ထောင်ချောက်တစ်ခုပဲ
Vol. 73 Ch. 1012
လူပုမျိုးနွယ်ဝင်များက အရပ်ပုကြသည်။ သူတို့ထဲမှ အရပ်အမြင့်ဆုံးသူသည်ပင် သုံးပေမကျော်ချေ။ ထို့ကြောင့် သူတို့သည် သူတို့၏အရပ်အတွက် အငုံ့စိတ်ရှိကြသည်။
လူပုများသည် အခြားမျိုးနွယ်များကို မော့၍သာ ကြည့်နိုင်ပြီး အခြားမျိုးနွယ်များက သူတို့ကို အမြဲငုံ့ကြည့်နေမည်ဖြစ်သည်။ အပြင်လူများက သူတို့၏ အရပ်အကြောင်းကို ပြောလျှင် သူတို့ အလွန်မုန်းတီးကြသည်။ သူတို့၏ ခက်ထန်၊ ရက်စက်၊ တဏှာကြီးပြီး သတ်ဖြတ်လိုစိတ်ကြီးသော အကျင့်စရိုက်မှာ သူတို့၏ အငုံ့စိတ်ကြောင့် ဖြစ်ပေသည်။
ယခုတွင် ကျန်းရီက လူပုများ၏ အရပ်ကို လူကြားထဲတွင် ထပ်ခါ ထပ်ခါ လှောင်ပြောင်လိုက်သဖြင့် ချိုးပိုင်နှင့် သူ့လူများ အလွန်ဒေါသထွက်သွားလေသည်။ ထို့ကြောင့် သူတို့ စတင်တိုက်ခိုက်မိမလိုပင် ဖြစ်သွားကြသည်။ သို့သော် ချိုးပိုင်တို့က သူတို့၏ ဒေါသကို ထိန်းချုပ်နိုင်လိုက်သဖြင့် ကျန်းရီ အံ့အားသင့်သွားရသည်။ ချိုးပိုင်က ဒေါသကို မျိုသိပ်ကာ ပြုံး၍ ပြောလိုက်သည်။
“မိုရှင်း... စကားများတဲ့သူတွေက စောစောသေရတတ်တယ်။ မင်းက မိုယောင်အာကို တွယ်ကပ်ပြီး တက်လမ်းရှာနေတဲ့ကောင်ပဲ။ ဒါပေမဲ့ ပါးစပ်ကို သုံးတဲ့နေရာမှတော့ တော်ပုံရတယ်။ မင်း ပါးစပ်က မိုယောင်အာကို ကောင်းအောင် လုပ်ပေးနိုင်လား။ အို့... မိုယောင်အာရဲ့ အရသာက ဘယ်လိုရှိလဲ။ သူ့ရဲ့ တင်ပါးနှစ်ဘက် လှုပ်သွားရင် သူ ကောင်းနေလို့ပဲ... ဟုတ်တယ်မလား”
ဝှစ်...ဝှစ်...ဝှစ်...
မိုချီ၊ မိုဖူနှင့် အခြားသူများ ချက်ချင်း မျက်နှာထားပြောင်းသွားကြသည်။ သူတို့ ဒေါသထွက်သွားပေပြီ။ ချိုးပိုင်က စည်းကျော်သွားပြီဖြစ်သည်။ လူကြားသူကြားထဲတွင် မိုယောင်အာကို မလေးမစား ပြောဆိုခြင်းက ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို အရှက်ခွဲခြင်းပင်။ မိုယောင်အာကလည်း ဒေါသကြောင့် တဆတ်ဆတ်တုန်နေသည်။ သူမ၏လက်ထဲမှ ကြာပွတ်ကလည်း လင်းလက်လာသည်။ သူမက တိုက်ခိုက်မိတော့ပေမည်။
“မတိုက်ခိုက်နဲ့ဦး၊ အမွေးရှည်ဆင်မျိုးနွယ်က မျိုးနွယ်ခေါင်းဆောင်ငယ်၊ ဝိညာဉ်မျိုးနွယ်နဲ့ တခြားမျိုးနွယ်တွေ အနားမှာ ရှိနေတယ်။ တကယ်လို့ ငါတို့သာ စတိုက်ခိုက်လိုက်ရင် ငါးစာကို ဟပ်မိတာ ငါတို့ ဖြစ်သွားလိမ့်မယ်”
ကျန်းရီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ လူပုမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်နှင့် မိုရှန်းတို့က ဂိုဏ်းချုပ်ချောင်ရှေ့တွင် သဘောတူညီချက် ယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မည်သည့်ဘက်ကမှ ထိုသဘောတူညီချက်ကို ချိုးဖောက်၍မရပေ။ ယခုတွင် မျက်မြင်သက်သေများစွာ ရှိနေသဖြင့် စတင် တိုက်ခိုက်သူက တစ်ပန်းရှုံးမည်ဖြစ်သည်။ အကယ်၍ သူတို့သာ ငါးစာကို ဟပ်မိပါက လူပုမျိုးနွယ်၊ အမွေးရှည်ဆင်မျိုးနွယ်နှင့် မီးနဂါးမျိုးနွယ်တို့က အင်အားပူးပေါင်း၍ ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို ရှင်းပစ်နိုင်ပေသည်။
ဝုန်း..
“မင်းက တော်ဝင်သခင်မလေးကို စော်ကားရဲတယ်ပေါ့လေ။ သွားသေလိုက်တော့...”
ကျန်းရီ၏စကား မဆုံးသေးခင်မှာပင် ချိုးပိုင်အနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာလေသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ တပ်မှူးတစ်ယောက်က ဒေါသထွက်လွန်းလှသဖြင့် ရေခဲလွှာထဲမှ ထွက်လာခြင်းပင်။ သူ၏ ထက်ရှသော လက်သည်းများက လူပုမျိုးနွယ်ဝင်တစ်ယောက်ဆီ ဦးတည်သွား၏။ ယင်းလူပုသည် ထိုအခိုက်တွင် သူ့ကိုယ်သူ မကာကွယ်နိုင်ပေ။ ထို့ကြောင့် သူ အပိုင်းပိုင်း ပြတ်ထွက်သွားလေသည်။ ထို့နောက် ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ တပ်မှူးက ရေခဲလွှာထဲသို့ ပြန်ငုပ်ရှိုးသွားသည်။
“အတင့်ရဲလိုက်တာ”
ချိုးပိုင်သည် မျက်နှာထား ပြောင်းသွားပြီး အော်ပြောလိုက်လေသည်။
“အားလုံးပဲ အဲ့ဒါကို မြင်လိုက်ပါသလား။ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဘက်က အရင်စတိုက်ခိုက်လိုက်တာနော်။ လူပုမျိုးနွယ်... ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တွေ အကုန်လုံးကို ဖမ်းကြ။ သူတို့ ဂိုဏ်းချုပ်ချောင်ကို ရှင်းပြချက် ပေးရမယ်”
“ဟုတ်တယ်... ငါလည်း မြင်လိုက်တယ်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်က မိုက်ရိုင်းစော်ကားပြီးတော့ လူပုတစ်ယောက်ကို သတ်လိုက်တာ”
ထိုအခိုက်တွင် အဝေးမှ ထွက်ပေါ်လာသော အသံတစ်သံနှင့် ခြေသံများကို ကြားလိုက်ရသည်။ ဧရာမလူကြီးများ ချဉ်းကပ်လာပေပြီ။ သူတို့ကို ဦးဆောင်လာသော ခရမ်းရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ဧရာမလူတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။
“မင်းတို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်က တရားလွန်လွန်းတယ်။ နှင်းဒေသတစ်ခုလုံးကို မင်းတို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်က ထိန်းချုပ်ထားတာမို့လို့လား။ မင်းတို့ စိတ်တိုင်းကျ သတ်လို့ရတယ်လို့ ဘယ်သူပြောလဲ။ ငါတို့ အမွေးရှည်ဆင်မျိုးနွယ်က အဲ့ဒါကို လက်ခံမှာ မဟုတ်ဘူး။ ချိုးပိုင်... သူတို့ကို ဖမ်းပါ။ ပြီးရင် ဒီကိစ္စအတွက် ငါတို့ ဂိုဏ်းချုပ်ချောင်ကို အတူသွားတွေ့ကြတာပေါ့”
ဝှစ်...ဝှစ်...
အရှေ့ဘက်မှနေ၍ အနီရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော သိုင်းပညာရှင်တစ်စုလည်း အနီးသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ မိုယောင်အာက သူတို့ကို ကြည့်ရင်း မျက်ဝန်းများ အေးစက်လာသည်။ ထို့နောက် သူမ အော်ပြောလိုက်သည်။
“မီးနဂါးမျိုးနွယ်ကလည်း ဒီကို ရောက်နေတာလား။ ဒါကထောင်ချောက်တစ်ခုပဲ”
“နားလည်ပါပြီ...”
ကျန်းရီ၏ မျက်နှာထားက လေးနက်သွားလေသည်။ အခြားမျိုးနွယ်များမှ လူများကလည်း ကြည့်ရှုနေကြသည်။ ထိုလူများကလည်း မျက်မြင်သက်သေများပင်။ ထိုကိစ္စကို ရှင်းပြရန် မလွယ်တော့ပေ။ သို့သော် ရုတ်တရက် သူ့ခေါင်းထဲတွင် အတွေးတစ်ချက် ထွက်ပေါ်လာသဖြင့် သူပြောလိုက်လေသည်။
“အဲ့လူက ကောင်းကင်နတ်ဆိုးမျိုးနွယ်က မဟုတ်ဘူး။ အစောက တိုက်ခိုက်လိုက်တဲ့သူက ငါတို့ရဲ့ တပ်မှူးတွေထဲက မဟုတ်ဘူး”
“ဟုတ်တယ်...”
မိုချီကလည်း အမှန်တရားကို ချက်ချင်း နားလည်သွား၏။ ထို့ကြောင့် သူပြောလိုက်သည်။
“ငါ အဲ့ကောင်ကို မမြင်ဖူးတာ အံ့ဩစရာ မရှိတော့ဘူး။ သူက အတုတစ်ယောက်ပဲ။ ဒီကိစ္စက ထောင်ချောက်တစ်ခုပဲ”
“အဲ့ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ”
မိုယောင်အာ တုန်လှုပ်သွားသည်။ မျိုးနွယ်သုံးခုမှ ပညာရှင်များ ရောက်လာပြီဖြစ်သည်။ ထိုလူများရှိနေလျှင် သူမတို့ ဝန်းရံထားမှုကို ဖောက်ထွက်နိုင်ပါမည်လော။
“အဲ့ဒါက အရေးမကြီးပါဘူး”
ကျန်းရီက အေးစက်စက် ရယ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။
“အားလုံးပဲ ရေခဲလွှာထဲကို ဝင်ကြ... တိုက်ခိုက်ဖို့ ပြင်ဆင်”
ဝှစ်...ဝှစ်...
မိုယောင်အာက ကျန်းရီ၏ အမိန့်ကို အနာခံဆုံးသူဖြစ်သည်။ မိုချီနှင့် မိုဖူကလည်း ကျန်းရီ၏ ‘မိုင်တစ်ထောင် ရေခဲလွှမ်း’ကို ကြောက်ကြသည်။ ထို့ကြောင့် မိုယောင်အာ၊ မိုချီနှင့် မိုဖူတို့သည် ရေခဲလွှာအောက်သို့ ချက်ချင်း ဝင်သွားကြသည်။ ကျန်းရီသည် မိုင်တစ်ထောင် ရေခဲလွှမ်းကို ချက်ချင်း မထုတ်လွှတ်လိုက်ပေ။ သူ မိုချီထံ အသံပို့လွှတ်လိုက်သည်။
“အားလုံးကို သတင်းပေးလိုက်ပါ။ ကျွန်တော် တိုက်ခိုက်ပြီးရင် အားလုံးကို လူပုမျိုးနွယ်ကို ပစ်မှတ်ထားဖို့ ပြောလိုက်ပါ။ ကျွန်တော်တို့ ချိုးပိုင်ကို ဖမ်းဖို့လိုတယ်။ ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးတောင်ကို အသက်ရှင်ရက် ပြန်နိုင်၊ မပြန်နိုင်ဆိုတာ သူ့အပေါ်မှာ မူတည်တယ်”
ကျန်းရီသည် အသံပို့လွှတ်ပြီးနောက် အေးစက်စက်ဖြင့် အော်ပြောလိုက်သည်။
“ချိုးပိုင်... ငါတို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်က သဘောတူညီချက်ကို မချိုးဖောက်ချင်ဘူး။ အနားကို ထပ်မကပ်လာခဲ့နဲ့... မဟုတ်ရင်တော့ အနားကို ကပ်လာတဲ့သူတိုင်းကို သတ်ပစ်ရလိမ့်မယ်”
“ဟွန်း...”
ချိုးပိုင်သည် ထိုသို့သော အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်ခံမည် မဟုတ်ပေ။ သူသည် အနားသို့ ကိုယ်တိုင် မကပ်သွားပေ။ သူ့လူများထဲမှ အယောက်နှစ်ဆယ်ကျော်က သူနှင့်ကျန်ခဲ့ပြီး ကျန်အယောက်နှစ်ဆယ်ကျော်က လူပုထောင်ကျော်ကို ဦးဆောင်၍ အရှေ့သို့ တိုးသွားလေသည်။ ထိုစဉ် ချိုးပိုင်က အော်ပြောလိုက်သည်။
“မိုရှင်း၊ မိုယောင်အာနဲ့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တွေ အကုန်လုံး နားထောင်ကြ၊ ခုခံနေတာကို ချက်ချင်း ရပ်လိုက်။ အဲ့ဒါဆို ငါတို့ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ ဒီကိစ္စကို ဂိုဏ်းချုပ်ချောင်က ဆုံးဖြတ်ပေးလိမ့်မယ်။ အဲ... ခုခံရဲတဲ့သူ ရှိရင်တော့ ငါတို့မှာလည်း ရွေးစရာမရှိတော့ဘဲ အဲ့လူကို အားသုံးပြီး ဖမ်းရမှာပဲ”
ဒုန်း...ဒုန်း...
လူပုများက ရေခဲလွှာကို တူဖြင့် ပြင်းထန်စွာ ထုလိုက်ကြသည်။ ရေခဲလွှာက လှိုင်းများကဲ့သို့ တွန့်သွားလေသည်။ ယင်းက အာကာပြင်ကို တွန့်ခေါက်စေသော လူပုမျိုးနွယ်၏ အထူးစွမ်းရည်ပင်။ ထို့ကြောင့် မိုယောင်အာနှင့် အခြားသူများသည် ရေခဲလွှာအတွင်းမှ ထွက်မသွားနိုင်တော့ပေ။
“အဲ့လိုဆိုမှတော့ ငါတို့လည်း သေတဲ့အထိ တိုက်ခိုက်ရတော့မှာပေါ့”
ကျန်းရီက ဒေါသတကြီး ပြောလိုက်ပြီး သူ၏လက်နှစ်ဘက်စလုံးကို စတင်လှုပ်ရှားလိုက်လေသည်။ လေပြင်းများ တိုက်ခတ်လာပြီး မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ မိုးမြေအတွင်းအားနှင့် ရေခဲနှင်းစွမ်းအားတို့က သူထံသို့ ဦးတည်ရွေ့လျားသွားကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အအေးလှိုင်းတစ်လှိုင်းက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ မိုင်တစ်ထောင်ပတ်လည်အတွင်း၌ မျက်စိဖြင့်မြင်သာသော ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည်။ ထိုဧရိယာက ရေခဲလောကတစ်ခု ဖြစ်သွားပေပြီ။ အားလုံး အေးခဲသွားပြီဖြစ်သည်။
“မင်းက ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ။ အားလုံးပဲ အတူတိုက်ခိုက်ပြီး ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တွေကို ဖမ်းကြမယ်”
မီးနဂါးမျိုးနွယ်မှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် မီးနဂါးမျိုးနွယ်ဝင်များသည် သူတို့၏ လက်များကို မြှောက်ကာ အနီရောင်အလင်းတန်းများကို ဖန်တီးလိုက်ကြသည်။ ထို့နောက် သူတို့က မီးတောက်များကို ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်အပူချိန်ကို ရုတ်ခြည်း မြှင့်တင်လိုက်သည်။ ထို့ကြောင့် အေးခဲနေသူများ လျင်မြန်စွာ ပြန်၍ လှုပ်ရှားလာနိုင်လေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ချိုးပိုင်အနီးရှိ ရေခဲလွှာက စတင်ပေါက်ကွဲလာ၏။ ရေခဲလွှာအတွင်းမှနေ၍ လူနှစ်ဆယ်ကျော် ထွက်လာသည်။ သူတို့၏ လက်များက အေးစက်စက်အလင်း တောက်ပနေပေသည်။ တစ်စုံတစ်ယောက်က တာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။ မိုချီက လူတစ်စုကို ဦးဆောင်၍ အေးခဲမှု အရှင်းမပျောက်သေးသော ချိုးပိုင်ကို တိုက်ခိုက်လိုက်ခြင်းပင်။
“ဟားဟားဟား... မင်းတို့က ငါ့ကို သတ်ချင်တာလား။ မင်းတို့တွေက တော်တော်တုံးတဲ့ကောင်တွေပဲ”
ချိုးပိုင်၏ အေးခဲနေသော ခန္ဓာကိုယ်က ချက်ချင်း လှုပ်ရှားသွား၏။ သူ ကိုင်ထားသော ရှေးဟောင်းအသုံးအဆောင်ဖြစ်သည့် ‘သက်စောင့်ဆူးချွန်’ကလည်း တောက်ပစွာ လင်းလက်လာသည်။ ၎င်းပေါ်ရှိ ဆန်းကြယ်သော သင်္ကေတများကလည်း စတင် လည်ပတ်လာသည်။ ထို့နောက် သူသည် အထက်သို့ ခုန်လိုက်ပြီး ပြန်ကျလာသောအခါ ရေခဲလွှာကို ဆူးချွန်ဖြင့် ထိုးချလိုက်သည်။
ဝှစ်...ဝှစ်...
တစ်ချိန်တည်းမှာပင် ချိုးပိုင်ဘေးမှ လူပုများကလည်း စတင်လှုပ်ရှားလိုက်ကြသည်။ သူတို့အားလုံးက အနီရောင်ပုလဲလုံးများကို ကိုင်ထားကြသည်။ ၎င်းတို့က အနီရောင်အလင်း တောက်ပနေပြီး အလွန်နွေးထွေးပေသည်။ ထို့ကြောင့် သူတို့ ပြန်လှုပ်ရှားနိုင်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူတို့သည် အေးခဲနေသည့်ပုံစံ ဟန်ဆောင်ကာ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များ ရောက်လာမည့် အချိန်ကို စောင့်နေကြခြင်းပင်။
‘ဆိုးပြီ... လူပုမျိုးနွယ်က ပြင်ဆင်လာတာပဲ။ ငါတို့တော့ သူတို့ရဲ့ ထောင်ချောက်ထဲ ဝင်မိပြီ’
ကျန်းရီ စိတ်ဓာတ်ကျသွား၏။ မျိုးနွယ်သုံးခုစလုံး ရောက်လာခြင်း၊ တစ်စုံတစ်ယောက်က ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်အဖြစ် ဟန်ဆောင်ထားခြင်းနှင့် မီးပုလဲများ ပါလာခြင်းတို့သည် တစ်စုံတစ်ယောက်က ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့ကြောင်း ညွှန်ပြနေပေသည်။ ထိုလူသည် အရာအားလုံးကို ထည့်တွက်၍ ဤထောင်ချောက်ကို ဆင်ခဲ့ခြင်းပင်။
ကျန်းရီ သေလောက်သောအမှားကို ထပ်မံကျူးလွန်ခဲ့မိပေပြီ။ သူ ရန်သူကို လျှော့တွက်မိခြင်းပင်။ သူသည် လူပုမျိုးနွယ်ကို ထောင်ချောင်ဆင်လိုခဲ့သော်လည်း တစ်စုံတစ်ယောက်ကသာ သူ့ကို ထောင်ချောက်ဆင်သွားလေသည်။
“အကြီးအကဲမိုချီ၊ မိုယောင်အာ... ဆက်မတိုက်ခိုက်ကြနဲ့တော့။ ရေခဲလွှာအောက်ခြေလောက်အထိ ဝင်သွားလိုက်။ အဲ့မှာ တစ်နာရီလောက် အောင်းနေပါ။ အပေါ်က ကိစ္စအကုန်လုံးကို ကျွန်တော့်တာဝန်ထားလိုက်”
ကျန်းရီက ကောင်းကင်စိတ်အာရုံကို သုံး၍ မိုချီနှင့် မိုယောင်အာတို့ထံ အသံပို့လွှတ်လိုက်သည်။ သူသည် အသံပို့လွှတ်ပြီးနောက် အရူးတစ်ယောက်ကဲ့သို့ အဝေးသို့ ပျံသန်းသွားလိုက်လေသည်။ ဤအခြေအနေတွင် သူ ရွေးချယ်စရာ မရှိတော့သဖြင့် အစွမ်းကုန်ထုတ်သုံးကာ ဤနေရာရှိ လူအားလုံးကို သတ်ပစ်ရတော့မည်ဖြစ်သည်။ သူတစ်ယောက်တည်း ထွက်ပြေးသွားနိုင်သော်လည်း သို့ဆိုလျှင် မိုယောင်အာတို့ သေချာပေါက် အသတ်ခံရပေလိမ့်မည်။ သူ ထိုသို့အဖြစ်မခံနိုင်ပေ။
***