စွန့်ပစ်ကျွန်းပေါ်၌ လူအမြောက်အများသတ်ဖြတ်ခြင်း
Vol. 69 Ch. 963
ဓားကြာပန်းက ကောင်းကင်ယံတွင် မီတာတစ်ရာ ဖူးပွင့်လာပြီး တောက်ပနေသောနေလုံးကြီးက မိုးကောင်းကင်မှ ကျဆင်းလာသည့်အလား ၎င်း၏ရောင်ခြည်တန်းများအား ထုတ်လွှတ်လိုက်သည်၊ မှိန်ဖျော့နေပြီးဖြစ်သောအမှောင်ပိုင်နက်က ဓားရောင်ခြည်တန်းများကြောင့် ထပ်မံအားဖျော့သွားပြန်၏။
အဖြူရောင်ဝတ်ရုံနှင့် ကျက်သရေရှိလှသောအသွင်အပြင်နှင့် ထန်ကွမ်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်၊ သက်တံ,တံတားတစ်ခုနှင့်တူသောဓားသွားတစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး ဧရာမအရိုးစုမွန်းစတားထံ စူးဝင်သွားလေ၏။
ဤအကွက်က ထန်ကွမ်း၏အသန်မာဆုံးသတ်ဖြတ်ကွက်ဖြစ်သည်။ ဓားရောင်ခြည်တန်းက အရိုးဓားနှင့် ထိတွေ့သည့်အခိုက်တွင် ဝိုးတိုးဝါးတားပုံရိပ်တစ်ခုက ဓားစီးနင်းလာပုံရကာ အရိုးစုမွန်းစတားအနီး၌ တိတ်တဆိတ်ထွက်ပေါ်လာသည်။ ထို့နောက် နေရာလပ်နှောင့်ယှက်မှုဖြစ်ပေါ်လာပြီး ထိုပုံရိပ်က မက်ဇ်ဆိုလော့အနောက်၌ ထွက်ပေါ်လာ၏။
"ဂရုစိုက်....."
အဝေးမှကြည့်နေသောအစထရေးအက်ဆိုလော့၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူက သတိပေးလိုက်သည်။
သို့သော် အရိပ်ပုံရိပ်က မြန်လွန်းသည်၊ အင်မော်တယ်ဓားတစ်လက်နှင့် တူကာ မက်ဇ်ဆိုလော့၏လည်ပင်းအား အားကောင်းကောင်းနှင့် ခုတ်ပိုင်းလိုက်သည်။ အားကောင်းသောခုတ်ချက်က ဦးခေါင်းအား လွင့်ထွက်သွားရင်း ချက်ချင်း ပေါက်ကွဲသွားစေ၏။
အုန်း....
အရိုးစုမွန်းစတားလည်း ပေါက်ကွဲကာ တစစီဖြစ်သွား၏။ ဓားကြာပန်းပစ်လွှတ်လိုက်သောဓားရောင်ခြည်တန်းအား တားဆီးရန် တိုက်ခိုက်မှုများအား ကသောင်းကနင်းဖော်ထုတ်ခဲ့သော်လည်း တစ်ခဏသာ တတ်နိုင်ခဲ့သည်။ ယခု ဓားရောင်ခြည်တန်းက ဇာလက်ဂလီဆိုလော့ထံ ဆက်လက်ရိုက်ခတ်လာသည်။
"အမှောင်ပိုင်နက်....."
ဇာလက်ဂလီဆိုလော့က ပြာလဲ့လဲ့အနက်ရောင်သွေးများ အန်ထုတ်ပြီး သူ့ခန္ဓာကိုယ်၏အရေးကြီးအစိတ်အပိုင်းများ ထုနှက်ခံရမည်အား ရှောင်တိမ်းလိုက်သည်။ သို့သော် သူက မီတာတစ်ရာနီးပါး လွင့်ထွက်သွားရပြီး သူ၏ဘယ်ဘက်လက်က ဓားရောင်ခြည်တန်းကြောင့် ဖြတ်တောက်ခံလိုက်ရ၏။
သူ့မျက်နှာတွင် ဒေါသများအား မြင်တွေ့နိုင်ပြီး အစထရေးအက်ဆိုလော့က ဇာလက်ဂလီဆိုလော့ထံ လျင်မြန်စွာ ရောက်ရှိလာကာ ကျန်ရှိနေသောဓားရောင်ခြည်တန်းများအား တားဆီးခဲ့သည်။ သူက ဒေါသဖြင့် ကြိမ်းဝါးလိုက်၏"မင်း အယုတ်တမာကောင်။ မင်းက အရှက်မရှိခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့တာပဲ။ ကလန်သားအားလုံး၊ သူတို့ကို သတ်....။ အများဆုံးသတ်နိုင်တဲ့ဘယ်သူမဆို အမှောင်မြင့်မြတ်သစ်သီးကို ဆုလာဒ်အဖြစ် ရလိမ့်မယ်"
အမှောင်မြင့်မြတ်သစ်သီးလား။
စိတ်တက်ကြွခြင်းတို့အား အမှောင်မှော်ဆရာကလန်၏ကျွမ်းကျင်သူဆယ်ယောက်၏မျက်လုံးများထဲ၌ မြင်တွေ့နိုင်သည်။ အမှောင်မြင့်မြတ်သစ်သီးက သူတို့ကလန်၏အထွတ်အမြတ်ထားရာပစ္စည်း၊ သူတို့မြင့်မြတ်သစ်ပင်၏သစ်သီးဖြစ်သည်။ အမှောင်မြင့်မြတ်သစ်သီးက နှစ်တစ်ရာပြည့်တိုင်း တစ်ကြိမ်သာ ဖူးပွင့်ပြီး အကြိမ်တိုင်း၌ အမှောင်မြင့်မြတ်သစ်သီးဆယ်လုံးသာထုတ်ပေး၏။
အမှောင်မြင့်မြတ်သစ်သီးက ကောင်းကင်ဘုံမှော်ဆရာကလန်ရှိထိပ်တန်းရတနာသုံးခုထဲတွင် ပါဝင်၏။ ထိုလူက မွေးကာစကလေးတစ်ယောက်ဆိုလျှင်ပင် သစ်သီးတစ်လုံးသုံးစွဲခြင်းက တစ်စုံတစ်ယောက်၏ခွန်အားအား အချိန်တိုအတွင်း အကြီးအကျယ်တိုးစေနိုင်သည်။ သို့သော် စွမ်းအားရှင်များအတွက် ဤသစ်သီးသုံးစွဲခြင်းက သူတို့၏ကျင့်ကြံမှုအား နှစ်ရာချီတိုးစေလိမ့်မည်။
"သတ်....."
"သူတို့အားလုံးကို သတ်......"
အနက်ရောင်မြူအစုအဝေးက ရုတ်တရက်ပေါက်ကွဲထွက်လာပြီး အရိပ်ပုံရိပ်များက အမှတ်၉ကျွန်းပေါ်သို့ ပြေးတက်လာ၏။ မြင်ကွင်းအရ သူတို့က ငရဲမှပြေးထွက်လာသောဆိုးယုတ်သူများနှင့် တူပြီး အနက်ရောင်မြူနှင့်အတူ သတ်ဖြတ်ခြင်းဆန္ဒအား သယ်ဆောင်လာလျက် ရှိသည်။
ထန်ရှု၏မျက်လုံးများက အစထရေးအက်ဆိုလော့ထံတွင်သာ ရှိနေသေး၏။ ဤလူက မတိုက်ခိုက်သေးသည်ကို မြင်ပြီးနောက် သူက သူ့လက်အား ချက်ချင်းမြှောက်ကာ ရှေ့သို့ ဝှေ့ယမ်းလျက် အော်လိုက်သည်"သူတို့ကို သတ်။ မင်းတို့တစ်ယောက်မှ နောက်မဆုတ်ဘဲ သေတဲ့အထိ တိုက်ခိုက်ကြ။ မင်းတို့ ပိုသတ်လေလေ၊ မင်းတို့ရဲ့ဆုလာဒ်က ပိုကောင်းလေလေပဲ"
အဝေးရှိပင်လယ်ပြင်ပေါ်တွင် တာအိုဆရာဇီရွှယ်နှင့်သူမတပည့်ဆယ်ယောက်က လိုက်မီလာပြီး စတင်ကာစနှစ်ဖက်ကြားတိုက်ပွဲအား မြင်တွေ့ခဲ့၏။ တာအိုဆရာဇီရွှယ်က တိုက်ပွဲအချို့ ကြုံတွေ့ခဲ့ဖူးသော်လည်း တိုက်ပွဲထဲ၌ စွမ်းအားရှင်တစ်ရာကျော်အား မြင်တွေ့ရခြင်းက သူမအား အနည်းငယ်ထိတ်လန့်တုန်လှုပ်စေသေးသည်။
သို့သော် သူမအကြည့်က ထာဝရခန်းမကျွမ်းကျင်သူများ၏လက်ထဲရှိဓားများပေါ်တွငဆ ကပ်ငြိနေသည်။ သူမက ထိုဓားများအား လေ့လာစစ်ဆေးခဲ့ပြီး သူတို့က အင်မော်တယ်ဓားများဖြစ်သည်ဟု ဆုံးဖြတ်ခဲ့၏၊ ၎င်းတို့အားကိုင်ဆောင်ထားသောလူအရေအတွက်က နှစ်ဆယ်ကျော်ရှိသည်။
"ဆရာ"
ကျင်းချန်ဇီ၏အမူအရာက အနည်းငယ်ဖြူဖျော့သွား၏။ သူနှင့်သူ၏သိုင်းညီအကိုမောင်မှမများက ထိုကဲ့သို့သောတိုက်ပွဲမြင်ကွင်းတစ်ခုအား ဘယ်တော့မှ မမြင်ဖူးပေ၊ စိုးထိတ်နေပုံပေါ်သည်။
အတွေးများက တာအိုဆရာဇီရွှယ်၏မျက်လုံးများထဲ၌ ပြည့်နှက်နေပြီး သူမက ဆယ်စက္ကန့်ကြာ နှုတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူမက စိတ်တင်းထားလျက် လေးနက်သောအသံနှင့် ပြောလိုက်သည်"တာအိုဆရာထန်နဲ့မိုအားဝူအပါအဝင်သူ့လူတွေက ငါတို့ကို ကယ်ခဲ့တယ်။ အခု သူတို့က အဲဒီကောင်းကင်ဘုံမှော်ဆရာကလန်သားတွေနဲ့ တိုက်ပွဲဝင်နေတယ်၊ ငါတို့ ဘာမှမလုပ်ဘဲ ဒီအတိုင်း မနေနိုင်ဘူး။ မင်းတို့အားလုံး တိုက်ပွဲနဲ့ ပူးပေါင်းဖို့ အသင့်ပြင်ထား။ ငါတို့ ဒီနေ့သေရမယ်ဆိုရင်တောင် တာအိုဆရာထန်နဲ့သူ့လူတွေကို ကူညီရမယ်"
"နားလည်ပါပြီ....."
သူတို့က စိုးထိတ်မှုတို့ ရှိသော်ငြား ကျင်းချန်ဇီတို့ဆယ်ယောက်အဖွဲ့က သတ္တိရှိသေးရကာ သူတို့၏ဓားများကို ချက်ချင်းထုတ်လျက် တာအိုဆရာဇီရွှယ်နှင့်အတူ စစ်မြေပြင်သို့ ပျံသန်းသွား၏။ သူတို့အားလုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင် ရှိပြီး တစ်ယောက်ချင်းစီက ထာဝရခန်းမ၏ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည်၊ သို့သော် တိုက်ပွဲနှင့် ပူးပေါင်းပြီး ကောင်းကင်ဘုံမှော်ဆရာကလန်မှကျွမ်းကျင်သူများနှင့်တိုက်ခိုက်ပြီးနောက် သူတို့၏တိုက်ပွဲအတွေ့အကြုံကင်းမဲ့မှုက ချက်ချင်းထွက်ပေါ်လာသည်။
လက်ရှိအချိန်ထိ ထန်ရှုနှင့်အစထရေးအက်ဆိုလော့တို့က မလှုပ်ရှားသေးဘဲ တိုက်ပွဲအား ဘေးမှ အေးစက်စွာ ကြည့်နေခဲ့သည်။
အေးစက်သောဓားသွားအလင်းများနှင့်ဓားမော့သံများက သွေးမိုးများကြားတွင် ပိုပိုကျယ်လောင်လာပြီး အမှတ်၉စွန့်ပစ်ကျွန်းအား ကြီးမားသောစစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ စွန့်ပစ်ကျွန်းက သွေးမြေပြင်တစ်ခုဖြစ်လာပြီး ကောင်းကင်က သွေးများ၊ စွမ်းအင်များနှင့် အရောင်ခြယ်နေတော့၏။
သို့သော် အချိန်ကြာလာသည့်နှင့်အမျှ အစထရေးအက်ဆိုလော့က မျက်မှောင်ကြုတ်လာသည်။ တိုက်ပွဲကြာရှည်လာသည်နှင့်အမျှ သူ့ဘက်က သေကျေပျက်ဆီးမှုများ ပိုများလာသည်ကို သူ သိ၏။ ထို့ပြင် သူ့ဘက်က ပိုအခက်တွေ့လာသည်ကို သူက မြင်နေရသည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီလူငယ်တွေရဲ့ခွန်အားက အားမကောင်းပေမယ့် သူတို့ရဲ့တိုက်ပွဲအတွေ့အကြုံက ဘယ်လိုလုပ်ပြီး ဒီလောက်ကြွယ်ဝရတာလဲ။ ကြောက်စရာအကောင်းဆုံးအရာက တိုက်ပွဲကြာရှည်လာလေလေ၊ ထုတ်လွှတ်နိုင်တဲ့စွမ်းအားက ပိုသန်မာလာလေပဲ"
လက်သီးတင်းကျပ်စွာ ဆုပ်လျက် အစထရေးအက်၏မျက်လုံးများက ထန်ရှုထံ ကူးပြောင်းသွားသည်။ တိုက်ပွဲမစခင်ဤလူငယ်ပြောခဲ့သောစကားများက သူ့စိတ်ထဲ၌ ပုံပေါ်လာ၏၊ သူ့လူများအား လေ့ကျင့်ပေးခြင်းပင်။
"သူ.....သူက ငါ့ကလန်သားတွေကို သုံးပြီး.....သူ့လူတွေကို လေ့ကျင့်ပေးနေတာလား။ ဒီအစွန်းရောက်အရူးကောင်။ ကျွမ်းကျင်သူတစ်ယောက်ကို လေ့ကျင့်ပေးဖို့ အရမ်းခက်ခဲတယ်ဆိုတာ သူ မသိဘူးလား။ အနေအထားက သူတို့ဘက်သာရင်တောင် သူ့လူတွေလဲ သေကျေပျက်ဆီးမှုတွေ ကြုံရမှာပဲ။ သူက ကျွမ်းကျင်သူတွေကို ဂရုမစိုက်တာများလား၊ သူတို့က သူ့မျက်လုံးထဲမှာ အဖိုးမတန်တဲ့အရာတွေလိုလား"
ဤအခါတွင်တော့ သူက ညှိုနှိုင်းမှုကို ပိတ်ကာ ထိုလူများနှင့်ဆက်ဆံရေးတည်ဆောက်မှုအား ဆုတ်ဖြဲခဲ့သည့်အပေါ် အစထရေးအက်ဆိုလော့က နောင်တရလာသည်။ ထိုလူငယ်က သူ့လူများအား ဂရုမစိုက်သော်လည်း သူက ထိုသို့မလုပ်နိုင်ပေ။ သူ၏ကောင်းကင်ဘုံမှော်ဆရာကလန်အတွက်ပင် ကျွမ်းကျင်သူတစ်ယောက်လေ့ကျင့်ပေးခြင်းက အရမ်းခက်ခဲသည်ကို သိရမည်။ ထို့ပြင် သူ့ကလန်မှကျွမ်းကျင်သူဒါဇင်ကျော် အသတ်ခံရပြီး ဒါဇင်ကျော်က ဒဏ်ရာများရရှိထားလေ၏။
"လေးယောက်လား။ သူတို့ဘက်က လေးယောက်ပဲ သေတာလား......"
အစထရေးအက်ဆိုလော့က ထန်ရှုအား စိုက်ကြည့်ကာ ပြောလိုက်သည်"လူငယ်လေး၊ ငါ့ရဲ့ကောင်းကင်ဘုံမှော်ဆရာကလန်မဇာ လူထောင်ကျော်ရှိတယ်၊ သူတို့ထဲကတစ်ရာကျော်က မဟာမှော်ဆရာတွေပဲ။ ဒီနေရာကို ငါ့ကလန်ရဲ့ကျွမ်းကျင်သူတွေရဲ့ဆယ်ပုံတစ်ပုံပဲ ခေါ်လာတာ။ ငါ့ကလန်ရဲ့လက်တုံ့ပြန်တာကို မကြောက်ရင် မင်း တိုက်ပွဲကို ဆက်သွားလို့ရတယ်"
"ဟမ့်။ မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"ငါ တော်တော်များများကို ကြောက်ပေမယ့် အဲထဲမှာ ခြိမ်းခြောက်တာတော့ မပါဘူး။ ဒါပေမယ့် ငါ မင်းကို အရိုးသားဆုံးပြောမယ်။ ငါ့မှာ ကျွမ်းကျင်သူနည်းနည်းပဲ ရှိတယ်၊ ဖြစ်နိုင်တာက မင်းကလန်ရဲ့တစ်ရာပုံတစ်ပုံလောက်တောင် မရှိလောက်ဘူး။ ဒါပေမယ့် အဲတော့ ဘာဖြစ်လဲ။ သတ်ဖြတ်မှုအတွေ့အကြုံရှိတဲ့ကျင့်ကြံသူတွေကိုပဲ အစစ်အမှန်စွမ်းအားရှင်လို့ သတ်မှတ်နိုင်တယ်။ တိုက်ပွဲမှာ သေသွားတယ်ဆိုရင် သူတို့က လုံလုံလောက်လောက်အားမကောင်းလို့ပဲ၊ အသက်ရှင်ကျန်သူတွေကပဲ အနာဂတ်မှာ ပိုပိုသန်မာလာမှာ"
"မင်း ရူးနေတာပဲ"အစထရေးအက်ဆိုလော့က ဒေါသတကြီး အော်ပြောလိုက်သည်။
"ငါက ရူးနေတာတဲ့လား။ ခင်ဗျားပြောတာ မှန်တယ်၊ အဘိုးကြီး။ ကျုပ်က အရူးတစ်ယောက်ပဲ"ထန်ရှုက နှာခေါင်းရှုံ့လိုက်၏"ငါက တိုက်ပွဲတွေ၊ သတ်ဖြတ်ခြင်းတွေ အမြောက်အများ ကြုံတွေ့ခဲ့ရလို့ပဲ- ရေတွက်ဖို့ များလွန်းလောက်တဲ့အထိပေါ့။ သေခြင်းရှင်ခြင်းကြိုးတန်းပေါ်မှာ လျှောက်တယ်ဆိုတာက ငါ့အတွက် ဘာမှ မဟုတ်ဘူး။ ဒီခေတ်က ငြိမ်းချမ်းလွန်းတယ်။ ငါ့လူတွေကို ရန်သူနဲ့တိုက်ခိုက်ရတဲ့အတွေ့အကြုံတွေ ပေးချင်တယ်၊ ဒီလိုအခွင့်အရေးမျိုးက လာခဲတယ်လေ။ မင်းတို့ကောင်းကင်ဘုံမှော်ဆရာကလန်က ငါ့အိမ်တံခါးဝအထိ လာပို့မှတော့ ငါကလဲ ဒီအခွင့်အရေးကို ဘယ်လိုလုပ်ပြီး ဖြုန်းတီးရမှာလဲ"
လက်သီးတင်းကျပ်စွာဆုပ်လျက် အစထရေးအက်ဆိုလော့က စိတ်မထိန်းနိုင်တော့ဘဲ အမှောင်ပိုင်နက်သတ်ဖြတ်ခြင်းနည်းစနစ်အား ထုတ်လွှတ်လျက် သူ့လက်ထဲရှိတောင်ဝှေးကို ခပ်မြင့်မြင့် မြှောက်ကာ တိုက်ခိုက်နေသောလူအုပ်ကြီးထဲသို့ ပြေးဝင်သွားလေသည်။
ထန်ရှုက ရယ်လိုက်ပြီး သူ့လက်အား ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။ သူ့လက်ထဲရှိနတ်ဘုရားဓားက မီတာတစ်ရာရှည်သောစွမ်းအားပြင်းရေစီးတစ်ခုအဖြစ် ပြောင်းသွားကာ အနက်ရောင်မြူများကြားထဲ၌ အပေါက်တစ်ခုအား ထွင်းထုလိုက်သည်။ ရေစီးဓားစွမ်းအင်က ရှေ့သို့ ပေါက်ကွဲထွက်ရင်း သူက အစထရေးအက်ဆိုလော့၏အရှေ့၌ ရုတ်ခြည်းထွက်ပေါ်လာ၏။
"လျှပ်စီး"
"မီး......"
"လေ....."
"မိုး......"
သူက ပညာရပ်အား ထုတ်ဖော်လိုက်သည်နှင့် လျှပ်စီးများက ကောင်းကင်မှ ကျလာ၏၊ မီးတောက်တစ်ခုက မိုးကောင်းကင်မှ ထွက်ပေါ်လာသည်၊ မီးပင်လယ်တစ်ခုအား မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်စေပြီး လေဆင်နှာမောင်းတစ်ခုက ရောက်ရှိလာကာ ထိန်းမနိုင်သိမ်းမနိုင်ပေါက်ကွဲလျက် နောက်ဆုံးတွင် အက်စစ်မိုးများက လွင့်မျောနေသောအမှောင်တိမ်တိုက်များမှ ရွာကျလာသည်။
"ဒါ ဘာလဲ"
မြင်ကွင်းက အစထရေးအက်ဆိုလော့၏မျက်နှာအား အကြီးအကျယ်ပြောင်းလဲသွားစေသည်။ သူက မှော်ကမ္ဘာတစ်ခုသို့ ပို့ဆောင်ခံရသလို ခံစားရပြီး အထဲရှိမှော်စွမ်းအားက သူ့အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်စေ၏။
"ဒါက မှော်မန္တန်တစ်မျိုးလား"
အစထရေးအက်ဆိုလော့က လျှာကိုက်လျက် သူ့တောင်ဝှေးအား ခပ်မြန်မြန်ဝှေ့ယမ်းလိုက်၏၊ အနက်ရောင်မြူများက သူ့အား ကာကွယ်ရန် ဖြစ်တည်လာပြီး သေမင်းကောက်ရိတ်ဓားအား ချက်ချင်းထုတ်လွှတ်ကာ ထန်ရှုအား ခုတ်ချလိုက်သည်။
ထန်ရှုက ရယ်လိုက်ပြီး နတ်ဘုရားဓားအား ထိန်းချုပ်လျက် တုံ့ဆိုင်းခြင်းမရှိထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဖြောက်.....အုန်း......
ကြက်ဥခွံကွဲအက်သံနှင့်တူသောအသံတစ်သံအား ကြားလိုက်ရပြီး ဧရာမစွမ်းအင်တုန်ခါမှုလှိုင်းက ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင်ရှိတိုက်ခိုက်နေသာကျွမ်းကျင်သူများအား လွင့်စင်သွားစေ၏။ တုန်ခါမှုလှိုင်းက တစ်ရာမီတာကျယ်ပြီးခုနှစ်မီတာနက်သောတွင်းနက်တစ်ခုအား ဖန်တီးခဲ့သည်။
အစထရေးအက်ဆိုလော့က သွေးတစ်ပွက်အန်လိုက်ရပြီး သူ့မျက်နှာက စက္ကူအလား ဖြူရော်သွားသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး သူက ပျက်ဆီးသွားသောသေမင်းကောက်ရိတ်ဓားအား စိုက်ကြည့်လိုက်၏။ ဆုံးရှုံးရသောနာကျင်မှုက သူ့အား မျက်ရည်ထွက်ကျမတတ်ပင်။
သူ့အဖေက အသက်စွန့်စားပြီးမှ ဤလက်နက်ကို ရရှိခဲ့ခြင်းဖြစ်ပြီး သူ့အဖေက သူ့အား လွှဲပြောင်းပေးပြီးနောက် သန့်စင်ရန်အတွက် နှစ်သုံးရာကျော် သုံးစွဲခဲ့ရ၏။ သူ့လက်ထဲ၌ ဤသေမင်းကောက်ရိတ်ဓားရှိလျှင် သူ့စွမ်းအားက အကြီးအကျယ်တိုးလာမည်ဖြစ်ပြီး ဒါက သူ ဒီလောက်ချစ်မြတ်နိုးရသောအကြောင်းပြချက်ဖြစ်သည်။
သို့သော် အခု အဲဒါက ရန်သူ့ဓားကြောင့် ပျက်ဆီးသွားခဲ့ရပြီလေ....
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.....
အစထရေးအက်ဆိုလော့၏မျက်နှာက မုန်းတီးမှုအပြည့်နှင့် ထန်ရှုအား စိုက်ကြည့်လိုက်သည်။ သူက ဒေါသနှင့် အော်ပြောလိုက်၏"ကောင်းကင်ဘုံမှော်ဆရာကလန်သားတွေ....ရန်သူက ငါတို့ကို ထောင်ချောက်ဆင်ထားတာ၊ ဒီနေရာမှာ ငါတို့တွေ ဆုံးရှုံးမှုများစွာ ရှိနေပြီ။ ငါ့အမိန့်ကို နာခံပြီး ဒီနေရာကနေ ထွက်သွားကြတော့....."
ကောင်းကင်ဘုံမှော်ဆရာကလန်သားအားလုံး၏တိုက်ခိုက်ရေးစိတ်ဝိညာဉ်က ချက်ချင်းဆုံးရှုံးသွားခဲ့ရသည်။ အများစုက ထန်ရှုနှင့်အစထရေးအက်ဆိုလော့တို့အကြားတိုက်ပွဲအား မြင်တွေ့ခဲ့ရ၏။ သူတို့လေးစားရသောမဟာအကြီးအကဲက လူငယ်တစ်ယောက်အား ရှုံးသွားလိမ့်မည်ဟု သူတို့၏အိမ်မက်ထဲတွင်တောင် မမက်ဖူးပေ။ သူ၏မှော်လက်နက်ဖြစ်သည့်သေမင်းကောက်ရိတ်ဓားပင် ပျက်ဆီးသွားခဲ့ရ၏။
"ပြေးကြတော့....."
ရှက်ရွံ့ခြင်းနှင့်သိက္ခာကျခြင်းတို့အား ခံစားရသော်ငြား အသက်က ဤနေရာ၌ တိုက်ခိုက်ရခြင်းထက် ပိုအရေးကြီးသည်ကို သူတို့က သိ၏။ တိုက်ပွဲဆက်သွားရန်ရွေးချယ်ခြင်းက သူတို့၏အသက်ပေးဆပ်ရရန် အလွန်များသည်။
မကြာမီ ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူဆယ်ယောက်က ဒဏ်ရာများနှင့် လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။ သို့သော် ထာဝရခန်းမ၏ကျွမ်းကျင်သူများက သူတို့နောက် ထပ်မကြပ်မကွာလိုက်လာ၏၊ အချိန်တိုအတွင်း သူတို့က ဘေးကင်းသောနေရာသို့ မရောက်ရှိနိုင်ပေ။
လှောင်ပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ပြသလာပြီး သူ့လူများပြသခဲ့သောခက်ထန်မှုနှင့်ရက်စက်ကြုမ်းကြုတ်မှုတို့အပေါ် သူက အတော်လေးကျေနပ်မိသည်။ဆယ်မိနစ်ကြာတိုက်ပွဲပြီးနောက် ထာဝရခန်းမမှ လေးယောက်နှင့် ယှဉ်လျှင် ကောင်းကင်ဘုံမှော်ဆရာကလန်မှ လူနှစ်ဆယ်နီးပါးသေဆုံးခဲ့ရ၏။
"အားလုံးပဲ၊ ငါ့အမိန့်ကို နားထောင်။ သူတို့နောက်ကို လိုက်ပြီး သတ်ပစ်......"
ထန်ရှုက ကိုယ်တိုင်ဦးဆောင်ခဲ့ပြီး ကြယ်ပျံတစ်ခုအလား သူ့ခန္ဓာကိုယ်က ရှေ့သို့ ပျံသန်းလျက် ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူများနောက်သို့ လိုက်သွား၏။ သူထုတ်လွှတ်ထားသည့်နတ်ဘုရားဓားက သေမင်း၏ရှေ့တော်ပြေးအလား တိုက်ခိုက်မှုတစ်ခုစီက ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူအချို့အား ပြင်းပြင်းထန်ထန်ပျက်စီးစေသည်။ ထိမှန်ခံရကာ ချက်ချင်းအသတ်မခံရသော်လည်း သူတို့၏လှုပ်ရှားမှုအား ကန့်သတ်ကာ ထွက်ပြေးမှုအား နှောင့်နှေးစေခဲ့သည်။
***