← Chapters

အငှားဓားဖြင့် လူသတ်ခြင်း

Vol. 73 Ch. 1019

အငှားဓားဖြင့် လူသတ်ခြင်း

Vol. 73 Ch. 1019

“အခု ဒီရေခဲသားရဲဘုရင်က ငါတို့ဓားခုတ်ကောင်ဂိုဏ်းရဲ့ အပိုင်ပဲ။ အားလုံး ဘေးဖယ်ကြ။ မဟုတ်ရင်တော့ အညှာအတာမရှိ အသတ်ခံရလိမ့်မယ်”

ဓားခုတ်ကောင်ဂိုဏ်းက ခက်ထန်ပုံပေါ်ပြီး လူပုမျိုးနွယ်ထက်ပင် ပိုကြမ်းကြမ်း ဆောင်ရွက်တတ်ပေသည်။ သူတို့သည် တစ်ချက်ပင် မရပ်လိုက်ဘဲ ရေခဲသားရဲဘုရင်ဆီသို့ ဦးတည်ပျံသန်းသွားကြသည်။ စစ်တပ်၏ အရှေ့ဆုံးမှ အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ့ခေါင်းထက်ရှိ ချိုကလည်း စတင် လင်းလက်လာသည်။ စူးရှသော အေးစက်စက် အရှိန်အဝါတစ်ခုက ဓားတစ်ချောင်းကဲ့သို့ တိတ်တဆိတ် ထွက်သွားသည်။ ၎င်းက ထိတွေ့သမျှ အရာတိုင်းကို ပိုင်းဖြတ်သွားမည်ဖြစ်သည်။

“ဓားခုတ်ကောင်ဂိုဏ်း”

လူပုများ မျက်နှာပျက်သွားသည်။ ဓားခုတ်ကောင်ဂိုဏ်းက နှင်းဒေသ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ထိုဘက်က သူတို့၏ ပိုင်နက်ပင်။ သူတို့သည် အနောက်မြောက်ဘက်မှ ထွက်လာခဲပြီး အခြားမျိုးနွယ်များကလည်း ထိုဘက်သို့ မသွားဝံ့ကြပေ။ သူတို့က သီးခြားနေတတ်ပြီး မာနကြီးသည့် မျိုးနွယ်တစ်ခုဖြစ်ကာ အခြားမျိုးနွယ်များနှင့် အဆက်အဆံ လုပ်ခဲသည်။ အခြားမျိုးနွယ်များကလည်း ဓားခုတ်ကောင်ဂိုဏ်းနှင့် အဆက်အဆံ မလုပ်ကြပေ။

နှင်းဒေသတွင် ဓားခုတ်ကောင်ဂိုဏ်းက ရူးသွပ်မှုကြောင့် ကျော်ကြား၏။ လူပုမျိုးနွယ်က ရက်စက်မှု၊ ကြမ်းတမ်းမှုနှင့် သတ်ဖြတ်မှုတို့ကြောင့် ကျော်ကြားပြီး ဓားခုတ်ကောင်ဂိုဏ်းက ရူးသွပ်မှုကြောင့် ကျော်ကြားခြင်းပင်။ တစ်စုံတစ်ယောက်က သူတို့ကို အပြစ်ပြုလိုက်လျှင် သူတို့သည် ထိုလူ သေသွားသည်အထိ ရူးသွပ်စွာ တိုက်ခိုက်ကြသည်။ အတိတ်တွင် နှင်းဒေသ၌ မျိုးနွယ်ကြီးတစ်ခု ရှိခဲ့၏။ သို့သော် သူတို့သည် ဓားခုတ်ကောင်ဂိုဏ်းကို အပြစ်ပြုမိခဲ့၍ မျိုးတုံးသတ်ဖြတ်ခံလိုက်ရသည်။ ထိုမျိုးနွယ်မှ မျိုးနွယ်ဝင်တစ်ယောက်ပင် ရှင်မကျန်ခဲ့ချေ။ ထို့ကြောင့် နှင်းဒေသမှ မျိုးနွယ်များသည် ဓားခုတ်ကောင်ဂိုဏ်းကို အပြစ်မပြုဝံ့ကြပေ။ ထိုထဲတွင် ကျားနိုင်ဂိုဏ်းလည်း ပါပေသည်။

လူပုမျိုးနွယ်ကလည်း ဓားခုတ်ကောင်ဂိုဏ်းနှင့် ရန်သူမဖြစ်လိုချေ။ သို့သော် သူတို့၏ မျိုးနွယ်ခေါင်းဆောင်ငယ်က ထိုရေခဲသားရဲဘုရင်ကြောင့် သေခဲ့ရခြင်းပင်။ ထို့ကြောင့် သူတို့အားလုံး ဒေါသထွက်နေကြသည်။ ထို့ပြင် ရေခဲသားရဲဘုရင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီဖြစ်၍ မကြာခင် သေတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် ယခုမှ အဘယ်သို့ လက်လျှော့နိုင်တော့မည်နည်း။

ထို့ကြောင့် လူပုမျိုးနွယ်မှ အကြီးအကဲတစ်ယောက်ကာ အော်ပြောလိုက်သည်။

“ဓားခုတ်ကောင်ဂိုဏ်း... ကျုပ်တို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်က ဒီရေခဲသားရဲဘုရင်ကြောင့် သေသွားခဲ့ရတာ။ ကျုပ်တို့မျိုးနွယ်က အကြီးအကဲသုံးဆယ်၊ တပ်မှူးနှစ်ဆယ်နဲ့ တပ်သားထောင်ကျော်ကလည်း အဲ့ကောင်ကြောင့် သေခဲ့ရတယ်။ ဒီရေခဲသားရဲဘုရင်က ကျုပ်တို့ရဲ့ ရန်သူပါ။ တကယ်လို့ ခင်ဗျားတို့သာ ပြန်ဆုတ်သွားမယ်ဆိုရင် လူပုမျိုးနွယ်က ကျေးဇူးကြီးကြီးဆပ်မှာပါ”

“ဟွန်း...”

အစောက စကားပြောခဲ့သော ဓားခုတ်ကောင်ဂိုဏ်းမှ အကြီးအကဲသည် အေးစက်စက်နှာမှုတ်လိုက်ပြီး အော်ပြောလိုက်၏။

“ခင်ဗျားတို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ဘေးဖယ်မလား၊ သေမလား။ ဓားကွက် ပြင်ထားတော့...”

ရွှီး...

ထိုအကြီးအကဲက အမိန့်ပေးလိုက်သည်နှင့် ဓားခုတ်ကောင်ဂိုဏ်းသားများ၏ ဦးချိုများက လင်းလက်လာလေသည်။ အေးစက်စက်အရှိန်အဝါတစ်ခုက အရှေ့ရှိ လူပုမျိုးနွယ်ကို လွှမ်းခြုံသွားသည်။ လူပုမျိုးနွယ်သည် ရေခဲရေနှင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာပျက်သွားကြလေသည်။

ဓားကွက်...

ယင်းမှာ ဓားခုတ်ကောင်ဂိုဏ်း၏ ထူးခြားဆန်းကြယ်သော စွမ်းရည်ပင်။ သူတို့၏ ခေါင်းများအထက်ရှိ ဦးချိုများက အပြင်သို့ ပျံထွက်သွားနိုင်သည်။ ထိုဦးချိုများက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ လုံလောက်သော ခုခံစွမ်းအား မရှိသည့် သိုင်းသမားများဆိုလျှင် ထိုဦးချို ထိမှန်ခံလိုက်ရသည်နှင့် သေလျှင်သေ၊ အပြင်းအထန်ဒဏ်ရာရလျှင်ရ ဖြစ်သွားမည်ဖြစ်သည်။

ယခုတွင် ဓားခုတ်ကောင်ဂိုဏ်းသား တစ်သောင်းကျော် ရှိနေသည်။ သူတို့သာ အတူတကွ တိုက်ခိုက်လိုက်ပါက အနည်းဆုံး လူပု ခုနစ်ထောင်ကျော်၊ ရှစ်ထောင်နီးပါး သေသွားပေလိမ့်မည်။ ဓားခုတ်ကောင်ဂိုဏ်းမှ သိုင်းပညာရှင်များစွာ ပါလာခဲ့သဖြင့် သူတို့၏ ဂိုဏ်းချုပ်ကလည်း အနီးနားတွင် ရှိနေနိုင်သည်။ ဓားခုတ်ကောင်ဂိုဏ်းချုပ်က ချောင်ဖေးဝမ်ထက် တစ်ဆင့်သာ နိမ့်သူဖြစ်သည်။ သူ၏ တိုက်ခိုက်စွမ်းအားက အလွန်ရှိန်လောက်ဖွယ်ကောင်းပေသည်။

ပေငါးသောင်း၊ ပေသုံးသောင်း၊ ပေတစ်သောင်း...

ဓားခုတ်ကောင်ဂိုဏ်းသည် အနီးသို့ တဖြည်းဖြည်း ကပ်လာ၏။ သူတို့သည် ဓားကွက်ထုတ်လွှတ်နိုင်မည့် အကွာအဝေးသို့ ရောက်လာပေပြီ။ လူပုမျိုးနွယ်မှ စွမ်းအားအကြီးဆုံး အကြီးအကဲက လူပုများကို ကြည့်လိုက်ပြီး ပြန်ဆုတ်ဖို့ အမိန့်ပေးရန် ဟန်ပြင်လိုက်လေသည်.

“အား...အား...အား...”

ရုတ်တရက် လူပုတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် သူသည် ဓားခုတ်ကောင်ဂိုဏ်းထံ သူ့လက်နှစ်ဘက်မှ တူကြီးနှစ်လက်စလုံးကို ပစ်လွှတ်လိုက်သည်. တစ်ချိန်တည်းမှာပင် သူ အော်ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်က သေသွားပြီ၊ အကြီးအကဲတွေ အများကြီးလည်း သေသွားပြီ။ အခု ဒီလို လူမဟုတ်၊ ဓားခုတ်ကောင်မဟုတ် ကောင်တွေက ငါတို့ရဲ့ ရေခဲသားရဲဘုရင်ကို လုမယ်ပေါ့လေ။ ညီအစ်ကိုတို့ သေတဲ့အထိ တိုက်ခိုက်ခဲ့ကြစို့”

ထိုအခိုက်တွင် လူပုများစွာက သူတို့၏ ဒေါသများကို မျိုသိပ်ထားရခြင်းဖြစ်သည်။ ယခင်တစ်‌ခေါက်တွင် ချိုးမင်က ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ဤတစ်ခေါက်တွင်မူ ချိုးပိုင်က ရေခဲသားရဲဘုရင်ကြောင့် သေခဲ့သည်။ လူပုမျိုးနွယ်က နှင်းဒေသတွင် လူရယ်စရာ ဖြစ်နေပေပြီ။

ယခုတွင်လည်း ဓားခုတ်ကောင်ဂိုဏ်းက သူတို့ကို လာအမိန့်ပေးနေလေသည်။ လူပုများက ခက်ထန်သူများဖြစ်သည်။ တစ်စုံတစ်ယောက်က စနက်တံကို မီးတို့ပေးလိုက်သည်နှင့် လူပုတစ်ရာနီးပါးသည် ချီတုံချတုံဖြင့် သူတို့၏ နှင်းနဂါးများကို ထုတ်လွှတ်ကာ ဓားခုတ်ကောင်ဂိုဏ်းကို တိုက်ခိုက်လိုက်လေသည်။

“မဟုတ်ဘူး..အားလုံး ရပ်လိုက်ကြ”

လူပုမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က အော်ပြောလိုက်သည်။ သို့သော် သူ၏ အော်သံက နောက်ကျသွားပေပြီ။ အဝေးရှိ ဓားခုတ်ကောင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်၏ ဦးချိုက လင်းလက်သွားပြီဖြစ်သည်။ သူ့ခေါင်းမှ ဦးချိုသည် အဖြူရောင်အလင်းတန်းတစ်တန်းအလား အရှေ့သို့ လှစ်ခနဲ ပျံထွက်သွားသည်။

ရွှစ်...ရွှစ်...

ဦးဆောင်သူ အကြီးအကဲက တိုက်ခိုက်လိုက်ပြီဖြစ်၍ ဓားခုတ်ကောင်ဂိုဏ်းသားအားလုံးလည်း တုံ့ဆိုင်းမနေကြတော့ပေ။ သူတို့၏ ဦးချိုများက လင်းလက်သွားပြီး အရှေ့သို့ ပျံထွက်သွားကြသည်။ ထိုအခိုက်တွင် ဟင်းလင်းပြင်၌လည်း အက်ကြောင်းများ ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်သည် ထက်ရှသော ဓားသွား တစ်သောင်း၏ ပိုင်းဖြတ်မှုကို ခံလိုက်ရသော အဝတ်စတစ်ခုကဲ့သို့ပင်။

“အာ...”

အဝေးသို့ ရောက်နေပြီဖြစ်သော ချောင်တွမ်ထျန်းတို့ ကြောက်ရွံ့တုန်လှုပ်သွားသည်။ သူတို့အားလုံးသည် အတွေးတစ်ခုတည်းကိုသာ တွေးနေကြလေသည်။ လူပုမျိုးနွယ်က အဘယ်သို့ ဓားခုတ်ကောင်ဂိုဏ်းကို တိုက်ခိုက်ဝံ့ရသနည်း။

‘စတိုက်တာက လူပုမျိုးနွယ်ဘက်ကပဲ။ ဘာလို့ အဲ့လူပုက သူ့ရဲ့ တူတွေကို ပစ်လိုက်ရတာလဲ’

ရုတ်တရက် ချောင်တွမ်ထျန်း၏ ခေါင်းထဲတွင် သံသယတစ်ခု ထွက်ပေါ်လာလေသည်။ တူများက လူပုမျိုးနွယ်၏ အသက်ပင်။ တူကို ဆုံးရှုံးလိုက်ရခြင်းက တိုက်ခိုက်အင်အားကို ဆုံးရှုံးလိုက်ရသလိုပင်။ ထို့ပြင် တူများကို ပစ်လွှတ်လိုက်လျှင်လည်း မည်သို့အကျိုးရှိပါမည်နည်း။ ထိုတူများက တစ်ယောက်ယောက်ကို သွားမှန်လိမ့်မည်ဟု ထိုလူပုက မျှော်လင့်နေခြင်းလော။

ချောင်တွမ်ထျန်းသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ စတင်တိုက်ခိုက်လိုက်သည့် လူပုကို ရှာလိုက်သည်။ ထိုလူပုက ပျောက်ကွယ်နေ၍ သူ ပို၍ပင် သံသယဝင်လာသည်။ စတင်တိုက်ခိုက်ခဲ့သည့် လူပုက ခြေရာလက်ရာပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပေပြီ။ ချောင်တွမ်ထျန်းသည် ပတ်ဝန်းကျင်ကို ဆက်၍အာရုံခံလိုက်ရာ မြေအောက်လိုဏ်ခေါင်းတစ်ခုကို တွေ့လိုက်ရ၏။

‘မဟုတ်သေးပါဘူး။ အဲ့လူက လူပုမျိုးနွယ်က မဟုတ်ဘူး။ လူပုတွေက လိုဏ်ခေါင်းမတူးနိုင်ဘူး’

ချောင်တွမ်ထျန်း မျက်မှောင်ကြုတ်သွားသည်။ လူပုမျိုးနွယ်က ခက်ထန်ပြီး သတ္တိရှိသည်။ ထိုလူပုသည် ဓားခုတ်ကောင်ဂိုဏ်းကိုပင် တိုက်ခိုက်ဝံ့ရာ သေချာပေါက် ထွက်ပြေးမည် မဟုတ်ပေ။ ထိုလိုဏ်ခေါင်းကို တူးထားသည်မှာ မကြာသေးကြောင်း ထင်ရှားသည်။ ၎င်းလူပုသည် အစကတည်းမှ ထွက်ပြေးရန် ကြံရွယ်ထားခြင်း ဖြစ်မည်။

‘ဒါပေမဲ့... သူက လူပုမျိုးနွယ်နဲ့ တစ်ပုံစံတည်း တူတာပဲ။ ပြီးတော့ သူက လူပုစစ်တပ်ထဲကပဲ။ သူက လူပုမဟုတ်ဘူးဆိုရင် ဘယ်သူလဲ။ ဘယ်မျိုးနွယ်က သူတို့ရဲ့ ရုပ်သွင်ကို ပြောင်းနိုင်လဲ’

ချောင်တွမ်ထျန်းတစ်ယောက် အဖြေရှာမရပေ။ သို့သော် သူသည် နာကျင်တကြီး အော်သံများကြောင့် အတွေးကမ္ဘာထဲမှနေ၍ လက်တွေ့လောကသို့ ပြန်ရောက်လာ၏။ ဦးချိုတစ်သောင်းသည် အရှေ့သို့ ပျံသန်းသွားပြီး လူပုနှစ်ထောင်ကို ထက်ပိုင်း ပိုင်းဖြတ်လိုက်ကြသည်။ လူပုများစွာသည် သေဘေးမှ လွတ်ခဲ့သော်လည်း ကြောက်ရွံ့တုန်လှုပ်နေကြသဖြင့် မြေပြင်ပေါ်တွင် ဝပ်ကာ ငိုကြွေးနေကြလေသည်။

ရှူး...ရှူး...

ဘေးမှ ကြည့်နေသူ များစွာသည်လည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။ လူပုမျိုးနွယ်က မရှုမလှ ခံနေရပေပြီ။ လူပုနှစ်ထောင် သေသွားပြီး အခြားလူပုနှစ်ထောင်က ခြေလက်များ ပြတ်သွားခဲ့သည်။ လူပုသုံးထောက်ကျော်ကျော်လောက်သာ ဓားကွက်မှ လွတ်မြောက်ခဲ့လေသည်။

ဝှစ်...ဝှစ်...

ဦးချိုများသည် တိုက်ခိုက်ပြီးနောက် ဓားခုတ်ကောင်ဂိုဏ်းသားများထံ သူ့အလိုလို ပြန်သွားကြသည်။ သေဘေးမှ လွတ်ခဲ့သော လူပုအားလုံး ရူးသွားသည်။ သူတို့သည် ဓားခုတ်ကောင်ဂိုဏ်းသားများထံသို့ အရူးများအလား အော်ဟစ်ကာ ပြေးသွားကြ၏။ နှင်းနဂါးများနှင့် တိုက်ခိုက်တာအိုပုံသဏ္ဌာန်များ အရှေ့သို့ ပျံထွက်သွားကြသည်။ သူတို့သည် ရေခဲသားရဲဘုရင်ကိုသတ်ရန်ပင် အရေးမစိုက်တော့ပေ။ သူတို့၏ မျိုးနွယ်ဝင်များစွာက သူတို့မျက်စိရှေ့တွင် သေသွားခဲ့သဖြင့် သူတို့ ရူးသွပ်သွားခြင်းပင်။

“သတ်ကြ...”

ဓားခုတ်ကောင်ဂိုဏ်းမှ အကြီးအကဲက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်ပြီး အကြောက်အရွံ့မရှိ အရှေ့သို့ ပျံသန်းသွားလေသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်မှုကြီးတစ်ခု ထပ်မံဖြစ်ပွားလာတော့ပေမည်။

‘အရမ်းကောင်းတယ်’

မြေပြင်ထက်တွင် တိုက်ပွဲပြင်းထန်နေစဉ်၌ မြေအောက် ပေတစ်သောင်းအနက်ရှိ လိုဏ်ခေါင်းထဲမှ လူပုတစ်ယောက်က ပြုံးလိုက်လေသည်။ သူသည် ကောင်းကင်စိတ်အာရုံဖြင့် မြေပြင်ထက်ရှိ တိုက်ပွဲကို အာရုံခံနေ၏။ သတ်ဖြတ်မှု စတင်တော့မည်ကို အာရုံခံမိလိုက်သောအခါ သူ လက်ဝှေ့ယမ်းလိုက်သည်။ သူ့အရှေ့မှ မြေသား၊ ကျောက်သားများက အမှုန့်ဖြစ်သွားပြီး သူ အဝေးသို့ ထွက်သွားလိုက်လေသည်။

ဝိညာဉ်လေဓားများကသာ ထိုမျှမာကြောသော မြေသား၊ ကျောက်သားများကို တိတ်တဆိတ် အမှုန့်ဖြစ်သွားအောင် လုပ်နိုင်ပေသည်။ ကျန်းရီက ပုံရိပ်ယောင် နတ်ဘုရားစွမ်းရည်ဖြင့် လူပုပုံစံပြောင်းထားခြင်းဖြစ်ကြောင်း အထူးဖော်ပြနေရန် လိုမည်မထင်ပေ။ သူသည် အခွင့်ကောင်းကို စောင့်၍ လူပုမျိုးနွယ်နှင့် အခြားမျိုးနွယ်တစ်ခုကြားတွင် တိုက်ပွဲဖြစ်လာအောင် မီးမွှေးပေးလိုက်ခြင်းပင်။ လူပုမျိုးနွယ်၏ အင်အား လျှော့နည်းသွားလျှင် သူ လူပုမျိုးနွယ်ကို အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။

ကျန်းရီသည် မြေအောက်ထဲတွင် သွားနေရင်းဖြင့် ဖြည်းဖြည်းချင်း ပုံစံထပ်ပြောင်းလိုက်၏။ ဤတစ်ကြိမ်တွင် သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်ခုံးနှစ်ခုကြားတွင် ကြာပန်းပုံအမှတ်အသားရှိသည့် ယောက်ျားတစ်ယောက်၏ပုံစံ ပြောင်းလဲလိုက်သည်။ ထိုပုံစံက ကျားနိုင်ဂိုဏ်းသားတစ်ယောက်၏ပုံစံပင်။ ထို့နောက် သူသည် မြေပြင်ထက်သို့ တက်သွားလိုက်၏။

ကျန်းရီသည် လှည့်ကွက်တစ်ခုကို နှစ်ကြိမ်သုံး၍ ဓားခုတ်ကောင်ဂိုဏ်းနှင့် ကျားနိုင်ဂိုဏ်းကြားတွင်လည်း တိုက်ပွဲတစ်ခု ဖြစ်လာအောင် လုပ်လိုနေခြင်းပင်။ ချောင်တွမ်ထျန်းသာ တိုက်ပွဲထဲတွင် အသတ်ခံလိုက်ရလျှင် သူ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

***

All Chapters