Prologue
Vol. 2 Ch. 0
သေခြင်းတရားဆိုတာကို မင်းတို့ဘယ်လိုထင်ကြလဲ။ ငါ့အတွက်တော့ လောကကြီးရဲ့ရင်ခွင်ထဲကို ပြန်သွားရုံသက်သက်ပဲ။
မင်းသေခါနီးရင် မင်းနှလုံးသားက ခုန်တာနှေးလာမယ်၊ မင်းရဲ့သွေးတွေလည်း ဖြည်းဖြည်းချင်း စီးဆင်းတာ ရပ်တန့်သွားလိမ့်မယ်။ မင်းအသက်မရှူတော့ဘူး။ မသေခင်မှာ မင်းအနေနဲ့ ကိစ္စတွေအများကြီးကို ပြန်တွေးကောင်း တွေးနေနိုင်ပါတယ်။ မင်းဘဝအကြောင်းပဲဖြစ်ဖြစ်၊ မင်းချစ်တဲ့သူတွေအကြောင်းပဲဖြစ်ဖြစ်၊ မင်းကိုသတ်သွားတဲ့ လူတွေအကြောင်းကိုပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ ခဏလောက်ကြာရင်တော့ မင်းရဲ့အသိစိတ်က တစ်စထက်တစ်စ အားလျော့လာလိမ့်မယ်၊ နောက်ဆုံးမှာတော့ ထာဝရအိပ်ပျော်သွားမှာပေါ့။
နောက်တော့ မင်းခန္ဓာကိုယ်က တစ်စတစ်စ တောင့်တင်းလာမယ်။ သွေးတွေအေးခဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြာနှမ်းလာလိမ့်မယ်။ နောင်တစ်ဖန် မင်းခန္ဓာကိုယ်က ပြန်ပျော့ပြောင်းသွားလိမ့်ဦးမယ်။ ဒါပေမဲ့ နောက်တစ်ဖန်လည်း ပြန်တောင့်တင်းလာဦးမှာ။
နောက်နှစ်ရက်လောက်ကြာရင်တော့ မင်းဗိုက်ကြီး ဖောင်းကားလာတော့မှာပါ။ အတွင်းအင်္ဂါတွေ အရည်ပျော်နေပြီလေ။ အပုပ်ရည်တွေလည်း ကျဆင်းလာလိမ့်မယ်။ မင်းအသက်ရှင်နေတုန်းက ဘယ်လောက်လှခဲ့လှခဲ့ မင်းကိုလိုချင်တဲ့သူ မရှိသလောက်ရှားသွားပြီ။ မင်းကိုယ်မှာတောင် မသတီစရာကောင်းတဲ့ အကောင်လေးတွေ တွယ်တက်သွားလာနေလောက်ပြီ။ ဒါပေါ့၊ မင်းကတော့ ဘယ်သိနိုင်တော့မလဲ။ မင်းဦးနောက်တောင် အရည်ပျော်ပြီးနေပြီလေ။
အဲဒီနောက်ပိုင်း ဆက်ဖြစ်တာတွေကတော့ ရိုးရှင်းပါတယ်။ မင်းကိုယ်ကြီး တစ်စစီပုပ်သိုးဆွေးမြေ့ပြီး မြေဩဇာဖြစ်ကုန်မှာလေ။ ဒါကြောင့် ငါက မင်းတို့သေရင် သဘာဝတရားကြီးထဲ ပြန်ရောက်သွားတယ်လို့ ပြောရတာပေါ့။
'မင်းတို့' မင်းက ဒီစကားလေးနဲ့ပတ်သက်ပြီး တွေးနေတာလား။ မင်းထင်တာမှန်ပါတယ်။ ငါက သေခြင်းတရားက လွတ်ကင်းပြီလို့ မပြောနိုင်သေးပေမဲ့ သက်တမ်းအကန့်အသတ်မရှိတော့တာတော့အမှန်ပဲ။ ထာဝရရှင်သန်သူတစ်ယောက်က သေခြင်းတရားကို နားမလည်နိုင်ဘူးလို့ မင်းထင်နေတာလား။ မဟုတ်ဘူးကွ၊ ငါက မင်းတို့အားလုံးထက် အကြိမ်ခြောက်ရာလောက် ပိုသေဖူးတယ်။ ပြီးတော့ တစ်ပြိုင်နက်တည်း အကြိမ်ခြောက်ရာသေသွားတာ။
ရူးနေတဲ့ ငနှဲတစ်ကောင် စကြဝဠာကြီးကို ဖျက်ဆီးဖို့မလုပ်ခင်အထိ ငါတို့က ငါတို့ချစ်ရသူတွေနဲ့ အတူနေနေခဲ့တာ။ ဆောရီး၊ စိတ်လောသွားတယ်။ ငါက ငါအများကြီးဖြစ်နေတာဆိုတော့ ငါတို့လို့ရော တကယ်သုံးလို့ရလို့လား။
အဓိကအချက်ကို ပြန်သွားရအောင်။
အစကတော့ ငါလည်း မင်းတို့လိုပဲ သူလိုကိုလို တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်။ ဂိမ်းကစားတယ်၊ ဖက်တီးသူငယ်ချင်းတစ်ယောက်ရှိတယ်။ ဆော့နေကျဂိမ်းလေး ဆာဗာပိတ်သွားလို့ စိတ်ညစ်ညစ်နဲ့ ကဖေးဆိုင်ကအထွက်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ အနီရောင်ဆံပင်ရှည်တွေနဲ့ နတ်ဘုရားလိုလို၊ ဘာလိုလို မိန်းကလေးက ငါ့ကို တခြားကမ္ဘာကြီးဆို ခေါ်သွားခဲ့တယ်။
ဟုတ်တယ်၊ သူပဲ။ ငါအရမ်းချစ်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်။
ငါရောက်သွားတဲ့ကမ္ဘာကြီးက ငါဆော့နေတဲ့ ဂိမ်းနဲ့အတူတူပဲ။ တကယ့်သက်ရှိသတ္တဝါတွေရဲ့ပုံစံရှိပေမဲ့ သက်ရှိမဟုတ်တဲ့ ဗလာကောင်တွေက ကမ္ဘာကြီးကို ဝါးမျိုဖို့လုပ်နေတယ်။ ထူးခြားတဲ့စွမ်းအားတွေ ရှိနေတဲ့သူတွေကတော့ ကမ္ဘာကြီးကိုကာကွယ်ဖို့ လုပ်နေကြတယ်။
ငါလည်း ငါ့ကိုယ်ငါ ကမ္ဘာကြီးကိုကယ်တင်မယ့် သူရဲကောင်းဖြစ်ပြီထင်ခဲ့တာပေါ့။ ငါဖုန်းထဲမှာ နတ်ဘုရားကောင်မလေးတစ်ယောက်ရှိတယ်။ သူက ငါ့ကိုကူညီတယ်။ သူငယ်ချင်းတွေအများကြီးရလာတယ်။ ဒါပေမဲ့ မိတ်ဆွေတစ်ယောက်ကို ကယ်တင်ဖို့လုပ်ရင်း ငါသေသွားတယ်။
ဟုတ်တယ်၊ ဒီဘဝမှာ ငါပထမဆုံး သေသွားခဲ့ဖူးတာပါ။
ထပ်ဖြစ်လာတဲ့အရာတွေက ငါ့အတွက်တော့ တကယ့်ခေါင်းခြောက်စရာပဲ။ နတ်ဘုရားလိုဆံပင်အနီနဲ့မိန်းကလေးက ငါ့ကိုတခြားနတ်ဘုရားနဲ့ ထပ်တွေ့ပေးတယ်။ ရွှေရောင်တောင်ပံတွေရှိတဲ့ ထူးထူးခြားခြား လူငယ်လေးတစ်ယောက်။ သူတို့ဆွေးနွေးကြတဲ့ အကြောင်းအရာကတော့
"ဖန်ဆင်းရှင်က ဒီစကြဝဠာကို ဖျက်ဆီးပစ်ချင်နေတယ်ဆိုတာပဲ။"
ဂလက်ဆီကြီးတွေကိုတောင် မျိုချပစ်နိုင်တဲ့ ဗလာကောင်တွေက ငါတို့ကိုစောင့်ကြိုနေတယ်။ လေဟာနယ်အက်ကြောင်းတွေက ဖန်ဆင်းရှင်ရဲ့လက်သီးပုန်းတွေပဲ။ လုံးဝဖျောက်ဖျက်ပစ်တာခံရမယ့် ရန်ကနေကာကွယ်ဖို့အတွက် ငါတို့မဟာမိတ်တစ်ခု ဖွဲ့ခဲ့ကြတယ်။ ငါ့မှာ ပိုပြီးတဲ့တာဝန်လည်းရှိလာပြီ။ အဲဒီမိန်းကလေးနဲ့ငါက လက်ချင်းတွဲထားပြီး ရွှေရောင်တောင်ပံနဲ့ငနှဲက ငါတို့ကို ကိုယ်ပွားပေါင်းများစွာအဖြစ် ခွဲထုတ်ပစ်လိုက်တယ်။
အဲဒီနောက်တော့ ဘဝသစ်ပေါင်းများစွာကို ငါမဟုတ်တဲ့ငါအဖြစ် ဖြတ်သန်းခဲ့ရတယ်။
ငါချစ်ရတဲ့မိန်းကလေးက ငါ့အိမ်ဖော်ဖြစ်လာပြီး ငါကတော့ သူ့ထက်နှစ်ငါးရာလောက် ပိုငယ်နေတာမျိုး ဖြစ်ဖူးလား။ ငါဖြစ်ဖူးတယ်။
ငါချစ်ရတဲ့မိန်းကလေးက ဘာဆိုဘာမှမသိတဲ့ ငတုံးမလေးဖြစ်နေပြီး ငါကတော့ လူတောင်မဟုတ်တဲ့ ကြောင်ဖြစ်သွားတဲ့ဘဝလည်း ရှိဖူးတာပဲ။
ငါက မိန်းကလေးဖြစ်နေပြီး သူက ငါ့ကောင်လေးဖြစ်နေတာမျိုး၊ သူက မိစ္ဆာဘုရင်မဖြစ်နေပြီး သူ့ကိုနှိမ်နင်းရမယ့် သူရဲကောင်းက ငါဖြစ်နေတာမျိုး၊ ငါတို့နှစ်ယောက်လုံး မိန်းကလေးဖြစ်နေတာ၊ ငါတို့နှစ်ယောက်လုံး ယောက်ျားလေးဖြစ်နေတာ၊ စတဲ့ ဘဝရာချီကို တစ်ပြိုင်နက်တည်း ဖြတ်သန်းခဲ့ရတယ်။
အဆိုးဆုံးဘဝကတော့ ငါက ကလေးမလေးတစ်ယောက်ဖြစ်နေပြီး ငါ့အမေက ငါချစ်ရတဲ့ နတ်ဘုရားမလေး ဖြစ်နေတာပဲ။ အကောင်းဆုံးဘဝကတော့ အဲဒီနတ်ဘုရားမလေးက ဓားအမြွှာဖြစ်သွားပြီး ငါက သူတို့သခင် ဓားဘုရင်ကြီးဖြစ်သွားတာလေ။ စစ်သင်္ဘောနဲ့ကပ္ပတိန်ကိစ္စကတော့ ထားလိုက်ရအောင် တကယ်ရှက်စရာကြီး။
အတိုချုပ်ပြောရရင်တော့ အဲဒီရွှေရောင်တောင်ပံနဲ့ငနှဲက ဖန်ဆင်းရှင်ရဲ့သူလျှိုဖြစ်နေခဲ့တယ်။ သူက ငါတို့အကြံအစဥ်ကို ဖျက်ဆီးပစ်ခဲ့ပြီး ငါတို့အားလုံးကို စိန်ခေါ်ခဲ့တယ်။
ငါတို့ကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်က ငါတို့စကြဝဠာအတွင်းမှာ အကြွင်းမဲ့ဖြစ်တည်မှုတစ်ခုပဲ။ ငါတို့ရှုံးသွားခဲ့တယ်။ ငါတို့ရဲ့အိမ်တွေ၊ မရေမတွက်နိုင်တဲ့ အသက်တွေနဲ့ဂြိုဟ်ကမ္ဘာတွေအားလုံး ပျက်စီးသွားခဲ့ပေမဲ့...
ငါကတော့ အသက်ဆက်ရှင်နေခဲ့တယ်။ အဲဒီမိန်းကလေးကပဲ ငါ့ကိုထပ်ကယ်ခဲ့တာ။ ငါ့ဖုန်းထဲမှာရှိနေတဲ့ တခြားပျက်စီးပြီးသား စကြဝဠာရဲ့အစိတ်အပိုင်းနဲ့ ပေါင်းစပ်ဖို့ ကူညီပေးခဲ့ပြီးတော့ ကောင်းကင်အလွန်က ရန်သူကြီးကို ရင်ဆိုင်ဖို့ ထွက်သွားခဲ့တယ်။
အဲဒီနောက်တော့... အဲဒီနောက်တော့ ဘာဆက်ဖြစ်လဲ ငါကိုယ်တိုင်လည်း မသိရတော့ဘူး။ ရန်သူကြီးကို ငါရှိနေတဲ့နေရာဆီ ရောက်မလာအောင်လို့ သူတို့တားနိုင်ခဲ့တယ်။ အခုသူက စကြဝဠာပျက်ကြီးထဲမှာ မျောလွင့်နေတယ်။ သူမသေသေးဘူး။ ငါတို့လုပ်နိုင်တာဆိုလို့ အနန္တတန်ခိုးရှင်တစ်ယောက်ကို ချုပ်နှောင်နိုင်ခဲ့ရုံပဲ။
ငါချစ်ရတဲ့ မိန်းကလေးလည်း ပျောက်နေတယ်။ သူသေသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငါမျှော်လင့်နေမိတုန်းပဲ။ သူတစ်နည်းနည်းနဲ့ အသက်ရှင်နေဦးမယ်လို့ပေါ့။
ငါ့ရဲ့ထောင်ပေါင်းများစွာသော ကိုယ်ပွားတွေအားလုံးက အဲဒီမိန်းကလေးရဲ့ကိုယ်ပွားတွေနဲ့အတူ သေဆုံးသွားခဲ့ရတာ။
ဒါပေမဲ့ အစစ်အမှန်ဖြစ်တဲ့ငါကတော့ သူမရှိတော့ဘဲ တစ်ယောက်တည်းအသက်ရှင်နေတယ်လို့ ငါမယုံကြည်ချင်ဘူး။ အနည်းဆုံးတော့ သူတစ်နေရာရာမှာ အသက်ရှင်နေဦးမှာပဲ။ မျှော်လင့်ချက်... ဟုတ်တယ်... မျှော်လင့်ချက်လေးတော့ ရှိနေတုန်းပဲ။
ပျက်စီးနေပြီဖြစ်တဲ့ ငါတို့စကြဝဠာကြီးအနှံ ငါခရီးထွက်ပြီး သူ့ကိုလိုက်ရှာခဲ့တယ်။ ငါတို့စကြဝဠာကြီးက အဖက်ဆယ်လို့မရအောင် ပျက်စီးသွားခဲ့ပြီ။ ဒါပေမဲ့ ငါ့ဖုန်းမျက်နှာပြင်ထဲမှာ ရှိနေသေးတဲ့ စကြဝဠာအစိတ်အပိုင်းလေးကနေ တခြားစကြဝဠာတွေ ရှိနေသေးတဲ့အကြောင်းကို ငါသိထားတယ်။
အနန္တစကြဠာတွေထဲမှာ ငါတို့ရဲ့စကြဝဠာကို ဖန်ဆင်းခဲ့သူတစ်ယောက်ပဲ ရှိနေခဲ့တာမဟုတ်ဘူး။ စကြဝဠာတွေက ငါတို့နားမလည်နိုင်တဲ့ တည်ရှိမှုမျိုးတွေက ပန်းခြံထဲမှာ ပန်းပင်စိုက်သလိုမျိုး ဖန်တီးထားတာ။ ဥယျာဥ်မှူးဆိုတာက တစ်ယောက်ထက် ပိုရှိနေနိုင်တယ်။ ပန်းခြံထဲမှာလည်း ပန်းတွေအများကြီး ရှိနေမှာပဲ။
ငါခရီးဆက်ခဲ့တယ်။ ပျက်စီးနေပြီဖြစ်တဲ့ ယာဥ်ပျံမှူးကိုယ်ပွားရဲ့စစ်သင်္ဘောကို ငါပြန်ပြင်ခဲ့တယ်။ ဒါပေမဲ့ စစ်သင်္ဘောရဲ့ပင်မအသိဉာဏ်တုကျဲကျဲကိုတော့ ငါဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး။ သူနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံး ပျက်စီးသွားပြီ။
အာ့ခ်လှေကြီးကို တည်ဆောက်ခဲ့တဲ့ နောဧလိုမျိုး ငါ့ယာဥ်ပျံကြီးပေါ်မှာ စကြဝဠာပျက်အတွင်းထဲက ရှင်ကျန်နေသေးတဲ့ သက်ရှိအားလုံးကို ပြန်စုစည်းခဲ့တယ်။ ဒါပေမဲ့ တချို့ကိုတော့ ထာဝရဆုံးရှုံးသွားပြီ။
တတ်နိုင်သလောက် ငါတတ်ထားတဲ့ ဇီဝနည်းပညာတွေကိုသုံးပြီး ပျောက်ဆုံးသက်ရှိတချို့ကို ဖန်တီးခဲ့ပေမဲ့ အနီးစပ်ဆုံးတူညီတာပဲရှိတော့တယ်။ လူသားတွေအတွက်တောင် ငါ့ရဲ့ဖန်တီးမှုက မပြည့်စုံတော့ဘူး။
ငါဖန်တီးထားတဲ့ လူသားတွေမှာ စကြဝဠာဟောင်းက လူသားတွေလိုမျိုး စွမ်းအင်ကြာပန်းခုနစ်ခု ရှိမနေခဲ့ဘူး။ သူတို့မှာ စွမ်းအင်ကြာပန်း တစ်ခုပဲရှိတယ်။ သူတို့ဦးနောက်အတွင်းမှာရှိနေတဲ့ တစ်ခုပေါ့။ ဒါကြောင့် စကြဝဠာဟောင်းကလိုမျိုး သူတို့မကျင့်ကြံနိုင်ကြတော့ဘူး။
ငါဖန်တီးထားတဲ့ လူသားတွေအားလုံးက ငါ့ကိုဘုရားသခင်အဖြစ် အသိအမှတ်ပြုခဲ့ကြတယ်။ ငါ့ရဲ့အနီရောင်ဆံပင်တွေကို အစွဲပြုပြီး အနီရောင်နတ်ဘုရားလို့ ခေါ်ကြတယ်။
ငါစကြဝဠာအပြင်ဖက်ကို ထွက်လာခဲ့တယ်။ စကြဠာအဟောင်းမှာ မျှော်လင့်ချက်ဆိုတာ မရှိတော့ဘူး။ ငါ့မိတ်ဆွေဟောင်းကြီးလေးယောက်ရဲ့ စွမ်းအင်အမြုတေကို ငါနဲ့အတူယူလာခဲ့တယ်။
စစ်မှန်သောအလင်း၊ မူလသခင်ကြီး၊ စက်မှုနတ်ဘုရားမ Eisen၊ မီးလျှံနတ်သမီးရူဗီနာ(ကျဲကျဲ)တို့ရဲ့အမြုတေတွေပေါ့။ သူတို့ရဲ့ပင်မစွမ်းအားတွေက ငါတို့ရဲ့အခြေချရာအသစ်မှာ မျိုးနွယ်စုတွေအတွက် မျှော်လင့်ချက်ဖြစ်လာလိမ့်မယ်လို့ပေါ့။
တကယ်တော့ သာမန်တန်ခိုးရှင်တစ်ပါးက သူတို့ရဲ့မိခင်စကြဝဠာအပြင်ကို ထွက်သွားနိုင်မှာမဟုတ်ဘူး။ ငါဆောင်ဟိုင်အတွက်လည်း အတူတူပဲ။ ဒါပေမဲ့ ငါဆောင်ဟိုင်က မိခင်စကြဝဠာကြီးနဲ့ ဆက်စပ်မှုမရှိတော့တဲ့ သီးခြားလွတ်လပ်သူဖြစ်လာပြီ။
တခြားစကြဝဠာကို သွားတဲ့အချိန်ကာလက မရေမတွက်နိုင်လောက်အောင်ပဲ။ နတ်ဘုရားတွေကိုအရိုးဆွေးစေလောက်အောင်ကို ကြာညောင်းတယ်။
ငါနဲ့အတူခရီးထွက်လာခဲ့တဲ့ သက်ရှိတွေလည်း သက်တမ်းကုန်လို့ သေဆုံးကုန်ပြီး နောက်မျိုးဆက်ပေါင်းများစွာအထိ ပြောင်းလဲသွားခဲ့ပြီ။
ငါကိုယ်တိုင် အိပ်မောကျသွားတော့မယ်လို့ ထင်တဲ့အချိန်မှ အရောင်အသွေးစုံလင်တဲ့ ဒီစကြဝဠာကြီးကို ရောက်လာခဲ့တာ။
ဒီမှာက ငါတို့စကြဝဠာလိုမဟုတ်ဘဲ လူဦးရေပေါက်ကွဲတဲ့ပြဿနာမျိုး ရှိမနေသလို ငါ့လောက်စွမ်းအားကြီးတဲ့ သက်ရှိတွေလည်း ရှိမနေခဲ့ဘူး။
ရောက်ရောက်ချင်းမှာ ငါလုပ်ခဲ့တဲ့အလုပ်က ကမ္ဘာကြီးတစ်ခုကို ဖန်ဆင်းတာပဲ။ ဒါပေမဲ့ တန်ခိုးစွမ်းအားတွေနဲ့ ဖန်ဆင်းတာမျိုးတော့မဟုတ်ဘူး။ ငါက အဲဒီလောက်ထိ စွမ်းအားမကြီးဘူး။ အဲဒီနောက်တော့ ကမ္ဘာကြီးကို ငါနေခဲ့ဖူးတဲ့ မြေကမ္ဘာနဲ့တူအောင် ပြုလုပ်ခဲ့တယ်။ သက်ရှိတွေကို နေရာချပြီးတဲ့နောက် မြေကမ္ဘာရဲ့မူလသမိုင်းအတိုင်း ဖြစ်လာစေဖို့ ခပ်ညစ်ညစ်နည်းလမ်းတချို့ကို သုံးခဲ့တယ်။
တကယ့်ဘုရားဟန်ဆောင်ပြီး ဘာသာရေးတွေကို ငါဖန်တီးတယ်။ ငါ့ရဲ့စွမ်းအားတွေနဲ့နိုင်ငံတွေရဲ့သမိုင်းကို ဝင်ရှုပ်တယ်။ နတ်ဘုရားတစ်ပါးရဲ့စွမ်းအားတွေကို ငါမက်မောလာတဲ့အထိပဲ။ ဒါပေမဲ့...
ဒါပေမဲ့ ထာဝရရှင်သန်မှုဆိုတာက ဒီလိုမျိုးလား။ ဒီအဆုံးမဲ့သက်တမ်းက အဓိပ္ပါယ်မဲ့တဲ့အရာတစ်ခုပဲ။ ကောင်းချီးမရှိတဲ့ ကျိန်စာတစ်ခုလိုမျိုး။
ထာဝရအသက်ကို ရရှိတဲ့တန်ဖိုးက အဆုံးသတ်မရှိတဲ့ အထီးကျန်မှုသက်သက်ပဲ။ ကမ္ဘာ့သက်တမ်းတစ်လျှောက်ကို ငါဖြတ်သန်းရင်း သူရဲကောင်းတွေရဲ့အနိမ့်အမြင့်အတက်အကျ၊ အင်ပါယာကြီးတွေရဲ့ဖြစ်တည်မှု၊ ပျက်စီးမှုတွေကို မျက်စိရှေ့မှာပဲ မြင်ခဲ့ရတယ်။
တစ်ခါတရံ ငါပျင်းရိလာတဲ့အခါ သေမျိုးအဖြစ်နဲ့ ဘဝကိုဖြတ်သန်းတတ်တယ်။ ငါ့ရဲ့မိတ်ဆွေတွေ အသက်ကြီးပြီး သေဆုံးကုန်ကြတဲ့အခါမှာ ငါကတော့ အသက်ရှင်လျက်ရှိနေသေးတယ်။ ငါ့ တခြားချယ်ရီပွင့်ချပ်တွေ ကြွေကျသွားမှာကို စောင့်ကြည့်နေရသူလိုပဲ။ အားလုံးထွက်ခွာသွားပေမဲ့ ငါဟာဒီနေရာမှာပဲ ရှိနေဆဲပါ။ နောက်ဆုံးမှာတော့ ငါ့နားက ထွက်သွားတဲ့လူတွေအကြောင်းကို ငါမေ့ပစ်တတ်တဲ့ အကျင့်မျိုးရှိလာခဲ့တယ်။
အဲဒီမိန်းကလေးကို ရှာရမယ်ဆိုတဲ့ ရည်မှန်းချက်ကလည်း တဖြည်းဖြည်းဝေဝါးလာတယ်။ ငါ့အဖြစ်က အိမ်ထဲမှာ ပျောက်သွားတဲ့လက်စွပ်ကို နွားတင်းကုပ်ထဲ ဝင်ရှာနေတဲ့သူရူးလိုပဲ။
အချိန်တွေကြာညောင်းလာပြီးနောက် အမှတ်တရတွေက ဝေဒနါဖြစ်လာပြီး၊ ပျော်ရွှင်မှုတွေက မကျက်နိုင်တော့တဲ့ ဒဏ်ရာတွေလိုဖြစ်လာခဲ့ပြီ။ ငါသေချင်တယ်၊ ဒါပေမဲ့ အဲဒီမိန်းကလေးကို ရှာလို့မတွေ့သေးဘူး။
သူ့ကို သိပ်သတိရတယ်။ လေတိုက်တိုင်း လွင့်ပျံနေတဲ့ သူ့ရဲ့အနီရောင်ဆံပင်ရှည်တွေ၊ နူးညံ့တဲ့အသားအရေနဲ့ အဲဒီကြင်နာတတ်တဲ့ မျက်လုံးတွေ။ နှစ်သန်းချီသွားပေမဲ့ ငါသူ့ကို မမေ့နိုင်သေးဘူး။
ကမ္ဘာအသစ်ကြီးရဲ့ဖြစ်တည်မှုကို ငါစောင့်ကြည့်နေရင်း တစ်နေ့မှာတော့ အမှားတစ်ခုဖြစ်လာခဲ့တယ်။ ငါ့ယာဥ်ပျံကြီးနဲ့ ကမ္ဘာနားမှာ ကင်းလှည့်နေတုန်း အဲဒီအမည်မသိယာဥ်ပျံက ငါယာဥ်ကိုဝင်တိုက်ခဲ့တာ။ ဝင်မတိုက်မိခင်မှာ ငါမြင်လိုက်ရတာက ပြောင်စပ်စပ်မျက်နှာနဲ့ ပိုးဟပ်လိုလို လူလိုလိုမျက်နှာတွေပဲ။
အဲဒီနောက်တော့ ငါ့ယာဥ်ပျံကြီး ပျက်စီးသွားပြီး ယာဥ်ပျံပေါ်က အမြုတေလေးခုလည်း အာကာသထဲမှာ မျောလွင့်ကုန်တယ်။
"ခွေးမသားသုံးကောင်၊ ငါမင်းတို့ကို ခွင့်မလွှတ်ဘူး။" ဒါငါ့ရင်ထဲက ကျိန်ဆိုစကားပဲ။ အဲဒီကောင်တွေရဲ့ယာဥ်လည်း ကမ္ဘာပေါ်ကို ပြုတ်ကျသွားတာ။ ငါမသိလိုက်ခင်မှာပဲ ငါ့ယာဥ်ပျံကြီးလည်း ပျောက်ကွဲထွက်သွားတယ်။ ငါလည်းအရေးပေါ်ယာဥ်ပျံထဲဝင်ပြီး ကမ္ဘာပေါ်ကို ဆင်းသက်ဖို့အတွက် မတတ်သာပဲ ရွေးချယ်ခဲ့ရတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့...
သောက်ကျိုးနည်းယာဥ်ပျံတံခါးက ကမ္ဘာပေါ်ရောက်တော့ တန်းဖွင့်လို့မရခဲ့ပါဘူး။ ဒါကြောင့် နှစ်နှစ်ရာကျော် သုံးရာနီးပါးအထဲမှာ ကြာသွားပြီး ပျင်းရိလွန်းလို့ ငါနဲ့ပတ်သက်တဲ့ ကိစ္စတွေအားလုံးကို မေ့ပစ်ခဲ့မိတယ်။