Epilogue
Vol. 2 Ch. x
ဒီလိုနဲ့ ညစာစားပွဲ ကျင်းပမယ့်အချိန်ကို ရောက်လာပါတယ်။
မက်ဒါနာလေးကတော့ ပေါ့ပေါ့ပါးပါး ပုဂံမင်းသမီးဝတ်စုံကို ဝတ်ထားပြီးတော့ လှချင်တိုင်းလှနေပါတယ်။ ကောင်လေးဒီပက သူ့အစ်မဘေးနားကနေ လိုက်ပြီးတော့ နိုင်ငံပေါင်းစုံက တမန်ကြီးတွေကို နှုတ်ဆက်နေတယ်။
ကောင်လေးဒီပက နိုင်ငံခြားသံတမန်တော်တော်များများရဲ့နာမည်တွေ ဆိုင်ရာနိုင်ငံတွေကို သေချာမှတ်မိနေတာကြောင့် မက်ဒါနာအံ့ဩရသေးတယ်။ ဒီပမှာ သူ့လိုပဲ ဓာတ်ပုံမှတ်ဉာဏ်ရှိမှန်းသိပေမဲ့ မက်ဒါနာမှာတော့ အဲဒီလောက်ထိကောင်းမွန်တဲ့ လူတွေကို မှတ်မိနိုင်စွမ်းမျိုး ရှိမနေပါဘူး။ အဓိကကတော့ ဂရုမစိုက်တာပါ။
လာရောက်နှုတ်ဆက်ကြမယ့် လူတွေထဲမှာလည်း ဖရာလီတာနဲ့လူကန်တို့လည်း ပါကြပါတယ်။ သူတို့တွေက အစကတည်းက သံတမန်ကြီးတွေလို့ အမည်ခံရောက်လာကြတာလေ။
ဖရာလီတာက မက်ဒါနာကို နှုတ်ဆက်ဖို့အလှည့်ကျလာတော့ မက်ဒါနာကို ပြုံးပြီး မော့ကြည့်လိုက်တယ်။
အခုသူက အနီရောင်ပွဲတက်ဂါဝန်ကို ဝတ်ထားပြီး လှချင်တိုင်းလှနေတာ။ သူက ပွဲကိုလာတက်ရောက်တဲ့ အဖွဲ့ဝင်တွေထဲမှာ အသက်အငယ်ဆုံးပါ။
ဖရာလီတာက သူ့ခါးကို ကိုင်းလိုက်ပြီးတော့ လက်ကိုဆန့်ထုတ်ကာ မက်ဒါနာရဲ့လက်ကိုဆန့်ထုတ်ပြီး လက်ခုံကိုနမ်းလိုက်တယ်။ နောက်တော့...
"မင်းသမီးလေး၊ ကျွန်မနဲ့တွဲကနိုင်မလား။"
ချက်ချင်းဆိုသလိုပဲ လူတိုင်းရဲ့အကြည့်တွေက ဆံဖြူအလှလေးကို တွဲကခွင့်ရဖို့အတွက် ခွင့်တောင်းနေတဲ့ ဖရာလီတာဆီ ကျဆင်းလာတယ်။ အချင်းချင်းတီးတိုးပြောနေကြတဲ့ စကားသံတွေလည်း ထွက်ပေါ်လာတာပေါ့။ ပုံမှန်အားဖြင့်ဆိုရင်တော့ မက်ဒါနာက အသေးမလေးကို ငြင်းမှာမဟုတ်ဘူး။ ပြီးတော့ ဒီနေ့မနက်တင် အသေးမလေးက မျက်နှာလုပ်တဲ့အနေနဲ့ သူ့ကို Pure energy နည်းပညာပေးတော့မယ်လို့ ပြောထားပြီးသား။
ဒါပေမဲ့ ကောင်လေးဒီပက သူတို့နှစ်ယောက်ကြားထဲ ဝင်ရပ်လိုက်ပြီး ဖရာလီတာကို မျက်နှာမူကာ သွားကြားထဲကနေ ထွက်လာတဲ့ လေသံမျိုးနဲ့ ပြောလိုက်တယ်။
"စိတ်မကောင်းပါဘူး၊ အခုလိုပါတီပွဲမျိုးမှာ မိန်းကလေးချင်း တွဲကလို့မရဘူးလေ။"
ကောင်လေးဒီပက နည်းနည်းရန်လိုနေတဲ့ပုံစံမျိုးနဲ့ တုံ့ပြန်လိုက်ပေမဲ့ ဒါကလည်း တကယ်မှန်တယ်လေ။ သူကောင်းမျိုးပါတီတွေမှာက မိန်းကလေးချင်းတွဲကတာဟာ ဘယ်တုန်းကမှ ထုံးစံမရှိခဲ့ဖူးဘူး။
ကောင်လေးဒီပရဲ့စကားကြောင့် မက်ဒါနာရဲ့နောက်မှာရပ်နေကြတဲ့ ဖလေရာနဲ့လင်ဒါတို့လည်း တော်တော်လေး စိတ်ပျက်သွားကြတယ်။ သူတို့တွေက ဖရာလီတာလေးလိုပဲ မက်ဒါနာနဲ့ တွဲကနေကြတာလေ။
"ငါ့ဘာသာငါ သူနဲ့တွဲကချင်ကမှာပေါ့၊ ဘယ်ထုံးတမ်းကို ဂရုစိုက်စရာလိုလဲဟဲ့။ အခုဖယ်စမ်း။"
ဖရာလီတာက သိက္ခာကိုတန်ဖိုးထားတဲ့ ဗြိတိသျှသူကောင်းမျိုးမိသားစုကဆိုပေမဲ့ အခုကိစ္စမှာတော့ အတင်းလုပ်ချင်နေပုံပဲ။ တစ်ဖက်မှာတော့ ကောင်လေးဒီပက သူ့တိုက်ပုံအင်္ကျီကော်လံကို ပြင်လိုက်ရင်း အစ်မဖြစ်သူ မင်းသမီးလေးကို ကာကွယ်ပေးမဲ့ သူရဲကောင်းတစ်ယောက်လိုမျိုး အသင့်ပြင်လိုက်တယ်။
"ရတယ်လေ၊ ဒါဆိုရင် ဒီအမျိုးသားကောင်း ဒီပရဲ့အလောင်းကို ကျော်သွားနိုင်မှရမယ်။ နှစ်ယောက်ချင်းချကြမယ်၊ ခင်ဗျားစည်သွပ်ဘူးကြီးတော့ မပါစေနဲ့။"
မသိရင် သူတို့နှစ်ယောက်က ထချတော့မယ့်ပုံပဲ။
အဲဒီအချိန်မှာပဲ လူကန်နဲ့ဖရန့်တို့က သူတို့ကိုနှုတ်ဆက်ဖို့ ရောက်လာကြပြန်တယ်။ ဖရန့်ကတော့ ပြင်သစ်သူကောင်းမျိုးတွေ ဝတ်ဆင်တတ်တဲ့ အပြာရောင်အနောက်တိုင်းအင်္ကျီကို ဝတ်ထားတယ်။ ရင်ဘတ်မှာတော့ သူရထားတဲ့ ဂုဏ်ထူးဆောင်တံဆိပ်တချို့ကို တပ်ထားပြီး ရွှေစလွယ်ကြိုးကို ဝတ်ဆင်ထားတယ်။
သူက ဖရာလီတာအတိုင်းပဲ ပုံစံတကျ နှုတ်ဆက်လိုက်တယ်။
"တွေ့ရတာ ဝမ်းသာပါမယ်၊ မင်းသမီးလေး။ ပြီးတော့ မင်းသားကိုလည်း တွေ့ရတာ ဝမ်းသာပါတယ်။" လူကန်က မက်ဒါနာကိုသာမက ဒီပကိုပါ နှုတ်ဆက်လိုက်ပြီး ကလေးဆိုးကြီးလို ပြုမူနေတဲ့ ဖရာလီတာကို စိုက်ကြည့်လိုက်တယ်။
"ဒီကလေးဆန်တဲ့ ညီမလေးအတွက် တောင်းပန်ပါတယ်။ ငယ်ငယ်ကတည်းက အလိုလိုက်တာခံရတော့
အခုလိုဖြစ်နေတာလေ။ ကျွန်တော်ခေါ်သွားလိုက်ပါ့မယ်။"
ပြောပြောဆိုဆိုနဲ့ လူကန်က အသေးမလေးပုခုံးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ပြီး တစ်ဖက်ကိုဆွဲခေါ်သွားတယ်။ ဖရာလီတာကလည်း ဘယ်ငြိမ်ခံပါ့မလဲ အကျယ်ကြီးအော်ဟစ်နေတော့တာပေါ့။
"ငါ့ဘာသာ ဘာလုပ်လုပ်နင့်အပူပါလား၊ ညီမလို့ခေါ်ရအောင် ငါတို့က တကယ်မောင်နှမအရင်းတွေမှမဟုတ်တာ ငါမကြိုက်ဘူးဟဲ့။"
ဒါပေမဲ့ လူကန်ကတော့ ဖရန့်ကိုတောင် ဂရုမစိုက်ဘဲ အသေးမလေးကို မက်ဒါနာတို့မမြင်ရတော့လောက်တဲ့နေရာအထိ ဆွဲခေါ်သွားတယ်။ ကွက်ကီးကို ပန်းကန်လိုက်ယူလာပြီး အဆက်မပြတ်စားနေတဲ့ ဖရန့်တစ်ယောက်သာ ကြောင်တောင်တောင်နဲ့ ကျန်နေခဲ့တယ်။ သူ့ပခုံးပေါ်မှာတော့ သေးသေးလေးဖန်ဆင်းထားတဲ့ ပန်းသီးလေးရှိနေပြီး ကွတ်ကီးတစ်ခုကို တမြုံမြုံနဲ့ဝါးနေတယ်။ အခုပန်းသီးလေးက လက်ဝါးပေါ်ကို တင်ထားလို့ရတဲ့အထိ သေးနေတဲ့အတွက် ကွတ်ကီးကြီးကို ဝါးနေတဲ့ပုံစံက တကယ်ချစ်စရာလေး။
"ဒါဆိုရင်... ကျွန်တော်လည်း သွားလိုက်ပါဦးမယ်။" လူကန်ထွက်သွားပြီးတဲ့နောက် ဖရန့်လည်း ဒီနေရာမှာ မနေချင်တော့ဘူး။ ဒါကြောင့် သူလည်း မက်ဒါနာကို ဖြစ်သလိုနှုတ်ဆက်ပြီး ထွက်သွားလိုက်တယ်။
ငွေရောင်စစ်သည်ဝတ်စုံထဲ ဝင်ထားတဲ့ အေမီကတော့ မက်ဒါနာနားကပ်ပြီး ပြောလိုက်တယ်။
"မမလေး... သံတမန်တွေက မမလေးကို ပြောနေကြပြီ။ မမလေးက လိင်တူကြိုက်နေတဲ့ မင်းသမီးတဲ့။"
နယ်စားကြီးတစ်ယောက် SilverKnight ဆုဗာနာမှာ အထူးတာဝန်ထမ်းဆောင်နေတယ်လို့ ထုတ်ပြန်ပြီးတဲ့နောက် မက်ဒါနာကလည်း အဲဒီကြေညာချက်ကို ပိုခိုင်မာအောင် လုပ်ပြချင်ခဲ့တယ်လေ။ ဒါကြောင့်မလို့ အေမီကို ဝတ်စုံထဲဝင်နေပြီး သူ့ကိုယ်ရံတော်အဖြစ် ခေါ်လာတာ။
"သူတို့ပြောပါစေ၊ ငါက ယောက်ျားလေးကနေ မိန်းကလေးဖြစ်လာတာလေ။ ဒီတော့ မိန်းကလေးတွေကို စိတ်ဝင်စားတာ ပုံမှန်ပဲ။ သူတို့က မနာလိုဖြစ်နေကြတာ။" မက်ဒါနာက ပြောပြောဆိုဆိုနဲ့ လက်ပိုက်ထားလိုက်တယ်။ ဒါကြောင့် မက်မွန်သီးလေးတွေကို အပေါ်ပင့်တင်ထားသလို ဖြစ်သွားလေရဲ့။ မက်ဒါနာရဲ့စကားကြောင့် ဘေးမှာရှိနေတဲ့ လင်ဒါနဲ့ဖလေရာတို့ရဲ့မျက်လုံးတွေ တောက်ပလာကြတယ်။
ဆိုတော့ကား၊ မက်ဒါနာက ယောက်ျားလေးဖြစ်နေတုန်းကအတိုင်း မိန်းကလေးတွေကို စိတ်ဝင်စားနေသေးတယ်ပေါ့။ သူတို့က ခန္ဓာကိုယ်ကြောင့် မက်ဒါနာပြောင်းလဲသွားမှာကို စိတ်ပူနေကြတာလေ။ အခုတော့ သူတို့အခွင့်အရေးက ရောက်လာပါပြီ။
ချက်ချင်းဆိုသလိုပဲ ဖလေရာနဲ့လင်ဒါက အချင်းချင်း အချိတ်အဆက်လုပ်ထားသလိုမျိုး ရှေ့ကိုတစ်လှမ်းတက်ပြီးတော့ မက်ဒါနာရဲ့လက်မောင်းကို တစ်ယောက်တစ်ဖက်ဆီဆွဲဖက်လိုက်ကြတယ်။ အခုဆိုရင် ဆံဖြူမလေးက ဆန်းဝှစ်လိုမျိုး အညှပ်ခံထားရပြီ။ ဒီမြင်ကွင်းကြောင့် ခန်းမထဲက သံတမန်တွေ မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်နေကြပြီ။
"ဒါဆိုရင် မက်ဒါနာလေးက တို့ကိုပဲစိတ်ဝင်စားတာပေါ့။ ကမ်းခြေနားမှာ ဗီလာလေးတစ်လုံးဝယ်ပြီး အတူတူနေကြမယ်လေ။"
ဖလေရာက မက်ဒါနာရဲ့ပုခုံးကို ပါးနဲ့ပွတ်သပ်နေရင်း ပြောလိုက်တယ်။ မက်ဒါနာကတော့ အခုဖြစ်ရပ်ကြောင့် မျက်နှာကြီးတစ်ခုလုံး နီရဲနေပြီ။ တကယ်က ဟိုးအရင်တုန်းကလည်း ဖလေရာတစ်ယောက် အခုလိုကိစ္စမျိုး ပြောဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက နှစ်ယောက်တည်း ရှိနေချိန်ဖြစ်ပြီးတော့ အခုကတော့ လူတွေအားလုံးရှေ့မှာလေ။
အိန္ဒိယကလာတဲ့ သံတမန်မာမူကြီးတစ်ယောက် မြင်နေရတဲ့မြင်ကွင်းတွေကြောင့် အံ့ဩမှုတွေကို မထိန်းနိုင်တော့ဘဲ လက်ထဲက ဖန်ခွက်တောင် ပြုတ်ကျသွားတယ်။ အလားတူပဲ ဖန်ခွက်တွေ ဆက်တိုက်ပြုတ်ကျတဲ့ အသံတချို့ကိုပါ ဆက်ကြားရသေးတယ်။
ဘေးမှာရှိနေတဲ့ လင်ဒါကတော့ မက်ဒါနာရဲ့ပုခုံးပေါ်ကို မေးတင်လိုက်ပြီး နားနားကိုကပ်ကာ ပြောလိုက်ပါတယ်။ သူ့မက်မွန်သီးလုံးလုံးလေးတွေက မက်ဒါနာရဲ့လက်မောင်းကို လာထိနေပြီ။
"ကျွန်မက အမေရိကန်ကို ပြန်ရတော့မှာဆိုပေမဲ့ ပြန်လာရင် သမီးလေးနဲ့အတူတူနေဖို့ အဆင်သင့်လုပ်ထားမယ်နော်။ အရင်လိုပဲ မနက်တိုင်း ဟင်းချက်ပေးလေ။"
"ဖူး..."
ဒီတစ်ခါတော့ တည်တည်ငြိမ်ငြိမ်နေနေတဲ့ ဆုဗာနာဝန်ကြီးတချို့ပါ သူတို့ပါးစပ်ထဲ သောက်လက်စ သစ်သီးဖျော်ရည်တွေကို ထွေးထုတ်လိုက်မိကြတယ်။
ကောင်မလေးတစ်ယောက်ကို တခြားကောင်မလေးနှစ်ယောက်က ပခုံးမှီပြီးတော့ လူကြားထဲချွဲနေတဲ့ မြင်ကွင်းကို ဘယ်သူက သည်းခံပြီးကြည့်နေနိုင်မှာလဲ။ သေချာပါတယ်၊ အခုဧည့်ခံပွဲပြီးတာနဲ့ မက်ဒါနာနဲ့သူ့ရဲ့မောင်းမဆောင်သတင်းက တစ်ကမ္ဘာလုံးပြန့်သွားတော့မှာ။
မကြာဘူး၊ ရှားပိုင်ဝေခန္ဓာကိုယ်ထဲရောက်နေတဲ့ ဆိုဖီယာကလည်း အရွယ်ရောက်ပြီးသား ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက်နဲ့အတူ အထဲဝင်လာတယ်။
ကောင်မလေးနာမည်က ရှားဖန်းဟွာ၊ ပန်းရဲ့သင်းရနံလို့ အမည်ရတဲ့ ဒီကောင်မလေးက ရှားပိုင်ဝေရဲ့သမီးငယ်ပါ။ အသက်အရွယ်အရ ဆယ့်ခြောက်နှစ်နီးပါး ရှိမယ့်ပုံပေါ်ပြီး အပြစ်ကင်းစင်တဲ့မျက်နှာလေးရယ်၊ ကြယ်တွေလိုမျိုး တောက်ပနေတဲ့ မျက်လုံးတွေရယ်ရှိတယ်။ အနက်ရောင်ဆံပင်ကို ခပ်တိုတိုညှပ်ထားတဲ့အတွက် တက်ကြွပြီး အင်မတန်ချစ်စရာကောင်းတယ်။
ကောင်လေးနာမည်ကတော့ ရှားကျင်း၊ နာမည်အတိုင်းပဲ တည်ငြိမ်ပြီး ခန့်ညားတယ်။ စူးရှတဲ့ မျက်လုံးတွေရှိပြီး ခပ်တည်တည်နေတတ်တဲ့အပြင် ပိန်ပါးပါးနဲ့ဒေါင်ကောင်းတဲ့ အရပ်အမောင်းရှိတာကြောင့် နာမည်ကျော်အိုက်ဒေါတစ်ယောက်နဲ့တူနေတယ်။
အားလုံးရှေ့မှာကတော့ အသက်သုံးဆယ်ကျော်တာကြာပြီဖြစ်ပေမဲ့ သားသမီးတွေနဲ့ပြိုင်တူလှနေတဲ့ မေမေရှားပိုင်ဝေရှိနေတယ်။ စကားမစပ်၊ ဒီကလေးတွေက ရှားမိသားစုထဲက အဖွဲ့ဝင်တစ်ယောက်နဲ့ပဲ ရထားတာမလို့ မျိုးရိုးနာမည်တူနေကြတာ။
ရှားဖန်းဟွာကတော့ ရှားပိုင်ဝေ( တကယ်က ဆိုဖီယာ)ရဲ့လက်မောင်းကို မလွတ်တန်းဆွဲထားပြီးတော့ ပါးစပ်ကနေ မနားတမ်း တတွက်တွက်ပြောနေတယ်။
"ငါ့မေမေက ငါ့ဝါသနာကို တကယ်ကြီး ခွင့်ပြုပေးလိုက်တယ်။" မက်ဒါနာတစ်ယောက် ဒီစကားတွေကိုကြားတော့ မျက်ခုံးပင့်လိုက်တယ်။ ဒီအစ်မကြီးကကလေးတွေကို သူတို့အမေဟန်ဆောင်ပြီး အလိုလိုက်ပေးနေတာလား။
ဆိုဖီယာကလည်း မက်ဒါနာရဲ့အတွေးတွေကို ဖောက်မြင်နိုင်ပုံပဲ။ မက်ဒါနာရဲ့မျက်လုံးတွေထဲကို တစ်ချက်စိုက်ကြည့်ပြီး ပြောလိုက်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူညွန်းဆိုပြီး ရှားပိုင်ဝေလေသံနဲ့ ပြောနေတာပါ။
"မင်းသမီး၊ ဒီကလေးမက ငယ်ငယ်လေးကတည်းက
အမြဲတမ်း ဂစ်တာတီးချင်တယ်ပဲ ပူစာနေတာလေ။ အခုမှပဲ ခွင့်ပြုပေးဖြစ်တော့တယ်။"
ရှားဖန်ဟွာလေးကတော့ မက်ဒါနာကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်ပြီး အံ့ဩတကြီးဟလာတဲ့ ပါးစပ်ကလေးကို လက်ဖဝါးနုနုလေးနဲ့ ကာလိုက်တယ်။
"ဘုရားရေ၊ ဒါက ကိုကြီးရဲ့သတို့သမီးလောင်းဖြစ်လာမယ့် မင်းသမီးလေးလား။ သူက လှလိုက်တာ။"
အငယ်မလေးရဲ့စကားကြောင့် အကြီးဖြစ်တဲ့ ရှားကျင်းက မက်ဒါနာကို မော့ကြည့်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ သူ့မျက်လုံးတွေက အရက်မူးနေသူလိုမျိုး ရီဝေဝေဖြစ်သွားတယ်။ ပထမဆုံးအကြိမ် မက်ဒါနာကို သူမျက်မြင်တွေ့ဖူးတာဖြစ်ပေမဲ့ ချက်ချင်းဆိုသလိုပဲ ပြုစားခံလိုက်ရပုံပဲ။ သူ့ပါးစပ်ကြီးက ယင်ကောင်ဝင်ဥလို့ရအောင် အကျယ်ကြီးဟလာတယ်။
ဒါပေမဲ့ ဆိုဖီယာကတော့ အသာလေးခေါင်းခါယမ်းပြီး ငြင်းလိုက်တယ်။
"မဟုတ်ဘူး..." အဲဒီစကားကြောင့် ရှားကျင်းကတော့ အိပ်မက်က နိုးထလာသူလိုမျိုး သူ့အမေကို ကြည့်လိုက်တယ်။ ရှားပိုင်ဝေကတော့ ပဟေဠိဆန်ဆန် ပြုံးလို့နေတယ်။ ရှားဖန်ဟွာကတော့ တစ်ခုခုကို တွေးမိသွားဟန်နဲ့ မက်ဒါနာရဲ့ဘယ်ညာတောင်ပံမှာရှိနေတဲ့ ဖလေရာနဲ့လင်ဒါကို ကြည့်လိုက်ပြီး ပါးစပ်လေးကို နောက်တစ်ခါအုပ်ကာ ပြောလိုက်ပြန်တယ်။
"ဒါဖြင့် မင်းသမီးလေးမက်ဒါနာရဲ့ကြင်ယာတော်က သမီးများလား။" ရှားဖန်ဟွာက သူကိုယ်တိုင်ရဲ့ပေါက်ကရအတွေးတွေကြောင့် ပါးလေးတွေနီမြန်းလာပေမဲ့ သဘောမကျတဲ့ပုံစံမျိုးတော့ မပြပါဘူး။ သူက မက်ဒါနာအနားမှာ တကယ်ကြီးနေရဖို့ မျှော်လင့်နေတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေတာ။
ဖလေရာနဲ့လင်ဒါတို့ကလည်း အန္တရာယ်ကို ခံစားမိဟန်နဲ့ ကောင်မလေးကို စူးစူးရဲရဲ ပြန်ဆိုက်ကြည့်လိုက်ပြန်တယ်။ တစ်ချိန်တည်းမှာပဲ ဆိုဖီယာက အရင်ကလိုပဲ ညင်သာစွာ ခေါင်းယမ်းပြလိုက်ပြီး မက်ဒါနာအနားကို တိုက်ရိုက်လျှောက်သွားကာ မက်ဒါနာရဲ့နှုတ်ခမ်းကို ရုတ်တရက်နမ်းလိုက်တယ်။
ပြွတ်...
နောက်တစ်ခါ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြန်ရော။ မက်ဒါနာလေးကတော့ လူရှေ့သူရှေ့မှာ ရုတ်တရက် အနမ်းခံလိုက်ရတဲ့အတွက် ခြေဖျားကနေ ငယ်ထိပ်အထိ ထုံကျဥ်သွားပြီး လဲကျတော့မလိုကို ဖြစ်နေပြီ။ သူ့ပါးပြင်လေးတွေက ချက်ချင်းနီရဲလာတယ်။
"နင့်တို့တွေ... ငါ့ကို အရုပ်တစ်ရုပ်လိုမျိုး လူရှေ့မှာ ကစားနေစရာလားဟဲ့။" သည်းခံစိတ် ကုန်ဆုံးသွားတဲ့ မက်ဒါနာတစ်ယောက် အကျယ်ကြီးအော်ပြောလိုက်တယ်။ ဆိုဖီယာကတော့ ကလေးနှစ်ယောက်ဖက်ကို ပြန်လှည့်ပြီး မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တယ်။
"တကယ်တော့ ဒီမေမေ ဆုဗာနာမှာနေဖြစ်သွားတာက မင်းသမီးလေးမက်ဒါနာကို ကိုယ်တိုင်သဘောကျသွားလို့လေ။ ဒီတော့ မေမေကိုယ်တိုင်ပဲ သူ့ကိုလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီးပြီ။ ဒီတော့ သမီးလေးတို့လည်း သူ့ကိုမေမေလို့ခေါ်ဖို့ အသင့်ပြင်ထားကြနော်။"
ဆိုဖီယာရဲ့စကားကြောင့် သမီးလေးရှားဖန်ဟွာတစ်ယောက် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာလေရဲ့။
"ဝါး... ဒါဖြင့် သမီးတို့အဖေကို မေမေက ထားခဲ့တော့မှာပေါ့... အူဝါး...."
နောက်ဆုံးတော့ ငိုကြွေးနေတဲ့ ညီမလေးကို မကြည့်ရပ်တော့တဲ့ အစ်ကိုဖြစ်သူရှားကျင်းက ရှားဖန်ဟွာကို ခန်းမထဲက ခေါ်ထုတ်သွားတယ်။
မက်ဒါနာကတော့ ဆိုဖီယာကိုကြည့်ပြီး ခပ်ရွဲ့ရွဲ့ ပြောလိုက်တယ်။
"နင်က တော်တော်ရက်စက်တာပဲ၊ ယောကျ်ားတစ်ယောက်နဲ့ကလေးနှစ်ယောက်ရှိတာတောင်မှ အကုန်ထားခဲ့ပြီး ငါ့ကိုလက်ထပ်မလို့လား။"
ဆိုဖီယာကတော့ အားရပါးရကြီးပြုံးရင်း ပြောလိုက်တယ်။ "ဘာပဲဖြစ်ဖြစ် ငါက သူတို့အမေခန္ဓာကိုယ်ထဲ ဝင်မိရုံပဲလေ။ သူတို့ရဲ့တကယ့်မိသားစုဝင်မှာမဟုတ်တာ။ ရက်စက်တယ်ထင်ရလဲ ဘယ်တတ်နိုင်မလဲ။"
ရှားပိုင်ဝေခန္ဓာကိုယ်ထဲရောက်နေတဲ့ ဆိုဖီယာအတွက်တော့ ရှားမောင်နှမက ဖြတ်သွားဖြတ်လာတွေသာသာပါ။ ဒီလောက်နွေးနွေးထွေးထွေး ဆက်ဆံပေးတာတင် လွန်လွန်းရာကျနေပါပြီ။
"ဒါနဲ့ နင်က သူ့ကိုဂစ်တာတီးခွင့်ပေးလိုက်တယ် ဆိုတာကရော။"
"ဪ... အဲဒါကလား၊ တကယ့်ရှားပိုင်ဝေက အတ္တကြီးပြီး ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်လေ။ သူ့သားသမီးတွေမှာက အသံစွမ်းအားပါပေမဲ့ သူက ဘိုးဘေးတွေအတိုင်းပဲ သားသမီးတွေကို ကုချင်းတီးခိုင်းချင်နေတာ။ ဒါပေမဲ့အငယ်မလေးက ဂစ်တာတီးပြီး အကြီးကောင်လေးက ပေါ့ပ်အဆိုတော်ဖြစ်ချင်နေတာလေ။ ဒီတော့ ငါက ခွင့်ပြုပေးလိုက်တာ။ ဘာပဲပြောပြော ဝါသနာဆိုတာက ကန့်သတ်လို့ကောင်းတဲ့ အရာမျိုးမဟုတ်ဘူးလေ။"
မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ သွားလေသူ ဘယ်လိုဆန္ဒရှိရှိ ကျန်ရစ်သူတွေအနေနဲ့ ပျော်ရွှင်စွာ ဆက်လက်နေထိုင်နိုင်ဖို့က ပိုအဓိကကျပြီး အကျိုးရှိတယ်မဟုတ်လား။
အဲဒီအချိန်မှာပဲ ပျံသန်းနေတဲ့ ရွှေရောင်မြင်းလှည်းကြီးက ဆုဗာနာနန်းတော်ခန်းမဆောင်ထဲကို ထိုးစိုက်လာတယ်။ မက်ဒါနာနဲ့ဒီပတို့နှစ်ယောက်လုံး မျက်မှောင်ကြုတ်လိုက်ပြီး ခန်းမလုံခြုံရေးတာဝန်ယူနေတဲ့ ဆုဗာနာစောင့်ရှောက်သူလေးယောက်လုံး ထွက်လာကြတယ်။ သူတို့နဲ့အတူ နယ်စားကြီးလည်း ရှိနေပါတယ်။
"ရိုင်းပျလိုက်တာ..." နယ်စားကြီးက ဖိတ်ခေါ်မထားတဲ့ ဧည့်သည်ကို ပြောလိုက်တယ်။ ဒါပေမဲ့ အထဲကနေ ထီမထင်တဲ့ နှာမှုပ်သံ ထွက်ပေါ်လာပြီး ခမ်းနားထည်ဝါတဲ့ ရောင်ဝါတွေနဲ့ လူငယ်တစ်ယောက်က လှည်းပေါ်က ဆင်းလာတယ်။
သူ့ချပ်ဝတ်က ရွှေရောင်တောက်ပနေပြီး ရင်ဘတ်မှာ နေမင်းကိုကိုယ်စားပြုတဲ့ ဒေါင်းအမှတ်တံဆိပ်က ထင်ရှားစွာရှိနေတယ်။ ဒေါင်းရဲ့ပါးစပ်နေရာမှာတော့ သတ္တုလုံးလိုအရာတစ်ခုရှိနေပြီး မသိရင် ဒေါင်းက အဲဒီအလုံးကို ကိုက်ချီထားသလိုပဲ။ ချပ်ဝတ်က ဆုဗာနာစောင့်ရှောက်သူတွေရဲ့ချပ်ဝတ်နဲ့တူညီပြီး မြန်မာစစ်သူကြီးချပ်ဝတ်မျိုးပေမဲ့ ပိုဟိတ်ဟန်ကြီးမားတယ်။ တော်ဝင်မျိုးစစ်စစ်အတွက် ချုပ်လုပ်ထားသလိုပဲ။
"နယ်စားတစ်ယောက်ရဲ့နန်းတော်ကို အလည်လာဖို့အတွက် ဘုရင်တစ်ပါးက ခွင့်တောင်းစရာလိုလို့လား။"
'ဒီမောက်မာတဲ့ကောင်က ဘယ်တောက တက်လာတာလဲ။' မက်ဒါနာက မျက်လုံးကိုမှေးပြီး ရေရွတ်လိုက်တယ်။ ဘေးမှာရှိနေတဲ့ ငွေရောင်စစ်သည်ချပ်ဝတ်ထဲက အေမီက ရှင်းပြပါတယ်။
"မြန်မာနိုင်ငံက မဟာသူရိယရာဇာလေ။ သူက A+ rank တစ်ယောက်ဖြစ်သလို ဘုရင်တစ်ပါးလည်းဖြစ်တယ်။ သူ့စွမ်းအားက စိုးမိုးခြယ်လှယ်ခြင်းတဲ့။ သူအမိန့်ပေးရင် ဘယ်သူမှမဆန့်ကျင်နိုင်ဘူး။"
တကယ်လည်း အဲဒီလူငယ်လေးရဲ့စကားတွေမှာ ညို့ဓာတ်တစ်မျိုးပါနေသလိုပဲ။ ဘယ်သူမှ သူ့စကားကို ပြန်မချေပနိုင်ကြဘူး။ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေတယ်။ သူက သူယူလာတဲ့ လှံကြီးကို နယ်စားနန်းတော်ရင်ပြင်မှာ ထိုးစိုက်လိုက်တယ်။ နန်းတော်ကြမ်းပြင်က သုံးမီတာလောက်အထိ အက်ကွဲသွားပြီး
ရွှေအိုရောင်အလင်းတွေ လှံကနေ ဖြာထွက်လာတယ်။
ဆိုဖီယာက ဒီလှံကိုမြင်တော့ ပြုံးလိုက်ပါတယ်။ "သူ့လှံက ရှေးဟောင်းပစ္စည်းပဲ၊ မြင်းစစ်ရထားနဲ့ချပ်ဝတ်က ပုံမှန်တန်ဖိုးကြီးပစ္စည်းဆိုပေမဲ့ လှံကပဲ တကယ်အဖိုးတန်တာ။ ပြီးတော့ သူ့စွမ်းအားက ထင်သလောက်မဟုတ်ဘူး၊ ငါ့နတ်ဘုရားအသံရဲ့အဆင့်အနိမ့်ဆုံးပုံစံသာသာပဲ။ သူ့စွမ်းအားအများစုက ရှေးဟောင်းပစ္စည်းတွေကနေလာတာ။"
ဘုရင်က နယ်စားကြီးကို သူ့စကားနဲ့တင် ပါးစပ်ပိတ်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့ပုံပဲ။ ဒါပေမဲ့ နယ်စားကြီးက ရှေ့ကိုလှမ်းတက်လိုက်ပြီး တူညီတဲ့လေသံမျိုးနဲ့ ပြောလိုက်တယ်။
"မင်းက ဘုရင်ပေမဲ့ ငါ့ရဲ့အရှင်သခင်မဟုတ်ဘူး။ ငါက နယ်စားပေမဲ့ လွတ်လပ်တဲ့ဒီမြေရဲ့အရှင်သခင်ပဲ။ ငါ့မြေမှာရပ်နေရင် ငါ့ဩဇာကို ဘယ်ဘုရင်ဖြစ်ဖြစ် နာခံရမယ်။"
ဆုဗာနာနယ်စားရဲ့လက်ထဲက လက်စွပ်ကနေ ငွေရောင်အလင်းတွေ တောက်ပလာတယ်။ အဲဒီလက်စွပ်မှာ ယုန်ပုံပါနေပြီး ရွှေရောင်ဒေါင်းစိမ်းရဲ့အလင်းတွေကို ပြန်ဆန့်ကျင်တယ်။
"အဲဒီလက်စွပ်ကလည်း ရှေးဟောင်းပစ္စည်းပဲလား။"
မက်ဒါနာ မေးလိုက်တော့ ဆိုဖီယာက ခေါင်းညိတ်ပြတယ်။
"ဒါပေမဲ့ ဟိုဘုရင်လက်ထဲက အရိန္ဒမာလှံထက်တော့ အဆင့်နိမ့်တယ်။"
၂။
မဟာသူရိယရာဇာက နယ်စားကြီးကို မထီမဲ့ပြင်ကြည့်လိုက်ပြီး ဟန်ပါပါနဲ့ ဘေးကနေ ဖြတ်လျှောက်တယ်။ နယ်စားကြီးကလည်း မြန်မာဘုရင်ဖြစ်သူက သူ့ကိုစတိုက်ခိုက်မလာတဲ့အတွက် လမ်းဖယ်ပေးပါတယ်။
ဒါပေမဲ့ ဆုဗာနာတိုင်းပြည်ရဲ့စောင့်ရှောက်သူတွေကတော့ မဟာသူရိယရာဇာကို အန္တရာယ်ကြီးတစ်ခုအလား ဂရုတစိုက်စောင့်ကြည့်နေကြတယ်။ ဘုရင်က မက်ဒါနာရဲ့ရှေ့ကိုရောက်လာပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်တယ်။
"ကိုယ်က မြန်မာပြည်ကြီးရဲ့အရှင်သခင် မဟာသူရိယရာဇာ ဓိပတိပါ။ မင်းလေးကို ကိုယ့်ရဲ့မိဖုရားအဖြစ်ထားဖို့ ဆုံးဖြတ်ထားပြီးပြီ။ ဒါကြောင့် မင်းကိုယ့်ကို ထင်လင်းလို့ခေါ်လို့ရတယ်။ ကိုယ့်ရဲ့နာမည်အရင်းကို မိဖုရားတစ်ပါးကပဲ ခေါ်ခွင့်ရှိမှာ။"
မက်ဒါနာ သူ့စကားကို ဆုံးအောင်နားထောင်ပြီးတာနဲ့ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးက အကြောအချဥ်တွေ ထောင်တက်လာတယ်။ အခုမက်ဒါနာက မိန်းကလေးဖြစ်နေပေမဲ့ စိတ်က ယောက်ျားလေးစိတ်လေ။ ဖရက်လို အားကိုးရတဲ့အဆင်လေးကိုတောင် ပစ်ထားပြီးတော့ ကောင်မလေးတွေနဲ့ပဲနေနေတာ။ ဒါကို ဒီငနှဲက သူ့ကိုအပိုင်သိမ်းချင်သလိုလို လာလုပ်နေတာကိုး။
"သေပေတော့...." ပထမဆုံးအနေနဲ့ ငွေရောင်စစ်သည်ချပ်ဝတ်ထဲမှာ ရှိနေတဲ့ အေမီက သည်းမခံနိုင်တော့ဘဲ စတင်တိုက်ခိုက်လိုက်တယ်။ ငွေရောင်စစ်သည်ရဲ့ညာလက်သီးဖြောင့်က မဟာသူရိယရာဇာရဲ့မျက်နှာကို တည့်တည့်ကြီးတိုးဝင်လာတယ်။
ဒါပေမဲ့ သူက လက်ကိုသာသာလေးမြှောက်လိုက်ပြီး အဲဒီလက်သီးကိုဖမ်းဆုပ်လိုက်တယ်။ သူတို့နှစ်ယောက်ရပ်နေတဲ့ ခန်းမကြမ်းပြင်က အက်ကြောင်းတွေထလာတယ်။ အေမီက မက်ဒါနာမဟုတ်သလို ငွေရောင်စစ်သည်ချပ်ဝတ်ရဲ့အစိတ်အပိုင်းတော်တော်များများက ပြန်ပြင်လို့မပြီးသေးပေမဲ့ လက်သီးမှာပါတဲ့အားက ဟာသတစ်ခုမဟုတ်ဘူး။ တော်ရုံလူတစ်ယောက်ဆိုရင် လက်တစ်ခုလုံးကြေမွပြီး သွေးအမှုန်နဲ့အသားစတွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
မက်ဒါနာက မျက်ခုံးပင့်လိုက်တယ်။ ပြောတော့ ဒီကောင်က သာမန်သိုင်းပညာလေ့ကျင့်တဲ့ စိတ်စွမ်းအားအထူးပြု မြူတန့်တစ်ယောက်ဆို။ ဘာလို့ ဒီလောက်ထိ အားကောင်းနေရတာလဲ။
"သတိမပေါ့နဲ့၊ သူ့ရဲ့ရတနာတွေက သူ့ရဲ့ခန္ဓာကိုယ်အခြေအနေကိုပါ တိုးတက်လာစေနိုင်တယ်။ ဒီတော့ အခုလိုဖြစ်တာ သာမန်ပဲ။ S rank တစ်ယောက်တောင် သူ့ကိုလွယ်လွယ်အနိုင်မယူနိုင်ဘူး။"
ဆိုဖီယာက မက်ဒါနာကို စိတ်နဲ့ဆက်သွယ်ပြီး ပြောပြတယ်။ တစ်ချိန်တည်းမှာပဲ မဟာသူရိယရာဇာက ငွေရောင်စစ်သည်ကို ပျက်ရယ်ပြုတဲ့အနေနဲ့ လှောင်ရယ်လိုက်တယ်။
ဟုတ်တာပေါ့၊ တော်ရုံတန်ရုံအစွမ်းရှိတဲ့ မြူတန့်တစ်ယောက်က ဘယ်လိုလုပ်ပြီး မင်းဆက်တစ်ခုကို ကိုယ်တိုင်ထောင်နိုင်မှာလဲ။ ဒီလူက သေချာပေါက် မောက်မာနိုင်တဲ့ အရည်အချင်းရှိတာပေါ့။
"ဝေ့...ဝေ့... မင်းလိုသတ္တုတုံးကောင် ငါ့မိဖုရားရဲ့ကိုယ်ရံတော်လုပ်နေတာလား။ ငါပြောမယ်၊ မင်းလာခဲ့တဲ့ နယူးယောက်ကိုပဲ ပြန်ဒိုးလိုက်တော့။ ငါက ငါ့မိဖုရားကို ကိုယ်တိုင်ကာကွယ်ပေးမှာ။"
ဒီတစ်ခါတော့ မက်ဒါနာရဲ့နားက မိဖုရားဆိုတဲ့စကားကို နားခါးနေပြီ။ သူက ငွေရောင်စစ်သည်ရဲ့ကျောမှာချိတ်ထားတဲ့ ဓားပြားရှည်ကြီးကို ဖြုတ်ယူလိုက်တယ်။ သူကိုယ်တိုင် အဲဒီမျက်နှာရူးနှာဘူးဘုရင်ကို ရိုက်မလို့လေ။
"မမလေး...." ငွေရောင်စစ်သည်ဝတ်စုံထဲမှာရှိနေတဲ့ အေမီက စိတ်ရှုပ်သွားတယ်။ မက်ဒါနာကတော့ ခပ်အေးအေးပဲ ပြန်ဖြေလိုက်ပြီး သူအရင်ကထွင်ထားတဲ့
သတ္တုလက်အိတ်ကို စွပ်ချလိုက်တယ်။
"နင်နောက်မှာပြန်ရပ်နေ၊ ဒီကောင်ကို ငါကိုယ်တိုင် ဆုံးမလိုက်မယ်။"
ငွေရောင်စစ်သည်ဝတ်စုံရဲ့လုပ်ဆောင်ချက်ကြောင့် အေမီရဲ့စကားတွေက ယောက်ျားတစ်ယောက်ရဲ့အသံအဖြစ်ပဲ ထွက်လာနေတာမလို့ လူတိုင်းက ငွေရောင်စစ်သည်လို့ပဲ အေမီကိုမြင်နေကြတာ။ တကယ့်ငွေရောင်စစ်သည်က မက်ဒါနာလေ။
မက်ဒါနာက ဟီးရိုးကျောင်းမှာသူထွင်လာတဲ့ အထောက်အကူလက်အိတ်ကို ဆေဘာစတိန်းရဲ့ အနက်ရောင်သတ္တုထဲကနေ ထုတ်လိုက်တာဖြစ်ပြီး အရေးပေါ်အနေနဲ့သုံးလို့ရအောင် ထည့်ထားတာပါ။ နည်းနည်းတော့ထူးဆန်းပေမဲ့ မက်ဒါနာက ဟီးရိုးဖြစ်ပြီးနောက် သူ့လက်နက်တွေကို သွားလေရာယူသွားနေတာ။
သူ့တစ်ရပ်လောက်မြင့်တဲ့ ဓားပြားရှည်ကြီးကို ပုဂံမင်းသမီးလေးက လွှဲယမ်းလိုက်ပြီး သူရိယရာဇာကို ခုတ်ချလိုက်တယ်။ သူရိယရာဇာက ရယ်မောပြီးတော့ သူ့လှံနဲ့ တားဆီးပါတယ်။
"ဒီတော့ မင်းက ခပ်ကြမ်းကြမ်းလေး မိတ်ဆက်ချင်တယ်ပေါ့။ ကောင်းတယ်၊ ငါကလည်း မိန်းမဆိုရင် ခပ်ကြမ်းကြမ်းမှကြိုက်တာ။"
ဒါပေမဲ့ သူပထမဓားချက်ကို ခံဆောင်ပြီးတာနဲ့ မျက်နှာပေါ်ကအပြုံးပျောက်သွားပြီး မြေပေါ်ကို ဒူးထောက်ကျသွားတယ်။ ဓားရဲ့မြေဆွဲအားလုပ်ဆောင်ချက်က အသက်ဝင်လာပြီလေ။
"ဟားဟား... နင်ဆက်ရယ်နိုင်ပါစေလို့ ဆုတောင်းတယ်။"
မက်ဒါနာက ရယ်မောလိုက်ပြီး ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ထားရာကနေ တစ်ဖက်ကိုလွှတ်ပြီး လက်သီးဖြောင့်နဲ့ သူရိယရာဇာကို ထိုးချလိုက်တယ်။
လက်အိတ်နောက်ကနေ လေထဲမှာတင် တွန်းပါးပေး ဂျက်အသေးလေးပွင့်လာပြီး မက်ဒါနာရဲ့အားကို ရှစ်ဆတင်ပေးလိုက်ကာ မဟာသူရိယရာဇာရဲ့မေးကို တည့်တည့်ကြီးမှန်သွားလေရဲ့။
"ဘုန်း...." အသံကျယ်ကြီးနဲ့အတူ သူရိယရာဇာရဲ့ဘေးသွားနှစ်ချောင်း ကျွတ်ထွက်သွားတယ်။ အဲဒီနောက် သူ့ကိုယ်ကိုပါ မထိန်းနိုင်တော့ဘဲ တစ်ခါတည်း ခန်းမတစ်ဖက်ခြမ်းအထိ လွင့်ထွက်သွားပါလေရာလား။
လမ်းမှာရှိနေတဲ့ သံတမန်တွေလည်း အလန့်တကြား လမ်းဖယ်ပေးလိုက်ပြီး သူရိယရာဇာကတော့ စားပွဲခုံတွေ ထိုင်ခုံတွေအများကြီးကို ဖျက်ဆီးပစ်လိုက်ကာ ဝရန်တာအတားတစ်ခုကို ဝင်တိုက်ပြီးမှ ရပ်သွားတယ်။
နောက်တော့ သူက ကြိုးစားမတ်တပ်ရပ်လိုက်ပြီး သူ့ပါးစပ်က စီးကျနေတဲ့ သွေးစတချို့ကို လက်ခုံနဲ့သုတ်လိုက်တယ်။
"မင်း... ငါ့ကို သွေးထွက်အောင်လုပ်တယ်။"
ရုတ်တရက်ဆိုသလိုပဲ ရှေးကျတဲ့အရှိန်အဝါတစ်ခုက ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ ခန်းမထဲက သာမန်လူတွေအားလုံးကတော့ ထွက်ပြေးကုန်ပါပြီ။ တကယ့်တိုက်ပွဲကြီးတစ်ခု ဖြစ်လာတော့မယ် မဟုတ်လား။ အခုခန်းမထဲမှာ မက်ဒါနာတို့အုပ်စုရယ်၊ နယ်စားကြီးရဲ့ကိုယ်ရံတော်တွေနဲ့ ဘယ်သူမှန်းမသိရတဲ့ ဝတ်ရုံနက်တစ်ယောက်ပဲ ကျန်ခဲ့တယ်။
မဟာသူရိယရာဇာရဲ့လှံကနေ ရွှေအိုရောင်အလင်းတွေ စတင်ထွက်ပေါ်လာတယ်။ သူ့ခါးက ခါးပတ်ကနေတော့ အနီရောင်အလင်းထွက်လာပြီး ရင်ဘတ်က ပုလဲကတော့ အဖြူရောင်အလင်းကို စတင်ထုတ်လွှတ်တယ်။
ရှေးဟောင်းပစ္စည်းသုံးခု။ ထူးတော့ထူးဆန်းပေမဲ့ အစောပိုင်းက ကျွတ်သွားတဲ့ သွားနှစ်ချောင်းက အားလုံးရဲ့မျက်စိရှေ့မှာတင် ပြန်ပေါက်လာပြီ။ ငွေရောင်စစ်သည်ချပ်ဝတ်ထဲမှာရှိနေတဲ့ အေမီက ပြောလိုက်တယ်။
"ဝိုး... ဒီလူ့ပစ္စည်းတွေက တော်တော့်သုံးဝင်တာပဲ။ သွားပိုးစားရင် သွားဖာစရာမလိုဘူး၊ အကုန်နှုတ်ပစ်ရုံပဲ။"
အေမီက ပေါတောတောပြောနေပေမဲ့ မက်ဒါနာရဲ့ရှေ့မှာ ဝင်ရပ်လိုက်တယ်။ မက်ဒါနာကလည်း အနက်ရောင်သေတ္တာကို ဖွင့်လိုက်ပြီဖြစ်လို့ ခွေးကြီးဆေဘာစတိန်းလည်း ထွက်လာပြီ။ နယ်စားကိုယ်ရံတော်လေးယောက်ကလည်း အသင့်အနေအထားမှာပါ။
"ဟေး... သူရိယရာဇာ မင်းတကယ်ဒီမှာတိုက်ချင်တာလား။"
"လူရွှင်တော်ငါးယောက်နဲ့ တိရစ္ဆာန်ကိုကျွန်ခံထားတဲ့ နယ်စားတစ်ပါးက ကျုပ်ပြိုင်ဖက်မဟုတ်ဘူး။"
ရုတ်ချည်းဆိုသလိုပဲ ရွှေရောင်အားလှိုင်းတွေက ချက်ချင်းစုစည်းသွားပြီး ကိုယ်ရံတော်လေးယောက်ကို တစ်ချက်တည်း ရိုက်ထုတ်ပစ်လိုက်တယ်။ သူတို့တွေက နောက်ကိုခြေလှမ်းနှစ်ဆယ်လောက် ဆုတ်သွားရပါပြီ။
"ငါက ငါ့မိဖုရားကို ဆုံးမဖို့လုပ်နေတာ။ မင်းတို့တွေ ဝင်မပါကြနဲ့။" မဟာသူရိယရာဇာက ဒေါသသံပါပါနဲ့ ပြောလိုက်တယ်။
ဘေးမှာရပ်နေတဲ့ ရှားပိုင်ဝေကိုယ်ထဲက ဆိုဖီယာလည်း သည်းမခံနိုင်တော့ဘူး။ သူ့မျက်လုံးတွေက အစိမ်းရောင်တောက်ပလာပြီး ရှေ့ကိုထွက်လာတယ်။ ဒါပေမဲ့ သူဘာမှမလုပ်ရသေးခင်မှာပဲ အနက်ရောင်ဝတ်ရုံနဲ့လူက မဟာသူရိယရာဇာရှေ့ကို အမြန်ရောက်လာပြီး လျှပ်စီးအလင်းတွေနဲ့ပြည့်နေတဲ့ လက်သီးချက်နဲ့ ထိုးချလိုက်တယ်။
"ဘုန်း....."
"မင်း သိပ်တရားလွန်နေပြီ။"
ဒီတစ်ခါတော့ မဟာသူရိယရာဇာက သတိအပြည့်ရှိနေတာမလို့ သူ့လှံရိုးနဲ့ တားဆီးလိုက်ပြီး အနက်ရောင်လူရိပ်ကို ပြန်တိုက်ခိုက်ပါတယ်။ ဒါပေမဲ့အနက်ရောင်လူရိပ်က အနားကိုတအားရောက်နေတဲ့အတွက် သူ့လှံက သိပ်အသုံးမဝင်ဘူး။ သူက ခါးမှာပတ်ထားတဲ့ ခါးပတ်ကိုဖြုတ်လိုက်တော့ အဲဒီခါးပတ်က ကြာပွတ်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
ကြာပွတ်က အဆက်မပြတ်ကျဆင်းလာနေတဲ့အတွက် အနက်ရောင်လူရိပ်ကလည်း အမြန်နောက်ဆုတ်လိုက်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ဝတ်ရုံကြီးကို ဖယ်ရှားပစ်လိုက်တယ်။ သိမ်းငှက်အတောင်ပံတွေက လူတိုင်းရဲ့မျက်စိရှေ့ကို ရောက်လာတယ်။
"ဖရက်...." မက်ဒါနာက လူမည်းကောင်လေးကိုမြင်တော့ မျက်ခုံးပင့်လိုက်တယ်။ ဒီတော့ ဒီကောင်က သူ့ကိုကာကွယ်ဖို့ လူအုပ်ထဲမှာ အမြဲရှိနေတာပေါ့။
ဖရက်က မက်ဒါနာကို တစ်ချက်ဦးညွှတ်နှုတ်ဆက်လိုက်ပြီး မဟာသူရိယရာဇာကို ပြန်စိုက်ကြည့်နေတယ်။ ဆိုဖီယာကတော့ မတန်မရာဆိုတဲ့ပုံစံမျိုးနဲ့ နှာခေါင်းကနေ လေမှုတ်ထုတ်လိုက်ပြီး ပြောလိုက်တယ်။
"ဒီတော့ သူက နင့်နောက်ကိုလိုက်ပြီး ပိုးပန်းနေတယ်ဆိုတဲ့ ကောင်လေးလား။"
ဓားကိုင်ထားတဲ့ မက်ဒါနာကတော့ ဘာပြောရမှန်းမသိတာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ မဟာသူရိယရာဇာကတော့ ဖရက်ကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ဝိုး... ငါ့ရဲ့မိဖုရားလေးမှာ ကိုယ်ရံတော်တွေများသားပဲ။ ဒီတစ်ခါရော ဝီစမစ်ရောက်လာတာလား။"
ဖရက်ကတော့ မဟာသူရိယရာဇာကို အထင်သေးစွာ ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။
"ယောက်ျားယောက်ျားချင်း ချကြတာပေါ့။ မိန်းကလေးတစ်ယောက်ကို မင်းလှံဖျားနဲ့မရွယ်နဲ့။"
ဖရက်က သူ့အတောင်ပံတွေကိုခတ်ရင်း လေထုထဲကို ပျံတက်လာတယ်။ တစ်ချိန်တည်းမှာပဲ နယ်စားနန်းတော်ပေါ်မှာ တိမ်ဆိုင်တိမ်မည်းတွေ စတင်စုဝေးလာကြပြီ။ မိုးကြိုးလျှပ်စီးတွေက သူတို့ရဲ့သခင်ကို ကြိုဆိုနေတဲ့အလားပါ။
မဟာသူရိယရာဇာကတော့ ဒီမြင်ကွင်းကိုမြင်တော့ အားရပါးရ ရယ်မောလိုက်တယ်။ "ကောင်းတယ်၊ ဒီတော့ ဝီစမစ်လေးက ဒီလောက်အားမနည်းဘူးပဲ။"
ရွှေရောင်စစ်မြင်းရထားက အလိုလိုမောင်းနှင်လာပြီး မဟာသူရိယရာဇာဘေးမှာ လာရပ်တယ်။ သူရိယရာဇာကလည်း မြင်းရထားပေါ်တက်လိုက်ပြီး လေထဲမှာပဲ ဖရက်နဲ့မျက်နှာချင်းဆိုင်ရပ်ကြပါပြီ။
"မင်းက ဖုန်တက်နေတဲ့ ရှေးဟောင်းပစ္စည်းတွေကို အားကိုးနေတာပဲ၊ ကိုယ်ပိုင်အရည်အချင်းလေးဘာလေး မရှိဘူးလား။"
ဖရက်က မိုးကြိုးလှိုင်းလုံးကြီးတစ်ခုကို စုဝေးလိုက်ပြီး သူရိယရာဇာကို ပစ်ချလိုက်တယ်။ သူရိယရာဇာကလည်း ဧရာမဒိုင်းကြီးတစ်ခုကို စစ်ရထားထဲကနေ ထုတ်လိုက်ပြီး လျှပ်စီးကြောင်းကြီးကို ကာလိုက်တယ်။
"မင်းတွေ့ရမှာပါ...." သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာတယ်။ အဲဒီနောက် သူက အားနေတဲ့ လက်တစ်ဖက်နဲ့ လှံကိုမြှောက်လိုက်ပြီး ဖရက်ကိုလှမ်းပစ်တယ်။
ရှီး....။
စက္ကန့်တစ်ခုရဲ့သုံးပုံတစ်ပုံအတွင်း သူ့မျက်နှာရှေ့ရောက်လာတဲ့ လှံကြောင့် ဖရက်အလွန်ထိတ်လန့်သွားတယ်။
"မြန်လွန်းတယ်..." သူ့အတောင်ကို သုံးပြီး လေထဲမှာ လမ်းကြောင်းပြောင်းလိုက်နိုင်ပေမဲ့ လုံးဝကိုသီသီလေးပါ။ သူသာမရှောင်လိုက်နိုင်ရင် လှံဖျားက သူ့နဖူးတည့်တည့်ကို ဖောက်ဝင်သွားမှာ။
"မင်းလွတ်ပြီလို့ ထင်နေတာလား၊ မင်းတော့ ကင်ပြီးသားဖြစ်ပြီပဲ ကျီးကန်းလေး။"
မဟာသူရိယရာဇာရဲ့စကားသံကို နားနားမှာကြားလိုက်ရတဲ့အတွက် ဖရက်အံ့အားသင့်သွားတယ်။ သူ့ဘေးနားက ဖြတ်သွားတဲ့လှံကို မျက်လုံးအိမ်ကိုရွေ့လျားပြီး ကြည့်လိုက်တော့ သူရိယရာဇာက လှံကိုလက်တစ်ဖက်နဲ့ တွဲလွဲခိုပြီး လိုက်လာတယ်။ အားနေတဲ့လက်ထဲမှာတော့ ကြာပွတ်ရှိနေပြီး ရုတ်တရက်ရှည်ထွက်လာကာ ကြော့ကွင်းအဖြစ်နဲ့ ဖရက်ရဲ့ခန္ဓာကိုယ်ကို တုပ်နှောင်လိုက်တယ်။
ကင်ပြီးသားဖြစ်ပြီဆိုတဲ့ စကားစုကြောင့် ဖရက်ဒီကြာပွတ်ကို သိပ်သဘောမကျချင်။ ရုတ်တရက်ဆိုသလိုပဲ ကြာပွတ်ရဲ့အရင်းကနေ မီးတောက်တွေထွက်ပေါ်လာပြီး ဖရက်ကိုမီးမြိုက်မိဖို့ နည်းနည်းလေးပဲလိုတော့တယ်။
ဒါပေမဲ့ ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြော့ကွင်းကိုဖြတ်ပစ်လိုက်တယ်။ ဒါတွေအားလုံးက ကြာတယ်ထင်ရပေမဲ့ တကယ်ဖြစ်သွားတာက စက္ကန့်ပိုင်းလေးအတွင်းမှာပဲ။
ရုတ်တရက် နှေးကွေးသွားတဲ့ကမ္ဘာကြီးက ပြန်လည်မြန်ဆန်လာတယ်။ လှံကိုင်ထားတဲ့ သူရိယရာဇာလည်း စစ်ရထားပေါ်ကို ပြန်ရောက်နေပြီ။ ဖရက်ကတော့ အခုန်မြန်နေတဲ့ သူ့နှလုံးသားကို လက်တစ်ဖက်နဲ့ စမ်းသပ်လိုက်မိတယ်။ ငွေရောင်အလင်းသာ သူ့ကိုဝင်မကယ်ခဲ့ရင် သူသေနေလောက်ပြီ။
ခပ်မြန်မြန်ဖြတ်သန်းသွားတဲ့ ငွေရောင်အလင်းတန်းက ဧရာမဓားပြားရှည်ကြီးအဖြစ် ပြန်ပြောင်းသွားပြီး မက်ဒါနာရဲ့လက်ထဲကို ပြန်လှည့်လာတယ်။ အမြန်နှုန်းက မြင့်မားလွန်းလို့ အလင်းတန်းလို့ သူတို့တွေ အထင်မှားသွားတာ။
စစ်ရထားပေါ်က မဟာသူရိယရာဇာက နန်းတော်ရင်ပြင်ပေါ် ပြန်ကြည့်လိုက်တယ်။ အခုဆိုရင် မက်ဒါနာတို့လူအုပ်က ပိုတောင့်နေပြီ။
ရွှေရောင်ဆံပင်ရှည်တွေနဲ့ ကလေးမလေးတစ်ယောက်က လူနဲ့မလိုက်တဲ့ စုံလည်စက်သေနတ်ကြီးနဲ့ သူ့ကိုချိန်ထားပြီး အချိန်မရွေးပစ်ဖို့ အသင့်ဖြစ်နေတယ်။ နှစ်ဖက်သွားဓားရှည်ကို ထုတ်ကာ အသင့်စောင့်နေတဲ့ လူငယ်လေးတစ်ယောက်ကိုလည်း တွေ့ရတယ်။ သူ့နောက်မှာတော့ ဝိညာဥ်ပုံစံဖြစ်နေတဲ့ ဓားမောင်နှံက အသင့်ရပ်နေကြတယ်။ ပြီးတော့ နွယ်ရှင်တွေလိုလှုပ်ရှားနေတဲ့ ဆံပင်တွေရှိတဲ့ ကလေးမလေးကို ချီထားရတဲ့ ဖက်တီးတစ်ကောင်လည်း ရှိနေသေးတယ်။ ကလေးမလေးဆီကနေ အင်မတန်သန်မာတဲ့ အန္တရာယ်အငွေ့အသက်တွေကို သူရနေသေးတယ်။
သူတို့တွေက ပင်မခန်းမဆောင်ကြီးထဲမှာ ပြဿနာဖြစ်နေပြီမှန်းသိလို့ အပြင်ကနေ ချက်ချင်းပြန်ရောက်လာတဲ့ လူကန်တို့အုပ်စုပါ။
ကိုယ်ရံတော်လေးယောက်၊ Order of the Knight သုံးယောက်၊ S rankရှားပိုင်ဝေ၊ မိုးပေါ်မှာပျံနေတဲ့ ငှက်တစ်ကောင်၊ ငွေရောင်စစ်သည်နဲ့ မက်ဒါနာတို့လို ဧရာမအုပ်စုကြီးကိုတွေ့တော့ မဟာသူရိယရာဇာ နည်းနည်းသတ္တိကြောင်ချင်သွားတယ်။ သူ့နေရာမှာ ပိုသန်မာတဲ့ S rankတစ်ယောက်ရှိရင်တောင် ဒီလိုအုပ်စုကြီးကြောင့် သေချာပေါက်မျိုးဖြုတ်ခံရမှာပါ။
"အဟမ်း... ကြည့်ရတာ ငါနည်းနည်း မဆင်မခြင် လုပ်မိသွားတယ်ထင်တယ်။"
မဟာသူရိယရာဇာက ခပ်တည်တည်နဲ့ မျက်နှာပြောင်တိုက်ပြီး မြေပေါ်ကို ဆင်းလာတယ်။ မသိရင် အစောပိုင်းက ရန်စပြီးပွဲဖျက်ခဲ့တာ သူမဟုတ်သလိုလိုနဲ့။
နယ်စားကြီးက ရှေ့ထွက်လာပြီး သူရိယရာဇာကို မေးလိုက်တယ်။ "ဟုတ်ပြီ၊ ဒီတော့ မင်းရောက်လာရတဲ့ တကယ့်ရည်ရွယ်ချက်ကို ပြောလို့ပြီလား။"
"ဟုတ်ကဲ့၊ တကယ်တော့ နယ်စားမင်းတို့နယ်မြေမှာ အလောင်းစည်သူမင်းရဲ့ဖောင်တော်ရှိနေတယ်လို့ ကြားတဲ့အတွက် လာကြည့်တာပါ။" မဟာသူရိယရာဇာက အင်မတန်ယဥ်ကျေးတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
မက်ဒါနာကတော့ မောက်မာတဲ့ဘုရင်ကနေ အခုလိုမျိုးလိမ္မာတဲ့ ကြောင်လေးတစ်ကောင်လိုလုပ်နေတဲ့ သူရိယရာဇာကြောင့် မျက်လုံးကို လှန်ကြည့်လိုက်မိလေရဲ့။
တကယ်တော့ မဟာသူရိယရာဇာက ရှေးဟောင်းရတနာတွေကို အင်မတန်စိတ်ဝင်စားပါတယ်။ နယ်စားကြီးကလည်း ခေါင်းညိတ်လိုက်လေရဲ့။ တကယ်တော့ သူ့အနေနဲ့ ဒီဘုရင်ကို အနိုင်ယူနိုင်စွမ်းအပြည့်ရှိပါတယ်။ ဒါပေမဲ့ ဆုဗာနာအနေနဲ့တော့ အဲဒီလိုလုပ်လိုက်လို့ ဖြစ်လာမယ့်နောက်ဆက်တွဲတွေကို မခံနိုင်သေးဘူး။
"အဲဒါက ပုရွက်ဆိတ်ဘုရင်မရဲ့ဂူထဲမှာ ရှိနေတယ်။ ငါတို့က ငါတို့ကိုယ်ငါတို့ ပြည်မနဲ့မသက်ဆိုင်ဘူးလို့ ပြောထားပြီးမှတော့ အဲဒီအမွေအနှစ်က မင်းနဲ့ဆိုင်တဲ့ အမွေအနှစ်ပဲမဟုတ်လား။ ငါတို့ မင်းကိုပေးနိုင်တယ်၊ ဒါပေမဲ့ မင်းယူနိုင်မယူနိုင်ကတော့ မင်းနဲ့ပဲသက်ဆိုင်တယ်။"
ရှေးဟောင်းရတနာတွေမှာက အသိစိတ်နဲ့ဝိညာဥ်ရှိပါတယ်။ မဟာသူရိယရာဇာက ပုဂံမင်းဆက်ရတနာသုံးခုကို ပိုင်ဆိုင်ထားပေမဲ့ အလောင်းစည်သူမင်းကြီးရဲ့ဖောင်စကြာက သူ့ကိုလက်ခံမခံကတော့ သူ့ကံအပေါ်ပဲ မူတည်ပါတယ်။
"နယ်စားရဲ့သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။"
နယ်စားကြီးမငြင်းတာက အဲဒီရတနာဟာ ဆုဗာနာနယ်မြေမှာရှိနေတာ နှစ်ပေါင်းတစ်ထောင်နည်းပါးရှိပြီး နယ်စားနယ်မြေမတိုင်ခင်ကတည်းက ဆိုပေမဲ့ ဘယ်သူမှမသုံးနိုင်တဲ့အတွက် အလှထားရုံကလွဲပြီး ဘာမှအသုံးမဝင်လို့ပါ။
တစ်ဖက်မှာတော့ မက်ဒါနာက အကြီးအကျယ်စိတ်ပျက်နေပါတယ်။ သူတို့က မနက်ဖြန် နယ်စားဆက်ခံသူနေရာအတွက် ပုရွက်ဆိတ်ဘုရင်မရဲ့ဂူကို သွားမှာမဟုတ်လား။ ဒီအရှုပ်ထုပ်ကလည်း ဖောင်စကြာကို လာယူမှာဆိုတော့ သူတို့နဲ့ပါလာဦးမယ့်သဘောပဲ။
သဘောတူညီမှုရရှိပြီးတဲ့နောက်တော့ သူရိယရာဇာက မှိုရတဲ့မျက်နှာမျိုးနဲ့ မက်ဒါနာဆီ ပြေးလာပြန်တယ်။
"မင်းသမီးလေး... ကျွန်တော်ခင်ဗျားကိုလက်ထပ်ချင်တယ်ဆိုတာက တကယ်သဘောရိုးနဲ့ပြောတာပါ။ ခင်ဗျားကိုမြင်ပြီးကတည်းက စွဲလမ်းမိနေတာပါဗျာ။"
မဟာသူရိယရာဇာက မက်ဒါနာဆီရောက်မလာခင် အကောင်းအတိုင်းကျန်နေသေးတဲ့ ညစာစားပွဲတစ်ခုပေါ်က အလှထားတဲ့နှင်းဆီတစ်ပွင့်ကို ဆွဲထုတ်လာပြီး မက်ဒါနာကို ပေးဖို့ကြိုးစားတယ်။ ဒါပေမဲ့ဆိုဖီယာကတော့ သူ့ကိုအမှိုက်လိုကြည့်လိုက်ပြီး ရှေ့မှာပိတ်ရပ်လိုက်တယ်။
"ဘယ်ကမှန်းမသိတဲ့ကောင် ပေးတဲ့လက်ဆောင်ကို ငါ့ဒါလင်က လက်ခံစရာလား။" ဆိုဖီယာက ပြောင်တင်းတင်းပဲ မက်ဒါနာကို ဒါလင်လို့ခေါ်လိုက်တယ်။
မက်ဒါနာကတော့ မဟာသူရိယရာဇာဆိုတဲ့ ဘုရင်ကိုကြည့်ရင်း မနေနိုင်ဘဲ သူ့သူငယ်ချင်းဟောင်းကြီး တင်မီကို သတိရမိသွားတယ်။
"ချီးထဲမှ၊ ဒီကောင်က တင်မီဘုရင်ဗားရှင်းလား။"
၃။
နောက်နေ့ရောက်တော့ ပုရွက်ဆိတ်ဘုရင်မနေတဲ့ဂူဆီကို မက်ဒါနာတို့အုပ်စုဟာ ကိုယ်ရံတော်တပ်ဖွဲ့တွေနဲ့အတူ သွားခဲ့ပါတယ်။ နယ်စားကြီးလည်း ပါလာခဲ့တာပေါ့။
မက်ဒါနာက သူတို့နဲ့လိုက်လာတဲ့ မြန်မာဘုရင်ကို ကြည့်လိုက်တယ်။ ဒီငနှဲက နည်းနည်းမိုက်ရူးရဲဆန်ပေမဲ့ သူ့စွမ်းအားက အသိအမှတ်ပြုရလောက်တဲ့ အဆင့်ရှိတယ်။ ဆုဗာနာဟာ နိုင်ငံငယ်တစ်ခုဖြစ်ပေမဲ့ အားမနည်းဘူး။ ဒီလိုနေရာမျိုးကိုတောင် အဖော်မပါဘဲ သူတစ်ယောက်တည်း လာရဲခဲ့ပါတယ်။
နယ်စားကြီးအဆိုအရတော့ ဒီဘုရင်ဟာ သူ့နိုင်ငံအတွင်းမှာ ပြိုင်ဖက်ကင်းဖြစ်ပြီးတော့ ဘယ်အရာကိုမှ မကြောက်တတ်ပါဘူး။ နန်းစံနှစ် သုံးဆယ်ကျော်လာပေမဲ့ အသက်ကြီးလာတဲ့အရိပ်အယောင်မျိုး မရှိသလို မိဖုရားရယ်လို့လည်း တစ်ပါးမှမရှိပါဘူး။
တစ်နည်းအားဖြင့်တော့ လူပျိုသိုးဘုရင်ကြီးပါ။ ဒါကြောင့် သူ့ကိုမြင်မြင်ချင်း အရူးအမူးဖြစ်သွားတာ နားလည်ပေးလို့ရတယ်။
ဖရက်နဲ့သူရိယရာဇာတို့ကတော့ အကြည့်ချင်းရန်ဆောင်နေကြဆဲပါ။ ဆိုဖီယာက ဖရက်ရှိနေတာကို သိတာကြာပြီဆိုပေမဲ့ လူချင်းမျက်နှာချင်းဆိုင်တွေ့ဖူးတာက ပထမဆုံးအကြိမ်ပါ။ တခြားမိန်းကလေးတွေကတော့ အခုမှသိကြတယ်။
မနေ့ညက ဖရာလီတာဦးဆောင်ပြီး မက်ဒါနာရဲ့ဟာရမ်အဖွဲ့သားများအစည်းအဝေး ကျင်းပခဲ့ကြသေးတယ်။ ခေါင်းစဥ်ကတော့ မက်ဒါနာသာ ကောင်လေးတွေကို ကြိုက်တတ်နေရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ပါ။
မိန်းကလေးမပြောင်းခင်က မက်ဒါနာဟာ ဖြောင့်စင်းတဲ့ ယောကျ်ားလေးတစ်ယောက်လေ၊ ယင်ဖိုတောင် သန်းဖူးတာမဟုတ်ဘူး။ အခုတော့ မိန်းကလေးဖြစ်သွားပြီး အီနားရှားသဘောသဘာဝအရ ယောက်ျားလေးဖြစ်တုန်းကလိုပဲ မိန်းကလေးတွေကို စိတ်ဝင်စားနေတုန်းဆိုပေမဲ့ အရှိန်ကုန်ပြီး ပြောင်းလဲသွားရင်ရော။
ဘာပဲပြောပြော မိန်းကလေးတစ်ယောက်က ဖရက်လိုမျိုး ဝီစမစ်ချောချောပြီး မင်းသမီးလေးလို ဂရုစိုက်ပေးနေတဲ့ ကောင်လေးကို ကြိုက်မိတယ်ဆိုတာ အထူးအဆန်းတော့မဟုတ်ဘူး။
အစည်းအဝေးပြီးတဲ့နောက်တော့ ဖရာ- ဒါ - ရာ ယာယီပူးပေါင်းမဟာမိတ်ရဲ့မျက်လုံးတွေက ဖရက်အပေါ်ကို ပုံကျလာလေရော။ သူတို့တွေက ဖရက်ကို ဆိုဖီယာနဲ့တစ်တန်းတည်းထားပြီး ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းဖို့ လုပ်နေကြတာ။
ဒါပေါ့၊ ခုရက်ပိုင်းအတွင်း စက်ပစ္စည်းတွေကိုပဲ အဆင့်မြှင့်ဖို့အတွက် စဥ်းစားနေတဲ့ မက်ဒါနာကတော့ ဒါတွေဘယ်သိမှာလဲ။ အခုဆိုရင် မက်ဒါနာက ဖရာလီတာပေးထားတဲ့ ဒြပ်စင်အလင်းနည်းပညာကို နားလည်စပြုနေပြီ။
သူကတော့ အဲဒါတွေကို ဓားအလင်းအဖြစ်သုံးဖို့ထက် ခံစစ်ကိုအားဖြည့်ဖို့နဲ့ ဝတ်စုံရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက်ပဲ ဦးစားပေးနေတာ။ ဒါပေမဲ့ စွမ်းအားကုန်ဆုံးနှုန်းကလည်း ကြောက်စရာ။ စစ်ပွဲနှလုံးသား Coreတောင်မှ အဲဒီအလင်းလှိုင်းတွေကို သုံးကြိမ်ထက် ပိုပြီးမထုတ်ဖော်နိုင်ဘူး။ ဒီတော့ ခုရက်ပိုင်းအတွင်း မက်ဒါနာက စွမ်းအင်ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတယ်။
သူတို့တောထဲမှာ လမ်းလျှောက်နေကြတုန်း ဂူကြီးတစ်ခုအနားကို ရောက်လာတယ်။ သူတို့ကို ရှေ့ကနေ ငွေရောင်ပုရွတ်ဆိတ်နှစ်ကောင်က လမ်းပြနေတာ။ ဒီသစ်တောက ဆုဗာနာရဲ့အဓိက တားမြစ်နေရာဖြစ်ပြီးတော့ နယ်စားကြီးတောင် အကြောင်းမရှိဘဲ လာလို့မရပါဘူး။
"ငါတို့ရောက်လာပြီ..." နယ်စားကြီးက ပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ စစ်သည်ပုရွက်ဆိတ်တွေက ဂူတွေထဲကနေ ထွက်လာပြီး သူတို့အုပ်စုကို ဝိုင်းလိုက်ကြတယ်။
"စိတ်မပူနဲ့၊ သူတို့တွေက လုပ်ထုံးလုပ်နည်းတွေအတိုင်း ငါတို့ကိုစစ်ဆေးရုံပဲ။" နယ်စားကြီးက လင်ဒါနဲ့ဖလေရာတို့ လန့်သွားမှန်းသိတဲ့အတွက် အားလုံးကို သတိပေးလိုက်တယ်။
ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ ငွေရောင်ပုရွက်ပျံစစ်သူကြီးက သူတို့နားကိုကပ်လာပြီး တစ်ယောက်ချင်းစီကို မျက်နှာချင်းဆိုင်ကြည့်တယ်။ စစ်ဆေးနေတဲ့အချိန်မှာ သူ့ဦးမှင်တွေက လှုပ်ရှားလို့နေပါတယ်။ ကြည့်ရတာ ဘုရင်မကြီးကို တိုက်ရိုက်ဆက်သွယ် အစီရင်ခံနေပုံပဲ။
မက်ဒါနာတို့ကို ငွေရောင်ပုရွတ်ပျံက အေးအေးဆေးဆေးပဲ ကျော်သွားခဲ့ပေမဲ့ မဟာသူရိယရာဇာကို စစ်ဆေးတဲ့အချိန်မှာတော့ သူ့အစွယ်တွေကို ဖြဲပြပြီး အော်ဟစ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ စစ်သည်ပုရွက်ဆိတ်တချို့က ရှေ့ကိုတိုးလာပြီး ဝိုင်းလိုက်ကြတယ်။
"နယ်စားကြီး၊ ခင်ဗျားဒါဘာသဘောလဲ။" မဟာသူရိယရာဇာက နယ်စားကြီးကိုကြည့်လိုက်ပြီး မေးလိုက်တယ်။ သူ့လက်ထဲမှာတော့ စတင်တိုက်ခိုက်ဖို့အတွက် လှံကိုအသင့်ပြင်ထားတယ်။
ဒါပေမဲ့ တကယ်တိုက်ခိုက်ရင်တော့ အချည်းအနှီးပါပဲ။ ပုရွက်ဆိတ်စစ်သူကြီးက B+ အဆင့်မှာပဲရှိပေမဲ့ ဒီနေရာမှာ ပုရွက်ဆိတ်ထောင်သောင်းချီရှိနေတဲ့အပြင် ဘုရင်မကိုယ်တိုင်လှုပ်ရှားလာရင် ဆိုဖီယာကိုယ်တိုင်တောင် ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။
နယ်စားကြီးကတော့ ပုရွက်ဆိတ်စစ်သူကြီးကို ကြည့်လိုက်ပြီး သူရိယရာဇာနားလည်အောင် ပြန်ဖြေပေးလိုက်တယ်။
"မင်းက ကိုယ်နဲ့မသက်ဆိုင်တဲ့အရာတွေကို ယူဖို့ကြံနေတာတဲ့။" ဒီစကားကြောင့် မက်ဒါနာကိုယ်တိုင်ပါ အံ့အားသင့်သွားတယ်။ မဆိုင်တဲ့ လူစိမ်းမလို့ ဝိုင်းတယ်ဆိုရင်တောင် ဖရက်၊လင်ဒါ၊ဖလေရာနဲ့ဆိုဖီယာတို့ကိုပါ ဝိုင်းရံမှာလေ။ အခုတော့ ရတနာတစ်ခုကိုယူဖို့လာတဲ့ သူရိယရာဇာကိုပဲ ဝိုင်းထားတာ။
"ငါက မင်းတို့နယ်မြေမှာရောက်နေတဲ့ ငါ့နိုင်ငံက မင်းဆက်ရတနာတစ်ခုကို လာယူရုံပဲ။ ရုပ်ဆိုးဆိုးကောင်။"
ပုရွက်ဆိတ်တွေကတော့ ရုပ်ဆိုးဆိုးကောင်လို့ အခေါ်ခံရတာကို ကြိုက်တဲ့ပုံမပေါ်ဘူး။ သူတို့အကုန်လုံးက သူရိယရာဇာကို ဝိုင်းကိုက်ဖို့အသင့်ဖြစ်နေကြပြီ။ သူရိယရာဇာရဲ့နဖူးကနေ ချွေးတွေစီးကျလာတယ်။ ကြည့်ရတာ သောက်ကျိုးနည်းတော့မယ့် ပုံစံပဲ။
ကောင်လေးဒီပကတော့ ဘဝင်ရူးဘုရင်ကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ဒီပုရွက်ဆိတ်တွေက လူတွေထက်တောင် ဉာဏ်ကောင်းသေးတယ်ကွ။ မင်းက သူတို့ဘာသာစကားကို နားမလည်တာပဲရှိတာ၊ သူတို့က မင်းစကားကို နားလည်တယ်ကွ။"
နယ်စားကြီးက ထပ်ဖြည့်ပြောလိုက်တယ်။ "ပြီးတော့ ဒီကောင်လေးတွေက စိတ်ဖတ်တတ်တယ်ကွ။ မြူတန့်စွမ်းအားတော့မဟုတ်ပေမဲ့ အဲဒါကသူတို့ရဲ့ပုံသေသိစိတ်ပဲ။ အားလုံးကို သတိပေးပါရစေ၊ မင်းတို့အထဲရောက်ရင် စိတ်ရင်းနဲ့ပဲဆက်ဆံပါ။ သူတို့ရှေ့မှာ ဘာကိုမှ ဖုံးကွယ်ထားလို့မရဘူး။"
မဟာသူရိယရာဇာကို ဝိုင်းထားတဲ့ ပုရွက်ဆိတ်တွေက သူနဲ့ပိုပိုပြီး နီးကပ်လာတယ်။ မကြာခင် အမှန်တကယ် တိုက်ခိုက်ရခါနီးမှာပဲ ဂူထဲကနေ လေတိုးသံတစ်ခု ထွက်ပေါ်လာတယ်။ ပုရွက်ဆိတ်တွေရဲ့ဦးမှင်တွေ လှုပ်ရှားလာပြီး မဟာသူရိယရာဇာကို လမ်းဖယ်ပေးလိုက်ပါပြီ။
"ဘာဖြစ်သွားတာလဲ..." မက်ဒါနာက နယ်စားကြီးကို မေးလိုက်တယ်။ နယ်စားကြီးကတော့ မတတ်နိုင်ဘူးလေဆိုတဲ့ပုံစံနဲ့ ပခုံးတွန့်ပြတယ်။
"ပုရွက်ဆိတ်ဘုရင်မက သူ့ကိုကြိုးစားခွင့်ပေးမယ်တဲ့။ ဘာပဲပြောပြော ဖောင်စကြာက ဒီနေရာမှာ လာတင်နေရုံပဲလေ။ ပုရွက်ဆိတ်တွေနဲ့ဆိုင်တာမှမဟုတ်တာ။"
သူတို့ဂူထဲကိုရောက်လာတော့ မက်ဒါနာတစ်ယောက် မအံ့ဩဘဲ မနေနိုင်တော့ဘူး။ ထုံးကျောက်ဂူကြီးတစ်ခုဖြစ်ပြီးတော့ ကျောက်စက်ပန်းဆွဲတွေကနေ တစ်စက်စီစီးကျနေတဲ့ရေတွေက မက်ဒါနာရဲ့မျက်နှာပေါ်ကို ပေါက်ခနဲကျဆင်းလာတယ်။
ကျောက်စက်ပန်းဆွဲတွေနဲ့ ကျောက်စက်မျိုးမျှော်တွေအချင်းချင်း ဆုံရာကနေ ဖြစ်လာတဲ့ ကျောက်တိုင်ကြီးတွေကိုလည်း တွေ့ရပါတယ်။ မြေအောက်မြစ်တွေလည်းရှိပြီးတော့ ဂူလမ်းကြောင်းသစ်တွေတူးဖို့ အလုပ်ကြိုးစားနေကြတဲ့ ပုရွက်ဆိတ်တွေကိုလည်း တွေ့နိုင်ပါတယ်။
တချို့ပုရွက်ဆိတ်တွေက မြေအောက်မြစ်ထဲက ငါးတွေကို ဖမ်းစားနေကြပြီး တချို့ကတော့ တောတွင်း သီးနှံတွေကို သယ်ဆောင်ကာ အပြင်ကနေပြန်လာကြတယ်။
"သူတို့ကို ပုရွက်ဆိတ်တွေဆိုပြီး အထင်မသေးလိုက်နဲ့၊ စိုက်ပျိုးမွေးမြူရေးလုပ်တတ်ကြတယ်။ ကန်ထဲက ငါးတွေမကုန်အောင် အကန့်အသတ်နဲ့ပဲဖမ်းတယ်။ အစာကွင်းဆက်မပြတ်အောင်လည်း လုပ်တတ်တယ်။ သီးနှံတွေက သူတို့ကိုယ်တိုင်စိုက်ထားတာ။ သီးနှံအစေ့တွေကို စီတန်းပြီးစိုက်ကြတယ်လေ။ များသောအားဖြင့် ငှက်ပျောတို့၊ စပျစ်ပင်တို့လိုမျိုး ဒီကရာသီဥတုနဲ့အဆင်ပြေပြီး စိုက်ရလွယ်တဲ့ဟာတွေ။"
မက်ဒါနာ မျက်ခုံးပင့်လိုက်မိတယ်။ ဒီတော့ သူတို့ရောက်လာတာက ပုရွက်ဆိတ်တွေရဲ့မြို့ကြီးပေါ့။ ဂေါ်ဇီယာ အန်နီမေးရှင်းရုပ်ရှင်ကိုတောင် သူသတိရသွားတယ်။ အဲဒီထဲမှာလည်း ပုရွက်ဆိတ်တွေက လူတူတွင်းအောင်းသက်ရှိတွေအဖြစ် ဆင့်ကဲပြောင်းလဲကုန်တာလေ။ သူတို့တွေက အဲဒီလိုပြောင်းလဲခါနီး ပုံစံတွေလား။
ဂူအတွင်းထဲကို ရောက်လာတော့ မှောင်ရမယ့်အစား ပိုပြီးလင်းလာတယ်။ သေချာကြည့်လိုက်တော့ ဂူရဲ့ကျောက်သားတွေထဲမှာ သလင်းကျောက်တွေရှိနေတာ တွေ့ရပြီးတော့ အလင်းတွေထုတ်လွှင့်နေတယ်။ အဲဒီသလင်းတွေက ဥက္ကာသလင်းတွေနဲ့သိပ်တူတယ်။
ဖရာလီတာက တစ်ခုတူးထုတ်ပြီး စစ်ကြည့်ပေမဲ့ စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။
"အထဲမှာ မြူတန့်စွမ်းအားရှိပေမဲ့ လူတစ်ယောက်ကို မြူတန့်ဖြစ်စေဖို့တော့ မလုံလောက်ဘူး။ ဒါပေမဲ့ ကြည့်ရတာ ဒီနေရာက မြူတန့်သလင်းတွေကို ထုတ်လုပ်ပေးနိုင်ပုံပဲ။"
နယ်စားကြီးကတော့ ဝင်ပြီးထပ်ထောက်ပေးလိုက်တယ်။ "တကယ်တော့ ဇက်သတ္တုတွေကိုလည်း ဒီမှာမွေးဖွားပေးနိုင်တယ်။"
သူတို့ဂူထဲကို ဆက်ဝင်လာတဲ့နောက် ဂူဝကြီးက ရုတ်တရက် မိုင်နဲ့ချီပြီးကျယ်ပြန့်သွားမှန်း ခံစားမိလိုက်ကြတယ်။ သူတို့ရှေ့မှာ ဧရာမဂူခန်းမကြီးရှိနေပြီး သူတို့လာခဲ့တဲ့ဂူဥမင်လိုမျိုး နေရာတွေက ခန်းမကြီးထဲမှာ အနည်းဆုံးရာနဲ့ချီပြီး ရှိနေတယ်။
"ဘုရားရေ၊ လက်ခံရတာတွေများလွန်းလို့ ငါ့ခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မယ်။"
ပင်မဂူခန်းမကြီးထဲမှာ လက်ဖဝါးအရွယ်ရှိတဲ့ သလင်းကျောက်တွေအများကြီးရှိနေပြီး စွမ်းအင်အနည်းငယ်လည်း အငွေ့တွေအဖြစ်ကို ဖြာထွက်နေပါတယ်။
မက်ဒါနာကိုယ်တိုင်လည်း စွမ်းအင်သလင်းတွေကို မြင်ဖူးတဲ့အတွက် အဆင့်မြင့်မြူတန့်တွေဖြစ်ဖို့လုံလောက်တဲ့ စွမ်းအင်တွေရှိနေတာ တွေ့ရတယ်။ အလားတူပဲ ဇက်သတ္တုရိုင်းကျောက်တုံးတွေကလည်း နေရာတိုင်းမှာထိုးထွက်လို့နေတယ်။
ဖရက်က မက်ဒါနာနဲ့စကားကိုကြားတော့ သူသိထားတဲ့ အကြောင်းတစ်ခုကို ပြောပြလိုက်တယ်။
"သလင်းကျောက်တုံးအကြီးတွေက သလင်းကျောက်ငယ်တွေကို မွေးဖွားပေးနိုင်စွမ်းရှိတယ်။ ငါကနေဒါကဂူထဲမှာ တွေ့ဖူးတယ်။ ဒါပေမဲ့ ဇက်သတ္တုတွေက ဘာကြောင့်ဒီလိုမျိုး မွေးဖွားလာသလဲတော့ နားမလည်နိုင်ဘူး။"
နယ်စားကြီးကတော့ တစ်နေရာကို လက်ညိုးထိုးပြလိုက်တယ်။ အဲဒီနေရာမှာ ဂူအမိုးကပွင့်နေပြီးတော့ စိမ်းညို့ညို့ရောင် ဥက္ကာခဲကြီးတစ်ခုက မြေပြင်မှာ စိုက်ဝင်နေတာကို တွေ့လိုက်ရတယ်။ အဲဒီဥက္ကာခဲကြီးပေါ်ကနေ အညှိတွေကျဆင်းနေပြီး အဲဒီရေညှိလိုအရာတွေက ဇက်သတ္တုတွေပါ။
"ဒီတစ်ခုက မင်းတွေ့ခဲ့တဲ့အရာထက် အများကြီးပိုကြီးတယ်။ ကမ္ဘာပတ်လမ်းထဲကို ကျဆင်းလာတဲ့ ဥက္ကာခဲငါးခုက လေထုထဲမှာကွဲသွားပေမဲ့ ဒီတစ်ခုကတော့ အရင်နှစ်ရာဂဏန်းလောက်ကတည်းက ကျဆင်းခဲ့တာ။ ပြီးတော့ အဲဒီလိုမျိုး ကွဲထွက်မသွားဘူး။"
သူရိယရာဇာကတော့ ဂူထောင့်မှာရှိနေတဲ့ ရွှေရောင်အရာတစ်ခုကို တွေ့သွားပြီး ချက်ချင်းပြေးထွက်သွားတယ်။ ကရဝိတ်ရုပ်နှစ်ခုပါတဲ့ ရှေးဟောင်းလှေတစ်ခုဖြစ်ပြီး အလောင်းစည်သူမင်းကြီးစီးခဲ့တဲ့ ဖောင်စကြာဖြစ်ပုံပါပဲ။
"ဟားဟား... အချစ်လေးရေ၊ ငါလာပြီ။"
သူရိယရာဇာက ရူးသွပ်နေတဲ့မျက်နှာထားမျိုးနဲ့ ဖောင်စကြာဆီကို ပြေးထွက်သွားပေမဲ့ အနားရောက်ချိန်မှာ ရွှေရောင်အလင်းဒိုင်းတစ်ခုက ပေါ်လာပြီး သူ့ကိုဆက်မကပ်နိုင်အောင် တားဆီးလိုက်တယ်။
သူရိယရာဇာလည်း တစ်ခါတည်း အားလွန်ပြီး ပြန်ကန်ထွက်လာတယ်။ ကြည့်ရတာ ဖောင်စကြာက သူအနားကပ်တာကို မကြိုက်တဲ့ပုံပဲ။
မက်ဒါနာတို့ကတော့ အဲဒီဘုရင်အပေါ်မှာ စိတ်မဝင်စားတော့ဘူး။ အဲဒီအစား ခန်းမကြီးထဲကိုရောက်လာတဲ့ ပုရွက်ဆိတ်ကြီးတစ်ကောင်ကို ကြည့်လိုက်ကြတယ်။
တစ်ယောက်စီး လေယာဥ်တောင်ပံတစ်ခုစာလောက်ကျယ်ပြန့်တဲ့ ငွေရောင်အတောင်ပါးပါး၊ ရွှေရောင်မျက်လုံးတွေနဲ့ထူထဲတဲ့ ငွေရောင်အခွံ၊ လေးမီတာနီးပါးရှည်တဲ့ ခန္ဓာကိုယ်တွေရှိတဲ့ ဧရာမပုရွက်ဆိတ်ကြီးပါ။
"ကြီးမြတ်တဲ့ ဘုရင်မ..." နယ်စားကြီးက ဒူးထောက်ချလိုက်တယ်။ ဒီပကလည်း အားလုံးကို ဒူးထောက်ဖို့အချက်ပြလိုက်တဲ့အတွက် မက်ဒါနာတို့လည်း ဒူးထောက်လိုက်ကြပါတယ်။
ဒါပေမဲ့ ခြွင်းချက်အနေနဲ့ မဟာသူရိယရာဇာက ဒူးမထောက်ခဲ့ဘူး။ သူက ဘုရင်တစ်ပါးပါ၊ ဘုရင်တစ်ပါးက အခြားဘုရင်တစ်ပါးရှေ့မှာ ဒူးမထောက်ဘူးလေ။
ပုရွက်ဆိတ်ဘုရင်မက မဟာသူရိယရာဇာကိုကြည့်ပြီး သူ့ဦးမှင်တွေကို လှုပ်ရှားလိုက်တယ်။ မက်ဒါနာကိုယ်တိုင်လည်း ဆိုဖီယာသူ့ကို စိတ်နဲ့ဆက်သွယ်သလို ခံစားချက်မျိုးကို ခံစားလိုက်ရပါပြီ။ ပုရွက်ဆိတ်ဘုရင်မက သူတို့တွေကို စိတ်နဲ့ဆက်သွယ်နေတာပါ။
"ရတနာသုံးခုကို ရပြီးနေပြီပဲ၊ ဘာကိစ္စလောဘကြီးပြီးတော့ ကိုယ့်ကိုလက်မခံတဲ့ အရာတစ်ခုအပေါ် တပ်မက်နေဦးမှာလဲ။"
မြန်မာဘုရင်ကတော့ မောက်မာနေဆဲပါ။ သူက လှံကို မြေပြင်နဲ့ဆောင့်ချလိုက်တယ်။ ဂူထဲမှာ ပဲ့တင်သံထွက်လာပြီး ကျောက်ဆိုင်ကျောက်ခဲတချို့ ပြုတ်ကျလာတယ်။
"ဗမာမင်းဆက်တွေရဲ့သားတော်တစ်ပါးဖြစ်တဲ့ ကျုပ်အတွက် ဒီဖောင်တော်ကို ဆက်ခံပိုင်ခွင့်ရှိတယ်။"
ပုရွက်ဆိတ်ဘုရင်မကတော့ သဘောတူပုံမရဘူး။ ဒါပေမဲ့ တတ်နိုင်သမျှ သည်းခံပြီးတော့ ပြောနေဆဲပါ။
"ဒီလက်နက်တွေကို သင်တို့မျိုးနွယ်တွေက သွန်းလုပ်ခဲ့တာမဟုတ်ဘူး။ ကောင်းကင်ထက် နတ်ဘုရားကြီး သွန်းလုပ်ခဲ့တာ။ သင်တို့မျိုးနွယ်ကတော့ မြေကမ္ဘာကောင်းကျိုးအတွက် သုံးခွင့်ရခဲ့ရုံပါပဲ။ ဖောင်စကြာက သင့်ကိုလက်မခံရင် သင်မသုံးနိုင်ပြီး၊ ပြီးတော့ သင်သုံးနေတဲ့ လက်ရှိလက်နက်တွေကလည်း သင့်အပြုအမူတွေကြောင့် မူရင်းစွမ်းအားတွေကို မထုတ်ဖော်ချင်ကြတော့ဘူး။"
မဟာသူရိယရာဇာက ဘုန်းကံကြီးပြီး အစွမ်းထက်တဲ့ ဘုရင်တစ်ပါးပါ၊ ဒါပေမဲ့ အုပ်ချုပ်သူကောင်းတော့ မဟုတ်ပါဘူး။ ကုန်လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတွင်းမှာ တိုင်းပြည်ကိုစုစည်းနိုင်ခဲ့ပေမဲ့ စစ်ပွဲပြီးရင်းစစ်ပွဲတွေကိုပဲ ဆင်နွှဲခဲ့ပြီး အခုလည်းအယုဒ္ဓယ မင်းဆက်နဲ့ အဆင်မပြေပါဘူး။ သူက မော်ကြွားလွန်းတဲ့အတွက် လူတကာကို ရန်စသလိုဖြစ်နေတယ်။
"ကျုပ်က ဒေသဆယ့်လေးခုလုံးရဲ့အရှင်ပဲ၊ ကျုပ်ယူသွားချင်ရင် ဘယ်သူ့သဘောကိုမှ ထည့်တွေးစရာမလိုဘူး။"
"သင်က မောက်မာလွန်းတယ်။" မဟာသူရိယရာဇာရဲ့မောက်မာတဲ့လေသံကို သည်းမခံနိုင်တော့တဲ့ ပုရွတ်ဆိတ်ဘုရင်မက ဖိအားတစ်ခုကို ထုတ်ဖော်လိုက်တယ်။
အဲဒီဖိအားကြောင့် မဟာသူရိယရာဇာဟာ ဒူးထောက်ကျသွားပြီး သွေးတချို့ကို အန်ထုတ်လိုက်ရပါတယ်။ သူတို့ကြားက စွမ်းအားကွာဟချက်က သိပ်ကြီးပါတယ်။
"အသင်က ဘုရင်ဖြစ်တိုင်း ဒီလောကမှာ ပြိုင်ဖက်ကင်းသွားတာမဟုတ်ဘူး။ ဒီလောကမှ သင့်ထက်မကတဲ့ ဧကရာဇ်နဲ့ဘုရင်တွေ ကျဆုံးခဲ့ပြီးပြီ။ သင့်ကိုယ်သင် ဘိုးဘေးတွေထက် ကြီးမြတ်တယ်လို့ ထင်နေလား။ သင်ဟာ ကျွနုပ်ရှေ့မှာတောင် မတ်တပ်ရပ်ပြောဖို့ အဆင့်မမီဘူး။"
အဲဒီနောက် ပုရွက်ဆိတ်ဘုရင်မက ရှေ့ကိုတိုးလာပြီး အသံအကျယ်ကြီး အော်ဟစ်လိုက်တယ်။
"ထွက်သွားစမ်း....." ဦးနောက်လှိုင်းတွေကို အနှောင့်အယှက်ပေးနေတဲ့ နှုန်းလွန်အသံလှိုင်းတွေကြောင့် ဒွာရာကိုးပေါက်ကနေ သွေးတွေစီးကျလာတဲ့ မဟာသူရိယရာဇာဟာ ပင်မဂူခန်းမကြီးထဲကနေ ချက်ချင်းနောက်လှည့်ပြီးပြေးတယ်။ ပုရွတ်ဆိတ်စစ်သည်တွေဟာ သူ့ကိုသတိရှိရှိနဲ့ကြည့်နေကြပေမဲ့ ဘယ်သူမှ မတရားကြဘူး။
ဆိုဖီယာကလည်း ပုရွတ်ဆိတ်ဘုရင်မရဲ့စွမ်းအားကြောင့် သတိရှိရှိဖြစ်သွားပြီး မက်ဒါနာကို တိုးတိုးတိတ်တိတ် ပြောလိုက်တယ်။
"ဒီအကောင်ကြီးက ဘယ်နည်းနဲ့မှ S အဆင့်မဖြစ်နိုင်ဘူး။ ယာမီနဲ့အာကိုင်းဂါမီတို့လိုပဲ အဆင့်လွန်တဲ့တည်ရှိမှုတစ်ခုပဲ။"
ပုရွတ်ဆိတ်ဘုရင်မကတော့ ထွက်ပြေးသွားတဲ့ မဟာသူရိယရာဇာကို ဆက်အဖက်လုပ်မနေတော့ဘဲ မက်ဒါနာကိုတို့အုပ်စုကို ပြန်အာရုံစိုက်လိုက်တယ်။
"ဒီတော့ ပြဿနာကောင်လည်း ရှင်းသွားပြီဆိုတော့ ငါ့အစေခံအဖြစ် အမှုထမ်းမယ့်လောင်းလျာတွေကို ကြည့်ရအောင်။"
နယ်စားကြီးက ပုရွက်ဆိတ်ဘုရင်မကို ဦးညွှတ်လိုက်ပြီး မက်ဒါနာနဲ့ဒီပကို ရှေ့တက်လာခိုင်းလိုက်တယ်။ ပုရွက်ဆိတ်ဘုရင်မကလည်း ကောင်လေးဒီပနားကို ရောက်လာပြီး စေ့စေ့စပ်စပ်ကြည့်ပါတယ်။
"မဆိုးဘူး၊ မဟုတ်မခံချင်စိတ်ရှိတယ်။ ပြည်သူတွေအပေါ်မှာ စာနာတတ်တယ်။ ရိုးသားတယ်၊ ပွင့်လင်းတယ်။ ဉာဏ်လည်းသိပ်ကောင်းတယ်။ မပြီးပြည့်စုံပေမဲ့ လိုအပ်ချက်ပြည့်မီတယ်။"
အဲဒီနောက် ပုရွက်ဆိတ်ဘုရင်မက မက်ဒါနာနားကို ရောက်လာတယ်။ မက်ဒါနာကတော့ ပုရွက်ဆိတ်ဘုရင်မကြီးရဲ့ဓားမြှောင်လိုဖြစ်နေတဲ့ အစွယ်ကြီးတွေကို အနီးကပ်မြင်နေရတဲ့အတွက် နည်းနည်းနောက်ကို ဆုတ်လိုက်မိတယ်။ တော်ကြာ မတော်တဆထိမိရင် ဘယ်လိုလုပ်မလဲ။
မက်ဒါနာကို ပုရွက်ဆိတ်ဘုရင်မက အကြာကြီးစူးစမ်းနေခဲ့တယ်။ ငါးမိနစ်လောက်ကြာတဲ့အထိ ခန်းမက တိတ်ဆိတ်သွားပြီး ဘာအသံမှ ထွက်မလာခဲ့ဘူး။ ဒါပေမဲ့ တော်တော်ကြာတော့ ပုရွတ်ဆိတ်ဘုရင်မက စပြောလာတယ်။
"ဒီတစ်ယောက်က ပိုထူးချွန်တယ်... ရဲရင့်တယ်၊ ဉာဏ်ကောင်းတယ်၊ တရားမျှတတဲ့နှလုံးသားရှိတယ်... ပြီးတော့... ပြီးတော့...."
ရုတ်တရက် ပုရွက်ဆိတ်ဘုရင်မရဲ့မျက်လုံးတွေက သွေးရည်ကြည်တွေနဲ့ပြည့်လာပြီး ပေါက်ကွဲထွက်သွားတယ်။
"ဘုရင်မ...." နယ်စားကြီးက စိုးရိမ်တကြီး အော်ဟစ်လိုက်တယ်။
ပုရွက်ဆိတ်ဘုရင်မတစ်ကိုယ်လုံး အကြောဆွဲသလို တွန့်လိမ်သွားတဲ့အတွက် ကျန်တဲ့ပုရွက်ဆိတ်တွေလည်း အလန့်တကြားဖြစ်ကုန်ပြီး စစ်သည်တွေက မက်ဒါနာတို့ကို ဝိုင်းထားလိုက်တယ်။
သူတို့ဘုရင်မကို မက်ဒါနာတို့ တစ်ခုခုလုပ်လိုက်တယ်လို့ ထင်နေကြပုံပါပဲ။
တော်တော်ကြာတော့မှ ပုရွက်ဆိတ်ဘုရင်မလည်း စိတ်ငြိမ်သွားပြီး ကျန်တဲ့ပုရွက်ဆိတ်တွေကို နောက်ပြန်ဆုတ်ခိုင်းလိုက်တယ်။ သူက မက်ဒါနာတို့အုပ်စုကို ကြည့်လိုက်ပြီး ပြောတယ်။
"မယုံနိုင်စရာပဲ၊ ဒီကလေးမရဲ့ဝိညာဥ်ကို အကဲဖြတ်ဖို့လုပ်တော့ ငါမရေမတွက်နိုင်တဲ့ ဂြိုဟ်ကမ္ဘာတွေနဲ့ကြယ်တာရာတွေကို မြင်ခဲ့ရတယ်။ တားမြစ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကို မြင်လိုက်ရသလိုပဲ။"
ဆိုဖီယာကတော့ ဝိညာဥ်ကိုအကဲဖြတ်တယ်ဆိုတဲ့စကားကြောင့် မျက်စိကိုမှေးလိုက်ပြီး တိုက်ရိုက်မေးလိုက်ပါတယ်။
"ဒီတော့ ရှင်က ပရောဟိတ်တစ်ယောက်လား။"
"မင်းက ဒီကမ္ဘာကြီးရဲ့လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ရောက်လာတော့ နတ်ဘုရားအသံတစ်ယောက်ဖြစ်လိမ့်မယ်၊ ငါအားလုံးကို ရှင်းပြပါ့မယ်။"
၄။
"အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်လောက်က စတင်ခဲ့တာ။"
ပုရွက်ဆိတ်ဘုရင်မကြီးက ပေါက်နေသော ဂူအမိုးကို မော့ကြည့်လိုက်သည်။ လရောင်က ဂူအမိုးအပေါက်ကိုဖြတ်ကာ ဂူအတွင်းသို့ ဖြာကျလျက်ရှိသည်။
"လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ငါတို့တွေအားလုံးက သာမန်ပုရွက်ဆိတ်တွေပါပဲ။ အေးစိမ့်တဲ့ ဒီဂူထဲမှာ ငါတို့အသိုက်ကို ဖွဲ့ပြီးနေကြတယ်။ ငါတို့တွေလည်း တခြားပုရွက်ဆိတ်တွေနဲ့ ဘာမှမထူးခြားခဲ့ဘူး။ ဒါပေမဲ့ တစ်ညတော့ ငါတို့ဂူထဲကို ကောင်းကင်ပေါ်ကနေ ဥက္ကာပျံကြီးတစ်ခု ကျဆင်းလာခဲ့တယ်လေ။ အဲဒီဥက္ကာပျံကြီး မြေပေါ်ကိုကျဆင်းလာတော့ ဂူကြီးတစ်ခုလုံးရဲ့အပူချိန်က ရုတ်ချည်းမြင့်တက်လာတယ်။ ငါတို့တွေအားလုံး သေပြီလို့ထင်ခဲ့ပေမဲ့ နိုးလာတဲ့အချိန်မှာတော့ တခြားပုရွက်ဆိတ်တွေထက် ကြီးနေခဲ့ပြီလေ။"
ဖရာလီတာက စဥ်းစားရကျပ်စွာနဲ့ မေးလိုက်တယ်။
"နေပါဦး၊ ရှင်ပြောတဲ့အတိုင်းဆိုရင် အဲဒီအချိန်ကိုပါ ရှင်မီခဲ့သလိုပဲ။ ပုရွက်ဆိတ်တွေရဲ့သက်တမ်းက အမြင့်ဆုံး ၄နှစ်ပဲရှိတာလေ။ ရှင်က ဘယ်လိုလုပ်ပြီး ခုချိန်အထိ အသက်ရှင်နေသေးတာလဲ။"
ပုရွက်ဆိတ်ဘုရင်မပြောနေတဲ့ စကားတွေက သူ့အတွက် နားလည်ရခက်လွန်းနေတယ်လေ။ ဖရာလီတာရဲ့အမေးကို ပုရွက်ဆိတ်ဘုရင်မက စိတ်မဆိုးဘူး။ ဒါပေမဲ့ ဝမ်းနည်းမှုတွေတော့ ရောဆွတ်လာပုံပါပဲ။
"ဗီဇပြောင်းသွားတဲ့ ပုရွက်ဆိတ်တွေရဲ့သက်တမ်းက အဆနှစ်ဆယ်မက အသက်ရှည်လာခဲ့တယ် ကလေးမ။ ငါတို့က မင်းတို့လူသားတွေနဲ့သက်တမ်းအတူတူပဲ။ ဘုရင်မဖြစ်တဲ့ငါ့အတွက်ကတော့၊ ငါကိုယ်တိုင်ရဲ့အဆုံးသတ်ကိုတောင် ငါမသိဘူး။ ပြောင်းလဲမှုအတွင်းမှာ အခြားသတ္တဝါတချို့လည်း ကောင်းချီးရခဲ့ကြတယ်။"
နောက်ဆက်ပြောတဲ့ ပုရွက်ဆိတ်ဘုရင်မရဲ့စကားတွေကြောင့် မက်ဒါနာဟာ သူ့ကိုယ်သူ Man from Earth ဇာတ်ကားကို ကြည့်နေရတယ်လို့တောင် ခံစားလာမိတယ်။ ဒါပေမဲ့ အုပ်စုလိုက် သက်တမ်းတွေရှည်ကုန်တဲ့ ပုရွက်ဆိတ်အုပ်အကြောင်း သူတို့နားထောင်နေရတာ။
"ပြောင်းလဲမသွားတဲ့ ငါတို့မျိုးနွယ်ဝင်တွေ သက်တမ်းစေ့ပြီး သေဆုံးသွားတာကို ငါတို့မြင်တွေ့ခဲ့ရတယ်။ သာမန်သက်ရှိတွေသာရှိခဲ့တဲ့ ဒီနေရာကို စတင်ရောက်ရှိလာတဲ့ မင်းတို့လူသားတွေကိုလည်း ငါတို့မြင်ဖူးကြတယ်။ အားနည်းလွန်းတဲ့ မင်းတို့လူသားတွေက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် ငါတို့နဲ့သဘောတူမှုတစ်ခု လုပ်ခဲ့တဲ့အချိန်ကို ငါမှတ်မိနေတုန်းပဲ။"
"ပထမတုန်းက ဒီနေရာမှာမြို့တွေမရှိခဲ့ဘူး။ လူလေးရာလောက်ပဲရှိတဲ့ လူသားစစ်တပ်တစ်ခုနဲ့ရွာသားအချို့က ဆောက်လုပ်ထားတဲ့ ဓနိမိုးတဲလေးတွေပဲ ရှိခဲ့တာ။ ငါမင်းတို့ကို ကာကွယ်ပေးနေရင်း မင်းတို့တိုးတက်လာတာ၊ သေဆုံးတာ၊ မွေးဖွားတာတွေနဲ့ အရာရာကို ငါတွေ့မြင်ခဲ့ရတယ်။ ငါကတော့ မင်းတို့အားလုံးနဲ့ ခြားနားစွာ ဒီနေ့ဒီအချိန်အထိ အသက်ရှည်စွာ နေထိုင်ခဲ့ရတယ်။"
"နေပါဦး... ဒီလောက်ရှည်ကြာတဲ့ အကြောင်းတွေကို ရှင်ဘယ်လိုလုပ်ပြီး မှတ်မိနေတာလဲ။ ရှင်တို့ဦးနောက်က လူစီလိုမျိုး ရာခိုင်နှုန်းတွေတိုးကုန်တာတော့ မဟုတ်ပါဘူးနော်။" ဖရာလီတာကလည်း သိပ္ပံစိတ်ကူးယဥ်ဇာတ်လမ်းတွေရဲ့ပရိသတ်ဖြစ်ပုံပဲ။ မက်ဒါနာလည်း အဲဒီလိုမေးခွန်းတွေကို မေးချင်နေတာဆိုပေမဲ့ မတော်လို့ ဟိုကစိတ်ဆိုးသွားရင် တင်မီဘုရင်ဗားရှင်းလို လွှင့်ပစ်ခံရမှာပေါ့။
"ဂက်... ဂက်... ဂက်..." ပုရွက်ဆိတ်ဘုရင်မ အပါအဝင် ကျန်တဲ့ပုရွက်ဆိတ်တွေအကုန်လုံး သူတို့အစွယ်တွေကို လှုပ်ရှားလိုက်ကြတယ်။ ပထမတော့ စိတ်ဆိုးကုန်တယ်ထင်ပေမဲ့ တကယ်က ရယ်တာနဲ့ ပိုတူနေသလိုပဲ။
ဒီတော့ မြူတန့်ပုရွက်ဆိတ်တွေရယ်ရင် ဂက်ဂက်ဂက်လို့ အသံထွက်တာပေါ့။
"ငါလည်း မင်းတို့လိုပဲ မှတ်ဉာဏ်တွေကို ရွေးပြီးမှတ်မိတာလေ။ ပျော်စရာတို့၊ နာကျင်တာတို့ဆိုရင် ပိုပြီးအမှတ်ရတယ်။ မင်းပြောနေတဲ့လူတွေအကြောင်းတော့မသိပေမဲ့ ငါတို့ဦးနောက်တွေကို ငါတို့အသုံးချနိုင်တဲ့ ရာခိုင်နှုန်းက မင်းတို့နဲ့အတူတူလောက်ပါပဲ။"
သူတို့အရည်မရ အဖက်မရတွေပြောနေတုန်း ဆိုဖီယာဖြစ်နေတဲ့ ရှားပိုင်ဝေက ရှေ့ထွက်လာပြီး မေးလိုက်တယ်။ သူ့ကြည့်ရတာ စိတ်မရှည်တော့ပုံပဲ။
"ရှင်တို့ပြောနေတာတွေက စိတ်ဝင်စားစရာကောင်းပြီး ပျော်ဖို့ကောင်းပေမဲ့၊ အရေးကြီးကိစ္စကိုပြောရအောင်။ ရှင်ကျွန်မကိုပြောမယ့် လျှို့ဝှက်ချက်ဆိုတာကရော။"
"သိပ်ကောင်းတယ်၊ ငါကလည်း ပြောမလို့ပါပဲ။ ဒါပေမဲ့ မင်းတို့ရဲ့အသေးမလေးက ပျော်တတ်တယ်လေ။"
အဲဒီနောက်တော့ ဘုရင်မက ခဏလောက်ငြိမ်နေလိုက်တယ်။ လူသားတွေ စကားအများကြီးပြောပြီးရင် လေကုန်လို့ အပန်းဖြေနေတာနဲ့ ဆင်တူတယ်။ ခဏနားပြီးတော့မှ သူက ဆက်ပြောခဲ့တာ။
"ဥက္ကာခဲကြီးကျဆင်းပြီး နှစ်တစ်ရာကျော်လောက်မှာမှ သလင်းကျောက်ပွင့်တွေက ဂူထဲမှာဖြစ်တည်လာတာ။ မင်းတို့ခေါ်တဲ့ ဇက်သတ္တုတွေရောပေါ့။ ငါတို့ထဲက စူးစမ်းတတ်တဲ့ ပုရွက်ဆိတ်တစ်ကောင်က ဇက်သတ္တုကိုစားမိပြီး ငွေရောင်ပုရွက်ဆိတ်မျိုးကွဲဖြစ်လာတယ်။ သလင်းကျောက်တွေကို စားမိတဲ့သူကတော့ စွမ်းအားနဲ့အသိအမြင်တွေကိုရလာပြီး ပုရောဟိတ်တစ်ယောက် ဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီပရောဟိတ်က လောဘကြီးပြီး အဲဒီအရာတွေကို အလွန်အကျူးစားမိရာကနေ စိတ်ဖောက်ပြန်သွားတယ်။"
"ဘာ... မြူတန့်စွမ်းအားကိုပေးတဲ့ သလင်းကျောက်တွေမှာလည်း စုပ်ယူနိုင်တဲ့ အကန့်အသတ်ရှိနေတာလား။" ဖရာလီတာက အော်ဟစ်ပြီး ပြောလိုက်တယ်။ ကမ္ဘာပေါ်မှာ သလင်းကျောက်အများဆုံးပိုင်ထားတာက ပုရွက်ဆိတ်ဘုရင်မပြီးရင် သူဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလျှို့ဝှက်ချက်ကိုတော့ သူခုမှသိရတာ။
"မျိုးရိုးအလိုက် စွမ်းအားဆင့်ကဲရရှိသူတွေကတော့ သတိမထားမိကြပေမဲ့ သလင်းကျောက်ကို ကိုယ်တိုင်သုံးဖူးရင်တော့ မင်းတို့သိကြမှာပါ။ မင်းတို့ဦးနောက်ထဲကို စွမ်းအားတွေအပြင် ထူးဆန်းလွန်းတဲ့ သတင်းအချက်အလက်တွေလည်း စီးဝင်လာတယ်လေ။"
ဖရာလီတာက ခေါင်းညိတ်လိုက်တယ်။ မက်ဒါနာရောပဲ။ အဲဒီသတင်းအချက်အလက်တွေက ဝေဝါးလွန်းတော့ သူတို့ဘာတွေမှန်းမသိကြပေမဲ့ ပုရွက်ဆိတ်ဘုရင်မရဲ့စကားက တကယ်မှန်ကြောင်း သူတို့သက်သေလိုက်ပေးနိုင်တယ်။
"သလင်းကျောက်တွေကို ပိုသုံးလေလေ အဲဒီမြင်ကွင်းတွေက ပိုရှင်းလင်းလာလေလေပဲမဟုတ်လား။ ဒါမှမဟုတ်လည်း သလင်းကျောက်ထဲမှာပါတဲ့ စွမ်းအားကပိုများလေ အချက်အလက်က ကြီးလေပဲ။" ဖရက်က ဝင်ပြောလိုက်တယ်။ သူက သိပ်ကြီးတဲ့သလင်းကျောက်ကို သုံးဖူးတဲ့သူမဟုတ်လား။
ပုရွက်ဆိတ်ဘုရင်မက ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်တယ်။
"ငါကိုယ်တိုင်လည်း သိချင်စိတ်ကြောင့် သလင်းကျောက်တွေကို စားကြည့်ခဲ့တယ်။ ငါက သက်တမ်းတွေပိုနေတာဆိုတော့ တစ်ကြိမ်စားကြည့်ပြီးနောက် နှစ်တစ်ရာလောက်နေမှ တစ်ခါစားတယ်။ ဒီတော့ ဆိုးကျိုးက သိပ်မသက်ရောက်ခဲ့ဘူး။ နောက်ဆုံးတော့ ငါ့မှာသိပ်နည်းပါးတဲ့ ဝေဝါးဝါးသဲလွန်စတချို့ ရလာခဲ့တယ်။"
ဆိုဖီယာက မောင်းမော့ပြီးမေးလိုက်တယ်။ သူအနေနဲ့ သိချင်စိတ်က သိပ်ကိုလွန်ကဲနေပါပြီ။
"ရှင်သိခဲ့ရတာက အနီရောင်နတ်ဘုရား အာကိုင်းဂါမီရဲ့အကြောင်းတော့ မဟုတ်ပါဘူးနော်။"
ပုရွက်ဆိတ်ဘုရင်မက ခေါင်းညိတ်တာရော ခေါင်းခါတာကိုပါ တစ်ကြိမ်တည်းလုပ်ပြီးမှ အဖြေပြန်ပေးတယ်။
"ဟုတ်လဲဟုတ်တယ်၊ မဟုတ်လဲမဟုတ်ဘူး။ ငါမြင်ခဲ့တာက ဒီကမ္ဘာပေါ်မှာရှိသမျှ သက်ရှိမျိုးစိတ်တိုင်းက လောကကြီးနဲ့မသက်ဆိုင်တဲ့ မျိုးစိတ်တွေဆိုတာပဲ။"
ဆိုဖီယာပြောသလောက်ကို မက်ဒါနာတို့ နားထောင်ပြီးသားမလို့ ဒီအချက်ကို သိထားကြပြီးသား။ ဒါပေမဲ့ သူတို့အပြင် တခြားတစ်ယောက်လည်း သိနေလိမ့်ဦးမယ်လို့ ထင်မထားခဲ့ဘူး။
"ကြည့်ရတာ မင်းတို့လည်း သိပြီးကြပုံပဲ။ ဒါပေမဲ့ ငါက စကားပလ္လင်ခံရုံပါ။ တကယ့်လျှို့ဝှက်ချက်တွေက ဘယ်သူမှန်းမသိရတဲ့ လူတွေပြောနေတဲ့ စကားတွေကို ငါကြားခဲ့ရတာပဲ။"
နောက်ပိုင်းပြောလာတဲ့စကားတွေကို ပုရွက်ဆိတ်ဘုရင်မလည်း သေခါနားမလည်ဘူး။ ဒါပေမဲ့ သူတို့တွေ နားထောင်လေလေ ပိုပြီးကျက်သီးထလာလေလေပဲ။
"ကောင်းကင်အလွန်က ရန်သူကြီးလာနေပြီနဲ့ အရှင်လေးပါး ကျရှုံးသွားပြီဆိုတဲ့စကားတွေက အထင်ရှားဆုံးစကားတွေပဲ။ ဒါပေမဲ့ တခြားသိခဲ့ရတာတွေလည်း ရှိသေးတယ်။ မင်းတို့မြူတန့်စွမ်းအားလို့ခေါ်နေတာတွေက သူတို့အခေါ်အရတော့ မှော်ပညာတဲ့၊ ဒါပေမဲ့ မပြည့်စုံတော့ဘူးထင်တယ်။ ဘာလို့ဆိုရင် သူတို့လုပ်နိုင်တဲ့အရာတွေကို ငါတို့မလုပ်နိုင်ကြဘူး။"
ဆိုဖီယာကတော့ အရှင်လေးပါးဆိုတဲ့စကားကြောင့် မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်တယ်။
"ကျွန်မ ဒီကမ္ဘာကို စရောက်လာတုန်းက ဘုရားကျောင်းတစ်ခုတွေ့ဖူးတယ်။ သမိုင်းမှတ်တမ်းတွေထဲမှာတော့ ဂရိတွေလက်ရာနဲ့တူတယ်လို့ ပြောပေမဲ့ အမေရိကတိုက်ကို ဂရိတွေရှာတွေ့စရာအကြောင်းမရှိဘူးလေ။ အဲဒီမှာ ဘယ်ဘာသာတရားမှာမှမရှိတဲ့ နတ်ဘုရားလေးပါးက နတ်ဘုရားတစ်ပါးကို ဝိုင်းချုပ်ထားတာ တွေ့ခဲ့တယ်။ ပြီးတော့ မှော်ပညာနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ်ကိုလည်း တွေ့ဖူးတယ်။ သာမန်ပေါက်ကရတွေရေးထားတာမဟုတ်ဘဲ တကယ်အသုံးဝင်တဲ့ဟာမျိုးပေါ့။"
မက်ဒါနာလည်း အဲဒီစာအုပ်ကို နည်းနည်းတော့ကြားဖူးတယ်။ နတ်ဆိုးကိုးကွယ်သူများအသင်းကကောင်လေးတွေ ကစားနေကျစာအုပ်မဟုတ်လား။ ကြည့်ရတာ သူတို့ရလာတဲ့သဲလွန်စတွေက ဒီပြင်ပကလာတဲ့ ဂြိုဟ်ကြီးအကြောင်းကို ရှင်းပြနိုင်တော့မယ့်ပုံပဲ။
ပုရွက်ဆိတ်ဘုရင်မကတော့ ဆက်ရှင်းပြနေဆဲပါ။ မက်ဒါနာလည်း တဖြည်းဖြည်းအံ့ဩလာပါတယ်။ ဒီပုရွက်ဆိတ်ဘုရင်မက လူသားတွေဖော်ထုတ်ထားတဲ့ မြူတန့်သီအိုရီတွေအကြောင်း ပါမောက္ခတစ်ယောက်နီးပါး သိနေခဲ့လို့ပါ။
"လူသားတွေရဲ့အဆိုအရ မြူတန့်သတ္တဝါတွေနဲ့မြူတန့်လူသားတွေရဲ့စွမ်းအားဗဟိုချက်က ဦးနောက်ထဲမှာ နယူးကလီယက်မှာမဟုတ်လား။ ဒါပေမဲ့ သလင်းကျောက်တွေထဲက အသံတွေကတော့ ဗဟိုချက် ခုနစ်ခုလို့ပြောခဲ့ကြတယ်လေ။ သူတို့အသံတွေက ကြားရသလောက်ဆိုရင် သူတို့က အတောင်မလိုဘဲ ပျံနိုင်တယ်၊ သက်တမ်းကို ဆွဲဆန့်နိုင်တယ်၊ ပျက်စီးနေတဲ့ ခန္ဓာကိုယ်ကို ပြုပြင်နိုင်တယ်၊ လောကနိယာမတွေကို ထိန်းချုပ်နိုင်ကြတယ်။ ဒါပေမဲ့ ငါတို့တွေကတော့ အဲဒီလိုမဟုတ်ကြဘူးလေ။"
"ဒါပေမဲ့ သူတို့ဆိုတာက ဘယ်သူတွေလဲ၊ ဘယ်ကနေ ရောက်လာကြတာလဲ။" ဆိုဖီယာက အရဲစွန့်ပြီး မေးလိုက်ပေမဲ့လို့ ဘာအဖြေမှရမလားဘူး။
"ငါသာ ငါ့ဘာသာ အကုန်လုံးသိနေရင် နင်တို့ကို ပြောပြပါတော့မလား။ အဲဒီလိုစွမ်းအားတွေကိုလည်း ငါလည်းလိုချင်တယ်လေ။"
"...." နောက်တော့ လျှို့ဝှက်ချက်ဆိုတာကြီးက မရေရာ မသေချာတဲ့ပုံစံမျိုးနဲ့ပဲ ပြီးဆုံးသွားပြန်တယ်။ နောက်တော့ သူတို့တွေ ဂူထဲကနေ ပြန်ထွက်လာရပြန်ပြီ။ ဒါပေမဲ့ ကောင်လေးဒီပနဲ့ နယ်စားကြီးကတော့ ဂူထဲမှာ ကျန်နေခဲ့တုန်းပဲ။
ပုရွက်ဆိတ်ဘုရင်မကြီးက ကောင်လေးဒီပကိုပဲ နောက်တက်မယ့်နယ်စားအဖြစ် ရွေးလိုက်တာ။ မက်ဒါနာကိုတော့...
"အရမ်းထူးချွန်ပြီး သင့်တော်လွန်းလို့ ဆူဗာနာက သူ့ကိုလိုတာထက် တခြားသူတွေက သူ့ကိုပိုလိုအပ်တယ်။" လို့ပြောပြီး အပြင်ကိုပို့လိုက်တာ။ ပြောရရင် ယဥ်ယဥ်ကျေးကျေးလေး ငြင်းလိုက်တဲ့သဘောပဲ။
ဒါပေမဲ့ မက်ဒါနာက နဂိုကတည်းက အဲဒီလိုဖြစ်ချင်နေတာဆိုတော့ ဆန္ဒတွေပြည့်သွားတဲ့သဘောပဲ။ ဒါပေမဲ့ သူတို့သိခဲ့ရတာတွေက မလုံလောက်တဲ့အတွက် စိတ်ညစ်နေရတုန်းပဲ။
မက်ဒါနာကတော့ ဆူပုတ်လို့နေလေရဲ့။ "ချီးထဲမှ၊ ငါတို့အဖြစ်က တဖြည်းဖြည်းနဲ့ ရတနာသိုက်တူးတဲ့လူတွေလိုဖြစ်လာပြီ။ သဲလွန်စက နောက်သဲလွန်စကို ညွန်ပြရင်း ဘယ်တော့မှ အဆုံးမရှိတော့သလိုပဲ။"
ဆိုဖီယာကတော့ ကလေးဆိုးဆိုးနေပြီး ဒေါသတကြီးနဲ့ မြေကြီးကိုကန်ကျောက်ကာ လျှောက်သွားနေတဲ့ မက်ဒါနာကိုကြည့်ရင်း တခိခိရယ်မောလိုက်တယ်။
ရှားပိုင်ဝေရဲ့မျက်နှာလေးက ရဲတက်လာတဲ့အတွက် ရင့်ကျက်တဲ့အလှအရှိန်အဝါတွေက နေရာတစ်ခုလုံးကို ဖြာထွက်နေတယ်။
ဂူအပြင်ရောက်တော့ တင်မီဘုရင်ဗားရှင်းကောင်ကို ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။ ကြည့်ရတာ ရှက်လွန်းလို့ ထွက်ပြေးသွားပြီနေမှာ။ ခုလောက်ဆိုရင် တစ်နေရာရာမှာ မြေကြီးကိုတုတ်နဲ့ခြစ်ပြီး ဆော့နေလောက်တယ်။
"ငါတို့ရဲ့အကြီးဆုံးသဲလွန်စက အာကိုင်းဂါမီမဟုတ်လား။ အစကတည်းက ပုရွက်ဆိတ်ဘုရင်မက အပိုတာဝန်သာသာပဲလေ။ ဂျပန်ရောက်မှ ဖယောင်တိုင်မီးတောက်ကောင်ကို ရိုက်နှက်ပြီး ပုလိပ်စစ်စစ်ရအောင်။" ဆိုဖီယာက နန်းဆန်တဲ့အပြုံးကို ပြုံးထားရင်း ပြောလိုက်တယ်။ မက်ဒါနာနဲ့ အတူရှိနေခွင့်ရလို့ အတော်ကြီးစိတ်ကြည်နေပုံပဲ။
တစ်ဖက်မှာတော့ ဖရာလီတာက ပါးကိုဖောင်းထားတယ်။ ဖရာလီတာကတော့ ဆိုဖီယာလိုမျိုး မက်ဒါနာနဲ့ နှစ်ယောက်အတူရှိနေခွင့် ရရုံလေးနဲ့ မကျေမနပ်တတ်ဘူး။ သူက နှစ်ယောက်တည်း အတူရှိချင်တာ၊ ခုက ဘေးလူတွေရှိနေပြီးတော့ သူက မက်ဒါနာရဲ့အာရုံကို ဖမ်းစားနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်မနေဘူးလေ။
ခဏနေတော့ ဖရာလီတာက ကောက်ကျစ်တော့မယ့် အပြုံးလေးပြုံးလိုက်ပြီး ဂါဝန်မှာဝှက်ချုပ်ထားတဲ့ အိတ်လေးတွေထဲ လက်နှိုက်လိုက်တယ်။
လက်ကိုပြန်ထုတ်လိုက်တော့ သလင်းကျောက်လှလှလေးတွေ ပါလာရော။ တစ်ခုက အနီရောင် တစ်ခုက အပြာရောင်။ ဖရာလီတာက လက်ဖဝါးတစ်ဖက်စီထဲ ကျောက်တုံးလေးတွေထည့်လိုက်ပြီး မက်ဒါနာရှေ့ ပိတ်ရပ်လိုက်တယ်။
အဲဒီနောက်တော့ Matrixကားထဲက မော်ဖီးယပ်လေသံနဲ့...
"ဟေး... မင်းအပြာရောင်ကျောက်တုံးကိုရွေးမယ်ဆိုရင် ရေစွမ်းအားကို ရလိမ့်မယ်။ အနီရောင်ကိုရွေးမယ်ဆိုရင်တော့ မီးစွမ်းအားကို ရလိမ့်မယ်။"
မက်ဒါနာလေးကတော့ ဖရာလီတာရဲ့လုပ်ရပ်ကြောင့် မျက်ခုံးပင့်လိုက်မိတယ်။ ဒီကလေးမက သူ့လိုပဲ ရုပ်ရှင်ဂျပိုးအကြီးစားမှန်း မသိခဲ့ဘူး။ ဒါပေမဲ့ တကယ်က မက်ဒါနာတစ်ယောက် ထောက်ချောက်ကြီးထဲ ကျဆင်းနေတာ။
ဖရာလီတာရဲ့ညစ်ကျယ်ကျယ်အပြုံးနောက်မှာတော့ ဒီအတွေးတွေကို ဖုံးကွယ်ထားလေရဲ့။ "ဟားဟား... ဘယ်ပြေးမလဲ မက်ဒါနာရေ၊ နင်က ရုပ်ရှင်ဂျပိုးမှန်းသိလို့ ငါ့ဘဏ္ဍာစိုးကြီးကို Netflixက သိပ္ပံကားတွေ အကုန်ဝယ်ဒေါင်းခိုင်းထားတာ။ တစ်ပတ်လုံးလုံး အိပ်ရေးပျက်ခံပြီး Imdbခေါက် နင်ကြိုက်လောက်မယ့်ကားတွေ ကြည့်ထားတာ ဒီအခိုက်အတန့်လေးအတွက်ပဲ။'
ဒါပေမဲ့ အထင်နဲ့အမြင်ကတော့ တခြားစီပါ မက်ဒါနာက နည်းနည်းလေးမှ အံ့ဩသွားပုံမပေါ်ဘူး။ ပြီးတော့ ဆိုဖီယာဖြစ်နေတဲ့ ရှားပိုင်ဝေက ကျောက်တုံးလေးနှစ်တုံးကိုကြည့်ပြီး အထင်သေးတဲ့လေသံမျိုးနဲ့ ပြောလိုက်လေရဲ့။
"နင်ဂူထဲကနေ ဘက်လာတာမဟုတ်လား၊ တကယ်တော့ အဲဒီဂူထဲက သလင်းကျောက်တွေအကုန်လုံးက သက်တမ်းနုတွေ။ ဂူခန်းမကြီးထဲကဟာတွေတောင် သုံးလိုက်ရင် E rank တို့ဘာတို့ပဲ ဖြစ်စေမှာ။ မဟုတ်ရင် ဆုဗာနာကစစ်သားတွေအကုန်လုံး စွမ်းအားကြီးမြူတန့်တွေ ဖြစ်နေမှာပေါ့။" ဆိုဖီယာပြောလို့ပြီးရုံရှိသေးတယ်၊ သလင်းကျောက်တွေနဲ့ပတ်သက်ပြီး ဖရာလီတာထက် ပိုအတွေ့ကြုံရင့်ကျက်နေပြီဖြစ်တဲ့ ဖရက်ကလည်း ပြောလိုက်တယ်။
"အင်း၊ ငါ ကနေဒါကဂူထဲမှာလည်း အဲဒီလိုထပ်ဖြစ်လာတဲ့ သလင်းတွေတွေ့ဖူးပေမဲ့ အကုန်လုံးက သုံးမရတဲ့ သက်တမ်းနုတွေချည်းပဲ။ ဘာပဲပြောပြော စွမ်းအင်သလင်းကျောက်တွေက နှစ်ရာထောင်ချီပြီးမှ စွမ်းအားကြီးလာကြမှာလေ။ သက်တမ်းရင့်တွေကို ပုရွက်ဆိတ်တွေက စားပစ်ပြီးလောက်ပြီ။"
"အား... ငါမယုံနိုင်ဘူး.... အဲဒီလိုဖြစ်စရာလား... ငါက မက်ဒါနာကို ကြွားဖို့ကြိုးစားထားတာလေ။" ဖရာလီတာလေးတစ်ယောက် သူ့ကြွားကွက်တွေ ပျက်စီးသွားတဲ့အတွက် ခေါင်းက ဆံပင်တွေကို ဆုပ်ကိုင်ထားရင်း ကောင်းကင်ကြီးကိုမော့ကြည့်ကာ အော်ဟစ်လိုက်တယ်။
တခြားပြိုင်ဖက်တွေရှေ့မှာ ကြွားလုံးထုတ်တာ ကျရှုံးသွားတာလောက် နှလုံးသွေးယိုစီးစရာကိစ္စ မရှိဘူးလေ။
သူတို့လမ်းလျှောက်ပြန်လာကြရင်း ရုတ်တရက် ဆိုဖီယာက သူ့ခြေလှမ်းတွေကို ရပ်လိုက်တယ်။ သူ့မျက်လုံးတွေကလည်း ချက်ချင်းပြူးကျယ်သွားလေရဲ့။
မက်ဒါနာလည်း တစ်ခုခုမူမမှန်တာကို သတိထားမိသွားပြီး မေးလိုက်တယ်။ "ဆိုဖီယာ... တစ်ခုခုဖြစ်လို့လား။"
အလောသုံးဆယ်နိုင်နေတဲ့ ဆိုဖီယာက မက်ဒါနာဖက်ကို လှည့်လိုက်ပြီး ရုတ်တရက် မက်ဒါနာရဲ့နှုတ်ခမ်းလေးကို ကောက်နမ်းလိုက်တယ်။ ဘေးက ရပ်ကြည့်နေတဲ့ ဖရာလီတာရဲ့မျက်နှာကတော့ ပန်းသီးမှည့်လေးတစ်လုံးလို နီရဲနေပြီ။
ဒီဟာမကြီး သူ့ရှေ့မှာတင် မက်ဒါနာကိုနမ်းတာ နည်းနည်းတော့မလွန်ဘူးလား။ ခုဏက တစ်ခုခုဖြစ်သွားတဲ့ပုံစံက မက်ဒါနာကို အငိုက်ဖမ်းဖို့ လုပ်တာများလား။ ဒါပေမဲ့ အဲဒီလိုမဟုတ်မှန်း သူတို့နောက်မှ သိလိုက်ရတယ်။ ဆိုဖီယာက ဖက်ဒါနာကိုနမ်းပြီးတဲ့နောက် ကြောင်နေတဲ့ ဆံဖြူမလေးကို နှုတ်ဆက်စကား ပြောလိုက်တယ်။
"ဖက်ဒရေးရှင်းစစ်ဌာနချုပ်က အရေးကြီးအစည်းအဝေးလုပ်စရာရှိတယ်ဆိုပြီး ငါ့ကိုဆက်သွယ်လာတယ်။ လူကိုယ်တိုင်သွားမှဖြစ်မှမလို့ ဒီဂြိုဟ်ကနေ ငါထွက်သွားရမယ်။ ငါမရှိတုန်း ဂရုစိုက်နေဦး..."
ဆိုဖီယာရဲ့ခန္ဓာကိုယ်က ရုတ်တရက် လေထဲကို မြောက်တက်လာတယ်။ မက်ဒါနာကတော့ နားမလည်နိုင်တဲ့အတွက် ထပ်မေးလိုက်တယ်။
"ရုတ်တရက်ကြီး ဘာလို့ထွက်သွားမှာလဲ..."
"ဌာနာချုပ်ပြောတာတော့ ငါတို့ရဲ့အရေးကြီးစခန်းတစ်ခုကို အင်ပါယာဖက်က ဖျက်ဆီးပစ်လိုက်ပြီတဲ့။ အင်ပါယာရဲ့ဘုရင်မအသစ်နဲ့ ပတ်သက်လိမ့်မယ်။ မက်ဒါနာ၊ ငါပြန်ရောက်မလာရင်လည်း နင့်ဂြိုဟ်ကို ကာကွယ်ဖို့အတွက် ပြင်ဆင်ဖို့သင့်ပြီလို့ ငါထင်တယ်။ ငါသွားတော့မယ်။"
အဲဲဒီနောက်တော့ ဆိုဖီယာက ဘာမှဆက်မပြောတော့ဘဲ အဝေးကို ပျံသန်းထွက်ခွာသွားတော့တယ်။ အမြဲလိုလို အတူရှိနေခဲ့တဲ့သူတစ်ယောက် ရုတ်တရက်ကြီး
နှုတ်ဆက်ထွက်ခွာသွားတဲ့အတွက် မက်ဒါနာတစ်ယောက် နားမလည်နိုင်တဲ့ ပူဆွေးမှုကို ခံစားနေရတယ်။ ပြီးတော့ ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုလည်း ရှိနေသေးတယ်။
နောက်ကနေ နားမလည်နိုင်စွာနဲ့ ကြည့်နေတဲ့ ဖရာလီတာက မက်ဒါနာကို မေးလိုက်တယ်။
"ဘာ... ငါတို့ဂြိုဟ်ကိုငါတို့ ကာကွယ်ဖို့အစီအစဥ်ဆွဲရမယ်... ငါတို့ကို ဂြိုဟ်သားတွေ လာတိုက်တော့မှာလား။"
ဖရာလီတာရဲ့အမေးကိုကြားတော့ မက်ဒါနာလည်း ခေါင်းညိတ်ပြလိုက်ပါတယ်။ ဆိုဖီယာပြောပြထားပြီးသားမလို့ အာကာသထဲမှာ သူတို့ပဲရှိနေတာမဟုတ်ဘဲ အင်မတန်အန္တရာယ်များတဲ အန္တရာယ်ကြီးတစ်ခုက စောင့်ကြိုနေမှန်း သိနားလည်ထားပြီးသားပါ။
"ဟုတ််တယ်... အာကာသထဲမှာ တစ်ခုခုဖြစ်နေပြီထင်တယ်။"
Volume 2 ပြီးပါပြီ။