← Chapters

ကောင်းကင်နတ်ဆိုးနန်းတော်

Vol. 72 Ch. 999

ကောင်းကင်နတ်ဆိုးနန်းတော်

Vol. 72 Ch. 999

တိုက်ပွဲက အလွန်လျင်မြန်စွာ ပြီးဆုံးသွား၏။ ကျန်းရီ၏ ‘မိုင်တစ်ထောင် ရေခဲလွှမ်း’ကြောင့် လူပုများကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ လူပုမျိုးနွယ်၏ ပညာရှင်များ ရှင်းပစ်ခံရပြီးနောက် ကျန်လူပုများက စဉ်းတီတုံးပေါ်မှ ငါးများကဲ့သို့ သတ်ဖြတ်ခံခဲ့ရသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံရကာ နောက်ဆုံးတွင် အကုန်သေသွားလေသည်။

ကျန်းရီသည် အဘယ်ကြောင့် ထိုနေရာ၌ ကောင်းကင်နတ်ဆိုးမျိုးနွယ်များနှင့် လူပုမျိုးနွယ်များ တိုက်ခိုက်နေကြောင်းကို သိသွား၏။ ချိုးမင်က မိုယောင်အာကို ဖမ်းရန် ကြံစည်ထားခဲ့ခြင်းပင်။ သူသည် အင်အားသောင်းဂဏန်းပါသည့် စစ်တပ်တစ်တပ်ကို စုစည်း၍ တပ်သားများကို ကောင်းကင်နတ်ဆိုးတောင်တစ်ဝိုက်တွင် ဖြန့်ကျက် နေရာချထားခဲ့ပြီး ခံစစ်လိုင်းနှစ်လိုင်းခွဲကာ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ စစ်ကူများကို တားထားရန် လုပ်ခဲ့ခြင်းဖြစ်သည်။

မိုယောင်အာ၏ သတင်းပို့သမားက သတင်းပို့ပြီးသောအခါ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က မိုယောင်အာကို ကယ်တင်ရန် တပ်သားနှစ်သောင်းကို ကိုယ်တိုင် စုစည်းခဲ့၏။ သို့သော် ထိုတပ်သားနှစ်သောင်းက ကောင်းကင်နတ်ဆိုးတောင်အပြင်ဘက် မိုင်ထောင်ကျော်အကွာသို့ ရောက်သောအခါ အလစ်ဝင်တိုက်ခိုက်ခံခဲ့ရသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ရောက်လာသော ပညာရှင်များကြောင့်သာ မဟုတ်ပါက စစ်ကူများက နောက်ပြန်ဆုတ်ခဲ့ရမည်ဖြစ်သည်။

တိုက်ပွဲကြောင့် စစ်ကူအုပ်စုတွင် လူတစ်သောင်းကျော် ဆုံးရှုံးခဲ့၏။ နောက်ဆုံး၌ သူတို့သည် ခံစစ်ပထမလိုင်းကို ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော် သူတို့က နောက်ထပ်အလစ်တိုက်ခိုက်မှုတစ်ခုကို ထပ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ ကျန်းရီတို့အုပ်စုသာ ရောက်မလာခဲ့လျှင် ကျန်နေသေးသောစစ်ကူများလည်း အသတ်ခံလိုက်ရမည်ဖြစ်သည်။

ရှူး...ရှူး...

မိုယောင်အာ၊ မိုချီနှင့် အခြားသူများသည် အထက်ပါအကြောင်းများကို ကြားသောအခါ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ သူမတို့သည်လည်း ကျန်းရီ ထွက်ပေါ်လာ၍သာ အသက်ရှင်ခဲ့ရခြင်းပင်။ မဟုတ်လျှင် သူမတို့ ချိုးမင်၏ ဝန်းရံတိုက်ခိုက်မှုကို ဖောက်ထွက်နိုင်ခဲ့လျှင်ပင် သေခြင်းတရားနှင့် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

“သွားကြမယ်...”

မိုချီသည် ထပ်မံ၍ အလစ်တိုက်ခိုက်ခံရမည်စိုး၍ နှောင့်နှေးမနေဝံ့ပေ။ သူသည် အားလုံးအား တိုက်ပွဲပြင်ကို ရှင်းလင်းရန်နှင့် အလောင်းအချို့ကို သယ်လာရန် ပြောလိုက်၏။ ထို့နောက် သူတို့သည် ကောင်းကင်နတ်ဆိုးတောင်သို့ ပြန်သွားလိုက်ကြလေသည်။

“အကြီးအကဲမိုချီ ဘာလို့ စစ်ကူက လူနှစ်သောင်းလောက်နဲ့ပဲ လာတာလဲ”

ကျန်းရီသည် ပြေးနေရင်း မိုချီထံ အသံပို့လွှတ်ကာ မေးလိုက်၏။ မိုယောင်အာက အန္တရာယ်နှင့် တွေ့ကြုံခဲ့ရခြင်းပင်။ မိုရှန်းကိုယ်တိုင် သူမအား သွားမကယ်ခြင်းကို နားလည်ပေးနိုင်၏။ သို့သော် အဘယ်ကြောင့် သူသည် စစ်ကူအဖြစ် လူနှစ်သောင်းလောက်ကိုသာ စေလွှတ်ခဲ့ခြင်းနည်း။ ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် လူတစ်သန်းလောက်ရှိပေသည်။ သူတို့၏ စစ်တပ်ကလည်း အနည်းဆုံး လူသုံးသိန်း၊ လေးသိန်းလောက်ရှိသည်။ သို့ဖြစ်ရာ လူနှစ်‌သောင်းသာ‌‌ စေလွှတ်လိုက်ခြင်းက မဖြစ်သင့်သည် မဟုတ်ပါလား။

မိုချီ၏ မျက်နှာထားက မည်းမှောင်သွား၏။ သူသည် ဘေးဘီကို လှည့်ပတ်ကြည့်လိုက်ပြီးမှ အသံပြန်ပို့လွှတ်လိုက်သည်။

“ကောင်းကင်နတ်ဆိုးတောင်ရဲ့ တောင်ဘက်ကို အမွေးရှည်ဆင်မျိုးနွယ်က အင်အားသုံးသိန်းပါတဲ့ စစ်တပ်တစ်တပ် ရောက်လာခဲ့တယ်။ သူတို့က တောင်ကို တိုက်ခိုက်မယ့် အရိပ်အယောင် မပြသေးပေမယ့် သူတို့ရဲ့ စစ်အင်အားကို ပြနေတယ်ဆိုတာ အသိအသာကြီးပဲ။ ဂိုဏ်းချုပ်ကလည်း အမွေးရှည်ဆင်မျိုးနွယ်က ဘာလို့ စစ်အင်အားလာပြလည်းဆိုတာ မသိတော့ မဆင်မခြင် မလုပ်ရဲဘူးလေ။ မိုရှင်း... ဒါက လျှို့ဝှက်သတင်းအချက်အလက်ပဲ... မင်း အဲ့အကြောင်းကို တခြား ဘယ်သူ့ကိုမှ ပြောပြလို့မရဘူး”

‘အဲ့လိုကိုး...’

ကျန်းရီ ချက်ချင်း သဘောပေါက်သွားလေသည်။ သူသည် ခေါင်းကိုက်လာသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ပဉ္စမအကြီးအကဲက လူပုမျိုးနွယ်၊ အမွေးရှည်ဆင်မျိုးနွယ်နှင့် မီးနဂါးမျိုးနွယ်တို့က မဟာမိတ်များဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် ကောင်းကင်နတ်ဆိုးမျိုးနွယ်က အခြားမျိုးနွယ်များနှင့် မဟာမိတ်ဖွဲ့ထားကြောင်းကိုမူ သူ တစ်ခါမှ မကြားခဲ့ဖူးပေ။ သူသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို အသုံးချ၍ လူပုမျိုးနွယ်ကို ရှင်းပစ်ရန် ကြံရွယ်ခဲ့၏။ သို့သော် လက်ရှိအခြေအနေအရ ကောင်းကင်နတ်ဆိုးမျိုးနွယ်ကသာ လူပုမျိုးနွယ်၏ ရှင်းပစ်မှုကို ခံရတော့မလိုဖြစ်နေပေသည်။

‘ဆက်မတွေးနဲ့တော့။ ကောင်းကင်နတ်ဆိုးတောင်ကို ပြန်ရောက်မှ ဆုံးဖြတ်ချက်ချတာပေါ့။ ငါ့ရဲ့ အစီအစဉ်က တကယ်ပဲ အလုပ်မဖြစ်နိုင်ဘူးဆိုရင် ကောင်းကင်ရှောင်တိမ်းခြင်းနဲ့ ရှောင်ထွက်သွားပြီး တခြားနည်းလမ်းစဉ်းစားရမှာပဲ’

ကျန်းရီသည် အတွေးမလွန်စေရန် ထိန်းချုပ်လိုက်ပြီး အရှေ့သို့သာ ဆက်သွားနေလိုက်လေသည်။ ဤတစ်ခေါက်တွင်မူ သူတို့သည် မည်သည့် လူပုမျိုးနွယ်နှင့်မှ ထပ်မတွေ့ရတော့ပေ။ သူတို့ နေ့ဝက်ကြာ ဆက်သွားပြီးနောက် လာကြိုသော ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ စစ်တပ်နှင့် တွေ့ခဲ့သည်။ ထိုစစ်တပ်တွင်မူ လူငါးသောင်းပါလာပြီး ပညာရှင်များလည်း များစွာပါလာခဲ့သဖြင့် သူတို့အတွက် လုံးဝ လုံခြုံသွားပြီဖြစ်သည်။

စစ်တပ်သည် မိုယောင်အာ၊ မိုချီ၊ ကျန်းရီနှင့် အခြားလူများကို အလယ်တွင်ထားကာ ဝန်းရံလိုက်ကြသည်။ သူတို့သည် မြေအောက်ထဲမှ မသွားတော့ဘဲ မြေပြင်ပေါ်မှသာ ပေါ်ပေါ်ထင်ထင် သွားလိုက်လေသည်။ မိုထျန်းက ကျန်းရီနှင့်အတူ သွားနေပြီး သူမြင်တွေ့နိုင်ရန်ပင် ခက်ခဲခဲ့သော ‘အာဏာရှိ ပုဂ္ဂိုလ်များ’က သူ့ကို လေးလေးစားစား ဦးညွှတ်ကာ အဆင်ပြေ၊ မပြေ မေးနေကြသည်ကို တွေ့လိုက်သောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး ကျောကော့ရင်မော့ လျှောက်လိုက်လေသည်။

ကျန်းရီပမူ ကောင်းကင်နတ်ဆိုးတောင်သို့ ပြန်ရောက်သောအခါတွင်လည်း များစွာ စိတ်မလှုပ်ရှားခဲ့ပေ။ မိုယောင်အာက သူ့ကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ကြည့်နေသည်ကို မြင်ရမှသာ သူ ပိုခေါင်းကိုက်လာသည်။ ထို့ကြောင့် သူသည် မိုချီထံ အသံပို့လွှတ်ပြီးနောက် မိုယောင်အာကို တစ်ချက်ပင် မကြည့်တော့ဘဲ မိုထျန်းနှင့်အတူ သူနေထိုင်ရာဂူသို့ ပြန်သွားလိုက်လေသည်။

“ဟားဟား...”

မိုယောင်အာသည် ကျန်းရီက သူမကိုပင် မကြည့်ဘဲ ပျံသန်းသွားသည်ကို တွေ့လိုက်သောအခါ စိတ်နာသွား၏။ ထို့ကြောင့် သူမသည် နှာခေါင်းရှုံ့ကာ ကောင်းကင်နတ်ဆိုးတောင်ထိပ်ဆီသို့ ပျံတက်သွားလေသည်။

မိုချီနှင့် အခြားအကြီးအကဲများကလည်း စီစဉ်စရာရှိသည်များကို စီစဉ်ပြီးနောက် တောင်ထိပ်သို့ပျံတက်ကာ ဖြစ်ခဲ့သောတိုက်ပွဲများအကြောင်းကို မိုရှန်းအား တင်ပြလိုက်ကြသည်။ လူပုမျိုးနွယ်ကို သင့်တော်သလို ပြန်တုံ့ပြန်ရပေမည်။ ဤတစ်ကြိမ်တွင် ချိုးမင်က တိုက်ပွဲ၌ ကျဆုံးခဲ့လေသည်။ ထိုသတင်းက လူပုမျိုးနွယ်သို့ ရောက်သွားလျှင် သေချာပေါက် ဆူပူမှုကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲကြီးတစ်ပွဲကို ရှောင်လွှဲ၍ ရတော့မည်မဟုတ်ဟု သူတို့ ကောက်ချက်ချလိုက်ကြသည်။

“အစ်ကိုမိုထျန်း... ကျွန်တော် ဒဏ်ရာတွေ ရလာခဲ့လို့ အရင်ဆုံး ဒဏ်ရာကုသလိုက်ဦးမယ်။ အကြီးအကဲတွေကလွဲပြီး ကျွန်တော် တခြားဘယ်သူ့ကိုမှ တွေ့မှာ မဟုတ်ဘူး။ ကျွန်တော် ဒဏ်ရာကုသနေတဲ့အတောအတွင် အစ်ကိုလည်း အပြင်ကို မထွက်တာ အကောင်းဆုံးပဲ။ မကြာခင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ကျွန်တောင်ထင်တယ်”

ကျန်းရီသည် မိုထျန်း၏ ညီလေးနှင့် ညီမလေးတို့က သူတို့ကို လာကြိုသည်ကို တွေ့လိုက်သောအခါ ထပ်မံခေါင်းကိုက်သွားပြန်၏။ ထို့ကြောင့် သူ မိုထျန်းဆီ အသံပို့လွှတ်ကာ သူ့ဂူထဲသို့ ဝင်သွားလိုက်လေသည်။ အမှန်လည်း သူ၏ဒဏ်ရာများက အပြည့်အဝ ပြန်မကောင်းသေးပေ။ ထို့ကြောင့် သူ၏သက်လုံနှင့် စွမ်းအင် ပြန်ပြည့်ဝလာစေရန် သူ ကောင်းကောင်းအနားယူဖို့ လိုအပ်ပေသည်။ ထို့ပြင် သူသည် ပြောင်းလဲသွားသော အခြေအနေများနှင့်လည်း ရင်ဆိုင်ရဦးမည် မဟုတ်ပါလား။

ထိုနေ့တွင် ကောင်းကင်နတ်ဆိုးတောင်က အလွန်သက်ဝင်လှုပ်ရှားနေပေသည်။ မရေမတွက်နိုင်သော လူများသည် တောင်ကို ဝင်လိုက်၊ ထွက်လိုက်နှင့် လုပ်နေကြသည်။ ထောက်လှမ်းရေးများကလည်း မိုင်တစ်သိန်းပတ်လည်အတွင်းမှ အခြေအနေများကို ထောက်လှမ်းရန် ထွက်သွားကြသည်။ မိုချီသည် ယခုမှ ပြန်ရောက်ခါစ ဖြစ်သော်လည်း အပြင်သို့ ထပ်သွားရန် အမိန့်ပေးခံခဲ့ရသည်။ အခြားအကြီးအကဲများစွာလည်း ထို့အတူ အမိန့်ပေးခံခဲ့ရသည်။

ကောင်းကင်နတ်ဆိုးတောင်ပတ်ပတ်လည်တွင် အင်အားငါးသိန်းရှိသော စစ်တပ်တစ်တပ်က အမြဲမပြတ် ကင်းလှည့်နေသည်။ ကောင်းကင်နတ်ဆိုးတောင်၏ အခြေအနေက တင်းမာနေပေပြီ။ မိုချီနှင့် အခြားအကြီးအကဲများသည် ကောင်းကင်နတ်ဆိုးတောင်၏ တောင်ဘက်တွင် အမွေးရှည်ဆင်မျိုးနွယ်၏ အင်အားနှစ်သိန်းပါသော စစ်တပ်တစ်တပ်က စခန်းချထားသည်ကို အခြားသူများမသိအောင် ဖုံးကွယ်ထားကြသည်။ မည်သို့ပင်ဖြစ်စေ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များသည် ကိစ္စကြီးတစ်ခု ဖြစ်ပျက်လာတော့မည်ဖြစ်ကြောင်း ခံစားနိုင်ကြပေသည်။ ပြီးခဲ့သော တိုက်ပွဲများတွင် လူများစွာ သေဆုံးခဲ့သည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးတောင်အထက်ရှိ ကောင်းကင်တွင် သွေးညှီနံ့များ စွဲနေပြီဖြစ်သည်။ ယင်းက မည်သို့မှ ပြန်ပျောက်မည် မဟုတ်ချေ။

အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသော်လည်း ကျန်းရီက အရေးမစိုက်ခဲ့ဘဲ အေးချမ်းစွာ ကျင့်ကြံ၍ ဒဏ်ရာများကို ကုသနေခဲ့သည်။ သူ အရေးစိုက်နေလျှင်လည်း အခြေအနေများကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

ကျန်းရီသည် မိုယောင်အာက သူ့ကို မဆင့်ခေါ်ခဲ့သဖြင့် အတန်ငယ် အံ့အားသင့်နေပေသည်။ သူ ဂူအောင်း ကျင့်ကြံနေခဲ့သော နှစ်ရက်တာအတွင်း၌ အကြီးအကဲတစ်ယောက်က သူ့အကြောင်းလာမေးသည်မှလွဲ၍ မည်သည့်အမိန့်မှ ရောက်မလာခဲ့ပေ။

‘ဘာတွေ ဖြစ်နေတာလဲ’

ကျန်းရီသည် မျက်လုံးများ ဖွင့်လိုက်၏။ နှစ်ရက်ကြာ ကုသပြီးနောက် သူ၏ဒဏ်ရာများက ပြဿနာတစ်ခု မဟုတ်တော့ချေ။ သူ ထရပ်လိုက်ပြီး ကျောက်ပြတင်းပေါက်မှနေ၍ အပြင်သို့ ကြည့်လိုက်ရာ ကောင်းကင်တွင် တပ်သားများ ကင်းလှည့်နေသည်ကို တွေ့လိုက်ရလေသည်။

ကျန်းရီက မိုယောင်အာကို ကယ်တင်ခဲ့ပြီး လူပုမျိုးနွယ်ဝင်များစွာကို ရှင်းပစ်ခဲ့သည်။ ထိုအချက်များကို ထည့်မတွက်လျှင်ပင် သူ၏ အင်အားနှင့် အသက်ကို တင်ပြလိုက်ရုံဖြင့် မိုရှန်းက သူ့ကို ချက်ချင်း ဆင့်ခေါ်သင့်သည် မဟုတ်လော။ သို့သော် မိုရှန်းသည် ကျန်းရီကို မဆင့်ခေါ်ရုံသာမက မည်သည့် ဆုလာဘ်၊ မည်သည့်ရာထူးမှပင် မချီးမြှင့်ခဲ့ပေ။

ကျန်းရီသည် ပြတင်းပေါက်တွင် နေ့ဝက်ကြာ ရပ်နေခဲ့၏။ ကောင်းကင်က တဖြည်းဖြည်း မှုန်မှိုင်းလာပေပြီ။ ထိုအချိန်အထိ မည်သည့် အမိန့်မှ ရောက်မလာသေးပေ။ ထို့ကြောင့် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်ရလေသည်။ သူက ကောင်းကင်နတ်ဆိုးတောင်ထိပ်ရှိ ကောင်းကင်နတ်ဆိုးနန်းတော်အတွင်းသို့ အတင်းဝင်သွား၍ မရပေ။ ထိုသို့လုပ်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။

ဝှစ်...ဝှစ်...

ကောင်းကင်က လုံးဝမှောင်သွားသောအခါ တောင်အထက်မှနေ၍ လူတစ်ယောက် ပျံဆင်းလာပြီး ကျန်းရီ၏ ဂူအရှေ့တွင် ဆင်းသက်လိုက်သည်။ မိုထျန်းက လူရိပ်တွေ့လိုက်၍ သူ့ဂူအတွင်းမှ ချက်ချင်း ထွက်လာသည်။ ရောက်လာသူမှာ အကြီးအကဲတစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသောအခါ သူသည် လျင်မြန်စွာ ဦးညွှတ်လိုက်ပြီး နှုတ်ဆက်လိုက်၏။

“အကြီးအကဲမိုဖူကို နှုတ်ခွန်းဆက်ပါတယ်”

“အင်း...”

အကြီးအကဲက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

“မိုထျန်း... မင်းတို့မိသားစုတွေက ဆယ့်ခြောက်ထပ်ကို ပြောင်းရတော့မယ်။ အဲ့ဒါက မဟာအကြီးအကဲရဲ့ အမိန့်ပဲ”

“ဆယ့်ခြောက်ထပ်လား...”

မိုထျန်း၏ တုတ်ခိုင်သောခန္ဓာကိုယ်ကြီး တုန်ယင်သွား၏။ တော်ဝင်တောင်ဆယ်လုံးစလုံးတွင် အထပ်ဆယ့်ရှစ်ထပ်စီ ရှိကြသည်။ ထိပ်ဆုံးအထပ်မှာ ဂိုဏ်းချုပ် သို့မဟုတ် မျိုးနွယ်အကြီးအကဲအတွက် ဖြစ်သည်။ ဆယ့်ခုနစ်ထပ်မြောက်မှာ အကြီးအကဲများအတွက် ဖြစ်သည်။ ဆယ့်ခြောက်ထပ်မှာမူ ပြောင်မြောက်သော စွမ်းဆောင်ချက်များကို ပြသနိုင်ခဲ့သည့် တပ်မှူးများအတွက် ဖြစ်သည်။

အတိတ်တွင် မိုထျန်းနှင့် မိုရှင်းတို့၏ အဘိုးက ဆယ့်ခြောက်ထပ်တွင် တစ်နှစ်ကြာ နေနိုင်ခဲ့သည်။ သို့သော် သူတို့၏အဘိုး ကျဆုံးသွားပြီးနောက်တွင် သူတို့၏မိသားစုများက ချက်ချင်း အဆင့်ချခံခဲ့ရသည်။ မိုထျန်းသည် ဤဘဝတွင် ဆယ့်ခြောက်ထပ်သို့ ပြန်တက်နိုင်လိမ့်ဦးမည်ဟု တွေးပင်မတွေးခဲ့ဖူးပေ။

“မြန်မြန် ထုပ်ပိုးကြပါ။ မင်းတို့ အဲ့အထပ်ကို ရွှေ့ပြောင်းပြီရင် မင်းတို့အတွက် နေရာစီစဉ်ပေးမယ့် လူတွေရှိလိမ့်မယ်”

အကြီးအကဲမိုဖူက လက်ဝှေ့ယမ်းလိုက်ပြီး မိုရှင်း၏ ဂူဆီသို့ လျှောက်သွားလိုက်၏။ ထို့နောက် သူသည် ဂူတံခါးကို ခေါက်ကာ အသံဩဩဖြင့် ပြောလိုက်သည်။

“မိုရှင်း... မြန်မြန်ထလာပြီး ငါနဲ့အတူ ကောင်းကင်နတ်ဆိုးနန်းတော်ကို လိုက်ခဲ့”

“ကောင်းကင်နတ်ဆိုးနန်းတော်လား”

ကျန်းရီ၏ မျက်လုံးများ ရုတ်တရက် ပွင့်သွား၏။ သူ့မျက်လုံးများက တလက်လက် တောက်ပနေပေသည်။ နောက်ဆုံးတွင် မိုရှန်းက သူ့ကို ဆင့်ခေါ်ပြီလော။ မိုရှန်းက နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဖြစ်သည်။ သူသည် ကျန်းရီ၏ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို တစ်ချက်ကြည့်ရုံဖြင့် ‌ဖောက်မြင်နိုင်မည်လော။

***

All Chapters