တစ်ကမ္ဘာလုံးကို လက်စားချေချင်တဲ့သူ
Vol. 3 Ch. 4
မက်ဒါနာအတွက် ယာမာဂုချီမိသားစုရဲ့သာမန်အဖွဲ့ဝင်တွေက ထည့်တွက်စရာမလိုတော့တဲ့ ပြိုင်ဖက်တွေပါ။
ပြေးဝင်လာကြတဲ့ ဒါဇင်နဲ့ချီတဲ့ ရန်သူတွေကိုရင်ဆိုင်ဖို့ ငွေရောင်စစ်သည်တော်က လက်မောင်းကိုမြှောက်လိုက်ပြီး ဓားပြားကြီးကို ကျောနောက်ပို့ကာအားယူလိုက်ပြီး Void Streamတွေကို အားကုန်နှိုးဆွလိုက်တယ်။
နောက်တော့ လေးညို့ကပစ်လိုက်တဲ့ မြားတစ်စင်းလိုမျိုး ရန်သူဆယ်ရာချီကို တစ်ချက်တည်းနဲ့လေပေါ်မြောက်တက်သွားစေတယ်။ ဒါပေါ့၊ သူအနေနဲ့ ဒီယာကူဇာယောင်ယောင် ယာမာဂုချီအဖွဲ့ဝင်လေးတွေကို အစုလိုက်အပြုံလိုက် သတ်ချင်ရင်သတ်လို့ရတယ်။ ဒါပေမဲ့ သူတို့တွေက ဟီးရိုးတွေဖြစ်ပြီး ဗီလိန်တွေမဟုတ်ပါဘူး။ ဒီတော့ ဓားပြားကြီးနဲ့ပဲ ရိုက်လွှတ်နေတာ။
ရှင်းပြနေတာကြာပေမဲ့ သူဓားသွားကို ရပ်တန့်လိုက်ချိန်မှာ ယာမာဂုချီအကြီးအကဲသုံးယောက်နဲ့သာမန်မိသားစုဝင် တစ်ရာနီးပါးလောက် မြေပေါ်မှာမှောက်နေပါပြီ။ သူ့ဓားပြားကြီးက သူတို့မျက်နှာတွေကို အဓိကထား ရိုက်နှက်ခဲ့တာမလို့ အကုန်လုံးက သူတို့မျက်နှာလေးတွေကို လက်နဲ့အုပ်ထားကြရတယ်။
ခုတော့ စစ်မြေပြင်ပေါ်မှာ ဟာမာကိုနဲ့ မက်ဒါနာတို့နှစ်ယောက်သာ မျက်နှာချင်းဆိုင်လျက်သား ကျန်နေရစ်တယ်။
ဟာမာကိုက အဆိပ်အမျိုးအစား A rank ဖြစ်ပြီး သူ့ဟာနဲ့သူတော့ အစွမ်းထက်ပါတယ်။ ဒါပေမဲ့ တရားလွန်အစွမ်းထက်လွန်းတဲ့ ဓားနတ်ဆိုးနဲ့ယှဥ်ရင် တော်တော်လေး အားနည်းပြီးတော့ အိုက်ဇာဝါတို့အဆင့်လောက်သာ ရှိတော့တာပါ။
လက်ရှိ မက်ဒါနာရဲ့အဆင့်မျိုးနဲ့ဆိုရင် အလွယ်တကူအနိုင်ယူနိုင်ပါတယ်။
ဟာမာကိုရဲ့လက်တစ်ဖက်တစ်ချက်စီမှာ စက္ကူယပ်တောင်တစ်ခုစီကို ကိုင်ထားတယ်။ ဂေးရှားအလှမယ်တွေ ခေါက်ယပ်တောင်ကိုင်တာက ပုံမှန်ပဲဆိုပေမဲ့ ဒီခေါက်ယပ်တောင်တွေမှာ အဆိပ်အပ်ပစ်လွှတ်နိုင်တဲ့ လျှို့ဝှက်ယန္တရားတချို့ပါဝင်ပြီး သူ့ရဲ့မြူတန့်စွမ်းအားနဲ့ ပေါင်းစပ်အသုံးချနိုင်တဲ့ အကူပစ္စည်းပါ။
ဒီလက်နက်နဲ့ ဟာမာကိုက ယာမာဂုချီမိသားစုကို အာခံခဲ့တဲ့လူတော်တော်များများကို သတ်ပစ်ဖူးတယ်။
ဟာမာကိုက သူ့ရဲ့အဆိပ်ဆူးတွေနဲ့ ပစ်လွှတ်တိုက်ခိုက်ပေမဲ့ ငွေရောင်စစ်သည်တော်ရဲ့ကိုယ်ထည်က ဒီလိုလက်နက်မျိုးတွေသက်ရောက်မှုမရှိတော့တာကြာပါပြီ။ ဒါကြောင့် တစ်ချက်နှစ်ချက်တိုက်ပြီးတာနဲ့ ဟာမာကိုအံ့ကြိတ်လိုက်ပြီး သူ့လက်မောင်းသွေးကို ဖောက်ထုတ်လိုက်တယ်။
ချက်ချင်းဆိုသလိုပဲ အဆိပ်ပြင်းပုံရတဲ့မြွေတစ်ကောင်က သူ့ကီမိုနိုအတွင်းကနေ လျှိုထွက်လာပြီး ငွေရောင်စစ်သည်ဝတ်စုံပေါ်ကို ခုန်တက်လာတယ်။ နောက်တော့ ပါးပြင်းထောင်လိုက်ပြီး အစိမ်းရောင်အဆိပ်ငွေ့တွေနဲ့ မှုတ်ထုတ်လိုက်ပါတယ်။
အဆိပ်ငွေ့တွေမှာ အက်စစ်ဓာတ်ပါတာကြောင့် သာမန်သတ္တုတွေသာဆိုရင် ချက်ချင်းအစားခံရပြီး အရည်ပျော်ကုန်မှာပါ။ ဒါပေမဲ့ ငွေရောင်စစ်သည်တော်ရဲ့ဝတ်စုံကတော့ အချိန်တော်တော်ကြာကတည်းက ဒါကိုခုခံနိုင်တဲ့ သတ္တုရည်စိမ်နည်းပညာတွေကို အသုံးပြုခဲ့ပြီးသား။
ဒါကြောင့် ဟာမာကိုမှာ ငွေရောင်စစ်သည်တော်ကို ထိခိုက်အောက်လုပ်နိုင်မယ့် နည်းလမ်းမရှိသလောက်ပဲ။ ဒါကိုစသတိပြုမိချိန်မှာ ဂေးရှားအလှမယ်က လှည့်ပြေးဖို့လုပ်တယ်။
ဒါပေမဲ့ ငွေရောင်စစ်သည်င အလင်းဒြပ်မှုန်တွေကိုထုတ်သုံးပြီး ခြေထောက်က Void Streamတွေကို အားဖြည့်လိုက်တာကြောင့် အမြန်ဦးစားပေး A အဆင့်နီးနီးမြန်သွားတယ်။
အဲဒီနောက် ဟာမာကိုရဲ့နောက်မှာပေါ်လာပြီး ဇက်ပိုးကို လက်ဝါးဇောင်းနဲ့သာသာလေးရိုက်လိုက်တယ်။
"ဖက်...." နောက်တော့ ဂေးရှားအလှမယ်လည်း မြေပေါ်ကို ပျံလျက်သား ကျသွားလေရဲ့။ မက်ဒါနာကတော့ ကောင်းကင်ပေါ်ကို မော့ကြည့်ရင်း ပြောလိုက်တယ်။
"ဒီနေ့၊ နေတော်တော်သာတာပဲ။ တစ်အေးအိပ်ဖို့ အချိန်ကောင်းပဲ။"
တစ်ချိန်တည်းမှာပဲ နောက်ထပ် A rank တချို့ကို Archmeagaထဲမှာရှိနေတဲ့ ဖရာလီတာက သေချာသမလွှတ်လိုက်တယ်။ A rank နှစ်ယောက်က သူ့ကိုပေါင်းတိုက်ကြပေမဲ့လည်း ဖရာလီတာက သူ့ရဲ့ကိုယ်ပိုင် အလင်းဒြပ်မှုန်ဒိုင်းကိုဖွင့်ကာ ဓားချက်တွေကို ခုခံခဲ့ပြီး အကုန်လုံးကို ရှော့တိုက်ပစ်လိုက်ပါတယ်။
အခုတော့ အဆင့်မြင့်မြူတန့်တွေဟာ လျှပ်စစ်ကွန်တိုက်ဖမ်းနည်းနဲ့ အဖမ်းခံထားရတဲ့ငါးတွေလိုမျိုး မြေပေါ်မှာ ထွန့်ထွန့်လူးနေကြတယ်။
"ဟေး... ကျန်တဲ့ကောင်တွေ၊ နင်တို့ဒူးထောက်ပြီး အညံ့ခံမလား။ ဒီသေနတ်တွေနဲ့ အသားစဖြစ်အောင် ပစ်ပေးရမလား။"
ဖရာလီတာက အဆင့်နိမ့်မိသားစုဝင်တစ်အုပ်ကို စက်ရုပ်ညာဖက်လက်နဲ့ ချိန်ရွယ်ရင်း အင်တာကွန်းကနေ ပြောလိုက်တယ်။ အဲဒီညာလက်မှာ စုံလည်စက်သေနတ်ကို တပ်ထားတာဖြစ်ပြီးတော့ ရဟတ်ယာဥ်တွေကိုတောင် ပစ်ချလို့ရနိုင်တဲ့ လက်နက်ကြီးမျိုးပါ။ လူကိုပစ်ရင်တော့ သေချာပေါက်တစ်စစီဖြစ်မှာပဲ။
ဒီတော့ ယာကူဇာတစ်ရာလောက်ဟာ သူတို့လက်နက်တွေကိုချပြီး ဖရာလီတာရှေ့မှာ အသနားခံနေရကြရပြီ။
တစ်ချိန်တည်းမှာပဲ အခြားတစ်ဖက်မှာတော့ ဥစာကီက သူ့ဓားအိမ်ထဲက ဓားကိုထုတ်ပြီး ကျန်တဲ့ A rank မြူတန့်တွေနဲ့ ခေါင်းဆောင်သုံးယောက်ကို ရင်ဆိုင်လိုက်တယ်။
S rank ပီသစွာပဲ သူ့ဓားကို ဓားအိမ်ကနေ ဆွဲထုတ်တာနဲ့ ပတ်ပတ်လည်မှာ မင်နက်နဲ့ရေးထွင်းထားသလိုမျိုး မီးတောက်နက်တွေက ထွက်ပေါ်လာပြီး ဆယ်မီတာဝန်းကျင်အတွင်း ဘာမြူတန့်စွမ်းအားမှထုတ်သုံးလို့မရအောင် ကန့်သတ်ထားလိုက်တယ်။
ချိပ်ပိတ်တာလိုမျိုး ပြန်မဖြေပေးမချင်း၊ ဒါမှမဟုတ် ရုန်းမထွက်နိုင်မခြင်း စွမ်းအားသုံးလို့မရတာမျိုးမဟုတ်ပေမဲ့ သာမန်မြူတန့်တွေအတွက်ကတော့ အိပ်မက်ဆိုးတစ်ခုပါ။ ပုံမှန်မြူတန့်တွေက သူတို့စွမ်းအားတွေ ပျောက်ဆုံးသွားကြရင် တိုက်ခိုက်မယ့်နည်းလမ်း မရှိကြတော့ပါဘူး။ သိုင်းပညာလေ့ကျင့်ထားတဲ့ မြူတန့်တွေမဟုတ်ရင်ပေါ့။
ယာမာဂုချီမိသားစုပီသစွာပဲ ခေါင်းဆောင်သုံးဦးလုံးက ဓားပညာမှာထူးချွန်ကြသူတွေပါ။ ဒါကြောင့်စွမ်းအားမရှိတော့ရင်တောင် ဆက်တိုက်နိုင်သေးပေမဲ့ ဥစာကီအတွက်တော့ ဘက်မဟုတ်ကြပါဘူး။ ဒါကြောင့် နောက်ဓားတစ်ချက်မှာတင် သူတို့လက်ထဲက ဓားတွေအကုန်လုံးကို ဥစာကီက ထက်ပိုင်းချိုးပစ်လိုက်ပြီး အားလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ စွမ်းအားသုံးမရအောင်လို့ ဓားနဲ့သူတို့ရင်ဘတ်မှာ 'ပိတ်ပင်ခြင်း'ဆိုတဲ့ စာလုံးတစ်လုံးစီကို ရေးပေးလိုက်တယ်။ ဒါက နှလုံးသားကို ဓားနဲ့ထိုးပြီး ထာဝရချိပ်ပိတ်တာမျိုးမဟုတ်လို့ အချိန်တန်ရင်ပြန်ပြယ်မှာဆိုပေမဲ့ တော်တော်အစွမ်းထက်ပြီး စွမ်းအားမြင့် မြူတန့်တွေကို ရင်ဆိုင်ရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။
သိပ်မကြာခင်မှာပဲ ကိုင်းတိုက အိခဲဒကို ဂုတ်ကနေဆွဲပြီး ခြံဝင်းထဲကို ပြန်ဆင်းသက်လာတယ်။ အိခဲဒက သတိမေ့မျောနေပြီဖြစ်လို့ သူ့မိသားစုဟာ ခဏလေးအတွင်း ရှုံးနိမ့်သွားမှန်းကို မသိလိုက်ရပါဘူး။
ပြောရရင် အစကနေအဆုံးအထိ သူတို့တိုက်ပွဲက သုံးမိနစ်တောင်မပြည့်ဘူး။ မက်ဒါနာတို့အသင်းရဲ့အင်အားက နိုင်ငံတစ်ခုရဲ့စူပါမိသားစုကြီးကို ခဏအတွင်း ဖြုတ်ချပစ်နိုင်တဲ့ အဆင့်မျိုးမှာပါ။
"အခုဆိုရင် အခင်းနေရာတစ်ခုလုံးကို ထိန်းသိမ်းပြီးပြီ။ တာဝန်ရှိသူတွေကိုခေါ်ပြီး အသေးစိတ်စစ်ချက်ယူဖို့ပဲ ကျန်တော့တယ်။"
ဓားကို ဓားအိမ်ထဲသွင်းပြီးပြီဖြစ်တဲ့ ဥစာကီက သက်ပြင်းချလိုက်ရင်း ပြုံးလိုက်တယ်။ သူ့မျက်နှာကတော့ ထူးဆန်းစွာနဲ့ ပြုံးယောင်သန်းနေတယ်။ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ခါချလိုက်ရသလိုပဲ။
တကယ်လို့ ယာမာဂုချီမိသားစုရဲ့အချုပ်အနှောင်သာ မရှိတော့ရင် သူ့အနေနဲ့ တရားမျှတမှုအတွက် စိတ်ရှင်းစွာနဲ့ ဟီးရိုးလုပ်လို့ရတော့မှာပါ။
အာကိုင်းဂါမီကလည်း ဥစာကီကိုကြည့်လိုက်ပြီး အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြပါတယ်။ မိရိုင်လေးကတော့ အဖေဖြစ်သူကို ဘာမှမခံစားရလေဟန်နဲ့ စိုက်ကြည့်နေခဲ့ပါတယ်။
တကယ်တော့ ပထမဓားသခင်က သူ့ရဲ့သိပ္ပံနည်းအရ ဖခင်ဖြစ်ပေမဲ့ ဖခင်တစ်ယောက်လို နွေးထွေးမှုမျိုး မပေးခဲ့ပါဘူး။ စင်စစ်မှာ သူတို့ညီအစ်မနှစ်ယောက်လုံးကို လက်နက်တွေလိုမျိုး ဆက်ဆံခဲ့တာ။ ဥစာကီကတော့ ပြောင်မြောက်တဲ့လက်နက်ဖြစ်ပြီး မိရိုင်ကိုတော့ ပျက်စီးနေတဲ့ လက်နက်တစ်ခုအနေနဲ့ပေါ့။
ဒါကြောင့် သူကအဖေဖြစ်နေပေမဲ့ ရင်ထဲမှာတော့ ဘာမှခံစားမနေရပြန်ဘူး။ ပြီးတော့ အမေဖြစ်သူကို အထီးကျန်ပြီး သေဆုံးတဲ့အထိ ပစ်ထားခဲ့တာကလည်း ပထမဓားသခင်ပဲလေ။
ကြင်နာတတ်တဲ့ မိရိုင်လေးက သူ့အဖေကိုမချစ်ပေမဲ့ မမုန်းခဲ့ပါဘူး။ ဒါပေမဲ့ နွေးထွေးမှုတစ်ခုကိုတော့ တောင်းတနေမိဆဲပဲ။ ပထမဓားသခင်က ကလေးမလေးကို မော့ကြည့်လိုက်တယ်။ သူ့စိတ်နှလုံးထဲမှာတော့ ရှုပ်ထွေးခြင်းများစွာနဲ့။
"ဖေဖေ..." ရုတ်တရက် ကောင်မလေးက ပြေးထွက်လာပြီး အဖမ်းခံထားရတဲ့ ပထမဓားသခင်ရဲ့မျက်နှာကို နူးညံ့တဲ့သူ့လက်ကလေးတွေနဲ့ ပြေးဖက်လိုက်တယ်။
ကိုင်းတိုကတော့ အဲဒီမြင်ကွင်းကို မှင်သေသေနဲ့ပဲ ကြည့်နေခဲ့တယ်။ ဒါပေမဲ့ သူသေချာတွေးမိပြီးတဲ့နောက်မှာ ပြုံးယောင်သန်းသွားပြီး သူ့ရင်ဘတ်နေရာကို ဖိကိုင်မိလိုက်တယ်။
"အခုက နှလုံးသားချင်း စကားပြောရမယ့်အချိန်မလား။"
ယာမာဂုချီမိသားစုကနေ ထွက်ပြေးလာပြီးတဲ့နောက် ဒါဟာမိရိုင်အနေနဲ့ အဖေဖြစ်သူနဲ့ပထမဆုံး ကောင်းကောင်းစကားပြောခွင့်ရတဲ့ အခိုက်အတန့်ဖြစ်မယ်ဆိုတာ ပြောစရာမလိုဘူး။
"ဆရာက သမီးနဲ့သမီးအမေကို ဖေဖေ့ဆီကနေ တမင်ခေါ်ထုတ်သွားတာမဟုတ်ပါဘူး၊ သမီးက သမီးဘာသာ မမလိုမျိုး ဟီးရိုးတစ်ယောက်ဖြစ်ချင်လို့ အိမ်ကနေ ထွက်ပြေးလာခဲ့တာပါ။ ဒါကြောင့် သူတို့ကို အပြစ်မတင်ပါနဲ့တော့။"
"မေမေကလည်း နေမကောင်းဖြစ်ပြီးတော့ ဆုံးသွားတာမလို့ ကျေးဇူးပြုပြီးတော့ ဆရာ့ကိုအပြစ်မတင်ပါနဲ့တော့။"
ကိုင်းတိုကတော့ ပထမဓားသခင်ရဲ့မျက်လုံးတွေထဲကို ကြည့်လိုက်တယ်။ အခုအချိန်ထိတောင် ဒီလူက နောင်တရဦးမယ့်ပုံမပေါ်ဘူး။ မိရိုင်လေးက သူ့အတွက်တောင်းပန်နေသေးပေမဲ့ ပထမဓားသခင်က ကိုင်းတိုကို ရန်သူတစ်ယောက်လိုမျိုး မြင်နေဆဲပါ။
ကိုင်းတိုက သူ့ခါးကိုကိုင်းလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။
"မင်းသေချာစဥ်းစားမကြည့်ခဲ့ဘူးလား၊ မင်းက မင်းသမီးကို ငါခေါ်သွားတယ်လို့ပဲ တွေးနေခဲ့တာ။ ဒါပေမဲ့ မင်းသမီးက ဘာကြောင့်မင်းဆီကနေ ထွက်ပြေးသွားရတာလဲရော စဥ်းစားကြည့်ရဲ့လား။"
ပထမဓားသခင်က ကိုင်းတိုကို အူကြောင်ကြောင်နဲ့ မော့ကြည့်လိုက်တယ်။ ကိုင်းတိုကတော့ ဒီလိုမျိုးရှင်းပြနေရတာကို သိပ်သဘောမကျဘူး။
"မင်းက အဖေတစ်ယောက်အနေနဲ့ တော်တော်ကိုအသုံးမကျပြီး တုံးအလွန်းတယ်။ မင်းသမီးဘာလိုချင်လဲဆိုတာရော မွေးကတည်းက တွေးပေးခဲ့ဖူးလား။ တစ်ယောက်ယောက်ကို အမှိုက်လိုဆက်ဆံပြီးမှ သူမင်းဆီပြန်လာမယ်လို့ မျှော်လင့်လို့မရနိုင်ဘူးလေ။ လောကကြီးရဲ့စည်းမျဥ်းက ရိုးရှင်းတယ်၊ ကိုယ်စိုက်ပျိုးထားသမျှကို ပြန်ရိတ်သိမ်းရမှာပဲ။ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ပြန်သုံးသပ်ကြည့်လိုက်ဦး။"
ကိုင်းတိုရဲ့စကားအဆုံးမှာတော့ ပထမဓားသခင်ရဲ့နှလုံးသားထဲမှာ ဆယ်တစ်ခုကျိုးပဲ့ကျသွားသလိုမျိုး ခံစားလိုက်ရပြီး မိရိုင်ရဲ့ကျောကို သူ့လက်နဲ့ပုတ်ပေးမိတယ်။ နောက်တော့ ယောက်ျားအရင့်အမာကြီးဖြစ်ပေမဲ့ မျက်လုံးကနေ မျက်ရည်တွေစီးကျလာလေရဲ့။
ဘုန်း...။
ဒါပေမဲ့ သူတို့အားလုံးပြီးဆုံးသွားပြီလို့ ထင်နေတဲ့အချိန်မှာပဲ ယာမာဂုချီမိသားစုခြံဝင်းရဲ့တစ်နေရာကနေ ပေါက်ကွဲသံထွက်ပေါ်လာပါတယ်။ ပေါက်ကွဲမှုက ပြင်းထန်လွန်းလို့ လူတိုင်းနားတွေထူပူသွားပြီး ကြီးမားတဲ့ လေပြင်းတစ်ခုကလည်း သူတို့ကိုဝေ့တိုက်ခတ်သွားတယ်။
ခဏနေတော့ အစည်းအဝေးကျင်းပနေခဲ့တဲ့ ပင်မခန်းမဆောင်ထဲကို အပြင်မှာကျန်နေခဲ့တဲ့ အစောင့်တွေထဲကတစ်ယောက်က ပြေးဝင်လာပြီး အော်ဟစ်အသိပေးလိုက်တယ်။
"အကြီးအကဲတို့... မကောင်းတော့ဘူး... ဘိုးဘေးခန်းမက..." ဒါပေမဲ့ အစောင့်က စကားမဆုံးသေးခင်မှာပဲ ခန်းမဆောင်မှာ သူတို့အကြီးအကဲတွေအဖမ်းခံထားရတာ တွေ့သွားပြီး နှုတ်ဆက်သွားတယ်။
"သွားကြည့်ကြတာပေါ့..." ကိုင်းတိုက ပြောလိုက်ပြီး ကောင်းကင်ပေါ် ပျံတက်လိုက်တယ်။ ဥစာကီလည်း မြေပြင်နဲ့ ခြေဆောင့်ကန်လိုက်ပြီး ခြံတံတိုင်းတစ်ခုပေါ် ခုန်တက်လိုက်ပါတယ်။ မက်ဒါနာလည်း သူ့ခြေထောက်ကို ကွေးပြီးတော့ ခုန်တက်ကာ နောက်ကနေ လိုက်သွားတာပေါ့။
"ဟေး...ဟေး... ငါ့ကိုလည်းစောင့်ကြဦးလေ။" Archmegaထဲမှာ ရှိနေတဲ့ ဖရာလီတာကလည်း အပြင်ကို အင်တာကွန်းနဲ့အော်ဟစ်လိုက်ရင်း အတောင်တွေကိုဖြန့်ကာ ဂျက်အင်ဂျင်ကို စနှိုးလိုက်တယ်။
သိပ်မကြာခင် စက္ကန့်ပိုင်းအတွင်းမှာပဲ သူတို့အုပ်စုက ယာမာဂုချီမိသားစုရဲ့ဘိုးဘေးခန်းမဆောင်ဆီကို ရောက်ရှိသွားကြတယ်။ ဒါပေမဲ့ ဘိုးဘေးခန်းမက ရှိမနေတော့ပါဘူး။ အဲဒီနေရာမှာ အောက်ခြေကိုမမြင်ရတဲ့ တွင်းနက်ကြီးတစ်ခုကိုပဲ တွေ့ရတော့တယ်။ အနီးအနားက ခြံစည်းရိုးတစ်နေရာမှာတော့ Dr.Mist က သူတို့တွေအားလုံးကို လက်ပြနှုတ်ဆက်နေတယ်။
"အာရုံနောက်စရာကောင်းတဲ့ ဆာမူရိုင်းအဖိုးကြီးကို ငါ့အစားကူရှင်းပေးတဲ့အတွက် ကျေးဇူးပဲနော်၊ အခုတော့ သွားလိုက်ဦးမယ်။" ဒေါက်တာမြူက သူ့လက်ထဲက ပုံမှန်ထက်ကြီးတဲ့ သလင်းကျောက်တုံးကို ဟန်ထုတ်ပြရင်း သူတို့ကိုကျောပေးလိုက်တယ်။
ဘုန်း....။
ရုတ်တရက် ဧရာမမီးလက်ကြီးတစ်ဖက်က လေထုကို ဖြတ်သန်းလာပြီး ဒေါက်တာမြူကိုဖမ်းဆုပ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ လက်ကြီးက ဒေါက်တာမြူကို ထိလိုက်တာနဲ့ ချက်ချင်းပဲ မြူခိုးတွေအဖြစ်ကို ပြောင်းလဲပျောက်ကွယ်သွားလေရဲ့။
"ကျစ်..." ကိုင်းတိုက လျှာကိုဖိကိုက်လိုက်တယ်။ မလောက်လေးမလောက်စားကောင်တစ်ကောင်က သူတို့အားလုံးကို လှည့်စားသွားပြီမဟုတ်လား။
"SilverKnight... ငါတို့သူ့နောက်ကိုလိုက်ရအောင်..." ဖရာလီတာက ပြောပြောဆိုဆိုနဲ့ ရှေ့တက်ဖို့လုပ်ပေမဲ့ ဥစာကီက လက်ကာပြပြီးပြောလိုက်တယ်။
"အချည်းအနှီးပဲ၊ သူငါတို့ရှေ့မှာ ပေါ်လာကတည်းကငါတို့ကို ခဏအချိန်ဆွဲဖို့ ပုံရိပ်ယောင်တွေနဲ့ လှည့်စားသွားတာ။ အခုတော်တော်ဝေးဝေးကို ရောက်သွားလောက်ပြီ။" ဒေါက်တာမြူလိုမျိုး သတိကြီးတဲ့လူအတွက် သူတို့ရောက်လာတဲ့အထိ ထိုင်စောင့်နေမှာမဟုတ်တာတော့ သေချာပါတယ်။ ကျိန်းသေပေါက် လှည့်စားချင်လို့ကိုလုပ်တာ။
"ဒီတော့ ယာမာဂုချီမိသားစုရဲ့အဓိကစွမ်းအင်အရင်းအမြစ်က အကြီးစားသလင်းကျောက်တွေပေါ့။" ဆုဗာနာမှာကတည်းက အကြီးစားသလင်းကျောက်ကို မြင်ဖူးထားတဲ့ မက်ဒါနာက မှတ်ချက်ပေးလိုက်တယ်။
ပြောရရင် ဒီအကြီးစားကျောက်တုံးက ဆုဗာနာက ကျောက်တုံးနဲ့ယှဥ်ရင် ဆယ်ပုံပုံတစ်ပုံလောက်ပဲရှိတာ။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့ ဓားစိတ်ဆန္ဒဖိအားကတော့ တော်ရုံမြူတန့်တွေ အနားမကပ်နိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။
"လွန်ခဲ့တဲ့နှစ်ငါးဆယ် ယာမာဂုချီမိသားစုရှာတွေ့ခဲ့တဲ့ အမည်မဲ့ကျွန်းပေါ်က သလင်းကျောက်က တခြားသလင်းကျောက်တွေထက် ပိုစွမ်းအားကြီးတယ်။ ဘိုးဘေးက အပြည့်အဝမစုပ်ယူခဲ့တာတောင်မှ မျိုးရိုးစဥ်ဆက် စွမ်းအားကြီးတဲ့မြူတန့်စွမ်းအားကို ပိုင်ဆိုင်ခဲ့တယ်။ အခုလက်ကျန်သလင်းကျောက်က နောက်မျိုးဆက်တွေအတွက်နဲ့ ရှိနေပြီးသားမိသားစုဝင်တွေ အဆင့်တက်နိုင်ဖို့ထားထားတာ။ ဒါပေမဲ့ ကျွန်မတို့လှုပ်ရှားနေတုန်း နောက်တန်းမီးလောင်လိမ့်မယ်လို့ ထင်မထားမိဘူး။" ဥစာကီက ရှင်းပြလိုက်တယ်။
"ဒါပေမဲ့... အစောင့်တွေမထားထားဘူးလား...." မက်ဒါနာမေးလိုက်တော့ ဥစာကီက လှည့်ကြည့်ပြီးပြန်ဖြေတယ်။
"ကျွန်မရဲ့အဖိုးက အဲဒီသလင်းကျောက်ကိုစောင့်ရှောက်သူပဲ။ ကျွန်မတို့ကိုရင်ဆိုင်ဖို့ သူထွက်လာတော့ ဒေါက်တာမြူအတွက် အခွင့်ကောင်းဖြစ်သွားတယ်။ တခြားအစောင့်တွေရှိပေမဲ့ ဒေါက်တာမြူလို ဉာဏ်များတဲ့လူအတွက်တော့ သိပ်အသုံးမဝင်ဘူး။"
ဒီစကားကိုကြားတော့ ဖရာလီတာလည်း ဝတ်စုံထဲကနေပြီး သက်ပြင်းချလိုက်တယ်။
"ဟား... မြူတန့်သိပ္ပံအဖွဲ့အစည်းက မဟာသလင်းကျောက်တွေကို နဂိုကတည်းကမှ လိုချင်နေတာ။ အခုတော့ ငါတို့တွေက အလကားပေးလိုက်သလိုကို ဖြစ်သွားတော့တာပဲ။ ကြည့်ရတာ သူတို့တွေပိုပြီး စွမ်းအားကြီးလာဦးမယ်ထင်တယ်။"
"ဟုတ််တယ်၊ ကျွန်မတို့တွေ ကျန်တဲ့မိသားစုဝင်တွေဆီကနေ တတိယမြောက်စမ်းသပ်ခန်း ရှိတဲ့နေရာကို ထုတ်ပြောခိုင်းမှာဖြစ်တော့မယ်။" ဥစာကီက ပြောလိုက်ပေမဲ့ အာကိုင်းဂါမီကတော့ သိပ်အကောင်းမမြင်ဘူး။
"ယာမာဂုချီမိသာစုကို ငါတို့ထိန်းချုပ်နိုင်သွားမှန်း သူတို့သိသွားပြီ၊ ဒီတော့ တတိယစခန်းကနေ လူမသိတဲ့ တစ်နေရာရာကို အမြန်ဆုံးရွှေ့မှာပဲ သိပ်တော့အသုံးဝင်မယ်မထင်ဘူး။"
ဘာပဲပြောပြော မြူတန့်သိပ္ပံအဖွဲ့အစည်းက The Great 47 ခေတ်ကတည်းက လှုပ်ရှားနေတာဖြစ်ပြီး ဝါရင့်နေပြီဖြစ်တဲ့ အဖွဲ့အစည်းတစ်ခုပါ။ လူတိုင်းလိုလိုက သူတို့ကိုအမြစ်ဖြတ်နိုင်တော့မယ်လို့ ထင်လိုက်တဲ့အခါတိုင်းမှာ မျှော်မှန်းထားတာတွေနဲ့ပြောင်းပြန်ဖြစ်အောင်လုပ်ပြီး ဆက်လက်ရှင်သန်နေနိုင်တဲ့ အုပ်စုမျိုးမဟုတ်လား။
ယာမာဂုချီမိသားစုမှာ ဘာမှလုပ်စရာမရှိတော့တဲ့နောက်တော့ မက်ဒါနာတို့တွေက ဟိုတယ်ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဥစာကီက သူတို့ကိုစံအိမ်မှာနေဖို့နဲ့ အကောင်းဆုံးဧည့်ခံမယ်လို့ ပြောခဲ့ပေမဲ့လည်း ကိုယ်သောင်းကျန်းခဲ့တဲ့အိမ်မှာ ဆက်နေတာတာက မသင့်တော်ဘူးလို့ ခံစားရတဲ့အတွက်ကြောင့် နဂိုတည်းနေတဲ့နေရာကိုပဲ ပြန်လာခဲ့တာ။ အာကိုင်းဂါမီတို့အုပ်စုကတော့ ဘုရားကျောင်းပြိုသွားလို့ နေစရာမရှိတော့ဘဲ ယာမာဂုချီမိသားစုမှာ သောင်တင်ကျန်ရစ်ခဲ့ပေမဲ့ပေါ့။
ယာမာဂုချီမိသားစုဝင်တွေကိုတော့ ဟီးရိုးအစည်းအရုံးနဲ့ဂျပန်မြူတန့်ဌာနစိတ်တို့ ရောက်ရှိလာပြီးတော့ စစ်ဆေးဖို့ခေါ်သွားကြပါပြီ။ သူတို့ကိုမြူတန့်ထောင်မပို့ခင် တရားရင်ဆိုင်ရဦးမှာပါ။
ယာမာဂုချီမိသားစုတစ်ခုလုံးကို ဖမ်းဆီးတဲ့သတင်းက ဂျပန်မှာမုန်တိုင်းထန်သွားစေတာတော့ အမှန်ပါပဲ။ ဒီလိုဖြစ်ရပ်မျိုးမဖြစ်ခဲ့တာကလည်း တော်တော်ကြာခဲ့ပါပြီ။ ပါရီမြို့ရဲ့အာ့ခ်မိသားစုပြီးနောက်မှာ မိသားစုဝင်အချင်းချင်း ပြန်လည်ဖမ်းဆီးရတဲ့အထိ အခြေအနေဆိုးခဲ့တဲ့ ဟီးရိုးအဂတိမှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။
မက်ဒါနာကတော့လား။
ကိစ္စတွေအားလုံး ရှင်းလင်းပြီးညနေမှာတော့ မက်ဒါနာက သဘက်လေးကို ပခုံးတင်ပြီး ရေချိုးခန်းထဲကို ဖြည်းဖြည်းချင်းဝင်သွားတယ်။ ဝတ်ထားတဲ့ ဇာနက်ပင်တီလေးနဲ့ဘရာကို ရေချိုးခန်းအပြင်တန်းမှာ ချိပ်ထားရင်းနဲ့ပေါ့ ကံကောင်းစွာနဲ့ သူတို့တည်းတဲ့ဟိုတယ်က မြူတန့်တွေသောင်းကျန်းတဲ့ကိစ္စမှာ သိပ်ပြီးဆိုးဆိုးဝါးဝါး ထိခိုက်မသွားဘူး။
ရေချိုးခန်းဇလုံထဲ ရေဖြည့်ဆပ်ပြာထည့်လိုက်ပြီးတဲ့နောက် မက်ဒါနာက အထဲဝင်ထိုင်လိုက်တယ်။ အဖြူရောင်ဆပ်ပြာမှုတ်လေးတွေက သူ့ခန္ဓာကိုယ်ကို အပြည့်အဝ ဝါးမျိုသွားပြီးနောက်တော့ ဇိမ်ကျစွာနဲ့ သက်ပြင်းချမိလိုက်တယ်။
"ပင်ပန်းလိုက်တာ... ခုမှပဲအညောင်းအညာပြေသွားတော့တယ်။"
တစ်နေကုန် ဝတ်စုံထဲဝင်ပြီးလှုပ်ရှားနေရတာဟာ မိန်းကလေးတစ်ယောက်အတွက် တကယ့်ကိုမသင့်တော်တဲ့ ဘဝမျိုးပဲ။ အထဲမှာအအေးပေးစနစ်ပါပေမဲ့ လှုပ်ရှားရလွန်းတော့ တစ်ကိုယ်လုံးချွေးတွေနဲ့စေးကပ်နေပြီ။
ခုလိုမျိုးရေပူရေနွေးစပ်ထားတဲ့ ရေချိုးဇလုံထဲစိမ်လိုက်မှ အကြောအချင်တွေပြေသွားတော့တယ်။ အားရအောင် ရေချိုးဇလုံထဲစိမ်ပြီးနောက်မှာတော့ အထဲကနေထွက်ပြီး မက်ဒါနာက ကိုယ်ပေါ်ကဆပ်ပြာတွေစင်ကြယ်သွားအောင် ရေပန်းနဲ့ရေဆေးချလိုက်တယ်။ နောက်တော့ သဘက်လေးကို တန်းကနေဖြုတ်ပြီး ကိုယ်မှာပတ်လိုက်တာပေါ့။
ဒါမှတင်ဖြူဖြူရင်ဖြူဖြူလေးတွေကို သူများမြင်မသွားမှာလေ။ ဒါပေမဲ့ ရေချိုးပြီးရင် ဟိုတယ်ပင်မင်းဆိုင်ပို့ဖို့ တန်းမှာလှန်းထားတဲ့ အတွင်းခံလေးတွေဆီ လက်လှမ်းလိုက်တော့ ဘာဆိုဘာမှရှိမနေတော့ဘူး။
"ဘယ်သူ ငါ့ဇာနက်လေးတွေကို ခိုးသွားတာလဲ။" မကြာခင်မှာပဲ ရေချိုးခန်းထဲကနေ ဟိုတယ်တစ်ထပ်လုံးကြားနိုင်လောက်တဲ့ မက်ဒါနာရဲ့အော်သံကျယ်ကြီး ထွက်ပေါ်လာပါလေရောလား။
၂။
မိန်းကလေးတစ်ယောက်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေလောက် အရေးကြီးပြီး အဖိုးတန်တာ ဘာရှိသေးလို့လဲ။ အထူးသဖြင့် မက်ဒါနာလို မိန်းမလှလေးတစ်ယောက်ရဲ့ဇာနက်လေးတွေက ကြယ်ငါးပွင့်အဆင့်အထိ အရေးကြီးတယ်။
မတော်လို့ ဝိသမလောဘသားတစ်ယောက် ရသွားပြီး လေလံတင်ရောင်းပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ 'အားလုံးပဲ၊ ဒါတွေက ငါခိုးလာတဲ့ ဆုဗာနာမင်းသမီးလေးရဲ့အဖိုးတန်ပစ္စည်းလေးတွေပါ။ ကြမ်းခင်းစျေးက ဒေါ်လာတစ်သန်း၊ တစ်ခါတိုးရင် အနည်းဆုံး ဒေါ်လာငါးထောင်တိုးရမယ်။ ငှီးငှီးငှီး...' ရုတ်တရက်ကြီး အမည်မသိနှာဘူးကောင်တစ်ကောင်ရဲ့အသံကိုတောင် ကြားယောင်မိလာသလိုလို။
ရုတ်တရက် မက်ဒါနာလေးက တစ်ခုခုကိုပြန်သတိရမိသွားပြီး ခေါင်းလေးကို စောင်းငဲ့လိုက်တယ်။ ဒါကြောင့် ရှန်ပူကောင်းကောင်းနဲ့လျှော်ထားလို့ ပိုးသားလေးလိုနူးအိနေတဲ့ ဆံပင်ဖြူလေးတွေလည်း သူ့ညာဖက်ပခုံးပေါ် ဖြာဆင်းကျလာတယ်။
မိန်းကလေးဖြစ်လာတာ ၃လ ကျော်ပြီမလို့ သူ့ဆံပင်တွေက နည်းနည်းပိုပြီးရှည်လာနေပြီ။ အရင်က ဂုတ်ဝဲလေးပဲဆိုပေမဲ့ အခုတော့ လည်ပင်းနားကိုကျော်နေပြီဖြစ်ပြီး ဂုတ်ပေါ်ကနေ ဆံပင်တချို့က ကျောစပ်နားအထိ ကျနေတတ်တယ်။ မနေ့ကတည်းက နဖူးကဆံစတချို့ မျက်လုံးကိုလာကွယ်နေလို့ ကပ်ကြေးနဲ့ညှပ်ချင်နေတာ။ ဆံပင်ရှည်လာရင် ဝတ်စုံထဲနေရတာ တအားစိတ်ပျက်ဖို့ကောင်းတယ်။
"တွေးကြည့်ခါမှ၊ တိုကျိုကိုလာတဲ့ခရီးမှာလည်း ငါ့အဖိုးတန်လေးတွေ ပျောက်သွားသေးတယ်မဟုတ်လား။" သူတို့လေယာဥ်နဲ့ခရီးသွားနေတုန်းကလည်း အဖြူရောင်ပင်တီလေးတချို့ ပျောက်သွားသေးတယ်။ ဒါပေမဲ့ ဝတ်စုံကိုအဆင့်မြှင့်နေတာဆိုတော့ သိပ်အာရုံမစိုက်မိဘူးလေ။ အသုံးမကျတဲ့အေမီတစ်ယောက် အထားမှားတယ်လို့ပဲ တွေးမိခဲ့တာ။
တကယ်တော့ ယောက်ျားလေးစိတ်မပျောက်သေးတဲ့ မက်ဒါနာက အနေအထိုင်တော်တော်စည်းကမ်းမဲ့တယ်။ ယောက်ျားလေးတွေ ဝတ်ပြီးသားအဝတ်တွေကို ဟိုဟိုဒီဒီပုံထားတတ်တဲ့အတိုင်းပဲ သူလည်းလုပ်တတ်တယ်။ အဆောင်မှာတုန်းကတော့ အေမီက အော်ကြီးဟစ်ကျယ်နဲ့ လိုက်ကောက်သိမ်းနေကျ။
"မမလေးကတော့ခက်ပြီ၊ မတော်လို့ နှာဘူးတစ်ယောက်ရသွားပြီး လိုင်းပေါ်တင်ရောင်းလိုက်ရင် မခက်ချေဘူးလား။" စင်စစ်နယူးယောက်မှာက အဲဒီလိုမကောင်းတဲ့နှာဘူးမျိုးက မရှားဘူး။ အနီးစပ်ဆုံး 'မြင်ကွင်းကောင်းလေးတွေ မျှဝေမယ့်ဗီလိန်ကြီး'ကိုပဲကြည့်။ အရင်တလောက မော်ဒယ်မမတစ်ယောက်ရဲ့ဘရာကို ရအောင်ခိုးပြီးတော့ ကင်မရာမော်ဒယ်သစ်အတွက်ဆိုပြီး လိုင်းပေါ်တင်ရောင်းလိုက်သေးတယ်။
အဲဒီကတည်းက အေမီတစ်ယောက် မက်ဒါနာကို အဖိုးတန်လေးတွေ လိုင်းပေါ်တင်ရောင်းခံရမယ်ဆိုပြီး ခြောက်ထားတာမလို့ နည်းနည်းစည်းစနစ်ကျနေတာ။ ဒါပေမဲ့ ခုတော့ တကယ်ပျောက်သွားပြီလေ။
ရုတ်တရက် မြင့်မားလာတဲ့ စိတ်ပူပန်မှုတွေကြောင့် မက်ဒါနာလေးရဲ့စဥ်းစားဉာဏ်က အလုပ်မလုပ်တော့ဘူး။ ချက်ချင်းဆိုသလိုပဲ မျက်နှာကြီးနီမြန်းလာပြီး နားထဲက အငွေ့တွေပါအူထွက်လာတော့တယ်။
"အေမီ... အေမီရေ... ငါတော့ပြဿနာတက်ပြီ။" အဲဒီနောက်တော့ မက်ဒါနာတစ်ယောက် တီရှပ်အင်္ကျီတစ်ထည်နဲ့ လွယ်လွယ်ကူကူဝတ်လို့ရတဲ့ ညဝတ်ဘောင်းဘီကို ကောက်စွပ်ပြီး အခန်းထဲက ပြေးထွက်လာတယ်။ အတွင်းခံတွေတောင် ဝတ်ဖို့အာရုံမရလိုက်ရှာဘူး။
အပြင်ရောက်တာနဲ့ မက်ဒါနာက မျက်နှာချင်းဆိုင်ကအခန်းတံခါးကို ခေါက်လိုက်တယ်။
အခုအေမီက သူတို့နဲ့မျက်နှာချင်းဆိုင်အခန်းမှာ နေနေတာ။ ဘာကြောင့်မှန်းမသိပေမဲ့ ဖရာလီတာနဲ့အတူနေဖို့ သဘောတူပြီးနောက်မှာတော့ ဒီဟိုတယ်ရဲ့ပြည့်ကျပ်နေပါတယ်ဆိုတဲ့ အခန်းတွေက ပြန်အားလပ်ကုန်တယ်။ ဒါကြောင့် အေမီတစ်ယောက် စတိုခန်းထဲမှာ ဝင်အိပ်နေစရာမလိုဘူး။
မကြာပါဘူး၊ အေမီတစ်ယောက် အထဲကနေ တံခါးဖွင့်လိုက်ပြီး မက်ဒါနာကို စီးကြိုလိုက်တယ်။
"မင်္ဂလာညနေခင်းပါ၊ မမလေး။ ဘာများအလိုရှိပါသလဲ။" အေမီက အတတ်နိုင်ဆုံး အလှဆုံးပြုံးထားတယ်။ ဒါပေမဲ့ နည်းနည်းတော့ သူ့အပြုံးကြီးက သိပ်သဘာဝမကျသလိုပဲ။ ဖြစ်နိုင်တာက သူ့ကိုဒီရက်ပိုင်းပစ်ထားမိလို့ စိတ်ကောက်နေတာများလား။
မက်ဒါနာတစ်ယောက် အေမီရဲ့လက်ကလေးနှစ်ဖက်ကို သူ့လက်လေးတွေနဲ့ကိုင်လိုက်ပြီး စိုးရိမ်တကြီးပြောလိုက်တယ်။ စိုးရိမ်လွန်းလို့လားမသိပေမဲ့ သူ့ခန္ဓာကိုယ်က အေမီနဲ့ထိမိလုနီးပါးဖြစ်နေပြီး မျက်နှာချင်းတောင် ထိတော့မယ်။
"အေ... အေမီ... ငါ... ငါရေချိုးခန်းထဲကထွက်လာတော့ လှန်းထားတဲ့ အဖိုးတန်လေးတွေပျောက်သွားတယ်။ လိုင်းပေါ်တင်ရောင်းခံရပြီလားမသိဘူး။"
ဒါပေမဲ့ အေမီခင်ဗျာမှာတော့ မက်ဒါနာပြောတဲ့စကားတွေဆီကို အာရုံမရောက်နိုင်ရှာဘူး။ မက်ဒါနာနဲ့လက်ချင်းထိထားတဲ့ အထိအတွေ့ကြောင့် သူ့ခန္ဓာကိုယ်ထဲက နှလုံးသားလေး (မော်တာကိုပြောတာ) အခုန်မြန်လာပြီး သွေးလှည့်ပတ်မှုက မြန်ဆန်အားကောင်းလာတယ်။ (လည်ပတ်စရာဂီယာတွေပဲရှိပေမဲ့ပေါ့။)
'ဘုရားရေ၊ မမလေးက မျက်ရည်တစမ်းစမ်းနဲ့ ငါ့ဆီကို ရုတ်တရက်ကြီးရောက်လာပြီး ငါ့လက်တွေကိုကိုင်ထားတယ်။ ဘုရားဘုရား... ဟိုအသေးမလေးနဲ့နေနေလို့ ပျော်နေတယ်မှတ်တာ။ ဧကန္တ၊ အနေဝေးလို့ သတိရပြီးပြန်ရောက်လာတာများလား။' အေမီတစ်ယောက်ကတော့ သူတို့မတွေ့ရတာ နာရီပိုင်းပဲရှိသေးတယ်ဆိုတာကို မေ့သွားပြီး ပေါက်ကရတွေစိတ်ကူးယဥ်နေပါပြီ။ ပြီးတော့ သူနဲ့ထိလုထိခင်အထိ နီးကပ်နေတဲ့ မက်ဒါနာလေးရဲ့ရင်ဘတ်ကိုကြည့်လိုက်ပြီး...
'ဘုရားရေ... အဲဒီဖောင်းနေတာလေးက၊ နိုးဘရာလား။ ဒါက ခန္ဓာကိုယ်က အသင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်မဟုတ်လား။' မက်ဒါနာပြောသမျှကို ညာဖက်နားကဝင် ဘယ်ဖက်နားက ထုတ်ပစ်ရင်းနဲ့ စိတ်ကူးတွေစိတ်ယဥ်နေတဲ့ အေမီကတော့ လက်လေးတစ်ဖက်ကိုမြှောက်ပြီး ဟသွားတဲ့ပါးစပ်လေးကို ဖုံးထားလိုက်မိလေရဲ့။
"ဘယ်လိုလုပ်ရမလဲ... ငါဘယ်လိုလုပ်ရမလဲလို့။" အေမီရဲ့အခြေအနေကို မသိရှာတဲ့ မက်ဒါနာလေးကတော့ ရှေ့ကိုတစ်လှမ်းတိုးလိုက်ရင်း စိုးရိမ်ပူပန်နေတဲ့ မျက်လုံးလေးတွေနဲ့ အေမီကိုကြည့်လိုက်တယ်။
"အား... ငါမခံစားနိုင်တော့ဘူး။" ခံနိုင်ရည်ဂိတ်ဆုံးကို ရောက်သွားတဲ့ အေမီရဲ့ဦးနောက်(ပရိုဆက်ဆာ) ဟာ ကြက်ဥဟက်ပွိုင့်လေးဘဝကိုရောက်သွားပြီး မက်ဒါနာရဲ့ခါးသိမ်သိမ်လေးပေါ်ကို လက်တစ်ဖက်တင်ကာ ခန္ဓာကိုယ်ချင်းနီးစပ်သွားအောင် ဆွဲပွေ့လိုက်ပြီ။
နောက်တော့ သိမ့်ခနဲပါလာတဲ့ မက်ဒါနာရဲ့ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲသိမ်းရင်း ရဲရဲနီနေတဲ့ ပွင့်ဖတ်လေးတွေလိုနှုတ်ခမ်းကို ထိကပ်အပိုင်သိမ်းဖို့ ကြိုးစားလိုက်လေရဲ့။
အဲဒီအချိန်မှာပဲ ဘေးခန်းတစ်ခန်းရဲ့တံခါးကပွင့်လာပြီး ကမ္ဘာလှည့်ခရီးသည် သက်လတ်ပိုင်းစုံတွဲတစ်တွဲ ထွက်လာပါတယ်။ သူတို့ထွက်ထွက်ချင်း မြင်လိုက်ရတာက စုံတွဲလေးတစ်တွဲလို ကြင်ကြင်နာနာအနမ်းမိုးရွာသွန်းဖို့ ကြိုးစားနေတဲ့ စက်ရုပ်အိမ်စေမလေးနဲ့ သူမရဲ့သခင်မလေးကိုပါ။
တံခါးလက်ကိုင်ကို ကိုင်ထားဆဲဖြစ်တဲ့ သက်လတ်ပိုင်းလူကြီးကတော့ အဲဒီမြင်ကွင်းကို ကြောင်ကြည့်နေတယ်။ ဒါပေမဲ့အမျိုးသမီးကတော့ သူ့ယောက်ျားဖြစ်သူရဲ့မူမမှန်မှုကို သတိထားမိသွားပြီး ခြေထောက်ကို ဆောင့်နင်းပစ်လိုက်တယ်။
"အား... နာတယ်မိန်းမရဲ့။"
"တော်ကတော့လေ၊ အဲဒီလိုစိုက်ကြည့်နေတာ ရိုင်းတယ်ရှင့်။" အမျိုးသားကို ဆူပူပြီးတဲ့နောက်တော့ အမျိုးသမီးကြီးက မက်ဒါနာတို့ကို အလှဆုံးပြုံးပြရင်း ပြောလိုက်လေရဲ့။
"နှောင့်ယှက်မိတာ တောင်းပန်ပါတယ်နော်၊ သမီးလေးတို့။ လုပ်စရာရှိတာ ဆက်ပြီးလုပ်ကြပါ။" အဲဒီနောက်တော့ အမျိုးသားဖြစ်သူရဲ့လက်ကိုဆွဲရင်း စင်္ကြန်လမ်းအတိုင်း လှေကားရှိတဲ့နေရာဆီ ထွက်သွားတယ်။
မက်ဒါနာတို့ကတော့ အမျိုးသမီးကြီးရဲ့ကျောပြင် မပျောက်ကွယ်သွားခင်မှာပဲ လေသံအောက်တိုးတိုးလေး ပြောလိုက်တဲ့စကားကို ပီပီသသကြီး ကြားလိုက်ရလေရဲ့။
"အင်း၊ ခုခေတ်ကလေးတွေများ တက်ကြွပွင့်လင်းလိုက်ကြတာ။ သူတို့နှစ်ယောက်ရဲ့တားမြစ်အချစ်လေးက ကြည်နူးဖို့ကောင်းလိုက်တာနော်။"
မက်ဒါနာ: (O_O)
ဂုဏ်ယူဝင့်ကြွားနေတဲ့အေမီ: (OwO)
တွေးရင်းတွေးရင်း ဒေါသထွက်လာတဲ့မက်ဒါနာက အေမီကို တွန်းလွှတ်လိုက်ပြီး အော်ဟစ်လိုက်တယ်။ "နင်က ရုတ်တရက်ကြီး ဘာထလုပ်ရတာတုန်း။"
"မသိဘူးလေ၊ မမလေးက အေမီနဲ့မခွဲနိုင်လို့ ရောက်လာတယ်ထင်နေတာ။"
"...."
...
နောက်မိနစ်အနည်းငယ်လောက်ကြာတဲ့အခါမှာတော့ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြပြီးသွားပြီ။ သခင်မလေးမက်ဒါနာရဲ့ပင်တီပျောက်တဲ့အမှုက အေမီရဲ့ကိုယ်ပိုင်ပြဌာန်းထားတဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေအရ ခွင့်မလွှတ်သင့်မလွှတ်အပ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ (၅)ခုထဲက တစ်ခုအပါအဝင်ဖြစ်နေတယ်။
ဒီတော့ တရားခံကိုသိရဖို့အတွက် စုံထောက်ကြီးအေမီအဖြစ် အသွင်ပြောင်းပြီးစုံစမ်းရတော့မှာပါ။
မမလေးအတွက် ဖျော်ပေးထားတဲ့ လက်ဖက်ရည်ကို စားပွဲပေါ်ချပေးလိုက်ရင်း အေမီက စုံထောက်လေသံပါပါနဲ့ မေးလိုက်တယ်။
"အိုင်ဆေး ဝပ်ဆင်၊ အမှုက ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုဖြစ်သွားတာလဲ။"
"ငါရေချိုးနေတုန်း ရေချိုးခန်းထဲမှာ လှန်းထားတဲ့ပင်တီလေးတွေ အလိုလိုနေရင်းပျောက်သွားတာပါလို့ ပြောပြီးပြီလေ။"
"အာအာ... အမှုတစ်ခုစုံစမ်းမယ်ဆိုရင် Wh မေးခွန်းတွေက အရေးကြီးတယ်လေ။ what, who, when, why, which, how, where ဆိုတာတွေလေ။ မမလေးလည်း သိမှာပါ။"
မက်ဒါနာလည်း အေမီရဲ့စကားကြောင့် မေးပေါ်ကို လက်တင်ပြီး စစဥ်းစားလိုက်တယ်။ အခုဆိုရင် စကော့တလန်ယောက်က စုံထောက်ကြီးနှစ်ယောက် အမှုကိစ္စကို စစုံစမ်းနေကြပါပြီ။
"ငါတို့က အခု Where, when, what, which, ဆိုတာတွေပဲသိသေးတာ။ အဓိကဖြစ်တဲ့ ဘာကြောင့်တရားခံက ဒီအမှုကိုကျူးလွန်တာလဲ၊ ဘယ်သူက ကျူးလွန်တာလဲ၊ ဘယ်လိုကျူးလွန်သွားတာလဲ ဆိုတာတွေပဲ သိဖို့ကျန်တော့တာ။" မက်ဒါနာက တွေးတောရင်း ပြောလိုက်တယ်။ အေမီကလည်း ဝိုင်းကူစဥ်းစားရင်း ပြန်ဖြေလိုက်တယ်။
"မမလေး၊ သူခိုးက ငွေကြေးအရ အဖိုးတန်တာတွေမယူဘဲ ဇာနက်လေးတွေပဲ ခိုးသွားတာဆိုတော့ သေချာပေါက် နှာဘူးသူခိုးပဲဖြစ်ရမယ်။"
မက်ဒါနာလည်း အဲဒီဖြစ်နိုင်ချေကို တွေးစထားပြီးသား။ သူတို့သတိမထားမိတုန်း မျက်လုံးနီနီ၊ ဗိုက်ရွဲရွဲနဲ့ နှာဘူးရုပ်ဆိုးကြီးတစ်ယောက် အခန်းထဲခိုးဝင်လာပြီး ရေချိုးခန်းထဲက အဖိုးတန်လေးတွေကို မသွားတာဖြစ်နိုင်မလား။ ဒါပေမဲ့ လူစမ်းတစ်ယောက် အခန်းထဲဝင်လာရင် သူတို့လိုဟီးရိုးတွေ မသိစရာအကြောင်းကိုမရှိတာ။
လူစမ်းတစ်ယောက် အခန်းထဲခိုးဝင်လာတာကိုတောင်မသိရင် သူတို့ကိုဗီလိန်တွေသတ်သွားတာ နှစ်နဲ့ချီနေလောက်ပြီပေါ့။
အေမီက ရုတ်တရက် အလင်းပွင့်သွားဟန်နဲ့ မက်ဒါနာကို ပြောလိုက်တယ်။ "ဒါနဲ့၊ မမလေးပြောသလိုဆိုရင် ကိုယ်ပိုင်ဂျက်လေယာဥ်ပေါ်မှာ ရှိနေကတည်းက ပင်တီတွေပျောက်နေတာမလား။ ဒီသူခိုးက ကျွန်မတို့နဲ့အတူ တစ်ချိန်လုံးရှိနေတာပဲဖြစ်ရမယ်။"
မက်ဒါနာတစ်ယောက် အေမီကို ဂုဏ်ယူစွာနဲ့ကြည့်လိုက်တယ်။ သူ့တီထွင်မှုလေးက ဉာဏ်မထိုင်းဘူးပဲ။ ခေါင်းအေးအေးထားပြီးတဲ့နောက် ဒီကိစ္စတွေကို သူကိုယ်တိုင် ခန့်မှန်းနိုင်ခဲ့ပြီးသား။ အေမီက သူခန့်မှန်းထားတဲ့လမ်းကြောင်းအတိုင်း နောက်ကနေလိုက်နေတာပဲရှိတာ။ အစောပိုင်းက ရှက်ကြောက်စိတ် ဖုံးလွှမ်းနေလို့ မက်ဒါနာစဥ်းစားမရတာပဲနေမှာ။
လေယာဥ်ပေါ်မှာ ပါလာတဲ့သူတွေထဲမှာ တရားခံရှိနေတယ်ဆိုရင် သူတို့သံသယရှိသူစာရင်းကို ချုံ့ကြည့်လို့ရသွားပြီ။ အနည်းဆုံးတော့ ဟိုတယ်တစ်ခုလုံးက လူတွေထဲကနေ တရားခံလိုက်ရှာစရာမလိုတော့ဘူး။ လေယာဥ်ပေါ်မှာ ပါလာတဲ့သူတွေက သူ၊အေမီ၊ အယ်လိုဟင်၊ တီဗွီခေါင်းနဲ့ဘဏ္ဍာစိုးကြီးစတန်းဖို့ခ်နဲ့သူ့ခွေးဖြစ်တဲ့ ဆေဘာစတိန်းပါ။
"ပါလာတဲ့သူတွေတစ်ယောက်ချင်းစီရဲ့စရိုက်နဲ့တိုက်စစ်ပြီး ဖြစ်နိုင်ခြေကို စဥ်းစားကြည့်ရအောင်။ ပထမဆုံး မမလေးကိုပါ ထည့်တွက်ကြတာပေါ့။"
အေမီရဲ့စကားကြောင့် မက်ဒါနာမျက်ခုံးပင့်လိုက်တယ်။ ဘာကိစ္စ သူကသံသယရှိသူစာရင်းမှာ ပါနေရတာလဲ။ သူ့ပင်တီသူ ခိုးစရာမှမလိုတာကို။
" ဖြစ်နိုင်ခြေတစ်ခုက လွန်ခဲ့တဲ့သုံးလတုန်းက ရုတ်တရက်ကြီး ယောကျ်ားလေးကနေ မိန်းကလေးပြောင်းသွားတဲ့အခြေအနေကြောင့် မမလေး စိတ်ကစင့်ကလျားရောဂါဖြစ်နေပြီး စရိုက်နှစ်မျိုးကွဲသွားတာ။ စရိုက်အခွဲတစ်ခုက မမလေးကိုစိတ်ဝင်စားနေပြီး မမလေးရဲ့ပင်တီတွေကို မမလေးမသိအောင်ခိုးဝှက်ထားပြီး နှာဘူးထနေတာဖြစ်နိုင်တယ်။"
ဒါက ဘယ်လိုလော့ဂျစ်ကြီးလဲ။ မက်ဒါနာတစ်ယောက် တွေးရင်းနဲ့တောင် ကျက်သီးထလာပြီ။ သူအိပ်ပျော်နေတုန်း အခြားအသိစိတ်တစ်ခုက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး တစ်နေရာရာမှာဝှက်ထားတဲ့ ပင်တီတွေကို ထုတ်၊ မျက်နှာပေါ်တင်ကြည့်နေတဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်မိတာနဲ့တင် လဲသေချင်စိတ်ပေါက်နေပြီ။
"အင်း... ဒီကိစ္စကလည်း မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး၊ ဒါပေမဲ့... ငါသာအဲဒီလိုရောဂါရှိတယ်ဆိုရင် နင်တို့တွေအရင်ကတည်းက သတိထားမိမှာပဲမဟုတ်လား။ ပြီးတော့ ငါသာဆိုရင် တကူးတကခိုးနေစရာမလိုဘူးလေ။ အသင့်ဖူလုံမှုရှိပြီးသား။"
သိပ်မကြာသေးခင် ရက်ပိုင်းတုန်းက မက်ဒါနာတစ်ယောက် မှန်ထဲကကိုယ့်ပုံကိုယ် ခိုးနမ်းခဲ့ဖူးတယ်။ ဖြောင့်စင်းတဲ့ ယောက်ျားလေးဘဝကနေ မိန်းကလေးဖြစ်သူလာမလို့ မက်ဒါနာက မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတယ်။ ကိုယ်တိုင်က မိန်းကလေးဖြစ်နေတော့ မက်ဒါနာစိတ်ဝင်စားနိုင်တဲ့ပစ်မှတ်က မက်ဒါနာကိုယ်တိုင်ဖြစ်နေနိုင်တယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကျိတ်ကြိုက်မိပြီး နှာဘူးထနေတာကိုလည်း ဖြစ်နိုင်ခြေတစ်ခုအဖြစ် တရားဝင်တင်သွင်းနိုင်တယ်။
ဒါပေမဲ့ သူသာ ကိုယ့်ပင်တီကိုယ်လိုချင်တယ်ဆိုရင် တကူးတကခိုးနေစရာမလိုဘူး။ လိုအပ်တဲ့အချိန် အသင့်ထုတ်သုံးလို့ရတယ်။ ဒီတော့ ဖြစ်နိုင်ခြေစာရင်းကနေ ဖယ်ထုတ်ရမယ်။
"ဒီတော့ သံသယတရားခံ ဖြစ်နိုင်ခြေကနေ ဖယ်ထုတ်ပြီးတော့ တခြားတစ်ယောက်ကို စီစစ်ကြည့်ရအောင်။" တကယ်တော့ စကော့တလန်ယော့ခ် စုံထောက်တွေသုံးတဲ့နည်းလမ်းက အထွေအထူးမဟုတ်ဘူး။ ရထားတဲ့သဲလွန်စတွေကိုသုံးပြီး ဖြစ်နိုင်ခြေရှိတဲ့ သံသယတရားခံစာရင်းကိုထုတ်ပြီး တစ်ယောက်ပြီးတစ်ယောက် စီစစ်ကြည့်ရုံပဲဟာ။ ပြီးမှ တရားခံငြင်းမရနိုင်တဲ့ သက်သေတွေကိုစစ်ထုတ်ပြီး အမှုတည်ဆောက်ကြတာ။
"ဒုတိယကတစ်ယောက်က အယ်လိုဟင်၊ သူက တည်တည်ငြိမ်ငြိမ်ရှိတဲ့ သက်လတ်ပိုင်းအရွယ်ဆိုပေမဲ့ ယောကျ်ားတစ်ယောက်မလို့ တဏှာစိတ်ကတော့ ရှိနေမှာပဲ။ ဒီတော့ ဖြစ်နိုင်ခြေကနေ ဖယ်ထုတ်လို့မရဘူး။"
မက်ဒါနာလည်း တွေးကြည့်လိုက်တယ်။ ဆုဗာနာမှာတောင် ဆိုရိုးစကားရှိတယ်မလား၊ နွားအို မြက်နုကြိုက်တဲ့။ ယောကျ်ားတွေဆိုတာက သေခါနီးအဖိုးကြီးတွေကိုတောင် ယုံလို့ရတာမဟုတ်ဘူး။ စိတ်မကောင်းစရာက သူအခုတွေးနေတဲ့အချိန်မှာ တစ်ချိန်က ယောက်ျားလေးဖြစ်ဖူးတယ်ဆိုတဲ့ အချက်ကို မေ့ထားတဲ့ပုံပဲ။
ဒါပေမဲ့လည်း မက်ဒါနာက သိပ်မကြာခင်မှာပဲ အယ်လိုဟင်ကို သံသယတရားခံစာရင်းကနေ ဖယ်ထုတ်လိုက်တယ်။
"မဖြစ်နိုင်ဘူး၊ သူက တခြားအခန်းမှာနေတာ။ ငါတို့အခန်းကို သူခိုးပြီးဝင်လာတယ်ဆိုရင် အခန်းထဲမှာ ငါထောင်ထားတဲ့ သတိပေးဆင်ဆာတွေကို နင်းမိပြီး အလန်းထမြည်မှာပဲ။ မှန်ပြတင်းကို အပေါက်ဖောက်ပြီး ဝင်မှဖြစ်မယ်။ ဒါပေမဲ့ မှန်တွေက အကောင်းအတိုင်းရှိသားပဲ။ ဒီတော့ တရားခံက လုံခြုံရေးဆင်ဆာတွေကြားမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့သူဖြစ်ရမယ်။"
ဟီးရိုးတစ်ယောက်ဖြစ်လာပြီးနောက်မှာ မက်ဒါနာက အလစ်အငိုက်အတိုက်ခံရမယ့်ရန်ကနေ ကာကွယ်ဖို့အတွက် လေဆာရောင်ခြည်လုံခြုံရေးစနစ်တစ်ခုကို ထပ်တီထွင်ခဲ့တယ်။ အလွယ်တကူသယ်ဆောင်သွားလို့ရပြီး အချက်ပေးစနစ်အပြင် ပေါက်ကွဲနိုင်တဲ့ ထောင်မိုင်းအဖြစ်ပါသုံးလို့ရတယ်။ လုံလောက်တဲ့ အရေအတွက်သာရှိရင် ဧရိယာတစ်ခုလုံးကို မိုင်းတွေနဲ့ဖြည့်ပြီး မြူတန့်ပိုင်နက်နယ်မြေတစ်ခုလိုမျိုး သုံးလို့ရနိုင်သေးတယ်။
အရေးကြီးတာက အဲဒီဆင်ဆာဗုံးလေးတွေဟာ အင်မတန်သေးငယ်ပြီး လက်သည်းခွံလောက်ပဲရှိတယ်ဆိုတာပဲ။ ဒါကြောင့် အစပိုင်းမှာ လူစိမ်းတစ်ယောက် သူတို့အခန်းထဲဝင်ခိုးတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာ။ အယ်လိုဟင်ကလည်း လူစိမ်းမဟုတ်ပေမဲ့ အဲဒီစနစ်ကြောင့် ဝင်လာရင်သူတို့သိမှာပဲလေ။
ဒါဖြင့်၊ တီဗွီခေါင်းနဲ့ဘဏ္ဍာစိုးစက်ရုပ်လား။ မဖြစ်နိုင်ဘူး၊ အဲဒီလူက အယ်လိုဟင်လိုဆိုက်ဘော့တောင်မဟုတ်ဘူး။ ပရိုဂရမ်သက်သက်မလို့ လိင်စက်မရှိဘူး။ ပြီးတော့ အယ်လိုဟင်လိုပဲ အခန်းထဲကို လူမသိဘဲ ဝင်လာလို့မရဘူး။ ဆေဘာစတိန်းအတွက်လည်း အတူတူပဲ။ ခွေးစိတ်ဝင်ပြီး သွားယားလို့ကိုက်မိဝါးမိရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ အကောင်ကြီးလွန်းလို့ ရေချိုးခန်းအပြင်ကတန်းမှာရှိတဲ့ ဘရာတွေကိုဝါးစားပစ်ရင် ရေချိုးနေတဲ့ မက်ဒါနာမသိစရာအကြောင်းမရှိဘူး။ နောက်ပြီးတော့ အသုံးမလိုတဲ့အတွက် ဆေဘာစတိန်းကို သေတ္တာအဖြစ်ပြောင်းထားတယ်။ ဒီတော့ အပြင်ထွက်လာစရာအကြောင်းမရှိဘူး။
အေမီလား။ သူလည်းဖြစ်နိုင်တဲ့ သံသယတရားခံစာရင်းမှာပါတယ်။ အခုသူတို့က အမှုအကြောင်းဆွေးနွေးနေတယ်ဆိုပေမဲ့ အေမီက ဟန်ဆောင်ကောင်းပြီး တခြားသူတွေအပေါ် လွှဲချဖို့ကြံနေတာလည်း ဖြစ်နိုင်တာပဲ။ ပြဿနာက အေမီကလည်း အခန်းအပြင်မှာရှိနေပြီးတော့ ဝင်လာရင် မက်ဒါနာသိမှာပဲ။
"မမလေး၊ အဲဒီဆင်ဆာတွေက အခန်းထဲလူဝင်ရင် သိအောင်ထားတာမလား။ အခန်းထဲမှာရော အပြည့်ဆင်ထားသေးလား။" အေမီက တစ်ခုခုကို စစဥ်းစားမိသွားပြီး မေးလိုက်တယ်။
မက်ဒါနာကလည်း ချက်ချင်းပြန်ဖြေတယ်။ "မဆင်ထားဘူး၊ အခန်းအပြည့်ဆင်ထားရင် ငါတို့အခန်းထဲမှာ သွားလာနေတာနဲ့တင် တစ်နေကုန်တတီတီမြည်ပြီး နားညည်းနေမှာ...." မက်ဒါနာတစ်ယောက် စကားမဆုံးခင်မှာပဲ သူ့ပါးစပ်သူ လက်ဖဝါးနဲ့အုပ်လိုက်တယ်။ သူတရားခံကို ခန့်မှန်းမိပြီ။
"မမလေးတော့ ဘယ်လိုနေလဲမသိပေမဲ့ ကျွန်မကတော့ အဲဒီနှာဘူးဘယ်လူလဲ ခန့်မှန်းမိနေပြီ။ ဒါပေမဲ့ လူမသိအောင် သူဘယ်လိုခိုးသွားလဲပဲမသိတာ။" အခန်းပြင်ကလူတွေ မဟုတ်မှတော့ အခန်းထဲမှာ ရှိနေတဲ့လူတွေပဲ ဖြစ်မှာပေါ့။
ဒီတော့ သံသယရှိသူစာရင်းက ထပ်ပြီးကျုံဝင်သွားပြန်ပြီ။ အခန်းထဲမှာ မက်ဒါနာနဲ့ဖရာလီတာ နှစ်ဦးတည်းပဲရှိတာလေ။
နဂိုကတည်းက မက်ဒါနာဟာ တရားခံမဖြစ်နိုင်တဲ့အတွက် သူတို့ဖယ်ထုတ်ပြီးသားဆိုတော့ ခိုးတဲ့လူက ဖရာလီတာတစ်ယောက်ပဲ ဖြစ်နိုင်တော့တာ။ ခိုးတယ်ဆိုတာကို သူတို့သက်သေမပြနိုင်သေးရုံပဲ။
"သူက အခန်းထဲမှာဆိုတော့ ရေချိုးခန်းထဲဝင်လာပြီး လှန်းထားတဲ့အဖိုးတန်လေးတွေကို ဖြုတ်မယ်ဆိုရင် ငါသိမှာပဲမဟုတ်လား။" မက်ဒါနာပြောလိုက်ပေမဲ့ အေမီကတော့ သူ့သခင်မလေးကို တုံးလှချေလားဆိုတဲ့စတိုင်နဲ့ ကြည့်လိုက်တယ်။
"မမလေးမေ့နေတာလား၊ Archmegaက ကိုယ်ပျောက်တယ်လေ။"
"ဟုတ်သားပဲ။" ဖရာလီတာနဲ့စတွေ့တုန်းက သူတို့တွေ သဘာဝသမိုင်းပြတိုက်နားမှာ တိုက်ခိုက်ခဲ့ကြတာ။ ဖရာလီတာက Archmegaအစစ်ကို ကိုယ်ဖျောက်ပြီး ဟော်လိုဂရမ်ပုံရိပ်နဲ့ မက်ဒါနာကိုလှည့်စားကာ အမှောက်သိပ်ခဲ့ဖူးတယ်။
"Archmegaရဲ့ကိုယ်ပျောက်နည်းပညာကို သူ့ခန္ဓာကိုယ်မှာ သုံးနိုင်တဲ့ဗားရှင်းဖြစ်အောင် ပြောင်းလိုက်မယ်ဆိုရင်၊ ငါမသိဘဲနဲ့ အဖိုးတန်လေးတွေကို လာခိုးဖို့ဆိုတာ ဖြစ်နိုင်သွားပြီ။ ငါအသေးမလေးကို အထင်သေးမိပြန်ပြီ။" မက်ဒါနာတစ်ယောက် နဖူးကို ဖိကိုင်လိုက်မိတယ်။ သူတို့တွေ သူခိုးက ဘယ်လိုခိုးသွားသလဲဆိုတဲ့ How မေးခွန်းအတွက် အဖြေကိုခန့်မှန်းပြီးသွားပြီ။ သက်သေပြချရင် ဖရာလီတာကို ဖမ်းမေးဖို့ပဲ ကျန်တော့တယ်။
...
ဟိုတယ်ခန်းထဲမှာတော့ စောင်ကြီးခေါင်းမြီးခြုံပြီး တစ်ချိန်လုံးအိပ်ချင်ယောင်ဆောင်နေတဲ့ ဖရာလီတာက သူ့အင်္ကျီအောက်မှာဝှက်ထားတဲ့ မက်ဒါနာရဲ့ဇာနက်လေးတွေကို ဆွဲထုတ်ပြီး တစ်ဝကြီးမျက်နှာပေါ် တင်ပစ်လိုက်တယ်။
"ဟူး... ခုမှပဲ လန်းဆန်းသွားတော့တယ်။ အဟိအဟိ။" အဲဲဒီနောက်တော့ သူ့လက်မှာတပ်ထားတဲ့ အနက်ရောင်ဂျီရှော့ပုံစံ နာရီလေးကို နမ်းလိုက်ပြီးပြောတယ်။
"ငါ့ရဲ့တီထွင်မှု ကိုယ်ပျောက်နာရီလေးက အသုံးဝင်လိုက်တာ။ အာဘွား... နင့်ကိုအသေချစ်သွားပြီ။" အဲဒီနောက်တော့ ဖရာလီတာက သူ့အဝတ်အိတ်တစ်လုံးကို ဖွင့်လိုက်ပြီး ခိုးရာပါပစ္စည်းလေးတွေကို သေသေသပ်သပ်ထည့်လိုက်တယ်။
အိတ်ထဲမှာကတော့ မက်ဒါနာရဲ့ပျောက်သွားတဲ့ အဖိုးတန်လေးတွေဟာ အစီအရီ။
၃။
ဒေါက်တာမြူက လက်ထဲတွင် အဖြူရောင်နှင့်ငွေရောင်တောက်ပနေသော သလင်းကျောက်ကိုကိုင်ကာ လျှို့ဝှက်ခန်းမကျယ်ကြီးတစ်ခုအတွင်းသို့ ဝင်လာသည်။
"စမစ်၊ ဒေါက်တာစမစ်။ နောက်ဆုံးတော့ ငါတို့လိုချင်တာ ရခဲ့ပြီ။"
သူဖြတ်သွားသည့် ခန်းမကျယ်ကြီးအတွင်းတွင် ဖန်လုံပေါင်းချောင်များအတွင်း ဆေးရည်အပြည့်ဖြည့်ထည့်ထားသည့် လူသားခန္ဓာကိုယ်အများအပြားကို တွေ့နိုင်၏။ အကယ်၍မျက်ကွယ်နေရာများတွင်ရှိနေသည့် ဖန်ပေါင်းချောင်များကိုပါ ထည့်သွင်းရေတွက်မည်ဆိုပါက ယခုနေရာတွင် လူသားခန္ဓာကိုယ်များကို ထည့်သွင်းထားသည့် ယင်းပုံစံတူဖန်ပေါင်းချောင်အနည်းဆုံး ငါးရာနီးပါးခန့်ရှိနေပြီဖြစ်သည်။
သို့သော်လည်း ယင်းအရေအတွက်က သူတို့ရှိနေသည့် အထပ်တစ်ခုတည်းကိုသာ ရေတွက်ထားခြင်းဖြစ်ပြီး ယခုစမ်းသပ်ခန်းကြီးမှာ ယခင်စမ်းသပ်ခန်းများအားလုံးထက် များစွာကြီးမားနေခြင်းကို ပြောပြစရာပင် လိုမည်မထင်ပေ။
ဘုန်း....။
ခပ်အုပ်အုပ် အသံတစ်ချက်နှင့်အတူ စမ်းသပ်ခန်းကြီးတစ်ခုလုံး လှုပ်ခါသွားသည်။ သူတို့ရှိနေသည့်နေရာက ငလျှင်မကြာခဏ လှုပ်တတ်ပုံပင်။
ဒေါက်တာမြူက ဆေးကရက်ကိုလက်ကြားညှပ်ထားပြီး တစ်နေရာကိုစိုက်ကြည့်နေသော ဒေါက်တာစမစ်ထံသို့ သလင်းကျောက်တုံးအပ်လိုက်သည်။ ဒေါက်တာစမစ်က သလင်းကျောက်ကို လက်ခံလိုက်သော်လည်း အစမှအဆုံးအထိ ဒေါက်တာမြူကိုလှည့်မကြည့်သောကြောင့် သူ့မျက်နှာပေါ်မှအပြုံးလည်း အေးခဲသွား၏။
"ဒေါက်တာယွန်းနဲ့ အဆက်အသွယ်ရပြီလား။ အချိန်ကျလာရင် ငါတို့သုံးယောက်လုံး အတူရှိနေဖို့လိုတယ်။" စမစ်၏စကားကို ဒေါက်တာမြူမငြင်းပါ။ သို့သော်လည်း သူက စိတ်ပျက်စွာသာ ခေါင်းခါပြလိုက်သည်။
"လွန်ခဲ့တဲ့ ၄၈နာရီက ဆက်သွယ်ခဲ့သေးပေမဲ့ ပြန်မဖြေဘူး။ ကြည့်ရတာ သားကောင်သစ်တွေနဲ့ ပျော်နေတဲ့ပုံပဲ။"
"ဒီညဆက်သွယ်ကြည့်လိုက်ဦး၊ မရရင်တော့ သူတစ်ခုခုဖြစ်နေပြီလို့ မှတ်ယူရမှာပဲ။ Project V က သိပ်ကိုအရေးကြီးတယ်။ သေမြေကြီးရှင်ရွှေထီးပဲ။ ငါတို့ပြိုင်ဖက်တွေက သိပ်အားနည်းနေတာမဟုတ်ဘူး။"
စမစ်က စကားကိုထိုနေရာတွင် ရပ်ထားလိုက်ပြီး သူကြည့်နေသည့်နေရာသို့ ပြန်ကြည့်လိုက်သည်။ ထိုနေရာတွင် မီတာသုံးဆယ်ခန့်မြင့်သည့် ကျောက်တုံးကြီးတစ်တုံးကို တွေ့နိုင်၏။
သို့သော် အနီးကပ်ပြန်ကြည့်တော့ ကျောက်တုံးမဟုတ်ဘဲ လူသားတစ်ယောက်နှင့်တူညီသည့် ပုံရိပ်ကြီးတစ်ခုဖြစ်သည်။
ထိုသတ္တဝါကြီးတွင် မျက်လုံး၊ နှာခေါင်းနှင့်ပါးစပ်များပါဝင်ပြီး အသားအရေမှာ ကျောက်တုံးနှင့်မှားရလောက်အောင် မာကျောပြီးနက်မှောင်သည်။ အသိစိတ်ကင်းမဲ့နေဟန်ဖြင့် လိမ္မော်ရောင်မျက်သူငယ်အိမ်များက ဗလာကျင်းနေပြီး ဒါဇင်နှင့်ချီသည့် စမ်းသပ်ခန်းအလုပ်သမားများက ထိုအကောင်ကြီးကို အသုံးချနိုင်ရန် အသင့်ပြင်နေကြ၏။ တချို့က လူတစ်ကိုယ်စာဝင်လောက်သည့် ဆေးပြွန်ပိုက်ကြီးများကို ထိုအကောင်ကြီး၏ခန္ဓာကိုယ်နှင့်ချိတ်ဆက်ပေးနေပြီး အချို့ကတော့ ထိုအကောင်ကြီး၏ခန္ဓာကိုယ်အခြေအနေကို လိုက်လံစစ်ဆေးနေသည်။
သတ္တဝါကြီးမှာ လွန်စွာစွမ်းအားကြီးမည့်ပုံပေါ်သော်လည်း နှလုံးနေရာတွင်တော့ ဗလာဖြစ်နေကာ ထိုသတ္တဝါကြီးကိုအသက်ဝင်လာစေမည့် မောင်းနှင်အားတစ်ခုကို သူတို့ဖန်တီးနိုင်သေးသည့်ပုံမပေါ်ပေ။
စမစ်က ထိုအကောင်ကြီးကိုကြည့်ရင်း ခပ်ဟဟပြုံးလိုက်သည်။
"လီဆာရဲ့သွေးက အသုံးဝင်တာပဲ၊ ငါတို့ရဲ့စွမ်းအားတွေကို ပြီးပြည့်စုံစေခဲ့တဲ့အပြင် အန်းနပ်စ် (Anax) ကြီးကိုပါ ဖန်တီးခွင့်ရခဲ့ပြီ။ ငါတို့ဖန်တီးထားတဲ့ မြူတန့်ကလုန်းတပ်သားငါးသောင်းနဲ့သာဆိုရင် ဂျပန်ကို ခဏလေးအတွင်းဖျက်ဆီးပစ်လို့ရတယ်။ ပြီးရင်တော့ တခြားနိုင်ငံတွေဆီ လှည့်ရတာပေါ့။ ဒါပေမဲ့ ဒီတိုက်ပွဲက ငါတို့အတွက်သီးသန့်ပဲမဟုတ်ဘူး။"
စမစ်လက်ထဲတွင် ငွေရောင်လက်တော့တစ်လုံးပေါ်လာသည်။ သူက ကျင်လည်စွာဖွင့်လိုက်ပြီး ဗီလိန်အဖွဲ့အစည်းများ ကျင်လည်ကျက်စားရာ အင်တာနက်၏အနက်ရှိုင်းဆုံးအပိုင်းရှိ Dark Webတစ်ခုကို ဖွင့်လိုက်၏။
အိုင်ဒီစစ်ဆေးခြင်းပြီးသည့်နောက်တွင် သူက တစ်ကမ္ဘာလုံးရှိ ဗီလိန်အဖွဲ့အစည်းများထံသို့ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။
[ဗီလိန်လောကသားတွေအားလုံး နားထောင်ကြ။ ငါတို့ကိစ္စအကြီးကြီးလုပ်ဖို့ရှိတယ်။ နာမည်ကြီးဗီလိန်တွေအားလုံးကို တစ်ခါတည်းဖိတ်ခေါ်ပြီး အစည်းအဝေးလုပ်မယ်။] ထို့နောက်သူက အမှောင်လောကမှ Zoom နှင့်အလားတူသည့် စိတ်ချရသော ဗီဒီယိုစနစ်ကိုဖွင့်ကာ ဆွေးနွေးပွဲကိုဖွင့်လိုက်သည်။ ထို့နောက် သူက VR မျက်မှန်ကိုတပ်လိုက်ပြီး တကယ့်အစည်းအဝေးတွင်ထိုင်နေသလိုမျိုး ထိုင်နေလိုက်သည်။
ဒေါက်တာစမစ်၏သုံးဖက်မြင်မျက်နှာပုံရိပ်က ကွန်ပျူတာနှင့်ဖန်တီးထားသော အစည်းအဝေးခန်းမထဲတွင် ပေါ်လာ၏။ အခြားသူများလည်း အစည်းအဝေးခန်းမထဲတွင် ပေါ်လာသည့်တိုင်အောင် အများစုမှာ သူတို့မျက်နှာများကို လူမမြင်အောင် ကာကွယ်ထားကြသဖြင့် အနက်ရောင်လူရိပ်များကိုသာ မြင်နေရသည်။
ခန်းမထဲတွင် အနည်းဆုံးဗီလိန်ရာကျော်ခန့်ရှိပြီး တကယ့်အစည်းအဝေးခန်းများတွင် ထိုမျှများသောလူအုပ်ကြီးနှင့် အစည်းအဝေးလုပ်၍ရမည်မဟုတ်ပါ။ ယင်းက အင်တာနက်နည်းပညာများ၏အားသာချက်ကို ပေါ်လွင်စေသည်။
"ဒီနှစ်ရဲ့နှစ်သစ်ကူးမှာ မင်းတို့အားလုံးပါဝင်လို့ရမယ့် Project V ဆိုတဲ့အစီအစဥ်တစ်ခုကို ငါစီစဥ်ထားတယ်။ မင်းတို့လုပ်ရမှာက မင်းတို့အခြေချတဲ့ဒေသတွေက ဟီးရိုးအစည်းအရုံးတွေကို ဝင်သိမ်းပြီး နိုင်ငံတွေကိုပါ ထိန်းချုပ်ဖို့ပဲ။ တစ်ကမ္ဘာလုံးက ဗီလိန်တွေ ဘယ်လောက်စွမ်းအားကြီးလဲ ကြည့်ကြရအောင်။ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ မြူတန့်သိပ္ပံအဖွဲ့အစည်းကနေ အစီအစဥ်အဆင့်ဆင့်ကို ဆက်ဆွေးနွေးမယ်။" ဒေါက်တာစမစ်က အားလုံးကိုကြည့်ပြီး စပြောလိုက်သည်။
သူ့စကားများက ဗီလိန်လောကတစ်ခုလုံးကို တိတ်ဆိတ်သွားစေရန် လုံလောက်ပါသည်။ မြူတန့်သိပ္ပံအဖွဲ့အစည်းက လက်ရှိအချိန်တွင် ကမ္ဘာ့ထိပ်သီးဗီလိန်သုံးဖွဲ့ထဲမှ ခြွင်းချက်မရှိနံပါတ်တစ်ဖြစ်ပြီး ပထမဟီးရိုးမျိုးဆက်များဖြစ်သော The Great 47 တစ်ဝက်ခန့်ကို ဖြေရှင်းခဲ့ဖူးပြီး ဗီလိန်အားလုံး၏ စံပြပထမလည်းဖြစ်သည်။ ထို့ကြောင့် အစည်းအဝေးခန်းတွင် လက်ရှိရှိနေသူများမှာ နံပါတ်တစ်ဗီလိန်အဖွဲ့အစည်းဟု သူတို့ကိုလေးစားလက်ခံထားကြသည့် ဗီလိန်များဖြစ်ကြပါသည်။
အခြားတစ်ဖက်တွင်မူ အရိပ်အဖွဲ့နှင့်ကြေးစားစစ်တပ်နှစ်ခုလုံးက အကျိုးအမြတ်အရသာ ဖွဲ့စည်းထားကြသော ဗီလိန်အုပ်စုများဖြစ်ပြီး မြူတန့်သိပ္ပံကဲ့သို့ ကိုယ်ပိုင်ရည်မှန်းချက်ရှိသော ဗီလိန်များနှင့်ဂုဏ်သတင်းပိုင်းတွင် မနှိုင်းယှဥ်နိုင်ကြပါ။ သူတို့လုပ်သမျှက မှောင်ခိုကုန်သွယ်ခြင်းနှင့်တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ခြင်းစသည့် မြူတန့်များမပေါ်ခင်ကတည်းက ရှိခဲ့ဖူးသော သာမန်တရားမဝင်အလုပ်များသာဖြစ်ပြီး ဟီးရိုးများကိုတိုက်ရိုက်စိန်ခေါ်ခြင်း၊ နယ်မြေများကို စိုးမိုးအုပ်ချုပ်ရန်ကြိုးစားခြင်းကဲ့သို့ ရုပ်ရှင်ထဲမှ ဗီလိန်များ၏လုပ်ရပ်များနှင့် မတူညီကြပေ။ မြူတန့်သိပ္ပံကတော့ ထိုသို့ပြုလုပ်သည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်နေပြီး ယခင်နှစ်ငါးဆယ်လုံးလုံး သူတို့က ဟီးရိုးအစည်းအရုံးကို ခေါင်းကိုက်စေခဲ့သော နာမည်ကြီးများဖြစ်သည်။
[ဝိုးဝိုးဝိုး... ဘာတွေဖြစ်လာတော့မှာလဲ။ ကြီးသုံးကြီးထဲက တစ်ယောက်ကတော့ အကြီးကြီးလှုပ်ရှားဖို့ ပြင်ဆင်နေတာပဲ။ - မျက်လုံးဖောက်နတ်ဆိုးလေး] အကောင့်တုဟုထင်ရသော နာမည်ရှိသည့်လူတစ်ယောက်က ပထမဆုံးစဆွေးနွေးလိုက်သည်။
သို့သော် ဟီးရိုးများဖြစ်စေ၊ ဗီလိန်များဖြစ်စေ ထိုနာမည်နှင့်လူကို တော်ရုံအထင်မသေးရဲကြပါ။ ထိုလူက တောင်အမေရိကရှိ စိတ္တဇလူသတ်သမားတစ်ယောက်ဖြစ်ပြီး မျက်လုံးများကိုဖောက်ကာ လူသတ်ရသည်ကို စွဲလမ်းနေသူဖြစ်သည်။ တချို့ပုံပြင်များအရ တစ်ကိုယ်လုံးမီးတင်ရှို့ခံရပြီးသည့်နောက် စိတ်ဖောက်ပြန်သွားသည့်အရူးဟုဆိုကြ၏။ ငါးနှစ်ခန့် လူမသတ်ဘဲပျောက်နေသော်လည်း Dark web တခွင်တွင်တော့ ပြဲပြဲစင်အောင် လျှောက်သွားစကားများနေတတ်သည်။
ထိုလူထွက်ပေါ်လာပြီးနောက် အခြားဗီလိန်များလည်း အုတ်အောသောင်းနင်းဖြစ်ကုန်ကြလေ၏။
...
ဘုန်း... ဘုန်း... ဘုန်း...
သဲကန္တရတစ်နေရာ၊ အစိုးရစစ်ယာဥ်တန်းတစ်ခုမှာ ဆက်တိုက်ပေါက်ကွဲသွားသော ဗုံးဒါဇင်ပေါင်းများစွာအောက်တွင် တစ်စမှမကျန်အောက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ယာဥ်တန်းနှင့် မီတာငါးရာအကွာတွင်တော့ မြေတွင်းထဲမှနေ၍ အခြေအနေစောင့်ကြည့်နေသာ ကြေးစားစစ်သည်တစ်စုရှိနေသည်။ သူတို့ထဲမှ အင်တာနက်လိုင်းသုံးနေသူတစ်ယောက်က ခေါင်းဆောင်ဖြစ်သူကို သတင်းပို့လိုက်သည်။
ခေါင်းဆောင်ဖြစ်သည့် စစ်စွပ်ကျယ်အင်္ကျီလက်ပြတ်ကို ခပ်ချောင်ချောင်ဝတ်ထားပြီး အနီရောင်နဖူးစည်းစည်းထားသည့် အမျိုးသမီးက မျက်ခုံးပင့်လိုက်ပြီး သတင်းကိုဖတ်ကာ ရယ်မောလိုက်ကာ VR မျက်မှန်ကိုတပ်ပြီး အစည်းအဝေးခန်းထဲ ဝင်ရောက်လိုက်၏။
[စစ်ပွဲနှင်းဆီ - မြူတန့်သိပ္ပံက လှုပ်ရှားတော့မယ်ဆိုရင် ကြေးစားစစ်တပ်ကို မေ့မထားသင့်ဘူးမဟုတ်လား။ ငါတို့ကအရှေ့အလယ်ပိုင်းနဲ့အရှေ့တောင်အာရှကို တာဝန်ယူဖို့အသင့်ပဲ။]
မကြာခင် အင်အားကြီးအဖွဲ့အများအပြားလည်း အစည်းအဝေးခန်းအတွင်း ဝင်ရောက်ဆွေးနွေးလာကြသည်။
[ဝူလေ့နဂါးငါးကောင် - ငါတို့က တရုတ်ပြည်မကြီးရဲ့ဗီလိန်တွေပဲ။ မင်းတို့တစ်ပြိုင်နက်တည်းလှုပ်ရှားမယ်ဆိုရင် ဟီးရိုးတွေလည်းပြောင်းဆန်သွားမှာသေချာတယ်။ အခုတရုတ်ပြည်မမှာ အဖွားကြီးရှားပိုင်ဝေပျောက်နေတယ်။ အဖိုးကြီးနန်းကုန်းတစ်ယောက်ပဲရှိတာ။ အခုကခန်ရှီးအမိန့်တော်အဖွဲ့ကို ဖြိုခွင်းဖို့အချိန်ကောင်းပဲ။]
[တစ္ဆေပင်လယ်ဓားပြ - ဆိုမာလီယာနဲ့မိုနာကိုက ငါတို့အတွက်ပဲ။ တခြားကောင်တွေလာမလုနဲ့။]
[မိတ်ဆွေမဟာမိတ် - ရွှေတြိဂံနဲ့အင်ဒိုချိုင်းနားတခွင်က ငါတို့ဖို့ဖြစ်လိမ့်မယ်။]
[ဝူလေ့နဂါးငါးကောင် - ချီးပဲ၊ ငါတို့ညီလေးငါးနယ်မြေက ရွှေတြိဂံထဲမှာကွ၊ မင်းတို့အပိုင်သိမ်းလို့ရမလား။]
[မိတ်ဆွေမဟာမိတ် - မေဘေး၊ မင်းသတ္တိရှိရင် ဘိုင်ဝမ်းထိုးမလား။ ဦးသူယူ၊ နိုင်သူရစနစ်ပဲ။]
ဗီလိန်အုပ်စုအများအပြားက မတိုက်ခိုက်ရသေးခင်မှာတင် ပိုင်နက်နယ်မြေများကို ဝေစုခွဲဝေနေကြပေပြီ။ သူတို့အားလုံးက အကျိုးအမြတ်များအတွက်သာ စဥ်းစားကြသည်မဟုတ်လား။
....
ဂျပန်နိုင်ငံရှိ နှင်းများအမြဲမပြတ်ကျဆင်းနေသည့် ဒေသတစ်ခု။
ရိုးရာအိမ်တော်လေးတစ်ခုက လူသူကင်းမဲ့သည့်အရပ်တွင် အထီးကျန်စွာတည်ရှိနေသည်။ အိမ်တော်ဝင်းထဲတွင်တော့ အပြင်းအထန်လေ့ကျင့်နေသည့် နင်ဂျာအများအပြားကိုတွေ့နိုင်ပြီး ထိုအိမ်တော်က အရိပ်လုပ်ကြံသူအဖွဲ့ဌာနချုပ် ဖုန်းကွယ်တောင်ကြားကြေးရွာဖြစ်သည်။
ခေါင်းဆောင်သုံးယောက်က တစ်နေရာတွင်စုထိုင်နေပြီး ထိပ်သီးသုံးဖွဲ့ခေါင်းဆောင်ဖြစ်သော မြူတန်သိပ္ပံအဖွဲ့၏ကြေညာချက်ကို စူးစူးရဲရဲစိုက်ကြည့်နေကြသည်။ ထို့နောက် သူတို့ထဲမှ ခေါင်းဆောင်ကြီးဖြစ်သူက VR မျက်မှန်ကိုတပ်ပြီး ဆွေးနွေးခန်းအတွင်း ဝင်လိုက်၏။
လွန်ခဲ့သောဆယ်နှစ်က သူတို့တွင် အစွမ်းထက်သည့် ဘိုးဘေးတစ်ပါးရှိခဲ့သော်လည်း ဥစာကီနှင့်ယှဥ်တိုက်ရာတွင် ရှုံးနိမ့်သွားပြီး ချိပ်ပိတ်ခံခဲ့ရသဖြင့် ထိပ်သီးနံပါတ်တစ်မှ သုံးသို့တိုက်ရိုက်ဆင်းသွားရ၏။ ထို့ကြောင့် သူတို့ကလက်ရှိနံပါတ်တစ်ဖြစ်သော မြူတန့်သိပ္ပံကိုကြည့်မရ။ သူတို့မကောင်းသည့်အလုပ်များ လုပ်နေသည့်အချိန်တွင် ဒေါက်တာစမစ်တို့ပင် မမွေးသေးလေရာ ဝါရင့်က ဝါနင့်ကိုကြောသွားခြင်းကို အဘယ်ကြောင့်ခံနိုင်ကြမည်နည်း။
[အရိပ်လုပ်ကြံသူအဖွဲ့ - နေဦး၊ မင်းတို့က တိုက်မယ်ပြောတိုင်း ငါတို့က တိုက်စရာလား။ မြူတန့်ခေတ်သမိုင်းတစ်လျှောက်လုံး ထိပ်သီးဗီလိန်တွေကြိုးစားလာတာ ဘယ်သူမှမအောင်မြင်သေးဘူး။ စမစ်ဆိုတဲ့ကောင် ရူးနေပြီလား။ ငါတို့ဗီလိန်တွေမှာ S rank ဆိုတာမရှားပေမဲ့ ဟီးရိုးတွေလည်းအားမနည်းဘူး။ ဟီတိုဂီရီကိုမေ့နေပြီလား၊ ယာမီရော အောင်မြင်လား။ မင်းမှာငါတို့ကိုပြစရာ အာမခံချက်တစ်ခုမရှိဘဲနဲ့တော့ ထွက်ပြီးဟီးရိုးတွေကို တိုက်ရိုက်စိန်မခေါ်နိုင်ဘူး။ စိန်ခေါ်ပြီးမှ ငါတို့ရှုံးရင် နှစ်များစွာကြိုးစားစုစည်းထားတဲ့ ငါတို့အုတ်မြစ်တွေအားလုံး ပျက်စီးသွားလိမ့်မယ်။]
"ဟုတ်သားပဲ၊ ဟီးရိုးအဖွဲ့အစည်းက ဒီလောက်အားမနည်းဘူး။" "ဗီလိန်တွေက အင်အားကြီးပေမဲ့ ရာစုနှစ်ဝက်လောက် ငါတို့ဖိနှိပ်ခံထားရအောင် ဟီးရိုးတွေလုပ်ထားတာမဟုတ်လား။ သေချာပေါက် သူတို့ကို လျှော့တွက်လို့မဖြစ်ဘူး။" စသည်ဖြင့် သာမန်ဗီလိန်အများအပြား စဥ်းစားလာကြသည်။
[စစ်ပွဲနှင်းဆီ - တွေးကြည့်ခါမှ ဒီလပိုင်းမှာတင် ရှင်တို့မြူတန့်သိပ္ပံရဲ့စမ်းသပ်ခန်းနှစ်ခု မြေလှန်ခံလိုက်ရတယ်မဟုတ်လား။ နယူးယောက်မှာလည်း ဘာမဟုတ်တဲ့ A rank နည်းပညာဟီးရိုးကြောင့် ပြေးလာရတယ်။ ဆုဗာနာမှာလည်း သူ့ကို ရှင်တို့ရှုံးလာသေးတယ်။ နောက်ဆုံးတိုကျိုကိစ္စမှာ လူတွေအများကြီးသေအောင် သတ်နိုင်ခဲ့တယ်ဆိုပေမဲ့ သူ့လက်ကနေ ရှင်တို့တည်ထောင်သူတစ်ယောက် ပြေးလာရသေးတာပဲ။ ဘာလဲ၊ ပြေးပြီးရင်း ပြေးနေရလို့ ချောင်ပိတ်ခံရပြီး ကျွန်မတို့ကိုပါ သေသွင်းထဲဆွဲခေါ်နေတာတော့ မဟုတ်ပါဘူးနော်။]
ပုံဖျက်ထားပြီး သေချာမမြင်ရသည့် လှပသောပုံရိပ်လေးက ခနဲ့တဲ့တဲ့လေသံဖြင့် ဒေါက်တာစမစ်ကိုပြန်ခွန်းတုံ့ပြန်၏။ တကယ်လည်း ငွေရောင်စစ်သည်မှာ သူတို့အကြံများစွာကို ဖျက်ဆီးခဲ့သူမလို့ စမစ်မှာ အနာပေါ်တုတ်ကျဖြစ်သွားပြီး အံ့ကျိတ်ထားလိုက်ရသည်။
[မျက်လုံးဖောက်နတ်ဆိုး - ဟုတ်သားပဲ၊ ဟိုတစ်နေ့က ငါYoutubeမှာ အနီရောင်နတ်ဘုရားပြန်လာပြီဆိုတာ ကြည့်လိုက်ရသေးတယ်။ အဲဒီငနှဲက ကမ္ဘာ့အကြမ်းဆုံးဟီးရိုးဖြစ်ခဲ့တာပဲ။ သူရှိတုန်းက ဘယ်ဗီလိန်အဖွဲ့ခေါင်းထောင်ရဲလို့လဲ။ မင်းတို့မြူတန့်သိပ္ပံတောင် အမြီးကုပ်နေရတာမဟုတ်လား။ ငါတို့သောင်းကျန်းတာက သောင်းကျန်းလို့ရပေမဲ့ ဟီးရိုးတွေ ငါတို့ကိုပြန်ကျိတ်ရင် အရိုးတောင်ကျန်မှာမဟုတ်ဘူး။]
ဗီလိန်များအကြား ကြောက်ရွံမှုက ကူးစက်လာသည်။ ဗီလိန်ဆိုသည့်အမျိုးက နဂိုကတည်းက မကောင်းတာမှန်သမျှလုပ်သော်လည်း သေမည့်ကိစ္စတော့ သေမတတ်ကြောက်သည့်အမျိုးမဟုတ်ပါလား။
တချို့ဗီလိန်များဆိုလျင် အစည်းအဝေးခန်းအတွင်းမှ တိတ်တဆိတ်ပင် ထွက်ခွာသွားကြသည်။ စင်စစ် ဒီလိုလေကြီးမိုးကြီးပြောပြီး အစည်းအဝေးခေါ်သည်မျိုးက ဗီလိန်Dark webတွင်မရှားလှ။
'ကမ္ဘာကြီးကို ဖျက်ဆီးမယ်' ဆိုပြီးပြောနေသည့် ဗီလိန်များက သိန်းသောင်းချီရှိနိုင်သော်လည်း အများစုမှာ ဟီးရိုးများရန်မှ ခွေးပြေးဝက်ပြေးပြေးနေရသည့် အရှုံးသမားများသာဖြစ်သည်။
အစည်းအဝေးခေါ်သည့်လူက Mad doctor ဖြစ်နေသဖြင့်သာ သူတို့လာကြည့်ကြခြင်းဖြစ်၏။
ထိုအခါမှ ဒေါက်တာစမစ်မှာ အားလုံးကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ ထိုသို့မြင်ကွင်းမျိုးဖြစ်လာမည်ကို သူအစကတည်းက သိထားပြီးသားဖြစ်၏။ ထို့ကြောင့် သူလက်ကိုမြှောက်ပြီး အားလုံးကိုပြောလိုက်သည်။
"အားလုံးပဲ၊ ငါ့မှာ အကြံအစည်မရှိရင် မင်းတို့ကို အပင်ပန်းခံပြီး အစည်းအဝေးခေါ်ပါ့မလား။ ပြီးတော့ ငါ့နာမည်နဲ့မင်းတို့အချိန်တွေကို ဖြုန်းတီးပစ်နေတာမဟုတ်ကြောင်း တိုင်တည်တယ်။"
ထိုစကားကြောင့် ထွက်သွားလုဆဲဆဲလုပ်နေသည့် အခြားသူများပင် သူ့စကားကိုပြန်အာရုံစိုက်လာကြ၏။ ပြောရခက်သော်လည်း မကောင်းတာလုပ်သည့် ဗီလိန်ကြီးများမှာ တစ်ခါတရံတွင် သူတို့စကားကိုသူတို့ အလေးထားကြပြီး နာမည်ကိုအထိအခိုက်မခံကြပေ။
[ငါဒီအကြံအစည်ကို အရင်နှစ်တွေကတည်းက စခဲ့တာ။ Homosapienနဲ့ Homosapien meta သီအိုရီအကြောင်း မင်းတို့ကြားဖူးကြမှာပါ။]
နာမည်ကျော်ဗီလိန်တစ်ယောက်က ထိုစကားကြောင့် နှာမှုပ်လိုက်ပြီး ပြန်မေးလိုက်သည်။ [ အစွမ်းရှိတဲ့လူတွေက သာလွန်တယ်ဆိုတာလား။ နည်းနည်းတော့ကြောင်တယ်။ - မျက်လုံးဖောက်နတ်ဆိုး]
[အဲဒီသီအိုရီကို ငါစတင်ခဲ့တာ။ သာမန်လူသားတွေနဲ့အစွမ်းရှိသူတွေ သူတို့ကိုယ်သူတို့ သံသယဝင်လာအောင်လို့ပေါ့။ အထိုက်အလျောက်လည်းအောင်မြင်ပါတယ်။ ဟီးရိုးတွေနဲ့သာမန်လူတွေအကြား ဘာတွေကွာခြားလဲ မင်းတို့သိလား။]
ဒေါက်တာစမစ်၏စကားကြောင့် ဗီလိန်အများအပြားက ပြန်အဖြေပေးကြသည်။
[သူတို့က ငါတို့လိုပဲ မြူတန့်တွေ၊ လူသားတွေလိုမဟုတ်ဘဲ အစွမ်းရှိသန်မာတယ်။ - စစ်ပွဲနှင်းဆီ။]
"မှန်တယ်။"
[ သူတို့မှာရဲတွေလိုပဲ တရားဝင်လူသတ်ခွင့်ရှိပြီး ပြစ်မှုအတွက်ရုံးတင်စစ်ဆေးပြီးမှ ထောင်ထဲထည့်လို့ရတယ်။ - မိတ်ဆွေမဟာမိတ်]
"မဆိုးဘူး..."
[ဟီးရိုးအများစုက မာနကြီးတယ်၊ ငွေနောက်လိုက်တယ်။ စစ်မှန်တဲ့ တရားမျှတမှုကိုယုံတဲ့ငတုံးတွေက ဆယ်ယောက်တစ်ယောက်မရှိဘူး။ - မျက်လုံးဖောက်နတ်ဆိုး။]
"အတိအကျပဲ။"
ထို့နောက် ဒေါက်တာစမစ်က သူ့စကားကိုဆက်လိုက်သည်။ [အားလုံးပဲ၊ ဒီရာစုနှစ်ဝက်အတွင်းမှာ ဟီးရိုးသတ်လို့သေတဲ့မသာ ဘယ်နှစ်ယောက်ရှိတယ်ထင်ကြတုန်း။]
[တကယ်တော့ ငါတို့သတ်လို့သေတဲ့မသာတွေနဲ့ အတူတူလောက်ပါပဲ။ သူတို့သတ်တာတွေကို ငါတို့စာရင်းထဲ ထည့်ပေါင်းထားရုံပဲ။ ဆေးဗားဂါးဒီးယမ်းက ပြည်သူတွေကိုသတ်တဲ့အထဲမှာ အများဆုံးဟီးရိုးဖြစ်လိမ့်မယ်။ - ခေါင်းကိုးလုံးနဂါး]
တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် တစ်ကိုယ်တော် S rank ဗီလိန်ကြီးက ဝင်ပြောလာသည်။ သူက ဆေးဗားဂါးဒီးယမ်းနှင့် ရင်ဆိုင်ဖူးသော အမေရိကန်ဗီလိန်ဖြစ်ပြီး ယခုတော့လူသူကင်းဝေးရာတွင် ပုန်းကွယ်နေလျက်ရှိ၏။
[အဲဒါပဲ... အဲဒါ... တချို့လူသားလေးတွေက သူတို့အားကိုးရတဲ့ဟီးရိုးကြီးတွေဟာ ထင်သလောက်မသန့်စင်မှန်း သိကြတယ်။ ဒီတော့မကျေနပ်မှုတွေကိုချပြပေမဲ့ ဟီးရိုးတွေရဲ့နာမည်အောက်မှာ နစ်မြုပ်ကုန်တယ်။ ဒီလိုနာကျည်းမှုတွေက အချိန်ကြာလာတဲ့အချိန်မှာ လူသားမျိုးနွယ်သန့်စင်ရေးဆိုတဲ့ ဝါဒတစ်ခုကို ဖြစ်တည်စေခဲ့တယ်။] စမစ်က အစည်းအဝေးခန်းထဲရှိ လူတိုင်းမြင်စေရန်အတွက် စာအုပ်မျက်နှာဖုံးပုံတစ်ခုကို အကျယ်ချဲ့ပြလိုက်သည်။
[စမစ်၊ အဲဒီတားမြစ်စာအုပ်ကလည်း ရှင့်လက်ရာလို့တော့ မပြောနဲ့နော်။ - စစ်ပွဲနှင်းဆီ။]
[သေချာတာပေါ့ မိုင်လေဒီ။ တကယ်တော့ နောက်တစ်အုပ်ရှိပါသေးတယ်။ မီတာလူသားများ လွတ်လပ်ရေးတဲ့။ မြူတန့်တွေထွက်ပေါ်လာပြီးတဲ့နောက် နိုင်ငံတွေက စွမ်းအားကိုကြောက်ရွံခဲ့ကြတယ်။ တချို့ကတော့ သူတို့ကိုယ်ပိုင်ဖြစ်အောင် သုတေသနပြုလုပ်ရင်းနဲ့ပေါ့။ အခုလည်းမြူတန့်သိပ္ပံဌာနစိတ်ဟာ ဟီးရိုးမဟုတ်တဲ့မြူတန့်တွေရဲ့စွမ်းအား အသုံးပြုပုံကို လိုက်နောက်ယောင်ခံပြီး ချုပ်ချယ်ကန့်သတ်ထားတယ်။ ဒါကြောင့်တချို့နိုင်ငံတွေမှာ စွမ်းအားသုံးခွင့်လွတ်လပ်စွာရဖို့ တောင်းဆိုနေကြတယ်။]
'မြူတန့်တွေလည်း လူသားတွေပါ၊ စွမ်းအားသုံးခွင့် လွတ်လပ်ရာရရေးဟာ လူ့အခွင့်အရေးပါ။' လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတဲ့လူတွေ ဆန္ဒပြနေတဲ့ပုံတချို့ကိုပါ Mad doctor ထုတ်ပြတယ်။
[ဒီတော့ ရှင့်ရဲ့အကြံအစည်က... စစ်ပွဲနှင်းဆီ]
[ငါတို့က အခုသွေးကွဲနေပြီဖြစ်တဲ့ လူသားမျိုးနွယ်နှစ်ခုကို ရန်တိုက်ပေးပြီးတော့ ကျားနှစ်ကောင်ကိုက်တာကို တောင်ပေါ်ကထိုင်စောင့်နေဖို့ပဲ။ ပြီးခါမှ မြူတန့်လွတ်မြောက်ရေးတပ်ဦးဆိုပြီး အကုန်ဝင်သိမ်းမယ်လေ။ မပိုင်ဘူးလား။]
ဒီတော့မှ ဗီလိန်တော်တော်များများရဲ့မျက်လုံးတွေက အရောင်ပြောင်းလဲပြီး တည်ကြည်လေးနက်ကုန်ကြတယ်။ သူတို့စိတ်ထဲမှာတော့ ကိုယ်ပိုင်အတွေးစတွေနဲ့။
[ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ မင်းမှာဟီးရိုးတွေကို ကျော်လွှားနိုင်မယ့် ဝှက်ဖဲရှိဖို့လိုနေတုန်းပဲ။ ဟီးရိုးတွေကို လူသားတွေက မယုံကြည်တော့အောင်လို့ မင်းလူတွေထည့်ထားလို့ရနိုင်ပေမဲ့ တရားမျှတတဲ့ဟီးရိုးတွေတော့ ရှိနေတုန်းပဲ။ ရှုံးနိမ့်နိုင်ခြေက သုညမဖြစ်မချင်း စိတ်မချရဘူး။ မင်းငါတို့ကို စိတ်ကျေနပ်တဲ့ အဖြေမျိုးမပေးနိုင်ရင်တော့... အရိပ်လုပ်ကြံသူ] အရိပ်လုပ်ကြံသူက စကားကိုတစ်ဝက်နဲ့ရပ်ထားတယ်။ အစည်းအဝေးခန်းမက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်တယ်။
၄။
လျှို့ဝှက်စခန်းထဲမှာ စတိုင်ကျကျထိုင်ပြီး VR မျက်မှန်တပ်ထားတဲ့ ဒေါက်တာစမစ်က အမြင်တုအစည်းအဝေးခန်းထဲမှာရှိနေတဲ့ ဗီလိန်တွေကိုကြည့်ရင်း ခပ်ဟဟပြုံးလိုက်တယ်။
အစပိုင်းမှာတုန်းက ဒီလူတွေက သူ့ကိုသံသယနဲ့ကြည့်ခဲ့ပေမဲ့ အခုတော့သူတို့တွေက သူ့ကိုမျှော်လင့်ချက်တွေနဲ့ ပြန်ကြည့်လာကြတယ်။ ဗီလိန်တွေဟာ မြူတန့်ခေတ်ရဲ့နှစ်ငါးဆယ်လုံးလုံး ဟီးရိုးတွေဖိနှိပ်တာကို ခံထားရတာပါ။
စမစ်ရဲ့အကြံသာတကယ်အလုပ်ဖြစ်ပြီး ဟီးရိုးတွေနဲ့လူသားတွေကို အစေးမကပ်အောင်လုပ်နိုင်ခဲ့မယ်ဆိုရင် ဟီးရိုးတွေဟာ လူထုထောက်ခံမှုလို့ခေါ်တဲ့ သူတို့တွေရဲ့အဓိကစွမ်းအားကို ဆုံးရှုံးသွားမှာဖြစ်ပြီး ဗီလိန်တွေနဲ့ ထူးမခြားနားဖြစ်သွားကြမှာပါ။ လူသားတွေရဲ့ငြင်းပယ်ခြင်းကိုခံရမယ်။ အမြဲအထီးကျန်နေပြီး အမှောင်ထောင့်တစ်ထောင့်မှာ ပုန်းကွယ်နေရမယ်။ ဒီဒဏ်တွေကို မခံနိုင်တဲ့ဟီးရိုးတွေကတော့ မြူတန့်လွတ်မြောက်ရေးတပ်ဦးရဲ့အမာခံစစ်သည်တွေအဖြစ် သူတို့နဲ့လာပူးပေါင်းကြမှာဖြစ်ပြီး ခေါင်းမာတဲ့ဟီးရိုးအချို့သာ ဟီးရိုးအနေနဲ့ကျန်ခဲ့မှာပါ။ ဒါတောင်မှ လူသားအစိုးရတွေက သူတို့ကိုအကြမ်းဖက်ဖြေရှင်းဖို့ ကြိုးစားကြဦးမှာ။
ဒါပေမဲ့ စမစ်အနေနဲ့ ဒီဗီလိန်တွေကို ခိုင်မာတဲ့အာမခံချက်နဲ့အကျိုးအမြတ်တွေကို ချပြပေးနိုင်ဖို့တော့ လိုအပ်နေဆဲပါ။ ဒီလိုမှမဟုတ်ရင် ဗီလိန်တွေက ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားလာကျောင်းပေးကြမှာမဟုတ်ဘူး။
ဗီလိန်တွေဟာ သာမန်လူတွေထက် ပိုလောဘနဲ့ရလိုစိတ်ကြီးကြတယ်။ သူတို့ကိုအဆွဲဆောင်နိုင်ဆုံးအရာက အကျိုးအမြတ်ပါပဲ။
စမစ်က ကွန်ပျူတာပေါ်တင်ထားတဲ့ သူ့လက်တွေကို လှုပ်ရှားလိုက်တယ်။ မြူတန့်စစ်သားထောင်ချီကို ဒဇုန်းမြင်ကွင်းကနေတစ်ဆင့် ရိုက်ပြထားတဲ့ဗီဒီယိုဟာ အစည်းအဝေးခန်းမထဲမှာ ဟော်လိုဂရမ် သုံးဖက်မြင်ပုံရိပ်အဖြစ် ထွက်ပေါ်လာတယ်။
မြူတန့်ကိုယ်ပွားတွေဟာ နယူးယောက်မှာဖားလေးတို့ကို ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့တဲ့ အရိုးမျက်နှာနဲ့ အလားသဏ္ဍာန်တူညီကြတယ်။ အရိုးပေါ်အရေတင်ခန္ဓာကိုယ်ရှိပြီး သတ္တုလိုမာကျောတဲ့ အရိုးချွန်တွေက သူတို့အရေပြားကနေ ထိုးဖောက်ထွက်နေတယ်။
ဗီဒီယိုထဲမှာ ကိုယ်ပွားစစ်သားတွေရဲ့စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ စမ်းသပ်ချက်တွေလည်းပါဝင်တယ်။ သူတို့ကို လေယာဥ်ပစ်စစ်သေနတ်တွေတဲ့ ပစ်ခတ်ပေမဲ့ အချက်သုံးဆယ်လောက်ပစ်မှ ဖျက်ဆီးပစ်နိုင်ကြပြီး အင်မတန်မာကျောကြတယ်။ အရိုးတွေက ဇက်စတီးနီးပါးခိုင်ခံပြီး လူ့အသားနဲ့အရိုးတွေကို ဖြတ်ခုတ် ထိုးဖောက်နိုင်တယ်။
ဗီလိန်တွေကိုပိုပြီးဆွဲဆောင်နိုင်တဲ့အချက်က မြူတန့်ကိုယ်ပွားတွေမှာ ကိုယ်ပိုင်အသိစိတ်မရှိဘဲ ဇီဝဗိုင်းရပ်စ်ပရိုဂရမ်နဲ့သာ အလုပ်လုပ်ပါတယ်။ အဲဒီဗိုင်းရပ်စ်က တိုကျိုမှာသူတို့သုံးခဲ့တဲ့ ဖာရာဒေးဖြစ်ပြီး အခုဗားရှင်းကတော့ အသိစိတ်မရှိတဲ့မြူတန့်ကိုယ်ပွားတွေကို ရုပ်သေးတစ်ရုပ်လို အပြည့်အဝထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် နာကျင်မှုမရှိ၊ ခံစားချက်မရှိ၊ သနားညှာတာမှုမရှိ၊ ကြောက်စိတ်မရှိတဲ့ ဒီလူသားစက်ရုပ်တွေက ဗီလိန်တွေအကြိုက် အမိန့်နာခံတတ်တဲ့ လက်နက်တွေဖြစ်လာမှာပါ။
"လူဦးရေသန်းကိုးထောင်နီးပါးရှိတဲ့ ဒီကမ္ဘာကြီးမှာ မြူတန့်တွေက ၂၀% ပဲရှိပြီး အရေအတွက်အားဖြင့် သန်းတစ်ထောင့်ရှစ်ရာသာ နေရာယူထားနိုင်တယ်။ လူသားစစ်သည်အရေအတွက်အားဖြင့်တော့ သန်းနှစ်ရာရှိတယ်။ ဒါပေမဲ့ စစ်ပွဲမှာတိုက်ခိုက်နိုင်တဲ့ မြူတန့်အရေအတွက်ကတော့ ၁၀သန်းမပြည့်နိုင်ဘူး။ ဆိုလိုတာက ငါတို့တွေတစ်ယောက်ကို လူနှစ်ဆယ်သတ်နိုင်မှ ဒီစစ်ပွဲကိုနိုင်မှာ။ သာမန်လူသားတွေရဲ့လက်နက်တွေ၊ တင့်ကားတွေ၊ တိုက်လေယာဥ်တွေ၊ ဒုံးကျည်တွေနဲ့ နျူလက်နက်တွေကို ထည့်တွက်ရင် သေချာသလောက် ငါတို့ချည်းပဲမဖြစ်နိုင်ဘူး။"
ဒီစကားကြောင့် ကန္တာရထဲတွင်ရှိနေတဲ့ စစ်ပွဲနှင်းဆီက သက်ပြင်းချလိုက်တယ်။ အစပိုင်းမှာ မြူတန့်သိပ္ပံအဖွဲ့က ပုံမှန်စိတ်ကူးယဥ်နေတယ်လို့ ထင်ခဲ့မိပေမဲ့ သေချာကြည့်ကြည့်တော့ အတည်ကြီးစီမံကိန်းဆွဲနေသလိုပဲ။
"ဟုတ်ပါပြီ၊ ရှင်က ဟီးရိုးတွေကို လူသားတွေနဲ့ခွဲထုတ်ပြီး လူသားနဲ့ဗီလိန်တွေညှပ်တိုက်တာခံရပြီး သူတို့ကိုပြိုကွဲသွားစေချင်တာပေါ့။ လူသားစစ်သည်တွေကို မြူတန့်ကိုယ်ပွားတွေနဲ့အနိုင်ယူတာကလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှင်ဘယ်လောက်အထိပွားပြီးပြီလဲ။ ငါးသောင်းလား၊ တစ်သိန်းလား။ ရှင့်တစ်ဖွဲ့တည်းနဲ့ သန်းနှစ်ရာလုံးကို ရင်ဆိုင်နိုင်လောက်အောင်မပွားနိုင်ဘူး။ အဆုံးသတ်မှာတော့ ရှင့်ရဲ့သွေးရူးသွေးတန်းအကြံအတွက် ကျွန်မတို့ကိုလိုနေပြန်တာပဲ။ ဒီမှာ... ပရောဂျက်တစ်ခုကကြီးလေ တခြားသူတွေအာရုံစိုက်မိတာ လွယ်ကူလေလေပဲ။" စစ်ပွဲနှင်းဆီပြောတာမှန်တယ်။ တကယ်လို့ မြူတန့်သိပ္ပံကသာ ဒီထက်များပြားတဲ့အရေအတွက်ကို ပွားယူဖို့ကြိုးစားမယ်ဆိုရင် လိုအပ်တဲ့အရင်းအမြစ်တွေ၊ ထုတ်လုပ်တဲ့နေရာတွေ၊ သိုလှောင်မယ့်နေရာတွေမှာ ပုံမမှန်တဲ့လှုပ်ရှားမှုတွေများလာပြီး တခြားအဖွဲ့တွေက သတိထားမိကုန်လိမ့်မယ်။
"ပြောရရင် သတိထားမိကုန်လောက်ပြီလို့တောင် ပြောရမလားပဲ။" ရုတ်တရက် အနက်ရောင်ကျီးကန်းမျက်နှာဖုံးတပ်ထားတဲ့ ဂျိုကာအင်္ကျီဝတ်အမျိုးသားက အစည်းအဝေးခန်းမရဲ့အလယ်ခေါင်မှာပေါ်လာပြီး အားလုံးကိုဦးညွှတ်လိုက်တယ်။
"ဆိုက်ဘာခရိုး (Cybercrow)... တခြားသူတွေရဲ့အစည်းအဝေးခန်းထဲကို မဖိတ်ဘဲမဝင်သင့်ဘူးမဟုတ်လား။" ခပ်ဝဝဗီလိန်တစ်ယောက်က ဆဲဆိုရင်း ပြောလိုက်ပေမဲ့ ဂျိုကာဝတ်စုံနဲ့လူကတော့ နည်းနည်းလေးမှ ဂရုမစိုက်ဘူး။ သူက ခန်းမအလယ်မှာ ကိုယ်ကိုချာလည်လှည့်ရင်း ပြန်ဖြေလိုက်ပါပြီ။
"ပြောရမယ်ဆိုရင် Dark Webတစ်ခုလုံးက ငါ့ရဲ့ပိုင်နက်လေ။ မင်းတို့က ငါ့အိမ်အဝမှာ လမ်းလျှောက်နေတဲ့ ကလေးလေးတွေပါ။ ပြီးတော့ Mad doctor က ဗီလိန်တိုင်းဝင်ဆွေးနွေးလို့ရတယ်လို့ ပြောခဲ့တာ။"
"ဒါပေမဲ့ မင်းက ပုံမှန်ဆိုရင် ရောက်မလာသင့်ပါဘူး။ ဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ။" မျက်လုံးဖောက်နတ်ဆိုးက ပြောလိုက်တယ်။
"တစ်... နှစ်... သုံး... လေး... အား... ဒီလောက်တောင်များတာကိုး။" ဂျိုကာကတော့ သူတို့ကိုဂရုမစိုက်ဘဲ အစည်းအဝေးတက်နေတဲ့ လူတွေထဲကတချို့ကို လက်ညိုးထိုးလိုက်ပြီး ပြောလိုက်ပါတယ်။
"ငါက ဒီမှာဆိုက်ဘာလုံခြုံရေးလေ၊ မင်းတို့အားလုံးကို စောင့်ကြည့်နေရတာ။ မစ္စတာစမစ်ပြောတဲ့စကားတချို့ကြောင့် လုံခြုံရေးတင်းကျပ်ဖို့ လိုမလားလာကြည့်တာပါ။" အဲဒီနောက် သူလက်ညိုးထိုးလိုက်တဲ့လူတွေရဲ့အနက်ရောင်ဟော်လိုဂရမ်ပုံရိပ်တွေက ချက်ချင်းသွေးနီရောင်သန်းသွားပြီး ကြောက်လန့်တကြားအော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။
"Cybercrow လူသတ်တော့မယ်ဟေ့။" တချို့ရင်းနှီးနေကြတဲ့ဗီလိန်တချို့က အော်ဟစ်အားပေးလိုက်တယ်။
မကြာခင်မှာပဲ Cybercrowက သူ့လက်ကိုသေနတ်ပုံစံပြောင်းပြီး သွေးနီအရိပ်ဖြစ်သွားတဲ့သူတွေကို ပစ်ခတ်ဟန် ပြုလိုက်တယ်။
"ဘန်း... ဘန်း... ဘန်း...ဘန်း... ခိုးနားထောင်နေတဲ့ သူခိုးလေးတွေကို ပစ်သတ်လိုက်ပါပြီ။" အဲဒီနောက်တော့ သွေးနီရောင်အရိပ်တွေဟာ ချက်ချင်းပြိုကွဲပျောက်ကွယ်ကုန်တယ်။
...
အစိုးရမြူတန့်အေးဂျင့်ဌာန ထောက်လှမ်းရေးအဖွဲ့တစ်ခုရဲ့လျှို့ဝှက်ရုံးခန်းမှာတော့ VR မျက်မှန်တပ်ထားတဲ့ လူတချို့ရဲ့ဒွာရာကိုးပေါက်ထဲကနေ သွေးတွေစီးကျပြီး လဲကျသေဆုံးကုန်ပါတယ်။
တခြားအရာရှိတွေနဲ့အေးဂျင့်တွေလည်း ပျာယာခတ်ကုန်တော့တာပေါ့။
....
Cyber Crow
Rank A
အစွမ်း - Cyberecho
[ရှင်းပြချက် - အင်တာနက်ဒေတာစီးကူးမှုကို ကြားခံအဖြစ်သုံးပြီး IP adress သိသွားတဲ့ ပစ်မှတ်တွေဆီ ဦးနောက်ကိုတိုက်ရိုက်ဖျက်ဆီးနိုင်တဲ့ နှုန်းလွန်အသံလှိုင်းတွေကို ထုတ်ဖော်နိုင်ပါတယ်။]
[ပြစ်မှုများ - ၂၀၀၂ ခုနှစ်တွင် ပင်တဂွန်၏လျှို့ဝှက်ဖိုင်များကိုဝင်ဟက်ပြီး ကမ္ဘာကိုတုန်လှုပ်ခြောက်ခြားစေခဲ့သည့် Grey Mckinnon၏ဆက်ခံသူ။ ဗီလိန်ကွန်ယက် Dark web၏တည်ထောင်သူ။ စစ်မှုဆိုင်ရာမှတ်တမ်းအများအပြား ခိုးယူထားပြီး Click bait များဖြင့်အပျင်းပြေလူသတ်လေ့ရှိ။]
...
"ဒီတော့ ခင်ဗျားက ကားမာ့ခ်ရဲ့ဝါဒတွေကို အကောင်အထည်ဖော်ခဲ့တဲ့ လီနင်တို့စတာလင်တို့လိုမျိုး မြူတန့်တွေရဲ့ခေါင်းဆောင်ကြီးလုပ်မယ်ပေါ့။ ကျုပ်တွေ့သလောက်တော့ ဟာသပါပဲ။"
ဆိုက်ဘာခရိုးက ရဲရဲဝင့်ဝင့်ဖြင့် ဗီလိန်ထွပ်ခေါင်ကြီးရှေ့ကို လျှောက်သွားလိုက်ပြီး လက်ညိုးသေနတ်နှင့် ထိုးချိန်ထားလိုက်တယ်။ သူ့လက်နဲ့ချိန်ထားတာကြောင့် စမစ်ရဲ့ပုံရိပ်ကလည်း သွေးနီရောင်သန်းလာတယ်။
"ကျုပ်လက်ညိုးကွေးလိုက်တာနဲ့ ခင်ဗျားကို နောက်တစ်စက္ကန့်အတွင်းမှာတင် ဇီဝိန်ချုပ်ပေးလို့ရတယ်။ ခင်ဗျားရဲ့ကင်းခြေများနဲ့ကိုယ်ပွားတပ်ဖွဲ့ကြီး ကျုပ်ကိုလာရှာမှာ ကြောက်စရာမလိုဘူး။ ခင်ဗျားရဲ့ကျန်တဲ့ လူလုပ်မြူတန့်တွေကိုလည်း ကျုပ်ကိုယ်တိုင် ကောင်းကောင်းကိုင်တွယ်နိုင်တယ်။ ခင်ဗျားကိုနှိမ်ချပြီး ပြောတာတော့မဟုတ်ပေမဲ့ ဒိအစည်းအဝေးခန်းထဲမှာတင် ခင်ဗျားကိုယှဥ်နိုင်တဲ့ဗီလိန်တွေ ရိုက်သတ်လို့မကုန်ဘူး။ တကယ်လို့ ခင်ဗျားက ကျုပ်တို့အားလုံးကို ခေါင်းဆောင်ချင်ရင် ခေါင်းဆောင်နိုင်တဲ့အရည်အချင်းမျိုးရှိရမယ်။"
စမစ်ကလည်း လူပျက်ခရိုးရဲ့ခြိမ်းခြောက်စကားတွေကြောင့် နည်းနည်းလေးမှတုန်လှုပ်မသွား။ ဆိုက်ဘာခရိုးပြောသလိုပင် သူ့အတွက်စမစ်ကိုသတ်ရဖို့ အွန်လိုင်းပေါ်မှာ လက်ညိုးတစ်ချက်ကွေးစာသာရှိတယ်။ အပြင်မှာမယှဥ်နိုင်ရင်တောင်မှပေါ့။ ဗီလိန်တွေမှာလည်း အဆင့်တွေခွဲထားပေမဲ့ ထိပ်ဆုံးအဆင့်ကလူတွေက အမြဲတမ်းပြိုင်ဖက်ကင်းနေတာမဟုတ်ဘူး။
ဒီကမ္ဘာပေါ်မှာ ပြိုင်ဖက်ကင်းဆိုတဲ့စကားလုံးက အစကတည်းကမရှိဘူး။ ယာမီက ဗီလိန်တိုင်းကိုအနိုင်ယူပြီး ဗီလိန်ထွပ်ခေါင်ဖြစ်လာတယ်။ အာကိုင်းဂါမီက ယာမီကိုနိုင်သွားတယ်၊ အာကိုင်းဂါမီကို ဥစာကီက ထပ်ချိပ်ပိတ်တယ်။ လက်ရှိပြိုင်ဖက်ကင်းဆိုတဲ့ ငနှဲတွေက အရင်ကပြိုင်ဖက်ကင်းတွေကို အနိုင်ယူပြီးဖြစ်လာတာ။ ဒီတော့တစ်နေ့ကျရင် သူတို့ကိုတခြားတစ်ယောက်က ထပ်အနိုင်ယူသွားကြဦးမှာ။ ဒါကြောင့် အစစ်အမှန်ပြိုင်ဖက်ကင်းတဲ့သူ တကယ်ရောရှိပါ့ဦးမလား။
စမစ်က သူ့ကိုလက်ညိုးနဲ့ချိန်ထားတဲ့ ဆိုက်ဘာခရိုးကို ခနဲ့တဲ့တဲ့ပြုံးပြလိုက်တယ်။ ဒီလူသူ့ကို သတိပေးတာ သိပ်ကောင်းတယ်။ ဒါက သူ့အစီအစဥ်ကိုဖော်ဆောင်ဖို့ နောက်ဆုံးလိုအပ်တဲ့အဖြေပဲ။
"ကောင်းတယ်... သိပ်ကောင်းတယ်... ဗီလိန်လောကရဲ့ဓလေ့အတိုင်း တစ်ယောက်က အခြားတစ်ယောက်ကို ကိုယ့်နောက်လိုက်စေဖို့ အနိုင်ယူရမယ်။ မြူတန့်သိပ္ပံရဲ့တိုးတက်မှုတွေကို မင်းတို့မြင်ခဲ့ရတာက ရေခဲတောင်ရဲ့ထိပ်ဖျားပိုင်းလေးပဲ။ ငါတို့ဖော်မြူလာက ပြည့်စုံသွားပြီ။ ဒီတော့ ရှေ့အပတ်မှာ ငါတို့တွေစိန်ခေါ်ပြီး ဘယ်သူက ဘယ်သူဦးဆောင်တဲ့နောက်ကိုလိုက်မလဲ ဆုံးဖြတ်တာပေါ့။" ဒေါက်တာစမစ်က ထိုင်ရာကနေ ထလိုက်တယ်။
အဖြေကိုရှင်းရှင်းလင်းလင်း သဘောမပေါက်သေးတဲ့ စစ်ပွဲနှင်းဆီက လက်ထောင်ပြပြီးတားလိုက်တယ်။
"နေဦး၊ ရှင်က ကျွန်မတို့အားလုံးကို တစ်ပြိုင်နက်တည်း စိန်ခေါ်ချင်တာလား။"
"မင်းမှာ ကြားနိုင်တဲ့နားတွေမရှိဘူးလား၊ ငါမင်းတို့အားလုံးကို အနိုင်ယူပြမယ်။" စမစ်က ခပ်ပြတ်ပြတ် ခွန်းတုံ့ပြန်တယ်။
"သိပ်ကောင်းတယ်၊ ဘယ်သူက ဘယ်သူ့ကိုအနိုင်ယူမလဲ အဲဒီကျမှကြည့်ကြသေးတာပေါ့။" အရိပ်အဖွဲ့ခေါင်းဆောင်က ပြောလိုက်ရင်း လိုင်းပေါ်မှဆင်းသွားတယ်။
တခြားသူတွေလည်း အလျှိုအလျှိုအစည်းအဝေးခန်းထဲက ထွက်ကုန်ကြပြီး ဒေါက်တာစမစ်ကတော့ သူမပြာလည်းဖြစ်မှန်းသိပေမဲ့ အားလုံးကိုအော်ပြောလိုက်ပြီး သူကိုယ်တိုင်လည်း VR မျက်မှန်ကိုချိတ်လိုက်တယ်။
"ကောင်းပြီ၊ အစည်းအဝေးပြီးပြီ။ ရှေ့အပတ်ငါ့ဆီလာဖို့မမေ့နဲ့။"
...
အဖြူရောင်အိပ်ရာခင်းထက်တွင် မိန်းကလေးတစ်ယောက် လှဲလျောင်းနေပြီး သူ့မျက်ခွံများက တဆတ်ဆတ်လှုပ်ခါလျက်ရှိသည်။ မိန်းကလေးမှာ အိပ်ရာမှမနိုးသေးပါ။ သို့သော်လည်း အိပ်မက်ဆိုးတစ်ခုကို မက်နေဟန်ရှိသည်။
သူမ မာကျောအေးစက်သည့် ကတ္တရာလမ်းမပေါ်သို့ လဲကျသွားပါသည်။ ဒူးတစ်ဖက်မှာ လမ်းမျက်နှာပြင်ကြမ်းကြမ်းနှင့် တိုက်မိပြီးသွေးများထွက်လာ၏။ ကျောင်းစတက်ကတည်းက လမ်းလျှောက်ဖို့သုံးရသည့် ကလေးသုံးချိုင်းထောက်ကတော့ အဝေးမှာ။
"ဟေး... မင်းတို့တွေ၊ စက်ဘီးကိုအတင်းမမောင်းနဲ့လေ။" ရွှေရောင်ဆံပင်နှင့်ရွယ်တူကောင်လေးတစ်ယောက်က စက်ဘီးကိုအကြမ်းပတမ်းမောင်းသွားပြီး နောက်ပြန်လှည့်မကြည့်သည့် အတန်းကြီးကျောင်းသားတစ်သိုက်ကို လှမ်းအော်ပြောလိုက်၏။
သို့သော်လည်း တကယ်ကူညီလိုက်သည်က မျက်မှန်နှင့်ကျောင်းသားကလေးဖြစ်ပြီး သူ့ဆံပင်များက ညိုတိုတိုဖြစ်သည်။ မျက်လုံးများကလည်း အညိုရောင်သန်းနေပြီး စာဂျပိုးဖြစ်လေဟန်ပေါ်ကာ မျက်နှာတွင်ကလေးတန်မဲ့ ဝက်ခြံအနည်းငယ်ရှိနေ၏။
"ဟိုင်း... ငါက စင်တီပါ၊ နင်တို့က။"
"ငါက ဒမ်နီရယ်၊ သူက စမစ်။ ငါတို့က နင်နဲ့ကျောင်းအတူတူပဲ။ အယ်.. ကျောင်းဝတ်စုံတူပေမဲ့ နင့်ကိုတစ်ခါမှ ကျောင်းမှာမတွေ့ဖူးပါလား။"
ကောင်လေးစမစ်က စင်တီကို ပြန်မတ်တပ်ရပ်နိုင်ရန် ကူညီပေးခဲ့သော်လည်း ဒမ်နီရယ်ကတော့ ခုထိ စကားပြောလို့ကောင်းနေတုန်းရှိသေးသည်။
"ငါက ကျောင်းပြောင်းလာတာလေ၊ ဒါကြောင့်နင်တို့မတွေ့ဖူးတာ။"
"ဝိုး၊ ကျောင်းသားသစ်ပေါ့။ နင့်ခြေထောက်က ဘာဖြစ်တာလဲ။"
"ငါလည်းမသိဘူး၊ အမေပြောတာတော့ ကြီးလာရင် ကောင်းသွားလိမ့်မယ်တဲ့။"
...
သလင်းကျောက်တွေ စကျလာတော့ သူတို့တွေလည်း ထိတ်လန့်ခဲ့ကြတယ်။ ဒမ်နီရယ်ကတော့ ကံအကောင်းဆုံးဖြစ်ခဲ့တာပေါ့။ သလင်းကျောက်တစ်ခုကိုကောင်ယူရရှိပြီး လေအမျိုးအစားစွမ်းအား မိုးသက်မုန်တိုင်းကို ရရှိခဲ့တယ်။
"ဒီမှာကြည့်စမ်း... ငါပစ္စည်းတွေကို လေမုန်တိုင်းထဲမှာ ဝဲပျံနေအောင်လုပ်နိုင်တယ်။ ငါ့လိုမျိုးစွမ်းအားရှိတဲ့လူတွေက မကောင်းတဲ့လူတွေကိုတားဖို့အတွက် The Great 47 ကိုဖွဲ့လိုက်ပြီကြားတယ်။ ငါလည်းသူတို့လိုမျိုး ဟီးရိုးလုပ်ချင်တယ်။"
အဲဒီနောက်တော့ ဒမ်နီရယ်က မစားရဝခမ်း သူ့ရဲ့အိပ်မက်အကြောင်းကို အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ စင်တီနဲ့စမစ်ကို ပြောပြတော့တာပဲ။ သိပ်မကြာခင်မှာပဲ အင်အားအကြီးဆုံးဟီးရိုးတွေထဲက တစ်ယောက်ဖြစ်တဲ့ Stonecrashက သူ့စွမ်းအားတွေကို သတိထားမိသွားပြီး အလုပ်သင်Sidekick အဖြစ် ခန့်ထားလိုက်တယ်။
တစ်နေ့တော့ စင်တီမှာထူးဆန်းတာတစ်ခု ဖြစ်လာခဲ့တယ်။ မီးခိုးရောင်သလင်းကျောက်တစ်ခု သူ့ဆီကို ရောက်လာပြီးတဲ့နောက်မှာ စင်တီရဲ့ခန္ဓာကိုယ်အောက်ပိုင်းက ကင်းခြေများအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။
တခြားအတန်းဖော်တွေက စင်တီကိုကြောက်ရွံနေကြပေမဲ့ စမစ်ကတော့ သူ့ဘေးနားမှာ အမြဲရှိနေဆဲပါပဲ။
"ကောင်းတာပေါ့၊ အစက နင်အကူအညီပါရင် လမ်းလျှောက်လို့မရဘူးလေ။ ဘုရားသခင်က မင်းအတွက် သန်မာတဲ့ခြေထောက်တွေအများကြီး ဖန်ဆင်းပေးခဲ့တာနေမှာ။" စမစ်က ဒီလိုအားပေးတော့ စင်တီရဲ့မျက်လုံးတွေမှာ မျက်ရည်တွေဝဲလာတယ်။
အဲဒီနောက်ပိုင်းမှာတော့ စမစ်နဲ့စင်တီဟာ ခွဲမရလောက်အောင် သံယောဇဥ်တွယ်သွားကြတယ်။ ကျောင်းသွားလည်း အတူတူ၊ ကျောင်းပြန်လည်အတူတူ ပိတ်ရက်လျှောက်လည်လည်းအတူတူပေါ့။ ဒါပေမဲ့ ထူးခြားအစွမ်းတွေနဲ့ အသားမကျသေးတဲ့ လူသားအများစုကတော့ စင်တီကိုသာမန်မိန်းကလေးတစ်ယောက်လို့ မမြင်ကြဘူး။ ကြောက်စရာလူသားတစ်ယောက်လို့ပဲ မြင်ကြတယ်။
တစ်ဖက်မှာတော့ စွမ်းအားရှိပေမဲ့ လူတွေကြောက်ရွံလောက်တဲ့ အဆင်းမျိုးမရှိတဲ့ ဒမ်နီရယ်ကတော့ ဟာရီကိန်းအမည်နဲ့ အလယ်အဆင့်ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပြီ။ အတန်းဖော်တွေကြားထဲ မျက်နှာပန်းပွင့်ပြီး စမစ်တို့ကိုလှည့်မကြည့်တော့ဘူး။
အဲဒီတုန်းက စွမ်းအားအဆင့်သတ်မှတ်ချက်ဟာ အတည်တကျမဖြစ်လေးလို့ အားနည်းရင်အားနည်းတဲ့အဆင့်၊ နည်းနည်းပိုသာရင် အလယ်အဆင့်၊ စွမ်းအားကြီးရင် အဆင့်မြင့်၊ အားသိပ်ကောင်းနေရင် ထိပ်သီးအဆင့်လို့ခေါ်ကြတယ်။ နောက်ငါးနှစ်လောက်ကြာမှ ယနေ့ခေတ်လိုမျိုး A,B,C နဲ့စနစ်ကျကျ ခွဲခြားတာမျိုးဖြစ်လာတာ။
ဒီလိုနဲ့သုံးနှစ်ကြာပြီးတဲ့နောက် သူတို့အထက်တန်းတက်ဖို့အတွက် အချိန်ကြလာတယ်။ စင်တီက လူတစ်ယောက်နဲ့ သိသိသာသာကွဲထွက်နေတာကလွဲရင် ကြင်နာတတ်တယ်၊ တက်ကြွတယ်၊ နူးညံ့သိမ်မွေ့တယ်။ တစ်နေ့တော့ စမစ်ဖွင့်ပြောဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စင်တီရဲ့နှလုံးသားထဲမှာ တခြားတစ်ယောက်ရှိနေပြီးသား။
အဲဒီကောင်က အာကျယ်ရုံကလွဲပြီး ကောင်းကွက်မရှိတဲ့ ဟီးရိုးနောက်လိုက်ဖြစ်ပြီးတဲ့နောက် သူတို့ကိုအရေးမလုပ်တော့တဲ့ ဒမ်နီရယ်တဲ့။ ဒါပေမဲ့မကျေနပ်ချက်တွေကို စမစ်ရင်ထဲမှာပဲ သိမ်းထားလိုက်တယ်။
လူတစ်ယောက်ရဲ့နှလုံးသားဆိုတာက ရယ်ဖို့တော့ကောင်းသား။ စမစ်အနေနဲ့ တခြားမိန်းကလေးတစ်ယောက်ကို ပြောင်းစွဲလမ်းမိအောင် မတက်နိုင်ဘူး။ စင်တီအနေနဲ့လည်း အလားတူဖြစ်မှာပါ။ သူနားလည်ပေးခဲ့တယ်၊ ဟန်မပျက်နေဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။
...
တစ်နေ့တော့ သူတို့နှစ်ယောက်အတူတူပဲ ဘေးချင်းယှဥ်လျက် လမ်းလျှောက်ရင်း ကျောင်းသွားဖြစ်ကြတယ်။ စမစ်မှာ စက်ဘီးပါပေမဲ့ စင်တီက မစီးနိုင်တဲ့အတွက် ဒီအတိုင်းစက်ဘီးလေးကို တွန်းရင်းလမ်းလျှောက်ရတာပေါ့။
"စမစ်၊ နင်ကျောင်းပြီးရင် ဘာမေဂျာလျှောက်မှာလဲ။" အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးသွားတယ်။ သူတို့တွေလည်း အထက်တန်းကျောင်းနောက်ဆုံးနှစ်ကို ရောက်လာကြပြီ။ စမစ်ကတော့ စင်တီရဲ့စွတ်စွတ်ဖြူနေတဲ့ မျက်နှာကိုကြည့်ရင်း ပြန်ဖြေလိုက်တယ်။
"ငါ ဇီဝသိပ္ပံတက္ကသိုလ်တက်ဖို့ စဥ်းစားထားတယ်။ ဒါမှ နင့်ခြေထောက်တွေကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်ကုပေးနိုင်မှာ။"
ဒါပေမဲ့ စင်တီကတော့ သူ့ကိုယောင်ယောင်လေးပဲ ပြုံးပြလိုက်တယ်။ "ရပါတယ်၊ နင်ပြောဖူးတဲ့အတိုင်းပဲ ဒါက ငါ့ကိုဘုရားသခင်လက်ဆောင်အဖြစ်ပေးထားတဲ့ အစိတ်အပိုင်းတွေလေ။ ငါကြိုက်တာမလို့ သာမန်လူတွေလိုမျိုး ပြန်ဖြစ်ဖို့မလိုပါဘူး။"
"ဒါပေမဲ့... အဲဒါက သိပ်နာကျင်ရတယ်မဟုတ်လား... နင့်ကိုကြည့်တဲ့ လူတွေရဲ့ကြောက်ရွံနေတဲ့အကြည့်တွေကို ငါစိတ်ကုန်နေပြီ။" စမစ်ဒီစကားတွေကို ပြောပြခဲ့ပေမဲ့ စင်တီကတော့ သူ့ကိုဟန်မပျက် ပြုံးပြနေဆဲပဲ။
"တစ်ယောက်ယောက် ကယ်ကြပါဦး။"
ရုတ်တရက် ကလေးတစ်ယောက် ဘောလုံးကောက်ဖို့အတွက် လမ်းပေါ်ကိုပြေးတက်လာတယ်။ ကလေးအမေဖြစ်သူက တားဖို့လုပ်ပေမဲ့ နောက်ကျသွားပြီ။ အရှိန်မထိန်းနိုင်တဲ့ ကွန်တိန်နာကားကြီးကလည်း ကလေးဆီကို ပြေးဝင်လာနေပြီ။
"မဖြစ်ဘူး...." အဲဒီအချိန်အတွင်းမှာပဲ စမစ်ရဲ့အချိန်တွေက ရုတ်တရက်နှေးကွေးသွားသလို ခံစားလိုက်ရတယ်။ စင်တီရဲ့ကင်းခြေများခြေထောက်တွေက သာမန်လူတွေမလုပ်နိုင်တဲ့နှုန်းနဲ့ မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားသွားပြီး ကားလမ်းမပေါ်တက်သွားတယ်။
အဲဒီနောက်တော့ စင်တီက ကလေးကိုပွေ့ဖက်လိုက်ပြီး ကားနဲ့ဝေးရာကိုတွန်းပို့လိုက်တယ်။ ကိန်တိန်နာကတော့ ရုတ်တရက်ဝင်ရောက်လာတဲ့ ကင်းခြေများခန္ဓာကိုယ်ကို မထိန်းနိုင်ပဲ ဝင်တိုက်မိတော့တာပေါ့။
ပိန်ရှုံသွားတဲ့ကား၊ လူသားတစ်ယောက်ရဲ့သွေးစက်နဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ အစိမ်းရောင်သွေးစေးတွေက စမစ်ရဲ့မြင်ကွင်းကို ဖုံးလွှမ်းသွားခဲ့တယ်။
"အား.... မကောင်းဆိုးဝါးကြီး လူသတ်နေပြီ။"
သူသတိဝင်လာချိန်မှာတော့ မယုံနိုင်စရာကောင်းတဲ့ မြင်ကွင်းကို မြင်လိုက်တယ်။ စင်တီရဲ့အပေါ်ပိုင်းခန္ဓာကိုယ်ဟာ တဆတ်ဆတ်တုန်ရင်နေပြီး ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို နားမလည်နိုင်တဲ့အလားမျက်လုံးတွေက ကြက်သေသေနေတယ်။
သူ့လက်ထဲမှာတော့ သူကယ်ဖို့လုပ်ခဲ့တဲ့ ကလေးရဲ့ခန္ဓာကိုယ်က တစ်စစီ။ အရိုးတွေကျိုးပဲ့နေပြီး သွေးစီးကြောင်းတွေက ကတ္တရာလမ်းမပေါ်ကို စီးကျနေတယ်။ သွေးစက်တချို့ကတော့ စင်တီရဲ့ကျောင်းဝတ်စုံနဲ့မျက်နှာကို လာစင်တယ်။
သူ့ခန္ဓာကိုယ်နဲ့ကားကိုတားခဲ့တာမလို့ ကားခေါင်းခန်းဟာလည်း ချိုင့်ဝင်နေပြီး ကားပေါ်ကဒရိုက်ဘာလည်း ကားဒတ်ဘုတ်နဲ့ဆောင့်မိကာ သေပွဲဝင်နေပါပြီ။ လူသေအလောင်းနှစ်လောင်းကြားမှာတော့ ကြောက်စရာကောင်းတဲ့ မြူတန့်ဟာ ထင်ထင်ရှားရှားကြီးရပ်နေတယ်။ စင်တီမသိခဲ့တာက သူ့ရဲ့ကင်းခြေများခန္ဓာကိုယ်ဟာ ကွန်တိန်နာထက်တောင် လူသားတွေထက်ပိုပြီး အန္တရာယ်များတယ်ဆိုတာပါပဲ။
"တစ်ယောက်ယောက် ရဲခေါ်ကြပါ။"
"ဗီလိန်... ဗီလိန်... ဟီးရိုးတွေမလာသေးဘူးလား။"
သာမန်လူတွေရဲ့အော်ဟစ်သံတွေက ငရဲပွက်သံတွေလိုမျိုး ဆူညံစွာထွက်လာခဲ့တယ်။
၅။
အဲဒီကံဆိုးတဲ့အဖြစ်အပျက်ပြီးတဲ့နောက်တော့ စင်တီကို လူသားတွေက ကြောက်စရာသွေးဆာနေတဲ့ သဘာဝလို့ ယူဆလိုက်ကြတယ်။ သူတို့တွေဟာ တရားမျှတမှုဆိုတဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာငယ်လေးထဲမှာ ပိတ်မိနေကြပြီး စင်တီရဲ့ရှင်းပြချက်တွေကို နားထောင်ဖို့မအားခဲ့ကြဘူး။
'အပြစ်မဲ့တဲ့ကလေးကိုသတ်ခဲ့တဲ့ မိစ္ဆာမကိုသတ်' အဲဒီစကားလုံးတွေက သာမန်လူတွေရဲ့စိတ်ထဲမှာ ပဲ့တင်သံထွက်နေခဲ့တယ်။ ဟီးရိုးတွေကလည်း ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို သေချာနားထောင်ဖို့ထက် သာမန်လူတွေဆီက ချီးကျူးစကားကိုပဲ လိုချင်နေခဲ့တာ။
'လူတွေက မိစ္ဆာမကိုသေစေချင်နေတာမဟုတ်လား၊ ငါတို့သူ့ကိုသတ်လိုက်ရင် နောက်တစ်ခါသူရဲကောင်းဖြစ်ပြီလေ။' အမှန်တရားဆိုတာက လူသားတွေရဲ့အမြင်သက်သက်ပဲ။ စိတ်ထင်ယောင်ထင်မှားဖြစ်စဉ်လို့ ပြောရင်တောင် မှန်လေမလား။
တစ်ခါက အိမ်ခြေမဲ့ ကလေးငယ်လေးတစ်ယောက် ငတ်ပြတ်ဆာလောင်နေလို့ ဟော့ဒေါ့ဆိုင်က စားစရာတချို့ ခိုးစားဖူးတယ်။ ဆိုင်ရှင်အတွက်တော့ သူက တစ်ပါးသူတွေပိုင်ဆိုင်တဲ့အရာကို အဓမ္မရယူတဲ့သူခိုးလေးပေါ့၊ ဒါပေမဲ့ ကလေးငယ်အတွက်တော့ သုံးရက်လုံးလုံး ဆန်တစ်စေ့တောင်မစားရသေးလို့ မွတ်သိပ်ဆာလောင်မှုကိုပဲ သိတော့တာ။
အဲဒီကလေးကို ရပ်ကွက်ထဲကလူတွေက တရားမျှတမှုအတွက်ဆိုပြီး ဝိုင်းရိုက်လိုက်ကြတယ်၊ ဒါဆိုရင် လက်ကျိုးခြေကျိုးဖြစ်သွားတဲ့ ငတ်မွတ်နေတဲ့ကလေးအတွက်ကရော တရားမျှတမှုဆိုတာ ဘယ်မှာလဲ။
လူသားတွေအတွက် ဘဝဆိုတာက ရွေးချယ်ခွင့်ရတဲ့အရာမဟုတ်ဘူး၊ ဘဝကသာ လူသားတွေရဲ့ဖြစ်တည်မှုကို ရွေးချယ်ခဲ့တာ။
အခုဖြစ်စဉ်မှာလည်း ဒီလိုပါပဲ၊ စမစ်ဟာ ကြောက်လန့်ပြီး သူ့ကိုယ်သူအပြစ်တင်နေဆဲဖြစ်တဲ့ စင်တီရဲ့လက်ကိုဆွဲပြီး အမေရိကန်တောင်ပိုင်း ဖလော်ဖီဒါကနေ နှင်းတွေဖွေးဖွေးကျနေတဲ့ မြောက်ပိုင်းကန်းဆက်ပြည်နယ်အထိ ထွက်ပြေးခဲ့ရတယ်။
ဆယ်ကျော်သက်လေးနှစ်ယောက်အဖို့ မိုင်ပေါင်းထောင့်ငါးရာခရီးကို တရားမဝင်ဖြတ်ကျော်ခဲ့ရတာ သိပ်ကိုကြမ်းတမ်းလွန်းခဲ့တယ်။ လမ်းတစ်လျှောက်မှာ သူတို့နောက်ကိုလိုက်လာတဲ့ လက်နက်ကိုင်စစ်သည်တွေ၊ ရဲတပ်ဖွဲ့တွေ၊ ဟီးရိုးတွေရန်ကနေ မနည်းလွတ်အောင် ပြေးခဲ့ရတယ်။
"စမစ်၊ ငါသူ့ကိုသတ်လိုက်တာ... ငါသူ့ကို သတ်မိလိုက်တယ်။" အဝတ်အစားအသစ်တွေ ပြောင်းဝတ်ပြီးပြီဖြစ်ပေမဲ့ သူ့တစ်ကိုယ်လုံးမှ သွေးတွေပေကျံနေသလိုမျိုး စင်တီတစ်ယောက် သွေးရူးသွေးတန်းဖြစ်နေဆဲပဲ။
သူတို့နှစ်ယောက်နောက်ကနေ ဟီးရိုးတွေလိုက်နေမှန်း သူတို့သိတယ်။ ဒါပေမဲ့ သူတို့မပြေးနိုင်တော့ဘူး။ ခြောက်လတာကာလပတ်လုံး ဟိုပြေးရဒီပုန်းရနဲ့ သူတို့ပင်ပန်းလှပြီ။
သူတို့ပန်းတိုင်က အစပိုင်းမှာတော့ မက္ကဆီကိုကိုပြေးဖို့။ ဒါပေမဲ့ S rank ဟီးရိုးတွေကိုယ်တိုင် သူတို့ကိုလိုက်နေပြီဖြစ်တဲ့အတွက် ရှောင်ရင်းရှားရင်းကနေ ကနေဒါဘက်ကို ပိုနီးလာခဲ့တယ်။
စင်တီရဲ့အေးစက်နေတဲ့လက်တွေကို စမစ်ဆုပ်ကိုင်ထားမိလိုက်တယ်။ လမ်းတစ်ဝက်မှာ သားမွှေးထည်တွေကို သူတို့ဝင်ခိုးပြီး ဝတ်ဆင်ထားခဲ့ပေမဲ့လည်း ဒီဇင်ဘာဆောင်းရာသီရဲ့အေးစက်မှုဒဏ်ကိုတော့ သူတို့မခံနိုင်ခဲ့ဘူး။
မကြာခင် ခရစ်စမတ်အားလက်ရက် ရောက်တော့မယ်။ မြို့တွေထဲမှာ မီးလုံးတွေအလှဆင်နေပြီး တချို့တွေကတော့ ခရစ်စမတ်သစ်ပင်အတွက် ထင်းရှူးသစ်ပင်တွေကို အိမ်သယ်လာကြတယ်။ ဒါပေမဲ့ သူတို့လိုဝရမ်းပြေးနှစ်ယောက်အတွက်က ဒီပျော်ပွဲရွှင်ပွဲတွေဟာ သူတို့နဲ့မဆိုင်လှဘူး။
ငွေဖြူရောင်နှင်းတွေက ကန်းဆက်ပြည်နယ်ရဲ့နေရာတိုင်းကို ဖုံးလွှမ်းထားခဲ့တဲ့အတွက် စမစ်နှင်းတွေကိုမုန်းမိနေပြီ။ တကယ်လို့သာ စင်တီကသူ့ရဲ့အမြီးရှည်တွေနဲ့ စမစ်ကိုဖုံးလွှမ်းမပေးထားရင် သူခဲသေနေတာကြာလောက်ပြီ။
စင်တီရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့် သူတို့မြို့ထဲမှာ ပုန်းနေလို့မဖြစ်နိုင်ဘူး။ ဒါကြောင့်ကန်းဆက်ရဲ့လူသူကင်းမဲ့တဲ့ တောတောင်တွေကြားမှာ သူတို့သွားနေရတယ်။ တစ်ခါတလေတော့ စမစ်ကရိက္ခာအတွက် မြို့ထဲဆင်းပြီး ဝယ်သင့်တာဝယ်၊ ခိုးသင့်တာခိုး လုပ်ရပါတယ်။
သူဒီလိုဘဝကြီးကို ငြီးငွေ့နေပေမဲ့ စင်တီကိုတစ်ယောက်တည်း မထားခဲ့နိုင်ဘူး။
"စမစ်၊ နင်ဘာလို့အိမ်မပြန်တာလဲ။ ရဲတွေက ငါ့ကိုပဲလိုက်ဖမ်းနေတာ။ နင့်ကိုရှာနေတာမဟုတ်ဘူးလေ။"
စင်တီက စမစ်ကိုဒီလိုမေးတိုင်း စမစ်ကတော့ ပြုံးပြီးပြန်ဖြေလေ့ရှိတယ်။ "ငါနင့်ကို ဘယ်လိုလုပ်ပြီး ထားသွားလို့ဖြစ်မှာလဲ။"
စမစ်တစ်ယောက် သူ့ရှေ့မှာတောက်လောင်နေဆဲဖြစ်တဲ့ မီးပုံကိုစိုက်ကြည့်မိတယ်။ ထင်းနည်းလာတာကြောင့် အအေးဓာတ်က ပိုပြင်းထန်လာနေတယ်။
"ငါထင်းသွားရှာလိုက်ဦးမယ်။" စမစ်ဒီလိုပြောလိုက်ရင်း စင်တီဆီကနေ ခဏထွက်သွားခဲ့မိတယ်။ သူ့လုပ်ရပ်ကြောင့် နောက်ဖြစ်လာမယ့် အဆိုးဆုံးအရာတစ်ခုကို မသိခဲ့ဘဲနဲ့ပေါ့။
သူပြန်လာတဲ့အချိန်မှာတော့ စင်တီကို လူငါးယောက်က ဝန်းရံထားတယ်။ သူတို့ထဲကတစ်ယောက်ကို စမစ်သေချာမှတ်မိတယ်။ သူတို့ရဲ့ချစ်သူငယ်ချင်းကြီးဖြစ်တဲ့ The Stormcaster ဒမ်နီရယ်မဟုတ်လား။
သူစင်တီကို အပြေးသွားပွေ့ချီလိုက်မိတယ်။ အခုသူမက အရည်ပျော်နေတဲ့နှင်းတွေရှိတဲ့ မြေပေါ်မှာ အားအင်ကင်းမဲ့စွာ လဲကျနေတယ်။ အသက်ရှင်ဖို့အတွက် ရုန်းကန်ခဲ့တဲ့လက္ခဏာအဖြစ် အက်ကွဲနေတဲ့ ကင်းခြေများကြေးခွံဝိုင်းတွေဟာ နေရာတကာမှာ ပြန့်ကျဲလို့။
စင်တီရဲ့မျက်လုံးတွေက ဘာကိုမှမမြင်နိုင်တော့ဟန်နဲ့ ကောင်းကင်ကိုစိုက်ကြည့်နေခဲ့ပြီး ပါးပေါ်မှာကျဆင်းခဲ့တဲ့ မျက်ရည်စီးကြောင်းတချို့ဟာ အေးခဲစပြုနေပြီ။ သူ့ရဲ့ရှည်လျားတဲ့ခန္ဓာကိုယ်ပေါ်မှာတော့ အသစ်ကျဆင်းလာတဲ့ နှင်းမှုန်တချို့ဟာ ဖုံးလွှမ်းနေတယ်။
စမစ် ဒမ်နီရယ်ကိုကြည့်ပြီး သူ့ပါးစပ်ကနေ ဗလုံးဗထွေးရေရွတ်လိုက်မိတယ်။
"ဘာကြောင့်လဲ..." ဒါပေမဲ့ဒမ်နီရယ်ကတော့ ဘာမှပြန်မဖြေဘဲ တစ်ဖက်ကိုသာ မျက်နှာလွှဲသွားလေရဲ့။ စင်တီအပြစ်ကင်းစင်တာ သူမသိဘဲမဖြစ်နိုင်ဘူး။ နူးညံ့တဲ့ ရိုးသားပြီးစိတ်ထားကောင်းမွန်တဲ့ သူတို့သူငယ်ချင်းဟာ လူတွေပြောသလိုဗီလိန်မဟုတ်နိုင်မှန်း၊ မတော်တဆဖြစ်ခဲ့မှန်း The Stromcaster aka ဒမ်နီရယ်သေချာပေါက်သိတာပေါ့။
ဒါပေမဲ့ အသစ်ရာထူးရထားတဲ့ ဟီးရိုးတစ်ယောက်အနေနဲ့ လူထူရင်ထဲမှာနေရာရဖို့ တစ်ခုခုလုပ်ပြဖို့လိုတယ်မလား။ ဒါကြောင့် အခုလူထုရဲ့ရန်သူဖြစ်နေပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းကြီး စမစ်နဲ့စင်တီကိုကျေးဇူးဆပ်လိုက်တာ။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ။" စမစ်ပြေးထွက်လာပြီး ဒမ်နီရယ်ကို လက်သီးနဲ့ထိုးဖို့လုပ်လိုက်ပေမဲ့ သန်မာလှတဲ့လက်တစ်ဖက်က သူ့ပခုံးကိုဆုပ်ကိုင်ထားလိုက်တယ်။
စမစ်မော့ကြည့်လိုက်တော့ အဝါရောင်ဟီးရိုးဝတ်စုံနဲ့ Stonecrash။ ဒီလူက A rank ဟီးရိုးတစ်ယောက်ဖြစ်ပြီး အမေရိကရဲ့အစွမ်းအထက်ဆုံး The Great 47 အဖွဲ့ဝင်တွေထဲကတစ်ယောက်။
သူ့ရဲ့အဝါရောင်ဝတ်စုံပေါ်မှာ အစိမ်းရောင်နဲ့အနီရောင်သွေးစတချို့ စွန်းထင်းနေတယ်။ စင်တီရဲ့သွေးတွေ။ စမစ်လည်း နောက်ကိုမသိမသာဆုတ်လိုက်မိတယ်။ သူ့ဗိုက်ထဲက အူတွေအကုန်လုံးပြောင်းပြန်လန်သွားသလိုမျိုး ခံစားချက်ကြောင့် ပါးစပ်ထဲက အကြည်ရောင်အရည်တချို့ကို အန်ထုတ်လိုက်မိတယ်။
ဒီလူနဲ့သူ့အဖွဲ့သားတွေက စင်တီကိုသတ်ခဲ့ကြတာ။ သူတို့က လူသတ်သမားတွေ။
"ဖလော်ရီဒါကနေ ကန်းဆက်အထိ ဗီလိန်တစ်ယောက် ပြန်ပေးဆွဲခြိမ်းခြောက်ခံခဲ့ရတာဆိုတော့ ပင်ပန်းနေမှာပေါ့။ သွားပြီး အနားယူလိုက်တော့လေ၊ ကလေး။" ဒီလူက စကားလုံးချိုချိုလေးတွေနဲ့ သူ့ကိုနှုတ်ပိတ်နေဖို့ တွန်းအားပေးခဲ့တယ်။
အဲဒီနောက်ဖြစ်ပျက်သွားတာတွေကို စမစ်မမှတ်မိတော့ဘူး။ ရုပ်မြင်သံကြားသတင်းတစ်ခုမှာ သူ့အကြောင်းပါလာသေးတယ်။ ဗီလိန်ဖမ်းခေါ်တာခံခဲ့ရတဲ့ သနားစရာအထက်တန်းကျောင်းသားလေးဆိုပြီးတော့ပေါ့။
ဒါပေမဲ့တကယ်ဖြစ်ခဲ့တဲ့ သွေးစွန်းနေတဲ့ ဟီးရိုးတွေရဲ့အဖြစ်အပျက်ကိုတော့ စမစ်ပြောပြခွင့်မရခဲ့ဘူး။ လူသားတွေက တကယ့်အဖြစ်မှန်ကို မျက်ကွယ်ပြုပြီး တရားမျှတမှုဆိုတဲ့ အတုအယောင်ကမ္ဘာငယ်လေးထဲမှာ ရှင်သန်နေကြတာ။
စမစ်အိမ်ပြန်ရောက်လာတော့ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ သူမုန်းတယ်။ ဟီးရိုးတွေကို သူမုန်းတယ်။ ဟီးရိုးတွေဆိုတာက လူအထင်ကြီးခံရဖို့အတွက် သာမန်လူတွေကို လိမ်ညာလှည့်ဖျားနေတဲ့ အစွမ်းရှိလူလိမ်တွေထက် ဘာမှမပိုဘူး။
သူမုန်းတယ်၊ လူသားတွေကို သူမုန်းတယ်။ တခြားသူတွေရဲ့ရှုထောင့်မှာ ဝင်ခံစားမကြည့်ဘဲ ရှုထောင့်တစ်ခုတည်းကနေ တခြားသူတွေကို တရားမျှတမှုချိန်ခွင်နဲ့ ဆုံးဖြတ်တတ်ကြတဲ့ လူသားတွေကိုသူမုန်းတယ်။
အမုန်းတရားတွေက စမစ်ရင်ထဲမှာ ပိုမိုကြီးထွားလာပြီး လက်စားချေဖို့စိတ်ကူးတစ်ခု သူ့ရင်ထဲမှာမွေးဖွားလာတယ်။
"ငါ အားလုံးကိုလက်စားချေမယ်။" အဲဒီနောက်တော့ သူ့ရဲ့ကမ္ဘာတုန်ဟီးစေမယ့် အကြံအစည်ကြီးတွေကို စပြီးအကောင်အထည်ဖော်တော့တာပဲ။
နှစ်ငါးဆယ်ကြာပြီးတဲ့နောက် ကမ္ဘာဟီးရိုးအစည်းအရုံး(GLH)ဟာ ကမ္ဘာ့ကုလသမဂ္ဂ(UN)ထက် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံစင်မြင့်ပေါ်မှာ အရေးပါအရာရောက်ခဲ့တယ်။ တခြားတစ်ဖက်မှာတော့ မြူတန့်သိပ္ပံအဖွဲ့ဟာ နဂိုပထမမျိုးဆက်ဟီးရိုး The Great 47 ထဲက တစ်ဝက်လောက်ကို သုတ်သင်ပစ်နိုင်ခဲ့ပြီးတော့ ထိပ်သီးဗီလိန်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်လာခဲ့တယ်။
ဒါပေါ့၊ လူသတ်သမားတွေဖြစ်တဲ့ Stormcasterနဲ့ Stonecrashတို့ဟာ သူပထမဆုံးသတ်ပစ်ခဲ့တဲ့လူတွေ။ ရက်ရက်စက်စက်ကို သတ်ပစ်ပြီး ဟီးရိုးအစည်းအရုံးရဲ့တံခါးဝမှာ သူတို့ခေါင်းကိုချိတ်ပြခဲ့တာ။
အခုဆိုရင် စမစ်ရဲ့လက်စားချေမယ့်အကြံဟာ ရုပ်လုံးပေါ်လာနေပြီ။ စမစ်ဟာ သူ့ရဲ့ကိုယ်ပိုင်မြူတန့်ကိုယ်ပွားတပ်ဖွဲ့ကြီးရှေ့မှာ ရပ်နေရင်းရယ်မောလိုက်တယ်။
အစပိုင်းမှာတော့ သူ့ရဲ့ကလုန်းနည်းပညာဟာ ကြွက်ကလေးငှက်ကလေးလောက်ကို ပုံစံတူပြန်ထုတ်လုပ်ပေးနိုင်ရုံပဲ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သေဆုံးသွားတဲ့စင်တီရဲ့DNAကိုသုံးပြီး အစွမ်းရောရုပ်ရည်ပါ တိတိကျကျတူတဲ့ နောက်စင်တီတစ်ယောက်ကို ထုတ်လုပ်နိုင်ခဲ့တယ်။
သေသူကိုပြန်အသက်သွင်းနိုင်ခဲ့ပြီလို့ သူထင်ခဲ့မိပေမဲ့ စင်တီအသစ်မှာက အဟောင်းရဲ့မှတ်ဉာဏ်တွေမရှိဘဲ အခြားတစ်ယောက်လိုဖြစ်နေခဲ့တယ်။ ကိုယ်ပိုင်ခံစားချက်တွေ၊ ကိုယ်ပိုင်မှတ်ဉာဏ်နဲ့ မတူညီတဲ့စရိုက်တွေရှိနေတဲ့ ဒုတိယမြောက်စင်တီပေါ့။
ဒါပေမဲ့ စင်တီအပေါ်သူစိတ်မပျက်ခဲ့ပါဘူး။ သူ့အနေနဲ့ တခြားပစ္စည်းတစ်ခုကို စင်တီ့ဦးနောက်ထဲ ထည့်ပေးရုံပဲလိုခဲ့တာ။ စင်တီကိုခံစားချက်တွေ အသိစိတ်တွေမဲ့သွားပြီး သူ့အလိုကျ အမိန့်တွေကိုနာခံစေမယ့် နာနိုချပ်စ်ပြားလေးတစ်ခုကို ခေါင်းထဲရိုက်ထည့်ပေးခဲ့တာလေ။
နောက်တော့ သူ့ချစ်သူစင်တီ ပြန်ရောက်လာခဲ့ပြီ။
စိတ်ကူးအိပ်မက်တွေနဲ့အတူ မြူတန့်စစ်သားတွေရဲ့အလယ်မှာ လမ်းလျှောက်နေတုန်း နတ်သမီးထောင်ချောက်ပန်းပွင့်တောင်ပံနဲ့ လေထုထဲကနေ ဗီးနပ်စ်ဆင်းလာပြီး စမစ်ရှေ့မှာ ဒူးထောက်လိုက်တယ်။
"သခင်...."
"သိပ်ကောင်းတယ်၊ မင်းအဆင့်ထပ်တက်သွားပြီပဲ။ ကျွန်းတစ်ခုလုံးကို ပိုင်နက်အဖြစ်လုပ်ဖို့ ယုံကြည်ချက်ရှိပြီလား။"
ဗီးနပ်စ်က ပြုံးရင်းသူ့သခင်ဖြစ်သူကို မော့ကြည့်လိုက်တယ်။ "သခင်၊ ကျွန်မက မျှော်မှန်းထားတာထက် ပိုတိုးတက်လာတာကြောင့် အဲဒီထက်ပိုလုပ်နိုင်ပါတယ်။"
ဗီးနပ်စ်က သူ့လက်ချောင်းတွေကို ထောင်ပြလိုက်တယ်။ နွယ်ပင်တစ်ခုက သူ့လက်ချောင်းကနေထွက်လာပြီး အခြားဗီးနပ်စ်တစ်ယောက်အဖြစ်ကို ဖွဲ့စည်းလိုက်တယ်။ ဗီးနပ်စ်ကိုယ်ပွားကလည်း အလားတူစွမ်းအားကိုထုတ်သုံးပြီး နောက်ဗီးနပ်စ်ကိုထပ်ပွားတယ်။
"ကျွန်မကတော့ နွယ်ပင်ကလုန်းတွေလို့ နာမည်ပေးထားတယ်။ မူရင်းထပ်အများကြီးအားနည်းပြီး အရေအတွက် အကန့်အသတ်ရှိပေမဲ့ အများကြီးအသုံးဝင်တယ်။"
"သိပ်ကောင်းတယ်။" စမစ်က ဗီးနပ်စ်ကို ခေါင်းညိတ်ပြလိုက်ပြီး အဝေးမှာအလုပ်ရှုပ်နေတဲ့ ဒေါက်တာမြူဆီသွားလိုက်တယ်။
"ဓားကျောက်တုံးနဲ့Anax ပေါင်းစပ်တာရော။ ဘယ်လိုလဲ။"
ဒေါက်တာမြူက ချက်ချင်းအပြေးရောက်လာပြီး သတင်းပို့လိုက်တယ်။ "၈၀% အောင်မြင်ပါပြီ။ သူ့စွမ်းအားက S အဆင့်ထက်ကျော်နေပြီမလို့ အရင်ဗီလိန်ခေါင်းဆောင် ယာမီကိုတောင်ယှဥ်တိုက်နိုင်လောက်တယ်။ ရှေ့တစ်ပတ်ဆို အားလုံးအဆင်သင့်ဖြစ်ပါပြီ။"
"ကောင်းတယ်၊ ရှေ့အပတ်တွေ့ဆုံပွဲမှာ အားလုံးကိုထုတ်ပြလို့ရတာပေါ့။" အဲဒီအချိန်မှာပဲ သိပ်ရာထူးကြီးပုံမရတဲ့ သိပ္ပံပညာရှင်တစ်ယောက် စမစ်ဆီကို အပြေးရောက်လာတယ်။
"သခင်၊ သခင်မစင်တီ နိုးလာပါပြီ။ ဒဏ်ရာတွေအားလုံးကောင်းနေပါပြီ၊ ဒါပေမဲ့ သူ့စိတ်တွေမငြိမ်ဘူးဖြစ်နေတယ်။"
စမစ်က စင်တီပြန်နိုးလာပြီးကြားတော့ ခေါင်းကိုမော့လိုက်ရင်း ရယ်မောလိုက်ပါတယ်။ "ဟားဟားဟား၊ ကောင်းကင်က ငါ့ဘက်ပါနေတာပဲ။ စင်တီနိုးလာပြီဆိုတော့ ငါစီစဥ်ထားတဲ့ သူ့အတွက်ခရစ်စမတ်လက်ဆောင်ကို သူ့လက်ထဲအရောက်ပေးလို့ရတာပေါ့။"
အဲဲဒီနောက်တော့ စမစ်က ပျော်ရွှင်စွာနဲ့ စင်တီကိုတွေ့ဖို့သွားတယ်။ လမ်းမှာတော့ ခရစ်စမတ်သီချင်းတစ်ပုဒ်ကိုဆိုရင်းနဲ့ပေါ့။ ဒါပေမဲ့ သူ့ပေးမယ့်ခရစ်စမတ်လက်ဆောင်ကတော့ ပျက်စီးနေတဲ့ကမ္ဘာကြီးတစ်ခုပါ။
...
"စင်တီ... " ဒီနာမည်က သူမွေးလာကတည်းက ရတဲ့နာမည်။ ဒါပေမဲ့ စင်တီအဲဒီနာမည်ကို သဘောမကျဘူး။ အကြောင်းက ဒီနာမည်ဟာ သူပိုင်ဆိုင်တဲ့နာမည်မဟုတ်ဘဲ တခြားတစ်ယောက်ရဲ့နာမည်ဖြစ်နေလို့။
စင်တီသူ့ကိုယ်သူ လူသားတစ်ဦးလို့ သတိထားမိလာတဲ့အချိန်ကတည်းက သူဟာဒီအဖြူရောင်မျက်နှာကျက်ကြီး အုပ်မိုးထားတဲ့ စမ်းသပ်ခန်းလို့ခေါ်တဲ့ အဆောက်အဦးအတွင်းမှာသာ ရှင်သန်နေထိုင်ခဲ့တာ။
စားသောက်ချိန်ရောက်တဲ့အခါတိုင်း အဖြူရောင်ကုတ်အင်္ကျီဝတ်ထားတဲ့ အမျိုးသားအမျိုးသမီးတွေဟာ သူအကြိုက်ဆုံးစားစရာတွေကို လာကျွေးလေ့ရှိတယ်။
သူနည်းနည်းကြီးလာတော့ တချို့တွေက ပုံပြင်ရုပ်ပြစာအုပ်လေးတွေ ဖတ်ကြတယ်။ ဒါပေမဲ့ တချို့အရာတွေကို စင်တီနားမလည်နိုင်ဘူး။
'ဖေဖေ... မေမေ... အဲဒါတွေက ဘာလဲ။' လူသားတစ်ယောက် လူမှန်းသိတတ်စအရွယ်ကတည်းက နားလည်ထားသင့်တဲ့အရာတွေကို စင်တီနားမလည်ခဲ့ဘူး။
တစ်ခါတလေမှာတော့ စမစ်ဆိုတဲ့လူကြီးရောက်လာတတ်ပြီး သူ့ကိုသူနားမလည်တဲ့စကားတွေ ပြောတတ်ပါတယ်။
'မင်းအတွက် လက်စားချေပေးမယ်။ မင်းအတွက် ကမ္ဘာကြီးကို လက်ဆောင်ပေးမယ်။' စသည်ဖြင့်ပေါ့။ စင်တီဟာ အဲဒီလူကြီးလာတိုင်း သိပ်ကြောက်ရွံမိတယ်။ သူနားမလည်နိုင်တဲ့စကားတွေကို လာပြောလေ့ရှိတဲ့အပြင် ရူးသွပ်နေတဲ့မျက်နှာကြီးနဲ့ ပြုံးပြလေ့ရှိလို့ပါပဲ။
စင်တီနည်းနည်းကြီးလာပြီး လမ်းလျှောက်တတ်လာတော့ သူ့ကိုထားတဲ့အခန်းလေးထဲကနေ အပြင်ထွက်ပြီး လေ့လာဖြစ်ခဲ့တယ်။
အဖြူရောင်ကုတ်အင်္ကျီနဲ့လူတချို့က ဒါကိုမြင်တော့ စိုးရိမ်နေကြပေမဲ့ သဘောကောင်းပုံပေါ်တဲ့ အမျိုးသမီးကြီးကတော့ 'ကလေးပဲ၊ လွတ်လွတ်လပ်လပ်နေပါစေ။'ဆိုပြီး တခြားသူတွေကို ပြောတဲ့အတွက် ကျန်တဲ့လူတွေလည်း လွှတ်ပေးထားလိုက်ကြတယ်။
အဲဒီအမျိုးသမီးကြီးက စင်တီ့အပေါ်သိပ်ကြင်နာတယ်။ နို့ဘူးတိုက်တော့လည်း သူပဲ၊ စားစရာတွေလာကျွေးတော့လည်းသူပဲ၊ အနှီးလဲပေးရင်လည်းသူပဲ၊ အလိုမကျလို့ ငိုတဲ့အခါမှာ လာချော့ရင်လည်း အဲဒီအမျိုးသမီးကြီးပါပဲ။
တစ်နေ့မှာတော့ စင်တီသတိမထားမိဘဲ ရုပ်ပြစာအုပ်တွေဖတ်ပြတိုင်း ကြားဖူးနေကျစကားလုံးလေးနဲ့ အဲဒီအမျိုးသမီးကြီးကို ခေါ်ခဲ့မိတယ်။
"မားမား..." မေမေတဲ့။ အဲဒီတုန်းက အမျိုးသမီးကြီး သိပ်ပျော်သွားခဲ့တာ။ သူကလည်း စင်တီ့ကိုပြန်ခေါ်ပါတယ်။ သမီးလေးတဲ့။
နောက်တော့ အဆောက်အအုံကြီးထဲမှာ တခြားရွယ်တူကလေးတွေလည်း ရှိနေတဲ့အကြောင်း စမ်းသပ်ခန်းထဲ စင်တီလျှောက်သွားရင်း သတိပြုမိလာတယ်။ သူတို့ထဲက ကလေးတချို့နဲ့ စင်တီမိတ်ဖွဲ့ဖြစ်သွားတယ်။
ဒါပေမဲ့ တစ်နေ့တော့ ဒေါက်တာမြူလို့ခေါ်တဲ့ လူတစ်ယောက်ရောက်လာပြီး ကလေးတွေကိုခေါ်သွားတယ်။ နောက်တော့ ဘယ်သူမှပြန်ရောက်မလာတော့ဘူး။ ကလေးအသစ်တွေတော့ ထပ်ရောက်လာပေမဲ့ သူငယ်ချင်းတွေပြန်ရောက်မလာတော့တဲ့အတွက် စင်တီဝမ်းနည်းမိတယ်။
မေမေ့ကိုမေးကြည့်တော့ ပိုကောင်းတဲ့တစ်နေရာကို ရောက်သွားတာလို့ပြောရင်း ငိုတယ်။ ဒါပေမဲ့သူ့သူငယ်ချင်းတွေက ပိုကောင်းတဲ့တစ်နေရာကို ရောက်သွားတာဆိုရင် ဘာဖြစ်လို့မေမေက ဝမ်းနည်းနေတဲ့ပုံစံမျိုးနဲ့ ငွေရတာလည်း စင်တီနားမလည်နိုင်ဘူး။
တစ်နေ့တော့ စင်တီ့ဆီကို စမစ်ထပ်ရောက်လာပြန်တယ်။ ဒီတစ်ခါတော့ စင်တီ့ကိုကိုယ်တိုင်စမ်းသပ်ပြီး စိတ်ပျက်ပျက်နဲ့ပြောခဲ့တာ။
"ငါက မင်းကိုမင်းရဲ့DNA တွေနဲ့ပြန်အသက်သွင်းပြီးပြီလေ။ ဘာဖြစ်လို့မင်းရဲ့စွမ်းအားတွေက ပါမလာရတာလဲ။ မင်းနဲ့အတူ ဒီကမ္ဘာကြီးကို သိမ်းပိုက်ဖို့ရည်ရွယ်ထားတာလေ။"
စင်တီစမစ်ရဲ့စကားတွေကို နားမလည်နိုင်ပေမဲ့ ကောင်းတဲ့စကားတွေမဟုတ်မှန်းတော့ စင်တီသိပါတယ်။ သိပ်မကြာခင်မှာပဲ စမ်းသပ်ခန်းထဲက နောက်ကလေးတစ်သုတ်လည်း မရှိတော့ပြန်ဘူး။ ဒီတစ်ခါတော့ ကလေးတွေထပ်ရောက်မလာတော့ဘဲ အသစ်ရောက်လာတာက သိပ်ကိုကြီးမားတဲ့ ကင်းခြေများကြီးတစ်ကောင်။
ဒေါက်တာမြူဆိုတဲ့လူလည်းရောက်လာပြီး အဲဒီကင်းခြေများကြီးကို နေ့တိုင်းခွဲစိတ်တယ်။ နေ့တိုင်းလိုလို ဒေါက်တာမြူဆိုတဲ့လူနဲ့အမေရန်ဖြစ်တယ်။
"ကျွန်မရှင်တို့ကို အဲဒီလိုလုပ်ဖို့ခွင့်မပြုနိုင်တော့ဘူး။" ဒါပေမဲ့ဒေါက်တာမြူက ရယ်ပဲရယ်နေပြီး မေမေ့စကားကိုနားမထောင်ဘူး။
တစ်နေ့တော့ ဒေါက်တာမြူလည်း စင်တီ့ဆီရောက်လာပြီး စင်တီရဲ့ခန္ဓာကိုယ်ကို ခွဲစိတ်မှုတွေလုပ်ခဲ့တယ်။ ကလေးက ငယ်သေးတဲ့အတွက် ထုံဆေးပေးပြီးခွဲခဲ့တာဖြစ်တာမလို့ စင်တီဟာ သူ့ခန္ဓာကိုယ်ကို ခွဲစိတ်နေတာဒေါက်တာမြူကြောင့် သိပ်ကိုထိတ်လန့်ပြီး ငိုကြွေးခဲ့မိတယ်။
အဲဒီနောက်တော့ စင်တီရဲ့ခန္ဓာကိုယ်အောက်ပိုင်းဟာ အရွယ်အစားသေးငယ်သွားပြီဖြစ်တဲ့ ကင်းခြေများကြီးကိုယ်ထဲကို နစ်ဝင်နေပြီးလှုပ်ရှားလို့မရတော့ဘူး။ ဒါပေမဲ့စင်တီလမ်းလျှောက်ဖို့ကြိုးစားတဲ့အခါတိုင်းမှာ အသိစိတ်မရှိတဲ့ကင်းခြေများကြီးက လိုက်ပါလှုပ်ရှားနေတယ်။
အဲဒီရွံစရာမြင်ကွင်းကြောင့် ငယ်ရွယ်တဲ့ စင်တီဟာ တက်ချက်လုမတတ် ငိုကြွေးအော်ဟစ်မိပြန်တယ်။
နောက်တော့ မေမေလည်းသည်းမခံနိုင်တော့ဘူးထင်ပါရဲ့။ စင်တီလေးလက်ကိုဆွဲပြီး စမ်းသပ်ခန်းထဲကနေ ခေါ်ထုတ်သွားဖို့ကြိုးစားခဲ့တယ်။
"သမီးလေးကို ဒီရူးသွပ်နေတဲ့လူတွေဆီကနေ အပြီးအပိုင်ခေါ်သွားတော့မယ်။" ဒါပေမဲ့ စင်တီ့မေမေရဲ့ထွက်ပြေးမယ့်အကြံက မအောင်မြင်ခဲ့ပါဘူး။
အဲဒီတုန်းက စင်တီ့အသက်က ငါးနှစ်ပဲရှိဦးမယ်။ သေချာတဲ့စဥ်းစားဉာဏ်မရှိပေမဲ့ ဖြစ်ရပ်တွေကို စပြီးမှတ်မိနေပြီ။ အစောင့်တွေပစ်လိုက်တဲ့ သေနတ်ကျည်ဆန်တွေက မေမေရဲ့ဖြူစင်တဲ့အင်္ကျီဝတ်ထားတဲ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး သွေးအိုင်ထဲ လဲကျသွားစေခဲ့တယ်။
အဲဲဒီနောက်တော့ စင်တီတစ်ယောက် ဝမ်းနည်းလွန်းလို့ တစ်ကိုယ်လုံးလှုပ်ခါပြီး အော်ဟစ်ငိုကြွေးတော့တာပဲ။ တစ်ချိန်တည်းမှာပဲ မြင်မြင်သမျှကို ဖျက်ဆီးပစ်မိတော့တယ်။