← Chapters

ဝိညာဉ်မျိုးနွယ်

Vol. 73 Ch. 1010

ဝိညာဉ်မျိုးနွယ်

Vol. 73 Ch. 1010

ကျန်းရီသည် မိုယောင်အာထံမှ ထိုစကားကို ကြားလိုခဲ့ခြင်းဖြစ်သည်။ မိုယောင်အာက မိုရှန်း၏ တစ်ဦးတည်းသောသမီးဖြစ်သဖြင့် အတော်လေး ဆိုးပေသည်။ အကယ်၍ သူမက ချိုးပိုင်ကို သတ်လိုခဲ့ကြောင်း မိုရှန်း သိသွားလျှင်ပင် အလွန်ဆုံးမှ သူမကို ဆူပူရုံသာ ဆူပူပေလိမ့်မည်။

သို့သော် အပြစ်ရှိသူမှာ ကျန်းရီ ဖြစ်လျှင်မူ အပြစ်ဒဏ်က သေချာပေါက် ကွဲပြားမည်ဖြစ်သည်။ ထို့ပြင် မိုရှန်းက အပြစ်ဒဏ်ကြီးကြီးမားမား မပေးလိုလျှင်ပင် လူပုမျိုးနွယ်စစ်တပ်များ ကောင်းကင်နတ်ဆိုးတောင်သို့ ရောက်လာကာ ကျန်းရီကို လွှဲပေးရန် တောင်းဆိုပါက သူ သေချာပေါက် ကွပ်မျက်ခံရပေလိမ့်မည်။

“မိုရှင်း... ရှင်က ကျားနိုင်တောင်ပေါ်မှာလည်း မတိုက်ခိုက်သလို၊ စပြီးလည်း မတိုက်ခိုက်ဘူးလို့ ပြောခဲ့တယ်မလား။ သူတို့ဘက်က စတိုက်ခိုက်အောင် လုပ်တာက အကြံကောင်းတစ်ခုပဲ။ အဲ့အချက်ကို သက်သေလိုက်နိုင်ဖို့ တခြားမျိုးနွယ်အချို့လည်း ရှိနေရင် အကောင်းဆုံးပဲ။ အဲ့ဒါဆိုရင် ကျွန်မတို့ ချိုးပိုင်နဲ့ သူ့လူတွေကို ပေါ်ပေါ်ထင်ထင် သတ်လိုက်ရင်တောင် အဖေက ကျွန်မတို့ကို အပြစ်ကြီးကြီးမားမား ပေးမှာ မဟုတ်ဘူး”

မိုယောင်အာက စိတ်လှုပ်တရှားဖြင့် အခန်းထဲတွင် လှည့်ပတ်လျှောက်နေလေသည်။ သူမသည် တိုက်ခိုက်၊ သတ်ဖြတ်ခြင်းတွင် အထုံပါသူတစ်ယောက်ဖြစ်သည်။ ပြီးခဲ့သည့် တစ်ခေါက်တွင် သူမသည် ချိုးမင်၏ ဖမ်းဆီးမှုနှင့် အဓမ္မကျင့်မှုကို ခံရလုနီးပါးဖြစ်ခဲ့သည်။ ချိုးမင်က အသတ်ခံလိုက်ရသော်လည်း သူမသည် ထိုကိစ္စအတွက် မကျေနပ်နိုင်သေးပေ။

ကျန်းရီ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ အနည်းဆုံးတော့ ထိုမိုယောင်အာက မတုံးပေ။ သူတို့နှစ်ယောက်သည် အရုဏ်တက်သည်အထိ ဆက်၍ ဆွေးနွေးနေလိုက်ကြသည်။ အရုဏ်တက်မှ မိုယောင်အာ စိတ်လှုပ်တရှားဖြင့် ပြန်သွားလေသည်။ သူမတို့သည် မနက်ဖြန်တွင် အစီအစဉ်စရန် သဘောတူပြီးပေပြီ။

ကျန်းရီသည် ခေတ္တမျှ အနားယူလိုက်ပြီးမှ အိပ်ရာထဲက ထွက်ခဲ့သည်။ မွေးနေ့ပွဲက ပြီးဆုံးသွားပြီဖြစ်၍ အားလုံး သူတို့၏ ဂိုဏ်းများ၊ မျိုးနွယ်များသို့ စတင် ပြန်နေကြပြီဖြစ်သည်။ ကျန်းရီသည် မနက်စာ စားရန် ထွက်သွားသော်လည်း လူအချို့ကို သူ့ကို ထူးထူးဆန်းဆန်းကြည့်နေကြကြောင်း တွေ့လိုက်ရ၏။ ထိုအကြည့်များက မနေ့ညကကဲ့သို့ မိစ္ဆာတစ်ကောင်ကို ကြည့်နေသလို အကြည့်များ မဟုတ်တော့ပေ။ ထိုအကြည့်များတွင် နွေးထွေးမှုတစ်ခုနှင့် လေးစားမှုတစ်ခု ပါပေသည်။

“အာ...”

ကျန်းရီ ချက်ချင်း သဘောပေါက်သွားသည်။ မနေ့ညတွင် မိုယောင်အာသည် လူများစွာ၏ မျက်လုံးများအောက်တွင် သူ့အခန်းထဲသို့ ဝင်သွားခဲ့ပြီး အရုဏ်တက်မှ ပြန်ထွက်သွားခဲ့သည်။ အခန်းထဲမှ ထွက်သွားသော သူမ၏ပုံစံကလည်း စိတ်လှုပ်ရှားကာ ပျော်ရွှင်နေဟန် ပေါက်နေသည်။ မိုချီနှင့် အခြားသူများက နားလည်မှုလွဲကာ သူတို့နှစ်ယောက်က ချစ်တင်းနှောခဲ့ခြင်းဖြစ်မည်ဟု ယူဆနေကြခြင်းပင်။ ထို့ကြောင့် သူတို့က ကျန်းရီကို မိုရှန်း၏ သားမက်တစ်ယောက်အနေဖြင့် ကြည့်နေကြခြင်းဖြစ်လေသည်။

“တော်ဝင်သခင်မလေးက ဘယ်မှာလဲ”

ကျန်းရီသည် မိုယောင်အာကို မတွေ့သဖြင့် ပုံမှန်အတိုင်း မေးလိုက်၏။ မိုချီက ချက်ချင်း တလေးတစား ပြန်ဖြေလေသည်။

“ကျုပ်တို့လည်း မကြာခင် ပြန်တော့မှာမလို့ တော်ဝင်သခင်မလေးက သခင်မလေးရှစ်ရွှေကို သွားနှုတ်ဆက်ပါတယ်”

“အို့...”

ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ဆန်ပြုတ်အနည်းငယ်သောက်ကာ ထပ်မေးလိုက်သည်။

“အကုန်လုံး ဒီနေ့ ပြန်ကြမှာလား”

“ဟုတ်ပါတယ်...”

မိုချီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အကုန်လုံးက ဒီနေ့ပြန်ကြမှာ ဆိုပေမယ့် ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ တမန်တော်တွေကတော့ မနေ့ညကတည်းက ပြန်သွားကြပါပြီ”

“အန်...”

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ သို့သော် သူ လျင်မြန်စွာ ဣန္ဒြေဆည်လိုက်လေသည်။

‘သူတို့ ပြန်သွားတာလဲ ကောင်းပါတယ်။ ငါ့အတွက် တွေးစရာတစ်ခု နည်းသွားတာပေါ့’

လက်ရှိတွင် ကျန်းရီနှင့် စုလောရွှယ်တို့အတွက် တစ်ယောက်နှင့်တစ်ယောက် မတွေ့ဘဲနေခြင်းက အကောင်းဆုံးဖြစ်သည်။ ယင်းက သူတို့၏ နာကျင်မှုကို လျော့နည်းသွားစေနိုင်သည်။

စုလောရွှယ်က ကျန်းရီကို လုံးဝမေ့သွားပြီဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက် တွေ့လျှင်လည်း မည်သည့်အဓိပ္ပာယ်မှ ရှိမည်မဟုတ်ပေ။ သူမ အဆင်ပြေနေသ၍ သူတို့ တစ်ယောက်နှင့်တစ်ယောက် မတွေ့ရလျှင်လည်း ကိစ္စမရှိချေ။

တစ်နာရီကြာပြီးနောက် မိုယောင်အာ ပြန်ရောက်လာသည်။ သူမသည် ရဲတိုက်ထဲသို့ ဝင်လာလျှင်ဝင်လာချင်း အသံပို့လွှတ်လိုက်လေသည်။

“မိုရှင်း... ကျွန်မတို့ ချက်ချင်းသွားမယ်။ ချိုးပိုင်က ချောင်တွမ်ထျန်းကို သွားနှုတ်ဆက်နေပြီ။ သူတို့လည်း မကြာခင် သွားကြတော့မှာ”

“ကောင်းပြီ”

ကျန်းရီ ဝမ်းသာအားရ ထရပ်လိုက်သည်။ မိုချီတို့က သွားရန် ပြင်ဆင်ပြီးထားပြီးပေပြီ။ ထို့ကြောင့် သူတို့အားလုံးသည် ရဲတိုက်အပြင်သို့ ထွက်လိုက်ကြပြီး အပြင်သို့ ရောက်သောအခါ ဧည့်သည်များကို နှုတ်ဆက်နေသော ကျားနိုင်ဂိုဏ်းမှ အကြီးအကဲတစ်စုနှင့် ပြောဆိုနှုတ်ဆက်လိုက်ကြသည်။ ထိုအုပ်စုထဲတွင် ချောင်ရှစ်ရွှေလည်း ရှိနေသည်။ သို့သော် ချောင်တွမ်ထျန်း ရှိမနေသဖြင့် ကျန်းရီ အတန်ငယ် စိုးရိမ်သွားသည်။ သို့သော် သူက အခြားတစ်ယောက်ကို သွားနှုတ်ဆက်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

“သွားကြစို့...”

ကျန်းရီတို့အားလုံးသည် ဖေးလျန်သားရဲများကို စီးကာ တောင်အောက်သို့ ပျံဆင်းသွားလိုက်ကြသည်။ တစ်ခဏအတွင်းမှာပင် သူတို့သည် ကျားနိုင်တောင်အောက်သို့ ရောက်သွားပြီး အနောက်ဘက်သို့ ဆက်ပျံသန်းလိုက်ကြလေသည်။

“အားလုံးပဲ ရပ်ကြ... ရေခဲပင်လယ်ဘက်ကို ဦးတည်ပျံကြမယ်”

ကျားနိုင်တောင်နှင့် မိုင်တစ်ရာအကွာသို့ ရောက်သောအခါ မိုယောင်အာက ရုတ်တရက် ဖေးလျန်သားရဲ၏ ဇက်ကြိုးကိုဆွဲ၍ ရပ်လိုက်ပြီး အော်ပြောလိုက်သည်။

မိုချီတို့ မျက်နှာထား ပြောင်းသွားကြသည်။ ထို့နောက် မိုချီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“တော်ဝင်သခင်မလေး... ကျုပ်တို့ အဲ့လိုလုပ်လို့ မရပါဘူး။ ကျားနိုင်တောင်ကနေ ကောင်းကင်နတ်ဆိုးတောင်ကို ချက်ချင်းပြန်ခဲ့ဖို့ ဂိုဏ်းချုပ်က ကျုပ်တို့ကို အမိန့်ပေးလိုက်ပါတယ်။ ရေခဲပင်လယ်မှာ အခြေချနေထိုင်တဲ့ မျိုးနွယ်တွေမှာ သိုင်းပညာရှင်တွေ အများကြီးရှိပါတယ်။ ပြီးတော့ ချိုးပိုင်တို့ကလည်း လူပုတောင်ကို ပြန်ရောက်ဖို့ အဲ့နေရာကို ဖြတ်သွားရမှာပါ။ ကျုပ်တို့သာ သူတို့နဲ့တိုးရင် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်”

“ဟုတ်ပါတယ်”

မိုဖူက မိုချီ၏စကားကို ထောက်ခံလိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။

“တော်ဝင်သခင်မလေး... ပြီးခဲ့တဲ့တစ်ခေါက်က ကိစ္စက ဂိုဏ်းချုပ်ချောင် ဝင်ဖျန်ဖြေပေးလိုက်လို့ အဆင်ပြေသွားပြီဆိုပေမယ့် လူပုမျိုးနွယ်က သေချာပေါက် ကျုပ်တို့အပေါ် ရန်ငြိုးထားမှာပါပဲ။ တကယ်လို့ ကျုပ်တို့သာ ရေခဲပင်လယ်ကို သွားမယ်ဆိုရင် သေသွားနိုင်ပါတယ်”

“အပိုတွေ...”

မိုယောင်အာက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ကျွန်မတို့ဘက်မှာလည်း ပညာရှင်တွေ အများကြီး ပါလာတာပဲ။ ဘာလို့ ကျွန်မတို့က လူပုမျိုးနွယ်လေးကို ကြောက်နေရမှာလဲ။ ဒီအချိန်ဆို ရေခဲပင်လယ်က ရေခဲပန်းတွေ ပွင့်နေပြီ။ ကျွန်မက နှစ်တိုင်း အဲ့ပန်းတွေကို ကြည့်ဖို့ ရေခဲပင်လယ်ကို သွားနေကြပဲ။ အရင်တုန်းကလည်း ရှင်တို့ပဲ ကျွန်မနဲ့အတူ သွားခဲ့တာ မဟုတ်ဘူးလား။ အခုကျမှ ဘာကို ကြောက်နေကြတာလဲ။ လူပုမျိုးနွယ်ကလည်း သူတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ကို မစေလွှတ်လောက်ပါဘူး...”

“ဒါက...”

မိုယောင်အာ၏ စကားများက အကျိုးအကြောင်းညီသော်လည်း မိုချီနှင့် မိုဖူတို့ မစွန့်စားဝံ့ပေ။ သူတို့ ကျန်းရီကို ကြည့်လိုက်ကြသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် ကျန်းရီက ထိုနတ်ဆိုးမလေးကို စိတ်ပြောင်းသွားအောင် ဖျောင်းဖျနိုင်လောက်ပေသည်။

ကျန်းရီက စိတ်ထဲမှ ဝမ်းသာနေ၏။ မိုယောင်အာက သရုပ်ဆောင်ကောင်းပေသည်။ မိုယောင်အာ၏ လုပ်ရပ်က ယမန်နေ့က သူတို့ သဘောတူထားသည့် အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ခေတ္တမျှ တွေးတာကာ သူမကို ဟန်ဆောင် ဖျောင်းဖျလိုက်လေသည်။

“တော်ဝင်သခင်မလေး... အရင်ဆုံး ကောင်းကင်နတ်ဆိုးတောင်ကို ပြန်ကြတာပေါ့။ ကျွန်တော်တို့ နောက်တစ်ခေါက်မှ ရေခဲပင်လယ်ကို သွားလို့ရတာပဲ။ ချိုးပိုင်က အရင်တစ်ခေါက် ကျွန်တော်တို့ အရှက်ခွဲတာကို ခံခဲ့ရလို့ ကျွန်တော်တို့သာ အခု ရေခဲပင်လယ်ကို သွားလိုက်ရင် သူက သေချာပေါက် ကျွန်တော်တို့ကို လက်စားချေမှာပဲ”

“မိုရှင်း... ရှင် နားမလည်တာ အဲ့ဒါပဲ”

မိုယောင်က ရင်ကော့ကာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ချိုးပိုင်ရဲ့ အလစ်တိုက်တာကို ခံရမှာစိုးလို့ ကျွန်မက လမ်းကြောင်းပြောင်းပြီး ရေခဲပင်လယ်ကို သွားချင်နေတာပဲ။ တကယ်လို့ ချိုးပိုင်တို့ကသာ ကျွန်မတို့ကို အလစ်တိုက်ဖို့ ကြံထားတယ်ဆိုရင် ကျားနိုင်တောင်နဲ့ ကောင်းကင်နတ်ဆိုးတောင်ကြားက တစ်နေရာရာမှ လုပ်မှာပဲ။ ကျွန်မတို့က ရေခဲပင်လယ်ကို သွားလိမ့်မယ်လို့ သူတို့ ထင်ထားမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က ရေခဲပင်လယ်မှာ ခဏလောက်ပဲ နားကြမှာပါ။ ကျွန်မတို့က လမ်းကြောင်းပြောင်းခဲ့တယ်လို့ ဘယ်သူက သိမှာလဲ”

ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“တော်ဝင်သခင်မလေး ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ အကြီးအကဲတို့ရော ဘယ်လို ထင်ပါသလဲ”

မိုချီတို့ တွေဝေသွားသည်။ မိုယောင်၏ စကားများက မမှားပေ။ သို့သော် ရေခဲပင်လယ်ကို သွားခြင်းက စွန့်စားရာကျမည်ဟု သူတို့ တွေးမိနေဆဲပင်။ ဤတစ်ခေါက်တွင် ကျားနိုင်တောင်သို့ မျိုးနွယ်များစွာ လာခဲ့သည်။ ထိုမျိုးနွယ်အများစုသည် အပြန်ခရီးတွင် ရေခဲပင်လယ်ကို ဖြတ်ရမည်ဖြစ်သည်။ လူများလျှင် ပဋိပက္ခလည်း များနိုင်ပေသည်။ အကယ်၍ တစ်စုံတစ်ခု မှားသွားလျှင် သူတို့အားလုံး အကြိမ်တစ်ထောင် သေရပေလိမ့်မည်။

“ဟွန်း... ရှင်တို့ မလိုက်ချင်ဘူးဆိုရင်လည်း ကျွန်မဘာသာ တစ်ယောက်တည်း သွားမှာပဲ”

မိုယောင်အာက စောင့်ရသည်ကို စိတ်မရှည်ဖြစ်လာ၏။ သူမ၏လက်ထဲတွင် အနက်ရောင်ကြာပွတ် ထွက်ပေါ်လာလေသည်။ သူမသည် ကြာပွတ်ကို ယမ်း၍ ဖေးလျန်သားရဲကို အရှေ့သို့ ပျံသန်းသွားစေလိုက်သည်။ မိုချီတို့က တစ်စုံတစ်ခုပြောရန် ပါးစပ်ပြင်လိုက်သော်လည်း ကျန်းရီ၏ တားဆီးမှုကို ခံလိုက်ကြရသည်။

“သွားကြစို့... အကြီးအကဲတို့လည်း တော်ဝင်သခင်မလေးရဲ့ အကျင့်စရိုက်ကို သိတာပဲ။ ငြင်းနေလည်း ဘာမှထူးမှာ မဟုတ်ဘူး။ သူကျေနပ်‌အောင် သွားပေးပြီးမှ မြန်မြန် ပြန်ကြတာပေါ့”

“သွားကြစို့...”

မိုချီတို့သည် မည်သို့မှ မတတ်နိုင်တော့၍ မိုယောင်အာနောက်သို့ လိုက်သွားလိုက်ရလေသည်။ တော်သေးသည်မှာ ရေခဲပင်လယ်က သိပ်မဝေးခြင်းပင်။ သူတို့၏ လက်ရှိနေရာနှင့် ရေခဲပင်လယ်က မိုင်တစ်ထောင်သာ ဝေးပေသည်။ ထို့ကြောင့် အပြန်ခရီးက နှစ်ရက်၊ သုံးရက်လောက်သာ နှောင့်နှေးသွားမည်ဖြစ်သည်။ ထိုမျှလောက်က မပြောပလောက်ပေ။

“မိုရှင်း... ကျွန်မ သရုပ်ဆောင်တာ ကောင်းတယ်မလား”

မိုယောင်အာသည် နောက်လှည့်ကြည့်လိုက်ရာ မိုချီတို့ လိုက်လာသည်ကို တွေ့လိုက်၍ ကျန်းရီကို ပြုံးကြည့်၍ အသံပို့လွှတ်လိုက်၏။ ကျန်းရီက သူမကို လက်မထောင်ပြလိုက်သည်။ ထို့ကြောင့် သူမ အလွန်ပျော်သွား၏။ သူမသည် အပျော်ကို ဖုံးဖိမထားနိုင်ဘဲ ရွှင်ပြစွာ ပြုံးလိုက်လေသည်။

‘အလိုလိုက်ခံထားရလို့ ဆိုးနေတာနဲ့ ဒေါသကြီးတတ်တာကလွဲရင် တခြားနေရာတွေမှာ ဒီကောင်မလေးက မဆိုးပါဘူး။ နှမြောစရာပဲ...ဟူး...’

ကျန်းရီသည် မိုယောင်အာ၏ ရွှင်ပြသွားသော မျက်နှာထားကို မြင်လိုက်သောအခါ အထက်ပါအတိုင်း တွေးမိသွားလေသည်။ သူ ကျားနိုင်တောင်တွင် ရုတ်တရက် ထွက်သွားခဲ့စဉ်က မိုယောင်အာသည် ငိုကြွေးကာ သူ့အမည်ကိုခေါ်၍ သူ့အနောက်သို့ လိုက်ခဲ့သည်။ သူ မရှိသဖြင့် မိုယောင်အာသည် ဂိုဏ်းချုပ်ချောင်၏ မွေးနေ့ပွဲကိုပင် မတက်ခဲ့ပေ။ သူမ မစားနိုင်၊ မသောက်နိုင်လည်း ဖြစ်ခဲ့သည်။ ထို့ပြင် သူမ သူ့ကို ပြန်တွေ့လိုက်သည့်အခိုက်တွင် ဝမ်းသာသွားသောပုံစံကလည်း သူ၏ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေပေသည်။

ထိုကောင်မလေးက ကျန်းရီကို အမှန်ပင် နက်ရှိုင်းစွာ ချစ်ကျွမ်းဝင်နေလေသည်။ ကျန်းရီသည် လူပုမျိုးနွယ်ကို ဖျက်ဆီးပြီးနောက် သူ ထွက်သွားမည့် နေ့ရက်ကို တွေးကြည့်လိုက်၏။ ထိုရက်တွင် ဖြစ်သွားမည့် မိုယောင်အာ၏ နာကျင်နေသည့် မျက်နှာထားက သူ့ကို မသက်မသာ ခံစားလိုက်ရစေသည်။

ကျန်းရီသည် ရန်သူများကို ရင်ဆိုင်ရာတွင် သွေးအေးရက်စက်နိုင်၏။ သို့သော် မိန်းမပျိုလေးတစ်ယောက်၏ ခံစားချက်ကို အခွင့်အရေးယူနေသည်ဆိုသော အတွေးက သူ့ကို ဝါးမျိုနေပေသည်။ ကျန်းရီက သံယောဇဉ်ကြီးသူတစ်ယောက်ဖြစ်သည်။ သူသည် မိန်းမတစ်ယောက် နာကျင်ခံစားနေပုံ၊ ငိုကြွေးနေပုံကို မကြည့်ရက်ပေ။ သူက မိန်းမများအပေါ် အနူးညံ့ဆုံး၊ အနားလည်ဆုံးသူ ဖြစ်သည်။ ထိုအခိုက်တွင် သူသည် နောင်တွင် ဖြစ်လာမည့် မိုယောင်အာ၏ မျက်နှာထားကို တွေးမိကာ စိတ်မသက်မသာ ဖြစ်နေလေသည်။

‘နောက်ကိစ္စကို နောက်မှ တွေးတာပေါ့ကွာ’

ကျန်းရီသည် ခေါင်းခါလိုက်ပြီး သူ့အတွေးများကို ဖိနှိပ်ထားလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်စိတ်အာရုံကိုထုတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်လေသည်။ သူ၏ခန့်မှန်းချက်သာ မမှားလျှင် ယခုတွင် ချိုးပိုင်၏ လူများက သူတို့နောက်သို့ နောက်ယောင်ခံလိုက်လာနိုင်ပေသည်။ လူပုမျိုးနွယ်က ခက်ထန်မှု၊ တဏှာကြီးမှု၊ သတ်ဖြတ်လိုစိတ်နှင့် လက်စားချေလိုစိတ်ကြီးမှုတို့ကြောင့် ကျော်ကြားခြင်းပင်။ လူပုမျိုးနွယ်၏ အကျင့်စရိုက်များက နှင်းဒေသတွင် အတော်လေး ကျော်ကြားပေသည်။ မျိုးနွယ်ခေါင်းဆောင်ငယ် ချိုးပိုင်သည် ကျားနိုင်တောင်ခြေတွင် အရှက်ခွဲခံခဲ့ရသဖြင့် သေချာပေါက် အခဲကျေမည် မဟုတ်ပေ။ ကျန်းရီနှင့် မိုယောင်အာတို့ ရေခဲပင်လယ်ကို သွားလိုက်ခြင်းက ချိုးပိုင်အတွက် လက်စားချေရန် အခွင့်အရေးတစ်ခု ရသွားစေလေသည်။

ကျန်းရီ မျှော်လင့်ထားသကဲ့သို့ပင်။

တစ်ရက်ကြာ အာရုံခံပြီးနောက် ကျန်းရီသည် မူမမှန်မှုတစ်ခုကို အာရုံခံမိလိုက်၏။ သူတို့နောက်သို့ တစ်စုံတစ်ယောက် လိုက်လာပေသည်။ သို့သော် ထိုတစ်စုံတစ်ယောက်မှာ လူပုမျိုးနွယ်မှမဟုတ်ဘဲ ထူးခြားသော ဝိညာဉ်မျိုးနွယ်မှ ဖြစ်နေလေသည်။

***

All Chapters