← Chapters

အမှန်ပဲ... ငါမြင်လိုက်တယ်

Vol. 73 Ch. 1016

အမှန်ပဲ... ငါမြင်လိုက်တယ်

Vol. 73 Ch. 1016

‘ငါ မိုရှင်းကို ဖမ်းရင်ဖမ်း၊ မဖမ်းရင် သတ်မှရမယ်’

ချောင်တွမ်ထျန်းသည် အသည်းအသန်တွေးတောလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်လေသည်။ တန်ကြေးမည်မျှ ပေးရပါစေ သူ မိုရှင်းကို ရှင်းထုတ်ပစ်ရပေမည်။ မဟုတ်လျှင် သူ မျိုးနွယ်သုံးခုကို အဖြေပေးနိုင်မည် မဟုတ်ပေ။ ထို့ပြင် ထိုလူသာ မသေပါက ချောင်တွမ်ထျန်းသည် မိုယောင်အာနှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို ဘယ်တော့မှ ရနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ချောင်တွမ်ထျန်း အေးစက်စက် ပြောလိုက်သည်။

“မိုရှင်း... မင်းနဲ့ ချိုးပိုင်တို့ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကောင်းကင်နတ်ဆိုးမျိုးနွယ်နဲ့ လူပုမျိုးနွယ်တို့က ကျားနိုင်တောင်ပေါ်မှာ၊ ကျားနိုင်ဂိုဏ်းချုပ်ရဲ့အရှေ့မှာ တစ်ဘက်နဲ့တစ်ဘက် ထပ်ပြီးမတိုက်ခိုက်တော့ပါဘူးလို့ သဘောတူခဲ့ကြတယ်။ ဒီနေ့ မင်းတို့က စပြီးတိုက်ခိုက်ရုံတင်မကဘူး လူထောင်ကျော်ကိုလည်း ရက်ရက်စက်စက် သတ်ပစ်လိုက်သေးတယ်။ ဘေးကကြည့်နေတဲ့သူတွေလည်း မလွတ်ခဲ့ဘူး။ ငါတို့ ကျားနိုင်ဂိုဏ်းက နှင်းဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုတာ ငါတို့ရဲ့ အကြီးလေးဆုံးတာဝန်လို့ မြင်ကြတယ်။ အဲ့ဒါကြောင့် ငါတို့ မတရားမှုကို တွေ့ပြီဆိုရင် သေချာပေါက် ကူညီမှာပဲ။ မင်း မသေချင်ဘူးဆိုရင် ကိုယ့်ဘာသာ အညံ့ခံပြီး ဂိုဏ်းချုပ်နဲ့ လိုက်တွေ့လိုက်။ မဟုတ်ရင်တော့ မင်းကို အတင်းဖမ်းခေါ်ရလိမ့်မယ်”

“မကောင်းတာတွေ လုပ်ချင်ပေမယ့် နာမည်လည်း မပျက်ချင်ဘူးပေါ့လေ။ ချောင်တွမ်ထျန်း မင်းက ကြောင်သူတော် ကြွက်သူခိုးပဲကွ”

ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်၏။ ထို့နောက် သူသည် မျက်နှာဖြူဖျော့နေသော ချောင်ရှစ်ရွှေကို ကြည့်ကာ ပြောလိုက်သည်။

“သခင်မလေးရှစ်ရွှေ... မင်းက ကြင်နာပြီး စိတ်ကောင်းရှိမယ်လို့ ငါထင်တယ်။ လိမ်ပြောမယ့်ပုံလည်း မပေါ်ဘူး။ ကဲ... ငါ့ကို ပြောစမ်းပါ။ မင်းတို့က လူတွေအများကြီးခေါ်ပြီး ဒီနေရာကို ခဏလေးအတွင်း ရောက်လာနိုင်တာက မင်းတို့ ဒီရေခဲပင်လယ်မှာ ရှုခင်းကြည့်နေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့လား။ ဒါပေမဲ့ မင်းတို့ဂိုဏ်းချုပ်ရဲ့ မွေးနေ့ပွဲက အခုမှ ပြီးခါစရှိသေးတယ်၊ မင်းတို့က လူတွေအများကြီးခေါ်ပြီး ရှုခင်းကြည့်ဖို့ ထွက်လာကြတယ်ပေါ့။ မင်းတို့ အဲ့ဒါကို ဘယ်လိုရှင်းပြမလဲ။ ပြီးတော့ ငါတို့ ရေခဲကျွန်းကို ရောက်ရောက်ချင်းမှာပဲ လူပုမျိုးနွယ်၊ မီးနဂါးမျိုးနွယ်နဲ့ အမွေးရှည်ဆင်မျိုးနွယ်တွေ ရောက်လာကြတယ်။ အဲ့ဒါကတော့ တိုက်ဆိုင်တာ မဟုတ်ဘူးထင်တယ်... ငါပြောတာ မှန်ရဲ့လား”

“အာ...”

ချောင်ရှစ်ရွှေ အကြည့်လွှဲလိုက်သည်။ သူမ စိတ်လှုပ်ရှားသွားပေသည်။ သူမသည် အသေးစိတ်ကို မသိသော်လည်း ကျန်းရီ၏ စကားများမှနေ၍ တော်တော်များများ နားလည်လိုက်သည်။ ထို့ကြောင့် သူမ မည်သို့ပြန်ဖြေရမည်မသိဖြစ်သွားပြီး ချောင်တွမ်ထျန်းကို အကူအညီ‌တောင်းဟန်ဖြင့် ကြည့်လိုက်လေသည်။

“သခင်မလေးရှစ်ရွှေ... ကျွန်တော် မေးတာကို ဖြေပါ”

ကျန်းရီက ချောင်ရှစ်ရွှေကို စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ချောင်ရှစ်ရွှေတစ်ယောက် ပို၍ပျာယာခတ်သွားသည်။ ထို့နောက် သူမသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်၏။

“ကျွန်...ကျွန်မ... ဘာမှ..မသိဘူး။ အစ်ကို... ပြန်ကြစို့”

“မိုရှင်း...”

ချောင်တွမ်ထျန်းက ဒေါသတကြီး အော်ပြောလိုက်၏။

“အပိုတွေ ပြောမနေနဲ့တော့။ မင်းက တိုက်ခိုက်မှာလား၊ အညံ့ခံမှာလား။ ငါ့ကို တိုက်ရိုက်အဖြေပဲပေး”

“ဟားဟားဟား...”

ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်၏။ သူ့လက်ထဲတွင် ဓားပျော့ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ဓားကွက်အနည်းငယ် ပြလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“ချောင်တွမ်ထျန်း... ငါက မင်းကို ကြောက်လိမ့်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား။ မင်းရဲ့ လူတစ်ထောင်မပြည့်တဲ့ အရေအတွက်က ချိုးပိုင်ရဲ့ လူထောင်ကျော်ထက် ပိုအင်အားကြီးလိမ့်မယ်လို့ ထင်လား။ မင်း တိုက်ခိုက်ချင်တယ်ဆိုရင် ငါက တိုက်ခိုက်ပေးဖို့ အသင့်ပဲ။ ငါ မိုရှင်း တစ်ခုတော့ ပြောထားမယ်။ တိုက်ပွဲစပြီဆိုတာနဲ့ မင်း အကျိုးဆက်ကို ခံဖို့ ပြင်ဆင်ထားတော့။ ငါက ချိုးပိုင်နဲ့ဟော်ကူးကိုတောင် သတ်ရဲတယ်... မင်းနဲ့ မင်းညီမကို မသတ်ရဲစရာ ဘာအကြောင်းမှ မရှိဘူး”

ချောင်တွမ်ထျန်းတို့နှင့် တိုက်ခိုက်ရမည့် တိုက်ပွဲကို ရှောင်နိုင်မည်ဆိုလျှင် ကျန်းရီ ရှောင်လိုပေသည်။ ချောင်တွမ်းထျန်းကို သတ်ခြင်းက သူ့ကို ဒေါသအနည်းငယ် ပြေစေမည် ဖြစ်သော်လည်း လူပုမျိုးနွယ်ကို ရှင်းပစ်မည့်အစီအစဉ်တွင် ခလုတ်ကန်သင်းတစ်ခု ဖြစ်သွားနိုင်သည်။ ကျားနိုင်ဂိုဏ်းက အလွန်အင်အားကြီးသည် မဟုတ်ပါလား။ အကယ်၍ သူသာ ချောင်တွမ်ထျန်းတို့ကို သတ်လိုက်လျှင် မိုရှင်းလည်း သူ့ကို ကယ်နိုင်တော့မည် မဟုတ်ပေ။ သို့ဆိုလျှင် သူသည် နှင်းဒေသတွင် ကျောထောက်နောက်ခံရှိတော့မည် မဟုတ်ဘဲ လူပုမျိုးနွယ်ကို သူ့ဘာသာ ရင်ဆိုင်ရပေလိမ့်မည်။

သို့သော် ကျန်းရီ စကားကုန်ပြောလိုက်ပြီဖြစ်သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ‌နေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်ပေါ်လာလေသည်။ သူ၏မျက်ဝန်းများကလည်း အေးစက်သွားသည်။ ပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားများကလည်း သူ့ထံသို့ သွားရောက်စုဝေးသည်။ သူသည် မိုင်တစ်ထောင် ရေခဲလွှမ်းကို ထုတ်လွှတ်ရန် ပြင်ဆင်ပြီးပေပြီ။

“အာ...”

ကျားနိုင်ဂိုဏ်းသားများ တွေဝေသွားကြသည်။ လေထုကလည်း မခံနိုင်လောက်အာ ဖိအားကြီးလာသည်။ ချောင်တွမ်ထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။ သူသည်လည်း မြင့်မားလာသော ဖိအားကို ခံစားရနေပေသည်။ သို့သော် သူက ပြတ်သား၏။ သူ လက်တစ်ဘက်မြှောက်ကာ အမိန့်ပေးရန် ဟန်ပြင်လိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်... ဖြစ်နိုင်ရင် ကျုပ်တို့ သူနဲ့ ရန်သူမဖြစ်တာ ကောင်းလိမ့်မယ်။ သူက အရမ်းအန္တရာယ်များတယ်လို့ ကျုပ်ခံစားနေရတယ်။ တိုက်ပွဲဖြစ်လာင် ကျုပ် မျိုးနွယ်ခေါင်းဆောင်ငယ်ကို ကာကွယ်မပေးနိုင်လောက်ဘူး”

ထိုအခိုက်တွင် ချောင်တွမ်ထျန်း၏ ခေါင်းထဲသို့ အသံပို့လွှတ်မှုတစ်ခု ရောက်ရှိလာ၏။ ထို့ကြောင့် သူ မြှောက်ထားသော လက်ကို မလှုပ်ရှားဝံ့ဖြစ်သွားသည်။ သူသည် ဘေးရှိ မျက်ခုံးဖြူများနှင့် အကြီးအကဲကို လှည့်ကြည့်လိုက်၏။ ထိုအကြီးအကဲက ကြယ်ငါးပွင့် ပညာရှင်ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ထို့ပြင် သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။ ထို့ကြောင့် ထိုအကြီးအကဲ၏ စကားကို ချောင်တွမ်ထျန်း ပေါ့ပေါ့တန်တန် မမှတ်ယူဝံ့ပေ။

ရွှမ်...ရွှမ်...

ကျန်းရီ၏ ဓားပျော့က လှုပ်ရှားနေဆဲပင်။ သူ၏ အခြားလက်တစ်ဘက်ကလည်း သိမ်မွေ့စွာ လှုပ်ယမ်းနေပြီး မိုင်တစ်ထောင်အတွင်းရှိ မိုးမြေအတွင်းအားနှင့် ရေခဲနှင်းစွမ်းအားကို စုစည်းနေလေသည်။ လေအေးများက ကျန်းရီ၏ သွေးများစွန်းနေသော ဝတ်စုံကို တဖျပ်ဖျပ် တိုက်ခတ်နေသည်။ သူ၏ မျက်ဝန်းများကလည်း ဓားသွားကဲ့သို့ အေးစက်နေသည်။ အားလုံးသည် သူက လူသားမဟုတ်ဘဲ သေမင်းဟု ခံစားလိုက်ကြရလေသည်။

“သတ်ကြ...”

နောက်ဆုံးတွင် ချောင်တွမ်ထျန်းသည် ဆုံးဖြတ်ချက် မပြောင်းဘဲ အမိန့်ပေးလိုက်သည်။ သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ အကယ်၍ မိုရှင်းမသေလျှင် သူ ယခုအချိန်အထိ ကြိုးစားခဲ့မှုများက သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် သူသည် မျိုးနွယ်သုံးခုကိုလည်း အဖြေပေးနိုင်မည် မဟုတ်ပေ။ သူ၏လက်က အချက်ပြလိုက်သောအခါ အားလုံး၏ မျက်ခုံးနှစ်ခုကြားရှိ ကြာပန်းပုံ အမှတ်အသားများက တောက်ပစွာ လင်းလက်လာလေသည်။ သူတို့က သူတို့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ထုတ်လွှတ်တော့မည်ဖြစ်သည်။

“မိုင်တစ်ထောင် ရေခဲလွှမ်း”

ကျန်းရီကလည်း မတုံ့ဆိုင်းခဲ့ချေ။ သူ့ထံမှ ထွက်လာသော အအေးလှိုင်းက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေသည်။ ထို့နောက် သူသည် ရေခဲလွှာအတွင်းသို့ လျင်မြန်စွာ ငုပ်ရှိုးသွားလိုက်ပြီး ဓားပျော့ကို လှုပ်ယမ်းကာ နတ်ဘုရားအသံ ကောင်းကင်ကိုအတတ်ကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်သည်။

ရွှီး...ရွှီး...

ထိုအခိုက်တွင် ကျားနိုင်ဂိုဏ်းသားများ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ ရွှေရောင်အလင်တန်း တစ်ထောင်နီးပါး ထွက်လာလေသည်။ ထိုအလင်းတန်းများက တဖြောင့်တည်းလာချင်းမဟုတ်ဘဲ ကွေးကောက်၍ လာသဖြင့် ကျန်းရီအံ့အားသင့်သွားသည်။ ထိုအလင်းကွေးများက ရေခဲလွှာထဲရှိ ကျန်းရီကို ပစ်မှတ်ထားနေကြပေသည်။

‘ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုတွေက ကွေးညွတ်နိုင်ပြီး လူတွေနောက်ကို ခြေရာခံပြီးလိုက်နိုင်တာလား’

ကျန်းရီ တုန်လှုပ်သွားပြီး ရပ်တန့်လိုက်သည်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက သူ့အနောက်သို့ ခြေရာခံလိုက်လာနိုင်သဖြင့် ရှောင်ပြေးလျှင်လည်း အကျိုးရှိမည် မဟုတ်ပေ။ ထိုတိုက်ခိုက်မှုများကို ခုခံရန် ဝိညာဉ်ဓားများအပေါ်တွင်သာ မှီခိုလျှင် လွယ်မည် မဟုတ်ချေ။ သေရေး၊ ရှင်ရေး အခြေအနေတွင် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးမည်ဖြစ်သည်။

ဟိန်း...

ထိုအခိုက်တွင် အဝေးမှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ ဧရာမ ‌ရေခဲနဂါးကြီးတစ်ကောင်က ဟိန်းကာ အလင်းထက်မြန်သော အလျင်ဖြင့် ပျံသန်းလာလေသည်။ တစ်ချိန်တည်းမှာပင် ကြီးမားသော ဖိအားက လူအားလုံးကို ဖိနှိပ်သွားသည်။ ကျန်းရီသည်လည်း မတ်မတ် မရပ်နိုင်တော့ပေ။

ကျန်းရီ မြောက်ဘက်သို့ ကြည့်လိုက်ရာ မျက်လုံးပြူသွားသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။

“ကောင်းကင်ထဲမှာ ရေခဲနဂါး... ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ပဉ္စမအကြီးအကဲ”

ရွှီ...ရွှီ...

ရေခဲနဂါး၏အရှိန်က အလွန်လျင်မြန်ပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက ကျန်းရီနှင့် ကျားနိုင်ဂိုဏ်းအကြားသို့ ရောက်လာသည်။ ရေခဲနဂါးသည် စိတ်ဝိညာဉ်တိုက်ခိုက်မှု တစ်ထောင်နီးပါးကို ဖျက်ဆီးပစ်လိုက်ပြီး ကျန်းရီထံမှ ထွက်လာသော အ‌အေးလှိုင်းကိုလည်း ၎င်းတစ်ကောင်တည်း ခံလိုက်သည်။

ဝုန်း...

ရေခဲနဂါးက ရေခဲလွှာကို ရိုက်ချလိုက်၍ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွား၏။ ရေခဲလွှာလည်း ပျက်စီးသွားပြီး အက်ကြောင်းကြီးများ ထွက်ပေါ်လာသည်။ ပေါက်ကွဲမှုအလယ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာလေသည်။ ရေခဲလွှာအောက်ဘက် ပေတစ်သောင်းမှ ရေများက အလွှာတစ်ထောင် လှိုင်းလုံများကဲ့သို့ အပြင်သို့ ကန်ထွက်လာသည်။

ဝုန်း...

ပေါက်ကွဲမှု၏ သက်ရောက်မှုက ကျန်းရီနှင့် ကျားနိုင်ဂိုဏ်းမှ လူအားလုံးကို ကောင်းကင်ထက်သို့ မြောက်တက်သွားစေလေသည်။ ကျန်းရီသည် လေထဲတွင် အကြိမ်များစွာ ကျွမ်းထိုးမှောက်ခုံ ဖြစ်ပြီးမှ ရေခဲလွှာပေါ်သို့ ပြုတ်ကျလာသည်။ သူသည် ဓားပျော့ကို အားပြု၍ ရေခဲလွှာပေါ်တွင် ဒူးထောက်ကာ သွေးအန်လိုက်သည်။ ထို့နောက် သူသည် မြောက်ဘက်ရှိ ဝေဝါးဝါး လူရိပ်ငါးရိပ်ကို အလွန်အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်လေသည်။

ပဉ္စမအကြီးအကဲ၏ စွမ်းအားက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ပင် ရောက်သွားပြီလော။

ပဉ္စမအကြီးအကဲသည် ယခင်က သူမ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ခြင်းလော။ သို့မဟုတ် သူမသည် မကြာခင်ကမှ အဆင့်တက်သွားခြင်းလော။ သူမ ကောင်းကင်လျှို့ဝှက်ဂိုဏ်းသို့ မပြန်ရသေးသည်လော။ အဘယ်ကြောင့် သူမက ယခုတွင် ဤနေရာ၌ ထွက်ပေါ်လာရခြင်းနည်း။

“လောရွှယ်လား...”

ကျန်းရီသည် ပဉ္စမအကြီးအကဲနောက်ရှိ စုလောရွှယ်ကို တွေ့သွား၏။ စုလောရွှယ်က သူ့ကို အရေးစိုက်မနေပေ။ သူမသည် ရေခဲတောင်တစ်လုံးကဲ့သို့ အေးစက်နေပေသည်။

“နတ်ဘုရားတစ်ပိုင်းလား”

ချောင်တွမ်ထျန်းတို့လည်း ကြောက်ရွံ့သွားကြ၏။ အကယ်၍ ထိုရေခဲနဂါးသာ သူတို့ကို တိုက်ခိုက်လိုက်လျှင် သူတို့ သေဆုံးသွားပေလိမ့်မည်။ ချောင်တွမ်ထျန်းသည် အားတင်းကာ ခပ်သွက်သွက် ထရပ်လိုက်ပြီး လက်ဆုပ်၍ ပဉ္စမအကြီးအကဲနှင့် အပျိုစင်လေးယောက်ကို လှမ်းပြောလိုက်လေသည်။

“တွမ်ထျန်း ပဉ္စမအကြီးအကဲနဲ့ အပျိုစင်လေးယောက်ကို အရိုအသေပေးပါတယ်”

“ပဉ္စမအကြီးအကဲနှင့် အပျိုစင်လေးယောက်ကို နှုတ်ခွန်းဆက်ပါတယ်”

ကျားနိုင်ဂိုဏ်းမှ လူများကလည်း လျင်မြန်စွာ အရိုအသေပေးလိုက်ကြသည်။ ကျန်းရီလည်း ထရပ်လိုက်ပြီး တလေးတစားဖြင့် လက်ဆုပ်လိုက်သည်။ သူသည် ပဉ္စမအကြီးအကဲကို ကြည့်လိုက်ပြီးနောက် စုလောရွှယ်ကို ဆက်ကြည့်လိုက်၏။ ထို့နောက် သူ ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

“ပဉ္စမအကြီးအကဲ၊ အပျိုစင်ရွှယ်နဲ့ တခြားအပျိုစင်တွေ... ကျွန်တော် နှုတ်ခွန်းဆက်ပါတယ်”

ပဉ္စမအကြီးအကဲက ခေါင်းညိတ်လိုက်သော်လည်း မည်သည့်စကားမှ မဆိုပေ။ ချောင်တွမ်ထျန်းသည် ခေတ္တမျှစောင့်ပြီးနောက် လက်ဆုပ်ကာ မေးလိုက်သည်။

“ပဉ္စမအကြီးအကဲ...  ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နှင်းဒေသက ပဋိပက္ခတွေမှာ ဝင်မပါခဲ့ပါဘူး။ ဘာလို့ ဒီတစ်ခေါက်မှ ဒီရူးနေတဲ့ နတ်ဆိုးကို ကူညီဖို့ ဝင်ပါရတာပါလဲ။ အကြီးအကဲ မြင်တဲ့အတိုင်းပါပဲ... မိုရှင်းက ဒီနေရာက လူတွေအကုန်လုံးကို သတ်ခဲ့တာပါ။ သူက ကျွန်တော်တို့ကိုလည်း သတ်ချင်နေတာပါ။ ကြည့်ရတာ ကောင်းကင်နတ်ဆိုးမျိုးနွယ်က နှင်းဒေသကနေ ရှင်းထုတ်ခံချင်နေတဲ့ပုံပါပဲ”

“ဟင်းဟင်း...”

ကျန်းရီက လှောင်ရယ် ရယ်လိုက်သော်လည်း မည်သို့မှ ပြန်တုံ့ပြန်မပြောလိုက်ပေ။ ပဉ္စမအကြီးအကဲ ရောက်လာပြီဖြစ်၍ သူ လုံခြုံသွားပေပြီ။ သူမက ဤကိစ္စကို အဆုံးသတ်နိုင်ရန် သေချာပေါက် နည်းလမ်းတစ်ခု ရှာပေလိမ့်မည်။

မျှော်လင့်ထားသလိုပင်။

ပဉ္စမအကြီးအကဲသည် ချောင်တွမ်ထျန်းကို စိုက်ကြည့်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“အမှန်ပဲ... ငါမြင်လိုက်တယ်။ တကယ်တော့... အစကတည်းက ငါကြည့်နေခဲ့တာ။ မျိုးနွယ်ခေါင်းဆောင်ငယ် တွမ်ထျန်း... ငါ မင်းကို ဇာတ်လမ်းအစအဆုံး ပြောပြရမှာလား။ ငါတို့ ဒီကိစ္စကို ဂိုဏ်းချုပ်ချောင်ဆီ ယူသွားရမှာလား”

ဝှစ်...ဝှစ်...ဝှစ်...

ချောင်တွမ်ထျန်းနှင့် အကြီးအကဲအနည်းငယ် မျက်နှာပျက်သွားသည်။ သူတို့၏ မျက်နှာများက နှင်းကဲ့သို့ ဖြူရော်နေပေပြီ။

***

All Chapters