အရူးတစ်စု
Vol. 73 Ch. 1006
ကျားနိုင်တောင်သို့ ခရီးက အမှန်ပင် စိတ်ဝင်စားဖွယ်ကောင်းမည်ဖြစ်သည်။ တောင်သို့ မရောက်ခင်မှာပင် တစ်စုံတစ်ခု ဖြစ်လာပေပြီ။
“တင်ပြပါတယ်”
တပ်မှူးတစ်ယောက် အုပ်စုထံသို့ လျင်မြန်စွာ ပျံသန်းလာပြီး အော်ပြောလိုက်လေသည်။
“တော်ဝင်သခင်မလေး၊ အကြီးအကဲတို့... လူပုမျိုးနွယ်ဝင်တွေက ကျွန်တော်တို့ရဲ့လမ်းကို ပိတ်ထားပါတယ်။ ချိုးပိုင်က ဦးဆောင်လာတာပါ”
“ချိုးပိုင်လား”
မိုယောင်အာ၊ မိုချီနှင့် အခြားသူများ ခန္ဓာကိုယ် တောင့်တင်းသွားကြသည်။ ချိုးပိုင်က ချိုးမင်၏ ညီလေးဖြစ်ကြောင်း သူမတို့အားလုံး သိပေသည်။ ချိုးမင်သေသွားပြီးနောက် သူက မျိုးနွယ်ခေါင်းဆောင်ငယ်အသစ် ဖြစ်လာခဲ့သည်။ သူသည် ကျားနိုင်တောင်သို့ သွားရာလမ်းကို ပိတ်ထားရာ ကောင်းသောအကြံဖြင့်တော့ မဖြစ်နိုင်ပေ။
မိုယောင်အာ၏ လက်ထဲတွင် ကြာပွတ်ထွက်ပေါ်လာလေသည်။ သူမသည် မျက်ခုံးပင့်၍ အေးစက်စက် ပြောလိုက်၏။
“ချိုးပိုင်က လူဘယ်နှစ်ယောက် ခေါ်လာလဲ။ သူတို့က ဘယ်လောက်ဝေးသေးလဲ”
တပ်မှူးက ပြန်ဖြေလိုက်သည်။
“အများကြီး မဟုတ်ပါဘူး။ လူ လေး၊ ငါးဆယ်လောက်ပါပဲ... သူတို့က စွမ်းအားကြီး သိုင်းသမားတွေပဲဖြစ်မယ်။ ဒါပေမဲ့ ဘေးက ကြည့်နေတဲ့သူတွေ အများကြီးရှိတယ်။ အမွေးရှည်ဆင်မျိုးနွယ်က မျိုးနွယ်ခေါင်းဆောင်ငယ်လည်း ရှိတယ်”
မိုချီသည် မိုယောင်အာက စိတ်လိုက်မာန်ပါဖြင့် တိုက်ခိုက်ရန်လုပ်မည်ကို စိုးရိမ်သွား၍ လျင်မြန်စွာ မေးလိုက်၏။
“ငါတို့ သူတို့ကို ရှောင်သွားလို့ မရဘူးလား”
“ဘာလို့ ကျွန်မတို့က ရှောင်သွားရမှာလဲ”
မိုယောင်အာက ရိုင်းစိုင်းစွာ လက်ဝှေ့ယမ်းလိုက်၏။
“လူတွေအများကြီး ကြည့်နေကြတယ်။ တကယ်လို့ ကျွန်မတို့သာ ရှောင်သွားလိုက်ရင် နှင်းဒေသမှာ ဘယ်လို ခေါင်းဖော်နိုင်ဦးမှာလဲ။ ကျွန်မတို့က လူပုမျိုးနွယ် ပေါ်လာတိုင်း ရှောင်သွားနေရမှာလား။ သွားကြစို့... အလွန်ဆုံးမှ သူတို့နဲ့ တိုက်ခိုက်ရုံပဲပေါ့။ ချိုးပိုင်က သေရမှာ မကြောက်ဘူးဆိုရင် သူ့ကို သူ့အစ်ကိုနောက် လိုက်သွားခိုင်းရမှာပေါ့”
မိုချီနှင့် ကျန်သူများက မည်သို့ပြောရမည်မသိ ဖြစ်သွားသည်။ မိုယောင်အာ၏စကားက မှန်ပေသည်။ အစရှိ နောက်နောင်ဆိုသလို ယခုတွင် သူတို့သာ ရှောင်သွားလိုက်ပါက နောင်တွင် လူပုမျိုးနွယ်ဝင်များနှင့်တွေ့တိုင်း ရှောင်သွားနေရမည်ဖြစ်သည်။ မိုချီက ကျန်းရီကိုကြည့်လိုက်ရာ ကျန်းရီ၏ တည်ငြိမ်သော မျက်နှာထားကို မြင်လိုက်၏။ ထို့ကြောင့် မိုချီလည်း အတန်ငယ် စိတ်အေးသွားပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
“သွားကြစို့... ချိုးပိုင်နဲ့ သွားတွေ့ကြတာပေါ့။ ဒါပေမဲ့ တော်ဝင်သခင်လေး... အရမ်းစိတ်လိုက်မာန်ပါတော့ မလုပ်ပါနဲ့”
မိုချီက သတိပေးလိုက်သောအခါ မိုယောင်အာ စိုက်ကြည့်လိုက်သည်။ သူမသည် ကျန်းရီ စိတ်ဆိုးသွားမည်စိုး၍ ကျန်းရီကိုလည်း လှည့်ကြည့်လိုက်ရသည်။ သို့သော် ကျန်းရီက အရေးစိုက်ပုံ မပေါ်ပေ။ သူက လက်ဝှေ့ယမ်း၍သာ ပြောလိုက်သည်။
“ဖြစ်ရမယ့်ကိစ္စက ဖြစ်မှာပဲ။ သွားကြစို့”
ဝှစ်...
မိုယောင်အာသည် တော်ဝင်အမိန့်တော်ကို လက်ခံရလိုက်သကဲ့သို့ ချက်ချင်း တက်ကြွသွားပြီး ဖေးလျန်သားရဲကို လျင်မြန်စွာ ပျံသန်းသွားစေလိုက်၏။ မိုချီနှင့် ကျန်သူများက သူမနောက်သို့ အသည်းအသန် လိုက်သွားရလေသည်။
မိုင်တစ်ရာခန့် သွားပြီးနောက် မိုယောင်အာတို့ရှေ့တွင် လူဒါဇင်ကျော် ထွက်ပေါ်လာသည်။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံကလည်း ပတ်ဝန်းကျင်ရှိ တောင်ငယ်များပေါ်မှ လူများစွာ၏ အရှိန်အဝါကို အာရုံခံမိလိုက်လေသည်။ အမွေးရှည်ဆင်မျိုးနွယ်နှင့် အခြားထူးခြားသော မျိုးနွယ်များမှ လူရာကျော်လည်း ရှိနေသည်။ သူတို့သည် အရေအတွက်မများသော်လည်း စွမ်းအားကြီး သိုင်းသမားများဖြစ်ကြသည်။ ထိုအခိုက်တွင် သူတို့က ကျန်းရီတို့အုပ်စုကို စိတ်လှုပ်တရှားကြည့်နေကြလေသည်။
“ဟီးဟီး... မိုယောင်အာ မင်းက ထွက်လာရဲသေးတယ်ပေါ့”
တောင်ထွတ်တစ်ခုပေါ်ရှိ လူပုမျိုးနွယ်ဝင်တစ်စုကြားမှ လူငယ်တစ်ယောက်က စတင်ပြောလိုက်လေသည်။ သူသည် ခမ်းနားထည်ဝါသော စစ်ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ သူ၏ရုပ်သွင်ကလည်း အတော်လေးခံ့ညားသည်ဟု ဆိုနိုင်သော်လည်း သူ၏အရပ်က ပုနေသဖြင့် အတန်ငယ် ရယ်စရာဖြစ်နေသည်။ သူက အေးစက်စက် ပြောလိုက်သည်။
“ငါရဲ့ အစ်ကိုကို သတ်ခဲ့တဲ့အတွက် မင်းတို့ ကောင်းကင်နတ်ဆိုးမျိုးနွယ် သွေးကြွေးပြန်ဆပ်ရစေမယ်လို့ ငါ ချိုးပိုင် ကျိန်ဆိုတယ်”
မိုယောင်အာသည် ကြိမ်းမောင်းခံရချိန်တွင် မည်သည့်အခါကမှ ငြိမ်ခံနေတတ်သူတစ်ယောက် မဟုတ်သဖြင့် သူမ၏ ဖေးလျန်သားရဲကို လေထဲတွင် ရပ်တန့်လိုက်ပြီး ပြန်ပက်လိုက်လေသည်။
“ဂျပုကများ... ရှင့်ရဲ့ အစ်ကိုက ကျွန်မကို ဖမ်းဖို့ ကြိုးစားလို့ အသတ်ခံလိုက်ရတာပဲ။ ရှင် အပြစ်တင်ချင်ရင် အသုံးမကျတဲ့ လူပုမျိုးနွယ်ကိုပဲ သွားအပြစ်တင်လိုက်။ ရှင်က ကျွန်မကို သတ်ချင်တာတဲ့လား၊ ရှင့်အစ်ကိုတောင် မလုပ်နိုင်ခဲ့တာ ရှင်က လုပ်နိုင်ပါ့မလား”
ချိုးပိုင်နှင့် ချိုးမင်တို့က ရုပ်ချင်းဆင်ကြသည်။ ကျန်းရီသည် ချိုးပိုင်၏ အစွမ်းက မဆိုးလှကြောင်း အာရုံခံမိလိုက်သည်။ သူက ကြယ်သုံးပွင့် သို့မဟုတ် ကြယ်လေးပွင့် ပညာရှင်များနှင့် ယှဉ်နိုင်လောက်ပေသည်။ ချိုးပိုင် ကိုင်ထားသော သံတူကြီးကလည်း သာမန်မဟုတ်နိုင်ချေ။ ၎င်း ထုတ်လွှတ်နေသော ဆန်းကြယ်သည့် အပြာရင့်ရောင် အလင်းကြောင့် ၎င်းက ရှေးဟောင်းအသုံးအဆောင် တစ်ခုဖြစ်သည်ဟု ယူဆနိုင်ပေသည်။
“ဟားဟား...”
ချိုးပိုင်က အေးစက်စက် ရယ်လိုက်ပြီး သံတူနှစ်လက်ကို မြှောက်လိုက်ပြီး မိုယောင်အာကိုကြည့်၍ ဒေါသတကြီး အော်ပြောလိုက်လေသည်။
“မိုယောင်အာ မင်းမှာ အစွမ်းအစရှိရင် ငါနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ရဲလား။ ငါရှုံးရင် မင်းငါ့ကို ကြိုက်သလို လုပ်နိုင်တယ်။ မင်းရှုံးရင်တော့ မင်း ငါ့ရဲ့ကျွန် တစ်လ လုပ်ရမယ်။ ကဲ ဘယ်လိုလဲ။ မင်းက မင်းရဲ့အဖေလို ဥရှိရဲ့လား(သတ္တိရှိရဲ့လား)။ အို... ငါ မေ့သွားတာ၊ မင်းက မိန်းကလေးတစ်ယောက်ပဲ... ဘယ်လိုလုပ် ဥရှိမှာလဲ။ ဟားဟားဟား...”
ရွှီ...ရွှီ...
မိုယောင်အာ၏ ကြာပွတ်က စတင် လင်းလက်လာ၏။ သူမသည် ဒေါသငယ်ထိပ်ရောက်ပြီဖြစ်၍ ဖေးလျန်သားရဲကို အရှေ့သို့ ပျံသန်းစေကာ စိန်ခေါ်မှုကို လက်ခံရန် လုပ်လိုက်လေသည်။ သို့သော် မိုချီက သူမကို လျင်မြန်စွာ တားလိုက်သည်။ ထို့နောက် မိုချီသည် ကျန်းရီကို အကူအညီတောင်းဟန်ဖြင့် ကြည့်လိုက်၏။
“အဟွတ်...အဟွတ်...”
ကျန်းရီက ချောင်းနှစ်ချက်ဟန့်လိုက်၏။ မိုယောင်အာ၏ ဒေါသက ချက်ချင်း ပြန်လျှောကျသွားလေသည်။ သူမသည် ကျန်းရီကို မရေမရာဟန်ဖြင့် ကြည့်လိုက်၏။ မိုဖူနှင့် အခြားသူများကလည်း ကျန်းရီကို ကြည့်လိုက်ပြီး ကျန်းရီက မိုယောင်အာကို ဖျောင်းဖျနိုင်ပါစေဟု မျှော်လင့်နေကြလေသည်။
ကျန်းရီတွင် ရွေးချယ်စရာ မရှိတော့ပေ။ သူသည် ဖေးလျန်သားရဲကို အရှေ့သို့ ပျံသန်းစေလိုက်ပြီး လူပုများကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် သူ တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ဟုတ်ပါတယ်... တော်ဝင်သခင်မလေးမှာ ဥမရှိပါဘူး။ ဒါပေမဲ့ ငါမှာတော့ ရှိတယ်။ ငါ မင်းတို့တွေကို ဖျော်ဖြေပေးရမှာပေါ့။ ငါ မင်းတို့နဲ့ တစ်ယောက်ချင်း တိုက်ခိုက်မယ်ဆိုရင် အနိုင်ကျင့်သလို ဖြစ်နေလိမ့်မယ်။ အဲ့တော့ မင်းတို့ အကုန်လုံးပေါင်းပြီး ငါ့ကို တိုက်ခိုက်ပါ။ သေတဲ့အထိ တိုက်ကြတာပေါ့”
“ဝိုး...”
ပတ်ဝန်းကျင်တွင် ဆူညံသွား၏။ ဘေးမှကြည့်နေသော သိုင်းသမားများက တစ်ယောက်တစ်ပေါက် ပြောလိုက်ကြလေသည်။ သူတို့သည် ကျန်းရီကို အရူးတစ်ယောက်ဟုတွေးကာ လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ ကောင်းကင်ဧကရာဇ် သတ္တမအဆင့်သာရှိသူတစ်ယောက်က လူပုမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမာ လေးဆယ်ကျော် ငါးဆယ်ကို အမှန်ပင် စိန်ခေါ်ဝံ့သည်လော။ သူက ရူးနေခြင်းမဟုတ်လျှင် အဘယ်နည်း။
သို့သော်...
အခြေအနေကို ပို၍မယုံနိုင်စရာဖြစ်သွားစေသည်မှာ ချိုးပိုင်က ပြန်မတုံ့ပြန်ဝံ့ခြင်းပင်။ လူပုမျိုးနွယ်မှ အခြားသူများကလည်း ခပ်တိုးတိုး ရေရွတ်နေကြလေသည်။ မည်သူမှ ကျန်းရီ၏ စိန်ခေါ်မှုကို တုံ့ပြန်ရန် သတ္တိမရှိကြပေ။
မိုချင်းတို့ ပြုံးလိုက်ကြသည်။ မိုယောင်အာ၏ မျက်လုံးများကလည်း တောက်ပလာပြီး ကျန်းရီကို ချစ်ခင်လေးစားစွာ ငေးကြည့်လိုက်သည်။ လူတစ်ယောက်က စွမ်းအားကြီး သိုင်းသမားတစ်စုကို စိန်ခေါ်လိုက်သော်လည်း တိတ်ဆိတ်မှုနှင့်သာ တုံ့ပြန်ခံခဲ့ရခြင်းမှာ မည်သို့သော ဂုဏ်ရှိမှုမျိုးနည်း။
“မိုရှင်း... ငါသိတယ်”
ချိုးပိုင်က အံကြိတ်ကာ ပြောလိုက်သည်။
“မပူပါနဲ့... မင်း သေပါရစေတော့လို့ မျှော်လင့်လာရတဲ့ တစ်ရက် ရှိလာဦးမှာပါ။ ဒီနေ့ ငါက မိုယောင်အာနဲ့ တိုက်ခိုက်ဖို့လာတာ။ အဲ့ဒါ မင်းလိုကောင်စုတ်တစ်ကောင်နဲ့ ဘာမှ မဆိုင်ဘူး”
ချိုးပိုင်က မိုရှင်း၏ အမည်ကို ကြားထားကြောင်း ထင်ရှားပေသည်။ ‘မိုရှင်း’ဟူသော အမည်က လူပုမျိုးနွယ်အကြားတွင် ကျော်ကြားသည်။ လူပုမျိုးနွယ်က ပြီးခဲ့သော တိုက်ပွဲကို သေချာ လေ့လာစုံစမ်းခဲ့သည်။ ချိုးမင်နှင့် လူပုအကြီးအကဲတစ်စုသေသွားရခြင်းမှာ မိုရှင်း၏လက်ချက်ဖြစ်ကြောင်း သူတို့ သိထားလေသည်။ မိုရှင်း၏ ‘မိုင်တစ်ထောင် ရေခဲလွှမ်း’နှင့် လျှို့ဝှက် ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန် ‘လေခွင်း လျှပ်တစ်ပြက်သတ်ကွက်’တို့က လူပုများအကြားတွင် ရေပန်းစားပေသည်။
ဤတစ်ခေါက်ခရီးတွင် လူပုမျိုးနွယ်ခေါင်းဆောင်က လူပုမျိုးနွယ်ကို ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် မတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ မိုရှန်းကလည်း ထိုသို့ပင် အမိန့်ပေးခဲ့သည် မဟုတ်ပါလား။
သို့သော် ချိုးပိုင်သည် မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်လာပြီးနောက် သူ၏အစွမ်းအစကို သက်သေပြလိုနေပေသည်။ သူသည် မိုယောင်အာကို ရန်စကာ မျိုးနွယ်က သူ့ကို ပေးထားသော သက်စောင့်ဆူးချွန်များကို အသုံးပြု၍ မိုယောင်အာကို အနိုင်ယူလိုနေသည်။ မိုယောင်အာက စိန်ခေါ်မှုကို ငြင်းလိုက်လျှင်ပင် လူပုမျိုးနွယ်က မျက်နှာရသွားမည်ဖြစ်သည်။ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်မှုများမှာ သိုင်းလောကတွင် ဖြစ်နေကျကိစ္စများဖြစ်၍ မိုယောင်အာသာ လက်ခံလိုက်လျှင် ချောင်ဖေးဝမ်ပင် ဝင်နှောင့်ယှက်မည် မဟုတ်ပေ။
သို့သော် ကျန်းရီက ဝင်ပါလာလိမ့်မည်ဟု ချိုးပိုင် မျှော်လင့်မထားခဲ့ပေ။ ထို့ပြင် သူက သေသည်အထိတိုက်ရန် ပြောနေပေသည်။ အကယ်၍ သူသာ သဘောတူလိုက်ပါက ဤနေရာတွင် လူများစွာ ရှိနေသဖြင့် သူနှင့် သူ့လူများ တိုက်ပွဲတွင် အသတ်ခံလိုက်ရလျှင်ပင် လူပုမျိုးနွယ်က ထိုကိစ္စအတွက် လက်စားချေနိုင်မည် မဟုတ်ပေ။
ချိုးပိုင်သည် ကျန်းရီနှင့် တစ်ယောက်ချင်းတိုက်ခိုက်ရန် သတ္တိမရှိပေ။ အခြားလူပုများကလည်း တိုက်ပွဲတွင် ဝင်မပါဝံ့ချေ။ အကယ်၍ ချိုးပိုင်သာ တိုက်ပွဲတွင် သေဆုံးသွားပါက မျိုးနွယ်ခေါင်းဆောင်က တစ်ယောက်တည်းကြိတ်၍သာ ခံစားရပေလိမ့်မည်။
ကျန်းရီသည် ချိုးပိုင်၏စကားကို ကြားသောအခါ လှောင်ပြောင်ရယ်မောလိုက်၏။ သူသည် နောက်လှည့်ကာ မိုယောင်အာတို့ကိုကြည့်၍ ပြောလိုက်၏။
“တော်ဝင်သခင်မလေး... သွားကြပါစို့။ အဲ့အရူးတစ်စုကို အရေးစိုက်မနေပါနဲ့။ ကျားနိုင်တောင်ကိုပဲ သွားကြတာပေါ့။ တကယ်လို့ တစ်ယောက်ယောက်က သခင်မလေးကို လက်ဖျားနဲ့ထိဝံ့ရင် ဒီနေရာက သူတို့ရဲ့ သင်္ချိုင်းဖြစ်သွားလိမ့်မယ်”
ကျန်းရီသည် အခြေအနေကို အလွန်ရှင်းလင်းစွာ နားလည်၏။ နှစ်ဘက်စလုံးမှ မျိုးနွယ်ခေါင်းဆောင်များက မတိုက်ခိုက်ရန် အမိန့်ပေးထားသည်။ ထို့ကြောင့် ငြင်းခုံကာ အချိန်ဖြုန်းနေမည့်အစား ကျားနိုင်တောင်သို့သွား၍ အနားယူနေခြင်းက အကျိုးရှိပေသည်။
“ခစ်ခစ်... မိုရှင်း ရှင်ပြောသလိုပဲ လုပ်ကြတာပေါ့”
မိုယောင်အာက အကြီးအကဲများကို ဦးဆောင်၍ ဖေးလျန်သားရဲကို ပိုမြင့်မြင့် ပျံတက်စေလိုက်လေသည်။ သူမသည် လူပုများကို အေးစက်စက်ပြုံးကာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“တိုက်ခိုက်ရဲတဲ့သူရှိရင် ငါ သူတို့ကို အပိုင်းပိုင်းဖြတ်ပြီး ခွေးကျွေးပစ်မယ်”
ကျန်းရီသည် မိုယောင်အာတို့နောက်မှ ခပ်ဖြည်းဖြည်း လိုက်သွားလိုက်၏။ သူက လူပုများ၏အထက်မှ ပျံသန်းသွားသော်လည်း မည်သူမှ မလှုပ်ရှားသည်ကို တွေ့လိုက်၍ သူ ခနဲ့လိုက်လေသည်။
“အရူးတစ်စုပဲ”
“အား...အား...”
ချိုးပိုင်သည် ဒေါသကြောင့် တဆတ်ဆတ်တုန်နေ၏။ သူသည် သူ့တူများအတွင်းသို့ အတွင်းအားထည့်လိုက်ပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်၏။ တူပေါ်မှ သင်္ကေတပုံသဏ္ဌာန်များက လည်ပတ်လာလေသည်။ ထို့နောက် သူ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
လူပုမျိုးနွယ်မှ အကြီးအကဲများက ချိုးပိုင်ကို တားရန် အသည်းအသန် ကြိုးစားလိုက်ကြ၏။ ကျန်းရီတို့ အဝေးသို့ ရောက်သွားသောအခါမှသာ အကြီးအကဲများက ချိုးပိုင်ကို လွှတ်ပေးလိုက်ကြသည်။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။
“မျိုးနွယ်ခေါင်းဆောင်ငယ်... ဒေါသမထွက်ပါနဲ့။ ကျုပ်တို့ ထိပ်တိုက် တိုက်ခိုက်မယ်ဆိုရင်တောင် ကျုပ်တို့ဘက်က အရေးနိမ့်နေမှာပါ။ မိုရှင်းရဲ့ တိုက်ခိုက် တာအိုပုံသဏ္ဌာန်က စွမ်းအားကြီးလွန်းတယ်”
“အဲ့ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ချိုးပိုင်က ဒေါသဖြင့် အော်ပြောလိုက်သည်။
“ကျွန်တော်တို့က ဒီကိစ္စကို ဒီအတိုင်း ထားလိုက်ရမှာလား။ ကျွန်တော့်အစ်ကိုအတွက် လက်စားချေဖို့ကိုရော ဘယ်လိုလုပ်ရမှာလဲ”
“ကျုပ်တို့ သူ့အတွက် သေချာပေါက် လက်စားချေမှာပါ”
အကြီးအကဲတစ်ဦးက အတန်ငယ် ပြုံး၍ ပြောလိုက်သည်။
“ကျုပ်တို့က သူတို့နဲ့ ထိပ်တိုက် မတိုက်ခိုက်နိုင်မှတော့ ချောင်းပြီး တိုက်ခိုက်ရမှာပေါ့။ စိတ်မပူပါနဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်... ကျုပ် မိုရှင်းကို ကျားနိုင်တောင်ကနေ အသက်ရှင်ရက် ထွက်မသွားစေမှာ မဟုတ်ပါဘူး”
***