← Chapters

အခန်း (၅၇၀)

Vol. 41 Ch. 570

အခန်း (၅၇၀)

Vol. 41 Ch. 570

ကျင့်ကြံခြင်း လောက၌  ဘာသာစကား ကွဲပြားမှု ရှိလျှင် ဘာသာစကား ကျောက်စိမ်းပေလွှာ ဝယ်ရုံသာ လိုအပ်ပြီး အသက်ရှူကြိမ် အနည်းငယ်အတွင်း သူက ဘာသာစကားအကြောင်း အားလုံးကို  သင်ယူနိုင်လိမ့်မည်။ သို့သော်လည်း ဤနေရာတွင် မဖြစ်နိုင်ချေ။  စိတ်စွမ်းအား ကျောက်စိမ်းပေလွှာကဲ့သို့ အရာမျိုး မရှိသည့် သာမန်နေရာတစ်ခုသာ ဖြစ်၏။

မိုဝူကျီက စာအုပ်များ ပြည့်နေသည့် နေရာတစ်ခု ရှာပြီး  ဘာသာစကား သင်ယူရန် ဆုံးဖြတ်လိုက်သည်။ သူ့စွမ်းရည်များ ပျောက်ဆုံး သွားသော်လည်း သူက ရွမ်ရှန်းအဆင့် ဖြစ်နေသေး၏။ မစားမသောက်နေခြင်းက ပြဿနာ မဖြစ်လာနိုင်ပေ။

ထိုစဉ် ပွက်ပွက်ညံ့သည့် အသံများကို ကြားလိုက်ရသည်။ မိုဝူကျီက အသံထွက်ပေါ်လာရာဆီ မြန်မြန် သွားကြည့်လိုက်သည့်အခါ အံ့ဩမိသွားသည်။ စုတ်ပြတ်နေသည့် အဝတ်များကို ဝတ်ဆင်ထားသည့် အမျိုးသမီးကို လမ်းမထက်၌ ကားနှင့် တရွတ်တိုက် ဆွဲခေါ် သွားသောကြောင့် ဖြစ်သည်။

ထိုအမျိုးသမီးမှာ မေ့မြောနေပြီ ဖြစ်ရာ လမ်းမ၏ ကြမ်းတမ်းသော အနေအထားကြောင့် သူမခန္ဓာ၌ ဒဏ်ရာများ ဆက်တိုက်ဆိုသလို ပေါ်လာသည်။ သူမက မိုဝူကျီထက် အခြေအနေ မကောင်းပေ။

“အီ အီ ...”

မိုဝူကျီနောက်မှ အသံစူးစူး ထွက်ပေါ်လာ၍ လှည့်ကြည့် လိုက်သည့်အခါ ပိန်သေးသေး ပုံရိပ်လေးက အမျိုးသမီးကို တရွတ်တိုက် ဆွဲကာ မောင်းနှင်နေသော ကားဆီ ဒေါသတကြီး သွားလိုက်သည်။

မိုဝူကျီက တစ်ချက်ကြည့်ရုံဖြင့် ဤကောင်လေးမှာ သူ့ကို လက်မှတ် ဝယ်ပေးသည့် ကောင်လေး ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

မိုဝူကျီက ရှေ့မြန်မြန် တိုးကာ သွားလိုက်သည်။ သို့သော်လည်း သူက ကိုယ့်ဘာသာတောင် အနိုင်နိုင် ဖြစ်နေသည့်အတွက် သူများကို မကူညီနိုင်သေးပေ။

ထိုစဉ် ကောင်လေးက အမျိုးသမီးကို ဆွဲထားသော ကြိုးကို ဆုပ်ကိုင်ထားလေ၏။  ကားက ရပ်သွားသည်မှာ ကံကောင်းလှပေသည်။ ခံစားချက်အမူအယာ မထူးခြားသည့် အမျိုးသား တစ်ယောက်က ကားမှ ထွက်လာပြီးနောက် စစ်သားအချို့လည်း ရောက်ရှိလာသည်။

ကောင်လေးက အကြောက်တရား ကင်းမဲ့နေဆဲ ဖြစ်ကာ  ထိုလူနှင့် စစ်သားများကို အော်ကာ ပြောဆိုနေသည်။ ထို့နောက် သူက လူအုပ်ဘက် လှည့်ကာ  တစ်ခုခုကို ကျယ်လောင်စွာ ပြောလိုက်၏။  လူအုပ်ကြီးက ထိုကောင်လေးကို ထောက်ခံပေးနေကြဟန် ပေါ်သည်။

အချိန်ခဏအကြာတွင် ခေါင်းဆောင်ဖြစ်ဟန် ပေါ်သော အမျိုးသားက လျှောက်လာကာ စစ်သားများကို စကားနည်းနည်း ပြောလိုက်သည်။ ထို့နောက် စစ်သားက အမျိုးသမီးဆီမှ ကြိုးများကို ဖယ်ရှား ပေးလိုက်သည်။

ကောင်လေးက အမျိုးသမီးကို သွားထူ ပေးလိုက်သော်လည်း သူကိုယ်တိုင်က အားနည်းလွန်း နေသည့်အတွက် ကောင်းကောင်း မလုပ်နိုင်ချေ။ မိုဝူကျီက ရှေ့ထွက်ကာ ကူညီပေးမည့်အချိန် လူအုပ်မှ လူနှစ်ယောက် ထွက်လာပြီး  ကောင်လေးကို ကူညီပေးကာ  အမျိုးသမီးကို လမ်းမဘေးသို့ သယ်ဆောင် ပေးလိုက်ကြသည်။

ထိုအချိန်မှ မိုဝူကျီက အမျိုးသမီးကို သေချာမြင်မိခြင်း ဖြစ်၏။ သူမ မျက်လုံးများက ပိတ်နေပြီး မျက်နှာအနှံ့ သွေးများ ပေကျံနေကာ  ဆံပင်မှာလည်း ရှုပ်ပွနေသည်။ သူမ လည်ပင်း တစ်ဝိုက်၌ ကြိုးရာများ ရှိနေ၏။

လူများစွာ အကူအညီဖြင့် ကောင်လေးက  အမျိုးသမီးကို ကူပေးနိုင်ခဲ့သည်။ အချိန်ခဏအကြာတွင် သူတို့တွေ ပျောက်ကွယ် သွားကြ၏။

ထိုစဉ် မိုဝူကျီက စိုးရိမ်မိလာသည်။ သူက ဤအမျိုးသမီး အဘယ်ကြောင့် လမ်းမပေါ် ဤသို့နိုင်ထက်မင်းလို ပြုမူခြင်း ခံရမှန်း မသိထားသော်လည်း အကြောင်းပြချက်က မည်သို့ ဖြစ်နေစေကာမူ  လက္ခဏာကောင်းတော့ မဟုတ်ပေ။ ဤနေရာမှာ ကြင်နာတတ်သည့် နေရာ မဟုတ်ချေ။

သူက ဘယ်နေရာမှာ ရှိနေကြောင်း နားလည်လျှင် အကောင်းဆုံး ဖြစ်ပေသည်။ မိုဝူကျီက လမ်းမထက်၌ အချိန်အတော်ကြာ သွားလာနေပြီးနောက် စာအုပ်ဆိုင်ကို ရှာတွေ့သွားလေသည်။

စာအုပ်ဆိုင်မှာ ကမ္ဘာမြေမှ စာအုပ်ဆိုင်များနှင့် ကွာခြားချက် မရှိပေ။ လူများစွာက စာအုပ်ရွေးချယ် နေကြပြီး ဖတ်ရှုနေကြသည်။ မိုဝူကျီကအထဲ ဝင်သွားလိုက်သည်။  သူက လူအုပ်ကြား သူ့ကိုယ်သူ ပုန်းကွယ်ရင်း  အလုပ်သမားများ သတိမပြုမိစေရန် ရှောင်ရှားခဲ့သည်။

သူ့လက်ရှိ အနေအထားဖြင့် ဆိုင်မန်နေဂျာ မြင်သွားလျှင် မောင်းထုတ်ခံရကိန်း ရှိသည်။

မိုဝူကျီက မကြာခင် ဘာသာစကားစာအုပ်များ ပါဝင်သည့် စင်ကို တွေ့ရှိသွားသည်။ မိုဝူကျီ၏ စိတ်စွမ်းအား သိုလှောင်လက်စွပ် ဖွင့်ဖို့ရာ မလုံလောက်တော့သော်လည်း အနည်းငယ်မျှ ကျန်ရှိသေး၏။ ထို့အပြင် သူက ရွမ်ရှန်းအဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။ ထိုစာအုပ်များ အကူဖြင့် သူက နေ့ဝက်ခန့်အတွင်း  ဤနေရာရှိ ဘာသာစကားကို ကောင်းကောင်း နားလည်သွားလိမ့်မည်။

ထို့နောက် ကိစ္စများက ပိုမို ရှင်းလင်း လာလိမ့်မည်။ မိုဝူကျီက မြေပုံကို ဖြန့်ကြည့်လိုက်ပြီး သမိုင်းစာအုပ်များကိုလည်း လှန်လှောလိုက်သည်။ ဤကမ္ဘာ၏ မြေပုံအကြမ်းဖျင်းမှာ  သူ့စိတ်ထဲ မှတ်သားပြီးသွားလေပြီ။

သူက လျန့် ဟုခေါ်သည့် နိုင်ငံအတွင်း ရောက်ရှိနေခြင်း ဖြစ်၏။ လျန့်နိုင်ငံက အင်အားအကြီးဆုံး  မဟုတ်သေးပေ။ လျန့်နိုင်ငံအထက်တွင် ဘာသာရေးရာကျောင်း ဖြစ်သည့် အရှေ့ပိုင်းရိုးရာ ကိုးကွယ် ယုံကြည်ရေး ရှိ၏။ နောက်အမည်နာမ တစ်ခုမှာ အစစ်အမှန် ရိုးရာကိုးကွယ် ယုံကြည်ရေး ဖြစ်ပေသည်။

သူ ရောက်နေသည့် မြို့ကို အန်းကျင်းဟု ခေါ်ဆိုပြီး လျန့်နိုင်ငံ၌ အတော်ကြီးမားသော မြို့တစ်မြို့ ဖြစ်ပေသည်။

ထို့အပြင် မိုဝူကျီက စာအုပ်ဆိုင်ထဲ၌  နည်းပညာ ပစ္စည်းအမျိုးမျိုးကို တွေ့ရှိရသည်။ နမူနာအားဖြင့် လျှပ်စစ်စာအုပ်၊ ဉာဏ်ပညာ မှတ်စု၊ စကားပြောနိုင်သော စာအုပ် အစရှိသဖြင့် ရှိသည်။

မိုဝူကျီကို အံ့အားသင့် သွားစေသည်က  စိတ်ကို ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် စာအုပ်များ တွေ့ရှိခြင်း ဖြစ်ပေသည်။ ထိုစာအုပ်များရှိ အကြောင်းအရာများမှာ နားလည်ရခက်သော်လည်း   ဤနေရာရှိ လူများလည်း ကျင့်ကြံကြောင်း ပြဖို့ လုံလောက်သွားလေပြီ။ ထိုအရာက မိုဝူကျီကို စိတ်ပျော်သွားစေပြီး သူတို့သာ ကျင့်ကြံကြလျှင်  ဝိညာဉ်စွမ်းအား စုပ်ယူ၍ ရသည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

အင်မော်တယ် တစ်‌ယောက်အနေဖြင့် ဝိညာဉ်စွမ်းအားများမှာ မိုဝူကျီအတွက် မရှိလည်း ဖြစ်ပေသည်။ သို့သော် ယခုတွင် ထိုအရာမှာ သူ့အတွက် အရေးကြီးဆုံး ဖြစ်နေ၏။ သူ့စွမ်းအားများ ပြန်လည် ရရှိလာဖို့ လိုအပ်သောကြောင့် ဦးဆုံး သူက စိတ်စွမ်းအား ပြန်လည် ကောင်းမွန်ဖို့ လိုအပ်ပေသည်။ ထို့နောက် သူ့စိတ်စွမ်းအားဖြင့်  လက်စွပ်ကို ဖွင့်ကာ အထဲမှ ပစ္စည်းများဖြင့် သူ့စွမ်းအား ပြန်လည် ရရှိနိုင်လိမ့်မည်။

“စာအုပ်ဆိုင်က ပိတ်ပါတော့မယ်။ အားလုံး  စာအုပ်တွေ ပြန်ထားပေးပြီးတော့  ဆိုင်ကနေ ထွက်သွားကြပေးပါ”

ကျယ်လောင်သော အသံချဲ့စက်မှ ထွက်ပေါ်လာသည်။  မိုဝူကျီက လူတစ်ယောက်၊ နှစ်ယောက်မှ လွဲ၍ လူအများစုမှာ မရှိတော့ကြောင်း သတိပြုမိလိုက်သည်။

သူက သူ့လက်ထဲမှ စာအုပ်ကို မြန်မြန် ပြန်ထားလိုက်ပြီး စာအုပ်ဆိုင်မှ ထွက်လာလိုက်သည်။

သူ့အတွက် ဤတစ်ရက်တာ ဖတ်ရှုခြင်းက လုံလောက်ပေ၏။  သူက ဤကမ္ဘာမှ အရာများကို သင်ယူရန် ဆန္ဒမရှိသောကြောင့် အကြမ်းဖျင်း နားလည်ရုံသာ လိုအပ်လေသည်။

မိုဝူကျီ ထွက်လာသည့် တစ်ချိန်တည်းတွင် မိန်းကလေး တစ်ဦးလည်း စာအုပ်ဆိုင်ထဲမှ ထွက်လာလေ၏။  သူမက ခေါင်းကို မော့၍ ကြည့်လိုက်သည့်သောအခါ မိုဝူကျီကို မြင်လိုက်ရပြီး ခြေလှမ်းများ တုံ့ဆိုင်းသွား၏။

တစ်ဖက်တွင် မိုဝူကျီက ရပ်ကာ အားနာစွာ မေးလိုက်သည်။

“မင်္ဂလာပါ ...  အန်းကျင်းတက္ကသိုလ်ကို ဘယ်လို သွားရမလဲ”

မိုဝူကျီက အန်းကျင်း တက္ကသိုလ်အကြောင်း စာအုပ်မှ သင်ယူထားခြင်း ဖြစ်ရာ စာအုပ်ဆိုင်ထဲမှ စာအုပ်အများစုမှာ  အန်းကျင်းမှ ခွင့်ပြုထားသည်များ ဖြစ်၏။ နည်းပညာများအပြင် ကျင့်ကြံခြင်းကိုပါ သင်ကြားပေးသော  ပေါင်းစပ် တက္ကသိုလ် တစ်ခု ဖြစ်ပေသည်။

မိုဝူကျီက အန်းကျင်း တက္ကသိုလ်အကြောင်း မေးမြန်းလိုက်ခြင်းမှာ ဤကမ္ဘာရှိ ကျင့်ကြံခြင်းက သူ သိထားသည်နှင့် တူလား မြင်ချင်၍ ဖြစ်သည်။ သူက အန်းကျင်း တက္ကသိုလ်၌  ဝိညာဉ်စွမ်းအားများ ရှိနေမလား  လည်း  သိချင်မိသည်။

“အန်းကျင်းတက္ကသိုလ်ကို သွားချင်တာလား”

မိန်းကလေးက ချက်ချင်း ထွက်ပြေးမသွားဘဲ  နောက်နှစ်လှမ်း ဆုတ်ကာ မိုဝူကျီအား သတိတကြီး ကြည့်ရင်း မေးလိုက်သည်။

မိုဝူကျီက ထိုမိန်းကလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူမက နှစ်လိုဖွယ် ကောင်းပြီး ကြော့ရှင်းနေသာ လည်ပင်းလေး၊ ကြည်လင်နေသော မျက်ဝန်းနှင့်အတူ နှာတံစင်းစင်းလေး ရှိ၏။ အရှေ့တိုင်း အလှလေး တစ်ယောက် ဖြစ်ပေသည်။ သူမက ခန့်မှန်းခြေ  ၁.၆၅ မီတာ မြင့်မားပြီး  တည်တည်ငြိမ်ငြိမ် ရှိလှသည်။ သူမ၏ တစ်ခုတည်းသော ပြစ်ချက်မှာ ရင်ဘတ်က သစ်သားပြားကို ပြားချပ်နေခြင်း ဖြစ်၏။ သူမက အရွယ်ကောင်းထဲ ရောက်ရှိနေသည့် မိန်းကလေးနှင့် မတူပေ။

ထိုမိန်းကလေးကို မခြောက်မိစေရန် မိုဝူကျီက  အရင်ဦးစွာ နောက်ဆုတ်လိုက်ပြီး ဆက်မေးလိုက်သည်။

“ဟုတ်ပါတယ်။ ကျုပ် အန်းကျင်း တက္ကသိုလ်ကို သွားချင်လို့ပါ။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးလို့ ရမလား”

မိုဝူကျီက နောက်ဆုတ်လိုက်သည်ကို မြင်ပြီး မိန်းကလေးက တည်ငြိမ်သွား၏။ တစ်ကိုယ်လုံး အမာရွတ်များဖြင့် ပြည့်နေသော မိုဝူကျီမှာ  သူမ တွေးထင်ထားသလောက် ကြောက်စရာ မကောင်းတော့ချေ။

သူမက ခဏတာ တွေဝေသွားပြီး ဆက်ပြောလိုက်လေ၏။

“ကျွန်မက အန်းကျင်း တက္ကသိုလ်ရဲ့ ကျောင်းသူပါ။ အခု ပြန်တော့မှာမလို့   ကျွန်မနဲ့ အတူတူ လိုက်ခဲ့ပါ့လား”

သူမ စကားအဆုံးတွင် နောင်တရမိသွားသည်။

ငါ သူစိမ်းတစ်ယောက်ကို ဘာလို့ ခေါ်မိတာလဲ .... ဒီလူဆီမှာ မကောင်းတဲ့ အကြံအစည်တွေ ရှိနေရင် ဘာလုပ်ရမလဲ။

မိုဝူကျီက ဘယ်လိုလူမျိုးလဲ။

သူက အတွေ့အကြုံများနေပြိ ဖြစ်သည့်အတွက် ထိုမိန်းကလေး ပြန်ဖြေပြီးနောက် နောင်တရသွားသည့် အမူအရာကို တန်းမြင်လိုက်သည်။ သူက ထိုကောင်မလေးအား  စကားပြန် ရုပ်သိမ်းခွင့် မပေးဘဲ  ချက်ချင်း လက်နှစ်ဖက် ယှက်ကာ  ပြောလိုက်သည်။

“ကျေးဇူးအများကြီး တင်ပါတယ်”

သူက အန်းကျင်းတက္ကသိုလ်သည် အလွန်ဝေးနေမည်ကို စိုးရိမ်မိ၏။ ထိုမိန်းကလေးက  သူ့အား တည်နေရာ ညွှန်ပြလျှင်ပင် သူ့အနေဖြင့် လမ်းပျောက်နိုင်သည်။

မိုဝူကျီ၏ စကားများကို ကြားပြီးနောက် ကောင်မလေးက အလောတကြီး လှည့်ကာ လမ်းလျှောက် သွားတော့သည်။ သူမက မိုဝူကျီကို ဘာသတိပေးစကားမှ မဆိုပေ။

မိုဝူကျီက ထိုမိန်းကလေးနောက်မှ လိုက်လာလိုက်သည်။ သူက သူမနှင့် သုံးမီတာ အကွာမှ လိုက်ပါလာ၏။

မကြာခင် မိုဝူကျီက သူ မှန်သွားကြောင်း သိလိုက်သည်။ အန်းကျင်း တက္ကသိုလ်မှာ အတော်လေး ဝေးပြီး လမ်းများစွာ ချိုးကွေ့ရပြီး  လူရှုပ်နေသည့် နေရာအပြင်အထိ ရောက်ရှိလာသည်။ အကယ်၍ သူ တစ်ယောက်တည်း ဆိုပါက ဤနေရာ ရောက်ဖို့ရန် မည်မျှ ကြာမြင့်ကြောင်း မသိနိုင်ပေ။

***

လို့ယွဲ့ရွှမ်းက အမှန်ပင် နောင်တရမိနေသည်။ သူမက စာအုပ်ဆိုင်ထဲ နောက်ကျသည့်အထိ မနေသင့်ခဲ့ပေ။

တက္ကသိုလ်တွင် စာအုပ်များစွာ ရှိနေရာ သူမက မြိုထဲမှ စာအုပ်ဆိုင်အထိ ဘာလို့ သွားခဲ့ရတာလဲ။

ထိုအရာက မလုံလောက်သေးဘဲ  သူမက သူစိမ်းကို ခေါ်လာခဲ့သေး၏။ သူမက တမင် အရှိန်ကို မြင့်ကာ သွားလိုက်သော်လည်း  သူမ မည်မျှ မြန်မြန် လျှောက်ပါစေ ထိုကြောက်စရာ လူကြီးက သူမနှင့် သုံးမီတာ အကွာမှ လိုက်ပါလာလေသည်။

မြို့အတွင်းမှ ထွက်ပြီးနောက် လမ်းမထက်မှ လူများမှာ ပိုမို နည်းပါးလာသည်။ မီးတိုင်များလည်း ပိုမို နည်းပါးလာ၏။ လို့ယွဲ့ရွှမ်းက လှည့်မကြည့်ရဲတော့ချေ။ သူမနောက်မှ ခြေသံများကို နားမှ  တောက်လျောက် ကြားနေရသည်။ သူမက ထပ်၍ မြန်လိုက်သည်။

သူမကို အနည်းငယ် စိတ်အေး သွားစေသည်က  သူမနောက်မှ အမျိုးသားမှာ မြို့ထဲမှ ထွက်လာသည့်တိုင် ကြားမှ အကွာအဝေးမှာ ကျန်ရှိနေဆဲ ဖြစ်၏။

အမွေးတိုင်တစ်ဝက်အကြာတွင် သူတို့ရှေ့တွင် တဖိတ်ဖိတ် တောက်ပနေသည့် နေရာသို့ ရောက်ရှိလာသည်။ လို့ ယွဲ့ရွှမ်းက သက်ပြင်းချလိုက်ပြီးနောက်  မိုဝူကျီဘက် လှည့်ကာ …

“အဲဒီ တောက်ပနေတဲ့ နေရာက အန်းကျင်း တက္ကသိုလ်ပဲ။ ကျမ အရင်သွားနှင့်မယ် ...”

ထိုသို့ပြောပြီး သူမက မိုဝူကျီ၏ ကျေးဇူးစကားကိုပင် မစောင့်တော့ဘဲ လှည့်ထွက်သွားတော့သည်။ ကြည့်ရသည်မှာ သူမက ပြေးသွားသည်နှင့် ပိုတူနေသေး၏။

မိုဝူကျီက အဝေးမှ ကျေးဇူးစကား ဆိုလိုက်ရသည်။

မိုဝူကျီ၏ စိတ်အခြေအနေက အန်းကျင်း တက္ကသိုလ်သို့ ရောက်သည့်တိုင်  မတိုးတက်လာပေ။  အချုပ်အားဖြင့် ဆိုရလျှင် သူ့စိတ်အခြေအနေက ပို၍ ဆိုးရွားလာလေ၏။

ဤနေရာတွင် သူက ဝိညာဉ်စွမ်းအား တစ်စက်လေးမှ မခံစားမိပေ။ ဝိညာဉ်စွမ်းအား မရှိလျှင် ဤတက္ကသိုလ်လည်း သူ့အတွက် အသုံးမဝင်ပေ။

ထိုစဉ်  သူက တက္ကသိုလ်ထဲ ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်များ ရှိနေမလားဟု မျှော်လင့်ရင်း ဝင်လိုက်မိသည်။ မဟုတ်လျှင် ကျောင်းသားများက မည်သို့ ကျင့်ကြံနိုင်မည်နည်း။

မိုဝူကျီက ထိုကိစ္စကို စဉ်းစားနေစဉ် မိန်းကလေးက ပြန်ရောက်လာသည်။ မျက်ရည်များ အပြည့်ဖြင့် သူမက မိုဝူကျီကို လှမ်းခေါ်လိုက်ပြီး …

“အစ်ကိုကြီး ...  ကျမကို  တစ်ယောက်ယောက်က ဆွဲလားရမ်းလား လုပ်နေတယ် ကူပါဦး  ...”

ထိုစကားများကို ပြောပြီးနောက် သူမအနေဖြင့်  မိုဝူကျီက သူမကို ကူညီပေးနိုင်တာ မရှိကြောင်း နားလည်သွား၏။ သူမက ဆက်ပြေး လာနေသည့်အတွက် မိုဝူကျီက သူမကို သူ့ဘက် ရုတ်တရက် ဆွဲလိုက်ရသည်။ တစ်ချိန်တည်းတွင် သူက သူတို့ ပတ်လည်၌ ကျောက်ခဲများ၊ တုတ်များ ခင်းကျင်းလိုက်သည်။

“မလှုပ်နဲ့  သူတို့လာနေပြီ”

ဖုံးကွယ်ရေး အစီအရင်အတွင်း မိုဝူကျီက လို့ယွဲ့ရွှမ်း ရုန်းကန်နေသည်ကို ခံစားမိပြီး မြန်မြန် ပြောလိုက်ရသည်။

ဝါညီးညီး လမ်းမီးများအောက်၌ လို့ယွဲ့ရွှမ်းက သူမ မြင်ကွင်းထဲ ရောက်ရှိလာသော  ယောက်ျားသားများကို မြင်လိုက်ရသည်။ သူမက စတင် တုန်ယင်လာပြီး ယခု မလွတ်မြောက်နိုင်ကြောင်း သိလိုက်သည်။

သို့သော်လည်း  မိုဝူကျီ၏ ဖုံးကွယ်ရေး အစီအရင်မှာ  အပြည့်အဝ တပ်ဆင်ပြီး သွားလေပြီ။ သူက  အဆင့် ၅ အင်မော်တယ် အစီအရင်များကို အသက်သွင်းနိုင်သည့်  ရွမ်ရှန်းအဆင့် ကျင့်ကြံသူ ဖြစ်၏။ သူ့ကျင့်ကြံဆင့် မရှိတော့သော်လည်း  သူ့အစီအရင် ကျွမ်းကျင်မှု အရည်အချင်းမှာ ရှိနေဆဲ ဖြစ်သည်။ သူ့တွင် အစီအရင်အလံများ မရှိသော်ငြား သူက ကျောက်ခဲများ၊ တုတ်များဖြင့် ဖုံးကွယ်ရေး အစီအရင်ကို ဖန်တီးနိုင်သေးသည်။ အားကောင်းသည့် ကျင့်ကြံသူများ လက်ထဲမှ ပုန်းကွယ်နေဖို့ရာ မဖြစ်နိုင်ပေမဲ့  သာမန် သေမျိုးအတွက်တော့ လုံလောက်သည်ထက် ပိုနေသေး၏။

***

All Chapters