လို့ယွဲ့ရွမ်းအတွက် တိုက်ခိုက်ခြင်း
Vol. 42 Ch. 574
ဖန်းဟာက လက် လေထဲ မြောက်လိုက်သည့်အခါ ဖန်သားပြင်၌ အစိမ်းရောင် မြူများ ပိုမို၍ ထွက်ပေါ်လာသည်။
အချိန်တစ်ခု ကြာမြင့်ပြီးနောက် ဖန်းဟာက မျက်လုံးဖွင့်ပြီး မထခင် မှိန်ဖျော့ဖျော့ အစိမ်းရောင်မြူများက ဖန်သားပြင်၏ သုံးပုံတစ်ပုံခန့် နေရာယူလာသည်။ ထို့နောက် သူက စစ်ဆေးသူများကို ဦးညွှတ်ကာ “ကျွန်တော် ဖန်းဟာက စစ်ဆေးမှု ပြီးသွားပါပြီ။ ဆရာသုံးယောက်ဆီက မှတ်ချက် ကြားဖို့လည်း အဆင့်သင့် ဖြစ်နေပါပြီဗျ ”
လီကွမ်းယီက ခေါင်းညိတ်ကာ “မဆိုးဘူး ... မင်းက မှော်စွမ်းအင်ကို မထိန်းချုပ်နိုင်သေးသလို ၊ စုပ်ယူတာလည်း မရသေးပေမဲ့ စုစည်းနိုင်တယ်။ မှော်စွမ်းအင် စုပ်ယူဖို့ တစ်လှမ်းလောက်ပဲ လိုတော့တယ်။ မင်းအတွက် ဆရာအမှတ်က ၆၆ မှတ်ပေးမယ်။ မင်းက ပါရမီရှင် ရွေးချယ်ပွဲကို အောင်မြင်သွားပြီ။ အဆင့်မြင့်အတန်းအတွက် မင်း အောင်မြင်တယ်လို့ မှတ်ယူတယ် ...”
လီကွမ်းယီဘေးမှ အမျိုးသားကလည်း ဝင်မှတ်ချက် ပေးလိုက်သည် “ဖန်းဟာက ကျုပ်တို့ အန်းကျင်း တက္ကသိုလ်ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ ... အလယ်တန်းကို သုံးလ တက်ပြီးတော့ မှော်စွမ်းအင်ကို စုစည်းနိုင်သွားပြီ။ မဆိုးဘူး မဆိုးဘူး ... မင်းအတွက် ဆရာရဲ့ အမှတ်က ၇၄ မှတ် ပေးတယ်။ အဆင့်မြင့် အတန်းအတွက် အောင်တယ်လို့ မှတ်ယူတယ် ”
ဖန်းဟာက စစ်ဆေးသူများကို မြန်မြန် ဦးညွှတ်လိုက်၏။ ထိုအခါ လူအုပ်ဆီမှ လက်ခုပ်ဩဘာသံများ ပွက်လောရိုက်ကာ ထွက်ပေါ်လာသည်။ စစ်ဆေးသူ နှစ်ယောက်က အောင်မြင်ကြောင်း ပြောထားပြီးပြီး ဖြစ်ရာ နောက်ဆုံးသူက ရမှတ်ဆိုးများ ပေးလျှင်ပင် သူက အဆင့်မြင့်အတန်းကို ဝင်ရောက်နိုင်ဦးမည် ဖြစ်၏။
အားလုံးနှင့်အတူ စင်အောက်တွင် ထိုင်နေသော ယွင်မော့က ဖန်းဟာကို အားကျစွာ ကြည့်လိုက်ပြီး “ ဖန်းဟာလိုမျိုး ပါရမီရှင်ပဲ အလယ်တန်းကို သုံးလတက်ပြီး မှော်စွမ်းအင်ကို စုစည်းနိုင်ပြီးတော့ ပါရမီရှင် ရွေးချယ်ပွဲကနေ တဆင့် အဆင့်မြင့်အတန်းကို ဝင်ရောက်နိုင်မှာ .... ငါလည်း အဆင့်မြင့်အတန်း ဝင်နိုင်ဖို့ ကြိုးစားရမယ် ”
ယွင်မော့က ဆက်မပြောသော်လည်း လို့ယွဲ့ရွမ်းက သူမစိတ်ထဲတွင် ဘာရှိကြောင်း သိနေသည်။ ယွင်မော့က ဖန်းဟာသည် သူမ လိုက်မမှီလောက်သည့်အထိ ကျော်လွန်သွားမည့် အဖြစ်မျိုး မလိုချင်ပေ။
လို့ယွဲ့ရွမ်းက ခေါင်းကိုသာ ခါလိုက်တော့သည်။ အစ်ကိုကြီးမိုက သူမကို မှော်စွမ်းအင် စုစည်းရန် သင်ပေးစဉ် မှော်စွမ်းအင်များက ပြန့်နှံ့သွားလျှင် စုစည်းမှု၌ ကျရှုံးခြင်းဟု ယူဆကြောင်း ပြောခဲ့ဖူးသည်။ အကြောင်းမှာ မှော်စွမ်းအင်ကို ဤသို့ စုပ်ယူနိုင်မည် မဟုတ်ပေ။ အကယ်၍ မှော်စွမ်းအင်ကို အတင်းကျပ် စုပ်ယူပါက တိုးတက်နှုန်းကို ဆိတ်သုဉ်း လာစေရုံသာမက ဝိညာဉ် လမ်းကြောင်းများကိုလည်း ထိခိုက်စေ၏။
သူမက ဝိညာဉ်လမ်းကြောင်းကို မသိသော်လည်း အစ်ကိုကြီးမို ပြောသည်က အမှန်ဖြစ်ကြောင်း သေချာသည်။
မှော်စွမ်းအင် ကျောက်တုံးမှ ဖန်းဟာ ဆွဲယူနိုင်ခဲ့သော ပါးလွှာလွှာ မှော်စွမ်းအင်လေးမှာ အမှန်တကယ် ပြန့်နှံ့သွားသောကြောင့် ဖန်းဟာက မှော်စွမ်းအင် အောင်အောင်မြင်မြင် မစုစည်းနိုင်သေးကြောင်း ဆိုလိုနေသည် မဟုတ်ပါလော။ လီကွမ်းယီနှင့် ဖုန်းကျွင့်တို့က အန်းကျင်းတက္ကသိုလ် ပါရမီရှင် ရွေးချယ်ပွဲ၌ အောင်မြင်မည့် ကျောင်းသား မရှိသည့်အရေး မဖြစ်လို၍သာ ဖန်းဟာကို လက်ခံရန် ချွင်းချက်ထားပေးခြင်း ဖြစ်ပေသည်။
ထို့အပြင် အစ်ကိုကြီးမိုက အစဦးသူများအတွက် မှော်စွမ်းအင် ကျင့်ကြံစဉ် တည်ငြိမ်နေရမည် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ထိုအခါမှ မှော်စွမ်းအင်က ဝိညာဉ်လမ်းကြောင်းထဲ အကျိုးရှိရှိ ဝင်ရောက် လှည့်ပတ်နိုင်လိမ့်မည်။ ဖန်းဟာ၏ လက်လှုပ်ရှားလိုက်သည့် အပြုအမူမှာ လူအုပ်ကြီးကို သူ မှော်စွမ်းအင် စုစည်းနိုင်ကြောင်း ပြသလို၍သာ ဖြစ်ပြီး မှော်စွမ်းအင် စုစည်းခြင်း၍ အထောက်အကူ မဖြစ်သလို သူ့အား ဆန့်ကျင်နေသေး၏။
“ယွဲ့ရွမ်း ... နင်က စီနီယာဖန်းဟာရဲ့ ရလဒ်ကို မကျေနပ်တဲ့ ပုံပဲ ... နင်လည်း ပါရမီရှင် ရွေးချယ်ပွဲ ဝင်ဖြေပါ့လား“ ယွင်မော့က သူမ အမူအယာများကို သတိပြုမိ သွားသောကြောင့် လို့ယွဲ့ရွမ်းက စိတ်ထဲ အနည်းငယ် မကျေမနပ် ဖြစ်မိသွားသည်။
လို့ယွဲ့ရွမ်း၏ ပြန်ဖြေမှုကိုပင် မစောင့်ဘဲ စစ်ဆေးသူ သုံးယောက်ထဲမှ အမျိုးသမီး စစ်ဆေးသူက ပြောလိုက်သည်။
“ဖန်းဟာက မှော်စွမ်းအင် ကျောက်တုံးကနေ မှော်စွမ်းအင် ဆွဲယူနိုင်တာက အတော်လေး အံ့ဩဖို့ ကောင်းပေမဲ့ မှော်စွမ်းအင် စုပ်ယူဖို့ မပြောနဲ့ဦး ... မှော်စွမ်းအင် စုစည်းနိုင်ဖို့တောင် လိုနေသေးတယ်။ နောက်ထပ် ပြောရမယ်ဆိုရင် သူက မိုးနဲ့မြေ မှော်စွမ်းအင်ကို အာရုံခံနိုင်တယ်လို့ပဲ ယူဆလို့ ရတယ်။ သူ့အတွက် ကျမရဲ့ ရမှတ်က ၄၂ မှတ် ပေးမယ် ... သူ့အနေနဲ့ အဆင့်မြင့်အတန်းကို တက်ဖို့ အရည်အချင်း မပြည့်မှီသေးဘူး ”
လူအုပ်ကြီးက တဖန် ပြန်လည်၍ ပွက်လောရိုက် ဆူညံလာပြန်သည်။
ရှန့်ကျင်းယင်က နည်းနည်း တင်းကျပ်လွန်း မနေဘူးလား ...
ထိုမှတ်ချက်အတွက်လည်း ဖန်းဟာက ရှန့်ကျင်းယင်ကို ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်သည်။
ရှန့်ကျင်းယင်၏ အမှတ်က မည်သို့ပင် ဖြစ်နေပါစေ အဆင့်မြင့်အတန်းကို တက်ရောက်ခွင့်အပေါ် သက်ရောက်မှု မရှိပေ။
လီကွမ်းယီက ဆက်ပြောလိုက်သည် “ပါရမီရှင် ရွေးချယ်ပွဲ နောက်မှာ ဖန်းဟာက ပါရမီရှင် ရွေးချယ်ပွဲ အောင်မြင်သွားပြီးတော့ အဆင့်မြင့်အတန်းမှာ တက်ရောက်ဖို့ ခွင့်ပြုလိုက်တယ်။ ပါရမီရှင် ရွေးချယ်ပွဲ စစ်ဆေးမှုကို ဖြေချင်တဲ့ ကျောင်းသား၊ ကျောင်းသူများ ရှိသေးလား ... မရှိရင် အားလုံးကို ... ” လီကွမ်းယီ စကားမဆုံးခင် လို့ယွဲ့ရွမ်းက ထရပ်လိုက်သည်။
လို့ယွဲ့ရွမ်းက ထရပ်လိုက်သည်ကို မြင်၍ လီကွမ်းယီက စကားပြောတာကို ခဏရပ်လိုက်ကာ လို့ယွဲ့ရွမ်းကို တအံ့တဩ ကြည့်လိုက်သည်။ ပါရမီရှင် ရွေးချယ်မှု စစ်ဆေးမှုကို ဖြေချင်မည့်သူ ရှိလိမ့်မည်ဟု မထင်ထားမိပေ။ ဤသို့ဆိုမှတော့ သူ့အနေနှင့် သူမကို ကြိုးစားကြည့်ခိုင်းရုံမှ အပ ရွေးချယ်စရာ မရှိချေ။
ပုံမှန် အခြေအနေအောက်တွင် ကျောင်းသားကျောင်းသူ အများစုက ပါရမီရှင် ရွေးချယ်ပွဲကို မဝင်ဖြေလိုကြပေ။ အရင်ဦးစွာ အောင်မြင်နိုင်ခြေက အလွန်နည်းပါးပြီး ဒုတိယအနေဖြင့် ပါရမီရှင် ရွေးချယ်ပွဲ စစ်ဆေးမှု ဖြေဆို၍ ကျရှုံးခဲ့လျှင် နောက်စစ်ဆေးမှုမှ ပယ်ဖျက်ခံရမည် ဖြစ်၏။ နောက်ဆုံးအနေဖြင့် လူများက ထိုကျရှုံးမှုကို လှောင်ပြောင် ကြလိမ့်မည်။
ဖန်းဟာက ပါရမီရှင် ရွေးချယ်ပွဲ စစ်ဆေးမှုကို ဝင်ဖြေသည်ကိုက အံ့ဩစရာ ကောင်းနေပြီ ဖြစ်၏။ ထို့ကြောင့် ခန်းမအတွင်းရှိ မည်သူကမှ နောက်ထပ် ဖြေဆိုမည့်သူ ရှိလိမ့်မည်ဟု မယုံကြပေ။
လို့ယွဲ့ရွမ်းက ယွင်မော့ဘက် လှည့်ကာ “ဟုတ်တယ် နင် ပြောတာ မှန်တယ် ... ငါက ပါရမီရှင် ရွေးချယ်မှု စစ်ဆေးမှုကို ဝင်ဖြေမှာ ”
ထိုသို့ပြောပြီးနောက် လို့ယွဲ့ရွမ်းက စစ်ဆေးမှု စင်မြင့်ပေါ် တက်လာလိုက်ပြီး စိတ်ထဲကား ပေါ့ပါးနေလေ၏။ သူမက ထိုအထက်စီးဆန်သည့် မိန်းကလေးကို ပြန်လည် ချေပနိင်ခဲ့ပြီ ဖြစ်ရာ သူမ ကျရှုံးသွားလျှင်ပင် ပို၍ သက်တောင့်သက်သာ ဖြစ်သွားလိမ့်မည်။
“အန်းကျင်း တက္ကသိုလ် စတုတ္ထမြောက် အလယ်တန်း ကျောင်းသူ လို့ယွဲ့ရွမ်းက ပါရမီရှင် ရွေးချယ်ပွဲ စစ်ဆေးမှုကို ဖြေဆိုဖို့ ဆန္ဒရှိပါတယ်“လို့ ယွဲ့ရွမ်းက ဦးညွှတ်ကာ ပြောလိုက်သည်။
“လို့ယွဲ့ရွမ်းရဲ့ အချက်အလက်တွေက ပြည့်စုံမှန်ကန်တဲ့အတွက် ဝင်ဖြေလို့ ခွင့်ပြုလိုက်ပါတယ်။ မွေ့ရာအခင်းပေါ် နေရာယူပြီးတော့ မှော်စွမ်းအင်ကို စုစည်းလိုက်ပါ ... အချိန်ကန့်သတ်ချက် နှစ်နာရီ ရမယ်“ လီကွမ်းယီက အင်တင်တင် ဖြစ်နေသော်လည်း သဘောတူလိုက်ရသည်။
မည်သည့် အနေအထားမှ ကြည့်ပါစေ လို့ယွဲ့ရွမ်းအတွက် ပါရမီရှင် ရွေးချယ်ပွဲ စစ်ဆေးမှုကို ဝင်ဖြေနိုင်သည့် သူမ အခွင့်အရေးကို အသုံးချသည်က မမှားပေ။
အရိုးသားဆုံး ပြောရလျှင် လီကွမ်းယီက မမျှတခြင်း ဖြစ်ပေသည်။ ဖန်းဟာ ဖြေဆိုစဉ်က လီကွမ်းယီက အချိန်ကန့်သတ်ချက်အကြောင်း မပြောခဲ့သော်လည်း ယခုအခါ နှစ်နာရီမျှသာ ကန့်သတ်ချက် ထားနေသည်။
လို့ယွဲ့ရွမ်းက ဘာမှပြန်မပြောပေ။ သူမက အချိန်ကန့်သတ်ချက်ကို လုံးဝ စိတ်ထဲ မထားပေ။ အကယ်၍ သူမက မှော်စွမ်းအင် စုစည်းဖို့ နှစ်နာရီမျှ အချိန်ယူနေရလျှင် ပါရမီရှင် ရွေးချယ်ပွဲ စစ်ဆေးမှုကို ဝင်ဖြေမည်ပင် မဟုတ်ပေ။
လို့ယွဲ့ရွမ်းက မွေ့ရာအခင်းပေါ် ထိုင်ချလိုက်ပြီး မိုဝူကျီ၏ ညွှန်ကြားချက်အတိုင်း သူမ လမ်းကြောင်းများကို မှော်စွမ်းအင် စုပ်ယူဖို့ရာ စတင် လှည့်ပတ် ကြည့်လိုက်သည်။
ခဏတာလေးအတွင်း အားလုံးက ဖန်သားပြင်၌ မှိန်ပျပျ အစိမ်းရောင်မြူများ ပေါ်လာသည်ကို တအံ့တဩ မြင်လိုက်ကြရသည်။
ဒီလောက်တောင် မြန်တယ်လား ...
ထိုအစိမ်းရောင်မြူများ ပေါ်လာသည့်အခါ ခန်းမအတွင်းရှိ လူအားလုံးက အံ့ဩတကြီး ဖြစ်သွားကြသည်။ ယနေ့ လာရောက် ကြည့်ရှုသူများမှာ အဆင့်အတန်းတစ်ခု ရှိသည့်သူများ ဖြစ်ကာ သူတို့က လို့ယွဲ့ရွမ်း၏ မှော်စွမ်းအင် စုစည်းနှုန်းကို ကြည့်ကာ အံ့အားသင့်နေကြ၏။ မှော်ဆရာတစ်ယောက်ပင် ထိုမျှ မြန်မြန် လုပ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ထိုအရာက အဆုံးသတ် မဟုတ်သေးဘဲ ဆယ်ရှိုက်စာကြာချိန်နောက် ဖန်သားပြင် တစ်ခုလုံးကို အပြည့်ဖုံးလွှမ်းသွားသည်။
လီကွမ်းယီတင် မကပေ။ ကျန်စစ်ဆေးသူ နှစ်ယောက်လည်း တအံ့တဩ ကြည့်ရင်း ရှေ့တိုးလာကြသည်။ လို့ယွဲ့ရွမ်းဆီ မရောက်ခင် သူတို့က လို့ယွဲ့ရွမ်း ဆွဲယူနေသော သိပ်သည်းသော မှော်စွမ်းအင်များကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ကြသည်။
လို့ယွဲ့ရွမ်းက လုံလောက်သွားသည်ထက် ပိုကြောင်း သိသည့်အတွက် မှော်စွမ်းအင် စုပ်ယူမှုကို ရပ်တန့်လိုက်သည်။ ယခု သူမက မှော်စွမ်းအင်ကို စုပ်ယူနေခြင်း ဖြစ်၏။ သို့သော် သင့်တော်သည့် ကျင့်စဉ်မရှိဘဲ သူမက စုပ်ယူထားသော မှော်စွမ်းအင်ကို ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲနိုင်မည် မဟုတ်သေးပေ။ သူမက ဆက်လုပ်နေပါက မှော်စွမ်းအင် ကျောက်တုံးကို ဖြုန်းတီးသလို ဖြစ်နေလိမ့်မည်။
“ငါ ဒီတပည့်ကို လက်ခံမယ် ...” ဆံဖြု လူအိုကြီး တစ်ယောက်က အားလုံးရှေ့ တိုးထွက်လာကာ စင်ပေါ်သို့ တက်လိုက်သည်။
သူက မြန်ဆန်သော်လည်း သူ့ထက် ပိုမြန်ဆန်နေသူမှာ လို့ယွဲ့ရွမ်းလက်ကို ဆွဲထားသည့် ဆံပင်အရှည်ကြီးနှင့် အမျိုးသမီး ဖြစ်ပေသည်
“သမီးက လို့ယွဲ့ရွမ်း မဟုတ်လား ... ဆရာမက အန်းကျင်းတက္ကသိုလ်ရဲ့ ကျန့်ရှန်းပါ ... ဆရာမရဲ့ တပည့် ဖြစ်ချင်လား။ ဆရာမဆီမှာ သမီးအတွက် သေချာပေါက် သင့်တော်မဲ့ မှော်စွမ်းအင် ပြောင်းလဲရေး နည်းစနစ် ရှိတယ် ...”
ကျန့်ရှန်းက မျက်လုံးစုံမှိတ် လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူမတွင် မှော်စွမ်းအင် ပြောင်းလဲရေး နည်းစနစ်များစွာ ရှိပေ၏။ သို့သော်လည်း ထိုနည်းလမ်းမှာ မှော်စွမ်းအင် အလျှင်အမြန် စုပ်ယူဖို့ လိုအပ်နေသည်။ သူမက မှော်စွမ်းအင်ကို မြန်မြန် မစုပ်ယူနိုင်သော်လည်း လို့ယွဲ့ရွမ်း၏ အမြန်နှုန်းကို တွေ့ရှိပြီးနောက် ထိုနည်းလမ်းမှာ လို့ယွဲ့ရွမ်းအတွက် ရည်ရွယ်ထားကြောင်း သိလိုက်သည်။
“ကျန့်ရှန်း ... ငါတို့တွေ အရင်ရောက်တဲ့သူ အရင်ရမယ် လုပ်ထားတယ် မဟုတ်ဘူးလား။ ငါက သူမကို တပည့်အဖြစ် လက်ခံမယ်လို့ ပြောထားပြီးပြီလေ “ဆံဖြူလူအိုကြီးက ဒေါသတကြီး ပြောလိုက်သည်။
ကျန့်ရှန်းအား ပြောဆိုပြီးနောက် လို့ယွဲ့ရွမ်းဘက် လှည့်ကာ “မင်း ဆရာ့ကို သိတယ် မဟုတ်လား။ မင်း ဘယ်သူ့နောက် လိုက်မယ်ဆိုတာ စိတ်ကြိုက် ဆုံးဖြတ်လို့ ရတယ်”
သူတို့နှစ်ယောက်လုံးက လို့ယွဲ့ရွမ်းကို အများကြား လုနေကြသည့်အတွက် လို့ယွဲ့ရွမ်းကို စိတ်ဝင်စားကြသော စီးပွားရေးသမားများနှင့် ရာထူးမြင့်သူများမှာ သူတို့တွင် ရပ်တန့်ရုံမှအပ ရွေးချယ်စရာ မရှိကြောင်း သိလိုက်သည်။ သူတို့က လို့ယွဲ့ရွမ်း တစ်ယောက် ဆရာကို ရွေးချယ်ပြီးသည့်အထိ စောင့်ဆိုင်းကြရမည်။
လို့ယွဲ့ရွမ်းက မြန်မြန် ဦးညွှတ်ကာ “လို့ယွဲ့ရွမ်းက ဆရာယန်နဲ့ ဆရာမ ကျန့်တို့ကို နှုတ်ဆက်ပါတယ်ရှင့် ”
နှစ်ယောက်လုံးမှာ အန်းကျင်းတက္ကသိုလ် အဆင့်မြင့်အတန်း၌ ထိပ်တန်းဆရာများ ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများကို ပုံမှန် လက်ခံလေ့ မရှိကြပေ။ ဖန်းဟာက သူတို့လက်အောက် သင်ယူလိုလျှင်ပင် သူ့အနေနှင့် အောင်မြင်နိုင်မည် မဟုတ်ပေ။ ယခု သူတို့နှစ်ယောက်လုံးက သူမအတွက် လုနေကြသည် ဖြစ်ရာ သူတို့က မိုဝူကျီ၏ တစ်ဝက်လောက်ပင် မကောင်းကြောင်း သိထားပေမဲ့လည်း လို့ယွဲ့ရွမ်းက အင်မတန် ကံကောင်းမှုကြီးနှင့် ကြုံတွေ့ရသည့်အလား ခံစားမိနေသည်။
ကျန့်ရှန်းက လို့ယွဲ့ရွမ်းကို ကြည့်ကာ ပြောလိုက်သည် “ယွဲ့ရွမ်း ... သမီး ပြောချင်တာ ပြောလိုက် ... ဘယ်သူ့နောက် လိုက်ချင်လဲ ... ”
လို့ယွဲ့ရွမ်းက မိုဝူကျီ၏ ထိရောက်လှသော သင်ကြားရေးအကြောင်း တွေးမိလိုက်သောအခါ သူမအနေဖြင့် မည်သူကိုမှ ရွေးချယ်မနေချင်ပေ။
သို့သော်လည်း မိုဝူကျီက တပည့် လက်ခံရန် ဆန္ဒမရှိကာ ဤနေရာမှာ ထွက်သွားရန် ရည်ရွယ်ထားကြောင်း သိထား၍ သူမက တစ်ယောက်ယောက်ကို အရင်ဆုံး ရွေးချယ်ထားရုံမှ အပ ရွေးချယ်စရာ မကျန်ရှိတော့ပေ။
“ဆရာတို့ နှစ်ယောက်လုံးက သမီး လို့ယွဲ့ရွမ်း အမှန်တကယ် လေးစားအားကျရတဲ့ သူတွေပါ ... ဒါပေမဲ့ ...“ ထိုသို့ တစ်ဝက်တစ်ပျက် ပြောပြီးနောက် သူမက အခုထိ မရွေးချယ်နိုင်သေးပေ။ လီကွမ်းယီက ရယ်မောကာ …
“ဘာလို့ အဲဒီလို မလုပ်ကြတာလဲ၊ ကျောင်းသူ လို့ယွဲ့ရွမ်းက ဒီနေရာမှာ အတော်ဆုံးနဲ့ ပါရမီအရှိဆုံးဆိုတော့ သူမရဲ့ အလားအလာက ကန့်သတ်ချက် မဲ့တာ သိသာနေတာပဲ ... နှစ်ယောက်လုံးက သူမကို တပည့်အဖြစ် လက်ခံပြီး ပညာရပ်တစ်ခုချင်းစီ သင်ကြားပေးရင်ရော ... အဲဒီလိုဆို ပါရမီရှင်လေးကို အနေမခက် စေတော့ဘူးပေါ့ဗျာ ... လို့ ယွဲ့ရွမ်းရဲ့ စစ်ဆေးမှုအတွက် ကျုပ်အမှတ်က ၁၀၀ ပဲ ... သူမက အဆင့်မြင့်အတန်းကို ဝင်ခွင့် ရမယ်ဆိုတာ ငြင်းစရာကို မလိုတော့ဘူး ”
“ဟုတ်တယ် သေချာပေါက် အမှတ် ၁၀၀ ပဲ ...”
ဖန်းဟာကို ၄၂ မှတ်သာ ပေးထားသော ရှန့်ကျင်းယင်က ဖန်းဟာမည်သို့ ခံစားမည်ကို ထည့်မတွက်ဘဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဟားဟား ကျုပ်လည်း ဆရာလီတို့ ဆရာမရှန့်တို့နဲ့ အတူတူပဲ အမှတ် ၁၀၀ ဆိုတာ ပြောနေစရာကို မလိုတော့ဘူး “ဖုန်းကျွင့်လည်း အားရတက်ကြွစွာ ဝင်ပြောလိုက်သည်။
အနာဂတ်၌ လို့ယွဲ့ရွမ်းကဲ့သို့ မယုံနိုင်လောက်စရာ ပါရမီရှင်လေးက အတားအဆီးမရှိ ကျော်ကြားလာလိမ့်မည် ဖြစ်သောကြောင့် ဤနေရာရှိ စစ်ဆေးသူ သုံးယောက်လုံးလည်း လေးစားစရာ ဖြစ်လာလိမ့်မည်။
ယန်ခယ့်ကျယ်က လီကွမ်းယီ စကားများကို ကြားကာ လက်ခုပ်တီးလိုက်ပြီး “ဟုတ်တယ် အဲဒါအကြံကောင်းပဲ ... ကျုပ်တို့ နှစ်ယောက်လုံးက သူမကို သင်ပေးကြတာပေါ့ ”
ကျန့်ရှန်းလည်း လို့ယွဲ့ရွမ်း၏ ကြောက်မက်ဖွယ် အလားအလာကို ကောင်းစွာ သိထားသည်။ သူမကဲ့သို့ အလားအလာကောင်းသူအတွက် မှော်ဧကရာဇ်အဆင့် ဖြစ်မလာနိုင်ကြောင်း လုံးဝ မရှိပေ။ သူမက လို့ယွဲ့ရွမ်း တစ်ယောက် အခက်တွေ့နေသည်ကို မြင်သောအခါ ခေါင်းညိတ်ကာ ပြုံးလိုက်ရင်း “ယွဲ့ရွမ်း ... ယန်ခယ့်ကျယ်နဲ့ ဆရာမတို့ နှစ်ယောက်လုံးကို ဆရာအဖြစ် လက်ခံလိုက်ရင်ရော ...”
လို့ယွဲ့ရွမ်းက မြန်မြန် ဦးညွှတ်ကာ “ယွဲ့ရွမ်းလည်း ဆရာနှစ်ယောက်လုံးက လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်ရှင့် ”
ထို့နောက် လို့ယွဲ့ရွမ်းက စစ်ဆေးသူ သုံးယောက်ဘက် လှည့်ကာ ကျေးဇူးတင်လိုက်သည်။
ယန်ခယ့်ကျယ်က ရယ်မောလိုက်ကာ “နောက်ဆုံးတော့ တပည့်တစ်ယောက် ရပြီဆိုတော့ လက်ဆောင်တော့ ပေးရမယ် ... လာလာ ဘာလိုချင်လဲ ပြောပါဦး”
လို့ယွဲ့ရွမ်းက တွေဝေမနေဘဲ ပြန်ဖြေလိုက်၏ “တပည့် ကိုယ်တိုင် လေ့လာကြည့်ချင်လို့ မှော်စွမ်းအင် ကျောက်တုံးတချို့ လိုချင်ပါတယ်ရှင့် ”
***