Epilogue
Vol. 1 Ch. x
"မက်ဒါနာရေ၊ ငါတို့ဝတ်စုံအတွက် ပထမအရစ် ငွေချေလို့ရပြီ။ ဒေါ်လာသန်းနှစ်ဆယ်ကို နင့်အကောင့်ထဲ ထပ်လွှဲပေးလိုက်တယ်။ ရာနှုန်းခံစားခွင့်အရ နောက်သန်းရှစ်ဆယ်ရဦးမယ်။"
ဖုန်းတစ်ဖက်ခြမ်းမှနေ၍ မန်နေဂျာဖလေရာ၏စကားသံ ထွက်ပေါ်လာသည်။ ပလာဒင် 01 ဝတ်စုံများမှာ တရားဝင်ရောင်းချနေပြီဖြစ်၍ ကုမ္ပဏီဖက်မှ မူပိုင်ခွင့် ပူးတွဲပိုင်ရှင်ဖြစ်သူ မက်ဒါနာအား ငွေပေးချေတော့မည်ဖြစ်သည်။
ယင်းဝတ်စုံက ကမ္ဘာကြီးတစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့ပါသည်။ မြူတန့်ဦးရေ တိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့ဥပဒေစိုးမိုးရေးညွန်းကိန်းက အနုတ်ပြနေခဲ့သည် မဟုတ်လား။ ပလာဒင်ဝတ်စုံများ ထွတ်ပေါ်လာခြင်းက ရဲတပ်ဖွဲ့ကဲ့သို့သော တရားဥပဒေထိန်းသိမ်းရေးအဖွဲ့များ၏စွမ်းအားများကို တိုးတက်လာစေပြီး အစိုးရများနှင့်မြူတန့်များ၏ မျှခြေကို တည်ငြိမ်စေခဲ့ပါသည်။
ထိုဝတ်စုံ၏တီထွင်သူကို လူတိုင်းသိချင်နေကြသော်လည်း...
"မက်ဒါနာ၊ နင်တကယ်ပဲ အဆင်ပြေရဲ့လား။ နင့်နာမည်ကို နောက်နှစ်ငါးဆယ်အထိ ချမပြတော့ဘူးပေါ့။"
"အင်း... ငါအေးအေးဆေးဆေး နေချင်သေးတယ်လေ။ ဒီနည်းပညာကို လိုချင်နေတဲ့လူတွေ ငါ့ကိုလာဖမ်းရင် ဘယ်လိုလုပ်မလဲ။" မက်ဒါနာက သူ့လက်ထဲမှ ခဲဂေါက်ကို ချထားလိုက်ရင်း ပြောလိုက်သည်။ Silver Knight၏လက်ရှိစွမ်းအားက ကမ္ဘာကြီးတစ်ခုလုံးကို ကာကွယ်ရန် မလုံလောက်သေးပေ။ ထို့ကြောင့်သူက သူ့၏ဝတ်စုံနှင့် အထောက်အပံပစ္စည်းများကို အဆင့်မြှင့်တင်နေခြင်း ဖြစ်ပါ၏။
"ဟူး.... နင့်သဘောပဲ။" တစ်ဖက်မှ ဖလေရာ၏သက်ပြင်းချသံ ထွက်ပေါ်လာသည်။
နောက်တွင်ရပ်နေသော အေမီက မက်ဒါနာ၏စားပွဲပေါ်တွင်ရှိနေသည့် အပြာရောင်အလင်းတန်းများ ဖြာထွက်နေသော အဋ္ဌဂံအလုံးလေးကို ကြည့်ကာပြောလိုက်သည်။
"လှလိုက်တာ...." မိန်းကလေးတစ်ယောက်၏အသံကို ရုတ်တရက် ကြားလိုက်ရသော ဖလေရာမှာ ကားမောင်းနေရင်း အရှိန်လွန်သွားပြီး ရှေ့ကားကို ဝင်တိုက်လုနီးပါး ဖြစ်သွား၏။
"မ...မက်ဒါနာ.. နင်ဘယ်သူနဲ့အတူရှိနေတာလဲ၊ အဲဒီမိန်းမက ဘယ်သူလဲ။"
"....." ဖလေရာ၏စကားကို မက်ဒါနာလည်း ဘယ်လိုပြန်ဖြေရမှန်း မသိတော့ပေ။ နောက်တွင်ရှိနေသော အေမီကိုသာ လက်ကိုဖြန့်ကားပြလိုက်ပြီး ဖုန်းချလိုက်တော့သည်။
ထို့နောက်တွင်တော့ အေမီက မက်ဒါနာကို ပြောလိုက်သည်။ "ဂုဏ်ယူပါတယ်မမလေး၊ စွမ်းအင်Core မော်ဒယ်သစ်ကို စမ်းသပ်အောင်မြင်သွားပြီပေါ့။ နာမည်ရော ဘယ်လိုပေးမှာလဲ။"
"Battleheart 01... စစ်ပွဲနှလုံးသားပေါ့။ လာ... ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ဦး၊ ဟိုခွေးစက်ရုပ်ကို ဆက်တပ်ဖို့ကျန်သေးတယ်။"
...
ကနေဒါ၊ မိုးကြိုးမုန်တိုင်းတောင်ကြား။
အဆက်မပြတ် တိုက်ခိုက်နေသော မိုးကြိုးမုန်တိုင်းများအားလုံးက ရုတ်တရက်တစ်နေရာထဲတွင် စုစည်းသွားပြီး ပျောက်ကွယ်သွားသည်။ ထိုထူးခြားသောသဘာဝဖြစ်စဥ်ကြောင့် ဥတ္တရအလင်းတန်းများ ကျဆင်းလာလေရာ အော်တာဝါဟီးရိုးအစည်းအရုံးမှ ဟီးရိုးများအားလုံး တောင်ကြားတွင် စုရုံးလာကြ၏။
"ခေါင်းဆောင်၊ အရင်လအနည်းငယ်တုန်းက မိုးကြိုးတောင်ကြားထဲကို အလက်စကာဘက်ကနေ B+ အဆင့်ဗီလိန်ဖရက် ဝင်သွားရုံကလွဲပြီး တခြားထူးထူးခြားခြား လှုပ်ရှားမှုမရှိပါဘူး။"
သက်လတ်ပိုင်းအရွယ်ရှိမည့် ကနေဒါဟီးရိုးတစ်ယောက်က မေပယ်အလံကိုခြုံထားသည့် ဟီးရိုးအမျိုးသမီးအား ပြောလိုက်သည်။ ဟီးရိုးအမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး။
"ဒါဆိုရင် သူပဲဖြစ်လိမ့်မယ်။ အားဂတ်ရဲ့သားတော်၊ သုခပြည်ထောင်မင်းသား ဖရက်။"
သူတို့စကားပြောနေချိန်မှာပင် နှင်းများထူထပ်စွာကျဆင်းနေသော တောင်ကြားဒေသအတွင်းမှ တဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေသော လူတစ်ယောက်ကို မြင်လိုက်ကြရသည်။
နီညိုရောင်သားမွှေးအနွေးထည်ကို ဝတ်ဆင်ထားသည့် အသက်နှစ်ဆယ်အရွယ် အမေရိကန်လူမည်းလူငယ်ဖြစ်ပြီး သတ္တိနှင့်ခွန်အားကို ဖော်ပြနေသည့် ပြတ်သားသည့် မျက်နှာထားမျိုးရှိသည်။ အထူးခြားဆုံးမှာ သူ့မျက်လုံးများက အင်မတန်တောက်ပနေပြီး တစ်ချက်တစ်ချက် လျှပ်စီးတန်းများက ဖြတ်ပြေးသွားတတ်၏။ ထိုလူငယ်က လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ထားပြီး လူအုပ်ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။
"ယုတ်မာရိုင်းစိုင်းတဲ့ဗီလိန်၊ မင်းက နယ်စပ်ကိုတရားမဝင်ဖြတ်ကျော်ပြီး ငါတို့ကနေဒါမြေပေါ်မှာ ခြေချနေတာပဲ။ လက်နက်ချပြီး အညံ့ခံပါ။"
ဟီရိုးတစ်ယောက်က လှမ်းအော်လိုက်သည်။ ဖရက်ကတော့ နည်းနည်းလေးမှ အလေးစိုက်ပုံမရဘဲ အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။
"ငါက မင်းတို့ဟီးရိုးတွေကို ဒီနေ့မသတ်ချင်သေးဘူး။ ဒီတော့ ကံကောင်းသွားတယ်မှတ်လိုက်။"
ထိုစကားအဆုံးတွင် လူငယ်လေး၏ကျောနောက်၌ သိမ်းငှက်တစ်တောင်နှင့်တူသည့် တောင်ပံလေးခုထွက်လာပြီး မိုးကြိုးလျှပ်စီးများက သူ့ကိုဝိုင်းရံထားရာ နတ်ဘုရားတစ်ပါးဟုပင် ထင်ရပေသည်။
"မဖြစ်နိုင်တာ... သူအဲဒီတောင်ကြားထဲက မိုးကြိုးဥက္ကာသလင်းကျောက်ကို ရသွားတာလား။ သူအဆင့်တက်သွားပြီ။"
ဟီးရိုးအုပ်စုတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ လွန်ခဲ့သည့်နှစ်ငါးဆယ် ဥက္ကာသလင်းများကျရောက်ခဲ့စဥ်က သာမန်သလင်းကျောက်များထပ် အရွယ်အစားကြီးသော သလင်းကျောက်တချို့လည်း ကမ္ဘာမြေပေါ် သက်ဆင်းလာခဲ့၏။ တချို့လူစွန့်စားများက ထိုကျောက်များမှ စွမ်းအားကို ရယူရန်ကြိုးစားသော်လည်း လက်မခံနိုင်ဘဲ ပေါက်ကွဲသေဆုံးသွားကြသည်သာများသည်။ သို့သော် ဖရက်ကတော့ အောင်မြင်ခဲ့ပုံပေါ်ပေသည်။
တောင်ပံလေးခုနှင့်လူငယ်က အတောင်ကိုခတ်ကာ လေပေါ်ပျံတက်လိုက်ပြီး မြေပြင်ပေါ်ရှိ ဟီးရိုးများကို ဂရုမစိုက်တော့ဘဲ တောင်ဖက်သို့ဦးတည်ကာ ပျံသန်းသွားတော့သည်။
.......
ရုရှားဖက်ဒရေးရှင်း၊ ဆိုက်ဘေးရီးယား။
ကိုယ်ပိုင်ဂျက်လေယာဥ်ပေါ်တွင် လိုက်ပါလာသော အဖိုးအိုက နှင်းများအဆုံးမဲ့ဖုံးလွှမ်းနေသည့် တောင်တန်းများကိုကြည့်ရင်း ပြုံးလိုက်သည်။ သူ့လက်ထဲတွင်တော့ ခဲရောင်သေတ္တာတစ်လုံးရှိနေပြီး အဖိုးအိုက ထိုသေတ္တာကိုဖွင့်လိုက်သည်။
အထဲတွင် ခရမ်းရောင်နှင့်အစိမ်းရောင်အရည်များပါသည့် ဆေးကျည်တောက်ပုလင်းနှစ်ခုရှိနေသည်ကို တွေ့ရသည်။ လေယာဥ်ခုံရှေ့မှ အသေးစားတီဗီလေးတွင်တော့ ကမ္ဘာ့သတင်းဌာနများမှ မြူတန့်သိပ္ပံအဖွဲ့အစည်းအကြောင်း တင်ဆက်နေသည်ကို ပြသထားသည်။
အဖိုးအိုက ထိုသတင်းများကို နားထောင်နေရင်း ခြောက်ကပ်ကပ် ရယ်မောလိုက်လေသည်။
"လူသားတွေကိုစတေးပြီး စမ်းသပ်တာက လူသားမဆန်ဘူးတဲ့လား။ သိပ္ပံပညာကိုယ်တိုင်က လူသားမဆန်ဘူး။ လူသားတိုင်း မထောက်ခံတဲ့လုပ်ရပ်ဖြစ်ပေမဲ့ လူသားတွေအထက်မှာရှိချင်နေတဲ့ လူသားတွေကတော့ ငါတို့ကို ထောက်ပံချင်နေတုန်းပဲမဟုတ်လား။"
လေယာဥ်ပျံက တဖြည်းဖြည်းနိမ့်ဆင်းလာနေသည်။ ရုရှားဖက်ဒရေးရှင်းအလံနှင့် စစ်ကားတချို့က လေယာဥ်ကွင်းဘေးတွင် အသင့်ရပ်စောင့်နေကြသည်။ ဂျက်လေယာဥ် ဆင်းသက်ပြီး တံခါးဖွင့်လိုက်သည့်အခါတွင်မူ ဆုတံဆိပ်များစွာကို ရင်ဘတ်မှာတပ်ထားသည့် ဖက်ဒရေးရှင်းဗိုလ်မှူးတစ်ယောက်က Mad Doctorကို လာ ရောက်ကြိုဆိုသည်။
"ဖော်မြူလာတွေ ပါလာတယ်မဟုတ်လား။" (ရုရှားဘာသာစကားဖြင့်။)
"အသင့်ပဲ၊ မင်းတို့ဘက်ကရော စမ်းသပ်ခန်းတွေ အသင့်ပြင်ထားပြီးပြီလား။" (ရုရှားဘာသာစကားဖြင့်။)
"အသင့်ပဲ၊ စမ်းသပ်ဖို့အကျဥ်းသား ငါးထောင်ပါ ပြင်ဆင်ပေးထားတယ်။" (ရုရှားဘာသာစကားဖြင့်။)
"ကောင်းတယ်...ကောင်းတယ်။"
....
မြန်မာ ပြည်ထောင်စု ဘုရင့်နိုင်ငံ။
မန္တလေးမြို့။
ရွှေနန်းတော်ကြီးအတွင်းတွင် ခေတ်သစ်ပုံစံနှင့်လိုက်ရောညီထွေရှိမည့် မြန်မာဘုရင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က ပလ္လင်ပေါ်တွင်ထိုင်ကာ ဒူးထောက်ခစားနေကြသည့် အရာရှိများထံမှ အစီရင်ခံတင်ပြသည်များကို နားထောင်နေသည်။
"ဆုဗာနာနယ်စားက ဘုရင့်နိုင်ငံနဲ့ ပြန်ပေါင်းဖို့အတွက် ငြင်းထားပါတယ်။ ကြည့်ရတာ ဆက်ခံသူပြဿနာကို ဖြေရှင်းနိုင်သွားပုံပါပဲ အရှင်မင်းကြီး။"
လက်ယာရံအမတ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဖိုးအိုက ဘုရင်ကို ပြန်မော့မကြည့်ဝံဘဲ တုန်ရီနေသောလေသံဖြင့် လျှောက်တင်လိုက်သည်။ ဘုရင်ဖြစ်သည့် လူငယ်လေးကတော့ ခေါင်းတညိတ်ညိတ်နှင့်...
"ဒီတော့ သူတို့က ငါ့ရဲ့အာဏာစက်အောက်ကိုဝင်ဖို့ စိတ်မဝင်စားဘူးပေါ့။ နှမြောစရာပဲ...နှမြောစရာပဲ..."
ဗြိတိသျှလက်အောက်မှ လွတ်မြောက်ပြီးနောက်တွင် မြန်မာနိုင်ငံ၏အခြေအနေသည် အစဥ်အဆက်ဆိုးဝါးနေခဲ့သည်။ ဥက္ကာသလင်းကျောက်များ ကျဆင်းလာပြီးသည့်နောက်တွင် ကုန်းဘောင်မင်းဆက်၏အကြွင်းအကျန် မိသားစုတစ်ခုက တိုင်းပြည်အတွင်းမည်သူမှ တွန်းလှန်၍မရနိုင်သည့် မြူတန့်စွမ်းအားတစ်မျိုးကို ရရှိခဲ့၏။ ထို့နောက်တွင်တော့ တိုင်းပြည်စည်းလုံးရေးနှင့် ပြန်လည်တည်ထောင်ရေးတို့ကို ပြုလုပ်ခဲ့သည်။
တော်ဝင်မိသားစုတစ်ခုက ပြန်လည်စုစည်းခဲ့သောနိုင်ငံဖြစ်၍ နိုင်ငံမှာလည်း ခေတ်ပြိုင်အခြားနိုင်ငံများကဲ့သို့ သမ္မတစနစ်၊ စည်းမျဥ်းခံဘုရင်စနစ်များဖြင့် အုပ်ချုပ်ခြင်းမဟုတ်တော့ဘဲ သက်ဦးဆံပိုင်ဘုရင်တစ်ပါး ပလ္လင်ပေါ်ရောက်လာ၏။ ၁၉၉၀ မှ ၂၀၃၅ ခုနှစ်ကာလ အပိုင်းအခြားကို ခေတ်သစ်ကုန်းဘောင်မင်းဆက်က အုပ်ချုပ်ခဲ့ပြီး လက်ရှိဘုရင်မှာသူရိယရာဇာမင်းဖြစ်သည်။
ဧကရာဇ်မင်းတစ်ပါးအနေဖြင့် သူက မြန်မာမင်းဆင်များ အစဥ်အဆက်ပိုင်ဆိုင်ခဲ့ဖူးသော နယ်မြေမှန်သမျှကို ပြန်လည်ရယူလိုခဲ့ပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းသွားသော်လည်း ပြည်ပထိုးစစ်များကြောင့် တိုင်းပြည်မှာ အခြားကဏ္ဍများတွင် နောက်ကျလာခဲ့သည်။
အင်းဝမင်းဆက်ခေတ်က မြန်မာများပိုင်ဆိုင်ခဲ့ဖူးသည့် ဆူဗာနာမှာတော့ သူတို့၏ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပြီး နယ်စားနယ်မြေကို ဘုရင့်နိုင်ငံထဲတွင် ပြန်လည်ပါဝင်စေချင်ကြသည်။
"အဲဒီနယ်စားက အကောင်းအဆိုးမသိဘူးပဲ။ တခြားနိုင်ငံကြီးနှစ်ခုအောက်မှာ လုံးဝပျက်စီးသွားတာမျိုး ငါကိုယ်တော်မမြင်ချင်လို့ သူတို့ကိုအခွင့်အရေးပေးခဲ့တာ။ ဗြိတိန်ရဲ့ဝေလပြည်နယ်လိုမျိုး၊ ပြင်သစ်ရဲ့လက်ချက်စတိန်းပြည်လိုမျိုး နေထိုင်ခွင့်ရမှာဖြစ်ပါလျက်နဲ့ ကိုယ်တော်ကို လစ်လျူရှုရဲတယ်။ သူတို့ဆက်ခံသူအသစ်ကို ငါကိုယ်တော် စောင့်ကြည့်ရသေးတာပေါ့။"
စစ်သွေးစစ်မာန် တက်ကြွလှသောဘုရင်က ပလ္လင်တော်လက်ရန်းကို လက်ဖဝါးဖြင့်ရိုက်လိုက်ပြီး ကြိမ်းဝါးလိုက်သည်။ လက်ဝဲရံအမတ်တစ်ပါးကတော့ ယခုလိုလျှောက်လာ၏။
"အရှင်မင်းမြတ်ဘုရား၊ ဆုဗာနာနယ်စားနယ်မြေက အင်အားနည်းပေမဲ့ အလွယ်တကူသိမ်းပိုက်လို့မရပါဘူး။ ပြီးတော့ သူတို့ကိုပိုင်ဆိုင်ခဲ့ဖူးတာက အင်းဝမင်းဆက်ပါ၊ ကုန်းဘောင်မင်းဆက်မဟုတ်ပါဘူး။ ကျွန်တော်မျိုးစိုးရွံမိတာက တမင်နယ်ချဲသလို ပြည်သူတွေက မြင်ကြမှာကိုပါ။"
ဘုရင်က လက်ကိုကာပြလိုက်ပြီး အမတ်ကိုဆက်မပြောခိုင်းတော့ပေ။
"မပူနဲ့၊ စစ်ကိုသာပြင်ပါ။ စစ်တိုက်မတိုက်ကတော့နောက်နယ်စားရဲ့အရည်အချင်းအပေါ် မူတည်တာပေါ့။ နယ်စားအိုကြီးကို ခဏလောက် အသက်ရှင်ခိုင်းလိုက်ဦးမယ်။ ပြည်ပရေးရာကိစ္စတွေ ခဏထားပြီး ပြည်တွင်းကကိစ္စတွေ ဆက်ကြတာပေါ့။"
"မှန်လှပါမင်းကြီး။"
...
တရုတ်ပြည်၊ ဘေကျင်းမြို့တော်။ မဟာရှားမိသားစု။
ဆုဗာနာ နယ်စားနယ်မြေ၏ နယ်စားဆက်ခံသူကိစ္စက အိမ်နီးချင်းသုံးနိုင်ငံလုံးကို လှုပ်နှိုးလိုက်သလိုမျိုး ဖြစ်သွားသည်။
မဟာရှားမိသားစုမှာ ရှားပိုင်ဝေကဲ့သို့ S rankတစ်ယောက်ကို မွေးထုတ်နိုင်ခဲ့သော အသံမြူတန့်မိသားစုဖြစ်ကာ ပြည်မကြီး၌ဖြစ်စေ၊ ဟောင်ကောင်နှင့်မအာကိုတို့တွင်ဖြစ်စေ လွှမ်းမိုးမှုအင်မတန်ကြီးမား၏။
မိသားစုခန်းမကြီးအတွင်း၌ ရှားမိသားစုအကြီးအကဲများစွာ စုစည်းနေကြပြီး ဆုဗာနာနယ်စားအပြောင်းအလဲကိစ္စကို ဆွေးနွေးနေကြသည်။
"အကြီးအကဲချုပ်ခင်ဗျား၊ ကျွန်တော်တို့မိသားစုက ဆုဗာနာမှာရှိနေတဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားနေတာ ကြာပါပြီ။ သူတို့က အားနည်းပေမဲ့ ဘေကျင်းအဖွဲ့ကတောင် သူတို့ကိုအနိုင်မယူနိုင်သေးဘူး။ ဆက်ခံသူပြောင်းလဲတဲ့ကိစ္စက လက်ရှိနယ်စားကြီးအနေနဲ့ သူ့ရာထူးကနေအနားယူပြီး နိုင်ငံရေးအခင်းအကျင်းကနေ ထွက်ခွာမယ်လို့ဆိုလိုတာပဲ။"
သက်လတ်ပိုင်း အကြီးအကဲတစ်ဦးက အကြီးအကဲချုပ်ဆိုသည့် အဖိုးကြီးကို အခြေအနေအား အသေးစိတ်ရှင်းပြနေသည်။
"ပြီးခဲ့တဲ့နှစ်တွေက စစ်ပွဲတွေကြောင့် နှစ်ဖက်လုံးအထိနာပြီး ဘာမှမရခဲ့ကြဘူး။ နယ်စားပြောင်းလဲတာက ရှားမိသားစုအတွက် အခွင့်အရေးဖြစ်နိုင်တယ်။ နယ်စားနယ်မြေက ကျဥ်းမြောင်းပြီး ဒေသထွက်ကုန်နည်းတယ်။ အသက်ရှင်နေထိုင်ဖို့အတွက် ပြည်ပကုန်သွယ်ရေးကို အဓိကထားရတယ်။ အရင်စစ်ပွဲတွေကြောင့် သူတို့က အားနည်းနေပြီဖြစ်လို့ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ ကုန်သွယ်ရေးက အဓိကဖြစ်လာလိမ့်မယ်။"
အဖိုးကြီးက လေကြောရှည်နေသည့် လူလတ်ပိုင်းအကြီးအကဲအား မကျေမနပ်ကြည့်လိုက်ပြီး လက်ထဲမှ ရေနွေးခွက်ကို တစ်ငုံသောက်လိုက်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"ရှားမော့ကျင်း... မင်းစကားကို တိုတိုနဲ့လိုရင်းရောက်အောင် ပြောလို့မရဘူးလား။"
"စိတ်မရှိပါနဲ့၊ အဓိကအချက်က ဆုဗာနာရဲ့စီးပွားရေးကို ဝါးမျိုဖို့ နယ်စားသစ်ကို အသုံးချမယ်။ နယ်စားသစ်က ငယ်ရွယ်မှာဖြစ်လို့ အကောင်းဆုံးဗျူဟာကတော့ လက်ထပ်ပွဲထောင်ချောက်ပဲ။ ညီမတော်ရှားပိုင်ဝေမှာ အရွယ်ရောက်ပြီဖြစ်တဲ့ သားတစ်ယောက်နဲ့သမီးတစ်ယောက်ရှိတယ်။ ဆက်ခံသူကို မသိရသေးပေမဲ့ နယ်စားမင်းသားဆိုရင် တူမတော်နဲ့လက်ထပ်ပေးဖို့ကြိုးစားရမယ်။ နယ်စားမင်းသမီးဆိုရင် တူတော်နဲ့လက်ဆက်ပေးရမယ်။"
လူလတ်ပိုင်းအကြီးအကဲ၏အကြံကြောင့် အဖိုးအိုက ခေါင်းကိုအားပါးတရ ညိတ်လိုက်သည်။
"ကောင်းတယ်...ကောင်းတယ်... ရာဇဝင်ထဲမှာ အရှင်သခင်ဘယ်နှစ်ယောက်ကများ အိမ်ထောင်ရေးထောင်ချောက်ကို ရှောင်ရှားနိုင်ခဲ့ဖူးလို့လဲ။"
Volume 1 ပြီးပါပြီ။