← Chapters

နောက်ဆက်တွဲဖြစ်ရပ်များ

Vol. 2 Ch. 4

နောက်ဆက်တွဲဖြစ်ရပ်များ

Vol. 2 Ch. 4

Tempest Siren ဆိုတာက အိုလီဗာတစ်ယောက် အမေရိကန်မာဖီးယားအဖွဲ့မှာ ကျင်လည်ခဲ့တုန်းက နာမည်ပြောင်ပေါ့။ ဟုတ်ပါတယ်၊ အန္တရာယ်ပေးတတ်ပုံမရတဲ့ လူတိုင်းကဒေါ်လေးလိုခေါိရင် သဘောကျနေတဲ့ ဒီအစ်မကြီးက မာဖီးယားတစ်ယောက်ပါ။ ပြီးတော့ သာမန်အဖွဲ့ဝင်မဟုတ်ဘဲ လက်ရွေးစင်အဖွဲ့ခေါင်းဆောင်ပါ။ သူ့အထက်မှာ ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်နှစ်ယောက်ပဲရှိတယ်။

မက်ဒါနာကို သူပြောပြခဲ့သလိုမျိုး အဆိုတော်ဖြစ်ချင်လို့ အိမ်ပေါ်ကဆင်းလာတယ်ဆိုတာက မှန်ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကမလို့ တော်တော်ကြာပြီဖြစ်တဲ့ကိစ္စတစ်ခုပါ။ ဒီအစ်မကြီးက နှစ်နှစ်ဆယ်လုံး မြင်းဇောင်းအိမ်ရာမှာနေခဲ့တာမဟုတ်ဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ် အိုလီဗာအသက်ဆယ့်ငါးနှစ်တုန်းက အဆိုတော်ဖြစ်ချင်တယ်ဆိုပြီး အိမ်နဲ့အတိုက်အခံဖြစ် ဆင်းလာခဲ့တယ်။ ဘားဆိုင်တစ်ဆိုင်မှာ စင်တင်တေးဂီတာအဆိုတော်အဖြစ် လုပ်ခဲ့သေးတယ်။ မွေးကတည်းကပါတဲ့ အသံပါရမီကြောင့် Death metal သီချင်းတွေပဲဆိုလို့ရခဲ့ပြီး အဲဒီသီချင်းတွေခေတ် ကုန်လာတဲ့အချိန်ဆိုတော့ စီးပွားရေးမကောင်းခဲ့ဘူး။

နောက်အမျိုးသမီးတစ်ယောက်အနေနဲ့ စင်တင်တေးဂီတလုပ်ငန်းမှာ လုပ်ကိုင်ရတာက မလွယ်ကူခဲ့ဘူး။ သူ့ကိုမကြာခဏ နှောင့်ယှက်သူတွေရှိခဲ့လို့ အသံမြူတန့်စွမ်းအားနဲ့ မိမိကိုယ်ကိုယ်ခုခံနိုင်ဖို့ သင်ယူခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ အမေရိကန်မာဖီးယားဂိုဏ်းတစ်ခုက သတိထားမိသွားပြီး သူ့ကိုအဖွဲ့ထဲဝင်ခိုင်းလိုက်ပါတယ်။

အဲဲဒီနောက် ဆယ်နှစ်လောက်ကြာတဲ့အထိ ကာစီနိုရုံမှာ အစောင့်ခေါင်းဆောင်ဖြစ်သွားတယ်။ နောက်တော့ ဝါသနာကိုဆက်လုပ်ဖို့အတွက် မရရအောင် ထွက်ခဲ့တယ်ဆိုပါတော့။ ထွက်ဖို့ကူညီပေးခဲ့တဲ့သူက ဟယ်ရီပါ။

ဖားလေးကတော့ ဘေးမှာထိုင်ပြီး ဟယ်ရီပြောပြနေတဲ့ အန်တီလေးအိုလီဗာအကြောင်းကို နားထောင်ရင်းလန့်လာပါတယ်။

"သူ့ကို Tempest Sirenလို့ခေါ်တာ အကြောင်းမဲ့မဟုတ်ဘူး။ တစ်ခါတုန်းက သူ့ကိုလာကြောင်တဲ့သူဌေးသားငနှဲကို နားကန်းတဲ့အထိ အော်ပြီးဆုံးမခဲ့တာ။ နောက်ငနှဲတစ်ကောင်ဆိုလည်း သူအကြိုက်ဆုံးဂစ်တာကိုချိုးပစ်မိလို့ တစ်သက်လုံးစိတ္တဇဆေးရုံပေါ်ကနေ မဆင်းရတဲ့အထိ ဖြစ်သွားဖူးတယ်။"

'သေချာတယ်၊ ဒီအဒေါ်ကြီးက အမျိုးသမီးJohn Wickပဲ။' ဖားလေးက ကြောက်ကြောက်နဲ့ အန်တီလေးအိုလီဗာကို ကြည့်လိုက်တယ်။ အိုလီဗာကတော့ သူ့အခန်းထဲမှာရှိနေတဲ့ ရေခဲသေတ္တာထဲက ဘီယာသုံးဘူးထုတ်လိုက်ပြီး သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ဘူးဆီပေးလိုက်တယ်။ သူကိုယ်တိုင်လည်း ဖောက်ပြီးသောက်နေပြီ။

ဖားလေးက သူ့လက်ထဲမှာရှိနေတဲ့ ဘီယာဘူးကို ရှုံမဲ့မဲ့နဲ့ကြည့်လိုက်တယ်။ 'ဒီနှစ်ယောက်က တော်တော်အတွဲညီတာပဲ။ တစ်ယောက်က ကလေးကိုသေနတ်ဆိုင်ခေါ်သွာသတယ်၊ နောက်တစ်ယောက်က ကလေးကို ဘီယာဘူးခေါ်ပေးနေတယ်။'

"အား... နင်တို့ဒီကိုရောက်လာတာ SilverKnight လူသတ်နေတဲ့ကိစ္စနဲ့ ပတ်သက်တယ်မဟုတ်လား။" ဒေါ်လေးအိုလီဗာက ဘီယာဘူးတစ်ဝက်ကျတဲ့အထိ မော့သောက်ပြီးတဲ့နောက် မေးလိုက်ပါတယ်။ ဟယ်ရီက အစကတည်းက SilverKnightအကြောင်းလို့ ပြောခဲ့တယ်မဟုတ်လား။

"ငါပြောမယ်... အဲဒီကောင်က ငါသိတဲ့ SilverKnightသာဆိုရင် ဒီလိုလုပ်မှာမဟုတ်ဘူး။ အတုကောင်ပဲနေမယ်...."

"တကယ်တော့ ငါတို့လည်းသိပါတယ်၊ လောလောဆယ် အတုကောင်နောက်ကိုလိုက်ဖို့ လမ်းစပျောက်နေတာနဲ့ နင့်ဆီရောက်လာကြတာ။"

ဖားလေးကတော့ အန်တီလေးအိုလီဗာပြောနေတဲ့စကားတွေကြောင့် မျက်လုံးပြူးသွားပြီး မေးလိုက်သေးတယ်။ "နေပါဦး၊ အစ်မက SilverKnightနဲ့သိတာလား။"

ဖားလေးက သူ့ကိုအစ်မလို့ခေါ်လိုက်တဲ့အတွက် အိုလီဗာမျက်မှောင်ကြုတ်လိုက်ပြီး သူ့ကိုကြည့်လိုက်တယ်။ အဲဒီနောက် ပါးဖောင်းဖောင်းလေးကို လက်နှစ်ဖက်နဲ့ဆွဲညှစ်လိုက်ပြီး သူ့ပါးနဲ့ဖားလေးပါးကိုတအားပွတ်လိုက်တယ်။

"အဟားဟား...ချစ်စရာကောင်းတဲ့ဖားကောင်လေး၊ ဒီဒေါ်လေးက နင့်အမေနဲ့အသက်အတူတူလောက်ရှိတယ်။ ဒီတော့ အန်တီလေးလို့ခေါ်စမ်းပါ။"

အိုလီဗာရဲ့စူးရှပြီးနှိုးဆွနိုင်စွမ်းရှိတဲ့ ကိုယ်သင်းရနံကြောင့် ဖားလေးနေရထိုင်ရခက်သွားတယ်။ မိန်းကလေးတွေရဲ့ကိုယ်သင်းရနံက ဘီယာမူးနေတဲ့အချိန်ဆိုရင် စူးရှနေတတ်ပေမဲ့ အိုလီဗာကတော့ အနံဆိုးတဲ့အထဲမှာမပါဘူး။ ဒါပေမဲ့အယ်ကိုဟောနံကြောင့် ဖားလေးပါမူးသလိုဖြစ်လာနေပြီ။

"အာ... ဟိုလေ... ကျေးဇူးပြုပြီး ကျွန်တော့်အနားကို သိပ်မကပ်ပါနဲ့လား...." အင်း၊ ဖားလေးမှာလည်း ကိုယ်ပိုင်နေရာလွတ်လေးတစ်ခုကို ထိန်းသိမ်းချင်တဲ့စိတ်ကလေး ရှိနေသေးတယ်မလား။ ဒါပေမဲ့အန်တီလေးအိုလီဗာကတော့ ဖားလေးပခုံးကိုလက်တစ်ဖက်တင်လိုက်ပြီး အတင်းဆွဲညှစ်လိုက်တယ်။

"အဟားဟား... စိတ်မပူပါနဲ့၊ ဒီဒေါ်လေးက မူးလာပြီဆိုရင် ဒီလိုပဲ။ နင့်ကိုစားပစ်မှာမဟုတ်လို့ ဘာမှမဖြစ်ဘူး။ ငါက ကောင်မလေးတွေပဲစိတ်ဝင်စားတာ။"

ရုတ်တရက်ကြီးအပယ်ခံလို့ဖြစ်သွားတဲ့ ဟယ်ရီကတော့ နေရခပ်ခပ်နဲ့မေးလိုက်တယ်။

"ဒီတော့ ခင်ဗျားက SilverKnightအစစ်ဘယ်သူလဲ သိတယ်ပေါ့။ သူ့အကြောင်းနည်းနည်းပြောပြလို့ရမလား။ ဟိုတလောက ခင်ဗျားအိမ်ဘေးမှာသူနေတယ်လို့ ပြောသေးတယ်မဟုတ်လား။"

အိုလီဗာက ငြင်းချင်ပေမဲ့ ဟယ်ရီက သူ့ဖုန်းထဲက SSတစ်ခုကိုဖွင့်ပြလိုက်တယ်။ Fb chatထဲမှာ အန်တီလေးအိုလီဗာက SilverKnightကြီးနဲ့သူက ခြံဝင်းတစ်ဝင်းထဲမှာရှိနေတာဆိုပြီး ဟယ်ရီကိုကြွားထားတယ်။ သူတို့က ငယ်ပေါင်းကြီးဖော်တွေလေ။ အန်တီလေးအိုလီဗာကတော့ ဟယ်ရီဖုန်းကိုလုပြီးအဲဒီSSကို ဖျက်ပစ်လေရဲ့။

"အဟား... အဲဒီတုန်းက ငါနည်းနည်းမူးနေတော့ နင့်ကိုလျှောက်ပြောမိတာ။ အဲဒီအကြောင်းတွေက သူများကို ပြောပြလို့မကောင်းဘူး။"

အန်တီလေးအိုလီဗာက ဟယ်ရီကို မူးမူးနဲ့ပြုံးပြလိုက်တယ်။ ဟယ်ရီကတော့ အန်တီလေးအိုလီဗာကို 'မမူးတဲ့အချိန်ရှိလို့လား။'ဆိုတဲ့မျက်နှာနဲ့ စိုက်ကြည့်ရင်း အင်္ကျီကိုလှန်ပြီး ကြွက်သားပြည့်နဲ့ဗိုက်ပေါ်က တက်တူးကိုပြတယ်။

"အရင်ဆယ်နှစ် ယာကူဇာဂိုဏ်းက ထွက်မယ်လုပ်တုန်းက ဒီအညတရဟီးရိုးလေး ခင်ဗျားကိုအာမခံပေးထားရတယ်လေ၊ အဲဒီတံဆိပ်ရှိနေတဲ့သူခိုင်းရင် ခင်ဗျားငြင်းလို့မရဘူးလေ။ ဘာလဲစည်းကမ်းဖောက်ချင်တာလား။"

ဖားလေးကတော့ ဘေးကနေကြည့်နေရင်း သူတို့ရှေ့မှာဖြစ်နေတာတွေက တကယ်ကြီးJohn wickကားထဲကအတိုင်းပဲလို့ ထင်လာတဲ့အထိပဲ။ ရွှေပြားတွေ၊ အနားယူသွားတဲ့ လက်ရွေးစင်၊ ဂစ်တာကိုချိူးပစ်လို့ လိုက်ကြမ်းတာ၊ သစ္စာဆိုထားတဲ့ အမှတ်အသားတက်တူး။ သူမသိတာတစ်ခုက မာဖီးယားတွေဟာ ဆယ့်ကိုးရာစုလောက်ကတည်းက ကမ္ဘာအနှံမှာပေါ်ခဲ့ပြီး အလားတူစည်းမျဥ်းမျိုးတွေကို ကျင့်သုံးဖူးတယ်ဆိုတာပါ။

အန်တီလေးအိုလီဗာက သက်ပြင်းချလိုက်ပြီး ကျန်တဲ့ဘီယာတွေအကုန်လုံးကို မော့ချလိုက်ပြီး စပြောပြတယ်။

"လွန်ခဲ့တဲ့ ၂နှစ်လောက်က မင်းလွင်ဆိုတဲ့ကောင်လေးတစ်ယောက် ငါ့ဘေးခန်းကိုပြောင်းလာတယ်။ တီထွင်မှုတွေလုပ်ရတာဝါသနာပါပြီး ငါ့လိုပဲရည်မှန်းချက်တစ်ခုအတွက် အသက်ရှင်နေတာမလို့ ဂရုစိုက်ပေးခဲ့တယ်။"

ဝတ်စုံစနစ်ကို မတည်ထွင်ရသေးခင်တုန်းက မက်ဒါနာ (မင်းလွင်)ဟာ ဟင်းမချက်တတ်ပါဘူး။ ဒါကြောင့် နေ့တိုင်းအမြန်စာတွေ၊ ခေါက်ဆွဲခြောက်တွေနဲ့ပဲ နှစ်ပါးသွားနေခဲ့တယ်။ ဒါကြောင့် လခထုတ်ရက် အရက်နဲ့မြည်းဖို့ အသားကင်ရင် အန်တီလေးက မင်းလွင်ကို နည်းနည်းကျွေးလေ့ရှိပါတယ်။ သူပြောတဲ့ဂရုစိုက်တယ်ဆိုတာ အဲဒါအကုန်ပဲ။ ဒီတော့ အိမ်နီးချင်းကောင်လေးအတွက် ဟင်းချက်ပေးတယ်လို့တော့ ပြောလို့မရဘူး။

"တစ်နေ့ကျတော့ စုတ်ပြတ်နေတဲ့ဝတ်စုံကြီးနဲ့ အိမ်ကိုတယိမ်းဒယိုင်နဲ့ပြန်ရောက်လာပြီး အခန်းထဲဝင်တံခါးပိတ်သွားတယ်လေ။ ငါလှမ်းခေါ်တော့လည်းမထူးဘူး။ မနက်ကျတော့ မိန်းကလေးတစ်ယောက်ရဲ့အသံကြားလို့ သူမိန်းမခိုးလာတယ်လို့ ငါထင်မိတာ။ ဝင်ကြည့်လိုက်တော့ မင်းလွင်ကိုမတွေ့ရဘဲ ဆံဖြူကောင်မလေးကိုပဲ တွေ့ရတော့တယ်။"

တကယ်တော့ မက်ဒါနာမှတ်မိသလောက် အဆောင်ကိုပြန်လာတဲ့မှတ်ဉာဏ်တွေ သူ့ခေါင်းထဲမှာရှိမနေဘူး။ ဖြစ်နိုင်တာက ခန္ဓာကိုယ်ပျက်စီးသွားတဲ့ဆိုဖီယာက သူ့ခန္ဓာကိုယ်ကို ခဏငှားသုံးပြီး အဆောင်ကို ပြန်ပို့ပေးခဲ့ပုံပါပဲ။ ဒါကြောင့် အန်တီလေးအိုလီဗာကို ဘယ်သူမှန်းမသိလို့ ပြန်မထူးတာဖြစ်မယ်။ ပြီးတော့ မင်းလွင်ရဲ့ခန္ဓာကိုယ်ကလည်း ခဲပတ်ငါးကင်ကြီးလိုဖြစ်နေတာလေ ပြန်မကောင်းခင် သူများတွေမြင်ရင် ပြဿနာတွေရှုပ်ကုန်လိမ့်မယ်။

အိုလီဗာကတော့ ဆက်ပြောနေပါတယ်။ ဖားလေးနဲ့ဟယ်ရီကတော့ စိတ်ရှည်လက်ရှည်နဲ့နားထောင်လို့ရယ်။

"သိပ်မကြာဘူး အဲဒီကောင်မလေးက အလန်းစားပစ္စည်းတွေထွင်ပြီး မနက်ဆိုရင် ငွေရောင်သေတ္တာကြီးဆွဲပြီး မြို့ထဲထွက်သွားတယ်၊ နေ့လယ်တစ်ခါပြန်လာပြီးပြန်ထွက်တယ်။ ညမိုးချုပ်မှပြန်လာတယ်။ အသိဉာဏ်ရှိတဲ့ လိင်ဖျော်ဖြေရည်စက်ရုပ်နဲ့ လုံခြုံရေးခွေးစက်ရုပ်ကို တီထွင်နိုင်တဲ့ကောင်မလေးက ဘယ်လိုလုပ်ပုံမှန်ဖြစ်မှာလဲ။"

ဟယ်ရီက မျက်စိလည်သွားပြီး အန်တီလေးအိုလီဗာကို ဆက်မေးလိုက်တယ်။ "ဒီတော့ အဲဒီကောင်မလေးက SilverKnightဖြစ်နိုင်တယ်ပေါ့။ SilverKnight ကမိန်းကလေးတစ်ယောက်လား။ ပြီးတော့ အစောပိုင်းက သေခါနီးဖြစ်နေတဲ့ကောင်လေး ဘယ်ရောက်သွားတာတုန်း။"

အန်တီလေးက သူတို့နှစ်ယောက်နားကိုကပ်ပြီး လေသံတိုးတိုးနဲ့ပြောလိုက်တယ်။ "အဲဒီကောင်လေးနဲ့ကောင်မလေးက တစ်ယောက်တည်းပဲ။ ကောင်လေးက ကောင်မလေးဖြစ်သွားတာ။ သတ္တုဝတ်စုံကြီးနဲ့ပြန်လာတဲ့ကောင်လေးက အဲဒီညအစောပိုင်းတုန်းက မီးလောင်နေတဲ့ဆေးရုံကို သွားကယ်ပေးခဲ့တဲ့ Silver Knightပဲ။ နောက်တော့ ကောင်မလေးအိမ်ကနေထွက်သွားတိုင်းမှာ ကွင်းစ်မြို့ထဲ SilverKnight ပေါ်လာတော့တာပဲ။"

"ပြီးတော့ ဒီအကြောင်းတွေကို တခြားသူတွေမသိအောင်လို့ ဒီရပ်ကွက်တစ်ခုလုံးကို ငါလိုက်နှုတ်ပိတ်လိုက်တယ်။" အန်တီလေးက နောက်ဆုံးအနေနဲ့ သူ့စကားကို အဆုံးသတ်လိုက်တော့ ဖားလေးတုန်နေအောင်ကြောက်သွားတယ်။ လမ်းထဲက လူတွေအကုန်လုံးကို လူသတ်နှုတ်ပိတ်တာတော့ မဟုတ်လောက်ဘူးမဟုတ်လား။

မက်ဒါနာက လျှို့ဝှက်တဲ့နေရာမှာ သိပ်မတော်တဲ့အတွက်ကြောင့် သူ့အနားကလူတွေက သူ့ကိုသတိထားမိမှန်း သိမနေပါဘူး။ အန်တီလေးအိုလီဗာကသာ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်မပေးခဲ့ရင် ဆံဖြူမင်းသမီးလေးက SilverKnightဆိုတာ တစ်လောကလုံးကသိနေတာ ကြာလောက်ပြီ။ နောက်တော့ အန်တီလေးအိုလီဗာက စိတ်ပျက်လက်ပျက်နဲ့ လက်ကိုမြှောက်ပြီး ပြောပြလိုက်တယ်။

"သိပ်မကြာဘူး ဆုဗာနာမင်းသမီးလေးအကြောင်းအင်တာဗျူးကို ငါဘားမှအလုပ်လုပ်နေတုန်း နားထောင်လိုက်ရတယ်။ မြူတန့်စွမ်းအားနိုးထလို့ ကောင်လေးကနေ ကောင်မလေးဖြစ်သွားတာပါတဲ့၊ ငါလည်း သောက်လက်စဘော့ကာတွေကို ပါးစပ်ထဲကနေ ထွေးထုတ်မိတဲ့အထိပဲ။"

ဖားလေးလည်း SilverKnightကိုဘယ်သူလည်း စသတိထားမိလာတယ်။ ဆံဖြူမလေးက သူ့ကိုနှစ်ကြိမ်လုံး ရိုက်နှက်ခဲ့တဲ့ကောင်မလေးမဟုတ်လား။ ပြီးတော့ သူပင်တီအစင်းလေးကိုလည်းမြင်ခဲ့သေးပြီး ရက်ပေါင်းများစွာ အိပ်မက်တွေထဲကနေ နှင်ထုတ်မရ ဖြစ်ခဲ့သေးတယ်။

"ဒီတော့... ဆရာမက... SilverKnightလား။" အိုလီဗာက ဖားလေးစကားကိုပြောတော့ နောက်ဆုံးအနေနဲ့ ကောက်ချက်ချပြလိုက်တယ်။

"နင်ဘာပြောနေမှန်းမသိပေမဲ့... ဟုတ်တယ်...ငါ့ရဲ့အိမ်နီးချင်းကောင်လေး မင်းလွင်က ဆံဖြူမင်းသမီးလေး မက်ဒါနာ၊ ဆံဖြူမင်းသမီးလေး မက်ဒါနာက Silver Knight။ လောလောဆယ် မက်ဒါနာက ဆုဗာနာပြန်သွားတော့ ဒီမှာကျန်နေခဲ့တာက သူမဟုတ်တာအသေချာကြီးပဲဥစ္စာ။"

ဖားလေးရော ဟယ်ရီပါ ဇာတ်ရည်လည်လာကြပြီ။ SilverKnightအစစ်ကို သူတို့သိရပြီဆိုပေမဲ့ အတုကောင်ကို သူတို့ဘယ်လိုရှာကြမလဲဆိုတာက တကယ့်ကိစ္စပါ။ အန်တီလေးအိုလီဗာက ဆက်ပြောပါတယ်။

"SilverKnightက ပေါ်လာတာမကြာသေးတော့ သူနဲ့ချပြီးတဲ့ဗီလိန်တွေက နည်းနည်းပဲရှိတယ်။ ရန်ငြိုးလည်းသိပ်များများစားစားရှိမနေဘူး။ အကြီးကြီးဖြစ်ခဲ့တာဆိုလို့ မြူတန့်သိပ္ပံနဲ့ယာကူဇာတွေပဲရှိတာ။ ကျွမ်းကျင်တဲ့ မာဖီးယားပင်စင်စားတစ်ယောက်အနေနဲ့ အကြံပေးချင်တာကတော့ အခုတလောထူးဆန်းတဲ့ ဆေးတွေမြေအောက်လောကထဲမှာ ပြန့်နေတာကနေ သဲလွန်စရလောက်တယ်။"

သူတို့အားလုံး နောက်တစ်ခါစိတ်ဝင်စားလာကြပြန်ပြီ။ အိုလီဗာက အနားယူထားတာကြာပြီဆိုပေမဲ့ မြေအောက်အဆက်အသွယ်တွေရှိနေဆဲပါ။ ဟီးရိုးတွေတောင် မသိနိုင်တဲ့ကိစ္စတွေကို သူကသိနေနိုင်ပါတယ်။ ကောင်လေးတွေစိတ်ဝင်စားနေမှန်းသိတော့

ရီဝေဝေမျက်လုံးတွေနဲ့အိုလီဗာက သူတို့ကိုကြည့်လိုက်ရင်း ခြေဟန်လက်ဟန်ပါပါစပြောပြတယ်။

"စွမ်းအားမရှိတဲ့လူတွေကို စွမ်းအားရှိလာအောင် ခဏလုပ်ပေးနိုင်တဲ့ မှော်ဆေးရည်တစ်မျိုးရှိတယ်။ နောက်ကွယ်က ဖြန့်တဲ့လူဘယ်သူမှန်းမသိရပေမဲ့ ဖြန့်နေတဲ့ အောက်ငယ်သားလေးတွေက သူတို့ကိုယ်သူတို့ ကြွက်တွေလို့ခေါ်ကြတယ်။ နင်တို့ဟီးရိုးတွေလည်း ဒီလိုဆေးမျိုးဖော်နိုင်တဲ့သူက တစ်ယောက်ပဲရှိမှန်း သိကြမှာပါ။"

အန်တီလေးအိုလီဗာရဲ့စကားကြောင့် ဟယ်ရီ့ပါးစပ်ကနေ လွှတ်ခနဲနာမည်တစ်ခု ထွက်လာတယ်။

"Mad doctor..." နယူးယောက်တစ်မြို့လုံးက မြူတန့်တွေကို စမ်းသပ်ခံအဖြစ်သုံးပြီး စွမ်းအားတိုးပွားစေတဲ့ ဖာရာဒေးဆေးကို စမ်းသပ်ခဲ့တဲ့သူ။ အဲဒီသူသာ တစ်ခဏတာစွမ်းအားရှိဆေးကို ဖော်စပ်နိုင်မှာ။

"Mad doctorက ဆေးတွေကိုဖော်စပ်ပြီး ကြွက်တွေကိုဖြန့်ခိုင်းတယ်။ မြူတန့်သိပ္ပံအဖွဲ့က SilverKnightနဲ့ ပြဿနာအကြီးကြီးရှိပြီး နာမည်ဖျက်ဖို့ဖြစ်နိုင်ခြေအရှိဆုံးအဖွဲ့ပဲ။ SilverKnight အတုနောက်လိုက်ရင်း ဆေးဖြန့်နေတဲ့ကောင်တွေနောက်ကိုလိုက်တာက နင်တို့အတွက်တစ်ခုတည်းသောနည်းလမ်းပဲ။ တကယ်လို့ ငါထင်ထားတာမှားရင်တောင် ထူးဆန်းတဲ့တားမြစ်ဆေးတွေကိုတားနိုင်ပြီး အကျိုးမဲ့တော့မဖြစ်ဘူး။ မသေချာပေမဲ့ နင်တို့တွေ ဦးတည်ချက်မရှိဘဲရှာနေတာထက်တော့ အများကြီးပိုသာသေးတယ်။"

ဟယ်ရီကလည်း တက်ကြွလာပြီး အန်တီလေးအိုလီဗာကို တစ်ခုခုများထပ်သိရမလားဆိုပြီး မေးလိုက်တယ်။

"သူတို့ဘယ်မှာလဲ..."

"ငါမသိဘူး... ဒါပေမဲ့ဆေးပြန့်တတ်တဲ့နေရာတွေမှာ လိုက်ရှာရင်တော့ တွေ့နိုင်လိုက်တယ်။ ကျောင်းတွေ၊ ဘားဆိုင်တွေ၊ ဆိပ်ကမ်းတွေ...."

အန်တီလေးအိုလီဗာဆီကရတဲ့အချက်တွေက သိပ်ပြီး တိတိကျကျမရှိတော့ဘူး။ ဒါကလည်း သူနားသွားတာ ကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပါ။ ဒီထက်ပိုသိရတော့မယ်မထင်ဘူး။

ဟယ်ရီက ထိုင်ရာကနေထလိုက်ပြီး ဖားလေးကိုပြောလိုက်တယ်။ "နောက်တစ်နေရာသွားမယ်၊ ငါတို့ကံကောင်းရင် ကြွက်တွေဆီကို တန်းရောက်ရင်ရောက်သွားမှာ။"

.....

B rank ဟီးရိုးတစ်ယောက်နဲ့အလုပ်သင်ဟီးရိုးတစ်ယောက်က နယူးယောက်မြို့ရဲ့လူရှုပ်တဲ့လမ်းမတွေပေါ်မှာ ရင်ဘောင်တန်းပြီးလျှောက်နေကြတယ်။ တစ်နေရာကိုရောက်တော့ ဟယ်ရီက လူပြတ်တဲ့လမ်းထဲ ချိုးဝင်လိုက်တယ်။

"ကျွန်တော်တို့ဘယ်သွားမှာလဲ..." ဖားလေးက ဟယ်ရီကို မေးလိုက်တယ်။ ဟယ်ရီကတော့ စိတ်ရှည်လက်ရှည်နဲ့ ဆက်ရှင်းပြတယ်။

"ဆေးသမားတွေရဲ့ဘိတစ်ခုကိုလေ၊ ဒီလမ်းထဲမှာက လူပြတ်နေပြီးတော့ ရပ်ထားရတဲ့ ဆာကူရာကော်ပိုရေးရှင်း ပရောဂျက်တစ်ခုရှိတယ်။ အဲဒီဆောက်လက်စတိုက်ကြီးထဲမှာ လမ်းပျောက်နေတဲ့ မင်းအရွယ်လူငယ်လေးတွေ ဆေးလာသုံးတတ်တယ်။"

ဟယ်ရီက ပြောပြောဆိုဆိုနဲ့ လမ်းဘေးကိုဆင်းလျှောက်လိုက်ပြီး ဆောက်လက်စတိုက်ပျက်ကြီးတစ်ခုအနားကို အသာချဥ်းကပ်သွားတယ်။ တိုက်ပျက်က စွန့်ပစ်ထားတာ တော်တော်ကြာပြီဖြစ်တဲ့ပုံပါပဲ။ ရေညှိတွေနဲ့ကျောက်ဂွမ်းတွေရှိနေပြီးတော့ ကွန်ကရစ်ကြမ်းပြင်တွေလည်း အက်ကွဲနေပါပြီ။

လူပြတ်တဲ့လမ်းလေးထဲမှာ အိမ်ခြေရာမဲ့တချို့ကိုလည်း တွေ့ရပြီးတော့ ဒီလိုနေရာမျိုးက နယူးယောက်ရဲ့အမှောင်ဖက်ခြမ်းကို ပြသနေတဲ့နေရာလိုပါပဲ။

တိုက်ပျက်ရဲ့မြေညီထပ်မှာတော့ လူငယ်သုံးလေးဆယ်လောက်စုနေပြီး အနီရောင်ပုလင်းလေးတွေကို ကိုယ်စီကိုင်ထားကြတယ်။ သူတို့ထဲက အညိုရောင်ဆံပင် မျက်နှာဝိုင်းဝိုင်းနဲ့ ကောင်မလေးတစ်ယောက်က တိုက်အလယ်ကိုလျှောက်သွားပြီး ဆေးပုလင်းထုဲ ဆေးရည်တွေကို နှာခေါင်းနဲ့ရှူသွင်းလိုက်တယ်။ အရည်ဖြစ်တဲ့ဆေးက ချက်ချင်းဆိုသလိုပဲ လေနဲ့ထိတာနဲ့ အနီရောင်အငွေ့တွေအဖြစ်ကိုပြောင်းသွားပြီး အသက်ရှူလမ်းကြောင်းထဲကို ဝင်သွားတယ်။ အဲဒီနောက်တော့ ကောင်မလေးရဲ့သွေးကြောတွေက ပေါက်ကွဲလုမတက် ထောင်တက်လာပြီးတော့ ကြွက်သားတွေက ရုတ်တရက်ကြီးထွားလာတယ်။

အဲဒီနောက်တော့ ကောင်မလေးက ဆောက်လက်စတိုက်ထဲမှာရှိနေတဲ့ လေးလံတဲ့ ကွန်ကရစ်တုံးကြီးကို လက်နှစ်ဖက်နဲ့အသာလေးမြှောက်လိုက်ပြီး တခြားသူတွေကို ကြွားဝါလိုက်တယ်။ ကျန်တဲ့သူတွေကတော့ ရူးသွပ်နေသူတွေလိုမျိုး အော်ဟစ်အားပေးကြတယ်။

ဖားလေးကတော့ တအံ့တဩနဲ့ သူ့ရှေ့ကမြင်ကွင်းကို ကြည့်လို့နေတယ်။ ဟယ်ရီကတော့...

"အံ့ဩသွားလား... မင်းရွယ်တူလေးတွေက ဆေးသုံးနေတာလေ။ မင်းမြင်ဖူးတဲ့လောကကြီးက သေးသေးလေးပါ။ ဒါကမှ တကယ့်လောကကြီးရဲ့ရုပ်ဆိုးတဲ့အပိုင်းတွေ။ သင်ရိုးတွေထဲမှာ ဒါမျိုးထည့်မသင်ဘူး။"

အဲဒီနောက်တော့ ဟယ်ရီက အဆောက်အဦးဆီကို တည့်တည့်သွားလိုက်ပြီး ကလေးတွေကို လှမ်းအော်လိုက်တယ်။

"ဟေးကလေးတွေ... အဲဒီဆေးတွေက တရားဝင်ချင်မှဝင်မှာကွ...."

ဆယ်ကျော်သက်ကောင်လေးအုပ်စုကတော့ ဟီးရိုးနှစ်ယောက် အဆောက်အဦးထဲဝင်လာတာကိုတွေ့တာနဲ့ ထွက်ပြေးဖို့ပဲအားသန်နေကြတယ်။ သူတို့ဆေးတွေက စွမ်းအားကိုတစ်ခါသုံးစာပဲ ထောက်ပံပေးတာဖြစ်ပြီး ဟီးရိုးတစ်ယောက်ကို ပြန်တိုက်ရလောက်အောင်တော့ သူတို့သတ္တိမကောင်းပါဘူး။ ဖားလေးက မြန်မြန်ဆန်ဆန်ပဲ သူ့ရှော့တိုက်ယိုယိုကိုဆွဲထုတ်ပြီး ဆေးပုလင်းအများဆုံးကိုင်ထားတဲ့ ကောင်လေးကို လှမ်းပစ်လိုက်တယ်။ ယိုယိုက ကောင်လေးခြေထောက်ကို တုပ်မိသွားပြီး လဲကျသွားလေရဲ့။ ကျန်တဲ့ကလေးတွေကတော့ သူ့ကိုလှည့်မကြည့်ဘဲ ပြေးကုန်ကြပြီ။

"ကျ...ကျွန်တော့်ကို မဖမ်းပါနဲ့ဗျာ... ကျွန်တော့်အဖေက ဟီးရိုးပါ။" ကောင်လေးနားကို ဖားလေးနဲ့ဟယ်ရီတို့ကပ်လာတော့ ကောင်လေးက အော်ဟစ်ပြီးပြောတယ်။ ဖားလေးက ကောင်လေးမျက်နှာကိုကြည့်လိုက်ပြီးနောက် ရင်းနှီးနေမှန်းချက်ချင်းသတိထားမိသွားတယ်။

"ဪ... မင်းပါလား၊ ကျောင်းပေါင်းစုံပြိုင်ပွဲတုန်းက အကူပစ္စည်းတွေနဲ့ငါ့ကိုရိုက်သွားတဲ့ A rank လိုးမသားပဲ။"

ဖားလေးအနေနဲ့လည်း သူ့ကိုလှည့်စားပြီး နိုင်သွားတဲ့ကောင်ကို အခုလိုအခြေအနေမျိုးမှာ တွေ့ရမယ်ထင်မထားဘူး။ ကောင်လေးကတော့ ဖားလေးမျက်နှာကိုမြင်တာနဲ့ မျက်နှာဖြူဖျော့သွားပြီး...

"Toadius... ငါတို့သိတယ်လေကွာ... အရင်ဟာတွေကိုခွင့်လွှတ်ပေးပြီး ငါ့ကိုပြန်လွှတ်ပေးပါလား။" ဟယ်ရီကတော့ ကောင်လေးမျက်နှာနားကိုကပ်သွားပြီး ခေါင်းကဆံပင်တွေကို လက်နဲ့ဆွဲကာ မေးလိုက်ပါတယ်။

"ဟေး... မင်းက ဌာနမှူးSonic Speedရဲ့သားမဟုတ်လား။ မင်းအရင်တစ်ခါ ဌာနကိုလာတော့ ငါနဲ့တွေ့သေးတယ်လေ။ မင်းအဖေကို မင်းဆေးသုံးနေပါတယ်လို့မတိုင်ခင် အဲဒီဆေးတွေဘယ်ကရလဲ အရင်ပြောစမ်း...."

"ကျ...ကျွန်တော်ပြောပြပါ့မယ်ဗျာ... ကြွက်တွေဆီကရတာပါ။"

'ဘုန်း...' သူတို့စကားပြောနေတုန်းမှာပဲ တစ်ယောက်ယောက် မြေပေါ်ကို လဲကျသွားတဲ့အသံ ထွက်ပေါ်လာတယ်။ ဟယ်ရီတို့မော့ကြည့်လိုက်တော့ အစောပိုင်းက ဆေးသုံးနေခဲ့တဲ့ မျက်နှာဝိုင်းဝိုင်းနဲ့ကောင်မလေး အဆောက်အဦးအပြင်ဖက်မရောက်ခင် ကြမ်းပြင်ပေါ်မှာ လဲကျနေတာကို တွေ့လိုက်ရတယ်။ ကျန်တဲ့ကလေးတွေက ဝေးဝေးပြေးခဲ့ပေမဲ့ ဒီကလေးမကတော့ အဝေးကြီးမပြေးနိုင်ဘဲ လဲကျသွားပုံပါပဲ။

ဟယ်ရီက ဌာနမှူးသားကို ခဏလွှတ်ပေးလိုက်ပြီး ဖားလေးလက်ထဲအပ်လိုက်တယ်။ နောက်တော့ ကောင်မလေးနားကိုသွားပြီး လည်ပင်းကို သွေးတိုး စမ်းလိုက်တယ်၊ အဲဒီနောက် အသက်ရှူမရှူပါစမ်းလိုက်တယ်။ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းတွေက ရှိနေသေးပေမဲ့ တုံ့ပြန်မှုမရှဘဲ မျက်သူငယ်အိမ်ကလည်း ကျယ်ပြန့်နေပါတယ်။ ဦးနောက်သေသွားတဲ့ လက္ခဏာပါ။

"သူ့ဦးနောက် သေနေပြီကွ..." နောက်တော့ ကောင်မလေးရဲ့မည်းညစ်နေတဲ့ နားထင်သွေးကြောတွေကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။

"အဲဒီဆေးထဲက မသန့်စင်တဲ့အရာတွေက သူ့ဦးနောက်သွေးကြောကိုပိတ်သွားတာဖြစ်နိုင်တယ်။ ဒီဆေးတွေက လုံးဝစိတ်မချရဘူး။"

၂။

ဟယ်ရီနဲ့ဖားလေးတို့ဟာ သေဆုံးသွားတဲ့မိန်းကလေးအတွက် ဆေးရုံကားခေါ်ပေးပြီး ကိစ္စကိုအသေးစိတ်ရှင်းပြလိုက်တယ်။ ဟီးရိုးအစည်းအရုံးဒုဌာနမှူးဖြစ်လို့ ဟယ်ရီစကားကို သူတို့သေချာဂရုစိုက်နားထောင်ကြပါတယ်။ သိပ်မကြာခင်မှာပဲ ကောင်မလေးရဲ့အသက်မဲ့ခန္ဓာကိုယ်ကို ဆေးရုံကားက တင်ခေါ်သွားတယ်။

ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်အရွယ် သမီးပျိုတစ်ယောက်မလို့ ကျန်ရစ်သူမိသားစုဝင်တွေ ဘယ်လိုများဖြေသိမ့်နိုင်ပါ့မလား။ ဖားလေးက သူဖမ်းထားတဲ့ ဌာနမှူးSnoic Speedရဲ့သားကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်တယ်။

"စတီဗင်၊ မင်းအခုပြောပြတော့မှာလား၊ အဲဒီကောင်မလေးက မင်းတို့ကျောင်းကမဟုတ်လား။ အရင်နှစ်ပြိုင်ပွဲတုန်းက သူ့ကိုမင်းနဲ့အတူတွေ့လိုက်သေးတယ်။"

အသုံးမကျတဲ့ ဟီးရိုးသားလေးစတီဗင်က အခုထိတ်လန့်လွန်းလို့ မျက်ရည်တွေစီးကျနေပြီး တအီအီငိုရှိုက်နေတယ်။

"လူစီသေတာ ငါ့အမှားပါ၊ ငါသူ့ကို ဆေးသုံးဖို့ခေါ်လိုက်မိတာ။ ဒီဆေးတွေကို ငါတို့သုံးတုန်းက ဘာမှမဖြစ်ဘူးလေ။ ပြီးတော့ စျေးသက်သာပြီး လူတွေကိုမိတ်ဆက်ပေးရင် အလကားပေးမယ်လို့ သူတို့ပြောတယ်လေ။"

ဖားလေးက သည်းခံတတ်သူမလို့ ဖြည်းဖြည်းချင်းမေးနေပေမဲ့ ဟယ်ရီကတော့ အဲဒီလိုမဟုတ်ပါဘူး။ စတီဗင်ရဲ့ပေါင်ခွကြားကို တစ်ချက်ကန်လိုက်ပြီး တိုက်ရိုက်ပြောခိုင်းလိုက်တယ်။

"အဲဒီကြွက်တွေရဲ့နေရာကိုပဲပြော၊ ငါ့မှာအချိန်ပေါနေတာမဟုတ်လား။"

"သူ...သူတို့ကပဲ အမြဲတမ်းအရင်ဆက်သွယ်တာ။ သူတို့စခန်းက ဘယ်မှာလဲငါမသိဘူး။"

ဖားလေးက ဟယ်ရီကိုကြည့်လိုက်တယ်။ သူတို့ရန်သူတွေက နည်းနည်းတော့သတိကြီးတဲ့ပုံစံပဲ။ ဒါပေမဲ့ လုံးဝကြီးမျှော်လင့်ချက်မဲ့နေတာတော့မဟုတ်ဘူး။ ဟယ်ရီက ဆက်မေးလိုက်တယ်။

"မင်းကို သူတို့ဆက်သွယ်လို့ရမယ့်အရာတစ်ခုခု ပေးခဲ့သေးလား။ ဖုန်းနံပါတ်ဖြစ်ဖြစ်ပေါ့... "

"ပစ္စည်းဝယ်ချင်ရင် လမ်းဘေးဖုန်းနဲ့ဆက်ဖို့ ဖုန်းနံပါတ်ပေးခဲ့တယ်။ ဒါပေမဲ့ လက်ကိုင်ဖုန်းနဲ့မဆက်နဲ့တဲ့။"

ဟယ်ရီက ခေါင်းထပ်ညိတ်လိုက်တယ်။ ကြွက်တွေက ဒီအတိုင်းဆိုရင် တော်တော်လေးသတိဝီရိယရှိပုံပါပဲ။ ဟယ်ရီက ကောင်လေးကို ဂုတ်ကနေဆွဲထူပြီး လမ်းတစ်လျှောက်လုံး တရွတ်တိုက်ဆွဲခေါ်သွားတယ်။

"ဟေး... ဟေး... ခင်ဗျားက ဟီးရိုးမဟုတ်ဘူးလားဟယ်ရီ၊ လူတွေကို ညင်ညင်သာသာဆက်ဆံရမယ်လေ။ ကျုပ်အဖေနဲ့တိုင်ပြောမှာနော်။"

စတီဗင်ကတော့ အခုထိပွစိပွစိပြောနေတုန်းပဲ။ ဟယ်ရီက ကောင်လေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး လက်သီးနဲ့ပါးကိုထိုးချလိုက်တယ်။

"ပါးစပ်ပိတ်ထားစမ်း၊ ငါက ဟီးရိုးဆိုပေမဲ့ မင်းက တရားမဝင်မှုးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတာ။ ငါ့မှာလုပ်ပိုင်ခွင့် အပြည့်ရှိတယ်။"

ဖားလေးကလည်း... "စတီဗင်၊ မင်းခုဏက ဘာဖြစ်ခဲ့လည်း မြင်တာပဲမဟုတ်လား။ တခြားကလေးတွေလည်း အဲဒါတွေကြောင့် သေချင်သေကုန်မှာ။ မင်းကိုယ်တိုင်တောင် အဲဒီလိုဖြစ်သွားနိုင်သေးတယ်။ ငါတို့ကိုကူညီစမ်းပါ။ မင်းသူတို့ကိုဖုန်းခေါ်ပြီး သာမန်အတိုင်း ပစ္စည်းဝယ်မယ်လို့ ပြောရုံပဲ။"

အဲဒီနောက်တော့ သူတို့ဖုန်းတိုင်ကိုရောက်လာပြီး စတီဗင်က ဖုန်းနံပါတ်ကိုနှိပ်ကာ ခေါ်လိုက်ပါတယ်။

တူ.... တူ.... တူ....

"ပြောပါ..." တစ်ဖက်ကနေ တမင်ဖျက်ထားပုံပေါ်တဲ့ ခပ်ဩဩအမျိုးသားအသံ ထွက်ပေါ်လာပါတယ်။ စတီဗင်က ကြောက်လန့်နေပေမဲ့ ဖားလေးနဲ့ဟယ်ရီတို့ရှိနေတော့ စိတ်ကိုလျှော့ပြီး ပြောလိုက်တယ်။

"ဟိုင်း... ကျွန်တော်က စတီဗင်ပါ၊ အရင်တစ်ခါပစ္စည်းဝယ်သေးတယ်လေ။ အခုထပ်လိုနေသေးလို့ပါ။"

"ဆိပ်ကမ်းလမ်း အရင်နေရာကို တစ်ယောက်တည်းလာခဲ့။" တစ်ဖက်လူက စကားဆုံးတာနဲ့ ချက်ချင်းဖုန်းချလိုက်တယ်။ တစ်ယောက်ယောက်က ကြားဖြတ်နားထောင်နေမှာစိုးလို့ အချိန်အကြာကြီး ဖုန်းမပြောချင်တဲ့ပုံပဲ။

စတီဗင်ကလည်း ဟယ်ရီတို့ကို ပြန်ကြည့်လိုက်ပြီးတော့ မေးလိုက်ပါတယ်။

"ခင်ဗျားတို့ ကျွန်တော့်နောက်ကိုလိုက်မလို့လား။ အရင်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို အတူခေါ်သွားတော့ သူတို့ထွက်မတွေ့ဘဲ ကျွန်တော့်ကိုတောင် အပြစ်တင်နေကြသေးတယ်။ ပြီးတော့ဟီးရိုးဝတ်စုံတွေက သိပ်သိသာလွန်းတယ်။"

ဟယ်ရီကတော့ ကောင်လေးစကားကို နည်းနည်းလေးမှဂရုမစိုက်ဘဲ သူလီမိသားစုဆိုင်က ထွက်ကတည်းက ယူလာတဲ့သားရေသေတ္တာလေးကို ဖွင့်ပြီး ကြယ်သီးပုံစံအသံဖမ်းစက်ကလေးနဲ့နားကြပ်တစ်စုံကို ထုတ်လိုက်တယ်။ အထဲမှာအလားတူပစ္စည်းတွေ အများကြီးရှိသေးတယ်။

"မပူနဲ့၊ ငါက နောက်ယောင်ခံလိုက်တဲ့မစ်ရှင်တွေမှာ အတွေ့အကြုံရှိပါတယ်။"

နောက်တစ်နာရီလောက်ကြာတော့ သူတို့တွေဆိပ်ကမ်းရုံးလမ်းကို ရောက်လာကြပြီ။ ဟယ်ရီက လမ်းထဲမဝင်ခင် စတီဗင်ကို နားနားကပ်ပြီးမှာလိုက်တယ်။

"မင်းလုပ်ရမှာက သူတို့နဲ့သာမန်အတိုင်း အလဲအလှယ်လုပ်ပြီး ပြန်လာဖို့ပဲ။ အဲဒါပြီးရင် မင်းငါတို့ကို ကူညီပေးတယ်လို့ မင်းအဖေကိုပြောပြပြီး ဖမ်းမယ့်ကိစ္စကိုလည်း လျှော့ပေးလိုက်မယ်။ မကြောက်နဲ့၊ မင်းသူတို့နောက်ကို လိုက်သွားစရာမလိုဘူး။"

အဲဒီနောက်တော့ သူတို့လူစုခွဲလိုက်ကြတယ်။ ဖားလေးနဲ့ဟယ်ရီတို့က အဆောက်အဦးတစ်ခုထဲကို ဘယ်သူမမြင်အောင် ဝင်လိုက်ကြပြီးတော့ စတီဗင်ကတော့ သူတို့စောင့်ရမယ့် ဆုံရပ်နေရာကို သွားလိုက်တယ်။ စတီဗင်က အဆောက်အဦးထောင့်မှာရပ်နေတုန်း ဟယ်ရီတို့က အဆောက်အဦးပြတင်းပေါက်တစ်နေရာကနေ အပြင်ကိုချောင်းကာ အခြေအနေကြည့်နေပါတယ်။

ဖားလေးက ဟယ်ရီကိုမေးလိုက်တယ်။ "ကြွက်တွေရောက်လာရင် ကျွန်တော်တို့ဘာလုပ်မှာလဲ၊ ဆွဲထိုးပြီး ထောင်ထဲထည့်မှာလား။" ဟယ်ရီကတော့ နှာမှုပ်လိုက်ပြီး...

"မင်းနုပါသေးတယ်ကွ၊ အောက်ဆွဲလေးနှစ်ကောင်ကို ဖမ်းပြီးဘာလုပ်ရမှာလဲ။ သူတို့နောက်ကိုလိုက်ပြီး သူတို့ဌာနချုပ်ကို ဖော်ရမှာပေါ့ကွ။"

သူတို့ပြောဆိုနေကြတုန်းမှာပဲ တစ်ကိုယ်လုံးတက်တူးအပြည့်ထိုးထားပြီး ဆံပင်တိုကိုပန်းရောင်ဆေးဆိုးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကတုံးပြောင်ပြောင်နဲ့နားကွင်းတပ်ထားတဲ့ အသက်၂၅နှစ်အရွယ် လူဖြူအမျိုးသားတစ်ယောက် ရောက်လာတယ်။ သူတို့လမ်းလျှောက်တဲ့ပုံစံက လမ်းသရဲလိုလိုဘာလိုလိုနဲ့။ နားကွင်းတပ်ထားတဲ့ကတုံးက ဂျင်းဘောင်းဘီအိတ်ထဲ လက်လျှိုထားပြီး တက်တူးနဲ့မိန်းကလေးကတော့ ပီကေဝါးပြီးပူပေါင်းမှုတ်နေတယ်။

ဟယ်ရီက ဖားလေးအတွက် နားကြပ်တစ်ဖက်ကို ဖဲ့ပေးလိုက်တယ်။ ဖားလေးက နားကြပ်ကိုနားမှာထိုးပြီး သူတို့ပြောနေတဲ့စကားတွေကို နားထောင်လိုက်တယ်။

"အာဒကေပါလား... ငွေသားနဲ့မှရောင်းမှာနော်။" ပန်းရောင်ဆံပင်နဲ့မိန်းကလေးက ခပ်ညစ်ညစ်လေသံနဲ့ ပြောလိုက်ပြီး ခေါင်းကိုမော့ကာ ရယ်မောလိုက်တယ်။ ကတုံးကတော့ စတီဗင်သူတို့လက်ထဲ ထည့်ပေးလိုက်တဲ့ ဒေါ်လာတွေကို ရေကြည့်လိုက်ပြီး ခေါင်းတညိတ်ညိတ်နဲ့လုပ်နေတယ်။ ငွေပြည့်တယ်ဆိုခါမှ သူတို့နှစ်ယောက်လွယ်ထားတဲ့ လွယ်အိတ်တွေထဲက ဆေးကျည်တောက်အနည်းငယ်ကို စတီဗင်လက်ထဲထည့်ပေးပြီး ချက်ချင်းပြန်ထွက်သွားကြတယ်။

ဟယ်ရီက ဖားလေးကိုကြည့်ပြီး သူ့အတွေ့အကြုံနဲ့နှိုင်းယှဥ်ကာ အခုဖြစ်ရပ်ကိုပြောလိုက်ပါတယ်။

"ဒီလူတွေက ငါတို့ထင်သလိုပဲ တကယ့်အောက်ဆွဲတွေ၊ အစောပိုင်းကဖုန်းပြောတဲ့သူက ဖရော်ဖက်ရှင်နယ်ဆန်ပေမဲ့ သူတို့ကတော့ သာမန်ခပ်ပေါ့ပေါ့ဆေးပို့တဲ့ အတွေ့အကြုံမရှိတဲ့ကောင်တွေလိုပဲ။ ငါတို့သူတို့ကို တစ်နေကုန်ခြေရာခံရလောက်တယ်။"

သေချာတာကတော့ ဖုန်းကောလ်လက်ခံတဲ့သူနဲ့ လာပို့တဲ့သူတွေက တစ်ယောက်စီသက်သက်ပါ။ သူတို့ရဲ့လက်ရှိအခြေအနေက စလုံးရေစတောင်မရှိသေးဘူး။ ဆေးတွေရပြီးတဲ့နောက် စတီဗင်က အဆောက်အဦးထဲဝင်လာပြီး ဟယ်ရီတို့ရှိနေတဲ့အထပ်ကို ပြန်ပြေးတက်လာတယ်။

"အစ်ကိုတို့၊ ဒီဆေးပစ္စည်းတွေကို ဘာလုပ်ရမှာလဲ။ လူစီသေသွားတာမြင်ပြီးကတည်းက ကျွန်တော်မသုံးရဲတော့ဘူး။"

စတီဗင်က တုန်ရီနေတဲ့လက်တွေနဲ့ ဆေးပုလင်းတွေကို သူတို့ဆီထိုးပေးလိုက်တယ်။ ဟယ်ရီကတော့ မယူပါဘူး။ အဲဒီအစား သူက စတီဗင်ကိုပြောလိုက်တယ်။

"ကောင်လေး... မင်းမှာဟိုတယ်အခန်းငှားဖို့ ပိုက်ဆံရှိသေးလား။ လောလောဆယ် ကြွက်တွေက ငါတို့ဟီးရိုးတွေထဲမှာလည်း လူထည့်ထားနိုင်တယ်။ ဒီတော့ ဘယ်သူ့မှမယုံတာကောင်းတယ်။ သူတို့ကိုဖမ်းပြီးမှ သက်သေအဖြစ်သုံးဖို့ ဒါတွေကိုတစ်နေရာရာမှာ ဝှက်ထားတာကောင်းမယ်။"

ဖားလေးကတော့ နားမလည်နိုင်စွာနဲ့ ထပ်မေးပြန်တယ်။ "ဘာလို့ ကျွန်တော်တို့ကိုယ်တိုင် ဟိုတယ်မငှားရတာလဲ။"

ဂျူနီယာဟီးရိုးတစ်ယောက်အနေနဲ့ သူ့မှာမသိတာတွေက အများကြီးပါ။ အထူးသဖြင့် လုပ်ငန်းစဥ်ပိုင်းမှာရှုပ်ထွေးတဲ့ ဟယ်ရီလိုCrime Fighter type ဟီးရိုးတစ်ယောက်ရဲ့အတွေးအခေါ်တွေကိုပေါ့။ ရန်သူလာရင်ရိုက်ထုတ်ရုံပဲလုပ်ရတဲ့ ဟီးရိုးတွေနဲ့မတူတာက ဒီလိုဟီးရိုးတွေက ဉာဏ်အသုံးရဆုံးပါ။

"လူးစီးယပ်၊ ငါတို့နှစ်ယောက်လုံးက မြို့ခံဟီးရိုးတွေလေ။ ပုံမှန်အခြေအနေအောက်မှာ မြို့ခံတွေက သူတို့မြို့မှာ ဟိုတယ်ငှားပြီးနေလို့လား။ နှုတ်ခမ်းနီမလေးတွေနဲ့အပျော်ရှာဖို့ ငှားတာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ SilverKnightက ဟီးရိုးတွေကိုလိုက်သတ်နေတဲ့အချိန်မှာ ငှားတာဆိုရင်တော့ ထူးဆန်းသွားလိမ့်မယ်။ ပုံမှန်လူတွေအတွက်ကတော့ တော်တော်တဏှာထတဲ့ဟီးရိုးလို့ ငါ့ကိုထင်ကောင်းထင်နိုင်ပေမဲ့ တခြားဟီးရိုးတွေနဲ့စောင့်ကြည့်နေတဲ့ ဟီးရိုးတွေကတော့ သံသယဝင်ကုန်မှာပဲ။"

နောက်တော့ ဟယ်ရီက စတီဗင်ကို လက်ညိုးထိုးပြလိုက်ပြီး...

"ဒါပေမဲ့ အဆင့်မြင့်ဟီးရိုးတစ်ယောက်ရဲ့သား အသက်မပြည့်သေးတဲ့ လူ့ပေါ်ကျော့သူဌေးလေးက ဒီလိုငှားရင်တော့ နှာဘူးကောင်လေးဆိုပြီး သတင်းစာထဲပါလာရုံအပြင် ဘာမှမဖြစ်ဘူး။"

ဖားလေးကတော့ ဟယ်ရီ့စကားကြောင့် 'Sonic Speedရဲ့သားလေးက ၁၀နှစ်မှာ ကောင်မလေးတွေကို ချောင်းကြည့်ပြီး ၁၂နှစ်မှာ ရည်းစားထားတတ်နေပြီ၊ အခု၁၅နှစ်ပြည့်တော့ စော်တွေနဲ့ဟိုတယ်မှာပျော်ပါးနေပြန်ပြီတဲ့။' ဆိုတဲ့ခေါင်းစည်းနဲ့ သတင်းစာမျက်နှာဖုံးမှာပါလာမယ့်အရေး တွေးပြီးရယ်မိသွားတယ်။

စတီဗင်ကတော့ မျက်နှာကြီးမဲမှောင်လို့ရယ်။

"ကျွန်တော်ကူညီရမှာက ဒါပဲမဟုတ်လား၊ အဖေ့ကို ကျွန်တော်ဦးလေးအတွက် ကူညီပေးခဲ့တဲ့အကြောင်း သေချာပေါက်ပြောပေးရမယ်နော်။ ဒါမှကျောင်းမှာကြွားလို့ရမှာ။"

အသက်အရွယ်နဲ့မလိုက်အောင် ကလေးဆန်လွန်းတဲ့စတီဗင်ကြောင့် ဖားလေးလည်း ကောင်းကင်ကြီးကိုသာ မော့ကြည့်လိုက်မိတော့တယ်။ ဒီငနှဲလေးက သူ့ကို စက်ပစ္စည်းအကူအညီနဲ့ရိုက်ခဲ့လို့ ဒေါသထွက်ခဲ့မိပေမဲ့ ခုကျတော့ အပြစ်မမြင်ရက်တော့ဘူး။ ဒါပေမဲ့ ဒီကောင်စုတ်လေး ပေါက်ကရဆေးဝါးတွေသုံးနေတာ မသိရလောက်တဲ့အထိ Sonic Speedက ဘာလုပ်နေတာလဲ။ သူက ဖခင်ကောင်းတစ်ယောက် မဟုတ်ဘူးလား။

စတီဗင်ကို ပြန်လွှတ်ပေးပြီးတဲ့နောက်တော့ သူတို့နှစ်ယောက်က ဟိုဆေးပို့တဲ့လူနှစ်ယောက်နောက်ကို ဆက်လိုက်ရပြန်တယ်။ သူတို့တွေက ပရော်ဖက်ရှင်နယ်မဟုတ်ဘဲ သာမန်အပျော်တမ်းသမားတွေဆိုပေမဲ့ သေချာဂရုတစိုက်လုပ်ဆောင်ကြတာကြောင့် သာမန်လူငယ်တွေလိုမျိုး လမ်းပေါ်မှာသွားလာနေနိုင်ကြပြီး လမ်းတစ်လျှောက် အပေးအယူလေးငါးခုလောက် ထပ်လုပ်ခဲ့သေးတယ်။ အခုထိ ပင်ရင်းနေရာကို ဒီလူတွေမသွားကြသေးဘူး။

ဖားလေးက ဒီကိစ္စနဲ့ပတ်သက်ပြီး ဟယ်ရီကိုမေးကြည့်တော့ ဟယ်ရီက "သူတို့တွေက နေ့စားသမားတွေ၊ ဂိုဏ်းတွေအစား မူးယစ်ပစ္စည်းတွေပို့ပေးပြီး အကျိုးအမြတ်ယူတဲ့ကောင်တွေ။ ငါ့အထင်တော့ ဒီကောင်တွေ ပင်ရင်းနေရာကိုတောင် မသိကြလောက်ဘူး။ တစ်ဆင့်ခံဒိုင်ဆီမှာပဲ ဆုံးသွားလောက်တယ်။"

နောက်ဆုံးတော့ သူတို့တွေလိုက်ရင်းလိုက်ရင်းနဲ့ နေ့လယ်စာစားချိန်ကျော်လာပြီ။ ဟယ်ရီက ဖားလေးအတွက် လမ်းက တွေ့ရာဆိုင်ကနေ ချိစ့်ဘာဂါဝယ်ပေးတယ်။ မနက်စာတုန်းကလည်း အမြန်စာပဲစားခဲ့ရတာမလို့ ဖားလေးမျက်နှာက ရှုံမဲ့နေပြီ။

ဟိုပန့်လိုလိုအီမိုလိုလို ဆေးပို့သမားစုံတွဲကတော့ ခဏနားပြီး ဆိုင်တစ်ဆိုင်မှာဝင်ထိုင်စားနေတာမလို့ သူတို့တွေ မမြင်ကွယ်ရာမှာထိုင်ပြီး အစာစားချိန်ရနေတာ။ ဒါပေမဲ့ ချိစ့်ဘာဂါတောင် မကုန်သေးဘူး ဟိုစုံတွဲက စထွက်နေလို့ ဟယ်ရီခေါ်တာနဲ့ သူကျန်တဲ့ဘာဂါအားလုံးကို ဖားပါးစပ်သုံးပြီး မျိုချခဲ့ရတယ်။ ဗိုက်ကတော့ ဆာနေတုန်းပဲမလို့ အခုယင်ကောင်မြင်ရင်တောင် လျှာအရှည်ကြီးထုတ်ပြီး ဖမ်းစားချင်နေပြီ။

သူတို့တွေ နောက်ထပ်လေးငါးဘလော့လောက် လိုက်ပြီးမှ ပန့်ကေစုံတွဲက ကွန်ဒိုတိုက်ခန်းအိမ်ရာတစ်ခုရဲ့အောက်က ကားပါကင်ထဲကို ဝင်သွားကြတယ်။ ဟယ်ရီကတော့ ဖားလေးကို အချက်ပြလိုက်ပြီး သူတို့မမြင်အောင်လို့ အနောက်ဖက်ကနေ ပတ်ပြီးဝင်တယ်။ နောက်တော့ ကားပါကင်ထဲက တိုင်တစ်တိုင်နောက်ကနေ ပုန်းပြီးအခြေအနေကြည့်တယ်။

အနက်ရောင်ဗင်ကားနားမှာ ပန့်စုံတွဲကရပ်လိုက်ပြီး ကားတံခါးမှန်ကို ခေါက်လိုက်တယ်။ သုံးချက်အမြန်ခေါက်ပြီးမှ နောက်ဆုံးတစ်ချက်ကို ဖြည်းဖြည်းခေါက်လိုက်တာပါ။ ဒီတော့မှ အထဲကဒါရိုက်ဘာက ကားတံခါးမှန်ကိုချလိုက်ပြီး သူတို့နဲ့စကားပြောတယ်။ ကားထဲကလူက ခဲရောင်အနောက်တိုင်းဝတ်စုံနဲ့အနီရောင်နက်ကတိုင်ကိုဝတ်ထားပြီး သန့်ရှင်းတဲ့ရုပ်ရည်မျိုးရှိတယ်။ ဟယ်ရီကတော့ ဖားလေးနားလည်အောင် ရှင်းပြလိုက်ပါပြီ။

"ဒီကောင်က ဒီနယ်မြေရဲ့အရောင်းဒိုင်ဖြစ်လိမ့်မယ်။ သူကတော့ ပင်ရင်းနေရာကိုသိလောက်တယ်။ လုပ်ပုံလုပ်နည်းအရတော့ အိုင်းရစ်ဂိုဏ်းသားပဲ။"

"အိုင်းရစ်ဂိုဏ်း.... ယာကူဇာတွေနဲ့ရုရှားမာဖီးယားတွေကို SilverKnightက မျိုးဖြုတ်ပြီးပြီမဟုတ်လား။ လူမည်းဂိုဏ်းတွေလည်း ခင်ဗျားလုပ်လို့ကုန်ပြီလေ၊ တခြားဂိုဏ်းတွေရှိနေသေးတာလား။"

ဟယ်ရီကတော့ ဖားလေးကို နုပါသေးတယ်ဆိုတဲ့ပုံစံနဲ့ ကြည့်လိုက်ပြီးတော့ နားလည်အောင်ရှင်းပြတယ်။

"နယူးယောက်မှာက မင်းပြောတဲ့ဂိုဏ်းသုံးဂိုဏ်းက ကြီးသုံးကြီးဆိုပေမဲ့ တရုတ်တွေရဲ့THE TRIADS၊ အိုင်းရစ်တွေ၊ အီတလီတွေနဲ့ဆိုင်ကယ်လူမိုက်ဂိုဏ်းတွေတော့ ရှိနေတုန်းပဲ။ သူတို့တွေက ကြီးသုံးကြီးရှိနေတုန်းက ဖိနှိပ်ခံထားရတာဆိုပေမဲ့ အခုတော့သူတို့တွေက ကြီးသုံးကြီးနေရာကို ဆက်ခံဖို့အတွက် အားကုန်ထုတ်နေကြတာ။"

ဖားလေးနားလည်သွားတယ်။ သူတို့ကိုယ်သူတို့ ကြွက်တွေလို့ခေါ်ပြီး မြူတန့်သိပ္ပံအဖွဲ့ရဲ့လူလုပ်မြူတန့်အဖြစ်လုပ်ပေးတာကို ခံချင်ကြတဲ့လူတွေက ဒီလိုမြေအောက်ဂိုဏ်းတွေထဲမှာ ရှိနေကြတဲ့ပုံပါပဲ။ တကယ်လို့ B အဆင့်လူလုပ်မြူတန့်တွေသာ သူတို့ဂိုဏ်းထဲမှာရှိနေရင် နယူးယောက်မြေအောက်ကမ္ဘာကို အုပ်စိုးဖို့ဆိုတာ သူတို့အတွက်အိပ်မက်မဟုတ်တော့ဘူးလေ။

ခဏနေတော့ ဟိုစုံတွဲက သူတို့ရလာတဲ့ငွေတွေကို အိုင်းရစ်ဂိုဏ်းသားဆီပေးလိုက်တယ်။ အနည်းဆုံး ဒေါ်လာသောင်းဂဏန်းလောက်ရှိမယ့်ငွေသားတွေကို ရေတွက်ပြီးတဲ့နောက်တော့ အိုင်းရစ်ဂိုဏ်းသားက ထောင်ဂဏန်းပြန်ပေးပြီး နောက်နေ့ရောင်းဖို့အတွက် ဆေးတွေထပ်ပေးတယ်။ မကြာခင်မှာပဲ ပန့်ကေစုံတွဲထွက်သွားတယ်။ သိပ်မကြာဘူး နောက်ကယ်ရီယာတွေရောက်လာပြီး အပေးအယူထပ်လုပ်ကြပြန်တယ်။ အဖမ်းခံရနိုင်ခြေရှိပေမဲ့ မပင်မပန်းဘဲ တစ်ရက်အတွင်းဒေါ်လာထောင်ချီ ရတဲ့အလုပ်မလို့ ဒီအလုပ်ကို ခိုးလုပ်နေတဲ့သူတွေက ထင်တာထက်ပိုများတယ်။

ကယ်ရီယာတွေနဲ့အပေးအယူ တစ်ဒါဇင်လောက်လုပ်ပြီးတဲ့အခါမှာတော့ အနက်ရောင်ဗင်ကားက စက်စနှိုးပြီး ကားပါကင်ထဲက ထွက်ဖို့လုပ်ပါတော့တယ်။

ဟယ်ရီလည်း ဖားလေးကို အချက်ပြလိုက်ပြီးတော့ နောက်ကနေ ဆက်လိုက်ကြတာပေါ့။

သူတို့အပြင်ရောက်တော့ တက္ကစီတစ်စီးကိုငှားလိုက်ပြီး အဲဒီဗင်ကားနောက်ကို မသိမသာလိုက်ခိုင်းတယ်။

ကံကောင်းစွာနဲ့ အိုင်းရစ်ဂိုဏ်းသားက ဒီလောက်ကြီးသတိရှိမနေတဲ့အတွက်ကြောင့် သူတို့ကိုမျက်ခြေမဖြတ်နိုင်ခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ ဖုန်းဖြေခဲ့တဲ့ ကျွမ်းကျင်သူက ဒီလိုအဖွဲ့သားမဟုတ်နိုင်မှန်း သူတို့သတိထားမိလာပြန်တယ်။

သိပ်မကြာခင်မှာပဲ သူတို့တွေမြို့ပြင်က သိုလှောင်ရုံကြီးတစ်ခုဆီကို ရောက်လာကြတယ်။ သိုလှောင်ရုံရဲ့ခြံထဲမှာတော့ နောက်ထပ်အနက်ရောင်ဗင်ကားတွေကို ထပ်တွေ့ရသေးတယ်။ အိုင်းရစ်တွေရဲ့တရားမဝင်မူးယစ်ဆေးလုပ်ငန်းက တော်တော်လေးကျယ်ပြန့်ပုံပဲ။

"မင်းက ဒီလောက်လေးမြင်ရရုံနဲ့ တော်တော်ကြီးပြီထင်နေတာလား။ ငါဟိုးအရင်ဆယ်နှစ်လောက်က ရွှေတြိဂံဒေသကိုရောက်ဖူးတယ်။ အဲဒီမှာဆိုရင် မူးယစ်ဂိုဏ်းတွေက မြို့ကြီးတစ်မြို့လုံးကိုထိန်းချုပ်ပြီး စိတ်ကြိုက်ကစားနေတာကို တွေ့ခဲ့ဖူးတယ်ကွ။ သယ်ရင်ပို့ရင်လည်း ဖရဲသီးပို့သလိုကို ကုန်တင်ကားကြီးတွေနဲ့ သယ်ပို့ကြတာကွ။"

ဖားလေးအံ့ဩနေတာကိုတွေ့တော့ ဟယ်ရီက သာမန်ပဲဆိုတဲ့သဘောနဲ့ ပြောလိုက်ပါတယ်။ ဟယ်ရီလို ဝါရင့်တစ်ယောက်အတွက်တော့ ဒီလိုကိစ္စမျိုးတွေက သိပ်မထူးခြားတော့ပါဘူး။

"ဒီတော့ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ၊ တိုက်ရိုက်ဝင်မှာလား။" ဖားလေးက သိုလှောင်ရုံအဝင်ဝမှာရှိနေတဲ့ လက်နက်အပြည့်အစုံနဲ့အစောင့်တွေကိုကြည့်ရင်း ပြောလိုက်ပါတယ်။

"မဟုတ်ဘူး၊ ငါတို့တွေခိုးဝင်ကြမယ်။ ကြွက်တွေအနေနဲ့ ဒီလိုအဆင့်မြင့်ဗီဇဆေးတွေကို မထုတ်လုပ်နိုင်ဘူး။ အိုင်းရစ်ဂိုဏ်းကိုလက်ကားပြန်ဖြန့်ဖြူးပေမဲ့

တခြားတစ်ယောက်ရှိနေဦးမှာပဲ။ ငါတို့သူတို့ခေါင်းဆောင်ရဲ့ရုံးခန်းထဲဝင်ပြီး ခိုးနားထောင်သင့်တယ်။"

နောက်တော့ ဟယ်ရီကဖားလေးကို ဦးဆောင်ပြီး သိုလှောင်ရုံခြံစည်းရိုးကို ကျော်တက်ကြတယ်။ CCTV တွေက သူတို့ကိုသတိမထားမိအောင်လည်း ဂရုစိုက်ခဲ့ရသေးတယ်။ ရုပ်ရှင်ထဲမှာပါသလိုမျိုး CCTV တွေကို သူတို့မဖျက်ဆီးခဲ့ပါဘူး။ အဲဒီလိုလုပ်တာက ရန်သူတွေကိုအသိပေးသလိုဖြစ်နေတာမလို့ CCTV တွေတစ်ဖက်လှည့်တဲ့အချိန်ကိုသာ ချိန်သားကိုက်ပြီး လှုပ်ရှားရတယ်။ ဟက်ပြီးတော့ ဗီဒီယိုပုံရိပ်တစ်ခုတည်း ဆက်ပြနေအောင်လုပ်ဖို့က ဖြစ်နိုင်ပေမဲ့ သူတို့ကဒီကို ပထမဆုံးရောက်ဖူးတာဖြစ်ပြီး အဲဒီလိုအရာမျိုးလုပ်ဖို့ ကြိုမပြင်ဆင်ထားခဲ့ပါဘူး။ ဒီတော့ ရှေးဟောင်းနည်းတွေသုံးဖို့ပဲရှိတော့တယ်။

မကြာခင်မှာပဲ သူတို့တွေ အိုင်းရစ်ခေါင်းဆောင်တွေရဲ့အစည်းအဝေးကို နားထောင်ဖို့အဆင်သင့်ဖြစ်သွားကြပါပြီ။ သူတို့က အစည်းအဝေးခန်းရှိတဲ့ သိုလှောင်ရုံ ဒုတိယထပ်က ဝရန်တာအပြင်ဖက်မှာကပ်နေကြတယ်။ ကင်းစောင့်နေတဲ့မာဖီးယားတွေ သူတို့ကိုသတိမထားမိအောင်လည်း ဂရုစိုက်နေကြရသေးတယ်။

မကြာခင်မှာပဲ အဆင့်မြင့်အိုင်းရစ်ဂိုဏ်းသား တစ်ဒါဇင်လောက် အစည်းအဝေးခန်းထဲဝင်လာတယ်။ ကျည်ကာဝတ်ထားတဲ့ ခေါင်းဆောင်ဖြစ်သူက စားပွဲဝိုင်းထိပ်ဆုံးမှာ ဝင်ထိုင်လိုက်ပါတယ်။ တခြားစားပွဲဝိုင်းတစ်ခုကတော့ တစ်စုံတစ်ယောက်အတွက် ဖယ်ပေးထားဟန်နဲ့ နေရာလွတ်နေတယ်။ ကြည့်ရတာ လက်ကားရောင်းတဲ့ ကိုယ်စားလှယ်အတွက် နေရာပေးထားပုံပဲ။

ဖားလေးကို ပိုပြီးအံ့ဩစေတာက ဒီအိုင်းရစ်ဂိုဏ်းသားအချို့ရဲ့လက်ထဲမှာ အနက်ရောင်သတ္တုသေတ္တာလေးတွေကိုယ်စီ ရှိနေကြတာပါ။ SilverKnight ကိုယ်တိုင် အရင်တလောက မှောင်ခိုစျေးကွက်မှာပြန့်နေတယ်ဆိုပြီး သတိပေးခဲ့တဲ့ မက်တယ်ပလာဒင်ဝတ်စုံတွေမဟုတ်လား။ သူတို့တိုက်ခိုက်နေတုန်း ဒီဝတ်စုံတွေကိုသာ အိုင်းရစ်တွေဝတ်ခွင့်ရခဲ့ရင် သူတို့ခံရမှာပါ။ ဟယ်ရီက B rankဆိုပေမဲ့ အများကြီးဝိုင်းချရင်တော့ သေချာပေါက်ခံရမှာပါ။ ဟယ်ရီက ဂျက်ကီချန်းမဟုတ်ဘူး။

ငါးမိနစ်လောက် စောင့်ဆိုင်းနေပြီးတဲ့နောက်တော့ အနီရောင်ပေါ်ရှေးကားလေး ခြံဝင်းကျယ်ထဲကို ဝင်လာတယ်။ လုံခြုံရေးတွေက စစ်ဆေးဖို့လုပ်ပေမဲ့ အထဲကလူကိုမြင်တာနဲ့ ဝင်ခွင့်ပေးလိုက်ကြတယ်။ ခြံဝင်းထဲမှာ ကားရပ်ပြီးတဲ့နောက်တော့ အထဲကနေ အနီရောင်ဂါဝန်ဝတ်ထားတဲ့ ရွှေရောင်ဆံပင်မိန်းမချောလေးတစ်ယောက်နဲ့ အနက်ရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ထားပြီး ခေါင်းစွပ်စွပ်၊ နှာခေါင်းစည်းမက်ကိုတပ်ထားကာ သူ့ရုပ်ကိုသူများမမြင်စေချင်ဟန် ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကို ဟယ်ရီတို့တွေ့လိုက်ကြရတယ်။

ကြည့်ရတာ အိုင်းရစ်ဂိုဏ်းသားတွေစောင့်မျှော်နေတဲ့ ကိုယ်စားလှယ်ဆိုသူ ရောက်ရှိလာပုံပါပဲ။

၃။

ဆုဗာနာရဲ့တစ်နေရာမှာတော့ နွယ်ပင်တွေက ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားပါတယ်။ အတွင်းပိုင်းမှာတော့ မျက်လုံးစိမ်းတွေရှိတဲ့ ဂျာမန်အမျိုးသမီးက သူ့အနားကိုကပ်လာနေတဲ့ နွယ်ပင်တွေကို ဆန့်ကျင်တိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ သူတိုက်ခိုက်နေရတဲ့ရန်သူက တစ်ယောက်တည်းမဟုတ်တော့ဘူး။

ကုချင်းနတ်သမီးဟာ ကြမ်းပြင်တစ်နေရာမှာထိုင်ပြီး ကုချင်းကိုအားကုန်တီးခတ်နေတယ်။ တေးဂီတလှိုင်းတွေဟာ နွယ်ပင်တွေကို အားဖြည့်ပေးသလိုဖြစ်နေပြီး ယင်စားနွယ်ပင်တွေဟာ စည်းချက်နဲ့အညီကခုန်နေတယ်။

အသံလှိုင်းဟာ အပင်တွေကိုကြီးထွားပုံပေါ်စေရာမှာ အများကြီးအကူအညီဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကုချင်းနတ်သမီး ရှားပိုင်ဝေနဲ့အပင်မြူတန့်ဗီးနပ်စ်တို့က နှစ်ယောက်ပေါင်းလိုက်ချိန်မှာ အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်သွားတယ်။

ရုတ်တရက်ဆိုသလိုပဲ ဝံပုလွေနှလုံးသားနဲ့တိုက်ခိုက်နေတဲ့ ဆိုဖီယာက သူ့အင်အားတွေအားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။ သူ့ခန္ဓာကိုယ်က အကန့်အသတ်ကို ရောက်နှင့်ပြီးနေပါပြီ။ အခုကတော့ တကယ်ပျက်စီးရမယ့်အချိနိရောက်လာတာပါ။ ဂျာမန်မိန်းကလေးရဲ့ခန္ဓာကိုယ်က လေပေါ်မှာဝဲမနေနိုင်တော့ဘဲ အားအင်ကင်းမဲ့စွာနဲ့ မြေပေါ်ကို ပြုတ်ကျလာတယ်။ သေဆုံးခြင်းအငွေ့အသက်တွေလည်း ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာသွားတယ်။

ဒါက ယာမီထည့်ပေးထားတဲ့ သေဆုံးခြင်းစွမ်းအားတွေဖြစ်ပြီး ဆိုဖီယာရဲ့ဂျာမန်သူခန္ဓာကိုယ် သက်ဝင်လှုပ်ရှားစေတဲ့ နောက်အကြောင်းပြချက်တစ်ခုပါ။ အခုတော့ အကျိုးသက်ရောက်မှုကုန်ဆုံးသွားပုံပဲ။

"သူသေသွားပြီလား...." ရှားပိုင်ဝေက ကုချင်းတီးနေတာကို ခဏရပ်လိုက်ပြီး မေးလိုက်တယ်။ ဗီးနပ်စ်ကလည်း ပြောလိုက်ပါတယ်။

"ခန္ဓာကိုယ်ကတော့ ပျက်စီးသွားပြီ။ ဒါပေမဲ့ သူ့စိတ်ဝိညာဥ်ကို ပျက်စီးအောင်လုပ်နိုင်မယ့်နည်းလမ်း ငါတို့မှာမရှိဘူး။ နတ်ဘုရားအသံဆိုတဲ့ဂြိုဟ်သားတွေက သတ်ရသိပ်ခက်တယ်။"

ဒါပေမဲ့ အဲဒီအချိန်မှာပဲ မြေပြင်တစ်ခုလုံးတုန်ခါသွားပြီး နေရာတစ်ခုလုံးကို စက်ဝိုင်းအခုံးပုံစံ ဖုံးအုပ်ထားတဲ့ နွယ်ပင်တချို့ မြေပြင်ပေါ်ကို ပြတ်ကျလာပါတယ်။ ဗီးနပ်စ်က ကောင်းကင်ပေါ်မော့ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"သေစမ်း၊ တစ်ခုခုလာနေပြီ။"

သစ်ခေါက်တွေနဲ့ ဖွဲ့စည်းထားတဲ့ လက်ကြီးတစ်ဖက်က နွယ်ပင်အမိုးခုံးကို ပထမဆုံးထိုးဖောက်လိုက်တယ်။ နောက်တော့ နောက်ထပ်လက်ကြီးတစ်ဖက်ကပါ ထပ်ရောက်လာပြီး နဂိုပေါက်ပြီးသားအပေါက်ကို ဆွဲဖြဲပစ်လိုက်လေရဲ့။ အဲဒီအချိန်ကျမှ သူတို့ဆီကိုလာနေတဲ့အရာကို သေချာမြင်လိုက်ရတော့တယ်။

"ents ကောင်ကြီးလား...."

ဗီးနပ်စ်က ပြောလိုက်တယ်။ အသက်ဝင်နေတဲ့ အပင်ကြီးက အနည်းဆုံးပေသုံးရာလောက်မြင့်ပြီးတော့ အထက်မြင့်တိုက်ကြီးလိုမျိုး ဖြစ်နေပါတယ်။ လူလိုပဲ သစ်တုံးကြီးပေါ်မှာ မျက်လုံးနေရာတွေ၊ ပါးစပ်တွေပါပြီး ကြောက်စရာကောင်းတဲ့ အပြာရောင်မီးလျှံအခိုးတွေက သူ့ပါးစပ်တွေနှာခေါင်းတွေကနေ ထွက်နေပါတယ်။ The entsဆိုတာက The Lord of the Ringsမှာပါတဲ့ အသက်ရှိပြီးလမ်းလျှောက်တတ်တဲ့ အပင်မျိုးနွယ်ပါ။ အခုတော့ ဒီစိတ်ကူးယဥ်သတ္တဝါကြီးက တကယ်ကြီးအပြင်ရောက်လာပြီ။

"ဟုတ်တာပေါ့... entsတစ်ကောင်ရောက်လာတာလေ။ ဒါပေမဲ့ နင်တို့ကြည့်နေတဲ့ သစ်ပင်ကြီးက ငါမဟုတ်ဘူးဟဲ့။ နင်တို့ငါ့ကို ပိုကြောက်သင့်တယ်။"

သစ်ပင်ကြီးရဲ့နဖူးနေရာမှာတော့ လူတစ်ကိုယ်ထိုင်စာ နေရာလေးတစ်ခုရှိနေပြီးတော့ အသက်ဆယ့်ငါးနှစ်အရွယ်လောက်ရှိမယ့် အဖြူရောင်ဝါဝန်နဲ့ မိန်းကလေးတစ်ယောက်ရှိနေတာ။

မမှည့်သေးတဲ့ ပန်းသီးအခွံလိုမျိုး အစိမ်းရောင်သန်းပြီး ဝင်းလဲ့လှပနေတဲ့ အသားအရေ၊ အစိမ်းရောင်မျက်လုံးတွေနဲ့အညိုရောင်မျက်လုံးတွေက အဲဒီမိန်းကလေးရဲ့ယေဘုယျရုပ်သွင်ကို ဖော်ပြနေတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ သာမန်ထူးခြားမှုမရှိတဲ့ ဆယ်ကျော်သက်လေးလို့ထင်ရပေမဲ့ လူတွေမှာမရှိသင့်တဲ့ သခင်ဦးချိုရှည်တစ်စုံက သူ့ခေါင်းပေါ်မှာရှိနေပြီး သူ့ဂါဝန်အနားစပ်အောက်မှာ ရှည်လျားတဲ့ သမင်အမြီးလေးဖျားလေးက ထွက်နေသေးတယ်။

ဒါက လေယာဥ်ပေါ်ကနေ ခုန်ဆင်းလာခဲ့တဲ့ ပန်းသီးလေးဖြစ်ပြီး Loliလေးပုံစံကနေ နည်းနည်းအရွယ်ပိုရောက်တဲ့ ပုံစံအဖြစ်ကိုပြောင်းသွားတာပါ။ ပြီးတော့ ပျားချပ်ချပ်လေးမဟုတ်တော့ဘဲ သစ်တော်သီးလေးတွေက ရင်ဘတ်မှာနေရာယူထားပြီးနေပြီ။

"ငါက နင်တို့ခေတ်သစ်လူသားတွေ ရှိမလာခင်ကတည်းက ရှိခဲ့တဲ့ သဘာဝဝိညာဥ်၊ သစ်တောသူတော်စင်ပဲ။ တောထဲမှာ အဖျက်ပိုးကပ်ပါးတစ်ကောင်ရောက်နေလို့ ရှင်းဖို့လာခဲ့တာ။"

ပန်းသီးလေးရဲ့မျက်လုံးတွေက ဗီးနပ်စ်အပေါ်မှာ ကျရောက်နေတယ်။ ဗီးနပ်စ်ကိုယ်တိုင်လည်း အနီးအနားသစ်ပင်တွေကို ပူးကပ်ထားတဲ့ သူ့ကပ်ပါးပင်တွေနဲ့ အဆက်အသွယ်ပြတ်သွားတာကို သတိထားမိလိုက်ပြီး မျက်နှာပျက်သွားတယ်။

ပန်းသီးလေးရဲ့ယုံကြည်ချက်အပြည့်နဲ့မျက်နှာကိုမြင်လေလေ၊ သဘာဝရန်သူတစ်ယောက်ကို မြင်ရသလို ခံစားလာရလေပါ။

အပင်မျိုးစိတ်တွေထဲမှာ တချို့အပင်တွေက ကပ်ပါးပင် ကူးစက်တာမခံရနိုင်ပါဘူး။ သူတို့တွေမှာက ကပ်ပါးဆန့်ကျင်နိုင်တဲ့ ဓာတ်တစ်မျိုးမျိုးရှိနေတတ်ကြပြီးတော့ မှိုတွေနဲ့တခြားကပ်ပါးပင်တွေကို ခုခံနိုင်ပါတယ်။ ပန်းသီးလေးက ဗီးနပ်စ်ကို ရန်သူတော်လိုမျိုးကြည့်နေရင်း ပြောလိုက်တယ်။

"နင်က အနီးကပ်ကြည့်တော့မှ တော်တော်ရွံဖို့ကောင်းတာပဲ။ နင်က လူသားကို ဘာကိစ္စပေါက်ကရအပင်တွေနဲ့ ပေါင်းစပ်ထားတာလဲ။ နင့်ကိုယ်ကနေ အသီးတွေသီး၊ အရွယ်တွေပေါက်ချင်နေတာလား။ အခုတောင်အမြစ်တွေထွက်နေပြီ။ နင့်ကိုမြန်မြန်သတ်လိုက်တာ အပင်တွေအတွက်ပိုကောင်းတယ်။"

အဲဒီနောက်တော့ အသက်ဝင်နေတဲ့ သီဘီလူးကြီးက ပါးစပ်ကိုဟလိုက်ပြီး အပြာရောင်မီးပြာမှုန်တွေကို မှုတ်ထုတ်လိုက်တယ်။ အဲဒီပြာမှုန်တွေက ဗီးနပ်စ်ရဲ့အပင်တွေကို ထိသွားပြီး ချက်ချင်းခြောက်သွေ့သေဆုံးသွားစေတယ်။

"သေစမ်း... ဒီတစ်ယောက်က မလွယ်ဘူး၊ ပြေးမှပဲ။" နဂိုက တက်ကြွနေခဲ့တဲ့ ဗီးနပ်စ်ဟာ သူ့ပန်းဘုရင်မကြီးကို ပြန်သိမ်းလိုက်ပြီး အတောင်ပံကိုခတ်ကာ ထွက်ပြေးဖို့လုပ်ပါတော့တယ်။ ဒါကြောင့်အပင်နယ်မြေကြီးတစ်ခုလုံး ပြိုကျသွားတယ်။

ရှားပိုင်ဝေကတော့ စိတ်ပျက်စွာနဲ့ အော်ဟစ်နေပါပြီ။ "ဘာလို့ နောက်ထပ်အပင်မြူတန့်တစ်ယောက် ထပ်ရောက်လာတာလဲ။ ငါတို့ကို မထားခဲ့နဲ့လေ။"

ဝံပုလွေနှလုံးသားဟာလည်း အလားတူပဲထိတ်လန့်နေတယ်။ ဗီးနပ်စ်ကို စတိုက်ခိုက်တယ်ဆိုတော့ အသစ်ရောက်လာတဲ့သူက သူတို့ဖက်ကမဟုတ်တာ အသိသာကြီးပဲလေ။ ဒါပေမဲ့ ဗီးနပ်စ်ကတော့ သူတို့ကို ရှင်းပြမယ့်ပုံမပေါ်ဘူး။

"ကျွန်မတော့ပြေးပြီ၊ ရှင်တို့ဘာသာရှင်တို့ အသက်ရှင်အောင် ဂရုစိုက်ကြ။"

ဒါပေမဲ့ ပန်းသီးလေးကရော ဒီအတိုင်းပေးပြေးမှာတဲ့လား။ ပန်းသီးလေးရဲ့အစိမ်းရောင်ဆံပင်တွေက လေထဲမှာ မျောလွင့်လာပြီး နွယ်ပင်တွေအဖြစ်ကို စတင်ပြောင်းလဲလာတယ်။ ဒီနွယ်ပင်တွေက ယင်စားနွယ်တွေနဲ့မတူပါဘူး၊ အဲဒီအစား ကြီးမားတုတ်ခိုင်ပြီးတော့ ပိုအရိုင်းဆန်တယ်။ ကမ္ဘာသစ်ပင်ကြီးတစ်ခုက မသေဆုံးနိုင်တဲ့ ရှေးဟောင်းသစ်နွယ်တွေလိုပဲ။

တချို့နွယ်တွေက မြွေပွေးမြွေဟောက်တွေလိုမျိုး ဗီးနပ်စ်နောက်ကို လိုက်သွားချိန်မှာ တချို့ရတော့ မြေပြင်ကို ဖောက်ဝင်ပြီးတော့ ပိုမိုကြီးထွားလာတယ်။ အဲဒီနောက်တော့ လက်ဖဝါးပုံစံဖွဲ့စည်းထားတဲ့ နွယ်ပင်ကြီးတွေက မြေပြင်ကနေ ဖောက်ထွက်လာပြီး ဖီးနပ်စ်ကို ဆုပ်ကိုင်ဖမ်းဆီးဖို့ ကြိုးစားတော့တာပဲ။ ရှားပိုင်ဝေနဲ့ဝံပုလွေနှလုံးသားတို့အနေနဲ့ သူတို့ရှေ့ကမြင်ကွင်းနဲ့ပတ်သက်ပြီး ပြောဖို့ဖော်ပြချက်တစ်ခုပဲရှိတယ်၊ အဲဒါက ကြမ်းလွန်းတယ်ဆိုတာပဲ။

"ကပ်ပါးပင်တွေကိုသုံးပြီး သစ်ပင်တွေရဲ့အသက်ဓာတ်ကိုစုပ်ယူ၊ ကျွန်တွေလိုမျိုးခိုင်းစားခဲ့တဲ့အပြစ်သား။ တောအုပ်ရဲ့ဆန္ဒကိုယ်စား နင့်ကိုအပြစ်ပေးရမယ်။"

ပန်းသီးလေးက ဗီးနပ်စ်ထွက်ပြေးနေတဲ့ဖက်ကို လက်ညိုးညွန်လိုက်တယ်။ သစ်ဘီလူးပင်ကြီးကတော့ သူ့သစ်မြစ်တွေကို ခြေထောက်တွေလိုမျိုးလှုပ်ရှားပြီး နေရာကနေ စရွေ့ပါတယ်။ သူတို့က ဗီးနပ်စ်နောက်ကို လိုက်နေတာဖြစ်ပြီး ဟိုS rankနှစ်ယောက်ကိုတော့ ရှိတယ်လို့တောင် မထင်တဲ့ပုံပဲ။

ရှားပိုင်ဝေနဲ့ဝံပုလွေနှလုံးသားတို့လည်း ဘာမှမပြောဘဲ နေရာကနေ တိတ်တိတ်လေး ထွက်ပြေးဖို့လုပ်ကြတယ်။ ဒါပေမဲ့ ချွန်ထက်တဲ့ ကျောက်ခဲလေးတစ်ခုက ဝံပုလွေနှလုံးသားရဲ့နောက်ကျောက်ကနေ ဖောက်ထွက်သွားပြီး ရှားပိုင်ဝေရဲ့လည်မျိုကိုပါ စိုက်ဝင်သွားတယ်။

"ဘယ်လိုလုပ်ပြီးတော့...." ဝံပုလွေနှလုံးသားက လဲကျမသွားခင် သူ့ရင်ဘတ်ကိုသူ စမ်းသပ်လိုက်တယ်။ နောက်တော့ သွေးတွေဒလဟောစီးကျလာပြီး အရုပ်ကျိုးပျက်ပုံကျသွားတော့တယ်။

ရှားပိုင်ဝေက သူ့လည်ပင်းကိုစမ်းသပ်ပြီး တစ်ခုခုကို ပြောလိုက်ချင်ပေမဲ့ မပြောနိုင်ခဲ့ဘူး။ နောက်တော့ အကြောတစ်ချက်ဆိုင်းသွားပြီး မျက်လုံးတောင်မမှိတ်နိုင်ဘဲ သေဆုံးသွားတော့တယ်။

S rankနှစ်ယောက်လုံး သေဆုံးသွားပြီးတဲ့နောက်မှ အစိမ်းရောင်ကြယ်မှုန်လေးတွေက စုဝေးလာပြီး ဆိုဖီယာရဲ့ခန္ဓာကိုယ်အစစ်က လူမြင်နိုင်တဲ့အနေအထားကို ပြန်ရောက်လာတယ်။ အစောပိုင်းက ဒီလူတွေကို အငိုက်ဖမ်းဖို့အတွက် သူကိုယ်ဖျောက်နေခဲ့တာပါ။ အခုတော့ သူအခွင့်အရေးရခဲ့ပြီး အားလုံးကို တစ်ချက်တည်းသတ်လိုက်နိုင်တယ်။ ဗီးနပ်စ်ကိုတော့ သူထည့်တွေးမနေတော့ဘူး။ အသစ်ရောက်လာတဲ့သူက သူ့ကိုဖြေရှင်းပါလိမ့်မယ်။ လောလောဆယ် သူ့မှာတခြားကိစ္စတွေကို စဥ်းစားဖို့ အချိန်မရှိဘူး။

"ငါတောင်မှ ခန္ဓာကိုယ်ပျက်စီးသွားတာဆိုတော့ တခြားသူတွေလည်း အခက်တွေ့နေလောက်တယ်။ မက်ဒါနာကိုသွားကူရဦးမယ်။"

ဆိုဖီယာက သူ့ရဲ့ပျက်စီးနေတဲ့ ခန္ဓာကိုယ်ကိုကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်တယ်။ ကြည့်ရတာ ပြန်သုံးလို့ရမယ့်ပုံမပေါ်ဘူး၊ နောက်ဆုံးတော့ သူ့မျက်လုံးက သေနေတဲ့ ရှားပိုင်ဝေခန္ဓာကိုယ်ပေါ်ကို ရောက်သွားတယ်။

"ကြည့်ရတာ ရွေးစရာမရှိတဲ့ပုံပဲ။"

စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်တော့ ရှားပိုင်ဝေရဲ့လည်တိုင်ကအပေါက်ဟာ ပြန်စေ့သွားတယ်။ အဲဒီနောက်တော့ ရှားပိုင်ဝေဟာ ထထိုင်လိုက်ပြီး သူ့ကိုယ်သူ ပြန်ငုံကြည့်လိုက်တယ်။ တော်တော်ကြာမှ ပါးစပ်ကိုဟလိုက်ပြီး ဝင်သက်ကို အမြန်ရှူလိုက်ပါတယ်။ ရှားပိုင်ဝေက သေတာမကြာသေးတဲ့အတွက်ကြောင့် ဆိုဖီယာအနေနဲ့ သေပြီးသားလူတစ်ယောက်ရဲ့ကိုယ်ထဲကို ဝင်နေတယ်လို့တောင် မထင်ရပါဘူး။ ဆိုဖီယာရဲ့နဂိုကျောင်းသူခန္ဓာပဲဖြစ်ဖြစ် ဂျာမန်သူခန္ဓာပဲဖြစ်ဖြစ် သိသာတဲ့အပိုင်းတွေရှိနေပြီးတော့ အခုလိုမျိုး ပြီးပြည့်စုံတာမျိုး ရှိမနေခဲ့ဘူးလေ။

ရှားပိုင်ဝေရဲ့မျက်လုံးတွေက အစိမ်းရောင်တောက်ပလာပြီး ခန္ဓာကိုယ်ကလည်း လေထုထဲကို မြောက်တက်လာတယ်။ နဂိုရှားပိုင်ဝေထုတ်သုံးခဲ့တဲ့ အသံလှိုင်းတွေနဲ့ပင့်တင်ထားတာမဟုတ်ဘဲ ဒီတစ်ခါတော့ ဆိုဖီယာရဲ့စိတ်စွမ်းအားနဲ့ ပင့်တင်ထားတာပါ။ အဲဒီနောက်တော့ ဆိုဖီယာက မက်ဒါနာရှိနေတဲ့နေရာကို မှန်းဆလိုက်ပြီး ထွက်ခွာသွားတယ်။ ကုချင်းကိုတောင် မယူခဲ့ဘဲနဲ့ပေါ့။

ငါးမိနစ်လောက်ကြာတော့ နတ်မြင်းပျံကြီးစီးလာတဲ့ လူကန်နဲ့ဖရန့်တို့ ဆိုဖီယာနဲ့S rankတွေ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို ရောက်လာပါတယ်။ လူကန်က မြေပေါ်ဆင်းလိုက်ပြီး တိုက်ပွဲကနေ ကျန်ခဲ့တဲ့သဲလွန်စတွေကို ကြည့်လိုက်တယ်။

"ဒီတိုက်ပွဲက S rankတွေရဲ့တိုက်ပွဲပဲ၊ ရုရှားက ဝံပုလွေနှလုံးသားတောင် ဒီမှာလာသေနေတယ်။ ငါတို့တော်တော်နောက်ကျသွားတာပဲ။ မင်းညီမလေးတော့ ငါတို့ကိုဆူတော့မယ်။"

ဖရန့်က အော်ကြီးဟစ်ကျယ်နဲ့ ပြောလိုက်ပါတယ်။ ဘာပဲပြောပြော ဖရာလီတာက လူကန်ရဲ့ညီမဝမ်းကွဲပါ။ လူကန်ကတော့ ဖရန့်ပြောတာတွေကို ဂရုမစိုက်ဘဲ သဲလွန်စတွေကို ဆက်လေ့လာနေတယ်။

"ဒီမှာတိုက်ခိုက်ခဲ့တာ S rankerသုံးယောက်ပဲ။ တရုတ်က ရှားပိုင်ဝေပါပါတယ်။ ဟိုမှကြည့်... သူ့ကုချင်းမဟုတ်လား... ပြီးတော့ ဟိုမှာသေတာနည်းနည်းကြာနေတဲ့အလောင်းကို ငါတို့သိတယ်မလား။ နတ်ဘုရားအသံအဖွဲ့ရဲ့ခေါင်းဆောင်လေ..."

လူကန်က မြေပေါ်မှာပြုတ်ကျနေတဲ့ သွေးစွန်းကုချင်းရယ်၊ ပျက်စီးနေတဲ့ ဂျာမန်သူခန္ဓာကိုယ်ရယ်ကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်တယ်။ ဖရန့်ကတော့ လူကန်ပြောသမျှကို နားလည်နိုင်ပုံမရဘူး။ သူ့ဉာဏ်လေးသေးသေးလေးနဲ့ မနည်းလိုက်စဥ်းစားနေရတယ်။

"ဆန်းကြယ်တဲ့ နတ်ဘုရားအသံအဖွဲ့ခေါင်းဆောင်တောင် သေသွားတာလား၊ တိုက်ပွဲက တကယ့်ကို ကြောက်စရာပဲ။"

လူကန်ကတော့ ဖရန့်စကားကြောင့် ခေါင်းကိုခါယမ်းလိုက်ပြီး "မဟုတ်ဘူးကွ၊ မင်းစိုးရိမ်ရမှာက ရှားပိုင်ဝေကို။ ရှားပိုင်ဝေက အဲဒီကုချင်းကို ဘယ်တုန်းကမှ လက်ကချတာမဟုတ်ဘူး။ ငါတို့သိသလောက် နတ်ဘုရားအသံခေါင်းဆောင်က လူသေခန္ဓာတွေကိုဝင်ပူးလို့ရတယ်။ အဲဒီခန္ဓာကိုယ်ကိုကြည့်ရတာ အရိုးတွေရောသွေးကြောတွေပါ ဆိုးဆိုးဝါးဝါးပျက်စီးနေပြီ။ ရှားပိုင်ဝေလည်း ကုချင်းကြီးထားပြီး ပျောက်နေတာဆိုတော့..."

"ပျောက်နေတယ်... အဲဒါဆို ဘာဖြစ်ခဲ့တာလဲ။" ဒီလောက်ရှင်းနေတဲ့ကိစ္စကြီးကို ဖရန့်နားမလည်ခဲ့ဘူး။ လူကန်ကတော့ မဲ့ရွဲ့နေပြီ။ 'ဥရောပဟီးရိုးကျောင်းမှာတုန်းက ဒီကောင်ခွန်အားသုံးရင်ရတဲ့အမှတ်တွေကလွဲရင် တခြားဘာသာရပ်တွေမှာ အောင်မှတ်ပဲရတာ မထူးဆန်းဘူး။'လို့တောင် တွေးမိလိုက်သေးတယ်။

"ရှားပိုင်ဝေနဲ့ဝံပုလွေနှလုံးသားက နတ်ဘုရားအသံခေါင်းဆောင်ကို ဝိုင်းတိုက်ခဲ့တာ။ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်နိုင်ပေမဲ့ သူတို့အသတ်ခံလိုက်ရပြီး ရှားပိုင်ဝေရဲ့ခန္ဓာကိုယ်က နတ်ဘုရားအသံအပိုင်စီးတာ ခံလိုက်ရတယ်။"

"အဲဒီလိုလား... ဒီလိုဆိုရင် ငါ့Loliလေး ဒီမှာမရှိဘူးပေါ့။" လူကန်နဲ့ဖရန့်တို့က လေယာဥ်ကို အရေးပေါ်ဆင်းလို့ရအောင် ကူညီပေးပြီးနောက် ပန်းသီးလေးကို လိုက်ရှာနေတာပါ။ ဆုဗာနာမှာ ဖြစ်ပျက်နေတာတွေကို သူတို့မသိကြဘူး။ လူကန်ကတော့ ဖရန့်ကို စိတ်ပျက်ပျက်နဲ့ကြည့်ရင်း တစ်နေရာကို လက်ညိုးထိုးပြလိုက်တယ်။ အဲဒီမှာ ပေသုံးရာနီးပါးမြင့်တဲ့ သစ်ပင်ကြီးက လိပ်ပြာလေးလိုပျံနေတဲ့ ဗီးနပ်စ်ကို လိုက်ဖမ်းနေတယ်။ သူတို့နဲ့ တော်တော်လှမ်းတယ်ဆိုပေမဲ့ မြင်တော့မြင်နေရသေးတယ်လေ။

"မင်းမျက်လုံးကန်းနေတာလား...."

ဖရန့်: "OwO"

....

သီးခြားခွဲထားတဲ့ လှောင်အိမ်လေးတစ်ခုထဲမှာတော့ မက်ဒါနာက သဲလက်တစ်ဆုပ်စာကို ကြမ်းပြင်ပေါ်မှာ ဖြူးလိုက်ပြီးတော့ တစ်ယောက်တည်း Tic Toc ကစားနေလိုက်တယ်။ တစ်ယောက်တည်း စက်ဝိုင်းလေးတွေဝိုင်းလိုက်၊ ကြက်ခြေလေးတွေခတ်လိုက်နဲ့။ ယောကျ်ားလေးဘဝတုန်းကလည်း အိမ်မှာတစ်ယောက်တည်းပျင်းရင် လုပ်နေကျလေ။

အစကတော့ သူအဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သိပ်မစိုးရိမ်ခဲ့ဘူး။ သူများတွေကိုဖမ်းထားတဲ့ လှောင်အိမ်တွေက စမတ်သော့တွေနဲ့ဆိုတော့ သူတော်တော်ပျော်နေခဲ့တာလေ။ သူ့မြူတန့်အစွမ်းနဲ့ဆိုရင် စမတ်သော့တွေက ရှိတာနဲ့မရှိတာ ထူးမကွာဘူး။

ကံဆိုးတာကတော့ mad doctorဟာ သူ့အစွမ်းကိုသိနေပြီး သူ့ကို တခြားသူတွေနဲ့အတူတူမထားပါဘူး။သူ့လှောင်အိမ်သော့ကလည်း ရှေးခေတ်ဟောင်းက ဘဏ်အာမခံသော့ကြီးနဲ့။ လျှို့ဝှက်ကုတ်သိမှ ဖွင့်လို့ရတာကြီး။ ဗီးနပ်စ်နဲ့တိုက်ပွဲတုန်းက ဟယ်လီကော်ပတာကြီးကို သူဆွဲချခဲ့ဖူးသလို Archmegaနဲ့တုန်းကလည်း OSတစ်ခုလုံး Shut downလုပ်ပြီး အနိုင်ယူဖူးတယ်လေ။ အဲဒီဗီဒီယိုတွေက အွန်လိုင်းပေါ်မှာပြန့်နေတော့ Mad doctor မသိဘဲဘယ်နေမလဲ။

တကယ်တော့ သဲတွေကိုလက်ညိုးနဲ့ထိုးပြီးဆော့နေတာက မက်ဒါနာအကြံအိုက်လို့လုပ်နေတာ။ သူ့ဝတ်စုံကိုလည်း ဟိုကြေးစားတွေသိမ်းသွားပြီမလို့ အခုဂျင်းဘောင်းဘီပေါင်တိုလေးနဲ့ တီရှပ်လေးပဲ ဝတ်ထားရတာ။

"ဒီသော့က ရိုးရိုးသော့ဆိုတော့ ဟိုကောင်တင်မီလုပ်သလိုမျိုး ကလစ်တို့ဘာတို့နဲ့ထိုးကြည့်ရင် ရလောက်မလား။ လျှို့ဝှက်ကုတ်ကတော့ သူတို့ဖွင့်တုန်းကဟာ ငါမှတ်မိတယ်။ သူတို့ငါ့မျက်လုံးကို ဖုံးထားဖို့မေ့သွားတယ်။ ဒါပေမဲ့ ငါက ဆံပင်ကိုဆံထုံးမထုံးတော့ ကလစ်ပါမလာဘူး။"

သူ့ကိုခတ်ထားတဲ့ ဘဏ်အာမခံသော့က လျှို့ဝှက်ကုတ်ပါတဲ့ လှည့်လို့ရတဲ့ဘီးတစ်ခုပါပြီး သော့တံလည်းပါတယ်။ သော့ရထားရင်တောင် ကုတ်ကိုသိမှဖွင့်လို့ရတယ်၊ ကုတ်ပါရင်လည်း သော့ပါမှဖွင့်ရမှာပါ။ ဒါကြောင့် ကြေးစားတွေက ယုံကြည်မှုလွန်ကဲနေပြီး သူ့မျက်လုံးကိုမဖုံးဘဲ တံခါးဖွင့်ခဲ့ကြတာ။

"သေစမ်း... ငါ့မှာသော့ဖွင့်လို့ရမယ့်အတံဆိုလို့ ညီငယ်လေးပဲရှိတယ်.... အဲ၊မှားလို့... ငါ့ညီငယ်လေးက အပန်းဖြေခရီးထွက်သွားပြီး ပြန်မလာသေးဘူးပဲ။"

ခဏလောက်ကြာတော့ မက်ဒါနာတစ်ယောက် စိတ်မွန်းကျပ်လာပြီး အကျယ်ကြီးအော်ဟစ်လိုက်တယ်။ "အား....." သူမေ့ထားတဲ့ ညီလေးမရှိတော့ဘူးဆိုတဲ့ အိပ်မက်ဆိုးကြီး ပြန်နိုးထလာတာကိုး။

'အု...အ...' သူအကျပ်ရိုက်ပြီး ထွက်လို့ရမယ့်နည်းလမ်းကို စဥ်းစားနေတုန်းမှာပဲ အပြင်ဖက်ကနေ တိုက်ခိုက်သံ ခပ်အုပ်အုပ်ထွက်လာပြီး အဆောင်နှစ်ယောက်ရဲ့ခြေသံ ပျောက်သွားတယ်။ ကြည့်ရတာ Mad doctorရဲ့စခန်းထဲကို တစ်ယောက်ယောက် ဝင်လာပုံပဲ၊ ပြီးတော့ အဲဒီတစ်ယောက်က ကျွမ်းကျင်သူ။ ကြေးစားအစောင့်တွေကို သတိမေ့အောင်လုပ်ပြီး အသံမထွက်အောင် သာသာလေးလှဲသိပ်လိုက်တာမလို့ လဲကျတဲ့အသံထွက်မလာတာ။

"ဆိုဖီယာများလား..." မက်ဒါနာက သူ့ကိုလာကယ်နိုင်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ လူစာရင်းကို စဥ်းစားကြည့်လိုက်တယ်။ စစ်ဆင်ရေးလုပ်နေတဲ့ တခြားအဖွဲ့ကလူတွေ သူတို့ကိုလာကူညီတာလည်းဖြစ်နိုင်တယ်။ အဖြစ်နိုင်ဆုံးက ဆိုဖီယာသူဒုက္ခရောက်နေမှန်းသိပြီး ရောက်လာတာပဲ။

'ဒီအတိုင်းဆိုရင် မင်းသားလေးက ပြန်ပေးဆွဲခံရတဲ့ မင်းသမီးလေးကို လာကယ်သလိုဖြစ်နေတော့မှာပဲ။ မဟုတ်သေးပါဘူး... ဆိုဖီယာက မိန်းကလေးဆိုတော့၊ ဘုရင်မကြီးက မင်းသမီးလေးကို လာကယ်တာ ဖြစ်ရမှာ။' မက်ဒါနာတစ်ယောက် စိတ်ကူးလေးတွေနဲ့ ကြိုရူးမိပြီး ပြုံးလိုက်မိတယ်။

ခဏနေတော့ အနက်ရောင်မိုးကာကြီးကိုခြုံထားတဲ့ လူတစ်ယောက် ရွက်ဖျင်တဲထဲ ခိုးဝင်လာတယ်။ အဲဒီနောက် မက်ဒါနာအဖမ်းခံထားရတဲ့ လှောင်အိမ်းနားကိုရောက်လာပြီး အဲဒီလူက Knightတစ်ယောက်လိုမျိုး ဒူးထောက်ချလိုက်တယ်။ သူ့ကျောမှာကလည်း သိမ်းငှက်တောင်ပျံလို ခေါက်ထားတဲ့ တောင်ပံတစ်ခုလည်းရှိနေသေးတယ်။

"မင်းသမီးလေး၊ အရင်က ကျွန်တော့်ကိုကူညီပေးထားတာကို အမှတ်ရတဲ့အနေနဲ့ ဒီကျေးကျွန်က အခုပဲ အပြင်ကိုခေါိထုတ်ပေးသွားပါမယ်။"

အဲဒီလူခေါင်းမော့လိုက်တဲ့အချိန်မှာ မက်ဒါနာရဲ့အပြုံးက ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပြီး တစ်ဖက်ကိုလှည့်ကာ ဘာမှမရှိတဲ့ဗိုက်ထဲက လေတွေကို အန်ချလိုက်မိတယ်။

"ဝေါ့...." အဲဒီနောက်တော့ သူ့ကိုလာကယ်တဲ့လူဖက်ကို လှည့်လိုက်ပြီး မေးလိုက်တယ်။

"ဖရက်၊ နင်က ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေရတာလဲ။"

ဖရက်ဆိုတဲ့ကောင်လေးက မင်းလွင်ကျောင်းမှာတုန်းက အမြဲအနိုင်ကျင့်ခံနေကျ သေးသေးညှပ်ညှပ်ကောင်လေး။ ဒါပေမဲ့ သိပ်မကြာခင်က ဘလက်ဘရားသားဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး နိုင်ငံတကာအဆင့် ဝရမ်းပြေးဖြစ်နေတာ။ သူဒဏ်ရာရနေတုန်း မက်ဒါနာ ကူညီပေးခဲ့ဖူးတယ်။

"ဟုတ်... တကယ်တော့ မင်းသမီးလေး ဆုဗာနာပြန်တော့မယ်လို့ ကြားကတည်းက ကျွန်တော်ဆုဗာနာကို ကြိုရောက်နေတာပါ။ မင်းသမီးလေး မိန့်ခွန်းပြောတုန်းကတောင် ကျွန်တော်ရှိနေသေးပေမဲ့ အခွင့်အရေးမရလို့ ရှေ့မထွက်လာတာပါ။ အခုမစ်ရှင်လုပ်တော့လည်း တစ်လမ်းလုံးလိုက်စောင့်ရှောက်ပေးခဲ့ပေမဲ့ ဟီးရိုးတွေက ကျွနိတော့်ကိုအကောင်းမမြင်မှာစိုးလို့ ရှေ့ထွက်မကူညီခဲ့တာပါ။"

"အမ်... နေ...နေပါဦး... နင်က ငါ့ကိုစောင့်ရှောက်ပေးတယ်။ လာနောက်နေတာလား...."

မက်ဒါနာတစ်ယောက် သူ့ကိုယ်သူ မင်းသားလေးက နောက်ကစောင့်ရှောက်ပေးတာခံရတဲ့ မင်းသမီးလေးလိုမျိုး တွေးမိသွားတယ်။ ပိုဆိုးတာက ရိုးရိုးမင်းသားမဟုတ်ဘဲ ဝါကန်ဒါမင်းသားလေး။

'ဝေါ့...' မက်ဒါနာတစ်ယောက် မဟုတ်ကဟုတ်ကတွေ လျှောက်တွေးမိပြီး လေတွေထပ်အန်မိလိုက်တယ်။ 'သေစမ်း... ငါ့ရဲ့မည်းမှောင်နေတဲ့စိတ်ကြီးကို မုန်းလိုက်တာ။ ဟိုဟာတွေကို စဥ်းစားမိလာပြန်ပြီ။' မက်ဒါနာတစ်ယောက် စိတ်ထဲမှာ တိတ်တိတ်လေး ကျိန်ဆဲလိုက်တယ်။

"မင်းသမီးလေး... သူတို့မကြာခင် တစ်ယောက်ယောက်ခိုးဝင်လာမှန်း သိသွားလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တံခါးဖွင့်ပေးမယ်။ ဒီကနေ ထွက်သွားရအောင်။"

ဖရက်က သူအစောင့်တွေဆီကနေ လုယူလာတဲ့ သော့တံကို သော့ခလောက်ထဲ ထိုးထည့်လိုက်ပြီး လှည့်ဖို့ကြိုးစားပေမဲ့ လျှို့ဝှက်ကုတ်တွေပါတဲ့ ဘီးလုံးကိုမြင်တော့ မျက်ခုံးပင့်လိုက်တယ်။ မက်ဒါနာကတော့ သူသိပြီးသားဆိုတဲ့မျက်နှာနဲ့ ကုတ်ကိုပြောပြလိုက်တယ်။

"10640729" ဖရက်ကတော့ ခဏလောက် အံ့ဩသွားပြီးတဲ့နောက်မှ ပြုံးလိုက်ပြီး ဘီးလုံးကိုလှည့်ကာ မက်ဒါနာကို ပြောလိုက်တယ်။

"မင်းသမီးလေးဆိုတဲ့အတိုင်းပဲ... ကျွန်တော်ခန့်မှန်းထားသလိုပါပဲလား။"

"နင့်အမေကြီးကိုမှန်း... နင့်ကိုငါက ကျေးဇူးတင်မယ်ထင်နေလို့လား။" ဖရက်စကားကို ကြားပြီးတဲ့နောက် မက်ဒါနာတစ်ယောက် စိတ်ပေါက်ပေါက်နဲ့ ပြောချလိုက်တော့တယ်။

၄။

ကောင်စုတ်လေးဒီပနှင့်လယ်ရီတို့မှာလည်း ထွက်ပြေးဖို့အတွက် အကြံထုတ်နေကြဆဲပါ။ လယ်ရီက သူ့နှာခေါင်းကို တရှုံ့ရှုံ့လုပ်ရင်း ဒီပကိုပြောလိုက်တယ်။

"ဒီနေရာကို အပြင်လူတစ်ယောက်ဝင်လာတယ်၊ ငါတို့အဖွဲ့ကတော့မဟုတ်ဘူး၊ လူလုပ်မြူတန့်လည်းမဟုတ်တော့ မိတ်ဆွေလားရန်သူလား မသဲကွဲဘူး။"

"ခင်ဗျားက ခွေးလား၊ ဒီလောက်အနံခံကောင်းရအောင်။" ဒီပက စိတ်ပျက်ပျက်နဲ့ပြောလိုက်တယ်။ 'ဒီပိုးဟပ်လူကြီး သူ့ကိုနောက်နေတာတော့ မဟုတ်ပါဘူးနော်။' ကောင်အလေးဒီပက သူ့ကိုယုံပုံမပေါ်တော့ လယ်ရီက စပ်ဖြဲဖြဲရယ်ပြလိုက်ပြီး ဒီပလှောင်အိမ်နားကိုကပ်ကာ တီးတိုးလေးပြောလိုက်တယ်။

"ဒီကောင်တွေမေ့နေတာ တစ်ခုရှိတယ်ကွ၊ သူတို့ငါ့ကိုခတ်ထားတဲ့ လက်ထိပ်တွေက မြူတန့်တွေအတွက်လေ၊ ငါက မြူတန့်မဟုတ်တဲ့ ဂြိုဟ်သားဆိုတော့ အကျုံးမဝင်ဘူး။"

ကောင်လေးဒီပကတော့ လယ်ရီကို မယုံတဲ့မျက်နှာထားမျိုးနဲ့ မျက်မှောင်ကြုတ်ပြီး ဆက်ကြည့်နေတုန်းပဲ။ "ဒီလက်ထိပ်တွေက မြူတန့်တွေအတွက် ဆိုပေမဲ့ ခန္ဓာကိုယ်မှာပုံမှန်မဟုတ်တဲ့ စွမ်းအားတွေလှုပ်ရှားနေတာရှိရင် အလိုလိုတုံ့ပြန်ပြီး ခင်ဗျားကို ဓာတ်လိုက်အောင်လုပ်မှာလေ။ ဂြိုဟ်သားဆိုရင်တောင် တစ်အိမ်လုံးကိုတစ်ရက်စာ မီးပေးလို့ရတဲ့ ဓာတ်အားမျိုးနဲ့တစ်ချက်အတို့ခံရရင် ကင်ပြီးသားပရစ်ဖြစ်သွားမှာပဲဗျ။ ပရစ်ကင်ကြီးရဲ့ဘေးလှောင်အိမ်မှာတော့ မနေရဲပါဘူးနော်။"

"မင်းကလဲ... အဲဒီပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုဆိုတာကိုက လူသားတွေအတွက် ပုံစံထုတ်ထောက်လှမ်းတာလေကွ။ မယုံရင်ဒီမှာကြည့်..."

လယ်ရီရဲ့လူပုံစံလက်တွေက ရုတ်တရက်ကြီးထွားလာပြီး မြူတန့်လက်ထိပ်ကို ဖျက်ဆီးပစ်ပြီးသားဖြစ်သွားတယ်။ ခုတော့သတ္တုကွင်းလေးနှစ်ခုက ကျိုးကြေနေပြီး မြေပေါ်မှာပုံကျနေတယ်။ ဒီပကတော့ အဲဒီမြင်ကွင်းကြောင့် ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်တော့ဘူး။

"ခင်ဗျား... ဒီလိုလုပ်လို့ရတယ်ဆိုရင်လည်း အရင်တည်းက လုပ်တာမဟုတ်ဘူး။"

လယ်ရီကတော့ ကောင်လေးဒီပကို 'မင်းက ငတုံးလား'ဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး ရှင်းပြလိုက်တယ်။ "အစောပိုင်းတုန်းက မင်းမေလင်ကြေးစားတွေက ငါတို့နားမှာရှိနေတာလေကွာ။ သူတို့က အားနည်းပေမဲ့ Mad doctorကို သတင်းပို့လိုက်ရင် ငါတို့ဘဝတွေ ကင်းခြေများဗိုက်ထဲမှာ အဆုံးသတ်သွားလိမ့်မယ်။ ဒါနဲ့..."

လက်ထိပ်ပြုတ်သွားတဲ့ လယ်ရီက သူ့မူရင်းပုံစံကို ပြောင်းလိုက်ပြီးတော့ လှောင်အိမ်သံတိုင်တွေကို ဆွဲဖြဲကာ သူထွက်လို့ရအောင် အပေါက်ကြီးတစ်ပေါက်လုပ်လိုက်တယ်။ နောက်တော့ ဒီပရဲ့လှောင်အိမ်ကိုပါ ဖျက်ဆီးလိုက်ပြီး ကောင်လေးကို အပြင်ထုတ်ပေးကာ လက်ထိပ်ဖြုတ်ပေးလိုက်တယ်။

"ဦးလေးပိုးဟပ်၊ လက်ထိပ်က ဖြုတ်ပြီးတာမှန်ပေမဲ့ လက်ထိပ်မှာ ဆင်ဆာပါနေရင်ရော။ ကျွန်တော်တို့ လွတ်သွားတာကို အချက်ပြပြီးသားဖြစ်နေရင် ဘယ်လိုလုပ်မလဲ။" ဒီပက စိုးရိမ်စွာနဲ့ မေးလိုက်တယ်။

"မပူနဲ့... ငါ့မှာအကြံရှိပြီးသား၊ မင်းပဲပြောတယ်လေ။ ညံကောင်တွေက မိသားစုလိုက်ဆောင်းခိုနေတာဆို၊ အပေါ်ကအကောင်က အကောင်ပေါက်လေးလို့။"

လယ်ရီက ညံကောင်တွေအကြောင်း အစဖော်လာတော့ ကောင်လေးဒီပလည်း မျက်လုံးတွေတောက်ပလာပြီးတော့ မေးလိုက်တယ်။

"ဦးလေးက သူများနောက်တန်းကို မီးရှို့ပြီးတော့ ထွက်ပြေးချင်လား။"

"ဉာဏ်ကောင်းတယ်၊ ဒီဦးလေးမှာ အသုံးဝင်တဲ့ ဗီဇစွမ်းအားတစ်မျိုးရှိတယ်။ ဆင်အော်ရင်တောင် မနိုးတဲ့ကောင်တွေကို အိပ်ရေးပျက်စေမယ့်အရာမျိုးလေ။"

စကားဆုံးတော့ လယ်ရီရဲ့လက်တစ်ဖက်က ဇီဝအပေါက်တစ်ခုပါတဲ့ ထူးထူးဆန်းဆန်းအရာတစ်ခုအဖြစ်ကို ပြောင်းလဲသွားတယ်။ အရည်ကြည်အိတ်တစ်ခုတောင်ပါပြီးတော့ အစိမ်းရောင်အရည်တွေနဲ့ တဖြည်းဖြည်းချင်းပြည့်သွားရော။ ဒီပကတော့ နားကိုမလည်တော့ဘူး။

"ဘာကြီးလဲ..." သူက သွားကြားထဲက ထွက်လာတဲ့လေသံနဲ့ မေးလိုက်တယ်။ အကြောင်းက အပြင်ကနေ ကြေးစားတွေအသံကို ကြားနေရလို့ပါ။

"လက်ထိပ်အချက်ပြတွေပျောက်သွားတယ်၊ ခေါင်းဆောင်သုံးယောက်လုံးကို သွားစစ်။"

သူတို့နားစွန်နားဖျားကြားလိုက်ပေမဲ့ တကယ်ပဲ သူတို့လက်ထိပ်တွေမှာ အချက်ပြပါနေတာကို သိလိုက်ရပြီ။ ဒီပစိုးရိမ်နေချိန်မှာတော့ လယ်ရီက လက်တစ်ဖက်နဲ့မြေကြီးထဲကို ခပ်နက်နက်တူးလိုက်ပြီး သူ့ပြောင်းဝလို လက်ကြီးကို မြေကြီးထဲထိုးစိုက်လိုက်တယ်။ နောက်တော့ ဒီပကို လှမ်းသတိပေးလိုက်တယ်။

"ဒါကို အသံလှိုင်းဇီဝအမြောက်လို့ခေါ်တယ်။ နားပိတ်ထားလိုက်။"

ကောင်လေးဒီပလည်း အသံလှိုင်းဆိုတာကြားတာနဲ့ ကြားကိုပိတ်ထားလိုက်တယ်။ သေချာကတော့ နားစည်ကျန်းမာရေးအတွက် မကောင်းလောက်ဘူး။ ခဏနေတော့ လယ်ရီ့လက်ကနေ အစိမ်းရောင်အလင်းတစ်ချက် လက်သွားပြီးတော့ မြေကြီးတွေ တုန်တက်သွားတယ်။

ကျွီ.....။ လူသားတွေရဲ့နားကနေ အမျိုးအမည်ခွဲခြားလို့မရတဲ့ အသံတစ်ခုကိုကြားလိုက်ရပြီးနောက် လယ်ရီကိုဗဟိုပြုပြီး လေပြင်းတစ်ချက်တိုက်ခတ်တယ်။

လေပြင်းကြောင့် ဒီပလည်း နောက်ပြန်လဲကျသွားပြီး သူတို့ရွတ်ဖျင်တဲလည်း လေထဲကိုတစ်ခါတည်း မြောက်သွားကာ လှောင်အိမ်တွေ၊ လူတွေနဲ့ တခြားလွယ်လွယ် လွင့်ထွက်မသွားနိုင်တဲ့ အရာတွေပဲကျန်ခဲ့တယ်။ နားကိုအုပ်ထားတဲ့ ဒီပကတော့ ဒေါသဖြစ်ဖြစ်နဲ့ လယ်ရီကိုလှမ်းအော်လိုက်တယ်။

"ခင်ဗျားပြောတော့ နောက်တန်းကိုမီးရှို့ပြီး ခိုးထွက်မလို့ဆို။"

လယ်ရီကလည်း မဟုတ်မခံလေသံနဲ့ ပြန်ပြောပါတယ်။ "ငါမပြောပါဘူးကွ၊ မင်းပြောတာ။ ငါ့အစီအစဥ်က ညံကောင်တွေကို ငါတို့ဒီရောက်နေတယ်လို့ အသိပေးရုံပဲလေ။"

"ချီးထဲမှ...."

အသံအမြောက်က နာမည်အတိုင်းပဲ အဆန်မပါပါဘူး။ နှုန်းလွန်အသံလှိုင်းတွေက နားစည်ကိုထိခိုက်စေတယ်ဆိုပေမဲ့ အဓိကဦးတည်ကာက နွံအိုင်ထဲက ညံကောင်တွေဖြစ်လို့ အပေါ်က လူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်ရုံလောက်ပဲ။ အခုဆိုရင် သူတို့လွတ်သွားတာကို ကြေးစားတွေက သတိထားမိပြီး သေနတ်ကြီးတွေတကားကားနဲ့ ပြေးလာနေကြပြီ။

"သူတို့ကိုပစ်လေ...." ဒီပက အချုပ်ခံထားရတဲ့ ပုရွတ်ဆိတ်လေးနှစ်ကောင်ကို လှောင်အိမ်ထဲက ထုတ်ပေးရင်း လှမ်းအော်ပြောလိုက်တယ်။ ကျည်ဆန်တချို့တောင် သူ့ခေါင်းပေါ်ကနေ ရှီးခနဲ ရှီးခနဲ ဖြတ်ပျံသွားသေးတယ်။

လယ်ရီကတော့ ပုခုံးတွန့်ပြလိုက်လေရဲ့။ "ခုဏက ဂလင်းတွေက ငါတစ်လလုံးလုံး စားသောက်ထားသမျှကို စုထားတာကွ။ ထပ်လုပ်လို့မရဘူး၊ နောက်တစ်လ ထပ်စောင့်ရမယ်။"

ပြောရရင် အစောပိုင်းက ဒီပတွေ့ခဲ့တဲ့အစိမ်းရောင် ဂလင်းအရည်တွေက လယ်ရီရဲ့မစင်တွေ။ ဒါကြောင့် သူသုံးတဲ့အသံအမြောက်ကို မစင်အမြောက်လို့ခေါ်တာ ပို့သင့်တော်လိမ့်မယ်။

"ဒါဆိုလည်း တစ်ခုခုလုပ်ဦးလေ။"

ဒီပက ကျည်ပြီးတဲ့ငွေရောင်ပုရွက်ဆိတ်နောက်မှာ ဝင်ပုန်းနေရင်း လည်ပင်းကအချုပ်အနှောင်ကို ဖြုတ်ဖို့ကြိုးစားနေတယ်။ သူ့မှာလည်း မက်ဒါနာလိုပဲ ဓာတ်ပုံမှတ်ဉာဏ်ရှိလို့ ဟိုလူတွေနှိပ်သွားတဲ့ လျှို့ဝှက်ကုတ်ကို မှိတ်မိတယ်။ ဒါပေမဲ့ သူမပြီးခင် ကျည်မှန်ပြီးမသေအောင် တစ်ယောက်ယောက်ကူညီမှဖြစ်မှာ။ ဘဝက ရုပ်ရှင်မဟုတ်တော့ ဒီပအနေနဲ့ ဇာတ်လိုက်မင်းသားတွေလို ကျည်မုန်တိုင်းကြားမှာ နေဖို့လုံးဝမဖြစ်နိုင်ဘူးရယ်။

အဲဒီတော့မှ လယ်ရီလည်း ပြေးသွားပြီးတော့ ကြေးစားတွေကို လိုက်ရိုက်တော့တာပဲ။ မကြာဘူး၊ ငါးမန်းမြူတန့်လည်း ရုတ်ရုတ်သဲသဲဖြစ်နေတာကို သတိထားမိသွားပြီး ယုန်မလေးနဲ့နှပ်နေတဲ့ တဲထဲကနေ အပြင်ထွက်ကြည့်တယ်။

"ဘာတွေဖြစ်နေတာလဲကွ။"

ဒါပေမဲ့ သူထွက်လာပြီး သိပ်မကြာဘူး မြေကြီးတွေက ငလျင်လှုပ်သလိုလှုပ်လာပြီး ဧရာမမြွေကြီးတစ်ကောင်က သူရှိနေခဲ့တဲ့ တဲထဲကနေ ထိုးထွက်လာပြီး ယုန်မလေးကို ကိုက်ချီသွားတယ်။ ငါးမန်းကြီးလည်း ကြောက်လန့်တကြား မော့ကြည့်လိုက်တာပေါ့။

ဧရာမညံကောင်ကြီးက သူ့ပါးစပ်ကိုဟလိုက်ပြီး ယုန်မလေးကို လေပေါ်ပစ်တင်လိုက်တယ်။ အဲဒီနောက် လည်ချောင်းကိုဆန့်ထုတ်ပြီး တစ်ခါတည်းမျိုချလိုက်လေရဲ့။ နောက်တော့ သွေးတွေအများကြီး မြေပေါ်ကို မိုးရွာသလိုမျိုး ဖြာစင်းကျလာပြီး ပြတ်ထွက်လာတဲ့ ဘန်နီလေးရဲ့လက်တစ်ဖက်က ငါးမန်းကြီးမျက်နှာကို လာမှန်တယ်။

"မဟုတ်ဘူး၊ ငါ့ရဲ့ဘန်နီလေး။ အား...." ငါးမန်းကြီးဟာ အရူးအမူးအော်ဟစ်ပြီး ညံကောင်ကြီးကို တိုက်ခိုက်ဖို့လုပ်ပေမဲ့ အင်အားကွာခြားလွန်းတာကြောင့် သူသာကန်ထုတ်ခံလိုက်ရတယ်။

ဒီလိုနဲ့ပဲ လူလုပ်မြူတန့်တစ်ယောက် သေဆုံးခဲ့ပြန်ပါပြီ။

တစ်ချိန်တည်းမှာပဲ နောက်ထပ်ညံကောင်တစ်ကောင်ကလည်း ကြေးစားတွေစုနေတဲ့ မြေပြင်ကနေ ထွက်လာပြီး ကြေးစားဒါဇင်ဝက်ကို တစ်ခါတည်းမျိုချပစ်လိုက်တယ်။ ဒါကြောင့် မြူတန့်သိပ္ပံစခန်းတစ်ခုလုံး နောက်တန်းမီးလောင်နေပြီး သူတို့ကိုဂရုမစိုက်အားတော့ဘူး။

"ကောင်လေး... ငါတို့တွေအခုနေထွက်ပြေးရင် ကွက်တိပဲမဟုတ်လား။" လယ်ရီက ဒီပကို လှမ်းမေးလိုက်တယ်။ ဒီပကတော့ မျက်နှာပျက်ပျက်နဲ့ ပြန်ဖြေလေရဲ့။

"ဟုတ်တော့ဟုတ်ပေမဲ့ သားရိုင်းသတ္တဝါကြီးတွေက ရန်သူမိတ်ဆွေမခွဲဘူးနော်။ တွေ့တဲ့ကောင်ကို လက်စားချေတဲ့အနေနဲ့ အကုန်စားပစ်မှာ။"

"ဒီတော့...."

"ငြိမ်ငြိမ်လေးနေ၊ မလှုပ်နဲ့ဦး။ ညံကောင်တွေက အမြင်အာရုံမကောင်းကြဘူး။ ကင်းခြေများမနဲ့သူတို့ချပြီး ကျွန်တော်တို့ကို အာရုံမစိုက်နိုင်တော့မှ သွားကြမယ်။"

မကြာဘူး၊ Mad doctorတို့လည်း အပြင်ထွက်လာပြီးတော့ ကသောင်းကနင်းဖြစ်နေတဲ့ သူ့စခန်ကို ထွက်ကြည့်တယ်။ ကင်းခြေများစင်တီကတော့ ညံကောင်တွေနဲ့အရွယ်တူတဲ့အထိ သူ့ကိုယ်သူပြောင်းလိုက်ပြီး သူတို့ကိုခြောက်ထုတ်ဖို့အတွက် စတင်တိုက်ခိုက်ပါတော့တယ်။

ကောင်းကင်ပေါ်မှာ ကင်းခြေများတစ်ကောင်နဲ့ညံကောင်နှစ်ကောင်ဟာ မြွေနဂါးတွေလိုမျိုး တစ်ကောင်နဲ့တစ်ကောင် လိမ်ယှက်ရင်း အသည်းအသန်တိုက်ခိုက်နေကြပါပြီ။

"ဝုန်း......"

ညံကောင်တစ်ကောင်ဟာ စင်တီလက်ချက်ကြောင့် တော်တော်ဝေးဝေးကို ပြုတ်ကျသွားပေမဲ့ ပြန်ထပြီး လာပါတယ်။ အစပိုင်းတုန်းကတော့ စင်တီဟာ သူ့အင်အားကိုပြလိုက်ရင် ညံကောင်တွေမြေကြီးထဲ ပြန်ဝင်သွားမယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ရလဒ်က ပြောင်းပြန်ဖြစ်နေပြီး သူတို့ရောက်နေတဲ့နေရာက ညံကောင်တွေရဲ့နယ်မြေပါ။ အယ်ဖာအဆင့်သားရဲကြီးတွေက သူတို့နယ်မြေတွေကို သေသည်အထိ စောင့်ရှောက်ကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ အသေအကြေတိုက်ခိုက်ဖို့အထိ ဖြစ်လာတော့တယ်။

အခုလောလောဆယ်အထိတော့ ညံကောင်တွေဟာ စင်တီဖိနှိပ်တာကို ခံနေကြရဆဲပါ။ စင်တီက အဆင့်တက်ထားတဲ့အတွက်ကြောင့် S- rank နှစ်ယောက်ပေါင်းတာထက် နည်းနည်းလေးပိုသာတယ်။ ဒါကြောင့် သူတို့တွေဟာ ခဏခဏ မြေပေါ်ပြိုလဲကျလာတတ်တယ်။ စခန်းမှာရှိတဲ့သူတွေကလည်း တိုက်ပွဲနဲ့ဝေးရာကို ထွက်ပြေးနေကြပါပြီ။ နဂါးသုံးကောင်ခတ်နေတဲ့အချိန်မှာ သူတို့တွေဟာ အသားစလေးတွေအဖြစ် အဆုံးမသတ်ချင်ကြပါဘူး။

ဒီပကလည်း လယ်ရီကို သတိပေးလိုက်တယ်။ "အချိန်ကျပြီ၊ ကျွန်တော်တို့ အစ်မကိုရှာတွေ့ပြီးရင် ဒီကနေ ထွက်သွားကြမယ်။" လယ်ရီလည်း ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမဲ့....

သူတို့နားကိုကပ်လာတဲ့ လေးသံတဲ့ခြေသံနဲ့အတူ မက်ဒါနာရဲ့စကားသံက နောက်ကနေ ထွက်ပေါ်လာတယ်။

"မလိုတော့ဘူး၊ ငါလွတ်လာပြီ။" သူတို့လှည့်ကြည့်လိုက်တော့ လက်ကျန်ဆုဗာနာတပ်သားတွေကို ကယ်ထုတ်လာပြီး ပျက်စီးလုဆဲဆဲဖြစ်နေတဲ့ ငွေရောင်စစ်သည်ချပ်ဝတ်ကို ဝတ်ဆင်ထားတဲ့ မက်ဒါနာကို သူတို့တွေ့လိုက်ရတယ်။ ခေါင်းစွပ်က သုံးမရလောက်အောင် ပျက်စီးနေပြီမလို့ မက်ဒါနာဟာ ကူရာမဲ့စွာနဲ့ သူ့မျက်နှာကို ဒီအတိုင်းဖော်ပြထားရပါတယ်။

"အစ်မ....အဲ... အစ်ကိုကြီး၊ ဘယ်လိုလုပ်ပြီး လွတ်လာတာလဲ။" ဒီပက သူ့အစ်မလွတ်လာလို့ ဝမ်းသာအားရနဲ့ ပြေးဖက်လိုက်ချင်ပေမဲ့ ဟိုက ငွေရောင်ချပ်ဝတ်ထဲမှာရှိနေတော့ မှာထားတဲ့အတိုင်း အစ်ကိုလို့ပဲ ခေါ်လိုက်ရတယ်။

"ငါ့ကို နယူးယောက်က သူငယ်ချင်းတစ်ယောက် လာကူညီပေးတယ်လေ။" မက်ဒါနာက ဖရက်ကိစ္စကို ရှင်းမပြချင်တော့တဲ့အတွက် ရိုးရိုးလေးပဲ ပြောလိုက်တော့တယ်။

အဲဒီအချိန်မှာပဲ အေးခဲအောင်လုပ်ထားတဲ့ ညံကောင်ငယ်ကို တုပ်နှောင်ထားတဲ့ သံကွင်းတွေ ပြုတ်ထွက်လာပြီး ညံကောင်ငယ်ရဲ့အော်သံက ကောင်းကင်တစ်ခုလုံး ဟိန်းထွက်သွားတယ်။ မက်ဒါနာကတော့ ခန့်မှန်းထားပြီးသားဆိုတဲ့ပုံစံနဲ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ်။

"ငါ့သူငယ်ချင်းက တတိယညံကောင်ကို လွှတ်ပေးလိုက်ပြီ။ ဒီကနေ လစ်ကြစို့။"

တတိယညံကောင်ဟာ လွတ်လာလာချင်း သူ့မိဘတွေနဲ့ တိုက်ခိုက်နေတဲ့ ကင်းခြေများစင်တီကိုမြင်တဲ့အချိန်မှာတော့ ဒေါသတကြီး ပါးပြင်းထောင်လိုက်ပြီး ထိုးဟပ်လိုက်တယ်။ စင်တီဟာ နဂိုကတည်းက ညံကောင်နှစ်ကောင်ကို မနည်းထိန်းနေရတာပါ။ ဒါကြောင့် တတိယညံကောင်က သူ့ရဲ့အဆစ်တစ်ခုကို ကိုက်မိသွားပြီး ဆွဲဖြုတ်လိုက်နိုင်တယ်။

"ဂီး...." စင်တီရဲ့ကင်းခြေများခေါင်းက နာကျင်စွာ အော်ဟစ်လိုက်တယ်။ သူအာရုံပျက်နေတဲ့အချိန်မှာပဲ ကျန်တဲ့ညံကောင်တွေကလည်း စင်တီရဲ့ခန္ဓာကိုယ်ကို ဝိုင်းကိုက်ဖောက်လိုက်ကြတယ်။ နောက်တော့ mad doctorရဲ့အော်သံကျယ်ကြီးလည်း ထွက်ပေါ်လာတော့တယ်။

"စင်တီ....." Mad doctorရဲ့ခန္ဓာကိုယ်က မြေပြင်ကနေ ကြွတက်လာပြီး တိုက်ပွဲထဲကို ပျံဝင်သွားကာ စင်တီရဲ့လူသားခန္ဓာကိုယ်ကို ညံကောင်တွေ အပိုင်းပိုင်းဖြတ်မပစ်ခင် သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါတယ်။ စင်တီရဲ့ခန္ဓာကိုယ်ဟာ သွေးအလိမ်းလိမ်းနဲ့ဖြစ်နေပြီး Mad doctorရဲ့အဖြူရောင်ကုတ်အင်္ကျီပေါ်မှာ လူသားတစ်ယောက်ရဲ့အနီသွေးတွေနဲ့ကင်းခြေများရဲ့မီးခိုးရောင်သွေးတွေက ရောထွေးစွန်းထင်းနေပါတယ်။

စင်တီရဲ့ကင်းခြေများခန္ဓာကိုယ်ကို ညံကောင်တွေက အပိုင်းပိုင်းဖြတ်ပြီးတဲ့နောက် ဆက်လက်တိုက်ခိုက်ဖို့ စိတ်မဝင်စားတော့ဘဲ နွံတောထဲကိုပဲ ပြန်လည်ငုပ်လျိုးပျောက်ကွယ်သွားတော့တယ်။

Mad doctorက ငြိမ်းချမ်းစွာရှိနေတဲ့ မက်ဒါနာတို့ကို အငြိုးအတေးကြီးစွာနဲ့ ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"သိပ်ကောင်းတယ် SilverKnight... ဒီတစ်ခါ ငါမင်းကို ရှုံးသွားတယ်။ လူတွေကို အသုံးချတဲ့နေရာမှာ မင်းက ငါ့ထက်တော်ပါပေတယ်။ ဒါပေမဲ့ နောက်တစ်ခါတွေ့ရင်တော့ ငါမင်းကို သေချာပေါက်သတ်မယ်။"

Mad doctorဟာ အဝေးကနေ စွမ်းအားကြီးတဲ့အရာတစ်ခု လာနေမှန်း သတိထားမိတဲ့အတွက်ကြောင့် ကြာကြာမနေဘဲ အစောပိုင်းက အစွမ်းကိုပဲသုံးပြီး နေရာကနေ ထွက်ပြေးတိမ်းရှောင်သွားပါတယ်။

စက္ကန့်ပိုင်းလောက် ကြာပြီးတဲ့နောက်တော့ ရှားပိုင်ဝေရဲ့ခန္ဓာကိုယ်ကို အပိုင်စီးထားတဲ့ ဆိုဖီယာက မက်ဒါနာရှေ့မှာ ဆင်းသက်လိုက်ပြီး မက်ဒါနာရဲ့ပါးလေးကို လက်နှစ်ဖက်နဲ့စမ်းသပ်ရင်း မေးလိုက်တယ်။

"မက်ဒါနာ... နင်ဘာဖြစ်သွားသေးလဲ... ရန်သူတွေရော။"

"လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်ကတည်းက ထွက်ပြေးသွားပြီ...ပြီးတော့... နင့်ဂျာမန်သူကိုယ်လုံးလေးက ဘယ်ရောက်သွားတာလဲ။ တွေ့ရာခန္ဓာကိုယ်ကို ဝင်ပူးထားတာလား။"

ရှားပိုင်ဝေရဲ့မျက်နှာက ချက်ချင်းနီရဲတက်သွားပြီး တစ်ဖက်ကို လှည့်လိုက်တယ်။ မက်ဒါနာက ဂျာမန်သူကိုယ်လုံးလေးကို သဘောကျနေမှန်း သူသိပေမဲ့ သူမကာကွယ်နိုင်လိုက်ဘူးလေ။ ဒါကြောင့် ရှက်သွားတာပါ။

"အင်း... ဒီခန္ဓာကိုယ်ပိုင်ရှင်က ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်လို့ အကြွေးတောင်းတဲ့အနေနဲ့ ယူထားလိုက်တာလေ။"

မက်ဒါနာကတော့ နားရွက်တက်ချိတ်မတက်ပြုံးလိုက်ပြီး ပြောလိုက်တယ်။ "မဆိုးပါဘူး၊ ဒါဖြင့် နင်လည်း လမ်းမှာရန်သူတွေနဲ့တွေ့လို့ နောက်ကျနေတာပေါ့။"

"ဒီခန္ဓာကိုယ်က ကြည့်ရမဆိုးပါဘူးနော်။" ဆိုဖီယာက မက်ဒါနာကို စိုးရိမ်တကြီးမေးလိုက်တယ်။ မသိရင် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်က သူ့ကောင်လေးရှေ့မှာ ဂါဝန်အသစ်လေး ဝတ်ပြနေသလိုပဲ။ ဒါပေမဲ့ ဆိုဖီယာလုပ်နေတာက တခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဝင်သုံးနေတာမလို့ မက်ဒါနာလည်း ဘယ်လိုတုံ့ပြန်ရမှန်းမသိဘူး။

"....."

ခန်ရှီးအမိန့်တော်အဖွဲ့က ဖုတုဟိုင်ကတော့ ရှားပိုင်ဝေကြီး ပျံသန်းပြီးရောက်လာတဲ့အပြင် မက်ဒါနာနဲ့သိသလိုမျိုးပြုမူနေတဲ့အတွက် တော်တော်မျက်စိလည်သွားတယ်။ ဒါပေမဲ့ မျက်လုံးစိမ်းတွေကို မြင်ပြီးတဲ့နောက်မှ နတ်ဘုရားအသံခေါင်းဆောင်ရဲ့ကောလာဟလတွေကို သတိထားမိသွားပြီး နားလည်သွားတယ်။

"စကားမစပ်၊ နတ်ဘုရားအသံခေါင်းဆောင်ယူထားတဲ့ခန္ဓာကိုယ်က ကျွန်တော်တို့တရုတ်ရဲ့S rankရှားပိုင်ဝေမဟုတ်လား။"

ဘာပဲပြောပြော S rankတစ်ယောက်ဆိုတာက နိုင်ငံဂုဏ်ဆောင်လေ။ ဖုတုဟိုင်အတွက် ရှားပိုင်ဝေရဲ့ခန္ဓာကိုယ်ကို သူများယူသုံးနေတာကို တွေ့ရတာက တော်တော်လေးနေရခက်စေတယ်။

"အင်းလေ...." ဆိုဖီယာက နားမလည်နိုင်စွာနဲ့ ခေါင်းညိတ်အဖြေပေးတယ်။ ဖုတုဟိုင်က စိတ်ပျက်နေတဲ့လေသံနဲ့ ပြောလိုက်ပါလေရော။

"အဲဒါဆိုရင်တော့ ခင်ဗျားတို့တွေ ပြဿနာတသီတစ်သန်းကြီး ရှင်းကြတော့မှာပဲ။ ကျုပ်တို့နိုင်ငံက သူတို့ S rankသေသွားတဲ့အပြင် အလောင်းကိုပါ ခင်ဗျားတို့ယူသုံးနေတာသိရင် ဒေါသထွက်ပြီး ဆုဗာနာကို ဖိအားပေးလိမ့်မယ်။"

"တရုတ်ရဲ့နောက်ဆုံးရာဇသံဆိုတာမျိုးလား...." မက်ဒါနာက သေချာစဥ်းစားပြီး ပြောလိုက်တယ်။ အဲဒါက တကယ်ကျော်ကြားတဲ့ ရုရှားခေတ်သစ်စကားပုံတစ်ခုလေ။

ကောင်လေးဒီပလည်း သေချာစဥ်းစားလိုက်ပြီးတော့ မက်ဒါနာကို ပြောပြလိုက်တယ်။

"တကယ်တော့ အစ်မကလက်မထပ်ရသေးမှန်း နိုင်ငံတော်တော်များများက သိကြတော့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက အစ်မကို လက်ထပ်ခွင့်တောင်းထားကြတယ်။ ပြီးတော့ အဲဒီထဲက တရုတ်နိုင်ငံကိုယ်စားပြုက ရှားမိသားစုကလေ။ ပြီးတော့ ရှားပိုင်ဝေရဲ့သားနဲ့သမီးက ဆုဗာနာကို ဒီနေ့စိုက်တဲ့လေယာဥ်နဲ့ ရောက်နေကြပြီ။ သူတို့အမေကို အစ်မဆိုဖီယာက သတ်လိုက်တဲ့ကိစ္စကို ကျွန်တော်တို့ ဘယ်လိုရှင်းကြမလဲ။"

"......" အကုန်လုံး တိတ်ဆိတ်ကုန်ကြတယ်။ ဒီတစ်ခါတော့ ဆိုဖီယာတစ်ယောက် ကျားမြီးဆွဲလိုက်မိတဲ့ပုံပဲ။

"ဒါတော့ ဘယ်တတ်နိုင်မလဲ၊ သူက ငါ့ကိုမြူတန့်သိပ္ပံနဲ့ပေါင်းပြီး လာတိုက်တော့သတ်လိုက်တာလေ။ သူ့ခန္ဓာကိုယ်ကို ယူသုံးလို့ပြဿနာတက်မယ်ဆိုရင်လည်း ငါသူ့ကိုသတ်ခဲ့တဲ့နေရာမှာပဲ ဟန်မပျက်ပြန်ထားလိုက်မယ်။ နင်တို့မပြောရင် ဘယ်သူမှလည်း ငါသတ်မှန်းသိမှာမဟုတ်ဘူးလေ။"

ဆိုဖီယာ(ရှားပိုင်ဝေ)က ပြောပြောဆိုဆိုနဲ့လေပေါ်ပျံတက်လို့ လုပ်လိုက်တယ်။ ဒါပေမဲ့ ကောင်လေးဒီပက ရှားပိုင်ဝေရဲ့လင်္ကျီလက်အရှည်ကြီးကို ဖမ်းဆွဲထားပြီး အော်ပြောလိုက်တယ်။

"အစ်မအဲဒီလိုလုပ်လို့မရဘူးလေ၊ ရှားပိုင်ဝေက ကျွန်တော်တို့နယ်မြေထဲမှာ အကြောင်းမရှိဘဲသေသွားရင် အဲဒါကိုအကြောင်းပြပြီး ကျွန်တော်တို့ကို ပြဿနာရှာမှာပေါ့။"

"ဒါလည်းဟုတ်သားပဲ...." ဆိုဖီယာက ပြန်စဥ်းစားလိုက်တယ်။ ရှားပိုင်ဝေက ရေခဲလို ရင့်ကျက်ကျက်အလှပိုင်ရှင်ဆိုတော့ မျက်မှောင်ကြုတ်ပြီး စဥ်းစားနေတဲ့ပုံစံက တကယ့်ကိုခိုက်ချင်စရာလေး။ ခဏနေတော့ သူက လက်ဖျောက်တီးလိုက်ပြီး သူ့အကြံကို အားလုံးကိုပြောပြလိုက်တယ်။

"ဒါဖြင့်တစ်နည်းပဲရှိတော့တယ်... ရှားပိုင်ဝေသေသွားတာကို ငါတို့ပဲသိတာလေ။ ငါက သူအဖြစ်ဟန်ဆောင်ပြီး ယောက္ခမလုပ်တဲ့သူက ချွေးမလေးကို မြင်ဖူးချင်လို့ အရင်လာကြည့်တယ်လို့ အကြောင်းပြရင်ရော။"

"....." အပြောကတော့ လွယ်တာပေါ့။ ဒါပေမဲ့ လက်တွေ့က ဘယ်လိုနေမှန်း သူတို့ဘယ်လိုလုပ် သိမှာလဲ။

၅။

နယ်စားနန်းတော်မှာတော့ လီဆာနဲ့ ကင်းမြီးကောက်မြူတန့်ဖြစ်တဲ့ စကော်ပီယိုတို့က ဧည့်သည်တွေအတွက်ပေးတဲ့ သီးသန့်အထူးအိပ်ခန်းတစ်ခန်းထဲမှာ ရှိနေပါတယ်။

နယ်စားနန်းတော်က ဆောက်ထားတာကြာပြီဖြစ်ပေမဲ့ အတွင်းပိုင်းမှာကတော့ ခေတ်မီပစ္စည်းတွေအပြည့် ရှိနေတဲ့အတွက်ကြောင့် ဟိုတယ်အခန်းတစ်ခန်းလိုပါပဲ။

လီဆာက ဖုန်းလေးကိုဖွင့်လိုက်ပြီး နယ်စားနန်းတော်ရဲ့ဝိုင်ဖိုင်နဲ့ ချိတ်လိုက်တယ်။ သိပ်မကြာခင်မှာပဲ အင်တာနက်မှာ လိုက်လံရှာဖွေမွှေနောက်ရင်း နယူးယောက်က SilverKnightအတုကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးဖတ်လိုက်ရတယ်။

နတ်ဆိုးကိုးကွယ်သူများအသင်းက ကောင်လေးတွေကတော့ အခုထိအချုပ်ထဲမှာ ရှိနေသေးပြီးတော့ အမှုကို အယူခံဝင်မယ့်ကိစ္စမှာလည်း လေဒီဘတ်တာဖလိုင်းနဲ့ ချီလုလုတို့ဟာ ဖိအားတွေနဲ့ယှဥ်ဆိုင်နေရပါတယ်။

အွန်လိုင်းသတင်းမီဒီယာတစ်ခုကဆိုရင် အခုလိုမျိုးတောင် postတင်ထားပါတယ်။ 'နယူးယောက်ရဲ့ရဲရဲတောက် တရားဥပဒေဟီးရိုးအဖွဲ့ ရေစုန်မျောသွားတော့မှာလား။'ဆိုတဲ့ ဆောင်းပါးကို ပြန်လည်မျှဝေသူ တစ်သိန်းကျော်နဲ့ လိုက်ငါးသိန်းနီးပါး ရထားပါတယ်။ ဝင်ရောက်ဆွေးနွေးထားသူတွေလည်း ထောင်နဲ့ချီရှိပြီး တချို့ကတော့ SilverKnightကို ပစ်တင်ပြောဆိုနေကြပါတယ်။

ဟီးရိုးအစည်းအရုံးဖက်ကတော့ ဘာတရားဝင် ထုတ်ပြန်ကြေညာမှုမှမရှိသေးပါဘူး။ ပုံမှန်ဆိုရင်တော့ SilverKnightကို ဗီလိန်အဖြစ်တရားဝင်သတ်မှတ်ပြီး ဌာနကအမဲလိုက်ရမှာဖြစ်ပေမဲ့ အခုလိုဖြစ်မလာဘူး။ အကြောင်းကတော့ ဒုဌာနမှူးဟယ်ရီက နယူးယောက်မှာရှိနေတဲ့ SilverKnightဟာ အတုဖြစ်နိုင်တယ်လို့ အစည်းအဝေးမှာတင်ပြခဲ့ပြီးတော့ တခြားသူတွေက မှတ်ချက်မပေးခဲ့ပေမဲ့ ဌာနမှူးကတော့ သက်သေအခိုင်အလုံရမှ ထုတ်ပြန်ကြေညာမယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် SilverKnightရဲ့အခြေအနေက 'မသေချာသေး'ဆိုတဲ့ ခေါင်းစဥ်အောက်မှာသာ ရှိနေပါသေးတယ်။

လီဆာက စကော်ပီယိုကို အဖက်မလုပ်ဘဲ အတန်ကြာတဲ့အထိ တစ်ယောက်တည်းဖုန်းသုံးနေတာကြောင့် ဆံပင်နက်ပိုင်ရှင် မိန်းမပျိုလေးက သည်းမခံနိုင်တော့ဟန်နဲ့ လီဆာလေးဘေးမှာ ဝင်ထိုင်လိုက်တယ်။

"လီဆာလေး... ဒီက မမက ညီမလေးကိုမတွေ့ရတာကြာလို့ လွမ်းနေတာလေ။ ဘာလို့ဖုန်းကိုပဲ အာရုံစိုက်နေရတာလဲ။"

လီဆာက ဖုန်းကနေ မျက်နှာခွာပြီးတော့ တစ်ခုခုပြောဖို့လုပ်ပေမဲ့ စကော်ပီယိုက လီဆာရဲ့နှုတ်ခမ်းပေါ်ကို လက်ညိုးလေးတင်လိုက်ပြီး လက်ထဲကဖုန်းကို လုယူလိုက်တယ်။

"ဖုန်းသုံးတာရပ်ပြီးတော့ တို့နှစ်ယောက် ကစားကြရအောင်လား။"

အဲဒီနောက်တော့ စကော်ပီယိုက လီဆာလေးကို ရုတ်တရက် ပွေ့ချီလိုက်ပြီး မွေ့ရာပေါ်ကို ပစ်တင်လိုက်တယ်။ လန့်သွားတဲ့ လီဆာလေးကတော့ စကော်ပီယိုကို အော်ပြောလေရဲ့။

"အစ်မစကော်ပီယို၊ ဘာလုပ်မလို့လဲ။ ဒီမှာဘယ်သူမှမရှိလို့ ပျင်းတာနဲ့လိုင်းသုံးနေတာကို မနှောင့်ယှက်ပါနဲ့လား။" ဒီစကားကိုကြားတော့ စကော်ပီယိုရဲ့မျက်နှာက မဲ့သွားပြီးတော့ ဒေါသပါတဲ့လေသံနဲ့ ပြောလိုက်လေရဲ့။

"ဘာလဲ၊ နင်က မက်ဒါနာကို သတိရနေတာလား။ ဒီက အစ်မကြီးကိုတော့ မချစ်တော့ဘူးပေါ့။"

လီဆာက ခေါင်းကိုခါပြပြီး "မဟုတ်ပါဘူး၊ သမီးက အစ်မကြီးကို ချစ်ပါတယ်။" လို့ပြောပေမဲ့ စကော်ပီယိုကတော့ လက်လျှော့မယ့်ပုံမပေါ်ဘူး။ သူက ကောက်ကျစ်စွာနဲ့ ပြုံးလိုက်ပြီးတော့ အပေါ်မှာထပ်ဝတ်ထားတဲ့ အနက်ရောင်ဘလောက်အင်္ကျီကို ဆွဲချွတ်လိုက်တယ်။

အဲဒီနောက်တော့ အားကစားလုပ်တဲ့သူတွေဝတ်တဲ့ အနက်ရောင်ချွေးခံဘရာလေးရယ်၊ ကြွက်လေးလုံးလေးတွေ စီစီရီရီနဲ့ဖုထွက်နေတဲ့ ဝမ်းဗိုက်ဖြူညိုညိုလေးရယ်က မြင်ကွင်းထဲရောက်လာတော့တာပဲ။ အဆီပိုတွေမရှိဘဲ လုံးဝန်းပြီး ကျစ်ကျစ်လေးဖြစ်နေတဲ့ သစ်တော်သီးအရွယ် ဘွင်ဘွင်လေးနှစ်လုံးကလည်း မျက်စိဖမ်းစားချင်စရာပါ။

လီဆာကတော့ စကော်ပီယိုရဲ့ကျန်းမာသွယ်လျတဲ့ ခန္ဓာကိုယ်လေးကိုကြည့်ရင်း ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ကာ တိုးတိုးလေး ရေရွတ်လိုက်တယ်။

"ဆစ်....ဆစ်ပက်..."

အခုဆိုရင် စကော်ပီယိုက ပြီတီတီမျက်နှာပေးနဲ့ မွေ့ရာပေါ်ကို တွားသွားတက်လာနေပြီ။ သူ့ခန္ဓာကိုယ်နဲ့ လီဆာလေးကို ထွက်မပြေးနိုင်အောင်လို့ အုပ်မိုးထားလိုက်ပြီး အပေါ်ကနေမိုးပြီး စိုက်ကြည့်နေတယ်။

"မတွေ့ရတဲ့ လပိုင်းအတွင်းမှာတင် လီဆာလေးက ထွားလာတာပဲ။" စကော်ပီယိုက လက်ချောင်းလေးတစ်ချောင်းနဲ့ လီဆာလေးရဲ့လည်တိုင်ကို ထိလိုက်ရင်း အောက်ကိုတဖြည်းဖြည်းဆင်းသွားတယ်။ အံဒီနောက် လီဆာလေးရဲ့အင်္ကျီကြယ်သီးတွေကို တစ်ခုချင်းစီ ဖြုတ်တော့တာပဲ။

ဒါပေမဲ့... အဲဒီအချိန်မှာပဲ တံခါးခေါက်သံထွက်ပေါ်လာတယ်။

"ဟင်း.... အရေးကောင်းပြီဆိုခါမှ..." စကော်ပီယိုက ပြောပြောဆိုဆိုနဲ့ လီဆာလေးကို လွှတ်လိုက်ပြီး ဘလောက်အင်္ကျီကို ပြန်ကောက်ဝတ်ကာ တံခါးသွားဖွင့်လိုက်တယ်။ အဲဒီနောက်တော့ ဘောက်ဆက်ဆက်လေသံနဲ့ မေးလိုက်လေရဲ့။

"ဒီမှာ... ဘာကိစ္စရှိလို့လဲ။"

တံခါးလာခေါက်တဲ့သူက နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မောင်ရယ်။ သူက ဒေါသထွက်နေတဲ့ စကော်ပီယိုကိုတွေ့တော့ နည်းနည်းလန့်သွားပုံပဲ။ ဒါပေမဲ့ ဟန်ကိုယ့်ဖို့ဆိုသလို စိတ်ငြိမ်အောင်ထိန်းထားလိုက်ပြီး ပြောလိုက်ပါတယ်။

"နယ်စားမင်းသမီးလေးက ခင်ဗျားတို့နှစ်ယောက်ကို ခေါ်ခိုင်းလိုက်လို့ပါ။"

....

နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မောင်နောက်ကိုလိုက်လာရင်း လီဆာက တစ်ခုခုမူမမှန်သလိုမျိုး စခံစားလာရတယ်။ အစကတော့ မက်ဒါနာက စစ်ဆင်ရေးကနေ ပြန်ရောက်လာပြီးတော့ သူတို့ကိုလာတွေ့ခိုင်းတယ်လို့ ထင်ထားခဲ့တာ။

အခုတော့ နယ်စားနန်းတော်ကနေထွက်ပြီး လှေစီးနေရတယ်။ နောက်ပြီး ကမ်းပေါ်ရောက်တော့လည်း ကားပြောင်းစီးရပြန်တယ်။ အခုသူတို့က တော်လမ်းလေးပေါ်မှာ၊ သေချာတာကတော့ သူတို့က စန္ဒာလမင်းမြို့တော်ကို သွားနေတာမဟုတ်ဘူး။

လီဆာက မနေနိုင်ဘဲ မေးလိုက်တယ်။ "မမမက်ဒါနာက အခုဘယ်မှာလဲ၊ ဘာလို့ကျွန်မတို့ကို မြို့နဲ့အဝေးကြီးကို ခေါ်လာတွေ့ခိုင်းရတာလဲ။"

နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မောင်ကတော့ ချွေးပျံနေတဲ့မျက်နှာနဲ့ ခေါင်းခန်းထဲက မှန်ကနေပြီး နောက်က လူလုပ်မြူတန့်နှစ်ယောက်ကို ကြည့်ပြီးပြောလိုက်တယ်။

"နယ်စားမင်းသမီးလေးက စစ်ဆင်ရေးလုပ်နေရင်းနဲ့ နယ်စားနန်းတော်မှာ တစ်ခုခုမူမမှန်တာကို သတိထားမိလို့ သခင်မလေးတို့နှစ်ယောက်ကို ဘေးကင်းရာခေါ်သွားခိုင်းနေတာပါ။ အသေးစိတ်ကတော့ သူနဲ့တွေ့မှ မေးကြည့်ပေးပါ။"

လီဆာ့စိတ်ထဲက တစ်ခုခုမှားနေသလို ခံစားချက်က အခုစကားကို နားထောင်ပြီးမှ ပိုပိုပြီးအားကောင်းလာတယ်။ ဒါကြောင့် လီဆာက စကော်ပီယိုကို ကြည့်လိုက်တော့ စကော်ပီယိုက နှစ်ကိုယ်ကြားသာရုံလေး ပြောလိုက်ပါတယ်။

"ငါတို့ ခရီးဆုံးတဲ့အထိ လိုက်ကြတာပေါ့။ မူမမှန်တာတော့ သေချာပေမဲ့ ဖော်ထုတ်ဖို့ဆိုရင် မီးစင်ကြည့်ကဖို့ လိုတယ်လေ။"

လီဆာလေးကတော့ လက်မခံနိုင်သေးဘူး။ "ဒါပေမဲ့ တစ်ခုခုဖြစ်လာရင် ဘယ်လိုလုပ်မလဲ။"

စကော်ပီယိုကတော့ လီဆာလေးစကားကြောင့် ပီတီဖြာစွာနဲ့ ပြုံးလိုက်ပြီး လီဆာလေးအနားကို တိုးကပ်ကာ နားနားကိုကပ်ပြီး လေသံလေးနဲ့ ပြောလိုက်တယ်။

"စိတ်မပူပါနဲ့၊ ဒီမမက A rankမှာတောင် ပြိုင်ဖက်ကင်းနေတာမလို့ ညီမလေးကို ကာကွယ်ပေးမှာပါ။ ဒါကြောင့် စိတ်အေးလက်အေးပဲ နေလိုက်တော့နော်။"

လီဆာလေးကတော့ နှစ်ယောက်ပူးကပ်နေတဲ့အနေအထားကြောင့် မျက်နှာတစ်ခုလုံးနီသွားတဲ့အထိ ရှက်သွေးဖြာသွားတယ်။ စကော်ပီယိုကတော့ လီဆာလေးရှက်သွားတဲ့ ချစ်စရာပုံစံကြောင့် အသက်ရှူသံတွေမြန်လာပြီး အသက်ရှူထုတ်တဲ့အခါမှာ အဖြူရောင်အခိုးအငွေ့တွေကိုပါ မြင်ရတဲ့အထိ ကြမ်းကြမ်တမ်းတမ်း အသက်ရှူနေတယ်။

သေချာတယ်၊ ဒီမိန်းမက တကယ့်နှာဘူးအကြီးစားပဲ။

ဒါပေမဲ့ စကော်ပီယိုပြောတာက မှားတော့မမှားဘူး။ သူက စင်တီလက်ကနေတောင် အသက်မသေဘဲ ထွက်ပြေးနိုင်ဖူးတဲ့အတွက် တော်ရုံပြဿနာတွေက သူ့ကို ဒုက္ခမပေးနိုင်ဘူး။ ဒါကြောင့်လည်း ဒီလောက်ထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေရတာပေါ့။

ဝန်ကြီးဦးမောင်မောင် မောင်းလာတဲ့ကားက တောမြေလမ်းလေးအတိုင်း ဆက်သွားနေတယ်။ ဆောင်းဝင်ကာစ ဖြစ်တဲ့အပြင် ဆုဗာနာရဲ့ချမ်းအေးလှတဲ့ ရာသီဥတုကြောင့် ပြင်ပလောကကြီးတစ်ခုလုံး မြူတွေဆိုင်းနေတယ်။ ဒါကြောင့် ကားအပြင်ဖက်ကို ရှင်းရှင်းလင်းလင်းမမြင်ရဘူးရယ်။ ဒါကြောင့် လမ်းမြင်ရအောင် မြူခွဲမီးတွေကို အားကုန်ထိုးထားရတယ်။

ကားရဲ့အပူပေးစနစ်ကိုလည်း အားကုန်ဖွင့်ထားရပြီး ကားရှေ့မှန်ဟာ မကြာခဏဆိုသလို ရေငွေ့ရိုက်ပြီး ဝေဝါးသွားတတ်တာကြောင့် Wiperတွေကိုလည်း ဖွင့်ထားရတာပေါ့။

နယ်စားနန်းတော်ကနေ ထွက်လာတာ တော်တော်ကြာသွားပြီ။ တောလမ်းလေးရဲ့လမ်းဆုံတစ်နေရာကိုရောက်တော့ ဝန်ကြီးဦးမောင်မောင်က ကားကိုထိုးရပ်လိုက်ပြီး နောက်ကိုလှည့်ကြည့်ကာ ပြောလိုက်ပါတယ်။

"ကျုပ် မင်းသမီးလေးနဲ့ စကားသွားပြောလိုက်ဦးမယ်၊ ကားပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေကြဦး။"

အဲဒီနောက်တော့ ဦးမောင်မောင်က ကားပေါ်ကဆင်းကာ ကားတံခါးကိုပိတ်လိုက်ပြီး လော့ချလိုက်တယ်။

လီဆာကတော့ စကော်ပီယိုကို ပြောလိုက်ပါတယ်။ "ထူးဆန်းတယ်၊ မမမက်ဒါနာသာဆိုရင် အခုလိုဆင်းပြီး သွားအကြောင်းကြားစရာမလိုဘူး၊ ကျွန်မတို့ရှိနေတာကို တန်းသတိထားမိပြီး အရင်ရောက်လာမှာပဲ။ ပြီးတော့၊ ကားတံခါးတွေကို သော့ချသွားတာက ဘာအဓိပ္ပါယ်လဲ။"

စကော်ပီယိုကတော့ ရယ်မောလိုက်ပြီးတော့ ပြောလိုက်ပါတယ်။ "တကယ်တော့ ဝန်ကြီးတစ်ယောက်က ဒရိုက်ဘာလိုမျိုး ကားမောင်းပြီး ငါတို့ကိုခေါ်လာကတည်းက ထူးဆန်းနေတာ။ နောက်ပြီး လူလုပ်မြူတန့်တွေကို ကားတံခါးပိတ်ထားခဲ့တာက အသုံးဝင်မှာမဟုတ်လား။ ဟာသတွေပဲ၊ ဆက်စောင့်ကြည့်ရအောင်။"

မကြာဘူး၊ ဦးမောင်မောင်က လက်နက်အပြည့်အစုံတပ်ထားတဲ့ ကြေးစားတစ်ဖွဲ့နဲ့အတူ ပြန်ရောက်လာတယ်။ စကော်ပီယိုက အဲဒါကိုမြင်တော့ ရယ်မောလိုက်ပြီး ကားခေါင်မိုးကို ကင်းမြီးကောက်အမြီးနဲ့ ထိုးဖောက်လိုက်တယ်။

ဘုန်း....။

အဲဲဒီနောက်တော့ ကားထဲက ခုန်ထွက်လိုက်ပြီး သူ့လက်တွေကို ကင်းမြီးကောက်လက်မတွေအဖြစ် ပြန်ပြောင်းလိုက်တယ်။ ပါးစပ်မှာလည်း အဆိပ်ရည်တွေစီးကျနေတဲ့ အစွယ်နှစ်ဖက်က ရှိနေပါတယ်။ နဂိုကတည်းက ကျစ်လစ်နေတဲ့ ခန္ဓာကိုယ်က ကြွက်သားတွေလည်း ပိုအထင်းသားပေါ်လာလေရဲ့။

လီဆာလေးကတော့ ကားတံခါးကိုကန်ဖွင့်လိုက်ပြီး စကော်ပီယိုဘေးနားမှာ သွားရပ်လိုက်တယ်။ သူ့ကိုယ်ကိုလည်း အကြေးခွံတွေက ဖုံးလွှမ်းထားပြီဖြစ်ပြီးတော့ မျက်နှာတစ်နေရာကိုပဲ ချန်ထားတယ်။ အတောင်ပံလေးကလည်း ကျောနောက်ကနေ ထွက်လာနှင့်ပြီးပြီ။

"ဒီတော့ ရှင်က မြူတန့်သိပ္ပံအဖွဲ့အစည်းနဲ့ ပေါင်းနေတဲ့ သူလျှိုပေါ့လေ။" စကော်ပီယိုက ဝန်ကြီးဦးမောင်မောင်နဲ့အဖွဲ့ကို ပြုံးပြရင်း မေးလိုက်တယ်။ သူက လက်ပိုက် (တကယ်က ကင်းလက်မပိုက်) ပြီးမေးလိုက်တယ်။

ဝန်ကြီးဦးမောင်မောင်ကလည်း ခါတိုင်းလိုမျိုး နူးညံ့နေတဲ့ ပုံစံမျိုးမဟုတ်တော့ဘူး။ သူက စကော်ပီယိုတို့ကို လက်ညိုးထိုးပြလိုက်ပြီး...

"သူတို့ကိုဖမ်းကြ...."

ရုရှားကြေးစားတစ်ဒါဇင်လောက်က စကော်ပီယိုတို့ကို သေနတ်တွေနဲ့ချိန်ပြီး ပစ်လိုက်ကြတယ်။ ဒါပေမဲ့ ကျည်ဆန်တွေထွက်လာတာမဟုတ်ဘဲ မေ့ဆေးအပ်တွေပါ။ ကြည့်ရတာ သူတို့ကို အရှင်ဖမ်းချင်နေပုံပဲ။

စကော်ပီယိုနဲ့လီဆာတို့နှစ်ယောက်လုံးက အပ်တွေရန်ကနေ အလွယ်တကူပဲ ရှောင်ထွက်သွားနိုင်လိုက်တယ်။ စကော်ပီယိုက ဟားတိုက်ရယ်မောလိုက်ရင်း ဦးမောင်မောင်ကို ပြောလိုက်လေရဲ့။

"ရှင်က ကျွန်မတို့ကို တိရစ္ဆာန်ရုံက အိမ်မွေးကောင်လေးတွေလို့ ထင်များနေလား။ အမှိုက်ပဲ။"

စကော်ပီယိုက မျက်လုံးကိုမှေးပြီးတော့ ပြောလိုက်တယ်။ Mad doctorက လီဆာရဲ့ပြီးပြည့်စုံတဲ့ လူလုပ်မြူတန့်ဗီဇကို လိုချင်နေမှန်း သူသိတာပေါ့။ နယ်စားနန်းတော်မှာ သူတို့ကိုအဖမ်းရဲတဲ့အတွက် ဒီအထိမျှားခေါ်လာကြတာ။ ဒါပေမဲ့ ဝန်ကြီးဦးမောင်မောင်က သူတို့ကို အများကြီးလျှော့တွက်ခဲ့ပုံပဲ။

ဦးမောင်မောင်ကလည်း မင်းသားခေါင်းစောင်းထားတာ ပြုတ်ကျသွားပြီမလို့ ဆန်ပြီးဟန်ဆောင်မနေတော့ဘူး။ သူကလည်း သူရူးတစ်ယောက်လိုမျိုး ရယ်မောလိုက်ပါတယ်။

"မင်းတို့တွေက ဒီလောက်အားမနည်းနိုင်မှန်း ငါသိသားပဲ။ ဒါပေမဲ့ ငါက တစ်ဆင့်ချင်းစမ်းကြည့်ချင်နေတာလေ။ မင်းတို့လူလုပ်မြူတန့်တွေက ဘယ်ပမာဏအထိ အစွမ်းထက်လဲဆိုတာကိုပေါ့။ ဒါမှလည်း သူတို့ပေးထားတဲ့ကတိက ငါလက်ခံဖို့ ထိုက်တန်မတန် သိရမှာပေါ့။"

ကြည့်ရတာ မြူတန့်သိပ္ပံအဖွဲ့က ဦးမောင်မောင်ကို လူလုပ်မြူတန့်ဖြစ်ခွင့်ပေးမယ်လို့ ကတိပေးခဲ့ပုံပါပဲ။ ဒါပေမဲ့ ဦးမောင်မောင်ကတော့ နိုင်ငံရေးသမားဆိုတဲ့အတိုင်းပဲ လူလုပ်မြူတန့်တွေက ပြောသလောက်အလုပ်ဖြစ်မဖြစ် သိချင်နေပုံပေါ်တယ်။

"သူတို့ကို ဖမ်းကြးစမ်း။" ဦးမောင်မောင်က လက်ညိုးထိုးပြီး အမိန့်ပေးလိုက်တယ်။ မက်တယ်ပလာဒင် ချပ်ဝတ်တွေဝတ်ထားတဲ့ နောက်ကြေးစားတစ်ဒါဇင်လောက်က အဆင့်မြင့်လက်နက်ပေါင်းစုံကိုင်ပြီး ပြေးဝင်လာကြပြန်တယ်။

ဒါပေမဲ့ သူတို့က ဘယ်လောက်များပါစေဦးတော့ တစ်ယောက်ချင်းစီက အဆင့်အနိမ့်ဆုံး C rank တွေနဲ့ပဲ ညီမျှတာပါ။ အားလုံးပေါင်းလိုက်ရင် တော်ရုံB rankတွေကို ဒုက္ခပေးနိုင်ပေမဲ့ စကော်ပီယိုဖြစ်စေ၊ လီဆာဖြစ်စေ သာမန်မြူတန့်တွေမဟုတ်ကြပါဘူး။

မိနစ်ပိုင်းအတွင်းမှာပဲ မက်တယ်ပလာဒင်ဝတ်စုံဝတ် ကြေးစားတွေ ပြန်မထနိုင်လောက်အောင် ရှုံးနိမ့်ကုန်တယ်။

"အံ့ဩစရာပဲ... တကယ့်ကို အံ့ဩစရာပဲ... ဒါဖြင့် ထိုက်တန်တယ်ပေါ့။"

ဦးမောင်မောင်က သူရူးတစ်ယောက်လိုမျိုး ထရယ်နေပြန်တယ်။ စကော်ပီယိုကတော့ သူ့ကို့အထင်သေးစွာနဲ့ စိုက်ကြည့်နေပါတယ်။

"ရှင်ရယ်ပဲရယ်နေတော့မှာလား၊ ရယ်လို့ပြီးပြီလား။ ကျွန်မရှင့်ကို သတ်တော့မလို့။" စကော်ပီယိုရဲ့နောက်က ကင်းမြီးကောက်အမြီးက ထောင်တက်လာတယ်။ အဆိပ်ဆူးနဲ့ပစ်ဖို့အတွက် အသင့်ဖြစ်နေပါပြီ။

ဦးမောင်မောင်ကတော့ ရယ်မောနေတာကို လက်စသတ်လိုက်ပြီးတော့ ပြောလိုက်ပါတယ်။

"မြူတန့်သိပ္ပံအဖွဲ့က မင်းတို့ကိုဖမ်းဖို့အတွက် သူတို့လူတစ်ယောက်မှမပါဘဲ ကြေးစားတွေပဲ လွှတ်လိုက်မယ်လို့ ထင်နေတာလား။ မင်းတို့ သူတို့ကို သိပ်အထင်သေးလွန်းရာ ကျသွားပြီ။"

မကြာခင်မှာပဲ မြူတွေထဲကနေ အရပ်ခုနစ်ပေလောက်ရှိတဲ့ တုတ်ခိုင်တဲ့လူရိပ်တစ်ရိပ်ဟာ ရှေ့ကို လျှောက်လာတယ်။ အဲဒီလူရိပ်က ကြေးစားတွေကို တွန်းဖယ်လိုက်ပြီးတော့ ဦးမောင်မောင်ကို ပြောလိုက်တယ်။

"တော်တော်စကားများတဲ့ကြွက်ပဲ၊ မင်းနဲ့မင်းကြေးစားတွေက သူတို့ကိုမဖမ်းနိုင်ပါဘူးလို့ ငါပြောခဲ့တာပဲ။ ငါက သူတို့ကိုဖမ်းရမှာ၊ မင်းတို့က အမှိုက်သိမ်းရုံပဲ။"

မြူတွေထဲက ထွက်လာတဲ့အချိန်မှ အဲဒီလူကို လီဆာတို့ သေချာမြင်လိုက်ရတယ်။ သူ့မျက်လုံးတွေကို ပိတ်စအနက်ရောင်နဲ့ စည်းထားပြီးတော့ မျက်နှာပေါ်မှာလည်း ပြတ်ရှထားတဲ့ ဓားဒဏ်ရာအဟောင်းတွေ မနည်းဘူး။ ဓားဒဏ်ရာတွေထဲမှာ အထင်ရှားဆုံးကတော့ လည်ပင်းမှာရှိနေတဲ့ သွေးကြောတွေကိုတောင် ပိုင်းဖြတ်ထားခဲ့တဲ့ ဓားဒဏ်ရာအမာရွတ်ကြီးပါ။ ဒဏ်ရာက လည်ပင်းကနေပြီး ရင်ဘတ်အထိကို ဆက်ရှိနေတယ်။ လက်မဝက်လောက်အထိ အထဲကို ချိုင့်ဝင်နေတာကြောင့် ဒဏ်ရာက ဘယ်လောက်ထိ နက်ရှိုင်းကာ သေဘေးနဲ့နီးခဲ့သလိုဆိုတာ သိနိုင်ပါတယ်။

အဲဒီလူရဲ့ကျောနောက်မှာတော့ သူ့အရပ်နီးပါးမြင့်တဲ့ အနက်ရောင်ဓားပြားကြီးကို လွယ်ထားပါတယ်။ ဒီဓားပြားကြီးနဲ့ယှဥ်ရင် ငွေရောင်စစ်သည်တော်ရဲ့ဓားတောင်မှ သေးငယ်သွားသလိုပဲ။

အဲဒီလူဟာ အညိုရောင်သားရေကုတ်အင်္ကျီရှည်ကြီးကို ဝတ်ထားပြီးတော့ အတွင်းမှာတော့ သံချပ်ဝတ်စွပ်ကျယ်ကို ဝတ်ထားပါတယ်။ သူ့အသားအရေက မီးသွေးလို မည်းနက်နေပြီး နေရာတိုင်းမှာ ဒဏ်ရာအမာရွတ်တွေ အပြည့်နဲ့ပါ။

စကော်ပီယိုက ဒီလူကိုမြင်တော့ နဂိုအထင်သေးနေတဲ့ မျက်နှာကနေ လေးနက်တဲ့ပုံစံပြောင်းသွားတယ်။

"သတိမပေါ့ဆနဲ့၊ ဒီလူက ဂျပန်ရဲ့ဓားသူတော်စင်ဥစာကီလက်ကနေ မသေဘဲလွတ်မြောက်ခဲ့သူ၊ တရုတ်ရဲ့ဓားဘုရင်ကျန်းကျိရာကို သတ်ခဲ့သူ၊ ဥရောပရဲ့ဓားမာစတာ ဒေါ်နယ် မက်မန်းလက်ကို ဖြတ်ခဲ့တဲ့သူ၊ ဓားသမားတိုင်းရဲ့အိပ်မက်ဆိုးဖြစ်တဲ့ ဓားနတ်ဆိုး ဆီးဗားရပ်ပဲ။"

ဓားနတ်ဆိုးက သူ့ကိုမှတ်မိနေတဲ့သူရှိတော့ ပြုံးလိုက်တယ်။ သူက ခြေတစ်ဖက်ကို ကိုင်းညွှတ်လိုက်ပြီးတော့ ဓားပြားကြီးကို လက်နှစ်ဖက်နဲ့သေချာ ဆွဲထုတ်လိုက်လေရဲ့။

"ငါဆယ်နှစ်လောက် ပျောက်ကွယ်သွားခဲ့တာတောင်

ငါ့ကိုမှတ်မိနေတဲ့သူ ရှိနေသေးပါလား။ မင်းမျက်နှာကို မမြင်ရတာတော့ တကယ်နာတာပဲ။"

ဟုတ်ပါတယ်၊ ဒီလူက မျက်မမြင်တစ်ယောက်ပါ။ လွန်ခဲ့တဲ့ဆယ်နှစ်က သူ့မျက်လုံးတွေကို ကလေးအရွယ်ပဲရှိသေးတဲ့ ဓားသူတော်စင်ဥစာကီက ထိုးဖောက်ခဲ့တာ။ ဒါပေမဲ့ သေဘေးကနေတော့ လွတ်မြောက်သွားခဲ့တယ်။ ပြီးတော့ ဒီလူက လူလုပ်မြူတန့်မဟုတ်ဘူး။

"ရှင်က မာနကြီးတဲ့ A+ အဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ။ ဘာလို့ မြူတန့်သိပ္ပံအဖွဲ့ဖက်မှာ ပါနေရတာလဲ။"

ဆီးဗားရပ်က ဗီလိန်အဖြစ် သတ်မှတ်ခံထားရတယ် ဆိုပေမဲ့ သူက မာနအင်မတန်ကြီးတဲ့သူတစ်ယောက်ပါ။ သူ့ကို အမေရိကန်စစ်တပ်က လေ့ကျင့်ပေးခဲ့တာဖြစ်ပြီး Sealအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ သတ်ဖြတ်ရတာကို ရူးသွပ်နေခဲ့ပြီးတော့ အထက်အရာရှိတစ်ယောက်ကို သတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဝရမ်းပြေးဖြစ်လာပြီး ငွေပေးရင်လူသတ်တဲ့ ကြေးစားအန္တရာယ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။ နောက်ပိုင်းမှာတော့ တစ်ကမ္ဘာလုံးက နာမည်ကျော်ဓားသမားတွေကို စိန်ခေါ်ခဲ့ပြီးတော့ တော်တော်များများကို သတ်ပစ်ခဲ့ပါတယ်။

ပြောရရင် သိုင်းပညာဟီးရိုးအစည်းအရုံးအတွက် အိပ်မက်ဆိုးလို ဖြစ်နေခဲ့ပြီးတော့ သူ့ကိုဘယ်သူမှ မနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဓားသူတော်စင်ဥစာကီကို စိန်ခေါ်မိပြီး မျက်လုံးကန်းကာ ကြေးစားလောကကြီးကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

"မင်းငါ့ရဲ့စည်းမျဥ်းတစ်ခုကို မှတ်မိသေးလား။ ငါ့ထက် ဓားပညာပိုတော်တဲ့သူတွေကို အလကားသတ်ပေးမယ်ဆိုတာလေ။"

ဆီးဗားရပ်ရဲ့လေသံက သိပ်ကို ကြောက်လန့်ဖို့ကောင်းနေတယ်။ စကားလုံးတိုင်းကို တစ်လုံးချင်း ရှင်းလင်းစွာပြောနေပေမဲ့ သတ်ဖြတ်လိုစိတ် အပြည့်နဲ့ပါ။ အဆင့်တူဖြစ်တဲ့ စကော်ပီယိုတောင်မှ သူ့လူသတ်လိုစိတ်ကြောင့် မွန်းကျပ်လာပါတယ်။

"လွန်ခဲ့တဲ့တစ်လက စမစ်ငါ့ကိုပြောခဲ့တယ်။ SilverKnightက ငါ့ထက်ပိုပြီး ဓားပညာတော်တယ်တဲ့။ ဒါကြောင့် ငါသူ့ကိုသတ်ဖို့ ဖြစ်လာတော့တာပဲ။ သူငါ့ကို ကျိန်းသေပေါက် လာရင်ဆိုင်မယ့်နည်းလမ်းက သူချစ်ရတဲ့သူတွေကို ပြန်ပေးဆွဲဖို့မဟုတ်လား။ ဒါကြောင့် ငါမင်းတို့ကိုဖမ်းပေးဖို့ သဘောတူခဲ့တာပဲ။"

စကားဆုံးတာနဲ့ ဆီးဗားရပ်က အင်မတန်လေးလံတဲ့ ဓားပြားကြီးကိုဆွဲပြီး ပြေးထွက်လာတယ်။ သူခြေလမ်းတိုင်းမှာ မြေပြင်က အပ်ကွဲသွားပြီး လေတိုးသံတွေကလည်း ဆူညံလို့နေတယ်။ သူဟာ မြူတန့်စွမ်းအားမရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ဆိုတာ သိပ်ကိုယုံရခက်တယ်။ ဘယ်သာမန်လူသားက ဒီအထိအစွမ်းထက်အောင် လေ့ကျင့်နိုင်ခဲ့ဖူးလို့လဲ။

တစ်ချိန်တည်းမှာပဲ စကော်ပီယိုရဲ့မျက်လုံးတွေက ကျည်းမြောင်းသွားတယ်။

၆။

ဓားနတ်ဆိုးဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ တည်ရှိမှုပါ။

သူ့ခြေစလှမ်းပြီး ပထမဓားချက်ကို ခုတ်ပိုင်းလိုက်တာနဲ့ စကော်ပီယိုတို့ဟာ ရှောင်ထွက်ဖို့အပြင် ဘာမှမလုပ်နိုင်ခဲ့ကြဘူး။

ဓားပြားကြီးဟာ သူတို့ကိုမခုတ်မိခဲ့ပေမဲ့ မြေပြင်ပေါ်ကို အားပြင်းပြင်းနဲ့ကျဆင်းသွားပြီး ဆယ်မီတာဝန်းကျင်က မြေကြီးတွေအားလုံး အက်ကွဲကုန်ကာ လေထဲမြောက်တက်ကုန်တယ်။ မြူနှင်းတွေလည်း ထွက်ပေါ်လာတဲ့ လေအဟုန်ကြောင့် လွင့်စင်ကုန်ပါတယ်။

စကော်ပီယိုက လီဆာရဲ့ခါးကိုဖက်ထားပြီး မြေပေါ်ကို ပြန်ခုန်ဆင်းလိုက်တယ်။ သူသာ လီဆာကို ဆွဲမယူခဲ့ရင် အဲဒီဓားချက်ကြောင့် မသေရင်တောင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားမှာပါ။

စကော်ပီယိုဟာ ဒီဓားချက်ကို ဘေးမထိရန်မခ ရှောင်လိုက်နိုင်ပေမဲ့ အခုမှ နှစ်ဖက်အားစမ်းတုန်းဖြစ်ကြောင်း သိနေပါတယ်။ တကယ့်တိုက်ပွဲက မစသေးပါဘူး။

"လီဆာ... နောက်လှည့်မကြည့်နဲ့တော့... လမ်းမှတ်မိတယ်မဟုတ်လား၊ လာရာလမ်းအတိုင်းပြေးတော့။"

စကော်ပီယိုက လီဆာကိုပြောလိုက်ပြီး လွှတ်ပေးလိုက်တယ်။ လီဆာကတော့ နောက်ကိုလှည့်ပြီးတော့ စကော်ပီယိုပြောတဲ့အတိုင်းပဲ ထွက်ပြေးတယ်။ သူကတော့ ဓားနတ်ဆိုးကို မျက်နှာမူပြီး ရပ်နေပါတယ်။ ဓားနတ်ဆိုးကတော့ သူ့ရဲ့အရပ်နီးပါးကြီးမားတဲ့ ဓားပြားကြီးကို ပခုံးပေါ်တင်ထားရင်း ပြုံးလိုက်တယ်။

"မင်းက ထင်သလောက် အားမနည်းဘူးပဲ။"

အဲဒီနောက်တော့ သူက ဓားပြားကြီးကို ဒေါင်လိုက်စတင်ခုတ်ပိုင်းလိုက်ပြီး အဆက်မပြတ်ဝေ့ယမ်းခုတ်ပိုင်းလေရဲ့။ ဟုတ်ပါတယ်၊ သိပ်လေးလွန်းတဲ့ သတ္တုဓားကြီးကို သူက တစ်ချပ်လေးမှ မရပ်နားဘဲ ဝေ့ယမ်းနေတာပါ။

"မိုးသက်မုန်တိုင်းဓားသိုင်း၊ အဆက်မပြတ်တိုက်ခတ်တဲ့လေ။"

ဒီလူဟာ သူ့ဓားကို ရိုးရိုးလေးယမ်းခုတ်ပိုင်းနေမယ်ဆိုရင် စကော်ပီယို မစိုးရိမ်ပါဘူး။ ဓားချက်တွေက ဘယ်လောက်အစွမ်းထက်ထက် သူ့ကိုမထိရင် အသုံးမဝင်ပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ရန်သူကို လျှော့တွက်မိကြောင်း သတိထားမိလိုက်တယ်။ ဓားချက်တိုင်းက လေထုကို လှုံဆော်ပြီး ပြတ်ရှစေနိုင်တဲ့ လေဓားချက်တွေက ဖြစ်ပေါ်လာနေပါတယ်။

လေဓားချက်တချို့ စကော်ပီယိုရဲ့ခန္ဓာကိုယ်နားကနေ ဖြတ်သန်းသွားပြီးနောက်မှာတော့ သူမပေါ့ဆရဲတော့ဘူး။ သစ်ပင်တစ်ပင်ကို လေဓားချက်ထိမှန်ပြီး တစ်စစီပေါက်ကွဲထွက်သွားတာကို သူမြင်ခဲ့ရလို့ပါ။

စကော်ပီယိုက သူ့ရဲ့လျင်မြန်မှုကိုသုံးပြီးတော့ တန်ပြန်ထိုးစစ်ဆင်တယ်။ သူက ရန်သူဓားကိုမဝေ့ယမ်းနိုင်အောင် နှောက်ယှက်ဖို့အတွက် ရှေ့ကိုတက်သွားခဲ့တာပါ။ ကင်းလက်မတွေကို စကော်ပီယိုက ကပ်ကြေးလိုမျိုး အသုံးပြုရင်း စတင်တိုက်ခိုက်တယ်။

ဒီလက်မတွေမှာပါတဲ့အဆိပ်က အဆင့်အမြင့်ဆုံး မြူတန့်တစ်ယောက်ကိုတောင် ခဏအတွင်းအကြောတွေ ရပ်ဆိုင်းသွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ စကော်ပီယိုဟာ ဓားနတ်ဆိုးကို ထိအောင်မတိုက်နိုင်ဘဲ ဖြစ်နေပြန်တယ်။

ဓားနတ်ဆိုးဟာ ခွန်အားသန်မာရုံသာမက တုံ့ပြန်မှုမှာလည်း အင်မတန်အားကောင်းပါတယ်။ ကင်းလက်မ ကျဆင်းလာမယ့်နေရာတွေကို ကြိုတင်ခန့်မှန်းနိုင်ပြီးတော့ သူ့ဓားပြားကြီးကို ဒိုင်းတစ်ခုလိုအသုံးချပြီး လျှင်မြန်စွာ ခုခံနိုင်တယ်။

ထန်း....ထန်း....ထန်း။

ကင်းလက်မနဲ့ဓားနက်ကြီးက မာကျောမှုပိုင်းမှာ အဆင့်တူပါတယ်။ ဒါကြောင့် သတ္တုချင်းထိခတ်သံတွေသာ ထွက်ပေါ်လာပြီးတော့ တိုက်ပွဲအဖြေက ထွက်မလာသေးဘူး။

နောက်ဆုံးမှာတော့ စိတ်မရှည်တော့တဲ့ ဓားနတ်ဆိုးက မြေပြင်ကို ခြေထောက်နဲ့ အားကုန်ဆောင့်နင်းလိုက်တယ်။

ဘုန်း....။

ခြေနင်းထားတဲ့မြေကြီးက မြောက်တက်သွားတဲ့အတွက် စကော်ပီယို အခြေပျက်သွားတယ်။ အဲဒီအချိန်မှာပဲ ဓားပြားကြီးက လျင်မြန်စွာလှုပ်ရှားလာပြီး စကော်ပီယိုကို ကန့်လတ်ဖြတ်ပိုင်းချလိုက်တယ်။

"သေစမ်း...." စကော်ပီယိုက သူ့ရဲ့အသိစိတ်ကနေ အန္တရာယ်ကို ခံစားမိတဲ့အတွက်ကြောင့် ခန္ဓာကိုယ်က ကြွက်သားတွေကို အားကုန်ညှစ်ထုတ်ပြီး လေထဲမှာ ဦးတည်ချက်ပြောင်းလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကင်းလက်မတွေနဲ့ အဓိကနေရာတွေကို ကာကွယ်လိုက်ပါပြီ။

"အား....." အရှောင်ဦးလို့ ဓားသွားနဲ့ အခုတ်မခံလိုက်ရပေမဲ့ ဓားနတ်ဆိုးက သူ့ဓားချက်လွဲသွားမှန်း သိသွားတဲ့အတွက် ပိုင်းဖြတ်နေဆဲအနေအထားကနေ ဓားပြားကိုထောင်လိုက်တဲ့အတွက် စကော်ပီယိုရဲ့ခန္ဓာကိုယ်ကို သတ္တုဓားပြားကြီးက ရိုက်မိသွားခဲ့ပါပြီ။

စကော်ပီယိုဟာ ပေနှစ်ဆယ်လောက်အထိ လွင့်သွားပြီးခါမှ အရှိန်ကိုထိန်းလိုက်နိုင်ပြီး ကိုယ်ဟန်ကိုပြင်လို့ရသွားတယ်။ သူဒဏ်ရာရသွားပြီး သွေးတချို့အန်ထုတ်လိုက်ပေမဲ့ လေဓားချက်နှစ်ခု ဆင့်ရောက်လာတဲ့အတွက် နာကျင်မှုကို ခဏဖိနှိပ်ထားပြီးတော့ ခုန်ရှောင်လိုက်ရတာပေါ့။

'ကြည့်ရတာ... ဒီလူကို အနီးကပ်တိုက်ဖို့က မဖြစ်နိုင်ဘူးပဲ။' နှုတ်ခမ်းထောင့်မှာ စီးကျနေတဲ့ သွေးစီးကြောင်းကို လက်မနဲ့ဖိသုတ်လိုက်ရင်း စကော်ပီယိုက တစ်ယောက်တည်းစဥ်းစားလိုက်တယ်။ စကော်ပီယိုက လျင်မြန်ပေမဲ့ ဓားနတ်ဆိုးက ပိုသန်မာပြီး ခံနိုင်ရည်အားလည်း လွန်စွာမြင့်မားပါတယ်။ တကယ်လို့ အနီးကပ်ဆက်တိုက်နေရင် စကော်ပီယိုရဲ့သက်လုံ ကျဆင်းပြီး ရှုံးနိမ့်သွားမှာပါ။

ရုတ်တရက် မတိုက်ခိုက်တော့ဘဲ ငြိမ်ငြိမ်လေးနေနေတဲ့ စကော်ပီယိုကြောင့် ဓားနတ်ဆိုးဟာ တိုက်ခိုက်ရမယ့် ဦးတည်ရာပျောက်သွားတယ်။ သူက နားကိုစွန့်ထားရင်း တစ်ချိန်တည်းမှာပဲ နာချောင်းကိုရှုံ့ကာ အနံခံရင်း သူ့ကိုလိုက်ရှာနေတယ်။

'ထင်ထားတဲ့အတိုင်းပဲ သူက အနံနဲ့အသံကိုသုံးပြီး အာရုံခံနေတာပဲ။' ဒီလိုအတတ်ပညာမျိုးက ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာပဲ ရှိတယ်လို့ထင်ရပေမဲ့ အခုတော့ စကော်ပီယိုရှေ့မှာတင် အသက်ရှင်လျက် လုပ်နိုင်တဲ့ လူတစ်ယောက်ကို ဘွားဘွားကြီးတွေ့နေရပါပြီ။

ရုတ်တရက် ဓားနတ်ဆိုးက ပြုံးလိုက်ပြီးတော့ ပခုံးပေါ်က သူ့ဓားကြီးကို မြေပေါ်ပစ်ချကာ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး မြေကြီးထဲ ထိုးသွင်းလိုက်တယ်။

"ဟမ့်... မင်းသွေးနံကို ငါမှတ်မိတယ်၊ကောင်မလေး။"

သူက တစ်ယောက်တည်းရေရွတ်လိုက်ပြီး ဓားထဲကို ပိုပြီးအားစိုက်လိုက်ပါတယ်။ မြေကြီးတွေက မျက်စိရှေ့မှာတင် အားလုံးအက်ကွဲကုန်ပြီး ငလျှင်ပြတ်ရွေ့ကြောင်းလိုမျိုး အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး စကော်ပီယိုဆီကို ဆက်လက်ဦးတည်အက်ကွဲသွားတယ်။

"မိုးသက်မုန်တိုင်းဓားသိုင်း၊ မြေကမ္ဘာတုန်ဟီးခြင်း။"

"သေစမ်း..." စကော်ပီယိုလည်း သူမူလရပ်နေတဲ့နေရာမှာ ဆက်ရပ်မနေတော့ဘဲ လေထုထဲကို ခုန်တက်လိုက်တယ်။ သူရပ်နေတဲ့ နေရာက မြေကြီးတွေဟာ စက်ဝိုင်းပုံစံ ချက်ချင်းအက်ကွဲသွားပြီး လေထဲအထိ ကျောက်တုံးတွေက လွင့်စင်တက်လာတယ်။

ဒါပေမဲ့ စကော်ပီယိုက နဂိုကတည်းက တန်ပြန်တိုက်ရမယ့်နည်းလမ်းကို စဥ်းစားပြီးနေပါပြီ။ သူ့ခန္ဓာကိုယ်က လေထဲမှာပဲ အရိပ်တစ်ခုလိုမျိုး ပျောက်ကွယ်သွားတယ်။ ဒါက သူရလာတဲ့ စွမ်းအားတွေထဲက တစ်ခုဖြစ်တဲ့ အရိပ်လှုပ်ရှားနည်းပါ။

မတူညီတဲ့ နေရာတစ်ခုမှာ ပေါ်လာပြီးတဲ့နောက်တော့ စကော်ပီယိုက အဆိပ်ဆူးချွန်တစ်ခုကို ပစ်ခတ်လိုက်တယ်။

"ကောင်မလေး၊ မင်းဒါလောက်နဲ့ ငါ့ကိုနိုင်မယ် ထင်နေတာလား။" ဓားပြားကြီးနဲ့ အဆိပ်ဆူးကို ခတ်ထုတ်လိုက်ရင်း ဓားနတ်ဆိုးက အော်ဟစ်ရယ်မောလိုက်တယ်။ ဒါပေမဲ့ သူ့ရယ်သံ တစ်ဝက်မှာတင် ရပ်သွားပြီး သူ့ခါးကို ပြန်စမ်းကြည့်လိုက်တယ်။ နောက်အဆိပ်ဆူးတစ်ယောက်က သူ့ခါးမှာ စိုက်ဝင်နေတယ်။

စကော်ပီယိုကတော့ တစ်နေရာကနေတစ်နေရာ အရိပ်တစ်ခုလိုမျိုး သွားလာနေဆဲပါ။ သူရပ်လိုက်တဲ့ အချိန်တိုင်းက အဆိပ်ဆူးပစ်ဖို့ဖြစ်ပြီးတော့ တစ်ခါပစ်တိုင်းမှာ အဆိပ်ဆူးတွေရဲ့အသံ တစ်ခုနဲ့တစ်ခုထပ်သွားအောင်လို့ နှစ်ချက်ဆင့်ပြီး တိုင်ပင်ကိုက်ပစ်ပါတယ်။ ဒါကြောင့် ဓားနတ်ဆိုးဟာ အဆိပ်ဆူးနှစ်ချောင်း ပြိုင်တူပစ်လိုက်မှန်း မသိခဲ့တာပေါ့။

ပြီးတော့ သူ့နေရာကို ခန့်မှန်းလို့မရအောင်လည်း လက်မတွေကို ကပ်ကြေးလိုမျိုး ခေါက်ပြီးတော့ အသံပြုကာ အာရုံပြန့်အောင်လည်း ဆက်တိုက်လုပ်နေသေးတယ်။

အကြံကောင်းရင် တစ်ချက်ဆိုတဲ့အတိုင်းပဲ မကြာခင်မှာပဲ အဆိပ်ဆူးတစ်ဒါဇင်လောက်က ဓားနတ်ဆိုးကိုယ်ထဲ စိုက်ဝင်သွားပြီ။ အဆိပ်တက်အောင် စောင့်ဖို့ပဲ ကျန်ပါတော့တယ်။ ကင်းခြေများစင်တီရဲ့အဆိပ်က အကြောဆိုင်းစေတာဆိုပေမဲ့ အတိအကျပြောရရင် စကော်ပီယိုရဲ့အဆိပ်က အဲဒါနဲ့ နည်းနည်းကွဲပါတယ်။

ကင်းမြီးကောက်တစ်ကောင်ရဲ့အဆိပ်က neurotoxinပါ။ ခြေလက်တွေကို ထုံထိုင်းလာစေပြီးတော့ ရောင်ကိုင်းလာအောင်လည်း ဖြစ်စေပါတယ်။ ကမ္ဘာပေါ်က ကင်းမြီးကောက်တော်တော်များများက လူသေလောက်အောင် အဆိပ်မရှိပေမဲ့လည်း စကော်ပီယိုကတော့ သေချာပေါက် လူသတ်နိုင်တာ ကျိန်းသေပါတယ်။

သိပ်မကြာခင်မှာပဲ ဓားနတ်ဆိုးရဲ့အသားတွေက မြင်မကောင်းလောက်အောင် ဖူးရောင်လာပါတယ်။ စကော်ပီယိုက ပွဲပြီးတော့မယ်လို့ ခံစားလိုက်ရပေမဲ့ အထင်နဲ့အမြင် မှားသွားပုံပါပဲ။

"ဟား....." ဓားနတ်ဆိုးက ကြွက်သားတွေကို ညှစ်ထုတ်လိုက်တယ်။ အဆိပ်ဆူးတွေက ကျည်ဆန်တွေလိုမျိုး သူ့အသားထဲကနေ ကန်ထွက်လာပြီးတော့ အဆိပ်တွေကလည်း သူ့အရေပြားထဲကနေ ဖောက်ထွက်ခံလိုက်ရသလိုမျိုး အရည်တွေပြန်စီးကျလာတယ်။ သွေးတချို့ပြန်စီးကျလာချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကုန်လွန်သွားခဲ့ပါပြီ။ အဆိပ်ဆူးတွေ နစ်ဝင်သွားတဲ့နေရာတွေကနေ သွေးတွေထွက်နေပေမဲ့ ဒါက သူ့ကိုသတ်နိုင်ဖို့အတွက်တော့ အဝေးကြီးပါ။ မကြာခင်မှာပဲ သူ့ကြွက်သားတွေကို ညှစ်လိုက်ပြီးတော့ သွေးတွေစီးကျနေတာကို ရပ်တန့်လိုက်တယ်။

ဓားနတ်ဆိုး အသက်ပြင်းပြင်း ရှူထုတ်လိုက်တဲ့အခိုက်မှာ အဖြူရောင်အခိုးအငွေ့တွေက သူ့နှာခေါင်းကနေ ပြန်ထွက်လာတယ်။ ဖောင်းကြွနေတဲ့ ကြွက်သားပိုင်ရှင် ဒီဓားသမားက ငှက်မွှေးတောင် တစ်ချောင်းလိုမျိုး ဓားပြားကြီးကို မလိုက်ပြီးတော့ စကော်ပီယို တကယ်ရှိနေတဲ့နေရာကို ရထားစက်ခေါင်းလိုမျိုး ပြေးတက်သွားတယ်။

"သေလိုက်တော့...." အခြေအနေမကောင်းမှန်းသိတဲ့ စကော်ပီယိုက သားရဲအသွင်ပြောင်းဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ အချိန်မမီတော့ပါဘူး။ ဓားပြားကြီးက သူ့အပေါ်ကို မိုးကျလာခဲ့ပြီလေ။

ဒုတ်....။

တစ်ခုခု ပိုင်းဖြတ်ခံလိုက်ရတဲ့ အသံနဲ့အတူ သွေးတွေက မြေပြင်ပေါ်ကို ပက်ဖြန်းသွားပြီး အားလုံး စွန်းထင်းကုန်တယ်။

....

သူတို့တွေက အဖွဲ့အားလုံးကို ပြန်စုစည်းပြီးတဲ့နောက်တော့ လမ်းမှာအထိအခိုက်အကျအဆုံးစာရင်းကို တွက်ချက်နေခဲ့ကြသေးတယ်။ အသေအဆုံးအများဆုံးက ဆုဗာနာရဲ့တပ်ဖွဲ့ဝင်တွေပါ။ အနည်းဆုံး သူတို့ထဲက လူတစ်ဝက်လောက် သေကုန်ကြတယ်။

ဒီထဲမှာ အဆိုးဝါးဆုံးအဖြစ်အပျက်တော့ နတ်ဘုရားအသံအဖွဲ့ဝင် တစ်ယောက်မှမပါခဲ့တဲ့ သူတောင်းစားဂိုဏ်းချုပ်ဟုန်ဝေလင်းရဲ့အဖွဲ့က တစ်ဖွဲ့လုံးအသတ်ခံခဲ့ရတာပါ။

ဖရာလီတာရဲ့သုံးသပ်ချက်အရတော့ ပန်းပင်မြူတန့်ဗီးနပ်စ်က အဆင့်တက်သွားပုံရပြီး သူတို့တစ်ဖွဲ့လုံးကို တစ်ယောက်တည်း မျိုးဖြုတ်ပစ်ခဲ့ပုံပါပဲ။

ဆိုဖီယာကလည်း ဗီးနပ်စ်အဆင့်တက်တာ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ သူက S rank သုံးယောက်လုံးနဲ့ ယှဥ်တိုက်ခဲ့ရတာကိုး။

မက်ဒါနာကိုယ်တိုင်လည်း တစ်ကိုယ်လုံးကျောချမ်းသွားသလို ခံစားလိုက်ရတယ်။ ဗီးနပ်စ်နဲ့ သူအရင်က တိုက်ခဲ့ဖူးပြီး ဝှက်ဖဲအားလုံးကို ထုတ်သုံးပြီးမှ နိုင်ခဲ့တာပါ။ တကယ်လို့ သူတို့အဖွဲ့သာ ဗီးနပ်စ်နဲ့ရင်ဆိုင်ခဲ့ရရင် သေလမ်းတစ်လမ်းသာ ရှိပါတယ်။

တကယ်တော့ မက်ဒါနာတို့ဖက်က ဆုံးရှုံးတာထက်စာရင် မြူတန့်သိပ္ပံအဖွဲ့အစည်းက ဒီတစ်ခေါက် တော်တော်ကြီးထိသွားတာပါ။

A rank တွေ အများကြီးအသတ်ခံလိုက်ရပြီးတော့ အားအကိုးရဆုံးဖြစ်တဲ့ စင်တီကိုယ်တိုင်လည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့ပါပြီ။ အရင်တစ်ခါက ဆုံးရှုံးမှုနဲ့ပေါင်းရင် Mad Doctorရဲ့အဖွဲ့က အင်အားသုံးပုံပုံနှစ်ပုံလောက် ပြုတ်သွားပြီလို့ ဆိုရမှာပါ။

ဒါပေမဲ့ ဖရာလီတာကတော့ ဒီကိစ္စကို အကောင်းမမြင်ပါဘူး။ "အခုကိစ္စမှာ Mad doctorဖက်က အများကြီးဆုံးရှုံးပေမဲ့ သူစိတ်ရှိတယ်ဆိုရင် နောက်ထပ် လူလုပ်မြူတန့်တွေအများကြီး ဖန်တီးလို့ရတယ်။ အခုသူ့လူတွေသေတာကို ဂရုမစိုက်တာက သူ့အားနည်းချက်သူ သိသွားလို့ လူပိုတွေကို စစ်ထုတ်ရုံသာသာပဲ။"

မက်ဒါနာလည်း အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ တကယ်တော့ သူတို့လေးဖွဲ့မှာ ဖရာလီတာနဲ့ဖက်တီးစားဖိုမှူးဝမ်တို့ရဲ့အဖွဲ့တွေက သူတို့နဲ့အဆင့်တူတွေကိုပဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ မြူတန့်သိပ္ပံဘက်တော်သားတွေက သူတို့အဆင့်နဲ့လိုက်ဖက်ညီတဲ့ တိုက်ပွဲအတွေ့အကြုံမရှိသလို စွမ်းအားအပေါ်မှာသာ အားကိုးလွန်းနေကြတဲ့အတွက် တော်တော်ကြီးခံလိုက်ကြရတာပါ။

နောက်ဆုံးတော့ ဆိုဖီယာက နန်းတော်ကိုပြန်နေတဲ့ လှေပေါ်မှာ စာရင်းချုပ်လိုက်တယ်။

"ငါးမန်း၊ နွားချေးပိုးထိုးနဲ့ယုန်က သေသွားတယ်။ ကဏန်းနဲ့ပင့်ကူက လက်နက်ချတယ်။ ကြောင်က ထွက်ပြေးသွားတယ်။ ပန်းပင်မြူတန့်ကတော့...."

"သူမသေသေးဘူး၊ ငါတို့ရောက်သွားတော့ ပန်းသီးလေးလက်ထဲကနေ လွတ်သွားတယ်။"

မြင်းပျံကြီးတစ်ကောင်က လှေပေါ်ကို ဆင်းလိုက်ပြီး လူသုံးယောက်က မြင်းပျံပေါ်ကနေ ဆင်းလာကြတယ်။ ဗီးနပ်စ်နောက်ကို လိုက်သွားတဲ့ လူကန်နဲ့ဖရန့်တို့ပါ။ ပန်းသီးလေးကတော့ နဂိုအတိုင်းပဲ ကလေးမလေးပုံစံဖြစ်နေပြီး လိုလီပေါ့လေးကို ဆက်စားနေပါတယ်။

တကယ်တော့ သူတို့နှစ်ယောက်ကိုလည်း အကူအညီရဖို့ ဖရာလီတာက ခေါ်ထားခဲ့တာဖြစ်ပေမဲ့ သူတို့တွေ ဘာမှမကူညီလိုက်ရဘူးရယ်။ အဲ... ပန်းသီးလေးကြောင့်တော့ ဆိုဖီယာအသက်ရှူချောင်သွားဖူးတယ်။

"ခင်ဗျားကိုတွေ့ခွင့်ရတာ ဂုဏ်ယူစရာပါပဲ၊ နတ်ဘုရားအသံမာစတာ။" လူကန်က တရုတ်မယ်တော်ကြီးကိုယ်လုံးထဲဝင်ထားတဲ့ ဆိုဖီယာကို ဦးညွှတ်လိုက်ပါတယ်။

"လော့အာ့ခ်၊ ရှင့်ကိုတွေ့ရတာလည်း ဝမ်းသာစရာပါပဲ။" ဆိုဖီယာကလည်း သူ့ကိုပြန်နှုတ်ဆက်လိုက်ပါတယ်။

အဲဒီနောက်တော့ လူကန်က ကျန်တဲ့သူတွေအားလုံးကိုပါ ဆက်နှုတ်ဆက်လိုက်တယ်။

"ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီ၊ မင်းသမီးလေး မက်ဒါနာ၊ ပြီးတော့ ငါ့ရဲ့ချစ်ရတဲ့ညီမလေး ဖရာလီတာ။" ဖရာလီတာက လူကန်ရဲ့ညီမလေးဆိုတာ သိရတော့ မက်ဒါနာ မျက်ခုံးပင့်လိုက်တယ်။ သေချာကြည့်တော့ လူကန်က အချောသားရယ်။ ဖရာလီတာလို မိန်းမလှလေးမှာ လူကန်လိုမျိုး ခပ်ချောချောအစ်ကိုရှိတာ ပုံမှန်ပဲလို့ ပြောရမှာပဲ။

"ပြီးတော့ ရုရှားရဲ့ဝံပုလွေနှလုံးသားနဲ့ တရုတ်ရဲ့ရှားပိုင်ဝေတို့လည်း သေဆုံးသွားခဲ့တယ်။ ဒီတိုက်ပွဲက ဖုံးဖိလို့မရတဲ့အထိ ကြီးမားနေပြီမလို့ မကြာခင်မှာ ဆုဗာနာမှာ အရှုပ်အထွေးတွေအများကြီး ဖြစ်လာတော့မယ်။ ကျွနုပ်တို့နိုင်ငံတွေကိုယ်စား ခင်ဗျားတို့ကို ကူညီပေးမယ်လို့ ကတိပေးပါတယ်။"

လူကန်နဲ့ဖရန့်တို့က ဖရာလီတာခေါ်လို့ ရောက်လာတာဆိုပေမဲ့ သူတို့ဒီကိုလာရတဲ့ အဓိကအကြောင်းပြချက်အနေနဲ့ မင်းသမီးကိုဂါရဝလာပြုတဲ့ သံတမန်တွေလို အသွင်ယူထားတာပါ။ သူတို့တွေက ဆိုင်ရာနိုင်ငံတွေရဲ့မိသားစုကြီးတွေက ဖြစ်နေသလို အဆင့်မြင့်ဟီးရိုးတွေ ဖြစ်ကြတဲ့အတွက်ကြောင့် ဖရာလီတာလိုပဲ ကိုယ်စားပြုပိုင်ခွင့် အပြည့်အဝရှိကြပါတယ်။

မက်ဒါနာကတော့ သက်ပြင်းချလိုက်ပြီးတော့ ကောင်လေးဒီပကို ကြည့်လိုက်တယ်။ သူနယ်စားမင်းသမီးမဖြစ်ချင်သလို နယ်စားနေရာကိုလည်း မဆက်ခံချင်ပါဘူး။ ကောင်လေးဒီပကသာ ထိုက်တန်တယ်လို့ သူအမြဲခံစားနေရပြီးတော့ ကူညီပံပိုးပေးဖို့ သူ့ကိုယ်သူ ထပ်သတိပေးလိုက်တယ်။

....

မက်ဒါနာတို့ ပြန်ရောက်လာတော့ ကြားလိုက်ရတဲ့ သတင်းက သူတို့ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလိုပါပဲ။

"ဘာရယ်... လီဆာမရှိတော့ဘူး...." မက်ဒါနာရော ဖရာလီတာပါ ဒီကိစ္စကိုကြားတော့ အသံအကျယ်ကြီး အော်လိုက်မိကြတယ်။ ဒီညအတွက် ကင်းစောင့်တာဝန်ယူထားရတဲ့ ဗိုလ်လေးကတော့ စိတ်တွေကိုညစ်လို့။

"မင်းသမီးလေးတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မောင်က ဧည့်သည်တော်တွေနဲ့ တွေ့ဖို့ခွင့်တောင်းပါတယ်။ နောက်တော့ မင်းသမီးလေးက ခေါ်လို့ဆိုပြီး မစ်လီဆာနဲ့မစ်စကော်ပီယိုတို့ကို ခေါ်သွားကြတာပါ။"

ကြည့်ရတာ သူတို့တွေ ဆုဗာနာတောအုပ်ထဲမှာ စစ်ဆင်ရေးလုပ်နေတဲ့ အချိန်တုန်းက အဲဒီကိစ္စဖြစ်ခဲ့ပုံပါပဲ။

နဂိုက သူတို့တွေအားလုံး စိုးရိမ်နေကြတာဆိုပေမဲ့ လီဆာနဲ့အတူ စကော်ပီယိုပါသွားတယ်ကြားတော့ မက်ဒါနာရင်ထဲက အလုံးကြီးကျသွားတယ်။ ဘာပဲပြောပြော စကော်ပီယိုက စင်တီလက်ကနေတောင် လွတ်အောင်ပြေးနိုင်ခဲ့တဲ့ မြူတန့်တစ်ယောက်ပါ။ တော်ရုံပြဿနာတွေနဲ့ ရင်ဆိုင်ရရင် လီဆာကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။

'ဒါပေမဲ့ သူတို့ဘယ်သွားကြတာလဲ။' မက်ဒါနာရဲ့နာမည်ကိုသုံးပြီး လှည့်စားခေါ်သွားတယ်ဆိုကတည်းက အဲဒီဝန်ကြီးမှာ ရိုးသားတဲ့စိတ်ထားမျိုး မရှိဘူးဆိုတာ အသိသာကြီးပါ။ ဒါပေမဲ့ သူတို့တွေ ဘယ်သွားလို့သွားမှန်းမသိရင် ဆုဗာနာအကျယ်ကြီးကို သူတို့လက်ရှိအင်အားနဲ့တောင် အချိန်တိုအတွင်း လိုက်ရှာဖို့က မဖြစ်နိုင်သေးပါဘူး။

အဲဒီအချိန်မှာပဲ ဖရာလီတာနဲ့အတူ ပြန်လာပြီးကတည်းက တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ အယ်လိုဟင်က ဝင်ပြောလိုက်တယ်။

"အစကတည်းက ကျွန်တော်တို့စစ်ဆင်ရေးအကြောင်းကို ရန်သူတွေဆီ သတင်းပို့နေတဲ့သူရှိတယ်လို့ သံသယဝင်နေတာ ကြာပြီမဟုတ်လား။ မစ်လီဆာမှာက ပြီးပြည့်စုံတဲ့လူလုပ်မြူတန့် DNAရှိနေတော့ Mad doctorက သူ့အတွက် အစီအစဥ်ဆွဲမထားဘဲ နေမှာမဟုတ်ဘူး။"

Mad doctorကိုယ်တိုင်က ဒီလောက်အစွမ်းမထက်ပေမဲ့ အကြံဆိုးတွေကို စဥ်းစားတဲ့နေရာမှာတော့ တကယ့်ခွေးအိုကြီးပါ။ ဆုဗာနာက သလင်းကျောက် ကြီးကို ခိုးယူဖို့အပြင် လီဆာလေးကိုပါ ပြန်ပေးဆွဲဖို့အတွက် တစ်ပြိုင်နက်တည်း အစီအစဥ်ချခဲ့ပုံပဲ။

"ဒါပေမဲ့ ဘယ်ကနေဘယ်လို စရှာကြမလဲ ဆုဗာနာက သိပ်မကြီးပေမဲ့ တစ်နေ့တည်းနဲ့ ရှာလို့ပြီးမှာမဟုတ်ဘူးလေ။"

မက်ဒါနာက ပြောလိုက်တယ်။ ရုတ်တရက် ဒီပကတော့ သူတို့ကို အကြံကောင်းဉာဏ်ကောင်းတစ်ခု ပေးလာပါတယ်။

"ဖိုးဖိုးနယ်စားမင်းကို အသိပေးရင်မကောင်းဘူးလား။ သူက ကျွန်တော်တို့နယ်စားနယ်မြေနဲ့ ပတ်သက်လာရင် အသိဆုံးသူပဲလေ။"

သူတို့အားလုံး ခေါင်းညိတ်လိုက်ကြတယ်။ သူတို့တွေ ဒီထက်ပိုပြီး ထိုင်စဥ်းစားနေလည်း ဒီထက်ကောင်းတဲ့အကြံ ထွက်လာမှာမဟုတ်ပါဘူး။ နောက်ဆုံးတော့ သူတို့တွေအားလုံး အိပ်နေလောက်ပြီဖြစ်တဲ့ နယ်စားကြီးဆီကိုသာ အနှောင့်အယှက်ပေးဖို့ ချီတက်ရတော့တယ်။

၇။

နယ်စားမင်းရဲ့အခန်းထဲကိုရောက်တော့ နယ်စားမင်းက သူတို့ထင်သလို အိပ်မနေဘဲ သူတို့လာမှာကို စောင့်နေတာ တွေ့ရပါတယ်။ စစ်ဆင်ရေးကိစ္စကို နယ်စားဖိုးဖိုးလည်း သိထားတာမလို့ သူ့မြေးတွေ ပြန်လာမှာကို စိတ်ပူစွာနဲ့ စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

မက်ဒါနာတို့ သူ့ခန်းဆောင်ထဲ ဝင်လာတာတွေ့တော့ သုန်မှုန်နေတဲ့မျက်နှာက ချက်ချင်းဝင်းလဲ့သွားပြီး သူတို့ဆီကို ပြေးလာတယ်။

"မြေးမလေးတို့ ပြန်လာပြီလား၊ ဘယ်သူမှ ထိခိုက်မသွားဘူးမဟုတ်လား။" နောက်တော့ သူ့မျက်လုံးတွေက ရှားပိုင်ဝေခန္ဓာကိုယ်ထဲ ရောက်နေတဲ့ ဆိုဖီယာဆီ ကျရောက်သွားပြီး ဆောင်ဓားကို ဆွဲထုတ်ဖို့လုပ်တယ်။

"ရှားပိုင်ဝေ... မင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ။" ရှားမိသားစုဟာ တရုတ်နိုင်ငံရဲ့ထိပ်သီးမိသားစုတစ်ခု ဖြစ်တဲ့အတွက်ကြောင့် အရင်လေးပွင့်ဆိုင် စစ်ပွဲမှာတုန်းက ရှားပိုင်ဝေလည်း စစ်မြေပြင်မှာ ဝင်ပါခဲ့ဖူးပါတယ်။

အဲဒီတုန်းကတော့ ရှားပိုင်ဝေက A အဆင့်မှာပဲ ရှိနေသေးပြီး ကီလိုမန်းကို မနိုင်ခဲ့ပါဘူး။ အခုတော့ သူက ကီလိုမန်းထက်ကျော်ပြီး S rankတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ တကယ်လို့ ကီလိုမန်းသာ အခုထိအသက်ရှင်

နေရင် ဆုဗာနာမှာ S rankတစ်ယောက် ရှိလာဖို့က အိပ်မက်မဟုတ်တော့ပါဘူး။

မက်ဒါနာကတော့ သူ့အဖိုးအတွေးကို သတိထားမိတဲ့အတွက် နှစ်ယောက်ကြားထဲ ဝင်ရပ်လိုက်ပြီးတော့ ရှင်းပြလိုက်ပါတယ်။

"အဖိုး၊ သမီးရှင်းပြမယ်။ သူက ရှားပိုင်ဝေမဟုတ်တော့ဘူး။ ဆိုဖီယာဖြစ်နေပြီ၊ သူက သူများခန္ဓာကိုယ်တွေထဲ ဝင်နေလို့ရတယ်လေ။"

ဒီတော့မှ နယ်စားကြီးလည်း စိတ်ချသွားပြီးတော့ ဓားကို ပြန်သိမ်းလိုက်တယ်။ နတ်ဘုရားအသံတွေရဲ့ တည်ရှိမှုက သာမန်ပြည်သူတွေကြားမှာ လျှို့ဝှက်ချက်တစ်ခုဆိုပေမဲ့ နိုင်ငံခေါင်းဆောင်တွေအတွက်ကတော့ သိဖို့မခက်လှပါဘူး။ ပြီးတော့ ဆုဗာနာမှာလည်း သတင်းကွန်ယက်တစ်ခုရှိပြီး နိုင်ငံကြီးတွေလောက် မသန်မာပေမဲ့ ပြည်တွင်းကို ဝင်လာတဲ့သူတွေရဲ့နောက်ကြောင်းကို စစ်ဆေးဖို့ဆိုတာက သိပ်မခက်လှပါဘူး။

နောက်တော့ သူတို့တွေက လီဆာပျောက်သွားတဲ့အကြောင်းကို ပြောပြလိုက်ကြတယ်။ ဒါပေမဲ့ ဆုဗာနာနယ်စားကြီးရဲ့စကားကြောင့် သူတို့တွေ ပါးစပ်မပိတ်နိုင်လောက်အောင် အံ့ဩသွားတယ်။

"တကယ်တော့ ဝန်ကြီးမောင်မောင်ကိစ္စကို ငါတို့သိထားပြီးသားပါ။ Mad doctorနဲ့ ဆက်သွယ်နေပြီးတော့ ငါတို့နိုင်ငံထဲက မြူတန့်သားရဲတွေရဲ့သတင်းအချက်အလက်တွေကို ရောင်းစားနေခဲ့တာလေ။"

"ဒါဖြင့်ရင် အဖိုးတို့က ဒီအခြေအနေတွေ ဖြစ်လာအောင် တမင်လုပ်ခဲ့တာပေါ့။" ကောင်လေးဒီပရဲ့မျက်လုံးတွေက ကျဥ်းမြောင်းသွားတယ်။ သူ့အဖိုးကို ငယ်ငယ်လေးကတည်းက သိခဲ့ပေမဲ့ အခုတော့ အခြားတစ်ယောက်ကို မြင်နေရသလိုမျိုး ခံစားနေရတယ်။

"ငါ့ကို ဒီလိုမကြည့်နဲ့ မေးလေးတို့၊ နိုင်ငံရေးလောကဆိုတာ ဒီလိုပဲ။ ငါသာ ဒီလိုမလှည့်စားတတ်ရင် သူများလက်ထဲမှာ သေတာကြာပြီပေါ့။"

နောက်တော့ နယ်စားကြီးက သူတို့ကို အကြောင်းစုံရှင်းပြပါတယ်။ တော်တော်များများက သူတို့သိထားတဲ့အတိုင်းဆိုပေမဲ့ တချို့ကိစ္စတွေမှာတော့ ဆုဗာနာရဲ့လှည့်ကွက်တွေ ပါဝင်နေခဲ့ပါတယ်။

"ညံတောမှာရှိနေတာက ညံမိသားစုကြီးတစ်ခုလုံးဆိုပေမဲ့ ဝန်ကြီးမောင်မောင်ယူသွားတဲ့ လျှို့ဝှက်ဖိုင်တွေထဲမှာ တစ်ကောင်တည်းဆိုပြီး ငါတို့ပြင်ပေးလိုက်တယ်။ အဲဒါကြောင့် မြေးတို့ပြောသလိုမျိုး ညံကောင်တွေက S rank စင်တီကို ဝိုင်းကိုက်တဲ့အဖြစ်မျိုးဖြစ်သွားတာ။"

Mad doctorက ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပါ။ ညံကောင်တွေက သူတို့ကိုင်တွယ်နိုင်တာထက် ပိုရှိနေမှန်းသိရင် သူတို့က အဲဒီနေရာမှာ စခန်းမချဘဲ တခြားကိုသွားရင်သွား ဒါမှမဟုတ်လည်း ဖြေရှင်းဖို့အတွက် နည်းတစ်ခုခုကို ရအောင်ရှာကြမှာပါ။

ဒါပေမဲ့ နယ်စားကြီးပြောသလောက်တော့ တခြားဒေသအကြောင်း ဖိုင်တွေကလည်း အတုတွေပါတဲ့။ သူဖုန်းစားဂိုဏ်းမိန်းကလေးရဲ့သေဆုံးမှုကတော့ လုံးဝကို ထင်မှတ်မထားခဲ့တဲ့ အမှားတစ်ခုပါ။ နတ်ဘုရားအသံနဲ့ တော်ဝင်အမိန့်တော်နှစ်ဖွဲ့လုံးတောင် ဗီးနပ်စ် အဆင့်တက်သွားတဲ့ကိစ္စကို မသိခဲ့တဲ့အတွက်ကြောင့် ဒီဆုံးရှုံးမှုက သာမန်ပါပဲ။ နောက်ပြီး သူတို့ထက်သိခဲ့ရတာက ဆုဗာနာရဲ့နောက်ကွယ်က အစီအမံတွေမပါရင် ဖရက်ကယ်ရင်တောင် မက်ဒါနာတို့လွတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တာပါပဲ။

A rank သာရှိသေးတဲ့ ဖရက်က မက်ဒါနာကို ခိုးထုတ်နိုင်ခဲ့ရင်တောင် ကျန်တဲ့စစ်ဆင်ရေးအဖွဲ့သားတွေကိုကယ်ပေးဖို့ဆိုရင် Mad doctorတို့ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။

နယ်စားကြီးက ကိစ္စတော်တော်များများကို ကြိုခန့်မှန်းခဲ့ပေမဲ့ မသိခဲ့တဲ့အရာတွေလည်း အများကြီးပါ။ ရုရှားနဲ့တရုတ်တွေ ဒီကိစ္စမှာဝင်ရှုပ်နိုင်မှန်း သိပေမဲ့ လေးပွင့်ဆိုင်စစ်ပွဲတုန်းကတောင် ပေါ်မလာခဲ့တဲ့ S rankတွေ ပါလာမယ်လို့တော့ မထင်ခဲ့ပါဘူး။ လေးပွင့်ဆိုင်စစ်ပွဲတုန်းက တရုတ်တစ်နိုင်ငံထဲမှာပဲ S rank ရှိခဲ့တာဖြစ်ပြီး စူပါပါဝါနိုင်ငံတစ်ခုအနေနဲ့ ကံမကောင်းစွာနဲ့ မတော်တဆဖြစ်ရပ်တွေကြောင့် သူတို့ S rankကို မဆုံးရှုံးချင်တဲ့အတွက် ဆုဗာနာကို မလွတ်ခဲ့တာပါ။

ကံကောင်းစွာနဲ့ ထူးဆန်းတဲ့ ပန်းသီးလေးရောက်လာလို့ ဆိုဖီယာတစ်ယောက် ဆိုးဆိုးဝါးဝါး မခံစားခဲ့ရတာပါ။ ဒါတောင်မှ ခန္ဓာကိုယ်တစ်ခု ပျက်စီးသွားခဲ့ပါသေးတယ်။

"အခုကိစ္စကလည်း ငါတို့လွှတ်ပေးထားတယ်ဆိုပေမဲ့ နောက်ကနေ ဆုဗာနာစောင့်ရှောက်သူတွေကို ကူညီဖို့ သူတို့နောက်ကနေ လိုက်ထားခိုင်းပြီးပြီ။ ဒါကြောင့် အများကြီးစိတ်မပူကြနဲ့။ လိုက်လည်းမသွားနဲ့ဦး။ မင်းတို့လိုက်သွားလည်း အပိုပဲ။ တကယ်လို့ စောင့်ရှောက်သူတွေသာ မကိုင်တွယ်နိုင်တဲ့ကိစ္စမျိုးဖြစ်နေရင် တိုက်ပွဲပန်းနေတဲ့ မင်းတို့လည်း ဘာမှမတတ်နိုင်ဘူးလို့ ဆိုလိုတာပဲ။"

ဆုဗာနာမှာလည်း နောက်ထပ် စောင့်ရှောက်သူလေးယောက် ရှိနေပါသေးတယ်။ သူတို့တွေက ဟီးရိုးတွေမဟုတ်ဘဲ နိုင်ငံရဲ့ဝှက်ဖဲတွေသာ ဖြစ်တဲ့အတွက် ကမ္ဘာ့စာရင်းထဲမှာ ထည့်တွက်ခြင်းမခံရပေမဲ့ အားလုံးက ကီလိုမန်းထက် မနိမ့်ကျတဲ့ တည်ရှိမှုတွေပါ။

ဆိုဖီယာကတော့ မနေနိုင်ဘဲ မေးလိုက်ပါတယ်။ အကြောင်းကတော့ မဖြစ်နိုင်တဲ့ အရာတစ်ခုကို သူတွေးမိလို့ပါ။

"မြူတန့်သိပ္ပံအဖွဲ့ရဲ့အဖွဲ့ဝင်အားလုံးကို ကျွန်မသိတယ်။ အစောပိုင်းက ဖြစ်ခဲ့တဲ့တိုက်ပွဲထဲမှာ အားလုံးကို ကျွန်မတို့ရင်ဆိုင်ခဲ့ပြီးသား၊ ဒီကိစ္စကို ဘယ်သူက ကိုင်တွယ်မှာလဲ။ ဦးမောင်မောင်ကို တာဝန်ခံပေးရမယ့် လူလုပ်မြူတန့်ကိုယ်စားလှယ်တစ်ယောက် ရှိရဦးမယ်မဟုတ်လား။"

တကယ်တော့ ဆိုဖီယာလိုပဲ မက်ဒါနာလည်း လီဆာကို စိတ်မချနိုင်ဘူး။ ဒါပေမဲ့ နယ်စားဖိုးဖိုးပြောသလိုပဲ သူတို့အနေနဲ့ နောက်တိုက်ပွဲတစ်ခုကို ဖြတ်သန်းရဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် မက်ဒါနာရဲ့ဝတ်စုံက ပျက်စီးနေပြီး တခြား A အဆင့်တွေကလည်း မောပန်းနေကြပါပြီ။ ဖရာလီတာကတော့ သူတိုက်မယ်ပြောပေမဲ့ မက်ဒါနာတို့က ခွင့်မပြုခဲ့ပါဘူး။ အကြောင်းက အဲဒီတာဝန်ခံရဲ့အဆင့်ကို သူတို့မခန့်မှန်းနိုင်လို့ပါ။

....

သွေးတွေက မြေပေါ်ကို ဖြာကျသွားတယ်။ ဒါပေမဲ့ စကော်ပီယိုရဲ့သွေးတွေတော့ မဟုတ်ပါဘူး။ ဓားနတ်ဆိုးရဲ့လက်မောင်းမှာ ငွေရောင်တောက်ပနေတဲ့ မြားတစ်ချောင်း ထုတ်ချင်းဖောက်အောင် စိုက်ဝင်နေပြီး အဲဒီမြားကြောင့် သူ့ဓားက အနည်းငယ်တုန့်ဆိုင်းသွားခဲ့ပါတယ်။

ဒါပေမဲ့ သိပ်အားကောင်းလွန်းတဲ့ ဓားချက်ဟာ စကော်ပီယိုကို တိုက်ရိုက်မထိတော့ပေမဲ့ မြေပြင်ကို ခွဲခြမ်းပြီးသား ဖြစ်သွားပြီးတော့ သက်ရောင်အားလှိုင်းအတွင်းမှာ စကော်ပီယိုပါသွားတယ်။

"အား.." ငယ်သံပါလုမတတ် စကော်ပီယို အော်ဟစ်လိုက်တယ်။ ကျောက်တုံးကျောက်စိုင်အများအပြားက ပုံစံအပြည့်မပြောင်းရသေးတဲ့ သူ့ခန္ဓာကိုယ်ကို ထိမှန်သွားပြီး အရိုးတချို့ကျိုးပဲ့နေရာလွဲကုန်ကာ ချွန်ထက်နေတဲ့ တချို့ကျောက်စိုင်တွေက အသားထဲကို စိုက်ဝင်သွားတဲ့အတွက် သွေးတွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။

ဓားနတ်ဆိုးကတော့ မြားတံကို ချိုးကာ ဆွဲနှုတ်လိုက်ပြီး မြားလာရာဖက်ကို လှည့်ကြည့်လိုက်ပါတယ်။

"လေးယောက်တစ်ယောက်လား... ဒါပေမဲ့ မင်းတို့ငါ့ကို တားနိုင်မှာမဟုတ်ဘူးနော်။"

မြူထုထဲမှာတော့ သန်မာလှတဲ့ ခန္ဓာကိုယ်တွေရှိတဲ့ စစ်သည်လေးယောက်က တစ်တန်းတည်းရပ်နေကြတယ်။

သူတို့ရဲ့မျက်နှာတွေကို ကြောက်စရာကောင်းတဲ့ ဗြောင်ကြေးမျက်နှာဖုံးတွေနဲ့ ဖုံးထားကြပြီး ရှေးခေတ်ဟောင်း အင်းဝဘုရင့်တပ်တော်ရဲ့မောက်တိုတွေကို ကျကျနန စောင်းထားကြတယ်။ သူတို့ခန္ဓာကိုယ်မှာတော့ အနီရောင်ပိုးစကို အောက်ကခံပြီး နက်မှောင်နေတဲ့သတ္တုပြားတွေ၊ သတ္တုကွင်းဆက်ကြိုးတွေနဲ့ ပြုလုပ်ထားတဲ့ ဗျဥ်းတို၊ဗျဥ်းရှည် ချပ်ဝတ်တွေကို ဝတ်ဆင်ထားပြီး လက်နက်တွေကလည်း ပုံမှန်မဟုတ်ဘဲ ငွေရောင်တောက်ပနေကြတယ်။

ကြေးမျက်နှာ ငွေရောင်ချပ်ဝတ်နဲ့ ခန့်ညားတဲ့စစ်သူကြီးတွေ။ သူတို့ဝတ်စုံတွေက ဇာတ်ပွဲထဲကလို ရယ်စရာကောင်းမနေဘဲ တကယ့်ကို ဟိတ်ဟန်အပြည့်နဲ့ပါ။

တစ်ယောက်က သာမန်လူရဲ့လူ့ရင်ဘတ်လောက် ဗျပ်ရှိတဲ့ ပုဆိန်ကြီးနှစ်လက်ကို ကိုင်ထားပြီး တခြားတစ်ယောက်ကတော့ အဖျားချွန်ထက်လှတဲ့ ငွေရောင်လှံရှည်ကို ကိုင်ထားတယ်။ နောက်တစ်ယောက်ကတော့ ငှက်ကြီးတောင်ဓားနဲ့ဒိုင်းကို ကိုင်ထားပြီး နောက်ဆုံးတစ်ယောက်ကတော့ လေးနဲ့မြားကို ကိုင်ထားတယ်။ သူတို့လက်နက်အားလုံးက ဇက်သတ္တုတွေဖြစ်ပြီး သူတို့ကိုယ်ပေါ်က ချပ်ဝတ်တွေကတော့ အဲဒီထက်တောင် ပိုပါသေးတယ်။

ဓားနတ်ဆိုးက ဒီလူတွေရဲ့ခြေသံကို နားထောင်ပြီးနောက် ပြုံးရုံလေးပြုံးလိုက်တယ်။

"ဆုဗာနာရဲ့ကျော်ကြားတဲ့ ကြေးမျက်နှာအစောင့်တွေပါလား။ မင်းတို့လေးယောက်နဲ့ လက်ရည်စမ်းချင်နေတာကြာပြီ။" သွေးထွက်တာ ရပ်သွားပြီးတဲ့နောက် ဓားနတ်ဆိုးက ဓားပြားကြီးကို သူ့ပခုံးပေါ် ပြန်မတင်လိုက်တယ်။

သူတို့တွေက အဆင့်တူပေမဲ့ တကယ်တိုက်ခိုက်ကြတော့ ဓားနတ်ဆိုးက ထင်တာထက် ပိုကြောက်စရာ ကောင်းနေပြန်ပါတယ်။

ပုဆိန်နှစ်လက်ကိုင်ထားတဲ့ စစ်သည်တော်က အစပိုင်းမှာ ဓားနတ်ဆိုးနဲ့ ခွန်အားချင်းယှဥ်နိုင်ခဲ့ပေမဲ့ ဓားနတ်ဆိုးက တကယ်ခွန်အားထုတ်ပြီး တိုက်ခိုက်လာချိန်မှာတော့ ဓားကိုပုဆိန်နှစ်လက်နဲ့ ခံဆောင်ကာကွယ်ရင်း ဒူးတစ်ဖက်ထောက်ကျသွားတယ်။

လှံသမားက ဓားနတ်ဆိုးရဲ့ရင်ဝကိုထိုးစိုက်ဖို့ ပြေးလာခဲ့ပေမဲ့ ဓားနတ်ဆိုးက သူ့ထက်မြန်တဲ့နှုန်းနဲ့ လှံရိုးကိုဆုပ်ကိုင်ပြီး လှံသမားသူ့နားရောက်လာတဲ့အထိ ဆွဲယူကာ မျက်နှာကို လက်သီးနဲ့ပိတ်ထိုးလိုက်တယ်။

"ဘုန်း...." လှံသမားရဲ့ကြေးမျက်နှာဖုံးက လေထဲမြောက်တက်သွားပြီး ခေါင်းက ဆံပင်တစ်ဝက်လောက်ဖြူနေတဲ့ လူလတ်ပိုင်းအမျိုးသားရဲ့ဖူးရောင်နေတဲ့မျက်နှာ ထွက်ပေါ်လာပါတယ်။

"မင်းတို့က အစောပိုင်းက ကောင်မလေးလောက်တောင် အစွမ်းမရှိဘူး။ မင်းတို့ မသေချင်ရင်ဖယ်ကြစမ်း။"

ဓားနတ်ဆိုးက ဘီလူးကြီးတစ်ကောင်လိိုမျိုး သူ့ဓားနဲ့ မြေပြင်ကို အဆက်မပြတ်ခုတ်ချလိုက်တယ်။ မြေကြီးတွေ အက်ကွဲလာပြီး မီတာနှစ်ဆယ်ပတ်ပတ်လည်က ကျောက်တုံးတွေ လေထဲမြောက်တက်လာတယ်။ အဲဒီနောက်တော့ သူက သူ့ဓားကြီးကို ဆက်တိုက်ဝေ့ယမ်းလိုက်ပါပြီ။ ဓားရဲ့အရှိန်က လေဆင်နှာမောင်းအငယ်စားလေးကို ဖြစ်ပေါ်လာစေပြီး ကျောက်တုံးကျောက်စိုင်တွေလည်း လေပွေထဲမှာ မျောပါနေပါတယ်။

စောင့်ရှောက်သူလေးယောက်ဟာ ကံမကောင်းစွာနဲ့ အဲဒီလေပွေထဲပါသွားပြီး ပြန်ထွက်မလာနိုင်ကြသေးဘူး။ ဓားနတ်ဆိုးကတော့ သူတို့ကို အာရုံမစိုက်တော့ဘဲ လီဆာထွက်သွားတဲ့နေရာကို ပြေးလိုက်သွားတယ်။

သူ့တာဝန်က လီဆာကို ဖမ်းခေါ်ဖို့ပါ။ စောင့်ရှောက်သူတွေအပါအဝင် စကော်ပီယိုကို သတ်ဖို့မဟုတ်ဘူး။

သူက သူ့တာဝန်ကို လူတွေဝင်မရှုပ်နိုင်အောင် လုပ်ခဲ့ရုံပါပဲ။

သွေးအိုင်ထဲမှာ လဲကျနေတဲ့ စကော်ပီယိုကတော့ ဓားနတ်ဆိုးနောက်ကို ပြေးလိုက်ချင်ပေမဲ့ သူ့မှာခွန်အားမရှိတော့ဘူး။ ပြန်ထဖို့ကြိုးစားပေမဲ့ သူ့ခန္ဓာကိုယ်က မစွမ်းဆောင်နိုင်တော့တဲ့အတွက် မြေပြင်မှာ တရွတ်တိုက်သွားသလိုသာ ဖြစ်နေပြီး တောလမ်းလေးပေါ်မှာ ထိတ်လန့်စရာ သွေးစွတ်ကြောင်းရာကြီးတစ်ခုသာ ဖြစ်ပေါ်လာတယ်။

တကယ်လို့ သူသာ အဆင့်မြင့်မြူတန့်တစ်ယောက်မဟုတ်ရင် အခုထွက်နေတဲ့ သွေးပမာဏကြောင့် သွေးထွက်လွန်ပြီး သေနေလောက်ပါပြီ။

"လီဆာ... နင်လွတ်အောင်ပြေးမှရမယ်။"

လေပွေပျက်ပြယ်သွားပြီးနောက်တော့ စောင့်ရှောက်သူတွေက ဓားနတ်ဆိုးနောက်ကို ပြေးလိုက်သွားကြပါသေးတယ်။ ဒါပေမဲ့ သူတို့နောက်ကျသွားပြီဖြစ်ပြီး လီဆာဖြစ်စေ၊ ဓားနတ်ဆိုးဖြစ်စေ တောအုပ်ထဲမှာ ရှိမနေတော့ဘူး။

...

ဒီသတင်းက ဆုဗာနာနယ်စားနန်းတော်ကို ပြန်ရောက်လာချိန်မှာတော့ မက်ဒါနာတို့တွေ နောက်တစ်ကြိမ် အံ့ဩခဲ့ရပြန်ပါတယ်။

ဓားရှည်ဒိုင်းကာစောင့်ရှောက်သူက နယ်စားကြီးရှေ့မှာ ဒူးထောက်နေပြီးတော့ အကြောင်းအရာအသေးစိတ်ကို ပြောပြနေခဲ့တာပါ။

"ကျွန်တော်တို့က အားနည်းလွန်းတယ်၊ ဓားနတ်ဆိုးသာ ကျွန်တော်တို့ကိုသတ်ချင်ရင် ခဏလေးနဲ့သေမှာပဲ။ သူက ကလေးမလေးနောက်ကိုပဲ ဦးစားပေးလိုက်နေလို့ ကျွန်တော်တို့ အသက်ရှင်ခဲ့တာ။"

မက်ဒါနာကတော့ ဓားနတ်ဆိုးအကြောင်းကို မကြားဖူးတဲ့အတွက် ဘာကြောင့် ဒီစောင့်ရှောက်သူတွေ ရှုံးလာသလဲဆိုတာကို နားမလည်နိုင်ပါဘူး။ ပြောရရင် စောင့်ရှောက်သူတစ်ယောက်ချင်းစီက Silverknight

ထက် နည်းနည်းစီပိုအစွမ်းထက်ကြတယ်။

သူတို့ကိုင်ထားတဲ့ လက်နက်တွေမှာလည်း ထူးခြားအစွမ်းတွေရှိကြပေမဲ့ အကြွင်းမဲ့ခွန်အားကွာခြားချက်ကိုတော့ မကျော်လွှားနိုင်ခဲ့ပါဘူး။ သူတို့က လက်နက်ရဲ့စွမ်းအားတွေကိုတောင် ထုတ်သုံးခွင့်မရခဲ့ဘူး။ မက်ဒါနာ စင်တီကို ရင်ဆိုင်တဲ့နေရာမှာ ဘယ်လောက်တော်တော် ခဏလေးနဲ့ ရှုံးခဲ့သလိုပဲ သူတို့လည်းဒီလိုဖြစ်သွားပုံပါပဲ။

"ဓားနတ်ဆိုး... ရင်းနှီးတဲ့နာမည်တစ်ခုပဲ..." ဖရာလီတာက အဲဒီနာမည်ကို ရေရွတ်လိုက်တယ်။ မက်ဒါနာကတော့ စိတ်ဝင်တစားနဲ့ မေးလိုက်ပါတယ်။

"နင်က သူ့ကိုသိတယ်လား..." ဖရာလီတာက ခေါင်းညိတ်ပြလိုက်တယ်။

"သူက ဥရောပဓားမာစတာကို သတ်ခဲ့တဲ့သူလေ။ လူကန်ကတော့ သူနဲ့ပိုရင်းနှီးလိမ့်မယ်။ သူသတ်သွားတဲ့ ဓားမာစတာက သူ့ဆရာမလို့။" ဖရာလီတာက လူကန်ကိုကြည့်လိုက်တယ်။ လူကန့်ရဲ့ခါးမှာချိတ်ထားတဲ့ဓားက သွေးဆာနေတဲ့အလား လှုပ်ခါနေတယ်။ လူကန့်မျက်နှာမှာ ဘာအပြောင်းအလဲမှ မရှိပေမဲ့ပေါ့။

အဲဒီနောက်တော့ သူတို့တွေက ဒဏ်ရာရသွားတဲ့ ကင်းမြီးကောက်မိန်းကလေးကို သွားတွေ့ကြသေးတယ်။ ဒဏ်ရာတွေက ပြင်းထန်တဲ့အပြင် ကျောက်ချွန်တွေက သူ့အဆုတ်ကို ဖောက်ဝင်သွားခဲ့တဲ့အတွက် မကြာခင်ခွဲစိတ်ခန်းထဲ ဝင်ရတော့မှာ။ ပြီးတော့ သွေးအများကြီးဆုံးရှုံးထားတဲ့အတွက် နှုတ်ခမ်းတွေပြာပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေသေးတယ်။

မက်ဒါနာတို့ ဝင်လာတာတွေ့ရတော့ သူအားလုံးကို ခေါင်းညိတ်ပြလိုက်တယ်။ သူ့ကိုယ်သူ လီဆာကို မကာကွယ်နိုင်လို့ သောကရောက်နေတဲ့ မျက်နှာမျိုးလည်းရှိနေတယ်။

"နင်အကောင်းဆုံးကြိုးစားခဲ့မှန်း ငါတို့သိတယ်။ ဓားနတ်ဆိုးက အစွမ်းထက်လွန်းလို့ အခုလိုဖြစ်သွားတာ၊

နင့်အပြစ်မဟုတ်ပါဘူး။"

မက်ဒါနာက သူ့ကိုနှစ်သိမ့်ပေးပေမဲ့ စကော်ပီယိုကတော့ ခေါင်းကိုခါပြနေတုန်းပဲ။ သူက အောက်စီဂျင်ပိုက်ကို ဆွဲဖြုတ်လိုက်ပြီး မက်ဒါနာကို ပြောလိုက်တယ်။

"နင် သူ့နောက်ကို လိုက်သွားမှာမဟုတ်လား၊ သူက နင်လာမှာကို စောင့်နေတာ။"

မက်ဒါနာကတော့ ခေါင်းခါပြလိုက်တယ်။ သူ့မှာလည်း သူ့အကြောင်းပြချက်နဲ့ သူရှိနေပါတယ်။

"ငါ သူတို့နောက်ကို လိုက်သွားမှာ၊ ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး။ သေချာပလန်တွေချပြီးမှပေါ့။ Mad Doctorက လီဆာကို အရှင်လိုချင်တာ၊ ဓားနတ်ဆိုးကလည်း ငါ့ကိုယှဥ်ချချင်ရုံပဲ။ ဒီတော့ လောလောဆယ် လီဆာမှာ အန္တရာယ်မရှိသေးဘူး။ သူတို့ဘယ်သွားမလဲဆိုတာကို ငါတို့ခန့်မှန်းဖို့ပဲလိုတာ။"

တကယ်လို့ အခုလိုက်သွားလည်း သူတို့ဘာမှမထူးပါဘူး။ သူတို့လည်း ဆုဗာနာအစောင့်အရှောက်တွေထက် ဘာမှထူးပြီးလုပ်နိုင်တာမရှိဘူး။

....

ဆုဗာနာနယ်စပ်နားက တောတွင်းတစ်နေရာမှာတော့ အရပ်ခုနစ်ပေလောက်ရှည်တဲ့လူမည်းဦးလေးကြီးနဲ့လီဆာလေးတို့က မီးပုံတစ်ပုံနားမှာ ထိုင်နေကြတယ်။

ဓားနတ်ဆိုးက ယုန်နှစ်ကောင်ကို သီတံနဲ့ထိုးပြီး မီးကင်နေတယ်။ လီဆာကတော့ အဲဒီယုန်ကင်တွေကိုကြည့်ရင်း ဗိုက်ဆာလာပေမဲ့ ဓားနတ်ဆိုးက လူကောင်းမဟုတ်တော့ ထိတ်လန့်နေဆဲပါ။

"ရှင်က ဒီလောက်စွမ်းအားကြီးတာကို ဘာလို့ Mad doctorအတွက် အလုပ်လုပ်နေတာလဲ။ ပိုက်ဆံကြောင့်လား၊ လူသတ်ချင်လို့ သက်သက်လား၊ ဒါမှမဟုတ် ပိုပြီးစွမ်းအားကြီးလာချင်လို့လား။"

လီဆာက အရဲစွန့်ပြီးတော့ မေးလိုက်ပါတယ်။ ဓားနတ်ဆိုးကတော့ မျက်နှာတည်နဲ့ ရှိနေသေးပြီးတော့ ယုန်ကိုပဲ ဆက်ကင်နေတယ်။ လီဆာကတော့ မျက်ရည်ဝဲလာပြီး

"ရှင် မမစကော်ပီယိုကို နာအောင်လုပ်လိုက်တယ်။"

ဓားနတ်ဆိုးက လီဆာကို ပြန်ပေးဆွဲထားပေမဲ့ ကြိုးတွေနဲ့ တုပ်နှောင်ထားတာမျိုးမရှိသလို အချိန်ပြည့် စောင့်ကြည့်နေတာမျိုးလည်း မရှိပါဘူး။ ဒီကလေးမလေးကို သူ့ရဲ့ခရီးသွားဖော်လိုမျိုးသာ ဆက်ဆံနေတာပါ။

'ဒီလူကြီးက သူ့ခွန်အားကို သိပ်ယုံကြည်နေလို့ အခုလိုမျိုး ပြုမူနေတာများလား။' လီဆာ တွေးမိပေမဲ့ စကော်ပီယို သွေးအိုင်ထဲလဲသွားတဲ့ မြင်ကွင်းကြောင့် ဝမ်းနည်းမှုတွေက ရင်ထဲပျို့တက်လာတယ်။

သူတကယ်ပဲ ကူရာမဲ့နေတာ။ ဒီလူကြီးအလစ်မှာ ထွက်ပြေးဖို့ သုံးလေးငါးခါလောက် ကြိုးစားခဲ့သေးပေမဲ့ နောက်ဆုံးတော့ ခြေလှမ်းငါးဆယ်အတွင်း ပြန်အဖမ်းခံရတာပါပဲ။ ဒါကြောင့် နောက်ဆုံးမှာတော့ မီးပုံဘေးမှာ ကူရာမဲ့စွာနဲ့ ထိုင်နေရတာပါ။

ဓားနတ်ဆိုးက လီဆာကို ကျက်သွားပြီဖြစ်တဲ့ ယုန်ကင်တစ်ကောင် ထိုးပေးလိုက်တယ်။

"ရော့၊ စားလိုက်ဦး။ နောက်နေ့မနက်ကျရင် ဟိမဝင်္န္တာတောင်တန်းတွေကို ဖြတ်သွားရမှာ။ သွားဖို့အားမရှိရင် ငါက မင်းကိုထမ်းခေါ်သွားမှာမဟုတ်ဘူး။"

လီဆာကတော့ နီရဲနေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လိုက်ပြီး မေးလိုက်တယ်။ "ရှင် ကျွန်မမေးခွန်းကို မဖြေရသေးဘူး။"

တကယ်တော့ လီဆာလည်း အရင်တစ်ခါကလိုမျိုး မက်ဒါနာတစ်ယောက် ငွေရောင်စစ်သည်တော်ဝတ်စုံဝတ်ပြီး သူ့ကိုမင်းသားလေးလို လာကယ်လိမ့်မယ်လို့ မျှော်လင့်ထားမိပေမဲ့ ဓားနတ်ဆိုးရဲ့ကြောက်စရာကောင်းပုံကို သိပြီးတဲ့နောက်တော့ မက်ဒါနာကို သူ့နောက်က လိုက်မလာစေချင်တော့ဘူး။

ပြီးတော့ ဓားနတ်ဆိုးအိုကြီးရဲ့ပစ်မှတ်က မက်ဒါနာလေ။

ဓားနတ်ဆိုးကတော့ လီဆာလေးဘာပြောပြော ဂရုမစိုက်တဲ့ပုံစံနဲ့ သူ့အတွက်ဝေစုယုန်ကိုသာ စားလိုက်တယ်။ အဲဒီနောက် အရသာရှိတယ်လို့ ပြောလိုက်ပြီး လီဆာလေးရဲ့မေးခွန်းကို ပြန်ဖြေပါတယ်။

"ငွေကြေးလား... ငါ့အတွက်က ပိုက်ဆံမရှားပါဘူး၊ လူသတ်ချင်လို့သက်သက်ဆိုရင် ပိုတောင်ဝေးသေးတယ်။ ငါ စောစောကအုပ်စုကို မသတ်ဘဲနဲ့ ဆက်မလိုက်နိုင်အောင်ပဲ လုပ်ခဲ့တာ။ ပြီးတော့ ဟိုကောင်မလေးလည်း သေလောက်အောင်မဖြစ်တာမလို့ စိတ်ပူမနေပါနဲ့။"

"ဒါဖြင့် ရှင်က စွမ်းအားအတွက် လူသတ်နေတာပေါ့။ ဘာလို့လဲ၊ Mad doctorရဲ့တီထွင်မှုတွေက စွမ်းအားအစစ်အမှန်မဟုတ်ဘူးလေ..." လီဆာလေးရဲ့စကားကြောင့် ဓားနတ်ဆိုးက မျက်စောင်းထိုးလိုက်တယ်။ လီဆာလေးလည်းလန့်သွားပြီး စကားဆက်မပြောရဲတော့ဘူး။

"ငါ့ကို အဲဒီလိုသနားစရာကောင်မျိုးလို့မထင်နဲ့၊ ငါ့ခွန်အားနဲ့ သူ့ဆေးအတုတွေကို ငါက ဘာလို့လိုမှာလဲ။

ငါက အင်အားကြီးတဲ့သူတွေကို စိန်ခေါ်ချင်ရုံသက်သက်ပဲ။" ဒါပေမဲ့ ဓားနတ်ဆိုးရဲ့စကားတွေက လီဆာလေးကို နားလည်ရခက်စေတယ်။

"ဒါပေမဲ့... ဘာလို့လဲ..."

ဓားနတ်ဆိုးက သက်ပြင်းချလိုက်ရင်း ပြောလိုက်တယ်။ "မိန်းမတစ်ယောက်အတွက်...."

၈။

နယူးယောက်၊ အိုင်းရစ်မာဖီးယားတွေရဲ့လျှို့ဝှက်စခန်းမှာတော့ ဖားလေးတို့ရဲ့တိုက်ပွဲကလည်း ပြင်းထန်နေပါတယ်။

ဝတ်ရုံနက်နဲ့တမန်တော်ဆိုတဲ့လူကို သူတို့အမိဖမ်းဖို့ လုပ်ခဲ့ပေမဲ့ အဲဲဒီလူက သူ့ဝတ်ရုံအောက်မှာ ငွေရောင်စစ်သည်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့တယ်လေ။ ဓားက သူနဲ့အတူပါမလာပေမဲ့ ဒီချပ်ဝတ်က ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးဆိုတဲ့ နည်းပညာချပ်ဝတ်တစ်ခု ဖြစ်နေဆဲပါ။

"သိပ်ကောင်းတယ်၊ မင်းက SilverKnightအတုဆိုမှတော့ ငါတို့တွေ အဝေးကြီးလိုက်ရှာနေစရာ မလိုတော့ဘူးပေါ့။"

ဟယ်ရီက သစ်သားစားပွဲကို အက်တမ်ဒြပ်မှုန်တွေအဖြစ် ပြောင်းလိုက်ပြီးတော့ သူ့လက်ထဲမှာ ဒိုင်းတစ်ခုကို ဖွဲ့တည်လိုက်တယ်။ တခြားလက်တစ်ဖက်ထဲမှာတော့ နှစ်ဖက်သွားဓားက အသင့်ဖြစ်နေပြီ။

သူက ငွေစစ်သည်အတုကောင်ကို အလယ်ခေတ်စစ်သည်တော်တွေအတိုင်း အပြစ်ပေးချင်နေတာပါ။ ငွေရောင်ချပ်ဝတ်က လက်သီးနဲ့စထိုးတော့ ဟယ်ရီက ဒိုင်းနဲ့ကာပြီး ဓားနဲ့ပြန်ခုတ်တယ်။

ဒါပေမဲ့ Void Streamနည်းပညာက အားမနည်းပါဘူး။ ဟယ်ရီက B rankတွေမှာရှိတဲ့ ပျမ်းမျှအားနဲ့ ရိုက်နှက်လိုက်ပေမဲ့ ငွေရောင်စစ်သည်ကတော့ လက်တစ်ဖက်ကိုမြှောက်ပြီး ကာရုံလေးကာလိုက်တယ်။

"ဒီလောက်ပဲလား၊ ဒါဆိုရင် မင်းလည်း Frozembladeနောက်ကို လိုက်သွားရမှာပဲ။"

ငွေစစ်သည်က သူ့ခြေထောက်ကို မြှောက်လိုက်ပြီး ဟယ်ရီရဲ့ရင်ဝကို စောင့်ကန်လိုက်တယ်။ ထိလုထိခင်လေးမှာ ဟယ်ရီက ဒိုင်းနဲ့ကာလိုက်နိုင်ပေမဲ့ မြင်းတစ်ကောင်လိုခွန်အားကြောင့် သူကြမ်းပြင်ပေါ်ကနေ မြောက်တက်သွားပြီး ပြတင်းပေါက်တစ်ခုကိုဝင်တိုက်မိသွားတယ်။

ခလွမ်း....။

မှန်တွေလည်း တစ်စစီကြေမွသွားပြီး သူလည်းပြတင်းပေါက်အပြင်ကို အားလွန်ကျသွားတယ်။

"ဟယ်ရီ..."

ဖားလေးက အော်လိုက်တယ်။

သူလည်း Metal Paladin ချပ်ဝတ်တွေဝတ်ထားတဲ့ မာဖီးယားခြောက်ယောက်လောက်နဲ့ ရင်ဆိုင်နေရတယ်။ ဝတ်စုံဝတ် မာဖီးယားတွေက C rank တွေကို ယှဥ်နိုင်တယ်ဆိုပေမဲ့ ဖားလေးက သာမန် C rank မဟုတ်ခဲ့ပါဘူး။

သူက လျှပ်စစ်ယိုယိုကိုသုံးပြီး ဝတ်စုံဝတ်နှစ်ယောက်ကို အချင်းချင်းပူးကပ်ကာ တုပ်နှောင်လိုက်တယ်။ အဲဲဒီနောက်တော့ လျှပ်စီးလှိုင်းတွေကို လွှတ်ပြီး ဝတ်စုံရဲ့အတွင်းပိုင်းreactorကို ဖျက်ဆီးပစ်လိုက်နိုင်တယ်။

မကြာခင်မှာပဲ Void streamတွေကနေပါ အခိုးအငွေ့တွေထွက်လာပြီး လုံးဝလှုပ်ရှားမရအောင် ပျက်စီးသွားတယ်။

ဟယ်ရီလည်း မျက်ခုံးပင့်လိုက်ပါတယ်။ "ဝိုး... သူတို့လျှို့ဝှက်ချက်က ဒါလား။"

Metal Paladin ဝတ်စုံတွေက တကယ့် SilverKnightဝတ်စုံထက် မျိုးဆက်တစ်ဆက်နိမ့်ပါတယ်။ ဒါကြောင့် စမ်းသပ်ဝတ်စုံက အားနည်းချက်တွေကို ပြင်ထားပေမဲ့လည်း ထင်ရှားတဲ့ အားနည်းချက်တွေကတော့ ရှိနေဆဲပါ။

တစ်ဖက်မှာတော့ ငွေစစ်သည်အတုကောင်က ပြတင်းပေါက်ကနေ ခုန်ဆင်းသွားပြီး အောက်မှာဟယ်ရီနဲ့ ဆက်ချနေတယ်။ ဖားလေးက ကျန်တဲ့ မာဖီးယားတွေနဲ့ ဆက်ချနေရင်း အောက်ကိုလှမ်းအော်ပြောလိုက်တယ်။

"ဟယ်ရီ... ဒီဝတ်စုံတွေက လျှပ်စစ်နဲ့အပူဒဏ်ကို မခံနိုင်ဘူး။ SilverKnightအတုကလည်း အဲဒါတွေကိုအခြေခံထားတာ။ သူ့ကိုဖျက်ဆီးပစ်လို့ရတယ်။"

ငွေရောင်စစ်သည်က ဟယ်ရီကို ထိုးလိုက်လို့ သူဓာတ်တိုင်တစ်တိုင်နဲ့ ဝင်ဆောင့်မိတယ်။ ဟယ်ရီက ဖားလေးရဲ့စကားကိုကြားတော့ ပြုံးလိုက်ပြီး...

"သိပ်ကောင်းတယ်...."

နောက်တော့ သူက သူ့ရဲ့ဓားနဲ့ဒိုင်းကို ဧရာမကြိုးရှည်ကြီးတစ်ချောင်းအဖြစ် ပြောင်းလိုက်ပြီးတော့ နိုင်ပြီထင်ပြီး ဖြည်းဖြည်းချင်း ရှေ့တက်လာနေတဲ့ ငွေစစ်သည်အတုကို ကြိုးနဲ့တုပ်နှောင်လိုက်တယ်။ အဲဒီနောက် အားကုန်ဆွဲမြှောက်ပြီး လျှပ်စစ်ကြိုးတွေနဲ့ တိုက်မိအောင် ပစ်တင်လိုက်တယ်။

ဘုန်း....။

လမ်းဓာတ်တိုင်က လျှပ်စစ်ကြိုးတွေပြတ်သွားပြီး လျှပ်စီးကြောင်းတွေက ငွေရောင်စစ်သည်ဝတ်စုံထဲကို ဝင်သွားတယ်။ သာမန်စမ်းသပ်ဝတ်စုံထဲက reactorကိုပဲ ပြန်သုံးထားတဲ့ ငွေရောင်စစ်သည်အတုဟာ ချက်ချင်းဆိုသလိုပဲ စတင်လောင်ကျွမ်းတော့တယ်။

နောက်တော့ မည်းတူးနေတဲ့ ဆော်လမွန်ငါးကြီးလိုမျိုး ပြန်ပြုတ်ကျလာတော့တာပဲ။ ဟယ်ရီကတော့ သူ့မျက်စိရှေ့က မြင်ကွင်းကိုကြည့်ရင်း ပခုံးတွန့်လိုက်တယ်။

"ကောင်းရော၊ SilverKnightရဲ့ပွဲဦးထွက် ဗီဒီယိုကိုတောင် ပြန်သတိရမိတယ်။"

အဲဒီတုန်းကလည်း အပူဒဏ်မခံနိုင်တဲ့ဝတ်စုံကြောင့် ငွေရောင်စစ်သည်တော် တော်တော်လေးခံခဲ့ရပုံပဲ။ လမ်းဘေးမီးတိုင်က ဓာတ်ကြိုးတွေက ဒီလောက်ကြီး ဗို့အားမမြင့်ပေမဲ့ လူတစ်ယောက်ကို သတ်ဖို့တော့ လုံလောက်သင့်တယ်မဟုတ်လား။

ဒါပေမဲ့ သူတို့တွေ ရန်သူကိုအထင်သေးခဲ့မိမှန်း အတုကောင် ပြန်ထလာတော့မှ သိလိုက်မိတယ်။

SilverKnightအတုကောင်က ပျက်စီးနေတဲ့ဝတ်စုံနဲ့ ပြန်ထလာတယ်။ ဒီမြင်ကွင်းကြောင့် ဟယ်ရီလည်း မျက်ခုံးပင့်လိုက်ပါတယ်။ တစ်ခုခုမှားနေပြီဆိုတာ အသိသာကြီးပါ။ ငွေရောင်စစ်သည်ဝတ်စုံဟာ အင်မတန်လေးပြီး တော်ရုံလူတစ်ယောက်က reactorနဲ့Voidstreamတွေရဲ့အထောက်အပံမပါဘဲ မလှုပ်ရှားနိုင်ပါဘူး။

ဝတ်စုံထဲကလူက အသက်ပြင်းပြင်းရှူနေပြီး သူ့မျက်နှာဖုံးကို ဆွဲချွတ်လိုက်တယ်။ အမာရွတ်တွေအများကြီးနဲ့ အရိုးပေါ်အရေတင်မျက်နှာက ဟယ်ရီရဲ့မျက်လုံးရှေ့မှာ ပေါ်ထွက်လာတယ်။

အမာရွတ်တော်တော်များများက ခွဲစိတ်ခန်းဓားနဲ့ လှီးဖြတ်ခံထားရသလိုဖြစ်နေပြီး တချို့နေရာတွေမှာတော့ ကြမ်းတမ်းတဲ့ ချုပ်ရိုးရာတွေ ရှိနေပါတယ်။

ဟယ်ရီကတော့ အေးဆေးတည်ငြိမ်တဲ့မျက်နှာနဲ့ ပြောလိုက်တယ်။

"မင်းက ငွေရောင်စစ်သည်မဟုတ်ဘူးပဲ။"

အရိုးပေါ်အရေတင်မျက်နှာပိုင်ရှင်က ခြောက်ခြားစရာကောင်းလောက်အောင် ရယ်မောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဟယ်ရီဟာ အင်မတန်ဆိုးဝါးတဲ့ သတ္တဝါကြီးတစ်ကောင်ရှေ့မှာ ရပ်နေရသလိုမျိုး ခံစားလိုက်မိပါတယ်။ ဒီဖိအားကြောင့် သူမသက်မသာ ခံစားလာရပြီ။

"ဟုတ်တယ်... ငါ့ကို လူတွေကတော့ skull face လို့ခေါ်ကြတယ်။ ငါ့မျက်နှာက အရိုးပေါ်မှာအရေခြုံထားသလိုဖြစ်နေလို့။ ဒါပေမဲ့ တကယ်တော့ ငါ့တစ်ကိုယ်လုံးက အဲဒီလိုပါပဲ။"

ဟယ်ရီလည်း နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်။ ဆန့်ကျင်ဖက်မှာတော့ Skullfaceက ရှေ့ကို တစ်လှမ်းဆက်တိုးလာတယ်။ မာဖီးယားတွေကို သိပ်ပြီးပြီဖြစ်တဲ့ ဖားလေးလည်း အောက်ဆင်းလာပြီး ဟယ်ရီဘေးနားမှာ ရပ်လိုက်တယ်။ ဖားလေးက အရိုးမျက်နှာကို မကြောက်ဘဲကြည့်လိုက်ပြီး မေးလိုက်တယ်။

"မင်းက ငါတို့သူငယ်ချင်းလိုဟန်ဆောင်ပြီး ဘာလိုချင်လို့လဲ။"

အရိုးမျက်နှာကလည်း ခြောက်ကပ်ကပ်ရယ်မောလိုက်တယ်။ သူ့ရယ်သံက သေခါနီးအဖိုးကြီးတစ်ယောက် အသက်ငင်နေသလို ထင်ရတယ်။

"ငါက ဘာမှမလိုချင်ပါဘူး။ ငါ့သခင်က ဒီလိုလုပ်စေချင်လို့ပါ။"

ဟယ်ရီရော၊ ဖားလေးပါ မျက်ခုံးပင့်လိုက်ကြတယ်။ သူတို့ရှေ့မှာရပ်နေတဲ့ အရိုးမျက်နှာက တော်ရုံဗီလိန်တစ်ယောက် မဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့တွေ သူ့နာမည်ကို မသိကြဘူး။ ဖြစ်နိုင်တာက အနက်ပိုင်းမှာ ပုန်းကွယ်နေပြီး လျှို့ဝှက်လှုပ်ရှားနေတဲ့ ဗီလိန်တစ်ယောက် ဖြစ်ပုံပါပဲ။

ဖားလေးလည်း ဒီလူကြီးရဲ့အသံကို မှတ်မိသွားပြီး ပြောလိုက်တယ်။

"ခင်ဗျားက ဖုန်းကိုင်တဲ့ လူကြီးပဲ။" အရိုးမျက်နှာကလည်း မငြင်းပါဘူး။

"ဟုတ်တယ်... ငါက ငါ့သခင်ရဲ့ဆေးတွေကို ဖြန့်ဖြူးပေးနေတဲ့သူလေ။ ပြီးတော့ ပါဝင်ပစ္စည်းတွေကို စုဆောင်းနေတဲ့သူဆိုရင်လည်း ဟုတ်တယ်။"

အရိုးမျက်နှာရဲ့မျက်လုံးတွေထဲက သွေးဆာမှုကို သူတို့မြင်နိုင်ပါတယ်။ သူပြောတဲ့ သခင်ဆိုတာက Mad

Doctorမှန်း လူတိုင်းသိနိုင်တယ်။ Mad doctorရဲ့ဆေးတွေအားလုံးက လူ့အသက်နဲ့ပဲ ဖန်ဆင်းထားတာ။ အရိုးမျက်နှာကတော့ အဲဒီလူ့အသက်တွေကို ဝိညာဥ်ခြွေခဲ့သူပေါ့။

"လွန်ခဲ့တဲ့ဆယ်နှစ်က ရူးမိုက်တဲ့ ကောင်လေးတစ်ယောက်ရှိဖူးတယ်။ မင်းတို့ဟီးရိုးတွေ မတော်တဆ ဖြစ်တာဆိုတဲ့ ခေါင်းစဥ်အောက်မှာ လူသတ်နေတာကို အားပါးတရ ကြည့်ခဲ့ဖူးတယ်။"

အရိုးမျက်နှာက သူ့ခန္ဓာကိုယ်ပေါ်မှာ ကပ်နေသေးတဲ့ ငွေရောင်စစ်သည်ချပ်ဝတ်တွေကို ဆွဲခွာပစ်လိုက်တယ်။ အဲဒီနောက်တော့ မီးခိုးရောင်ဖြစ်နေတဲ့ သူ့ရဲ့ပြောင်ခန္ဓာကိုယ်က ဟယ်ရီတို့ရှေ့မှာ ထွက်ပေါ်လာတယ်။

အရိုးပေါ်အရေတင်ဖြစ်နေတဲ့ မီးခိုးရောင်ခန္ဓာကိုယ်၊ ထူးဆန်းစွာနဲ့ အရိုးတွေက အရေပြားကိုဖောက်ထွက်နေပြီး ဓားသွားတွေလိုမျိုး တည်ရှိနေပါတယ်။ ဒါ့အပြင် သူ့ပခုံးကနေ အရိုးတချို့က အမြန်ကြီးလာပြီး ဆူးချွန်တွေလိုမျိုး ဖြစ်လာတယ်။ သူ့ရဲ့အပြင်ပန်းပုံစံက Death Noteကားထဲက သေမင်းလိုမျိုး ဖြစ်နေတယ်။ မတူတာတစ်ခုက သူ့မှာဘာအမွှေးအမျှင်မှမရှိဘဲ နှလုံးဟာ အနီရောင်အလင်းတစ်ခုကို ထုတ်ဖော်နေပြီး အင်ဂျင်တစ်လုံးလိုမျိုး အားကုန်ခုန်နေတယ်။

"တစ်နေ့တော့ ဟီးရိုးတစ်ယောက်က ငါ့ညီမလေးကို သတ်သွားခဲ့တယ်လေ။ ငါအရမ်း အားကျနေခဲ့တာ၊ ငါ့မိဘတွေက ငါ့ညီမလေးကိုပဲ လူသားတစ်ယောက်လို ဆက်ဆံတာလေ။ ငါ့အတန်းဖော် ကောင်မလေးတစ်ယောက်ကို ခဲနဲ့ခေါင်းကိုထုပြီးတော့ သစ်ရွက်ခြောက်တွေကြားထဲမှာ သိပ်ထားခဲ့ပြီးကတည်းက အများအားဖြင့် ငါ့ကိုအခန်းထဲမှာ ပိတ်ထားတတ်ကြတယ်။ သူတို့က ငါ့ကိုကြောက်ကြလို့လေ။"

အရိုးမျက်နှာက သူ့ရဲ့ငယ်ဘဝကို သာမန်လိုပုံစံမျိုးနဲ့ ပြောနေခဲ့တယ်။ လုံးဝ သာမန်မဟုတ်ပေမဲ့ပေါ့။

"မင်းသိလား၊ ငါအစွမ်းတွေအများကြီး လိုချင်ခဲ့တာ။ ဒါမှ ငါလူတွေအများကြီးကို သစ်ရွက်ခြောက်တွေကြားထဲမှာ သိပ်ထားလို့ရမှာလေ။ တစ်နေ့တော့ ငါ့မိဘတွေက ငါ့အခန်းတံခါးကို သော့ခတ်ဖို့မေ့သွားတယ်။"

အရိုးမျက်နှာက သူ့ပခုံးမှာပေါက်နေတဲ့ အရိုးဆူးချွန်တွေကို ဘာမှမဖြစ်သလိုမျိုး ဆွဲနှုတ်လိုက်တယ်။ သွေးနဲ့ပြည်ရောနေတဲ့ ချွဲကျိကျိအရည်တွေက အရိုးရှိနေခဲ့တဲ့ အပေါက်နေရာကနေ စီးကျလာတယ်။

"ငါ သူတို့အိပ်နေတုန်း သူတို့လည်ချောင်းသွေးကို ဖောက်သောက်ခဲ့တယ်။ အဲဒီနောက်တော့ ငါလူတစ်ယောက်ကို သွားရှာခဲ့တယ်။ ငါ့သခင်ကိုပေါ့။"

အရိုးမျက်နှာက အရိုးတွေကို ဓားတစ်ချောင်လိုကိုင်ပြီး ဟယ်ရီဆီကို ပြေးလာတယ်။ သူ့အရှိန်က သိပ်မမြန်ပေမဲ့ နှစ်ဖက်လုံးက အနီးကပ်ဖြစ်နေတဲ့အတွက် ရောက်လာဖို့ သိပ်မလိုဘူး။ ဟယ်ရီက မြေကြီးတွေနဲ့ ဒြပ်မှုန်တွေကိုရောပြီး ဒိုင်းတစ်ခုအမြန်ဖွဲ့စည်းလိုက်တယ်။

"လူးစီးယပ်၊ ပြေး...."

ခလွမ်း....။

တစ်စုံတစ်ခု ကျိုးပဲ့သွားတဲ့အသံကို ဖားလေးကြားလိုက်ရတယ်။ သူကြည့်လိုက်တော့ သွေးတချို့က လေထဲမှာ ပြန့်နှံနေပြီး ဟယ်ရီရဲ့ဒိုင်းကို အရိုးသွားက ဖောက်ထွက်ကာ ဟယ်ရီရဲ့ပခုံးကို လာစိုက်နေမှန်း မြင်လိုက်ရတယ်။

"မြန်လွန်းတယ်...." ဟုတ်တယ်၊ ပြေးလာတဲ့အရှိန်က မမြန်ပေမဲ့ သူ့လက်လှုပ်ရှားလိုက်တဲ့အချိန်ကတော့ သိပ်မြန်ပါတယ်။

အရိုးမျက်နှာက လျှပ်တစ်ပြက်ဆိုသလိုပဲ အရိုးကို ဟယ်ရီ့ပခုံးကနေ ပြန်ဆွဲထုတ်လိုက်ပြီး ဟယ်ရီရဲ့ဝမ်းဗိုက်ကို နောက်အရိုးတစ်ချောင်းနဲ့ ထိုးသွင်းလိုက်တယ်။

အဲဒီနောက်တော့ အရိုးမျက်နှာက ချာချာအကကနေသလိုမျိုး ကိုယ်ကိုလှည့်ပြီးတော့ ဟယ်ရီရဲ့ခန္ဓာကိုယ်မှာ အပေါက်ပေါင်းများစွာဖြစ်သွားအောင် အရိုးတွေနဲ့ ထိုးသွင်းလိုက်တယ်။

မြေပေါ်မှာ သွေးတွေက နှင်းဆီးပန်းတစ်ပွင့်လိုမျိုး ပုံဖော်ပြီးသားဖြစ်သွားတယ်။ အရိုးမျက်နှာက ဒါကို တမင်ပုံဖော်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဟယ်ရီဒူးထောက်ကျသွားပြီး မြေပြင်ကို လက်နဲ့ထောက်ထားလိုက်တယ်။ သူ့ပါးစပ်ကနေလည်း သွေးတချို့ စီးကျနေသေးတယ်။ တကယ်လို့ သူ့နေရာမှာ တခြားဟီးရိုးတစ်ယောက်သာဆိုရင် သတိမြဲနေတော့မှာမဟုတ်ဘဲ လဲကျသေဆုံးနေလောက်ပါပြီ။

"ငါမင်းကို မှတ်မိပြီ... မင်းက မြူတန့်အကျဥ်းထောင်ထဲမှာ ရှိနေရမှာမဟုတ်ဘူးလား။"

ဟယ်ရီက မယုံနိုင်တဲ့လေသံမျိုးနဲ့ ပြောလိုက်တယ်။ အရိုးမျက်နှာကတော့ သူ့ရဲ့ပုံပြင်ကို ဆက်ပြောနေတုန်းပဲ။

"လောကမှာ မြူတန့်မဟုတ်တဲ့သူတွေကို စွမ်းအားပေးနိုင်တဲ့သူရှိတယ်ဆိုတာ ငါရှာတွေ့ခဲ့တယ်။ ပြီးတော့ ငါသူ့နောက်ကိုလိုက်ရှာတယ်။ လမ်းတစ်လျှောက် ငါလူတွေအများကြီးကို သစ်ရွက်ခြောက်တွေထဲမှာ သိပ်ပေးခဲ့တယ်။ အဓိကကတော့ ကလေးရှိတဲ့မိသားစုတွေကိုပေါ့။ ငါက မိသားစုလိုက် သတ်ရတာ ဝါသနာပါတယ်လေ။ နောက်ဆုံးတော့ သူငါ့ကို သတိထားမိပြီး ငါ့ကိုခေါ်သွားတယ်။ ငါ့အိပ်မက်တွေထဲက အကြီးမြတ်ဆုံးဗီလိန်။ ငါ့ကိုလည်း ကြီးမြတ်တဲ့ဗီလိန်ဖြစ်အောင် လုပ်ပေးနိုင်တဲ့သူ။"

"မင်းက ဗီလိန်တစ်ယောက်မဟုတ်ဘူး၊ ဒီအတိုင်း သွေးဆာနေတဲ့ စိတ္တဇလူသတ်သမားကောင်။"

ဟယ်ရီက နာကျည်းမုန်းတီးနေတဲ့ မျက်နှာမျိုးနဲ့ ပြောလိုက်တယ်။ အရိုးမျက်နှာကတော့ ဟယ်ရီရဲ့ခေါင်းနောက်က ဆံပင်တွေကို လက်နဲ့ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ကို ဆွဲမြှောက်လိုက်တယ်။

"ငါမင်းကိုသိတယ်၊ စူပါဟီးရိုးဟယ်ရီ။ ငါထောင်မကျခင်နှစ်တုန်းက မင်းသားလေးနဲ့မင်းမိန်းမကို ငါအူတွေဖွင့်ပစ်ခဲ့တာလေ။ မင်းနဲ့ငါက တော်တော်လေးရင်းနှီးပါတယ်ကွ။"

"အား...." ဟယ်ရီက ရူးသွပ်သွားပြီး သူ့လက်ထဲမှာ ဓားတစ်ချောင်းကို ဖွဲ့စည်းလိုက်တယ်။ သွေးစက်တချို့ကလည်း သူ့ဓားထဲကို စီးဝင်သွားတယ်။ ဒါပေမဲ့ အသုံးမဝင်ပါဘူး။ အရိုးမျက်နှာနဲ့သူက အင်အားကွာခြားလွန်းတယ်။

အရိုးမျက်နှာက အရိုးဓားတစ်ချောင်းကို ဟယ်ရီ့မျက်နှာနား မြှောက်လိုက်ပြီး မျက်လုံးကိုစထိုးဖောက်ဖို့ စလုပ်တယ်။ ဒါပေမဲ့လျှပ်စစ်ယိိုယိုကြိုးက သူ့လက်ကို ချုပ်နှောင်လိုက်ပြီး ဖားလေးရဲ့ဖားလက်သီးက သူ့မျက်နှာပေါ်ကျလာတယ်။

"စီနီယာကို လွှတ်လိုက်စမ်း..."

ဖောင်း....။

ပြင်းထန်တဲ့အားကြောင့် အရိုးမျက်နှာရဲ့ခေါင်းက တစ်ဖက်ကိုလည်ထွက်သွားတယ်။ ဒါပေမဲ့ သူက ချက်ချင်း ဖားလေးကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"ဪ... ငါမင်းရှိနေတာကို မေ့နေတာ။ ဖားတစ်ကောင်ရဲ့ကလီစာတွေက ဘယ်လိုနေလဲ ကြည့်ချင်မိသား။"

အရိုးမျက်နှာက ဟယ်ရီကို အမှိုက်ထုပ်တစ်ထုပ်လိုမျိုး ပစ်လွှတ်လိုက်တယ်။ အဲဒီနောက် ဖားလေးဖက်ကို လှည့်လာပြီး သူ့ရဲ့အရိုးဓားတွေကို စတင်ဝေ့ယမ်းလိုက်တယ်။

ဖားလေးက သူ့ပုံစံအပြည့်ကို မပြောင်းခဲ့ဘူး။ သူ့ပုံစံပြည့် သိပ်ကိုလေးလံပြီး နှေးကွေးပါတယ်။ သူ့ပုံစံပြည့်နဲ့ဆိုရင် အရိုးမျက်နှာက သူ့ကိုစမ်းသပ်ခန်းထဲက ဖားတစ်ကောင်လိုမျိုး ဆွဲဖြဲပစ်နိုင်တယ်။

ဖားတစ်ဝက်ပုံစံနဲ့ ဖားလေးက အရိုးမျက်နှာရဲ့အရိုးဓားတွေကို ရှောင်ရှားနေတယ်။ ဟယ်ရီကတော့ သွေးချောင်းအချို့ဆိုးလိုက်ပြီး မြေပေါ်ကနေ ပြန်ကုန်းရုန်းထလာတယ်။ ဒီဟီးရိုးက အစွမ်းသိပ်မရှိပေမဲ့ အသက်သိပ်ပြင်းပုံပါပဲ။ သူက ဖားလေးကို လှမ်းအော်လိုက်တယ်။

"ပြေးတော့... ဒီကနေ ထွက်ပြေးပြီး အကူအညီတောင်း။ အရိုးမျက်နှာက A+ ဗီလိန်ပဲ။"

ဟယ်ရီလှမ်းသတိပေးလိုက်တုန်းမှာပဲ အရိုးမျက်နှာပစ်လိုက်တဲ့ အရိုးဓားတစ်ချောင်းက ဖားလေးပခုံးကို စိုက်ဝင်သွားပြီး အဆောက်အဦးနံရံမှာ ကပ်ပြီးသားဖြစ်သွားတယ်။

"ဟား..ဟား ဟီးရိုးအသေးနဲ့ဟီးရိုးအကြီးကို တစ်ခါတည်း သိပ်ပေးရမယ်ပေါ့။ စိတ်ဝင်စားစရာပဲ။" အရိုးမျက်နှာကတော့ ချက်ချင်းပဲ ဖားလေးဆီကို ပြေးလာတယ်။ သူသွားနေတဲ့နှုန်းက မမြန်ပါဘူး။ ဒါပေမဲ့ သူ့လက်လှုပ်ရှားတဲ့အလျင်ကတော့ တကယ်ကြောက်စရာပါ။

ဖားလေးက အရိုးမျက်နှာရောက်မလာခင် အရိုးကို ဆွဲနှုတ်လိုက်ပြီး မြေပြင်မှာလေးဖက်ထောက်လိုက်တယ်။

"ငါ့အနေနဲ့ ဖားပုံစံပြည့်ကို ထုတ်သုံးလို့မရဘူး။ ဒီအတိုင်းဆိုလည်း သူ့ကိုငါမနိုင်ဘူး။ မြန်တဲ့ရန်သူနဲ့တိုက်ဖို့ သူ့ထက်ပိုမြန်အောင်လုပ်ဖို့ပဲ နည်းလမ်းရှိတော့တယ်။"

မြန်ရမယ်...ပိုမြန်ရမယ်... ပိုပြီးတော့ မြန်ရမယ်။

သေရေးရှင်ရေးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဖားလေးဟာ ထောင့်ရောက်တဲ့အထိ တွန်းပို့ခံရတယ်။ သူအခုတွေးနေတာတစ်ခုက အမြန်နှုန်းတစ်ခုထဲပါ။

သူပိုပြီးမြန်အောင်ပြေးတယ်။ ပြေးရင်းပြေးရင်းနဲ့ ပိုပိုမြန်လာတယ်။ သူအရင်တုန်းက ဘယ်တော့မှမပြေးနိုင်တဲ့ မြန်နှုန်းမျိုးနဲ့ပြေးတယ်။ အဲဒီထက်လည်း ပိုမြန်လာတယ်။

အရိုးမျက်နှာက သူ့မြန်နှုန်းကို မယှဥ်နိုင်တော့တဲ့အတွက် သူ့အရိုးတွေကိုဖြုတ်ပြီး လှံတိုလိုမျိုး ပစ်တော့တယ်။ ဖားလေးဟာ ပြေးနေရင်းနဲ့ အဲဒီအရိုးတွေကို ရှောင်ရှားနေတယ်။ ဒါပေမဲ့ သူဟာ ဟယ်ရီကို မကယ်နိုင်သေးပါ။ ကယ်ဖို့က အများကြီးလိုနေသေးတယ်။

ဟယ်ရီကတော့ အက်တမ်မှုန်တွေနဲ့ သူ့ဒဏ်ရာတွေကို ပိတ်ဆို့ကာ သွေးဆက်မထွက်တော့အောင်ဖိနှိပ်ရင်း ဖားလေးကို လှမ်းအော်ပြီးပြောလိုက်တယ်။

"ငါ့ကိုစိတ်မပူနဲ့ လုံခြုံတဲ့နေရာရှာပြီး ဌာနချုပ်ကို အကူအညီတောင်း။"

ဟယ်ရီက ပြောပြောဆိုဆိုနဲ့အက်တမ်တွေနဲ့ သူလုပ်ဖူးသမျှထားမှာ အကြီးဆုံးအရာတစ်ခုကို ဖန်တီးလိုက်တယ်။ ကြေးလှောင်အိမ်ကြီးတစ်လုံးပါ။

လှောင်အိမ်ကြီးက ဖွဲ့စည်းပြီးတာနဲ့ ဖားလေးကို အရိုးတွေနဲ့ပစ်နေတဲ့ အရိုးမျက်နှာပေါ်ကို ပြုတ်ကျလာပြီး ချုပ်နှောင်ပြီးသားဖြစ်သွားတယ်။

အရိုးမျက်နှာက အေးစက်စက်မျက်နှာနဲ့ ဟယ်ရီကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ်။

"မင်းက ဒါလောက်နဲ့ ငါ့ကိုဖမ်းထားလို့ရမယ် ထင်နေတာလား။" အရိုးမျက်နှာက သူ့လက်နှစ်ဖက်နဲ့ ကြေးလှောင်အိမ်ရဲ့တိုင်တွေကို ဆွဲဖြဲပြီး အပြင်ထွက်လာတယ်။ သွေးထွက်တာ ရပ်သွားပြီဖြစ်တဲ့ ဟယ်ရီကတော့ အက်တမ်မှုန်တွေနဲ့ အတော်အတန်ထူထဲတဲ့ ချပ်ဝတ်တစ်ခုကို ဖန်တီးလိုက်ပြီး တစ်ချိန်တည်းမှာပဲ အမြောက်ဆန်အရွယ်အက်တမ်ဘောလုံးအများအပြားကို ဖွဲ့စည်းလိုက်တယ်။

"အနည်းဆုံးတော့ ငါမင်းကို ငါ့ဂျူနီယာလေးဆီ အာရုံမရောက်အောင် လုပ်လိုက်နိုင်တယ်လေ။"

ဟယ်ရီက ဖားလေးကို ဒီနေရာရောက်အောင် ခေါ်လာခဲ့သူပါ။ သူ့မှာ ဖားလေးကို ကာကွယ်ပေးဖို့အတွက် တာဝန်ရှိတယ်။ အရိုးမျက်နှာကတော့ အေးစက်စက်ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။

"သာမန် B rankလေးက ငါ့လိုဗီလိန်တစ်ယောက်ကို တားနိုင်မယ်ထင်နေတာလား။"

၉။

ဟယ်ရီက အရိုးမျက်နှာကို ထိန်းဖို့အတွက် တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားတယ်။ သူ့အနားမှာ အက်တမ်မှုန်တွေ ဝန်းရံလာပြီး အမြောက်ဆန်တွေအဖြစ်ကို ချက်ချင်းဖွဲ့စည်းလိုက်တယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က သူဖရက်ကို ဒီအကွက်နဲ့ အနိုင်ယူခဲ့ဖူးပေမဲ့ ဒီတစ်ခါကတော့ သေရေးရှင်ရေး ဖြစ်တဲ့အတွက်ကြောင့် အရင်ကထက် အများကြီးပိုအစွမ်းထက်နေတယ်။

အမြောက်ဆန်တွေက တစ်ခုပြီးတစ်ခု အရိုးမျက်နှာဆီ ပြေးဝင်သွားတယ်။ အရိုးမျက်နှာကို အက်တမ်လုံးတွေက ဆက်တိုက်ထိမှန်နေပေမဲ့ သူ့ရဲ့သန်မာလှတဲ့ အရိုးတွေက သူ့ကိုကာကွယ်ပေးထားပါတယ်။

နောက်ဆုံးတော့ အရိုးမျက်နှာက ဟယ်ရီနားကို ကပ်လာနိုင်ပြီး ဟယ်ရီရဲ့ခေါင်းကို သူ့လက်နဲ့ဖမ်းဆုပ်လိုက်တယ်။

"ပွဲပြီးပြီးဟယ်ရီ၊ မင်းမိန်းမနဲ့ကလေးကို တမလွန်မှာ သွားတွေ့သင့်ပြီ။" အရိုးမျက်နှာက အရိုးဓားနဲ့ ဟယ်ရီရဲ့လည်ပင်းကို ထိုးပြီးခေါင်းထဲက ဦးနောက်ကို ဖျက်ဆီးဖို့ စလုပ်တယ်။ ဒါပေမဲ့ အဝါရောင် အလင်းတန်းတစ်ခုက ဟယ်ရီကို အရိုးမျက်နှာလက်ထဲက ဖမ်းဆွဲထုတ်လိုက်တယ်။

အရိုးမျက်နှာ: "....."

ဖားလေးကတော့ သူ့ကိုဆွဲထုတ်သွားတဲ့ လူကိုကြည့်လိုက်တယ်။ သူအခု ဖားအပြည့်ပြောင်းထားတဲ့ ဖားလေးရဲ့ပါးစပ်ထဲမှာ ကိုက်ချီခံထားရတာ။

"ဖားလေး၊ မင်းကိုငါ ထွက်ပြေးခိုင်းထားတာမဟုတ်ဘူးလား။"

ဖားလေးကလည်း ဗလုံးဗထွးနဲ့ ပြန်ဖြေပါတယ်။ "ခင်ဗျားက စေမရိုဖြစ်နေတာရေ၊ ထားသွားစရာရား။" နောက်တော့ ဟယ်ရီကိုယ်တိုင်လည်း ဖားလေး ထူးခြားနေမှန်း သတိထားမိသွားတယ်။ အခုပုံစံက ဖားလေးရဲ့လေးလံနှေးကွေးတဲ့ ဖားပြုတ်ပုံစံ မဟုတ်ပါဘူး။

ပိန်းပါးတဲ့ Slim Body ဖားလေးပါ။ အဝါရောင်ခန္ဓာကိုယ်ပေါ်မှာ အနက်ကျားပါပြီးတော့ ဘော်နီယို ယင်စားဖားမျိုးစိတ်ဆိုတာ အင်မတန်သိသာနေတယ်။ ပြီးတော့ ပုံစံပြောင်းထားရင်းနဲ့ကို စကားပြောနေသေးတာ။

"ဖားလေး၊ မင်းက ဖားပြုတ်မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ယင်စားဖားဖြစ်သွားရပြန်တာတုန်း။"

"မသိဝူးရေ၊ ပြေးရင်းပြေးရင်းယဲ့ ပုံစံပြောင်းသွားတာပဲ။"

သူတို့ စကားပြောနေကြပေမဲ့ နောက်ကနေ အရိုးမျက်နှာ လိုက်လာပြီဖြစ်တဲ့အတွက်ကြောင့် ဖားလေးလည်း ကြောက်လန့်တကြားနဲ့ ထခုန်ပြေးရတော့တာပဲ။ ဖားဝါလေးက အကောင်ဒီလောက်မကြီးပေမဲ့ ခုန်သွားရင် အလျင်က ကားတစ်စီးမိုင်ကုန်မောင်းနေတာလောက်ကို မြန်ပါတယ်။ ဒါပေမဲ့ သုံးခါခုန်ပြီးရင် တစ်ခါနားဖို့လိုတယ်။

အရိုးမျက်နှာကလည်း ဒီလောက်မနှေးတဲ့အတွက် သူတို့နောက်ကနေ ကပ်ပါလာဆဲပါ။

"လူးစီးယပ်၊ မင်းသွားရည်တွေက အက်စစ်မပါတာ သေချာပါတယ်နော်။" ဖားပါးစပ်ထဲမှာ ကိုက်ချီခံထားရတဲ့ ဟယ်ရီက ကြောက်လန့်တကြားပြောလိုက်တယ်။ အရိုးကောင်လက်ကနေ မသေဘဲလွတ်လာပြီးခါမှ ဖားလေးတံထွေးတွေကြောင့်တော့ မသေချင်သေးဘူးလေ။

"ခင်ဗျားကို ဗိုက်ထဲမျိုမချမိမချင်းတော့ ဘာမှမဖြစ်ဘူး။"

အရိုးကောင် လိုက်မီလာတဲ့အတွက် ဖားလေးက နောက်သုံးခါခုန်ရင်း အရိုးဓားချက်တွေကို ရှောင်လိုက်ရပြန်တယ်။ အရိုးမျက်နှာကတော့ အခုလိုမျိုး လိုက်ရတာကို သိပ်ပျော်နေပုံပါပဲ။

"ပြေး....ပြေးထားလေ၊ ပြေးနေတဲ့သူကို မောအောင်စောင့်ပြီး ဖြည်းဖြည်းချင်းသတ်တာ ငါအကျွမ်းကျင်ဆုံးပဲ။ Toadius၊ မင်းသက်လုံက အကန့်အသတ်မဲ့မဟုတ်ဘူး။"

ဖားလေးက သူ့ခေါင်းကို နောက်လှည့်ကြည့်ရင်း ရှေ့ကို ဆက်ခုန်တယ်။ အရိုးမျက်နှာပြောသလိုပဲ သူ့မှာက အကန့်အသတ်တစ်ခုရှိပါတယ်။ မြို့ထဲကို ပြန်ပြေးဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ တခြားဟီးရိုးတွေကူညီရင်တောင် အရိုးမျက်နှာကို နိုင်ဖို့က သိပ်မဖြစ်နိုင်ဘူး။ နယူးယောက်အစည်းအရုံးက ငွေရောင်စစ်သည်အတုကိုတောင် ကြောက်နေတာ အထဲက ပိုကြမ်းတမ်းတဲ့ အရိုးမျက်နှာဆိုရင်တော့ ရင်ဆိုင်နိုင်ဖို့ အဝေးကြီးပါ။

သူတို့ပါ ထမပြေးရင် ကံကောင်း။

ဒါပေမဲ့ ဖားလေးက ပြေးနေရင်း ဓာတ်တိုင်ထိပ်တစ်ခုကနေ သူတို့ကိုရပ်ကြည့်နေတဲ့ လူတစ်ယောက်ကို သတိထားမိသွားတယ်။

အဲဲဒီလူက အနီရောင်နှာတံရှည်တန်းဂုမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး သူတို့ရဲ့ပြေးတန်းလိုက်တန်း ကစားပွဲလေးကို ကြည့်နေတာပါ။

ဖားလေးလည်း စိတ်ထဲမတင်မကျနဲ့ တွေးလိုက်မိတယ်။ 'ဒီလူက ဘယ်သူလဲ။'မျက်နှာဖုံးဝတ်က ဓာတ်တိုင်ပေါ်မှာ ရပ်နေတာဆိုတော့ ပုံမှန်လူတော့ မဖြစ်နိုင်တာ သေချာပါတယ်။ သူ့ပုံစံက Itachiတစ်ယောက် Uchihaတွေကို မျိုးဖြုတ်တုန်းကနဲ့တောင် ဆင်နေသေးတယ်။

အဲဒီလူက သူ့လက်ကို ဖားလေးတို့ဆီ ဆန့်တန်းလိုက်တယ်။ သူ့လက်ကနေ ခရမ်းရောင်နဲ့အနက်ရောင် ရောစပ်နေတဲ့ မီးတောက်တွေ ထွက်ပေါ်လာတယ်။

"ရန်သူလား၊ ငါတို့ကို အလစ်တိုက်တာလား။" ဖားလေးက ချက်ချင်းလမ်းကြောင်းပြောင်းပြီး ရှောင်ဖို့လုပ်ပေမဲ့ မီးတောက်က အရိုးမျက်နှာဆီကို တည့်တည့်ကြီး သွားနေတာ။

အရိုးမျက်နှာလည်း အဲဲဒီမီးတောက်ကို ကြောက်လန့်တကြား ရှောင်လိုက်တယ်။ ခရမ်းနက်မီးတောက်က လမ်းမကို ထိသွားပြီး ကတ္တရာတွေ ချက်ချင်းအရည်ပျော်ကာ လေးငါးပေလောက်နက်တဲ့ တွင်းချိုင့်ကြီးတစ်ခုကို ဖန်တီးလိုက်တယ်။ အထဲမှာ ကတ္တရာပူပူတွေက ဆူပွက်နေတုန်းပဲ။ အရိုးမျက်နှာကိုသာ ထိသွားရင် ချက်ချင်းပြာမှုန်ဖြစ်သွားမှာ သေချာပါတယ်။

"အကူအညီလား၊ ဒါပေမဲ့ ဒီလိုဝတ်စုံမျိုးနဲ့ ဟီးရိုးတစ်ယောက် နယူးယောက်မှာ မရှိပါဘူး။" ဖားလေး စဥ်းစားလိုက်တယ်။ ဒါပေမဲ့ တန်းဂုမျက်နှာဖုံးကိုတော့ သူသိပါတယ်။ ဂျပန်ရိုးရာအရ အရေးကြီးတဲ့ ဒဏ္ဍာရီလာငှက်လူတစ်ကောင်ဖြစ်ပြီး ဂျပန်ဟီးရိုးနဲ့ဗီလိန်တွေ ဒါမျိုးဝတ်တာ မရှားပါဘူး။ ဥစာကီတောင်မှ ယုန်မျက်နှာအန်ဘုမျက်နှာဖုံးကို ဝတ်သေးတယ်မဟုတ်လား။

"တိုကျိုအစည်းအရုံးကလား... ဒါပေမဲ့ သူက ဘာလို့ဂျပန်ရောက်နေတာလဲ။ ပြီးတော့ ခရမ်းနက်မီးတောက်တွေ..." ခရမ်းမီးတောက်ရှိတဲ့ ဂျပန်ဟီးရိုးတစ်ယောက်ကို ဘယ်လိုမှ ဖားလေးစဥ်းစားလို့မရဘူး။

ဒဏ်ရာကြောင့် မှိန်းနေတဲ့ ဟယ်ရီကတော့ ပြောလိုက်တယ်။

"ခရမ်းနက်မီးတောက်က ကမ္ဘာကျော် S rank မြူတန့် The Undead Lord ယာမီရဲ့အမှတ်အသားပဲ။ ဒါပေမဲ့ သူက ဟီးရိုးမဟုတ်ဘူး၊ ဗီလိန်။ ယာမီက သေသွားပြီလို့ ဂျပန်က ထုတ်ပြန်ထားသလို ဒီမီးတောက်ကလည်းညသိသိသာသာအားနည်းတယ်။ သူက ယာမီမဖြစ်နိုင်ပေမဲ့ သူ့မျိုးဆက်တစ်ယောက်ယောက် ဖြစ်နေနိုင်တယ်။ သူ့ပစ်မှတ်က အရိုးမျက်နှာဆိုမှတော့ ငါတို့ဒီကနေ ထွက်သွားကြစို့။"

ဟယ်ရီက ဖားလေးကို ပြောလိုက်တယ်။ သူတို့က အရိုးမျက်နှာလက်ကနေ ထွက်ပြေးနေတာဆိုပေမဲ့ မျက်နှာဖုံးနဲ့လူ ရောက်လာတဲ့အတွက်ကြောင့် ပြောင်းလဲသွားပါပြီ။ ဘာပဲပြောပြော ရန်သူနှစ်ယောက်လုံးက သူတို့ရင်ဆိုင်နိုင်တဲ့ ရန်သူတွေမဟုတ်ပါဘူး။ ဒါကြောင့် ဆက်ပြေးဖို့သာ ဆုံးဖြတ်လိုက်တယ်။

အရိုးမျက်နှာက သူတို့နောက်ကို ဆက်မလိုက်ဘူး။ သူက ဓာတ်တိုင်ပေါ်မှာ ရပ်နေတဲ့ မျက်နှာဖုံးနဲ့လူကိုပဲ ရပ်ကြည့်နေပါတယ်။

"ဟေး... မင်းက ဗီလိန်မဟုတ်လား၊ ဘာလို့ ငါ့သားကောင်တွေကို လာဝင်ရှုပ်ရတာလဲ။" ဗီလိန်တစ်ယောက်ဖြစ်တဲ့ အရိုးမျက်နှာက ယာမီကိုမသိဘဲ ဘယ်နေမလဲ။ ဒါပေမဲ့ အရိုးမျက်နှာက အဆင့်မြင့်ဗီလိန်တစ်ယောက်ဖြစ်တာကြောင့် ယာမီကို မကြောက်ပါဘူး။ သူက အရိုးဓားတစ်ချောင်းနဲ့ ယာမီကိုလှမ်းပစ်လိုက်တယ်။

"ငါ့သားကောင်တွေ လွတ်သွားပြီ၊ မင်းက ဗီလိန်ချင်းပြဿနာရှာချင်တာလား။"

ယာမီကတော့ လက်ချည်းသက်သက်နဲ့ အရိုးဓားကို ဖမ်းလိုက်ပြီး နည်းနည်းအားစိုက်ဆုပ်ကိုင်လိုက်ရုံနဲ့ အင်မတန်ခိုင်မာတဲ့ အရိုးဓားဟာ ချက်ချင်းကြေမွသွားပါတယ်။ အရိုးမျက်နှာကတော့ လမ်းပေါ်မှာနေရင်း ဒေါသထွက်နေရာကနေ မျက်နှာက ချက်ချင်းတည်သွားတယ်။ ကမ္ဘာပေါ်မှာ ဇက်သတ္တုနီးပါးခိုင်တဲ့ သူ့အရိုးတွေကို လက်ဗလာနဲ့ချိုးပစ်နိုင်တာ ဘယ်သူရှိလို့လဲ။

"မင်းက အပြစ်မဲ့သူတွေကို ပျော်ရွှင်ဖို့သက်သက်နဲ့ သတ်ခဲ့တယ်။ မင်းက ဗီလိန်ဖြစ်ဖို့ မထိုက်တန်ဘူး။" ယာမီက သူ့လက်ဖဝါးကို ဖြန့်လိုက်တယ်။ ခရမ်းနက်မီးတောက်တွေက သူ့လက်မှာ အဆက်မပြတ်တောက်လောင်နေတယ်။ အဲဒီနောက်တော့ သူ့ကျောကနေ အနက်ရောင်တောင်ပံတစ်စုံ ထွက်ပေါ်လာတယ်။ သူ့ပုံစံက တကယ်ပဲတန်းဂုတစ်ကောင်နဲ့ တူနေတယ်။

"ဘာ... မင်းဘာတွေပြောနေတာလဲ၊ ငါ့လမ်းကို လာရှုပ်ရင်တော့ မင်းကိုပါ မြက်ခင်းထဲလှဲသိပ်ရမှာပဲ။"

ယာမီက ဂျပန်လိုပဲ ပြောနေခဲ့တာဖြစ်လို့ အရိုးမျက်နှာ နားမလည်ပါဘူး။ သူက ချက်ချင်းပဲ အရိုးဓားဒါဇင်ပေါင်းများစွာကို ယာမီထံ ပစ်လွှတ်လိုက်တယ်။

အနက်ရောင်တန်းဂုကတော့ အတောင်ပံကိုဖြစ်သလို ခတ်လိုက်ရုံနဲ့ ငှက်မွှေးတောင်တွေက ဓားသွားလိုမျိုး ပြေးထွက်လာပြီး အရိုးဓားတွေကို လေထဲမှာပဲ တစ်စစီခြေမွပစ်လိုက်တယ်။ နောက်တချို့က အရိုးမျက်နှာရဲ့အရေပြားကိုဖောက်ပြီး စိုက်ဝင်သွားတယ်။ အရိုးမျက်နှာဟာ ချက်ချင်းဆိုသလိုပဲ သွေးနဲ့ပြည်တွေရောနေတဲ့ အရောအနှောတွေကို အန်ထုတ်ပစ်လိုက်ရတယ်။

"မင်း.... မင်းက သန်မာလွန်းတယ်။"

ယာမီကတော့ သူ့လက်တစ်ဖက်ကို မြှောက်လိုက်တယ်။ အရိုးမျက်နှာဟာ ချက်ချင်းဆိုသလိုပဲ မမြင်ရတဲ့ လက်ကြီးတစ်ဖက်နဲ့ ရိုက်ထုတ်ခံရသလိုမျိုး လွင့်စင်ထွက်သွားတယ်။

အရိုးမျက်နှာ လမ်းပေါ်ကနေ မြောက်တက်ပြီး ပြန်အကျမှာ ရိုးရိုးမြေပြင်ပေါ်ကို ရောက်သွားတယ်။ ယာမီက စကားကို တစ်လုံးချင်းပြောနေတယ်။

"ဒီကမ္ဘာမှာ လူမသေဖူးတဲ့နေရာဆိုတာ မရှိဘူး၊ မြေ တစ်လက်မချင်းစီက သေဆုံးပြီးသား လူသေတွေနဲ့ ပြည့်နေတာ။ သူတို့ထဲက အချို့ကသေခဲ့ရတဲ့ အကြောင်းကို လက်မခံနိုင်ကြသေးဘဲ ရုန်းကန်နေကြတယ်။"

သူဘာပြောနေမှန်း အရိုးမျက်နှာ နားမလည်ပေမဲ့ မြေဆီလွှာကို အရိုးခြောက်လက်တချို့က ဖောက်ထွက်လာတယ်။ အဲဒီလက်တွေက အရိုးမျက်နှာရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖမ်းဆွဲထားကြတယ်။

"သူတို့က ရှင်သန်နေတဲ့ လူသားတွေကို မနာလိုကြဘူး။ သူတို့လည်း ရှင်သန်ချင်ကြသေးတယ်။ ဒါပေမဲ့

မလုပ်နိုင်ကြဘူး။"

အရိုးမျက်နှာက ကြောက်လန့်တကြားနဲ့ အရိုးတွေကို ဖယ်ပြီး ထပြေးတယ်။ ဒါပေမဲ့ ယာမီကိုကြောက်တဲ့အတွက် လမ်းပေါ်တက်မပြေးဘဲ ဂိုထောင်ရှိရာဖက်ကို ပြန်လှည့်ပြေးတယ်။ ဒါပေမဲ့ မြေပေါ်မှာ အရိုးစုတွေက ပိုပိုများလာပြီး တချို့အရိုးစုတွေဆိုရင် လမ်းတောင်ထလျှောက်နေကြပြီ။ တချို့ကတော့ သူတို့ရဲ့ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်းတွေကို ရှာဖွေနေကြတယ်။

နောက်ဆုံးမှာတော့ အရိုးမျက်နှာဟာ ဂိုထောင်ရဲ့နံရံထောင့်နားမှာ ပိတ်မိသွားတယ်။ သူထွက်ပြေးနေခဲ့တာ ဆယ့်ငါးမိနစ်ကျော်ပြီ၊ ဒါပေမဲ့ ဘယ်လိုပြေးပြေး ယာမီနဲ့လူသေတွေလက်ကနေ မလွတ်ခဲ့ဘူး။

သူက ကြောက်ကြောက်တဲ့ ယာမီကို မော့ကြည့်ပြီး မေးလိုက်တယ်။

"မင်းဘာလိုချင်တာလဲ...." ယာမီကတော့ ဂိုထောင်ထဲကို ဖြည်းဖြည်းချင်း လျှောက်ဝင်လာပါတယ်။ သူ့အတောင်တွေကို အညောင်းအညာပြေခတ်ရင်းနဲ့ပေါ့။

"ငါက မင်းဆီကနေ ဘာမှမလိုချင်ပါဘူး၊ သူတို့ကတော့ မင်းဆီကနေ တစ်ခုခုကို ပြန်လိုချင်နေကြတယ်။"

ဒီတစ်ခါတော့ ယာမီက အင်္ဂလိပ်လို ပြောလိုက်တယ်။ ယာမီနောက်ကနေ လူကြီးတစ်ယောက်နဲ့ကလေးမလေးတစ်ယောက် ထွက်လာကြတယ်။ သူတို့အသားတွေက လူသေလိုဖြူဖျော့နေကြပြီး သူတို့ဆီကနေ ဖော်မလင်အနံကို ရနေတယ်။ သူတို့နှစ်ယောက်က အရိုးမျက်နှာကို စိုက်ကြည့်လိုက်တယ်။ တကယ်တော့ ရောက်လာတာ သူတို့တင်မဟုတ်ကြဘူး။ လမ်းပေါ်မှာ အသတ်ခံခဲ့ရတဲ့ ဟီးရိုးနှစ်ယောက်လည်းပါတယ်။

"မင်း... မင်းတို့က သေပြီးသားတွေပဲ၊ ငါ့ကို ဘာလို့နှောင့်ယှက်နေကြတာလဲ။"

ယာမီကတော့ မျက်နှာဖုံးအောက်က တောက်ပနေတဲ့ မျက်လုံးတွေနဲ့ အရိုးမျက်နှာကို စိုက်ကြည့်နေတယ်။ မျက်နှာဖုံးအောက်က မမြင်ရတဲ့ နှုတ်ခမ်းတစ်စုံက ပြုံးနေမလား။

"သူတို့က မင်းအသက်ကို အစားလိုချင်နေကြတာ။"

"မ....မဟုတ်ဘူး.... အား..."

...

ဖားလေးက ဟယ်ရီကို မြို့ပေါ်အထိ ဖားပုံစံပြောင်းပြီး ခေါ်လာပါတယ်။ သွေးသံရဲရဲဟီးရိုးတစ်ယောက်နဲ့ ဖားတစ်ကောင်ကြောင့် မြို့နေလူထုတွေ ထိတ်လန့်ကုန်တယ်။

ဒါကြောင့် ဖားလေးလည်း ဖားပုံစံတစ်ဝက်ကို ပြန်ပြောင်းထားပြီး ဟယ်ရီကို ကုန်းပိုးလိုက်တယ်။ သူတို့ကို လမ်းပေါ်ကလူတွေက ကြောက်လန့်တကြား ဝိုင်းကြည့်နေကြတယ်။ လူများစုက ဟီးရိုးတွေရဲ့ခန့်ညားတဲ့ ပုံစံကိုပဲ မြင်ဖူးကြတာပါ။ သွေးသံရဲရဲနဲ့အရှုံးသမားတွေလိုမျိုး ပြေးလွှားနေရတဲ့ ဟီးရိုးတွေရဲ့မြင်ကွင်းကိုတော့ မြင်ဖူးတာရှားတယ်။

"ဟယ်ရီ... တောင့်ခံထားပေးဦး၊ မကြာခင် ဆေးရုံရောက်တော့မှာ။" ဖားလေးက ဟယ်ရီကို ကုန်းပိုးရင်း ဆက်ပြေးသွားလိုက်တယ်။

ဟယ်ရီကတော့ သွေးထွက်လွန်နေပြီ ဖြစ်တဲ့အတွက်

တစ်ကိုယ်လုံးတုန်ရီပြီး ကယောင်ကတမ်းတွေပြောနေပါပြီ။ သူ့နှုတ်ခမ်းတွေလည်း ပြာနှမ်းနေပြီးတော့ ဒီအတိုင်းထားရင် သေရတော့မှာပါ။

ဖားလေးက နီးစပ်ရာ ဆေးရုံတစ်ခုထဲကို ပြေးဝင်လိုက်တယ်။ ပြင်ပလူနာဌာနက လူနာတွေနဲ့ဆရာဝန်တွေက သွေးတွေစိုရွဲနေတဲ့ ဖားလေးနဲ့ဟယ်ရီကိုတွေ့တော့ အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်ကြတယ်။

"ဒေါက်တာ... ဒေါက်တာ... ကျွန်တော်တို့က ဟီးရိုး အစည်းအရုံးကပါ။ ဒဏ်ရာရထားတဲ့ ဟီးရိုးရှိတယ်။"

ဆရာဝန်တွေက ဟယ်ရီ့ကို လူနာရွေ့ပြောင်းကုတင်ပေါ် ပြောင်းတင်ပေးပြီးတဲ့နောက် ဖားလေး ထိုင်ခုံပေါ်ကို ခြေပစ်လက်ပစ်နဲ့ ထိုင်ချလိုက်တယ်။ သူကိုယ်တိုင်က ဒဏ်ရာကြီးကြီးမားမားမရပေမဲ့ တစ်ကိုယ်လုံး သွေးတွေစိုရွဲနေပြီ။

ပင်ပန်းလွန်းလို့လားမသိဘူး၊ သူ့ဖားတစ်ဝက်ပုံစံက သူထိုင်ချလိုက်တာနဲ့ အလိုလိုပျောက်ကွယ်သွားတယ်။

ခဏနေတော့ သူနာပြုမလေးတစ်ယောက်က မျက်နှာသုတ်ပုဝါနဲ့ ရေတစ်ဘူးလာကမ်းပေးတယ်။

"ရှင့်တစ်ကိုယ်လုံးလည်း သွေးတွေချည်းပဲ၊ မျက်နှာသုတ်ပြီးရင် ရေဝင်ချိုးလိုက်ဦး။ ကျွန်မတို့ဆေးရုံက အဝတ်အစားတွေ ခဏယူဝတ်ထားလို့ရတယ်။"

"ကျေးဇူးပဲ..." ဖားလေးက ကမ်းပေးတဲ့ မျက်နှာသုတ်ပုဝါနဲ့ ရေဘူးကိုယူလိုက်တယ်။ အဲဲဒီနောက် ရေဘူးကိုဖွင့်ပြီး မော့ချလိုက်ပါတယ်။

ဆေးရုံမှာက နေ့ခင်းပိုင်းဆိုတော့ လူကျမနေတဲ့အတွက် သူနာပြုမလေးက ထွက်မသွားသေးဘူး။ ဖားလေးကို အသေးစိတ်လေ့လာပြီး ပြောလိုက်တယ်။

"ရှင့်ကြည့်ရတာ တော်တော်ငယ်သေးပုံပဲ၊ အလုပ်သင်ဟီးရိုးလား။" ဖားလေး ခေါင်းညိတ်ပြလိုက်တယ်။ လောလောဆယ်တော့ ဟယ်ရီအတွက် စိတ်ပူနေတာမလို့ တခြားကိစ္စတွေ ဂရုမစိုက်နိုင်သေးဘူး။ ဒါကြောင့် ခေါင်းချည်းညိတ်ပြနေတယ်။

"ဟီးရိုးနာမည်ကရော..."

"Toadius..."

"ဟင်... မိန်းကလေးလည်းမဆန်ဘူး၊ Froppy တို့ဘာတို့မှ ချစ်စရာကောင်းဦးမယ်။"

ဖားလေး အူကြောင်ကြောင်နဲ့ သူနာပြုမိန်းကလေးကို မော့ကြည့်လိုက်တယ်။ သူနာပြုမိန်းကလေးက လှပတဲ့ အမေရိကန်-အာဖရိကမလေး။ အနက်ရောင်ဆံပင်တွေကို ကျစ်ဆံမြီးကျစ်ထားပြီး ခပ်ညိုညိုအသားအရေနဲ့ကောင်းမွန်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတယ်။ သူက မျက်လုံးနီညိုရောင်လေးတွေနဲ့ ဖားလေးကို စိတ်ဝင်တစားကြည့်နေတာ။

"ဆောရီး... ကျွန်တော်က ယောက်ျားလေးဗျ။" ဖားလေးက သူ့ကိုမိန်းကလေးနဲ့မှားနေတယ်ထင်ပြီး ရှင်းပြလိုက်တော့ သူနာပြုမလေးက နှုတ်ခမ်းဆူလိုက်ပြီးတော့ သူ့ရင်ဘတ်ကို လက်ညိုးထိုးလိုက်တယ်။

"ဒါဖြင့် နင့်ရင်ဘတ်က သစ်တော်သီးကြီးတွေက ဘောလုံးတွေထည့်ထားတာလား။"

ဖားလေးလည်း အူကြောင်ကြောင်နဲ့ သူ့ရင်ဘတ်သူ ငုံကြည့်လိုက်တယ်။ တကယ်ပဲ အဲဒီမှာ သစ်တော်သီးအရွယ် ရင်လုံးလုံးလေးနှစ်ခု ရောက်နေတယ်။

"WTF...." ဖားလေးလည်း ထိတ်လန့်သွားပြီး ဆေးရုံဧည့်ခန်းထဲမှာ ထားထားတဲ့ ကိုယ်လုံးပေါ်မှန်ကြီးဆီကို ပြေးသွားကြည့်တယ်။

မှန်ထဲက သူ့ပုံစံက ဖားလေးအရင်က မှတ်မိထားတဲ့ သူ့ပုံစံနဲ့ တော်တော်ကြီးကို ကွဲပြားနေတာ။ ရေညှိစိမ်းရောင် ဆံပင်ဂုတ်ဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်က မှန်ထဲမှာရပ်နေတယ်။ အဝါရောင်မျက်လုံးပေါ်မှာ အနက်ရောင်မျက်ဆန်ရှိတဲ့ ဖားမျက်လုံးပြူးပြူးလေးတွေ။ ပြီးတော့ ပါးလေးဖောင်းနေပြီး ချစ်စရာကောင်းတဲ့ ခပ်ဝိုင်းဝိုင်းမျက်နှာလေး။ ခန္ဓာကိုယ်ကလည်း ဖားကပ်လေးတစ်ကောင်လိုမျိုး ပိန်သွယ်နေပြီး ဂစ်တာရှိုတ်အသေးစားလေးဖြစ်နေတယ်။ တင်ကားကား ရင်လုံးလုံး ဖားလေးပေါ့။

"ငါဘာတွေဖြစ်နေတာလဲ..." ဖားလေး ချက်ချင်းဆိုသလို ဆေးရုံအိမ်သာခန်းထဲကို ပြေးသွားတယ်။ သူနာပြုမလေးကတော့ နားမလည်နိုင်ခြင်းများစွာနဲ့။

"ဖားလေးဘာဖြစ်သွားတာလဲ...." လို့သာပြောရင်း နေမှာတင် ရပ်ကြည့်နေလိုက်တယ်။

ဖားလေး ယောက်ျားလေးအိမ်သာခန်းထဲ ဝင်ပြီးတော့ အထဲက ကိုယ်လုံးပေါ်မှန်မှာ ထပ်ကြည့်ကြည့်တော့လည်း ဂစ်တာရှိုတ်နဲ့ပိန်သွယ်သွယ်အလှလေး ဖြစ်နေတာကိုပဲ တွေ့ရတယ်။ သူ့လည်ချောင်းကို စမ်းကြည့်တော့လည်း အေဒင်ပန်းသီးလေးက မရှိတော့ပြန်ဘူး။ သူ့အသံတောင် ပြောင်းနေပြီ။ ဩမနေတော့ဘဲ ချစ်စရာအသံလေးနဲ့။

ဖားလေးလည်း ကြောက်ကြောက်နဲ့ ဘောင်းဘီကို နည်းနည်းဟပြီး အတွင်းကိုကြည့်လိုက်တယ်။ ဒါပေမဲ့ ဖောင်းနေတဲ့ အငယ်ကောင်ကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး။

ဖားလေးတစ်ယောက် မချိတင်ကဲ ပြုံးလိုက်တယ်။ မျက်နှာက ပြုံးနေပေမဲ့ နှလုံးသားထဲမှာ ကြိတ်ငိုလို့၊ ဘူးသီးလုံးလောက်ရှိတဲ့ မျက်ရည်တွေတောင် စီးကျနေပြီ။

"ငါတကယ်ကြီး မိန်းကလေးဖြစ်သွားတာလားဟင်။"

တစ်ယောက်ယောက်များနောက်ပြီး သူ့ကိုပုံပြောင်းပေးထားတာလားဆိုပြီး ရင်ဘတ်ကိုစမ်းကြည့်ပေမဲ့ တကယ်အစစ်ဖြစ်နေပြန်တယ်။

"ဒါပေမဲ့... ဘယ်လိုလုပ်ပြီး ပြောင်းသွားတာလဲ။" ဖားလေး စဥ်းစားလို့ကိုမရဘူး။ အရင်ကလည်း တစ်ခါမှ ဖြစ်ဖူးတာမဟုတ်ဘူးရယ်။

ရုတ်တရက် ယောက်ျားလေးသန့်စင်ခန်းတံခါးပွင့်သွားပြီး လူနာဝတ်စုံဝတ်ထားတဲ့ ဦးလေးကြီးတစ်ယောက် အိမ်သာထဲဝင်လာတယ်။ ဒါပေမဲ့ ဖားလေးကိုတွေ့တော့ သူ့မျက်နှာပေါ်က အပြုံးက တန့်သွားပြီး နောက်ကိုပြန်ဆုတ်လိုက်တယ်။

"ဆောရီး၊ သမီးလေး။ ဦးလေး စာသေချာမဖတ်မိလို့ အခန်းမှားဝင်တာ။" အဲဒီနောက်တော့ ရှက်ရှက်နဲ့ တံခါးကိုပိတ်ပြီး တစ်ဖက်ကို ထွက်သွားတယ်။

ဒါပေမဲ့ မကြာဘူး၊ တစ်ဖက်ခန်းက မိန်းကလေးတွေရဲ့အော်သံတွေက သံစုံတီးဝိုင်းလိုမျိုး ထွက်လာတော့တာပဲ။ သေချာတာပေါ့၊ ဦးလေးကြီး ထောင်ချောက်မိသွားတာ။ တကယ်က ဦးလေးကြီး အိမ်သာမှားဝင်တာ မဟုတ်ဘူး၊ မှားနေတာက ဖားလေးပါ။

"ဘယ်ကနေဘယ်လို ဒီလိုတွေဖြစ်သွားရတာလဲကွာ။" ကောင်မလေးဖြစ်သွားတဲ့ ဖားလေးတစ်ယောက် မှန်ထဲက ကိုယ့်ပုံကိုယ်ကြည့်ရင်း ယောက်ျားလျာလေသံနဲ့ ညည်းညူလိုက်မိလေရဲ့။

၁၀။

နောက်တစ်နေ့မနက်ရောက်တော့ လီဆာလေးပျောက်သွားမှန်း လင်ဒါသိသွားပြီ။ အခုဆိုရင် လင်ဒါက အခန်းထဲကနေတောင် ထွက်မလာတော့ဘူး။ မက်ဒါနာကိုယ်တိုင်လည်း လင်ဒါကို ဘယ်လိုနှစ်သိမ့်ပေးရမှန်းကိုမသိဘူး။ သူကိုယ်တိုင်လည်း ဝမ်းနည်းနေတာပဲလေ။

မနက်စာစားတော့လည်း လင်ဒါ သူတို့စားပွဲဝိုင်းဆီကို ရောက်မလာဘူး။ နယ်စားကြီးကတော့ ဝမ်းနည်းနေပုံရတဲ့ မက်ဒါနာတို့တစ်ဖွဲ့လုံးကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။

"ဟူး... အဖိုးလည်း မြူတန့်သိပ္ပံအဖွဲ့ရဲ့သတင်းတွေကို နားစွန့်နေပါတယ်။ သူတို့ကိုကြည့်ရတာ ဂျပန်ကို ပြန်ဆုတ်သွားကြပုံပဲ။ နောက်ပြီး မြစ်မလေးလီဆာက သူတို့အနေနဲ့ အဆုံးရှုံးခံလို့မရတဲ့ အရာတစ်ခုဆိုတော့ ဂရုစိုက်ကြမှာမလို့ ယာယီအတွက်တော့ အန္တရာယ်မရှိလောက်ပါဘူး။ ဒီတော့ သမီးတို့သွားကယ်ဖို့ အချိန်ရလောက်သေးတယ်။"

ဖရာလီတာလည်း ခေါင်းညိတ်လိုက်တယ်။ ဆိုဖီယာလည်း အလားတူပဲ။ သူတို့ရဲ့သတင်းကွန်ယက်တွေက အင်မတန်ကျယ်ပြန့်တာကြောင့် နယ်စားကြီးမပြောခင်ကတည်းက ဒါတွေကို သိထားကြပြီးသားပါ။ ဖရာလီတာက စပြီးပြောလိုက်တယ်။

"စိုးရိမ်ရတာက အချိန်ကြာလေလေ Mad doctor က ပြီးပြည့်စုံတဲ့ဖော်မြူလာကို လုပ်နိုင်ဖို့လွယ်လာလေလေပဲ။ ဒီအတိုင်းဆိုရင် သူတို့အင်အားပိုကြီးလာပြီးတော့ ရင်ဆိုင်ရ ပိုခက်လာလိမ့်မယ်။ ဒါကြောင့် ငါတို့တွေ ဂျပန်ကို အမြန်လိုက်သွားသင့်တယ်။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမဲ့ ဖလေရာကတော့ စိတ်မကောင်းစရာ သတင်းတစ်ခုကို ပြောလာတယ်။

"ငါကတော့ နင်တို့နဲ့ ဆက်ရှိနေနိုင်မှာမဟုတ်ဘူး။ ငါဒီကိုထွက်လာတာက ကုမ္ပဏီမှာရှိနေတဲ့ အတွင်းလူကို လွတ်လွတ်လပ်လပ် လှုပ်ရှားလာအောင်လို့ တမင်ထောင်ချောက်ဆင်လိုက်တာ။ အင်း၊ လူယုံတစ်ယောက်တော့ ထားခဲ့ရတာပေါ့။ အခုတော့ သက်သေအလုံအလောက်စုမိပြီမလို့ ငါသွားပြီးတော့ သူ့ကိုဖြေရှင်းရတော့မှာ။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ ဖလေရာအတွက်တော့ နံပါတ်တစ်အရေးအကြီးဆုံးက မက်တယ်ပလာဒင် ကုမ္ပဏီပါ။ ဒီတော့ သူ့အနေနဲ့ အလုပ်တွေကိုပစ်ပြီး မက်ဒါနာတို့နဲ့ အကြာကြီးနေလို့မရဘူးရယ်။

ဖရာလီတာက နှာမှုပ်လိုက်ပြီး ပြောလိုက်တယ်။ သူ့လက်ထဲက ဓားနဲ့ခက်ရင်းကို ဟန်ကျပန်ကျလှုပ်ရှားရင်း ဘဲသားကင်ကိုလှီးနေပေမဲ့ပေါ့။

"ဟွန့်၊ နင်ထွက်သွားလဲ ကိစ္စမရှိပါဘူး။ အစတည်းက ဒီလောက်ကြီး အကူအညီမဖြစ်ပါဘူးလေ။"

ဖလရောကတော့ လိုလီအသေးလေးရဲ့စကားကြောင့် မျက်စောင်းထိုးလိုက်တယ်။ အခုသူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းရန်ဆောင်နေကြပြီ။

နောက်တော့ ဖလေရာက မက်ဒါနာကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်တယ်။ သူ့မျက်လုံးတွေက အရောင်လဲ့နေပြီးတော့ အပြုံးကလည်း အင်မတန် အသက်ဝင်နေတယ်။

"မင်းလွင်ရေ၊ တချို့မိန်းမတွေက အကောင်သေးပြီးတော့ အဆိပ်ပြင်းတယ်နော်။ ဒါပေမဲ့ တို့က မင်းရဲ့ပထမဆုံးအနမ်းကို ပိုင်ဆိုင်ပြီးသားဆိုတော့ စိတ်... ချ... လိုက်... မယ်... နော်..."

အဲဒီနောက်တော့ ဖလေရာဆီကို တခြားမိန်းကလေးတွေအားလုံးရဲ့အကြည့်က ပြုံပြီးကျလာတော့တာပဲ။

အဲဒီထဲမှာ လူတွေလိုမနက်စာမစားနိုင်ပေမဲ့ အတူထိုင်နေတဲ့ အရုပ်မအေမီလည်းပါတယ်။

အေမီက နှာကိုမှုတ်လိုက်ပြီး ပြောလိုက်တယ်။ "ဟွန့်၊

ဒီကလည်း မမလေး ပထမဆုံးအကြိမ် မီးနီလင်းတုန်းက ဂရုတစိုက်ပြုစုပေးခဲ့ဖူးပါတယ်နော်။"

အလားတူပဲ ဆိုဖီယာကလည်း အားကျမခံ ပြန်ပြောလိုက်တယ်။ "နင်တို့တွေ သူနဲ့ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါ့လိုတော့ သူအားကိုးတာ မခံရဘူးမလား။ အားကိုးခံရတယ်ဆိုတာက အိမ်ထောင်ရေးတစ်ခုရဲ့အဓိကအသက်ပဲလေ။"

အားလုံးရဲ့မုန်းတီးတဲ့အကြည့်တွေက ဆိုဖီယာဖြစ်နေတဲ့ ရှားပိုင်ဝေဆီကို ကျရောက်လာပြန်တယ်။ မက်ဒါနာလေးကတော့ ရှက်လွန်းလို့ ခေါင်းတောင်မဖော်ရဲတော့ဘူး။ ခဏနေတော့ ခုမှအိပ်ရာထလာပုံရတဲ့ လင်ဒါက ဆံပင်စုတ်ဖွားနဲ့ ထိုင်ခုံတစ်ခုကိုဆွဲထုတ်ပြီး ဝင်ထိုင်တယ်။ ပါးတွေက ဖောင်းမို့နေပြီးတော့ မျက်လုံးတွေကလည်း နီရဲလို့။

မက်ဒါနာကလည်း လင်ဒါစိတ်မကောင်းဖြစ်နေမှန်း သိတဲ့အတွက်ကြောင့် ပုခုံးပုတ်ပေးလိုက်ပြီး ပြောလိုက်တယ်။ အခုလင်ဒါက မက်ဒါနာရဲ့ညာဖက်ဘေးခုံမှာ ဝင်ထိုင်လိုက်တာလေ။

"စိတ်မကောင်းမဖြစ်နဲ့၊ သမီးလေးက အခုဂျပန်ကို ခေါ်သွားခံရတာတဲ့။ မြန်မြန်လေး သွားပြန်ခေါ်ပေးမှာမလို့ စိတ်မကောင်းမဖြစ်ဘဲ အစားကိုဝင်အောင်စားနော်။" လင်ဒါကိုလည်း ဌာနက ပြန်ခေါ်နေပြီမလို့ ပြန်ရတော့မှာ။ မက်ဒါနာနဲ့အတူတူ ကမ္ဘာတစ်ဖက်ခြမ်းဆီ လိုက်လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဘာပဲပြောပြော ကွင်းစ်မြို့က ရဲကပ္မတိန်လင်ဒါကို လိုအပ်နေသေးတယ်။

အားလုံးရဲ့မုန်းတီးတဲ့အကြည့်တွေက လင်ဒါပေါ် ချက်ချင်းကျရောက်သွားတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ဘာမှမလုပ်နိုင်ဘူးရယ်။ လင်ဒါနဲ့မက်ဒါနာက သမီးလေးတစ်ယောက်ကို အတူပျိုးထောင်ပေးနေပြီး လက်ထပ်ပြီးသား စုံတွဲတွေလိုမျိုး မနက်တိုင်းကြင်သူချက်ပေးထားတဲ့ နံနက်ခင်းစာကို စားနေကြတာလေ။

တကယ့်ဘုရင်မကြီး ရောက်လာချိန်မှာတော့ လေကျယ်နေတဲ့ ငကြွားအကြီးစားတွေအားလုံး နှုတ်ဆိတ်နေရတော့တယ်။

ကြောင်တောင်တောင်နိုင်ပြီး တိတ်ဆိတ်နေတဲ့ လေထုကြောင့် စားပွဲထိပ်မှာထိုင်နေတဲ့ နယ်စားကြီးက ချောင်းဟန့်လိုက်တယ်။ နောက်တော့ သူက မက်ဒါနာကို ကြည့်ပြီးပြောလိုက်ပါပြီ။

"နယူးယောက်မှာ သမီးလေးနာမည်နဲ့ ပေါက်ကရလုပ်နေတဲ့သူရှိတယ်လို့ အဖိုးကြားတယ်။ ဒီတော့ မနေ့တုန်းကဖြစ်ခဲ့တဲ့ မြူတန့်သိပ္ပံအဖွဲ့နဲ့တိုက်ပွဲကို အဖိုးတို့ဆုဗာနာရုပ်သံကနေ တရားဝင်ထုတ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက ရုရှားနဲ့တရုတ် S rank တွေ အဖိုးတို့မြေပေါ်မှာ သေဆုံးခဲ့တဲ့ကိစ္စကိုလည်း ဖြေရှင်းဖို့ နည်းလမ်းကောင်းပဲ။ ရုရှားရဲ့ဝံပုလွေနှလုံးသားက အဖိုးတို့ကိုကူညီရင်း သေသွားတယ်လုပ်လို့ရပြီး၊ ရှားပိုင်ဝေကတော့ ဒီမှာခဏဆက်နေမယ်လို့ပေါ့။ သူတို့လူတွေကို မြေးတို့သတ်လိုက်မှန်း သူတို့သိရင်တောင် သူတို့နိုင်ငံတွေက ပြဿနာရှာရဲမှာမဟုတ်ဘူး။ နာမည်ကျော်ဟီးရိုးတွေက ဗီလိန်အဖွဲ့နဲ့ ပေါင်းတယ်ဆိုတာသာ သတင်းထွက်သွားရင် အဲဒီနိုင်ငံတွေက ဟီးရိုးအစည်းအရုံးတွေ ပြဿနာတက်ကုန်လိမ့်မယ်။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ ရင့်ကျက်တဲ့သူတချို့က ပညာရှိတယ်ဆိုတာ တကယ်ပဲမှန်တယ်။ ဖိုးဖိုးနယ်စားမှာ ဖြေရှင်းနည်းတွေအများကြီးရှိနေတယ်။

တကယ်တော့ အစကတည်းက နိုင်ငံတွေနဲ့ဟီးရိုးအစည်းအရုံးတွေကြားက အက်ကြောင်းဟာ ကြီးမားနေဆဲပါ။ စွမ်းအားရှိရင် ကြိုက်သလိုလုပ်လို့ရတယ်ဆိုတဲ့ SilverKnightအတုကောင်ကြောင့် မြူတန့်စစ်ပွဲ ဖြစ်မလိုတောင်ဖြစ်နေတာ ကြာပါပြီ။ တကယ်တော့ ရုရှားမှာဆိုရင် တိုက်ပွဲငယ်လေးတွေ စနေပြီ။

တကယ်လို့ ဆုဗာနာကသာ လူသတ်နေတဲ့ SilverKnightဟာ အတုဖြစ်ကြောင်းနဲ့ဗီလိန်တစ်ဖွဲ့ရဲ့အကြံသာဖြစ်ကြောင်း ဖော်ထုတ်လိုက်နိုင်မယ်ဆိုရင် မြူတန့်စစ်ပွဲလည်း ဖြစ်စရာမလိုတော့သလို Mad doctorရဲ့ကမ္ဘာကိုအုပ်စိုးမယ့် ဟာကွက်များစွာနဲ့ အကြံအစည်ကလည်း အားလျော့သွားတော့မှာပါ။

မြူတန့်စစ်ပွဲမဖြစ်ရင် သူဘယ်လိုလုပ်ပြီး ကျားနှစ်ကောင်ချတာကို တောင်ပေါ်က မုဆိုးလိုမျိုး ချောင်းနေလို့ရတော့မှာလဲ။

အဲဒီအချိန်မှာပဲ လေဒီဘတ်တာဖလိုင်းဆီကနေ ဖုန်းဝင်လာပါတယ်။ ဒါပေမဲ့ပြောနေတာက ဖားလေးဖြစ်ပြီး ဖားလေးရဲ့မိန်းကလေးဆန်တဲ့အသံကို ကြား လိုက်ရတဲ့ မက်ဒါနာတောင် ကြောင်သွားတယ်။ ဒါပေမဲ့ ဖားလေးက လောလောဆယ်တော့ အဲဒီအကြောင်း မပြောချင်သေးပုံပဲ။ သူက အခုရှေ့နေချီလုလုတို့နဲ့အတူ ရှိနေပုံရတယ်။

"ဆာ SilverKnight၊ အဲ အစ်မမက်ဒါနာလို့ပဲ ခေါ်ရမလား။ ကျွန်တော်တို့ SilverKnight အတုကောင်ကို ဖော်ထုတ်နိုင်သွားပြီ။ ဟီးရိုးအစည်းအရုံးတစ်ခုလုံး အခုအောင်ပွဲခံနေကြတယ်။"

ဖားလေးကိုယ်တိုင် မက်ဒါနာကို ဆက်သွယ်တာက အခုပထမဆုံးအကြိမ်ပါ။ ဆက်သွယ်ရမယ့်နံပါတ်ကို ရှေ့နေအဖွဲ့ဆီကနေ ရလာတဲ့ပုံပါပဲ။

"အဲဒီတော့ နင်တို့သူ့ကိုမိပြီပေါ့၊ သူ့ကို ဘယ်သူက ခိုင်းတာတဲ့လဲ။"

"မသိဘူး၊ ကျွန်တော်တို့ သူ့ကိုချနေတုန်း တန်းဂုမျက်နှာဖုံးနဲ့လူက ဝင်ကူသတ်ပေးသွားတယ်။ တကယ်တော့ ကျွန်တော်တို့လည်း ခံနေရတာလေ။ ဒုဌာနမှူးဟယ်ရီကတော့ ဆေးရုံကနေ မဆင်းရသေးဘူး။ သူက အစ်မကိုဆက်သွယ်ချင်ရင် လေဒီဘက်တာဖလိုင်းရှေ့နေအဖွဲ့ဆီသွားဆိုလို့။"

မက်ဒါနာ ခေါင်းညိတ်လိုက်တယ်။ လေဒီဘတ်တာဖလိုင်းက ယုံကြည်ရသူမလို့ သူ့ဖုန်းနံပါတ်ကို ပေးထားတာ။ ပြီးတော့ SilverKnightက မက်ဒါနာပါဆိုတဲ့အချက်ဟာ အတွင်းလူတွေထဲမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်မနေတော့ပါဘူး။ ဖားလေးတို့က ဘယ်ပုံဘယ်နည်းလမ်းနဲ့ သိသွားလည်း သူမသိပေမဲ့ သိဖို့နည်းလမ်းတွေက အများကြီးရှိနေတာမလို့ မေးနေစရာမလိုဘူး။

"ဒါပေမဲ့ အစ်မဟန်ဆောင်ထားတဲ့သူက သေပြီမလို့ သူ့ဆီကနေ တိုက်ရိုက်ထွက်ဆိုချက် မရတော့ဘူး။ ဒီတော့ ပြည်သူလူထုကို ချပြရင်တောင် မယုံတဲ့သူတွေရှိနေမှာစိုးရတယ်။ ဒါကြောင့် ဟီးရိုးအဖွဲ့က တကယ့် SilverKnightကို လူလုံးထွက်ပြဖို့ တောင်းဆိုချင်နေကြတာ။"

ဖားလေးကစားကြောင့် မက်ဒါနာလည်း ပြန်ဖြေလိုက်တယ်။ "မပူနဲ့၊ ငါတို့တွေ ဆုဗာနာမှာရှိနေတုန်း မြူတန့်သိပ္ပံအဖွဲ့နဲ့ ထပ်တိုက်ပွဲဖြစ်တယ်။ အဲဒီအကြောင်းကို နိုင်ငံပိုင်သတင်းကနေ ကြေညာတော့မှာ။ ဒီတော့ နင်တို့စိတ်ပူစရာမလိုဘူး။"

မက်ဒါနာစဥ်းစားထားတာကတော့ ကောလာဟလတချို့ကို တကယ့်အမှန်လိုဖြစ်အောင် လုပ်ဆောင်ဖို့ပါ။ SilverKnightက နယူးယောက်ကနေ ဘာလို့ဆုဗာနာရောက်သွားလဲဆိုတာကို ဖြေရှင်းဖို့လိုနေသေးတယ်လေ။ ဒီတော့ ကောလာဟလတွေထဲကအတိုင်း ဆံဖြူမင်းသမီးလေးရဲ့ကိုယ်ရံတော်အဖြစ် ငွေရောင်စစ်သည်က ဆုဗာနာကို လိုက်လာတယ်လို့ ပြောလိုက်ရုံပဲ။

လောလောဆယ်တော့ သူ့ကိုယ်သူ SilverKnightက

မက်ဒါနာဖြစ်ကြောင်း ထုတ်မပြချင်သေးဘူး။

"အာ... ဟုတ်ကဲ့၊ ဒါနဲ့အစ်မဘတ်တာဖလိုင်းက အစ်မမက်ဒါနာနဲ့ စကားပြောချင်သေးတယ်တဲ့။"

ဖားလေးက လေဒီဘတ်တာဖလိုင်းကို ဖုန်းပေးလိုက်တယ်။ ဘတ်တာဖလိုင်းကလည်း မက်ဒါနာရဲ့သရုပ်မှန်ကို သိပြီးပါပြီ။ ဆိုဖီယာက သူတို့ကို အိမ်ပေးသုံးခဲ့ကတည်းက မက်ဒါနာပြောပြခဲ့တာ။

"ဟေး... သူရဲကောင်းကြီး၊ နင့်ရဲ့မိန်းကလေးအဖြစ် ပြောင်းနိုင်တဲ့စွမ်းအားက ဓာတ်ကူးတတ်တာလား။"

"...." မက်ဒါနာလေးကတော့ ဘတ်တာဖလိုင်းရဲ့စကားကို နားမလည်နိုင်ဘူးရယ်။

"ဘာမှတော့မဟုတ်ပါဘူး၊ နင့်တပည့်ဖားလေးက ဖားပုံစံပြောင်းပြီး လူအဖြစ်ပြန်ပြောင်းတော့ မိန်းကလေးဖြစ်သွားလို့လေ။ နင့်ဆီက ရောဂါကူးတာလားလို့။"

မက်ဒါနာကတော့ မှင်သေသေနဲ့ပဲ ပြန်ဖြေပါတယ်။ "ဟမ်၊ တကယ်တော့ ဖားတွေက သူတို့ဗီဇမှာတည်းက လိင်ပြောင်းနိုင်စွမ်းရှိတယ်။ ဒီတော့ ငါ့ရောဂါကူးသွားတာတော့ မဟုတ်တာသေချာတယ်။ အဲဒီဒီပရက်ရှင်ဖားကိုပြောလိုက် နင့်ရောဂါက ကုလို့ရတယ်၊ ငါ့လို့အပြီးပြောင်းသွားတာ မဟုတ်ဘူးလို့။"

"....." တော်တော်ကြာတဲ့အထိ လေဒီဘတ်တာဖလိုင်း တိတ်ဆိတ်သွားတယ်။ ပြီးခါမှ မက်ဒါနာကို ပြန်ဖြေလိုက်တယ်။

"ကောင်းပြီ၊ ငါသူ့ကို ပြောလိုက်မယ်။"

"ဒါနဲ့၊ အမှုကိစ္စကရော။" ဟိုနတ်ဆိုးကိုးကွယ်သူအဖွဲ့လေးရဲ့အမှုက ငွေရောင်စစ်သည်အတု ပေါ်လာလို့ နှောင့်နှေးခဲ့ရသေးတယ်လေ။ ဒီတော့ မက်ဒါနာမမေ့ဘူး။

"လောလောဆယ်တော့ လူသတ်ထားတဲ့ ကောင်လေးကလွဲလို့ ကျန်တဲ့သူတွေ ပြန်လွတ်လာပြီ၊ ကျန်တဲ့ကလေးတွေကို လူငယ်ထိန်းသိမ်းရေးစခန်းကိုပဲ ပို့ဖို့များတယ်။ ခေါင်းဆောင်လုပ်တဲ့ ကောင်လေးကျတော့ တခြားအမှုတွေလည်းရှိနေတော့ ငါတို့ကယ်လို့မရတော့ဘူး။"

"ဆေးဗားဖလိန်းနဲ့ရော နင်တို့တွေ့ပြီးပြီလား။" S rank ဟီးရိုးတစ်ယောက်ကို တွေ့ခွင့်ရဖို့က သိပ်မလွယ်ပေမဲ့ လေဒီဘတ်တာဖလိုင်းရဲ့အကျင့်စရိုက်အရဆိုရင် အဲဒီအလုပ်ကို ရအောင်လုပ်မှာပါ။ ဘတ်တာဖလိုင်းက ခဏလောက်သက်ပြင်းချပြီး ပြောလိုက်တယ်။

"ငါတို့တွေ့ပြီးပြီ၊ သူက အခုထိဝမ်းနည်းနေတုန်းပဲ။ နာမည်ကြီးဟီးရိုးတစ်ယောက်အနေနဲ့ သူက ဖခင်ကောင်းမပီသခဲ့ဘူးလို့ ငါတို့ကိုပြောပြတယ်။ သူ့သမီးကို အချိန်ပြည့်မဆုံးမနိုင်ခဲ့တဲ့အတွက် အခုလိုအနိုင်ကျင့်မှုမျိုးဖြစ်လာပြီး သေတဲ့အထိဖြစ်ကုန်တာလို့ပေါ့။ ဒါပေမဲ့ သူဝမ်းနည်းတာက ဝမ်းနည်းတာပဲလေ၊ သူ့သမီးကို သတ်သွားတဲ့သူကိုတော့ ကျေအေးပေးနိုင်စရာမရှိဘူး။ ဒါတော့ ငါတို့လည်း ဘာမှမတတ်နိုင်ဘူး။"

နောက်တော့ ဘတ်တာဖလိုင်းက နတ်ဆိုးကိုးကွယ်သူများအသင်းရဲ့နောက်အမှုတွေအကြောင်း ပြောပြပြန်တယ်။

ဒီကြားထဲ အဲဒီသောက်ကလေးတွေက ဆေးရုံကနေ အလောင်းတစ်လောင်းခိုးထုတ်သွားသေးတယ်လေ။ ပြီးတော့ တောင်ပေါ်မှာယဇ်ပူဇော်မယ်ဆိုပြီး ယူသွားတာကိုမြင်တဲ့ လယ်သမားတချို့ရှိတယ်တဲ့။ နောက်တော့ အဲဒီအလောင်းက တကယ်မသေဘဲ ဆေးပညာအရမှားယွင်းပြီး သေပြီသတ်မှတ်ခံလိုက်ရတဲ့ လူတစ်ယောက်ဖြစ်နေတယ်။ အဲဒီအမျိုးသမီးရဲ့နာမည်က ဆိုဖီယာ ဖလော့ရင့်တဲ့။ သူတို့ယဇ်ပူဇော်ဖို့လုပ်နေတုန်း ပြန်သတိရလာလို့ လန့်ပြီးအကုန်ပြေးဆင်းလာရတယ်လို့ သူတို့ထွက်ဆိုကြတယ်။"

"....." မက်ဒါနာက တရုတ်မလေးကိုယ်ထဲဝင်ထားပြီး ဖက်ထုပ်ကို အားရပါးရ တူနဲ့ညှပ်စားနေတဲ့ ဆိုဖီယာကို လှမ်းကြည့်လိုက်တယ်။

ကြည့်ရတာ အဲဒီသောက်ကလေးတွေ ဆိုဖီယာနဲ့တွေ့သွားကြပုံပဲ။ နောက် ထွေလီကာလီ ကိစ္စနည်းနည်းကို

ပြောပြီးကြတဲ့နောက် မက်ဒါနာ ဖုန်းချလိုက်တယ်။ ကြည့်ရတာ ကိစ္စတွေက သူ့ဘာသာသူ ပြေလည်သွားတဲ့ပုံပဲ။

"ကောင်းပြီ၊ ဒီတော့ ငါတို့ဂျပန်သွားမယ်ဆိုရင် ငါ့ရဲ့ဝတ်စုံ ပြင်ပြီးတဲ့အထိ စောင့်ရဦးမယ်။ ဘာပဲပြောပြော ယာမာဂုချီမိသားစုက အဲဒီမှာဆိုတော့ သူတို့နဲ့ပါ တွေ့နိုင်သေးတယ်။"

ဆိုဖီယာက မက်ဒါနာရဲ့စကားကို ဝင်ထောက်ပေးလိုက်တယ်။ "တကယ်တော့ ငါတို့တွေမြူတန့်စွမ်းအားတွေရဲ့အစကို ရှာမယ်ဆိုရင်လည်း အားကိုင်းဂါမီကို ဝင်တွေ့သင့်တယ်။"

ကျန်တဲ့သူတွေလည်း ခေါင်းညိတ်လိုက်တယ်။ "ခန်ရှီးအမိန့်တော်က ဒီတစ်ခေါက်အထိနာသွားလို့ လိုက်မှာမဟုတ်ပေမဲ့ လူကန်နဲ့ဖရန့်ကတော့ သေချာပေါက် လိုက်လိမ့်မယ်။ သူတို့လည်း မြူတန့်သိပ္ပံကိုမြေလှန်ဖို့ အမိန့်ရထားတယ်။" ဖရာလီတာက ပြောလိုက်တယ်။ အဲဒီနောက် သူက ကြယ်လေးတွေလိုမျိုး တောက်ပနေတဲ့ မျက်လုံးလေးတွေနဲ့ မက်ဒါနာကို ကြည့်လိုက်ပြီး ပြောပါတယ်။

"နင်က ဝတ်စုံပြန်ပြင်မလို့လား၊ ငါလည်းကူညီမယ်လေ။ ရိုးရိုးသားသားပြောရရင် နင့်ဝတ်စုံကြီးက အဆင့်မြှင့်သင့်နေပြီ။ စွမ်းအားကြီးတဲ့ မြူတန့်တွေနဲ့ချရင်း နင်ချည်းပဲခံနေရတာ။ Pure Energy နည်းပညာကို နင့်အတွက်ပေးမယ်လေ။"

မက်ဒါနာက ဖရာလီတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဒီကောင်မလေးက သူ့ဆီကနေ အသိအမှတ်ပြုမှုရဖို့အတွက် ဆိုဖီယာကို ဆန့်ကျင်တိုက်ခိုက်နေမှန်း သူသိတာပေါ့။

ဖိုးဖိုးနယ်စားမင်းကလည်း ဝင်ပြောလိုက်တယ်။ "ဆုဗာနာက ဇက်သတ္ထုထွက်တဲ့ တစ်ခုတည်းသော မြေကမ္ဘာပေါ်က နိုင်ငံဖြစ်တဲ့အတွက် အဖိုးသမီးတို့ကို ထောက်ပံပေးမယ်။"

"ဒါပေမဲ့..." နယ်စားမင်းက ဆက်ပြောလိုက်ပြန်တယ်။

"မြေးလေးထွက်မသွားခင် ဒီနိုင်ငံရဲ့နန်းမွေခံကိစ္စကို ရှင်းအောင်လုပ်ရဦးမယ်။ သမီးလုပ်ခဲ့တဲ့ စွမ်းဆောင်မှုတွေကြောင့် ဝန်ကြီးအဖွဲ့က သမီးပြောတဲ့မျှမျှတတပြိုင်မယ်ဆိုတဲ့စကားကို လက်ခံခဲ့တယ်။ ဒါပေမဲ့သမီးပြောတဲ့ မိန့်ခွန်းတွေနဲ့၊ လုပ်ဆောင်ခဲ့တဲ့ စွန့်စားခန်းတွေကို ဆုဗာနာသူကောင်းမျိုးတွေက သိပြီးပြီမလို့ သမီးကိုထောက်ခံတဲ့သူတွေက ဒီပလေးထက်များနေပြီ။ ရွေးကောက်ပွဲလုပ်ရင်တောင် သမီးက ဒီပကိုနိုင်ပြီး ဆက်ခံသူမင်းသမီးဖြစ်လာဦးမှာပဲ။"

ဒီစကားကိုကြားတော့ မက်ဒါနာလေး မဲ့ရွဲ့သွားတယ်။ သူမှ မင်းသမီးမဖြစ်ချင်တဲ့ဥစ္စာကို၊ ဓားတစ်လက်နဲ့ လောကကြီးကို ပတ်ကယ်တင်တာနဲ့ယှဥ်ရင် ပလ္လင်ပေါ်မှာ တစ်နေကုန်တစ်နေခန်းထိုင်ပြီးတော့ အမတ်တွေတင်သမျှ နားထောင်ရမှာက ငရဲလိုပဲ။

နယ်စားဖိုးဖိုးကတော့ မြေးမလေးရဲ့စိုးရိမ်မှုတွေကို သိရှိနေဟန်နဲ့ ပြောလိုက်တယ်။

"မြေးမလေးက မင်းသမီးမဖြစ်ချင်မှန်း အဖိုးသိပါတယ်။ ဒီတော့ အဖိုးတို့က ပုရွက်ဆိတ်ဘုရင်မကို သူနဲ့စာချုပ်ချုပ်မယ့်သူကို ကိုယ်တိုင်ရွေးချယ်ခိုင်းဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ နောက်တစ်ပတ်နေရင် အဖိုးသမီးတို့ကို သူ့ဆီခေါ်သွားပေးမယ်။ သူက လူသားတွေရဲ့စိတ်ကို ဖတ်ရှူနိုင်တဲ့အတွက်ကြောင့် ဆန္ဒမရှိတဲ့လူတစ်ယောက်ကို ရွေးချယ်မှာမဟုတ်ဘူး။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ ဒါက အကောင်းဆုံး ရွေးချယ်မှုပါ။ ဆုဗာနာရဲ့ကာကွယ်သူသားရဲက ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံအတွက်စဥ်းစားပေးမှာမဟုတ်တဲ့ လူတစ်ယောက်ကို လက်ခံမှာမဟုတ်ပါဘူး။

ပြီးတော့ မက်ဒါနာအနေနဲ့ ကြောက်စရာကောင်းပြီး ကြီးမားတဲ့ ညံကောင်ကြီးတွေကို မြင်ပြီးတဲ့နောက်မှာ အဲဒီအကောင်ကြီးတွေတောင် ကြောက်ရတဲ့ ပုရွက်ဆိတ်ဘုရင်မကို မြင်ချင်နေတာ ကြာပါပြီ။

ဒါပေမဲ့ နယ်စားကြီးထပ်ပြောလိုက်တဲ့စကားကြောင့် မက်ဒါနာလေး မဲ့သွားပြန်ရော။

"ဒါပေမဲ့ နန်းမွေဆက်ခံပွဲအတွက် နိုင်ငံအသီးသီးက ဂုဏ်သရေရှိဧည့်သည်တွေ ရောက်နေကြပြီဖြစ်တဲ့အတွက် အဖိုးတို့က ဒီညသူတို့အတွက် သီးသန့်ဂုဏ်ပြုညစာစားပွဲလုပ်ဖို့ စီစဥ်ထားတယ်။ မင်းသမီးဖြစ်တဲ့ သမီးလေးလည်း တက်ရောက်ရမယ်။"

အဲဒီနောက်တော့ နယ်စားဖိုးဖိုးက ရှားပိုင်ဝေခန္ဓာကိုယ်ထဲ ဝင်သွားတဲ့ ဆိုဖီယာကို ကြည့်ပြီးပြောလိုက်တယ်။

"တရုတ်အစိုးရက ရှားပိုင်ဝေသေပြီမှန်းသိပေမဲ့ နှစ်နိုင်ငံလုံးက လျှို့ဝှက်ချက်အနေနဲ့ထားဖို့ သဘောတူထားတယ်။ သူ့သားသမီးတွေတောင်မသိဘူး၊ ဒီတော့ ချွေးမအကြီးဆုံးလေးအနေနဲ့ မင်းက အဲဒီကလေးနှစ်ယောက်ရဲ့အမေအဖြစ် ဟန်ဆောင်ပြီးတော့ လူတွေမင်းမဟုတ်မှန်းမသိအောင် နေရမယ်။ အင်း၊ ရှားပိုင်ဝေရဲ့ယောက်ျားလည်း ရောက်လာမှာဆိုတော့ သတိသာကျပ်ကျပ်ထားပေတော့။"

ဒီတစ်ခါတော့ ဆိုဖီယာရဲ့မျက်နှာက တောင့်တောင့်ကြီးဖြစ်သွားတယ်။ သူက ခန္ဓာကိုယ်မရှိလို့ တွေ့ရာမိန်းမကိုယ်ထဲ ဝင်မိရုံလေးပါ။ ဒါပေမဲ့ ကလေးနှစ်ယောက်အမေ ဖြစ်နေတဲ့အပြင် ယောက်ျားကလည်း ရှိနေသေးတယ်။ မက်ဒါနာလေးက သူ့ကိုတစ်မျိုးထင်သွားရင် ဘယ်လိုလုပ်မလဲ။

ရုတ်တရက် မက်ဒါနာက တစ်ခုခုကို စဥ်းစားမိသွားဟန်နဲ့ မေးလိုက်တယ်။

"နေပါဦး၊ ဖိုးဖိုးရေ။ တရုတ်တွေရဲ့ရိုးရာအရဆိုရင် ကလေးတွေရဲ့မျိုးနွယ်နာမည်က အဖေဘက်ကို လိုက်ပြီးပေးရတာမဟုတ်လား။ ဘာလို့ရှားပိုင်ဝေရဲ့ကလေးတွေနာမည်က ရှားပဲဖြစ်နေရတာလဲ။"

ဖိုးဖိုးနယ်စားကတော့ ကမ္ဘာပေါ်မှာအရိုးရှင်းဆုံး စကားကိုကြားလိုက်ရတဲ့အလား ပြန်ဖြေလိုက်တယ်။

"ရှင်းပါတယ်၊ သူတို့က မောင်နှမချင်း ပြန်ယူတဲ့မိသားစုမလို့လေ။"

"in...incestမိသားစုကြီးလား။" မက်ဒါနာလေး အံ့ဩလွန်းလို့ ပါးစပ်ထဲက ဝါးလက်စ ထမင်းကြော်တွေတောင် ထွေးထုတ်မိတော့မလို ဖြစ်သွားတယ်။

ဆိုဖီယာကတော့ မျက်နှာကြီးမဲမှောင်လို့။

နယ်စားကြီးကတော့ ဆက်ပြောလိုက်တယ်။ "တကယ်တော့ ရှေးဟောင်းမိသားစုတွေက မျိုးဆက်သွေးမပြတ်အောင်ဆိုပြီး အဲဒီလိုခဏခဏလုပ်လေ့ရှိကြတယ်လေ။ အဖိုးတို့လည်း အရင်ကလုပ်ဖူးပေမဲ့ မျိုးရိုးဗီဇပျက်ယွင်းတဲ့ရောဂါကြောင့် နောက်ပိုင်းမလုပ်ကြတော့တာ။"

"အင်း၊ ဒါက တကယ်ကျိုးကြောင်းသင့်တော်တယ်။" ဖရာလီတာလည်း ခေါင်းညိတ်လိုက်တယ်။

ရုတ်တရက် နယ်စားကြီးက မက်ဒါနာဖက် လှည့်ပြီးတော့ ပြောလိုက်တယ်။

"သူများဒုက္ခရောက်နေလို့ ပျော်မနေနဲ့ဦး၊ မြန်မာနိုင်ငံက မဟာသူရိယပြည့်ရှင်က သမီးလေးကို လက်ထပ်ချင်ပါတယ်ဆိုပြီး အဖေ့ဆီကိုစာတွေ ဆက်တိုက်ပို့နေတာ။ သူ့E-mailကို အဖိုးSpamထည့်ထားရတဲ့အထိပဲ။ အခုသူက သမီးလေးကို ကပွဲမှာ လူကိုယ်တိုင် လက်ထပ်ခွင့်တောင်းဖို့ ပြင်ဆင်နေတယ်ကြားတယ်။ သတိလေးဘာလေးထားဦး။ နယ်စားဆက်ခံသူမဖြစ်ရင်တောင် သူက သမီးကိုအရယူမှာတဲ့။"

"...." ဒီတစ်ခါတော့ မက်ဒါနာလေးရဲ့မျက်နှာလည်းမည်းမှောင်သွားတယ်။

All Chapters