← Chapters

ဓားခုတ်ကောင်ဂိုဏ်း

Vol. 73 Ch. 1018

ဓားခုတ်ကောင်ဂိုဏ်း

Vol. 73 Ch. 1018

ရေက အမှန်ပင် နောက်လာပေပြီ။

ရေခဲကျွန်းအနီးတွင် ရူးသွပ်နေသော ရေခဲသားရဲဘုရင်တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် ထွက်ပေါ်လာသည်နှင့် စတင်သတ်ဖြတ်ခဲ့သည်။ ကံဆိုးသည်မှာ လူပုမျိုးနွယ်၊ မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့က ထိုပတ်ဝန်းကျင်တွင် ရှိနေခဲ့ခြင်းပင်။ သူတို့အားလုံးသည် ရေခဲသားရဲဘုရင်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ထိုဧရိယာမှ အခြားသိုင်းသမားများလည်း အသတ်ခံခဲ့ရသည်။ ထို့နောက် ယင်းရေခဲသားရဲဘုရင်က ရေခဲပင်လယ်ထဲတွင် ဆက်သောင်းကျန်းခဲ့သဖြင့် ကျားနိုင်ဂိုဏ်းလည်း အတော်လေး ဆုံးရှုံးခဲ့လေသည်။

ထိုသတင်းက နှင်းဒေသတစ်ခွင်လုံးတွင် နှင်းပွင့်များကဲ့သို့ ပျံ့နှံ့သွားသည်။ ယင်းက နှင်းဒေသတွင် ငလျှင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ပင်။ မျိုးနွယ်ကြီးများမှ မရေမတွက်နိုင်သော သိုင်းပညာရှင်များနှင့် မျိုးနွယ်ငယ်များမှ သိုင်းသမားများက ရေခဲပင်လယ်သို့ လျင်မြန်စွာ ရောက်လာခဲ့ကြသည်။ သူတို့သည် ပူးပေါင်းကာ ရေခဲသားရဲဘုရင်ကို အမဲလိုက်၍ အကျိုးအမြတ်ကို ခွဲဝေယူလိုနေကြသည်။

ရေခဲသားရဲများနှင့် ရေခဲမှင်စာများမှာ နှင်းဒေသရှိ ထူးခြားသော မိစ္ဆာမျိုးနွယ်များဖြစ်ကြသည်။ ၎င်းတို့သည် ရေခဲနှင့် နှင်းမှ ဖြစ်ပေါ်လာသော မိစ္ဆာများပင်။ ထို့ကြောင့် ရေခဲသားရဲတိုင်းနှင့် ရေခဲမှင်စာတိုင်းသည် ရေခဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ထိုရေခဲစွမ်းအားက ကြယ်တာရာစွမ်းအားကဲ့သို့ အဖိုးတန်ပေသည်။ ထိုစွမ်းအားက သိုင်းသမားများ၏ ကျင့်ကြံခြင်းအတွက် အလွန်အသုံးဝင်သည်။ ထို့ကြောင့် မျိုးနွယ်တိုင်းက လူစေလွှတ်ကာ ‌ရေခဲသားရဲများကို အမဲလိုက်စေခြင်းပင်။ ၎င်းတို့အား အမဲလိုက်နိုင်သူများကိုလည်း စွမ်းဆောင်ချက်အမှတ်များ ပေးခြင်းပင်။

ရေခဲသားရဲဘုရင်များနှင့် ရေခဲမှင်စာဘုရင်များက ပို၍ပင် အဖိုးတန်သည်။ ၎င်းတို့ကိုယ်ထဲရှိ ရေခဲစွမ်းအားက ပို၍ သန့်စင်ပြီး၊ ပို၍ စွမ်းအားကြီးသည်။ ရေခဲသားရဲဘုရင်တစ်‌ကောင် သို့မဟုတ် ရေခဲမှင်စာဘုရင်တစ်ကောင်က ရေခဲသားရဲအကောင်တစ်ရာ၊ ရေခဲမှင်စာအကောင်တစ်ရာထက် ပို၍ အဖိုးတန်သည်။ ထို့ကြောင့် ရေခဲသားရဲဘုရင်တစ်ကောင် သို့မဟုတ် ရေခဲမှင်စာဘုရင်တစ်ကောင် ထွက်ပေါ်လာသည်နှင့် မျိုးနွယ်များအကြားတွင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာလေ့ရှိသည်။ ထိုတိုက်ပွဲဖြစ်လာတိုင်း သေဆုံးသူများ၊ ဒဏ်ရာရသူများ များခဲ့သည်သာ။

ဤတစ်ကြိမ်တွင်မူ တစ်ခါမှ မကြားခဲ့ဖူးသော ဆုံးရှုံးမှု ဖြစ်ခဲ့သည်။ မျိုးနွယ်သုံးခုမှ မျိုးနွယ်ခေါင်းဆောင်ငယ်သုံးယောက်စလုံး သေဆုံးသွားခဲ့လေသည်။

လူပုမျိုးနွယ်၏ စစ်တပ်က ရေခဲကျွန်းအနားသို့ ရောက်လာသောအခါ အပိုင်းပိုင်းပြတ်နေသော အလောင်းများကို မြင်လိုက်ရလေသည်။ ထိုအလောင်များတွင် ရေခဲသားရဲတစ်ကောင်၏ ကိုက်ရာများကို ထင်ထင်ရှားရှား တွေ့ရသည်။ ထို့ကြောင့် စစ်တပ်တစ်ခုလုံး ဒေါသူပုန်ထသွားပြီး မြောက်ဘက်သို့ လျင်မြန်စွာ သွားလိုက်ကြသည်။ ရေခဲသားရဲဘုရင်က မြောက်ဘက်သို့ ထွက်သွားခြင်းပင်။ ကျားနိုင်ဂိုဏ်းကလည်း ရေခဲသားရဲဘုရင်ကြောင့် လူများစွာ ဆုံးရှုံးခဲ့ပြီဟုလည်း ဆိုကြပေသည်။

ရေခဲပင်လယ်၏ မြောက်ဘက်တွင် ဧရာမသားရဲကြီးတစ်ကောင်က အမှန်ပင် သတ်ဖြတ်နေလေသည်။ ကျားနိုင်ဂိုဏ်းမှ လူထောင်ဂဏန်းအနည်းငယ်နှင့် အခြား မျိုးနွယ်လေး၊ငါးခုမှ လူများက ၎င်းနှင့် တိုက်ခိုက်နေကြသည်။ ထိုမျိုးနွယ်လေး၊ငါးခုမှ မျိုးနွယ်ခေါင်းဆောင်များက ရေခဲသားရဲဘုရင်ကို သူ့ထက်ငါ အရင်သတ်လိုနေကြသည်။ ထိုမှ သူတို့က ၎င်း၏ကိုယ်ထဲရှိ ရေခဲစွမ်းအားကို ရနိုင်မည်ဖြစ်သည်။

လူများစွာကလည်း ဘေးမှ ကြည့်နေကြသည်။ သူတို့သည် ကျားနိုင်ဂိုဏ်းချုပ် ထွက်ပေါ်မလာသေးသဖြင့် နားမလည်နိုင်ဖြစ်နေကြသည်။ ထိုနေရာက ကျားနိုင်ဂိုဏ်းနှင့် အနီးဆုံးဖြစ်သည်။ အကယ်၍ ချောင်ဖေးဝမ်သာ ထွက်လာလျှင် ရေခဲသားရဲဘုရင်းက ဆက်၍ သတ်ဖြတ်နေနိုင်တော့မည် မဟုတ်ပေ။

ရေခဲသားရဲဘုရင်၏ ပုံပန်းသွင်ပြင်က ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်း၏ ခန္ဓာကိုယ်က ဧရာမပုတ်သင်ညိုကြီးတစ်ကောင်ကဲ့သို့ ဖြစ်ပြီး ပေလေးရာမှ ငါးရာခန့် ရှည်လျားပေသည်။ ဖြူစွတ်နေသော ခန္ဓာကိုယ်ကြီးပေါ်တွင်လည်း ချွန်ထက်သော အကြေးခွံ့များ ရှိနေသည်။ ၎င်း၏ သံမဏိကဲ့သို့ မာကြောသော အမြီးကြီးက ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ထိုအမြီးနှင့် အရိုက်ခံလိုက်ရပါက ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များပင် အပိုင်းပိုင်းပြတ်သွားပေလိမ့်မည်။ ၎င်း၏ ဧရာမပါးစပ်ကြီးတွင်လည်း ထက်ရှသောသွားများဖြင့် ပြည့်နှက်နေသည်။ ၎င်း ဟိန်းလိုက်သောအခါ ထိုသွားများက အေးစက်စက်အလင်း တောက်ပသွားပြီး လူများစွာကို ကြောက်ရွံ့သွားစေလေသည်။

ရေခဲသားရဲဘုရင်သည် ပါးစပ်မှနေ၍လည်း အေးစက်စက်လေများကို မှုတ်ထုတ်နေသည်။ ထိုလေအေးများက ကျန်းရီ၏ မိုင်တစ်ထောင် ရေခဲလွှမ်းထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းလေအေး၏ လွှမ်းခြုံမှုကို ခံလိုက်ရပါက တစ်ခါတည်း သေသည်အထိ အေးခဲသွားမည်ဖြစ်သည်။ ၎င်း၏ အရှိန်ကလည်း အလွန်လျင်မြန်ပေသည်။ ကျန်းရီ၏ မိုင်တစ်ထောင် ရေခဲလွှမ်းထက်ပင် အနည်းငယ် ပိုမြန်သည်။

ရေခဲသားရဲဘုရင်၏ အကြေးခွံများကလည်း အလွန်မာ၏။ စွမ်းအားကြီး သိုင်းသမားများစွာက ဖောက်ခွဲရေးပစ္စည်းများ၊ ထူးခြားဆန်းသုံးကြယ်သော စွမ်းရည်အမျိုးမျိုးနှင့် တိုက်ခိုက်တာအိုပုံသဏ္ဌာန်အမျိုးမျိုးတို့ကိုသုံး၍ ဝိုင်းရံ တိုက်ခိုက်ခဲ့သည်ပင် အကြေးခွံအနည်းငယ်သာ ကွာကျလာခဲ့သည်။

ပို၍ဆန်းကြယ်သည်မှာ ရေခဲသားရဲဘုရင်က စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို မကြောက်ခြင်းပင်။ ကျားနိုင်ဂိုဏ်းမှ ဂိုဏ်းသားများက သူတို့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ထုတ်လွှတ်ခဲ့၏။ သို့သော် အချည်းနှီးသာ။ သူတို့၏ တိုက်ခိုက်မှုများက ကျောက်ဆောင်ကို ဆီးစေ့ဖြင့် ပေါက်နေသကဲ့သို့ပင်။ ရေခဲသားရဲဘုရင်က ဖြုံပင် မဖြုံခဲ့ချေ။

“ဟိန်း...ဟိန်း...”

ရေခဲသားရဲဘုရင်က အဆက်မပြတ် ဟိန်းနေ၏။ ၎င်း၏ဟိန်းသံက ကြောက်မက်ဖွယ်ကောင်းပေသည်။ ကြောက်တတ်သူတစ်ယောက်ဆိုလျှင် ထိုအသံဖြင့်ပင် သေဆုံးသွားပေလိမ့်မည်။ ၎င်းသည် အမြီးကြီးကိုယမ်း၍ တိုက်ခိုက်နေ၏။ လူတစ်သောင်းလောက်က ၎င်းကို ဝန်းရံထားကြသည်။ သို့သော် ၎င်း၏အမြီးကြီး ဝေ့ယမ်းလာတိုင်း အနည်းဆုံး လူတစ်ရာ သေဆုံးသွားလေသည်။

ငါးမိနစ်အတွင်းမှာပင် လူနှစ်ထောင်ကျော် သေသွားပေပြီ။ သေဆုံးသွားသူများထဲတွင် ကြယ်သုံးပွင့်၊ ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များလည်း ပါပေသည်။ သို့သော် မည်သူကမှ ပြန်ဆုတ်ရန် မတွေးကြချေ။ ရေခဲသားရဲဘုရင်က နာနေပြီဖြစ်သည်။ သူတို့သည် များစွာရင်းခဲ့ရပြီးဖြစ်၍ ယခုမှတော့ လက်မလျှော့နိုင်တော့ပေ။

“အားလုံး ထွက်သွားကြ။ ဒီရေခဲသားရဲဘုရင်က လူပုမျိုးနွယ်ရဲ့ အပိုင်ပဲ”

“ဒီရေခဲသားရဲဘုရင်က ကျုပ်တို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်ကို သတ်သွားတာ။ လူပုမျိုးနွယ်က အဲ့ကောင်ကို တစ်သက်မကြေဘူး။ အားလုံးပဲ ဘေးဖယ်ကြ။ မဟုတ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်”

“ဟုတ်တယ်... လူပုမျိုးနွယ်ကပဲ အဲ့ရေခဲသားရဲဘုရင်ကို သတ်နိုင်တယ်။ ကျုပ်တို့ ကျုပ်တို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်အတွက် လက်စားချေချင်တယ်”

တောင်ဘက်မှနေ၍ အော်သံများ ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် လူပုများ ရောက်လာပေပြီ။ သူတို့သည် တောင်ဘက်မှနေ၍ ကျိုင်းကောင်အုပ်ကြီးကဲ့သို့ ရောက်လာ၏။ သူတို့၏အရေအတွက်က ခုနစ်ထောင်မှ ရှစ်ထောင်လောက်အထိ ရှိပုံပေါ်သည်။ ထိုသူများထဲတွင် စွမ်းအားကြီးအရှိန်အဝါရှိသူများလည်း အများအပြားပါပေသည်။ လူပုမျိုးနွယ်မှ သိုင်းပညာရှင်အများစု ရောက်လာခြင်းဖြစ်ပေမည်။

“အန်...”

ကျန်မျိုးနွယ်များက လျင်မြန်စွာ နောက်ဆုတ်လိုက်ကြသည်။ သူတို့သည် လူများစွာ ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ရေခဲသားရဲကလည်း ဒဏ်ရာရထားပြီဖြစ်၍ အချိန်တစ်ခုအတွင်း သေသွားတော့မည်ဖြစ်သည်။ သို့သော် လူပုမျိုးနွယ်က ယခုကဲ့သို့ရောက်လာ၍ အကျိုးအမြတ်ကို ယူသွားလိုနေသည်လော။

လူပုမျိုးနွယ်၏ နတ်ဘုရားတစ်ပိုင်း ပညာရှင်က ထွက်ပေါ်မလာခဲ့ပေ။ သို့သော် သူက အနီးနားတွင် ရှိနေနိုင်လောက်သည်။ ထို့ပြင် ရောက်လာသော လူပုများကြားတွင် သိုင်းပညာရှင်များစွာ ပါသဖြင့် မျိုးနွယ်ငယ်များက မည်သို့မှ မပြောဝံ့ကြချေ။ သို့သော် သူတို့သည် အဝေးသို့ ထွက်မသွားလို၍ ဘေးမှ ကြည့်နေကြလေသည်။

သို့သော် ကျားနိုင်ဂိုဏ်းကပင် ဘေးဖယ်ပေးလိုက်သဖြင့် အခြားမျိုးနွယ်များ အံ့အားသင့်သွားကြသည်။ ကျားနိုင်ဂိုဏ်းကလည်း လူများစွာ ဆုံးရှုံးထားပြီးပြီ မဟုတ်ပါလား။ သို့သော် ကျားနိုင်ဂိုဏ်းသားများသည် လူပုမျိုးနွယ်က ရေခဲသားရဲဘုရင်ကို ဝန်းရံလိုက်သည်ကို ရပ်ကြည့်နေကြပေသည်။ ကြည့်ရသည်မှာ ကျားနိုင်ဂိုဏ်းက လူပုမျိုးနွယ်အား ရေခဲသားရဲဘုရင် ပေးလိုက်တော့မည့်ပုံပင်။

ဝုန်း...ဝုန်း...ဝုန်း...

လူပုမျိုးနွယ်က ရေခဲသားရဲဘုရင်ကို ဝန်းရံ၍ ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။ နှင်းနဂါးများက ရေခဲသားရဲဘုရင်ထံ ပျံဝင်သွားကြပြီး ရေခဲသားရဲဘုရင်၏ လှုပ်ရှားမှုများကို နှေးသွားအောင် လုပ်နေကြသည်။ တာအိုပုံသဏ္ဌာန်များစွာလည်း ပျံထွက်လာသည်။ ထိုအတိုင်းသာ ဆက်သွားနေလျှင် ရေခဲသားရဲဘုရင်က လူပုမျိုးနွယ်၏ သတ်ဖြတ်မှုကို ခံရတော့မည်ဖြစ်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်တွမ်ထျန်း... ခင်ဗျားတို့က လူပုမျိုးနွယ် ရေခဲသားရဲဘုရင်ကို ယူသွားမှာကို ဒီအတိုင်းပဲ ကြည့်နေတော့မှာလား”

မျိုးနွယ်ခေါင်းဆောင်ငယ်တစ်ယောက်က ချောင်တွမ်ထျန်းနှင့်သူ့လူများ ပြန်ဆုတ်သွားသည်ကို မြင်လိုက်သောအခါ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

ချောင်တွမ်ထျန်းက ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်တို့ ဂိုဏ်းချုပ်က အခန်းအောင်း ကျင့်ကြံနေတယ်။ ဒါပေမဲ့ လူပုမျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ကတော့ အနားမှာ ရှိနေလောက်တယ်။ ကျွန်တော်တို့သာ သူတို့နဲ့ ပြိုင်မယ်ဆိုရင် ရှုံးသွားမှာပဲ”

လူများစွာသည် ထိုစကားကို ကြားလိုက်သောအခါ သဘောပေါက်သွားကြသည်။ ချောင်ဖေးဝမ် ထွက်မလာသည်မှာ အံ့ဩစရာမရှိတော့ပေ။ ကျားနိုင်ဂိုဏ်းက ရေခဲသားရဲဘုရင်ကို အလွယ်တကူ လက်လွှတ်ခဲ့သည်ကလည်း အံ့ဩစရာမရှိတော့ချေ။

ချောင်တွမ်ထျန်း၏ မျက်နှာတွင် ခါးသက်မှုများ၊ စိတ်ပျက်မှုများနှင့် ပြည့်နှက်နေသည်။ ချောင်ဖေးဝမ်က အခန်းအောင်းကျင့်ကြံနေခြင်း မဟုတ်ပေ။ ချောင်ဖေးဝမ်က ထိုရေခဲသားရဲဘုရင်ကို ရေခဲပင်လယ်သို့ ခေါ်လာပေးခဲ့သူဖြစ်သည်။ ၎င်းသားရဲကို ချောင်တွမ်ထျန်းက ပိုင်ခဲ့သည်။ သူ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားလျှင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ဆက်တက်လှမ်းနိုင်ဖို့ ထိုသားရဲကို သုံးရန် ကြံရွယ်ထားခဲ့ခြင်းပင်။ ယခုတွင်မူ သူ ၎င်းကို လူပုမျိုးနွယ်ထံ ပေးလိုက်ရပေတော့မည်။

ဝှစ်...ဝှစ်...

ထိုအခိုက်တွင် အနောက်မြောက်ဘက်မှနေ၍ လေခွင်းသံများ ပဲ့တင်ထပ်လာသည်။ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင်လည်း အဖြူရောင်တန်းတစ်ခု ထွက်ပေါ်လာသည်။ အဖြူရောင်တန်းက တဖြည်းဖြည်း အဖြူရောင်တိမ်တိုက်တစ်ခုအဖြစ် ရုပ်လုံးပေါ်လာသည်။ အဖြူရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အင်အားတစ်သောင်းပါသည့် စစ်တပ်က တိမ်စီးကာ ဤနေရာသို့ လာနေခြင်းပင်။

ထိုလူများက ထူးဆန်း၏။ သူတို့၏ ဦးခေါင်းများပေါ်တွင် ဓားသွားနှင့်တူသော ဦးချိုတစ်ချောင်းစီ ရှိကြသည်။ ထိုဦးချိုက နှင်းကဲ့သို့ဖြူပြီး အေးစက်စက်အလင်း တောက်ပနေသည်။ သူတို့၏ မျက်လုံးများက တြိဂံပုံဖြစ်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

“ဓားခုတ်ကောင်ဂိုဏ်းက ဒီကို ရောက်လာပြီ။ ပွဲကတော့ ကြည့်ကောင်းပြီပဲ”

“ဟားဟား... ဓားခုတ်ကောင်ဂိုဏ်းက နှင်းဒေသမှာ နံပါတ်(၃)ဂိုဏ်းပဲ။ သူတို့က သူတို့ရဲ့ တိုက်ခိုက်စွမ်းအားကြောင့် ကျော်ကြားတာ။ ဒီတစ်ခေါက် လူပုတွေ မောက်မာနိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့”

“ဓားခုတ်ကောင်ဂိုဏ်းက ဒီလောက်အများကြီး ထွက်လာခဲတယ်။ ဒီတစ်ခေါက်တော့ သူတို့က ရေခဲသားရဲဘုရင်ကြောင့် သိုင်းပညာရှင်အများကြီးနဲ့ ထွက်လာတာပဲ။ ကျားနိုင်ဂိုဏ်းက လက်လျှော့လိုက်ပြီဆိုတော့ ကြည့်ရတာ ရေခဲသားရဲဘုရင်ကို ဓားခုတ်ကောင်ဂိုဏ်းကပဲ ရသွားတော့မယ်ထင်တယ်”

ထိုနေရာတစ်ခွင်လုံး အုတ်အုတ်ကျွက်ကျွက်ဖြင့် ဆူညံသွားသည်။ မျိုးနွယ်ငယ်လေးများစွာလည်း စိတ်လှုပ်ရှားသွားသည်။ အစောတွင် လူပုမျိုးနွယ်က အလွန်‌‌မောက်မာခဲ့သည်။ ထို့ကြောင့် သူတို့သည် ဓားခုတ်ကောင်ဂိုဏ်းက လူပုမျိုးနွယ်အား သတ်မည်ကို မစောင့်နိုင်ကြတော့ပေ။

***

All Chapters