မရှောင်တိမ်းနိုင် ထိပ်တိုက်တွေ့ခြင်း
Vol. 69 Ch. 958
အတိတ်တွင် ကျင့်ကြံသူစစ်တပ်တစ်ခုတည်ဆောက်ရန် ဆုံးဖြတ်ချက်ချခဲ့စဉ်က သူ့တွင် နောက်ထပ်စိုးရိမ်မှုတစ်ခု ရှိခဲ့သည်။ ယနေ့ခေတ်သည် ငြိမ်းချမ်းသောခေတ်ဖြစ်ပြီး အင်မော်တယ်ကမ္ဘာ၏ကြမ်းတမ်းရက်စက်သောပတ်ဝန်းကျင်နှင့် လုံးဝမတူညီပေ။ သို့သော် စစ်မှန်သောကျင့်ကြံသူများဖြစ်လိုလျှင် သူတို့က သေခြင်းရှင်ခြင်းအစွန်းအား မကြာခဏတွေ့ကြုံရမည်ဖြစ်ပြီး သွေးသဲရဲရဲသတ်ဖြတ်ခြင်းနှင့် ကြီးပြင်းလာရမည်။ သို့မှသာ သူတို့က ပိုသန်မာလာနိုင်ပြီး အဆုံးတွင် အစစ်အမှန်စွမ်းအားရှင်များအဖြစ် ပြောင်းလဲနိုင်မည်။
လက်ရှိတွင် အလွန်အန္တရာယ်များသောကလန်တစ်ခုအား ရန်စခဲ့သည်ကို သူ သဘောပေါက်သွားပြီးနောက် ကြောက်ရွံ့ရမည့်အစား သူက အလွန်စိတ်လှုပ်ရှားနေပြီး လာမည့်တိုက်ပွဲအား မျှော်လင့်စောင့်စားနေမိသည်။
ချပ်၊ ချပ်၊ ချပ်.....
လေယာဉ်ပန်ကာသံများကြားတွင် ရဟတ်ယာဉ်ဆယ်စီးက ကောင်းကင်သို့ တက်သွားပြီး ၁၄ခုမြောက်စွန့်ပစ်ကျွန်းရှိရာအရှေ့တောင်အရပ်သို့ ပျံသန်းလာ၏။
"အရှင်၊ အဲဒီကောင်းကင်ဘုံမှော်ဆရာကလန်ဆိုတာ ငါ့မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်လို တည်ရှိမှုတွေပဲ။ ဘာလို့ မင်းက သူတို့ကို ဒီလောက်အာရုံစိုက်နေရတာလဲ၊ သူတို့နဲ့ရင်ဆိုင်ဖို့ မင်းရဲ့လူတွေကို စေလွှတ်ရတာလဲ။ မင်း ငါ့ကို လွှတ်လိုက်ရုံနဲ့ သူတို့ကို အမြစ်ပြတ်သုတ်သင်နိုင်တာပဲ"ထန်ရှုဘေးနားတွင် ထိုင်နေသော ကျီချီးမိန်က ပြောလိုက်သည်။ သူမမျက်လုံးများက သာမန်မျှသာဖြစ်ပြီး ကောင်းကင်ဘုံမှော်ဆရာကလန်ယူဆောင်လာသောခြိမ်းခြောက်မှုတစ်ခုမှ သူမက ဂရုမစိုက်ပေ။
"ငါ လုပ်ချင်ရင် ဒီကောင်းကင်ဘုံမှော်ဆရာကလန်ကို သုတ်သင်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်"ထန်ရှုက တည်ငြိမ်စွာ ပြော၏"ဒါပေမယ့် ငါ့လူတွေကို လေ့ကျင့်ပေးဖို့ လိုအပ်တယ်၊ ရန်သူတွေနဲ့ လက်တွေ့တိုက်ခိုက်ရေးအတွေ့အကြုံရှိမှ တိုက်ခိုက်ရေးကျွမ်းကျင်သူတွေ ဖြစ်လာလိမ့်မယ်"
ကျီချီးမိန်က ချက်ချင်းသဘောပေါက်သွားသော်လည်း သူမက ပဟေဠိဖြစ်ကာ မေးလိုက်သေးသည်"ဒါပေမယ့် ငါ လုံးဝနားမလည်တာ တစ်ခု ရှိတယ်၊ အရှင်။ ဘာလို့ ကမ္ဘာမြေပေါ်မှာ ကျင့်ကြံသူစစ်တပ်ဖွဲ့ချင်ရတာလဲ။ ဒီကမ္ဘာမြေပေါ်မှာ ကျင့်ကြံခြင်းအခြေအနေဆိုးရွားတဲ့အချက်ကို ဖယ်လိုက်ရင်တောင် သူတို့အနေနဲ့ ရန်သူရှိလာဖို့ ခဲယဉ်းတယ်။ ဒါ့အပြင် အင်မော်တယ်ကမ္ဘာကို ပြန်ရောက်တာနဲ့ ကျင့်ကြံခြင်းစစ်တပ်တစ်ခု ဖွဲ့စည်းနိုင်တာပဲ။ ထိုနေရာရောက်မှပဲ အင်မော်တယ်စစ်သားတွေကို စုဆောင်းလို့ရနိုင်တာပဲမလား၊ အဲဒါဆိုရင် မင်းအတွက် ဒုက္ခလဲ မများတော့ဘူးပေါ့"
"အဲလိုမဟုတ်ဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ပညာရေးဆိုတာ ကလေးဘဝထဲက စတင်ရတယ်။ ထိုကျင့်ကြံသူတွေနဲ့အင်မော်တယ်တွေက သူတို့ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းအခြေခံအုတ်မြစ်တွေ ရှိနေပြီ။ သူတို့ရဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့နောက်ခံတွေ၊ သူတို့ရဲ့ငါ့အပေါ်သစ္စာရှိမရှိဆိုတာတွေက ငါ စဉ်းစားရမယ့် အချက်တွေပဲ။ အင်မော်တယ်ကမ္ဘာရဲ့ပတ်ဝန်းကျင်က ရှုပ်ထွေးပြီး ငါတို့ရဲ့ရန်သူတွေက ငါတို့ထဲကို အလွယ်တကူ ရောနှောလာနိုင်တယ်"
"ဒါပေမယ့် အသင့်ရဲ့အကြောင်းပြချက်က အားနည်းနေတုန်းပဲ၊ အရှင်"
"ငါ ဒီနေရာမှာ အလဟဿအချိန်မဖြုန်းချင်လို့ဆိုရင် မင်း ဘာပြောမလဲ၊ ပြီးတော့ သစ္စာရှိတဲ့ကျွမ်းကျင်သူတစ်ဖွဲ့ကို ငါ့အတွက် လိုအပ်တယ်"ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြော၏"ကမ္ဘာမြေပေါ်မှာ နေထိုင်ရတာ အရမ်းငြီးငွေ့စရာကောင်းတယ်ဆိုတာ မင်းလဲ သိမှာပါ။ ဒီတော့ ဒီနေရာမှာ လုပ်စရာတစ်ခုခုရှိနေတာ မကောင်းဘူးလား။ ပြီးတော့ ကမ္ဘာမြေပေါ်မှာ ဘယ်လောက်ကြာကြာ ငါတို့နေရမလဲ ငါတို့ မသိဘူးလေ။ ဒါကြောင့် ငါတို့အတွက် အသေးအဖွဲအလုပ်တွေကို လုပ်ကိုင်ပေးဖို့ လူတွေကို လိုအပ်တယ်၊ ဒါကြောင့် နောက်လိုက်တွေရှိတာ ကောင်းတဲ့အရာတစ်ခုပဲလေ"
"ဟုတ်ပါတယ်"ကျီချီးမိန်က ရိုသေလေးစာစွာ ခေါင်းညိတ်လိုက်သည်။
တစ်နာရီနီးပါးပျံသန်းပြီးနောက် နောက်ဆုံးတွင် ရဟတ်လေယာဉ်က ၁၄ခုမြောက်စွန့်ပစ်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။ သန်မာသောလူများက ရဟတ်ယာဉ်များပေါ်မှ ခုန်ဆင်းချပြီး စုစုပေါင်းလူ၄၈ယောက်ပါသည့်အဖွဲ့နှစ်ဖွဲ့ဖွဲ့လိုက်သည်၊ အားလုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ၏။
ထို့နောက် ထန်ရှုက လေထဲမှ မြေပြင်သို့ တစ်လှမ်းချင်း လျှောက်လာသည်။
"သူဌေး"
ဤနေရာတွင်စောင့်နေသောလူဒါဇင်ထဲမှ အသားညိုညိုတုတ်တုတ်ခိုင်ခိုင်နှင့်လူတစ်ယောက်က ထန်ရှုအရှေ့သို့ လျင်မြန်စွာ ပြေးလာပြီး ရိုသေလေးစားစွာ အရိုအသေပေးလိုက်၏။
"အနေအထားက ဘယ်လိုပဲ"ထန်ရှုက မေး၏။
"အမိန့်အတိုင်းပါပဲ၊ သူဌေး...."တုတ်ခိုင်သန်မာသောသူက ပြန်ဖြေ၏"ငါတို့လွှတ်ထားတဲ့ပင်လယ် ရေအောက်ခြေရာခံသူက အဲဒီသင်္ဘောနှစ်စင်းနဲ့နဂါးကိုးကောင်ကျွန်းမှထွက်လာသောသင်္ဘောကို စောင့်ကြည့်နေတယ်။ သူတို့ရဲ့အရှိန်အရ နှစ်ဖက်လုံးက နာရီဝက်အတွင်း တွေ့ဆုံဖို့ မျှော်လင့်ထားတယ်၊ ခန့်မှန်းနေရာက ၉ခုမြောက်ကျွန်းအနီးနားမှာ"
"မင်းမှာ မြေပုံရှိလား"ထန်ရှုက မေးလိုက်သည်။
တုတ်ခိုင်သန်မာသောသူက မြေပုံထုတ်ကာ ၉ခုမြောက်စွန့်ပစ်ကျွန်း၏ကိုဩဒိနိတ်များအား ထောက်ပြလိုက်သည်။
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြောလိုက်၏"မင်းရဲ့ထောက်လှမ်းရေးတာဝန်ကို ဆက်လုပ်ရင်း ငါတို့နဲ့ ဆက်သွယ်နေ။ လျှို့ဝှက်နေဖို့ မှတ်ထားပါ၊ မင်းရဲ့ဘေးကင်းမှုကို ဂရုစိုက်ပါ။ ထိုရန်သူသင်္ဘောနှစ်စင်းအပြင် အခြားသံသယဖြစ်စရာယာဉ်တစ်ခုခုတွေ့ရင် ငါ့ကို အကြောင်းကြားပါ။ ရန်သူတွေက ကျွန်းပေါ်ကို ခြေချလာတာကို တွေ့ရင် ချက်ချင်းစွန့်ခွာပြီး မင်းရဲ့ဘေးကင်းမှုကို ဦးစားပေးပါ"
"ငါတို့ကို ပါဝင်တိုက်ခိုက်စေချင်လား၊ သူဌေး"
"မလိုဘူး။ သူတို့က သာမန်လူတွေ မဟုတ်ဘူး၊ မင်းတို့ရဲ့ခွန်အားက သူတို့ရဲ့ပြိုင်ဘက် လုံးဝမဟုတ်ဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြောလေသည်"အနာဂတ်မှာ မင်းက တိုက်ပွဲမှာ ပါဝင်ချင်ရင် ငါ့ရဲ့အမိန့်ကို လိုက်နာရမယ်။ မင်း လုပ်ဆောင်မှု ပိုကောငးလေလေ၊ မင်း သန်မာဖို့ အခွင့်အရေးက ပိုများလေလေပဲ"
"နားလည်ပါပြီ....."တုတ်ခိုင်သန်မာသောလူက ပြန်ဖြေ၏။
ထန်ရှုက သူ့အာရုံအား ကျွမ်းကျင်သူ၄၈ယောက်ထံ ပြောင်းကာ သူတို့အား ညွှန်ပြလိုက်သည်။ ထို့နောက် သူက ကောင်းကင်သို့ တက်ကာ လေထဲဆယ်မီတာကျော်တွင်ရပ်ထားသောရဟတ်ယာဉ်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်ခဲ့၏။ ကျန်သူများက ရဟတ်ယာဉ်များထဲသို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။
၉ခုမြောက်စွန့်ပစ်ကျွန်း။
စွေ့ကျန့်က သူ့ရှေ့ရှိလက်တော့ကီးဘုတ်ပေါ်တွင် စာရိုက်ကာ ညွှန်ကြားနေသည်။ လက်တော့စခရင်(screen)က ပြကွက်(display)လေးခု ခွဲကာ ပင်လယ်ပြင်ပေါ်တွင် ခုတ်မောင်းနေသောသင်္ဘောနှစ်စီးအား ပြသနေလျက်ရှိ၏။
"ငါတို့ရဲ့ခြေရာခံသူက နဂါးကိုးကောင်ကျွန်းကနေထွက်လာသောသင်္ဘောကို လိုက်မီသွားပြီ၊ ကပ္ပတိန်။ အခြားသင်္ဘောနှစ်စီးနဲ့ ရေမိုင်ခြောက်မိုင်လောက်ပဲ ကွာဝေးတော့တယ်။ ဒီသင်္ဘောတွေမှာလဲ ထောက်လှမ်းရေးကိရိယာတွေရှိရင် သူတို့အချင်းချင်း တွေ့ရှိသွားလောက်ပြီ"စွေ့ကျန့်မှ မီတာအနည်းငယ်အကွာတွင် ရပ်နေသော လူငယ်တစ်ယောက်က ခေါင်းလှည့်ကာ တင်ပြလိုက်သည်။
စွေ့ကျန့်၏အမူအရာက ပြောင်းလဲသွားပြီး သူက နောက်ထပ်ညွှန်ကြားချက်များအား ရိုက်ထည့်လိုက်၏။ ထို့နောက် လက်တော့အပေါ်ဘယ်ဘက်ထောင့်ရှိမော်နီတာက ပြောင်းလဲသွားပြီး သင်္ဘောတစ်စင်းအား လျင်မြန်စွာ ပြသလာသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ကျင့်ကြံခြင်းကိုယ်ဟန်အတိုင်း တင်ပျဉ်ခွေထိုင်နေသောလူငယ်နှစ်ယောက်အား သူက ရှင်းလင်းစွာ မြင်ရ၏။
"သတင်းပို့ပါတယ်၊ သူဌေး......"
ကျင်းချန်ဇီက ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံခြင်း၌ နစ်မြုပ်နေသည်။ သူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်၌ ရှိသော်လည်း ရွှေအမြုတေအဆင့်၏အဝအား အာရုံမခံနိုင်သေးပေ။ သို့သော် သူက လုံ့လဝီရိယနှင့် ကျင့်ကြံလျှင် တစ်နေ့တွင် ရွှေအမြုတေအဆင့်သို့ ချိုးဖြတ်နိုင်လိမ့်မည်ဟု သူက ယုံကြည်သည်။
တီတီတီတီတီ.....
ရုတ်တရက် သင်္ဘောထဲရှိအချက်ပြသံက ထွက်ပေါ်လာပြီး ကျင်းချန်ဇီက သူ့မျက်လုံးများအား ချက်ချင်းဖွင့်လိုက်သည်။ သူနှင့်ကျင်းရှင်းဇီက လေထဲ၌ လွင့်မျောနေသည့်အခိုက်တွင် တာအိုဆရာဇီရွှယ်၏ပုံရိပ်က လျှပ်တစ်ပြက်အတွင်း သူတို့ဘေးနား၌ ထွက်ပေါ်လာ၏။
"ငါတို့အရှေ့မှာ ဆိုးဝါးတာတစ်ခုရှိတယ်"
မျက်လုံးဝေ့ကြည့်လိုက်ပြီး တာအိုဇီရွှယ်၏အမြင်အာရုံက သူတို့ဆီ ခုတ်မောင်းလာနေသောအဝေးရှိသင်္ဘောများအား ကြည့်ကာ သာမန်မျှစွာ ပြောလိုက်သည်။
"မင်း ဘာဆိုလိုတာလဲ၊ ဆရာ"ကျင်းချန်ဇီက မေးလိုက်သည်"ထိုလူတွေကို မင်း သိတာလား"
"ငါတို့ရဲ့သင်္ဘောကပ္ပတိန်က ဆက်သွယ်ခဲ့ပြီး သူတို့ရဲ့အဆင့်အတန်းကို မေးမြန်းခဲ့တယ်။ ဒါပေမယ့် သူတို့က လစ်လျူရှုခဲ့တယ်။ သူလဲ ပြောတယ်၊ ပင်လယ်ပြင်မှာ ဒီလိုအနေအထားတစ်ခု တွေ့ရင် ရန်လိုတဲ့ရည်ရွယ်ချက်တွေရှိတဲ့သူတွေပဲ ဖြစ်မယ်တဲ့။ ဒါ့အပြင် မင်းတို့ ဘာလို့ နဂါးကိုးကောင်ကျွန်းကို ရောက်လာတယ်ဆိုတာ မေ့နေပြီလား"
ကျင်းချန်ဇီက ခဏတွေးပြီး ချက်ချင်းမေးလာသည်"အဲဒီလူတွေက ကောင်းကင်ဘုံမှော်ဆရာကလန်ကလူတွေဖြစ်မယ်လို့ ဆိုလိုတာလား၊ ဆရာသခင်။ ပြီးတော့ သူတို့က လက်စားချေဖို့အတွက် ဒီနေရာကို လာတာလား"
သူမ၏စူးရှသောအမြင်အာရုံနှင့်အတူ တာအိုဆရာဇီရွှယ်က အဝေးရှိသင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေသူများအား ရှင်းရှင်းလင်းလင်းမြင်ရ၏။ ထိုလူများက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်များထဲတွင် တောင်ဝှေးများ၊ လက်နက်များအား ကိုင်ဆောင်ထားသည်။ ဤကလန်အပေါ်သူမ၏အသိသုတအရ ကောင်းကင်ဘုံမှော်ဆရာကလန်ဝင်များ၏ဝတ်ရုံများ ဖြစ်ကြ၏။
"ငါတို့ရဲ့ကျင့်ကြံခြင်းက ကောင်းကင်ဘုံတာအိုရဲ့ဆန်းကြယ်မှုနဲ့ထာဝရရှင်သန်ခြင်းကို အလေးပေးတယ်ဆိုတာ မင်းတို့အားလုံး မှတ်ထားရမယ်၊ အကြောင်းပြချက်ရှိဘဲ သတ်ဖြတ်ဖို့၊ စွမ်းအားအတွက် တိုက်ခိုက်ဖို့ မဟုတ်ဘူး။ သူတို့နဲ့ တွေ့တဲ့အခါကျရင် သူတို့က အရင်မတိုက်ခိုက်လာရင် ငါတို့ကလဲ တိုက်ခိုက်စရာမလိုဘူး"
"ဒါပေမယ့် သူတို့က ငါတို့ကို မတိုက်ခိုက်ဖို့ ဖြစ်နိုင်ချေက အရမ်းပါးလွှာတယ်လို့ ဆရာပဲ ပြောခဲ့တာမလား"ကျင်းချန်ဇီက မျက်မှောင်ကြုတ်ကာ ပြော၏"ဒါ့အပြင် ဒီကောင်းကင်ဘုံမှော်ဆရာကလန်တွေ ဒိီနေရာကို လာတာ လက်စားချေဖို့ပဲ၊ နဂါးကိုးကောင်ကျွန်းကို ရိတ်သိမ်းဖို့ပဲ"
"ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့နဂါးကိုးကောင်ကျွန်းကြားကကိစ္စမှာ ငါတို့တွေ ကြားဝင်စရာမလိုဘူး"တာအိုဇီရွှယ်က ပေါ့ပေါးပါးပါးပြော၏"ငါတို့ရဲ့စည်းလုံးခြင်းဂိုဏ်းက ဒီကောင်းကင်ဘုံမှော်ဆရာကလန်ကို မကြောက်ပေမယ့် ရှောင်လို့ရရင် မပါဝင်တာ အကောင်းဆုံးပဲ။ ငါတို့က သူတို့နဲ့ အရောင်းအဝယ်လုပ်နေတာကြောင့် တာအိုထန်နဲ့နဂါးကိုးကောင်ကျွန်းကလူတွေက ဒီကလန်ကို ဟန့်တားနိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်"
"ဆရာဆိုလိုတာက....ငါတို့တွေ အကိုထန်ကို မကူညီတော့ဘူးပေါ့လေ"ကျင်းချန်ဇီက မေး၏။
"ဒီကောင်းကင်ဘုံမှော်ဆရာကလန်ကလူတွေက သာမန်လူတွေကို အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်တယ်ဆိုရင်တော့ ငါတို့ကို ဒီအတိုင်း ရပ်နေလို့မရဘူးပေါ့"တာအိုဆရာဇီရွှယ်က ပြော၏"ဒါပေမယ့် တာအိုဆရာထန်နဲ့သူ့လူတွေအားလုံးက ကျင့်ကြံသူတွေပဲ၊ သူတို့က ဒီကလန်ရဲ့အဖွဲ့ဝင်နှစ်ယောက်ကို သတ်ခဲ့တဲ့သူတွေပဲ၊ ဒါကြောင့် ဖြစ်နိုင်ရင် ငါတို့တွေ ဒီကိစ္စမှာ ပါဝင်တာကို ရှောင်ရှားရမယ်"
ကျင်းချန်ဇီက နှုတ်ဆိတ်သွားသည်။ ဤကောင်းကင်ဘုံမှော်ဆရာကလန်နှင့်ပတ်သက်၍ သူက အများကြီးမသိသော်လည်း သူတို့ညီအကိုခြောက်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူးသောကြောင့် ဝစ်ဇနစ်နှင့်ဝိုင်ခရက်ဆိုလော့တို့၏ခွန်အားအား ကောင်းကောင်းသိ၏။ ဤလူနှစ်ယောက်က သူတို့ညီအကိုခြောက်ယောက်၏လက်ထဲသို့ မကျရောက်လာခဲ့ပေ။
ထို့အပြင် ထန်ရှုနှင့်သူ့ဆရာသခင်အကြားစီးပွားရေးအရောင်းအဝယ်တစ်ခုရှိသည်ကို သူလည်း သိသည်။ ကောင်းကင်ဘုံမှော်ဆရာကလန်မှလူများက အလွန်အားကောင်းပြီး အဆုံးတွင် သူတို့က ထန်ရှုနှင့်သူ့လူများအား အနိုင်ယူနိုင်ခဲ့လျှင် သူတို့က ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်ကို ရောက်ရှိစေနိုင်သည့်ကျင့်ကြံခြင်းပညာရပ်စာအုပ်အား ရရှိသွားမည်ဟု ဆိုလိုသည် မဟုတ်လော။
"ဟမ်"
ရုတ်တရက် သတ်ဖြတ်ခြင်းဆန္ဒတစ်ခုက သူ့ဆရာထံမှ ထွက်ပေါ်လာသည်ကို သူက အာရုံခံလိုက်မိသည်။
ဤအချိန်တွင် တာအိုဆရာဇီရွှယ်၏အာရုံက ပိုပိုနီးကပ်လာနေသောသင်္ဘောနှစ်စင်းပေါ်သို့ ကျရောက်သွား၏။ သင်္ဘောများကြားအကွာအဝေးက တစ်ကီလိုမီတာအောက် ရောက်လာသောအခါ ဆန့်ကျင်ဘက်သင်္ဘောမှ ပုံရိပ်တစ်ခုက လျှပ်စီးအလား လျှပ်တစ်ပြက်လက်ကာ မျက်စိတစ်မှိတ်အတွင်း သူမအရှေ့၌ ထွက်ပေါ်လာခဲ့သည်။
"မင်းက ဘာလို့ ငါတို့သင်္ဘောပေါ်ကို တက်လာရတာလဲ၊ ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့မှော်ဆရာရေ"
အနက်ဝတ်လူအိုက တာအိုဆရာဇီရွှယ်အား တစ်ချက်ကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်"ငါတို့ဘယ်သူလဲဆိုတာ မင်း သိတာလား။ မင်းက အတိအကျ ဘယ်သူလဲ"
"ငါတို့က ကျင့်ကြံသူတွေပဲ"တာအိုဆရာဇီရွှယ်က သာမန်မျှစွာ ပြန်ဖြေ၏"မင်း ငါ့ကို တာအိုဆရာဇီရွှယ်လို့ ခေါ်နိုင်တယ်"
အနက်ဝတ်လူအိုကြီး၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူမအား ဂရုတစိုက်လေ့လာကြည့်၏။ ထို့နောက် သူက အေးစက်စွာ ပြောလာသည်"ဆန်းကျယ်တဲ့အရှေ့တိုင်းတရုတ်မှတပသီ(ခြိုးခြံကျင့်ကြံသူ)တွေလား။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ့ကလန်ကတစ်ယောက်ယောက်ကို မင်း မြင်တွေ့ခဲ့လား"
"ငါတော့ မမြင်ခဲ့ဘူး၊ ဒါပေမယ့် ငါ့တပည့်တွေတော့ မြင်ခဲ့တယ်"တာအိုဆရာဇီရွှယ်က ပြန်ဖြေ၏"မင်းကလန်ရဲ့ဝစ်ဇနစ်ဆိုလော့နဲ့ဝိုင်ခရက်ဆိုလော့တို့က သာမန်လူတွေကို သတ်ဖြတ်ခဲ့တာကြောင့် ငါ့တပည့်ခြောက်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်။ မင်းကလန်ဝင်နှစ်ယောက်သေသွားတာကို ငါလဲ သိတယ်။ မင်းတို့နေရာက ဒီနေရာနဲ့ဆိုရင် မိုင်ထောင်ချီ ဝေးတယ်၊ မင်းတို့က သူတို့ကို လက်စားချေဖို့ ဒီကို လာခဲ့တာလား"
အနက်ဝတ်လူအိုကြီး၏အသားအရေက ပြောင်းလဲသွားပြီး ကျောက်မြက်ရတနာစီခြယ်ထားသောတောင်ဝှေးအား မြှောက်လျက် သတ်ဖြတ်လိုစိတ်နှင့် မေးလိုက်၏"မင်း သူတို့ကို သတ်ခဲ့တာလား"
"ငါလုပ်ခဲ့တော့ရော ဘာဖြစ်လဲ"တာအိုဆရာဇီရွှယ်က မတွန့်မဆုတ်ပြန်မေးသည်"ငါ မလုပ်ခဲ့ရင်ရော ဘာဖြစ်လဲ"
***