← Chapters

အဝေးကရောက်လာတဲ့ဧည့်သည်

Vol. 2 Ch. 1

အဝေးကရောက်လာတဲ့ဧည့်သည်

Vol. 2 Ch. 1

မက်ဒါနာတစ်ယောက် သူထွင်ထားသည့် စက်ရုပ်ခွေးကြီးကိုစီးကာ မြို့ထဲတွင် ကင်းလှည့်နေသည်။ ယခု သူက လမ်းမကြီးတစ်ခုပေါ်တွင်ရှိနေပြီး သတ္ထုခွေးကြီး၏ခါးပေါ်တွင် စီးလျက်သား လိုက်ပါလာ၏။

"ဟေး Silver Knight။ စီးစရာတွေ ဘာတွေနဲ့ပါလား။"

ဖြတ်သွားဖြတ်လာ ပြည်သူတစ်ယောက်က ငွေရောင်စစ်သည်ကို လက်ပြနှုတ်ဆက်လိုက်သည်။ မက်ဒါနာလည်း ထိုလူကို ပြန်လက်ပြနှုတ်ဆက်လိုက်၏။

အခုရက်ပိုင်းအတွင်း သူ၏ခွေးစက်ရုပ်ကြီး ကောင်းကျိုးကြောင့် လူတော်တော်သက်သာသွားသည်။ အနည်းဆုံးတော့ မြို့ထဲတွင် ဟိုပြေးရဒီပြေးရနှင့် အပင်ပန်းခံစရာမလိုပေ။ ခွေးနက်ကြီးကို မြင်းစီးသကဲ့သို့ ကျောပေါ်တွင် လိုက်ပါစီးနင်းသွားရန်သာလိုသည်။ တစ်နည်းပြောရရင်တော့ မက်ဒါနာက အလယ်ခေတ်မြင်းစီးသူရဲကောင်းအစား ခွေးစီးသူရဲကောင်း ဖြစ်လာပေ၏။

ခွေးနက်ကြီးမှာ တကယ့်မြင်းတစ်ကောင်နီးပါး အရွယ်အစားရှိကာ အနက်ရောင်တောက်တောက်ခန္ဓာကိုယ်နှင့် ချွန်ထက်သော သတ္ထုသွားများ ရှိပေသည်။ မက်ဒါနာက ပယ်လာဒင်လုပ်ငန်းစုမှပေးသည့် ဒေါ်လာသန်းပေါင်းများစွာကို ထိုအကူစက်ရုပ်ထဲတွင် ထည့်သွင်းမြုပ်နှံလိုက်သည်။ ကိုယ်ထည်ကို ဇက်သတ္ထုရည်စိမ်ထားပြီး လက်သည်းများ၊ သွားများနှင့် ချွန်ထက်ကာ လှံကဲ့သို့ဖြစ်နေသည့် အမြီးထိပ်ဖျားတို့ကို တကယ့်ဇက်သတ္ထုအား အသုံးပြုပုံသွင်းထား၏။

အလိုလျောက်မောင်းနှင်လှုပ်ရှားနိုင်စေရန် အေမီကဲ့သို့ အသိဉာဏ်တုတစ်ခုကို ထည့်သွင်းထားပြီး ဆေဘာစတိန်းဟုခေါ်သည်။ မက်ဒါနာ၏အရင် စွမ်းအင်Coreအဟောင်းဖြစ်သော Archetype 01 ကို ထည့်သွင်းထားပြီး လက်ထောက်စက်ရုပ်အနေဖြင့် တိုက်ပွဲစွမ်းအားအလွန်မြင့်မား၏။ ထိုစက်ရုပ်ထွင်ပြီးနောက် အေမီမှာ အလိုလိုနေရင်း အိမ်အလုပ်လုပ်သည့် စက်ရုပ်ဖြစ်သွားလေသည်။

"မမလေး ကျွန်မကိုပဲစီးပါ၊ အဲဒီခွေးစုတ်ကြီးကို မစီးစမ်းပါနဲ့။" ဆေဘာစတိန်းကို စီးတော်ခွေးအဖြစ် အသုံးပြုမည်ကို အေမီကြားသောအခါတွင် မနေနိုင်မထိုင်နိုင် ဆန့်ကျင်ဆန္ဒပြတော့သည်။ သို့သော် မက်ဒါနာ၏အဖြေက..

"နင်က ဟိုဟာလုပ်တဲ့ အရုပ်ခန္ဓာကိုယ်ကြီးနဲ့လေ၊ နင့်ကိုစီးလို့မှမရတာ။ Silver Knightဝတ်စုံနဲ့ဆိုရင် ခါးကျိုးသွားလိမ့်မယ်။ အိမ်မှာနေပြီး အဝတ်တွေ မီးပူတိုက်ထားစမ်းပါ။" မက်ဒါနာ၏ထိရှလှသော စကားများကြောင့် အေမီတစ်ယောက် ငိုကြွေးပြီး အိမ်မှာကျန်နေခဲ့သည်။ အေမီက လက်ထောက်စက်ရုပ်ဖြစ်သော်လည်း တိုက်ပွဲနှင့် သိပ်သင့်တော်ခြင်းမရှိပေ။ အေမီအတွက်ဝတ်စုံက လုပ်ပြီးနေပြီဖြစ်သော်လည်း ထင်သလောက် စွမ်းအားမကြီးခဲ့။

ပလာဇာမှာ အလှထားသည့် လူသားအရွယ် Evangelion အရုပ်နှင့်သာတူနေသည်။

ကင်းလှည့်နေရင်း အတော်ကြာတော့ ရဲရေဒီယိုက အချက်ပေးသံထွက်ပေါ်လာ၏။ ရဲအရာရှိလင်ဒါ၏ စကားသံက ထွက်ပေါ်လာသည်။

"Silver Knight ကြားလား၊ နယူးယောက် သဘာဝသမိုင်းပြတိုက်ကို ဗီလိန်တွေဝင်တိုက်နေတယ်။ မြန်မြန်လာခဲ့တော့။"

မက်ဒါနာ အံ့ဩသွားသည်။ ဘဏ်တွေကို ဗီလိန်တွေ ဓားပြဝင်တိုက်တာ အခုခေတ်မှာ မထူးဆန်းပါဘူး။ ဒါပေမဲ့ သဘာဝသမိုင်းပြတိုက်ကို ဓားပြဝင်တိုက်တာကိုတော့ ပထမဆုံး ကြားဖူးတာပါ။

"ငါလာခဲ့မယ်၊ ဗီလိန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ငါ့ကိုပြောပြပေး။"

မက်ဒါနာက ဆေဘာစတိန်းကို သဘာဝသမိုင်းပြတိုက်ဖက် လှည့်ခိုင်းလိုက်ပြီး ကိုယ်ကိုကိုင်းညွှတ်ကာ လေတွန်းအားဒဏ်ကိုခံနိုင်အောင် ခွေးကြီး၏ခါးနှင့် ကပ်လျက်အနေအထားတွင် နေလိုက်၏။ ငွေရောင်စစ်သည်၏ ယခုပုံစံက လွန်စွာခမ်းနားလွန်းပြီး တကယ့်အလယ်ခေတ်သူရဲကောင်းလိုပင်။ ခွေးစက်ရုပ်ကြီးကလည်း အလွန်မြန်ဆန်ပြီး B- အဆင့် အမြန်နှုန်းအသားပေး မြူတန့်များနှင့် အဆင့်တူရှိသဖြင့် ပြိုင်ကားတစ်စီး မောင်းသွားသည်နှင့် အတူတူပင်ဖြစ်သည်။ Void Streamများကို ဖွင့်လိုက်ပါက မက်ဒါနာကိုယ်တိုင် ထိုသို့ပြေးနိုင်ပေမဲ့ ရေရှည်မဟုတ်ပေ။

"ဗီလိန်နာမည်က Archmegaလို့ခေါ်တယ်၊ တိုက်ဆိုင်တာက နင့်လိုပဲ နည်းပညာအထူးပြုဟီးရိုး။ A+ အဆင့်ရှိပြီး ပျံသန်းနိုင်တဲ့ ဝတ်စုံရှိတယ်။ နိုင်ငံတော်တော်များများမှာ သဘာဝသမိုင်းပြတိုက်တွေကို ဝင်ထိုးဖောက်ပြီး ပြတိုက်မှာသိမ်းထားတဲ့ ဥက္ကာသလင်းကျောက်တွေကို ခိုးယူလေ့ရှိတယ်။ ဖြစ်စဥ်တော်တော်များများမှာ သာမန်ခိုးမှုမျိုးကိုပဲ လုပ်လေ့ရှိပေမဲ့ နယူးယောက်ပြတိုက်က လုံခြုံရေးတင်းကျပ်ပြီး အလစ်ခိုးဖို့ခက်တော့ အကြမ်းနည်းသုံးဖို့ ဆုံးဖြတ်လိုက်ပုံပဲ။"

မက်ဒါနာလည်း လင်ဒါ၏ရှင်းပြစကားကြောင့် စိတ်ထဲ တွင်စဥ်းစားမိလိုက်သည်။ နယူးယောက် သဘာဝသမိုင်းပြတိုက်က သာမန်ဥက္ကာခဲများ၊ ထူးခြားသည့်သဘာဝဖြစ်စဥ်များ၊ ရှားပါးအပင်နမူနာများစွာကို ထိန်းသိမ်းသိုလှောင်ထားသည့်နေရာဖြစ်ပြီး ဥက္ကာသလင်းများလည်း အပါအဝင်ဖြစ်သည်။

လက်ရှိဥက္ကာသလင်းတော်တော်များများမှာ လူများစုပ်ယူအသုံးပြုပြီးဖြစ်၍ ရှားပါးနေပြီဖြစ်ကာ လူများတွေ့မြင်ဖူးခြင်း မရှိကြတော့ပေ။ သိပ္ပံပညာရှင်များက အစိုးရမှ သိမ်းယူရရှိခဲ့သည့် ဥက္ကာသလင်းများကို မြူတန့်လောကစတင်သည့် အထိမ်းအမှတ်အနေဖြင့် ပြတိုက်တွင် ထိန်းသိမ်းထားတတ်ကြသည်။ ထို့ကြောင့် မြူတန့်အစွမ်းမရှိသူများအတွက်တော့ ယင်းပြတိုက်များက သွားရည်ကျစရာနေရာတစ်ခု ဖြစ်နေခဲ့ပြီး ဥက္ကာသလင်းမှောင်ခိုကူးသည့် စူပါဗီလိန်များစွာကို စွဲဆောင်သလို ဖြစ်နေခဲ့၏။

မက်ဒါနာ အခင်းဖြစ်ပွားရာကို ရောက်သွားတော့ NYPDမှ ရဲများနှင့် SWAT တပ်ဖွဲ့မှာ ရောက်နှင့်ပြီးသားဖြစ်နေကာ ပြတိုက်ကို အပြင်မှဝိုင်းထား၏။ SWAT တပ်ဖွဲ့ဝင်တချို့က MP01ဝတ်စုံများကို ဝတ်ဆင်ထားပြီး သတိအနေအထားဖြင့် ရှိနေကြသည်။ သို့သော် သူတို့ပုံစံကြည့်ရသလောက် အထဲဝင်ဖို့ စိတ်ကူးရှိပုံမရပါ။

ရဲအရာရှိလင်ဒါက ရဲမှူးကြီးဝတ်စုံဝတ်ထားသည့် ဝါကျင့်ကျင့်မျက်လုံးများရှိသော သက်လတ်ပိုင်းလူကြီးဘေးတွင် မတ်တပ်ရပ်နေပြီး ငွေရောင်စစ်သည်ကို မြင်သောအခါ လက်ပြလိုက်သည်။

"Silver Knight၊ ငါဒီမှာ။" မက်ဒါနာလည်း လင်ဒါရှိရာသို့ တန်းသွားလိုက်သည်။ လင်ဒါက ရဲမှူးကြီးနှင့် မိတ်ဆက်ပေးလိုက်၏။

"Silver Knight၊ ဒါက ငါ့အထက်လူကြီး ရဲမှူးကြီး စလေဒင်လေ။"

Silver Knightက ရဲမှူးကြီးကို ကြည့်လိုက်ပြီး မေးလိုက်၏။ "အခြေအနေ ဘယ်လိုရှိလဲ၊ဆာ။"

"ကပ္ပတိန်လင်ဒါပြောသလိုပဲ၊ မင်းက အပိုစကားတွေ သိပ်မပြောတတ်ဘူးပဲကွ။ ကောင်းပြီ၊ ငါ့သား။ မင်းအရင် တခြားဟီးရိုးတချို့ရောက်လာပေမဲ့ မြင်တဲ့အတိုင်းပဲ အကုန်မှောက်ကုန်လို့ လူနာတင်ကားပေါ်မှာ။ ကံကောင်းတာက Archmegaက လူသတ်ဖို့ စိတ်ကူးမရှိတာပဲ။ သူ့ကိစ္စပြီးတာနဲ့ ပြန်ထွက်သွားမယ်လို့ ငါတို့ကိုကတိပေးထားပေမဲ့ ဒီလိုလုပ်လို့မရဘူးလေ။ ဥပဒေဆိုတာ ရှိသေးတယ်။ ငါ့တို့မှာက MP01 တွေရှိပေမဲ့ သူက A+ ဖြစ်နေတော့ မင်းအကူအညီလိုတယ်။ မင်းလုပ်နိုင်တယ်မဟုတ်လား။"

"အရင်က A rankတွေနဲ့ တိုက်ဖူးပေမဲ့ နိုင်မယ်လို့တော့ မသေချာဘူး။ သူတို့ထွက်မပြေးအောင်တော့ ကြိုးစားပေးထားမယ်။ အဲဒီအချိန် အကူခေါ်တာကောင်းမယ်။"

ငွေရောင်စစ်သည်က မနှေးမမြန်လေသံနှင့် ပြောလိုက်ပြီး ခွေးနက်ကြီး၏ခေါင်းကို ပုတ်လိုက်၏။ "ဆေဘာစတိန်း၊ သွားမယ်။"

"ဝုတ်...ဝုတ်..." ခွေးနက်ကြီးက မက်ဒါနာကို တစ်ချက်ပြန်ကြည့်ပြီးမှ မျက်လုံးများက အရောင်တောက်လာပြီး ဟန်ပန်အပြည့်နှင့် ဟောင်လိုက်သည်။ သို့သော် ခွေးဟောင်သံက တမင်လုပ်ယူထားသလိုမျိုး ဖြစ်နေ၏။

"နေပါဦး၊ မနက်တုန်းက လေသံနဲ့လည်းမတူပါလား။" မက်ဒါနာက တစ်ချက်စဥ်းစားကြည့်လိုက်သော်လည်း ပြီးခါမှ ခေါင်းခါလိုက်သည်။ စမ်းသပ်ဆဲကာလမလို့ အသံစနစ်errorတက်နေတာလည်း ဖြစ်နိုင်ပေသည်။

....

မြင်းဇောင်းအိမ်ရာလေး။

အသားညိုညိုနှင့် Maid ဝတ်စုံဝတ်ထားသော အေမီက ကြမ်းပြင်ပေါ်တွင် လေးဖက်ထောက်ပြီး ခြံအနှံလျှောက်ပတ်နေသည်။ နောက်ဆုံးတွင်တော့ မက်ဒါနာနေသည့်အခန်း၏ တစ်ဖက်ခန်းသို့ ဝင်သွားပြီး အခုထိအိပ်နေသေးသော အန်တီလေးအိုလီဗာအိပ်ရာပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက်...

"ဝုတ်...ဝုတ်..." ဟုဟောင်လိုက်ကာ အိပ်ရာခြေရင်းတွင် ခွေခွေလေးမှေးနေလိုက်၏။ အန်တီလေးအိုလီဗာလည်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး အေမီ၏ခေါင်းလေးကို ယုယုယယ ပွတ်ပေးလိုက်သည်။

"မက်ဒါနာလေးက တော်တော်ဆိုးတာပဲ။ သူ့အိမ်စေမလေးကို ခွေးမလေးလို နေခိုင်းထားတာလားမသိဘူး။"

....

မက်ဒါနာက ပြတိုက်အတွင်းကို ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။ ဆေဘာစတိန်းကလည်း ဘေးက ကပ်လိုက်လာပြီး ဟန်မပျက် ဟိုဟိုဒီဒီလျှောက်ကြည့်နေ၏။ စူပါဗီလိန်များ ရောက်ရှိလာခြင်းကြောင့် လူအများအပြားမှာ အလောတကြီး ပြေးထွက်သွားပုံရပြီး သူတို့ကျကျန်နေခဲ့သော ပိုက်ဆံအိတ်များ၊ ထီးများ၊ ရေပုလင်းများနှင့် အခြားတိုလီမိုလီပစ္စည်းများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သည်။

Archmegaဆိုသည့် စူပါဗီလိန်က တော်တော်လေးထူးဆန်းပုံရသည်။ တခြားဓားပြများဆိုလျှင် သူတို့လုံခြုံရေးအတွက် ဓားစာခံခေါ်ထားမည်ဖြစ်သည့်တိုင်အောင် ထိုသို့မလုပ်ခဲ့ပေ။ လုံခြုံရေးဝန်ထမ်းများကိုပင် သာသာလေးရိုက်ထုတ်ခဲ့ခြင်းဖြစ်၏။ မသိရင် သူ့ပိုင်သည့်ပစ္စည်းတစ်ခုကို ပြန်လာယူသည့်ပုံစံမျိုးနှင့်ဖြစ်၏။

မက်ဒါနာက စင်္ကြန်လမ်းကလေးအတိုင်း ဆင်းလာခဲ့သည်။ သူ့ဝတ်စုံစနစ်မှတစ်ဆင့် သူက ဆိုနာစနစ်ကိုသုံးကာ ပြတိုက်ထဲမှ ရန်သူကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် ဘာကိုမှမတွေ့ရပေ။

"ဘာ... သူထွက်ပြေးသွားတာလား။" မက်ဒါနာလည်း ထိုအတွေးကို တွေးလိုက်မိသည့်တိုင်အောင် ဥက္ကာခဲများထားသည့်အခန်းထဲမှ အလွန်သေးငယ်သည့် မူမမှန်အချက်ပြလေးကို သတိထားမိသွားသည်။

"ဒါက ဒဏ္ဍာရီလာ ကိုယ်ပျောက်နည်းစနစ်များ ဖြစ်နေမလား။" အမေရိကန်၏တိုက်လေယာဥ်တချို့တွင် ထိုသို့နည်းပညာမျိုးရှိသည်ကို မက်ဒါနာကြားဖူး၏။ V2 ယာဥ်ပျံကြီးတစ်စင်း ဖြတ်သွားသည်ကိုပင် ဆိုနာနှင့်ရေဒါစနစ်များ၌ စင်ရော်ငှက်တစ်အုပ်ဟုသာ ပေါ်သည်မဟုတ်လား။

မက်ဒါနာက မယုံသင်္ကာဖြင့် ဝတ်စုံ၏စနစ်ကို Archmegaနှင့်ပတ်သက်သည့် အကြောင်းများကို ရှာခိုင်းလိုက်သည်။ များမကြာမီမှာပင် နိုင်ငံပေါင်းစုံမှ သတင်းမီဒီယာများမှ Archmegaနှင့်ပတ်သက်သည့် သတင်းများကို မြင်လိုက်ရ၏။

'Archmegaက ရုရားလေပိုင်နက်တည်းထဲမှာ ဖြတ်ပျံခဲ့ပေမဲ့ ရုရှားလေတပ်က ခြေရာခံမလိုက်နိုင်ခဲ့ဘူး။' ဆိုသည့် သတင်းတစ်ပုဒ်ထဲတွင် Archmega၏ဝတ်စုံသရုပ်ဖော်ပုံစံကို သေချာအသေးစိတ် ထည့်သွင်းထားသည်။

Archmegaက အနည်းဆုံး ရှစ်ပေခန့်မြင့်ပြီး မက်ဒါနာ၏လူသားအရွယ်သာရှိသော ဝတ်စုံနှင့်လုံးဝမတူပေ။ အကောင်ပိုကြီးပြီး Transformer ကားထဲမှ စက်ရုပ်များကိုပင် သွားသတိရစေသည်။ အသေးစား ဒုံးစနစ်နှင့်သေနတ်စနစ်များ အပြည့်အစုံပါဝင်ပြီး လက်နက်စနစ်ပိုင်းတွင် မက်ဒါနာ၏ငွေရောင်စစ်သည်ထက် အများကြီးပိုသာ၏။ ကိုယ်ပျောက်စနစ်ပါဝင်သည့်အပြင် ဂျက်အင်ဂျင်တစ်လုံးနှင့်လေယာဥ်တောင်ပံတစ်စုံပါ ပါနေသေးသည်။

မက်ဒါနာ အံ့ကြိတ်ထားလိုက်၏။ "ချီး... ဒီဝတ်စုံကို တည်ဆောက်တဲ့လူက တော်တော်ချမ်းသာမယ့်ပုံပဲ၊ အဲဒီကိုယ်တိုင်လုပ် လိုက်ဒုံးကျည်နည်းစနစ်ကတင် ဒေါ်လာသန်းနှစ်ဆယ်ကျော်တယ်။" မက်ဒါနာ၏ အသစ်အဆင့်မြှင့်ထားသော Silver Knightဝတ်စုံသည်ပင် အစအဆုံး ဒေါ်လာခြောက်သန်းမျှသာ တန်ဖိုးရှိသည်ကို မေ့ထား၍မရပေ။

မက်ဒါနာက ခြေသံလုံလုံဖြင့် ကြွက်တစ်ကောင်၏ အချက်ပြရှိနေသော ဥက္ကာခဲခန်းမနားသို့ ဖြည်းဖြည်းချင်းကပ်သွားသည်။ ရန်သူ့ဝတ်စုံတွင် သူ့ဝတ်စုံကဲ့သို့ 360° သတိပေးစနစ်မရှိရန် ဆုတောင်းဖို့သာ တတ်နိုင်ပေ၏။

မက်ဒါနာက ဖွင့်ထားသော ဝက်သစ်ခြသားတံခါးကြီးကို ကျော်လွန်ကာ အခန်းထဲသို့ ချောင်းကြည့်လိုက်သည်။ ရှစ်ပေနီးပါးမြင့်သော စက်ရုပ်ကြီးက ကြိုးစားပန်းစားဖြင့် အဆင့်မြင့်လုံခြုံရေးမှန်သေတ္တာတစ်ခုကို ဟက်ဖို့လုပ်နေ၏။ သေတ္ထာအတွင်းတွင်တော့ အစိမ်းရောင်ဥက္ကာသလင်းတစ်ခုရှိနေသည်။

အဆင့်မြင့်လုံခြုံရေးသေတ္တာများက အမေရိကန်၏ အမြင့်ဆုံးနည်းပညာများကို သုံးထားသောကြောင့် မက်ဒါနာပင် နာရီဝက်လောက် ဟက်ယူရန်လိုမည်ဖြစ်ရာ Archmegaတစ်ယောက် အတော်ကြာနေသည်မှာ မစမ်းလှပေ။ သူပိုပြီး အားတက်သွားရသည်မှာ Archmegaက သူ့ကို အခုထိသတိမပြုမိခြင်းဖြစ်သည်။

"ကြည့်ရတာ သူ့မှာ 360° သတိပေးစနစ်မရှိဘူးထင်တယ်။" မက်ဒါနာက သူ့ခန္ဓာကိုယ်ကို မာရသွန်ပြေးတော့မည့် အပြေးသမားတစ်ယောက်လို နေရာယူလိုက်ပြီး ဇက်သတ္ထုဓားကို လက်ဖြင့်အသင့်ကိုင်ကာ ပြေးဝင်သွားလိုက်သည်။ သူ့ဓားသွားကတော့ Archmega၏ ဒုံးလက်နက်စနစ်ကို တည့်တည့်ချိန်ထားလိုက်၏။

'ငါ့ဝတ်စုံရဲ့အဓိကနေရာတွေကို ဇက်သတ္ထုပြားနဲ့ အစားထိုးပြီးပြီဆိုပေမဲ့ ဒုံးစနစ်နဲ့အပစ်ခံရရင်တော့ အခြေအနေမကောင်းနိုင်ဘူး။ ဒုံးစနစ်ကို မြန်မြန်ဖျက်ရမယ်။'

သို့သော် မက်ဒါနာအခန်းတွင်းရောက်သည်နှင့် သူ့မြင်ကွင်းက ချက်ချင်းပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်က တစ်စုံတစ်ခု၏ဆုပ်ကိုင်မှုကို ခံလိုက်ရဟန်ဖြင့် လေပေါ်မြောက်တက်သွား၏။ တစ်ချိန်တည်းမှာပင် လုံခြုံရေးသေတ္တာကို လော့ဖြေရန်ကြိုးစားနေသည့် Archmega မှာ ဟော်လိုဂရမ်ပုံရိပ်ယောင်အဖြစ် ပြောင်းလဲပျောက်ကွားသွားသည်။

"ဘာ..." မက်ဒါနာက သူ့ကိုကိုင်မြှောက်ထားသူအား ကြည့်လိုက်ရာ နံရံမှာကပ်ပြီး သူ့ကိုအသင့်စောင့်နေသည့် Archmegaဖြစ်နေ၏။ သူ၏ပတ်ပတ်လည် သတိပေးစနစ်ကတောင် ထိုစက်ရုပ်ကြီးကို သတိမထားမိလိုက်ပေ။

"ကြည့်ရတာ မင်းမှာ ပုံရိပ်ယောင်အတုနဲ့အစစ်ကို ခွဲခြားနိုင်တဲ့ အမြင်အာရုံစနစ်မျိုး ရှိမနေဘူးပဲ။"

"ငါက မင်းမှာ ပတ်ပတ်လည်သတိပေးစနစ် မရှိဘူးထင်နေခဲ့တာ။"

"ငါ့နည်းပညာတွေက မင်းထက်မြင့်တယ် ကောင်လေး။"

Archmegaက ဒူးကိုမြှောက်လိုက်ပြီး SilverKnightကို ကိုင်ကာရိုက်ချလိုက်သည်။ အားပြင်းသည့် နာကျင်မှုကြောင့် မက်ဒါနာညီးညူလိုက်မိ၏။ ဝတ်စုံကြောင့်သာ မဟုတ်ပါက သူ့အရိုးများပင် ကျိုးသွားလောက်သည်။

မြေပေါ်ပြုတ်ကျသွားသော မက်ဒါနာက အားကုန်သုံးကာ အလူးအလဲပြန်ထလာသည်။ Archmega လည်း ခြေဖြင့်ကန်ရန် ရှေ့သို့တိုးလာသည့်တိုင် ဘေးတွင်စောင့်ကြည့်နေသည့် ဆေဘာစတိန်းက ခုန်အုပ်လိုက်၏။

"မင်းက ငါ့ကို နှစ်ယောက်တစ်ယောက်တိုက်မယ်ပေါ့။" Archmegaက ဆေဘာစတိန်း၏ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ထိန်းထားလိုက်ရင်း အော်ပြောလိုက်သည်။ Archmegaက အကောင်ကြီးသောကြောင့် Silver Knightလောက် မမြန်သည့်တိုင် ပိုအားသန်ပေ၏။ ဆေဘာစတိန်းမှာ Archemega၏လက်မှလွတ်ရန် အစွမ်းကုန်ကြိုးစားရင်း လက်သည်းများဖြင့် ပြန်ကုတ်သည့်တိုင်အောင် အရာမထင်ခဲ့ပေ။

Archmegaက ဆေဘာစတိန်း၏ပါးစပ်ကို ဆွဲဖြဲလိုက်သည်။ ဇက်သတ္ထုသွားများက ဘာမှဖြစ်မသွားသော်လည်း မေးရိုးအဆစ်မှာ ပြုတ်ထွက်သွားပြီး ကိုက်ခဲမရတော့ပေ။ ထို့နောက် သံစက်ရုပ်ကြီးက ဆေဘာစတိန်း၏ကိုယ်ကို စားပွဲခုံတစ်လုံးအလား လွှဲပစ်လိုက်ပြီး မြေပေါ်မကျခင် ခြေဖြင့်ကန်လွှတ်လိုက်၏။

"ဘုန်း...."

ဆေဘာစတိန်းမှာ အုပ်နံရံကြီးနှင့် ဝင်ဆောင့်မိသွားပြီး နံရံတစ်ခုလုံးပြိုကျသွားသည်။ အချိန်တိုအတွင်း ပြန်ထလာနိုင်ဦးမယ့်ပုံမပေါ်ပေ။

မက်ဒါနာက သူ့လက်ဖျံမှ လျှပ်စစ်သံလိုက်ကွင်းများဖြင့် Archmegaကို ဆက်တိုက်ပစ်ခတ်လိုက်သည်။ Archmegaကတော့ လက်မောင်းတစ်ဖက်ကိုသာ အလိုက်သင့်ခါယမ်းရင်း ကာကွယ်ထား၏။ လျှပ်စစ်ဓာတ်အားက သူ့ကိုနည်းနည်းလေးမှ ထိခိုက်စေပုံမပေါ်ပေ။

များမကြာမီ လျှပ်စစ်သံလိုက်ကွင်းများအားလုံး ပစ်လို့ကုန်သွား၏။ Archmegaအတွင်းမှ ခပ်ခြောက်ခြောက်ရယ်သံ ထွက်လာပြီး လှောင်သည့်သဘောဖြင့် ပြောလိုက်သည်။

"နယူးယောက်ရဲ့နာမည်အကြီးဆုံးဟီးရိုးက ဒါပဲလား။" သို့သော် ငွေရောင်စစ်သည်ဝတ်စုံအတွင်းမှ မက်ဒါနာကတော့ ကြိတ်ရယ်လိုက်၏။

'ကြည့်ရတာ နင့်မှာ ငါ့လိုမျိုး တိုက်ပွဲအကူစနစ်မရှိဘူးပဲ။' လျှပ်စစ်သံလိုက်ကွင်းတစ်ခုက မျက်နှာကျက်တွင် တပ်ထားသည့် ဧရာမမီးဆိုင်းကြီး၏ ကြိုးတွင် သွားချိတ်မိနေသည်။ မက်ဒါနာအစောပိုင်းက သံလိုက်ကွင်းများဖြင့် အဆက်မပြတ်ပစ်ခဲ့ခြင်းမှာ ထိုပစ်ချက်ကို ဖုံးကွယ်ရန်ဖြစ်၏။

"ပြန်လာခဲ့။" မက်ဒါနာက လျှပ်စစ်သံလိုက်ကွင်းအထိုင်မှ သံလိုက်စွမ်းအားကို ထုတ်သုံးလိုက်သည်။ ပစ်ပြီးသမျှ သံလိုက်ကွင်းအားလုံး ပြန်ပါလာပြီး မီးဆိုင်းကြိုးတွင်ချိတ်နေသည့် သံလိုက်ကွင်းကတော့ ကြိုးကို ဆွဲဖြတ်လိုက်သလို ဖြစ်သွားသည်။

ဧရာမဖန်မီးဆိုင်းကြီး ပြုတ်ကျလာပေပြီ။

ခလွမ်း....။ ဖန်စများ ကွဲကြေကုန်သည့် အသံနှင့်အတူ လေးလံလွန်းသော ကြေးသတ္ထုမီးဆိုင်းကြီးပိသွားသဖြင့် Archmega ဒူးထောက်ကျသွားသည်။ မက်ဒါနာက ဇက်သတ္ထုဓားကို ဆွဲကာ ရှေ့သို့အားကုန် ပြေးတက်၏။

ဓားဖျားကတော့ Archmega၏ရင်ဘတ်တည့်တည့်ကို ချိန်ရွယ်ထားကာ စွမ်းအင်Coreရှိနိုင်သည့်နေရာဖြစ်ပေသည်။

မီးဆိုင်းကြီးကို လက်နှစ်ဖက်ဖြင့်မကြီး ပြန်ထရန် ကြိုးစားနေသည့် Archmegaက မီးဆိုင်းကို လက်လွတ်လိုက်ပြီး ဓားကိုလက်နှစ်ဖက်ဖြင့်ညှပ်ကာ ဖမ်းထားလိုက်၏။

မက်ဒါနာ၏ဓားမှာ ရှေ့ဆက်မတိုးနိုင်တော့ပေ။ တစ်ချိန်တည်းမှာပင် Archmegaကလည်း မီးဆိုင်းကြီးပိနေသောကြောင့် ပြန်မထနိုင်တော့ပေ။

"တိုက်ပွဲတစ်ခုမှာ ပိုစွမ်းအားကြီးတိုင်း အနိုင်ရတာမဟုတ်ဘူး။" မက်ဒါနာက လက်မောင်းထဲတွင် အားပိုထည့်လိုက်ရင်း ပြောလိုက်သည်။ ဓားဖျားက ရှေ့သို့ တစ်လက်မခန့် ပိုတိုးသွား၏။

"ဟားဟားဟား... မင်းက ငါနဲ့တူသားပဲ၊ Silver Knight။ ရန်သူတွေကို ဉာဏ်သုံးပြီးတော့ အနိုင်ယူတတ်တယ်။ ဒါပေမဲ့... မလုံလောက်သေးဘူး။"

Archmega၏လက်ဖမိုးနေရာမှ သေနတ်ပေါက်လေးနှစ်ပေါက် ပွင့်လာသည်။ ထို့နောက် ဖွတ်ဆိုသည့် အသံနှင့်အတူ စတီးကြိုးနှင့်သံတုံးငယ်များကို တွဲထားသည့် လက်နက်ငယ်လေးတစ်ခုကို ပစ်လွှတ်လိုက်၏။ ရှေးခေတ်က မြင်းခြေထောက်ကို ချုပ်ရန်အတွက် လွှဲပစ်ရသော လက်နက်တစ်မျိုးနှင့်တူသည်။

ယင်းစတီးကြိုးလေးက မက်ဒါနာ၏ကိုယ်ကိုချုပ်မိသွားပြီး အားပြင်းသည့် လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်လိုက်ရာ မက်ဒါနာတစ်ကိုယ်လုံးကျဥ်တက်သွားပြီး လက်ထဲမှဓားလည်း လွတ်ကျသွား၏။

"နည်းပညာဟီးရိုးတစ်ယောက်က ကိုယ့်တိုက်ကွက်တွေကို ကိုယ်တိုင်ကာကွယ်နိုင်အောင် ဝှက်ဖဲဆိုတာ ချန်ထားရတယ်။ မင်းက လိုပါသေးတယ်။"

Archmegaက မီးဆိုင်းကြီးကို ဆွဲမလိုက်ပြီး မက်ဒါနာထံသို့ အားကုန်ပြေးလာ၏။ မက်ဒါနာလည်း စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။ သူက လျှပ်စစ်သံလိုက်ကွင်းများကို သုံးနေသည့်တိုင် သူ၏သတ္ထုဝတ်စုံတွင် လျှပ်စစ်ဒဏ်ခံစနစ်ကို တပ်မထားမိပေ။

ဆေဘာစတိန်းက ဝင်ကူရန် ကြိုးစားသည့်တိုင်အောင် Archmegaက နောက်ကြိုးကွင်းဖြင့် ထပ်ပစ်လိုက်ရာ ခဏနှောင့်နှေးသွား၏။

"အယ်လိုဟင်၊ အဲဒီခွေးကို ထိန်းထားစမ်း။ ငါ့အတွက် အနှောင့်အယှက်ဖြစ်တယ်။"

"ဟုတ်ကဲ့ပါ၊ အရှင်။" မက်ဒါနာ မသိလိုက်ခင်မှာပဲ အခန်းတွင်းသို့ တတိယလူတစ်ယောက် ဝင်လာသည်။ ခေါင်းပါလုံသည့် အနက်ရောင်ဝတ်ရုံကြီးကို ခြုံထားသော သက်လတ်ပိုင်းလူတစ်ယောက်က သူ့လက်ကို ရှေ့ဆန့်ထုတ်လိုက်ရာ စက်ရုပ်လက်က သတ္ထုကြိုးကြောင့် ရှည်ထွက်လာပြီး ဆေဘာစတိန်း၏ လည်မျိုကိုဆုပ်ကိုင်လိုက်သည်။ ထို့နောက် ထိုကြိုးကို ပြန်ဆွဲယူလိုက်ကာ ဆေဘာစတိန်းကို ထိုအားဖြင့်ပင် ကိုင်ပေါက်လိုက်၏။

"အယ်လိုဟင်၊ ဘာလို့မင်းက ဗီလိန်တစ်ယောက်ကို ကူညီပေးနေရတာလဲ။"

ထိုစက်ရုပ်လက်ကို ချက်ချင်းမှတ်မိသွားသောကြောင့် မက်ဒါနာအံ့ဩသွားသည်။ သူတို့အိုက်ဇာဝါ၏ မြေအောက်ဓာတ်ခွဲခန်းကို ဝင်စီးစဥ်က အယ်လိုဟင်ရှိနေခဲ့ပြီး ကူညီပေးခဲ့၏။ ထိုစဥ်က သူ့လိုပင် လိုင်စင်မဲ့ဟီးရိုးဟု ထင်ခဲ့မိသည့်တိုင်အောင် ထိုသို့ဟုတ်ပုံမရပေ။

"ငါ့ကိုယ်ငါ ဟီးရိုးတစ်ယောက်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။"

အယ်လိုဟင်၏စက်ရုပ်မျက်လုံးမှ ထူးဆန်းသည့် အက်တမ်တချို့ ထွက်ပေါ်နေသည်ကို တွေ့ရပြီး လွန်စွာအန္တရာယ်ရှိမည့်ပုံပေါ်နေ၏။ သူက Archmegaဘေးတွင် ရပ်နေလိုက်သည်။ ဆေဘာစတိန်းမှာလည်း ပြန်ထလာပြီး မက်ဒါနာ၏ဘေးတွင် ရပ်လိုက်၏။

"ငါဒီနေ့ ဟီးရိုးတစ်ယောက်ကို မသတ်ချင်သေးဘူး၊ ဒီဓားချက်ကို သတိပေးတယ်လို့ပဲ သဘောထားလိုက်။ နောက်တစ်ခါ ငါတို့လမ်းမှာ ဝင်မရှုပ်နဲ့တော့။"

Archmegaက လက်ကိုဖြန့်လိုက်သည်။ သူ့လက်ထဲတွင် အဖြူရောင်မြူမှုန်ကလေးများ စုဝေးသွားပြီးနောက် ဓားငယ်လေးတစ်ချောင်းအသွင် ဖြစ်သွား၏။ ထို့နောက် မက်ဒါနာကို ခုတ်ပိုင်းလိုက်သည်။

မက်ဒါနာလည်း လက်နှစ်ဖက်ကိုမြှောက်ကာ ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း ဓားချက်က သူ့ကိုမထိဘဲ သူ့နောက်မှာ ဥက္ကာခဲတင်သည့်ဗီရိုကို ဝင်တိုက်မိသွားပြီး အဖြူရောင်အလင်းတန်းများနှင့်အတူ အကြီးအကျယ်ပေါက်ကွဲကာ မီးလောင်ပြာကျသွားသည်။

မက်ဒါနာ သတိပြန်ဝင်လာသည့်အချိန်တွင်တော့ Archmegaက ခေါင်မိုးကို နောက်အလင်းဓားတစ်ချောင်းဖြင့် ပစ်ဖွင့်လိုက်ပြီး လေယာဥ်အတောင်ကို ဖြန့်ကာ လေပေါ်ပျံတက်လိုက်သည်။ အယ်လိုဟင်ကလည်း သူ၏စက်ရုပ်လက်ဖြင့် Archmega၏ပုခုံးကို ချိတ်ကာ လိုက်ပါသွား၏။ မက်ဒါနာမှာတော့ မြေပေါ်တွင် တစ်ယောက်တည်းကျန်ခဲ့သည်။

Void Stream Modeကို မသုံးခဲ့ရသဖြင့် မက်ဒါနာအနေဖြင့် အစွမ်းကုန်သုံးခဲ့သည်ဟု မပြောနိုင်သေးပါ။ သို့သော် မက်ဒါနာဆက်မလိုက်ခဲ့ဘဲ နေရာမှာတင် ရပ်နေခဲ့သည်။ သူ့တွင် ပျံသန်းရေးစနစ်မပါခြင်းက အကြောင်းပြချက်တစ်ခုဖြစ်သော်လည်း အစောပိုင်းက လက်နက်နည်းပညာကြောင့် မှင်သက်နေခဲ့ခြင်းဖြစ်၏။

"ခုနက လက်နက်နည်းပညာက ဘာလဲ၊ အလင်းဒြပ်မှုန်တွေက လက်နက်အဖြစ် စုဝေးသွားတာလား။ နျူကလီးယား ဒါမှမဟုတ် ကွမ်တမ်နည်းပညာနဲ့ဆိုင်တဲ့ လက်နက်နည်းပညာအသစ်များလား။"

ကံမကောင်းစွာဖြင့် စွမ်းအားကြီးမားသော နည်းပညာမြူတန့်ဖြစ်သည့်တိုင် မက်ဒါနာမှာ ထိုနည်းပညာ၏နာမည်ကိုပင် မကြားဖူးခဲ့ပါ။ စိတ်ထဲမှလည်း Archmegaကို မလွယ်သောလူတစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်။ Archmegaမှာ သူ့စကားအတိုင်း သတိပေးသည့်အနေဖြင့် ပစ်လိုက်ခြင်းပစ်ပြီး အမှန်တကယ်ထိမှန်ပါက သူ့ဝတ်စုံပင် ပျက်စီးသွားပြီး အသက်အန္တရာယ်ရှိနိုင်မှန်း မက်ဒါနာကိုယ်တိုင်လည်း သတိထားမိနေခဲ့သည်မဟုတ်လား။

"တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်ဆိုတဲ့စကားက အမှန်ပါပဲလား။"

၂။

အသွားတုန်းက ခွေးစက်ရုပ်ကြီးကို စီးပြီးသွားခဲ့ပေမဲ့ ပြန်တဲ့အခါမှာတော့ မက်ဒါနာဟာ သူ့ခွေးကြီးကို ထမ်းပြီးပြန်လာခဲ့ရတယ်။ ပေါင်က ဟိုက်ဒေါလစ် suspension စနစ်တစ်ခု ကျိုးသွားတဲ့အတွက်ကြောင့် လမ်းလျှောက်မသွားနိုင်တော့ဘူး။

သူရဲကောင်းကြီး အထုပ်ထမ်းပြန်လာတဲ့အတွက် ရဲတွေအကုန်လုံး ပါးစပ်အဟောင်းသား။ ငွေရောင်စစ်သည်ဟာ သူ့ကိုကြောင်ကြည့်နေတဲ့ ရဲအရာရှိလင်ဒါကို လက်ဝါးထောင်ပြလိုက်တယ်။

"စိတ်မကောင်းပါဘူး၊ ငါရှုံးသွားတယ်။"

လင်ဒါကတော့ အံ့ဩမှုကို အတင်းထိန်းချုပ်နေရတဲ့ မျက်နှာနဲ့ ပြန်ဖြေပါတယ်။ ဘာကြောင့်မှန်းမသိ မျက်နှာက တောင့်တောင့်ကြီးဖြစ်နေတယ်။

"ဟိုဗီလိန် လေပေါ်ပျံတက်သွားကတည်းက ရှင်အရိုက်ခံလာရမှန်း ကျွန်မသိပါတယ်၊ ဆာ။"

လင်ဒါရဲ့လက်ထောက်တွေဖြစ်တဲ့ ကလောက်နဲ့ကယ်ဗင်တို့ကတော့ ပွတ်လောရိုက်နေကြတယ်။ "မဖြစ်နိုင်တာ၊ Silver Knightက အစည်းအရုံးဌာနမှူးကလွဲရင် အားအကောင်းဆုံးဟီးရိုးမဟုတ်လား။" တခြားရဲတပ်ဖွဲ့ဝင်တွေလည်း အတူတူပါပဲ။

ရဲမှူးစလေဒင်ကတော့ ကောင်းကင်ကြီးကို မော့ကြည့်ရင်း နှုတ်ဆိတ်နေတယ်။ သူ့ကြည့်ရတာတော်တော် စိတ်ဆင်းနေပုံပေါ်တယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်း အဆင့်မြင့်ဗီလိန်နှစ်ယောက် လာတိုက်တာခံရတဲ့မြို့က ဘယ်ရဲမှူးမဆို အခုလိုပဲ တွေးမှာလေ။ ပြောရရင် NYPDက ကမ္ဘာပေါ်မှာ ဘားဂျက်အများဆုံးရတဲ့ ရဲတပ်ဖွဲ့ပါ။ သူတို့ဘားဂျက်က နိုင်ငံငယ်လေးတစ်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်နဲ့ အတူတူလောက်ပါပဲ။

ဒါပေမဲ့ တကယ့်ဗီလိန်တွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘာဆိုဘာမှ အသုံးမဝင်ခဲ့ဘူး။

မက်ဒါနာ အိမ်ပြန်ရောက်တော့ ခြံဝင်းထဲရောက်နေတဲ့ တီတီလေးနဲ့အေမီကို အရင်ဆုံးတွေ့လိုက်တယ်။ ၂၄နာရီ မပြတ်မူးနေတဲ့ အိမ်ပိုင်ရှင်သမီး ဆရာဝန်မလည်းရှိတယ်။

အန်တီလေးက လက်ထဲမှာ အိမ်သုတ်ဆေးဘူးအဖုံးလေးကိုကိုင်ပြီး လေထဲပစ်လိုက်တယ်။ အေမီက ခွေးမလေးတစ်ကောင်လိုမျိုး အဖုံးနောက်ကိုလိုက်ပြီး ပြေးကောက်တယ်။ ပြီးတော့ ပြန်ယူလာပြီး အန်တီလေးအိုလီဗာလက်ထဲထည့်ပေးတယ်။ နောက်တော့ ခွေးလိုဟောင်ပြလေရဲ့။

"ဝု...ဝု..."

မက်ဒါနာက ငွေရောင်စစ်သည်ဝတ်စုံလိုပဲ သတ္ထုသေတ္တာအကြီးကြီးဖြစ်နေပြီဖြစ်တဲ့ ခွေးစက်ရုပ်ကို ငုံကြည့်လိုက်ပြီး ပြောလိုက်တယ်။

"ငါကတော့ ငါ့ပရိုဂရမ်တွေပဲ လိုအပ်ချက်ရှိနေတာလားလို့ လက်စသတ်တော့ နင့်လက်ချက်ကိုး၊ အေမီကောင်မစုတ်။"

မက်ဒါနာက အမည်းရောင်နဲ့အစိမ်းရောင်စပ်ထားတဲ့ သတ္ထုသေတ္တာကြီးကို ခြေထောက်နဲ့ကန်လိုက်ပေမဲ့ အလေးကြီးမလို့ ခြေထောက်နာသွားတာပဲ အဖက်တင်တယ်။ ဆန့်ကျင်ဖက်မှာတော့ ခွေးမလေးလိုဖြစ်နေတဲ့ အေမီက သူ့ကိုသတိထားမိသွားပြီး ခြံအဝင်ဝဆီ အပြေးရောက်လာတယ်။ နောက်တော့ မက်ဒါနာအပေါ်ခုန်တက်ပြီး လျှာနဲ့လျက်တော့တာပဲ။

မက်ဒါနာလည်း အေမီရဲ့ခန္ဓာကိုယ်ကြောင့် ပလက်ဖောင်းလမ်းပေါ်ပစ်လဲသွားပြီ။ လမ်းသွားလမ်းလာတချို့လည်း သူတို့ကို သတိထားမိသွားတယ်။

ခဏနေတော့ ပျိုဖော်ဝင်စအရွယ်ပဲ ရှိဦးမယ့် ကောင်လေးတစ်ယောက်ရောက်လာပြီး သူတို့ကိုလက်ထဲက Nokiaတံဆိပ် ပရော်ဖက်ရှင်နယ် ကင်မရာလေးနဲ့ ဓာတ်ပုံလေးငါးပုံ ဆင့်လိုက်လိုက်လေရဲ့။

နောက်တော့ နောက်မှာပါလာတဲ့ အမေဖြစ်ပုံပေါ်တဲ့ အမျိုးသမီးကြီးက ကောင်လေးမျက်လုံးကို လက်နဲ့အုပ်ပြီး အတင်းပြန်ခေါ်သွားရော။

"လာခဲ့၊ တစ်မြို့လုံးလျှောက်သွားပြီး ပေါက်ကရပုံတွေ ရိုက်မနေနဲ့တော့။ အိမ်စာလုပ်ရဦးမယ်။"

"အား... မရဘူး... မရဘူး... ဒီနေ့ပုံငါးရာပြည့်အောင် ရိုက်ရမှာ။"

လမ်းပေါ်မှာတော့ ကျောခင်းလှဲပြီးသားဖြစ်နေတဲ့ မက်ဒါနာက အဲဒီသောက်ကလေးကို ကျိန်ဆဲလိုက်ရင်း သူ့ကိုယ်ပေါ်ရောက်နေတဲ့ အေမီရဲ့အရေးပေါ်ပါဝါခလုတ်ကို ပိတ်နှိပ်လိုက်တယ်။ ဒါကြောင့်အေမီလည်း ပါဝါဒေါင်းသွားပြီး သူ့ကိုယ်ပေါ်လဲကျလာတယ်။

အန်တီလေးအိုလီဗာလည်း သူတို့နားရောက်လာပြီ။ "အောင်မလေး၊ မက်ဒါနာ။ ပေါက်ကရဆော့ဝဲလ်တွေ သွင်းပြီးအိမ်မှဆော့တာ ပြဿနာမဟုတ်ပေမဲ့ အပြင်ထွက်ပြီးမဆော့နဲ့လေ။ သူများတွေ တစ်မျိုးထင်ကုန်မှာပေါ့။"

အိုလီဗာ ပြောလည်းပြောချင်စရာ၊ ဆံဖြူကောင်မလေးနဲ့ ခွေးစိတ်ပေါက်နေတဲ့ အသားညိုညိုအိမ်စေစက်ရုပ်လေးက လမ်းပေါ်မှာ ငါးမိနစ်လောက် လုံးထွေးနေခဲ့တာလေ။ အခုလူတိုင်းရဲ့မျက်လုံးတွေက သူတို့ဆီမှာ။ မက်ဒါနာလေးမျက်နှာနီရဲသွားပြီး အေမီကိုဂုတ်ကနေဆွဲကာ သေတ္ထာနှစ်လုံးကို လက်တစ်ဖက်ထဲနဲ့ မနိုင်မနင်းဆွဲလာရင်း ခြံဝင်းထဲဝင်လိုက်တယ်။ အဲဒီနောက် ခြံဝင်းတံခါးကိုပိတ်ပြီး မြေပေါ်ထိုင်ချလိုက်လေရဲ့။ ပင်ပန်းလွန်းတာရယ်၊ ရှက်တာရယ်ပေါင်းပြီး နီမြန်းနေတဲ့ မျက်နှာလေးပေါ်မှာ ချွေးစကလေးတွေ စို့လို့။

....

ကွန်တိန်နာ အိမ်ရာလေးထဲမှာဖြစ်တယ်။ မက်ဒါနာရဲ့အခန်းက တခြားကွန်တိန်နာအိမ်တွေထက် သုံးလေးဆလောက် ပိုကျယ်ပါတယ်။ အကြောင်းကတော့ အိုက်ဇာဝါပိုင်တဲ့ ဆိပ်ကမ်းက ကွန်တိန်နာကြီးတစ်ခုကို သူယူလာပြီး အိမ်ရှင်ကြီးဆီကနေ ခွင့်ယူကာ တိုးချဲ့ခွင့်တောင်းခဲ့လို့ဖြစ်တယ်။ အကြောင်းပြချက်ကတော့ အလုပ်အတွက် ထားစရာပစ္စည်းတွေများလာလို့။ မက်ဒါနာက တခြားကိစ္စတော်တော်များများကို လျှို့ဝှက်ထားခဲ့ပေမဲ့ မက်တယ်ပလာဒင်မှာ အလုပ်လုပ်နေတဲ့အကြောင်းကိုတော့ လျှို့ဝှက်မထားခဲ့ဘူး။ အဲဒီမှာ တီထွင်သူတစ်ယောက်ဖြစ်နေပြီး အလုပ်အတွက် နေရာများများလိုတယ်ဆိုတာက အကြောင်းပြချက်ကောင်း ဖြစ်လာပါတယ်။

အိမ်ရှင်ကြီးကလည်း ခွင့်ပြုခဲ့တယ်လေ။ သူ့ခြံက အကျယ်ကြီးဖြစ်တဲ့အပြင် မက်ဒါနာကလည်း ကိုယ့်ကွန်တိန်နာကိုယ်ယူလာပြီး အရင်အခန်းနဲ့ တွဲလိုက်ရုံပဲလုပ်တာကိုး။ သူအရင်းစိုက်စရာ ဘာမှမလိုဘူး။

မက်ဒါနာရဲ့အိမ်နီးချင်းတွေက သိပ်ကောင်းတယ်။ မက်ဒါနာအကြောင်းကို ဘာဆိုဘာမှ မမေးကြသလို သိလည်းသိချင်ပုံမပေါ်ဘူး။ တစ်ခါတလေတော့ သူတို့က မက်ဒါနာကိုယ်တိုင်ထက်တောင် ပိုပြီးလျှို့ဝှက်

တတ်တယ်လို့ ခံစားနေရတယ်။

အနည်းဆုံးတော့ သူSilver Knightဖြစ်တယ်လို့ သူတို့မသိလောက်သေးဘူးလို့ မက်ဒါနာထင်တယ်။ သိရင်တောင် နှုတ်လုံကြပုံပဲ။

အခုလောလောဆယ် မက်ဒါနာက နဂိုအခန်းနဲ့တွဲထားတဲ့ ဒုတိယခန်းမှာ ရှိနေတယ်။ ဒီအခန်းက လုံးဝကို အလုပ်ရုံဖြစ်ပြီး အသံလုံစနစ်ပါတယ်။

မက်ဒါနာက ပလက်စတစ်ထိုင်ခုံပေါ်မှာ ဘုရင်မကြီးလိုမျိုး မိန့်မိန့်ကြီးထိုင်နေပြီး အိမ်စေဝတ်စုံနဲ့ အေမီကတော့ အမှားလုပ်မိတဲ့ အပြစ်သားလိုမျိုး ကြမ်းပေါ်မှာ ကျုံကျုံလေးထိုင်နေတယ်။

"အေမီ၊ နင်အခုဘာအပြစ်လုပ်ထားလဲသိလား။ ဆေဘာစတိန်းကို ဝင်ဟက်ပြီးတော့ ခန္ဓာကိုယ်ချင်းလဲပစ်လိုက်တယ်။ နင့်ကြောင့် တိုက်ပွဲထဲမှာ အကူအညီမရတဲ့အပြင်၊ အိမ်မှာလည်း ပြဿနာတွေဖြစ်ကုန်တယ်။ နင့်ခန္ဓာကိုယ်ကြီးက ခွေးစိတ်ပေါက်ပြီးတော့ ပေါက်ကရတွေလုပ်နေတာ နင်မရှက်ဘူးလား။"

အေမီက တကယ်အဆင့်မြင့်တဲ့ ဉာဏ်ရည်တုဆိုပေမဲ့ ဆေဘာစတိန်းလို တိုက်ပွဲမှာသုံးဖို့ အထူးပြုပြီး ပရိုဂရမ်ဆွဲထားတာ မဟုတ်ပါဘူး။ ဆေဘာစတိန်းမှာ ဝံပုလွေနဲ့ခွေးမျိုးစိတ်ပေါင်းစုံရဲ့ တိုက်ခိုက်နည်းတွေကို အခြေခံပြီး ရေးဆွဲထားတဲ့ စစ်ပွဲဝံပုလွေပရိုဂရမ်ပါတယ်။ ဒါက ကိုယ်ခံပညာပေါင်းစုံကို ပေါင်းစပ်ထားတဲ့ မက်ဒါနာရဲ့တိုက်ပွဲဝင်ပရိုဂရမ်နဲ့ အတူတူပါပဲ။ အေမီမှာကလည်း မက်ဒါနာနဲ့ဆင်တူတဲ့ လူသားခန္ဓာနဲ့တိုက်ခိုက်တဲ့ ပရိုဂရမ်တချို့ပဲရှိတာပါ။

ဆေဘာစတိန်းအစစ်သာဆိုရင် Archmegaကို မနိုင်ရင်တောင် အယ်လိုဟင်ကိုတော့ မရှုံးနိုင်ပါဘူး။ အယ်လိုဟင်မှာ တခြားဝှက်ဖဲမရှိဘူးဆိုရင်ပေါ့။

မက်ဒါနာက ဒေါသထွက်ထွက်နဲ့ Twitterက နံပါတ်တစ် Hashtag(#) ကိုကြည့်လိုက်တယ်။ ဒီမနက် Silver knightတစ်ယောက် Archmegaကို ရှုံးသွားတဲ့ကိစ္စတောင် နံပါတ်ငါးမှာပဲရှိနေတာ။ နံပါတ်တစ်မှာတော့ #littlewhitewitch ဆိုတာက ကြီးစိုးထားပြီးတော့ သူအိမ်ပြန်လာတုန်းက အေမီခုန်အုပ်တာခံရတဲ့ ပုံဟာ တစ်ကမ္ဘာလုံးကို ပြန့်နှံသွားပြီ။

ဟုတ်ပါတယ်၊ ကွင်းတစ်မြို့တည်းပဲ စုန်းဖြူမလေးကို သိတာမဟုတ်တော့ပါဘူး။ အခုတစ်ကမ္ဘာလုံးကပါ သူ့ကို ဟိုအရင်က Columbia Pictures အတွက် ပုံလေးတစ်ပုံပဲ အရိုက်ခံပြီး ထပ်မော်ဒယ်မလုပ်တော့တဲ့ နာမည်ကြီးမင်းသမီး Jenny Joseph နဲ့တောင် နှိုင်းယှဥ်ပြီး ပြောနေကြပြီ။ ဖက်ရှင်ဆိုင်နှစ်ဆိုင်အတွက် ဗော်လန်တီရာမော်ဒယ်လုပ်ပေးပြီး တစ်ခါမှ ပေါ်မလာတော့လို့ပါ။

ဒါပေမဲ့ ပါပါရာဇီတွေ ချောင်းရိုက်ထားတဲ့ ပုံတွေတော့ အများကြီးပဲ။ မက်ဒါနာကတော့ အေမီနဲ့သူ့ရဲ့ပုံကိုတွေ့တာနဲ့ ဟိုကင်မရာကိုင်ထားတဲ့ သောက်ကျိုးနည်းကလေးကို ထဆဲမိလုနီးနီးပဲ။

ဒီပုံတွေကို စတင်တဲ့သူက 'အားလုံးကို မြင်ကွင်းအလန်းလေးတွေရှယ်မယ့် ဗီလိန်။'ဆိုတဲ့အကောင့်က။ အဲဒီအကောင့်က Silver Knight အကောင့်ထက်တောင် ဖော်လိုဝါနှစ်ဆများသေးတယ်။ ဒီနေ့အတွက်တင် ပုံသုံးရာလောက်တင်ထားပြီး များသောအားဖြင့် မိန်းမလှလေးတွေ အလွဲကြီးလွဲပြီး ပင်တီပေါ်သွားတဲ့ပုံတို့ သိပ်လှနေတဲ့ပုံတို့။ ပြောရရင် ကျင့်ဝတ်နဲ့မညီတဲ့ မဟာပါပါရာဇီကြီးလို့ပြောရမှာပဲ။ မက်ဒါနာအတွက် အယ်ဘမ်သက်သက်တောင် ရှိနေသေးတယ်။

အဲဒီပုံတွေကိုကြည့်ရင်း မက်ဒါနာတစ်ယောက် အေမီကို ရှက်ရမ်းရမ်းပြီး နားရွက်ဆွဲလိမ်လိုက်မိပေမဲ့ ဟိုက စက်ရုံဆိုတော့ နာမှမနာတာ။ တခြားအပြစ်ပေးနည်းတွေ စဥ်းစားတော့လည်း တစ်ခုမှအလုပ်ဖြစ်မယ့်ပုံမပေါ်တာနဲ့ အလွတ်ပေးလိုက်ရတယ်။ အေမီဆိုတဲ့ဟာမက ကိုယ်နာကျင်ရရင် သာယာတဲ့အမျိုးဆိုတော့ အပြစ်ပေးရင် သူ့အကြိုက်ဖြစ်သွားလိမ့်မယ်။

"နင့်ကို ဒီနေ့တော့ အလွတ်ပေးလိုက်မယ်၊ ဟွန့်။" လို့ပြောပြောဆိုဆိုနဲ့ မက်ဒါနာ နောက်တစ်ခါအပြင်သွားဖို့ ပြင်ရပြန်တယ်။

ကျောင်းနားရက်မလို့ ကျောင်းသွားစရာမလိုသေးတော့ မက်ဒါနာလည်း တစ်နေ့သုံးကြိမ်နီးပါး မြို့ထဲမှာ ကင်းလှည့်နေတယ်။ ဒီနေ့လယ်ပိုင်းတော့ ဖားလေးနဲ့လီဆာတို့ဆီ ဝင်ဖို့ဆုံးဖြတ်ထားတယ်။ အစိုးရဟီးရိုးကျောင်းက ပြန်ပြင်နေဆဲဆိုပေမဲ့ ကျောင်းကတော့ ပြန်တက်နေရပြီ။ ဒီနှစ်နှစ်ဆုံး အတန်းတင် စာမေးပွဲနဲ့ ဟီးရိုးကျောင်းပေါင်းစုံ ပြိုင်ပွဲတွေလာခါနီးပြီမလို့ မက်ဒါနာဟာ ဂျူနီယာလေးတွေကို လေ့ကျင့်ပေးနေရပြီ။

ဘာပဲပြောပြော သေသွားတဲ့ကျောင်းအုပ်ကြီးက သူ့ကို စောင့်ရှောက်ပေးဖို့ ပြောခဲ့တယ်လေ။ ကတိရယ်လို့တော့မဟုတ်ပေမဲ့ ကိုယ့်အသိစိတ်ဓာတ်လေးနဲ့ နိုင်သလောက်လုပ်ပေးဖို့ ဆုံးဖြတ်ထားလို့ပါ။ ဒီလောက်ကြီးလည်း တာဝန်ကြီးတာမှမဟုတ်တာ။

...

ကြယ်ငါးပွင့်ဟော်တယ်၏ အဆင့်အမြင့်ဆုံးအခန်းတွင်ဖြစ်သည်။

ရှေးဆန်သည့် အခန်းမျိုးဖြစ်ကာ အခန်းထောင့်တွင်တော့ ရှေးခေတ်ဟောင်းက ဓာတ်ပြားစက်ကလေးကို ဖွင့်ထား၏။ ဓာတ်ပြားစက်မှနေ၍ ဗြိတိန်ဂန္တဝင်သီချင်းတစ်ပုဒ်ကို ထုတ်လွှင့်နေသည်။

အခန်း၏ရှေ့မျက်နှာစာတွင်တော့ ကြမ်းပြင်မှမျက်နှာကျက်တိုင်အောင် ဖောက်ထွင်းမြင်နိုင်သည့် မှန်ချပ်ဖြင့် ကာရံထားသော ခမ်းနားသော ပြတင်းပေါက်ကြီးတစ်ခုရှိနေကာ နေဝင်ဆည်းဆာအလှအား ပန်းချီကားတစ်ချပ်သဖွယ် လှမ်းမြင်နေရ၏။

ရွှေရောင်ဆံပင်ရှည်နှင့် အပြာရောင်မျက်လုံးများရှိသော အသက်ဆယ်တစ်နှစ်ကျော် ဆယ့်နှစ်နှစ်သာရှိဦးမည့် ကလေးမလေးက အစိမ်းရောင်သလင်းကျောက်ကို လက်မနှင့်လက်ညိုးကြားတွင်ညှပ်ကာ စိန်တစ်လုံးလိုမျိုး ဂရုတစိုက်ကိုင်ထား၏။

"အစိမ်းရောင်လား၊ စိတ်စွမ်းအင် ဒါမှမဟုတ် သစ်သားစွမ်းအင်အမျိုးအစား ဖြစ်နိုင်တာပဲ။ တောက်ပမှုအရတော့ C အဆင့်ပဲဖြစ်မယ်ထင်တယ်။"

ကလေးမလေးက ပြောပြောဆိုဆိုနှင့် တော်ဝင်ဆန်လှသော ရွှေရောင်သေတ္တာလေးတစ်လုံးထဲသို့ ဥက္ကာသလင်းကျောက်အား ထည့်လိုက်သည်။ ထိုသေတ္တာငယ်လေးထဲတွင် အများအမျိုးအစားစုံလင်သော ဥက္ကာသလင်းကျောက်များက နေရာယူထား၏။

"စတန်းဖို့စ် ဒီဥက္ကာခဲအပိုင်းအစကရော ဘယ်နေရာက လာတာဖြစ်မလဲ။"

ကောင်မလေးရှေ့တွင်ချထားသည့် လက်တော့တွင် ဗီဒီယိုကောလ်တစ်ခုကို ဖွင့်ထားပြီး တီဗီခေါင်းနှင့်ဘဏ္ဍာစိုးက တိုက်ရိုက်စကားပြောနေသည်။

"ကျွန်တော်တို့ရဲ့မှတ်တမ်းတွေအရကတော့ Hugo 00425A ဥက္ကာပျံကြီးကနေလာတာပါ။ မြေကမ္ဘာကို ကျရောက်စဥ်မှာ အရောင်အသွေးစုံတောက်ပနေပြီး ဂြိုဟ်တုပုံရိပ်တွေနဲ့ စစ်ဆေးလို့ရသလောက်တော့ အရောင်အမျိုးအစား ၂၇ရောင်ရှိခဲ့တယ်။ ကျဆင်းခဲ့တဲ့ ဥက္ကာပျံတွေထဲမှာ အရွယ်အကြီးဆုံးဖြစ်ပြီး စွမ်းအင်အမျိုးအစား အစုံလင်ဆုံးလည်းဖြစ်တယ်။"

ကလေးမက မေးကိုလက်ထောက်ထားပြီး စဥ်းစားခန်းဝင်နေလိုက်သည်။ တီဗွီခေါင်းဘဏ္ဍာစိုးကတော့ ဆက်ရှင်းပြနေ၏။

"Hugo00425A, Hugo00425B, Hugo00425C နှင့် Hugo00425D တို့က ကမ္ဘာမြေကိုဝင်တိုက်မိခဲ့တဲ့ ပင်မဥက္ကာသလင်းကျောက်တွေဖြစ်ပြီး ဘယ်ကနေလာတယ်၊ ဘာကြောင့်ကမ္ဘာဂြိုဟ်ကို တည့်တည့်ဝင်တိုက်ခဲ့တယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ သူတို့က တစ္ဆေတွေလိုမျိုး ကမ္ဘာပတ်လမ်းကြောင်းထဲကို ဝင်လာခဲ့တာ။"

ကလေးမလေး ဖရာလီတာက ခေါင်းညိတ်လိုက်သည်။ တကယ်တော့ ဒီကိစ္စကို သူအကြိမ်ပေါင်းရာနှင့်ချီ၍ ကြားဖူးခဲ့ပြီးသားဖြစ်၏။

ပန်ဒရာဂွန်မိသားစုက လွန်ခဲ့သော နှစ်ငါးဆယ်ကတည်းက ဥက္ကာခဲများနောက်သို့ တကောက်ကောက်လိုက်ပါခဲ့ကြသည်။ သို့သော် သူတို့လုပ်ငန်းက ထိုဥက္ကာခဲများကို အသုံးပြုပြီး စွမ်းအားရယူရန်မဟုတ်ဘဲ ဇာစ်မြစ်ကို စုံစမ်းရန်ဖြစ်၏။ ပန်ဒရာဂွန် နောက်ဆုံးမျိုးဆက်ဖြစ်သော ဖရာလီတာမှာလည်း ငယ်စဥ်ကပင် ထိုတာဝန်ကို ဆက်လက်အမွေခံခဲ့ရသည်။

"ဒီဥက္ကာခဲတွေက အဓိပ္ပါယ်မဲ့ ကမ္ဘာပေါ်ကို ကျရောက်လာတာမဟုတ်ဘူး။ လူသားတွေကို စွမ်းအားတွေနောက်လိုက်ပြီး အကုန်လုံးမျိုးပြုတ်သွားအောင် တစ်ယောက်ယောက် ဉာဏ်ဆင်ထားတာလား။ ဒါမှမဟုတ် နတ်ဘုရားတစ်ပါးကပဲ နောက်ပြောင်ပြီး ဖန်တီးခဲ့တာလား။"

ကလေးမက ထိုင်ခုံနောက်မှီကို ကျောကပ်လိုက်ရင်း မောပန်းစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် ဥက္ကာခဲသေတ္တာကို အဖုံးပြန်ပိတ်လိုက်၏။ ထိုဥက္ကာခဲများကြောင့် သေမလိုအကြိမ်ကြိမ်ဖြစ်ဖူးမလို့ သတိအမြဲထားရသည်က ပထမဆုံးမဟုတ်တော့ပေ။

'ဒေါက်...ဒေါက်...ဒေါက်...' အခန်းအပြင်ဖက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ...." ကလေးမလေး မေးလိုက်သည်။

"ကျုပ်ပါ..." အယ်လိုဟင်၏ ပြန်ဖြေသံ ထွက်ပေါ်လာ၏။

"ဝင်လာခဲ့..." ကလေးမလေးစကားကိုကြားသည်နှင့် အယ်လိုဟင်က တံခါးကိုဖွင့်ပြီး ဝင်လာလိုက်သည်။ အယ်လိုဟင်၏စည်းချက်ကျကျ ခြေသံက အခန်းထဲ ထွက်ပေါ်လာ၏။

ရုတ်တရက် အယ်လိုဟင်က မျက်လုံးကိုမှိတ်ထားလိုက်ပြီး ရင်ကိုကော့လိုက်သည်။ သူက တေးဂီတကို ခံစားနေသည့် လေသံဖြင့်...

"ဂျွန်ဒေါ်လန်ရဲ့Flow, My Tears ပါလား။ သခင်မလေးက နေဝင်ချိန်မှာ အဆွေးသီချင်းနားထောင်နေတယ်ပေါ့။"

"ဦးလေးကြီးက ဂန္တဝင်သီချင်းတွေအကြောင်း သိလိမ့်မယ် ထင်မထားခဲ့ဘူး။" ကလေးမလေးက ဖွင့်ထားသည့်သီချင်းမှန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူက ဆက်ပြီးပြောလိုက်၏။

"ကျွန်မအဖေက သီချင်းဖွင့်တိုင်း ဒီသီချင်းပါအောင် ဖွင့်တတ်တယ်လေ။ ကျွန်မငယ်ငယ်ကတော့ ဂန္တဝင်သီချင်းတွေကို ဒီလောက်မခံစားတတ်ပါဘူး။ ဒါပေမဲ့ ဒီသီချင်းကတော့ သံစဥ်အနိမ့်အမြင့်တိုင်းမှာဝမ်းနည်းမှုတွေကို သတိရစေတယ်လေ။"

အယ်လိုဟင်က တစ်ခဏလောက်အထိ ပြောစရာစကားမဲ့သွားဟန်ဖြင့် လေကိုရှိုက်သွင်းလိုက်ပြီးမှ မယုံနိုင်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာတော့ သခင်မလေးက သိပ်ကို ငယ်နေတုန်းပါပဲ။" ၁၂နှစ်လောက်သာရှိသေးတဲ့ ဒီကလေးမလေးကို ကြီးတယ်လို့ပြောမယ်ဆိုရင် အယ်လိုဟင်ကို သင်္ချိုင်းကုန်းတစ်ဖက်လှမ်းနေတဲ့သူလို့ ပြောရတော့မှာပါ။

"ရှင်ဒီကိုလာတာ သီချင်းနားထောင်ရုံတင်ပဲလား။" ကလေးမက မှန်ထဲတွင် ထင်ဟပ်နေသည့် အယ်လိုဟင်၏ပုံရိပ်ကိုကြည့်ကာ ပြန်မေးလိုက်သည်။ အယ်လိုဟင်ကလည်း လည်ချောင်းရှင်းလိုက်ပြီး...

"မေးသင့်မမေးသင့်တော့ မသိပေမဲ့၊ သခင်မလေးက ဘာကြောင့် သလင်းကျောက်တွေစုနေတယ်ဆိုတာနဲ့ အဲဒီဟီးရိုးကို ဘာကြောင့်တခြားသူတွေထက် ထူးထူးခြားခြား ပိုဆက်ဆံနေရတာလဲလို့ မေးချင်လို့ပါ။"

"မေးခွန်းက နှစ်ခုပေါ့။" ကောင်မလေးက ပြန်မေးလိုက်သည်။ အယ်လိုဟင်က ခေါင်းညိတ်လိုက်၏။ ဖြေသင့်မဖြေသင့် စဥ်းစားပြီးသည့်နောက်တွင် မိန်းကလေးက ထိုင်ခုံပေါ်မှ ထလိုက်ပြီး အယ်လိုဟင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ပထမမေးခွန်းကတော့ ကျွန်မတို့နဲ့ ပူးပေါင်းထားသူဖြစ်လို့ ရှိသိသင့်တယ်ထင်တာပဲ၊ ကျွန်မတို့ ပန်ဒရာဂွန်မိသားစုရဲ့တာဝန်ဖြစ်တဲ့ ဥက္ကာသလင်းတွေရဲ့မူလကို ရှာဖွေဖို့ပဲ။ သူတို့ဘာကြောင့် ဒီကိုရောက်လာတယ်၊ ရည်ရွယ်ချက်က ကောင်းတာလားဆိုးတာလား၊ ကျွန်မတို့လူသားတွေအတွက် အန္တရာယ်ရှိလား မရှိဘူးလားဆိုတဲ့ မေးခွန်းတွေအတွက်ပဲ။" ကလေးမလေး၏စကားကြောင့် အယ်လိုဟင်ခေါင်းညိတ်လိုက်၏။

"ဒီနေ့ ကျုပ်တို့လူသားတွေက စွမ်းအားတွေကို အလွယ်တကူရရှိလာပေမဲ့ အဲဒီစွမ်းအားတွေရဲ့ကောင်းကျိုးဆိုးကျိုးကို ဆင်ခြင်ဖို့အတွက် နည်းနည်းလေးတောင် မစဥ်းစားကြတော့ဘူး။ လူတိုင်းလက်ထဲမှာ စွမ်းအားရှိနေတော့ ပြဿနာတွေလည်း ပိုများလာတယ်။ အဆိုးဝါးဆုံးကတော့ သာမန်လူတွေနဲ့မတူဘူး၊ ငါက ထူးခြားတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလိုထင်နေတဲ့ စိတ်ကြွလွန်ရောဂါဖြစ်လာကြတာပဲ။ ဒါတွေသာ ပြင်ပအင်အားစုတစ်ခုခုရဲ့လက်နက်တွေဆိုရင် ကျုပ်တို့တွေအားလုံးက ပျက်စီးခြင်းလမ်းမပေါ်မှာ ရောက်နေကြလောက်ပြီ။" အယ်လိုဟင်က ကလေးမလေးဆိုလိုတာကို နားလည်သည်။ ထိုသို့မေးခွန်းမျိုးက လူသားတစ်မျိုးလုံးအတွက် အရေးပါသဖြင့် တစ်လောကလုံးနှင့် ဆန့်ကျင်ရမည်ဆိုလျှင်ပင် ဆန့်ကျင်ရန် ထိုက်တန်ပေသည်။

ကလေးမလေးက နောက်မေးခွန်းကို ဆက်ဖြေ၏။ "ဒုတိယမေးခွန်းအတွက်ကတော့ Silver Knightက တခြားဟီးရိုးတွေနဲ့ မတူဘူးလို့ထင်တယ်။ ဒါကြောင့် သူ့ကို ဒီလိုအလေးထားဖို့ ထိုက်တန်တယ်။"

ကလေးမလေး၏စကားကြောင့် အယ်လိုဟင်မှာ အလွန်အံ့ဩသွားပုံရပြီး ပြောလိာက်သည်။

"သခင်မလေး အရင်တုန်းက ဘယ်ဟီးရိုးကိုမှ မယုံဘူးလို့ ပြောခဲ့ဖူးတယ်။"

ကောင်မလေးကလည်း မငြင်းဘဲ ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ အရင်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဘယ်ဟီးရိုးကိုမှ ငါမယုံဘူး။" ကလေးမလေးက သူ့လည်ပင်းမှ မည်သည့်ကျောက်မှ ပါဝင်နေခြင်းမရှိတော့သည့် ငွေရောင်ဆွဲကြိုးလေးမှ မီးအိမ်ပုံစံ လော့ကတ်သီးကို ဆုပ်ကိုင်ရင်း ပြန်ပြောလိုက်သည်။ သူ့မျက်လုံးများက ဝေဝါးသွားပြီး အတိတ်မှဖြစ်ရပ်တစ်ခုခုကို ပြန်သတိရလာပုံပေါ်၏။

၃။

ပန်ဒရာဂွန်မိသားစုဟာ ဗြိတိန်ရဲ့ဂန္တဝင်မိသားစုကြီးဖြစ်တယ်။ တစ်ခါက သူရဲကောင်းဘုရင်ဖြစ်တဲ့ ဘုရင်ကြီးအာသာဟာ ဒီမိသားစုလေးကနေ ပေါ်ထွန်းခဲ့တာဖြစ်ပြီး ကျောက်တုံးထဲကဓားကို ဆွဲထုတ်နိုင်ခဲ့သူပါ။ သွေးခံတော်ခွက်ကို မြင်ခဲ့ဖူးသူဖြစ်ပြီး အင်မတန်စွမ်းအားကြီးတယ်။ ယနေ့အထိ သူ့အကြောင်း ပုံပြင်တွေ၊ ရုပ်ရှင်တွေ၊ ဝတ္ထုနဲ့ကဗျာတွေ ခေတ်စားနေကြဆဲဖြစ်တယ်။

ကန်းမလော့အင်ပါယာကြီး ကျဆုံးပြီးတဲ့နောက် ပန်ဒရာဂွန်တွေဟာ ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့ပြီးတော့ ယနေ့ခေတ်မှာ ဗစ်ကောင့်မျိုးနွယ်တစ်ခုမျှသာ ဖြစ်ပါတော့တယ်။

ဥက္ကာခဲတွေ ကမ္ဘာပေါ်ကို ကျဆင်းလာချိန်တည်းက အင်္ဂလန်ဘုရင်မကြီးကိုယ်တိုင်က ပန်ဒရာဂွန်မိသားစုအတွက် သီးသန့်တာဝန်တစ်ခုပေးခဲ့တယ်။ စွမ်းအင်သလင်းကျောက်တွေကို လိုက်လံစုဆောင်းဖို့နဲ့ မူလဇာစ်မြစ်ကို စုံစမ်းဖို့ပါ။

မိုက်ကယ် ထရွန်ရွန် ပန်ဒရာဂွန်ဟာ အဲဒီအမိန့်တော်ကို လက်ခံခဲ့တဲ့ ဒုတိယမျိုးဆက်မိသားစုခေါင်းဆောင်ဖြစ်တယ်။ ပြီးတော့ သူက ဖရာလီတာနဲ့ဖခင်ပါ။

ဖရာလီတာ အသက်၇နှစ်အရွယ်မှာ မစ်ရှင်တစ်ခုကို ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တယ်။ အဲဒီမစ်ရှင်မလုပ်ခင် သူက ဖရာလီတာကို ငွေရောင်သလင်းကျောက်လေးကိုမြုပ်ထားတဲ့ လော့ကတ်သီးတစ်ခု ပေးခဲ့တယ်။ သူပြန်မလာနိုင်ရင် အတွင်းက သလင်းကျောက်ကို အသုံးပြုလိုက်ဖို့လည်း ပြောခဲ့တယ်။

လူသားတွေအားလုံး သိထားခဲ့တာက ၁၉၉၂ ခုနှစ်မှာမှ ဥက္ကာသလင်းကျောက်တွေ ကမ္ဘာပေါ်ကို ကျဆင်းလာခဲ့ပြီး မှော်ဆန်တဲ့ မြူတန့်စွမ်းအားတွေ ပေါ်ထွန်းလာခဲ့တယ်ဆိုတာကိုပေါ့။ ဒါပေမဲ့ ဒီလော့ကတ်သီးလေးရဲ့သက်တမ်းက သိပ်ကိုကြာညောင်းလွန်းလှပြီ။ သမိုင်းဝင်လန်ဒန်မျှော်စင်ကြီးကို စတင်တည်ဆောက်ခဲ့တဲ့နှစ်ဖြစ်တဲ့ ၁၁၉၀ ခုနှစ်ဆိုတဲ့ စာသားကို လော့ကတ်သီးပေါ်မှာ ရေးထိုးထားခဲ့တယ်။ ကြာပြီဆိုပေမဲ့ နည်းနည်းလေးမှ အိုဟောင်းနေတဲ့ပုံမပေါ်ဘူး။ အတွင်းက သလင်းကျောက်ကလည်း အခုနောက်ပိုင်းမှ ထည့်သွင်းမြုပ်နှံထားတာမျိုးမဟုတ်ဘူး။ ဟိုအရင်ကတည်းက တည်ရှိနေသလိုမျိုး။

အဲဒီဥက္ကာသလင်းကျောက်က ဘာကြောင့်နှစ်ရှစ်ရာလောက်စောပြီး ကမ္ဘာပေါ်မှာ ရောက်နေရတာလဲ။ အရင်ကရော အခုလိုမျိုး ဥက္ကာမိုးရွာသွန်းဖူးခဲ့တာလား။ သမိုင်းမှတ်တမ်းတစ်လျှောက်မှာတော့ ဥက္ကာခဲကျဆင်းဖူးတဲ့ မှတ်တမ်းတွေ အများကြီးရှိဖူးတယ်။

လူသားတွေ စနစ်တကျမှတ်တမ်းတင်ဖူးတဲ့ ပထမဆုံးဥက္ကာပျံကျဆင်းမှုက ဂျပန် ကျူရှုးကျွန်းပေါ်ကို ၈၆၁ခုနှစ်မှာ ကျဆင်းခဲ့တဲ့ ဥက္ကာပျံတစ်ခုကိုပါ။ ဒါကြောင့် ဥက္ကာသလင်းတွေက ၁၉၉၂ခုနှစ်မှာ ပထမဆုံး ကျဆင်းခဲ့တာမဟုတ်နိုင်ဘူး။

ပြဿနာက ဒီလိုဥက္ကာပျံတွေကို ယနေ့ခေတ်သိပ္ပံနည်းပညာတွေနဲ့ ခြေရာခံလို့မရဘူး။ ရုတ်ချည်းပေါ်ထွက်လာသလိုဖြစ်နေတယ်။ တစ်စုံတစ်ယောက်က ကမ္ဘာပတ်လမ်းထဲကို တမင်ပစ်ထည့်ပေးလိုက်သလိုမျိုးပေါ့။

လူသားတွေထက် အသိပညာပိုမြင့်တဲ့ မျိုးစိတ်တစ်ခုခုက ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ရှိနေနိုင်တယ်။

....

"မိုက်ကယ်... အဲဒီသလင်းကျောက်ဘယ်မှာလဲ၊ ငါ့ကိုပေးစမ်း။"

အဲဒီနေ့ညနေက အမ်စတာဒမ်မြို့တစ်နေရာမှာ မိုက်ကယ် သွေးအိုင်ထဲ လဲကျသွားခဲ့တယ်။ အကြောင်းက သူ့အဖော်ဟီးရိုးတစ်ယောက်ဖြစ်တဲ့ လူးဝစ် သည်အာ့ခ်ကြောင့်။ လူးဝစ်ကလည်း သူကောင်းမျိုးတစ်ယောက်ပဲ။ စိန့်ဂျုံးန်ရဲ့မိသားစုဖြစ်တဲ့ အာ့ခ်မိသားစုကလာတာ။ သူတို့တွေက မှောင်ခိုလက်နက်ကုန်သည်တွေအဖြစ် အသက်မွေးကြပေမဲ့ အပေါ်ယံမှာတော့ ဟီးရိုးတွေပေါ့။ သလင်းကျောက်တွေနောက်ကို လိုက်နေတဲ့ မိသားစုတွေထဲမှာ သူတို့လည်းပါတယ်။

"လူးဝစ်...ဘာကြောင့်လဲ...." မိုက်ကယ်ဟာ သေခါနီးမှာ မယုံနိုင်စွာနဲ့ သူ့အဖော်ကို မေးလိုက်မိတယ်။ သူတို့တွေ ဥက္ကာသလင်းတွေရဲ့မူလဇာစ်မြစ်ကို လိုက်ရှာနေတာ သဲလွန်စတွေအများကြီးရနေပြီ။ အားလုံးကို ချိတ်ဆက်မိဖို့ နည်းနည်းပဲလိုတော့တာ။ ဒါပေမဲ့ လူးဝစ်က သစ္စာဖောက်ပြီး တစ်ဖွဲ့လုံးကို သတ်ပစ်ခဲ့တယ်။

"ငွေရောင်သလင်းကျောက်ပါတဲ့လည်ဆွဲ... အဲဒါဘယ်မှာလဲ။ မင်းရထားတာမဟုတ်လား။ ဘယ်မှာလဲ၊ ပေးစမ်း။"

မိုက်ကယ်ဟာ သေခါနီးအထိ ရယ်မောနေခဲ့တယ်။ လည်ဆွဲအကြောင်းကို တစ်ခွန်းမှမဟခဲ့ဘူး။

အမ်စတာဒမ်က ရှေးဟောင်းဘုရားကျောင်းတစ်ကျောင်းထဲမှာ ဥရောပဟီးရိုးအထူးအေးဂျင့်အားလုံး အသတ်ခံလိုက်ရတဲ့သတင်းက ၁၂နာရီကြာပြီမှ လန်ဒန်ဟီးရိုးအစည်းအရုံးဆီ ရောက်လာခဲ့တယ်။ စုစုပေါင်း A rank လေးယောက်ကို သေဆုံးစေခဲ့ပြီး ဥရောပကို နှစ်ပေါင်းများစွာ ချိနဲ့စေတဲ့ သတ်ဖြတ်မှုကြီးတစ်ခုဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်း တရားခံဖြစ်တဲ့ လူးဝစ်ကို ဘယ်မှာမှ မတွေ့ရတော့ဘူး။ ပိုပြီးရယ်စရာကောင်းတာက နောင်လေးနှစ်အကြာ လူကန် သည်အာ့ခ်က သူ့မိသားစုတစ်ခုလုံးကိုသူ ပြန်ဖမ်းပြီး ထောင်ထဲပို့တဲ့ကိစ္စ ပေါ်လာတဲ့အချိန်မှာ လူးဝစ်တစ်ယောက် သည်အာ့ခ်စံအိမ်မှာ နေရာမရွေ့ဘဲ ရှိနေခဲ့မှန်း သိခဲ့ရတာ။ လူကန်ဖမ်းပြီးထောင်ထဲပို့တဲ့လူတွေထဲမှာ လူးဝစ်လည်ပါတယ်။

ဖခင်ပြန်မလာနိုင်တော့မှန်းသိလိုက်တဲ့ ဖရာလီတာက အဲဒီသလင်းကျောက်ကို အသုံးပြုခဲ့တယ်။ ငွေရောင်အလင်းတန်းတွေက သူ့ကိုဖုံးလွှမ်းသွားခဲ့ပြီး စက်မှုနည်းပညာနဲ့ပတ်သက်တဲ့ အသိပညာအားလုံးကို ရရှိလိုက်တယ်။ Technotelekinesis မပါပေမဲ့ The Root လို့ခေါ်တဲ့ လက်ရှိကမ္ဘာကြီးရဲ့နည်းပညာတွေထက် နှစ်ပေါင်းထောင်သောင်းချီစောလွန်းတဲ့ နည်းပညာရေသောက်မြစ်တစ်ခုက အဲဒီသလင်းကျောက်ထဲမှာ ပါဝင်နေခဲ့တယ်။

အဲဒီနောက်တော့ သလင်းကျောက်တွေနောက်ကို အသည်းအသန်လိုက်နေတဲ့ Archmegaလို့ခေါ်တဲ့ ဟီးရိုးမဟုတ် ဗီလိန်မဟုတ်တဲ့လူတစ်ယောက် ပေါ်လာခဲ့တယ်။

ကုန်လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ ဖရာလီတာဟာ ပန်ဒရာဂွန်မိသားစုအတွင်းက အာဏာလွန်ဆွဲပွဲမှာ ကြားညပ်နေခဲ့တယ်။ အစ်ကိုဝမ်းကွဲဖြစ်တဲ့ ထရိုင်ရွန်မိသားစုခေါင်းဆောင်က သူ့ကိုစေ့စပ်ထားပြီး ပန်ဒရာဂွန်မိသားစုရဲ့ခေါင်းဆောင်းလောင်း ဖြစ်ဖို့ကြိုးစားခဲ့ဖူးတယ်။ ဖရာလီတာငြင်းလိုက်ပြီးနောက်မှာတော့ ကြီးမားတဲ့မတော်တဆမှုကိုကြုံခဲ့ရပြီး နောက်ပိုင်းမှာ လုပ်ကြံမှုတစ်ခုဖြစ်မှန်း သိခဲ့ရတယ်။ အဲဒီလုပ်ကြံမှုအတွင်းမှာ အားကိုးရတဲ့ဘဏ္ဍာစိုးစတန်းဖို့စ်သေဆုံးသွားခဲ့ပြီး နည်းပညာတွေနဲ့ပြုလုပ်ထားတဲ့ ဉာဏ်ရည်တုဆော့ဝဲလ်သာသာဖြစ်သွားတယ်။

အစ်ကိုဝမ်းကွဲနဲ့ တခြားမိသားစုဝင်တွေကို ဆန့်ကျင်တိုက်ခိုက်ပြီး အလောင်းပုံပေါ်မှာ ရပ်နေပြီးနောက်မှ ဒီကလေးငယ်ဟာ မိသားစုနှစ်ခုလုံးရဲ့ခေါင်းဆောင် ဖြစ်လာခဲ့တာ။ တစ်ချိန်တည်းမှာပဲ မိသားစုနှစ်ခုလုံးရဲ့အဆုံးသတ် နောက်ဆုံးမျိုးဆက် ဖြစ်လာခဲ့တယ်။ အကြောင်းကတော့ မိသားစုနာမည်ကို ဆက်လက်သယ်ဆောင်သွားပေးမယ့် ယောက်ျားတွေမကျန်လောက်တဲ့အထိ Archmegaက သတ်ဖြတ်ပစ်ခဲ့လို့ပါ။

အသက် ဆယ့်နှစ်နှစ်ပြည့်တဲ့အချိန်မှာ ဗစ်ကောင့် ဖရာလီတာ ထိုင်ရွန် ပန်ဒရာဂွန်ဟာ သွေးမြစ်ကိုဖြတ်ကူးပြီး အလောင်းတောင်ပေါ်မှာ ပလ္လင်ဆောက်ပြီးဖြစ်တယ်။ Archmegaဟာ ဥရောပနဲ့အာရှာမှာ သလင်းကျောက်ရှာပုံတော်ဖွင့်ခဲ့ပြီး မြေအောက်လောကတစ်ခုလုံး သွေးချောင်းစီးစေခဲ့တယ်။ ဟီးရိုးတွေကို မယုံကြည်တဲ့အတွက် ဟီးရိုးတွေနဲ့တိုက်ခိုက်ခဲ့ပြီး ကံမကောင်းတဲ့ဟီးရိုးတော်တော်များများလည်း ထိခိုက်သွားခဲ့ဖူးတယ်။ အချိန်တွေကုန်လွန်လာပြီးနောက် S အဆင့်တွေအောက် အစွမ်းအထက်ဆုံး တည်ရှိမှုဖြစ်လာခဲ့ပြီး S အဆင့်မရှိတော့တဲ့ ဥရောပရဲ့မြူတန့်လောကကြီးမှာ ဘုရင်အဖြစ်သရဖူဆောင်းနိုင်ခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ဖရာလီတာဟာ အင်္ဂလန်လက်ရှိအိမ်ရှေ့စံမင်းသမီး လီလီယာဆီကနေ အမိန့်တော်ကို ဆက်လက်တာဝန်ယူခဲ့ပြီး Order of the Knights ခေါင်းဆောင် ဖြစ်လာခဲ့တယ်။

ဖရာလီတာဟာ အရွယ်နဲ့မမျှတဲ့ ဒုက္ခတွေကို ဖြတ်ကျော်ခဲ့ရလို့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်နေပြီဆိုပေမဲ့ ကလေးသဘာဝ ကလေးစိတ်ကတော့ ရှိနေတုန်းပါ။ ဒီမိန်းကလေး နယူးယောက်ကို လာခဲ့တဲ့အကြောင်းအရင်းကလည်း သလင်းကျောက်တွေရဖို့တစ်ခုပဲ မဟုတ်ပါဘူး။ နားရက်တစ်ရက်မှာ တီဗီကိုဖွင့်ပြီး ဟိုလိုင်းပြောင်းကြည့် ဒီလိုင်းပြောင်းကြည့်လုပ်ရင်း SilverKnightဆိုတဲ့ တစ်ကိုယ်တော် နည်းပညာအထူးပြုဟီးရိုးကြီးကို တွေ့လိုက်ရလို့ပါ။

"ဝိုး... သာမန်နည်းပညာဟီးရိုးတစ်ယောက်အနေနဲ့ သူက တော်တော်သတ္တိရှိတာပဲ။"

အဲဒီနေ့က စူပါဟီးရိုးတွေအကြောင်း မှတ်တမ်းရုပ်ရှင်ဆန်ဆန် လွှင့်တဲ့အစီအစဥ်တစ်ခု လာတယ်လေ။ SilverKnight ဆေးရုံကိုဝင်ကယ်တဲ့မှတ်တမ်းကိုကြည့်ပြီး တော်တော်ဘဝင်ခိုက်သွားတယ်။ ဒါကြောင့် နယူးယောက်ကို ခရီးထွက်လာတာ။ စိတ်ထဲမှာတော့ နည်းပညာဟီးရိုးပေါက်စလေးကို ဝတ်စုံကောင်းကောင်းလေးတစ်ခု လုပ်ပေးမယ်လို့ပေါ့။ လက်ရှိနည်းပညာဟီးရိုးတော်တော်များများက ဘားဂျက်မရှိပါဘူး။ ဒါကြောင့်ဝတ်စုံတွေ ချာတာတာဖြစ်နေတာ။ ပန်ဒရာဂွန်မိသားစုရဲ့အမွေခံသခင်မလေးအနေနဲ့ ဖရာလီတာအတွက်ကတော့ အပေါဆုံးက ပိုက်ဆံပဲ။ ဒါကြောင့် ဝတ်စုံအတွက်စိတ်ပူစရာမလိုဘူး။

သူမထင်ထားခဲ့တာက SilverKnightဟာ ထင်တာထက်တော်နေပြီး A- ဗီလိန်အိုက်ဇာဝင်ကို ဝင်ဖမ်း၊ Mad Doctorလက်ကနေ လွတ်သွားပြီး မြူတန့်သိပ္ပံအဖွဲ့အစည်းရဲ့မြူတန့်တချို့ကို အနိုင်ယူခဲ့မယ်လို့ပါ။

"ဟမ်... သူက မဆိုးဘူးပဲ၊ ငါ့ပြိုင်ဖက်ဖြစ်ဖို့ ထိုက်တန်တယ်။"

ပထမကတော့ SilverKnightကို သနားစရာဟီးရိုးလေးလို့မြင်ပြီး ကူညီဖို့လာခဲ့ပေမဲ့ SilverKnightရဲ့စွမ်းဆောင်ရည်ကြောင့် ရည်ရွယ်ချက်ပြောင်းသွားပြီး လိုက်ပြိုင်ဖို့ဖြစ်လာတယ်လေ။

အဲဒီနေ့က တမင်သက်သက် သဘာဝသမိုင်းပြတိုက်ထဲက ဥက္ကာသလင်းကျောက်ကို ပေါ်တင်သွားယူတာ။ ထောင်စုနှစ်တစ်ခုစာလောက် ရှေ့ရောက်နေတဲ့ နည်းပညာတွေနဲ့ဆိုရင် ဖရာလီတာအနေနဲ့ လူမသိအောင် အဲဒီသလင်းကျောက်ကို ခိုးလို့ရတယ်။ ဒါပေမဲ့ SilverKnightရောက်လာလေမလားလို့ တမျှော်မျှော်နဲ့ အချိန်ဆွဲပြီးခိုးနေခဲ့တာ။ တကယ်လည်း ရောက်လာရော အလျှော့ပေးပြီး ချလိုက်သေးတယ်။

"အမယ်၊ ငွေရောင်သူရဲကောင်းကြီးက မဆိုးဘူးပဲ။ ငါ့ကိုမနိုင်မှန်းသိတာတောင် ခေါင်းမာမာနဲ့ဆက်ချနေတာပဲ။ ဒါမျိုးမှ ဟီးရိုးအစစ်။"

လိုလီလေးစိတ်ကူးထဲမှာတော့ Silver Knightကို မျိုးစုံစိတ်ကူးယဥ်နေပြီ။ ပန်ဒရာဂွန်ဘိုးဘေးကြီးလိုမျိုး ရွှေရောင်ဆံပင်နဲ့Knightအချောလေး ဖြစ်ရင်ဖြစ် ဒီလိုမှမဟုတ်လည်း MCUက Falconလိုမျိုး နည်းနည်းမိုက်တဲ့ လူမည်းဦးလေးကြီးဖြစ်မယ်ပေါ့။ ဒါမှ နည်းပညာဟီးရိုးယောက်ျားလေးတစ်ယောက်အနေနဲ့ စတိုင်ကျတယ်လို့ ခေါ်နိုင်မှာလေ။

နောက်ဆုံး ဟီးရိုးတပ်ကူတွေရောက်လာခါနီးလို့ ပြန်ဆုတ်သွားတဲ့အချိန်မှာတောင် မြေပေါ်မှာ ဝမ်းနည်းမတ်တပ်ဖြစ်နေတဲ့ SilverKnightကို ကြည့်သွားသေးတယ်။

...

"တာ...တာ...တာ..." ရွှေရောင်ဆံပင် အပြာရောင်မျက်လုံးလေးတွေနဲ့ ကောင်မလေးတစ်ယောက် ထိုင်ခုံကိုခနဲ့ပြီး ထိုင်နေသည်။ တခြားလူမဟုတ်ဘဲ ဘယ်သူမှကြည့်နေမည့်သူမရှိသဖြင့် ကလေးဆန်နေသော က္ကန္ဒြေရရ ဗြိတိန်လိုလီလေးဖြစ်၏။

အယ်လိုဟင်က အရေးကြီးနေဟန်ဖြင့် အခန်းတံခါးကို မခေါက်မိဘဲ အထဲဝင်လာသည်။ လိုလီသခင်မလေးတစ်ယောက် ထိုင်ခုံကိုလှုပ်ပြီးထိုင်နေသည်ကို မြင်သွားသဖြင့် နှုတ်ခမ်းမဲ့လိုက်မိ၏။

စတွေခါစက ဖရာလီတာကို အနေအထိုင်အေးပြီး ကျက်သရေရှိရှိနေတတ်သည့် ဗြိတိသျှကလေးမလေးဟု ထင်မိသော်လည်း တကယ်က လူကြီးဟန်ဆောင်ထားသည့် ကလေးမလေးဖြစ်မှန်း သူမေ့လုနီးနီး ဖြစ်နေပေသည်။ ထိုကလေးမလေး ပေါက်ကရလုပ်နေတာမြင်တာ ခါးမှမကာ တင်ပါးကိုရိုက်ပစ်ချင်စိတ်များ ပေါက်လာ၏။

သို့သော်လည်း သူ့သခင်မလေးဆိုတော့ ထိုနည်းလမ်းမျိုးဖြင့် သွားဆုံးမကပါ အမြင်မတင့်တယ်ပေ။

'စိတ်ထိန်းစမ်း၊ အယ်လိုဟင်။ စိတ်ထိန်းစမ်း။' အယ်လိုဟင်က ချောင်းဟန့်လိုက်ပြီး ကလေးမလေးကို ပြောလိုက်သည်။

"သခင်မလေးခင်ဗျာ၊ ခုံကိုနှဲ့ပြီးထိုင်နေရင် ခုံကျိုးကျပြီး ထိခိုက်ဒဏ်ရာရသွားနိုင်ပါတယ်။"

'သူက ကလေးဆိုပေမဲ့ ဦးနောက်က အိုင်းစတိုင်းထက်တောင် ကောင်းသေးတယ်လေ။ ငါပြောရင် နားလည်လောက်မှာပါ။' အယ်လိုဟင် ထင်ထားသည့်အတိုင်းပင် လိုလီလေး၏မျက်နှာက အစောပိုင်းကလို စိတ်ကူးယဥ်နေသည့် မျက်နှာမျိုးမဟုတ်တော့ဘဲ တည်တည်ကြည်ကြည်ပြန်ဖြစ်သွားကာ က္ကန္ဒြေရရပြန်ထိုင်ရင်း လက်ဖက်ရည်ခွက်ကို နန်းဆန်ဆန်ကောက်ကိုင်လိုက်သည်။

"ငါနည်းနည်းပျင်းတာနဲ့ ဟိုတွေးဒီတွေး လျှောက်တွေးနေမိ သတိမထားမိဖြစ်သွားတာပါ။ ဘာကိစ္စရှိလို့လဲ အယ်လိုဟင်။"

အယ်လိုဟင်က သူအခန်းထဲဝင်လာသည့်အကြောင်းကို ပြောလိုက်သည်။ "အဟမ်း၊ အခန်းငှားခက တစ်ပတ်တည်းပေးထားတာလေ။ အခုဟိုတယ်က ပိုက်ဆံထပ်တောင်းနေလို့။"

ကောင်မလေးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "တီဗီစင်နားမှာ တင်ထားတဲ့ဘဏ်ကတ်ရှိတယ်။ ပတ်ဝေါ့က ကတ်ပေါ်မှာရေးထားတယ်။"

"....." 'ငါ့ရဲ့ဧရာမဉာဏ်ကြီးရှင်သခင်မက ပတ်ဝေါ့ကို ကတ်ပေါ်မှာရေးပြီး တွေ့ရာထားတတ်တဲ့ ကပျက်ကချော်မျိုးလား။' အယ်လိုဟင် စိတ်ထဲမတင်မကျဖြစ်သွားသည်။ အဲဒီဘဏ်ကတ်ကို အခန်းသန့်ရှင်းရေးသမားတွေ သိမ်းသွားပြီး ငွေအကုန်ထုတ်သုံးသွားရင် ဘယ်လိုလုပ်မတုန်း။ အလုပ်ပြုတ်တာက နောက်မှလေ၊ ငွေရတာကအရင်။

အယ်လိုဟင်တစ်ယောက် ကောင်မလေးကို ကျော်သွားပြီး တီဗီစင်နားသွားလိုက်သည်။ ဖရာလီတာကတော့ ပျင်းပျင်းရှိသည်နှင့် ခုံပေါ်မှထသွားလိုက်ပြီး အိတ်ထဲထည့်ထားသည့် ဖုန်းကိုထုတ်ကာ ဆိုဖာပေါ်လှဲရင်း Youtubeကိုဖွင့်ကြည့်၏။

အယ်လိုဟင် ကတ်ကိုယူပြီး ပြန်လှည့်ကြည့်လိုက်သည်။ "သခင်မလေး... ကျုပ်ကတ်ယူပြီး... " စကားတောင်မဆုံးလိုက်၊ ကလေးမလေး၏အပြုအမူကို မြင်သောအခါ ဒေါသဖြစ်ဖြစ်ဖြင့် ထအော်လိုက်သည်။

"ဟိုအသေးမလေး၊ ဖုန်းကိုကိုင်ပြီး လှဲမကြည့်ရဘူးလေ။ မျက်လုံးတွေကန်းကုန်မှာပေါ့။"

အယ်လိုဟင်က အသံကျယ်ကျယ်နှင့် ပြောလိုက်ခြင်းဖြစ်သောကြောင့် ကောင်မလေးလန့်သွားပြီး ဖုန်းကိုချကာ ဟိုဟိုဒီဒီကြည့်လိုက်သည်။ နောက်မှ အယ်လိုဟင် အခန်းထဲရှိနေသေးတာကို သတိထားမိသွားပြီး မေးလိုက်၏။

"အယ်လိုဟင်၊ နင်ခုနက ငါ့ကိုဘာပြောလိုက်တာလဲ။ ငါမကြားလိုက်လို့..."

အယ်လိုဟင်လည်း သူ့လေသံ နည်းနည်းမာသွားတာကို သတိထားမိသွားပြီး ပါးစပ်ကို လက်ဖဝါးဖြင့်အုပ်ကာ လေသံဖျော့ဖျော့ဖြင့် ပြန်ဖြေလိုက်သည်။

"ဪ၊ သခင်မလေး လှဲရင်းဖုန်းကြည့်နေရင် မျက်စိပါဝါတွေတက်ကုန်မှာစိုးလို့ သတိပေးတာပါ။"

ဗြိတိသျှလိုလီလေးကတော့ မျက်စိကိုမှေးလိုက်ပြီး ဖုန်းကိုဘေးချထားလိုက်ကာ အယ်လိုဟင်ကို သွားတော့ဆိုသည့်သဘောဖြင့် လက်ကိုယမ်းပြလိုက်သည်။ အယ်လိုဟင်လည်း အခန်းထဲမှ အမြင်ပြန်ထွက်သွား၏။

ထို့နောက် ကောင်မလေးက ပိုပြီးပျင်းရိသွားဟန်ဖြင့် အိပ်ရာရှိရာသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်သွားပြီး လှဲချလိုက်ကာ စောင်ကိုရင်ဘတ်အထိရောင်အောင်ခြုံပြီး ကုတင်ခေါင်းရင်းတွင်တင်ထားသော ကွတ်ကီးမုန့်တစ်ခုကိုယူကာ တစ်ကိုက်ချင်းစီကိုက်စားလိုက်၏။

ခဏကြာပြီးနောက် အယ်လိုဟင် အခန်းတံခါးကိုခေါက်လိုက်ပြီး ပြန်ထူးသံမကြားမှ အခန်းထဲဝင်လာသည်။ တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က ကွတ်ကီးတင်မကတော့ဘဲ ဟိုတယ်ကပေးထားသည့် စပျစ်သီးများ၊ ပန်းသီးများနှင့်အများမုန့်မျိုးစုံကိုပါ အိပ်ရာပေါ်မှာစားနေသည့် လိုလီလေးကိုဖြစ်သည်။

"ဟိုကောင်မလေး၊ စားစရာတွေကို အိပ်ရာထဲမှာစားမှတော့ အကုန်လုံး ပေကျံကုန်တော့မှာပေါ့ဟ။"

များမကြာမီမှာပင် အယ်လိုဟင်၏အော်သံအကျယ်ကြီးက ကြယ်ငါးပွင့်ဟိုတယ် အဆင့်အမြင့်ဆုံးအခန်းအတွင်း ထွက်ပေါ်လာလေတော့သည်။

....

"ဟွန့်၊ အဲဒီအယ်လိုဟင်ကြီးက လူကြီးဆိုပြီး ငါ့ကိုမညှာမတာ ဆူလားငေါက်လားနဲ့။ ငါက သူ့သခင်ဆိုတာရော သတိရသေးရဲ့လား။"

ဗြိတိန်လိုလီလေးတစ်ယောက် ဂေါ့သစ်ဂါဝန်လေးကိုဝတ်ကာ ကုန်တိုက်ကြီးတစ်ခုအတွင်း လျှောက်လည်နေသည်။ တကယ်တော့ ဟိုတယ်နှင့်ခပ်လှမ်းလှမ်းတွင်မဟုတ်ဘဲ တစ်လမ်းကျော်တွင်ရှိသောကုန်တိုက်ဖြစ်သည်မလို့ သိပ်ဝေးသည်ဟုမဆိုနိုင်ပါ။

"ဘာလဲ၊ သူက ငါ့အဖေကြီးကျနေရော။ အပြင်သွားမယ်ဆိုရင် ဟိုတယ်ကကားငှားပြီးသွားလေတဲ့။ ငါ့ကို ကလေးများမှတ်နေလားမသိဘူး။"

ကစားစရာအရုပ်များ၊ ထူးထူးဆန်းဆန်းအဝတ်များပါသော အထုတ်ကြီးငယ်ကို တစ်ယောက်တည်းဆွဲရင်း စျေးဝယ်ထွက်နေသည့် ကောင်မလေးက ပါးစပ်မှ မနားတန်း ပေါက်ပေါက်ဖောက်နေသည်။ ဒီအထိလမ်းလျှောက်လာသည်မလို့ ဖိနပ်ပေါက်ပြီး ခြေထောက်နာနေသော်လည်း စိတ်ဆိုးနေသောကြောင့် ဂရုမစိုက်ဘဲ ထော့နဲ့ထော့နဲ့နှင့် ဆက်လျှောက်သွားနေခြင်းဖြစ်၏။ တစ်နေရာရောက်တော့ Street Fighter ဂိမ်းစက်လေးချထားသည့် ဂိမ်းစီးတီးအသေးစားလေးကို တွေ့လိုက်သောကြောင့် အထုပ်အပိုးများကို အများထိုင်ခုံတန်းပေါ်တွင် ထင်ထားလိုက်ပြီး ဆိုင်မှအကြွေစေ့ဝယ်ကာ ဝင်ဆော့လိုက်သည်။ ထို့နောက် တစ်ဖက်ပြိုင်ဖက်ကို စက်ရုပ်ဇာတ်ကောင်ရွေးပြီး အသေအကျေရိုက်တော့၏။ ကလေးမလေးက ဂိမ်းအမြဲတမ်းဆော့နေလို့လား၊ IQ 200+ ရှိ၍လားတော့မသိ ဂိမ်းစက်မှအမြင့်ဆုံးခက်ခဲမှုကိုရွေးကာ ကစားနေသည့်တိုင် ကျွန်ပျူတာက သူ့ကိုတစ်ချက်မှ မရိုက်နိုင်ပေ။

"အယ်လိုဟင်စုတ်၊ သေစမ်း..သေစမ်း...သေစမ်း..."

အတန်ကြာအောင်ကစားပြီး ညနေစောင်းခါမှ ပြန်ရမယ်ကို ဖရာလီတာသတိရလာသည်။ ထို့ကြောင့် သူထလိုက်ပြီး အထုပ်အပိုးများ ထားထားသည့်နေရာသို့ ပြန်သွားချိန်တွင် ဘာဆိုဘာမှရှိမနေတော့ပေ။

"ဟယ်... ငါဝယ်ထားတဲ့ပစ္စည်းတွေရော..." ဒါပေါ့ ဒီလောက်လူများတဲ့နေရာမှာ နာရီပေါင်းများစွာ ပစ်ထားခဲ့တာဆိုတော့ သူများမသွားလောက်ပြီလေ။ ပလာဇာကိုလာတဲ့အထဲမှာ မကောင်းတဲ့အကြံနဲ့အလစ်သုတ်သမားတွေလည်း ရှိနေသေးတာကိုး။ လိုလီလေးတစ်ယောက် လုံခြုံရေးရုံးခန်းကို သွားပြဿနာရှာပေမဲ့ နဂိုကတည်းက ပစ္စည်းပျောက်တာဝန်မယူတဲ့ပလာဇာဆိုတော့ ဘာမှထူးမလာခဲ့ဘူး။ ဘယ်တာဝန်ယူမလဲ၊ သူခိုးက ခိုးပြီးလစ်မှာလေ။ ဘယ်သူက လိုက်ဖမ်းမှာတုန်း။

အဆိုးဆုံးကတော့ လိုလီလေးရဲ့ပိုက်ဆံအိတ်ပါ ပျောက်သွားတဲ့အထဲပါပြီး ဖုန်းရောပိုက်ဆံရော မရှိတော့တာပဲ။

"ချည်းထဲမှ၊ ငါလိုပန်ဒရာဂွန်မိသားစုခေါင်းဆောင်က သူခိုးပိစိကွေးသေးတွေကြောင့် ဒုက္ခရောက်ရတယ်လို့။"

ပုပုသေးသေး ကောင်မလေးတစ်ယောက် ကုန်တိုက်မြေညီထပ်မှာ ဒေါသထွက်ပြီး လက်သီးလက်မောင်းတွေ တန်းနေပါပြီ။

"ဟွန့်၊ ငါပြန်ရောက်ရင် နင်တို့သူခိုးတွေအကုန်လုံးကို Archmegaနဲ့အမှုန့်ကြိတ်ပစ်မယ်။ ပြောခါမှ၊ တစ်လမ်းကျော်မှာ ဟိုတယ်ရှိတာဆိုတော့ ပြန်ဖို့ခက်လောက်ဘူးမလား။ မခက်လောက်ပါဘူးနော်။"

ဒါပေမဲ့ လိုလီလေးတစ်ယောက် ကုန်တိုက်ထဲက ထွက်လာချိန်မှာတော့ နယူးယောက်မြို့ကို အထင်သေးခဲ့မိပြီဆိုတာ ချက်ချင်းသိလိုက်ရပါပြီ။

နှစ်နာရီလောက် လမ်းလျှောက်ပြီးတဲ့အထိ ဟိုတယ်ကို အရိပ်တောင်မြင်ရသေးဘူး။ ညနေစောင်းပြီမလို့ နီယွန်မီးတွေလည်း ထွန်းတာပြီဖြစ်တာကြောင့် နေ့ခင်းဖက်က မြင်ကွင်းနဲ့မတူတော့ပါဘူး။ ဒါကြောင့် လမ်းပျောက်တတ်တဲ့ ကလေးမလေးကို ပိုဆိုးအောင်တွန်းပို့နေသလိုပဲ။ နောက်ဆုံးမှာတော့ သူထွက်လာတဲ့ ပလာဇာကိုတောင် ပြန်မသွားတတ်တော့ဘူး။ အရပ်ရှည်ရှည်လူကြီးတွေ သွားလာလှုပ်ရှားနေတဲ့ လမ်းမကြီးပေါ်မှာ ပုပုသေးသေးကောင်မလေးတစ်ယောက်တည်း ကူရာမဲ့စွာ မျက်စိလည်နေပါပြီ။

ဒီကြားထဲ ဖိနပ်ပေါက်ထားတာကြောင့် သွေးတွေထွက်နေပြီး မျက်ရည်တွေက မျက်လုံးထဲဝဲလာတယ်။ တော်တော်ကြာအောင်လျှောက်ပြီးတဲ့နောက်တော့ တစ်ကိုယ်လုံးတက်တူးအပြည့်နဲ့ သွားတွေကျို့တို့ကျဲတဲရှိသည့် အဖိုးကြီးတစ်ယောက်က သူ့အနားရောက်လာပြီး မေးလိုက်တယ်လေ။

"ကောင်မလေး၊ လမ်းပျောက်နေတာလား။" အဖိုးကြီး ပါးစပ်ဟလိုက်ချိန်မှာ အရက်နံက တထောင်းထောင်း။ ဒါကြောင့် ငယ်ငယ်က သူ့အမေပြောဖူးတဲ့ ပုံပြင်တွေထဲက ကလေးသူခိုးကိုသွားသတိရမိပြီး ကြောက်လွန်းလို့ အော်ပြေးမိလေရဲ့။

"ကယ်ကြပါ...ကယ်ကြပါ.... ကလေးသူခိုးကြီး...ကလေးသူခိုး...."

၄။

တိုကျိုမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ MCdowell's ဆိုင်။

ကိုင်းတိုက စားဖိုချောင်သုံးဓားနှစ်လက်ကို မြေပေါ်ပစ်ချလိုက်သည်။ အသွားများကျိုးပဲ့နေသည့် ဓားနှစ်လက်က မြေကြီးထံ စိုက်ဝင်သွား၏။ သူ့ဘေးပတ်ပတ်လည်တွင် မီးဖိုချောင်သုံးဓားများစွာ ပြန့်ကျဲနေပြီး အားလုံးမှာ ပျက်စီးနေသောဓားများဖြစ်သည်။

"ငါပြောပါတယ်၊ ငါ့မှာစွမ်းအားတွေမရှိတော့ရင်တောင် မင်းငါ့ကို မနိုင်နိုင်ပါဘူးလို့။"

ကိုင်းတို၏အမြန်စာစားသောက်ဆိုင် အေပရွန်မှာ သန့်ရှင်းနေဆဲဖြစ်ပြီး ဖုန်မှုန့်အချို့သာ တင်ကျန်နေသည်။ သူက လက်ဖြင့်ထိုဖုန်မှုန့်များကို ဖယ်ရှားလိုက်ပြီး ပြောလိုက်၏။

"အီခဲဒရဲ့သားလေး၊ မင်းပြန်သွားတာ ကောင်းလိမ့်မယ်။ ဒီအရှင်က မင်းပြဿနာရှာလို့ရတဲ့အထဲမှာ မပါသေးဘူး။"

အခြားတစ်ဖက်တွင်တော့ ဇက်သတ္ထုဖြင့်ပြုလုပ်ထားသော ဆာမူရိုင်းဓားကျိုးကို ကိုင်ထားသည့် ပထမဓားသခင်က သူ့လက်သူ မယုံနိုင်စွာဖြင့် ပြန်ငုံကြည့်လိုက်သည်။ လာစဥ်က ကြည့်ကောင်းသည့် ဆာမူရိုင်းကီမိုနိုဝတ်စုံကို ဝတ်လာခဲ့သော်လည်း အခုတော့ ဓားရာပရပွနှင့်သွေးများစိုရွဲနေပြီဖြစ်၏။ ပုံမှန်အားဖြင့် ပထမဓားသခင်၏တိုက်ပွဲများတွင် ရန်သူ့သွေးများသာ သူ့ကိုယ်ပေါ်တွင် စွန်းထင်းတတ်သည့်တိုင် ခြွင်းချက်အနေဖြင့် ယခုတစ်ခါတော့ သူ့ဝတ်စုံပေါ်တွင် သူ၏ကိုယ်ပိုင်သွေးများဖြင့်သာ ပြည့်နှက်နေခြင်းဖြစ်သည်။ သူ့တစ်ကိုယ်လုံးတွင် ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အာကိုင်းဂါမီကသာ ထိရုံလေး ခုတ်ခဲ့ခြင်းမဟုတ်ပါက သေချာပေါက်သေနေလောက်ပြီဖြစ်၏။

သူတို့နှစ်ယောက်ကို တားရန်ကြိုးစားခဲ့သော ဆာတန် ဒေါ်ဝဲလ်မှာလည်း သတ္ထုခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းရာများထင်နေပြီး စိတ်ညစ်စွာဖြင့် ပြောလိုက်သည်။

"ကြည့်ရတာ မင်းတို့နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ပြီး ဝင်တားဖို့ ငါ့မှာစွမ်းအားမရှိဘူးထင်တယ်။" ဆာတန်အနေဖြင့် သူတို့နှစ်ယောက်လုံးထဲမှ ဘယ်သူ့ကိုမဆို တစ်ယောက်ချင်းယှဥ်ချပြီး အနိုင်ယူရန်ဖြစ်နိုင်သည့်တိုင် နှစ်ဦးလုံးကို တားဆီးရာတွင်တော့ ကံမကောင်းခဲ့ပေ။ မြူတန့်နှစ်ယောက် တိုက်ခိုက်နေသည်အား ဝင်တားနိုင်ရန်အတွက် လုံလောက်သောစွမ်းအားမှာ ထိုနှစ်ယောက်ပေါင်းထက် အနည်းဆုံးနှစ်ဆခန့် ပိုအစွမ်းထက်နေမှ ရမည်ဖြစ်၏။

"ချီးသွားစားလိုက်၊ ဒီနေ့ငါသေရမယ်ဆိုရင်တောင် မင်းကိုသတ်မယ်။ မင်းသတ်လို့ ငါမသေရင်တောင် ငါ့ကိုယ်ငါသတ်သေမယ်။"

ကိုင်းတိုကတော့ စိတ်မဝင်စားဟန်ဖြင့် လက်ကိုပိုက်ထားလိုက်ပြီး နေရာမှာတင် ရပ်နေလိုက်သည်။ သူ့ပုံစံက နည်းနည်းလေးမှ တိုက်ခိုက်ရန် စိတ်ဝင်စားတော့ပုံမရ။

"မိရိုင်က မင်းမိန်းမကို ငါဝင်ဂုန်းဆင်းလို့ ရလာတဲ့ သမီးလို့ မင်းထင်နေတာလား။ အဲဒီလိုမဟုတ်တာတော့သေချာတယ်။ မယုံရင် DNA စစ်ကြည့်လေ။ မင်းမစစ်ကြည့်ရသေးဘူးလို့တော့ မပြောနဲ့နော်။"

တစ်ချိန်လုံး တုံးချင်ယောင်ဆောင်နေသော အားကိုင်းဂါမီ၏စကားကြောင့် ယာကူဇာကြီးမျက်နှာရှုံမဲ့သွားသည်။

"သွားသေလိုက်ပါလား၊ အဲဒါက မင်းကလေးဖြစ်နေရင် ဘယ်လိုလုပ်မတုန်း။" မထင်မှတ်ဘဲ ပြန်ရလာသည့်အဖြေကြောင့် အာကိုင်းဂါမီလည်း မျက်နှာမဲ့လိုက်သည်။

"ဪ၊ ဒီတော့ မင်းစစ်မကြည့်ရသေးဘူးပေါ့။ ပြောရရင် မင်းက မင်းသမီးမှာ မီးစွမ်းအားရှိနေရုံနဲ့တင် မင်းသမီးမဟုတ်ဘူးလို့ယူဆပြီး မီးစွမ်းအားရှိဖူးတဲ့ ငါ့ကိုသူ့အဖေလို့ထင်ပြီး ဓားနဲ့လာခုတ်နေတာလား။ တော်တော်အတ္တကြီးတဲ့ကောင်။ အသိတရားဝင်အောင် မင်းကိုထပ်ရိုက်ရဦးမယ်ထင်တယ်။"

အာကိုင်းဂါမီက စိတ်ပေါက်ပေါက်နှင့် နောက်ဆုံးကျန်သည့် မီးဖိုချောင်ဓားဖြစ်သည့် အသားခုတ်ဓားမကြီးကို ဆွဲထုတ်လိုက်ပြီး ရှေ့သို့တက်လိုက်သည်။ ဆာမူရိုင်းကြိးကလည်း ဓားကျိုးကိုမြှောက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။

...

ဂျပန်ရိုးရာ သစ်သားအိမ်ကြီး၏ ခန်းမတစ်ခုထဲတွင်ဖြစ်သည်။ အနက်ရောင်အနောက်တိုင်းဝတ်စုံဝတ်ထားသည့် သက်လတ်ပိုင်းလူကြီးက ကြမ်းပြင်တွင် လဲကျနေသော လူတစ်ယောက်ကို ခြေထောက်ဖြင့် အကြိမ်ကြိမ်အခါခါ ကန်ကျောက်နေ၏။

သေချာကြည့်မည်ဆိုပါက ကြမ်းပြင်ပေါ်မှလူမှာ အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ဆာကူရာအမှတ်တံဆိပ် ရင်ထိုးကို အင်္ကျီထပ်တွင် တွေ့နိုင်သည်။

အနောက်တိုင်းဝတ်စုံနှင့် ရွှေရောင်ဆာကူရာပန်းပွင့်တို့က ယာမာဂုချီမိသားစု ဒုတိယဓားသခင်၏ ကိုယ်ပိုင်အမှတ်အသားဖြစ်၏။ ဂျပန်ပြည်တွင်းရေးရာကိစ္စရပ်များကို ကိုင်တွယ်ရသည့် ပထမဓားသခင်နှင့်မတူသည်မှာ ဒုတိယသခင်ကြီးတာနာကာက ပြည်ပရေးရာကိစ္စရပ်များကို တာဝန်ယူရသည်။

ယခု ဒုတိယဓားသခင်က ကြမ်းပြင်ပေါ်တွင်ရှိနေသည့် အမျိုးသမီးကို အမျိုးသမီးဟုပင် နည်းနည်းလေးမှ ထည့်မတွေးဘဲ ဒေါသအလျှောက် ကန်ကျောက်နေခဲ့သည်။

အမျိုးသမီး၏ခေါင်းတွင် ပေါက်ပြဲရာတစ်ခုရှိနေပြီး သွေးများက တာတာမီဖျာပေါ်သို့ ကျဆင်းလာနေသဖြင့် စွန်းထင်းကုန်သည်။ ထိုအမျိုးသမီး၏မျက်နှာမှာ ရိုက်နှက်ထံထားရသောကြောင့် ခရမ်းရောင်သန်းနေပြီး ရုပ်ကိုပင်မှတ်မိဖို့ ခဲယဥ်းသည်။ တင်းတင်းဆုပ်ထားသော လက်သီးအနားတွင် မြေစွမ်းအားများ စုစည်းနေသောကြောင့်သာမဟုတ်ပါက အာအိုရီမှန်း သိနိုင်မည်မဟုတ်ပေ။ အာအိုရီက အံ့ကိုတင်းတင်းကျိတ်ထားပြီး သူ့အပြစ်သူသိတဲ့အလား နည်းနည်းလေးမှ ပြန်မခုခံခဲ့ပေ။ အတော်ကြာမှာ သက်လတ်ပိုင်းယာကူဇာကြီးက နှိပ်စက်ချင်းကို ရပ်လိုက်သည်။

"မင်းက ငါ့သားကို ကာကွယ်ဖို့ တာဝန်ပျက်ကွက်ခဲ့တယ်။ ဒီနေ့တော့ လက်ချောင်းတစ်ချောင်းပဲဖြတ်ယူထားလိုက်မယ်။ ဒါပေမဲ့ မင်းကိုအသက်ရှင်လျက်ထားတာက ငါ့သားအသက်ကို ယူသွားတဲ့ကောင်ကို လက်စားချေပေးဖို့သက်သက်ပဲ။ နောက်၃နှစ်မှ မအောင်မြင်ရင်တော့ မင်းကိုငါကိုယ်တိုင် သတ်ရမှာပဲ။"

ဒုတိယဓားသခင်ကြီးက သူ့အင်္ကျီအတွင်းအိတ်ထဲမှ အိတ်ဆောင်ဓားမြှောင်ကို ထုတ်လိုက်ပြီး အာအိုရီ့လက်သီးဆုပ်ကို ဆွဲဖြန့်လိုက်ကာ ဘယ်လက်သန်းကို တိခနဲဖြတ်ပစ်လိုက်သည်။ သွေးများက ကြမ်းပြင်ပေါ်တွင် အိုင်ထွန်းနေပြီး ထိုမိန်းကလေးမျက်နှာပေါ်တွင် ချွေးစေးများထွက်လာသည့်တိုင် အသံမထွက်ခဲ့ပေ။ သူ့မျက်လုံးများကတော့ အမုန်းများဖြင့် တောက်ပနေခဲ့သည်။

ယာမာဂုချီမိသားစုမှ အလားအလာရှိသော သခင်လေးအိုက်ဇာဝါ၏ သက်တော်စောင့်တစ်ယောက်အနေဖြင့် အာအိုရီသည် သခင့်အသက်ကို ကာကွယ်ရမည့်တာဝန်မှ ကျရှုံးခဲ့သည်။ ထို့ကြောင့် သူ့အပြစ်က သေဒဏ်ထိုက်ကာ ကလဲ့စားချေဖို့ကြောင့်သာမဟုတ်ပါက အာအိုရီသေနှင့်ပြီးလောက်ပြီ။

အိုက်ဇာဝါ၏ဖခင်မှာ ဒုတိယဓားသခင်ကြီးဖြစ်ပေသည်။ လက်ရှိယာမာဂုချီမိသားစုတွင် ဓားသခင်လေးဦးရှိပြီး မျိုးဆက်သစ်သခင်ငယ်ငါးဦးရှိ၏။ ပထမသခင်ကြီးတွင် လက်ရှိမျိုးဆက်သစ်များထဲတွင် အားအကောင်းဆုံးဖြစ်သည့် ဥစာကီနှင့် မီးလျှံစွမ်းအားရှိသည့် မိရိုင်တို့ရှိသော်လည်း နှစ်ဦးလုံးက မိသားစုနာမည်ကို နောက်မျိုးဆက်ထံ သယ်ဆောင်ပေးနိုင်မည့် သားကောင်းရတနာများမဖြစ်သောကြောင့် အမွေဆက်ခံမှုဇယားတွင် အိုက်ဇာဝါက နံပါတ်တစ်ပြေးနေခဲ့သည်။ တတိယဓားသခင်နှင့် စတုတ္ထဓားသခင်တို့တွင်လည်း သားသမီးများရှိသည့်တိုင်အောင် ရှေ့မှသုံးယောက်ကို မမီပေ။ ထို့ကြောင့် အိုက်ဇာဝါသေဆုံးမှုက လုံးဝအစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်နေခဲ့သည်။

ဒုတိယဓားသခင်ကြီးက အာအိုရီကို အထင်သေးစွာဖြင့် နောက်ဆုံးအနေဖြင့်ကြည့်လိုက်ပြီး ကျောခိုင်းကာ ခန်းမအတွင်းမှ ထွက်သွာသွားသည်။ တခြားယာကူဇာများလည်း ဒုတိယဓားသခင်ကြီးနောက်မှ လိုက်သွားကြပြီး အာအိုရီကို တစ်ချက်လေးပင် လှည့်မကြည့်ကြပါ။

သွေးအိုင်ထဲတွင်လဲနေသည့် မိန်းကလေးတစ်ယောက်တည်းသာ တုန်ယင်နေသောခန္ဓာကိုယ်ကို အနိုင်နိုင်ထိန်းရင်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ကာ ခန်းမအပြင်ဖက်သို့ လျှောက်ထွက်သွား၏။ ပြတ်သွားသည့်လက်ချောင်းနေရာမှ သွေးများစီးထွက်နေဆဲဖြစ်ရာ အခြားလက်တစ်ဖက်ဖြင့် ဖိထားရသည်။ နာကျင်ကိုက်ခဲမှုကြောင့် အာအိုရီသတိမေ့လုနီးနီးဖြစ်နေသော်လည်း နှုတ်ခမ်းကိုဖိကိုက်ထားပြီး သတိမေ့မသွားအောင် အားခဲထားလိုက်သည်။ အကယ်၍မိသားစုခြံဝင်းထဲတွင်သာ သူလဲကျသွားပါက သွေးထွက်လွန်းပြီး သေသွားသည့်တိုင်အောင် သူ့ကိုဘယ်သူမှ လာကူညီမည်မဟုတ်ပါ။

"၃နှစ်... ဒီ၃နှစ်အတွင်းမှာ သခင်လေးအတွက် လက်စားချေရမယ်။" အာအိုရီက ခန်းမဆောင်အတွင်းမှာထွက်လိုက်ရင်း ခြံဝင်းအတွင်းမှ ချယ်ရီပန်းပင်တစ်ပင်ထံသို့ အကြည့်က အလိုလိုရောက်သွားသည်။

"အာအိုရီ၊ ဒီအပင်ကိုကြည့်စမ်း။ ငါမွေးတုန်းက ငါ့အဖိုးကိုယ်တိုင် စိုက်ပေးခဲ့တာလေ။ ဒီသစ်ပင်တည်ရှိနေသမျှ ငါ့အသက်ရှည်ရှည်နေနိုင်အောင်လို့ စိုက်ပေးတာတဲ့။" ထိုစကားကို ပြောခဲ့စဥ်က အိုက်ဇာဝါမှာ အလယ်တန်းကျောင်း တက်ခါစသာ ရှိပေသေးသည်။ ဆောင်းဦးကာလ ကုန်ခါနီးပြီဖြစ်ပေမဲ့ ချယ်ရီပန်းပင်မှာ ချယ်ရီပွင့်များက အပြည့်ရှိနေဆဲဖြစ်သည်။ ခြံဝင်းထဲရှိ အခြားအပင်များရှိ သစ်ရွက်များမှာ အနီရောင်ပြောင်းပြီး ကြွေကျနေပြီဖြစ်၏။

"သခင်လေးက ကျွန်မထက်အရင် စောပြီးထွက်သွားခဲ့တာပဲ။" ယာမာဂုချီမိသားစုက ခြေသလုံးအိမ်တိုင် တစ်ကောင်ကြွက်ဖြစ်ခဲ့သော အာအိုရီကို စွမ်းအားအတွက်ကြောင့် မွေးစားခဲ့ကြသည်။ အာအိုရီ၏မြေအစွမ်းမှာ A- အဆင့်တွင်ရှိခဲ့ဖူးပြီး ထိုအစွမ်းကြောင့် မိသားစုအတွက် အလွန်အသုံးဝင်ခဲ့၏။ လုပ်ကြံသူတစ်ယောက်ဖြစ်လာစေရန် ပျိုးထောင်ပေးခံခဲ့ရပြီး နောက်ပိုင်းတွင် အိုက်ဇာဝါ၏သစ္စာရှိအစေခံ ဖြစ်လာခဲ့သည်။ ကံမကောင်းသည်မှာ မြူတန့်များတွင် အဖြစ်များသော ရှားပါးရောဂါဖြစ်သည့် အင်အားယုတ်လျော့သည့်ရောဂါကို အာအိုရီခံစားခဲ့ရပြီး အချိန်ကြာလာသည်နှင့်အမျှ သူ့မြူတန့်စွမ်းအားများကလည်း လျော့ကျလာလေလေဖြစ်သည်။ ယခုအချိန်တွင် အာအိုရီ၏မြူတန့်စွမ်းအားက B အဆင့်ဝင်ရုံသာ ရှိပေတော့သည်။

"၃နှစ်... ဒါက ငါ့စွမ်းအားတွေအားလုံး ပျောက်ကွယ်သွားဖို့ လုံလောက်တဲ့အချိန်ပဲမဟုတ်လား။" တစ်ကိုယ်လုံး သွေးမရှိသလိုဖြူဖျော့နေသည့် အာအိုရီက ခြောက်ကပ်ကပ်ရယ်မောလိုက်၏။ ဆောင်းဦး၏အေးစက်စက်လေပြေများက သူ့အတွက်တော့ ဓားထက်ထက်တစ်စင်းလို ခံရခက်လှသည်။

...

ငွေရောင်စစ်သည်တော်က နယူးယောက်မြို့အပြင်ဖက်မှာရှိနေတဲ့ အထပ်မြင့်တိုက်ခန်းတစ်ခုနားကို ရောက်လာတယ်။ ဒီတိုက်ခန်းရဲ့မြေညီထပ်တွေအားလုံးကို သော့ခတ်ထားတဲ့ သတ္တုခေါက်တံခါးနဲ့ပိတ်ထားတယ်။ တိုက်ခန်းဘေးက တံခါးသေးသေးလေးကိုပဲ လူဝင်လူထွက်အတွက်ဖွင့်ထားတာပါ။ ဒီအိုဟောင်းနေတဲ့ တိုက်ခန်းအတွင်းကို လူဝင်လူထွက်ရှိပေမဲ့ အားလုံးက ယောက်ျားတွေပဲဖြစ်နေပြီး သားရေဂျာကင်နှင့်ဂျင်းဘောင်းဘီဝတ်ထားတဲ့ လူအများစုသာ ဝင်ထွက်နေတာဖြစ်တယ်။

သာမန်တိုက်ခန်းတွေဆိုရင်တော့ မိသားစုတွေနေတာကြောင့် အော်ဟစ်နေတဲ့ ကလေးတွေ၊ အိုးခွက်သံတွေ၊ အချင်းချင်းစကားပြောသံတွေနဲ့ ဆူညံ့နေပြီး

သက်ဝင်လှုပ်ရှားနေရမှာ ဖြစ်ပေမဲ့လည်း ဒီတိုက်ခန်းကတော့ ငြိမ်သက်နိုင်လွန်းတယ်။

ငွေရောင်စစ်သည်ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာက ရေဒါစနစ်နဲ့အနီအောက်ရောင်ခြည်အမြင် နှစ်ခုလုံးကိုသုံးပြီး တိုက်ခန်းအတွင်းပိုင်းကို စကန်ဖတ်လိုက်တယ်။ လက်နက်အပြည့်နဲ့လူတချို့က အောက်ထပ်မှာ ကင်းလှည့်နေကြပြီးတော့ တချို့လူတွေကတော့ ရောင်စုံပရင်ဒါအကြီးကြီးတွေနဲ့ အလုပ်ရှုပ်နေကြတယ်။

မက်ဒါနာက ဒီမြင်ကွင်းကိုတွေ့လိုက်ရတော့ ပြုံးလိုက်မိတယ်။ ဒီနေ့တော့ ငါးအကြီးကြီးမိပါပြီ။ ရဲရေဒီယိုကို သူ့ဝတ်စုံစနစ်နဲ့ချိတ်လိုက်ပြီး လင်ဒါကို လှမ်းဆက်သွယ်လိုက်တယ်။

"လင်ဒါ၊ လောင်းအိုက်စလန်ဘက်မှာ နင့်အသိနယ်မြေခံရဲတွေရှိလား။ ငါတော့ဒီမှာ ငါးအကြီးကြီးမိသွားပြီ။"

ခဏနေတော့ တစ်ဖက်ကနေ ပြန်ဖြေသံကြားရတယ်။ "ဘာ၊ နင်က ငါတို့ရေဒီယိုလိုင်းကို နယ်မြေပြင်ပကနေ လှမ်းဆက်နေတာလား။ ထားတော့ ဒီတစ်ခါရော ဘယ်အဖွဲ့လဲ။"

မက်ဒါနာကတော့ အဆောက်အဦးအတွင်းက အခြေအနေကို ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။ "ငွေအတုထုတ်တဲ့နေရာထင်တယ်၊ သူတို့စကားပြောသံအရတော့ ရုရှားကောင်တွေ။"

"နင်က ယာကူဇာတွေကို ဖြုတ်ချပြီးတော့ အခုတစ်ခါကျတော့ ရုရှားလား။ ငါအဲဒီကရဲစခန်းကို ဆက်သွယ်ပေးလိုက်မယ်။ SWAT အဖွဲ့ရော လိုဦးမလား။"

"မလိုဘူး၊ ဒေသခံရဲတွေရောက်လာတဲ့အချိန်ဆိုရင် ဒီကောင်တွေအကုန်လုံး ကျိုးပဲ့နေလောက်ပြီ။"

ငွေရောင်စစ်သည်က ပြောပြောဆိုဆိုနဲ့ သတ္တုတံခါးကို ဓားသဏ္ဍာန်လက်သီးဟန်နဲ့ ထိုးဖောက်လိုက်ပြီး အခြားလက်တစ်ဖက်ကိုပါ လျှိုသွင်းရင်း လူတစ်ကိုယ်ဝင်စာအပေါက်ကြီးဖြစ်အောင် ဆွဲဖြဲလိုက်တယ်။

အထဲမှ ရုရှားမာဖီးယားများရတော့ မျက်လုံးအကြောင်သားနဲ့ သူတို့စခန်းတံခါးကြီး ပျက်စီးသွားတာကို ကြည့်နေမိတယ်။

"ဟယ်လို၊ ငါတံခါးမခေါက်မိလိုက်ဘူး။ ဒါပေမဲ့ မင်းတို့ငါ့ကို ဒီအတိုင်းပဲ ကြောင်ကြည့်နေတော့မှာလား။"

ငွေရောင်စစ်သည် အဆောက်အဦးအတွင်းရောက်ပြီး စကားစလိုက်ခါမှ မာဖီးယားများအားလုံး သတိဝင်လာတယ်။ အစောင့်မာဖီးယားအားလုံးက သူတို့ဆောင်ထားတဲ့ ပစ္စတိုသေနတ်၊ အူဇီသေနတ်တွေနဲ့ ငွေရောင်စစ်သည်ကို ဝိုင်းပစ်တယ်။

ဒိုင်းဒိုင်းဒိုင်း၊ ဒိန်းဒိန်းဒိန်း၊ ဒက်ဒက်ဒက်...။

စက္ကန့်ပိုင်းအတွင်းမှာပဲ တိုက်ခန်းအဟောင်းထဲမှာ ယမ်းနံတွေမွန်ထွန်သွားပြီး ကျည်ဆန်အခွံတွေလည်း ကြမ်းပြင်မှာပြည့်ကုန်တယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံကို ကျည်ဆန်တွေထိသွားတိုင်းမှာ မီးပွားအနည်းငယ် ထွက်လာတာကလွဲလို့ ခြစ်ရာတောင်မထင်ဘူး။ မိနစ်အနည်းငယ်ကြာတော့ မာဖီးယားတွေမှာ ကျည်ကုန်သွားပြီ။

"Durak, deris' svoyey rukoy" ခဏနေတော့ ခေါင်းဆောင်ငယ်ဖြစ်ပုံပေါ်တဲ့ မာဖီးယားက သူ့တပည့်တွေကို ရုရှားလိုဆဲလိုက်တယ်။ မက်ဒါနာဝတ်စုံရဲ့ဘာသာပြန်စနစ်ကနေ အလိုလိုနားလည်လိုက်တာက

"အရူးတွေ၊ မင်းတို့လက်ကိုသုံးပြီး ဝင်ချကြလေ။"

မကြာဘူး မာဖီးယားတွေအားလုံး ရရာလက်နက်ကိုဆွဲကိုင်ပြီး မက်ဒါနာဆီကို ပြေးလာကြတယ်။ သူတို့ထဲကတစ်ယောက်က မီးသတ်ရဲတင်းကြီးကို ကိုင်လာပြီး ငွေရောင်စစ်သည်ကို ခုတ်ချလိုက်တယ်။ မက်ဒါနာကတော့ လက်ကိုမြှောက်ကာ ရဲတင်းကိုဖမ်းဆုပ်လိုက်ပြီး အဲဒီမာဖီးယားရဲ့မျက်နှာကို ပိတ်ထိုးပစ်လိုက်ပါပြီ။

"mudak!" ရုရှားကောင်လည်း တစ်ချက်အော်ဆဲလိုက်ပေမဲ့ နှာခေါင်းရိုးကျိုးသွားတာကြောင့် ပြန်မထနိုင်တော့ဘဲ မြေပေါ်ဒူးထောက်ကျသွားတယ်။ ငွေရောင်စစ်သည်ကတော့ သူ့ကိုအားချိန်မပေးပါဘူး။ ညာခြေကိုမြှောက်ပြီး လေထဲမြောက်သွားတဲ့အထိ ကန်ထုတ်လိုက်တယ်။ နောက်တော့ တိုင်တစ်တိုင်နဲ့ ဝင်ဆောင့်မိပြီး ခါးရိုးကျိုးသံ ထွက်အော်လာတယ်။

နောက်ထပ် ရုရှားနှစ်ယောက်ပြေးဝင်လာပြီ။ သူတို့လက်ထဲကိုင်ထားတဲ့ စတီးခုံတွေနဲ့ ငွေရောင်စစ်သည်ကို ဝိုင်းရိုက်ကြပေမဲ့ ခုံတွေကျိုးသွားရုံပဲရှိတယ်။ ငွေရောင်စစ်သည်ကတော့ မြန်မြန်ဆန်ဆန်လှုပ်ရှားနေပြီး သူတို့နှစ်ယောက်ကို ကော်လံကနေဆွဲကာ ခေါင်းချင်းတိုက်ပေးလိုက်တယ်။ အဲဒီနောက် ဆက်ပြေးလာနေတဲ့ မာဖီးယားအုပ်စုထဲကို ပြေးဝင်သွားပြီး လက်ဖျံမှာရှိနေတဲ့ လျှပ်စစ်ကွင်းတွေကို စသုံးလိုက်တယ်။

"အား....." အော်ဟစ်သံတွေနဲ့အတူ လူတစ်ဒါဇင်လောက် လဲကျကုန်ပြီ။ မက်ဒါနာလက်ဖျံမှာရှိနေတဲ့ လျှပ်စစ်ကွင်းအားလုံး သုံးကုန်သွားပြီဖြစ်လို့ သံလိုက်ကိုသုံးပြီး ပြန်ဆွဲယူလိုက်တယ်။ ခေါင်းဆောင်ငယ်တစ်ယောက်တည်းသာ နေရာမှာ ရပ်လျက်သားကျန်ခဲ့တယ်။

"Zapakh gryazi!" အဲဒီလူကတော့ မက်ဒါနာနားမလည်တဲ့ ရုရှားဘာသာစကားနဲ့ ဆဲနေတုန်းပဲ။ ဘာသာပြန်စနစ်က ဘာပြောနေလဲဆိုတာ ဖော်ပြနေပေမဲ့ ငွေရောင်စစ်သည်တော်က အချိန်တိုင်းလက်မဖတ်ချင်ဘူးလေ။ ဒါကြောင့်အဲဒီလူဆီကို အိုလံပစ်အပြေးသမားတစ်ယောက်လိုမျိုး ပြေးသွားလိုက်တယ်။ အဲဒီလူကတော့မပြောဘူး။ ရုရှားတွေက တော်တော်သတ္တိတော့ရှိကြသား။ သေမှာကြောက်တဲ့အမျိုးတော့မဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်တွေကို အသေခံချခဲ့တဲ့လူတွေရဲ့သွေးမျိုးဆက် ပီသပါပေတယ်။

ရုရှားကောင်ကလည်း မြူတန့်ပဲ။ မက်ဒါနာအနားမရောက်ခင် သူ့လက်သည်းတွေက ရှည်ထွက်လာတယ်။ ဝက်ဝံညိုကြီးတစ်ကောင်ရဲ့လက်သည်းတွေနဲ့တူတယ်။ ပြီးတော့ ပုံမှန်သတ္တုတွေထက် ပိုမာမယ့်ပုံပဲ။ ဒါပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံကို ဖျက်ဆီးနိုင်အောင်တော့ အားမကောင်းဘူး။

မက်ဒါနာရဲ့ရင်ဘတ်ကို ညာဖက်လက်က လက်သည်းတွေနဲ့ ထိုးပြီးတဲ့နောက် အကုန်လုံးကျိုးပဲ့ကုန်တယ်။ ရုရှားကောင်က ကျိုးသွားတဲ့သူ့လက်သည်းတွေကို ပြန်ကြည့်ပြီး ကြောက်လန့်တကြား ထအော်လေရဲ့။

"ကျိုးမှာပေါ့၊ မင်းလက်သည်းတွေက Adamantiumမှမဟုတ်တာ။" မက်ဒါနာက ပြောပြောဆိုဆိုနဲ့ အဲဲဒီမာဖီးယားရဲ့ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး မြေပြင်နဲ့မိတ်ဆက်ပေးလိုက်တယ်။

ခဏနေတော့ အပေါ်မှာရှိနေသေးတဲ့ မာဖီးယားတွေလည်း အောက်ကိုဆင်းလာကြပြီ။ ငါးမိနစ်လောက်ရှိပြီမလို့ ဒေသခံရဲတွေလည်း ရောက်လာကြတယ်။ မက်ဒါနာကတော့ အပေါ်ထပ်လှေကားဆီကို ပြေးတက်ရင်း တွေ့သမျှမာဖီးယားတိုင်းကို ထိုးနှက်ကန်ကျောက်သွားတယ်။ သူ့ဓားကိုတောင်မသုံးဘူး။

ရဲတွေအဆောက်အဦးထဲရောက်တော့ လှေကားပေါ်မှာ တွဲလောင်းချိတ်ခံထားရတဲ့ မာဖီးယားတွေနဲ့၊ ကြမ်းပြင်ပေါ်မှာ မှောက်နေတဲ့ မာဖီးယားတွေကိုပဲ တွေ့ခဲ့ရတဲ့အတွက် အုပ်စုလိုက်ပူးပြီး ချုပ်ထားဖို့ပဲလိုခဲ့တယ်။

ငွေရောင်စစ်သည်ကတော့ တစ်ထပ်ပြီးတစ်ထပ် ဆက်တက်လာခဲ့တယ်။ အပေါ်ဆုံးအထပ်မှာတော့ ရုရှားလူမျိုး အမြွှာလူငယ်နှစ်ယောက်က CCTVမှာမြင်နေရတဲ့ ငွေရောင်စစ်သည်ကိုကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်တယ်။ အဲဲဒီနောက် လုံခြုံရေးစင်တာအခန်းထဲကနေ ထွက်လာပြီး သူတို့လက်ထဲမှာတော့ အနက်ရောင်သေတ္တာလေးတွေကိုယ်စီ ကိုင်ထားကြတယ်။ အခန်းအပြင်ရောက်တာနဲ့ သေတ္တာကခလုတ်တစ်ခုကို နှိပ်လိုက်ပြီး မက်တယ်ပလာဒင်ဝတ်စုံကို ဝတ်ပြီးသားဖြစ်သွားလေရဲ့။

ခဏနေတော့ လှေကားကနေတက်လာတဲ့ ငွေရောင်စစ်သည်ဟာ အမြွှာနှစ်ယောက်ရဲ့မျက်နှာချင်းဆိုင်မိပါပြီ။ မက်ဒါနာကိုယ်တိုင်လည်း တော်တော်အံ့ဩသွားတယ်။ ဘယ်လိုလုပ် ဒီလိုကောင်တွေလက်ထဲမှာ ဟီးရိုးအစည်းအရုံးကိုတောင် အကန့်အသတ်နဲ့ရောင်းတဲ့ MP01 ဝတ်စုံတွေရှိနေရတာလဲ။

အမြွှာနှစ်ယောက်က အဲဒီဝတ်စုံတွေနဲ့အတူ သူ့ဆီပြေးလာကြတယ်။ ဒါပေမဲ့ မက်တယ်ပလာဒင်ဝတ်စုံတွေက ငွေရောင်စစ်သည်ဝတ်စုံရဲ့အဆင့်နိမ့်ဗားရှင်းတွေပါ။ နည်းပညာချင်း အင်မတန်ကွာတယ်။ နောက်ပြီး မက်ဒါနာက Technotelekinesisကိုသုံးပြီး စက်ပစ္စည်းတွေကို ဟက်လို့ရတယ်။ စက်ပစ္စည်းအားလုံးကို ဟက်ဖို့မလွယ်ပေမဲ့ပေါ့။ အထူးသဖြင့် Archmegaဝတ်စုံလို အထူးအဆင့်မြင့်လွန်းတဲ့စက်ပစ္စည်းတွေကိုဟက်ဖို့က အချိန်ကြာတယ်။ ဒါပေမဲ့ ဒီဝတ်စုံတွေက သူထွင်ထားတာလေ။ သူ့ခြေသူ့လက်လိုပဲ။

မက်ဒါနာ လက်ညိုးတစ်ချက်ထိုးလိုက်တာနဲ့ အဲဲဒီဝတ်စုံတွေရဲ့စွမ်းအင်Core ရပ်တန့်သွားပြီး လေးလံတဲ့ဝတ်စုံကြောင့် ရုရှားနှစ်ကောင်လုံး ကြမ်းပြင်ပေါ်လဲကျကုန်တယ်။ MP01တွေက စမ်းသပ်ပုံစံဖြစ်လို့ ငွေရောင်စစ်သည်ထက်တောင် ပိုလေးပါသေးတယ်။

မက်ဒါနာက ရုရှားနှစ်ကောင်လုံးကို ဂုတ်ကနေဆွဲပြီး ခေါင်မိုးထပ်ပေါ်ခေါ်သွားတယ်။ ရဲတွေဒီအထပ်ကို ရောက်မလာခင် သူတို့ကိုမေးရမယ့်ကိစ္စ ရှိလာပါပြီ။

မက်ဒါနာက ရုရှားနှစ်ယောက်လုံးကို ခေါင်မိုးအစွန်းမှာတင်ထားပြီး ပစ်ချတော့မယ့်ဟန်နဲ့ ခြိမ်းခြောက်လိုက်တယ်။

"မင်းတို့ဒီဝတ်စုံတွေကို ဘယ်ကရလာတာလဲ၊ ပြောကြစမ်း။" တစ်ခဏဆိုတဲ့ အခိုက်အတန့်အတွင်းမှာ မက်ဒါနာက ဒီဝတ်စုံတွေကို စစ်ဆေးကြည့်ပြီးပါပြီ။ MP01တွေဆိုပေမဲ့ မက်တယ်ပလာဒင်ကထုတ်တယ်ဆိုတဲ့ တံဆိပ်မပါဘူး။ ခိုးကူးဗားရှင်းဖြစ်နိုင်ပေမဲ့ ထုတ်လုပ်တဲ့နည်းစနစ်က အတူတူပဲ။ တစ်စစီဖြုတ်ပြီး ပြောင်းပြန်ခြေရာခံနည်းလမ်းနဲ့ ကူးထားတာမျိုးမဟုတ်ဘူး။ ဘယ်ပညာရှင်ကမှ သူ့နည်းပညာကို ရာနှုန်းပြည့် ကူးမချနိုင်ဘူးလေ။ ဒါကြောင့် ဖြစ်နိုင်ခြေတစ်ခုပဲရှိပါတယ်။ MP01 နည်းပညာဟာ ပေါက်ကြားမှုဖြစ်သွားပြီး မှောင်ခိုစျေးကွက်ထဲရောက်နေတာပါ။ ပြီးတော့ မက်တယ်ပလာဒင်ကုမ္ပဏီရဲ့အတွင်းလူမပါဘဲ ဒီနည်းပညာတွေက မပေါက်ကြားနိုင်ဘူး။

'ငါဖလေရာနဲ့ ဒီကိစ္စပြောဖို့လိုနေပြီ။' ဒါက မက်ဒါနာရဲ့အတွေးပါ။ ရုရှားနှစ်ကောင်ကတော့ ရုရှားလိုမိုးမွှန်အောင်ဆဲနေတုန်းပဲ။ သည်းမခံနိုင်တော့တဲ့ မက်ဒါနာလည်း ဝတ်စုံဘာသာပြန်စနစ်အကူအညီနဲ့ ရုရှားလိုပြန်ဆဲပြီး ပြောလိုက်တယ်။

"ခွေးမသားလေးတွေ၊ မင်းငါ့ကိုမပြောဘူးဆိုရင် မင်းတို့ဘာဂါထဲထည့်တဲ့ အသားပြားလိုဖြစ်သွားစေရမယ်လို့ အာမခံတယ်။" မက်ဒါနာက ရုရှားအမြွှာနှစ်ယောက်လုံးကို လေထဲမြောက်တဲ့အထိ ဆွဲမလိုက်ပြီး တိုက်ပေါ်ကနေ တကယ်ပစ်ချတော့မလိုလုပ်လိုက်တယ်။ ဟိုနှစ်ကောင်လည်းလန့်ပြီး အကျယ်ကြီးအော်ပြောကြတယ်။

"မော်စကိုက... မော်စကိုဒီမီထရီမိသားစုကရလာတာ၊ သူတို့ဘယ်ကနေရလာလဲတော့ ငါတို့မသိဘူး။ ငါတို့ပစ်ထရိုမိသားစုက တစ်ဆင့်ပြန်ဝယ်ရုံပဲ။ မော်စကိုမှာ သူတို့ဒါတွေကို အလုံးအရင်းနဲ့ထုတ်ဖို့လုပ်နေပြီ။" မက်ဒါနာလည်း သူသိလိုက်ရတဲ့ကိစ္စကြောင့် ဆဲလိုက်မိတယ်။ ပြဿနာက သူထင်ထားတာထက် ပိုဆိုးနေတဲ့ပုံပဲ။

"ဒီနည်းပညာကို ဒီမီထရီတွေက ဘယ်လိုလုပ်ရသွားတာလဲ။"

"ငါတို့လည်းမသိဘူး၊ ဒါပေမဲ့ သူတို့ပြောတာကတော့ မက်တယ်ပလာဒင်မှာ သူတို့လူရှိတယ်တဲ့။" မက်ဒါနာလည်း ဒီနှစ်ကောင်ဆီကနေ ဘာမှထပ်သိရမှာမဟုတ်မှန်း သိတဲ့အတွက်ကြောင့် ခေါင်မိုးထပ်မှာပဲ ပြန်ချထားပေးလိုက်တယ်။ မက်တယ်ပလာဒင်ဝတ်စုံတွေ ပြန်အသက်ဝင်မလာအောင် သူလုပ်ထားပြီးဖြစ်လို့ ဝတ်စုံအလေးကြီးတွေနဲ့ဆိုရင် သူတို့ပြေးချင်တာတောင် ပြေးလို့မရနိုင်ပါဘူး။ အဲဒီနောက်တော့ တိုက်ခေါင်မိုးပေါ်ကနေ မြေပြင်ပေါ်ကို ပြန်ဆင်းသက်လိုက်တယ်။ ဆေဘာစတိန်းကတော့ သူ့ကို လမ်းပေါ်မှာ အသင့်စောင့်နေပြီးသားပါ။

"ဒီကိစ္စက အကြီးကြီးဖြစ်နေပြီ၊ ငါဖလေရာကို သတိပေးမှဖြစ်တော့မယ်။"

၅။

မက်ဒါနာ လောင်းအိုက်စတန်ဘက်က ပြန်လာတော့ တော်တော်နောက်ကျနေပြီ။ ဒါပေမဲ့ ကွင်းစ်ကို ပြန်လာတာမဟုတ်ပါဘူး။ မက်ဟန်တန်ကို သွားတာပါ။ မက်ဒါနာရဲ့တစ်နေ့တာ ကင်းလှည့်ခရီးစင်က ကွင်းစ်ကနေစပြီး မက်ဟန်တန်မှာ အဆုံးသတ်လေ့ရှိတယ်။ လောင်းအိုက်စလန်နဲ့ မက်ဟန်တန်က ကားစီးသွားရင် တစ်နာရီကျော်ကြာပါတယ်။ ဒါပေမဲ့ မက်ဒါနာမှာက စီးတော်ခွေးကြီး စေဘာစတိန်းရှိတယ်လေ။ လမ်းပိတ်မှာကို ပူစရာမလိုတော့ ကားနဲ့သွားတာထက် နည်းနည်းပိုမြန်ပြီး တစ်နာရီတောင်မပြည့်ပါဘူး။

မက်ဒါနာရဲ့နေ့စဥ်ကင်းလှည့်ခရီးက မနက်ပိုင်း ၈ နာရီမှာစပြီး ကွင်းစ်ကနေ အရှေ့ဖက်ကိုသွားပြီး ဂရင်းစီးတီးနဲ့ဘေးကမ်းခြေကို ဖြတ်သွားပြီးလောင်းအိုက်စတန်မှာ အဆုံးသတ်ပါတယ်။ ခါတိုင်း နေ့လယ် ၁၁ နာရီအမီ ကွင်းစ်ကိုပြန်ရောက်ပြီး ခနနားတယ်။ နေ့ခင်းပိုင်း ၁ နာရီကျော်ရင်တော့ နေ့လယ်ပိုင်းကင်းလှည့်တာစပြီး ကွင်းစ် အနောက်ဖက်က နယူးယောက်မြို့လယ်ကိုသွားပါတယ်။ ပြီးရင် မြောက်ပိုင်းကိုဆန်တက်ပြီး မက်ဟန်တန်မှာ ရပ်တယ်။ ညနေ ၄ နာရီဆိုရင်တော့ ကွင်းစ်ကိုပြန်လာပြီး တစ်နေ့တာဟီးရိုးအလုပ်ကိုအဆုံးသတ်ပါတယ်။ ပြောရရင် နယူးယောက်မြို့နယ်တစ်ခုလုံးကို ကင်းမလှည့်ပါဘူး။ လှည့်စရာလည်း မလိုဘူးပြောရမှာပါ။ ကျန်တဲ့နယ်မြေအစိတ်အပိုင်းတွေကို နယူးယောက်ဟီးရိုးအစည်းအရုံးကိုပဲ တာဝန်လွှဲထားလိုက်တယ်။ အရေးကြီးကိစ္စတစ်ခုခုရှိမှ အပြေးသွားပါတယ်။ မဟုတ်ရင် အလုပ်ပိပြီး သေသွားနိုင်တယ်လေ။

ဒါတောင် တခြားဟီးရိုးဆိုရင် ကွင်းစ်ဆို ကွင်းစ်တစ်မြို့တည်းပဲ တာဝန်ယူတာပါ။ သူတို့အနေနဲ့ မြို့တစ်မြို့တည်းကိုတောင် မနည်းတာဝန်ယူရတယ်။ မက်ဒါနာကတော့ ရှိသမျှ CCTV တွေကနေ စောင့်ကြည့်နိုင်တာကြောင့် အများကြီး အချိန်ကုန်သက်သာပြီး မြို့များစွာကို တာဝန်ယူနိုင်ပါတယ်။

ဒါပေမဲ့ ဒီနေ့ကတော့ အချိန်ပိုဆင်းနေရတယ်ပြောရမှာပါ။ ရုရှားမာဖီးယားဂိုဏ်းကြောင့် နည်းနည်းအလုပ်ရှုပ်သွားပြီး ပြန်လာတာနောက်ကျတဲ့အတွက် ကွင်းစ်မှာဝင်မနားတော့ဘဲ နယူးယောက်နဲ့မက်ဟန်တန်ကို တန်းလာခဲ့ရတယ်။ မက်ဟန်တန်ရောက်တော့ ညနေငါးနာရီခွဲနေပြီ။

ငွေရောင်စစ်သည်တော်ဟာ မက်ဟန်တန်မှာရှိတဲ့ အထပ်မြင့်တိုက်ကြီးတစ်ခုမှာရပ်ရင်း မြို့ပြတစ်ခုလုံးကို အပေါ်ကနေ ရပ်ကြည့်နေတယ်။ နောက်တော့ သူ့ဝတ်စုံစနစ်နဲ့ CCTVစနစ်တစ်ခုလုံးကို ချိတ်ဆက်ဖို့ အမိန့်ပေးလိုက်တယ်။

"စနစ်၊ မက်ဟန်တန်က လုံခြုံရေး CCTV အားလုံးနဲ့ချိတ်မယ်။ လမ်းတစ်ခုချင်းစီကို တိုက်ဆိုင်စစ်ဆေးပြီး ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို သတင်းပို့ပါ။"

[တာဝန်ကို လက်ခံဆောင်ရွက်နေပါသည်။]

ဝတ်စုံက စအလုပ်လုပ်နေပြီးနောက်တော့ မက်ဒါနာက ဖလေရာကို ဖုန်းလှမ်းခေါ်လိုက်တယ်။ နည်းပညာပေါက်ကြားတဲ့ကိစ္စကို ဖလေရာဆီအသိပေးဖို့လိုပါတယ်။

"ဟယ်လို..." ခဏနေတော့ တစ်ဖက်ကနေ ဖလေရာရဲ့အသံကို ကြားလိုက်ရတယ်။ ခါတိုင်းလိုပဲ ပင်ပန်းပြီး နားချင်နေတဲ့လေသံနဲ့။

"ဖလေရာ၊ ငါပါ။ ငါနင့်ကို ပြောစရာတစ်ခုရှိတယ်။" မက်ဒါနာရဲ့စကားသံကိုလဲကြားရော ပင်ပန်းနေတဲ့ ဖလေရာဟာ ချက်ချင်းဆိုသလိုပဲ ကော်ဖီပူပူနှစ်ခွက် ဆင့်သောက်လိုက်သလိုမျိုး တက်ကြွတဲ့လေသံနဲ့ ပြန်ပြောလိုက်တယ်။

"မက်ဒါနာ၊ နင်လား။ ခုရက်ပိုင်း ဖုန်းမဆက်လို့ နင်ငါ့ကို သတိမရတော့ဘူးမှတ်နေတာ။ နင်ဘယ်တွေရောက်နေတာလဲ၊ ရုံးလည်းမလားဘူး။ ဒါနဲ့ မနက်ဖြန်အားလား၊ မနက်ဖြန်ချိန်းတွေ့ကြမယ်လေ။"

"....." မက်ဒါနာကတော့ ဖလေရာရဲ့ခရားရေလွှတ်စကားတွေကြောင့် ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး။ ခဏလောက် တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။

"မန်နေဂျာ၊ အဲဒီကိစ္စတွေ ခဏထားထားလို့မရဘူးလား။ ဒီမှာအရေးကြီးတဲ့ကိစ္စပြောမလို့။"

မက်ဒါနာရဲ့အရေးတကြီးလေသံကိုကြားတော့ ရုံးခန်းထဲမှာရှိနေတဲ့ ဖလေရာလည်း စိုးရိမ်သွားတယ်။ ပြီးတော့ မက်ဒါနာရဲ့လေသံကလည်း မောဟိုက်နေတဲ့လေသံမျိုး။ တကယ်တော့ မက်ဒါနာက ခွေးကြီးစီးပြီး တစ်မြို့လုံးပတ်နေတာမလို့ မောနေတာပါ။ ဒါပေမဲ့ ဖလေရာကတော့ တစ်မျိုးထင်သွားပြီ။

"အ...အရေးကြီးတယ်... ဘ...ဘယ်လိုမျိုး အရေးကြီးတာလဲ။ နေ...နေမကောင်းဖြစ်နေတာလား၊ ဒါ...ဒါမှမဟုတ် နင့်နောက်ကို ကောင်လေးတွေ ဝိုင်းလိုက်နေလို့လား။"

"....." မက်ဒါနာ နောက်တစ်ခါ ဆွံအသွားပြန်ပါပြီ။ နယူးယောက်တစ်မြို့နယ်လုံး ပတ်သွားနေရလို့ ပင်ပန်းတာထက် ဖလေရာကိုရှင်းပြရတာက ပိုမောရတယ်။

"တကယ်တော့ အဲဒါတွေမဟုတ်ဘူး၊ ကျွန်မတို့ရဲ့ မက်တယ်ပလာဒင်ဝတ်စုံနည်းပညာက ပေါက်ကြားသွားပြီထင်တယ်။"

မက်ဒါနာ့စကားကိုကြားတော့ ဖလေရာမယုံနိုင်စွာနဲ့ ပြောလိုက်တယ်။

"ဒါပေမဲ့ အဲဒီနည်းပညာကို ငါတို့တွေအသေအချာ လျှို့ဝှက်ထားတာပါ။ ဘယ်လိုကြောင့် ပေါက်ကြားတယ်လို့ပြောရတာလဲ။"

"မသိဘူး၊ ဒါပေမဲ့ Silver Knightရဲ့Twitter အကောင့်ကိုကြည့်ကြည့်ဦး။ တရားမဝင်နည်းပညာဝတ်စုံတွေ စျေးကွက်ထဲရောက်နေတဲ့အကြောင်း သူတင်ထားတယ်။"

မက်ဒါနာရဲ့စကားကြောင့် ဖလေရာလည်း သူ့ရုံးက ကွန်ပျူတာနဲ့ Twitterကိုဝင်ပြီး Silver Knightကို ရှာကြည့်လိုက်တယ်။ လွန်ခဲ့တဲ့ တစ်နာရီလောက်က တင်ထားတဲ့ Tweetတစ်ခုရှိနေပြီး Retweetပမာဏက ကြောက်စရာကောင်းလောက်အောင် သောင်းချီနေပါပြီ။

'အားလုံးပဲ သတိထားကြပါ။ ဒီရုရှားကောင်တွေဆီမှာ တရားမဝင်ရထားတဲ့ မက်တယ်ပလာဒင်ဝတ်စုံနှစ်ခုတောင်ရှိနေတယ်။ လက်နက်မှောင်ခိုမှုတွေ တအားဆိုးလာနေပြီ။'

မက်ဒါနာက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပါ။ ဟိုရုရှားကောင်တွေဆီက သူမေးခဲ့တဲ့မေးခွန်းအပြည့်အစုံကို ထည့်ပြောမထားဘူး။ အဲဒီလိုလုပ်လို့လည်း အကျိုးမရှိဘဲ ဒီမီထရီတွေကို တပ်လှန့်သလို ဖြစ်သွားဖို့ပဲရှိပါတယ်။ ဒါကြောင့် သူမသိသလိုမျိုး၊ မတော်တဆ သိမ်းဆီးရရှိမိလို့ ပြည်သူကို အသိပေးသလိုမျိုး ရေးထားတာပါ။ တရားခံတွေရဲ့ပုံရိပ်ကို ထုတ်လွှင့်ခြင်းမရှိဘဲ မက်တယ်ပလာဒင်ဝတ်စုံကို အနီးကပ်ကြည့်ရှုနေတဲ့ တစ်မိနစ်မပြည့်တဲ့ ဗီဒီယိုလေးတစ်ခုသာရှိပါတယ်။

ပြည်သူတွေကတော့ အထိတ်တလန့်ဖြစ်နေကြပါတယ်။ ဒီဝတ်စုံတွေက Cအဆင့် မြူတန့်တွေနဲ့ယှဥ်လို့ရပါတယ်။ ဝတ်စုံတွေသာ ပေါပေါများများရှိနေရင် သူတို့က ရဲတပ်ဖွဲ့ကိုတောင် အာခံနိုင်တော့မှာပါ။ ဒါဆိုရင် တရားဥပဒေစိုးမိုးမှုလည်း လျော့ကျသွားလိမ့်မယ်။ တချို့ပြည်သူတွေကတော့ မက်တယ်ပလာဒင်ကုမ္ပဏီကို tagတွဲပြီး ဖြေရှင်းချက်တောင်းနေကြတယ်။

မက်ဒါနာက ဖလေရာကို ဆက်ရှင်းပြလိုက်တယ်။ "အဲဒီဗီဒီယိုကိုတွေ့ကတည်းက ငါစိတ်ထင့်နေတာ၊ ဒီဝတ်စုံတွေမှာ မက်တယ်ပလာဒင်တံဆိပ်မရှိလို့ နင်တို့ကုမ္ပဏီက ပစ္စည်းတွေတော့မဟုတ်ဘူး။ ခိုးပြီးထုတ်ထားတာပဲ။ ဒါပေမဲ့ ပြောင်းပြန်ခြေရာခံနည်းပညာနဲ့ထုတ်တာမဟုတ်တာတော့ သေချာတယ်။ ဘာလို့ဆိုရင် ငါက ထွင်တဲ့သူမလို့ အဲဒီလိုမဟုတ်မှန်းသေချာသိတယ်။ နည်းပညာက ငါ့ဟာနဲ့လုံးဝတူနေတာ။"

ပြောင်းပြန်ခြေရာခံနည်းပညာဆိုတာက ပစ္စည်းတစ်ခုကို တစ်စစီဖြုတ်ပြီး တစ်ခုချင်းစီကို ဘယ်လိုပြုလုပ်ထားလည်း ကြည့်ရှုပြီး အတုယူထုတ်လုပ်တဲ့ နည်းပညာဖြစ်ပါတယ်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံဟာ အဲဒီလိုနည်းလမ်းမျိုးကိုသုံးပြီး အနောက်တိုင်းနည်းပညာမျိုးစုံကို ခိုးယူနိုင်ခဲ့ဖူးတယ်။ ရုရှားလုပ် AK 47 တွေကို အဲဒီနည်းသုံးပြီး Type 56 အဖြစ် သူတို့ပြန်ထုတ်ခဲ့တာပါ။ ထုတ်လုပ်မှုဖြစ်စဥ်ကိုမသိဘဲ အတုယူတာဖြစ်တဲ့အတွက် အချို့နေရာတွေမှာ ကွဲပြားမှုတွေရှိတတ်ပါတယ်။ ပစ္စည်းတစ်ခုကို ထုတ်လုပ်တဲ့ဖြစ်စဥ်က မတူညီတဲ့ နည်းလမ်းအမျိုးမျိုးရှိနိုင်တယ်မဟုတ်လား။ အနီးစပ်ဆုံးပြောရရင် ရေကိုသန့်စင်ဖို့အတွက် နည်းလမ်းအများကြီးရှိတယ်မဟုတ်လား။ တစ်ခုနဲ့တစ်ခု အတိအကျတူမှာမဟုတ်ပေမဲ့ ဒီဝတ်စုံတွေကတော့ ချွတ်စွတ်တူနေတာပါ။

"နင်ပြောချင်တာက ငါတို့ဝတ်စုံနည်းပညာကို အတွင်းလူကြောင့် သူများရသွားတာမျိုးလား။"

"အင်း..."

ဖလေရာ တိတ်ဆိတ်သွားတယ်။ မက်တယ်ပလာဒင်ကုမ္ပဏီက အရင်ရွှေထီးဆောင်းခဲ့တဲ့ခေတ်တွေကနဲ့ မတူတော့ပါဘူး။ တကယ်က ဒီဝတ်စုံနည်းပညာကြောင့် သူတို့ဆက်တောင့်ခံနိုင်မယ့် မျှော်လင့်ချက်မျိုး ရလာခဲ့တာပါ။ အကယ်၍သာ တခြားပြိုင်ဖက်ကုမ္ပဏီတွေလည်း ဒီနည်းပညာကိုရသွားပြီး ဆင်တူတဲ့ဝတ်စုံတွေထုတ်လာရင် သူတို့ပြိုလဲသွားလိမ့်မယ်။ မက်တယ်ပလာဒင်က ဟီးရိုးအကူပစ္စည်းလောကမှာ ထိပ်ဆုံးမှာမရှိတော့တာကြာပါပြီ။ သူတို့ထက် ငွေအား၊နည်းပညာအား ပိုကောင်းတဲ့ ကုမ္ပဏီကြီးတွေက မက်တယ်ပလာဒင်ဝတ်စုံတွေကို ပိုကောင်းအောင်၊ ပိုအရေအတွက်များအောင် ထုတ်လုပ်လာခဲ့ရင် ရှုံးနိမ့်သွားရမှာပါ။ နည်းပညာခိုးလို့ တရားစွဲလို့ရပေမဲ့ သူတို့တွေက မတူအောင်ထုတ်လာရင်တော့ ဘာမှမတတ်နိုင်ဘူး။ ကျောရိုးနည်းပညာရှိနေရင် အသွင်တူမျိုးကွဲထုတ်ဖို့က အင်မတန်လွယ်တယ်။

အတော်ကြာမှ ဖလေရာပြန်ပြောလိုက်တယ်။

"ငါစုံစမ်းလိုက်မယ်။" အဲဒီတစ်ခွန်းတည်း ပြောပြီး ဖုန်းချသွားတယ်။ မက်ဒါနာကို ဘာမှမပြောတော့ဘူး။

"....." မက်ဒါနာလည်း အောင့်သက်သက်နဲ့ စနစ်ကို ပြန်ကြည့်နေလိုက်တယ်။ စနစ်ကတော့ မသင်္ကါစရာဖြစ်ရပ်တွေရှိမရှိ လိုက်ရှာနေဆဲပါ။

[တာဝန်ကို လက်ခံဆောင်ရွက်နေပါသည်။] ခဏနေတော့ မီးနီလင်းသွားပြီး သတိပေးချက်တစ်ခုပေါ်လာတယ်။

[မိဘတွေနဲ့ကွဲပြီး လမ်းပျောက်နေပုံရတဲ့ ကလေးတစ်ယောက်ကို ရှာတွေ့ပါတယ်။ ချယ်ဆီးလ်စျေးအနီး၊ နှစ်လမ်းကျော်။]

မက်ဟန်တန်မြို့က အထင်ကရနေရာတွေ အများကြီးရှိတဲ့နေရာပါ။ အင်ပါယာစတိတ်အဆောက်အဦးနဲ့ ကုလသမဂ္ဂဌာနချုပ်တို့ကတော့ အထင်ရှားဆုံးဖြစ်တယ်။ အဲဒါပြီးရင်တော့ သမိုင်းဝင်ချယ်ဆီးလ်စျေးရှိပါတယ်။ ဟိုးအရင်ကတည်း အင်ဂလို အင်ဒီးယန်းတွေနဲ့ ကုန်သွယ်ခဲ့တဲ့နေရာဖြစ်ပြီး အခုထိလည်း နိုင်ငံတကာမှာ လူသိများနေဆဲနေရာပါ။ လူတွေရှုပ်တော့ လမ်းပျောက်တတ်တာ မဆန်းလှဘူး။

CCTVတစ်ခုကနေ မြင်နေရတဲ့ မြင်ကွင်းကို စနစ်က ပုံကြီးချဲ့ပြီး မက်ဒါနာကို ပြပေးလိုက်တယ်။ ဂေါ့သစ်ဂါဝန်လေးဝတ်ထားတဲ့ ရွှေရောင်ဆံပင်နဲ့ ကလေးမလေးတစ်ယောက်က ဆိုင်တစ်ခုရဲ့ လှေကားရင်းမှာထိုင်ပြီး ပေါင်ပေါ်မျက်နှာအပ်ပြီး ငိုနေတာပါ။ တခြားလူကြီးတွေလည်း သူ့နားမှာရှိမနေဘူး။

တခြားဟီးရိုးတွေဆိုရင်တော့ အခုလိုကိစ္စမျိုးကို ဂရုစိုက်မှာမဟုတ်ပါဘူး။ ဒါစျေးက လုံခြုံရေးဝန်ထမ်းတွေအလုပ်ဆိုပြီး ပစ်ထားကြမှာ။ သို့ပေမဲ့ စိတ်ထားကောင်းတဲ့ Silver Knightအတွက်ကတော့။

'နုနယ်တဲ့ ကလေးမလေးတွေရဲ့အပြုံးက ကာကွယ်ဖို့ထိုက်တန်တယ်။' အဲဒီခံယူချက်နဲ့အတူ ငွေရောင်စစ်သည်တော်ဟာ အထပ်မြင့်တိုက်ကြီးပေါ်ကနေ ခွေးစက်ရုပ်ကြီးနဲ့အတူ ဘေးတိုက်ပြေးဆင်းရင်း လမ်းပေါ်ကို ခုန်ချလိုက်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဆောင်ချက်မျိုးကို စေဘာစတိန်းမရှိဘဲ မက်ဒါနာမလုပ်နိုင်ပါဘူး။

သိပ်မကြာခင်မှာပဲ ငိုနေတဲ့ ကလေးမလေးကို မြင်နိုင်တဲ့နေရာအထိ ရောက်လာပြီ။ အနီးကပ်ကြည့်တော့မှ ကလေးက သူထင်တာထက်တောင် ပိုငယ်နေမှန်း တွေ့လိုက်ရတယ်။ ကိုးနှစ်ကျော်၊ ဆယ်နှစ်လောက်ပဲ ရှိဦးမယ့်ပုံပေါ်တယ်။ ဒါပေမဲ့ ဖွံဖြိုးမှုနောက်ကျလို့ ရှိရင်းစွဲအသက်ထက် ပိုငယ်တယ်လို့ ထင်ရတာလည်း ဖြစ်နိုင်တာပဲလေ။ ဘေးမှာသွားလာနေတဲ့သူတွေကတော့ ငိုနေတဲ့ကလေးမလေးကို တစ်ချက်ပဲကြည့်ပြီး ဆက်သွားနေကြလေရဲ့။

စိတ်ပညာရှင်တစ်ယောက် စမ်းသပ်ဖူးတဲ့ သုတေသနထဲကလိုပါပဲ။ လူများရင် ကူညီမယ့်သူရှိမယ်လို့ ယူဆလို့မရဘူး။ ဟိုလူကူလိမ့်မယ်၊ ဒီလူကယ်သွားမှာပါကွာဆိုတဲ့အတွေးတွေနဲ့ လက်ပိုက်ကြည့်နေတဲ့လူတွေပဲ များလာတာကို တွေ့ရမှာပါ။

'ကလေးက ငိုနေတယ်ဆိုတော့ တစ်ခုခုနဲ့ချော့ရင် ကောင်းမလား။' မက်ဒါနာက ကောင်မလေးကိုစိုက်ကြည့်ရင်း မေးကိုထောက်ပြီး စဥ်းစားခန်းဝင်လိုက်တယ်။ အပြင်က လူတွေအဖို့တော့ ငွေရောင်စစ်သည်တော်ကြီး မေးထောက်နေပြီး တစ်ခုခုကို လေးလေးနက်နက်တွေးနေတယ်လို့ပဲ မြင်ကြမှာပါ။ နောက်တော့ လမ်းဘေးမှာ လက်တွန်းလှည်းလေးနဲ့ရောင်းတဲ့ ရေခဲမုန့်ဆိုင်ကို မက်ဒါနာမြင်လိုက်တယ်။

"ဟားဟား... ကလေးတွေကိုချော့ဖို့အကောင်းဆုံးက ရေခဲမုန့်မဟုတ်လား။" ငွေရောင်စစ်သည်က တွေးတွေးဆဆနဲ့ ရေခဲမုန့်သည်နားကပ်သွားပြီး လက်နှစ်ချောင်းထောင်ပြလိုက်တယ်။

"ဗင်နီလာရေခဲမုန့်တစ်ခုပေးပါ၊ ငွေကတော့ Mobile payနဲ့ပဲရှင်းမယ်။" ရေခဲမုန့်ဆိုင်က ဦးလေးကြီးကတော့ ငွေရောင်စစ်သည်တော်ကို ပါးစပ်အဟောင်းသားနဲ့ကြည့်ရင်း လက်ထဲကိုင်ထားတဲ့ ရေခဲမုန့်ညှပ်တောင် ရေခဲမုန့်ပုံးထဲ ပြန်ပြုတ်ကျသွားတယ်။

ခဏနေတော့ စစ်သည်တော်စစ်စစ်တစ်ယောက်လို ရှေ့ကိုတည့်တည့်ပြီးပြီး ရင်ကိုမော့ကာလျှောက်လာတဲ့ Silver Knightဟာ ကလေးမလေးရှေ့ရောက်သွားပြီး ဒူးတစ်ဖက်ကိုထောက်ကာ ရေခဲမုန့်ကို မျက်နှာနား ကပ်ပေးလိုက်တယ်။

အနားကို တစ်ယောက်ယောက်ရောက်လာမှန်း သတိထားမိလိုက်တဲ့ ဖရာလီတာကတော့ ခေါင်းကို ဖြည်းဖြည်းချင်းမော့ကြည့်လိုက်လေရဲ့။ နောက်တော့ ငွေရောင်စစ်သည်ရဲ့မျက်နှာကို မြင်လိုက်ရပြီး ဘာပြောရမှန်းမသိတော့ဘူး။

'ချီးထဲမှ၊ အခုလောလောဆယ် ငါမတွေ့ချင်ဆုံးလူနဲ့မှ လာတွေ့ရတယ်လို့။' Archmegaဖြစ်တဲ့ ဖရာလီတာက သူ့ကိုယ်သူ SilverKnightရဲ့ပြိုင်ဖက်အဖြစ် ယူဆထားတာပါ။ ဒါကြောင့် ငွေရောင်စစ်သည်တစ်ယောက် သူ့ကိုအားနည်းတဲ့ကလေးမလေးအဖြစ် မြင်တွေ့သွားမှာကို မလိုလားဘူး။ ဒါကြောင့် ချက်ချင်းနှုတ်ခမ်းကိုစူထားလိုက်ပြီး စိတ်ဆိုးနေတဲ့မျက်နှာနဲ့ဖြစ်သွားတယ်။

"မင်းသမီးလေး၊ မိဘတွေနဲ့ကွဲသွားတာမလား။ ဒီစစ်သည်တော်က ကမ္ဘာဆုံးထိသွားရမယ်ဆိုရင်တောင် လိုက်ရှာပေးပါ့မယ်။ လောလောဆယ်တော့ အမောပြေ ရေခဲမုန့်လေးစားလိုက်ပါဦး။"

ရန်သူတော်ကြီးရှေ့မှာမှ အားနည်းတဲ့ပုံစံပြမိတဲ့ ကလေးမလေးကတော့ ရှက်လွန်းလို့ မျက်နှာတွေနီရဲနေပြီ။ ဒါပေမဲ့ တစ်နေကုန်ငိုထားတာဆိုတော့ ရေကလည်း ငတ်နေပြီလေ။ ဒါကြောင့် ဆောင့်ကြီးအောင့်ကြီးနဲ့ပြောရင်း ရေခဲမုန့်ကိုယူလိုက်တယ်။

"ငါ့ကို ကလေးလိုဆက်ဆံမနေနဲ့၊ ငါက ကလေးမဟုတ်ဘူးဟဲ့။ မိဘတွေနဲ့ကွဲသွားတာမဟုတ်ဘူး။ ဒီကိုတစ်ယောက်တည်းလာတာ။"

ဝတ်စုံထဲက မက်ဒါနာရဲ့မျက်နှာကတော့ တောင့်တောင့်ကြီးဖြစ်သွားတယ်။ 'ဒီကလေးက စွာလိုက်တာ၊ စွာစွာတက်အောင်ပြောနေပေမဲ့ ပေးတာကျတော့ မငြင်းပြန်ဘူး။' တကယ်တော့ မက်ဒါနာက ကလေးထိန်းရတာ သိပ်ပြီးအတွေ့အကြုံမရှိဘူး။ သူက မိသားစုမှာ တစ်ဦးတည်းသောသားလေ။ ပြီးတော့ တစ်ကောင်ကြွက်ဘဝနဲ့နေနေခဲ့တာပါ။

'ဒါပေမဲ့ ကိုယ့်ဘာသာလာတယ်ဆိုတာကရော။ ဒီကလေးက အိမ်ကနေ ထွက်ပြေးလာတာတော့ မဟုတ်ဘူးမလား။' ငွေရောင်စစ်သည်က ကလေးမလေးကို ပိုပြီးသေချာသွားအောင်လို့ တစ်ချက်ကြည့်လိုက်တယ်။ ကလေးမလေးကတော့ ရေခဲမုန့်ကို အားရပါးရစားရင်း ငွေရောင်စစ်သည်ရဲ့အကြည့်ကို သတိထားမိသွားပြီး ပြန်အော်လိုက်တယ်။

"ဟွန်း... နင်က ဘာကြည့်တာလဲ။"

"...." မက်ဒါနာလည်း စိတ်ညစ်ညစ်နဲ့ ခေါင်းကုတ်လိုက်တယ်။ ဒါပေမဲ့ ဝတ်စုံထဲမှာမလို့ ဝတ်စုံခေါင်းကိုပဲ ပွတ်လို့ရတာ။ 'ဒီကလေးမက ဒေါသကြီးပဲဟ။'

"မင်းသမီးလေးက တစ်ယောက်တည်း လျှောက်လည်ရင်း လမ်းပျောက်နေတာလား။" ဒီတစ်ခါတော့ ကလေးမလေးက ခေါင်းညိတ်ပြတယ်။ မက်ဒါနာလည်း ဆက်မေးတယ်။

"ဒါဆိုရင် ဘယ်ကိုလိုက်ပို့ပေးရမလဲ၊ အိမ်က ဘယ်မှာရှိတာလဲ။"

မက်ဒါနာရဲ့စကားကြောင့် ကလေးမလေးက သက်ပြင်းအရှည်ကြီးချလိုက်ပြီး နောက်ဆုံးကျန်တဲ့ ရေခဲမုန့်ကို လက်စသတ်ရင်း ပြောလိုက်တယ်။

"ငါသခင်မက ပန်ဒရီအနောက်ပိုင်းဟိုတယ်မှာ တည်းတာ၊ အဲဒီကိုလိုက်ပို့ပေး။"

မက်ဒါနာကတော့ လိုလီလေးစကားကြောင့် နည်းနည်းမျက်ခုံးပင့်လိုက်မိတယ်။ ပန်ဒရီဟိုတယ်နဲ့ ချယ်ဆီးလ်စျေးက သုံးလမ်းကျော်ပဲဝေးတာပါ။ မြို့သားတွေဆို အဲဒီအကွာဝေးလောက်ကို လမ်းလျှောက်ပြီးသွားနေကျလေ။ ကြည့်ရတာ ဒီကလေးမက အရပ်မျက်နှာခွဲခြားတဲ့နေရာမှာ တော်တော်ဆိုးဝါးပုံပဲ။

"ငယ်ကျွန်ကြီး... နင်ကရှေ့ကနေလမ်းပြ၊ ဒီသခင်မက နောက်ကနေ လိုက်ခဲ့...." ကလေးမလေးကတော့ သူအရေးပေးတာနဲ့ ခေါင်းပေါ်တက်ထိုင်မယ့်ပုံပဲ။ သူ့ကိုငယ်ကျွန်ကြီးလို့ခေါ်ပြီး ထရပ်လိုက်တယ်။ နောက်တော့ ခြေထောက်က ဖိနပ်ပေါက်ထားတဲ့ ဒဏ်ရာတွေကြောင့် နာနာကျင်ကျင်နဲ့ ပြန်ထိုင်နေလိုက်ရတယ်။ မျက်နှာကြီးကလည်း ရှုံ့မဲ့လို့။

ဒါကိုတွေ့တော့ မက်ဒါနာလည်း ဘာမှပြောမနေတော့ဘဲ ကလေးမလေးကို လက်နှစ်ဖက်နဲ့ကောက်ယူပြီး မင်းသမီးလေးလို ချီထားလိုက်တယ်။

"ဟေး...ဟေး... နင်ဘာလုပ်တာလဲ။"

"ဒီငယ်ကျွန်ကြီးက မင်းသမီးလေးကို နန်းတော်ဆီ ပြန်ပို့ပေးမလို့လေ။" မက်ဒါနာက ရယ်မောလိုက်ရင်း ကလေးမလေးကိုချီကာ ရှေ့ဆက်သွားလိုက်တယ်။ လူရှင်းတဲ့နေရာရောက်တော့ စေဘာစတိန်းက လမ်းကြားတစ်ခုတည်းကနေ ထွက်လာပြီး မက်ဒါနာကို လှမ်းဟောင်လိုက်တယ်။

"ဝုတ်...ဝုတ်..." ကလေးမလေးက အဲဒီခွေးကိုမြင်တော့ နည်းနည်းလန့်သွားပုံပဲ။ မက်ဒါနာကတော့ မကြောက်အောင်လို့ ပြောလိုက်တယ်။

"မကြောက်နဲ့၊ ဒီခွေးက အကောင်ကြီးပေမဲ့ လိမ္မာပါတယ်။" အဲဒီနောက် ကလေးမလေးကို ခွေးကြီးပေါ် အရင်တင်ပေးလိုက်ပြီး သူပါနောက်ကနေ တက်လိုက်တယ်။ မသိရင် မင်းသမီးလေးကို မြင်းပေါ်တင်ပြီး ဘေးကင်းရာခေါ်သွားတော့မယ့် စစ်သူရဲကောင်းကြီးလိုလို။

"ကိုင်ထားနော်၊ ပြုတ်မကျစေနဲ့။" မက်ဒါနာက နောက်ဆုံးအနေနဲ့ သတိပေးလိုက်ပြီး ကလေးမလေးကို လက်တစ်ဖက်နဲ့ထိန်းရင်း ဟိုတယ်ရှိရာဆီကို ဒုန်းဆိုင်းစီးသွားလိုက်တယ်။

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် ဟိုတယ်ရှေ့ရောက်လာပြီ။ ဟီးရိုးတစ်ယောက် ရုတ်တရက် ကြယ်ငါးပါးပွင့်ဟိုတယ်ကိုရောက်လာတဲ့အတွက် တော်တော်လေးပွဲဆူသွားတယ်။ ဝန်ထမ်းတစ်ယောက်ကတော့ သူ့လက်ထဲက ကလေးမလေးကိုတွေ့သွားပြီး ဝန်ထမ်းအုပ်စုလိုက်ကြီး ပြေးလာကြတယ်။

"မစ်ပန်ဒရာဂွန်မဟုတ်လား၊ မမလေးပျောက်သွားလို့ မမလေးရဲ့အစေခံလိုက်ရှာနေတယ်။ သူ့ကိုစိတ်မပူအောင် သတိပေးလိုက်ပါဦး။"

ဘဏ္ဍာစိုးလိုဝတ်ထားတဲ့ ဝန်ထမ်းတစ်ယောက်က ပြောလိုက်တယ်။ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုအနေနဲ့ သူတို့စားသုံးသူတွေကို ဂရုစိုက်ရတာက ပုံမှန်ပဲဆိုပေမဲ့ အခုလောက်ပျာယာခတ်နေပုံအရဆိုရင်တော့ ဒီကလေးမက ပုံမှန်ထက်ပိုမယ့်ပုံပါပဲ။ မက်ဒါနာလည်း နောက်တစ်ခါ မျက်ခုံးပင့်လိုက်မိတယ်။

'ပန်ဒရာဂွန်တဲ့လား။' ကလေးမလေးရဲ့မိသားစုနာမည်ကြောင့် သူမျက်ခုံးပင့်လိုက်မိတယ်။ ဒဏ္ဍာရီထဲက ဘုရင်အာသာရဲ့မိသားစုတော့ မဖြစ်လောက်ဘူးမဟုတ်လား။ ဒါပေမဲ့ ကလေးမလေးက သူ့ခွေးကြီးပေါ်က ဆင်းသွားပြီးနောက် ဗြတိန် သူကောင်းမျိုးတွေရဲ့အပြုအမူအတိုင်း ဂါဝန်အနားကို နည်းနည်းမြှောက်ပြီး ဦးညွှတ်ရုံလေးညွှတ်လိုက်တယ်။

"နောက်ကျမှ ကိုယ့်ကိုယ်ကိုယ်နှုတ်ဆက်မိလို့ တောင်းပန်ပါတယ်၊ ဆာစစ်သည်တော်။ ကျွန်မက ပန်ဒရာဂွန်နဲ့ထိုင်ရွန်မိသားစုနှစ်ခုရဲ့ခေါင်းဆောင် ဗစ်ကောင့်ဖရာလီတာပါ။"

အဲဒီနောက်တော့ ကိုယ်ကိုပြန်မတ်လိုက်ပြီး ဆက်ပြောတယ်။

"ကျွန်မက တော်ဝင်မျိုးမဟုတ်တဲ့ သူကောင်းမျိုးမလို့ နောက်တွေ့ရင် မင်းသမီးလေးလို့မခေါ်ဘဲ လေဒီလို့ပဲခေါ်ပေးပါ၊ ဆာSilverKnight။"

"သင့်သဘောအတိုင်းပါပဲ။" မက်ဒါနာကလည်း စစ်သူရဲကောင်းတစ်ယောက် နှုတ်ဆက်တဲ့အတိုင်း နှုတ်ဆက်လိုက်တယ်။ အဲဒီနောက် ကလေးမလေး ဟိုတယ်ထဲဝင်သွားတဲ့အထိ စောင့်ကြည့်ပြီး အဲဒီကနေ ပြန်ထွက်လာခဲ့တယ်။ အိမ်အပြန်လမ်းမှာတော့ ထူးဆန်းတဲ့ကလေးမလေးအကြောင်းကပဲ သူ့စိတ်ကို စိုးမိုးထားတယ်။

"သူက တကယ်ကြီး ပန်ဒရာဂွန်ဟ..."

၆။

ဖရာလီတာ ဟိုတယ်အခန်းထဲပြန်ရောက်တော့ ဒေါသဖြစ်ဖြစ်နဲ့ အိပ်ရာပေါ်က ဖက်လုံးကိုကောက်ကိုင်ပြီး မွေ့ရာကိုအားရပါးရထုပ်ပစ်လိုက်တယ်။ အားပါလွန်းလို့ ပိုးသားအစစ်နဲ့လုပ်ထားတဲ့ ဖက်လုံးကြီးပေါက်သွားပြီး အထဲကငှက်မွှေးအစစ်တွေ ဖူးခနဲ လေထဲပြန့်ကုန်တယ်။ စာကလေးငှက်မွှေးတွေမလို့ နှာခေါင်းထဲဝင်ကုန်ပြီး အဆက်မပြတ်နှာချေတော့တာပဲ။

"ဟက်ချိုး... SilverKnightစုတ်... ငါလမ်းပျောက်နေတဲ့အချိန်ကျမှ နင်ရောက်လာရလား။ ဟက်ချိုး.. ကလေးလိုလည်း ငါ့ကိုဆက်ဆံလိုက်သေးတယ်... ဟက်ချိုး... နင့်ကိုနောက်တစ်ခါတွေ့ရင် နာပြီသာမှတ် ဟက်ချိုး...."

ဗြိတိသျှလိုလီလေးလည်း ဒေါသထွက်ထွက်နဲ့ ခေါင်းအုံးတွေကိုပါ ဖျက်ဆီးပစ်လိုက်တယ်။ တစ်ခန်းလုံး ငှက်မွှေးတောင်တွေပွပလူးလို့ရယ်။ ခဏနေတော့ နောက်ကနေ ချောင်းဟန့်သံထွက်လာလေရဲ့။

"အဟမ်းအဟမ်း... ပြိုင်ဖက်ရှေ့မှာ ရှက်စရာဖြစ်သွားလို့ စိတ်ဆိုးနေတာ နားလည်ပေးနိုင်ပေမဲ့ အဲဒီခေါင်းအုံးနဲ့ဖက်လုံးတွေက ကျွန်တော်မျိုးသုံးလစာလောက်ရှိပါတယ်။ ဟိုတယ်ကို အားနာစရာကောင်းတယ်။"

စိတ်ဆိုးနေတဲ့ ကောင်မလေးလည်း နောက်ကိုလှည့်ကြည့်လိုက်တယ်။ အယ်လိုဟင်ကိုတွေ့တော့ သူ့မျက်နှာကြီးကိုမဲ့ထားပြီး ငိုတော့မယ့်အတိုင်းပဲ။ ဒါကြောင့် ပါးဖောင်းဖောင်းလေးပေါ်မှာကပ်နေတဲ့ ငှက်မွှေးတချို့လည်း အိပ်ရာပေါ်ပြန်ပြုတ်ကျသွားလေရဲ့။

"နင်က ဘယ်လိုလုပ်ပြီး ငါ့အခန်းထဲရောက်နေတာလဲ။"

တကယ်တော့ အယ်လိုဟင်က လိုလီလေးဘေးခန်းမှာ နေရတာပါ။ ဒါပေမဲ့ ဒီကိုရောက်နေရတာက ကိစ္စတစ်ခုရှိလို့ပါ။

"တကယ်တော့ သခင်မလေးပျောက်သွားတုန်း ဟိုတယ်ကို လန်ဒန်ကနေ ဖုန်းလာတယ်လေ။ မင်းသမီးလီလီယာဆက်တာ၊ သခင်မလေးဖုန်းမကိုင်လို့ တည်းတဲ့ဟိုတယ်ကိုဆက်တာတဲ့။ ကိစ္စက အရေးကြီးလို့ သခင်မလေးပြန်ရောက်နေပြီကြားတာနဲ့ အခန်းထဲဝင်စောင့်နေတာလေ။ ထင်မထားတာက ဧည့်ခန်းထဲမှာရှိနေတဲ့ ကျွန်တော့်ကိုကျော်သွားပြီး အိပ်ရာတစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်ဆိုတာပဲ။"

"......" ဆွံအသွားတဲ့ ဖရာလီတာတစ်ယောက် ကိုယ်မှာကပ်နေတဲ့ ငှက်မွှေးတွေကို ဖယ်ရှားလိုက်ရင်း မှင်သေသေနဲ့ ဧည့်ခန်းထဲသွားလိုက်တယ်။ အဲဒီနောက် ခုံမှာဝင်ထိုင်လိုက်ပြီး အိန္ဒြေရှိဗြိတိသျှအမျိုးသမီးလေသံနဲ့ ပြောလိုက်တယ်။

"ပြောပါ၊ ကိစ္စက ဘယ်လိုမျိုးတဲ့လဲ။"

အယ်လိုဟင်ကတော့ ခေါင်းညိတ်လိုက်တယ်။ ကြည့်ရတာ သူ့သခင်မလေး ကလေးဆန်တဲ့ပုံစံကနေပြီး လူကြီးဟန်ဆောင်တဲ့ပုံစံကို ပြန်ပြောင်းသွားပုံပဲ။

ဒါကြောင့် သူလည်း အလုပ်ကိစ္စအကြောင်းပြောလိုက်တယ်။

"နောက်လကျရင် အရှေ့အာရှကုန်းမြင့်ဒေသက နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဆုဗာနာမှာ နယ်စားအသစ်ရွေးချယ်တော့မှာ။ သူတို့က ဗြိတိန်ရဲ့မဟာမိတ်တွေထဲက တစ်ခုမလို့ ဂုဏ်ပြုတဲ့အနေနဲ့သွားရမယ်တဲ့။"

အယ်လိုဟင်ရဲ့စကားကိုလည်းကြားရော ဖရာလီတာဟာ ချက်ချင်းပဲ ဒေါသတကြီးပုံစံပြန်ပြောင်းသွားတယ်။

"ဘာ၊ အဲဒီလေခေါင်းရုပ်ထိုးမက ငါ့ကိုဆုဗာနာသွားခိုင်းတယ်။ ဒီလောက်ချောင်ကျတဲ့နေရာကြီးကို။ ပြီးတော့ ငါကဗစ်ကောင့်လေ၊ နိုင်ငံကိုယ်စားပြုအနေနဲ့ ဒီထက်ရာထူးကြီးတဲ့လူတွေကို လွှတ်သင့်တာမဟုတ်ဘူးလား။"

ပုံမှန်ဆိုရင် ဒီလိုပွဲမျိုးက ကောင့်မြို့စားကြီးတို့၊ အထက်မှုးမတ်ကြီးတို့လို သူကောင်းမျိုးရာထူးကြီးတဲ့လူတွေကို လွှတ်လေ့ရှိပါတယ်။ ဆုဗာနာနယ်စားလို ရာထူးမြင့်သူအတွက် ဗစ်ကောင့်မြို့စားငယ်တွေက တော်တော်အဆင့်နိမ့်ပြီး စော်ကားသလိုဖြစ်နေမှာပါ။ အနည်းဆုံး ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ ဒါမှမဟုတ် အလားတူအဆင့်မျိုးက သွားရမှာဖြစ်ပါတယ်။

ကြည့်ရတာ အဲဒီအိမ်ရှေ့စံမင်းသမီးက အကြီးကြီးတစ်ခုခုကြံနေပုံပဲ။ လိုလီလေးအတွေးလွန်နေတုန်း အယ်လိုဟင်က ရုတ်တရက်မေးလိုက်တာကြောင့် ဆွံအသွားလေရဲ့။

"ဖြစ်နိုင်တာက၊ သခင်မလေး SilverKnightဆိုတဲ့ကောင်လေးနဲ့ ကစားရတာ မဝသေးလို့များလား။"

"......"

....

၂။

မက်ဒါနာ အိမ်ကိုပြန်ရောက်ပြီး အဝတ်လဲနေတုန်း မေမေသီတာဆီကနေ ဖုန်းဝင်လာတယ်။ ပြီးတော့ သူ့အမေအသံက တကယ့်ကိုပျော်နေတဲ့လေသံနဲ့။

"မင်းလွင်၊ သားလေး သတင်းကောင်းရှိတယ်။"

"အမေ့ဟာက အဆုံးမရှိအစမရှိနဲ့၊ ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ။"

အခုမက်ဒါနာက အနက်ရောင်စကတ်အတိုလေးကို ကောက်ဝတ်လိုက်ပြီးနောက် အိပ်ရာပေါ်ကို ထိုင်ချလိုက်ပြီး နည်းနည်းကျပ်နေတဲ့ ခြေအိတ်ရှည်ကို ခြေသလုံးပေါ် ဆွဲတင်နေရတာ။ အေမီဆိုတဲ့ဟာမက နည်းနည်းလေးမှ အားကိုးလို့မရဘူး။ ခြေအိတ်ရှည်ကို ဆိုက်တစ်ခုသေးပြီးဝယ်လာလို့ အခုတော့ကျပ်နေပြီ။

"ဒီလိုလေ၊ သားတို့အဖိုးက ဆုဗာနာကနေ လှမ်းဆက်သွယ်လာတယ်။ သားလေးကို နယ်စားဆက်ခံသူအဖြစ် ရာထားမလို့တဲ့။"

"...." မေမေသီတာရဲ့ရုတ်တရက်စကားကြောင့် မက်ဒါနာပါးနဲ့ပခုံးကြားမှာညှပ်ထားတဲ့ ဖုန်းဟောင်းလေးပြုတ်ကျသွားတယ်။

'သောက်ချီးထဲမှ၊ နယ်စားဆက်ခံသူ။ ငါ့ကိုဖုန်းခေါ်တာ ငါ့အမေရောဟုတ်ရဲ့လား။ တခြားအမေတစ်ယောက်များ ဖုန်းမှားပြီးဆက်နေတာများလား။' မက်ဒါနာသိထားသလောက် သူ့အမေက ဆုဗာနာသူကောင်းမျိုးဆိုပေမဲ့ အဲဒီလောက်အဆင့်ထိတော့ မျှော်မှန်းထားတာမဟုတ်ဘူးလေ။ အခုလိုရုတ်တရက်ကြီး သိလိုက်ရတော့ ပိုဆိုးသေးတယ်။

"ဟယ်လို၊ သားလေး။ ဟယ်လို... ဖုန်းကျသွားတာလား။" တစ်ဖက်က မေမေသီတာ့အသံကြောင့် မက်ဒါနာလည်း ဖုန်းပြန်ကိုင်လိုက်ပြီး မင်းလွင်အသံနဲ့ပြောလိုက်တယ်။

"အမေနောက်နေတာလား၊ တခြားတစ်ယောက်နဲ့တော့ လူမမှားပါဘူးနော်။"

"ဘယ်ကသာ၊ သားကို အမေပြောမပြရသေးဘူးထင်တယ်။ သားအမေက ဆုဗာနာလက်ရှိနယ်စားကြီးရဲ့သမီးအရင်း၊ မိဘကလက်ထပ်ပေးတာမလိုချင်လို့ အမေရိကားထွက်ပြေးလာရင်း သားအဖေနဲ့တွေ့ပြီး သားကိုရတာလေ။"

'သေရော၊ ဒါဖြင့်ငါက တကယ်ကြီးသူကောင်းမျိုးပေါ့။ ပြီးတော့ နယ်စားမျိုးနွယ်။' မက်ဒါနာကတော့ ဒီနေ့ကြုံတွေ့နေရတဲ့ အမှန်တရားတွေများလွန်းအားကြီးလို့ ဘယ်လိုမှလက်မခံနိုင်တော့ဘူး။ ခေါင်းတွေပေါက်ထွက်တော့မယ်။

"နောက်ဆယ့်ငါးရက်နေရင် ဆုဗာနာနိုင်ငံက သံအဖွဲ့ရောက်လာလိမ့်မယ်။ သူတို့က သားနဲ့အမေ့ကိုလာခေါ်မှာ။ ဒီတော့ သားအသင့်ပြင်ထားလိုက်ဦး။ သားအဖိုးကပြောတယ်၊ အမေရိကန်မှာ ကောင်မလေးရှိနေရင်လည်း တစ်ခါတည်းသာခေါ်လာခဲ့တဲ့။ အော်တိုသဘောတူပြီးသားတဲ့။"

"....." မေမေသီတာက ပြောလို့ပြီးတာနဲ့ ဖုန်းချသွားတယ်။ မက်ဒါနာကိုယ်တိုင်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး။

တကယ်တော့ သူမိန်းကလေးဖြစ်သွားတဲ့ကိစ္စကို သူ့အမေတောင် သိသေးတာမဟုတ်ဘူး။ ပြီးတော့ဆုဗာနာကလည်း နယ်စားမင်းသားလို့ပဲ သူ့ကိုယူဆထားပုံပဲ။ သူတို့လာခေါ်တဲ့အခါ မင်းသားလေးလို့မှတ်ထင်ထားတဲ့ မင်းလွင်ရှိမနေဘဲ နယ်စားမင်းသမီးလေးဖြစ်နေတဲ့ မက်ဒါနာပဲရှိနေမှာလေ။

'ဟိုင်း၊ ငါက မင်းတို့ရှာနေတဲ့ နယ်စားမင်းသားလေးပါ။ ငါက တကယ်တော့ မင်းသမီးလေးနော်။'လို့ပြောရင် သူတို့ယုံပါ့မလား။ လုံးဝမဖြစ်နိုင်ဘူး။

"မင်းက ဘယ်သူလဲ၊ ငါတို့မင်းသားကို ဘယ်နေရာမှာ ဝှက်ထားတာလဲ။" သူ့ကို မင်းသမီးရူးရူးနေတဲ့သူ၊ သူတို့မင်းသားလေးကို တစ်နေရာရာမှာဝှက်ထားပြီး မင်းသမီးဖြစ်ဖို့ လိမ်ညာပြောနေတာလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုသာဆိုရင် မက်ဒါနာလေးသေမှာ။

"မင်းက ငါ့မြေးလေးကို သတ်ပစ်ပြီး သူ့နေရာအစားဝင်ထားတာမဟုတ်လား။ မင်းသမီးနေရာတော့မရဘူး၊ ကြိုးစင်ပဲရမယ်။" နယ်စားဝတ်စုံကြီးဝတ်ထားတဲ့ သူ့အဖိုးက သူ့ကိုမြေးအရင်းမှန်းမသိဘဲ ကြိုးစင်ပို့လိုက်ရင် ဘယ်လိုလုပ်မလဲ။ တစ်ခါတည်းအသတ်ပျောက်သွားမှာပေါ့။

'မဖြစ်တော့ဘူး၊ ဇာတ်သိမ်းဆိုးကြီးကို ရှောင်ရှားဖို့အတွက် အမေ့ကို ဒီကိစ္စတွေအားလုံး ရှင်းပြမှဖြစ်တော့မယ်။' မက်ဒါနာလည်း ဆုံးဖြတ်ချက်ချလိုက်ပြီးတာနဲ့ အိမ်ပြန်ဖို့အထုပ်အပိုးပြင်တော့တာပဲ။

မက်ဒါနာတို့ အရင်ကနေခဲ့တဲ့ မြို့ငယ်လေးက နယူးယောက်မှာမဟုတ်ပါဘူး။ တောကျပေမဲ့ လှပတဲ့ရှုခင်းတွေရှိတဲ့ အီလီနွှိုက်ပြည်နယ်မှာပါ။ ဒါကြောင့် ပြန်မယ်ဆိုရင် လေယာဥ်စီးပြီးပြန်မှပဲရမယ်။ ဒီနေ့ မပြန်နိုင်တာမလို့ မနက်ဖြန်မနက်စောစောပဲ အစောဆုံး သွားလို့ရမှာပါ။

ဒါကြောင့် အထုပ်အပိုးပြင်ပြီးတာနဲ့ နားဖို့အတွက် အိပ်ရာပေါ်တက်လိုက်တယ်။ ခဏနေတော့ အေမီအခန်းထဲဝင်လာပြီး သူ့ကိုပေးထားတဲ့ လက်တော့အစုတ်လေးကိုယူလာပြလေရဲ့။

"သခင်မလေး၊ ဒီသတင်းကိုကြည့်ပါဦး။ အဲဒီArchmegaကြီးက သခင်မလေးကို စိန်ခေါ်တယ်တဲ့။"

အေမီကို လက်တော့ပေးထားတာက တခြားတော့မဟုတ်ဘူး။ ငြိမ်ဆေးရအောင်လို့။ တကယ်တော့ အေမီကိုယ်တိုင်က စူပါကွန်ပျူတာတစ်လုံးလိုဖြစ်နေတော့ အင်တာနက်သုံးချင်ရင် လက်တော့တောင်မလိုဘူး။ ဒါပေမဲ့ အရင်ရက်အနည်းငယ်လောက်တုန်းက ဂိမ်းကစားချင်တယ်ပြောတာနဲ့ ပေးထားလိုက်တာ။ သူ့ခန္ဓာကိုယ်ထဲက စက်ပစ္စည်းတွေနဲ့ ဂိမ်းကစားရတာ ဖီလင်မလာဘူးတဲ့လေ။ ဒါကြောင့် နည်းနည်းကုန်ပေါက်တစ်ပေါက် ထပ်တိုးလာတယ်။

မက်ဒါနာ အိပ်ချင်မူးတူးနဲ့ ခေါင်းထောင်ပြီး သတင်းကိုကြည့်လိုက်တော့ တကယ်ပဲ Archmegaက သူ့ကို စိန်ခေါ်တဲ့စာမျိုး Fox NY5 သတင်းဌာနကို ပို့ထားတာဖြစ်နေတယ်။ အခုသတင်းဌာနက Breaking Newsဆိုပြီး အကြီးအကျယ်ကြေညာနေတာ။

ဘာပဲပြောပြော SilverKnightက Rank A ဗီလိန်တချို့ကို အနိုင်ယူထားတာပါ။ မှတ်ပုံတင်ထားခြင်းမရှိပေမဲ့ မြို့ထဲမှာ အဲဒီလိုလုပ်နိုင်တဲ့ဟီးရိုးက တခြားတစ်ယောက်ပဲရှိတာ။ နည်းနည်းလေးမှ အားကိုးလို့မရတဲ့ ဟီးရိုးဌာနမှူးပေါ့။ ဒါကြောင့် SilverKnightက မြို့ရဲ့အတော်ဆုံးဟီးရိုး၊ ကျက်သရေဆောင်လို့ပြောလို့ရတယ်။ သူစိန်ခေါ်ခံရတာဟာ နယူးယောက်ဟီးရိုးတွေအားလုံးကို စိန်ခေါ်လိုက်တာနဲ့ အတူတူပါပဲ။

စိန်ခေါ်တဲ့စာက ရိုးရိုးရှင်းရှင်းလေး။ နေရာရယ်၊ အချိန်ရယ်၊ ရှေးသူရဲကောင်းတွေလို စီးချင်းထိုးကြမယ်ပဲပါတယ်။ "မနက်ဖြန်၊ မနက်ကိုးနာရီ။ ငါ့ကို နယူးယောက်မြို့က လေဘာတီရုပ်ထုပေါ်မှာလာတွေ့။ ရှေးခေတ်စစ်သည်တော်တွေလို တစ်ယောက်ချင်းချမယ်။" တခြားခြိမ်းခြောက်ထားတာမျိုးလည်းရှိမနေတော့ မက်ဒါနာလည်း ဂရုမစိုက်တော့ဘဲ မျက်လုံးကိုမှိတ် တစ်ချိုးတည်းအိပ်လိုက်တော့တယ်။ သူသွားဖို့ သိပ်ပျင်းနေတယ်။ စိတ်မပါဘူး။ သူမသွားလည်း နည်းနည်းနာမည်ပျက်ရုံပဲလေ။ သူမနိုင်တဲ့ Archmegaကို ယှဥ်ချပြီးတော့ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲစရာမှမလိုတာ။

....

နောက်တစ်နေ့မနက်။

အယ်လိုဟင်နှင့် Archmegaတို့ နာမည်ကျော် လေဘာတီရုပ်ထုကြီး၏ခေါင်းပေါ်တွင် ရပ်နေကြပြီး ရန်သူတော် Silver Knightကြီးကို မျှော်နေကြသည်။ သို့သော်လည်း အချိန်တော်တော်ကြာသည့်တိုင်အောင် ရောက်မလာပေ။

ရဲကားတစ်ဒါဇင်ခန့်နှင့် ဟီးရိုးဆယ့်ငါးယောက်ခန့်က ရုပ်ထုကြီးအောက်တွင် စောင့်နေကြသည်။ သူတို့ရောက်ခါစက ဗီလိန်ဖမ်းရန် စိတ်အားထက်သန်နေကြသော ဟီးရိုးတချို့က လာတိုက်ခိုက်သော်လည်း အယ်လိုဟင်၏သေနတ်များလက်ချက်နှင့် အကုန်ကျိုးပဲ့ကုန်သည်။ တကယ့်ဗီလိန်များမဟုတ်၍သာ မသေကြခြင်းဖြစ်၏။ ထို့ကြောင့် ဗီလိန်များမှ တစ်ခုခုဆိုးဆိုးဝါးဝါးမလုပ်မချင်း မလှုပ်ရှားရန် ဆုံးဖြတ်လိုက်ကြပြီး ဟီးရိုးများနှင့်ရဲများက အောက်တွင်အရန်သင့် စောင့်နေကြခြင်းဖြစ်သည်။

ရဟတ်ယာဥ်တချို့က သူတို့ကိုပတ်နေပြီး သတင်းကိုတိုက်ရိုက်ထုတ်လွှင့်နေကြသည်။ မြို့သားတချို့မှာလည်း ပွဲကြီးပွဲကောင်းကြည့်ရပြီဟုထင်ကာ လာရောက်စုဝေးနေကြ၏။ လေဘာတီရုပ်ထုကြီးနားတွင် လူပေါင်းသိန်းနှင့်ချီစုဝေးနေသည့် မြင်ကွင်းမျိုးက ရွေးကောက်ပွဲမဲဆွယ်သည့် အချိန်မျိုးတွင်ပင် မြင်ရခဲသည်။

ဝတ်စုံထံတွင်ရှိနေသော ြဗိတိသျှလိုလီလေးက နာရီကိုကြည့်လိုက်ရင်း ဒေါသတကြီးဖြင့် ပြောလိုက်၏။

"အဲဒီSilverKnightဆိုတဲ့ငနှဲက နည်းနည်းလေးမှ အချိန်ကိုမလေးစားဘူး။" Archmegaစက်ရုပ်ကြီးက စိတ်မရှည်နိုင်ခြင်းများစွာဖြင့် လေဘာတီရုပ်ထုသရဖူပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ အယ်လိုဟင်ကတော့ ရုပ်ထုအစွန်းတွင်ထိုင်နေပြီး လက်ထဲတွင်တော့ ဟမ်ဘာဂါတစ်ခုကို ကိုင်ကာစားနေ၏။

သခင်မလေးက ရက်စက်လှပေစွ။ မနက်အစောကြီး သူ့ကိုအတင်းနှိုးပြီး စိန်ခေါ်ပွဲအတွက်ဆိုကာ ပြင်ဆင်ခိုင်းခဲ့သည်။ အခုလည်း နောက်ကျသည့်အထိ ဘာမှမစားရသေးဘဲ ရှိနေသောကြောင့် အောက်တွင်စောင့်နေသည့် အဝလွန်နေသော ရဲတစ်ယောက်ထံမှ ဟမ်ဘာဂါကို တောင်းယူကာ စားနေခြင်းဖြစ်၏။ အမ်တီဟီးရိုးတစ်ယောက်အနေဖြင့် သူတောင်းစားဘဝရောက်သည်အထိ နိမ့်ကျသွားမည်ဟု သူ့ကိုယ်သူ မထင်ခဲ့မိပေ။

"သူမလာတော့တာလည်း ဖြစ်နိုင်တာပဲကို။ ပြီးတော့ မင်းပို့လိုက်တဲ့စာက စိန်ခေါ်ရုံသက်သက်ပဲဟာ၊ နည်းနည်းပါးပါး ဗီလိန်ဆန်အောင် ကျောင်းသားအပြည့်နဲ့ ကျောင်းကားကြီးကို ရုပ်ထုပေါ်မှာချိတ်ထားတာတို့ မိန်းမလှလေးကို ပြန်ပေးဆွဲတာတို့ လုပ်ကြည့်ပါလား။" လိုလီလေး၏စကားကြောင့် စိတ်တိုနေသော အယ်လိုဟင်လည်း ဘုကလန့်တိုက်ပြီး အော်ပြောလိုက်သည်။

"သူက ဟီးရိုးလေ၊ ဟီးရိုးတွေမှာ ဂုဏ်သိက္ခာရှိတယ်။ ပြန်ပေးဆွဲပြီး ခြိမ်းခြောက်ရအောင်လဲ ငါတို့တွေက ဗီလိန်တွေမှမဟုတ်တာလို့။" ဝတ်စုံထဲမှ လိုလီလေးက မကျေမနပ်ဖြင့် ပြန်အော်ပြောလိုက်၏။

.....

ကွန်တိန်နာအိမ်ရာ၊ မက်ဒါနာအခန်း။

မက်ဒါနာက ပျင်းရိစွာဖြင့် အိပ်ရာပေါ်မှာထိုင်ရင်း တီဗီကြည့်နေ၏။ Fox 5NYမှ Archmegaတို့နှစ်ယောက် မမောနိုင်မပန်းနိုင် ထိုင်စောင့်နေသည်ကိုကြည့်ရင်း ဗိုက်ကိုနှိပ်ကာရယ်မိသည်။ ထိုနှစ်ယောက်က တော်တော်ရယ်ရသည်ဟု ထင်မိပြန်သည်။ ဗီလိန်ဖြစ်ပြီး ဓားစာခံမထား၊ စိန်ခေါ်လိုက်တာနှင့် သူလာမည်ဟု ထင်နေကြပုံပေါ်၏။

"သခင်မလေး တကယ်မသွားဘူးလား၊ နည်းနည်းပါးပါး ဟီးရိုးသိက္ခာလေးဘာလေးထားပါဦး။"

အေမီက မက်ဒါနာကို သူအပြင်မှဝယ်လာသည့် ကိုလာတစ်ဘူးကမ်းပေးလိုက်ရင်း စိတ်ဆိုးဆိုးဖြင့် ပြောလိုက်သည်။ အခုထိ SilverKnightရောက်မလာသဖြင့် အွန်လိုင်းပေါ်တွင် အတင်းအဖျင်းစကားများ ပြန့်နေပြီဖြစ်၏။

တချို့က 'ကြောက်လွန်းလို့ပြေးသွားတယ်။' 'အမြီးကိုကုပ်နေတာပဲ။'ဟုပင် ရေးနေကြသည်။ တချို့ကတော့ SilverKnughtက Archmegaကို ရှုံးပြီးသားဖြစ်၍ မနိုင်မှန်းသိကာ မလာခြင်းဖြစ်သည်ဟုဆိုကြသည်။ ပြတိုက်တွင်ဖြစ်ခဲ့သည့်ကိစ္စက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။

"သူတို့ဘာသာနေပါစေ၊ ငါဒီနေ့ အိမ်ပြန်ရဦးမယ်။ လေယာဥ်လက်မှတ် ဘိုကင်လုပ်ပြီးပြီမလား။ ငါက လိုင်စင်မဲ့ဟီးရိုးလေ၊ ကျစရာသိက္ခာမှမရှိတာ။"

မက်ဒါနာက အချိုရည်ဘူးဖုံးကိုဖောက်လိုက်ရင်း သောက်ရန်ပြင်လိုက်သော်လည်း ရုတ်တရက်ဘူးလွတ်ကျသွားပြီး ဗိုက်ကိုနာကျင်စွာဖြင့် ဗိလိုက်မိသည်။

"အေ...အေမီ၊ အချိုရည်ထဲမှာ အဆိပ်ပါတယ်ထင်တယ်။"

"ဘယ်ကသာ၊ သခင်မလေး တစ်ငုံမှမသောက်ရသေးတာကို။"

မက်ဒါနာမှာ သူ့ဝမ်းဗိုက်ထဲတွင် မီးတောက်နေသလို ခံစားရပြီး အိပ်ရာပေါ်တွင် ခွေခွေလေးလဲကျသွားသည်။ တစ်ကိုယ်လုံး အေးစက်စက်ချွေးများဖြင့်ပြည့်သွားပြီး ဝေဒနါကိုအသည်းအသန်ခံစားနေရပုံပေါ်ကာ အေမီလည်း ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ။

နောက်မှအေမီလည်း မက်ဒါနာကို သေချာကြည့်လိုက်ပြီး အလန့်တကြားဖြင့် ပြန်ဖြေလိုက်သည်။

"အာ... မမလေး မီးနီလင်းနေတာပဲ။"

"ဘာ... ငါက ကားမီးပွိုင့်မှမဟုတ်တာဟဲ့။"

"အောင်မလေး၊ ဒီဘဝပြောင်းမမလေးက တော်တော်ပြောရခက်တာပဲ။ လစဥ်အဟွာလာတာကိုပြောတာ။"

"....."

မက်ဒါနာက အံ့ကြိတ်ခံရင်း စောင်လေးကိုခေါက်ကာ ဗိုက်တွင်ခုထားလိုက်သည်။ ခဏလေးအတွင်း သူ့တစ်ကိုယ်လုံးရှိစွမ်းအားများ ကုန်ဆုံးသွားသလိုမျိုး ခံစားလိုက်ရ၏။ သူက ပြာနှမ်းနေသောနှုတ်ခမ်းများကို ဟလိုက်ပြီး အေမီကိုပြောလိုက်သည်။

"ငါက မိန်းကလေးဆိုတာ ငါမေ့နေတာပဲ။ သောက်ကျိုးနည်းဒုက္ခကြီးတစ်ခုရှိနေတာကို မေ့သွားတာ။ အစတုန်းက လာမယ်လာမယ်ဆိုပြီး တွေးကြောက်ခဲ့ပေမဲ့ ၄လလောက်မလာတော့ မလာတော့ဘူးထင်ပြီးမေ့နေတာ။ လက်စသတ်တော့ ရန်ငြိုးတွေစုပြီး ငါ့ကိုတစ်ခါတည်းဒုက္ခပေးနေတာကိုး။"

အေမီမှာလည်း အသွေးအသားခန္ဓာကိုယ်မရှိသူမလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေ။ ထို့ကြောင့် အကူအညီတောင်းရန် အခန်းထဲမှထွက်သွားပြီး အိမ်နီးနားချင်းများကို လိုက်အကူအညီတောင်းရသည်။

"အန်တီလေးအိုလီဗာရေ... အန်တီလေး...." သို့သော် ကံဆိုးစွာဖြင့် ကွန်တိန်နာအိမ်ရာတစ်ခုလုံးတွင် ဘယ်သူမှ ရှိမနေခဲ့ပေ။ အခန်းထဲတွင်ရှိနေသည့် မက်ဒါနာက လေသံယဲ့ယဲ့ဖြင့် ပြောလိုက်သည်။

"ခေါ်မနေနဲ့၊ ဒီနေ့က တနင်္ဂနွေနေ့လေ။ အကုန်လုံး ပါတီလုပ်ဖို့ ပန်းခြံသွားကြတယ်။"

"ဒါဖြင့် ကျွန်မနဲ့မမလေးပဲကျန်တာပေါ့။" အေမီ၏စကားကြောင့် မက်ဒါနာက ခေါင်းညိတ်ပြလိုက်သည်။ အေမီကတော့ စိတ်ညစ်ညစ်ဖြင့် ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်မိ၏။

"အမေရေ၊ ကြည့်ရတာ အစ်မကြီးဂူးဂဲလ်ကိုပဲ အားကိုးရတော့မယ်ထင်ပါရဲ့။"

...

ဒီလိုနဲ့ မနက်ဆယ်နာရီခွဲသွားသည်။ ငွေရောင်စစ်သည်တော်ကို မည်သည့်နေရာတွင်မှ မတွေ့ရ။

လိုလီလေးကိုယ်တိုင်လည်း ဗိုက်ဆာတာရော ဒေါသထွက်တာရောကြောင့် သည်းမခံနိုင်ဖြစ်ပြီး ခြေဆောင့်လိုက်ရာ လေဘာတီရုပ်ထုကြီးတစ်ခုလုံး လှုပ်ခါသွား၏။

"ဟွန်း... SilverKnight ကောင်စုတ်၊ နင်က တကယ်ကြီး ငါ့ကိုလစ်လျူရှုရဲတယ်ပေါ့လေ။ နင်မလာရင် ငါနင့်ဆီကိုလာမယ်။ ငါ့နည်းပညာတွေနဲ့ နယူးယောက်မြို့နယ်ထဲမှာရှိနေတဲ့ နင့်ကိုမရှာနိုင်ဘူးဆိုတာ ငါမယုံနိုင်ဘူး။"

၇။

ဖရာလီတာ ပန်ဒရာဂွန်ဟာ မက်ဒါနာလိုပဲ နည်းပညာမြူတန့်တစ်ယောက်ပါ။ သူ့မှာTechnotelekinesis မရှိပေမဲ့ တစ်မြို့လုံးက CCTV တွေကို အသုံးပြုဖို့အတွက် အထူးနည်းလမ်းတွေအများကြီးရှိတယ်။

ပြီးတော့ SilverKnightဟာ ကွင်းစ်မြို့ခံဟီးရိုးဖြစ်မှန်း လူတိုင်းသိကြပါတယ်။ ဒါကြောင့် နယူးယောက်မြို့နယ်တစ်ခုလုံးကို စစ်ဆေးဖို့မလိုအပ်ခဲ့ဘဲ ကွင်းစ်မြို့ကိုသာ စစ်ဆေးဖို့လိုအပ်ခဲ့တယ်။

နံနက်ဆယ်နာရီလေးဆယ့်ငါးမိနစ်အချိန်မှာတော့ မျက်နှာဖုံးတပ်ထားတဲ့ ဦးလေးကြီးအယ်လိုဟင်ကို ဆွဲခေါ်ပြီးတော့ Archmegaဟာ ကွင်းစ်မြို့ဆီကို ပျံသန်းလာခဲ့ပါပြီ။ သတင်းထောက် ရဟတ်ယာဥ်တစ်စင်း သူတို့နောက်ကိုလိုက်လာခဲ့ပေမဲ့ တိုက်တာတွေကြားထဲ ကွေ့ပတ်မောင်းနှင်ပြီး ခြေရာဖျောက်သွားတဲ့အတွက် ဆက်မလိုက်နိုင်တော့ပါဘူး။

ကွင်းစ်မြို့အဝင်ဝက တိုက်တစ်ခုဘေးမှာရပ်ထားတဲ့ ဘန်ဒလေတံဆိပ် ဂန္တဝင်ကားအနက်လေးတစ်စီးကိုတော့ ဘယ်သူမှသတိမထားမိခဲ့ဘူး။

ကားနောက်ခန်းမှာထိုင်နေတဲ့ ဖရာလီတာကတော့ Tabletတစ်လုံးကို လက်ထဲမှာကိုင်ထားရင်း ဒေါသတွေ အလိပ်လိုက်ထွက်နေပါတယ်။ သူ့ကိုခြေရာခံလို့ မရစေဖို့အတွက် Archmegaဝတ်စုံထဲကနေ ကွင်းစ်မြို့အဝင်ဝမှာထွက်၊ ကားထဲဝင်ပြီး ဝတ်စုံကြီးကို မောင်းသူမဲ့စနစ်နဲ့ တခြားနေရာပျံသွားခိုင်းတာဟာ သူလုပ်နေကျအလုပ်ပါ။ လောလောဆယ်တော့ Archmegaဟာ ကွင်းစ်မြို့ကိုကျော်သွားပြီး တခြားတစ်နေရာဆီ ထွက်ခွာသွားပါပြီ။ ဒါကြောင့် စစ်တပ်သုံးရေဒါတွေက သူ့ကိုထောက်လှမ်းမိခဲ့ရင်တောင်မှ ဒီလိုလီလေးကို သံသယဝင်စရာမရှိတော့ဘူး။

"သောက်ရူး...SilverKnight၊ နင့်ကိုငါရအောင်ရှာမယ်။"

ဖရာလီတာဟာ ဒေါသထွက်ထွက်နဲ့ လက်သီးကိုဆုပ်ထားတဲ့အတွက် လက်သီးဆုပ်သေးသေးလေးဟာ သွေးနီရောင်သန်းနေတယ်။ ဒရိုက်ဘာခုံမှာ ဒရိုက်ဘာဦးထုပ်ဆောင်းထားပြီး ကားဆီရာတိုင်ပေါ်လက်တင်ထားတဲ့ အယ်လိုဟင်ကတော့ ကလေးမလေးကို ကားမှန်ကနေ လှမ်းကြည့်ရင်းပြောလိုက်တယ်။

"သခင်မလေး၊ အခုဘယ်သွားမလဲ။"

"အနီးဆုံးမှာရှိတဲ့ ယာဥ်ထိန်းရုံး CCTV စင်တာနားကိုသွား။ ငါတို့စနစ်ကိုဖောက်ဝင်ဖို့ အဲဒီကလိုင်းနဲ့ချိတ်ဖို့လိုတယ်။"

ဟုတ်ပါတယ်၊ မက်ဒါနာလို Technotelekinesisမရှိတဲ့ ဖရာလီတာအနေနဲ့ကတော့ CCTVစနစ်တွေထဲကို ကိုယ်တိုင်ချိတ်ဆက်ပြီး တိုက်ရိုက်ဝင်ဟက်ဖို့လိုပါတယ်။

နောက်နာရီဝက်လောက်ကြာတော့ ကားထဲက စူပါကွန်ပျူတာအသေးစားလေးမှာ CCTV မြင်ကွင်းရာထောင်ချီအောင် လာပေါ်နေပါပြီ။ ကံကောင်းစွာနဲ့ ဖရာလီတာမှာက အဆင့်မြင့်ဉာဏ်ရည်တုဖြစ်တဲ့ စတန်းဖို့ခ်ရှိနေတာကြောင့် တစ်ခုချင်းစီလိုက်စစ်ဆေးနေစရာမလိုတော့ပါဘူး။

"ဖတန်းဖို့ခ်၊ ကွင်းစ်နယ်ခံဟီးရိုး SilverKnightရဲ့လျှို့ဝှက်စခန်းဖြစ်နိုင်တဲ့နေရာကို တွက်ချက်ပေးပါ။"

ခဏနေတော့ တီဗွီမျက်နှာနဲ့ ဘဏ္ဍာစိုးအဖိုးကြီးရဲ့အသံက တစ်ဖက်ကနေ ထွက်ပေါ်လာတယ်။

"ကွင်းမြို့စွန်က ဘက်သီနာလမ်းသွယ်ကိုသွား၊ အဲဒီနားတစ်ဝိုက်ကို SilverKnightမကြာခဏလာတတ်ပြီး ပျောက်ပျောက်သွားတာတွေ့ရတယ်။ အထူးသဖြင့် သူကင်းလှည့်နားတဲ့အချိန်တွေမှာပေါ့။"

ပြောရရင် အတိအကျအဖြေထွက်မလာပေမဲ့ လမ်းသွယ်လေးတစ်ခုထဲမှာ SilverKnightရဲ့လျှို့ဝှက်စခန်းရှိနိုင်တာကိုသိရတော့ ဖရာလီတာဟာ ကိုယ့်ပေါင်ကိုယ် လက်သီးဆုပ်လေးနဲ့ထုလိုက်တယ်။

"SilverKnight... ငါနင့်အိမ်ကို အိမ်လည်လာပြီနော်..."

...

ဘက်သီနာလမ်းသွယ်ကိုရောက်တော့ အိုဟောင်းနေတဲ့ တိုက်ခန်းတွေကိုပဲ တွေ့လိုက်ရတယ်။ ဒီနေရာက လေထုက သိပ်ညစ်ပတ်လွန်းတယ်။ အိမ်ခြေရာမဲ့ လူတချို့ တိုင်ကီအဟောင်းကြီးတွေထဲ အမှိုက်တွေထည့်ပြီး မီးဖိုနေတာကိုလည်း ဖရာလီတာတွေ့ရတယ်။ ဘန်ဒလေတံဆိပ် တန်ဖိုးကြီးကားလေး လမ်းထဲဝင်လာတော့ အားလုံးရဲ့မျက်လုံးတွေက သူတို့အပေါ်ကျရောက်လာပါပြီ။ ဖရာလီတာလည်း ကျောထဲစိမ့်နေအောင် ကြောက်လန့်သွားတယ်။ ဒီလိုလီလေး ကမ္ဘာပေါ်မှာအကြောက်ဆုံးအရာက အမူးသမားတွေပါ။ အယ်လိုဟင်ကလည်း လုံခြုံရေးအတွက် တံခါးတွေကို လော့ချလိုက်တယ်။

"ချီး... SilverKnightက ဒီလိုနေရာမျိုးမှာ စခန်းဆောက်ထားတာလား၊ တွေးတော့တွေးတတ်သားပဲ။ ဒီလိုနေရာမျိုးက စုတ်ပြတ်သတ်နေတာဆိုတော့ ဘယ်သူမှ သူ့ကိုသတိထားမိမှာမဟုတ်ဘူးလေ။"

ဖရာလီတာ တစ်ယောက်တည်းစကားပြောနေချိန်မှာတော့ အယ်လိုဟင်က ဘာမှဝင်မပြောပါဘူး။ ပြဿနာတစ်ခုက ဒီလိုအန္တရာယ်များတဲ့ ပြန်ကျရပ်ကွက်ထဲမှာ SilverKnightရဲ့လျှို့ဝှက်စခန်းကို ဘယ်လိုသွားရှာမလဲဆိုတာပါ။

"အယ်လိုဟင်... ငါအောက်မဆင်းတော့ဘူး၊ နင့်ဘာသာနင်ပဲ လိုက်ရှာတော့။ တစ်လမ်းထဲဆိုတော့ အချိန်သိပ်မယူရလောက်ပါဘူးမဟုတ်လား။"

"မမလေး... ကျွန်တော်တော့ သူ့စခန်းကို တွေ့ပြီထင်တာပဲ။"

အယ်လိုဟင်က အစုတ်အပြတ်တိုက်ခန်းတွေကြားမှာ ထင်းထွက်နေတဲ့ ကွန်တိန်နာအိမ်ရာကို လက်ညိိုးထိုးပြလိုက်တယ်။ မက်ဒါနာပြန်ရောက်လာပြီးနောက် အညောင်းပြေလမ်းလျှောက်ဖို့အတွက် သူ့ခွေးကြီး စေဘာစတိန်းကို ခြံထဲလွှတ်ထားမိတယ်လေ။ ဒီတော့ ရန်သူတွေရောက်လာချိန်မှာ အထင်ရှားဆုံးပစ်မှတ်တစ်ခု ဖြစ်လာတာပါ။

အယ်လိုဟင်လည်း ငွေရောင်စစ်သည်တော်ရဲ့အင်မတန်တုံးအမှုကြောင့် မျက်မှောင်ကြုတ်လိုက်မိတယ်။ ဒါက သဘာဝမကျဘူးလေး။ ဖရာလီတာလို နည်းပညာမြူတန့်တစ်ယောက်ရဲ့ဉာဏ်ရည်က 200 ကျော်ပါတယ်။ ငွေရောင်စစ်သည်ကလည်း အဲဒီထက်မနိမ့်နိုင်ဘူး။ ဒါပေမဲ့ ဒီလောက်စက်ရုပ်မှန်းသိသာနေတဲ့ စက်ရုပ်ခွေးကြီးကို ဘာကိစ္စခြံထဲလွှတ်ထားရတာတုန်း။ ပိုတုံးအတာက အဲဒီခွေးကြီးကို ဒီလမ်းထဲကလူတွေက ပုံမှန်လိုမျိုးဆက်ဆံနေတာပါ။ ဘယ်သူမှ SilverKnightရဲ့စီးတော်ခွေးလို့တောင် မသတ်မှတ်ကြသလိုပဲ။

ပြီးတော့ အသားညိုညိုနဲ့ အိမ်စေလိုဝတ်ထားတဲ့ ဆီလီကွန်အရုပ်မတစ်ရုပ်ကလည်း ၂၄နာရီကုန်စုံဆိုင်ကနေ ပစ္စည်းဝယ်ပြီး ပြန်ထွက်လာတယ်။ ပြီးတော့ လမ်းထဲကလူတွေနဲ့ ပုံမှန်အတိုင်း နှုတ်ဆက်စကားပြောနေလိုက်သေးတယ်။ လမ်းထဲကလူတွေက အဲဒီအရုပ်မကို တကယ့်လူလို့ သတ်မှတ်နေကြပုံပဲ။ အခုခေတ်မှာ ဉာဏ်ရည်တုတွေက အားကောင်းလာပြီဆိုပေမဲ့ ကိုယ်ပိုင်စဥ်းစားဉာဏ်ရှိတဲ့ လူတူစက်ရုပ်တွေကို မထုတ်လုပ်နိုင်သေးဘူး။ Archmegaဖြစ်တဲ့ ဖရာလီတာက လုပ်နိုင်တယ်ဆိုပေမဲ့ စီးပွားဖြစ်မထုတ်နိုင်ဘူး။ ဒီအရုပ်က တကယ့်လူလိုလှုပ်ရှားနေပြီး ဒီလမ်းထဲကလူတွေက ထူးဆန်းတယ်လို့တောင် မစဥ်းစားကြဘူး။

"ဒီလောက်သိသာနေတာ ထောင်ချောက်များလား။"

တဖြည်းဖြည်းနဲ့ ဘန်ဒလေကားလေးက ကွန်တိန်နာ အိမ်ရာလေးရှေ့ရောက်လာပြီး အယ်လိုဟင်က ကားကိုရပ်ကာ စက်သတ်လိုက်တယ်။ သူတို့ပစ်မှတ်က ဒီအိမ်လေ။ အစောပိုင်းက မြင်ခဲ့တဲ့ ညိုချောအိမ်စေစက်ရုပ်က အဲဒီအိမ်ရဲ့ခြံတံခါးကိုဖွင့်ပြီး အထဲဝင်လာတယ်။ ခွေးစက်ရုပ်ကတော့ မိတ်ဆွေတစ်ယောက်ကို တွေ့လိုက်တဲ့အလား အမြီးလေးနှံပြီး လာကြိုတယ်။ အယ်လိုဟင်ကတော့ မျက်လုံးအပြူးသားနဲ့ အဲဒီမြင်ကွင်းကိုကြည့်နေတယ်။

"ဒီလောက်အသက်ဝင်တဲ့စက်ရုပ်တွေကို မမလေးကလွဲပြီး ဘယ်သူကလုပ်နိုင်မှာလဲ။" ရုတ်တရက် အယ်လိုဟင် ပါးစပ်ကနေ အဲဒီကိစ္စကို ထုတ်ပြောလိုက်မိတယ်။ ကားနောက်ခန်းထဲမှာတော့ ဖရာလီတာဟာ သူယူလာတဲ့ ခရီးဆောင် ဓာတ်ဘူးအသေးစားလေးကိုဖွင့်ပြီး အထဲမှာထည့်လာတဲ့ လက်ဖက်ရည်ကို စိမ်ပြေနပြေသောက်နေတယ်။ အယ်လိုဟင်စကားကိုကြားတော့ ချက်ချင်းအဖြေပေးလိုက်တာပေါ့။

"သေချာတာပေါ့၊ ငါ့ပြိုင်ဖက်ကြီး SilverKnightပဲနေမှာ။"

လက်ရှိကမ္ဘာကြီးမှာ အလွန်အမင်းအားကောင်းတဲ့ နည်းပညာမြူတန့်တွေသိပ်မရှိပါဘူး။ သမိုင်းတွင်လောက်တဲ့ MetalPaladinကွယ်လွန်ပြီးနောက်မှာ Archmegaက အသန်မာဆုံးနည်းပညာမြူတန့်ပါ။ သူပြီးရင် ဒုတိယက SilverKnightလို့ပြောရမယ်။ သူက A rankစွမ်းအားတွေမရှိသေးပေမဲ့ A rank တချို့ကို အနိုင်ယူခဲ့ပြီးပြီလေ။ ဒါကြောင့် သူဟာ Archmegaရဲ့ပြိုင်ဖက်ဖြစ်ဖို့ ထိုက်တန်ပါတယ်။

ပြိုင်ဖက်ဖြစ်သူရဲ့အိမ်ကို ရှာတွေ့ပြီးတဲ့နောက် ရှိရင်းစွဲအသက်ထက် ပိုပြီးပုပုသေးသေးဖြစ်နေတဲ့ ကလေးမလေးက ကားတံခါးကိုဆွဲဖွင့်ပြီး ဟောင်းနွမ်းလွန်းလို့ အက်ကွဲနေပြီဖြစ်တဲ့ ပလက်ဖောင်းပေါ်ကို ခုန်ဆင်းလိုက်တယ်။

ဘန်ဒလေကားက သိပ်ပြီးမြင့်တဲ့ ကားမျိုးမဟုတ်ပေမဲ့ လိုလီလေးအရပ်ကပုနေတော့ ခြေထောက်က မြေကြီးကို မထိဘူးရယ်။ ဒါကြောင့် ပလက်ဖောင်းပေါ် ခုန်ဆင်းနေသလိုဖြစ်နေတာ။

"အယ်လိုဟင်၊ ငါတို့ပြိုင်ဖက်ကြီးကို အငိုက်ဝင်ဖမ်းရအောင်။"

ဒါပေမဲ့ တကယ်အငိုက်ဖမ်းခံလိုက်ရတာက လိုလီလေးပါ။ ရုတ်တရက် သူ့ခန္ဓာကိုယ်က လေထဲမြောက်တက်သွားပြီး အသက်သုံးဆယ်လောက်ရှိမယ့် အမျိုးသီးတစ်ယောက်ရဲ့မျက်နှာကို နီးနီးကပ်ကပ်မြင်လိုက်ရတယ်။ အဲဒီအမျိုးသမီးကိုယ်ကနေ အရက်နံတထောင်းထောင်းထနေပြီး အရက်မူးနေဟန်နဲ့ မျက်လုံးတွေက ရီဝေဝေဖြစ်နေလေရဲ့။

"အား...ချစ်စရာလေး...ဂေ့... ဘယ်တုန်းက ငါတို့လမ်းထဲကို ဒီလိုအရုပ်မလေးရောက်နေတာလဲမသိဘူး။"

အဲဒီအမျိုးသမီးက နှုတ်ခမ်းကိုစူလိုက်ပြီး ကောင်မလေးပါးကို အတင်းနမ်းဖို့လုပ်တယ်။ လိုလီလေးက ရုန်းကန်နေပေမဲ့ ခြေထောက်နှစ်ဖက်က လေထဲမြောက်နေပြီး သူ့ခန္ဓာကိုယ်က အဲဲဒီအမူးသမားအမျိုးသမီးရဲ့လက်ထဲရောက်နေတာ။

"ဟေး...ဟေး... မူးနေတဲ့ဟာမကြီး... ငါ့ပါးကိုမနမ်းနဲ့လေ၊ ငါ့ကိုပြန်ချပေး...ဟေး... အယ်လိုဟင်...အယ်လိုဟင်... ငါ့ကိုကယ်ဦးလေ..."

သေချာတာပေါ့ လိုလီလေးကိုကောက်ချီပြီး အတင်းနမ်းဖို့လုပ်နေတာက ကွန်တိန်နာအိမ်ရာရဲ့နာမည်ကြီးဒေါ်လေးအိုလီဗာပါ။ လောလောဆယ်တော့ ပါတီပွဲကပြန်လာပြီး မူးနေတာ။ နဂိုကတည်းက ချစ်စရာကောင်းတဲ့ ကောင်မလေးတွေကိုမြင်ရင် မနေနိုင်အောင် အသည်းအူယားတတ်သူမလို့ ဖရာလီတာဟာ အန်တီလေးအိုလီဗာရဲ့သားကောင်ဖြစ်သွားတယ်။

စက္ကန့်ပိုင်းအတွင်းမှာပဲ အိုလီဗာက ဖရာလီတာရဲ့ပါးပြင်နုနုလေးကို သုံးကြိမ်တိတိ ပြွတ်ခနဲနမ်းပြီးသွားပြီ။ အဲဒီနောက်တော့ အူယားစွာနဲ့ ရင်ခွင်ထဲပွေ့ထားလိုက်တယ်။ အရက်နံကြောင့် မူးမေ့လုဆဲဆဲဖြစ်နေတဲ့ ဖရာလီတာကတော့ အရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ နစ်မြုပ်နေပြီ။

ခဏနေတော့ အန်တီလေးအိုလီဗာရဲ့သောက်ဖော်သောက်ဖက် အဆောင်ပိုင်ရှင်ကြီးသမီး ဆရာဝန်မပါရောက်လာပြီး ကလေးမလေးကို လက်လွှဲယူကာ သူပါနမ်းပစ်လိုက်တယ်။ အဲဒီနောက်တော့ ကလေးမလေးဟာ အမူးသမားမိန်းကလေးနှစ်ယောက်ကြားထဲ ရောက်နေပြီး အကြီးအကျယ်နှိပ်စက်ခံရတော့တာပဲ။ အတော်ကြာမှ မှင်သက်နေတဲ့ အယ်လိုဟင်ရောက်လာပြီး အမျိုးသမီးနှစ်ယောက်ရဲ့ပခုံးကို လက်နဲ့ကိုင်ပြီး အားထည့်ဖျစ်ညှစ်လိုက်တယ်။

"အမျိုးသမီးတို့၊ ကျုပ်သခင်မလေးကို လွှတ်ပေးလို့ရမလား။"

အယ်ဟိုဟင်က အေးစက်စက်ပြုံးပြလိုက်တယ်။ ဘဲဥပုံ နေကာမျက်မှန်အမည်းတပ်ထားပြီး အနောက်တိုင်းဝတ်စုံကို အထာကျကျဝတ်ထားတာမလို့ အယ်လိုဟင်ရဲ့ပုံစံက The Matrixထဲက အေးဂျင့်စမစ်နဲ့အင်မတန်တူနေတယ်။ ကြောက်စရာအရှိန်အဝါတွေ ထွက်ပေါ်လာတာကြောင့် အိုလီဗာတို့လည်း ကလေးမလေးကို ကြောက်ကြောက်နဲ့ပြန်ချပေးလိုက်ပြီး အိမ်ရာဝင်းထဲဝင်သွားကြတယ်။

"ငါ... ငါရန်သူကို အထင်သေးမိလိုက်တာပဲ၊ အယ်လိုဟင်။ SilverKnightက သူ့စခန်းကို လူထူးဆန်းတွေနဲ့ ကာကွယ်ထားမယ်လို့ မထင်ထားမိခဲ့ဘူး။"

ခဏနေတော့ ပရိုကင်မရာတစ်ခုကနေ ထွက်ပေါ်လာတဲ့ ချလက်ချလက်အသံကြောင့် အယ်လိုဟင်ရော ဖရာလီတာပါ လှည့်ကြည့်လိုက်မိတယ်။ သွေးတွေလျှံကျတော့မယ့်အလား နှာခေါင်းကြီးနီနေတဲ့ ဖရာလီတာနဲ့ရွယ်တူကောင်လေးတစ်ယောက်က ဖရာလီတာကို ကင်မရာနဲ့ချိန်ပြီး ဓာတ်ပုံရိုက်နေတာ။ ရိုက်ပြီးတာနဲ့ ဓာတ်ပုံထွက်တဲ့ကင်မရာမလို့ ဖရာလီတာရှက်ပြီး မျက်နှာကြီးနီရဲနေတဲ့ပုံကြီးက ကင်မရာထဲကနေ ချက်ချင်းထွက်လာရော။

"ဟေး... နင်ဒါဘာလုပ်တာလဲ။" ဖရာလီတာက အကျယ်ကြီးအော်လိုက်တော့ ကင်မရာကိုင်ထားတဲ့

ကလေးကလည်း ပြန်ပြောတယ်။

"ငါက ကွင်းစ်မြို့မှာနေတဲ့ နယ်ခံဗီလိန်၊ မြင်ကွင်းကောင်းလေးတွေကိုရှဲလ်မယ့် နှာဘူးပဲ။ နင်နဲ့ဟိုအဒေါ်ကြီးနှစ်ယောက် ပလူးနေတဲ့ပုံတွေအကုန်လုံး အင်စတာဂရမ်ပေါ်ရောက်သွားပြီ။ ကြောက်သွားပြီလား။"

"....." ဒီသောက်ကလေးဗီလိန်က ဒီအိမ်ရာမှာ စုန်းဖြူမလေးမက်ဒါနာနေမှန်းသိလို့ နေတိုင်းကင်းပုန်းဝပ် ဓာတ်ပုံချောင်းရိုက်နေတာပါ။ မက်ဒါနာကို ဒီနေ့တစ်နေ့လုံး မမြင်ရသေးပေမဲ့ အရုပ်မလေးနဲ့တီတီလေးတို့ပုံတွေကို ရထားပြီမလို့ ချောင်းရကျိုးနပ်သွားပြီလေ။ ဒါပေမဲ့...

လိုလီလေးဖရာလီတာရဲ့ကိုယ်ရံတော်ကြီး အယ်လိုဟင်က အပျော်လွန်နေတဲ့ သောက်ကလေးရဲ့ကင်မရာကို ဆွဲယူလိုက်ပြီး ပလက်ဖောင်းအောက်မှာရှိနေတဲ့ စည်ပင်ရေမြောင်းထဲ ပစ်ချလိုက်တယ်။

"အား... ငါ့ကင်မရာလေး... ဟေ့လူကြီး...ငါ့ကင်မရာကို ဘာလို့လွှင့်ပစ်လိုက်တာလဲ...ဝှား...." ကလေးလည်း ရေထဲမြောပါသွားတဲ့ သူ့နောက်ဆုံးပေါ်ကင်မရာလေးကို လမ်းပေါ်မှာ လေးဖက်ထောင့်ငုံကြည့်ရင်း အသည်းအသန်အော်ငိုပါတော့တယ်။ ခဏနေတော့ ဦးလေးကြီးအယ်လိုဟင်ကို လက်ညိုးထိုးပြီးအော်ပြောလိုက်တယ်။

"ဟေ့လူကြီး၊ ကျုပ်အမေနဲ့သွားတိုင်ပြောမယ်။ ခဏနေရင် ပြန်လာမှာမလို့ သတ္တိရှိရင် ဘယ်မှထွက်မပြေးဘဲ ဒီမှာစောင့်နေလိုက်။" အဲဒီနောက်တော့ ကလေးဗီလိန်ပေါက်စလေးလည်း လမ်းထဲကနေ ထွက်ပြေးသွားတယ်။

အနှောင့်အယှက်တွေ မရှိတော့ပြီမလို့ အယ်လိုဟင်နဲ့ ဖရာလီတာတို့ အိမ်ရာဝင်းထဲ ဝင်လာကြပါတယ်။ အိမ်ရာဝင်းက တော်တော်လေးကျယ်ပြီးတော့ တစ်နေရာမှာဆိုရင် ပစ္စည်းအဟောင်းတွေနဲ့ ကစားကွင်းလေးလုပ်ထားတာတွေ့ရတယ်။ အဲဒီကစားကွင်းလေးထဲမှာတော့ အမြွှာကလေးခြောက်ယောက်နဲ့ ဆရာဝန်ဝတ်စုံကို ဖိုသီဖပ်သီဝတ်ထားတဲ့ သူတို့အဖေကြီးကစားနေတာကို တွေ့ရတယ်။

"ဒီငနှဲ... အမြွှာခြောက်ယောက်မွေးအောင် ဘယ်လိုတောင် အလုပ်ကြိုးစားလိုက်တာလဲ။" အယ်လိုဟင် ကိုယ်တိုင်လည်း စဥ်းစားလို့ကိုမရဘူး။ ဒီသောက်ကျိုးနည်းလမ်းထဲမှာ အထူးဆန်းဆုံးနေရာက ဒီ သောက်ကျိုးနည်းအိမ်ရာဖြစ်ပုံပဲ။ ခြံဝင်းအလယ်မှာတော့ ဟိုတုန်းကတည်းက ဆောက်ထားပုံရတဲ့ အမေရိကန်ကျေးလက်သစ်သားအိမ်လေးတစ်လုံးကိုတွေ့ရတယ်။ အိမ်ခေါင်မိုးပေါ်မှာတော့ သံချေးတက်ပြီး လည်တောင်မလည်တော့တဲ့ ကြက်ဖပုံလေညွန်တံရှိနေတယ်။

အိမ်ထဲမှာ တုတ်ကောက်ကိုမြှောက်ပြီး မိုက်လိုလုပ် ကာရာအိုကေဆိုနေတဲ့ အိမ်ရှင်အဖိုးကြီးကိုလည်း တွေ့ရသေးတယ်။

ဒီအိမ်ရာဝင်းထဲမှာ အထူးဆန်းဆုံးနေရာကတော့ ကွန်တိန်နာနှစ်လုံးကို ဆက်ထားတဲ့အခန်းပါပဲ။ မသင်္ကာတာနဲ့ အယ်လိုဟင်လည်း သူ့ဘယ်ဖက်မျက်လုံးက X rayအမြင်ကိုသုံးလိုက်တယ်။ အတွင်းထဲမှာ ထူးဆန်းတဲ့စက်ပစ္စည်းတချို့ကိုတွေ့လိုက်ရပြီးနောက် သူ့သခင်မလေးကို လက်တို့ကာ ပြောလိုက်ပါတယ်။

"သခင်မလေး၊ အဲဒီဘယ်ဖက်အစွန်ဆုံးကအခန်းပဲ။"

ဖရာလီတာလည်း ခေါင်းညိတ်လိုက်ပြီး စိတ်ကြီးဝင်နေဟန်တဲ့ ဘယ်ဖက်အစွန်ဆုံးအခန်းဆီကို ခြေကိုမြှောက်မြှောက်လှမ်းကာ ချဥ်းကပ်သွားလိုက်တယ်။ ခွေးစက်ရုပ်ကြီးက သူတို့ကိုထဟောင်ပေမဲ့ အယ်လိုဟင်တစ်ချက်ကြည့်လိုက်တာနဲ့ အမြီးကုတ်သွားတယ်။ သူက အဲဒီခွေးရဲ့ပါးစပ်ကို လက်ဗလာသက်သက် ဆွဲဖြဲဖူးတယ်လေ။ ဒါကြောင့် စိတ်ချလက်ချနဲ့ နောက်ကနေ သူ့သခင်မလေးနောက်ကနေ

လိုက်သွားလိုက်တယ်။

တံခါးနားရောက်တော့ ဖရာလီတာက ရပ်လိုက်ပြီး အယ်လိုဟင်ကို လှည့်မကြည့်ဘဲ ပြောလိုက်တယ်။ "နင်က ဒီမှာစောင့်ကျန်ရစ်ခဲ့၊ ငါသူနဲ့ နှစ်ယောက်တည်းစကားပြောမယ်။" အဲဒီနောက် တံခါးဖွင့်ပြီး အထဲကိုဝင်သွားလိုက်တယ်။ တံခါးပြန်ပိတ်မသွားခင် အထဲက စကားသံတချို့ကို အယ်လိုဟင်ကြားလိုက်သေးတယ်။

"သခင်မလေး၊ သတိထားပါဦး။ အခုနေ ကောင်းကင်ဘုံကိုတက်သွားရင် ကျွန်မတစ်ယောက်တည်း ကျန်ခဲ့မှာပေါ့။" နောက်တော့ တံခါးပိတ်သွားပြီး ဘာသံမှမကြားရတော့ဘူး။ ကြည့်ရတာ အသံလုံစနစ်ပါပုံပဲ။

အယ်လိုဟင်လည်း တံခါးဝနားမှာ ရပ်စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူမထင်ထားတာက ဟိုစက်ရုပ်ခွေးက သူ့အနားကိုရောက်လာပြီး လက်စားချေဖို့ ကြိုးစားလိမ့်မယ်ဆိုတာပါပဲ။

"ဝုတ်...ဝုတ်..."

"အား...."

.....

ဖရာလီတာ အထဲကိုရောက်သွားတော့ ပထမဆုံးမြင်လိုက်ရတာက တစ်ယောက်ယောက်သေသွားတဲ့အလား ငိုဖို့ကြိုးစားနေတဲ့ ဆီလီကွန်စက်ရုပ်မနဲ့ တစ်ကိုယ်လုံးဖြူဖပ်ပြီး သွေးမရှိသလိုဖြစ်နေတဲ့ ဆံဖြူကောင်မလေးကိုပါ။

"ဟေး... ဒီမှာဘာဖြစ်နေတာလဲ။" နားမလည်နိုင်အောင် ဖြစ်နေတဲ့ ဖရာလီတာလည်း အော်ပြီးမေးလိုက်တယ်။ အသားညိုညိုနဲ့အိမ်စေစက်ရုပ်က တကယ်မျက်ရည််မထွက်၊ နှာရည်မကျပေမဲ့ တစ်ရှူးတွေကို မျက်နှာနဲ့အပ်ထားပြီး နှပ်သုတ်၊ မျက်ရည်သုတ်ဖို့ ကြိုးစားနေတယ်။ အဲဒီအူကြောင်ကြောင်အိမ်စေက ပြန်ဖြေလိုက်လေရဲ့။

"ကျွန်မသခင်မလေး မီးနီလင်းနေလို့လေ၊ အစ်မကြီးဂူးဂဲလ်က ရေခဲကပ်ရတယ်ပြောလို့ လုပ်ပေးထားပေမဲ့ ဖြူဖပ်ပြီး သတိလစ်တော့မလိုဖြစ်နေလို့လေ။ ဘာလုပ်ရမှန်းလည်း မသိတော့ဘူး။"

ဖရာလီတာလည်း အိပ်ရာပေါ်မှာ ရေခဲအိတ်ကလေးကို ဗိုက်ကပ်ထားပြီး ခွေခေါက်နေတဲ့ ဆံဖြူမလေးကိုကြည့်ရင်း ဘာပြောရမှန်းမသိတော့ဘူး။ အတန်ကြာမှ သတိဝင်လာပြီး ပြောလိုက်တယ်။

"ဟဲ့... နင့်သခင်မလေးက သွေးအများကြီးဆုံးရှုံးထားလို့ သွေးအားနည်းနေတာ မြန်မြန်သကြားညိုဖျော်တိုက်လေ။ အဲဒီလိုကွေးကွေးကြီးမနေနဲ့လေ ပက်လက်လှန်ပြီး ခေါင်းအုံးကို ခြေထောက်အောက်မှာ ထားရတယ်ဟဲ့။ ဘယ်လိုအစေခံလည်းမသိပါဘူး တုံးကလည်းတုံး၊ ပိန်းကလည်းပိန်းနဲ့။"

ဖရာလီတာ ဝင်ကူညီပေးပြီးတဲ့နောက်မှာတော့ မက်ဒါနာအတော်လေးသက်သာသွားတယ်။ မက်ဒါနာလည်း စကားပြောဖို့ခွန်အားရှိလာပြီ။

"ကူညီပေးလို့ ကျေးဇူးပါ။ ဒါနဲ့၊ နင်ဘာကိစ္စ ငါ့အခန်းထဲကို ဝင်လာရတာလဲ။"

လိုလီလေးကလည်း မိတ်ဆက်ဖို့အတွက် အခွင့်အရေးရပြီဆိုပြီး သူကောင်းမျိုးတွေ မိတ်ဆက်လေ့ရှိတဲ့အတိုင်း ဂါဝန်အနားစလေးကိုမြှောက်၊ ခေါင်းကိုနည်းနည်းလေးညွှတ်ပြီး ပြောလိုက်တယ်။

"ငါက ဗစ်ကောင့် ဖရာလီတာ ထရိုင်ရွန် ပန်ဒရာဂွန်။ ပြီးတော့ ဒီမနက်SilverKnightကို စိန်ခေါ်ခဲ့တဲ့ Archmega၊ သူမလာလို့ သူ့အိမ်အထိ လာလိုက်တွေ့တာ။ နင်က သူ့အိမ်မှာနေတယ်ဆိုတော့ သူနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိမှာပဲ။ သူအခုဘယ်သွားနေတာလဲ၊ သူ့ကိုခေါ်လိုက်တော့လေ။"

"....." ဒီတစ်ကြိမ် ဆွံအသွားသူကတော့ မက်ဒါနာပါ။ ဒီအသေးမလေးကို သူတစ်ခါမြင်ဖူးပေမဲ့ သူ့ပြိုင်ဖက် Archmegaဖြစ်နေပြီး အခုလိုကိုယ်တိုင်လာဝန်ခံလိမ့်မယ်လို့ ထင်မထားဘူးလေ။ ပြီးတော့ ပိုအရေးကြီးတာက ဒီလိုကလေးမသေးသေးလေးက ဘယ်လိုလုပ်ပြီး သူတောင်မနိုင်တဲ့ နည်းပညာဗီလိန်ဖြစ်ရမှာလဲ။ လာနောက်နေတာပဲဖြစ်ရမယ်။ ဒါကြောင့် မက်ဒါနာလည်း စိတ်ပျက်စွာနဲ့ အော်ပြောလိုက်တယ်။

"အသေးမလေး၊ နင်ငါ့ကို လာနောက်နေတာလား။"

၈။

"ငါက တကယ် Archmegaပါဆို။"

"နင်က Archmegaဆိုရင် ငါက MetalPaladin တောင်ဖြစ်နေလောက်ပြီ။"

ဒီရွှေရောင်ဆံပင်နဲ့ အရုပ်မလေးလိုလှတဲ့ မိန်းမငယ်လေးက သူ့ကိုယ်သူ Archmegaအဖြစ် လာပြောနေတာကို မက်ဒါနာအနေနဲ့ ဘယ်လိုလုပ်ယုံမှာလဲ။ အေမီဖျော်ပေးတဲ့ သကြားညိုကိုသောက်ရင်း လေသံနုနုနဲ့ ပြန်အော်ပြောလိုက်တယ်။

Archmegaက အရပ်ရှစ်ပေလောက်ရှိတဲ့ စက်ရုပ်ကြီးပါ။ ဒါကြောင့် မက်ဒါနာလည်း အထဲကပိုင်းလော့က The Rockလိုမျိုး တောင့်တောင့်ဖြောင့်ဖြောင့် ဦးလေးကြီးလို့ ထင်ထားတာပါ။ အခုလိုမျိုး အရပ်ငါးပေတောင် ပြည့်လားမပြည့်လားမသေချာတဲ့ လိုလီအရုပ်မလေး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မက်ဒါနာက ယုံပုံမပေါ်တော့ ဖရာလီတာလည်း သူ့လက်မှာပတ်ထားတဲ့ Watchclockကိုနှိပ်လိုက်တယ်။ ခဏကြာတော့ ဂျက်အင်ဂျင်သံနဲ့အတူ Archmegaစက်ရုပ်ကြီးက မက်ဒါနာရဲ့ကွန်တိန်နာအိမ်ခေါင်မိုးကို ဖျက်ဆီးပြီးဝင်ချလာတယ်။ ပြောရရင် လိုလီလေးခေါ်လိုက်လို့ Autopilot modeဝင်ပြီး အဝေးကနေ ချက်ချင်းရောက်လာပါ။

အဲဒီဖြစ်ရပ်က အကြီးကြီးဖြစ်ပြီး လူတော်တော်များများ မြင်လိုက်တာကြောင့် ကွန်တိန်နာအိမ်ရာရှိနေတဲ့ လမ်းထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပါတော့တယ်။

"နင်ယုံပြီလား...၊ ငါက Archmegaပဲ။ SilverKnightကို ခေါ်ထုတ်ပေး၊ သူနဲ့စာရင်းရှင်းစရာရှိတယ်။"

Archmegaကြီးက လိုလီလေးစကားဆုံးတာနဲ့ စစ်သည်တော်တစ်ယောက်လိုမျိုး ဒူးထောက်ပြီးတော့ ထိုင်ချလိုက်တယ်။ အဲဒီနောက် ရင်ဘတ်ကနေ တံခါးတစ်ချပ်ပွင့်လာပြီး အတွင်းပိုင်းက ပိုင်းလော့ခန်းကို မြင်လိုက်ရလေရဲ့။ တကယ်ပါ၊ ပိုင်းလော့နေရာက ဖရာလီတာလိုကောင်မလေးတစ်ယောက် ကျဥ်းကျဥ်းကျပ်ကျပ် ဝင်ထိုင်ဖို့အတွက်အနေတော်ပဲ။ ထိုင်ခုံလိုသုံးလို့ရမယ့် ဘာတန်းသေးသေးလေးရယ်၊ လက်တွေချေတွေကို ထိန်းချုပ်လို့ရမယ့် လီဗာတချို့ရယ်ကို အတွင်းထဲမှာ နေရာချထားတယ်။

"....." မက်ဒါနာ ကိုယ့်မျက်လုံးကိုယ်တောင်မယုံနိုင်ဘူး။ 'ဒါဖြင့် Archmegaက ငါ့လိုဝတ်စုံမဟုတ်ဘဲ Combat Warframeကြီးပေါ့။ ပြီးတော့ ပိုင်းလော့က ကလေးမလေး။'

တစ်ဖက်မိန်းကလေးက အိမ်တိုင်ရာရောက်လာပြီး သူနဲ့ချချင်ကြောင်း၊ မဟာရန်သူတော်ကြီးဖြစ်ကြောင်း လာဝန်ခံနေတော့ မက်ဒါနာလည်း ထိုင်ကြည့်မနေနိုင်တော့ဘူး။ အိပ်ရာအောက်မှာဝှက်ထားတဲ့ ငွေရောင်သေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်ပြီး ပြန်ဖြေလိုက်တယ်။

"တွေ့ရတာဝမ်းသာပါတယ် Archmega... ငါက နင်ရှာနေတဲ့ Silver Knightပဲ။"

အဲဒီနောက် သေတ္တာပေါ်က ခလုတ်တစ်ခုကိုနှိပ်လိုက်ပြီး အလိုလျှောက်ဝတ်စုံဝတ်စနစ် အလုပ်လုပ်လာတာကို စောင့်လိုက်တယ်။ ခဏကြာတော့ ငွေရောင်စစ်သည်တော်က အရပ်ရှစ်ပေနီးပါးမြင့်တဲ့ အနက်ရောင်စစ်သည်တော်ကြီးရှေ့မှာ ရပ်နေပါပြီ။ ကံကောင်းတာက သူတို့တွေတံခါးပိတ်ပြီး စကားပြောနေတာမလို့ ခေါင်မိုးမရှိတော့ပေမဲ့လည်း မက်ဒါနာအခုလိုဝတ်စုံဝတ်လိုက်တာကို ဘယ်သူမှမမြင်ကြသေးဘူး။ ဟီးရိုးစစ်ကူတွေလာနေတဲ့အသံကိုတော့ သူတို့ကြားရပါတယ်။ Archmega ဒီဖက်ခြမ်းကို ပြန်လာမှန်း သူတို့မြင်ခဲ့ကြပုံပါပဲ။

ဖရာလီတာလည်း Archmegaထဲကို ဝင်ပြီးနေပြီဖြစ်ပြီး မက်ဒါနာကို လက်ညိုးညွန်ပြရင်း အထဲကနေ လှမ်းပြောလိုက်တယ်။

"S...SilverKnight... နင်က မိန်းကလေးလား။ ငါ့စိတ်ကူးထဲက ရွှေရောင်ဆံပင်နဲ့သူရဲကောင်းလည်းမဟုတ်ဘူး။"

တစ်ဖက်မှာရပ်နေတဲ့ ငွေရောင်စစ်သည်တော်ကတော့ ခေါင်းကိုကုတ်(တကယ်က သတ္တုခေါင်းဆောင်းကြီးကိုပွတ်)ရင်း ပြန်ပြောလိုက်တယ်။

"မင်းရဲ့အိပ်မက်လှလှလေးတွေကို နင်းချေပစ်မိတဲ့အတွက် စိတ်မကောင်းပါဘူး။ သူရဲကောင်းတိုင်းမှာ ရွှေရောင်ဆံပင်နဲ့အပြာရောင်မျက်လုံးတွေ မရှိနိုင်ဘူးလေ။ ပြီးတော့ လိုလည်းမလိုအပ်ဘူး။"

ငွေရောင်စစ်သည်တော်က ဓားကိုလွှဲယမ်းလိုက်တယ်။ ရုတ်တရက်ဖြစ်နေတာမလို့ Archmega လည်း ဓားအရှိန်ကြောင့် ဟန်ချက်ပျက်သွားပြီး ကွန်တိန်နာအိမ်နံရံနဲ့ ဝင်တိုက်မိသွားပါပြီ။

Archmegaဝတ်စုံက ကားတစ်စီးစာလောက် လေးတဲ့အတွက်ကြောင့် ကွန်တိန်နာသတ္တုတွေလည်း မခံနိုင်ဘဲ ကောက်ကွေးကာ ကျိုးကျကုန်တယ်။

တိုက်ပွဲစစချင်းမှာပဲ သူတို့နှစ်ယောက်လုံး အိမ်ပြင်ရောက်လာပါပြီ။ ဘေးချင်းကပ်လျက်အခန်းမှာရှိနေတဲ့ အန်တီလေးအိုလီဗာတို့လည်း ဝုန်းဒိုင်းကျဲနေတဲ့အသံတွေကြောင့် ပြေးထွက်လာလေရဲ့။

"မက်ဒါနာ၊ နင့်အိမ်ကို ကောင်မလေးတစ်ယောက် လာလည်တာသိပေမဲ့ အဲဒီလောက် မသောင်းကျန်းရဘူးလေ။" အန်တီလေးစကားတောင် မဆုံးလိုက်ဘူး၊ ကိုယ်လုံးကြီးယိုင်သွားတဲ့ Archmegaက ပြန်ထလာပြီး မက်ဒါနာအိမ်ထဲက အဝတ်သေတ္တာကိုမပြီး ကောက်ပစ်လိုက်တယ်။ ငွေရောင်စစ်သည်လည်း ကော်နဲ့လုပ်ထားတဲ့ တရုတ်ထုတ်သေတ္တာကြီးကို အမြန်ရှောင်လိုက်ရပါပြီ။ မကြာခင်မှာဘဲ အဝတ်သေတ္တာရဲ့ပတ္တာပြုတ်သွားပြီး ပင်တီအပြာစင်းလေးတွေ၊အဖြူလေးတွေ လေထဲလွင့်ပျံကုန်လေရဲ့။

"ငါ့အဖိုးတန်လေးတွေ..." ငွေရောင်စစ်သည်တော်ဝတ်စုံထဲက မက်ဒါနာလည်း စိတ်ထဲကနေ ကျိတ်အော်လိုက်မိတယ်။

အန်တီလေးအိုလီဗာလည်း မက်ဒါနာအခန်းထဲကနေ သတ္တုဘီလူးနှစ်ကောင်ထွက်လာတာမြင်တော့ သူ့ဦးနောက်အလုပ်မလုပ်တော့ဘဲ အကျယ်ကြီးအော်ပြီး လမ်းမပေါ်ကို ပြေးတက်သွားပါလေရောလား။

"အား....." အနားမှာရှိနေတဲ့ တခြားသူတွေကတော့ အန်တီလေးအိုလီဗာရဲ့Cအဆင့် အသံစွမ်းအားကြောင့် နားပိတ်ထားလိုက်ရပေမဲ့ မက်ဒါနာတို့နှစ်ယောက်အပေါ်မှာတော့ သက်ရောက်မှုမရှိပါဘူး။ သူတို့နှစ်ယောက်က အခုတစ်ယောက်ကိုတစ်ယောက် ကျားချောင်းချောင်းနေကြတယ်။

ဖရာလီတာက မက်ဒါနာလက်ထဲကဓားကို ကြည့်လိုက်ရင်း မနေနိုင်ဘဲ ပြောလိုက်ပါပြီ။

"အရင်တစ်ပတ်ကဓားကို ထပ်အဆင့်မြှင့်ထားတာလား...."

အခုငွေရောင်စစ်သည်တော်ကိုင်ထားတဲ့ဓားက ဇက်သတ္တုအစစ်ဓားဖြစ်နေတဲ့အပြင် ပိုပြီးတော့ ထူးခြားတဲ့ နည်းပညာတစ်ခုလည်း သုံးထားပါတယ်။ ဒါကြောင့် Archmegaရဲ့ထူထဲတဲ့ဝတ်စုံတောင်မှ သက်ရောက်အားကို လုံးဝတောင့်မခံနိုင်ဘဲ ယိုင်ထွက်သွားတာပါ။ Gravity engineလို့ခေါ်တဲ့ နည်းပညာအသစ်တစ်ခုကို မက်ဒါနာစမ်းသပ်ခဲ့ပြီး ဓားရဲ့အလေးချိန်ကို ရုတ်တရက်အတိုးအလျှော့လုပ်နိုင်အောင် တီထွင်ထားတာဖြစ်တယ်။ အဲဒီစနစ်အတွက် မက်ဒါနာဟာ ဓားမှာသီးသန့် reactorတစ်ခုပါ တပ်လိုက်ရပါပြီ။ အခုသူ့ဓားက သာမန်ဓားမဟုတ်တော့ဘဲ နည်းပညာမြင့်ဓားပါ။

ငွေရောင်စစ်သည်တော်က ဓားကိုငှက်မွှေးတောင်လိုမျိုး မြှောက်လိုက်ပြီး Archmegaဆီ လှမ်းပစ်လိုက်တယ်။

Archmegaလည်း လက်နှစ်ဖက်ကိုမြှောက်ပြီး ဓားကိုခတ်ထုတ်ဖို့ ကြိုးစားလိုက်ပါပြီ။ ဒါပေမဲ့ ငှက်မွှေးလို ပေါ့ပါးနေတဲ့ဓားက ရုတ်တရက်တံတားတစ်စင်းလိုလေးသွားပြီး Archmegaကို လွင့်စင်သွားစေကာ ခြံဝင်းအဆုံးက နံရံနဲ့ဝင်ဆောင့်မိသွားတယ်။ ဓားကတော့ Archmegaရှေ့က မြေပေါ်မှာစိုက်နေတယ်။

မက်ဒါနာ လက်ကိုမြှောက်လိုက်တော့ ဓားဟာ သူ့ရဲ့လျှပ်စစ်လက်ကောက်တွေလိုပဲ လက်ထဲကိုအလိုလို ပျံသန်းရောက်ရှိလာတယ်။ Gravity engineရဲ့စွမ်းဆောင်ရည်တွေထဲကတစ်ခုဖြစ်တဲ့ လေပေါ်မှာမျောလွင့်ပြီး ခရီးသွားနိုင်စွမ်းပါ။ အခု သူ့ဓားက တရုတ်ရှန်းရှတွေထဲက ဓားပျံလိုဖြစ်နေပြီ။

Archmegaလည်း ပြိုကျဲနေတဲ့ အုတ်ပုံထဲကနေ ဖြည်းညှင်းစွာထရပ်လိုက်တယ်။ သူ့မျက်လုံးနှစ်လုံးနေရာကနေ အနီရောင်အလင်းကို ထုတ်လွှင့်နေပြီး သတ်ဖြတ်လိုစိတ်ကို မက်ဒါနာခံစားမိလိုက်တယ်။ သူတို့က အခုမှ သွေးပူကြတုန်းရှိသေးတာပါ။

အခုဆိုရင် နည်းပညာယန္တရားမြူတန့်နှစ်ယောက် တိုက်ခိုက်နေတာကို တစ်လမ်းလုံးသတိထားမိကုန်ပါပြီ။ ရောက်လာတဲ့ ဟီးရိုးစစ်ကူနှစ်ယောက်ကတော့ အလျင်စလိုမလှုပ်ရှားဘဲ ဌာနချုပ်ကိုဆက်သွယ်နေကြတယ်။ ဒီနှစ်ယောက်က C အဆင့်တွေသာဖြစ်ပြီး မက်ဒါနာတို့တိုက်ပွဲကို ကြားဝင်နိုင်စွမ်းမရှိပါဘူး။

"ဟီးရိုးတွေ... ဒါက ငါတို့နှစ်ယောက်သဘောတူပြီး လက်ရည်စမ်းနေတာပဲ။ ဝင်မပါကြနဲ့။" မက်ဒါနာနဲ့Archmegaတို့နှစ်ယောက်လုံးက ပြိုင်တူပြောလိုက်ကြတယ်။ သွေးပူလာပြီးနောက် သူတို့ရဲ့တိုက်ခိုက်လိုစိတ်က အမြင့်ဆုံးရောက်နေကြပါပြီ။

Archmegaက သူ့ရဲ့အနည်းငယ်ချိုင့်ဝင်နေတဲ့ ဝတ်စုံကို တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်တယ်။

"မဆိုးဘူး... ဒါပေမဲ့ ဒီတစ်ကွက်တည်းနဲ့တော့ ငါ့ကိုမနိုင်ဘူး။" အဲဒီနောက် ကိုယ်ကိုကိုင်းပြီး ရှေ့ကိုခြေတစ်လှမ်းလှမ်းလိုက်တယ်။ သူ့ရဲ့တိုက်လေယာဥ်အတောင်ပံတွေက လိပ်ပြာတစ်ကောင် အတောင်သိမ်းသလိုမျိုး ထောင်မတ်သွားပြီး ကျောမှာပါတဲ့ ဂျက်အင်ဂျင်က စတင်လည်ပတ်လာတယ်။ ဒီအင်ဂျင်က လေယာဥ်ဆီတွေကို လောင်ကျွမ်းနေတာမဟုတ်ဘဲ အဖြူရောင်အလင်းမှုန်တွေကို လောင်ကျွမ်းနေတာပါ။ မက်ဒါနာကို သူအရင်ကပြခဲ့တဲ့ အဖြူရောင်ဒြပ်စင်ဓားကစွမ်းအင်နဲ့ တူညီတယ်။

မက်ဒါနာကလည်း ဓားကိုနောက်ကိုပို့လိုက်ပြီး ကိုယ်ကိုကိုင်းညွှတ်ကာ Voidstream modeကို ဖွင့်လိုက်ပြီး ရှေ့ကိုပြေးတက်တယ်။ အခုအချိန်က အမြန်နှုန်းချင်းယှဥ်ကြတော့မှာပါ။

သူတို့နှစ်ယောက်တိုက်ခိုက်နေတာကို ကြည့်နေတဲ့သူတွေ များသည်ထက်များလာပြီး တချို့ကအွန်လိုင်းပေါ်မှာ လိုက်လွှင့်နေကြပါပြီ။ ဒါကြောင့် နယူးယောက်ဒေသတစ်ခုလုံး သိကုန်ကြတယ်။

"မြန်မြန်ကြည့်ကြ၊ Archmegaကိုယ်တိုင် SilverKnightကိုသွားရှာပြီး စိန်ခေါ်နေတာ။" Youtuberတစ်ယောက်က စတင်လိုက်တာနဲ့ ချက်ချင်းဆိုသလိုပဲ ကြည့်ရှုသူက တစ်သန်းနားကပ်သွားတယ်။

အပြင်မှာတော့ စစ်သည်တော်နှစ်ယောက်ဟာ ဓားနှစ်စင်းလိုမျိုး တစ်ယောက်ထံကိုတစ်ယောက် ပြေးဝင်လာကြပါပြီ။

Silver Knightရဲ့Gravityဓားက ဇက်သတ္တုတွေကိုတောင် ချိုင့်ဝင်အောင် လုပ်ဆောင်နိုင်တယ်။ တစ်ချက်တည်းနဲ့ ပွဲသိမ်းနိုင်မှာမဟုတ်ပေမဲ့ Archmegaကို အကြိမ်ပေါင်းများစွာခုတ်နိုင်ရင် ပိန်ရှုံနေတဲ့ စည်သွပ်ဘူးလို ဖြစ်သွားစေမှာပါ။

ဒါပေမဲ့ Archmegaက ဥရောပတိုက်တစ်ခုလုံးရဲ့အစွမ်းအထက်ဆုံးမြူတန့်ပါ။ သူ့မှာဝှက်ဖဲတွေအများကြီးရှိတယ်။ အလင်းဖြူဂျက်ကိုဖွင့်ကာ ရှေ့ဆက်နေရင်း သူ့လက်နှစ်ဖက်ကို အလင်းဖြူဖိုတွန်လွှာတစ်ခု ဖုံးလွှမ်းသွားတယ်။ အဲဒီနောက် လက်သီးဆုတ်လိုက်ပြီး ငွေရောင်စစ်သည်ရဲ့ဓားနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ပါပြီ။

ဂျိမ်း....။

ဓားနဲ့လက်သီး တွေ့ဆုံမိသွားတယ်။ အလင်းတန်းတွေနဲ့ မီးပွားတချို့ ဖြာထွက်လာပြီးနောက် ငွေရောင်စစ်သည် နောက်ဆုတ်လိုက်ရပြီး သူရပ်နေတဲ့ မြေပြင်ဟာလည်း အက်ကွဲသွားတယ်။ ဒါပေမဲ့ မားမားမတ်မတ် ဆက်ရပ်နေပြီး Archmegaကို သူတင်ကိုယ်တင် တိုက်ခိုက်နေပါသေးတယ်။

ဓားနဲ့လက်သီး၊ လက်သီးနဲ့ဓား။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူတို့နှစ်ယောက်ဟာ တိုက်ကွက်နှစ်ဆယ်လောက် ဖလှယ်မိကြတယ်။ SilverKnightက ပိုမြန်ပြီး၊ မာယာများတဲ့ဓားသိုင်းကို သုံးနေပေမဲ့ Archmegaဟာ ပိုသန်မာပြီး ခွန်အားကောင်းတဲ့ လက်သီးသိုင်းကို အသုံးပြုနေတယ်။ အချိန်ကြာလာတာနဲ့အမျှ SilverKnightဟာ အရေးနိမ့်လာတယ်။

နောက်ဆုံးမှာတော့ ငွေရောင်စစ်သည်ထဲမှာရှိနေတဲ့ မက်ဒါနာဟာ နာကျင်စွာနဲ့ သွေးတစ်လုပ်အန်ထုတ်လိုက်မိတယ်။ အပြင်က ငွေရောင်စစ်သည်လည်း တစ်ခဏလောက် မှင်သက်သွားပြီး ဓားကလည်း အသက်တစ်ရှိုက်စာလောက် နှေးကျသွားတယ်။

တစ်ခဏဆိုပေမဲ့ ကျွမ်းကျင်အဆင့်တွေရဲ့တိုက်ပွဲမှာ သေရေးရှင်ရေးတမျှအရေးကြီးပါတယ်။ ငွေရောင်စစ်သည်မှင်သက်နေချိန်မှာ Archmegaရဲ့လက်ခုံကနေ လျှပ်စစ်ကြိုးကွင်းတစ်ခုထွက်လာပြီး ငွေရောင်စစ်သည်ရဲ့လက်မောင်းကို ရစ်ပတ်လိုက်တယ်။ အဲဒီနောက် အနက်ရောင်စစ်သည်ဟာ အဲဒီကြိုးကွင်းကနေဆွဲပြီး ငွေရောင်စစ်သည်ကို စက္ကူစွန်တစ်စင်းလို လေထဲကိုဆွဲမြှောက်လိုက်တယ်။

Archmegaရဲ့လျှပ်စစ်ရှေ့တိုက်ကြိုးက တိုက်တေနီယန်ပါ။ တော်ရုံအလေးချိန်လောက်ကို ဆွဲမလို့ မပြတ်နိုင်ဘူး။ တစ်ခါက ဘတ်စ်ကားတစ်စီးလုံးကို တံတားပေါ်ပြန်ဆွဲတင်နိုင်ခဲ့ဖူးတယ်။

လေထဲမြောက်သွားတဲ့ SilverKnightက Archmegaကို သူ့ရဲ့လျှပ်စစ်လက်ကောက်တွေနဲ့ပစ်ပေမဲ့ ဘာမှမထူးခြားပါဘူး။ ပထမတိုက်ပွဲမှာကတည်းက ဒီအကွက်က အလုပ်မဖြစ်မှန်း သိသာတယ်မဟုတ်လား။

"စေဘာစတိန်း... " ရဲဝင့်သူတစ်ယောက်ရဲ့လေသံက ငွေရောင်စစ်သည်ထံကနေ ထွက်ပေါ်လာပါပြီ။ ဘေးမှာအရံသင့်စောင့်နေတဲ့ ငရဲခွေးနက်ကြီးဟာ အပြေးရောက်လာပြီး ငွေရောင်စစ်သည်တော်ကို ချုပ်နှောင်ထားတဲ့ တိုက်တေနီယံကြိုးတွေကို လွန်သွားနဲ့ကိုက်ဖြတ်ပစ်လိုက်တယ်။

"အယ်လိုဟင်...." ဝတ်စုံထဲက ဖရာလီတာလည်း မကျေမနပ်နဲ့ အော်ဟစ်ပြီး အယ်လိုဟင်ကိုပြောလိုက်တယ်။ သူတို့တိုက်ပွဲမစခင်ကတည်းက အဲဒီခွေးကိုထိန်းဖို့ လိုလီလေးပြောပြီးသားပါ။ ခွေးက ဒီကိုရောက်လာပေမဲ့ အယ်လိုဟင်ကတော့ မရှိနေပါဘူး။

အနက်ရောင်စစ်သည် တိုက်ပွဲကွင်းပတ်ပတ်လည်ကို ကြည့်လိုက်တော့ သစ်ပင်ပေါ်မှာတင်နေတဲ့ သတ္တုလက်တစ်ချောင်း၊ အမြွှာကလေးတွေကစားနေတဲ့ သတ္တုခြေထောက်တစ်ချောင်းနဲ့ သူ့ကိုမြေပေါ်ကနေ လက်ပြနေတဲ့ အယ်လိုဟင်ကို မြင်လိုက်ရတယ်။

"သူကျုပ်ကို ဦးအောင်အရင်ကိုက်လိုက်တယ်။" သူ့ပါးစပ်ကနေ အသံထွက်မလာပေမဲ့ ဖရာလီတာ ဘာဖြစ်သွားလဲ သတိထားမိခဲ့ပုံပဲ။ ကောက်ကျစ်တဲ့ခွေးက ဝံပုလွေညံ့သုံးပြီး လက်ဆွဲတော်ကြီးကို တစ်စစီကိုက်ဖြတ်ခဲ့ပုံပေါ်တယ်။

တစ်ဖက်မှာတော့ မက်ဒါနာက ငရဲခွေးကြီးပေါ်မှာ စစ်သည်တော်တစ်ယောက်လိုမျိုး ခွစီးပြီးနေပါပြီ။ အခုမှ တကယ့်မြင်းစီးသူရဲကောင်းနဲ့ တူသွားတော့တယ်။

"စေဘာစတိန်း... အရှိန်ကုန်မြှင့်မယ်...."

လက်ရှိနည်းပညာအင်အားနဲ့ဆိုရင် ငွေရောင်စစ်သည်ဖြစ်စေ၊ ငရဲခွေးကြီးဖြစ်စေ အနက်ရောင်စစ်သည်ကိုမနိုင်သေးပါဘူး။ ဒါပေမဲ့ နှစ်ယောက်ပေါင်းလိုက်ရင်တော့ ကွာခြားသွားနိုင်တယ်။ တစ်ခါတလေမှာ တစ်အပေါင်းတစ်ဟာ နှစ်ထက်ပိုနိုင်တယ်။ ဒါကို Synergyလို့ခေါ်တယ်။

ခွေးစီးလူဟာ အမြန်ဆုံးအရှိန်နဲ့ပြေးနေတယ်။ သူ့အမြန်နှုန်းက B+ အမြန်နှုန်းဦးစားပေးမြူတန့်နဲ့ နီးစပ်နေပါပြီ။ ဖရာလီတာတောင် အရိပ်လောက်ပဲ မြင်ရတယ်။ သူတို့ဟာ အနက်ရောင်စစ်သည်ကို ကွေ့ဝိုက်ပြေးနေပြီး တစ်ခါတရံအငိုက်ဖမ်းတိုက်ခိုက်ပါတယ်။

ထန်း....။

မက်ဒါနာရဲ့ဓားက Archmegaရဲ့ခြေကျင်းဝတ်ကို ခုတ်ဖြတ်မိသွားတဲ့အသံပါ။ Archmegaဒူးတစ်ဖက်ထောက်ကျသွားတာနဲ့ ခွေးနက်ကြီးက Archmegaကိုနင်းတက်လိုက်ပြီး ရင်ဘတ်ကိုဖိထားလိုက်တယ်။ SilverKnightရဲ့ဓားလေးကြီးကတော့ လည်ပင်းကိုတည့်တည့်ခုတ်ချလိုက်တယ်။ Archmegaက Warframeမလို့ ခေါင်းဖြတ်လိုက်လို့ အထဲကပိုင်းလော့အတွက် အသက်အန္တရာယ်မရှိပါဘူး။ သူ့ခေါင်းက ရင်ဘတ်နားမှာရှိတဲ့ ပိုင်းလော့ခန်းထဲမှာပါ။ ဒါပေမဲ့ အနိုင်ရခြင်း အထိန်းအမှတ်အနေနဲ့ ခေါင်းဖြတ်လိုက်တာက အသိသာဆုံးရလဒ်ပါ။

ကြည့်နေတဲ့လူတွေလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြတယ်။ SilverKnight နိုင်တော့မယ်မဟုတ်လား။

ဒါပေမဲ့ထင်မထားတာက Archmegaရဲ့ဝတ်စုံကနေ စက်ဝန်းပုံစံ အဖြူရောင်အလင်းမှုန်တွေထွက်လာပြီး SilverKnightကို တွန်းထုတ်လိုက်တာပါ။ ဓားက ခေါင်းကိုမဖြတ်လိုက်နိုင်ဘူး။ ငွေရောင်စစ်သည်ဟာ နောက်ကို ဆယ့်ငါးမီတာလောက်အထိ ကန်ထုတ်ခံလိုက်ရတယ်။ မက်ဒါနာကတော့ သူ့စိတ်ထဲမှာ လုံးဝအံ့အားသင့်ပြီး မခံချင်နိုင်လောက်အောင်ဖြစ်သွားတယ်။

"အဲဒီအဖြူရောင်အလင်းမှုန်တွေက ဘာနည်းပညာလဲ။ လုံးဝကို မမျှတဘူး။"

မက်ဒါနာနဲ့တစ်ကွဲတပြားစီဖြစ်သွားတဲ့ ငရဲခွေးကြီးလည်း မကျေမနပ်နဲ့ ပြန်ထလိုက်တယ်။ မက်ဒါနာ အဲဒီArchmegaကို အနိုင်ယူခါနီးတိုင်း အဲဒီမှော်ဆန်တဲ့နည်းပညာကြောင့် လွတ်မြောက်သွားစမြဲပါ။ မက်ဒါနာကိုယ်တိုင်တောင် ကူရာမဲ့သလိုခံစားရတယ်။

မြေပေါ်မှာ လဲကျနေခဲ့တဲ့ Archmegaကတော့ ပြန်ထလာပါပြီ။ သူ့လက်ထဲမှာတော့ လေပေါ်ပျံဝဲနေတဲ့ အလင်းမှုန်ဓားတစ်ခုရှိနေတယ်။

"ပွဲပြီးသွားပြီSilverKnight... ထောင်စုနှစ်တစ်ခုစာစောနေတဲ့ ငါ့ရဲ့နည်းပညာတွေကို မင်းမလိုက်နိုင်ဘူး။"

ချက်ချင်းဆိုသလိုပဲ အလင်းဓားတွေဟာ ဒါဇင်နဲ့ချီပြီး လေထုထဲပျံတက်လာကာ လေဆာတန်းတွေလိုမျိုး မက်ဒါနာရှိရာဆီကို ပျံသန်းလာကြတယ်။ မက်ဒါနာကတော့ ဓားကိုဝေ့ယမ်းပြီး အလင်းတန်းတချို့ကို ပက်ထုတ်လိုက်ကာ ဘေးလွတ်ရာကိုရှောင်လိုက်တယ်။ ဒီအလင်းမှုန်တွေက တကယ့်အလင်းမဟုတ်လို့ ကံကောင်းနေတာပါ။ မဟုတ်ရင် ဒီအလင်းတွေကို သူမမြင်လိုက်ရခင်မှာပဲ အသက်ပျောက်သွားနိုင်တယ်။ တကယ်တော့ ဒါတွေက အလင်းထုတ်လွှင့်နေတဲ့ မီးစုန်းအမှုန်တွေနဲ့ဆင်တူပြီး လိုရာကိုပုံသွင်းနိုင်တဲ့ Plasmaအခြေအနေမှာရှိနေတဲ့ အထူးဒြပ်မှုန်တွေဖြစ်ပုံပါပဲ။ ဒါကြောင့် အလင်းလောက်မမြန်သလို ဇက်သတ္တုကို ဖျက်ဆီးနိုင်လောက်အောင်လည်း မထက်ဘူး။ ဒါပေမဲ့ ရှုပ်ထွေးတဲ့တိုက်ကွက်တွေကို ဖော်ဆောင်နိုင်တာကြောင့် ပစ်အားအားသာချက်ယူလို့ရနေတယ်။

အရင်တစ်ပတ်ကသာ မက်ဒါနာအနေနဲ့ သူ့ကိုရင်ဆိုင်ရမယ်ဆိုရင် နိုင်ခြေသုညပါ။ ဒါပေမဲ့ အခုက မတူတော့ဘူး။ နိုင်ခြေသုညဖြစ်နေတာက Archmegaကိုယ်တိုင်ပါ။ သူက မက်ဒါနာထက် စွမ်းရင်စွမ်းလိမ့်မယ်၊ ဒါပေမဲ့ စက်ပစ္စည်းတွေကို အားကိုးနေသမျှတော့ မက်ဒါနာကို ရှုံးနိမ့်ရပါမယ်။

မက်ဒါနာက လက်ကိုမြှောက်လိုက်ပြီး ပြောလိုက်တယ်။ "ကလေးမ၊ နင်တော့နာပြီပဲ။"

ငွေရောင်စစ်သည်ဝတ်စုံထဲက မက်ဒါနာရဲ့မျက်လုံးတွေက ငွေရောင်အလင်းတန်းတွေနဲ့တောက်ပလာတယ်။ အရင်တိုက်ပွဲတုန်းက Archmegaရဲ့တည်ဆောက်ပုံကို သူနားမလည်တဲ့အတွက် Technotelekinesisကို မသုံးနိုင်ခဲ့ဘူး။ အခုလည်း အပြည့်အဝနားမလည်သေးပေမဲ့ အကြမ်းအားဖြင့်တော့ နားလည်နေပါပြီ။ ဒါကြောင့် လုံးဝမထိန်းချုပ်နိုင်ရင်တောင် နိုင်ဖို့က ပြဿနာတစ်ခုမဟုတ်ဘူး။ သူ့အနေနဲ့ ပါဝါအဖွင့်အပိတ်ကို လုပ်နိုင်ဖို့ပဲလိုတာပါ။

အနက်ရောင်စစ်သည်ဝတ်စုံထဲက ဖရာလီတာတစ်ယောက် အလင်းဒြပ်မှုန်တွေကို ထိန်းချုပ်နေတုန်း ဝတ်စုံထဲကစက်ပစ္စည်းတွေ ရုတ်တရက်ပိတ်သွားပြီး အလင်းရောင်မရှိဖြစ်ကာ မှောင်ကျသွားတယ်။ မသိရင် အမှောင်ထုအတွင်း တိုက်ပိတ်ခံလိုက်ရသလိုပါပဲ။

"ဟေး...ဟေး... ဘာဖြစ်သွားတာလဲ၊ ဟေး...."

အပြင်မှာတော့ ပါဝါရုတ်တရက်ထိုးရပ်သွားတဲ့ အနက်ရောင်စစ်သည်တော်က အလင်းဒြပ်မှုန်တွေကို ဖျောက်ပစ်ပြီးသားဖြစ်နေပြီး မှောက်လျက်သားလဲကျသွားတယ်။ ငွေရောင်စစ်သည်ကတော့ ဒါပဲလေဆိုတဲ့စတိုင်နဲ့ လက်နှစ်ဖက်ကို ဆန့်တန်းပြလိုက်ရင်း အနက်ရောင်စစ်သည်တော်ဝတ်စုံကြီးကို ဂုတ်ကနေဆွဲကာ လူမြင်ကွင်းထဲကနေ ထုတ်သွားတယ်။

ဒီနေရာမှာ လိုလီလေးနဲ့Archmegaဝတ်စုံကို ထားခဲ့ရင် ဟီးရိုးအစည်းအရုံးကလူတွေ ဖမ်းသွားမှာပေါ့။

၉။

"ဟေ့ကောင်တင်မီ၊ မင်းတစ်သက်လုံး ဒီလိုပဲနေသွားတော့မှာလား။" တင်မီရဲ့ဦးလေး ရစ်ချက် ဒီဂိုရီက ဗီလာအိမ်ရှေ့က မြက်ခင်းပြင်ပေါ်မှာရှိနေတဲ့ တင်မီကို လှမ်းအော်ပြောလိုက်တယ်။ တင်မီက သူ့ဦးလေးစကားကို မကြားချင်ယောင်ဆောင်ပြီး လက်ထဲက တုတ်ချောင်းလေးနဲ့ မြက်ခင်းပေါ်က ပုရွက်ဆိတ်အသိုက်ကို ဆွနေတယ်။ ပုရွက်ဆိတ်အနက်ရောင်လေးတွေကတော့ ကျူးကျော်လာတဲ့ ဧရာမလူသားကြီးကြောင့် အလန့်တကြားပြေးနေကြလေရဲ့။

အခုတင်မီရဲ့ပုံစံက မက်ဒါနာမှတ်မိနေတဲ့ ပုံစံမျိုးမဟုတ်ဘူး။ ဆယ်ညဆက်မအိပ်ရသေးတဲ့ရုပ်နဲ့ မျက်တွင်းတွေချောင်ကျနေတယ်။ သူ့ကြည့်ရင် ဆေးသမားလိုလို ဒီပရက်ရှင်ဝင်ပြီး သတ်သေဖို့စဥ်းစားနေတဲ့ ဖားလေးလိုလို။

"အပြင်လောကကြီးက ကြောက်စရာကြီး၊ ဟိုမိုတွေနဲ့ပြည့်နေတာ။"

တင်မီက ဦးလေးဖြစ်သူကို ခေါင်းလှည့်ကြည့်လိုက်တယ်။ သူ့မျက်နှာကြီးက မချိုမချဥ်နဲ့ပါ၊ ပြီးတော့ မျက်ရည်တွေနှပ်ချေးတွေကလည်း တွဲလွဲခိုလို့ရယ်။ နာမည်ကျော် မော်ဒယ်မင်းသားရုပ်ကို မပေါက်တော့တာ။

"ငါ့တူရယ်၊ အရင်လို ပါတီလေးဘာလေးတက်၊ ကောင်မလေးတွေနဲ့တွဲပြီး အိမ်ကိုတစ်ယောက်လောက် ခေါ်လာစမ်းပါ။ ဦးလေးဘာမှမပြောတော့ပါဘူး။"

ဦးလေးရစ်ချက်က စိတ်ညစ်ညစ်နဲ့ပြောလိုက်တယ်။ အရင်က တင်မီတစ်ယောက် ငမူးကောင်၊ သူဌေးသား၊ လူ့ပေါ်ကျော့လုပ်နေတာကို သူသဘောမကျပေမဲ့ အခုလိုမျိုး ဒီပရက်ရှင်ကောင်ဆိုးလေးဖြစ်နေတာကိုတော့ မလိုချင်ပါဘူး။ ဒါကြောင့် မြှောက်ပေးနေပေမဲ့ ထူးခြားမလာတော့ဘူး။ တင်မီကတော့ သူ့ကိုမျက်နှာလွှဲပြီး ပုရွက်ဆိတ်တွေကိုပဲ ဆက်နှိပ်စက်နေတယ်။

"မသွားဘူး၊ ကျွန်တော့်ကို ဗလတောင့်တောင့်ဦးလေးကြီးတွေက ဝိုင်းအမဲဖျက်လိမ့်မယ်။"

တကယ်တော့ ခုရက်ပိုင်း တင်မီဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေတာ တော်တော်ကြာပြီ။ အဓိကအကြောင်းအရင်းက အရင်တစ်လကျော်လောက်က ဖြစ်ခဲ့တဲ့ အချိုရည်ကပ်ဆိုးကြီးကြောင့်ပါ။ စွမ်းအားရှိသူတွေကို ပိုအစွမ်းထက်စေတဲ့ Mad doctorရဲ့ဖာရာဒေးဆေးစွမ်းကြောင့် ဒုက္ခရောက်သူတွေထဲမှာ တင်မီလည်းပါတယ်။

အဲဒီနေ့က သူဂျင်ဆော့နေတာပါ။ မော်ဒယ်တစ်ယောက်အနေနဲ့ ကြွက်သားတောင့်တောင့်ကြီးဖြစ်မနေရင်တောင် အထိုက်အလျှောက်တော့ ကြံ့ခိုင်သန်စွမ်းနေဖို့လိုတယ်လေ။ သူဝိတ်မပြီး ခဏနားတော့ ပင်ပန်းမှုကိုဖြေဖျောက်ဖို့ sport drink အချိုရည်တစ်ခု သောက်လိုက်မိတယ်။

အဲဒီနောက်တော့ သူ့ရဲ့ဒီဂိုရီမိသားစု စွမ်းအားတွေ ပေါက်ကွဲထွက်လာပြီး အားကစားခန်းမထဲက ဗလတောင့်တောင့်အစ်ကိုကြီးတွေကို ဆွဲဆောင်မိတော့တာပဲ။ ခန္ဓာကိိုယ်ပိန်ပိန်ပါးပါးရှိတဲ့ ကောင်လေးနောက်ကို ပြောင်ပြောင်တင်းတင်းနဲ့ ကြွက်သားဘုကြီးတွေရှိနေတဲ့ အစ်ကိုကြီးတစ်သိုက် ပြေးလိုက်နေပုံကို စိတ်ကူးယဥ်ကြည့်စမ်းပါ။ တကယ့်ကို ကျောချမ်းစရာကြီး။ အားကစားလုပ်နေတဲ့ ကာယဗလမယ်လေးတွေ ပြေးလိုက်ရင် ဟုတ်တုတ်တုတ်။ ဒါပေမဲ့ ဦးလေးရစ်ချက်က သူ့ကိုစိတ်မချလို့ အမျိုးသားသီးသန့်ဂျင်ခန်းကို လွှတ်ထားတာဆိုတော့ သီးဘီးစ်တပ်ဖွဲ့ကြီးဆီ အသစ်ရောက်လာတဲ့ ခရေပန်းလေးလိုဘဝမျိုးနဲ့ ကြုံရမယ့်ကိန်းဆိုက်သွားရော။

အပြေးမြန်ပြီး ကံကောင်းလို့ မာဆယ်အစ်ကိုကြီးတွေလက်ကနေ လွတ်လာတယ်။

အဲဒီကတည်းက တင်မီလည်း စိတ်ဒဏ်ရာအကြီးကြီးရသွားပြီး ကြွက်သားကြောက်တဲ့ ဖိုးဘီးယားတစ်ခုဖြစ်သွားတယ်။ အရင်ကလို ပလေးဘိုင်းလဲ မလုပ်နိုင်တော့ဘူး။ ဦးလေးရစ်ချက်ကတော့ တင်မိဆိုတဲ့ကောင်လေး အခုလိုလုပ်နေရင် ဒီဂိုရီမိသားစု မျိုးဆက်ပြတ်သွားနိုင်တဲ့အရေးကို တွေးပူနေရပါပြီ။

"ကောင်လေး၊ အဲဒီလိုဆိုလည်း မင်းစိတ်ကြိုက် မိန်းကလေးတစ်ယောက်သွားရှာကွာ။ ဦးလေးသဘောတူတယ်။ ဘယ်လိုမိန်းကလေးမျိုးပဲဖြစ်ဖြစ် မင်းအရင်လိုပြန်ဖြစ်မယ်ဆိုရင် တတ်နိုင်သမျှ ကူညီပေးမယ်။" ဦးလေးရစ်ချက်ရဲ့စကားကြောင့် တင်မီက အရောင်လဲ့နေတဲ့ မျက်လုံးတွေနဲ့ တစ်ချက်ကြည့်လိုက်ပေမဲ့ ချက်ချင်းပြန်မှိန်ကျသွားပြီး ပုရွက်ဆိတ်အုံကိုသာ ဆက်ရန်ရှာနေတယ်။ ကြည့်ရတာ မိန်းကလေးတွေကတောင် သူ့ရဲ့ပျက်စီးလုလုစိတ်ကို ကယ်ဆယ်မပေးနိုင်တော့ဘူးထင်ပါရဲ့။

တကယ်တော့ တင်မီဆိုတာက တကယ့်ပလေးဘိုင်းအကြီးစားပါ။ မိန်းကလေးတော်တော်များများကို ချစ်ခွင့်ပန်ခဲ့ဖူးပြီး တော်တော်များများလဲ အောင်မြင်ဖူးတယ်။ ဒါပေမဲ့ မင်းလွင်နဲ့အမူးလွန်တဲ့ညလိုမျိုး နိုက်ကလပ်က အပျက်မကို ခေါ်လာမိသလိုမျိုး တော်တော်ဆိုးဝါးတဲ့ အဖြစ်အပျက်မျိုးတွေလည်း ရှိခဲ့ဖူးတယ်။ အသုဘအခမ်းအနားမှာ လင်သေလို့ ငိုနေတဲ့ မုဆိုးမလေးကိုမှ ချစ်ခွင့်ပန်မိတာမျိုး၊ မင်္ဂလာဆောင်မှာ လက်ထပ်ဖို့ သတို့သားကိုစောင့်နေတဲ့ သတို့သမီးကိုမှ ချစ်ခွင့်ပန်မိတာမျိုး၊ ဘုရားကျောင်းက သီလရှင်ကိုမှ သွားပြီးချစ်ခွင့်ပန်မိတာမျိုးတွေပေါ့။ ဦးလေးရစ်ချက်လည်း သူမွှေသမျှ အရှုပ်တော်ပုံတွေကို ရှင်းပေးရလွန်း ပင်ပန်းလွန်းနေပြီ။ တင်မီမိန်းကလေးခေါ်လာပြီဟေ့ဆိုရင် ရဲစခန်းပဲလိုက်ရမလား၊ ဆေးရုံပဲ အရင်ဖုန်းကြိုဆက်ရမလား တွေးပူရတဲ့အထိပါ။

အခုတော့ အဲဒါတွေကိုတောင် တင်မီမတွေးနိုင်တော့ပုံပဲ။ ဦးလေးရစ်ချက်လည်း သက်ပြင်းချလိုက်မိတယ်။

ခဏနေတော့ သူတို့အိမ်ရာဝင်းထဲကို တန်ဖိုးကြီး ဘန်ဒလေကားလေးတစ်စီး ဝင်လာတယ်။ ပြောရရင် ဘန်ဒလေကားတစ်စီးရဲ့တန်ဖိုးက ဒီဂိုရီတွေတောင် တတ်နိုင်တဲ့အထဲမှာမပါဘူး။

ခန့်ညားတဲ့အနက်ရောင်ကိုယ်ထည်၊ တော်ဝင်ဆန်တဲ့ဒီဇိုင်းတို့က ဘန်ဒလေရဲ့အမှတ်အသားပါ။ ပြီးတော့ ဒီကားက Flying Spur S မော်ဒယ်ဖြစ်ပြီးတော့ ဒေါ်လာငါးသိန်းလောက် တန်ပါတယ်။ ပြီးတော့ ဥရောပသူကောင်းမျိုးတွေအကြိုက်ဆုံး ကားမျိုးလေ။

ပြီးတော့ ဦးလေးရစ်ချက်ကို ပိုမျက်လုံးပြူးစေတာက ကားတံခါးပေါ်မှာ အနီရောင်ဒိုင်းနောက်ခံနဲ့ ရွှေရောင်နဂါးကြီးတစ်ကောင်ပုံပါတဲ့ အိမ်တော်တံဆိပ်တစ်ခုကို တွေ့ရပါတယ်။ ဦးလေးကြီးရစ်ချက်လည်း ဒီကားဟာ တကယ့်ဥရောပသူကောင်းမျိုးတစ်ယောက်ရဲ့ကားမှန်း သိလိုက်ပါပြီ။

"ဥရောပ ဆွေကြီးမျိုးကြီးတစ်ယောက်က ဒီဗီလာအိမ်ရာမှာ ဘာလာလုပ်တာလဲ။" ဒါက သူ့ရဲ့အတွေး။

နောက်တော့ ကားတံခါးပွင့်လာပြီး နေကာမျက်မှန်တပ်ထားတဲ့ ဒရိုက်ဘာဦးလေးကြီးတစ်ယောက် ကားပေါ်ကဆင်းလာပြီး နောက်တံခါးကို ဆင်းဖွင့်ပေးလိုက်တယ်။

"ဒီတော့ နင်ပြောတာက ဒီမှာနေတဲ့ လူထူးဆန်းတစ်ယောက်က သလင်းကျောက်တွေအကြောင်း သိနိုင်တယ်ပေါ့။" ရွှေရောင်ဆံပင်နဲ့အပြာရောင်မျက်လုံးတွေရှိတဲ့ ချစ်စရာကလေးမလေးတစ်ယောက် ကားပေါ်ကနေ ဆင်းလာတယ်။ ဒီကလေးမလေးကလည်း အိမ်တော်အမှတ်အသားပုံပါတဲ့ ဂေါ့သစ်ဂါဝန်ကို ဝတ်ဆင်ထားပြီးတော့ တကယ့်သူကောင်းမျိုးလေဒီတစ်ယောက်ဖြစ်ပုံပေါ်တယ်။

"အင်း... သူက ငါ့ကိုနင်ပြောတဲ့သလင်းကျောက်နဲ့တူတဲ့ သလင်းကျောက်တစ်ခုကို ပေးခဲ့တဲ့သူလေ။" ငွေရောင်ဆံပင်နဲ့ငွေရောင်မျက်လုံးတွေရှိတဲ့ နောက်မိန်းကလေးတစ်ယောက်လည်း ကားပေါ်က ဆင်းလာပါတယ်။ သာမန်အဝတ်အစားတွေကို ဝတ်ထားပေမဲ့ အင်မတန်လှပပြီး စကပ်တိုလေးဝတ်ထားလို့ နှင်းလိုဖြူစင်တဲ့ အသားအရေနဲ့ပေါင်တံရှည်ရှည်လေးကို မြင်နေရတယ်။

တင်မီလည်း အဲဒီကောင်မလေးကိုမြင်တာနဲ့ လက်ထဲကတုတ်ပါ တစ်ခါတည်းပြုတ်ကျသွားလေရဲ့။ ဒီကောင်မလေးကို သူသိတာပေါ့။ အရင်တစ်ခါ ကလေးမလေးတစ်ယောက်နဲ့ သူတို့အိမ်နီးချင်း ကျောက်ကုန်သည်မိသားစုဆီကို လာတဲ့သူလေ။ နမော်နမဲ့အတော်နိုင်ပေမဲ့ သိပ်လှလို့ သူမြင်မြင်ချင်း ချစ်မိခဲ့တာ။ အခုလည်း ဒီကောင်မလေးကိုမြင်တာနဲ့ သူ့ရင်ထဲက စိတ်ဒဏ်ရာတွေ အကုန်ပျောက်သွားရော။

"ဦးလေးခုနတုန်းက ကျွန်တော်ဘယ်ကောင်မလေးကိုလိုက်လိုက် ကူညီပေးမယ်လို့ ပြောထားတယ်မဟုတ်လား။ အခုအဲဒီကောင်မလေးကို ကျွန်တော်ချစ်ခွင့်ပန်ချင်တယ်။ ဦးလေးကူညီပေး။"

"....." ဦးလေးရစ်ချက်လည်း ဘာပြောရမှန်းကို မသိတော့ဘူး။ ချက်ချင်းကြီး ဘယ်လိုလုပ်ပြီး အကောင်းဖြစ်သွားတာလဲ။

"ကောင်လေး၊ ဒီတိုင်းကြီးမသွားနဲ့လေ။ မင်းအမေကို မင်းအဖေလက်ထပ်ခွင့်တောင်းတုန်းကပေးတဲ့ လက်စွပ်မင်းမှာရှိတယ်မလား။ သွားယူလိုက်၊ ငါက နှင်းဆီပန်းမှာပေးမယ်။ သူတို့က ကိစ္စရှိလို့လာတာဆိုတော့ နည်းနည်းကြာမှာပဲ။ မျိုးရိုးမြင့်တွေဖြစ်ပုံပေါ်တော့ သေချာလေးပြင်ဆင်ရတာပေါ့။"

"အင်း...အင်း...." တင်မီက အိမ်ထဲချက်ချင်းပြေးဝင်သွားတယ်။ လက်စွပ်ရှာဖို့ပါ၊ ဦးလေးရစ်ချက်ကတော့ ပန်းဆိုင်ကို ဖုန်းလှန်းခေါ်တယ်။ လမ်းမတစ်ဖက်မှာရှိနေတဲ့ မက်ဒါနာကတော့ သူငယ်ချင်းအရင်းကြီးတစ်ယောက် သူ့ကိုချစ်ခွင့်ပန်ဖို့ စီစဥ်နေမှန်း မသိရှာသေးဘူး။ ဖရာလီတာနဲ့ ဆွေးနွေးလို့ကောင်းနေတုန်းပဲ။

....

မက်ဒါနာတို့ ဆိုဖီယာအိမ်ထဲရောက်လာတယ်။ ကံကောင်းစွာနဲ့ ဆိုဖီယာအိမ်မှာအသင့်ရှိနေပါတယ်။ ဟိုသုံးကောင်ကတော့ ခါတိုင်းလိုပဲ အိမ်အလုပ်တွေကို ကပျက်ကချော်လုပ်နေကြတုန်း။ အယ်လိုဟင်နဲ့ဖရာလီတာကတော့ ဆိုဖီယာနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတယ်။ မက်ဒါနာကတော့ တတိယပါတီအနေနဲ့ သူတို့နှစ်ဖွဲ့ရဲ့ဘေး ဧည့်ခန်းထဲက ချောင်ကျကျခုံမှာ ထိုင်နေရတယ်။

"ဗစ်ကောင့် ဖရာလီတာမဟုတ်လား၊ ရှင့်အကြောင်းကို ကျွန်မသိပါတယ်။ ဥရောပရဲ့အင်အားအကြီးဆုံးမြူတန့် Archmegaနဲ့တော်ဝင်အမိန့်တော်နောက်ကွယ်က ပုဂ္ဂိုလ်။"

ဆိုဖီယာက အခုဂျာမန်သူခန္ဓာကိုယ်နဲ့၊ မက်ဒါနာကတော့ သူအကြိုက်ဆုံးခန္ဓာကိုယ်လေးကို ခုထိ မပျက်မစီးနဲ့တွေ့ရလို့ ဝမ်းသာနေတယ်။ အခုတလော Mad doctorရဲ့လှုပ်ရှားမှုတွေက မြောက်အမေရိကမှာ မရှိသလောက်ဖြစ်သွားတယ်။ ဟီးရိုးတွေ သူ့ကိုအသည်းအသန်ရှာနေလို့ ငြိမ်နေတာလား၊ ဒါမှမဟုတ် အကြီးကြီးတစ်ခုကြံနေတာလားတော့ မပြောတတ်ပေမဲ့ ဆိုဖီယာလည်း အခုတလော မစ်ရှင်တွေ ရပ်နားထားလိုက်တယ်။

"ရှင်က ကျွန်မတို့အကြောင်းကို ခရေစေ့တွင်းကျ အကုန်သိနေတာပဲ။ နတ်ဘုရားအသံအဖွဲ့ရဲ့တမန်တော်လို့ မပြောရဘူး။" ဖရာလီတာက သူ့ကိုဧည့်ခံတဲ့အနေနဲ့ ချပေးထားတဲ့ လက်ဖက်ရည်ကို မှုတ်သောက်လိုက်ရင်း ပြောလိုက်တယ်။

နတ်ဘုရားအသံအဖွဲ့ကလည်း ဖရာလီတာရဲ့တော်ဝင်အမိန့်တော်အဖွဲ့လိုပဲ ဟီးရိုးမဟုတ်ဗီလိန်မဟုတ် အမ်တီဟီးရိုးအဖွဲ့အစည်းတစ်ခုပါ။ ပြီးတော့ သူတို့အင်အားက အမ်တီဟီးရိုးတွေထဲမှာ ထိပ်ဆုံးမှာရှိနေတယ်။ ဆိုဖီယာကလည်း ခေါင်းညိတ်လိုက်ပြီး...

"ရှင်တို့ကျွန်မကို သလင်းကျောက်အကြောင်း မေးဖို့လာတာထင်တယ်။ လေဒီပန်ဒရာဂွန်နဲ့အတူ သလင်းကျောက်တော်တော်များများ ပါလာတယ်ထင်တယ်။ ပြီးတော့ ဒါက မက်ဒါနာ၊ နင့်အကြံမဟုတ်လား။" ဂျာမန်သူလေးက မက်ဒါနာကို စူးရှစွာကြည့်လိုက်တယ်။ သူခိုးလူမိဆိုသလို မက်ဒါနာလည်း ခေါင်းကိုငုံထားလိုက်လေရဲ့။ ဖရာလီတာကလည်း သူနဲ့အတူပါလာတဲ့ သလင်းကျောက်တွေကို ထုတ်ပြလိုက်တယ်။ အနည်းဆုံး သလင်းကျောက် ၇ခုလောက်ပါတယ်။

"ကျွန်မရှင့်ကိုမေးချင်တဲ့မေးခွန်းက တစ်ခုတည်းပါ၊ သလင်းကျောက်တွေ ဘယ်ကလာတာလဲ။"

တော်ဝင်အမိန့်တော်ရဲ့အန္တိမပန်းတိုင်က သလင်းကျောက်တွေရဲ့ဇစ်မြစ်ကို ရှာဖွေဖို့ပါ။ ဖရာလီတာရဲ့မေးခွန်းကြောင့် ဆိုဖီယာက မက်၊လယ်ရီ၊မိုးတို့ကို ကြည့်လိုက်တယ်။ မက်ဒါနာလည်း စပြီးတော့ သူတို့စကားဝိုင်းကို နားစိုက်ထောင်လိုက်ပါပြီ။ မက်၊လယ်ရီ၊မိုးတို့က ပတ်ဝန်းကျင်ကို တစ်ချက် အာရုံစိုက်စစ်ဆေးလိုက်ပြီးမှ သူတို့အသွင်မှန်ကို ထုတ်ပြလိုက်တယ်။

သူတို့ဦးခေါင်းကနေ ဦးမှင်တစ်စုံစီထွက်လာပြီး ပိုးဟပ်အတောင်နဲ့တူတဲ့ အတောင်တွေလည်းထွက်လာကြတယ်။ သူတို့ရဲ့အသားအရေကလည်း အဝါရောင်သန်းသွားတယ်။ သေချာတာကတော့ သူတို့တွေဟာ လူမဟုတ်ကြဘူး။

"မက်၊ လယ်ရီနဲ့ မိုးတို့က ဒီကမ္ဘာနဲ့ဝေးကွာတဲ့နေရာမှာရှိတဲ့ ကြယ်တာရာတွေကိုအုပ်စိုးတဲ့ လွန်အော့ခ်ကလာတာ။ ရှင်တို့လူသားဘာသာစကားနဲ့ဆို အင်ပါယာလို့ အဓိပ္ပါယ်ရတယ်။"

"ရှင်တို့က ဂြိုဟ်သားတွေပေါ့။" လိုလီလေးလည်း မျက်လုံးပြူးသွားပြီး ပြန်မေးလိုက်တယ်။ တကယ်တော့ မက်ဒါနာနဲ့ဖရာလီတာတို့လို အသိပညာအမျိုးအစားမြူတန့်တွေက ဒီလောကကြီးမှာ သူတို့တွေပဲရှိတာမဟုတ်မှန်း သိထားကြပြီးသားပါ။ သူတို့ တခြားအဖွဲ့အစည်းတွေကို မရှာနိုင်သေးတာပဲရှိတယ်။

"အင်း၊ ကျွန်မကိုယ်တိုင်ကလည်း အလွိုက်ဘွန်းကလာတာ။ ရှင်တို့ဘာသာစကားနဲ့တော့ ဖက်ဒရေးရှင်း မဟာမိတ်ညွန့်ပေါင်းအဖွဲ့ကပေါ့။"

အဲဒီနောက် ဆိုဖီယာက ဆက်ရှင်းပြတယ်။ နှစ်သန်းချီတဲ့ ဒီစကြဝဠာရဲ့သမိုင်းမှာ မက်၊ လယ်ရီ၊ မိုးတို့လာတဲ့ လွန်အော့ခ်ဟာ စကြဝဠာကြီးရဲ့ခုနစ်ဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်ခဲ့ပြီးတော့ အကြီးမြတ်ဆုံး အင်ပါယာတစ်ခုဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သူတို့သုံးယောက်က အင်ပါယာရဲ့တရားခံပြေးတွေပါ။ အရင်နှစ်တစ်ရာလောက်က အင်ပါယာရဲ့အကြီးမြတ်ဆုံးသောဘုရင်မကို စစ်ပွဲအတွင်း လုပ်ကြံခဲ့ပြီး ထွက်ပြေးလာကြသူတွေဖြစ်တယ်။ လောလောဆယ်တော့ အင်ပါယာက သူတို့ကိုလိုက်ရှာနေလို့ ဖက်ဒရေးရှင်းအရာရှိဖြစ်တဲ့ ဆိုဖီယာဆီမှာ လာပုန်းနေကြတာပါ။

ဖက်ဒရေးရှင်းမဟာမိတ်အဖွဲ့က စကြဝဠာကြီးရဲ့ကျန်ဒေသသုံးဆယ်ရာခိုင်နှုန်းက လွတ်လပ်တဲ့နိုင်ငံဆယ်ခု ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး အင်ပါယာကို နှစ်ထောင်ချီဆန့်ကျင်ခဲ့ကြတယ်။ အခုလောလောဆယ်တော့ အင်ပါယာမှာ ဘုရင်မအသစ် မရွေးချယ်ရသေးတဲ့အတွက် စစ်ပွဲတွေခဏနားထားပါတယ်။

"ကျွန်မက စကြဝဠာထဲက အသိဉာဏ်ရှိအဖွဲ့သစ်တစ်ခုဖြစ်တဲ့ လူသားမျိုးနွယ်စုနဲ့ ဆက်သွယ်ဖို့အတွက် တာဝန်ပေးခြင်းခံရတဲ့ ဖက်ဒရေးရှင်းသံတမန်ပါ။ အင်ပါယာရဲ့အန္တရာယ်ကိုနားလည်အောင်ရှင်းပြပြီး၊ ရှင်တို့ကို ဖက်ဒရေးရှင်းရဲ့၁၁ခုမြောက်နိုင်ငံ ဖြစ်လာစေဖို့ ကြိုးစားရမှာ။"

မက်ဒါနာကတော့ ခေါင်းကိုခါယမ်းရင်း ရွဲ့စောင်းပြီးပြောလိုက်တယ်။ "ဒီရောက်တော့ လူသားတွေက မစည်းရုံးဘဲ အချင်းချင်းယှဥ်ပြိုင်တိုက်ခိုက်နေပြီး UNနဲ့GSHUက သုံးမရတဲ့အဖွဲ့တွေဖြစ်နေမှန်း သိလိုက်ရတယ်မဟုတ်လား။" ဆိုဖီယာကလည်း ဒီစကားကြားတော့ ခေါင်းညိတ်လိုက်ပြီး...

"အင်း၊ ရှင်တို့ကို အင်ပါယာက မသိမ်းပိုက်ဘဲ ဒီတိုင်းထားရင်တောင် နောင်နှစ်တစ်ရာအတွင်းအချင်းချင်းသတ်နေတဲ့ စစ်ပွဲတွေနဲ့သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် မျိုးတုန်းသွားလောက်တယ်။"

ဖရာလီတာကလည်း ဝင်ပြောလိုက်တယ်။ သူ့အတွေးကလည်း ရိုးရှင်းပါတယ်။

"ရှင်တို့နှစ်ဖွဲ့လုံးက ကာဒေးရှပ်စကေးရဲ့အမြင့်ဆုံးနားကို နီးကပ်နေတဲ့ အဖွဲ့အစည်းတွေလေ။ ကျွန်မတို့က ကာဒေးရှပ် အဆင့်တစ်တောင်မရှိဘူး။ ရှင်တို့ဖက်ဒရေးရှင်းမှာ ကျွန်မတို့ပါလာရင် အရေးပါမှာမလို့လား။"

ဆိုဖီယာရဲ့အဖြေကတော့ အံ့ဩစရာပါ။ "အင်း၊ ပုံမှန်အားဖြင့်ပေါ့။ ဒါပေမဲ့ ရှင်တို့ဂြိုဟ်ကသက်ရှိတွေက ဒီလောက်အားမနည်းဘူး။ ဂြိုဟ်တစ်ခုချင်းစီယှဥ်ကြည့်ရင် ရှင်တို့က ဖက်ဒရေးရှင်းမှာတောင်မှ အားအကောင်းဆုံးဖြစ်နိုင်တယ်။ အထူးသဖြင့် ရှင်တို့မှာရှိတဲ့ မြူတန့်တွေပေါ့။ အယ်ဖာအဆင့်ကိုရောက်နေတဲ့ လူနှစ်ယောက်ကို တွေ့ဖူးတယ်။ ဘီတာအဆင့်တွေလည်း တစ်ဒါဇင်ကျော်လောက်ရှိတယ်။"

"နေ...နေပါဦး... ရှင်တို့အဆင့်ခွဲတဲ့ပုံစံကို ကျွန်မတို့နားမလည်ဘူးလေ..." ဖရာလီတာက ဝင်ပြောလိုက်တယ်။

"ဘီတာက ရှင်တို့ပြောတဲ့ အဆင့် Sနဲ့တူတယ်။ အယ်ဖာက Sထက်မြင့်ပြီး ရှင်တို့မှာ တရားဝင်သတ်မှတ်ချက်မရှိဘူး။ အနားယူသွားတဲ့ ဂျပန်ဟီးရိုး အာကိုင်းဂါမီနဲ့ ကျွန်မအဖွဲ့ထဲက ယာမီတို့ပေါ့။"

"ဟမ်...S အဆင့်ထက် စွမ်းတဲ့အဆင့်တွေ ရှိသေးတာလား။" မက်ဒါနာလည်း ဝင်ပြောလိုက်တယ်။ သူ့မျက်လုံးထဲမှာတော့ S အဆင့်တွေက တကယ့်ကို သောက်ကျိုးနည်းစွမ်းနေပါပြီ။

ဆိုဖီယာကတော့ လေသံအေးအေးနဲ့ပဲ ဆက်ရှင်းပြနေတယ်။ "အင်း၊ ကျွန်မဆိုလည်း အယ်ဖာလေ။ စကြဝဠာတစ်ခုလုံးမှာတောင်မှ အယ်ဖာတွေသိပ်မရှိဘူး။ ကျွန်မတို့ ဖက်ဒရေးရှင်းကို စတည်ထောင်တုန်းကတောင် အယ်ဖာဆယ်ယောက်ပဲရှိတာ။ ရှင်တို့မြူတန့်စွမ်းအားက စကြဝဠာတစ်ခုလုံးမှာ အင်အားအကြီးဆုံးပဲ။ ကျွန်မတို့ဖက်ဒရေးရှင်းက နည်းပညာပိုင်းမှာပဲ ပိုအားသာတာ။ စကြဝဠာတစ်ခုလုံးကို ခရီးသွားနိုင်တဲ့ယာဥ်တွေ၊ အဖျက်စွမ်းအားကြီးတဲ့ လက်နက်တွေရှိလို့ ပိုအားသာတာပဲရှိတယ်။ လွန်အော့ခ်ရဲ့အိုမီဂါအဆင့်ရှိတဲ့ ဘုရင်မကိုယှဥ်ဖို့ ရှင်တို့ဂြိုဟ်ကိုလိုတယ်။"

ဆိုဖီယာစကားဆုံးတော့ မက်ဒါနာက လက်ထောင်ပြလိုက်တယ်။ သူတကယ်ပဲ မရှင်းတာတစ်ခု ရှိနေသေးတယ်။ ဆိုဖီယာလည်း မက်ဒါနာဘက်ကို လှည့်ကြည့်ပြီး မေးလိုက်ပါပြီ။

"မက်ဒါနာ၊ နင်ဘာမေးစရာရှိလို့လဲ။"

မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီးတော့ မေးလိုက်ပါတယ်။ "စကြဝဠာထဲက လျှို့ဝှက်ချက်တွေအကြောင်း သိရတာကောင်းပါတယ်။ ဒါပေမဲ့သလင်းကျောက်တွေရဲ့ရင်းမြစ်ကရော။ နင်ပြောတဲ့အထဲမှာ အဲဒါမပါသေးဘူးမဟုတ်လား။ အဲဒါတွေက ဘယ်ကရောက်လာတာလဲ။"

မက်ဒါနာရဲ့အမေးကြောင့် ဆိုဖီယာလည်း မက်၊ လယ်ရီ၊ မိုးတို့ကို ကြည့်ပြီးပြောလိုက်တယ်။

"သူတို့ကို နင်တို့ရှင်းပြလိုက်လေ။" ခပ်ကြောင်ကြောင် ဘဏ္ဍာစိုးသုံးယောက်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တယ်။ ခဏနေတော့ မက်က သူတို့အားလုံးကို ကိုယ်စားပြုပြီး ပြောပါတယ်။

"တကယ်တော့ အဲဒီသလင်းကျောက်တွေရဲ့ရင်းမြစ်က ပြင်ပက လာတာမဟုတ်ဘူး။ ဒီဂြိုဟ်ကိုယ်တိုင်ဖြစ်မယ်ထင်တာပဲ။ ဒီဂြိုဟ်က ရုတ်တရက်ကြီး အာကာသထဲမှာ ဖြစ်တည်လာတာလေ။ ငါတို့အင်ပါယာကတောင် ဘယ်လိုလုပ်ပြီး နေအဖွဲ့အစည်းတစ်ခု ရုတ်ချည်းဖြစ်တည်လာတာလည်း ရှင်းမပြတတ်ဘူး။" စကားအနည်းငယ်ပြောပြီးနောက် မက်က လည်ချောင်းရှင်းအောင် ချောင်းဟန့်လိုက်ပြီးမှ ဆက်ပြောသည်။

"နေအဖွဲ့အစည်းတစ်ခု ဖြစ်တည်ဖို့ဆိုတာက နှစ်သန်းနဲ့ချီကြာအောင် အချိန်ယူရတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ဒီကမ္ဘာရဲ့နေအဖွဲ့အစည်းက ဒဏ္ဍာရီတွေထဲက ဘုရားသခင် ဖန်ဆင်းလိုက်သလိုမျိုး ရုတ်ချည်းပေါ်လာတယ်။ အရင်ထောင်စုနှစ်တွေတုန်းက နှစ်နိုင်ငံနယ်စပ်မျဥ်းပေါ်မှာရှိနေတဲ့ ဒီဂြိုဟ်ကို ဖက်ဒရေးရှင်းရောအင်ပါယာကပါ သုတေသနအဖွဲ့တွေလွှတ်တတ်တယ်။ ဒါပေမဲ့ အမြဲလိုလိုအဲဒီအဖွဲ့တွေ အနားမရောက်ခင် ပျောက်ကုန်ကြတယ်။ စွမ်းအားကြီးသက်ရှိတစ်ခုခုက ကာကွယ်ပေးထားသလိုမျိုးပဲ။ ငါတို့အားလုံး အဲဒီမှာ အိုမီဂါဖြစ်တည်မှုတစ်ခုရှိနိုင်တယ်လို့ ယူဆပြီးတော့ တားမြစ်နယ်မြေအဖြစ် ကြေညာပြီး ဆက်မစူးစမ်းတော့တာကြာပြီ။"

၁၀။

မက် ရှင်းပြနေတုန်း လယ်ရီက ကြားဖြတ်ပြီး ဝင်ပြောဖို့ ကြိုးစားလိုက်တယ်။ မက်နဲ့လယ်ရီတို့ အချိန်အတန်ကြာအောင် နေရာလုပြီးတဲ့နောက် လယ်ရီအနိုင်ရသွားပြီး သူပြောမယ့်စကားကို ပြောခွင့်ရသွားတယ်။

"တကယ်တော့ ငါတို့ဘုရင်မကိုငါတို့သတ်တာက မတော်တဆဖြစ်တာပါ။ ဒီကိုထွက်ပြေးမလာခင် ငါတို့သုံးယောက်က လွန်အော့ခ်ပင်မအမြောက်တပ်က ဗိုလ်တွေပါ။ ငါတို့က အမြွှာတွေဖြစ်သလို ရာထူးလည်းတူတယ်လေ။ အဲဒီနေ့က ပင်မအမြောက်ကြီးသုံးလက်ကို ပြိုင်တူပစ်ပြီးတော့ တစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်ကို ဖြေရှင်းရမှာ။"

မက်က မက်ဒါနာတို့ နားလည်ရလွယ်ပြီး ပိုရှင်းသွားအောင် ဝင်ထောက်ပြလိုက်တယ်။

"တကယ်တော့ ဖက်ဒရေးရှင်းဖက်က လူပုဘုရင်ကိုပါ။ သူက စက်ရုပ်အကြီးကြီးမောင်းပြီး ငါတို့ဖိုက်တာပိုးကောင်တွေကို တော်တော်ဒုက္ခပေးနေတာလေ။"

လယ်ရီက မက်တစ်ယောက် စကားဖြတ်မပြောအောင် နောက်သို့ပြန်ပို့ပြီး "အဲဒီနောက်တော့ ပစ်မှတ်ကိုထိသွားတော့တာပဲ။" လို့ပြောတယ်။ မက်ကတော့ သူ့ညီသူ့စကားကို အတင်းလုပြောနေတာကို သဘောမကျဘူး။ သူက လယ်ရီ့စကားကို ထပ်ထောက်ပြောပြန်ရော။

"ဒါပေမဲ့ ထိသွားတာ ပစ်မှတ်တစ်ခုတည်းမဟုတ်ဘူးလေ။ လေဆာတန်းကြီးက တပ်ဖွဲ့ရှေ့မှာရပ်နေတဲ့ အင်ပါယာဘုရင်မကိုပါ မှန်သွားပြီး သူပါတစ်စစီဖြစ်သွားတာ။ သူက အိုမီဂါပေမဲ့ ဂြိုဟ်ဖျက်ဆီးရေးလက်နက်ကြီးတစ်ခု ရုတ်တရက်သူ့ကိုလာမှန်တော့ မခုခံနိုင်ဘဲ ပရစ်ကြော်ဖြစ်သွားတယ်။"

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော မိုးက ဟိုနှစ်ယောက်ထပ်ဦးအောင် ဝင်ပြောလိုက်လေရဲ့။ "အဲဒီနောက်တော့ ငါတို့ဝရမ်းပြေးဖြစ်လာကြတယ်။ အင်ပါယာသစ္စာဖောက်တွေဆိုပြီး တစ်ယောက်ကို အင်ပါယာဒင်နာငွေကြေး ဘီလီယံတစ်ရာနဲ့ စုစုပေါင်းသုံးရာတောင် ဆုကြေးထုတ်လိုက်တာ။"

မိုးပြောပြီးတော့ လယ်ရီက ပြန်စပြောတယ်။

"အဲဒါနဲ့ ငါတို့ဖက်ဒရေးရှင်းမှာ သွားခိုလုံဖို့လုပ်ပေမဲ့ သူတို့တည်ထောင်သူကို ငါတို့သတ်ထားတာဆိုတော့ သူတို့ကလည်း ငါတို့ကို ဝရမ်းပြေးအဖြစ် ကြေညာထားပြီး ဖက်ဒရေးရှင်းကွိုင်ငွေကြေး ၁ ထရီလီယံထုတ်တားကြတယ်။ အင်ပါယာရဲ့သုံးဆပဲ။"

လယ်ရီပြီးတော့ မက်ထပ်ပြောလိုက်တယ်။

"အဲဒါနဲ့ ငါတို့တွေလည်း တားမြစ်နယ်မြေဖြစ်တဲ့ ကမ္ဘာဂြိုဟ်ကို ထွက်ပြေးလာကြတာ။ အနည်းဆုံးတော့ သူတို့အမည်မသိအိုမီဂါကြီးကိုကြောက်ပြီး ငါတို့ကို လာဖမ်းကြမှာမဟုတ်ဘူး။"

မက်ဒါနာကတော့ သူတို့စကားကို ကြားပြီးတဲ့နောက် ဝရမ်းပြေးဖမ်းဖို့ အင်မတန်တက်ကြွလာတယ်။ 'အင်ပါယာဒင်နာဘီလီယံသုံးရာနဲ့ ဖက်ဒရေးရှင်းကွိုင် တစ်ထရီလီယံ။ ဒီသုံးယောက်က သက်ရှိငွေအိတ်အကြီးကြီးတွေပဲ။' မက်ဒါနာတစ်ယောက် မက်၊ လယ်ရီ၊ မိုးတို့ကိုကြည့်ပြီး မျက်လုံးတွေအရောင်လဲ့လာတာတွေ့တော့ မက်ဒါနာက ချောင်းဟန့်ပြီး ပြောလိုက်တယ်။

"အဟမ်း... မက်ဒါနာရေ၊ စိတ်ကူးယဥ်တာကောင်းပေမဲ့ နင့်မှာ သူတို့ကိုဖမ်းပြီး သွားဖို့ပေးဖို့အတွက် နည်းလမ်းမရှိသေးဘူးလေ။" ဒီစကားကိုကြားတော့ မက်ဒါနာလည်း ရှက်ရှက်နဲ့ ဆိုဖီယာကို အကြည့်လွဲနေလိုက်တယ်။ မျက်နှာကို တည့်တည့်မကြည့်တော့ဘဲ အနီရောင်ရင်ဟိုက်ဂါဝန်ရဲ့လည်ပင်းတစ်ဝိုက်နဲ့ မက်မွန်သီးနှစ်လုံးရှိတဲ့နေရာကိုပဲ ခေါင်းငုံပြီးခိုးကြည့်နေလိုက်တာ။ ဂျာမန်သူအလှလေးက တကယ်ငေးလို့ကောင်းတယ်။

ဆိုဖီယာပြောတာက တကယ်လည်းမှန်တယ်။ လက်ရှိ လူသားတွေရဲ့ကာဒေးရှပ်တစ်တောင်မပြည့်တဲ့ နည်းပညာတွေနဲ့ဆိုရင် နေအဖွဲ့အစည်းထဲကနေ ထွက်သွားဖို့တောင် မဖြစ်နိုင်သေးပါဘူး။ ဒီကောင်တွေကို ဖမ်းပြီးစီးပွားရှာဖို့က လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ ဒီသုံးကောင်နဲ့ဆိုဖီယာက ဘယ်လိုလုပ်ရောက်လာတာလဲ၊ သူတို့မှာ အသွားအလာလုပ်လို့ရမယ့် ယာဥ်ပျံတွေတော့ ရှိရမယ်မဟုတ်လား။

မက်ဒါနာ စဥ်းစားခန်းဝင်နေတုန်း ဖရာလီတာက အဓိကအချက်ကို မေးလိုက်တယ်။

"ကျွန်မမေးနေတာက သလင်းကျောက်တွေအကြောင်းလေ၊ ရှင်တို့ ဝရမ်းပြေးဖြစ်တဲ့အကြောင်းမဟုတ်ဘူး။"

လိုလီလေးကြည့်ရတာ တော်တော်စိတ်ဆိုးနေပုံပဲ။ ဒီသုံးကောင် ဝေ့လည်ကြောင်ပတ်လုပ်နေတာကို အင်မတန်စိတ်ကုန်နေပြီး ခုချက်ချင်းလက်သီးနဲ့ထထိုးတော့မယ့်အတိုင်းပဲ။ မက်၊ လယ်ရီ၊ မိုးတို့လည်း ထိတ်လန့်သွားပြီး ချက်ချင်းပြန်ဖြေလိုက်ကြတယ်။

"ငါတို့လည်းမသိဘူး၊ သံသယဖြစ်စရာ သဲလွန်စပဲသိတာ။ ဒီဂြိုဟ်နဲ့နီးလာလေလေ ငါတို့စက်ပစ္စည်းတွေနဲ့ ကြယ်တာရာမြေပုံက မတိကျမှုတွေများလာလေလေပဲ။ နောက်ဆုံး ငါတို့ဘာသာငါတို့ မျက်စိနဲ့ကြည့်ပြီး မောင်းရတဲ့အထိပဲ။ အဲဒီနောက် ဂြိုဟ်နဲ့နီးလာတော့ ငါတို့ ငွေရောင်အာကာသယာဥ်ကြီးတစ်ခုနဲ့ ဝင်ဆောင့်မိတာပဲ။ သေချာတာတော့ အဲဒီယာဥ်က ဖက်ဒရေးရှင်းကမဟုတ်သလို အင်ပါယာကလည်းမဟုတ်ဘူး။ ကိုယ်ဖျောက်နိုင်စွမ်း သိပ်ကောင်းတော့ ငါတို့မမြင်ဘဲ ဝင်တိုက်မိတာ။ ငါတို့သတိရလာတော့ ငါတို့ယာဥ်ပျံက ဒီဂြိုဟ်ပေါ်ပြုတ်ကျနေပြီး အဲဒီငွေရောင်ယာဥ်ကြီးလည်း ပျက်စီးသွားပြီထင်တာပဲ။ နောက်မိနစ်ပိုင်းလောက်ကြာတော့ မင်းတို့ကမ္ဘာမှာ ဥက္ကာခဲမိုးရွာတော့တာပဲ။"

ဒီအပိုင်းကိုရောက်တော့ မက်ဒါနာနဲ့ဖရာလီတာတို့ သေချာနားထောင်ကြည့်လိုက်တယ်။ ကြည့်ရတာ ဥက္ကာပျံတွေက အဲဒီငွေရောင်ယာဥ်ပျံနဲ့ ဆက်စပ်နေပုံပဲ။

"အဲဒီယာဥ်ပျံပေါ်မှာ ထူးခြားတဲ့အမှတ်အသားတစ်ခုခုရှိတာမှတ်မိလား၊ ဒါမှမဟုတ် ထူးခြားချက်တစ်ခုခု။" ဖရာလီတာက ဒီလိုကိစ္စတွေမှာ အင်မတန်ဉာဏ်ပြေးတယ်။ သူ့ဂေါ့သစ်ဂါဝန်မှာ ဝှက်ပြီးချုပ်ထားတဲ့ အိတ်တွေထဲကနေ ဖောင်တိန်လေးတစ်ခုထုတ်လိုက်ပြီး စာရွက်တစ်ရွက်ကိုပါ အသင့်ပြင်ထားလိုက်တယ်။ မက်ကတော့ တော်တော်လေးစဥ်းစားပြီး ပြန်ဖြေရှာပါတယ်။

"ငွေရောင်ရင်မှာတပ်ထားတဲ့လက်နက်တွေက အင်ပါယာနှစ်ခုလုံးမှာ ရှိတဲ့လက်နက်တွေနဲ့မတူဘူး။ ပြီးတော့ အတော်လေးအိုဟောင်းနေပြီး စစ်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရသလိုမျိုး အခြစ်ရာတွေ၊ ပျက်စီးနေတဲ့နေရာတွေ အများကြီးရှိနေတယ်။ ပြီးတော့ ဒီကမ္ဘာပေါ်က စာနဲ့တူတဲ့ စာတချို့ကိုလည်း ထွင်းထားသေးတယ်။"

ဒီစကားကိုကြားတော့ ဖရာလီတာမျက်လုံးပြူးသွားပြီး မက်ကို ဖောင်တိန်ကမ်းပေးလိုက်တယ်။ မက်ကလည်း သူမြင်ခဲ့ရတဲ့စာကို အတိအကျပြန်ချရေးပေးလေရဲ့။ အသေအချာကြည့်ရင် အဲဒီစာတွေက ပြင်သစ်စာတွေနဲ့တူတယ်။ ဒါပေမဲ့ ယနေ့ခေတ်ပြင်သစ်စာတွေနဲ့ နည်းနည်းလေးလွဲနေပြီး မူကွဲစာလို့ ပြောရမယ့်ပုံပါပဲ။

[....vers Déf..dre Unir: Noah Ark]

"သခင်မဆိုဖီယာက ဒီစာတွေကို ဘာသာပြန်ဖို့ကြိုးစားခဲ့သေးတယ်။ အဲဒါက ဒီကမ္ဘာရဲ့ သမ္မာကျမ်းစာတွေထဲမှာပါတဲ့ နော့ခ်တည်ဆောက်ခဲ့တဲ့ အာ့ခ်သင်္ဘါကြီးတဲ့။ ဒဏ္ဍာရီအရ သတ္တဝါတွေအားလုံးရဲ့အထီးတစ်စုံအမတစ်စုံကို ယူဆောင်လာပြီးတော့ ရေကြီးမယ့်ဘေးကနေ ရှောင်ပြေးခဲ့တာတဲ့။"

ဖရာလီတာက ရှေ့စာလုံးများကို လက်ညိုးညွန်လိုက်တယ်။ မက်ပြောတဲ့အထဲမှာ အဲဒီစကားလုံးတွေ မပါသေးဘူး။ မက်ကတော့ ခေါင်းခါပြရင်း...

"အတိအကျမသိဘူး... တစ်ခုခုကိုကာကွယ်တဲ့ ကာကွယ်ရေးတပ်ဖွဲ့လို အဖွဲ့အစည်းမျိုးကို ညွန်းဆိုတယ်ထင်တာပဲ။ ဥပမာ ဒီကမ္ဘာပေါ်က အမေရိကန်စစ်သင်္ဘောတွေမှာ USSလို့ ကုတ်ခံသလိုပဲ။"

ရလာတဲ့ သတင်းအချက်အလက်တွေက သိပ်များလွန်းတယ်။ မက်ဒါနာရော ဖရာလီတာပါ ခေါင်းကိုက်နေကြပါပြီ။ ဒီယာဥ်ပျံက လက်ရှိကမ္ဘာ့နည်းပညာတွေနဲ့ တည်ဆောက်ဖို့မဖြစ်နိုင်ပေမဲ့ စာသားတွေအရ ဒီကမ္ဘာက ဖြစ်ပုံပါပဲ။ လူ့ယဥ်ကျေးမှုက သံသရာလည်တတ်တယ်ဆိုတဲ့ အနုမာနပဲ တကယ်မှန်နေသလား။ ရုတ်တရက် ဖရာလီတာက လက်ညိုးထောင်လိုက်ပြီး ပြောလိုက်တယ်။

"ကျွန်မစဥ်းစားမိတဲ့ Hypothesisသုံးခုရှိတယ်။ နားထောင်ချင်ကြလား။"

မက်ဒါနာအပါအဝင် လူအားလုံးက ဖရာလီတာကို ကြည့်လိုက်ကြတယ်။ စကားဝိုင်းရဲ့ဗဟိုက အသက်အငယ်ဆုံးမိန်းကလေးဆီ ရောက်လာခဲ့ပါပြီ။ ဆိုဖီယာတောင်မှ သူ့ကိုကြည့်နေတယ်။

"ရှင်တို့ပြောသလိုဆိုရင် စကြဝဠာရဲ့အတိုးတက်ဆုံး အဖွဲ့အစည်းတွေတောင်မှ ကျွန်မတို့ရုတ်ချည်းထွက်ပေါ်လာတာကို ဘယ်လိုမှရှင်းမပြနိုင်ဘူး။ နော့ခ်ရဲ့အာ့ခ်သင်္ဘောကြီးကလည်း တကယ်ရှိနေတယ်။ ကျွန်မတို့ကို အဖွဲ့အစည်းနှစ်ခုရန်က ကာကွယ်ပေးထားတဲ့ ဖြစ်တည်မှုတစ်ခုရှိနေတယ်။ ရုတ်တရက် ကျွန်မတို့တွေ ခွန်အားကြီးလာတယ်။"

ဒီစကားတွေပြီးတော့ လိုလီလေးက လက်သုံးချောင်းထောင်လိုက်တယ်။

"နံပါတ်တစ်: ကျွန်မတို့တွေက ဒီကမဟုတ်ဘူး၊ အပြင်လူတွေပဲ။ ကျွန်မတို့ကို အတိုးတက်ဆုံးမျိုးနွယ်တွေတောင် အဖြေမရှာနိုင်တဲ့ သိပ်ကိုအဆင့်မြင့်တဲ့ ဖြစ်တည်မှုတစ်ခုက ယူဆောင်လာခဲ့ပေးတာ။ အဲဒီဖြစ်တည်မှုက ကျွန်မတို့ကို ကာကွယ်ပေးနေတဲ့အရာနဲ့ အတူတူပဲဖြစ်လောက်တယ်။"

လိုလီလေးရဲ့စကားတွေက သာမန်လူတွေအတွက် သိပ်ကို ရူးကြောင်ကြောင်နိုင်တယ်။ ခပ်ရှုပ်ရှုပ်ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Redditပေါ်က ပေါက်ကရ postတွေနဲ့ အဲဒီက Hypothesisတွေလိုပဲ။ တခြားသူတွေသာကြားရင် ဖရာလီတာကို ရူးနေတယ်၊ ဒါမှမဟုတ် နောက်နေတယ်၊ သူငယ်နာမဆင်ဘူးထင်မှာ။

ဒါပေမဲ့ ဖရာလီတာဟာ အိုင်ကျူနှစ်ရာအထက်မှာရှိပြီး ထောင်စုနှစ်များစွာ စောတဲ့နည်းပညာတွေကို ပိုင်ဆိုင်ထားပုံပေါ်တယ်။ ဒါကြောင့် မက်ဒါနာတို့က သူနောက်နေတာမဟုတ်သလို လျှောက်ပြောနေကြမှန်းလည်း သိကြတယ်။

"နံပါတ်နှစ်: အဲဒီအာကာသထဲက နော့ခ်အာ့ခ်က ကျွန်မတို့ကို ခေါ်လာပေးတဲ့ ပင်မယာဥ်ပျံ ဖြစ်ဖို့များပြီး ဖြစ်တည်မှုကြီးနဲ့လည်း ပတ်သက်နေလိမ့်မယ်။ ရှင်တို့ပြောတဲ့အတိုင်းဆိုရင် သလင်းဥက္ကာပျံတွေကလည်း အဲဒီပေါ်ကပဲ ဖြစ်ဖို့များတယ်။ ဘာကြောင့်ကျဆင်းလာတာလဲဆိုတာကတော့ အဖြေမရှိနိုင်ဘူး။ ကျွန်မတို့ကို ခွန်အားအမြန်ကြီးလာစေချင်လို့၊ ဒါမှမဟုတ် ရှင်တို့ကြောင့် ကာကွယ်ရေးစနစ်တစ်ခုလုံး ပျက်စီးသွားလို့လည်း ဖြစ်နိုင်တယ်။"

မက်၊ လယ်ရီ၊ မိုးတို့ရဲ့မျက်နှာတွေ ဖြူဖျော့သွားကြတယ်။ ဒီအတိုင်းဆိုရင် အဲဒီမဟာဖြစ်တည်မှုကြီးကို သူတို့တွေ ရန်စမိပြီးပြီမဟုတ်လား။

"တတိယတစ်ချက်ကတော့ ကျွန်မတို့ မျိုးစိတ်အလိုက် ရွှေ့ပြောင်းလာမှုက ကျွန်မတို့ရင်မဆိုင်နိုင်တဲ့ အန္တရာယ်ကြီးတစ်ခုကြောင့်ဖြစ်မှာပဲ။ အဲဒါက ကျွန်မတို့ကို ဖြစ်တည်မှုကြီးက စွမ်းအားကြီးလာစေချင်တဲ့ အကြောင်းအရင်းဖြစ်နိုင်တယ်။"

ဆိုဖီယာကတော့ လေအေးတွေကို ရှိုက်သွင်းလိုက်ပြီး သူ့ရင်ဘတ်ကိုယ်သူ ဖိထားလိုက်တယ်။ သူစဥ်းစားမိနေတာကိုလည်း ထုတ်ပြောလိုက်ပါပြီ။

"ဘယ်လိုအန္တရာယ်မျိုးက ဒီလိုဖြစ်တည်မှုကြီးနဲ့ သူ့လူတွေကို မျိုးစိတ်ရွှေ့ပြောင်း ထွက်ပြေးစေလောက်တဲ့အထိ လုပ်နိုင်စွမ်းရှိရတာလဲ။"

ဒါပေမဲ့ လိုလီလေးကတော့ စိတ်ဝင်တစား နားထောင်နေကြတဲ့ လူတွေအားလုံးကို ရုတ်တရက် ပြုံးပြလိုက်ပြီး ခပ်နောက်နောက်လေသံနဲ့ ပြန်ဖြေလိုက်တယ်။

"ရှင်တို့တွေ အဲဒီလောက် စိုးရိမ်မနေကြပါနဲ့။ ဒါက Hypothesisသက်သက်ပဲလို့။ အနုမာနအဆိုကြမ်းသက်သက်ပဲ။ တကယ်ဖြစ်လိမ့်မယ်လို့မှ သက်သေမရှိတာ။ Reddit ပေါ်က ပေါက်ပန်းလေးဆယ်တွေလိုပဲ။ စိတ်အေးအေးထားကြပါ။" ကောင်မလေးရဲ့စကားကြောင့် တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ ဦးလေးအယ်လိုဟင်ကြီး မျက်စောင်းထိုးလိုက်တယ်။ အဲဒါကြောင့် ကောင်မလေးလည်း ကြောက်ရွံစွာနဲ့ ဇက်ကိုပုထားလိုက်ရော။

မက်ဒါနာကတော့ ဒါတွေကို Hypothesisတွေမှန်းသိပေမဲ့ အလေးအနက်ထားနေဆဲပါ။ သူ့ဉာဏ်ရည်ကလည်း နှစ်ရာကျော်နေပြီး ကမ္ဘာ့အတော်ဆုံးတွေထဲမှာ ပါတဲ့အတွက်ကြောင့် လိုလီလေးကိုယ်တိုင်က ဒီစကားတွေကို ပေါ့ပေါ့လေးမပြောဘဲ တကယ် အလေးအနက်ထားနေမှန်း သတိထားမိနိုင်စွမ်းရှိနေပါပြီ။ ပြီးတော့ သိပ်ကိုကြီးမားတဲ့ အန္တရာယ်အငွေ့အသက်ကိုလည်း ရနေတယ်။ ဒါကြောင့် သူက ပြောလိုက်တယ်။

"ဘာပဲဖြစ်ဖြစ် တကယ်ဟုတ်မဟုတ်သိရအောင် သက်သေတော့ရှာရမယ်မဟုတ်လား။ ရှင်တို့သုံးယောက် အဲဒီဖြစ်တည်မှုနဲ့ပတ်သက်ပြီး တစ်ခုခုသိထားကြသေးလား။"

မက်က ပြန်ဖြေတယ်။ "ငါတို့ယာဥ်ပျံပျက်မကျခင် နောက်ဆုံးမြင်လိုက်ရတာက မီးတောက်လို အနီရောင်ဆံပင်နဲ့လူတစ်ယောက်ပဲ။ ယောက်ျားလား၊ မိန်းမလားတော့မသိဘူး။"

ဖရာလီတာက အဲဒီစကားကြားတော့ စားပွဲခုံကို လက်နဲ့ထုချလိုက်ပြီး...

"ဒါဆို ငါတို့က ဆံနီကောင်ကို လိုက်ရှာရမှာပေါ့။ တစ်ကမ္ဘာလုံးမှာ မီးလိုနီရဲတဲ့ဆံပင်ပိုင်တာဆိုလို့ ဟိုဂျပန်ဟီးရိုးကောင် အာကိုင်းဂါမီတစ်ကောင်ပဲရှိတာလေ။"

ဆိုဖီယာလည်း ခေါင်းညိတ်လိုက်ပါတယ်။ အာကိုင်းဂါမီကို ဆိုဖီယာလည်းသိတယ်။ S အဆင့်ထက်ပိုစွမ်းတဲ့ အယ်ဖာတစ်ယောက်ဖြစ်တယ်လို့ ယူဆထားပေမဲ့ သူနဲ့ပတ်သက်ပြီး မသေချာတာတွေ များလွန်းတယ်မဟုတ်လား။ ဆိုဖီယာက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြောလိုက်ပါတယ်။

"အာကိုင်းဂါမီကို သူအနားယူပြီးကတည်းက ဘယ်မှာမှမတွေ့ရတော့တာ။ ဒါပေမဲ့ သူကိုတကယ်ရှာမယ်ဆိုရင်တော့ တစ်လထက် ပိုကြာစရာမလိုဘူး။ အခုဂျပန်မှာရှိနေတဲ့ ငါ့အမ်တီဟီးရိုးမိတ်ဆွေကိုတွေ လှမ်းအကူအညီတောင်းပေးမယ်။ လောလောဆယ်တော့ အဲဒီထက်အရေးကြီးတာတစ်ခု ပြောစရာရှိတယ်။"

ဆိုဖီယာက မက်ဒါနာကို လှည့်ကြည့်လိုက်ပြီး သူကောင်းမျိုးတွေကို ဂါရဝပြုတဲ့အတိုင်း လုပ်လိုက်တယ်။ အဲဒီနောက်တော့...

"နယ်စားမင်းသမီးလေး၊ ကျွန်မရဲ့ရန်သူတော်ကြီး Mad Doctorက ရှင့်နယ်မြေနားမှာ သူ့ရဲ့လက်နက်တစ်ခုစမ်းသပ်ဖို့ အစီအစဥ်ချနေတယ်လို့ ကျွန်မရဲ့သတင်းပေးတွေကပြောတယ်။"

"....." မက်ဒါနာကတော့ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ပါ။ သူက နယ်စားသမီးတော်လေးအဲလေ နယ်စားသားတော်လေးဖြစ်နေတာကို ဘယ်လိုလုပ်ပြီး ဆိုဖီယာသိနေရပြန်တာတုန်း။ ပြီးတော့ မြောက်အမေရိကကနေ ပျောက်သွားတဲ့ Mad Doctorက ဆုဗာနာမှာ ဘာမကောင်းကြံဦးမလို့လဲ။

"နယ်...နယ်စားမင်းသမီး... နင်နောက်နေတာလား၊ အဲဒီငွေရောင်ချပ်ဝတ်ထဲက တွန်ဘွိုင်းက နယ်စားမင်းသမီး..." မက်ဒါနာထက် ပိုပြီးထိတ်လန့်နေတာကတော့ ဖရာလီတာပါ။ အခုလိုလီလေးက မက်ဒါနာကို မယုံနိုင်ခြင်းများစွာနဲ့ ကြည့်နေတယ်။ ဆိုဖီယာကတော့ စိတ်ပျက်စွာနဲ့ မက်ဒါနာအစား ရှင်းပြလိုက်လေရဲ့။

"အခုတလော သတင်းထွက်နေတဲ့ ဆုဗာနာနယ်စားနယ်မြေရဲ့ဆက်ခံသူက ဟောဒီက မင်းလွင် ဒါမှမဟုတ် မက်ဒါနာကိုယ်တိုင်ပါပဲ။ မစ်ဖရာလီတာ၊ ရှင်တို့က နိုင်ငံမတူဘူးဆိုပေမဲ့ နယ်စားမျိုးနွယ်ဝင်ကိုတော့ ယဥ်ကျေးမှုမှုထားပြီး နှုတ်ဆက်ရမယ်မဟုတ်လား။ ဂါဝန်လေးမပြီး မမလေးမက်ဒါနာလို့ နှုတ်ဆက်ကြည့်ဦးလေး။"

"သေတောင် မနှုတ်ဆက်ဘူး။" စိတ်ဆိုးနေတဲ့ ဖရာလီတာက ခြေထောက်ဆောင့်လိုက်ရင်း နှာကိုမှုပ် ခေါင်းကိုတစ်ဖက်လှည့်ကာ ဧည့်ခန်းထဲကနေ စိတ်ဆိုးမာန်ဆိုး ထွက်သွားလေရဲ့။

ဖရာလီတာ ထွက်သွားပြီးတဲ့နောက်တော့ ဆိုဖီယာက မက်ဒါနာကို မင်နီဝိုင်းထားတဲ့ မြေပုံတစ်ခုကမ်းပေးလိုက်တယ်။

"မက်ဒါနာရေ၊ နင်ငါ့ကို ဒုက္ခပေးနေတာလည်း များပြီဆိုတော့ တစ်ခုလောက် အကူအညီတောင်းလို့ရမလား။" ဂျာမန်သူလေးက မက်ဒါနာကို ကိုက်စားတော့မယ့်အကြည့်မျိူးနဲ့ စောင်းငဲ့ကြည့်လိုက်တယ်။ မက်ဒါနာကတော့ အလိုလိုနေရင်း ကျောချမ်းလာပြီ။ ဆိုဖီယာက သူ့ကိုဘာလုပ်ချင်နေတာတုန်း။ သူကြောက်ကြောက်နဲ့ပဲ မြေပုံကိုကိုင်လိုက်တယ်။ မြေပုံမှာ မင်နီဝိုင်းထားတဲ့နေရာက နယူးယောက်ရဲ့မသုံးတော့တဲ့ ရထားလမ်းဘူတာတစ်ခုပါ။

"အဲဒီမှာ မြူတန့်သိပ္ပံအဖွဲ့အစည်းက လွတ်လာတဲ့ စမ်းသပ်ခံတစ်ယောက်ရှိတယ်။ နင်ဟိုတစ်ခါခေါ်လာတဲ့ လီဆာနဲ့အတူတူပဲ။ သူကအခု ဗီလိန်မဟုတ်၊ ဟီးရိုးမဟုတ်တဲ့ ဝရမ်းပြေး အဖွဲ့ငယ်လေးတစ်ခုနဲ့အတူရှိနေတယ်။ သူ့ကို ငါ့ဆီခေါ်လာခဲ့။ သူက Mad doctorကို ရင်ဆိုင်တဲ့ရေရာမှာ အများကြီးအကူအညီဖြစ်လိမ့်မယ်။"

Mad doctorက အင်မတန်အန္တရာယ်များတဲ့ လူတစ်ယောက်ပါ။ ဆိုဖီယာကိုယ်တိုင်က သူ့ကိုယ်သူ S တွေထက်မြင့်တဲ့ အယ်ဖာလို့ ပြောနေပေမဲ့လည်း အဲဒီအရူးသုတေသီကို မဖမ်းနိုင်သေးဘူး။ ပြီးတော့ ဒီလူက ကမ္ဘာ့အန္တရာယ်အများဆုံး ဇီဝနည်းပညာတွေကို စမ်းသပ်နေတာမလို့ လွှတ်ပေးထားလို့ မဖြစ်တော့ပါဘူး။

ပြဿနာက သူအခုရင်ဆိုင်ရမယ့် လူလုပ်အသွင်ပြောင်းမြူတန့်ရဲ့အချက်အလက်တွေကို ဆိုဖီယာက မက်ဒါနာကို ပေးမသိတာပါ။ ပြီးတော့ ရန်လိုတဲ့မြူတန့်ဟုတ်မဟုတ်လည်းမပြောဘူး။ မက်ဒါနာမေးမယ်လုပ်ပေမဲ့ မက်၊ လယ်ရီနဲ့မိုးတို့က သူ့ကိုအပြင်ကို အတင်းခေါ်သွားနေပြီ။

ဆိုဖီယာကတော့ သူ့ကိုတစ်ချက်မှလှည့်မကြည့်ဘဲ နောက်ခန်းထဲ ဝင်သွားတယ်။

အဲဒီနောက်တော့ မက်ဒါနာ ဗီလာအိမ်ရာဝင်းလေးအပြင်ကို ရောက်လာလေရဲ့။ အလာတုန်းက ဖရာလီတာနဲ့အတူလာတာမလို့ အပြင်မှာသူ့ကိုစောင့်နေလောက်တယ်လို့ မက်ဒါနာထင်ပေမဲ့ မှားသွားပုံပါပဲ။

ဖရာလီတာကို ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။ တန်ဖိုးကြီး ဘန်ဒလေကားက ချန်ထားခဲ့တဲ့ ကားဘီးရာတချို့ကိုပဲ တွေ့ခဲ့ရတယ်။ ကြည့်ရတာ ဆိုဖီယာပြောခဲ့တဲ့စကားကြောင့် လိုလီလေးစိတ်ဆိုးပြီး သူ့ကိုထားခဲ့ပုံပါပဲ။

ကြည့်ရတာ အိမ်ကို လမ်းလျှောက်ပြန်ရတော့မယ်ထင်ပါရဲ့။ မက်ဒါနာလည်း စိတ်ညစ်ညစ်နဲ့ ခြံဝင်းထဲကထွက်ပြီး လမ်းပေါ်တက်လာလိုက်တယ်။

.....

အိမ်နီးချင်းခြံဝင်းမှာတော့ တင်မီက နှင်းဆီပန်းစည်းကြီးကိုကိုင်ထားပြီး တစ်ဖက်ခြံကနေ သူ့နတ်သမီးလေး ထွက်လာတာကို အသင့်စောင့်နေတယ်။

ဆောင့်ကြီးအောင့်ကြီးနဲ့ထွက်လာတဲ့ ဂျင်းစကပ်တိုလေးဝတ်ထားတဲ့ ဆံဖြူကောင်မလေးကို မြင်လိုက်ရတော့ သူ့နှလုံးသားတစ်ခုလုံး တုန်ခါသွားသလိုပဲ။ နေရောင်အောင်မှာ အဖြူရောင်ဆံသားတွေက လွင့်မျောနေပြီး ပိုးသားလေးလိုပဲ။

တင်မီရဲ့ထရော်မာတွေလည်း ဒီနတ်သမီးလေးကို မြင်လိုက်ရပြီးတဲ့နောက် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပြီး။ လက်တစ်ဖက်က ပန်းစည်းလေးကိုပိုက်၊ တစ်ဖက်က စေ့စပ်လက်စွပ်ထည့်ထားတဲ့ လက်စွပ်ဘူးနီလေးကိုကိုင်ကာ အိပ်မက်ထဲက မိန်းမလှလေးဆီ ပြေးသွားလိုက်တယ်။

မက်ဒါနာကတော့ ရုတ်တရက်ကြီး ကောင်လေးတစ်ယောက် သူ့ရှေ့ပြေးလာပြီး ပိတ်ရပ်လိုက်တဲ့အတွက် မျက်မှောင်ကြုတ်လိုက်တယ်။ ပြီးတော့ တစ်ကောင့်သားက သူမျက်စိဆံပင်မွှေးအစူးဆုံး တင်မီပါ။

'ချီးထဲမှ ဒီငရှုပ်ကောင် ဘာလာလုပ်ပြန်တာလဲမသိဘူး။' သူတွေးနေတုန်းပဲရှိသေးတယ်၊ တင်မီက သူ့ရှေ့မှာ ဒူးထောက်ချလိုက်ပြီး စေ့စပ်လက်စွပ်ဘူးကိုဖွင့်ကာ မက်ဒါနာကို မော့ကြည့်ရင်း ပြောလိုက်တယ်။

"ကိုယ့်ကိုယ် လက်ထပ်ပါဘေဘီ။"

"....."

စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက်တော့ မက်ဒါနာရဲ့ဘယ်လက်က လက်သီးဆုပ်လေးအဖြစ်ကို ပြောင်းလဲသွားပြီး တင်မီရဲ့ပါးကို ထိုးချလိုက်တယ်။ မြူတန့်ဖြစ်သွားတာရော၊ နေ့တိုင်းလေ့ကျင့်ခန်း လုပ်နေတာရောကြောင့် မက်ဒါနာရဲ့ပိန်သွယ်သွယ်ခန္ဓာကိုယ်က တင်မီလို နွဲ့နွဲ့နှောင်းနှောင်းယောက်ျားလေးတစ်ယောက်ထက် ပိုအားသန်ပါတယ်။ ချက်ချင်းဆိုသလိုပဲ အောက်သွားနှစ်ချောင်း ဂျွတ်ခနဲကျွတ်သွားပြီး ကတ္တရာကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတယ်။

အဲဒီနောက် မက်ဒါနာက ပန်းစည်းကို ကောက်ကိုင်လိုက်ပြီး မြေပေါ်ပစ်ချကာ နင်းချေပစ်လိုက်လေရဲ့။ တင်မီကတော့ အားကြီးနဲ့အရိုက်ခံရလို့ လမ်းမပေါ်မှာ မှောက်နေပြီ။

မက်ဒါနာကလည်း စိတ်ရှုပ်နေပြီမလို့ သူ့မိန်းကလေးစီး အားကစားဖိနပ်နဲ့ တင်မီ့နားထင်ကို နင်းထားပြီး အေးစက်စက်စကားလုံးတွေကို ပြောလိုက်တယ်။

"နင်က ငါ့ကိုချစ်ခွင့်ပန်ချင်တာလား။ သေချာကြည့်ထား၊ ငါက မိန်းကလေးနဲ့တူနေပေမဲ့ ယောက်ျားလေးဟဲ့။" ဒါပေမဲ့ မက်ဒါနာ မသိလိုက်တာက တင်မီရဲ့မျက်လုံးတွေထဲမှာ သူ့စကပ်အောက်က ပင်တီအစင်းကြားလေးက ပုံရိပ်ထင်ဟပ်နေတယ်ဆိုတာပါ။

အဲဒီနောက် ခြေထောက်ကိုပြန်ရုပ်ပြီး တင်မီမျက်နှာကို အားပြင်းပြင်းတစ်ချက်ပိတ်ကန်ကာ ထွက်သွားလိုက်တယ်။ တင်မီကတော့ အကန်ခံရပြီး သိပ်မကြာခင်မှာပဲ အသိစိတ်တစ်ခုလုံး အမှောင်ကျသွားပြီး နောက်ဆုံးအနေနဲ့ သူ့ဦးလေးအော်သံကိုသာ ကြားလိုက်ရတယ်။

"တူလေး...တူလေး... သတိထားပါဦး... ဦးလေးကို ထားသွားလို့မဖြစ်ဘူးလေ..."

All Chapters