အဆင့်မြင့်အတန်းအတွက် စစ်ဆေးမှု
Vol. 42 Ch. 573
အန်းကျင်းတက္ကသိုလ်၏ မှော်စွမ်းအင် ကျင့်ကြံရေး ခန်းမအတွင်း ကျောင်းသားများနှင့် ပြည့်နေရုံသာမက ဆရာများ၊ စီးပွားရေး သမားများ၊ အန်းကျင်းတက္ကသိုလ်၏ နာမည်ကြီး ပုဂ္ဂိုလ်များနှင့် ပြည့်နေပြီး တော်ဝင်မိသားစုဝင် တချို့ပင် တက်ရောက်ကြသေးသည်။
ကျောင်းသားအများစုက စစ်ဆေးမှု လေ့လာရန် ရောက်လာကြပြီး ဆရာများက သူတို့ အလိုရှိသည့် ကျောင်းသားကို ရှာနိုင်ရန် ရောက်လာကြခြင်း ဖြစ်ပေသည်။
ကျောင်းသားများက ဆရာကောင်း ရှာကြသကဲ့သို့ ဆရာများလည်း ကျောင်းသားကောင်းများကို ရှာဖွေကြ၏။ ပုံမှန်အားဖြင့် အခြေခံအတန်းနှင့် အလယ်တန်းများက သူတို့အတွက် သီးသန့်ဆရာ မရှိသေးသော်ကြောင့် အဆင့်မြင့်အတန်း ရောက်ရှိသည်နှင့် မည်သည့်ဆရာ လက်အောက် သွားမည်ကို ရွေးချယ်နိုင်လေသည်။ ဆရာ၏ အရည်အသွေးသည် ကျောင်းသား၏ အနာဂတ်အပေါ် သက်ရောက်မှု ရှိ၏။ တူညီလှစွာ ကျောင်းသား တစ်ယောက်၏ ပါရမီအထုံနှင့် အရည်အချင်းများကလည်း ဆရာတစ်ယောက်၏ အနာဂတ် လုပ်ဆောင်ချက်အပေါ် သက်ရောက်မှု ရှိလေသည်။ လုပ်ဆောင်ချက် ကောင်းမွန်သည့် ဆရာများက အနာဂတ်၌ ကျောင်းသားကောင်းများကို ပို၍ ရွေးချယ်နိုင်ရုံသာမက သူတို့၏ လစာမှာလည်း သိသိသာသာ တိုးမြင့်လာလိမ့်မည်။
စီးပွားရေးသမားများအတွက် သူတို့က ရင်းနှီးမြှပ်နှံရန် ရောက်လာကြခြင်း ဖြစ်ပေ၏။ သူတို့က မျိုးစေ့ကောင်းလေးကို တွေ့သည်နှင့် အလားအလာ ကောင်းသည်ဟု ယုံကြည်ထားသည့် ကျောင်းသားကို ရွေးချယ်ကာ မြေတောင် မြှောက်ပေးကြသည်။ တော်ဝင်မိသားစုလည်း စီးပွားရေးသမားများနှင့် တူညီစွာ ရောက်လာခြင်း ဖြစ်၏။ လို့ယွဲ့ရွမ်းက စစ်ဆေးမှု ဖြေဆိုမည့် ကျောင်းသူ ဖြစ်နေ၍ ရှေ့တန်းတွင် ထိုင်ရသည်။
“လို့ယွဲ့ရွမ်း ... ဒီမှာ ဘာလုပ်နေတာလဲ“ လို့ယွဲ့ရွမ်း ထိုင်လိုက်သည်နှင့် မိန်းကလေး ကျောင်းသူ တစ်ဦး ရောက်လာကာ တအံ့တဩ ဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
ရုပ်ရည်အရ ပြောရလျှင် ထိုမိန်းကလေးမှာ လို့ယွဲ့ရွမ်းထက် များစွာ ပိုလှပပြီး သွင်ပြင်အရာဆိုလျှင် လို့ယွဲ့ရွမ်းက မြင်းစီးထားလျှင်ပင် လို့ယွဲ့ရွမ်းက သူမကို မှီနိုင်မည် မဟုတ်ပေ။ သူမ ရင်ဘတ်၏ လွန်လွန်ကြူးကြူး သိသာနေခြင်း မဟုတ်သော်ငြား အရွယ်မှန်သော အနေအထား ဖြစ်၏။ သစ်သားပြားကဲ့သို့ ပြားချပ်နေသော လို့ယွဲ့ရွမ်းနှင့် ယှဉ်လျှင် မိုးနှင့်မြေလို ကွာခြားလှသည်။
“အခု ငါသိပြီ ... နင်က စစ်ဆေးမှု လာဖြေတာ မဟုတ်လား“ မိန်းမလှလေးက လို့ယွဲ့ရွမ်း၏ အဖြေကိုပင် မစောင့်ဘဲ မေးလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမက လို့ယွဲ့ရွမ်း၏ ရင်ဘတ်ကို ကြည့်လိုက်ပြန်သည်။ တခြားသော မိန်းကလေး ကျောင်းသူများက ပြောသည်မှာ ပုံမှန်ဖြစ်နေပြီ ဖြစ်သောကြောင့် လို့ယွဲ့ရွမ်းကို အရေးမစိုက်သော်ငြား ဤမိန်းကလေးရှေ့၌ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။
သူမရှေ့မှာ မိန်းကလေးမှာ ယွင်မော့ ဖြစ်ပြီး သူမကို သွင်ပြင်အရရော၊ ရုပ်ရည်အရပါ နှစ်မျိုးလုံး ကျော်လွန်သူ ဖြစ်ပေသည်။ ပို၍ အရေးကြီးသည်က သူမ၏ ရလဒ်များမှာ လို့ယွဲ့ရွမ်းထက် ပိုမိုသာနေခြင်း ဖြစ်၏။ နှစ်ယောက်လုံးက သူတို့နယ်မြေများ၌ ပထမရ၍ အန်းကျင်း တက္ကသိုလ်သို့ ရှေ့ဆင့်နောက်ဆင့် ဝင်လာကြသည်။ ပိုင်မော့က သူမထက် များစွာ ဉာဏ်ကောင်းပေသည်။ မိုဝူကျီ၏ အကူအညီကြောင့်သာ မဟုတ်လျှင် လို့ယွဲ့ရွမ်းက ဤစစ်ဆေးမှု၌ ဝင်ဖြေနိုင်မည် မဟုတ်ပေ။ ယွင်မော့အတွက် သူမက ဤစစ်ဆေးမှုကို ဖြေဆိုဖို့ရာ လုံလုံလောက်လောက် ဉာဏ်ကောင်းမှန်း သိသာ၏။
“ဟုတ်တယ် ... ငါက စစ်ဆေးမှု လာဝင်ဖြေတာ“လို့ ယွဲ့ရွမ်းက သူမဘာသာ တည်ငြိမ်အောင် ထိန်းထားရင်း ညင်ညင်သာသာ ပြန်ဖြေလိုက်သည်။
“နင့်မှာ မှော်စွမ်းအင် ဖွဲ့စည်းဖို့ နည်းလမ်း အသစ်ရှိတယ်လို့တော့ လာမပြောနဲ့နော်။ ငါတို့တွေက စစ်ဆေးမှု ဖြေရမှာ ... နင့်နံပါတ် အလှည့်ကျလာနဲ့ စိတ်တိုင်းကြိုက် ပြန်ထွက်လို့ မရတော့ဘူး“ ယွင်မော့က သက်ပြင်းချကာ ဆက်ပြောလိုက်သည်။
“ယွဲ့ရွမ်း ... နင်က အရာအားလုံးမှာ အကောင်းဆုံး ဖြစ်ချင်တာကို သိပါတယ်။ ဒါပေမဲ့ အတင်းကျပ် လုပ်ယူလို့ မရဘူးလေ ”
လို့ယွဲ့ရွမ်းက ပြန်မဖြေပေ။ အကြောင်းမှာ သူမက ယွင်မော့၏ အထက်စီးဆန်ဆန် လေသံကို မုန်းတီးသည်။ သူမက လို့ယွဲ့ရွမ်းထက် မွေးကတည်းက သာနေသည့်အလား ပြောလေ့ ရှိသည်။
“ဖန်းဟာ ... နင်လည်း ဒီကို လာဖြေမယ်ဆိုတာ သိနေတယ် ...”ယွင်မော့က လို့ယွဲ့ရွမ်း အပြုအမူကို စိတ်ထဲ မထားတော့ဘဲ အဝင်ဝမှ ဖြတ်လျှောက်ကာ ဝင်လာသော လူငယ်လေးကို ကြည့်ကာ လှမ်းအော်လိုက်သည်။
“ယွင်မော့ ... နင်က ငါ့ထက် စောနေတာပဲ ... အာ ယွဲ့ရွမ်းလည်း စစ်ဆေးမှုအတွက် စာရင်းပေးထားတာလား“ အနည်းငယ် အရပ်ရှည်သည့် အမျိုးသားက ဝင်လာကာ နှစ်ယောက်လုံးကို နှုတ်ဆက်လိုက်သည်။
လို့ယွဲ့ရွမ်းက ခေါင်းကို ငုံ့ထားပြီး အသံတိုး ဖြေလိုက်သည်။ ဤလူငယ်လေး ရှေ့၌ သူမက များစွာ သိမ်ငယ်လာမိသည်။
ဖန်းဟာက အန်းကျင်း တက္ကသိုလ်၏ နံပါတ် တစ် ပါရမီရှင် ဖြစ်ပေသည်။ နံပါတ်တစ် ပါရမီရှင် ဖြစ်ရုံသာမက နံပါတ်တစ် အချောဆုံး၊ အခန့်ညားဆုံး အမျိုးသားလည်း ဖြစ်၏။ သူတွင် သဘာဝဆန်ဆန် ခန့်ညားသော မျက်နှာရှိကာ ကမ္ဘာကြီးထဲရှိ အရာအားလုံးမှာ သူ့အား လာမနှောင့်ယှက်သည့် ပျင်းရိရိ အပြုံးမျိုး ပန်ဆင်ထားသည်။ ထိုသည်မှာ အမှန်တရား တစ်ခုလည်း ဖြစ်ပေသည်။ ကိစ္စတစ်ခုက မည်မျှခက်ခဲ ကြမ်းတမ်းစေကာမူ ဖန်းဟာလက်ထဲ ရောက်သွားသည်နှင့် အလွယ်တကူ ဖြေရှင်းပြီးသား ဖြစ်သွားသည်။
ဖန်းဟာ၏ နောက်ခံမှာ အာရုံဖမ်းစားနိုင်လွန်း၍ မဟုတ်ဘဲ သူ့မျိုးနွယ်စုမှာ လျန့်နိုင်ငံအတွင်း ထိပ်ဆုံးထဲအနက် အပါအဝင်လည်း ဖြစ်၏။ လျန့်နိုင်ငံ အပြင်ဘက်တွင်ပင် သူ့မျိုးနွယ်စု ပိုင်ဆိုင်သည့် စီးပွားရေးများ ရှိသေး၏။ တခြားနည်းဖြင့် ဆိုရလျှင် သူက ချမ်းသာသော မိသားစုမှ လုပ်နိုင်စွမ်းရှိကာ အားကောင်းသာ ကလေး ဖြစ်ပေသည်။
အန်းကျင်းတက္ကသိုလ်၌ ဖန်းဟာကို တိတ်တဆိတ် ချစ်မြတ်နိုးနေကြသော မိန်းကလေး များစွာ ရှိပေသည်။ လို့ယွဲ့ရွမ်းလည်း ဖန်းဟာ၏ ခန့်ညား ချောမောသည့် သွင်ပြင်ကြောင့် ထိုသို့ ခံစားမိလေ၏။ သို့သော်လည်း သူမ၏ အချစ်မှာ တခြား မိန်းကလေးများကဲ့သို့ နှလုံးသား အနက်ပိုင်း၌ သိမ်းဆည်းထားလေသည်။
အကယ်၍ လူတစ်ယောက်က ဖန်းဟာနှင့် လိုက်ဖက်ညီသူ ဆိုလျှင် ယွင်မော့သာ ရှိလိမ့်မည်။ ယွင်မော့က အန်းကျင်း တက္ကသိုလ်၌ ရုပ်ရည်အရရော၊ အရည်အချင်းအရပါ နံပါတ်တစ် ဖြစ်ပေသည်။
“ယွဲ့ရွမ်း ... တစ်ယောက်ယောက်ကများ ဒါကို လုပ်ဖို့ ပြောလိုက်တာလား။ ဒီတစ်ကြိမ် ဝင်မဖြေချင်ရင် ငါ ကူညီပေးလို့ ရတယ်နော် ... ရှက်နေစရာ မလိုဘူး။ ပြီးတော့ အလယ်တန်း တက်ခါစ လူတစ်ယောက်က အဆင့်မြင့်အတန်း ဝင်ခွင့် စစ်ဆေးမှု အောင်သွားတာ မြင်ဖူးလို့လား ... အန်းကျင်းတက္ကသိုလ် သမိုင်းတစ်လျှောက် လုံးမှာတောင် အဲဒီလို အဖြစ်အပျက်က ရှားပါးလွန်းလို့ လက်တစ်ဖက်တည်းနဲ့ ရေတွက်နိုင်တယ် “ဖန်းဟာက ရုပ်ရည် ချောမောရုံသာမက နားလည်မှုရှိပြီး သနားညှာတာစွာ ပြောဆိုတတ်သည်။
ယွင်မော့က ထပ်ပြောလိုက်သည် “ဟုတ်တယ်၊ ငါလည်း သူမကို ပြောပြီးပါပြီ။ အဆင့်မြင့်အတန်းကို ဝင်ဖို့က မြန်မြန် ကြိုးစားလို့ ရတာ မဟုတ်ဘူးလို့ ... နောင်အနာဂတ် အောင်မြင်မှုအပေါ် သက်ရောက်မှု ရှိလိမ့်မယ်။ ဟူး ... ယွဲ့ရွမ်း ငါ ဘယ်လောက် ရှင်းပြရဦးမှာလဲ ... လူတိုင်းက ဖန်းဟာလို့ မဟုတ်ဘူး ”
ယွင်မော့ ပြောလိုက်သည့်အခါ လို့ယွဲ့ရွမ်းက သူမသည် အန်းကျင်း တက္ကသိုလ်ကို ယွင်မော့နှင့်အတူတူ ဝင်ခွင့် ရကြောင်း မေ့လျော့နေဟန် ရှိ၏။
“ကျေးဇူးပါ ဒါပေမဲ့ ဘယ်သူကမှ အတင်းကျပ် ဖိအားမပေးပါဘူး။ ပြီးတော့ ငါ့ဘာသာ ဆုံးဖြတ်ချက် ချနိုင်ပါတယ် ... ငါကလေး မဟုတ်တော့ဘူး“ လို့ ယွဲ့ရွမ်း၏ သိမ်ငယ်စိတ်က ရုတ်ချည်း ပျောက်ကွယ် သွားလေ၏။
ယွင်မော့၏ ကြောင်သူတော် စကားများကိုတော့ လို့ယွဲ့ရွမ်းက ကြားသည့်အခါ အန်လုမတတ် ခံစားနေရသည်။ အခြေခံအတန်း၌ အသေးစားစစ်ဆေးမှု တစ်ခု၌ သူမ၏ ရလဒ်များမှာ ယွင့်မော့ထက် ပိုမို ကောင်းမွန်ခဲ့သည်။ သို့သော် သူမက စစ်ဆေးမှု၌ လိမ်ညာခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီး ယွင်မော့နှင့် ရင်းနှီးသည့် မိန်းကလေး ကျောင်းသူများက သူမရင်ဘတ်နှင့် ပတ်သတ်၍ အကြောင်းမရှိ အကြောင်းရှာ လှောင်ပြောင်ခဲ့ကြသည်။
ထိုစဉ် အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က စစ်ဆေးမှု စင်မြင့်အထက်သို့ တက်ရောက်လာကြသည်။ သုံးယောက်လုံးက ဆရာဝတ်စုံများ ဝတ်ဆင်ထားကြပြီး လက်ထဲတွင် တစ်ခုခု ကိုင်ဆောင် လာကြသည်။
မှော်စွမ်းအင် ကျင့်ကြံရေး ခန်းမမှာ တိတ်ဆိတ်သွားပြီး အားလုံးက စစ်ဆေးမှု စတင်တော့မည် ဖြစ်ကြောင်း သိလိုက်ကြသည်။
အဆင့်မြင့် အတန်း စစ်ဆေးမှုမှာ အမြဲတမ်းဆိုသလို အလျှင်လိုပေသည်။ အကြောင်းမှာ စစ်ဆေးမှု စာရင်း လာပေးသွင်းကြသော ကျောင်းသား၊ ကျောင်းသူ အယောက် တစ်ထောင်မှ နှစ်ထောင်ကြားကနေ နှစ်ဆယ်လောက်သာ အောင်မြင်ကြခြင်း ဖြစ်၏။ ဆိုလိုသည်မှာ လက်ခံနှုန်းထားမှာ ၁ ရာခိုင်နှုန်းမျှသာ ရှိပေသည်။ သုံးယောက်သား ဝင်လာသည်နှင့် ဆရာဝတ်စုံ ဝတ်ဆင်ထားသော လူအိုကြီးက ရှေ့ထွက်လာကာ လည်ချောင်းရှင်းပြီး ကြည်ကြည်လင်လင် ပြောလိုက်သည်။
“ဆရာများ၊ နိုင်ငံအနှံ့က မိတ်ဆွေများ အားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ဒီနေရာမှာ ရှိနေတဲ့ လူအားလုံးက ကျုပ်ကို သိကြပေမဲ့ ကိုယ့်ဘာသာ မိတ်ဆက်ပေးပါ့မယ်။ ကျုပ်က အဆင့်မြင့်အတန်းက လီကွမ်းယီပါ။ ဒီနေ့ စစ်ဆေးမှုကို တာဝန်ယူပေးမှာက ကျုပ်ရယ်၊ ဖုန်းကျွင့် နဲ့ ရှန့်ကျင်းယင်တို့ပါ
အရင်တုန်းက အဆင့်မြင့်အတန်းကို တစ်နှစ်တစ်ကြိမ် ကျင်းပပေမဲ့ လတ်တလောမှာတော့ တစ်နှစ်ကို နှစ်ကြိမ် ပြောင်းလဲထားပါတယ်။ စာရင်းပေးထားတဲ့ ကျောင်းသားဦးရေက ၁၉၃၄ ရှိပြီးတော့ ကျုပ်တို့တွေက အယောက် ၂၀ လက်ခံဖို့ ပြင်ထားပါတယ်။ စစ်ဆေးမဲ့ အကြောင်းအရာက အရင်နှစ်ကလိုမျိုး ပါရမီရှင် ရွေးချယ်ပွဲပါ ...
မှော်စွမ်းအင်ကို ခံစားမိသူ ဒါမှမဟုတ် စုပ်ယူနိုင်သူတွေကို စင်မြင့်ပေါ် ဖိတ်ခေါ်ပါရစေ။ ပါရမီရှင် ရွေးချယ်ပွဲမှာ အောင်မြင်သွားတဲ့ သူတွေက စစ်ဆေးမှု ဒုတိယအပိုင်းကို ဝင်ဖြေစရာ မလိုတော့ပါဘူး။ တန်းပြီးတော့ အဆင့်မြင့်အတန်းကို တက်ခွင့် ရမှာပါ ...
ပုံမှန်ဆိုရင် အဲဒီလို ပါရမီရှင် ကျောင်းသားတွေကို တပည့်အဖြစ် လက်ခံချင်နေတဲ့ ဆရာတွေ အများကြိး ရှိတော့ ကျောင်းသား ကိုယ်တိုင်ကနေ စိတ်ကြိုက် ပြန်ရွေးနိုင်ပါတယ်။ ကဲကဲ ထပ်မပြောတော့ဘဲ ပါရမီရှင် ရွေးချယ်ပွဲ စစ်ဆေးမှု စတင်လိုက်ရအောင် ... ကိုယ့်ဘာသာ ပါရမီရှင် စစ်ဆေးမှုကို အောင်မယ်လို့ ထင်တဲ့သူတွေ စင်ပေါ် တက်လာလို့ ရပါပြီ ...”
အားလုံးက ဖန်းဟာကို ကြည့်လိုက်ကြသည်။ အကြောင်းမှာ အဆင့်မြင့် စစ်ဆေးမှုတိုင်း၌ ပါရမီရှင် ရွေးချယ်ပွဲကို ဝင်နိုင်သူ အများဆုံး တစ်ဦးတော့ ရှိပေသည်။ အချိန် အများစု၌ မည်သူကမှ စင်ပေါ် တက်မလာကြပေ။ ဤတစ်ကြိမ် စစ်ဆေးမှု၌ ပါရမီရှင် ရွေးချယ်ပွဲ အောင်မြင်နိုင်သူမှာ ဖန်းဟာ တစ်ယောက်သာ ဖြစ်၏။
ဖန်းဟာက ဆက်လက် ပြုံးထားရင်း စင်ပေါ် တက်သွားသည်။ သူ လုပ်လိုက်သည့် ပထမဆုံးအရာမှာ ဆရာသုံးယောက်ကို ဦးညွှတ်မနှုတ်ဆက်ခင် ခန်းမထဲမှ လူအုပ်ကြီးကို ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်ခြင်း ဖြစ်၏ “အန်းကျင်းတက္ကသိုလ် တတိယ အလယ်တန်း ကျောင်းသား ဖန်းဟာက ပါရမီရှင် ရွေးချယ်ပွဲကို ဖြေဆိုဖို့ ဆန္ဒရှိပါတယ် ”
“အမှတ်အသားပြားနဲ့ မှတ်သားပြီး မှားယွင်းနေတာ မရှိဘူး။ ဖန်းဟာကို ပါရမီရှင် ရွေးချယ်ပွဲ ဖြေခွင့် ပြုလိုက်တယ်“ ထိုသို့ ပြောပြီးနောက် လီကွမ်းယီက အကဲဖြတ် နေရာမှ အဖြူရောင် ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် စင်အလယ်ခေါင်၌ တစ်မီတာ ပတ်လည်ရှိသည့် မွေ့ရာ ထိုင်ခင်း ပေါ်လာသည်။ လီကွမ်းယီက ထိုမွေ့ရာလေးကို ညွှန်ပြကာ ပြောလိုက်သည်။
“ဖန်းဟာ ... အဲဒီပေါ် နေပြီးတော့ မင်းရဲ့ မှော်စွမ်းအင်တွေကို စုစည်းလိုက်။ ပြီးသွားရင် မင်း စစ်ဆေးမှု အောင်၊ မအောင် ဆုံးဖြတ်ဖို့ ငါတို့က အမှတ်ပေးမယ် ”
“ဟုတ်ကဲ့ပါ ဆရာလီ ကျေးဇူးတင်ပါတယ် “ဖန်းဟာက လူအများရှေ့ မထိုင်ခင် နောက်တစ်ဖန် ဦးညွှတ် လိုက်ပြန်သည်။
ခန်းမတစ်ခုလုံးကား တိတ်ဆိတ်နေပြီး ဖန်းဟာကို လေ့လာ စောင့်ကြည့် နေကြသည်။ အားလုံးက ဖန်းဟာ ထိုင်နေသည့် မွေ့ရာထိုင်ခင်း အောက်၌ မှော်စွမ်းအင် ကျောက်တုံးသုံးတုံး ရှိကြောင်း သိကြသည်။ ဖန်းဟာသာ မှော်စွမ်းအင်ကို စုပ်ယူနိုင်သရွေ့ သူ့စုပ်ယူနှုန်းကို သူ့ဘေးမှ ဖန်သားပြင်၌ ဖော်ပြမည် ဖြစ်သည်။
ဖန်သားပြင်မှာ ပြသရေး အစီအရင်မျိုး မဟုတ်ဘဲ အစစ်အမှန် လျှပ်စစ် ပစ္စည်း ဖြစ်၏။ ဤလျှပ်စစ် ပစ္စည်းမှာ မှော်စွမ်းအင် ကုန်ခမ်းမှုကို နှိုးဆွနိုင်စွမ်း ရှိပြီး ကြည့်ရှုသူများနှင့် ဆရာများအတွက် ပြန်လည် ပြသပေးနိုင်သည်။ ဖန်းဟာ ထိုင်လိုက်သည်နှင့် သူက စတင်၍ မှော်စွမ်းအင်များကို စုပ်ယူလိုက်သည်။
ခန်းမအတွင်းကား တိတ်ဆိတ်နေပြီး ဖန်သားပြင်သာ စောင့်ကြည့်နေကြသည်။ အားလုံးက မှော်စွမ်းအင် စုပ်ယူနှုန်းကို မျက်စိဖြင့် မမြင်နိုင်သည့်အတွက် ဖန်သားပြင်၌ စောင့်ကြည့်ရန် လိုအပ်ပေသည်။
တစ်နာရီအကြာတွင် ဖန်သားပြင်ကား ဘာမှ လှုပ်ရှားမှု မရှိဘဲ အဖြူရောင် ဖြစ်နေဆဲ ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် မည်သူကမျှ မစိုးရိမ်နေကြပေ။ အကြောင်းမှာ အားလုံးက ဖန်းဟာ မည်မျှ ပါရမီရှိကြောင်း သိနေကြ၍ ဖြစ်သည်။ သူက တစ်နာရီအတွင်း မှော်စွမ်းအင် မစုစည်းနိုင်ရုံသာ ဖြစ်၏။
လို့ယွဲ့ရွမ်းက စိတ်ထဲ၌ သက်ပြင်း ချမိလိုက်သည်။ ဖန်းဟာကဲ့သို့သော ပါရမီရှင်မျိုးပင်လျှင် တစ်နာရီအတွင်း မှော်စွမ်းအင် မခံစားမိပေ။ ထိုအရာက သူမကို သင်ပြပေးသော မိုဝူကျီက မည်မျှ အံ့ဩဖို့ ကောင်းကြောင်း ပြသနေခြင်း ဖြစ်၏။ မိုဝူကျီက သူမထက် များစွာ မကြီးသေးပေ။
သူက ဘယ်လိုလုပ် အဲဒီလောက်တောင် တော်နေရတာလဲ ...
သူမက မိုဝူကျီဆီမှ သင်ယူစဉ် မှော်စွမ်းအင် စုပ်ယူပြီး စုစည်းဖို့ရာ ဆယ်ရှိုက်စာမျှသာ ကြာမြင့်ကြောင်း သိသင့်ပေသည်။
အမွေးတိုင်တစ်ဝက်စာ ကျော်လွန်သွားပြီးနောက် အဖြူရောင် ဖန်သားပြင်၌ မှိန်ဖျော့ဖျော့ အစိမ်းရောင်မြူများ တက်လာသည်။ ထိုမြူများက လေထဲတွင် အေးခဲသွားသည့်အလား ဖြည်းဖြည်းချင်း အကောင်ထည် ပေါ်လာသည်။
ထိုအစိမ်းရောင်မြူများက လေထုနှင့် ပူးပေါင်းသွားပြီး ခန်းမတစ်ခုလုံးက ကျယ်လောင်စွာ လက်ခုပ်လက်ဝါး တီးလိုက်ကြသည်။ ပါရမီရှင် ရွေးချယ်ပွဲ၌ ကျောင်းသားများ ဤသို့ မှော်စွမ်းအင် ဖွဲ့စည်းသည်ကို စောင့်ကြည့်ရသည်က စိတ်ဝင်စားစရာ ကောင်းလှသည်။
သူက နောင်ကျ မည်မျှ အားကောင်းနေလိုက်မည်နည်း။
***