မိုရှန်း
Vol. 72 Ch. 1002
“တော်ဝင်သခင်မလေး အဲ့လို့ လုပ်လို့မဖြစ်ပါဘူး”
“တော်ဝင်သခင်မလေး မိုရှင်းက ဒီတစ်ခေါက် ကိစ္စကြီးတစ်ခုကို စွမ်းဆောင်နိုင်ခဲ့ပြီး အင်အားကြီးတယ်ဆိုပေမယ့် သူက ငယ်ပါသေးတယ်။ တခြားသူတွေလည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး”
“တော်ဝင်သခင်မလေး... သခင်မလေးမှာ လက်ထောက်အကြီးအကဲရာထူးကို ပေးအပ်နိုင်တဲ့ အာဏာရှိတယ်ဆိုပေမယ့် တိုက်ပွဲခန်းမရဲ့ အဆင့်အတန်းက မတူပါဘူး။ သခင်မလေး သေချာစဉ်းစားပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။ ဒီကိစ္စက မဟာအကြီးအကဲ ဒါမှမဟုတ် ဂိုဏ်းချုပ်ရဲ့ ခွင့်ပြုချက်လိုပါတယ်။ ကျုပ်တို့ မိုရှင်းကို တိုက်ပွဲခန်းမရဲ့ တပ်မှူးချုပ်ရာထူးမှာ အရင်ခန့်ထားရင်ရော ဘယ်လိုပါလဲ။ ဒါမှမဟုတ် တခြားခန်းမတစ်ခုခုရဲ့ လက်ထောက်အကြီးအကဲအဖြစ် ခန့်ထားလို့လည်း ရပါတယ်”
“...”
မိုယောင်အာ၏ အမိန့်ကို အကြီးအကဲများစွာက ဆန့်ကျင်လိုက်ကြသည်။ သူတို့သည် သူမထံသို့ အသံပို့လွှတ်ကာ ဖျောင်းဖျနေကြလေသည်။
မည်မျှဟာသဆန်သနည်း။ ထိုအကြီးအကဲများသည် အကြီးအကဲတစ်ယောက်၊ လက်ထောက်အကြီးအကဲတစ်ယောက် ဖြစ်လာရန် တစ်ဘဝလုံး ကြိုးစားခဲ့ကြရသည်။ မိုရှင်း၏အသက်က မည်မျှသာ ရှိပါသေးသနည်း။ သူက အဘယ်သို့ သူတို့အထက်သို့ ရောက်သွားရသနည်း။ ထိုအမိန့်ကို မိုရှန်း သို့မဟုတ် မဟာအကြီးကဲက ပေးခြင်းဆိုလျှင် မည်သူမှ ဆန့်ကျင့်မည် မဟုတ်ပေ။ သို့သော် မိုယောင်အာသည် မည်သည်ကိုမှ မသိနားမလည်သော နတ်ဆိုးမလေးဖြစ်သည်။ သူမက ရှုပ်ထွေးအောင် လုပ်နေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
“ဟွန်း...”
မိုယောင်အာ စိတ်ဆိုးသွားသည်။ သူမ၏လက်ထဲတွင်လည်း ကြာပွတ်ပေါ်လာသည်။ သူမသည် အေးစက်စက်မျက်နှာထားဖြင့် အားလုံးကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
“ရှင်တို့က ဒီတော်ဝင်သခင်မလေးရဲ့ အမိန့်ကို မနာခံချင်ကြဘူးပေါ့လေ။ ကျွန်မ ရှင်တို့အားလုံးကို မေးချင်တယ်။ ရှင်တို့ထဲက ဘယ်သူက ကျွန်မတို့ကို အင်အားသောင်းချီပါတဲ့ စစ်တပ်တစ်တပ်ရဲ့ လက်ထဲကနေ ကယ်တင်နိုင်လဲ။ ဘယ်သူက ချိုးမင်နဲ့ လူပုမျိုးနွယ်က အကြီးအကဲတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်လဲ။ ဘယ်သူက တစ်ချက်တည်းနဲ့ ထောင်ချီတဲ့ လူပုတွေကို အေးခဲသွားနိုင် လုပ်နိုင်လဲ။ ကောင်းပြီ... ရှင်တို့ မနာခံချင်လည်းရတယ်။ ကျွန်မဆီကို လူပုထောင်ကျော်နဲ့ လူပုမျိုးနွယ်က အကြီးအကဲဒါဇင်ကျော်ရဲ့ ဦးခေါင်းတွေကို ယူလာပေးနိုင်တဲ့ ဘယ်သူမဆို တိုက်ပွဲခန်းမရဲ့ လက်ထောက်အကြီးအကဲရာထူးကို ရမယ်။ မယူလာပေးနိုင်ဘူးဆိုရင်တော့... ရှင်တို့အကုန်လုံး ပါးစပ်တွေကို ပိတ်ထားလိုက်ကြ...ဟွန်း...”
အကြီးအကဲအားလုံး ဆွံ့အသွားသည်။ သူတို့ထဲတွင် ကြယ်ငါးပွင့် ပညာရှင်များ ရှိသော်လည်း သူတို့သာ လူပုမျိုးနွယ်၏ စစ်တပ်နှင့် တစ်ကိုယ်တော် ရင်ဆိုင်ရပါက သေချာပေါက် သေသွားမည်ဖြစ်သည်။
အရေးအကြီးဆုံးမှာ မိုယောင်အာ၏ ကြာပွတ်နက်က လင်းလက်နေခြင်းပင်။ မိုယောင်အာက အမှန်ပင် ဒေါသထွက်သွားကြောင်း သူတို့ သိပေသည်။ အကယ်၍ သူတို့သာ ထပ်မံအထွန့်တက်လိုက်လျှင် ထိုနတ်ဆိုးမလေးက မည်သည်ကိုမှ ဂရုမစိုက်ဘဲ သူတို့ကို ရိုက်သတ်ပေလိမ့်မည်။
“အကြီးအကဲမိုဖူ... မိုရှင်းနေဖို့ နေရာအတွက် ပြင်ဆင်စရာရှိတာတွေ သွားပြင်ဆင်ပါ။ သူ့တံခါးဝမှာလည်း အစောင့်တွေချထားပါ။ မိုရှင်းကို ရန်စဝံ့တဲ့သူရှိရင် ကျွန်မဆီ ချက်ချင်း တင်ပြပါ”
မိုယောင်အာသည် သတ်ဖြတ်အရှိန်အဝါဖြင့် လက်ထဲရှိ ကြာပွတ်ကို ဝှေ့ယမ်းလိုက်လေသည်။ ထို့နောက် သူမသည် မိုရှင်းကို ခေါင်းဆတ်ပြလိုက်ပြီး ကောင်းကင်နတ်ဆိုးနန်းတော်ထဲသို့ ပျံဝင်သွားသည်။ သူမသည် ကျန်းရီကို ကောင်းကင်နတ်ဆိုးနန်းတော်ထဲတွင် နေရန် ထပ်မပြောခဲ့ပေ။ ထိုနန်းတော်က သူမအဖေ၏ နေရာမဟုတ်လော။ အပြင်လူများက ထိုနန်းတော်ထဲတွင် နေခွင့်မရှိပေ။ ယင်းမှာ မိုရှန်း ချမှတ်ထားသော စည်းမျဉ်းပင်။
“မိုရှင်း... ငါ့နောက်က လိုက်ခဲ့”
အစောတွင် မိုဖူက မည်သည်မှ ဝင်မပြောခဲ့ချေ။ သူသည် မျက်နှာထားတည်တည်ဖြင့် ကျန်းရီကို လက်ဝှေ့ယမ်းပြလိုက်သည်။ မရေမတွက်နိုင်သော မျက်လုံးများအောက်တွင် ကျန်းရီသည် မိုဖူအနောက်သို့လိုက်ကာ အောက်ဘက်ရှိ ရဲတိုက်ဝန်းဆီသို့ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပျံဆင်းသွားလိုက်လေသည်။
လူများစွာသည် ကျန်းရီ၏ ဟန်ပန်ကို မြင်သောအခါ လှောင်ပြောင်သော မျက်နှာထားများ ပြုလိုက်ကြပြီး ဤကိစ္စမှာ မိုယောင်အာရှာသော ပြဿနာဟုသာ တွေးလိုက်ကြသည်။ မဟာအကြီးအကဲက မည်သို့မှ ဝင်မပြောခဲ့သဖြင့် သူတို့လည်း မည်သို့မှ ပြော၍မရပေ။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ တိုင်ပင်ဆွေးနွေးရန် မိုရှန်းပြန်လာမည့် အချိန်ကိုသာ စောင့်နေရတော့သည်။
ကျန်းရီသည် ချောင်ကျသော ရဲတိုက်ငယ်တစ်ခုသို့ ခေါ်ဆောင်သွားခံရ၏။ မိုထျန်းနှင့် အခြားသူများက သူနှင့်အတူ နေရမည် မဟုတ်သဖြင့် သူ စိတ်အေးနေသည်။ အကယ်၍ သူ မိုထျန်းတို့ ညီကိုမောင်နှမများနှင့် များစွာထိတွေ့ဆက်ဆံလျှင် သေချာပေါက် ဟာကွက်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်တည်းနေခြင်းက ပိုကောင်းပေသည်။
ရဲတိုက်က ခမ်းနား၏။ ရဲတိုက်ထဲတွင် အစေခံမလေး လေးယောက်ရှိပြီး တံခါးတွင် အစောင့်နှစ်ယောက် ရှိသည်။ မိုဖူက မှာစရာရှိသည်များကို မှာပြီးနောက် ပြန်သွားလေသည်။ ကျန်းရီသည် ရဲတိုက်ထဲသို့ဝင်၍ ခေတ္တမျှ ထိုင်နေလိုက်၏။ ထို့နောက်တွင် သူသည် အပြင်သို့ ထွက်ကာ မိုထျန်းတို့မိသားစုနေထိုင်ရာ ဂူသို့ သွားလိုက်လေသည်။
မိုထျန်းတို့မိသားစုက ဂူအသေးလေးတစ်ခုထဲတွင် နေထိုင်ရခြင်းပင်။ သို့သော် ဆယ့်ခုနစ်ထပ်မြောက်တွင် နေထိုင်နိုင်ခြင်းက ဂုဏ်ရှိန်ဂုဏ်ဝါ၏ ပြယုဂ်ဖြစ်သည်။ ထိုနေရာရှိ မိုးမြေအတွင်းအားက အပြင်ဘက်ကထက် အဆနှစ်ရာကျော်ပို၍ သိပ်သည်းရာ ကျင့်ကြံခြင်းအတွက် များစွာ အထောက်အကူ ဖြစ်ပေသည်။
ကျန်းရီ မိုထျန်းတို့ဆီ သွားခဲ့ခြင်းမှာ အပြင်လူများ မြင်တွေ့သွားရန် ဖြစ်သည်။ သူသည် မိုထျန်းတို့နှင့် စကားစမြည်ပြောဆိုပြီးနောက် သူ့ရဲတိုက်သို့ ပြန်သွားလိုက်သည်။ ထို့နောက် သူသည် အခန်း၏ အကာအရံများကို နှိုးလိုက်ပြီး အခန်းအောင်း ကျင့်ကြံလိုက်လေသည်။
အချိန်မရွေး စစ်ပွဲတစ်ပွဲ ဖြစ်လာနိုင်ပေသည်။ ကျန်းရီသည် မိုရှန်း၏ ဆင့်ခေါ်မှုကို ရှောင်ရန် အခန်းအောင်း ကျင့်ကြံနေခြင်းပင်။ မိုရှန်းက သူ့ကို မဆင့်ခေါ်လျှင် သူသည် တစ်သက်လုံး မိုရှန်းနှင့် တွေ့မည် မဟုတ်ပေ။ သူသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို အသုံးချ၍ လူပုမျိုးနွယ်ကို ရှင်းပစ်လိုရုံသာ။
‘ဒီနေရာက မိုးမြေအတွင်းအားက အပြင်ဘက်ထက် အဆနှစ်ရာ့ငါးဆယ်လောက် ပိုသိပ်သည်းတယ်။ ငါ့ရဲ့ ကျင့်ကြံနှုန်းက ဒီနေရာမှာဆို အဆနှစ်ထောင့်ငါးရာ ပိုမြန်တယ်။ မဆိုးဘူးလို့ ပြောရမှာပဲ’
ကျန်းရီသည် ကျင့်ကြံရန် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး အာရုံခံလိုက်၏။ သူသည် ကျင့်ကြံနှုန်းကို အတော်လေးကျေနပ်သွားပြီး ပတ်ဝန်းကျင်အခြေအနေကို ဂရုတစိုက် အာရုံခံကြည့်လိုက်သည်။ ပညာရှင်တစ်ယောက်ယောက်က သူ့ကို ထောက်လှမ်းနေလျှင် သူ၏ဒန်တျန်အတွင်းရှိ ကြယ်စက်လုံးကိုးလုံးကို တွေ့သွားနိုင်ပေသည်။ ယင်းသို့ဖြစ်လာမည်ကို သူ မလိုချင်ပေ။
နေ့ဝက်ကြာ ထောက်လှမ်းပြီးနောက် ကျန်းရီသည် အတန်ငယ် စိတ်အေးသွား၏။ သူ့ရဲတိုက်၏ အကာအရံက အတော်လေး ကောင်းပေသည်။ သာမန်လူများ၏ ကောင်းကင်စိတ်အာရုံများက အထဲသို့ ဖောက်ဝင်နိုင်မည် မဟုတ်ပေ။ မိုရှန်းသာ ရဲတိုက်အတွင်းသို့ အာရုံခံနိုင်မည်ဖြစ်သည်။ သို့သော် မိုရှန်းက ရက်အနည်းငယ်ကြာမှ ပြန်ရောက်မည်ဖြစ်၍ ကျန်းရီ စိတ်အေးအေးဖြင့် ကျင့်ကြံလိုက်လေသည်။
ရက်အနည်းငယ်က ရုတ်ခြည်း ကုန်ဆုံးသွားသည်။ သို့သော် မိုရှန်း ပြန်ရောက်မလာသေးပေ။ ကောင်းကင်နတ်ဆိုးတောင်၏ တောင်ဘက်တွင် စခန်းချထားသော အမွေးရှည်ဆင်မျိုးနွယ်မှ စစ်တပ်က ပြန်ဆုတ်ခွာသွားသဖြင့် အကြီးအကဲများ စိတ်အေးသွားကြသည်။ လူပုမျိုးနွယ်ကလည်း စစ်တပ်စုစည်းကာ လာရောက်လက်စားမချေသေးပေ။
ငါးရက်ကြာပြီးနောက် ကောင်းကင်နတ်ဆိုးတောင်သို့ သတင်းတစ်ခု ရောက်လာ၏။ ထိုသတင်းက ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်အားလုံးကို စိတ်လှုပ်ရှားသွားစေလေသည်။ မိုရှန်းက ကျားနိုင်တောင်သို့ သွားခဲ့ပြီး နှင်းဒေသဂိုဏ်းဆယ်ဂိုဏ်းမှ နံပါတ်(၂)ဂိုဏ်းဖြစ်သော ကျားနိုင်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။
ကျားနိုင်ဂိုဏ်း၏ ဂိုဏ်းချုပ် ချောင်ဖေးဝမ်က လူပုမျိုးနွယ်အကြီးအကဲကို ကျားနိုင်တောင်သို့ လာရန် ကိုယ်တိုင် အမိန့်ပေးခဲ့လေသည်။ သူတို့ မည်သည့်ကိစ္စကို ဆွေးနွေးခဲ့ကြောင်း မည်သူမှ မသိပေ။ သို့သော် လူပုမျိုးနွယ်စစ်တပ်က ပြန်ဆုတ်သွားခဲ့သည်။ အမွေးရှည်ဆင်မျိုးနွယ်၏ စစ်တပ်ကလည်း ပြန်ဆုတ်သွားသည်။ ထို့ကြောင့် ရှောင်လွှဲ၍ မရနိုင်ဟု ထင်ခဲ့သော စစ်ပွဲကို ရှောင်လွှဲနိုင်သွားခဲ့လေသည်။
ကောင်းကင်နတ်ဆိုးတောင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ သူတို့က ကျားနိုင်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီဖြစ်၍ နောင်တွင် မည်သူက ကောင်းကင်နတ်ဆိုးတောင်ကို တိုက်ခိုက်ဝံ့ပါဦးမည်နည်း။ ဤတစ်ကြိမ်တွင် လူပုမျိုးနွယ်က မိုယောင်အာတို့ကို အလစ်တိုက်ခိုက်ခဲ့ကာ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များစွာကို သတ်ဖြတ်ခဲ့သော်လည်း လူပုမျိုးနွယ်ဘက်က ပို၍အဆုံးအရှုံးကြီးပေသည်။ လူပုမျိုးနွယ်၏ အကြီးအကဲဒါဇင်ကျော်နှင့် မျိုးနွယ်ခေါင်းဆောင်ငယ်တို့ အသတ်ခံခဲ့ရသည်။ ထို့ကြောင့် ၎င်းတိုက်ပွဲက ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ကြီးမားသောအောင်ပွဲဖြစ်ပေသည်။
လူပုမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်က အသတ်ခံခဲ့ရသော်လည်း လူပုများက ပြန်ပင်လက်စားမချေဝံ့ကြပေ။ ထို့ကြောင့် လူပုမျိုးနွယ်၏ ဂုဏ်သိက္ခာက ကျဆင်းသွားပြီး ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ဂုဏ်သိက္ခာက တက်လာလေသည်။
မိုယောင်အာသည် ထိုသတင်းကို ကြားသောအခါ ကျန်းရီကို ချက်ချင်းသွားရှာလိုက်၏။ ကျန်းရီသည် အခန်းအောင်း ကျင့်ကြံနေရာမှထွက်ကာ သူမနှင့် တွေ့ဆုံလိုက်သည်။ သို့သော် သူသည် သတင်းကို ကြားလိုက်သောအခါ စိတ်ပျက်သွားလေသည်။ သူသည် စစ်ပွဲကို မကြောက်ပေ။ စစ်ပွဲမရှိလျှင် သူက မည်သို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို အသုံးချကာ လူပုမျိုးနွယ်ကို ရှင်းပစ်ရမည်နည်း။
မိုရှန်းက အမိန့်များ ပို့ထားပြီးပြီဖြစ်သည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များသည် အပြင်သို့ ထွက်လျှင် လူပုမျိုးနွယ်ဝင်များနှင့် တိုက်ခိုက်ခွင့် မရှိပေ။ ထို့ကြောင့် ကျန်းရီတွင် ရွေးချယ်စရာမရှိတော့ပေ။ သူတစ်ယောက်တည်း မဆင်မခြင် သတ်ဖြတ်၍ မရသည် မဟုတ်ပါလား။
မိုရှန်းက မကြာခင်တွင် ပြန်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီ မဆင်မခြင် မပြုမူဝံ့ပေ။ သူသည် မိုယောင်အာကို ထွက်သွားခိုင်းလိုက်ပြီး ထပ်မံ၍ အခန်းအောင်း ကျင့်ကြံလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် အလွန်ဂရုစိုက်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်ကာ မပြတ်ထောက်လှမ်းလေသည်။ တောင်တွင် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်နှင့် သူ ကျင့်ကြံခြင်းကို ချက်ချင်း ရပ်တန့်လိုက်မည်ဖြစ်သည်။
သုံးရက်ကြာပြီးနောက် ကျန်းရီသည် ရဲတိုက်ဝန်းအထက်မှ ကျဆင်းလာသော ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။ သူ တုန်ယင်သွားပြီး ကျင့်ကြံခြင်းကို လျင်မြန်စွာ ရပ်တန့်၍ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ သူ၏ဒန်တျန်ကို ဖုံးကွယ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် မျက်လုံးများဖွင့်၍ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။
မျှော်လင့်ထားသကဲ့သို့ပင်။
ကောင်းကင်ထက်မှနေ၍ အနက်ရောင်လူရိပ်တစ်ခု ဆင်းသက်လာလေသည်။ ထိုလူ၏ မျက်နှာက သံမဏိကဲ့သို့ မာကြောပြီး မျက်လုံးများက လျှပ်စီးကဲ့သို့ တောက်ပနေသည်။ သူ၏ နှာခေါင်းကလည်း တောင်တစ်လုံးကဲ့သို့ပင်။ သူ၏ အရှိန်အဝါက နဂါးတစ်ကောင် သို့မဟုတ် ဆင်တစ်ကောင်ကဲ့သို့ ကြီးမားပေသည်။ ရှိန်ဖွယ်အကောင်းဆုံးမှာ သူ့ကိုယ်ပေါ်ရှိ ဆန်းကြယ်သော သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေသည့် အနက်ရောင် စစ်ချပ်ဝတ်ပင်။ ယင်းက လွန်စွာစွမ်းအားကြီးသော ရှေးဟောင်းအသုံးအဆောင်တစ်ခု ဖြစ်ရပေမည်။ ၎င်း၏ ခုခံစွမ်းအားက ဝိညာဉ်ချိတ်ဆက် မူလရတနာများထက် ပိုသာကြောင်း သိသာပေသည်။
“ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်ပါတယ်”
အကြီးအကဲများက ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး လက်ဆုပ်ကာ ဦးညွှတ်လိုက်ကြလေသည်။ ကျန်းရီသည် အပြင်သို့ မထွက်လိုသော်လည်း မိုရှန်း၏ ကောင်းကင်စိတ်အာရုံက သူ့ထံသို့ ရောက်လာသဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ ရဲတိုက်အပြင်သို့ ပျံထွက်ကာ လေထဲတွင် ရပ်၍ လက်ဆုတ်ကာ ဦးညွှတ်လိုက်သည်။
“အင်း...”
မိုရှန်း၏ မျက်လုံးသည် လျှပ်စီးအလျင်ဖြင့် ဝေ့ဝဲကြည့်လိုက်ပြီး ကျန်းရီအပေါ်တွင် ရပ်တန့်သွားလေသည်။ ထိုအခိုက်တွင် ကျန်းရီ၏ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ထုတ်လွှတ်ကာ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးရန်ပင် ပြင်ဆင်ထားမိလိုက်သည်။
မိုရှန်း၏ မျက်လုံးများက ကျန်းရီအပေါ်တွင် အသက်ဆယ်ကြိမ်ရှူစာမျှ ရပ်တန့်နေ၏။ ကျန်းရီ၏ အဝတ်အစားများတွင် ဇောချွေးများ ရွှဲနစ်လာသည်။ မိုယောင်အာက မိုရှန်း၏ ဘေးတွင်ရပ်ကာ နှုတ်ခမ်းတလှုပ်လှုပ်နှင့် ရှိနေသည်။ သူမက အသံပို့လွှတ်နေကြောင်း ထင်ရှားပေသည်။
“ကောင်းပြီ...”
မိုရှန်းသည် မိုယောင်အာ၏ အသံပို့လွှတ်မှုကို နားထောင်ပြီးနောက် အတန်ငယ် ခေါင်းညိတ်လိုက်ပြီး သိမ်မွေ့စွာပြုံး၍ ပြောလိုက်သည်။
“အဲ့လို ပါရမီရှင်တစ်ယောက်ကို မွေးထုတ်နိုင်တာ ငါတို့ဂိုဏ်းရဲ့ ကောင်းချီးပဲ။ မင်းက မိုရှင်းမလား။ ကောင်းကောင်းကျင့်ကြံပါ။ မင်း ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်သွားရင် ငါဂိုဏ်းချုပ် မင်းကို တိုက်ပွဲခန်းမရဲ့ လက်ထောက်အကြီးအကဲရာထူး ချီးမြှင့်မယ်။ မင်း နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်နိုင်ရင် ငါ့ရဲ့ အဖိုးတန်သမီးလေးနဲ့ ထိမ်းမြားပေးမယ်”
“ဝိုး...”
အကြီးအကဲအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ သခင်လေးများစွာ၏ မျက်နှာထားများလည်း ပြောင်းလဲသွားသည်။ မိုယောင်အာ၏ မျက်နှာလေးကလည်း နီမြန်းသွားလေသည်။ သူမသည် ရှက်ရွံ့ဟန်ဖြင့် မိုရှန်း၏ လက်ကို လှုပ်ယမ်းနေပေသည်။ ကျန်းရီလည်း တုန်ယင်သွားသည်။ သူတုန်ယင်သွားခြင်းမှာ မိုရှန်း၏ စကားများကြောင့် မဟုတ်ဘဲ မိုရှန်း၏ နောက်ဆုံးအကြည့်ကြောင့်ဖြစ်သည်။ မိုရှန်းက သူ၏လျှို့ဝှက်ချက်အားလုံးကို မြင်သွားပြီဟု သူ ခံစားနေရလေသည်။
***