← Chapters

အကုန်သေပေတော့

Vol. 73 Ch. 1014

အကုန်သေပေတော့

Vol. 73 Ch. 1014

ကျန်းရီ၏ တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်သော်လည်း မိုယောင်အာ၏ တိုက်ပွဲက မပြီးသေးပေ။

မိုယောင်အာတို့သည် ရေခဲပြင်အထက်သို့ မတက်ဝံ့ကြချေ။ လူပုမျိုးနွယ်က သူမတို့၏ လှုပ်ရှားနှုန်းကို နှေးနေစေသည်။ ထို့ကြောင့် သူမတို့ ထွက်ပြေးနိုင်ရန်လည်း လမ်းမမြင်ပေ။ မျိုးနွယ်သုံးခုမှ စွမ်းအားကြီး သိုင်းသမားများသည် လမ်းကြောင်းများမှတဆင့် ရေခဲပြင်အောက်သို့ ဝင်လာကြပြီး စိတ်တိုင်းကျ သတ်ဖြတ်နေကြသည်။ တိုက်ပွဲက ကြောက်မက်ဖွယ်ပင်။ မိုချီတို့သည် မျိုးနွယ်သုံးခုမှ လူတော်တော်များများကို သတ်နိုင်ခဲ့သော်ငြား သူတို့ဘက်မှ လူတစ်ဝက်လောက်လည်း သေဆုံးခဲ့လေသည်။

“အာ... အထက်က လူတွေ ထပ်ပြီး အေးခဲသွားပြီလား”

မိုချီတို့ ဆိုးဆိုးဝါးဝါး ခံနေရပေသည်။ သို့သော် သူတို့ ထွက်ပြေးနေရင်း ရေခဲပြင်ထက်မှ တုန်ခါမှုများက ရုတ်တရက် ရပ်တန့်သွားသည်ကို သိလိုက်ရ၏။ မိုချီက ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ရာ အထက်မှလူများက ထပ်မံအေးခဲသွားကြောင်း သိလိုက်ရသည်။ ကျန်းရီက အဝေးမှနေ၍ မိုင်တစ်ထောင် ရေခဲလွှမ်းကို ထုတ်သုံးလိုက်ခြင်းဖြစ်ကြောင်း သိသာပေသည်။ ကျန်းရီသည် ဤနေရာမှ လူများကိုပင် အေးခဲသွားစေခဲ့သည်။

“လူပုချိုး... မင်းရဲ့ လူတွေက ဘာလို့ အဲ့လောက်အသုံးမကျရတာလဲ။ ငါက အားရအောင်တောင် မသတ်ရသေးဘူး အကုန်လုံး သေကုန်ကျပြီ။ မင်းတို့က တော်တော်ဖျင်းတဲ့ကောင်တွေပဲကွ။ ဟားဟားဟား...”

ခေတ္တကြာပြီးနောက် တောင်ဘက်မှနေ၍ ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ်လာလေသည်။ ထိုအသံတွင် အတွင်းအားပါပေရာ ဆယ်မိုင်ပတ်လည်အတွင်း ပဲ့တင်နေသည်။ ထို့နောက် ရေခဲပင်လယ်တစ်ခွင်လုံးသို့ ဆက်၍ ပျံ့နှံ့သွားသည်။

ဝှစ်...ဝှစ်...ဝှစ်...

ချိုးပိုင်၊ ဟော်ကူးနှင့် အခြားသူများ ချက်ချင်း မျက်နှာပျက်သွားကြသည်။ ကျန်းရီကို သတ်ရန် လူပေါင်းများစွာ စေလွှတ်ခဲ့သည်။ သို့သော် ကျန်းရီက ထီမထင်ပုံဖြင့် သူတို့ထံ အသံပို့လွှတ်နိုင်နေသေးသည်လော။ ယင်းက မည်သည့်အဓိပ္ပာယ်နည်း။ သူတို့ စေလွှတ်လိုက်သူများက ကျန်းရီကို မသတ်နိုင်ခဲ့ဘဲ ကျန်းရီကို သတ်ဖြတ်မှုကိုသာ ခံခဲ့ရသည်ဆိုသော အဓိပ္ပာယ်ပင်။

“မျိုးနွယ်ခေါင်းဆောင်ငယ်... ကျုပ်တို့ ဘာလုပ်ကြမလဲ”

ချိုးပိုင်အနားမှ အကြီးအကဲတစ်ယောက်က စိုးရိမ်ဟန်ဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်၏။ ကျန်းရီကို မသတ်နိုင်ပါက သူတို့ မိုယောင်အာတို့ကို ဖမ်းနိုင်လျှင်ပင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အကြီးမားဆုံးအန္တရာယ်က ကျန်းရီထံမှလာခြင်း ဖြစ်သည်။ အကယ်၍ ကျန်းရီက လွတ်မြောက်သွားပြီး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်သွားလျှင် လူပုမျိုးနွယ်က သေချာပေါက် အန္တရာယ်နှင့် ကြုံရမည်ဖြစ်သည်။

“ဟော်ကူး၊ မုန့်တ... ဒီကလူတွေကို အရေးမစိုက်ဘဲ အရင်ဆုံး မိုရှင်းကို သွားသတ်လိုက်ပါ။ မိုယောင်အာတို့က ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။ မိုရှင်း သေသွားရင် အားလုံး ပြီးဆုံးသွားမှာပဲ”

ချိုးပိုင်က မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်မျိုးနွယ်မှ မျိုးနွယ်ခေါင်းဆောင်ငယ်တို့ထံ အသံပို့လွှတ်လိုက်လေသည်။ ထို့နောက် သူသည် သူ့ဘေးမှ အကြီးအကဲကို အမိန့်ပေးလိုက်သည်။

“အခုချက်ချင်း ဒီကနေ အနောက်ဘက်ကို မိုင်တစ်ရာသွားပြီး စစ်ကူတွေ သွားခေါ်လိုက်ပါ။ သူတို့သာ လာမကူရင် ကျွန်တော်တို့အားလုံး သေနိုင်တယ်၊ ပြီးတော့ မိုရှင်းလည်း လွတ်သွားနိုင်တယ်လို့ ပြောလိုက်ပါ”

“အနောက်ဘက်ကိုလား...”

လူပုမျိုးနွယ်မှ အကြီးအကဲက မျက်တောင်ပုတ်ခတ်လိုက်ပြီး မသေချာဟန်ဖြင့် ရေရွတ်လိုက်သည်။ သူသည် အမိန့်ကို မရှင်းပေ။ ဤနေရာတွင် မီးနဂါးမျိုးနွယ်ရော အမွေးရှည်ဆင်မျိုးနွယ်ပါ ရှိနေသည်။ သို့ဖြစ်ရာ သူတို့ကို လာကူညီမည့် အခြားမည်သူများ ရှိသေးသနည်း။ ထို့ကြောင့် သူ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်... အနောက်ဘက်မှာ ဘာစစ်ကူတွေ ရှိလို့လဲ”

“အများကြီးမမေးနဲ့... ခင်ဗျား အဲ့ကိုရောက်ရင် လူတွေကို တွေ့လိမ့်မယ်။ ကျွန်တော် ပြောတဲ့အတိုင်းသာလုပ်ပါ”

ချိုးပိုင်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူသည် သူ့လက်နှစ်ဘက်ထဲရှိ သံဆူးချွန်နှစ်ခုကို မြှောက်ကာ ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။

“အားလုံးပဲ နားထောင်ကြပါ။ အရင်ဆုံး မိုရှင်းကို သွားသတ်ကြပါ”

ဝှစ်...ဝှစ်...

မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့မှ လူများက တောင်ဘက်သို့ ဦးတည်သွားလိုက်လေသည်။ ဤတစ်ခေါက်တွင် မျိုးနွယ်သုံးခု ပူးပေါင်းခဲ့ခြင်းမှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်တွင် ထိုပါရမီရှင် ထွက်ပေါ်လာ၍ပင်။ ကျန်းရီက သူတို့ မျိုးနွယ်သုံးခုစလုံးကို ခြိမ်းခြောက်နိုင်ပေသည်။ နှင်းဒေသမှ မျိုးနွယ်ကြီးအချို့သည် ဂိုဏ်းတစ်ဂိုဏ်းတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက် ရှိမည်ကို ခွင့်မပြုနိုင်ပေ။

မျိုးနွယ်သုံးခုသည် လူနှစ်ထောင်ကျော် ခေါ်လာခဲ့သည်။ သူတို့သည် တိမ်မည်းတစ်အုပ်ကဲ့သို့ တောင်ဘက်သို့ လျင်မြန်စွာ သွားနေကြသည်။ ‌ဘေးမှ ကြည့်နေသော မျိုးနွယ်များသည်လည်း တောင်ဘက်သို့ ဦးတည်သွားလိုက်ကြသည်။ သူတို့သည် ထိုကဲ့သို့ တိုက်ပွဲကြီးတစ်ခုကို မည်သို့ အာရုံမစိုက်ဘဲ နေနိုင်မည်နည်း။ ကျန်းရီ၏ သေခြင်း၊ ရှင်ခြင်းက မျိုးနွယ်တိုင်းအတွက် အလွန်အရေးပါပေသည်။

“ဘာတွေ ဖြစ်နေတာလဲ”

မိုချီသည် တိုက်ခိုက်မှုများက ပိုနည်းလာကြောင်း သတိပြုမိလိုက်၏။ မျိုးနွယ်သုံးခုသည် ရေခဲလွှာထဲမှ ပြန်ထွက်သွားကြပေပြီ။ ယင်းက ထူးဆန်းနေသည်။ သို့သော် သူတို့ ကောင်းကင်စိတ်အာရုံများဖြင့် အာရုံခံလိုက်သောအခါ မျိုးနွယ်သုံးခုစလုံးမှ စွမ်းအားကြီး သိုင်းသမားများက တောင်ဘက်သို့ လျင်မြန်စွာ သွားနေကြကြောင်း သိလိုက်ကြရလေသည်။

“မကောင်းတော့ဘူး... သူတို့က မိုရှင်းကို သတ်တော့မယ်”

မိုယောင်အာသည် အခြေအနေကို သဘောပေါက်သွားပြီး တုန်လှုပ်ကာ မျက်နှာဖြူဖျော့သွားသည်။ သူမသည် ရေခဲလွှာအထက်သို့တက်ကာ ကျန်းရီကို သွားကယ်လိုနေသည်။ သို့သော် မိုဖူက သူမထက် ပိုမြန်ပေသည်။ သူသည် သူမ၏ ခေါင်းအနောက်ကို ရိုက်လိုက်ပြီး သူမကို မေ့သွားအောင် လုပ်လိုက်လေသည်။

“မိုဖူ... ခင်ဗျား ဘာလုပ်တာလဲ”

မိုချီတို့ အံ့အားသင့်သွားသည်။ မိုဖူ မည်သည့်စိတ်ကူးပေါက်သွားကြောင်း သူတို့ နားမလည်ပေ။ သို့သော် မိုဖူက အေးစက်စွာ ပြောလိုက်သည်။

“တော်ဝင်သခင်မလေးရဲ့ လုံခြုံရေးက အရေးအကြီးဆုံးပဲ။ ကျုပ်တို့ ထပ်ပြီးစွန့်စားလို့ မရတော့ဘူး။ ငါတို့ ဝိုင်းထားတာကို ဖောက်ထွက်ပြီး ကောင်းကင်နတ်ဆိုးတောင်ကို ချက်ချင်းပြန်ရမယ်”

“မိုရှင်းကရော ဘယ်လိုလုပ်မှာလဲ”

မိုချီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“မိုရှင်းလည်း သေလို့မဖြစ်ဘူးလေ။ သူက ငါတို့မျိုးနွယ်ရဲ့ မျှော်လင့်ချက်ပဲ။ ငါတို့ အကုန်လုံးသေရရင်‌တောင် မိုရှင်းသေလို့ မဖြစ်ဘူး”

“မိုချီ စိတ်ငြိမ်ငြိမ်ထားပါ”

မိုဖူက အလွန်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ကျုပ်တို့ လူနည်းနည်းလေးနဲ့ မိုရှင်းကို ဘာများ ကူညီနိုင်မှာလဲ။ တစ်ယောက်ယောက်က သူ့ကိုသတ်ဖို့ ဒီထောင်ချောင်ကိုဆင်ထားတယ်ဆိုတာ သိသာနေတာပဲ။ တစ်‌ယောက်ယောက်က သူ ဆက်ပြီးတိုးတက်လာမှာကို မလိုလားဘူး။ နောက်ကွယ်ကလူက ရူးကြောင်ကြောင် မျိုးနွယ်ခေါင်းဆောင်ငယ်သုံးယောက် မဟုတ်တာတော့ သေချာတယ်။ ငါတို့သာ မိုရှင်းကို သွားကယ်လိုက်ရင် အလကားသွားအသေခံသလို ဖြစ်သွားလိမ့်မယ်။ မိုရှင်းက စွမ်းအားကြီးပါတယ်။ ငါတို့သွားလိုက်မှ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်တယ်။ အခု ငါတို့နောက်ကိုလိုက်မယ့်သူတွေ မရှိတော့ဘူးဆိုတော့ ဝိုင်းထားတာကို ဖောက်ထွက်ဖို့ကိုပဲ အာရုံစိုက်သင့်တယ်”

“ဒါက...”

မိုချီတို့ တွေဝေသွားသည်။ သူတို့သည်လည်း ဤတစ်ခေါက်ထောင်ချောက်ကို မျိုးနွယ်ခေါင်းဆောင်ငယ်သုံးယောက်က ဆင်ထားခြင်း မဟုတ်နိုင်ဟု ခန့်မှန်းမိကြသည်။ ထိုသုံးယောက်က ဤမျှ မစွမ်းဆောင်နိုင်သေးပေ။ သို့သော် သူတို့ ဤအတိုင်း ထွက်သွားလျှင် တရားပါမည်လော။ အကယ်၍ တိုက်ပွဲတွင် ကျန်းရီ သေသွားပါက ကောင်းကင်နတ်ဆိုးမျိုးနွယ်အတွက် ကြီးမားသောဆုံးရှုံးမှု မဟုတ်ပါလား။

မိုဖူးသည် မျက်နှာမည်းလာပြီး စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

“တကယ်လို့ တော်ဝင်သခင်မလေးသာ တစ်ခုခု ဖြစ်သွားရင် ကျုပ်တို့ အကြိမ်တစ်ထောင်သေရင်တောင် အပြစ်ချေနိုင်မှာ မဟုတ်ဘူး။ မိုရှင်းကို ယုံကြည်ကြတာပေါ့။ သူက ဒီလောက်လွယ်လွယ်နဲ့ သေမှာမဟုတ်ပါဘူး။ သွားကြစို့”

မိုဖူသည် ပြောဆိုပြီးနောက် မိုယောင်အာကို ချီကာ အဝေးသို့ ပြေးသွားလိုက်လေသည်။ မိုချီကလည်း အံကြိတ်၍ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“သွားကြစို့...”

အခြားအကြီးအကဲများနှင့် တပ်မှူးများသည် မိုဖူနှင့် မိုချီတို့၏ အမိန့်ကို နာခံရမည်ဖြစ်ရာ သူတို့နောက်မှ လိုက်သွားလိုက်ရလေသည်။ သူတို့သည် လူတစ်ဝက်ကျော် ဆုံးရှုံးခဲ့ပြီဖြစ်သည်။ သူတို့သာ ထွက်မပြေးပါက သူတို့လည်း သေဆုံးသွားနိုင်ပေသည်။ မည်သူမှ မသေလိုပေ။ ထို့ကြောင့် သူတို့သည် ကျန်းရီ လွတ်မြောက်လာနိုင်ပါစေဟုသာ ဆုတောင်းလိုက်ကြလေတော့သည်။

ကျန်းရီက အဝိုင်းခံထားရဆဲပင်။

ကျန်းရီသည် ရေခဲပြင်ပေါ်တွင် ဒူးတစ်ဘက်ထောက်ထားပြီး လဲပြိုမကျသွားရန် သူ့ဓားကို အားပြုထားသည်။ သူ့တစ်ကိုယ်လုံးတွင် သွေးများရွှဲနေသည်။ သွေးများက မတိတ်သေးပေ။ သူ၏မျက်နှာကလည်း အလွန်ဖြူဖျော့နေသည်။ မြောက်ဘက်မှ လာနေသော လူများကို သူ အာရုံခံမိလိုက်သောအခါ ခပ်သဲ့သဲ့ ပြုံးလိုက်လေသည်။

ကျန်းရီ၏ ကိုယ်ပေါ်ရှိ သွေးများမှာ သူ့ရန်သူများထံမှ သွေးများဖြစ်သည်။ သူ၏မျက်နှာ ဖြူဖျော့နေခြင်းမှာလည်း ဟန်ဆောင်ထားခြင်းသာ။ သူသည် ဒူးတစ်ဘက်ထောက်၍ ချိုးပိုင်တို့ ရောက်လာမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။ သူ မျက်လုံးများ မှိတ်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးလိုက်သည်။

ရှူး...ရှူး...

ချိုးပိုင်တို့သည် တိုက်ပွဲပြင်သို့ ရောက်လာသောအခါ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ တိုက်ပွဲပြင်တွင် ခြေပြတ်လက်ပြတ်များ၊ ကိုယ်တွင်းကလီစာများနှင့် ပြည့်နှက်နေသည်။ အကောင်းအတိုင်းရှိနေသောအလောင်း တစ်လောင်းပင် မရှိချေ။ ရေခဲပြင်ပေါ်တွင်လည်း သွေးများ အိုင်ထွန်းနေသည်။ ထိုသွေးများက အေးခဲသွားရာ ပတ်ဝန်းကျင်ရေခဲပြင်သည် သွေးခဲပြင်ကြီးကဲ့သို့ နီရဲနေလေသည်။ သွေးညှီနံ့များကလည်း အနံ့အာရုံကို ဒုက္ခပေးနေသည်။ ထိုနေရာက ငရဲတစ်ခုကဲ့သို့ပင်။

“မိုရှင်းက ဒဏ်ရာရထားတယ်။ သူ့ကိုသတ်”

လူပုမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က အော်ပြောလိုက်သည်။ မျက်လုံးများအားလုံးသည် ကျန်းရီကို ကြည့်လိုက်ပြီး ကျန်းရီ၏ခန္ဓာကိုယ်က အတန်ငယ် တုန်ယင်နေကြောင်း တွေ့လိုက်ကြသည်။ အားလုံး၏ မျက်လုံးများ အရောင်လက်သွားသည်။ သူတို့အားလုံးသည် တုံ့ဆိုင်းမှုမရှိဘဲ အော်လိုက်ကြလေသည်။

“သူ့ကိုသတ်ကြ...”

ဝှစ်...ဝှစ်...

လူနှစ်ထောင်ကျော်သည် ကျန်းရီထံသို့ ဒီရေလှိုင်းလုံးကြီးအလား ပျံသန်းသွားလိုက်ကြသည်။ လူပုမျိုးနွယ်က ကျန်းရီ ထွက်မပြေးနိုင်စေရန် နှင်းနဂါးများကို ထုတ်လွှတ်လိုက်ပြီး သူတို့၏ တူများနှင့် ရေခဲလွှာကို ထုနှက်လိုက်ကြသည်။ မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့ကလည်း လူဖြန့်ကာ ကျန်းရီကို ယပ်တောင်ပုံစံ ဝန်းရံလိုက်သည်။

ပေသုံးသောင်း၊ ပေနှစ်သောင်း၊ ပေတစ်သောင်း...

နောက်ဆုံးတွင် ကျန်းရီ မျက်လုံးများ ဖွင့်လိုက်၏။ သူ၏ ရဲရဲနီနေသော မျက်ဝန်းများက သွေးအလိမ်းလိမ်းဖြစ်နေသော သူ့မျက်နှာနှင့် လိုက်ဖက်ညီနေသည်။ သူ၏ ပုံစံက အလွန်အရိုင်းဆန်နေပေသည်။ ထို့နောက် သူပြုံးကာ ပြောလိုက်သည်။

“အကုန်သေပေတော့”

ဝူ...ဝူ...ဒုန်...ဒုန်...

နတ်ဆိုးအော်သံနှင့် ဆင်တူသော အသံများ ပဲ့တင်ထပ်လာသည်။ မိုင်တစ်ထောင် ရေခဲလွှမ်းကိုလည်း ထုတ်လွှတ်လိုက်သည်။ ထိုတိုက်ခိုက်မှုနှစ်ခုကို မည်သူမှ မခုခံနိုင်ကြပေ။ ပတ်ဝန်းကျင်မှ သိုင်းသမားအားလုံး အေးခဲသွားသည်။

“ဝိညာဉ်လေဓားတွေ.. သွား...”

ဝိညာဉ်လေဓားဆယ်ချောင်းက သေမင်းဓားများကဲ့သို့ ပျံထွက်သွား၏။ ၎င်းတို့က ထပ်မံ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်ကြလေသည်။

ချိုးပိုင်၊ ဟော်ကူးနှင့် အခြားသူများ အေးခဲမှုမှ လွတ်မြောက်လာချိန်တွင် လူတစ်ဝက်ကျော် သေသွားခဲ့ပြီဖြစ်သည်။ ချိုးပိုင် ကြောက်ရွံ့တုန်လှုပ်သွားသည်။ သူ လျှင်မြန်စွာ နောက်ဆုတ်လိုက်ပြီး အော်ပြောလိုက်သည်။

“အစ်ကိုတွမ်ထျန်း... အစ်ကို အခုရောက်မလာရင် ကျွန်တော်တို့အကုန်လုံး သေရတော့မယ်”

***

All Chapters