← Chapters

အမြစ်ဖြတ် သုတ်သင်ခြင်း

Vol. 73 Ch. 1015

အမြစ်ဖြတ် သုတ်သင်ခြင်း

Vol. 73 Ch. 1015

“အစ်ကိုတွမ်ထျန်းတဲ့လား...”

နှင်းဒေသထဲတွင် တွမ်ထျန်းဟုခေါ်သည့် လူများစွာ ရှိနေနိုင်သည်။ သို့သော် ချိုးပိုင်က “အစ်ကိုတွမ်ထျန်း”ဟု ခေါ်ရလောက်အောင် လေးစားခံရသူမှာ တစ်ယောက်သာ ရှိသည်။ ထိုသူမှာ ကျားနိုင်ဂိုဏ်း၏ မျိုးနွယ်ခေါင်းဆောင်ငယ်ပင်။

ကျန်းရီ၏ မျက်လုံးများ ကျဉ်းသွားသည်။ သို့သော် သူ့တွင် များစွာတွေးတောနေရန် အချိန်မရှိပေ။ လူများစွာက သူမည်သူဖြစ်ကြောင်း သိသွားပြီဖြစ်သည်။ သူ ထိုသူအားလုံးကို သတ်ပစ်ရပေမည်။ မဟုတ်လျှင် နှင်းဒေသတစ်ခွင်လုံးရှိ စွမ်းအားကြီး သိုင်းပညာရှင်များအားလုံး သူ့ကို လိုက်သတ်ပေလိမ့်မည်။

အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုတစ်ယောက်က နှင်းဒေသအတွင်းသို့ ဝင်လာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းမှာ နတ်ဘုရားတစ်ပိုင်း ပညာရှင်များကိုယ်တိုင် ဝင်ပါလာစေနိုင်သော ကိစ္စဖြစ်သည်။ ထိုအကြောင်းသာ ပေါက်ကြားသွားပါက ကျန်းရီကို ပထမဆုံး လိုက်လံသတ်ဖြတ်သူမှာ မိုရှန်းပင် ဖြစ်နေနိုင်ပေသည်။

“သေပေတော့...”

ကျန်းရီ အော်လိုက်ပြီး အရှေ့သို့ပျံသန်းသွားလိုက်သည်။ သူသည် ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ပင်။ သူ့လက်ထဲရှိ ဓားပျော့ကလည်း လှုပ်ယမ်းသွားသည်။ ကြောက်မက်ဖွယ်အသံက မိုင်အနည်းငယ်အတွင်း ပဲ့တင်ထပ်သွားသည်။ ချိုးပိုင်တို့သည် မီတာရာဂဏန်းအနည်းငယ်သာ ဆုတ်သွားနိုင်လိုက်ပြီး သူတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်ကာ ရေခဲပြင်ပေါ်တွင် လူးလှိမ့်သွားကြရလေသည်။ ချိုးပိုင်ကို ထွက်ပြေးနိုင်ရန် ကူညီပေးနေသော အကြီးအကဲနှစ်ယောက်ကလည်း မလှုပ်ရှားနိုင်ဖြစ်သွားသည်။

ရွှစ်...ရွှစ်...

ဝိညာဉ်လေဓားဆယ်ချောင်းက အရှေ့သို့ ပျံဝင်သွားကာ လူများကို မြင်ပင်ဖြတ်သကဲ့သို့ ပိုင်းဖြတ်ပစ်လိုက်သည်။ ထိုလူများသည် မည်သို့မှပင် မခုခံနိုင်ကြပေ။ ဝိညာဉ်ဓားများ ထွက်ပေါ်လာလျှင် လူတစ်သန်းသည်ပင် အလွယ်လေး သေသွားမည်ဖြစ်သည်။

“မဟုတ်ဘူး... မင်း ငါ့ကို သတ်လို့မရဘူး။ ငါက မီးနဂါးမျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်ပဲ။ မင်းငါ့ကို သတ်ရဲရင် ငါ့အဖေက ကောင်းကင်နတ်ဆိုးတောင်ကို သေချာပေါက် မြေလှန်ပစ်မှာပဲ”

ဟော်ကူးသည် ဦးခေါင်းကို ဆုပ်ကိုင်ကာ ရေခဲပြင်ပေါ်တွင် လူးလှိမ့်နေသော်လည်း ဝိညာဉ်လေဓားများက သူ့အနီးရှိ အကြီးအကဲများကို အပိုင်းပိုင်းဖြတ်ပစ်နေသည်ကို မြင်လိုက်သောအခါ ရုတ်တရက် အသိစိတ်ပြန်ကပ်လာပြီး ဝမ်းခေါင်းသံကြီးဖြင့် အော်ပြောလိုက်လေသည်။

ရွှက်...

‌ဟော်ကူးပြန်ရလိုက်သောအရာမှာ ကြီးစွာသော နာကျင်မှုပင်။ သူ့ခန္ဓာကိုယ်က ရက်စက်စွာ အပိုင်းပိုင်းဖြတ်တောက် ခံလိုက်ရပေပြီ။ ကျန်းရီသည် သူအော်ပြောသည့် စကားများကို အရေးပင် မစိုက်‌ချေ။ ကျန်းရီသည် လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် တုံ့ဆိုင်းမှုမရှိ လုပ်တတ်သူဖြစ်သည်။ လုပ်စရာရှိသည်များကို လုပ်ပြီးမှ ပြောစရာရှိသည်များကို ပြောရပေမည်။

ဟော်ကူးသေသွားပြီဖြစ်၍ ကျန်းရီသည် အမွေးရှည်ဆင်မျိုးနွယ်မှ မျိုးနွယ်ခေါင်းဆောင်ငယ်ကိုလည်း ညှာတာရန် အစီအစဉ်မရှိပေ။ သူ၏ ဝိညာဉ်လေဓားများက ပျံသန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ လူတိုင်းကို သတ်သွား၏။ အမွေးရှည်ဆင်မျိုးနွယ်၏ ခုခံစွမ်းအားက ကြီးပေသည်။ သူတို့သည် ကျန်းရီ၏ ဝိညာဉ်လေဓားအချို့ကို ဖျက်ဆီးပစ်လိုက်ကြ၏။ သို့သော် သူ၏ နဝမမြောက်ကြယ်စက်လုံးအတွင်းရှိ ဝိညာဉ်လေများက အလွန်စွမ်းအားကြီးသည်။ ထို့ပြင် နှင်းဒေသ၏ ညအချိန်တွင် ဝိညာဉ်လေများကို လိုသလောက် ရနိုင်သဖြင့် ဝိညာဉ်လေများ ကုန်သွားမည်ကိုလည်း သူ မစိုးရိမ်ပေ။

“ပြီးသွားပြီ... ရှုံးပြီ...အား...”

ချိုးပိုင်သည် သူ၏ခေါင်းကို ဆုပ်ကိုင်ကာ ရေခဲပြင်ပေါ်တွင် လူးလှိမ့်နေ၏။ သူ၏ စိတ်ဝိညာဉ်ထံမှ မခံမရပ်နိုင်အောင် နာကျင်မှုက သူခံစားနေရသည့် ကြီးစွာသောအကြောက်တရားကို မယှဉ်နိုင်ပေ။ သူသည် ကျန်းရီ၏ ရေခဲတမျှအေးစက်သော မျက်လုံးများကို မြင်လိုက်သောအခါ အလွန်တုန်လှုပ်သွား၏။ ဤသို့ဖြစ်လာမည်ကိုသာ ကြိုသိခဲ့လျှင် သူ မျိုးနွယ်ခေါင်းဆောင်ငယ်ရာထူးကို ယူမည် မဟုတ်ပေ။ သို့ဆိုလျှင် သူ ကျားနိုင်တောင်သို့ သွားရန် လိုခဲ့မည်မဟုတ်။ ကျားနိုင်တောင်သို့ မသွားခဲ့ရလျှင် သူ ထိုနတ်ဆိုးကိုလည်း အပြစ်ပြုမိမည် မဟုတ်ချေ။

မည်သည့်ရာထူးဂုဏ်ရှိန်ကမှ အသက်လောက် အရေးမကြီးပေ။ သေရမည့်အခိုက်တွင် လူတိုင်း ကြောက်ရွံ့ကြမည်သာ။ ချိုးပိုင်သည် ပြင်းပြသော ရှင်သန်လိုစိတ်ကြောင့် ထိုအခိုက်တွင် မိုရှင်းက ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ မဟုတ်ကြောင်း သဘောပေါက်သွားလေသည်။

မိုရှင်းက ကျန်းရီပင်။ သူက အရှေ့ဘက် တော်ဝင်နယ်မြေမှ ကျော်ကြားသော လူသတ်သမား၊ မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်နိုင်သော နတ်ဆိုးပင်။

ချိုးပိုင်သည် မည်သည့်စကားမှလည်း မဆိုသလို အသနားလည်းမခံခဲ့ပေ။ ကျန်းရီက သူ့ကို အသက်ချမ်းသာပေးရန် ဘာအကြောင်းမှ မရှိကြောင်း သူ နားလည်သည်။ ကျန်းရီသည် အညှာအတာမရှိ သတ်ဖြတ်မှုကြောင့် ကျော်ကြားလာခြင်းဖြစ်သည်။ ထိုကျော်ကြားမှာက မရေမတွက်နိုင်သော အလောင်းများအပေါ်တွင် တည်ဆောက်ထားသော ကျော်ကြားမှုပင်။ ထိုသို့သော လူက ညှာတာလိမ့်မည်ဟု မျှော်လင့်ခြင်းက လက်တွေ့ကျမည် မဟုတ်ပေ။

‘သေရင်လည်း သေပလေ့စေတော့။ ကျန်းရီလိုလူရဲ့ လက်ထဲမှာ သေရတာကလည်း ဂုဏ်ရှိတာပါပဲ’

ချိုးပိုင်သည် မျှော်လင့်ချက်ကင်းမဲ့စွာ မျက်လုံးများ မှိတ်လိုက်ပြီး သူ့ပတ်ပတ်လည်မှ လူပုများ အပိုင်းပိုင်းပြတ်သွားသည်ကို ခံစားလိုက်လေသည်။

ထိုအခိုက်တွင် အဝေးမှနေ၍ ကျယ်လောင်သော အော်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့ကြောင့် ချိုးပိုင်၏ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်တန်းလေးတစ်ခု ပြန်ပေါ်လာသည်။

“မိုရှင်း... ငါက ချောင်တွမ်ထျန်းပဲ။ သတ်ဖြတ်နေတာကို အခုချက်ချင်း ရပ်လိုက်ပြီး ကိုယ့်ဘာသာ အညံ့ခံလိုက်။ မဟုတ်ရင်တော့ မင်းက ကျားနိုင်ဂိုဏ်းရဲ့ရန်သူ ဖြစ်လာလိမ့်မယ်”

နောက်ဆုံးတွင် ချောင်တွမ်ထျန်းရောက်လာပေပြီ။

ချိုးပိုင်၏ ပုကွကွခန္ဓာကိုယ်လေး အတန်ငယ် တုန်ယင်သွားသည်။ သူသည် မျှော်လင့်ချက်ရောင်ခြည်တစ်တန်းကို တွေ့လိုက်ရပြီ၍ အော်ပြောလိုက်သည်။

“အစ်ကိုတွမ်... ကျွန်တော့်ကို ကယ်ပါ”

ရွှက်...ရွှက်...

သို့သော် ချိုးပိုင်၏စကား ဆုံးသွားချိန်တွင် ဝိညာဉ်လေဓားများက သူ၏ခန္ဓာကိုယ်ကို အပိုင်းရာချီအောင် ပိုင်းဖြတ်ပစ်လိုက်လေသည်။ သူ့အတွေးထဲတွင် နောက်ဆုံးထွက်ပေါ်လာသော ပုံရိပ်မှာ ကျန်းရီ၏ သွေများဖုံးလွှမ်းနေသော မျက်နှာပေါ်ရှိ လှောင်ပြုံးပင်။

“မိုင်တစ်ထောင် ရေခဲလွှမ်း...”

ကျန်းရီက တီးတိုးရေရွတ်လိုက်ပြီး မိုင်တစ်ထောင် ရေခဲလွှမ်းကို ထုတ်လွှတ်လိုက်သည်။ သူသည် ဓားပျော့ကို သိမ်းလိုက်ပြီး နတ်ဘုရားအသံ ကောင်းကင်အတတ် ထုတ်လွှတ်ခြင်းကို ရပ်တန့်လိုက်၏။ ထို့နောက် သူ အရှေ့ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ အရှေ့ဘက်တွင် ဝိညာဉ်မျိုးနွယ်ဝင် အနည်းငယ်နှင့် အခြားမျိုးနွယ်အသေးလေးနှစ်ခု ရှိနေကြောင်း သူ အာရုံခံမိလိုက်ခြင်းပင်။ ယခုတွင် လက်ရှိတိုက်ပွဲပြင်ထဲရှိ လူအားလုံး သေသွားပြီဖြစ်သည်။ ဘေးမှကြည့်နေသောသူများကိုလည်း အသက်ချမ်းသာပေး၍ မဖြစ်ပေ။

“လေခွင်း လျှပ်တစ်ပြက်သတ်ကွက်”

ကျန်းရီက အတွင်းအားထည့်၍ အော်ပြောလိုက်၏။ ထို့ကြောင့် သူ့အသံက ကျယ်လောင်နေပေသည်။ သူ၏အသံ ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် အနီးပတ်ဝန်းကျင်ရှိ လူဆယ်ယောက်လည်း အပိုင်းပိုင်းပြတ်သွားလေသည်။ ပုန်းအောင်းနေသော ဝိညာဉ်မျိုးနွယ်ဝင် အနည်းငယ်လည်း အသတ်ခံလိုက်ရသည်။ ထို့နောက် သူသည် မြောက်ဘက်သို့ ဆက်သွားကာ အေးခဲနေသော လူဆယ်ယောက်ကို သတ်ပစ်လိုက်သည်။

ဝှစ်...ဝှစ်...

အနောက်ဘက် မိုးကုပ်စက်ဝိုင်းမှနေ၍ အနက်ရောင်အစက်အပျောက်လေးများ ထွက်ပေါ်လာ၏။ ကောင်းကင်စိတ်အာရုံများစွာလည်း ရောက်ရှိလာသည်။ ကျန်းရီသည် ဝိညာဉ်လေများကို စုပ်ယူလိုက်ပြီး မျက်လုံးများမှိတ်ကာ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်းကို စစ်ဆေးလိုက်သည်။ ပတ်ဝန်းကျင်တွင် အသက်ရှင်ကျန်ခဲ့သူ ရှိ၊ မရှိ  သူ သိလိုနေသည်။

ကျန်းရီသည် ရလဒ်အပေါ် အလွန်ကျေနပ်သွား၏။ မျိုးနွယ်သုံးခုနှင့် ပွဲကြည့်ပရိသတ်များအားလုံး သေသွားပေပြီ။ သို့သော် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ကာ အာရုံခံသည်ပင် သူ၏ အာရုံကို ရှောင်နိုင်ခဲ့သူများ ရှိနေလျှင်မူ သူ မည်သို့မှ မတတ်နိုင်ပေ။

“အာ...”

ချောင်တွမ်ထျန်းသည် လူတစ်ထောင်နီးပါးကို ခေါ်ဆောင်၍ လျင်မြန်စွာ ရောက်ရှိလာ၏။ ထိုလူများထဲတွင် ချောင်ရှစ်ရွှေလည်း ပါပေသည်။ သူတို့ကို ကြိုဆိုနေသော မြင်ကွင်းက အံ့အားသင့်ဖွယ်ပင်။ ချောင်ရှစ်‌ရွှေသည် မျက်လုံးများပြူးသွားပြီး ကိုယ်လေးကိုကိုင်းကာ အန်လိုက်လေသည်။

“မင်းက အတင့်ရဲတယ်ပေါ့”

ချောင်တွမ်ထျန်းသည်လည်း မျက်နှာပျက်သွားပြီး ‌အော်ပြောလိုက်သည်။

“မိုရှင်း... နတ်ဆိုးကောင်။ မင်းက တကယ်ပဲ လူတွေအများကြီးကို သတ်လိုက်တာလား။ ချိုးပိုင်၊ ဟော်ကူးနဲ့ မုန့်တတို့ကိုလည်း သတ်လိုက်တာလား။ မင်းက တကယ် ရူးနေတာပဲ။ မင်းကို အခု မရှင်းပစ်ရင် နောက်ကျ မင်းက သေချာပေါက် နှင်းဒေသကို အန္တရာယ်ဖြစ်စေလိမ့်မယ်။ ဂိုဏ်းချုပ်ကို တွေ့ရအောင် ငါနဲ့လိုက်ခဲ့၊ မလိုက်ရင်တော့ ငါ မင်းကို သတ်ပစ်မယ်”

“ဟားဟားဟား...”

ကျန်းရီသည် တစ်စက်ပင် မကြောက်ရုံသာမက ဟက်ဟက်ပက်ပက်လည်း ရယ်လိုက်လေသည်။ သူ၏ မျက်လုံးများက နီရဲမနေတော့ပေ။ သို့သော် သူ၏မျက်နှာပေါ်တွင် သွေးများဖုံးလွှမ်းနေဆဲဖြစ်သည်။ ထို့ကြောင့် သူ၏ပုံစံက အလွန်အရိုင်းဆန်နေပေသည်။ သူသည် ထပ်မံ ရယ်မောလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

“ချောင်တွမ်ထျန်း... ချိုးပိုင်တို့က ထောင်ချောက်ဆင်ပြီး ငါတို့ကို တိုက်ခိုက်ခဲ့တာပဲ။ ဘာလဲ... ငါတို့က ရိုရိုကျိုးကျိုးနဲ့ အသေခံပေးလိုက်ရမှာလား။ ကောင်းကင်နတ်ဆိုးဂိုဏ်းဘက်ကလည်း လူအများကြီး ဆုံးရှုံးခဲ့ရတာပဲ။ ‌တော်ဝင်သခင်မလေးလည်း ပျောက်နေတယ်။ တကယ်လို့ သူသာ တစ်ခုခု ဖြစ်သွားရင် ငါ ဂိုဏ်းချုပ်ကို တင်ပြပြီး လူပုတောင်ကို မြေလှန်ပစ်မယ်...”

“ပြီးတော့... မင်းကရောဘာလဲ။ မင်းက နှင်းဒေသတစ်ခွင်လုံးရဲ့ ခေါင်းဆောင်လား။ ငါ့ဘာငါ သတ်တာ မင်းနဲ့ဘာဆိုင်လဲ။ ချိုးပိုင်တို့ သေသွားတာကို မင်းက ဒီလောက်ဒေါသထွက်နေတာဆိုတော့... ဘာလဲ မင်းနဲ့ ချိုးပိုင်တို့က တစ်ဖွဲ့တည်းလား”

“ငါ... ပေါက်ကရတွေ။ ငါက ဘယ်လိုလုပ် သူတို့နဲ့ တစ်ဖွဲ့တည် ဖြစ်နိုင်မှာလဲ”

ချောင်တွမ်ထျန်း ထပ်မံ၍ မျက်နှာပျက်သွားပြီး ကျန်းရီ၏ စွပ်စွဲမှုကို ချက်ချင်း ငြင်းလိုက်လေသည်။ ခဏနေမှ သူ ပြန်စိတ်တည်ငြိမ်သွားသည်။

ဟုတ်၏။ ယ‌နေ့ထောင်ချောက်က ချောင်တွမ်ထျန်းနှင့် ချိုးပိုင်တို့ အတူဆင်ခဲ့သော ထောင်ချောက်ဖြစ်သည်။ ဟော်ကူနှင့် မုန့်တတို့ကိုလည်း သူပဲ စေခိုင်းခဲ့ခြင်းဖြစ်သည်။

ချောင်တွမ်ထျန်းသည် မိုယောင်အာကို လိုချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် လူကိုသာမဟုတ်ဘဲ ကောင်းကင်နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို လိုချင်ခြင်းဖြစ်သည်။ သူသာ မိုယောင်အာကို လက်ထပ်လိုက်လျှင် မိုရှန်းသေသွားသည်နှင့် ကျားနိုင်ဂိုဏ်း၏ အဆင့်အတန်းကို အသုံးချကာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာနိုင်ပေသည်။ ထို့ပြင် သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကျားနိုင်ဂိုဏ်းတို့၏ အင်အားကို ပေါင်းစည်းကာ အခြားဂိုဏ်းများကိုလည်း တဖြည်းဖြည်း သိမ်းပိုက်လာနိုင်မည်ဖြစ်သည်။ နောက်ဆုံးတွင် သူ နှင်းဒေသ၏ အုပ်စိုးသူ ဖြစ်လာနိုင်သည်။

ပြီးခဲ့သည်အခေါက် လူပုမျိုးနွယ်နှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်တို့ ပဋိပက္ခဖြစ်ခဲ့စဉ်တွင် မိုရှန်းက ကျားနိုင်တောင်သို့ လာခဲ့သည်။ ချောင်ဖေးဝမ်က ရှေ့ထွက်ကာ လူပုမျိုးနွယ်ကို ဖိနှိပ်ပေးခဲ့သည်။ လူပုမျိုးနွယ်နှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်တို့ကြားတွင် ပြေငြိမ်းမှုတစ်ခုရရန်အတွက်မူ ချောင်တွမ်ထျန်းက ကြိုးစားပေးခဲ့ခြင်းဖြစ်သည်။

ချောင်တွမ်ထျန်းသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်က လူပုမျိုးနွယ်၊ မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့၏ ဖျက်ဆီးမှုကို ခံရမည်ကို မလိုလားပေ။ သူ့ရင်ထဲတွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်က အနှေးနှင့်အမြန်ဆိုသလို သူ့အပိုင်ဖြစ်လာလိမ့်မည်ဟု အပိုင်တွက်ထားခဲ့သည်။ မိုယောင်အာကလည်း သူကို အထင်ကြီးပုံပေါ်ခဲ့၍ သူတို့၏ ဆက်ဆံရေးက ကောင်းခဲ့သည် မဟုတ်ပါလား။

သို့သော် ကျန်းရီ ထွက်ပေါ်လာပြီးနောက်တွင် မိုယောင်အာ၏ နှလုံးသားက ပြောင်းလဲလာခဲ့သည်။ သူမသည် ချောင်တွမ်ထျန်းကို စိတ်မဝင်စားတော့ပေ။ ထို့ကြောင့် ချောင်တွမ်ထျန်းသည် ပါးစပ်နားရောက်နေသည့် အစာကို ပုတ်ထုတ်ခံလိုက်ရသလို ခံစားခဲ့ရလေသည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

ကျန်းရီက လျင်မြန်စွာ တိုးတက်လာနေခဲ့သည်။ အကယ်၍ သူသာ ထိုထက်ပို၍ တိုးတက်လာပါက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ပင် ရောက်သွားနိုင်သည်။ ‌ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက် ရှိလာခြင်းက ကျားနိုင်ဂိုဏ်း၏ အာဏာအပေါ် သေချာပေါက် သက်ရောက်မှုရှိမည်ဖြစ်သည်။

ထို့ကြောင့် ကျန်းရီ သေရပေမည်။ ဤသို့ဖြင့် ယနေ့ထောင်ချောက် ဖြစ်ပေါ်လာခြင်းပင်။

သို့သော် နှမြောစရာပင်။

ချောင်တွမ်ထျန်းသည် အဆုံးသတ်က ဤသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မျိုးနွယ်သုံးခုမှ စွမ်းအားကြီး သိုင်းသမားများ စုပေါင်းတိုက်ခိုက်သည်ပင် မိုရှင်းတစ်ယောက်ကို မသတ်နိုင်ခဲ့ချေ။ ထိုအစား သူတို့ကသာ မိုရှင်း၏ အမြစ်ဖြတ် သုတ်သင်မှုကို ခံခဲ့ရလေသည်။

***

All Chapters