ဝန်းရံခံရခြင်း
Vol. 73 Ch. 1011
ဝိညာဉ်မျိုးနွယ်က နှင်းဒေသတွင် ကျော်ကြားပေသည်။ သူတို့သည် လူများကို ခြေရာခံရာတွင် အတော်ဆုံးမျိုးနွယ်ဖြစ်သည်။ သူတို့က သူတို့၏အမည်အတိုင်း သေးငယ်သော ဝိညာဉ်လေးများနှင့် တူပေရာ သတိထားမခံရဘဲ သွားနိုင်၊ လာနိုင်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ပုတ်သင်ညိုများကဲ့သို့ပင်။ သူတို့သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် နေနိုင်ကြသည်။ တစ်စုံတစ်ယောက်က ကောင်းကင်စိတ်အာရုံဖြင့် သူတို့ကို အာရုံခံမည်ဆိုလျှင်ပင် မည်သည့် အသက်လက္ခဏာကိုမှ တွေ့ရမည် မဟုတ်ပေ။
မိုချီတို့သည်ပင် မည်သည်ကိုမှ အာရုံမခံမိကြချေ။ သို့သော် ကျန်းရီက ဖေးလျန်သားရဲပေါ်တွင် အိပ်၍လိုက်လာသကဲ့သို့ မျက်လုံးမှိတ်ကာ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ထားသဖြင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း အာရုံခံနေနိုင်ရာ သူတို့နောက်သို့ လိုက်လာသည့် ဝိညာဉ်မျိုးနွယ်ဝင် နှစ်ယောက်ကို အလွယ်တကူ ရှာတွေ့လိုက်လေသည်။
ဝိညာဉ်မျိုးနွယ်သည် အခြားလူများကို ခြေရာခံနိုင်သော်လည်း တိုက်ခိုက်ရေးသမားများ မဟုတ်ကြပေ။ သူတို့မျိုးနွယ်ထဲတွင် ပညာရှင်အနည်းငယ်သာ ရှိသည်။ လွန်ခဲ့သော နှစ်ရာကျော်က မျိုးနွယ်ကြီးတစ်ခုက သူတို့ကို တိုက်ခိုက်ခဲ့သဖြင့် မျိုးနွယ်ဝင်ထက်ဝက်လောက် သေဆုံးခဲ့သည်။ ထို့ကြောင့် ဝိညာဉ်မျိုးနွယ်သည် ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို သေချာပေါက် အပြစ်ပြုမိဝံ့မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူတို့နောက်ကွယ်တွင် ချိုးပိုင်ရှိနေကြောင်း ထင်ရှားနေပေသည်။
ကျန်းရီ မျက်လုံးများဖွင့်လိုက်ပြီး သမ်းဝေလိုက်ကာ သူတို့နောက်မှ ယင်ကောင်လေးနှစ်ကောင်ကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ မိုယောင်အာပြောခဲ့သလိုပင် သူ့တွင် ‘မိုင်တစ်ထောင် ရေခဲလွှမ်း’ ရှိပေသည်။ နတ်ဘုရားတစ်ပါးများ မပါလာသ၍ လာရောက်တိုက်ခိုက်သူအားလုံး သေဆုံးရပေလိမ့်မည်။ ထို့ကြောင့် သူ အတန်ငယ်ပင် စိုးရိမ်မနေပေ။ အမှန်တွင် သူသည် ချိုးပိုင်က စစ်ကူများခေါ်၍ လာရောက်တိုက်ခိုက်ရန်ပင် သူ မျှော်လင့်နေပေသည်။
မိုယောင်အာတစ်ယောက် အလွန်စိတ်လှုပ်ရှားနေသည်။ သူမ မကြာခဏ သက်ပြင်းချနေသည်။ နှင်းဒေသတွင် လှပသော ရှုခင်များ များစွာမရှိသည်မှာ နှမြောစရာပင်။ မြင်မြင်ရာနေရာတိုင်းတွင် နှင်းများသာ ရှိနေသည်။ ကျန်းရီက ထိုရှုခင်းများကို စိတ်ကုန်နေပြီဖြစ်သည်။ မိုယောင်အာကမူ ပျားရည်ဆမ်းခရီး ထွက်လာသလိုမျိုး မြူးနေသည်။ သူမဘေးတွင် ကျန်းရီရှိနေလျှင် သူမ ပျော်ရွှင်နေမည်သာ။
မကြာခင်မှာပင် ညအချိန်ရောက်လာသည်။ ကျန်းရီတို့အုပ်စုသည် ရေခဲပင်လယ်နှင့် သိပ်မဝေးတော့ပေ။ မိုချီသည် လုံခြုံရေးအတွက် တပ်မှူးရှစ်ယောက်ကို စေလွှတ်ကာ ချုံခိုတိုက်ခိုက်မည်သူ့များ၊ အလစ်တိုက်ခိုက်မည့်သူများ၏ ရန်မှ စောင့်ကြပ်စေလိုက်သည်။
ကျန်းရီကမူ အေးအေးလူလူဖြင့် ရွက်ဖျင်တဲဆင်လိုက်သည်။ ထိုစဉ် မိုယောင်အာ သူ့ထံ ရောက်လာသည်။ သူမသည် လက်စွပ်အတွင်းမှနေ၍ နှင်းဒေသ၏ ထူးခြားသော ဝိညာဉ်သစ်သီးအချို့ကို ထုတ်လိုက်ပြီး ကျန်းရီစားရန်အတွက် အခွံခွာပေးလိုက်သည်။
ကျန်းရီသည် စကားကြမ်းကြမ်း ပြောတတ်သော်လည်း တစ်ခါမှ ပြောသလို အမှန်တကယ် မလုပ်ဆောင်ခဲ့ပေ။ မိုယောင်အာ၏ပုံစံကို ကြည့်ရသည်မှာ ကျန်းရီက သူမ၏ အဝတ်များအားလုံးကို ချွတ်ပစ်လိုက်လျှင်ပင် သံဝါသအမှုကို မပြုသ၍ ခုခံမည့်ပုံမပေါ်ပေ။ သို့သော် ကျန်းရီ၏ ရင်ထဲတွင် အထုံးတစ်ခု ရှိနေပေသည်။ သူသည် သူမအပေါ် အခွင့်အရေးယူမည် မဟုတ်ပေ။ သူမကို အသုံးချနေရသည်ပင် သူ့ရင်ထဲ၌ ခံစားနေရပြီးဖြစ်သည်။
ညအချိန်က အန္တရာယ်ကင်းကင်း ကုန်ဆုံးသွား၏။
နေထွက်လာသောအခါ ကျန်းရီတို့အုပ်စုသည် ဆက်သွားလိုက်ကြသည်။ ရေခဲပင်လယ်သို့ရောက်ရန် နေ့ဝက်သာ လိုတော့သည်။ ရေခဲပင်လယ်၏ အလယ်တွင် ကျွန်းအသေးလေးတစ်ကျွန်း ရှိသည်။ နှစ်တိုင်း ဤရာသီသို့ရောက်လျှင် ထိုကျွန်းပေါ်၌ အရောင်စုံသော ပန်းလေးများ များစွာဖူးပွင့်ကြသည်။ ပန်းများဖူးပွင့်ခြင်းဆိုသော ကိစ္စက နှင်းဒေသတွင် ရှားပေသည်။ ထို့ကြောင့် မျိုးနွယ်ကြီးများမှ သခင်မလေးများသည် ထိုကျွန်းသို့သွားကာ ပန်းများ၏ အလှအပကို ခံစားကြလေသည်။
ကျန်းရီတို့သည် သတိကြီးကြီးဖြင့် သွားနေကြ၏။ သူတို့သည် ရေခဲပင်လယ်တွင် ရေခဲမှင်စာအနည်းငယ်နှင့် တွေ့ကြုံခဲ့ရသော်လည်း အကြီးအကဲများက ၎င်းတို့ကို အလွယ်တကူပင် ရှင်းပစ်နိုင်လိုက်သည်။ ကျန်းရီ လက်ချောင်းတစ်ချောင်းပင် ကြွရန် မလိုခဲ့ပေ။
ရေခဲပင်လယ်သို့ ရောက်သောအခါ ကျန်းရီတို့ တွေ့ကြုံရသော မျိုးနွယ်များ၏ အရေအတွက်က ပိုတိုးလာသည်။ ရေခဲပင်လယ်က ရေခဲသားရဲများနှင့် ရေခဲမှင်စာများ၏ ကျက်စားရာဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်တိုင်းမှ သူရဲကောင်းများသည် ရေခဲပင်လယ်သို့လာကာ ၎င်းတို့အား အမဲလိုက်ရသည်ကို သဘောကျကြသည်။ ရေခဲပင်လယ်၏ တည်နေရာက အလွန်ထူးခြားပေသည်။ ၎င်းက တော်ဝင်တောင်ဆယ်လုံး၏ အလယ်တွင် တည်ရှိခြင်းပင်။ ထို့ကြောင့် ထိုနေရာသို့ သွားရခြင်းက စိတ်လှုပ်ရှားဖွယ် ကောင်းလေသည်။
“တော်ဝင်သခင်မလေး... ကျွန်တော် တစ်ရေးလောက် အိပ်လိုက်ဦးမယ်။ ရေခဲကျွန်းကိုရောက်ရင် ကျွန်တော့်ကို နှိုးပါ။ ကျွန်တော် မနေ့ညက ကောင်းကောင်း မအိပ်ရဘူး”
ကျန်းရီသည် မိုယောင်အာကို ပြောလိုက်ပြီး ဖေးလျန်သားရဲပေါ်တွင် ခေါင်းစိုက်၍ အနားယူနေဟန် ဟန်ဆောင်လိုက်လေသည်။ မိုယောင်အာ ခေါင်းညိတ်ပြလိုက်သည်။ မိုချီတို့သည် ထိုမြင်ကွင်းကို မြင်သောအခါ ယောက်ျားများသာ နားလည်နိုင်သော အပြုံးကို ပြုံးလိုက်ကြလေသည်။ ကျန်းရီနှင့် မိုယောင်အာတို့က မစားသင့်သော အသီးကို စားခဲ့ကြပေပြီ။ ထို့ပြင် သူတို့သည် ညတိုင်း တဲတစ်လုံးထဲတွင် အတူနေကြသည်။ ထို့ကြောင့် ကျန်းရီ ပင်ပန်းနေခြင်းမှာ အံ့ဩစရာ မရှိပေ။
‘အဲ့ဝိညာဉ်မျိုးနွယ်ဝင်နှစ်ယောက်က ရှိနေတုန်းပဲ။ ဘယ်တော့မှ လူပုမျိုးနွယ် ထွက်လာမှာလဲ’
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ သူ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အာရုံခံလိုက်ရာ ပတ်ဝန်းကျင်တွင် သိုင်းပညာရှင်များစွာကို တွေ့လိုက်ရလေသည်။ သူတို့က ရေခဲသားရဲများနှင့် တိုက်ခိုက်နေကြသည်။ ကျန်းရီသည် သူ၏ အာရုံက မိုချီတို့ကို ထိမသွားစေရန် ဂရုတစိုက် ရှောင်စေလိုက်သည်။ မိုချီတို့ သူဘာလုပ်နေကြောင်း သိသွားမည်ကို သူမလိုချင်ပေ။ သူတို့ကို သူ အိပ်နေသည်ဟုသာ ဆက်ထင်နေစေလိုပေသည်။
“မိုရှင်း... ကျွန်မတို့ ရေခဲကျွန်းကို ရောက်ပြီ”
နှစ်နာရီကြာပြီးနောက် မိုယောင်အာ၏အသံလေး ထွက်ပေါ်လာ၏။ ကျန်းရီ လန့်နိုးလာပြီး ဘေးဘီကို အိပ်ချင်မူးတူးဖြင့် ကြည့်လိုက်သည်။ နှင်းဒေသတွင် နေရာအနှံ့ ဖွေးဖွေးဖြူနေသော်လည်း ယခု သူ့အရှေ့ရှိ ကျွန်းပေါ်တွင်မူ အလွန် အရောင်အသွေးစုံနေပြီး မွှေးရနံ့များလည်း ကြိုင်သင်းနေပေသည်။ ထို့ကြောင့် သူ မှင်တက်သွားလေသည်။
‘တကယ်ကို လှတာပဲ’
ကျန်းရီ စိတ်ထဲမှ ချီးကျူးလိုက်သည်။ မိုယောင်အာသည် ရယ်မောကာ သူမ၏ဖေးလျန်သားရဲကို ရေခဲကျွန်းဆီသို့ ပျံသန်းသွားစေလိုက်ပြီဖြစ်သည်။ ရေခဲကျွန်းက ကြီးသည်ဟုဆိုနိုင်ပြီး မိုင်နှင့်ချီ ကျယ်ဝန်းပေသည်။ ရေခဲပင်လယ်တစ်ခွင်လုံးက အေးခဲနေသဖြင့် ထိုကျွန်းသည် ရေခဲတောင်ကြီးတစ်တောင်နှင့် ပိုတူနေသည်။
“မိုရှင်း... ဒီကို မြန်မြန်လာကြည့်ပါ။ ဒီပန်းက သိပ်လှတာပဲ”
မိုယောင်အာသည် အပြစ်ကင်းစင်သော ကလေးငယ်လေးတစ်ယောက်ကဲ့သို့ ပြုံးရွှင်ကာ ကျန်းရီကို လှမ်းခေါ်လိုက်သည်။ ကျန်းရီသည် ရွေးချယ်စရာ မရှိတော့သဖြင့် မိုယောင်အာဆီသို့ သွားလိုက်ရပြီး သူမနှင့်အတူ ပန်းများကိုကြည့်ကာ သူမပြောသည်များကို နားထောင်ပေးလိုက်ရလေသည်။
မိုချီက တပ်မှူးအနည်းငယ်ကို အချက်ပြလိုက်သည်။ သူတို့သည် ချက်ချင်းပင် အရပ်မျက်နှာအနှံ့သို့ လူခွဲသွားလိုက်ကြသည်။ အချို့က ရေခဲပြင်အောက်သို့ပင် ဝင်သွားကြသည်။ သူတို့သည် အသင့်စောင့်ကြပ်ကာ အန္တရာယ်ကျရောက်လာသည်နှင့် ချက်ချင်း သတိပေးကြမည်ဖြစ်သည်။ မူမမှန်သော လှုပ်ရှားမှုတိုင်းကို သူတို့ လျင်မြန်စွာ တင်ပြကြမည်ဖြစ်သည်။
မိုယောင်အာနှင့် ကျန်းရီတို့က အလွန်နှေးကွေးစွာ လျှောက်နေကြ၏။ သူတို့သည် အစာလာဟပ်မည့် ငါးကို စောင့်နေသော တံငါသည်နှစ်ယောက်ကဲ့သို့ပင်။ ကျန်းရီ၏ ခန့်မှန်းချက်အရ ချိုးပိုင်သည် နှစ်နာရီအတွင်း သေချာပေါက် လူလုံးထွက်ပြပေလိမ့်မည်။ လူပုတစ်စုက သူတို့ကို သတ်ဖြတ်ရန်အကြံဖြင့် ဝန်းရံကြပေလိမ့်မည်။ ချိုးပိုင်ကိုယ်တိုင် မတိုက်ခိုက်လျှင်ပင် သူ မျက်နှာရမည်ဖြစ်သည်။
တစ်နာရီအတွင်းမှာပင် တပ်မှူးတစ်ယောက် ကျန်းရီတို့ထံသို့ ပျံသန်းလာကာ အော်ပြောလိုက်သည်။
“တောင်ဝင်သခင်မလေး၊ အကြီးအကဲတို့... ကိစ္စတစ်ခု ရှိလာပါပြီ။ တောင်ဘက်မှာ လူပုတစ်ယောင်က ရေခဲကျွန်းဆီ လာနေပါတယ်”
“တင်ပြပါတယ်...”
ထိုစဉ် မြောက်ဘက်မှ တပ်မှူးကလည်း လျင်မြန်စွာ ရောက်လာကာ အော်ပြောလိုက်သည်။
“ချိုးပိုင် ဒီကို ရောက်လာပါပြီ။ သူက ဆယ်မိုင်ပဲ ဝေးပါတော့တယ်”
“တင်ပြပါတယ်...”
“တင်ပြပါတယ်...”
အရှေ့ဘက်နှင့် အနောက်ဘက်မှ တပ်မှူးနှစ်ယောက်ကလည်း တစ်ချိန်တည်း တင်ပြလိုက်သည်။ လူပုများက အရပ်မျက်နှာအနှံ့မှ လာနေကြသည်။ ကျန်းရီတို့ ဝန်းရံခံလိုက်ရပေပြီ။ မိုချီတို့ ချက်ချင်း မျက်နှာပျက်သွားကြ၏။ မိုချီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အားလုံးပဲ ရေခဲလွှာအောက်မှာ ပုန်းနေကြပါ။ ဝန်းရံထားတာကို တိုက်ခိုက် ဖောက်ထွက်ဖို့ ပြင်ဆင်ထားကြပါ”
“အကြီးအကဲက ဘာတွေ တုန်လှုပ်နေတာလဲ”
မိုယောင်အာက ခနဲ့ဟန်ဖြင့် နှုတ်ခမ်းစူ၍ ပြောလိုက်သည်။ ကျန်းရီနှင့် သူမတို့ မျက်လုံးချင်းစုံသွားသည်။ ထို့နောက် သူမက စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်လေသည်။
“သူက သေချင်နေတာပဲ... ဟုတ်တယ်မလား။ ကျွန်မတို့ဘက်က စမတိုက်နဲ့။ ချိုးပိုင်ရဲ့လူတွေ အရင်စလှုပ်ရှားတာကို စောင့်နေ။ ပြီးရင် မိုရှင်းက မိုင်တစ်ထောင် ရေခဲလွှမ်းကို ထုတ်လွှတ်ပြီး သူတို့ကို သတ်ပစ်လိမ့်မယ်”
“အကြီးအကဲ မိုချီနဲ့ မိုဖူတို့က အပြင်မှာ နေခဲ့ပါ။ ကျန်တဲ့သူတွေက ရေခဲလွှာထဲမှာ ပုန်းနေလိုက်ပါ”
ကျန်းရီရှိနေလျှင် မိုယောင်အာ အနည်းငယ်ပင် စိတ်မပူချေ။ ထို့ကြောင့် သူမ ယုံကြည်မှုရှိရှိ အမိန့်ပေးလိုက်သည်။ အချစ်ရူးမလေး၏ ဉာဏ်ရည်မှာ သုညနားကပ်နေ၏။ သို့သော် ကျန်းရီ မည်သို့မှ မပြောလိုက်ပေ။ အကယ်၍ ငါးစာဖြစ်သော မိုယောင်အာသာ ရှိမနေလျှင် တိုက်ခိုက်မှုလည်း ဖြစ်လာမည် မဟုတ်ချေ။
ဝှစ်...ဝှစ်...
မကြာခင်မှာပင် အဝေးရှိ မိုးကုပ်စက်ဝိုင်းမှနေ၍ လူပုများစွာ ထွက်ပေါ်လာသည်။ သူတို့က ကျိုင်းကောင်အုပ်ကြီးကဲ့သို့ များပြားပေသည်။ သို့သော် ထိုလူပုများသည် ရေခဲကျွန်းသို့ မရောက်ခင်တွင် ရပ်တန့်လိုက်ကြပြီး ရေခဲကျွန်းကို ပြေးပေါ်မရှိအောင် ဝန်းရံထားလိုက်ကြလေသည်။ ချိုးပိုင်ကမူ လူငါးဆယ်ကိုခေါ်၍ ကျွန်းပေါ်သို့ တက်လသည်။
‘ကောင်းတယ်... အနားမှာ မျိုးနွယ်တွေအများကြီး ကြည့်နေကြတယ်’
ခပ်လှမ်းလှမ်းတွင် ထူးဆန်းသော မျိုးနွယ်များနှင့် စွမ်းအားကြီး သိုင်းသမားများစွာက ရေခဲကျွန်းတွင် ဖြစ်နေသော အခြေအနေကို အကဲခတ်နေကြကြောင်း ကျန်းရီ သိရှိလိုက်သည်။ ဤအခြေအနေကို ထိုလူများက သက်သေခံပေးနိုင်ပေလိမ့်မည်။ ကျန်းရီသည် ထပ်မံအာရုံခံလိုက်ပြီး ချိုးပိုင်က လူပုထောင်ဂဏန်းအနည်းငယ်လောက်သာ ခေါ်လာကြောင်း အတည်ပြုလိုက်သည်။ ချိုးပိုင်နှင့်အတူ ပါလာသော စွမ်းအားကြီး သိုင်းသမား အယောက်ငါးဆယ်ကို သူ သတ်ပစ်နိုင်လိမ့်မည်ဟု ကျန်းရီ ယုံကြည်မှုရှိပေသည်။
“ချိုးပိုင်... ဒါက ဘာအဓိပ္ပာယ်လဲ။ ရှင့်ရဲ့ တပ်သားတွေကို ခေါ်လာပြီး ကျွန်မတို့ကို ဝိုင်းထားတာ... ဘာလဲ ရှင်က တိုက်ခိုက်ချင်တာလား”
ချိုးပိုင်က သူ့လူများနှင့်အတူ အရှေ့သို့ ပျံသန်းလာသည်။ မိုယောင်အာက သူမ၏ ကြာပွတ်နက်ကို မြှောက်လိုက်ပြီး ကျန်းရီကလည်း အချိန်မရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားလိုက်သည်။
သို့သော် မမျှော်လင့်ထားစွာပင် ချိုးပိုင်က မိုယောင်အာတို့နှင့် သုံးမိုင်အကွာသို့ ရောက်သောအခါ ရပ်တန့်လိုက်လေသည်။ ထို့နောက် သူက အေးစက်စက်ရယ်ကာ ပြောလိုက်သည်။
“လာနောက်နေတာလား မိုယောင်အာ။ ဒီရေခဲကျွန်းက မင်းတစ်ယောက်တည်းပိုင်တဲ့ကျွန်းလား။ မင်းတို့ကျ ပန်းတွေ လာကြည့်လို့ရပြီး ငါတို့ကျ မရဘူးလား။ ငါ ဒီနေရာတစ်ခုလုံးကို ဦးလိုက်ပြီ။ မိုယောင်အာ... မင်းရဲ့လူတွေကို ခေါ်ပြီး ထွက်သွားလိုက်တော့။ မဟုတ်ရင်တော့ ငါ မင်းကို အဝတ်အစားတွေ ဆွဲချွတ်ပစ်ပြီး အဲ့အဝတ်တွေကို ရေခဲပင်လယ်ထဲက ရေခဲသားရဲတွေကို ကျွေးလိုက်မယ်”
‘ဒီချိုးပိုင်က ငတုံးမဟုတ်ဘူးပဲ။ သူက အရင်စမတိုက်ဘဲ မိုယောင်အာက အရင်စတိုက်အောင် ရန်စနေတာပဲ’
ကျန်းရီ တွေးလိုက်ပြီး လက်ဆန့်တန်းကာ ဒေါသထွက်နေသော မိုယောင်အာကို ထိန်းလိုက်သည်။ ထို့နောက် သူသည် အုပ်စုအရှေ့သို့ ခုန်ထွက်လိုက်ပြီး ချိုးပိုင်ကိုကြည့်ကာ ပြောလိုက်လေသည်။
“လူပုလေး... မင်းက ထပ်ပြီးအရိုက်ခံချင်တာလား။ မင်းလို မျောက်ထက်တောင်ပုတဲ့ အရပ်နဲ့ကောင်ဆို ငါရဲ့ လက်ဝါးချက်တစ်ချက်နဲ့တင် ပြားကပ်သွားလိမ့်မယ်။ ချက်ချင်း ထွက်သွားလိုက်၊ မဟုတ်ရင် ငါ မင်းတို့အကုန်လုံးကို မျောက်သေတွေ ဖြစ်သွားအောင် လုပ်ပစ်လိုက်မယ်။ မင်းတို့ ထွက်လာရဲပြီး ဒီလိုတွေ လုပ်ရဲလိမ့်မယ်လို့ကို ငါ မထင်ထားဘူး”
စကားစစ်ထိုးလိုပါသလော။
ကျန်းရီ မကြောက်ပေ။ သူသည် တိုက်ခိုက်ရမည်ကိုပင် မကြောက်သဖြင့် သူ၏စကားများကို မပြောခင် နှစ်ခါပြန်တွေးနေစရာ မလိုချေ။
***