အပြုံးတစ်ချက်
Vol. 72 Ch. 1000
ဝှစ်...ဝှစ်...
ကောင်းကင်နတ်ဆိုးတောင်ပေါ်တွင် လူနှစ်ယောက်သည် ထက်ရှသောဓားများအလား ပျံသန်းနေကြလေသည်။ ကောင်းကင်နတ်ဆိုးတောင်၏ ဆယ်ထပ်မြောက်နှင့်အထက်ကို အဖြူရောင်မြူများက ဖုံးလွှမ်းထားပေသည်။ ထို့ကြောင့် တောင်ထိပ်ကို အောက်မှ လှမ်းမမြင်နိုင်ပေ။ ကောင်းကင်စိတ်အာရုံများနှင့်လည်း ထောက်လှမ်း၍မရချေ။ ကျန်းရီသည် ဆယ့်ငါးထပ်မြောက်သို့ ရောက်သောအခါ မျက်လုံးကန်းသွားသကဲ့သို့ မည်သည့်အရာကိုမှ မမြင်ရတော့ပေ။ သူသည် အကြီးအကဲမိုဖူ၏အနောက်မှနေ၍သာ ဆက်ပျံတက်နေရလေသည်။
“အာ...”
ဆယ့်ခြောက်ထပ်မြောက်၏ အထက်ဘက်သို့ ရောက်သောအခါ ထူထဲသော မြူများ ပျောက်ကွယ်သွားသည်ကို ကျန်းရီ သတိပြုမိလိုက်လေသည်။ သူ့မြင်ကွင်းထဲတွင် ရဲတိုက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။ ရဲတိုက်ဝန်းကို တိမ်ဖြူများက ရစ်သိုင်းထားပြီး ရဲတိုက်ဝန်း၏ အောက်ခြေတွင် အဖြူရောင်မြူများ လှည့်ပတ်နေသည်။ ထိုနေရာသည် နတ်ဘုံတစ်ခုကဲ့သို့ပင်။
ရဲတိုက်ဝန်းအလယ်တွင် မီတာတစ်ထောင်မြင့်သော ဧရာမကျောက်တိုင်ကြီးတစ်တိုင် ရှိပေသည်။ ထိုကျောက်တိုင်ထိပ်တွင် ခမ်းနားထည်ဝါသော နန်းတော်တစ်ခု ရှိပေသည်။ ထိုနန်းတော်က လေထဲတွင် တည်ရှိနေခြင်းပင်။ ၎င်း၏ ထောက်တိုင်ဟူ၍ ဧရာမကျောက်တိုင်ကြီးတစ်တိုင်သာ ရှိသည်။ ထို့ကြောင့် ၎င်းက အချိန်မရွေး ပြုတ်ကျသွားတော့မလို ထင်ရပြီး အလွန်ဆန်းကြယ်နေပေသည်။
‘ဒီတောင်က ဆယ့်ခုနစ်ထပ်ပဲ ရှိတာပဲ။ ဆယ့်ရှစ်ထပ်မြောက်က ကျောက်တိုင်ပေါ်မှာ ရှိနေတာ...’
ကျန်းရီသည် အနည်းငယ် ထပ်ကြည့်လိုက်ပြီးနောက် များစွာ တွေးတောမနေတော့ပေ။ သူသည် ခမ်းနားထည်ဝါသော မြင်ကွင်းများစွာကို မြင်ဖူးခဲ့သည်။ ရှန်းစီမြို့က တစ်မြို့လုံး လေထဲတွင် တည်ရှိနေခြင်းဖြစ်ရာ ပိုဆန်းကြယ်ပေသေးသည်။ ရှန်းစီမြို့နှင့် ယှဉ်လျှင် ဤနန်းတော်က အသေးအမွှားပင်။
‘ဒီနေရာက မိုးမြေအတွင်းအားက တော်တော်သိပ်သည်းတာပဲ။ အနည်းဆုံး အဆနှစ်ရာလောက် ပိုသိပ်သည်းလောက်တယ်။ နှင်းဒေသက ထောင်ချီတဲ့ ရှေးဟောင်းမျိုးနွယ်တွေက တော်ဝင်တောင်တွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားရင်း အဆုံးမရှိတဲ့ စစ်ပွဲကို ဆင်နွှဲနေကြတာ အံ့ဩစရာ မရှိတော့ဘူး’
ကျန်းရီသည် ခေတ္တမျှ အာရုံခံကြည့်လိုက်ပြီးနောက် ခေါင်းဆတ်လိုက်၏။ ရဲတိုက်ဝန်းမှနေ၍လည်း ကောင်းကင်စိတ်အာရုံများစွာ ထွက်လာသည်ကို သူ သတိပြုမိလိုက်သည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ သခင်လေးများနှင့် သခင်မလေးများသည် ရဲတိုက်ဝန်းအတွင်းမှ ပျံထွက်လာကြပြီး သူ့ကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ အကောင်းစား အဝတ်အစားများကို ဝတ်ဆင်ထားသော သခင်လေးအချို့က သူ့အပေါ် အတန်ငယ် ရန်လိုနေကြောင်း ကျန်းရီ ခံစားလိုက်ရသည်။
“အထက်ကို တက်သွားကြတာပေါ့ မိုရှင်း”
အကြီးအကဲမိုဖူက ကျန်းရီကို ခေါင်းညိတ်ပြလိုက်ပြီး အထက်သို့ ပျံတက်သွားလေသည်။ ကျန်းရီသည်လည်း လှည့်ပတ်ကြည့်လိုက်ပြီးနောက် နောက်မှ လျင်မြန်စွာ လိုက်သွားလိုက်သည်။ သူသည် အလွန်တည်ငြိမ်နေ၍ မဖြစ်ပေ။ သူက မိုရှင်းအဖြစ် ဟန်ဆောင်ထားသည် မဟုတ်ပါလား။ အဆင့်နိမ့် မျိုးနွယ်ဝင်လေးတစ်ယောက်က ကောင်းကင်နတ်ဆိုးတောင်ထိပ်သို့ လာရသော်လည်း စိတ်လှုပ်ရှားပုံပေါ်မနေလျှင် အလွန်မူမမှန် ဖြစ်နေပေလိမ့်မည်။
ကောင်းကင်နတ်ဆိုးနန်းတော်တစ်ခုလုံးက ရွှေရောင်တောက်ပနေသည်။ နန်းတော်ခန်းမကလည်း ကြီးမားပေသည်။ သို့သော် အဆုံးမဲ့ပင်လယ်နက်၏ ရွှမ်ဝူနန်းတော်နှင့် ယှဉ်လျှင်မူ များစွာနိမ့်ကျနေဆဲပင်။ ကောင်းကင်နတ်ဆိုးနန်းတော်က သူ၏ဧကရာဇ်နန်းတော်ထက် ဆယ်ဆလောက်သာ ပိုကြီးသည်။ ကျန်းရီသည် အကြိမ်အနည်းငယ် အာရုံခံပြီးနောက် ထိုနန်းတော်၏ နံရံများတွင် မည်သည့်အက်ကြောင်းမှ မရှိကြောင်း သတိပြုမိသွား၏။ ထိုအခါမှ ယင်းနန်းတော်က တည်ဆောက်ထားသောနန်းတော်မဟုတ်ဘဲ မူလရတနာတစ်ခုဖြစ်ကြောင်း သူ ချက်ချင်း နားလည်သွားလေသည်။ သာမန်နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်သည် ထိုမူလရတနာကို အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။
ကျွီ...
ရွှေရောင်တံခါးများက ဖြည်းဖြည်းချင်း ပွင့်လာပြီး တလက်လက်တောက်ပနေသော ပင်မခန်းမကို လှစ်ဟပြလိုက်လေသည်။ မိုဖူက တံခါးဝတွင် ရပ်ကာ လက်ဝှေ့ယမ်းလိုက်၏။
“မိုရှင်း... မင်း ဝင်သွားပါ။ ငါက ဝင်ဖို့အမိန့်မရထားလို့ ဝင်ခွင့်မရှိဘူး”
“ဟုတ်ကဲ့...”
ကျန်းရီသည် အတန်ငယ် တုန်ယင်သွားပြီး မိုဖူကို လက်ဆုပ်အရိုအသေပေးလိုက်၏။ မိုဖူက ပြုံး၍ ပြောလိုက်သည်။
“စိတ်မလှုပ်ရှားပါနဲ့... မင်းက ငါတို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ သူရဲကောင်းအသစ်ပဲ။ အနာဂတ်မှာလည်း မင်းက ငါတို့အတွက် ဂုဏ်ယူစရာလူတစ်ယောက် ဖြစ်လာပါစေလို့ ငါမျှော်လင့်ပါတယ်”
“ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ”
ကျန်းရီက တလေးတစားဖြင့် ထပ်မံ ဦးညွှတ်လိုက်ပြီး နန်းတော်အတွင်းသို့ ဝင်သွားလိုက်လေသည်။ သူ ပင်မခန်းမအတွင်းသို့ ခြေချမိသည်နှင့် တံခါးများက တိတ်တဆိတ် ပြန်ပိတ်သွား၏။ ကျန်းရီသည် လှည့်ပတ်မကြည့်ဝံ့သဖြင့် ပင်မခန်းမထဲတွင်သာ တရိုတသေ ရပ်နေလေသည်။ သူသည် ကောင်းကင်စိတ်အာရုံကိုလည်း မထုတ်ဝံ့ပေ။
ကျန်းရီသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှင့် တွေ့ဆုံရတော့မည်ဖြစ်သည်။ အကယ်၍ သူသာ သတိလက်လွတ်ဖြစ်သွားပါက သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်ပြီး မိုရှန်း၏ သတ်ဖြတ်မှုကို ခံရနိုင်လေသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်နှင့် ဤမျှနီးနီးကပ်ကပ် တွေ့ဆုံရချိန်တွင် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို ထုတ်သုံးရန်ပင် အချိန်ရမည်မဟုတ်ပေ။
ပင်မခန်းမက အလွန်တိတ်ဆိတ်နေ၏။ ခန်းမထဲတွင် သူမှလွဲ၍ အခြားမည်သူမှ ရှိမနေချေ။ ကျန်းရီသည် လှုပ်ပင် မလှုပ်ဝံ့ဘဲ အသက်အောင့်ကာ တိတ်တဆိတ်စောင့်ဆိုင်းနေလေသည်။ သူသည် အမှန်ပင် အတန်ငယ် စိတ်လှုပ်ရှားနေ၏။ သူ့၏ နှလုံးသားကလည်း တဒုတ်ဒုတ် ခုန်နေပေသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာ၏။ သို့သော် မိုရှန်း ထွက်ပေါ်မလာသေးပေ။ တစ်နာရီကြာ စောင့်ပြီးသည်အထိ မည်သူမှ ထွက်ပေါ်မလာသဖြင့် ကျန်းရီတစ်ယောက် စိတ်မရှည်ဖြစ်လာ၏။ သူသည် အတန်ငယ် ခေါင်းမော့၍ ခန်းမအတွင်းသို့ ဝေ့ဝဲကြည့်လိုက်၏။
ဤပင်မခန်းမသည် အခြားအာဏာရှိပုဂ္ဂိုလ်များ၏ ပင်မခန်းမများနှင့် မကွာပေ။ ခန်းမတစ်ခုလုံးက ရွှေရောင်၊ ကျောက်စိမ်းရောင်တို့နှင့် ဖိတ်ဖိတ်တောက်နေပြီး ခမ်းနားကြီးကျယ်သော အငွေ့အသက်ကို ပေးလေသည်။ ခန်းမထဲတွင် ရွှေပလ္လင်တစ်ခုနှင့် ဧရာမတိုင်ကြီး ဆယ့်နှစ်တိုင်သာ ရှိသည်။ တိုင်များပေါ်တွင်မူ နတ်ဆိုးသားရဲပုံများကို မထွင်းထားဘဲ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ ဘိုးဘေးများ၏ ပုံများကို ထွင်းထားပေသည်။ ကျန်းရီသည် အတန်ကြာ ကြည့်ပြီးနောက် ခေါင်းပြန်ငုံ့လိုက်ပြီး မိုရှန်းတွင် မည်သည့်အကြံရှိနေခြင်းနည်းဟု တွေးလိုက်သည်။ အဘယ်ကြောင့် သူသည် ကျန်းရီကို ဆင့်ခေါ်ခဲ့သော်လည်း ထွက်ပေါ်မလာရခြင်းနည်း။
တစ်နာရီ၊ နှစ်နာရီ... လေးနာရီ...
ကျန်းရီသည် ဆက်၍ သည်းမခံနိုင်တော့သဖြင့် စိတ်ထဲမှ ဆဲလိုက်၏။ ထိုမိုရှန်းက သူ့ကို ကစားနေခြင်းလော။
မဟုတ်သေး။
ကျန်းရီ၏မျက်လုံးများ အရောင်လက်သွား၏။ သူ ချက်ချင်း နားလည်သွားလေသည်။ ယနေ့တွင် သူ့ကို ဆင့်ခေါ်ခဲ့သူမှာ မိုရှန်းမဟုတ်ဘဲ မိုယောင်အာသာ ဖြစ်ရပေမည်။ မဟုတ်လျှင် ကျန်းရီသည် ဤသို့လေးနာရီကြာ မတ်တပ်ရပ်နေရမည် မဟုတ်ပေ။
ကျန်းရီသည် မျက်လုံးများ ပိတ်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်လိုက်ပြီး ဂရုတစိုက် အာရုံခံလိုက်၏။ ပင်မခန်းမဘေးရှိ ခန်းမအသေးလေးထဲတွင် မိုယောင်အာက အေးအေးလူလူ လက်ဖက်ရည်သောက်နေပေသည်။ ထို့ပြင် သူသည် နန်းတော်တစ်ခုလုံးတွင် မည်သည့် စွမ်းအားကြီးအရှိန်အဝါကိုမှလည်း အာရုံမခံမိချေ။
မိုရှန်းက ကောင်းကင်နတ်ဆိုးနန်းတော်တွင် မရှိပေ။ မိုယောင်အာက သူ့ကို ကစားနေခြင်းဖြစ်ကြောင်း သေချာသွားပေပြီ။
အဘယ်ကြောင့် မိုယောင်အာက ပြီးခဲ့သောနှစ်ရက်အတွင်း၌ သူ့ကို မဆင့်ခေါ်ခဲ့ရသနည်း။ ကျန်းရီ နားမလည်ပေ။ သူ ခေါင်းကိုက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထိုနတ်ဆိုးမလေးအပေါ် အပြစ်ပြုမိ၍ မရပေ။ မဟုတ်လျှင် သူမက သူ့ကို ချက်ချင်း သတ်ပစ်ပေလိမ့်မည်။ အကြီးအကဲများကလည်း သူမကို တားနိုင်မည် မဟုတ်ပေ။
‘အကြံရပြီ’
ကျန်းရီသည် အကြံတစ်ခု ရလိုက်၍ တင်ပျဉ်ခွေထိုင်လိုက်ကာ စတင်ကျင့်ကြံလိုက်လေသည်။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေထဲတွင်ပင် ရှိနေပေသေးသည်။ အကယ်၍ တစ်စုံတစ်ခု ဖြစ်လာလျှင် သူ ချက်ချင်း အာရုံခံမိမည်ဖြစ်သည်။ ထို့ပြင် တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေလျှင်လည်း သူ မကြောက်ပေ။
‘အာ... ဒီနန်းတော်က မိုးမြေအတွင်းအားက တော်တော်သိပ်သည်းတာပဲ။ အနည်းဆုံး အဆငါးရာလောက် ပိုသိပ်သည်းတယ်’
ကျန်းရီသည် စတင်ကျင့်ကြံလိုက်သည်နှင့် ဤနန်းတော်ရှိ မိုးမြေအတွင်းအားက အံ့အားသင့်ရလောက်အောင် သိပ်သည်းကြောင်း သိရှိသွားလေသည်။ သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက နဂါးညှိုးရော်မြက်ပင်ကြောင့် ပြောင်းလဲခဲ့သဖြင့် သာမန်လူတစ်ယောက်ထက် ဆယ်ဆပိုမြန်စွာ ကျင့်ကြံနိုင်ပေသည်။ ယခုတွင် ဤနန်းတော်မှ မိုးမြေအတွင်းအားက အပြင်ကထက် အဆငါးရာ ပိုသိပ်သည်းနေသည်။
တစ်နည်းဆိုရင်လျှင် ယခုတွင် ကျန်းရီ၏ ကျင့်ကြံခြင်းက သာမန်လူတစ်ယောက်ထက် အဆငါးထောင် ပိုမြန်နေပြီး ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းတွင် ကျင့်ကြံခြင်းထက် ငါးဆပိုမြန်နေပေသည်။
‘ဟူး... ငါသာ ဒီနန်းတော်ထဲမှာ တစ်နှစ်ခွဲလောက် ကျင့်ကြံနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အဲ့ကျရင် ငါ့ရဲ့ ဆဋ္ဌမမြောက် ကြယ်စက်လုံးက သေချာပေါက် ပြောင်းလဲသွားမှာပဲ၊ ငါ့ရဲ့အတွင်းအားအဆင့်ကလည်း ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်သွားမှာပဲ’
ကျန်းရီ၏ ခေါင်းထဲတွင် အတွေးများ ထွက်ပေါ်လာ၏။ သို့သော် သူသည် ထိုအတွေးများကို ထွက်ပေါ်လာချင်းချင်းမှာပင် ဖယ်ရှားပစ်လိုက်သည်။ ဤနေရာတွင် ကျင့်ကြံရန်မှာ မဖြစ်နိုင်ပေ။ အခြားအရာများကို ထည့်မတွက်လျှင်ပင် ဤနေရာက မိုရှန်း၏ နေရာပင်။ ကျန်းရီ ကျင့်ကြံတိုင်း အတွင်းအားက သူ၏ကြယ်စက်လုံးအတွင်းသို့ ဝင်သွားမည်ဖြစ်သည်။ ယင်းကို ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က ဖုံးကွယ်မပေးနိုင်ပေ။ ထို့ကြောင့် သူမည်သူဖြစ်ကြောင်း ချက်ချင်းပေါ်သွားမည်ဖြစ်သည်။
‘တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်’
ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျန်းရီသည် လူတစ်ယောက်၏ ကောင်းကင်စိတ်အာရုံက သူ့ကို တိတ်တဆိတ် အာရုံခံနေကြောင်း သတိပြုမိလိုက်လေသည်။ ထို့ကြောင့် သူသည် ကျင့်ကြံခြင်းကို လျင်မြန်စွာ ရပ်တန့်လိုက်ပြီး အေးချမ်းစွာထိုင်၍ တရားထိုင်လိုက်သည်။ သူ၏ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က သူ၏ဒန်တျန်ကို လျင်မြန်စွာ ဖုံးကွယ်နိုင်လိုက်ပြီး သူ့ကို ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်နှင့် ဆင်တူအောင် ပြောင်းလဲပေးလိုက်လေသည်။
ကောင်းကင်စိတ်အာရုံသည် ကျန်းရီကို အာရုံခံပြီးနောက် ချက်ချင်း ပြန်ဆုတ်သွား၏။ ဆယ့်ငါးမိနစ်ထပ်ကြာပြီးနောက် ဘေးရှိ စင်္ကြံလမ်းမှနေ၍ ခြေသံများ ပဲ့တင်ထပ်လာသည်။ ကျန်းရီသည် လှောင်ပြုံးခပ်သဲ့သဲ့ ပြုံးလိုက်၏။ ထိုမိုယောင်အာက ဆက်၍ စိတ်မရှည်နိုင်တော့ပေ။
ပင်မခန်းမ၏ ဝင်ပေါက်ဘယ်ဘက်မှနေ၍ အနက်ရောင်လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ မိန်းမများသည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ခဲ၏။ သို့သော် ထိုမိုယောင်အာကတော့ ချွင်းချက်ပင်။ သူမသည် နေ့စဉ်လိုလိုပင် အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ပေသည်။ သို့သော် သူမ၏ ဖြူဝင်းသော အသားအရေ၊ မြင့်မားသောအရပ်နှင့် သွယ်လျှသောခြေတံများက သူမကို အထူးကျော့ရှင်းနေစေပြီး အနက်ရောင်ဝတ်စုံနှင့် အလွန်လိုက်ဖက်နေစေလေသည်။
မိုယောင်အာက ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ မင်းသမီးလေးဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မွေးရာပါ တော်ဝင်အငွေ့အသက်ရှိပေသည်။ ယခုတွင် သူမ၏ လှပသော မျက်နှာလေးက အေးစက်တင်းမာနေသည်။ သို့သော် ထိုမျက်နှာထားက သူမကို ပို၍ပင် ဆွဲဆောင်မှုရှိနေစေလေသည်။
ကျန်းရီသည် မိုယောင်အာကို သတိပြုမိသော်လည်း မလှုပ်ရှားဘဲ မျက်လုံးမှိတ်၍ ဆက်တရားထိုင်နေလိုက်သည်။ မိုယောင်အာ၏ စင်္ကြံလမ်းအဝတွင် ရပ်ကာ ကျန်းရီကို စိုက်ကြည့်နေ၏။ သူမသည် ကျန်းရီက မည်သို့မှ မတုံ့ပြန်ကြောင်း တွေ့လိုက်သောအခါ ခပ်ဖွဖွ ချောင်းဟန့်လိုက်၏။ ကျန်းရီက မျက်လုံးများ ဖွင့်လိုက်ပြီး သူမကို အရေးမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်ကာ ဆက်တရားထိုင်နေလိုက်လေသည်။
“မိုရှင်း... ရှင် အတင့်ရဲလှချည်လား”
မိုယောင်အာတစ်ယောက် ဒေါသထွက်သွား၏။ သူမ၏ ဖီးနစ်မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါနှင့် ပြည့်နှက်နေလေသည်။ သူမ၏လက်ထဲတွင်လည်း ကြာပွတ်ထွက်ပေါ်လာသည်။ ထို့နောက် သူမက အံကြိတ်၍ ပြောလိုက်သည်။
“မိုရှင်း... ရှင်က တကယ် သေချင်နေတာလား”
မိုယောင်အာက ရွှေဇွန်းကိုက်၍ မွေးဖွားလာခဲ့သူဖြစ်သည်။ မိုရှန်းသည် အသက်ကြီးမှ သမီးတစ်ယောက် ရခဲ့ခြင်းဖြစ်၍ သူမကို အလွန်အလိုလိုက်ခဲ့ပေသည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးက သူမ၏ စိတ်အလိုအတိုင်း တည်ရှိနေရသည်ဟုပင် ဆိုနိုင်ပေသည်။ သူမသည် ကျန်းရီကို အတန်ငယ် သဘောကျသော်လည်း ဤသို့ ထပ်ခါထပ်ခါ လျစ်လျူရှုခံရသောအခါ မည်သို့ ဒေါသမထွက်ဘဲ နေပါမည်နည်း။ သူမကဲ့သို့ စိတ်ဆတ်သူတစ်ယောက်က ယင်းကို မည်သို့ လက်ခံနိုင်ပါမည်နည်း။
ကျန်းရီသည်လည်း အမှန်ပင် ခေါင်းကိုင်နေလေသည်။ ထိုမိုယောင်အာသည် သူမအပေါ် ကောင်းကောင်းဆက်ဆံသူကိုပင် စိတ်မထင်လျှင် မထင်သလို ကြာပွတ်ဖြင့် ရိုက်တတ်သူဖြစ်သည်။ သို့ဖြစ်ရာ သူမကို လျစ်လျူရှုသူကိုဆိုလျှင် သတ်ပင်သတ်ပစ်နိုင်လောက်သည်။ သို့သော် ကျန်းရီထံတွင်လည်း လျစ်လျူရှုရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။ သူ မျက်လုံးများ ဖွင့်လိုက်ပြီး မိုယောင်အာကို ကြည့်လိုက်သည်။ ရှောင်လွှဲ၍ မရတော့သဖြင့် သူ ထူးဆန်းသော အပြုံးတစ်ချက် ပြုံးလိုက်လေသည်။
ထိုအပြုံးက နတ်ဆိုးအပြုံးပင်။
မိုယောင်အာက မီးဖြင့်ကစားချင်နေပေရာ မီးကလောင်ကျွမ်းတတ်ကြောင်း ပြသပေးရပေမည်။
***