ငါက မင်းသမီးလေးလား
Vol. 2 Ch. 2
မက်ဒါနာက စွန့်ပစ်ဘူတာရုံကို သွားတဲ့လမ်းမှာ လီဆာကိုပါ ခေါ်လာခဲ့တယ်။ ဆိုဖီယာက အခုလိုခေါ်သွားဖို့အတွက် အကြံပေးခဲ့သူပါ။ "လီဆာနဲ့ အတူတူပဲ။"လို့ သူပြောခဲ့တယ်လေ။ ဆိုလိုတာက အဲဲဒီလူလုပ်မြူတန့်ကလည်း လီဆာလိုပဲ မြူတန့်သိပ္ပံအဖွဲ့ကနေ ထွက်ပြေးလာသူ ဖြစ်နေမလား။
ငွေရောင်ချပ်ဝတ်ဝတ်ဆင်ထားတဲ့ စစ်သည်တော်က ရပ်ထားတဲ့ ရထားတွဲအဟောင်းတွေကိုမြင်တော့ ရပ်လိုက်တယ်။ ဒီနေရာမှာ သစ်ရွက်ခြောက်အဟောင်းတွေရှိနေပြီး လူမနေတော့တဲ့ ပုံစံမျိုးဖြစ်နေပေမဲ့ မီးဖိုထားတဲ့ နေရာတချို့ကို တွေ့မြင်ရပါတယ်။ ဒါကြောင့် သက်ရှိလက္ခဏာရှိတယ်လို့ ပြောရမှာပါ။
ဆေလာစတိန်းကလည်း ရထားတွဲတွေကြားထဲကို ထိုးဟောင်လိုက်တယ်။ သူတစ်ခုခုတွေ့ထားပုံပဲ။ မက်ဒါနာကလည်း လီဆာကိုကြည့်ပြီး မေးလိုက်ပါတယ်။
"လူတွေရှိနေတာလား။" မက်ဒါနာရဲ့အမေးကြောင့် လီဆာလည်း ခေါင်းညိတ်ပြပါတယ်။ လီဆာရဲ့အရေပြားပေါ်မှာ ပုတ်သင်ညိုအကြေးခွံတချို့ကို တွေ့နိုင်ပါတယ်။ ဒါက သွေးအေးသတ္တဝါတွေရဲ့ဗီဇအာရုံတစ်ခုဖြစ်တဲ့ အပူအာရုံခံနိုင်စွမ်းကို အသုံးပြုနေလို့ပါ။ လီဆာက မျက်စိကိုမှေးထားလိုက်ပြီး သူ့အရေပြားတွေကို အာရုံစိုက်လိုက်တယ်။ အတော်ကြာမှ ပြန်ဖြေပါတယ်။
"အင်း... ရထားတွေရဲ့အကျော်မှာ ဘူတာရုံအစောင့်အိမ်လေးရှိတယ်။ အဲဒီထဲမှာ အသွင်ပြောင်းမြူတန့်တစ်ယောက်ရဲ့အော်ရာနဲ့ လူတချို့ကို အာရုံခံမိတယ်။"
မက်ဒါနာလည်း ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ဆက်သွားလိုက်တယ်။ ရထားကွန်တွန်နာတစ်ခုကိုကျော်တော့ ဆိုဖီယာပြောတဲ့ အသွင်ပြောင်းမြူတန့်တွေနဲ့ အတူရှိနေတယ်ဆိုတဲ့ 'အပြစ်သားမှော်ဆရာများ' မြူတန့်အဖွဲ့ငယ်လေးရဲ့အဖွဲ့ဝင်တစ်ယောက်နဲ့ ပထမဆုံး ရင်ဆိုင်လိုက်ရတယ်။
အနက်ရောင်ဝတ်ရုံခြုံထားတဲ့ မျက်မှန်ဝိုင်းကလေးတပ်ထားတဲ့ ကောင်မလေးတစ်ယောက်က ဘူတာရုံနားမှာရှိတဲ့ မီးသတ်ရေဘုံဘိုင်ကနေ ရေဖြည့်ပြီး ရေပုံးကို ဆွဲလာတာပါ။ ငွေရောင်စစ်သည်တော်နဲ့ အသွင်ပြောင်းမြူတန့်တစ်ယောက်ကို ရုတ်တရက်မြင်လိုက်ရတော့ လန့်သွားပြီး ရေပုံးကို ပစ်ချမိလိုက်တယ်။ ရေတွေအကုန်လုံး သူ့အင်္ကျီပေါ်ကို တက်စင်သွားလို့ မျက်မှန်လည်းဝါးသွားပြီး ဘာမှမြင်ရတော့ပုံမပေါ်ဘူး။
"ဟ...ဟီးရိုးတွေ...."
သူ့ရဲ့အော်သံနဲ့အတူ ဝရမ်းပြေးအဖွဲ့လေးရဲ့အဖွဲ့ဝင်တွေ ပြေးထွက်လာကြတယ်။ ဘီး၊ရိုလန်နဲ့ဆံပင်ပန့်ကေနဲ့ကောင်လေးတို့က ချက်ချင်းရောက်လာကြပါပြီ။ ကင်းမြီးကောက်အမြီးထွက်နေတဲ့ မိန်းကလေးကတော့ လီဆာကိုမြင်လိုက်ရတော့ တော်တော်အံ့ဩသွားတယ်။
မက်ဒါနာကလည်း နှစ်ဖက်အကျယ်အကျယ်မဖြစ်ချင်တဲ့အတွက်ကြောင့် လီဆာရဲ့ရှေ့မှာရပ်လိုက်ပြီး လေသံအေးအေးနဲ့ ပြောလိုက်ပါပြီ။
"အားလုံးပဲ စိတ်အေးအေးထားကြပါ၊ ငါတို့တွေက ရန်ပြုဖို့လာတာမဟုတ်ဘူး။ မိတ်ဆွေတစ်ယောက်နဲ့ လာတွေ့ရုံပဲ။
မက်ဒါနာက ဝရမ်းပြေးအဖွဲ့ငယ်လေး စိတ်အေးသွားအောင် ပြုလုပ်ပေးနေတုန်း သူ့နောက်မှာရှိနေခဲ့တဲ့ လီဆာက ကင်းမြီးကောက်မိန်းကလေးဆီကို ပြေးထွက်သွားတယ်။
"အစ်မကြီး၊ စကော်ပီယို။" ကင်းမြီးကောက်မိန်းကလေးကလည်း ပြေးဝင်လာတဲ့ လီဆာကို လက်နှစ်ဖက်ကိုဆန့်တန်းပြီး ဖမ်းဖက်ထားလိုက်တယ်။ အဲဲဒီနောက် ကောင်မလေးရဲ့နဖူးကိုနမ်းလိုက်ပြီး...
"ပုတ်သင်ညိုလေး... နင်ဘာမှမဖြစ်ဘူးနော်။"
"ကျွန်မက အစ်မကြီးကို အဲဒီကင်းခြေများက မျိုချသွားပြီထင်နေတာ။"
ကြည့်ရတာ သူတို့နှစ်ယောက်က အစောကြီးကတည်းက သိနေကြပုံပါပဲ။ မက်ဒါနာကလည်း အဖွဲ့ငယ်လေးကို ခေါင်းညိတ်ပြလိုက်တယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ရိုလန်ကတော့ အားလုံးကိုရှေ့ကနေ အရင်သွားခိုင်းလိုက်ပြီး ငွေရောင်စစ်သည်တော်ကို လေးနက်စွာကြည့်ကာ ပြောလိုက်ပါပြီ။
"ကျွန်တော့်နောက်ကလိုက်ခဲ့ပါ၊ ဆာ Silver Knight။"
....
ရထားဘူတာရုံးခန်းထဲရောက်တော့ ဒီအဖွဲ့လေးရဲ့ဘဝက တော်တော်လေးငြိမ်းချမ်းမှန်း သတိထားမိလိုက်တယ်။ စကော်ပီယိုက အဖွဲ့ရဲ့နတ်ဘုရားမလေးပမာ နေထိုင်နေပြီးတော့ အဖွဲ့ငယ်လေးက သူ့ကိုအလိုလိုက်ထားရတယ်။
စကော်ပီယိုနဲ့လီဆာတို့ပြန်တွေ့တော့ မြူတန့်သိပ္ပံအဖွဲ့အစည်းကနေ သူတို့ထွက်ပြေးလာပြီး လူချင်းကွဲသွားတဲ့နောက် အဖြစ်အပျက်တွေကို အချင်းချင်းဖလှယ်ပြီး ပြောပြတယ်။ စခန်းမှာ တခြားစမ်းသပ်ခံကလေးတွေလည်း ကျန်သေးတယ်ဆိုတာကိုကြားတော့ မက်ဒါနာလည်း စခန်းနေရာကို မေးလိုက်ပေမဲ့...
"ဆာSilverKnight... အခုလိုကျွန်မရဲ့တခြားညီမလေးတွေကို စိတ်ပူပေးတာရော၊ လီဆာကို ဂရုစိုက်ပေးတာအတွက်ရော ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မြူတန့်သိပ္ပံအဖွဲ့အစည်းက သူတို့ကိုခေါ်ပြီး စခန်းပြောင်းပြီးပြီထင်တာပဲ။ ရှင်တို့အခုသွားလည်း ဘာမှသိရတော့မှာမဟုတ်ဘူး။"
Mad Doctorက နှစ်ပေါင်းများစွာ ဗီလိန်လုပ်လာတဲ့ လူလည်ကြီးပါ။ ငွေရောင်စစ်သည်တော်နဲ့တခြားဟီးရိုးတွေကြောင့် သူ့မဟာမိတ်အိုက်ဇာဝါ သေဆုံးပြီးနောက် သူ့စခန်းတွေကို ပြောင်းရွှေ့ဖို့လုပ်မှာသေချာတယ်။ သူ့ရဲ့ရန်သူဖြစ်တဲ့ ဆိုဖီယာတောင်မှ အာရှတိုက်ကို သူတို့ပြောင်းသွားတယ်လို့ ပြောပြထားပြီးမဟုတ်လား။
မက်ဒါနာကလည်း ဆိုဖီယာ သူ့ကိုပြောခိုင်းတဲ့ကိစ္စ စကော်ပီယိုကို ပြောပြလိုက်တယ်။
"မြူတန့်သိပ္ပံအဖွဲ့အစည်းကို အတူပူးပေါင်းပြီး ဖြိုချဖို့လား၊ ကျွန်မစိတ်ဝင်စားတယ်။ ဒါပေမဲ့ လွယ်မှာတော့မဟုတ်ဘူး။"
ကံကောင်းစွာနဲ့ ကင်းမြီးကောက်မိန်းကလေးက မြူတန့်သိပ္ပံအဖွဲ့အစည်းနဲ့ ရန်သူဖြစ်နှင့်ပြီးနေပါပြီ။ ဒါကြောင့် ဆိုဖီယာရဲ့နတ်ဘုရားအသံအဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အစွမ်းကလည်း A မှာမလို့ ဆိုဖီယာအတွက် အများကြီးအထောက်အကူဖြစ်မှာပါ။ ဒါပေမဲ့ မြူတန့်သိပ္ပံရဲ့အသွင်ပြောင်းမြူတန့်တွေနဲ့ယှဥ်ရင်တော့ ဆိုဖီယာတို့က ရန်သူကိုအလုံးစုံဖျက်ဆီးဖို့ ဝေးနေဆဲဖြစ်တယ်။ သူတို့အနေနဲ့ အခွင့်အရေးတစ်ခုရဖို့ လိုအပ်နေပါသေးတယ်။
အဲဒီနောက်တော့ ဝရမ်းပြေးအဖွဲ့ငယ်လေးကို ကူညီပေးဖို့ စကော်ပီယိုက ငွေရောင်စစ်သည်တော်ကို တောင်းဆိုခဲ့ပါတယ်။ ရိုလန်ဆီကနေ အကြောင်းစုံကြားပြီးတဲ့နောက် မက်ဒါနာလည်း ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ပြဿနာက သူတို့ပြဿနာရှာမိထားတဲ့လူက ဖလိန်းဂါးဒီးယမ်းဖြစ်နေပြီး မက်ဒါနာရဲ့လက်ရှိအဆင့်အတန်းနဲ့ ဘယ်လိုမှစိန်ခေါ်လို့မရတဲ့သူပါ။ ပြီးတော့ ရိုလန်ကလည်း အမှန်တကယ်လူသတ်ထားသေးတယ်လေ။
ဒါပေမဲ့ ရိုလန်ရဲ့သဘောထားက... "ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့အပြစ်ပါ၊ ဥပဒေရဲ့အဆုံးအဖြတ်ကို ကျွန်တော်ခံနိုင်တယ်။ SilverKnightသာ ကူညီပေးမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် အဖမ်းခံလိုက်မယ်။ ဒီအတိုင်း သူတို့အမဲလာဖြတ်တာကို ထိုင်မစောင့်နေနိုင်ဘူး။"
ဖလိန်းဂါးဒီးယမ်းက သူတို့ကိုသတ်ဖို့ရှာနေတာ တော်တော်ကြာပါပြီ။ တွေ့တာနဲ့ ဗီလိန်ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ သူတို့ကိုသတ်မှာပါ။ ကျောင်းတွင်းအနိုင်ကျင့်မှုတွေ၊ မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့်တွေကို ထည့်စဥ်းစားမှာမဟုတ်ပါဘူး။
မက်ဒါနာလည်း ခေါင်းကိုခါယမ်းလိုက်တယ်။ "ငါလည်း ဖလိန်းဂါးဒီးယမ်းကိုမနိုင်ဘူး။ ဒါပေမဲ့ ဥပဒေလမ်းကြောင်းအရတော့ အကာအကွယ်ပေးနိုင်တယ်။"
မက်ဒါနာက ဒီကိစ္စအတွက် ပလန်ချဖို့စဥ်းစားလိုက်တယ်။ ပထမဆုံး ဒီကလေးတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးဖို့လိုတယ်။ ဒီအတွက်ကတော့ ဆိုဖီယာကိုပဲ အားကိုးရမှာ။ မက်ဒါနာကို ခိုင်းတုန်းက ခိုင်းထားတာဆိုတော့ ဒီလောက်တော့ အကူအညီပေးရမယ်မဟုတ်လား။
နောက်တစ်ဆင့်ကတော့ လေဒီဘတ်တာဖလိုင်းရဲ့ဂျာနယ်လစ်ပညာနဲ့ ချီလုလုရဲ့ဥပဒေစွမ်းရည်က အရေးအကြီးဆုံးပါ။ ဒါပေမဲ့ ရိုလန်ကတော့ ဥပဒေအရအပြစ်ပေးမှုကို သေချာပေါက်ခံရမှာပါ။
"ကျွန်တော့် သူငယ်ချင်းတွေသာ လုံခြုံမယ်ဆိုရင် ကိစ္စမရှိဘူး။" ရိုလန်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကို ကြားပြီးတဲ့နောက်တော့ မက်ဒါနာက လေဒီဘတ်တာဖလိုင်းကို ဖုန်းလှမ်းဆက်လိုက်တယ်။
"ဟီးရိုးလေး... မင်းအတွက်အလုပ်ရှိတယ်။ ဂျာနယ်လစ်လက်နက်ကြီးဖြစ်တဲ့ မင်းရဲ့ဖောင်တိန်ကိုအသင့်ပြင်ထားတော့။" အဲဒီနောက်တော့ မက်ဒါနာက သူစဥ်းစားထားတဲ့ ပလန်ကို ချပြလိုက်တယ်။
ပထမဆုံး ရိုလန်တို့ရဲ့စူပါအမေရိကကျောင်းမှာဖြစ်နေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ဖော်ထုတ်ပြီး သတင်းလွှင့်ဖို့ပါ။ ဒီလိုလုပ်ရင် ပြည်သူတွေက ဒီကျောင်းတွင်းကိစ္စတွေကို စတင်သတိထားမိလာမှာဖြစ်ပြီး ကျောင်းကိုအာရုံစိုက်လာပါမယ်။
ပြီးရင်တော့ ကျောင်းမှာလူသတ်မှုဖြစ်သွားတဲ့အထိ အနိုင်ကျင့်မှုဖြစ်ခဲ့ပြီး ခုခံကာကွယ်ရင်း ကျောင်းသားတစ်သိုက် ဝရမ်းပြေးဖြစ်သွားတဲ့သတင်းကို တင်ရပါမယ်။ အဲဲဒီနောက်မှာတော့ ဥပဒေအကျိုးတော်ဆောင်ချီလုလုက ကျောင်းသားတွေဖက်က တရားစွဲခံထားရတဲ့ လူသတ်မှုအတွက် ချေပပေးရမှာဖြစ်ပြီး ရိုလန်နဲ့သူ့သူငယ်ချင်းတွေ ကြီးကြီးမားမားအပြစ်ပေးမခံရအောင်၊ ဗီလိန်လို့ အသတ်မှတ်မခံရအောင် လုပ်ပေးရမယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကျောင်းရဲ့တာဝန်လစ်ဟင်းမှုအတွက် တန်ပြန်တရားစွဲရပါမယ်။
မက်ဒါနာအလိုအရ အိုက်ဇာဝါအမှုတုန်းကလိုပဲ SilverKnight၊ လေဒီဘတ်တာဖလိုင်း၊ ချီလုလု၊ လင်ဒါတို့နဲ့ တရားရုံးမှာ ရင်ဆိုင်ချင်ပေမဲ့ သူကဆုဗာနာကို သွားဖို့ရှိနေတော့ ချီလုလုတို့သုံးယောက်ကပဲ အဓိကရင်ဆိုင်ရတော့မှာပါ။
"ဘတ်တာဖလိုင်း၊ မင်းက ခွန်အားအရာမှာဆိုရင် ဟီးရိုးဖြစ်ဖို့ သိပ်အားနည်းလွန်းပေမဲ့ ဥပဒေဘတ်တော်သားလုပ်မယ်ဆိုရင်တော့ ဟီးရိုးတစ်ယောက်ဖြစ်နိုင်သေးတယ်။ ငါ့ကိုစိတ်ပျက်အောင်မလုပ်နဲ့။"
မက်ဒါနာရဲ့ငွေရောင်စစ်သည်တော်က ကမ္ဘာကြီးတစ်ခုလုံးကို ကာကွယ်နေရချိန်မှာ မာဂရပ်ရဲ့လေဒီဘတ်တာဖလိုင်းကတော့ တရားဥပဒေအကြောင်းအရ မတရားခံရသူတွေနဲ့မမျှမတခံစားနေရသူတွေဘက်ကနေ တိုက်ပွဲဝင်နေရမှာပါ။ သူတို့နှစ်ဦးက လမ်းကြောင်းမတူကြပေမဲ့ တစ်ယောက်ပေါ်တစ်ယောက်တော့ အပြန်အလှန်လေးစားမှု ရှိနေကြပါပြီ။
"ကောင်းပြီ၊ ကျွန်မလက်ခံတယ်။" မာဂရပ်ဆီကနေ ခပ်တိုတို မက်ဆေ့တစ်ကြောင်း ပြန်ရပြီးတဲ့နောက်တော့ ရိုလန်ကို ဘာမှမပူဖို့ မက်ဒါနာပြောလိုက်တယ်။
အဲဒီနောက်တော့ သူတို့တွေ ရထားဘူတာကနေ ပြန်ထွက်လာခဲ့တယ်။ အလာတုန်းက မက်ဒါနာ၊ လီဆာနဲ့
စေဘာစတိန်း သုံးယောက်တည်းဆိုပေမဲ့ ပြန်တဲ့အခါမှာတော့ စကော်ပီယိုတစ်ယောက်ပိုလာတယ်။ ရိုလန်ကတော့ ဆိုဖီယာတို့ရောက်မလာမချင်း ဘူတာရုံမှာပဲ ပုန်းနေရဦးမှာပါ။
...
ဝါရှင်တန်ဒီစီ၊ ပြည်ထောင်စုနယ်မြေရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် VIP အထူးလေယာဥ်ကြီးတစ်စင်း ဆိုက်ကပ်လာသည်။ တာဝန်ရှိသူများနှင့် အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီးတို့က ကောဇော်နီကြီးခင်းထားသော လျှောက်လမ်းဘေးတွင်ရပ်ကာ လေယာဥ်ပေါ်မှလူများ ဆင်းလာမည်ကို ကြိုဆိုနေကြ၏။ လေယာဥ်၏နောက်မြီးပိုင်းတွင်တော့ ယုန်တစ်ကောင်ပါသော တော်ဝင်အမှတ်အသားကိုတွေ့မြင်နိုင်သည်။
များမကြာမီမှာပင် လေယာဥ်ပေါ်မှ ဆုဗာနာနယ်စားနယ်မြေ၏ရိုးရာအထက်တန်းစားဝတ်စုံများဝတ်ထားသည့် လူသုံးယောက်နှင့် ကိုယ်ရံတော်တစ်ဒါဇင်ခန့် ဆင်းလာကြ၏။
ဆုဗာနာနယ်စားနယ်မြေ၏ သံတမန်များဖြစ်ပေသည်။ သူတို့၏တာဝန်က ရိုးရှင်း၏။ သူတို့နယ်စားနယ်မြေ၏ ဆက်ခံသူဖြစ်သော နယ်စားမင်းသား မင်းလွင်နှင့်မိခင်ဖြစ်သူကို လာရောက်ခေါ်ဆောင်ကြခြင်း ဖြစ်ပေသည်။
သူတို့ လေဆိပ်ဆိုက်ရောက် Terminalကို ဖြတ်သန်းပြီးသည့်နောက်တွင် သတင်းထောက်အများအပြား ရောက်ရှိလာပြီး သံတမန်ခေါင်းဆောင်ကို အင်တာဗျူးခွင့်ရရန် ကြိုးစားနေကြ၏။ သို့သော် အေးစက်စက် ကိုယ်ရံတော်များက သတင်းထောက်များကို တွန်းထုတ်ရင်း သံတမန်အဖွဲ့အတွက် လမ်းဖယ်ပေးရန် ကြိုးစားနေကြသည်။
"ဆုဗာနာနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မောင်ခင်ဗျား၊ ဆုဗာနာနိုင်ငံဆက်ခံသူရဲ့အကြောင်းကို အနည်းအကျင်းလောက် ပြောပြပေးပါလား။ သူက ဆုဗာနာနိုင်ငံက ထွက်ပြေးလာတဲ့ မင်းသမီးတစ်ယောက်ကမွေးတဲ့ ကပြားမျိုးနွယ်ဝင်လို့လည်း ကြားနေရပါတယ်ခင်ဗျ။ ဆုဗာနာတော်ဝင်ထုံးတမ်းအရ ကပြားတွေက နန်းမွေဆက်ခံပိုင်ခွင့်ရော ရှိရဲ့လား။"
VOAသတင်းဌာနမှ သတင်းထောက်၏မေးခွန်းကြောင့် နိုင်ငံခြားရေးဝန်ကြီးက လှမ်းနေသော ခြေလှမ်းများကို ရပ်လိုက်ပြီး မခန့်ကြည့်ကြည့်လိုက်သည်။ ထို့နောက် လွန်စွာမှခံ့ညားသောလေသံဖြင့် ပြောလိုက်၏။
"သူက ကပြားတာ သွေးမျိုးသန့်တာတွေ ကျုပ်စိတ်မဝင်စားဘူး။ သူက နယ်စားကြီးရဲ့မြေးတော်အရင်းဖြစ်တယ်။ ဒါကြောင့် တော်ဝင်မျိုးနွယ်ပဲ၊ တော်ဝင်မျိုးနွယ်ဝင်ဖြစ်နေသမျှ နန်းမွေဆက်ခံပိုင်ခွင့်ရှိတယ်။"
သတင်းထောက်က ဝန်ကြီး၏ပြတ်ပြတ်သားသား ဖြေကြီးသောမေးခွန်းကိုပင် သိပ်ကျေနပ်သေးပုံမရပေ။ သူက ဆက်မေးနေသည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဂျပန်တော်ဝင်မင်းသမီးတစ်ပါး သာမန်လူတစ်ယောက်ကို လက်ထပ်ခဲ့တဲ့အတွက် တော်ဝင်မိသားစုကနေ ထွက်ခွာသွားရတာ အားလုံးအသိပါပဲ။ ဆုဗာနာနယ်စားနယ်မြေအနေနဲ့ရော နယ်စားမင်းသမီးကို သာမန်လူတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့လို့ နယ်မြေကနေ နှင်ထုတ်ခဲ့တာလားခင်ဗျ။ အခုကရော ရွေးချယ်စရာမရှိလို့ နယ်စားမင်းသမီးကို ပြန်လာရှာတာများလား။"
သတင်းထောက်၏မေးခွန်းက နည်းနည်းပိုပြီးရဲတင်းကာ သွေးတိုးစမ်းသည့်ပုံစံ ဖြစ်လာသည်။ ဝန်ကြီးကစိတ်ရှည်စွာဖြင့် ခေါင်းကိုခါယမ်းရင်း ပြန်ဖြေ၏။
"နယ်စားမင်းသမီးသီတာက နယ်စားနယ်မြေကနေ သူ့သဘောနဲ့သူ ထွက်ခွာသွားတာပါ။ နယ်မြေက သူ့ကို အတင်းအကျပ်မောင်းထုတ်ခဲ့တာမဟုတ်ပါဘူး။ သူ့ကို နယ်စားအိမ်တော်ကလည်း တော်ဝင်မျိုးနွယ်အဖြစ်ကနေ မစွန့်လွှတ်ခဲ့ပါဘူး။ အခုအချိန်ထိ နယ်စားမင်းသမီးဂုဏ်ပုဒ် ရှိနေဆဲဖြစ်သလို မင်းသမီးတစ်ပါးရထိုက်တဲ့ နိုင်ငံရေးလစာကိုလည်း ပေးနေဆဲပါ။ သာမန်လူတစ်ယောက်နဲ့လက်ထပ်ခဲ့လို့ ဘာမှအရေးယူတာမျိုး မရှိခဲ့ဘူး။ ဆုဗာနာနယ်စားနယ်မြေရဲ့ခံယူချက်က တခြားတော်ဝင်မျိုးနွယ်တွေနဲ့မတူဘူး။ နယ်စားမျိုးနွယ်တွေလည်း သာမန်လူတွေနဲ့အတူတူပဲ၊ သူတို့မွေးလာကတည်းက တိုင်းပြည်အတွက်ထမ်းဆောင်ရမယ့် တာဝန်တွေကပ်ပါလာတာကလွဲလို့ သာမန်လူတွေပါပဲ။ ပိုပြီးမြင့်မြတ်တယ်လို့ ခံယူတာမျိုးမရှိဘူး။"
ထို့နောက်ဝန်ကြီးက တခြားမေးခွန်းများကို လုံးဝဂရုမစိုက်တော့ဘဲ လေဆိပ်အပြင်သို့ ထွက်ခွာသွား၏။ တခြားသတင်းထောက်များက မေးခွန်းများတစ်ခုပြီးတစ်ခု ဆက်တိုက်မေးရန် ကြိုးစားနေကြသော်လည်း အဖက်မလုပ်တော့ပေ။
နောက်ဆုံးတွင်တော့ ဝန်ကြီးနောက်မှ ကပ်ပါလာသည့် မြန်မာရိုးရာဝတ်စုံဝတ်ဆင်ထားသော လက်ထောက်မိန်းကလေးက သတင်းထောက်များကို သတိပေးသည့်အနေဖြင့် ပြောလိုက်သည်။
"ကျွန်မတို့ဝန်ကြီးက အရေးတကြီးကိစ္စတွေရှိသေးလို့ လောလောဆယ် ရှင်တို့မေးခွန်းတွေကို ဖြေမပေးနိုင်သေးဘူး။ နောက်သုံးရက်အကြာမှာ နယ်စားမင်းသားကိုယ်တိုင်ပါဝင်မယ့် သတင်းစာရှင်းလင်းပွဲလုပ်မှာမလို့ အဲဒီကျမှပဲ ရှင်တို့တက်ရောက်ပြီးဆက်လက်မေးမြန်းဖို့ မေတ္တာရပ်ခံပါရစေ။"
...
လင်ဒါ၏အိမ်တွင် လီဆာနှင့်စကော်ပီယိုအတွက် ဟင်းချက်ပေးနေရသော မက်ဒါနာက တီဗီမှလာနေသော သတင်းအား စိတ်ပူပန်စွာဖြင့် ကြည့်နေတယ်။
"သူတို့လာနေကြပြီ၊ သူတို့လာနေကြပြီ။ ငါဘယ်လို ရှင်းပြရမလဲ။" တစ်နာရီကုန်သွားတိုင်း ဆုဗာနာသံအဖွဲ့က သူ့ဆီရောက်လာဖို့ အချိန်ပိုနီးလာတာမလို့ မက်ဒါနာ တွေးပူနေရပါပြီ။ အခုအချိန်အထိ နယ်စားမင်းသားလေးကနေ မင်းသမီးလေးအဖြစ် ဘယ်လိုပြောင်းလဲသွားလဲဆိုတာ ရှင်းပြဖို့အတွက် သူ့မှာနည်းလမ်းမရှိသေးဘူး။
ရိုးရိုးလေးပဲ ယိုးဒယားမှာ ညီလေးဖြုတ်ထားခဲ့တယ်လို့ ပြောလိုက်ရင်ကောင်းမလား။ ဒါပေမဲ့ ခုနက သတင်းမှာပြောတဲ့အတိုင်းဆိုရင် သူပါတက်ရမယ့် လူသိရှင်ကြား သတင်းစာရှင်းလင်းပွဲလုပ်ဖို့ သံတမန်အဖွဲ့က ပြင်ဆင်ပြီးနေပြီတဲ့။
ကမ္ဘာ့ပထမဆုံး လိင်ပြုပြင်ပြောင်းလဲထားတဲ့ နယ်စားမင်းသမီးအဖြစ် ဂရင်းနစ်မှတ်တမ်းဝင်တော့မယ့်ကိန်းပဲ။ မက်ဒါနာလည်း ခေါင်းခြောက်လွန်းအားကြီးလို့ ဖြူပြီးသားဆံပင်တွေတောင် ပြန်နက်ချင်လာပြီ။
တီ...တီ...တီ...
ရုတ်တရက် ဖုန်းထလာလေရာ လန့်သွားပြီး ဒယ်အိုးတစ်ခုလုံး မှောက်ကျသွားတော့မလို ဖြစ်သွားတယ်။ အဲဒီနောက်တော့ ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ဖုန်းကို ဆွဲထုတ်လိုက်ပြီး အီတလီခေါက်ဆွဲကြော်နေတဲ့အထဲကို ဆားတွေအများကြီး လောင်းထည့်မိလိုက်တယ်။ ရေခဲသေတ္တာထဲက နွားနို့ဘူးကိုထုတ်ပြီး ခွက်ထဲလောင်းထည့်နေတဲ့ လင်ဒါကတော့ မက်ဒါနာ ပေါက်ကရတွေလုပ်နေတာကို ခါးထောက်ရင်းကြည့်နေတယ်။
"ဟ..ဟယ်လို... ဘယ်သူပါလဲ။" မက်ဒါနာလည်း ဖုန်းနံပါတ်ကိုမကြည့်ဘဲ ကိုင်လိုက်ပြီး ပုံမှန်မိန်းကလေးလေသံနဲ့ပဲ ပြောလိုက်တာပါ။
"ဟဲ့... နင်ဘယ်ကကောင်မလဲ၊ ငါ့သားမင်းလွင် ဘယ်ရောက်နေလဲ။" ဒါပေမဲ့ ဖုန်းခေါ်တဲ့သူက သူ့အမေဖြစ်နေမယ်လို့ မထင်လိုက်မိဘူး။ ဒါကြောင့် အလန့်တကြား အသံကို မင်းလွင်အဖြစ်ပြောင်းပြီး ပြောလိုက်တယ်။
"အဲ...အမေ...ဆောရီး၊ ခုနက သားသူငယ်ချင်း သားအစားဖုန်းကိုင်ပေးနေတာ။ အမေအော်လိုက်လို့ သူလန့်သွားပြီ။" မေမေသီတာကတော့ နည်းနည်းလေးမှ ယုံတဲ့ပုံမပေါ်ဘူး။
"သားနော်၊ သူငယ်ချင်းရော ဟုတ်ရဲ့လား။ အမေမသိဘဲ ကောင်မလေးထားနေတာတော့ မဟုတ်ပါဘူးနော်။ အခုဘယ်မှာလဲ။"
"အင်း၊ သားအိမ်မှာလေ..." မေမေသီတာ့စကားကို ဖော်လိုလိုက်ပြီး ပြောပြီးတဲ့နောက်တော့ မက်ဒါနာလည်း နောင်တတွေ အတောင့်လိုက်ရတော့တာပဲ။
"ဘာ... အိမ်မှာကောင်မလေးတစ်ယောက်နဲ့ အတူရှိနေတယ်၊ ဟုတ်လား။ ပြောကြစမ်း၊ နင်တို့တွေ ဘယ်အဆင့်ထိရောက်နေကြပြီလဲ။ ဘယ်ကကောင်မလေးလဲ၊ မဟုတ်မဟတ်တွေ လုပ်မထားနဲ့နော်။"
"......" တစ်ဖက်ကနေ မေမေသီတာရဲ့ အသံအကျယ်ကြီး ထွက်လာတဲ့အတွက် မက်ဒါနာလည်း သူ့ကိစ္စကို ဘယ်လိုရှင်းရမှန်းမသိတော့ဘူး။
"ထားတော့၊ သားလည်း အရွယ်ရောက်နေပြီပဲ။ ဒီတော့ ရည်းစားထားတာ အမေအပြစ်မမြင်ပါဘူး။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ကို တာဝန်မဲ့လုပ်တာမျိုး အမေမလိုချင်ဘူး။ သားဒီတစ်ခေါက်အိမ်ပြန်လာရင် အမေ့ချွေးမလေးပါ ခေါ်လာခဲ့နော်။"
"....." မင်းလွင်ကတော့ မေမေသီတာရဲ့စကားတွေကို အခုအချိန်ထိ ဘယ်လိုတုံ့ပြန်ရမှန်းမသိဘူး။ ခဏနေတော့ မေမေသီတာက စကားလမ်းကြောင်းပြောင်းလိုက်တယ်။
"ဒါနဲ့၊ သားတီဗီကြည့်ပြီးပြီလား။ ဆုဗာနာသံအဖွဲ့ရောက်လာပြီ။ မနက်ဖြန် အမေ့အိမ်ကိုလာမှာတဲ့။ ဒီတော့ သားလည်းတစ်ခါတည်း လေယာဥ်လက်မှတ်ဖြတ်ပြီး ပြန်လာခဲ့တော့လေ။"
တကယ်တော့ မက်ဒါနာကိုယ်တိုင်ကလည်း သူ့အိမ်ကို စောပြန်ပြီး သားလေးကနေ သမီးလေးဖြစ်သွားတဲ့ကိစ္စကို အရင်ကြိုပြောမလို့ပါ။ ဒါပေမဲ့ ဟိုနေ့က မီးနီလင်းတဲ့ကိစ္စ၊ ဖရာလီတာရောက်လာတဲ့ကိစ္စတွေအပြင် ဒီနေ့မနက် စကော်ပီယိုကို သွားခေါ်နေရတာကြောင့် နောက်ကျပြီး မသွားဖြစ်တော့တာပါ။ ဒါကြောင့် မထူးတော့တဲ့အဆုံး ဖုန်းထဲကနေပဲ ဝန်ခံဖို့ မက်ဒါနာ ဆုံးဖြတ်လိုက်တယ်။
"အမေ...၊ သားပြောစရာရှိတယ်။" မက်ဒါနာက မင်းလွင်လေသံနဲ့ အရင်ပြောလိုက်တယ်။
"အင်း၊ ပြောလေ။ အမေနားထောင်နေတယ်။" မေမေသီတာရဲ့အသံကို ကြားပြီးတဲ့နောက် မက်ဒါနာလည်း အသံဖျက်မနေတော့ဘဲ မိန်းကလေးသံနဲ့ ပြောလိုက်တယ်။
"အမေ့သားက အခုသမီးလေးဖြစ်သွားပြီ။"
"....."
၂။
"အဲဒီနေ့က ဆေးရုံမီးလောင်တော့ ကျွန်တော်လည်းမနေနိုင်ဘဲ စမ်းသပ်နမူနာဝတ်စုံကိုဝတ်ပြီး ကလေးတွေကို သွားကယ်လိုက်တယ်လေ။ အဲဒီနောက်တော့ ဝတ်စုံအပူလွန်ကဲပြီး ခဲပတ်နဲ့ကင်ထားတဲ့ငါးလို ဖြစ်သွားတော့တာ။"
သာမန်ရိုးရိုးလုံးချင်းအိမ်လေးထဲမှာ မက်ဒါနာက ကြမ်းပြင်ပေါ်မှာ ကျုံကျုံလေးထိုင်ရင်း သားလေးကနေ သမီးလေးဖြစ်သွားတဲ့အကြောင်းစုံကို မေမေသီတာကိုရှင်းပြနေတယ်။
"သေမလိုဖြစ်နေတဲ့အချိန်မှာ အခုဘေးမှာထိုင်နေတဲ့ ကျွန်တော့်အတန်းဖော်ကောင်မလေးက ဥက္ကာသလင်းတစ်ခုကို လာပေးတယ်လေ။ ကမ္ဘာကြီးတစ်ခုလုံးကို ကယ်ဖို့ဆိုလားဘာဆိုလား..."
ဂျာမန်သူကိုယ်လုံးလေးနဲ့ ဆိုဖီယာကတော့ မက်ဒါနာ့ဘေးမှာထိုင်နေပြီး မေမေသီတာဧည့်ခံထားတဲ့လက်ဖက်သုပ်ပန်းကန်ကို အကဲစမ်းနေတယ်။ တော်တော်ကြာ လေ့လာပြီးမှ ငရုတ်သီးစိမ်းတစ်ကိုက်ကိုကိုက်လိုက်ပြီး လက်ဖက်စားဇွန်းအပြည့် ပဲကြမ်းတွေကို ပါးစပ်ထဲပစ်ထည့်လိုက်တယ်။ အဲဒီနောက်တော့ နည်းနည်းစပ်နေတဲ့လေသံနဲ့...
"အရသာရှိလိုက်တာ..." အဲဒီနောက်တော့ သူ့လက်ဖြူဖြူလေးက မုန့်လုံးရေပေါ်ဆီရောက်သွားပြီး ခက်ရင်းနဲ့ထိုးပြီး တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲထည့်နေလိုက်ပြန်ရော။
"ချိုလိုက်တာ...." မေမေသီတာကတော့ သူ့သားလေးမဟုတ်တော့တဲ့ သမီးလေးဘေးမှာထိုင်နေတဲ့ ဂျာမန်သူအလှလေးကို အင်မတန်စိတ်ဝင်စားနေပြီး လင်းလဲ့နေတဲ့ မျက်လုံးတွေနဲ့ကြည့်နေလေရဲ့။
"ချွေးမလေးက မြန်မာမုန့်တွေကြိုက်တယ်ပေါ့။"
"အမေ၊ သူ့က ရိုးရိုးအတန်းဖော်သူငယ်ချင်းပါဆို။"
"ဘယ်ရိုးရိုးအတန်းဖော်က ဥက္ကာသလင်းလိုမျိုး တန်ဖိုးကြီးပစ္စည်းကိုပေးမှာလဲ၊ မြန်မြန်ကျေးဇူးတင်လိုက်ဦး။" မေမေသီတာက ပြောပြောဆိုဆိုနဲ့ နောက်မုန့်တစ်မျိုးကို ကြမ်းပြင်ပေါ်မှာခင်းထားတဲ့ စားပွဲဝိုင်း
အပုလေးပေါ် တင်လိုက်ပြန်တယ်။ ဒီတစ်ခါတော့ မုန့်လိပ်ပြာပါ။ ပဲသားကိုဌာပနာထားတဲ့ မုန့်သားဖြူဖြူက ကြည်လင်နေပြီးတော့ သလင်းသားလိုထင်ရတယ်။ မထင်ရပေမဲ့၊ မေမေသီတာက မြန်မာမုန့်တွေနဲ့ပတ်သက်လာရင် ကျွမ်းကျင်အဆင့်မှာပါ။ အင်တာနက်ကနေ ချက်နည်းတွေကိုဒေါင်းပြီး ဝတ်စုံအကူနဲ့ဟင်းချက်တဲ့ မက်ဒါနာနဲ့ကတော့ လုံးဝနယ်ပယ်ချင်းကွာတယ်။
သားလေးက သမီးလေးဖြစ်သွားတဲ့ကိစ္စကို မေမေသီတာရဲ့တုံ့ပြန်ပုံက ဒီလောက်မဆိုးဝါးဘူး။ ပြောရရင် အလွန်ဖော်ရွေနေတယ်။ ချစ်ပုံချစ်နည်း နည်းနည်းလေးပြောင်းသွားရုံပဲရှိတာ။ သားလေးဘဝတုန်းက ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးပေမဲ့ သမီးလေးကျတော့ ပိုဂရုစိုက်နေပြီး အထူးသဖြင့် ကျင့်ဝတ်တွေနဲ့ မိန်းကလေးတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ အိန္ဒြေမျိုးတွေကို သင်ကြားပေးနေတာပါ။
"ဒီတော့ ငါ့သားလေးက စွမ်းအားနိုးထခြင်းဖြစ်စဥ်မှာ အသက်အန္တရာယ်နဲ့ကြုံရပြီး ဖိအားပေးမိသလိုဖြစ်သွားလို့ သမီးလေးဖြစ်သွားတာလား၊ ကိစ္စမရှိဘူး။ ငယ်ငယ်က ပစ္စည်းတွေထွင်ရင်လည်း ဒီလိုလွဲနေကျပဲဥစ္စာ၊ အခုက ဘေးထွက်ဆိုးကျိုး ကြီးသွားရုံလောက်ပဲ။ လူဘာမှမဖြစ်ရင်ပြီးပြီ။ ပြီးတော့ သမက်ခေါ်လာရမယ့်အစား ချွေးမလှလှလေး ခေါ်လာတယ်ဆိုတော့ တော်တယ်ပြောရမှာပဲ။"
မေမေသီတာရဲ့စကားကြောင့် အခုမြန်မာရင်ဖုံးအင်္ကျီကို စိတ်မပါဘဲဝတ်ထားရတဲ့ မက်ဒါနာက ရှုံမဲ့လို့ရယ်။ ထမီလည်းဝတ်ထားပေမဲ့ ချိပ်ပါတဲ့ ထမီစကပ်ပါ။ သနားစရာကောင်းစွာနဲ့ ဆုဗာနာရဲ့နယ်စားမင်းသမီးလေးက အမျိုးသမီးရိုးရာဝတ်စုံဝတ်တတ်ဖို့မပြောနဲ့ ယောက်ျားလေးတွေဝတ်တဲ့ ပုဆိုးတောင်မှ မြင်ဖူးရုံပဲရှိတာ။
"အမေကလည်း၊ မသိရင် ကျွန်တော်ကပဲ အမှားတွေအမြဲလုပ်နေသလိုလို။" သူများတွေရှေ့မှာ ငယ်ငယ်ကအကြောင်းတွေ အဖော်ခံရတာကြောင့် ရှက်နေတဲ့ မက်ဒါနာရဲ့မျက်နှာက ပန်းနီရောင်သန်းနေတယ်။ ငွေရောင်ဆံပင်ဂုတ်ဝဲလေးနဲ့ နှင်းလိုဖြူစင်တဲ့ အသားအရေပိုင်ရှင် မိန်းကလေးက ရိုးရိုးယဥ်ယဥ်ပန်းနုရောင် မြန်မာဝတ်စုံလေးကို ဝတ်ထားတာလေ။ တကယ့်ကို ချစ်စရာလေး၊ ချစ်စရာကောင်းလွန်းလို့ ဘေးမှာရှိနေတဲ့ ဆိုဖီယာတောင် သူ့ကိုခိုးနမ်းချင်နေပြီ။
"မဟုတ်လို့လား၊ သားအခန်းထဲက ဗီရိုထဲမှာဆိုရင် ငယ်ငယ်ကထွင်ပြီးမအောင်မြင်တဲ့ ပစ္စည်းတွေအများကြီး ပုံနေတာလေ။"
အဲဒီနောက်တော့ မေမေသီတာက သူ့အခန်းထဲက ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ထုတ်ပြတော့တာပဲ။ မက်ဒါနာကတော့ ရှက်လွန်းအားကြီးလို့ မျက်နှာကို လက်နဲ့ကွယ်ထားတယ်။
သူတို့နဲ့အတူပါလာပေမဲ့ စကားဝင်မပြောဘဲ ဗြိတိသျှဆန်ဆန် လက်ဖက်ရည်သောက်နေတဲ့ လိုလီလေးဖရာလီတာကတော့ မင်းလွင်ရဲ့တီထွင်မှုတွေအကြောင်းကြားတာနဲ့ ဆိုဖာခုံပေါ်ကနေထလာပြီး စိတ်ဝင်တစား ပြေးလာကြည့်တယ်။
မေမေသီတာ ထုတ်ပြတဲ့ပစ္စည်းတစ်ခုက သံလိုက်အားကိုသုံးပြီး လေထုထဲမှာ ဝဲနေနိုင်တဲ့ ဟော့ပါအသေးစားလေးပါ။ အခုခေတ်မှာက ဟော့ပါဆိုင်ကယ်တွေပေါ်နေပြီဖြစ်ပြီး အထူးအဆန်းမဟုတ်တော့ပေမဲ့ ဒီပစ္စည်းတွေကို မင်းလွင်စတီထွင်ခဲ့တဲ့ ၂၀၂၀ ခုနှစ်တွေမှာတော့ ကုမ္ပဏီကြီးတွေတောင်မှ ဒီလိုပစ္စည်းမျိုးကို စိတ်ကူးယဥ်ဒီဇိုင်းတွေအနေနဲ့သာ သူတို့ကွန်ပျူတာထဲမှာ သိမ်းထားကြတုန်းမလို့ နမူနာသံလိုက်ကားပျံသေးသေးလေးကိုထုတ်ဖို့ ဝေလာဝေးရော။
"ဝိုး... သူအဲဒီတုန်းကတည်းက တီထွင်ဉာဏ်တော်တော်ကောင်းတာပဲ။ ဥက္ကာသလင်းကျောက်က သူ့ရဲ့ဉာဏ်ရည်အသုံးချနိုင်စွမ်းကို ပိုကောင်းအောင်လုပ်ပေးရုံပဲရှိတာ။"
နှစ်ရက်လောက်ပဲ အတူတူရှိနေခဲ့ရပေမဲ့ ဖရာလီတာဟာ မက်ဒါနာရဲ့အံ့ဩဖို့ကောင်းတဲ့ တီထွင်မှုတွေကို မြင်ပြီးနေပါပြီ။ သူတို့က တူညီတဲ့သလင်းကျောက်တွေကို ရရှိထားပေမဲ့ မက်ဒါနာရဲ့တီထွင်နိုင်စွမ်းကိုတော့ အံ့အားသင့်နေရဆဲပါ။ သူသာ ထောင်စုနှစ်တစ်ခုစာစောတဲ့ နည်းပညာမှတ်တမ်းရမထားဘူးဆိုရင် မက်ဒါနာကို လိုက်မီမှာမဟုတ်ပါဘူး။
အခု၄၈နာရီအတွင်းမှာ မက်ဒါနာ သားလေးကနေ သမီးလေးဖြစ်သွားတဲ့ကိစ္စကိုလည်း ဖရာလီတာသိပြီးပါပြီ။ သူ့ရဲ့တုံ့ပြန်မှုကတော့ ဆိုဖာခုံပေါ်ကနေ ပြုတ်ကျသွားတဲ့အထိ ရယ်မိတာပဲ။
မေမေသီတာက ခပ်သေးသေးနဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးကိုမြင်တော့ မနေနိုင်ဘဲ ခေါင်းကိုပုတ်ပေးလိုက်တယ်။ အဲဒီနောက်တော့...
"ဒီကားပျံကို သူထွင်တုန်းက အဒေါ့်အိမ်မီးလောင်ခါနီးဖြစ်သွားတယ်လေ။ ရီမုကားမှာသုံးတဲ့ လျှပ်စစ်ပတ်လမ်းတွေက အပူဒဏ်ကိုမခံနိုင်လို့ ရှော့ဖြစ်တာ။ နောက်တော့ အဲဒါတွေကိုအစားထိုးဖို့ဆိုပြီး အိမ်က LCDတီဗွီနဲ့ မိုက်ခရိုဝေ့မီးဖိုကို အဒေါ်လစ်တုန်း တစ်စစီဖြုတ်ပစ်လိုက်တော့တာပဲ။"
ဖရာလီတာက မေမေသီတာခေါင်းပုတ်ပေးတာကို ကြောင်လေးတစ်ကောင်လိုမျိုး ငြိမ်ခံနေတယ်။ နောက်မှ ရှက်သွားပုံရပြီး သူ့ခေါင်းကိုသူကိုင်ကာ ချက်ချင်းဆိုဖာဆီ ပြန်ပြေးသွားလိုက်တယ်။ မေမေသီတာကတော့ ဝမ်းသာအားရပြုံးရင်း...
"အား... ငါ့သမီးလေးက ချစ်စရာကောင်းတဲ့ ချွေးမလေးနှစ်ယောက် ခေါ်လာတာပဲ။ သမီးလေးမှာ တခြားကောင်မလေးတွေရော ရှိသေးလား။"
မက်ဒါနာကတော့ ဘာပြန်ဖြေရမှန်းကို မသိတော့ဘူး။ ဆိုဖီယာကတော့ မီးလောင်ရာ လေပင့်ပေးလိုက်တယ်။
"တကယ်တော့ မက်ဒါနာမှာ နောက်သုံးယောက်လောက် ကျန်သေးတယ်။ နယူးယောက် ကွင်းစ်နယ်မြေက ရဲအရာရှိကောင်မလေးတစ်ယောက်ရယ်၊ ကုမ္ပဏီမန်နေဂျာအစ်မကြီးတစ်ယောက်ရယ်၊ ဟီးရိုးလုပ်ဖော်ကိုင်ဖက်တစ်ယောက်ရယ်။ တခြားဟိုလိုလိုဒီလိုလိုတွေရှိသေးပေမဲ့ သမီးပြိုင်ဖက်မဟုတ်လို့ ထည့်မတွက်တော့ဘူး။"
မေမေသီတာကတော့ ဆိုဖီယာ့စကားကို အဟုတ်ကြီးထင်ပြီး သူ့လက်ဖက်နှစ်ကို အချင်းချင်းဖျစ်ညှစ်ရင်း အားရနေတဲ့အပြုံးကြီးနဲ့ မက်ဒါနာကို ကြည့်လိုက်တယ်။
"ငါ့သမီးလေးက နယ်စားမင်းသမီးတောင် တရားဝင်မဖြစ်သေးဘူး၊ ဟာရမ်ထောင်ဖို့တောင် စဥ်းစားနေပြီလား။"
"....." မက်ဒါနာကတော့ မျက်နှာသေကြီးနဲ့ ဆိုဖီယာကို ကြည့်နေလိုက်တယ်။ ဒီဂြိုဟ်သူမက သူ့အမေကို ဘာတွေလျှောက်ပြောနေတာလဲ။ တကယ်ထင်ကုန်ရင် ဘယ်လိုလုပ်မလဲ။ ဆိုဖီယာက တည်ငြိမ်သူလေးဆိုပေမဲ့ အတည်ပေါက်နဲ့နောက်လိမ့်မယ် ထင်မထားဘူး။ ဆိုဖီယာကတော့ မက်ဒါနာကို ပြန်ကြည့်လိုက်ပြီး မျက်လုံးချင်းဆုံအောင် ကြည့်လိုက်တယ်။ ဂျာမန်သူလေးရဲ့အစိမ်းရောင်မျက်လုံးတွေက အန္တရာယ်ရှိစွာ တောက်ပနေတယ်။
"နင်ဘာတွေးနေလဲ ငါသိတယ်၊ ငါနောက်နေတာမဟုတ်ဘူး။ ငါလက်ထပ်ခွင့်တောင်းရင် စိန်မိုးရွာနေတဲ့ ဂြိုဟ်တစ်ခုလုံးကို လက်စွပ်လုပ်ပေးမယ်။"
"....." မက်ဒါနာလည်း ဒေါသထွက်ထွက်နဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ သူအကြိုက်ဆုံး ဂျာမန်သူကိုယ်လုံးလေး ပျက်စီးသွားမှာသာမကြောက်ရင် ဒီဂြိုဟ်သူမကို စေဘာစတိန်းစာကျွေးပစ်မိမှာ။ ဒီတစ်ယောက်က ဟိုမန်နေဂျာဖလေရာထက်တောင် ပိုဆိုးနေသေးတယ်။
....
ညရောက်တော့ မက်ဒါနာ စပရိန်မွေ့ရာပေါ်ကို ဒိုင်ဗင်ပစ်ဝင်လိုက်မိတယ်။ အိမ်မှာရှိတဲ့ သူ့အခန်းထဲမှာ သူမအိပ်ရတာတောင် နှစ်ပေါက်နေပြီ။ နောက်ဆုံးတစ်ကြိမ် အိမ်ပြန်ခဲ့တာ ဘယ်တုန်းကမှန်းတောင် သူမသိတော့ဘူး။
အခုတော့ မနက်ဖြန်ရင်ဆိုင်ရတော့မယ့် သတင်းစာရှင်းလင်းပွဲကိစ္စကို စိုးရိမ်နေတုန်းပဲ။ သူနဲ့မေမေသီတာ နိုင်ငံခြားရေးဝန်ကြီးကို သားလေးကနေ သမီးလေးဖြစ်သွားတဲ့အကြောင်း ရှင်းပြတော့ ဆယ့်ငါးစက္ကန့်လောက်ကြာအောင် အဲဒီလူကြီးက သူ့ကိုမျက်နှာသေနဲ့ စိုက်ကြည့်နေခဲ့တာ။ အတော်ကြာမှ...
"တကယ်ကြီးလား..." ဆိုပြီးမေးတာလေ။ လုံးဝအဆင်မပြေတာ အသိသာကြီးကို။ ဆုဗာနာဆက်ခံသူက နယ်စားမင်းသား၊ ယောက်ျားလေးပါလို့ တစ်ကမ္ဘာလုံးကို ကြေညာပြီးခါမှ မိန်းကလေးဖြစ်နေတဲ့အတွက် နိုင်ငံတော်အဆင့် မဟာအရှက်တော်ကွဲမှုကြီး ဖြစ်တော့မှာလေ။
နယ်စားကြီးနဲ့ ဗီဒီယိုကောလ်ပြောတုန်းကလည်း တော်တော်အဆင်မပြေတာ။ သူတစ်ခါမှမမြင်ဖူးတဲ့ နယ်စားဖိုးဖိုးကြီး နဖူးကိုလက်နဲ့ဆုပ်ကိုင်ပြီး အော်ငိုနေတာ မြင်လိုက်ရလို့လေ။
"ဘာ.... အဲဒီနေ့က ငါ့သမီးပို့လိုက်တဲ့ပုံထဲမှာ ဂျိုးလေးပါတယ်လေ။ ငါ့မြေးရဲ့ဂျိုးကို ဘယ်ကောင်ဖြုတ်သွားတာလဲကွ။" ဖိုးဖိုးကြည့်ရတာ တော်တော်စိတ်ထိခိုက်သွားပုံပဲ။
မက်ဒါနာလည်း ရှုပ်ထွေးနေတဲ့ သူ့စိတ်အတွေးတွေကို မရပ်တန့်နိုင်တော့တာနဲ့ ခေါင်းကို ခေါင်းအုံးနဲ့ဖိပြီး လက်သီးနဲ့အကြိမ်ကြိမ်ထိုးမိလိုက်တယ်။
သူ့ကို ဆုဗာနာနိုင်ငံသားတွေက လက်မခံနိုင်ရင် ဘယ်လိုလုပ်မလဲ။ အာရှသားတွေက ရှေးရိုးစွဲတဲ့နေရာမှာ ပြိုင်ဖက်ကင်းကြတယ်လေ။ လိင်ပြောင်းလဲခံယူတဲ့သူတွေကို ခွဲခြားဆက်ဆံတာမျိုးက သူတို့ဆီမှာမရှားဘူး။ သူက ခွဲစိပ်ထားတာမဟုတ်ဘဲ၊ မြူတန့်ဖြစ်စဥ်ကြောင့် ပြောင်းလဲသွားတာဆိုပေမဲ့ စိုးရိမ်နေတုန်းပဲ။
'ငါလည်း ပြောင်းချင်လို့ ပြောင်းလိုက်တာမှမဟုတ်တာ၊ သူ့ဘာသာသူ ပြောင်းသွားတာလေ။ ဘယ်တတ်နိုင်မလဲ။' အဲဒီလိုဖြစ်ပြီးနောက် ဖြတ်သန်းခဲ့ရတဲ့ ပထမဆုံးနေ့ရက်တွေကို သူသတိရမိတယ်။ ဘယ်လိုမှ အဆင်မပြေခဲ့ဘူးတကယ်။
....
အောက်ထပ်မှာရှိတဲ့ ဧည့်သည်တွေအတွက်ထားတဲ့ အိပ်ခန်းထဲမှာဖြစ်တယ်။ ဖရာလီတာနဲ့ဆိုဖီယာက ဒီအခန်းထဲမှာ နှစ်ယောက်တွဲနေနေရတယ်။
ဖရာလီတာကတော့ ဟောက်သံထွက်တဲ့အထိ အိပ်နေပြီဆိုပေမဲ့ သူ့ဝတ်စုံမှာသုံးတဲ့ တိုက်တေနီယံလျှပ်စစ်ကြိုးနဲ့ ဆိုဖီယာရဲ့လက်တစ်ဖက်ကို သူ့လက်နဲ့တွဲချည်ထားတယ်။ သူမသိလိုက်ခင် ငွေရောင်စစ်သည်တော်ကို မပြီးထွက်ပြေးသွားမှာစိုးလို့တဲ့။
ဆိုဖီယာကတော့ အခုထိမအိပ်သေးဘဲ မျက်လုံးကိုဖွင့်ပြီး အခန်းမျက်နှာကျက်ကို မော့ကြည့်နေလိုက်တယ်။ မက်ဒါနာကို ဖရာလီတာတွေ့ဖူးတာ တစ်ပတ်မပြည့်သေးဘူး။ ဒါပေမဲ့ စုန်းဖြူမလေးရဲ့ပြုစားမှုဒဏ်ကို အသေးမလေးခံလိုက်ရပြီ။ တကယ်တော့ သူကိုယ်တိုင်ကလည်း ဘာမှမထူးတဲ့လူပါ။ အဲဒီနေ့က တင်မီ့ဘေးနားမှာ ကုပ်ကုပ်လေးနေနေတဲ့ အာရှလူငယ်လေးဖြစ်နေစဥ်ကတည်းက မင်းလွင်ကို သူစစိတ်ဝင်စားခဲ့တာ။
အဲဒီတုန်းက မင်းလွင်ဟာ ဘာမှထူးခြားမှုမရှိတဲ့ သာမန်လူငယ်လေး၊ ဒါပေမဲ့ မှော်ဆရာမာလင်လိုပဲ တစ်ပါးသူကို အလိုလိုဆွဲဆောင်နိုင်တဲ့ ညို့ဓာတ်မျိုးရှိနေတယ်။
ဆိုဖီယာလို နတ်ဘုရားအသံမျိုးနွယ်တွေအတွက်က အချစ်ဆိုတဲ့အရာဟာ ခန္ဓာကိုယ်အပြင်ပန်းသွင်ပြင်နဲ့ မသက်ဆိုင်ဘူး။ သူတို့တွေက စိတ်ဝိညာဥ်လှိုင်းချင်း ထိခတ်မိရာကနေပဲ ချစ်ကြိုက်မိနိုင်ကြတာ။
မင်းလွင်ကို သူစတွေ့ကတည်းက သူရဲကောင်းဖြစ်ချင်တဲ့ စိတ်ကူးတစ်ခုတည်းကိုပဲ တွေးထားပြီးတော့ သူ့ရဲ့နည်းပညာတွေကို တီထွင်နေခဲ့တာ။ သူ့စိတ်ကူးအိပ်မက်ထဲမှာ နည်းပညာတွေကိုသုံးပြီး ကမ္ဘာကြီးကို ကယ်တင်နေတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်နေပေမဲ့ အပြင်မှာတော့ ကျောင်းကန့်တင်းမှာထားတဲ့ တီဗီမှာပြတဲ့ ဟီးရိုးအစီအစဥ်တွေကို ငေးကြည့်နေရုံအပြင် ဘာမှမတတ်နိုင်တဲ့ လူတစ်ယောက်ပေါ့။
'ငါ သူရဲကောင်းဖြစ်ချင်တယ်။' 'လူတွေကို ကယ်ချင်တယ်။' 'ဘာလို့ ဟီးရိုးဆိုတဲ့လူတွေက လူတွေကိုအရင်မကယ်ဘဲ ဗီလိန်တွေနဲ့ချနေတာလဲ။' 'သူတို့အစွမ်းတွေက လူတွေကိုထိမှာ မစိုးရိမ်ဘူးလား။' စသည်ဖြင့် မင်းလွင်ရဲ့အတွေးတွေကို သူနေ့တိုင်းကြားခဲ့တယ်။
အဲဒီနေ့ ဆေးရုံကိစ္စမှာတုန်းက ဆိုဖီယာကိုယ်တိုင် ဒဏ်ရာရထားခဲ့ပေမဲ့ မင်းလွင်ကိုသွားပြီး ကူညီပေးခဲ့တယ်။ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ သူရထားတဲ့ ဥက္ကာသလင်းကျောက်ကို ထိုက်တန်တဲ့သူဟာ မင်းလွင်အပြင် တခြားတစ်ယောက်မရှိနိုင်တော့ဘူးလို့ သူခံစားခဲ့ရတဲ့အချိန်ပေါ့။
တကယ်ဟီးရိုးတစ်ယောက် ဖြစ်လာချိန်မှာလည်း မက်ဒါနာက အကူအညီလိုအပ်နေသူတိုင်းကို ကူညီခဲ့ပြီး လစ်လျူရှုတာမျိုး မလုပ်ခဲ့ဘူး။ တခြားဟီးရိုးတွေလိုမျိုး ဗီလိန်တွေကိုချဖို့ပဲ အားသန်နေတာမျိုး မရှိခဲ့ဘူး။
နတ်ဘုရားအသံမျိုးနွယ်ဝင်တစ်ယောက်အတွက် ယောကျ်ားပီသတယ်လို့ ဆိုဖီယာ မက်ဒါနာကို အဲဒီအချိန်မှာ စခံစားမိခဲ့တာပဲ။ ဒါပေမဲ့ သူသတိထားမိချိန်ရောက်တော့ သူ့မှာပြိုင်ဖက်တွေအများကြီးရှိနေပြီ။ နောက်ကျနေပြီလို့တောင် ပြောရမလားပဲ။
ဖလေရာဆိုတဲ့တစ်ယောက်ဆိုရင်လည်း မက်ဒါနာကို အသေရရ အရှင်ရရဖြစ်နေပြီးတော့ သူပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး မက်ဒါနာနဲ့မိသားစုဘဝလေးကို တည်ထောင်ဖို့အတွက် အသင့်ဖြစ်နေပြီ။
တခြားထူးခြားတဲ့အရည်အချင်းမရှိသလို မင်းလွင်ထက် အသက်အများကြီးကြီးပေမဲ့ မင်းလွင်ကို လူတိုင်းထက် အရင်ဆုံးသတိထားမိခဲ့သူက ဖလေရာပါ။ မင်းလွင်ကိုလည်း အများကြီးကူညီခဲ့တယ်။ ပြီးတော့ မက်ဒါနာနဲ့တစ်ခါတောင် ဒင်နာလုပ်ပြီး ဒိတ်နိုင်ခဲ့သေးတယ်လေ။ လုံးဝ မနာလိုစရာကောင်းလွန်းလို့ ဆိုဖီယာက ဖလေရာကို ပြိုင်ဖက်စာရင်းထဲ ထည့်ထားတာ။
ရဲမေလင်ဒါနဲ့ကတော့ ပြောစရာကို မလိုတဲ့အထိပဲ။ မနက်တိုင်း မက်ဒါနာက လင်ဒါအတွက် ဟင်းချက်ပေးတတ်ပြီး ကလေးတစ်ယောက်ကိုလည်း အတူမွေးစားပြီး ပြုစုပျိုးထောင်ပေးနေကြသေးတယ်။ သူတို့က မိသားစုတွေလိုတောင် ဖြစ်နေပြီ။ လုံးဝမနာလိုစရာမလို့ နံပါတ်တစ် ထိပ်ဆုံးရန်သူတော်အဖြစ် သတ်မှတ်ထားတယ်။
မက်ဒါနာက မာဂရပ်နဲ့တော့ သိပ်အဆက်အဆံမရှိပေမဲ့ လေဒီဘတ်တာဖလိုင်းက SilverKnightနဲ့စိတ်တူကိုယ်တူလေ။ ပြီးတော့ မက်ဒါနာက ငွေရောင်စစ်သည်တော်အနေနဲ့ လေဒီဘတ်တာဖလိုင်းကို မင်းသမီးလေးလိုမျိုး ချီပြီးကယ်ဖူးထားလို့ မနာလိုစရာကောင်းပြီး ဧရာမခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ထားပြီးသား။
ဟော၊ အခုဘေးမှာအိပ်နေတဲ့ ဖရာလီတာကရော ဘာထူးလဲ။ ဖရာလီတာလမ်းပျောက်တုန်းက ငွေရောင်စစ်သည်တော် ကူညီပေးခဲ့ရပြီး စုံတွဲတွေလိုမျိုး ရေခဲမုန့်တောင် အတူစားလာသေးတယ်။(တကယ်က စားခဲ့တယ်လို့ ဆိုဖီယာသူ့ဘာသာ ထင်နေတာ။) လုံးဝ မနာလိုစရာပဲ၊ ပြီးတော့ သူ့ကိုလည်း လက်ထိပ်ခတ်ပြီး ညဖက် မက်ဒါနာကို သွားတွေ့မရအောင် လုပ်ထားသေးတယ်။ အဆိုးဆုံးက မက်ဒါနာမရှိတုန်း 'SilverKnightက ငါ့အပိုင်ပဲ။'လို့ပြောပြီး ပေါ်တင်စိန်ခေါ်ထားသေးတယ်။ လုံးဝ သည်းမခံနိုင်စရာပဲ။
ဆိုဖီယာကတော့ မက်ဒါနာက တစ်ခုခုဖြစ်တိုင်း သူ့ကိုလာအကူအညီတောင်းရုံကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ချောင်ထိုးခံထားရတယ်လို့ ခံစားနေရပြီး အထီးကျန်နေသူပါ။ ပြီးတော့ တခြားပြိုင်ဖက်တွေရန်ကလည်း ကြောက်နေရသေးတယ်။
"ငါ သူ့ကို အပိုင်စီးထားလိုက်ရင်းကောင်းမလား။" ဒီအတွေးနဲ့အတူ တစ်နေ့လုံး မေမေသီတာအကြိုက် ချွေးမကောင်းလေးလို ဟန်ဆောင်နေခဲ့တာလေ။ တကယ်လို့ မက်ဒါနာကိုသာ သိမ်းပိုက်နိုင်ခဲ့ရင် အားလုံးပွဲသိမ်းသွားပြီ။
"ဖရာလီတာတို့၊ ဖလေရာတို့ ကျန်ခဲ့ပေတော့ပဲ။" လောလောဆယ် တွဲအချည်ခံထားရလို့ လူကိုယ်တိုင် မသွားနိုင်တာတစ်ခုပဲ ဝမ်းနည်းစရာရှိတာ။ မက်ဒါနာလေးအိပ်နေတာကို တစ်ညလုံးချောင်းကြည့်ချင်သေးတယ်။
ခဏနေတော့ ဂျာမန်သူလေးရဲ့အသက်ရှုသံက လုံးဝရပ်သွားပြီး နှလုံးခုန်သံလည်း တဖြည်းဖြည်းနှေးလာတယ်။ သွေးမလျှောက်တော့လို့ မျက်နှာတွေတောင် တဖြည်းဖြည်းပြာနှမ်းလာပြီ။ အဲဒီနောက်တော့ ညအမှောင်ထဲမှာ ငွေရောင်တောက်ပနေတဲ့ လူသဏ္ဍာန်အရိပ်တစ်ခုက လေထုထဲကို မျောလွင့်လာပါတယ်။ နတ်ဘုရားအသံမျိုးနွယ်ရဲ့ဝိညာဥ်ခန္ဓာကိုယ်ပါ။ ဆိုဖီယာရဲ့ တကယ့်ခန္ဓာကိုယ်လည်းဖြစ်တယ်။
ထွင်းဖောက်မြင်နိုင်တဲ့ ငွေရောင်အလင်းခန္ဓာက လေထုကိုဖြတ်သန်းရင်း အခန်းထဲကနေ ထွက်သွားတယ်။ ဂျာမန်သူခန္ဓာကိုယ်ကတော့ အသေကောင်အတိုင်း အေးစက်တောင့်တင်းနေပြီး လိုလီလေးနဲ့အတူ ကျန်နေခဲ့တယ်။
စက္ကန့်ပိုင်းလောက်ကြာတော့ မက်ဒါနာအခန်းတံခါးကိုဖြတ်ပြီး ဆိုဖီယာရဲ့ဝိညာဥ်ခန္ဓာက ဝင်လာတယ်။ ကံမကောင်းစွာနဲ့ အခုအချိန်ထိအိပ်မပျော်သေးတဲ့ မက်ဒါနာက အခန်းတံခါးဖက်ကို လှည့်ကြည့်လိုက်ပြီး လေထဲမျောနေတဲ့ တစ္ဆေလိုလိုအရိပ်ကိုမြင်လိုက်ရတော့ လက်သွားပြီး ပင့်သက်ရှိုက်လိုက်မိတယ်။
ဒါပေမဲ့အမေ့သား မက်ဒါနာလေးက သရဲမကြောက်တတ်ဘူး။ ချက်ချင်းအိပ်ရာဘေးချထားတဲ့ ငွေရောင်သေတ္တာကိုလှမ်းဆွဲပြီး သရဲလို့ထင်ရတဲ့ ငွေရောင်အလင်းစက်တွေကို လှမ်းအော်လိုက်တယ်။
"ရှေ့တိုးရဲ တိုးလာကြည့်စမ်း၊ ငါနင့်လို မကျွတ်မလွတ် တစ္ဆေတွေကို ငရဲပို့လာတာ ဝင်ချက်စတာနှစ်ကောင်ထက်တောင် အရေအတွက်များတယ်နော်။"
ခဏနေတော့ မက်ဒါနာရဲ့ခေါင်းထဲကို တခြားလူတစ်ယောက်ရဲ့အတွေးတွေ ဝင်လာတယ်။ ဒီလိုနည်းလမ်းနဲ့ ဆက်သွယ်ခံရတာမျိုးက မက်ဒါနာအတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ဘူး။
"ဟားဟား... ငါပါ၊ မက်ဒါနာရဲ့။ ဆိုဖီယာလေ၊ ဒါက ငါ့ရဲ့တကယ့်ပုံစံ။"
ဆိုဖီယာက သူ့စိတ်ထဲကို တိုက်ရိုက်စကားလုံးတွေ ထည့်သွင်းပြီး မကြာခဏပြောတတ်သူမလို့ အခုလိုဆက်သွယ်ခံရတာမျိုးကို သူနေသားကျနေပြီ။
"မိန်းကလေးဖြစ်နေပြီး ညကြီးအချိန်မတော် ယောက်ျားလေးတစ်ယောက်အခန်းထဲ ဘာဝင်လုပ်တာလဲ။"
မက်ဒါနာ့စကားကိုကြားတော့ ဆိုဖီယာ ရယ်မောလိုက်တယ်။ ဆည်းလည်းသံလို့ ရယ်သံလွင်လွင်လေးက မက်ဒါနာ့ခေါင်းထဲ စိမ့်ဝင်လာလေရဲ့။
"နင်က အခုမိန်းကလေးလေ၊ မက်ဒါနာရဲ့။" အဲဒီနောက် ငွေရောင်အလင်းစက်တွေက ပိုပြီးတောက်ပလာပြီး ထွင်းဖောက်မြင်နေတဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်က မင်းလွင်ရဲ့ရှေ့မှာလွင့်မျောနေဟန် ပေါ်လာပါတယ်။
"နင်...နင်ဘာလုပ်မလို့လဲ..."
"ငြိမ်ငြိမ်လေးနေပြီး မျက်လုံးမှိတ်ထား၊ ငါလုပ်စရာရှိလို့။" မက်ဒါနာလည်း ဘာဖြစ်နေမှန်း သေချာနားမလည်ပေမဲ့ ဆိုဖီယာပြောတဲ့အတိုင်း မျက်လုံးကိုမှိတ်ထားလိုက်တယ်။ ဆိုဖီယာကတော့ မက်ဒါနာ့အနားကို ပိုတိုးကပ်လာပြီး နောက်ဆုံးမှာတော့ ရှုပ်ပွနေတဲ့ ငွေရောင်ဆံနွယ်တွေကို စိတ်စွမ်းအင်နဲ့ဖယ်ရှားလိုက်ပြီး နဖူးကိုနမ်းလိုက်တယ်။
"....." မက်ဒါနာကတော့ ရုတ်တရက်ကြီး ဒီလိုအနမ်းခံလိုက်ရတဲ့အတွက် အတော်ကြာတဲ့အထိ ဘာပြောလို့ပြောရမှန်း မသိတော့ဘူး။ ပြီးတော့ နတ်ဘုရားအသံတစ်ယောက် နမ်းတာခံရတာက ပုံမှန်နဲ့မတူဘဲ အလွန်ထူးဆန်းတယ်။ သူ့ခေါင်းထဲမှာ ကြယ်တာရာတွေအားလုံး ချာလည်လည်သွားသလိုမျိုး ခံစားရတယ်။ ပြီးတော့ ဆိုဖီယာရဲ့ငွေရောင်ဝိညာဥ်အသွင်က သူ့ခေါင်းထဲမှာ မေ့မရနိုင်အောင် ကျန်နေရစ်တယ်။
"အခုကနေစပြီး နင်ငါ့ကို ဘယ်တော့မှမေ့သွားတော့မှာမဟုတ်ဘူး၊ ဒါကို ညပိုင်းနှုတ်ဆက်တဲ့အနမ်းအနေနဲ့ ယူဆလိုက်လို့ရတယ်။"
အဲဒီနောက်တော့ ဆိုဖီယာက ရယ်မောရင်း သူ့အခန်းနံရံကို ဖြတ်သန်းပြီး အပြင်ပြန်ထွက်သွားတယ်။ မက်ဒါနာတစ်ယောက်သာ အိပ်ရာထဲမှာထိုင်နေရင်း အကြောင်သား ကျန်နေရစ်တယ်။
၃။
သတင်းစာရှင်းလင်းပွဲလုပ်နေစဥ်တစ်လျှောက်လုံး မက်ဒါနာ တော်တော်စိတ်ဆင်းရဲနေရပြီ။ ဂျာနယ်လစ်တွေတစ်ရာနီးပါးလောက်က သူ့ကိုမဟုတ်ကဟုတ်ကတွေ လျှောက်မေးတော့မယ့် မျက်လုံးမျိုးတွေနဲ့ ကြည့်နေကြတာကိုး။
"မစ္စတာမင်းလွင်၊ ဒါမှမဟုတ် မစ္စမက်ဒါနာလို့ပဲ ခေါ်ရမလား။ ရှင်က တစ်သက်လုံးသာမန်လူတန်းစားတစ်ယောက်လိုပဲ ဘဝကိုဖြတ်သန်းခဲ့တယ်လို့ကြားတယ်။ နယ်စားမင်းသားဖြစ်တာကို အခုမှသိတာလား၊ ဒါမှမဟုတ် အရင်ကတည်းက သိနေခဲ့တာလား။"
နည်းနည်းကျင့်ဝတ်ရှိပုံရတဲ့ ဂျာနယ်လစ်မိန်းကလေးတစ်ယောက်က စားပွဲခုံမှာထိုင်နေတဲ့ မက်ဒါနာကို မေးလိုက်တယ်။ ပြောရရင် ဒီမေးခွန်းက ပုံမှန်နည်းနည်းဖြစ်ပြီး အသုံးအနှုန်းတွေ ထူးဆန်းနေရုံပဲ ရှိသေးတာ။
မက်ဒါနာကလည်း တတ်နိုင်သလောက် ပုံမှန်လေသံဖြစ်အောင်ထိန်းရင်း ပြန်ဖြေလိုက်တယ်။
"တကယ်တော့ ကိုယ့်ကိုယ်ကိုယ်နယ်စားမျိုးနွယ်မှန်းသိတာ လွန်ခဲ့တဲ့တစ်ပတ်လောက်ကပါ။ ကျွန်မအမေက ဆူဗာနာကလာမှန်းသိပေမဲ့ သူကောင်းမျိုးဟုတ်မဟုတ် သေချာမသိခဲ့ဘူး။ သိသိချင်း ပထမဆုံးခံစားမိတာကတော့၊ ငါဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲဆိုတာပါ။"
တကယ်လည်း မက်ဒါနာက နယ်စားမင်းသားတစ်ယောက် မဖြစ်ချင်ပါဘူး။ သူ့ဘာသာသူ အေးချမ်းသက်သာစွာနေပြီး စူပါဟီးရိုးလုပ်ချင်သူပါ။ အခုလိုမျိုး မဖြစ်ချင်တဲ့နယ်စားမင်းသား ရုတ်တရက်ဖြစ်လာပြီး ဂျာနယ်လစ်တစ်ရာလောက်ရှေ့မှာ အင်တာဗျူးခံဖို့ဆိုတာ တစ်ခါမှသူလုပ်ချင်တဲ့အရာမျိုးမဟုတ်ဘူး။ ပြောရရင် SilverKnightအနေနဲ့တောင် သူက အင်တာဗျူးလက်မခံခဲ့ဘူးလေ။
မက်ဒါနာဆီက အဖြေကြားတော့ ဂျာနယ်လစ်မိန်းကလေးက ပါးစပ်အဟောင်းသားရယ်။ အဲဒီနောက် သူသိချင်နေတဲ့ အဓိကမေးခွန်းကို တန်းမေးလိုက်တယ်။
"မစ္စမက်ဒါနာက အရင်က ယောက်ျားလေးဆိုတော့ ခွဲစိပ်ပြီး မိန်းကလေးအဖြစ်ခံယူထားတာပေါ့နော်။ တော်ဝင်မျိုးတွေထဲမှာ အဲဒီလိုလုပ်တဲ့ ပထမဆုံးနယ်စားမင်းသားတောင် ဖြစ်နေမလားပဲ။ ရှင်ဘယ်လိုခံစားရလဲ၊ မွေးကတည်းက ကိုယ့်ကိုယ်ကိုယ်ယောက်ျားလေးမဖြစ်သင့်ဘူး၊ မိန်းကလေးဖြစ်ရာမှာကို မှားမွေးလာတယ်လို့ရော ခံစားဖူးလား။"
"....." မက်ဒါနာကတော့ သတင်းထောင်မိန်းကလေးရဲ့မေးခွန်းကြောင့် ပြုံးရင်း တောင့်တောင့်ကြီးရပ်ကြည့်နေလိုက်တယ်။ ဘေးမှာထိုင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ မျက်ရိပ်မျက်ကဲတွေပြရင်း တီးတိုးပြောလိုက်လေရဲ့။
"မင်းသား...အဲလေ... မင်းသမီးမဖြေချင်ဘူးဆိုရင် ရိုးရိုးလေး ငြင်းလိုက်လို့ရတယ်လေ။"
ဒါပေမဲ့ မက်ဒါနာကတော့ ဒီမေခွန်းကြောင့် နည်းနည်းမှင်သက်သွားပေမဲ့ တကယ်တမ်းမှာ ဖြေဖို့အင်မတန်စိတ်အားထက်သန်နေတယ်။ သူ့ကို အဲဒီခွဲစိပ်ထားတဲ့ အတုတွေနဲ့ ဘယ်လိုလုပ်အနှိုင်းခံလို့ဖြစ်မလဲ။ မြူတန့်စွမ်းအားနိုးထမှုကြောင့် အခုသူက တကယ်မိန်းကလေးဖြစ်နေတာလေ။ မီးနီတောင်လင်းနေသေးတယ်။
"တကယ်တော့ ကျွန်မရဲ့မြူတန့်စွမ်းအားနိုးထလာလို့ ယောကျ်ားလေးကနေ မိန်းကလေးဖြစ်သွားတာပါ။ ခွဲစိပ်ပြီး အတုလုပ်ထားတာမဟုတ်ဘူး။ ဒီပန်းသီးလေးတွေကိုတွေ့လား၊ ဆီလီကွန်ကြီးနဲ့တူနေလို့လား၊ ပြီးတော့ ဒီခါးသွယ်သွယ်လေးကလည်း တကယ့်အစစ်လေ။ ခွဲစိတ်ထားတာမဟုတ်ဘူး။"
မက်ဒါနာက စူပါမော်ဒယ်တစ်ယောက်လိုမျိုး ကိုယ်ဟန်အမျိုးမျိုးနဲ့ သူ့ခန္ဓာကိုယ်ကို ထုတ်ကြွားလိုက်တယ်။ ဂျာနယ်လစ်အမျိုးသားတချို့ဆိုရင် နှာခေါင်းသွေးလျှံတော့မလိုတောင်ဖြစ်နေပြီ။ တကယ်တော့ အခုလောလောဆယ် ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်နေကြတာပါ။
ဆံဖြူစုန်းမလေးကို နယူးယောက်မှာ မသိတဲ့လူဘယ်သူရှိလို့လဲ။ ဟိုStalkerသောက်ကလေးကျေးဇူးနဲ့ ဆံဖြူမလေးရဲ့အလှဂုဏ်သတင်းက SilverKnightရဲ့ကျော်ကြားမှုထက်တောင် မြင့်မားနေပါပြီ။
ရုတ်တရက်ကြီး မြို့သားတွေရဲ့နှလုံးသားထဲက ဆံဖြူမလေးက ပုံမှန်မဟုတ်ဘဲ ယောကျ်ားလေးကနေ မိန်းကလေးဖြစ်လာတဲ့ လူထူးဆန်းဆိုတော့ သူတို့အကုန်လုံး ရူးသွပ်သွားလုမတတ်ဘဲ။
'အိပ်မက်ဆိုးကြီးပဲ၊ ဒါအိပ်မက်ဆိုးအကြီးစားကြီးပဲ။' လူတိုင်း ဒီလိုတွေးမိကြတယ်။ တကယ်တော့ အခုလိုအဖြစ်မျိုးက ပထမဆုံးတော့မဟုတ်ဘူး။ အရင်နှစ်တွေတုန်းကလည်း အင်စတာဂရမ်က လိင်ပြောင်းထားတဲ့ မိန်းကလေးတစ်ယောက်ကို လူတွေအားလုံး သတိမထားမိဘဲ အသည်းစွဲသွားကြပြီး ပြီးမှကြေကွဲရတဲ့အဖြစ်မျိုး ရှိခဲ့ဖူးတယ်။ အဲဒီတစ်ယောက်ကလည်း တကယ့်မိန်းကလေးတွေထက်တောင် ပိုလှနေတာကိုး။
ခဏနေတော့ ပါမောက္ခလိုဝတ်ထားတဲ့ ဂျာမန်သူကိုယ်လုံးနဲ့ဆိုဖီယာက ဝိုက်ဘုတ်တစ်ခုကိုယူလာပြီး ဂျာနယ်လစ်တွေကို မြူတန့်အသွင်ပြောင်းဖြစ်စဥ်အကြောင်း အသေးစိတ်ရှင်းပြတော့တာပဲ။
"မြူတန့်စွမ်းအားနိုးထနေချိန်မှာ လက်ခံသူရဲ့ခန္ဓာကိုယ်က ကြီးမားတဲ့ဖိအားတစ်ခုခုအောက်မှာရှိနေရင် ဒီလိုကြီးမားတဲ့အမှားမျိုးဖြစ်သွားဖို့ဖြစ်နိုင်ခြေများတယ်။ လူသားတွေအားလုံးက မိခင်ဝမ်းထဲမှာ မိန်းကလေးတွေအဖြစ်ဘဲ သန္ဓေတည်ခဲ့ကြတာ၊ နောက်ပိုင်းသန္ဓေရင့်လာမှ ကျားဟော်မုန်းကြောင့် ကျားမကွဲပြားလာတာပါ။ မြူတန့်စွမ်းအားနိုးထချိန်မှာ လူသားတွေရဲ့ခန္ဓာကိုယ်က ဆဲလ်တွေအားလုံးသန္ဓေသားဖြစ်စဥ်အနေအထားနီးပါးနောက်ပြန်ရစ်သွားတယ်။ ဒဏ်ရာတွေအမြန်ကျက်လာတာ၊ ထူးခြားတဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာ၊ ပြန်နုပျိုသွားတာတွေအားလုံးက ဒီပြန်လည်မွေးဖွားခြင်းဖြစ်စဥ်ကြောင့်ပဲ။ အသက်အန္တရာယ်နဲ့ကြုံရစဥ် စွမ်းအားနိုးထလာမယ်ဆိုရင်တော့ ကျားဟော်မုန်းနည်းပါးသွားတာမျိုးဖြစ်တတ်ပြီး မိန်းကလေးအဖြစ်ပြောင်းသွားနိုင်ခြေရှိတယ်။"
ဆိုဖီယာက ဘာသိပ္ပံအသုံးအနှုန်းကိုမှ ရှင်းမပြဘဲ လူပိန်းနားလည်အောင် ပြောပြလိုက်တာပါ။ ပြဿနာက ဒီလိုသုတေသနရလဒ်မျိုးတွေက လူသိရှင်ကြား ထုတ်ပြန်ကြေညာထားခြင်း မရှိသေးဘူး။ လူအုပ်ထဲမှာရှိနေတဲ့ သတင်းထောက်ဦးလေးကြီးတစ်ယောက်က လက်ညိုးထောင်ပြီးမေးလိုက်တယ်။
"အ...အဲဒီလိုဖြစ်စဥ်က ဖြစ်နိုင်ခြေဘယ်လောက်ရှိလဲဟင်၊ ကျွန်တော့်သားလေး စွမ်းအင်နိုးထလာရင် သမီးလေးဖြစ်မသွားစေချင်ဘူးလေ။"
"ကြီးမားတဲ့ဖိအားအောက်မှာတောင် ၁၆%ပဲ ဖြစ်နိုင်ခြေရှိတယ်။ ပုံမှန်အခြေအနေတွေမှာတော့ ၀.၀၂%ပါ။" ဆိုဖီယာရဲ့အဖြေကြောင့် သတင်းထောက်ဦးလေးကြီး သက်ပြင်းချလိုက်ပါပြီ။ အနည်းဆုံးတော့ သူမနက်နိုးလာတဲ့အချိန် သူ့သားလေးအခန်းထဲဝင်လာပြီး 'ဖေဖေ၊ သားဂျိုးလေးမရှိတော့ဘူး။'လို့ ပြောတာခံရဖို့ အခွင့်အလမ်းတော်တော်နည်းပါးပါတယ်။
သတင်းစာရှင်းလင်းပွဲက တိုက်ရိုက်ထုတ်လွှင့်နေတာမလို့ ဆိုဖီယာရှင်းပြတာကို တီဗီကြည့်နေတဲ့လူတိုင်း ကြားနေရတယ်။ အထူးသဖြင့် စုန်းဖြူမလေးရဲ့ဖန်ကလပ်ကတော့ အပျော်လွန်နေကြတယ်။
"နတ်သမီးလေးက ထောင်ချောက်မဟုတ်ဘူးကွ၊ သူက တကယ့်အစစ်ပဲ။ သဘာဝအတိုင်းပြောင်းသွားတာတဲ့၊ ခွဲစိပ်ထားတာမဟုတ်ဘူး။" တချို့ဖန်တွေဆိုရင် သူတို့အင်္ကျီတွေကိုချွတ်ကာ လက်နဲ့ဝေ့ယမ်းရင်း လမ်းမပေါ်ကိုပြေးတက်ကာ အောင်ပွဲခံနေကြလေရဲ့။
သတင်းထောက်မိန်းကလေးကတော့ ဆိုဖီယာရှင်းပြတာကို နားထောင်ပြီးတဲ့နောက် အဲဒီကိစ္စကို ဆက်မပြောတော့ဘဲ နောက်မေးခွန်းတစ်ခုကို ဆက်မေးလိုက်တော့တယ်။
"ဒါဆိုရင် နယ်စားမင်းသားလေးက မင်းသမီးအစစ်ပေါ့နော်။ ကျွန်မသိချင်တာက မင်းသမီးလေးဖြစ်ပြီးနောက်မှာ ယောက်ျားလေးတွေလိုပဲ မိန်းကလေးတွေကို ဆက်ပြီးသဘောကျနေဆဲလား၊ ဒါမှမဟုတ် လူလိုပဲ စိတ်လည်းပြောင်းသွားပြီး ယောက်ျားလေးတွေကို သဘောကျနေပြီလား။ ဒါမှမဟုတ် နှစ်ခုလုံးလားဟင်။"
"...." ရုတ်တရက် ထွက်ပေါ်လာတဲ့မေးခွန်းကြောင့် မက်ဒါနာဆွံအသွားပြန်တယ်။ ဒီမေးခွန်းအတွက် သူ့မှာ တကယ်ပဲအဖြေမရှိဘူး။ တကယ်က ယောက်ျားလေးတစ်ယောက်လိုပဲ မိန်းကလေးတွေကို နှစ်သက်ပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ဆို ဒါကကွေးတယ်လို့ သတ်မှတ်လို့ရတယ်။ အဲ၊ ယောက်ျားလေးတွေကို သဘောကျတယ်လို့ ပြောလိုက်ရင်လည်း ယောက်ျားလေးတစ်ယောက်အနေနဲ့ ကွေးသွားပြီလို့ ပြောရမှာပဲ။ ဒါကြောင့် မက်ဒါနာက နိုင်ငံခြားရေးဝန်ကြီးကို လှည့်ကြည့်ပြီးပြောလိုက်တယ်။
"ဝန်ကြီးရှင့်၊ ဒီမေးခွန်းကို ကျော်လိုက်လို့ရမလား။"
....
ပြန်လည်တည်ဆောက်ထားပြီးဖြစ်သော Mcdowellဆိုင်ရှေ့တွင်ဖြစ်သည်။ ယာမာဂုချီဂိုဏ်းသားတချို့က ပြင်ဆင်စရိတ်အတွက် ကုန်ကျငွေဘောင်ချာကို ဆိုင်ရှင်ကောင်လေးဒေါ်ဝဲလ်အား ပေးလိုက်ကာ ဦးညွှတ်တောင်းပန်လိုက်ကြ၏။ ဆိုင်က သူတို့ပထမဓားသခင်ကြီးကြောင့် ပျက်စီးသွားခဲ့သည်မဟုတ်လား။
ဆိုင်ထဲတွင်တော့ ကိုင်းတိုက အလုပ်ပြန်စနေပြီဖြစ်သည်။ ဆိုင်ပျက်စီးသွားပြီး ပြန်လည်ပြင်ဆင်နေရသောကြောင့် တစ်ပတ်လောက် သူအလုပ်နားလိုက်ရပြီး ဘိုင်ပြတ်နေသောကြောင့် မီရိုင်လေးကိုပါခေါ်လာပြီး လုပ်အားပေးခိုင်းထား၏။ အနည်းဆုံးတော့ နှစ်ယောက်စာလုပ်အားခ ရမည်မဟုတ်လား။
"ဟေးဟေး... မီးကို ဒီထက်ပိုအားမြှင့်လိုက်ဦး..."
"ဟုတ်ကဲ့၊ sensei!" မီရိုင်လေး၏ ရွှေရောင်ဆံပင်များကြားတွင် ရောယှက်ပေါက်နေပြီဖြစ်သော အနီရောင်ဆံစတချို့ကို မြင်နိုင်ပေသည်။ မသိရင် သူတို့နှစ်ယောက်က တကယ်သားအဖနှင့်တူနေ၏။
မီရိုင်က သူ့၏ကိုယ်ပိုင်မီးလျှံကိုသုံးကာ ချက်ပြုတ်နေခြင်းဖြစ်ပြီး အာကိုင်းဂါမီ၏လေ့ကျင့်ရေးအစီအစဥ်လည်းဖြစ်သည်။
ကုန်လွန်ခဲ့သည့် တစ်ပတ်တာကာလအတွင်းတွင် DNAစစ်ဆေးမှု ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ယာမာဂုချီများနှင့်သာ DNAကိုက်ညီကြောင်း တွေ့ခဲ့ရပေပြီ။ ဆံပင်အနီများက ထူးဆန်းသည့် မီးမြူတန့်စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုသာ ဖြစ်ပေသည်။
ယာမာဂုချီပထမဓားသခင်ကြီးကတော့ သူ့ဇနီးဖြစ်သူ မိရိုင်လေးမိခင်၏အုတ်ဂူသို့ အလည်သွားနေပြီး ပြန်မလာသေးပေ။ ဖြစ်နိုင်တာက အုတ်ဂူရှေ့တွင် တောင်းပန်သည့်အနေဖြင့် ဒူးထောက်နေလောက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ခဲ့သည့်ကိစ္စများမှာ အကျယ်အကျယ်ဖြစ်သွားပြီး တိုကျိုတစ်မြို့လုံး သတိထားမိသွားခဲ့သည်။ အနားယူသွားသည့်ဟီးရိုး အာကိုင်းဂါမီက A rank ပထမဓားသခင်နှင့်တိုက်ခိုက်ခဲ့ပြီး လုံးဝအသာစီးရခဲ့ကာ မြူတန့်စွမ်းအားကိုလည်း ထုတ်မသုံးခဲ့ပေ။
သူ၏နာမည်က နောက်တစ်ကြိမ်ဂျပန်နိုင်ငံတွင် ပြန်လည်ထင်ရှားလာပြီး Mcdowell'sဆိုင်လေးလည်း အလျင်အမြန်လူစည်ကားလာသည်။ ကူလုပ်ပေးနေသည့် မီရိုင်လည်း လက်မလည်အောင်ဖြစ်လာလေ၏။
မိသားစုအရှုပ်အထွေးများ ပေါက်ကြားသွားပြီးနောက်တွင် ပြင်သစ်ရှိ The Arc မိသားစုက ယာမာဂုချီမိသားစုကို ဒေါသထွက်နေကြသည်။ မသေချာမရေရာသည့် စွပ်စွဲမှုတစ်ခုကြောင့် သူတို့သခင်မလေး သေဆုံးသည်အထိ ဖိအားပေးခံခဲ့ရပြီး မျိုးဆက်ဖြစ်သည့် မီရိုင်လေးမှာလည်း နှိမ်ချဆက်ဆံခ့ခဲ့ရသည်မဟုတ်လား။
"နင်တို့ယာမာဂုချီတွေကို ငါတို့Arcမိသားစုက ဘာမှမလုပ်နိုင်ဘူးထင်နေလား။ S rankရှိတော့ဘာဖြစ်လဲ ငါတို့မျိုးနွယ်တစ်ဝက်လောက် ထောင်ထဲရောက်နေတာသာမဟုတ်ရင် နင်တို့ယာမာဂုချီတွေကို ဓားတွေနဲ့တစ်စွတ်ထိုးပစ်မယ်။" ဒါက လက်ရှိArcမိသားစုခေါင်းဆောင်ဖြစ်သူ ဟီးရိုးလူကန်၏မိခင် သခင်မကြီးဒိုင်ယာနာဆီက စကားပါ။
ယေဘုယျကျကျပြောရရင် အာ့ခ်မိသားစုမှာက ယာမာဂုချီမိသားစုထက် A rank မြူတန့်တွေ ပိုပြီးရှိပါတယ်။ ဆယ်ယောက်နီးပါးကို ရှိနေတာပါ။ လက်ရှိယာမာဂုချီမိသားစုကို တစ်ယောက်တစ်ချက်ဝိုင်းရိုက်ရုံနဲ့တင် ပွဲပြီးပါတယ်။ အများနဲ့တစ်ယောက်ရင်ဆိုင်ရရင် ဥစာကီလည်း ကယ်နိုင်မယ်မထင်ဘူး။
ကောင်လေးဒေါ်ဝဲလ် အပြင်မှာလမ်းလျှောက်နေတုန်း သူ့ခါးမှာချိတ်ထားတဲ့ ဖုန်းကနေ သီချင်းသံထွက်လာတယ်။ သူဖုန်းကိုထုတ်ကိုင်လိုက်တော့ ဂျပန်နိုင်ငံကုတ်နဲ့မဟုတ်တဲ့ နိုင်ငံခြားဖုန်းနံပါတ်တစ်ခုကို မြင်လိုက်ရပြီး မျက်မှောင်ကြုတ်လိုက်ကာ ကိုင်လိုက်လေရဲ့။
"ဒေါ်ဝဲလ်ပြောနေပါတယ်၊ ဘယ်သူပါလဲ။" ဒေါ်ဝဲလ်က ပြောပြောဆိုဆိုနဲ့ သူပြောနေတာကို ဘယ်သူမှမကြားအောင်လို့ ဆိုင်နောက်ထဲဝင်သွားတယ်။
ခဏနေတော့ ဖုန်းတစ်ဖက်ကနေ ဂျာမန်လေသံရောစပ်ထားတဲ့ အင်္ဂလိပ်စကားသံဝဲဝဲက ထွက်ပေါ်လာတယ်။
"ဟယ်လို၊ မစ္စတာဒေါ်ဝဲလ်။ ကျွန်မတို့နတ်ဘုရားအသံနဲ့ ရှင်ပူးပေါင်းထားတာ မမေ့သေးဘူးမဟုတ်လား။"
"ငါမှတ်မိတယ်။" အဲဒီစကားသံကိုကြားတော့ ဒေါ်ဝဲလ်ရဲ့မျက်နှာက မှင်သေသေဖြစ်သွားပြီး ပြန်ဖြေလိုက်တယ်။ သူရဲကောင်းမဟုတ်၊ လူဆိုးမဟုတ်တွေကြားထဲမှာ နတ်ဘုရားအသံအဖွဲ့က အင်မတန်ကျော်ကြားတယ်။ ဒေါ်ဝဲလ်တွေကလည်း ဟီးရိုးမဟုတ်တော့ သူတို့တွေနဲ့အဆက်အသွယ်ရှိတာ ပုံမှန်ပါပဲ။
"ဟီးရိုးဟောင်းအာကိုင်းဂါမီကို ကျွန်မတို့စောင့်ကြည့်ခိုင်းထားတယ်မဟုတ်လား၊ သူ့အခြေအနေရော ကောင်းရဲ့လား။"
"လောလောဆယ် တပည့်အသစ်တစ်ယောက်ရထားလို့ အင်မတန်တက်ကြွနေတယ်။ သူနဲ့ပထမဓားသခင်ရဲ့တိုက်ပွဲကိုလည်း ခင်ဗျားတို့အဖွဲ့အနေနဲ့ သိပြီးဖြစ်မှာပါ။ သေပြီးတဲ့လူတွေကို မေ့တတ်တဲ့အကျင့်ကတော့ ခါတိုင်းလိုပဲ။"
ဒေါ်ဝဲလ်ရဲ့စကားကိုကြားတော့ တစ်ဖက်ကဆိုဖီယာရဲ့စကားသံက ခဏလောက်ရပ်သွားတယ်။ အဲဲဒီနောက်တော့ စကားအနည်းငယ်ကို ဆက်ပြောလိုက်ပါပြီ။
"သူက အဆင့်လွန်မြူတန့်ဖြစ်နေနိုင်တော့ ဆက်ပြီးစောင့်ကြည့်ထားပါ။" အဲဒီနောက် တစ်ဖက်ကနေ ဖုန်းချသွားတယ်။
နတ်ဘုရားအသံအဖွဲ့က ကိုင်းတိုကို ဒီဂြိုဟ်ရဲ့ကာကွယ်သူ အိုမီဂါအဖြစ် သံသယဝင်နေတာ အတော်ကြာပါပြီ။ အယ်ဖာအဆင့်စွမ်းအားကိုလည်း ထုတ်ပြပြီးဖြစ်နေတော့ သိပ်ကိုသေချာသလိုဖြစ်နေတယ်။ ကိုင်းတိုကိုယ်တိုင်ကတော့ သူ့ကိုယ်သူသိပုံမပေါ်ပေမဲ့ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တာမလို့ အနီးကပ်စောင့်ကြည့်ဖို့ ဒေါ်ဝဲလ်တွေကို ခိုင်းထားတာပါ။ အခုသူတို့က ဆုဗာနာကိုသွားမှာမလို့ နောက်ဆုံးအခြေအနေကို အတည်ပြုဖို့ လှမ်းဆက်သွယ်တဲ့ သဘောလောက်ပါပဲ။
....
လူကန်နဲ့ဖရန့် ဘန် ဗျူရိုးတို့ဆီကိုလည်း အလားတူဖုန်းကောလ်တစ်ခုဝင်လာတယ်။ လူကန့်ဖုန်းဖန်သားပြင်မှာ ညီမလေး(ပန်ဒရာဂွန်)ဆိုတာ ပေါ်လာတော့ လူကန်ဖုန်းကိုင်လိုက်တယ်။
"ဟယ်လို၊ ဝမ်းကွဲညီမလေး။" တကယ်က လူကန်နဲ့ဖရာလီတာကလည်း အမျိုးတော်တယ်။ ပြောရရင် လူကန်က တော်တော်ဆွေမျိုးများတဲ့သူပါ။ အာ့ခ်မိသားစုတွေက အခုနှစ်ပိုင်းတွေထဲမှာ တခြားမိသားစုကြီးတွေနဲ့ လက်ထပ်တာတော်တော်များခဲ့တယ်။ ဖရာလီတာရဲ့မေမေပန်ဒရာဂွန်ကလည်း အာ့ခ်မိသားစုကပါပဲ။ တစ်နည်းအားဖြင့် လူကန်မှာဝမ်းကွဲညီမလေးတွေအများကြီးဝိုင်းနေတာ။
"ဘာဝမ်းကွဲညီမလဲ၊ နင့်မေလင်။ ဒါပန်ဒရာဂွန်မိသားစုခေါင်းဆောင်ကို ဆက်ဆံတဲ့လေသံလား။" ဖရာလီတာရဲ့လေသံမာမာက တစ်ဖက်ကနေ ထွက်ပေါ်လာတယ်။
အမြဲလိုလို ခပ်တည်တည်နေတတ်တဲ့ လူကန်ကတော့ ပြုံးရုံလေးပြုံးလိုက်ပြီး ပြန်မေးလိုက်ပါတယ်။ "ဘာကိစ္စရှိလို့လဲ၊ ငါ့ရဲ့ပန်ဒရာဂွန်ညီမလေးက ကိစ္စမရှိဘဲဖုန်းမဆက်တတ်ပါဘူး။"
ခဏနေတော့ တစ်ဖက်ကနေ သက်ပြင်းချသံထွက်လာပြီး "လူကန် သည်အာ့ခ်နဲ့ ဖရန့် ဘန် ဗျူရိုး၊ လက်ရှိOrder of the Knightခေါင်းဆောင်အနေနဲ့ နင်တို့ကို ငါဆက်သွယ်လိုက်တာ။ နင်တို့အမေရိကန်မှာပဲ ရှိနေတုန်းမဟုတ်လား။"
"အင်း...." လူကန်ခေါင်းညိတ်ပြီး ဟုတ်ကြောင်းပြောလိုက်တယ်။ သူတို့တွေက အရင်တစ်ခါ Mad doctorနဲ့တွေ့ပြီးကတည်းက မြူတန့်သိပ္ပံအဖွဲ့အစည်းအကြောင်း သတင်းအစအနရမလားဆိုပြီး အမေရိကန်မှာပဲ ဆက်စုံစမ်းနေကြတာပါ။ ဒါပေမဲ့ မြောက်အမေရိကမှာ မြူတန့်သိပ္ပံအဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုက မရှိသလောက်ဖြစ်ကုန်ပြီ။
"မြူတန့်သိပ္ပံအဖွဲ့အစည်းက အခုရုရှားရောက်နေတယ်၊ အာရှပင်မကုန်းမြေတိုက်ကြီးမှာ ပြဿနာရှာဖို့ ကြံနေတယ်ထင်တာပဲ။ ဆုဗာနာက သူတို့ပစ်မှတ်ဖြစ်နိုင်တယ်လို့ နတ်ဘုရားအသံတွေက ပြောတာပဲ။"
"ဘာ...နတ်ဘုရားအသံ... သူတို့နဲ့ဘယ်တုန်းက အဆက်အသွယ်ရှိသွားတာလဲ။"
ဥရောပမှာရှိတဲ့ Order of the Knightက ဟီးရိုးအစည်းအရုံး အထူးအေးဂျင့်တွေနဲ့ ဖွဲ့စည်းထားတာပါ။ တစ်နည်းပြောရရင်တော့ ရှေးဥရောပသူကောင်းမျိုးမိသားစုကြီးတွေရဲ့အဖွဲ့အစည်းပါ။ သူတို့တွေက ဟီးရိုးအဖွဲ့လိုထင်ရပေမဲ့ တကယ်တမ်းမှာ ဥက္ကာသလင်းတွေနောက်ကိုပဲ လိုက်နေတာဖြစ်ပြီးတော့ ပုံမှန်ဟီးရိုးတွေလိုမဟုတ်ဘဲ မြေအောက်လောကမှာပါ မစ်ရှင်တွေ ထမ်းဆောင်ကြရတယ်။ ပြောရရင် သူတို့တွေက သူလျှိုတွေ၊ လျှို့ဝှက်အေးဂျင့်တွေနဲ့ အင်တာပိုအဖွဲ့တွေကို ပေါင်းထားတာနဲ့ ဆင်တူနေတာပါ။
"ဒါဖြင့် ငါတို့တွေက ဆုဗာနာကိုသွားရမှာပေါ့။"
"အင်း၊ အိမ်ရှေ့စံမင်းသမီးကလည်း ငါ့ကိုဆုဗာနာကိုသွားဖို့ အမိန့်ပေးထားတယ်။ နတ်ဘုရားအသံတွေလည်း ပါလိမ့်မယ်ထင်တယ်။ ဖြစ်နိုင်တာက အဲဒီကိုမြူတန့်သိပ္ပံတစ်ဖွဲ့လုံးလာလိမ့်မယ်ထင်တယ်။ ဒါကြောင့် ငါတို့နှစ်ဖွဲ့က ယာယီမဟာမိတ်ဖွဲ့ထားတာ။"
ဖရာလီတာရဲ့စကားကိုကြားတော့ လူကန်လည်းမျက်ခုံးပင့်လိုက်တယ်။ Order of the Knightက ဥရောပမှာ အင်အားကြီးပေမဲ့ အာရှတိုက်မှာတော့ သူတို့အင်အားက သိပ်မရှိပါဘူး။ ဒါကြောင့် မြူတန့်သိပ္ပံအဖွဲ့အစည်းကို သူတို့ချည်းပဲ မရင်ဆိုင်နိုင်ဘူး။
"ဒါဆိုရင် အာရှတိုက်မှာရှိနေတဲ့ ငါတို့မိတ်ဆွေတွေကို ခေါ်သင့်တယ်မထင်ဘူးလား။"
...
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်။
ဒီနေရာက စားသောက်ဆိုင်တွေအများကြီး တန်းစီတည်ရှိတဲ့နေရာပါ။ စီချွမ်ရိုးရာစားသောက်ဆိုင်တစ်ခုမှာတော့ တရုတ်လူဝကြီးတစ်ယောက်က သားခုတ်ဓားကိုကိုင်ရင်း ဝက်တစ်ကောင်လုံးကို အားရပါးရ လှီးဖြတ်နေတယ်။ သူ့ရဲ့အင်မတန်သန်မာပြီး အားကောင်းလှတဲ့ ဓားချက်တွေကြောင့် စားသောက်ဆိုင်ထဲက စားသုံးသူတွေဟာ အံ့ဩတကြီးကြည့်နေကြပါတယ်။
နောက်ဆုံးအနေနဲ့ ဝတ်တစ်ကောင်လုံးကို ဝက်သားတောက်တောက်လှီးပြီးသားအဖြစ် ပြောင်းလဲပြီးတဲ့နောက်တော့ ပရိသတ်တွေအားလုံးက လက်ခုပ်တီးအားပေးလိုက်ကြတယ်။
ဒါပေမဲ့ သူ့ရှေ့ကို ဘယ်ချိန်ကတည်းကမှန်းမသိ ရောက်နေတဲ့ နေကာမျက်မှန်အဝိုင်းတပ်ထားတဲ့ တရုတ်အမျိုးသားတစ်ယောက် ရောက်နေတာကြောင့် လူဝကြီးမျက်နှာပျက်သွားတယ်။
အဲဒီနေကာမျက်မှန်အဝိုင်းနဲ့ တရုတ်အမျိုးသားက မန်ချူးလူမျိုးတွေဝတ်တဲ့ အနက်ရောင် ပင်နီချည်အင်္ကျီရှည်ကိုဝတ်ထားပြီး ကျစ်ဆံမြီးကျစ်ထားတယ်။ ယနေ့ခေတ်မှာက ဒီလိုမျိုးအဝတ်အစားဝတ်တဲ့လူ အတော်ရှားသွားပါပြီ။ ချင်းမင်းဆက်ခေတ်လဲမဟုတ်တော့ ကျစ်ဆံမြီးမကျစ်မနေရအမိန့်လည်းမရှိပါဘူး။ မန်ချူးမျိုးဆက်အစစ်မဟုတ်ရင် အခုလိုမျိုးဝတ်မှာမဟုတ်ဘူး။
နောက်ပြီးတော့ ဒီတရုတ်အမျိုးသားက မျက်စိမြင်ပုံမရဘဲ သစ်သားတုတ်ကောက်ကို လက်ထဲမှာကိုင်ထားပါတယ်။ သားလှီးဓားကိုင်ထားတဲ့ လူဝကြီးက မျက်မမြင်ကို မေးလိုက်တယ်။
"မင်းလာတာ ခန်ရှီးဧကရာဇ်အမိန့်တော်အတွက်လား။"
ဧကရာဇ်ခန်ရှီးက မန်ချူးမင်းဆက် ဒုတိယမြောက်ဧကရာဇ်ပါ။ သူ့ခေတ်သူ့အခါက အမြော်အမြင်အရှိဆုံးဖြစ်ခဲ့ပြီး ဂျပန်ဆားမှောင်ခိုဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် မင်မင်းဆက်ဩဇာခံမဟုတ်တဲ့ သိုင်းလောကသားတွေကိုစုစည်းပြီး ခန်ရှီးအမိန့်တော်ကို စတင်ခဲ့သူပါ။ ခန်ရှီးအမိန့်တော်အဖွဲ့ဟာ ယနေ့ခေတ် သိုင်းပညာဟီးရိုးအစည်းအရုံးရဲ့အခြေခံအုတ်မြစ်လည်းဖြစ်တယ်။
၄။
ဆုဗာနာနယ်စားနယ်မြေပိုင် ကိုယ်ပိုင်ဂျက်လေယာဥ်ကြီးတစ်စင်းဟာ ကမ်းမမြင်လမ်းမမြင် သမုဒ္ဒရာကြီးကိုဖြတ်ကာ ပျံသန်းနေတယ်။
နယ်စားမင်းသမီးအသစ်ဆက်ဆက်လေး မက်ဒါနာ၊ ပန်ဒရာဂွန်မိသားစုမှ ဗစ်ကောင့်ဖရာလီတာ၊ နတ်ဘုရားအသံအဖွဲ့ခေါင်းဆောင် ဆိုဖီယာ၊ နယူးယောက် ကွင်းစ်နယ်မြေရဲကပ္ပတိန်လင်ဒါနဲ့သမီးလေး လီဆာ၊ မက်တယ်ပလာဒင် မန်နေဂျာချုပ် ဖလေရာ၊ မြူတန့်သိပ္ပံအဖွဲ့အစည်းမှ ထွက်ပြေးလာသူ စမ်းသပ်ခံဟောင်း စကော်ပီယို၊ မက်၊ လယ်ရီ၊ မိုး၊ အယ်လိုဟင်၊ နိုင်ငံခြားရေးဝန်ကြီးဦးမောင်မောင်တို့ လေယာဥ်ပေါ်မှာ လိုက်ပါလာတယ်။ မင်းသမီးမက်ဒါနာရဲ့မယ်တော် မေမေသီတာလည်းပါတာပေါ့။
မက်၊ လယ်ရီနဲ့မိုးလ်က ဆုဗာနာရိုးရာမုန့်တစ်မျိုးဖြစ်တဲ့ ဘိန်းမုန့်ဝိုင်းဝိုင်းကြီးကို ဂျက်လေယာဥ်ပေါ်က ဖိုက်ပါစားပွဲဝိုင်းပေါ်တင်၊ ဖယောင်းတိုင်လေးတွေစိုက်ပြီး မွေးနေ့ပွဲအသေးစားတစ်ခုကို ကျင်းပနေကြတယ်။ ကံမကောင်းစွာနဲ့ ဂျက်လေယာဥ်ပေါ််မှာ မီးလောင်လွယ်သတဲ့ ပစ္စည်းအများအပြားရှိလို့ ဖယောင်းတိုင်မီးကိုတော့ တကယ်ထွန်းလို့မရခဲ့ဘူး။
"Happy Birthday to us
Happy Birthday to us
Happy Birthday dear Max, Lerry and Mor
Happy Birthday to us"
ယနေ့ ၁၂၄ နှစ်ပြည့်ကြပြီဖြစ်တဲ့ မက်၊ လယ်ရီနဲ့မိုးတို့က သူတို့ဘာသာသူတို့ မွေးနေ့လုပ်နေကြတာဖြစ်ပြီး လွန်အော့ခ်ပိုးကောင်တွေရဲ့ပျှမ်းမျှသက်တမ်းက နှစ်ငါးရာခန့်ရှည်တယ်လို့ဆိုတယ်။ သာမန်လူ့သက်တမ်း၏ ၇ဆနီးပါးပါ။
မက်ဒါနာကတော့ ဆိုဖီယာနဲ့ ဘေးချင်းကပ်ရပ်ခုံမှာ ထိုင်နေရပြီး မျက်နှာချင်းဆိုင်ခုံမှာရှိနေတဲ့ လင်ဒါနဲ့လီဆာတို့ကို မှင်သေသေနဲ့ကြည့်နေတယ်။
"ငါတို့ရဲ့အရာရှိကြီးက ဘယ်လိုလုပ်ပြီး နိုင်ငံပိုင်အထူးလေယာဥ်ပေါ်ကို ပါလာရတာလဲ။ ကွင်းစ်မှာ လုပ်စရာတာဝန်တွေ မရှိတော့ဘူးလား။"
မက်ဒါနာ့မေးခွန်းကြောင့် လင်ဒါက ပခုံးတွန့်ပြီး ကမ္ဘာပေါ်မှာအရိုးရှင်းဆုံး ကိစ္စတစ်ခုကိုပြောပြသလိုမျိုး ရှင်းပြလိုက်တယ်။
"မနေ့က နင့်အမေအင်တာနက်ပေါ်မှာ နယ်စားမင်းသမီးနဲ့အတူ ဂျက်လေယာဥ်စီးပြီး ဆုဗာနာကို အလည်အပတ်ခရီးထွက်နိုင်မယ့်လက်မှတ်ကို မဲဖောက်ပေးတယ်လေ။ ပြီးတော့ ပေါက်တဲ့လူကငါ။"
မက်ဒါနာကတော့ မယုံသင်္ကါနဲ့ ချွေးမလောင်းလေးတွေကို ကိုယ်တိုင်လုပ်ထားတဲ့ မုန့်တွေလိုက်ဝေနေတဲ့ မေမေသီတာဖက်ကိုလှည့်ပြီး မေးလိုက်တယ်။
"အမေ၊ အဲဒီလိုလက်မှတ်မျိုး မဲဖောက်ပေးလိုက်သေးတာလား။ ဘယ်သူမြှောက်ပေးလိုက်တာလဲ။"
မေမေသီတာကတော့ ချစ်စရာချွေးမလောင်းလေးလိုနေနေတဲ့ ဖရာလီတာလက်ထဲကို သူသောက်နေတဲ့ လက်ဖက်ရည်နဲ့ အင်မတန်လိုက်ဖက်တဲ့ ကြက်ဥကိတ်ဝါဝါလေးတစ်လုံးပေးလိုက်ရင်း ခေါင်းပုတ်ပေးလိုက်တယ်။ မက်ဒါနာရဲ့အမေးကိုကြားတော့ ချက်ချင်းပြန်ဖြေလေရဲ့။
"ချွေးမအငယ်ဆုံးလေးက အကြံပေးတာလေ။" မေမေသီတာရဲ့အဖြေကြောင့် ကြက်ဥကိတ်ကို လက်ဖက်ရည်နဲ့တို့စားနေတဲ့ ဗြိတိန်လိုလီလေးက မက်ဒါနာကို လှမ်းပြုံးပြလိုက်တယ်။ သေချာပြီ၊ တမင်သက်သက် နည်းပညာကျွမ်းကျင်မှုကိုသုံးပြီး လင်ဒါတို့သားအမိတွေကို လေယာဥ်ပေါ်ခေါ်တင်လာတာပဲ။
နောက်တော့ မက်ဒါနာက လက်တော့တစ်လုံးကို ပေါင်ပေါ်တင်ထားပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့ မန်နေဂျာမမဖလေရာကို ကြည့်လိုက်တယ်။
"ပြီးတော့ မန်နေဂျာကရော ဘယ်လိုလုပ်ပြီးတော့ ဆုဗာနာကိုယ်ပိုင်ဂျက်လေယာဥ်ပေါ် ရောက်နေရတာလဲ။"
ဖလေရာက အလုပ်များနေဟန်နဲ့ စာကြည့်မျက်မှန်လေးကိုပင့်ပြီး မက်ဒါနာကိုကြည့်ကာ ပြန်ဖြေလိုက်တယ်။
"ဆုဗာနာမှာ စက်ရုံခွဲအသစ်ဖွင့်ဖို့ အလုပ်ကိစ္စနဲ့လာတာလေ။"
"ဒါဆိုလည်း တခြားလေယာဥ်ပေါ်မှာ ရှိနေရမှမဟုတ်ဘူးလား။ ဒါက ဗီအိုင်ပီလေယာဥ်ပျံလေ။ လေယာဥ်ဘီးကိုဖက်ပြီး ခိုးလိုက်လာတာတော့ မဟုတ်ပါဘူးနော်။"
မက်ဒါနာလည်း လေယာဥ်ဘီးခန်းကနေတစ်ဆင့် လေယာဥ်ထဲခိုးဝင်တဲ့ ဟောလီးဝုစပိုင်ကားတစ်ကားကို သွားသတိရပြီး မေးလိုက်တယ်။ ဖလေရာကတော့ လေယာဥ်လက်မှတ်လေးကို မက်ဒါနာကိုပြရင်း ပြန်ဖြေလိုက်လေရဲ့။
"ငါလည်းမသိဘူးလေ၊ ငါဝယ်လိုက်တဲ့ လေယာဥ်လက်မှတ်က နင့်လေယာဥ်နံပါတ်နဲ့ ဖြစ်နေတာကိုး။"
မက်ဒါနာလည်း နောက်တစ်ခါ အပြုံးပြီးပြုံးနေလွန်းလို့ ပါးစပ်ထောင့်ကနေ လက်ဖက်ရည်တွေစီးကျလာတဲ့ ဖရာလီတာကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်လိုက်လေရဲ့။ ဒါလည်း သူ့လက်ချက်ပဲဖြစ်မှာ။
မက်ဒါနာကို အပိုင်သိမ်းမယ့်လမ်းခရီးမှာ သူတစ်ယောက်တည်းရှိတာမဟုတ်မှန်း သိလိုက်ရပြီးတဲ့နောက် ဖရာလီတာဟာ အကွက်အကြီးကြီးတွေရွှေ့ဖို့ ကြံစည်နေပါတယ်။ ဆိုဖီယာက မက်ဒါနာနဲ့အရင်တွေ့သူဖြစ်သလို မက်ဒါနာအတွက် အလွန်အမင်းအားကိုးနေရသူဖြစ်လို့ သူ့နေရာကိုဝင်အစားထိုးဖို့က လိုလီလေးတစ်ယောက်အတွက် မလွယ်လှပါဘူး။
ဒါကြောင့် ကိုယ့်ထက်အင်အားကြီးသူကို စုပေါင်းအားနဲ့တွန်းလှန်ရမယ်ဆိုတဲ့ ဗျူဟာအတိုင်းပဲ ဖရာလီတာက တခြားသူ့လိုပဲ အားနည်းတဲ့အခြေအနေမှာရှိနေတဲ့ ပြိုင်ဖက်တွေကို တိုက်ပွဲထဲဆင့်ခေါ်လိုက်တာပါ။
ဖရာလီတာက ပစ္စည်းအင်အား၊ ငွေအင်အားမှာ မရှုံးပေမဲ့ နေရာဦးထားတဲ့ဆိုဖီယာကို ကန်ချဖို့ဆိုရင်တော့ မဟာမိတ်အဖွဲ့ကြီးတစ်ခုကို လိုအပ်လိမ့်မယ်မဟုတ်လား။
ကြက်ဥကိတ်နဲ့လက်ဖက်ရည်ကို လက်စသတ်ပြီးတဲ့နောက် ဖရာလီတာက ထွင်းဖောက်မြင်နိုင်တဲ့ တက်ပလက်လေးတစ်လုံးကိုဖွင့်လိုက်ပြီး မက်ဒါနာရှေ့ကို အပြေးရောက်လာတယ်။ တကယ်တော့ နောက်ခုံကနေ ရှေ့ခုန်ကို ပြေးလာရုံပဲရှိတာမလို့ အရှိန်လွန်ပြီး မက်ဒါနာကို ဝင်တိုက်မိလုနီးနီးပဲ။
"SilverKnight၊ ဒီမှာကြည့်စမ်း။ ပန်ဒရာဂွန်ထုတ် Type 326 Mini-SMG ပဲ။ ၉မီလီကျည်တွေကိုပဲသုံးပြီး လက်ပတ်ပုံစံမလို့ ကျည်အိမ်အတွက်လည်း သိပ်နေရာမယူဘူး။ တပ်ဆင်ရလွယ်ပြီး ပေါ့ပါးတဲ့အတွက် နည်းပညာဟီးရိုးတွေ သူတို့ဝတ်စုံမှာတပ်ဖို့ အိပ်မက်အမက်ဆုံးလက်နက်ပဲ။"
ဖရာလီတာရဲ့တက်ပလပ်ထဲမှာ လက်ကောက်ကွင်းလိုမျိုး သေနတ်အသေးစားလေးရဲ့ပုံရိပ် ၃၆၀ဒီဂရီ လှည့်ပတ်နေတယ်။ ကျည်ဆန်အတောင့်သုံးဆယ်လောက်ဆန့်တဲ့ လက်ပတ်ပုံစံကျည်အိမ်ပါပြီးတော့ ဆက်တိုက်ပစ်ခတ်နိုင်တဲ့ အော်တိုမောင်းတင်စနစ်ပါဝင်တယ်။ မက်ဒါနာတောင် သူငယ်ငယ်ကကြည့်ဖူးတဲ့ G.I.Joeကားထဲက နည်းပညာမြင့်ဝတ်စုံမှာတပ်တဲ့ သေနတ်နဲ့တောင်တူတယ်လို့ တွေးလိုက်မိတယ်။
"ဒါပေမဲ့ ကိုးမီလီမီတာကျည်တွေမဟုတ်လား၊ သာမန်အခြေအနေမှာတော့ မဆိုးပေမဲ့ စွမ်းအားမြင့်မြူတန့်တွေနဲ့ချရင် ငါ့ဓားလောက်တောင် မထိရောက်တော့ဘူးလေ။"
တကယ်တော့ ဖရာလီတာက မက်ဒါနာကို မျက်နှာလုပ်ဖို့ ကြိုးစားနေတာပါ။ SilverKnightရဲ့လျှပ်စစ်ရှော့တိုက်လက်ကောက်တွေနဲ့ ကျောနောက်က စစ်သေနတ်အသေးစားက လုံလောက်အောင် အားမကောင်းတော့ဘူး။ B+ အထက်ရန်သူတွေကို ရင်ဆိုင်ဖို့ မြေဆွဲအားဓားနဲ့ဝတ်စုံရဲ့Void Stream အားဖြည့်ကြွက်သားတွေကိုပဲ အားကိုးနေရတယ်။
"အဲဒါအတွက် ပန်ဒရာဂွန်လက်နက်လုပ်ငန်းထုတ် ဟီလီယံကျည်တွေရှိတယ်။ ပေါက်ကွဲလောင်ကျွမ်းနိုင်စွမ်းကို ထပ်ပေါင်းပေးနိုင်လို့ B အဆင့်တွေကိုတောင် ထိခိုက်အောင်လုပ်နိုင်တယ်။ ကျည်ဆန်ငါးရာနဲ့အထက်ဝယ်ရင် ခါးမှာပတ်လို့ရတဲ့ သေနတ်ချိတ်ခါးပတ်နဲ့ကျည်သေတ္တာပါ လက်ဆောင်ရမှာ။"
အားဖြည့်ကျည်ဆန်နဲ့အပိုပစ္စည်းအလကားပေးတယ်ဆိုတဲ့ လေသံလည်းကြားရော စိတ်မဝင်စားတဲ့ပုံစံနဲ့နေနေတဲ့ မက်ဒါနာက ဖရာလီတာကို လှည့်ကြည့်လိုက်တယ်။
"တကယ်လား၊ ဘယ်လောက်လဲ။"
"လက်ပတ်သေနတ်က ဒေါ်လာ ခြောက်သိန်း၊ ဟီလီယံကျည်ငါးရာပါ သေတ္တာတစ်ခုကို ဒေါ်လာနှစ်သောင်းခွဲ။"
"မဝယ်တော့ဘူး၊ ဘိုင်ပြတ်နေတယ်။"
ငွေရောင်စစ်သည်ရဲ့ဇက်သတ္တုဓားကို မြေဆွဲအားဓားအဖြစ် အဆင့်မြှင့်ပြီးတဲ့နောက် မက်ဒါနာရဲ့ဘဏ္ဍာရေးအခြေအနေက ဇောက်ထိုးစိုက်နေပြီ။ ပြောရရင် ဒီလအတွက်မီတာခတောင် အကြွေးကျန်နေတာ။ တကယ်က မလိုချင်လို့ရယ်တော့မဟုတ်ပါဘူး။ ဟီလီယံကျည်တွေက ပေါ်တာကြာပြီဆိုပေမဲ့ စစ်ပွဲသုံးပစ္စည်းအဖြစ် သတ်မှတ်ခံထားရပြီးတော့ အမေရိကန်လို လက်နက်ဝယ်ရလွယ်တဲ့ နိုင်ငံမျိုးမှာတောင် ဟီးရိုးတွေဝယ်ယူလို့မရပါဘူး။
"ငါက နင်ဝယ်ဖို့လိုတယ်လို့ ပြောလို့လား။" ဖရာလီတာက ပြောပြောဆိုဆိုနဲ့ သူသယ်လာတဲ့ အိတ်တစ်လုံးထဲကနေ လက်ပတ်သေနတ်ကို ဆွဲထုတ်ပြီး မက်ဒါနာကိုပေးလိုက်တယ်။
"ဟီလီယံကျည်တွေကတော့ အထူးလေယာဥ်နဲ့ပို့ပေးမှရမယ်။ ဒီပေါ်ကို သယ်လာလို့မရဘူးလေ။"
မက်ဒါနာကလည်း ဖရာလီတာရဲ့ရက်ရောတဲ့ ကမ်းလှမ်းချက်ကို မငြင်းပယ်ခဲ့ဘူး။ လက်ပတ်သေနတ်ကို ကိုင်ကြည့်ရင်း မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။
"မဆိုးဘူး၊ ငါ့ရဲ့လျှပ်စစ်ရှော့တိုက်လက်ကောက်နဲ့ တွဲလိုက်လို့ရတယ်။" ဖရာလီတာကတော့ ဖုန်းလေးကိုပွတ်ပြီး တခြားလက်နက်တွေဆက်ပြနေတယ်။
"ဒါက Type 311 အေးခဲရေခဲဗုံး။ လောင်ဂျာထဲထည့်ပစ်လို့ရတယ်။ အဆင့်နိမ့် နည်းပညာဟီးရိုးတစ်ယောက်က ထွင်ခဲ့တာဆိုပေမဲ့ B+ အဆင့်ရှိတဲ့ မြူတန့်သတ္တဝါတွေကိုတောင် ခဲပစ်နိုင်တယ်။ စျေးတော့ကြီးတယ်။ နင်မှာမယ်ဆိုရင် ဟီလီယံကျည်တွေယူလာမယ့်အဖွဲ့နဲ့ ယူလာခိုင်းလိုက်မယ်။ တစ်လုံးကို ဒေါ်လာသုံးသောင်း။ တစ်လုံးဝယ် ဆယ်လုံးအလကားပေးမယ်။"
ဖရာလီတာပြတဲ့လက်နက်တွေက မက်ဒါနာရဲ့အခုအဆင့်မှာ လိုအပ်နေတဲ့ အထောက်အပံပစ္စည်းတွေပါ။ သူပြတဲ့အထဲမှာ ကျောပိုးဂျက်တွေ၊ အိတ်ဆောင်ရေဒါတွေ၊ အင်းဆက်နဲ့တူအောင်လုပ်ထားတဲ့ သူလျှိုဒရုန်းတွေ အစုံပါပဲ။ မက်ဒါနာအနေနဲ့ သူ့ဝတ်စုံစနစ်နဲ့သာ မကိုက်ညီဘူးဆိုရင် အကုန်လုံးကို ယူပစ်လိုက်ချင်တယ်။ နောက်ဆုံးတော့ ဖရာလီတာရဲ့ချမ်းသာမှုကြီးကြောင့် သက်ပြင်းချလိုက်မိလေရဲ့။ သူတို့က ဉာဏ်ချင်းတူပေမဲ့ နောက်ဆုံးတော့ ပိုက်ဆံကစကားပြောတာပါပဲ။ မက်ဒါနာတစ်ယောက် သူ့ကိုယ်သူ MMORPGဂိမ်းကစားနေတဲ့ F2P တစ်ယောက်လို ခံစားရပြီးတော့ ဖရာလီတာကိုတော့ P2W လုပ်နေတဲ့ သူဌေးသမီးသခင်မလေးလို့ မြင်လာပြီ။
"လောင်ချာဗုံးသီးကမဆိုးဘူး၊ အိတ်ဆောင်လောင်ချာစနစ်ရောမရှိဘူးလား။"
"ပဲ့ထိန်းဒုံးဆိုရင်တော့ ဖြစ်နိုင်ပေမဲ့ လောင်ချာကြတော့ အနည်းဆုံးပြောင်းအရှည် ကန့်သတ်မှုရှိတယ်လေ။ လိုလွန်းအားကြီးရင် အဆင်မပြေသလို၊ ပြောင်းဝသေးရင်လည်း ကျည်ပြန်ကန်ရင်ဖြစ်တဲ့ ပေါက်ကွဲအားကိုမခံနိုင်လောက်ဘူး။"
လောင်ချာဗုံးကို ဝတ်စုံကနေ ပစ်ဖို့မဖြစ်နိုင်မှန်း သိလိုက်ရပြီးတဲ့နောက် မက်ဒါနာနည်းနည်းစိတ်ညစ်သွားပေမဲ့ ခဏနေတော့ လက်ခေါက်မှုတ်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ လေယာဥ်နောက်ကနေ ဧရာမသတ္တုခွေးကြီး စေဘာစတိန်းပြေးထွက်လာတယ်။
"သူ့ကိုယ်ပေါ်မှာတပ်မယ့်လောင်ချာစနစ်တော့ ရှိမယ်မဟုတ်လား။ သူ့မှာတပ်လို့ရမယ့် စက်သေနတ်လည်းရှိတယ်မဟုတ်လား။"
မက်ဒါနာကတော့ နဂိုကတည်းက ကြမ်းနေပြီးသားဖြစ်တဲ့ ခွေးကြီးစေဘာစတိန်းကိုကြည့်ရင်း နှုတ်ခမ်းတွန့်သွားတယ်။
"မက်ဒါနာရေ၊ နင့်ခွေးက အဲဒါတွေတပ်ပြီးရင် တင့်ကားအသေးစားလေး ဖြစ်သွားတော့မှာနော်။"
"ဖြစ်နိုင်ရင် မစ်ဆိုင်းတွေပါတပ်ချင်တာ၊ ဒါပေမဲ့ နင့်ကိုအကုန် အလကားတောင်းနေလို့ မဖြစ်သေးဘူးလေ။"
မစ်ဆိုင်းစနစ်တွေက စျေးအပေါဆုံးတစ်ခုတောင် ဒေါ်လာသန်းဆယ်နဲ့ချီပါတယ်။ ဖရာလီတာက သဘောကောင်းပြီး အလကားနီးနီးပေးနေပေမဲ့ ယူရတဲ့လူက စိတ်မသန့်ဘူးရယ်။ ဖရာလီတာကတော့ မက်ဒါနာရဲ့အားနာတဲ့အကြည့်ကို သတိထားမိပြီး လက်သီးကိုတင်းတင်းဆုပ်ကာ စိတ်တိုတိုနဲ့ပြောလိုက်တယ်။
"ငါက နင့်ကို အလကားပေးနေတာ အကောင်းမဟုတ်ဘူး၊ ပထမတစ်ခါပဲ အလကားပေးမှာ။ နောက်တစ်ခါတော့ အကုန်ဝယ်ရမယ်။"
မက်ဒါနာကတော့ ဒါနဲ့ပတ်သက်ပြီး ငြင်းခုန်မနေတော့ပါဘူး။ သူ့အနေနဲ့ အလိုရှိရင် ဖရာလီတာရဲ့လက်နက်တွေကို ကော်ပီပစ်လို့ရတယ်။ ဒါပေမဲ့ သူငယ်ချင်းအချင်းချင်းဆိုတော့ မလုပ်သင့်ဘူးမဟုတ်လား။ နောက်ပြီး သူ့ဘာသာသူ ဗုံးသီးတွေ၊ ကျည်ဆန်တွေကအစ မထုတ်လုပ်ချင်ပါဘူး။ အသင့်ဝယ်သုံးလို့ရတာရှိရင် ဝယ်သုံးမှာပေါ့။ ဒါပေမဲ့ ကိုယ်တိုင်လုပ်မှဖြစ်မယ့် အရာတွေကိုတော့ ကိုယ်တိုင်လုပ်မှာပါ။
"ပြောခါမှ၊ နင့်ဝတ်စုံက ပျံသန်းရေးစနစ်မပါဘူးပဲ။ ငါ့Warframeက ဂျက်မျိုးမတပ်ချင်ဘူးလား။"
"ငါ့ဝတ်စုံက သံချပ်ကာအထူကြီးသတ်သတ်မဟုတ်ဘူးလေ။ Void Streamနည်းပညာသုံးမလို့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ချပ်ဝတ်အပျော့စားလို့ပြောလို့ရတယ်။ ဂျက်အမျိုးအစားတွေက သူ့အတွက်အလုပ်မဖြစ်ဘူး။ ငှက်အတောင်ပံလိုဟာမျိုးမှ အဆင်ပြေမှာ။"
"နင့်ဝတ်စုံဝိတ်နဲ့ဆိုရင် လေယာဥ်အတောင်လောက်ကြီးတဲ့ဟာကြီး လိုနေမှာပေါ့။"
အမေရိကန်ကနေ ဆုဗာနာကို ပျံသန်းသွားရမယ့်ခရီးက ဆယ့်ခြောက်နာရီကျော်ကြာမှာပါ။ ဒါကြောင့်လေယာဥ်ပျော်မှာရှိနေတဲ့ လမ်းတစ်လျှောက်လုံး ဉာဏ်ရည်ချင်းတူကြတဲ့ သူတို့နှစ်ယောက်က ဝတ်စုံတွေကို ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာ အပြန်အလှန် ဆွေးနွေးလာကြတယ်။
"မစ်ဆိုင်းစနစ်တွေလည်း နင့်ဝတ်စုံနဲ့ မကိုက်ညီဘူးဟုတ်၊ အဲဒါဆိုရင် အနာဂတ်မှာ နင့်ဝတ်စုံက ဓားလိုမျိုး အအေးလက်နက်တွေနဲ့ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုကိုပဲအားကိုးရတော့မှာ။"
"Archmegaလည်း ဘာထူးလို့လဲ။ နင့်ဝတ်စုံက လမ်းလျှောက်နေတဲ့ တင့်ကားကြီးအတိုင်းပဲ။ တအားနှေးလို့ ဂျက်အင်ဂျင်အထောက်အပံနဲ့တောင် ငါ့ကိုလိုက်မမီဘူး။ ပိုအင်အားကြီးတဲ့ မြူတန့်တွေနဲ့ရင်ဆိုင်ရရင် အမြောက်စာဖြစ်သွားလိမ့်မယ်။"
သူတို့နှစ်ယောက်ရဲ့ဆွေးနွေးမှုတွေက ညအချိန်ရောက်လာပြီး လူတိုင်းအိပ်ချင်လာတဲ့အထိ ဆက်ခဲ့ကြတယ်။ မက်ဒါနာကတော့ ပင်ပန်းလွန်းလို့အိပ်ချင်နေပြီဆိုပေမဲ့ ဖရာလီတာကတော့ စကားတွေများကောင်းနေဆဲပါ။
"ဒါပေမဲ့ မက်ဒါနာရေ၊ နင်သိလား။ တကယ်တော့ မြူတန့်စွမ်းအားတွေကို ဆန့်ကျင်နိုင်တဲ့နည်းပညာမျိုး ငါတို့နည်းပညာဟီးရိုးတွေလည်း ပိုင်ဆိုင်နိုင်တယ်။ အဲဒီအဖြူရောင်အမှုန်တွေကို မှတ်မိသေးလား၊ အဲဒါပုံကြမ်းအဆင့်ပဲရှိသေးတာ။"
မက်ဒါနာကတော့ အရမ်းအိပ်ချင်နေပြီမလို့ ဖရာလီတာကိုတောင် မျက်လုံးဖွင့်မကြည့်နိုင်တော့ဘူး။ "အဲဒီနာနိုနည်းပညာလိုလို မီးစုန်းဖုန်မှုန့်လေးတွေလား၊ လွယ်လွယ်လေးပုံသွင်းလို့ရလို့ ငါတောင်စဥ်းစားမရဖြစ်နေတာ။"
အဲဒီစကားကို ပြောပြီးတဲ့နောက်တော့ မက်ဒါနာလည်း ဆက်တောင့်မခံနိုင်တော့ဘဲ လုံးဝအိပ်ပျော်သွားလေရဲ့။ ဖရာလီတာကတော့ မနားတမ်းဆက်စကားပြောနေတုန်း။
"အဲဒီအလင်းမှုန်တွေက သလင်းကျောက်တွေမှာရှာတွေ့တဲ့ မူလစွမ်းအင်တစ်မျိုးပဲ။ မှော်ဆန်လွန်းပြီးတော့ သန့်စင်လွန်းတယ်။ အလင်းမှုန်တွေကို သုံးလိုက်ပေမဲ့ လက်ကျန်ရှိနေသေးရင်း တဖြည်းဖြည်းပြန်ပြည့်လာပြီးတော့ မူလပမာဏအတိုင်း ပြန်ဖြစ်သွားတယ်။ ပြီးတော့ လူ့စိတ်ကိုလိုက်ပြီးတော့ ပုံသဏ္ဍာန်ပြောင်းလဲနိုင်တာ။ ငါတို့အတွေးတွေက အမှုန်တွေအတွက် ပရိုဂရမ်လိုပဲ။"
တကယ်လည်း အဲဒီအလင်းမှုန်တွေက ဒီစကြဝဠာကြီးကမဟုတ်သလိုမျိုး ရူပဗေဒနိယာမတွေနဲ့လုံးဝကို ကွဲထွက်နေတဲ့ တည်ရှိမှုတစ်ခုပါ။ ဖရာလီတာက သူ့ရဲ့လျှို့ဝှက်ချက်ကြီးကို ပြောပြနေရင်း မက်ဒါနာကို မော့ကြည့်လိုက်တော့ ခေါင်းကိုဆိုဖီယာပခုံးပေါ်တင်ပြီး အိပ်ပျော်နေတဲ့ မက်ဒါနာကိုသာ တွေ့လိုက်ရတော့တယ်။ ဆိုဖီယာကတော့ ဖရာလီတာကို စိန်ခေါ်တဲ့အနေနဲ့ အိပ်ချင်ယောင်ဆောင်နေရာကနေ မျက်လုံးတစ်ဖက်ကိုဖွင့်ပြပြီး လျှာထုတ်ပြလိုက်တယ်။
'နင်ဒေါ်လာသန်းနဲ့ချီပေးပြီး ပိုးပန်းနေလည်းအပိုပဲ၊ သူက အခုငါ့ကိုပဲမှီပြီးအိပ်နေတာ။'လို့ ပြောချင်နေတဲ့ မျက်နှာမျိုး။
"ဟင်း... SilverKnight... ငါကတော့ ငါ့ရဲ့အကြီးမားဆုံး လျှို့ဝှက်လက်နက်ကြီးကို နင်နဲ့အတူမျှဝေသုံးဖို့ အသင့်ဖြစ်နေခဲ့တာ။ နင်ကတော့ ငါ့စကားကိုနားမထောင်ဘဲ အိပ်နေရဲတယ်။ နောက်မှနောင်တမရနဲ့နော်၊ ဟွန့်။"
အဲဒီနောက်တော့ ဖရာလီတာလည်း အိပ်နေတဲ့စုန်းဖြူမလေးကို အရှုံးပေးပြီးတော့ သူ့ထိုင်ခုံသူ ပြန်လာခဲ့လေရဲ့။ ကျန်တဲ့လေယာဥ်ပေါ်က လူတွေအားလုံးကတော့ မော်ဖီးယပ်ဖန်တီးတဲ့လောကထဲမှာ ငြိမ်သက်လို့ရယ်။
.....
ဆုဗာနာ နယ်စားနန်းတော်။
နန်းတော်ရှိ အစေခံအားလုံး ယောက်ယက်ခတ်နေကြသည်။ သူတို့အားလုံးက နာမည်တစ်ခုကို ပြိုင်တူအော်ဟစ်ကာ ရှာဖွေနေကြပြီး ပျောက်နေသည့်သူက သူတို့အတွက် အင်မတန်အရေးကြီးပုံရ၏။
"သခင်လေးဒီပရေ.... သခင်လေးဒီပ...."
သူတို့လိုက်ရှာနေသည့် သခင်လေးကတော့ အရိပ်ကောင်းကောင်းရသည့် နှစ်ရာကျော်သစ်ပင်ကြီးတစ်ပင်ပေါ်တွင် မကျေမချမ်းထိုင်ကာ အစေခံများ သူ့ကိုရှာနေသည်အား တိတ်ဆိတ်စွာဖြင့် ကြည့်နေသည်။
သခင်လေးဒီပက အသက်ဆယ်နှစ်နှစ်ကျော်လောက်သာ ရှိသေးပုံပေါ်သည့် မျက်လုံးညိုညိုနှင့်အနက်ရောင်ဆံပင်များရှိသည့် ဗမာလူမျိုးကောင်လေးတစ်ယောက်ဖြစ်သည်။ သေချာကြည့်ပါက မင်းလွင်နှင့်ရုပ်ချင်းဆင်ပြီး မင်းလွင်တွင်ဖခင်ဖက်မှပါသည့် ရွှေရောင်ရောစပ်နေသော ဆံပင်တချို့ ရှိခဲ့သည်မှအပ အခြားပုံပန်းသွင်ပြင်တို့ တူညီကြ၏။
"ဆုဗာနာတစ်နိုင်ငံလုံးက မူးမတ်တွေရူးကုန်ကြတာလား။ ငါလို အရည်အချင်းပြည့်မီတဲ့ နယ်စားမင်းသားတစ်ပါးရှိနေသေးတာကို လစ်လျူရှုပြီးတော့ နိုင်ငံခြားမှာနေနေတဲ့ ဘယ်ဥကပေါက်မှန်းမသိတဲ့သူကို သွားရှာကြတယ်၊ ပြီးတော့ ယောက်ျားလေးဘဝကို စွန့်လွှတ်ထားတဲ့ ရွံစရာအတုမကြီး။ ဝေါ့..."
နယ်စားမင်းသားဟု သူ့ကိုယ်သူခေါ်နေသည့်ကောင်လေးက လွန်စွာရွံရှာနေသည့်ဟန်ဖြင့် မြေကြီးပေါ်ကို တံထွေးထွေးချလိုက်သည်။
တကယ်တော့ ဆုဗာနာနယ်စားကြီးတွင် သားသမီးသုံးယောက်ရှိခဲ့ကာ အကြီးဆုံးမှာ ဦးလေးကီလိုမန်းဖြစ်ပြီး အငယ်ဆုံးကတော့ မေမေသီတာဖြစ်ပေသည်။ အလတ်ကောင်ကတော့ ငယ်ငယ်ရွယ်ရွယ်နှင့် ရောဂါကြောင့်ဆုံးပါးသွားခြင်းဖြစ်ပြီး ထူးထူးချွန်ချွန်လည်းမရှိရာ နယ်စားမိသားစုအတွင်း နာမည်ပင် တိမ်မြုပ်နေ၏။ သို့သော်လည်း သူ့တွင်ဒီပဆိုသည့် မွေးစားသားလေးတစ်ယောက်ကျန်ခဲ့ကာ နယ်စားကြီးက တကယ့်မြေးအရင်းလေးအလား ပျိုးထောင်ပေးခဲ့သည်။ သို့သော်လည်း နယ်စားမျိုးနွယ်ဝင်မဟုတ်သလို၊ ငယ်လည်းငယ်လွန်းသဖြင့် ဆက်ခံသူရွေးချယ်ရာတွင် ပါမလာခဲ့ပေ။
သို့သော် ဒီပလေးကတော့ ငယ်လွန်းအားကြီးပြီး မသိနားမလည်သဖြင့် သူ့ကိုတမင်ချန်ထားသည်ဟုထင်ကာ နိုင်ငံခြားမှပြန်လာမည့် မွေးစားအစ်ကိုကြီးမဟုတ်တော့သော အစ်မကြီးကို ကြိုမုန်းတီးနေလေ၏။
"ဟွန့်၊ ငါက နေ့တိုင်းဆုဗာနာကိုယ်ပိုင်ကာကွယ်ရေးတပ်မှာ လေ့ကျင့်နေပြီးတော့ တိရစ္ဆာန်တွေနဲ့ဆက်သွယ်နိုင်တဲ့ မြူတန့်စွမ်းအားလဲရှိတယ်။ ဟိုအတုကောင်က ငါ့ကိုဘယ်နိုင်မှာလဲ။" သစ်ပင်ပေါ်တွင်ပုန်းနေသည့် ကောင်စုတ်လေးက အထင်သေးဟန်ဖြင့် နှာခေါင်းထဲမှလေကို မှုတ်ထုတ်ကာ ပြောလိုက်တော့သည်။
၅။
ဆုဗာနာနယ်စားနယ်မြေဟာ ယေဘုယျအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေသုံးထောင်မှာ တည်ရှိပါတယ်။ နိုင်ငံအတွင်း အမြင့်ဆုံးတောင်ကတော့ ရက္ခပိုရှီတောင်ဖြစ်ပြီး ပေ ၂၁၈၀၀ မြင့်တယ်။
တောင်ပေါ်ဒေသ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီးတော့ နယ်စားနန်းတော်နဲ့ ငွေလမင်းရေကန်တည်ရှိရာ သိရိစန္ဒါမြို့ဟာ နိုင်ငံရဲ့မြို့တော်ပါ။ ဧရီယာ ၉၀၀၀ ကီလိုသာ ကျယ်ဝန်းတဲ့အတွက် ကယား/ကရင်နီပြည်နယ်ထက် အနည်းငယ်ပိုသေးပါတယ်။
အဓိကခရိုင်ဒေသသုံးခုခွဲထားပြီး တော်ဝင်နယ်မြေဖြစ်တဲ့ စန္ဒာလမင်းခရိုင်၊ တိပတ်အနွယ်ဝင်နဲ့မန်ချူးမျိုးနွယ်အများစုနေထိုင်ရာ ရှန်းယန်ခရိုင်၊ အိန္ဒိယတိုင်းရင်းမျိုးနွယ်များနေထိုင်ရာ ပဟာလော့ခရိုင်တို့က အဓိကနယ်မြေကြီးတွေပါ။
လက်ရှိ လူဦးရေ လေးသန်းခွဲသာရှိပြီးတော့ စက်မှုလုပ်ငန်းအားနည်းပါတယ်။ တစ်နိုင်ငံလုံးရဲ့GDPဟာ အမေရိကန်ဒေါ်လာ ၇.၁၄ ဘီလီယံရှိတယ်။ တောင်ပေါ်နိုင်ငံတစ်နိုင်ငံအနေနဲ့တော့ မဆိုးဘူးလို့ပြောရမှာပါ။
မက်ဒါနာတို့ ဆုဗာနာလေဆိပ်ကိုရောက်တော့ ပထမဆုံးတွေ့လိုက်ရတာက သူတို့ကိုဂုဏ်ပြုကြိုဆိုဖို့ရောက်နေတဲ့ နယ်မြေကိုယ်ပိုင်စစ်တပ်ကိုပါ။ ဧရာမ ပုရွတ်ဆိတ်ကြီးတွေစီးပြီး လှံနဲ့သစ်သားဒိုင်းတွေကိုလက်မှာကိုင်ထားကြတယ်။ သေနတ်တော့ရှိကြပေမဲ့ ကျောမှာလွယ်ထားတဲ့ ပထမကမ္ဘာစစ်ကျန်လက်နက်လိုလို ကျည်တစ်လုံးထိုးရိုင်ဖယ်တွေကိုသာ တွေ့ရပါတယ်။
"ဝန်ကြီး၊ ဒီအမဲလိုက်တပ်ဖွဲ့က နိုင်ငံတကာလေဆိပ်မှာ ဘာလုပ်နေတာလဲဟင်။" မက်ဒါနာက မနေနိုင်ဘဲ မေးလိုက်တယ်။
သူ့အနေနဲ့တော့ ဒီလောက်စုတ်စုတ်ပြတ်ပြတ်တပ်ဖွဲ့က နိုင်ငံစစ်တပ်ဖြစ်မယ်ထင်မထားဘူး။ ပြီးတော့ သူတို့နဲ့ပုံစံတူနိုင်ငံဖြစ်တဲ့ ဘူတန်နိုင်ငံတောင်မှ သူတို့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို မောင်းပြန်သေနတ်စုံအောင် ဆင်ပေးနိုင်တယ်မဟုတ်လား။
ဝန်ကြီးဦးမောင်မောင်ကတော့ နယ်စားမင်းသမီးလေးကို ပြုံးပြလိုက်ပြီး "ဆုဗာနာနိုင်ငံကနေ ကြိုဆိုပါတယ်၊ သူတို့က ဆုဗာနာကြည်းတပ် တပ်ရင်း ၄ ပါ။ ဂုဏ်ပြုတပ်ဖွဲ့အဖြစ်ရော ကိုယ်ရံတော်တပ်ဖွဲ့အနေနဲ့ပါ ဒီကိုခေါ်ထားတာ။"
"....." မက်ဒါနာ ဆွံအသွားတယ်။ တကယ်ကြီး သူတို့က ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့လား။ ဆုဗာနာအနေနဲ့ ဘယ်လိုလုပ်ပြီး မဟာနိုင်ငံကြီးသုံးခုကြားမှာ မရှုံးနိမ့်ဘဲ ရပ်တည်နေတာလဲဆိုတာ သူနားကိုမလည်တော့ဘူး။ ပြီးတော့ သူတို့စီးထားတာ ပုရွတ်ဆိတ်တွေ။ မက်ဒါနာ သူ့ကိုယ်သူ စက်ရုပ်ခွေးစီးသူရဲကောင်းဖြစ်နေလို့ ကမ္ဘာ့မှာပြိုင်ဖက်ကင်းပြီထင်ထားတာ ဆုဗာနာက ညီအစ်ကိုတွေက ပိုစတိုင်ကျနေမယ်လို့ ဘယ်လိုလုပ်ထင်မိမှာလဲ။
ဖရာလီတာကတော့ ပုရွက်ဆိတ်စီးစစ်သားတွေနားကို ကပ်သွားပြီး ဧရာမပုရွက်ဆိတ်ကြီးတစ်ကောင်ရဲ့ခန္ဓာကိုယ်ကို လက်နဲ့သွားခေါက်ကြည့်တယ်။
"ဒီကောင်တွေက Titanant အမျိုးအစား မြူတန့်သတ္တဝါတွေမဟုတ်လား။ C rank တွေဆိုပေမဲ့ တော်ရုံသေနတ်ကျည်တွေက သူတို့ကိုတိုးမပေါက်နိုင်ဘူးလေ။ အရေအတွက်လည်းများသေးတယ်။"
ဖရာလီတာ့စကားကြောင့် ဘေးမှယနားထောင်နေတဲ့ ဝန်ကြီးဦးမောင်မောင်ကလည်း ဂုဏ်ယူစွာနဲ့ပြောလိုက်တယ်။
"ငါတို့မှာ ယဥ်ပါးတဲ့ ပုရွက်ကြီးကောင်အသိုက်ကြီးတစ်ခုလုံးရှိနေတယ်လေ။ တင့်ကားတွေသုံးရအဆင်မပြေတဲ့ တောင်တန်းဒေသမှာတော့ ဒီကောင်တွေက သက်ရှိတင့်ကားတွေပဲ။ လေးပွင့်ဆိုင်စစ်ပွဲမှာ သူတို့ကြောင့် ဆုဗာနာစစ်မရှုံးခဲ့တာလေ။"
ဖရာလီတာကတော့ စိတ်ဝင်တစားနဲ့ တစ်ခုပြီးတစ်ခု ဆက်မေးနေလေရဲ့။ "ပုရွတ်ပျံတွေရောရှိလား၊ သူတို့က ပုရွက်ဆိတ်စစ်သည်တွေမဟုတ်လား၊ လုပ်သားတွေကရော။ ရှင်တို့လေတပ်ကလည်း သူတို့တွေနဲ့ပဲလား။"
"သံတမန် ဗစ်ကောင့်ပန်ဒရာဂွန်ခင်ဗျ၊ ပုရွက်ပျံကြီးတွေက အနိမ့်ပိုင်းပဲ ပျံသန်းနိုင်တဲ့အတွက်ကြောင့် လေတပ်မှာသုံးဖို့ အဆင်မပြေပါဘူး။ ဒါပေမဲ့ ရဲတပ်ဖွဲ့မှာတော့ သူတို့ကို ဟော့ပါဆိုင်ကယ်အစားသုံးကြတယ်။ လေတပ်မှာက သာမန်လေယာဥ်တွေနဲ့ လိပ်ကြာကြီးမျိုးကို အသုံးပြုပါတယ်။"
သူတို့ ဂုဏ်ပြုတပ်ဖွဲ့ကို လမ်းလျှောက်ကာ ဖြတ်သန်းသွားနေတုန်း ထိုတပ်ဖွဲ့ဝင်များက စပါတန်များကဲ့သို့ လှံကို မြေပြင်သို့ဆောင့်ချပြီး စစ်ပွဲခေါ်သံဟစ်လိုက်ကြတယ်။ အဲဒီနောက်တော့ သတိစွဲထားရာကနေ ဖြုတ်ပြီး သူတို့ကိုကာကွယ်ပေးဖို့အတွက် စစ်ပွဲချီတက်ပုံစံကို ပြောင်းလိုက်ကြလေရဲ့။
ခဏနေတော့ တော်ဝင်မျိုးတွေစီးဖို့အတွက် သီးသန့်ဒီဇိုင်းထုတ်ထားပုံရတဲ့ ကားအမည်းလေးတစ်စင်းရောက်လာတယ်။ မာစီးဒီးပေမဲ့ တော်တော်အိုဟောင်းနေပြီ။ နယ်စားနယ်မြေက သိပ်ပြီးအသုံးအဖြုန်းကြီးပုံမရဘူး။ လိုအပ်သလောက်ပဲ သူတို့စရိတ်ကိုသုံးပါတယ်။ ဒါက ဥရောပသူကောင်းမျိုးတွေနဲ့ သိပ်မတူတဲ့အချက်တစ်ချက်ပါ။
လမ်းမှာတော့ ဖရာလီတာက တစ်ခုပြီးတစ်ခု ဆက်မေးနေတယ်။ "ဒီမြူတန့်သတ္တဝါတွေကို ရှင်တို့တွေ ဘယ်လိုထိန်းသိမ်းလဲ၊ စစ်သည်တွေမှာ အထူးမြူတန့်စွမ်းအား ရှိနေလို့များလား။ ဒါမှမဟုတ် သိပ္ပံပညာနဲ့ တစ်ခုခုလုပ်ထားတာလား။"
ဝန်ကြီးဦးမောင်မောင်ကတော့ စိတ်ရှည်စွာနဲ့ ဖြေကြားပေးနေဆဲပါ။ "တကယ်တော့ ကျွန်တော်တို့နယ်စားမျိုးနွယ်ဝင်တွေက ပုရွက်ဆိတ်ဘုရင်မနဲ့စာချုပ်ချုပ်ထားကြတာပါ။ နယ်စားအမွေခံဆိုတာကလည်း အဲဒီတာဝန်ကို ဆက်လက်ဆက်ခံရတဲ့သူတွေသက်သက်ပဲ။ ပြောရရင် အပေးအယူသဘောမျိုးဆန်တယ်၊ လက်ရှိနယ်စားကြီးဆိုရင်လည်း ပုရွက်ဆိတ်ဘုရင်မကို နေ့တိုင်းသီချင်းဆိုပြဖို့ စာချုပ်ချုပ်ထားရတာလေ။"
မက်ဒါနာကတော့ သူ့အဖိုးတစ်ယောက် ဧရာမပုရွတ်ဆိတ်ကြီးကို ဟစ်ဟော့သီးချင်းဆိုပြနေရတဲ့ပုံရိပ်ကို မြင်ယောင်ပြီး မဲ့ရွဲ့သွားတယ်။ သူလည်း နယ်စားအမွေခံဖြစ်လာမှာဆိုတော့ အဲဒီလိုမျိုးဆိုပြရမှာလား။ ဦးမောင်မောင်ကတော့ မက်ဒါနာရဲ့မျက်နှာအမူအရာကို သတိထားမိသွားပြီး စိတ်မပူဖို့ပြောလိုက်တယ်။
"တကယ်တော့ နယ်စားအမွေခံတိုင်း သီချင်းဆိုပြစရာမလိုပါဘူး။ စာချုပ်က ပုရွက်ဆိတ်ဘုရင်မရဲ့စိတ်အခြေအနေပေါ်မှာပဲ မူတည်တာပါ။"
သူတို့အဖွဲ့က ဗီအိုင်ပီကားပေါ်တက်ပြီး ဖြည်းဖြည်းချင်း မြို့ရှိရာကို မောင်းလာကြတယ်။ ကားလမ်းက ကျောက်ကြမ်းလမ်းဆန်တယ်။ ဦးမောင်မောင်ပြောပြချက်အရ ကားလမ်းတွေက ဒီမှာမိုးတွင်းဆိုရင် သုံးမရပါဘူးတဲ့။ ဆောင်းရာသီဖြစ်တဲ့ နိုဝင်ဘာကုန်ခါနီးမှာ ဆုဗာနာကို ရောက်လာတာ မှန်သွားတယ်လို့ ဆိုရမယ်။
တချို့နေရာတွေမှာ နှင်းတွေကျနေပြီဖြစ်ပြီးတော့ ဖြူဖွေးဖွေး တောင်တန်းကြီးတွေကို သူတို့မြင်နေရတယ်။ ဆုဗာနာရဲ့တောင်ကြားရေကန်ဒေသနားမှာ တည်ထောင်ထားတဲ့ စန္ဒါလမင်းခရိုင်မှာလည်း မနက်ခင်း ရေခဲလောက်အောင် ချမ်းနေပါပြီ။
လေဆိပ်ကနေ နာရီဝက်လောက် သွားပြီးတဲ့နောက်
နှင်းတွေဖုံးလွှမ်းနေပြီဖြစ်တဲ့ မြို့တော်ရဲ့အဝင်ဝကို ရောက်လာကြတယ်။
မြို့တော်ငယ်လေးမှာ လူဦးရေနှစ်သိန်းကျော်နီးပါး နေထိုင်ပါတယ်။ ဆုဗာနာမှာ မြို့နေလူဦးရေက အတော်နည်းပြီး ရှစ်သိန်းနီးပါးပဲ ရှိတာပါ။ ကျန်တဲ့လူဦးရေကတော့ ရွာတွေမှာပဲ နေကြတယ်။ မြို့တော် သိရိစန္ဒါကလွဲလို့ နောက်ထပ်ခရိုင်မြို့တော်နှစ်ခုပဲရှိပြီး အဲဒီမြို့တွေက တောင်ပေါ်ဒေသမှာမလို့ ပိုပြီးလူနေကျဲပါးတယ်။ မြို့နေလူတန်းစား အများစုက ဝန်ထမ်းတွေနဲ့ကုန်သည်တွေပါ။ တောင်ပေါ်ဒေသဖြစ်လို့ ဆုဗာနာဟာ ဆားရှားပါးတဲ့ပြဿနာကို ခံစားနေရပြီး ချမ်းသာတဲ့ကုန်သည်အများစုက ဆားကုန်သည်တွေပါ။ တခြားသစ်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်းတွေလည်းရှိပေမဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။
ဘာလို့ သာမန်တောင်ပေါ်နိုင်ငံတွေထက် GDP များနေရလဲဆိုတော့ ခုနောက်ပိုင်းနှစ်တွေမှာ ငြိမ်းချမ်းနေတာကြောင့် ခရီးသွားလုပ်ငန်းတွေ ဖွံဖြိုးလာလို့ပါ။ ခရီးသွားလုပ်ငန်းတွေကရတဲ့ GDPကတင် နိုင်ငံရဲ့ ၄၆% လောက်ရှိပါတယ်။
သူတို့မြို့တွင်းကိုဝင်လာတော့ လမ်းဘေးမှာကစားနေကြတဲ့ ကလေးတချို့က လက်ပြနှုတ်ဆက်ကြတယ်။ ပုရွက်ဆိတ်တပ်ဖွဲ့ကို ဘယ်သူကမှ ကြောက်တဲ့လူမရှိဘူး။ တချို့ကလေးတွေဆိုရင် လက်ဖဝါးအရွယ်လောက်ရှိတဲ့ ပုရွတ်ဆိတ်ကြီးမျိုးပေါက်စလေးတွေနဲ့ ကစားနေကြသေးတယ်။ ဘယ်သူမှမပေးပေမဲ့ ဦးမောင်မောင်ကတော့ ရှင်းပြနေတုန်းပါ။
"ဆုဗာနာမှာက ပုရွက်ဆိတ်တွေနဲ့ ငယ်ငယ်ကတည်းက စာချုပ်ချုပ်နိုင်တဲ့ကလေးတွေကို ထူးချွန်တယ်လို့ သတ်မှတ်ကြတယ်။ တခြားနိုင်ငံတွေက မြူတန့်စွမ်းအားနိုးထတဲ့ကလေးတွေကို မိဘတွေဂုဏ်ယူသလိုပဲ။ ကြီးလာရင် ကိုယ်ပိုင်တပ်ဖွဲ့မှာ အရာရှိအဖြစ် ရွေးချယ်ခံရနိုင်လို့လေ။"
မြို့ထဲက အိမ်တော်တော်များများက သစ်သားအိမ်တွေဖြစ်ပြီးတော့ တိုက်အိမ်သိပ်မတွေ့ရဘူး။ သစ်ပေါများတဲ့နိုင်ငံ ပီသပါပေတယ်။ ဒါပေမဲ့ စီးပွားဖြစ်သစ်လုပ်ငန်းတွေအပေါ် ကန့်သတ်မှုတွေ သိပ်များတဲ့အတွက် တောပြုန်းတဲ့ပြဿနာတော့ မကြုံရသေးပါဘူး။ ရေချိုရှားပါးတဲ့ပြဿနာကိုလည်း ရင်ဆိုင်နေရပြီးတော့ တစ်ခုတည်းသော ရေချိုအရင်းအမြစ်က လမင်းစန္ဒာရေကန်ပါ။
မြို့လယ်ပလာဇာကို ဖြတ်သန်းလာပြီးတဲ့နောက်တော့ သူတို့တွေ လမင်းစန္ဒါရေကန်ထဲက နေရောင်အောက်မှာ ငွေရောင်တောက်နေတဲ့ နန်းဆောင်ကြီးတစ်ခုကို မြင်လိုက်ရပါပြီ။
"သိရိစန္ဒါနန်းဆောင်ပဲ၊ နှစ်ငါးရာသက်တမ်းရှိပြီ။"
နယ်စားနန်းဆောင်ဟာ တစ်ခုတည်းသောနန်းဆောင်ကြီးပါ။ တကယ့်နန်းတော်တွေလိုမျိုး အရံနန်းဆောင်တွေရှိမနေဘူး။ အနားမှာတော့ တခြားရုံးတော်တွေရံထားပေမဲ့ နန်းဆောင်ပုံစံမျိုး ဆောက်လုပ်မထားဘူး။
ဒါပေမဲ့ သူတို့ရေကန်အစပ်နားရောက်တော့ နောက်တစ်ခါ အံ့ဩရပြန်ရော။ နန်းဆောင်ရှိတဲ့နေရာကိုသွားဖို့ ဘာတံတားမှရှိမနေဘူးလေ။
"ဒီမှာတံတားမရှိဘူးလား၊ လှေနဲ့ကူးရမှာလားဟင်။"
တစ်ချိန်လုံး ဧည့်လမ်းညွန်လိုလုပ်ပြနေတဲ့ ဆုဗာနာနိုင်ငံခြားရေးဝန်ကြီးကတော့ ခေါင်းချည်းညိတ်ပြနေတယ်။
"အင်း၊ တော်ဝင်လှေတော်ကို လှေဆိပ်ကနေစောင့်ရမှာ။"
ဒီလိုနဲ့ သူတို့အဖွဲ့လည်း လှေဆိပ်က နန်းဆန်ဆန်လုပ်ထားတဲ့ သစ်သားတဲလေးမှာ ထိုင်စောင့်နေကြတယ်။ ဒါပေမဲ့ နှစ်နာရီလောက်ကြာတဲ့အထိ လှေကိုမမြင်ရသေးဘူး။
"ဝန်ကြီး၊ ကျွန်မတို့ရောက်နေတာရော သူတို့သိရဲ့လား။" မေမေသီတာက မစောင့်နိုင်တော့တဲ့အတွက် မေးလိုက်ပါတယ်။ ရေကန်က ကျယ်တယ်ဆိုပေမဲ့ ရေလယ်ခေါင်ကျွန်းကနေ ဒီကိုစက်တပ်လှေနဲ့လာဖို့ ၂နာရီလောက် မကြာသင့်ဘူးမဟုတ်လား။
"သူတို့သိပါတယ်၊ ကိစ္စတစ်ခုခုရှိလို့ နောက်ကျနေတာဖြစ်ပါလိမ့်မယ်။ ဟဲဟဲဟဲ..." ဝန်ကြီးကတော့ ခပ်ခြောက်ခြောက်ပဲ ရယ်ပြတယ်။
လိုလီလေးဖရာလီတာကတော့ ထွင်းဖောက်မြင်နိုင်တဲ့ ဖုန်းလေးတစ်လုံးနဲ့ အလုပ်ရှုပ်နေတုန်းပဲ။ မက်ဒါနာလည်း ဘာမှလုပ်စရာမရှိဘဲ ပျင်းပျင်းရှိတာနဲ့ အနားရောက်လာပြီး မေးလိုက်တယ်။
"ဘာတွေလုပ်နေတာလဲ။"
"ဒရုန်းသေးသေးလေးလွှတ်ပြီး ရေကန်ပေါ်မှာ ဖြတ်ပျံခိုင်းမလို့လေ။" ပြောပြောဆိုဆိုနဲ့ ဖရာလီတာက သူ့အိတ်ထဲကနေ ခိုငှက်လေးတစ်ကောင်နဲ့တူတဲ့ ဒရုန်းစက်ရုပ်ကလေးကို ဆွဲထုတ်လိုက်တယ်။
"ကင်းထောက်ဒရုန်းတွေလား၊ ဒါပေမဲ့ ဆုဗာနာနယ်စားနန်းတော်နားမှာ ဒရုန်းပျံသန်းခွင့်မပြုဘူးမဟုတ်လား။"
တကယ်တော့ ဆုဗာနာနယ်စားနယ်တော်ဟာ အမေရိကန်က အိမ်ဖြူတော်နဲ့အတူတူပါပဲ။ ဒါကြောင့် ဒရုန်းပျံသန်းခွင့်မရှိဘူးလေ။ ဝန်ကြီးဦးမောင်မောင်က ဖြစ်နိုင်ရင် ဖရာလီတာကို ချက်ချင်းဖမ်းပြီး ရဲစခန်းပို့ချင်ပေမဲ့ နယ်စားမင်းသမီးလေးနဲ့ အတူပါလာတာဖြစ်သလို မယ်တော်ကြီးသီတာကလည်း ကြင်ယာတော်မင်းသမီးလောင်းလျာလေးဆိုပြီး အလိုလိုက်ထားတော့ ပြောရခက်နေတယ်။
"ဟဲဟဲ... နင်တို့ဆုဗာနာမှာ လေကြောင်းကြည့်ရေဒါတောင်ရှိလို့လား။ ရှိရင်တောင် ဒီဒရုန်းကို ရာသီပြောင်းရွှေ့ငှက်လို့ပဲ ထင်ကြမှာလေ။"
နိုင်ငံတော်ကို အထင်စွတ်စမောပြနေတဲ့ ဗြိတိန်လိုလီလေးကြောင့် နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မောင်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်တယ်။
"တကယ်တော့ ရေဒါတွေ ကျွန်တော်တို့မှာရှိပါတယ်။ ရုရှားထုတ် S400 မစ်ဆိုင်းစနစ်လေးခုအထိ တပ်ဆင်ထားပြီးသားပါ။"
S400 စနစ်တွေကို ၂၀၀၇ ခုနှစ်က စတင်ထုတ်ခဲ့တာဖြစ်ပေမဲ့ ယနေ့အထိ အတော်အသုံးဝင်နေဆဲဖြစ်ပါတယ်။ တကယ်တမ်းရင်ဆိုင်ရရင် Archmega လို အဆင့်မြင့်လေကြောင်းဝတ်စုံတောင် ထွက်ပြေးဖို့မလွယ်ပါဘူး။ ဒါပေါ့၊ အရင်ဆုံး ကိုယ်ပျောက်စနစ်ကို ကျော်လွှားပြီး သူ့နေရာကိုရှာဖွေဖို့ လိုအပ်ပါတယ်။
"အထင်ကြီးစရာပဲ၊ နင်တို့ရန်သူတော် အိန္ဒိယတောင် ၅ခုပဲရှိတာမဟုတ်လား။"
တကယ်တော့ မက်ဒါနာကိုယ်တိုင်လည်း နိုင်ငံပိစိညှောက်တောက်လေးဖြစ်တဲ့ ဆုဗာနာမှာ ဒေါ်လာသန်းသုံးရာတန် လေကြောင်းရန်ကာကွယ်ရေးမစ်ဆိုင်းစနစ်တွေ လေးခုလောက် ဘယ်ကနေဘယ်လိုရထားမှန်း နားကိုမလည်နိုင်ဘူး။ ဝန်ကြီးဦးမောင်မောင်ကတော့ ရှင်းပြပါတယ်။
"ငါတို့နိုင်ငံက ဇက်သတ္တုအထွက်အများဆုံး နိုင်ငံတွေထဲကတစ်ခုလေ။ နှစ်စဥ်တူးဖော်ခွင့်မပေးထားသလို စီမံကိန်းတွေလည်းလုပ်မထားပေမဲ့ ငွေလိုရင် စုထားတာတွေကို အရေးပေါ်ရောင်းလို့ရတယ်။ လေးပွင့်ဆိုင် စစ်ပွဲကာလတုန်းက ဇက်သတ္တုတန်ထောင်ချီရောင်းထားတာမလို့ အဲဒါတွေရှိနေတာပါ။"
"တကယ်... ငါက နယ်စားမင်းသမီးဆိုတော့ နည်းနည်းလောက် ယူသုံးလဲ ကိစ္စမရှိဘူးမဟုတ်လား။" သူ့နိုင်ငံက ဇက်သတ္တုသူဌေးဆိုတာလည်းကြားရော မက်ဒါနာချက်ချင်းဆိုသလိုကို တက်ကြွလာတော့တာပဲ။ ဒါနဲ့ဆိုရင် သူ့စွမ်းအားက နောက်တစ်ခါခုန်ပေါက်တက်သွားတော့မှာပါ။
....
ရေကန် တစ်ဖက်ကမ်း ခပ်လှမ်းလှမ်းရှိ လှေဆိပ်တွင်ဖြစ်သည်။ တော်ဝင်လောင်းလှေသားများက ကြောက်လန့်တကြားဖြင့် လှေဦးထိပ်တွင်ထိုင်ကာ ပလွေမှုတ်နေသော အသက်၁၂နှစ်အရွယ်ကောင်လေးအား အော်ဟစ်နေကြသည်။
"နယ်စားမင်းသားလေး... ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို မနှောင့်ယှက်ပါတော့နဲ့ဗျာ။ လှေလည်းမှောက်တော့မယ်။"
လမင်းစန္ဒာရေကန်၏ ကန်ရေပြင်တစ်ခုလုံးတွင် ဧရာမငါးကြီးများ ဖွေးဖွေးလှုပ်နေပြီး တော်ဝင်လှေအား ရှေ့မဆက်နိုင်အောင် တားဆီးနေ၏။ လှေထိုးသားများမှာ ထိတ်လန့်လွန်းသောကြောင့် အမိတသူတ၊ နတ်မင်းများကယ်ပါယူပါ အော်သူကအော် ဖြစ်နေသည်။ ကံမကောင်းစွာဖြင့် နိုင်ငံက တောင်ပေါ်ရှိ ကုန်းတွင်းပိတ်ဒေသဖြစ်ရာ မည်သူမှ ရေငံပိုင်ဦးရှင်ကြီးအား အကူအညီတောင်းမရဖြစ်နေလေသည်။
ဆံပင်အနက်ရောင်နှင့်အသားညိုတိုတိုကောင်လေးက လှေထိုးသားများကို တစ်ချက်ကြည့်လိုက်ပြီး မာထန်သောလေသံဖြင့် ပြောလိုက်၏။
"တကယ်လို့ အဲဒီနယ်စားမင်းသမီးအတုကြီးကို ခင်ဗျားတို့သွားမခေါ်ဘူးဆိုရင် အလွတ်ပေးမယ်လေ။"
"နယ်စားမင်းသားလေးရယ်၊ မင်းသမီးကိုသွားခေါ်ဖို့က နယ်စားကြီးကိုယ်တိုင်ပေးထားတဲ့အမိန့်ပါ။ ခေါင်းတော့ အဖြတ်မခံပါရစေနဲ့ဗျာ။"
လှေသူကြီးက တောင်းတောင်းပန်ပန်ဖြင့် ပြောရှာသည်။ ဆုဗာနာက ကက်ဘိနပ်လွှတ်တော်ရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ နယ်စားအမိန့်ကို ရှောင်ရှားမိပါက ခွင့်လွှတ်မရပေ။ နယ်စားကြီးဒေါသထွက်သွားပါက ရေဆုံးမြေဆုံးပြေးလျှင်ပင် လွတ််မည်မဟုတ်။
ထိုစကားကိုကြားတော့ ကောင်စုတ်လေးဒီပက ဘာကိုမှဂရုမစိုက်တော့ဘဲ ပလွေကိုသာ အာရုံစိုက်ကာ ပိုမိုတက်ကြွသော သီချင်းတစ်ပုတ်ကို တီးမှုတ် လိုက်၏။ ရေချိုငါးအုပ်ကြီးမှာလည်း ယခင်ထက် ပို၍သောင်းကျန်းလာလေတော့သည်။
တတိယ နယ်စားမင်းသားကြီး၏ မွေးစားသားလေး ဒီပမှာ အသံမြူတန့်စွမ်းအင်အမျိုးအစား မိုးမြေတေးဂီတကို ပိုင်ဆိုင်ထားပြီး အမျိုးမျိုးသောတေးဂီတများဖြင့် အရိုင်းဆိုင်းဆုံးသော သားရဲများကိုပင် ထိန်းချုပ်နိုင်စွမ်းရှိကာ အသက်ငယ်သေးသော်လည်း ဆုဗာနာနယ်စားနယ်မြေ၏ကိုယ်ပိုင်စစ်တပ်တွင် အလုပ်သင်အရာရှိတစ်ယောက် ဖြစ်နေပြီဖြစ်ကာ ဆုဗာနာဟီးရိုးအစည်းအရုံးကလည်း B+ ဟီးရိုးအဖြစ် သတ်မှတ်ပေးထားသည်။
လက်ရှိနိုင်ငံတွင် A အဆင့်ဟီရိုးများ မရှိသေးသဖြင့် ကောင်စုတ်လေးဒီပက နိုင်ငံ၏အစွမ်းအထက်ဆုံး ဟီးရိုးသုံးဦးအနက်မှ တစ်ယောက်ဖြစ်နေ၏။
သို့သော် ဂျစ်ကန်ကန်စိတ်ဓာတ်နှင့် ကလေးဆိုးဆိုးတတ်သောကြောင့် ဆုဗာနာပြည်သူများက သူ့ကို ကလေးဆိုးဘုရင်လေးဟု နာမည်ပေးထားကြသည်။
ယခုလည်း အမေရိကန်မှပြန်လာသည့် နယ်စားမင်းသမီးကို အသိအမှတ်ပြုသည့်ပုံမပေါ်ဘဲ တခြားသူများကိုပါ သူနှင့်အတူဆန့်ကျင်ဖို့ လိုက်မဲဆွယ်နေ၏။ ကံမကောင်းစွာဖြင့် သူမှလွဲ၍ မက်ဒါနာကို အသိအမှတ်ပြုလိုသူ ဘယ်သူမှရှိမနေပေ။ လက်ဝဲ လက်ယာအမတ်ကြီးများအပါအဝင် လူမျိုးစုခေါင်းဆောင်များသည်ပင် မက်ဒါနာကို မငြင်းပယ်လိုကျ။ ထို့ကြောင့် ကောင်စုတ်လေးမှာ အထီးကျန်နေတော့သည်။
"မင်းတို့တွေက ဆုဗာနာရဲ့ဂုဏ်ယူရတဲ့ နိုင်ငံသားတွေလေ။ ကိုယ့်ကိုယ်ကိုယ် ယောက်ျားအဖြစ်ကနေ စွန့်လွှတ်ထားတဲ့ အတုမကြီးကို နိုင်ငံအုပ်ချုပ်ခွင့်ပေးမလို့လား။ လုံးဝခွင့်မလွတ်နိုင်ဘူး။"
ကောင်လေးဒီပ စိတ်ဆိုးဆိုးဖြင့် အော်ဟစ်လိုက်စဥ်တွင် တော်ဝင်လှေကြီးမှာ ရေကန်အတွင်းမှ ထိုးထွက်နေသော ကျောက်ဆောင်တစ်ခုကို ဝင်တိုက်မိပြီး လှေစောင်းသွားသည်။ ကောင်စုတ်လေးက လှေဦးပေါ်တွင် ရှိနေသောကြောင့် အရင်ဆုံး ပလွေတခြားလူတခြား ပြုတ်ကျသွားသည်။
"ဟာဟေ့ဟေ့... နယ်စားမင်းသားလေး ရေထဲပြုတ်ကျသွားပြီ။" လှေထိုးသားများက မင်းသားလေးကို ဖမ်းဆွဲရန် ကြိုးစားကြသော်လည်း ကံမကောင်းစွာဖြင့် သစ်သားဖြင့်ပြုလုပ်ထားသည့် တော်ဝင်လှေဝမ်းမှာ ကျောက်တုံးနှင့်တိုက်မိကတည်းက ပွင့်ထွက်ပြီးဖြစ်နေသဖြင့် ရေများပန်းထွက်လာကာ မကြာမီသူတို့လှေကပါ မြုပ်တော့မည့် လက္ခဏာများ ပြလာလေသည်။
"ရေဝမ်းထဲက ရေတွေကို ခပ်ထုတ်ကြဟေ့။"
"မရတော့ဘူး၊ လှေဝမ်းထဲမှာ ရေတစ်ဝက်လောက်ပြည့်နေပြီ။ မမြုပ်ခင် လှေကိုစွန့်ခွာကြဟေ့ မဟုတ်ရင် ရေဝဲပေါ်လာပြီး အကုန်သေကုန်လိမ့်မယ်။"
သို့နှင့် လှေသူကြီးအပါအဝင် လှေထိုးသားများမှာ နယ်စားမင်းသားလေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူတို့ဘာသာသူတို့ ရေထံခုန်ချကာ အနီးဆုံးကုန်းရှိရာသို့ ကူးပြေးကြ၏။
၆။
ဖရာလီတာရဲ့ငှက်ဒရုန်းလေး ရေကန်ကိုဖြတ်ပျံပြီး သိပ်မကြာခင်မှာပဲ ကျောင်ဆောင်ကိုဝင်တိုက်မိပြီး စတင်နစ်မြုပ်နေပြီဖြစ်တဲ့ လှေကြီးတစ်စင်းကို မြင်လိုက်ရပါတယ်။
တော်ဝင်လှေဟာ နယ်စားနန်းဆောင်လိုပဲ ငွေရောင်ဖြစ်ပြီးတော့ လူငါးဆယ်လောက်ကို တင်သွားလို့ရတဲ့အထိ ကြီးမားပါတယ်။ သစ်သားနဲ့စပ်ထားတာဖြစ်ပြီး လှေဦးမှာနဂါးခေါင်းရှိပါတယ်။ အလယ်မှာကတော့ အမိုးအကာအပြည့်အစုံနဲ့ လှေတဲတစ်ခုရှိတယ်။
အခုလောလောဆယ်တော့ လှေကြီးက ထက်ပိုင်းကျိုးနေပြီဖြစ်ပြီး ရေထဲနစ်နေပါပြီ။ လှေထိုးသားတွေလည်း အကုန်ရေထဲခုန်ချပြီး ကမ်းရှိရာကို ကူးပြေးနေကြတယ်။ ဒါပေမဲ့ ကမ်းက သူတို့နဲ့တော်တော်ဝေးပါတယ်။ ပြီးတော့ ကလေးလေးတစ်ယောက် ရေထဲပြုတ်ကျသွားပြီး ပြန်ပေါ်မလာတော့တာကိုလည်း သူတို့မြင်လိုက်ရတယ်။
"ငါတို့ကို လာကြိုမယ့်လှေမရောက်သေးတာ လှေမြုပ်သွားလို့လား။" ဖရာလီတာက သူ့ဖုန်းထဲက မြင်ကွင်းကိုကြည့်ရင်း ပြောလိုက်တယ်။ မက်ဒါနာကတော့ ငွေရောင်သေတ္တာလေးကိုထုတ်လိုက်ပြီး လှေဆိပ်နောက်ကို ဆင်းသွားတယ်။ အလိုက်မသိတဲ့ ဝန်ကြီးဦးမောင်မောင်ကတော့ လှမ်းမေးလိုက်ပါတယ်။
"မင်းသမီး၊ ဘယ်သွားမလို့လဲ။"
"သန့်စင်ခန်းသွားမလို့လေ၊ ဘယ်သူမှ လိုက်မလာနဲ့နော်။"
အဲဲဒီနောက်တော့ နယူးယောက်မှာရှိနေသင့်တဲ့ ငွေရောင်စစ်သည်တော်ကြီး ဆုဗာနာရေပိုင်နက်ထဲမှာ ပေါ်လာခဲ့ပါပြီ။ Silver Knightဝတ်စုံဟာ နည်းပညာမြင့် Void Stream အထောက်အကူကြွက်သားနည်းပညာကို အသုံးပြုထားတာပါ။ ခန္ဓာကိုယ်ကြွက်သားလှုပ်ရှားမှုတိုင်းကို အားကောင်းစေတဲ့အတွက်ကြောင့် မက်ဒါနာဟာ ကန်ရေပြင်ကို ငွေရောင်ငါးတစ်ကောင်လိုမျိုး လျင်မြန်စွာ ဖြတ်ကူးနိုင်ခဲ့တယ်။
သူ့ရေကူးနှုန်းက အိုလံပစ်ချန်ပီယံပေါင်းများစွာကို နောက်ကောက်ချထားနိုင်ပြီး ရေပေါ်ဆိုင်ကယ်တွေထက်တောင် မြန်ပါသေးတယ်။ ပါးဟပ်တွေရှိတဲ့ ငါးအသွင်ပြောင်းမြူတန့်တစ်ကောင်အလား ကူးခတ်နေခဲ့တာပါ။
သူလှေမြုပ်နေတဲ့နေရာကိုရောက်တော့ လှေကရေထဲ လုံးဝနစ်မြုပ်သွားပြီဖြစ်ပြီး ရေဝဲကြီးတစ်ခုက အနီးအနားမှာရှိနေတဲ့ အရာအားလုံးကိုဆွဲချနေပါပြီ။ ထွက်ပြေးတာနောက်ကျတဲ့ လှေထိုးသားတချို့လည်း ရေထဲဆွဲချခံလိုက်ရတယ်။
ကံကောင်းစွာနဲ့ ငွေရောင်စစ်သည်တော်ဟာ ရေဝဲကို ဆန့်ကျင်ပြီး ကူးခတ်နိုင်စွမ်း ရှိနေတာပါ။ မက်ဒါနာဟာ မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားလာပြီး ရေဝဲထဲကလူတွေကို ကယ်ထုတ်သွားတယ်။ လှေကနေ ပဲ့ထွက်လာပြီး ရေမျက်နှာပြင်ပေါ်မှာ မျောပါနေတဲ့ သစ်သားအပိုင်းအစတွေကို ကျေးဇူးတင်ရပါမယ်။ မဟုတ်ရင် သူတို့တစ်ယောက်ချင်းစီကို ကမ်းပေါ်လိုက်ပို့နေရမှာပါ။ အခုတော့ သူတို့ကို ရေပေါ်မျောနေတဲ့ ပျဥ်ပြားပေါ် တင်ပေးရုံနဲ့ လုံလောက်ပါတယ်။ ပြီးတော့ ဒီလှေထိုးသားတွေကိုယ်တိုင်က ရေကူးတတ်တယ်လေ။ ရေဝဲထဲပါသွားလို့ ရေနစ်ကုန်ကြတာပါ။
နောက်ဆုံးတစ်ယောက်ကို စည်ပိုင်းကြီးတစ်ခုမှာ နေရာချပြီးတဲ့နောက်တော့ အဲဲဒီလူက ပါးစပ်ထဲက ရေတွေကို မှုတ်ထုတ်ရင်း မက်ဒါနာကို ပြောလိုက်တယ်။
"သူရဲကောင်းခင်ဗျ၊ မင်းသားလေး ရေထဲနစ်သွားသေးတယ်။"
မက်ဒါနာလည်း သူမလာခင်တုန်းက ကင်မရာကနေ မြင်လိုက်ရတဲ့ ရေထဲပြုတ်ကျသွားတဲ့ ကောင်လေးကို ပြန်သတိရလာတယ်။ ပြီးတော့ ဒီလူတွေက သူ့ကို မင်းသားလေးလို့ခေါ်နေတာဆိုတော့ မျိုးရိုးမြင့်သခင်လေးတစ်ယောက် ဖြစ်မယ်ထင်တာပဲ။
ငွေရောင်စစ်သည်တော်လည်း ခဏလောက်စဥ်းစားလိုက်ပြီးနောက် ရေငုပ်ပြီး ရှာဖွေရေးခရီးစပါတော့တယ်။
လမင်းစန္ဒာရေကန်က ရေချိုအိုင်တစ်ခုပေမဲ့ ရေသိပ်နက်ပါတယ်။ ပျမ်းမျှရေအနက်က ပေခုနစ်ဆယ်ပါ။ မိုးတွင်းကာလဆိုရင် ပေတစ်ရာနီးပါးနက်ပါတယ်။ နောက်ပြီး ငွေရောင်စစ်သည်ဝတ်စုံမှာက ခဏရေငုပ်နိုင်အောင် ကူညီပေးတဲ့ deep inhale နည်းပညာပါပေမဲ့ အကြာကြီးရေမငုပ်နိုင်ပါဘူး။ deep inhale နည်းပညာက အောက်ဆီဂျင်တွေကို ဝတ်စုံထဲမှာ စုပ်ယူပြီး ခတ္တသိုလှောင်ထားပေးပြီး အချိန်တိုရေငုပ်ဖို့ ထောက်ပံပေးနိုင်တယ်။
ပထမတစ်ခါ ရေငုပ်ပြီးရှာတာက အကျိုးသက်ရောက်မှု မရှိခဲ့ဘူး။ သူချက်ချင်း ရေပေါ်ကို ပြန်တက်လာခဲ့တယ်။ ဝတ်စုံရဲ့အောက်ဆီဂျင်သိုလှောင်နိုင်စွမ်းက လီတာဝက်ပဲရှိတာမလို့ လေးဆယ့်ငါးမိနစ်စာပဲ ရေငုပ်လို့ရတယ်။ ဒါပေမဲ့ အခုပြန်တက်လာတာက အောက်ဆီဂျင်ကုန်လို့မဟုတ်ဘူး။
လူတစ်ယောက်က ရေထဲပြုတ်ကျ ရေနစ်ပြီး ငါးမိနစ်အတွင်းမှာ အောက်ဆီဂျင်ကုန်ခမ်းပြီး သတိလစ်တဲ့အခြေအနေကို ရောက်သွားမှာပါ။ လူတွေကို သူကယ်ပြီးတဲ့နောက် ဆယ့်ငါးမိနစ်လောက် အချိန်ကုန်နှင့်ပြီးနေပါပြီ။ ဒါကြောင့် အဲဒီကောင်လေးကို အသက်ရှင်လျက်လိုချင်ရင် သူအကြံထုတ်ဖို့လိုနေပြီ။
"ဆိုနာ... ဟုတ်တယ်... ငါ့မှာဆိုနာစနစ်ပါတာပဲ။"
မက်ဒါနာဟာ ချက်ချင်းပဲ သူ့ဝတ်စုံက စွမ်းဆောင်ရည်တစ်ခုကို သတိရသွားပြီး ရေအောက်ကို ပြန်ဝင်လိုက်တယ်။ ဆိုနာနည်းပညာဟာ အသံလှိုင်းတစ်ခုကို ထုတ်လွှတ်ပြီး ပဲ့တင်သံကိုပြန်ဖမ်းကာ ရေနက်ပိုင်းက အကွာအဝေးနဲ့လမ်းကြောင်းတွေကို ထောက်လှမ်းနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ မက်ဒါနာရဲ့ဝတ်စုံက ဆိုဒါထောက်လှမ်းရေးစနစ်က သင်္ဘောတစ်စင်းကဟာနဲ့ ယှဥ်လို့တော့မရနိုင်ပေမဲ့ အနည်းဆုံးတော့ ရေကန်ထဲမှာ အသုံးဝင်ပါသေးတယ်။
မိနစ်အနည်းငယ် ထပ်ကြာပြီးတဲ့နောက် ရေကန်ကြမ်းပြင်မှာ ပလွေလေးတစ်ချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး အံ့ကိုတင်းတင်းကျိတ်ထားတဲ့ ကောင်လေးတစ်ယောက်ကို မြင်လိုက်ရတယ်။
အဆုတ်ထဲမှာ ရေတွေနဲ့ပြည့်နေပြီမလို့ ကောင်လေးရဲ့နှာခေါင်းကနေ ပူစီဖောင်းတွေ ထမလာတော့ဘူး။ နောက်မိနစ်နည်းနည်းလောက် ထပ်ကြာသွားရင် ဒီကောင်လေး အသက်ပျောက်သွားလောက်ပါပြီ။
မက်ဒါနာက ကောင်လေးကိုဆွဲခေါ်ပြီး ရေမျက်နှာပြင်ပေါ်ကို ပြန်တက်လာတယ်။ ကမ်းခြေက သူတို့နဲ့တော်တော်ဝေးသေးပေမဲ့ အစောပိုင်းက လှေနဲ့တိုက်မိခဲ့တဲ့ ကျောက်ဆောင်ကိုပဲ ကျေးဇူးတင်ရပါမယ်။ အဲဒီကျောက်ဆောင်က လူတစ်ယောက်ကို တင်ထားနိုင်လောက်အောက် မြင့်မားပါတယ်။
မက်ဒါနာဟာ အင်တာနက်ကနေ ရှေးဦးသူနာပြုစုနည်း ဒေါင်းလုပ်လော့ပြီး ရေနစ်သူကို ကယ်ဆယ်ဖို့ ဆက်တိုက်လုပ်ရတယ်။ ရင်ဘတ်ကို လက်နဲ့ဖိပြီး နှိပ်နေပေမဲ့ ကောင်လေးပါးစပ်ထဲကနေ ရေအနည်းငယ် စီးထုတ်လာရုံကလွဲလို့ ဘာမှထူးမလာဘူး။ အာခေါင်ထဲကို လက်ထိုးထည့်ပြီး အသက်ရှူလမ်းကြောင်းမှာ ဆို့နေတာရှိမရှိကြည့်တော့လည်း ဘာမှမရှိပါဘူး။
ကြည့်ရတာ သူ့ဘာသာသူ အသက်မရှူနိုင်တော့ဘူးထင်တယ်။ ဒီအတိုင်းဆိုရင်တော့ အသက်ပြန်ရှူနိုင်အောင် တခြားတစ်ယောက်ယောက်က ကူညီပေးမှရတော့မှာ။ အဲဒီနည်းကလည်း နှုတ်ခမ်းချင်းတေ့ပြီး လုပ်ရမှာလေ။
မက်ဒါနာက ဘေးဝတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ လှေထိုးသားတွေ သူတို့နားမှာမရှိတော့ဘူး။ အကုန်လုံး ကမ်းဖက်ကို ပြန်ကူးကုန်ကြပြီထင်ပါရဲ့။
"သူတို့ပြောတော့ ဒီကောင်လေးက မင်းသားဆို၊ ဘာလို့သူ့အခြေအနေကိုကြည့်ဖို့ တစ်ယောက်မှဒီမှာကျန်မနေဘဲ အကုန်ကမ်းစပ်ကို ပြန်သွားကြတာလဲ။" မက်ဒါနာ ကူရာမဲ့စွာနဲ့ သက်ပြင်းချလိုက်တယ်။
ကြည့်ရတာ တခြားသူကို အားကိုးလို့မရတော့တဲ့ပုံပဲ။ သူကိုယ်တိုင်ပဲ လုပ်ရတော့မယ်။ မက်ဒါနာလည်း သူ့ခေါင်းစွပ်ကို ဆွဲချွတ်လိုက်တယ်။ ငွေရောင်ဂုတ်ဝဲဆံပင်လေးက နေရောင်အောက်မှာ တောက်ပနေပြီး နတ်ပြည်ကနေ စစ်သည်တော်နတ်သမီးတစ်ယောက် ဆင်းသက်လာသလိုမျိုး ထင်ရတယ်။
အဲဲဒီနောက်တော့ ကောင်စုတ်လေးပါးကို ဆွဲညှစ်ပြီး နှုတ်ခမ်းချင်းတေ့ဖို့ လုပ်လိုက်တယ်။ အဲဒီလိုမလုပ်ခင် တွေးလိုက်မိတာက ဒါကိုနမ်းတာအဖြစ် ယူဆလို့ရတယ်မလားဆိုတာပါ။ ကံကောင်းစွာနဲ့ သူတကယ်မလုပ်ရသေးခင် ကောင်စုတ်လေးက သူ့ကိုယ်ထဲဝင်နေတဲ့ ရေတွေကို ပန်းထုတ်လိုက်ပြီး ချောင်းဆိုးလိုက်တာပါ။
"အဟွက်...အဟွက်...."
ကံဆိုးတာက ကောင်စုတ်လေးပါးစပ်ထဲက ထွက်လာတဲ့ရေတွေက အပေါ်စီးမှာရှိနေတဲ့ မက်ဒါနာမျက်နှာကို လာစင်တော့တာပဲ။
"....."
ကောင်စုတ်လေးဒီပ မျက်လုံးဖွင့်ပြီး ပထမဆုံးမြင်လိုက်ရတဲ့အရာက ငွေရောင်ဆံပင်နဲ့ နတ်သမီးလေးလိုလှပတဲ့ မိန်းကလေးတစ်ယောက်က စစ်သည်ချပ်ဝတ်ကိုဝတ်ပြီး သူ့ရှေ့မှာရပ်နေတာပါ။
"ငါသေပြီး နတ်ပြည်ရောက်နေတာလား။ မဖြစ်နိုင်တာ၊ ငါက သေခါနီးသူများကို ဒုက္ခပေးပြီး လှေမှောက်အောင် လုပ်ခဲ့တာလေ။ ငရဲပြည်ရောက်ရင်ရောက်နေသင့်တာ။"
ကောင်စုတ်လေးဒီပက လှေနောက်ကျအောင်လို့ တမင်လုပ်ခဲ့တာဆိုပေမဲ့ အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံအောင် မတင်လုပ်ခဲ့တာမဟုတ်ဘူးလေ။ မက်ဒါနာကတော့ ကောင်လေးခေါင်းကို စိတ်တိုတိုနဲ့ထုလိုက်ပြီး
"ဘယ်ကသာ နင်သေပြီးတမန်လွန်ရောက်နေတာ ဖြစ်ရမှာလဲ။ ငါရှေ့ဦးသူနာပြုစုနည်းနဲ့ကယ်ထားလို့ အခုအသက်ရှူနေသေးတာပေါ့။"
ကောင်လေးကတော့ ရှေ့ဦးသူနာပြုစုနည်းဆိုတာနဲ့ မျက်နှာကြီးရဲတက်သွားပြီး "ဒါ...ဒါဆို ကျွန်တော်နဲ့ခင်ဗျားနဲ့ နှုတ်ခမ်းခြင်းတေ့။"
မက်ဒါနာက ဒီစကားကိုကြားတော့ ကောင်လေးကို နောက်တစ်ခါခေါင်းကိုထုလိုက်ပြန်တယ်။ ဒီအသေးလေးက ဖရာလီတာနဲ့အရွယ်တူပဲမဟုတ်လား၊ ဖရာလီတာက သူအနိုင်ကျင့်ချင်တိုင်း ကျင့်ဖို့မလွယ်ပေမဲ့ ဒီကောင်လေးကျတော့ သူရိုက်ချင်တိုင်းရိုက်လို့ရတယ်လေ။
"အရမ်းကြီး လျှောက်တွေးမနေနဲ့၊ မသေတာပဲ ကျေးဇူးတင်။" အဲဒီနောက်တော့ မက်ဒါနာလည်း ခေါင်းစွပ်ကို ပြန်စွပ်ပြီး တစ်ဖက်ကမ်းကို ရေကူးပြီးပြန်သွားတယ်။ ကောင်လေး သူ့ကိုဘယ်လိုထင်သွားလဲတော့ သူလည်းတွေးမနေတော့ဘူး။ ထင်ချင်သလို ထင်ပါစေပေါ့။
ဒါပေမဲ့ သူမေ့သွားတာက ရှေးဦးသူနာပြုစုနည်းရဲ့နောက်ဆုံးအဆင့်ကို တကယ်မလုပ်ခဲ့တဲ့အကြောင်း ရှင်းပြဖို့ပါပဲ။ ကျောက်ဆောင်ပေါ်မှာ ကျန်နေခဲ့တဲ့ ကောင်စုတ်လေးကတော့ သူ့နှုတ်ခမ်းကို လက်ညိုးလေးနဲ့ထိပြီး စိတ်ကူးတွေယဥ်နေတယ်။
"အဲဒီနတ်သမီးမမက ငါ့ကိုရုပ်ရှင်ထဲကလိုမျိုး နှုတ်ခမ်းချင်းတေ့ပြီး ကယ်လိုက်တာလား။" အဲဒီအတွေးနဲ့အတူ သူ့ပါးပြင်တစ်ခုလုံး နီရဲတက်သွားပြီး မနေတတ်မထိုင်တတ် ဖြစ်သွားတယ်။
...
မိနစ်အနည်းငယ်လောက်ကြာတော့ နောက်လှေတစ်စင်းက မက်ဒါနာတို့ကို လာကြိုတယ်။ မက်ဒါနာကတော့ ဝတ်စုံချွတ်ပြီး မင်းသမီးလေးလိုမျိုး ဟန်မပျက်ပြန်နေနေပြီ။ မေမေသီတာကတော့ သူ့သမီးလေး သန့်စင်ခန်းဝင်နေတာကြာလို့ စိတ်ပူပြီးမေးရှာပါတယ်။
"သမီးလေး၊ သန့်စင်ခန်းသွားတာ အကြာကြီးပဲ။ နေများမကောင်းလို့များလားလို့။"
"ဘာမှမဖြစ်ဘူး၊ စားတာနည်းနည်းများသွားလို့ပါ။"
ဖရာလီတာနဲ့ဆိုဖီယာတို့က မက်ဒါနာကို အဓိပ္ပါယ်ပါပါ ပြုံးကြည့်နေကြပေမဲ့ တခြားသူတွေကတော့ Silver Knightအဖြစ်နဲ့ လူတွေသွားကယ်နေတာ မက်ဒါနာမှန်း ဘယ်သူမှ သတိမထားမိကြဘူး။
သူတို့နယ်စားနန်းတော်ကိုရောက်တော့ ငွေရောင်စစ်သည်က မြုပ်သွားတဲ့လှေကို ကယ်ပေးသွားတဲ့သတင်းက နယ်စားနန်းဆောင်တစ်ခုလုံးမှာ ပြန့်နေပြီ။ အစေခံတွေအကုန်လုံး အဲဒီအကြောင်းပဲ ပြောနေတော့တာ။ ဒါပေမဲ့ တစ်နိုင်ငံလုံးကတော့ အဲဒီကိစ္စကို မသိကြသေးပါဘူး။
ဆုဗာနာမှာက အမေရိကန်လိုမဟုတ်ဘဲ သတင်းမီဒီယာအားနည်းသေးတယ်။ နိုင်ငံပိုင် လမင်းအလင်းရုပ်သံလိုင်း၊ စူပါဟီးရိုးအစည်းအရုံးရဲ့ကီလိုမီဂါရုပ်သံလိုင်းနဲ့ တစ်ခုတည်းသော ပုဂ္ဂိလိကပိုင် နှင်းပန်းမီဒီယာလို ရုပ်သံလိုင်းသုံးခုပဲရှိတာပါ။ ပြီးတော့ သူတို့က တစ်နေ့လေးကြိမ်ပဲ သတင်းလွှင့်တာလေ။ ဒီတော့ ညနေခင်းသတင်းမှာပဲ ဒီအကြောင်းပါလာလောက်တယ်။
သူတို့ရောက်လာတော့ ဆံပင်တွေဖြူဖွေးနေပြီဖြစ်တဲ့ အသက်ခြောက်ဆယ်အရွယ် အဖိုးအိုတစ်ဦးက လာကြိုပါတယ်။ မက်ဒါနာရဲ့အဖိုး ဆုဗာနာ နယ်စားကြီး ဦးအဂ္ဂပါ။ သူက လည်ကတုံးအဖြူနဲ့ငွေရောင်ပုဆိုးကိုဝတ်ထားပြီး ပြဇာတ်တွေထဲက ပိုးဖဲဝတ်စုံကြီးတော့ ဝတ်မထားဘူး။ ပူပြီးတော့ အချိန်တိုင်းဝတ်ထားဖို့မှ အဆင်မပြေတာကိုး။
"အဖေ၊ ဒါက သမီးရဲ့သားလေး။ အဖေ့မြေးမလေးလေ။" မေမေသီတာကတော့ ဖိုးဖိုးအဂ္ဂနဲမက်ဒါနာကို မိတ်ဆက်ပေးပါတယ်။ ဖိုးဖိုးအဂ္ဂက မက်ဒါနာကို စေ့စေ့ကြည့်လိုက်ပြီး ပြောပါတယ်။
"ဒါက... ဓာတ်ပုံထဲကနဲ့စာရင် တော်တော်လေးထွားလာတာပဲ။ ငါ့မြေးလေးက လှသားပဲ၊ ဒါပေမဲ့ ဘာလို့ ဂျိုးလေးကို ဖြုတ်ပစ်ရတာတုန်း။ ကောင်လေးဆိုရင် မိန်းကလေးတွေအများကြီး ဝိုင်းနေမှာကို။"
ဖိုးဖိုးအဂ္ဂရဲ့စကားကို မက်ဒါနာကိုယ်တိုင်လည်း ဘယ်လိုပြန်ဖြေရမှန်းမသိတော့ဘူး။ သူလည်း ဖြုတ်ချင်လို့ ဖြုတ်ထားခဲ့တာမှမဟုတ်တာ။ သူ့ဘာသာ အပန်းဖြေ ခရီးထွက်သွားတာလေ။ မေမေသီတာကတော့ သူ့ဖက်ကနေ ကာပြောပေးပါတယ်။
"အဖေကလည်း သိပ်စိုးရိမ်မနေစမ်းပါနဲ့၊ ကျွန်မသမီးလေးက ကြင်ယာတော်လောင်းလေးတွေ အများကြီးခေါ်လာတယ်။ ရွှေရောင်ဆံပင်နဲ့အလှလေးက ဆိုဖီယာတဲ့၊ အငယ်မလေးက ဖရာလီတာ၊ ကလေးနဲ့တစ်ယောက်က လင်ဒါတဲ့၊ ဒီဖက်က အကြီးဆုံးကတော့ လင်ဒါတဲ့။ အကုန်လုံး သမီးချွေးမလောင်းလေးတွေ။"
"ဟိုးဟိုးဟိုး... ငါ့မြေးမလေးက စွံသားပဲ။ တော်သေးတာပေါ့၊ သမက်လောင်းလေးတွေ ခေါ်မလာတာ။ ဟားဟားဟား..."
ဖိုးဖိုးအဂ္ဂက တော်တော်ပျော်တတ်ပုံပဲ။ အမှန်အတိုင်းပြောရရင် ဗီဒီယိုကောလ်နဲ့ခေါ်ပြောတုန်း သူ့ပုံစံက မြေးလေးက မြေးမလေးဖြစ်သွားတယ်ဆိုလို့ တော်တော်စိတ်ဆိုးနေတဲ့ပုံနဲ့လေ။ ဒါပေမဲ့ အခုကျတော့ ချစ်ဖို့ကောင်းတဲ့ မက်ဒါနာလေးကိုတွေ့ပြီး စိတ်မဆိုးနိုင်တော့တဲ့ပုံပဲ။
"ဒါနဲ့ ငါ့မြေးမလေးကို မိတ်ဆက်ပေးရဦးမယ်။ မြေးမလေးမှာ တစ်ဝမ်းကွဲညီလေး၊ အဲလေ။ ဝမ်းကွဲမောင်လေးရှိတယ်လို့။" ဖိုးဖိုးအဂ္ဂက မက်ဒါနာကိုပြုံးပြနေရင်းကနေ နောက်မှာရှိနေတဲ့ အစောင့်တစ်ယောက်ကို လှမ်းအော်ပြောလိုက်တယ်။
"ဟိုကောင်ဒီပဘယ်မှာလဲ၊ ဒီကိုခေါ်ခဲ့စမ်း။" အဲဒီနောက်တော့ နားမလည်နိုင်တဲ့ပုံစံနဲ့ ဖခင်ဖြစ်သူကို ကြည့်နေတဲ့ မေမေသီတာကို ဖိုးဖိုးအဂ္ဂက ရှင်းပြလိုက်တယ်။
"လွန်ခဲ့တဲ့ ဆယ်နှစ်ကသူရဆုံးသွားတော့ သမီးနဲ့မင်းနန္ဒာပဲ အဖေ့မှာကျန်တော့တာလေ။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အဖေ့ဆီကို ကလေးတစ်ယောက်နဲ့အတူ မင်းနန္ဒာပြန်လာတယ်။ အဖေ့ကို သူ့သားလို့ပြောပေမဲ့ အမေဖြစ်တဲ့သူပါမလာပေမဲ့ သူ့ကလေးလို့တော့ ပြောတယ်။ မင်းနန္ဒာအကြောင်းလည်း သမီးသိတာပဲလေ။"
နယ်စားကြီးဦးအဂ္ဂမှာက သားသမီးသုံးယောက်ရှိတယ်။ အကြီးဆုံးက A rank ဟီးရိုးဖြစ်တဲ့ မက်ဒါနာရဲ့ဦးလေးကီလိုမန်း ခေါ် ဦးသူရ၊ အငယ်ဆုံးကတော့ မေမေသီတာ။ နယ်စားကြီးက ဦးလေးကီလိုမန်းကို ဆက်ခံသူအဖြစ် ရာထားခဲ့ပေမဲ့ မသမာသူတွေလက်ချက်ကြောင့် လုပ်ကြံခံလိုက်ရတယ်။ အလတ်ကောင်ဖြစ်တဲ့ မင်းနန္ဒာကတော့ နိုင်ငံတွင်းမှာမနေဘဲ ကမ္ဘာပတ်အလေလိုက်နေတဲ့ အရည်အချင်းမရှိတဲ့ လူ့ပေါ်ကျော့တစ်ယောက်ပါ။
မင်းနန္ဒါပြန်ရောက်လာတော့ ရောဂါကျွမ်းပြီးသေခါနီးနေပြီ။ ဒါပေမဲ့ တစ်ယောက်တည်းပြန်လာတာမဟုတ်ဘဲ ကောင်လေးဒီပနဲ့အတူ ပြန်လာတာပါ။
"မင်းနန္ဒာက သူ့ကို ဘန်ကောက်မြို့စွန်က ဆင်ခြေဖုံးရပ်ကွက်မှာ တွေ့ခဲ့တာလို့ပြောတယ်။ ခြေသလုံးအိမ်တိုင် ကောင်လေးတစ်ယောက်ပေါ့။ သူနဲ့သိပ်တူနေလို့ မွေးစားပြီးသိပ်မကြာခင်မှာပဲ သားအရင်းမှန်းသိခဲ့ရတာ။ အမေလုပ်တဲ့သူကတော့ သေတာကြာပြီလို့ပြောတာပဲ။"
ဘန်ကောက်က သိတဲ့အတိုင်းပဲ အာရှမှာပြည့်တန်ဆာလုပ်ငန်းတွေကြောင့် နာမည်ကြီးပါတယ်။ မက်ဒါနာရဲ့အငယ်ဆုံးဦးလေးက ရာဂကြီးသူတစ်ယောက်ဖြစ်တော့ ဒီလိုအရှုပ်အရှင်းတွေရှိခဲ့တာ သဘာဝကျတယ်။ ဒီလိုနဲ့သားနဲ့အဖေ ပြန်တွေ့ခဲ့ကြပြီး ဖခင်ရဲ့စောင့်ရှောက်မှုကို ရခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ တတိယနယ်စားမင်းသားက ရောဂါနဲ့ကွယ်လွန်သွားခဲ့တာပါ။ အဲဒီကတည်းက ကောင်လေးဒီပဟာ အထီးကျန်နေခဲ့ပြီး သူရင်းနှီးတဲ့သူတွေမရှိတော့တဲ့ နယ်စားနန်းဆောင်ကြီးထဲမှာ မွေးစားခံမင်းသားတစ်ပါးအနေနဲ့ ရှိနေခဲ့တာ။
ဒီပဟာ မင်းနန္ဒါရဲ့သားအရင်းဖြစ်ပေမဲ့ တိတ်တိတ်ပုန်းရခဲ့တာဖြစ်လို့ နန်းမွေခံစည်းမျဥ်းတွေအရ အရည်အချင်းမပြည့်မီဘူး။ ဒါကြောင့်နန်းမွေခံ ဖြစ်မလာခဲ့တာ။ ဒါပေမဲ့ ဒီပဟာ ရွယ်တူကောင်လေးတွေထက် ထက်မြက်ပြီးတော့ အရည်အချင်းရှိတယ်။ အနည်းဆုံးတော့ သူ့မိသားစုဖြစ်တဲ့ နယ်စားကြီးရဲ့အသိအမှတ်ပြုမှုကို လိုချင်ခဲ့တာကြောင့် အမြဲကြိုးစားနေခဲ့တာပါ။ နယ်စားက သတိမူမိပေမဲ့ စည်းမျဥ်းတွေကြောင့် ကူညီနိုင်တာ ဘာမှမရှိဘူး။ ဒါကြောင့် အခုလိုမျိုးကောင်လေးဒီပက ကလေးဆိုးလေး ဖြစ်လာတော့တာပါ။
"တော်စမ်းပါ၊ အဲဒီယောက်ျားလေးဘဝကို စွန့်လွှတ်ပြီး မိန်းမအတုကြီးလုပ်နေတဲ့ မင်းသားချီးထုတ်နဲ့ ငါမတွေ့ချင်ပါဘူးဆို။"
"မင်းသားလေး၊ နယ်စားကြီးဆင့်ခေါ်တာကို မသွားရင် အပြစ်ပေးခံရမှာနော်။ ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ။"
ဒီပကို အရင်မတွေ့ရသေးပေမဲ့ ဆူညံ့သံတွေကိုတော့ စကြားနေရပြီ။ အဲဒီစကားလုံးတွေကို ကြားပြီးတဲ့နောက်တော့ မက်ဒါနာလေး ရှုံမဲ့သွားတယ်။ 'ဘာမိန်းမအတုလဲ၊ စစ်လွန်းအားကြီးလို့ ခက်နေတာပါဆိုမှ။'
မက်ဒါနာလည်း စိတ်တိုတိုနဲ့ ဆောင့်အောင့်ပြီးတော့ နယ်စားကြီးဘေးကနေ ဖြတ်သွားကာ နန်းဆောင်ထောင့်တစ်ခုကနေ အစေခံတွေဆွဲခေါ်တာခံလာရတဲ့ ကောင်စုတ်လေးနဲ့ နှုတ်နှာချင်းဆိုင်လိုက်တယ်။ မက်ဒါနာက ကောင်စုတ်လေးကိုတွေ့တော့ မျက်ခုံးပင့်လိုက်လေရဲ့။
'ဒီကလေးက ရေနစ်နေလို့ ငါသွားကယ်ရတဲ့ တစ်ယောက်မဟုတ်လား။' ကောင်စုတ်လေးလည်း မျက်လုံးပြူးသွားတယ်။ သူ့ကို ရေထဲကနေ ကယ်ပြီး ပထမဆုံးအနမ်းကိုခိုးသွားတဲ့ ဟီးရိုးမိန်းကလေးက ဘယ်လိုလုပ် နယ်စားနန်းတော်ထဲ ရောက်နေတာလဲ။
"ဟေးဟေး... ငါမင်းနဲ့စာရင်းရှင်းဖို့ မင်းကို ဟီးရိုးအစည်းအရုံးမှာ လိုက်ရှာနေတာမတွေ့ဘူး၊ အနမ်းသူခိုးမ။ လက်စသတ်တော့ မင်းကဒီမှာကိုး။ မင်းက ဆုဗာနာဟီးရိုးအစည်းအရုံးကမဟုတ်ဘူးလား၊ ဘယ်ကလာတာလဲ။"
"......" မက်ဒါနာကတော့ ကောင်စုတ်လေးကို မျက်လုံးကြီးပြူးပြီး ကြည့်နေတယ်။ သူကယ်ပေးခဲ့တဲ့ ကောင်လေးက သူ့မောင်တစ်ဝမ်းကွဲ နယ်စားမင်းသားလား။ ပြီးတော့ အနမ်းသူခိုးမဆိုတာက ဘာကြီးလဲ၊ သူ ဒီကောင်စုတ်လေးကို နှုတ်ခမ်းချင်းတေ့ပြီး အသက်မကယ်ခဲ့ဘူးလေ။ နောက်ပြီး အခုလိုလူကြားထဲမှာ လျှောက်ပြောနေတော့ မက်ဒါနာလေးရဲ့ဟီးရိုးဆိုတဲ့ လျှို့ဝှက်ချက်တွေ ပေါ်ကုန်မှာပေါ့။ ဒီတော့ နှုတ်ခမ်းပေါ်မှာ လက်ညိုးကို ကန့်လန့်ဖြတ်တင်ပြီး တိတ်တိတ်နေခိုင်းလိုက်တယ်။
နယ်စားကြီးအဂ္ဂကတော့ ဖြစ်ပျက်နေတဲ့အခြေအနေကို နားမလည်တဲ့အတွက်ကြောင့် ကောင်စုတ်လေးကို ခေါင်းပုတ်လိုက်ပြီး ပြောလိုက်တယ်။
"မြေးလေး... ကိုယ့်ထက်အကြီးကို မရိုင်းရဘူးလေ။ သူက မင်းရဲ့အစ်မ၊ ဆက်ခံသူမင်းသမီးအဖြစ် ရာထားခံရတဲ့ မင်းလွင်လေ။"
"......" ဒီစကားကိုကြားလိုက်တော့ နယ်စားလေးဒီပမျက်နှာပေါ်က သွေးရောင်ဟာ ချက်ချင်းဖြူဖျော့သွားတယ်။ အဲဒီနောက်တော့ အနားမှာရှိနေတဲ့ ပြတင်းပေါက်ဆီ ချက်ချင်းပြေးထွက်သွားပြီး အန်ချလိုက်တယ်။
'ချီးထဲမှ၊ ငါ့အနမ်းကို ခိုးသွားတာက နတ်သမီးလေးမဟုတ်ဘဲ အတုမကြီးဟ။' မက်ဒါနာကတော့ သူရှေ့မှာဖြစ်ပျက်နေတဲ့ ကိစ္စတွေကို နားမလည်နိုင်ခြင်းများစွာနဲ့ ဒီအတိုင်းကြည့်နေမိလေရဲ့။
၇။
ဆုဗာနာအရှေ့မြောက်ပိုင်း တောင်တန်းဒေသတစ်ခုတွင်ဖြစ်သည်။
ပေနှစ်ဆယ်ခန့်ရှည်သော ဧရာမသတ္တဝါကြီးတစ်ကောင်က တောင်တန်းများပေါ်မှ ဖြတ်သန်းကာ ခရီးဆက်လျက်ရှိသည်။ သေချာကြည့်မည်ဆိုပါက လူသားမိန်းကလေးတစ်ယောက်၏အပေါ်ပိုင်းခန္ဓာကိုယ်ရှိသော ကင်းခြေများကြီးတစ်ကောင်ဖြစ်သည်ကို တွေ့ရပေလိမ့်မည်။
စင်တီမှာတောင်အမြင့်ပိုင်းမှ လွင်ပြင်ဒေသအတွင်းသို့ သတိရှိရှိဆင်းလာသည်။ စင်တီ၏ခါးတွင်တော့ ကင်မရာတစ်လုံးရှိနေပြီး စင်တီ့နားတွင်လည်း နားကြပ်တစ်ခုကို တပ်ဆင်ထား၏။ စင်တီရှိနေသည့် မိုင်ပေါင်းများစွာကွာဝေးသော ရွက်ဖျင်တဲတစ်လုံးထဲတွင်တော့ ရူးနေသည့်ဒေါက်တာစမစ်က တိုက်ရိုက်ထုတ်လွှင့်နေသည့် ပုံရိပ်များကိုကြည့်ကာ အမိန့်များပေးနေသည်။
"ကောင်းပြီစင်တီ၊ ဖြည်းဖြည်းချင်းဆင်းသွား မလောနဲ့။ ငါတို့ရောက်တော့မှာပါ။"
ဒေါက်တာစမစ်၏ဘေးတွင်တော့ တရုတ်အမျိုးသမီးတစ်ဦးနှင့် ရုရှားစစ်ဝတ်စုံဝတ်ထားသည့် လူတစ်ယောက်တို့ အတူထိုင်နေကြသည်။
အမျိုးသမီးမှာ အသက်နှစ်ဆယ်ကျော်လောက်သာ ရှိဦးမည့်ပုံပေါ်ပြီး သူ၏ပေါင်ပေါ်တွင် ကုချင်းကိုတင်ထားပြီး ကြိုးများကို ဖြည်းညှင်းစွာထိတွေ့ကာ ပြောလိုက်၏။
"ရှင်ပြောတဲ့ ဇက်သတ္တုရတနာသိုက်က တကယ်ပဲ အဲဒီနေရာမှာ ရှိနေမှာမလို့လား။"
ထိုအမျိုးသမီးက ရှားမိသားစုမှ S rank ဟီးရိုးဖြစ်သော ကုချင်းနတ်သမီး ရှားပိုင်ဝေဖြစ်ပေသည်။ အသက်သုံးဆယ်ကျော်ပြီဖြစ်ကာ ကလေးနှစ်ယောက်အမေဖြစ်သော်လည်း ရှိရင်းစွဲအသက်ထက် များစွာငယ်နေသလိုမျိုး ခံစားရ၏။
"လွန်ခဲ့တဲ့ဆယ်နှစ်ကျော် လေးပွင့်ဆိုင်စစ်ပွဲမှာတုန်းက ဆုဗာနာနိုင်ငံက လပေါ်မှာပဲတွေ့ရတဲ့ ဇက်သတ္တုတွေကို ထုတ်ရောင်းပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးရဲ့အမြင်ကို ပြောင်းလဲပစ်ခဲ့တယ်။ သူတို့မှာ ဇက်သတ္တုရတနာသိုက်တစ်ခုရှိတယ်ဆိုပြီးတော့ပေါ့။"
ရုရှားစစ်အရာရှိက ဝင်ပြောလိုက်သည်။ သူကတော့ ရုရှား၏S rank သုံးယောက်အနက်မှ တစ်ယောက်ဖြစ်သည့် ဝံပုလွေနှလုံးသားဖြစ်ကာ ဒီမီထရီမိသားစုမှ အကြီးအကဲတစ်ယောက်လည်းဖြစ်၏။
"အဲဒီတုန်းက အီလွန်မက်စ်ရဲ့Space X ကပဲ လပေါ်က ဇက်သတ္တုတွေကို တူးဖော်နိုင်ခဲ့တာလေ။ ဇက်သတ္တုစျေးကွက်ရဲ့တစ်ရာရာခိုင်နှုန်းနီးပါးကို သူကပဲချုပ်ကိုင်ထားခဲ့တာ။ ကံမကောင်းစွာနဲ့ ဆုဗာနာက အဲဲဒီအချိန်တုန်းက စျေးကွက်ထဲမှာရှိတဲ့ဇက်သတ္တုပမာဏထက် ပိုများတဲ့သတ္တုတွေကို ထုတ်ရောင်းခဲ့တယ်။ အခုထိ စျေးကွက်ထဲက သတ္တုလေးဆယ်ရာခိုင်နှုန်းက သူတို့ထုတ်ရောင်းထားတာတွေကို ရီဆိုက်ကယ်လုပ်ပြီး ဆက်သုံးနေရတာတွေ။"
ဝံပုလွေနှလုံးသားက ယခုအထိဆက်ရှင်းပြပြီးသည့်နောက် ဒေါက်တာစမစ်က ဝင်ပြောလိုက်သည်။
"သီအိုရီအရတော့ ဆုဗာနာမှာ ဥက္ကာသလင်းတွေမကျဆင်းခင် နှစ်အတော်ကြာကတည်းက ဥက္ကာခဲတစ်ခု ကျဆင်းခဲ့ဖူးတယ်။ ဇက်သတ္တုတွေပါသလို မြူတန့်ဥက္ကာသလင်းခဲတွေလည်း ရှိနေနိုင်တယ်။ ရိုးရိုးသလင်းမဟုတ်ဘူးနော် အရွယ်အစားကြီးတဲ့ သလင်းခဲတွေ။ အရင်နှစ်နှစ်ရာကတည်းက ဆုဗာနာမြေပေါ်မှာ မြူတန့်သတ္တဝါတွေအများကြီးရှိနေပြီး ဒီသီအိုရီကို သက်သေပြနေတယ်။ ငါတို့က အဲဒီဥက္ကာခဲကျဆင်းခဲ့တဲ့နေရာကို လိုက်ရှာနေတာ သာမန်ရိုးရိုးရတနာသိုက်မဟုတ်ဘူး။"
"တကယ်သာ ဥက္ကာသလင်းဒီမှာကျဆင်းခဲ့ရိုးဆိုရင် ပိုင်ရှင်ရှိနေလောက်ပြီမဟုတ်ဘူးလား၊ ပရော်ဖက်ဆာစမစ်။" ရှားပိုင်ဝေက ထောက်ပြလိုက်သည်။ သို့သော် ဒေါက်တာစမစ်က ဖိုင်တွဲတစ်ခုကို ထုတ်ပြလိုက်၏။ လူတစ်ယောက်၏ဖိုင်တွဲဖြစ်ကာ လက်ရှိ A+ အဆင့်အဖြစ် သတ်မှတ်ခံထားရသော ကောင်လေးဖရက်၏ဖိုင်တွဲဖြစ်ပေသည်။
"ဥက္ကာသလင်းခဲတွေက မင်းတို့မြင်ဖူးတဲ့ အပိုင်းအစတွေနဲ့မတူဘူး။ သူ့ထဲမှာက အပြီးပြည့်စုံဆုံး မြူတန့်စွမ်းအားတွေပါပြီး အရင်ဆယ်နှစ်က ပျောက်ကွယ်သွားတဲ့ အဆင့်လွန်မြူတန့် အာကိုင်းဂါမီလိုမျိုး စွမ်းအားကြီးတဲ့သူတွေကို မွေးထုတ်ပေးနိုင်တယ်။ သမိုင်းတစ်လျှောက် အဲဒီဥက္ကာသလင်းခဲတွေကို စုပ်ယူနိုင်တဲ့လူဆိုလို့ ဖရက်တစ်ယောက်ပဲရှိတာ။ ကျန်တဲ့လူတွေကတော့ ပြာဖြစ်ကုန်တယ်။ ဒီတော့ ကံကောင်းရင် ပိုင်ရှင်မရှိလောက်သေးဘူး။"
ရှားပိုင်ဝေက ထိုစကားကြောင့် ပြုံးလိုက်ပြီး ဒေါက်တာစမစ်ကို ညုတုတုဖြင့် ကြည့်လိုက်သည်။
"ဒါဆိုရင် အခုဒီမှာရှိနေတဲ့ ကျွန်မတို့သုံးယောက်လုံး ဥက္ကာသလင်းခဲကို ပိုင်ဆိုင်ဖို့အတွက် ကြိုးစားနိုင်ပြီးတော့ S အဆင့်ကနေ ဖောက်ထွက်နိုင်ဖို့ အခွင့်အရေးရလာမယ်လို့ ဆိုလိုတာလား။"
ဒေါက်တာစမစ်က ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်၊ ရခဲ့ရင်ပေါ့။"
ရုတ်တရက် အန္တရာယ်အချက်ပြက စင်တီထံမှ ထွက်ပေါ်လာသည်။ ဒေါက်တာစမစ်တို့ ဖန်သားပြင်ကို ပြန်ကြည့်လိုက်သောအခါ ဧရာမပုရွက်ဆိတ်အုပ်ကြီးက ဂူတွင်းဝတစ်ခုထဲသို့ ဝင်ရန်ကြိုးစားနေသည့် စင်တီကို ပိတ်ဆို့လိုက်၏။ ဒေါက်တာစမစ်က ဒေါသဖြင့် အော်ဟစ်ကာ စင်တီကို အမိန့်ပေးလိုက်သည်။
"မင်းက S rankလေ၊ သူတို့အားလုံးက D rankပဲရှိတာ။ အင်အားအကြီးဆုံးတောင် C rankပဲရှိတယ်။ အကုန်လုံးကို ပုရွက်ဆိတ်မသာဖြစ်အောင်လုပ်ပြလိုက်။"
သို့သော် လေးပွင့်ဆိုင်စစ်ပွဲတွင် ပါဝင်ခဲ့ဖူးပြီး ပုရွက်ဆိတ်များအကြောင်းသိနေသည့် ရှားပိုင်ဝေကတော့ ဒေါက်တာစမစ်၏စကားကို လက်မခံလိုပေ။ သူက ချက်ချင်းပင် ဒေါက်တာစမစ်အား အကြံပေးလိုက်သည်။
"ရှင့်ကောင်မလေးကို မသေချင်ရင် ပြန်ဆုတ်ခိုင်းလိုက်တော့။ သူတို့ကို အားနည်းတယ်ဆိုပြီး အထင်သေးလို့မရဘူး။"
ရုရှားစစ်အရာရှိကတော့ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မေးလိုက်သည်။
"ပုရွက်ဆိတ်မြူတန့်တွေဆိုတော့ ဆုဗာနာကိုယ်ပိုင်ကာကွယ်ရေးတပ်များလား။"
ရှားပိုင်ဝေကတော့ ခေါင်းခါပြရင်း "မဟုတ်ဘူး၊ သူတို့က စာချုပ်ချုပ်မထားတဲ့ အရိုင်းကောင်တွေ။ ဒါပေမဲ့ ဆုဗာနာနယ်မြေမှာရှိတဲ့ ပုရွက်ဆိတ်ဘုရင်မက နယ်စားနဲ့စာချုပ်ချုပ်ထားတာမလို့ ဒီသားရဲတွေက သူ့အမိန့်အောက်မှာရှိနေတာ။ မကြာခင်မှာပဲ ဆုဗာနာက သတင်းရသွားလိမ့်မယ်။"
ဖန်သားပြင်ထက်တွင်တော့ စင်တီက ပုရွက်ဆိတ်အုပ်လိုက်ကို တစ်ကောင်တည်းရင်ဆိုင်နေသည်။ သို့သော် မကြာခင်မှာပင် ပုရွက်ဆိတ်များ၏ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းက အားသာလာသည်။ သူတို့က လျင်မြန်စွာရုန်းကန်နေသည့် စင်တီကိုတိုက်ခိုက်ရန် အချင်းချင်းချိတ်ဆက်လိုက်ကြပြီး ဧရာမလက်သီးကြီးတစ်ခုအဖြစ် စုဖွဲ့လိုက်ကာ စင်တီ၏လူခန္ဓာကိုယ်ကို ထိုးနှက်လိုက်၏။
စင်တီကိုယ်ဟန်ပျက်သွားချိန်တွင် ရာထောင်ချီသည့် ပုရွက်ဆိတ်များက စင်တီ၏ကင်းခြေများခြေထောက်များကို တစ်ပြိုင်နက် ကိုက်ဖြတ်ပစ်လိုက်ကြသည်။
မိန်းကလေးတစ်ယောက်၏ နာနာကျင်ကျင်အော်သံက တောင်တန်းဒေသပေါ်တွင် ပဲ့တင်သံထွက်သွားသည်။ အစိမ်းရောင်နှင့်မီးခိုးရောင် ကင်းခြေများသွေးများက မြေပြင်အနှံပြန့်ကျဲကုန်၏။ စင်တီက ရန်သူများကိုတိုက်ခိုက်ရန် သူ့ကိုယ်သူ ပေနှစ်ရာကျော်အထိ ဆွဲဆန့်လိုက်သော်လည်း ရန်သူများအတွက် ပိုမိုကြီးမားသော ပစ်မှတ်သာဖြစ်သွားခဲ့သည်။
"စင်တီ၊ ထွက်လာခဲ့တော့။ နောက်ကျရင် မင်းသေသွားလိမ့်မယ်။" ဒေါက်တာစမစ်၏စကားကြောင့် ကင်းခြေများစင်တီမှာ ချက်ချင်းပင် ပုရွက်ဆိတ်အုပ်အား စွန့်ခွာပြီး ထွက်ပြေးရန်ကြိုးစားတော့သည်။
"ငါမထင်ထားဘူး၊ Rank Dနဲ့C တစ်သိုက်က Rank S တစ်ကောင်ကို အနိုင်ယူခဲ့တာလား။" ရုရှားစစ်အရာရှိက သက်ပြင်းချလိုက်ပြီး ဒေါက်တာစမစ်အား ပြောလိုက်၏။
"တကယ်လို့ မင်းပြောသလိုမျိုး ဆုဗာနာက သတ္တုတွေကို ငါတို့အတွက်အသုံးမချနိုင်ရင် ဟိုကနေဒီယန်း အာဖရိကန်ကောင်ဆီကနေ စျေးကြီးပေးဝယ်နေရလိမ့်မယ်။ ဒါဆိုရင် ငါတို့မျှော်လင့်ထားသလိုမျိုး ပလာဒင်ဝတ်စုံသန်းနဲ့ချီထုတ်ပြီး ဇက်သတ္တုရည်စိမ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။"
ဝံပုလွေနှလုံးသားက ဖိုင်တစ်ခုကို ဒေါက်တာစမစ်ဆီ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။ ဖိုင်ပေါ်တွင်တော့ မက်တယ်ပလာဒင်ဝတ်စုံများနှင့် မြို့ထဲတွင်ကင်းလှည့်နေသည့် SilverKnightတို့၏ပုံပါဝင်သည်။ သူတို့က ပရောဂျက်နာမည်ကို Lunar Dominationဟု နာမည်ပေးထားပြီး မက်တယ်ပလာဒင်ဝတ်စုံကိုအခြေခံကာ SilverKnight ပုံစံတူချပ်ဝတ်များကို ထုတ်လုပ်ရန်ရည်ရွယ်ထားသည်။
ရည်မှန်းချက်ကတော့ ကမ္ဘာကြီးတစ်ခုလုံးကို မြူတန့်သိပ္ပံအဖွဲ့အစည်းမှ စိုးမိုးနိုင်ရန်ဖြစ်ပေသည်။
"ရှင်ပြောတဲ့အတိုင်းဆိုရင် ဇက်သတ္တုရည်စိမ်ထားတဲ့ မက်တယ်ပလာဒင်ဝတ်စုံတွေကို လက်နက်အပြည့်ဆင်လိုက်ရင် B- အဆင့်ထိရောက်သွားမယ်ပေါ့။ ဒါဆိုရင် အမေရိကန်စစ်တပ်ရဲ့အကောင်းဆုံးစစ်သုံးစက်ရုပ်တွေထက် ပိုသာသွားမယ်။ အရင်ဆုံးရုရှားနဲ့တရုတ်စစ်သားတွေကို ဆင်ပေးမယ်။ ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံကိုဖြုတ်ချပစ်မယ်။ ဒါပေမဲ့ ဟီးရိုးတွေက ကျွန်မတို့အစီအစဥ်ကို လက်ခံပါ့မလား။ ကျွန်မတို့က အစည်းအရုံးကဆိုပေမဲ့ တရားမျှတတဲ့ဟီးရိုးတွေ ကျန်နေသေးတယ်လေ။"
ဒေါက်တာစမစ်၏အကြံအစည်က မဆိုးဟုဆိုနိုင်သော်လည်း ဟာကွက်လစ်ကွက်များကတော့ ရှိနေဆဲဖြစ်သည်။ ဒေါက်တာစမစ်က ဆေးရည်ပုလင်းလေးတစ်ခုကို ထုတ်ပြလိုက်၏။
"ဒီတစ်ခုက ဆိုးကျိုးမရှိတော့အောင်လုပ်ထားတဲ့ ဖာရာဒေးဆေးရည်။ စွမ်းအားကို တစ်ခဏတာတိုးစေပြီး များများသုံးလေ များများစွဲလေပဲ။ စွမ်းအားကို ဆာလောင်မွတ်သိပ်နေတဲ့ ဟီးရိုးတွေကို ဒီဆေးတွေ တရားမဝင်နည်းနဲ့ရောင်းမယ်။ တဖြည်းဖြည်းနဲ့ သူတို့တွေက ငါတို့ကြိုးဆွဲရာကမယ့် ရုပ်သေးဖြစ်လာကြမယ်။ ပြီးရင် သူတို့က တကယ့်ဟီးရိုးတွေကို ဖြုတ်ချပစ်လိုက်မယ်။"
"ကောင်းရော၊ ဟီးရိုးအစည်းအရုံးကို အတွင်းပိုင်းလှိုက်စားခိုင်းမယ်ပေါ့။ ဒါပေမဲ့ အစစ်အမှန်ဟီးရိုးတိုင်းကိုသတ်ဖို့က မဖြစ်နိုင်ဘူး။ ပြီးတော့ ရှင့်ဆေးတွေက S rankတွေပေါ်မှာ အလုပ်မဖြစ်ဘူးလေ။"
ဒေါက်တာစမစ်က နောက်တစ်ခါထပ်ရယ်မောလိုက်ပြီး အစိမ်းရောင်တောက်တောက်ဖြစ်နေသော နောက်ဆေးပုလင်းတစ်ခုကို ထုတ်ပြလိုက်သည်။
"ဒါက စူပါဖာရာဒေးလ်၊ မြူတန့်တွေရဲ့စွမ်းအားကို အဆင့်ကြီးတစ်ဆင့်လုံး အမြဲတမ်းတိုးတက်စေနိုင်တယ်။ မင်းတို့လို S အဆင့်တွေအတွက်တောင်မှ အဆင့်ငယ်တစ်ခု တိုးလာစေနိုင်တယ်။ လူတိုင်း S+ ဖြစ်လာဖို့၊ စွမ်းအားကြီးလာဖို့ အာမခံနိုင်တယ်။ ထုတ်လုပ်တဲ့ဖြစ်စဥ်က နည်းနည်းစက်ဆုပ်စရာကောင်းပေမဲ့ပေါ့။"
ထိုဆေးများက ဆာကူရာကော်ပိုရေးရှင်းနှင့်ပူးပေါင်းကာ စမ်းသပ်ခဲ့သော မြူတန့်ကလေးများထံမှ ထုတ်ယူထားသော သွေးရည်ကြည်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ပေသည်။
"မင်းတို့S rankတွေကို ဒီဆေးနဲ့ဆွဲဆောင်မယ်၊ တခြားအဖွဲ့ဝင်တွေကတော့ အဖွဲ့အပေါ်မှာလုံးဝသစ္စာရှိပြီး လုံလောက်တဲ့အကျိုးဆောင်ထားမှ ပေးမှာဖြစ်တယ်။ ပိုပြီးစွမ်းအားကြီးမလာချင်တဲ့ S rank ရှိလို့လား။ ပြီးတော့ ငါတို့ကိုယ်တိုင်လည်း S rank တွေအများကြီး ဖန်တီးနိုင်လိမ့်မယ်။"
ရှားပိုင်ဝေက ထိုစကားကြောင့် လျှာဖြင့်နှုတ်ခမ်းကို သပ်လိုက်သည်။ ထို့နောက် ကုချင်းကိုင်ထားသော သူ့လက်များက ဆေးပုလင်းထံရောက်သွား၏။
"ကျွန်မတို့က အကျိုးတူပူးပေါင်းထားတာဆိုတော့ ဒါတွေကို ကျွန်မတို့ရသင့်တယ်မဟုတ်လား။"
"ဒါပေါ့...." ဒေါက်တာစမစ်က ထိုဆေးကို ရှားပိုင်ဝေလက်ထဲ ထည့်ပေးလိုက်သည်။ သို့သော် သူ့မျက်လုံးများကတော့ ကောက်ကျစ်မှုများကြောင့် အရောင်လဲ့နေ၏။
ရုရှားစစ်အရာရှိနှင့် ရှားပိုင်ဝေတို့နှစ်ယောက်လုံးက ထိုစွမ်းအင်အမြဲတိုး ထိုးဆေးများကို သူတို့လက်ဖျံမှတစ်ဆင့် ထိုးသွင်းလိုက်ကြပြီး သူတို့သွေးကြောများက ချက်ချင်းအစိမ်းရောင်တောက်လာကာ တဖြည်းဖြည်းငြိမ်ကျသွား၏။
နောက်ဆုံးတွင်တော့ ရှားပိုင်ဝေက ထိုင်ခုံနေရာမှထကာ ရွက်ဖျင်တဲအတွင်းမှထွက်သွားလိုက်ပြီး ကုချင်းကိုတီးခတ်လိုက်သည်။ ကုချင်းမှထွက်ပေါ်လာသော အသံလှိုင်းများက တဲပြင်ပတွင်ရှိနေသည့် သစ်တောသစ်ပင်များအားလုံးကို တိုက်စားသွားပြီး တောင်ကြီးတစ်ခုလုံးကို အပျောက်ရှင်းလိုက်နိုင်သည်။
"ငါတကယ် S အဆင့်ကိုရောက်သွားပြီပဲ။" ရှားပိုင်ဝေမှာ မူလက S- တစ်ယောက်သာဖြစ်သည်မဟုတ်လား။
ရုရှားစစ်အရာရှိကလည်း သူ့ခန္ဓာကိုယ်ကို သမန်းဝံပုလွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲပစ်လိုက်၏။ ဝံပုလွေက အနည်းဆုံးငါးမီတာခန့်မြင့်ကာ ယခင်ဝံပုလွေနှလုံးသား၏စံချိန်ထက် နှစ်ဆလောက်ပိုနေသည်။
"ငါလည်း အဆင့်သေးတစ်ခုတက်သွားပြီ။ ပြီးတော့ ငါ့လက်သည်းတွေက ပိုပြီးမာလာတယ်။" သူက ကျောက်တုံးတစ်တုံးကို တို့ဖူးလိုဖြတ်ကြည့်ရင်း ပြောလိုက်၏။
ဒီမီထရီမိသားစုဝင်များက အဆင့်နိမ့်ချိန်တွင် လက်မှသံချွန်များကိုသာ ထုတ်နိုင်သော်လည်း S အဆင့်များကတော့ ဝံပုလွေအဖြစ်ပါ အသွင်ပြောင်းနိုင်ကြသည်။ သူတို့အစွမ်းက မြူတန့်လောကရှိ စွမ်းအားအကြီးဆုံး ပေါင်းစပ်အသွင်ပြောင်းစွမ်းအား ဖြစ်ပေသည်။ သာမန်ဖော်ပြချက်များကဲ့သို့ သာမန်သံချွန်များသီးသန့်မဟုတ်ပေ။
"အစီအစဥ်ရဲ့နောက်ပိုင်းအပိုင်းကတော့ မြူတန့်တွေနဲ့သာမန်လူသားတွေကို ရန်တိုက်ပေးဖို့ပဲ။ တတိယကမ္ဘာစစ်ကြီး ဒီကမ္ဘာမှာဖြစ်လာလိမ့်မယ်။ ငါအရင်တုန်းက အမေရိကန်လွှတ်တော်ကို ဥပဒေတစ်ခုတင်သွင်းဖူးတာ မှတ်မိမှာပါ။ မြူတန့်တွေက လူသားတွေကို ဖယ်ရှားဖို့လုပ်လာနိုင်တယ် ဆိုပြီးတော့လေ။"
ဒေါက်တာစမစ်က သူ့နောက်မှငွေရောင်သေတ္တာတစ်လုံးကို ဆွဲဖွင့်လိုက်သည်။ အတွင်းမှာတော့ ငွေရောင်စစ်သည်တော်ဝတ်စုံနှင့် လုံးဝနီးပါးတူညီသည့် ဝတ်စုံတစ်ခုရှိနေ၏။
"SilverKnight... လိုင်စင်တင်မထားတဲ့ မြူတန့်ဟီးရိုးတစ်ယောက်။ ငါသူ့ကို ငါးစာအဖြစ်သုံးဖို့စဥ်းစားထားတယ်။ ဒီဝတ်စုံက သူ့ရဲ့တကယ့်ဝတ်စုံမှာပါတဲ့ functionsတွေမရှိပေမဲ့ နည်းပညာပြောင်းပြန်လိုက်တဲ့နည်းလမ်းကိုသုံးပြီး မက်တယ်ပလာဒင်ကိုအဆင့်မြှင့်ထားတာ။ ဒါပေမဲ့ ငါတို့တွေသူ့ကိုနာမည်ဖျက်ဖို့တော့ လုံလောက်တယ်။"
"ရှင်က B အဆင့်ဟီးရိုးလေးတစ်ယောက်ကိုအသုံးချပြီးတော့ ကမ္ဘာစစ်ဖြစ်အောင် ဘယ်လိုလုပ်မှာလဲ။"
ရှားပိုင်ဝေ၏စကားကြောင့် ဒေါက်တာစမစ်က လက်ကိုနောက်ပစ်ပြီး ပြောလိုက်သည်။
"အရာရာတိုင်းက အသေးငယ်ဆုံးနေရာကနေ စကြတာပါ။ နှင်းလုံးကြီးတွေလို တဖြည်းဖြည်းကြီးမလာခင်အထိပေါ့။ မြူတန့်တစ်ယောက်က သာမန်လူသားတွေကို ယုတ်ညံ့တယ်ဆိုပြီး အကြောင်းမဲ့သတ်ဖြတ်ပြမယ်ဆိုရင် လူသားတွေထိတ်လန့်ပြီး မြူတန့်တွေကို ကြောက်လန့်လာလိမ့်မယ်။ ဒါဆိုရင် ဟီးရိုးအစည်းအရုံးကို အစိုးရတွေက ဝိုင်းပြဿနာရှာကြလိမ့်မယ်။ အစိုးရလက်အောက်ကိုသွင်းဖို့ လုပ်တာကလည်း တစ်ခုအပါအဝင်ပေါ့။ မင်းတို့က လွတ်လပ်ချင်တဲ့ ဟီးရိုးတွေရဲ့သဘာဝကိုအသုံးချ ဟီးရိုးအစည်းအရုံးကိုဦးဆောင်ပြီး ချုပ်ချယ်ချင်တဲ့ ကမ္ဘာ့အစိုးရတွေကိုဖြုတ်ချဖို့ ကြိုးစားရလိမ့်မယ်။ ဒီလိုကနေ မြူတန့်လူသားစစ်ပွဲကြီး ဖြစ်လာကြမှာ။"
"လက်ရှိအခြေအနေအရဆိုရင် သာမန်ရိုးရိုးလူသားတွေက မြူတန့်တွေက သေချာပေါက်စစ်ရှုံးမှာပဲ။ ဒီတော့ ငါတို့က လူသားတွေကို မီးစာထိုးပေးရလိမ့်မယ်။ အဆင့်မြှင့်ထားတဲ့ မက်တယ်ပလာဒင်ဝတ်စုံဝတ်ထားရင် မြူတန့်တွေနဲ့ လူသားတွေက ယှဥ်ချနိုင်မှာဖြစ်လို့ နှစ်ဖက်လုံး အကျအဆုံးများသွားလိမ့်မယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဖွဲ့လုံးရဲ့အင်အားတွေ ကုန်ဆုံးသွားပြီး ကြိုးကိုင်ခြယ်လှယ်နေတဲ့ ငါတို့မြူတန့်သိပ္ပံအဖွဲ့အစည်းက လူသားနဲ့မြူတန့်တွေအားလုံးကို စိုးမိုးနိုင်လိမ့်မယ်။"
"ရှင်ပြောချင်တာက ကျွန်မတို့တွေက စတေးခံတွေ သက်သက်ပဲလား။" ရှားပိုင်ဝေတို့နှစ်ယောက်လုံးက ယခုလိုအကြံအစည်များကို အစပိုင်းတွင် လုံးဝသိမထားခဲ့ပါ။ သူတို့က သူတို့နိုင်ငံနှင့်မျိုးနွယ်စုများအတွက် အကျိုးအမြတ်ရှိသောကြောင့်သာ Mad doctorနှင့် အကျိုးတူပူးပေါင်းထားခြင်းဖြစ်သည်။ ရုတ်ချည်းဆိုသလို သူတို့နှစ်ယောက်က အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ကြပြီး သတိရှိရှိဖြစ်ကုန်ကြ၏။
"အိုးအိုး.... မင်းတို့တွေက ငါ့ကိုမိစ္ဆာကောင်ကြီးလိုမျိုး ရုတ်တရက်မြင်လာကြပြီမဟုတ်လား၊ စိတ်မကောင်းပါဘူး။ မင်းတို့ပြန်လှည့်ဖို့ နောက်ကျနေပြီ။"
ဒေါက်တာစမစ်က လက်ကလေးတစ်ချောင်းကို မြှောက်လိုက်သည်။ ရှားပိုင်ဝေနှင့်ဝံပုလွေနှလုံးသားတို့နှစ်ယောက်လုံး သူတို့မြူတန့်စွမ်းအားများ မငြိမ်မသက်ဖြစ်လာသလို ခံစားလာရပြီး ဒူးထောက်ကျကုန်ကြသည်။
"လူတိုင်းက စွမ်းအားကို တောင်းတကြတာပဲ။ မင်းတို့လည်း ခြွင်းချက်မဟုတ်ဘူးလေ။ ဒါကြောင့်မလို့ ငါလိုစူပါဗီလိန်တစ်ယောက်ပေးတဲ့ ဆေးရည်တွေကို မင်းတို့လိုအကျင့်ပျက်ဟီးရိုးတစ်သိုက်က ယုံကြည်မှုအပြည့်နဲ့ ထိုးသွင်းခဲ့တာလေ။ မသေမချင်းမှတ်ထားကြ၊ စူပါဖာရာဒေးက ကိုယ့်ကိုယ်ကိုယ်ကျွန်အဖြစ် ငါ့ဆီရောင်းချတဲ့ စာချုပ်ပဲ။"
ရှားပိုင်ဝေကတော့ သူ့နှလုံးနေရာကို လက်ဖြင့်ဖိထားရင်း Mad doctorကို လှမ်းအော်ပြောလိုက်သည်။
"ရှင့်ကိုယ်ရှင် ဟုတ်လှပြီထင်နေတာလား၊ ရှင်နဲ့ရှင့်အဖွဲ့က စွမ်းအားကြီးတယ်ဆိုပေမဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ ကြိုးစားဖူးတဲ့ဗီလိန် ဘယ်နှစ်ယောက်ရှိလဲသိလား။ ဟာဒီတန်အိုဇုန်းနဲ့ယာမီတို့လို အဆင့်လွန်မြူတန့်တွေတောင် ကျဆုံးခဲ့သေးတာပဲ။ ရှင်က မြူတန့်တစ်ယောက်မဟုတ်ဘူး။ ရှင်က ဒီအတိုင်းအတုအယောင်တစ်ယောက်ပဲ။"
ဒေါက်တာစမစ်ကတော့ သူ့လက်ထဲမှလက်ညိုးကို ပြန်မချသေးထဲ လေထဲတွင်လက်ညိုးထိုးကာ ဆက်ပြောနေဆဲဖြစ်၏။
"ငါ့ကို အဲဒီကြွက်သားရူးနဲ့သုဘရာဇာကောင်ကို ဥပမာပေးပြီးမနှိုင်းနဲ့။ ငါက သူတို့နဲ့မတူဘဲ ဉာဏ်ရှိတယ်။ ပြီးတော့ ငါက နတ်ဆိုးတွေကို ဖန်ဆင်းနိုင်စွမ်းရှိတဲ့ နတ်ဆိုးဘုရားတစ်ပါးပဲ။"
ဒေါက်တာစမစ်က သူ၏လူလုပ်မြူတန့်များ ဖန်တီးနိုင်စွမ်းကို ထောက်ပြကာ သူ့ကိုယ်သူနတ်ဘုရားအဖြစ် အမွှမ်းတင်လိုက်ခြင်းဖြစ်သည်။ တခြားသူများက နောက်လိုက်ကို ရှာဖွေနေရချိန်တွင် သူကတော့ လိုအပ်သမျှကို ဖန်တီးယူနိုင်စွမ်းရှိနေသည်။
ယခင်လူလုပ်မြူတန့်များက ပုံမှန်မြူတန့်များကဲ့သို့မဟုတ်ဘဲ မပြီးပြည့်စုံသည့်တိုင် အခုတော့ သူ့တွင်ပြီးပြည့်စုံသည့် တီထွင်မှုတစ်ခုရှိနေပြီးဖြစ်သည်။
အီဗာ ဝဲလ်သားဝင်း၊ စမ်းသပ်ခန်းမှလူတိုင်းက လီဆာလို့ခေါ်ကြသည့် မိန်းကလေးတစ်ယောက်။ ထိုမိန်းကလေးက သူဖန်တီးခဲ့သော ပြီးပြည့်စုံသည့် လူလုပ်မြူတန့်တစ်ယောက်ဖြစ်သည်။ သက်ရှိဖော်မြူလာတစ်ခုဟု ဆိုလျှင်လည်းမမှားပေ။
ထိုမိန်းကလေးကိုသာ သူ့လက်ထဲပြန်ရပါက အခြားပြီးပြည့်စုံသည့် လူလုပ်မြူတန့်များကို ဆက်လုပ်နိုင်မည်ဖြစ်ပြီး သူက လူသားများကိုစွမ်းအားပေးသနားနိုင်သည့် နတ်ဘုရားတစ်ပါး စင်စစ်ဖြစ်လာမည်ဖြစ်ပေသည်။
၈။
"ဆုဗာနာရဲ့ခရိုင်တစ်ခုမှာ တကယ်ပဲဟုန်မျိုးဆက်တစ်ယောက်က ပုန်းနေတာလား။"
ခန်ရှီးအမိန့်တော်တံဆိပ်ကို ကိုင်ဆောင်ထားသည့် မန်ချူးအမျိုးသား ပြောလိုက်သည်။ သူတို့နှစ်ဦးလုံး ဆုဗာနာနယ်မြေပေါ်ခြေချပြီးသည်မှာ လေးဆယ့်ရှစ်နာရီ ကျော်ခဲ့ပေပြီ။
သေးငယ်သော ဆုဗာနာ၏မြို့တော်သိရိစန္ဒါအား သုံးခေါက်လောက် ပတ်ပြီးကြပြီဖြစ်သည်။ ယခုလည်း သူတို့နှစ်ယောက်က လမ်းကြားလေးတစ်ခုအတွင်း လျှောက်သွားနေကြသည်။ ယခုနေရာက အတော်လေးစုတ်ပြတ်ဟောင်းနွမ်းနေပြီး စစ်အတွင်းက ဗုံးကျဲခံရသဖြင့် ပျက်စီးနေသော အဆောက်အဦးအများအပြားကို တွေ့မြင်နေရ၏။
ဆုဗာနာမြို့တော်မှာ လေးပွင့်ဆိုင်စစ်ပွဲအတွင်း အနည်းဆုံးသုံးကြိမ်ခန့် ဗုံးကျဲခံခဲ့ရဖူးပြီး စစ်၏အရိပ်အယောင်များကို ယခုထိမြင်နေရဆဲဖြစ်သည်။
ဆင်းရဲနွမ်းပါးဟန်ရသည့် အဝတ်အစားစုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားသူတချို့ လမ်းဆုံတစ်နေရာသို့ ဦးတည်သွားနေကြ၏။
မန်ချူးဦးလေးကြီးက မနေနိုင်တော့ဘဲ ကလေးမလေးတစ်ယောက်ကို လှမ်းဆွဲလိုက်ကာ မေးလိုက်သည်။
"မိန်းကလေး... မင်းတို့တွေ ဘယ်ကိုသွားနေကြတာလဲ။" မန်ချူးဦးလေးကြီးက မြန်မာစကားကို အတန်ပီသအောင် ပြောနိုင်သည်။ ရိုးရှင်းသော စကားများကို ရေရေမွန်မွန်ပြောတတ်သူဖြစ်၏။
"နယ်စားစံအိမ်က အစားအသောက်ဝေတာကို သွားနေတာပါ။ မြန်မြန်မသွားရင် သမီးအတွက်ရတော့မှာမဟုတ်ဘူး။"
ဝက်သားခုတ်ဓားကို ခါးကြားတွင်ထိုးထားသည့် ဝတုတ်ဦးလေးကြီးက ပြောလိုက်သည်။
"ဖုတူးဟိုင်၊ ဒီနိုင်ငံက စစ်ဒဏ်ကို အကြီးအကျယ်ခံစားထားရတာ။ ပြန်လည်တည်ထောင်ရေးတွေလုပ်နေပေမဲ့ ဆယ်နှစ်ကြာသွားတာတောင် အခုလိုစားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ဒုက္ခသည်တွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေရှိနေသေးတယ်။ ဒါကြောင့်ပဲ ငါဒီနေရာကို လိုက်ရှာတာ။"
"လျှိုအန်း၊ မင်းပြောတဲ့အတိုင်းဆိုရင် ဟုန်မျိုးဆက်က ဒီနေရာမှာ တကယ်ပုန်းနေနိုင်တာပဲ။"
သူတို့နှစ်ယောက်က အတူတူလမ်းလျှောက်ရင်းနှင့် အစားအသောက်ဝေနေသည့်နေရာသို့ ရောက်ရှိလာကြသည်။ နယ်စားအိမ်တော်ဝတ်စုံဝတ်ထားသည့် အသားညိုညိုနှင့်အိန္ဒိယသူလေးတစ်ယောက်က အားလုံးအတွက် အရည်ပျစ်သည့်ပဲဟင်းနှင့် ခပ်ကြီးကြီး ပေါင်မုန့်တစ်လုံးစီကို ဝေပေးနေသည်။
"ကြားမဖြတ်ကြနဲ့၊ စိတ်ချလက်ချသာ တန်းစီပါ။ တကယ်လို့ မလောက်ခဲ့ရင်လည်း နယ်စားအိမ်တော်က ထပ်ပေးဦးမှာပါ။"
ဖုတူးဟိုင်ကတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများကတော့ ငေးငိုင်လျက်ရှိ၏။ ဖက်တီးဝမ်ကတော့ ဘေးမှနေ၍ ဆက်ရှင်းပြနေသည်။
"ဆုဗာနာမှာက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတယ်။ စိုက်ပျိုးမြေကလည်းနည်းတော့ ဒုက္ခသည်တွေအတွက် စားစရာကို နိုင်ငံခြားကနေမှာပြီးတင်သွင်းနေရတာ။ ဒီတော့ အခုလိုအိမ်ခြေရာမဲ့ဒုက္ခသည်တွေက နိုင်ငံအတွက်ဝန်ထုပ်ကြီးတစ်ခုလိုဖြစ်နေတာကြာပြီ။ သူတို့ကိုသာ ပေးစရာအလုပ်တစ်ခုခုရှိခဲ့မယ်ဆိုရင် ဒါမျိုးဖြစ်မှာမဟုတ်ဘူး။"
"အယ်... လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက နင်တို့ခန်ရှီးအမိန့်တော်အဖွဲ့သားတွေလည်း စစ်ပွဲမှာပါတယ်မဟုတ်ဘူးလား၊ ဘာလို့အခုမှ သနားသလိုလို ကြင်နာသလိုလိုတွေ ပြောနေကြတာလဲ။ ရယ်ဖို့ကောင်းလိုက်တာ၊ အဟက်အဟက်။"
ရုတ်တရက် အာလေးလျှာလေးနှင့် မိန်းကလေးတစ်ယောက်၏စကားသံ ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးကြည့်လိုက်တော့ သူတောင်းစားတစ်ယောက်လိုမျိုး ဖျင်ကြမ်းအင်္ကျီကို စုတ်စုတ်ပြတ်ပြတ်ဝတ်ထားသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ခါးမှာဘူးသီးခြောက်ကို ချိတ်ထားပြီး လက်ထဲတွင်တော့ ချေးတက်နေပြီဖြစ်သော ဝါရင်းတုတ်ကိုကိုင်ထား၏။ မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း မျက်နှာမှာ ဖုန်အပြည့်ဖြစ်ပြီး မဲညစ်နေကာ ဆံပင်များမှာလည်း ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေ၏။
"မင်း... ခန်ရှီးအမိန့်တော်က နိုင်ငံကိုကာကွယ်ဖို့အတွက် ဖွဲ့စည်းထားတာ၊ တိုင်းပြည်အမိန့်ကို လွန်ဆန်လို့မရဘူး။" မန်ချူးအမျိုးသားက ဒေါသဖြင့် ပြန်ပြောလိုက်သည်။
သူတောင်းစားအမျိုးသမီးကတော့ နည်းနည်းလေးမှမလျှော့ပေ။ "တစ်ကိုယ်ကောင်းဆန်လိုက်တာ၊ ဘာပဲပြောပြော ခန်ရှီးအမိန့်တော်ဆိုတာက ခန်ရှီးမင်းမြတ်ရဲ့အမိန့်နဲ့ ဟွာရှပြည်က ပြည်သူတွေကိုကာကွယ်ဖို့ဖွဲ့စည်းထားတာဆိုပေမဲ့ ဆုဗာနာမှာလည်း သူ့ကိုယ်ပိုင်ကာကွယ်ရမယ့် ပြည်သူတွေရှိတယ်လေ။ တိုင်းပြည်ကိုကာကွယ်တယ်ဆိုတာက ကိုယ်ပိုင်လောဘတစ်ခုအတွက်ကြောင့်နဲ့ တခြားတိုင်းပြည်တစ်ခုရဲ့ပြည်သူတွေကို ဒုက္ခပေးဖို့မဟုတ်ဘူးလေ။"
"မင်း... မစော်ကားနဲ့။" မန်ချူးအမျိုးသားက ဒေါသထွက်သွားဟန်ဖြင့် မိန်းကလေး၏ပခုံးကို လက်ဖြင့်ကုပ်ဆွဲရန် ကြိုးစားလိုက်သည်။ မိန်းကလေးကတော့ အေးအေးဆေးဆေးဖြင့်ပင် ကိုယ်ကိုတိမ်းရှောင်ကာ ဖုတုဟိုင်ကို လူမှန်းသူမှန်းမသိ မူးရူးနေသော အမူးသမားတစ်ယောက်လိုမျိုး ရီဝေဝေကြည့်လိုက်ပြီး ဘူးသီးခြောက်ထဲမှအရက်ကို ထုတ်သောက်လိုက်သည်။
"အရက်မူးသိုင်း... မင်းက တကယ်ကြီးသူတောင်းစားဂိုဏ်းမျိုးဆက်ပဲ။"
ဖုတုဟိုင် မိန်းကလေး၏ပခုံးကို ဆုပ်ကိုင်ရန်အသုံးပြုလိုက်သော သိုင်းကွက်မှာ သာမန်သိုင်းကွက်တစ်ခုမဟုတ်ပေ။ မန်ချူးတော်ဝင်သိုင်းသမားများ မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းပေးခဲ့သော တော်ဝင်နပန်းပညာရပ်ဖြစ်သည်။
ဖုတုဟိုင်က တော်ဝင်နပန်းပညာဖြင့် အရက်မူးသိုင်းကိုသုံးနေသည့် မိန်းကလေးကို ထပ်မံတိုက်ခိုက်လိုက်သည်။ ဒီတစ်ခါတော့ မိန်းကလေးက သူ့ဆံပင်ကိုဆောင့်ဆွဲရန် သိုင်းကွက်ခင်းကာ လက်ဆန့်ထုတ်လိုက်သော မန်ချူးအမျိုးသားကိုခေါင်းငုံရှောင်ကာ ကျစ်ဆံမြီးကို ဆောင့်ဆွဲပစ်လိုက်၏။
"အား..." ပြင်းထန်လွန်းသောအားကြောင့် ဖုတုဟိုင် နှင်းများဖုံးလွှမ်းနေသည့် လမ်းပေါ်သို့ နောက်ပြန်လဲကျသွားသည်။ သို့သော် သူက ချက်ချင်းပြန်ထလိုက်ပြီး ခြေထောက်ဖြင့် ဆင့်ကာကန်လိုက်၏။
"တော်ဝင်သိုင်းပညာက သူတောင်းစားသိုင်းကိုတောင် မမီဘူးဆိုတာ ငါမယုံနိုင်ဘူး။"
တိုက်ပွဲက ပိုပြီးပြင်းထန်လာသည်။ ဖုတုဟိုင်၏အတွင်းချီက ပေါက်ကွဲထွက်လာပြီး သူ၏လှုပ်ရှားမှုများက အမြန်နှုန်းဟီးရိုးတစ်ယောက်လို မြန်ဆန်သွားပြီး လက်သီးချက်များကလည်း ခွန်အားဟီးရိုးတစ်ယောက်လို သန်မာလာသည်။ သို့သော် တစ်ဖက်မှာတော့ မိန်းကလေးက နူးညံ့သော အရက်မူးသိုင်းပညာဖြင့် တိုက်ကွက်တိုင်းကို ရှောင်ရှားနေဆဲဖြစ်၏။
ဘေးမှာရပ်ကြည့်နေသော ဖက်တီးဝမ်ကတော့ ဖုတုဟိုင်ကို ပြောလိုက်သည်။
"ဖုတုဟိုင်၊ မင်းအင်အားကို ဖြုန်းတီးမနေနဲ့တော့။ ဒီမိန်းကလေးက သူတောင်းစားဂိုဏ်းချုပ်ဖြစ်လောက်တယ်။ သူက ခွေးရိုက်တုတ်သိုင်းနဲ့နဂါးလက်ဝါးသိုင်းကိုတောင် ထုတ်မသုံးရသေးဘူး၊ မင်းက ခွေးလိုအရိုက်ခံနေရပြီ။"
သူတို့တိုက်ခိုက်နေသည်က လူကြားထဲမှာဖြစ်၍ တခြားသူများလည်း သတိထားမိကုန်ကြပြီဖြစ်သည်။ ဒုက္ခသည်များကို ဟင်းထည့်ပေးနေသည့် နယ်စားဝန်ထမ်းမိန်းကလေးကတော့ ယောက်ချိုဇွန်းကြီးကိုင်ကာ အကြောင်သားရပ်နေ၏။
ဟီးရိုးအစည်းအရုံးမှ ဟီးရိုးတချို့နှင့်ကာကွယ်ရေးတပ်ဖွဲ့မှ လူတချို့ရောက်နေပြီဖြစ်သော်လည်း သူတို့က ဝင်မရှုပ်ကြသေးပေ။
နံပါတ်တစ်အချက်၊ သူတို့က သာမန်လူများကို ဒုက္ခမပေးဘဲ အချင်းချင်းသာ တိုက်ခိုက်နေသောကြောင့်ဖြစ်ပြီး နံပါတ်နှစ်အချက်ကတော့ ထိုနှစ်ယောက်လုံးက သူတို့ကိုင်တွယ်နိုင်သည်ထက် ကျော်လွန်နေ၍ ဖြစ်ပေသည်။
သူတို့နှစ်ယောက်လုံး၏စွမ်းအားက B အဆင့်ဟီးရိုးများ၏ စွမ်းအားနှင့်ယှဥ်နိုင်ကြပြီး နှစ်ဖက်လုံးက အားကုန်မထုတ်ကြသေးပေ။ သိထားရန်လိုအပ်သည်မှာ သိုင်းပညာဟီးရိုးအစည်းအရုံးမှာ မြူတန့်များထက် နည်းနည်းလေးမှ အားမနည်းဘဲ A အဆင့်များစွာရှိနေသည်ကို မေ့၍မရပေ။
စွမ်းအားကြီးသိုင်းပညာရှင်များကို ရန်စမိပါက ဆုဗာနာတစ်ခုလုံး ပြဿနာတောထဲရောက်သွားနိုင်ပေသည်။
ဖုတုဟိုင်က သူ့သိုင်းကွက်များကို ပြန်ဖျက်သိမ်းပြီး အသက်ကိုပြင်းပြင်းရှူလိုက်သည်။ ထို့နောက်တွင်တော့ သူ့ကိုဝိုင်းကြည့်နေကြသည့် လူများ၊ဟီးရိုးများနှင့်ဆုဗာနာကိုယ်ပိုင်ကာကွယ်ရေးတပ်သားများကိုကြည့်ကာ ပြောလိုက်၏။
"မင်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ငါက လူဆိုးတစ်ယောက်မဟုတ်တာတော့ သေချာပါတယ်။ ငါက ဖုတုဟိုင်၊ ပေကျင်းဟီးရိုးအစည်းအရုံးက A အဆင့် သိုင်းပညာဟီးရိုးပါ။"
ဖက်တီးဝမ်ကလည်း ဆုဗာနာရှိလူများအားလုံးကို သိုင်းလောကထုံးစံအတိုင်း လက်ဝါးပေါ်ကို လက်သီးထပ်ကာ မိတ်ဆက်လိုက်သည်။
"ငါကလည်း လူဆိုးမဟုတ်ဘူး၊ ဒီအတိုင်းဟောင်ကောင်မှာ ကြေးအိုးရောင်းတဲ့ စားဖိုမှူးလေးပါ။"
သူတို့အဖြေများကို ဆုဗာနာတာဝန်ရှိသူများကတော့ သိပ်သဘောကျပုံမရပေ။ အကုန်လုံးက သူတို့ကို မျက်ထောက်နီကြီးများဖြင့် စိုက်ကြည့်နေကြ၏။ ဒီနေရာမှာက ပြည်မသားဆိုသည်နှင့် အလိုလိုနေရင်း ရိုက်ချင်နေသည့်လူက အပြည့်မဟုတ်လား။
အခြေအနေမကောင်းမှန်းသိသဖြင့် သူတောင်းစားမိန်းကလေးက ရှေ့ထွက်လာပြီး ဝါရင်းတုတ်ဖြင့်လမ်းကိုဆောင့်ကာ ဝင်ပြောလိုက်သည်။
"စိတ်အေးအေးထားကြပါ၊ သူတို့က ငါ့သူငယ်ချင်းတွေလေ။ ဒါကြောင့် အန္တရာယ်ပေးကြမှာမဟုတ်ဘူး။"
ယခုနေရာမှ ဒုက္ခသည်များက သူတောင်းစားမိန်းကလေးကို တော်တော်ယုံကြည်ကြပုံရသည်။ အကုန်လုံးက ခေါင်းညိတ်ထောက်ခံကြပြီး
"မမလေးဟုန်ဝေလင်းတောင်ပြောပြီဆိုမှတော့ ဘာမှစိတ်ပူစရာမလိုတော့ဘူး၊ အဲဒီချင်းချောင်နှစ်ကောင်ကို အာရုံစိုက်မနေနဲ့။ ပဲဟင်းပူပူလေးပဲစားကြရအောင်။"
"အွန်း...ဟုတ်တယ်၊ ပဲဟင်းနည်းနည်းပိုထည့်ပေးပါဗျို့။"
အစားအသောက်ဝေနေသည့် ဝန်ထမ်းမိန်းကလေးကတော့ သူ့ရှေ့မှဖြစ်နေသည့် အဖြစ်အပျက်ကြောင့် အားတင်းပြုံးရင်း သူ့ရှေ့မှာရပ်နေသည့် လူလတ်ပိုင်းဦးလေးကြီး၏ပန်းကန်ထဲ ပဲဟင်းအပြည့်လောင်းထည့်ပေးလိုက်လေသည်။
....
ဆုဗာနာနယ်စားနန်းတော်တွင်တော့ မက်ဒါနာက အနီရောင်ပုဂံမင်းသမီးဝတ်စုံလေးကိုဝတ်ကာ လျှောက်သွားနေသည်။ ပေါင်တံဖြူဖြူလေးကို ဖော်ပြထားသော ပုဂံခတ်လုံချည်အကွဲလေးနှင့် ချက်ပေါ်ပုဂံခေတ်အင်္ကျီလေးကို ရှက်ရှက်ဖြင့်ဝတ်ဆင်ထားရ၏။
တကယ်တော့ နန်းတော်ရှိအိမ်စေအားလုံးက နောက်တစ်ရက်တွင်ကျင်းပမည့် နယ်စားဆက်ခံသူမိန့်ခွန်းပြောပွဲနှင့် ညစာစားပွဲအတွက် အဝတ်အစားရွေးနေကြခြင်းဖြစ်ပြီး မက်ဒါနာမှာ တော်ဝင်မျိုးတို့ဝတ်ဆင်သည့် ရိုးရိုးထမီအရှည်ကြီးကို မဝတ်တတ်ပေ။ ထုံးစံအရလည်း ချိတ်ထမီနှင့်ပွဲတက်သည့် နယ်စားမင်းသမီးဟူ၍မရှိဖူးလေရာ ခေါင်းကိုက်ရလေသည်။
နောက်ဆုံးတွင်တော့ မက်ဒါနာက နံရံတွင်ချိတ်ထားသည့် ပန်းချီကားပေါ်မှာ ပုဂံခေတ်ဝတ်စားဆင်ယင်မှုထုံးတမ်း ရေဆေးပန်းချီကိုတွေ့သွားပြီး လက်ညိုးထိုးကာ မေးလိုက်၏။
"အဲဒီအဝတ်အစားတွေကလည်း နန်းတွင်းအဝတ်အစားမဟုတ်လား။ မျှော့်ကြိုးတပ်လို့ရတော့ ခက်ခက်ခဲခဲ ဝတ်နေစရာမလိုဘူးလေ။"
ထိုစကားကို ပြောလိုက်ပြီးသည့်နောက်တွင်တော့ မက်ဒါနာလေးနောင်တရမည့် ကိစ္စကြီးတစ်ခုလုံး ဖြစ်လာလေတော့သည်။ အိမ်စေများအားလုံးက မက်ဒါနာကို အဓိပ္ပါယ်ပါပါဖြင့် ပြုံးကြည့်လိုက်ကြပြီး ပုဂံခေတ် မင်းသမီးဝတ်စုံကို အတင်းဝတ်ပေးလိုက်ကြ၏။
ဝတ်ပြီးခါမှ မက်ဒါနာလည်း ထိုဝတ်စုံမှာ ချပ်ပေါ်၊ တင်လုံး၊ ရင်လုံး တောက်တောက်ပြောင်ပြောင်ဖြစ်နေမှန်း သတိထားမိလေတော့သည်။ အိမ်စေအမျိုးသမီးတချို့ဆိုလျှင် သူ့ကိုကြည့်ရင်း နှာခေါင်းသွေးလျှံကာ လဲကျကုန်ကြ၏။
မက်ဒါနာလေး၏ ပုဂံမင်းသမီးဝတ်စုံမှာ ကတ္တီပါအနီပေါ် ရွှေချည်မျှင်အစစ်ကွပ်ထားသော ဝတ်စုံဖြစ်ကာ ခေတ်ဆန်ဆန်အငွေ့အသက်အချို့ကို ပေါင်းထည့်ထားသည်။ ဗိုက်သားချပ်ချပ်လေးနှင့် အထဲသို့ချိုင့်ဝင်နေသော ချက်ဖြူဖြူလေးတို့က လူမြင်ကွင်းတွင်ရှိနေပြီး ပန်းသီးဆိုက်ရင်လုံးလုံးလေးကလည်း ရွှေကွပ်ခံထားရသလိုဖြစ်နေပြီး အင်မတန်ထင်ပေါ်နေသည်။ လမ်းလျှောက်လိုက်သည့်အခါတိုင်းတွင် ထမီစကပ်အကွဲကြောင်းမှ ပေါင်တံလှလှလေးများ လှစ်ခနဲထွက်လာပြီး ကလူကျီစယ်တော့သည်။
"တခြားတစ်ခုခုနဲ့ လဲလို့ရမလားဟင်။"ဟု မက်ဒါနာပြောခဲ့သော်လည်း မျက်နှာကလေးများ နီရဲနေသော အိမ်စေမကလေးများက မကြားချင်ယောင်ဆောင်နေကြ၏။ သို့နှင့် မက်ဒါနာလည်း ရွေးချယ်စရာမရှိတော့ဘဲ ယခုဝတ်စုံကိုသာ အစမ်းအနေဖြင့် တစ်နေကုန်ဝတ်ရန် ဖြစ်လာလေတော့သည်။
မက်ဒါနာလေး နန်းတော်စင်္ကြန်ပေါ်တွင် လမ်းလျှောက်နေရင်း ကင်းလှည့်နေသည့် ဆုဗာနာစစ်သည်တချို့အနားမှ ဖြတ်လျှောက်သွားရသည်။ စစ်သည်နှစ်ယောက်က မက်ဒါနာကိုတွေ့သည်နှင့် မျက်လုံးမခွာနိုင်တော့ဘဲ ဖြစ်ကုန်ကြကာ မက်ဒါနာလည်း မျက်နှာကြီးတစ်ခုလုံး နီရဲသွားသည်။
"နင်...နင်တို့နှစ်ယောက်... ငါ့ကိုဘာကိစ္စ စိုက်ကြည့်နေတာလဲ။"
စစ်သည်နှစ်ယောက်လည်း သတိပြန်ဝင်လာပြီး ဇက်သတ္တုရည်စိမ် လှံများကို မြေပြင်သို့ဆောင့်ချကာ ဒရိန်းပြလိုက်ရင်း မိုးကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။ မသိရင် ခုနက ခိုးကြည့်မိတာ သူတို့မဟုတ်သည့်အလား။
"လီဆာလေးက မတွေ့ရတာကြာလို့လားမသိဘူး၊ ထွားလာသလိုပဲနော်။ ဒီမမကို တစ်ချက်လောက်ဖက်ခွင့်ပေးပါဦး။" ဧည့်သည်တွေအတွက်ပေးထားသော အခန်းတစ်ခုနားရောက်တော့ စကော်ပီယို၏စကားသံကို မက်ဒါနာတစ်စွန်းတစ်စကြားလိုက်ရသည်။
"အစ်မကြီးစကော်ပီယိုကလည်း၊ သမီးက မငယ်တော့ဘူးနော်။ အဲဒီလို အသားယူတာမျိုးကို မလုပ်ပါနဲ့တော့။ ရှက်စရာကြီး။" လီဆာ၏စကားသံကိုလည်း မက်ဒါနာကြားလိုက်ရ၏။
"ဒီတော့ စကော်ပီယိုနဲ့လီဆာတို့က တစ်ခန်းတည်း အတူတူရှိနေကြတာလား။" မက်ဒါနာ၏လက်ကျန် ယောက်ျားတစ်ယောက်၏စိတ်က အသက်ဝင်လာပြီး တံခါးနားကပ်သွားကာ အတွင်းမှစကားသံများကို သေချာနားထောင်လိုက်သည်။
"အာလေလေ... စခန်းမှာငါတို့အတူရှိနေတုန်းက လီဆာလေးက ဟောဒီလောက်လေးပဲရှိသေးတာပါ။ အခုတော့ မမလောက်ကိုကြီးလာနေပြီ။ ဂွမ်း... မနာလိုစရာကောင်းလိုက်တာ။"
မက်ဒါနာကတော့ အပြင်မှာနားထောင်နေရင်း အထဲမှာဖြစ်ပျက်နေသည့်ကိစ္စများကို စိတ်ကူးထဲတွင် ပုံဖော်ကြည့်ရင်း စဥ်းစားနေ၏။ "သူတို့ဘာတွေ တိုင်းနေကြတာလဲလေ။" ခပ်ညစ်ညစ်မြင်ကွင်းလေးတစ်ခုကို မက်ဒါနာစိတ်ကူးယဥ်လိုက်မိပြီး ကောက်ကျစ်စွာပြုံးကာ တံခါးလက်ကိုင်ကို လက်တင်ကာ ဖွင့်ရန်ကြိုးစားလိုက်သည်။
ရုတ်တရက် နေ့လယ်စာစားပြီးပြန်လာသော လင်ဒါက မက်ဒါနာဘေးကိုရောက်လာပြီး နားနားကပ်ကာ မေးလိုက်၏။
"ဘာတွေချောင်းနားထောင်နေတာလဲ။" မက်ဒါနာလည်း လန့်သွားပြီး နောက်လှည့်ကြည့်လိုက်ရာ လင်ဒါဖြစ်နေမှန်းသိလိုက်ရသဖြင့် သက်ပြင်းချလိုက်ပြီး ပြောသည်။
"တော်သေးတာပေါ့၊ ဘယ်သူများလဲလို့။ နင့်သမီးလေးနဲ့ အစ်မကြီးစကော်ပီယို ဘာတွေတိုင်းနေတာလဲ သိချင်လို့ပါ။"
လင်ဒါကတော့ မက်ဒါနာစကားကြောင့် ခါးထောက်လိုက်ပြီး နှုတ်ခမ်းကိုစူထားကာ ကြည့်လိုက်သည်။
"မက်ဒါနာ၊ ကိုယ့်သမီးကိုယ်ချောင်းကြည့်တာ အမေကောင်းတစ်ယောက်ရဲ့အကျင့်မဟုတ်ဘူးနော်။"
မက်ဒါနာလည်း အပြစ်ကင်းစင်ဟန်ဖြင့် မျက်လုံးကို ပေကလက်ပေကလက်ခတ်ရင်း ပြန်မေးလိုက်၏။
"နေပါဦး၊ လီဆာကို မွေးစားထားတာက နင်လေ။ နင်က သူ့အမေမဟုတ်ဘူးလား၊ ငါက ဘာမှမဆိုင်ဘူးလေ။" မက်ဒါနာက မခံချင်စိတ်အပြည့်ဖြင့် ပြောလိုက်သည်။ လင်ဒါကတော့ လုံးဝခံငြင်းသည့်ပုံစံဖြင့် တံခါးကိုလက်ထောက်ကာ မက်ဒါနာလေးကို ထွက်မပြေးစေရန် လမ်းပိတ်ထားလိုက်၏။ သူတို့နှစ်ဦးက အခုဆိုလျှင် မန်ဂါတွေထဲကလို ကောင်လေးက နံရံကိုလက်ထောက် ကောင်မလေးကိုချောင်ပိတ်ပြီး ချစ်ခွင့်ပန်တော့မလိုမျိုး။
"ငါတို့က မေမေနဲ့မေမေလေ။"
"ဘယ်သူပြောတာလဲ။"
"လီဆာပြောတာ။"
"....." အင်း၊ အရင်တုန်းက လီဆာသူ့ကို အခုလိုမျိုး တစ်ခါပြောဖူးတယ်။ ကြည့်ရတာ လင်ဒါကိုလည်း အဲဒီလိုမျိုး ပြောခဲ့တဲ့ပုံပဲ။ ပြီးတော့ ဒီအခြေအနေကြီးက ဘယ်လိုကြီးလဲ။ မက်ဒါနာလေး သူကြုံနေရတဲ့အခြေအနေကြောင့် မျက်နှာကြီးတစ်ခုလုံးထူပူပြီး ရှက်နေပြီ။
"နင်ဖလေရာနဲ့နမ်းဖူးတယ်လို့ လီဆာပြန်ပြောပြတယ်။ ဖလေရာက အမြဲတမ်း ငါတို့ကိုအဲဒီကိစ္စကြွားနေတာလေ။ အဲဒါအမှန်ပဲလား။"
ဟုတ်တယ်၊ အစ်မကြီးဖလေရာက သူ့သတို့သားလောင်းနဲ့ချိန်းထားတဲ့ ညစာစားပွဲဆီ ခေါ်သွားပြီး မက်ဒါနာကို အသုံးချခဲ့သေးတယ်လေ။ သူတို့ပြန်ခါနီးတော့ သူ့ကိုအတင်းဖက်ပြီးနမ်းခဲ့တာ။
"အင်း..." မက်ဒါနာ ဝန်ခံလိုက်တယ်။ အဲဒီနောက်တော့ လင်ဒါက မျက်လုံးကိုမှိတ်လိုက်ပြီး နှုတ်ခမ်းလေးကိုဟကာ သူ့နှုတ်ခမ်းနဲ့ တဖြည်းဖြည်းချင်းဖိကပ်ဖို့ လုပ်လိုက်တယ်။
'သောက်ကျိုးနည်း... ထပ်ပြီးတော့လား။' ဒီမိန်းကလေးတွေ ဘာဖြစ်နေတာလဲ မက်ဒါနာနားမလည်နိုင်တော့ဘူး။ ဟိုတလောကလည်း သူတို့ဆုဗာနာကိုမလာခင် ဆိုဖီယာက သူ့ကိုအိပ်ရာထဲမှာ နဖူးကို အတင်းလာနမ်းသွားသေးတယ်လေ။ အခုလည်း လင်ဒါက သူ့ကိုနမ်းဖို့လုပ်နေပြန်ပြီ။
"ခင်ဗျားတို့ဘာလုပ်နေကြတာလဲ၊ လူမြင်ကွင်းကြီးမှာနော်။" ရုတ်တရက် ကောင်လေးတစ်ကောင်ရဲ့အော်သံကြောင့် မက်ဒါနာနဲ့လင်ဒါတို့နှစ်ယောက်လုံး စင်္ကြန်လမ်းအဝင်ဝကို ကြည့်လိုက်ကြတယ်။ နယ်စားမင်းသားတစ်ပါးအတိုင်း ဝတ်စားထားတဲ့ ကောင်လေးဒီပက သူတို့နှစ်ယောက်ကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။
"အဟမ်း.... ငါတို့...ငါတို့ဘာမှမလုပ်ပါဘူး။" မက်ဒါနာက လက်ဖဝါးလေးကိုထောင်ပြပြီး ခါယမ်းပြလိုက်တယ်။ လင်ဒါကတော့ နမ်းခါနီး သူများဝင်ရှုပ်တာခံရလို့ စိတ်ပျက်နေတဲ့မျက်နှာကြီးနဲ့...
"ဒါက နယ်စားနန်းတော်၊ ခင်ဗျားတို့တွေ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ ပန်းခြံမဟုတ်ဘူး။" ကောင်စုတ်လေးကတော့ လေသံမာမာနဲ့ သူတို့တွေကို အော်ဟစ်နေပါပြီ။ လင်ဒါကလည်း အရှက်ပြေ မက်ဒါနာကိုတွန်းဖယ်လိုက်ပြီး အခန်းတံခါးကို တွန်းဖွင့်ဖို့လုပ်လိုက်တယ်။
"မင်းသားလေး၊ အစ်မတို့တကယ်ပဲ ဘာမှမလုပ်တာပါ။ အခန်းထဲဝင်မလို့ တံခါးကကျပ်နေတာနဲ့လေ။ အဲဒါဘယ်လိုဖွင့်ရမလဲမေးနေတာ။"
မက်ဒါနာကတော့ လင်ဒါကို ခေါင်းခါပြလိုက်တယ်။ အခုနေ တံခါးဖွင့်လိုမရဘူးလေ။ အထဲမှာ လီဆာနဲ့စကော်ပီယိုက ပန်းသီးတိုင်းနည်းကစားနေတာမဟုတ်လား။ အကုန်ရှုပ်ကုန်လိမ့်မယ်။ ဒါပေမဲ့ မက်ဒါနာလေးတားဖို့နောက်ကျသွားပြီ။ တံခါးက ဖွင့်ပြီးနေပြီ။
မက်ဒါနာလည်း ကြောက်ကြောက်နဲ့ မျက်နှာကိုလက်ဝါးနဲ့ကာပြီး လက်ကြားထဲကနေ အထဲက မြင်ကွင်းကို ကြည့်လိုက်တယ်။
ဒါပေမဲ့ အထင်နဲ့အမြင်က တခြားစီပါ။ အထဲမှာတော့ စကော်ပီယိုက လီဆာကိုတစ်နေရာမှာ မတ်တပ်ရပ်ခိုင်းထားပြီး နံရံမှာအိမ်သုတ်ဆေးနဲ့ဆွဲထားတဲ့ အရပ်တိုင်းပေတံကိုကြည့်ပြီး အရပ်တိုင်းပေးနေတာပါ။
"အာလေလေ... ငါးပေ နှစ်လက်မတောင်မှ။.ထွားလာလိုက်တာ။"
မက်ဒါနာ: "....."
၉။
နိုဝင်ဘာလထဲဝင်လာတော့ နယူးယောက်မြို့ရဲ့မနက်ပိုင်းရာသီဥတုက ချမ်းစိမ့်စိမ့်နိုင်တယ်။ တစ်ခါတရံဆိုရင် အပူချိန်က ၁၀ ဒီဂရီဆဲဆီးယပ်လောက်ပဲရှိတော့တာ။
ဒါကြောင့် ကွန်ကရစ်ခင်းထားတဲ့ လမ်းနံဘေးမှာရှိတဲ့ မေပယ်သစ်ပင်ကအရွယ်တွေအကုန်လုံး ဝါထိန်နေပြီ။
လူးစီးယပ်ဟာ အစိမ်းရောင်အနွေးထည်ဝတ်စုံလေးကိုခြုံပြီး အပြေးဖိနပ်လေးကိုစီးကာ ပလက်ဖောင်းပေါ်ကပြေးရင်း မနက်ပိုင်းလေ့ကျင့်ခန်းကို စတင်ခဲ့တယ်။
ဒီလိုလုပ်နေရတဲ့ အကြောင်းအရင်းကလည်း ရင်ထဲမှာ သူ့ဆရာအဖြစ် သတ်မှတ်ထားတဲ့ မက်ဒါနာက မနက်တိုင်းမြို့ထဲမှာ ပြေးလွှားနေတတ်လို့ပါ။ ဒါကြောင့် သူလည်းလေ့ကျင့်နည်းတစ်မျိုးအဖြစ် လက်ခံပြီး အခုလိုပြေးနေတာပါ။
လမ်းပေါ်မှာ နေ့တိုင်းလေ့ကျင့်ခန်းလုပ်နေတဲ့ ဦးလေးကြီးတချို့ကတော့ ဖားလေးကိုလက်ပြနှုတ်ဆက်ကြတယ်။ သူတို့တွေအားလုံး ဒီကောင်လေးကို ရင်းနှီးနေကြပြီ။ အရင်တစ်ခါ နယူးယောက်ကို ဗီလိန်တွေလာတိုက်တုန်းကလည်း ဒီကောင်လေး တီဗီမှာပါလာသေးတယ်။ မြွေကြီးလိုက်လို့ ပြေးနေရတဲ့ ဖားလေးဆိုပြီး ခုထိနာမည်တွင်နေတာ။ ပြီးတော့ ကျောင်းပြီးခါနီး ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် အလုပ်သင်ဟီးရိုးအဖြစ် ဟီးရိုးအေဂျင်စီတစ်ခုမှာ အလုပ်စဆင်းနေပြီ။
ဟီးရိုးအေဂျင်စီဆိုတာက ဟီးရိုးအစည်းအရုံးခွင့်ပြုချက်နဲ့ ကုမ္ပဏီသဘောမျိုးဖွင့်ထားတဲ့ ဟီးရိုးအဖွဲ့တွေပါ။ အစည်းအရုံးက ဟီးရိုးတွေကို ငွေကြေးအရ ထောက်ပံပေးထားပေမဲ့ အဆင့်နိမ့်ဟီးရိုးတွေနဲ့ ဟီးရိုးဖြစ်ခါစတွေအတွက်ရတော့ သေချာလုံလောက်အောင် မပေးနိုင်ပါဘူး။ ဒါကြောင့် စီးပွားရေးသမားတချို့က ဟီးရိုးကျောင်းဆင်းတွေကို ပစ်မှတ်ထားပြီးတော့ ရင်းနှီးမြုပ်နှံပေးရာကနေ ဟီးရိုးအေဂျင်စီတွေ ဖြစ်လာကြတာ။
နယူးယောက်မြို့မှာတော့ ဟီးရိုးအေဂျင်စီ ဆယ့်ငါးခုထက်မနည်းရှိပြီး B rank ဟီရိုးများစွာပိုင်ဆိုင်ထားတဲ့ နာမည်ကျော်ဟီးရိုးအစည်းအရုံးတချို့လည်းရှိပါတယ်။ နံပါတ်တစ်ကတော့ ဟီးရိုးအစည်းအရုံးခေါင်းဆောင် Sonic Speedရဲ့မီထရိုစင်တာပါ။
ဖားလေးအလုပ်သင်ဝင်ဆင်းနေတဲ့ ဟီးရိုးအေဂျင်စီက သာမန်အလယ်အလတ်အဖွဲ့လေးသာဖြစ်ပြီး မေပယ်အေဂျင်စီပါ။ B rank တစ်ယောက်သာရှိပေမဲ့ သိပ်မကြာသေးခင်က ဟီးရိုးဖြစ်လာတဲ့ Boeing Girlကြောင့် နာမည်ကြီးနေပါပြီ။
တကယ်တမ်း အဆင့်မြင့်အေဂျင်စီတစ်ခုမဟုတ်ပေမဲ့ အစိုးရဟီးရိုးကျောင်းက ဖားလေးလိုလူအတွက်က
ရွေးစရာမရှိဘူး။ တချို့အစိုးရဟီးရိုးကျောင်းသားတွေဆိုရင် အလုပ်ဆင်းစရာအေဂျင်စီရှာမရတဲ့အတွက် ရဲတပ်ဖွဲ့၊ ဒါမှမဟုတ် အမျိုးသားလုံခြုံရေး မြူတန့်ဌာနစိပ်နောက်ကို လိုက်ကြတယ်။
ဟီးရိုးကျောင်းသားတစ်ယောက်အတွက် အလုပ်သင်ကာလတွင်း ရရှိထားတဲ့အမှတ်တွေက အင်မတန်အရေးကြီးပါတယ်။ သူတို့လုပ်ငန်းခွင်ဝင်တဲ့အခါ အေဂျင်စီတွေက ကျောင်းအမှတ်ထက် အလုပ်သင်မှတ်တမ်းတွေကိုပဲ စိတ်ဝင်စားကြပါတယ်။
အောင်ချက်ဘယ်လောက်ကောင်းကောင်း အလုပ်သင်သက်တမ်းမှာ စွမ်းဆောင်ရည်ကောင်းကောင်းမပြနိုင်ရင် အလုပ်ရဖို့မလွယ်ဘူး။
ဖားလေး မီထရိုစင်တာကိုရောက်တော့ ရုံးခန်းတံခါးကိုဖွင့်ပြီး အထဲဝင်လိုက်တယ်။ အဲဒီနောက်မှာတော့ ဘောင်းဘီအိတ်ထဲကနေ ယာယီဝန်ထမ်းကတ်ကိုထုတ်ပြီး ကောင်တာက ကွန်ပျူတာမှာ Sign in ဝင်လိုက်တယ်။
"လူးစီးယပ်၊ မောင်လေး အစောကြီးရောက်နေတာပဲ။"
မျက်လုံးနှစ်ဖက်ကိုပဲဖုံးတဲ့ အပြာရောင်ကပ်ခွာမျက်နှာဖုံးနဲ့ ကီလိုမန်းလိုမျိုး ဆွဲသားဟီးရိုးဝတ်စုံကို ဝတ်ဆင်ထားတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ယောက်က ဖားလေးကို နှုတ်ဆက်လိုက်တယ်။ ကီလိုမန်းနဲ့မတူတာဆိုလို့ သူ့ဝတ်စုံမှာ K အစား B အကြီးကြီးကို ရေးထိုးထားတာပဲရှိတယ်။
ဒါက လူးစီးယပ်ရဲ့စီနီယာဟီးရိုး Boeing Girlပါ။ မင်းလွင်နဲ့အထက်တန်းကျောင်း အတူတက်ခဲ့တဲ့ မယ်လီလည်းဖြစ်တယ်။ မယ်လီက အခုထိ သာမန် C အဆင့် ဟီးရိုးတစ်ယောက်သာဖြစ်ပေမဲ့ နယူးယောက်မြို့ရဲ့A rank Sonic Speed ထက်တောင် လူသိများနေပါပြီ။
လေထုထဲမှာ ပျံဝဲနိုင်စွမ်းနဲ့သာလွန်ခွန်အားတို့ကို ပိုင်ဆိုင်ထားတဲ့အပြင် မက်ဒါနာနက် နည်းနည်းလေးသာ အားနည်းတဲ့ အလှအပနဲ့ မက်ဒါနာတောင်ငေးကြည့်နေရတဲ့ ဖရဲသီးအမြွှာပိုင်ရှင်မဟုတ်လား။
လူးစီးယပ် အတန်ကြာအောင် ဘွင်ဘွင်တွေကို စိုက်ကြည့်နေပြီးမှ မျက်နှာနီသွားပြီး ပြန်နှုတ်ဆက်လိုက်တယ်။
"အား... စီနီယာ Boeing Girlပါလား၊ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ရင်းနဲ့ တစ်ခါတည်းအလုပ်ဝင်မလို့ စဥ်းစားထားတာတာလေ။"
ဒါပေါ့၊ ဒီလောက်လှတဲ့ မိန်းကလေးမျိုးကို ဘယ်ယောက်ျားလေးမဆို ရင်ဖိုမိမှာပဲလေ။ အထူးသဖြင့် လူပျိုဖော်ဝင်ခါစ ဖားလေးအတွက်တော့ ပိုမှန်တာပေါ့။
လူးစီးယပ်စကားကိုကြားတော့ မယ်လီအနားကိုကပ်လာပြီး ခါးကိုကိုင်းကာ ဖားလေးကို သေချာကြည့်လိုက်တယ်။
"အယ်... နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပြီးတော့ နည်းနည်းလေးမှ ပိန်မသွားပါလား။"
မြေဆွဲအားကြောင့် ပြုတ်ကျတော့မလိုဖြစ်နေတဲ့ ဖရဲသီးအရွယ် ဘွင်ဘွင်တွေကြောင့် ဖားလေးလည်း တောင့်မခံနိုင်တော့ဘဲ အကြည့်ကိုလွှဲလိုက်လေရဲ့။
"ဒါက... ကျွန်တော်ဝနေတာ အဆီတွေကြောင့်မဟုတ်ဘူးလေ၊ ဖားအဆီအိတ်တွေကြောင့်ပါ။"
မယ်လီကတော့ ဖားလေးစကားကို တော်တော်စဥ်းစားယူနေဟန်နဲ့ နဖူးကိုလက်နဲ့ကုတ်ရင်း ခါးကိုပြန်မတ်လိုက်တယ်။ ဘွင်ဘွင်တွေလည်း တအိအိနဲ့တုန်နေပြီး အပေါ်ပြန်ရောက်လာတယ်။
"ဟင်... အဆီအိတ်ကလည်း အဆီပဲမဟုတ်ဘူးလား။"
"....."
....
ခဏကြာတော့ မနက်ပိုင်းကင်းလှည့်ချိန်ရောက်လာပြီး သူတို့နှစ်ယောက် ကွင်းစ်ရဲ့လမ်းမတွေထက်ကို ရောက်လာခဲ့ပါတယ်။
ဖားလေးကတော့ ပလက်ဖောင်းပေါ်မှာ အတူလမ်းလျှောက်ရင်း မယ်လီကိုတစ်ချက်တစ်ချက် ချောင်းကြည့်ကာ သက်ပြင်းချနေတယ်။ စိတ်ထဲမှာတော့ ဒီလိုစီနီယာလှလှလေးရဲ့အလုပ်သင်လုပ်ရလို့ ကံကောင်းတယ်လို့ပဲ စိတ်ထဲမှာစဥ်းစားနေမိတာ။
"လူစီးယပ်၊ နင်က Rank B ရောက်တော့မှာလို့ပြောတယ်နော်။ ဒါဆို နင်က အခု C+ ထိပ်ဆုံးမှာမဟုတ်လား။"
"အင်း...." လူးစီယပ် ခေါင်းညိတ်လိုက်တယ်။ သူဒီအဆင့်မှာ သောင်တင်နေတာ တော်တော်ကြာပါပြီ။ ဒါပေမဲ့ အရင်တစ်ပတ်လောက်ကစပြီး ဆင့်ကဲမှုဖြစ်တော့မယ့် လက္ခဏာတွေပေါ်လာတယ်။ ပြီးတော့ သူ့တိုက်ပွဲစွမ်းအားလည်း တိုးလာပါပြီ။ မယ်လီကတော့ဖားလေးပခုံးကို လက်သီးနဲ့ဖွဖွလေးထိုးလိုက်တယ်။ ဒါပေမဲ့ သာလွန်ခွန်အားရှိတဲ့မြူတန့်ဆိုတော့ ဖားလေး ဘေးကိုပါယိုင်ထွက်သွားတယ်။
"နာတယ်လို့။" မယ်လီကတော့ ဖားလေးစကားကို နားထောင်ပုံမရဘူး။
"ငါ့မောင်လေးက တော်လိုက်တာ။ တကယ့်ဟီးရိုးဖြစ်လာရင် အစ်မကိုမေ့မသွားနဲ့ဦး။ ဒီအစ်မကြီးကတော့ အမြဲC rankမှာပဲ သောင်တင်နေမှာမလို့လေ။"
မယ်လီက ဖားလေးလိုမျိုး Potential မမြင့်ဘူး။ နောက်ကျမှ စွမ်းအားနိုးထလာသူဖြစ်သလို လက်ရှိအဆင့်က သူနောက်ဆုံးရောက်နိုင်တဲ့အဆင့်ပါ။
"ငါငယ်ငယ်ကတော့ Kilomanလိုမျိုး နိုင်ငံကြီးတစ်ခုလုံးကို ထောက်ပံပေးနိုင်တဲ့ သူရဲကောင်းမျိုး ဖြစ်တဲ့အထိ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားခဲ့တာ။ ဒါပေမဲ့ တော်တော်ခက်တာပဲ။" မယ်လီက ပြောပြောဆိုဆိုနဲ့ သက်ပြင်းချလိုက်တယ်။ ဖားလေးကတော့ မယ်လီစိတ်မကောင်းဖြစ်နေမှန်းသိလို့ ချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်တယ်။
"ကီလိုမန်း၊ လေယာဥ်ပျက်ကျမှုမှာသေသွားတဲ့ ဆုဗာနာစောင့်ရှောက်သူ သူရဲကောင်းကိုပြောတာလား။ ကပ္ပတိန်စတိတ်မန်းလိုမျိုးပဲလေ။"
မယ်လီကလည်း ဖားလေးသူလေးစားရတဲ့ ဟီးရိုးကို သိနေမှန်းတွေ့ရတော့ ဝမ်းသာသွားပြီး ခေါင်းညိတ်လိုက်တယ်။
"အင်း၊ ငါငယ်ငယ်တုန်းက သူဒီကို ခဏခဏလာတယ်လေ။ ငယ်ငယ်က သူ့လက်မှတ်ရဖူးသေးတယ်။အဆင့်မြင့်ဟီးရိုးတစ်ယောက်မလို့ မာနကြီးမယ်ထင်ထားခဲ့ပေမဲ့ ငါသူ့ဆီက လက်မှတ်သွားတောင်းတော့ ငါ့ကိုချစ်ဖို့ကောင်းတယ်လို့ပြောပြီး ချီပြီးလေပေါ်ပျံပြဖူးတယ်။"
မယ်လီ ဒီစကားတွေပြောနေတဲ့အချိန်မှာ သူ့မျက်လုံးတွေက အဝေးကိုမျှော်လင့်တကြီး ကြည့်နေခဲ့တယ်။ အဲဒီတုန်းက အချိန်တွေကို ပြန်တမ်းတနေသလိုမျိုး။
"သူသေသွားတုန်းက ကျွန်တော်တောင်မမွေးသေးတော့ နာမည်ပဲကြားဖူးတော့တာ။ ကိုယ်တိုင်ထွက်ပြေးလွှတ်မြောက်နိုင်ရဲ့သားနဲ့ လူတွေကိုကယ်တင်ရင် အသေခံဖို့ဆုံးဖြတ်ခဲ့တယ်။ ဟီးရိုးတွေအတွက် တကယ့်စံပြပဲ။"
ဖားလေးက ဝင်ပြောလိုက်တယ်။ တကယ်လည်း အခုအချိန်မှာ ကီလိုမန်းကို သတိရနေသူတွေက အနည်းငယ်သာ ရှိတော့တာပါ။ အခုလို အချင်းချင်းစကားဆက်စပ်မိလို့ ပြောကြဆိုကြရုံကအပပေါ့။
"မောင်လေးလူးစီးယပ်မှာရော အဲဒီလိုစံပြဟီးရိုးရှိလား။" မယ်လီက လူးစီးယပ်ကို လှည့်ကြည့်ပြီးမေးလိုက်တယ်။ လူးစီးယပ်ကတော့ ခေါင်းညိတ်လိုက်ပြီး သူ့ခြေလှမ်းတွေကို ရပ်လိုက်ပါတယ်။ ပြီးနောက် မယ်လီိရဲ့မျက်လုံးတွေကို ယုံကြည်မှုအပြည့်နဲ့စိုက်ကြည့်လိုက်ပြီ။
"ရှိတယ်၊ သူ့နာမည်က Silver Knight။"
"ဝိုး... ငါတို့ကွင်းစ်မှာ အခုတလောနာမည်ကြီးနေတဲ့တစ်ယောက်လား။ ဒါပေမဲ့ သူအခုတလောပျောက်နေတယ်နော်။"
ခါတိုင်းဆိုရင် SilverKnightက ကွင်းစ်မှာအမြဲတမ်း မနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် ကင်းလှည့်နေကျပါ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ဆုဗာနာနယ်စားမင်းသမီးလေး ဆုဗာနာကိုပြန်သွားပြီးကတည်းက သူ့ကိုမတွေ့ရတော့ဘူး။
Redditပေါ်မှာတောင် အပျော်အပျက် ဆွေးနွေးထားတဲ့ Postတချို့ရှိသေးတယ်။ မင်းသမီးလေးရဲ့ကိုယ်ရံတော်အဖြစ် ဆုဗာနာကိုလိုက်သွားတာလား၊ ဘာညာပေါ့။ ဘာပဲပြောပြော SilverKnightက ဆံဖြူမင်းသမီးလေးကို နှာဘူးကောင်တွေလက်ထဲက ကယ်ခဲ့ဖူးပြီး နှစ်ယောက်လုံးက လူအာရုံစိုက်ခဲ့ရသူတွေဆိုတော့ အခုလိုကောလာဟလတွေက အပြည့်ပါပဲ။
ဖားလေးက ခေါင်းညိတ်ပြလိုက်တယ်။ "အင်း၊ လွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက ဟီးရိုးကျောင်းပေါင်းစုံပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့ထွက်ခဲ့ရလို့ စိတ်ဓာတ်ကျနေခဲ့တာ။ ဟီးရိုးအလုပ်ကိုတောင် လုံးဝလက်လျှော့လုနီးနီးပဲ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်က ကျွန်တော့်ကိုရိုက်နှက်ပြီး လမ်းမှန်ပြပေးခဲ့တယ်လေ။"
"ဆံဖြူစုန်းမလေးက နင့်ကိုရိုက်သွားမှန်း ငါသိပေမဲ့ အဲဒီကနေဘယ်လိုလုပ်ပြီး နှင်းဆီခိုင်ငွေသူရဲကောင်းကြီးကို နင်က ဘယ်လိုသဘောကျသွားရတာတုန်း။" မယ်လီက နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။ ဆံဖြူစုန်းမလေးက ဖားအကြီးကြီးကို ရိုက်နှက်ခဲ့တဲ့ဗီဒီယိုက အွန်လိုင်းပေါ်မှာပြန့်နေတာမလို့ မယ်လီလည်းကြည့်ဖူးတာပေါ့။
"ကျွန်တော်ပြိုင်ပွဲမှာရှုံးရတဲ့အမှားတွေကို အဲဒီမိန်းကလေးက ထောက်ပြခဲ့တယ်။ တစ်နေ့ကျတော့ ကျွန်တော့်စိတ်ဓာတ်ကို ပြန်ပျိုးထောင်ဖို့အတွက် ဆရာက ဗီဒီယိုတစ်ခုပြလာတယ်။ SilverKnightက ကလေးဆေးရုံကို ဝင်ကယ်တဲ့အခန်းလေး။"
မယ်လီလည်း ခေါင်းညိတ်လိုက်တယ်။ သူလည်း SilverKnightရဲ့ပွဲဦးထွက်မစ်ရှင်ကို သိပါတယ်။ ဖားလေးကတော့ ကြမ်းပြင်ကိုတစ်ချက်ငုံကြည့်ရင်း ပြောလိုက်တယ်။
"သူနဲ့ယှဥ်ရင် ကျွန်တော်က တကယ့်ကိုရှက်စရာကောင်းတယ်။ အဲဒီတုန်းက သူဟာC- နည်းပညာမြူတန်တစ်ယောက်ပါ။ ဒါပေမဲ့ အသက်ကိုစွန့်ပြီးတော့ လူတွေကိုကယ်ခဲ့တယ်။ ကျွန်တော်ကတော့လား၊ မကြာခင် B rankကိုရောက်တော့မယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားနည်းတယ်ဆိုပြီး အပြစ်တင်ရင်းနဲ့ လက်လျှော့ဖို့အတွက် အကြိမ်ကြိမ်စဥ်းစားနေခဲ့တာ။"
မယ်လီကတော့ ဖားလေးပြောသမျှကို တလေးတစားလက်ပိုက်ပြီး နားထောင်ပေးနေတယ်။ ဖားလေးက ခေါင်းကိုပြန်မော့ကြည့်ပြီး မယ်လီကိုပြောလိုက်တယ်။
"အဲဒီနောက်တော့ ကျွန်တော်နားလည်သွားတယ်၊ ဟီးရိုးတစ်ယောက်ဆိုတာက စွမ်းအားကြီးလို့ ဟီးရိုးဖြစ်လာတာမဟုတ်ဘူး။ သူတို့ရဲ့အနစ်နာခံချင်စိတ်ကသာ သူတို့ကိုဟီးရိုးဖြစ်စေတာ။ လုံးဝစွမ်းအားမရှိသူတစ်ယောက်တောင်မှ တရားမျှတတဲ့အမြင်နဲ့အများအကျိုးသယ်ပိုးချင်စိတ်ရှိရင် ဟီးရိုးတစ်ယောက်ဖြစ်လာနိုင်တယ်။ ငယ်ငယ်က မူမန်ရိုက်ဒါကိုအမြဲလှောင်ဖူးပေမဲ့ အဲဒီမှာကျွန်တော်နားလည်သွားတယ်။ ဘာလို့ သိပ်စွမ်းအားကြီးတဲ့ Toadiusက
ဘာကြောင့်များ အမှောင်ထဲမှာ ထိုင်ငိုနေမှာလဲလို့ပေါ့။ ကျွန်တော်က သေချာပေါက် ဟီးရိုးဖြစ်နိုင်တာပေါ့။"
ဖားလေးရဲ့စကားတွေကြောင့် မယ်လီလည်း ကောင်လေးအပေါ် အမြင်ပြောင်းလဲသွားတယ်။ ငယ်သေးပေမဲ့ သိပ်ကိုခိုင်မာတဲ့ စိတ်ဓာတ်မျိုးရှိနေပြီမဟုတ်လား။ နောက်ဆုံးတော့ မယ်လီပြုံးလိုက်ပြီး ဖားလေးကိုပြောလိုက်တယ်။
"မောင်လေးပြောတာ သိပ်မှန်တယ်၊ အခုတော့ ကင်းဆက်လှည့်ရအောင်။"
ဒီလိုနဲ့ သူတို့နှစ်ယောက်လည်း မြို့ထဲလမ်းမပေါ်မှာ ကင်းဆက်လှည့်ကြတယ်။ Boeing Girlရဲ့ပရိသတ်တချို့က မယ်လီဆီလာပြီး လက်မှတ်တောင်းကြသေးတယ်။ တချို့ဆိုရင် ဓာတ်ပုံအတူတွဲရိုက်ဖို့ပါ တောင်းဆိုကြတာမလို့ ဖားလေးပါ ဝင်ဓာတ်ရုံအရိုက်ခံရသေးတယ်။ သူက သာမန်အနွေးထည်လေးပဲဝတ်ထားပြီး လက်ကိုအမြဲအိတ်ထဲနှိုက်ထားတာမလို့ အတော်များများက အလုပ်သင်ဟီးရိုးမှန်း သတိမထားမိကြဘူး။
အနွေးထည်က ဖားပုံနဲ့ဟီးရိုးနာမည်ကိုကြားခါမှ ကံကောင်းလို့ မြွေစားခံရပြီးမသေတဲ့ ဖားကံကောင်းလေးမှန်း သိကြတာ။
တော်တော်လေးကြာတော့ မယ်လီလက်မှာပတ်ထားတဲ့ Smart Watchကနေ အသံမြည်လာတယ်။ မယ်လီကတော့ နံပါတ်ကိုကြည့်လိုက်ပြီး ဖားလေးကိုသတိပေးလိုက်တယ်။
"ဟီးရိုးအစည်းအရုံးက ဆက်သွယ်တာ၊ မင်းလည်းတရားဝင်ဟီးရိုးဖြစ်လာရင် ဒီလိုလက်ပတ်မျိုးရလာပြီး မစ်ရှင်လက်ခံတာတွေ၊ အကူအညီတောင်းတာတွေ လုပ်လို့ရတယ်။ လောလောဆယ်တော့ အသင့်ပြင်ထား။"
ဖားလေးလည်း မယ်လီရဲ့စကားကြောင့် အခင်းဖြစ်ရာကို ပြေးသွားဖို့အတွက် ဖားတစ်ဝက်ပုံစံပြောင်းလိုက်တယ်။ မယ်လီဖုန်းကိုင်လိုက်တော့ တစ်ဖက်ကနေ ဟီးရိုးအစည်းအရုံးဒုဌာနမှူး ဟယ်ရီရဲ့အသံက ထွက်ပေါ်လာတယ်။
"ကွင်းစ်၊ နယူးယောက်နဲ့ဘရုပ်ကလင်းနယ်မြေတွေမှာရှိနေတဲ့ ဟီးရိုးတွေအားလုံး နယူးယောက်ခရော့ဘေးလ်လမ်းကို အမြန်ဆုံးလာကြပါ။ မြူတန့်တိုက်ခိုက်မှုရှိတယ်၊ C rank နှစ်ယောက်ဒဏ်ရာရသွားပြီး ရန်သူမြူတန့်က B rank အင်အားရှိတယ်။ ဌာနချုပ်အကူမရောက်မချင်း ပြည်သူတွေထိခိုက်မှုမရှိအောင်လုပ်ရမယ်။"
မယ်လီရဲ့ခန္ဓာကိုယ်က လေပေါ်ကိုကြွတက်လာတယ်။ သူက ဖားလေးကို ကြည့်ပြီးမေးလိုက်တယ်။
"အဲဒီကိုသွားဖို့ ကူညီပေးရဦးမလား။" ဖားလေးက မပျံတက်ပါဘူး။ ဒါကြောင့် မယ်လီက သူ့ကိုသယ်သွားပေးရမလား မေးတာပါ။ ဖားလေးကတော့ ခေါင်းခါပြတယ်။
"ရတယ်၊ ကျွန်တော်က အဲဒီလောက်မနှေးဘူး။" ပြောပြောဆိုဆိုနဲ့ ဖားလေးက တိုက်တစ်တိုက်ပေါ်ကို ခုန်တက်သွားလိုက်တယ်။ မယ်လီကလည်း တိုက်ပေါ်ကို ပျံတက်လာပြီး မေးလိုက်တယ်။
"Parkour သင်ထားတာလား။"
"အင်း၊ SilverKnightရဲ့လှုပ်ရှားပုံတွေကို အတုယူထားတာ။" မယ်လီက ခေါင်းညိတ်လိုက်ပြီး ဖားလေးကို သတိပေးတဲ့အနေနဲ့ ပြောလိုက်ပါတယ်။
"အခုက အစည်းအရုံးဒုဌာနမှူးကိုယ်တိုင် မြို့သုံးမြို့က ဟီးရိုးတွေကို အကူသွားခိုင်းတာ။ ရန်သူက B rankပေမဲ့ တော်တော်လေးပြဿနာရှာထားပုံပဲ။ ဟိုရောက်ရင် ဗီလိန်ကို တိုက်ရိုက်ဝင်မချနဲ့ စီနီယာတွေရဲ့အခြေအနေကိုကြည့်ပြီးမှလှုပ်ရှား။ ငါတို့က အဆင့်နိမ့်တွေဆိုတော့ ပြည်သူတွေဘေးကင်းအောင် ကူညီပေးဖို့က အဓိကပဲ။"
ဖားလေးလည်း နားလည်ကြောင်းပြတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ အဲဲဒီနောက်တော့ သူတို့နှစ်ယောက်လုံး ဟီးရိုးအစည်းအရုံးက သွားခိုင်းတဲ့နေရာဆီ ပြေးသွားလိုက်ကြတယ်။
....
ဗီလာအိမ်ရာဝင်းအတွင်းက ဆိုဖီယာရဲ့အိမ်မှာတော့ မာဂရပ်နဲ့ချီလုလုတို့က စာရွက်စာတမ်းပုံတွေကြားထဲမှာ အလုပ်လုပ်နေကြတယ်။ သူတို့နဲ့အတူ နတ်ဆိုးကိုးကွယ်သူများအဖွဲ့က ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့တဲ့ ကလေးတွေအားလုံးလည်း အိမ်ထဲမှာရှိနေကြပါတယ်။
S rankဟီးရိုးရဲ့သမီးဗီးနပ်စ်ကို သတ်ထားတဲ့ ရိုလန်ကတော့ ကိုယ်တိုင်အဖမ်းခံထားတဲ့အတွက် ထောင်ထဲမှာရှိနေပြီး ချီလုလုတို့က သူ့ရဲ့အယူခံအတွက် ကူညီပေးနေကြတာပါ။ ပြီးတော့ မက်ဒါနာရဲ့တောင်းဆိုချက်ကြောင့် ဆိုဖီယာကိုယ်တိုင် သူတို့ကို ဒီအိမ်သုံးခွင့် ပေးထားတာပါ။
ချီလုလုက မာဂရပ်ကို ပြောလိုက်တယ်။ "သက်သေတွေအရတော့ ရိုလန်က ဗီးနပ်စ်ကအရင်စတိုက်ခိုက်လို့ ပြန်ခုခံတယ်ဆိုတာ ခိုင်လုံတယ်။ ဒါပေမဲ့ဆေးဗားဂါးဒီးယမ်းက သမီးတစ်ယောက်ဆုံးရှုံးထားတဲ့သူမလို့ သူ့အရှိန်အဝါနဲ့ဩဇာသုံးပြီး တရားရေးအဖွဲ့တွေကို ဖိအားပေးလာနိုင်တယ်။ ဒါဆိုရင် ငါတို့အခက်တွေ့မှာပဲ။"
S rankတွေဆိုတာက နိုင်ငံတွင်းဥပဒေအထက်မှာရှိနေတဲ့ သက်ဦးဆံပိုင် ဘုရင်တွေလိုပါပဲ။ အမေရိကန်မှာက တရားစီရင်ရေးအားကောင်းလို့ ဆေးဗားဂါးဒီးယမ်းအနေနဲ့ လုပ်ချင်တာလုပ်လို့မရပေမဲ့ တရားစီရင်ရာမှာပါဝင်တဲ့ တရားသူကြီးတွေကို ခြိမ်းခြောက်တာမျိုးကတော့ လုပ်လို့ရနေဆဲပါ။
ချီလုလုစကားကိုကြားတော့ အမှောင်ထဲမှာဝင်နေတဲ့ ဖြူရော်ရော်အသားရေ၊ နက်ရှိုင်းတဲ့မျက်ဝန်းတွေရှိတဲ့ အာရှလူငယ်က ရှေ့ကိုတက်လာပြီး သူတို့ကိုပြောလိုက်တယ်။
"သူသာ မင်းတို့ကို အနိုင်ကျင့်လာရင် ငါကိုယ်တိုင်သွားဖြေရှင်းလိုက်မယ်။ သခင်မက ခွင့်ပြုပေးပါလိမ့်မယ်။"
ဒါက ချီလုလုတို့ကို ကာကွယ်ပေးဖို့အတွက် ဆိုဖီယာချန်ထားပေးခဲ့တဲ့ S rank ဗီလိန်ဟောင်း ယာမီပါ။ အရင်ကတည်းက စွမ်းအားနဲ့အနိုင်ကျင့်သူတွေကို မုန်းတီးသူမလို့ ဆေးဗားဂါးဒီးယန်းကို ကိုယ်တိုင်သွားရိုက်နှက်ဖို့ အင်မတန်စိတ်အားထက်သန်နေတယ်။ ဒီစကားကိုကြားတော့ ချီလုလုနဲ့မာဂရပ်တို့ကြားတော့ လှမ်းအော်လိုက်တယ်။
"အကြမ်းဖက်နည်းနဲ့ပဲ ဖြေရှင်းဖို့စဥ်းစားနေတာကို ရပ်လိုက်ပါတော့...."
ခဏနေတော့ အိမ်အပြင်ဖက်ကနေ တံခါးခေါက်သံ ထွက်လာတဲ့အတွက် ဘဏ္ဍာစိုးလိုဝတ်ထားတဲ့ ယာမီက တံခါးကို သွားဖွင့်ပေးလိုက်တယ်။
အိမ်အပြင်မှာတော့ အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားတဲ့ လူနှစ်ယောက်ရှိနေပြီး သူတို့က သိမ်းငှက်ပုံစံတံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်လေရဲ့။
"အမျိုးသားလုံခြုံရေးအေဂျင်စီ၊ မြူတန့်ဌာနစိပ်ပါက။ ဒါက နတ်ဆိုးကိုးကွယ်သူများအဖွဲ့ဆိုတဲ့ ဗီလိန်အဖွဲ့အစည်းတစ်ခုအတွက် တရားရေးအကူအညီပေးနေသူတွေ နေတဲ့နေရာမဟုတ်လား။"
အေးဂျင့်နှစ်ယောက်ရဲ့စကားကြောင့် ယာမီရဲ့နှုတ်ခမ်းတစ်ဖက်တွန့်သွားပြီး အတတ်နိုင်ဆုံး လေသံအေးအေးနဲ့ ဖြေလိုက်ပါတယ်။
"တကယ်လို့ ရှေ့နေချီလုလုနဲ့ ဟီးရိုးဘတ်တာဖလိုင်းကို ရှာနေတာဆိုရင်တော့ ဟုတ်ပါတယ်။"
အေးဂျင့်နှစ်ယောက်က ဝရမ်းတစ်ခုကို ထုတ်ပြလိုက်ပြီး ခပ်တည်တည်လေသံဖြင့် ပြောလိုက်ကြသည်။
"ဒီအဖွဲ့ကို ဟီးရိုးSilverKnightက အာမခံပေးထားမှန်း နားလည်ပါတယ်။ ဒါပေမဲ့ ဒီမနက်ပိုင်းဖြစ်သွားတဲ့ အကြမ်းဖက်မှုမှာ SilverKnightကိုယ်တိုင်ပါဝင်နေပြီး ဟီးရိုးတချို့ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့အတွက် လောလောဆယ် သူ့ကိုအခြေအနေမတည်ငြိမ်တဲ့ ဟီးရိုးအဖြစ်သတ်မှတ်ထားပြီး ရာထူးက ခဏချဖို့ ဟီးရိုးအစည်းအရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် သူ့အာမခံပျက်ပြယ်သွားပြီး နတ်ဆိုးကိုးကွယ်သူအဖွဲ့ဝင်တွေကို ထိန်းသိမ်းထားဖို့ ကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်။ ပူးပေါင်းပါဝင်ပေးကြပါ။"
၁၀။
နယူးယောက်မြို့ကြီးရဲ့လမ်းဆုံတစ်နေရာမှာတော့ သွေးတွေဟာ အိုင်ထွန်းနေခဲ့ပါတယ်။
ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားတဲ့ မြူတန့်တစ်ယောက်ဟာ သွေးစွမ်းနေတဲ့ ဇက်သတ္ထုဓားကိုကိုင်ထားပြီး ကျောင်းကားတစ်စီးရဲ့အင်ဂျင်ဖုံးပေါ်မှာ ထိုင်နေပါတယ်။
သတင်းမီဒီယာတွေရဲ့ရဟတ်ယာဥ်တွေလည်း ရောက်ရှိနေပြီဖြစ်ပြီး ဒီသွေးသံရဲရဲဖြစ်ရပ်ကို ရိုက်ကူးနေကြတယ်။ အမေရိကန်မှာ နှစ်နှစ်ဆယ်အတွင်း ဘယ်တုန်းကမှ အခုလိုမြူတန့်တိုက်ခိုက်မှုမျိုး မဖြစ်ခဲ့ဖူးပါဘူး။
ငွေရောင်ချပ်ဝတ်နဲ့သူရဲကောင်းဟာ ကျောင်းကားတစ်စီးကို ပြန်ပေးဆွဲခဲ့ပြီး ကလေးတွေကိုဖမ်းထားကာ အားလုံးကို ခြိမ်းခြောက်နေပါတယ်။ ဒါပေမဲ့ သူ့ရည်မှန်းချက်ကိုတော့ ဘယ်သူမှမသိရဘူး။
C rank ဟီးရိုးနှစ်ယောက်ဖြစ်တဲ့ ရှိခိုးကောင်နဲ့ Musclecutieတို့ဟာ ကလေးတွေကို လိုင်စင်မဲ့ဟီးရိုးဆီကနေ ကယ်တင်ဖို့လုပ်ခဲ့ပေမဲ့ ဒဏ်ရာရခဲ့ပါတယ်။
မက်တယ်ပလာဒင်ဝတ်စုံဝတ်ထားတဲ့ အထူးရဲတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကတော့ စောင့်ကြည့်ရုံပဲ လုပ်နိုင်ကြတယ်။ ဘယ်သူမှ A အဆင့်တွေကို တိုက်ခိုက်နိုင်တဲ့ Silverknightနဲ့ တိုက်ရိုက်မတိုက်ခိုက်ချင်ပါဘူး။
ရဲမှူးကြီးစလေဒင်ကတော့ အသံချဲ့စက်ကိုကိုင်ပြီး လှမ်းအော်နေတယ်။
"ဟီးရိုးSilverKnight... လက်ရှိမင်းလုပ်နေတဲ့ အပြုအမူက ဟီးရိုးတစ်ယောက်ရဲ့အပြုအမူမဟုတ်ဘူး။ မင်းတစ်ခုခုမကျေနပ်တာရှိရင် ငါတို့ဖြေရှင်းလို့ရပါတယ်။ အပြစ်မရှိတဲ့ ကလေးတွေကို လွတ်ပေးလိုက်ပါ။"
ကျောင်းကားပေါ်က ကလေးတွေကတော့ ငိုသူငို ကြောက်လွန်းလို့တုန်တဲ့လူကတုန်နဲ့ ဖြစ်နေတယ်။ အကုန်လုံးက မူလတန်းကလေးတွေဖြစ်
ပြီး SilverKnightကို သဘောကျကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဟီးရိုးကြီးက သူတို့ကားကို ကုန်းကျော်တံတားပေါ်ကနေ ဆွဲချပြီးတော့ အကြမ်းဖက်လိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။
ကောင်မရှင်နာမင်းကြီးစလေဒင်ကလည်း ခေါင်းကိုက်နေပါတယ်။ ပြစ်မှုကျူးလွန်သူဆိုတာက ကျူးလွန်ဖို့အတွက် အကြောင်းပြချက်တစ်ခုခု ရှိဖို့လိုအပ်တယ်မဟုတ်လား။
ဥပမာ မြူတန့်တချို့က ဘဏ်တွေကို ဓားပြတိုက်တတ်ပြီး သူတို့လိုချင်တာက ငွေပါ။ မြူတန့်သိပ္ပံအဖွဲ့အစည်းဆိုရင်လည်း လူလုပ်မြူတန့်တွေ ဖန်တီးဖို့အတွက် အကောင်းဆုံးကြိုးစားနေကြတာပါ။ ဒါပေမဲ့ SilverKnightက လူသူလေးစားတဲ့ ဟီးရိုးတစ်ယောက်ဖြစ်ပြီးတော့ အခုလိုလုပ်ဖို့ ဘာရည်ရွယ်ချက်မှမရှိပါဘူး။ မြင်းကန်ခံရပြီး ဦးနောက်ချောင်မသွားမချင်းပေါ့။
ရဲမင်းကြီးရဲ့စကားကြောင့် ငွေရောင်စစ်သည်တော်က သွေးတွေရွဲနေတဲ့ ဇက်သတ္တုဓားကို မြေမှာစိုက်လိုက်တယ်။ အဲဒီနောက်တော့ ခပ်ညစ်ညစ်ရယ်ပြီး လှမ်းပြောလေရဲ့။
"ဒီနေ့ ငါဒီလိုလုပ်တာက မင်းတို့အားလုံးကို ကြေညာစရာရှိလို့ပဲ။"
ငွေရောင်စစ်သည်တော်က ရှေ့ကိုတစ်လှမ်းချင်းတက်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။
"ဒီကမ္ဘာကြီးကို ပိုင်ဆိုင်နေတာ လူသားတွေမဟုတ်တော့ဘူးဆိုတာပဲ။ ကမ္ဘာကြီးကို မြူတန့်တွေက ပိုင်ဆိုင်တယ်။"
သဘာဝကျစွာနဲ့ သူ့ရဲ့စကားတွေကို နားထောင်နေတဲ့ လူတွေအားလုံး နားမလည်ကြဘူး။ မြူတန့်တွေကရော လူသားတွေမဟုတ်လို့လား။ ငွေရောင်စစ်သည်တော်ကတော့ အများနားမလည်နိုင်တဲ့ စကားတွေကိုပဲ ဆက်ပြောနေပါတယ်။
"မင်းတို့ မခံစားမိကြဘူးလား၊ လွန်ခဲ့တဲ့ နှစ်ငါးဆယ် ဥက္ကာခဲတွေကျဆင်းလာပြီးကတည်းက ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ ရဲတပ်ဖွဲ့နဲ့ဥပဒေအရံအတားတွေအားလုံး တဖြည်းဖြည်းချင်း စွမ်းအားဆိုတဲ့ဥပဒေသအောက်မှာ ဦးညွှတ်နေရပြီ။"
ရဲမင်းကြီး မျက်မှောင်ကြုတ်လိုက်တယ်။ ငွေရောင်သူရဲကောင်းပြောတဲ့စကားတွေက ဘောင်ကျော်နေပေမဲ့ မှန်ပါတယ်။ တချို့နိုင်ငံတွေမှာ စွမ်းအားကြီးမြူတန့်တွေက အစိုးရနေရာဝင်ယူပြီး ဘုရင်တွေလိုမျိုး အုပ်ချုပ်နေကြတာပါ။ အဆိုးဝါးဆုံးကတော့ ဟီးရိုးအစည်းအရုံးကလည်း အဲဒီကိစ္စတွေမှာ ဝင်ဖြေရှင်းမပေးထားပါဘူး။ အမြဲတမ်း ဟီးရိုးတွေကလည်း လူတွေဖြစ်လို့ တိုင်းပြည်အုပ်ချုပ်သူအဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိတယ်လို့ ငြင်းဆန်နေကြပါ။
အမေရိကန်မှာတော့ S rank ဟီးရိုးနှစ်ယောက်က သမ္မတကိုယ်တိုင် မျက်နှာသာပေးရတဲ့ လူတွေဖြစ်နေတယ်။
"သာမန်လူသားတွေကို ငါကာကွယ်ပေးနေရတာ ပင်ပန်းလွန်းနေပြီ။ သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တဲ့ အားနည်းတဲ့သူတွေကို ရှေးခေတ်မှာ ဘယ်လိုသတ်မှတ်ထားလဲသိလား။ ကျွန်တွေ၊ သာမန်လူသားတွေက ငါတို့ရဲ့ကျေးကျွန်တွေပဲ။ ဒါကြောင့် မင်းတို့အသက်ကို ငါလုပ်ချင်တိုင်း လုပ်လို့ရတယ်။ မင်းတို့ကို သတ်ချင်တိုင်းသတ်လို့ရတယ်။"
ပြောပြောဆိုဆိုနဲ့ ငွေရောင်ချပ်ဝတ်နဲ့လူက ကျောင်းကားထဲက ကလေးတစ်ယောက်ကို ဆွဲခေါ်လာတယ်။ ကျစ်ဆံမြီးနှစ်ဖက်နဲ့ ကလေးမလေးက အော်ငိုနေပြီး ရုန်းကန်နေပေမဲ့ စူပါဝတ်စုံရဲ့ခွန်အားကို မယှဥ်ပြိုင်နိုင်ပါဘူး။
"SilverKnight... မလုပ်နဲ့..."
ရဲမှုးကြီးက အော်ဟစ်လိုက်တယ်။ အထူးတပ်ဖွဲ့တွေလည်း ပြေးဝင်လာကြပေမဲ့ ဓားက ကလေးမလေးခေါင်းကို ဖြတ်ဖို့နည်းနည်းလေးပဲ လိုပါတော့တယ်။
ထန်း....။
ဒါပေမဲ့ အပြာရောင်သားရေလက်အိတ်ဝတ်ထားတဲ့ လက်တစ်ဖက်က ဓားကိုပက်ထုတ်လိုက်ပြီး ရှည်လျားတဲ့ဖားလျှာကြီးကတော့ ကလေးမလေးရဲ့လက်မောင်းကို ရစ်ပတ်လိုက်ပြီး အန္တရာယ်စက်ကွင်းထဲကနေ ဆွဲထုတ်လိုက်တယ်။
C rank ဟီးရိုးBoeing Girlနဲ့ အလုပ်သင်ဟီးရိုး Toadiusတို့ ရောက်ရှိလာခြင်းပါ။
ရဲမှူးကြီးလည်း သူတို့နှစ်ယောက်ကိုမြင်တော့ သက်ပြင်းချလိုက်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဖားလေးက ငွေရောင်စစ်သည်တော်ကို မယုံသင်္ကါနဲ့ ကြည့်နေတယ်။
"SilverKnight... ဘာတွေဖြစ်နေတာလဲ။ ခင်ဗျားဘာသာခင်ဗျားဆိုရင် ဒီလိုအရာမျိုးတွေ လုပ်မှာမဟုတ်ဘူး။"
ဖားလေးယုံကြည်ထားတဲ့ ငွေရောင်စစ်သည်တော်က မိမိကိုယ်ကိုယ် အနစ်နာခံမှုအပြည့်နဲ့ ကိုယ့်အသက်ကိုယ်စွန့်စားတဲ့ လူတစ်ယောက်ပါ။
ငွေရောင်စစ်သည်တော်ကတော့ ဖားလေးကို မသိသူတစ်ယောက်လိုမျိုး ကြည့်လိုက်ပြီး ပြန်ဖြေပါတယ်။
"မင်းက ဘယ်သူလဲ၊ မင်းက ငါနဲ့ရှုပ်ချင်တာလား။" သူက ဓားကိုမြှောက်လိုက်ပြီး ဖားလေးကို ရွယ်လိုက်တယ်။
"မင်းက ငယ်သေးသလို မြူတန့်လည်းဖြစ်နေတော့ ချမ်းသာပေးလိုက်မယ်။ ဟိုနှစ်ယောက်လိုမဖြစ်ချင်ရင် ထွက်သွားလိုက်တော့။" ဇက်သတ္တုဓားမှာ ယခုထိဟီးရိုးနှစ်ယောက်ရဲ့သွေးတွေ ပေကျံနေဆဲပါ။
Boeing girlက ဖားဘေးဘေးမှာ ရပ်လိုက်ပြီး ပြောလိုက်တယ်။ "SilverKnightက ငါတို့နှစ်ယောက်လုံးထက် အင်အားကြီးတယ်။ ဌာနချုပ်က တပ်ကူစောင့်ကြမလား။"
ဖားလေးကတော့ Boeing Girlကို ဂရုမစိုက်ဘဲ ငွေရောင်စစ်သည်တော်ကိုသာ စိုက်ကြည့်ပြီး ဆက်ပြောလိုက်တယ်။
"မင်း ငါ့ကို မသိချင်ယောင်ဆောင်နေတာလား၊ တကယ်မသိတာလား။"
ဖားလေးက သိပ်ဉာဏ်ကောင်းသူတစ်ယောက် မဟုတ်ပေမဲ့လည်း တုံးအတဲ့အထဲမှာတော့ မပါပါဘူး။ အခုဖြစ်စဥ်က လုံးဝကို တစ်ခုခုလွဲနေပြီးတော့ သူဖတ်နေကျ မန်ဂါတွေထဲမှာတောင် ယုတ္တိမရှိတဲ့ဖြစ်ရပ်ပါ။ ဟီးရိုးတစ်ယောက်က ဘာရည်ရွယ်ချက်မှမရှိဘဲ ဗီလိန်တစ်ယောက်လို ပြောင်းပြုမူနေတယ်။ ဇာတ်လမ်းသာဆိုရင် ဒါက Plotholeအကြီးကြီးပါ။
"မင်းက ဘယ်ကကောင်လဲ၊ မင်းကိုငါမသိဘူး။ ဒါမှမဟုတ် အရင်က ငါတို့တွေ့ဖူးလို့လား။"
ဖားလေးကတော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဖားတစ်ဝက်ပုံစံကို ပြန်ပြောင်းလိုက်တယ်။ သေချာကတော့ သူ့ရှေ့မှာရပ်နေတဲ့သူက တစ်ခုခုလွဲနေပြီဆိုတာပါပဲ။
ဖားလေးရဲ့စိတ်ကို တစ်ခုခုက လွှမ်းမိုးထားသလိုမျိုးဖြစ်သွားပြီး သူ့ခြေကိုရှေ့ထုတ်ပြီး တိုက်ခိုက်ဖို့ပြင်လိုက်တယ်။
"လူးစီးယပ်... စိတ်လိုက်မာန်ပါမလုပ်နဲ့။" Boeing Girlက အခြေအနေမကောင်းမှန်းသိတဲ့အတွက် ဖားလေးကို ဝင်ဆွဲဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဖားလေးက ငွေရောင်စစ်သည်ရှေ့ကိုရောက်သွားပြီး လက်သီးနဲ့မျက်နှာဖုံးကို ထိုးဖို့ကြိုးစားလိုက်တယ်။
"အတုကောင်... မင်းရဲ့သရုပ်မှန်ကိုပြစမ်း။"
ငွေရောင်စစ်သည်က သူလေးစားရတဲ့ စံပြဟီးရိုးတစ်ယောက်ပါ။ သွေးစွန်းနေတဲ့ ဓားရှည်က သူ့နှလုံးကို ထိုးချေနေသလို ခံစားရတယ်။ ဒါကြောင့် ဒီလူက ငွေရောင်သူရဲကောင်းဆိုတာ သူလုံးဝမယုံနိုင်ဘူး။
"ငွေရောင်စစ်သည်က သူ့အသက်ကို ပဓာနမထားဘဲ ဆေးရုံထဲက လူနာတွေကို ကယ်ပေးခဲ့တယ်။ ငါတို့ကျောင်းအတိုက်ခိုက်ခံရတော့လည်း သူ့ထက်အဆင့်မြင့်တဲ့ရန်သူကို အစွမ်းကုန်ထုတ်ပြီး တိုက်ခိုက်ခဲ့တယ်။ မင်းက သူမဖြစ်နိုင်ဘူး။"
ဖားလေးရဲ့ခွန်အားနဲ့အမြန်နှုန်းက C အဆင့်တွေရဲ့အကန့်အသတ်ကို ရောက်နေပါပြီ။ သူဟာ B rankကိုရောက်ဖို့ နည်းနည်းလေးပဲလိုတော့တာပါ။
လက်သီးရိပ်တွေက လေထဲမှာ မိုးစက်တွေလိုမျိုး ကျဆင်းလာတယ်။ ဒါပေမဲ့ ငွေရောင်ချပ်ဝတ်နဲ့ ဟီးရိုးကတော့ သူ့ရဲ့ဓားကိုမြှောက်ပြီး ခုတ်ချကာ အဖြေပေးလိုက်တယ်။
"အဲဒါတွေကလား... ငါဟီးရိုးလို့နာမည်တပ်တာခံရချင်လို့ လုပ်ရုံသက်သက်ပဲ။"
ဓားက သိပ်မြန်တယ်။ ပြီးတော့ ဖားလေးကိုယ်တိုင်လည်း မှင်သက်နေမိတဲ့အတွက် ရှောင်နိုင်တော့မှာမဟုတ်ဘူး။
"လူးစီးယပ်..." Boeing Girlအော်ဟစ်လိုက်ပြီး ဖားလေးကိုတွန်းဖယ်တဲ့။ ဒါကြောင့် ဓားထိမယ့်သူက သူဖြစ်သွားပြီး ပခုံးကနေ သွေးတွေစီးကျလာလေရဲ့။ ဒါပေမဲ့ သိပ်ပြင်းထန်တာတော့မဟုတ်ဘူး။ မယ်လီအနေနဲ့ ဆက်တိုက်နိုင်တုန်းပဲ။
မယ်လီဟာ နာကျင်မှုကို အံ့ကြိတ်ခံရင်း ငွေရောင်စစ်သည်နဲ့ တိုက်ကွက်တချို့ ဖလှယ်လိုက်တယ်။ ခွန်အားနဲ့အမြန်နှုန်းကွာဟချက်ဟာ သိပ်များလွန်းနေတာကြောင့် ခဏအတွင်းမှာပဲ လေထဲမှာပျံသန်းပြီး နောက်ဆုတ်လာရတယ်။ ပျံသန်းနိုင်စွမ်းသာမရှိရင် ဇက်သတ္တုကြောင့် ခေါင်းပြတ်နေလောက်ပါပြီ။
ဖားလေးလည်း ပြန်ဆုတ်လာပြီး မယ်လီကို တောင်းပန်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ ဒါပေမဲ့ သူတို့မှာစကားပြောဖို့ အချိန်မရှိပါဘူး။ ငွေရောင်စစ်သည်က ဓားကို ထောင့်မှန်အနေနဲ့ ဖြောင့်ဖြောင့်ကိုင်ပြီး လက်နှစ်ဖက်နဲ့ဓားရိုးကို ဆုပ်ကိုင်လိုက်တယ်။
ဒီတစ်ခါမှာတော့ ဖားလေး မျက်မှောင်ကြုတ်လိုက်ပါပြီ။ ငွေရောင်စစ်သည်တော်ရဲ့ပရိသတ်အနေနဲ့ SilverKnightတိုက်ခိုက်တာကို သူအကြိမ်တော်တော်များများ ကြည့်ဖူးပါတယ်။
ငွေရောင်စစ်သည်တော်ရဲ့ဓားပညာဟာ အနောက်တိုင်းဓားပညာနဲ့ဂျပန်ဓားပညာကို ပေါင်းစပ်ထားတာပါ။ ဓားရိုးကိုကိုင်တဲ့ လက်အနေအထားက အခုပုံစံနဲ့တော်တော်ကွဲနေတယ်။ အရင်SilverKnightက ဓားရိုးကို လက်မအားပြုကိုင်တာဖြစ်ပြီး လက်နှစ်ဖက်ကိုင်မယ်ဆိုရင်လည်း ဘယ်လက်ကို အပေါ်မှာထားပြီး ညာလက်က အောက်မှာပါ။
ဒါပေမဲ့ အခုSilverKnightကတော့ ခရူဆိတ်ဒါတွေလိုမျိုး လက်သီးဆုပ်နှစ်ခုဟန်နဲ့ ကိုင်ထားတာဖြစ်တယ်။ ပိုအားပါပေမဲ့ ပြောင်းလွယ်ပြင်လွယ်မရှိတဲ့ ဓားကိုင်နည်းပါ။
ပြီးတော့ ငွေရောင်စစ်သည်တော်က ကိုယ်ကိုနည်းနည်းနှိမ့်ပြီး ခါးအားကိုယူကာ လှုပ်ရှားပေမဲ့ ဒီလူကတော့ တောင့်တောင့်ကြီးရယ်။
ဓားပညာရှင်တစ်ယောက်က ကိုယ်ဟန်အနေအထားနဲ့ ဓားကိုင်ပုံကိုင်နည်းကို အလွယ်တကူမပြောင်းတတ်ကြဘူး။ ဒါက အကြီးမားဆုံး ကွာဟချက်ဖြစ်နေတယ်။
"ငါတို့မလွတ်တော့ဘူး...." ငွေရောင်စစ်သည်တော်က သူ့ရဲ့Void Streamနည်းပညာကိုသုံးပြီး ပြေးတက်လာချိန်မှာတော့ ဖားလေးကိုဆွဲပြီး တရွတ်တိုက်ပျံပြေးနေတဲ့ မယ်လီမလွတ်နိုင်တော့ပါဘူး။ ဒါကြောင့် ဖားလေးကိုဆွဲပွေ့လိုက်ပြီး ဓားကိုနောက်ကျောနဲ့ရင်ဆိုင်လိုက်တယ်။
"အတင့်ရဲတယ်..." ရုတ်တရက် အော်သံတစ်ခုနဲ့အတူ လမ်းပေါ်က ကွန်ကရစ်အပိုင်းအစတွေ မြောက်တက်လာပြီး အမှုန်အမွှားတွေအဖြစ်ပြောင်းသွားကာ အက်တမ်ဒိုင်းတစ်ခုအဖြစ် ဖွဲ့စည်းလိုက်တယ်။
ဒိုင်းက ဖားလေးတို့နှစ်ယောက်ကို ကာကွယ်ပေးလိုက်တဲ့အတွက် သူတို့ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ သူတို့နဲ့ဆန့်ကျင်ဖက်မှာတော့ ဒုဌာနမှူးဟယ်ရီက ဖြည်းဖြည်းချင်း အခင်းဖြစ်ပွားရာကို လျှောက်လာနေပါတယ်။
ငွေရောင်စစ်သည်ကတော့ ဒုဌာနမှူးကိုတွေ့တာနဲ့ ဓားကိုပြန်သိမ်းပြီး "နောက်မှတွေ့မယ်..."လို့ပြောကာ ထွက်ပြေးသွားတယ်။ ဖားလေးကတော့ ဖြစ်နေသမျှကို မျက်မှောင်ကြုတ်ကာ ကြည့်နေပါတယ်။
ဟယ်ရီကတော့ သူတို့ကိုတစ်ချက်သာကြည့်လိုက်ပြီး သူနဲ့ပါလာတဲ့ ဟီးရိုးတွေကို ပြောလိုက်တယ်။ "ဒဏ်ရာရတဲ့သူတွေကို ကုပေးပြီး ကလေးတွေကို ဘေးကင်းရာ ခေါ်သွားကြ။"
အဲဒီနောက်တော့ ဟယ်ရီက ထွက်ပြေးသွားတဲ့ ငွေရောင်စစ်သည်နောက်ကို အက်တမ်ဒိုင်းကြီးနဲ့ဓားကြီးကိုကိုင်ပြီး လိုက်သွားလေရဲ့။
"ဟေ့ကောင်.. မင်းသိပ်တိုက်ခိုက်ချင်နေတာမဟုတ်လား။ စီးချင်းထိုးဖို့ ငါလာပြီလေ..."
ဟယ်ရီကတော့ အဆင့်နိမ့်လေးတွေကို အနိုင်ကျင့်သွားတဲ့ SilverKnightကို တော်တော်ကြီး မုန်းတီးသွားပုံပါပဲ။
A အဆင့်ကို အနိုင်ယူဖူးတဲ့ ငွေရောင်စစ်သည်က ဘာကြောင့်မှန်းမသိဘဲ B+ ဟီးရိုးဟယ်ရီကိုရှောင်ပြေးသွားတာကြောင့် ဖားလေးသံသယတွေက ပိုအားကောင်းလာတယ်။
"လူးစီးယပ်... ဘယ်နေရာမှ ထိခိုက်မသွားဘူးမဟုတ်လား။" ဒဏ်ရာနည်းနည်းရထားတဲ့ ဘွင်ဘွင်ဂဲလ်က ဖားလေးကို မေးလိုက်တယ်။ အကြောက်တရားတွေ ပြေသွားပြီးတဲ့နောက်တော့ ဖားလေးမျက်နှာနီရဲလာတယ်။ သူ့ကြောင့် စီနီယာအစ်မကြီး ဒဏ်ရာရသွားတာမဟုတ်လား။
"စ...စီနီယာ့ပခုံးကနေ သွေးတွေအများကြီးစီးကျနေတယ်။"
ဒီတော့မှ မယ်လီလည်း သူ့ပခုံးကဒဏ်ရာကိုကြည့်လိုက်ပြီး ဖားလေးကို ပြန်ပြုံးပြလိုက်တယ်။ "ဒီလောက်ကြီးမပြင်ပါဘူး၊ နည်းနည်းနားလိုက်ရင် ကောင်းသွားမှာပါ။"
အဲဒီနောက်တော့ မယ်လီဆေးအဖွဲ့ဆီထွက်သွားတယ်။ ဖားလေးကတော့ နေရာမှာပဲကျန်နေခဲ့ပြီး ဟီးရိုးဟယ်ရီပြန်လာတာကို စောင့်နေလိုက်တယ်။ သူပြောစရာတွေ ရှိနေပြီမဟုတ်လား။
ဆယ့်ငါးမိနစ်လောက်ကြာတေ့ ဟယ်ရီပြန်ရောက်လာတယ်။ "ကွာ... အဲဒီကောင်ရဲ့ဝတ်စုံက တော်တော်အပြေးမြန်တာပဲ။ ဒါပေမဲ့ ငွေရောင်စစ်သည်က B+ ထက်တောင်ကျော်နေသင့်တယ်မဟုတ်လား ဘာလို့သူက Bအဆင့်မှာ ရှိတယ််ဆိုရုံလေးရှိတာလဲ။" ဟယ်ရီက သူ့ဘာသာသူရေရွတ်လိုက်တယ်။
ဖားလေးကတော့ သူ့အနားရောက်လာပြီး ပြောလိုက်ပါတယ်။ "စီနီယာဟယ်ရီ၊ ကျွန်တော်တွေးမိထားတာ တစ်ခုရှိတယ်။"
အဲဒီနောက်တော့ ဖားလေးက သူထူးဆန်းတယ်လို့ ထင်ထားတာတွေအားလုံးကို ပြောပြလိုက်တယ်။ ဟယ်ရီကလည်း တော်တော်လေးကြာတဲ့အထိ စဥ်းစားပြီးမှ ပြောလိုက်ပါပြီ။
"မင်းပြောတာ ဖြစ်နိုင်တယ်။ ဒီငွေရောင်စစ်သည်က အတုဖြစ်ဖို့များတယ်။ သူက လိုင်စင်မရှိတဲ့အပြင် နည်းပညာဟီးရိုးဆိုတော့ အတုလုပ်ရလွယ်ပြီး ပစ်မှတ်ထားခံရနိုင်တယ်။ ကျေးဇူးပါ၊ ကျန်တာတွေ ငါဆက်ကိုင်တွယ်လိုက်မယ်။"
ဟယ်ရီက ဖားလေးပခုံးကို ပုတ်လိုက်ပြီး ထွက်ခွာသွားတယ်။
ဒါပေမဲ့ ဟယ်ရီရောဖားလေးပါ မသိလိုက်ရတာက SilverKnightအတုကောင်ကိစ္စက အခုမှအစပဲရှိသေးတယ်ဆိုတာပါ။
နောက်ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ အလားတူတိုက်ခိုက်မှုမျိုးတွေ ကမ္ဘာအနှံဖြစ်ပွားခဲ့ပြီး ဟီးရိုးတွေက သာမန်လူသားတွေကို သတ်ဖြတ်တဲ့ဖြစ်စဥ်တွေ မကြာခဏဖြစ်လာခဲ့ပါတယ်။
ရုရှား၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဘရာဇီး စတဲ့နိုင်ငံတွေမှာ အလားတူဖြစ်ရပ်မျိုးတွေ ဖြစ်ပွားခဲ့ပြီးတော့ တစ်နေ့ထက်တစ်နေ့ ပိုစိပ်လာပါတယ်။ အဲဲဒီဟီးရိုးတွေအားလုံး ကြွေးကြော်နေကြတာက သူတို့က သာမန်လူသားတွေကို ကာကွယ်ပေးနေရတဲ့အတွက် သာမန်လူသားတွေ မြူတန့်တွေရဲ့ကျေးကျွန်ဖြစ်သင့်တယ် ဆိုပြီးတော့ပါ။
ဒါကြောင့် ကမ္ဘာ့အစိုးရအရပ်ရပ်နဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့တယ်လေ။ Mad doctorရဲ့တခြားတစ်ဖက်ဖြစ်တဲ့ ဒေါက်တာစမစ်ကလည်း လူကြားထဲထွက်ပေါ်လာပြီး သွေးထိုးမြှောက်ပင့်ပေးပါတော့တယ်။
"ငါပြောသလိုဖြစ်လာတော့မယ်၊ မြူတန့်တွေက သာမန်လူသားတွေကို မျိုးသုန်းသတ်ဖြတ်တော့မှာ။ မြန်မြန်ပြင်ဆင်ကြတော့။"
ဒီစကားနဲ့အတူ အင်အားကြီးနိုင်ငံတော်တော်များများက စတင်လှုပ်ရှားလာကြတယ်။ ရုရှားနိုင်ငံဟာ ပထမဆုံးစတင်လှုပ်ရှားခဲ့ပြီး နိုင်ငံရဲ့ဟီးရိုးအစည်းအရုံးကိုဖျက်သိမ်းကာ မြူတန့်ဌာနအောက်ကို ဟီးရိုးတွေကိုထည့်ဖို့ ကြိုးစားလာပါတယ်။ ကံမကောင်းစွာနဲ့ သူတို့ရဲ့S rankဟီးရိုး ဝံပုလွေနှလုံးသားက ဒီကိစ္စကိုဆန့်ကျင်ပြီး ကာကွယ်ရေးဝန်ကြီးအပါအဝင် ပူးတွဲစစ်ဦးစီးအဖွဲ့တစ်ဝက်လောက်ကို သတ်ပစ်လိုက်တယ်။
ဒါကြောင့် ရုရှားမှာ ဟီးရိုးအစည်းအရုံးနဲ့အစိုးရကြား အက်ကြောင်းတွေပိုမိုကြီးမားဘာပြီး စစ်ဖြစ်ဖို့ ဆိုင်းပြင်လာပါတော့တယ်။
တခြားနိုင်ငံအစိုးရတွေလည်း ကြီးလန့်စာစားနေရပြီး သူတို့ရဲ့သက်ဆိုင်ရာဟီးရိုးအစည်းအရုံးတွေကို သတိရှိရှိနဲ့စောင့်ကြည့်လာပြီး အရင်ကလိုမျိုး လွှတ်မထားတော့ဘူး။ လူတွေကလည်း ဟီးရိုးတွေကို ယုံကြည်မှု အနည်းငယ်ကျဆင်းလာတယ်။
စစ်ရိပ်စစ်ငွေ့တွေသန်းလာပြီးနောက် မြူတန့် - လူသား စစ်ပွဲဖြစ်လာတော့မယ်လို့တောင် ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါပြီ။
ဒီဖြစ်စဥ်တစ်ခုလုံးမှာ သက်ရောက်မှုမရှိသလောက် ဖြစ်နေခဲ့တဲ့နိုင်ငံဆိုလို့ ဆုဗာနာပဲရှိတာပါ။ နိုင်ငံငယ်လေးတစ်ခုအနေနဲ့ သူတို့ဟီးရိုးအစည်းအရုံးမှာက ဟီးရိုးတစ်ဒါဇင်ကျော်ပဲရှိတာပါ။ ပြီးတော့ အဆင့်လည်းမမြင့်ကြဘူးရယ်။ ကျေးလက်မြို့ငယ်လေးလို ဖြစ်နေတဲ့ စန္ဒာလမင်းမြို့တော်ပေါ်မှာတော့ သူတို့တွေနဲ့ မြို့သားတွေက မိတ်ဆွေလိုခင်မင်နေကြတာဖြစ်ပြီး ဟီးရိုးတွေဆိုတာတောင် လူတွေကမေ့လုနီးနီး ဖြစ်နေတဲ့အထိပါ။ ဒါကြောင့် အတိုင်းအတာတစ်ခုအထိ ဘာပြဿနာမှမရှိဘူး။
ဒါပေမဲ့ တကယ်ပြဿနာဖြစ်သွားတာကတော့ ချီလုလုတို့ဖက်မှာပါ။ ဒုဌာနမှူးဟယ်ရီက အဲဒီဖြစ်ရပ်ကို ငွေရောင်သူရဲကောင်းအတုကလုပ်တယ်လို့ သံသယဝင်နေပေမဲ့ ဖားလေးပြောတဲ့ တိုက်ကွက်မတူတာတွေ၊ စွမ်းအားကွာခြားနေတာတွေလောက်နဲ့တော့ SilverKnightမဟုတ်ဘူးလို့ သက်သေပြရခက်ပါတယ်။ ပြီးတော့ ဟီးရိုးအစည်းအရုံးကိုလည်း မြူတန့်ဌာနစိတ်က အမြင်ကောင်းရှိမနေတဲ့အချိန်ဆိုတော့ ဝရမ်းကိစ္စကို သူဘာမှမလုပ်နိုင်ခဲ့ဘူး။ ဟီးရိုးအစည်းအရုံးကိုယ်တိုင် SilverKnightအတုကိစ္စကို ကိုင်တွယ်စုံစမ်းမယ့်အစား မြူတန့်ဌာနစိတ်ကိုပဲ လုပ်ပိုင်ခွင့်ပေးလိုက်ရတော့တယ်။