← Chapters

တိုကျိုလူသတ်ပွဲ

Vol. 3 Ch. 2

တိုကျိုလူသတ်ပွဲ

Vol. 3 Ch. 2

မက်ဒါနာနဲ့ဖရာလီတာဟာ သူတို့ရဲ့လက်အိတ်ဝတ်မထားတဲ့ လက်တွေကို အချင်းချင်းတွဲထားကြရင်း လူမကွဲအောင် လုပ်လိုက်ကြတယ်။ ဒါကြောင့် ဒီနေရာသာ မြူတန့်နယ်မြေထဲမှာမဟုတ်ရင် ပုံမှန်ပန်းခြံထဲမှာ အတွဲနှစ်ယောက် လက်ချင်းတွဲထားသလိုမျိုး လူတိုင်းထင်မိမှာ အမှန်ပဲ။

ရန်သူတွေကတော့ သူတို့ကို စပြီးတိုက်ခိုက်နေပါပြီ။ ရှီနိုဘီတွေလို ဝတ်ဆင်ထားကြတဲ့ ရန်သူတွေကို မက်ဒါနာတို့က လက်ချင်းတွဲပြီး ရင်ဆိုင်နေရတယ်။ ဖရာလီတာက ပထမဆုံးပြေးဝင်လာတဲ့တစ်ယောက်ကို စက်လက်အိတ်ဝတ်ထားတဲ့ လက်သီးနဲ့ရင်ဝကို ထိုးလိုက်တယ်။

မက်ဒါနာကတော့ နောက်ထပ်ပြေးတက်လာတဲ့ နှစ်ယောက်ကို လေဆာသေနတ်နဲ့ ပစ်ပေးလိုက်တယ်။ ရှီနိုဘီနှစ်ယောက်ရဲ့ရင်ဘတ်ကို အဖြူရောင်လေဆာအလင်းက ဖောက်ထွက်သွားပြီး မြူနှုတ်တွေက မြူတွေနဲ့အတူ လေထုထဲမှာမျောလွင့်ကုန်ပါတယ်။

"ဟားဟားဟား...."

ရုတ်တရက် ယာကူဇာတစ်ယောက်က ရယ်မောရင်း သူတို့အနားကိုရောက်လာတယ်။ အဲဒီယာကူဇာရဲ့လက်တစ်ဖက်က ကြွက်သားတွေနဲ့ သဘာဝမကျစွာ ဖောင်းကားနေပြီးတော့ ဖရာလီတာရဲ့ခေါင်းကိုထုချလိုက်တယ်။ ဖရာလီတာဟာလည်း လျင်မြန်စွာနဲ့ စက်လက်အိတ်နဲ့ ခံဆောင်လိုက်ပြီး အတွဲညီစွာနဲ့ မက်ဒါနာက အဲဒီယာကူဇာရဲ့အရှိုက်နေရာကို ထိုးထည့်လိုက်တယ်။

မက်ဒါနာနဲ့ဖရာလီတာရဲ့လှုပ်ရှားပုံတွေဟာ ပုံမှန်တိုက်ပွဲဝင်နေတာနဲ့မတူဘဲ ဘိုလီယိုစုံတွဲအကကနေတဲ့ မိန်းကလေးနှစ်ယောက်လိုထင်ရပါတယ်။ တစ်ယောက်က ရှေ့ကိုပြေးသွားလိုက်၊ တစ်ယောက်က ရှေ့ကိုပြေးလိုက်။ တစ်ခါတရံမှာ တစ်ယောက်နဲ့တစ်ယောက် ပြေးဆုံပြီး ခေါင်းပေါ်ကိုလက်မြှောက်ကျော်ကာ နေရာချင်းလည်း ချိန်းတတ်ကြသေးတယ်။

တစ်ခါတလေမှာတော့ တစ်ယောက်ဆီကိုတစ်ယောက်ပြေးရင်း အဖော်ဖြစ်သူရဲ့နောက်မှာရောက်နေတဲ့ ရန်သူ့ရင်ဝကိုလည်း ကန်တတ်ကြသေးတယ်။

တကယ်လို့ စုံတွဲအကတေးသီချင်းသာ ဖွင့်ပေးထားမယ်ဆိုရင် ဒီအခိုက်အတန့်လေးက ပြီးပြည့်စုံနေမှာ။

ရုတ်တရက် ဖရာလီတာက မနေနိုင်တော့ဘဲ ပြောလိုက်တယ်။ "နေပါဦး၊ ဒီယာကူဇာကောင်တွေထဲမှာ မြူတန့်တွေက မများလွန်းဘူးလား။ ဂျပန်မှာ ဘယ်တုန်းက ဒီလောက်မြူတန့်တွေ များသွားရတာလဲ။"

သူတို့နဲ့ချနေတဲ့ ယာကူဇာဆယ်ယောက်မှာ ကိုးယောက်လောက်က မြူတန့်စွမ်းအားတွေကို ထုတ်ဖော်ခဲ့ပါတယ်။ ပြီးတော့ အားလုံးက C rank မှာရှိကြတယ်။ တကယ်လို့ သူတို့ရဲ့တိုက်ပွဲအတွေ့အကြုံသာ တိုးတက်မလာခဲ့ရင် ဒီမြူတန့်လှိုင်းကြီးအောက်မှာ မြုပ်သွားနိုင်ပါတယ်။

"သူတို့အစွမ်းသုံးတဲ့ပုံစံက ချောမွေ့မနေဘူး။ ဒီတော့ သူတို့စွမ်းအားရတာ မကြာသေးဘူးလို့ သဘောရတယ်။" မက်ဒါနာက ဖရာလီတာလေးရဲ့လက်ကိုကိုင်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။

ဖရာလီတာလေးကလည်း ကိုယ်ကိုနှစ်ပတ်လောက် လည်အောင်လှည့်လိုက်ပြီး မက်ဒါနာရဲ့ရင်ခွင်ထဲ ဝင်လိုက်တယ်။

"နင်ဆိုလိုချင်တဲ့သဘောက..."

ဒါပေမဲ့ မက်ဒါနာရဲ့စက်လက်အိတ်ဝတ်ထားတဲ့ လက်ကတော့ နောက်ကအလစ်ချောင်းတိုက်ဖို့ချောင်းနေတဲ့ ယာကူဇာကောင်ရဲ့ခေါင်းကို ခပ်ကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်တဲ့အတွက် ယာကူဇာခင်ဗျ ကြောက်ကြောက်နဲ့အကျယ်ကြီးအော်ဟစ်နေလေရဲ့။

"အား...."

"တိတ်တိတ်နေ... ငါတို့က ဟီးရိုးတွေ၊ အလကားနေလူမသတ်ဘူး။ မေ့အောင်ပဲလုပ်မှာ။" ပြောပြောဆိုဆိုနဲ့ မက်ဒါနာက လက်အိတ်ဝတ်ထားတဲ့လက်က ဇက်ပိုးကို ဖြတ်ရိုက်လိုက်တော့ အဲဒီငနှဲမေ့သွားတယ်။ နောက်တော့ မက်ဒါနာက ဆက်ပြောလိုက်တယ်။

"သူတို့မြူတန့်သိပ္ပံနဲ့ပေါင်းထားလို့ မြူတန့်ဖြစ်စေတဲ့ဆေးတွေ ရလာတာနေမှာ။"

ဒါပေမဲ့ ဖရာလီတာလေးကတော့ မက်ဒါနာကိုနောက်ကနေ ပုဆိန်ပြောင်းထားတဲ့လက်နဲ့ ခုတ်ဖို့လုပ်နေတဲ့ ယာကူဇာရဲ့ဂွကြားကို လက်အိတ်ဝတ်ထားတဲ့လက်နဲ့ ဓားသဏ္ဍာန်လက်သီးဟန်ပြောင်းပြီး ထိုးလိုက်တယ်။

ယာကူဇာကောင်ကတော့ နာကျင်လွန်းလို့ မျက်ရည်တွေတောင်ကျနေပြီ။ ဒါပေမဲ့ သူ့မျက်ရည်တစ်စက် မြေပေါ်မကျခင်မှာပဲ လက်အိတ်လေဆာတွေက ပွင့်လာပြီး သူ့ညီငယ်လေးကို ဖောက်ခွဲပစ်လိုက်တယ်။

ဘုန်း....။

"ဒါပေမဲ့ ငါကတော့ ဟီးရိုးမဟုတ်ဘူးလေ။"

အဲဒီအပြုအမူကြောင့် မက်ဒါနာရဲ့မျက်နှာက တောင့်တောင့်ကြီးဖြစ်သွားတယ်။ ညီမလေး၊ ဒါက နည်းနည်းမလွန်ဘူးလား။

"ဒါဖြင့်လည်း နည်းနည်းပိုနူးညံ့တဲ့ ဝစ်ဇ်အက ပြောင်းကရအောင်။"

"သဘောအတိုင်းပါပဲ၊ မင်းသမီးလေး။" မက်ဒါနာရဲ့စကားကို ဖရာလီတာက ပြုံးပြီးတော့ ပြန်တုံ့ပြန်လိုက်တယ်။ အဲဒီနောက် မင်းသားလေးတစ်ပါးလိုမျိုး သူ့လက်ကိုဖြန့်လိုက်ပြီး မက်ဒါနာလက်အကမ်းကိုစောင့်တယ်။ မက်ဒါနာက သူ့လက်ကို ကမ်းပေးလိုက်တော့ ဖရာလီတာက ဦးဆောင်ပြီးတော့ နူးနူးညံ့ညံ့လေး ပြန်စကကြတယ်။

ဒါပေမဲ့ သူတို့ခြေလှမ်းလိုက်တိုင်းမှာ သေပန်းတွေပွင့်ပြီး သွေးချောင်းစီးကုန်တယ်။ မက်ဒါနာကိုယ်တိုင်ကတော့ လူမသတ်ပေမဲ့ ဖရာလီတာကတော့ သူတို့ရဲ့ရင်ခုန်ဖွယ်တစ်နေ့တာကို ဖျက်ဆီးပစ်တဲ့ငနှဲတွေအပေါ် ခွင့်လွှတ်ချင်စိတ် နည်းနည်းလေးတောင် ရှိတဲ့ပုံမပေါ်ဘူး။

"ဒီနယ်မြေနဲ့ပတ်သက်ပြီးတော့ တစ်ယောက်ယောက်ကို စဥ်းစားမိတာရှိလား။" မက်ဒါနာက မေးလိုက်ပါပြီ။ မက်ဒါနာက မြူတန့်သိပ္ပံအဖွဲ့နဲ့ပတ်သက်ရင် သိပ်အများကြီးမသိပါဘူး။ ပြီးတော့ ဒီနေရာက သူ့နယ်မြေမဟုတ်တဲ့အတွက်ကြောင့် နယ်ခံဗီလိန်တွေကိုလည်း မသိနိုင်ပါဘူး။

ဆန့်ကျင်ဖက်အနေနဲ့တော့ ဖရာလီတာရဲ့အမိန့်တော်အဖွဲဲ့က ဒီလိုကိစ္စမျိုးတွေမှာ ကျွမ်းကျင်ပါတယ်။

"မြူတန့်သိပ္ပံမှာ မြူလို့ခေါ်တဲ့ အဖိုးကြီးတစ်ယောက်ရှိတယ်။ သူ့အစွမ်းက ဒိုင်မေးရှင်းတွေကိုတောင် သက်ရောက်ပြီးပုံတူပွားနိုင်တယ်။ ကမ္ဘာပေါ်က သက်ရှိတွေနဲ့တူပေမဲ့ ပိုပြီးကြမ်းတမ်းတဲ့ မွန်းစတားတွေကိုလည်း မွေးထုတ်နိုင်တယ်။ သူကိုယ်တိုင်က တိုက်ခိုက်နိုင်စွမ်းမရှိပေမဲ့ သူ့စွမ်းအားက S rank ပဲ။" ဖရာလီတာရဲ့စကားကြောင့် မက်ဒါနာလည်း မျက်ခုံးပင့်လိုက်မိတယ်။

"ဝိုး... သူတို့အဖွဲ့ထဲမှာ ငါမသိသေးတဲ့လူတွေရှိသေးတာလား။"

"ဒီလိုမှမဟုတ်ရင် နှစ်ငါးဆယ်လုံးလုံး သူတို့တွေ ဟီးရိုးအဖွဲ့က ရှင်းထုတ်တာမခံရဘဲ ဘယ်လိုလုပ်ရပ်တည်နိုင်မှာလဲ။"

ဒါလည်း သဘာဝကျတယ်။ မြူတန့်သိပ္ပံအဖွဲ့ကြီးက ကမ္ဘာ့ဟီးရိုးအစည်းအရုံး စတင်မတည်ထောင်ခင်ကတည်းက တည်ရှိခဲ့တဲ့ ထိပ်သီးအဖွဲ့ဖြစ်ပြီးတော့ နိုင်ငံပေါင်းများစွာကို အရိပ်လိုလွှမ်းမိုးထားနိုင်ခဲ့တယ်မဟုတ်လား။

သူတို့တွေးတောနေတဲ့အချိန်မှာပဲ ရင်းနှီးနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဒေါသတကြီးအော်သံကို သူတို့ကြားလိုက်ရတယ်။

"SilverKnight... နင်တော့သေပြီသာမှတ်...."

အသံကြားရာကို ကြည့်လိုက်တော့ ဧရာမကျောက်တုံးမွန်းစတားကြီးတစ်ကောင်က သူတို့ဆီကို ပြေးလာနေတယ်။ မွန်းစတားကြီးက အနည်းဆုံးနှစ်မီတာကျော် သုံးမီတာလောက်မြင့်ပေမဲ့ ပေါ့ပါးစွာလှုပ်ရှားနေပြီး ကျောက်လက်သီးကြီးနဲ့ မက်ဒါနာတို့နှစ်ယောက်ကို ထုချလိုက်တယ်။

"လူစုခွဲ..." ဖရာလီတာက ပြောပြီးပြီးချင်းမှာပဲ သူတို့နှစ်ယောက်က မြေပြင်ကိုခြေစုံကန်ပြီး ဆန့်ကျင်ဖက်အရပ်ကို ခုန်ရှောင်လိုက်ကြတယ်။ အခုမက်ဒါနာနဲ့ ဖရာလီတာက ကျောက်ဘီလူးကြီးရဲ့ဘယ်တစ်ဖက် ညာတစ်ဖက်မှာ ရောက်နေပါပြီ။

"အာအိုရီလား... အရင်တစ်ခေါက် ငါသူ့ကိုတွေ့တုန်းက ဒီလောက်အစွမ်းမထက်ပါဘူး။" ကျောက်တုံးဘီလူးကြီးရဲ့မျက်နှာနေရာမှာ ပေါ်နေသေးတဲ့ အာအိုရီရဲ့မျက်နှာကိုမြင်တော့ မက်ဒါနာချက်ချင်းမှတ်မိသွားတယ်။

ဒီတစ်ယောက်က အိုက်ဇာဝါရဲ့ကိုယ်ရေးအရာရှိပါ။ ဒါပေမဲ့ B rankမှာပဲရှိတယ်လို့ သူသိထားခဲ့တာဖြစ်ပြီး အခုသူထုတ်သုံးနေတဲ့စွမ်းအားက A rank အထက်အဆင့်မှာပါ။

"နောက်တစ်ခါ မြူတန့်သိပ္ပံပဲလား။" ဒီလိုလုပ်နိုင်တာက တစ်ဖွဲ့ပဲရှိတဲ့အတွက် ကျိန်ဆဲဖို့လူရှာစရာ ထူးထူးခြားခြား စဥ်းစားနေဖို့မလိုဘူး။

"SilverKnight... နင်က ငါ့သခင်လေးကို သတ်ခဲ့တယ်... သခင်လေးအတွက် ပြန်လက်စားချေရမယ်။"

အာအိုရီပြောတဲ့ကိစ္စကို မက်ဒါနာလုံးဝမသိရိုးအမှန်ပါ။ ဒါပေမဲ့ ကျောက်လက်သီးကြီးက သူ့အပေါ်မိုးကျလာတဲ့အတွက် နောက်တစ်ခါခုန်ရှောင်နေရပြီး ပြန်ချေပဖို့ အချိန်မရှိဘူး။ ပြီးတော့ အာအိုရီက ဖရာလီတာကို လုံးဝလစ်လျူရှုထားပြီး မက်ဒါနာကိုသာ တိုက်ခိုက်နေတဲ့အတွက် သူတို့လူစုကွဲမလိုဖြစ်နေပြီ။

ပြောရရင် အစောပိုင်းမှာကတည်းက သူတို့တွေဟာ ဝေးဝေးလျှောက်သွားမိတဲ့ ကိုင်းတိုတို့နဲ့ လမ်းကွဲသွားပြီးပါပြီ။ ဒါကြောင့် ဒီတစ်ခါတော့ ဖရာလီတာက မက်ဒါနာနဲ့လူကွဲမသွားအောင် မက်ဒါနာရှေ့မှာဝင်ရပ်လိုက်ပြီး အာအိုရီရဲ့လက်သီးချက်ကို လက်အိတ်နဲ့ဝင်ကာလိုက်တယ်။

"အား...."

ပေါင်သုံးရာနီးပါးလေးတဲ့ ကျောက်သီးကြောင့် ဖရာလီတာ ရင်ဘတ်ထဲမွန်းကျပ်သွားတယ်။ လက်အိတ်က ဒီအားကိုတောင့်မခံနိုင်တဲ့အတွက် အတွင်းက Void Streamတွေ ပေါက်ပြဲထွက်နေပါပြီ။

"ဖယ်စမ်း... ငါမဆိုင်တဲ့လူတွေကို မသတ်ချင်ဘူး။" ရဲရဲနီနေတဲ့သွေးကြောတွေ နဖူးမှာထောင်ထနေတဲ့ အာအိုရီက ဖရာလီတာကို ပြောလိုက်တယ်။ ခဏ အနားရသွားတဲ့ မက်ဒါနာကတော့ အာအိုရီကို ပြောလိုက်တယ်။

"ခဏနေဦး... ငါအိုက်ဇာဝါကို မသတ်ခဲ့ဘူး... သူက မြူတန့်သိပ္ပံရဲ့ဆေးကြောင့် မြို့ထဲမှာပြဿနာဖြစ်နေတုန်း မတော်တဆသေသွားတာပဲ။ ငါလည်းဘာဖြစ်ခဲ့မှန်း သေချာမသိဘူး။" မက်ဒါနာဟာ မြူတန့်သိပ္ပံအဖွဲ့က ဗီလိန်တချို့ကို သတ်ခဲ့ဖူးပေမဲ့ အလကားနေရင်း ဗီလိန်ဆိုတိုင်းသတ်နေတဲ့ ဟီးရိုးတွေထဲမှာ မပါဘူး။

မက်ဒါနာက အမှန်အတိုင်းပြောလိုက်ပေမဲ့ အာအိုရီကတော့ နည်းနည်းလေးမှမယုံပါဘူး။ သူက အကျယ်ကြီးအော်ဟစ်ရင်း နောက်လက်သီးကို မြှောက်လိုက်တယ်။

"နင်မသတ်လို့ ဘယ်သူသတ်မှာလဲ... သခင်လေးကို သတ်နိုင်တဲ့မြူတန့်နဲ့ သတ်ချင်နေတဲ့မြူတန့်ဆိုလို့ နယူးယောက်မှာ နင်ပဲရှိတယ်။"

"ငါဘယ်တုန်းကမှ အိုက်ဇာဝါကို မသတ်ချင်ခဲ့ဘူး..."

အိုက်ဇာဝါဟာ ဗီလိန်စစ်စစ်တစ်ယောက်လို့ မက်ဒါနာဘယ်တုန်းကမှ မယူဆခဲ့ဘူး။ သူ့မှာ သူချစ်တဲ့ မိန်းကလေးအတွက် စတေးပေးလိုစိတ် ရှိခဲ့တယ်။

မိန်းကလေးတစ်ယောက်ကို အနှစ်သက်ဆုံး အသုံးချခံ ပစ္စည်းတစ်ခုအဖြစ်မြင်နေတဲ့ Mad doctorနဲ့တော့ လွန်စွာကွဲပြားတဲ့ အချက်တစ်ခုပါ။ အိုက်ဇာဝါ လူဆိုးတစ်ယောက်ဖြစ်နေရတဲ့ အကြောင်းအရင်းက ယာမာဂုချီတွေရဲ့ကြောင်သူတော် လမ်းစဥ်ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မက်ဒါနာမှာ အိုက်ဇာဝါကို သတ်ပစ်ချင်စိတ် နည်းနည်းလေးမှမရှိခဲ့ဘူး။ သူက ဥပဒေအတိုင်းသာ လုပ်ဆောင်ချင်ခဲ့တာပါ။

ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ဖရာလီတာက ရှေ့ထွက်လာပြီး ဝန်ခံလိုက်တယ်။

"SilverKnightက ဘယ်တုန်းကမှ နင့်သခင်လေးကို မသတ်ခဲ့ဘူး။"

"ဖရာလီတာ... ရှေ့တက်မသွားနဲ့ အန္တရာယ်ရှိတယ်။" မက်ဒါနာက အော်ဟစ်သတိပေးလိုက်ပေမဲ့ ဖရာလီတာကတော့ ကျောက်ဘီလူးကြီးရှေ့မှာ ပိတ်ရပ်နေတယ်။ အာအိုရီရဲ့မျက်နှာပေါ်မှာတော့ စိတ်ရှုပ်ထွေးမှုအပြည့်နဲ့ ဖြစ်နေပြီးတော့ လက်သီးကိုဒီအတိုင်းဆုပ်ထားကာ သူတို့အပေါ်ထိုးမချသေးဘူး။

"ဘာပြောတယ်...."

"အိုက်ဇာဝါကို သတ်ချင်ခဲ့တာက ငါပဲ။ ငါက ဥပဒေနဲ့ ဗီလိန်တွေကိုအပြစ်ပေးတာ အသုံးမဝင်ဘူးလို့မြင်တဲ့ အမ်တီဟီးရိုးတစ်ယောက်ပဲ။"

"ဖရာလီတာ... နင်ဘာတွေပြောနေတာလဲ..." မက်ဒါနာလည်း ဒီစကားတွေကို နားမလည်နိုင်သေးပါဘူး။ ဖရာလီတာက အမ်တီဟီးရိုးတစ်ယောက်မှန်းသိပေမဲ့ အိုက်ဇာဝါကို သတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မက်ဒါနာဟာ ဘယ်လိုမှဆက်စပ်လို့မရခဲ့ဘူး။

ဖရာလီတာကတော့ ဆက်ပြောနေတုန်းပဲ။ "SilverKnightက အိုက်ဇာဝါကို တရားစွဲခဲ့တဲ့ကိစ္စကို မှတ်မိသေးတယ်မဟုတ်လား။ နင်တို့သာ လေဒီဘတ်တာဖလိုင်းကို ပြန်ပေးမဆွဲခဲ့ရင် သူနင်တို့ဆီကို ရောက်လာမှာမဟုတ်ဘူး။ ငါက အိုက်ဇာဝါကိုသတ်ဖို့ အယ်လိုဟင်ကို အမိန့်ပေးခဲ့တာ။ အယ်လိုဟင်က အိုက်ဇာဝါကို သတ်နိုင်စွမ်းရှိပြီး သတ်လည်းသတ်ချင်နေတဲ့ မြူတန့်တစ်ယောက်ပဲ။"

ဒီစကားတွေကြောင့် အာအိုရီရဲ့မျက်လုံးတွေက ဒေါသကြောင့် ပြူးကျယ်လာတယ်။ သူလည်း အယ်လိုဟင်ကိုသိတယ်။ အယ်လိုဟင်ဟာ အဲဒီအချိန်မတိုင်ခင်ကတည်းက အိုက်ဇာဝါကို လုပ်ကြံဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့တာ။

"ဒီတော့... နင်က တရားခံပေါ့၊ သေစမ်း။"

အာအိုရီရဲ့လက်သီးက ဖရာလီတာပေါ်ကို ကျဆင်းလာတယ်။ ဒါပေမဲ့ ဖရာလီတာရဲ့ခြေထောက်တွေက အေးခဲနေသလိုမျိုး ရှောင်ဖို့မလှုပ်ရှားဘဲ ဒီအတိုင်းပဲ ကြည့်နေပါတယ်။

ဒါကြောင့် မက်ဒါနာက ဝင်လှုပ်ရှားလိုက်တယ်။ ဖရာလီတာရဲ့ခန္ဓာကိုယ်လေးကို တွန်းဖယ်ပြီး သူ့အပေါ်ကို ကျဆင်းလာတဲ့ ကျောက်လက်သီးကြီးကို ပင့်ကာလိုက်တယ်။

ဘုန်း....။

သေလုအောင်ပြင်းထန်တဲ့ နာကျင်မှုအချက်ပြက သူ့ဦးနောက်ထဲ ဝင်ရောက်လာတယ်။ အရိုးတွေဟာလည်း ဖန်ကွဲစလိုမျိုး ကျိုးကြေကုန်တယ်။

ဟုတ်တယ်၊ ဇက်သတ္တုနဲ့လုပ်ထားတဲ့ နည်းပညာလက်အိတ်က အားအပြည့်နဲ့တိုက်ခိုက်လိုက်တဲ့ အာအိုရီရဲ့လက်သီးချက်ကို မခုခံနိုင်ခဲ့ဘူး။

အဆုံးသတ်တော့ ဒါတွေဟာ အရံအဖြစ်သုံးတဲ့ အထောက်အကူပစ္စည်းတွေပဲလေ။

မက်ဒါနာရဲ့ဘယ်ဖက်လက်မောင်းက ခရမ်းရောင်သန်းနေပြီး ပေါက်ပြဲသွားတဲ့အရေပြားတွေကနေ သွေးတွေစီးကျနေတယ်။ အရိုးအများစုက ပျက်စီးနေပြီဖြစ်လို့ လက်ဟာရာဘာစကြီးလို တွဲလောင်းကျနေတယ်။

"မက်ဒါနာ... နင်ဘာလို့..." ဖရာလီတာကတော့ သူ့ရင်ခွင်ထဲမှာ။

"ဘာလို့မရှောင်ရတာလဲ အရူးမရဲ့၊ ငါ့ထက်တောင် အတွေ့အကြုံများတဲ့သူက တိုက်ပွဲမှာသတိလက်လွတ် နေစရာလား။" မက်ဒါနာက ဒေါသနဲ့အော်ဟစ်လိုက်တယ်။ ဒဏ်ရာကြောင့်ဒေါသထွက်နေလို့လားမသိဘူး။ သူ့လေသံက ခါတိုင်းထက် ပိုတင်းမာနေတယ်။

သူ့ခန္ဓာကိုယ်မှာ တိုက်ရိုက်ဒဏ်ရာရတာ ဒါဒုတိယအကြိမ်မှာ။ ပထမအကြိမ်တုန်းက ဆေးရုံမီးလောင်မှုမှာဖြစ်ပြီး သေမလိုဖြစ်သွားခဲ့တယ်။ အခုတစ်ကြိမ်က အဲဒီတုန်းကလောက် မပြင်းထန်ပေမဲ့ သေမလောက်နာကျင်တာကြောင့် သူ့အာရုံတွေက ဝေဝါးပျောက်ကွယ်နေပါပြီ။

နည်းပညာဟီးရိုးတွေအနေနဲ့ သူတို့ဝတ်စုံတွေမပါရင် အာအိုရီကိုနိုင်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

"ငါတို့တွေ ငါတို့ဝတ်စုံတွေရဖို့လိုတယ်၊ မဟုတ်ရင် ဒီမှာပဲ မြုပ်နှံခံရလိမ့်မယ်။ အယ်လိုဟင်တို့က ငါတို့ဆီမလာနိုင်ရင် ငါတို့သူ့ဆီကို သွားရလိမ့်မယ်။"

"တောင်းပန်ပါတယ်... ငါသာ ရုတ်တရက်အရူးမထခဲ့ရင် နင်ဒီလိုဖြစ်မှာမဟုတ်ဘူး... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."

အာအိုရီက သူတို့ကိုဆက်တိုက်ခိုက်နေတုန်းပါပဲ။ ငိုယိုပြီးတောင်းပန်နေတဲ့ မက်ဒါနာကတော့ ဖရာလီတာကို လက်တစ်ဖက်တည်းနဲ့ချီလိုက်ပြီး ဆက်ပြေးနေတယ်။ ဒါပေမဲ့ မြူမှုန်တွေထဲမှာ သူလမ်းမရှာနိုင်ဘူး။ ဒါပေမဲ့ သီအိုရီတစ်ခုတော့ စဥ်းစားမိနေဆဲပါ။

"ငါတို့တွေက ဝင်္ကပါလိုဖြစ်နေတဲ့ မြူမှုန်တွေထဲမှာ လမ်းပျောက်နေပေမဲ့ သူတို့ကျတော့ ဘာလို့ငါတို့ကို ရှာနိုင်တာလဲ။ သူတို့မှာ နည်းလမ်းတစ်ခုခုတော့ ရှိလိမ့်မယ်။" မက်ဒါနာက အဖြေကိုသိရဖို့အတွက် အပြင်းအထန်စဥ်းစားနေချိန်မှာ အာအိုရီကတော့ သူတို့နောက်ကို အပြင်းအထန်လိုက်နေဆဲပါ။

"SilverKnight... နင်သူ့ကိုချထားပြီး ငါ့ကိုသတ်ခွင့်ပေးရင် နင့်ကိုအသက်ချမ်းသာပေမဲ့ဖို့ စဥ်းစားပေးမယ်။"

....

တစ်ဖက်မှာတော့ ကလေးနှစ်ယောက်နဲ့အတူရှိနေတဲ့ အာကိုင်းဂါမီက မြူတွေထဲကထွက်ဖို့အတွက် နည်းလမ်းရှာနေဆဲပါ။

သူ့မှတ်ဉာဏ်တွေက အချိန်နဲ့အမျှ မှေးမှိန်ပျောက်ကွယ်နေပေမဲ့ ဟီးရိုးဖြစ်ခဲ့စဥ်တုန်းက ဗီဇစိတ်တွေကတော့ ကျန်ရှိနေဆဲလို့ ဆိုနိုင်ပါတယ်။ သူတို့တွေလည်း အခုအထိ အဆုံးအစမရှိတဲ့ ဘုရားကျောင်းအခန်းတွေထဲမှာ ပိတ်မိနေဆဲပါ။

"မီရိုင်... မီးထွန်းလိုက်...."

"ဟုတ်..." ကလေးမလေးမီရိုင်က လက်ဖဝါးထဲမှာ တင်းနစ်ဘောလုံးအရွယ် မီးတောက်လေးတစ်ခုကို ထွန်းညှိလိုက်တယ်။ လေ့ကျင့်နေဆဲဆိုပေမဲ့ နေ့တိုင်း ခေါက်ဆွဲပြုတ်ပေးနေရတာကြောင့် မီးတောက်ကို ပစ်မှတ်ချိန်မပစ်ဘဲ လက်ထဲမှာပဲထားမယ်ဆိုရင်တော့ တော်တော်ကြာအောင်သုံးနိုင်နေပါပြီ။

မီးတောက်က ညအမှောင်ဆုံးအချိန်မှာတောင် အများကြီးအလင်းပေးနိုင်ပေမဲ့ မြူတွေထဲမှာတော့ သူတို့သုံးယောက်ပတ်လည်စာ အနည်းငယ်ကိုသာ လင်းစေပါတယ်။

"အား... နတ်ဘုရားအစ်ကို၊ အကုန်ဖျက်ဆီးမပစ်နဲ့လေ။"

အာကိုင်းဂါမီက ရိုးရာစက္ကူနံရံတစ်ချပ်ကို ထိုးဖောက်လိုက်တဲ့အတွက် ဘုရားကျောင်းစောင့်ရှောက်သူဖြစ်တဲ့ ယုဆလေး ထိတ်လန့်ပြီးအော်လိုက်တယ်။ ဒါပေမဲ့ သူတို့မြင်လိုက်ရတဲ့အရာကြောင့် ယုဆလေးလည်း ပါးစပ်ပိတ်သွားတယ်။

အဲဒီပေါက်ပြဲသွားတဲ့ နံရံကနေတစ်ဆင့် သူတို့တွေဟာ ပုံစံတူအခြားတစ်ခန်းကို မြင်နေရပြီးတော့ အဲဒီအခန်းရဲ့အဆုံးမှာ ပေါက်ပြဲနေတဲ့နံရံနဲ့ ကလေးနှစ်ယောက် လူကြီးတစ်ယောက်ရပ်နေတာကို သူတို့လှမ်းမြင်နေရတယ်။

ကလေးမလေးတစ်ယောက်ကတော့ လက်ထဲမှာမီးလုံးလေး ကိုင်ထားတယ်။ သူတို့မြင်နေရတာက သူတို့ကိုယ်တိုင်ဖြစ်တဲ့ ဆောင်ဟိုင်၊ မီရိုင်နဲ့ယုဆတို့ပါ။ အဲဒီအုပ်စုရှေ့က နံရံအပေါက်ကိုကြည့်ရင် နောက်ထပ်ပုံတူအခန်းနဲ့ ပုံတူလူတွေရပ်နေတာတွေ တွေ့ရနိုင်ပြီး အဆုံးမရှိသံသရာလည်နေပါတယ်။

"အနန္တပုံစံတူအခန်းတွေရှိနေတာပဲ၊ အပြိုင်စကြဝဠာသီအိုရီကိုတောင် သတိပြန်ရလာပြီ။" ဆောင်ဟိုင်က ရုတ်တရက် ရေရွတ်လိုက်တယ်။ ကလေးတွေကတော့ အဲဒီလိုအရာတွေကို နားမလည်နိုင်တဲ့အထိ ထုံးစံအတိုင်းပဲ မေးလိုက်ကြတယ်။

"အပြိုင်စကြဝဠာ... အဲဒါကဘာလဲ။"

"အံ့စာတုံးတစ်တုံးနဲ့ စတဲ့ပုံပြင်ပဲ။ မီရိုင်က အံ့စာတုံးခေါက်လိုက်လို့ အခုခြောက်ကျပေမဲ့၊ အဲဲဒီမတိုင်ခင်တုန်းက ခြောက်မဟုတ်ဘဲ သုံးလည်းဖြစ်နေနိုင်တာပဲလေ။ အံ့စာတုံးမှာက ဖြစ်နိုင်ခြေခြောက်ခုရှိတော့ အဖြေခြောက်ခုထွက်နိုင်ခြေရှိတယ်။ အစ်ကိုတို့နေတဲ့ကမ္ဘာမှာ အဖြေခြောက်ထွက်ပေမဲ့ မထွက်တဲ့ကမ္ဘာတွေလည်း ရှိနေဦးမှာပဲလေ။"

"...." ကလေးနှစ်ယောက်က ဆောင်ဟိုင်ပြောတာကို နားမလည်နိုင်တဲ့အတွက် မျက်လုံးလေးတွေပြူးပြီး ကြည့်နေကြတယ်။ ပြီးတော့ အကုန်မေ့နေတတ်တဲ့ဆောင်ဟိုင်က ဒီသီအိုရီကို ဘယ်ကနေဘယ်လို ပြန်သတိရလာတာလဲ။

"ဒါပေမဲ့ ဒီပုံရိပ်တွေက မြူတွေကြောင့်ဖြစ်လာတဲ့ အတုအယောင်သက်သက်ပဲ၊ တကယ့်အပြိုင်ကမ္ဘာတွေမဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တပ်တွေက ဂျာမန်ရေဒါတွေကိုလှည့်စားဖို့အတွက် အလျူမီလျံမြူတွေကို သုံးခဲ့ဖူးတယ်။ လေယာဥ်သုံးစီးထဲကို တပ်မကြီးတစ်ခုလို့ ရန်သူတွေထင်သွားအောင်ပေါ့။"

နောက်ဆုံးမှာတော့ နားမလည်နိုင်တဲ့စကားတွေကို နားထောင်နေရတဲ့ ယုဆလေးက မနေနိုင်တော့ဘဲ ကိုင်းတိုကို ပြောလိုက်တယ်။

"ဟိုလေ... ဘာတွေပြောနေမှန်း နားမလည်ပေမဲ့လို့ အဲဒါတွေကို ဘယ်ကကြားလာတာလဲ။"

"မသိဘူး... ငါမေ့သွားတဲ့ တစ်ယောက်ယောက်ဆီကနေမှာပေါ့။" ကိုင်းတိုရဲ့အဖြေကြောင့် ယုဆတော်တော်စိတ်ပျက်သွားတယ်။

မီရိုင်ကတော့ တခြားအတွေးနဲ့ပါ။ "ဒါဆိုရင် ထွက်ဖို့နည်းလမ်းတွေ့ပြီလား။"

"ဒီမြူတွေက ငါတို့လုပ်နေတဲ့အရာတွေအပေါ်က သီးခြားဖြစ်နိုင်ခြေတွေကိုတွက်ချက်ပြီး အပြိုင်ကမ္ဘာငယ်တွေ တည်ဆောက်နေတာ။ မြူတွေတွက်ချက်နိုင်တာထက်ပိုတဲ့အရာတွေ၊ ဒါမှမဟုတ် သူတွက်ချက်နိုင်တာထက် များတဲ့အရေအတွက်တွေဖြစ်အောင်လုပ်နိုင်ရင် စနစ်တစ်ခုလုံးကို နှောင့်ယှက်ပြီး ဟာကွက်ပေါ်အောင် လုပ်နိုင်လိမ့်မယ်။"

၂။

အယ်လိုဟင်နဲ့ အေမီကတော့ ကျောချင်းကပ်ပြီး ရန်သူတွေကို ရင်ဆိုင်နေပါတယ်။ ဒါပေမဲ့ သူတို့ကိုတိုက်ခိုက်နေတဲ့ ရန်သူတွေက သိပ်ပြီးမများပါဘူး။

သူတို့တွေက ရန်သူတွေရဲ့အဓိကပစ်မှတ်မဟုတ်ဘူးလေ။

အယ်လိုဟင်က မြူထဲကနေ ထွက်လာကစပဲရှိသေးတဲ့ ယာကူဇာနှစ်ယောက်ရဲ့ခေါင်းကို ပစ္စတိုသေနတ်နဲ့ပစ်ခွင်းလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ရှီနိုဘီတစ်ယောက်က သူ့အနားထိကပ်လာနိုင်ပြီး ခေါင်းကိုဓားနဲ့ဖြတ်ဖို့ လုပ်ခဲ့ပေမဲ့ အယ်လိုဟင်ရဲ့စက်ရုပ်လက်က ဓားသွားကိုဆုပ်ကိုင်လိုက်ပြီး တစ်စစီဖျက်ဆီးပစ်လိုက်တယ်။

အဲဒီနောက်တော့ သူ့မျက်လုံးတစ်ဖက်က အပြာရောင်အလင်းတွေနဲ့တောက်ပလာပြီး မျက်လုံးလေဆာက ရှီနိုဘီရဲ့ခန္ဓာကိုယ်ကို တစ်စစီပြာချပစ်လိုက်တယ်။

"ရုတ်တရက်ပေါ်လာတဲ့ ရှီနိုဘီတွေကို ဂရုစိုက်အရူးမရဲ့၊ တစ်နေရာမှလည်း အသုံးမကျဘူး။"

အယ်လိုဟင်က စက္ကန့်အနည်းငယ်အတွင်း ယာကူဇာခြောက်ယောက်လောက်ကို ပစ်သတ်နိုင်ခဲ့ပေမဲ့ အေမီကတော့ တည့်အောင်မပစ်နိုင်ဘဲ ရန်သူတွေကို ခြောက်ပစ်ရုံလောက်ပဲ ပစ်နိုင်ပါတယ်။

"ဘယ်တတ်နိုင်မလဲ၊ ကျွန်မရဲ့ဆင်ဆာတွေမှာ သူတို့ကို နည်းနည်းလေးမှမထောက်လှမ်းမိဘူး၊ မျက်စိနဲ့မြင်သလောက်ပဲ ပစ်နေရတာ။"

ဟုတ်တယ်၊ မြူတွေက သူတို့ရဲ့နည်းပညာတွေကို ပိတ်ပင်ထားတဲ့အတွက်ကြောင့် သူတို့တိုက်ပွဲစွမ်းအားကလည်း အကြီးအကျယ်ကန့်သတ်ခံလိုက်ရတယ်။ ဒါပေမဲ့ အယ်လိုဟင်အတွက်တော့ အဆင်ပြေနေဆဲပါ။

သေခြင်းရှင်ခြင်းနဲ့ အကြိမ်ကြိမ်ကြုံတွေ့ပြီးတဲ့နောက် ဒီဦးလေးကြီးရဲ့အန္တရာယ်ကိုအာရုံခံနိုင်စွမ်းက သာမန်လူသားတွေထက်ကို ကျော်လွန်နေပါပြီ။

"သတိထား..." အယ်လိုဟင်ရဲ့စက်ရုပ်လက်က ရှည်ထွက်လာပြီး အေမီကိုတွန်းဖယ်လိုက်တယ်။ ရှီနိုဘီတစ်ယောက်ပစ်လိုက်တဲ့ လှံတိုတွေက အေမီရှိနေခဲ့တဲ့နေရာကို ဝင်လာတာကြောင့်ပါ။ အယ်လိုဟင်က လှံတိုတွေကို အသာလေးရှောင်လိုက်ပြီးတဲ့နောက် လှံတိုလာရာလမ်းကြောင်းဆီကို သေနတ်နဲ့နှစ်ချက်ဆင့်ပစ်လိုက်တယ်။

နောက်တော့ လူတစ်ယောက်ရဲ့မသဲမကွဲအော်သံ ထွက်ပေါ်လာပြီး လှံတိုတွေဆက်ဝင်မလာတော့ဘူး။

"ကျွန်မတို့ မြူတွေထဲကထွက်ပြီး မမလေးတို့ကို သွားကူပေးမှ ဖြစ်တော့မယ်ထင်တယ်။ ကျွန်မတို့လို တိုက်ခိုက်မှုရဲ့အစွန်အဖျားကလူတွေတောင် သေဘေးနဲ့တွေ့နေတာ။ စစ်ပွဲအလယ်မှာဆိုရင် မစဥ်းစားစရာပဲ။"

ဒါပေမဲ့ အယ်လိုဟင်ကတော့ ဒီလောက်ကြီးမစိုးရိမ်ပါဘူး။ "သိပ်လည်း ပျာယာခတ်မနေနဲ့၊ ဝတ်စုံမပါရင်တောင် သူတို့က ငါတို့ထက်ပိုပြီး ကြောက်ဖို့ကောင်းနေတုန်းပဲ။"

....

တစ်ဖက်မှာတော့ ရန်သူတွေတိုက်ခိုက်တာ လုံးဝမခံရသလောက်နီးပါးဖြစ်နေတဲ့ ဆောင်ဟိုင်တို့အဖွဲ့က ဒိုင်မေးရှင်းအတုတွေကို ဖျက်ဆီးနိုင်ဖို့အတွက် နည်းလမ်းရှာနေပါတယ်။

ဆောင်ဟိုင်က မှန်တစ်ချက်ကို နံရံအပေါက်နား ရွေ့လာပြီး မိရိုင်လေးကို မှန်နဲ့နံရံအပေါက်ကြားမှာ ရပ်ခိုင်းလိုက်တယ်။ အဲဒီနောက် မီးတောက်ကိုပြန်ထုတ်ခိုင်းပါတယ်။

ဒါကြောင့် ပေါ်နေတဲ့ပုံရိပ်တွေက နှစ်ဆတိတိဖြစ်သွားတယ်။

"မင်းတို့ တစ်ခုခုဖြစ်သွားတာ ခံစားမိကြလား။"

ဆောင်ဟိုင်က ပြုံးလိုက်ပြီး ကလေးနှစ်ယောက်ကို မေးလိုက်တယ်။ ဉာဏ်ကောင်းတဲ့ ယုဆလေးကတော့ နံရံအပေါက်တစ်ဖက်က ရုပ်ပုံတွေကို လက်ညိုးညွန်ပြလိုက်ပြီး ပြောလိုက်တယ်။

"ပုံရိပ်အတုတွေနှေးသွားတယ်... ဂိမ်းထဲမှာ Lagဖြစ်နေတဲ့အတိုင်းပဲ။"

"ငါထင်ထားတဲ့အတိုင်းပဲ၊ မြူမှုန်တွေက ထင်ယောင်ထင်မှားဖြစ်စေတဲ့ အရေအတွက်က အကန့်အသတ်တကယ်ရှိနေတာပဲ။"

နောက်တော့ ဆောင်ဟိုင်က ယုဆနဲ့မိရိုင်ကိုကြည့်ပြီးတော့ ပြောလိုက်ပါတယ်။

"အခု ပိုအနှောင့်အယှက်ဖြစ်အောင် လုပ်ကြတာပေါ့။ မိရိုင်က မီးတောက်တွေပိုထုတ်မယ်၊ ယုဆက စက္ကူလေယာဥ်ရုပ်တွေကို လေထဲဝဲနေအောင်ဆက်တိုက်လုပ်။"

သူတို့တွေ မြူမှုန်တွေရဲ့လုပ်ဆောင်ချက်ကို နှောင့်ယှက်တဲ့အနေနဲ့ ခန့်မှန်းလို့မရနိုင်တဲ့ အပြောင်းအလဲများစွာကို ပြုလုပ်ပြီးမိနစ်အနည်းငယ်ကြာတဲ့အချိန်မှာတော့ မြူမှုန်တွေက မခံနိုင်တော့ပါဘူး။

တစ်စုံတစ်ယောက်က ဂျုံမှုန့်တွေကို လေနဲ့မှုတ်လိုက်သလိုမျိုး ဘုရားကျောင်းအတွင်းကနေ ချက်ချင်းလွင့်စင်ကုန်တယ်။ အထပ်ထပ်ဖြစ်နေတဲ့ အခန်းတွေလဲမရှိတော့သလို ကြောင်တောင်တောင်ဖြစ်နေတဲ့ မက်ဒါနာတို့နှစ်ယောက်လည်း သူတို့နားမှာပြန်ပေါ်လာတယ်။ ဒါပေမဲ့ လူပိုအဖြစ်ကျောက်ဘီလူးကြီးဖြစ်နေတဲ့ အာအိုရီနဲ့ယာကူဇာတွေလည်း ရှိနေပါတယ်။

တကယ်တော့ သူတို့ခံနိုင်ရည်ထက်ကျော်သွားပြီး မြူမှုန်တွေက သူတို့ဘာသာသူတို့ ပေါက်ကွဲနေတာပါ။ ပိုအရေးကြီးတာက တိုက်ပွဲဟာ မြူကြောင့်ဖြစ်လာတာမဟုတ်တဲ့ တကယ့်မြေပေါ်မှာဆက်ဖြစ်နေဆဲဖြစ်ပြီး ဘုရားကျောင်းအတွင်းပိုင်းက ရိုးရာအခန်းငယ်လေးဟာ စက္ကန့်ပိုင်းအတွင်း ပျက်စီးလုနီးနီး ဖြစ်နေပါပြီ။

"အား... ငါ့ရဲ့ဘိုးဘွားပိုင် ဘုရားကျောင်းလေး...." ဒီအဖြစ်ဆိုးကြီးကို သတိပြုမိပြီးပြီးချင်းမှာပဲ ယုဆတစ်ယောက် အထိတ်တလန့်နဲ့ အော်ဟစ်လိုက်မိလေရဲ့။

ရန်သူတွေကို ကျောချင်းကပ်တိုက်ခိုက်နေရတဲ့ အယ်လိုဟင်တို့နှစ်ယောက်လည်း အခြေအနေကို ချက်ချင်းပဲ သဘောပေါက်သွားပြီး အာအိုရီနဲ့တိုက်ခိုက်နေတဲ့ သူတို့သခင်တွေကို လက်နက်အိတ်တွေ ပစ်ပေးလိုက်တယ်။

"မမလေး ဒီလက်နက်တွေကိုသုံးပြီး အဲဒီကျောက်ဘီလူးမကြီးကို အသေဆော်ပစ်...." အေမီပစ်ပေးလိုက်တဲ့ ငွေရောင်သေတ္တာက လေထဲမှာတင် ဝတ်စုံအဖြစ်ပုံစံပြောင်းသွားပြီး မက်ဒါနာရဲ့ကိုယ်ပေါ်မှာ ဝတ်ပြီးသားဖြစ်သွားတယ်။ သူ့မှာဓားပြားကြီးတော့ မပါလာသေးပေမဲ့ ရန်သူကိုရင်ဆိုင်ဖို့ကတော့ အဆင်သင့်ဖြစ်နေပါပြီ။

"စနစ်... Void Streamတွေကို အားကုန်ဖွင့်..."

[အမိန့်ကို အကောင်အထည်ဖော်နေပါသည်။ Void Streamနှင့်အတူ Pure energyကိုပါ တွဲဖက်သုံးမည်လား။]

"သုံးမယ်..."

ဖရာလီတာကို မြေပေါ်ချပေးပြီးတဲ့နောက် ငွေရောင်စစ်သည်ဝတ်စုံဝတ်ထားတဲ့ မက်ဒါနာက လက်သီးကိုဆုပ်လိုက်ပြီး အပြေးသမားတစ်ယောက်လိုမျိုး ကိုယ်ကို ကိုင်းညွှတ်လိုက်တယ်။ တစ်ဖက်မှာကတော့ အာအိုရီက အရူးအမူးပြေးလာနေဆဲပါ။

"SilverKnight... နင်က ငါ့သခင်လေးကိုမသတ်ပေမဲ့ ဒီကိစ္စတွေအားလုံးက နင့်ကြောင့်ဖြစ်လာတာတွေပဲ။ အခုနင်က ငါသတ်ရမယ့်သူကို ကာကွယ်ပေးနေတာဆိုတော့ နှစ်ယောက်လုံးသေလိုက်တော့။"

ငွေရောင်ချပ်ဝတ်ရဲ့ပတ်ပတ်လည်လေထုက စက္ကန့်အနည်းငယ်အတွင်းမှာတင် လေဖိအားနည်းရပ်ဝန်းတစ်ခုလိုမျိုး ပြောင်းလဲသွားပြီး ဝတ်စုံကိုဗဟိုပြုကာ ဖုန်တွေအမှုန်တွေက စတင်ရစ်လာတယ်။ ဝတ်စုံကနေ အဖြူရောင်အလင်းတွေပါ တောက်ပလာပြီးတော့ Void Streamကိုမှ Pure energyနဲ့ပေါင်းစပ်အားဖြည့်ထားတဲ့ လက်သီးချက်နဲ့ ကျောက်လက်သီးကို ရင်ဆိုင်ထိုးခွင်းလိုက်တယ်။

ဘုန်း.....။

အဲဒီလက်သီးချက်ကြောင့် ဘုရားကျောင်းမြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်ခါသွားတယ်။ တကယ်တော့ နှစ်ရာချီတည်တံ့ခဲ့တဲ့ ကျောင်းရဲ့ကျောက်သားဖောင်ဒေးရှင်းတွေအကုန်လုံး အက်ကွဲသွားတဲ့အထိ ဖြစ်သွားခဲ့တာပါ။

အဖြူရောင်အလင်းတန်းတွေက ငွေရောင်စစ်သည်ရဲ့လက်သီးကနေတစ်ဆင့် အာအိုရီရဲ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတဲ့ ကျောက်သားတွေအကုန်လုံးကို ခြေမွပစ်လိုက်ပြီး အာအိုရီရဲ့ကျောက်သားဘီလူးပုံစံကို ဖျက်ဆီးပစ်လိုက်ပါတယ်။ မကြာခင်မှာပဲ အာအီရီရဲ့အားအင်ချိနဲ့နေတဲ့ခန္ဓာကိုယ်က ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားတဲ့ ကျောက်ဘီလူးကြီးထဲကနေ ပြုတ်ကျလာတယ်။

"ငါတို့ချင်းက ဒီလောက်တောင် အင်အားကွာခြားနေတာလား... လက်စားချေဖို့က မဖြစ်နိုင်တော့ဘူး...."

အာအိုရီရဲ့ခန္ဓာကိုယ်က အင်မတန်ချိနဲ့နေတဲ့အခြေအနေမှာ ရှိနေတဲ့အတွက် ငွေရောင်စစ်သည်တော်က ကြမ်းပြင်နဲ့မရိုက်မိအောင် သူ့လက်မောင်းတွေထဲ ခံထားလိုက်တယ်။ အာအိုရီကတော့ ငွေရောင်စစ်သည်ရဲ့သတ္တုမျက်နှာဖုံးကို မော့ကြည့်ရင်း သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်းမှိတ်လိုက်တယ်။ ဒါပေမဲ့ ညင်သာတဲ့အသက်ရှူသံကြောင့် အသက်အန္တရာယ်မစိုးရိမ်ရမှန်း သိနေရတယ်။

တကယ်လို့ မက်ဒါနာဟာ အဲဒီလက်သီးနဲ့အားကုန်ထိုးခဲ့ရင် ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်ဟာ သွေးမှုန်တွေအဖြစ် ပြောင်းသွားနိုင်တယ်။ ငွေရောင်စစ်သည်ချပ်ဝတ်ရဲ့ခွန်အားက လုံးဝကွာခြားတဲ့ နောက်တစ်ဆင့်ကိုရောက်နေပါပြီ။

ခေါင်းဆောင်ဖြစ်သူ အဖမ်းခံရပြီးနောက်မှာတော့ အရေးမပါလှတဲ့ ယာကူဇာတွေလည်း ဆက်လက်တိုက်ခိုက်ချင်စိတ် ပျောက်ဆုံးသွားပါပြီ။ သူတို့တွေက တိုက်ရိုက်ထွက်ပြေးပြီး အာအိုရီကိုစွန့်ခွာသွားကြတယ်။

အာကိုင်းဂါမီကတော့ သူတို့ကိုကြည့်မနေပါဘူး။ အဲဒီတိုက်ပွဲက အလွယ်တကူအဖြေထွက်မယ့်ပွဲမှန်း သူသိနေပြီးသားပါ။ အဲဒီအစား သူက ဘုရားကျောင်းခေါင်မိုးကိုသာ မော့ကြည့်နေပါတယ်။

ရုတ်တရက် ဘုရားကျောင်းခေါင်မိုးဟာ ရုတ်တရက်ဆွဲခွာခံလိုက်ရပြီး ကောင်းကင်ပြာပြာကြီးနဲ့တိမ်ဆိုင်တွေကို သူတို့မြင်လိုက်ရတယ်။ ဟုတ်ပါတယ်၊ နို့ဆီဘူးအခွံနွှာသလို နွှာခံလိုက်ရတာပါ။ ဧရာမရေဘဝဲကြီးတစ်ကောင်က အဆောက်အဦးရဲ့အပေါ်ကနေ သူတို့ကိုမိုးကြည့်နေပြီး လက်တံတွေကတော့ ဘုရားကျောင်းတစ်ခုလုံးကို ရစ်ပတ်ထားပါတယ်။

"စိတ်ဝင်စားစရာပဲ၊ မတွေ့ရသေးတဲ့ ရက်ပိုင်းအတွင်းမှာပဲ မင်းရဲ့စွမ်းအားတွေက S rank နီးနီးကို မြင့်တက်လာပါ့လား SilverKnught... Mad doctorကတော့ မင်းS rankကိုရောက်တဲ့အခါ သူက S rankတွေကိုပါ ဖိနှိပ်နိုင်တဲ့စွမ်းအားမျိုးရှိနေလိမ့်မယ်ဆိုပြီး စိတ်ကူးယဥ်နေတယ်။ ငါကတော့ မင်းလိုအန္တရာယ်မျိုးကို စောစောရှင်းထုတ်နိုင်လေ ကောင်းလေလို့ယူဆတယ်။"

ရေဘဲဝဲကြီးရဲ့ခေါင်းပေါ်မှာတော့ လင်းနို့တောင်ပံတွေရှိနေတဲ့ Dr.Mistက သူတို့ကိုစိုက်ကြည့်နေတယ်။ အလားတူပဲ လေထဲမှာပျံဝဲနေတဲ့ တစ်ဒါဇင်ကျော်သော လူသားအရွယ် မွန်းစတားလင်းနို့ကြီးတွေကလည်း သူတို့တွေကို တိုက်ခိုက်ဖို့ချောင်းနေကြတယ်။

မြူက ယာကူဇာတွေနဲ့သူတို့တိုက်နေတုန်း မွန်းစတားတွေအများကြီး ထပ်ထုတ်နေခဲ့တာဖြစ်ပြီး တကယ့်တိုက်ပွဲအတွက် ပြင်ဆင်နေခဲ့တာပါ။ အစောပိုင်းတိုက်ပွဲက တစ်ဖက်အဖွဲဲ့ရဲ့အင်အားကို စမ်းသပ်ချင်ရုံပါပဲ။

မက်ဒါနာကတော့ သူ့လက်ကိုဖြန့်ပြီး ငွေရောင်ဓားကို ဆင့်ခေါ်လိုက်တယ်။ အယ်လိုဟင်ရဲ့ကားနောက်ဖုံးကို ဓားကအတင်းတွန်းကန်ဖွင့်ပြီး သူ့လက်ထဲကို ပျံသန်းရောက်ရှိလာတယ်။

"ဒီနေ့ တာကိုယာကီချိုချိုလေး စားသင့်တယ်လို့မထင်ဘူးလား၊ ဖရာလီတာ။"

"အင်း... နွေရာသီတော့မဟုတ်ပေမဲ့ စားကြည့်လည်းမဆိုးလောက်ပါဘူး။" ဖရာလီတာနဲ့မက်ဒါနာတို့က မြူရဲ့မွန်းစတားတွေကို ဒီလောက်ကြီးအထင်မကြီးကြပါဘူး။ အစကတည်းက မြူဆိုတာက တိုက်ခိုက်ရေးမြူတန့်မဟုတ်ပါဘူး။ နယ်မြေရှိနေတုန်းက အဲဒီအကောင်တွေနဲ့ သူအလစ်ဝင်တိုက်ခဲ့ရင် မက်ဒါနာတို့ကို အနိုင်ယူနိုင်ခြေရှိပေမဲ့ နယ်မြေက ကိုင်းတိုကြောင့် မရှိတော့ဘူးလေ။

ကိုင်းတိုကတော့ မြူကိုကြည့်ပြီးတော့ မျက်စိကိုမှေးကာ မျက်နှာသေနဲ့ပြောလိုက်တယ်။

"ဝေ့... မင်းက အနိုင်ရတော့မယ့် ဗီလိန်တစ်ယောက်လို စကားပြောနေပေမဲ့ တကယ်တော့ကြောက်နေတာပဲ။" ကိုင်းတိုရဲ့စကားကြောင့် မြူရဲ့မျက်နှာပေါ်က အပြုံးလည်း ချက်ချင်းပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ ခဏနေတော့ ချက်ချင်းရယ်မောလိုက်ပြီး ကိုင်းတိုကို လှောင်ပြောင်လိုက်တယ်။

"ဟားဟားဟား... မင်းက ကိုယ့်ကိုယ်ကိုယ်တော်တော်အထင်ကြီးနေတာပဲ၊ မင်းရဲ့စွမ်းအားတွေသာရှိနေသေးရင် ငါဒီကိုလာရဲမှာမဟုတ်ဘူး။ အခုမင်းရဲ့သိုင်းပညာကလည်း မြင့်မားတယ်ဆိုပေမဲ့ ကလေးနှစ်ယောက်ကို S rank ဗီလိန်တစ်ယောက်လက်ကနေ ကာကွယ်ပေးရင်းတိုက်ခိုက်မယ်ဆိုရင်တော့ သေချာပေါက်ငါ့ကိုရှုံးမှာပဲ။ မင်းငါ့ကို ကြောက်သင့်တယ်။" ရေဘဝဲလက်တံတွေက ကလေးမလေးနှစ်ယောက်နားကို တဖြည်းဖြည်းတိုးကပ်လာပေမဲ့ ကိုင်းတိုကတော့ နည်းနည်းလေးမှ မျက်နှာပျက်မသွားဘူး။ အဲဲဒီအစား သူက ဖြည်းဖြည်းအေးအေးသာ ပြောလိုက်ပါတယ်။

"မင်းက မြူတွေထဲမှာ ငါတို့ကိုလက်ပန်းကျတဲ့အထိ ယာကူဇာတွေနဲ့တိုက်ခိုက်ခိုင်းပြီးမှ မင်းမွန်းစတားတွေနဲ့ ငါတို့ကိုသတ်ဖို့လုပ်ထားတာ။ ဒါပေမဲ့ငါက မင်းနယ်မြေကိုဖျက်ဆီးပစ်နိုင်မယ်လို့ မင်းထင်မထားဘူး။ မင်းက အခုထိတ်လန့်နေပြီးတော့ နောက်ဆုံးမျှော်လင့်ချက်တစ်မျှင်ကို ဆွဲထားတာပဲရှိတာ။"

ကိုင်းတိုက မြေပြင်ကို ဖွဖွလေးကန်လိုက်ပြီး လေထုထဲကို ခုန်တက်လိုက်တယ်။ ရုတ်ချည်းဆိုသလိုပဲ သူ့ခန္ဓာကိုယ်က မြူရဲ့မြင်ကွင်းထဲကနေ တစ္ဆေတစ်ကောင်လိုမျိုး ပျောက်ကွယ်သွားတယ်။

"မဖြစ်နိုင်တာ... သူ့မှာမြူတန့်စွမ်းအားတွေမရှိဘူးလေ။" မြူရဲ့မျက်လုံးအိမ်တွေက ထိတ်လန့်မှုကြောင့် ကျဥ်းမြောင်းသွားတယ်။ ခဏနေတော့ သူ့နားနားကနေ လေသံတစ်သံကို ကြားလိုက်ရပါပြီ။

"ဒါပေမဲ့ ငါ့မှာလက်သီးတွေရှိသေးတယ်လေ..."

ကိုင်းတိုရဲ့လက်သီးက မြူအပေါ်ကိုကျဆင်းလာတယ်။ ဒါပေမဲ့မြူကိုယ်တိုင်က S rank မြူတန့်မလို့ သာမန်လူသားတစ်ယောက်ထက် သန်မာတယ်ဆိုရုံပဲရှိတော့တဲ့ ကိုင်းတိုရဲ့လက်သီးဒဏ်ကို ခံနိုင်ရည်ရှိတယ်။

ကိုင်းတိုက သူ့ခြေတွေလက်တွေနဲ့ဆက်တိုက်တိုက်ခိုက်နေသလို မြူကလည်း ပြန်ခုခံတယ်။ ဒါပေမဲ့ အနီးကပ်တိုက်ပွဲမှာ ရေရှည်မယှဥ်နိုင်တဲ့အတွက် အတောင်ပံကိုခတ်ကာ အပေါ်ပိုမြင့်အောင် ခုန်တက်လိုက်ပြီး လင်းနို့မွန်းစတားတွေကို သူ့အစား ဝင်တိုက်ခိုင်းလိုက်တယ်။

လင်းနို့မွန်းစတားတွေက အကောင်အရေအတွက်များတဲ့အတွက်ကြောင့် မကြာခင်မှာပဲ ကိုင်းတိုရဲ့ကိုယ်ပေါ်မှာ သွေးတွေယိုစီးကျနေတဲ့ ကုတ်ခြစ်ရာတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ သူကဆက်တိုက်နေတုန်းပါ။ ရုတ်တရက် ရေဘဝဲလက်တစ်ဖက်က လှုပ်ရှားလာပြီး ကိုင်းတိုကို ဘောလုံးရိုက်သလို ရိုက်ထုတ်လိုက်တယ်။

ဘုန်း....။

အနီရောင်နတ်ဘုရားဟာ မြေပေါ်ကိုပြုတ်ကျသွားပြီး ဘုရားကျောင်းကြမ်းပြင်က ကျောက်တုံးကြီးတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားတယ်။

"ဂါး...." ဒါပေမဲ့ကိုင်းတိုဟာ သွေးဆာနေတဲ့ဘီလူးတစ်ကောင်လိုမျိုး ချက်ချင်းပြန်ထပြီး မြူဆီကိုပြေးလာတယ်။ သူ့နဖူးက သွေးတွေစီးကျနေပေမဲ့ ဂရုမစိုက်ဘူး။ ဒီတစ်ခါ ရေဘဝဲလက်တံတွေလှုပ်ရှားလာတော့ ကိုင်းတိုက မြေပြင်ကိုခြေဆောင့်ချလိုက်တယ်။

ဘုရားကျောင်းကြမ်းပြင်က ကျောက်တုံးကျောက်ဆိုင်တွေ ပဲ့ထွက်ပြီးလေပေါ်မြောက်တက်လာတယ်။ ကိုင်းတိုက အဲဒီကျောက်တုံးတွေကို အင်မတန်အားသန်တဲ့ ခြေကန်ချက်နဲ့သိမ်းကန်လိုက်တယ်။

ကျောက်ဆိုင်တွေလည်း ရေဘဝဲလက်တံကို ထိုးစိုက်သွားပြီး နာကျင်သွားတဲ့ရေဘဝဲကြီးလည်း နောက်ကိုတွန့်သွားတယ်။ ကိုင်းတိုကတော့ မြူနဲ့နီးအောင်လို့ ရှေ့ကိုဆက်ပြေးလာနေဆဲပါ။

"ဒါက ဂျပန်ရဲ့အစွမ်းအထက်ဆုံး ဟီးရိုးဖြစ်ခဲ့ဖူးသူလား။ သူ့စွမ်းအားတွေမပါတာတောင် A- အဆင့်ခွန်အားကို ပိုင်ဆိုင်ထားပြီး S rank တစ်ယောက်ကို ယှဥ်တိုက်နေတုန်းပဲ။" ဖရာလီတာက ရေရွတ်လိုက်တယ်။ သူက ဝါးဖရိန်ကြီးကိုသယ်မလာတော့ မောင်းပြန်သေနတ်တစ်လက်ပဲကိုင်ထားပြီး သေချာဝင်ပါမရဘူး။

မက်ဒါနာကတော့ သူ့လက်မောင်းထဲမှာရှိနေတဲ့ အာအိုရီကို အေမီလက်ထဲလွှဲပေးလိုက်တယ်။

"သူ့ကိုကြည့်ထား၊ ပြီးတော့ ကလေးတွေကိုလည်း ကာကွယ်ပေးထားဦး။" အေမီကတော့ သူ့လက်မောင်းထဲရောက်လာတဲ့ အာအိုရီကိုတစ်လှည့် မက်ဒါနာကိုတစ်လှည့်ကြည့်ရင်း နားမလည်နိုင်တော့ဘူး။

"နေဦး၊ သခင်မလေးလက်မောင်းမှာ ဒဏ်ရာနဲ့လေ။ အဲဲဒီအနီကောင်ကို ဝင်ကူတိုက်ပေးမလို့လား။"

မက်ဒါနာက ဒဏ်ရာရထားတဲ့ပခုံးကို လှုပ်ရှားလို့ရမရ သိအောင်လို့ ပခုံးလေ့ကျင့်ခန်းလုပ်ကြည့်ပြီးတဲ့နောက် ခေါင်းညိတ်လိုက်တယ်။ ငွေရောင်စစ်သည်ချပ်ဝတ်ကြောင့် သူအရမ်းကြီးအားစိုက်စရာမလိုပါဘူး။ အဲဒီနေရာကို နောက်တစ်ခါပြင်းပြင်းထန်ထန် မထိခိုက်အောင် ဂရုစိုက်ဖို့ပဲလိုတာ။

"ဗီလိန်တစ်ယောက်နဲ့ဟီးရိုးချနေတာကို ငါတို့ဝင်ကူမှဖြစ်မှာပေါ့။" ငွေရောင်စစ်သည်တော်က ဒူးနှစ်ဖက်ကို ကွေးညွှတ်အားယူလိုက်ရင်း တိုက်ပွဲထဲကို ချက်ချင်းခုန်ဝင်သွားတယ်။

ငွေရောင်စစ်သည်တော်ရဲ့တိုက်ပွဲစွမ်းအားက S rank တွေနဲ့တူညီလုနီးပါး ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲထဲဝင်လာတာနဲ့ Dr.Mist ဟာ အကျပ်အတည်းထဲရောက်သွားတယ်။

လက်နက်မဲ့ဖြစ်နေပြီး ခန္ဓာကိုယ်အားသက်သက်နဲ့တိုက်ခိုက်နေတဲ့ ဆောင်ဟိုင်ကိုသူ့ရေဘဝဲကြီးရဲ့လက်တံတွေက ရိုက်ထုတ်လို့ရပေမဲ့ မက်ဒါနာကိုတော့ အဲဒီတိုက်ကွက်က အရာမရောက်ပါဘူး။

ဘာမဆိုပိုင်းဖြတ်နိုင်တယ်ထင်ရတဲ့ ငွေရောင်ဓားရှည်က စက္ကန့်ပိုင်းအတွင်းမှာပဲ ရေဘဝဲလက်တံနှစ်ခုကို ဖြတ်ပြီးပါပြီ။ တကယ်လို့ သူဂရုမစိုက်ဘူးဆိုရင်

သူ့အကောင်ကြီး တကယ်ပဲရေဘဝဲတာကိုယာကီ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် သူ့လင်းနို့မွန်းစတားတွေကို စေလွှတ်ပြီး ငွေရောင်စစ်သည်တော်ကို တားဆီးခိုင်းလိုက်တယ်။ ပျံသန်းနေတဲ့ လင်းနို့ကြီးတွေက ငွေရောင်စစ်သည်ကို ကုတ်ချီပြီးအဝေးကို လွှင့်ပစ်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့အကုန်လုံးက အတောင်ပံတခြားကိုယ်တခြားဖြစ်တဲ့အထိ ခုတ်ခံနေရပါတယ်။ ပြီးတော့ တချို့ဆိုရင် လေဆာနဲ့အကင်ခံနေရတယ်။

ဒါတောင်မှ ငွေရောင်စစ်သည်တော်ဟာ Void Streamရော Pure energyပါ တစ်ခုမှမသုံးရသေးပါဘူး။

"သေစမ်း... အဲဒီစက်ရုပ်ဝတ်စုံနဲ့ကောင်မကို တိုက်စစ်အမျိုးအစား S rankတွေပဲ အနိုင်ယူနိုင်မှာ။" မြူက ကျိန်ဆဲလိုက်တယ်။ တစ်ချိန်တည်းမှာပဲ စခန်းကနေ တစ်ယောက်တည်းထွက်လာမိတာကို နောင်တရမိပြန်တယ်။

မြူက မြူတန့်သိပ္ပံအဖွဲ့အစည်းရဲ့တည်ထောင်သူအဖွဲ့ဝင်ပါ။ အဖွဲ့အစည်းထဲမှာ Mad Doctor လောက် အရေးမပါပေမဲ့လည်း Mad Doctor ကိုယ်တိုင်တောင် သူလှုပ်ရှားလာဖို့အတွက် အမိန့်ပေးလို့မရပါဘူး။ အခုအထိ အစီအစဥ်တွေအကုန်လုံးက သူတစ်ယောက်တည်းရဲ့အကြံတွေပါ။ ပြောရရင် သူ့ကိုယ်သူ အထင်ကြီးမိခဲ့တယ်။

"ကြည့်ရတာ ဒီနှစ်ယောက်ကိုအနိုင်ယူပြီး သွေးနမူနာရဖို့ဆိုရင် ငါအဲဒီနည်းလမ်းကိုသုံးမှ ဖြစ်တော့မယ်ထင်တယ်။" သူ့စိတ်ထဲ တွေးနေတဲ့အချိန်မှာပဲ ကိုင်းတိုရဲ့လက်သီးက သူ့ရှေ့မှာပေါ်လာပြန်တယ်။ အနီရောင်နတ်ဘုရားက သူ့ခံစစ်လှိုင်းကို ဖြတ်ကျော်လာနိုင်ပြန်ပါပြီ။ ကိုင်းတိုရဲ့အနီရောင်မျက်လုံးတွေက မီးလျှံလိုမျိုး ရဲရဲတောက်နေတယ်။

မြူက သူ့ခေါင်းကိုငုံလိုက်တယ်။ သူ့ကျောနောက်က ချုပ်ရိုးဟာပွင့်လာပြီး အတွင်းပိုင်းကနေ မြူတွေထွက်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ချုပ်ရိုးတွေကို ကိုက်ဖွင့်ပြီးတော့ထွက်လာတဲ့ ခေါင်းသုံးလုံးခွေးတစ်ကောင်လည်း ပေါ်လာတယ်။

ခေါင်းသုံးလုံးခွေးက ကိုင်းတိုရဲ့ကျရောက်လုဆဲဆဲ လက်သီးကို ဖမ်းကိုက်လိုက်တယ်။ အနီရောင်သွေးစက်တွေကတော့ ထိပ်ပြောင်နေတဲ့ ဒေါက်တာမြူရဲ့ဆံပင်တွေပေါ် ကျဆင်းလာတယ်။

ငရဲကတက်လာသလိုထင်ရတဲ့ ခေါင်းသုံးလုံးခွေးကြီးကတော့ ခန္ဓာကိုယ်အပြင်ကိုရောက်တာနဲ့ ကိုင်းတိုကို ရေဘဝဲကြီးပေါ်ကနေ ပြန်တွန်းချလိုက်ပါတယ်။

"တခြားရွေးစရာမရှိဘူးပဲ..." တစ်ခဏသက်သာရာရသွားတဲ့ မြူက သူ့လက်တွေကို သတ္တဝါဆန်းကြီးတစ်ကောင်ရဲ့ရှည်လျားတဲ့လက်တွေလို ပြောင်းလဲလိုက်ပြီး ကျောကုန်းကချုပ်ရိုးအတွင်းကို နှိုက်လိုက်တယ်။

သူ့ချုပ်ရိုးအတွင်းက မြူတွေရှိနေတဲ့နေရာအတွင်းမှာ အဆုံးမဲ့ကျယ်ပြန့်တဲ့ လောကကြီးတစ်ခုရှိနေတဲ့အတိုင်းပါပဲ။ ဒါပေမဲ့အမြဲမှောင်မိုက်နေပြီး မကောင်းဆိုးဝါးတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ သူ့ကျောကုန်းကနေ တစ်ကိုယ်လုံး ကြိုးတွေနဲ့ချည်ခံထားရတဲ့ လူတစ်ယောက်ကို ဆွဲထုတ်လိုက်တာပါ။

အဲဒီလူက အပြင်ရောက်တာနဲ့ ဆိုးဆိုးဝါးဝါးကျိန်ဆဲတော့တာပဲ။

"မြူတန့်သိပ္ပံရကောင်တွေ၊ မင်းတို့ခိုင်းတာ ငါလုပ်ပြီးပြီလေ။ ဘယ်မှာလည်း ငါ့ကိုသဘာဝအတိုင်းစွမ်းအားကြီးစေမယ့်နည်းလမ်း။"

ဆွဲထုတ်ခံရတဲ့လူက လူမည်းတစ်ယောက်ဖြစ်ပြီး သူ့မျက်လုံးတွေက ဘာကိုမှမြင်နိုင်ပုံမရဘူး။ လည်သာကုတ်အရှည်ကြီးကိုလည်းဝတ်ထားပြီး အမှောင်ခန်းထဲမှာ အကြာကြီးအထားခံထားရဟန်နဲ့ သူ့ဆီကနေ ချဥ်စုတ်စုတ်အနံထွက်နေတယ်။

မြူက ဓားနတ်ဆိုးကို လက်တစ်ဖက်နဲ့ကြိုးဖြေပေးလိုက်ပြီး ကျန်တစ်ဖက်ကတော့ သူ့ကျောကုန်းထဲ ဆက်နှိုက်နေပါတယ်။

"မင်းက ငွေရောင်စစ်သည်နဲ့ဓားရေးချင်း ယှဥ်ချင်နေတာမဟုတ်လား။ သူအခုဒီမှာရှိတယ်။ မင်းသူနဲ့ချပြီးလို့ နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေ ငါကတိပေးထားတဲ့ သတ်ဖြတ်ခြင်းနတ်ဆိုးဓားကျမ်းကိုပေးမယ်။"

မြူရဲ့ကျောကုန်းထဲကနေ ဓားနက်ကြီးတစ်ချောင်းထွက်လာပြီး ဓားနတ်ဆိုးရဲ့လက်ထဲ ထည့်ပေးလိုက်တယ်။ ဓားနတ်ဆိုးကလည်း လေထုကိုအနံခံကြည့်လိုက်ပြီး...

"တကယ်ပဲ... သံချပ်ဝတ်တွေလှုပ်ရှားတဲ့အသံနဲ့ သွေးစွန်းနေတဲ့ဓားရဲ့အနံကို ငါရနေတယ်။"

အဲဒီနောက် သူ့မျက်နှာပေါ်မှာ အပြုံးပေါ်လာပြီး "မင်းမပြောလည်း ငါကအဲဒီကောင်နဲ့ ဓားရေးယှဥ်ချင်နေတာကွ။"

၃။

ဓားနတ်ဆိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲရေချိန်က အများကြီး ပြောင်းလဲသွားတယ်။

ဓားနတ်ဆိုးဟာ သိုင်းပညာ A rankတွေအားလုံးထဲမှာ ကြောက်ဖို့အကောင်းဆုံးလူတစ်ယောက်ပါ။ သူ့ကို ဆုဗာနာရဲ့အထူးစစ်သည်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာတောင်မှ မတားဆီးနိုင်ခဲ့ပါဘူး။

ငွေရောင်စစ်သည်ရဲ့မြေဆွဲအားဓားက ဓားနတ်ဆိုးရဲ့အနက်ရောင်ဓားပြားကြီးနဲ့ လေထဲမှာတွေ့ဆုံသွားတယ်။

ထိန်း....။ သတ္တုချင်းထိခတ်မိသံ အကျယ်ကြီးနဲ့အတူ ငွေရောင်စစ်သည်ရဲ့ဖိနပ်ဟာ ကျောက်သားကြမ်းပြင်ထဲကို နစ်ဝင်သွားပါတယ်။

တကယ်တော့ သူတို့နှစ်ယောက်ရဲ့ဖိအားတွေကြောင့် ကျောက်သားကြမ်းပြင်ဟာ အမှုန့်တွေဖြစ်သွားတဲ့အထိ တိုက်ရိုက်ကြေမွသွားတာဖြစ်ပြီး အခုလိုထူးဆန်းတဲ့ မြင်ကွင်းမျိုးဖြစ်ပေါ်လာတာပါ။ ဝတ်စုံအတွင်းမှာရှိနေတဲ့ မက်ဒါနာလည်း မျက်ခုံးပင့်လိုက်တယ်။

တကယ်လို့ ဒီလူကြီးကို သူ့အနေနဲ့ ဝတ်စုံမပါဘဲ ရင်ဆိုင်မိရင် သေလမ်းတစ်လမ်းပဲရှိတော့မှာပါ။ ဒါပေမဲ့ ဝတ်စုံဝတ်ထားချိန်မှာတော့ လုံးဝကွာခြားပါတယ်။ မက်ဒါနာက မြေဆွဲအားဓားရဲ့အလေးချိန်ကို ရုတ်ချည်းတိုးမြှင့်လိုက်တဲ့အတွက် ရှေ့ကိုတစ်လှမ်းတိုးလိုက်နိုင်တယ်။ ဒါပေမဲ့ ဓားနတ်ဆိုးက သူ့ခန္ဓာကိုယ်က ကြွက်သားတွေကို ဖျစ်ညှစ်လိုက်ပြီး မက်ဒါနာကို ရှေ့ဆက်မတက်နိုင်အောင် တားဆီးလိုက်တဲ့အပြင် သူ့ဓားက ငွေရောင်စစ်သည်ကိုတောင် ပြန်ဖိအားပေးလာပါတယ်။

"မဖြစ်နိုင်တာ... မြေဆွဲအားဓားက အခုကားတစ်စီးစာလောက် လေးနေပြီလေ။"

မက်ဒါနာတော်တော်လေး အံ့ဩသွားပေမဲ့ သိပ်မကြာခင်မှာပဲ ဓားနတ်ဆိုးရဲ့ဓားကလည်း အလားတူလေးနိုင်ကြောင်း သတိထားမိလာပါတယ်။

"SilverKnight... ဒါက မင်းရဲ့စွမ်းအားအကုန်လို့တော့ မပြောနဲ့နော်... ဟား..."

ဓားနတ်ဆိုးက ဓားကိုပြန်ရုပ်လိုက်ပြီး ခန္ဓာကိုယ်ကိုနောက်ခုန်ဆုတ်လိုက်တယ်။ ငွေရောင်စစ်သည်တော်က သူ့ကိုဖိအားပေးထားတဲ့ ကျောက်ဆောင်ကြီးတစ်ခု မရှိတော့သလိုမျိုး ပေါ့ပါးသွားပေမဲ့ ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်တာမှန်း သိနေတဲ့အတွက်ကြောင့် ဓားကိုလက်နှစ်ဖက်နဲ့သေချာကိုင်လိုက်ပြီး ဓားသွားကို လေးဆယ့်ငါးဒီဂရီစောင်းကာ အသင့်ပြင်ထားလိုက်တယ်။

အဲဒီနောက်တော့ ဓားနတ်ဆိုးက ရေနွေးငွေ့ရထားခေါင်းကြီးတစ်ခုလိုမျိုး ငွေရောင်စစ်သည်တော်ဆီကို ဓားကြီးဆွဲကာ တရစပ်ခုတ်ပါတော့တယ်။

မီးပွားတွေဟာ သူတို့နှစ်ယောက်ကြားထဲမှာ ပြန့်လွင့်နေပြီး ဓားနှစ်လက်ဟာ အမြန်အဆန်လှုပ်ရှားနေပါတယ်။ တကယ်လို့ ငွေရောင်စစ်သည်သာ လက်မောင်းမှာရှိနေသမျှ Void Stream တွေကို ဖွင့်မထားဘူးဆိုရင် ဓားနတ်ဆိုးနဲ့ အခုလိုဓားရေးချင်း ယှဥ်နိုင်မှာမဟုတ်ပါဘူး။

"စနစ်... ရန်သူရဲ့အားနည်းချက်ကို တွက်ချက်ပါ။"

[အမိန့်ကို လက်ခံဆောင်ရွက်နေပါသည်။ ခဏစောင့်ပါ။]

ဒီအတိုင်းခွန်အားချင်းပြိုင်နေလို့ ရေရှည်မဖြစ်နိုင်တဲ့အတွက် မက်ဒါနာက ဝတ်စုံစနစ်ကို အမိန့်ပေးလိုက်တယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ စနစ်က လျင်လျင်မြန်မြန်နဲ့ လမ်းကြောင်းတွက်ချက်ပေးမှာပါ။ ဓားနတ်ဆိုးနဲ့အဆင့်တူတဲ့ အိုက်ဇာဝါတုန်းကတောင် ဝတ်စုံရဲ့စနစ်က လွတ်လမ်းရှာနိုင်ခဲ့ပြီး အဲဒီတုန်းက ငွေရောင်စစ်သည်ဝတ်စုံက အများကြီးအဆင့်ပိုနိမ့်ပါတယ်။ ဒါပေမဲ့ အခုတစ်ခါမှာတော့ တော်တော်ကြာခဲ့ပါတယ်။

လမ်းကြောင်းက နောက်ထပ်ဓားကွက်နှစ်ဆယ်လောက် ယှဥ်ပြိုင်ပြီးမှ တွက်ချက်အဖြေထုတ်နိုင်ခဲ့တယ်။ ငွေရောင်စစ်သည်ရဲ့လယ်ဖက်မျက်လုံးနေရာကနေ အပြာရောင်အလင်းတစ်ချက်လက်သွားပြီး စတင်လှုပ်ရှားလိုက်တယ်။

ငွေရောင်စစ်သည်က ဓားကိုနည်းနည်းလေး အောက်နှိမ့်လိုက်ပြီး ဓားနှစ်လက်ယှဥ်မိတဲ့အချိန်မှာ ဓားကိုလျှောထွက်လိုက်ပါတယ်။ ဒါကြောင့်ဓားနတ်ဆိုးရဲ့ဓားက သူ့ခါးနေရာကို ပွတ်ဆွဲသွားပေမဲ့ လျှောထွက်ပြီးနောက် အပေါ်ကိုထောင်တက်လာတဲ့ မြေဆွဲအားဓားကတော့ ဓားနတ်ဆိုးရဲ့လည်မျိုကို ဦးတည်နေပါပြီ။

ရုတ်တရက် အားနည်းချက်ပေါ်လာတာကြောင့် ဓားနတ်ဆိုး မျက်လုံးပြူးသွားပေမဲ့ သူ့ခြေထောက်က မြောက်တက်လာပြီး ငွေရောင်စစ်သည်ရဲ့ရင်ဝကို ထိုးကန်ကာ တွန်းဖယ်လိုက်တယ်။

ဘုန်း....။

ငွေရောင်စစ်သည်က ဘုရားကျောင်းရဲ့ရိုးရာကျောက်ခြံစည်းရိုးကို ဝင်တိုက်မိပြီးရပ်သွားတယ်။

"မင်းက ဓားပညာယှဥ်နေတဲ့နေရာမှာ နည်းပညာကို အားကိုးချင်တာလား... ရှက်စရာပဲ။"

ဝတ်စုံက ဓားနတ်ဆိုးရဲ့မြင်းကောင်ရေနှစ်ဆယ်လောက်ရှိတဲ့ကန်ချက်သက်ရောက်အားကို လျှော့ချပေးလိုက်နိုင်ပေမဲ့ မက်ဒါနာကတော့ ရင်ထဲမှာမွန်းကျပ်သွားပြီး သွေးစက်တချို့ကို အန်ထုတ်လိုက်ရတယ်။

"မဖြစ်နိုင်တာ... သူဝတ်စုံစနစ်က တွက်ချက်ပေးထားတဲ့ တိုက်ကွက်ကို ဖြေရှင်းလိုက်နိုင်တာလား။"

အခုအချိန်မတိုင်ခင်အထိ မက်ဒါနာရဲ့ဝတ်စုံစနစ်က တွက်ချက်ပေးထားတဲ့ တိုက်ကွက်တိုင်းဟာ လုံးဝ အကြွင်းမဲ့ပါပဲ။ ခွန်အားကွာခြားလွန်းတဲ့ရန်သူမဟုတ်ရင် တစ်ချက်တည်းအပြီးသတ်နိုင်တဲ့ တိုက်ကွက်တွေကို တွက်ချက်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တန်ပြန်ခံလိုက်ရတယ်။

ဓားနတ်ဆိုးကတော့ အလျင်လိုပုံမပေါ်ဘဲ သူ့နားကို ဖြည်းဖြည်းချင်းလျှောက်လာနေပါတယ်။

"မင်းရဲ့စနစ်က တွက်ချက်ပေးလိုက်တဲ့ ဓားချက်တွေက အစွမ်းထက်ပြီးတိကျပေမဲ့ စိတ်ဝိညာဥ်ကင်းမဲ့တယ်။ မင်းရဲ့တခြားဓားချက်တွေလိုမျိုး သတ်ဖြတ်လိုစိတ် အပြည့်မပါဘူး။ ဓားသမားတစ်ယောက်ကို ဘာက အားနည်းစေလဲသိလား..."

ငွေရောင်စစ်သည်က ပြိုကျနေသည့်နံရံကို ကျောဖြင့်မှီထားရပြီး သူ့ခြေထောက်နှစ်ဖက်ကတော့ ကောင်းမွန်စွာ ရပ်နိုင်ခြင်းမရှိသေးပေ။ ဓားနတ်ဆိုးက သူ၏ဓားဖြင့် ငွေရောင်စစ်သည်ရဲ့ရင်ဝကို ထိုးချိန်လိုက်တယ်။

"အဲဒါက စိတ်ဆန္ဒပဲကွ...."

ဓားပညာချင်းသက်သက် ဖလှယ်ရာ၌ ငွေရောင်စစ်သည်က ရှုံးနိမ့်သွားခဲ့လေပြီ။

ငွေရောင်စစ်သည်က သူ့ကိုဓားနဲ့ရွယ်ထာတဲ့ ဓားနတ်ဆိုးကို မော့ကြည့်လိုက်တယ်။ မက်ဒါနာရဲ့မျက်နှာပေါ်မှာတော့ လေးစားတဲ့အပြုံးတစ်ခုက ရှိနေတယ်။ ဒီလူက သူ့ကိုမသတ်နိုင်သေးပေမဲ့ ဓားပညာမှာတော့ ဓားနတ်ဆိုးက သူ့ထက်အများကြီးသာပါတယ်။

"ဟုတ််တယ်... ဒါတော့မင်းမှန်တယ်...."

ငွေရောင်စစ်သည်က သူ့ဓားကိုပြန်ကောက်ယူလိုက်ပြီး ဓားနတ်ဆိုးရဲ့ဓားကို ရိုက်ဖယ်လိုက်တယ်။ ဓားနတ်ဆိုးကတော့ ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။

"ငါ့နေရာမှာ မင်းသာဆိုရင် ဓားကိုဆက်ကိုင်ထားတော့မှာမဟုတ်ဘူးလား။"

ငွေရောင်စစ်သည်ရဲ့အထဲမှာရှိနေတဲ့ မက်ဒါနာကတော့ ခနဲ့တဲ့တဲ့ပြုံးလိုက်ရင်း ပြန်ဖြေလိုက်တယ်။

"အဲဒါက စိတ်ဆန္ဒလေးတစ်ခုပဲမဟုတ်လား... ဒီတစ်ခါ ငါအားကုန်ထုတ်တော့မယ်။ မင်းမသေစေဖို့ မျှော်လင့်ပါတယ်။"

ငွေရောင်စစ်သည်တော်ရဲ့အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားတယ်။ ဒါကိုပြိုင်ဖက်ဖြစ်တဲ့ ဓားနတ်ဆိုးလည်း ကောင်းကောင်းကြီး အာရုံခံနိုင်ပါတယ်။ အဲဒါက ထူးခြားတဲ့နည်းပညာတစ်ခုကြောင့်မဟုတ်သလို မြူတန့်စွမ်းအားတစ်ခုလည်းမဟုတ်ခဲ့ဘူး။ စိတ်ဆန္ဒလေးတစ်ခုပါ။

"မဖြစ်နိုင်တာ... စိတ်ဆန္ဒတစ်ခုမွေးဖွားလာဖို့ဆိုတာ ဓားသမားတစ်ယောက် ဘဝနဲ့ချီပြီး ကြိုးစားခဲ့ရတာ..."

ဒါပေမဲ့ သူ့စကားမဆုံးသေးခင်မှာပဲ ငွေရောင်စစ်သည်တော်ဆီက ဓားချက်တစ်ချက်ထွက်ပေါ်လာတဲ့အတွက် အထိတ်တလန့်ကာဆီးလိုက်ရတယ်။

ထန်း....။

ဒီတစ်ခါတော့ ဓားနတ်ဆိုးဟာ ဘုရားကျောင်းပြင်ပအထိကို နောက်ဆုတ်ပေးလိုက်ရတယ်။ ဓားချက်တစ်ချက်အတွင်းမှာ ပါလာတဲ့ခွန်အားဟာ မယုံနိုင်လောက်အောင်ကို များနေခဲ့ပါတယ်။

"ဒါက စိတ်ဆန္ဒလို့ခေါ်တာလား... သိပ်စွမ်းအားကြီးတာပဲ။" ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာက ပြောလိုက်တယ်။ သူစိတ်ဆန္ဒကို စတင်ခံစားမိချိန်မှာ အရင်ကနဲ့ မတူတော့တာကို သတိထားမိလိုက်ပါတယ်။ သူဟာ ဓားလမ်းကြောင်းတွေကို အလိုလိုမြင်နေရပြီး ဓားချက်တွေက သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ခံစားမိလိုက်ပါတယ်။

"ငါနားလည်ပြီ... ဒီစိတ်ဆန္ဒကို ပြင်းပြခြင်းလို့ နာမည်ပေးမယ်။" ငွေရောင်စစ်သည်က ဓားကိုမြေပေါ်မှာ တရွတ်တိုက်ဆွဲသွားရင်း မြေပေါ်မှာရပ်နေပြီဖြစ်တဲ့ ဓားနတ်ဆိုးဆီကို ပြေးသွားတယ်။ သူပြေးသွားရာလမ်းတစ်လျှောက်မှာရှိနေတဲ့ ကျောက်သားကြမ်းပြင်ဟာ တစ်စစီအက်ကွဲလို့သွားပါတယ်။

"ဘာလို့ဆိုရင်... ငါ့ရဲ့သူရဲကောင်းဖြစ်ချင်တဲ့ စိတ်ဆန္ဒကနေ မွေးဖွားလာတဲ့အရာဖြစ်လို့ပဲ။"

....

လွန်ခဲ့သောရှစ်နှစ်က...။

"အား...." ဓားကျိုးကြီးတစ်လက်ကိုကိုင်ထားတဲ့ ဓားနတ်ဆိုးတစ်ယောက် ဖန်သားတိုက်နံရံတစ်ခုကို ဝင်တိုက်မိပြီး ဖန်စကွဲသံတွေနဲ့အတူ တိုက်ထဲကိုပြုတ်ကျသွားတယ်။

သူ့နောက်ကို လူရိပ်တစ်ရိပ်လည်း လိုက်လာခဲ့ပြီး အဲဒီလူရိပ်က အတော်လေးသေးငယ်တဲ့ ကလေးမလေးတစ်ယောက်ပါ။

အဲဒီကလေးမလေးရဲ့လက်ထဲမှာတော့ မျက်လုံးပုံထွင်းထားတဲ့ဓားရိုးနဲ့ကာတာနာဓားတစ်လက်ရှိနေပြီး ဓားသွားအရောင်က သွေးရောင်ပေါက်နေပါတယ်။

နတ်ဆိုးသတ်ဓား ဒိုဂျီဂိရိဟာ ယာမာဂုချီမိသားစုကို တော်ဝင်မိသားစုက ဆုချထားတာဖြစ်ပြီး လူမဆန်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ဓားတစ်လက်ပါ။ မြူတန့်တွေရဲ့စွမ်းအားကို ချိပ်ပိတ်နိုင်ပြီး ဥစာကီကို S rankတစ်ယောက်အနေနဲ့ ကျော်ကြားစေခဲ့ပါတယ်။

"ကျွန်မဆုံးဖြတ်ပြီးပြီ... ကျွန်မရဲ့စိတ်ဆန္ဒကို ပြိုင်ဖက်ကင်းလို့ နာမည်ပေးမယ်။"

အဲဒီတိုက်ပွဲက ဓားနတ်ဆိုးတစ်ယောက် ပထမဆုံးရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲပါပဲ။ သူ့ရဲ့စိတ်ဆန္ဒဖြစ်တဲ့ သတ်ဖြတ်သူက တခြားဓားစိတ်ဆန္ဒတစ်ခုအောက်မှာ ပထမဆုံး ရှုံးနိမ့်ခဲ့ဖူးတာပါ။

...

ကိုင်းတိုကလည်း မြူတွေထဲကနေ မွေးဖွားလာတဲ့ မွန်းစတားတွေကို ရင်ဆိုင်တိုက်ခိုက်နေကြဆဲပါ။ ကလေးနှစ်ယောက်ကို အေမီနဲ့အယ်လိုဟင်တို့က ကာကွယ်ပေးထားတဲ့အတွက် နောက်ကြောင်းရှင်းရှင်းနဲ့ တိုက်ခိုက်နိုင်နေပါတယ်။

ဓားနတ်ဆိုးကိုလွှတ်ပေးပြီး ငွေရောင်စစ်သည်ကို ရှင်းထုတ်နိုင်ခဲ့ပေမဲ့ အနီရောင်နတ်ဘုရားကို ရင်ဆိုင်တဲ့နေရာမှာ မြူဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲပါ။ ဒါပေမဲ့ လောလောဆယ်တော့ သူဟာအသာစီးရနေပါတယ်။

"ဟားဟား... မင်းသာ မင်းရဲ့စွမ်းအားအထွတ်အထိပ်မှာရှိနေရင် ငါမင်းကိုမနိုင်ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ မင်းစွမ်းအားတွေကို ဖျက်ဆီးသွားတဲ့ ဟိုကောင်မစုတ်လေးကို ကျေးဇူးတင်ရမှာပဲ။ ဂျပန်ဟီးရိုးတွေနဲ့အစိုးရက တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးကိုပဲကြည့်နေကျတာကို ငါကျေးဇူးတင်ရမှာပဲ။"

ရေဘဝဲလက်တံသုံးခုက ကိုင်းတိုပေါ်ကို ကျဆင်းလာပြန်တယ်။ ကိုင်းတိုက သာသာလေးရှောင်ရှားလိုက်ပေမဲ့ ဆက်တိုက်ရလာတဲ့ဒဏ်ရာတွေကြောင့် သူ့အမြန်နှုန်းက ကျဆင်းနေပါပြီ။ သူက နာကျင်မှုကို မခံစားရသလိုမျိုး တုံ့ပြန်နေပေမဲ့လည်း သူ့ခန္ဓာကိုယ်က အကန့်အသတ်ကိုရောက်နေပြီ။

မိရိုင်လေးက သူ့လက်ကိုသွေးထွက်တဲ့အထိ တင်းတင်းဆုပ်ထားပြီး ရန်သူတွေကို ကိုယ်တိုင်တိုကိခိုက်ချင်ပေမဲ့ သူက အားနည်းနေတုန်းပါပဲ။

"ဆရာ..."

ဒါပေမဲ့ ကိုင်းတိုက ဘာမှစိတ်မပူသလိုမျိုး ပျက်စီးနေပြီဖြစ်တဲ့ သူ့အပေါ်ရုံဝတ်စုံကို ဆုတ်ဖြဲကာချွတ်ပစ်လိုက်တယ်။ ကောင်းမွန်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ယောက်ျားဆန်တဲ့ကြွက်သားတွေက လူမြင်ကွင်းရှေ့ကို ထွက်ပေါ်လာပါတယ်။

သူ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးလိုမျိုးအနက်ရောင်မင်စာတွေ ရှိနေပြီးတော့ သံကြိုးတွေလိုမျိုးကြက်ခြေခတ်ထားတယိ။ ကြက်ခြေခတ်နှစ်ခုဆုံရာ သူ့ရင်ဝမှာတော့ မျက်လုံးပုံကြီးရှိနေပြီး အရင်ဆယ်နှစ်က နတ်ဆိုးသတ်ဓား သူ့ရင်ဝကိုစိုက်ဝင်ခဲ့တဲ့နေရာပါ။

ကိုင်းတိုက သူ့ရင်ဝက မျက်လုံးပုံပေါ်ကို လက်ဖဝါးတင်လိုက်ပြီး သူ့နှလုံးခုန်သံကို ခံစားကြည့်လိုက်တယ်။ နောက်တော့...

"ငါမေ့နေတာပဲ... ငါ့စွမ်းအားတွေက ဖျက်ဆီးခံလိုက်ရပေမဲ့ မီးပွားလေးတွေတော့ ကျန်နေတုန်းပဲ။ လောင်စာရှိနေသမျှ ပြန်တောက်လောင်နိုင်တယ်...."

သူတီးတိုးရေရွတ်လိုက်ပြီး မျက်လုံးကိုမှိတ်လိုက်တယ်။ တစ်ခုခုကြံစည်နေမှန်း သိတဲ့အတွက်ကြောင့် ဒေါက်တာမြူက ကိုင်းတိုကို အလစ်မပေးရဲပါဘူး။ သူက ချက်ချင်းဘဲ ရေဘဝဲလက်တံတစ်ခုနဲ့ ကိုင်းတိုကို ရိုက်ချလိုက်တယ်။

စကားပြောနေတုန်း တိုက်ပွဲကိုရပ်ထားတဲ့အပြုအမူက အန်နီမေးတွေထဲမှာပဲရှိတာပါ။ ဒီနေရာက ဂျပန်ဆိုပေမဲ့ အခုလိုထုံးစံမရှိဘူးလေ။

ဒါပေမဲ့ လက်တံကြီးသူ့ကိုထိခါနီးအချိန်မှာပဲ ကိုင်းတိုက မျက်လုံးဖွင့်လိုက်တယ်။ သူ့မျက်လုံးတွေက မီးကျည်ခံလို ရဲရဲနီနေကာ လက်မြှောက်လိုက်ပြီး စကားတစ်ခွန်းကို အသံကြားသာရုံလေး ပြောလိုက်ပါတယ်။

"တောက်လောင်စမ်း...."

ဘယ်လိုသတိပေးခြင်းမျိုးမှ မရှိလိုက်ဘဲ ရေဘဝဲလက်တံကြီးက အလိုလိုမီးထတောက်ပြီး စက္ကန့်ပိုင်းအတွင်း ပြာမှုန်တွေအဖြစ် လွင့်ပြယ်သွားတယ်။

အနီရောင်နတ်ဘုရားရဲ့မီးတောက်တွေက အလွန်ပူပြင်းလွန်းတာကြောင့် ကျော်ကြားပါတယ်။ အမေရိကန် S rank SilverFlamesတောင်မှ သူ့မီးတောက်တွေရဲ့စွမ်းအားကို လိုက်မမီပါဘူး။

မြူရဲ့မျက်လုံးတွေကလည်း အပြင်ကိုကျွတ်ကျလုမတတ် ပြူးကျယ်သွားတယ်။

"မဖြစ်နိုင်တာ... မင်းမှာစွမ်းအားတွေ ရှိမနေသင့်တော့ဘူးလေ။"

နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ ကိုင်းတိုရဲ့ခန္ဓာကိုယ်ပေါ်က မျက်လုံးသဏ္ဍာန်အမှန်က သွေးလိုနီရဲလာပြီး သံချိန်းကြိုးတွေကပါ စတင်သက်ဝင်လှုပ်ရှားလာတယ်။ အဲဒီနောက် နတ်ဆိုးတက်တူးတွေက ကိုင်းတိုရဲ့အရေပြားကို စတင်တိုက်စားတဲ့အတွက်ကြောင့် အခိုးအငွေ့တွေထွက်လာတယ်။ ကိုင်းတိုလည်း သူ့ရင်ဝကို ဆုပ်ကိုင်လိုက်ပြီး ဒူးထောက်ကျသွားလေရဲ့။

တစ်ဖက်မှာတော့ ဥစာကီရဲ့ညီမဖြစ်တဲ့ မိရိုင်လေးက အဲဒီကျိန်စာအရာတွေကို ရင်းနှီးနေပါတယ်။

"မဖြစ်နိုင်တာ... ဘာလို့ဆရာ့ရဲ့ကိုယ်ပေါ်မှာ အစ်မရဲ့ကျိန်စာက ရှိနေရတာလဲ။" ဘေးမှာအခြေအနေကို စောင့်ကြည့်နေတဲ့ အယ်လိုဟင်ကတော့ ကလေးမလေးကို သနားစွာနဲ့ကြည့်လိုက်ပြီး ရှင်းပြလိုက်တယ်။

"ကြည့်ရတာ မင်းဘာမှမသိသေးဘူးထင်တယ်၊ အနီရောင်နတ်ဘုရား ဟီးရိုးအဖြစ်အနားယူသွားရတဲ့ အကြောင်းအရင်းက မင်းတို့ယာမာဂုချီမိသားစုရဲ့ ဥစာကီက သူ့စွမ်းအားတွေကို ပိတ်ပင်လိုက်လို့ပဲ။"

"မဖြစ်နိုင်တာ... သူတို့တွေက ဟီးရိုးအချင်းချင်းပဲ မဟုတ်ဘူးလား။" မိရိုင်ရဲ့မျက်လုံးတွေက မယုံကြည်မှုကြောင့် လှုပ်ခါနေပါတယ်။

ကိုင်းတိုက နာကျင်မှုကြောင့် စိတ်လွတ်လက်လွတ် အကြိမ်တချို့ အော်ဟစ်လိုက်ပြီးနောက်မှာ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်ထားလိုက်ပြီး သူ့ရှေ့က ရေဘဝဲကြီးကို ကြည့်လိုက်ပါတယ်။

"နာတော့နာပေမဲ့... မင်းကိုသတ်ဖို့တော့ လုံလောက်မှာပါ။ တောက်လောင်စမ်း...."

'တောက်လောင်စမ်း' 'တောက်လောင်စမ်း' 'တောက်လောင်စမ်း' ကျိန်စာက တားဆီးထားပေမဲ့ ကိုင်းတိုက သူ့စွမ်းအားတွေကို အရူးတစ်ယောက်လိုမျိုး အတင်းအကျပ် အသုံးပြုဖို့လုပ်နေတယ်။

သူကာကွယ်ရမယ့်သူတွေကို သူ့ရှေ့မှာရန်ပြုဖို့ ကြံစည်ရဲတာကြောင့် သူဟာရူးသွပ်တဲ့အခြေအနေကို ဝင်ရောက်သွားခဲ့ပါပြီ။ 'လုံးဝ ခွင့်မလွှတ်နိုင်ဘူး။' ဒါက လက်ရှိသူ့ရဲ့စိတ်အခြေအနေပါ။

မီးတောက်တွေက ကိုင်းတိုရဲ့ခန္ဓာကိုယ်တစ်ဝက်လောက်ကို စတင်ဖုံးလွှမ်းလာတယ်။ ဒါပေမဲ့ကျိန်စာက သူ့ခန္ဓာကိုယ်ကို အက်စစ်တွေလိုမျိုး တိုက်စားနေဆဲပါ။ တစ်ချိန်တည်းမှာပဲ မြူက ကိုင်းတိုစွမ်းအားပိုကြီးလာချိန်မရဖို့ တရစပ်တိုက်ခိုက်နေတယ်။

မီးတောက်၊ ကျိန်စာနဲ့ မွန်းစတားက အသက်လုတိုက်ပွဲကြားမှာ ကခုန်လို့နေတယ်။

....

ယာမာဂုချီ မိသားစုစံအိမ်။ ပထမဓားသခင်ကြီးခြံဝင်း။

ဥစာကီက ပန်းခြံထဲမှာ တစ်ယောက်တည်းဓားရေးလေ့ကျင့်နေပါတယ်။ သူ့လက်ထဲက ကာတာနာဓားဟာ ငှက်မွှေးတောင်တစ်ခုလိုမျိုး ပေါ့ပါးစွာလှုပ်ရှားနေပြီး ခန္ဓာကိုယ်ကလည်း သွက်လက်စွာနဲ့ ခြေလှမ်းများစွာကို လျင်လျင်မြန်မြန်လှမ်းပြီး ဓားရေးကစားနေပါတယ်။

သူ့ဓားသွားက လေထဲမှာမျောလွင့်တဲ့ ဆာကူရာပန်းပွင့်ဖက်လေးတစ်ခုကို နှစ်စိတ်တိတိကျကျပိုင်းလိုက်ပြီး လေထဲမှာတင် ရပ်တန့်သွားတယ်။ ပန်းပွင့်ဖတ်က အတိအကျနှစ်ပိုင်းပိုင်းမိချိန်မှာ ဓားသွားရပ်သွားတာဖြစ်ပြီး ပိုလဲမပိုသလို လိုလည်းမလိုပါဘူး။

သူ့ရဲ့တစ်နေ့တာ လေ့ကျင့်ရေးလုပ်ငန်းစဥ်က ဒီလိုဓားချက်မျိုး တစ်ရာခန့်ထုတ်နိုင်ဖို့ဖြစ်ပြီးတော့ တစ်ချက်လွဲတာနဲ့ တစ်နေ့တာဓားလေ့ကျင့်စဥ်ကို အစကနေ ပြန်လုပ်ရမှာဖြစ်ပါတယ်။

ဥစာကီရဲ့ဓားရေးလေ့ကျင့်ပုံက အင်မတန်လေးနက်တာကြောင့် ဓားစိတ်ဆန္ဒ ပြိုင်ဖက်ကင်းကို မွေးဖွားပေးနိုင်ခဲ့တာ အထူးအဆန်းတော့ မဟုတ်လှပါဘူး။

သူ့ခန္ဓာကိုယ်လှုပ်ရှားပုံက ရေလိုညင်သာတယ်၊ ဓားချက်တွေက ပိုးချည်လိုလှုပ်ရှားပေမဲ့ အံ့မခန်းအောင် ထက်ရှလွန်းတယ်။ အဝေးကကြည့်နေရင်တောင် သူ့ဓားချက်တစ်ချက်ကြောင့် ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးသွားတော့မလိုမျိုး စိုးရိမ်ပူပန်မှုက စိတ်ထဲဝင်လာမှာပါ။

အဲဒီနောက်တော့ ဥစာကီက လေထဲမှာ မမြင်ရတဲ့ ရန်သူတွေရှိနေသလိုမျိုး ဓားကိုလျင်မြန်စွာဝေ့ယမ်းပြီး အနှေးလေ့ကျင့်နေရာကနေ အမြန်လေ့ကျင့်တယ်။

ဓားကွက်တွေဟာ အစီအစဥ်မကျဖြစ်နေသလိုထင်နေရပေမဲ့ ဓားချက်တိုင်းဟာ ပန်းပွင့်ဖက်လေးတွေကို ထက်ခြမ်းခြမ်းပစ်နိုင်တယ်။ ဓားချက်တိုင်းဟာ လူတစ်ယောက်စီရဲ့အသက်ကို ထုတ်နှုတ်ပစ်နိုင်ပါတယ်။

ဒါပေမဲ့ ရုတ်တရက် ဥစာကီက မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ဓားချက်ကို ရုတ်ချည်းရပ်တန့်ပစ်လိုက်တယ်။ သူထိုးမိခါနီး ဆာကူရာပန်းပွင့်ဖတ်က မြေပေါ်ကို ဒီအတိုင်းကျဆင်းသွားခဲ့ပါပြီ။

ဒါပေမဲ့ ဥစာကီက ဘာမှမဖြစ်သလိုမျိုး သူ့ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်ပါတယ်။ အကြောင်းက သူ့ဓားရိုးက မျက်လုံးပုံဟာ ပွင့်လာပြီး သွေးတွေစတင် စီးကျလာခဲ့လို့ပါ။ ငွေရောင်တောက်ပနေတဲ့ ဓားသွားကလည်း မြန်မြန်ဆန်ဆန်ပဲ သွေးနီရောင်ပြောင်းသွားခဲ့တယ်။

"တစ်ယောက်ယောက်က ငါချန်ထားတဲ့စည်းတံဆိပ်ကိုဖျက်ပြီး စွမ်းအားအတင်းသုံးဖို့ ကြိုးစာစနေတာလား။"

ဥစာကီက အရပ်ရှစ်မျက်နှာကို စူးစမ်းလေ့လာလိုက်ပြီးနောက် အိမ်ခြံစည်းရိုးကို ခုန်ကျော်ကာ အလောတကြီးပုံစံမျိုးနဲ့ ထွက်ခွာသွားလိုက်တယ်။ သူဦးတည်နေတဲ့နေရာက တိုက်ပွဲအကြီးအကျယ်ဖြစ်နေတဲ့ အာကိုင်းဂါမီဘုရားကျောင်းဆီကိုပါ။

၄။

S rank နောက်တန်းအမျိုးအစားဖြစ်တဲ့ ဒေါက်တာမြူဟာ ပုံမှန် S rankတွေထက် တိုက်စစ်အင်အားနည်းပါတယ်။ သူအထူးကျွမ်းကျင်တာက တခြားသူတွေကို ကူညီဖို့ဖြစ်ပြီး ကိုယ်တိုင်တိုက်ခိုက်ရတဲ့အခါမှာတော့ တော်တော်လေးအားနည်းပါတယ်။

အဆင့်မတက်ခင်က ဗီးနပ်စ်တောင် သူ့ထက်ပိုသာပါသေးတယ်။

မီးလျှံတစ်ဝက်တောက်လောင်နေတဲ့ အာကိုင်းဂါမီဟာ ပိုကြမ်းတမ်းလာပြီး ထိန်းချုပ်ရခက်လာပါတယ်။ ဒေါက်တာမြူရဲ့ရေဘဝဲကြီးဟာ ပြန်လည်ကုစားနိုင်စွမ်းရှိပြီး အချိန်တိုအတွင်း လက်တံတွေ ပြန်ပေါက်လာနိုင်ပေမဲ့ ပြန်ကောင်းတဲ့နှုန်းက အဖျက်ဆီးခံရတဲ့နှုန်းထက် အများကြီးနှေးနေပါပြီ။

တစ်ခုခုမလုပ်ရင် မိနစ်အနည်းငယ်အတွင်း အလုံးစုံရှုံးနိမ့်သွားတော့မှာပါ။

"ကြည့်ရတာ မလုပ်ချင်ပေမဲ့လည်း ဒီဝှက်ဖဲကို ထုတ်သုံးရတော့မယ်ထင်တယ်။" ဒေါက်တာမြူက မြူနေရာလပ်ထဲကနေ ပန်းနုရောင်အမှုန်တွေ ထည့်သွင်း

ထားတဲ့ ဖန်ပုလင်းလေးတစ်လုံးကို ထုတ်လိုက်ပြီး အဖုံးကိုဖွင့်လိုက်တယ်။ ထူးခြားတဲ့ ပန်းသင်းရနံတစ်ခုက ဘုရားကျောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး တစ်မြို့လုံးကိုပါ စတင်ပြန့်နှံလာနေပါတယ်။

အဲဒီနောက်တော့ ဒေါက်တာမြူက ဖန်ပုလင်းကို ကလေးမလေးနှစ်ယောက်ရှိနေတဲ့ နေရာဆီလှမ်းပစ်လိုက်တယ်။

သတိအနေအထားနဲ့ရှိနေတဲ့ အယ်လိုဟင်က အဲဒီဖန်ပုလင်းကို သေနတ်နဲ့ပစ်လိုက်ပေမဲ့ ပန်းရောင်ဝတ်ဆန်တွေကို လေထဲမှာပြန့်သွားအောင်လုပ်သလိုဖြစ်သွားပြီး သူတို့ကိုယ်ပေါ်ကို ကပ်ညိသွားတယ်။

တစ်ချိန်တည်းမှာပဲ အားကိုင်းဂါမီအပါအဝင် တိုက်ပွဲအတွင်းမှာရှိနေတဲ့ လူတွေအားလုံးက အန္တရာယ်အငွေ့အသက်ကို ရလိုက်ပါတယ်။

"မင်း...ဘာတွေကြံနေတာလဲကွ..." အားကိုင်းဂါမီက အော်ဟစ်လိုက်ပြီး သူ့မီးလျှံတွေအားကိုးနဲ့ ရှေ့ကို ထိုးတက်ဖို့လုပ်ပေမဲ့ ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်က ကျိန်စာအမှတ်တွေဟာ ပိုပြင်းထန်လာတဲ့အတွက် မီးတောက်တွေငြိမ်းသွားပြီး မြေပေါ်ကို ဒူးထောက်ကျသွားတယ်။

"ဘာဖြစ်လို့... ကျိန်စာက ပိုပြင်းလာရတာလဲ။" လက်ရှိအခြေအနေကို အာကိုင်းဂါမီ တကယ်ပဲနားမလည်နိုင်ဘူး။

သူ့ခန္ဓာကိုယ်ပေါ်က မိစ္ဆာတက်တူးတွေက အဆက်မပြတ်လှုပ်ရှားနေပြီး တဖြည်းဖြည်းပိုအားကောင်းလာနေပါတယ်။

တစ်ဖက်မှာတော့ ဥစာကီက ရိုးရာအိမ်ခေါင်မိုးတွေပေါ်မှာ ခုန်ပျံကျော်လွှားရင်း တိုက်ပွဲနေရာကို ပြေးလာနေပါတယ်။ ဒါပေမဲ့ သူ့အမြန်နှုန်းကလည်း အကန့်အသတ်ရှိတာကြောင့် ဧရာမရေဘဝဲကြီးကို လှမ်းမြင်နေရရုံကလွဲရင် အသေးစိတ်အခြေအနေတွေကို မသိသေးဘူး။

ဥစာကီက သူ့နားမှာရှိတဲ့ နားကြပ်ကိုထိလိုက်ပြီး တိုကျိုဟီးရိုးအစည်းအရုံးကို အကြောင်းကြားလိုက်တယ်။

"ပစ်မှတ်ကိုသွားနေပြီ၊ S rank အဆင့်တိုက်ပွဲဖြစ်နိုင်တယ်။ အစည်းအရုံးဟီးရိုးတွေက တိုက်ပွဲနေရာဝန်းကျင်က အရပ်သားတွေကို ရွေ့ပြောင်းဖို့ပဲအာရုံစိုက်ပါ။ တိုက်ပွဲကို ငါသွားလိုက်မယ်။"

အဲဒီနောက်တော့ ဥစာကီက တိုက်ပွဲနေရာကို နောက်တစ်ခါ ကြည့်လိုက်ပြန်တယ်။ တိုက်ပွဲနေရာနဲ့နီးလာလေလေ သူ့နတ်ဆိုးသတ်ဓားက ပိုပြီးတုန်ခါလေလေပါ။ တစ်စုံတစ်ယောက်က တကယ်ပဲ ကျိန်စာချိပ်တံဆိပ်ကို အင်အားသုံးချိုးဖျက်ဖို့ကြိုးစားနေပြီး

ဓားက အစွမ်းကုန်ဖိနှိပ်နေပါတယ်။

ကျိန်စာတံဆိပ်ရဲ့ပိုင်ရှင်ကို ဥစာကီမသိတာတော့မဟုတ်ပေမဲ့ ဒီအတိုင်းဖြေပေးဖို့က အဆင်မပြေလို့ မဖြေမပေးသေးတာပါ။ အထူးသဖြင့် ကျိန်စာတံဆိပ်ပိုင်ရှင်က အင်မတန်အန္တရာယ်များတဲ့ မြူတန့်တစ်ယောက် ဖြစ်နေချိန်မှာပေါ့။

"ထူးဆန်းတယ်... ဘာလို့တိုကျိုမြို့ပေါ်မှာ ပုန်းကွယ်နေတဲ့ အန္တရာယ်အငွေ့အသက်တွေရှိနေတယ်လို့ ခံစားနေရတာလဲ။"

စွမ်းအားမြင့် မြူတန့်တစ်ယောက်အနေနဲ့ အန္တရာယ်အငွေ့အသက်ကို ကြိုတင်အာရုံခံနိုင်စွမ်းရှိတာ ပုံမှန်ပါပဲ။

တစ်ချိန်တည်းမှာပဲ နတ်ကွန်းအပြင်ဖက် လမ်းမပေါ်မှာ ဓားသိုင်းချင်းယှဥ်နေကြတဲ့ ငွေရောင်စစ်သည်နဲ့ ဓားနတ်ဆိုးတို့ကလည်း ပန်းရောင်အမှုန့်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်အငွေ့အသက်ကို စတင်ခံစားမိလာပါတယ်။

သူတို့က ကြေမွနေတဲ့ ကွန်ကရစ်လမ်းပေါ်မှာရပ်ရင်း ဓားတွေကို ပြန်ရုပ်လိုက်ကာ ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းကြည့်လိုက်ကြတယ်။ ဒီအန္တရာယ်က ရန်သူမိတ်ဆွေ ခွဲခြားတတ်မှာ မဟုတ်ဘူးလို့ပါ သူတို့ခံစားနေရပါပြီ။

...

အာကီဟာဘရာစျေး။

ဒရုန်းဇုန်က ပူရှိန်းပီကေကိုဝါးရင်း ပူဖောင်းမှုတ်နေတယ်။ စိတ်မပါတပါခြေလှမ်းတွေကိုလှမ်းရင်း သူတာဝန်ကျရာ မြို့လေးထဲမှာ ကင်းလှည့်နေခဲ့တာပါ။

B rank အသစ်ဆက်ဆက်တစ်ယောက်အနေနဲ့ သူ့မှာက လုပ်စရာတာဝန်သိပ်မရှိပါဘူး။ အစတုန်းက ဗီလိန်ပေါင်းစုံကို အပီသိပ်မယ်ဆိုပြီး တိုကျိုဟီးရိုးအစည်းအရုံးထဲဝင်ခဲ့ပေမဲ့ နိုင်ငံရဲ့အင်အားအကြီးဆုံး ဟီးရိုးကိုယ်တိုင်က ယာကူဇာတွေနဲ့ပတ်သက်နေပြီး ဟီးရိုးအစည်းအရုံးအတွင်း လာဘ်စားမှုကလည်း အင်မတန်မြင့်မားနေတဲ့အတွက်ကြောင့် သူ့အိပ်မက်တွေက ပျောက်လုနီးပါးဖြစ်နေတာ ကြာပါပြီ။

'ဗီလိန်တွေကို လိုက်မနှိမ်နင်းခင် တိုကျိုအစည်းအရုံးကို သန့်စင်ပစ်ရမယ်။' ဒရုန်းဇုန်တစ်ယောက် ဒီလိုတွေးမိပေမဲ့ B rank အလယ်အလတ်အဆင့် အသစ်လေးတစ်ယောက်က ဒီလိုပြောင်းလဲနိုင်တဲ့ ခွန်အားမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။

သူမသိလိုက်ရခင်မှာပဲ ဟီးရိုးတစ်ယောက်ဖြစ်ရတာ အဓိပ္ပါယ်မဲ့လာပြီး လမ်းစဆုံးနေပါပြီ။

သူလမ်းလျှောက်နေတုန်းမှာပဲ ဆိုင်းမဆင့်ဘုံမဆင့် နာရီအလန်းက မြည်လာတယ်။ စမတ်နာရီကိုဖွင့်လိုက်တော့ ဟီးရိုးအစည်းအရုံးက ဆက်သွယ်လာတာဖြစ်ပြီး တိုကျိုမြို့ဟောင်းထဲမှာ ဗီလိန်တွေတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းနဲ့ ဥစာကီစလှုပ်ရှားနေပြီလို့ ဖော်ပြထားပါတယ်။

"တိုကျိုမြို့ဟောင်း... အနားယူသွားတဲ့ အာကိုင်းဂါမီက အဲဒီမှာနေတာမဟုတ်လား။"

အာကိုင်းဂါမီရဲ့နေလိုတောက်ပတဲ့ မီးလျှံတွေနဲ့ကြီးပြင်းလာခဲ့တဲ့ သူမအဖို့တော့ အာကိုင်းဂါမီကို လူအများစုမေ့သွားလည်း သူကတော့ မမေ့နိုင်သေးပါဘူး။ အာကိုင်းဂါမီရှိတုန်းက တိုကျိုဟီးရိုးအစည်းအရုံးဟာ ကမ္ဘာ့အစည်းအရုံးတွေအနက် ဂုဏ်သတင်းအကောင်းဆုံးဖြစ်ပြီး စည်းကမ်းတကျအဖြစ်ဆုံး ကိုယ်ကျိုးအစွန့်ဆုံးပါ။ အခုတော့ အရာအားလုံး ပြောင်းလဲသွားပြီ။

"ဟီးရိုးအားလုံး၊ ကိုယ်ရှိနေတဲ့နေရာမှာနေပြီး သာမန်အရပ်သားတွေကို ကာကွယ်ပါ။ ဥစာကီကိုကူညီဖို့ အထူးအေးဂျင့်တွေကို စေလွှတ်လိုက်ပြီ။ ဌာနချုပ်အမိန့်ကိုစောင့်ပါ။"

ဂျပန်ရဲ့အထူးအဖွဲ့ဝင်တွေက ဥရောပဟီးရိုးအစည်းအရုံးတွေက အထူးအေးဂျင့်တွေနဲ့အတူတူပဲ။ သူတို့တွေက မိသားစုကြီးတွေကလာတဲ့ A rank တွေဖြစ်ပြီး ဌာနခေါင်းဆောင်ရာထူးယူမထားကြပေမဲ့ တကယ့်စွမ်းအားကြီး မြူတန့်တွေပါ။ ဂျပန်မှာတော့ အဲဒီလိုအဖွဲ့ဝင်မျိုး ခြောက်ယောက်ထက်မနည်းရှိပြီး ၃ ယောက်က ယာမာဂုချီရဲ့ဓားသခင်တွေပါ။

"ဟင်..." ဒရုန်းဇုန်တစ်ယောက် ရောက်တတ်ရာရာတွေးနေတုန်း သူ့မျက်လုံးထောင့် ဖြတ်ခနဲမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခေါင်းကိုလှည့်ကြည့်လိုက်မိတယ်။

အထက်တန်းကျောင်းသူဝတ်စုံနဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် လမ်းပေါ်မှာဒယိမ်းဒယိုင်လျှောက်နေရင်း သူ့ဘေးကနေ ဖြတ်သွားတယ်။ အဲဒီနောက် ဆိုင်တစ်ဆိုင်ဖက်ကို မျက်နှာမူလိုက်ပြီး သူ့လက်ထဲမှာဆွဲလာတဲ့ လက်ဆွဲအိတ်ကို သတိလက်လွတ် ပစ်ချလိုက်တယ်။

ထူးခြားချက်အနေနဲ့ အဲဒီမိန်းကလေးရဲ့မျက်လုံးအိမ်တွေနဲ့မျက်သားတွေက လုံးဝမည်းနက်သွားပြီး နဖူးသွေးကြောတွေကပါ အနက်ရောင်ပြောင်းကာ ထောင်ထွက်လာပါတယ်။

ပြီးတော့ လေထုထဲမှာပြန့်လွင့်နေတဲ့ ပန်းနုရောင်အမှုန်တချို့ကိုလည်း ဒရုန်းဇုန်သတိထားမိလိုက်ပါတယ်။

"ပန်းဝတ်မှုန်တွေလား... ဒါပေမဲ့ ဘာလို့အနံက ငါမသိတဲ့အနံမျိုးဖြစ်နေရတာလဲ။" ဒရုန်းဇုန် မျက်မှောင်ကြုတ်လိုက်တဲ့အချိန်မှာပဲ ဆယ်ကျော်သက်မိန်းကလေးက ဆိုင်ထဲကထွက်လာတဲ့ လူတစ်ယောက်ဆီ ပြေးသွားလိုက်ပြီး ရှည်ထွက်လာတဲ့ လက်သည်းတွေနဲ့ ရင်ဝကိုထိုးစိုက်လိုက်တယ်။

"ရပ်လိုက်..." ဒရုန်းဇုန်ပြေးသွားပေမဲ့ နောက်ကျသွားခဲ့ပါပြီ။ သတိလက်လွတ်ဖြစ်နေတဲ့ အထက်တန်း ကျောင်းသူက ရုံးဝန်ထမ်းရဲ့နှလုံးကို ထိုးဖောက်ပြီးသွားပြီ။

ဒါပေမဲ့ အခုလိုထိတ်လန့်စရာဖြစ်ရပ်က အစပဲဆိုတာကို မကြာခင်မှာပဲ ဒရုန်းဇုန်တစ်ယောက် သိလိုက်ရတယ်။

စက္ကန့်ပိုင်းအတွင်းမှာပဲ အာကီဟာဘရာလမ်းမပေါ်မှာ သူ့ကိုဗဟိုပြုပြီးတော့ ဇွန်ဘီလို သတိလက်လွတ်ဖြစ်နေတဲ့ မြူတန့်တွေက အခြားသူတွေကို လိုက်လံသတ်ဖြတ်နေတယ်။ ဒီဖြစ်ရပ်ကြောင့် ဒရုန်းဇုန်တစ်ယောက် ဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ဘူး။

အစောပိုင်းက လက်သည်းတွေရှည်ထွက်လာတဲ့ အထက်တန်းကျောင်းသူကို လက်သီးတွေသံလိုဖြစ်နေတဲ့ တက္ကစီကားဒရိုက်ဘာက ခေါင်းကိုကြေမွတဲ့အထိ ထုသတ်လိုက်တယ်။

သွေးတွေအိုင်ထွန်းသွားပြီး ပန်းထွက်လာတဲ့ သွေးစက်တချို့က အနားမှာရှိနေတဲ့ ဒရုန်းဇုန်ရဲ့အင်္ကျီနဲ့ပါးပေါ်ကို လာစင်တယ်။ ဖြူဖြူအဖက်တွေရောနှောနေတဲ့ လက်လက်ဆတ်ဆတ်သွေးရည်တွေကလည်း သူ့ခြေထောက်အောက်ကို စီးလာတယ်။

'ကမ္ဘာပျက်မယ့်အချိန် ရောက်လာတာလား။' ဒရုန်းဇုန်ရဲ့ဦးနောက်အစိတ်အပိုင်းတွေအားလုံး တွေးခေါ်နိုင်စွမ်း ဆုံးရှုံးသွားတယ်။

သူ့ဘေးနားမှာရှိနေတဲ့ သက်စောင့်ဒရုန်းက သတိပေးချက်တွေ အော်နေတာကိုတောင် သူမကြားနိုင်တော့ဘူး။

"သတိ... သတိ... ရန်သူတိုက်ခိုက်တော့မယ်..." နောက်ဆုံးမှာတော့ မယုံနိုင်စရာမြင်ကွင်းကြောင့် ကြောင်အနေတဲ့ ဒရုန်းဇုန်ကို ဝရုန်းသုန်းကားအဖြစ်အပျက်တွေကြောင့် အရှိန်လွန်ပြီး ပလက်ဖောင်းပေါ်တက်လာတဲ့ ဘက်စ်ကားတစ်စီးက ခပ်ပြင်းပြင်းဝင်တိုက်သွားတယ်။

ဘုန်း....။

...

"အား.... ငါ့ခေါင်းထဲမှာ... ငါ့ခေါင်းထဲမှာ တစ်ခုခုရှိနေသလိုပဲ။" အာအိုဂီက သူ့ခေါင်းတစ်ခြမ်းကို ဆုပ်ကိုင်ရင်း လူးလှိမ့်နေပါတယ်။ နဂိုကတည်းက ဒဏ်ရာကထားသူမလို့ မက်ဒါနာက သူ့ကိုအေမီလက်ထဲ အပ်ခဲ့တာဖြစ်ပြီး။ အခုတော့ သူ့ကိုကြမ်းပြင်ပေါ်မှာ ချထားပေးခဲ့တာပါ။

တိုက်ပွဲကို ကြောက်လန့်တကြားစောင့်ကြည့်နေတဲ့ ယုဆလေးလည်း သတိထားမိသွားပြီး အာအိုရီနားကို ပြေးလာလိုက်တယ်။

"စက်ရုပ်အစ်မကြီး... ဒီလူဆိုးအစ်မကြီးက ဘာဖြစ်နေတာလဲမသိဘူး။"

ယာကူဇာဂိုဏ်းသားတွေ ဘုရားကျောင်းရင်ပြင်ကနေ ဆုတ်ခွာသွားခဲ့ပြီးပြီဆိုပေမဲ့ သစ္စာရှိတဲ့အဖွဲ့ဝင်တချို့ကတော့ ခပ်လှမ်းလှမ်းကနေ စောင့်နေကြဆဲပါ။

သူတို့တွေရဲ့ခန္ဓာကိုယ်ပေါ်မှာလည်း အနက်ရောင်သွေးကြောတွေ ထွက်ပေါ်လာပြီး စတင်ရန်မူလာကြပါတယ်။ ဒါကြောင့် အယ်လိုဟင်နဲ့အေမီတို့က မွန်းစတားတွေအပြင် သူတို့ကိုပါ သတိထားနေရပါပြီ။

အဲဒီမြင်ကွင်းကို မြင်လိုက်ရပြီးတဲ့နောက်မှာတော့ အာအိုရီသဘောပေါက်သွားပြီး ကလေးမလေးကို တွန်းဖယ်လိုက်ပါတယ်။

"အဲဒီမြူတန့်ဆေးတွေထဲမှာ မူမမှန်တာတစ်ခုခုပါနေတာပဲဖြစ်ရမယ်... ငါ့အနားကဖယ်။"

အာအိုရီက အခုထိလက်စားချေဖို့အတွက် စိတ်အားထက်သန်နေခဲ့ပေမဲ့ ကလေးတစ်ယောက်ကိုတော့ မသတ်ချင်သေးပါဘူး။ သူက နောက်ဆုံးအနေနဲ့ သူ့ဂိုဏ်းသားတွေနဲ့ ဒေါက်တာမြူကို ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။

"တကယ်ပဲ... ဒေါသက ဆင်ခြင်တုံတရားကို မှေးမှိန်သွားစေတာပဲ။" အိုက်ဇာဝါရဲ့လက်ထောက်တစ်ယောက်အနေနဲ့ အာအိုရီက မညံ့လှပါဘူး။ ဒါပေမဲ့ လက်စားချေဖို့အတွက်ပဲ စိတ်အားထက်သန်နေခဲ့တာကြောင့် ဒီလောက်သိသာနေတဲ့ ထောင်ချောက်တစ်ခုကို သူသတိမထားမိခဲ့ပါဘူး။

အခုတော့ သူနဲ့အတူ ယာမာဂုချီရဲ့ဂိုဏ်းခွဲတစ်ခုလုံးကို ဆွဲချမိခဲ့ပါပြီ။ အာအိုရီရဲ့မျက်လုံးထောင့်ကနေ မျက်ရည်တွေစီးကျလာပြီး သူ့ဆံပင်ကိုထုံးထားတဲ့ ကျောက်စိမ်းဆံထိုးကို ဆွဲဖြုတ်လိုက်တယ်။ ဒါကြောင့် နက်မှောင်တဲ့ဆံပင်ရှည်တွေက သူ့ခါးပေါ်ပြေကျလာတယ်။

"သခင်... ကျွန်မသခင့်နောက်ကို လိုက်လာခဲ့မယ်။" အဲဒီနောက်တော့ အာအိုရီက တစ်ဝက်နက်မှောင်နေပြီဖြစ်တဲ့ သူ့မျက်လုံးထဲကို ဆံထိုးနဲ့ထိုးစိုက်ပစ်လိုက်တယ်။

ရွှတ်....။

အာအိုရီရဲ့မျက်လုံးထဲကနေ မျက်ရည်တွေအများကြီး ပန်းထွက်လာပြီးနောက် နီရဲတဲ့သွေးတွေက ပေါက်ထွက်လာတယ်။ မျက်လုံးအိမ်ပေါက်ထွက်သွားပြီးတဲ့နောက် ခေါင်းထဲက ဦးနောက်ကိုပါ ထိခိုက်သွားခဲ့တဲ့အတွက် တစ်ချက်နှစ်ချက်အကြောဆွဲသွားပြီးတဲ့နောက် မြေပြင်ပေါ်ကို ဒူးထောက်ချသွားတယ်။ အဲဒီနောက်တော့ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက ကြမ်းပြင်ပေါ်ကို ဘုတ်ခနဲပြိုလဲကျသွားပြီး အဆုံးသတ်သွားတယ်။

ဒီရက်စက်တဲ့မြင်ကွင်းကို ကလေးနှစ်ယောက်ဖြစ်တဲ့ ယုဆရောမိရိုင်ပါ မြင်လိုက်ကြရပြီး သူတို့တွေက ကြောက်လန့်မှုကြောင့် တစ်ကိုယ်လုံးတုန်ရီနေပါတယ်။

ဒီလိုသွေးသံရဲရဲမြင်ကွင်းက သူတို့အတွက်များလွန်းနေပြီလေ။

အယ်လိုဟင်ကတော့ စိတ်ရိုင်းဝင်နေတဲ့ ယာကူဇာတချို့ကို ပစ်သတ်လိုက်ပြီး အေမီကိုပြောလိုက်ပါတယ်။

"ငါတို့တွေ လုံခြုံတဲ့နေရာတစ်ခုရှာရမယ်။ ဒီတိုက်ပွဲမြေပြင်မှာ ငါတို့ဆက်ရှိမနေသင့်တော့ဘူး။" အေမီလည်း ခေါင်းညိတ်လိုက်တယ်။

ဒေါက်တာမြူက S rankပါ။ ဒါကြောင့် သူတို့လိုအားနည်းတဲ့သူတွေရှိနေရင် တိုက်ခိုက်နေတဲ့သူတွေကို အနှောင့်အယှက်ဖြစ်စေပြီးတော့ ဝန်ပိုပိစေပါလိမ့်မယ်။

တစ်ဖက်မှာတော့ ဒေါက်တာမြူက စမ်းသပ်မှုရလဒ်ကို အင်မတန်ကျေနပ်နေဟန်နဲ့ ရယ်မောလိုက်ပါတယ်။

"ဟားဟားဟား... နယူးယောက်မြူတန့်ပြဿနာပြီးတဲ့နောက်မှာ မြူတန့်ဆေးဆိုးကျိုးကို ပိုဆိုးအောင်လုပ်ပြီး ထိန်းချုပ်နိုင်မယ့်နည်းလမ်းရှာခဲ့တာ မှန်သွားတယ်။ စမစ်ဆိုတဲ့ကောင်က အမြော်အမြင်မရှိဘူး။ ဒီလောက်ကြီးမားတဲ့ ဝှက်ဖဲကြီးကို သူကလုံးဝဖျောက်ပစ်ချင်နေတာ။ ငါကတော့ မှိုတစ်မျိုးကိုသုံးပြီး ပိုအားကောင်းအောင်လုပ်ပေးလိုက်တယ်လေ။ ငါတို့ဆေးကိုသုံးတဲ့သူတွေ မြူတန့်သိပ္ပံရဲ့ရုပ်သေးတွေ တန်းဖြစ်သွားတာပေါ့။"

နယူးယောက်မှာဖြစ်ခဲ့တဲ့ မြူတန့်စွမ်းအားဆေးဆိုးကျိုးက စွမ်းအားတွေရုတ်တရက်တိုးလာပြီး ထိန်းသိမ်းမရ ဖြစ်ခဲ့ရုံတင်ပါ။ ဒါပေမဲ့ အခုတိုကျိုမြို့မှာဖြစ်ခဲ့တဲ့ ဆိုးကျိုးကတော့ ဆေးအသုံးပြုသူတွေကို လုံးဝသွေးဆာသွားစေပြီး စစ်မှန်တဲ့သတ်ဖြတ်ပွဲတွေ ဖြစ်ပေါ်လာစေပါတယ်။

အပျက်အစီး၊ ထိခိုက်သေဆုံးမှုနှုန်းက အဆတစ်ရာလောက်တောင် ကွာခြားနိုင်တယ်။

"ပြီးတော့... မင်းတို့က ထွက်သွားဖို့စဥ်းစားနေကြတုန်းပဲလား... မင်းတို့ရဲ့အစောင့်ခွေးက ငါ့ကိုဆက်မတိုက်နိုင်တော့ဘူး။"

ဒေါက်တာမြူက ကျိန်စာကြောင့် တိုက်ခိုက်နိုင်စွမ်းအများကြီးလျော့ကျနေတဲ့ ကိုင်းတိုရဲ့ခန္ဓာကိုယ်ကို ရေဘဝဲလက်နဲ့ ဖမ်းဆုပ်လိုက်ပြီး မြေပြင်နဲ့ရိုက်ချလိုက်တယ်။

အကြိမ်ကြိမ် မြေပြင်နဲ့အရိုက်ခံရပြီးတဲ့နောက်တော့ နောက်ဆုံးမှာ ကိုင်းတိုသတိလစ်သွားခဲ့ပါပြီ။ သူ့ပါးစပ်ထောင့်ကနေတောင် သွေးစက်တချို့ စီးကျနေသေးတယ်။

"ငါလိုချင်တဲ့ နမူနာလည်းရပြီဆိုတော့ ထွက်သွားချင်ရင် ထွက်သွားလို့ရပြီ၊ ဒါပေမဲ့ ငါတို့မြူတန့်သိပ္ပံကို အကြာကြီးဆန့်ကျင်ခဲ့တဲ့ မြူတန့်နှစ်ယောက်ကိုလည်း စမ်းသပ်ကြည့်ဖို့ စိတ်ဝင်စားနေသေးတယ်။"

ဒေါက်တာမြူရဲ့အကြည့်က ဝတ်စုံပါမလာတဲ့ ဖရာလီတာအပေါ်ကို ကျရောက်လာပြန်တယ်။ ဖရာလီတာရဲ့မျက်နှာလည်း ချက်ချင်းဖြူဖျော့သွားပြီး အယ်လိုဟင်ကို ပြောလိုက်တယ်။

"အယ်လိုဟင်၊ ငါတို့ပြန်ပြေးကြမယ်။ အခြေအနေက မဟန်တော့ဘူး။" ဒါပေမဲ့ ကောင်မလေးမိရိုင်က ဖြတ်ပြောလိုက်တယ်။

"ဒါပေမဲ့ အစ်ကိုနတ်ဘုရားကို ထားခဲ့လို့မရဘူးလေ။"

"အဲဒါက နင်တို့အစ်ကိုနတ်ဘုရားလေ၊ ငါတို့ကိစ္စမှမဟုတ်တာ။"

"...." အယ်လိုဟင်တစ်ယောက် ဖရာလီတာရဲ့ကလေးဆန်တဲ့စိတ်ကူးတွေကြောင့် ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။ အင်းလေ၊ ဘာပဲပြောပြော သူ့သခင်မလေးက Power of friendship တွေဘာတွေလုပ်နေတတ်တဲ့ ဟီးရိုးမှမဟုတ်တာကို။ မက်ဒါနာမဟုတ်ရင် ဘယ်သူ့ကိုမှကယ်မှာမဟုတ်ဘူး။

တစ်ဖက်မှာ ဓားနတ်ဆိုးနဲ့တိုက်နေတဲ့ မက်ဒါနာကလည်း ဖရာလီတာတို့ဖက်မှာ အခြေအနေမဟန်တော့မှန်း သတိထားမိတဲ့အတွက် ချက်ချင်းလှည့်ပြီးသွားကူဖို့လုပ်တယ်။ ဒါပေမဲ့ ဓားနတ်ဆိုးရဲ့ဓားချက်က သူ့အပေါ်ကျရောက်လာတာကြောင့် ဟန်ချက်ပျက်ပြီး ဘုရားကျောင်းနံရံထဲ နောက်တစ်ခါနစ်ဝင်သွားတယ်။

"မင်းပြိုင်ဖက်က ငါပဲ၊ သတိလက်လွတ်မနေစမ်းနဲ့။"

တိုက်ခိုက်နေတဲ့ စစ်သည်နှစ်ယောက်က လက်ရည်ညီနေရင် တိုက်ပွဲမှာအာရုံပျက်သွားတဲ့သူက ခံရတာ ဓမ္မတာပဲမဟုတ်လား။

"အခုမှထွက်ပြေးဖို့တော့ နောက်ကျသွားပြီ။"

ဒေါက်တာမြူရဲ့ကျောက ချုပ်ရိုးကြီးထပ်ပွင့်လာပြန်တယ်။ ဒီတစ်ခါတော့ အတောင်ပံပါပြီး ပိုအန္တရာယ်များတဲ့ ခြင်ကြီးတွေထွက်လာတာပါ။ အရေအတွက်ကလည်း တော်တော်လေးများပြီးတော့ စက္ကန့်ပိုင်းအတွင်း အကောင်ရေရာချီပြည့်နက်သွားတယ်။

"ကဲ... လိမ်လိမ်မာမာနဲ့ မင်းတို့သွေးနမူနာလေးတွေ ပေးပြီးအသေခံကြ။ မင်းတို့အလောင်းကို အကောင်းအတိုင်း ချန်ထားပေးမယ်။"

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ ငွေမင်ရောင် အလင်းတန်းတစ်ခုကျဆင်းလာတယ်။

"တောင်ပိုင်းဖြတ်ခြင်းဓားသိုင်း၊ နဂါးခေါင်းဖြတ်ကွက်။" မိန်းကလေးတစ်ယောက်ရဲ့အသံနဲ့အတူ ဧရာမတောင်ကြီးတစ်တောင်လိုဖြစ်နေတဲ့ ရေဘဝဲကြီးဟာ နှစ်ပိုင်းအဖြတ်ခံလိုက်ရတယ်။ အဲဒီနောက် ရေဘဝဲသွေးတွေက နေရာအနှံပြန့်ကျဲကုန်ပြီး မကြာခင်မှာပဲ မြူတွေအဖြစ်ကို ပြောင်းလဲသွားပါတယ်။

ဒါပေမဲ့ဓားချက်ရဲ့စွမ်းအားဟာ ကုန်စင်မသွားသေးဘဲ ဘုရားကျောင်းရဲ့ယိုင်နဲ့နဲ့သာကျန်တဲ့ အောက်ခံအုတ်မြစ်တစ်ခုလုံးကို ပြိုလဲကျသွားစေတယ်။

အုတ်မြစ်ပြိုကျသွားတာကြောင့် ဖရာလီတာတို့လည်း ခြေချစရာနေရာပျောက်သွားပြီး ကျောက်တုံးတွေနဲ့အတူ လိမ့်ဆင်းကျသွားလေရဲ့။ တော်တော်ကြာကြာနေတော့မှ သူတို့တွေမတ်တပ်ပြန်ရပ်လိုက်နိုင်တယ်။

ဒေါက်တာမြူကတော့ တုန်ရင်နေတဲ့လက်တွေနဲ့ သူ့နားရွက်ကို စမ်းကြည့်လိုက်တယ်။ ဓားသွားက သူ့နားနားကနေ ဖြတ်သွားတာဖြစ်ပြီး အသားစတချို့ပဲ့ကျသွားတဲ့အတွက် သွေးတွေသူ့နားကနေ စီးကျနေတယ်။

ဒါပေမဲ့ နောက်မေးခွန်းက၊ သူနဲ့သူ့ရေဘဝဲကိုပါ တစ်ချက်တည်းသတ်နိုင်တဲ့ လူတစ်ယောက်က ဘာလို့သူ့ကို အရှင်ထားထားတာလဲ။

အလုံးစုံပြိုကျပျက်စီးသွားပြီဖြစ်တဲ့ ဘုံကျောင်းရဲ့အလယ်မှာတော့ အထက်တန်းကျောင်းသူယူနီဖောင်းနဲ့မိန်းကလေးက လက်ထဲက ကာတာနာကို ခါးမှာချိတ်ထားတဲ့ ဓားအိမ်ထဲ ပြန်သွင်းလိုက်တယ်။ သူက မိရိုင်ရဲ့ဘေးမှာရပ်နေတာဖြစ်ပြီး ခေါင်းကိုလှည့်မကြည့်ဘဲ မျက်လုံးကိုစောင်းကြည့်ကာ မေးလိုက်ပါတယ်။

"ဘာမှမဖြစ်ဘူးမဟုတ်လား..." မိရိုင်ကတော့ ဒီမိန်းကလေးကို မြင်လိုက်ရတဲ့အတွက် အင်မတန်အံ့ဩနေပုံပါပဲ။

"အ... အစ်မကြီး..." ဥစာကီကတော့ ဒေါက်တာမြူကိုသာ နောက်တစ်ကြိမ်အာရုံစိုက်နေပြန်တယ်။

ရုတ်တရက် ကျောက်တုံးတချို့မြောက်တက်လာပြီး တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့ အာကိုင်းဂါမီ ကျောက်ပုံထဲကနေ ပြန်ထလာတယ်။

ရုတ်တရက်အပြောင်းအလဲကြောင့် သူသတိပြန်ရလာပုံပဲ။ သူက ပါးစပ်ထဲက သွေးတချို့ကိုထွေးထုတ်လိုက်ပြီး ဒေါက်တာမြူကို စိုက်ကြည့်နေလိုက်တယ်။

အလားတူပဲ ဓားနတ်ဆိုးနဲ့ငွေရောင်စစ်သည်တို့လည်း ကျောက်ပုံထဲကနေ တိုးထွက်လာကြတယ်။ ဥစာကီကတော့ သူတို့ကို မရှိသလိုသဘောထားပြီး မြူကိုသာ မေးလိုက်ပါတယ်။

"ရှင့်ကို တိုကျိုအထူးအေးဂျင့်တွေ ဝိုင်းထားလိုက်ပြီ။ ရှင်ထွက်သွားချင်ရင်တောင် ထွက်သွားလို့မရတော့ဘူး။ ကျွန်မရှင့်ကို တစ်ချက်တည်းနဲ့မသတ်လိုက်တာက မြို့ပေါ်မှာဖြစ်နေတဲ့ ကပ်ဘေးကိုရပ်တန့်ပေးဖို့ ပြောချင်လို့ပဲ။ အဲဒီလိုဆိုရင် ရှင့်အသက်ကို ချမ်းသာပေးပြီး မြူတန့်အကျဥ်းထောင်မှာ နေခွင့်ပေးမယ်။"

တစ်ချိန်တည်းမှာပဲ ဘုရားကျောင်းကိုဗဟိုပြုပြီး အလင်းတန်းခြောက်တန်းက ကောင်းကင်ပေါ်ကနေ ကျဆင်းလာပါတယ်။ တိုကျိုဟီးရိုးအစည်းအရုံးရဲ့ အထူးအေးဂျင့်တွေပါ။ တစ်ယောက်ချင်းစီက လူကန်တို့နဲ့ အဆင့်တူကြတယ်။

ဒေါက်တာမြူကတော့ သူတို့ကိုအလေးမထားဟန်နဲ့ ရယ်မောလိုက်တယ်။

"ဟားဟားဟား... ငါ့ရဲ့ဘေးထွက်ဆိုးကျိုးကပ်ဘေးက စလိုက်ပြီဆိုတာနဲ့ အဆုံးမရှိတော့ဘူး... ပြီးတော့ မင်းတို့ရောက်လာမှာကို ငါမသိဘူးထင်နေတာလား။ ငါ့က လုံလုံလောက်လောက်မပြင်ဆင်ထားဘဲ တိုကျိုမှာ ပေါ်လာမယ်ထင်နေလို့လား။" အဲဒီနောက်တော့ ဒေါက်တာမြူရဲ့နောက်ကျောက ချုပ်ရိုးတွေဟာ နောက်တစ်ကြိမ် ပွင့်ဟလာပြန်တယ်။

၅။

တောင်ကိုရီးယားမြို့တော် ဆိုးလ်။

လူကန်က သူ့ရှေ့တွင်ရှိနေသည့် လူတစ်ကိုယ်ဝင်စာ တွင်းပေါက်မှနေ၍ အတွင်းသို့ငုံကြည့်လိုက်သည်။

နယူးယောက်တွင် သူတွေ့ဖူးခဲ့သည့် မြေအောက်စမ်းသပ်ခန်း ပုံစံတူဖြစ်ပြီး ယခုတစ်ခုက အရင်တစ်ခါစမ်းသပ်ခန်းထက် အများကြီးပိုကြီး၏။ အန္တရာယ်အငွေ့အသက်ကို ရနေသည့်အတွက်လားတော့မသိ သူ့လက်ထဲမှဓားမှာ ခုန်ထွက်လုမတတ် တုန်ရီနေပြီး ဓားပုံစံများက အလိုလိုပြောင်းလဲနေ၏။

"ဦးလေးကျင့်ခယ်... တစ်ခုခုအာရုံခံမိလို့လား။"

သူမေးလိုက်တော့ ဓားကချက်ချင်း နဂါးနှစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး လေထဲမှာတင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်၏ တစ္ဆေဆန်ဆန်ပုံရိပ်က ထွက်ပေါ်လာသည်။

"အတွင်းထဲမှာ သိပ်အန္တရာယ်များတယ်၊ ဒီတွင်းပေါက်ထဲမှာ လူ့အသက်ပေါင်းများစွာကို ယူဆောင်ပြီးပြီဖြစ်တဲ့ လူတစ်ယောက်ရှိနေတယ်။"

ကျင့်ခယ်က ဖြောင်းဖျသည့်အနေဖြင့် လေသံကိုအေးအေးထားပြီး ရှင်းပြလိုက်သည်။ တည်ငြိမ်သည့်အမူအရာဖြင့်ရှိနေသည့် မိုယဲ့ကလည်း ခေါင်းညိတ်ပြီး ထပ်ဖြည့်ပြောသည်။

"ဟုတ်တယ်၊ သွေးဆာနေတဲ့ အခြားသတ္တဝါတွေကိုလည်း အဒေါ်အာရုံခံမိတယ်။ မသွားတာ ကောင်းလိမ့်မယ်။"

သို့သော်လည်း လူကန်ကတော့ ထိုနေရာမှ ဒီအတိုင်းလှည့်ထွက်သွားဖို့ သဘောမတူပေ။ ယခု သူ့ဘေးနားတွင် အများတန်းရှိနေတတ်သည့် ဖက်တီးဖရန့်ကို ဘယ်နေရာမှမတွေ့ရပေ။ သူအခုလုပ်ဆောင်နေသည့်အရာက သူ့သူငယ်ချင်း၏ သေရေးရှင်ရေးနှင့် ပတ်သက်နေသည်မဟုတ်လား။

သူတို့နှစ်ယောက်က ဆုဗာနာမှထွက်လာပြီးနောက် သက်ဆိုင်ရာနိုင်ငံများကို အစီရင်ခံကာ မြူတန့်သိပ္ပံအဖွဲ့နောက်ကို ဆက်လိုက်လာကြခြင်းဖြစ်သည်။ အမိန့်တော်အဖွဲ့မှ ဖရာလီတာမှာ ဂျပန်သို့သွားနေပြီဖြစ်၍ သူတို့က တခြားသဲလွန်စတစ်ခုနောက်သို့ လိုက်လာခြင်းဖြစ်သည်။

ဖက်တီးဖရန့် လူကန့်အနားမှပျောက်မသွားခင် နှစ်ရက်ခန့်အလိုက သူတို့အဖွဲ့လေးမှာ ဆိုဂျူးနှင့်အသားကင်တွဲရောင်းသည့် စားသောက်ဆိုင်လေးတစ်ဆိုင်မှ သီးသန့်ခန်းထဲတွင် ထိုင်နေခဲ့ခြင်းဖြစ်သည်။

ထိုသဲလွန်စမှာ မထင်မှတ်ထားဘဲ တောင်ကိုရီးယားရှိ ထူးဆန်းသည့် လူပျောက်မှုများနှင့် ဆက်စပ်နေခဲ့သည်။

အမိန့်တော်အဖွဲ့၏အာရှအေးဂျင့်တချို့က ကိုယ်လက်အင်္ဂါနှင့်လူကုန်ကူးသည့် ဗီလိန်အဖွဲ့အစည်းတစ်ခုအကြောင်း ထူးဆန်းသည့်အချက်အလက်များကို ရှာဖွေတွေ့ရှိခဲ့သည်။

ပုံမှန်အားဖြင့် ထိုဂိုဏ်းများက ကလေးသူငယ်များကို ဖမ်းဆီးခြင်း၊ ဆေးရုံများမှ လောလောလတ်လတ်သေထားသည့် လူသေအလောင်းများကို ခိုးထုတ်ပြီး ကလီစာများ ထုတ်ယူခြင်းတို့ကိုသာ ပြုလုပ်တတ်ကြသော်လည်း ယခင်နှစ်အနည်းငယ်အတွင်းရှိ သူတို့၏ဆက်တိုက်လှုပ်ရှားမှုများက မူမမှန်ဖြစ်လာသည့် အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာခဲ့သည်။

"ဒီလောက်များတဲ့ကလေးတွေကို သူတို့ဘာလို့လိုအပ်နေတာလဲ။" ရာနှင့်ချီသည့် ကလေးပျောက်ဆုံးမှုများကို ချိတ်ဆက်မိပြီးနောက်တွင် အမိန့်တော်အဖွဲ့က မူမမှန်မှုများကို စတင်သတိထားမိလာသည်။

'ပုံမှန်ဆိုရင် တရုတ်မှောင်ခိုဂိုဏ်းတွေက အဲဒီလိုစျေးကွက်တွေမှာ အကြီးဆုံးဝယ်လက်ပဲ။ ကလေးတွေကို အရှေ့တောင်အာရှဒေသကနေ မှာယူပြီးတော့ သူတို့ကပဲဝယ်နေတာ။ ဒါပေမဲ့ အဲဒီဒုတိယတန်းစားဗီလိန်ဂိုဏ်းက ကြီးမားတဲ့စျေးကွက်ကိုစွန့်လွှတ်ပြီး တောင်ကိုရီးယားက လျှို့ဝှက်ဆန်းကြယ်တဲ့ ဝယ်လက်ဆီကို လွဲပြောင်းရောင်းချခဲ့တယ်။'

လူကန်က သူ့ကွန်ပျူတာမှတစ်ဆင့် ထိပ်တန်းလျှို့ဝှက်ချက်အဆင့် အစီရင်ခံစာများကို ဖတ်ရှူရင်း မျက်မှောင်ကြုတ်လိုက်သည်။

မြူတန့်များ ပေါ်ပေါက်လာပြီးနောက်တွင် ဖွံဖြိုးဆဲနိုင်ငံအများစုဖြင့်သာ စုစည်းထားခဲ့သော အာဆီယံဒေသမှာ လုံခြုံရေးအရ စိုးရိမ်ဖွယ်ကောင်းသော အနီရောင်အဆင့်ကို ရောက်ရှိသွားပါသည်။

အရှေ့တောင်အာရှရှိ ယခင်ကတည်းက နာမည်ဆိုးဖြင့်ကျော်ကြားသော ရွှေတြိဂံဒေသမှာ ဗီလိန်များအတွက် လွတ်မြောက်နယ်မြေသဖွယ် ဖြစ်လာခဲ့သည်။ ထိပ်သီးဗီလိန်အဖွဲ့များဖြစ်သော မိုးပြာနဂါးလက်နက်မှောင်ခိုဂိုဏ်း၊ အရိပ်လုပ်ကြံသတ်ဖြတ်သူအစည်းအရုံးနှင့် မြူတန့်သိပ္ပံတို့မှာ ထိုနေရာကိုအဓိက ကျောထောက်နောက်ခံပေးထားသဖြင့် ဟီးရိုးအစည်းအရုံး၏ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့ပေ။

စင်စစ် ထိုကဲ့သို့နေရာများမှာ အရှေ့အလယ်ပိုင်းဒေသ၊ တောင်အမေရိကနှင့်အာဖရိကတွင်လည်း များစွာရှိပြီး မြူတန့်များဖြင့်ပြည့်နေသောကမ္ဘာကြီးမှာ သင်ထင်ထားသည်ထက် များစွာမှောင်မိုက်နေပါသည်။

ထိုသို့ဖြစ်နေရသည့် အဓိကအကြောင်းအရင်းမှာ အရှေ့တောင်အာရှဒေသများတွင် စွမ်းအားကြီးမြူတန့် နည်းပါးမှုကြောင့်ဖြစ်ပြီး မြန်မာမှသူရိယရာဇာ၊ အင်ဒိုနီးရှားမှ ဂယ်ရူဒါ၊ စင်္ကါပူမှ အိန်ဂျယ်ကွင်းတို့သုံးယောက်သာ A rankတွင်ရှိကြသည်။

တစ်နည်းအားဖြင့် ရန်ကုန်ဟီးရိုးအစည်းအရုံး၊ စင်္ကါပူဟီးရိုးအစည်းအရုံးနှင့် ဂျာကာတာဟီးရိုးအစည်းအရုံးသုံးခုသာ ဖြစ်ဖြစ်မြောက်မြောက် အင်အားရှိသည်။

ယခင်က ဘန်ကောက်အစည်းအရုံးတွင် A rank ရှိဖူးသော်လည်း ရွှေတြိဂံဒေသကို ကိုင်တွယ်ရန်ကြိုးပမ်းရင်း အရိပ်အဖွဲ့မှ ရှင်းပစ်ခြင်းကို ခံခဲ့ရသည်။ စင်စစ်တွင် ထိုနေရာများ၌ အခြားA rankများ ရှိကောင်းရှိနေနိုင်သော်လည်း ဟီးရိုးလုပ်ရန်ထက် အကျိုးအမြတ်ပိုများပြီး လုပ်ကြံခံရနိုင်ခြေနည်းသော ဗီလိန်များအဖြစ် နေရန်ကိုသာ အားထုတ်ခဲ့ကြပုံပေါ်သည်။

"ဒီလောက်များတဲ့ကလေးတွေကို လိုချင်နေတဲ့သူကိုတွေးကြည့်ရင် မြူတန့်သိပ္ပံကလွဲပြီး တခြားအဖွဲ့တွေကို စဥ်းစားကြည့်လို့မရဘူး။"

မြူတန့်သိပ္ပံအဖွဲ့၏ယခင်လုပ်ရပ်များကို ပြန်ကြည့်ပါက မွေးကင်းစကလေးများနှင့် မိဘမဲ့ကလေးများကို စမ်းသပ်ခံအဖြစ်သုံးခဲ့ပြီး လူလုပ်မြူတန့်ဖြစ်လာသည့် လီဆာတို့လိုကလေးအများအပြား ရှိနေခဲ့သည်။ တော်တော်များများမှာ အရွယ်ရောက်လာပြီးနောက် စင်တီကဲ့သို့ အဖွဲ့၏လက်နက်များဖြစ်လာကြသည်။

"အရိပ်အဖွဲ့က နိုင်ငံခေါင်းဆောင်တွေ၊ ဟီးရိုးတွေနဲ့ တခြားအရေးကြီးပုဂ္ဂိုလ်တွေကို လုပ်ကြံဖို့အတွက်ပဲ စိတ်ထဲရှိကြတာ။ နည်းနည်းပါးပါးအုတ်ဂူတူးပြီး ရှေးဟောင်းပစ္စည်းတွေရောင်းတာတော့ရှိတယ်၊ လူကုန်ကူးတာနဲ့ကိုယ်လက်အင်္ဂါရောင်းဝယ်တာကျတော့ သူတို့က အဆင့်နိမ့်အလုပ်တွေလို့သတ်မှတ်ထားတာမလို့ မလုပ်ဘူး။ သူတို့ကိုဖယ်လို့ရတယ်။"

"မိုးပြာနဂါးက နိုင်ငံတွေနဲ့ဗီလိန်အဖွဲ့တွေကြားထဲမှာ လက်နက်ပွဲစားလုပ်ပေးတဲ့ကောင်တွေပဲ။ သူတို့နောက်ခံက လီမိသားစု။ တစ်ခါက အမေရိကန်လက်နက်နည်းပညာတွေကို အရှေ့အလယ်ပိုင်းက သူပုန်အဖွဲ့ဆီရောင်းဖူးလို့ ပြဿနာတက်ဖူးပေမဲ့ ကလေးတွေကိစ္စနဲ့က ဘယ်လိုမှဆက်စပ်ကြည့်လို့မရဘူး။"

ဖက်တီးဖရန့်ကတော့ ဒေတာတွေဖတ်ရင်း စဥ်းစားခန်းဝင်နေတဲ့ လူကန်ကို နည်းနည်းလေးမှဂရုမစိုက်ဘူး။ တစ်ယောက်တည်း ပျင်းရိစွာနဲ့ ဝက်သားသုံးထပ်သားကို ကိုယ်တိုင်ကင်စားရင် ဆိုဂျူးသောက်နေတာ။ ပန်းသီးလေးကတော့ ပင်ပန်းလို့ သူ့ကိုယ်ထဲ ဝင်အိပ်နေပြီ။ ဆုဗာနာတိုက်ပွဲမှာ ဂုဏ်ထူးဆောင်ပြီးကတည်းက ပန်းသီးလေးဟာ စားလိုက်အိပ်လိုက်ပဲလုပ်နေတယ်။ ဗိုက်ဆာလာရင် အပြင်ထွက်စားတယ်၊ စားလို့ဝသွားရင် ပြန်ဝင်အိပ်တယ်။ လောကကြီးမှာ သူတစ်ယောက်တည်းပဲ အေးဆေးနေတာ။

'အဲဒီကလေးကို ငါးစာအဖြစ်သုံးပြီး အမှောင်ထဲက ကလေးသူခိုးတွေကို ဖော်ထုတ်ရင်ကောင်းမလား။' လူကန်တစ်ယောက် နက်မှောင်နေတဲ့ အတွေးတွေတွေးမိပေမဲ့ တကယ်မလုပ်ဖြစ်ဘူး။

ဘာပဲပြောပြော ပန်းသီးလေးက S rank ဗီလိန်ကိုတောင် သာသာလေးသမထားတာဆိုတော့ သူ့လိုမျိုး အထူးA rankတစ်ယောက်ကို လက်ကလေးတစ်ချောင်းနဲ့တောင် အမှောက်သိပ်နိုင်တယ်။ သူဆန္ဒမရှိရင် ဘာမှခိုင်းလို့ရမှာမဟုတ်ဘူး။

"ဖွီး... မင်းကလည်း ပျင်းဖို့ကောင်းလိုက်တာကွာ။ ဒီလောက်နာမည်ကြီးတဲ့ ဘာဘီကျူ့ဆိုင်ကိုလာပြီး မစားမသောက်ဘဲ သတင်းပဲဖတ်နေလိုက်။ ငါတော့ ဆိုဂျူထပ်မှာလိုက်ဦးမယ်။"

သူတို့စားနေတဲ့ဆိုင်လေးက နာမည်ကြီးတယ်ဆိုပေမဲ့ မြစ်ကမ်းနံဘေးမှာဖွင့်ထားတာ။ သီးသန့်အခန်းဆိုတာကလည်း လုံလုံခြုံခြုံရှိတဲ့ ရွက်ဖျင်တဲလေးထဲမှာ စားပွဲဝိုင်းလေးချပေးထားရုံပဲ။ သားအမိသားအဖနှစ်ယောက် ဖွင့်ထားတာမလို့ လူကျနေတဲ့အချိန်ဆိုရင် သူတို့အတွက် သီးသန့်စားပွဲထိုးလုပ်မပေးနိုင်ဘူး။ ဒီတော့ ကောင်တာသွားပြီး ပစ္စည်းယူရတယ်။

ဟန်မြစ်ဘေးက မြောင်ဒုံညစျေးတန်းလေးက ညပိုင်းဆိုရင် သိပ်စည်တယ်။ ဒေသခံတွေလာလေ့ရှိသလို သူတို့လိုမျိုး တောင်ကိုရီယားကို ခရီးထွက်လာကြတဲ့ နိုင်ငံခြားသားတွေလည်း လာလည်တတ်တယ်။

ဖရန့်တစ်ယောက် ကောင်တာက ဦးလေးကြီးကို ဆိုဂျူးတစ်ပုလင်းထပ်မှာပြီး စောင့်နေတုန်း သူ့ဘေးနားကို ကိုရီးယားသူမိန်းမလှလေးတစ်ယောက် လာရပ်တယ်။

"ကိုလူချော... ရှင်က ဘယ်ကလာတာလဲ။" ကိုရီးယားသံဝဲဝဲနဲ့ပြောလိုက်တဲ့ အင်္ဂလိပ်စကားကြောင့် ဖရန့်လည်း လှည့်ကြည့်လိုက်မိတော့တာပေါ့။

မိန်းကလေးရဲ့အရပ်က အာရှသူတစ်ယောက်အနေနဲ့ နိမ့်တယ်လို့လည်း ပြောလို့မရသလို မြင့်တယ်လို့လည်း ပြောလို့မရဘူး။ မျက်နှာက လုံးဝကိုပြီးပြည့်စုံတဲ့ အလှတရားကိုဖော်ကျူးနေပေမဲ့ ဖရန့်တစ်ယောက် မသက်မသာစိတ်မျိုးကို စခံစားလာရတယ်။

အကြောင်းက အဲဒီမိန်းကလေးရဲ့မျက်နှာပေါ်က အစိတ်အပိုင်းတွေဟာ လှပပေမဲ့ တစ်ခုနဲ့တစ်ခုက မတူညီဘဲ ကွဲထွက်သလိုဖြစ်နေတယ်။ ပြောရရင်တော့ အစိတ်အပိုင်းတစ်ခုချင်းစီက သဟဇာတဖြစ်မနေတာ။

ဘယ်ဖက်မျက်လုံးက ကြယ်တာရာတွေလိုမျိုး တောက်ပနေပေမဲ့ အခြားတစ်ဖက်ကတော့ ရေခဲလိုမျိုး အေးစက်နေပါတယ်။ သူ့နှုတ်ခမ်းတွေက ပန်းဖူးလေးလိုမျိုး နီရဲနေပေမဲ့ ပါးပြင်မှာပါးချိုင့်ရှိနေတဲ့ တစ်ဦးတည်းမဟုတ်သလို ခံစားရပြန်တယ်။

ပြောရရင် မိန်းမလှလေးတွေအများကြီးဆီက တစ်မူထူးခြားတဲ့အလှတွေကို တစ်ယောက်တည်းဆီမှာ ပေါင်းစပ်တွေ့မြင်နေရသလိုပဲ။

လှပလွန်းတဲ့ မိန်းကလေးက စကားစလာတာကြောင့် ဖရန့်လည်း ဘယ်လိုတုံ့ပြန်ရမှန်းမသိဘဲ အဲဒီမိန်းကလေးကိုပဲ စိုက်ကြည့်နေမိတော့တယ်။

"ကိုလူချော၊ ကျွန်မကို အကြာကြီးစိုက်ကြည့်နေတာ ရိုင်းရာကျတယ်လေ။" မိန်းကလေးက ခရို့တရို့ရှက်ပြုံးလေးနဲ့ ခေါင်းကိုစောင်းပြီးပြောလိုက်တယ်။ ခါးအထိရောက်အောင်ရှည်တဲ့ ဆံပင်တွေက ရေတံခွန်လိုမျိုး ဖြာစင်းလာတယ်။ ဒီလောက်ပြီးပြည့်စုံအောင် လှပတဲ့မိန်းကလေးမျိုးကို ဖရန့်တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးသေးဘူး။

"အား... တောင်းပန်ပါတယ်၊ ခင်ဗျားက လှလွန်းလို့ ကျွန်တော်သတိလက်လွတ်ဖြစ်သွားတာပါ။"

သူတို့စကားပြောနေတုန်း ဦးလေးကြီးက ဆိုဂျူးပုလင်းလာပေးတယ်။ ဒါပေမဲ့ အဲဒီမိန်းကလေးကိုလည်းမြင်ရော ဘာကြောင့်မှန်းမသိ မျက်နှာပျက်သွားပြီး ဆိုင်နောက်ထဲ ဝင်ပြေးသွားတယ်။ ဆိုင်ရှင်ကြီးသမီးလည်း အလားတူပဲ။ သူတို့နှစ်ယောက်က တော်တော်ကြာတဲ့အထိ ပြန်ထွက်မလာဘူး။ အဲဒီမိန်းကလေးနဲ့အတူ ရောဂါဆိုးတစ်ခုခု ပါလာမှာစိုးရိမ်နေကြသလိုပဲ။

ဒါပေမဲ့ ဖရန့်ကတော့ ညို့ဓာတ်မိနေသလိုမျိုး ပုံမှန်မဟုတ်တဲ့အခြေအနေကို သတိမထားမိကြဘူး။

ဆိုင်ထဲမှာ ရှုပ်ယှက်ခတ်နေတဲ့ ဝယ်သူတွေလည်း ဆိုင်ထဲကနေ အလျှိုအလျှိုထွက်သွားကြတယ်။ သူတို့တွေက ဖြစ်လာတော့မယ့်အရာကို သတိထားမိကြပုံပေါ်ပေမဲ့ ဘယ်သူမှ သတိပေးချင်ပုံမရဘူး။

သူတို့နှစ်ယောက် စကားပြောနေတုန်း မိန်းကလေးက သူ့အကြောင်းသူ စပြောပြတယ်။ ဒါပေမဲ့လည်း အတိအကျမဟုတ်ဘဲ တစ်ခုခုကိုဖုံးကွယ်ထားသလိုမျိုး ဝေဝေဝါးဝါးပဲပြောတာ။

"ကျွန်မက ဆရာဝန်တစ်ယောက်လေ။" ဒါပေမဲ့ ဘာလုပ်တဲ့ဆရာဝန်လည်းဆိုတာမပြောဘူး။ ဖရန့်က သူ့လောက်လှတဲ့မိန်းကလေးမျိုး မတွေ့ဖူးဘူးလို့ အမှန်အတိုင်းပြောတော့လည်း အဓိပ္ပါယ်ပါပါပြုံးပြီး ပြန်ဖြေတယ်။

"လူတိုင်းက အလှတစ်မျိုးစီရှိကြပါတယ်။ အလှအပအားလုံးကို တစ်ပြိုင်နက်တည်းမှာ မပိုင်ဆိုင်နိုင်တာကတော့ မနာလိုစရာပဲမဟုတ်လား။" ဒီလိုမျိုး ဒဿနဆန်ဆန်လေးတွေ ပြောတတ်တယ်။

အထူးဆန်းဆုံးကတော့ ကျွန်မလှလားဆိုတာကိုပဲ အကြိမ်ကြိမ်မေးခဲ့ပြီး နောက်ဆုံးမှာတော့ ဖရန့်ရဲ့လက်ဖမိုးပေါ်ကို သူ့လက်ဝါးတင်ပြီးဆုပ်ကိုင်လိုက်တယ်။

"ကိုလူချော... ရှင်နဲ့အတူပါလာတဲ့သူနဲ့ မိတ်ဆက်ပေးဦးလေ။"

တကယ်တော့ လူကန်က သီးသန့်တဲထဲမှာ ထိုင်နေပြီး ဖရန့်နောက်ကိုမလိုက်ခဲ့သလို ဆိုင်မှာထိုင်နေကတည်းက အပြင်ကိုမသွားခဲ့ဘူး။ ဒါကြောင့် သူတို့ဝင်လာကတည်းက သေချာသတိထားစောင့်ကြည့်နေသူမဟုတ်ရင် ဒီကိစ္စတွေကိုသိနေစရာအကြောင်းမရှိဘူး။

တုံးအလွန်းတဲ့ ဖရန့်ကတော့ ဒါတွေကို သတိမထားမိရှာဘူး။

"ထားလိုက်ပါ၊ အဲဒီကောင်က အလုပ်ပဲကြိုးစားနေတာ။ ငါသွားခေါ်ရင် စိတ်ဆိုးလိမ့်မယ်။"

ဒီစကားကြားတော့ မိန်းကလေးက ရုတ်တရက်ပြုံးလိုက်ပြီး မေးလာတယ်။ "ရှင်က သူ့ကိုတော်တော် ခင်တာပဲနော်၊ ဒါနဲ့ ရှင်က သူ့အတွက်အရေးပါလား။"

ဖရန့်လည်း ရယ်မောရင်းနဲ့ ပြန်ဖြေလိုက်မိတာပေါ့။ "ဟားဟား... သူက ငါ့ရဲ့ညီအစ်ကိုကောင်းလေ၊ ငရဲထိဆင်းလိုက်ရမယ်ဆိုရင်တောင် ငါ့ကိုလာကယ်မဲ့ လူစားမျိုး။"

"ဟုတ်လား..." အဲဒီနောက်တော့ မိန်းကလေးက မယုံသင်္ကါတဲ့ပုံစံမျိုးနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး အတန်ကြာမှ တစ်ခုခုကိုစဥ်းစားမိပြီး ဝမ်းသာအားရဖြစ်သွားတဲ့ပုံစံမျိုးနဲ့ ပြုံးလိုက်လေရဲ့။

"ဒါဆို ရှင့်မှာသူငယ်ချင်းကောင်းတစ်ယောက်ရှိနေတဲ့အတွက် ဂုဏ်ပြုရမှာပေါ့။ ကျွန်မ သူ့မျက်လုံးပြာလေးတွေကို သဘောကျတယ်။"

အဲဒီနောက်တော့ မိန်းကလေးက ဖရန့်လက်ထဲက ဆိုဂျူပုလင်းကို ယူကာအဖုံးဖွင့်လိုက်ပြီး ကောင်တာပေါ်တင်ထားတဲ့ ခွက်ထဲငှဲ့လိုက်တယ်။

အဲဒီအချိန်မှာ ဆေးရုံမှာရလေ့ရှိတဲ့ ပိုးသတ်ဆေးမျိုးကို ဖရန့်ရလိုက်ပေမဲ့ သိပ်အများကြီးဂရုမထားမိဘူး။မိန်းကလေးက ဆရာဝန်မလို့ သူ့ကိုယ်မှာစွဲကျန်နေတာလည်း ဖြစ်နိုင်တယ်လို့ တွေးခဲ့မိပုံပဲ။

"ကမ်းပေ့..." မိန်းကလေးသောက်တဲ့အရက်ကို သောက်ပြီးတဲ့နောက်တော့ ဘာဆက်ဖြစ်လဲဆိုတာ စုံထောက်ကျော်ကြီးတစ်ယောက်ကို ခေါ်စုံစမ်းစရာမလိုဘူး။

ဖရန့်ရဲ့ခန္ဓာကိုယ်က ဖယောင်းလိုပျော့ပြောင်းပြီး အဲဒီမိန်းကလေးရဲ့ရင်ခွင်ထဲ ပြုတ်ကျသွားတော့တာပဲ။ မိန်းကလေးက ပထမတော့မနှစ်မြို့တဲ့ပုံစံမျိုးနဲ့ ဖမ်းထားလိုက်ပေမဲ့ တစ်ခုခုကို ထပ်တွေးမိပုံနဲ့ ကျေကျေနပ်နပ်ကြီးပြုံးလိုက်တယ်။

အကြောင်းမသိတဲ့ လူတွေကတော့ မူးနေတဲ့အနောက်တိုင်းသားကြီးတစ်ယောက်ကို ညငှက်လေးတစ်ယောက် အခန်းဆီတွဲပြီးပြန်ပို့ပေးတယ်လို့သာ ထင်မိကြမှာပါ။

...

ဒီကိစ္စတွေအားလုံးက ဆိုင်ပိုင်ရှင်ဦးလေးကြီးနဲ့သမီးကို လူကန်တောင်းတောင်းပန်ပန်နဲ့မေးကြည့်ပြီးမှ သိခဲ့ရတာ။

သူတို့က အဲဒီမိန်းကလေးအကြောင်းကို တစ်ခုခုသိထားကြပုံပေါ်ပေမဲ့လည်း မပြောရဲကြဘူး။ ဒီတော့လည်း လူကန်တစ်ယောက်တည်း ဟီးရိုးအစည်းအရုံးဒေတာတွေကိုကြည့်ပြီး စုံစမ်းရတော့တာပဲ။ နောက်ဆုံးတော့ အဲဒီဒေတာတွေထဲမှာ ဘာမှမတွေ့ခဲ့ဘဲ ကိုရီးယား ဆိုးလ်မြို့တစ်ဝိုက်က မြို့ပြတစ္ဆေဇာတ်လမ်းတွေတင်တဲ့ ခပ်ပေါပေါဝက်ဆိုက်တစ်ခုမှာ သဲလွန်စသွားတွေ့တယ်။

ဒီလိုအမှုမျိုးတွေက ဆိုးလ်တစ်ဝိုက်မှာဖြစ်နေတာကြာပြီ။ ဒါပေမဲ့ ဆက်စပ်နေတဲ့ လူပျောက်မှုအများစုက အရမ်းလှတဲ့မိန်းကလေးတွေ။

မြူတန့်တွေရဲ့လက်ချက်ဆိုတာမျိုး မတွေ့ရတဲ့အတွက် ဟီးရိုးအစည်းအရုံးက ဂရုမစိုက်ခဲ့ဘဲ ဒေသခံရဲတွေကပဲ ကိုင်တွယ်နေခဲ့တာ ရာစုနှစ်တစ်ဝက်နီးပါးဖြစ်နေပြီ။ အမှုသည်လည်းမပေါ်သလို ပျောက်သွားတဲ့မိန်းကလေးတွေလည်း ပြန်ရောက်မလာဘူး။

ဖြစ်စဥ်တော်တော်များများမှာတော့ မိန်းမလှလေးတွေရဲ့အစိတ်အပိုင်းတွေကို တစ်ယောက်တည်းမှာ ပေါင်းတပ်ထားသလိုဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်အကြောင်း တစ်စွန်းတစပါတတ်တယ်။

ခင်မင်ရင်းနှီးတတ်ပုံပေါ်ပြီး အလှအပအကြောင်း ဆွေးနွေးချင်နေပုံပေါ်တဲ့ ဆရာဝန်အစ်မကြီးတစ်ယောက်က မိန်းကလေးတွေကိုချဥ်းကပ်စကားပြောပြီး တစ်ခုခုကြံစည်သွားတာချည်းမျိုးပဲ။

အစပိုင်းတော့ လူပျောက်တာမျိုးအထိမဖြစ်ဘူး၊ ညီမလေးနားရွက်က လှလိုက်တာနော်ဆိုပြီး ထုံဆေးပေး ဖြတ်သွားတာမျိုး၊ မျက်လုံးတွေ နှိုက်ထုတ်သွားတာတွေလောက်ပဲရှိတယ်။

နောက်ပိုင်းတော့ လူသေတဲ့အထိဖြစ်ကုန်ပြီး ရဲတပ်ဖွဲ့က အတည်လိုက်တော့မှ တရားခံရဲ့လုပ်ပုံလုပ်နည်းတွေက ပြောင်းလဲသွားတယ်။

ပိုအနုစိတ်ပြီး သဲလွန်စရှာရခက်လာတယ်။ ဒါကြောင့်လည်း တော်ပါတယ်ဆိုတဲ့ စုံထောက်တွေတောင် မဖြေရှင်းနိုင်ခဲ့ဘူး။ ဆိုးလ်ရဲတပ်ဖွဲ့က စကော့တလန် ယော့ခ်ရဲတပ်ဖွဲ့က စုံထောက်တွေကိုတောင် အကူအညီတောင်းခဲ့သေးတယ်ဆိုတယ်။ ဒါပေမဲ့ အချည်းအနှီးပါပဲ။

အဲ၊ ခပ်ဝဝ အနောက်တိုင်းသားတစ်ယောက်ကို ဆရာဝန်အစ်မကြီးတိုက်ခိုက်တဲ့ ဖြစ်စဥ်မျိုးကတော့ ပထမဆုံးလို့ပဲ ပြောရမလား။

ဝက်ဆိုက်အရ လှပတဲ့သူတွေကို မနာလိုဖြစ်နေတဲ့ အငြိုးကြီးတဲ့တစ္ဆေ၊ ဒါမှမဟုတ် စိတ္တဇ လူသတ်သမားက အသက်ကြီးလာပြီး မျက်လုံးတွေမှုန်ကုန်လို့ ခပ်ဝဝကောင်လေးတစ်ယောက်နဲ့ မိန်းမလှလေးတွေကို မခွဲခြားတတ်တော့တာလား။ ဒါတော့ လူကန်လည်း မပြောတတ်ဘူး။

ဘာပဲဖြစ်ဖြစ် လူကန်ကတော့ သူ့သူငယ်ချင်းပါသွားတာမလို့ ရေဆုံးမြေဆုံးလိုက်ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။

ကိုရီးယားဟာ အမေရိကန်တပ်စခန်းရှိတဲ့နေရာမလို့ CIDနဲ့ချိတ်ဆက်ပြီး ဆိုးလ်ရဲတပ်ဖွဲ့ဖိုင်တွေကို တောင်းကြည့်တာမျိုး၊ ဟီးရိုးအစည်းအရုံး အထူးအေးဂျင့်ရာထူးကိုသုံးပြီး ဒေသခံဟီးရိုးတွေရဲ့အကူအညီကို ယူခဲ့တာမျိုးတွေနဲ့ စစုံစမ်းခဲ့ပါတယ်။

၄၈ နာရီမပြည့်ခင်မှာပဲ ဒီအမှုနဲ့ပတ်သက်ပြီး သူတော်တော်သိခဲ့ရပြီ။

တစ်ချိန်တည်းမှာပဲ နောက်ပိုင်းရလာတဲ့ သဲလွန်စတွေကို ကွင်းဆက်အဖြစ်သုံးပြီး မြူတန့်သိပ္ပံအဖွဲ့အစည်းက တတိယမြောက်တည်ထောင်သူနဲ့ဆက်စပ်မိသွားတယ်။

Dr.Soul...

သူဟာ ၁၉၈၀ ခုနစ် အလှအပ ပလက်စတစ်ဆာဂျရီပညာ စတင်နာမည်ကြီးလာစဥ်အခါက နာမည်ကျော် ခွဲစိတ်ဆရာဝန်တစ်ဦးပါ။

တော်လွန်းလို့ နတ်ဘုရားပေးတဲ့လက်ပိုင်ရှင်လို့တောင် ခေါ်တွင်ကြပြီးတော့ ကိုရီးယားပြည်ကို ဆာဂျရီပညာ သယ်ဆောင်လာပေးတဲ့ ဒေါက်တာ Jae-Duk Lew လက်သစ်လေးလို့တောင် ဆိုကြပါတယ်။

၁၉၆၀ ခုနစ်တွေကတည်းက ကိုရီးယားမှာ ဆာဂျရီပညာ ထွန်းကားနေပြီးသားဆိုပေမဲ့ ၁၉၈၀ နောက်ပိုင်းမှ အလှအပအတွက် စတင်အသုံးပြုလာတာဖြစ်ပြီး ယနေ့ခေတ်မှာတော့ ကမ္ဘာ့ဆာဂျရီမြို့တော်လို့တောင် တင်စားလို့ရနေပါပြီ။

Dr.Soul ခေါ် ဒေါက်တာ ကင်ချန်းဝန်ဟာ ထာဝရအလှကိုရှာဖွေဖို့ ရည်မှန်းချက်ထားရှိထားသူပါ။ သူခွဲစိတ်ပေးလိုက်တဲ့သူတိုင်းဟာ အဆင်ပြေပြီး အမှားမရှိတဲ့သူအဖြစ် စံချိန်တင်ထားသူတစ်ယောက်ပါ။ နာမည်ကြီး အနုပညာရှင်တွေ၊ သူဌေးကတော်ကြီးတွေအတွက် အလုပ်လုပ်ပေးခဲ့ပြီး အင်မတန်ချမ်းသာလာခဲ့တယ်။

ဒါပေမဲ့ သူဘယ်လောက်တော်တော် ပလက်စတစ်ဆာဂျရီပညာဟာ ဇရာအိုမင်းခြင်းကို မတားဆီးနိုင်မှန်း သိရှိလာပါတယ်။ ဒီပညာရပ်တွေဟာ တစ်ခဏတာ အလှအတွက်ပါပဲ။ ထာဝရအလှကို တောင်းတနေသူမလို့ ဒီပညာရပ်တွေက သူ့နှလုံးသားကို မပြည့်ဝစေတော့ဘူး။

ထာဝရအလှကို ဖော်ထုတ်ဖို့အတွက် သူသုတေသနတွေ အများကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့ အချည်းအနှီးပါပဲ။ တရားဝင်ခွင့်ပြုမထားတဲ့ သုတေသနတချို့ကို ပြုလုပ်ပြီးတဲ့နောက် ဆာဂျရီအထူးပြု ခွဲစိတ်ဆရာဝန်အလုပ်ကနေ အပြီးတိုင်ရပ်နားခံလိုက်ရတယ်။

နှစ်တွေကြာပြီးတဲ့နောက် သူကိုယ်တိုင်လည်းအိုမင်းလာပြီး အလှတွေပျက်ယွင်းလာခဲ့ပါပြီ။ ထာဝရအလှကို သက်ဝင်ယုံကြည်သူအဖို့ အိုမင်းခြင်းဟာ အိပ်မက်ဆိုးဖြစ်လာပြီး ဇရာကိုဆန့်ကျင်ဖို့အတွက် နောက်တစ်ကြိမ် သုတေသနလုပ်ပါတယ်။

ပထမဆုံးခြေလှမ်းကတော့ သူ့ရဲ့မလှတော့တဲ့ အစိတ်အပိုင်းတွေနေရာမှာ အခြားလှတဲ့အစိတ်အပိုင်းတွေကို အစားထိုးဖို့ပါ။

ဒေါက်တာကင်ရဲ့လက်ချက်မိသွားတဲ့ မိန်းမလှလေးတွေ ဘယ်လောက်ရှိသလဲဆိုတာ ဘယ်သူမှ အတိအကျမသိကြဘူး။

အစပိုင်းမှာတော့ ကိုယ်တိုင်ခက်ခက်ခဲခဲလုပ်ခဲ့ရပေမဲ့ သွေးရောင်သလင်းကျောက်တစ်ခု သူ့ရှေ့ကျလာပြီးနောက်မှာတော့ အများကြီးပြောင်းလဲသွားတယ်။

သွေးကြောတွေနဲ့ပတ်သက်တဲ့ မြူတန့်စွမ်းအားရလာပြီး The Great 47အဖွဲ့ဝင် ဦးလေးကြီးဂင်ရဲ့အဓိက ပြိုင်ဖက်ဖြစ်လာပါတယ်။

အစောပိုင်းနေ့ရက်တွေမှာ တစ်ကိုယ်တော်စိတ္တဇဗီလိန်ဆိုပေမဲ့ မြူတန့်သိပ္ပံတွေနဲ့ပေါင်းမိပြီးတဲ့နောက် သူ့လုပ်ရပ်တွေက ပိုအသေးစိတ်လာသလို ခြေရာခံဖို့လည်း ခဲယဥ်းလာပါတယ်။

အခြေခံလူတန်းစားတစ်ယောက်လည်းဖြစ် ပညာလည်းကောင်းကောင်းမတတ်တဲ့အပြင် သက်လတ်ပိုင်းထဲရောက်မှ ရုတ်တရက်စွမ်းအားရလာတဲ့ ဦးလေးဂင်မှာ Dr.Soulကို ခြေရာခံစရာနည်းလမ်းမရှိခဲ့ပါဘူး။ ဒါကြောင့်မလို့ ဦးလေးဂင်ဆုံးသွားတဲ့အထိ သူ့ကိုမဖြေရှင်းနိုင်ခဲ့ဘူး။

ဒါပေမဲ့ ဆွေကြီးမျိုးကြီးထဲက ပေါက်ပွားလာပြီး ဒီလိုအခြေအနေမျိုးတွေအတွက် အထူးလေ့ကျင့်ထားရတဲ့ လူကန်အတွက်ကတော့ ခြားနားပါတယ်။

အခုပဲ မြူတန့်သိပ္ပံရဲ့လျှို့ဝှက်စခန်းဖြစ်နိုင်တဲ့နေရာကို သူရှာတွေ့ခဲ့ပြီ။ ပြဿနာက Dr.Soulဟာ S rank ဖြစ်ပြီး သူက အများကြီးအားနည်းသလို အိမ်ကွင်းအားသာချက်ရှိတဲ့ ရန်သူ့အသိုက်ထဲ ဝင်ရမယ့်သူလည်းဖြစ်နေတာကြောင့် မိုယဲ့နဲ့ကျင့်ခယ်တို့ပြောသလိုပဲ သေဖို့က ရာနှုန်းပြည့်ပါ။

All Chapters