စစ်ဆင်ရေး
Vol. 2 Ch. 3
BMW ကားလေးတစ်စင်းက လေးလမ်းသွားလမ်းပေါ်တွင် မောင်းနှင်လျက်ရှိသည်။ ကားမောင်းနေသည့်အမျိုးသားက လှုပ်ရှားရလွယ်သည့် အပြာရောင်ဆွဲသားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏လက်နှစ်ဖက်တွင်တော့ ဟီးရိုးအထောက်အကူပြုကိရိယာတစ်ခုကို တပ်ဆင်ထားသည်။
ထိုလူက နယူးယောက်အစည်းအရုံးမှ Rank B- အဆင့်ရှိ ဟီရိုးတစ်ယောက်လည်းဖြစ်သည်။ ဒုဌာနမှူးမဟုတ်သော်လည်း အရေးပါသောတည်ရှိမှုပင်။ ကားရှိ အခြားရှေ့ခုံတွင်တော့ အသက်ရှစ်နှစ်သာရှိဦးမည့်
ကလေးမလေးတစ်ယောက်ရှိနေကာ ကျောပိုးအိတ်ကိုပိုးထားရင်း သူ့အဖေကို မေးလိုက်သည်။
"ဖေဖေ... ဘာဖြစ်လို့ SilverKnightက လူဆိုးဖြစ်သွားတာလဲဟင်။"
လူကြီးက ကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီးပြန်ဖြေသည်။
"အဖေလည်းမသိဘူးလေ၊ သူ့အကြောင်းအရင်းနဲ့သူတော့ ရှိမှာပေါ့။" Frozenbladeက နယူးယောက်ရှိ ထူးချွန်သော စူပါဟီးရိုးဖြစ်သည့်တိုင် သူသည်လည်းအခြားသူများကဲ့သို့ပင် ငွေရောင်စစ်သည်တော် ရုတ်တရက် ရူးသွပ်သွားခြင်းအား နားမလည်နိုင်ခဲ့ပေ။ သို့သော်လည်း 'မြူတန့်တွေက လုပ်ချင်ရာလုပ်လို့ရတယ်'ဆိုသည့် ငွေရောင်စစ်သည်၏စကားကြောင့် သူအခုထိ စိတ်ထဲထင့်နေသည်။
တခြားမဟုတ်၊ လွန်ခဲ့သည့်ဆယ်နှစ် သူ့တွင်ကလေးမရှိသေးခင်က သူထိုစကားကို ကြားခဲ့ဖူးသည်။ အေးခဲဓားက သူ့သမီးလေးကို လေသံအေးအေးဖြင့် ပြောလိုက်၏။
"ဖွားဖွားဆီရောက်ရင် မဆိုးရဘူးနော်၊ လိမ်လိမ်မာမာနေ။ ကြားလား။"
"ဟုတ်၊ ဖေဖေ။" Frozenbladeက ခုရက်ပိုင်းအတွင်း စိတ်များလေးလံနေသည့်အတွက်ကြောင့် သူ့ကလေးကို နယူးယောက်မှဝေးရာသို့ ပို့ပေးရန်စီစဥ်နေခြင်းဖြစ်သည်။ SilverKnightနှင့်ဝေးလေလေ သူ့သမီးလေးအတွက် ပိုစိတ်ချရလေမဟုတ်လား။
သူ့အတွေးများကတော့ လွန်ခဲ့သည့်ဆယ်နှစ်သို့ ပြန်ရောက်နေခဲ့ပြီဖြစ်၏။
"တောင်းပန်ပါတယ်ဗျာ၊ ဒါက မတော်တဆဖြစ်သွားတာပါ။ ကျွန်တော် စူပါဗီလိန်တစ်ယောက်နဲ့ချရင်း ရေခဲဓားကျိုးသွားလို့ အဲဒီအပိုင်းအစက ခင်ဗျားတို့သမီးလေးကို ခိုက်မိသွားတာပါ။"
ထိုစဥ်က C+ အဆင့်ဟီးရိုးဖြစ်သည့် Frozenblade
မှာ နွမ်းပါးသည့်မိသားစုလေးတစ်စုကို ကိုယ်တိုင်နှိမ်ချကာ တောင်းပန်နေခဲ့သည်။ ထိုမတော်တဆဖြစ်ခဲ့သည့် လူသေမှုကြောင့် ယနေ့တိုင်အောင် သူ့ကိုယ်ကိုယ် အပြစ်မကင်းဟု ခံစားနေရဆဲဖြစ်၏။
ထိုနေ့က သူတောင်းပန်နေသည့်အချိန်တွင် ထိုမိသားစု၌ အခြားကလေးတစ်ယောက် ရှိနေခဲ့သေးသည်။ မျက်လုံးစွေစောင်းနေသည့် ကောင်လေးတစ်ယောက်ဖြစ်ပြီး သူက ရူးသွပ်နေသည့် ပုံစံမျိုးဖြင့် သူ့ကို မေးခဲ့ဖူးသည်။
"ဟီးရိုးတွေက လုပ်ချင်ရာ လုပ်လို့ရတာလားဟင်၊ သူတို့က လူသတ်ချင်တိုင်းသတ်ပြီး တောင်းပန်ရုံနဲ့ပြီးတာလား။"
ထိုစဥ်ကတော့ ညီမလေးတစ်ယောက် ကိုယ့်ရှေ့မှာသေသွားတာမြင်ခဲ့ရသဖြင့် စိတ်မကောင်းဖြစ်ပြီး အော်ဟစ်နေခဲ့သော အစ်ကိုတစ်ယောက်ဟု သူထင်ခဲ့သော်လည်း သူစိတ်ထင့်လာသည့်အချိန်တွင်မှ တစ်ခုခုလွဲနေမှန်း သတိထားမိခဲ့သည်။
'ငါလည်းမြူတန့်ဖြစ်ချင်တယ်၊ ဒါဆိုရင် လုပ်ချင်ရာလုပ်လို့ရပြီ။' ဆိုသည့်သဘောမျိုးဖြင့် တောက်ပနေခဲ့သော မျက်လုံးများနှင့် ရယ်သံများကို ပြန်အမှတ်ရလာချိန်တွင်တော့ သူတစ်စုံတစ်ခုကို သတိထားမိလာ၏။ 'အန္တရာယ်....' ထိုကလေးက တကယ့်ကို တစ်ခုခုလွဲနေခြင်းဖြစ်သည်။
အဝေးပြေးကားလမ်းပေါ်တွင် သွားလာနေသော ကားအနည်းငယ်သာ ရှိသောကြောင့် BMWကားလေးက အရှိန်မှန်မှန်ဖြင့် ရှေ့ဆက်နေသည်။ ကလေးမလေးက ကားမောင်းနေသော ဖခင်ဖြစ်သူ၏အင်္ကျီလက်ကို ဆွဲလိုက်ပြီး မေးလိုက်သည်။
"ဖေဖေ... ဘာဖြစ်လို့ SilverKnightက သမီးတို့ကားနောက်ကို ပြေးလိုက်နေတာလဲဟင်။"
"ဖာ့ခ်...." ကလေးမလေး၏စကားကြောင့် Frozenbladeထိတ်လန့်သွားပြီး ကားမှာလည်း လမ်းပေါ်မှာချော်ထွက်သွားတော့မလိုဖြစ်သွား၏။ သူနောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ ငွေရောင်စစ်သည်တော်က သူတို့နောက်မှ တကယ်ကြီးပြေးလိုက်နေပြီး ငွေရောင်ဓားကြီးကို လမ်းနှင့်တရွတ်တိုက်ဆွဲလာရာ မီးဖွားများပင် ဖြာထွက်နေသေးသည်။
Frozenbladeက ကားကိုအရှိန်မြှင့်မောင်းရန် ကြိုးစားလိုက်သော်လည်း ငွေရောင်စစ်သည်တော်က ဓားလေးကြီးဖြင့် ကားကိုလှမ်းပစ်ပြီးဖြစ်သည်။ ဓားက ကားဘီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ကားကိုယ်ထည်တွင် နစ်ဝင်သွားသည်။ ကားကလည်း ကျွမ်းနှစ်ပတ်လောက်ထိုးသွားပြီးမှ လမ်းပေါ်တွင် ဇောက်ထိုးအနေအထားဖြင့် ရပ်သွား၏။
"သမီးလေး... သမီးလေးဘာမှမဖြစ်ဘူးမဟုတ်လား။"
ကားနှင့်ခိုက်မိထားသောကြောင့် နဖူးမှသွေးထွက်နေသည့်တိုင်အောင် Frozenbladeက သတိရှိနေသေးပြီး ကားလုံခြုံရေးခါးပတ်ကို ဖြုတ်ချလိုက်ဖြင့် လူက ကြမ်းပြင်ဖြစ်နေပြီဖြစ်သော ကားအမိုးပေါ်သို့ ပြုန်ကျလာ၏။ သူက ဘေးခုံတွင်ထိုင်လျက်အနေအထားဖြင့် ရှိနေသေးသော သူ့သမီးလေး၏ခါးပတ်ကိုပါ ဖြုတ်ပေးလိုက်သည်။
"သမီးလေး... သမီးလေးဘာမှမဖြစ်ပါဘူးနော်။" ပြန်ဖြေသံမကြားရ။ ကလေးမလေး၏ရင်ဘတ်ကို နားနှင့်ကပ်ပြီး နားထောင်ကြည့်မှ နှလုံးခုန်သံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် သူ့စိတ်ထဲ အေးသွား၏။
သူကလေး၏ခါးပတ်ကို ဖြုတ်ပေးလိုက်ပြီး လေအိတ်များကို ဖယ်ရှားကာ ပိန်လိန်နေသော ကားတံခါးကို ကန်ဖွင့်လိုက်သည်။ ထို့နောက် ကလေးမလေးကို အရင်ဆုံး အပြင်ထုတ်ပေးလိုက်ကာ သူကိုယ်တိုင်လည်း ကားထဲမှ တွားသွားထွက်လိုက်၏။
ဓားနှင့်တိုက်ခိုက်ခံရစဥ်က ကားဆီတိုင်ကီပေါက်သွားပုံရသည်။ ဆီနံရနေပြီး ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ဆီအိုင်ကြီးကိုလည်း မြင်နေရ၏။ အကယ်၍ မီးပွားတစ်ခုသာ ကျဆင်းလာခဲ့လျှင် ကားပေါက်ကွဲသွားပြီး သူတို့သားအဖနှစ်ယောက်လုံး ငါးကင်သဖွယ်ဖြစ်သွားနိုင်သည်။
ကလေးမလေးနှင့်အတူ ကားနှင့်ဝေးရာသို့ သွားပြီးသည့်နောက်တွင်တော့ ကားက ပေါက်ကွဲသွားပြီး မီးတောက်ကြီးတစ်ခုက ကောင်းကင်တိုင်အောင် မြင့်တက်သွား၏။ နောက်ထပ် သူမြင်လိုက်ရတာက ငွေရောင်မြင်းစီးစစ်သည်ဖိနပ်တစ်စုံ။
"SilverKnight... မင်းက ငါ့ဆီက ဘာလိုချင်တာလဲ။"
သူမော့ကြည့်လိုက်တော့ ငွေရောင်စစ်သည်၏ ခေါင်းစွပ်အတွင်းမှ အပြာရောင်မီးအလင်းကိုသာ မြင်နေရသည်။ အေးစက်ပြီး ရက်စက်တတ်သည့် စိတ်ဝိညာဥ်တစ်ခုက သတ္တုမျက်နှာဖုံးအဟအတွင်းမှ သူတို့ကို ချောင်းကြည့်နေသလိုလို။
"အဖိုးကြီး၊ အရင်တုန်းက ဟီးရိုးတွေနဲ့မြူတန့်တွေက လုပ်ချင်ရာလုပ်လို့ရလားလို့ ကျုပ်ခင်ဗျားကို မေးဖူးတယ်လေ။ အခုတော့ အဖြေကို ကျုပ်သိသွားပြီ။ အဖြေက မှန်တယ်။"
"မင်း... မင်းက အဲဒီတုန်းက ကလေးပဲ။" Frozen blade၏လက်နှစ်ဖက်မှနေ၍ ရေခဲဓားနှစ်ချောင်း ထွက်ပေါ်လာသည်။ သူက တိုက်ခိုက်ရန်အတွက် အသင့်ပြင်လိုက်ခြင်းဖြစ်သော်လည်း ငွေရောင်စစ်သည်ဝတ်စုံ၏လက်ဖျံမှနေ၍ လျှပ်စီးစွမ်းအားများစီးဆင်းနေသော လက်ကောက်တစ်ခုက ပျံထွက်လာပြီး Frozen blade၏လည်ပင်းတွင် စွပ်ပြီးသားဖြစ်သွား၏။
"အား..... " FrozenBladeက သူ့လည်ပင်းမှလျှပ်စစ်ကွင်းကိုကိုင်ပြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ သူ့ရေခဲစွမ်းအားများက ချက်ချင်းပျောက်ကွယ်သွားပြီး လမ်းမပေါ်တွင် ချက်ချင်းလဲကျသွား၏။
"ငါသတိပေးဖို့မေ့နေတာ၊ ရေခဲက လျှပ်စစ်စီးကူးမှုအမြန်ဆုံးအရာလေ။"
SilverKnightကတော့ အခြားအရာများကို ဂရုမစိုက်တော့ဘဲ ကလေးမလေးကို လည်မျိုမှကိုင်လိုက်ကာ ဆွဲမလိုက်သည်။ FrozenBladeကလည်း ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားပြီး လက်တစ်ဖက်ကို ဆန့်တန်းကာ ပြောလိုက်၏။
"ငါ... ငါမင်းညီမလေးကို မတော်တဆသတ်လိုက်မိတာ ငါတောင်းပန်ပါတယ်ကွာ။ အဲဒါက မတော်တဆဖြစ်ခဲ့တာပါ။ တကယ်လို့ မင်းလက်စားချေမယ်ဆိုရင်လည်း ငါ့ကိုပဲသတ်ပါ။ ငါ့သမီးလေးက အပြစ်ကင်းပါတယ်။"
SilverKnightကတော့ ဘာကိုမှဂရုမစိုက်ဘဲ ကလေးမလေး၏လည်မျိုကို သူ၏သတ္တုလက်များဖြင့် အားနည်းနည်းစိုက်ထုတ်ကာ ဖျစ်ညှစ်လိုက်၏။ နဂိုကတည်းက သတိလစ်နေပြီးသားမလို့ မျက်နှာပေါ်တွင် ခံရခက်နေသည့် အမူအရာပေါ်လာသည်မှအပ ဘာခုခံမှုမမှမရှိခဲ့ဘဲ ခဏအကြာတွင် အသက်ရှူရပ်ကာ ငြိမ်ကျသွားသည်။
"အား... လိမ္မာလိုက်တဲ့ကလေးလေး၊ ရုန်းကန်တာမျိုးမရှိဘဲ တစ်ခါတည်း ဒီအစ်ကိုကြီးစိတ်တိုင်းကျ သေပေးသွားတာပဲ။ ငါ့ညီမလေးလိုပေါ့။"
"မင်း....ခွေးကောင်။" လျှပ်စစ်ရှော့တိုက်ကွင်း၏စွမ်းအားကြောင့် စွမ်းအားထုတ်သုံးမရဖြစ်နေသည့်တိုင်အောင် FrozenBladeက ရုန်းထလိုက်ပြီး တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် Silver Knight၏ကန်ချက်တစ်ချက်က သူ့ကိုလမ်းပေါ်ပြန်လဲကျသွားစေ၏။
"မင်းသိလား... ငါက လက်စားချေနေတာမဟုတ်ဘူး။ ငါက မင်းငါ့ကို ပြပေးခဲ့တဲ့ အရာတစ်ခုကို သဘာဝကျကျ ဇိမ်ခံနေတာ။ မြူတန့်တွေက သူတို့စွမ်းအားနဲ့ လူတွေကို လွယ်လွယ်လေးသတ်လို့ရတယ်။ ငါအဲဒါကို သဘောကျတယ်။"
SilverKnightက ခပ်ညစ်ညစ်ရယ်မောလိုက်ရင်း ကားမပေါက်ကွဲခင် ပြန်ဆွဲနှုတ်ထားသော သူ့ဓားကို
မြှောက်လိုက်သည်။ ထို့နောက် FrozenBlade ၏လည်ပင်းကို ဓားနှင့်တိခနဲ ပိုင်းဖြတ်ပစ်လိုက်၏။
B- အဆင့်ဟီးရိုး FrozenBlade၏ခေါင်းမှာ လည်တိုင်မှကျွတ်ထွက်သွားပြီး လမ်းမပေါ်တွင် နှစ်ပတ်လောက် လိမ့်ကျသွား၏။ SilverKnightမှာတော့ ဓားပေါ်မှသွေးများကို ကြည့်လိုက်ပြီး ဆက်လက်ရယ်မောနေသည်။ လူသတ်ရတာကို သဘောကျနေသည့်အလား။ သူ့ခေါင်းစောင်းမှာလည်း သွေးများပေကျံနေပြီး လရောင်အောက်တွင် သူ့ပုံစံက ကျောချမ်းစရာဖြစ်နေ၏။
ခဏနေတော့ ရဲကားတစ်စီးရောက်လာသည်။ သူတို့က တာဝန်ကျရဲများသာဖြစ်ပြီး ဘာဖြစ်လို့ဖြစ်နေမှန်းမသိကြပေ။ သူတို့နှစ်ယောက်က ကားပေါ်မှဆင်းပြီး ပေါက်ကွဲနေသောကားနှင့် အလောင်းများကိုတွေ့ခါမှ ခါးကြားမှသေနတ်ကို ဖြုတ်ကာတရားခံကို ချိန်ရန်ပြင်လိုက်ကြသည်။ သို့သော် ငွေရောင်စစ်သည်လက်ထဲမှဓားက သူတို့ခေါင်းများကို ဖြတ်ထုတ်ပြီး ဖြစ်နေပေပြီ။
....
"ဒီနေ့အဖြစ်အပျက်ကြောင့် မယုံနိုင်လောက်အောင် ဖြစ်နေတုန်းပဲလား။" ဒဏ်ရာရထားသော ပခုံးကို ပတ်တီးစည်းထားသော မယ်လီက ဖားလေးကိုရေခဲမုန့်တစ်ဘူးပေးလိုက်သည်။
ဖားလေးကလည်း ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"အင်း... သူက ကျွန်တော့်စံပြဟီးရိုးဖြစ်ခဲ့တာလေ။ ကျွန်တော့်ကို ကယ်ခဲ့တယ်၊ ကျွန်တော့်မှာမရှိတဲ့ အရည်အချင်းတွေအများကြီးရှိတယ်။"
မယ်လီကတော့ သူကိုယ်တိုင်အတွက်လည်း ရေခဲမုန့်တစ်ဘူးကိုဖောက်လိုက်ပြီး ခုံတန်းပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူက ယခုအထိ မတ်တပ်ရပ်နေသေးသော ဖားလေးကို ကြည့်လိုက်ကာ
"ဘာကြည့်နေတာလဲ၊ မတ်တပ်ရပ်ပြီး ရေခဲမုန့်စားမလို့လား။" ဖားလေးလည်း ရှက်သွားပြီး ခုံတန်းမှာဝင်ထိုင်လိုက်၏။ ထို့နောက် မယ်လီကို တောင်းပန်သည့် လေသံဖြင့် ပြောလိုက်သည်။
"ဒဏ်ရာရသွားတဲ့အတွက် တောင်းပန်ပါတယ်။ ဒါက ကျွန်တော့်ပေါ့ဆမှုကြောင့် ဖြစ်တာလေ။" မယ်လီကတော့ ဖားလေးကို အပြစ်တင်ပုံမပေါ်ပေ။
"ရပါတယ်၊ တကယ်လို့ တစ်ယောက်ယောက်သာ ငါ့ရှေ့မှာ ကီလိုမန်းဝတ်စုံဝတ်ပြီး ဗီလိန်လိုလုပ်နေမယ်ဆိုရင် ငါလည်းဆွဲထိုးမှာပဲလေ။" မယ်လီက ပြောပြောဆိုဆိုနှင့် ရယ်မောလိုက်သည်။
"ဒါပေမဲ့ အဲဒါက Silver Knightအတုမှန်း သက်သေမပြနိုင်သေးဘူးလေ။ တကယ်လို့ ကျွန်တော့်ဘာသာကျွန်တော် စိတ်ထင်နေတာဖြစ်နေရင် ဘယ်လိုလုပ်မလဲ။"
ဖားလေးက ပခုံးတွန့်ပြလိုက်သည်။ မယ်လီကတော့ ထိုစကားကို လက်ခံပုံမရပေ။
"မင်းရဲ့စဥ်းစားဉာဏ်ကို ကိုယ်တိုင်အထင်သေးပြီး မစော်ကားလိုက်နဲ့ လူးစီးယပ်။ ငါအထက်တန်းတုန်းကလည်း မင်းလိုပဲ အတန်းဖော်မင်းလွင်က မိန်းကလေးလို့ ထင်ခဲ့ဖူးတယ်။ အခုတကယ်ဖြစ်နေတာပဲမဟုတ်လား။"
"ဆုဗာနာ မင်းသမီးမက်ဒါနာကိုပြောတာလား... အင်တာဗျူးမှာပြောတာတော့ မိန်းကလေးဖြစ်သွားတာ တစ်နှစ်မပြည့်သေးဘူးဆို။ အစ်မက ဘယ်လိုလုပ်ပြီး သူ့ကိုမိန်းကလေးလို့ ဟိုးအရင်ကတည်းက ထင်နေရတာလဲ။"
ဖားလေး နားမလည်နိုင်တော့ဘူး။ အရင်နှစ်ရက်လောက်တုန်းကတော့ ဆုဗာနာမင်းသမီးလေးနဲ့သူက တစ်ကျောင်းတည်း တစ်ခန်းတည်းမှာတက်ခဲ့တာဆိုပြီး အစ်မကြီးမယ်လီကြွားဖူးပေမဲ့ အဲဒီတုန်းကအကြောင်းတွေတော့ သိပ်ပြောပြခဲ့တာမဟုတ်ဘူး။
"မသိဘူးလား၊ သူယောက်ျားလေးကနေ မိန်းကလေးပြောင်းသွားတာက အဲဒီတုန်းကတည်းကလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ ကုပ်ချောင်းကုပ်ချောင်းနဲ့ အားနည်းတဲ့ကောင်လေးမျိုး။"
"....." ဖားလေးအမြင်အရတော့ မက်ဒါနာက လုံလုံလောက်လောက် ယောက်ျားဆန်ပြီးနေပြီ။ သူ့ကိုတောင် နှစ်ပွဲဆက်တိုက် အနိုင်ထိုးခဲ့သေးတယ်မဟုတ်လား။
"ဘာပဲပြောပြော မင်းတွေးသမျှကို နားထောင်ပေးမယ့် ဟောဒီကအစ်မကြီးရှိနေတာပဲ၊ စဥ်းစားထားသမျှကို ပြောပြလို့ရတယ်။" မယ်လီရဲ့စကားကြောင့် လူးစီးယပ်ခေါင်းညိတ်လိုက်ပြီး သူတွေးထားသမျှကို ထုတ်ပြောလိုက်သည်။
"တကယ်တော့ အခုSilverKnightရဲ့လှုပ်ပုံရှားပုံ တိုက်ပုံခိုက်ပုံတွေက အရင်ကနဲ့ လုံးဝကွဲပြားတယ်။ ဓားကိုင်ပုံနဲ့ ကိုယ်ဟန်အနေအထား၊ ကွဲနေတာမျိုးပေါ့။ အဲဒါတွေတင်မဟုတ်ဘူး စဥ်းစားပုံလည်းကွဲနေသေးတယ်။"
ဖားလေးစကားပြောနေတုန်း မယ်လီက သူ့ဒဏ်ရာရနေသည့်ပခုံးကို လက်နဲ့ဖိလိုက်သည်။ ဖားလေးလည်းချက်ချင်းသတိထားမိသွားပြီး မေးလိုက်၏။
"ဘာဖြစ်လို့လဲ..."
"ဘာမှမဟုတ်ပါဘူး...ဒဏ်ရာက နည်းနည်းကိုက်သလိုဖြစ်နေလို့ပါ။ ပြီးတော့ စဥ်းစားပုံကွဲတယ်ဆိုတာကရော..."
"SilverKnightက ဉာဏ်မကောင်းတဲ့ ကြွက်သားရူးမဟုတ်ဘူး။ အိုက်ဇာဝါအမှုတုန်းက သူဉာဏ်ပညာနဲ့ဖြေရှင်းခဲ့တာလေ။ ဒါပေမဲ့ အခုကျတော့ ကလေးတွေကိုပြန်ပေးဆွဲပြီး ဟီးရိုးအစည်းအရုံးကိုတိုက်ရိုက်ရန်စတာမျိုးလုပ်တယ်။ တကယ်လို့သူသာ ဟီးရိုးဟန်ဆောင်ချင်တဲ့ ဗီလိန်ဆိုရင် သူ့ဉာဏ်ပညာနဲ့ လူမသိအောင်လှုပ်ရှားမှာပေါ့။"
"အင်း.... ဒါက သဘာဝကျတယ်။" မယ်လီက လေသံပျော့ပျော့ဖြင့် ပြန်ဖြေလိုက်သည်။
"အခုပြဿနာတွေအရ သူ့မှာလုပ်ရတဲ့အကြောင်းအရင်းနဲ့ရည်ရွယ်ချက် လစ်ဟင်းနေပြီးတော့ တကယ့်SilverKnightသာ စိတ္တဇလူသတ်သမားဆိုရင် ဘယ်သူမှသတိမထားမိဘဲ လူသတ်မယ့်နည်းကိုပဲရွေးမှာ။ အခုက Silverknightနဲ့ဟီးရိုးအစည်းအရုံးကို ရန်တိုက်ပေးနေသလိုပဲ။ ပုံစံတူအမှုတွေလည်း ရက်ပိုင်းအတွင်း ဖြစ်ခဲ့တယ်ဆိုတော့ တမင်သက်သက် အမှုဆင်တာမျိုး မဖြစ်နိုင်ဘူးလား။ အစောပိုင်းက အစ်မပြောသလိုမျိုး သူ့ဝတ်စုံကိုဝတ်ပြီး တခြားသူက ဗီလိန်လုပ်နေသလိုမျိုးလေ။ ဒါပေမဲ့ အခုလိုသူတို့လုပ်ရတဲ့ရည်ရွယ်ချက်က ဟီးရိုးတစ်ယောက်ကို ဗီလိန်ဇာတ်သွင်းတာနဲ့တူမှာပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုတော့.. .."
ဖားလေးက သိပ်ကိုကြီးမားသည့် အကြံအစည်ကြီးတစ်ခုကို ဖော်ထုတ်မိသွားဟန်ဖြင့် မျက်နှာပျက်သွားပြီး မျက်နှာပျက်သွားသည်။ ဒေါက်တာစမစ်ပြောခဲ့သည့်စကားများ၊ မြူတန့်ဥပဒေသစ်၊ ရုရှားမြူတန့်တော်လှန်ရေး စသည့်ကိစ္စများစွာကို ဖားလေးတစ်ခုချင်းစီ ဆက်စပ်မိသွားလေပြီ။
"သူတို့က ဟီးရိုးတွေအားလုံးကို ဗီလိန်အဖြစ်လူတွေမြင်အောင်လုပ်ပြီး လူတွေနဲ့မြူတန့်တွေကို ရန်တိုက်ပေးမလို့လား။" သို့သော် သူ့စကားကို ပြန်ဖြေမည့်သူ တစ်ယောက်မှရှိမနေပေ။
"စီနီယာမယ်လီ..." ဖားလေးက နာမည်ခေါ်လိုက်သော်လည်း မည်သူမှပြန်မထူးပေ။ ခဏနေတော့ သူ့ပခုံးပေါ်ကို နှမ်းဖပ်ရောင်ဆံပင်များနှင့်မိန်းကလေးတစ်ယောက်၏ခေါင်းက အားအင်ကင်းမဲ့စွာဖြင့် လျှောကျလာပြီး နွေးထွေးစေးကပ်သည့် အနီရောင်အရည်တချို့က သူ့အရေပြားပေါ် စီးကျလာသည်။
ဖားလေးမျက်လုံးပြူးသွား၏။ 'သွေးတွေ။' ထိုအသိကြောင့် သူ့အပေါ်ပြုတ်ကျလာသော မယ်လီကိုလှုပ်နှိုးကာ အော်ခေါ်ကြည့်သော်လည်း တုံ့ပြန်မှုမရှိတော့ပေ။
"သူသွေးထွက်လွန်နေတာပဲ၊ ဘယ်အချိန်ကတည်းက... ဆေးရုံကားခေါ်မှဖြစ်မယ်။" မယ်လီ့ပခုံးမှပက်တီးမှနေ၍ သွေးအများအပြား စိမ့်ထွက်လာနေသည်ကို မြင်ရပြီးသည့်နောက်တွင်တော့ ဖားလေးမှာ တုန်ရီနေသောလက်များဖြင့် သူ့ဖုန်းကိုဖွင့်လိုက်ပြီး အရေးပေါ်နံပါတ်ကို ဖုန်းဆက်လိုက်တော့သည်။
....
တီ...တီ...တီ...တီ...
အသံပိတ်ထားသဖြင့် ဖုန်းမှာဗိုက်ဗရေးရှင်းသံသာ ထွက်ပေါ်လာ၏။ မက်ဒါနာနှင့်အတူ မနက်စာစားနေသော လင်ဒါက ဖုန်းကိုကိုင်လိုက်သည်။
"ဟယ်လို၊ လင်ဒါပြောနေပါတယ်။ ဘာကိစ္စရှိလို့လဲ။"
"အင်း... အရာရှိလင်ဒါ၊ ငါက ကောင်မရှင်ဒါမင်းကြီးပါ။"
လင်ဒါလည်း တစ်ဖက်မှရဲမှုးကြီး၏စကားသံကို ကြားလိုက်ရသောကြောင့် အသင့်အနေအထားနှင့်ဖြစ်သွားပြီး စားပွဲမှနေ၍မတ်တပ်ထလိုက်သည်။ သူနှင့်စားပွဲတစ်ဝိုင်းတည်းတွင် မနက်စာစားနေသည့် နယ်စားကြီးနှင့်မက်ဒါနာတို့က မျက်ခုံးပင့်လိုက်ကြ၏။
"ကျွန်မ အပြင်ခဏသွားလိုက်ဦးမယ်။" လင်ဒါက နယ်စားကြီးကို ခွင့်ပန်လိုက်ပြီး ရဲတိုက်အပြက်ဖက် ဝရန်တာသို့ ထွက်လာလိုက်သည်။
"ဟုတ်၊ ရဲမှူးကြီး။ ဘာအကြောင်းထူးလို့လဲ။"
"မင်းအပန်းဖြေခရီးထွက်နေတုန်း နှောင့်ယှက်ရလို့ စိတ်မကောင်းပါဘူး။ အခုညပိုင်းမှာ SilverKnight ကွင်းစ်နယ်မြေမှာပေါ်လာပြီး B ဟီရိုးတစ်စ်ယောက်အပါအဝင် ရဲတပ်သားနှစ်ယောက်ကို သတ်သွားတယ်။ သေသွားတဲ့ရဲနှစ်ယောက်က မင်းစခန်းက ကယ်ဗင်နဲ့ကလောက် ဖြစ်နေလို့ အကြောင်းကြားတာပါ။"
လင်ဒါ မျက်မှောင်ကြုတ်ထားလိုက်သည်။
"SilverKnightက လူသတ်တယ်။" ဒါက လုံးဝမဖြစ်နိုင်သည့် အရာတစ်ခုမဟုတ်လား။ သူသိသော SilverKnightက သူနှင့်အတူ ဆုဗာနာတွင်မနက်စာစားနေပြီး ကမ္ဘာတစ်ဖက်ခြမ်းတွင် လူသတ်ဖို့ဖြစ်နိုင်ပါ့မလား။ ဒရုန်းနည်းပညာနှင့်ဆိုရင်တောင် ဖြစ်နိုင်ခြေနည်းလွန်းသည်။
"မင်းယုံနိုင်မှာမဟုတ်မှန်း ငါသိပါတယ်။ မင်းတို့နှစ်ယောက်က တော်တော်ရင်းနှီးကြတယ်မဟုတ်လား။ ဒါပေမဲ့ ခုရက်ပိုင်းသတင်းတွေကို နည်းနည်းအာရုံစိုက်ဖို့ သတိပေးချင်တယ်။ ဒါက သူပထမဆုံး လူသတ်တာမဟုတ်တော့ဘူး။"
"ကျွန်မ လေ့လာကြည့်လိုက်ဦးမယ်။" လင်ဒါက ဖုန်းကိုချလိုက်ပြီး ထမင်းစားခန်းထဲ ပြန်ဝင်လိုက်သည်။ လှိုင်းတစ်ခုက ဆုဗာနာအထိ ရိုက်ခတ်လာခဲ့ပေပြီ။
၂။
"နင့်နှမကြီးထဲမှ..."
မက်ဒါနာ SilverKnightအတုအကြောင်းကိုသိတော့ ပထမဆုံးလုပ်မိတာက အကျယ်ကြီးအော်ဆဲမိတာပဲ။ မနက်စာအတူစားနေတဲ့ နယ်စားကြီးတောင် တံထွေးသီးသွားတယ်။
"မြေးမလေး၊ မနက်စောစောစီးစီး ဆဲဆိုတာက လာဘ်ပိတ်တတ်တယ်လေ။"
တကယ်တမ်းပြောရရင် ဖိုးဖိုးနယ်စားက ဒီရက်ပိုင်းအတွင်း မက်ဒါနာကို တော်တော်လေးသဘောကျနေတာပါ။ သူ စူပါဟီးရိုးလုပ်နေတဲ့ကိစ္စကိုလည်း သူ့အမေနဲ့အဖိုးကို ပြောပြပြီးပြီ။
မေမေသီတာကတော့ သူ့သားလေး၊ အခုတော့ သမီးလေးကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြည့်ပြီး 'အဖေတူ သမီးလေး။'လို့ ပြောခဲ့တယ်။ အဖေကလည်း ဟီးရိုး၊ ဦးလေးကလည်းဟီးရိုးမလို့ မက်ဒါနာစူပါဟီးရိုး ဖြစ်လာတာ မဆန်းပါဘူး။ ဒါပေမဲ့ မက်ဒါနာက စူပါဟီးရိုးပဲ ဆက်ဖြစ်ချင်တယ် ပြောလာတော့ ဖိုးဖိုးနယ်စားက သဘောမတူဘူးရယ်။
"လောလောဆယ် မြေးလေးက တစ်ဦးတည်းကျန်တဲ့ နယ်စားဆက်ခံသူလေ။ နယ်စားတစ်ယောက်ဖြစ်လာရင် တိုင်းပြည်ကို ကာကွယ်ရမှာမလို့ ဟီးရိုးဖြစ်တာနဲ့ အတူတူပဲမဟုတ်လား။"
"ဒါပေမဲ့ သမီးမှတိုင်းပြည်မအုပ်ချုပ်တတ်တာလို့။" မက်ဒါနာလည်း မျက်ရည်ဝဲဝဲနဲ့ ပြန်ဖြေလိုက်တယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ရက်တာကာလအတွင်း ကျင့်ဝတ်ထုံးတမ်းတွေနဲ့ပတ်သက်ပြီး မက်ဒါနာသင်ကြားခဲ့ရသလို တိုင်းပြည်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့လည်း သင်ကြားခဲ့သေးတယ်။ ဒါပေမဲ့ တစ်လုံးမှကို နားမလည်တာ။
အခုလိုဝိဇ္ဇာပညာရပ်တွေက SilverKnightရဲ့ဝတ်စုံစနစ်အနေနဲ့ ကူညီပေးနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ မက်ဒါနာလည်း အခုမှအိုင်းစတိုင်းတစ်ယောက် အစစ္စရေးသမ္မတဖြစ်ခွင့်ကို ဘာလို့ငြင်းခဲ့သလဲဆိုတာ နားလည်လာတော့တယ်။ သိပ္ပံပညာရှင်တွေနဲ့နည်းပညာကျွမ်းကျင်သူတွေက IQ မြင့်မားကောင်းမြင့်မားနိုင်ပေမဲ့ တိုင်းပြည်အုပ်ချုပ်ဖို့ သင့်တော်စရာအကြောင်းမရှိဘူး။
တိုင်းပြည်တစ်ခုကို လည်ပတ်အောင်မောင်းနှင်နေတာက ကိန်းဂဏန်းအချက်အလက်တွေသက်သက် မဟုတ်ဘူးလေ။
ပြောရရင် တိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာ ဟိုကောင်စုတ်လေး ဒီပကမှ ပိုအရည်အချင်းရှိသေးတယ်။ ကလေးအရွယ်မလို့ နည်းနည်းဆိုးပြီး ဂျစ်ကန်ကန်နိုင်ပေမဲ့ ကိုယ်ပိုင်တပ်ဖွဲ့မှာ ဒုဗိုလ်လေးအဖြစ်နဲ့ လူတွေကို ဦးဆောင်နေပြီဖြစ်သလို သမိုင်းနဲ့စီမံခန့်ခွဲမှုပညာရပ်တွေမှာလည်း အင်မတန်အမှတ်ကောင်းတယ်။ တကယ်လို့ ဒါဟာနယ်စားနိုင်ငံတစ်ခုမဟုတ်ဘဲ ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်တဲ့ နိုင်ငံတစ်ခုသာဆိုရင် မက်ဒါနာရှုံးနှင့်နေတာကြာပြီ။
လောလောဆယ် အတုကောင်ပေါ်လာတော့ မက်ဒါနာပိုပြီးတော့ ဆက်ခံသူနေရာကို ငြင်းချင်သွားသေးတယ်။ ဟီးရိုးတစ်ယောက်အနေနဲ့ သူ့မှာလုပ်စရာတွေအများကြီးရှိနေသေးတယ်။ အဲဒီMad Doctorဆိုတဲ့ ပြဿနာပေါင်းစုံရှာနေတဲ့ငနှဲကို ရိုက်နှက်ပြီးတော့ တရားစီရင်ရဦးမယ်။
"အဖိုး... အဖိုးလည်းတွေ့တယ်မလား၊ သမီးဟီးရိုးခဏလေးမလုပ်တာနဲ့ ပြဿနာပေါင်းစုံကို ပေါ်လာတော့တာ။ ဒီတော့ သမီးဘာသာဟီးရိုးပြန်လုပ်ပြီး မောင်လေးဒီပကို ဆက်ခံသူမင်းသားနေရာ ပေးလိုက်မယ်လေ။"
နယ်စားကြီးကတော့ ခေါင်းကိုလက်နဲ့ဖျစ်ညှစ်ထားရင်း ပြောလိုက်ပါတယ်။ "ဒီကိစ္စက ထင်သလောက်မလွယ်ဘူး သမီးလေးရဲ့။ အဖိုးလည်း ကောင်လေးဒီပကို ဒီရာထူးမပေးချင်ဘဲ ဘယ်နေမလဲ။ ဒါပေမဲ့ သူက တော်ဝင်သွေးစစ်မဟုတ်ဘူး။ ဒါကြောင့်လည်းမျိုးရိုးမြင့်တွေက သူ့ကိုလက်မခံကြတာ။ ပြည်သူတွေက သူ့ကိုနှစ်ခြိုက်ရင်တောင် တော်ဝင်ကောင်စီက သူ့ကိုလက်ခံမှာမဟုတ်ဘူး။"
နယ်စားကြီးရဲ့စကားကြောင့် မက်ဒါနာရဲ့မျက်နှာက အိုကျသွားတယ်။ ဒါပေမဲ့ တကယ်တမ်းဒီလိုပြောမယ်ဆိုရင် မက်ဒါနာကလည်း သွေးမျိုးသန့်မဟုတ်ဘူးလေ။
"အဖိုး၊ သမီးကလည်း သာမန်လူတစ်ယောက်နဲ့အိမ်ထောင်ပြုထားတဲ့ အမေကနေ မွေးလာတာလေ။ သမီးလည်း သွေးမျိုးသန့်မှမဟုတ်တာ။"
"အဓိကပြဿနာက ကောင်လေးဒီပရဲ့အမေပဲ။ သူက သာမန်အပျော်မယ်တစ်ယောက်ကမွေးတဲ့ ကလေးတစ်ယောက်ဖြစ်နေနိုင်တယ်။ ဆုဗာနာရဲ့ယဥ်ကျေးမှုထုံးစံအရ သိပ်ကိုလူမှုရေးစံနှုန်း နိမ့်ကျလွန်းတဲ့ အလုပ်မျိုးပဲ။"
အနည်းဆုံးတော့ မက်ဒါနာရဲ့အဖေက ဂုဏ်ရှိရှိနဲ့သေသွားတဲ့ သူရဲကောင်းဘွဲ့ရတစ်ယောက် ဖြစ်နေသေးတယ်မဟုတ်လား။ မက်ဒါနာကတော့ သူဆက်ခံသူမဖြစ်ရရေးအတွက် ရည်ရွယ်ပြီးတော့ အကြံအမျိုးမျိုးထုတ်ကာ အဖိုးဖြစ်သူကို ပြောနေလိုက်တယ်။
"ဒါဆိုရင် ကျွန်မတို့နှစ်ယောက်ထဲကတစ်ယောက်ကို နယ်စားဆက်ခံသူအဖြစ်တင်မြှောက်ဖို့ ရွေးကောက်ပွဲပုံစံမျိုး လုပ်လိုက်မယ်လေ။ အခုအခြေအနေအရဆိုရင် သူပဲနိုင်မယ့်ဥစ္စာကို။"
"တော်ဝင်ကောင်စီက သေချာပေါက် ဆန့်ကျင်လိမ့်မယ်။" မက်ဒါနာစကားကိုကြားတော့ နယ်စားကြီးက ခေါင်းခါရင်း ပြောလိုက်တယ်။
"ဒါဆို တော်ဝင်ကောင်စီကို သမီးသွားစည်းရုံးကြည့်မယ်ဆိုရင်ရော။" မက်ဒါနာက မေးကြည့်လိုက်ပေမဲ့ နယ်စားကြီးကတော့ ပန်းကန်ထဲမှာနောက်ဆုံးကျန်တဲ့ ကြက်ဥမွှေကြော်ကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး ထိုင်ခုံက ထလိုက်တယ်။
"သေချာပေါက် ခက်လိမ့်မယ်။ လောလောဆယ်တော့ ဒီအကြောင်းဆက်မပြောနဲ့တော့။"
အဲဒီနောက်တော့ နယ်စားဖိုးဖိုးက ထမင်းစားခန်းမထဲကနေ ထွက်သွားတယ်။ သူ့နောက်ကနေပြီးတော့ အစေခံတချို့နဲ့ကိုယ်ရံတော်တွေလည်း လိုက်သွားကြလေရဲ့။
ခဏနေတော့ မက်ဒါနာနားကို ဖရာလီတာရောက်လာပြီး အနားနားကပ်ပြောလိုက်တယ်။ "ကြည့်ရတာ နင့်မှာ မျှော်လင့်ချက်ရှိနေသေးပုံပဲ။"
"ဘာမျှော်လင့်ချက်လဲ၊ လက်ထပ်ပြီး ကြင်ယာတော်ကို နန်းလွှဲပေး ရှောင်ထွက်ဖို့ကိုတော့ လုံးဝမလုပ်ဘူးနော်။" မနေ့ကလည်း ဖရာလီတာနဲ့သူတို့တွေနှစ်ယောက်လုံး အဲဒီကိစ္စကို စဥ်းစားခဲ့ကြသေးတယ်။ ဒီအကြံက နယ်စားနန်းတော်ရဲ့အိမ်စေတစ်ယောက်ဆီကနေ ရလာတာပါ။
ဆုဗာနာသမိုင်းကြောင်းအရ နယ်စားမင်းသမီးတော်တော်များများက တိုင်းပြည်တာဝန်ကိုမယူနိုင်ရင် ကြင်ယာတော်မင်းသားကိုပဲ လုပ်ပိုင်ခွင့်ပေးလိုက်ကြတယ်တဲ့။ ဒါပေမဲ့ မက်ဒါနာက လက်ထပ်ဖို့လုံးဝစဥ်းစားမထားဘူး။ မက်ဒါနာအနေနဲ့ ရွေးစရာမရှိရင်တောင် ယောက်ျားယူရမယ့်ကိစ္စကလွဲရင် ကျန်တာလုပ်ပစ်မှာ။
"အဲဒါမဟုတ်ဘူး၊ နယ်စားကြီးက နင့်ကိုငြင်းမသွားဘဲ ခက်တယ်လို့ပြောသွားတာလေ။ ကောင်စီကိုစည်းရုံးဖို့က ခက်တယ်ဆိုပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ဘူး။"
ဖရာလီတာက ပြောပြောဆိုဆိုနဲ့ သူ့ရဲ့ထွင်းဖောက်မြင်နိုင်တဲ့ ဖုန်းလေးကို ဖွင့်ပြလိုက်တယ်။ အိမ်တော်လေးခုရဲ့တံဆိပ်တွေက မျက်နှာပြင်ပေါ်မှာအထင်းသားပေါ်လာတယ်။
"မနေ့ညက ငါမအိပ်ဘဲ ဒီနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းကို လေ့လာနေခဲ့တာ။ ဆုဗာနာမှာ နယ်စားစံအိမ်ဖြစ်တဲ့ လမင်းစန္ဒာအိမ်တော်အပြင် တခြားသုံးအိမ်တော်ခုရှိသေးတယ်။ မန်ချူးတရုတ်မျိုးနွယ်တွေရဲ့မိုးနဂါးအိမ်တော်၊ တောင်ပေါ်နေအိန္ဒိယမျိုးနွယ်တွေရဲ့ဆင်ဖြူအိမ်တော်နဲ့ စစ်ရေးကိုတာဝန်ယူရတဲ့ နယ်ခံစစ်သူကြီးအိမ်တော်။"
ဖရာလီတာက နောက်စာမျက်နှာကို လှန်ပြလိုက်တယ်။ ဒီတစ်ခါတော့ တော်ဝင်ကောင်စီရဲ့ထိုင်ခုံနေရာတွေပါ။
"တော်ဝင်ကပ်ဘိနက်ကောင်စီက နယ်စားရဲ့အကြွင်းမဲ့အာဏာကို ထိန်းချုပ်ဖို့အတွက် ဖွဲ့စည်းထားတာ။ အိမ်တော်တိုင်းက အမတ်နေရာသုံးခုရကြတယ်။ သူတို့ထဲကမှ ရွေးကောက်ခံစနစ်နဲ့ လက်ဝဲရံအမတ်၊ လက်ယာရံအမတ်တွေကို ပြန်ရွေးချယ်ကြတယ်။ ဝန်ကြီးဌာနအဆင့် ၁၂ခုကို သူတို့ကပဲကိုင်တွယ်ရတာ။ ပြောရရင် သူတို့တွေက ဝန်ကြီးတွေပဲ။ ငါတို့ကို လာကြိုတဲ့ နိုင်ငံခြားရေးဝန်ကြီးဦးမောင်မောင်က လမင်းစန္ဒါအိမ်တော်ကလေ။"
"ဒီတော့ သူတို့ကိုစည်းရုံးဖို့က သိပ်မလွယ်နိုင်ဘူးမဟုတ်လား။" မက်ဒါနာ မေးလိုက်တော့ ဖရာလီတာက ခေါင်းညိတ်ပြတယ်။
"တကယ်တော့ သူတို့တွေထဲက တစ်ဝက်လောက်က နင့်ကိုတောင် နယ်စားဆက်ခံသူအဖြစ်သိပ်ပြီးတော့ သဘောတူချင်တာမဟုတ်ဘူး။ အထူးသဖြင့် ယဥ်ကျေးမှုဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနဲ့စီးပွားရေးဝန်ကြီးတွေပေါ့။ သူတို့က နယ်စားအုပ်ချုပ်ရေးကို ဆွဲဆန့်ချင်နေတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေ။ နိုင်ငံခြားရေးဝန်ကြီး၊ ဆက်သွယ်ရေးနဲ့သတင်းအချက်အလက်ဝန်ကြီးနဲ့ ပြည်သူ့ရေးရာဝန်ကြီးတွေ ကတော့ လစ်ဘရယ်ဖက်ပါတယ်။ ဒီတော့ သူတို့က သိပ်အားကိုးလို့မရဘူး။ နှစ်ဖက်ရန်ဖြစ်ရင် ကြားနေမယ့်အုပ်စု။ ကာကွယ်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီးနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက တစ်ပေါင်းတည်းဖြစ်ပြီးတော့ သူတို့က ဒီမိုခရက်သမားတွေ။ ဒီလူတွေက ဖြစ်နိုင်ရင် နယ်စားအာဏာကိုကန့်သတ်ပြီး ဂျပန်နဲ့ဗြိတိန်လိုမျိုး စည်းမျဥ်းခံဘုရင်စနစ်သွားချင်နေကြတာ။"
မက်ဒါနာကတော့ ငုပ်တုပ်လေးဘေးမှာထိုင်ရင်း နားထောင်နေလေရဲ့။ သူ့ခင်ဗျာ နယ်စားမင်းသမီးသာဆိုရင် ဖရာလီတာလောက်တောင် နားမလည်ရှာဘူး။
"နေပါဦး၊ နင်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိနားလည်နေတာလဲ။" ဖရာလီတာကတော့ မက်ဒါနာ ဒီစကားကို သူ့ကိုအထင်သေးလို့ ပြောတယ်လို့ယူဆလိုက်ပုံပဲ။ နှုတ်ခမ်းလေးဆူပြီး ချက်ချင်းကပ်ကပ်လန်အောင် ပြန်ရန်တွေ့တယ်။
"ငါက Order of the Knughtကို တာဝန်ယူရတဲ့ ဗစ်ကောင့်လေ။ နိုင်ငံရေးအကြောင်း နားမလည်လို့ဖြစ်မလား။" ဖရာလီတာအော်တာခံရလို့ မက်ဒါနာလည်း ရှုံမဲ့သွားပြီး ပြောလိုက်တယ်။
"ဒါဖြင့် ငါက သူတို့ကို စည်းရုံးလို့ရောရပါ့မလား။ အကုန်လုံးက တစ်ယောက်အမြင်တစ်မျိုးစီနဲ့လေ။"
"နင်က နယ်စားမင်းသမီးမလို့ နယ်စားကြီးပြီးရင် ဒီမှာဩဇာအာဏာအကြီးမားဆုံးပဲ။ နင်သူတို့နဲ့စကားပြောချင်ရင် သူတို့ငြင်းလို့မရဘူး။ ဒီတော့ သူတို့ကို စည်းရုံးကြည့်ဖို့က နင့်အရည်အချင်းပေါ်မှာမူတည်တယ်။ ဘယ်လိုစည်းရုံးရမလဲဆိုတာကတော့ ငါသင်ပေးမယ်။" ဖရာလီတာက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေတဲ့ အပြုံးမျိုးပြုံးပြရင်း ပြောလိုက်လေရဲ့။
ခဏနေတော့ သူတို့ထမင်းစားခန်းထဲကို အယ်လိုဟင်ဝင်လာတယ်။ နေကာမျက်မှန်တပ်ထားပေမဲ့ သူ့စက်ရုပ်မျက်လုံးက ဖြာထွက်နေတဲ့ အပြာရောင်အလင်းကို မြင်နေရတုန်းပဲ။
"သခင်မလေး၊ ခန်ရှီးအမိန့်တော်အဖွဲ့က မိတ်ဆွေတွေရောက်နေပါပြီ။ စစ်သူရဲအမိန့်တော်အဖွဲ့ကနှစ်ယောက်ကတော့ ဒီကိုလာနေတဲ့ လေယာဥ်ပေါ်မှာပါ။"
"သူတို့ကို စောင့်ခိုင်းထားလိုက်၊ ဒီက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဧည့်သည်ခန်းအပိုရှိတယ်မလား။ မင်းသမီးလေးအမိန့်ဆိုပြီး ခဏအခန်းငှားခိုင်းလိုက်။" ဖရာလီတာရဲ့စကားကြောင့် မက်ဒါနာ စိတ်တိုတိုနဲ့ ဝင်ပြောလိုက်တယ်။
"ငါက နင့်သူငယ်ချင်းဆိုပြီး ငါ့အာဏာကို အလွဲသုံးစားလုပ်နေတာလား။ ပြီးတော့ ခန်ရှီးအမိန့်တော်ကရော ဘာကြီးလဲ။"
မက်ဒါနာလေး နားလည်ပုံမရတော့ ဖရာလီတာလည်း အစအဆုံးရှင်းပြရတော့တာပဲ။ "နင်ကလေ၊ နယ်စားမင်းသမီးဖြစ်ပြီးတော့ ဘာမှမသိဘူး။ ဟိုနေ့တုန်းက နယ်စားနန်းတော်မှာ ပြဿနာအကြီးကြီးဖြစ်သွားတာ မသိဘူးလား။ နယ်စားကြီးကို ပုရွက်ဆိတ်ဘုရင်မက သတင်းပို့လို့ နယ်မြေစစ်တပ်တစ်ခုလုံးကို အသင့်လုပ်ခိုင်းထားခဲ့တာလေ။ ငါထင်တာမှန်ရင် မြူတန့်သိပ္ပံအဖွဲ့အစည်းက စလှုပ်ရှားနေပြီထင်တယ်။"
မက်ဒါနာလည်း ဖြည်းဖြည်းချင်းစပြီးတော့ စဥ်းစားကြည့်လိုက်တယ်။ သူတကယ်ပဲ မင်းသမီးဖြစ်ရမှာကြောက်ပြီးတော့ ဖြစ်နေတဲ့အခြေအနေတွေကို လစ်လျူရှုထားမိခဲ့တာပါ။
"အင်း... ဆုဗာနာရဲ့အင်အားနဲ့ဆိုရင် မြူတန့်သိပ္ပံအဖွဲ့ကို ယှဥ်နိုင်စရာမရှိဘူး။ ဒီတော့ အကူခေါ်တာ တကယ်ပဲ သဘာဝကျတယ်။"
"ခန်ရှီးအမိန့်တော်က တရုတ်ပြည်ရဲ့သိုင်းပညာဟီးရိုးတွေအားလုံးနဲ့ အဆက်အသွယ်ရှိတယ်။ သူတို့က အာရှာဗားရှင်း Order of the Knightပဲ။ အခုလာတဲ့အထဲမှာ A rankတချို့ပါလို့ ငါတို့အတွက် အကူအညီဖြစ်လိမ့်မယ်။"
"ဒါပေမဲ့ အဲဒီS rank အသွင်ပြောင်းမြူတန့်က..." မက်ဒါနာရဲ့မျက်လုံးထဲမှာတော့ စင်တီက အခုထိအိပ်မက်ဆိုးတစ်ခု ဖြစ်နေတုန်းပဲ။ ဖရာလီတာကတော့ ခေါင်းညိတ်ပြလိုက်ပြီး...
"ဆုဗာနာက ဒီလောက်ထိအားမနည်းဘူး။ သူတို့ရဲ့တိုင်းပြည်ကာကွယ်သူသားရဲက စင်တီကိုကိုင်တွယ်လိမ့်မယ်။ ငါတို့က မြူတန့်သိပ္ပံရဲ့အခြားအဖွဲ့တွေကို ရင်ဆိုင်ဖို့ပဲလိုတာ။"
သူတို့ပြောနေတာလည်း ကိစ္စတော်တော်လေးစုံသွားပြီး အတော်လေးကြာပြီးနောက်မှာတော့ နီရဲနေတဲ့ မျက်လုံးတွေနဲ့ လင်ဒါပြန်ရောက်လာတယ်။ ကြည့်ရတာ တော်တော်လေးငိုထားပုံပါပဲ။
"မက်ဒါနာ၊ အတုကောင်သတ်လိုက်တဲ့အထဲမှာ ငါ့ငယ်သားတွေလဲပါတယ်။ ပြီးတော့ ရှစ်နှစ်သမီးလေးတစ်ယောက်နဲ့ ဟီးရိုးသုံးယောက်ရောပဲ။ ကလောက်၊ကယ်ဗင်၊ ရှိခိုးကောင်၊ Musclecutieနဲ့ Frozenblade..."
လင်ဒါ ဆက်မပြောတော့ဘူး။ တော်တော်လေးစိတ်ထိခိုက်နေပုံပဲ။ အယ်လိုဟင်လည်း ဒီစကားကြားတာနဲ့ သူ့ပုံစံက လေးနက်သွားတယ်။ သူကလည်း ကွင်းစ်အရာရှိဖြစ်ဖူးတဲ့အတွက် ကယ်ဗင်နဲ့ကလောက်ကို သိပါတယ်။ ပြီးတော့ ရှိခိုးကောင်နဲ့Musclecutieကလည်း သူမင်းလွင်ဘဝတုန်းက သူ့နောက်က လိုက်ဖမ်းဖူးတဲ့ အလုပ်ကြိုးစားတဲ့ဟီးရိုးတွေပါ။
"အဲဒီကောင်လေးနှစ်ယောက်ကို ငါကိုယ်တိုင်လေ့ကျင့်ပေးခဲ့တာ။ သူတို့ကိုသတ်လိုက်တာက ငါ့ကိုရန်စတာနဲ့အတူတူပဲ။"
အယ်လိုဟင်ရဲ့မျက်လုံးတွေက တောက်ပလာပြီး မသိရင် နယူးယောက်ကိုပြန်ပြီး လူသတ်တော့မယ့်အတိုင်းပဲ။ မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။
"ငါလည်း ချီလုလုတို့ဆီကနေ အကြောင်းကြားစာရထားတယ်။ ငါက ဗီလိန်အဖြစ်လူလိုက်သတ်နေလို့ ငါပေးထားတဲ့ထောက်ခံစာကို သူတို့ရုပ်သိမ်းသွားတယ်တဲ့။ အခုနတ်ဆိုးကောင်လေးတွေအကုန်လုံး ထောင်ထဲရောက်နေတယ်။"
ဖရာလီတာလည်း ဒီစကားတွေကိုကြားတော့ သေချာလေး တွေးတောလိုက်ပါတယ်။
"ဆုဗာနာမှာဖြစ်နေတဲ့ကိစ္စတွေက တော်တော်ကြီးတယ်ဆိုပေမဲ့ နယူးယောက်က ကိစ္စတွေကိုမရှင်းရင် SilverKnightရဲ့နာမည် အမည်းစက်ထင်သွားလိမ့်မယ်။ ငါတို့တစ်ခုခု စလှုပ်ရှားသင့်ပြီထင်တယ်။"
သိပ်မကြာဘူး၊ ဆိုဖီယာလည်း သူတို့နဲ့ဝင်ပူးပေါင်းလာတယ်။ အခုတော့ သူတို့လူစုံပြီဖြစ်ပြီးတော့ အစည်းအဝေးအသေးစားလေးနဲ့တောင် တူနေပါပြီ။
"သိပ်တော့စိတ်မပူကြနဲ့ဦး၊ ငါတို့နတ်ဘုရားအသံအဖွဲ့ကတစ်ယောက် နယူးယောက်မှာရှိနေသေးတာမမေ့နဲ့။" မက်ဒါနာလည်း ခေါင်းထောင်ပြီးမေးလိုက်တယ်။
"ဘယ်သူလဲ၊ ကားမောင်းတဲ့ ဦးလေးကြီးတော့ မဟုတ်ပါဘူးနော်။" ဆိုဖီယာရဲ့နတ်ဘုရားအသံအဖွဲ့ဝင်တွေဖြစ်တဲ့ မက်၊လယ်ရီ၊မိုးတို့က ဆုဗာနာမှာပါ။ မက်ဒါနာမြင်ဖူးတဲ့ နတ်ဘုရားအသံအဖွဲ့ဝင်တွေဆိုလို့ မကြာသေးခင်က ဝင်ခွင့်ရသွားတဲ့ ဒရိုက်ဘာဦးလေးကြီးပဲ ရှိသေးတာပါ။
"တကယ်တော့ နင်သူ့ကို မမြင်ဖူးဘူး။ လောလောဆယ် နင့်ရှေ့နေမလေးတွေကို ကာကွယ်ပေးနေတာ။ ငါ့ခန္ဓာကိုယ်တွေကို စောင့်ရှောက်ရတဲ့ ယာမီလေ။"
မက်ဒါနာလည်း မျက်လုံးကို မှေးထားလိုက်တယ်။ ကြည့်ရတာ ဆိုဖီယာဆီမှာ သူမသိသေးတဲ့ အခြားဝှက်ဖဲတွေ ရှိနေသေးပုံပဲ။ ဖရာလီတာကတော့ အံ့ဩတကြီးနဲ့ အော်ဟစ်လိုက်တယ်။
"ယာမီ... ဂျပန်မှာ ကမ္ဘာအဆင့်ကပ်ဘေးကို ဖန်တီးခဲ့တဲ့ အဲဒီစူပါဗီလိန်လား။"
"ဖုတ်ကောင်ကပ်ဘေးဆိုရင်တော့ နင်ပြောတာမှန်တယ်။"
သူတို့အားလုံး ဆိုဖီယာကို ကြည့်လိုက်ကြတယ်။ တကယ်ပဲ သူတို့အုပ်စုထဲမှာ S rankတစ်ယောက်ကို ခါးပိုက်ထဲထည့်ထားနိုင်တဲ့ ဆရာကြီးတစ်ပါးရှိနေတာကိုး။ ယာမီက အင်အားအကြီးဆုံးမြူတန့်ဖြစ်တဲ့ ကိုင်းတိုထက် နည်းနည်းလေးပဲ အားနည်းတာပါ။
....
ပုဂ္ဂိုလိကဆေးရုံတစ်ခု၏ အထူးအရေးပေါ်ခန်းရှေ့တွင်ဖြစ်သည်။ ဖားလေးက ဆေးရုံမှန်တစ်ဖက်ခြမ်းမှ မယ်လီ၏အသက်ကိုကယ်တင်ရန် အကောင်းဆုံးကြိုးစားနေသည့် ဆရာဝန်များကိုကြည့်လိုက်ပြီး သူ့ခေါင်းကို ပြန်ငုံထားလိုက်၏။ သူ့အားကစားအင်္ကျီပေါ်မှ မယ်လီ့သွေးများပင် မခြောက်သေးပေ။
ဟီးရိုးအစည်းအရုံး ဒုဌာနမှူးဟယ်ရီက ကောင်လေးနားရောက်လာပြီး ခုံတန်းတွင်ထိုင်ချလိုက်ကာ ပြောလိုက်သည်။
"အဲဒီ SilverKnightအတုရဲ့ဓားသွားပေါ်မှာ သွေးမတိတ်အောင်လုပ်တဲ့ အဆိပ်တစ်မျိုးပါနေတယ်။ ဖြည်းဖြည်းချင်းမှ သတိထားမိတာမလို့ အသက်ဆုံးရှုံးဖို့ အခွင့်အရေးများလွန်းတယ်။ သူလဲကျသွားတုန်း မင်းသူ့အနားမှာ ရှိနေတာကံကောင်းတယ်။ မဟုတ်ရင် တခြားနှစ်ယောက်လိုပဲ သေသွားမှာ။"
ဖားလေးကတော့ ပင်ပန်းနေဟန်ဖြင့် အတော်ကြာသည့်အထိ ပြန်မဖြေပေ။ နောက်ဆုံးမှ သူကပြုံးလိုက်ပြီး မေးလိုက်သည်။
"အခုရော သူSilverKnightအတုဆိုတာ ယုံပြီလား။" ဖားလေး၏စကားကြောင့် ဟယ်ရီလည်းရယ်မောလိုက်၏။
"အစကတော့ မင်းပြောတဲ့စကားကြောင့် ငါသံသယဝင်ရုံပဲ ဝင်ခဲ့တာ။ အခုကတော့ သေချာတယ်။ SilverKnightရဲ့စွမ်းအားနဲ့ဆိုရင် ဌာနတစ်ခုလုံးရောက်လာတောင် သူသတ်ပစ်လို့ရတယ်။ C rankတစ်ယောက်ကို အဆိပ်သုံးသတ်ဖို့ဆိုတာ သူ့အတွက် အောက်တန်းကျလွန်းရာရောက်ပြီး သူ့မာနနဲ့လုပ်မှာမဟုတ်ဘူး။"
ဖားလေးကလည်း မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။ "ဒါဖြင့် ဌာနကရော ဘာပြောလဲ။"
"ဌာနမှူးကယုံပေမဲ့ တခြားB rankတွေကတော့ ကြောက်လန့်နေကြတယ်။ Frozenbladeက သူတို့ထဲကတချို့ထက် ပိုပြီးသတ်ရခက်တယ်။ ဒါက သူတို့သတ္တိကို အရည်ပျော်သွားစေနိုင်တယ်။ ဘာပဲပြောပြော SilverKnightက မြူတန့်သိပ္ပံအဖွဲ့တစ်ခုလုံးကို တစ်ယောက်တည်းချခဲ့ဖူးတယ်လေ။"
ဖားလေးက လက်နှစ်ဖက်ကို အတူတူဆုပ်ကိုင်ထားလိုက်ရင်း နာကျဥ်းချက်အပြည့်ဖြင့် ပြောလိုက်သည်။ "ဒီတော့... ဘယ်သူမှ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေမခံချင်ကြဘူးပေါ့။"
ဟယ်ရီကတော့ သူ့ဘေးမှာရှိနေသည့် ဝကစ်ကစ်ကောင်လေးကို ခေါင်းစောင်းကြည့်ကာ ပြန်ဖြေလိုက်သည်။
"တကယ်တော့ မင်းရယ်ငါရယ် နှစ်ယောက်တောင်ရှိပါသေးတယ်ကွ။ မင်းတွေးနေတာကို ငါမသိဘူးမှတ်လို့လား။"
ဖားလေးက ထိုစကားကြောင့် အံ့ဩသွားပြီး ပါးစပ်ကိုဟကာ လေကိုရှိုက်သွင်းလိုက်သည်။ သူ့အတွေးကလည်း ဘယ်သူမှကူညီမည့်သူမရှိလျှင်တောင် အတုကောင်နောက်လိုက်ဖို့ ဆုံးဖြတ်ပြီးသားမဟုတ်လား။
"ဘာကြောင့် ခင်ဗျားက ကျွန်တော့်ကို ကူညီချင်ရတာလဲ။" ဖားလေးစကားကြောင့် ဟယ်ရီခေါင်းခါပြလိုက်သည်။
"ငါက မင်းကိုကူညီဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ဒီအတိုင်း ဟီးရိုးတစ်ယောက်လုပ်သင့်တာကို လုပ်နေရုံပဲ။"
လက်ရှိ ဟီးရိုးအစည်းအရုံးရှိ ဟီးရိုးတော်တော်များများက အောင်မြင်မှုနှင့်ငွေကြေးကိုသာ ဂရုစိုက်ကြပြီး ဟီးရိုးတစ်ယောက်၏တကယ့်အနှစ်သာရများကို မေ့လျော့နေကြပြီဖြစ်သည်။ 'ဟီးရိုးတစ်ယောက်မှာ လုပ်သင့်တာကို လုပ်ရဲတဲ့ သတ္တိရှိရမယ်မဟုတ်လား။'
၃။
နယူးဒေလီ နိုင်ငံတကာလေဆိပ်။
လေယာဥ်ပေါ်ကနေ ဆင်းလိုက်တာနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ သူတို့ဆီပြေးလာတဲ့အတွက် လူကန်လည်း ဟီးရိုးအစည်းအရုံးကတ်ပြားကို ထောင်ပြလိုက်ရပါတယ်။
ဘယ်ကိုရောက်ရောက် အခုလိုဖြစ်နေတာက သူ့အတွက် အလေ့အထတစ်ခုလိုပါပဲ။ ရွှေရောင်ဆံပင်နဲ့အပြာရောင်မျက်လုံးပိုင်ရှင် လူကန် အာ့ခ်ဟာ သူ့ဓားကို လက်ကနေ ဘယ်တော့မှမချတဲ့သူပါ။ အိပ်မယ်ဆိုရင်တောင် အိပ်ရာထဲဓားကိုယူသွားတဲ့သူပေါ့။
သူနှင့်အတူပါလာတဲ့ ဖရန့်မှာလည်း လေဆိပ်တွင်ပြဿနာတက်နေပြီး လေဆိပ်အဆင်း ပစ္စည်းစစ်တဲ့နေရာမှာ လေဆိပ်ဝန်ထမ်းနှစ်ယောက်ကို အာပေါက်အောင် ရှင်းပြနေရတယ်။
"ဒီကောင်မလေးက ကျွန်တော့်ဆင့်ခေါ်သားရဲပါ။ ခင်ဗျားတို့ထင်သလို လေယာဥ်ပေါ်ကို ခိုးတင်လာတာမဟုတ်သလို လူကုန်ကူးသမားလည်း မဟုတ်ရပါဘူးဗျာ။"
လေဆိပ်ကောင်တာပေါ်မှာတော့ အစိမ်ရောင်ဆံပင်ရှည်လေးတွေနဲ့ချိုဖြူဖြူလေးတစ်စုံပေါက်နေတဲ့ ရှစ်နှစ်ပတ်ချာလည် ကလေးမလေးတစ်ယောက် ထိုင်နေပါတယ်။ အဖြူရောင်ဂါဝန်လေးကိုဝတ်ထားပြီး တုတ်ထိုးသကြားလုံးကို ပါးစပ်ထဲငုံပြီး စားနေတာကြောင့် တကယ့်နတ်သမီးလေးလိုပဲ။ အဲဒီကလေးမလေးက လူအစစ်မဟုတ်တာတော့ အသိသာကြီးပါ။ ဖရန့်ရဲ့ဆင့်ခေါ်သားရဲတွေထဲက တစ်ကောင်ဖြစ်တဲ့ သစ်နွယ်နတ်သူငယ်မလေးလေ။
ဖရန့်ရဲ့ဗျူရိုးမိသားစုက ဆင့်ခေါ်နိုင်စွမ်းကို ပိုင်ဆိုင်ကြတယ်။ ဖရန့်ကတော့ စွမ်းအားနှစ်မျိုးရှိပြီး လူသာလွန်ခွန်အားနဲ့ဆင့်ခေါ်ခြင်းပါ။ မြင်းပျံကြီးတစ်ကောင်ကို ဆင့်ခေါ်နိုင်ပေမဲ့ အဲဒါက ဒုတိယသားရဲဖြစ်ပြီး ပထမသားရဲဖြစ်တဲ့ သစ်နွယ်လိုလီလေးကိုတော့ သူတို့ဟီးရိုးကျောင်းတက်စဥ်က ဆင့်ခေါ်နိုင်ခဲ့တာပါ။
စွမ်းအားကြီးပေမဲ့ အပျင်းကြီးမောက်မာပြီး ခိုင်းမရတဲ့သူမလို့ ဖရန့်က ကလေးမလေးကို သိပ်သုံးလေ့မရှိဘူး။ ဒါပေမဲ့ ကလေးမလေးက အစားမက်ပြီးတော့ သကြားလုံးတွေ အင်မတန်ကြိုက်တယ်။ တစ်ပတ်တစ်ခါ မုန့်မကျွေးရင် စိတ်ကောက်နေမှာဖြစ်ပြီး သူ့ဘာသာ အပြင်ထွက်လာပြီး ပြဿနာရှာမှာပါ။ အခုလည်း ဖရန့်ကလေးမလေးကို မုန့်ကျွေးဖို့မေ့နေတဲ့အတွက် စိတ်ကောက်ပြီး အပြင်ထွက်လာတာလေ။
"ပန်းသီးလေး၊ သူတို့ကို ရှင်းပြလိုက်ဦးလေ။" ဖရန့်က ပြောလိုက်ပေမဲ့ ကလေးမလေးကတော့ သခင်ဖြစ်သူကို နည်းနည်းလေးမှဂရုမစိုက်ဘဲ မျက်နှာလေးကို တစ်ဖက်လွှဲလိုက်တယ်။ အစိမ်းရောင်ဆံနွယ်တွေကတော့ လေထဲမှာ လူးလွန့်လို့ရယ်။
"ဒီကဆရာ၊ ခဏလောက် ရုံးလိုက်ခဲ့ပေးပါ။" ဒေလီလေဆိပ်လုံခြုံရေးတပ်ဖွဲ့က မာမူအရာရှိကြီးကတော့ ဖက်တီးဖရန့်ရဲ့နားကို ဖြည်းဖြည်းချင်းကပ်လာပါပြီ ပြီးတော့ သူ့ခါးက လက်ထိပ်ကိုလည်း သော့ဖြေနေသေးတယ်။ ကံမကောင်းရင် ဖရန့်တစ်ယောက် လေဆိပ်မှာ တစ်နေကုန်တော့မယ့်ပုံပဲ။
လူကန်ကတော့ သူတို့နားကိုရောက်သွားပြီး ဟီးရိုးတံဆိပ်ကို ပြလိုက်တယ်။ "သူက ကျွန်တော့်တွဲဖက် ဟီးရိုး ဖရန့် ဗန် ဗျူရိုးပါ။ ဒီကောင်မလေးရဲ့ခေါင်းပေါ်က ဆိတ်ချိုလိုဟာလေးတွေကိုတွေ့လား၊ သာမန်လူတွေမှာ အဲဒါမျိုးမရှိဘူးလေ။ ပြီးတော့ သေချာကြည့်ရင် စကပ်အောက်မှာဝှက်ထားတဲ့ မြည်းအမြီးဖွားဖွားကိုလည်း တွေ့နိုင်ပါတယ်။"
လူကန်က လူကြီးလူကောင်းပုံစံပေါက်နေတာကြောင့် သူအင်္ဂလိပ်စကားကို ပြင်သစ်လေသံဝဲဝဲနဲ့ပြောပြပေမဲ့ လေဆိပ်ဝန်ထမ်းတွေက နားလည်ဟန်နဲ့ခေါင်းကိုညိတ်ကာ သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြတယ်။
"ဟေး... ငါတံဆိပ်ပြပြီး ဟီးရိုးပါလို့ပြောတာကို သူတို့က ဘာလို့မယုံကြတာလဲ။ မင်းကျတော့ စကားနည်းနည်းလေးပြောရုံနဲ့ ရသွားပါလား။" ကလေးမလေးကို ပခုံးပေါ်တင်ခေါ်လာတဲ့ ဖရန့်က သူ့ဗိုက်ပူပူကို ပုတ်လိုက်ရင်း မေးလိုက်တယ်။
လူကန်ကတော့ ဖရန့်ကို တစ်ချက်သာကြည့်လိုက်ပြီး ပြန်ဖြေပါတယ်။ "မင်းက ကလေးကြိုက်နှာဘူးရုပ်ပေါက်နေလို့လေ။"
"ဟေး... မင်းဘာပြောလိုက်တယ်၊ ငါက ခန့်ညားတဲ့ လူကြီးလူကောင်းရုပ်မျိုးရှိတဲ့ကောင်ပါဟ။" ဖရန့်ဘယ်လိုငြင်းငြင်း လူကန်ကတော့ ဘာမှဆက်မပြောတော့ဘူး။ ဖရန့်ပခုံးပေါ်က ကလေးမလေးကတော့ သကြားလုံးကို ပါးစပ်ထောင့်တစ်ခုကိုပို့လိုက်ပြီး မကြားသကြားပြောလိုက်တယ်။
"လိုလီကွန်းကောင်..."
"....." ဖရန့်။
သူတို့နောက်ထပ်စီးရမယ့် လေယာဥ်ရှိရာကို သွားလိုက်ကြတယ်။ အမေရိကန်ကနေ ဆုဗာနာကို တိုက်ရိုက်သွားတဲ့ လေကြောင်းလိုင်းတွေက အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် သူတို့တွေလက်မှတ်မရလိုက်လို့ နယူးဒေလီကနေ တစ်ဆင့်ဆုဗာနာကို ခရီးဆက်နေရတာပေါ့။
....
ခန်ရှီးအမိန့်တော်အဖွဲ့က လူတွေကိုတွေ့တာက ချက်ချင်းဆိုသလိုပဲ got talent ပြိုင်ပွဲအသွင်ကို ပြောင်းလဲသွားတယ်။ ဒိုင်အဖြစ်တော့ မက်ဒါနာ၊ ဆိုဖီယာနဲ့ ဖရာလီတာတို့သုံးယောက်က တာဝန်ယူထားရတယ်။
သူတို့နဲ့လာပူးပေါင်းတဲ့ အဖွဲ့ဝင်တွေကို အခုလိုမျိုးစွမ်းအားပြခိုင်းရတဲ့အကြောင်းက မဟာမိတ်အဖွဲ့ဝင်တွေရဲ့စွမ်းအားကို သိရှိနိုင်ဖို့အတွက်ပါ။ ရန်သူကိုသွားမတိုက်ခင် ကိုယ့်အင်အားကိုယ်သိထားတာက ပိုပြီးကောင်းတယ်မဟုတ်လား။
မက်ဒါနာတို့သုံးယောက်ရှေ့မှာတော့ အခုမန်ချူးအဝတ်အစားဝတ်ထားတဲ့ တရုတ်အမျိုးသားတစ်ယောက် ရပ်နေပါတယ်။ နေကာမျက်မှန်အဝိုင်းကြီး တပ်ထားသူမလို့ သူ့ကိုကြည့်ရတာ မျက်မမြင်လိုမျိုး ခံစားရတယ်။
"ရှင့်နာမည်က...." ဆိုဖီယာက အရင်ဆုံးမေးလိုက်တယ်။ ဒီလူတွေအကြောင်းကို တကယ်တော့ဖရာလီတာက အသိဆုံးဖြစ်ပြီးတော့ ဆိုဖီယာရဲ့ နတ်ဘုရားအသံအဖွဲ့ကတော့ သူတို့ကိုမသိပါဘူး။ ဒါကြောင့် ပထမဆုံးမေးခွန်းထုတ်လိုက်သူက ဆိုဖီယာဖြစ်နေတာပါ။
မက်ဒါနာကတော့ ပွဲကြည့်ရုံသက်သက်ပဲလေ။ မန်ချူးအမျိုးသားက လက်ကိုနောက်ပစ်ကာ ရပ်နေရင်းသူ့အချက်အလက်တွေကို တစ်လုံးချင်းပြောလိုက်တယ်။
"ငါက ဖုတဟိုင်၊ ငါ့ဘိုးဘေးတွေက ချင်ပြည်ထောင် ခန်ရှီးဧကရာဇ်ရဲ့ရွှေဝတ်ရုံရ ကိုယ်ရံတော်တပ်မှူးတွေဖြစ်ဖူးတယ်။ ငါက သိုင်းပညာဟီးရိုးအဖွဲ့ရဲ့ဒုဥက္ကဋ္ဌပြီးတော့ B+ အဆင့်ဟီးရိုးတစ်ယောက်လည်းဖြစ်တယ်။"
သိုင်းပညာဟီးရိုးတွေက နည်းပညာဟီးရိုးတွေထက်စာရင် အရေအတွက်ပိုများပြီး စွမ်းအားကြီးသူတွေလည်း ပိုများကြပါတယ်။ သူတို့ထဲက တချို့တွေက သိုင်းပညာကို အထောက်အကူဖြစ်စေတဲ့ မြူတန့်စွမ်းအားတွေရှိကြပေမဲ့ အများစုကတော့ သိုင်းပညာနဲ့အတွင်းချီသက်သက်ကို အားကိုးကြသူတွေပါ။
ဂျပန်ရဲ့ယာမာဂုချီမိသားစုကလည်း ကမ္ဘာ့သိုင်းပညာဟီးရိုးအဖွဲ့ဝင်ဖြစ်ပြီး ဥစာကီက သိုင်းပညာဟီးရိုးအားလုံးရဲ့အထွတ်အထိပ်ပြယုဂ်ပါ။ ပြောရရင် ယေဘုယျအားဖြင့် သိုင်းပညာဟီးရိုးတွေထဲမှာ နည်းပညာဟီးရိုးတွေထက် ပိုအင်အားကြီးသူတွေရှိနေပြီး ပိုအားကောင်းတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒါပေမဲ့ သိုင်းပညာဟီးရိုးတစ်ယောက်ဖြစ်လာဖို့က မလွယ်ကူပါဘူး။
ငယ်စဥ်ကတည်းက လေ့ကျင့်ရပြီး သူတို့အနားမယူခင်အထိ လေ့ကျင့်ပြီးရင်းလေ့ကျင့်နေမှ လက်ရှိစွမ်းအားမျိုးကို ရရှိလာသူတွေပါ။
ဆိုဖီယာက ခေါင်းညိတ်ပြလိုက်ပြီး ထပ်မေးလိုက်တယ်။ "ရှင်ကျွမ်းကျင်တာကရော ဘာများလဲ။"
"ငါက အတွင်းချီထိန်းချုပ်ခြင်းပညာကို ကျွမ်းကျင်တယ်။ ဥပမာအတွင်းချီကိုထိန်းချုပ်ပြီး လိုအပ်သလို ထိန်းချုပ်အသုံးပြုတာမျိုးပေါ့။"
ဖုတဟိုင်က လူခေါင်းအရွယ် လိပ်သည်းကျောက် အမျိုးအစား ကျောက်တုံးကို စားပွဲပေါ်တင်လိုက်ပါတယ်။ အဲဒီနောက်တော့သူ့လက်ဖဝါးသက်သက်နဲ့ ခုတ်ပိုင်းချလိုက်လေရဲ့။ ဒါပေမဲ့ ဆိုဖီယာအပါအဝင် လူတွေအားလုံးက မျက်နှာသေနဲ့ပဲ စိုက်ကြည့်နေကြတယ်။ တကယ်တော့ ကျောက်တုံးကြီးတွေကို ခွဲပြတယ်ဆိုတာက ယနေ့ခေတ်မှာ သိပ်အထင်ကြီးစရာမရှိတော့ပါဘူး။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဖုတဟိုင်လုပ်ပြတာက သူတို့အားလုံးကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။
"ဒီပစ္စည်းကို ကျောက်သားကြာပန်းလို့ နာမည်ပေးလိုက်မယ်။ ဆုဗာနာနယ်စားမင်းသမီးလေးနဲ့ ပထမဆုံးတွေ့ခွင့်ရတဲ့ လက်ဆောင်အနေနဲ့ပေါ့။"
ဖုတဟိုင်လက်ထဲမှာ လက်သီးဆုပ်အရွယ် ကျောက်သားကြာပန်းတစ်ပွင့်ကို ကိုင်ထားတယ်။ ကျောက်တုံးအပိုင်းအစတွေကတော့ အခန်းတစ်ခုလုံးပြန့်ကျဲနေပါပြီ။ ကုန်လွန်ခဲ့တဲ့ ငါးမိနစ်အတွင်းမှာ ဖုတဟိုင်က လမ်းခင်းတဲ့ လိပ်သည်းကျောက်ကို အံ့ချီးဖွယ် အနုပညာလက်ရာအဖြစ် ပြုလုပ်ခဲ့တာပါ။
"ဒါက ရှင့်အစွမ်းအကုန်မဟုတ်သေးဘူးမဟုတ်လား။ ဇက်သတ္တုချပ်ဝတ်ကိုရော ဆွဲဖြဲဖို့ဖြစ်နိုင်တယ်မဟုတ်လား။" မက်ဒါနာက ကြောက်ကြောက်လန့်လန့်နဲ့ မေးလိုက်တယ်။ ဖုတဟိုင်ကတော့ ခေါင်းကို ညိတ်ရုံလေးရုံပြတယ်။
"ငြိမ်နေရင်တော့ ဖြစ်နိုင်ပေမဲ့ အဲဒီချပ်ဝတ်က အသက်ဝင်ပြီးလျှောက်ပြေးနေရင်တော့ ခွဲပစ်ဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီအကွက်က တော်တော်အားသုံးရတယ်လေ။"
တကယ်တော့ အတွင်းချီပညာရပ်တွေက မြူတန့်ခေတ်မှာ လုံးဝလျှို့ဝှက်ချက် မဟုတ်တော့ပါဘူး။ သိုင်းပညာဟီးရိုးတွေက အရှေ့တိုင်းမှာတော်တော်လေး ပေါများပြီးတော့ အိန္ဒိယ၊တရုတ်၊ မြန်မာ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတွေမှာ တော်တော်လေး ခေတ်စားပါတယ်။ ဂျပန်တွေကတော့ ကီ၊ အိန္ဒိယက ချာကရာလို့ခေါ်ပေမဲ့ တကယ်က အတူတူပဲမလို့ ဟီးရိုးအစည်းအရုံးကတော့ အတွင်းချီလို့ပဲ တရားဝင်သုံးနှုန်းပါတယ်။
ပိုအံ့ဩဖို့ကောင်းတာက ဖုတဟိုင်ဟာ ထူးချွန်ပေမဲ့ ခန်ရှီးအမိန့်တော်ဟာ သိုင်းပညာဟီးရိုးလောကတစ်ခုလုံးကို ကိုယ်စားပြုနိုင်လောက်အောင် အင်အားမရှိပါဘူး။ တကယ်အစွမ်းထက်တဲ့ တခြားသိုင်းပညာဟီးရိုးအဖွဲ့တွေ အများကြီးရှိနေပါသေးတယ်။ တရုတ်ပြည်တွင်းမှာတောင်မှ ခန်ရှီးအမိန့်တော်ဟာ အင်အားအကြီးဆုံးမဟုတ်ဘူး။ မြူတန့်ခေတ်စတင်ပြီးတာနဲ့ ဝူတန်နဲ့ရှောင်လင်လို ရှေးခေတ်သိုင်းပညာအဖွဲ့တွေလည်း ပြန်အသက်ဝင်နေခဲ့တာ ကြာပါပြီ။
ဖုတဟိုင် အစွမ်းပြပြီးတဲ့နောက်တော့ ဓားမကြီးကို ခါးကြားထိုးထားတဲ့ ဖက်တီးစားဖိုမှူးအလှည့်ဆီကို သူတို့မျက်လုံးတွေက ကျဆင်းလာပါတယ်။
စားဖိုမှူးဝမ်လျှိုအန်းကတော့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်ပါတယ်။ "ငါကတော့ သူ့လိုလူထင်ရှားကျော်ကြားတဲ့ ဟီးရိုးတစ်ယောက်မဟုတ်ဘူး။ ဟောင်ကောင်မှာ စီချွမ်စားသောက်ဆိုင်ဖွင့်ထားတဲ့ သာမန်စားဖိုမှူးပဲ။ ဝမ်မျိုးနွယ်တွေက ဆွေစဥ်မျိုးဆက် ခုနစ်ဆက်လုံး စားဖိုမှူးလုပ်လာကြတာ။ ငါ့အဖေလည်း စားဖိုမှူးပဲ၊ ငါ့အဖိုးလည်း စားဖိုမှူး၊ ငါလည်းစားဖိုမှူးပဲ။"
စားဖိုမှူးဝမ်ရဲ့စကားကိုကြားတော့ မက်ဒါနာနဲ့ဆိုဖီယာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဒီလူ့အစွမ်းက ဘာလဲ။ အရသာရှိတဲ့ စီချွမ်ဟင်းလျာတွေနဲ့ လူတွေကို ကောက်ပေါက်ရုံတော့ မဟုတ်ဘူးမလား။
စီချွမ်ဟင်းချက်နည်းနဲ့ချက်ထားတဲ့ ပူပူစပ်စပ်စားစရာတွေကို မက်ဒါနာသဘောကျတယ်ဆိုပေမဲ့ အဲဒါတွေက တိုက်ပွဲမှာအသုံးဝင်မယ်လို့တော့မထင်ဘူး။
ဖရာလီတာက ကျန်တဲ့သူတွေ စိတ်ရှုပ်နေမှန်းသိတော့ ဘေးကနေ ရှင်းပြလိုက်တယ်။ "ဦးလေးဝမ်တို့မိသားစုက စားဖိုမှူးတွေဆိုပေမဲ့ သူတို့ရဲ့စားဖိုမှူးဓားကိုင်နည်းက အင်မတန်ထူးခြားတယ်။ ဘယ်အရာကိုမဆို အပိုင်းပိုင်းဖြတ်နိုင်အောင် အတွင်းချီကိုပုံသွင်းပြီး လေ့ကျင့်ရတဲ့ပညာရပ်ပဲ။ သူ့ခါးမှာထိုးထားတဲ့ဓားကလည်း သာမန်လူတွေမမနိုင်လောက်အောင်လေးက ကြယ်ဥက္ကာခဲကနေ ဖန်တီးယူထားတဲ့ အမွေခံဓား။ ဇက်သတ္တုတော့မဟုတ်ပေမဲ့ ဇက်သတ္တုနီးနီးမာပြီးတော့ ဇက်သတ္တုထက် လေးဆကျော်ပိုလေးတဲ့ ပျောက်ဆုံးနေတဲ့ သတ္တုတစ်မျိုးပဲ။"
ခဏနေတော့ မက်၊ လယ်ရီနဲ့မိုးတို့တွေ ဝက်ကလေးတစ်ကောင်ကို အထဲယူသွင်းလာကြတယ်။ မက်ဒါနာကတော့ မျက်နှာသွေးဆုတ်သွားပြီး မေးလိုက်တယ်။
"ရှင်တို့ဘာလုပ်ကြမလို့လဲဟင်..."
"စာဖိုးမှူးဦးလေးကြီးက ဝက်သားစင်းကောလုပ်ချင်လို့ ဝက်ပေါ်မလို့တဲ့လေ။ အဲဒါကြောင့် ဝက်တစ်ကောင်သွားရှာလာတာ။"
"နေဦး... ရှင်တို့က နယ်စားနန်းဆောင်ထဲမှာ ဝက်ပေါ်မလို့လား၊ ပြီးတော့ သွေးသံရဲရဲကြီး ကျွန်မမကြည့်ရဲဘူး။"
ပြောလို့တောင်မဆုံးသေးဘူး စားဖိုမှူးဦးလေးကြီးရဲ့လက်ထဲက ဓားက ကြယ်အလင်းတန်းတစ်ခုလိုမျိုး လှုပ်ရှားသွားပြီး ဝက်ရဲ့ခေါင်းကို တိခနဲဖြတ်ချလိုက်တယ်။
"သားလှီးဓားသိုင်း....." အဲဒီနောက်တော့ ဝက်ကိုယ်ထဲက သွေးတွေအားလုံးမကုန်သေးခင်မှာပဲ ဝက်ရဲ့ကလီစာအစိတ်အပိုင်းတွေသက်သက်၊ အသားသက်သက်၊ အရိုးသက်သက်၊ အဆီသက်သက် ဖယ်လို့ပြီးသွားတယ်။ မက်ဒါနာကတော့ သွေးသံရဲရဲမြင်ကွင်းကြောင့် အန်ချမိတော့မလိုဖြစ်နေပြီ။
"ဒီတော့ သူက ဒီဓားနဲ့ လူတစ်ယောက်ကိုလည်း စက္ကန့်ပိုင်းအတွင်း ဝက်ပေါ်သလိုပေါ်ပစ်နိုင်တယ်ပေါ့။ သူ့သတ်မှတ်ချက်က ဘာလဲ။"
မက်ဒါနာရဲ့မေးခွန်းကြောင့် ဖရာလီတာက ဖုန်းဖွင့်ပြီး စာရွက်စာတမ်းတချို့ကို ပြန်ဖတ်ကြည့်လိုက်တယ်။
"အရှင်ဆယ်နှစ်လောက်က ဒီဦးလေးကြီးရဲ့သမီးကို B rank ဗီလိန်တစ်ယောက်ဦးစီးတဲ့ လူဆိုးဂိုဏ်းက ပြန်ပေးဆွဲပြီး ငွေတောင်းဖူးတယ်။ ဦးလေးကြီးက ဓားမကြီးကိုဆွဲပြီး ကိုယ်တိုင်သွားဝုန်းပစ်ခဲ့တာ။ အယောက်နှစ်ဆယ်လောက် ခေါင်းပြတ်သွားပြီး Rank B ဗီလိန်ကတော့ ဝက်ပေါ်သလိုအပေါ်ခံလိုက်ရတယ်လေ။ ဟောင်ကောင်ဟီးရိုးအဖွဲ့က A rankရာထူးကမ်းလှမ်းပေမဲ့ သူလက်မခံခဲ့ဘူး။"
ဒီစကားကိုကြားတော့ ဦးလေးကြီးက သားလှီးဓားမှာပေကျံနေတဲ့ သွေးတွေကိုသုတ်လိုက်ရင်း မက်ဒါနာကို ပြုံးပြလိုက်တယ်။ "ဟားဟား... ငါက နာမည်ကျော်ကြားတဲ့ စားသောက်ဆိုင်တစ်ခုကို ဦးစီးနေရတာလေ၊ မြို့ထဲပတ်ပြီး အလေလိုက်နေဖို့ အားမှမအားတာ။"
နောက်ဆုံးတစ်ယောက်ကတော့ အထွေအထူးမိတ်ဆက်နေစရာ မလိုခဲ့ဘူး။ သူတောင်းစားဂိုဏ်းက ဆက်ခံသူမိန်းကလေးက ခွေးရိုက်တုတ်သိုင်းကို သူတို့အတွက် သရုပ်ပြခဲ့ပါတယ်။ ထမင်းစားခန်းထဲက ကြမ်းခင်းကျောက်တုံးတွေအကုန်လုံး ကျိုးပဲ့ကုန်ပြီးမှ သူရပ်လိုက်တယ်။ လက်ထဲက တောင်ဝှေးကတော့ဘာဆိုဘာမှမဖြစ်ဘူးရယ်။ မက်ဒါနာလည်း သိုင်းကားနည်းနည်းကြည့်ဖူးတော့ ဖရာလီတာကို နားနားကပ်မေးလိုက်တယ်။
"ဟေး... သူကိုင်ထားတာ ဒဏ္ဍာရီလာ ကျောက်စိမ်းခွေးရိုက်တုတ်လား...."
"ဘယ်ကသာ... သာမန်ရိုးရိုးတုတ်ပဲ၊ သူ့ရဲ့အတွင်းချီအသုံးပြုနည်းက သိပ်တိကျလွန်းလို့ တုတ်က ဘာမှမဖြစ်တာ။ သူတောင်းစားဂိုဏ်းမှာ သူတို့ခွေးရိုက်တုတ်မရှိတော့တာ ချင်းမင်းဆက်ခေတ်ကတည်းပဲ။"
ဟုန်ဝေလင်းကတော့ သူတို့သုံးယောက်ထဲမှာ စွမ်းအားအကြီးဆုံးပါ။ A- မဟုတ်ဘဲ A အဆင့်အစစ်ဖြစ်ပြီး သူတို့အမှန်တကယ်အားကိုးရမယ့်သူလည်းဖြစ်တယ်။
"ဒီတော့ မြူတန့်သိပ္ပံအဖွဲ့အစည်းအကြောင်းပြောရအောင်။"
ဖရာလီတာက ထွင်းဖောက်မြင်နိုင်တဲ့ သူ့ဖုန်းက ခလုတ်တစ်ခုကို ထိလိုက်ပါတယ်။ သုံးဖက်မြင် ဟော်လိုဂရမ်ပုံရိပ်က အခန်းထဲမှာပေါ်လာပြီး ပုံရိပ်တွေကို ပြတ်သားတွေ ပြသနေတယ်။
"ပုံမှာမြင်နေရတဲ့မြေပုံက ဆုဗာနာမြေပုံပဲ။ အရှေ့မြောက်ဖက်မှာ ကမ္ဘာမှာတစ်ခုတည်းရှိတဲ့ ဇက်သတ္တုမိုင်းတွင်းတွေရှိတယ်။ အဲဒီနေရာကို တိုင်းပြည်စောင့်သားရဲက အချိန်ပြည့်စောင့်ရှောက်နေတယ်။"
ဖရာလီတာ ဒီအချက်အလက်တွေကို ရထားတာက သိပ်တော့ မထူးဆန်းပါဘူး။ နယ်စားဖိုးဖိုးကို သူတို့လုပ်ရမယ့် မစ်ရှင်အကြောင်းပြောပြတော့ နယ်စားဖိုးဖိုးက ဆုဗာနာတပ်ခွဲတစ်ခုကို သူတို့စိတ်ကြိုက်အမိန့်ပေးဖို့ ခွင့်ပြုပေးခဲ့ပြီး ဟီးရိုးအစည်းအရုံးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေကပါ သူတို့ကိုကူညီပေးကြပါတယ်။ ဒါကြောင့်လည်း မြူတန့်သိပ္ပံအဖွဲ့ကို ခြေရာခံဖို့က သူတို့အတွက် သိပ်မခက်ခဲတော့ဘူး။
"အရင်တစ်ခါ မြူတန့်သိပ္ပံတွေရဲ့လှုပ်ရှားမှုကို တွေ့ခဲ့ရတာက အဲဒီပတ်ပတ်လည်မှာ။ ကင်းထောက်တပ်ဖွဲ့အဆိုအရတော့ ဖြစ်နိုင်ခြေအများဆုံးကတော့ သူတို့ထဲမှာ အားအကောင်းဆုံးဖြစ်တဲ့ စင်တီပဲ။"
မက်ဒါနာကလည်း ဝင်ပြောလိုက်တယ်။ "ဒီတော့ S rankရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရမှာတော့ သေချာနေပြီပေါ့။ အရှေ့မြောက်ဖက်က တရုတ်နဲ့အနီးဆုံးဆိုတော့ သူတို့က တရုတ်ဆုဗာနာနယ်စပ်မှာ စခန်းချနေတာ ဖြစ်နိုင်တယ်။" ဖရာလီတာကတော့ မက်ဒါနာစကားကို ငြင်းပါတယ်။
"ဟင့်အင်း...တရုတ်ဆုဗာနာနယ်စပ်က တကယ်တော့ တောင်တန်းကြီးတွေ ကာစီးနေတဲ့ နေရာသက်သက်ပဲ။ ဒီတော့ သူတို့က ငါတို့နယ်မြေထဲမှာ စခန်းချမှ စစ်ဆင်ရေးကို ကွပ်ကဲလို့ရမှာ။ ဖြစ်နိုင်ခြေရှိတာက ပုရွက်ဆိတ်တွေ တော်ရုံမသွားတတ်တဲ့နေရာမျိုးတွေမှာ စခန်းချနေလိမ့်မယ်။"
ဖရာလီတာက အနီရောင်စက်ဝိုင်းဝိုင်းထားတဲ့ အမှတ်အသား လေးနေရာလောက်ကို ညွန်ပြလိုက်တယ်။
"ဒီနေရာ၊ ဟိုနေရာရယ်... ဒီနေရာနဲ့ဒီနေရာ... အဲဒါတွေက တိုက်တန်အန့်တွေရဲ့ကင်းလှည့်ပိုင်နက်ထဲမှာပါဘူး။ တခြားအင်အားကြီး မြူတန့်သားရဲတွေရှိနေတော့ အကြောင်းမရှိဘဲ မသွားတတ်ကြဘူး။ အစာရှာရင်တောင် သူတို့ရှောင်သွားကြတယ်။"
ဆိုဖီယာကတော့ တွေးတွေးဆဆနဲ့ ဝင်ပြောပါတယ်။ "လက်ရှိမြူတန့်သိပ္ပံအဖွဲ့ရဲ့အင်အားနဲ့ဆိုရင် A rank မြူတန့်သားရဲတွေက သူတို့အတွက်အခက်မတွေ့စေဘူး။ ဆုဗာနာရဲ့မျက်လုံးတွေကရှောင်ဖို့အတွက် အဲဒီသားရဲတွေထဲက တစ်ကောင်ကောင်ကို ခိုးသတ်ပြီးတော့ စခန်းချထားလို့ရနိုင်တယ်။"
ပုရွက်ဆိတ်တွေက အင်အားကြီးရန်သူ့ပိုင်နက်နယ်မြေဆိုရင် ရှောင်သွားတတ်တဲ့အတွက်ကြောင့် ရန်သူက သေသွားရင်တောင် တစ်ခဏအတွင်း သူတို့သတိမထားမိနိုင်ပါဘူး။ ဒီအချိန်က မြူတန့်သိပ္ပံအတွက်တော့ အခွင့်ကောင်းပါပဲ။
"ပြဿနာက ဖြစ်နိုင်ခြေလေးနေရာရှိနေပြီး ငါတို့ကိုယ်တိုင် ကင်းထောက်ဖို့လိုနေတာမဟုတ်လား။ ဒါဆိုရင်တော့ သူတို့မသိအောင် လုပ်ဖို့လိုလိမ့်မယ်ထင်တယ်။ ဆိုဖီယာ... ဒီတစ်ခေါက် ဆုဗာနာကိုလာတာ သူတို့အင်အား ဘယ်လောက်ပါမယ်ထင်လဲ။"
မက်ဒါနာမေးလိုက်တော့ ဆိုဖီယာက သူ့လက်ချောင်းတွေကိုထုတ်ကြည့်ပြီး မြူတန့်သိပ္ပံအဖွဲ့ဝင် တစ်ယောက်ချင်းစီ စဥ်းစားကြည့်လိုက်တယ်။
"လင်းနို့၊ကျားသစ်နဲ့မြွေက သေသွားပြီ။ ပန်းမြူတန့်က ဒဏ်ရာရထားလို့ ခုတလော လှုပ်ရှားနိုင်ဦးမှာမဟုတ်ဘူး။ S rankအနေနဲ့က သူတို့မှာ ကင်းခြေများရှိမယ်။ သူတို့မှာရှိတဲ့ လက်ကျန် A rankက Mad doctor၊ ပင့်ကူ၊ ငါးမန်း၊ နွားချီးပိုးထိုး၊ B rankအနေနဲ့က ယုန်၊ ကဏန်းနဲ့ကြောင်။" အဲဒီနောက်တော့ ဆိုဖီယာက သူတို့မှာရှိနေတဲ့ အင်အားကို ပြန်တွက်ကြည့်ပါတယ်။
"ငါက လောလောဆယ် S rankလို့ ယူဆလို့ရတယ်။ A rankက မက်ဒါနာ၊ ဖရာလီတာ၊ ဟုန်ဝေလင်းနဲ့ဝမ်လျှိုအန်း လေးယောက်ရှိမယ်။ B rank အနေနဲ့ကလည်း မက်၊လယ်ရီ၊ မိုး၊ အယ်လိုဟင်၊ ဖုတုဟိုင် ငါးယောက်ရှိမယ်။ သူတို့မှာသာ တခြားအင်အားအပိုမရှိရင် ငါတို့က သူမသာကိုယ်မသာပဲ။"
မက်ဒါနာကတော့ လက်ရှိအခြေအနေကို သိပ်အကောင်းမမြင်သေးဘူး။ "ရန်သူကို လျှော့တွက်လို့ မဖြစ်သေးဘူး။ သူတို့ကို ရုရှားနဲ့တရုတ်က ထောက်ပံပေးထားလို့ မော်စကိုအစည်းအရုံးနဲ့ဘေကျင်းက ဟီးရိုးတပ်ကူတွေလည်း ရှိနေနိုင်သေးတယ်။ ပြဿနာက သူတို့စခန်းအတိအကျကို မသိသေးတာပဲ။ သိနေရင်တော့ ရုတ်တရက်ဝင်တိုက်ရင် ငါတို့သာလိမ့်မယ်။"
ကျန်တဲ့သူတွေအားလုံးလည်း ခေါင်းညိတ်လိုက်ကြတယ်။ သူတို့တွေ ရန်သူကိုတိုက်ဖို့အတွက် မလှုပ်ရှားသေးခင် ရန်သူရဲ့တည်နေရာကို အတည်ပြုဖို့ ကင်းထောက်မစ်ရှင် အရင်လုပ်ရပါမယ်။
၄။
ဒီနေ့က မိန့်ခွန်းပြောရမယ့် နေ့ကလေးပါ။
ပြောရရင်တော့ မက်ဒါနာမရောက်ချင်ဆုံး နေ့ကလေးပေါ့။ ဒါပေမဲ့လည်း အချိန်ဆိုတာက ခက်သားရယ်။ ဘဝဆိုတာက ဇာတ်လမ်းကြည့်သလိုမျိုး ကိုယ်မဖြတ်သန်းချင်တဲ့ အချိန်တွေကို ရစ်လိုက်လို့ရတာမျိုး မဟုတ်ဘူးလေ။
အဝတ်လဲခန်းထဲမှာတော့ မက်ဒါနာလေးကို စူးရှတဲ့မျက်လုံးတွေနဲ့ ပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ အိမ်စေမလေးတွေက ဝိုင်းရံထားကြတယ်။ ဆုဗာနာအိမ်စေမလေးတွေက သူတို့ဆိုင်ရာလူမျိုးအပေါ်မူတည်တဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြတာပါ။
ဗမာမလေးတွေက ဆံထုံးနဲ့ရင်ထိုးကို ဝတ်ဆင်ထားကြချိန်မှာ မန်တရုတ်လူမျိုးမလေးတွေကတော့ မန်ချူးရိုးရာ ပိုးဝတ်စုံလေးတွေနဲ့ပေါ့။ အိန္ဒိယမြောက်ပိုင်းသူလေးတွေကတော့ ဆာရီလေးတွေကိုယ်စီနဲ့။
"မမလေးက တော်ဝင်ဝတ်စုံနဲ့လိုက်ဖက်လိုက်တာ၊ တကယ်မင်းသမီးလေးကျနေတာပဲ။"
"အသားလေးကလည်း နှင်းပွင့်လေးတွေလို ဖြူနေတာပဲနော်။ ပြီးတော့ ဒီနေရာလေးကရော အစစ်လားဟင်။"
မက်ဒါနာတစ်ယောက် အသားလွတ်နေရင်း ဟိုကိုင်ဒီကိုင် ခံနေရတာကြောင့် ဒီအိမ်စေတွေက သူ့ကိုမင်းသမီးဝတ်စုံ ခြုံပေးနေတာမဟုတ်ဘဲ တမင်အသားယူနေကြတယ်လို့တောင် ထင်လာကြပြီ။
အခုလည်းကြည့်ဦးလေ၊ မန်ချူးမလေးတစ်ယောက်ဆိုရင် မက်ဒါနာ့လက်မောင်းကို သူ့ပါးနဲ့အပ်ပြီး ပွတ်နေတာ။ သူခွဲစည်းထားတဲ့ မန်ချူးဆံထုံးလေးနှစ်ခုက လျှံထွက်နေတဲ့ဆံစလေးတွေစူးလို့ မက်ဒါနာရဲ့အသားတွေတောင် နီရဲနေပြီ။
ဗမာဝတ်စုံနဲ့ကောင်မလေးနှစ်ယောက်ကတော့ မက်ဒါနာ့ဆံပင်ကို မြင်းမြီးပုံစံစည်းပေးနေကြတယ်။ ကံကောင်းတာက မက်ဒါနာရွေးထားတဲ့ဝတ်စုံက ပုဂံခေတ်ဝတ်စုံပုံဖြစ်ပြီး အင်းဝခေတ်ပုံစံမဟုတ်ဘူး။ ဒီတော့ မြတ်လွတ်တို့၊ ခရုချောင်တို့လိုမျိုး သိပ်ခက်တဲ့ ဆံပင်ထုံးဖွဲ့ပုံမျိုးနဲ့ မကြုံခဲ့ရဘူး။
နောက်ဆုံး ဆံပင်စည်းတာပြီးသွားပြီး အစေခံမလေးနှစ်ယောက်က သူ့ခေါင်းပေါ်ကို ရွှေရောင်နဖူးစည်းဆောင်းပေးလိုက်တယ်။
ပုဂံခေတ် ဆင်ယင်ထုံးဖွဲ့ပုံက အိန္ဒိယဝတ်စုံဆင်ယင်ပုံကို အခြေခံယူထားတာပါ။ အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်အနေနဲ့ မက်ဒါနာဟာ သူ့ကိုပေါ်မှာ ရင်စည်းနဲ့ခါးစည်းကိုပဲ ဝတ်ဆင်ရတဲ့အပြင် ရင်စည်းကအတိုမလို့ ဝမ်းဗိုက်ဖြူဖြူလေးက အထင်းသားပေါ်နေတယ်။ ခါးစည်းကတော့ ရိုးရာအတိုင်းမဟုတ်ဘဲ ဂါဝန်စကပ်အကွဲနဲ့တူပေမဲ့ လမ်းလျှောက်တိုင်း ပေါင်တံဖြူဖြူလေးက ရှေ့ထွက်လာမှာပါ။ နောက်မှာတော့ ခြုံထည်ကြီးတစ်ခုကို ရုံထားရတယ်။ လက်ဝတ်တန်ဆာအနေနဲ့ ရွှေနယားလက်ကျပ်ကို နှစ်ဖက်လုံးမှာဝတ်ဆင်ထားပေမဲ့ နားတောင်းကြီးတွေတော့ ဝတ်မထားဘူး။ နားဖောက်ရမှာ အင်မတန်ကြောက်ရှာသူလေးမလို့ပါ။
ဘာပဲပြောပြော အခုမက်ဒါနာက ရွှေနားကွပ်ထားတဲ့ အနီရောင်ပုဂံမင်းသမီးဝတ်စုံလေးနဲ့ နတ်သမီးလေးလိုလှနေပြီ။ ဘုရင်တွေခေတ်တုန်းကဆိုရင် ဒေဝီလို့တောင် အခေါ်ခံရနိုင်တယ်။
မက်ဒါနာအပြင်ထွက်လာတော့ တခြားနယ်စားမင်းသားတစ်ပါးဖြစ်တဲ့ ကောင်လေးဒီပက နံရံကိုမှီပြီး သူ့ကိုစောင့်နေပြီ။
"ဟေး... ခင်ဗျားတို့မိန်းကလေးတွေက အဝတ်အစားလဲတာ တော်တော်ကြာတာပဲ။ သူကတော့ ရွှေချည်ပါတဲ့ တောင်ရှည်ပုဆိုးကိုဝတ်ထားပြီး အပေါ်ကတော့နက်ပြာရောင် ပိုးချည်အင်္ကျီလက်ရှည်နဲ့ပါ။ ခေါင်းမှာလည်း နက်ပြာရောင်ခေါင်းပေါင်းပေါင်းထားသေးတယ်။
မက်ဒါနာလည်း သူ့ကိုမိန်းမအတုကြီးလို့ အမြဲခေါ်နေကျ ကောင်စုတ်လေးကိုတွေ့လိုက်ရတော့ နောက်ချင်စိတ်ပေါက်လာပြီး...
"ဒီတော့ နင်က ဟောဒီကအစ်မကြီးကို မိန်းကလေးစင်စစ်လို့ လက်ခံသွားပြီလား။" ကောင်လေးကတော့ ဒီစကားကြားတာနဲ့ ချက်ချင်းမျက်နှာကြီးနီရဲသွားပြီး ဒေါသနဲ့ အော်ဟစ်လိုက်တယ်။
"မိန်းမအတုကြီးက အတုကြီးပဲဟာကို။ ဘယ်လိုလုပ်လုပ် အစစ်ဖြစ်လာမှာမဟုတ်ဘူး။ ပြီးတော့ ဒီဝတ်စုံကရော ဘာလို့ဟိုဖော်ဒီဖော်ဖြစ်နေရတာလဲ၊ အဲဒီရင်စည်းကလည်း ဟိုအသားတုလုံးကြီးနှစ်ခုကို အတင်းဖော်ပြထားဖြစ်နေသေးတယ်။ အသားတုလုံးကြီးတွေနဲ့ တစ်နိုင်ငံလုံးကို ပြုစားဖို့ကြံစည်နေတာလား။"
မက်ဒါနာကတော့ သူ့ပန်းသီးအစစ်လေးတွေကို အတုလို့အပြောခံလိုက်ရတဲ့အတွက် ဒေါသအကြီးကြီးထွက်နေပြီ။ ဒါကြောင့် ကောင်စုတ်လေးနားကိုကပ်ပြီး ကောင်စုတ်လေးလက်တစ်ဖက်ကို ဖမ်းဆွဲလိုက်ရော။ အဲဒီနောက်တော့ ကိုယ်ကိုကိုင်းပြီး ကောင်စုတ်လေးလက်ကို သူ့ရင်ဘတ်နားဖြည်းဖြည်းချင်း တိုးကပ်လိုက်တယ်။
"နင်မယုံရင် ကိုင်ကြည့်ပါလား၊ ဒီလောက်နွေးနွေးလေးဖြစ်နေတာကို အတုဖြစ်မလားဟဲ့။"
မက်ဒါနာရဲ့ပန်းသီးလေးက သဘာဝဖြစ်တာကြောင့် မြေဆွဲအားကြောင့် အောက်ကိုနည်းနည်းလေး စိုက်ကျနေတယ်။ ပြီးတော့ ထိပ်သီးလေးတွေက ရှေ့ကိုမတ်မတ်ထောင်နေတာလေ။ အတုတွေက အဲဒီလိုမှမဟုတ်တာ။ ပြီးတော့ ဘောလုံးကြီးလိုမျိုး ကန်ထွက်တာမျိုးမရှိဘဲ သဘာဝကျကျလုံးလုံးကျစ်ကျစ်လေး။ ဒါပေါ့၊ ကောင်စုတ်လေးက ဒါတွေဘယ်လိုသိမှာလဲ။ ပြီးတော့ မက်ဒါနာက တမင်အနားကိုပဲကပ်အောင်လုပ်လိုက်တာ။ တကယ်မကိုင်ခိုင်းရသေးဘူး။
"ခ....ခင်ဗျား... အား....." အဲဒီနောက်တော့ ကောင်စုတ်လေးမျက်နှာက နီရဲသွားပြီး မျက်ရည်တွေပါ စီးကျလာတယ်။ နောက်တော့ စိတ်ရူးပေါက်ပြီး နေရာကနေ ထွက်ပြေးသွားတယ်။
"ခင်ဗျားကို အဖိုးနဲ့တိုင်ပြောမယ်။ စုန်းမကြီး..."
"...."
မက်ဒါနာကတော့ အောင်ပွဲရသွားတဲ့ စစ်သူကြီးလိုမျိုး ပြုံးစိစိမျက်နှာကြီးနဲ့ ခါးထောက်ပြီး ထွက်ပြေးသွားတဲ့ ကောင်လေးနောက်ကျောကို ကြည့်နေလိုက်တယ်။
မိန့်ခွန်းပြောမယ့်နေရာက မြို့လယ်ခေါင်မှာရှိတဲ့ ပြည်သူ့ရင်ပြင်မှာပါ။ ဒါကြောင့် မက်ဒါနာအနေနဲ့ နယ်စားနန်းတော်ကနေ လှေစီးထွက်ပြီး တစ်ဖက်ကမ်းကို ကူးဖို့လိုအပ်ပါတယ်။ မက်ဒါနာ တော်ဝင်လှေပေါ်ကိုရောက်တော့ လှေပေါ်မှာလူစုံနေပြီ။ နယ်စားကြီးကတော့ ကောင်စုတ်လေးကိုမတွေ့လို့ မက်ဒါနာကို မေးလိုက်ပါတယ်။
"ကောင်လေးဒီပရော၊ မြေးမလေးနောက်ကျနေလို့ သူ့ကို အဖိုးခေါ်ခိုင်းလိုက်တာလေ။ မရောက်ဘာဘူးလား။"
မက်ဒါနာကတော့ အပြစ်လုပ်ထားမိဟန်နဲ့ အဖိုးဖြစ်သူကို ပြုံးပြလိုက်ပြီး ပြောလိုက်တယ်။ "သမီးသူ့ကို နည်းနည်းစလိုက်လို့ ထွက်ပြေးသွားတယ်လေ။"
"ဟားဟားဟား... အဖိုးက မြေးနဲ့ကောင်စုတ်လေး မတည့်ဘူးထင်နေတာ။ တစ်ယောက်နဲ့တစ်ယောက် စတဲ့နောက်တဲ့အဆင့်အထိတောင် ခင်နေကြပြီလား။" နယ်စားဖိုးဖိုးကတော့ မက်ဒါနာတို့ရဲ့အခြေအနေကို အထင်မှားနေပုံပဲ။ အားရပါးရရယ်လိုက်လို့ ပါးရေနားရေတွန့်နေတဲ့ သူ့မျက်နှာကြီးတောင် ပြန်နုပျိုသွားတယ်။
ခဏထပ်စောင့်ပြီးတဲ့နောက်တော့ ကောင်စုတ်လေးကို အစေခံမလေးတွေက ဝိုင်းဖမ်းပြီး လှေပေါ်ကို ပြန်လာပို့ပေးကြတယ်။ ကောင်လေးက ရုန်းကန်နေပေမဲ့ မလွတ်ရှာဘူး။
"ငါ အဲဒီအတုမကြီးနဲ့ တစ်လှေတည်းမစီးနိုင်ဘူး။ အား...."
"သခင်လေးကလည်း... နယ်စားကြီးကိုယ်တိုင်တက်မယ့်ပွဲမှာ သခင်လေးမပါလို့မရဘူးလေ။"
သူတို့ရုန်းကန်နေလို့ မိန့်ခွန်းပြောမယ့်အချိန်က ဆယ့်ငါးမိနစ်လောက်တောင် နောက်ကျနေပြီ။ နောက်ဆုံး နယ်စားဖိုးဖိုးက ကောင်စုတ်လေးကို မျက်စောင်းထိုးလိုက်မှ ငြိမ်ကျသွားပြီး လှေထွက်လို့ရသွားတယ်။
လှေပေါ်မှာတော့ မက်ဒါနာနဲ့အတူပါလာတဲ့ အေမီက နားနားကပ်ပြီး ပြောလိုက်တယ်။ "သခင်မလေးကို သူမိန်းကလေးမှန်းလက်ခံသွားအောင်လို့ ကျွန်မကူညီပေးလို့ရမလား။"
မက်ဒါနာလည်း မျက်ခုံးပင့်လိုက်ပြီး အေမီကိုမေးလိုက်တယ်။ "ဟုတ်လား... နင့်အကြံကို ပြောပါဦး။" တကယ်သာ အလုပ်ဖြစ်မယ့်အကြံဆိုရင် သူအသုံးချရမယ်။ ကောင်စုတ်လေးတစ်ယောက် သူ့ကိုနေ့တိုင်းပြဿနာရှာနေတာ သူစိတ်ဆင်းရဲလှပြီ။
"မမလေး မီးနီလင်းနေတဲ့အကြောင်း ပြောပြလိုက်မယ်လေ။ အတုမတွေက အဲဒီလိုမှမဖြစ်တာ။ သူမယုံရင် ဗီဒီယိုသက်သေပြပေးလိုက်မယ်လေ။ ဒါမှမယုံသေးရင် ပစ္စည်းသက်သေတွေပါ ထုတ်ပြပေး...."
"အေမီ" မက်ဒါနာလည်း လေသံပြတ်ပြတ်နဲ့ပြောလိုက်ပြီး သူ့ရဲ့အသုံးမကျတဲ့ အိမ်စေမိန်းကလေးကို
ချက်ချင်းလှေပေါ်ကနေ ပစ်ချတော့မယ့်မျက်နှာနဲ့ ကြည့်လိုက်တယ်။ 'ဒီဟာမက ဘယ်တုန်းကတည်းက ငါ့ပစ္စည်းသက်သေတွေ စုထားတာလဲ။'
နာရီဝက်လောက်ကြာတော့ သူတို့တွေ ဆုဗာနာမြို့တော်ခန်းမရှေ့က ပြည်သူ့ရင်ပြင်ကို ရောက်နေပြီ။ ထောင်သောင်းချီတဲ့ ပြည်သူတွေက အဲဒီမှာရပ်စောင့်နေကြပြီး သူတို့မိန့်ခွန်းပြောမှာကို မျှော်နေကြတယ်။ မက်ဒါနာလည်း အခုမှ သူတို့ကိုယ်စားစိတ်မကောင်းဖြစ်သွားတယ်။
ပြည်သူ့ရင်ပြင်က အလယ်မှာဆုဗာနာ လေးပွင့်ဆိုင်စစ်ပွဲ အမှတ်တရကျောက်တိုင်ကြီးရှိတဲ့ အမိုးအကာမဲ့ရင်ပြင်ကြီးပါ။ အေးချမ်းတဲ့ ရာသီဥတုကိုအန်တုပြီး ပြည်သူတွေက သူတို့ကိုစောင့်နေကြတာလေ။
နယ်စားကြီးရဲ့ကား ရင်ပြင်ထဲဝင်လာတော့ အခမ်းအနားမှူးက အော်ဟစ်လိုက်တယ်။ "အားလုံးပဲ၊ နယ်စားကြီးကို အရိုအသေပေးကြပါ။"
အဲဒီနောက်တော့ သူတို့အားလုံး ဘာမှခင်းမထားတဲ့ ကြမ်းပြင်ပေါ်မှာ ကိုယ်ကိုကျုံပြီး ထိုင်ချလိုက်ကြတယ်။ ဘယ်သူမှ နယ်စားကြီးကို ခေါင်းမော်မကြည့်ကြဘူး။
နယ်စားမိသားစု စင်မြင့်ပေါ်ရောက်သွားပြီးတဲ့နောက်မှ နယ်စားကြီးက မိုက်နားကိုသွားလိုက်ပြီး ပြည်သူတွေကို ပုံမှန်အတိုင်းနေကြဖို့ အမိန့်ပေးလိုက်တယ်။
"ပုံမှန်အတိုင်းနေကြပါ။"
"ကြီးမြတ်တဲ့နယ်စားကြီး သက်ကျော်ရာကျော်ရှည်ပါစေ။" သူတို့အားလုံး သံပြိုင်ကြွေးကြော်ကြရင်း ပြန်မတ်တပ်ရပ်လိုက်ကြတယ်။ နယ်စားကြီးက မိန့်ခွန်းစပြောနေပါပြီ။
"အားလုံးပဲ၊ အရင်က ကျုပ်ကြေညာထားခဲ့တဲ့ နယ်စားဆက်ခံသူရွေးချယ်မယ့်ကိစ္စအတွက် စိတ်ရှုပ်နေကြမှန်း ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ ဒီလိုမလုပ်မဖြစ်တော့လို့ပါ။"
နယ်စားကြီးစကားစပြောတာနဲ့ တခြားသူတွေအားလုံး တိတ်ဆိတ်သွားကြပါတယ်။ သူတို့အားလုံးက နယ်စားကြီးကိုပဲ ဂရုတစိုက်ကြည့်နေကြတယ်။ လူအုပ်ထဲမှာ ရှိနေသူတွေက လူတန်းစားအစုံပါပဲ။ ဝတ်ကောင်းစားလှတွေနဲ့ သူကောင်းမျိုးတွေရှိကြသလို သာမန်လူတန်းစားတွေလည်း ရှိကြပါတယ်။ စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားတဲ့ ဆင်းရဲသားတွေလည်း ရှိနေကြတယ်။ လူတန်းစားမတူညီကြပေမဲ့ သူတို့အားလုံးက နယ်စားကြီးရှေ့မှာ အခွင့်ထူးဆိုတာမရဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး နားထောင်နေကြရတာပါ။ ကြည့်ရတာ ဒီနိုင်ငံမှာမိန့်ခွန်းပြောပြီဆိုရင် ထိုင်ပြီးနားထောင်လို့မရဘူးထင်တယ်။
နိုင်ငံရပ်ခြားက သံတမန်တွေ၊ ဂျာနယ်လစ်တွေကလည်း အလားတူပဲရပ်နေကြရပြီးတော့ မှတ်တမ်းယူနေကြပါတယ်။ နယ်စားကြီးက ဆက်ပြောတယ်။
"ကျုပ်အသက်က ခြောက်ဆယ့်ငါးနှစ်ထဲ ဝင်လာပြီ။ ဒီနိုင်ငံရဲ့ဝန်ထမ်းတွေ ပင်စင်ယူရမယ့်အသက်ထက် ငါးနှစ်စွန်းနေပြီ။ ကျုပ်နဲ့အတူတာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ရဲဖက်တော်တော်များများလည်း အသက်အရွယ်ကြောင့် ဒီလောကကြီးမှာ ရှိမနေကြတော့ပါဘူး။ ကျုပ်လက်ထက်မှာ ဆုဗာနာဟာ သမိုင်းတစ်လျှောက် မုန်တိုင်းအထန်ဆုံးဖြစ်ခဲ့တယ်။ နှစ်ပေါင်းလေးဆယ်ကြာတဲ့ အရှည်ကြာဆုံးတိုင်းပြည်စစ်ပွဲဒဏ်ကို ခံစားခဲ့ရပြီး စစ်ပွဲပြီးလို့ဆယ်နှစ်ကြာတာတောင် ခင်ဗျားတို့ထဲမှာ ဘဝသစ်မစနိုင်သေးသူတွေ ရှိနေသေးတာ ကျုပ်မြင်နေရတယ်။"
နယ်စားကြီးက ဟိုးနောက်ဆုံးမှာရပ်နေပြီး သူတို့ကိုယ်သူတို့ သူများမမြင်အောင်ကြိုးစားနေကြတဲ့ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ မိသားစုဝင်တွေကို လှမ်းမျှော်ကြည့်ရင်း ပြောလိုက်တယ်။ အဲဒီမိသားစုဝင်တွေအားလုံး နယ်စားကြီးစကားကြောင့် မျက်ရည်တွေဝိုင်းနေကြတယ်။
"စစ်ပွဲကာလမှာ ဘယ်နိုင်ငံရဲ့အကူအညီကိုမှ ကျုပ်တို့မရခဲ့ပါဘူး။ ကျုပ်တို့ခွန်အားတွေနဲ့ပဲ ဖြတ်ကျော်ခဲ့ကြတာပါ။ ကျုပ်ဒီနိုင်ငံကြီးကို ဦးဆောင်ခဲ့တာ လူမမယ်ဘဝကတည်းကပေမဲ့ အခုတော့ တတိယအရွယ်ကိုရောက်လာပြီ။ နောက်မျိုးဆက်တွေအလှည့်ကို ရောက်လာပြီ။ ဒီနိုင်ငံကို နောက်ရာစုနှစ်တစ်ဝက်စာ ကာကွယ်ပေးနိုင်မယ့် လူတွေဆီ ကျုပ်တာဝန်လွှဲပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျုပ်အလှည့်က ပြီးသွားပါပြီ၊ အခုက ဆုဗာနာရဲ့အကြီးဆုံးမင်းသမီး မိန့်ခွန်းပြောပြီး တိုင်းပြည်ကိုဦးဆောင်ရမယ့်အလှည့်ပါ။"
နယ်စားကြီးရဲ့စကားအဆုံးမှာတော့ အောက်ကလူအုပ်ကြီးရဲ့ခံစားချက်တွေက အမျိုးမျိုးပါ။ တချို့က ဝမ်းနည်းနေပြီး၊ တချို့ကတော့ အဖြစ်မှန်ကို လက်မခံနိုင်ကြဘူး၊ တချို့ကတော့ မခံမရပ်နိုင်ဖြစ်နေကြတယ်။
စင်နောက်မှာရှိနေသေးတဲ့ မက်ဒါနာကတော့ လူအုပ်ကြီးကိုကြည့်ရင်း တံထွေးမျိုချလိုက်တယ်။ သူ့ကိုဒေါသထွက်ပြီး ဆုဗာနာပြည်သူတွေ စင်ပေါ်တက် မသောင်းကျန်းလောက်ပါဘူးနော်။ ဖိနပ်တွေနဲ့ဝိုင်းပေါက်ရင်ရော ဘယ်လိုလုပ်မလဲ။ ဒါကြောင့် မက်ဒါနာ လက်သီးကိုတင်းတင်းဆုပ်ထားလိုက်တယ်။
အတွေ့အကြုံရှိတဲ့ ဖရာလီတာကတော့ ဘာမှမစိုးရိမ်ဖို့ ပြောရှာပါတယ်။ "မိန့်ခွန်းပြောတာက ဒီလောက်မခက်ခဲပါဘူး။ နင့်ကိုတော်ဝင်အတွင်းဝန်က ရေးပြီးသား မိန့်ခွန်းစာရွက်ကျက်ခိုင်းထားတယ်မလား။ အဲဒီအတိုင်း ပြောရုံပဲလေ။"
"တကယ်လို့ ငါမေ့သွားရင်ရော..." မက်ဒါနာရဲ့ဓာတ်ပုံမှတ်ဉာဏ်နဲ့ဆိုရင် ပုံမှန်အားဖြင့် ဒီလိုအရာတွေကို မေ့စရာအကြောင်းမရှိဘူး။ ဒါပေမဲ့ လူတစ်သောင်းကျော်ရဲ့မျက်လုံးရှေ့မှာဆိုရင် သူဘာမှစဥ်းစားနိုင်တော့မှာမဟုတ်ဘူး။
"ဒါဆိုရင်တော့ နင့်နှလုံးသားထဲက အပြောချင်ဆုံးစကားတွေကိုသာ ရိုးရိုးသားသားနဲ့ ပြောချပစ်လိုက်။"
ဖရာလီတာ တစ်ခုခုပြောခါနီး ဆိုဖီယာက ဝင်ပြောလိုက်တယ်။ မက်ဒါနာကတော့ ဆိုဖီယာကို တစ်ချက်ကြည့်လိုက်ပြီယ မျက်လုံးကိုမှိတ် အသက်ပြင်းပြင်းရှူလိုက်တယ်။
အဲဒီနောက်တော့ သူဖြည်းဖြည်းချင်း စင်ပေါ်ကို တက်သွားလိုက်တယ်။ အခမ်းအနားမှူးဆီက သူမိုက်ကို စရရချင်းမှာတော့ လူအုပ်ကြီးကိုမကြည့်ဘဲ စာကျက်ထားသလိုမျိုး မိန့်ခွန်းစာရွက်ထဲက အကြောင်းအရာတွေကို ပြောချလိုက်တယ်။
"ကျွန်မက ဆုဗာနာရဲ့အကြီးဆုံးမင်းသမီး မက်ဒါနာပါ။ အမေရိကန်ကနေပြီး ဒီကိုလာခဲ့တယ်... ပြီးတော့... ပြီးတော့..." မက်ဒါနာတစ်ယောက် အမှတ်မထင် စင်အောက်က လူအုပ်ကြီးကို ကြည့်မိသွားချိန်မှာတော့ စာရွက်ထဲက စာသားတွေကို ဘာမှမမှတ်မိတော့ဘူး။
'အပွင့်လင်းဆုံး ပြောရမယ်၊ ဟုတ်လား။' မက်ဒါနာ သွားပေါ်တဲ့အထိ ပြုံးလိုက်ပြီးတော့ ခပ်ညစ်ညစ်ရယ်လိုက်တယ်။ နောက်တော့ လူအုပ်ကြီးကို မျက်မှောင် ကုပ်ကြည့်ရင်း ပြောလိုက်ပါပြီ။
"ရှင်တို့ထဲမှာ ကျွန်မကို သဘောမကျတဲ့လူတွေရှိနေမှန်း ကျွန်မသိတယ်။ ကျွန်မက အရင်တုန်းက ယောက်ျားလေးတစ်ယောက်၊ အခုထိလည်း မိန်းကလေးတစ်ယောက်ကို ကြိုက်ရမလား၊ ယောက်ျားလေးတစ်ယောက်ကို ကြိုက်ရမလား မသိသေးတဲ့သူ။ ဒါပေမဲ့ ကျွန်မက ဒီဘဝကို ရချင်လို့ရလာတာမဟုတ်ဘူး။ ကျွန်မလိုချင်တဲ့ အရာတစ်ခုအတွက် ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးပဲ။ ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် နယ်စားမင်းသမီးတစ်ယောက် ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့ဘူး။"
အသံကျယ်ကျယ်နဲ့ ပြောနေတဲ့ ဆန်ဖြူမိန်းကလေးရဲ့စကားတွေကြောင့် လူအုပ်ကြီးတစ်ခုလုံး မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ သူ့ကိုကြည့်နေကြပြီ။ ပြောရရင် နယ်စားကြီးကိုယ်တိုင်လည်း ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေတာ။ မက်ဒါနာကတော့ နောက်ထပ် လေကိုအားပါးတရရှိုက်သွင်းလိုက်ပြီး ဆက်ပြောလိုက်တယ်။
"ရှင်တို့ ကျွန်မကိုလက်မခံနိုင်တာ ကျွန်မသိတယ်။ ကျွန်မက ဒီနိုင်ငံကို ရောက်မလာခင်အထိ ဆုဗာနာဆိုတာကို ကြားဖူးရုံပဲရှိတာ။ ဒီကမုန့်နည်းနည်းကို စားဖူးလို့ ကြိုက်ချက်တော့ကြိုက်မယ်။ ဒါပေမဲ့ဒီနိုင်ငံကို ကျွန်မမချစ်ခင်ခဲ့ဘူး။ ခုမှဒီနိုင်ငံကို ရောက်ဖူးတဲ့လူတစ်ယောက်က ဒီနိုင်ငံကိုတာဝန်ယူနိုင်ပါ့မလားလို့ ရှင်တို့သံသယဖြစ်မှာပဲ။ ဟုတ်တယ်၊ ကျွန်မက ဒီတိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရမလဲမသိဘူး။ ကျွန်မကို အုပ်ချုပ်ခွင့်ပေးလိုက်ရင် တိုင်းပြည်တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားမှာပဲ။"
မက်ဒါနာရဲ့ပွင့်လင်းလွန်းအားကြီးတဲ့စကားတွေကြောင့် နားထောင်နေတဲ့ ပြည်သူတွေအကုန်လုံး ရယ်မောလိုက်ကြတယ်။ ထိပ်ဆုံးမှာရပ်နေတဲ့ သူကောင်းမျိုးတစ်ယောက်က သဘောကျသွားပြီး လက်ခုပ်တီးလိုက်တယ်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် လက်ခုပ်တီးရာကနေ လက်ခုပ်သံတွေ သောသောညံ့သွားတယ်။ မက်ဒါနာကတော့ ဆက်ပြောနေပါပြီ။
"ပြီးတော့ ကျွန်မကို ဆက်ခံသူဖြစ်အောင် ဘယ်သူတွေ အကြံပေးခဲ့တာလဲသိလား။ ပြင်ပအခြေအနေတွေကို ဘာမှမသိတဲ့ ဆောင်းတွင်းကြီးအဲကွန်းဖွင့်ပြီး နေနေကြတဲ့ သူကောင်းမျိုးတွေလေ။ သူတို့က တခြားရွေးစရာဆိုတာ မရှိတော့တဲ့ပုံစံမျိုးနဲ့ ကျွန်မကို ရွေးလိုက်ကြတာ။"
ဒီတစ်ခါတော့ လက်ခုပ်တီးနေခဲ့တဲ့ သူကောင်းမျိုးတွေအားလုံး မျက်နှာကြီးတွေ တည်တည်ကြိးဖြစ်ကုန်ကြတယ်။ သူတို့ဘာလုပ်လို့လုပ်ရမှန်း မသိကြတော့ဘူး။
"ဟေး... ရှင်တို့တွေ၊ ဒီနေရာမှာ တခြားနယ်စားမင်းသားတစ်ယောက် ရှိနေသေးတာကို မမြင်ကြတာလား။ သူက ငယ်ငယ်လေးကတည်းက ဒီနိုင်ငံမှာနေတယ်။ ရှင်တို့နဲ့တူညီတဲ့ လေကိုရှူပြီး တူညီတဲ့ရေကိုသောက်တယ်။ တကယ်တော့ ဒီနိုင်ငံရဲ့မြို့တော်နာမည်ကို မနေ့တစ်နေ့ကမှ ကျွန်မမှန်အောင်ခေါ်နိုင်ခဲ့တာ။ ဒါပေမဲ့ ဒီကောင်လေးကတော့ စူပါဟီးရိုးအနေနဲ့ ဒီနိုင်ငံကို ကာကွယ်ပေးနေပြီ။ He is like a new Kiloman. ah I mean... သူက ကီလိုမန်းလက်သစ်လေးဖြစ်နေပြီ။ ကျွန်မက ဒီနိုင်ငံလေးရဲ့အကြောင်းတွေကိုမသိလို့ Wikiမှာရှာဖတ်နေချိန်မှာ ဒီကောင်လေးကတော့ ဘိုးဘေးတွေရဲ့ခြေရာကို နင်းဖို့ကြိုးစားနေပြီ။ ဒါပေမဲ့ သူ့ရဲ့အားထုတ်မှုတွေကို လစ်လျူရှုပြီးတော့ ဘာလို့ကျွန်မကို ရွေးကြတာလဲ။ မိခင်က မျိုးရိုးနိမ့်နေလို့ သက်သက်နဲ့ ဒီလိုရွေးတာလား။ ကျွန်မ သူတို့နိုင်ငံကို တရုတ်ဆီရောင်းစားပစ်မှာ သူတို့မကြောက်ကြဘူးလား။"
မက်ဒါနာက နောက်တစ်ခါ အသက်ရှူဖို့အတွက် ခဏနားလိုက်တယ်။ လူအုပ်ထဲမှာရှိနေတဲ့ သူကောင်းမျိုးတွေကတော့ သိပ်မျက်နှာမကောင်းကြဘူး။ သာမန်လူတန်းစားတွေနဲ့ဆင်းရဲသားတွေကတော့ အော်ဟစ်ပြီး အားပေးနေကြတယ်။
"မင်းသမီးလေးပြောတာ ဘောင်ကျော်နေပေမဲ့၊ အမှန်တရားပဲ။"
"ကပ်ဘိနက်အဖွဲ့က တကယ်ပဲအမြင်မရှိဘူး။"
ကောင်စုတ်လေးကတော့ ထင်မထားဘဲ သူအမြင်အကပ်ဆုံး အစ်မဖြစ်သူက သူ့အတွက်မဲဆွယ်ပေးနေတာမြင်နေရလို့ မျက်နှာကြီးနီရဲနေပြီ။ မက်ဒါနာကတော့ လက်ကိုထောင်ပြပြီး ဆူညံ့နေတဲ့ လူအုပ်ကြီးကို ငြိမ်ခိုင်းလိုက်တယ်။
"ကျွန်မပြောမယ်... ဆုဗာနာမှာ လူပေါင်းသန်းနဲ့ချီပြီးရှိတယ်။ ဒီနိုင်ငံရဲ့ကံကြမ္မာက ရှင်တို့ကံကြမ္မာတွေနဲ့ ထပ်တူပဲ။ တိုင်းပြည်ကံကြမ္မာကို ဘယ်တုန်းက ရုံးခန်းထဲထိုင်နေတဲ့ အထွေထွေမန်နေဂျာအဆင့် ဆယ့်နှစ်ယောက်က ဆုံးဖြတ်ခွင့်ရသွားတာလဲ။ စိတ်တိုလွန်းလို့ သေတော့မယ်။ ကျွန်မပြောနေတာက ကျွန်မမောင်လေးအတွက် မဲဆွယ်နေတာမဟုတ်ဘူး။ ၁၂ ယောက်အဖွဲ့လေးက အခုလိုလူမှားပြီး နန်းတင်မိတာမျိုးမဖြစ်အောင် ပြောနေရတာပါ။ ဆုဗာနာက နယ်စားနယ်မြေတစ်ခုဖြစ်ရင်ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ အခုခေတ်ရေစီးအရ ကိုယ့်နိုင်ငံရဲ့နယ်စားဖြစ်သင့်သူကို မဲခွဲရွေးချယ်ကြရင် မကောင်းဘူးလား။"
ပြည်သူတွေအားလုံး ခေါင်းညိတ်လိုက်ကြတယ်။ တချို့လစ်ဘရယ်ယိမ်းတဲ့ သူကောင်းမျိုးတွေတောင် မဆိုးဘူးလို့ စတွေးလာကြပြီ။ လူအုပ်ထဲမှာရှိနေတဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေဖြစ်တဲ့ ပညာရေးဝန်ကြီးနဲ့အဖွဲ့ကတော့ ထခုန်မတက်ဖြစ်နေကြတယ်။
"ဒါက သိပ်ကောင်းတဲ့ အရွေ့တစ်ခုပဲ။"
မက်ဒါနာက နောက်ဆုံးအနေနဲ့ မိုက်နားကိုကပ်ပြီး ထပ်ပြောလိုက်တယ်။ "အခု ကျွန်မမက်ဒါနာကနေပြီး မောင်လေးဒီပကို တရားမျှတစွာယှဥ်ပြိုင်ဖို့ စိန်ခေါ်မယ်။ ပြီးတော့ တော်ဝင်ရွေးကောက်ပွဲကိုခွင့်ပြုပေးဖို့ ကပ်ဘိနက်အဖွဲ့ကို ကိုယ်တိုင်အဆိုပြုမယ်။
ဆုဗာနာကို နောက်တစ်ကြိမ်ကြီးမြတ်လာအောင် လုပ်ကြတာပေါ့။"
မက်ဒါနာရဲ့စကားအဆုံးမှာတော့ လူအုပ်ကြီးရဲ့အော်သံက ရင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေရဲ့။
၅။
မက်ဒါနာတို့ရဲ့အုပ်စုလေးက သူတို့ကိုပေးထားတဲ့ အခန်းတွေထဲကနေ လျှို့ဝှက်စွာ ခိုးထွက်လာကြတယ်။ ဆိုဖီယာက ကောင်စုတ်လေးဒီပကိုပါ ခေါ်လာဖို့အတွက် တစ်ဖွဲ့လုံးကို အကြံပေးထားပါတယ်။
"ငါတို့ကို ဆုဗာနာက ကျောထောက်နောက်ခံပေးထားပေမဲ့ အခုက နယ်စားနန်းတော်ကို နိုင်ငံတကာက မျက်စိဒေါက်ထောက်ကြည့်နေတာ။ မူမမှန်တဲ့ လှုပ်ရှားမှုမျိုးရှိလာရင် မြူတန့်သိပ္ပံအဖွဲ့ကပါ သတိထားမိသွားလိမ့်မယ်။ ဒါကြောင့် နယ်စားစစ်တပ်က လှုပ်ရှားနိုင်မှာမဟုတ်ဘူး။"
မြူတန့်သိပ္ပံအဖွဲ့က သူတို့ထက်အင်အားမနည်းတဲ့အပြင် တစ်ကမ္ဘာလုံးမှာပါ အဆက်အသွယ်ရှိနေမှန်း မေ့ထားလို့မရပါဘူး။ မက်ဒါနာမိန့်ခွန်းပြောပြီးတဲ့အချိန်မှာ နိုင်ငံအသီးသီးက သံတမန်တွေ တဖွဲဖွဲရောက်လာနေကြပါပြီ။ သူတို့ရဲ့ရန်သူတွေဖြစ်တဲ့ တရုတ်ဖက်က ရှားမိသားစုကလည်း တက်ရောက်ဦးမှာပါ။
"ကောင်လေးဒီက နောက်တန်းနေဟီးရိုးဆိုပေမဲ့ ခြေရာခံနိုင်စွမ်းက ငါတို့ထဲမှာအမြင့်ဆုံးပဲ။ ဒါကြောင့် သူ့ကို့သုံးချရမယ်။"
မက်ဒါနာ၊ ဖရာလီတာနဲ့ ဆိုဖီယာတို့က ကောင်လေးဒီပအခန်းကို တံခါးခေါက်လိုက်တယ်။ သိပ်မကြာခင်မှာပဲ အထဲကနေပြီး ပြန်ထူးသံထွက်လာတယ်။
"ဘယ်သူလဲ၊ ညစာလာပို့တာလား။"
မက်ဒါနာကလည်း တရင်းတနှီးပဲ ကောင်လေးဒီပကို လှမ်းခေါ်လိုက်တယ်။ "မောင်လေးရေ၊ အစ်မတို့ပါ ဝင်လာပြီနော်။" အဲဒီနောက်တော့ မက်ဒါနာတစ်ယောက် အထဲက တံခါးဖွင့်ပေးတာကို စောင့်မနေတော့ဘဲ တံခါးကိုအပြင်ကနေ တွန်းဖွင့်လိုက်လေရဲ့။
"ဟေး၊ နေဦးလေ။ ဘာလို့ပြန်ထူးတာမစောင်ဘဲ ဝင်လာရတာလဲ။" ကောင်လေးဒီပကိုယ်ပေါ်မှာ အခုလောလောဆယ် ရေချိုးခန်းသုံးပုဝါလေးပဲရှိနေတာ။ မိန်းမလှလေးသုံးယောက်က အခုလိုအခြေအနေမျိုးမှာ အထဲကိုဝင်လာတဲ့အတွက် တော်တော်ရှက်သွားပုံပဲ။ သူက ချက်ချင်းပဲ ဆိုဖာထိုင်ခုံနောက်ကို ပြေးဝင်သွားတယ်။
"ဘာလို့ အထဲကဖွင့်မပေးသေးဘဲ ဝင်လာတာလဲ။ ယဥ်ကျေးမှုနားမလည်ဘူးလား။" ကောင်စုတ်လေးက ခုံနောက်ကနေ ခေါင်းထောင်ပြီး လှမ်းအော်ပြောလိုက်တယ်။
မက်ဒါနာကတော့ သူ့ဘေးမှာရှိနေတဲ့ ဖရာလီတာကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ်။ "သူကောင်းမျိုးတွေမှာ အဲဒီလိုထုံးစံမျိုးရှိတာလား။"
"တကယ်တော့ သာမန်လူတွေအတွက်လည်း အတူတူပဲ။" ဖရာလီတာက ပုခုံးတွန့်ပြပြီး ပြောလိုက်တယ်။ သူများအခန်းထဲ အတင်းဝင်တာက ယဥ်ကျေးရာမကျဘူး။
မက်ဒါနာက သူ့လက်ထဲမှာပါလာတဲ့ ငွေရောင်သတ္တုသေတ္တာကို ပစ်ချလိုက်ပြီးတဲ့နောက် လက်ပိုက်ပြီး ကောင်စုတ်လေးကို ပြောလိုက်တယ်။
"ဒီအစ်မကြီးက ဆုဗာနာမှာမစ်ရှင်လုပ်ဖို့အတွက် နယ်ခံဟီးရိုးတစ်ယောက်ကို ရှာနေတာ။ ကူညီနိုင်တယ်မဟုတ်လား။"
ခဏလောက်ကြာတော့ သူတို့အဖွဲ့လေးက ကောင်လေးကို အကုန်လုံးရှင်းပြပြီးသွားတယ်။ အဝတ်သေချာဝတ်ပြီးပြီဖြစ်တဲ့ ဆယ်ကျော်သက်ကောင်လေးက ထင်မထားဘဲ သဘောတူလိုက်တယ်။
"ခင်ဗျားတို့ပြောတာက ဆုဗာနာနယ်မြေထဲကို ကမ္ဘာ့နာမည်ကြီးဗီလိန်အုပ်စုက ခိုးဝင်လာပြီးတော့ သတ္တုတွေ ခိုးထုတ်ချင်နေတယ်လို့လား။"
ဖရာလီတာကတော့ နည်းနည်းလေး ပိုဖြဲခြောက်ပြလိုက်တယ်။ "ပြီးတော့ သူလိုချင်တဲ့ ပိုပြီးအဖိုးတန်တာတစ်ခုခုရှိနိုင်သေးတယ်။"
"ကောင်းပြီ၊ ဆုဗာနာရဲ့ဟီးရိုးတစ်ယောက်အနေနဲ့ ကျွန်တော်သဘောတူတယ်။"
ဒီလိုနဲ့ သူတို့အုပ်စုလေးက နယ်စားနန်းတော်ရှိတဲ့ ကျွန်းကနေပြီး သာမန်လှေလေးကိုစီးကာ မြို့ပေါ်ကို တက်လာခဲ့တယ်။ ဖရာလီတာကတော့ သူ့ဖုန်းက သတင်းအချက်အလက်တွေကိုကြည့်ရင်း အားလုံးကို ပြောလိုက်ပါပြီ။
"ခန်ရှီးအမိန့်တော်အဖွဲ့က မြို့ထဲမှာ ငါတို့ကို အသင့်စောင့်နေလိမ့်မယ်။" နိုင်ငံတကာက သံတမန်တွေ နယ်စားနန်းတော်ကို ရောက်ရှိလာပြီးနောက်တော့ ခန်ရှီးအမိန့်တော်အဖွဲ့က နယ်စားနန်းတော်မှာ မနေတော့ဘဲ မြို့ထဲကို ပြောင်းနေပါတယ်။ သတင်းအချက်အလက် ပေါက်ကြားတာကို ကာကွယ်ဖို့အတွက်ပါ။
ညအချိန်ကြီး သူတို့တွေက သာမန်လှေလေးတစ်ခုနဲ့ ရေကန်ကို ကျော်ဖြတ်နေရတဲ့အတွက် အေးစက်စက်လေတွေက သူတို့မျက်နှာကို ဖြတ်တိုက်နေတယ်။ မက်ဒါနာကတော့ ကြယ်တွေကိုတောင်မမြင်ရလောက်အောင် မှောင်မည်းနေတဲ့ တိမ်ထူထူကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ လခြမ်းကွေးသဏ္ဍာန် လမင်းကြီးရဲ့အလင်းရောင်က သူတို့ကို လုံလုံလောက်လောက် နွေးထွေးမှုမပေးနိုင်ဘူး။
"တိမ်တွေလကိုဖုံးနေတာ တော်တော်နှမျောစရာကောင်းတယ်။ လမင်းစန္ဒာရေကန်က တိမ်ကင်းစင်တဲ့ လပြည့်ညဆိုရင် သိပ်လှတာလေ။"
ကောင်းကင်ပေါ်က ဝိုင်းစက်စက်လမင်းကြီးရယ် ကြည်လင်တဲ့ကန်ရေပြင်နဲ့ငွေရောင်နန်းဆောင်ရယ် ပေါင်းမိသွားတဲ့အချိန်မှာ လမင်းစန္ဒာရေကန်ရဲ့ရှုခင်းက ရင်သက်ရှူမောလောက်အောင် လှသွားစမြဲပါ။ လူငယ်လေးဒီပတစ်ယောက် အဲဒီမြင်ကွင်းကို ပထမဆုံး မြင်ဖူးခဲ့တဲ့အချိန်ကို ပြန်သတိရမိတယ်။
အဲဒီတုန်းကတော့ သူ့အဖေရှိနေခဲ့သေးပေမဲ့ အခုကတော့ လူစိမ်းအမျိုးသမီးသုံးယောက်အတွက် လှေပဲ့ကို ထိန်းပေးနေရတာပါ။ စက်တပ်လှေငယ်လေးက သူတို့ကို လူသူကင်းဝေးတဲ့ ကမ်းခြေတစ်နေရာဆီ ခေါ်ဆောင်သွားတယ်။
ကမ်းခြေနားနီးလာတော့ သူတို့တွေ မီးဖိုထားတဲ့ မီးပုံတစ်ခုရဲ့အလင်းကို မြင်လာရပြီ။ ပြီးတော့ ကမ်းခြေပေါ်မှာရှိနေတဲ့ လူရိပ်တချို့ကိုရောပေါ့။
"ဟူးရေး.. သခင်မရောက်လာပြီပဲ၊ ငါတို့တွေ ဒီနေ့ သောင်ပြင်ပေါ်မှာ အိပ်ရတော့မယ်လို့တောင် ထင်နေတာ။"
မက်က ပြောလိုက်တယ်။ ဒီသောက်တလွဲ ဘဏ္ဍာစိုးသုံးကောင်ကိုလည်း ဆိုဖီယာက ခန်ရှီးအမိန့်တော်နဲ့ လိုက်သွားခိုင်းထားပါတယ်။ ဒါကြောင့် သူတို့တွေက သူတို့သခင်မကို တော်တော်လေးလွမ်းနေကြပြီး ဆိုဖီယာကို တွေ့ရတဲ့အခါမှာ အလွန်အမင်းစိတ်လှုပ်ရှားနေကြတယ်။
ခန်ရှီးအမိန့်တော်အဖွဲ့ စခန်းချနေတဲ့နေရာက ဆုဗာနာက စစ်ဘေးဒုက္ခသည်တွေကို နေရာချပေးထားတဲ့ စခန်းငယ်တစ်ခုနားမှာပါ။ သူတောင်းစားဂိုဏ်းချုပ် ဟုန်ဝေလင်းက အားလုံးအတွက် သူဖုန်းစားကြက်ကင်လုပ်ပေးနေပြီး စားဖိုမှူးဦးလေးကြီးကတော့ အတော်ကိုစားချင်နေတဲ့မျက်နှာနဲ့ ဘေးကနေကြည့်နေပါတယ်။
"ဟားဟား... နောက်ဆုံးတော့ စာအုပ်တွေထဲမှာ နာမည်ကြီးတဲ့ သူဖုန်းစားကြက်ကင်ကို စားရတော့မှာပေါ့။"
ဖက်တီးကြီးဝမ်က မီးပုံထဲကနေ ပူပူနွေးနွေးထုတ်ထားတဲ့ ကြက်ကင်က ကြက်ပေါင်တစ်ချောင်းကို ဆွဲဖြုတ်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်နည်းနည်း ထည့်လိုက်တယ်။ အဲဒီနောက်တော့ အားပါးတရကိုက်ကြည့်လေရဲ့။
ဖုတုဟိုင်ကတော့ ဒီကြက်ကင်ကို သိပ်အထင်မကြီးဘူး။ သူက ဖက်တီးကြီးရဲ့ဖြစ်ပျက်နေတဲ့မျက်နှာကို ကြည့်ပြီးမေးလိုက်တယ်။
"ဘာတွေဒီလောက် အရသာရှိတဲ့မျက်နှာမျိုးလုပ်နေတာလဲ၊ ရိုးရိုးကြက်ကင်ပဲမဟုတ်ဘူးလား။ KFCတို့ မယ်ရီဘရောင်းတို့လောက် ကောင်းမှာမလို့လား။"
မန်ချူးဦးလေးကြီးစကားကြောင့် ဖက်တီးဦးလေးကြီး မခံမရပ်နိုင်ဖြစ်သွားပြီး လေသံမာမာနဲ့ပြောလိုက်တယ်။ "ငတုံးကောင်၊ မင်းက အစားကောင်း အသောက်ကောင်းတွေကို စော်ကားနေတာပဲ။ ၄၅ ရက်ကြက်တွေက သဘာဝအတိုင်းမွေးလာတဲ့ သန်သန်မာမာကြက်တွေရဲ့အရသာကို မီမှာမလို့လားကွ။"
ဖုတုဟိုင်ကတော့ လက်မခံသေးဘူး။ "ခဲပတ်နဲ့ကင်မယ့်အစား ရွံမံပြီးကင်ထားရုံပဲမဟုတ်ဘူးလား။ ထူးဆန်းတာကျနေတာပဲ။" ဒါပေမဲ့ သူ့ပါးစပ်ကသာ အပြစ်ပြောနေတာ လက်ကတော့ တောင်ပံတစ်ချောင်းကို ဖြုတ်ဖို့ကမ်းနှင့်ပြီးနေပြီ။ ဒါပေမဲ့ ဟုန်ဝေလင်းက ဖုတုဟိုင်ရဲ့လက်ကို ပုတ်ထုတ်လိုက်တယ်။
"ဘာလဲ၊ ရှင်က ကျွန်မလုပ်ထားတဲ့ စားစရာကို အပြစ်ပြောပြီးတော့ စားခွင့်ရဦးမယ်ထင်နေတာလား။ ကန်စပ်နားသွားနေ...."
ဖုတုဟိုင်က ကောင်မလေးကို မကျေမနပ်ကြည့်လိုက်ပေမဲ့ ချလည်းနိုင်မှာမဟုတ်တော့ လှည့်ထွက်သွားလိုက်တယ်။ ဖက်တီးဝမ်ကတော့ ရယ်မောအော်ဟစ်ရင်း အုန်းမို့ခွက်ထဲက ခေါင်ရည်တချို့ကို ပါးစပ်ထောင့်ကနေ စီးကျတဲ့အထိ မော့ချလိုက်တယ်။
"ဟားဟားဟား... ဖုတုဟိုင်၊ မင်းက အဲဒါကြောင့် ငါတို့သုံးယောက်ထဲမှာ အားအနည်းဆုံးဖြစ်နေတာ။"
ဖရာလီတာက သူတို့အားလုံးကို ချောင်းဟန့်လိုက်မှ အားလုံးငြိမ်ကျသွားတယ်။ ခန်ရှီးအမိန့်တော်နဲ့ဆိုဖီယာ့ရဲ့ဘဏ္ဍာစိုးတွေအပြင် သူဖုန်းစားလိုဝတ်ထားတဲ့
လူတချို့လည်း ရှိနေဆဲပါ။ မက်ဒါနာက သူတို့ကိုကြည့်ပြီး မေးလိုက်တယ်။
"သူတို့က သူဖုန်းစားဂိုဏ်းသားတွေလား။"
ဒီစကားကြောင့် ဟုန်ဝေလင်းက ရယ်မောလိုက်ပြီး အမှန်ပြင်ပေးလိုက်တယ်။ "အင်း၊ တချို့က ကျွန်မလူတွေဆိုပေမဲ့ တော်တော်များများက ရုပ်ဖျက်ထားတဲ့ ဆုဗာနာစစ်တပ်ကလူတွေလေ။ ဒီလူတွေက ငါတို့ကင်းထောက်ဖို့ ကူညီပေးမှာ။"
သိပ်မကြာခင်မှာပဲ ကောင်းကင်ယံမှာရှိတဲ့လက နယ်စားနန်းတော်ခေါင်မိုးပေါ်ကို ရောက်လာတော့မယ်။ ညဆယ့်တစ်နာရီရှိပြီ။ ဆိုဖီယာက သူတို့အားလုံးကို လူစုလိုက်ပြီး လုပ်ရမယ့်မစ်ရှင်ကို အကြမ်းဖျင်းရှင်းပြလိုက်တယ်။
"လောလောဆယ် ငါတို့လုပ်ရမယ့်တာဝန်မှာ အဆင့်နှစ်ဆင့်ရှိတယ်။ ပထမအဆင့်က ရန်သူ့တည်နေရာကို အတည်ပြုဖို့အတွက် ကင်းထောက်ရုံသက်သက်ပဲ။ တိုက်ခိုက်ဖို့မဟုတ်တာကို သတိရပါ။ ရန်သူ့ဖက်မှာ S rankရှိနေတာကိုမမေ့နဲ့။ အတည်ပြုပြီးသွားမှ အဖွဲ့လူပြန်စုပြီး တိုက်ခိုက်မှာဖြစ်တယ်။ မနက်မိုးမလင်းခင် ပြန်ဆုံမယ်။"
အဲဒီနောက်တော့ ဆိုဖီယာက သူတို့အားလုံးကို လေးဖွဲ့ခွဲလိုက်တယ်။ အဖွဲ့တစ်ခုမှာ အနည်းဆုံးA rank တစ်ယောက်ပါအောင် သူတို့ဂရုစိုက်ဖွဲ့စည်းရတယ်။ ဒါမှ တစ်ခုခုဖြစ်ခဲ့ရင် သတင်းပို့ဖို့အချိန်မီမှာပါ။ မက်ဒါနာကတော့ ကောင်စုတ်လေးဒီပနဲ့ တစ်ဖွဲ့တည်းကျသွားတယ်။ မက်ဒါနာရဲ့အဖွဲ့ထဲမှာ B rank သုံးဦးပါပြီး ဖုတုဟိုင်၊ လယ်ရီနဲ့ဒီပတို့ပါ။ ဒီပကတော့ သူ့အစ်မအတုကြီးနဲ့ တစ်ဖွဲ့တည်းကျလို့ သေချင်စိတ်ပေါက်နေတဲ့ပုံစံနဲ့။ အားလုံးလူစုခွဲခါနီးမှာ ဆိုဖီယာက သူ့ကိုမျက်လုံးမှိတ်ပြလိုက်တာ မြင်လိုက်ရသေးတယ်။ သေချာပြီ၊ ဒီကိစ္စက တမင်သက်သက် ကြံစည်ထားတာပဲ။
တခြားသူတွေ တဖြည်းဖြည်းထွက်သွားတာတွေ့တော့ မက်ဒါနာက အချိန်ဖြုန်းမနေတော့ဘဲ သူ့သေတ္တာကိုဖွင့်ကာ ဝတ်စုံလဲဝတ်လိုက်မယ်။ သူခေါင်းစွပ်ကို မစွပ်ခင် ကောင်လေးဒီပက သူ့ကိုစိုက်ကြည့်ပြီး တစ်ခုခုပြောချင်နေပုံပဲ။
"ကောင်စုတ်လေး... နင်က ငါ့ကိုဘာပြောမလို့လဲ။" လူမိသွားပြီးတဲ့နောက်တော့ ကောင်လေးဒီပက ရှက်ရှက်နဲ့ နောက်ကိုခုတ်ဆုတ်လိုက်ပြီး ပြောတယ်။
"အာ.. ဒီ...ဒီလိုပါ။ အဲဒီနေ့က ကျွန်တော့်ကိုကူညီပေးတဲ့အတွက်ရော၊ ကျွန်တော့်အတွက် ကူပြီးပြောပေးလို့ရော ကျေးဇူးတင်ပါတယ်။"
မက်ဒါနာကတော့ သူ့ကိုကောင်စုတ်လေး ဒီရက်ပိုင်း လုပ်ခဲ့တာတွေအတွက် စိတ်ဆိုးမနေပါဘူး။ ဒါကြောင့် ခေါင်းစွပ်ကိုဝတ်ပြီးတဲ့နောက် တည်ကြည်တဲ့လေသံနဲ့ ပြောလိုက်တယ်။
"မပူနဲ့၊ ဒါက အစ်ကိုတစ်ယောက်အနေနဲ့ လုပ်ရမယ့်တာဝန်ပဲ။ ငါတို့က မိသားစုတွေပဲလေ။ ပြီးတော့ စစ်သည်တော်တစ်ယောက်က သေတော့မယ့်လူတစ်ယောက်ကို ဒီအတိုင်းပစ်ထားစရာလား။"
မက်ဒါနာရဲ့ယောက်ျားဆန်ဆန်လေသံကြောင့် ကောင်လေးခေါင်းကုတ်ပြီး ပြောလိုက်တယ်။
"ဝတ်စုံဝတ်ထားရင် ခင်ဗျားက တကယ့်ယောက်ျားဆန်တဲ့ သူရဲကောင်းတစ်ယောက်လိုပဲ။"
"ငါက မိန်းကလေးဖြစ်ချင်လို့ ဖြစ်နေတာမဟုတ်ဘူးလေ၊ ရွေးချယ်စရာမရှိလို့။" မက်ဒါနာက နေရခက်စွာနဲ့ ပြန်ပြောလိုက်တယ်။ ရုတ်တရက်ရလာတဲ့ သူ့မောင်က အခုလိုမျိုး ပွင့်ပွင့်လင်းလင်းနဲ့ သူ့ကိုစကားပြောလာမယ်လို့ ထင်မထားခဲ့ဘူး။
"မိန်းမအတုကြီးလို့ ပြောမိလို့ တောင်းပန်ပါတယ်။ ခင်ဗျားမကြိုက်မှန်းမသိရင် မပြောပါဘူး။ သိတဲ့အတိုင်းပဲ ကျွန်တော်က အရင်ကတစ်ကောင်ကြွက်ဆိုတော့ အစ်မတစ်ယောက်ကို ဘယ်လိုဆက်ဆံရမလဲမသိဘူးလေ။"
ငွေရောင်စစ်သည်တော်ကတော့ လက်ပိုက်နေပြီး ကောင်လေးရဲ့စကားကြောင့် ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီနောက် ကောင်လေးပခုံးကိုပုတ်လိုက်ပြီး သတိပေးလိုက်တယ်။
"အင်း... ဒါပေမဲ့ ဝတ်စုံဝတ်ထားရင် ငါက မင်းအစ်ကိုပဲ။ ဒါကြောင့် ဝတ်စုံဝတ်ထားရင် ငါ့ကိုအစ်ကိုကြီးတစ်ယောက်လို ဆက်ဆံရမယ်။ ငါကလည်း မင်းကို ညီငယ်လေးတစ်ယောက်လို ဆက်ဆံမယ်။"
မက်ဒါနာရဲ့မေမေသီတာတောင်မှ သူ့ကိုသားလေးလိုတစ်မျိုး သမီးလေးလိုတစ်ဖုံ ချစ်ပေးခဲ့သေးတယ်မဟုတ်လား။ ဒီတော့ သူ့အနေနဲ့ အခုလိုမလုပ်နိုင်စရာအကြောင်းမရှိဘူး။
"ဒါပေမဲ့ ငါတို့အခုသွားသင့်ပြီမဟုတ်လား။"
ကောင်စုတ်လေးက ခေါင်းညိတ်လိုက်ပြီး လေချွန်လိုက်တယ်။ သိပ်မကြာခင်မှာပဲ ငွေမင်ရောက်တောက်ပနေတဲ့ တောင်ပံရှိတဲ့ ပုရွက်ဆိတ်နှစ်ကောင် သူ့ဆီကိုပျံသန်းလာတယ်။
"ငွေလမင်းပုရွက်ပျံတွေလေ၊ ပြီးတော့ သူတို့က ကျွန်တော်နဲ့စာချုပ်ချုပ်ထားတဲ့ အမြွှာတွေ။ ပုရွက်ဆိတ်တွေမှာ အမြွှာမွေးတယ်ဆိုတာက ရှားရှားပါးပါးပဲ။"
ပုရွက်ဆိတ်နှစ်ကောင်လုံးက ဆိုင်ကယ်တစ်စီးစာလောက် အရွယ်ရှိပါတယ်။ ပြီးတော့ သူတို့ခန္ဓာကိုယ်အခွံက သတ္တုလိုမျိုးပြောင်လက်နေပြီး ပါးစပ်က အစွယ်တွေကလည်း အင်မတန်ချွန်ထက်မယ့်ပုံပဲ။ မက်ဒါနာက မျက်လုံးပြူးသွားပြီး ကောင်လေးကို မေးလိုက်တယ်။
"သူတို့အခွံတွေက တကယ်ကြီးဇက်သတ္တုတွေလား။"
ကောင်လေးကတော့ ပုရွက်ဆိတ်တစ်ကောင်ပေါ်ကို တက်ထိုင်လိုက်ပြီး ပြန်ဖြေလိုက်တယ်။ "ဒါပေါ့၊ သူတို့က တိုက်တန်အန့်တွေထဲမှာတောင် ထူးခြားတဲ့မျိုးစိတ်တွေ။ လုပ်သားပုရွက်ဆိတ်တွေမဟုတ်တဲ့ စစ်သည်ပုရွက်ဆိတ်တွေထဲမှာ အဆင့်မြင့်တည်ရှိမှုတွေဖြစ်ပြီး အရွယ်ရောက်လာရင် ဇက်သတ္တုတွေကိုစားပြီး ဆဲလ်ပြောင်းဇက်သတ္တုအခွံကို ရလာတယ်။ သူတို့ကြောင့် ကျွန်တော်B rankဖြစ်လာတာ။"
ရုပ်ဖျက်ထားတဲ့ ဆုဗာနာရဲ့တပ်သားတွေကလည်း သူတို့ကိုယ်ပိုင် ပုရွက်ဆိတ်တွေပေါ်မှာ ရှိနေကြပြီ။ ဖုတုဟိုင်တောင် ရုပ်ရည်ချောမောတဲ့ စစ်သည်တော်မလေးရဲ့ပုရွက်ဆိတ်နောက်မှာ ဝင်ထိုင်နေပါပြီ။ တကယ်လို့ အမေရိကန်ကသာ မြင်းတွေစီးတဲ့ကောင်းဘွိုင်တွေရဲ့နိုင်ငံဖြစ်တယ်လို့ ပြောမယ်ဆိုရင် ဆုဗာနာက အန့်ရိုက်ဒါတွေရဲ့နိုင်ငံလို့ ပြောရမှာပါ။ ကောင်စုတ်လေးက မက်ဒါနာကို လှည့်ကြည့်ပြီး မေးလိုက်တယ်။
"အစ်မကြီးမှာရော စီးစရာရှိလား၊ မရှိရင် ကျန်တဲ့ငွေရောင်တစ်ကောင်ကို ခဏပေးစီးမယ်လေ။"
"ဝတ်စုံဝတ်ထားရင် ငါ့ကို အစ်ကိုကြီးလို့ခေါ်၊ ပြီးတော့ ငါ့မှာပိုမိုက်တာတစ်ခုရှိတယ်။" မက်ဒါနာက နောက်ထပ်အနက်ရောင်သေတ္တာကြီးကို ဖွင့်လိုက်တယ်။ ငရဲခွေးကြီးစေဘာစတိန်းက အားလုံးမျက်စိရှေ့မှာပေါ်လာတယ်။ အခုအဆင့်မြှင့်ထားပြီးသားမလို့ စေဘာစတိန်းကိုယ်ပေါ်မှာ လက်နက်တွေအပြည့်ပါ။ ငွေရောင်စစ်သည်တော်က ခွေးကြီးပေါ်တက်လိုက်တယ်။
"သွားကြစို့...."
ငွေရောင်ပုရွက်ပျံဦးဆောင်တဲ့ ဆုဗာနာစစ်သည်တစ်သိုက်ဟာ တိမ်ထူထူကောင်းကင်ကြီးရဲ့အမှောင်ရိပ်ကိုအားကိုးပြီး ခရီးစထွက်လာခဲ့တယ်။
ပုရွက်ဆိတ်တွေရဲ့အမြန်နှုန်းက တကယ့်ကိုအံ့ဩစရာကောင်းတယ်။ လမင်းကြီး ကောင်းကင်ထက်ကနေ စတင်ကျဆင်းလာချိန်မှာ အရှေ့မြောက်တန်းတွေနားကို ရောက်လာပြီးတော့ မြေအနေအထားက စပြောင်းလာခဲ့တယ်။
ဗျိ။... ပျော့ပြောင်းတဲ့မြေအနေအထားကို အမှတ်မထင် နင်းလိုက်မိပြီးနောက်မှာ စေဘာစတိန်းရဲ့ကိုယ်က အနည်းငယ်ရွံတောထဲကို နစ်ဝင်သွားတယ်။
မက်ဒါနာလည်း နယ်ခံဖြစ်တဲ့ ကောင်လေးဒီပကို မေးလိုက်တယ်။ "ဆောင်းတွင်းကြီး ရွံတွေနဲ့ပါလား၊ ဒီနေရာက ဘာလဲ။"
ကောင်လေးဒီပကတော့ မြေပုံကိုကြည့်နေရင်း ပြန်ဖြေလိုက်တယ်။ "ဒီနေရာက သံသယရှိတဲ့ နေရာလေးခုထဲက တစ်ခုဖြစ်တော့ ညံသားရဲတောပဲ။ မိုးတွင်းဆိုရင် ဒီနေရာက စိမ့်မြေလိုမျိုးရေတွေအိုင်နေတာ။ အခုက ဆောင်းရာသီဆိုတော့ နှင်းရည်တွေကြောင့်စေးကပ်နေတဲ့ ရွံနွံတွေပဲရှိတော့တာ။"
"ညံသားရဲလား၊ ငါတော့ အန္တရာယ်အငွေ့အသက်တွေရနေပြီ။ သူတို့က ပိုးဟပ်စားရတာ မကြိုက်ပါစေနဲ့လို့ ဆုတောင်းရတာပဲ။" လယ်ရီက အရွှန်းဝင်ဖောက်တယ်။ ဒီတစ်ယောက်က တကယ်မကြောက်တာ အသိသာကြီးပါ။ အိုမီဂါအဆင့် အင်ပါယာဘုရင်မကိုတောင် လုပ်ကြံသတ်ဖြတ်ထားသေးတာလေ။ မတော်တဆသတ်မိတာ ဆိုပေမဲ့ပေါ့။
မက်ဒါနာကတော့ ဝတ်စုံရဲ့စနစ်နဲ့ချိတ်ဆက်လိုက်ပြီး ဟီးရိုးအစည်းအရုံးအချက်အလက်တွေထဲက ညံသားရဲအကြောင်းကို ရှာဖတ်လိုက်တယ်။
[ညံသားရဲ (S- အဆင့်)
ရေကန်နှင့် ရွံနွံထူထပ်ရာ ဒေသများတွင် နေထိုင်သော ရှေးဟောင်းမြူတန့်မြွေကြီးတစ်မျိုး။ ဆုဗာနာတွင် ဥက္ကာသလင်းများမကျဆင်းခင်ကပင် နေထိုင်ခဲ့ပြီး လွန်ခဲ့သော နှစ်သန်းခြောက်ဆယ်မှ Titanoboa များမှ ဆင်းသက်လာခြင်းဖြစ်နိုင်။ နွံနယ်မြေအတွင်းရှိနေပါက သတ်ရန်ခက်ခဲလွန်းပြီး S+ များကိုပင် အသက်အန္တရာယ်ဖြစ်စေနိုင်သည်။]
"ဆုဗာနာမှာ ဒီလောက်အင်အားကြီးမြူတန့်သားရဲတွေရှိနေတာကို လူတွေဘယ်လိုလုပ်ပြီး အခုထိအသက်ရှင်နေကြသေးတာလဲ။"
မက်ဒါနာလည်း မနေနိုင်မထိုင်နိုင် ဝင်ပြောလိုက်မိတယ်။ ဒီပမှာကတော့ မက်ဒါနာအတွက် အဖြေတစ်ခုရှိနေပုံပဲ။
"တကယ်လို့ လူသားတွေကသာ သူတို့ကိုသွားမနှောင့်ယှက်ဘူးဆိုရင် သူတို့က ဘာမှမလုပ်ပါဘူး။ အစာအဖြစ် ဆင်တွေကျွဲတွေကို စားပေမဲ့လည်း များသောအားဖြင့် ဆောင်းခိုနေတာများတယ်။ ပြီးတော့ ပုရွက်ဆိတ်ဘုရင်မက သူ့ထက်အများကြီးပိုပြီး စွမ်းအားကြီးတယ်။"
ကြည့်ရတာ ဆုဗာနာရဲ့တိုင်းပြည်ကာကွယ်သူသားရဲက မက်ဒါနာထင်ထားတာထက် ပိုနေတဲ့ပုံပဲ။ ပြီးတော့ အန္တရာယ်နယ်မြေတွေက တစ်ခုတည်းမဟုတ်ဘူးမလား။ မက်ဒါနာလည်း စိတ်ဝင်စားလာပြီး မေးကြည့်လိုက်တယ်။
"ညီငယ်လေး၊ တခြားနယ်မြေသုံးခုက အကောင်တွေကရော ညံကောင်လိုပဲ ကြမ်းတာလား။"
"ဆုဗာနာမှာက စွမ်းအားကြီးမြူတန့်သားရဲတွေနေတဲ့နေရာ ငါးခုရှိတယ်။ နယ်စားကြီးနဲ့စာချုပ်ချုပ်ထားတဲ့ ပုရွက်ဆိတ်ဘုရင်မက မင်းပုန်းတောင်ဂူတွေထဲမှာနေတယ်။ မြောက်ဖျားပိုင်းက သတ္တုတွင်းတွေ ရှိတဲ့နေရာမှာပေါ့။ တခြားလေးကောင်ကလည်း အရှေ့မြောက်ပိုင်းမှာပဲနေကြတာ။ မှော်ဝင်လိပ်ပြာ တောင်ကြားဒေသမှာ အဆိပ်ရှိတဲ့လိပ်ပြာကြီးတွေနေတယ်၊ သူတို့အဆိပ်မိသွားရင် မှတ်ဉာဏ်တွေပျက်ပြီး တစ်နှစ်သားကလေးလိုဖြစ်သွားမှာ။ ကံဆိုးရင်တော့ ကိုမာဖြစ်ပြီးတစ်သက်လုံးနိုးလာမှာမဟုတ်ဘူး။"
"နောက်တစ်နေရာကတော့ ငှက်ပျောသီးအထွက်များတဲ့ တူရင်းချောက်ကမ်းပါးထဲက မျောက်တွေ၊ မျောက်တွေက အဆင့်နိမ့်ကြပေမဲ့ အုပ်စုဖွဲ့ပြီးသောင်းကျန်းကြတော့ သူတို့ငှက်ပျောသီးတွေကို ဆုဗာနာကလူတွေမထိဖို့ အမိန့်ထုတ်ပြီး ငြိမ်းချမ်းရေးယူထားရတယ်။" မက်ဒါနာလည်း ဒီစကားကိုကြားတော့ ခွေးပေါ်ကနေ ပြုတ်ကျမလိုတောင်ဖြစ်သွားတယ်။
"နေပါဦး... အဲဒီမှာပန်းသစ်သီးရေခန်းဆီးဂူတော့ မရှိပါဘူးနော်။" မက်ဒါနာတွေးမိတာက တော်ကြာနေ ဆရာကြီးဝူခုံးရဲ့မျောက်မျိုးနွယ်တွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ပါ။ ကောင်စုတ်လေးကတော့ သူ့အစ်မအတုကြီးရဲ့အတွေးတွေကို သတိထားမိပုံပဲ။
"ဒီကမျောက်တွေက သလင်းကျောက်တုံးကကျတဲ့ ရေတွေသောက်ပြီး အစွမ်းရနေတဲ့ သာမန်မျောက်ဖင်နီတွေပါဆို၊ ဝူခုံးနဲ့မဆိုင်ဘူး။"
အဲဒီနောက်တော့ ကောင်စုတ်လေးက နောက်နေရာတွေအကြောင်း ဆက်ရှင်းပြသေးပေမဲ့ သလင်းကျောက်အကြောင်းကိုတော့ မက်ဒါနာမေးတာတောင် အဖက်မလုပ်တော့ဘူး။ သူတို့အခုရှိနေတဲ့ ညံကောင်နဲ့ ကြောက်စရာကောင်းတဲ့ မြေခွေးအုပ်အကြောင်း ပြောပြပြီးနောက်မှာတော့ ကောင်လေးစကားတိတ်သွားတယ်။ ဖရာလီတာပြောတဲ့ ပိုတန်ဖိုးကြီးတဲ့အရာဆိုတဲ့စကားကို မက်ဒါနာပြန်သတိရလာပြီးနောက်မှာတော့ သူ့မျက်လုံးတွေက ညအမှောင်ထဲမှာ တောက်ပလာပါတော့တယ်။
"အဲဒါက သလင်းကျောက်တွေနဲ့ တစ်ခုခုပတ်သက်နေတာပဲ ဖြစ်ရမယ်။"
၆။
မက်ဒါနာတို့အုပ်စုလေးက နွံတောထဲက ကျူပင်ခြုံတွေကြားထဲမှာ ပုန်းနေကြတယ်။ ကောင်စုတ်လေးဒီပကတော့ သူယူလာတဲ့ အဝေးကြည့်မှန်ပြောင်းနဲ့ ရှေ့တည့်တည့်ကို ချောင်းကြည့်နေပါတယ်။
"တကယ်ပဲ ဒီနေရာမှာ စခန်းကြီးတစ်ခုရှိနေတာပဲ။"
မက်ဒါနာကလည်း ဝတ်စုံရဲ့စနစ်နဲ့ချိတ်လိုက်ပြီး ရှေ့ကမြင်ကွင်းတွေကို အကျယ်ချဲ့ကြည့်လိုက်ပါတယ်။ သူတို့နဲ့မီတာငါးရာလောက်အကွာမှာ ဒါဇင်နဲ့ချီတဲ့ ရွက်ဖျင်တဲတွေကို တွေ့နေရတယ်။ ပြီးတော့ ကြိုးတွေနဲ့ဝိုင်းတုပ်ပြီးမြေပြင်မှာ သပ်ရိုက်ဖမ်းထားတဲ့ မြွေလိုလို အကောင်ကြီးတစ်ကောင်ကိုရောပေါ့။
"အဲဒါက ညံကောင်လား၊ ဒီလူတွေက ညံကောင်ကို ဝိုင်းချုပ်ထားကြတာပဲ။"
ကောင်စုတ်လေးဒီပကတော့ သူ့နောက်မှာရှိနေတဲ့ ငွေရောင်စစ်သည်တော်ကို ပြန်လှည့်ကြည့်လိုက်ပြီး မေးလိုက်တယ်။ သူ့မျက်နှာမှာတော့ မယုံနိုင်မှုတွေက အထင်းသားရယ်။
"ခင်ဗျားဝတ်စုံက အဝေးကြည့်စနစ်လည်း ပါတာပဲလား။ မှန်ပြောင်းတွေမပါဘဲနဲ့ ဘယ်လိုလုပ်ထားတာလဲ။"
မက်ဒါနာကတော့ ပခုံးတွန့်ပြလိုက်တယ်။ ကောင်စုတ်လေးပြောသလိုပဲ သူ့မှာအဝေးကြည့်မှန်ပြောင်းနဲ့ဆင်တဲ့ စနစ်မျိုးပါပေမဲ့ တကယ်က မှန်ဘီဘူးနည်းပညာမဟုတ်ဘူး။ လက်ရှိနည်းပညာတွေထက် ရှေ့ရောက်နေတဲ့ ရုပ်သံကြည်လင်မှုနည်းပညာပါ။ ကိုယ် မြင်နေတဲ့မြင်ကွင်းကို အကျယ်ချဲ့ပြီး ကြည်လင်လာအောင် အရောင်တုံးလေးတွေ ထည့်လို့ရတယ်။ ပြောရရင် resolution 144p ပုံတစ်ပုံကို 4K အပြည့်ရအောင် တွက်ချက်အဖြေထုတ်နိုင်တဲ့ စူပါနည်းပညာပါ။
"တကယ်တော့ ပုံရိပ်ကြည်အောင်လုပ်တဲ့ နည်းပညာပါ။ James Webb အာကာသကြည့်မှန်ပြောင်းက နည်းပညာကိုပြန်အခြေခံပြီး လုပ်ထားတာလေ။"
"ငါတော့ လိုက်မမီတော့ဘူး။" ရှေးရိုးစွဲဆန်တဲ့ ဖုတုဟိုင်က သူနားမလည်နိုင်တဲ့အရာတွေကို ရှင်းပြနေတဲ့ ငွေရောင်စစ်သည်တော်ကို ခေါင်းခါပြပြီးပြောလိုက်တယ်။
"ကျွန်တော် သတင်းပို့လိုက်တော့မယ်။" ကောင်လေးဒီပက တခြားအဖွဲ့တွေကိုဆက်သွယ်ဖို့ ဆုဗာနာစစ်တပ်သုံး ဆက်သွယ်ရေးစနစ်ကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ သူမထင်ထားခဲ့တာက တခြားအဖွဲ့တွေကလည်း သူတို့ကိုဆက်သွယ်နေတာပါ။
"ဒုဗိုလ်လေးဒီပ... ကျွန်တော်တို့စခန်းကို ရှာတွေပြီထင်တယ်။ လိပ်ပြာတောင်ကြားထဲမှာ ပိုးတုံးလုံးတွေကို မီးပုံရှို့ပြီး လိပ်ပြာတွေကိုသတ်နေတဲ့ အဖွဲ့တစ်ဖွဲ့ကိုတွေ့တယ်။"
"ရန်သူ့စခန်းက တူရင်းချောက်ကမ်းပါးထဲမှာ။ မျောက်တွေကို သူတို့လှောင်အိမ်ထဲထည့်ထားတယ်။"
"လမင်းပြာတောင်ခြေက မြေခွေးတွေအားလုံး အရေခွံဆုတ်ခံထားရတယ်။ သူတို့ရွက်ဖျက်တဲတွေကို ကျွန်တော်တို့တွေ့နေရပြီ။"
ကောင်လေးဒီပက တခြားသူတွေလည်း စခန်းတွေကိုတွေ့တယ်ဆိုတဲ့စကားကိုကြားတော့ ကျန်တဲ့သူတွေကို ကြည့်ပြီးပြောလိုက်တယ်။ အခြေအနေက ပုံမှန်မဟုတ်တော့ဘူး။
"အားလုံးပဲ... ငါတို့လည်း နွံတောထဲမှာ ညံကောင်ကိုဖမ်းထားတဲ့ အဖွဲ့တစ်ဖွဲ့တွေ့တယ်။ ကြည့်ရတာ စခန်းအတုတွေနဲ့ ဟန်ပြဗျူဟာသုံးထားတာဖြစ်နိုင်တယ်။ မင်းတို့သတိထားပြီး စခန်းတွေနားကိုကပ်သွား... အဲဒီမှာ သူတို့ရဲ့အရေးကြီးအဖွဲ့ဝင်တွေရှိမရှိကြည့်ခဲ့။ ကင်းခြေများရှိနေရင် ငါ့ကိုချက်ချင်းသတင်းပို့။"
ကောင်လေးဒီပက တကယ်ပဲအရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ လောလောဆယ်အခြေအနေပေါ်မူတည်ပြီး ဘာလုပ်ရမလဲ သူဆုံးဖြတ်နိုင်တယ်။ မက်ဒါနာကတော့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး သိပ်အကောင်းမမြင်ပါဘူး။ သူက ကောင်လေးဒီပကို မေးလိုက်တယ်။
"တခြားနယ်မြေတွေမှာ အန္တရာယ်များတဲ့မွန်းစတားတွေရှိပေမဲ့ S rankတွေတော့ မဟုတ်ဘူးမလား။"
ကောင်လေးဒီပ ခေါင်းညိတ်ပြလိုက်တယ်။ "အုပ်စုဖွဲ့နေတဲ့ သားရဲတော်တော်များများက ဒီလောက်ကြီးအားမကောင်းဘူး။ သူတို့ခေါင်းဆောင်တွေက A ပတ်ချာလည်မှာပဲ။ ဒါပေမဲ့ S တွေကို ခြိမ်းခြောက်နိုင်တယ်။"
မက်ဒါနာကတော့ စဥ်းစားပြီးတော့ ပြန်ဖြေလိုက်တယ်။ "အားလုံးပဲ၊ အခုကနေစပြီးတော့ သတိထားတာကောင်းလိမ့်မယ်။ ရန်သူက အချဥ်မဟုတ်ဘူး။ သူတို့မှာ ဒီမွန်းစတားကြီးတွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုခုကို ရှိနေနိုင်တယ်။ ဒါကြောင့်နယ်မြေလေးခုလုံးကို အသံမထွက်ဘဲထိန်းချုပ်နိုင်တာ။"
ကောင်လေးဒီက သူ့ငွေရောင်ပုရွက်ဆိတ်ပေါ်ကို ပြန်တက်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ပြောင်လက်နေတဲ့ သတ္တုအရောင်က အလင်းမပြန်တဲ့အနက်ဖြစ်သွားပြီး မက်ဒါနာကို ပြောလိုက်တယ်။
"အစ်ကိုက ဒီမှာစောင့်နေ၊ ကျွန်တော် ရှေ့ပြေးအရင်သွားနှင့်မယ်။ လူများလေလေ၊ ရန်သူက ကျွန်တော်တို့ကို သတိထားမိဖို့လွယ်လေပဲ။"
မက်ဒါနာက ကောင်လေးဒီပကို သိပ်စိတ်မချပေမဲ့ ဒီကောင်လေးရဲ့လုပ်နိုင်စွမ်းကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တယ်။ အကြောင်းကတော့ သူတို့ထဲမှာ တခြားဘယ်သူမှ စခန်းတွင်းခိုးဝင်တဲ့ စစ်ဆင်ရေးမျိုးကို မလေ့ကျင့်ဖူးပါဘူး။
မက်ဒါနာလည်း အရင်က မြူတန့်သိပ္ပံစခန်းတစ်ခုကို ဝင်ဖူးပေမဲ့ ခိုးဝင်တာမဟုတ်ဘဲ တိုက်ရိုက်တံခါးတွေကို ရိုက်ချိုးပြီးဝင်ခဲ့တာပါ။
ကောင်စုတ်လေးကတော့ အရောင်ပြောင်းထားတဲ့ ပုရွက်ဆိတ်နဲ့အတူ စခန်းနားကို ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်တယ်။ မက်ဒါနာကတော့ သူ့ဝတ်စုံက စနစ်နဲ့ ဆက်စောင့်ကြည့်နေပါတယ်။
မီတာငါးရာဆိုတာက ဒီလောက်မဝေးတာကြောင့် ဒီပဟာ ခဏအတွင်းမှာပဲ အနီးဆုံးမှာရှိနေတဲ့ ရွက်ဖျင်တဲနားကို ရောက်သွားတယ်။ ကင်းလှည့်နေတဲ့ လက်နက်ကိုင်လူတချို့ရှိနေပေမဲ့ ဒီပဟာ အောင်အောင်မြင်မြင်နဲ့ ရှောင်ရှားနိုင်ခဲ့ပါတယ်။ သူကဆက်သွယ်ရေးစနစ်ကနေ မက်ဒါနာတို့ကို လေသံတိုးတိုးနဲ့လှမ်းပြောတယ်။
"ဒီနေရာမှာ ရုရှားကြေးစားနှစ်ဆယ်လောက်တော့ရှိမယ်။ အကုန်လုံးမှာ ဒီမီထရီအိမ်တော်အမှတ်အသားရှိနေတယ်။ ပြီးတော့ ငါးမန်းပါးဟပ်တွေရှိတဲ့ အသွင်ပြောင်းမြူတန့်ရောပဲ။"
မက်ဒါနာကတော့ ငါးမန်းပါးဟပ်နဲ့အသွင်ပြောင်းမြူတန့်ဆိုတာနဲ့ ဆိုဖီယာပြောခဲ့တဲ့ A rank အဖွဲ့ဝင်ကို ပြန်သတိရသွားတယ်။ ဒါကြောင့် သူဒီပကို သတိပေးလိုက်တယ်။
"သူက မြူတန့်သိပ္ပံရဲ့ A rankအဖွဲ့သားပဲ၊ တခြားအဖွဲ့သားတွေရောတွေ့သေးလား။"
"မတွေ့ဘူး... ဒါပေမဲ့ရွက်ဖျင်တဲတွေက များလွန်းအားကြီးနေတယ်။ ရှေ့ကိုဆက်သွားလိုက်ဦးမယ်။" အဲဒီနောက်တော့ ဒီပက မြူတန့်သိပ္ပံအဖွဲ့ကလူတွေ ဖမ်းထားတဲ့ အကောင်ကြီးနားကို ကပ်သွားပါတယ်။
ညံကောင်နားကို ရောက်လာတော့ ဒီပရဲ့ပုရွက်ဆိတ်က တစ်ကိုယ်လုံးတုန်ရီလာပြီး တစ်ခုခုကိုကြောက်နေတဲ့အလား ရှေ့ဆက်မတက်ရဲတော့ပါဘူး။
"ညံကောင်က မသေသေးဘူး၊ သူတို့အေးခဲစေတဲ့ ဓာတ်ငွေ့တွေနဲ့ ဆောင်းခိုအောင်လုပ်ထားတာ။ အရွယ်အစားအရ အရွယ်မရောက်သေးတဲ့ကောင်ပဲ။ သူတို့စခန်းချနေတုန်း ဆောင်းခိုနေတဲ့အကောင်ပေါက်က နိုးလာပြီး အပေါ်တက်လာတာဖြစ်နိုင်တယ်။ ဒါကြောင့် အတင်းအေးခဲပြီး အကောင်ကြီးတွေ နိုးမလာအောင် လုပ်ထားတာ။"
ကောင်လေးဒီပက ကင်းလှည့်နေတဲ့ ရုရှားကြေးစားတွေကို ရှောင်ကွင်းသွားရင်း ညံကောင်ကြီးနားကို ပိုတိုးကပ်သွားတယ်။
"ကျွန်တော် ဒီညံကောင်ကို လွှတ်ပေးလိုက်မယ်ဆိုရင် အဖွဲ့တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ပြီး လူကုန်ထွက်လာလိမ့်မယ်။ တကယ့်စခန်းဟုတ်မဟုတ် ကြည့်လို့ရပြီပေါ့။" ဒါပေမဲ့ အဝေးကနေပြီး စခန်းကို စောင့်ကြည့်နေတဲ့ မက်ဒါနာကတော့ ကောင်လေးဒီပကို အမြန်ဆုံးပြန်လာစေချင်နေပြီ။ ငါးမန်းရဲ့ပါးဟပ်တွေဟာ တစ်ခုခုကို အာရုံခံမိသွားတဲ့အလား လှုပ်ရှားလာလို့ပါ။
"ပြန်လာတော့... သူတို့နင့်ကို သတိထားမိတော့မယ်။" ငါးမန်းတွေက သွေးနံကိုမိုင်ရာချီကနေပြီး အနံခံနိုင်သူတွေပါ။ အခုသူတို့က ကုန်းပေါ်မှာဆိုပေမဲ့ ငါးမန်းမြူတန့်က သူတို့ကို သတိထားမိခြင်းရှိမရှိ မသိနိုင်ပါဘူး။
"ဒါပေမဲ့... ခဏလေးပဲလေ။" ကောင်စုတ်လေးက သူ့စစ်သုံးအိတ်ထဲကနေ ကပ်မိုင်းလေးတစ်ခုကို ထုတ်ပြီး ညံကောင်ကြီးရဲ့ကိုယ်မှာ ခိုးကြောင်ခိုးဝှက် စိုက်ထားလိုက်တယ်။ အဲဒီနောက်တော့ အတော်လှမ်းလှမ်းကို ပြန်ဆုတ်သွားပြီး ခလုတ်နှိပ်ဖို့ ရီမုရှာလိုက်တယ်။
"ဟမ်... ငါ့အိတ်ထဲမှာ မရှိဘူးလား။" ကောင်လေးဒီပ စိတ်ရှုပ်သွားတဲ့အချိန်မှာပဲ သူ့နောက်ကို တစ်ယောက်ယောက်ခုန်ချလာတဲ့အသံ ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ ချစ်စရာကောင်းတဲ့ နားရွက်ရှည်လေးနှစ်ဖက်နဲ့ မျက်လုံးနီနီလေးတွေက သူ့ကိုစောင့်ကြိုနေပါတယ်။
"ရှင်ရှာနေတာက ဒါလား။" ယုန်နားရွက်နဲ့ ကောင်မလေးက သူ့လက်ထဲက ဗုံးခလုတ်ကို ထောင်ပြလိုက်တယ်။ ကောင်လေးဒီပလည်း မျက်နှာပျက်သွားပြီး...
"သေစမ်း..." အဲဒီနောက်တော့ ယုန်မလေးရဲ့အားသန်လှတဲ့ ခြေကန်ချက်က ကောင်လေးဒီပရင်ဘတ်ပေါ်ကို ကျဆင်းလာပါတော့တယ်။
"အား....." ကောင်လေးဒီပ ရွက်ဖျင်တဲတစ်ခုနဲ့ တိုက်မိသွားပြီး ရွက်ဖျင်တဲတစ်ခုလုံး ပြိုလဲကျသွားတယ်။အဲဒီနောက်တော့ သူခေါင်းထောင်ကြည့်လိုက်ပြီး ပါးစပ်ထောင့်က သွေးတွေကို လက်ခုံနဲ့ဖယ်ရှားလိုက်ပါတယ်။ ငွေရောင်ပုရွက်ဆိတ်ကတော့ သူ့သခင်ကို ကာကွယ်ဖို့အတွက် ယုန်ရှေ့ကနေ ပိတ်ရပ်လိုက်တယ်။
"ဘယ်သူလဲ..." ကင်းလှည့်နေတဲ့ ရုရှားကြေးစားတွေလည်း သတိဝင်လာကြပြီးတော့ ကောင်လေးဒီပကို သေနတ်နဲ့ ထိုးချိန်လိုက်ကြတယ်။ ဂျင်းဘောင်းဘီတိုလေးကိုဝတ်ထားပြီး ဖြူဖွေးတဲ့အသားအရေနဲ့ရှည်လျားတဲ့ပေါင်တံကို လှစ်ဟပြထားတဲ့ ယုန်မြူတန့်မိန်းကလေးကတော့ သူတို့သေနတ်တွေကို ပြန်ချထားခိုင်းလိုက်တယ်။
"ဘာမှမဟုတ်ပါဘူး၊ အရေးမကြီးတဲ့ ကလေးသူခိုးတစ်ယောက် စခန်းထဲဝင်လာရုံပါ။" အဲဒီနောက်တော့ ပေါ့ပေါ့ပါးပါးလေသံက ချက်ချင်းပြောင်းသွားပြီး သွားကြားထဲကလေသံနဲ့ ပြောလိုက်လေရဲ့။
"ဒါပေမဲ့ သူနဲ့အတူပါလာတဲ့သူတွေကိုတော့ ဖမ်းရမယ်။" အဲဒီနောက်တော့ ကောင်လေးဒီပနားမှာတပ်ထားတဲ့ ကြိုးမဲ့နားကျပ်ကို ဖြုတ်ယူလိုက်ပြီးတော့ မက်ဒါနာတို့ကို ပြောလိုက်ပါတယ်။
"ဟေး... အဝေးမှာရှိနေတဲ့အဖွဲ့လေး၊ နင်တို့ကောင်လေးကိုမသေချင်ရင် ငါတို့ဆီလာပြီးကယ်လေ။ နင်တို့ဟီးရိုးတွေက နင်တို့အဖွဲ့သားတွေကို မစွန့်လွှတ်တတ်ကြဘူးမဟုတ်လား။"
လယ်ရီက မက်ဒါနာကို ကူရာမဲ့စွာနဲ့ ကြည့်လိုက်ပြီးတော့ မေးလိုက်တယ်။ "ဘယ်လိုလုပ်ပြီး အဲဒီမြူတန့်က ငါတို့ကို သတိထားမိသွားတာလဲ။"
မက်ဒါနာကတော့ ကူရာမဲ့စွာနဲ့ ပြန်ဖြေလိုက်တယ်။ "ယုန်တွေရဲ့နားရွက်ရှည်တွေက နားပါးတာမှ ရေဒါလိုပဲ။ ငါတို့ဝင်လာကတည်းက သိနေတာပဲဖြစ်မယ်။"
ဖုတုဟိုင်ကလည်း စိုးရိမ်တကြီးနဲ့မေးလိုက်တယ်။ "ငါတို့ဝင်ကယ်မလား၊ ပြန်ဆုတ်မလား။"
"ဘယ်လိုပဲဖြစ်ဖြစ် ဝင်ကယ်ရမှာပဲ ဒါပေမဲ့ ငါတို့က ဒီစခန်းကို အတုလားအစစ်လားတောင် ကွဲသေးတာမဟုတ်ဘူး။ တခြားအဖွဲ့တွေကို အကြောင်းကြားထားလိုက်။"
အဲဒီနောက်တော့ မက်ဒါနာက သူ့ဝတ်စုံရဲ့Void Streamတွေကိုဖွင့်ပြီး မြားတစ်စင်းလိုမျိုး တစ်ဟုန်ထိုး ပြေးဝင်သွားတယ်။ ဆုဗာနာအထူးတပ်ကလည်း အားမနည်းပါဘူး။ သူတို့ကျောမှာပါလာတဲ့ အထုတ်ထဲက ခေါက်လက်နက်တွေကို ဖြန့်လိုက်ကြတယ်။ ဇက်သတ္တုကိုင်းနဲ့လုပ်ထားတဲ့ လေးတွေပါ။ မြားတွေကလည်း ဇက်သတ္တုအသွားပါတယ်။ ကမ္ဘာပေါ်မှာ မြားကိုဇက်သတ္တုအစစ်နဲ့လုပ်နိုင်တဲ့နိုင်ငံဆိုလို့ ဆုဗာနာပဲရှိပါတယ်။
အဲဒီနောက်တော့ အန့်ရိုက်တာတွေဟာ သူတို့ပုရွက်ဆိတ်တွေနဲ့အတူ ပြေးတက်လာကြတယ်။ "မင်းသားလေးကို ကယ်ဆယ်ကြ။"
လယ်ရီကတော့ ဖုတုဟိုင်ကို ပခုံးတွန့်ပြလိုက်ပြီး မူလအသွင်တစ်ဝက်ကို ထုတ်ဖော်လိုက်ပါပြီ။ သူ့အသားအရေက အဝါရောင်သန်းသွားပြီး အရိုးချွန်တချို့က သူ့အသားကိုဖောက်ထွက်လာတယ်။ နောက်တော့ ပိုးဟပ်တစ်ကောင်ရဲ့တောင်ပံလို တောင်ပံတစ်စုံက သူ့ကျောနောက်ကနေ ဖောက်ထွက်လာခဲ့တယ်။ သူ့သွားတွေကလည်း အသားစားသတ္တဝါတစ်ကောင်လို ချွန်ထက်နေပြီး လူကောင်ကလည်း နှစ်မီတာလောက်မြင့်သွားတယ်။ နောက်ဆုံးတော့ သူ့မျက်လုံးတွေက အဝါရောင်ဒေါင်လိုက်ဖြစ်သွားတယ်။
"ဝိုး... မင်းက အသွင်ပြောင်းမြူတန့်လား။" ဘေးမှာရှိနေတဲ့ ဖုတုဟိုင်က ပြောလိုက်တော့ အသွင်ပြောင်းထားတဲ့လယ်ရီက နှာမှုတ်လိုက်ပြီး လေသံမာမာနဲ့ပြောလိုက်တယ်။
"ငါ့ကို အဲဒီတစ်ဝက်တစ်ဝက်ကောင်တွေနဲ့ မနှိုင်းနဲ့။" အဲဒီနောက်တော့ အတောင်ပံကိုခတ်ပြီး ဧရာမ ပိုးဟပ်ကြီးလိုမျိုး တိုက်ပွဲထဲကို ခုန်ဝင်သွားတယ်။
....
"အဖွဲ့သုံးမှ အဖွဲ့တစ်... အဖွဲ့သုံးမှ အဖွဲ့တစ်။ အရေးပေါ်... အရေးပေါ်။ နယ်စားမင်းသားလေး ရန်သူ့လက်ထဲရောက်သွားပြီ၊ အရေးပေါ်စစ်ဆင်ရေးအတွက် နွံတောစခန်းကိုဝင်တိုက်နေပြီ။ ရန်သူက ငါတို့လာမှာသိပြီးသားဖြစ်နိုင်တယ် ...ထပ်ပြောမယ် ရန်သူက ငါတို့လာမှာသိနေနိုင်တယ်။"
ဖက်တီးဝမ်က သူတို့အဖွဲ့မှာရှိနေတဲ့ ဆိုဖီယာကို ကြည့်ပြီးမေးလိုက်တယ်။ သူက အဖွဲ့ထဲမှာ A rankမလို့ ခေါင်းဆောင်ဖြစ်သည့်ပေမဲ့ အခုလောလောဆယ်တော့ ဆိုဖီယာက သူ့ထက်ရာထူးကြီးပြီး စစ်ဆင်ရေးတစ်ခုလုံးရဲ့ခေါင်းဆောင်ပါ။
ဆိုဖီယာကတော့ ခဏလောက်မျက်လုံးမှိတ်ထားလိုက်ပြီး ပြန်ဖွင့်လိုက်တော့ အစိမ်းရောင်မျက်လုံးတွေက အခိုးအငွေ့တွေထွက်လာတဲ့အထိ တောက်ပလာတယ်။
"ဉာဏ်များလိုက်တာ... မင်းတို့ဒီစခန်းကို စောင့်ကြည့်ထားလိုက်၊ ငါသူတို့ကို သွားကူလိုက်မယ်။" သူက ဖက်တီးဝမ်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
အစကတည်းက ဆိုဖီယာဟာ ဖက်တီးဝမ်အဖွဲ့ထဲက မဟုတ်ပါဘူး။ သူ့တာဝန်က လိုအပ်တဲ့နေရာတွေကို အပြေးသွားပြီး ကူညီဖို့ပါ။
ဒါပေမဲ့ ခဏနေတော့ ဆုဗာနာတပ်သားတစ်ယောက်က ဖက်တီးဝမ်ကို သတင်းပို့လိုက်တယ်။
"ခေါင်းဆောင်၊ ကျွန်တော်တို့ရှေ့က မြေကြီးတွေက ကလှိုဏ်ခေါင်းလိုမျိုးရွေ့ပြီး တစ်ခုခုလာနေသလိုပဲ။"
သူ့စကားမဆုံးလိုက်ပြီး မြေကြီးထဲကအရာက သူ့ရှေ့ကနေ ထွက်လာပြီး ကပ်ကြေးလိုလက်တစ်ဖက်က သူ့လည်ပင်းကို တိခနဲဖြတ်လိုက်တယ်။ သွေးတွေက မှော်ဝင်လိပ်ပြာတောင်ကြားရဲ့မြက်ခင်းပြင်ပေါ်မှာ ပြန့်ကျဲကုန်တယ်။
ဖက်တီးဝမ်ကတော့ သူ့ရှေ့မှာရှိနေတဲ့ ရန်သူကိုကြည့်လိုက်ပြီး လျှာကိုသပ်လိုက်တယ်။ "နည်းတဲ့ပင််လယ်ကဏန်းကြီးလား၊ ပင်လယ်စာကောင်းကောင်းတော့ စားရတော့မယ်ထင်တယ်ဟေ့။"
အဲဒီနောက်တော့ သူက သူ့ရဲ့သားလှီးဓားကြီးကို ခါးကြားကနေ ထုတ်လိုက်တယ်။ သူ့ရှေ့မှာကတော့ အပြည့်အဝအသွင်ပြောင်းထားတဲ့ တစ်မီတာခွဲလောက် မြင့်ပြီး လူငါးယောက်ဖက်စာလောက်ရှိတဲ့ အခွံနီကဏန်းကြီးက သူ့ကိုစောင့်ကြည့်နေတယ်။
"ဖက်တီး... မင်းက မြူတန့်တောင်မဟုတ်ဘူး။ ဒီနေ့ငါ့ညစာက မင်းမဖြစ်ရင် ကံကောင်းလှပြီ။" ဖက်တီးကြီးကတော့ ကဏန်းရဲ့စကားတွေကို ဂရုမစိုက်ဘူး။
"ဟမ့်.... မင်းတို့မြူတန့်သိပ္ပံမှာရော မြူတန့်စစ်စစ် ဘယ်နှစ်ယောက်ရှိလို့လဲ။" အဲဒီနောက် သူ့ဓားကို ဖြစ်သလိုဝေ့ယမ်းပြီး ကဏန်းခြေထောက်တစ်ဖက်ကို တိခနဲနေအောင်ဖြတ်ချလိုက်တဲ့အတွက် ကဏန်းကြီး ဒူးထောက်ကျသွားတယ်။
"မင်း.... အဲဒီဓားပညာက ဘယ်လိုဓားပညာမျိုးလဲ။" ကဏန်းမြူတန့်က A rankပါ။ ဟီးရိုးကျောင်းကို ဝင်စီးနင်းခဲ့တဲ့ အဆင့်နိမ့်အဖွဲ့ဝင်တွေမဟုတ်ပါဘူး။ ပုံမှန်အားဖြင့် သူ့အခွံတွေက ဇက်သတ္တုနီးပါး မာကျောပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဓားတစ်ချက်တည်းနဲ့ ခြေထောက်ဖြတ်ခံလိုက်ရတယ်လေ။
"ကဏန်းလှီးဓားသိုင်းလေ...." ဖက်တီးဝမ်က ခနဲ့တဲ့တဲ့နဲ့ အဖြေပြန်ပေးလိုက်တယ်။ ဖက်တီးဝမ်က သူ့ရန်သူထင်သလောက် မသန်မာတဲ့အတွက် ပျော်မြူးနေတာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ သူ့မျက်နှာက ချက်ချင်းမျက်နှာသေဖြစ်သွားတယ်။
ကဏန်းကောင်ရဲ့ပြတ်သွားတဲ့ခြေထောက်နေရာမှာ စက္ကန့်ပိုင်းအတွင်း ခြေထောက်အသေးလေးပေါက်လာပြီး ချက်ချင်းကြီးလာလို့ပါ။ ကဏန်းကလည်း ဖက်တီးဝမ်ကို ပမာမခန့်နဲ့ပြောလိုက်တယ်။
"ပြန်လည်ကုစားနိုင်စွမ်းကို တစ်ခါမှမမြင်ဖူးဘူးလား၊ ဖက်တီးကောင်ရဲ့။" ကဏန်းကြီးစကားပြောပြီးတဲ့အချိန်မှာပဲ နောက်ထပ်မြူတန့်တစ်ယောက်က သူ့ဘေးနား ရောက်လာပြန်တယ်။ ဒီတစ်ခါကတော့ အင်မတန်ကြီးမားဝိုင်းစက်တဲ့ မျက်လုံးရှစ်လုံးရှိတဲ့ ပင့်ကူပါ။ ဒါပေမဲ့ပင့်ကူခေါင်းကနေ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ် ပေါက်နေပြီးတော့ အဲဒီမိန်းကလေးက ဖက်တီးဝမ်ကို မခန့်လေးစားပြောလိုက်တယ်။
"A rankက သူတစ်ယောက်တည်းပါတာလား။ ငါတို့နှစ်ယောက်စားလို့ လောက်ပါ့မလား၊ ပန်ဆာ။"
"သူက ဝတော့အသားများမှာပါ၊ အက်ချနာ။"
...
တကယ်တော့ ဖက်တီးဝမ်နဲ့ငွေရောင်စစ်သည်တော်တို့ပဲ တိုက်ခိုက်နေရတာမဟုတ်ပါဘူး။ မြူတန့်သိပ္ပံအဖွဲ့က သူတို့လှုပ်ရှားမှုတွေကို တစ်နည်းနည်းနဲ့ ကြိုသိနေတဲ့အတွက်ကြောင့် ကမောက်ကမတွေဖြစ်ကုန်ပြီး အဖွဲ့တိုင်းတိုက်ခိုက်နေရတာပါ။
မျောက်တွေနေတဲ့ တူရင်းချောက်ကမ်းပါးအတွင်းမှာတော့ ဖရာလီတာဟာ သူ့ဝတ်စုံမှာပါတဲ့ အမြောက်ကြီးကိုသုံးပြီး ကမ်းပါးတစ်ခုကိုဖြိုချကာ ရန်သူတွေ သူတို့ဆီ ဆက်မလိုက်လာနိုင်အောင်လို့ လမ်းပိတ်ပစ်လိုက်တယ်။ ဒါပေမဲ့ ရထားကြီးတစ်စင်းက ဝင်တိုက်လိုက်သလိုမျိုး ကြောက်တုံးတွေအားလုံး လွင့်ပျံထွက်လာပြီး နွားချီးပိုးထိုးအကြီးစားကြီးက Archmegaရှေ့မှာ ရပ်လိုက်ပါတယ်။
"Archmega... မင်းက ဥရောပရဲ့အကြမ်းဆုံးမြူတန့်ပေါ့။ ငါနဲ့တိုက်စမ်းပါ။"
"မဟုတ်ဘူး... ငါတို့လိုပြောရမှာ၊ ဘီး။" နင်ဂျာလိုဝတ်ထားတဲ့ ကြောင်မြူတန့်တစ်ကောင်ကလည်း ချောက်ကမ်းပါးပေါ်က ဆင်းလာပြီးတော့ ပြောလိုက်ပါတယ်။
ဝါးဖရိန်အတွင်းမှာရှိနေတဲ့ ဖရာလီတာကတော့ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ခလုတ်တစ်ခုကိုနှိပ်ကာ လက်ကိုင်ကို မြဲမြဲကိုင်ထားလိုက်တယ်။ အပြင်မှာတော့ Archmegaရဲ့လက်တစ်ဖက်ကနေ အမြောက်ပြောင်းတစ်ခုထွက်လာပြီး အသွင်ပြောင်းမြူတန့်နှစ်ကောင်ကို ချိန်လိုက်တယ်။
"နင်တို့တွေကို အရှင်လတ်လတ်ကင်ပစ်မယ်။"
....
လမင်းပြာတောင်ခြေမှာတော့ အဖွဲ့၂က လုံးဝတပ်ပျက်နေပါပြီ။ ဆုဗာနာစစ်သည်တွေရဲ့ခြေလက်တွေက တောင်ခြေမှာတစ်စစီပြန့်ကျဲနေပြီး သွေးတွေအိုင်ထွန်းနေတယ်။
အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဟုန်ဝေလင်းရဲ့မျက်လုံးတွေကလည်း မယုံနိုင်ခြင်းများစွာနဲ့ ပြူးကျယ်နေပါတယ်။ သူ့လက်ထဲက ခွေးရိုက်တုတ်လည်း ကျိုးနေပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို ဆင်နှာမောင်းနွယ်ပင်တွေက ထိုးဖောက်ထားကာ သွေးတွေကိုစုပ်ထုတ်နေပါတယ်။ ဒီမိန်းကလေးမှာ ခုခံနိုင်စွမ်းမရှိတော့ပါဘူး။ မကြာခင်မှာပဲ သွေးတွေအားလုံးခမ်းခြောက်သွားပြီး မြေပေါ်ကိုပစ်ချလိုက်လိုက်ရတယ်။
သူတို့ရင်ဆိုင်ခဲ့ရတဲ့ မြူတန့်က တစ်ယောက်တည်းပါ။ နွယ်ရှင်တွေရဲ့ဘုရင်မ ဗီးနပ်စ်ပါ။ ဗီးနပ်စ်ဟာ ငွေရောင်စစ်သည်တော်ကြောင့် ဒဏ်ရာတွေကိုကုစားနေရသင့်ပေမဲ့ အခုတော့ ဆုဗာနာမှာရှိနေပြီး တစ်ဖွဲ့လုံးကို သတ်ပစ်နိုင်ခဲ့တယ်။ ပြီးတော့ ဟုန်ဝေလင်းက သိုင်းပညာအစည်းအရုံးကလာတဲ့ သုံးယောက်ထဲမှာ အားအကောင်းဆုံးပါ။ ဒါပေမဲ့ လွယ်လွယ်လေးနဲ့ပဲ အသက်ခံလိုက်ရတယ်။
ဗီးနပ်စ်ကတော့ သူ့လက်ချောင်းမှာ ပေကျံနေတဲ့ သွေးစက်တချို့ကို လျှာနဲ့လျက်ကာ အရသာခံလိုက်ပြီး သူ့ဆီကနေ ညည်းသံသဲ့သဲ့ထွက်လာတယ်။
"ဟူး... သေလောက်အောင် ဒဏ်ရာတွေရခဲ့ပြီး အကြာကြီးပုန်းနေရတော့မယ်လို့ ထင်ခဲ့ရပေမဲ့ ဒေါက်တာ့ဆီမှာ ဆေးအသစ်ရှိနေပြီး ငါ့ကိုပိုတောင်အားကောင်းလာစေသေးတယ်။ ဟားဟား...."
ဗီးနပ်စ်ရဲ့ကျောနောက်ကနေ နှာမောင်းနွယ်ပင်တွေက ဖောက်ထွက်နေပြီး နတ်သမီးထောင်ချောက်ပင်တစ်ပင်ကလည်း အတောင်ပံလိုမျိုးကျောမှာရှိနေပါတယ်။ ခပ်လှမ်းလှမ်းတစ်နေရာမှာတော့ သွေးတွေခြောက်ကပ်သွားတဲ့အထိ အစုပ်ခံထားရတဲ့ မြေခွေးအသေတစ်အုပ်ရှိနေပြီး အယ်ဖာမြေခွေးတောင်မှ မလွတ်မြောက်ခဲ့ပုံပါပဲ။
ဗီးနပ်စ်က ပိုအားကောင်းတဲ့ ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ စစ်ပွဲထဲကို ပြန်ရောက်လာခဲ့ပါပြီ။
၇။
ငွေရောင်စစ်သည်တော်ဟာ ရန်သူ့စခန်းထဲကို တစ်ဟုန်ထိုးဝင်သွားပြီး သူ့လက်မှာပါတဲ့ လက်ပတ်သေနတ်ကို စဖွင့်လိုက်တယ်။
ဟီလီယံဓာတ်ငွေ့ကျည်တွေဟာ အပြာရောင်မီးတောက်တွေနဲ့အတူ ကြယ်ပွင့်ငယ်လေးတွေလိုမျိုး ရန်သူတွေဆီကို ပြေးဝင်သွားတယ်။ ကြေးစားစစ်သည်တွေဟာ ရုတ်တရက်တိုက်ခိုက်ခံရခြင်းကို အချိန်မီမတုံ့ပြန်လိုက်နိုင်ဘူး။ ဒါကြောင့် ပေါက်ကွဲနိုင်တဲ့ ကျည်ဆန်တွေအောက်မှာ သူတို့အပိုင်းပိုင်းပြတ်ထွက်ကုန်ပါတယ်။
ငွေရောင်စစ်သည်ဟာ မြားတစ်စင်းလိုမျိုး ရန်သူ့စခန်းထဲကို ဝင်ပြီးတဲ့နောက်မှာတော့ သူ့ရှေ့က လူတစ်ယောက်ကြောင့် ရပ်တန့်လိုက်ပါတယ်။
လည်ပင်းမှာ ပါးဟပ်တွေရှိနေတဲ့ အသက်သုံးဆယ်အရွယ်လူက သူ့ရှေ့မှာ မားမားမတ်မတ်ရပ်နေပါတယ်။ ပြီးတော့ ဒီလူရဲ့လက်ထဲမှာ စုံလည်စက်သေနတ်ကြီးကို ကိုင်ထားပြီးကျောမှာလည်း ကျည်အိတ်ကြီးကိုလွယ်ထားတယ်။
"မင်းမှာ ပေါက်ကွဲကျည်တွေရှိတယ်ပေါ့၊ ငါ့မှာတော့ ဇက်သတ္တုဖောက်ကျည်တွေရှိတယ်။"
စုံလည်သေနတ်ပြောင်းက စလည်ပြီးအလုပ်လုပ်တယ်။ ယမ်းငွေ့တွေက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကျည်ဆန်တွေက နေရာတိုင်းကို သွားရောက်ထိမှန်တယ်။ ငါးမန်းမြူတန့်ဟာ သူ့လူတွေကိုတောင် မညှာခဲ့ပါဘူး။ ကြေးစားတချို့ဟာ စက်သေနတ်ကျည်ကြောင့် တစ်စစီဖြစ်ကုန်ပါပြီ။
မက်ဒါနာလည်း အဲဒီကျည်တွေ သူ့ကိုမထိအောင်လို့ ရှောင်ရှားနေရပါပြီ။ ပထမက သူ့ဝတ်စုံဟာ ဒဏ်ခံနိုင်လိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ ခေါင်းစောင်းရဲ့ထိပ်ပိုင်းကို ရှပ်ထိတဲ့ကျည်ဟာ ချပ်ဝတ်ကိုချိုင့်သွားစေကြောင်း တွေ့ပြီးတဲ့နောက်မှာတော့ သူအဲဒီလိုမလုပ်ရဲတော့ဘူး။
"စနစ်... အဲဒီကျည်တွေကို ခွဲခြမ်းလေ့လာပါ။ ပြီးတော့ ရန်သူကို အနိုင်တိုက်နိုင်မယ့် နည်းလမ်းရော။"
[တာဝန်ကို လုပ်ဆောင်နေပါသည်။
အဖြေ ၁: စွန့်ပစ်ဇက်သတ္တုများမှ ထုတ်လုပ်သည့် ကျည်ဆန်ထိပ်ဖူးခွံ။ စရိတ်သက်သာသည့် ကျည်ကာဖောက် ဇက်ကျည်ဆန်။
အဖြေ ၂: အခုအခြေအနေမှ ဖောက်ထွက်ရန် မြေဆွဲအားဓားကို အသုံးပြုပါ။]
"မင်းတော့နာပြီ ငါးမန်းကောင်။"
ငွေရောင်စစ်သည်က ဘေးတိုက်ပြေးလွှားကာ ပျံသန်းနေတဲ့ကျည်တွေကို ရှောင်ရှားနေရင်း သူ့ကျောမှာချိတ်ထားတဲ့ ဇက်သတ္တုဓားကိုဆွဲယူလိုက်တယ်။ အဲဒီနောက်တော့ ပေါ့ပါးတဲ့ဓားမြှောင်တစ်ချောင်းကို ပစ်ပေါက်သလိုမျိုး စက်သေနတ်နဲ့ ငါးမန်းကောင်ကို ကောက်ပစ်လိုက်တယ်။
"ဒီလောက်လွယ်လွယ်နဲ့ရမလား...." ငါးမန်းမြူတန့်ကလည်း တုံ့ပြန်နိုင်စွမ်းကောင်းပါတယ်။ သူက ဘေးကိုခုန်ထွက်လိုက်ပြီး ဓားကိုရှောင်လိုက်တဲ့အတွက် သေဘေးကလွတ်သွားတယ်။ ဒါပေမဲ့ ဓားသွားက သူ့သေနတ်ရဲ့အရင်းပိုင်းကို နှစ်ပိုင်းဖြတ်ပစ်လိုက်ပြီး နောက်ကိုဆက်ပြေးသွားတယ်။
ငါးမန်းမြူတန့်ဟာ လက်နက်ဆုံးရှုံးသွားတာကို သိပ်မူပုံမရပါဘူး။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းဖောင်းကားလာပြီး ငါးအကြေးခွံတွေ စထွက်လာတယ်။ ငါးမန်းပုံစံအပြည့်မဟုတ်ပေမဲ့ သူ့သွားတွေက ချွန်ထက်နေပြီး အပြာရောင်အကြေးခွံတွေက တစ်ကိုယ်လုံးကို ချပ်ဝတ်ပမာ ဖုံးအုပ်ထားပါတယ်။ မက်ဒါနာကတော့ လက်ပတ်သေနတ်ကိုသုံးပြီး သူ့ကိုပစ်နေတယ်။
ဒက်...ဒက်...ဒက်...။
ကျည်တစ်ကဒ်ကုန်သွားပြီး နောက်တစ်ကဒ် အစားထိုးတယ်။
ဒက်...ဒက်...ဒက်။
ပေါက်ကွဲကျည်အလုံးရေ တစ်ရာကျော်နည်းပါး ထိမှန်ပြီးဖြစ်ပေမဲ့ ငါးမန်းမြူတန့်က ထိခိုက်ဒဏ်ရာမရခဲ့တဲ့အတွက် သူက ငွေရောင်စစ်သည်တော်ကို လှောင်လိုက်တယ်။
"မင်းအစွမ်းအကုန်က ဒါပဲလား Silver Knight.." ဒါပေမဲ့ သူ့အထင်မှားသွားပါပြီ။ သူ့အနောက်ကနေ ဇက်သတ္တုဓားကြီးက ပျံသန်းလာပြီး ပုခုံးကိုစိုက်ဝင်သွားတယ်။
"အား...." အနီရောင်သွေးတွေပန်းထွက်လာပြီးနောက် မြင်ကွင်းရှင်းသွားချိန်မှာ မြူတန့်ငမန်းရဲ့ဘယ်ဖက်ပခုံးမှာ အရိုးထိအောင်နက်တဲ့ ဓားဒဏ်ရာတစ်ခုရှိနေပြီး ဓားပြားကြီးက ပခုံးမှာ စိုက်ဝင်နေဆဲပါ။
"မဖြစ်နိုင်တာ... ငါ့အကြေးခွံတွေက ဇက်သတ္တုလောက် မာတဲ့ဥစ္စာကို။"
မက်ဒါနာကတော့ ရှေ့ကိုတိုးသွားလိုက်ပြီး ဓားလက်ကိုင်ကိုကိုင်ကာ ဖိအားကိုပိုတိုးလိုက်တယ်။ ငွေရောင်ဓားက ရထားတစ်တွဲစာလောက် လေးသွားပြီး ငါးမန်းကိုဒူးထောက်ကျသွားစေတယ်။
"ဒီလောက်နဲ့ ငါ့ကိုသတ်လို့မရသေးဘူး။"
ရုတ်တရက်ဆိုသလိုပဲ ငါးမန်းမြူတန့်ရဲ့အရပ်က နှစ်မီတာလောက်မြင့်သွားပြီး ဓားရဲ့ဖိအားအောက်ကနေ လွတ်မြောက်လာတယ်။ အဲဒီနောက် ငွေရောင်စစ်သည်တော်ရဲ့ဝမ်းဗိုက်ကို လက်သီးနဲ့ အားပြင်းပြင်းထိုးနှက်လိုက်တယ်။
ငွေရောင်စစ်သည်တော်က အပေါ်ကို ပေနှစ်ဆယ်လောက်မြောက်တက်သွားပြီး ကြောင်ကျ ပြန်ကျလာတယ်။ အထဲမှာရှိနေတဲ့ မက်ဒါနာကတော့ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ပြီး ကျိန်ဆဲလိုက်ပါပြီ။
"သေစမ်း... ငါသတိလွတ်သွားတယ်။" ရန်သူက ခွန်အားဦးစားပေး မြူတန့်တစ်ယောက်ပါ။ ငွေရောင်စစ်သည်ချပ်ဝတ်မှာက သက်ရောက်အားကို လျှော့ချပေးနိုင်တဲ့စနစ်တွေပါပေမဲ့ အကုန်လုံးကိုတော့ ချေဖျက်မပေးနိုင်တဲ့အတွက် အခုလိုသွေးအန်လိုက်ရတာပါ။ တကယ်လို့ သူ့နေရာမှာ တခြားတစ်ယောက်ဆိုရင် သေနေလောက်ပြီ။
မြူတန့်သိပ္ပံအဖွဲ့ဟာ ထင်သလောက်အားမနည်းပါဘူး။ ပြီးတော့ သူတို့ရင်ဆိုင်နေရတဲ့ ရန်သူတွေရဲ့အင်အားက သူတို့ရထားတဲ့ သတင်းတွေနဲ့ လုံးဝကွာခြားနေပါတယ်။ ငါးမန်းမြူတန့်ဟာ ဆိုဖီယာပြောသလောက် A အဆင့်ကို ရောက်တယ်ဆိုရုံလေးပဲရှိနေတာပါ။ ဒီလောက်ကြီး အားမသန်သင့်ဘူး။ အခုတော့ A+ နီးပါးကို အားသန်နေပါပြီ။
နှစ်မီတာလောက်မြင့်တဲ့ ငါးမန်းလူသားရဲ့ကျောကနေ ငါးမန်းဆူးတောင်တစ်ခုထွက်လာတယ်။ အဲဒီနောက်တော့ သူ့လက်ဖျံကနေလည်း သတ္တုရောင်လက်နေတဲ့ ဆူးတောင်တချို့ ထပ်ထွက်လာသေးတယ်။ သူက ပခုံးမှာစိုက်ဝင်နေတဲ့ ဓားကြီးကို ဆွဲနှုတ်ပြီး မြေပေါ်ပစ်ချလိုက်တယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူ့ပခုံးက အရိုးထိနက်တဲ့ဒဏ်ရာဟာ မျက်စိနဲ့မြင်နိုင်တဲ့နှုန်းနဲ့ ပြန်ကောင်းသွားတယ်။
"Silver Knight... အဲဒီစိတ်စွမ်းအားရှင်တောင် ငါတို့ဘယ်လောက်တိုးတက်လာသလဲဆိုတာ မသိဘူးမဟုတ်လား၊ ဒီနေရာက မင်းတို့သင်္ချိုင်းဖြစ်ပြီ။"
ငါးမန်းက မက်ဒါနာဆီကို ကားတစ်စီးလိုမြန်နှုန်းနဲ့ ပြေးဝင်လာတယ်။ သူ့ညာလက်ကနေ မြောက်တက်လာပြီး လက်သီးအဖြစ်ပြောင်းပြီးနေပါပြီ။ မြေဆွဲအားဓားကို မက်ဒါနာက သံလိုက်လှိုင်းနဲ့ပြန်ဆွဲယူပြီး ငါးမန်းရဲ့လက်ကို ခုတ်ချလိုက်တယ်။
ထန်း....။ သတ္တုချင်းထိခတ်မိသံနဲ့အတူ မက်ဒါနာ ဒူးတစ်ဖက်ထောက်ကျသွားတယ်။ သူ့ဓားမှာ အစင်းရာတစ်ခုရှိနေပြီး A အဆင့်ကို အပြည့်အဝရောက်နေပြီဖြစ်တဲ့ ငါးမန်းဆူးတောင်လက်ချပ်ပါ။
"မင်းက ဘက်ပေါင်းစုံမှာ A rankကို ရောက်ချင်ရောက်နေလိမ့်မယ် SilverKnight... ဒါပေမဲ့ အမှန်တရားကခါးတယ်။ ဘက်စုံတော်တဲ့ နည်းပညာဟီးရိုးတစ်ယောက်က ကဏ္ဍတစ်ခုမှာ အထူးပြုတဲ့မြူတန့်တွေလောက် မသန်မာဘူး။ ဒါက အမှန်တရားပဲ။"
မက်ဒါနာကတော့ မျက်နှာမပျက်သေးပါဘူး။ အကြောင်းက ဒါဟာသူ့အားကုန် မဟုတ်ဘူးလေ။ ငါးမန်းကောင်က နောက်ခြေတစ်လှမ်းတက်ပြီး မက်ဒါနာရဲ့ခေါင်းစွပ်ကို ဆွဲချွတ်ဖို့ ကြိုးစားလိုက်တယ်။ ကံမကောင်းတာက ဒုံးကျည်အသေးစားလေးတစ်ခုက သူ့ကိုမှန်သွားပြီး ပေါက်ကွဲသွားတယ်။
မီးခိုးတွေရှင်းလင်းသွားတော့ ငါးမန်းပြာရဲ့ကြေးခွံတချို့ကနေ သွေးတွေစိမ့်ထွက်နေပြီး သူ့ရှေ့ကို ဒေါသတကြီးကြည့်လိုက်တယ်။ အခုတော့ ငွေရောင်စစ်သည်တော်က စက်ရုပ်ခွေးနက်ကြီးပေါ်မှာ။ စက်ရုပ်ခွေးနက်ကြီးရဲ့ဝမ်းဗိုက်မှာတော့ ဒုံးကျည်တစ်တောင့်ကျန်နေသေးတဲ့ ရော့ကတ်လောင်ချာတစ်ခုနဲ့သာမန်ဗုံးလောင်ချာကို မြင်နိုင်တယ်။
"မင်းမေ့နေတာတစ်ခုကို အသိပေးပါရစေ။ ငါက မြင်းစီးသူရဲကောင်းကွ... ခွေးစီးထားပေမဲ့ပေါ့။"
"ဝု...ဝု...." သူ့ကို ရိုးရိုးခွေးအဖြစ် ဖော်ပြလိုက်တာကို စေဘာစတိန်းက သိပ်သေနက်ပုံမရဘူး။ သူက ငရဲခွေးပါ။
မြေဆွဲအားဓားကိုကိုင်ထားတဲ့ ငွေရောင်စစ်သည်က သူ့တွဲဖက်စက်ရုပ်ခွေးနဲ့အတူ ငါးမန်းဆီကို တစ်ဟုန်ထိုးပြေးတက်လာတယ်။ သူတို့တိုက်ပွဲရေချိန်က ချက်ချင်းပြောင်းလဲသွားပါပြီ။
ငရဲခွေးဟာ ကားတစ်စီးထက်တောင် ပိုမြန်ပါတယ်။ ဒါကြောင့် အမြန်နှုန်းအရ ငါးမန်းဟာ နောက်ကောက်ချခံထားရပြီး ငွေရောင်စစ်သည်ရဲ့၃၆၀ ဒီဂရီအပြည့် ပတ်ပတ်လည်ဝိုင်းတိုက်တဲ့ဒဏ်ကို ခံရပါတော့တယ်။ သူဟာ လူတစ်ရာနဲ့တစ်ယောက် တိုက်နေရသလိုကို ခံစားနေရပါပြီ။
ထန်း...။ နောက်တစ်ကြိမ် ငါးမန်းဆူးတောင်နဲ့ဓားက ရင်ဆိုင်မိပြီးနောက် တစ္တေအရိပ်လိုမျိုး ငွေရောင်စစ်သည်က နေရာကနေ ပျောက်သွားတယ်။ အဲဒီနောက် တခြားရှုထောင့်ကနေပြီး ဓားနဲ့အတူ ပြန်ပေါ်လာတယ်။
ငါးမန်းမြူတန့်ရဲ့ဆူးတောင်တွေက မြေဆွဲအားဓားနီးပါး မာကျောပါတယ်။ ဒါပေမဲ့ ဒါတွေက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ။ အရေပြားနဲ့တွဲထားတာမလို့ နာကျင်မှုကိုခံစားရတယ်။ အကြိမ်များစွာ တိုက်ခိုက်ပြီးတဲ့နောက် သူ့အကြေးခွံတွေလန်နေပြီး သွေးတွေက ခန္ဓာကိုယ်ကနေ စိမ့်ထွက်လာပါပြီ။
"မကောင်းတော့ဘူး... ဒီအတိုင်းဆိုရင် ငါသေလိမ့်မယ်။"
တစ်ချိန်တည်းမှာပဲ ယုန်မြူတန့်ဟာလည်း အလားတူအခြေအနေကို ရင်ဆိုင်နေရပါတယ်။ ယုန်မြူတန့်မိန်းကလေးဟာ အရင်က B rankတစ်ယောက်ပါ။ A rank ကိုဆေးကြောင့် ရောက်နေပေမဲ့ တိုက်ခိုက်ရေးမှာတော့ သိပ်မထူးချွန်ပါဘူး။
တိုက်ပွဲထဲကို ရုတ်တရက်ခုန်ဝင်လာတဲ့ လယ်ရီက ယုန်မိန်းကလေးကိုနားရွက်ကနေ ဖမ်းဆုပ်လိုက်ပြီး မြေပြင်နဲ့ပြင်းပြင်းကိုင်ပေါက်လိုက်တယ်။
"ဘန်နီလေး... မင်းရဲ့ခြေလှမ်းတွေက သိပ်ရိုးရှင်းလွန်းတယ်။ ငါသာ မင်းကိုမိန်းကလေးမလို့ မညှာရင် သေနေလောက်ပြီ။"
တကယ်လည်း လယ်ရီက သူ့ရဲ့လက်မောင်းက ဆူးချွန်တွေနဲ့ပစ်ခတ်တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပါဘူး။ လူနှစ်ရပ်စာလောက်မြင့်တဲ့ လယ်ရီရဲ့တကယ့်ပုံစံက ကြီးမားတယ်ဆိုပေမဲ့ မနှေးပါဘူး။ အင်ပါယာစစ်တပ်ထဲမှာ သူရဲ့တဲ့နာမည်ပါ။ အင်ပါယာအပြေးသမားပါ။ သူ့အတောင်တွေက သူ့မြန်နှုန်းကို တောက်ပံထိန်းချုပ်ပေးပြီး အပြေးသမားတစ်ယောက်လို သန်မာတဲ့ခြေထောက်တွေလည်းရှိပါတယ်။
ယုန်မလေးက အပြေးသန်ပြီး မြန်နှုန်းဦးစားပေးမြူတန့်ဆိုပေမဲ့ အခုတော့အသေရိုက်နှက်ခံနေရတယ်။
ပါးလွှာတဲ့ ဓားတစ်ချက်ကို လက်ထဲမှာကိုင်ထားတဲ့ ယုန်မလေးကတော့ မောနေပြီဖြစ်ပြီး အသက်ကိုလုရှူနေရတယ်။
"ကျွန်မရှုံးတာ ကျွန်မဝန်ခံတယ်၊ ဒါပေမဲ့ ရှင်တို့ဒီကနေ ထွက်သွားလို့ရမယ်မထင်နဲ့။"
သူ့စကားဆုံးတဲ့အချိန်မှာပဲ လက်ခုပ်သံထွက်ပေါ်လာပါတယ်။ ငါးမန်းကို ဓားနဲ့ပတ်ခုတ်နေတဲ့ မက်ဒါနာရော၊ ယုန်ကိုအနိုင်ကျင့်နေတဲ့ လယ်ရီပါ လက်ခုပ်သံလာရာကို ကြည့်လိုက်ပါတယ်။ ပေနှစ်ဆယ်လောက်ရှည်တဲ့ ကင်းမြီးကောက်မိန်းကလေးနဲ့ သန့်ရှင်းတဲ့သိပ္ပံပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ Mad doctorကိုမြင်တော့ သူတို့နှစ်ယောက်လုံး မျက်နှာပျက်သွားတယ်။
"သိပ်ကောင်းတယ်... ဆိုဖီယာရဲ့ပိုးကောင်လေးတွေက ကိုယ့်ထက်အဆင့်မြင့်တဲ့သူကိုပါ အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်မထားဘူး။ တကယ့်အံ့ဖွယ်ပဲ။"
လယ်ရီကတော့ ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်း လက်ကိုပိုက်ထားပြီး Mad doctorကို ကြည့်လိုက်တယ်။
"ငါတို့က ဘက်တူရင် လူမရွေးဘူး၊ အဆင့်တူရင် ဗိုလ်မထားဘူး။" လယ်ရီက တကယ်တော့ အဆင့်သတ်မှတ်တဲ့စနစ်အရ အဆင့်B ပါ။ ဒါပေမဲ့ သူနဲ့စွမ်းအားတူ A- တစ်ယောက်ကို တကယ်ကြီးအနိုင်ယူနိုင်တယ်။
ငါးမန်းမြူတန့်နဲ့ယုန်မလေးတို့က မက်ဒါနာတို့နဲ့ တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ပြီး Mad doctorနောက်ကို သွားရပ်တယ်။ မက်ဒါနာတို့လည်း လူစုလိုက်ကြပါပြီ။ S rankကို တစ်ယောက်ချင်းစီရင်ဆိုင်တာထက် အားလုံးပေါင်းပြီးတိုက်ခိုက်တာက ပိုအဆင်ပြေနိုင်တယ်မဟုတ်လား။
မက်ဒါနာက လယ်ရီဘေးနားမှာရပ်လိုက်တယ်။ အားနည်းတဲ့ သာမန်ကြေးစားလေးတွေကိုသာ ကိုင်တွယ်နေတဲ့ ဖုတုဟိုင်နဲ့ ဆုဗာနာစစ်သည်တွေလည်း သူတို့နောက်မှာရပ်လိုက်ပါတယ်။ ကောင်လေးဒီပလည်း သူတို့လူအုပ်ထဲမှာ ရှိနေပြီးတော့ တိုက်ပွဲဖြစ်နေတုန်း သူလွတ်လာတာပါ။
Mad doctorကတော့ သူတို့ကိုကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
"တကယ့် သတ္တိခဲအဖွဲ့ပဲ၊ မင်းတို့အားလုံးကို တစ်ချက်တည်းသတ်နိုင်တဲ့ ရန်သူတော်ကြီးက မင်းတို့ရှေ့မှာရပ်နေတာတောင် နောက်ဆုတ်ဖို့ မရွေးကြဘူးပဲ။"
လယ်ရီကတော့ Mad doctorကို ခပ်ထေ့ထေ့ကြည့်လိုက်ပြီး မေးလိုက်တယ်။
"မင်းက ငါတို့သခင်မရောက်လာမှာကို မကြောက်ဘူးလား။ မင်းနောက်က အင်းဆက်မက ငါ့သခင်မကို အစကတည်းက ယှဥ်နိုင်တာမဟုတ်ဘူးလေ။"
စင်တီက သာမန် S- တစ်ယောက်နဲ့ပဲယှဥ်နိုင်တာပါ။ ဆိုဖီယာကတော့ အင်အားအကြီးဆုံး S အဆင့်တစ်ယောက်ကို သတ်ပစ်နိုင်စွမ်းရှိပြီး မက်၊ လယ်ရီ၊ မိုးတို့လိုပဲ အဆင့်တူရင် ဗိုလ်မထားပါဘူး။
"ငါ့မှာ သူ့ကိုရင်ဆိုင်ပေးမဲ့ မိတ်ဆွေလေးတွေ ရှိနေတယ်လေ။" Mad doctorက ပြောလိုက်တယ်။ ဒါပေမဲ့ လယ်ရီကတော့ နည်းနည်းလေးမှ သူ့သခင်မအတွက် စိုးရိမ်နေပုံမရဘူး။
"ဒါဆိုရင် ခင်ဗျားမိတ်ဆွေတွေအတွက် သဂြိုဟ်ဖို့နေရာ ကြိုပြင်ပေးထားတာ ပိုကောင်းလိမ့်မယ်။"
....
အစိမ်းရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှာ ပျံသန်းနေပါတယ်။ ကြယ်ကြွေအလင်းတန်းလိုမျိုးပဲ ဒီအလင်းတန်းက မြန်ဆန်လှပေမဲ့ အတွင်းထဲမှာတော့ မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်ကို မြင်နိုင်ပါတယ်။ ဒီအလင်းတန်းက ဆိုဖီယာပါ။ အခုလောလောဆယ်တော့ ဆိုဖီယာရဲ့နောက်ကို လူနှစ်ယောက်လိုက်နေတယ်။
နှစ်မီတာလောက်မြင့်တဲ့ သမန်းဝံပုလွေက တောင်တန်းပေါ်မှာ ပြေးလွှားနေရင်း လေပေါ်ကို အမြင့်ကြီးခုန်လိုက်တယ်။ သူ့ပစ်မှတ်က ဆိုဖီယာကိုပါ။ ဒါပေမဲ့ ဆိုဖီယာက လွယ်လွယ်လေးရှောင်လိုက်တာနဲ့ သူ့ဘာသာ အရှိန်ကုန်ပြီး မြေပေါ်ကို ပြုတ်ကျသွားတယ်။
"ပျံနိုင်တဲ့မြူတန့်... တော်တော်မုန်းစရာကောင်းတယ်။ မစ်ရှား... သူ့ကိုပစ်ချလို့မရဘူးလား။"
ဟောင်ကောင်အစည်းအရုံးက S rank ရှားပိုင်ဝေဟာလည်း ဗျပ်စောင်းကို လက်ထဲမှာကိုင်ထားပြီး ပျံသန်းနေပါတယ်။ သူ့အနားမှာအသံလှိုင်းတွေက ကခုန်လှုပ်ရှားနေပြီးတော့ ခန္ဓာကိုယ်ကို လေပေါ်ပေါ်အောင် လုပ်ပေးထားတယ်။ အဆင့်တက်ပြီးနောက်မှ နိုးထလာတဲ့ စွမ်းအင်သစ်ဖြစ်ပြီးတော့ အသံလှိုင်းခြုံလွှာလို့ခေါ်ပါတယ်။ ဘက်စုံသုံးလို့ရပေမဲ့ တကယ်ပျံနိုင်တာမဟုတ်တော့ ဆိုဖီယာလောက်မမြန်ပါဘူး။
"မရဏတေးသံ ရှန်းယင်ပေါင်ဆန်း..."
ဆုဗာနာသစ်တောအတွင်းရှိ သစ်ရွက်များအားလုံး အသံလှိုင်းကြောင့် လေမတိုက်ဘဲ လှုပ်ခတ်လာကြပြီး တေးသီချင်းသံအောက်တွင် သစ်ပင်ကြီးများပင် မြောက်တက်လာကာ ကျောက်တုံးကျောက်ခဲများလေး မြင့်တက်လာသည်။ ထို့နောက်တွင်တော့ အသံလှိိုင်းမုန်တိုင်းကြီးတစ်ခုက ဆိုဖီယာကို ဗဟိုပြုကာ တိုက်ခတ်တော့သည်။
အရောင်တောက်နေသော မျက်လုံးစိမ်းများဖြင့် ဆိုဖီယာက နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး ဒေါသဖြင့် ပြောလိုက်၏။
"ဒီနှစ်ယောက်က တကယ့်အနှောင့်အယှက်ပဲ။" ထို့နောက် နတ်ဘုရားအသံမျိုးနွယ်စုမှ မိန်းကလေးကလည်း လက်ညိုးတစ်ချောင်းကိုမြှောက်ကာ ကြီးမားသောစိတ်စွမ်းအားကိုဖြန့်ကျက်လိုက်၏။
"ပျောက်ကွယ်သွားစမ်း..."
အစိမ်းရောင်အလင်းလုံးလေးတစ်လုံးက သူ့လက်ချောင်းထိပ်တွင် ဖွဲ့တည်လာသည်။ ထို့နောက် ယင်းအလင်းလုံးလေးက တဖြည်းဖြည်းကျယ်ပြန့်လာကာ အသံလှိုင်းမုန်တိုင်းကြီးကို မျက်စိတစ်မှိတ်အတွင်း ဝါးမျိုပစ်လိုက်၏။
ဆိုဖီယာ၏နှာခေါင်းနှင့်မျက်လုံးအတွင်းမှ သွေးတချို့စီးကျလာသည်။ သူ့စိတ်စွမ်းအားကို လက်ရှိသူပူးကပ်ထားသည့် ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ အကန့်အသတ်သို့ ရောက်နေပြီဖြစ်၏။ စင်စစ် သူလေပေါ်တွင် ပျံသန်းနေခြင်းကပင် လွန်ကျူးရာရောက်လွန်းနေပြီ။
ဆိုဖီယာက ရှားပိုင်ဝေကို အစိမ်းရောင်မျက်လုံးများဖြင့် ကြည့်လိုက်ပြီး စကားကို တစ်ခွန်းခြင်းပြောလိုက်၏။
"အိုး... အိုး... ရှင်ဘာလို့ ဓားသွားပေါ်ကို လက်တင်ပြီး ကစားနေရတာတုန်း။ ရှင့်လက်တွေ သွေးထွက်နေပြီ။"
ရှားပိုင်ဝေကတော့ ဆိုဖီယာ့စကားကို အရေးမလှုပ်ပေ။ အနည်းငယ်ရယ်မောလိုက်ပြီးနောက် ခနဲ့တဲ့တဲ့ဖြင့် ပြန်ပြောလိုက်သည်။
"ဟားဟား... စုန်းမ၊ နင့်မိန့်ခြွေစကားတွေက ဒိတ်အောက်နေပါပြီ။ နင်ပြောတိုင်း ငါကယုံရမှာလား၊ ငါမယုံရင် နင့်စွမ်းအားက အလုပ်မဖြစ်ဘူး။"
ပေါက်...။
သို့သော်လည်း ရေစက်တစ်စက်က ရေအိုင်ငယ်လေးထဲသို့ ကျဆင်းသွားသည့် အသံကို နားနှင့်စက်စက် ကြားလိုက်ရသဖြင့် ရှားပိုင်ဝေ သူ့လက်သူငုံကြည့်လိုက်သည်။ ကုချင်းကို တီးခတ်ခဲ့သော သူ့လက်ချောင်းများက ဓားနှင့်အမွှန်းခံရသလို ဖြစ်နေပြီး သွေးများက တစ်စက်စီစီးကျနေ၏။
"စုန်းမ... နင်ဘယ်လိုလုပ်လိုက်တာလဲ။"
လေပေါ်တွင်ပျံသန်းနေသည့် ဆိုဖီယာကတော့ ခပ်လှမ်းလှမ်းတွင် လေပေါ်မျောနေသည့် ရှားပိုင်ဝေကိုကြည့်ကာ ခပ်ဟဟရယ်မောလိုက်သည်။ သူ့အစိမ်းရောင်မျက်လုံးများက ကြယ်နှစ်စင်းလို ထင်နေရပြီး သူ့ရယ်သံများက ကမ္ဘာကြီးကို အဆုံးသတ်ပေးတော့မည့် နတ်ဘုရားတစ်ပါး၏ရယ်သံများလို ထင်ရ၏။
"နင်ယုံဖို့မလိုဘူးလေ... နင့်မသိစိတ်က ယုံသွားဖို့ပဲလိုတာ။ မကျေနပ်ရင် ငါ့ကိုတီးချင်းတီးပြီး လာသတ်လေ။ အော်... ဒါနဲ့၊ နင့်လက်တွေပျက်စီးသွားပြီဆိုတော့ ရှေ့လျှောက် ကုချင်းကိုင်နိုင်ပါဦးမလား။"
ဆိုဖီယာ၏စကားကြောင့် ရှားပိုင်ဝေက ဂျာမန်သူကိုယ်လုံးလေးရှိသော မိန်းကလေးအား မုန်းတီးမှုများစွာဖြင့် ကြည့်လိုက်သည်။
"ငါမင်းကို အပိုင်းပိုင်းအစစ ဖြတ်ပစ်မယ်။" ရုတ်တရက် သမန်းဝံပုလွေက ဆိုဖီယာရှေ့တွင် ပေါ်လာပြီး သူ့လက်သည်းများဖြင့် ဖယောင်းသားလိုလည်တိုင်ကို ဖြတ်ပစ်ရန် ကြိုးစားလိုက်သည်။ ဆိုဖီယာက ရှောင်ရှားလိုက်ပြီး လက်ဖြင့် မြေပေါ်မှကျောက်တုံးကျောက်ခဲများကို ကောက်ယူဟန် ပြုလုပ်လိုက်သည်။ ဝံပုလွေကတော့ မြေပေါ်ပြန်ရောက်နေပေပြီ။
"အိပ်မနေနဲ့တော့... ထကြစမ်း..." ကျောက်တုံးများနှင့်ကျောက်စရစ်ခဲများက ချက်ချင်းဆိုသလိုပင် အသက်ဝင်လာဟန်ဖြင့် လှုပ်ရှားလာကြပြီး တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားကြသည်။
များမကြာမီမှာပင် ဝံပုလွေနှင့်အလုံးအထည်ခချင်းတူသည့် ကျောက်သားဂေါ်လမ်တစ်ကောင် ဖြစ်တည်လာကာ ခဏရပ်သွားသော တိုက်ပွဲက ပြန်စသည်။
၈။
ဆိုဖီယာဟာ S rankနှစ်ယောက်ကို အလုံးစုံထိန်းချုပ်ထားနိုင်ဆဲပါ။ သူဟာ တဖြည်းဖြည်းနဲ့ နွံတောဒေသနားကို ရောက်လာပါပြီ။ ဝံပုလွေနှလုံးသားနဲ့ကုချင်းနတ်သမီးတို့ကတော့ ဒဏ်ရာရနေတာတောင်မှ ဆိုဖီယာကို အသည်းအသန်လိုက်တိုက်နေတုန်းပဲ။
ဒေါင်....။ ကုချင်းသံတစ်ချက်နဲ့အတူ သွေးစက်တချို့က မြေပေါ်ကိုကျဆင်းသွားတယ်။ ကုချင်းနတ်သမီးရဲ့လက်အခြေအနေက တော်တော်ဆိုးဝါးနေပြီး အရိုးတွေကိုတောင် မြင်နေရတယ်။ အခုထိ ဆိုဖီယာရဲ့နတ်ဘုရားမိန့်ခြွေစကားက မပျက်ပြယ်သေးပါဘူး။ ကုချင်းကြိုးတွေဟာ ဓားသွားတွေနဲ့တူနေပြီး ရှားပိုင်ဝေတီးခတ်လိုက်တိုင်းမှာ အရိုးခိုက်မတတ် နာကျင်ရပါတယ်။
လေပေါ်မှာပျံသန်းနေဆဲဖြစ်တဲ့ ဆိုဖီယာကတော့ သူ့ပါးကနေ စီးကျနေတဲ့ သွေးစီးကြောင်းကို လက်ဖဝါးနဲ့ စမ်းသပ်လိုက်ရင်း မဲ့ပြုံးပြုံးလိုက်တယ်။
"ဟောင်ကောင်အစည်းအရုံးခေါင်းဆောင်နဲ့ဒီမီထရီမိသားစုအကြီးအကဲက တကယ်မစွံပါ့လား။ ကျွန်မကို ဒီလောက်ဒဏ်ရာလေးဖြစ်စေဖို့ နာရီဝက်ကြီးများတောင် ကြိုးစားလိုက်ရတယ်။"
ဆိုဖီယာက ပေါ့ပေါ့ပါးပါးနဲ့ ဘာမှမဖြစ်သလိုမျိုး ပြောလိုက်တာဖြစ်ပေမဲ့ မြေပြင်မှာရှိနေတဲ့ ကျောက်စိုင်ကျောက်ခဲတွေအားလုံး စတင်တုန်ခါလာခဲ့ပါပြီ။ ကျောက်တုံးဂေါ်လမ်ကို ဖျက်ဆီးပြီး အခုမှဆိုဖီယာနောက်ကို လိုက်မီလာတဲ့ သမန်းဝံပုလွေလည်း သူ့အသည်းနှလုံးထဲကနေ ကြောက်လန့်သွားတယ်။
"ဘာ... ငါတို့ရင်ဆိုင်နေတာ သူ့စွမ်းအားအကုန် မဟုတ်သေးဘူးလား။ ပိုစွမ်းအားကြီးလာသေးတာလား။"
စိမ်းပြာရောင်အလင်းတန်းက ဆိုဖီယာရဲ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတယ်။ တိမ်ထူထပ်တဲ့ ကောင်းကင်အောက်မှာ သူ့မျက်လုံးတွေက မြစိမ်းရောင်နေနှစ်စင်းလို တောက်ပနေပြီးတော့ အဝတ်အစားတွေကို လွင့်ပျံနေတယ်။
အခုထိ သူ့စွမ်းအားအကုန်ကို ထုတ်မသုံးရသေးတဲ့ အကြောင်းအရင်းက ဆိုဖီယာမှာရှိပါတယ်။ အဲဒါက...
"ငါက ဒီခန္ဓာကိုယ်ကို မပျက်စီးစေချင်လို့ နင်တို့ကို ညှာပေးနေတာ။ နင်တို့က ဒီခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့။"
ဆိုဖီယာရဲ့ကိုယ်ကနေ စီးကျလာတဲ့ သွေးစက်တွေက အနီရောင်မဟုတ်ဘူး။ သေပြီးတာကြာပြီဖြစ်တဲ့ လူတစ်ယောက်ရဲ့သွေးတွေလိုမျိုး အနက်ရောင်ဖြစ်နေတယ်။ သွေးခဲနေတဲ့ လက္ခဏာပါ။ ဒီခန္ဓာကိုယ်ဟာ သူဝင်ကူးကပ်ထားတဲ့ ခန္ဓာကိုယ်ဖြစ်ပြီးတော့ သူရှိမနေရင် ပုပ်သိုးဆွေးမြေ့သွားမှာပါ။ ပြီးတော့ သေးငယ်တဲ့ ထိခိုက်ဒဏ်ရာလေးတွေကိုတောင် ပုံမှန်နည်းလမ်းတွေနဲ့ အနာကျက်အောင်လုပ်လို့မရဘူး။
အကြောင်းက ဒီခန္ဓာကိုယ်ရဲ့ ဆဲလ်တွေအားလုံးဟာ သေဆုံးနှင့်ပြီးသားဖြစ်ပြီး အံ့မခန်းပြင်းထန်လွန်းတဲ့ စိတ်အင်အားကြောင့်သာ အသက်ဝင်နေတာပါ။
ဝုန်း....။
အစိမ်းရောင်အလင်းတန်းတိုင်ကြီးက ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ အဲဒီနောက်တော့ မိုးပေါ်မှာ ဖုံးအုပ်နေတဲ့ တိမ်တောင်တွေအားလုံးကို ဖယ်ရှားပစ်လိုက်တယ်။ စိတ်ဝိညာဥ်မုန်တိုင်းကြီးအောက်ကို ရောက်ရှိသွားတဲ့ ရှားပိုင်ဝေနဲ့ဝံပုလွေနှလုံးသားတို့နှစ်ယောက်ဟာ သူတို့ခေါင်းတွေ ပေါက်ကွဲထွက်တော့မလိုမျိုး ခံစားလိုက်ကြရပါပြီ။
ခရက်....။
တစ်စုံတစ်ခု အက်ကွဲသွားတဲ့အသံနဲ့အတူ ဂျာမန်သူအလှလေးရဲ့နဖူးမှာ အက်ကြောင်းတစ်ခုပေါ်လာပါတယ်။ အဲဒီနောက်တော့ ဒေါင်လိုက်ပွင့်နေတဲ့ စိမ်းပြာရောင် မျက်လုံးတစ်လုံး ထပ်တိုးလာလေတယ်။
တတိယမျက်လုံးရဲ့အကြည့်က စွမ်းအားကြီးမြူတန့်နှစ်ယောက်ပေါ်ကို ရောက်ရှိလာတယ်။ အဲဒီမျက်လုံးနဲ့ အကြည့်ခံလိုက်ရတဲ့အခိုက်အတန့်မှာ ရှားပိုင်ဝေတို့နှစ်ယောက်လုံးဟာ သတိကောင်းကောင်းမကပ်တော့ဘူး။ မျက်လုံးက သူတို့ရဲ့အတိတ်၊အနာဂတ်၊ ပစ္စပ္ပုန်အားလုံးကို သိရှိနေပြီး သူတို့အတွေးတွေကို ထွင်းဖောက်မြင်နေရတယ်လို့ ခံစားလာကြရတယ်။
"ကဲ... ကိုယ့်ကိုယ်ကိုယ် သတ်သေကြစမ်း။" အမိန့်တစ်ခု၊ ကောင်းကင်ယံထက်မှာရှိနေတဲ့ မိန်းမလှလေးနှုတ်က ထွက်လာတဲ့ စကားတစ်ခွန်းဟာ လူ့အသက်ပေါင်းများစွာကို ဆုံးဖြတ်ပေးနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့အမိန့်တွေလိုပါပဲ။ သေမျိုးတစ်ယောက်အနေနဲ့ ခုခံနိုင်စွမ်းမရှိခဲ့ဘူး။
ဆိုဖီယာရဲ့အမိန့်အောက်မှာပဲ ရှားပိုင်ဝေက မြေပေါ်ကိုဆင်းသက်သွားတယ်။ အဲဒီနောက် ကုချင်းကြိုးတွေကို ဆွဲဖြုတ်ပြီး သူ့လည်ပင်းကို သူကိုယ်တိုင်ပတ်လိုက်တယ်။ အဲဒီနောက် အားနဲ့ဆွဲဆန့်လိုက်ပါပြီ။ ဖယောင်းသားလိုလည်တိုင်ကနေ သွေးတွေ မြင်မကောင်းလောက်အောက် ကျဆင်းလာတယ်။
တစ်ဖက်မှာရှိနေတဲ့ ဝံပုလွေနှလုံးသားဟာလည်း ဒူးထောင်ချလိုက်ပြီး သူ့နှလုံသားရှိနေတဲ့နေရာကို လက်သည်းချွန်ချွန်တွေနဲ့ ထိုးနှိုက်လိုက်တယ်။
ဆိုဖီယာကတော့ အဲဒီမြင်ကွင်းကို ကောင်းကင်ပေါ်ကနေပဲ အသာအယာစောင့်ကြည့်နေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်က ဒီလူတွေကို ကြာရှည်တိုက်ခိုက်ဖို့ အခြေအနေမပေးတဲ့အတွက် တစ်ကွက်တည်းသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
'တမန်တော်ရဲ့တရားစီရင်ခြင်း' ဒီစွမ်းအားက နတ်ဘုရားအသံမျိုးနွယ်တွေရဲ့ကြီးမားတဲ့အစွမ်းဖြစ်ပြီး ရန်သူတွေကို တိုက်ရိုက်သတ်ဖြတ်နိုင်ပါတယ်။ S rankတွေရဲ့စိတ်စွမ်းအင်က တခြားသူတွေထက် အဆများစွာ သာလွန်တာတောင် တစ်ချက်လေးမှ သူတို့မခုခံနိုင်ခဲ့ကြဘူး။ ဒါပေမဲ့....
ဆုဗာနာရဲ့မြေပြင်တွေကို နွယ်လက်တံတွေက ဖောက်ထွက်လာပြီး သတ်သေလုဆဲဆဲ မြူတန့်နှစ်ယောက်ရဲ့လက်တွေခြေထောက်တွေကို ဖမ်းချုပ်လိုက်တယ်။ အဲဒီနောက်တော့ ခေါင်းပေါ်မှာနတ်သမီးထောင်ချောက်ပင်ရှိနေတဲ့ မိန်းကလေးတစ်ယောက်က မြေပေါ်ကို ဆင်းသက်လာတယ်။
"မင်းက... အဲဒီတုန်းက ဟီးရိုးကျောင်းကို ဝင်တိုက်ခဲ့တဲ့သူပဲ။" ဆိုဖီယာက တစ်ခွန်းချင်းပြောလိုက်ပြီး ရှေ့ကိုရောက်လာတဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။ အဲဒီမိန်းကလေးရဲ့လက်ညိုးတစ်ချောင်းက ရှည်ထွက်လာပြီး ခရမ်းရောင်ကြာပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားတယ်။ အဲဒီနောက် ခရမ်းမြူခိုးတွေက လေထုထဲပြန့်နှံသွားပြီး မြူတန့်နှစ်ယောက်ကို ပြန်သတိဝင်လာစေပါတယ်။
"ဆုဗာနာရဲ့လမင်းစန္ဒာရေကန်ထဲမှာပဲပေါက်တဲ့ ခရမ်းမုဒြာကြာလေ။ စိတ်စွမ်းအင်အမျိုးအစား တိုက်ကွက်တွေကို ဖယ်ရှားပေးနိုင်တယ်။ တန်ပြန်နိုင်တဲ့နည်းလမ်းက အမြဲတမ်းသဘာဝတရားကြီးထဲမှာပဲရှိတယ်။"
အဲဒီနောက်တော့ ဗီးနပ်စ်က သူ့နောက်က အပင်တောင်ပံတွေကို ခတ်လိုက်ပြီး လိပ်ပြာတစ်ကောင်လိုမျိုး လျှင်မြန်စွာနဲ့ ဆိုဖီယာရှေ့ကိုရောက်လာတယ်။
"နင်တော့သေပြီ..." အဲဒီနောက် သူ့ကျောနောက်ကနေ ယင်ဖမ်းနွယ်ပင်လက်တံတွေ ရှည်ထွက်လာပြီး ဆိုဖီယာကို လိုက်ဖမ်းတယ်။ အစပိုင်းမှာတော့ ဆိုဖီယာက ရှောင်ရှားနေသေးပေမဲ့ လက်တံရာနဲ့ချီရှိလာပြီးတဲ့နောက်တော့ တုပ်နှောင်ခံလိုက်ရတယ်။
ဗီးနပ်စ်က သူ့ရှေ့မှာ ပေါ်လာပြီး ဆိုဖီယာရဲ့မေးကို လက်ချောင်းလေးနဲ့ထိပြီး ပြောလိုက်တယ်။
"ရှင်က ကျွန်မကိုမြူတန့်သိပ္ပံအဖွဲ့အစည်းကို ဒုက္ခပေးနေတဲ့တစ်ယောက်လား၊ ရှင့်အရသာက တော်တော်ကောင်းမဲ့ပုံပဲ။ ဒါပေမဲ့ ကျွန်မက အေးခဲအသားတွေမကြိုက်ဘူး။"
ယင်ဖမ်းနွယ်ပင်တွေက ဆိုဖီယာရဲ့အသားထဲကို သေးငယ်တဲ့ပြွန်ချောင်းလေးတွေ စိုက်ထည့်ပြီး သွေးတွေကိုစုပ်ယူဖို့ကြိုးစာသနေတယ်။ ဆိုဖီယာကတော့ အခုထိ မျက်နှာမပျက်သေးဘူး။
"ဟမ်... ဒီလောက်နဲ့ နင်က ငါ့ကိုရပြီလို့ ထင်နေတာလား။" ဆိုဖီယာရဲ့တတိယမျက်လုံးက နောက်တစ်ကြိမ်တောက်ပလာပြီး သူ့တစ်ကိုယ်လုံးကို အစိမ်းရောင်မြူထုက ဖုံးလွှမ်းသွားပါတယ်။
ခရမ်းမုဒြာကြာနဲ့ဗီးနပ်စ်က ပေါင်းစပ်ထားတာကြောင့် စိတ်စွမ်းအားနဲ့တိုက်ရိုက်တိုက်မရတော့ပေမဲ့ အနည်းဆုံးတော့ ဆိုဖီယာက သူ့ကိုယ်သူခုခံနိုင်ပါသေးတယ်။
ယင်ဖမ်းလက်တံတွေက သက်တမ်းကုန်ဆုံးသွားတဲ့အလား ချက်ချင်းညိုးကျသွားပြီး ဆိုဖီယာပြန်လွတ်လာတယ်။ ဒါပေမဲ့ သူ့အခြေအနေက မကောင်းတော့ပါဘူး။ လွတ်လာချင်းချင်းပဲ အနက်ရောင်သွေးတချို့ အန်ထုတ်လိုက်ရပြီး သူ့အသားအရေက သွေးမရှိတော့တဲ့အတိုင်းဖြစ်သွားတယ်။
"အိုးရာအိုးရာ... ရှင့်ခန္ဓာကိုယ်က စပြီးပျက်စီးနေပြီပဲ။ ရှင်ဘယ်လောက်ထိ တောင့်ခံနိုင်ဦးမှာလဲ။"
ဗီးနပ်စ်ရဲ့စကားအဆုံးမှာတော့ သစ်တောကြီးတစ်ခုလုံး အသက်ဝင်လာတဲ့အလား လှုပ်ခါလာပါတယ်။ ယင်ဖမ်းနွယ်ပင်တွေနဲ့ နတ်သမီးထောင်ချောက်ပန်းတွေက နေရာတိုင်းမှာကြီးထွားလာနေပြီး အလောင်းရနံပန်းတွေကလည်း အနီးအနားက သစ်ပင်တွေမှာ စတင်ပေါက်ရောက်လာပြီး ကြီးထွားလာကြပါပြီ။
"ဒီနေရာက သစ်တောကြီးဆိုတော့ ငါ့ပိုင်နက်ပဲ။ ဟားဟားဟား...." ဗီးနပ်စ်က ရူးသွပ်နေသူတစ်ယောက်လိုမျိုး ရယ်မောလိုက်တယ်။ သူ့စွမ်းအားက နယ်မြေအမျိုးအစားပါ။ အဆင့်မတက်ခင်တည်းက သူ့နယ်မြေဟာ S rankတွေကို ကောင်းကောင်းဒုက္ခပေးနိုင်ပြီး အဆင့်တက်ပြီးနောက်မှာတော့ ခန့်မှန်းမရအောင် အင်အားကြီးနေပါပြီ။
မကြာမီမှာပဲ ပန်းပွင့်ဘုရင်မအပင်ကြီးက မီတာငါးရာကျော်အထိ ကြီးထွားလာပြီး ကောင်းကင်တစ်ခုလုံးကို အုပ်စိုးသွားတယ်။ ပြီးတော့ ဆက်ကြီးလာနေဆဲပါ။ ရှားပိုင်ဝေနဲ့ဝံပုလွေနှလုံးသားတို့ရဲ့ဒဏ်ရာတွေကို ကုသပေးနေတဲ့ ဆေးဖက်ဝင်အပင်တချို့လည်း ရှိနေပါသေးတယ်။ ကြည့်ရတာ ဗီးနပ်စ်က အဆိပ်ပင်တွေကိုပဲ ထိန်းချုပ်နိုင်တာ မဟုတ်လောက်ဘူး။ သစ်တောထဲမှာဆိုရင် သူဟာအစစ်အမှန်နတ်ဘုရားတစ်ပါးပါပဲ။
ဆိုဖီယာရဲ့တတိယမျက်လုံးက ပြန်မှိတ်သွားခဲ့ပါပြီ။ ပြန်ပိတ်မသွားတာကတော့ သူ့ခန္ဓာကိုယ်မှာကျန်နေခဲ့တဲ့ ဒဏ်ရာတွေနဲ့သွေးစုပ်ခံထားရတဲ့ အပေါက်တွေပါ။ အခုထိ အေးခဲနေတဲ့သူ့ရဲ့သွေးတွေက တစ်စက်ချင်းစီ အပြင်ကိုစီးထွက်နေတယ်။ သူ့ခန္ဓာကိုယ်ကလည်း လျင်လျင်မြန်မြန်ပျက်စီးလာနေပြီး လက္ခဏာတွေက ဒီခန္ဓာကိုယ်က သေချာနီးနေပြီဆိုတာကို ပြသနေပါတယ်။
"သေစမ်း... ငါဒီခန္ဓာကိုယ်ကို အပျက်စီးမခံနိုင်ပါဘူးဆိုနေမှ...."
.....
ပင်လယ်ရေမျက်နှာပြင်အထက် ပေလေးသောင်းအမြင့်တွင်ဖြစ်သည်။
ဆုဗာနာမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဦးတည်သွားလာနေသော ခရီးသည်တင် လေယာဥ်တစ်စီးပေါ်တွင် ဓားကိုင်လူငယ်လေးတစ်ယောက်၊ မုန့်ကို အဆက်မပြတ်စားနေသော ဖက်တီးလေးနှင့် လိုလီပေါ့ကို တစ်ချိန်လုံးငုံထားသော ဆံပင်အစိမ်းနှင့်ကလေးမလေးတို့ ပါလာသည်။
ရုတ်တရက် ကလေးမလေး၏သမင်နှင့်တူသော အညိုရောင် မျက်လုံးများက ဝိုင်းစက်ကျယ်ပြန့်သွားပြီး ထိုင်ရမှာထလိုက်သည်။ ဝတုတ်လေးက မုန့်ကို ခေါင်းငုံစားနေရမှ သူ့ဆင့်ခေါ်သားရဲမလေး၏ ထူးခြားသောအပြုအမူကြောင့် ပြောလိုက်သည်။
"ပန်းသီးလေး၊ ဘာဖြစ်လို့လဲ။"
"ကောင်မလေးက လေယာဥ်ပြတင်းပေါက်အပြင်သို့ လက်ညိုးထိုးလိုက်ပြီး ပြောလိုက်သည်။
"အပြင်မှာ မနှစ်မြို့စရာကောင်းတဲ့ အယောင်ဆောင်မိစ္တာတစ်ကောင်ရှိနေတယ်၊ သွားပြီးဖြေရှင်းမှဖြစ်မယ်။"
ဝတုတ်လေးက နားမလည်နိုင်စွာဖြင့် ပန်းသီးလေးညွန်ပြနေသော နေရာကိုကြည့်လိုက်သော်လည်း တိမ်ထူနေသောကြောင့် ဘာမှမမြင်ရပေ။
"ဆုဗာနာဘက်ကိုလား... အဲဒီမှာဘာဖြစ်နေလို့လဲ။ ငါတို့မကြာခင် ရောက်တော့မှာပဲဥစ္စာ။"
"မဟုတ်ဘူး... ပန်းသီးလေးမစောင့်နိုင်တော့ဘူး။ သွားတော့မယ်။" ပန်းသီးလေးက ပြောပြောဆိုဆိုနှင့် ဆုဗာနာရှိရာဖက်သို့ လှည့်သွားလိုက်ပြီး လက်သီးကလေးများကိုဆုပ်လိုက်ပြီး လေယာဥ်ခေါင်မိုးသို့ ဦးတည်ကာ ညာလက်ဝါးကို ဖြန့်ပြလိုက်၏။
ဝုန်း....။ ချက်ချင်းဆိုသလို ပန်းသီးလေး၏ဆံပင်များက ရှည်လျားလာပြီး သစ်နွယ်ပင်များအဖြစ်သို့ ပြောင်းလဲသွားကာ လေယာဥ်ခေါင်မိုးကြီးအား ထိုးဖောက်ပစ်လိုက်သည်။
"အား... ပန်းသီးလေး၊ ဘာတွေလျှောက်လုပ်နေတာတုန်း။ လေယာဥ်ပျက်ကျတော့မှာပဲ။" ဖရန့်က အလန့်တကြား အော်ဟစ်လိုက်သည်။
လေယာဥ်ပေါ်မှ ခရီးသည်များအားလုံးလည်း သူတို့
မျက်စိရှေ့မှမြင်ကွင်းကြောင့် အော်ဟစ်နေကြသည့်တိုင် ပန်းသီးလေးက ဂရုမစိုက်ဘဲ ဖရန့်ကိုကြည့်ကာ ပြောလိုက်၏။
"အောက်မှာ မသတီစရာကပ်ပါးကောင်ကြီးရှိနေတယ်။ ပန်းသီးလေး သူ့ကိုမုန်းတယ်။" အဲဒီနောက် ထိုကောင်မလေးက သူ့ဆံပင်များကိုအားပြုရင်း လေယာဥ်အတွင်းမှ တိုက်ရိုက်ခုန်ထွက်သွားလေတော့သည်။
....
တူရင်းချောက်ကမ်းပါး။
ပိုးဟပ်နှင့်တူသော အကောင်ကြီးတစ်ကောင်က ကြောင်နားရွက်နှင့်အမြီးရှိသော နင်ဂျာမိန်းကလေးနှင့် ယှဥ်ချနေသည်။ ပိုးဟပ်က အနည်းဆုံးနှစ်မီတာမြင့်ပြီး ထူးဆန်းသည့်ဂြိုဟ်သားဆန်ဆန် လက်တံနှစ်စုံက သူ့ကျောမှထွက်ပေါ်နေသည်။ လူလက်နှင့်တူသည့် ပခုံးမှထွက်သည့် လက်များလည်းရှိသော်လည်း ချိုင်းနေရာမှ နောက်လက်တစ်စုံရှိနေသဖြင့် Ben 10 ကားထဲမှ Tetramand မျိုးနွယ်ဝင်နှင့်တောင် တူနေသေးသည်။ သို့သော် မတူသည့်အချက်တစ်ခုရှိနေပြီး သူ့မျက်လုံးများက တစ်စုံတည်းဖြစ်ကာ သူ့လက်တံအပိုများကတော့ Tomorrow War ကားထဲမှ White Spikeများလို အရိုးတံများဖြင့် ပစ်ခတ်လို့ရနေခြင်းဖြစ်သည်။
ပိုဆိုးသည့်တစ်ချက်က သူ့လက်ဖျံမှနေ၍ နှစ်ပေခန့်ရှည်ကာ ဓားကဲ့သို့သုံးနိုင်သည့် အရိုးတစ်ခုစီငေါထွက်နေပြီး လက်ဖျံရိုးမှဆင့်ကဲပြောင်းလဲလာပုံပေါ်၏။ လောလောဆယ် သူက ထိုအရိုးများဖြင့် နင်ဂျာကြောင်၏ဓားချက်များကို ပိတ်ပင်တားဆီးနေသည်။
"ကောင်းလိုက်တဲ့ Cosplay... ငါတို့သာ ဒီနေရာမှာ အသေတိုက်နေကြတာမဟုတ်ရင် ဓာတ်ပုံအတူတွဲရိုက်ခွင့် တောင်းမိမှာပဲ။ Akihabaraမှာ ကြောင်မလေးတွေနဲ့ လက်ဖက်ရည်သောက်ရတာ အကောင်းဆုံးပဲ။"
အမြွှာဂြိုဟ်သားဘဏ္ဍာစိုးသုံးကောင်ထဲမှ အကြီးဆုံးဖြစ်သော မက်က ကြောင်နင်ဂျာမလေးကို စလိုက်သည်။ သူတို့နှစ်ဦးလုံးက လက်ရည်ညီနေကြသော်လည်း ကြောင်က A rankဖြစ်ပြီး သူကတော့ B rankဖြစ်နေသောကြောင့် အပြင်သူများသာ ထိုကိစ္စကိုမြင်သွားပါက နားကိုလည်နိုင်တော့မည်မဟုတ်ပေ။
ကြောင်က မက်ထက် ပိုမြန်သော်လည်း တစ်ချက်မှ ထိအောင်မခုတ်နိုင်ဖြစ်နေသည်။ ခုတ်နိုင်သော်လည်း
ထိခိုက်ဒဏ်ရာရသည်အထိ မစွမ်းဆောင်နိုင်ပေ။
"မုန်းစရာကောင်းလိုက်တာ... ပါးစပ်ပုပ်ကြီးပိတ်ထားစမ်း၊ သောက်ပိုးဟပ်ကောင်။"
ကြောင်နင်ဂျာမက မုန်းတီးစွာဖြင့် အော်ဟစ်လိုက်သည်။ သူတို့ချနေသည်က အတော်ကြာပြီဖြစ်ပြီး တိုက်ခိုက်နေစဥ်အတွင်း မက်၏စကားများကို နားထောင်ရသည်မှာ ငရဲကျသလိုခံစားရသည်။ Konoichi hentaiရိုက်ရင် ဇာတ်လိုက်မင်းသမီးလုပ်ပါလားတို့၊ အပြင်မှာ ကြောင်မြူတန့်မလေးတွေက တကယ့်ကြောင်တွေလိုမျိုး တွေ့ရာရှူရှူးပန်းတတ်သလား စသည်ဖြင့်အမေးခံရသောကြောင့် နဲကိုမီမီတစ်ယောက် ထိုပိုးဟပ်ကို အသေသတ်ချင်စိတ် ပေါက်နေပြီဖြစ်၏။ ကံဆိုးစွာဖြင့် နှစ်ယောက်လုံးမှာ လက်ရည်ညီနေပြီး ဘယ်သူမှမနိုင်သေးပေ။
မက်က သူ့အရိုးဆူးချွန်များဖြင့် ကြောင်နင်ဂျာကို တိုက်ခိုက်လိုက်သည်။ ကြောင်နင်ဂျာကလည်း သူ့စင်္ကြာများဖြင့် တန်ပြန်ပစ်ခတ်ကာ အရိုးတူးချွန်များကို ချေဖျက်လိုက်၏။
"ပြောခါမှ... မင်းငါ့ကို စတွေ့ကတည်းက ပိုးဟပ်လို့ ခေါ်နေတာမဟုတ်လား။ ကြောင်မြူတန့်တွေကလည်း ပိုးဟပ်တွေကိုမုန်းတာပဲလား။"
"နားညီးတယ်....." ကြောင်မြူတန့်မိန်းကလေးက ဒေါသထွက်လာပြီး လေးဖက်ထောက်ကာ ပုံစံအပြည့်ပြောင်းလိုက်သည်။ လူသားခန္ဓာကိုယ်မှကြောင်အမွှေးများပေါက်လာပြီး တစ်မီတာခွဲခန့်မြင့်သော ကြောင်တစ်ကောင်က မက်ရှေ့ပေါ်လာသည်။ ထို့နောက် လက်နက်များကိုအားမပြုတော့ဘဲ ကြောင်ပီပီ ပေါ့ပါးဖြတ်လတ်မှုကိုအားပြုကာ လက်သည်းများ၊ သွားများဖြင့် စတင်တိုက်ခိုက်လာသဖြင့် မက်မှာ အောက်စည်းသို့ တစ်စတစ်စရောက်လာ၏။
"ဟားဟား... ဒါမှA rankတစ်ယောက်ရဲ့စွမ်းအားလို့ ပြောလို့ရမှာပေါ့။ ဆက်ချကြရအောင်...."
မက်နှင့် မနီးမဝေးတွင်ရှိနေသော ဖရာလီတာကတော့ နွားချေးပိုးထိုးကောင်နှင့် အနီးကပ်ယှဥ်နေရပြီး အပေါ်မှမိုးကာ ဝါးဖရိန်ကိုဖျက်ဆီးရန်ကြိုးစားနေသော အင်းဆက်ကောင်ကား အမြောက်ဖြင့်ဆက်တိုက်ပစ်ကာ ဖောက်ခွဲရန်ကြိုးစားနေ၏။
"ဟဲ့...အသုံးမကျတဲ့ ဘဏ္ဍာစိုးကောင်... နင့်ကိုနင် အာကီဟာဘာရာမှာ လမ်းလျှောက်ထွက်နေတယ်ထင်လား။ သူ့ကိုမြန်မြန်ကိစ္စဖြတ်လိုက်တော့။ တခြားသူတွေကို သွားကူရဦးမယ်။"
နွားချေးပိုးထိုးက Archmegaထက် ပိုအားသန်သော်လည်း ပိုအစွမ်းထက်သည်ဟု ပြောမရပေ။ အခုထိ Archmega၏ကိုယ်ပေါ်၌ ခြစ်ရာအနည်းငယ်မှအပ အများထိခိုက်ပျက်စီးမှုများ ရှိမနေပေ။
ဖရာလီတာက ဝါးဖရိန်၏ကျောနောက်မှ လေယာဥ်ဂျက်ကို ဖွင့်လိုက်ပြီး နွားချေးပိုးထိုးကို တွန်းလွှတ်ကာ ချောက်ကမ်းပါးနံရံနဲ့ ဝင်ဆောင့်ပစ်လိုက်၏။ မကြာမီမှာပင် ကျောက်တုံးတချို့က သူတို့နှစ်ဦးလုံးပေါ်သို့ ကျဆင်းလာသည်။ Archmegaက ဘာမှမဖြစ်သော်လည်း နောက်ချေးပိုးထိုး၏အခွံက အက်သွားပြီး အစိမ်းရောင်အချွဲအကျိတချို့ ပန်းထွက်လာ၏။
"ဒီတော့ နင့်အခွံက ဒီလောက်မမာဘူးပေါ့။ ကဲ... အခွံမာသီးခွဲချိန်ရောက်ပြီ။"
Archmegaက နွားချေးပိုးထိုးကောင်ကို ခြေထောက်ဖြင့် ကန်ချလိုက်ပြီး လည်မျိုကိုနင်းထားလိုက်သည်။ ထို့နောက် အက်ကွဲနေသည့်နေရာသို့ အမြောက်နှင့်ထိုးချွန်ပြီး သုံးချက်ဆက်တိုက်ပစ်ခတ်လိုက်၏။
ဒိန်း...ဒိန်း...ဒိန်း...။
ဟီလီယံဗုံးကျည်ဆန် ပေါက်ကွဲသည့်အသံက ချောက်ကမ်းပါးတစ်ခုလုံး ပဲ့တင်သံထပ်သွားစေပြီး နဂိုကတည်းက အက်ကွဲပြီးသား ကျောက်သားတချို့မှာ ပဲ့ကျလာနေတော့သည်။ ငရဲကဲ့သို့ဖြစ်နေသော ချောက်ကမ်းပါးအတွင်းတွင်တော့ Archmegaက အေးအေးလူလူရှိနေဆဲပင်။
သူက အခုအခါတွင် အကြီးကြီးဟနေပြီဖြစ်သော နွားချီးပိုးကောင်၏အခွံမာအတွင်းမှ ကလီစာများကိုကြည့်ပြီး မနှစ်မြို့ဟန်ဖြင့် ပြောလိုက်သည်။
"ဝေါ့... တော်တော်ဆိုးဝါးတာပဲ၊ ကြီးအောင်လုပ်ထားတဲ့ အင်းဆက်ကလီစာနဲ့လူသားအင်္ဂါတွေကို အတူတကွပေါင်းစပ်ပြီး အလုပ်လုပ်အောင်ဖန်တီးထားတာလား။ မြူတန့်သိပ္ပံအဖွဲ့ရဲ့နည်းပညာက တော်တော်ရွံစရာကောင်းတာပဲ။"
ထို့နောက် Archmegaက လက်နှစ်ဖက်ဖြင့် အခွံမာအပေါက်၏နှုတ်ခမ်းကိုကိုင်ကာ အင်းဆက်ကြီး၏အခွံမာနှင့်အသားများကို တစ်စစီဆွဲဖြဲပစ်လိုက်တော့သည်။
ခရက်....။ မသတီစရာ လူသားနှင့်အင်းဆက်ပေါင်းစပ် ကလီစာမိုးက ချောက်ကမ်းပါးအတွင်း ထွက်ပေါ်လာ၏။ အစိမ်းရောင်သွေးများဖြင့် စိုရွဲနေသော Archmegaက တိုက်ပွဲကိုခဏရပ်ကာ ကြောင်ကြည့်နေသော မက်နှင့်ကြောင်မြူတန့်တို့ကို လှည့်ကြည့်လိုက်သည်။ ဖရာလီတာက အတွင်းမှမကျေမနပ်ဖြင့် ပြောလိုက်၏။
"ဘာလဲ.... ဥရောပမှာဆိုလည်း ငါက ရန်သူတွေကို ခေါင်းကနေ ဆွဲဖြုတ်နေကျပဲလေ။ ခေါင်းကိုဆွဲဖြုတ်ရင် အာရုံကြောစနစ်အမြစ်တွယ်နေတဲ့ ကျောရိုးနမ့်ကြောပါ တွဲပါလာတာလေ။ တစ်ခါတလေ အူတွေအသည်းတွေတောင် တွဲပါလာသေးတယ်။"
သွေးအိုင်ထဲရေချိုးကြီး ကြီးပြင်းလာရသည့် ဗြိတိန်လိုလီလေးအဖွဲ့တော့ ထိုသို့သောမြင်ကွင်း အထူးအဆန်းမဟုတ်ပေ။ အာကာသ စစ်မြေပြင်တွင် အချိန်အကြာကြီးနေခဲ့ရသည့် မက်အတွက်လဲ သိပ်ထူးဆန်းသည့် ကိစ္စတော့မဟုတ်လှပေ။ မက်က စကားစပြတ်သွားသဖြင့် ဘာပြောလို့ပြောရမှန်းမသိ ဖြစ်သွားသည့်ပုံနှင့် ကြောင်မလေးကို ပြောလိုက်၏။
"ဒါနဲ့ စကားမစပ်၊ မင်းတို့ကြောင်တွေက အင်းစက်တွေစားရတာကြိုက်လား။"
သို့သော် သူက ထိုးစကားကို မပြောသင့်သည့်အချိန်၌ မပြောသင့်သည့်နေရာတွင် ပြောမိလိုက်ပုံပေါ်သည်။ ကြောင်မှာ အမြီးများထောင်ထသည်အထိ အော်ဟစ်ပြီး တစ်ခါတည်းချောက်ကမ်းပါးမှ ခုန်တက်ကာ အသည်းအသန်အော်ဟစ်ရင်း ကမူးရှူးထိုး ထွက်ပြေးသွားလေ၏။
"ညှောင်...ဂယောင်း...ဂယောင်း...."
"သူကြောက်သွားတာလား...." မက်က Archmegaကို လှည့်ကြည့်ပြီး မေးလိုက်သည်။ Archmegaကတော့ အကြံအိုက်နေဟန်ဖြင့် ပခုံးကိုသာ တွန့်ပြလိုက်၏။
"ဟုတ်ရင်ဟုတ်မှာပေါ့...."
၉။
လိပ်ပြာတောင်ကြားမှာတော့ ကဏန်းမြူတန့်ဟာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ခဏခဏအပိုင်းပိုင်းဖြတ်ခံနေရတဲ့အတွက် သေလုအောင်နာကျင်နေကြပါပြီ။
ဓားမကြီးကိုကိုင်ထားတဲ့ ဦးလေးကြီးဝမ်ဟာ သူ့လက်ကို အဆုံးမရှိလွှဲယမ်းနေပါတယ်။ သူ့ရဲ့အဆီအပြည့်နဲ့ ဝမ်းဗိုက်ကြီးဟာ တုန်ခါနေပြီး ချွေးစက်တွေကတော့ မြက်ခင်းပြင်ပေါ်ကို အဆုံးမရှိကျဆင်းနေတယ်။
"ပင်လယ်စာကဏန်းချက် ဘယ်သူစားချင်လဲဟေ့။"
ဓားတစ်ချက်က ကဏန်းရဲ့အခွံမာပေါ်ကို ဦးတည်ပြီးခုတ်လိုက်ပေမဲ့ သတ္တုလိုမာကျောတဲ့ ကဏန်း လက်မတွေက ဓားမကြီးကိုတားဆီးလိုက်တယ်။ ဒါပေမဲ့ လေးလံတဲ့ဓားကြီးကြောင့် ကဏန်းလက်မဟာ အက်ကွဲသွားရတယ်။
ကဏန်းဟာ ဖက်တီးကြီးလိုပဲ A rankတစ်ယောက်ပါ။ ဒါပေမဲ့ ဖက်တီးဝမ်က တိုက်လေလေ ပိုပိုကြီးခွန်အားကြီးလာလေဖြစ်ပြီး ကြာလာတော့ ကဏန်းရဲ့သက်လုံဟာ ကျဆင်းလာနေပါပြီ။ ပြီးတော့ သူ့မှာက ပြန်ကောင်းနိုင်စွမ်းရှိတယ်ဆိုပေမဲ့ နာကျင်မှုကိုတော့ အာရုံခံနိုင်စွမ်းရှိနေတုန်းပဲလေ။ အခုတ်ပိုင်းခံရတိုင်းမှာ သူ့ကိုယ်သူကဏန်းစွပ်ပြုတ်ဖြစ်တော့မယ့် လူတစ်ယောက်အဖြစ် စိတ်ကူးထဲမြင်လာမိပြီး ထွက်တောင်ပြေးချင်နေတာပါ။
ဒါပေမဲ့ ကဏန်းထွက်မပြေးရဲဘူး။ သူ့သခင်ဖြစ်တဲ့ Mad Doctor ဘယ်လောက်ထိရက်စက်လဲဆိုတာ သူသိပါတယ်။ အရင်က သူတို့အဖွဲ့ဝင် လူလုပ်မြူတန့်တစ်ယောက် Mad doctorခိုင်းတာကိုမလုပ်ဘဲ ဆန့်ကျင်ခဲ့ဖူးတယ်။ နောက်ဆုံးတော့ အဲဒီလူ စင်တီရဲ့အစာဖြစ်သွားပြီး အရိုးတောင်မကျန်တဲ့ အဖြစ်မျိုးရောက်သွားတယ်။
ဒါကြောင့်ကဏန်းကြီး ပန်ဆာအနေနဲ့ ဆက်တိုက်မှကိုဖြစ်ပါမယ်။ 'ငါဒီကောင်တွေနဲ့ဆက်တိုက်ရင် အပိုင်းပိုင်းအခုတ်ဖြတ်ခံရရင်တောင် ပင်လယ်စာတကယ်ဖြစ်မှာမှမဟုတ်တာ၊ မတိုက်ဘဲပြန်ဆုတ်ပြေးမှ ကင်းခြေများစာဖြစ်မှာ။' ဒါကတော့ ပန်ဆာ့အတွေးပါ။ ဒါပေမဲ့ သူ့အထင်မှားနေကြောင်း မကြာခင်မှာပဲ သတိထားမိလာတော့တယ်။
ပိုးဟပ်သုံးကောင်ထဲက အငယ်ကောင်မိုးကလည်း မူလအသွင်ကိုပြောင်းထားပြီး ပင့်ကူနဲ့တိုက်နေပါတယ်။ ပင့်ကူမိန်းကလေးက ခုမှအဆင့်တက်ထားတာမလို့ စွမ်းအားမတည်ငြိမ်သေးပါဘူး။ ဒီတော့ သူ့အတွက် သာသာယာယာဖြစ်နေတယ်။
မိုးရဲ့မူလအသွင်ဟာ ပုစွန်တစ်ကောင်နဲ့တူပါတယ်။ လူသားအနေနဲ့ပြောရရင် မေးစေ့နေရာကနေ မုတ်ဆိတ်မွှေးလိုမျိုး အာရုံခံလက်တံအသေးစားလေးတွေ ဖြာကျနေပြီး ကြောင်တွေလိုပဲဒီလက်တံတွေက အပူအအေး၊ အနုအကြမ်းကို အာရုံခံနိုင်ဟန် ရတယ်။ မတူတာက အဲဒီလက်တံတွေရဲ့ထိပ်မှာ မီးစုန်းဓာတ်ပါတဲ့ အလင်းလုံးလေးတွေရှိနေပြီး လှုပ်ခါနေတာပါ။ သူ့အခွံက အဖြူရောင်၊ တခြားညီအစ်ကိုတွေလိုမျိုး ပိုးဟပ်တောင်ပံမရှိဘူး။ နှစ်မီတာပဲမြင့်ပေမဲ့ တခြားသူတွေထက်စာရင် အများကြီးပိုကြီးတယ်။ ပြောရရင် ပုပုဝဝပုံစံမျိုး၊ အခုတိုက်ပွဲထဲမှာ လူဖက်တီးဝမ်နဲ့ ဂြိုဟ်သားဖက်တီးမိုးတို့ နှစ်ယောက်အတူရှိနေတာ။ တစ်ယောက်က စားဖိုမှူး၊ နောက်တစ်ယောက်က အင်ပါယာမျိုးစိတ်တွေထဲမှာ အစားအကျူးဆုံးမျိုးစိတ်ဖြစ်တဲ့ Hungerone အနွယ်ဝင်ပါ။
အခုသူ့လက်ထဲမှာ ပန်ဆာ့ဆီက ကျွတ်ထွက်လာတဲ့ ကဏန်းလက်မတစ်ခုကိုကိုင်ထားပြီး အထဲကအသားတွေကို အရသာခံမြည်းကြည့်နေတယ်။
"အင်း... ပင်လယ်စာနဲ့သိပ်မတူဘဲ ဆားမလိုဘဲငံသလိုဖြစ်နေပေမဲ့ စားလို့တော့ကောင်းတယ်။ ဖက်တီးဝမ်... ဒီကောင်ကြီးကို ကိစ္စဖြတ်ပြီးရင် ငါ့အတွက် ကဏန်းစွပ်ပြုတ်ချက်ပေးလို့ရမလား။"
ပိုးဟပ်ဝတုတ်က ကဏန်းကိုဓားနဲ့အသေလိုက်ခုတ်နေတဲ့ လူဖက်တီးကိုမေးလိုက်တယ်။ လူဖက်တီးကလည်း ပြန်ဖြေပါတယ်။
"ဒီကောင်တွေက လူကနေပြောင်းထားတာဆိုတော့ ငါက မသတီလို့မစားပေမဲ့ မင်းစားချင်ရင်တော့ ချက်ပြေးလို့ရတယ်လေ။ ပင်လယ်စာဟော့ပေါ့ပါချက်ပေးမယ်။"
ဒီတစ်ခါတော့ ဖက်တီးဝမ်ရဲ့ဓားက ကဏန်းရဲ့အခွံမာကို တိုက်ရိုက်ထိသွားပြီး ကွဲထွက်သွားတယ်။ အတွင်းက လူကလီစာနဲ့ကဏန်းကလီစာရောနေတဲ့ အရာတွေပျော်လာတော့ ဖက်တီးဝမ်က ရွံရှာဟန်နဲ နှာခေါင်းကိုပိတ် အကြည့်လွှဲပြီးပြောလိုက်တယ်။
"ညီလေးမိုးရေ၊ ဒီကောင်ကိုမစားပါနဲ့လားကွာ။ တစ်ဝက်တစ်ဝက်နဲ့ ချီးထက်တောင် ရွံစရာကောင်းသေးတယ်။"
တစ်ဖက်မှာတော့ မိုးက အမျှင်နဲ့သူ့ကိုပစ်ပြီးချုပ်ဖို့လုပ်နေတဲ့ အက်ချနာကို ခြေထောက်တစ်ဖက်ကနေမပြီး ကိုင်ပေါက်နေတယ်။ ပြီးတော့ ပါးစပ်ကနေ အနားမနေပြောနေသေးတယ်။
"ပင့်ကူတွေက ဥဥတယ်မလား၊ နင်လည်းဥဥမှာပေါ့။ ငါ့စားဖို့ ဥနည်းနည်းပေးရင် အသက်ချမ်းသာပေးမယ်။"
တစ်ခဏကြာပြီးနောက်....
အစားခံရမှာကို ကြောက်လန့်သွားကြတဲ့ လူမိုက်ကြီးကဏန်းနဲ့လမ်းသရဲပင့်ကူမလေးဟာ လူအသွင်ပြန်ပြောင်းထားကြပြီး သူတို့ကိုမစားဖို့ ဒူးကိုထောက်ပြီး တောင်းပန်နေကြပါတယ်။ ဖက်တီးဝမ်နဲ့မိုးကတော့ သူတို့နှစ်ယောက်ကို မတ်တပ်ရပ်လက်ပိုက်ပြီး ဆရာကြီးအထာနဲ့ကြည့်နေတယ်။
"ဒီတော့ မင်းတို့ကို လက်နက်ချတယ်လို့ ယူဆလိုက်တော့မယ်။ ဆုဗာနာဟီးရိုးအစည်းအရုံးကို လိုက်ခဲ့ပြီးတရားစီရင်ခံကြ။ အပြည်ပြည်ဆိုင်ရာ မြူတန့်အကျဥ်းထောင်က Mad doctorတောင်မဝင်ရဲတဲ့နေရာမလို့ စိတ်ချရမှာပါ။"
မိုးကတော့ ကဏန်းခြေထောက်တွေကို လိုက်ကောက်ပြီး စားနေတုန်းပဲ။ ဒါတောင်နည်းနည်းရွံသွားလို့ ကဏန်းကို ရေနွေးပူထဲထည့်ပြုတ်ဖို့ လက်လျှော့သွားတာ။ အခုလူလုပ်မြူတန့်နှစ်ကောင်ကတော့ မျက်နှာငယ်လေးတွေနဲ့။
ခဏနေတော့ ဖက်တီးဝမ်က တခြားအဖွဲ့တွေနဲ့ ဆက်သွယ်လိုက်တယ်။ ကြားလိုက်ရတဲ့သတင်းတွေကြောင့် သူ့မျက်နှာက မဲမှောင်သွားပြီး မိုးကိုပြောလိုက်တယ်။
"ငါတို့အဖွဲ့၂ရော၃နဲ့ပါ လုံးဝအဆက်အသွယ်သွားပြီ။ အဖွဲ့ ၄ ပြောတာကတော့ သူတို့အကျအရှုံးများပေမဲ့ ရန်သူဖက်က ပြန်ဆုတ်သွားလို့ ငါတို့နဲ့လာပေါင်းမယ်ပြောတယ်။"
မိုးကလည်း ဘဏ္ဍာစိုးပုံစံကို ပြန်ပြောင်းလိုက်တယ်။ သူတို့အဖွဲ့ထဲက အသက်ရှင်နေသေးတဲ့ ဆုဗာနာတပ်သားတွေကတော့ လက်နက်ချထားတဲ့အဖွဲ့ဝင်နှစ်ယောက်ကို မြူတန့်တွေအတွက်သုံးတဲ့ ဇီဝလက်ထိပ်ခတ်ပြီး ထွက်မပြေးအောင်စောင့်ဖို့ တာဝန်ယူထားကြပါတယ်။
"အဖွဲ့ ၂က လမင်းပြာတောင်ခြေကို သွားတဲ့အဖွဲ့မလား၊ သူတို့ထဲမှာ ငါတို့ညီအစ်ကိုတစ်ယောက်မှမပါတော့ အခြေအနေသိနိုင်မှာမဟုတ်ဘူး။ ကျန်တဲ့အဖွဲ့၃မှာတော့ လယ်ရီပါလို့ ငါဆက်သွယ်ကြည့်လို့ရတယ်။"
မိုးရဲ့မေးစေ့ကနေ မီးစုန်းလက်တံလေးတွေ ပြန်ထွက်လာပြီး အလင်းတွေလက်လာတယ်။ အဲဒီနောက် လက်တံအချင်းချင်းကြေးနန်းရိုက်သလိုမျိုး စလှုပ်ရှားလာတယ်။
....
ခွေးနက်ကြီးကိုစီးထားတဲ့ ငွေရောင်စစ်သည်တော်ဟာ စင်တီနဲ့မျက်နှာချင်းဆိုင်ရာ ရပ်နေပါတယ်။ မက်ဒါနာရဲ့လက်ရှိစွမ်းအားက A အဆင့်ကိုမီတယ်ဆိုရုံပဲရှိတာပါ။ ဒါပေမဲ့ စင်တီကို သူမဖြစ်မနေတိုက်ခိုက်ရတော့မယ်။
"စေဘာစတိန်း... လုပ်လိုက်ကြစို့..." မက်ဒါနာက Void Streamတွေအားလုံးကို အားကုန်ဖွင့်လိုက်တယ်။ ခွေးနက်ကြီးကလည်း တစ်ဟုန်ထိုးပြေးနေပြီး လက်နက်တွေအားလုံးနဲ့ပစ်ခတ်ပါတယ်။ ဗုံးကျည်ဆန်တွေ၊ ဒုံးကျည်တွေနဲ့စက်သေနတ်ကျည်တွေဟာ စင်တီကိုထိမှန်ပေမဲ့ မာကျောလှတဲ့ကိုယ်ထည်ကြောင့် အခြစ်ရာတောင်မထင်ပါဘူး။
အနားကိုရောက်တဲ့အခါမှာတော့ မက်ဒါနာက ခွေးနက်ကြီးပေါ်ကနေ ခုန်ထွက်လာပြီး စင်တီရဲ့လူသားခန္ဓာကို စတင်ပစ်မှတ်ထား တိုက်ခိုက်လိုက်တယ်။
"မင်းအောက်ကအကောင်ကြီးက မင်းကြောင့်အသက်ဝင်နေတာမဟုတ်လား၊ မင်းသေတာနဲ့ အားလုံးပြီးသွားပြီ။"
အားဖြည့်ကြွက်သားတုတွေရဲ့ထောက်ပံပေးမှုနဲ့ မက်ဒါနာဟာ ပြိုင်ကားတစ်စီးထက်တောင် မြန်ဆန်တဲ့နှုန်းနဲ့ စင်တီရဲ့ရှေ့မှာ ပြန်ပေါ်လာတယ်။ စင်တီကတော့ မက်ဒါနာကိုတွေ့တာနဲ့ မာန်ဖီလိုက်ပြီး ကင်းခြေများခေါင်းက အဆိပ်တံထွေးတွေ ထွေးထုတ်လိုက်တယ်။
လေထဲမှာဖြစ်နေတာကြောင့် ငွေရောင်စစ်သည်တော်ဟာ မရှောင်နိုင်ခဲ့ပါဘူး။ အစိမ်းရောင်အဆိပ်ရည်တွေက သတ္တုတွေကို စတင်တိုက်စားနေပြီး အငွေ့တွေထွက်လာတယ်။ ဒါပေမဲ့ ဇက်သတ္တုဖြစ်တာကြောင့် အင်မတန်ပြင်းတဲ့အဆိပ်တောင်မှ ချက်ချင်းသတ္တုကိုဖျော်မပစ်နိုင်ဘဲ တငွေ့ငွေ့သာ လောင်ကျွမ်းနေပါတယ်။
ဒါပေမဲ့အဆိပ်ရည်တွေက ငွေရောင်စစ်သည်ရဲ့မြင်ကွင်းကို ဖုံးလွှမ်းသွားတာမလို့ နဂိုက ခေါင်းကိုချိန်ခုတ်လိုက်တဲ့ မြေဆွဲအားဓားက စင်တီရဲ့လက်မောင်းတစ်ဖက်ကိုသာ ဖြတ်မိသွားတယ်။ မီးခိုးရောင်သွေးတချို့ ပန်းထွက်လာပေမဲ့ စင်တီဟာ နာကျင်ပုံမပြဘဲ ငွေရောင်စစ်သည်ကို ကိုယ်လုံးနဲ့တိုက်ပြီး ရိုက်ထုတ်ပစ်လိုက်တယ်။
ငွေရောင်စစ်သည်ဟာ ကြွေကျလာတဲ့ဥက္ကာပျံလိုမျိုး မြေပြင်နဲ့ဝင်ဆောင့်မိပြီး ကျွင်းကြီးတစ်ကျွင်း ဖြစ်လာတယ်။ အထဲမှာရှိနေတဲ့ မက်ဒါနာကတော့ ကျောရိုးကွဲကြေမတတ် သက်ရောက်အားကြောင့် နာကျင်စွာအော်ဟစ်လိုက်ပြီး သွေးတချို့အန်ထုတ်လိုက်တယ်။ ဒါပေမဲ့ စင်တီရဲ့ကင်းခြေများပါးစပ်က အစွယ်တွေကိုဖြဲပြီး အပေါ်ကနေမိုးကျလာတာကြောင့် ချက်ချင်းပြန်ထပြီး ဓားနဲ့မိုးကာလိုက်တယ်။
ဝုန်း.....။
"အား....." တန်ငါးဆယ်လောက်လေးတဲ့ စင်တီရဲ့ခန္ဓာကိုယ်ကြီးကို ပင့်မနေရတဲ့အတွက်ကြောင့် တချို့Void Streamပိုက်လိုင်းတွေ ဖိအားဒဏ်မခံနိုင်တော့ဘဲ ပေါက်ထွက်ကုန်တယ်။ မက်ဒါနာရဲ့တစ်ကိုယ်လုံးကနေ အရိုးမြည်ဟီးသံတွေ ထွက်ပေါ်နေပါတယ်။ ပိုဆိုးတာက ပေါက်ထွက်ကုန်တဲ့ နေရာတွေကနေ အဆိပ်ရည်တွေစိမ့်ဝင်လာနေတာပါ။ အဆိပ်တချို့ အရည်ပြားကိုဖြတ်ပြီးစိမ့်ဝင်လာတဲ့ အေးစိမ့်စိမ့်ခံစားချက်ကြောင့် မက်ဒါနာရင်ထိပ်သွားတယ်။
"သေစမ်း၊ ဆေဘာစတိန်း...." ခွေးနက်ကြီးက သခင်အမိန့်ကိုရတာနဲ့ မက်ဒါနာကိုတွန်းထုတ်ပြီး အန္တရာယ်စက်ကွင်းကနေ ဖယ်ရှားပေးလိုက်တယ်။ ဒါပေမဲ့သူကိုယ်တိုင်ကတော့ ဘေးမလွတ်ခဲ့ဘူး။ စင်တီရဲ့ကိုယ်လုံးက ဆေဘာစတိန်းကို ခပ်ပြင်းပြင်းဝင်ရိုက်လိုက်တဲ့အတွက် နောက်ခြေနှစ်ဖက်ကျိုးထွက်သွားပြီး နောက်တစ်ခါ ပြန်မထနိုင်တော့ဘူး။
တစ်ဖက်မှာတော့ ငွေရောင်စစ်သည်တော်က လေးဖက်ထောက်အနေအထားကနေ ပြန်ထလိုက်ပြီး ဓားကြီးကို ပခုံးပေါ်ထမ်းတင်လိုက်တယ်။ သူလက်မလျှော့သေးပါဘူး။ လက်လျှော့လိုက်ရင် ဖြစ်လာမယ့် အရာတွေအတွက် သူအဆင်သင့်မဖြစ်သေးဘူး။
ဒါပေမဲ့... ရုတ်တရက်ဆိုသဘို သူ့ခန္ဓာကိုယ်က သူ့အမိန့်ကို မတုံ့ပြန်တော့သလိုမျိုးဖြစ်လာတယ်။ အမြင်တွေဝေဝါးလာပြီး သူ့တစ်ကိုယ်လုံးကကြွက်သားတွေ ထုံကျင်လာပါပြီ။
"သေစမ်း... သူ့အဆိပ်က စက္ကန့်ပိုင်းအတွင်း သက်ရောက်တာလား။" စင်တီရဲ့အဆိပ်ရည်တွေက အကြောကိုထိုင်းစေတဲ့ အဆိပ်အပြင်းစားတွေပါ။ ဝတ်စုံကိုတဖြည်းဖြည်းဖောက်ဝင်ပြီး ကျဆင်းလာတဲ့ အဆိပ်တွေက မက်ဒါနာရဲ့သက်လုံကို နှုတ်ယူနေပါပြီ။
သိပ်မကြာခင်မှာပဲ အဆိပ်ကြောင့်မလှုပ်ရှားနိုင်တော့တဲ့ ငွေရောင်စစ်သည်ဟာ မြေပေါ်ကိုပုံလျက်သား လဲကျသွားတော့တယ်။
....
တူရင်းချောက်ကမ်းပါးကနေ ထွက်လာတော့ ဖရာလီတာတို့အဖွဲ့ကတော့ လိပ်ပြာတောင်ကြားက အဖွဲ့ ၁နဲ့ မဆုံခင်မှာ လမင်းပြာတောင်ခြေကို သွားစူးစမ်းခဲ့ပါတယ်။
သေဆုံးနေကြတဲ့အဖွဲ့သားတွေနဲ့ အသက်မဝင်တော့ဘဲ ကျန်ရစ်ခဲ့တဲ့ နွယ်ရှင်ပင်တွေကို မြင်ရပြီးတဲ့နောက်တော့ ဖရာလီတာက ခေါင်းညိတ်ပြီးပြောလိုက်တယ်။
"အဖွဲ့တစ်ကျသွားတာကို အတည်ပြုပြီး လှုပ်ရှားနေသေးတဲ့ အဖွဲ့တွေဆီ သတင်းပို့လိုက်၊ ပြီးတော့ ရန်သူတွေက ငါတို့ထင်ထားတာထက် အင်အားပိုများနေပြီး S rankတစ်ယောက်ထက်ပိုနေနိုင်တယ်လို့ ပြောလိုက်။" ဖရာလီတာအမိန့်ကိုရတာနဲ့ ဆုဗာနာတပ်ဖွဲ့ဝင်တွေက စတင်လှုပ်ရှားပြီး အဆက်အသွယ်ရနေသေးတဲ့ အဖွဲ့တွေဆီကို သတင်းပို့ဖို့လုပ်ကြတယ်။
Archmegaထဲမှာရှိနေတဲ့ ဖရာလီတာကတော့ သက်ပြင်းကိုသာ ချလိုက်တယ်။ "ဒီအတိုင်းဆိုရင် တိုက်ပွဲက ထင်တာထက် အခြေအနေဆိုးတော့မယ့်ပုံပဲ။ S rank ဘယ်နှစ်ယောက်ရှိနေမှန်း ငါတို့မသိရတာခက်တာပဲ။" S rankတစ်ယောက်ထက်ပိုနိုင်တယ်ဆိုတာက ယေဘုယျခန့်မှန်းချက်ပါ။ ရန်သူက သူတို့ကိုတစ်ခါတည်းအမြစ်ဖြတ်ဖို့ ကြံနေတာဆိုရင်တော့ အင်အားက သူတို့ခန့်မှန်းနိုင်တာထက် ပိုများနေမှာ သေချာပါတယ်။
....
နွံတောဒေသမှာတော့ မက်ဒါနာအပါအဝင် လူတိုင်းအဖမ်းခံထားရပါပြီ။ ဆေးအသစ်ကြောင့် နဂိုကတည်းက S rankဖြစ်တဲ့ စင်တီဟာ လူတိုင်းသိထားတာထက်ကို ပိုအစွမ်းထက်နေခဲ့လို့ပါ။
မက်ဒါနာအဖမ်းခံရပြီးတဲ့နောက်မှာ လယ်ရီလည်း လက်မလျှော့ခဲ့ကြဘူး။ ဒါပေမဲ့ အရှုံးရလဒ်ဟာ သိသာနေပြီးသားပါ။
လယ်ရီက မြန်တယ်ဆိုပေမဲ့ မြန်တာတစ်ခုပဲရှိလေတော့ သူအမောဖောက်တဲ့အချိန်အထိ စင်တီကစောင့်တိုက်ပြီး ဆက်မတိုက်နိုင်တော့တဲ့နောက်တော့ မြူတန့်သိပ္ပံအဖွဲ့က သူ့ကိုဗီဇလက်ထိပ်ခတ်ပြီးလှောင်အိမ်ထဲ ထည့်ပိတ်လိုက်တော့တယ်။
ဖုတုဟိုင်ကတော့ အဆုံးအထိတိုက်မယ်ဆိုပြီးလုပ်ခဲ့ပေမဲ့ နောက်ဆုံးတော့ နံရိုးနှစ်ချောင်းကျိုးသွားပြီး သူလည်းလှောင်အိမ်ထဲ ရောက်လာတော့တာပဲ။
ကံကောင်းစွာနဲ့ Mad doctorမှာက သူတို့ကိုအသုံးလိုဦးမယ့်အကြံတစ်ခု ရှိနေသေးပုံရပြီး သူတို့ကိုမသတ်ဘဲ အရှင်ဖမ်းထားတာပါ။
ယုန်နဲ့ငါးမန်းတို့က အပြင်မှာနောက်ဆုံးကျန်ခဲ့တဲ့ ကောင်လေးဒီပကို လှောင်အိမ်ထဲပစ်ထည့်လိုက်တယ်။ အခုသူတို့အကုန်လုံးက လှောင်အိမ်တွေထဲမှာ အဖမ်းခံထားရပါပြီ။
ကောင်လေးဒီပကတော့ လက်မလျှော့သေးဘူး။ သူက လှောင်အိမ်ထဲရောက်တာနဲ့ ချက်ချင်းကုန်းထပြီး လှောင်အိမ်ရဲ့သံတိုင်တွေကိုကိုင်ကာ အပြင်ကိုလှမ်းအော်တယ်။
"ခင်ဗျားတို့ ဒီအတွက်ပေးဆပ်ရမယ်၊ ဆုဗာနာမြေပေါ်မှာ လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလား။"
ဒါပေမဲ့ကြေးစားစစ်သည်တွေကတော့ သူ့စကားကြောင့် အနည်းငယ်ရယ်မောလိုက်ရုံကအပ နည်းနည်းမှ ဂရုမစိုက်ကြဘူး။
"မကောင်းတဲ့ကောင်တွေ၊ မင်းတို့က ဆုဗာနာရဲ့သဘာဝရင်းမြစ်တွေကို ခိုးထုတ်ဖို့ကြံတဲ့အပြင် အရာရှိတွေကိုပါ သတ်ပစ်လိုက်သေးတယ်။"
ကောင်လေးရဲ့မျက်လုံးတွေက ဒေါသကြောင့် နီရဲနေပြီးတော့ သူ့အဖွဲ့က ကျဆုံးသွားတဲ့တပ်သားတွေအတွက် မခံမရပ်နိုင်အောင် ဖြစ်နေပုံပါပဲ။ လူအဖြစ်ပြန်ရောက်နေပြီဖြစ်တဲ့ လယ်ရီကတော့ ရေဘူးအဖုံးလေးကိုဖွင့်ပြီး ရေကိုအဝသောက်လိုက်တယ်။ သူက ကောင်လေးကိုစိုက်ကြည့်နေပြီး ရယ်ရယ်မောမောနဲ့ ပြောတယ်။
"ကောင်လေး မင်းအော်နေလည်း သူတို့က ဂရုမစိုက်ဘူးကွ။ ဒီကောင်တွေက ရုရှားကြေးစားတွေလေ၊ မင်းက အင်္ဂလိပ်လိုအော်နေတာဆိုပေမဲ့ သူတို့က နားလည်ချင်မှ နားလည်မှာ။"
ကောင်းလေးဒီပက လယ်ရီရဲ့စကားကြောင့် လှည့်ကြည့်ပြီး မေးလိုက်တယ်။ "ဒါဖြင့် ရုရှားလိုအော်ရမှာလား။"
သူတို့ကို လှောင်အိမ်တွေထဲထည့်သွားတဲ့ ကြေးစားတွေက ပြန်လှည့်ထွက်သွားပြီဆိုပေမဲ့ မကြာခင်မှာပဲ ငွေရောင်ပုရွက်ဆိတ်တွေကို လည်ပင်းမှာလျှပ်စစ်သံကွင်းစွပ်ပြီး လှောင်အိမ်ထဲလာထည့်တဲ့နောက်တစ်ဖွဲ့ ရောက်လာတယ်။ လယ်ရီက ရုရှားဘာသာစကားနဲ့ အဲဒီလူတွေကို လှမ်းအော်ပြောလိုက်တယ်။
"Ты мудак, я люблю твою мать"
ဒါပေမဲ့ရုရှားကြေးစားတွေက သူ့ကိုလက်ခလယ်ထောင်ပြရုံအပြင် ဘာမှမလုပ်ဘူး။ လယ်ရီက သူနဲ့ဘေးချင်းကပ်လျက် လှောင်အိမ်ထဲမှာရှိနေတဲ့ ဒီပကို ပြုံးပြလိုက်တယ်။
"တွေ့လား၊ ဒီကောင်တွေက မင်းဘာပြောပြောဂရုမစိုက်ဘူးဟ။"
ကောင်လေးဒီပကတော့ ဒီဘဏ္ဍာစိုးအရူးကို နည်းနည်းအထင်ကြီးသွားပြီး "ဒီတော့ ခင်ဗျားကရုရှားလိုတတ်တယ်ပေါ့၊ ခုဏက ဘာပြောလိုက်တာလဲ။"
"ဖင်လုံးကောင်၊ မင်းအမေကို ငါယူမှာကွလို့ ပြောလိုက်တာ။ ငါလည်း နည်းနည်းပါးပါးတတ်ပါတယ်ဟ။"
ကောင်လေးဒီပက အစောပိုင်းမှာ ဒေါသထွက်နေခဲ့ပေမဲ့ အခုလိုမျိုးအဖမ်းခံရတဲ့အချိန်မှာတောင် မျက်နှာပြောင်နေနိုင်သေးတဲ့ ဦးလေးဘဏ္ဍာစိုးကြောင့် နည်းနည်းစိတ်ပြေလာတယ်။
"သူတို့ခင်ဗျားကို ဖမ်းထားတာတောင် မကြောက်ဘူးလား။" ဒီပမေးလိုက်တော့ လယ်ရီက ဂုဏ်ယူစွာနဲ့ကြွားပြတယ်။
"ဟေး... ငါတို့သုံးကောင်က စကြဝဠာဆိုင်ရာ ဝရမ်းပြေးတွေဟ။ ဖက်ဒရေးရှင်းထောင်မှာတောင် ဆယ်နှစ်လောက်နေဖူးတယ်။ အဲဒီကနေ ငါတို့ထောင်ဖောက်ပြေးလာတာလေ။ ဘာမှမပူနဲ့၊ မင်းဦးလေးငါက အခွင့်အရေးရရင် မင်းတို့ပါလွတ်အောင်လုပ်ပေးမယ်။"
တစ်ဖက်မှာတော့ ငွေရောင်စစ်သည်တော်ဟာ လှောင်အိမ်ထဲတန်းထည့်မခံရဘဲ Mad doctorဆီကို ကြေးစားတချို့က သူ့ကိုခေါ်သွားကြတယ်။
"SilverKnight... ငါတို့တွေကြပြန်ပြီ။" ရူးနေတဲ့ သိပ္ပံပညာရှင်က ခါတိုင်းလိုပဲ စင်တီနဲ့အတူထိုင်နေတယ်။ စင်တီက အခုပေနှစ်ဆယ်လောက်ပဲရှည်တော့ပြီး Mad doctorဘေးမှာ ရှိနေပါတယ်။
မက်ဒါနာကလည်း နည်းနည်းလေးမှ ကြောက်စိတ်မရှိဘူး။ ဝတ်စုံထဲမှာရှိနေတဲ့ သူ့မျက်နှာက မဲ့နေပြီး မျက်လုံးကိုမှေးစင်းကာ ပြောလိုက်တယ်။
"တွေ့ရတာ စိတ်မကောင်းစရာပါပဲ ဒေါက်တာ။"
မက်ဒါနာက ခပ်ရွဲ့ရွဲ့ပြောလိုက်ပေမဲ့ Mad doctor ကတော့ မျက်နှာပျက်မသွားဘူး။ သူထိုင်ရာကနေ ထလိုက်ပြီး မက်ဒါနာရှေ့ကိုလျှောက်လာတယ်။
"ငါမင်းကို စမြင်ဖူးတုန်းက ဒီလောက်သတ္တိကောင်းတဲ့ ဟီးရိုးတစ်ယောက်ရဲ့မျက်နှာကို တကယ်မြင်ဖူးချင်ခဲ့တာ။ ဒါပေမဲ့... မင်းက ဆုဗာနာရဲ့မင်းသမီးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။"
အဲဒီနောက်တော့ Mad doctorက ငွေရောင်စစ်သည်တော်ရဲ့ပခုံးပေါ်ကို လက်တင်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ကြီးမားတဲ့ဖိအားတစ်ခု ကျဆင်းလာတာကြောင့် မက်ဒါနာမျက်လုံးပြူးသွားတယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူဒူးထောက်ကျသွားပြီး Mad doctorက ငွေရောင်စစ်သည်ဝတ်စုံရဲ့ခေါင်းစွပ်ကိုချွတ်တဲ့ခလုတ်ကို နှိပ်လိုက်တယ်။
ခေါင်းစွပ်ကျွတ်သွားပြီးတဲ့နောက်မှာတော့ မက်ဒါနာရဲ့မျက်နှာက လူတိုင်းရဲ့မြင်ကွင်းရှေ့မှာ ပေါ်လာပါတယ်။ ချစ်စရာကောင်းတဲ့ဒီမိန်းကလေးက အခု Mad doctorကို တည်ကြည်စွာကြည့်နေတယ်။ Mad doctorကတော့ မက်ဒါနာကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပြီး
"နတ်ဘုရားအသံခေါင်းဆောင်ကိုယ်တိုင် ထောက်ခံထားတဲ့ ဟီးရိုးတစ်ယောက်ပီသပါပေတယ်။ မင်းက တခြားဟီးရိုးတွေနဲ့မတူဘူး။ သတ္တိရှိပြီး မကြောက်တတ်ဘူး။ တခြားတစ်ယောက်က မင်းဝတ်စုံကို ယူဝတ်ခဲ့မယ်ဆိုရင်တောင် မင်းဖြစ်လာမှာမဟုတ်ဘူး။ မင်းက ထူးခြားပြီးပြိုင်ဖက်ကင်းတယ်။"
ဒီစကားလုံးတွေနဲ့နောက်မှာ အရိပ်အငွေ့တချို့ပါဝင်နေမှန်း မက်ဒါနာသတိထားမိသွားတယ်။ "ဒီတော့ နယူးယောက်မှာပေါ်လာတဲ့ SilverKnight အတုကိစ္စက ရှင့်လက်ချက်ပေါ့။" Mad doctor ခေါင်းညိတ်လိုက်တယ်။
"တကယ်တော့ ငါက မင်းကိုသိပ်အများကြီး ဂရုမစိုက်ပါဘူး။ A rankကိုတောင် ကောင်းကောင်းမရောက်သေးတဲ့မင်းက အလားအလာရှိတယ်ဆိုတာပဲရှိတာ။ မင်းS rankဖြစ်သွားတဲ့အချိန်မှာ ငါကငါ့ရည်ရွယ်ချက်တွေကို အားလုံးလုပ်ပြီးနေလောက်ပြီ။" Mad doctorက စကားဆုံးတာနဲ့ သူ့ထိုင်ခုံကိုသွားပြီး ပြန်ထိုင်နေလိုက်တယ်။ မက်ဒါနာဟာ ဝတ်စုံဝတ်ထားဆဲဖြစ်ပေမဲ့ စင်တီကို လုံးဝယှဥ်နိုင်စရာမရှိလို့ ဒီလူက ငွေရောင်စစ်သည်ချပ်ဝတ်ကို ချွတ်ဖို့အလျင်လိုမနေဘူး။ ပြီးတော့ ဝတ်စုံကလည်း အကောင်းအတိုင်း ရှိနေတာမှမဟုတ်တာ။
"ပြီးတော့ မပူပါနဲ့၊ မင်းသာ ငါနဲ့ပူးပေါင်းမယ်ဆိုရင် မင်းတို့အသက်အန္တရာယ်မရှိပါဘူး။ ငါက ဆုဗာနာမှာရှိတဲ့ သလင်းကျောက်အကြီးကို လိုချင်ရုံပါ။ ဒါမှငါ့ရဲ့စမ်းသပ်မှုကို အပြီးသတ်နိုင်မှာလေ။"
ဒီစကားကိုကြားတော့ မက်ဒါနာက ခေါင်းထောင်ကြည့်လိုက်တယ်။ ခုဏတုန်းက Mad doctorရဲ့ဖိအားက မြူတန့်စွမ်းအားတစ်ခုကနေပဲ လာနိုင်တာပါ။ ပြီးတော့ တခြားလူလုပ်မြူတန့်အဖွဲ့ဝင်တွေလို မြူတန့်သားရဲတွေနဲ့ ပေါင်းစပ်ထားတာမျိုးမဟုတ်ဘူး။
Mad doctorရဲ့လက်ထဲမှာတော့ အနီရောင်အရည်တချို့ပါတဲ့ ဆေးကျည်တောက်လေးတစ်ခုရှိနေပါတယ်။
"စွမ်းအားမရှိတဲ့လူသားတွေကို စွမ်းအားပေးနိုင်တဲ့ ဆေးရည်ကို ငါအောင်မြင်သွားပြီ။ မြူတန့်တွေရဲ့DNAကိုတုပရမယ့်အစား ငါက သူတို့DNAကိုသုံးလိုက်တယ်။ သူတို့သွေးနဲ့ဆေးဖော်တယ်ဆိုပါတော့။ ဒါပေမဲ့ တစ်ခဏပဲသုံးလို့ရပြီး အမြဲတမ်းအတွက်မဟုတ်ဘူး။ အဲဒီမှာ ငါသိလိုက်ရတာ ငါရှာနေတဲ့ စွမ်းအားမရှိတဲ့လူကို စွမ်းအားရှိလာအောင် လုပ်နိုင်တဲ့နည်းလမ်းဟာ ရှိနေပြီးသားဆိုတာပဲ။ ဥက္ကာခဲတွေကို ပိုင်ဆိုင်ရဖို့လေ။ ပြီးတော့ အဲဒါတွေက ပိုကြီးလေပိုစွမ်းလေပဲ။"
"ဒီတော့ရှင်က စိတ်မရှည်တော့ဘဲ သိပ္ပံစမ်းသပ်မှုတွေအစား ရှိနေတဲ့သလင်းကျောက်တွေကိုပဲ သုံးတော့မယ်ပေါ့။" တကယ်တော့ မြူတန့်သိပ္ပံလို အဖွဲ့မျိုးအနေနဲ့ သာမန်သလင်းကျောက်တွေကို စုဆောင်းဖို့ဆိုတာ မခက်လှပါဘူး။ ဒါပေမဲ့ Mad doctorဟာ ပိုပြီးရည်မှန်းချက်ကြီးမားပြီး မာနလည်းကြီးသူပါ။ သာမန်စွမ်းအားမျိုးရယူမယ့်အစား ပိုအင်အားကြီးတာတစ်ခုကို လိုချင်တယ်။
"အခုငါက စွမ်းအားရှိပြီးသားသူတွေကို ပိုအားကောင်းအောင်လုပ်နိုင်ပြီ၊ မရှိတဲ့သူတွေကိုလည်း လူလုပ်မြူတန့်အဖြစ် ပြောင်းပေးနိုင်တယ်၊ မကြာခင်မှာ အဲဒီဖော်မြူလာကလည်း ပြီးပြည့်စုံတော့မယ်။ ငါ့အဖွဲ့ထဲလူတွေဝင်လာအောင် ဆွဲဆောင်နိုင်မယ့် စွမ်းအင်ခဏနိုးထစေတဲ့ ဆေးတွေလည်းရှိနေပြီ။ ငါကိုယ်တိုင်က ပြိုင်ဖက်ကင်းဖို့ပဲလိုတော့တာ။"
ဆုဗာနာမှာရှိနေတဲ့ ဧရာမသလင်းကျောက်ကြီးကို Mad doctorလိုချင်ရတဲ့အကြောင်းက ကမ္ဘာကြီးကိုအုပ်စိုးမယ့် သူ့အစီအစဥ်အတွက် နောက်ဆုံးလိုအပ်တဲ့ ခြေလှမ်းကို လှမ်းနေရုံပါပဲ။
မက်ဒါနာက နှုတ်ခမ်းကိုကိုက်ထားလိုက်တယ်။ 'သူ့ရဲ့လူလုပ်မြူတန့်ဖော်မြူလာက မပြီးပြည့်စုံသေးဘူးမဟုတ်လား။ ဒါပေမဲ့ လီဆာက နယ်စားနန်းတော်မှာရှိနေတာ။ အခုငါတို့အဖမ်းခံထားရတော့ နယ်စားနန်းတော်ရဲ့အင်အားက ကျဆင်းသွားပြီ။ သူတို့သာ ဝင်စီးနင်းချင်တယ်ဆိုရင် အလွယ်လေးပဲ။ ဒီတော့ ငါတို့ရဲ့ကင်းထောက်စစ်ဆင်ရေးက အစကတည်းက သူတို့သူတို့စီစဥ်ထားတဲ့အရာပဲ။'
"မင်းက ဒီလောက်ဉာဏ်ရည်မနိမ့်ပါဘူး၊ ငါ့အကြံကို ခုလောက်ဆိုရင် အပြည့်အစုံသိနေလောက်ပါပြီ။ ဟုတ်တယ်... မင်းတို့နှစ်ယောက်က သလင်းကျောက်တုံးအတွက် သော့တွေဖြစ်လာမှာ။" Mad doctor က မက်ဒါနာကို သွားပေါ်တဲ့အထိ ပြုံးပြရင်း ပြောလိုက်တယ်။
သလင်းကျောက်တုံးဆီသွားတဲ့လမ်းကို ပုရွက်ဆိတ်ဘုရင်မက ကာကွယ်ပေးထားတာပါ။ များပြားလွန်းတဲ့ ပုရွက်ဆိတ်စစ်တပ်တွေကို Mad doctorအနေနဲ့ မတွန်းလှန်နိုင်ဘူး။
"ဆုဗာနာနယ်စားနဲ့ပုရွက်ဆိတ်ဘုရင်မ ချုပ်ဆိုထားတဲ့ သွေးစာချုပ်မှာ ဘာအချက်တွေပါလဲသိလား။"
ရွက်ဖျင်တဲထဲက အလင်းမီးအိမ်အောက်မှာ Mad doctorရဲ့မျက်လုံးတွေက တောက်ပနေပြီး အင်မတန်ကြောက်စရာကောင်းနေတယ်။
"ပုရွက်ဆိတ်တွေက စစ်မှန်တဲ့ နယ်စားသွေးမျိုးဆက်တွေကို အန္တရာယ်ပြုလို့မရဘူး။ ငါသာ မင်းတို့ကို ကောင်းကောင်းအသုံးချမယ်ဆိုရင် မင်းတို့က အဲဒီကိုသွားဖို့အတွက် သော့ဖြစ်လာလိမ့်မယ်။"
ဒီစကားတွေကို ကြားရချိန်မှာတော့ မက်ဒါနာရဲ့ရင်ထဲက သံသယတွေဟာ ပိုပိုပြီးကြီးထွားလာပါပြီ။
"ဆုဗာနာနယ်စားစံအိမ်မှာ ရှင်တို့သူလျှိုရှိနေတာပဲ။ စာချုပ်အချက်အလက်တွေကို သိနိုင်တယ်ဆိုတော့ တော်တော်ကြီး အဆင့်မြင့်တဲ့ရာထူးရှိသူပဲ။"
Mad doctorက ဝန်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက် သူက လက်ကမ်းပေးလိုက်ပြီး
"ကဲ... ငါက သူရဲကောင်းတစ်ယောက်ကို အလကားမဆုံးရှုံးစေချင်ဘူး။ မင်းငါနဲ့ပူးပေါင်းမယ်ဆိုရင် ဆုဗာနာရဲ့နယ်စားဖြစ်လာလိမ့်မယ်။ ပြီးတော့ ငါကမ္ဘာကြီးကိုအုပ်စိုးတဲ့အခါ မင်းက ငါ့ရဲ့လက်ရုံးတစ်ယောက်လည်း ဖြစ်လာနိုင်လိမ့်မယ်။ မင်းစိတ်ဝင်စားလား။"
၁၀။
နယူးယောက်၊ မက်ဟန်တန်အောက်ပိုင်းရှိ တရုတ်တန်းတစ်နေရာ။
အစိမ်းရောင်ဟော်ဒီလက်ရှည်ကိုဝတ်ထားတဲ့ဖားလေးက B rank ဟီးရိုးဟယ်ရီနောက်က လိုက်လာတယ်။ ဟယ်ရီကတော့ ခါတိုင်းလိုပဲ အနက်ရောင်ဂျာကင်ရှည်ကို ဝတ်ဆင်ထားပေမဲ့ ထူးခြားချက်တစ်ခုအနေနဲ့ သူနဲ့အတူလက်ဆွဲသေတ္တာအနက်ကလေးကို ယူလာတယ်။ မသိရင် သူတို့နှစ်ယောက်က တရားမဝင်ကုန်သွယ်တော့မယ့် ဂိုဏ်းစတားတွေနဲ့တောင် တူနေသေးတယ်။
"ဆာ... ကျွန်တော်တို့အခုဘာလုပ်ကြမှာလဲ။" သူတို့ဆေးရုံကနေ ထွက်လာတော့ မနက်မိုးလင်းနေပြီ။ ဟယ်ရီက ဖားလေးကိုခေါ်ပြီး သူ့တိုက်ခန်းကို အရင်ပြန်သွားပြီး အရေးကြီးပုံရတဲ့ ဒီလက်ဆွဲသေတ္တာလေးကို ယူလာတာပါ။
လီမိသားစု လက်နက်အရောင်းဆိုင်ရှေ့ကိုရောက်တော့ ဟယ်ရီက ဖားလေးကိုအချက်ပြလိုက်ပြီး ဝင်လိုက်တယ်။ အတွင်းထဲမှာ Tuxedo ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်က စမတ်ကျကျရပ်နေကြပြီး ကောင်တာတစ်ခုစီကို တာဝန်ယူထားကြတယ်။
"လီမိသားစု လက်နက်အရောင်းဆိုင်ကနေ ကြိုဆိုပါတယ်။ ဖောက်သည်တစ်ယောက်ချင်းစီအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။ တစ်ခုခုများ လိုအပ်ပါသလားရှင်။"
ဖားလေးကတော့ မျက်လုံးကို အပေါ်လှန်ကြည့်လိုက်ပြီး ဟယ်ရီကိုပြောလိုက်တယ်။ "ကောင်းရော၊ ခင်ဗျားက ၁၈နှစ်မပြည့်သေးတဲ့ လူငယ်တစ်ယောက်ကို လက်နက်ဆိုင်ထဲခေါ်လာတာလား။ ကျောင်းတွင်းအကြမ်းဖက်မှုဖြစ်ရင် ခင်ဗျားကြံရာပါနော်။"
အမေရိကန်ရဲ့ကျောင်းတွင်းအကြမ်းဖက်မှုစံချိန်က နှစ်များစွာကြာပြီးတာတောင် မြင့်မားလျက်ရှိနေဆဲပါ။ Mad doctor နယူးယောက်ကိုဝင်တိုက်တုန်းက အထက်တန်းကျောင်းလေးတစ်ခုမှာ အုပ်စုလိုက်သတ်ပွဲကြီး ဖြစ်ခဲ့သေးတယ်လေ။ အစကနေအဆုံးအထိ ဟယ်ရီက ဖားလေးကို စကားတစ်ခွန်းပဲပြန်ပြောခဲ့တယ်။
"ငါတို့ အမဲလိုက်ကြမလို့လေ။"
ဟယ်ရီက လီဖေးဖေးရပ်နေတဲ့ ကောင်တာဆီကိုသွားပြီး ရှေ့မှာရပ်လိုက်တော့ လီဖေးဖေးက ကျွမ်းကျင်သူဆန်ဆန် ပြုံးပြပြီး မေးလိုက်တယ်။ ဟယ်ရီကတော့ သူ့အိတ်ထဲကနေ အနက်ရောင်နဲ့ငွေရောင် စပ်ထားတဲ့ အိုင်ဒီကတ်လေးတစ်ခုကို ထုတ်ပေးတယ်။ ဟီးရိုးမှတ်ပုံတင်ကတ်ပါ။
"ငါအတွင်းစည်းကို သွားချင်တယ်။" တကယ်တော့ မက်ဒါနာဟာ လီမိသားစုဆိုင်လေးကို တစ်ခါရောက်ဖူးတယ်ဆိုပေမဲ့ သူမြင်ခဲ့တာတွေက အပြင်ဖက်က ဟန်ပြဆိုင်ပဲဆိုတာ မသိခဲ့ရဘူး။ အတွင်းပိုင်းကိုတော့ ဟီးရိုးကတ်ပါမှပဲ ဝင်လို့ရတာပါ။ ဟီးရိုးအစည်းအရုံးဟာ လီမိသားစုရဲ့ဖောက်သည်ဖြစ်နေလို့ အခုလိုအခွင့်အရေးရတာဖြစ်ပြီး တခြားအဖွဲ့တချို့လည်း ဒီလိုဝင်ခွင့်ရထားပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ ကောင်းတဲ့အဖွဲ့ရော ဆိုးတဲ့အဖွဲ့တွေပါရှိတယ်။
သေမင်းကုန်သည်လို့ တင်စားကြတဲ့ လက်နက်ကုန်သည်တွေဟာ ကောင်းခြင်းဆိုးခြင်းကို မကြည့်ကြပါဘူး။ သူတို့အတွက် စီးပွားရေးကသာ အဓိကပါ။ ကတ်ကို ခဏလောက်အထက်အောက်လှန်ကြည့်ပြီးနောက်တော့ လီဖေးဖေးက ဟယ်ရီကိုခေါင်းညိတ်ပြတယ်။
"ဖောက်သည်ရှင့်... ကျွန်မနောက်ကိုလိုက်ခဲ့ပါ။"
အဲဒီနောက်တော့ လီဖေးဖေးက ဆိုင်နောက်ဖက်မှာရှိနေတဲ့ လက်နက်ဗီဒိုတစ်ခုနားကို လျှောက်သွားပြီး ကတ်ကိုသော့နေရာမှာတင်လိုက်တယ်။ နဂိုက အနီရောင်ပြနေတဲ့ သော့နေရာက အစိမ်းဖြစ်သွားပြီး ဗီရိုဟာ သိပ္ပံရုပ်ရှင်ကားတွေထဲကလိုပဲ အပေါ်ကိုမြောက်သွားပြီး ငွေရောင်တောက်နေတဲ့ ငါးပေပတ်လည် အခန်းငယ်လေးတစ်ခန်း ပေါ်လာပါတယ်။
"မင်းဘာကြည့်နေတာလဲ... ငါနောက်လိုက်ခဲ့။" ဟယ်ရီက အခုထိကြောင်ကြည့်နေသေးတဲ့ ဖားလေးကို ပခုံးပုတ်လိုက်ပြီး အခန်းငယ်လေးထဲကို လျှောက်ဝင်သွားတယ်။
ဖားလေးလည်း ဟယ်ရီနောက်ကိုလိုက်ပြီး အခန်းငယ်လေးထဲ ဝင်လိုက်တယ်။ မကြာခင်မှာပဲ ဗီရိုက သူ့နေရာသူရောက်လာပြီး အခန်းက တဖြည်းဖြည်း နိမ့်ဆင်းသွားတယ်။ ဒီအခန်းဟာ လျှို့ဝှက်ထားတဲ့ ဓာတ်လှေကားတစ်ခုပါ။
"လီမိသားစုက မြောက်အမေရိကတစ်ခုလုံးမှာ အကြီးဆုံးလက်နက်ကုန်သည်ဂိုဏ်းပဲ။ တရုတ်တွေ အမေရိကတိုက်ကို စရောက်လာကတည်းက လုပ်ငန်းလုပ်နေကြတာ။ သူတို့အတွင်းစည်းထဲမှာ မင်းလိုချင်တာအကုန်ရနိုင်တယ်။"
စက္ကန့်အနည်းငယ်ကြာတော့ တံခါးပြန်ပွင့်သွားပြီး အတွင်းစည်းထဲက မြင်ကွင်းကို မြင်လိုက်ရပါတယ်။ ဘိုရင်းလေယာဥ်ကြီးတစ်စင်းလုံးကို ထည့်ထားလို့ရတဲ့ မြေအောက်ခန်းကြီးတစ်ခုက ဖားလေးမြင်ကွင်းထဲကို ဝင်လာတယ်။ နေရာတိုင်းမှာ အပေါ်ကလိုမျိုး လက်နက်ဆိုင်ငယ်လေးတွေကို မြင်နေရပြီးတော့ ဟီးရိုးအထောက်အကူပြုပစ္စည်းတွေလည်း အများကြီးရှိနေပါတယ်။
အနီရောင်ချီပေါင်ဝတ်စုံဝတ်ထားတဲ့ တရုတ်လူမျိုးမိန်းမလှလေးနှစ်ယောက်က သူတို့နားကိုရောက်လာပြီး ကြိုဆိုလိုက်တယ်။
"လီလက်နက်အရောင်းဆိုင် အတွင်းစည်းကနေ ကြိုဆိုပါတယ်။ ဘာများအလိုရှိပါသလဲရှင်။"
ဟယ်ရီက သူတို့ကို တည်ကြည်စွာကြည့်လိုက်ပြီး အေးဆေးစွာ စကားဆိုလိုက်တယ်။
"ငါ အကြမ်းခံတဲ့ ဟီးရီးဝတ်စုံတွေကြည့်ချင်တယ်။ ပြီးတော့ ဟီးရိုးသတိပေးစနစ်၊ သတ္တုဒြပ်ကူပစ္စည်းတွေနဲ့ လျှပ်စစ်ရှော့တိုက်လက်နက်တွေအများကြီး လိုနေသေးတယ်။"
....
"လူကြီးမင်းတို့ရှင့်၊ ဒီဝတ်စုံတွေက ကာဘွန်ဗိုက်ဘာချည်နည်းပညာကို အခြေခံပြီးလုပ်ထားတာပါ။ နာနိုချည်ရက်လုပ်နည်းပညာကို အသုံးပြုထားတဲ့အတွက် စက္ကူတစ်ချပ်လိုပေါ့ပါးပြီး ချေမှုန်းရေးရိုင်ဖယ်ကျည်တွေကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။"
ကောင်မလေးနှစ်ယောက်ထဲကတစ်ယောက်က အနက်ရောင်ချည်စတစ်စကို ယူလာပြီးတော့ နမူနာပြတယ်။ ဟယ်ရီက ခေါင်းညိတ်လိုက်ပြီးတော့ ဖားလေးကို ရှေ့တွန်းပို့လိုက်တယ်။
"ဒီကောင်လေးအတွက် တိုင်းပြီးချုပ်ပေးလိုက်ပါ။ ဖားတစ်ကောင်နဲ့လိုက်တဲ့ပုံစံမျိုးဖြစ်ရမယ်။"
ခဏနေတော့ ဖားလေးအဝတ်လဲခန်းထဲကနေ အပြင်ထွက်လာတယ်။ အခုသူက အစိမ်းရောင်ကာဘွန်ဖိုက်ဘာ ဟီးရိုးဝတ်စုံကိုဝတ်ထားပြီး ရှည်မျောမျောဖားတစ်ကောင်နဲ့တူနေတယ်။ ခေါင်းစွပ်ကြီးကလည်း ပါနေသေးတော့ ဂရူးအစိမ်းရောင်လိုပဲ။ သူ့နောက်ကိုလိုက်နေတဲ့ Minionsအုပ်လိုက်မရှိတာပဲကွာတယ်။
"ဆာဟယ်ရီ... ဒီဝတ်စုံတွေက ကျွန်တော်ပုံစံပြောင်းရင် ပြဲမသွားနိုင်ဘူးလား။" ဖားလေးက အသွင်ပြောင်းမြူတန့်ပါ။ သူ့ပုံစံအပြည့်ဆိုရင် အိမ်စီးကားတစ်စီးစာလောက်ရှိတယ်လေ။ ဒါပေမဲ့တရုတ်မလေးတွေကတော့ စိတ်ရှည်ရှည်နဲ့ရှင်းပြပါတယ်။
"လက်ထောက်ဟီးရိုး Toaiusက အသွင်ပြောင်းဟီးရိုးမှန်း ကျွန်မတို့သိတဲ့အတွက်ကြောင့် ကျုံနိုင်ဆန့်နိုင်တဲ့ နာနိုနိုင်လွန်နည်းပညာကို သုံးထားပါတယ်။ ကားတစ်စီးစာအရွယ်အထိ စိတ်ကြိုက်ကြီးလို့သေးလို့ရတယ်။ ဒါပေမဲ့အားနည်းချက်အနေနဲ့ ဓားလိုမျိုး ထက်ရှတဲ့လက်နက်တွေရဲ့ဒဏ်ကိုမခံနိုင်သလို သက်ရောက်အားကိုလည်း လျှော့ချနိုင်စွမ်းမရှိပါဘူး။" တစ်ယောက်က ပြောလို့ပြီးသွားချိန်မှာ နောက်တစ်ယောက်က ဆက်ပြောတယ်။
"ဒီချပ်ဝတ်တွေက မီးဒဏ်၊ အက်စစ်ဒဏ်၊ ကျည်ဆန်ဒဏ်ခံနိုင်ဖို့ပဲ ထုတ်လုပ်ထားတာပါ။ သက်ရောက်မှုအားကို မလျှော့ချနိုင်တဲ့အတွက်ကြောင့် ထက်ရှတဲ့လက်နက်တွေနဲ့တုံးတဲ့လက်နက်တွေက ဝတ်ဆင်ထားတဲ့ ဟီးရိုးကိုသေအောင်သတ်နိုင်ပါတယ်။ ကျေးဇူးပြုပြီး တိုက်ခိုက်တဲ့အခါ မရဲတင်းပါနဲ့။"
ဖားလေးက ဟယ်ရီကို မော့ကြည့်လိုက်တယ်။ ဒီဟီးရိုးဝတ်စုံတွေက တကယ်ရောအသုံးဝင်ရဲ့လားဆိုတဲ့ အကြည့်မျိုးနဲ့။ ဟယ်ရီကတော့ အကျိုးအကြောင်းသင့် ပြန်ရှင်းပြတယ်။
"မင်းက ဖျတ်လတ်မှုနဲ့ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုကို အသားပေးလေ့ကျင့်တာမလို့ အပေါ့စားချပ်ဝတ်တွေက မင်းလိုအပ်တာအကုန်ပဲ။ ရန်သူရဲ့တိုက်ကွက်အများစုကို ရှောင်ရှားတဲ့နည်းလမ်းနဲ့ မင်းအသက်ကို ကယ်တင်နိုင်တယ်။"
တစ်ချိန်တည်းမှာပဲ သူက သေတ္တာလေးကိုဖွင့်လိုက်ပြီး အထဲက သုံးဆယ်မီလီမီတာ ဒင်္ဂါးပြားအရွယ် ရွှေပြားငါးပြားကို အဖိုးအခအဖြစ် ကောင်မလေးတွေကို ပေးလိုက်တယ်။ တန်ဖိုးအရဆိုရင်တော့ ဖားလေးဝတ်ထားတဲ့ဝတ်စုံက အနည်းဆုံးဒေါ်လာတစ်သောင်းတန်ပုံပဲ။
ဖားလေးက ဟယ်ရီကို မယုံသင်္ကာနဲ့ကြည့်လိုက်ပြန်တယ်။ ဒီစီနီယာက အခုမှတစ်ခါနှစ်ခါပဲတွေ့ဖူးသေးတဲ့ လက်ထောက်ဟီးရိုးတစ်ယောက်ကို ဒီလောက်အများကြီး ဝယ်ပေးစရာလား။ စပွန်ဆာပေးမလို့တော့မဟုတ်ပါဘူးနော်။ သူတွေးရင်းတွေးရင်းနဲ့ ဖင်ကျိန်းလာပြီ။ ပြီးတော့ ပေးချေတဲ့ပိုက်ဆံက ဒေါ်လာမဟုတ်ဘဲ ရွှေပြားတွေလား။ John Wick Chapter 5 ရိုက်နေတာမဟုတ်တာတော့ သေချာပါတယ်နော်။
ဖားလေးရဲ့အကြည့်ကို သတိထားမိတဲ့ ဟယ်ရီကတော့ နှုတ်ခမ်းလှုပ်ရုံသာ ပြုံးပြလိုက်ပြီးတော့ ရှင်းပြပါတယ်။ "လီမိသားစုဆိုင်က အပြင်စည်းမှာပဲ ဒေါ်လာလက်ခံတာ။ ပိုမြင့်တဲ့ပစ္စည်းတွေရှိတဲ့အတွင်းစည်းမှာကတော့ ရွှေပြားတွေပဲလက်ခံတယ်။ ဒီမှာရှိတဲ့ပစ္စည်းတွေက တန်ကြေးသိပ်မြင့်တာမျိုးမဟုတ်ပေမဲ့ အထူးအခွင့်ရှိသူတွေပဲဝယ်နိုင်တာ။ ပြီးတော့ သိပ်တရားမဝင်တဲ့ပစ္စည်းတွေရှိတယ်။ ဒါကြောင့်မလို့ ငွေမည်းရှင်းစရာမလိုအောင် ရွှေတွေသုံးကြတာ။"
အတွင်းစည်းမှာက အဖွဲ့ပေါင်းစုံကလူတွေ လာရောက်ရောင်းဝယ်တာဖြစ်လို့ ခြေရာခံရလွယ်တဲ့ ဒေါ်လာတွေအစား ရွှေပြားတွေက အဓိကကုန်သွယ်မှုတန်ဖိုး ဖြစ်လာခဲ့ပုံပါပဲ။
"အခုတော့ ငါ့အလှည့်ပဲ။" ဟယ်ရီက ပြောပြောဆိုဆိုနဲ့ အဝတ်လဲခန်းထဲကို ဝင်သွားတယ်။ သူပြန်ထွက်လာတော့ ရင်ဘတ်နေရာကို ဇက်သတ္တုနဲ့ကာထားတဲ့ အမာတစ်ဝက်အပျော့တစ်ဝက် ချပ်ဝတ်ကိုဝတ်ထားပါတယ်။
"ရင်ဘတ်နေရာကို ဇက်သတ္တုနဲ့ကာထားပေးပြီး လက်မောင်းနဲ့ဒူးနေရာတွေအပါအဝင် အခြားအရေးကြီးအစိတ်အပိုင်းတွေကိုတော့ ပျော့ပြောင်းတဲ့ STF-treated Kevlar fabric နဲ့ကာထားပေးတယ်။ ဓားဒဏ်ရောလက်နက်ဒဏ်တွေကနေပါ ကာကွယ်ပေးနိုင်တဲ့ မော်ဒယ်ဟောင်း မက်တယ်ပလာဒင် ဟီးရိုးဝတ်ချပ်ဝတ် မော်ဒယ် Type 40 ပါ။ လေးလံတဲ့ချပ်ဝတ်တွေမကြိုက်တဲ့ အလယ်အဆင့်ဟီးရိုးတွေအတွက် အကောင်းဆုံးရွေးချယ်စရာပဲ။"
ဖားလေးက သိပ်နားမလည်မှန်းသိကြတဲ့ တရုတ်မလေးနှစ်ယောက်က အလုအယက်ရှင်းပြကြတယ်။ ဟယ်ရီကတော့ သေတ္တာထဲကနေပြီး ရွှေပြားနှစ်ဆယ်လောက် နှိုက်ပေးလိုက်တယ်။ ဒီတစ်ခါကတော့ သူ့ချပ်ဝတ်တန်ဖိုးက ဒေါ်လာလေးသောင်းဖိုးကျော်သွားပါပြီ။
"ဟုတ်ပြီ... ခုဏက မှာထားတဲ့ ဒြပ်ကူပစ္စည်းကရော။" ဟယ်ရီမေးလိုက်တော့ ကောင်မလေးနှစ်ယောက်က စစ်သုံးသံသေတ္တာလေးထဲ ထည့်ပိတ်ထားတဲ့ ဓာတုပစ္စည်းတွေကို ယူလာတယ်။
"အက်တမ်မှုန်တွေကို ထိန်းချုပ်နိုင်တဲ့ ဟီးရိုးတွေအတွက် သေချာဒီဇိုင်းထုတ်ထားတဲ့ ထိန်းချုပ်ရလွယ်တဲ့ နန်းနာပေါင်ဒါတွေပါ။ တစ်အောင်စကို ရွှေတစ်ပြားပေးရမှာဖြစ်လို့ ဒီတစ်ဘူးလုံးအတွက် ရွှေပြားငါးဆယ်ကျပါမယ်။"
ဖားလေးမျက်လုံးပြူးသွားတယ်။ ကြည့်ရတာ ဟယ်ရီရဲ့အက်တမ်ပေါင်းစပ်ခြင်းစွမ်းရည်က ဧရာမငွေကုန်ပေါက်ကြီးလိုပဲ။ ဟယ်ရီက ရွှေပြားငါးဆယ်ကို အောင့်သက်သက်နဲ့ ကောင်မလေးတွေလက်ထဲ ထည့်ပေးလိုက်တယ်။
ခဏနေတော့ သူတို့တွေက မက်ဒါနာသုံးနေတဲ့ Thor 1 လျှပ်စစ်လက်ကောက်အပါအဝင် လျှပ်စစ် လက်နက်အမျိုးမျိုးကို ထုတ်ပြလာကြတယ်။
"ဒါက ဖောက်သယ်ကြီးလိုချင်တဲ့ အခြေခံလျှပ်စစ်လက်နက်တွေပါ။ အတွင်းစည်းမှာတော့ ဖောက်သည်တွေအတွက် ဒါတွေကိုလျှော့စျေး ၂၀% ပေးထားပါတယ်။"
Thor 1 တွေကတော့ ဖားလေးကောင်းကောင်းရင်းနှီးပါတယ်။ သူ့Idol Silver Knightကြီး သုံးနေကျလေ။ ဟယ်ရီက ပြောလိုက်တယ်။
"ငါတို့ဟိုအတုကောင်ကို လိုက်ဖမ်းမယ်ဆိုရင် မင်းကိုယ်မင်း ကာကွယ်ဖို့အတွက် ဒါတွေလိုလိမ့်မယ်။ အဲဒီကောင်က အတုဆိုပေမဲ့ အထဲကမြူတန့်ရဲ့စွမ်းအားကို ငါတို့သိတာမဟုတ်ဘူး။ ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။"
ဒါပေမဲ့ ဖားလေးက Thor 1 ကိုမရွေးဘဲ ဘေးက ယိုယိုအသေးစားလေးနဲ့တူတဲ့ဟာကို လက်ညိုးထိုးပြလိုက်တယ်။
"ဒါကဘာလဲ..." ကောင်မလေးတစ်ယောက်ကတော့ တက်ကြွစွာနဲ့ ရှင်းပြတယ်။
"Hugo 23လေ။ ကလေးကစားတဲ့ယိုယိုနဲ့တူပေမဲ့ အားပြင်းတဲ့ လျှပ်စစ်လက်နက်ပါ။ ယိုယိုခေါင်းမှာ ဘက်ထရီပါပြီး ကြိုးတွေက အခိုင်ခံ့ဆုံးတိုက်တေနီယံနဲ့လုပ်ထားတာ။ ပေနှစ်ဆယ်လောက်အထိ လှမ်းပစ်လို့ရပြီးတော့ လူကိုပတ်ရှော့တိုက်လို့ရနိုင်တယ်။ ဒါပေမဲ့ လျှပ်စစ်လက်နက်တွေထဲမှာ ကျွမ်းကျင်မှုအလိုဆုံးလက်နက်ပဲ။ သုံးဖူးတဲ့အတွေ့အကြုံရှိမှ သုံးဖို့အကြံပေးပါတယ်။"
လွန်ခဲ့တဲ့နှစ်လေးရာလောက်ကတည်းက ဖိလစ်ပိုင်တွေက ယိုယိုတွေကို လူသတ်လက်နက်တွေအဖြစ် သုံးနေခဲ့တာပါ။ အခုတောင် ဖိလစ်ပိုင်မှာ Yo_Yo_Chan ဆိုတဲ့ အိုတာခု A rank ဟီးရိုးတစ်ယောက်ရှိသေးတယ်။ ဒီတော့ ယိုယိုပုံစံလုပ်ထားတဲ့ လျှပ်စစ်လက်နက်ကိုတွေ့ရတာ သိပ်အထူးအဆန်းမဟုတ်ဘူး။
"ကျွန်တော်ဒါယူမယ်၊ ငယ်ငယ်က ယိုယိုပစ်ချံပီယံလေ။" ဟယ်ရီကတော့ မျက်နှာသိပ်မကောင်းလှဘူး။ စျေးကိုမြင်ပြီးကတည်းက စိတ်ညစ်နေပြီ။ ဒေါ်လာလေးသိန်းမလို့ ရွှေပြားနှစ်ရာကျော်ပေးမှရမှာ။ သူဝယ်သမျှထဲမှာ စျေးအကြီးဆုံးပဲ။ ပြောရရင် ခုခံကာကွယ်ရေးလက်နက်တွေထက် တိုက်ခိုက်ရေးလက်နက်တွေက စျေးကြီးနေတာ ဓမ္မတာပါ။ ခံစစ်အထောက်အကူပြုပစ္စည်းတွေက ဒီလောက်ကြီးအသုံးမဝင်ဘူး။ မက်တယ်ပလာဒင်ရဲ့MP-01 ချပ်ဝတ်တွေ ထွက်မလာခင်ကအထိပေါ့။
သေတ္တာလေးထဲကနေ ရွှေပြားတွေအကုန် သွန်မှောက်ထည့်ပေးပြီးတဲ့နောက်မှတော့ ကောင်မလေးတွေက သူတို့ကိုပျော်ရွှင်စွာနဲ့ စမတ်နေကာမျက်မှန်နှစ်ခု ထုတ်ပေးလိုက်ကြတယ်။ မင်းလွင်ထွင်ခဲ့တဲ့ ဟီးရိုးအချက်ပေးစနစ်ပါတဲ့ စမတ်မျက်မှန်တွေလေ။ လီမိသားစုက ဒါတွေကို အကြွေအမ်းသလိုကို သဘောထားနေတာ။ လွယ်လွယ်နဲ့များများထုတ်နိုင်သွားတဲ့အတွက် တန်ဖိုးကျကုန်ပြီမဟုတ်လား။
ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးနောက်မှာတော့ ဖားလေးနဲ့ဟယ်ရီတို့က နေကာမျက်မှန်အမည်းကြီးတွေကိုဝတ်ပြီး လီမိသားစုဆိုင်ထဲက ထွက်လာကြတယ်။ သူတို့ပုံစံတွေက Matrixကားထဲက အေးဂျင့်တွေလိုလိုဘာလိုလိုနဲ့။ နှစ်ယောက်လုံးက နေကာ မျက်မှန်ကို ရှိုးပဲ့စေတဲ့ ဟီးရိုးဝတ်စုံတွေ ဝတ်ထားတာတစ်ခုပဲ။
"အခုရော ဘယ်သွားမှာလဲ။ Silver Knightအတုကောင်ကို ရှာမလို့လား။"
ဖားလေးက မေးလိုက်တယ်။ ပြဿနာက သူတို့မှာ အတုကောင်ကို ဘယ်ကနေဘယ်လို ခြေရာခံလိုက်ရမလဲဆိုတာ မသိကြဘူး။ လူတိုင်းမှာက မက်ဒါနာလို မြို့တစ်ခုလုံးကိုစောင့်ကြည့်နိုင်တဲ့ နတ်မျက်စိစနစ် ရှိမနေဘူးလေ။
"မသိဘူး... သိမယ့်လူတစ်ယောက်တော့ စဥ်းစားမိတယ်။"
သူတို့နှစ်ယောက် တရုတ်တန်းကနေ ထွက်လာပြီးတဲ့နောက်တော့ မက်ဟန်တန်မြို့ကနေ ရထားစီးထွက်ပြီး ကွင်းစ်မြို့ထဲကို ဝင်လာကြတယ်။ အချိန်ကတော့ မနက်ကိုးနာရီဖြစ်နေပြီဆိုတော့ သူတို့လက်ထဲမှာ တရုတ်တန်းကဝယ်လာတဲ့ ဖက်ထုပ်ဘူးလေးတွေကိုယ်စီ ပါလာကြတယ်။
တရုတ်အမြန်စာက သူတို့စားနေကျ MCdonald's တို့ KFCတို့က ထုတ်ပိုးပုံနဲ့မတူဘူး။ လေးထောင့်ကျကျ စက္ကူဘူးရှည်ထဲကို အသားပေါင်းထည့်ပေးပြီးတော့ တူလေးတစ်ချောင်းထည့်ပေးရုံပဲ။ စက္ကူအိတ်တွေဘာတွေနဲ့ ထည့်ပေးတာမဟုတ်ဘူး။ စက္ကူဘူးရှည်ဆိုတော့ တစ်ခါတရံဟင်းရည်တွေဘာတွေလည်း ထည့်သောက်လို့ရသေးတယ်။ ကြာကြာထည့်လို့မရပေမဲ့ပေါ့။
"ကျွန်တော်တို့က SilverKnightရဲ့အိမ်ကွင်းကို သွားမလို့လား။ အဲဒီမှာခင်ဗျားသိထားတဲ့ သဲလွန်စတစ်ခုရှိနေလို့လား။" ဖားလေးက ဖက်ထုပ်ခွက်ကိုကိုင်ထားရင်း ဟယ်ရီကိုမေးလိုက်ပေမဲ့ ဟယ်ရီကတော့ ဖက်ထုပ်ကိုသာစားနေပြီး ပြန်မဖြေဘူး။ နောက်ဆုံးဖက်ထုပ်ကို ပါးစပ်ထဲထည့်ပြီးမှ ပြန်ဖြေလိုက်တယ်။
"ငါ့မှာ တကယ်ပဲသဲလွန်စရှိတယ်။ မင်းရောက်ရင် သိမှာပါ။" အဲဒီနောက်တော့ သူပါးစပ်ကိုဟပြီး သန်းဝေလိုက်တယ်။ ဖားလေးလည်း အိပ်ချင်လာသလိုပဲ။ သူတို့နှစ်ယောက်လုံး မယ်လီခွဲစိတ်ခန်းဝင်ကတည်းက နိုးနေကြတာဖြစ်ပြီး မနက်နေမြင့်လာတဲ့အထိ မအိပ်ကြရသေးပါဘူး။
ကွင်းစ်က SilverKnight စတင်မွေးဖွားခဲ့တဲ့နေရာပါ။ ဟီးရိုးတိုင်းအတွက်တော့ သူတို့စတင်ခဲ့တဲ့မြို့တွေက တစ်သက်သာမမေ့နိုင်တဲ့ နေရာတွေဖြစ်ပါတယ်။ Batmanမှာ ဂေါ့သမ်မြို့ကြီးရှိတယ်၊ Daredevilကတော့ ဟဲလ်ကစ်ချန်းမြို့လေး၊ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဟီးရိုးတွေက သူတို့စတင်ခဲ့တဲ့နေရာတွေကို ပစ်မထားတတ်ကြဘူး။ မက်ဒါနာအတွက်ကတော့ ဒီကွင်းစ်မြို့လေးပေါ့။
တစ်အောင့်လောက်ကြာတော့ သူတို့တွေမြင်းဇောင်းအိမ်ရာလေးရှိတဲ့ လမ်းထဲကို ရောက်နေကြပြီ။ မြို့စွန်ဆိုတော့ အိမ်ခြေရာမဲ့တွေ၊ အမှိုက်ကောက်ကလေးတွေနဲ့ တော်တော်ကိုစရိုက်ဆန်တဲ့နေရာလေးပါ။ ဟီးရိုးတွေ ကင်းမလှည့်တဲ့နေရာမလို့ လူမိုက်ဂိုဏ်းအသေးစားလေးတွေတောင် ကျက်စားကြသေးတယ်။ ဒါပေမဲ့ ဟီးရိုးဝတ်စုံတွေဝတ်ထားတဲ့ ဟယ်ရီနဲ့ဖားလေးဝင်လာတာမြင်တော့ မဟုတ်တာလုပ်ထားတဲ့သူတွေက အလျှိုလျှိုရှောင်ထွက်သွားကြတယ်။
ဟယ်ရီက မြင်းဇောင်းအိမ်ရာလေးထဲကို တည့်တည့်ပဲဝင်သွားတယ်။ သူ့ကြည့်ရတာ ဒီနေရာကို ပထမဆုံးရောက်ဖူးပုံမပေါ်ဘူး။ သူက ခြံထဲဝင်ပြီးတဲ့နောက် ဖားလေးကိုလှည့်ကြည့်ပြီး သတိပေးလိုက်တယ်။
"ငါသတိပေးတာနားထောင်၊ တကယ်လို့ ငါတို့ရန်ဖြစ်တော့မယ်အရိပ်အယောင်မြင်ရင် မင်းနားကို ပိတ်ထားလိုက်။"
"နားကိုပိတ်ထားရမယ်၊ ဘာလို့လဲ။ ခင်ဗျားတွေ့မယ့်သူနဲ့ခင်ဗျားမှာ တခြားသူမကြားစေချင်တဲ့ကိစ္စတွေ ဖြစ်ထားလို့လား။" ဖားလေးမေးလိုက်ပေမဲ့ ဟယ်ရီကတော့ ပြန်မဖြေပါဘူး။ သူက ကွန်တိန်နာအခန်းတွေဆီကို တည့်တည့်လျှောက်သွားလိုက်ပြီး အခန်းတစ်ခုကို တံခါးခေါက်လိုက်တယ်။
"အိုလီဗာ၊ မင်းအခုအထဲမှာရှိနေမှန်း ငါသိတယ်နော်။ နိုးနေလား...."
ဟယ်ရီက စကားဆုံးတာနဲ့ တံခါးကိုထပ်ခေါက်ပေမဲ့ အထဲကနေ ဘာမှပြန်ပြောတာမကြားရဘူး။ ဒါကြောင့် ထပ်အော်ပြောရပြန်တယ်။
"အိုလီဗာ..."
အတော်ကြာတဲ့အထိ ဘာသံမှဖြေတာမကြားရတော့ ဟယ်ရီစိတ်တိုလာပုံပဲ။ သူဒေါသထွက်ထွက်နဲ့ တံခါးကို ဆောင့်ကန်လိုက်တယ်။ မကြာပါဘူး၊ အထဲကနေ အော်သံအကျယ်ကြီးထွက်လာပြီး အခန်းပတ်ဝန်းကျင်က ဖုန်တွေသဲတွေအကုန်လုံး လေပြင်းတိုက်သလို ဝဲကတော့ထိုးကုန်တော့တယ်။
"ဒီမှာအိပ်နေတယ်လေ၊ လူလိုမသိဘူးလား။"
ဖားလေးလည်း အော်သံကျယ်ကြီးကြောင့် နားကန်းတော့မယ်လို့ ခံစားမိလိုက်တယ်။ အခုမှပဲ ဟယ်ရီဘာလို့ သတိပေးခဲ့လည်းဆိုတာ နားလည်တော့တယ်။
ခဏနေတော့ အခန်းတံခါးပွင့်သွားပြီး မျက်လုံးတွေနီရဲနေပြီး အိပ်ချင်မူးတူးဖြစ်နေတဲ့ အစ်မကြီးတစ်ယောက် အပြင်ထွက်လာတယ်။ မျက်နှာပေါ်မှာတောင် မဖျက်ရသေးတဲ့ ညလိမ်းမိတ်ကပ်တချို့နဲ့အိုင်းလိုင်နာခရမ်းရောင်တွေ ရှိနေသေးတယ်။
အိုလီဗာက မျက်လုံးကိုပွတ်သပ်ပြီး ဟယ်ရီ့မျက်နှာကို ကြည့်လိုက်ပြီးတော့ မေးလိုက်တယ်။
"ဪ... ဟယ်ရီလား၊ ကိစ္စတစ်ခုခုရှိလို့လား။"
"SilverKnightကိစ္စနဲ့ပတ်သက်ပြီး ငါမင်းနဲ့စကားပြောဖို့လိုနေပြီ၊ Tempest Siren။"
ကြည့်ရတာ အိုလီဗာက SilverKnightနဲ့ပတ်သက်ပြီး အများမသိတဲ့ နက်ရှိုင်းတဲ့အရာတစ်ခုကို သိရှိထားပုံပဲ။ ပြီးတော့ ဒီအမျိုးသမီးမှာ တခြားလျှို့ဝှက်ချက်တွေအများကြီး ရှိနေသေးပုံပဲ။