← Chapters

ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များ အရောင်းအဝယ်လုပ်ခြင်း

Vol. 69 Ch. 956

ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များ အရောင်းအဝယ်လုပ်ခြင်း

Vol. 69 Ch. 956

အချိန်က လျင်မြန်စွာ သွားနေပြီး ခုနှစ်ရက်တာက ကုန်ဆုံးသွားလေပြီ။ နဂါးကိုးကောင်ပေါင်းစည်းခြင်းအစီအရင်က နောက်ဆုံးတွင် ပြီးပြည့်စုံသွားပြီး ဖြာထွက်နေသောရွှေရောင်ဒိုင်းကာက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ သို့သော် လွန်ခဲ့သောခုနှစ်ရက်အတွင်း ဦးတည်ဘက်တိုင်းမှ ကမ္ဘာ့စွမ်းအင်အား အရူးအမူးစုပ်ယူနေပုံထောက်လျှင် အစီအရင်၏စွမ်းအားက အလွန်ကြောက်စရာကောင်းသောအဆင့်တစ်ခုသို့ ရောက်ရှိနေသည်ကို နဂါးကိုးကောင်ကျွန်းအပြင်ဘက်ရှိတာအိုဆရာဇီရွှယ်က ကောင်းကောင်းသိ၏။

"တစ်ခုခုထူးဆန်းတယ်၊ ဆရာ"

လေထဲတွင်လွင့်မျောနေသောအဖြူရောင်ဝတ်စုံနှင့်မိန်းကလေးက ကုန်းပတ်ပေါ်တွင် ရပ်ကာ နဂါးကိုးကောင်ကျွန်းအား စိုက်ကြည့်ရင်း ရုတ်တရက် ပြော၏။

တာအိုဆရာဇီရွှယ်က မျက်လုံးဖွင့်ကာ လှည့်ကြည့်လာပြီး မေးလိုက်သည်"ဘာထူးဆန်းတာတွေ မင်း အာရုံခံမိလို့လဲ"

"အရှေ့ကမြင်ကွင်းက တဖြည်းဖြည်းနဲ့ မှုန်မှုန်ဝါးဝါးဖြစ်လာနေသလို ငါ ခံစားရတယ်၊ ဆရာ"မိန်းကလေးက ပြန်ဖြေ၏"ပြီးတော့ မင်းက ပတ်ဝန်းကျင်ကအသံတွေကို ဂရုတစိုက်နားထောင်ကြည့်ရင် အရင်က ကျွန်းကအသံတွေ ထွက်ပေါ်လာတာကို ကြားနိုင်ပေမယ့် အခု ဒီရေလှိုင်းတွေ ကမ်းစပ်ကို ရိုက်ခတ်နေတဲ့အသံက လွဲပြီး ဘာတစ်ခုမှ မကြားရတော့ဘူး"

ဤအရာက တာအိုဆရာဇီရွှယ်၏အမူအရာအား အနည်းငယ်ပြောင်းလဲသွားစေ၏။ သူမက ထိုးထွင်းသိမြင်မှုအား အရှေ့သို့ လျင်မြန်စွာ ထုတ်လွှတ်လိုက်ပြီး သူမမျက်နှာက ဖြူရော်သွားသည်။ သူမ၏စိတ်ဝိညာဉ်အာရုံက မမြင်နိုင်သောအတားအဆီးအလွှာတစ်ခုနှင့် ထိတွေ့သွားသလို သူမက သွေးတစ်ပွက် အန်လိုက်ရသည်။ ထို‌နေရာတွင် သူမ၏စိတ်ဝိညာဉ်အာရုံအားဝါးမျိုနိုင်သည့် မွန်းစတားအချို့ရှိနေသကဲ့သို့ပင်။

အဟွတ်၊ အဟွတ်.....

သွေးနှစ်ပွက်အန်ထွက်ပြီးနောက် တာအိုဆရာဇီရွှယ်က သူမအရှေ့ရှိကျွန်းအား မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။ လက်ရှိတွင် နဂါးကိုးကောင်ကျွန်းက မထင်မရှားမှုန်ဝါးဝါးဖြစ်နေပြီး ထို‌‌နေရာမှ မည်သည့်အသံမှ မကြားနိုင်‌တော့သည်ကို သူမက ရေးတေးတေးသဘောပေါက်လာခဲ့၏။

သူမနှင့်သူမတပည့်များက ကျွန်းအား လေ့လာလေလေ၊ ကျွန်းက ပိုမထင်မရှားမှုန်ဝါးဝါးဖြစ်လာလေလေနှင့် ၎င်းက သူတို့၏မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။ ထိုနေရာတွင် နဂါးကိုးကောင်ကျွန်းရှိသည်ကို သူမ၏စိတ်ဝိညာဉ်အာရုံနှင့် အတည်ပြုနိုင်သေးသော်လည်း သူမမျက်လုံးနှင့်တော့ မဟုတ်ပေ။ သူမ၏အမြင်ထဲတွင် ဘာမှမရှိ၊ ကျယ်ပြောသောပင်လယ်ပြင်သာ ရှိ၏။

"ဆရာ"မိန်းကလေးတစ်ယောက်က ချီတုံချတုံဖြစ်နေသည့်ဟန်နှင့် မေးလိုက်သည်။

"ဘာမှမဖြစ်ဘူး၊ ငါ အဆင်ပြေတယ်"တာအိုဆရာဇီရွှယ်က အားတင်းပြုံးလျက် ပြော၏"အလွန်အားကောင်းတဲ့အစီအရင်ဆရာတစ်ယောက်က ပြိုင်ဘက်ကင်းအစီအရင်တစ်ခုကို တည်ဆောက်ပြီး နဂါးကိုးကောင်ကျွန်းကို လွှမ်းခြုံထားတယ်။ ငါ့စွမ်းရည်နဲ့တောင် ဒီ‌နေရာရဲ့ဆန်းကြယ်မှုကို မဖော်ထုတ်နိုင်သေးဘူး။ မင်းတို့ မှတ်ထားပါ၊ ငါတို့ရောက်တာနဲ့ ကျွန်းပေါ်က ဘယ်သူ့ကိုမှ အလွယ်တကူရန်မစပါနဲ့"

"ဒါပေမယ့် သင်က ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်လေ၊ ဆရာ"မိန်းကလေးက ပြော၏"ကျွန်းပေါ်ကပုဂ္ဂိုလ်က အစီအရင်မှာ အရမ်းအားကောင်းရင်တောင် ကျွမ်းကျင်တာ ဒါတစ်ခုပဲ ရှိတယ်။ ထိုလူရဲ့ကျင့်ကြံခြင်းက မင်းနဲ့ မယှဉ်နိုင်လောက်ဘူးမလား"

"ငါတို့က ကျွန်းပိုင်ရှင်ကို မသိသေးဘူး၊ ဒါကြောင့် ဒီလို အလွယ်တကူ ကောက်ချက်ချလို့မရဘူး"တာအိုဆရာဇီရွှယ်က ခေါင်းခါယမ်းကာ ပြော၏"မင်းတို့ပြောသလို အစီအရင်တည်ဆောက်ခဲ့တဲ့ပုဂ္ဂိုလ်ရဲ့ကျင့်ကြံခြင်းအဆင့်က ငါ့ထက် နိမ့်ကျရင်တောင် ဒီပြိုင်ဘက်ကင်းအစီအရင်ကို အသက်သွင်းလိုက်တာနဲ့ ငါ့ကို အလွယ်တကူသတ်ဖြတ်နိုင်တယ်"

ရုတ်တရက် သူတို့အရှေ့ရှိလေထုက မတည်မငြိမ်ဖြစ်သွားပြီး ဝင်ပေါက်တစ်ခုက ထွက်ပေါ်လာသည်ကို တာအိုဆရာဇီရွှယ်က မြင်လိုက်ရ၏။ အထဲတွင် သူတို့က နဂါးကိုးကောင်ကျွန်း၏မြင်ကွင်းအား ရှင်းရှင်းလင်းလင်းမြင်‌တွေ့နိုင်သည်။

ဝှစ်၊ ဝှစ်၊ ဝှစ်.....

ပုံရိပ်အချို့က ဝင်ပေါက်မှ လျင်မြန်စွာ ထွက်ပေါ်လာသည်။ တာအိုဆရာဇီရွှယ်၏အရှေ့သို့ ဦးစွာ ထွက်ပေါ်လာသူက သူမ၏တပည့်ခြောက်ယောက်ဖြစ်ပြီး သူတို့နောက်တွင် ထန်ရှုနှင့်မိုညီအကိုတို့က လိုက်ပါလာ၏။

"ဆရာ"

ကျင်းချန်ဇီ၊ ကျင်းရှင်းဇီနှင့်အခြားလေးယောက်က လေထဲတွင် ဒူးထောက်လျက် တလေးစားပြောလိုက်သည်။

တာအိုဆရာဇီရွှယ်က သူမ၏ကျောက်စိမ်းနှင့်တူသောလက်ချောင်းလေးများအား အနည်းငယ်မြှောက်လိုက်ရာ ချီစီးကြောင်းခြောက်ခုက သူတို့အား ထရပ်စေလိုက်သည်။ ထို့နောက် သူမက သူတို့အား ကျေနပ်စွာ ခေါင်းညိတ်ပြလျက် ပြော၏"မင်းတို့ကောင်းကောင်းလုပ်ခဲ့တာပဲ။ မင်းတို့က လူဆိုးတွေနဲ့ တွေ့ပြီး သူတို့ကို ဖယ်ရှားခဲ့တယ်။ ဒါ့အပြင် မင်းတို့က နဂါးကိုးကောင်ကျွန်းကို အမှတ်တမဲ့ရောက်လာပြီး အခြား‌အားကောင်းတဲ့ကျင့်ကြံသူတွေနဲ့ ငါ့ကို တွေ့ဆုံခွင့်ရစေတယ်။ ဂိုဏ်းကို ပြန်ရောက်တာနဲ့ ငါ မင်းတို့ကို ဆုလာဒ်တစ်ခုချီးမြှင့်မယ်"

"ကျေးဇူးတင်ပါတယ်၊ ဆရာ"လူငယ်ခြောက်ယောက်က ပျော်ရွှင်စွာ ပြန်ဖြေ၏။

တာအိုဆရာဇီရွှယ်၏မျက်လုံးများက သူ့ထံ ရောက်ရှိလာသည်ကို မြင်ပြီး ထန်ရှုက ပြုံးကာ လက်သီးဆုပ်လိုက်သည်"မင်း နဂါးကိုးကောင်ကျွန်းကို လာလည်တဲ့အချိန်မှာ ပေါ့ဆသလိုဖြစ်သွားတဲ့အတွက် ငါ တောင်းပန်ပါတယ်၊ စီနီယာ။ ငါ့လူအချို့ကို လက်ဖက်ရည်ပြင်ခိုင်းထားတယ်၊ စီနီယာ ငါ့ကျွန်းပေါ်ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်"

"မင်းက ကျွန်းသခင်လား"တာအိုတရာဇီရွှယ်က အနည်းငယ်ဦးညွှတ်ကာ မေးလိုက်၏"မင်းရဲ့နာမည်ကို သိလို့ရမလား"

"ငါ့နာမည်က ထန်ရှု၊ ငါက တကယ်ကို ဒီနဂါးကိုးကောင်ကျွန်းရဲ့ပိုင်ရှင်ပါပဲ"ထန်ရှုက ပြုံးကာ ပြောလေသည်။

"မင်း ဘယ်ဂိုဏ်း၊ ဘယ်ကျောင်း၊ ဘယ်အကြီးအကဲရဲ့ဆုံးမမှုအောက်ကနေ လာတယ်ဆိုတာ ငါ သိခွင့်ရှိမလား၊ တာအိုရောင်းရင်းထန်"တာအိုဇီရွှယ်က ထပ်မေးပြန်သည်"ငါတို့အားလုံးက တပသီ(ခြိုးခြံသောအကျင့်)လောကက တာအိုဆရာတွေ ဆိုတော့၊ မင်းရဲ့ဆရာကို ငါ သိနိုင်လောက်တယ်"

ကျင်းချန်ဇီတို့ခြောက်ယောက်အား ညွှန်ပြရင်း ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ငါ့အဖြေက မင်းကို စိတ်မကျေမနပ်ဖြစ်စေမယ် ထင်တယ်၊ စီနီယာ။ ငါက ဘယ်ဂိုဏ်း၊ ဘယ်ကျောင်းမှ မဟုတ်ပါဘူး၊ ငါက စီနီယာတာအိုဆရာတစ်ယောက်ချန်ထားခဲ့တဲ့အမွေအနှစ်ကို ရခဲ့ပြီး ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို လျှောက်လမ်းနိုင်ခဲ့တာပဲ"

အဖြေက တာအိုဆရာဇီရွှယ်အား အံ့အားသင့်သွားစေသည်၊ သို့သော် အမွေအနှစ်နှင့်ပတ်သက်၍သို့မဟုတ်ချန်ထားခဲ့သောတာအိုစီနီယာနှင့်ပတ်သက်၍ သူမက မမေးပေ။ ထိုသို့မေးမြန်းခြင်းက ကျင့်ကြံသူများကြားထဲတွင် တားမြစ်ထားသည်။ ထို့ပြင် ဤလူငယ်က အလွန်ငယ်ရွယ်သေးသော်လည်း သူမအား ခြိမ်းခြောက်သောခံစားချက်တစ်ခုကို ပေးစွမ်းနိုင်သည်။ ဤလူငယ်အနောက်ရှိလူနှစ်ယောက်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသည်ကို သူမက မြင်နိုင်သော်လည်း ထန်ရှု၏ကျင့်ကြံခြင်းအဆင့်အား မမြင်နိုင်ပေ။

"ဒီကျွန်းကိုကာကွယ်ထားတဲ့အစီအရင်ကို တည်ဆောက်ခဲ့တာ မင်းပဲလား၊ တာအိုဆရာထန်"တာအိုဆရာဇီရွှယ်က ထပ်‌မေး၏။

"ငါ စီရင်ခဲ့တာ။ လဝက်လောက် အချိန်ယူခဲ့ရတယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ဒါက ငါ့ရဲ့စွမ်းအားများစွာကိုလဲ ကုန်ဆုံးသွားစေတယ်။ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဒီထက် ပိုမြင့်ခဲ့ရင် ငါ့အနေနဲ့ စွမ်းအားအများအပြား သုံးစွဲဖို့ လိုမှာမဟုတ်ဘူး"

"ယနေ့ကျင့်ကြံခြင်းလောကထဲမှာ ဒီလိုပြိုင်ဘက်ကင်းအစီအရင်တစ်ခုကို စီရင်နိုင်တယ်ဆိုတော့ မှင်တက်စရာစွမ်းရည်တစ်ခုပဲ၊ တာအိုဆရာထန်"တာအိုဆရာဇီရွှယ်က အံ့အားသင့်စွာ သက်ပြင်းချ၏"ကမ္ဘာမြေမှာ မင်းထက် အစီအရင်ပညာပိုမြင့်တဲ့အခြားကျင့်ကြံသူတွေ မရှိဘူးလို့ ငါ အာမခံပြောရဲတယ်"

"အာ၊ မင်းက ငါ့ကို ဟာသလုပ်နေတာလား၊ စီနီယာ။ ငါ့ရဲ့အစီအရင်အောင်မြင်မှုက အပေါ်ယံလောက်ပါပဲ"ထန်ရှုက ရယ်ကာ ပြောလေသည်"ဒါနဲ့ မင်း အပြင်ဘက်မှာ တစ်ပတ်တိတိစောင့်နေရတာဆို‌တော့။ အခု နဂါးကိုးကောင်ကျွန်းရဲ့တံခါးက ပွင့်သွားပြီဆိုတော့ မင်းက အထဲမှာ စကားပြောချင်သေးလား၊ စီနီယာ"

"ဟားဟားဟား"တာအိုဆရာဇီရွှယ်က ရယ်ကာ ပြော၏"မင်း ကာကွယ်ရေးအစီအရင် စီရင်ခဲ့တုန်းက မင်း ငါ့ကို ပေးခဲ့တဲ့တုန်လှုပ်မှုက တကယ်ကြီးကျယ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ငါ သင်ယူဖို့ မစောင့်နိုင်တော့ဘူး၊ ဒါပေမယ့် ဒါကို ရန်စတာလို့ တာအိုဆရာထန် မမှတ်ယူဖို့ ငါ မျှော်လင့်တယ်။ ပြီးတော့ မင်းရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက်လဲ ကျေးဇူးတင်ပါတယ်"

"ကျေးဇူးပြုပြီး....."

ပေါ့ပါ့ပါးပါးပြုံးလျက် ထန်ရှုက တာအိုဆရာဇီရွှယ်တို့အား အစီအရင်ဝင်ပေါက်သို့ ဦးဆောင်ခေါ်သွားကာ နန်းတော်အပြင်ဘက်ရှိ ကွက်လပ်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့၏။

နဂါးကိုးကောင်ကျွန်းထဲသို့ ဝင်ရောက်လာသည်နှင့် အ‌စောင့်များ၏အရေအတွက်က သူမမြင်ခဲ့သည်ထက် အများကြီးပိုများနေသည်ကို တာအိုဆရာဇီရွှယ်က တွေ့ရှိခဲ့သည်။ သူမမြင်ကွင်းထဲသို့ ရောက်လာသည့် နေရာတိုင်းတွင် အစောင့်တစ်ရာက ‌‌နေရာအမျိုးမျိုး၌ ရှိနေလေသည်။

သို့သော် သူမအား အံ့ဩသွားစေသည်ကား အစောင့်အများစုက ကျင့်ကြံသူများဖြစ်နေခြင်းပင်။ သို့သော် သူတို့ထုတ်လွှတ်သောအရှိန်အဝါက အားနည်းပြီး သူတို့ထဲတွင် အသန်မာဆုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သာ ရှိ၏၊ သို့သော် ကျင့်ကြံသူတစ်ရာက သူမအား ထိတ်လန့်တုန်လှုပ်မှုပေးနိုင်တုန်းပင်။ တစ်ယောက်စိီအတွက် သုံးစွဲရမည့် အရင်းအမြစ်များက ကိန်းဂဏန်းအလွန်ကြီးမားသောကြောင့် ကျင့်ကြံသူများအား လေ့ကျင့်ပေးခြင်းက အလွန်ခက်ခဲသည်ကို သိရပေမည်။

သို့သော် ဤနေရာတွင် ကျင့်ကြံသူများစွာရှိပြီး တစ်ယောက်ချင်းစီတိုင်းက ပြင်းထန်သောသတ်ဖြတ်ခြင်းအရှိန်အဝါအား ထုတ်လွှတ်နေသည်၊ သူတို့က သတ်ဖြတ်မှုများစွာပြုလုပ်ခဲ့သည့်ရက်စက်ကြမ်းကြုတ်သူများဖြစ်ကြောင်း သိသာပေ၏။

"သင့်လျော်သလားတော့ ငါ မသိဘူး၊ ဒါပေမယ့် ငါ မင်းကို မေးချင်တာ တစ်ခုရှိတယ်၊ တာအိုဆရာထန်"ထန်ရှုအနောက်ရှိ နန်းတော်ဂိတ်မှ မီတာအနည်းငယ်အကွာတွင် ရပ်ရင်း တာအိုဆရာဇီရွှယ်က မေးလိုက်သည်။

"ကျေးဇူးပြုပြီး ပြောပါ"ထန်ရှုလည်း သူ့အဟုန်အား ရပ်တန့်ခဲ့၏။

"ဒီကျွန်းပေါ်က ကျင့်ကြံသူအရေအတွက်နဲ့ ပတ်သက်ပြီးတော့။ အဲဒါက ငါ့ရဲ့စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်းနေတယ်"တာအိုဆရာဇီရွှယ်က ပြော၏"မင်းက အမွေအနှစ်အချို့ ရခဲ့ပြီး ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် ခြေချနိုင်ခဲ့တယ်လို့ မင်း ပြောခဲ့တယ်မလား။ ဒါပေမယ့် သူတို့ကရော ဘယ်လိုလဲ။ မင်းကိုယ်တိုင် သူတို့ကို လေ့ကျင့်ပေးခဲ့တာလား"

"ဟုတ်တယ်။ ငါပဲ သူတို့ကို လေ့ကျင့်ပေးခဲ့တာ"ထန်ရှုက ခေါင်းညိတ်၏။

"ငါ သိသလောက် ယနေ့ခေတ်ကမ္ဘာကြီးက ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရှားပါးပြီး ကမ္ဘာ့စွမ်းအင်က အရမ်းပါးလွှာတယ်မလား"တာအိုဆရာဇီရွှယ်က အနည်းငယ်မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်"ယနေ့ခေတ်မှာ ဒီလောက်များတဲ့ကျင့်ကြံသူတွေကို လေ့ကျင့်ပေးဖို့ဆိုတာ အရမ်းခက်ခဲတဲ့အလုပ်တစ်ခုပဲ၊ ဒါပေမယ့် ငါ လေ့လာစစ်ဆေးပြီးနောက် သူတို့အများစုက ချီသန့်စင်ခြင်းအဆင့်မှာ ရှိပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အချို့လဲ ရှိတယ်။ သူတို့အတွက် လိုအပ်တဲ့အရင်းအမြစ်ပမာဏက အတော်လေးကြီးမားမယ်မလား"

"ဒီကိစ္စက လျှို့ဝှက်ထားရမယ့်အရာဖြစ်ပြီး အပြင်လူတွေကို ပြောဖို့ဆိုတာ အတော်လေးအဆင်မပြေဘူး။ ဒါပေမယ့် မင်းရဲ့မေးခွန်းကို ဖြေလို့ရမယ်လို့တော့ ငါ ထင်တယ်၊ စီနီယာ"ခဏစဉ်းစားပြီးနောက် ထန်ရှုက ဖြည်းဖြည်းချင်း ပြော၏"ယနေ့ခေတ်ကမ္ဘာက တကယ်ကို ကျင့်ကြံခြင်းအရင်းအမြစ်တွေ အတော်လေးရှားတယ်။ ကမ္ဘာ့စွမ်းအင်လဲ အရမ်းပါးလွှာပေမယ့် ငါက အမွေအနှစ်တစ်ခုသာမက ကျင့်ကြံခြင်းအရင်းအမြစ်တွေလဲ ရခဲ့တယ်။ ဒါ့အပြင် ငါက လောကီကမ္ဘာမှာ စီးပွားရေးသမားတစ်ယောက်ဖြစ်တယ်။ လက်ထဲမှာ ငွေရှိပြီး အချိတ်အဆက်ကောင်းတွေ ရှိတာနဲ့အတူ အဖိုးတန်ဆေးပင်တွေကို အချိန်တိုအတွင်းမှာ ရယူနိုင်ခဲ့တယ်။ ဒါကြောင့် ငါ့လူတွေကို ဒီအဆင့်ထိ လေ့ကျင့်ပေးဖို့က ငါ့အတွက် ပြဿနာတစ်ခု မဟုတ်ဘူး။ ဒီလိုဆိုပေမယ့်...."

"ဒီလိုဆိုပေမယ့် ဘာဖြစ်လဲ"တာအိုဆရာဇီရွှယ်က သိလိုစိတ်နှင့် မေးလိုက်သည်။

"ငါ့လက်အောက်မှာ ကျင့်ကြံသူတွေ ပိုများ‌လာလေလေ၊ ကျင့်ကြံခြင်းအရင်းအမြစ်‌တွေက ပိုနည်းလာလေပဲ"ထန်ရှုက အားတင်းပြုံးကာ ပြော၏"ဒီအခြေအနေက ဆက်ရှိနေရင် အကျပ်အတည်းကို မြန်မြန်သက်သာအောင်လုပ်ဖို့ ငါ့မှာ ဘာနည်းလမ်းမှမရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းရဲ့တပည့်ခြောက်ယောက်ကို ငါ့ကျွန်းပေါ်မှာ ထိန်းထားပြီး မင်းရောက်လာမှာကို စောင့်နေရတဲ့အကြောင်းပြချက်က ကျင့်ကြံခြင်းအရင်းမြစ်တွေ ရဖို့ နည်းလမ်းတစ်ခု တိုးလာမလားဆိုတာ ငါ မျှော်လင့်ထားလို့ပဲ"

"မင်းဆိုလိုတာက.....မင်းက ငါ့ရဲ့စည်းလုံးခြင်းဂိုဏ်းကနေ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရချင်တာလား"တာအိုဆရာဇီရွှယ်က မျက်ခုံးတွန့်သွားပြီး ဆက်ပြော၏"ဒါမှမဟုတ် မင်းက ငါနဲ့ အပေးအယူတစ်ခု လုပ်ချင်တာလား"

"မင်းပြောခဲ့တဲ့အတိုင်းပဲ၊ စီနီယာ။ ဒါက ငါ့စိတ်ထဲမှာရှိတဲ့အစီအစဉ်ပဲ"ထန်ရှုက ပြုံးကာ ပြော၏"စီနီယာက ငါ့ကို ကျင့်ကြံခြင်းအရင်းအမြစ်အချို့ ထောက်ပံ့ပေးနိုင်ရင် မင်းဒါမှမဟုတ်မင်းရဲ့ဂိုဏ်းနဲ့ ပစ္စည်းကောင်းတွေ ဖလှယ်ဖို့ ငါ ဆန္ဒရှိပါတယ်"

"အထဲဝင်ပြီး ထပ်ပြောကြတာပေါ့၊ တာအိုဆရာထန်"တာအိုဆရာဇီရွှယ်က ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်၏။

ထန်ရှုလည်း ပြုံးကာ သူမနှင့်အတူ နန်းတော်ထဲသို့ ဝင်သွား၏။ သူက သူတို့အား ဦးဆောင်ကာ ဒုတိယအထပ်ရှိ ဧည့်ခန်းထဲသို့ ခေါ်လာခဲ့သည်။ လက်ဖက်ရည်၊ အဆာပြေစားစရာများ၊ သစ်သီးများနှင့် ဧည့်ခံပြီးနောက် ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ငါက ကျင့်ကြံခြင်းကမ္ဘာကကျင့်ကြံသူတွေနဲ့ တွေ့ဆုံခဲတယ်၊ ဒါကြောင့် လာလည်တဲ့ကျင့်ကြံသူတွေကို ဧည့်ခံဖို့ ကျင့်ဝတ်ထုံးတမ်းတွေ မသိဘူး။ ငါ့ရဲ့ဧည့်ဝတ်ကျေပွန်မှုမှာ မကျေမနပ်တာ တစ်ခုခု ဖြစ်စေခဲ့မိရင် ငါ တောင်းပန်ပါတယ်၊ စီနီယာ"

"ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး၊ တာအိုဆရာထန်။ ငါက အမြဲတမ်း ဘွင်ဘွင်ရှင်းရှင်းသမားတစ်ယောက်ပါ၊ ဝေ့ဝိုက်ပြီး ပြောရတာကို ဘယ်တော့မှ မနှစ်သက်ဘူး"လက်ကို ဝှေ့ယမ်းရင်း တာအိုဆရာဇီရွှယ်က ပြော၏"ပြီးတော့ မင်း ငါ့ကို ပြောခဲ့တဲ့အဆိုပြုချက်နဲ့ ပတ်သက်ပြီး ငါလဲ စိတ်ဝင်စားတယ်"

***

All Chapters