← Chapters

ပြဿနာကို အခွင့်ကောင်းယူခြင်း

Vol. 73 Ch. 1017

ပြဿနာကို အခွင့်ကောင်းယူခြင်း

Vol. 73 Ch. 1017

ချောင်တွမ်ထျန်းတို့ ဤထောင်ချောက် ဆင်ထားသည်ကို ကျားနိုင်ဂိုဏ်းချုပ်က မသိပေ။ ကျန်းရီက သေချာပေါက် သေလိမ့်မည်ဟု ချောင်တွမ်ထျန်းက အပိုင်တွက်ထားခဲ့သည်။ ထို့ပြင် ဆောင်ရွက်ခဲ့သူများမှာ သူမဟုတ်ဘဲ ချိုးပိုင်၊ ဟော်ကူးနှင့် မုန့်တတို့ဖြစ်သည်။ ထို့ကြောင့် မိုရှန်းက ထိုကိစ္စကို စုံစမ်းလျှင်ပင် သူ ပါမည်မဟုတ်ပေ။

မိုရှန်းက သဲလွန်စများကို ဆက်စပ်၍ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ချန်တွမ်ထျန်းဖြစ်နိုင်သည်ဟု ခန့်မှန်းနိုင်ခဲ့လျှင်လည်း ဘာအရေးနည်း။ သက်သေမရှိလျှင် မိုရှန်းသည် ကျားနိုင်တောင်သို့လာ၍ ပြဿနာရှာဝံ့မည် မဟုတ်ချေ။ ဂိုဏ်းချုပ်ချောင်းက နှင်းဒေသ၏ နံပါတ်(၂)နေရာကို အလကားသက်သက်ရခဲ့ခြင်း မဟုတ်ပေ။

သို့သော် မိုင်တစ်ထောင် ရေခဲလွှမ်းကို ကောင်းစွာ ခုခံနိုင်သော မီးနဂါးမျိုးနွယ် အပါအဝင် မျိုးနွယ်သုံးခုမှ စွမ်းအားကြီး သိုင်းသမားများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ပင် ကျန်းရီကို မသတ်နိုင်ခဲ့ပေ။ မိုယောင်အာပင် လွတ်မြောက်သွားခဲ့သည်။ ကျန်းရီကလည်း ထိုမျိုးနွယ်သုံးခုမှ စွမ်းအားကြီး သိုင်းသမားများကို သတ်ဖြတ်ပစ်ခဲ့သည်။

ထိုကိစ္စအားလုံးက အရေးကြီးလှသည်တော့ မဟုတ်ပေ။ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်း အကြီးအကဲတစ်ယောက်က ထိုကိစ္စများ ဖြစ်နေစဉ်အတောအတွင်း အနီးပတ်ဝန်းကျင်တွင် ရှိနေခဲ့ပြီး အဖြစ်အပျက်များအားလုံးကို မြင်သွားခဲ့ခြင်းကမှ အရေးကြီးသောကိစ္စဖြစ်သည်။ ဖြစ်ပျက်ခဲ့သည့် အကြောင်းများသာ ပျံ့နှံ့သွားပါက ချောင်တွမ်ထျန်းသည် အားလုံး၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။

မျိုးနွယ်သုံးခုသာမက ကောင်းကင်နတ်ဆိုးမျိုးနွယ်ကလည်း ချန်တွမ်ထျန်းကို လက်စားချေရန် လုပ်မည်ဖြစ်သည်။ သူသည် မျိုးနွယ်ခေါင်းဆောင်ငယ်အဖြစ်လည်း ဆက်နေနိုင်တော့မည် မဟုတ်ပေ။ ကျားနိုင်ဂိုဏ်းသည်လည်း ဂိုဏ်းအသီးသီး၏ တိုက်ခိုက်မှုကို ခံရနိုင်သည်။ အကယ်၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်းသာ ဝင်ပါလာပါက ကျားနိုင်ဂိုဏ်းက ရှင်းပစ်ခံရပေလိမ့်မည်။

ဒုတ်...

ချောင်တွမ်ထျန်းသည် အထက်ပါအကြောင်းများကို တွေးမိသောအခါ ခြေထောက်များ မခိုင်တော့ဘဲ ချက်ချင်း ဒူးထောက်ချလိုက်သည်။ ထို့နောက် သူ ပဉ္စမအကြီးအကဲကို အလေးအနက် ဦးညွှတ်ကာ ကြောက်ကြောက်ရွံ့ရွံ့ ပြောလိုက်လေသည်။

“ပဉ္စမအကြီးအကဲ... ကျွန်တော်က ရည်မှန်းချက်ကြောင့် ခဏတာ မျက်လုံးကန်းသွားခဲ့တာပါ။ သဘောထားကြီးကြီးနဲ့ ဒီတစ်ခေါက် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

“အဟင်း...”

ကျန်းရီက လှောင်ပြောင်ဟန်ဖြင့် ပြုံးလိုက်သည်။ သူသည် ဤအခြေအနေ၏ လေးနက်မှုနှင့် နှင်း‌ဒေသရှိ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ အရေးပါမှုကို မသိပေ။ သူက သူရဲဘောကြောင်သော ချောင်တွမ်ထျန်းကိုသာ အထင်သေးဟန်ဖြင့် ကြည့်နေလေသည်။ ချောင်တွမ်ထျန်းကဲ့သို့သော သခင်လေးတစ်ယောက်က ဒူးထောက်နေသည်လော။

“ငါ့အရှေ့မှာ ဒူးထောက်နေလည်း အသုံးမဝင်ဘူး”

ပဉ္စမအကြီးအကဲက မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။

“ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နှင်းဒေသရဲ့ ပဋိပက္ခတွေမှာ တစ်ခါမှ ဝင်မပါခဲ့ဘူး။ ငါတို့က ဒီကို ရေခဲပန်းတွေကြည့်ဖို့ ရောက်နေတာ။ အဲ့တော့ တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာကို ဖြတ်သွားမိတာ။ သခင်လေးတွမ်ထျန်း ငါက ဒီအဖြစ်အပျက်နဲ့ ကြုံခဲ့ပြီဆိုတော့ ပြေပြေလည်လည်ပဲ ပြီးသွားစေချင်တယ်။ ထပ်ပြီးသတ်ဖြတ်တာတွေ မရှိတော့ဖို့၊ မင်း ဒီကိစ္စကို မေ့လိုက်တော့ဖို့ ငါ မျှော်လင့်တယ်။ မျိုးနွယ်တွေ ထပ်ပြီး မတိုက်ခိုက်တော့ဘူးဆိုရင် လူသားမျိုးနွယ်နဲ့ နှင်းဒေသအတွက် ကောင်းချီးဖြစ်မှာပဲ။ မင်း ဘယ်လိုထင်လဲ”

“ပဉ္စမအကြီးအကဲရဲ့ စကားတွေက အကြွင်းမဲ့ မှန်ကန်ပါတယ်။ ကျွန်တော် ပဉ္စမအကြီးအကဲရဲ့ ဆန္ဒအတိုင်း လုပ်ပါမယ်”

ချောင်တွမ်ထျန်းက လျင်မြန်စွာ လက်ဆုပ်ကာ ပြန်ပြောလိုက်ပြီး သက်ပြင်းချလိုက်လေသည်။ ပဉ္စမအကြီးအကဲသည် ဤကိစ္စကို ဆက်၍ဆွဲဆန့်လိုဟန် မပေါ်ပေ။ သူမက သူတော်ကောင်းတစ်ယောက်အဖြစ် ဝင်ဖျန်ဖျေရန် ကြိုးစားနေခြင်းပင်။ သူမ၏ ရည်ရွယ်ချက်က ရှင်းပေသည်။ ချောင်တွမ်ထျန်းက ဤကိစ္စကို မျက်ကွယ်ပြုလိုက်လျှင် မျိုးနွယ်သုံးခုနှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်တို့၏ တိုက်ခိုက်မှုကို တားဆီးနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် ဤကိစ္စကလည်း ပြီးသွားပေလိမ့်မည်။

ထိုကိစ္စကို မျက်ကွယ်ပြုလိုက်ရမည်လော။

ထိုအကြောင်းကို တွေးရုံဖြင့်ပင် ချောင်တွမ်ထျန်း ခေါင်းကိုက်သွားသည်။ သိုင်းပညာရှင်များစွာက သေသွားခဲ့ပြီဖြစ်သည်။ သူသည် ထိုကိစ္စကို မည်သို့ မျက်ကွယ်ပြုနိုင်မည်နည်း။ သူသည် မျိုးနွယ်ခေါင်းဆောင်သုံးယောက်ကို မည်သို့ ရှင်းပြချက် ပေးရမည်နည်း။ ထိုပညာရှင်များကို ရေခဲသားရဲများက သတ်သွားခြင်းဟု သူ ပြော၍မရပေ။

‘ဟုတ်တယ်... ရေခဲသားရဲဘုရင်’

ချောင်တွမ်ထျန်းသည် အကြံကောင်းတစ်ခုကို လျင်မြန်စွာ တွေးတောမိလိုက်၏။ ကျားနိုင်ဂိုဏ်းတွင် ရေခဲသားရဲဘုရင်တစ်ကောင်ကို ဖမ်းထားပေသည်။ သူသည် ထိုရေခဲသားရဲဘုရင်ကို လွှတ်ပေး၍ တိုက်ပွဲပြင်သို့ ခေါ်လာနိုင်သည်။ အနီးနားတွင် မည်သည့်မျက်မြင်သက်သေမှ မကျန်တော့သဖြင့် သူ ထိုကိစ္စကို ဖုံးကွယ်ပစ်လိုက်နိုင်လောက်သည်။

“မိုရှင်း...”

ချောင်တွမ်ထျန်းက မိုရှင်းကို ကြည့်လိုက်၏။ သူ့မျက်ဝန်းများအတွင်းမှ သတ်ဖြတ်လိုသည့် အကြည့်ကလည်း ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ နောင်တွင် အခွင့်အရေးရလာမှ ယ‌နေ့ဖြစ်ခဲ့သည့်ကိစ္စအတွက် မိုရှင်းကို လက်စားချေမည်ဟု သူ တွေးလိုက်လေသည်။

“ကျန်းရီ... အနားမှာ ကြည့်နေတဲ့သူ သုံးယောက်ပဲ ကျန်ခဲ့တယ်။ ငါ သူတို့ကို ရှင်းပစ်ပြီးပါပြီ”

ထိုစဉ် ပဉ္စမအကြီးအကဲနှင့် ကျန်းရီတို့က အပြန်အလှန် အသံပို့လွှတ်နေကြသည်။ သူမက ခေတ္တမျှ ရပ်လိုက်ပြီးမှ ဆက်၍ အသံပို့လွှတ်လိုက်သည်။

“မင်းက ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို အသုံးချပြီး လူပုမျိုးနွယ်ကို ရှင်းပစ်ချင်နေတာပဲ... အဲ့အကြံက မဆိုးပါဘူး။ ဒါပေမဲ့ မင်းက လောလွန်းတယ်။ ဒီကိစ္စကို ငါ ကူညီပေးခဲ့ပေမယ့် အခုကစပြီး မင်း ကိုယ့်အားကိုယ်ကိုး ရတော့မယ်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နှင်းဒေသက ပဋိပက္ခတွေကြားမှာ အများကြီး ဝင်ပါလို့ မရဘူး။ အဲ့ဒါက ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းပဲ...”

“မင်း ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို ပြန်သွားပြီး မင်းရဲ့ စွမ်းရည်တွေ တိုးတက်လာ‌အောင် အချိန်တစ်ခုလောက် ကျင့်ကြံနေသင့်တယ်။ ပြီးတော့မှ မင်းရဲ့ နောက်တစ်လှမ်းအတွက် စီစဉ်ပေါ့။ လောရွှယ်အတွက် မစိုးရိမ်ပါနဲ့။ သူက ရှားပါးတဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ ဂိုဏ်းက အကြီးအကဲတွေက သူ့ကို တော်တော်လေး ချစ်ကြပါတယ်။ သူက ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှာ နည်းနည်းလေးတောင် ဒုက္ခခံရမှာ မဟုတ်ပါဘူး”

“ကျေးဇူးအများကြီးတင်ပါတယ် ပဉ္စမအကြီးအကဲ”

ကျန်းရီက လက်ဆုပ်ကာ ကျေးဇူးတင်လိုက်ပြီး စုလောရွှယ်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်လေသည်။ ထို့နောက် သူသည် အဝေးသို့ ပျံထွက်သွားပြီး စုလောရွှယ်ကို တစ်ချက်ပင် လှည့်မကြည့်လိုက်တော့ပေ။

စုလောရွှယ်၏ အကြည့်က ရေခဲတမျှအေးစက်နေသည်။ သူမသည် ကျန်းရီကို တစ်ကြိမ်မှ တည့်တည့်မကြည့်ပေ။ ကျန်းရီ ထွက်သွားသောအခိုက်တွင်မူ သူမသည် သူ့၏ကျောပြင်ကို ကြည့်လိုက်၏။ သူမ၏မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ထွက်‌ပေါ်လာလေသည်။

ပဉ္စမအကြီးအကဲက ကျန်းရီ ထွက်သွားသည့်အချိန်အထိ စောင့်နေပြီးမှ ချောင်တွမ်ထျန်းကို ကြည့်ကာ ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်တွမ်ထျန်း... မင်းလည်း ပြန်သွားသင့်ပြီ။ ဒီကိစ္စကို ဖြေရှင်းဖို့ မင်း အကောင်းဆုံး ကြိုးစားပါ။ တကယ်လို့ ဒီကိစ္စကြောင့် မျိုးနွယ်တွေ တိုက်ခိုက်လာရင်တော့ ငါကိုယ်တိုင် ကျားနိုင်တောင်ကို သွားရမှာပဲ”

“သွားကြစို့...”

ပဉ္စမအကြီးအကဲသည် စကားပြောပြီးနောက် အပျိုစင်လေးယောက်ကို ကြည့်လိုက်သည်။ သူမတို့ငါးယောက်သည် ပိုမြင့်မြင့် ပျံတက်လိုက်ကြပြီး မသေမျိုးများကဲ့သို့ အဝေးသို့ ပျံသန်းသွားကြလေသည်။

“ဟူး...ဟူး...”

ချောင်တွမ်ထျန်းသည် မကျေနပ်စိတ်ကို အတင်းမျိုသိပ်၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် သူ အမိန့်ပေးလိုက်လေသည်။

“အားလုံးပဲ လူခွဲပြီး ဒီနေရာကို ပိတ်ထားကြပါ။ ဘယ်သူ့ကိုမှ ဒီနေရာနားကို အကပ်မခံပါနဲ့။ ရှစ်ရွှေ... မင်းက ငါ့နဲ့အတူ ပြန်လိုက်ခဲ့။ အဖေနဲ့တွေ့ပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုကြတာပေါ့”

“ပိတ်ထားရမှာလား”

အကြီးအကဲအချို့က နားမလည်ဟန်ဖြင့် ချောင်တွမ်ထျန်းကို ကြည့်လိုက်သည်။ ချောင်တွမ်ထျန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ကျွန်တော်တို့ ဖမ်းထားတဲ့ ရေခဲသားရဲဘုရင်ကို လွှတ်ပေးဖို့ပဲ။ မဟုတ်ရင် ကျွန်တော်တို့ မျိုးနွယ်သုံးခုက မျိုးနွယ်ခေါင်းဆောင်တွေကို ရှင်းပြနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ ဒီနေရာနားကို ဘယ်သူ့ကိုမှ အကပ်မခံဖို့ အရေးကြီးတယ်။ မဟုတ်ရင် ကျားနိုင်ဂိုဏ်းက ပျက်သုဉ်းရလိမ့်မယ်”

“ရေခဲသားရဲဘုရင်လား”

အကြီးအကဲအချို့ မျက်နှာပျက်သွားကြသည်။ ထိုရေခဲသားရဲဘုရင်ကို ဖမ်းနိုင်ရန် ကျားနိုင်ဂိုဏ်းသည် အသက်ထောင်ကျော် ရင်းခဲ့ရသည်။ နောက်ဆုံးတွင် ဂိုဏ်းချုပ်ကိုယ်တိုင် ဖမ်းခဲ့ရသည်။ ချောင်တွမ်ထျန်း ကျင့်ကြံခြင်း အဆင့်တက်နိုင် ၎င်းကို ဖမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းကိုသာ လွှတ်ပေးလိုက်လျှင် အခြားမျိုးနွယ်များက ၎င်းကို အမဲလိုက်ကာ သတ်ဖြတ်ပေလိမ့်မည်။ သို့ဆိုလျှင် ကျားနိုင်ဂိုဏ်းက ဆုံးရှုံးမှုကြီးသွားမည်ဖြစ်သည်။

“မိုရှင်း... ငါ မင်းကို သတ်ပစ်မယ်လို့ ကျိန်တယ်”

ရေခဲသားရဲဘုရင်ကို လွှတ်ပေးရခြင်းက ချောင်တွမ်ထျန်းအတွက်လည်း ကြီးမားသော ဆုံးရှုံးမှုပင်။ ထို့ကြောင့် သူ အံကြိတ်၍ ကျယ်လောင်စွာ ကျိန်ဆိုလိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း မကျေနပ်မှု၊ ဒေါသထွက်မှုတို့နှင့် ပြည့်နှက်နေသည်။ ထို့နောက် သူသည် မြောက်ဘက်သို့ မြန်နိုင်သမျှမြန်မြန် ပျံသန်းသွားလိုက်လေသည်။

“ကျားနိုင်ဂိုဏ်းကလူတွေ ဘာလုပ်နေကြတာလဲ”

ရေခဲကျွန်း၏ အနောက်ဘက် မိုင်တစ်ထောင်အကွာတွင် ကျန်းရီသည် ရေခဲလွှာထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ ကောင်းကင်နတ်ဆိုးတောင်သို့ ပြန်မသွားသေးပေ။ မိုယောင်အာတို့ကိုလည်း လိုက်မရှာလိုက်ပေ။ သူသည် ထိုနေရာတွင် နှစ်ရက်ကြာထိုင်၍ ကောင်းကင်သိမြင်နားလည်ခြင်းဖြင့် အခြေအနေကို စူးစမ်းနေခဲ့သည်။

ပဉ္စမအကြီးအကဲက သူ့ကို လောလွန်းသည်ဟုပြောကာ နောက်ခြေလှမ်းအတွက် အစီအစဉ်မဆွဲခင် အဆင့်ပိုတက်အောင် ကျင့်ကြံရန် ပြောခဲ့သည်။ သို့သော် ကျန်းရီသည် အကြာကြီး မစောင့်နိုင်ပေ။ စောင့်နေရခြင်းက သူ့အတွက် အလွန်ခက်ခဲပေသည်။ လူပုမျိုးနွယ်ကို မရှင်းပစ်နိုင်မချင်း သူ စားဝင်၊ အိပ်ပျော်မည် မဟုတ်ချေ။

ပဉ္စမအကြီးအကဲက မျက်မြင်သက်သေအဖြစ် ထွက်လာခဲ့သဖြင့် ချောင်တွမ်ထျန်းသည် အချိန်တိုအတွင်း ကျန်းရီကို သတ်ရဲမည် မဟုတ်ပေ။ သူတို့သည် ကျန်းရီက ကောင်းကင်နတ်ဆိုးတောင်သို့ ပြန်သွားပြီဟု ထင်နေလောက်သည်။ ထို့ကြောင့် ကျန်းရီအတွက် လုံခြုံပေသည်။

ကျန်းရီသည် နှစ်ရက်ကြာ ထောက်လှမ်းခဲ့၏။ ချောင်တွမ်ထျန်းက ထိုကိစ္စကို မည်သို့ဖြေရှင်းမည်ကို သူ သိလိုနေသည်။

မျိုးနွယ်ခေါင်းဆောင်ငယ်သုံးယောက်နှင့် စွမ်းအားကြီး သိုင်းသမားများစွာ သေသွားမှုက မျိုးနွယ်သုံးခုကို ဆူပူအုံကြွသွားစေမည်ဖြစ်သည်။ အကယ်၍ ချောင်တွမ်ထျန်းသာ အကျိုးအကြောင်းဆီလျော်အောင် ရှင်းမပြနိုင်လျှင် ပဉ္စမအကြီးအကဲက သူ့အတွက် ရှင်းပြမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ချောင်တွမ်ထျန်းက မည်သို့ကြံနေကြောင်း သိလိုနေသည်။ ပြဿနာကြားတွင် သူ အသုံးချနိုင်မည့် အခွင့်အရေးတစ်ခုကိုလည်း ရှာလိုနေသည်။

ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို အသုံးချ၍ လူပုမျိုးနွယ်ကို ရှင်းပစ်ရန်က ဖြစ်နိုင်ခြေတစ်ခုဖြစ်ပြီး လူပုမျိုးနွယ်၊ မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့နှင့် ကျားနိုင်ဂိုဏ်းကြားတွင် တိုက်ပွဲဖြစ်လာအောင် မီးမွှေးပေးခြင်းမှာ အခြားတစ်ခုဖြစ်သည်။ လူပုမျိုးနွယ်သာ အခြားမျိုးနွယ်တစ်ခုနှင့် တိုက်ပွဲဖြစ်ခဲ့လျှင် သူတို့ တိုက်ပွဲပန်းနေချိန်ကို အခွင့်ကောင်းယူ၍ သူတို့ကို လူပုတောင်မှ မောင်းထုတ်ပစ်နိုင်ပေသည်။

ပြီးခဲ့သောနှစ်ရက်အတွင်း၌ ကျားနိုင်ဂိုဏ်းသားများသည် ရေခဲကျွန်း၏ မိုင်တစ်ထောင်ပတ်လည်အတွင်း မပြတ်ကင်းလှည့်နေကြသည်။ သူတို့သည် ရေခဲကျွန်းနားသို့ ရောက်လာသည့် သိုင်းသမားတိုင်းကို သတိပေးကာ ပြန်လွှတ်ကြသည်။ ချောင်တွမ်ထျန်းက သတင်းမပေါက်ကြားသွားစေရန် လုပ်နေခြင်းဟု ကျန်းရီ တွေးလိုက်ပြီး ချောင်တွမ်ထျန်း၏ နောက်ထပ်ခြေလှမ်းကို စောင့်နေလိုက်သည်။

ဟိန်း...

လေးရက်မြောက်နေ့တွင် ချောင်တွမ်ထျန်း၏ နောက်ထပ်ခြေလှမ်း ထွက်ပေါ်လာလေသည်။ ရေခဲကျွန်းဘက်မှနေ၍ ခက်ထန်သော ဟိန်းသံကြီးတစ်သံ ပဲ့တင်ထပ်လာ၏။ ထိုဟိန်းသံက ရေခဲပြင်ကိုပင် တုန်ခါစေသွားသည်။ မိုင်တစ်ထောင်အကွာရှိ ကျန်းရီသည်ပင် ထိုအသံကို ကောင်းစွာ ကြားလိုက်ရလေသည်။

‘အဲ့ဒါက ရေခဲသားရဲဘုရင်လား ဒါမှမဟုတ် ရေခဲမှင်စာဘုရင်လား။ ချောင်တွမ်ထျန်းက တခြားတစ်ယောက်အပေါ် အပြစ်လွှဲချဖို့ လုပ်နေတာပဲ... မဆိုးပါဘူး’

ကျန်းရီ မျက်ခုံးပင့်၍ တွေးလိုက်သည်။ ထို့နောက် သူ ပြုံးကာ ရေရွတ်လိုက်၏။

“ချောင်တွမ်ထျန်းက ရေကိုနှောက်ချင်မှတော့ ရေပိုနောက်သွားအောင် ကူညီပေးရတာပေါ့။ ရေနောက်နေမှ ငါလည်း ပြဿနာကို အခွင့်ကောင်းယူနိုင်မှာ မဟုတ်လား”

***

All Chapters