တိုက်ပွဲခန်းမ၏ လက်ထောက်အကြီးအကဲ
Vol. 72 Ch. 1001
ကျန်းရီသည် နတ်ဆိုးအပြုံးကို ရီမျိုးနွယ်၏ ပန်းချီကမ်းပါးတွင် တတ်မြောက်ခဲ့ခြင်းပင်။ နတ်ဆိုးအပြုံးက စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်မျိုး ဖြစ်ပြီး မသိလိုက်ခင်မှာပင် ရန်သူအပေါ် သက်ရောက်နိုင်ပေသည်။ ကျန်းရီသည် ၎င်းကို တတ်မြောက်ပြီးကတည်းက တစ်ခါမှ ထုတ်မသုံးရသေးပေ။ အထူးသဖြင့် ထိုအတတ်ကို မိန်းမများအပေါ်တွင် သူ မသုံးဝံ့ခဲ့ချေ။
နတ်ဆိုးအပြုံးက မိန်းမများအပေါ် အလွန်သက်ရောက်မှုကောင်းကြောင်း ကျန်းရီ သိပေသည်။ သို့သော် သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေသည်။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေနှင့် နှင်းဒေသသို့ မိန်းကလေးများနှင့်ပွေရန် လာခဲ့ခြင်း မဟုတ်ပေ။ သူသာ မိန်းကလေးများနှင့် ပွေလိုလျှင် အလွယ်တကူ ပွေနိုင်ပေသည်။ သို့ရာတွင် ယင်းက ဒုက္ခခံစားနေရသော စုလောရွှယ်အပေါ် သစ္စာဖောက်ရာကျပေမည်။ သူသည်လည်း လူယုတ်မာတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ယနေ့တွင် ကျန်းရီသည် နတ်ဆိုးအပြုံးကို ထုတ်သုံးလိုက်ပေပြီ။ သူသည် ထိုအပြုံးကို သူ့အပေါ် အတန်ငယ် သဘောကျနေသော မိန်းမပျိုတစ်ယောက်ပေါ်တွင် ထုတ်သုံးလိုက်ခြင်းပင်။ သို့သော် သူ ထိုသို့လုပ်ခဲ့ခြင်းမှာ အခြားရွေးချယ်စရာ မရှိတော့၍ပင်။ သူသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အင်အားကို ငှားယူရန် လိုအပ်ပေသည်။ ထိုမိုယောင်အာက သူ၏ ကြိုစားမှုများကို သဲထဲရေသွန်ဖြစ်သွားစေနိုင်သည်။ ထို့ကြောင့် သူသည် မီးဖြင့်ကစားလိုသော မိုယောင်အာကို မီးကလောင်ကျွမ်းတတ်ကြောင်း ပြသလိုက်ခြင်းပင်။
မိုယောင်အာသည် ကျန်းရီ၏ အပြုံးကို မြင်လိုက်သောအခါ ဆတ်ခနဲ တုန်ယင်သွား၏။ သူမ၏ မျက်ဝန်းများကလည်း သေရည်မူးယစ်နေသော မိန်းမတစ်ယောက်၏ မျက်ဝန်းများကဲ့သို့ ဖြစ်သွား၏။ သူမ၏လက်ထဲရှိ ကြာပွတ်ကလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမ၏ မျက်နှာလေးကလည်း ရှက်သွေးဖြာကာ နီမြန်းနေသည်။ သူမသည် ကျန်းရီကို ချစ်ခင်စွာ ကြည့်လိုက်၏။
“ဟူး...”
ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ သူ၏ နတ်ဆိုးအပြုံးက ရီချန်နှင့် ယဉ်ရို့ပင်းတို့အပေါ်ပင် သက်ရောက်နိုင်ခဲ့ရာ မိုယောင်အာက ထိုသို့တုံ့ပြန်မည်ကို သူ မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။
ကျန်းရီသည် မိုယောင်အာအပေါ် မည်သည့်စိတ်မှ မရှိပေ။ သူမက လှပကာ အဆင့်အတန်းမြင့်သည် မှန်သော်လည်း မကောင်းသောအကျင့်စရိုက်များလည်း များစွာရှိပေသည်။ သူမက အလိုလိုက်ခံထားရ၍ ဆိုးချင်တိုင်း ဆိုးနေသူပင်။ မောက်လည်းမောက်မာသည်။ သူမသည် ဘာမဟုတ်သော အကြောင်းတစ်ခုဖြင့်ပင် လူတစ်ယောက်ကို သတ်နိုင်သူ ဖြစ်သည်။ ထို့ကြောင့် မလိုအပ်လျှင် ကျန်းရီသည် သူမနှင့် မသတ်သတ်လိုပေ။ သို့သော် အချိန်တိုအတွင်း ထိုမိန်းမကို ပယ်ထုတ်ပစ်ရန် မဖြစ်နိုင်ကြောင်း ထင်ရှားပေသည်။
‘ကျန်းရီ မင်း မပြတ်မသားဖြစ်နေလို့ မရဘူး။ မဟုတ်ရင် မင်း ကြိုးစားခဲ့တာတွေအကုန် သဲထဲရေသွန်ဖြစ်သွားပြီး လူပုမျိုးနွယ်ကို မင်းတစ်ယောက်တည်း ရင်ဆိုင်နေရလိမ့်မယ်။ စုလောရွှယ်ကိုလည်း ဒီတစ်သက် ကယ်တင်နိုင်တော့မှာ မဟုတ်ဘူး’
ကျန်းရီသည် သူ့ကိုယ်သူ အသည်းမာသွားအောင် သတိပေးလိုက်၏။ သူ၏ မျက်နှာအပေါ်မှ အပြုံး ပျောက်ကွယ်သွားလေသည်။ သူသည် မိုယောင်အာကို အေးစက်စက်ကြည့်ကာ ပြောလိုက်၏။
“တော်ဝင်သခင်မလေးက အာဏာရှိတော့ ကြိုက်တဲ့အချိန် ကြိုက်သလို သတ်လို့ရနေတာပေါ့။ ကျွန်တော် မိုရှင်းကတော့ အညတရတစ်ယောက်ပါ။ ကျွန်တော်က သခင်မလေး မျက်စိထဲမှာ ကန့်လန်ဖြစ်နေရင် ကျွန်တော့်ကို သတ်ပစ်လို့ရပါတယ်”
“အာ...”
ကျန်းရီက နတ်ဆိုးအပြုံးကို ရုတ်သိမ်းလိုက်ပြီဖြစ်၍ မိုယောင်အာ အသိစိတ်ပြန်ကပ်သွား၏။ သို့သော် သူမ၏ စိတ်ထဲတွင် ထူးဆန်းသောအပြုံး၏ ပုံရိပ်များ ရှိနေပေသေးသည်။ သူမသည် ကျန်းရီ၏ စကားများကို ကြားလိုက်သော်လည်း ဒေါသထွက်မသွားဘဲ စိတ်လှုပ်ရှားသွားလေသည်။ သူမသည် လက်နှစ်ဘက်ဖြင့် သူမ၏ဝတ်စုံလေးကို ဆုပ်ကိုင်လိုက်ပြီး မဝံ့မရဲဖြင့် ပြောလိုက်လေသည်။
“မိုရှင်း... ဒေါသမထွက်မပါနဲ့...နော်...၊ ဒါက ကျွန်မအမှားပါ။ ကျွန်မက ရိုင်းစိုင်းမိတာပါ”
မျှော်လင့်ထားသကဲ့သို့ပင် မိုယောင်အာတစ်ယောက် နတ်ဆိုးအပြုံး၏ သက်ရောက်မှုကို ခံလိုက်ရပေပြီ။ မဟုတ်လျှင် သူမကဲ့သို့သော မောက်မာသူတစ်ယောက်က မည်သည့်အခါတွင်မှ တောင်းပန်မည် မဟုတ်ပေ။ နတ်ဆိုးအပြုံး၏ သက်ရောက်မှုကို ခံလိုက်ရသည်မှာ သူမ၏ အပြစ်မဟုတ်ပေ။ ကျန်းရီ၏ အစွမ်းက အလွန်ထက်နေခြင်းသာ။ နှင်းဒေသအပြင်ဘက်သို့ တစ်ခါမှ မရောက်ဖူးသေးသည့် မိန်းမပျိုလေးတစ်ယောက် မဆိုထားနှင့် ယောက်ျားများကို အထင်မကြီးသည့် လောကထိပ်တန်းအလှပဂေးစာရင်းဝင်သော ရီချန်နှင့် ယဉ်ရို့ပင်းတို့သည်ပင် သူ့ကို သဘောကျသွားခဲ့သည် မဟုတ်ပါလား။
ကျန်းရီက မိန်းမများကို ဆွဲဆောင်နိုင်ခြင်းမှာ သူ၏ အစွမ်းနှင့် ဟန်ပန်ကြောင့်သာ မဟုတ်ပေ။ သူ၏ ဆန်းကြယ်မှုကြောင့်လည်း ပါပေသည်။
လူသည် စပ်စုတတ်ပြီး သိလိုစိတ်ပြင်းသော သတ္တဝါဖြစ်သည်။ အထူးသဖြင့် မိန်းမပျိုလေးများက ပို၍ သိလိုစိတ်ပြင်းပြပေသည်။ ကျန်းရီတွင် ဆန်းကြယ်မှုများစွာ ရှိနေပေသည်။ ထို့ကြောင့် မိန်းမပျိုများသည် သူ့အပေါ်စိတ်ဝင်စားသွားသည်နှင့် သူ၏ လျှို့ဝှက်ချက်များကို တူးဖော်လိုလာမည်ဖြစ်သည်။ ထို့နောက်တွင်မူ သူမတို့သည် သူ၏ဆွဲဆောင်မှုကို ခံရကာ ယစ်မူးသွားကြပေလိမ့်မည်။
ကျန်းရီသည် အရှေ့ဘက် တော်ဝင်နယ်မြေသို့ မလာခင်က မိန်းမများနှင့် မပတ်သက်ရန် သူ့ကိုယ်သူ သတိပေးခဲ့၏။
ထို့ကြောင့် ကျန်းရီသည် မိန်းမပျိုလေးများနှင့် ရင်ဆိုင်ရတိုင်း တတ်နိုင်သမျှ ရှောင်ထွက်ခဲ့သည်။ သို့သော် သူ၏ အေးစက်မှု၊ လျစ်လျူရှုမှုတို့က မိန်းမပျိုများကို ပို၍ပင် ဆွဲဆောင်နေခြင်းပင်။ မခက်လေသလော။ ကျန်းရီ ဆွဲဆောင်နိုင်ခဲ့သော သခင်မလေးများမှာ အဆင့်အတန်းဖြင့်သော ပါရမီရှင်များပင်။ ထို့ကြောင့် သူမတို့အနားတွင် ပိုးပန်းသည့် ယောက်ျားများ ဝိုင်းဝိုင်းလည်နေပေသည်။ ထိုယောက်ျားများသည် သူမတို့အတွက်ဆိုလျှင် ကောင်းကင်မှ ကြယ်ကိုပင် ဆွတ်ခူးပေးလိုသူများဖြစ်ကြသည်။
မိန်းမတို့၏ စိတ်သဘောထားက နားလည်ရခက်ပေသည်။ သူမတို့သည် သူမတို့အပေါ် အသည်းအသည်ဖြစ်နေသူများဆိုလျှင် စိတ်မဝင်စားတတ်ဘဲ သူမတို့ကို အရေးမစိုက်ဘဲ လျစ်လျူရှုသူများကိုမူ စိတ်ဝင်စားတတ်ကြသည်။ ထို့ကြောင့် ကျန်းရီကဲ့သို့သော သူတစ်ယောက်က သူမတို့ကို သေစေလောက်သောအဆိပ်ကဲ့သို့ နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်နိုင်နေခြင်းပင်။ ကျန်းရီက လျစ်လျူရှုလေလေ၊ သူမတို့က ပို၍စိတ်ဝင်စားလာလေလေဖြစ်သည်။
ကျန်းရီသည် ထိုသို့သော အရာများကို နားမလည်ပေ။ သူသည် မိုယောင်အာ၏ နီမြန်းနေသော မျက်နှာကို ကြည့်၍ ယဉ်ကျေးမှုတစ်စက်မှမရှိသော လေသံဖြင့် ပြောလိုက်လေသည်။
“တော်ဝင်သခင်မလေး... ကျွန်တော့်ကို ဆင့်ခေါ်လိုက်တဲ့သူက သခင်မလေးလား။ ဘာလို့ သခင်မလေးက ကျွန်တော့်ကို ဆင့်ခေါ်ပြီး အကြာကြီး စောင့်ခိုင်းထားရတာလဲ”
“ကျွန်မ...”
မိုယောင်အာသည် ရှင်းပြလိုသော်လည်း ကျန်းရီ၏ ရေခဲတမျှအေးစက်သော မျက်ဝန်းများကို မြင်လိုက်သောအခါ ရှက်ရွံ့သွားပြီး ခေါင်းငုံ့ကာ မဝံ့မရဲလေသံလေးဖြင့် ပြောလိုက်လေသည်။
“ကျွန်မက ရှင့်ကို စနောက်ရုံပါ။ ရှင် အဲ့လောက်ဒေါသထွက်စရာ မလိုပါဘူး”
‘မိန်းမပျက်...’
ကျန်းရီသည် စိတ်ထဲမှ ဆဲလိုက်၏။ အပြင်တွင်မူ သူ လက်ဆုပ်ကာ ပြောလိုက်သည်။
“တော်ဝင်သခင်မလေးမှာ တခြားညွှန်ကြားစရာတွေ မရှိတော့ဘူးဆိုရင် ကျွန်တော် ကျင့်ကြံဖို့ ပြန်ပါတော့မယ်”
“ကျင့်ကြံဖို့လား...”
မိုယောင်အာ၏ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူမ စိတ်လှုပ်တရှား ပြောလိုက်လေသည်။
“မိုရှင်း... ရှင် ကောင်းကင်နတ်ဆိုးနန်းတော်ထဲမှာ ကျင့်ကြံလို့ရပါတယ်။ ဒီနေရာက မိုးမြေအတွင်းအားက အရမ်းသိပ်သည်းတယ်။ အဖေက နောက်ရက်နည်းနည်းလောက်နေရင် ပြန်လာတော့မှာပါ။ သူ ပြန်လာရင် သေချာပေါက် ရှင့်ကို ဆုချမှာပါ... ပြီးတော့ ရာထူးတစ်ခုလည်း ချီးမြှင့်မှာပါ။ ရှင် ဒီမှာပဲ အဖေပြန်လာတဲ့အထိ စောင့်နေပေါ့”
‘ဆုချပြီး ရာထူးချီးမြှင့်မှာလား’
ကျန်းရီ၏မျက်လုံးများ အရောင်လက်သွား၏။ သူသည် မိုရှန်းနှင့် မတွေ့လိုပေ။ အကယ်၍ မိုရှန်းကသာ သူ၏ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို ဖောက်မြင်နိုင်နေလျှင် သူ ပြဿနာတက်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် လျင်မြန်စွာ အကြံတစ်ခုထုတ်လိုက်ပြီး မိုယောင်အာ၏ မို့မောက်နေသော ရင်နှစ်မွှာကိုကြည့်ကာ မပွင့်တပွင့် ပြောလိုက်လေသည်။
“တော်ဝင်သခင်မလေး... ဒီနန်းတော်ကြီးထဲမှာ ကျွန်တော်တို့နှစ်ယောက်တည်း ရှိနေတာ ကျွန်တော်က စော်ကားမော်ကားလုပ်မှာ မကြောက်ဘူးလား။ သခင်မလေးကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် စိတ်ရိုင်းဝင်တဲ့အချိန်ဆို ကျွန်တော့်ကိုယ်ကျွန်တော်တောင် ကြောက်တယ်။ ကျွန်တော် တစ်ခုမလေးကို တစ်ခုခု လုပ်မိရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါက ကျွန်တော်တို့နှစ်ယောက်စလုံးကို အကျိုးရှိစေမှာ မဟုတ်ပါဘူး”
“ဟင်...”
မိုယောင်အာသည် ယခုအထိ ဒေါသထွက်မလာသေးပေ။ သူမသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပြီး ချစ်စဖွယ် ခြေဆောင့်ကာ ပြောလိုက်၏။
“မိုရှင်း... ရှင် စကားအပြောအဆို ဆင်ခြင်လို့ မရဘူးလား။ ကျွန်မက မိန်းကလေးပါ.. သိရဲ့လား။ ရှင် ဒီလိုဆက်ပြုမူနေမယ်ဆိုရင် ကျွန်မ... ကျွန်မ...”
“ဟားဟားဟား...”
ကျန်းရီက ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်လိုက်ပြီး မိုယောင်အာ၏ စကားကို လျစ်လျူရှုကာ အပြင်သို့ လျှောက်သွားလိုက်လေသည်။ သူသည် ခန်းမအဝသို့ ရောက်သောအခါ နောက်လှည့်ကြည့်၍ ပြောလိုက်၏။
“တော်ဝင်သခင်မလေး... ကျွန်တော့်အတွက် ဆယ့်ခုနစ်ထပ်မှာ နေစရာနေရာတစ်ခု စီစဉ်ပေးနိုင်မလား။ ကျွန်တော့်ရဲ့ အတွင်းအားအဆင့်ကို ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်အထိ မြှင့်တင်နိုင်ဖို့ အရေးကြီးနေတယ်။ ကျွန်တော် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်သွားရင် လူပုတောင်ကို မြေလှန်ပစ်နိုင်ဖို့ ကူညီပေးပါမယ်။ ဟုတ်သား... ကျွန်တော့်အကြောင်းကို ဂိုဏ်းချုပ်ကို မပြောရင် ကောင်းလိမ့်မယ်။ ကျွန်တော်က အသေးအဖွဲကိစ္စလေးတစ်ခုကိုပဲ လုပ်ခဲ့တာပါ... ထုတ်ပြောနေဖို့ မထိုက်တန်ပါဘူး။ တော်ဝင်သခင်မလေးပဲ ကျွန်တော့်ကို ရာထူးတစ်ခုချီးမြှင့်ပေးပြီး ဆုနည်းနည်း ပေးလိုက်ရင် ရပါပြီ။ ဂိုဏ်းချုပ်ကို အလုပ်သွားရှုပ်နေစရာ မလိုပါဘူး။ ကျွန်တော် လူပုတောင်ကို မြေလှန်ပြီးမှ ဂိုဏ်းချုပ်ဆီက အသိအမှတ်ပြုခံရဖို့ ပြောပေးပေါ့”
ကျန်းရီသည် အထက်ပါစကားများကို နတ်ဆိုးအပြုံးပြုံး၍ ပြောလိုက်ခြင်းပင်။ သူသည် မိုရှန်းနှင့် မတွေ့လိုပေ။ ထို့ကြောင့် မိုယောင်အာကိုသာ အသုံးချရပေမည်။
မိုယောင်အာက ငယ်ရွယ်သူတစ်ယောက်ဖြစ်သည့်အပြင် နတ်ဆိုးအပြုံး၏ သက်ရောက်မှုကိုလည်း ခံထားရသဖြင့် ကျန်းရီ၏ အကြံအစည်ကို မသိပေ။ ထို့ကြောင့် သူမသည် ခေါင်းညိတ်ကာ တောက်ပသောမျက်ဝန်းများဖြင့် ပြောလိုက်လေသည်။
“အင်း... မိုရှင်း... ကျွန်မ တော်ဝင်သခင်မဆိုတဲ့ အဆင့်အတန်းကိုသုံးပြီး ရှင့်ကို တိုက်ပွဲခန်းမရဲ့ လက်ထောက်အကြီးအကဲရာထူးကို ချီးမြှင့်တယ်။ ရှင် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်သွားရင် စစ်တပ်ကိုဦးဆောင်ပြီး လူပုတောင်ကို တိုက်ခိုက်ရမယ်။ ရှင် အောင်မြင်သွားမယ်ဆိုရင် အဖေဆီကနေ ရှင့်အတွက် အသိအမှတ်ပြုမှုကို ကျွန်မ တောင်းဆိုပေးမယ်။ ရှင် သေချာပေါက် ကျေနပ်မှာပါ”
“ကျေးဇူးအများကြီးတင်ပါတယ် တော်ဝင်သခင်မလေး”
ကျန်းရီသည် ထူးဆန်းစွာပြုံး၍ နတ်ဆိုးအပြုံးကို ထပ်မံထုတ်လွှတ်လိုက်၏။ ထို့ကြောင့် မိုယောင်အာတစ်ယောက် ယစ်မူးသွားသည်။ ထို့နောက် သူသည် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ပျံထွက်လိုက်ပြီး နောက်သို့လှည့်၍ အသံပို့လွှတ်လိုက်လေသည်။
“တော်ဝင်သခင်မလေး... သခင်မလေး ကျွန်တော့်အတွက် နေစရာတစ်ခု မစီစဉ်ပေးရသေးပါဘူး။ ပြီးတော့... သခင်မလေး ကျွန်တော့်ကို ချီးမြှင့်တဲ့ရာထူးက မြင့်လွန်းနေပါတယ်။ တခြားသူတွေက လက်မခံမှာ စိုးရတယ်။ သူတို့သာ ပြဿနာလာရှာရင် ကျွန်တော် ကျင့်ကြံတာ အနှောင့်အယှက်ဖြစ်ရပါလိမ့်မယ်”
ဝှစ်...
မိုယောင်အာသည် အသိစိတ်ပြန်ကပ်သွားပြီး မျက်နှာချီကာ အပြင်သို့ ပျံထွက်သွားလိုက်၏။ ထို့နောက် သူမက ခန်းမအပြင်ဘက်မှနေ၍ အော်ပြောလိုက်သည်။
“အကြီးအကဲမိုဖူ... ကျွန်မ မိုရှင်းကို တိုက်ပွဲခန်းမရဲ့ လက်ထောက်အကြီးအကဲရာထူး ပေးလိုက်ပြီ။ အသေးစိတ်ကိစ္စတွေကိုတော့ အကြီးအကဲပဲ စီစဉ်လိုက်ပါ။ အားလုံး နားထောင်ကြ... မိုရှင်း ကျင့်ကြံနေတဲ့အချိန် ဘယ်သူမှ သွားနှောင့်ယှက်ခွင့်မရှိဘူး။ မဟုတ်ရင် ဂိုဏ်းစည်းမျဉ်းတွေအရ အပြစ်ပေးခံရမယ်”
“ဝိုး...”
မိုယောင်အာ၏ စကားများက ဆယ့်ခုနစ်ထပ်မြောက်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေလေသည်။ ရဲတိုက်ဝန်းအတွင်းရှိ သခင်လေးများနှင့် သခင်မလေးများသည် အပြင်သို့ ပျံထွက်လာကြ၏။ သူတို့တော်တော်များများ၏ မျက်ဝန်းများထဲတွင် ရန်လိုသော အကြည့်များ ရှိနေပေသည်။ သူတို့သည် ပိုင်နက်နှင့် သားကောင်များ အလုခံလိုက်ရသော ဝံပုလွေတစ်အုပ်ကဲ့သို့ပင်။ ထို့ပြင် အကြီးအကဲများလည်း အံ့အားသင့်သွားကြသည်။
တိုက်ပွဲခန်းမက အာဏာအကြီးဆုံး ခန်းမဖြစ်သည်။ တိုက်ပွဲခန်းမ၏ အကြီးအကဲမှာ ဂိုဏ်း၏ အာဏာအရှိဆုံး မဟာအကြီးအကဲဖြစ်သည်။ သို့သော် မဟာအကြီးအကဲသည် အမြဲ ကောင်းကင်နတ်ဆိုးတောင်ကို စောင့်ကြပ်နေပြီး အပြင်သို့ မထွက်ပေ။ တစ်နည်းဆိုရလျှင် တောင်အပြင်တွင်ဆိုပါက ကောင်းကင်နတ်ဆိုးမျိုးနွယ်သည် ကျန်းရီ၏ အမိန့်များကို နာခံရမည်ဖြစ်သည်။
***