ဖန်မျိုးနွယ်စု၏ မျိုးဆက်များ
Vol. 42 Ch. 572
မိုဝူကျီက လို့ယွဲ့ရွမ်းကို ကျင့်ကြံလမ်းကြောင်းနှင့် ပတ်သတ်ပြီး သင်ပြပေးလိုက်သော်လည်း လို့ယွဲ့ရွမ်း၏ ပါရမီမှာ မဆိုးလှသောကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ မိုဝူကျီက သူမကို တစ်ကြိမ်မျှသာ သင်ပေးလိုက်ရုံဖြင့် သူမဘာသာ လုပ်နိုင်စွမ်း ရှိ၏။
လို့ယွဲ့ရွမ်းက စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှုမဝင်ပင် ဖြစ်လာမိသည်။ သူမက မှော်စွမ်းအင် ကျင့်ကြံမှုကို မြန်မြန် ရပ်တန့်ကာ မိုဝူကျီအား စိတ်လှုပ်ရှားစွာ ကြည့်ပြီး ပြောလိုက်သည် “အစ်ကိုမို ... ညီမ အဆင့်မြင့်အတန်း မရောက်သေးပေမဲ့ မှော်စွမ်းအင်ကို ခွဲနိုင်သွားပြီ ”
လို့ယွဲ့ရွမ်းက ပြောတာ ရပ်လိုက်ပြီး တစ်ခုခု တွေးမိသွားဟန် ပေါ်၏။ ထို့နောက် သူမက ပို၍ စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်သည် “အစ်ကိုကြီးမို ... တကယ်လို့ အစ်ကိုကြီးရဲ့ နည်းလမ်းတွေကို တခြားသူတွေဆီ ပြန်သင်ပေးရင် အားလုံးလည်း အချိန်တိုအတွင်း မှော်စွမ်းအင်ကို ခံစားမိပြီး ကျင့်ကြံနိုင်ကြမယ် ထင်တယ် ...”
လို့ယွဲ့ရွမ်းက ထိုအတွေးဖြင့် သူမ သင်ယူလိုက်သည့် အရာမှာ အင်မတန် အံ့ဩဖို့ကောင်းကြောင်း သိလိုက်၏။ ထိုအရာမှာ အခြေအနေ အားလုံးကို ပြောင်းပြန် လှန်ပစ်နိုင်သော ရှာဖွေတွေ့ရှိမှုကြီး ဖြစ်ပေသည်။
အကယ်၍ ဤအရာကို အားလုံးဆီ ဝေမျှပေးလိုက်လျှင် ...
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး “တချို့အရာတွေက စာရွက်ပါးလေးလိုပဲ ပါးလွှာတယ်။ တစစီ စုတ်ဖြဲလိုက်တာနဲ့ ဘယ်လောက် လွယ်လဲဆိုတာ သိရှိသွားတာမျိုးပေါ့။ အခု မင်းက မှော်စွမ်းအင်ကို ခံစားမိပြီဆိုတော့ အဆင့်မြင့် အတန်း ဝင်ခွင့် စစ်ဆေးမှုကို ဝင်ဖြေလို့ ရပြီလား ”
လို့ယွဲ့ရွမ်းက စိတ်အားထက်သန်စွာ ပြောလိုက်သည် “ညီမ မှော်စွမ်းအင်ကို ခံစားမိတာဆိုတော့ သေချာပေါက် အဆင့်မြင့်အတန်းဆီ ဝင်ခွင့် ရလိမ့်မယ်”
“ကောင်းတယ် ... အဆင့်မြင့်အတန်း ဝင်ခွင့် ရသွားရင် မှော်စွမ်းအင် အစီအရင် ရဖို့ နည်းလမ်း စဉ်းစားကြည့်ပါဦး “မိုဝူကျီက ပြောလိုက်သည်။
“သေချာတာပေါ့ .... အဆင့်မြင့်အတန်း စစ်ဆေးမှုက နောက်သုံးရက် အကြာကျ စလိမ့်မယ်။ ဒါနဲ့ အစ်ကိုမို ဒီနည်းလမ်းကို ညီမ တခြားသူတွေကို သင်ပေးလို့ ရလား“ လို့ ယွဲ့ရွမ်းက မိုဝူကျီကို မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်သည်။ သူမသာ ထိုနည်းလမ်း ထုတ်ဖော်လိုက်သည်နှင့် ကမ္ဘာကြီး တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေလိမ့်မည်။
မိုဝူကျီက ခဏတာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည် “အခု မှော်စွမ်းအင် ကျင့်ကြံတာကနေ အမြင့်ဆုံးအဆင့် ဘယ်အထိ ရောက်နိုင်လဲ”
“ညီမ ကြားဖူးတာတော့ မှော်ဧကရာဇ်က အမြင့်ဆုံးပဲ ... ဒါပေမဲ့ အဲဒါက ဒဏ္ဍာရီလာ ပုံပြင်သာသာပဲ။ မှော်ဧကရာဇ်က မြေလျိုးမိုးပျံလို့ ရတယ်လို့ ပြောကြတယ်။ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနဲ့ မီးတောက်တွေ၊ လေပွေတွေ ဖန်တီးနိုင်တယ် ... တကယ်ကို ဒဏ္ဍာရီလာ တည်ရှိမှုမျိုးပဲ ...” လို့ ယွဲ့ရွမ်းက ခေါင်းမော့ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မိုဝူကျီက ပြောစရာရှာမတွေ့ ဖြစ်သွားလေ၏။
မြေလျိုးမိုးပျံနိုင်သည်တဲ့လား ...
သာမာန်ကျင့်ကြံသူတွေပင် ထိုသို့ လုပ်နိုင်ကြသည် မဟုတ်ပါလော။
မီးတောက်နှင့် လေပွေကို ဖန်တီးနိုင်သည်တဲ့လား ...
အဆင့်နိမ့်ဆုံး ကျင့်ကြံသူပင် ရိုးရှင်းသော မီးလုံး ကို ထုတ်သုံးနိုင်ကြ၏။
သူက ထိုအရာကို ကြားပြီးနောက် ဤနေရာ၌ မှော်စွမ်းအင် ကျင့်ကြံခြင်းအား လုံးဝ စိတ်မဝင်စားတော့ပေ။ သူက တည့်တိုးသာ ပြောလိုက်၏။ “တကယ်တော့ အရေးကြီးတာ သင်ပေးလိုက်တာတော့ မဟုတ်ပါဘူး။ တခြားသူတွေကို ပြောပြလို့ ရပါတယ်”
လက်တွေ့၌ မိုဝူကျီက လို့ယွဲ့ရွမ်းကို ရိုးရှင်းသော စွမ်းအား ဖွဲ့စည်းခြင်း နည်းလမ်းကို သင်ပေးလိုက်ခြင်း ဖြစ်၏။ ဤနည်းလမ်းမှာ လူတိုင်းအတွက် ကွဲပြားနိုင်ပြီး လို့ယွဲ့ရွမ်းကဲ့သို့ တူညီသော သစ်သားဓာတ် လှည့်ပတ်လမ်းကြောင်း ရှိကြမည် မဟုတ်ပေ။ မိုဝူကျီက အင်မော်တယ် မော်တယ် ပြောင်းပြန်ကျင့်စဉ်၏ အစပြုသူ ဖြစ်ပေသည်။ သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်က နဂိုအင်မော်တယ် မော်တယ် ကျင့်စဉ်မှ လုံးဝ ကွဲပြားနေပြီ ဖြစ်၏။ သူက သဘာဝ စွမ်းအားများကို အာရုံခံနိုင်စွမ်း ကောင်းသောကြောင့် ကျင့်ကြံဆင့် မပါရှိလျှင်ပင် သူက လို့ယွဲ့ရွမ်းမှာ သစ်သားဓာတ် ဝိညာဉ်ကြော ရှိကြောင်း ခံစားမိလေ၏။
သူမ၏ သစ်သား ဝိညာဉ်ကြောကြောင့် လို့ယွဲ့ရွမ်းကို အစွန်းဆုံး ဝိညာဉ်လမ်းကြောင်းမှ မှော်စွမ်းအင် စုဆောင်းပြီးနောက် သစ်သား ဝိညာဉ် လှည့်ပတ်ခြင်း လမ်းကြောင်းမှ လှည့်ပတ်ရန် ပြောခြင်း ဖြစ်၏။ အခြားသော ကျင့်ကြံသူများအတွက် တူညီဖို့ရာ မလိုအပ်ပေ။
ထို့အပြင် မှော်စွမ်းအင်ကို ဖွဲ့စည်းခြင်းမှာ ကျင့်ကြံခြင်းရှိ အဆင့်ပေါင်း သောင်းခြောက်ထောင်မှ ပထမအဆင့်မျှသာ ဖြစ်၏။ သူမရှေ့တွင် ခရီးလမ်း တစ်လျှောက်လုံး ရှိနေဆဲ ဖြစ်ကာ ထိုခရီးစဉ်၌ သူတို့နည်းလမ်းများကို ဆက်တိုက် တိုးတက်သွားရန် ကြိုးစားဖို့ လိုအပ်ပေသည်။ အားလုံး၏ နည်းလမ်းမှာ ခြားနားကြသည့်အတွက် မိုဝူကျီက လို့ယွဲ့ရွမ်းကို ဤကျင့်စဉ်ဖြင့် ကူညီပေးလိုက်သော်လည်း လူတိုင်းအတွက် အလုပ်ဖြစ်မည်တော့ မဟုတ်ပေ။
“အဲဒီလိုဆို ညီမ တခြားသူတွေကို ပြောပြလို့ ရတာပေါ့ ... ပြီးရင် မျိုးဆက်အသစ်မှာ ညီမက ဖန်တီးရှင် ဖြစ်လာမယ် အဟီး ...” လို့ ယွဲ့ရွမ်းက စိတ်ခံစားချက်များ ရောပြွန်းနေသည်။ တကယ်တော့ မျိုးဆက်အသစ် ဖန်တီးရှင်မှာ မိုဝူကျီသာ ဖြစ်ပြီး သူမက စမ်းသပ်ရေး ပစ္စည်းတစ်ခု ဖြစ်သော်လည်း ပထမဆုံး အစမ်းသပ်ခံ ပစ္စည်းဖြစ်ရသည်လည်း ဂုဏ်ယူမှု တစ်ခု ဖြစ်၏။ မိုဝူကျီက အသာပြုံးကာ ပြောလိုက်သည်။
“တကယ်တော့ အဲဒီလို မလုပ်ဖို့ အကြံပေးချင်တယ်။ အဲဒီကိစ္စက အဖိုးတန်လို့ မဟုတ်ဘူး။ ပြောရရင် ဘာမှကို မတန်ပါဘူး။ ဒါပေမဲ့ အားလုံးက မင်းနဲ့ တူမှာ မဟုတ်ဘူးလေ။ အဲကြောင့် ဒီနည်းလမ်းကို သုံးပြီး မှော်စွမ်းအင်ကို ခံစားမိမှာ မဟုတ်ဘူး။ ပြီးတော့ စောစောလေးက မှော်ဧကရာဇ်အကြောင်း ပြောတယ်လေ။ မှော်ဧကရာဇ်က မှော်စွမ်းအင် ဘယ်လို စုပ်ယူရမယ်ဆိုတာကို မသိဘူးလို့ ထင်လား။ သူတို့ သိနေမှတော့ အားလုံးကို ဘာကြောင့် မပြောခဲ့တာလဲ ...
တစ်ယောက်ယောက်အတွက် သူတို့ လျှို့ဝှက်ချက်ကို ကာကွယ်ထားပြီးတော့ တခြားသူတွေနဲ့ မဝေမျှလိုတာလည်း ဖြစ်နိုင်တယ်။ နောက်ထပ် ဖြစ်နိုင်တာက သူတို့နည်းလမ်းက မင်းကို သင်ပေးလိုက်တာနဲ့ တူရင်တူနေမယ် ... နည်းလမ်းတွေက သူတို့အတွက် သီးသန့်လုပ်ထားလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် မင်းအနေနဲ့ ပြောမယ်ဆိုရင် အကုန် လျှောက်စမ်းကြည့်ရင်းနဲ့ သိလာတာဆို ပိုကောင်းမယ် ... ပိုပြီးတော့လည်း သင့်တော်မယ်”
မိုဝူကျီက ယွဲ့ရွမ်းထက် ပို၍ အတွေ့အကြုံ များသည့်အတွက် လူသားများ၏ လောဘအကြောင်း ကောင်းကောင်း သိထား၏။ အကယ်၍ ထမင်းတစ်ပန်းကန်သာ ရှိနေပြီး နောက်လူကို တစ်ဝက်ခွဲပေးပါက တချို့လူများက မင်းဆီမှာ ဆန်သိုလှောင်ထားတာ ရှိနေရက်နှင့် မခွဲပေးဘူးဟုသာ ထင်မြင် ကြလိမ့်မည်။
“အစ်ကိုကြီးမိုကို ကျေးဇူးအများကြီး တင်ပါတယ် ... ညီမ နားလည်သွားပါပြီ။ အစ်ကိုကြီးမိုကို ဆရာအဖြစ် အသိမှတ်ပြုလို့ ရမလားဟင်“ လို့ ယွဲ့ရွမ်းက မိုဝူကျီသည် လျှို့ဝှက် လွတ်မြောက်ရေး အတတ်ပညာကို ကံကောင်းထောက်မ၍ သိလာသည်ဟု မထင်တော့ပေ။ ထိုလူမှာ သေချာပေါက် ထိပ်တန်း ပါရမီရှင်သာ ဖြစ်လိမ့်မည်။
မိုဝူကျီက လက်ကာပြကာ “ကျုပ် တခြားသူတွေကို သင်ပေးဖို့ အရည်အချင်း မရှိပါဘူး။ ပြီးတော့ တပည့်လက်ခံဖို့လည်း အရည်အချင်း မပြည့်မှီသေးပါဘူး။ ပြီးတော့ ဒီနေရာကနေ မကြာခင် ထွက်သွားမှာဆိုတော့ ဒီမှာ ရှိနေတုန်း ကျင့်ကြံခြင်းနဲ့ ပတ်သတ်တာ စိတ်ကြိုက်မေးလို့ ရပါတယ်”
မိုဝူကျီက နောက်ဆုံးစကားကို ပြောလိုက်စဉ် အပိုပြောနေခြင်း မဟုတ်ပေ။ သူက ကိုယ်ပိုင်ကျင့်စဉ်၏ အစဦး ဖန်တီးသူ ဖြစ်သည့်အတွက် မဟာလော့ရှန်းအဆင့် ကျင့်ကြံသူက သူ့အား မေးခွန်းမေးလျှင်ပင် သူက ဖြေနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။ မကျင့်ကြံရသေးသည့် လို့ယွဲ့ရွမ်းကို မဆိုထားနှင့်။
“ဟုတ် အစ်ကိုကြီးမိုကို ကျေးဇူးတင်ပါတယ်။ အန်းကျင်း တက္ကသိုလ်မှာ အမှတ်အသားပြား မပါတဲ့သူတွေက လျှောက်သွားလို့ မရဘူး။ အစ်ကိုကြီးမိုက ညီမနဲ့ပဲ နေပါ့လား“ ထိုစဉ် လို့ယွဲ့ရွမ်းက မိုဝူကျီ သူမနှင့် အတူတူ နေမည်ကို မစိုးရိမ်တော့ဘဲ ထွက်သွားမည်ကို စိုးရိမ်နေမိသည်။
“ဘယ်လိုနေရာမျိုးမှာ နေတာလဲ“ မိုဝူကျီက သိချင်စွာ မေးကြည့်လိုက်၏။
လို့ယွဲ့ရွမ်းက ရှင်းပြလိုက်သည် “ညီမ ကျောင်းကို ဝင်တုန်းက ဝင်ခွင့် စာမေးပွဲမှာ အဆင့်တစ် ရတယ်လေ။ အဲဒါကြောင့် ကိုယ်ပိုင် အခန်း ရတယ်။ အဲဒီအခန်းကို ခွဲထားလို့ ရတယ် ”
“ဟုတ်ပြီ“ မိုဝူကျီက လို့ယွဲ့ရွမ်း၏ အကြံပြုချက်ကို ချက်ချင်း သဘောတူလိုက်သည်။
အကယ်၍ လို့ယွဲ့ရွမ်းက အဆင့်မြင့်အတန်းဆီ ဝင်ခွင့် ရသွားပါက ဤနေရာ၌ အများဆုံး လဝက်ခန့်သာ နေရလိမ့်မည်။ ဤလဝက်ခန့်အတွင်း သူ့သိုလှောင်လက်စွပ် ဒါမှမဟုတ် ထာဝရ ကမ္ဘာကို ဖွင့်နိုင်ရန် ကြိုးစားကြည့်ရမည်။ ထို့နောက် ဤဂြိုလ်မှ ထွက်သွားဖို့ နည်းလမ်း ရှာရမည်။
လို့ယွဲ့ရွမ်း၏ နေစရာမှာ မဆိုးလှပေ။ သူမ အဆောက်အဦမှာ အနည်းငယ် ချောင်ကျသော်လည်း အခန်းကား မကျဉ်းပေ။ အခန်းအလယ်၌ သစ်သားပျဉ်ပြားတချို့ ရှိ၏။ မိုဝူကျီက ဘာမှမလုပ်ခင် လို့ယွဲ့ရွမ်းက အခန်းကို ပိုင်းခြားထားပြီးပြီ ဖြစ်၏။ ထိုသစ်သားပျဉ်ပြားများမှာ အခန်းကို ခြားဖို့ အသုံးပြုလိုက်သည်။
“အစ်ကိုကြီးမို ... နားပါဦး .. ညီမတော့ လျှောက်လွှာ သွားတင်လိုက်ဦးမယ် “မိုဝူကျီ အထဲဝင်ပြီးသည်နှင့် လို့ယွဲ့ရွမ်းက အလောတကြီး ပြောလိုက်သည်။
သူမက အတော်လေး လောနေမိသည်။ သူမက နှစ်ဝက်အကြာ စစ်ဆေးမှု၌ အဆင့်မြင့်အတန်း ဝင်နိုင်ရန် ယုံကြည်ချက် ပိစိလေး ရှိထားသော်လည်း ထိုယုံကြည်ချက်မှာ မည်မည်ရရတော့ မဟုတ်ချေ။ သို့သော် မိုဝူကျီ၏ လမ်းညွှန်မှု ခံယူပြီးနောက် သူမက သုံးရက်အကြာ စစ်ဆေးမှု၌ အဆင့်မြင့် အတန်း ဝင်လိမ့်မည် ဖြစ်ကြောင်း သေချာပေါက် ယုံကြည်နေသည်။ အန်းကျင်းတက္ကသိုလ်၌ မှော်စွမ်းအင် စုပ်ယူနိုင်သော သူကို အဆင့်မြင့်အတန်း ဝင်ခွင့် တားမြစ်ထားသည့် ကိစ္စရပ် မရှိပေ။
“ဒါနဲ့ တစ်ခုလောက် မေးချင်လို့ ... လမ်းမပေါ်မှာ ကားနဲ့ အမျိုးသမီးကို ဆွဲသွားတာ မြင်လိုက်ရတယ်။ အဲဒီအမျိုးသမီးမှာ ဒဏ်ရာတွေချည်းပဲ။ သူမရဲ့ မောင်လေးကြောင့်သာ မဟုတ်ရင် သေလောက်ပြီ။ အဲဒါ ဘာလို့လဲ“ မိုဝူကျီက ထိုကိစ္စရပ်ကို မျက်မြင်ကိုယ်တွေ့ မြင်လာရသောကြောင့် မေးကြည့်လိုက်သည်။
လို့ယွဲ့ရွမ်းက တိုးတိုးလေး ပြောလိုက်သည် “အစ်ကိုကြီး ပြောနေတဲ့သူကို သိတယ်။ သူတို့က နတ်ဆိုး ကိုးကွယ်မှုအဖွဲ့က နောက်လိုက်တွေလေ။ ပြောကြတာတော့ သူတို့က အောက်လမ်းပညာကို လိုက်စားလို့တဲ့ ... ဘုရားကျောင်းက သူတို့မျိုးနွယ်စုကို ဆက်တိုက် ဖိအားတွေပေးနေတာ။ ကြည့်ရတာ သူတို့မောင်နှမ နှစ်ယောက်ပဲ ကျန်တော့တာ ထင်တယ်။ အစ်မဖြစ်သူက ဖန်ရှင်းတဲ့ မောင်ငယ်ဖြစ်သူက ဖန်ကျယ်တဲ့ ... ကောလဟာလတွေ အရဆိုရင် ဖန်ကယ်က မှော်ဆရာ တစ်ယောက်ရဲ့ အာရုံစိုက်မှုကို ရပေမဲ့ မှော်ဆရာက ပျောက်သွားပြီးတော့ ဘာသတင်းမှ မကြားရတော့ဘူး။ အဲဒါကြောင့် ဘုရားကျောင်းက သူတို့နှစ်ယောက်ကို ဖိနှိပ်နေတာ။ ဖန်ကျယ်ရှေ့မှာ ထိန်းချုပ်မှုတချို့ ပြလိုက်ရုံပဲ ... ”
“နှစ်ယောက်လုံးက ဖန် မျိုးနွယ်ကလား“ မိုဝူကျီက မေးလိုက်သည်။
လို့ယွဲ့ရွမ်းက အသံကို ပို၍တိုးကာ ပြန်ဖြေလိုက်သည် “ဟုတ်တယ် ... ညီမကြားထားတာတော့ ဖန်မျိုးနွယ်စုက အတော်လေး အံ့ဩဖို့ကောင်းတယ်တဲ့ ။ ညီမအဘိုးလည်း တစ်ခါပြောဖူးတယ် ... အရှေ့ပိုင်း ကိုးကွယ်ယုံကြည်ရေး နဲ့ အနောက်ပိုင်း ကိုးကွယ်ယုံကြည်ရေး နှစ်ခုလုံးကို ဖန်မျိုးနွယ်စုခွဲကနေ အစပြုလာတာတဲ့။ ဒါပေမဲ့ အခုတော့ ဖန်မျိုးနွယ်စုက ကျဆင်းလာတော့ ဘုရားကျောင်းက ဖန်မျိုးနွယ်စုကို နတ်ဆိုးလမ်းစဉ် လိုက်တယ်ဆိုပြီး ပြောလိုက်တာပေါ့”
“ဒီလိုမျိုး ရှိသေးတယ်လား“ မိုဝူကျီက အမှန်ပင် အံ့အားသင့်မိသွားသည်။
လို့ယွဲ့ရွမ်းက ခေါင်းညိတ်ကာ “အစ်ကိုကြီးမို အခုကြားတဲ့ စကားတွေကို တခြားသူတွေဆီ ပြန်ပြောပြလို့ မရဘူးနော် ”
လို့ယွဲ့ရွမ်းက သူမ ဘာလုပ်နေသည်ကို သိပုံမပေါ်ဘဲ ဆက်ကာ အသေးစိတ် ပြောလိုက်သည် “ဖန်မျိုးနွယ်စုအနေနဲ့ ဒီလောက် အားကောင်းလာစေတဲ့ ပျက်စီးနေပြီဖြစ်တဲ့ ရှေးဟောင်း စာလိပ်တစ်ခု တွေ့ထားဖူးတယ်။ ပြီးတော့ ညီမ ကြားထားတာတော့ ဖန်မျိုးနွယ်စုက ပို၍ အားကောင်းတဲ့ အရည်အသွေး ရှိတယ်တဲ့ ... အဲဒါက ခန္ဓာကျင့်စဉ်ပဲ .... ”
“ခန္ဓာကျင့်စဉ်လား “မိုဝူကျီက ရေရွတ်လိုက်သည်။
သူက ခန္ဓာကျင့်စဉ်ကို အမြဲ ရှာဖွေခဲ့သော်လည်း အင်မော်တယ် လောက၌ တွေ့ရှိခဲ့သည်မှာ အမှန်တကယ် လစ်ဟာနေလေ၏။ သူတို့က သူ့အာရုံကို မဖမ်းစားနိုင်ပေ။ သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်မှာ ခန္ဓာကျင့်စဉ် အစစ်အထိ မရောက်သေးပေ။ မိုဝူကျီက ထိုနယ်ပယ်၌ အတွေ့အကြုံ မရှိသည့်အတွက် ကိုယ်ပိုင် ကျင့်စဉ်ကို ဖန်တီးနိုင်စွမ်း မရှိပေ။
ယခု သူက ဖန်မျိုးနွယ်စု၏ ခန္ဓာကိုယ်ကျင့်စဉ် အကြောင်း ကြားသောအခါ ဒဏ္ဍာရီလာရှိ စုန်းမျိုးနွယ်စုအကြောင်း စတင် စဉ်းစားလာမိသည်။ တောင်နှင့်ပင်လယ် စံပြနမူနာအရ စုန်းမျိုးနွယ်စုမှာ ဖန်ဂူ၏ မျိုးရိုးဆက်ခံသူများ ဖြစ်ကြသည်။ ခန္ဓာကျင့်စဉ်နှင့် ပတ်သတ်လာလျှင် မည်သူကများ ဖန်ဂူနှင့် ယှဉ်နိုင်မည်နည်း။
မိုဝူကျီက ထိုအတွေးဖြင့် သူ့ကျင့်ကြံဆင့် ပြန်ကောင်းလာသည်နှင့် ဖန်မောင်နှမကို သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။ ဖန်ကျယ်က သူ့အား ကူညီဖူးသောကြောင့် သူက ပြန်လည် ကူညီမည့်ကိစ္စအား ထည့်မတွက်လျှင်ပင် မိုဝူကျီအနေဖြင့် ခန္ဓာကျင့်စဉ်အကြောင်း ပိုသိရန် လိုအပ်ပေသည်။
“ဟုတ်တယ် ခန္ဓာကျင့်စဉ်တဲ့၊ ဖန်မျိုးနွယ်စုက နိမ့်လာတယ်ဆိုပေမဲ့ ဘုရားကျောင်းက သူတို့ကို ဆက်တိုက်ဖိနှိပ်နေတဲ့ အကြောင်းအရင်းက အဲဒီမောင်နှမဆီမှာ ဖန်မျိုးနွယ်စုရဲ့ ခန္ဓာကျင့်စဉ် ရှိနေတယ်လို့ ထင်နေကြလို့ပဲ “လို့ ယွဲ့ရွမ်းက ရှင်းပြလိုက်သည်။
သုံးရက်တာမှာ ခဏအတွင်း ကုန်ဆုံးသွားလေ၏။ အန်းကျင်းတက္ကသိုလ်၏ မှော်စွမ်းအင် ကျင့်ကြံရေး ခန်းမမှာ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည့်နှက်နေသည်။ အကြောင်းမှာ ယနေ့ကား အဆင့်မြင့် အတန်းအတွက် စစ်ဆေးမှု ကျင်းပမည့် နေ့ရက် ဖြစ်ပေသည်။
ကျောင်းသား အများစုမှာ အလယ်အလတ်အတန်းမှ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် အခြေခံအတန်းမှ ကျောင်းသားများနှင့် တခြားကျောင်းမှ ကျောင်းသားတချို့လည်း ရှိတတ်ကြသည်။
စစ်ဆေးမှုမှာ မစတင်သေးသော်လည်း စစ်ဆေးမှုအတွက် နာမည်စာရင်းကို ကျောင်းကြေညာဘုတ်၌ ကပ်ထားလေ၏။
“ငါ မြင်ချင်တာ မြင်နေတာ မဟုတ်ဘူး မဟုတ်လား။ လို့ယွဲ့ရွမ်းက အဆင့်မြင့်အတန်းအတွက် စစ်ဆေးမှု ဝင်ဖြေမယ်တဲ့လား။ သူမက အလယ်အလတ် အတန်းကို ဝင်ကာစ မဟုတ်ဘူးလား“ လူအုပ်ကြားမှ ကောင်မလေး တစ်ယောက်က တအံ့တဩ ရေရွတ်လိုက်သည်။
“သူမ ကျရှုံးသွားရင်တောင် သူများတွေလို သုံးနှစ်စောင့်စရာ မလိုဘူး မဟုတ်လား”
“မသိဘူး“ နောက်ထပ် ကောင်မလေးက ဝင်သရော်လိုက်သည်။
“ဟူး ... ငါ ကြားတာတော့ ရင်သား အရွယ်အစားနဲ့ ဉာဏ်ရည်နဲ့က ပြောင်းပြန် အချိုးကျနေတာတဲ့ ... ငါလေးက ဉာဏ်အရမ်း တုံးလွန်းနေပါပြီနော်။ ငါတော့ ဘယ်အချိန်မှများ အဆင့်မြင့်အတန်းကို ဝင်ခွင့် ရနိုင်ပါ့မလဲ ...” ကောင်မလေးက ပေါပေါတောတော ပြောလိုက်သည်။
ထိုစဉ် လို့ယွဲ့ရွမ်းက ဖြတ်လျှောက်သွားလေ၏။ သူမ မျက်နှာ အမူအယာမှာ သူမအကြောင်း ပြောနေသည်များကို ဘာမှ မကြားသကဲ့သို့ တည်ငြိမ်နေသည်။
သူမက ထိုယင်ကောင်များကို မုန်းတီး၏။ မဟုတ်လျှင် သူမက ကျောင်းစာကြည့်တိုက်အစား မြို့ထဲမှ စာအုပ်ဆိုင်ကို သွားလိမ့်မည် မဟုတ်ပေ။ သူမ ကျောင်းစာကြည့်တိုက်ကို သွားလိုက်သည့် အခါတိုင်း ထိုယင်ကောင်များ တဝီဝီ မြည်တမ်းနေသည်ကို ကြားနေရ၍ ဖြစ်၏။
***