်ကို အဆက်မပြတ် လှုပ်ယမ်း၍ မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ မိုးမြေအတွင်းအားနှင့် ရေခဲနှင်းစွမ်းအားကို စုပ်ယူလိုက်လေသည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ် အအေးလှိုင်းတစ်လှိုင်း ထွက်သွားပြီး မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ သက်ရှိအားလုံးကို အေးခဲပစ်လိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီသည် အအေးလှိုင်းကို မြေအောက်ထဲသို့ ဝင်မသွားစေရန် ထိန်းချုပ်ထား၏။ ထို့ကြောင့် မြေအောက်ထဲရှိ လူအားလုံးသည် အရိုးခိုက်ဖွယ် အအေးလှိုင်းကို ခံစားကြရသော်လည်း အေးခဲမသွားကြပေ။ ထို့နောက် မိုယောင်အာ၊ မိုချီနှင့် အခြားသူများသည် မြေပြင်ထက်သို့ လျင်မြန်စွာ ထွက်လိုက်ကြ၏။ မိုယောင်အာက သူတို့ကို အမိန့်ပေးထားကြောင်း သိသာပေသည်။ သူတို့သည် အပြင်သို့ထွက်ကာ ကိုယ့်တာဝန်ကိုကိုယ် လုပ်ဆောင်လိုက်ကြသည်။
“သေပေတော့...”
မိုယောင်အာနှင့် ပညာရှင်အားလုံးသည် လူပုမျိုးနွယ်၏ ပညာရှင်များကို ပစ်မှတ်ထားလိုက်ကြသည်။ ကျန်လူများမှာမူ မြေပြင်ထက်တွင် အေးခဲနေသော ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များ၏ ကိုယ်ပေါ်မှာ ရေခဲများကို ခွဲ၍ သူတို့ကို မြေကြီးအတွင်းသို့ ဆွဲခေါ်သွားကြလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
လူပုမျိုးနွယ်မှ ပညာရှင်များအားလုံးသည် အေးခဲနေသဖြင့် သက်ရှိပစ်မှတ်များ ဖြစ်နေလေသည်။ ထိုပညာရှင်များက အသက်နှစ်ရှူစာမျှသာ အေးခဲနေမည်ဖြစ်သော်လည်း ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ ပညာရှင်များအတွက် ထိုအချိန်က သူတို့၏ တိုက်ခိုက်မှုများကို ထုတ်လွှတ်ရန် လုံလောက်ပေသည်။ ပညာရှင်များ တိုက်ခိုက်လိုက်လျှင် သေခြင်းနှင့် ရှင်ခြင်းက ရုတ်ခြည်း အဖြေပေါ်သွားမည်ဖြစ်သည်။ မိုယောင်အာနှင့် မိုချီတို့အပါအဝင် ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ ပညာရှင် ဆယ့်သုံးယောက်က တိုက်ခိုက်လိုက်၏။ သူတို့သည် ပစ်မှတ်တစ်ခုဆီသို့ သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်၏။ မည်သူကမှ ပစ်မှတ်ကို လွဲချော်မသွားခဲ့ပေ။
“အာ... ဒါက ဘာစွမ်းရည်လဲ”
“အဲ့ကောင်ကိုသတ်”
“တိုက်ကြ... ငါတို့ အဲ့ကောင်ကို မသတ်နိုင်ရင် ဒီနေ့ ငါတို့အားလုံး သေရလိမ့်မယ်”
အသက်နှစ်ရှူစာ ကြာပြီးနောက် အသက်ရှင်ကျန်နေသေးသော လူပုမျိုးနွယ်မှ ပညာရှင်များက အော်ပြောလိုက်ကြသည်။ သူတို့သည် ကျန်းရီကို ကြောက်ရွံ့ဒေါသထွက်စွာ ကြည့်နေကြ၏။ သူတို့သာ ကျန်းရီကို မသတ်နိုင်လျှင် ကျန်နေသေးသော လူပုသုံးထောင်စလုံး ဤနေရာတွင် သေသွားမည်ဖြစ်ကြောင်း သူတို့ ရှင်ရှင်းလင်းလင်း သိပေသည်။ သူတို့ကဲ့သို့ ပညာရှင်များသည်ပင် အေးခဲခံလိုက်ရလျှင် အားနည်းသော လူပုများက သေခြင်းတရားကို စောင့်နေရုံသာ ရှိလေသည်။
ရွှီး...ရွှီး...
“ဟိန်း...ဟိန်း...”
နှင်းနဂါးရှစ်ကောင်က ကျန်းရီထံသို့ ပျံဝင်လာ၏။ လူပုတစ်ယောက်၏ တိုက်ခိုက်မှုများကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ သူက သူ၏နှစ်ဘက်ခေါင်းတူကြီးကို မြေပြင်ပေါ်သို့ ထုရိုက်လိုက်သောအခါ ရုတ်ခြည်း တုန်ခါလှိုင်းတစ်ခု ထွက်သွားပြီး အာကာပြင်ကို တုန်ခါသွားစေလေသည်။ ထိုတုန်ခါလှိုင်းသည် ကျန်းရီကိုလည်း ထိမှန်သွား၏။ ကျန်းရီ ရင်ဘတ်အောင့်သွားပြီး အနောက်သို့ လွင့်ပျံထွက်သွားလေသည်။
ရွှက်...ရွှက်...
နတ်ဘုရားတစ်ပါး၏ ကြာပွတ်ကဲ့သို့သော အနက်ရောင်ကြာပွတ်တစ်ခုက လှစ်ခနဲ ပျံဝင်လာပြီး ကျန်းရီကို ရစ်ပတ်လိုက်သည်။ ထို့နောက် ကြာပွတ်သည် အနောက်သို့ ဆတ်ခနဲ ဆောင့်ဆွဲခံလိုက်ရ၏။ ကျန်းရီ၏ နားထဲတွင်လည်း ပို့လွှတ်လိုက်သော အသံတစ်သံ ပဲ့တင်ထပ်သွားသည်။
“မြေအောက်ထဲပြန်ဝင်ပြီးမှ နောက်တစ်ချီထပ်တိုက်ဖို့လုပ်”
ထိုနတ်ဆိုးမလေးက အတော်လေး ဉာဏ်ကောင်းပေသည်။
ကျန်းရီ ခေါင်းညိတ်လိုက်၏။ အစောတွင် သူသည် သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ အကယ်၍ မိုယောင်အာသာ သူ့ကို မကယ်ခဲ့ပါက သူသည် ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ထုတ်လွှတ်၍ ကာခဲ့ရမည်ဖြစ်သည်။ လူပုမျိုးနွယ်၏ ပညာရှင်များက နှင်းနဂါးတိုက်ခိုက်မှုများကိုသာ ထုတ်လွှတ်နိုင်သည် မဟုတ်ပေ။ သူတို့က ကြောက်မက်ဖွယ်ကောင်းသော တာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုအချို့ကိုလည်း အသုံးပြုနိုင်ပေသည်။
ကျန်းရီ မြေအောက်ထဲသို့ ရောက်သောအခါ သူ့ကိုရစ်ပတ်ထားသော ကြာပွတ်ကာ ပြေလျော့သွား၏။ ထိုနေရာတွင် မြေအောက်လိုဏ်ခေါင်းများ များစွာရှိပြီး အနက်ရောင်မြေက ကာရံပေးထားသဖြင့် ရန်သူများ၏ ကောင်းကင်စိတ်အာရုံများက သူတို့၏ တည်နေရာကို အာရုံခံနိုင်ရန် မလွယ်ကူချေ။ ထို့ကြောင့် သူတို့သည် မြေအောက်ထဲတွင် လွတ်လပ်စွာ သွားလာနိုင်နေပြီး အလုံခြုံဆုံးနေရာကိုရွေး၍ အပြင်သို့ထွက်ကာ အလစ်တိုက်ခိုက်နိုင်နေကြသည်။
ဝှစ်...ဝှစ်...
ကျန်းရီ မြေပြင်ထက်သို့ ပြန်ရောက်လာသောအခါ မိုယောင်အာနှင့် အခြားသူများကလည်း မြေအောက်ထဲသို့ လျင်မြန်စွာ ငုပ်ရှိုးလိုက်ကြသည်။ ထိုအထဲတွင် မိုချီက အမြန်ဆုံး ဖြစ်သည်။ သူသည် မိုယောင်အာကိုပင် ဂရုမစိုက်အားတော့ပေ။
ကျန်းရီက ‘မိုင်တစ်ထောင် ရေခဲလွှမ်း’ကို ထပ်မံ ထုတ်လွှတ်တော့မည်ဖြစ်သည်။ ထို့ကြောင့် မြေပြင်ပေါ်တွင် နေဝံ့သူတိုင်း အေးခဲသွားပေလိမ့်မည်။ သူတို့သည် အေးခဲသွားသဖြင့် မသေနိုင်သော်လည်း ထိုခံစားချက်က အလွန်ဆိုးဝါးပေသည်။ တစ်ခါအေးခဲခံဖူးသူတိုင်း ဒုတိယအကြိမ် မခံလိုကြပေ။
ဝုန်း...
ကျန်းရီသည် မြေပြင်ထက်သို့ လျင်မြန်စွာ ထွက်လာပြီး အေးစက်စက်မျက်ဝန်းများဖြင့် လှည့်ပတ်ကြည့်ကာ အော်ပြောလိုက်လေသည်။
“မိုင်တစ်ထောင် ရေခဲလွှမ်း... လူပုအကုန်လုံး ဒီသခင်လေးရဲ့ အေးခဲပစ်တာကို ခံလိုက်ကြ”
အအေးလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ထပ်မံ ပျံ့နှံ့သွားသည်။ ရုတ်ခြည်းပင် လူပုအားလုံး ထပ်မံ အေးခဲသွားပြီး ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်သွားသည်။ သူတို့သည် နေရာတွင်ပင် ရေခဲရုပ်တုများကဲ့သို့ ဖြစ်သွားပေပြီ။ သို့သော် လူပုတစ်ယောက်ကမူ လှုပ်ရှားနိုင်နေ၏။ သူသည် သွေးအန်နေပြီး သူအန်လိုက်သော သွေးများက သွေးအေးခဲမြားတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။
“သတ်ကြ...”
မြေပြင်က ပွင့်ထွက်သွားပြီး ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များ ထွက်လာကာ နောက်တစ်ချီ သတ်ဖြတ်လိုက်ကြလေသည်။
***