← Chapters

အရှေ့အရပ်မှာနေဝန်းထွက်ပေါ်လာခြင်း

Vol. 3 Ch. 3

အရှေ့အရပ်မှာနေဝန်းထွက်ပေါ်လာခြင်း

Vol. 3 Ch. 3

အဲဒီနောက်တော့ ဒေါက်တာမြူရဲ့ခန္ဓာကိုယ်က အားလုံးရဲ့ရှေ့မှာပဲ ပုံရိပ်တစ်ခုလို ဝေဝါးပျောက်ကွယ်သွားတယ်။

ဒါကြောင့် တိုကျိုအစည်းအရုံးအထူးအေးဂျင့်တွေအပါအဝင် ဥစာကီကိုယ်တိုင်လည်း အံ့ဩသွားလေရဲ့။ ဒီလူက သူတို့ရှေ့မှာ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းတုန်းက ရှိနေခဲ့ပေမဲ့ အခုတော့ လေလိုပဲ ပျောက်ကွယ်သွားခဲ့ပါပြီ။

"သတိမလွတ်နဲ့... သူချောင်းပြီးတိုက်နိုင်သေးတယ်။"

ဝါရင့်အေးဂျင့်တစ်ယောက်က သတိပေးလိုက်တဲ့အတွက် တခြားသူတွေလည်း သတိရှိရှိဖြစ်ကုန်တယ်။ ဟန်မပျက်ရှိနေသေးတဲ့သူဆိုလို့ ကိုင်းတိုတစ်ယောက်သာ ရှိပါတယ်။ သူက အရူးတွေလိုမျိုး ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်နေတဲ့ ဟီးရိုးတွေကို ပြောလိုက်တယ်။

"ရှာမနေတော့တော့၊ သူထွက်ပြေးသွားပြီ။ Dr.Mist က ဘယ်တော့မှမနိုင်တဲ့တိုက်ပွဲကို မတိုက်တတ်ဘူး။ ဒီမှာ S rankတစ်ယောက်နဲ့ A rank တစ်ဒါဇင်နီးပါးလောက်ရှိနေတာ။ ရူးနေတဲ့လူတောင် သူရှုံးမယ်မှန်းသိတယ်။"

တခြားတစ်ဖက်မှာတော့ ဓားနတ်ဆိုးရဲ့ဓားက မြေပေါ်ကို ပြုတ်ကျသွားခဲ့ပါပြီ။ ငွေရောင်စစ်သည်က သူ့ဓားနဲ့ ဓားနတ်ဆိုးရဲ့လည်ပင်းကို ထောက်ထားလိုက်တယ်။

"မင်းရှုံးပြီ..."

ဓားနတ်ဆိုးက မက်ဒါနာရဲ့ဓားဆန္ဒနိုးထလာချိန်မှာတောင် ကောင်းကောင်းယှဥ်ချနိုင်ခဲ့ပြီး နောက်ဆုံးအချိန်အထိ အလျှော့မပေးခဲ့ပါဘူး။ သူက အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်တယ်။

"လွန်ခဲ့တဲ့ရှစ်နှစ်က ငါကလေးတစ်ယောက်ကို ရှုံးခဲ့တယ်၊ အခုတော့ စစ်သည်တစ်ယောက်ကို ထပ်ရှုံးသွားပြီး အရင်က ငါ့ကိုနိုင်သွားတဲ့ကလေးက ငါ့ကို လှည့်တောင်မကြည့်တော့ဘူး။"

ဥစာကီက စရောက်လာလာချင်းမှာ ဒေါက်တာမြူကို တိုက်ခိုက်ခဲ့ပြီး ဒေါက်တာမြူထွက်ပြေးသွားတဲ့အထိ ဓားနတ်ဆိုးကို လှည့်မကြည့်ခဲ့ပါဘူး။ အခြား တိုကျိုအထူးအေးဂျင့်တွေကလည်း သူ့ကိုဂရုမစိုက်ကြဘူး။

"နောက်ဆုံးတော့ အားနည်းတဲ့သူတွေက ပိုအားနည်းသွားပြီး အင်အားကြီးတဲ့သူတွေကတော့ ပိုအင်အားကြီးလာကြတာပဲမဟုတ်လား။"

ဓားနတ်ဆိုးက သူ့ဓားပြားကြီးကို ပြန်ကောက်ဖို့ မြေပြင်မှာလိုက်စမ်းကြည့်တယ်။ နောက်ဆုံးတော့ ဓားသွားကိုစမ်းမိသွားပြီး လက်နဲ့စမ်းသပ်ကာ ဓားရိုးကနေ ပြန်ကိုင်တယ်။ ဒါပေမဲ့ တိုက်ခိုက်လိုစိတ် ရှိတော့တဲ့ပုံမပေါ်ဘူး။

"ငါဆုဗာနာကနေ ဖမ်းလာတဲ့ကောင်မလေးကို မင်းတို့မြန်မြန်သွားကယ်တာကောင်းလိမ့်မယ်၊ နောက်ကျသွားရင် အရူးဒေါက်တာကို တားနိုင်မယ့်သူ ကမ္ဘာမှာရှိတော့မှာမဟုတ်ဘူး။"

အဲဒီနောက်တော့ ဓားနတ်ဆိုးက တိုက်ပွဲမြေပြင်ကနေ ဒီအတိုင်းလှည့်ထွက်သွားဖို့ ပြင်လိုက်တယ်။ ငွေရောင်စစ်သည်က ဓားကိုမြှောက်ပြီး သူ့ရှေ့မှာ ပိတ်ရပ်လိုက်ပြီး

"မင်းက ငါ့ကိုအရှုံးပေးပြီးတာနဲ့ ဒီအတိုင်းထွက်သွားလို့ရမယ်လို့ ထင်နေတာလား။"

ဒီစကားကြောင့် ဓားနတ်ဆိုးက သက်ပြင်းချလိုက်တယ်။ နောက်တော့ ချွေးတွေသွေးတွေပေကျံနေတဲ့ အောက်ခံစွပ်ကျယ်အင်္ကျီကို လက်နဲ့ဆွဲပြီး နဖူးကချွေးတွေကို သုတ်လိုက်ပါတယ်။

"ဟား... မင်းတွေ့တဲ့အတိုင်းပဲ တိုကျိုအစည်းအရုံးက ငါ့ကိုဖမ်းဖို့ စိတ်ဝင်စားမနေဘူး။ ငါက ဓားသမားတွေကို လိုက်စိန်ခေါ်ရုံကလွဲလို့ တခြားဘာမှလုပ်မထားဘူး။ ငါ့ကိုဖမ်းလည်း ကြံရာပါမှုနဲ့ နောက်သုံးနှစ်လောက်ပဲ ထောင်ထဲထပ်ထည့်လို့ရမှာ။ အခုလောလောဆယ် တိုကျိုမြို့ကြီးက အကျပ်အတည်းထဲရောက်နေပြီး S rank ဗီလိန်တစ်ယောက်ကို သူတို့လွတ်ထားတာ ငါ့ကိုဖမ်းဖို့ အလုပ်ရှုပ်မခံနိုင်သေးဘူး။"

အဲဒီနောက်တော့ ဓားနတ်ဆိုးက ငွေရောင်စစ်သည်ကို လက်ပြလိုက်ပြီး ကျောင်းကနေ အိမ်ပြန်သလိုမျိုး

ဓားကြီးကိုထမ်းပြီး သာသာယာယာပဲထွက်သွားတယ်။

"....." အင်း၊ လောလောဆယ်တော့ မက်ဒါနာကိုယ်တိုင်လည်း သူ့ပိုင်နက်မဟုတ်တဲ့ တိုကျိုမှာရောက်နေတာဆိုတော့ ဗီလိန်တွေကိုဖမ်းနိုင်တဲ့ ဟီးရိုးအခွင့်အာဏာရှိမနေဘူး။ ပြောရရင် သူဝတ်စုံဝတ်ထားတာကတင် အပြည်ပြည်ဆိုင်ရာ တရားဥပဒေချိုးဖောက်ရာရောက်နေပြီ။

(စာရေးသူ၏မှတ်စု: နိုင်ငံတစ်ခုရဲ့ဟီးရိုးတွေက တခြားနိုင်ငံမြေပေါ်မှာရောက်နေရင် တရားဝင်မစ်ရှင်လုပ်ခွင့် ရှိမနေပါဘူး။ လက်နက်ကိုင်ဆောင်ခွင့်နဲ့ အစွမ်းသုံးခွင့်တွေလည်း ကန့်သတ်ခံထားရပါတယ်။ ဒေသခံအစည်းအရုံးက ခွင့်ပြုပေးမှရပါတယ်။ V1 Chapter 13 မှာတုန်းက ဟောင်ကောင်မှာ လူကန်နဲ့ဖရန့်ကို ရှားပိုင်ဝေလိုက်ရိုက်တာလည်း ဒီဥပဒေကြောင့်ပါ။)

တစ်ဖက်မှာတော့ တိုကျိုအထူးအေးဂျင့်တွေက ရန်သူကို လိုက်ရှာဖို့အတွက် အသီးသီးအရပ်မျက်နှာခွဲပြီး ထွက်ခွာသွားကြပါတယ်။ ပြိုလဲကျနေပြီဖြစ်တဲ့ ဘုရားကျောင်းမြေပေါ်မှာ ဥစာကီနဲ့ကိုင်းတိုတို့သာ ကျန်ခဲ့တယ်။

"ချိပ်ပိတ်ထားတာကို အတင်းချိုးဖောက်ရင် ရှင်သေလိမ့်မယ်၊ ဘာကြောင့် သေမှာတောင်မကြောက်ရတာလဲ။"

ဥစာကီက ဓားကိုစတိုင်ကျကျ ဓားအိမ်ထဲသွင်းလိုက်ပေမဲ့ ဓားရိုးပေါ်မှာ လက်တင်ထားတုံးပဲ။ သူ့မျက်လုံးတွေက ကိုင်းတိုကို မျက်ချေမပြတ်စောင့်ကြည့်နေပြီး

နည်းနည်းလေး သံသယဝင်တာနဲ့ ဓားကိုဆွဲထုတ်ဖို့ အသင့်ရှိနေတာပါ။

"ဒေါက်တာမြူက ဒိုင်မေးရှင်းအစွမ်းရှိတယ်၊ မင်းဓားနဲ့ခုတ်လိုက်ကတည်းက သူက ပုံရိပ်ယောင်တွေထားပြီး ထွက်ပြေးသွားတာ၊ သူတို့ခြောက်ယောက် ဘာကိုမှရှာတွေ့မှာမဟုတ်ဘူး။"

ကိုင်းတိုကတော့ ဥစာကီရဲ့စကားတွေကို ဂရုမစိုက်ဘဲ အခြေအနေကိုပဲ အသေးစိတ်ကျကျ သုံးသပ်ပြနေဆဲပါ။ အခုလောလောဆယ် သူ့အင်္ကျီက ပျက်စီးသွားပြီဖြစ်တဲ့အတွက် ကြွက်သားအပြည့်နဲ့ အပေါ်ပိုင်းဗလာကျင်းခန္ဓာကိုယ်ကို တွေ့နေရာတယ်။

နေရာတိုင်းမှာ မီးလောင်ထားသလို ဒဏ်ရာတွေရှိနေပြီး အမာရွတ်ပုံစံတွေက ချိပ်တံဆိပ်က ချိန်းကြိုးပုံစံတွေအတိုင်းပါ။ ချိပ်ပိတ်ထားတာကို အတင်းဆန့်ကျင်ဖို့ ကြိုးစားရာကနေ ဖြစ်လာတာပါ။

တစ်ချိန်တည်းမှာပဲ မက်ဒါနာက ဘုရားကျောင်းဝင်းထဲ ပြန်ဝင်လာတယ်။ ဖရာလီတာက မက်ဒါနာတစ်ယောက်တည်း ပြန်လာတာတွေ့တော့ မေးလိုက်တယ်။

"ဘာလို့တစ်ယောက်တည်း ပြန်လာတာလဲ၊ ဟိုရူးနေတဲ့ ဓားပြားကြီးကောင်ရော။"

"ပြေးပြီ... ငါလွှတ်ပေးလိုက်တာ။"

"ဘာလို့လွှတ်ပေးရမှာလဲ၊ အဲဒီကောင်ကို ပါးပါးလှီးပြီး ကိုဘဲဘာဘီကျူ့လုပ်ပစ်ရမှာ။"

"....." ငွေရောင်စစ်သည် ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာက ဖရာလီတာကို ကြည့်ပြီးကျောချမ်းလာပြီ။ ဒီဟာမလေးက အသက်သာ ဆယ့်ခြောက်နှစ်မပြည့်သေးတယ်၊ အတွေးတွေက ကြောက်စရာတွေချည်းပဲ။

"ဒီနေရာက ဂျပန်မြေလေ၊ ငါတို့မှာ တရားစီရင်ပိုင်ခွင့်မရှိဘူး။ လွတ်လပ်တဲ့ နိုင်ငံတစ်ခုရဲ့အချုပ်အချာအာဏာကို လေးစားရမယ်။"

မက်ဒါနာက အခုလိုပြောလိုက်ပေမဲ့ ဖရာလီတာကတော့ သိပ်ကျေနပ်ပုံမရဘူး။ "ဘာအချုပ်အချာအာဏာလဲ၊ လူဆိုးကောင်တွေအကုန်လုံးကို သတ်သင့်တာ။" ဆိုပြီး တစ်ယောက်တည်း ရေရွတ်နေသေးတယ်။ သူကိုယ်တိုင်လည်း လူတွေအများကြီးသတ်ဖူးတဲ့ ဟိုမရောက်ဒီမရောက် အမ်တီဟီးရိုးဆိုတာ မေ့နေတဲ့ပုံပဲ။ ဟီးရိုးတွေနောက် တကောက်ကောက်လိုက်ရင်း လိုင်းကြောင်သွားတာလား။

"မင်းသမီး၊ ဒီအနီးအနားပတ်ဝန်းကျင်မှာ ဒေါက်တာမြူမရှိတော့ပါဘူး။"

ခဏနေတော့ ကီမိုနီုဝတ်ထားပြီး ဂေရှားအလှမယ်လိုမျိုး မိတ်ကပ်ဖြူဖြူတွေ လိမ်းချယ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဥစာကီရှေ့ကို လာအစီအရင်ခံတယ်။

ဒီအမျိုးသမီးက ယာမာဂုချီမိသားစုကဖြစ်ပြီး ဓားသခင်မဟုတ်ပေမဲ့ တော်တော်လေး အစွမ်းထက်တယ်။ ယပ်တောင်သိုင်းတတ်သူဖြစ်ပြီး လေစွမ်းအားရှိတာကြောင့် အထင်သေးလို့မရတဲ့သူပါ။

"ကောင်းပြီ၊ အေးဂျင့်တွေကို ပြန်ခိုင်းလိုက်တော့။"

"မြို့ထဲမှာ မြူမှုန်တွေပြန့်နေတုန်းပဲ၊ သူတို့ကို အဲဒီမှာသွားကူခိုင်းသင့်တာ မဟုတ်ဘူးလား။"

ကိုင်းတိုက ဥစာကီရဲ့စကားကို ဖြတ်ပြောပြီး ကန့်ကွက်လိုက်တယ်။ ယာမာဂုချီမိသားစုရဲ့အဆင့်နိမ့်ယာကူဇာတွေ အသိဉာဏ်မဲ့ကမူးရူးထိုး တိုက်ခိုက်ရေးသမားတွေ ဖြစ်လာတာကို သူတို့မြင်ပြီးတည်းက တိုကျိုမြို့ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ခန့်မှန်းဖို့ မခက်လှပါဘူး။

ဥစာကီကတော့ ကိုင်းတိုအကြံပြုတာကို သဘောမတူပြန်ဘူး။

"ပန်းရောင်မြူမှုန်တွေက အဆိပ်တွေပဲ၊ အဆိပ်ဖြေနိုင်စွမ်းမရှိတဲ့ မြူတန့်တွေကိုလွှတ်ပြီးတော့ အဆိပ်ပြန့်တာကို ဘယ်လိုတားမှာလဲ။ ဆေးစွမ်းအားရှိတဲ့ တိုကျိုဒုဌာနမှူးကို အဲဒီလိုလွှတ်ပြီးပြီ။ စီနီယာဟောင်းအနေနဲ့ စိတ်ပူစရာမလိုပါဘူး။"

"သာမန်ပြည်သူတွေကို နေရာရွေ့တာကရော..."

"ဒေသခံဟီးရိုးတွေလုပ်လိမ့်မယ်၊ အရေးပေါ်ပြောင်းရွှေ့တာက ငါတို့ကျောင်းမှာကတည်းက သင်ထားပြီးသားပါ။ ဒီလောက်စိုးရိမ်စရာမလိုပါဘူး။"

မျိုးဆက်ကွာခြားမှုကြောင့်လားမသိပေမဲ့ ဒီဟီးရိုးနှစ်ယောက်က တစ်နေရာမှာမှ အမြင်မတူကြပါဘူး။ ဥစာကီက ထောင့်ပေါင်းစုံကနေ ကြိုတင်တွက်ချက်ပြီး ကြိုတင်ပြင်ဆင် တုံ့ပြန်တတ်ပေမဲ့ တစ်ဖက်မှာတော့ ကိုင်းတိုက ကြိုစဥ်းစားမိတာချင်းအတူတူကို ကိုယ်တိုင်ဝင်လုပ်ဆောင်ရမှ ကျေနပ်နိုင်သူပါ။

ရုတ်တရက် ဥစာကီက ကိုင်းတိုကို စက်ဝိုင်းပုံစံ လှည့်ပတ်လျှောက်နေရင်းကနေ ရပ်လိုက်တယ်။ အဲဒီနောက် မကျေနပ်တဲ့လေသံနဲ့ ပြောလိုက်ပါပြီ။

"ဒါပေမဲ့... ရှင့်ရဲ့ချိပ်တံဆိပ်ကို အားသုံးပြီးချိုးဖျက်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေက ရှင်တစ်ယောက်တည်း သေရုံပဲမဟုတ်တာ သိရဲ့လား။"

တစ်ဖက်မှာတော့ မက်ဒါနာတို့က လက်ရှိဒီနှစ်ယောက်ရဲ့အခြေအနေကို နားမလည်နိုင်တဲ့အတွက် ကြောင်ပြီးကြည့်နေရုံပဲ တတ်နိုင်ကြတယ်။ အေမီကတော့ အတော်လေးစိတ်ဝင်စားနေပုံပေါ်ပြီး သူ့မျက်လုံးတွေက ဖော်ပြနေတဲ့ စိတ်ခံစားချက်တွေအရ ရုပ်ရှင်ရုံရောက်နေသလို ခံစားနေရတဲ့ပုံပဲ။

"မိစ္ဆာသတ်ဓားရဲ့မျက်လုံးတံဆိပ်တွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတာ။ ချိပ်တံဆိပ်တစ်ခုပျက်တာနဲ့ ကျန်တာတွေအားလုံး ပျက်စီးသွားမှာပဲ။ ဒီနှစ်တွေထဲမှာ လူဆိုးဘယ်လောက်များများကို အဲဒီတံဆိပ်တွေနဲ့ ချုပ်နှောင်ထားခဲ့လဲဆိုတာ ရှင်သိရဲ့လား။"

ဥစာကီက ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်တော့ ဓားရိုးပေါ်က မျက်လုံးပုံစံက ဖွင့်လာပြီး ဘုရားကျောင်းတစ်ခုလုံးကို ထူးဆန်းတဲ့အငွေ့အသက်တစ်ခုက စတင်ဖုံးလွှမ်းလာတယ်။

မက်ဒါနာအတွက်ကတော့ ဒီအငွေ့အသက်တွေက စမ်းသက်မနေပါဘူး။ မြန်မာဘုရင်သူရိယရာဇာ သူ့လက်နက်တွေကို ထုတ်သုံးတုန်းကလည်း ဒီလိုမျိုး ခံစားခဲ့ရဖူးတယ်။

"လူဆိုးတွေကို ချုပ်နှောင်တယ်၊ သူတို့တွေက ငါ့လိုမျိုး မင်းမိသားစုရဲ့လမ်းမှာ ပိတ်နေတဲ့သူတွေမဟုတ်ဖို့ မျှော်လင့်မိတာပဲ။"

ကိုင်းတိုရဲ့စွမ်းအားတွေကို ချိပ်ပိတ်ဖို့ စေခိုင်းလိုက်တဲ့သူက အစိုးရဆိုတာထက် ယာမာဂူချီမိသားစုရဲ့စနက်တွေ ကင်းလှတယ်တော့မဟုတ်ဘူး။

ယာမာဂူချီမိသားစုက ဟီးရိုးတွေကိုမွေးထုတ်ထားသလို တစ်ဖက်မှာလည်း အမှောင်လောကထဲမှာ နက်ရှိုင်းတဲ့လက်တံတွေ ရှိနေပါတယ်။ နီပွန်ရဲ့နေမင်းကြီးဖြစ်ခဲ့တဲ့ ကိုင်းတိုက မတရားမှုမှန်သမျှကို ဖြေရှင်းခဲ့တာကြောင့် သူရှိနေစဥ်မှာ ယာမာဂူချီတွေရဲ့တရားမဝင်လုပ်ငန်းတော်တော်များများ ထိခိုက်ခဲ့တယ်။

"ရှင့်ကိုချိပ်ပိတ်ခဲ့တာက ရှင်က စွမ်းအားကြီးလွန်းပြီး စိတ်အခြေအနေ တည်ငြိမ်မှုမရှိတော့တာကြောင့်ပဲ။"

ဥစာကီက ပြန်ချေပတယ်။ ကိုင်းတိုကလည်း လက်မခံဘဲ ရှေ့ကိုတစ်လှမ်းတိုးလာတယ်။

"နောက်ဆုံးတော့လည်း ငါနဲ့ယာမီမှာ အစိုးရက မထိန်းချုပ်နိုင်တဲ့ စွမ်းအားတွေရှိနေလို့ ဖြေရှင်းရမယ်ဆိုတဲ့ ဘူတာပဲစိုက်တာမဟုတ်လား။ ဥစာကီ... မင်းရဲ့စွမ်းအားတွေက တိုးတက်နေတုန်းပဲ။ တစ်နေ့ မင်းလည်း ငါ့အဆင့်ကိုရောက်တဲ့အခါ မင်းမိသားစုနဲ့အစိုးရက မင်းကို ငါ့လိုမျိုးပဲ ဖျက်ဆီးပစ်ဖို့လုပ်မလာနိုင်ဘူးလား။"

"ရှေ့ဆက်တိုးမလာနဲ့..." ဥစာကီက နောက်ကိုတစ်လှမ်းဆုတ်ပြီး ခါးကိုကိုင်းညွှတ်ကာ သိုင်းကွက်အနေအထား ပြင်လိုက်တယ်။ ဓားကိုဆွဲထုတ်တာနဲ့ လူ့အသတ်ကို ချက်ချင်းနှုတ်နိုင်မယ့်အနေအထားမျိုးနဲ့ပါ။

"အာကိုင်းဂါမီ ကိုင်းတို၊ အလောင်းကောင်စစ်ပွဲမှာတုန်းက ရှင့်စွမ်းအားတွေကို မထိန်းချုပ်နိုင်ဘဲနဲ့ မြို့တစ်ခုလုံးကို ပြာကျစေခဲ့တယ်။ မြို့ထဲမှာရှိနေတဲ့ ဟီးရိုးတချို့ရဲ့သက်သေခံအရ မြို့သားနှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်။ ရှင်က စိတ်ခံစားချက်တွေကြောင့် စွမ်းအားကိုမထိန်းချုပ်နိုင်ဘူးဆိုတဲ့ သက်သေက ထင်ရှားနေတာပဲ။"

"ဝေ့...ဝေ့.. မင်းပေးတဲ့ဆင်ခြေကို မင်းယုံကြည်မှုရှိတယ်ဆိုရင် ငါ့ချိပ်တံဆိပ်ကို ပြန်ဖြုတ်ပေးတော့လေ။ ငါ့စိတ်အခြေအနေက အခုအကောင်းကြီးရှိနေတယ်။"

ကိုင်းတိုက ရှေ့ကိုနောက်တစ်လှမ်းတက်လိုက်ပြီး သူ့လက်ကို ဖြန့်လိုက်တယ်။

စင်စစ် သူ့ကြောင့်ဒဏ်ရာရတဲ့လူရှိတယ်ဆိုတဲ့ သက်သေတွေက မခိုင်လုံဘူး။ ယာမီက သူနဲ့ယှဥ်တိုက်ရတော့မယ်ဆိုကတည်းက အိုဆာကာမြို့မှာရှိသမျှ လူတွေအားလုံးကို နှင်ထုတ်ခဲ့ပြီးသား။ မြို့ထဲမှာရှိနေတာက ဖုတ်အလောင်းကောင်တွေပဲဖြစ်ပြီး သတ္တိကောင်းတဲ့ ဟီးရိုးတချို့တလေလည်း မြို့ထဲမှာကျန်ခဲ့ပေမဲ့ အများစုက ယာမာဂုချီဖက်က။

"ရှင်က စိတ်ဒဏ်ရာတွေအများကြီးရှိနေပြီး မတည်ငြိမ်တဲ့သူပဲ၊ ရှင့်ကိုဖမ်းခေါ်သွားပြီး ချိပ်တံဆိပ်ကို မဖျက်နိုင်တာသေချာအောင် စောင့်ကြည့်ရမယ်။"

ဥစာကီက ဓားကိုဆွဲထုတ်ပြီး ရှေ့ကိုပြေးတက်လာတယ်။ ဒါပေမဲ့ သူ့ဓားသွား ဓားအိမ်အပြင်မရောက်ခင်မှာပဲ ကိုင်းတိုက လက်ဖနောင့်နဲ့ ဓားရိုးကိုတွန်းကာ ဓားကိုဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး ဥစာကီရဲ့ရင်ဘတ်ကို ဒူးနဲ့တိုက်လိုက်တယ်။

"အာ့..."

ကိုင်းတိုကိုယ်တိုင်လည်း သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် အံ့ဩနေတဲ့ပုံပဲ။ လောလောဆယ် သူက ပင်ပန်းပြီး တစ်ကိုယ်လုံး မလှုပ်ချင်တော့သလိုဖြစ်နေပေမဲ့ ဥစာကီရဲ့လှုပ်ရှားကွက်တွေကို ကြိုသိသလိုဖြစ်နေပြီး တန်ပြန်နိုင်မယ့်နည်းလမ်းကို စဥ်းစားနိုင်နေတယ်။

ဥစာကီက နောက်ကိုဆုတ်ပြေးသွားပြီး ဓားနဲ့ကိုင်းတိုကို အလျားလိုက်ချိန်လိုက်တယ်။

"တောင်းပိုင်းဖြတ်ခြင်းဓား၊ ကြယ်ကြွေ။"

ကာတာနာဓားသွားက ကြယ်ကြွေသလိုမျိုး လျှပ်တပြတ် ဝင်ရောက်လာတယ်။ ဒါပေမဲ့ကိုင်းတိုက ခြေတစ်လှမ်း ဘေးကိုရွေ့လိုက်ပြီး မိစ္ဆာသတ်ဓားရဲ့ဓားပြားကို သူ့လက်ချောင်းလေးတစ်ချောင်းနဲ့ တောက်လိုက်တယ်။

ဓားသွားက ချက်ချင်းလမ်းကြောင်းလွဲသွားပြီး သူ့ကိုမထိတော့ဘူး။

နှစ်ကြိမ်နှစ်ခါဖြစ်ခဲ့တာမလို့ တိုက်ဆိုင်တာမဟုတ်တော့ဘူး။ ဓားကိုကိုင်ထားတဲ့ ဥစာကီရဲ့လက်တွေ တုန်ခါနေတယ်။ လက်ရှိသူက ကိုင်းတိုကိုအနာတရ မဖြစ်စေချင်တဲ့အတွက် စွမ်းအားတွေသုံးပြီး တိုက်နေတာမဟုတ်ဘဲ ဓားပညာသက်သက်နဲ့ တိုက်ခိုက်နေခဲ့တာပါ။ ဒါပေမဲ့ ကိုင်းတိုကို ထိတောင်မထိနိုင်ဘူး။

နောက်ဆုံးတော့ မိရိုင်လေးက ရပ်ကြည့်မနေနိုင်တော့ဘဲ သူတို့နှစ်ယောက်ကြားထဲ ဝင်ရပ်လိုက်ပါတယ်။

"အစ်မ၊ ဆရာ.. ကျေးဇူးပြုပြီး အချင်းချင်းတိုက်ခိုက်နေတာ ရပ်လိုက်ပါတော့။"

ဒီတော့မှ သူတို့နှစ်ယောက်လည်း ဒီနေရာမှာ သူတို့အပြင် တခြားသူတွေပါ ရှိနေသေးမှန်း ပြန်သတိရလာခဲ့ပုံပဲ။ ဒါပေမဲ့ ဥစာကီကတော့ ကိုင်းတိုရဲ့ထူးခြားမှုကို အခုထိစဥ်းစားမရ ဖြစ်နေသေးပုံပဲ။

"ရှင်က ဘယ်လိုလုပ်ပြီး တောင်ပိုင်းဖြတ်ခြင်းဓားသိုင်းကို သိနေရတာလဲ။"

ဓားသမားတစ်ယောက်က ပြိုင်ဖက်ဓားသမားတစ်ယောက်ရဲ့ဓားလားရာကို သိတယ်ဆိုတာက ပုံမှန်ပါပဲ။ ဒါက လူတစ်ယောက်ရဲ့မျက်လုံးအကြည့်၊ ကြွက်သားတးလှုပ်ရှားမှုတွေအပေါ် မူတည်ပြီးတွက်ချက်လို့ရတယ်လေ။ ဒါပေမဲ့ ကိုင်းတိုပြသခဲ့တဲ့ တိကျမှုမျိုးကတော့ ပြိုင်ဖက်ရဲ့ဓားပညာကို ကအစ အအဆုံးထိ ကျွမ်းကျင်တတ်မြောက်နေမှ ဖြစ်နိုင်တာမျိုးပါ။

"ငါမသိဘူး... ဒါပေမဲ့ ငါ့လက်တွေက ဒီဓားသိုင်းကို ကစားခဲ့ဖူးတာတော့ မှတ်မိနေတယ်။"

ဥစာကီသိသလောက် ကိုင်းတိုက ဘာလက်နက်ကိုမှ စွဲစွဲမြဲမြဲမသုံးဘူး။ ဒါပေမဲ့ လက်နက်တိုင်းမှာ ဆရာအဆင့်နီးပါး ကျွမ်းကျင်ပါတယ်။ သူမလုပ်တတ်တာ ဘာမှမရှိသလိုပဲ။ ဒါပေမဲ့ သိုင်းပညာတစ်ခုကို လုံးဝကျွမ်းကျင်နေတယ်ဆိုတာက ခြားနားတဲ့အဓိပ္ပါယ်တစ်ခုပါ။

'အကုန်လုံးလုပ်တတ်တယ်၊ ဒါပေမဲ့ အကုန်လုံးကိုမေ့နေတယ်ပေါ့။' တော်တော် အူကြောင်ကြောင်နိုင်တဲ့ကိစ္စပဲ။

ပုံမှန်အတိုင်းဆိုရင်တော့ သူတို့နှစ်ယောက်က သဘောထားကွဲလွဲမှုတွေကြောင့် အချင်းချင်းထသတ်ကြတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မိရိုင်က သူတို့နှစ်ယောက်ကြားမှာ ဝင်တားလိုက်တဲ့အတွက် ထချမလိုဖြစ်တဲ့ကိစ္စကို ခေါက်ထားလိုက်ပြီး မြူတန့်သိပ္ပံအဖွဲ့ကိစ္စကို အေးအေးချမ်းချမ်း ဆွေးနွေးဖို့ဖြစ်လာကြတယ်။

ဟုတ်ပါတယ်၊ လောလောဆယ်အရေးအကြီးဆုံးက ကမ္ဘာ့ထိပ်သီး မြူတန့်အဖွဲ့ကြီးရဲ့အန္တရာယ်ပါ။ ကျန်တာတွေက ဒီလောက်အရေးမကြီးသေးဘူး။

....

အာကီဟာဘရာ။

ဒရုန်းဇုန်၏ခန္ဓာကိုယ်မှာ ပုံပျက်နေသော ကားခေါင်းခန်းအတွင်း နစ်ဝင်လျက်ရှိသည်။ သူ၏ညိုမှောင်သော အသားအရေအောက်တွင်တော့ ကြွက်သွားများက အစွမ်းကုန်တောင့်တင်းနေပြီး ကြီးမားလှသည့် ဖိအားဒဏ်ကို တောင့်ခံထားလျက်ရှိသည်။

သာမန်လူတစ်ယောက်ဆိုပါက ဘက်စ်ကားကြီးနှင့် ဝင်ရိုက်ခံရလျှင် တစ်စစီဖြစ်ပြီး သေရုံသာရှိ၏။ သို့သော် ဒရုန်းဇုန်မှာ B rank ခံစစ်အသားပေး ဟီးရိုးဖြစ်နေပြီး သူ့ခန္ဓာကိုယ်ကို M4 သေနတ်ဖြင့် ဆက်တိုက်အပစ်ခံရလျှင်ပင် သေဖို့မသေချာပါ။

ဒရုန်းဇုန်က ရပ်တန့်သွားပြီဖြစ်သော ဘက်စ်ကားခေါင်းမှ အတင်းရုန်းထွက်လိုက်သည်။ သံစတချို့က သူ့ခန္ဓာကိုယ်တွင်စိုက်ဝင်နေသောကြောင့် လက်ဗလာသက်သက်ဖြင့် ဆွဲနှုတ်လိုက်သည်။

နာကျင်မှုကြောင့် မျက်မှောင်ကြုတ်ထားမိသော်လည်း ဟီးရိုးတစ်ယောက်အတွက်တော့ ထိုနာကျင်မှုပမာဏက အစမ်းမဟုတ်တော့ပေ။

သူ့အင်္ကျီအောက်၌ဝှက်ထားသော တော်တော်ဆိုးဝါးသည့် အမာရွတ်တစ်ခုရှိသည်။ ရူးနေသည့် ဘဏ်ဓားပြတစ်ယောက်က ဇက်သတ္ထုချွန်ဖြင့်သူ့ဗိုက်ကို ထိုးစိုက်ခဲ့ခြင်းဖြစ်ပြီး နှလုံးနှင့်နည်းနည်းလေးသာ လွဲသွားခဲ့ခြင်းဖြစ်ကာ ကံကောင်း၍မသေခဲ့ပေ။

သို့သော် ဝမ်းဗိုက်ပေါ်မှ အမာရွတ်မှာ အခုထိမပျောက်တော့။

လမ်းပေါ်တွင် ဘေးတိုက်အနေအထားဖြင့် အတိုက်ခံလိုက်ရခြင်းဖြစ်ရာ ခေါင်းကွဲသွားပြီး သူ့နားထင်မှ သွေးများယိုစီးကျနေ၏။ မူးနောက်နောက်ဖြစ်နေသောခေါင်းကြောင့် အနီးအနားရှိဓာတ်တိုင်ကို သူလက်ဖြင့်ထောက်မှီလိုက်မိသည်။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိတော့ ရူးသွပ်နေသည့် မြူတန့် Cosplayer တစ်ယောက်က ဓာတ်ပုံရိုက်နေသည့် လူတစ်ယောက်၏လည်ပင်းကို ဖက်ကိုက်ပြီး အသားစများပြတ်ပါသွားသည်အထိ ဆွဲဖြုတ်လိုက်၏။ ထိုCosplayerက သွားများပြုတ်ထွက်သွားပါက အကြိမ်ရေအကန့်အသတ်မရှိ ၂၄ နာရီအတွင်း ပြန်ပေါက်နိုင်သည့်စွမ်းအားရှိသူသာဖြစ်ပြီး ယခုအခါတွင်တော့ ထိုအစွမ်းမှာ လူ့အသားကိုဆွဲဖဲ့ရန် အလွန်အသုံးဝင်နေသည်။

ဒရုန်းဇုန်တစ်ယောက် ထိုကင်မရာကိုင်ထားသော ငနှဲပြောနေကျစကားကိုပင် ပြန်သတိရမိ၏။

"ကျွန်တော့်ကို ကောင်မလေးချောချောတစ်ယောက်က စားချင်နေရင် သိပ်ကောင်းမှာပဲ။" ဟူ၍။

အခုတော့ ကင်မရာမန်း - ဆံတစ်ယောက် မသေခင် သူ့ဆန္ဒတွေ ပြည့်ဝသွားပြီပေါ့။

ဒရုန်းဇုန်တစ်ယောက် နာကျင်မှုကြောင့် ဦးနောက်က လက်တွေ့ဘဝကြီးမှ ထွက်ပြေးရန်ကြိုးစားနေခြင်းနှင့် ရင်ဆိုင်နေရပြီး ခေါင်းတွေမူးနောက်အောင် ပေါက်ကရများ တွေးနေမိ၏။

ရုတ်တရက် သံလက်သီးတွေနဲ့ တက္ကစီဒရိုက်ဘာက သူ့ဆီပြေးလာပြီး ခေါင်းကိုထိုးချေပစ်ဖို့ ကြိုးစားလိုက်သည်။ သို့်သော်လည်း ဒရုန်းဇုန်က သူ့လက်ကိုမြှောက်လိုက်ပြီး သံလက်သီးကို တားလိုက်၏။

"ကားတိုက်ခံရလို့ နာနေပါတယ်ဆိုခါမှ နင်က ငါ့ကိုပြဿနာရှာပြန်ပြီလား။"

အဲဒီနောက်တော့ အသိစိတ်မရှိဖြစ်နေတဲ့ ဒရိုက်ဘာကို ဒရုန်းဇုန်က လက်သီးနဲ့နှာနုရိုးချိုးပေးလိုက်ပြီး တစ်ချက်တည်း အမှောက်သိပ်လိုက်လေရဲ့။ နောက်တော့ စိတ်ပေါက်ပေါက်နဲ့ သူ့ကင်းလှည့်ဒရုန်းကို ဖမ်းဆုပ်ပြီး အဲဒီလူမျက်နှာကို ဒရုန်းနဲ့ကောက်ရိုက်တော့တာပဲ။

သူ့ပုံစံက အသိစိတ်လွတ်နေတဲ့ မြူတန့်တွေထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်။

၃။

၃။

ဆောင်ဟိုင်နိုးလာတော့ သူရင်းနှီးမနေတဲ့ အခန်းတစ်ခုထဲမှာ။ ဒါပေမဲ့ ဆေးရုံက လူနာခန်းတော့မဟုတ်ဘူး။ ရိုးရာသစ်သားစပ်နည်းကိုသုံးပြီး တည်ဆောက်ထားတဲ့ အခန်းငယ်လေးတစ်ခုပါ။

"ဒီနေရာက..."

"ယာမာဂုချီအိမ်တော်လေ။" သူစကားမဆုံးခင်မှာပဲ ဥစာကီရဲ့စကားသံက ထွက်ပေါ်လာတယ်။ သူတို့က ဧည့်ခန်းထဲမှာဖြစ်ပြီး မက်ဒါနာတို့အုပ်စုလည်း ရှိနေတယ်။

သူတို့တွေအနေနဲ့ မြူတန့်သိပ္ပံအဖွဲ့ရဲ့အရေးကို အားလုံးနဲ့ဆွေးနွေးဖို့ လိုလာခဲ့ပါပြီ။ မူလကတော့ မက်ဒါနာက ယာမာဂုချီမိသားစုအပေါ် သိပ်အကောင်းမမြင်တဲ့အတွက် ဒီစံအိမ်ထဲကိုလာဖို့ မစဥ်းစားခဲ့ပါဘူး။

ဒါပေမဲ့ ဥစာကီကတော့ သတိမေ့နေတဲ့ ကိုင်းတိုကို အတင်းခေါ်လာဖို့ တိုက်တွန်းခဲ့ပါတယ်။ အိမ်ရှင်နိုင်ငံရဲ့အဆင့်အမြင့်ဆုံး ဟီးရိုးတစ်ယောက်က တောင်းဆိုတာဖြစ်တဲ့အတွက် သူတို့အုပ်စုဟာ မငြင်းခဲ့ကြဘူး။

ပြီးတော့ ဥစာကီရဲ့မျက်လုံးတွေထဲက ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်နေတာကြောင့်လဲပါတယ်။ စင်စစ်မှာ ဥစာကီအတင်းလိုချင်နေတဲ့အရာတစ်ခုကို သူတို့တားဖို့ ခွန်အားမရှိဘူး။

"ပထမဆုံးအနေနဲ့ ကျွန်မရှင့်အပေါ် အထင်သေးခဲ့မိတဲ့အတွက် တောင်းပန်ပါရစေ၊ ကိုင်းတို ဒိုနို။"

ဥစာကီက တာတာမီဖျာပေါ်မှာ ပဆစ်တုပ်ထိုင်ရင်း ကိုင်းတိုကို ဦးညွှတ်တောင်းပန်လိုက်တယ်။ အဲဒီနောက်တော့ သူက မက်ဒါနာဖက်ကိုလှည့်ပြီး မေးလိုက်တယ်။

"အရင်ဆုံး မင်းသမီး မက်ဒါနာနဲ့ ဗစ်ကောင့် ဖရာလီတာကို အမှန်အတိုင်းပြောဖို့ မေတ္တာရပ်ခံပါရစေ။ တိုကျိုဖြစ်စဥ်နဲ့နယူးယောက်ဖြစ်စဥ်နှစ်ခုလုံးမှာ ကျွန်မတို့ယာမာဂုချီမိသားစုက ဘယ်လောက်ထိပါဝင်ပတ်သက်ခဲ့သလဲ။"

ဥစာကီရောက်လာပြီး အစကနေအဆုံးထိ လုပ်ပုံကိုင်ပုံတွေအရ နည်းနည်းရုံးလုပ်ငန်းဆန်နေပေမဲ့ တရားမမျှတဘူးဆိုတဲ့ အရိပ်အယောင်မျိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ယာမာဂုချီမိသားစုက သူ့ရဲ့ဟီးရိုးလုပ်ငန်းခွင်အတွင်းမှာ ဩဇာလွှမ်းမိုးမှု ကြီးကြီးမားမားရှိနေတာကိုတော့ မငြင်းပယ်နိုင်ပါဘူး။

ဖရာလီတာက အရင်ဆုံး စတုံ့ပြန်လိုက်တယ်။ "ရှင်တို့ဒုတိယဓားသခင်ရဲ့သားဖြစ်တဲ့ အိုက်ဇာဝါက မြူတန့်သိပ္ပံအဖွဲ့အတွက် ဆေးကုန်ကြမ်းတွေ ထောက်ပံပေးခဲ့ပြီး သုတေသနစခန်းတစ်ခု တည်ဆောက်ပေးခဲ့တယ်။ ကျွန်မတို့အမိန့်တော်အဖွဲ့ကတော့ မြောက်အမေရိက စမ်းသပ်စခန်းလို့ခေါ်တယ်။ မိဘမဲ့ကလေးတွေဆီက အင်ဇိုင်းတစ်မျိုးကို တရားမဝင်နည်းလမ်းတွေနဲ့ရယူပြီး မြူတန့်စွမ်းအားတိုးဆေးကို ဖန်တီးခဲ့တယ်။"

ဖရာလီတာရဲ့စကားဆုံးသွားချိန်မှာ ဥစာကီက အံ့ဩသွားဟန်နဲ့ မျက်ခုံးပင့်လိုက်တယ်။ ဒါကြောင့် သူ့ရဲ့အနက်ရောင်ဆံပင်တွေလှုပ်ရှားသွားပြီး ရွှေရောင်ဆံသားတစ်မျှင်က မက်ဒါနာတို့ရဲ့မြင်ကွင်းထဲ ရောက်လာပါတယ်။

သိသာထင်ရှားစွာနဲ့ ဟီးရိုးအစည်းအရုံးအတွင်းမှာ တရားဝင်ချပြပြီးဖြစ်တဲ့ ဒီသတင်းအချက်အလက်တွေကို ဒီမိန်းကလေး သိထားပုံမပေါ်ဘူး။ မက်ဒါနာလည်း သံသယတစ်ချက်ဝင်သွားတယ်၊ ဖြစ်နိုင်တာက တိုကျိုအစည်းအရုံးက ဥစာကီမသိအောင် တမင်သက်သက် အချက်အလက်တွေကို ဖုံးကွယ်ထားခဲ့တာလား။

အဲဒီနောက်တော့ ဖရာလီတာက ခဏနားပြီးဆက်ပြောပါတယ်။ "တကယ်တော့ နယူးယောက်ကိစ္စမဖြစ်ခင်မှာ ဟောင်ကောင်ကိစ္စဆိုတာရှိသေးတယ်။ အဲဒီကာလကတည်းက မြူတန့်သိပ္ပံအတွက် ဖာရာဒေးဆေးညွန်းကို ယာမာဂုချီမိသားစုပိုင်ကုမ္ပဏီတစ်ခုက စမ်းသပ်ပေးခဲ့ပြီး စဦးဖော်မြူလာအဆင့်ကို ရောက်နေခဲ့တယ်။ အမိန့်တော်အဖွဲ့ဝင် အေးဂျင့်လူကန်နဲ့ဖရန့်တို့က ဝင်ရောက်ဖျက်ဆီးခဲ့ပေမဲ့ ဖော်မြူလာက ပြန့်နှံပြီးသားဖြစ်နေပြီ။"

"နောက်ဆုံးတတိယအမှုဖြစ်တဲ့ တိုကျိုကိစ္စမှာတော့ အိုက်ဇာဝါရဲ့အကြွင်းအကျန် လက်ထောက်အာအိုရီက ဒေါက်တာမြူနဲ့ပူးပေါင်းပြီး ကျွန်မတို့ကိုတိုက်ခိုက်ခဲ့တယ်။ ပြီးပြည့်စုံနေပြီဖြစ်တဲ့ ဖာရာဒေးဆေးရဲ့ဆိုးကျိုးတွေကို ထိန်းချုပ်နိုင်တဲ့ဗိုင်းရပ်စ်တစ်မျိုးကို လွှတ်တင်လိုက်ပြီးတော့ တိုကျိိုမြို့သားသုံးထောင်နီးပါးကို သတ်ဖြတ်ခဲ့တယ်။"

ဒီအထိရောက်လာပြီးနောက်မှာ ဥစာကီက သဘောပေါက်လာတဲ့ပုံစံမျိုးနဲ့ စပြောလိုက်တယ်။

"ရှင်ပြောချင်တာက ကျွန်မတို့ယာမာဂုချီမိသားစုက ဒုတိယဓားသခင်ဟာ ဗီလိန်တွေနဲ့ပူးပေါင်းနေတယ်ဆိုတဲ့ သက်သေအတိအကျရှိနေပြီပေါ့။"

ဖရာလီတာကတော့ သဘောမတူဘဲ ပြန်ပြောလိုက်တယ်။ "တကယ်တော့ ရှင်တို့တစ်မိသားစုလုံးလည်း အလိုတိုအလိုပါ ဖြစ်နေနိုင်တယ်။ တိုကျိုအစည်းအရုံးရဲ့အဓိကခေါင်းဆောင်ဖြစ်တဲ့ ရှင့်ဆီကို ဒီသတင်းတွေမစီးဆင်းအောင်လုပ်ဖို့က စီးပွားရေးလုပ်ငန်းတွေကိုပဲကွပ်ကဲတဲ့ ဒုတိယသခင်တစ်ယောက်တည်းနဲ့ မဖြစ်နိုင်ဘူး။"

"လက်စသတ်တော့ ဒီလိုကိုး..." ဥစာကီက ထရပ်လိုက်ပြီး ရိုးရာဘေးတွန်းတံခါးကို ဆွဲဖွင့်လိုက်တယ်။ သူသိုင်းလေ့ကျင့်နေကျ ပန်းခြံလေးကို ရှုခင်းအဖြစ် မြင်လိုက်ရပေမဲ့ သူ့မျက်နှာပေါ်မှာတော့ တင်းမာမှုက ထင်ရှားစွာရှိနေတယ်။

"အရင်ဆယ်နှစ်က အနီရောင်နတ်ဘုရားကို ငါချိပ်ပိတ်ခဲ့ရကတည်းက သံသယတွေရှိနေခဲ့တာ။ ဘာဖြစ်လို့ ငါအားကျရတဲ့သူရဲကောင်းက လူတွေကိုထိခိုက်စေခဲ့တာလဲဆိုပြီးတော့ပေါ့။ အဲဒီနှစ်တွေကတည်းက သူတို့ဗီလိန်လို့ပြောတဲ့လူတိုင်းကို ငါလိုက်တိုက်ခိုက်နေခဲ့တာ။ အမြဲတမ်းလူတွေအတွက်ဆိုပြီး လေ့ကျင့်နေခဲ့ပေမဲ့ တကယ်က မိသားစုအတွက် လက်နက်တစ်ခုလို အသုံးချခဲ့နေရတာပဲ။"

ဆယ်နှစ်တောင်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ဓားတစ်လက်ပေးပြီး သူတို့ဗီလိန်လို့ သတ်မှတ်ထားတဲ့ သူတွေကို သတ်ခိုင်းခဲ့တယ်။ တစ်ခါမှ မေးခွန်းပြန်ထုတ်ခွင့်မရခဲ့ဘူး။

ဖရာလီတာလည်း ပြုံးလိုက်ပြီး ဥစာကီကို ပြောလိုက်တယ်။ "အခုရှင့်မျက်လုံးတွေက ရှင့်အစ်ကိုဝမ်းကွဲနဲ့တူလာပြီ။ ရှင်တို့နှစ်ယောက်မှာ တူညီတဲ့ကံကြမ္မာမျိုး ရှိနေတာပဲ။"

လွန်ခဲ့တဲ့နှစ်အနည်းငယ်က လူကန်လည်း အာ့ခ်မိသားစုတစ်ခုလုံးကို ထောင်ထဲထည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ လူတစ်ယောက်တည်းလှုပ်ရှားခဲ့တယ်လို့ ပြောရင်တော့ ဟာသတစ်ခုပဲ။ အဲဒီတုန်းကလည်း ဖရာလီတာရဲ့စနက်တွေပါခဲ့တာပေါ့။ အခုလိုပဲ ဟီးရိုးတစ်ယောက်ရဲ့တရားမျှတလိုစိတ်ကို ဖောက်ခွဲပေးခဲ့တာ။

"ဟာမာကို..."

"ဟုတ်ကဲ့ရှင့်၊ သခင်မလေး။" ဥစာကီက နာမည်တစ်ခုကို ခေါ်လိုက်တာနဲ့ ဂေးရှားအလှမယ်လိုဝတ်ဆင်ထားတဲ့ အမျိုးသမီးက ခြံဝင်းထဲမှာပေါ်လာတယ်။ သူက ယာမာဂုချီမိသားစုရဲ့လေအမျိုးအစား A rank မြူတန့်ပါ။

"မိသားစုရဲ့ဆက်ခံသူရာထူးကိုသုံးပြီး မိသားစုအစည်းအဝေးအတွက် အကြီးအကဲအားလုံးကို ဆင့်ခေါ်မယ်လို့ကြေညာလိုက်။" ဥစာကီက အမိန့်ပေးလိုက်ပေမဲ့ မြူတန့်စောင့်ရှောက်သူကတော့ တုံ့ဆိုင်းနေပုံပဲ။

"အားလုံးကို ပြောစရာတစ်ခုခုရှိနေလို့လား သခင်မလေး၊ ဒါပေမဲ့ ခါတိုင်းဆိုရင် သခင်ကြီးကပဲ အစည်းအဝေးခေါ်တာလား။"

ဥစာကီလည်း ငယ်သားဖြစ်သူက မေးခွန်းပြန်ထုတ်နေတဲ့အတွက် မျက်လုံးကိုမှေးလိုက်ပြီး ထပ်ပြောလိုက်တယ်။

"ထပ်မမေးနဲ့တော့ ငါအစည်းအဝေးခေါ်တာကို မလာချင်တဲ့သူရှိလား ကိုယ်တိုင်သိချင်မိတယ်။" ဒီစကားကြောင့် ဂေးရှားမယ်လည်း ထိတ်လန့်သွားပုံပေါ်ပြီး ချက်ချင်းနေရာကနေ ပျောက်ကွယ်သွားလေရဲ့။

မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီး သေတ္တာအဖြစ်ပြောင်းထားတဲ့ ငွေရောင်စစ်သည်ဝတ်စုံကို အသင့်ကောက်ကိုင်လိုက်တယ်။ ခွေးနက်ကြီးကလည်း အသင့်သူ့ဘေးနားမှာ ရှိနေပါပြီ။ ကြည့်ရတာ ယာမာဂုချီမိသားစုမှာ ပွဲကြမ်းတော့မယ့်ပုံပဲ။

ဖရာလီတာကလည်း မျက်မှန်ကို ခလုတ်နှိပ်လိုက်ပြီး ဌာနချုပ်နဲ့ဆက်သွယ်လိုက်တယ်။ "စတန်းဖို့ဖ်၊ ငါ့ဝါးဖရိန်ကို ချက်ချင်းပို့ပေးတော့။"

"ငါးစက္ကန့်ပဲစောင့်ပါ။" မကြာခင်မှာပဲ ဖရာလီတာရဲ့ဝါးဖရိန် အာ့ခ်မီဂါဟာ ခြံဝင်းထဲမှာ ဆင်းသက်လိုက်တယ်။

တစ်ဆက်တည်းမှာပဲ ဖရာလီတာက မက်ဒါနာကို သတိပေးလိုက်ပါပြီ။ "မက်ဒါနာ၊ ယာမာဂုချီမိသားစုမှာ ဝှက်ထားတဲ့ A rank ဘယ်နှစ်ယောက်ရှိနေလဲ ဘယ်သူမှမသိဘူး။ အစောပိုင်းကတစ်ယောက်က သာမန်လေစွမ်းအားပဲရှိတဲ့ပုံမပေါ်ဘူး။ သူ့မိတ်ကပ်တွေက စိမ်းပြီးပုံမှန်မဟုတ်ဖြစ်နေတဲ့ သူ့အသားအရေကိုဖုံးထားတာ။ ဖြစ်နိုင်တာက အရင်ဆယ်နှစ်လောက်ကပျောက်နေတဲ့ ဗီလိန်မရဏအဆိပ်မယ်ပဲ။ ဘယ်လိုလုပ်ပြီး ဟီးရိုးအစည်းအရုံး အထူးအေးဂျင့်ဖြစ်လာတယ်မသိဘူး။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ မြူတန့်ရှားပါးပြီး ချောင်ကျတဲ့ ဆုဗာနာလိုနိုင်ငံငယ်လေးမှာတောင် လျှို့ဝှက်ထားတဲ့ A rank လေးယောက်ရှိပါတယ်။ ဒါကြောင့် ယာမာဂုချီမှာ ဝှက်ဖဲအနေနဲ့ချန်ထားတဲ့မြူတန့်ကလည်း အဲဒီအောက်မကျလောက်ပါဘူး။ ကမ္ဘာပေါ်မှာ စာရင်းဝင်မနေတဲ့ ထိပ်သီးမြူတန့်တွေ အများကြီးပါ။

ဖရာလီတာ ဝါးဖရိန်ထဲဝင်လိုက်ပြီးနောက် မက်ဒါနာလည်း ငွေရောင်စစ်သည်ဝတ်စုံကို ပြန်ဝတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဖရာလီတာက အယ်လိုဟင်နဲ့အေမီတို့ကို သတိပေးလိုက်တယ်။

"အယ်လိုဟင်၊ အေမီ။ နင်တို့နှစ်ယောက်က အားနည်းတယ်။ ကလေးတွေနဲ့ကိုင်းတိုကို ကာကွယ်ရင်း ဒီမှာနေခဲ့။"

ဒါပေမဲ့ ကိုင်းတိုလို့ထည့်ပြောတဲ့အချိန်မှာပဲ အိပ်ရာထဲ လှဲနေသင့်တဲ့ ကိုင်းတိုက ဥစာကီဘေးနားမှာ ရင်ဘောင်တန်းပြီး သွားရပ်နေတယ်။ နဂိုအဝတ်အစားတွေက ပြာကျသွားပြီမလို့ လောလောဆယ်သူက ယာမာဂုချီမိသားစုက ထုတ်ပေးထားတဲ့ ဟာကာမာကိုဝတ်ထားတယ်။ ဒါကြောင့် သူ့ပုံစံက ရိုနင်တစ်ယောက်နဲ့တောင် တူနေသေးတယ်။

"ဒီတော့ မင်းမိသားစုရဲ့အချုပ်အနှောင်ကနေ ရုန်းထွက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ ဒီတိုက်ပွဲပြီးရင် မင်းက ငါ့ကိုဆက်ခံနိုင်မယ့် တကယ့်သူရဲကောင်းဖြစ်လာလိမ့်မယ်။"

ကိုင်းတိုရဲ့စကားကြောင့် ဥစာကီလည်း ပြုံးလိုက်ပါတယ်။ သူက ကိုင်းတိုကို စောင်းငဲ့ကြည့်ရင်း ပြန်ဖြေတယ်။

"ခြေမမကောင်းရင် ခြေမ၊ လက်မမကောင်းရင် လက်မဖြတ်ပစ်ရမှာပဲ။ ဒါပေမဲ့ ရှင်ကတကယ်ပဲ နီဟွန်းရဲ့နေဝန်း ဆက်မလုပ်တော့ဘူးလား။"

"နေရာဆိုတာက နောက်မျိုးဆက်တွေအတွက်ပဲ၊ ငါ့အတွက်က ပိုမြင့်တဲ့နေရာတစ်ခု ရှိနေပြီးသား။"

ဒါပေမဲ့ သူပြောတဲ့ ပိုမြင့်တဲ့နေရာဆိုတာက ဘာလဲဆိုတာတော့ ပြောမပြဘူး။ တိုကျိုကိုကယ်တင်ပြီးတဲ့နောက် ကိုင်းတိုရဲ့ပုံစံက ဝန်ထုပ်ဝန်ပိုးတွေ မရှိတော့သလိုမျိုး ပေါ့ပါးနေတယ်။ ကလေးနှစ်ယောက်လည်း သူ့အနားရောက်လာတယ်။

"နတ်ဘုရားအစ်ကို တကယ်အံ့ဩစရာကောင်းတာပဲ၊ တိုကျိုမြို့ပေါ်မှာ နေနှစ်စင်းတောင် ထွက်လာတယ်။"

"ဆရာ... ဆရာက အကောင်းဆုံးပဲ။" ကိုင်းတိုက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ချစ်စရာကောင်းတဲ့ ကလေးမလေးနှစ်ယောက်ရဲ့ခေါင်းကို ပွတ်ပေးလိုက်တယ်။ နောက်တော့

"အခုငါ့စွမ်းအားတွေ ပြန်ရလာပြီဆိုတော့ မိရိုင်-ချန်ကို သေချာသင်ပေးလို့ရပြီ။ ပြီးတော့ ယုဆ-ချန်၊ မင်းရဲ့စက္ကူရုပ်လေးတွေနဲ့ ကမ္ဘာကိုကယ်တင်နိုင်တယ်ဆိုတာယုံလား..."

ယုဆနဲ့မိရိုင်တို့နှစ်ယောက်လုံး ဝမ်းသာအားရနဲ့ ခေါင်းမော့ကြည့်လိုက်တယ်။ ခါတိုင်းတိတ်ဆိတ်နေပြီး စကားကိုလေးလုံးကွဲအောင်မပြောတဲ့ သူတို့ရဲ့နတ်ဘုရားအစ်ကိုက လုံးဝတခြားတစ်ယောက်လိုပဲ။

"နတ်ဘုရားအစ်ကို၊ သမီးမှာမြူတန့်စွမ်းအားတွေမရှိဘဲ ကမ္ဘာကိုဘယ်လိုလုပ်ပြီး ကယ်တင်မှာလဲ။"

ယုဆက တအံ့တဩနဲ့ ပြန်မေးလိုက်တယ်။ ကိုင်းတိုကလည်း မပြုံးရတာကြာပြီဖြစ်တဲ့ပုံစံမျိုးနဲ့ ပြုံးလိုက်ပြီး...

"မြူတန့်စွမ်းအားက ဒီကမ္ဘာမှာရှိတဲ့ တစ်ခုတည်းသောစွမ်းအားမဟုတ်ဘူး..." ဒီတစ်ခါလည်း သူဆက်ပြီး ရှင်းမပြပြန်ဘူး။ ဒါပေမဲ့ သူတို့ချစ်တဲ့အစ်ကိုနတ်ဘုရားက လိမ်မှာမဟုတ်မှန်းတော့ ယုဆသိနေတယ်။

"သွားကြစို့..." အဲဒီနောက်တော့ ဓားရိုးပေါ်လက်တင်ထားတဲ့ ဥစာကီက သူတို့အားလုံးကို ရှေ့ကနေဦးဆောင်ပြီးသွားတယ်။ သူတို့လည်း နောက်ကနေ လိုက်လာကြတယ်။

မကြာခင်မှာဖြစ်လာတော့မယ့် ယာမာဂုချီ မိသားစုသန့်စင်ပွဲဆီကိုပေါ့။

...

နေရာ...။ အေးစိမ့်ပြီး မှောင်မိုက်နေတယ်။

အရင်စမ်းသပ်ခန်းနှစ်ခုလုံးကို လူကန်ရောက်ဖူးပေမဲ့ ဆိုးလ်က ဒီတစ်ခုကတော့ တခြားနှစ်ခုနဲ့ လုံးဝကိုကွဲပြားနေတယ်။

ပုံမှန်အားဖြင့် စမ်းသပ်ခန်းတွေမှာက အလင်းကောင်းကောင်းရအောင် မီးချောင်းတွေအပြည့် ထွန်းထားတတ်ပေမဲ့ ဒီနေရာကတော့ စွန့်ပစ်ထားတယ်လို့ ထင်ရလောက်တဲ့အထိ မှောင်မိုက်နေတယ်။

အလင်းရောင်မရှိတာတော့ မဟုတ်ပေမဲ့၊ ဟောင်းနွမ်းပြီး လင်းလိုက်မှိန်လိုက်ဖြစ်နေတဲ့ ခေတ်ဟောင်းမီးလုံးတချို့ပဲ အခုနေရာမှာရှိနေတာ။

မသိရင် ဒီနေရာကြီးတစ်ခုလုံးက ၁၉၇၀ ခုနစ်တွေဆီကို ပြန်သွားနေတဲ့အတိုင်းပဲ။ ပြီးတော့ နေရာတိုင်းမှာ စင်တွေရှိနေပြီး စင်တွေပေါ်မှာ ဆေးရည်စိမ်ထားတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေရှိနေတဲ့ ဖန်ပုလင်းတွေအပြည့်။

တချို့အစိတ်အပိုင်းတွေကိုကြည့်ရင်း လူကန်ပျို့အန်ချင်လာတယ်။ အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့မျက်လုံး၊ နား၊ နှလုံး၊ လျှာ။ တချို့နေရာတွေမှာဆိုရင် လူသွားတွေကိုတောင် တွေ့ရသေးတယ်။

"အဲဒီစိတ္တဇလူသတ်သမားက သူဖြတ်ယူထားတဲ့ အစိတ်အပိုင်းတွေကို ဒီနေရာမှာ စုဆောင်းထားတာမျိုးလား။" စိတ်ပုံမှန်မဟုတ်တဲ့ တရားခံတွေက နစ်နာသူတွေဆီကနေ ကိုယ်လက်အင်္ဂါတချို့ကို အောင်ပွဲအထိမ်းအမှတ်အဖြစ် သိမ်းယူတတ်ကြောင်း လူကန်လေ့လာဖူးတယ်။ ဖြစ်နိုင်တာက ဒီစမ်းသပ်ခန်းဟာ မြူတန့်သိပ္ပံအဖွဲ့နဲ့Dr.Soul မပူးပေါင်းခင်တည်းက အသိုက်တစ်ခုလို ဖြစ်နေတာမျိုးဖြစ်နိုင်တယ်။

အမှောင်ထုကို ဖြိုခွင်းရန်အတွက် လူကန်က သူ့လက်ထဲကဓားကို နော့ခ်ဘီလူးကြီး'Surtr'ကိုင်ဆောင်တဲ့ မီးတောက်ဓားအဖြစ်ကို ပြောင်းလဲလိုက်တယ်။ မီးတောက်ဓားက ကိုင်ဆောင်သူအလိုကျ အရွယ်အစားပြောင်းနိုင်တာကြောင့် လူကန်တော်တော်လေး သဘောကျတဲ့ ဓားတစ်လက်ပါ။

အာ့ခ်မိသားစုတစ်ခုလုံးကို ဖမ်းဆီးခဲ့တဲ့တိုက်ပွဲမှာ သူအသုံးပြုခဲ့ပေမဲ့ စွမ်းအားများများသုံးလေ ထိန်းချုပ်ရခက်လေဖြစ်တာကြောင့် နောက်ပိုင်းကာလများတွင် မသုံးဖြစ်ခဲ့ဘူး။

ပေါက်... ပေါက်...။

အတွင်းပိုင်းသို့ ဝင်လာလေ လေထုက ပုပ်အဲ့အဲ့နိုင်လာလေဖြစ်ပြီး ဟောင်းနွမ်းနေသော ရေပိုက်တချို့မှ ရေများပင်စီးကျနေသေးတယ်။ နောက်တော့ ခြေသံတချို့ကို သူစကြားရတဲ့အတွက် မီးဓားကို ပြန်သိမ်းလိုက်ပြီး စင်္ကြန်လမ်းထောင့်တစ်နေရာမှာ ပုန်းနေလိုက်တယ်။

ကျွီ... ကျွီ...။ 'ဘီးပါတဲ့ အရာတစ်ခုကို တွန်းလာတဲ့အသံ။'

လူကန်ရင်ထဲထိတ်ခနဲဖြစ်သွားပြီး စင်္ကြန်လမ်းထောင့်ကနေ မသိမသာလေး ချောင်းကြည့်လိုက်တော့ စင်္ကြန်လမ်းအဆုံးမှာ ပွင့်နေတဲ့ တံခါးတစ်ခုရှိနေတာ သူတွေ့လိုက်ရတယ်။

အဲဒီတံခါးထဲကနေပြီး ပစ္စည်းတင်တဲ့ တွန်းလှည်းတစ်ခုကို လူတစ်ယောက်ကတွန်းပြီး ထွက်လာတာ။ ဒါပေမဲ့ အဲဒီလူကို လူတစ်ယောက်လို့ပြောဖို့ လူကန့်မှာအခက်အခဲရှိတယ်။ အကြောင်းက အဲဒီလူရဲ့ခန္ဓာကိုယ်ဟာ ပုပ်ပွနေပြီး မြေကြီးထဲက တီကောင်တွေလိုထင်ရတဲ့ သွေးကြောနီတွေက အသေကောင်တဲ့ခန္ဓာကိုယ်ကို ရစ်ပတ်လှုပ်ရှားနေတာကြောင့်ဖြစ်တယ်။

"ကြည့်ရတာ ရန်သူနဲ့နီးလာပုံပဲ။" လူကန်တိတ်တဆိတ် စဥ်းစားကြည့်လိုက်တယ်။

အများသူငှာသိထားတဲ့ သတင်းအချက်အလက်တွေအရ Dr.Soulရဲ့မြူတန့်စွမ်းအားက သွေးအမျိုးအစား။ တိတိကျကျပြောရရင်တော့ လှုပ်ရှားနိုင်တဲ့ သွေးကြောတွေနဲ့နှလုံးတစ်စုံပါ။ Dr.soulရဲ့မြူတန့်စွမ်းအား နိုးထလာချိန်မှာ ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးက ဂျစ်ဆောအစိတ်အပိုင်းတွေထက် မပိုတော့ဘဲ သွေးကြောတွေသက်သက်နဲ့ ရှင်သန်လှုပ်ရှားနိုင်တဲ့စွမ်းအားကို ပိုင်ဆိုင်လာခဲ့တယ်။

ပြီးတော့ သူ့သွေးကြောတွေနဲ့ အခြားသူတွေရဲ့သွေးကြောတွေကို ထိန်းချုပ်နိုင်ပြီး သူ့ရဲ့စိတ်နဲ့ထိန်းချုပ်နိုင်တဲ့ သွေးရုပ်သေးတွေအဖြစ်ကို ပြောင်းလဲပစ်နိုင်တယ်။

ပြောရရင် သွေးရုပ်သေးတွေက ဇွန်ဘီသဘောမျိုးဖြစ်ပေမဲ့ Dr.soulမှာ ထိန်းချုပ်နိုင်တဲ့အရေအတွက်နဲ့ကာလအပိုင်းအခြား အကန့်အသတ်ရှိတယ်။

သွေးရုပ်သေးတွေကိုဖန်တီးဖို့ Dr.soulက သူ့ရဲ့ပင်မသွေးပြန်ကြောတွေကို ပင်မခန္ဓာကိုယ်ထဲကနေ ခွဲထုတ်ပြီး လက်ခံကောင်ရဲ့သွေးကြောတွေနဲ့ပေါင်းစည်းရတယ်။ တစ်နည်းအားဖြင့် ပင်မသွေးပြန်ကြောတွေရှိသမျှပဲ သွေးရုပ်သေးတွေကို ပွားလို့ရနိုင်တယ်။

လူ့ခန္ဓာကိုယ်မှာ ပင်မသွေးကြော ၃၄ ခုသာရှိတဲ့အတွက် သူ့အနေနဲ့ သွေးရုပ်သေး ၃၃ခုသာ ထားနိုင်မယ်။ သူ့နှလုံးကိုလည်ပတ်ဖို့ နားမလည်နိုင်တဲ့ မြူတန့်စွမ်းအားရဲ့စွမ်းဆောင်ရည်ကို သုံးမယ်ဆိုရင်တောင် သွေးပြန်ကြောတစ်ခုတော့ ပင်မခန္ဓာမှာ ချန်ထားဖို့လိုသေးတာကိုး။

ပြီးတော့ သွေးရုပ်သေးတွေက သေသွားပြီးရင် ပုပ်သိုးလာမှာဖြစ်ပြီး အလောင်းကောင်သခင်ဖြစ်တဲ့ ယာမီလိုမျိုး မပုပ်သိုးအောင်လုပ်နိုင်တဲ့ အထူးစွမ်းရည်မျိုးမရှိဘူး။ ဒါကြောင့် အလောင်းကောင်ကိုယ်ပေါ်မှာ ကြွက်သားတွေရှိနေသမျှပဲ သူခိုင်းစေလို့ရမယ်။ လက်ခံကောင်ကိုမသေအောင် လုပ်လို့ရပေမဲ့ သူပူးကပ်ထားမယ်ဆိုရင် အချိန်တစ်ခုကြာတဲ့အခါ လက်ခံကောင်ရဲ့ခန္ဓာဇီဝဖြစ်စဥ်တွေ ဖောက်ပြန်ပြီး သေကိုသေမှာပါ။

နောက်အားနည်းချက်က သွေးရုပ်သေးတွေမှာ ကိုယ်ပိုင်စဥ်းစားဉာဏ်မရှိတဲ့အတွက် ယာမီ့အလောင်းကောင်တွေလောက် ကြောက်ဖို့မကောင်းဘူး။ ဒါပေမဲ့ အလောင်းကောင်က လူကန့်ကိုသတိထားမိသွားရင် Dr.soulလည်း သတိထားမိမှာဖြစ်လို့ သတိထားဖို့တော့ လိုနေတုန်းပဲ။

လူကန်ဟာ ဖြည်းဖြည်းချင်းတရွေ့ရွေ့ လှုပ်ရှားနေတဲ့ အလောင်းကောင်နောက်ကနေ အသာလေးလိုက်သွားတယ်။

သူ့လက်ထဲကဓားကို ပုံရိပ်ယောင်တွေကို ဖြိုခွင်းနိုင် ဖန်တီးနိုင်တဲ့ ဟိန္ဒူနတ်ဘုရားဗစ်ရှာမွန်ရဲ့ Nandakaဓားအဖြစ် ပြန်ပြောင်းရင်းနဲ့ပေါ့။

သွေးရုပ်သေးက ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ စင်္ကြန်လမ်းတွေကြား တအိအိသွားနေပြီး ပတ်ဝန်းကျင်နဲ့ ရောထွေးပျောက်ကွယ်နေတဲ့ လူကန်ကတော့ ခြေသံမထွက်အောင် နောက်ကလိုက်တယ်။

သွေးရုပ်သေးက ပိုးသတ်ထားတဲ့ ခွဲစိပ်ခန်းသုံးကိရိယာတွေကို လာပို့တာ။ စမ်းသပ်ခန်းရဲ့အနက်ပိုင်းကိုရောက်လာတော့ ဖရန့်ရဲ့အသံကို စကြားရပြီ။

"ခင်... ခင်ဗျား... ကျုပ်ကိုဘယ်ဖမ်းခေါ်လာတာလဲ။"

သွေးရုပ်သေးဝင်သွားတဲ့အခန်းထဲ လူကန်လိုက်ဝင်သွားတော့ ခွဲစိပ်ခန်းကုတင်ပေါ်မှာ ကားကားကြီး ဖမ်းချုပ်ခံထားရတဲ့ ဖရန့်ကိုတွေ့လိုက်ရတယ်။

အဖမ်းခံထားရတာကလွဲရင် ကိုယ်လက်အင်္ဂါအစုံအလင်ပဲ။ ဖရန့်ဘာမှမဖြစ်တာတွေ့ရတော့ လူကန်လည်း သက်ပြင်းချလိုက်မိတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ အဆင့် S Bossခန်းထဲရောက်နေတာ သတိရတော့ ချက်ချင်းပြန်သတိထားလိုက်တယ်။

Dr.Soulကို လိုက်ရှာလိုက်တော့ ဗီရိုတစ်လုံးကိုဖွင့်ပြီး အဝတ်လဲနေတဲ့ ကိုယ်ဗလာကျင်း ကိုရီးယားအမျိုးသမီးတစ်ယောက်ကို ရှာတွေ့လိုက်တယ်။

ခန္ဓာကိုယ်အချိုးအစားကတော့ နှစ်ခါပြန်ငေးရလောက်အောင် တကယ့်ကိုအမိုက်စားပဲ။ ဒါပေမဲ့ ခြေသလုံးနဲ့ပေါင်ကြားက ဒူးဆစ်အဟဟာ ပုံမှန်လိုမဟုတ်ဘဲ တစ်ခုနဲ့တစ်ခုကွဲသလိုဖြစ်နေတယ်။ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းနှစ်ခုစပ်ကြောင်းနေရာတွေဟာလည်း အလားတူပါပဲ။ ကြားထဲမှာ ဆံချည်မျှင်သွေးကြောရာလေးတွေ ရှိနေတယ်။

ရုတ်တရက် အဲဒီအမျိုးသမီးက မျက်နှာကိုလက်နဲ့စမ်းလိုက်ပြီး အားနဲ့ဆွဲဖြုတ်လိုက်တယ်။ မျက်နှာက ဆီလီကွန်မျက်နှာဖုံးလိုမျိုး ပြုတ်ပါလာတယ်။ အခုအမျိုးသမီးရဲ့မျက်နှာမှာ နီရဲနေတဲ့ သွေးကြောတွေနဲ့ မျက်လုံး၊ မေးရိုး၊ ဦးခေါင်းခွံ စတာတွေပဲ ကျန်နေခဲ့တယ်။ လူကန်လည်း စိတ်ထဲက မနေနိုင်ဘဲတွေးလိုက်မိလေရဲ့။

"ဒီအမျိုးသမီးက အဝတ်လဲမှာလား မျက်နှာလဲမလို့လား။"

၄။

လူကန်က သူ့ရဲ့ပုံရိပ်ယောင်ဓားနဲ့ သူ့ကိုယ်သူ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်အောင် ပုံပြောင်းလိုက်တယ်။ Dr.Soulက ဒီအခန်းထဲကနေ လောလောဆယ် ထွက်သွားဦးမယ့်ပုံမပေါ်ဘူး။ ဖက်တီးဖရန့်ကို ခွဲစိပ်ပြီးမှ ကျေနပ််မယ့်ပုံ။

ဒီတော့ သူ့အနေနဲ့ဖရန့်ကိုကယ်ဖို့ဆိုရင် Dr.Soulကို အရင်ဆုံးအနိုင်ပိုင်းရမှာပဲ။ ဒါပေမဲ့ သူ့ရဲ့ရာဇဝင်ဓားတွေ ဘယ်လိုပဲစွမ်းစွမ်း အကန့်အသတ်တွေက များလွန်းတယ်။ အခုသူသုံးနေတဲ့ ပုံရိပ်ဓားကိုပဲကြည့်၊ ပုံရိပ်ယောင်တွေကလွဲရင် ဘာတိုက်စစ်စွမ်းအားမှမရှိဘူး။ မိုယဲ့နဲ့ကျင့်ခယ်က တော်တော်လေးစွမ်းကြပေမဲ့ သူ့စွမ်းအားလောက်နဲ့ အချိန်အကြာပြီးထုတ်မသုံးနိုင်ဘူး။

ဒါကြောင့် သူတစ်ချက်တည်းနဲ့ Dr.soulကို သေအောင်လုပ်ကြံနိုင်ဖို့လိုတယ်။ S rankဖြစ်တဲ့ Dr.soulကို အချိန်အကြာကြီးယှဥ်ချတာက အကြံကောင်းမဟုတ်ဘူးလေ။

လူကန်က ပုံရိပ်ဓားကို လက်တစ်ဖက်က ကိုင်ထားရင်း အခြားလက်တစ်ဖက်က ဘောင်းဘီအိတ်ထဲ အသာလက်နှိုက်လိုက်တယ်။ ပုံရိပ်ဓားက အမြင်ကို လှည့်စားနိုင်ပေမဲ့ အသံတွေကိုတော့ ဖုံးကွယ်မပေးနိုင်ဘူး။

Dr.Soulကတော့ သူ့မျက်နှာနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လဲဂိုရုပ်လိုမျိုး စိတ်ကြိုက်ဖြုတ်လိုက်တပ်လိုက် လုပ်လို့ကောင်းနေတုန်း။

ဖရန့်ကလည်း ကြောက်အားလန့်အားနဲ့ အော်ဟစ်နေဆဲပဲ။ "ငါ့ကိုလွှတ်... ငါက အဆီများပြီးအသားခါးတယ်။ မင်းငါ့ကို ဝက်ပေါ်သလိုပေါ်ပြီး စားလို့မရဘူး။"

အဲဲဒီစကားကြောင့် Dr.soul တော်တော့စိတ်အနှောင့်အယှက် ဖြစ်သွားပုံပဲ။ ချက်ချင်းနောက်လှည့်ကြည့်ပြီး အော်ဟစ်လိုက်တယ်။ ဖက်တီးဖရန့်ရဲ့ဆေးရုံကုတင်နဲ့Dr.soulကြားမှာ လူကန်ရှိနေတာကြောင့် လူကန်ဟာ အဲဒီမျက်နှာကြီး သူနဲ့မတိုက်မိအောင် နောက်ကို ခြေနှစ်လှမ်းလောက် တိတ်တိတ်လေး ဆုတ်လိုက်ရလေရဲ့။

"တိတ်တိတ်နေ၊ ဘယ်သူက မင်းလိုပုံဆိုးပန်းဆိုးကြီးကို ခွဲစိပ်မယ်ပြောနေလို့လဲ။ ငါက မင်းဆုဗာနာမှာထုတ်ပြခဲ့တဲ့ အရာကိုပဲလိုချင်တာ။ အဲဒီအရုပ်ကလေးလိုလှတဲ့ကောင်မလေးက မင်းခန္ဓာကိုယ်ထဲမှာမဟုတ်လား။"

ကြည့်ရတာ Dr.Soulရဲ့အဓိကပစ်မှတ်က ဖရန့်မဟုတ်ဘဲ ပန်းသီးလေးဖြစ်ပုံပဲ။ ဒါပေမဲ့ ပန်းသီးလေးက ဖရန့်ရဲ့ထိန်းချုပ်လို့မရတဲ့ မြူတန့်အစွမ်း။ ဒါကြောင့် ပန်းသီးလေးကိုအပြင်ဆွဲထုတ်ဖို့ မြူတန့်တွေရဲ့စွမ်းအင်အရင်းအမြစ်ရှိတဲ့ နှလုံးဗဟိုချက်ကို ထိုးဖောက်ရမှာ။ ဒီလိုဆိုရင် သူ့သူငယ်ချင်းဖရန့်လည်း သေပြီပဲ။

ဒါပေမဲ့ လောလောဆယ်တော့ လူကန်ခင်ဗျာ လှုပ်လို့မရသေးဘဲ ကျောက်ရုပ်တစ်ရုပ်လိုမျိုး Dr.soulရှေ့မှာ ရပ်နေရတယ်။ ပုံရိပ်ဓားက ကင်းလိပ်ချောတွေလိုမျိုး ပတ်ဝန်းကျင်နဲ့ရောသွားအောင် ပုံဖျက်ပေးနိုင်စွမ်းပဲရှိတာ။ လုံးဝကြီးကိုယ်ပျောက်သွားတာမဟုတ်ဘူး။ လှုပ်လိုက်ရင် သိပ်သိသာတယ်။ ဒါကြောင့် သူ့ဘောင်းဘီအိတ်ထဲက ထုတ်လက်စ ဓားမြှောင်ကိုတောင် ဆက်မထုတ်သေးဘဲ ရပ်ထားတယ်။

အခုသူ့ရှေ့မှာရှိနေတဲ့ Dr.Soulမှာ မျက်နှာတစ်ခြမ်းပဲရှိတယ်။ ပြီးတော့ အဲဒီမျက်နှာက ဖရန့်တွေ့တုန်းက မျက်နှာမဟုတ်ဘူး။ ကြည့်ရတာ မျက်နှာတွေကို တစ်ခုပြီးတစ်ခုပြောင်းရတာဟာ Dr.soulရဲ့ဝါသနာတစ်ခု ဖြစ်နိုင်တယ်။

ပြီးတော့ ကျန်တဲ့ဗလာဖြစ်နေတဲ့မျက်နှာတစ်ခြမ်းနေရာမှာ တီကောင်တွေလိုမျိုး ရွစိရွစိနဲ့လှုပ်ရှားနေတဲ့ ရွံစရာသွေးကြောထောင်ချီကို လူကန်မြင်နေရတယ်။

နောက်တော့ Dr.Soulက ဖရန့်ကိုပါးစပ်ပိတ်ခိုင်းလိုက်ပြီး သူ့မျက်နှာသူဆက်လဲဖို့ တစ်ဖက်ပြန်လှည့်သွားတယ်။ လူကန်လည်း သူ့ဓားမြှောင်ကိုအပြင် ထုတ်လိုက်ပြီ၊ တစ်ဖက်က ပုံရိပ်ယောင်ဓားအဖြစ် ပြောင်းထားရပြီး ရုပ်သိမ်းလို့မဖြစ်တာကြောင့် ဓားအပိုတစ်ချောင်းနဲ့ နောက်ဓားကိုထုတ်ရမှာ။

သူ့ရဲ့ရာဇဝင်ဓားကိုးလက်လုံးဟာ အကောင်အထည်မရှိတဲ့ ဓားဝိညာဥ်တွေသာဖြစ်ပြီး ဓားတစ်လက်ထဲကိုဝင်ပူးမှာသာ တကယ့်စွမ်းအားကို ထုတ်ဖော်နိုင်တာ။

သူ့စွမ်းအားကိုထုတ်သုံးလိုက်တာနဲ့ ဘယ်ဖက်လက်ထဲမှာရှိနေတဲ့ ဓားမြှောင်က ကျီးနှုတ်သီးကာတာနာအဖြစ် မြန်မြန်ပဲပြောင်းသွားတယ်။ ဒါပေမဲ့ ပုံရိပ်ဓားကြောင့် ဓားရောင်က အခန်းထဲမှာထင်ဟပ်မနေတော့ဘူး။

လူကန်ဟာ ရန်သူကိုတိတ်တဆိတ်လုပ်ကြံဖို့အတွက်

ကျီးနှုတ်သီးဓားကိုမြှောက်ပြီး ရှေ့ကိုခြေသံလုံလုံနဲ့ တိုးသွားလိုက်တယ်။ ဒါပေမဲ့ သူ့ခြေထောက်က တစ်ခုခုကို နင်းမိလိုက်တယ်လို့ ခံစားမိလိုက်ရပြီးနောက် သူ့ဦးနောက်က သူ့ကိုနေရာကနေ ချက်ချင်းဆုတ်ခွာဖို့ အန္တရာယ်အချက်ပေးလာတယ်။

"သေစမ်း...."

လူကန်နောက်ကို ခုန်ဆုတ်လိုက်တယ်။ နောက်တော့ ဓားရောင်တစ်ချက်လက်သွားပြီး အခန်းထဲက ဘာမှရှိမနေဘူးထင်ရတဲ့နေရာကနေ သွေးတွေပန်းထွက်လာခဲ့တယ်။

...

လူကန်မျက်မှောင်ကြုတ်လိုက်တယ်။ သူ့အကြည့်ကတော့ သွေးတွေစွန်းထင်းနေပြီဖြစ်တဲ့ ရှေ့ခြေနှစ်လှမ်းအကွာမှာခင်းထားတဲ့ ကြွေပြား။

ကြွေပြားပေါ်မှာ ဆံချည်မျှင်အရွယ်သွေးကြောလေးတစ်ခုက တီကောင်လိုလှုပ်ရှားနေပြီး ကြမ်းပြင်မှာဖြာကျနေတဲ့ သွေးတွေကို အငမ်းမရဝါးမျိုနေတယ်။

Dr.Soulရဲ့ဗီဇစွမ်းအား နိုးထလာပြီးတဲ့နောက် သူ့မှာနှလုံးနဲ့သွေးကြောတွေကလွဲလို့ အခြားကိုယ်တွင်းအင်္ဂါအားလုံး ပျောက်ဆုံးကုန်တယ်။ အစာအိမ်မရှိတော့ဘဲ အစာအာဟာရတိုင်းကို သွေးကြောတွေက စုပ်ယူပြီး နှလုံးနဲ့ချေဖျက်တယ်။

Dr.soulရဲ့ခန္ဓာကိုယ်အခြေအနေဟာ လူ့ခန္ဓာကိုယ်အတွင်းထဲမှာနေထိုင်တဲ့ ကပ်ပါးကောင်နဲ့တူညီပြီး တခြားလူသားတွေရဲ့သွေးကိုပါ အာဟာရအဖြစ်သုံးဆောင်နိုင်တယ်။

"အား... ငါသတိလက်လွတ်ဖြစ်သွားတာပဲ။" လူကန် သူ့နှုတ်ခမ်းကိုသူ ကိုက်ထားလိုက်ရင်း ပြောလိုက်တယ်။ ပုံရိပ်ယောင်ဓားကိုသိမ်းလိုက်ပြီး အခြားဓားတစ်ခုကို ပြောင်းကိုင်တယ်။ သူ့ဗိုက်က အစာအိမ်ကိုတောင် လှမ်းမြင်နေရပြီဖြစ်တဲ့ ဒဏ်ရာက ချက်ချင်းပြန်စေ့သွားတယ်။

ကုသနိုင်စွမ်းရှိတဲ့ မွန်မြတ်ဓား Ascalon။ နဂါးနဲ့မိစ္ဆာတွေကို သတ်ဖြတ်ဖို့အတွက် အကောင်းဆုံးဓား။ ကံမကောင်းစွာနဲ့ ဓားဝိညာဥ်ကိုသူအပြည့်အဝ အသုံးမချနိုင်ဘူး။

အခြားတစ်ဖက်မှာတော့ Dr.soulရဲ့ပြီးပြည့်စုံတဲ့ ဝမ်းဗိုက်နေရာမှာလဲ ပြတ်ရှရာတစ်ခုရှိနေတယ်။ တန်ပြန်ဓားဒဏ်ရာတွေကို ပေးစွမ်းနိုင်တဲ့ ကျီးနှုတ်သီးဓားရဲ့သက်ရောက်မှုကြောင့်ပါ။

ပုံရိပ်တွေကို ပြန်သိမ်းလိုက်ပြီဖြစ်တာကြောင့် လူကန် အခန်းထဲမှာပေါ်လာတာကို အဖမ်းခံထားရတဲ့ ဖရန့်လည်းမြင်လိုက်ရတယ်။

"လူကန်... မင်းငါ့ကိုတကယ်ကြီး လာကယ်တယ်ပေါ့။" လူကန်လည်း ဖရန့်စကားကြောင့် မျက်လုံးကို ချာလည်လှည့်လိုက်တယ်။ သူ့ချစ်သူငယ်ချင်းကြောင့်မဟုတ်ရင် ဒီသားရဲတွင်းကို တစ်ယောက်တည်းဝင်လာပြီး အသက်စွန့်စရာလား။

"လူကန် ဒီအာ့ခ်၊ ရှင်က ပြန့်နှံနေတဲ့ဂုဏ်သတင်းတွေထဲကအတိုင်း သတ္တိရှိပြီးချောမောတာပဲ။ ရှင့်မျက်လုံးတွေကို ကျွန်မသဘောကျတယ်။"

ဒေါက်တာယွန်းလို အရူးတစ်ယောက်က သင့်ခန္ဓာကိုယ်ကို သဘောကျပြီဆိုတာ မကောင်းတဲ့နိမိတ်တစ်ခုဖြစ်မှန်း လူတိုင်းပြောနိုင်တယ်။ လူကန်က သတိရှိရှိဖြစ်သွားပြီး ကျီးနှုတ်သီးဓားကို ဝေ့ယမ်းကာ ဖက်တီးဖရန့်ကိုချုပ်နှောင်ထားတဲ့ အချုပ်အနှောင်တွေအားလုံးကို တစ်ချက်တည်းနဲ့ ဖြတ်ထုတ်ပစ်လိုက်တယ်။

"မင်းမတ်တပ်ရပ်နိုင်တယ်မဟုတ်လား၊ ပြေးတော့။"

Dr.soul ဘယ်လိုလုပ်ထားလဲမသိပေမဲ့ ဖရန့်ရဲ့အစွမ်းတွေ လောလောဆယ်သုံးမရဖြစ်နေတာတော့ သေချာတယ်။ ဒီတော့ သူက လောလောဆယ်တိုက်ပွဲမှာ အသုံးမဝင်ဘူး။ တကယ်လို့ ဖရန့်စွမ်းအားသုံးနိုင်ခဲ့ရင်တောင် Dr.soulလို S rankနဲ့ချရင် နိုင်ဖို့က အိပ်မက်လိုဖြစ်နေဦးမှာ။ အဲ၊ တကယ်လို့ ပန်းသီးလေးထွက်လာရင်တော့ တစ်မျိုးပေါ့။

"ဖရန့်၊ ပန်းသီးလေးကို ရအောင်ဆက်သွယ်။ မဟုတ်ရင် မင်းရောငါရော နှစ်ယောက်လုံးဒီမှာ သဂြိုဟ်ပြီးသားဖြစ်ပြီ။"

S rankနဲ့ A rankတွေရဲ့ခြားနားချက်က ဟာသမဟုတ်ဘူး။ ရှားပိုင်ဝေနဲ့တုန်းက ဟိုက သူတို့ကိုသတ်ဖို့ထိ ရည်ရွယ်မထားတာကြောင့် ကံကောင်းခဲ့တာ။ ဒီတစ််ခါကတော့ လူသတ်ရတာလက်ယဥ်နေတဲ့ ဗီလိန်တစ်ယောက်နဲ့တွေ့ရတာဖြစ်ပါတယ်။ လူကန်နည်းနည်းလေးမှ သတိမလွတ်ရဲဘူး။

ဒေါက်တာယွန်းက ပထမဆုံးခြေလှမ်းကို စလှမ်းလိုက်တယ်။ လူကန်တို့ကတော့ နောက်ကိုတစ်လှမ်း ဆုတ်လိုက်ကြရတာပေါ့။ ယွန်းရဲ့လက်ထဲမှာတော့ တပ်ဖို့ကျန်နေသေးတဲ့ မျက်နှာတစ်ခြမ်းကိုကိုင်ထားပြီး မြင့်မြင့်မြှောက်ကာ သူ့မျက်နှာနေရာမှာတပ်လိုက်တယ်။

ယွန်းရဲ့ရုပ်ရည်က အခုအိုင်ဒေါတစ်ယောက်လိုမျိုး လှပနေပေမဲ့ လူကန်တို့အတွက်တော့ သတင်းကောင်းမဟုတ်ဘူး။ အခုသူ့ရုပ်ရည်က ပြည့်စုံသွားပြီဆိုတော့ သူတို့ကိုသတ်ဖို့အတွက် အချိန်ပေးနိုင်သွားပြီမဟုတ်လား။

"ကဲ... ကောင်လေးတို့၊ ဒီညကတော့ ဒီမမရဲ့ညပဲ။"

ယွန်းက သူ့လက်ချောင်းဆယ်ချောင်းလုံးကို ဖြန့်လိုက်တယ်။ သွေးကြောနီနီတွေက သူ့လက်ချောင်းတွေကို ဖုံးလွှမ်းသွားပြီး လက်သည်းတွေက ခွဲစိပ်ခန်းသုံး ဓားတွေလိုမျိုးရှည်ထွက်လာတယ်။

သွေးကြောနီနီတွေက ယွန်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အသားကပ်ချပ်ဝတ်တစ်စုံလိုမျိုး ဖြစ်တည်သွားတယ်။ ယွန်းရဲ့မျက်နှာပေါ်မှာကတော့ လိုချင်တဲ့အရုပ်တစ်ခုကို မြင်လိုက်ရလို့ ပျော်ရွှင်နေတဲ့ ကလေးတစ်ယောက်ရဲ့အပြုံးမျိုး ရှိနေလေရဲ့။

...

ယာမာဂုချီပင်မအိမ်တော်ထဲမှာတော့ လူတွေစုံနေပါပြီ။ ပထမဓားသခင်ကြီးက အခန်းခေါင်းရင်းပိုင်း ထိပ်ဆုံးမှာထိုင်နေပြီး ဒုတိယဓားသခင်နဲ့တတိယဓားသခင်တို့ကတော့ သူ့ခုံနဲ့ခပ်လှမ်းလှမ်း ဘယ်ညာတစ်ဖက်စီမှာ ထိုင်နေကြတယ်။

ကြားထဲမှာကတော့ အခြားအကြီးအကဲတွေရဲ့ခုံတွေရှိနေပြီး စုစုပေါင်းတက်ရောက်သူဦးရေဟာ နှစ်ဆယ်နီးပါးရှိပါတယ်။ ဒါတောင်အကြီးအကဲတွေရဲ့သီးသန့် ကိုယ်ရံတော်အရေအတွက်ကို ထည့်ရေမထားသေးဘူး။

သူတို့အကုန်လုံးက ရိုးရာသစ်သားခုံလေးတွေပေါ် လက်တင်ထားကြပြီး ဆန့်ကျင်ဖက်အခန်းအစွန်မှာရှိနေတဲ့ ဥစာကီတို့အုပ်စုကို ကြည့်နေပါတယ်။

ငွေရောင်စစ်သည်ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာကလည်း သူတို့ကိုကြည့်ပြီး ဝတ်စုံစနစ်ကိုအကဲဖြတ်ခိုင်းလိုက်တယ်။ သူတို့ထဲက အားအနည်းဆုံးတောင် B- ဖြစ်ပြီး ဓားသခင်သုံးယောက်ကတော့ အင်အားအကြီးဆုံးပါ။ ကိုယ်ရံတော်တွေထဲမှာလည်း A အဆင့်တချို့ရှိနေပြီး A အဆင့်စုစုပေါင်း ငါးယောက်ရှိနေခဲ့ပါတယ်။

Archmegaထဲမှာရှိနေတဲ့ ဖရာလီတာကလည်း သူတို့ကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။ "သူတို့အင်အားက နိုင်ငံငယ်လေးတစ်ခုကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေပြီပဲ။"

"ဆုဗာနာနယ်စားနယ်မြေတစ်ခုလုံးပေါင်းရင်တောင် သူတို့ကိုယှဥ်လို့ရမယ်မထင်ဘူး။" မက်ဒါနာ သက်ပြင်းချလိုက်တယ်။ ကြည့်ရတာ ဒီဆွေးနွေးပွဲက လွယ်မယ့်ပုံမပေါ်ဘူး။

"ဝေ့...ဝေ့... ဒီကောင်တွေက ဘယ်ကကောင်တွေလဲ၊ ဥစာကီ။ ငါတို့မိသားစုအစည်းအဝေးကို ဖိတ်ခေါ်မထားတဲ့ အပြင်လူတွေက တက်ခွင့်ရသွားတာတုန်း။ ဒါဘာသဘောလဲ။"

စိတ်ကြမ်းလူကြမ်းရှိပုံပေါ်တဲ့ B rank မိသားစုအကြီးအကဲတစ်ယောက်က ဥစာကီကို အော်ဟစ်ပြီးပြောလိုက်တယ်။ တခြားအကြီးအကဲတွေကတော့ တိုက်ရိုက်ထုတ်မပြောကြပေမဲ့ ကျေနပ်တဲ့ပုံမပေါ်တာတော့ အသိသာကြီးပါ။

ပထမဓားသခင်ကလည်း ဆာကေးခွက်ကို မြှောက်လိုက်ရင်း ဥစာကီကို ပြောလိုက်တယ်။

"ယာမာဂုချီရဲ့စည်းကမ်းတွေအရ မဆိုင်တဲ့အပြင်လူတွေက အစည်းဝေးခန်းထဲ ဝင်ခွင့်မရှိဘူး။ သမီးရဲ့မိတ်ဆွေတွေကို အပြင်မှာစောင့်ခိုင်းသင့်တယ်။"

"အဖေ၊ ဦးလေးနဲ့မိသားစုအကြီးအကဲတို့။ အခုအစည်းအဝေးကို ကျွန်မရဲ့မိသားစုအာဏာနဲ့ခေါ်လိုက်ပေမဲ့ တကယ်တော့ ကျွန်မမိသားစုဟာ ဗီလိန်တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိမရှိ ကိုယ်တိုင်မေးချင်လို့ပဲ။ တိုကျိုအစည်းအရုံးခေါင်းဆောင်အနေနဲ့ အဖွဲ့အစည်းတစ်ခုခုစစ်ဆေးဖို့အတွက် ပြင်ပအကူအညီရှာဖွေပိုင်ခွင့်ရှိတယ်။"

ဒါပေမဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး တာဝန်ယူထားတဲ့ ဒုတိယအကြီးအကဲက ဝင်ပြောလိုက်တယ်။ "ဒါပေမဲ့ အဲဒါက နိုင်ငံခြားဟီးရိုးအစည်းအရုံးက ဟီးရိုးတွေအတွက်ပဲမဟုတ်လား။ မင်းခေါ်လာတဲ့လူတွေကိုလည်း ကြည့်ပါဦး၊ SilverKnightက နယူးယောက်ရဲ့လိုင်စင်မရှိတဲ့ အတုအယောင်ကောင်ပဲ။ Archmega

ကတော့ ဟီးရိုးမဟုတ်တဲ့ ပန်ဒရာဂွန်အုပ်စုလိုက်လူသတ်မှုရဲ့တရားခံ။ ဘယ်တုန်းက ဥရောပရဲ့အမိန့်တော်အဖွဲ့သားတွေ ဂျပန်ရဲ့ဂုဏ်သရေမိသားစုတစ်ခုကို ကိုယ့်ဘာသာကိုယ်စစ်ဆေးဖို့အတွက် အာဏာရသွားရတာလဲ။"

ပြောရမယ်ဆိုရင် အမိန့်တော်အဖွဲ့က မြူတန့်စွမ်းအားတွေရဲ့ရင်းမြစ်ကိုရှာဖို့ မဟာမိတ်ဖွဲ့ထားတဲ့ ဟီးရိုးတွေနဲ့ဟီးရိုးမဟုတ်တဲ့ အမ်တီဟီးရိုးတွေ ပေါင်းစည်းနေတဲ့ ရောသောကောသော အုပ်စုတစ်ခုသာဖြစ်ပြီးတော့ ဟီးရိုးအစည်းအရုံးတွေလို အာဏာမျိုးကို ပိုင်ဆိုင်မထားဘူး။ နိုင်ငံခြားတိုင်းပြည်တစ်ပြည်က မိသားစုတစ်ခုကိုစစ်ဆေးဖို့ကြိုးစားခဲ့ရင် နိုင်ငံတကာဥပဒေတွေအရ အချုပ်အချာအာဏာ ထိပါးနှောင့်ယှက်မှုဖြစ်ပြီး နောက်ဆက်တွဲပြဿနာပေါင်းစုံကို ဖြေရှင်းရတော့မှာပါ။

မက်ဒါနာကတော့ မျက်ခုံးပင့်လိုက်တယ်။ "ဒီလို ဥပဒေမျိုးလည်း ရှိသေးတာပဲလား။" နိုင်ငံတကာ ဟီးရိုးအစည်းအရုံးတွေ ဘယ်လိုချိတ်ဆက်ဆောင်ရွက်လဲဆိုတာ သူမှနားမလည်တာကို စနစ်ကိုမေးရင်ရပေမဲ့ သူအမှန်တကယ်ဗဟုသုတရှိတာမဟုတ်တဲ့အတွက် ဆက်စပ်စဥ်းစားမိဖို့တော့ ခက်တယ်လေ။

ဒါပေမဲ့ ရုတ်တရက် အာကိုင်းဂါမီက မက်ဒါနာတို့အုပ်စုရှေ့ကို ထွက်လာပြီးတော့ ပထမဓားသခင်ကို မေးငေါ့ပြလိုကတယ််။

"ဒါဆိုရင် နိုင်ငံရဲ့S rank နှစ်ယောက်က ပူးပေါင်းပြီး မင်းတို့ကိုစစ်ဆေးချင်တယ်ဆိုရင်ရော..."

အာကိုင်းဂါမီကိုမြင်တော့ ယာမာဂုချီမိသားစုအကြီးအကဲတော်တော်များများ တုန်လှုပ်ကုန်ပါတယ်။ နီဟွန်းရဲ့နေမင်းက သူတို့အပေါ်ကို နှစ်ပေါင်းများစွာ အုပ်မိုးထားခဲ့ပြီး ယာမာဂုချီမိသားစုက ကျောထောက်နောက်ခံပေးထားတဲ့ ရာဇဝတ်ဂိုဏ်းတော်တော်များများကို ဖမ်းဆီးခဲ့ပါတယ်။

ဒီမှာရှိနေတဲ့ အကြီးအကဲတိုင်းက ကိုင်းတိုသူတို့အိမ်တံခါးဝ ရောက်လာမှာကို ကြောက်ရွံနေခဲ့သူဖြစ်ပြီး ချိပ်ပိတ်လက်စားချေမယ့်အကြံကို ရေးဆွဲခဲ့သူတွေထဲမှာ သူတို့တွေလည်းပါကြပါတယ်။

"မင်း... မင်းအနားယူနေတာမဟုတ်ဘူးလား...." ပထမဓားသခင်က ကိုင်းတိုကို မုန်းတီးစွာနဲ့ကြည့်ရင်း ပြောလိုက်တယ်။ သူက ဓားသခင်သုံးယောက်ထဲမှာ အကြီးဆုံးဖြစ်ပေမဲ့ အစွမ်းအရာမှာတော့ အနည်းပါးဆုံးပါ။ စွမ်းအားကြီးတဲ့သမီးတစ်ယောက်အကူအညီနဲ့ မိသားစုခေါင်းဆောင်ဖြစ်လာခဲ့တာ။

ပြီးတော့ ဉာဏ်နည်းစွာနဲ့ သူ့မိန်းမနဲ့ညီမသေဆုံးရခြင်းဟာ ကိုင်းတိုကြောင့်လို့ မှားယွင်းစွာယုံကြည်နေတယ်။ ဒီအခန်းထဲမှာ ကိုင်းတိုကိုအမုန်းဆုံးလူဆိုရင် သူ့ကိုပဲ လက်ညွိုးညွန်ရလိမ့်မယ်။

"ဘာလဲ... ငါ့စွမ်းအားတွေပြန်ရပြီဆိုမှတော့ ဘာကိစ္စ ဟီးရိုးပြန်မလုပ်ဘဲ နေရမှာလဲ။" ကိုင်းတိုက ရည်ရွယ်ချက်ရှိရှိ သူ့လက်ဖဝါးထဲမှာ မီးကြာပန်းလေးတစ်ခုကို ဖန်တီးပြတယ်။

အခန်းထဲကလူတွေလည်း ထိတ်လန့်မှုကြောင့် တခိုက်ခိုက်တုန်ကုန်တယ်။ ကိုင်းတိုကို ဘယ်သူက ရန်စရဲလို့လဲ။

"မင်းတို့မိသားစုက နိုင်ငံရဲ့ S rank ဟီးရိုးနှစ်ယောက်ဆီက အမိန့်ကိုဆန့်ကျင်ဖို့မလုပ်ဘူးလို့တော့ ထင်ရတာပဲ။"

"အာကိုင်းဂါမီ၊ မင်းငါ့မိန်းမကိုလည်း သေစေခဲ့ပြီးပြီ၊ ငါ့ညီမကိုလည်း သေစေတယ်။ ငါ့သမီးနှစ်ယောက်လုံးကိုလည်း ငါ့ဆီကလုသွားတယ်။ မင်း...မင်းက ငါ့မိသားစုကို လိုချင်နေပြန်ပြီ။ သူတို့ကို သတ်...."

မိသားစုခေါင်းဆောင်ဆီက အမိန့်ရတာနဲ့ ဓားကိုင်ထားတဲ့ ကိုယ်ရံတော်တွေက မက်ဒါနာတို့အုပ်စုဆီကို ပြေးဝင်လာတယ်။ ကိုင်းတိုကတော့ ခေါင်းယမ်းလိုက်တယ်။

"သူတို့က ဉာဏ်တော်တော်ထိုင်းတာပဲ။" ပြောရရင် သူသာလုပ်ချင်တယ်ဆိုရင် ယာမာဂုချီမိသားစုတစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်း ပြာချပစ်လို့ရပါတယ်။ ဒါပေမဲ့ ဟီးရိုးတစ်ယောက်မပီသဘူးမဟုတ်လား။

ဒါပေမဲ့ ခဏနေတော့ မျက်နှာက တည်တန့်သွားပြီး အစည်းအဝေးလုပ်နေတဲ့ ခန်းမခေါင်မိုးပေါ်ကို ကြည့်လိုက်တယ်။ မက်ဒါနာလည်း တော်တော်ရင်းနှီးနေတဲ့ အငွေ့အသက်ကို ခံစားလိုက်ရတယ်။

မကြာခင်မှာပဲ ရိုးရာအိမ်ခေါင်မိုးကြီး ပျက်စီးပြိုလဲကျသွားပြီး အဖြူရောင်ဓားအလင်းတန်း ကိုင်းတိုရဲ့ခေါင်းကို ဦးတည်ပြီးရောက်ရှိလာတယ်။

ဒါပေမဲ့ကိုင်းတိုက သူ့လက်ကိုဖြန့်ပြီး ဓားအလင်းတန်းကို ဆုပ်ကိုင်လိုက်တယ်။ ဓားက ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်သွားတဲ့အတွက် ဓားအလင်းတန်းပိုင်ရှင်လည်း မျက်လုံးပြူးသွားခဲ့ပါပြီ။

"ဘာ..."

ဥစာကီလည်း အဲဒီဓားအလင်းပိုင်ရှင်ကိုမြင်တော့ ချက်ချင်းပဲ ပြောလိုက်တယ်။ "အဖိုး...."

ဓားကိုင်ထားတဲ့အဖိုးကြီးက အသက်ရှစ်ဆယ်လောက် ရှိပြီဖြစ်တဲ့ပုံပေါ်ပေမဲ့ သန်သန်မာမာပါပဲ။ သူက ယာမာဂုချီမိသားစုရဲ့ဘိုးဘေးဖြစ်ပြီး သလင်းကျောက်ကို ရှာတွေ့ခဲ့တဲ့ လူတွေထဲကတစ်ယောက်ပါ။

ပြီးတော့ ယာမာဂုချီမိသားစုရဲ့သလင်းကျောက်က ပုံမှန်ထက်ထူးခြားတဲ့အတွက် အဲဒီသလင်းကျောက် ဖွက်ထားတဲ့နေရာကို ကာကွယ်ပေးနေရတာပါ။

"မင်းဘယ်လိုလုပ်ပြီး ငါတို့ဓားသိုင်းကို အစအဆုံးသိနေလဲ မသိပေမဲ့ ငါတို့မိသားစုကို လာစော်ကားရင်တော့ မခံနိုင်ဘူး။"

"အဖိုးကြီး၊ ခင်ဗျားအသက်ကြီးနေတာတောင် ဘာကြောင့်အမှန်မမြင်နိုင်သေးတာလဲ။ ခင်ဗျားတို့မိသားစုနဲ့ပူးပေါင်းနေတဲ့လူတွေက သိပ်အန္တရာယ်များတယ်။ သူတို့ရဲ့နောက်ဆုံးစမ်းသပ်ခန်းကို သိရင်မြန်မြန်ပြောလိုက်။"

အချိန်အတော်ကြာအောင် ဆွေးနွေးပြီးတဲ့နောက်တော့ လီဆာအဖမ်းခံရတဲ့ကိစ္စနဲ့ နတ်ဘုရားတမျှစွမ်းစေမယ့် မြူတန့်စွမ်းအားဆေးကို ဖန်တီးနေတဲ့ကိစ္စတွေကို ကိုင်းတိုသိပြီးနေပြီ။ အချိန်တိုင်းမှာ မြူတန့်သိပ္ပံက အောင်မြင်သွားနိုင်တဲ့အတွက် ယာမာဂုချီမိသားစုကို သန့်စင်ပြီး နောက်ဆုံးလိုနေတဲ့အချက်အလက်ကို ရယူနိုင်ဖို့လိုအပ်နေပါပြီ။

ဒါပေမဲ့ ယာမာဂုချီတွေက ခေါင်းမာနေဆဲပါ။

ဥစာကိကိုလည်း ယာမာဂုချီမိသားစုရဲ့ A rank သုံးယောက်က ဝိုင်းလိုက်တယ်။ ကိုင်းတိုက ကူညီပေးချင်ပေမဲ့ အဖိုးကြီးက သူ့ရှေ့မှာ မားမားမတ်မတ် ရပ်နေဆဲပါ။

"မင်းပြိုင်ဖက်က ငါပဲ။"

ဖရာလီတာလည်း သူ့ဆီပြေးဝင်လာနေတဲ့ တတိယဓားသခင်နဲ့အုပ်စုကိုကြည့်ရင်း သက်ပြင်းချလိုက်ပါပြီ။ "ယာမာဂုချီတွေက တကယ်ပဲ S rank နှစ်ယောက်ကို ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တာပဲ၊ စိတ်ဓာတ်ကျဖို့ကောင်းလိုက်တာ။"

မက်ဒါနာကလည်း သူ့အတွက်ပြိုင်ဖက်ရနေပါပြီ။ အဆိပ်နဲ့လေကိုသုံးတဲ့ ဂေးရှားအလှမယ်က သူ့ရှေ့မှာ ရပ်နေပါတယ်။

"စနစ်... ဓာတ်ငွေ့ကာစနစ်ဖွင့်လိုက်။" အဲဒီနောက် သူက ဓားပြားကြီးကို ကျောကနေ ဖြုတ်လိုက်ပါတယ်။ သူကလည်း အစကတည်းက ဆွေးနွေးပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းမဖြစ်နိုင်မှန်း သိသားပြီးသာပါ။ ဒါပေမဲ့ သူက A rank အားလုံးကိုအနိုင်ယူနိုင်ပြီဖြစ်တာကြောင့် အခုတိုက်ပွဲက ဘာဖိအားမှမရှိသလိုဖြစ်နေတယ်။

အေမီတို့အုပ်စုကတော့ ကလေးတွေကို ကာကွယ်နိုင်ဖို့ အစည်းအဝေးခန်းထဲကနေ တိတ်တဆိတ် ထွက်ခွာသွားကြပါပြီ။ တခြားအကြီးအကဲတွေကလည်း အရေးမကြီးတဲ့ သူတွေနောက်မလိုက်ဘဲ A rankတွေကို နောက်ကနေကူညီဖို့သာ ဆုံးဖြတ်လိုက်ကြတယ်။

....

ယာမာဂုချီခြံဝင်းတစ်နေရာမှာ ကိုယ်ဖျောက်နေတဲ့ ဒေါက်တာမြူကတော့ အဓိကခန်းမကြီးက တိုက်ပွဲကိုကြည့်ရင်း ပြုံးလိုက်ပါတယ်။

.

"ကြည့်ရတာ ငါ့အစီအစဥ်က အလုပ်ဖြစ်သွားပုံပဲ၊ စမစ်အတွက် နောက်ဆုံးလိုအပ်တဲ့အမယ်ကို ငါရှာပေးလို့ရပြီ။" အဲဒီနောက်တော့ သူရှိနေတဲ့နေရာကနေ ချက်ချင်းပျောက်ကွယ်သွားတယ်။ ဘယ်တုန်းကမှ အဲဒီနေရာမှာ မရှိခဲ့ဖူးသလိုပဲ။

၅။

ယာမာဂုချီမိသားစုရဲ့အဖိုးကြီးက အားနည်းတဲ့သူတော့မဟုတ်ပါဘူး။ ဂျပန်ရဲ့ပထမမျိုးဆက် S rank ဟီးရိုးတစ်ယောက်ဖြစ်ပြီး The Great 47 အဖွဲ့ဝင် အိခဲဒပါ။ ဟီးရိုးနာမည်ကတော့ Flying Sword Saint။

ဒါပေမဲ့ ကိုင်းတိုဟီးရိုးဖြစ်လာချိန်မှာတော့ သူက အနားယူသွားခဲ့ပြီး ငယ်ရွယ်လွန်းတဲ့ ဥစာကီကို ဟီးရိုးတစ်ယောက်အနေနဲ့ ပျိုးထောင်ပေးခဲ့တယ်။

အခုတော့ မျိုးဆက်ဟောင်းဟီးရိုးကြီးက သူ့မိသားစု အစော်ကားခံနေရတဲ့ရန်ကနေ ကာကွယ်ပေးဖို့ ထွက်ပေါ်လာခဲ့ပါပြီ။

"တောင်ဖြိုဓားသိုင်း၊ အဆက်မပြတ်တိုက်လေ။"

အိခဲဒရဲ့ခန္ဓာကိုယ်က ချက်ချင်းပျောက်ကွယ်သွားပြီး ကိုင်းတိုဘေးမှာပေါ်လာတယ်။ ကိုင်းတိုကလည်း သူ့ခန္ဓာကိုယ်ကို အသာလေးလှည့်ပြောင်းပြီး ဓားကိုရှောင်တယ်။ ဒါပေမဲ့ အိခဲဒက လေထုထဲမှာတင် အဆက်မပြတ်နေရာပြောင်းလဲနေပြီး သူ့ကိုအရပ်မျက်နှာပေါင်းစုံကနေ ဆက်တိုက်တိုက်စစ်ဆင်နေတာပါ။

"ဟမ်... အသံရဲ့မြန်နှုန်းကိုကျော်ပြီး ငါ့ကိုဓားနဲ့ခုတ်ချင်တာလား။ နှေးသေးတယ်။"

ကိုင်းတိုရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကလည်း ရုတ်ချည်းဆိုသလို အသံရဲ့မြန်နှုန်းကို ချက်ချင်းချိုးဖောက်သွားတယ်။ ဒါကြောင့် အိခဲဒလည်း မျက်လုံးပြူးသွားခဲ့ပါပြီ။

"ဒီကောင်... သူ့မှာတကယ်ပဲ အားနည်းချက်မရှိတာလား။"

အိခဲဒက သူ့ဓားကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး အရှိန်နှုန်းကို ပိုမြှင့်လိုက်တယ်။ ဒါကြောင့် လေထုပါပေါက်ကွဲထွက်သွားပြီး အခန်းထဲမှာရှိနေတဲ့ ပစ္စည်းနဲ့လူတွေပါ လွင့်ပျံထွက်ကုန်တယ်။

အဆက်မပြတ်တိုက်လေဟာ စစ်စစ်မှာတော့ အင်မတန်လျင်မြန်တဲ့နှုန်းနဲ့လှုပ်ရှားပြီး သာမန်ဓားကွက်တွေကို ထုတ်ဖော်နေရုံပါပဲ။ ဒါပေမဲ့ ဓားချက်တိုင်းက အသံနှုန်းထက်ကျော်နေတော့ အကြိမ်တိုင်းမှာ လေထုဟာဖောက်ခွဲခံနေရပြီး ဂျက်အင်ဂျက်တစ်ခုကို မြေပြင်ပေါ်မှာအားကုန်ဖွင့်ထားသလိုမျိုး သက်ရောက်နေတယ်။

အားနည်းတဲ့တိုက်ခိုက်ရေးသမားတွေဟာ သူတို့နှစ်ဦးအနားမှာ ကပ်မနေနိုင်တော့တာ ကြာပါပြီ။ အီခဲဒက ကိုင်းတိုရဲ့လည်ပင်းကို နောက်ကနေခုတ်ပိုင်းဖို့ ကြိုးစားလိုက်တယ်။

ဒါပေမဲ့သူ့ရှေ့မှာရှိနေတဲ့ ကိုင်းတိုက ရုတ်တရက်ပျောက်သွားပြီး ဘေးကနေ သူ့လည်ပင်းကို လက်နဲ့ညှစ်ပြီး နံရံနဲ့ဝင်ဆောင့်ပစ်လိုက်ပါပြီ။

ဘုန်း....။

ရိုးရာအိမ်ရဲ့သစ်လုံးတွေက ကျိုးပဲ့ကုန်ပြီး အပြင်က ကျောက်သားခြံစည်းရိုးနဲ့ အိခဲဒရဲ့ကျော မိတ်ဆက်မိသွားတယ်။

"ဟေး... ငါတို့နှစ်ယောက်တိုက်ဖို့ မင်းအိမ်ကကျဥ်းလွန်းတယ်၊ ကောင်းကင်ပေါ်မှာ တိုက်ကြတာပေါ့။"

ကိုင်းတိုက သူ့ရဲ့သာလွန်စွမ်းအားတွေကိုသုံးပြီး ယာမာဂုချီမိသားစုဝင်တွေနဲ့စံအိမ်တစ်ခုလုံးကို ပြာချပစ်နိုင်ပေမဲ့ မလုပ်ချင်ပါဘူး။ ဒါကြောင့် တခြားလူတွေကိုပဲ လွဲထားလိုက်တယ်။

သူက အိခဲဒကို လည်ပင်းကနေ ဆွဲမြှောက်ပြီး ဘေ့စ်ဘောပစ်သလိုမျိုး ကောင်းကင်ပေါ်ကို ပစ်တင်လိုက်တယ်။ အရိုးတွေထိတောင် အိုမင်းနေတဲ့ ဓားသမားကြီးဟာ တိမ်တိုက်တွေရှိနေတဲ့ ကောင်းကင်တွေထက်ကို စက္ကန့်ပိုင်းအတွင်း ရောက်ရှိသွားပါပြီ။

သူဟာ သတိရှိနေဆဲဖြစ်ကာ ဓားကိုတင်းတင်းဆုပ်ကိုင်ထားပြီး ရောက်ရှိလာတော့မယ့် ကံကြမ္မာဆိုးကို စောင့်မျှော်နေတယ်။

မြေပြင်မှာတော့ ကိုင်းတိုက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး ကြမ်းပြင်ကို ခြေတစ်ချက်ပြင်းပြင်းဆောင့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်က ကြယ်တံခွန်တစ်စင်းလိုမျိုး မီးလျှံတွေလွှမ်းခြုံသွားပြီး ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။

သူက အရှိန်မကုန်သေးလို့ အပေါ်ကိုမြောက်တက်နေဆဲဖြစ်တဲ့ အိခဲဒရဲ့ဘေးမှာယှဥ်ပျံနေရင်း ပြောလိုက်တယ်။

"ငါမေ့သွားတယ်၊ မင်းမပျံနိုင်ဘူးမဟုတ်လား။"

သတိရှိနေသေးတဲ့ အိခဲဒကတော့ ကိုင်းတိုကိုရန်စောင်တဲ့အကြည့်နဲ့ မော့ကြည့်လိုက်ပြီး သူ့ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်တယ်။ ဒါပေမဲ့ အလျှော့ပေးတဲ့သဘောတော့မဟုတ်ဘူး။

"တောင်ဖြိုဓားသိုင်း၊ စွန်ရဲဝဲပျံခြင်း။"

အဲဒီနောက်တော့ သူ့ခန္ဓာကိုယ်ကြွက်သားတွေက သာမန်လူတွေမလုပ်နိုင်တဲ့ အနေအထားမျိုးနဲ့စတင်လှုပ်ရှားလာပြီး လေထုထဲမှာပဲ နေရာကနေ ပျောက်သွားတယ်။

"အသံနှုန်းနဲ့လှုပ်ရှားတာလား၊ ဒါပေမဲ့ ခြေချစရာမရှိတဲ့ လေပေါ်မှာလေ။" ဂျပန်ရဲ့ပထမဆုံး S rankက ဟာသမဟုတ်တာတော့ သေချာပါတယ်။

ကိုင်းတိုဘုရားကျောင်း ထွက်မလာခင်ကဆိုရင် အိခဲဒက ဂျပန်ရဲ့နံပါတ်တစ်ပါ။ ဒီလိုလူမျိုးက ဘယ်လိုလုပ် အားနည်းမှာလည်း။ သတ်မှတ်ချက် S+ ဖြစ်ပြီး ရှားပိုင်ဝေထက် သိသိသာသာအားကောင်းပါတယ်။ ဥစာကီလည်း သူ့ထက်အားနည်းတယ်။ သူနဲ့တန်းတူရှိမယ့်လူတွေဆိုလို့ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရတယ်။

ငွေရောင်ဓားအလင်းတန်းက ကိုင်းတိုရဲ့အသံမြန်နှုန်းနဲ့ လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်ဘေးကနေ ဖြတ်သွားတဲ့အတွက် ကိုင်းတိုလည်း ကဗျာကယာရှောင်လိုက်တယ်။

ဒါပေမဲ့ သူမသိလိုက်ရသေးခင်မှာပဲ ဓားအလင်းနှစ်ဆယ်ကျော်လောက်က သူ့ကိုဝိုင်းထားပြီးနေပြီ။

"ဟမ်... အသံမြန်နှုန်းထက်တောင် ပိုမြန်သွားတာလား။" တကယ်တော့ အသံမြန်နှုန်းထက် ပိုမြန်မြန်သွားတာက သူတို့အဆင့်ဟီးရိုးတွေအတွက် ထူးဆန်းတာတော့မဟုတ်ဘူး။ လူတိုင်းလုပ်နိုင်တာတော့မဟုတ်ပေမဲ့ S rankရဲ့ထိပ်သီးတော်တော်များများ လုပ်နိုင်ကြတယ်။

ပြောရရင် မက်ဒါနာရဲ့Light Formတောင်မှ အဲဒီအဆင့်ကို ရောက်လုနီးနီးပါ။ ပုံမှန်အားဖြင့် A rank အမြန်နှုန်းအထူးပြု ဟီးရိုးတစ်ယောက်က အမြန်ဆုံး ကျည်ဆန်ရထားလောက်ကိုမြန်ပြီး တစ်နာရီကို ၃၂၀ ကီလိုမီတာဝန်းကျင်ပါ။

အသံရဲ့မြန်နှုန်းက ၃၄၃ ကီလိုမီတာရှိတဲ့အတွက်ကြောင့် S rankထဲက ဘက်စုံထူးချွန်သူတွေက ဒီနှုန်းနဲ့ ခရီးသွားနိုင်နေကြပါပြီ။

ဒါပေမဲ့ ဒီလိုအကွက်မျိုးတွေက သက်လုံအကုန်မြန်ပြီး သူသေကိုယ်သေချမှသုံးတဲ့ ဝှက်ဖဲလိုအရာတွေပါ။

"သေစမ်း...." အိခဲအက အရူးတစ်ပိုင်းလိုမျိုး ဓားကိုဝေ့ယမ်းနေတယ်။ သူ့ဓားကနေ ဖြစ်လာနေတဲ့ လေထုပေါက်ကွဲအားဟာ သာမန်လူတစ်ယောက်ကို အသားစတွေအဖြစ် ပြောင်းလဲနိုင်တဲ့နှုန်းကို ရောက်နေပါပြီ။

ကိုင်းတိုရဲ့မျက်နှာမှာတော့ အပြုံးတစ်စပေါ်လာတယ်။ "အသံမြန်နှုန်းရဲ့ ၁.၅ စလား။ သိုင်းပညာဟီးရိုးတစ်ယောက်အတွက်တော့ အထင်ကြီးစရာပဲ။ ဒါပေမဲ့ မင်းရဲ့ဓားကမ္ဘာကို ဘယ်တော့မှထုတ်သုံးမှာလဲ။"

ကိုင်းတိုရဲ့ကျောနောက်မှာ မီးတောက်တောင်ပံတစ်စုံ ထွက်ပေါ်လာတယ်။ ဒါပေမဲ့ အကြမ်းထည်မဟုတ်ဘဲ ငှက်မွှေးတောင်တွေအထိပါ အသေးစိတ်ပုံပေါ်နေတယ်။ မသိရင် တကယ့်ငှက်တောင်ပံတစ်ခုလိုထင်ရပြီး မီးနဲ့ဖွဲ့စည်းထားတယ်လို့တောင် ထင်ကြမှာမဟုတ်ဘူး။

ဝုန်း....။

သူ့အတောင်ကို တစ်ချက်ခတ်လိုက်တာနဲ့ လေထုထဲမှာ ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီး သူ့အရှိန်ကလည်း ပိုမြင့်သွားတယ်။

မြန်နှုန်းနဲ့မြန်နှုန်းရဲ့တိုက်ပွဲ။

သိုင်းပညာမှာ အမြန်နှုန်းကသာ အရာရာ။

"ဘုန်း...." စက္ကန့်ဝက်လောက် တိုက်ကွက်ခြင်း ဖလှယ်ပြီးတဲ့နောက်တော့ ကိုင်းတိုရဲ့လက်သီးက အိခဲဒရဲ့ပါးပေါ် ကျဆင်းသွားတယ်။

"အား...." သွားတချို့ ကျွတ်ထွက်သွားပြီးတဲ့နောက် အိခဲဒဟာ အတောင်ကျိုးသွားတဲ့ တိုက်လေယာဥ်တစ်စင်းလိုမျိုး ပင်လယ်ကမ်းစပ်ဖက်ကို လွင့်ပျံထွက်သွားတယ်။

တိုကျိုမြို့သားတွေလည်း ကောင်းကင်ကိုမော့ကြည့်လိုက်ကြတယ်။ S rank အဆင့်ရှိတဲ့ တိုက်ပွဲမျိုးတွေက သာမန်လူတွေသတိမထားမိဖို့ ခက်ခဲပါတယ်။

ကိုင်းတိုရဲ့နေလိုတောက်ပတဲ့ မီးတောက်တွေကို မြင်ပြီးတဲ့နောက်တော့ ပြည်သူတွေရဲ့စိတ်ဓာတ်က နောက်တစ်ခါမြင့်တက်လာပြန်တယ်။ အကြောင်းက ဒီနေဝန်းကြီးက သူတို့ကိုအနွေးဓာတ်ပေးနေတယ်လို့ ခံစားမိလို့ပါ။

သူတိုက်ခိုက်နေတဲ့ရန်သူက ဗီလိန်ဖြစ်မှာပဲလို့ရောပေါ့၊ ဂျပန်ရဲ့အကြီးဆုံး ဟီးရိုးမိသားစုကြီးရဲ့ဘိုးဘေးဖြစ်မယ်လို့ ဘယ်သူမှသိမယ်မထင်။

ပင်လယ်ထဲပြုတ်ကျသွားတဲ့ အိခဲဒက သူ့ဓားကို မလွတ်တမ်း ကိုင်ထားသေးတယ်။ ဇက်သတ္တုထက် ပိုပြီးရှားပါးတဲ့ ရှေးဟောင်းသတ္တုတစ်မျိုးနဲ့ ပြုလုပ်ထားတာဖြစ်လို့ ဒီလောက်ထိခိုက်ထားတဲ့ဒဏ်ကို ခံနိုင်နေသေးတာပါ။ ဒါပေမဲ့ အသွားတချို့ ပဲ့ကြွေနေပြီဖြစ်မှန်း အနီးကပ်ကြည့်ရင် မြင်နိုင်ပါတယ်။

သူက ကမ်းခြေဖက်ကို ချက်ချင်းကူးလာတယ်။ ကိုင်းတိုကတော့ ကမ်းခြေအပေါ်မှာလက်ပိုက်ရပ်ကြည့်နေပြီး တစ်ဖက်လူပြင်ဆင်ပြီးတဲ့အထိ စောင့်နေပါတယ်။

ပြောရရင် အိခဲဒလွင့်ထွက်သွားတဲ့နေရာက တော်တော်ဝေးပေမဲ့ သူက စက္ကန့်ပိုင်းအတွင်း အမီလိုက်လာတာ။

"ရယ်စရာပဲ... ရယ်စရာပဲ..." ပါးစပ်က စီးကျနေတဲ့ သွေးတွေကိုမသုတ်ဘဲ အိခဲဒက ရယ်မောလိုက်တယ်။ လောကကြီးတစ်ခုလုံးကို စိတ်ပျက်နေသူလိုမျိုး။ သူက ဓားကို သဲထူတဲ့သောင်ပြင်ထဲထိုးစိုက်ထားရင်း ခက်ခက်ခဲခဲ ပြန်ရပ်တည်လိုက်တယ်။

"ငါလူမှန်းသိတတ်စအရွယ်ကတည်းက ဒီဓားတွေနဲ့ အသေအလဲလေ့ကျင့်နေခဲ့တာ။ ဆာမူရိုင်းတွေရဲ့ဂုဏ်ကို ပြန်အဖက်ဆယ်နိုင်ဖို့ပေါ့။ မင်းသိလား၊ ငါ့ရဲ့အဖေက ဆာမူရိုင်းတွေရဲ့ဓားစွမ်းကို သက်သေပြနိုင်ဖို့ ကျည်ဆန်ကိုဓားနဲ့ခွဲဖို့ကြိုးစားရင်း သေခဲ့ရတာကွ။ ငါ့လက်ထပ်မှာ အခွင့်အရေးတစ်ခုရခဲ့ပေမဲ့..."

သူ့စကားကို ခဏအဆုံးသတ်လိုက်ပြီး ကိုင်းတိုကို မုန်းတီးတဲ့အကြည့်တွေနဲ့ ကြည့်လိုက်တယ်။

"မင်းက ငါတည်ဆောက်ထားတဲ့နေရာတစ်ခုကို ဝင်နေရာယူသွားတယ်ကွ။ မင်းရဲအရိပ်က ငါ့ကိုအမြဲလွှမ်းမိုးထားခဲ့တာကြောင့် ငါပိုင်ဆိုင်ဖူးတဲ့နေရာကို မင်းအတွက်လွှဲပေးခဲ့ရတာ။ ငါရှိနေသေးတယ်ဆိုတာလောက်ပဲ လူတွေသိကြတော့တာ။ အမေ့ခံရတဲ့ခံစားချက်မျိုး မင်းကိုငါကြုံဖူးချင်လို့ ငါဒီအကြံကိုအကောင်အထည်ဖော်ခဲ့တာပဲ။ မင်းအစွမ်းတွေကို ယူဆောင်သွားနိုင်မယ့် နတ်ဆိုးတစ်ကောင်ဖန်တီးဖို့။"

ကိုင်းတိုက အိခဲဒရဲ့စကားတွေကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ သူမျက်မှောင်ကြုတ်လိုက်ပြီး ဆက်နားထောင်နေတယ်။ ဒီလူက သူ့မြေးကိုသူ နတ်ဆိုးတစ်ကောင်လို ဆက်ဆံခဲ့တာများလား။

"ငါသူ့ကို သုံးနှစ်အရွယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ၊ လေ့ကျင့်ပြီးရင်း လေ့ကျင့်၊ လေ့ကျင့်ပြီးရင်းလေ့ကျင့်။ ရည်မှန်းချက်က မင်းကိုအနိုင်ယူဖို့ပဲ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဘယ်လောက်ရူးမိုက်လဲ ငါသိလာရလေပဲ။ ဒဏ္ဍာရီဓားတစ်လက်ရဲ့အကူအညီနဲ့တောင် နတ်ဆိုးက မင်းကိုတကယ်အနိုင်မယူနိုင်ဘူး။ မင်းက ဘယ်လိုဖြစ်တည်မှုမျိုးလည်း အာကိုင်းဂါမီ။"

ရူးသွပ်နေတဲ့ အိခဲဒရဲ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာတယ်။ ဝမ်းနည်းမှုကြောင့်မဟုတ်ဘဲ မနာလိုမှုကြောင့်ဖြစ်လာတဲ့ မျက်ရည်တွေ။ ကိုင်းတို ပေါ်ပေါက်လာချိန်မှာ တခြားဟီးရိုးတွေက နေမင်းရှိနေတဲ့ ကောင်းကင်ပေါ်က ကြယ်တွေလိုမျိုး ဖုံးကွယ်ခံလိုက်ရတယ်။ သူတို့ရှိနေတယ်ဆိုတာကို လူတွေမေ့သွားတဲ့အထိပဲ။

"ယာမီလို မိစ္ဆာကောင်တောင်မှ မင်းကိုမသတ်နိုင်ဘူး။ အဲဒီနေ့ကတည်းက မင်းကိုသတ်ပစ်ဖို့အတွက် ငါအမိန့်ပေးခဲ့ရမှာ။ ဘာလို့ချိပ်ပိတ်ခိုင်းပြီး မင်းကိုမေ့လျော့ခံရတဲ့အရသာ ခံစားရအောင် လုပ်ခဲ့မိတာလဲ။"

အိခဲဒက အရူးတစ်ယောက်လိုမျိုး သူ့ဆံပင်တွေကို ဆောင့်ဆွဲနေတယ်။ အိခဲဒက ရှေးရိုးစွဲလွန်းတဲ့လူတစ်ယောက်။ သူ့ခေါင်းထဲမှာ သွေးသန့်ဆိုတဲ့ စကားတစ်ခွန်းပဲရှိနေတာ။ ဒါပေမဲ့ ကိုင်းတိုကို အနိုင်ယူနိုင်ဖို့အတွက် သူ့သားတွေကို မျိုးနွယ်မတူတဲ့ တိုင်းတပါးသားတွေနဲ့ လက်ဆက်ပေးခဲ့ရတယ်။ ဒါကို ကြီးမားတဲ့ အနစ်နာခံမှုကြီးလို့ သူမြင်နေတယ်။

မွေးလာတဲ့ ကလေးတွေကိုလည်း သူ့က လက်နက်လို့ပဲ တစ်သက်လုံးမြင်နေခဲ့တာ။ ဥစာကီကတော့ အားလုံးထဲမှာ အစွမ်းအထက်ဆုံးမလို့ နတ်ဆိုးလိုဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တယ်။ ဒါပေမဲ့ချစ်စရာကောင်းတဲ့ညီမငယ်လေးနဲ့ ကြင်နာတတ်တဲ့အမေက ဥစာကီကို ပြောတာပဲလုပ်တတ်တဲ့ အရုပ်တစ်ရုပ်ဖြစ်မသွားအောင် ကူညီပေးနိုင်ခဲ့တယ်။

ဒါပေမဲ့၊ ဒီနေ့တော့ ဒါတွေအားလုံးကို အဆုံးသတ်ဖို့ အချိန်ရောက်လာပြီ။

ကိုင်းတိုက သူ့လက်ကိုမြှောက်လိုက်ပြီး အိခဲဒကို လက်ညိုးညွန်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှာ တွေဝေနေမိတယ်။

'သူ့ရဲ့မျက်နှာနဲ့မျက်လုံးတွေမျိုးကို အရင်ကမြင်ခဲ့ဖူးသလိုပဲ။ အတိအကျ မမှတ်မိတော့ပေမဲ့ ဟိုးအရင်က သေချာပေါက် ငါမြင်ဖူးတယ်။'

"ဆရာ... တစ်နေ့ကျရင် ကျွန်တော်ဆရာ့လို စွမ်းအားကြီးလာမှာလား။" ကိုင်းတိုရဲ့အတွေးပင်လယ်ထဲမှာ မပြည့်စုံနဲ့ မှတ်ဉာဏ်အပိုင်းအစတချို့ ထွက်ပေါ်လာပေမဲ့။ ခေါင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်တယ်။

"အခုအရေးကြီးတာကို အရင်လုပ်ရမယ်။" သူ့နောက်ကျောကနေ မီးကြာဖူးတစ်ဒါဇင်လောက် ထွက်လာပြီး လက်ယာရစ်လှည့်ပတ်နေတယ်။ နောက်တော့ ကြာဖူးတွေက တစ်စတစ်စပွင့်လန်းလာပြီး မှန်ဘီလူးတွေလိုမျိုး မီးစွမ်းအားတွေကို ရောင်ခြည်တန်းတစ်ခုအဖြစ် ဖွဲ့တည်လိုက်တယ်။

အောက်မှာရှိနေတဲ့ အိခဲဒကလည်း ဓားပေါ်လက်တင်လိုက်ပြီး ဓားကိုစတင်ဝေ့ယမ်းလိုက်တယ်။

"တောင်ဖြိုဓားသိုင်း၊ နောက်ဆုံးပုံစံ။" သူ့အရှိန်အဝါကလည်း ချက်ချင်းပြောင်းလဲသွားပြီး ပင်လယ်ရေတွေဟာ ထိန်းချုပ်ခြင်းခံလိုက်ရကာ မီတာနှစ်ဆယ်လောက်မြင့်တဲ့ ရေနဂါးတစ်ကောင်အဖြစ်ကို ပြောင်းလဲသွားတယ်။

"အား... ဒီဓားသိုင်းပဲ၊ ငါသေချာမှတ်မိပြီ။" ကိုင်းတိုက တစ်ခုခုကို မှတ်မိသွားတဲ့အလား၊ ပြုံးလိုက်ပါတယ်။ သူ့မှတ်ဉာဏ်တွေက တဖြည်းဖြည်းပြန်ရနေပြီဖြစ်ပြီးတော့ ဝေဝါးနေရုံပဲ ရှိတော့တာပါ။ အမှတ်ရစရာတစ်ခုကို မြင်လိုက်ရချိန်မှာတော့ အကုန်လုံးရှင်းလင်းသွားတယ်။

...

ဂျပန်ရဲ့မိုရိုမာချီခေတ် (1338 - 1573) တုန်းက ငါ့မှာတပည့်တစ်ယောက်ရှိဖူးတယ်။

ခွန်အားကိုရူးသွပ်ပြီး ကလဲ့စားချေချင်စိတ် သိပ်ပြင်းပြနေတဲ့တစ်ယောက်ပေါ့။

"မသေမျိုးဆရာကြီး၊ ကျွန်တော့်ကို ကျေးဇူးပြုပြီး ဓားပညာသင်ပေးပါ။" အဲဒီအချိန်တုန်းက ငါကမြို့နဲ့အလှမ်းဝေးတဲ့ ရေတံခွန်တစ်ခုမှာ အချိန်တော်တော်ကြာအောင် နေဖြစ်ခဲ့တယ်။ အကြောင်းအရင်းကိုတော့ သေချာမမှတ်မိတော့ပေမဲ့ပေါ့။

သူ့နာမည်က ယာဟီကို ယာမာဂုချီ။ မြို့ငယ်လေးတစ်မြို့ကို အုပ်ချုပ်ရတဲ့ ဆာမူရိုင်းစံအိမ်ငယ်လေးက သခင်လေးပဲ။ ဒါပေမဲ့ အဲဒီနေ့ကတော့ သွေးတွေအလိမ်းလိမ်းနဲ့ ရောက်လာခဲ့တာ။

"ဘာကြောင့်လဲ၊ ငါက မင်းကိုဘာကြောင့် သိုင်းပညာသင်ပေးရမှာလဲ။"

"ကျွန်တော့်မိသားစုကို ရန်ဖက်ဒိုင်မျိုမိသားစုက သတ်သွားပါတယ်။ ကျွန်တော်တစ်ယောက်တည်း အပြေးကောင်းလို့ လွတ်လာတာပါ။ ကျွန်တော့်ကို ဆရာမှမကယ်ရင် တစ်နေရာရာမှာ သေရတော့မှာပါ။"

အဲဒီတုန်းက ငါရူးမိုက်စွာနဲ့ သူ့ကိုကယ်တင်ခဲ့မိတယ်။ ဒါပေမဲ့ ငါက မသေမျိုးတစ်ယောက်ဆိုတာကို သူဘယ်လိုလုပ်သိသွားရတာလဲ။

"ကျွန်တော့်အသက် ငါးနှစ်အရွယ်က အဆော့လွန်ပြီး ဒီတောင်တွေပေါ်ကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆရာ့ရဲ့ရုပ်ရည်နဲ့အခုရုပ်ရည်နဲ့က နည်းနည်းလေးမှ ကွဲပြားမနေပါဘူး။ နှစ်တိုင်းဒီလိုအချိန်မှာ ဆရာဓားသိုင်းကစားတိုင်း ကျွန်တော်ခိုးကြည့်ဖြစ်ပါတယ်။"

သတိလွတ်ကင်းလိုက်တဲ့ငါ၊ ငါ့ကိုခိုးကြည့်နေတဲ့သူရှိတာကို ငါသတိမထားခဲ့မိတာလား။

ဒီလိုနဲ့ကောင်လေးကို ငါသနားပြီး သိုင်းပညာသင်ပေးခဲ့တယ်။ မိုရိုမာချီခေတ်ရဲ့အဆိုးဝါးဆုံး လူသတ်ကောင် ဖြစ်လာမယ်ဆိုတာ မသိခဲ့ဘဲပေါ့။

လူငယ်လေးက တောင်ပေါ်က ဆင်းသွားပြီးတဲ့နောက် သူ့မိသားစုအတွက် လက်စားချေခဲ့တယ်။ ဒါပေမဲ့ အဲဒီလောက်နဲ့ သူမရပ်တန့်ခဲ့ဘူး။ လက်ရှိရှိုးဂန်းကို စိန်ခေါ်ပြီးတော့ အင်အားအကြီးဆုံးစစ်နယ်ရှင် ဖြစ်လာဖို့အတွက် သူကြိုးစားခဲ့တယ်။

သူ့ဓားသွားအောက်မှာ သေဆုံးခဲ့တဲ့ သာမန်လူတွေနဲ့စစ်သားတွေ အများကြီးဖြစ်သွားခဲ့ပြီ။ ငါနောင်တရပေမဲ့ ဖြစ်ပြီးခဲ့ပြီမလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။

ဒါပေမဲ့ ရှိုးဂန်ကို ပုန်ကန်ပြီးလို့ ၂၅နှစ်အကြာမှာတော့ သူငါ့ဆီကို ပြန်ရောက်လာခဲ့တယ်။ ငယ်ရွယ်တဲ့အသွင်အပြင်တွေပျောက်ပြီး ဆံဖြူနဲ့ဆံနက်ရောနေတဲ့ လူလတ်ပိုင်းအရွယ်ကို ရောက်နေပါပြီ။

"ဆရာ၊ မသေခြင်းရဲ့လျှို့ဝှက်ချက်ကို သင်ပေးပါ။" သူငါ့ကို တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ ငါသူ့ကို ဘာဆိုဘာမှ သင်မပေးချင်တော့ဘူး။

ထာဝရဆိုတာ သူရသွားခဲ့ရင် ထာဝရလူသတ်ကောင် လုပ်နေတော့မှာပေါ့။ ဒါပေမဲ့ သေမျိုးတစ်ယောက်ကို ထာဝရမသေအောင်လုပ်ပေးဖို့ဆိုတာ ငါတတ်နိုင်တဲ့အရာတစ်ခု မဟုတ်ပြန်ဘူး။ မသေခြင်းရဲ့လျှို့ဝှက်ချက်က သင်ကြားပေးလို့ရနိုင်တဲ့အရာမဟုတ်တာသေချာတယ်။

အနည်းဆုံးတော့ ဒီကမ္ဘာမှာမဖြစ်နိုင်ဘူး။

ငါငြင်းပယ်ခဲ့ပေမဲ့ သူကတော့ လက်မလျှော့ခဲ့ဘူး။ စည်းစိမ်နဲ့ဩဇာအာဏာ ရှိလာပြီးတဲ့နောက်မှာတော့ လူတွေက သေရမှာကြောက်လာကြတယ်။ သူတစ်ယောက်တည်း ခြွင်းချက်မဟုတ်ဘူး။ လူတိုင်းလိုလိုပါပဲ။

အထပ်ထပ်အခါခါ တောင်းဆိုခံရတာကို ငါနားညီးလာပြီးတဲ့နောက်တော့ သူ့ကိုအခြေအနေတစ်ရပ် ငါတောင်းဆိုခဲ့တယ်။

"ငါ့ကိုမင်းရဲ့ဓားနဲ့ အနိုင်ယူရမယ်။" သေမျိုးတစ်ယောက်က ငါလိုမသေမျိုးကို ဘယ်လိုလုပ်ပြီးအနိုင်ယူနိုင်မှာလဲ။ အစကတည်းက မဖြစ်နိုင်တဲ့အရာတစ်ခုပဲဥစ္စာ။

အကြိမ်ကြိမ်အခါခါ ရှုံးနိ့မ့်ပြီးတဲ့နောက်တော့ ယာဟီကိုက ငါ့ကိုသံသယတွေနဲ့ အော်ငေါက်တော့တယ်။

"ဆရာက ကျွန်တော့်ကို ပညာစားချန်ထားတာပဲ။ ဆရာ့ရဲ့ဓားသိုင်းအစစ်ကို တကယ်သင်မပေးခဲ့ဘူးပဲ။"

ဒါပေမဲ့ ငါသူ့ကို ငါတတ်သမျှ သင်ထားခဲ့ပြီးသား။ ငါရှင်းပြပေမဲ့ နားမထောင်ဘူး။ နောက်ဆုံးသိုင်းကွက်ကို အရင်သင်ပေးဖို့နဲ့ ထာဝရအသက်ရှင်ခွင့်ရဖို့ကိုပဲ ယင်ကောင်တစ်ကောင်လို တောင်းဆိုခဲ့တယ်။

နှစ်အတော်ကြာတဲ့အထိ ငါသင်မပေးတဲ့အခါမှာတော့ စိတ်မရှည်တော့တဲ့ယာဟီကိုက သူကိုယ်တိုင် နောက်ဆုံးဓားကွက်ဆိုတဲ့အရာကို တီထွင်ပြီး ငါ့ကိုအနိုင်ယူဖို့ လုပ်ခဲ့တယ်။

အဲဒီဓားကွက်က...။

...

"တောင်ဖြိုဓားသိုင်း၊ နောက်ဆုံးဓားကွက်။ ဆူဆာနိုအမျက်ဒေါသ။"

ကိုင်းတိုဆီကို ရေနဂါးကြီးက မာန်ဖီပြီးပြေးလာတယ်။ ကိုင်းတိုရဲ့အလင်းတန်းတွေကလည်း ရေနဂါးကြီးဆီကို ပြေးဝင်တယ်။

နောက်ဆုံးတော့ နှစ်ခုရင်ဆိုင်မိသွားပြီး ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာလေရဲ့။

"အဲဒီတိုက်ပွဲရဲ့အဖြေက တော်တော်စိတ်ပျက်စရာကောင်းခဲ့တာ။" မီးခိုးတွေရှင်းလင်းသွားတဲ့အခါမှာတော့ ကိုင်းတိုက အကောင်းအတိုင်း ကောင်းကင်ပေါ်မှာ ရှိနေသေးပြီး အိခဲဒကတော့ ခန္ဓာကိုယ်တစ်ခြမ်း ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းခံထားရတယ်။ သေတော့ မသေသေးပေမဲ့ပေါ့။

သူရှုံးသွားပြီ။

...

ဟုတ်တယ်၊ ငါ့ရဲ့သောက်ရူးတပည့်လည်း ငါ့ကိုရှုံးသွားတယ်လေ။ အစကတည်းက နိုင်စရာလမ်းမရှိတဲ့တိုက်ပွဲကို သူတိုက်နေခဲ့တာကိုး။

နောက်ဆုံးတိုက်ကွက်နဲ့တောင် ငါ့ကိုမနိုင်တဲ့အခါမှာ ငါ့ကိုဆဲဆိုပြီး တောင်ပေါ်က ဆင်းသွားတော့တာပဲ။ နောက်တော့ ဘာသံမှမကြားတော့ဘူး။ ဖြစ်နိုင်တာက အသက်ကြီးပြီးသေတာပဲနေမှာ။ ဒါမှမဟုတ်လည်း စစ်ဘုရင်တစ်ယောက်ဆိုတော့ တခြားစစ်ဘုရင်တစ်ယောက်ကပဲသတ်လိုက်လား၊ လုပ်ကြံခံရပြီးလို့ပဲသေလား ငါမသိဘူး။

ဒါပေမဲ့အခုငါ့ရှေ့က ယာမာဂုချီမိသားစုကတော့ သူ့ရဲ့ချစ်လှစွာသော နောက်မျိုးဆက်လေးတွေဆိုတာတော့ သေချာပါတယ်။ ဘာလို့ဆိုရင် ငါအပျင်းပြေထွင်ထားတဲ့ ဓားသိုင်းကြီးနဲ့ဆော့ကစားပြနေတာကိုး။

[Note: ဒီမှတ်ဉာဏ်တွေက ကိုင်းတိုဟိုကောင်တွေနဲ့တိုက်မိပြီး ပြုတ်မကျခင် ကမ္ဘာပတ်နေတဲ့မှတ်ဉာဏ်တွေနော်။ ဒီတော့အများကြီးရှေးပိုကျနေတာ။]

All Chapters