ပြန်တွေ့ရပြီ
Vol. 73 Ch. 1007
ကျားနိုင်တောင်က ကောင်းကင်နတ်ဆိုးတောင်နှင့် ဆင်တူပေသည်။ ထိုနှစ်တောင်စလုံးတွင် အထပ်များ ရှိကြသည်။ သို့သော် ကျားနိုင်ဂိုဏ်းမှ ဂိုဏ်းသား၊ ဂိုဏ်းသူများအားလုံးမှာ သာမန်လူသားများဖြစ်ကြသည်။ အပြင်ဘက်တွင် သူတို့က သာမန်လူသားများနှင့် တစ်ပုံစံတည်း တူပေသည်။ သူတို့၏ တစ်ခုတည်းသော ကွဲပြားမှုမှာ သူတို့၏ မျက်ခုံးနှစ်ခုကြားရှိ ကြာပန်းပုံ အမှတ်အသားဖြစ်သည်။
ထိုကြာပန်းပုံ အမှတ်အသားမှာ ကျားနိုင်ဂိုဏ်း၏ ထူးခြားမှုပင်။ သူတို့တွင် စွမ်းအားကြီး စိတ်ဝိညာဉ်များရှိကြပြီး သူတို့အားလုံးက စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို အသုံးပြုနိုင်ကြသည်။ သူတို့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများထက် ပိုအစွမ်းထက်သည်။ သူတို့ အရွယ်ရောက်လာလျှင် သူတို့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ဗာဂျရာ အထွတ်အထိပ်အဆင့်နှင့်ပင် ယှဉ်နိုင်လာသည်။ အနည်းငယ် ပိုသန်မာသူများဆိုလျှင် ကောင်းကင်ဧကရာဇ်အဆင့်နှင့်ပင် ယှဉ်နိုင်ကြသည်။
ကျားနိုင်ဂိုဏ်းက ကောင်းကင်လျှို့ဝှက်ဂိုဏ်းပြီးလျှင် ဒုတိယဂိုဏ်းဖြစ်နေခြင်းမှာ ချောင်ဖေးဝမ်၏ တိုက်ခိုက်စွမ်းအားများကြောင့်သာ မဟုတ်ပေ။ ကျားနိုင်ဂိုဏ်းတွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိသည်။ ထို့ကြောင့် တစ်ဂိုဏ်းလုံး၏ အင်အားက အတော်လေးကြီးပေသည်။
စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ကြောက်မက်ဖွယ်ကောင်းပြီး ခြေရာလက်ရာမကျန်ဘဲ သတ်ပစ်နိုင်သည်။ ထို့ကြောင့် အားလုံးသည် သေရမည်ကို ကြောက်၍ ကျားနိုင်ဂိုဏ်းသား၊ ဂိုဏ်းသူများကို ရှောင်ကြပေသည်။
ယခုတွင် ကျားနိုင်တောင်က အလွန်သက်ဝင်လှုပ်ရှားနေသည်။ တောင်ကို စစ်သည်များက ကင်းလှည့်နေပြီး အကြီးအကဲများကလည်း နှင်းဒေသမှ ဧည့်သည်တော်များကို ကြိုဆို၍ တောင်ပေါ်သို့ ကိုယ်တိုင်လိုက်ပို့နေကြသည်။
“ဟားဟားဟား... မိန်းကလေးယောင်အာ”
ကျန်းရီတို့အုပ်စု ကျားနိုင်တောင်အနားသို့ ရောက်လာသောအခါ တပ်ဖွဲ့တစ်ဖွဲ့က သူတို့ထံသို့ ပျံသန်းလာလေသည်။ တပ်ဖွဲ့ကို ဦးဆောင်လာသူမှာ အသက်(၂၅)၊ (၂၆)ဝန်းကျင်ရှိမည့် သခင်လေးတစ်ယောက်ပင်။ သူသည် ခမ်းနားသော ငွေရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အရေးပါသောပုဂ္ဂိုလ်တစ်ယောက်၏ အငွေ့အသက်ရှိပေသည်။ သူ အနားသို့ ရောက်လာပြီး ရယ်လိုက်သောအခါ သူ့မျက်ခုံးနှစ်ခုအကြားရှိ အနက်ရောင်ကြာပန်း အမှတ်အသားက အနက်ရောင်အလင်း တောက်ပသွား၏။ ယင်းမှာ အလွန်မှင်တက်ဖွယ်ပင်။
ထိုသခင်လေးသည် တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် မိုယောင်အာကိုကြည့်ကာ ပြောလိုက်သည်။
“မိန်းကလေးယောင်အာ... မင်း ရောက်လာပါစေလို့ ငါ ဆုတောင်းနေခဲ့ရတာ ကြာပြီ။ နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့။ မင်း လာမယ်ဆိုတာသိတော့ ငါ စားမဝင်၊ အိပ်မပျော် ဖြစ်ခဲ့ရတယ်။ အခု မင်း ရောက်လာပြီဆိုတော့ ငါ ကောင်းကောင်းအိပ်နိုင်ပါပြီ”
“ဟီးဟီး... မမယောင်အာ”
ထိုသခင်လေးဘေးမှ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ချောမောလှပသည့် သခင်မလေးက ပြောလိုက်သည်။
“မတွေ့ရတာတောင် ကြာပြီနော် မမယောင်အာ။ မမသာ ဒီထက်နောက်ကျမှ ရောက်လာရင် ညီမရဲ့ အစ်ကိုက သူကိုယ်တိုင် ကောင်းကင်နတ်ဆိုးတောင်ကို သွားတော့မှာ”
‘ဒီဂိုဏ်းက လူတိုင်းမှာ ကြာပန်း အမှတ်အသားရှိကြတဲ့ပုံပဲ’
ကျန်းရီသည် ထိုသခင်မလေး၏ မျက်ခုံးနှစ်ခုကြားမှ အနက်ရောင် ကြာပန်းအမှတ်အသားကိုကြည့်ကာ တွေးလိုက်လေသည်။ မိုချီက သူ့ကို ကျားနိုင်ဂိုဏ်းအကြောင်း အနည်းငယ် ပြောပြထားသည်။ ထို့ကြောင့် သူသည် ထိုသခင်လေးနှင့် သခင်မလေးတို့က မည်သူများဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ သခင်လေးက သခင်လေးချောင်တွမ်ထျန်း ဖြစ်ပုံရပြီး သခင်မလေးက ကျားနိုင်ဂိုဏ်း၏ နံပါတ်(၁)သခင်မလေး ချောင်ရှစ်ရွှေ ဖြစ်ပုံရလေသည်။
“သခင်လေးထျန်း၊ ညီမရွှေ”
မိုယောင်အာက အတန်ငယ်ပြုံးကာ နှုတ်ဆက်လိုက်သည်။ ယင်းက ကျန်းရီ၏ ခန့်မှန်းမှုကို အတည်ပြုပေးလိုက်လေသည်။ မိုယောင်အာ ဆက်ပြောလိုက်သည်။
“မတွေ့တာ ကြာပြီနော်။ ပြီးခဲ့တဲ့ လတွေတုန်းက အဖေက အစ်မကို အပြင်ထွက်ခွင့် မပေးခဲ့လို့ပါ။ အစ်မလည်း ညီမလေးတို့နှစ်ယောက်ကို မတွေ့တာကြာလို့ သတိရပါတယ်။ ဂိုဏ်းချုပ်ရော နေကောင်းပါရဲ့လား”
“ဂိုဏ်းချုပ်က နေကောင်းပါတယ်”
ချောင်ရှစ်ရွှေက ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။ ထို့နောက် သူမသည် မိုချီတိုကို ကြည့်လိုက်၏။ မကြာခင်မှာပင် သူမ ကျန်းရီကို သတိပြုမိသွားသည်။ ထို့ကြောင့် သူမ ချိုသာစွာ ပြုံးလိုက်ပြီး မိုယောင်အာကို မေးလိုက်လေသည်။
“မမယောင်အာ... သူက မမတို့မျိုးနွယ်ရဲ့ ပါရမီရှင်အသစ်လား”
“ဟုတ်တယ်”
မိုယောင်အာက ကျန်းရီကို ဂုဏ်ယူစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“သူက မိုရှင်းပါ... အစ်မတို့ တိုက်ပွဲခန်းမရဲ့ လက်ထောက်အကြီးအကဲပေါ့။ ညီမလေးရှစ်ရွှေရော သူ့အကြောင်းကို ကြားဖူးတာလား”
“ဟင်းဟင်း...”
ချောင်ရှစ်ရွှေက ကျန်းရီကို လေးလေးစားစား ဦးညွှတ်လိုက်သည်။ ထို့နောက် သူမ ဝမ်းမြောက်စွာ ပြောလိုက်လေသည်။
“ပြီးခဲ့တဲ့ တိုက်ပွဲအကြောင်းက နှင်းဒေသတစ်ခွင်လုံးမှာ ပျံ့နှံ့နေတာပဲလေ။ အကြီးအကဲမိုရှင်းရဲ့ ‘မိုင်တစ်ထောင် ရေခဲလွှမ်း’နဲ့ ‘လေခွင်း လျှပ်တစ်ပြက်သတ်ကွက်’က လူပုမျိုးနွယ်က ပညာရှင်တွေကို သတ်ခဲ့တယ်ဆိုတာကို လူတိုင်း သိကြပါတယ်။ ဘယ်လိုလုပ် ညီမလေးလည်း မသိဘဲနေမလဲ”
ချောင်ရှစ်ရွှေက မိုယောင်အာထက် တစ်နှစ်၊ နှစ်နှစ်လောက် ပိုငယ်ပုံပေါ်သော်လည်း မိုယောင်အာထက်ပို၍ ရင့်ကျက်ပေသည်။ သူမ၏ ဟန်ပန်၊ အပြုအမူက အထင်ကြီးဖွယ်ပင်။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သိမ်မွေ့ပုံပေါ်သည်။ သူမ၏ ဆံပင်များက အနည်းငယ်ကောက်ပြီး သိမ်မွေ့သော ရေလှိုင်းကဲ့သို့ ကြည့်ရှုသူများကို နှလုံးအေးစေပေသည်။ သူမ၏ ဝိုင်းစက်သော မျက်နှာလေးက အတန်ငယ် ပိန်ပါးသဖြင့် သူမ၏ အလှကို ပေါ်လွင်နေစေသည်။
“ဟားဟားဟား...”
ချောင်တွမ်ထျန်းက ကျယ်လောင်စွာရယ်လိုက်သည်။ သူသည်လည်း ကျန်းရီကို ဦးညွှတ်လိုက်၏။
“အကြီးအကဲမိုရှင်း... ကျွန်တော်က ချောင်တွမ်ထျန်းပါ။ ကျွန်တော် အကြီးအကဲအကြောင်းကို ကြားဖူးတာ ကြာပါပြီ။ ဒီနေ့ အကြီးအကဲကို မြင်လိုက်ရတော့ အကြီးအကဲရဲ့ ဂုဏ်သတင်းက တကယ့်ကို ထိုက်တန်တယ်ဆိုတာ သိသွားတယ်”
ထိုချောင်တွမ်ထျန်းက မိုယောင်အပေါ် ခံစားချက်ရှိနေကြောင်း သိသာပေသည်။ မဟုတ်သေး။ သူက ကောင်းကင်နတ်ဆိုးတောင်ကို မျက်စိကျနေခြင်းလည်း ဖြစ်နိုင်သည်။
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အတတ်ကို ကျွမ်းကျင်သွားကတည်းက အာရုံခံစားနိုင်စွမ်း တိုးတက်လာခဲ့သည်။ ချောင်တွမ်ထျန်း၏ မိုယောင်အာကိုကြည့်သော အကြည့်တွင် လိုချင်တပ်မက်မှုနှင့် လောဘတို့ ပါဝင်နေသည်။ ချောင်တွမ်ထျန်းက သူ့ကို ပြုံးပြနေသော်လည်း သူ ကျောရိုးထဲ စိမ့်သွားရသည်။ ထိုအပြုံးက ဓားသွားထက်မှ ပျားရည်ပင်။
ကျန်းရီသည် ကျားနိုင်ဂိုဏ်းကို အပြစ်မပြုလိုသလို ချောင်တွမ်ထျန်းကိုလည်း အရမ်းတလေးတစား မဆက်ဆံလို၍ ခပ်တည်တည်သာ ပြန်ပြောလိုက်လေသည်။
“သခင်လေးက ချီးကျူးလွန်းနေတာပါ”
မိုယောင်အသည် ချောင်တွမ်ထျန်း၏ အပြုံးက တင်းမာသွားသည်ကို မြင်လိုက်၍ ချက်ချင်း ကြားမှ ဝင်ပြောလိုက်သည်။
“သခင်လေးထျန်း... မိုရှင်းက ပေါင်းသင်းဆက်ဆံရေးတွေကို နားမလည်ပါဘူး။ သူ့ကို ဗွေမယူပါနဲ့။ တောင်ပေါ်ကို တက်ကြတာပေါ့။ အို့ ဟုတ်သား... ကောင်းကင်လျှို့ဝှက်ဂိုဏ်းက တမန်တော်တွေရော ရောက်လာပါပြီလား”
“အကြီးအကဲတို့ ကြွကြပါ”
ချောင်တွမ်ထျန်းက ထပ်မံ၍ ခပ်သဲ့သဲ့ပြုံးလိုက်ပြီး မိုချီတို့ကို ဖိတ်ခေါ်လိုက်သည်။ ထို့နောက် သူက မိုယောင်အာကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။
“မရောက်သေးပါဘူး။ သူတို့က မနက်ဖြန်လောက်မှ ရောက်လာမယ်ထင်တယ်။ ဒီတစ်ခေါက် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက တကယ့်ကို စိတ်ရင်းအမှန်နဲ့ပဲ။ သူတို့က အကြီးအကဲတစ်ယောက်နဲ့ ပထမအဆင့် တပည့်တချို့ကို စေလွှတ်လိုက်တယ်။ အဲ့ဒါကြောင့် ငါတို့ ကျားနိုင်ဂိုဏ်းက ရှိန်နေရတယ်”
ချောင်တွမ်ထျန်းနှင့် ချောင်ရှစ်ရွှေတို့က လမ်းတွင် မိုယောင်နှင့် စကားပြောနေ၏။ ကျန်းရီနှင့် ကျန်သူများက တိတ်တဆိတ်ဖြင့် နောက်မှလိုက်သွားကြသည်။ သူတို့အုပ်စုသည် ကျားနိုင်တောင်၏ ဆယ့်ခုနစ်ထပ်မြောက်သို့ တိုက်ရိုက်သွားလိုက်၏။ ကောင်းကင်နတ်ဆိုးတောင်ကဲ့သို့ပင် တောင်ထိပ်၌ ရဲတိုက်ဝန်းတစ်ခုရှိပေသည်။ တစ်ခုတည်းသော ကွဲပြားမှုမှာ ကောင်းကင်နတ်ဆိုးတောင်၏ ထိပ်ဆုံးတွင် နန်းတော်တစ်ခုရှိသော်လည်း ကျားနိုင်တောင်တွင်မူ ကျောက်တုံးအိမ်တစ်လုံးသာ ရှိခြင်းပင်။
ထိုကျောက်တုံးအိမ်သည် လူတစ်ယောက် နေထိုင်ရန်သာ ဖြစ်ပုံပေါ်သည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ကျောက်တုံးအိမ်ကို အာရုံခံကြည့်လိုက်၏။ သို့သော် ကျောက်တုံးအိမ်တွင် အကာအရံအစီအရင်များရှိနေကြောင်း သူသိလိုက်ရသည်။ ထို့ကြောင့် သူ မည်သည်ကိုမှ အာရုံမခံနိုင်ပေ။
“မိုရှင်း... မဆင်မခြင် အာရုံမခံနဲ့။ ဂိုဏ်းချုပ်ချောင်က အဲ့အိမ်မှာနေတာ”
မိုချီသည် ကျန်းရီ၏ အပြုအမူကို သတိပြုမိလိုက်၍ မြန်မြန်သတိပေးလိုက်၏။ ထို့ကြောင့် ကျန်းရီ ဆက်၍ အာရုံမခံရဲတော့ပေ။ ဂိုဏ်းချုပ်ချောင်က နှင်းဒေသတစ်ခွင်လုံးတွင် ဒုတိယစွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ကျန်းရီသာ သူ့ကို အပြစ်ပြုမိလျှင် နှင်းဒေသတွင် ခေါင်းချသွားရပေလိမ့်မည်။
ကျန်းရီတို့ကို ကျားနိုင်ဂိုဏ်းမှ အကြီးအကဲများက ရဲတိုက်တစ်ခုသို့ ခေါ်သွားကာ နေရာချပေး၏။ မိုယောင်အာကိုမူ ချောင်ရှစ်ရွှေက သူမ၏ ရဲတိုက်သို့ ခေါ်သွားပေသည်။ ချောင်တွမ်ထျန်းကလည်း တောင်အောက်သို့ ပျံဆင်းသွားပြီး အခြားဧည့်သည်တော်များကို သွားကြိုဆိုသည်။ မိုယောင်အာက ကျန်းရီကို ရဲတိုက်ထဲတွင် သက်တောင့်သက်သာ အနားယူနေပြီး စားသောက်ပွဲကို စောင့်နေရန် ပြောခဲ့သည်။
သို့သော် ကျန်းရီသည် အေးအေးလူလူ ထိုင်မနေလိုပေ။ သူသည် အကြောင်းတစ်ခုကြောင့် ကျားနိုင်တောင်သို့ လာခဲ့ခြင်းဖြစ်သည်။ သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် လူပုမျိုးနွယ်ကြားတွင် ထပ်မံ၍ ပြဿနာမီးမွှေးလိုနေခြင်းပင်။ ထိုမျိုးနွယ်နှစ်ခုက သင့်မြတ်နေလျှင် သူ့အတွက် မည်သို့အကျိုးရှိပါမည်နည်း။
ကျားနိုင်တောင်သို့ မရောက်ခင်တွင် ချိုးပိုင်က လမ်းမှတား၍ ကျန်းရီကို အခွင့်အရေးတစ်ခု ပေးခဲ့ပေသည်။ ထို့ကြောင့် သူသည် အရှေ့သို့ထွက်ကာ တိုက်ခိုက်ရန် စိန်ခေါ်ခဲ့ခြင်းပင်။ သို့သော် ချိုးပိုင်က မတိုက်ခိုက်ဝံ့ခဲ့သဖြင့် ယခု သူ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံ၍သာ အခြားအခွင့်အရေးတစ်ခုကို ရှာရမည်ဖြစ်သည်။
‘ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဘယ်သူတွေ လာမှာလဲမသိဘူး။ ပဉ္စမအကြီးအကဲများ ဖြစ်နေမလား’
ကျန်းရီသည် မိုယောင်အာနှင့် ချောင်တွမ်ထျန်းတို့၏ စကားများကို ရုတ်တရက် ပြန်အမှတ်ရသွားသဖြင့် အတန်ငယ် မျှော်လင့်မိလိုက်သည်။ မိုယောင်အာသည် ချောင်ရှစ်ရွှေနှင့် တစ်နေကုန် စကားပြောနေခဲ့ပြီး မှောင်မှ ပြန်ရောက်လာလေသည်။ လက်ရှိတွင် ကျန်းရီ မည်သည့် အခွင့်အရေးကိုမှ မတွေ့သေးပေ။
မိုယောင်အာ၏ လုံခြုံရေးအတွက်မူ ကျန်းရီ၊ မိုချီနှင့် အခြားသူများက အတန်ငယ်ပင် မစိုးရိမ်ချေ။ ချောင်ဖေးဝမ်ရှိနေသ၍ ကျားနိုင်တောင်ပေါ်တွင် တိုက်ခိုက်မှုများ ဖြစ်လာမည် မဟုတ်ပေ။
ယနေ့၌ ကျန်းရီသည် တောင်ပေါ်တွင် ထူးခြားသော မျိုးနွယ်များစွာကို အာရုံခံမိလိုက်၏။ နှင်းဒေသရှိ ထူးခြားသော မျိုးနွယ်တစ်ထောင်နီးပါးက ကျန်းရီကို အမှန်ပင် အမြင်ကျယ်သွားစေသည်။ သူ ရှေးခေတ်အကြောင်းကို ပို၍ စိတ်ဝင်စားလာသည်။ ရှေးခေတ်က အမှန်ပင် မျိုးနွယ်ပေါင်းစုံ ရှိခဲ့သော ခေတ်တစ်ခုပင်။
“ဟားဟားဟား... ကောင်းကင်လျှို့ဝှက်ဂိုဏ်း ရောက်လာပြီ။ ကျားနိုင်တောင်အတွက် ဘယ်လောက်တောင် ဂုဏ်ရှိလိုက်သလဲ”
ဒုတိယမြောက်နေ့၏ အရုဏ်တက်တွင် ရဲတိုက်တစ်ခုမှနေ၍ ကျယ်လောင်သောအသံတစ်သံ ပဲ့တင်ထပ်လာလေသည်။ အသက်လက်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် ကျားနိုင်ဂိုဏ်းမှ စွမ်းအားကြီးသူရဲကောင်း တစ်ထောင်နီးပါးကို ခေါ်၍ ကောင်းကင်ထက်သို့ ပျံတက်လိုက်၏။ သူ၏အသံက ကျန်းရီနှင့် အခြားဧည့်သည်တော်များကို အာရုံစိုက်သွားစေလေသည်။
‘ကောင်းကင်လျှို့ဝှက်ဂိုဏ်း ရောက်လာပြီလား’
ကျန်းရီ တွေးတောလိုက်ပြီး ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ အာရုံခံလိုက်သည်။ ချက်ချင်းပင် သူ တုန်ယင်သွား၏။ သူ၏မျက်ဝန်းများမှနေ၍လည်း မျက်ရည်များ စီးကျလာသည်။ သူ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
ကျားနိုင်တောင်အောက်တွင် ချောင်တွမ်ထျန်းနှင့် အကြီးအကဲနှစ်ဦးက ထင်ရှားသောအငွေ့အသက်ရှိသည့် မိန်းမပျိုအနည်းငယ်ကို ဧည့်ခံခေါ်ဆောင်လာပေသည်။ ထိုမိန်းမပျိုများကို ဦးဆောင်လာသူမှာ ပဉ္စမအကြီးအကဲပင်။ သူမ၏ အနောက်တွင် မိန်းမပျိုလေးယောက်ရှိသည်။ ထိုလေးယောက်ထဲမှ တစ်ယောက်က ကျန်းရီ၏အာရုံကို ဆွဲဆောင်ထားနိုင်လေသည်။
စုလောရွှယ် အမှန်ပင် ရောက်လာပေပြီ။
***