← Chapters

အဆင့်မြင့် ကောင်းကင်ဧကရာဇ်

Vol. 72 Ch. 1003

အဆင့်မြင့် ကောင်းကင်ဧကရာဇ်

Vol. 72 Ch. 1003

ကျန်းရီ၏ အလိုလိုသိစိတ်က အမြဲပင် စူးရှခဲ့၏။ ယခုတွင် မိုရှန်းက သူ၏ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို ဖောက်မြင်သွားပြီဟု သူ ခံစားနေရပေသည်။ သို့သော် မိုရှန်း၏ စကားပြောဟန်အရ သိသွားပုံတော့ မပေါ်သေးပေ။ အကယ်၍ သူသာ မိုရှင်းက ကျန်းရီဖြစ်ကြောင်း သိသွားလျှင် ချက်ချင်း သတ်ဖြတ်လိုက်မည်ဖြစ်သည်။ ချက်ချင်း မသတ်ဖြတ်လျှင်ပင် သူ လျှို့ဝှက်စုံစမ်းပေလိမ့်မည်။ သို့သော် သူသည် လူအများအရှေ့တွင် မိုရှင်းကို ချီးကျူးခဲ့ပြီး ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားသည်နှင့် တိုက်ပွဲခန်းမ၏ လက်ထောက်အကြီးအကဲရာထူး ချီးမြှင့်မည်ဟုပင် ပြောခဲ့လေသည်။

အရေးအကြီးဆုံးမှာ မိုရှန်းက မိုရှင်းသာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်သွားလျှင် မိုယောင်အာနှင့် လက်ထပ်ပေးမည်ဟု ပြောခဲ့ခြင်းပင်။ ထို့ကြောင့် မိုရှန်းက မိုရှင်းအပေါ် အလေးထားကြောင်း သိသာပေသည်။ သူ၏ သမီးနှင့် လက်ထပ်ရသည့်ယောက်ျားက သူ၏ အမွေခံဖြစ်လာကာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် ဖြစ်လာမည်ဖြစ်သည်။

ကျန်းရီသည် သူ့ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသော မျက်ဝန်းများကြောင့် ခေါင်းကိုက်လာ၏။ မိုရှန်းက သူ့ကို အလွန်အန္တရာယ်များသော နေရာသို့ တွန်းပို့လိုက်ခြင်းပင်။ အတိတ်တွင် မိုရှင်းသည် မည်သည့်ထူးခြားသော ပါရမီမှလည်း မရှိခဲ့သော်လည်း ယခုတွင်မူ ကြယ်ပွင့်တစ်ပွင့် ဖြစ်လာပေပြီ။ ထို့ကြောင့် မည်သူမှ ယုံနိုင်မည် မဟုတ်ပေ။ လူများသည် သူ့အပေါ် သံသယဝင်ကြပြီး မကျေမနပ် ဖြစ်ကြမည်သာ။

“အားလုံးပဲ သွားကြပါတော့။ အခုလောလောဆယ် အားလုံး အပြင်ထွက်ခွင့် မရှိပါဘူး။ လူပုမျိုးနွယ်နဲ့ ထပ်ပြီး ပဋိပက္ခ မဖြစ်ပါစေနဲ့တော့”

မိုရှန်းသည် အမိန့်ပေးပြီးနောက် ကောင်းကင်နတ်ဆိုးနန်းတော်သို့ ပြန်သွား၏။ မိုယောင်အာကလည်း ကျန်းရီကို ချစ်ခင်ဟန်ဖြင့် ငေးကြည့်ကာ ရှက်ရွံ့ဟန်ဖြင့် မိုရှန်းအနောက်မှ လိုက်သွားလေသည်။ ကျန်းရီသည် အိုးတိုးအန်းတန်းဖြင့် သူ့နှာခေါင်းကို ပွတ်လိုက်ပြီး မနာလိုသော အကြည့်များစွာ၏အောက်မှနေ၍ သူ့ရဲတိုက်သို့ ပြန်သွားလိုက်သည်။

‘မိုရှန်းက ငါရုပ်ဖျက်ထားတာကို သိသွားပြီလား’

ကျန်းရီသည် ရဲတိုက်ထဲတွင် ထိုင်၍ နေ့ဝက်ကြာ စဉ်းစားနေသော်လည်း မသေချာနိုင်သေးပေ။ ထို့ကြောင့် သူသည် ထိုကိစ္စကို မေ့ထားရန်သာ ဆုံးဖြတ်လိုက်လေသည်။ မည်သို့ပင်ဖြစ်စေ မိုရှန်းက ယခုအထိ မည်သို့မှ မပြုမူသေးပေ။ ကြည့်ရသည်မှာ မိုရှန်းက အချိန်တိုအတွင်း သူ့ကို မည်သို့မှ လုပ်မည့်ပုံ မပေါ်ပေ။ ထို့ကြောင့် ကျန်းရီသည် ထိုအကြောင်းကို အရေးစိုက်မနေတော့ဘဲ အရင်ဆုံး ကျင့်ကြံလိုက်သည်။

ကျန်းရီ၏ အတွင်းအားအဆင့်က နိမ့်လွန်းပေသည်။ သူသည် စွမ်းအားကြီး တာအိုပုံသဏ္ဌာန်များနှင့် နတ်ဘုရားအတတ်များကို သိမြင်နားလည်နိုင်ခဲ့သော်လည်း အတွင်းအားအဆင့်မမြင့်လျှင် အစွမ်းကုန် ထုတ်သုံးနိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့် အကယ်၍ သူ၏ အတွင်းအားအဆင့်ကသာ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားမည်ဆိုလျှင် ‘မိုင်တစ်ထောင် ရေခဲလွှမ်း’က မည်သည့် သာမန်ကြယ်လေးပွင့်ပညာရှင်ကိုမဆို အနည်းဆုံး ဆယ့်ငါးစက္ကန့်အကြာအထိ အေးခဲသွားစေနိုင်မည်ဖြစ်သည်။

‘အခန်းအောင်း ကျင့်ကြံရမယ်’

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ အာရုံစိုက်၍ စတင်ကျင့်ကြံလိုက်သည်။ ထိုနေရာရှိ ကျင့်ကြံနှုန်းက အပြင်ကထက် အဆနှစ်ထောင့်ငါးရာ ပိုမြန်သည်။ သူသည် ထိုကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို အလဟဿအဖြစ်ခံမည် မဟုတ်ပေ။

သို့သော် ကျန်းရီသည် ပတ်ဝန်းကျင်ကို အချိန်ပြည့် ထောက်လှမ်းနေပေသေးသည်။ စွမ်းအားကြီး ကောင်းကင်စိတ်အာရုံများ ရောက်ရှိလာသည်နှင့် သူသည် ကျင့်ကြံခြင်းကို ချက်ချင်း ရပ်တန့်လိုက်မည်ဖြစ်သည်။ သူ့ရဲတိုက်၏ အကာအရံက စွမ်းအားကြီးသော်လည်း မိုရှန်း၏ ကောင်းကင်စိတ်အာရုံက အထဲသို့ အလွယ်တကူ ထောက်လှမ်းနိုင်ပေသည်။

မိုရှန်းသည် တစ်လတိတိ သူ့ကို တစ်ကြိမ်မှ မထောက်လှမ်းခဲ့သဖြင့် ကျန်းရီ စိတ်အေးနေရသည်။ အခြားအကြီးအကဲများ၏ ကောင်းကင်စိတ်အာရုံများက ရဲတိုက်ထဲသို့ မထောက်လှမ်းနိုင်ရန် စွမ်းအားမကြီးခြင်းလော သို့မဟုတ် သူတို့က သူ့ကို အရေးပင် မစိုက်သည်လောကိုမူ သူ မသေချာပေ။ မည်သို့ပင်ဖြစ်စေ မည်သည့်ကောင်းကင်စိတ်အာရုံမှ ရောက်မလာခဲ့သည်ကတော့ အမှန်ပင်။

လက်တလောတွင် ကောင်းကင်နတ်ဆိုးတောင်က တိတ်ဆိတ်ငြိမ်သက်နေပေသည်။ မိုရှန်းက အမိန့်ပေးထားသဖြင့် လူများက အပြင်သို့ ထွက်ခဲကြသည်။ အပြင်သို့ ထွက်လျှင်လည်း တောင်အနီးပတ်ဝန်းကျင်တွင်သာ လှည့်ပတ်လျှောက်ကြသည်။ ထို့ကြောင့် မည်သူကမှ အခြားမျိုးနွယ်များနှင့် ပဋိပက္ခများ မဖြစ်ခဲ့ကြပေ။

***

လူတစ်ယောက်သည် ကျင့်ကြံနေချိန်တွင် အချိန်ကို မေ့လျှော့နေတတ်ပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှစ်လ ကုန်ဆုံးသွားပေပြီ။

ကောင်းကင်နတ်ဆိုးတောင်က ပြန်၍ သက်ဝင်လှုပ်ရှားလာ၏။ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ ယောက်ျားများသည် ထုံးစံအတိုင်း အလုပ်ပြန်လုပ်လာကြသည်။ သူတို့သည် မကြာမကြာဆိုသလို ရေခဲသားရဲများနှင့် ရေခဲမှင်စာများကို အမဲလိုက်ရန် အပြင်သို့ ထွက်ကြသည်။ သို့သော် အပြင်သို့ ထွက်သူများသည် သူတို့ကိုယ်သူတို့ ထိန်းနိုင်ကြလေသည်။ သူတို့သည် လူပုမျိုးနွယ်ဝင်များ၊ အမွေးရှည်ဆင်မျိုးနွယ်ဝင်များနှင့် မကြာခဏ တွေ့ဆုံရသော်လည်း တိုက်ပွဲများ ဖြစ်လာခဲပေသည်။ သေးငယ်သော ပဋိပက္ခတစ်ခု ဖြစ်လာလျှင်ပင် ထိုပဋိပက္ခတွင် လူအနည်းငယ်သာ ပါဝင်သည်။ ထို့ကြောင့် မည်သည့် တိုက်ပွဲကြီးမှ မဖြစ်ခဲ့ပေ။

ရှစ်လအတွင်းတွင် မိုယောင်အာက ကျန်းရီထံ အကြိမ်ဒါဇင်ကျော် လာခဲ့သည်။ ထို့ကြောင့် ကျန်းရီ စိတ်ပျက်နေခဲ့သည်။ သို့သော် သူသည် ထိုဂုဏ်သရေရှိ သခင်မလေးကို အပြစ်ပြုမိ၍ မရသဖြင့် ရေလိုက်သင့် ငါးလိုက်သင့် နေနေရသည်။ တော်သေးသည်မှာ မိုယောင်အာက အသိစိတ်ရှိသေးသဖြင့် သူ့ကို များစွာ မနှောင့်ယှက်ခြင်းပင်။ ထို့ပြင် ကျန်းရီ၏ ကြိုးစားမှုက သူမအပေါ်သို့လည်း သက်ရောက်မှုရှိခဲ့သည်။ မည်သည့်အခါကမှ ကျင့်ကြံရသည်ကို မကြိုက်ခဲ့သော သူမသည် မကြာမကြာဆိုသလို အခန်းအောင်း ကျင့်ကြံခဲ့ပေသည်။

‘ဟူး... နောက်ဆုံးတော့ ငါ့ရဲ့ အတွင်းအားအဆင့်က ကောင်းကင်ဧကရာဇ် သတ္တမအဆင့်ကို ရောက်သွားပြီ။ ဒီနှုန်းအတိုင်းသာ ဆက်သွားရင် တစ်နှစ်မပြည့်ခင် ငါ့ရဲ့ ဆဋ္ဌမမြောက် ကြယ်စက်လုံးက ဆင့်ကဲပြောင်းလဲသွားမှာပဲ။ အဲ့ကျရင် ငါ့ရဲ့ အတွင်းအားအဆင့်က ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်သွားလိမ့်မယ်’

ကျန်းရီသည် အနားယူရန် ကျင့်ကြံခြင်းကို ရပ်လိုက်၏။ သူသည် မိုယောင်အာနှင့် တွေ့ဆုံချိန်၊ တစ်ရေးအိပ်ကာ အနားယူချိန်တို့မှလွဲ၍ ပြီးခဲ့သော ရှစ်လလုံး မနေမနား ကျင့်ကြံခဲ့ခြင်းပင်။ အဆနှစ်ထောင့်ငါးရာပိုမြန်သော ကျင့်ကြံနှုန်းကြောင့် သူ၏ အတွင်းအားက ဆတိုး တိုးတက်ခဲ့သည်။ ထို့ကြောင့် သူသည် အဆင့်သုံးဆင့် တက်နိုင်ခဲ့ပြီး အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားပေပြီ။

‘တစ်ရက်လောက် အနားယူပြီးမှ ဆက်ကျင့်ကြံတာပေါ့’

ကျန်းရီ ဆုံးဖြတ်ချက်ချလိုက်ချိန်တွင် သူ့အခန်း၏ အကာအရံက လင်းလက်လာ၏။  သူသည် အကာအရံကို ပိတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်ကာ အာရုံခံကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် စိတ်ပျက်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ မိုယောင်အာ ထပ်ရောက်လာပေပြီ။

ကျန်းရီသည် ရွေးချယ်စရာ မရှိသဖြင့် ထရပ်လိုက်ပြီး အပြင်သို့ ထွက်လိုက်သည်။ သူ၏ မျက်နှာထားက တည်နေပေသည်။ ထို့ကြောင့် သူ ပျော်နေခြင်းလော သို့မဟုတ် ဒေါသထွက်နေခြင်းလောကို မသိနိုင်ပေ။ သူ အခန်းထဲမှ ထွက်လာသောအခါ မိုယောင်အာ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူမသည် ဝမ်းသာစွာ ပြုံးလိုက်ပြီး သူ့ထံသို့ လျှောက်သွားလိုက်ကာ သူ့လက်ကို ဆွဲကိုင်၍ အပြင်သို့ ထွက်ရန် ဟန်ပြင်လိုက်လေသည်။

ကျန်းရီ၏ မျက်နှာထားက မည်းမှောင်သွား၏။ သူသည် နေရာမှမ‌ရွေ့ဘဲ အေးစက်စက် ပြောလိုက်သည်။

“တော်ဝင်သခင်မလေး... သခင်မလေးဆီမှာ ပြောစရာတစ်ခုခုရှိရင် ပြောပါ။ ဒါပေမဲ့ ကျွန်တော့်ကို မထိပါနဲ့။ အဲ့ဒါက မသင့်တော်ပါဘူး”

မိုယောင်အာက ကျန်းရီ၏ အရေးမစိုက်မှုကို အသားကျနေဟန်ဖြင့် တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။

“သွားစို့ မိုရှင်း... ကျွန်မနဲ့အတူ အပြင်ကို လိုက်ခဲ့ပါ။ နောက်လဝက်နေရင် ဂိုဏ်းချုပ်ချောင်က မွေးနေ့ပွဲကျင်းပတော့မှာ။ ဂိုဏ်းတွေအကုန်လုံး တမန်တော်တွေစေလွှတ်ပြီး သူ့ကို မွေးနေ့ဆုမွန်ကောင်း တောင်းပေကြမှာ... အဲ့ဂိုဏ်းတွေထဲမှာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းလည်း ပါတယ်။ အဖေက အဲ့မွေးနေ့ပွဲကို ကျွန်မကို သွားခိုင်းတယ်။ ရှင်က တိုက်ပွဲခန်းမရဲ့ လက်ထောက်အကြီးအကဲဆိုတော့ ရှင်လည်း ဘယ်လိုလုပ် မသွားဘဲနေလို့ ရမှာလဲ”

“ကောင်းကင်လျှို့ဝှက်ဂိုဏ်းကလည်း လူတွေ စေလွှတ်လိုက်မှာလား”

ကျန်းရီ၏ မျက်လုံးများ တောက်ပသွားသည်။ စုလောရွှယ်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင် ဖြစ်သည်။ ထို့ကြောင့် သူက ထိုလျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းကို စိတ်ဝင်စားနေပေသည်။ ထို့ပြင် ကျားနိုင်ဂိုဏ်း၏ ဂိုဏ်းချုပ်ချောင်ကလည်း နှင်းဒေသတွင် နံပါတ်(၂)ပညာရှင် မဟုတ်ပါလား။ သူသည် ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်၏။

“ကျွန်တော်တို့ ဘယ်တော့ ပြန်လာမှာလဲ။ ဒီတစ်ခေါက် လူဘယ်နှစ်ယောက် သွားကြမှာလဲ”

မိုယောင်အာက ရှင်းပြလိုက်သည်။

“အများဆုံးမှ တစ်လပဲကြာမှာပါ။ လူလည်း သိပ်များများ ပါမှာ မဟုတ်ပါဘူး။ အားလုံးက ဖေးလျန်သားရဲတွေကို စီးကြမှာဆိုတော့ လိုက်မယ့်သူတွေက အနည်းဆုံး တပ်မှူးအဆင့်တော့ ရှိရမှာ။ အဲ့တော့ စုစုပေါင်းမှ လူငါးဆယ်လောက်ပဲ ပါမှာပါ”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

တစ်လဟူသောအချိန်က မကြာပေ။ ကျန်းရီသည် ရှစ်လကြာ ကျင့်ကြံခဲ့ပြီးဖြစ်၍ ကောင်းကောင်းအနားယူရန် လိုပေသည်။ မိုယောင်အာကို ကာကွယ်ရန် သူမပါသွားလျှင် မိုရှန်းက စိုးရိမ်နေလောက်သည်။ သူပါသွားလျှင် ရန်သူမည်မျှ ရောက်လာသည်ဖြစ်စေ လက်ဗလာဖြင့်သာ ပြန်သွားရမည်ဖြစ်သည်။

ကျန်းရီတို့သည် ရဲတိုက်အပြင်သို့ ထွက်သွားလိုက်ကြ၏။ အပြင်တွင် လူငါးဆယ်က အမိန့်များကို စောင့်နေပြီဖြစ်သည်။ ထိုလူများထဲတွင် မိုချီနှင့် မိုဝူတို့လည်း ပါပေသည်။ သူတို့အားလုံးက ဖေးလျန်သားရဲများကို စီးထားကြသည်။ မိုယောင်အာက ပျံတက်သွားလိုက်ပြီး နှင်းကဲ့သို့ ဖြူစွတ်သော ဖေးလျန်သားရဲတစ်ကောင်‌‌ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူမသည် ဘေးရှိ အနက်ရောင် ဖေးလျန်သားရဲတစ်ကောင်ကို ညွှန်ပြ၍ အော်ပြောလိုက်သည်။

“မိုရှင်း... မြန်မြန်တက်။ ကျွန်မတို့ သွားကြမယ်”

ဝှစ်...

ကျန်းရီသည် ဖေးလျန်သားရဲဆီသို့ ပျံတက်သွားလိုက်၏။ ကျန်းရီ၏ စီးနှင်းမှုကို တစ်ခါမှ မခံဖူးသော ဖေးလျန်သားရဲက အတန်ငယ် တယမ်းယမ်းတခါခါ ဖြစ်နေလေသည်။ ၎င်းက ကျန်းရီကို မကျေနပ်ဟန်ဖြင့် အေးစက်စက်ကြည့်နေသည်။

“ဟွန်း...”

ကျန်းရီသည် သူ၏အရှိန်အဝါကို မြှင့်တင်ကာ ဖေးလျန်သားရဲကို အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့် အရှိန်အဝါဖြင့် လွှမ်းခြုံလိုက်သည်။ ၎င်းက ချက်ချင်း ငြိမ်သွားလေသည်။ မိုချီ၊ မိုဖူနှင့် ကျန်သူများက အံ့အားသင့်သွားကြ၏။ လွန်ခဲ့သော ရှစ်လက ကျန်းရီ၏ အရှိန်အဝါသည် ကောင်းကင်ဧကရာဇ် စတုတ္ထအဆင့်တွင်သာ ရှိခဲ့သော်လည်း ယခုတွင် သတ္တမအဆင့်သို့ ရောက်နေပေပြီ။ သူတို့အားလုံးသည် ကျန်းရီ၏ ကျင့်ကြံနှုန်းကြောင့် စိတ်ထဲမှ အံ့အားသင့်နေကြလေသည်။

“သွားမယ်...”

မိုယောင်အာက စိတ်ရှည်သူ မဟုတ်ပေ။ သူမသည် ကောင်းကင်နတ်ဆိုးတောင်တွင် ရှစ်လကြာ ခြေချုပ်မိနေခဲ့၍ အလွန်ပျင်းရိနေပြီဖြစ်သည်။ သူမသည် သူမစီးထားသော ဖေးလျန်သားရဲကို ဇက်ကြိုးမတပ်ထားသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ခပ်ဖွဖွ ပုတ်လိုက်၏။ သားရဲသည် ကောင်းကင်နတ်ဆိုးတောင်အောက်သို့ အဖြူရောင်အလင်းတန်းတစ်တန်းအလား ပျံဆင်းသွားလေသည်။

ဝှစ်...

ကျန်းရီကလည်း လျင်မြန်စွာ လိုက်သွားလိုက်သည်။ မိုဖူ၊ မိုချီနှင့် ကျန်သူများသည် သူတို့၏ အံ့အားသင့်မှုများကို မျိုချကာ နောက်မှ ခပ်သွက်သွက် လိုက်သွားကြသည်။ ဖေးလျန်သားရဲ ငါးဆယ်သည် အလင်းတန်းများအလား အဝေးသို့ ပျံသန်းကာ ပျောက်ကွယ်သွားကြလေသည်။

အားလုံး ထွက်သွားပြီးနောက်တွင် ကောင်းကင်နတ်ဆိုးနန်းတော်အရှေ့၌ လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။ မိုရှန်းသည် ကျန်းရီတို့ ထွက်သွားသောဘက်သို့ ငေးကြည့်၍ ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။

“ကောင်းကင်ဧကရာဇ် သတ္တမအဆင့်တဲ့လား... စိတ်ဝင်စားစရာပဲ...”

***

All Chapters