← Chapters

မလုံလောက်သေး

Vol. 73 Ch. 1009

မလုံလောက်သေး

Vol. 73 Ch. 1009

ကျားနိုင်တောင်၏ တောင်ဘက် မိုင်ထောင်ဂဏန်းအနည်းငယ် အကွာတွင် ကျန်းရီက နှင်းတောထဲ၌ ကျွင်းတစ်ကျွင်းတူးကာ ကျောရိုးမပါသော တီကောင်တစ်ကောင်ကဲ့သို့ ခွေနေလေသည်။

ကျန်းရီ အိပ်နေခြင်း မဟုတ်ပေ။ သူသည် ဘယ်သို့သွားရမည်၊ ဘာလုပ်ရမည်ကို မသိဖြစ်နေခြင်းပင်။ သူ၏ စိတ်က ရှုပ်ထွေးနေပြီး ဝမ်းနည်းမှု၊ ခါးသက်မှု၊ ကူကယ်ရာမဲ့မှုတို့နှင့် ပြည့်နှက်နေပေသည်။ တီတစ်ကောင်ကဲ့သို့ ခွေနေမှသာ သူ အနွေးဓာတ်အနည်းငယ် ရလေသည်။

ကျန်းရီ စိတ်ပြန်တည်ငြိမ်လာရန် အချိန်လို၏။ သူသည် ကျားနိုင်တောင်တွင် မနေနိုင်သဖြင့် နေရာတစ်ခုရှာကာ တည်ငြိမ်လာအောင် လုပ်ရပေမည်။ ယခုတွင် သူသည် ချောင်တစ်ခုတွင် ခွေ၍ မိမိ၏အနာကို ယက်နေသော အထီးကျန်ဝံပုလွေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

လက်ရှိတွင် စုလောရွှယ်နှင့် တွေ့လျှင်လည်း မည်သည့်အကျိုးမှ ရှိမည် မဟုတ်ကြောင်း ပဉ္စမအကြီးအကဲက ပြောခဲ့သည်။ သို့ဖြစ်ရာ သူမနှင့် မတွေ့ခဲ့လျှင်ပင် ပိုကောင်းလိမ့်မည်ဟု သူ တွေးမိနေသည်။ သူမနှင့် မတွေ့ခဲ့လျှင် သူ့ရင်ထဲ၌ ဖမ်းဆုပ်ထားနိုင်မည့် အတွေးအချို့ ကျန်နေပေလိမ့်ဦးမည်။ ယခုတွင်မူ သူ သူမနှင့် တွေ့လိုက်ပြီဖြစ်၍ ရင်ထဲတွင် နာကျင်နေရပေသည်။ ထိုနာကျင်မှုက တောင့်ခံရန် အလွန်ခက်ခဲလေသည်။

ဟူး...ဟူး...

ကျန်းရီသည် ကျွင်းထဲ၌ နှစ်နာရီကြာ ခွေနေခဲ့ပြီးမှ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပလက်လှန်လိုက်ကာ ခါးသက်သက် ပြုံးလိုက်သည်။ သူက စိတ်ဓာတ်ခိုင်မာသူဖြစ်၍ နှစ်နာရီအတွင်းမှာပင် ပြန်တည်ငြိမ်လာပေပြီ။ အကယ်၍ သူ့နေရာတွင် အခြားတစ်ယောက်ဖြစ်ပါက ရူးသွားနိုင်လောက်ပေသည်။

“အနည်းဆုံးတော့... စုလောရွှယ်က ကောင်းကောင်းနေနေရတာပဲလေ။ အဲ့ဒါဆို ငါ့အတွက် လုံလောက်ပါပြီ”

ကျန်းရီ သူ့ဘာသာ ရေရွတ်လိုက်၏။ သူ၏ ခါးသက်သက်အပြုံးက ဝင်းပလာသည်။ စုလောရွှယ် အဆင်ပြေနေသ၍ အခြားကိစ္စများက အရေးမကြီးပေ။ သူမက မှတ်ဉာဏ်များ ချိပ်ပိတ်ခံထားရသော်လည်း သူမ မှတ်ဉာဏ်ပြန်ရအောင် သူ ကူညီပေးနိုင်ပေသည်။ သူမက ဝိညာဉ်သန့်စင်ရေကန်ကြောင့် ထွက်မသွားနိုင်လျှင်လည်း သူ ကောင်းကင်လျှို့ဝှက်ဂိုဏ်းအတွက် တာဝန်နှစ်ခု ထမ်းဆောင်ပေးကာ သူမ၏ စွဲလမ်းမှုကို ဖျောက်ပေးနိုင်သည်။ မျှော်လင့်ချက် ရှိနေသေးသ၍ သူ လက်လျှော့မည် မဟုတ်ပေ။ မည်မျှ ပင်ပန်းပါစေ၊ မည်မျှ ခက်ခဲပါစေ သူ တောင့်ခံထားမည်သာ။ စုလောရွှယ်က သူ့ထက်ပင် ပိုခက်ခဲပင်ပန်းခဲ့ရကြောင်း သူ သိပေသည်။

“စိတ်ငြိမ်ငြိမ်ထား... စိတ်ငြိမ်ငြိမ်ထား”

ကျန်းရီသည် မျက်နှာကို လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီး စိတ်တည်ငြိမ်သွားအောင် သူ့ကိုယ်သူ ဖိအားပေးလိုက်လေသည်။ သူ ကျားနိုင်တောင်မှ ထွက်လာခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ အကယ်၍ သူသာ စုလောရွှယ်ကို ခေါ်ပြေးရန်၊ သူမ မှတ်ဉာဏ်များ ပြန်ရအောင် ကူညီရန်သာ တွေးတောနေခဲ့လျှင် သူမအတွက် အန္တရာယ်ရှိမည်ဖြစ်သည်။

‘ကျန်းရီ... ဒီနေ့ကစပြီး မင်း တာဝန်နှစ်ခုကို ထမ်းဆောင်ပြီးတဲ့အချိန်အထိ စုလောရွှယ်အကြောင်းကို မေ့ထားရမယ်’

ကျန်းရီသည် စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်၏။ သူ စုလောရွှယ်ကို အတင်းခေါ်သွားနိုင်လျှင်လည်း အကျိုးရှိမည် မဟုတ်ပေ။ သူမက တစ်နှစ်ကြာလျှင် သေရမည်ဖြစ်သည်။ တစ်ခုတည်းသော အဖြေမှာ လူပုမျိုးနွယ်ကို ရှင်းပစ်ရန် တာဝန်နှင့် ဆန်းကြယ်နတ်ဘုရားနန်းတော် အတွင်းသို့ ဝင်၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ အထွတ်အမြတ်ရတနာကို ပြန်ယူရန်တာဝန်တို့ကို အောင်မြင်အောင် ထမ်းဆောင်ရန်ပင်။

‘ဆက်နှောင့်နှေးနေလို့ မရဘူး’

ကျန်းရီ လျင်မြန်စွာ စိတ်ဆုံးဖြတ်လိုက်၏။ သူ ဆက်စောင့်နေလေလေ၊ အခြေအနေက သူ့အတွက် ခက်ခဲလာလေလေ ဖြစ်ပေလိမ့်မည်။ ဤတစ်ခေါက် ကျားနိုင်တောင်သို့ ခရီးက အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ သူ ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ မျိုးနွယ်နှစ်ခုအကြားတွင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာအောင် လုပ်ရပေမည်။

‘ငါ ချိုးပိုင်ကို သတ်နိုင်မယ့် အခွင့်အရေးတစ်ခု ရှာရမယ်’

မျိုးနွယ်ခေါင်းဆောင်ငယ်တစ်ယောက်သာ သေဆုံးခြင်းဆိုလျှင် ကျားနိုင်ဂိုဏ်းက လူပုမျိုးနွယ်ကို ဖိနှိပ်ထားနိုင်သည်။ သို့သော် မျိုးနွယ်ခေါင်းဆောင်ငယ် နောက်တစ်ယောက် ထပ်သေသွားလျှင်မူ လူပုမျိုးနွယ်က သည်းခံတော့မည် မဟုတ်ပေ။ အကယ်၍ လူပုမျိုးနွယ်သာ ဆက်သည်းခံနေလျှင် အခြားမျိုးနွယ်များကလည်း လူပုမျိုးနွယ်ဝင်များကို စိတ်ကြိုက်သတ်ဖြတ်လာမည်ဖြစ်၍ သူတို့ နှင်းဒေသတွင် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။

ကျန်းရီသည် ကျွင်းထဲ၌ တစ်ရက်နှင့်တစ်ည နေခဲ့၏။ ဒုတိယမြောက်နေ့ အရုဏ်တက်လာသောအခါ သူ အကြံတစ်ခု ရသွားလေသည်။ သို့သော် သူသည် ချက်ချင်း ထွက်မသွားဘဲ ကျွင်းထဲတွင်သာ ဆက်နေလိုက်သည်။ ယနေ့က ကျားနိုင်ဂိုဏ်းချုပ်၏ မွေးနေ့ပွဲကျင်းပမည့်နေ့ ဖြစ်သည်။ အကယ်၍ ကျန်းရီသာ ယနေ့တွင် ကျားနိုင်တောင်သို့ သွားလိုက်ပါက သေချာပေါက် ချောင်ဖေးဝမ်နှင့် တွေ့ပေလိမ့်မည်။ ချောင်ဖေးဝမ်က နှင်းဒေသတစ်ခွင်လုံးတွင် နံပါတ်(၂)ဖြစ်သည်။ အကယ်၍ ချောင်ဖေးဝမ်သာ သူ၏ရုပ်ဖျက်ထားမှုကို ဖောက်မြင်သွားပါက ပြဿနာတက်ပေလိမ့်မည်။

ဝုန်း...

ညရောက်သောအခါ ကျန်းရီ ကျွင်းထဲမှ ပျံတက်လိုက်ပြီး ကျားနိုင်တောင်သို့ ဦးတည်သွားလိုက်လေသည်။

ကျန်းရီသည် ကျားနိုင်တောင်နှင့် မိုင်ထောင်ဂဏန်းအနည်းငယ်သာ ဝေးပေသည်။ သူသည် အမှောင်ထဲတွင် အလွန်လျင်မြန်စွာ မသွားဝံ့ပေ။ သူ၏တွက်ချက်မှုအရ သူ ကျားနိုင်တောင်သို့ ရောက်သွားချိန်တွင် မွေးနေ့ပွဲက ပြီးနေလောက်ပြီဖြစ်သည်။ သို့ဆိုလျှင် သူ ချောင်ဖေးဝမ်နှင့်လည်း တွေ့တော့မည် မဟုတ်ပေ။

ကျန်းရီ၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်နေ၏။ နှင်းဒေသတွင် ညအချိန်၌ နှင်းမကျခြင်းမျိုး ဖြစ်ခဲပေသည်။ သို့သော် ကောင်းကင်က မည်းမှောင်နေပြီး လေထုထဲတွင် ဖိအားတစ်ခု ရှိနေပုံ‌ပေါ်နေသည်။ ဝိညာဉ်လေများကလည်း ပိုသိပ်သည်းနေသည်။ ကံမကောင်းလျှင် ထိုဝိညာဉ်လေများကြောင့် သေသွားနိုင်ပေသည်။ သို့သော် ကျန်းရီသည် ယင်းကို စိတ်ပူရန် မလိုပေ။ သူ့အတွက် ဝိညာဉ်လေများဆိုသည်မှာ မကုန်နိုင်သော စွမ်းအင်အရင်းအမြစ်တစ်ခုပင်။

သန်းခေါင်အချိန်တွင် ကျန်းရီ ကျားနိုင်တောင်သို့ ရောက်သွားသည်။ ကျားနိုင်ဂိုဏ်းမှ တပည့်များက ထိုအကြောင်းကို သတင်းပို့လိုက်သောအခါ မိုချီနှင့် ကျားနိုင်ဂိုဏ်းမှ တပ်မှူးတစ်ယောက်က သူ့ကို ကိုယ်တိုင် လာကြိုလေသည်။

“မိုရှင်း... မင်း ဘယ်ရောက်နေတာလဲ။ တော်ဝင်သခင်မလေးက အရမ်းစိတ်ပူနေတာ”

မိုချီသည် ကျန်းရီက မည်သည့်ဒဏ်ရာမှ ရမထားကြောင်း တွေ့လိုက်မှ စိတ်အေးသွားသည်။ သို့သော် ကျားနိုင်ဂိုဏ်းမှ တပ်မှူးက ကျန်းရီအား မိစ္ဆာတစ်‌ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။ ယမန်နေ့တွင် ကျန်းရီ၏ အပြုအမူက အလွန်ထူးဆန်းခဲ့သည်။ လူများစွာက သူ ရူးသွားပြီဟုပင် ထင်ခဲ့သည်။

“ကျွန်တော် အဆင်ပြေပါတယ်။ အနီးနားမှာပဲ လျှောက်ပတ်သွားနေတာပါ။ အကြီးအကဲနဲ့ တော်ဝင်သခင်မလေးတို့ ကျွန်တော့်အတွက် စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်”

မိုရှင်းက လက်ဆုပ်ကာ အေးစက်စက် ပြောလိုက်သည်။

“တော်သေးတာပေါ့... တော်သေးတာပေါ့”

မိုချီက စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။ ကျန်းရီက ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အနာဂတ်ပင်။ သူက မိုရှန်းအတွင်းလည်း အလွန်အရေးကြီးသည်။ ယခုတွင် သူ အကောင်းပကတိ ပြန်လာနိုင်ခဲ့ပြီဖြစ်၍ မိုချီ စိတ်ပေါ့သွားပေပြီ။ ထို့နောက် သူသည် ကျန်းရီကို တောင်ထိတ်သို့ ခေါ်သွားလိုက်လေသည်။ သူက ပျံသန်းနေရင်း အသံပို့လွှတ်လိုက်သည်။

“ရဲတိုက်ကို မြန်မြန်သွားလိုက်။ တော်ဝင်သခင်မလေးက မင်း ပြန်လာမှာကို စောင့်နေတာ။ သူက မွေးနေ့ပွဲတောင် မတက်ခဲ့ဘူး”

“အာ...”

ကျန်းရီ အတန်ငယ် မှင်တက်သွားသည်။ တောင်ထိပ်သို့ ရောက်သောအခါ သူသည် ရဲတိုက်အတွင်းသို့ ဝင်သွားလိုက်၏။ သူ ရဲတိုက်ဂိတ်တံခါးမှ ဝင်သွားသည်နှင့် သူ့ထံသို့ မွှေးရနံ့တစ်ခု ရောက်လာလေသည်။ မိုယောင်အာက ကျန်းရီ၏လက်ကိုဆွဲကာ ပြောလိုက်လေသည်။

“မိုရှင်း... နောက်ဆုံးတော့ ရှင် ပြန်လာပြီပေါ့။ ရှင် ဘာဖြစ်သွားတာလဲ”

“ဘာမှ မဟုတ်ပါဘူး။ ယောက်ျားတွေရဲ့ကိစ္စကို မိန်းမတွေက ဝင်မရှုပ်သင့်ဘူး”

ကျန်းရီက မိုယောင်အာကို စိုက်ကြည့်ကာပြောလိုက်ပြီး ရဲတိုက်အတွင်းသို့ ဝင်သွားလိုက်လေသည်။ သူသည် အကြီးအကဲအချို့၏ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုလိုက်သည်။ ကျန်းရီ စိုက်ကြည့်လိုက်သောအခါ မိုယောင်အာ စိတ်တည်ငြိမ်သွားသည်။ ကျန်းရီက ယခင်ကကဲ့သို့ပင်ဖြစ်၍ စိုးရိမ်နေရန် မလိုပေ။

“ရှင်တို့က ဘာကြည့်နေတာလဲ။ အကုန်လုံး ထွက်သွားကြ”

မိုယောင်အာက စုဝေးနေသော အကြီးအကဲများကို အေးစက်စက်ကြည့်လိုက်ပြီး ကျန်းရီ၏ အခန်းဆီသို့ လျှောက်သွားလိုက်လေသည်။ သူမသည် ကျန်းရီက ကုတင်ပေါ်တွင် တိတ်တဆိတ်ထိုင်နေသည်ကို တွေ့လိုက်သောအခါ အခန်း၏ အကာအရံကို နှိုးလိုက်သည်။ ထို့နောက် သူမ ရှက်ရွံ့စွာဖြင့် ခေါ်လိုက်သည်။

“သခင်...”

“အင်း...”

ကျန်းရီက ခြေထောက်နှစ်ချောင်းကို ညွှန်ပြလိုက်၏။ မိုယောင်အာက ချက်ချင်း ကုတင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ကျန်းရီ၏ ခြေထောက်များကို နှိပ်ပေးလိုက်သည်။ ခေတ္တကြာပြီးနောက် သူမ ကျန်းရီကို ခိုးကြည့်ကာ သတိထား၍ မေးလိုက်သည်။

“သခင်... သခင်က အပျိုစင်ရွှယ်ကို သိတာလား”

“ဟင့်အင်း မသိဘူး”

ကျန်းရီက အေးစက်စက် ပြောလိုက်သည်။

“သူက ငါသိတဲ့ မိတ်ဆွေတစ်ယောက်နဲ့ အရမ်း ရုပ်ချင်းဆင်နေတာ။ အဲ့ဒါကြောင့် ငါ လူမှားသွားတာ”

“မိတ်ဆွေတစ်ယောက်လား”

မိုယောင်အာ အတန်ငယ် မနာလိုဖြစ်သွား၏။ ထို့ကြောင့် သူမ မေးလိုက်သည်။

“အခု သူက ဘယ်မှာလဲ၊ ဘယ်မျိုးနွယ်မှာလဲ”

“သူက သေသွားပြီ...”

ကျန်းရီက မျက်လုံးများ မှိတ်ကာ သက်ပြင်းချလိုက်သည်။

“ငါတို့က အတူတူ ကြီးပြင်းခဲ့ကြတာ။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက သူက သူရဲ့အဖေနဲ့ ခရီးတစ်ခု သွားခဲ့တယ်။ အဲ့မှာ လူပုမျိုးနွယ်ဝင်တွေရဲ့ သတ်တာကို ခံခဲ့ရတာ။ ငါ အပျိုစင်ရွှယ်ကို စစတွေ့တုန်းက သူလို့ ထင်သွားခဲ့တာ။ အဲ့ဒါကြောင့် ငါ ရူးနေသလို ဖြစ်သွားခဲ့တာပဲ”

“အို့... အဲ့လိုကိုး...”

နောက်ဆုံးတွင် မိုယောင်အာ နားလည်ခဲ့ပေပြီ။ သူမရင်ထဲမှ သံသယများနှင့် အကြောက်တရားများလည်း ပျောက်ကွယ်သွားသည်။ သူမ ကျန်းရီကို သိမ်မွေ့စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မိုရှင်း... ဝမ်းမနည်းပါနဲ့။ သေသွားပြီးတဲ့သူက ပြန်ရှင်လာနိုင်မှာမှ မဟုတ်တာ။ ရှင်လည်း လူပုမျိုးနွယ်ဝင်တွေ အများကြီးကို ပြန်သတ်ပြီးပြီပဲ။ ရှင် သူ့အတွက် လက်စားချေပြီးပါပြီ”

“မလုံလောက်သေးဘူး”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် လက်စားချေလိုသော အရိပ်အယောင်များ ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်သည်။

“သူ အသတ်ခံခဲ့ရတုန်းက ငါလည်း အဲ့အနားမှာ ရှိနေခဲ့တယ်။ သူ အသတ်ခံရတာကို ငါ့မျက်စိနဲ့ ကိုယ်တိုင် ကြည့်ခဲ့ရတာ။ သူ့ကို သတ်သွားတဲ့သူက ဘယ်သူလဲဆိုတာကို ငါ သိပြီးပြီ။ အဲ့လူပုက အခု ကျားနိုင်တောင်ပေါ်မှာ ရှိနေတယ်။ သူက ချိုးပိုင်ရဲ့ လက်အောက်က တပ်မှူးတစ်ယောက်ပဲ”

“အာ...”

မိုယောင်အာသည် ကျန်းရီ၏ မျက်ဝန်းများအတွင်းမှ သတ်ဖြတ်လိုသည့် အရိပ်ယောင်များကို မြင်လိုက်ရသောအခါ ကြောက်ရွံ့သွား၏။ သူမ သူ့ကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

“မိုရှင်း... မဆင်မခြင် မလုပ်ပါနဲ့။ ဒါက ကျားနိုင်တောင်။ ပြီးတော့ အဖေက ကျွန်မတို့ကို လူပုမျိုးနွယ်နဲ့ မတိုက်ခိုက်ဖို့ မှာထားတယ်။ အမိန့်ကို လွန်ဆန်ရင် ဂိုဏ်းစည်းမျဉ်းတွေအရ အပြစ်ပေးခံရလိမ့်မယ်”

“မပူပါနဲ့...”

ကျန်းရီ အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“ငါ ကျားနိုင်တောင်ပေါ်မှာ မတိုက်ခိုက်ပါဘူး။ ငါ့ဘက်ကလည်း စတိုက်မှာ မဟုတ်ပါဘူး။ လူပုမျိုးနွယ်ဝင်တွေဘက်က စတိုက်ခိုက်လာအောင် ငါ ဖိအားပေးမယ်... သူတို့ တိုက်ခိုက်လာမှ ငါ သူတို့အကုန်လုံးကို သတ်ပစ်မယ်။ ယောင်အာ... ဒီကိစ္စထဲမှာ ဝင်မပါပါနဲ့။ ငါ မိုရှင်းက ကိုယ်လုပ်တာကို ကိုယ်တာဝန်ခံမယ်။ ဒီကိစ္စပြီးသွားရင် ငါ ဂိုဏ်းချုပ်ဆီမှာ အပြစ်သွားခံယူမှာပါ”

“ဘယ်လိုလုပ် ကျွန်မ ရှင့်ကို ခွင့်ပြုနိုင်မှာလဲ”

မိုယောင်အာသည် နှိပ်နေခြင်းကို ချက်ချင်း ရပ်လိုက်ပြီး မတ်မတ်ထိုင်ကာ ပြောလိုက်သည်။

“မိုရှင်း... ရှင်က အဲ့လိုလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီဆိုတော့ ချိုးပိုင်နဲ့ သူ့လူတွေကို ဖမ်းကြတာပေါ့။ ကျွန်မတို့သာ ခြေရာလက်ရာမကျန်အောင် လုပ်နိုင်ရင် လူပုမျိုးနွယ်က ကျွန်မတို့ကို အပြစ်တင်နိုင်ဖို့ ဘာသက်သေမှ ရှိမှာမဟုတ်ဘူး။ ဒီအကြံက ကျွန်မရဲ့ အကြံလို့ပဲ ရှင်မှတ်ထားရမယ်။ အဖေက ကျွန်မကို အပြစ်ပေးမယ်ဆိုရင်လည်း အလွန်ဆုံးမှ လနည်းနည်းလောက် အခန်းထဲမှာ ပိတ်ထားတာမျိုးပဲ လုပ်မှာပါ...”

***

All Chapters