← Chapters

ရှင်သန်ဖို့အတွက် တိုက်ခိုက်ခြင်း

Vol. 69 Ch. 960

ရှင်သန်ဖို့အတွက် တိုက်ခိုက်ခြင်း

Vol. 69 Ch. 960

တစ်ချက်ကြည့်ရုံနှင့် သူမနှင့်နှစ်ရာချီအတူရှိလာသည့်ဓားက အနက်ရောင်မြူတိုက်စားမှုကြောင့် ပျက်ဆီးသွားသည်ကို တာအိုဆရာဇီရွှယ်က သိ၏။

"ငါ့ရဲ့မှော်လက်နက်"

သူမ၏နှုတ်ခမ်းက တုန်ယင်သွားလေသည်။ သူမ၏ဂိုဏ်းတစ်ခုလုံးတွင် မှော်လက်နက်များစွာရှိသော်လည်း ထိပ်တန်းအဆင့်များက ရှားပါးသည်။ သူမက ဤဓားအား ဂိုဏ်းအကြီးအကဲသူမ၏ဆရာမှ အမွေရရှိထားခြင်းဖြစ်၏။ သူမ၏အစစ်အမှန်မူလစွမ်းအားနှင့် နှစ်ရာချီ အားဖြည့်ခဲ့ရသော်လည်း ယခု အားလုံးက အလဟဿဖြစ်သွားခဲ့၏။

ဤအချိန်တွင် သတ်ဖြတ်လိုစိတ်က သူမ၏နှလုံးသားထဲ၌ မွေးဖွားလာတော့သည်။ သူမက ကောင်းကင်ဘုံမှော်ဆရာကလန်ဝင်အားလုံးကို တကယ်မုန်းသည်၊ သူတို့အားလုံးကို မသတ်ဖြတ်ဖို့ သူမကိုယ်သူမ ထိန်းချုပ်ရန် ခက်ခဲပေ၏။ သို့သော် သူမက အရာအားလုံးလောင်းကြေးထပ်ရင်တောင် ကြီးကြီးမားမားအားထုတ်ရမည်ကို သူမက သိသည်။

သူမက အရာအားလုံးလောင်းကြေးထပ်လျှင်ပင် သူမ၏တပည့်ဆယ်ယောက်အားလည်း တိုက်ပွဲထဲသို့ ဆွဲခေါ်မိနိုင်ပြီး သူမလည်း သေနိုင်‌ချေများ၏။

ကီလိုမီတာအနည်းငယ်အကွာတွင် ထန်ရှုက အဝေးရှိတိုက်ပွဲမြင်ကွင်းအား မှန်ဘီလူးမှတစ်ဆင့်  ရှင်းလင်းစွာ မြင်ရ၏။ ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူသုံးယောက်ကသာ အပေါ်စီးရရှိနေပြီး တာအိုဆရာဇီရွှယ်အား နောက်ဆုတ်ရန် ဖိအားပေးနိုင်ကာ သူမဓားလည်း ပျက်ဆီးသွားသောကြောင့် တိုက်ပွဲရလဒ်က သူ၏မျှော်မှန်းချက်အတွင်း ဝေးကွာနေပေသည်။

"ဒါ တကယ်သနားစရာပဲ"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။

မိုအားဝူက မှန်ဘီလူးအား ချကာ ပြော၏"စည်းလုံးခြင်းဂိုဏ်းရဲ့အမျိုးသမီးကျွမ်းကျင်သူက ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့လူတွေကို မရင်ဆိုင်နိုင်ဘူးလို့ ငါ ထင်တယ်။ ပြီးတော့ အဲဒီအနက်ရောင်မြူနဲ့ပတ်သက်ပြီး ထူးဆန်းတာ တစ်ခုခုရှိတယ်။ အဲဒါက တိုက်စားလွန်းပြီး သူမရဲ့ဓားကိုတောင် ပျက်ဆီးစေနိုင်တယ်"

"ဟုတ်တယ်။ တစ်ယောက်သာဆိုရင် တာအိုဆရာဇီရွှယ်က အလွယ်တကူသတ်နိုင်မှာ"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ဒါပေမယ့် သူမက သုံးယောက်တစ်ယောက်ရင်ဆိုင်နေရပြိး သူတို့သုံးယောက်က ပူးပေါင်းတိုက်ခိုက်နေတယ်။ သူတို့သုံးယောက်ကို သတ်ဖြတ်ဖို့က သူမအတွက် အရမ်းခက်ခဲလိမ့်မယ်။ သူမရဲ့လက်ရှိအနေအထားအရ သူမရဲ့အသက်ကို ကြိုးတန်းပေါ်မှာ ထားထားရင်တောင် သူတို့သုံးယောက်ကို သတ်ဖို့ ကြီးမားတဲ့တန်ဖိုးတစ်ခုကို ပေးချေရမယ်"

"ကောင်းကင်ဘုံမှော်ဆရာကလန်က ဒီသုံးယောက်အပြင် အခြားကျွမ်းကျင်သူတွေကိုလဲ ခေါ်လာမယ်လို့ ငါ ထင်တယ်၊ သူဌေး"မိုအားဝူက လေးနက်စွာ ပြောလေသည်"ဒီသင်္ဘောနှစ်စီးပေါ်မှာ  လူလေးဆယ်ကျော်ရှိတယ်၊ ဒါကြောင့် အားကောင်းတဲ့ကျွမ်းကျင်သူအချို့က ဒီထဲမှာ ပုန်းကွယ်နေဖို့ များတယ်"

"မဟုတ်ဘူး၊ ဒီသင်္ဘောနှစ်စင်းပေါ်မှာ နောက်ထပ်အားကောင်းတဲ့ကျွမ်းကျင်သူတွေ မရှိတော့ဘူး"ထန်ရှုက ခေါင်းခါလိုက်ပြီး ခဏစဉ်းစားလိုက်သည်"ဒါပေမယ့် အသစ်ရောက်လာတဲ့သင်္ဘောပေါ်မှာတော့ အချို့ရှိတယ်။ သူတို့က အဲဒီသုံးယောက်ထက် အားမနည်းဘူး"

မိုအားဝူက မှင်တက်သွားသော်လည်း မှန်ဘီလူးအား လျင်မြန်စွာ ကိုင်ကာ ပတ်ဝန်းကျင်အား ထပ်ကြည့်လိုက်သည်။ ယခင်သင်္ဘောနှစ်စီးအနီးတွင် နောက်ထပ်သ‌င်္ဘောတစ်စီးရှိသည်ကို သူက တွေ့လိုက်ရ၏။ ၎င်းအပေါ်တွင် လူအနည်းငယ်ဒါဇင်ခန့်သာ ရှိသော်လည်း ကုန်းပတ်ပေါ်ရှိကုလားထိုင်ပေါ်တွင်ထိုင်နေသောလူအိုကြီးက တစ်မူထူးခြားပုံပေါ်နေ၏။

"ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့စစ်ကူတွေ ရောက်ရှိလာပြီလား။ သူဌေး၊ ငါတို့သာ မကူညီရင် စည်းလုံးခြင်းဂိုဏ်းရဲ့ကျွမ်းကျင်သူတွေ အသက်ရှင်လျက် ပြန်နိုင်ဖို့ အရမ်းခက်လိမ့်မယ်"

"ဟုတ်တယ်"ထန်ရှုက ပြန်ဖြေ၏။ ထို့နောက် စည်းလုံးခြင်းဂိုဏ်းမှကျင်းချန်ဇီတို့ဆယ်ယောက်အဖွဲ့အား တစ်ချက်ကြည့်ကာ ထပ်လောင်းပြောလိုက်သည်"ဒီဂိုဏ်းက ရှည်လျားတဲ့သမိုင်းကြောင်းနဲ့နှစ်ထောင်ချီစုဆောင်းထားတဲ့အမွေအနှစ်ရှိတယ်။ ကျင်းချန်ဇီတို့ညီအကို‌တွေ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိနိုင်ပုံထောက်ရင် သူတို့ရဲ့စုဆောင်းထားတဲ့ကျင့်ကြံခြင်းအရင်းအမြစ်က ပေါများကြွယ်ဝရမယ်။ ငါတို့ ဒီဂိုဏ်းနဲ့ သဘောတူညီချက်တစ်ခု ယူထားတယ်၊ ငါ ဒီဂိုဏ်း‌ကနေ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရဖို့ လိုအပ်တယ်၊ ဒါကြောင့် တာအိုဆရာဇီရွှယ်က သေလို့မရဘူး"

"အမှတ်၉ကျွန်းကလူတိုင်းကို ဒိီ‌နေရာကို လာခိုင်းဖို့ ငါ ဆက်သွယ်လိုက်ရမလား၊ သူဌေး"မိုအားဝူက မေး၏။

"မလိုဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ငါတို့ရဲ့လူတွေက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာ ရှိတယ်၊ ဒါကြောင့် သူတို့က အချိန်အကြာကြီး တိုက်ခိုက်လို့မရဘူး။ သူတို့ရဲ့အစစ်အမှန်အဆီအနှစ်စွမ်းအားက ခပ်မြန်မြန်ကုန်သွားလိမ့်မယ်၊ တိုက်ခိုက်တာနဲ့ သူတို့တွေ ဒုက္ခရောက်လိမ့်မယ်။ အဲဒီကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့လူတွေကို အမှတ်၉ကျွန်းကို မျှားခေါ်ဖို့ လိုအပ်တယ်"

"ငါ့ကို အဲဒါ လုပ်ခွင့်ပြုပါ၊ သူဌေး"မိုအားဝူက ပြော၏။

ထန်ရှုက ခဏစဉ်းစားကာ ခေါင်းညိတ်လိုက်သည်"နောက်ကျရင် မင်း လုပ်ရမယ်၊ အခုတော့ မဟုတ်သေးဘူး။ သူတို့တွေ သေရေးရှင်ရေးအန္တရာယ်ဖြစ်တော့မှ ငါတို့ ကယ်မယ်။ ဒိီလိုဆိုရင် ငါတို့ကို အသက်ကယ်ကြွေးတင်သွားမယ်၊ ဟဲဟဲ၊ သူတို့နဲ့ နောက်ထပ်စီးပွားရေးအပေးအယူတွေလုပ်ရတာ ပိုလွယ်ကူလာတာပေါ့"

"မင်းက တကယ်ဉာဏ်ကောင်းတယ်၊ သူဌေး...."မိုအားဝူက လက်မထောင်ကာ ချီးကျူးလိုက်သည်။

"ဟားဟားဟား"ထန်ရှုက ရယ်ကာ ပြောလိုက်သည်"မင်းလဲ အခု မြှောက်ပင့်ဖို့ သင်ယူခဲ့တာပဲမလား၊ အားဝူ"

မိုအားဝူက တုံ့ပြန်သည့်အနေနှင့် ရယ်လိုက်ပြီး ခေါင်းကုတ်ကာ ပြော၏"ဒါနဲ့ သူဌေး၊ ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့ကျွမ်းကျင်သူတွေအားလုံး တိုက်ပွဲနဲ့ ပူးပေါင်းလာတာကို စောင့်ရင် ငါက တာအိုဆရာဇီရွှယ်ကိုပဲ ကယ်နိုင်လိမ့်မယ်။ ကျင်းချန်ဇီနဲ့ကျန်တဲ့ကိုးယောက်ကိုရော ဘယ်လိုလုပ်မလဲ"

"သူတို့နဲ့ ပတ်သက်ပြီး မစိုးရိမ်ပါနဲ့"ထန်ရှုက ပြော၏"အဲဒီကောင်းကင်ဘုံ‌မှော်ဆရာကလန်သားတွေက လက်စားချေဖို့အတွက် ဒီနေရာကို ရောက်လာကြတာ၊ ဒါကြောင့် သူတို့ရဲ့ကလန်သားတွေကို သတ်တာ ငါတို့ပဲလို့ မင်းပြောဖို့ပဲ လိုတယ်။ သူတို့က ကျင်းချန်ဇီနဲ့ကျန်လူတွေကို ဂရုမစိုက်တော့မှာ သေချာတယ်"

ကောင်းကင်တွင် ‌နောက်ထပ်သင်္ဘောတစ်စီးရောက်ရှိလာသည်ကို တာအိုဆရာဇီရွှယ်လည်း မြင်လိုက်ရသည်။ လေ့လာပြီးနောက် ကောင်းကင်ဘုံမှော်ဆရာကလန်မှ ဖြစ်သည်ကို သိလိုက်ရ၏၊ ဒါက သူမအား စိုးရိမ်သွားစေသည်။ သူမက ထွက်ပြေးဖို့ရွေးချယ်လျှင် အလွယ်တကူ လွတ်မြောက်နိုင်မည်ကို သူမ ယုံကြည်ချက်ရှိသော်လည်း သူမ၏တပည့်များက ကောင်းကင်ဘုံမှော်ဆရာကလန်ကျွမ်းကျင်သူများ၏လက်ထဲမှ အသက်ရှင်ရန် ခက်ခဲပေလိမ့်မည်။

"အခု ငါ ဘာလုပ်ရမလဲ"

တာအိုဆရာဇီရွှယ်က စိုးရိမ်မှုကြောင့် ဂနာမငြိမ်ဖြစ်နေသည်။ သူမ၏တပည့်ဆယ်ယောက်‌ကံဆိုးမိုးမှောင်ကျမည်ကို သူမက ရပ်မကြည့်နိုင်ပေ။ ကျင်းချန်ဇီတို့ဆယ်ယောက်စလုံးက သူမအတွက် ရင်သွေးများသဖွယ်ပင်။

အစက ဘလက်ဆို့လောတို့သုံးယောက်က တာအိုဆရာဇီရွှယ်အား လိုက်ဖမ်းချင်သော်လည်း သူတို့၏ကလန်သားများ ရောက်ရှိလာသည်ကို သိပြီးနောက် ထိုအတွေးအား ချက်ချင်းလက်လွှတ်လိုက်သည်၊ သူတို့ထက်အဆင့်ပိုမြင့်သောမဟာအကြီးအကဲက ထိုသင်္ဘောပေါ်တွင် လိုက်ပါလာသောကြောင့်ပင်။

"ကြိုဆိုပါတယ် မဟာအကြီးအကဲ"

လူအိုကြီးသုံးယောက်က ရောက်ရှိလာသည့်သင်္ဘောပေါ်သို့ တက်ကာ ကုလားထိုင်ပေါ်တွင်ထိုင်နေသောအဘိုးကြီးအစထရေးအက်ဆိုလော့အား တလေးတစားနှုတ်ဆက်လိုက်သည်။ အစထရေးအက်ဆိုလော့၏မျက်လုံးများက ပွင့်လာပြီး လူအိုကြီးသုံးယောက်အား စိုက်ကြည့်ကာ နောက်ဆုံးတွင် သူ့မျက်လုံးများက ဘလက်ဆိုလော့ပေါ်သို့ ကျရောက်လာ၏"မင်း ဒဏ်ရာရထားတာလား"

"ရန်သူက အရမ်းပြောင်မြောက်တဲ့တရုတ်ကျင့်ကြံသူပဲ၊ မဟာအကြီးအကဲ"ဘလက်ဆိုလော့က ခါးသီးသောအမူအရာနှင့် ပြော၏"ငါက သူမရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဒါကြောင့် တိုက်ခိုက်တုန်းက သွေးပြုစားခြင်းကို ငါ အသုံးပြုခဲ့တယ်"

ဤအရာက အ‌စထရေးအက်ဆိုလော့၏အမူအရာအား အနည်းငယ်ပြောင်းလဲသွားစေပြီး သူက အသံလေးလံစွာနှင့် ပြော၏"မင်းက ဂရုမစိုက်လွန်းတာပဲ။ သွေးပြုစားခြင်းကို အသုံးပြုတာက မင်းရဲ့အသက်အားကို ထိခိုက်စေပြီး မင်းရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး မှော်ဘိုးဘေးအဆင့်ကို ချိုးဖြတ်ဖို့ အရမ်းခက်ခဲလိမ့်မယ်"

"စိတ်အေးအေးထားပါ၊ မဟာအကြီးအကဲ"ဘလက်ဆိုလော့က ကမန်းကတန်းပြော၏"လွန်ခဲ့နှစ်ပေါင်းများစွာက ခရီးသွားရင်းနဲ့  အမှောင်မှော်သစ်သီးတစ်လုံး ငါ ရခဲ့တယ်။ ဒီသစ်သီးကို သုံးပြီးတော့ လျော့ကျသွားတဲ့သက်တမ်းကို ပြန်ရအောင်လုပ်နိုင်ပါတယ်"

အ‌စထရေးအက်ဆ်ိုလော့က အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်သည်"ငါ သိပြီ။ ဒီတော့ အမှောင်မှော်သစ်သီးရှိလို့ မင်းက သွေးပြုစားခြင်းရဲ့ဆိုးကျိုးကို လစ်လျူရှုခဲ့တာပေါ့လေ။ ဒါပေမယ့် ဒီသစ်သီးကိုသုံးပြီးမင်းပြန်ရနိုင်မယ့်သက်တမ်းက နှစ်ရာအနည်းငယ်မျှပဲ။ လုံးမဝလိုအပ်ရင် သွေးပြုစားခြင်းကို မင်း ထပ်မသုံးနဲ့"

"ငါ နားလည်ပါပြီ"ဘလက်ဆိုလော့က ပြန်ဖြေလိုက်သည်။

ထို့နောက် အစထရေးအက်ဆိုလော့က ဖြည်းဖြည်းချင်းမော့ကြည့်လိုက်သည်။ သူတို့ထဲတွင် အဆုံးမဲ့ဆန်းကြယ်မှုပါဝင်နေသည့်အလား သူ့မျက်လုံးများက နက်ရှိုင်းပုံပေါ်‌နေ၏။ တာအိုဆရာဇီရွှယ်က ကောင်းကင်ရှိမီတာတစ်ထောင်အကွာတွင် ရပ်နေလျှင်ပင် သူက သူမအား ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

"ဆင်းလာစမ်း....."

သူ့အသံက အဝေးသို့ ကူးပြောင်းသွားခဲ့ပြီး တာအိုဆရာဇီရွှယ်၏နားထဲသို့ သယ်ဆောင်သွားခဲ့သည်။

တာအိုဆရာဇီရွှယ်က ခဏနှုတ်ဆိတ်သွားပြီး သူမက ကောင်းကင်မှ ဆင်းသက်လာ၏။ သူမ၏သင်္ဘောပေါ်သို့ ကျရောက်ပြီးနောက် အစထရေးအက်ဆိုလော့အား တစ်ချက်ကြည့်ကာ သူမက နှာခေါင်းရှုံ့လိုက်သည်"ကောင်းကင်ဘုံမှော်ဆရာကလန်က ငါ့ရဲ့စည်းလုံးခြင်းဂိုဏ်းကို ရန်စရဲတာ အံ့ဩစရာမရှိဘူးပဲ။ လက်စသတ်တော့ မင်းကြောင့်ကိုး၊ မဟာအကြီးအကဲအစထရေးအက်ဆိုလော့။ ရာစုနှစ်အနည်းငယ်တောင် ရှိပြီ၊ ဘာလို့ ရှင့်လိုအဖိုးကြီးက အခုထိ မသေသေးသလဲဆိုတာ ကျွန်မ တကယ်သိချင်မိတယ်"

"အာ၊ ငါတို့ နောက်ဆုံးတွေ့ပြီးကတည်းက နှစ်သုံးရာရှိပြီးမလား၊ တာအိုဆရာဇီရွှယ်"အစထရေးအက်က ပြုံးကာ ပြန်ပြောလိုက်သည်"မင်းက အရင်တုန်းကလိုပဲ လှနေအုံးမယ်လို့ ငါ တကယ် မထင်ထားဘူး"

"ငါက လှနေတုန်းပဲ၊ ဒါပေမယ့် ရှင်ကတော့ အရိုးစုအိုကြီးတစ်ခုနဲ့ တူလာပြီ၊ အစထရေးအက်"တာအိုဆရာဇီရွှယ်က နှာခေါင်းရှုံ့လိုက်သည်"ရှင်က တကယ်ပဲ ငါ့ရဲ့စည်းလုံးခြင်းဂိုဏ်းနှင့်ခင်မင်မှုကို ဖျက်ဆီးပစ်ချင်တာလား"

"ငါတို့ကြားမှာ ခင်မင်မှုတွေ ဆုံးရှုံးစရာမလိုပါဘူး"အစထရေးအက်က ခေါင်းခါယမ်းလိုက်သည်"မင်းရဲ့စည်းလုံးခြင်းဂိုဏ်းက အရှေ့ပိုင်းမှာ အခြေချတယ်၊ ငါ့ရဲ့ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့ အများကြီးဝေးတယ်။ ဒါပေမယ့် ငါ့ကလန်ရဲ့အကြီးအကဲနှစ်ယောက်က ဒီနေရာမှာ အသတ်ခံခဲ့ရတယ်၊ ဒါကြောင့် သတ်ဖြတ်သူကို ရှာဖွေပြီး လက်စားချေရမယ်။ မင်းက ငါ့ကလန်ရဲ့အကြီးအကဲနှစ်ယောက်ကို သတ်ခဲ့တယ်ဆိုရင် ငါက မင်းအပေါ်မှာပဲ အပြစ်ပုံချမှာပေါ့၊ ဒီတော့ ဒီရန်ငြိုးကို တိုက်ပွဲနဲ့ပဲ ဖြေရှင်းကြတာပေါ့"

တာအိုဆရာဇီရွှယ်က ခဏနှုတ်ဆိတ်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်"ဟမ့်။ မင်းရဲ့ကလန်သားနှစ်ယောက်ကို သတ်ခဲ့တာ ငါတို့မဟုတ်ဘူးလို့ မင်းရဲ့လူတွေကို ငါ ပြောခဲ့ပြီးသား၊ ဒီလိုဆိုပေမယ့် ငါ့တပည့်တွေနဲ့မင်းကလန်နှစ်ယောက်က ရန်စတော့ ရှိတာပေါ့။ မင်းက ဒါကို ငါတို့ခေါင်းပေါ်  ပုံချချင်တယ်ဆိုရင်တော့ ဒါဆိုလဲ လာလေ"

"ရန်စလား။ မင်းက ဘာရန်စအကြောင်းပြောနေတာလဲ"အစထရေးအက်က မျက်မှောင်ကြုတ်လျက် ‌မေးလိုက်သည်။

"မင်းရဲ့ကလန်သားတွေက သာမန်လူတွေကို သတ်ဖြတ်ခဲ့တယ်၊ ဒါက ငါ သည်းခံနိုင်တဲ့အရာတစ်ခုမဟုတ်ဘူး"တာအိုဆရာဇီရွှယ်က ဖြေလိုက်သည်"သတ်ဖြတ်သူက သတ်ဖြတ်သူပဲ။ သူတို့က သာမန်လူတွေကို သတ်တယ်၊ ဒီတော့ သူတို့ထက်ပိုသန်မာတဲ့သူတွေက သူတို့ကို သတ်တာကို ပြင်ဆင်ထားရမှာပဲ"

"ပိုသန်မာတဲ့သူတွေလား၊ ဟမ့်"အစထရေးအက်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏"မင်းပြောတဲ့စွမ်းအားရှင်တွေက ဘယ်သူတွေလဲ"

"ကျွန်မ ရှင့်ကို ပြောမှာမဟုတ်ဘူး"တာအိုဆရာဇီရွှယ်က ခေါင်းခါယမ်းလိုက်သည်။

အစထရေးအက်၏ပုံရိပ်က ရုတ်တရက် လွင့်မျောသွားပြီး ပင်လယ်ပြင်အထက် တာအိုဆရာဇီရွှယ်မှဆယ်မီတာအကွာတွင် ထွက်ပေါ်လာ၏။ သူ့ခြေထောက်များက ပင်လယ်ပြင်အပေါ် ချနင်းထားသော်လည်း သူ့ဘွတ်ဖိနပ်က ပင်လယ်ရေစိုစွတ်ခြင်း မရှိပေ။ သူက တာအိုဆရာဇီရွှယ်အား စိုက်ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်သည်"မင်းက ဒါနဲ့ ပတ်သက်ပြီး ငါ့ကို မပြောချင်မှတော့ ငါကပဲ မင်းပါးစပ်ကနေ ထွက်လာအောင် လုပ်ရမှာပေါ့။ ငါတို့နောက်ဆုံးတွေ့တာ နှစ်သုံးရာရှိပြီ။ စည်းလုံးခြင်းဂိုဏ်းရဲ့အမျိုးသမီးက လက်ရှိ ဘယ်လောက်ထိ သန်မာနေသလဲဆိုတာ ငါ သိချင်မိပါရဲ့"

ဤအခါတွင် တာအိုဆရာဇီရွှယ်၏အမူအရာက ပြောင်းလဲသွား၏။ ဤလူကြီး၏ကျင့်ကြံခြင်းအဆင့်က သူမထက် သေချာပေါက် မနိမ့်ကျသည်ကို သူမက ပြောနိုင်သည်။ အစထရေးအက်မှထုတ်လွှတ်သောအရှိန်အဝါအရ သူက မှော်ဘိုးဘေးအဆင့်အား ချိုးဖြတ်ထားပြီဖြစ်ရမည်။ ကောင်းကင်ဘုံနတ်ဆရာကလန်နှင့်ပတ်သက်၍ သူမသိထားသည်အရ မှော်ဘိုဘေးအဆင့်ကျွမ်းကျင်သူများက ရွှေအမြု‌တေအဆင့်ကျင့်ကြံသူများနှင့် ယှဉ်နိုင်ပေသည်။

"ရှင်က တိုက်ခိုက်ချင်တာလား။ ဒါဆိုလဲ သွားကြစို့"

တာအိုဆရာဇီရွှယ်က ကျင်းချန်ဇီ၏နောက်ကျောရှိဓားရှည်အား ဆုပ်ကိုင်လိုက်သည်။ ရုတ်ရက် ကြီးမားသောအရှိန်အဝါတစ်ခုက သူမထံမှ ထပ်မံပေါ်ထွက်လာ၏။ သူမက အစထရေးအက်အား စိုက်ကြည့်ရင်း အလျင်စလိုမလှုပ်ရှားခဲ့ပေ၊ သူမက သူမတပည့်များအား ဘေးကင်းသောနေရာသို့ အရင်ပြောင်းရွှေ့ချင်ခဲ့သည်။

***

All Chapters