← Chapters

နီးရက်နဲ့ဝေး

Vol. 73 Ch. 1008

နီးရက်နဲ့ဝေး

Vol. 73 Ch. 1008

လွန်ခဲ့သောရှစ်နှစ် ကျန်းရီ ကောင်းကင်တောင်ပံမြို့မှ ကျန်းမျိုးနွယ်တွင် အညတရ သခင်လေးတစ်ယောက် ဖြစ်ခဲ့စဉ်က အားလုံး၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။ ထိုစဉ်က သူ စုလောရွှယ်နှင့် ပထမဆုံး တွေ့ဆုံခဲ့ခြင်းပင်။ ထိုအချိန်၌ စုလောရွှယ်သည် ဝိညာဉ်သားရဲတောင်ကျောင်းတော်မှ ဆရာမတစ်ဦးဖြစ်ခဲ့သည်။ ကျန်းရီ ကျောင်းမှ နှင်ထုတ်ခံရမလို ဖြစ်ခဲ့စဉ်က စုလောရွှယ်ပင် သူ့ကို ကူညီပေးခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ကျန်းရီသည် ရှားနိုင်ငံတော်မှ မင်းသမီးအပေါ် ချစ်မြတ်နိုးခဲ့လေသည်။ ဝိညာဉ်သားရဲတောင်ကျောင်းတော်တွင် ကျန်းရီ ပထမဆုံးအကြိမ် ချစ်မိခဲ့သည်။ ကောင်းကင်ဧကရာဇ်ဂူသင်္ချိုင်းတွင်လည်း စုလောရွှယ်က သူ့နောက်သို့ အမေးအမြန်းမရှိ လိုက်ခဲ့သည်။ သူသည် သူမကို အနိုင်ကျင့်သည့် မည်သည့်လူ၊ မည်သည့်မျိုးနွယ် သို့မဟုတ် မည်သည့်နိုင်ငံကိုမဆို ရှင်းပစ်မည်ဟု သစ္စာဆိုခဲ့သည်။

ကျန်းရီသည် သူ၏ သစ္စာစကားကို တည်ခဲ့သည်။ သူသည် သူမအတွက် ရှားယွိမြို့အပြင်ဘက်တွင် တပ်သားတစ်သန်းနှင့် ရင်ဆိုင်ခဲ့သည်။ သူ ရှားယွိမြို့ပြင်တွင် ထွက်ပေါ်လာသောအခါ စုလောရွှယ်က သူ့ကို ပြုံးပြခဲ့သည်။ သူမ၏ လှပသောအပြုံးကို သူ မည်သည့်အခါတွင်မှ မေ့နိုင်မည် မဟုတ်ပေ။ နောက်တွင် သူသည် ကောင်းကင်ပန်းချီကား သုံးချပ်ဆွဲခဲ့၏။ ထိုသုံးချပ်ထဲမှ တစ်ချပ်မှာ ထိုအခိုက်အတန့်ရှိ စုလောရွှယ်၏ ပုံပင်။ သူ ထိုပန်းချီကားကို ‘ပြင်းပြမှု’ဟု အမည်ပေးခဲ့ပေသည်။

ကျီထင်ယွီက စုလောရွှယ်ကို ဓားစာခံအဖြစ်ဖမ်း၍ အိပ်မက်ပင်လယ်ချောက်နက်သို့ ခေါ်သွားခဲ့စဉ်က ကျန်းရီ အသည်းကွဲခဲ့ရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။ စုလောရွှယ်က သူ၏ အိပ်မက်အတွင်း၌ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထွက်ပေါ်လာခဲ့သည်။ အရှေ့ဘက် အထီးကျန်ပင်လယ်အတွင်း ခုန်ချခဲ့စဉ်၊ ဖီးနစ်အော်သံနယ်မြေတွင် သေမလိုဖြစ်ခဲ့စဉ်၊ ရှီးဖေးတို့၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရစဉ်နှင့် အပြစ်သားကျွန်းတွင် ခက်ခဲသော တိုက်ပွဲကို တိုက်ခိုက်ခဲ့ရစဉ်တို့တွင်ပင် ကျန်းရီ အရှုံးမပေးခဲ့ပေ။

ကျန်းရီသည် မည်မျှပင်ပန်းပါစေ တစ်ကြိမ်မှ အရှုံးမပေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့ရင်ထဲတွင် ရှေ့ဆက်သွားရန် တွန်းအားတစ်ခု အမြဲရှိနေသောကြောင့်ပင်။ သူ စုလောရွှယ်ကိုရှာ၍ ကယ်တင်ရပေမည်။ သူ သူမကို ထာဝရ ကာကွယ်ပေးရပေမည်။

ခြောက်နှစ်။ စုလောရွှယ် ဖမ်းခေါ်ခံသွားရသည်မှာ ခြောက်နှစ်ရှိခဲ့ပေပြီ။

ကျန်းရီသည် ထိုညပေါင်းနှစ်ထောင်ကျော်အတွင်း သူနှင့် စုလောရွှယ်တို့ ပြန်တွေ့ဆုံရသည်ဆိုသော အိပ်မက်ကို အမြဲမက်ခဲ့သည်။ ထို့ပြင် သူသည် သူ အချစ်မြတ်နိုးဆုံး အမျိုးသမီးကို ထပ်မံ၍ တွေ့နိုင်တော့မည် မဟုတ်ဟုလည်း တွေးမိခဲ့သည်။ ဤကဲ့သို့သော အခြေအနေများအောက်တွင် သူမကို ရုတ်တရက် ထပ်မံတွေ့လိုက်ရမည်ဟု ကျန်းရီ မမျှော်လင့်ထားပေ။

ကျန်းရီ၏ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပေသည်။ သူ့ပါးပြင်ထက်တွင်လည်း မျက်ရည်ပူများ တလိမ့်လိမ့် စီးကျနေသည်။ ကျန်းရီက စိတ်ပျော့သူတစ်ယောက် မဟုတ်။ ငိုခဲသည်။ ယောက်ျားများက စိတ်ဓာတ်ခိုင်မာသူများ ဖြစ်ရမည်ဟု ကျန်းယွင်ဟိုင်က သူငယ်စဉ်ကတည်းက ပြောပြခဲ့သည်။ ယောက်ျားများသည် ချွေးနှင့် သွေးကို အထွက်ခံနိုင်သော်လည်း မျက်ရည် အထွက်ခံ၍ မဖြစ်ပေ။

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက စုလောရွှယ်ကို အာရုံခံနေ၏။ ကျန်းရီ၏ ရင်ထဲတွင် သိမ်မွေ့မှုတစ်ခုနှင့် အပြစ်ရှိစိတ်တစ်ခုတို့ ဖြစ်ပေါ်လာ၏။ ခြောက်နှစ်ရှိခဲ့ပြီဖြစ်သော်လည်း စုလောရွှယ်က အများကြီး မပြောင်းလဲသွားသေးပေ။ အနည်းငယ် ပိန်သွားရုံသာ ရှိပေသည်။ သူမ၏ မျက်နှာထားက အေးစက်စက်နိုင်နေ၏။ အေးစက်မှုက သူမ၏ အရိုးထဲထိ စွဲထင်နေပုံပင်။ သူမ၏ အရှိန်အဝါကလည်း အေးစက်နေပေသည်။

စုလောရွှယ်၏ ရုပ်ရည်က အလွန်ချောမောပြီး ယဉ်ရို့ပင်းထက် မနိမ့်ပေ။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျော့ရှင်းအေးစက်သော အငွေ့အသက်ရှိနေသည်။ သူမ၏ လှပကျော့ရှင်းမှုက လူများစွာကို ရုတ်ခြည်းဆွဲဆောင်နိုင်လိုက်လေသည်။ ချောင်တွမ်ထျန်းက သူမနှင့် သိပ်မဝေးချေ။ သူ၏ မျက်လုံးများက အရောင်လက်သွားသည်ဟု ထင်လိုက်ရပေသည်။

ဝှစ်...ဝှစ်...

ရဲတိုက်များစွာမှနေ၍ သခင်လေးများနှင့် သခင်မလေးများ ပျံထွက်လာကြသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှာ နှင်းဒေသ၏ အင်အားအကြီးဆုံးဂိုဏ်းပင်။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ တမန်တော်များကို ပေါ့ပေါ့တန်တန် ဆက်ဆံ၍ မရပေ။ မည်သူက မလေးမစား ပြုဝံ့မည်နည်း။

“မိုရှင်း... ငါတို့နဲ့အတူ ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ ပဉ္စမအကြီးအကဲနှင့် အပျိုစင်လေးယောက်ကို ထွက်နှုတ်ဆက်လိုက်”

မိုချီက ကောင်းကင်စိတ်အာရုံကိုသုံး၍ အသံပို့လွှတ်လိုက်၏။ ထိုမှ ကျန်းရီ အသိစိတ်ပြန်ကပ်လာလေသည်။ သူသည် အလင်းတန်းတစ်တန်းအလား ပင်မခန်းမသို့ သွားလိုက်ပြီး ရဲတိုက်အထက်သို့ ပျံတက်လိုက်သည်။

ဝှစ်...ဝှစ်...

မိုချီနှင့် အခြားသူများက ချက်ချင်း ကျန်းရီအနောက်မှ လိုက်လာကြ၏။ အခြားအကြီးအကဲအားလုံးက အတန်ငယ် ဦးညွှတ်ထားပြီး မိုချီက လက်ဆုပ်ကာ ပြောလိုက်သည်။

“ပဉ္စမအကြီးကဲကို နှုတ်ခွန်းဆက်ပါတယ်၊ အပျိုစင်လေးယောက်ကို နှုတ်ခွန်းဆက်ပါတယ်”

အားလုံးက ဦးညွှတ်ကာ အထက်ပါစကားအတိုင်း တညီတညာ နှုတ်ခွန်းဆက်လိုက်ကြသည်။ ကျန်းရီတစ်ယောက်တည်း လေထဲတွင် အူကြောင်ကြောင် ဖြစ်နေပေသည်။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ စုလောရွှယ်ကိုသာ ကြည့်နေလေသည်။ တော်သေးသည်မှာ သူ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့၍ မျက်ရည်မကျ၊ မဆင်မခြင်မပြုမိခြင်းပင်။ သူက လေထဲတွင် မှင်တက်စွာရပ်၍သာ ငေးကြည့်နေမိပေသည်။

“အန်...”

ကျန်းရီ၏ မူမမှန်မှုက ထင်ရှားနေသဖြင့် လူများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ ပဉ္စမအကြီးအကဲနှင့် အပျိုစင်လေးယောက်လည်း လှမ်းကြည့်လိုက်ကြသည်။ ပဉ္စမအကြီးအကဲက ကျန်းရီကို စိုက်ကြည့်လိုက်သော်လည်း မည်သည့်စကားမှ မပြောခဲ့ပေ။ သို့သော် ကျန်းရီ၏ စုလောရွှယ်ကို စိုက်ကြည့်နေမှုက ကျန်အပျိုစင်သုံးယောက်ကို ဒေါသထွက်သွားစေလေသည်။ သူမတို့ထဲမှ တစ်ယောက်က အေးစက်စက် ပြောလိုက်သည်။

“ရှင်က အပျိုစင်ရွှယ်ကို ရိုင်းပြရဲတယ်ပေါ့လေ”

“မိုရှင်း... မြန်မြန် အပျိုစင်ကို တောင်းပန်လိုက်”

မိုချီ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနှင့် ရန်သူဖြစ်သွားလျှင် သေချာပေါက် သေရမည်ဖြစ်သည်။ သူသည် ကျန်းရီ၏ အင်္ကျီစကို ဆွဲကာ ကျန်းရီကို တိုက်တွန်းလိုက်၏။ သို့သော် ကျန်းရီက အသိစိတ်ကင်းမဲ့နေဟန်ဖြင့် စုလောရွှယ်ကို ဆက်ငေးနေပေသည်။

“မိုရှင်း...”

အဝေးမှနေ၍ ချောင်ရှစ်ရွှေနှင့် မိုယောင်အာတို့ ရောက်လာကြသည်။ ကျန်းရီက မိန်းမပျိုတစ်ယောက်ကို စိုက်ကြည့်နေသဖြင့် မိုယောင်အာ မနာလိုဖြစ်နေသည်။ ထို့ကြောင့် သူမ အေးစက်စက် ပြောလိုက်သည်။

“မိုရှင်း မရိုင်းပြနဲ့။ အပျိုစင်ကို မြန်မြန် တောင်းပန်လိုက်”

“ပါးစပ်ပိတ်ထား”

ရုတ်တရက် ကျန်းရီသည် ရူးသွားဟန်ဖြင့် မိုယောင်အာကို အော်ပြောလိုက်သည်။ သူ၏လေသံက ကြောက်စရာကောင်းပေသည်။ သူ၏အကြည့်ကလည်း စူးရှအေးစက်နေသည်။ မိုယောင်အာသည် ဆတ်ခနဲတုန်သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားလေသည်။ ကျန်းရီ၏ ရုတ်တရက် ကြမ်းတမ်းသွားမှုကို သူမ ကြောက်ရွံ့သွားသည်။

ကျန်းရီသည် အကြည့်ပြန်ရုတ်လိုက်ပြီး လက်ဆုပ်ကာ ပဉ္စမအကြီးကဲနှင့် စုလောရွှယ်တို့ကို နှုတ်ဆက်လိုက်လေသည်။

“မိုရှင် ပဉ္စမအကြီးအကဲနဲ့ အပျိုစင်ရွှယ်ကို နှုတ်ခွန်းဆက်ပါတယ်။ အပျိုစင်ရွှယ်... ကျွန်တော်တို့ ရှားယွိမြို့မှာ တွေ့ခဲ့ဖူးတယ်လေ။ မှတ်မိပါသလား”

ကျန်းရီသည် ထိုသို့ပြောပြီးနောက် စုလောရွှယ်၏ မျက်နှာထားကို သေချာကြည့်ရှုလိုက်သည်။ သို့သော် စုလောရွှယ်၏ ရေခဲတမျှအေးစက်သော မျက်နှာထားက အနည်းငယ်ပင် ပြောင်းလဲမသွားသဖြင့် သူ စိတ်ပျက်သွားရလေသည်။ သူမသည် တစ်ချက်ပင် ခံစားလိုက်ရပုံ မပေါ်ဘဲ ရေခဲတောင်တစ်တောင်ကဲ့သို့ နှုတ်ဆိတ်နေ၏။

“ဟွန်း...”

ကျန်းရီက မိုယောင်အာကို အော်လိုက်ပြီး စုလောရွှယ်ကို စိုက်ကြည့်နေကာ အဓိပ္ပာယ်မရှိသော စကားများကို ပြောနေ၍ ချောင်တွမ်ထျန်း ဒေါသထွက်သွားသည်။ သူ အေးစက်စက် နှာမှုတ်ကာ ပြောလိုက်လေသည်။

“မိုရှင်း... မင်းရဲ့ ပိုးပန်းနည်းက ရိုးနေပြီကွ။ အပျိုစင်လေးယောက်က ကျားနိုင်ဂိုဏ်းရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေပဲ။ မင်း သူတို့ကို အပြစ်ပြုဝံ့ရင် ငါနဲ့ ရန်သူတွေ ဖြစ်သွားလိမ့်မယ်”

ချောင်တွမ်ထျန်းက အမှန်တကယ် ဒေါသထွက်နေခြင်းပင်။ မဟုတ်လျှင် သူ ထိုသို့သောစကားမျိုးကို ပြောမည် မဟုတ်ပေ။ မိုချီတို့ကလည်း မျက်နှာပျက်သွားကြသည်။ မိုဖူက ကျန်းရီထံ အသံပို့လွှတ်လိုက်၏။

“မိုရှင်း... ပေါက်ကရတွေ လုပ်မနေနဲ့တော့။ မဟုတ်ရင် ငါတို့အကုန်လုံး သေရလိမ့်မယ်”

“ကျန်းရီ...”

တစ်ချိန်တည်းမှာပင် ပဉ္စမအကြီးအကဲ၏ အသံပို့လွှတ်မှုကလည်း ကျန်းရီ၏ စိတ်ထဲသို့ ဝင်ရောက်လာလေသည်။

“အလျင်စလို မလုပ်နဲ့။ ငါ ဒီနေ့ စုလောရွှယ်ကို ခေါ်လာတာက မင်း ချိုးမင်ကို သတ်လိုက်လို့ပဲ။ မင်း သူနဲ့ တွေ့နိုင်အောင် ငါ သူ့ကို ခေါ်လာခဲ့တာ။ မင်း မြင်တဲ့အတိုင်းပဲ... စုလောရွှယ်က အတိတ်ကအကြောင်းတွေကို မမှတ်မိဘူး။ မင်း ဒီလိုဆက်ပြုမူနေမယ်ဆိုရင် မင်းရော၊ မင်းရဲ့ မိတ်ဆွေတွေအတွက်ရော အဆုံးသတ်မလှ ဖြစ်သွားလိမ့်မယ်။ နောက်ပြီး ငါ သူ့ကိုလည်း ချက်ချင်း ပြန်ခေါ်သွားမယ်”

“ဟူး...ဟူး...”

ကျန်းရီသည် ချောင်တွမ်ထျန်းကို ကြည့်ပင် မကြည့်လိုက်ပေ။ သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ စုလောရွှယ်ကို အတင်းခေါ်သွားလိုသည့် ဆန္ဒကိုလည်း မျိုသိပ်ထားလိုက်ရသည်။

ပဉ္စမအကြီးအကဲက သူ့ကို လိမ်နေခြင်းမဟုတ်ကြောင်း ကျန်းရီ သိပေသည်။ စုလောရွှယ်က ဝိညာဉ်သန့်စင်ရေကန်ကြောင့် အမှန်ပင် မှတ်ဉာဏ်များ ချိပ်ပိတ်ခံထားရခြင်းပင်။ ယခုတွင် သူမက သူ့ကို မည်သို့မှ မှတ်မိမည် မဟုတ်ချေ။ သူမသာ မှတ်မိလျှင် သူမ၏အကြည့်များက ထိုမျှသူစိမ်းဆန်နေမည်၊ အေးစက်နေမည် မဟုတ်ပေ။

လောကထဲရှိ အရက်စက်ဆုံး၊ ရင်ကွဲစရာအကောင်းဆုံး အရာမှာ အချစ်မရှိဘဲ ရှင်သန်ရခြင်း မဟုတ်ပေ။ မိမိချစ်ရသူက မိမိအရှေ့တွင် ရပ်နေသည်ပင် မိမိကို မမှတ်မိခြင်းဖြစ်သည်။

နီးရက်နဲ့ဝေးပေပြီ။

စုလောရွှယ်က မီတာအနည်းငယ်အကွာတွင် ရှိနေသော်လည်း သူနှင့် သူမ အကြားတွင် မိုင်ပေါင်းများစွာ ခြားနေသကဲ့သို့ ကျန်းရီ ခံစားနေရလေသည်။

“အား...အား...အား...”

ကျန်းရီသည် ခေါင်းမော့၍ အော်ဟစ်လိုက်၏။ အော်သံများက တစ်သံထက်တစ်သံ ပိုကျယ်လာသည်။ သူ၏အသံထဲတွင် နာကျင်မှု၊ ဝမ်းနည်းမှုနှင့် အထီးကျန်မှုတို့ ပါဝင်ပေသည်။

ကျန်းရီသည် စုလောရွှယ်ကို အလေးအနက် ကြည့်လိုက်ပြီးနောက် အဝေးသို့ ပျံသန်းသွားလိုက်လေသည်။ သူသည် ကျားနိုင်တောင်ပေါ်တွင် မနေဝံ့တော့ပေ။ သူ စိတ်မထိန်းနိုင်တော့ဘဲ စုလောရွှယ်ကို အတင်းခေါ်သွားမိမည်ကို သူ စိုးရိမ်ပေသည်။ သူ ရူးသွပ်သွားပြီး လူတိုင်းကို သတ်ပစ်မိမည်ကိုလည်း သူ စိုးရိမ်သည်။

“အာ...”

မိုချီတို့သည် တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။ ကျန်းရီ ဘာဖြစ်နေခြင်းနည်း။ အဘယ်ကြောင့် သူက ရုတ်တရက် ရူးသွပ်သွားပြီး ထွက်သွားရသနည်း။

“မိုရှင်း... ပြန်လာခဲ့”

မိုယောင်အာသည် ကျန်းရီ၏ ဝမ်းနည်း၊ အထီးကျန်နေပုံကို ကြည့်ကာ သူ့အတွက် စိတ်မကောင်းဖြစ်သွား၏။ ထို့ကြောင့် သူမသည် မျက်ရည်စများနှင့် ကျန်းရီအနောက်သို့လိုက်ကာ အော်ပြောလိုက်သည်။ သို့သော် ကျန်းရီက ကောင်းကင်ဧကရာဇ် သတ္တမအဆင့်သို့ ရောက်သွားပြီဖြစ်၍ သူမထက် ပိုမြန်ပေသည်။ သူမသည် အတော်‌ဝေးဝေးအထိ လိုက်ပြီးနောက် ကျန်းရီကိုပင် လှမ်းမမြင်နိုင်တော့ကြောင်း သိလိုက်လေသည်။

“အဲ့ယောက်ျားက...”

စုလောရွှယ်သည် ကျန်းရီ၏ နာကျင်တကြီး အော်လိုက်သံကို ကြားလိုက်ပြီးနောက် စကားပြောလာ၏။ သူမ ရင်ထဲတွင် အတန်ငယ် လှုပ်ခတ်သွားခဲ့ပေသည်။ သူမသည် ကျန်းရီ ထွက်သွားရာဘက်သို့ ကြည့်ကာ ပဉ္စမအကြီးအကဲကို မေးလိုက်၏။

“ပဉ္စမအကြီးအကဲ... အဲ့ယောက်ျားက ဘယ်သူလဲ။ ဘာလို့ သူက နာကျင်တကြီး အော်လိုက်ရတာလဲ၊ ဘာလို့ ကျွန်မကရော ရင်နာသွားရတာလဲ။ ကျွန်မ သူ့ကို သိလို့လား”

“မင်း မသိပါဘူး။ သူက ဒီအတိုင်း အရူးတစ်ယောက်ပါ”

ပဉ္စမအကြီးအကဲ၏ မျက်ဝန်းများက ခေတ္တမျှ အရောင်လက်သွား၏။ သို့သော် သူမသည် ချက်ချင်း ဣန္ဒြေဆည်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူမသည် သူမသာ ကြားနိုင်မည့် လေသံဖြင့် ရေရွတ်လိုက်လေသည်။

“အမှန်ပဲ။ သူက အရူးတစ်ယောက်ပဲ။ အချစ်ရူးတစ်ယောက်...”

***

All Chapters