← Chapters

ထောင်ဖောက်မှု

Vol. 3 Ch. 5

ထောင်ဖောက်မှု

Vol. 3 Ch. 5

သက်သေအတိအကျမရသေးပေမဲ့ လုပ်တဲ့လူက ဘယ်သူလဲဆိုတာကို ခန့်မှန်းမိပြီးတဲ့နောက်မှာတော့ မက်ဒါနာတို့ဟာ သူခိုးဖမ်းပွဲလေးကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ သက်သေခိုင်ခိုင်လုံလုံရဖို့ဆိုရင် သူခိုးကို လက်ပူးလက်ကျပ်မိအောင် ဖမ်းရမှာဆိုတော့။ ဒီလိုနဲ့ သူတို့ရဲ့အကြံလေးကို စတင်တွေးတောခဲ့ကြတယ်လေ။

"ဟေး၊ ဖရာလီတာ။ ရားမန်စားချင်တယ်ဆို ဒီနေ့ Ichiranရားမန်ဆိုင်သွားမယ်လေ။ တိုကျိုမှာလူကြိုက်အများဆုံးတဲ့။"

ညနက်တဲ့အထိ အကြံကြီးကြံ(တကယ်ကဇိမ်ခံ)ပြီးတဲ့နောက်တော့ ဖရာလီတာလေးဟာ မနက်ကိုးနာရီ နေဖင်ထိုးတဲ့အချိန်မှာတောင် မနိုးသေးပါဘူး။ မက်ဒါနာကတော့ ဇစ်မပိတ်ရသေးတဲ့ အိတ်ထဲဖြစ်သလိုထိုးထည့်ထားလို့ အစလေးထွက်နေတဲ့ သူ့ကိုယ်ပိုင်အဖိုးတန်လေးတွေကို မျက်လုံးထောင့်ကနေ မြင်နေရပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်တယ်။

IQ 200နီးနီးရှိနေတဲ့ သူတို့နှစ်ယောက်အဖို့တော့ ဂျပိုးကို လိပ်ဖြစ်အောင်လုပ်ပြီး ပြောင်လိမ်ပြောင်စားလုပ်ဖို့ဆိုတာ အလွယ်ကလေးပါ။

"အာ... ဘာတွေလာပြောနေတာလဲ။ ဒီအိတ်ထဲကဟာတွေက ငါဝတ်နေကျဟာတွေ။ နင့်ဟာနင်သွားရှာ။" တိုက်ရိုက်မေးမိမယ်ဆိုရင် ဖရာလီတာက သေချာပေါက်အဲဒီလိုပြန်ဖြေမှာပဲ။ ဖမ်းဝရမ်းမပါရင် သူ့အိတ်ကိုလုံးဝအစစ်ခံမှာမဟုတ်ဘူး။ ဒါကြောင့်လည်း အေမီနဲ့တိုင်ပင်ပြီးတော့ လက်ပူးလက်ကျပ်မိအောင်ဖမ်းမယ့်အကြံကို ညတွင်းချင်း develop လုပ်ခဲ့ကြတာ။

ပထမဆုံးအနေနဲ့ သိပ္ပံနည်းကျ စုံထောက်ပညာရပ်အရ လူတွေဟာ ကိစ္စကြီးတွေကို ဂရုစိုက်နေမယ်ဆိုရင် သေးငယ်တဲ့ကိစ္စတွေကို မေ့လျော့သွားတတ်ကြတယ်တဲ့။ ပြောရမယ်ဆိုရင် လူတစ်ယောက်သတိကင်းမဲ့မှုအရှိဆုံးအချိန်တစ်မျိုးက ချစ်ရတဲ့သူတစ်ဦးနဲ့ ဒိတ်နေတဲ့အချိန်မျိုးမှာပါ။

ပထမဆုံး ဒိတ်လုပ်ဖူးတဲ့သူတစ်ယောက်အနေနဲ့ ရှက်ကိုးရှက်ကန်းဖြစ်ပြီး အမှားလုပ်မိဖို့က ရာနှုန်းတစ်ရာအပြည့်ပါပဲ။ ဒီကောင်မလေးက သူ့ပင်တီတွေကို ခိုးနေပြီဆိုကတည်းက မူမမှန်တော့မှန်း မက်ဒါနာသတိထားမိတာပေါ့။

တကယ်တော့ ရည်းစားလက်မဲ့ ယောက်ျားလေးတစ်ယောက်အနေနဲ့ ကိုယ့်ထက်ငယ်တဲ့ ချစ်စရာလိုလီလေးတစ်ယောက် ကိုယ့်ကိုတိတ်တခိုးလေးချစ်နေတာဟာ ပျော်လွန်းလို့ ထခုန်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့ လောလောဆယ် မက်ဒါနာက မိန်းကလေးဖြစ်နေပြီး ဒီကိစ္စက ပျော်သင့်ရဲ့လားတောင်မသိတော့ဘူး။

'ငါ့ရဲ့ဖြောင့်စင်းတဲ့ခံယူချက်လေးတွေ ကွေးသွားမှာပေါ့။' ဒါပေမဲ့ထုံးစံအတိုင်း မက်ဒါနာဝိရောဓိအရ ယောက်ျားလေးတွေကို စိတ်ဝင်စားမိရင်လည်း ကွေးသွားမှာဖြစ်တဲ့အတွက် အပျိုကြီးလုပ်ရမယ့်ဇာတာ ပါလာတဲ့ပုံပဲ။

"နေပါဦး၊ ပထမဆုံးဒိတ်တယ်ဆိုမှ စိတ်လှုပ်ရှားပြီး သူအမှားလုပ်မိမှာလေ။ ဒါပေမဲ့ ပထမဆုံးမဟုတ်ဘူးဆိုရင်ရော။"

သူတို့တိုင်ပင်နေတုန်း မက်ဒါနာမေးမိလိုက်တယ်။ ပြောရရင် မက်ဒါနာအတွက်တော့ ကောင်မလေးတစ်ယောက်နဲ့ဒိတ်ဖို့ဆိုတာက သိပ်ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်တော့ဘူး။ အကြောင်းအရင်းက ဖလေရာဟာ သူ့ကိုစားသောက်ဆိုင်မှာ ရိုမန့်တစ်ဆန်ဆန်ဒိတ်ပြီး ခိုးနမ်းဖူးလို့လေ။

နောက်တစ်ခါအနေနဲ့ ဆိုဖီယာဆိုတဲ့ဝိညာဥ်မက သူ့အခန်းထဲခိုးဝင်ပြီး နမ်းသွားသေးတယ်။ အရာရှိလင်ဒါနဲ့သူကလည်း မရှင်းမရှင်းရယ်။ ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ရဲ့အစိတ်အပိုင်းတွေမှန်သမျှကို စမ်းသပ်ကြည့်ဖူးပြီးသား။ ဒါကြောင့် သူသတ်မှတ်ထားတဲ့ ရေချိန်အထိမကျော်မချင်း သူ့ဟာသူ ထောင်ချောက်ထဲဝင်မိသွားဖို့တော့ မဖြစ်နိုင်ဘူး။

ပြဿနာက ဖရာလီတာကရော အဲဒီဒဏ်ကိုခံနိုင်နေရင် ဘယ်လိုလုပ်မလဲ။

"မမလေးကလည်း၊ အခုမှအဲဒီနှာဘူးမလေးက မြှီးကောင်ပေါက်အရွယ်ပဲရှိသေးတာ။ အဖေတွေအမေတွေ နမ်းတာခံဖူးရုံလောက်ပဲရှိဦးမယ်။ မမလေးအနေနဲ့ သူ့ရဲ့ပထမဆုံးအနမ်းကို လက်ဦးမှုရယူပြီးခိုးယူဖို့တောင် ဖြစ်နိုင်သေးတယ်နော်။"

"အာ... ငါဘယ်တုန်းက လိုချင်တယ်ပြောလို့လဲ။"

"အကြိမ်တိုင်း မမလေးချည်းပဲ ခိုးနမ်းခံနေရတာ တစ်ခါလောက် ချေပအနမ်းပေးပါဦးလား။" အေမီက မမလေးမက်ဒါနာဖြစ်သူကို စိတ်ပျက်စွာနဲ့ပြောလိုက်တယ်။ သူ့မမလေးက ဉာဏ်ထက်မြက်ပေမဲ့ တချို့နေရာတွေမှာ သိပ်ကိုရိုးလွန်းအားလွန်းလေရဲ့။

...

"အိပ်ရေးမဝသေးဘူး၊ ပါဆယ်ထုတ်လာပေးလို့မရဘူးလား။" ဖရာလီတာလေးက စောင်ကိုမျက်နှာပေါ်ကနေ ဖယ်ထုတ်လိုက်ပြီး မျက်လုံးတစ်ဖက်ဖွင့်ကြည့်တယ်။ မက်ဒါနာကိုမြင်တော့ အိပ်ချင်မူးတူးနဲ့ပြန်ဖြေလေရဲ့။

တကယ်တော့ ခါတိုင်းဆိုလည်း သူ့ဘာသာသူဆိုင်သွားဝယ်စားတာမျိုးက ရှားပါးပြီးတော့ ဟိုတယ်အခန်းထဲကိုပဲ စားစရာမှာစားနေကျပါ။ ဒါမှမဟုတ်ရင်လည်း အယ်လိုဟင်ကိုယ်တိုင် အခန်းထဲလာပို့ပေးရတယ်။

ဖရာလီတာဆိုတာက လုပ်စရာမရှိရင် အိပ်ရာနဲ့ကျောပြင် ခွာတဲ့ဟာမလေးမဟုတ်ဘူး။ 'ဒါလား ဗြိတိသျှရဲ့မျိုးရိုးမြင့်မမလေး။' မက်ဒါနာတွေးလိုက်တယ်။ သူ့ကိုယ်သူတော့ ရိုးရာဝတ်စုံထမီကိုတောင် သေချာမစီးတတ်တဲ့ တော်ဝင်မျိုးမမလေးဖြစ်ကြောင်းကို မေ့နေတဲ့ပုံ။

ဒါပေမဲ့ မက်ဒါနာကတော့ အစီအစဥ်ချပြီးသားမလို့ အလွဲမခံနိုင်တာနဲ့ အိပ်ရာထဖို့ အပျင်းထူနေတဲ့ ကြင်သူလေးကို ခြေထောက်နှစ်ချောင်းကနေ ဆွဲကိုင်ပြီး အိပ်ရာပေါ်ကဆွဲချလိုက်တယ်။

"မြန်မြန်ထ၊ အဲဒီဆိုင်က နောက်ကျရင်လူတွေပြည့်နေပြီး ထိုင်စရာမရှိတော့ဘူးဟဲ့။" ဖရာလီတာလေးလည်း တစ်ခါတည်းကုတင်ပေါ်ကနေ ပြုတ်ကျသွားပါလေရော။

"အား...." နောက်တော့ နာကျင်သွားတဲ့ နောက်စေ့ကိုလက်နဲ့ပွတ်လိုက်ရင်း မက်ဒါနာကို အော်ဟစ်ပြီးဆဲတော့တာပဲ။

"မကောင်းဆိုးဝါးမကြီး၊ ***မလို့ ငါ့ကိုအိပ်ရာပေါ်ကနေ ဆွဲချတာလား။ ငါ****ထည့်လိုက်ရ။"

ဒါပေမဲ့စကားမဆုံးခင်မှာပဲ မက်ဒါနာက မနက်နေဖင်ထိုးကြီး ပေါက်ကရတွေအော်ဟစ်နေတဲ့ ဖရာလီတာရဲ့ပါးစပ်ကို အတင်းလက်နဲ့ပိတ်ထားလိုက်တယ်။ ဒါကြောင့် ဝူးဝါးဝူးဝါးအသံပဲကြားရတော့တယ်။

"အသက်လေးက ဘာမှမရှိသေးဘူး၊ ပေါက်ကရတွေပြောတတ်နေပြီ။ တစ်နေကုန်ဖုန်းသုံးပြီး ပေါ်ကရဂိမ်းStreamတွေကြည့်နေတာကိုး။" မက်ဒါနာက ပြောပြောဆိုဆိုနဲ့ ဖရာလီတာကို အရုပ်မလေးလိုမျိုး ရေချိုးခန်းထဲ ဆွဲထည့်ပြီး တံခါးပိတ်ပစ်လိုက်တယ်။

"မြန်မြန်ဆန်ဆန် မျက်နှာသစ်၊ သွားတိုက်ပြီး ကိုယ်ရေလက်ရေသက်။ အင်္ကျီရွေးတာလည်း မကြာနဲ့ဦး။"

မက်ဒါနာရဲ့စကားကြောင့် ဖရာလီတာလည်း ရေချိုးခန်းတံခါးကို ပြန်တွန်းဖွင့်ရင်း လှမ်းအော်တယ်။

"နင်ဒီနေ့မှ ဘာလို့ဒီလောက်တက်ကြွနေတာလဲ မက်ဒါနာရဲ့၊ နင့်မွေးနေ့တော့မဟုတ်ပါဘူးနော်။"

"ဒီနေ့က ဒိတ်ဟဲ့ဒိတ်ဟဲ့၊ တစ်ခါမှမလုပ်ဖူးလို့ လုပ်ကြည့်မလားလို့။" မက်ဒါနာက ဖရာလီတာကို ပြုံးဖြီးဖြီးကြီးကြည့်လိုက်တယ်။ ဒိတ်ဆိုတဲ့စကားလည်းကြားရော ဖရာလီတာရဲ့မျက်နှာလေးက ချက်ချင်းနီရဲသွားတယ်။

"ဒိတ်... ဒိတ်လို့ပြောလိုက်တာလား...."

"အင်းလေ၊ တစ်ခါမှ ဒိတ်မလုပ်ဖူးလို့။"

"ဒါ...ဒါပေမဲ့ နင်ဖလေရာနဲ့ဒင်နာဒိတ်လုပ်ဖူးတယ်မဟုတ်ဘူးလား။" ဖရာလီတာက မယုံနိုင်ဟန်နဲ့ မျက်လုံးလေးကို အပေါ်လှန်ကြည့်ရင်း မက်ဒါနာကို မေးလိုက်တယ်။ မက်ဒါနာကတော့ နံရံကိုလက်တစ်ဖက်နဲ့ထောက်ထားရင်း ဖရာလီတာကိုငုံကြည့်တယ်။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့မျက်နှာက ထိလုမတတ်နီးကပ်နေပြီ။

"အဲဒီတုန်းက ငါကယောက်ျားလေးတစ်ယောက်အနေနဲ့ သူနဲ့ဒိတ်ခဲ့တာလေ။ ဒီနေ့တော့ ငါကနင်နဲ့ မိန်းကလေးချင်းဒိတ်ချင်တာ။"

"မ... မိန်းကလေးချင်းဒိတ်..." အခုဆိုရင်ဖရာလီတာရဲ့မျက်နှာပေါ်မှာ ကြက်ဥတင်ပြီးပြုတ်လို့ရနေပြီ။

တကယ်လည်း ဖလေရာနဲ့ဒိတ်ခဲ့တုန်းက မက်ဒါနာဟာ မိန်းကလေးဖြစ်နေပြီဆိုပေမဲ့ ယောက်ျားလေးတစ်ယောက်လို ဝတ်စားပြီးဒိတ်ခဲ့တာလေ။ ဒါပေမဲ့ အခုတစ်ခါကတော့ တားမြစ်အချစ်ဆန်ဆန်လေး ဒိတ်ကြမှာပါ။

တိုကျိုမြို့ရဲ့လမ်းမထက်မှာ အလှဆုံးပန်းလေးနှစ်ပွင့် ဘေးချင်းယှဥ်လျက်လျှောက်ရင်း တစ်ယောက်ကိုတစ်ယောက် ကဗျာဆန်ဆန်စကားတွေပြောကြမယ်။

ယောက်ျားလေးတွေ ဘယ်လောက်တောင်ရှလိုက်မယ့်ဖြစ်ချင်းလဲ။

'ဟီးဟီးဟီး...' တွေးကြည့်ရုံနဲ့တင် ဖရာလီတာနဲ့နှုတ်ခမ်းထောင့်လေးက အထက်ကိုကွေးညွှတ်သွားပြီး မျက်လုံးတွေက ရုတ်တရက်အန္တရာယ်ရှိစွာစူးရှလာလေရဲ့။

'အာလေလေ... ဖလေရာ၊ လင်ဒါနဲ့ဆိုဖီယာရေ။ ဒီမှာနင်တို့မရှိတုန်း ငါ့အနေနဲ့မက်ဒါနာလေးကို အပိုင်သိမ်းဖို့ အခွင့်အရေးရလာပြီ။ ပြီးမှမငိုကြနဲ့နော်။အစ...တည်းက... သူက... ငါ့အပိုင်မလို့လေ။ အဟားဟားဟား...' ပါးစပ်နားကို စားကောင်းမယ့်စားစရာလေး ရောက်လာတာကိုတွေးမိတော့ ဖရာလီတာ လျှာကို မသိမသာလေးအပြင်ထုတ်ပြီး နှုတ်ခမ်းသက်လိုက်တယ်။

အဲဒီမြင်ကွင်းကြောင့် မက်ဒါနာလည်း နောက်ကိုနည်းနည်းပြန်ဆုတ်မိသွားတယ်။ မသိရင်သူ့ကို အစိမ်းလိုက်ကိုက်စားတော့မလိုပဲ။

နောက်တော့ ဖရာလီတာက တံခါးလေးကို အလိုက်သတိပိတ်လိုက်တယ်။ ဒါပေမဲ့တံခါးကို အပြည့်မပိတ်ရသေးခင် ပြန်ဖွင့်လိုက်ပြီး အန္တရာယ်ရှိပြီး ဝိုင်လိုချိုမြတဲ့ လေသံအေးအေးနဲ့ မက်ဒါနာကိုလှမ်းပြောတယ်။

"ဒါဆိုကျွန်မမြန်မြန်လေး ကိုယ်လက်သန့်စင်လိုက်ဦးမယ်နော်၊ အချိန်ကျလာရင်သာ ထွက်ပြေးဖို့မကြိုးစားပါနဲ့ ဒါလင်...." နောက်တော့ တံခါးကိုဝုန်းခနဲဆွဲပိတ်လိုက်ပြီး ရေပန်းဖွင့်သံစကြားလိုက်ရတယ်။

မက်ဒါနာကတော့ ရေချိုးခန်းအပြင်မှာရပ်နေရင်း ဒူးတွေမှာ အားမရှိတော့သလိုတောင် ခံစားမိလာတယ်။

"အောင်မလေးလေး... အန္တရာယ်များလိုက်တာနော်။ ငါတကယ်ပဲ အိပ်နေတဲ့နဂါးမလေးကို နှိုးလိုက်မိတာများလား။"

....

ဒီလိုနဲ့သူတို့နှစ်ယောက် ဆိုင်ရောက်လာတယ်။ အေမီကတော့ နောက်ကနေလိုက်လာပေမဲ့ အတွဲကြားထဲ ကန့်လန့်ကြီးဖြစ်နေမှာပေါ့ဆိုပြီး ဖရာလီတာက သူ့ကိုအတင်းကားထဲမှာထားခဲ့တယ်။ ပြောရရင်တော့ အယ်လိုဟင်နဲ့နှစ်ယောက်တည်း ကားထဲမှာကျန်နေခဲ့တာ။

ဘန်ဒလေကားထဲမှာတော့ နေ့မွန်းတည့်ချိန်နီးနေပေမဲ့ နှင်းမှုန်လေးတွေကျနေလို့ အဆက်မပြတ်ဖွင့်ထားရတဲ့ ကားဝိုက်ဘာတွေကို စောင့်ကြည့်ရင်း အေမီလေးက သည်းမခံနိုင်စွာနဲ့ အော်ဟစ်လိုက်တယ်။

"ဘယ်တုန်းက အဲဒီအသေးမလေးက ငါ့ကိုထားခဲ့ဖို့အတွက် မမလေးကိုပြောရေးဆိုခွင့်ရှိသွားရတာလဲ။" ကားဒရိုက်ဘာခုံမှာတော့ အယ်လိုဟင်က ကားနောက်ကြည့်မှန်ကနေ ဒေါသူပုန်တွေထနေတဲ့ အေမီကိုကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။

"ခုခေတ်ကလေးတွေကတော့.."

Ichiran ramenက ပုံမှန်ဆိုင်ငယ်လေးတစ်ခုတော့ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရားမန်ဆိုင်ခွဲတွေရှိနေတဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုပါ။ ၁၉၆၀ ခုနစ်တွေတုန်းကတော့ Futabaဆိုတဲ့နာမည်နဲ့ဖွင့်ပေမဲ့ နောက်တော့နာမည်ပြောင်းပြီး ဆိုင်လေးတစ်ဆိုင်တည်းဖွင့်နေရာကနေ ကမ္ဘာပတ်ရားမန်တွေဖြန့်ဖြူးဖို့အထိ ဖြစ်လာခဲ့တယ်။

"အင်း သူတို့တွေနာမည်ပြောင်းလိုက်တာ ငါတော့နားလည်ပေးနိုင်သား။" မက်ဒါနာတစ်ယောက် တစ်ဦးတည်းပြောလိုက်မိတယ်။

ယောက်ျားလေးဘဝတုန်းကဆိုရင် မက်ဒါနာက Nhentai siteထဲကိုဝင်ပြီး ပေါက်ကရကာတွန်းတွေဖတ်နေကျ။ အဲဒီမှာ Futanariဆိုတဲ့ အမျိုးအစားလည်းရှိတယ်။ ပြောရရင် အဲဒီအမျိုးအစားက ယောကျ်ားလေးတွေအတွက် ရင်တုန်ပန်းတုန်ပြီး မဖတ်ခင်သေသွားသင့်တဲ့ အမျိုးအစားပဲ။ ဒီတော့ Futaba လည်း Ichiranလို့ပြောင်းရှာပြီပေါ့။

ဆိုင်က တကယ်တော့ ၁၁နာရီမှဖွင့်တာ။ ဒါပေမဲ့မက်ဒါနာတို့လည်းရောက်ရော ဆိုင်ခန်းထဲမှာလူပြည့်နေလို့ အပြင်မှာတန်းစီရပ်နေရပြီ။

ဖရာလီတာကတော့ တန်းစီစောင့်ရတာကို သိပ်ပြီးကျေနပ်လှတယ်မဟုတ်ဘူး။ ဘာပဲပြောပြော သူက ဘောစိသူကောင်းမျိုးလေ။ ဒီလိုနိမ့်ကျတဲ့အလုပ်ကို လုပ်စရာလား။

"အား... မက်ဒါနာ၊ နင်ငါ့ကို တမင်ရပ်စောင့်ရမယ့်နေရာကို ခေါ်လာတာလား။ ဥရောပမှာဆိုရင် ငါ့တံဆိပ်လေးပြလိုက်တာနဲ့ အကုန်ဖယ်ပေးကြတာကို။" မက်ဒါနာကတော့ အသေးမလေးကို မျက်နှာတင်းတင်းနဲ့ ပြန်ငုံကြည့်လိုက်တယ်။ ဘယ်တတ်နိုင်မလဲ၊ ichiranက တိုကျိုရဲ့အကောင်းဆုံးရားမန်တွေကို တည်ခင်းတဲ့နေရာလေ။ တချို့ဆိုရင် စားချင်လွန်းလို့ မနက်အစောကြီးလာတန်းစီကြတာ။ ဒီဟာမလေးက အိပ်ပုတ်ဖြစ်နေတာတော့ မတတ်နိုင်ဘူးလေ။

ဒါပေမဲ့ မက်ဒါနာက သူ့ကိုဒိတ်ဖို့ခေါ်တယ်ဆိုတာကို တွေးမိတော့ ချက်ချင်းမျက်နှာက ပြောင်းသွားတယ်။ "ထားတော့ ဒီမှာတန်းစီရတယ်ပေါ့၊ ရတယ်လေ။ ဖရာလီတာအကြောင်း နိမ့်ကျတဲ့လူသားတွေကို ပြရသေးတာပေါ့။"

နောက်တော့ ဖရာလီတာက သူ့ဂါဝန်အိတ်ထဲကနေ ရွှေရောင်တံဆိပ်လေးကို ထုတ်လိုက်တယ်။ ဒိုင်းလေးနဲ့တူတဲ့ မိသားစုတံဆိပ်တစ်ခုပဲ။ အဲဒီနောက် သူကရှေ့မှာရပ်နေတဲ့ ဂျပန်လူမျိုးကောင်လေးတစ်ယောက်ကို လက်နဲ့တို့လိုက်တယ်။

"ဝေး၊ နိမ့်ကျတဲ့သာမန်လူ။ ဒီတံဆိပ်ကိုကြည့်စမ်း။ ဒါက ပန်ဒရာဂွန်တံဆိပ်ပဲ။ ငါ့အတွက်နေရာဖယ်ပေးစမ်း။"

ဒါပေမဲ့ ပြန်ရလာတဲ့တုံ့ပြန်မှုက တော်တော်သနားစရာ။ "ချောကလက်ထဲက ပေါက်လာတဲ့ အလကားတံဆိပ်ကြီးနဲ့ လာနောက်နေစရာလား။ နင့်လိုကြားဖြတ်ချင်တဲ့လူတွေကို ငါအမုန်းဆုံးပဲ။ နိုင်ငံကြီးသား ပီသစမ်းပါ။"

"....." အေးခဲနေတဲ့မျက်နှာနဲ့ ဖရာလီတာ။ မက်ဒါနာကတော့ အသေးမလေးကိုကြည့်နေရင်း ရယ်ချင်မိသွားတယ်။

"ဟုတ်သားပဲ၊ ဒီမှာက ဥရောပသူကောင်းမျိုးတွေမှာ အာဏာမရှိဘူး။" ဒါပေမဲ့စိတ်မရှည်စွာနဲ့ ဖရာလီတာရဲ့ကြားဖြတ်ချင်စိတ်ကတော့ ပြီးပြတ်မသွားဘူး။

"ဝေး... ဟိုမှာဂေါ်ဂျီရာကြီး မြို့ထဲဝင်လာပြီ။" (ဂျပန်စကားဖြင့်) တန်းစီနေတဲ့လူတွေ အဝေးကိုကြည့်နေတုန်း ဖရာလီတာက မက်ဒါနာကိုလက်ဆွဲပြီး ရှေ့ဆုံးကိုပြေးတယ်။ ဒါပေမဲ့ ဆိုင်ဝန်ထမ်းအစ်မကြီးကတွေ့ပြီး ဖရာလီတာကို ဂုတ်ကနေဆွဲ နောက်ဆုံးတန်းပြန်ပို့လိုက်တယ်။

"အာအာ... ဒီဆိုင်မှာနောက်တစ်ခါ ကြားဖြတ်ဖို့ကြိုးစားရင် ဘလက်လစ်ထဲသွင်းပြီး ဝင်ခွင့်ပေးတော့မှာမဟုတ်ဘူးနော်။" ဆိုင်ဝန်ထမ်းက အသေးမလေးရှေ့ ဒူးထောက်ပြီးသတိပေးလိုက်တယ်။ ကြည့်ရတာ ဥရောပတိုက်သွေးချောင်းစီးတိုက်ပွဲကြီးကိုဖြစ်စေခဲ့တဲ့ ဖရာလီတာလေးကို ပုံမှန်ဖော်ရိန်နာကလေးလို့ ထင်နေတဲ့ပုံပဲဲ။

ဒါပေမဲ့တစ်နည်းနည်းနဲ့တော့ ကြားဖြတ်တာအောင်မြင်သွားပါတယ်။ အယ်လိုဟင်ကိုခေါ်ပြီး လူတိုင်းကို တစ်ယောက်ယန်းတစ်သောင်းစီပေးပြန်လွှတ်ပြီးနောက်မှာပေါ့။

"သူတို့ဘာသာသူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တဲ့ တခြားဆိုင်သွားစားဖို့ ဆုံးဖြတ်လိုက်ကြတာလေ။ ငါနဲ့ဘာမဆိုင်ဘူး၊ ငါက Ichiranဆိုင်မှာ စားချင်ရုံပဲ။" ဖရာလီတာက ပြောပြောဆိုဆိုနဲ့ငွေအိတ်ကြီးကို အယ်လိုဟင်လက်ထဲ ပြန်ထည့်ပေးလိုက်တယ်။

လူတစ်ယောက်ကို ယန်းတစ်သောင်း၊ စုစုပေါင်း လူငါးဆယ်အတွက် ယန်းငါးသိန်းကို သုံးပြီးတာတောင် နည်းနည်းလေးမှ မျက်ခုံးမလှုပ်တဲ့ ဖရာလီတာကို ဆိုင်ဝန်ထမ်းငေးကြည့်နေတုန်း ဖရာလီတာကတော့ ဂရုမစိုက်ဘဲ မက်ဒါနာကိုလက်ဆွဲပြီး ဆိုင်ထဲဝင်သွားတယ်။

အဲဒီနောက်တော့ ဝိုင်းတစ်ဝိုင်းမှာ ပုံမှန်အတိုင်းဝင်ထိုင်ပြီး မီနူးကိုကြည့်တော့တာပဲ။ နောက်တော့ လက်ကလေးတစ်ချောင်းနဲ့ ဟိုဟာထောက်ဒီဟာထောက် နောက်ဆုံးမီးနူးတစ်ခုလုံးထောက်ကြည့်ပြီးတဲ့နောက် စားပွဲထိုးကောင်မလေးကို ပြောလိုက်တယ်။

"ဟင်းပွဲတွေအကုန်လုံး တစ်မျိုးစီချပေး။"

"ရှင်...." ဖရာလီတာလည်း မျက်လုံးပြူးသွားတယ်။ သူတို့က နှစ်ယောက်ဆိုပေမဲ့ Toppingသုံးမျိုးပါတဲ့ရားမန်တစ်ခွက်နဲ့ တခြားထွေလီကာလီနည်းနည်းမှာရင်တောင် စားဖို့နိုင်တော့မှာမဟုတ်ဘူး။

"ဖရာလီတာရေ၊ နင်က ရှိသမျှရားမန်အမျိုးအစားတွေမှာလိုက်တာကိစ္စမရှိပေမဲ့ ငါတို့ကတစ်ယောက်တစ်ပွဲပဲစားမှာလေ။ ပိုနေတဲ့ရားမန်တွေကျ လွှတ်ပစ်ရမှာပေါ့။ နှမျောစရာကြီး။"

"မသိဘူး၊ ဘယ်ဟာစားကောင်းမှန်းမှမသိတာ Toppingအစုံပါတဲ့ ရားမန်အမျိုးအစားအကုန်လုံးပေ။ တစ်ခုချည်းစီမြည်းကြည့်ပြီး ကြိုက်တာတစ်ခုရွေးစားမယ်။"

စားပွဲထိုးကောင်မလေးက သူ့ကိုမျက်လုံးပြူးပြီးကြည့်နေတာတွေ့တော့ ဖရာလီတာက ထူပူပြီးနီရဲနေတဲ့ မျက်နှာလေးနဲ့ မျက်စောင်းထိုးကြည့်လိုက်ပြီး ဘဏ်ကတ်ကို ထုတိပေးလိုက်တယ်။

"ဘာလဲ၊ နင်က ငါ့ကိုစားပြီးပိုက်ဆံမရှင်းနိုင်မှာဆိုးလို့လား။ ဒီမှာဘဏ်ကတ်ယူသွားပြီး တစ်ခါတည်းကျသင့်ငွေဖြတ်လိုက်။"

မက်ဒါနာကတော့ ဘေးကနေကြည့်ရင်း ထိတ်လန့်နေပြီ။ သူတို့ကိုဆိုင်ထဲကလူတွေအကုန်လုံး ဝိုင်းစိုက်ကြည့်နေကြတယ်။ 'ဘုရားဘုရား... ဒီဆိုင်ကလူတွေ ငါတို့ကိုဝိုင်းမရိုက်လောက်ပါဘူးနော်။'

ဝန်ထမ်းမလေးကတော့ ဘဏ်ကတ်ကိုယူလိုက်ပေမဲ့ သူတို့နှစ်ယောက်ကို အမှိုက်ပုံထဲကအမှိုက်တွေကို ကြည့်တဲ့အတိုင်းကြည့်သွားတယ်။ 'ပိုက်ဆံပေါတိုင်း စားစရာတွေကိုဖြုန်းတီးစရာလား၊ ငွေပေါပြီးတန်ဖိုးမရှိတဲ့ အမှိုက်သခင်မလေးတွေ။'လို့တွေးနေမှာတော့ သေချာတယ်။

ခဏနေတော့ သူတို့မှာထားတဲ့ ဟင်းပွဲတချို့ရောက်လာတယ်။ မက်ဒါနာကတော့ Ichiranရဲ့နာမည်ကြီး ငါးမျိုးစပ်ရားမန် (Ichiran 5 packs)ကိုပဲ ကုန်အောင်စားရင်း မီးနူးဟင်းပွဲတွေကို တစ်လုပ်မြည်းလိုက် အမှိုက်ပုံးထဲသွန်ချလိုက်လုပ်နေတဲ့ ဖရာလီတာလေးကိုကြည့်ရင်း ခေါင်းကိုက်လာတယ်။

သူ့စိတ်ထဲမှာတော့ ဆူဗာနာက အာလူးပြုတ်နဲ့ပဲဟင်းအရည်ကျဲလေးတစ်ခွက်အတွက် တိုက်ခိုက်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ကလေးတွေကို မြင်ယောင်လာတယ်။

'ချီးထဲမှ၊ ငါတို့က မတူညီတဲ့ကမ္ဘာနှစ်ခုမှာ နေနေရသလိုပါလား။' သူတို့ကိုကြည့်နေတဲ့ ဆိုင်ထဲကလူတွေရဲ့အကြည့်ကလည်း ပိုပိုပြီးမာကျောလာပြီ။ လူငယ်တချို့ဆို ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တောင်တင်နေသေးတယ်။

သေချာပေါက် 'အစားအစာဖြုန်းတီးနေတဲ့ ဖော်ရိန်နာအစုတ်ပလုပ်နှစ်ကောင်'ဆိုပြီးဖြစ်မှာပဲ။

ပြောရရင် ဂျပန်ကလည်း စစ်ပွဲတွေခေတ်ကစလို့၊ ဒုတိယကမ္ဘာစစ်နဲ့စစ်ပြီးကာလတွေမှာ အငတ်ဘေးစိုက်ခဲ့တာမလို့ အစားအစာဖြုန်းတီးတာကို မကြိုက်တဲ့နိုင်ငံတစ်ခု။ ခွက်ထဲက စားစရာမကုန်ရင်တောင် သားအမိချင်း ရန်ငါပြတ်တဲ့နိုင်ငံ။ အခုတော့ သူတို့က ဟင်းပွဲဆယ့်ငါးပွဲလောက်ကို ဖြုန်းတီးပြီးနေပြီ။

ခဏနေတော့ သူတို့ကိုမုန်းတီးစွာကြည့်ရင်း စားပွဲထိုးမိန်းကလေးပြန်ရောက်လာပြီး ဘဏ်ကတ်ကိုထိုးပေးတယ်။ နောက်ပြီး ဒေါသထွက်နေပေမဲ့ အချိုသာဆုံးပြောနေရတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

"တကယ်လို့မကြိုက်ရင်လည်း တစ်လုပ်လောက်မြည်းပြီး ပြန်လာသိမ်းခိုင်းပါ့လား။ ဒီတိုင်းသွန်ပစ်ရင် ဖြုန်းတီးရာကျတယ်။ လွှင့်ပစ်ရလောက်တဲ့အထိ ကျွန်မတို့ဆိုင်ကဟင်းပွဲတွေ မကောင်းရင်တောင် အနည်းဆုံးတော့ ခွေးကျွေးလို့ရတယ်ရှင့်။"

ဖရာလီတာကတော့ နည်းနည်းလေးတောင်ဂရုမစိုက်ဘဲ ပင်လယ်စာရားမန်ကို စားပွဲထိုးမလေးဆီကမ်းပေးလိုက်ချိန်မှာ မက်ဒါနာကတော့ ရှက်လွန်းလို့ဘယ်နားပုန်းနေရမှန်း မသိတော့ဘူး။

'ရှက်လိုက်တာ... ရှက်လိုက်တာ... ဒီဟာမလေးလုပ်ပုံနဲ့ ငါတို့တော့အရှက်ကွဲပြီ။' ဒါပေမဲ့သူရှက်နေတုန်း နားထဲမှာခိုးတပ်ထားတဲ့ စပိုင်နားကြပ်အသေးစားလေးက အသံမြည်လာတယ်။

"မမလေး၊ မမလေး အမှုကိစ္စစုံစမ်းဖို့ မေ့နေပြီလား။ သူ့ရဲ့အပြစ်ရှိစိတ်ကို ဆွပေးဖို့ကိစ္စလေ။" ဆိုင်ရဲ့မှန်ပြတင်းအပြင်ကို လှမ်းကြည့်လိုက်တော့ ဘန်ဒလေကားပေါ်ကနေ လက်ပြနေတဲ့ အေမီကို သူတွေ့လိုက်ရတယ်။

၂။

တိုကျိုမှာ အသေးမလေးနဲ့မက်ဒါနာတို့ ရားမန်ဒိတ်လုပ်နေသလိုပဲ နယူးယောက်မှာတော့ လင်ဒါနဲ့ဟယ်ရီတို့က အလယ်အလတ်တန်းစား စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ဘလိုင်းဒိတ်နေရလေရဲ့။

ဒါပေမဲ့ ဘာလို့ဘလိုင်းဒိတ်နေကြတာလဲ၊ လင်ဒါက မက်ဒါနာ့ကောင်မလေးလေ။ ပြောရမယ်ဆိုရင်တော့ မြေးချီချင်နေပြီဖြစ်တဲ့ လင်ဒါရဲ့ဟော့ရမ်းရမ်းအမေ၊

ကိုယ်တိုင်လည်း သန်းကြွယ်သူဌေးငယ်ငယ်လေးကို ဆွဲစိထားတဲ့ မေမေဂရီဂိုရီစီစဥ်ပါသည်ပေါ့။

"သမီးလေး၊ သမီးလည်း အသက်အစိတ်လောက်ဖြစ်နေပြီ။ သူများသားသမီးတွေ ဒီအရွယ်ဆို မြေးလေးတွေမွေးပေးနေပြီ။ ကောင်လေးက လူရည်မွန်လေးပါ။ သမီးလေးသွားတွေ့ကြည့်လိုက်။"

လင်ဒါခင်ဗျာ သူ့မှာ ကြိုက်တဲ့ကောင်မလေးရှိနေပြီဆိုတဲ့အကြောင်း မေမေဂရီဂိုရီကိုပြောပြပေမဲ့ ထူးမခြားနား။

"ဘာ... သမီးက ကောင်မလေးတွေကိုကြိုက်တာ။ ဒါပေမဲ့ ကွေးတယ်ဆိုတာက မျိုးပွားနှုန်းကိုအားမပေးတဲ့အလုပ်သမီးရဲ့။ မြန်မြန်သွားတွေ့လိုက်စမ်းပါ။" ဒါပေမဲ့ လင်ဒါခင်ဗျာ အတတ်နိုင်ဆုံးကြိုးစားခဲ့ပါသေးတယ်။ မက်ဒါနာလေးက ငွေရောင်စစ်သည်ဆိုတဲ့အကြောင်း ပြောမပြခဲ့ပေမဲ့ ငွေရောင်စစ်သည်က အမေ့ချွေးမလေးဖြစ်ကြောင်း တတ်နိုင်သမျှနားဝင်အောင်ပြောပြခဲ့ပေမဲ့။

"တော်တိတ်၊ နင်တို့နှစ်ယောက် တိတ်တိတ်ပုန်းပေါင်းနေပြီး ကလေးမွေးစားထားမှန်း ငါသိတယ်အေ့။ ဟိုက ညည်းကိုတန်ဖိုးမထားလို့ပဲ ဆုဗာနာက မင်းသမီးလေးနောက် လိုက်သွားတာ။ အခုလောက်ဆို ကိုယ်ရံတော်ကြီးနဲ့မင်းသမီးလေး နှစ်ပါးသွားဇာတ်ကနေလောက်ပြီ။" မေမေဂရီဂိုရီရဲ့စကားလည်းဆုံးရော ဘာပြောရမှန်းမသိတော့တဲ့ လင်ဒါလည်းတအီအီနဲ့ ငိုမိပါလေရော။

ဟယ်ရီအတွက်လည်း အလားတူပဲလေ။ နယ်မှာနေတဲ့ အဖေအိုကြီးက အသိတစ်ယောက်ရဲ့သမီးနဲ့ အတင်းသွားဒိတ်ခိုင်းတော့တာပဲ။

"ငါ့သား၊ အသက်သုံးဆယ်နားလည်းကပ်နေပြီ။ အဖေ့ကို စိတ်ချမ်းသာစေချင်ရင် ချွေးမရှာပေးတော့။" တဲ့။ ဟယ်ရီဟာ ဟီးရိုးတစ်ယောက်အနေနဲ့ ရုန်းကန်နေရတာမလို့ အချစ်ရေးစိတ်မဝင်စားခဲ့ဘူး။ ဒီတော့ အခုလို ဘလိုင်းဒိတ်ဖူးဖို့ဝေးလေစွ၊ ကောင်မလေးတစ်ယောက်နဲ့တောင် စကားကြာကြာပြောဖူးတာမဟုတ်ဘူး။ အဲ.. ဒေါ်လေးအိုလီဗာကလွဲလို့။ ဒါပေမဲ့ သူက အိုလီဗာကို မိန်းကလေးမဆန်ဘူးလို့သတ်မှတ်ပြီး ယောက်ျားလေးပေါင်းပေါင်းနေတာ။ နောက်ဟိုကလည်း မြေရှင်ကြီးသမီးနဲ့ကိုး။

ဒီလိုနဲ့နှစ်ယောက်သား စားသောက်ဆိုင်မှာထိုင်နေပေမဲ့ ဘာစကားမှ မပြောဖြစ်ကြဘူး။ ဟယ်ရီကတော့ ရှက်ရှက်နဲ့ ခေါင်းငုံပြီးစားစရာရှိတာတွေ စားနေတာ။ လင်ဒါကတော့ ဟယ်ရီကို အထင်သေးစွာနဲ့ကြည့်လိုက်ပြီး...

"အမေပြောတဲ့ ငယ်ကျွမ်းဆွေတစ်ယောက်ရဲ့သားဆိုတာ ဒီအရူးကောင်လား။ အမြဲတမ်းဆေးရုံတက်နေရတဲ့ကောင်လေ။"

နယူးယောက်ရဲ့ရဲစခန်းမှူးတစ်ယောက်အနေနဲ့ လင်ဒါဟာ ဟီးရိုးအစည်းအရုံး ဒုဌာနမှူးကိုသိတာပေါ့။ နိုင်ငံက သတ်မှတ်ပေးထားတဲ့ အဆင့်အတန်းအရဆိုရင် ဟယ်ရီက နယူးယောက်မှာ ဒုရဲချုပ်အဆင့်ဖြစ်ပြီး သူ့ထက်ရာထူးအများကြီးမြင့်တယ်။ ဒါပေမဲ့ အထင်ကြီးစရာဆိုလို့ နည်းနည်းလေးမှမရှိတာ။

မြို့မှာတစ်ခုခုဖြစ်တိုင်း ဒဏ်ရာရပြီး ဆေးရုံရောက်နေတာချည်းပဲ။ ဖရက်ကိုလိုက်ဖမ်းတုန်းကလည်း ဒဏ်ရာရတယ်၊ အိုက်ဇာဝါကို ထောင်ဆီလိုက်ပို့တော့လည်း အကျဥ်းသားအသတ်ခံရပြီး ခါးရိုးကျိုးသွားတယ်၊ နောက်ဆုံးတစ်ခါ မြူတန့်ဆေးတွေနောက် လိုက်တုန်းကလည်း သေဖို့လက်တစ်လုံးပဲခြားတော့တာ။ အလုပ်သင်ကောင်မလေးသာ ပြန်ပို့မပေးရင် သေနေလောက်ပြီ။

အဲဒီနေ့က လင်ဒါတစ်ယောက် အလုပ်သင်ဖားမလေးဆီကနေ စစ်ချက်ယူခဲ့ရတာ။ အဲဒီအထက်တန်းကျောင်းသူအရွယ် အလုပ်သင်ကောင်မလေးက စီနီယာဖြစ်သူကို တော်တော်လေးစားနေတာ။ အဲဒါကြောင့် သူ့စီနီယာက အမြဲလိုလို ဆေးရုံမှာမဆင်းရဘဲ နေနေရတယ်ဆိုတဲ့အဖြစ်မှန်ကို မပြောရက်တော့ဘူး။

စီနီယာဖြစ်သူကို အနာဂတ်သတို့သားလောင်းလိုကြွေနေတဲ့ တပည့်မလေးကို စိတ်မပျက်သွားစေချင်လို့လေ။ သူတို့အတွဲအတွက် ဆုတောင်းပေးလိုက်သေးတယ်။

နောက်ဆုံးတော့ သည်းခံနိုင်စိတ်ကုန်ဆုံးသွားတဲ့ လင်ဒါက သက်ပြင်းချလိုက်ပြီး ခုံကိုလက်နဲ့ပုတ်ကာ အစားပဲကုန်းစားနေတဲ့ ဟယ်ရီကိုပြောလိုက်တယ်။

"ဒီမှာ ရှင်လည်းကျွန်မကို သဘောမကျဘူး။ ကျွန်မလည်း ရှင့်ကိုသဘောမကျဘူး။ ဒီတော့ ဒီမှာတင်ရပ်ပြီး ပြန်တော့မယ်။ ကျွန်မအလုပ်ရှိသေးတယ်။"

"အင်း... ငါလည်းငါ့အလုပ်ရှိသေးတယ်။" ဟယ်ရီက အီတလီခေါက်ဆွဲကို လက်စသတ်လိုက်ရင်း ပြန်ဖြေတယ်။

မကြာခင်မှာပဲ လင်ဒါလည်း ကိုယ့်အတွေးနဲ့ကိုယ် ဆိုင်ထဲကထွက်သွားတယ်။ 'ဒီနေ့ဆိုရင် မက်ဒါနာတို့ တိုကျိုမှာ လျှောက်လည်ပြီးလောက်ပြီထင်တယ်။ ဗီဒီယိုကောလ်ခေါ်ရမယ်။' ဟယ်ရီလည်း ခုံကနေထလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဝန်ထမ်းကောင်မလေး အပြေးရောက်လာပြီး ဟယ်ရီ့လက်ကို ဖမ်းဆွဲထားလိုက်တယ်။

"လူကြီးမင်း၊ ကျသင့်ငွေ မရှင်းရသေးဘူးလေ။"

"...." ဟယ်ရီလည်း ခုမှသူစားထားတဲ့စားစရာတွေအတွက် ပိုက်ဆံမရှင်းရသေးမှန်း သတိရသွားတယ်။

"အာ... ဆောရီးနော်၊ သူပြုံးပြရင်း ပိုက်ဆံအိတ်ကိုထုတ်လိုက်ပေမဲ့... ဘောင်းဘီအိတ်က ဗလာ။ ဒီတော့ ဘဏ်ကတ်ရောငွေသားရော သူနဲ့ပါမလာတာသေချာပြီ။ မိုဘိုင်းပေးလ်နဲ့ပေးဖို့လုပ်ပြန်တော့လည်း ဖုန်းလည်းမပါလာဘူး။

'သေစမ်း...' သူညနေပိုင်း ဘလိုင်းဒိတ်လုပ်ရမှာမလို့ စိတ်လှုပ်ရှားနေတာနဲ့ အင်္ကျီလဲနေတုန်း ပစ္စည်းတွေအကုန်လုံးကို အလုပ်စားပွဲပေါ်တင်ထားမိတာ။ ခုတော့ တစ်ခုမှပါမလာတဲ့ပုံပဲ။ လင်ဒါကို ရှင်းခိုင်းဖို့ကြည့်ပေမဲ့ ရဲမေမမက ဆိုင်အပြင်ရောက်နေပြီ။

စားပွဲထိုးကောင်မလေးကတော့ မျက်မှောင်ကြီးကြုတ်ထားလေရဲ့။ ဟယ်ရီက အတတ်နိုင်ဆုံးပြုံးပြရင်း ကောင်မလေးကိုပြောလိုက်တယ်။

"ဟိုလေ၊ ဖုန်းလေးတစ်ကောလ်လောက် ဆက်လို့ရမလား။" ဒါပေါ့၊ ကိုယ်တိုင်ရှင်းစရာပိုက်ဆံမရှိမှတော့ တပည့်ကျော်ကြီးပဲ ဖုန်းလှမ်းဆက်ရမှာပေါ့။

ဝန်ထမ်းမိန်းကလေးက ဟယ်ရီကိုမကြည်သလိုကြည့်ရင်း ဖုန်းလှမ်းပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ လုံခြုံရေးတွေကိုခေါ်မလား စဥ်းစားနေသေးတယ်။

ယီးတီးယားတားလုပ်ပြီး ငွေမပေးဘဲပြေးလို့ကတော့ တစ်နေကုန် ပန်းကန်ဆေးရပြီသာမှတ်။

ဝန်ထမ်းမိန်းကလေးရဲ့ဖုန်းကိုယူပြီး ဟယ်ရီဖားလေးကို ဖုန်းလှမ်းဆက်လိုက်တယ်။ တကယ်တော့ သူဆေးရုံက ဆင်းလာကတည်းက ဖားလေးနဲ့မတွေ့ရသေးဘူး။ နဂိုအေဂျင်စီမှာပဲ အလုပ်ဆက်လုပ်မယ်ဆိုပြီးတော့ပေါ့။ အင်းလေ၊ အစကတည်းက ဟယ်ရီဟာ သူ့တရားဝင်အလုပ်သင်စီနီယာမဟုတ်တဲ့ဥစ္စာ။

ခဏနေတော့ ဖုန်းကိုင်လိုက်ပြီး တစ်ဖက်ကနေ မိန်းကလေးနည်းနည်းဆန်တဲ့အသံထွက်လာတယ်။ "ဟယ်လို၊ ဘယ်သူပါလဲ။"

"အဟမ်း၊ ဖားလေး။ ငါပါ၊ ဟယ်ရီ။ စားသောက်ဆိုင်သွားစားပြီး ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့ အဲဒါ..."

"ဟုတ်ဆရာ၊ ကျွန်တော်အခုချက်ချင်းလာခဲ့မယ်။" မိနစ်အနည်းငယ်လောက်ရောက်တော့ နေပူကြီးထဲ ခေါင်းစွပ်ကို လုံအောင်စွပ်ထားတဲ့ ဖားလေးရောက်လာပြီး ဟယ်ရီ့အကြွေးတွေရှင်းပေးလိုက်ရတယ်။ ဆိုင်ကဝန်ထမ်းတွေကိုတောင် အထပ်ထပ်အခါခါ ဦးညွှတ်တောင်းပန်နေရသေးတယ်။

ဟယ်ရီကတော့ ကောင်လေးလူးစီးယပ် တစ်ခုခုလွဲနေတယ်လို့ ခံစားမိပေမဲ့ ဘာလွဲလို့လွဲနေမှန်းကိုမသိဘူး။

"လူးစီးယပ်၊ မင်းခုရက်ပိုင်း ပိန်ကျသွားသလိုပဲ။"

"အင်း၊ ဂျင်ကစားနေတာကိုး။" လူးစီးယပ်က တိုတိုပဲပြန်ဖြေတယ်။ အားကျရတဲ့အစ်မကြီး မက်ဒါနာလိုမျိုး လူးစီးယပ်ကနေ လူစီယာဖြစ်သွားတာကိုတော့ ဘယ်တော့မှ ဝန်ခံလိမ့်မယ်မဟုတ်။

ဆိုင်စားပွဲထိုးမလေးကတော့ သူတို့နှစ်ယောက်ကို မသင်္ကာစွာနဲ့ကြည့်ရင်း ငွေရှင်းကောင်တာကို ပြန်သွားတယ်။ လမ်းမှာတော့ မကြားတကြားလေသံနဲ့တောင် ပြောလိုက်သေးတယ်။

"ဘယ်လိုအမှိုက်ကောင်လည်းမသိပါဘူး၊ တခြားမိန်းမတစ်ယောက်နဲ့ဒိတ်လုပ်ပြီး ငွေမရှင်းနိုင်တာကို ကိုယ့်ထက်ငယ်တဲ့ ချစ်သူကောင်မလေးကိုခေါ်ပြီး ငွေရှင်းခိုင်းရတယ််လို့။ အံ့ဩပါ့..." သေချာပေါက် ဟယ်ရီလည်း အဲဒီစကားတွေကို ကြားတာပေါ့။ သူရှင်းပြမလို့လုပ်နေတဲ့အချိန်မှာပဲ ဆိုင်ထဲက ရုပ်မြင်သံကြားလိုင်းက ကြားဖြတ်သတင်းကြေညာတယ်။

"အရေးပေါ် ကြားဖြတ်သတင်း ကြေညာပါ့မယ်ရှင်။"

ပုံမှန်အားဖြင့် အခုလိုမျိုးသတင်းတွေက ဗီလိန်တွေသောင်းကျန်းတဲ့ကိစ္စတွေကို ကြေညာလေ့ရှိတာမလို့ ဟယ်ရီနဲ့ဖားလေးတို့နှစ်ယောက်လုံး သေချာနားစိုက်ထောင်လိုက်တယ်။

"ဖြစ်စဥ်မှာ..."

...

မက်ဒါနာကတော့ အေမီရဲ့သတိပေးစကားကြောင့် စုံစမ်းရမယ့်ကိစ္စကို ပြန်သတိဝင်လာပြီးတော့ ဟင်းပွဲတွေတစ်ခုပြီးတစ်ခု ပြန်အပ်နေတဲ့ ဖရာလီတာကိုစကားစလိုက်တယ်။

"ဒါနဲ့... အခုတလော ငါ့ပင်တီတွေပျောက်ပျောက်နေသလိုပဲ။"

"ဖူး...." အဲဒီစကားကြောင့် ဖရာလီတာလေး ရုတ်တရက်လန့်သွားပြီး စားလက်စ ခေါက်ဆွဲတွေကို ပြန်ထွေးထုတ်လိုက်တယ်။ အဲဒီနောက်တော့ ချောင်းခြောက်ဆိုးလိုက်ရင်း ဟန်ဆောင်ပန်ဆောင်နဲ့ ပန်းကန်ကို ဘေးဖယ်ထားလိုက်လေရဲ့။

"ဟင်း... ဒီဟင်းပွဲက တော်တော်အခြေအနေဆိုးတာပဲ။ စားလို့တောင်မရဘူး။"

ချက်ချင်းဆိုသလိုပဲ ဆိုင်ထဲကလူတွေရဲ့အကြည့်တွေက ပိုခက်ထန်လာပါလေရော။ စားပွဲထိုးမိန်းကလေးဆိုရင် အချိန်မရွေးထလည်ပင်းညှစ်တော့မယ့်အတိုင်းပဲ။

'နင်စားနေတဲ့ဟင်းပွဲက ကိုဘဲအမဲသားရားမန်လေ။ ဒီဆိုင်ထဲကလူတွေတောင် တစ်လတစ်ခါစားနိုင်တာ မဟုတ်ဘူးဟဲ့။' ဖြုန်းတီးလိုက်တာ ဖြုန်းတီးလိုက်တာ။

ဖရာလီတာကတော့ ပခုံးတွန့်ပြပြီး ဟန်ဆောင်မှုကင်းမဲ့လေဟန်နဲ့ ပြန်ဖြေလိုက်တယ်။

"အင်း... မက်ဒါနာရေ၊ နင်က အထားအသိုမှမဆင်ခြင်တာ။ ဒီတော့ဘယ်တတ်နိုင်ပါ့မလဲ။" အဲဒီနောက် ဖရာလီတာက ကိုယ်ကိုကိုင်းရင်း ရှေ့နည်းနည်းတိုးလာကာ တစ်ရှူးဘောက်ထဲက တစ်ရှူးနည်းနည်းနှိုက်လိုက်တယ်။ နောက်တော့ စားပွဲပေါ်မှာ ပေပွနေတဲ့ ခေါက်ဆွဲဟင်းရည်တွေကို ရှင်းတယ်။

"နှာဘူးသူခိုးတွေက ငါတို့မိန်းကလေးတွေကို အဓိကပစ်မှတ်ထားတာဟဲ့။ ဒါပေမဲ့ ဒီနေရာက အဲဒီကိစ္စတွေပြောလို့မကောင်းဘူး။" ပြောတာတော့ သူမဟုတ်တဲ့လေသံနဲ့။

မက်ဒါနာ မျက်မှောင်ကြုတ်လိုက်တယ်။ အဝေးကနေ စပိုင်ပစ္စည်းတွေနဲ့ လှမ်းနားထောင်နေတဲ့ အေမီလည်း အလားတူပါပဲ။ အေမီက မက်ဒါနာကိုတီးတိုးအကြံပေးတယ်။

"မမလေး၊ ဒီဟာမလေးက ဘယ်လိုမေးမေးဝန်ခံမှာမဟုတ်ဘူး။ လက်ပူးလက်ကျပ်မိအောင်လုပ်ဖို့ Plan B ပြောင်းရမယ်။" မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီး နာကျင်နေတဲ့မျက်နှာနဲ့ ဗိုက်ကိုနှိပ်လိုက်တယ်။ ဖရာလီတာလည်း ရုတ်တရက်ကြီးဆိုတော့ ထိတ်လန့်သွားလေရဲ့။

"မက်... မက်ဒါနာ.. နင်ဘာဖြစ်တာလဲ၊ ဗိုက်အောင့်လို့လား။"

"ရေ... ရေအိမ်သွားလိုက်ဦးမယ်..." မက်ဒါနာက ပြောပြောဆိုဆိုနဲ့ ကိုယ်ကိုအသာလေးကျုံပြီး ဆိုင်နောက်ကို ပြေးသွားတယ်။ ဖရာလီတာကတော့ ဟင်းပွဲတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ရင်း ဆိုင်ကို မတန်တဆအပြစ်ဖို့နေလေရဲ့။

"နင်တို့ရားမန်ခေါင်းဆွဲသားက လတ်ရောလတ်ဆတ်ရဲ့လား။ ယင်တွေဘာတွေနားလို့ ဝမ်းပျက်တာဆိုရင်တော့ နင်တို့ကို စားသုံးသူဦးစီးဌာနနဲ့တိုင်မယ်။"

စားပွဲထိုးမလေးကတော့ ဒေါသထွက်လွန်းလို့ နှုတ်ခမ်းကိုကိုက် လက်သီးကိုဆုပ်ထားလိုက်တယ်။ ဒီဟာမလေးက အသေရိုက်ပစ်ချင်စရာ။ ဒီလိုမျိုး အများကြီးမှာငွေရှင်းပြီး ဆိုင်ကိုတစ်ထိုင်တည်း သောက်ပြစ်ပြောတဲ့ ကာစတန်မာမျိုး တစ်သက်နဲ့တစ်ကိုယ် တွေ့ကိုမတွေ့ဖူးဘူး။

မက်ဒါနာကတော့ သန့်စင်ခန်းထဲရောက်တာနဲ့ ကြိုဇာတ်တိုက်ထားတဲ့အတိုင်းပဲ အခန်းတံခါးလေးကိုစေ့ပြီး ပိုက်ဆံအိတ်လေးထဲကနေ ပင်တီလေးတစ်ထည်ထုတ်ပြီးတော့ ပေါင်ဒါမှုန့်ထည့်ထားတဲ့ ပူပေါင်းလေးတစ်ခုထဲကို ရေဖြည့်ပင်တီနဲ့တွဲချီပြီး တံခါးဘောင်ပေါ်တင်ထားလိုက်တယ်။ ပြီးတော့ လိုရာမယ်ရ စမတ်မျက်မှန်ကိုပါ တပ်ထားလိုက်သေး။

ဖရာလီတာကို ထောင်ဖမ်းဖို့အတွက် အေမီနဲ့မက်ဒါနာတို့ ကြိုဆွေးနွေးထားတဲ့အကြံအစည်က ကြွက်ကိုဒိန်ခဲနဲ့ဖျားယောင်းဖို့ပါ။

ဒီလိုဝတ်ပြီးသား ပင်တီလတ်လတ်ဆတ်ဆတ်လေးကို ဖရာလီတာလို နှာဘူးသူခိုးက ဘယ်နည်းနဲ့မှ အလွတ်ပေးမှာမဟုတ်ဘူး။

ခဏနေတော့ အပြင်မှာရှိနေတဲ့အေမီက မက်ဒါနာရဲ့မျက်မှန်ဆီကို ဗီဒီယိုအတိုလေးတစ်ခုပို့ပေးပြီး ပြောလိုက်တယ်။

"မမလေး၊ ပစ်မှတ်က မမလေးဆီလာနေပြီ။"

ဗီဒီယိုထဲမှာတော့ ဖရာလီတာက စားပွဲထိုးမလေးကို နောက်ဟင်းပွဲတွေမှာပြီး တော်တော်ကြာမှပြန်လာဖို့ ပြောလိုက်တယ်။ ပြီးတော့ ဟိုကြည့်ဒီကြည့်ကြည့်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ အမျိုးသမီးသန့်စင်ခန်းထဲ ဝင်လာတယ်။

နောက်တော့ မက်ဒါနာလည်း အခန်းတံခါးပွင့်သွားတဲ့အသံနဲ့အတူ တစ်ယောက်ယောက်ဝင်လာပြီး သူ့သန့်စင်ခန်းတံခါးရှေ့ ရပ်လိုက်တဲ့အသံကိုပါ ကြားရတယ်။ ဒါပေမဲ့ လူရိပ်ကိုတော့မမြင်။

နောက်တော့ သူတံခါးဘောင်ပေါ်မှာတင်ထားတဲ့ ပင်တီလေးက စပြီးရွေ့လာတော့တာပဲ။ မက်ဒါနာလည်း ခနနေရင် ဖြစ်လာတော့မယ့်ကိစ္စကို ကြိုတွေးရင်းမရယ်မိအောင် ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းထားရတယ်။

"ဖောင်း...."

"အမလေး..."

ဖရာလီတာ ပင်တီကိုဆွဲအရုပ် ရေပူဖောင်းက နောက်ကလိုက်လာပြီး ဖရာလီတာရဲ့မျက်နှာကိုမှန်သွားပြီ။ မက်ဒါနာလည်း သန့်စင်ခန်းတံခါးကို ကန်ဖွင့်လိုက်ပြီး ကိုယ်ပျောက်နေပေမဲ့ ရေနဲ့ပေါင်ဒါမုန့်အရောအနှောတွေ ပေကျံနေတဲ့ ဖရာလီတာလေးလက်မောင်းကို ဖမ်းဆွဲထားလိုက်တယ်။

"မိပြီ၊ သူခိုးမလေး။ နင်ဘယ်ပြေးမလဲ။"

မက်ဒါနာ ဖရာလီတာရဲ့လက်မောင်းကိုကိုင်လိုက်တာနဲ့ ကိုယ်ဖျောက်နည်းပညာက ပျက်ပြယ်သွားပြီး ဖရာလီတာရဲ့ခန္ဓာကိုယ် ပြန်ပေါ်လာတယ်။ ဘာပဲပြောပြော ဒီနည်းပညာက အမြင်လှည့်စားပြီး ပုံရိပ်ကို ဖုံးကွယ်ပေးရုံသာဖြစ်ကာ တကယ်တမ်းလူကို လေလိုမျိုး လုံးဝကွယ်ပျောက်သွားစေတာမျိုး မဟုတ်ပါဘူး။

"ကောင်မစုတ်လေး၊ ဒီရက်ပိုင်း နင့်ကိုအလိုလိုက်ထားမိရုံနဲ့ အတင့်ရဲလားပါ့လား။" မက်ဒါနာလည်း ခုမှကလေးအရွယ်သာရှိသေးတဲ့ ဖရာလီတာရဲ့ကိုယ်လုံးလေးကို ပခုံးနှစ်ဖက်ကနေကိုင်ပြီး လက်နှစ်ဖက်နဲ့ ဆွဲမြှောက်လိုက်တယ်။

"အား... အား... မက်ဒါနာ... ငါ့ကိုလွှတ်..." အခုဖရာလီတာရဲ့ခြေထောက်တွေက မြေပြင်နဲ့လွတ်နေပြီဖြစ်ပြီး ဘေးဆိုးကြီးကနေ လွတ်မြောက်ဖို့အတွက် အတင်းရုန်းကန်လွှဲယမ်းနေတယ်။

ဒါပေမဲ့မက်ဒါနာက အရွယ်ရောက်ပြီးသားဖြစ်တဲ့အပြင် လေ့ကျင့်ခန်းမှန်မှန်လုပ်တဲ့သူဆိုတော့ ဖရာလီတာထက် အများကြီးပိုသန်မာတယ်။ ဒီတော့အခုလိုလုပ်တာက အချည်းအနှီးပဲ။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ မက်ဒါနာက ဖရာလီတာကို သန့်စင်ခန်းထဲကနေ ဆွဲထုတ်ပြီး ဆိုင်ခန်းထဲ ပြန်ဆွဲခေါ်လာတယ်။ အားလုံးရဲ့မျက်လုံးတွေလည်း သူတို့နှစ်ယောက်ဆီရောက်လာတာပေါ့။ တချို့က သူတို့ကိုဗီဒီယိုရိုက်နေတုန်းပဲ။

ပိုဆိုးတာက ဖရာလီတာဟာ မက်ဒါနာရဲ့ငါးစာပင်တီလေးကို လက်ထဲမှာကျစ်ကျစ်ပါအောင် ကိုင်ထားဆဲဖြစ်ပြီး အားလုံးရဲ့အမြင်ကို ဖမ်းစားပြီးသားဖြစ်နေတယ်။

မက်ဒါနာကတော့ သူတို့ကိုဝိုင်းကြည့်နေတဲ့ လူတွေကို နည်းနည်းလေးမှအာရုံမစိုက်ဘဲ ကလေးဆိုးမလေးကို ဆုံးမဖို့သာ စိတ်အားထက်သန်နေလေရဲ့။ အေမီက သတိပေးနေပေမဲ့ နားမဝင်တော့ဘူး။

အဲဒီအစား ထိုင်ခုံတစ်ခုံပေါ်ကို ခြေတစ်ချောင်းတင်လိုက်ပြီး သူ့ပေါင်ပေါ် ဖရာလီတာကို ဝမ်းလျားထိုးမှောက်တင်လိုက်တယ်။

"ဟေး... ဟေး... မက်ဒါနာ၊ နင်ငါ့ကို ဘာလုပ်မလို့လဲ။"

"ကလေးဆိုးကြီးကို ရိုက်နှက်ဆုံးမမလို့လေ။"

"ဝူးအား... လူတွေရှေ့မှာလေ၊ မလုပ်နဲ့ ရှက်စရာကြီး။" ဖရာလီတာရဲ့မျက်နှာလေးက ပန်းသီးတစ်လုံးလိုမျိုး နီရဲတက်လာတယ်။

အဲဒီနောက်တော့ မက်ဒါနာက ဖရာလီတာလေးရဲ့တင်ပါးလေးကို လက်ဖဝါးနဲ့ ဗြောတင်တော့တာပဲ။

"ဒါက သူများပင်တီတွေကို မကောင်းတဲ့စိတ်နဲ့ခိုးလို့။"

"ဖြန်း..."

"ဒါက ဗြောင်လိမ်လို့။"

"ဗြန်း...."

"ဒါက မလိုအပ်ဘဲ အစားအစာတွေဖြုန်းတီးလို့။"

"ဖြန်း...."

နောက်တစ်ချက် "ဖြန်း..." ဒီတစ်ခါတော့ မက်ဒါနာက ဘာမှမပြောဘဲ ဘလိုင်းကိုရိုက်တာ။

"ဟေးဟေး... နင်ဘာလို့ငါ့ကို တစ်ချက်ပိုရိုက်တာလဲ။ ငါက အပြစ်ကျူးလွန်ထားရင်တောင် တရားမျှတစွာ အပြစ်ပေးရမယ်လေ။" ဖရာလီတာကလည်း မကျေမနပ်ပြန်တုံ့ပြန်တယ်။ ဒါပေမဲ့...

"လျှာမရှည်နဲ့ ငါရိုက်လို့ကောင်းလို့ ထပ်ရိုက်တာ။"

"ဖြန်း..." မက်ဒါနာက အလကားနေရင် နောက်တစ်ခါ ထပ်တီးပါလေရောလား။

အရိုက်ခံရပြီးတဲ့နောက်တော့ ဖရာလီတာက တင်ပါးလေးကို နာကျင်စွာနဲ့ပွတ်ပြီး ခုံမှာပြန်ထိုင်ပါတယ်။ ဗြိတိသျှကလေးဆိုးကြီးရဲ့မျက်လုံးတွေထဲမှာတော့ မျက်ရည်စလေးတွေ တွံလွှဲခိုလို့။

ဒါပေမဲ့ သူဘာမှပြန်ခံမပြောရဲရှာဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်ပြီး စောဒကတက်ရင် ထပ်အဆော်ခံရမှာပါ။

စိတ်ဝင်စားစရာအဖြစ်အပျက်လေးတွေ ပြီးတဲ့နောက်မှာတော့ ဆိုင်ထဲကလူတွေလည်း ပြန်ငြိမ်ကျသွားပြီ။ တချို့တွေကတော့ တွစ်တာမှာတတောင်တောင်၊ ဖေ့ဘုတ်မှာတဒင်ဒင်နဲ့ ပို့စ်တွေတင်ကြ၊ တွစ်ကြ လုပ်နေကြပြီ။

အေမီကတော့ သူတို့တင်နေတဲ့သတင်းတစ်ခုနှစ်ခုကို ပြန်ပြရှာပါတယ်။ "မမလေး ဂုဏ်ယူပါတယ်။ ငါးမိနစ်အတွင်း တွစ်တာမှာ Trendဝင်သွားပြီ။ Youtube Shortမှာတောင် မမလေးဖရာလီတာကိုတီးတာ နာမည်ကြီးနေပြီ။"

မျက်လုံးထောင့်ကနေ မက်ဒါနာလှမ်းမြင်နေရတဲ့ ပို့စ်ခေါင်းစဥ်တွေက "ပင်တီသူခိုးနှာဘူးမလေးကို ဆုံးမနေတဲ့အစ်မကြီး။" "အစားအသောက်ဖြုန်းတီးတဲ့ကလေးမကို ရိုက်သာရိုက်။" စသည်ဖြင့်ပါ။

မက်ဒါနာကတော့ စိတ်မဝင်စားတော့ဘဲ ငါးမျိုးစပ်ရားမန်ကိုသာ ပြန်အာရုံစိုက်စားလိုက်တယ်။ အခုဖရာလီတာလေးလည်း ငါးမျိုးစပ်နောက်တစ်ပွဲမှာပြီး ရိုရိုကျိုးကျိုးစားနေလေရဲ့။ ဝန်ထမ်းကောင်မလေးကတော့ ကလေးဆိုးကြီးဆုံးမခံလိုက်ရလို့ အတော်စိတ်ချမ်းသာသွားပုံပဲ။

"ကြားဖြတ်သတင်း ကြေညာပါ့မယ်ခင်ဗျာ...." ဆိုင်ထဲက တီဗီကနေ ရုတ်တရက်ကြားဖြတ်သတင်းဆိုတဲ့အသံကိုကြားလိုက်လို့ မက်ဒါနာမျက်မှောင်ကြုတ်ပြီး တီဗီဖက်လှည့်လိုက်တယ်။ ဒီဖက်ခေတ်မှာက ဗီလိန်တွေသောင်းကျန်းတဲ့သတင်းတွေကို ကြားဖြတ်သတင်းအနေနဲ့ တင်ပြတတ်ကြတယ်။ ဒါကြောင့်မလို့ ဟီးရိုးတွေအနေနဲ့ နားစိုက်ထောင်သင့်တယ်မဟုတ်လား။

၃။

လွန်ခဲ့သောတစ်ပတ်ခန့်က။

ဂျပန်၊ တရုတ်နှင့်ရုရှားတို့၏ပင်လယ်ရေပိုင်နက်ဆုံချက် အရှေ့ပင်လယ်တစ်နေရာ။

တချို့ကတော့ ယခုပင်လယ်ဒေသကို ဂျပန်ပင်လယ်ဟုလည်းခေါ်ကြသည်။ ရုရှားများကတော့ ရိပ်ပွန်းစကယ် ပင်လယ်ဟုခေါ်ကြ၏။

မည်သို့ပင်ခေါ်ကြစေကာမှု ထိုနေရာက အရှေ့တိုင်းသားတို့အဖို့တော့ အမှတ်တရများစွာရှိသော ဒေသတစ်ခုဖြစ်ပါသည်။ ရှေးအခါက မွန်ဂိုတပ်များသည် ဂျပန်ကိုသိမ်းပိုက်ရန်အတွက် အရှေ့ပင်လယ်ကို ဖြတ်တန်းခဲ့သော်လည်း Kamikaze မုန်တိုင်းများကြောင့် တပ်ကြီးတစ်ခုလုံး ပင်လယ်ထဲတွင် နစ်မြုပ်ခဲ့ရဖူးသည်။

တရုတ်တို့ကမူ အရှေ့ပင်လယ်တွင် နဂါးမျိုးနွယ်တို့ နေထိုင်ကြသည်ဟု မှတ်ယူကြသည်။ ရုရှားနှင့်ဂျပန်တို့ ၁၉၀၅ ခုနစ်တွင်တိုက်ခိုက်ခဲ့သည့် Russo - japanese စစ်ပွဲတွင်လည်း အရှေ့ပင်လယ်ဒေသက တစ်ထောင့်တစ်နေရာတွင် ပါဝင်ခဲ့၏။

မဝေးသည့်အတိတ်ကာလတစ်ချိန်တွင်လည်း ယင်းနိုင်ငံသုံးခုက အရှေ့ပင်လယ်အတွင်း ပင်လယ်ပြင်ကုန်သွယ်ရေးဇုန်များအတွက် ရန်ဆောင်ခဲ့ကြသေးသည်။

ယနေ့ခေတ်မျိုးဆက်များအတွက်လည်း အရှေ့ပင်လယ်နှင့် မစိမ်းသက်လှပါ။ အရှေ့အာရှ၏ အကြီးဆုံးသော မြူတန့်အကျဥ်းထောင်ကြီးမှာ ထိုပင်လယ်အတွင်း၌ တည်ဆောက်ထားပေသည်။

ပင်လယ်ရေအောက်သို့ ဆယ့်ရှစ်ထပ်တိုင်အောင် နက်ရှိုင်းသဖြင့် တရုတ်တို့ကမူ ငရဲကြီးဆယ့်ရှစ်ထပ် အကျဥ်းထောင်ဟု ခေါ်ကြပေသည်။ ဂျပန်တို့ကမူ ယူးဂျင်းနတ်သမီးနားခိုရာဟု ခေါ်လေ့ရှိကြ၏။ မည်သူက မည်သည့်အမည်တပ်တပ် ထိုထောင်ကြီးက လူ့လောကငမိုက်သား ဗီလိန်တို့အတွက် ဇာတ်သိမ်းရာနေရာတစ်ခုဖြစ်မှန်းတော့ ငတုံးများပင် သိနိုင်ပေသည်။

ဝီ....။

အဆင့်မြင့် အကြီးစား စစ်သုံးရဟတ်ယာဥ်တစ်စီးက အကျဥ်းထောင်ကြီး၏ပင်လယ်ရေမျက်နှာပြင်အထက်မှ ခေါင်မိုးပေါ်တွင် ဆင်းသက်လိုက်၏။

လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်သည်တစ်ဒါဇင်ခန့်က ထိုရဟတ်ယာဥ်ကို အသင့်ပြင်ပြီး ဝိုင်းထာသည်။ ထိုစစ်သည်များက လက်ရှိအကောင်းဆုံး ကျည်ကာဝတ်စုံများဖြစ်သည့် Metal Paladin ဝတ်စုံများကို လူတိုင်းစေ့ဝတ်ထားကြ၏။

ထို့ကြောင့် သူတို့အားလုံးက C rank မြူတန့်များနှင့် စွမ်းအားချင်းတူညီနေသည်မှာ မေးခွန်းထုတ်စရာမဟုတ်ပေ။

ထို့အပြင် ထောင်ခေါင်မိုးပေါ်တွင် လေယာဥ်ပစ်အမြောက်ပေါင်းစုံ၊ စက်သေနတ်များ၊ ဒုံးကျည်များ စသည်ဖြင့် လက်နက်ကြီးအများအပြား တပ်ဆင်ထားကာ ပင်လယ်ပြင်ထောင်ကြီးကို ဖောက်ထွင်းမရနိုင်သော ခံတပ်ကြီးပမာ ခံစားရစေသည်။

ယူးဂျင်းအကျဥ်းထောင်ကြီးမှာ ကုလသမဂ္ဂနှင့်ဟီးရိုးအစည်းအရုံးတို့ ပူးပေါင်းတာဝန်ယူရာနေရာဖြစ်ပြီး လက်နက်အပြည့်အစုံနှင့် ကြည်းတပ်ရင်း ၅ ရင်း၊ လေတပ်ခွဲတစ်ခု၊ ရေတပ်သင်္ဘောစုတစ်ခုတို့က ပူးပေါင်းကာကွယ်လျက်ရှိသည်။ တံခါးတိုင်းတွင် အဆင့်အမြင့်ဆုံးလုံခြုံရေးအဆင့်ဆင့်ကို ထည့်သွင်းထားပြီး ယင်ကောင်ပင်ဝင်မရလောက်အောင် လုံခြုံရေးတင်းကျပ်ထားပေသည်။

သို့သော်လည်း ထိုလူသားလက်နက်တို့မှာ ထောင်ကြီး၏အစစ်အမှန် လုံခြုံရေးစနစ်များမဟုတ်သေးဘဲ ထောင်ကြီးကိုတာဝန်ယူထားသည့် ဟီးရိုးများကသာ အဓိကဖြစ်သည်။ ထိုဟီးရိုးတိုင်းက ဝတ်ရုံနီဝါဒ၊ တစ်နည်း လူသတ်သော သူရဲကောင်းဝါဒကို လက်ခံထားသည့် နာမည်ဆိုးနှင့်ကျော်ကြားသော ဟီးရိုးများဖြစ်ကြပါ S rank ဟီးရိုးတစ်ယောက်ကိုယ်တိုင် တာဝန်ယူစောင့်ကြပ်ပေးလျက်ရှိပေသည်။

ပုံမှန်အခြေအနေများတွင် ထိုသို့သောလုံခြုံရေးအင်အားက ဖြုန်းတီးရာကျသည်ဟု ဆိုနိုင်သော်လည်း ချုပ်နှောင်ထားသည့် ဗီလိန်အချို့မှာ ကမ္ဘာပျက်ကပ်ဘေးများကိုပင် စတင်ခဲ့သူများဖြစ်သဖြင့် ထိုသို့ပြုလုပ်ခြင်းမှာ နည်းလွန်းသည်ဟုပင် တွေးမိစရာရှိ၏။

"အကျဥ်းသားအမှတ် ၁၈၆၉၂ ကို ခေါ်လာပါပြီ။ Rank A လျှပ်စီးအစွမ်းနဲ့ ပျံသန်းနိုင်တဲ့တောင်ပံတွေရှိတယ်။ သူ့ကိုနည်းနည်းလေးမှ အခွင့်အရေးမပေးပါနဲ့။ အားလုံးအသင့်ပြင်ထားပါ။"

ရဟတ်ယာဥ်တံခါးက ပွင့်သွားပြီး တစ်ကိုယ်လုံးလှုပ်မရအောင် ကြိုးများဖြင့်တုပ်ထားသည့် လူငယ်လေးကို စတင်မြင်တွေ့လိုက်ရသည်။

ဖရက်ကို ကြိုးများဖြင့် ဘီးတပ်ကုတင်နှင့်ကပ်ကာချည်ထားခြင်းဖြစ်ပြီး သူ့ကိုယ်ကိုနည်းနည်းလေးမှ လှုပ်ရှား၍မရပါ။ မြူတန့်ဌာနစိတ်၏အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အေးဂျင့်နှစ်ယောက်က သူနှင့်အတူလိုက်ပါလာပြီး လက်နက်ကိုင်အစောင့်ခေါင်းဆောင်ကို ဝန်ထမ်းကတ်ပြလိုက်၏။

""ငါတို့က ဂျပန်နိုင်ငံ မြူတန့်ဌာနစိတ်က အရာရှိတွေပဲ။ Rank A စူပါဗီလိန် ဖရက်ကို ယူဂျင်းမြူတန့်ထောင်ဆီလာပို့တာပါ။ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါဦး။"

....

ကျွီ....။

ထောင်တံခါးကြီးပွင့်သွားသည်နှင့် မြို့ကြီးတစ်မြို့ကဲ့သို့ဖြစ်နေသော ယူဂျင်းအကျဥ်းထောင်ကြီးအတွင်းပိုင်းကို ဖရက်တွေ့လိုက်ရသည်။ သူက တံခါးဝမှ ဖြတ်လျှောက်သွားလိုက်ကာ လက်နှစ်ဖက်ကိုဆန့်တန်းရင်း ပျော်ရွှင်စွာရယ်မောလိုက်မိ၏။

သူ့မစ်ရှင်မှာ သူငယ်ငယ်ကတည်းက ယူဂျင်းထောင်တွင် ဖမ်းချုပ်ခံထားရသော အဖေဖြစ်သူကိုကယ်ဖို့ဖြစ်ပြီး ထောင်ထဲဝင်ရန်အတွက် တော်တော်လေးဒုက္ခခံလိုက်ရသည်။ ဒုက္ခခံရသည်ဆိုသော်လည်း စင်စစ်နာရာမြို့ကိုသွားလည်သည့် နိုင်ငံခြားသားယောင်ဆောင်ကာ ဘုရားစင်းတုတော်တစ်ခုကို ခိုးမည့်ဟန်ဆောင်လိုက်ခြင်းသာ။

ရက်အနည်းငယ်အတွင်း နာရာရဲတပ်ဖွဲ့က ဒေသခံဟီးရိုးအေဂျင်စီနှင့်ပေါင်းပြီး သူ့ကိုဖမ်းဆီးလိုက်၏။ အမှန်တကယ် ထိုအေဂျင်စီလေးမှာ သူ့လက်သီးတစ်ချက်ကိုပင် မခံနိုင်သော်လည်း အခုတော့ Rank A ရှေးဟောင်းပစ္စည်းသူခိုးဗီလိန်ကို ဖမ်းနိုင်ခဲ့သဖြင့် နာမည်ကြီးနေပြီဖြစ်သည်။

"မင်္ဂလာပါ၊ ယူဂျင်းထောင်ကြီး။" ဖရက်က ထောင်တစ်ထပ်လုံးကြားနိုင်သောအသံဖြင့် အော်ဟစ်လိုက်၏။ ထို့ကြောင့် အချင်းချင်းစကားပြောနေသော ထောင်သားတချို့မှာ သူ့ကိုလှည့်ကြည့်လိုက်သည်။

ထိုအချိန်မှာပင် အင်တာကွန်းမှ ကြေညာချက်တစ်ခု ထွက်ပေါ်လာပါသည်။

"ထောင်လုံခြုံရေးများ သိထားကြရန်၊ အကျဥ်းသားအမှတ် ၁၈၆၉၂၊ ဗီလိန် ဖရက် ဖရီးကင်း၊ Rank A ကို ယူဂျင်းထောင်၏ ၁၅ ထပ်မြောက်သို့ ပို့ဆောင်လိုက်ပါပြီ။ လုံခြုံရေးသတိရှိကြရန်တိုက်တွန်းပါသည်။"

...

ဖရက်ထောင်ထဲရောက်တော့ စစုံစမ်းတဲ့အရာက သူ့အဖေဘယ်မှာလဲဆိုတာပါ။ ဒါပေမဲ့ ထင်မထားဘဲ သူဟာ မသိရင်ပိုကောင်းမယ့်အဖြေတစ်ခုကို သိခဲ့ရတယ်။

"ကောင်လေး၊ မင်းအဖေဆုံးသွားတာ ကြာပြီကွ။" အတော်ကြာအောင် စုံစမ်းပြီးသည့်နောက်တွင် သူ့အဖေနှင့်အတူ အဖမ်းခံခဲ့ရသော ဒိုင်းမွန်းဘရားသားဂိုဏ်းမှ အကြီးအကဲအဖိုးအိုတစ်ယောက်ကို သူရှာတွေ့ခဲ့သည်။

အဖိုးကြီးတေလာမှာ A rank မြူတန့်တစ်ယောက်ဖြစ်သော်လည်း ယခုတော့အသက်အတန်ကြီးနေပြီဖြစ်ပြီး သူ့စွမ်းအားအများစုကို ဆုံးရှုံးသွားပြီးဖြစ်၏။ ဖရက်သူ့ကို ရှာတွေ့ချိန်တွင် အခြားအကျဥ်းသားများထံမှ အနိုင်ကျင့်ခံနေရပြီး ကျန်းမာရေးအခြေအနေကလည်း တော်တော်ဆိုးဝါးနေသည်ကို တွေ့ခဲ့ရသည်။

"ငါတို့တွေက မတရားမှုကို တွန်းလှန်ဖို့အတွက် အမှောင်ထုထဲကို ဆင်းသက်ခဲ့ရတဲ့ ဟီးရိုးတွေ၊ ဒါကြောင့် ဒီထောင်ထဲမှာ ငါတို့ဖြည့်ထားတဲ့ ဗီလိန်တစ်ဝက်လောက်ရှိတယ်။ သူတို့ရှိနေတဲ့နေရာကို ငါတို့ရောက်လာတော့ တစ်ချိန်လုံး လက်စားချေခံနေရတော့တာပဲ။"

ဗီလိန်အားဂတ်မှာ နဂိုက အင်မတန်ဖြောင့်မတ်သည့် ဟီးရိုးတစ်ယောက်ဖြစ်ခဲ့ပြီး မက်တယ်ပလာဒင်တို့နှင့် တန်းတူကျော်ကြားပေသည်။ သို့သော်လည်း ဟီးရိုးအစည်းအရုံး၏ နှစ်စပိုင်းကာလများတွင် ဖြစ်ပွားခဲ့သော အငြင်းပွားစရာကိစ္စများနှင့်ဆက်စပ်၍ သူအပြစ်ရှိသလို ခံစားလာခဲ့ရ၏။

ကနဦးကာလများတွင် ဟီးရိုးများက ဗီလိန်များကို အစစ်အဆေးအမေးအမြန်းမရှိ သတ်ဖြတ်ပိုင်ခွင့်ရှိထားသည်။ ထိုသို့မဟုတ်လျှင်တောင် အရင်သတ်၊ ပြီးမှရှင်းဆိုသည့် သဘောထားမျိုးကို ကျင့်သုံးကြ၏။

ထိုဥပဒေမျိုးက တကယ့်ဗီလိန်ကြီးများနှင့် တိုက်ခိုက်ရာတွင် ဟီးရိုးများကို လွတ်လွတ်လပ်လပ် တုံ့ပြန်လှုပ်ရှားခွင့်ပေးနိုင်ရန်ဖြစ်သော်လည်း တကယ့်တကယ်တန်းတွင် ဆိုးကျိုးအများအပြားလည်း ရှိနေပေသေးသည်။

'ပစ်မှတ်က တကယ့်ဗီလိန်မဟုတ်ဘဲ ဟီးရိုးတစ်ယောက်က သတ်ဖြတ်ခဲ့မိရင် ဘာဖြစ်မှာလဲ။' အဖြေကတော့ ဘာဆိုဘာမှမဖြစ်။ 'ကျွန်တော်က သူတို့ကို ဗီလိန်ထင်လို့ တိုက်ခိုက်မိခဲ့တာပါ။'ဆိုတဲ့စကားတစ်ခွန်းဖြင့် ပွဲသိမ်းပစ်နိုင်သည်။

ဟီးရိုးအစည်းအရုံးမတည်ထောင်ခင် Great 47 ခေတ်တွင်လည်း အစွမ်းမထိန်းနိုင်ဘဲ လူသတ်မိသည့် အထက်တန်းကျောင်းသူကောင်မလေးတစ်ယောက်ကို ဟီးရိုးများက ဗီလိန်အမှတ်ဖြင့် ရှင်းထုတ်ပစ်ခဲ့သည့်အမှုလည်း ဖြစ်ပွားခဲ့ဖူးသည်။ ထိုကိစ္စမှာ ဖြစ်ပွားပြီးနှစ်တော်တော်ကြာမှ ပြန်လည်စစ်ဆေး သုံးသပ်မိခဲ့ကြခြင်းဖြစ်ပြီး အဆိုပါဟီးရိုးများ လူထုကိုတောင်းပန်သည့်အချိန်တွင် မှားသတ်ခံရသည့် မိန်းကလေးမှာ အရိုးပင်ဆွေးနေခဲ့ပြီ။

အားဂတ်က ထိုမမျှတသည့်ဥပဒေများကို ထိန်းချုပ်ရန်အတွက် ဟီးရိုးအစည်းအရုံးကို တင်ပြခဲ့ပြီး သူ့ဒိုင်းမွန်းဘရားသား အေဂျင်စီတွင်လည်း လူမသတ်စည်းမျဥ်းကို ထုတ်ဖော်ခဲ့သည်။

သို့သော်လည်း ရလဒ်ကတော့ ပြောင်းပြန်။

'ဗီလိန်တွေကိုမသတ်ဘဲ လက်ပိုက်ကြည့်နေရမှာလား။' 'ဒီကောင်တွေ ရူးများနေပြီလား။' စသည့်မှတ်ချက်များသာ ရခဲ့သည်။

ဒိုင်းမွန်းဘရားသားအေဂျင်စီ၏စည်းမျဥ်းမှာ ရိုးရှင်းပြီး နားလည်ရလွယ်သည်။ အခြေခံအားဖြင့် သာမန်ရဲများကဲ့သို့ပင် ဗီလိန်များကို လက်ရဖမ်းဆီးပြီး ဥပဒေအရ ရပိုင်ခွင့်များကို ပြောပြမည်ဖြစ်သည်။ တွေ့တွေ့ချင်း တန်းသတ်ဖို့ကြိုးစားခြင်းကိုသာ ကန့်သတ်စေရန်ဖြစ်၏။

ကံမကောင်းစွာဖြင့် ဟီးရိုးအစည်းအရုံး၏စဦးကာလများတွင် ဝတ်ရုံနီဝါဒ (ဗီလိန်သတ်သူများ)က လွှမ်းမိုးထားခဲ့ပြီး အားဂတ်အကြံက အလုပ်မဖြစ်ခဲ့ပေ။

မေလ ၂၅၊ ၂၀၂၀ တွင်ဖြစ်ခဲ့သော ဂျော့ခ် ဖလိုက်သေဆုံးမှုကိစ္စတွင် နယူးယောက်ဟီးရိုးတစ်ယောက်က အမှုကျူးလွန်သည်ဟု သံသယရှိရုံဖြင့် လူမည်းအမျိုးသားတစ်ယောက်ကို သေစေခဲ့ပြီးသည့်နောက် အားဂတ်၏ဒေါသများက ပိုပြင်းထန်လာသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဟီးရိုးအစည်းအရုံးတွင်ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ခဲ့သည့်တိုင်အောင် ဘာမှထူးခြားမလာ။ ရွှေရောင်ဆံပင်နှင့်အပြာရောင်မျက်လုံးရှိသည့် သောက်တလွဲဟီးရိုးအချို့က လူမည်းများကို လူဟုပင်မမြင်ကြပေ။

သို့နှင့် အားဂတ်ဟီးရိုးအစည်းအရုံးမှထွက်ပြီး အကြီးအကျယ်ကန့်ကွက် ဆန္ဒပြပြန်သည်။ သို့သော်လည်း အေဂျင်စီလိုင်စင်ရုပ်သိမ်းခံရရုံသာရှိပြီး ဘာမှထူးမလာခဲ့။ လိုင်စင်မဲ့ဟီးရိုးများအဖြစ် လှုပ်ရှားပြန်တော့ ဗီလိန်များအဖြစ် ပုံဖျက်ခံရပြီး ဒိုင်းမွန်းဘရားသားတစ်ဖွဲ့လုံး ပြဿနာတက်ကုန်၏။

နောက်ဆုံး စိတ်ပျက်စရာကောင်းသော အမေရိကန်ကိုစွန့်ခွာကာ ကျွန်းတစ်ကျွန်းဝယ်ပြီး ကိုယ်ပိုင်နိုင်ငံထောင်ရန် အားဂတ်စဥ်းစားသည်။ မွန်တီဗီတို ကွန်ဗန်းရှင်းအရ ပိုင်နက်၊ လူဦးရေ၊ အသိအမှတ်ပြုခံ အစိုးရတို့ရှိပါက အားဂတ်နိုင်ငံထောင်နိုင်သည်။

သူ့နိုင်ငံလေးကို ယူတိုပီးယားဟု နာမည်ပေးခဲ့သော်လည်း အမှန်တကယ်နိုင်ငံမထောင်နိုင်ခင် အဖမ်းခံလိုက်ရပြီး ယူဂျင်းထောင်ကြီးသို့ ရောက်လာခဲ့၏။

ဝါရင့်ဂိုဏ်းသားအဖိုးအိုက ဖရက်ကို အကြောင်းအရာတော်တော်များများ ရှင်းပြခဲ့သည်။

"ငါတို့အဖမ်းခံရတုန်းက ဒိုင်းမွန်းဘရားသား ညီအစ်ကို နှစ်ဆယ်နီးပါးလောက်ရှိတယ်။ ငါတို့မိသားစုတွေကို ကျွန်းပေါ်မှာနေရာချပြီးနေပြီ။ ဂျပန်မှာအခြေစိုက်တဲ့ အမေရိကန်စစ်စခန်းကလူတွေ ငါတို့ဆီကိုရောက်လာတာ။ ထောင်ထဲရောက်တော့ ဗီလိန်တချို့က ငါတို့ကို အမြဲတစေတိုက်ခိုက်ခဲ့ပြီး တော်တော်များများသေကုန်တယ်။ အရင်နှစ်နွေက မင်းအဖေလည်း စိတ်ကျရောဂါနဲ့ဆုံးသွားပြီ။ ငါက နောက်ဆုံးကျန်တဲ့လူပဲ။"

ဖရက်က နားမလည်နိုင်စွာဖြင့် သူ့လည်ပင်းမှ သတ္တုကွင်းကို ဆုပ်ကိုင်လိုက်မိသည်။ "နေပါဦး၊ ကျွန်တော်တို့လည်ပင်းမှာ စွမ်းအားသုံးလို့မရအောင် နည်းပညာမြင် လည်ပင်းအချုပ်တွေထားထားတယ်မဟုတ်လား။ စွမ်းအားသုံးလို့မရသလို ကျွန်တော်တို့ တစ်ခုခုမသင်္ကါစရာလုပ်တာနဲ့ ဖောက်ခွဲပစ်လို့ရတယ်လေ။"

မြူတန့်အဖိုးအိုက ဖရက်၏စကားကြောင့် ရယ်မောလိုက်သည်။ ဒီကောင်လေး ဘယ်လောက်တောင် အတွေ့အကြုံနုလိုက်သလဲဆိုသည့်သဘော။

"ကောင်လေးရ၊ ဒီထောင်ထဲမှာရှိသမျှလူတွေက ငမိုက်သားတွေချည်းပဲ။ သူတို့ပြဿနာရှာမှာစိုးလို့ ထောင်စောင့်တွေလည်း သိပ်မတင်းကျပ်ရဲကြဘူးဟ။ ငါတို့ကို ကောင်းကောင်းနေ ကောင်းကောင်းစားပြီး အချိန်တန်အခန်းပြန်ရင်ပြီးရောဆိုပြီး လွှတ်ထားတာ။ ငါတို့ထဲကတစ်ယောက်ယောက် ထွက်ပြေးဖို့ မကြိုးစားမချင်း သူတို့မလှုပ်ရှားဘူး။ ငါတို့အချင်းချင်း သတ်နေရင်တောင်ပေါ့။"

အဖိုးအိုက ထောင်တံခါးဝမှ အစောင့်နှစ်ယောက်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ ဖရက်မှာလည်း ထောင်ကြီးအကြောင်းကို ပိုစိတ်ဝင်စားလာ၏။ သူလာတာက ဖခင်ဖြစ်သူကို ထောင်မှလွှတ်ပေးရန် တစ်နည်း အတူတူထောင်ဖောက်ပြေးရန်ဖြစ်ပြီး အခုသူ့အဖေမရှိတော့သည့်အတွက် သူတစ်ယောက်တည်း ထောင်ဖောက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ထို့အတွက် ထောင်အကြောင်းနားလည်သည့် သူ့ရှေ့မှဘိုးတော်ကြီးထံမှ အကုန်သိရမှဖြစ်မည်။

"အဖိုး... အဖိုးတို့ဒီထဲမှာနေတာကြာပြီဆိုတော့ ထောင်ကနေ လွတ်အောင်ပြေးလို့ရမယ့် နည်းလမ်းလေးဘာလေးရော မရှိဘူးလား။"

ဖရက်စကားကြောင့် အဖိုးအိုမှာ မျက်လုံးပြူးသွားပြီး နားနားကပ်ပြောတာ သတိပေးလိုက်၏။

"တိုးတိုးပြော၊ သူများကြားသွားရင် မကောင်းဘူး။" ထို့နောက်သူက ဖရက်ကိုဆက်ရှင်းပြ၏။

"ထောင်ဖောက်ပြေးဖို့ဆိုရင်တော့ မေ့လိုက်တော့။ ယူဂျင်းထောင်ကြီးဆောက်ပြီးတာ နှစ်သုံးဆယ်နီးပါးရှိပြီ၊ ငါတို့အုပ်စုက နှစ်နှစ်ဆယ်လုံး ဒီမှာနေခဲ့တာ။ ဘယ်ကောင်မှ ထောင်ဖောက်ပြေးတာ အောင်မြင်တယ်လို့မကြားဖူးဘူး။ အကုန်လုံးက စစ်တပ်အဆင့် လုံခြုံရေးစနစ်တွေသုံးထားတာ။ မင်းယူဂျင်းကနေ ထွက်နိုင်တယ်ပဲထားဦး၊ အပြင်မှာ သမုဒ္ဒရာကြီးကွ။ လှေတစ်စီးစီးခိုးနိုင်လို့ ရေပေါ်မှာပြေးနိုင်ပြီထားပါဦး၊ အစောင့်ရေတပ်က မင်းကိုတွေ့တာနဲ့ အသေသတ်မှာ ပြန်ဖမ်းခေါ်မှာမဟုတ်ဘူး။ ဒါတောင်ထောင်စောင့်ကြီး တစ္ဆေမျက်နှာဖုံးကို ထည့်မတွက်ထားသေးဘူး။"

တစ္ဆေမျက်နှာဖုံး၊ ဖရက်ဒီနာမည်ကိုကြားတော့ ပထမဆုံးစတွေးမိတာက ယူဂျင်းထောင်ကြီးရဲ့ S rank အစောင့်ဟီးရိုးဆိုတာပါ။ တစ္ဆေမျက်နှာဖုံးကို အမြဲတပ်ထားပြီး သူ့မျက်နှာအစစ်ကို ဘယ်သူမှမမြင်ဖူးဘူး။ ထောင်ကြီးရှိကတည်းက သူလည်းရှိနေပြီ။ ထိုသူက ဟီးရိုးတစ်ယောက်ဟုဆိုသော်လည်း မည်သည့်မစ်ရှင်တွင်မှ ပေါ်မလာဖူးဘဲ ထောင်ကိုသာ စောင့်နေခြင်းဖြစ်၍ သူနှင့်ပတ်သက်သော ကောလာဟလများသာ ဗီလိန်လောကတွင်ပြန့်နှံနေပါသည်။

တချို့က ရက်စက်သော ဝတ်ရုံနီဟီးရိုးဝါဒကို တည်ထောင်သူဂိုဏ်းချုပ်ကြီးဟု ဆိုကြသလို တချို့ကလည်း ငွေပေးလျှင်ဘာမဆိုလုပ်ပေးသည့် ဗီလိန်တစ်ယောက်ဟုဆိုကာ ဟီးရိုးအစည်းအရုံးက ငွေထရီလီယံချီသုံးပြီး နှစ်တစ်ရာထောင်စောင့်လုပ်ခိုင်းထားသည်ဟုလည်း ဆိုကြ၏။

ထိုအချက်အလက်အများစုမှာ အမှားအမှန်သိရန်ခက်ခဲသည့်တိုင်အောင် ထိုအချက်ကပင် ဗီလိန်များကို ကြောက်ဒူးတုန်စေသည်။

နှစ်သုံးဆယ်ကာလအတွင်း ပထမဆုံးအချုပ်သားဖြစ်လာသည့် အရိပ်သခင်အပါအဝင် ကမ္ဘာ့ဗီလိန်ကြီးများမှာ ထိုထောင်စောင့်လက်အောက်တွင် ဖမ်းဆီးခံထားရပြီး တစ်ယောက်မှမလွတ်သေးသည်ကိုကြည့်ပါက သူ့စွမ်းအားကို ခန့်မှန်းနိုင်ပေသည်။

"သခင်လေး... သခင်လေးထောင်ထဲဝင်လာတာ သခင်ကြီးကိုကယ်ဖို့လား။" အဖိုးကြီးက မေးလိုက်ရာ ဖရက်လည်းခေါင်းညိတ်ပြ၏။

"ဟုတ်တယ်..."

"ထောင်ထဲရောက်အောင် ဘာအမှုသုံးလိုက်တာတုန်း..."

"ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းတွေခိုးတဲ့အမှု။"

"ဘုရားရေ၊ ဆယ်နှစ်လောက်ကျမယ့်အမှုပဲ။ ထားတော့ အဲဒီအမှုက အခု၁၅လွှာကိုဝင်ဖို့ အနိမ့်ဆုံးလိုအပ်ချက်ပဲ။ လောလောဆယ်တော့ သခင်လေးထွက်ပြေးဖို့ မစဥ်းစားနဲ့၊ သေသွားလိမ့်မယ်။ လွတ်ရက်စေ့အောင်သာစောင့်။"

ထိုစကားကြောင့် ဖရက်မျက်နှာကြီး ရှုံ့မဲ့သွားသည်။ အလကား ကိုယ့်ဘာသာ ဖင်ယားပြီး ထောင်ကျအောင်လုပ်မိသည့်အတွက် ဆယ်နှစ်လောက် ထောင်ထဲမှာ အလကားနေရမှာလား။ 'လုံးဝမတန်ဘူး။' အဲဒီအချိန်ဆိုရင် မင်းသမီးလေးမက်ဒါနာကို တခြားတစ်ယောက်ယောက် မသွားလောက်ပြီ။ သူ့အဖေကို ကယ်စရာမလိုတော့မှတော့ အမြန်ဆုံးဒီထောင်ကနေ ထွက်ဖို့သင့်နေပြီမဟုတ်လား။

"ဒါနဲ့ ကျွန်တော့်အဖေက ဆုံးပြီဆိုတော့ သူ့ကိုဘယ်နေရာမှာ မြုပ်ထားတာလဲ။ ထောင်က အကြောင်းမကြားပေမဲ့ ထောင်သချိုင်းတော့ရှိတယ်မဟုတ်လား။"

ဖရက်က တစ်ဆက်တည်းမေးလိုက်သည်။ ယူဂျင်းထောင်စည်းကမ်းအရ ထောင်တွင်းအကျဥ်းကျနေသော ဗီလိန်များ၏သေခြင်းရှင်ခြင်းကို ပြင်ပရှိမိသားစုများထံ အကြောင်းကြားလေ့မရှိပါ။ သူတို့ကို သေပြီးဘယ်နေရာတွင်မြုပ်ထားသည်က ထောင်သားအချင်းချင်းသာ သိလောက်သည်မဟုတ်လား။

"အိုက်ယား... ဒီထောင်မှာက လူတွေကိုမီးသဂြိုဟ်ပြီးရင် ရေထဲမျောပစ်တာဗျ၊ သခင်ကြီးအလောင်းလည်း ခြွင်းချက်မဟုတ်ဘူး။"

ထိုစကားကြောင့် ဖရက်မှာကောင်းကင် (တကယ်က ထောင်မျက်နှာကျက်)ကို မော့ကြည့်ရင်း သက်ပြင်းခိုးချမိသည်။ 'တကယ်ပဲ ဒီခရီးက အလကားဖြစ်သွားတာပဲ။' သူဝန်မခံချင်သော်လည်း ဝန်ခံရပေလိမ့်မည်။

"ဝေး...ဝေး... တေလာက ထောင်သားအသစ်လေးပါလား။ သူ့နာမည်မှာ ဖရီးကင်းပါတယ်မဟုတ်လား။"

ရုတ်တရက် မိုက်မိမိုက်ကန်းဗီလိန်တချို့ သူတို့စကားပြောနေသောနေရာကို ချဥ်းကပ်လာသည်။ အဖိုးကြီးတေလာက ဖရက်ရှေ့ပိတ်ရပ်လိုက်ပြီး ဝင်ပြောလိုက်၏။

"သခင်လေး ပြေးတော့၊ ဒီလူတွေက သခင်ကြီးဖမ်းထည့်ထားတဲ့ ဗီလိန်တွေ။"

သို့သော်လည်း ဖရက်က ထွက်သွားမည့်အစား ရင်ဆိုင်ရန်အတွက် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး ဇက်ချိုးလိုက်၏။

"မင်းတို့က ငါ့အဖေရဲ့လူကို အနိုင်ကျင့်ထားတဲ့ကောင်တွေမလား။" ဖရက်က လူမိုက်အုပ်စုကို လက်ညိုးဖြင့်ထိုးရင်း ပြောလိုက်သည်။

"ဟမ်... မင်းက တေလာကိုပြောတာလား။ ဒီကောင်က အလကားငပျော့မလို့ လူတိုင်းအနိုင်ကျင့်တာခံနေကျလေ။" ထိုဗီလိန်၏စကားမဆုံးခင်မှာပင် ဖရက်က လျင်မြန်စွာရှေ့သို့ပြေးတက်သွားလိုက်ပြီး ဒူးဖြင့်သူ့ရင်ဘတ်ကို ဝင်တိုက်ပစ်လိုက်တော့သည်။

"ဒီနေ့ကစပြီး ဒီထောင်ရဲ့ဘုရင်က ငါပဲ။ ငါ့လူကိုထိရင် မင်းတို့အားလုံး နောင်တရသွားစေရမယ်။"

၄။

ဖြောင်း... ဖြောင်း.... ဖြောင်း....။

ဖရက်တစ်ယောက် ထောင်တွင်းဗီလိန်ဒါဇင်ဝက်လောက်ကို လက်ချည်းသက်သက်နဲ့ အနိုင်ယူလိုက်ပြီးတဲ့နောက်တော့ အစောင့်တွေရှိနေတဲ့ ဝရန်တာအပေါ်ဖက်ကနေ လက်ခုပ်သံအတွဲလိုက်ကို ကြားလိုက်ရတယ်။

သူမော့ကြည့်လိုက်တော့ လူတစ်ယောက်အော်ဟစ်နေတဲ့ ပုံစံရှိတဲ့ မျက်နှာဖုံးဖြူကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ဝရန်ပေါ်ကနေဆင်းလာပြီး သူ့ဆီလာနေတာ သတိထားမိလိုက်တယ်။

အဲဒီလူအနားရောက်လာတော့ သာမန်မဟုတ်တဲ့ ဖိအားတစ်ခုကို ခံစားလာရတယ်။ တစ္ဆေမျက်နှာဖုံးနဲ့လူက သူ့ထက်နည်းနည်းအရပ်မြင့်တယ်။ အရပ်မြင့်သလို ဒေါင်လည်းကောင်းပေမဲ့ ဝတ်ရုံနက်ကြီးခြုံထားတာကြောင့် သူ့ခန္ဓာကိုယ်အသားအရေကို တစ်လက်မလေးတောင် မမြင်ရဘူး။

ဒီလူက တမင်သက်သက် လူအမြင်မခံချင်တဲ့လူတစ်ယောက်လို့ ဖရက်ခံစားမိတယ်။ ပြီးတော့ သူ့လက်တွေက ခါးပတ်မှာ လက်နက်အဖြစ်ချိတ်ထားတဲ့ rapierဓားရိုးပေါ် လက်တင်ထားသေးတယ်။ ဓားကို ခါးမှာချိတ်ထားပေမဲ့ ဓားအိမ်မသုံးထားတာကြောင့် ပိန်ရှည်ရှည်ဓားသွားနဲ့အဖျားချွန်ချွန်က မြင်ရသူတွေကို အသည်းထဲစိမ့်တက်သွားအောင် ခံစားရစေပါတယ်။

"ဝိုး... ဝိုး... သုခပြည်ထောင်ရဲ့မင်းသားက ထောင်ထဲရောက်လာတာနဲ့ ပလ္လင်ပေါ်တက်ထိုင်တာပဲလား။ မင်းအဖေလိုမျိုး မြူတန့်အကျဥ်းထောင်ကိုဖောက်ပြီး ထွက်ပြေးတာမျိုးမလုပ်ဖို့ မျှော်လင့်ရတာပဲ။ ဘာပဲပြောပြော ယူဂျင်းအကျဥ်းထောင်က အမေရိက မြူတန့်ထောင်ထက် ပိုပြီးလုံခြုံရေးကောင်းတယ်လေ။"

အဲဒီမျက်နှာဖုံးနဲ့လူ ထောင်သားတွေရှိတဲ့ကြမ်းပြင်ပေါ် ခြေချလိုက်တော့ အနားကထောင်သားတွေအကုန်လုံး ခပ်လှမ်းလှမ်းအထိ ဆုတ်လိုက်ကြတယ်။ ဒါကြောင့် ဖရက်နဲ့တေလာနှစ်ယောက်တည်းပဲ လူအုပ်ကြီးကြားမှာ ထင်းထွက်နေတယ်။

တေလာကလည်း ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အခြေအနေမကောင်းမှန်း သတိထားမိတဲ့အတွက် ဖရက်ကို တီးတိုးပြောသတိပေးလိုက်ပြီး သူလည်းနောက်ဆုတ်သွားတယ်။

"မကောင်းဘူး... မကောင်းဘူး... သခင်လေးစရောက်ရုံရှိသေးတယ်၊ ထောင်မှူးကြီးတစ္ဆေမျက်နှာဖုံးသတိထားမိသွားအောင် လုပ်လိုက်မိတာပဲ။ သခင်လေး ကံကောင်းပါစေ။"

"....." ဖရက်ကတော့ သတ္တိနည်းစွာနဲ့ သူ့အနားကနေ ဖယ်သွားတဲ့ အဖိုးကြီးတေလာကို ကျိန်ဆဲလိုက်မိတယ်။ သူ့သခင်လေးဒုက္ခရောက်နေတဲ့ဥစ္စာကို ဘာလို့မကူညီဘဲ ဦးအောင်ထွက်ပြေးရတာလဲ။

နောက်တော့ ဖရက်လည်း ဟန်ကိုယ့်ဖို့ဆိုသလို ကိုယ်ကိုမတ်မတ်ထားပြီး ထောင်မှူးကြီးတစ္ဆေမျက်နှာဖုံးကို စိုက်ကြည့်လိုက်တယ်။

တကယ်တော့ ဖရက်ရဲ့အဖေအားဂတ်က မြူတန့်အကျဥ်းထောင်ကို အပြင်ကနေဖောက်ပြီး ဒိုင်းမွန်းဘရားသားဂိုဏ်းသားတွေကို ကယ်ထုတ်ဖူးတယ်။ အဲဒီတုန်းက အမေရိကမြူတန့်အကျဥ်းထောင်ဖောက်ခံရတဲ့သတင်းဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားသေးတယ်။ ဒါပေမဲ့ ယူဂျင်းအကျဥ်းထောင်ထဲကနေတော့ အားဂတ်ထွက်မပြေးနိုင်ခဲ့ပါဘူး။

တစ္ဆေမျက်နှာဖုံးနဲ့လူပြောတာမှန်တယ်၊ ယူဂျင်းထောင်က ပိုပြီးလုံခြုံမှုရှိတယ်။ ဒါကြောင့်လည်း ဖရက်ကြံရာမရဖြစ်နေတာပါ။ သူအပြင်ဖက်မှာ လုပ်စရာတွေရှိနေသေးတယ်။

ရုတ်တရက် ထောင်မှူးကြီးတစ္ဆေမျက်နှာဖုံးရဲ့ခြေထောက်တစ်ဖက်က မြောက်တက်လာပြီး ဖရက်ရင်ဝကို အားပြင်းပြင်းနဲ့ကန်လိုက်တယ်။ ဖရက်လည်း အရုပ်ကြိုးပြတ် လွင့်ထွက်သွားပြီး နံရံနဲ့ဝင်တိုက်မိတယ်။ လည်ချောင်းထဲကနေ ချိုမြမြအရသာကို ရလိုက်တဲ့အတွက် ဖရက်ဟာ ဆန်တက်လာတဲ့သွေးတွေကို ပြန်မျိုချနေရပြီ။

"စိတ်မကောင်းပေမဲ့ အားဂတ်ရဲ့သားလေး၊ ဒီနေရာမှာ ဘုရင်ကတစ်ပါးပဲရှိတယ်။ အဲဒါက ငါပဲ။ မင်းကို ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်ဦးမယ်။ ဒါပေမဲ့ ဒီနေ့ကနေစပြီး ၁၈ထပ်ကို မင်းထမင်းသွားပို့ရမယ်။"

ထောင်မှူးရဲ့စကားကနေ ၁၈ထပ်ဆိုတဲ့စကား ထွက်လာတာနဲ့ ကျန်တဲ့ထောင်သားတွေအကုန်လုံး ထိတ်လန့်နေတဲ့မျက်နှာတွေနဲ့ ဖြစ်ကုန်ကြတယ်။ ဖရက်ကိုယ်တိုင်လည်း မကောင်းတဲ့ခံစားချက်တစ်ခုကို ရလိုက်ပါပြီ။

ယူဂျင်းအကျဥ်းထောင်ရဲ့၁၈ထပ်မြောက်မှာ ကမ္ဘာ့သမိုင်းရဲ့အဆိုးဆုံး ဗီလိန်တွေကိုဖမ်းထားတာဖြစ်ပြီး အများစုက စိတ္တဇဖြစ်နေတဲ့သူတွေပါ။ ဒါကြောင့် ဗီလိန်ထောင်သားတွေတောင် သေးထွက်အောင် ကြောက်ရတဲ့နေရာပါ။

အဲဒီနောက်တော့ ထောင်မှူးတစ္ဆေမျက်နှာဖုံးက ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့အလား သူတို့ရှေ့ကနေ ပြန်ဖယ်သွားလိုက်တယ်။ ဖရက်ကို ထောင်သားတွေကြည့်နေတဲ့အကြည့်ကလည်း လုံးဝမသတီစရာ။ မသိရင် မကြာခင်သေတော့မယ့်သူကို ကြည့်နေသလိုပဲ။

ခဏနေတော့ တေလာရောက်လာပြီး ဖရက်ကိုသတိပေးတယ်။ "သခင်လေး၊ မကောင်းဘူးနော်။ အဲဒီကိစ္စက လုံးဝမကောင်းဘူး။ ၁၈လွှာမှာ ထောင်ခန်းနှစ်ခန်းပဲရှိတာ။ ဒါပေမဲ့ အခန်းထဲကလူတွေက သိပ်ကြောက်စရာကောင်းတဲ့လူတွေ။ အရင်အပတ်က ထောင်စောင့်တစ်ယောက် သူတို့ကိုထမင်းသွားပို့ရင်း မျက်လုံးကန်းသွားတာ ကျွန်တော်ကြားလိုက်သေးတယ်။"

ဖရက်ကတော့ ဖြစ်လာမှတော့ ဘာတတ်နိုင်မလဲဆိုတဲ့ ပုံစံမျိုးနဲ့ ပခုံးတွန့်ပြလိုက်မိတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ လွတ်နိုင်မယ့်နည်းလမ်းတစ်ခုခုကို စဥ်းစားနေမိပြန်တယ်။

...

တီ....

ထောင်တစ်ခုလုံးမှာ လုံခြုံရေးအဆင့်အမြင့်ဆုံးဖြစ်တဲ့ ၁၈ထပ်မြောက်ကိုသွားတဲ့တံခါး ပွင့်သွားတယ်။ စင်္ကြန်လမ်းထဲမှာတင် ထောင်စောင့်တွေ ဒါဇင်နဲ့ချီပြီးရှိပေမဲ့ ဘယ်သူမှအထဲကို မဝင်ရဲကြပုံပဲ။

အစောင့်တစ်ယောက်က ဖရက်လက်ထဲကို ထောင်သားတွေကိုကျွေးတဲ့ ထမင်းဘူးပေးလိုက်ပြီး ဝတ်ကျေတန်းကျေ သတိပေးလိုက်တယ်။

"ထောင်တံခါးရှေ့မှာ ထမင်းပန်းကန်ချပေးရုံပဲ။ အထဲကို ကဲမကြည့်နဲ့၊ ချောင်းကြည့်မိလို့ဖြစ်လာတဲ့ပြဿနာကို ငါတို့တာဝန်မယူဘူး။"

ဖရက် ၁၈ထပ်ကို ဆင်းပြီးတာနဲ့ သူတို့တံခါးပြန်ပိတ်လိုက်တယ်။ သူပြန်လာတဲ့အချိန်အထိတောင် စောင့်မဖွင့်ထားရဲပုံပဲ။

ဖရက်ရဲ့ရှေ့မှာတော့ လမ်းဆုံတစ်ခုရှိနေပြီး ဘယ်လမ်းရောညာလမ်းရောဟာ မှောင်မိုက်လို့နေပါတယ်။ ၁၈ ထပ်မှာ ထောင်သားနှစ်ယောက်ပဲရှိတယ်။ ဒါပေမဲ့ တစ်ခန်းစီက အလွန်ဝေးကွာပြီး အလယ်မှာ အလွန်ထူထဲတဲ့ ကွန်ကရစ်နံရံကြီးတစ်ခုနဲ့ အလုံပိတ်ထားတယ်။ ပြောရရင် ထောင်ခန်းနဲ့မတူဘဲ ကျောက်တောင်ကိုတူးပြီးလုပ်ထားတဲ့ ဂူခန်းနှစ်ခန်းလိုပဲ။

ဖရက်က သူ့ကိုပေးလိုက်တဲ့ ထမင်းဘူးပေါ်ကနာမည်ကို အမှောင်ထဲမှာပဲ မနည်းပြူးပြဲဖတ်လိုက်တယ်။ ဒီနေရာမှာ မီးချောင်းတချို့ထွန်းထားပေမဲ့ အလင်းရောင်က တကယ်ပဲမလုံလောက်ဘူး။

"အမွှေးနက်နတ်ဆိုးကြီးဆိုပါ့လား.. ဒီလိုနာမည်နဲ့ဗီလိန် တစ်ခါမှမကြားဖူးဘူး။"

ဖရက်ုက လမ်းဆုံကနံရံမှာကပ်ထားတဲ့ လမ်းညွန်ဆိုင်းဘုတ်တွေကို မော့ကြည့်လိုက်တယ်။ အဲဒီမှာ ထောင်သားနာမည်တွေလည်း ရေးပေးထားပါတယ်။

ညာဖက်က အမှောင်သခင်လို့ရေးထားပြီး အဲဒီဗီလိန်ကိုတော့ ဖရက်ရင်းနှီးတယ်။ ဂျပန်ရဲ့ပထမမျိုးဆက်ဗီလိန်ဖြစ်ပြီး အရိပ်လုပ်ကြံသူအဖွဲ့ရဲ့ခေါင်းဆောင်ပါ။ အာရုံပိုင်းဖြတ်ခြင်းဆိုတဲ့ စိတ်စွမ်းအားကိုပိုင်ဆိုင်ထားပြီး အမြင်၊ အကြား၊ အနံ၊ အရသာ၊အထိအတွေ့ စတဲ့လူ့အာရုံသိစိတ်တွေကို အကြည့်နဲ့တင် ဖြတ်တောက်ပစ်နိုင်ပါတယ်။ ပြောရရင်တော့ လုပ်ကြံသူတစ်ယောက်အဖို့ အသင့်တော်ဆုံး စွမ်းအားပါ။ ပြိုင်ဖက်ကို ကန်းအောင်လုပ်ပြီးမှသတ်ရင် ဘယ်သူက ခံနိုင်မှာလဲ။

ဒါပေမဲ့ ဘယ်ဖက်က အမွှေးနက်နတ်ဆိုးကြီးဆိုတာတော့ ဖရက်တစ်ခါမှမကြားဖူးဘူး။ ပြီးတော့ ဗီလိန်နာမည်ရောဟုတ်ရဲ့လား။ ဒေဝေါကြီးတို့ဘာတို့လိုမျိုး ကလေးခြောက်တဲ့နာမည်နဲ့တောင် တူနေသေးတယ်။

'ထားတော့...' ဒါပေမဲ့ ဖရက်လည်းဂရုစိုက်မနေတော့ဘဲ ထမင်းဘူးကိုကိုင်ပြီး အမွှေးနတ်နတ်ဆိုးကြီးရှိရာကို ထွက်လာလိုက်တယ်။ သူ့တာဝန်က အဲဒီအကျဥ်းသားကို ထမင်းလာပို့ဖို့လေ။

အနည်းငယ်မှောင်မိုက်နေတဲ့ စင်္ကြန်လမ်းအတိုင်းလျှောက်ရင်း ဖရက်စိတ်ထဲ မသိုးမသန့်ဖြစ်လာတယ်။ ပင်လယ်ရေအောက်ထောင်ကြီးရဲ့အနက်ဆုံးအထပ်က သိပ်ကိုတိတ်ဆိတ်လွန်းတယ်။ ပြင်ပအသံတွေကင်းရှင်းနေတဲ့အတွက် ကိုယ့်နှလုံးခုန်သံကိုယ် ပြန်ကြားနေရတဲ့အတွက် ကြာလာရင် သာမန်လူတစ်ယောက်အဖို့ ရူးသွပ်သွားလောက်တဲ့အထိ ခြောက်ခြားစရာကောင်းပါတယ်။

ဒါပေမဲ့ ဖရက်ကတော့ ဒီနေရာဟာ လုံးဝတိတ်ဆိတ်နေတာမဟုတ်မှန်းတော့သိတယ်။ နံရံတွေနားကို ကပ်သွားရင် အပြင်ဖက်က ရေစီးကြောင်းသံတွေကြားနေရတယ်။ ပင်လယ်ရေစီးတွေက ထောင်နံရံကြီးကို ပွတ်တိုက်နေတဲ့အသံပါ။

ပင်လယ်ရေမျက်နှာပြင်အောက် မီတာရာပေါင်းများစွာ နက်တဲ့နေရာမှာရောက်နေတဲ့အကြောင်း ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးမိတော့ ဖရက်အားငယ်သလိုခံစားရပြန်တယ်။

အခုနေများ မက်ဒါနာဘာများလုပ်နေမလဲ။ သူသတိရလွန်းလို့သေတော့မယ်။ တစ်ချိန်တည်းမှာပဲ မပြောမဆိုတစ်ယောက်တည်း ထွက်လာမိတဲ့ကိစ္စကို နောင်တရမိပြန်ရော။ ဖခင်ဖြစ်သူအားဂတ်ကို ကယ်ဖို့လာခဲ့ပေမဲ့ အခုတော့ သူ့ကိုယ်သူတောင် မနည်းကယ်နေရတယ်။

"ဝေါင်း...."

ရုတ်တရက် ခြင်္သေ့ဟိန်းသံလိုအသံတစ်သံက စင်္ကြန်လမ်းထဲတစ်လျှောက် ဖြတ်သန်းသွားတယ်။ ပုံမှန်ဆိုတာထက်ပိုပြီး ထူးခြားပြင်းထန်တဲ့အတွက် ဖရက်ကိုယ်ထဲက သွေးကြောတွေအကုန်လုံး ပြောင်းပြန်လန်သွားသလိုတောင် ခံစားမိလိုက်တယ်။

"ဖြစ်နိုင်တာက အမွှေးနက်နတ်ဆိုးဆိုတဲ့ဗီလိန်က အသံအမျိုးအစားမြူတန့်များလား။"

အသံမြူတန့်စွမ်းအားက ဖရက်အတွက် သိပ်မထူးဆန်းပါဘူး။ သူတွေ့ဖူးတဲ့ ဟီးရိုးတွေထဲမှာလည်း အတော်လေးသန်မာတဲ့ အသံမြူတန့်တွေရှိတယ်။ ပြီးတော့ ဒီလိုစွမ်းအားအမျိုးအစားက ရှားပါးတဲ့အထဲမှာမပါဘူး။

အသံမြူတန့်စွမ်းအားက ယေဘုယျအားဖြင့် နှစ်မျိုးနှစ်စားရှိပြီး အသံလှိုင်းကိုထိန်းချုပ်တာနဲ့ အသံလှိုင်းကို ထုတ်လွှင့်တာပါ။ ထိန်းချုပ်တဲ့အမျိုးအစားက တူရိယာပစ္စည်းတွေကို အားပြုပြီးတော့ အမျိုးမျိုးသော အသံတွေနဲ့တိုက်ခိုက်တတ်ပါတယ်။ ဥပဒေ တရုတ်ရဲ့မဟာရှားမိသားစုလိုပေါ့။

တခြားတစ်မျိုးဖြစ်တဲ့ အသံလှိုင်းထုတ်လွှင့်ခြင်းကတော့ ပိုအရိုင်းဆန်ပြီး လူတွေနားမခံနိုင်တဲ့အသံမျိုးကို အော်ဟစ်ထုတ်ဖော်တာမျိုးပါ။

ဒါပေမဲ့ အခုကိစ္စမှာထူးဆန်းနေတာတစ်ခုတော့ရှိတယ်။ ဖရက်က သူ့လည်ပင်းက သတ္တုကွင်းကို ဆုပ်ကိုင်လိုက်မိတယ်။

"ဒီထောင်ထဲက အကျဥ်းသားတွေအကုန်လုံးကို မြူတန့်အစွမ်းတားမြစ်နိုင်စွမ်းရှိတဲ့ သတ္တုကွင်းတွေနဲ့ ချိပ်ပိတ်ထားတာမဟုတ်ဘူးလား။"

ဒါဆိုအဲဒီအကျဥ်းသားက ဘာကြောင့်အသံမြူတန့်စွမ်းအားကို ထုတ်သုံးနိုင်နေရတာလဲ။ မထူးဆန်းဘူးလား။

ဒါဖြင့် အဲဒီအကျဥ်းထောင်ခန်းထဲကလူက မြူတန့်တစ်ယောက်မဟုတ်ဘဲ သိုင်းပညာလေ့ကျင့်တဲ့ ဗီလိန်များဖြစ်နေမလား။ ဥပမာ တရုတ်ပြည်က ခြင်္သေ့ဟိန်းသံသိုင်းကို လေ့ကျင့်ထားတဲ့ ဗီလိန်မျိုးပေါ့။ ဒါပေမဲ့လည်း အဲဒါက ချဲ့ကားရာရောက်နေသလိုပဲ။

အခုခေတ်မှာ သိုင်းပညာရှင်တော်တော်များများက မြူတန့်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ကြပေမဲ့ အစွမ်းဆုံးပညာရှင်တွေတောင် A rank ပတ်ချာလည်မှာပဲရှိတာပါ။ ငရဲကြီး၁၈ထပ်မှာ အဖမ်းခံထားရဖို့ဆိုရင် အနည်းဆုံး S rank ရှိဖို့လိုတယ်။

သိုင်းပညာကျင့်ကြံတဲ့ မြူတန့်တွေဗီလိန်တွေအများအပြားရှိကြသလို အိခဲဒ၊ ဥစာကီတို့ဟာ သိုင်းပညာလေ့ကျင့်တဲ့ S rank တွေဖြစ်ပေမဲ့ သိုင်းပညာသီးသန့်နဲ့ S rankရောက်နေတဲ့လူတစ်ယောက်ကိုမှ ဖရက်မကြားဖူးဘူး။ ဓားနတ်ဆိုးဆိုရင်လည်း အကြမ်းဆုံးသိုင်းပညာလေ့ကျင့်သူတွေထဲမှာပါပေမဲ့ S rankနဲ့ယှဥ်ရင်တော့ အများကြီးလိုပါသေးတယ်။

ဒါကြောင့်လည်းစမစ်က မြူတန့်တွေကို Homo sapien meta လူလွန်မသားတွေဆိုပြီးပြောတာပါ။ သာမန်လူတစ်ယောက် ဘယ်လောက်လေ့ကျင့်လေ့ကျင့် ထိပ်သီးမြူတန့်တွေလိုအစွမ်းထက်လာဖို့က ခက်ခဲပါတယ်။ လူလုပ်မြူတန့်တွေလည်း တကယ့်မြူတန့်တွေနဲ့ယှဥ်ရင် တစ်ခုမဟုတ်တစ်ခုလိုနေကြတာများတယ်။

"တကယ်လို့ အဲဒီဗီလိန်ကြီးသာ သိုင်းပညာ S rank ဆိုရင်တော့ ငါတော့ကံထူးတာပဲ။" မက်ဒါနာနောက် လျှောက်လိုက်ပြီးတဲ့နောက်မှာ ဖရက်ဟာ အရင်ကလို အတွေ့အကြုံနုသေးတဲ့ သာမန်ဂိုဏ်းစတားတစ်ယောက်မဟုတ်တော့ဘူး။

ဒီကမ္ဘာမြေပေါ်မှာ S rank တွေက အစွမ်းအထက်ဆုံးမဟုတ်သလို ပိုကြောက်စရာကောင်းတဲ့တည်ရှိမှုတွေက လျှို့ဝှက်စွာလွှမ်းမိုးထားတယ်။ ဒါကြောင့်အခုအကျဥ်းသားက အစိုးရတွေ လူအများမသိစေချင်တဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်နေနိုင်တယ်။

"ဘာလို့အဲဒီနားမှာ အကြာကြီးရပ်နေတာလဲ၊ ထမင်းစားချိန်ကျော်တော့မယ်။ မင်းက ငါ့ကိုအငတ်ထားချင်တာလား။"

ရုတ်တရက် အထူးထောင်ခန်းထဲက အကျဥ်းသားက သူ့အသံစွမ်းအားကိုသုံးပြီး လှမ်းအော်ပြောလိုက်တယ်။ ဖရက်လည်း အခုမှအတွေးတွေထဲကနေ ပြန်လန့်နိုးလာတာ။

သူစဥ်းစားခန်းဝင်နေလို့ လမ်းလျှောက်ဖို့မေ့သွားပြီး အကြာကြီးရပ်နေမိတာ။ ဒါကြောင့် စီနီယာကိုစိတ်တိုအောင် လုပ်မိသွားပြီထင်တယ်။

"တောင်းပန်ပါတယ်၊ စီနီယာ။ ဒီဂျူနီယာက အတွေးလွန်နေလို့ပါ။" ဖရက်လည်း ကြောက်ကြောက်နဲ့ အနားကပ်သွားပြီး သံမဏိအကျဥ်းထောင်တံခါးက အသေးစားတံခါးလေးကိုဖွင့်ပြီး ထမင်းဘူးထည့်ပေးလိုက်တယ်။

အကျဥ်းခန်းထဲမှာမှောင်နေတဲ့ အထဲကစီနီယာရုပ်ကို ဖရက်မမြင်ရဘူး။ ဒါပေမဲ့ အသက်ရှူသံပြင်းပြင်းနဲ့ ကြက်ရိုးတွေကိုက်ဝါးနေတဲ့အသံတွေကိုတော့ ကျက်သီးထဖွယ်ရာ ကြားနေရတယ်။

ခဏနေတော့ စားလို့ပြီးသွားပုံနဲ့ ထမင်းဘူးကိုပြန်ထုတ်ပေးလိုက်တယ်။ တစ်ဆက်တည်း သူက ဖရက်ကိုမေးလာတယ်။

"မင်းကြည့်ရတာ အစောင့်မဟုတ်ဘူးထင်တယ်၊ အပြစ်ဒဏ်ခံရတဲ့ အကျဥ်းသားနေမှာ၊ လူသစ်လား။"

ဖရက်လည်း ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်။ စီနီယာကြီး ဒေါသထွက်သွားရင် မကောင်းဘူးမဟုတ်လား။ "ဟုတ်...ဟုတ်ပါတယ်..."

"ဟားဟား... ဘာအမှုလဲ..."

"ရှေးဟောင်းပစ္စည်းခိုးမှု..."

"ဟားဟား... ကိုယ်ဖြစ်ကိုယ်ခံ..." နောက်တော့ ဖရက်က သူ့လည်ပင်းက သတ္တုကွင်းကနေ မီးဝါလေးလင်းလာတာ သတိထားမိလိုက်တယ်။ သူဒီနေရာမှာ နေလို့ရတဲ့အချိန်ကုန်တော့မယ်။ အချိန်ကုန်လို့မှပြန်မလာရင် ထွက်ပြေးတယ်ဆိုပြီး သတ်မှတ်မှာ။

"စီနီယာ... ကျွန်တော်သွားလိုက်ဦးမယ်..." ဖရက်က ဒီလိုပြောပြီး လှည့်ထွက်ဖို့လုပ်ပေမဲ့ အထဲကအကျဥ်းသားက လှမ်းပြောလိုက်တယ်။

"နေဦး... မင်းဒီထဲကနေ ငါ့ကိုလွှတ်ပေးဖို့ စိတ်ဝင်စားလား။" အကျဥ်းသားစီနီယာကြီးရဲ့စကားမှာ ရူးသွပ်မှုတွေကအပြည့်။ ဖရက်လည်း ချက်ချင်းစိတ်ဝင်စားသွားတယ်။

"ဘာလဲ... ဒီစီနီယာက ငါ့လိုပဲ ထောင်ဖောက်ပြေးဖို့ စဥ်းစားနေတာလား။" ပြီးတော့ ဒီစီနီယာကြီးက S အဆင့်လေ။ ပြောရရင် ဒီထောင်ကနေပြီး ဖရက်တစ်ကိုယ်တည်းထွက်ပြေးဖို့ ခက်ကောင်းခက်နိုင်ပေမဲ့ အဆင့်မြင့်ဝါရင့်ဗီလိန်ကြီးရဲ့ပေါင်လုံးဖက်လိုက်ရမယ်ဆိုရင်တော့။

"စီနီယာ... စီနီယာက ထောင်ဖောက်ပြေးမလို့လား။ ဒါပေမဲ့ လွယ်မှာမဟုတ်ဘူးနော်။" ဖရက်ပြောလိုက်တော့ အထဲကစီနီယာအသံက ထပ်ထွက်လာပြန်တယ်။

"လောလောဆယ်တော့ ဟန်မပျက်တိတ်တိတ်လေးနေဦး။ နောက်နေ့တွေလည်း သူတို့မင်းကိုပဲ ထမင်းပို့ခိုင်းမှာပဲ။ မင်းလည်းလွတ်ချင်ရင် ငါခိုင်းတဲ့အတိုင်းလုပ်။"

ဖရက်ခေါင်းညိတ်လိုက်တယ်။ နောက်တော့ အချိန်နီးနေပြီဖြစ်တဲ့အတွက် စီနီယာဗီလိန်ကြီးကို ဖြစ်သလိုနှုတ်ဆက်လိုက်ပြီး ထောင်တံခါးဆီ ပြန်ပြေးသွားလိုက်တယ်။

ဒီလိုစီနီယာကြီးတစ်ယောက်က ကြံစည်နေပြီဆိုရင် အောင်မြင်နိုင်ခြေများတယ်မလား။ သူ့အလုပ်က ဟန်မပျက်ပြန်နေပြီး စီနီယာကြီး စီစဥ်ခိုင်းတဲ့ကိစ္စတွေကို အောင်မြင်အောင်လုပ်ဖို့ပဲ။

ဒီလိုမှပဲ ကိုယ့်ဘာသာခုန်ဆင်းလာတဲ့ ငရဲတွင်းထဲကနေ ဖရက်ပြန်ထွက်နိုင်မှာ။

....

"စီနီယာ... စီနီယာခိုင်းတဲ့အတိုင်းပဲ အက်စစ်ရလာပြီ။"

ဖရက်က အကျဥ်းထောင်တံခါးအသေးကိုဖွင့်ပြီး ကိုလာဘူးထဲထည့်ထားတဲ့ အက်စစ်ရည်အပြင်းစားကို စီနီယာကြီးဆီ ထည့်ပေးလိုက်တယ်။ တစ်ပတ်တာအချိန်အတွင်းမှာ ဖရက်ဟာ စီနီယာကြီးဆီကို အမြဲထမင်းသွားပို့ရင်း အခွင့်ကောင်းကို စောင့်နေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဇက်သတ္တုကိုပါ အရည်ဖျော်ပစ်နိုင်တဲ့ အက်စစ်ကိုရဖို့အတွက် ကုန်ကြမ်းတွေစုပြီး လျှို့ဝှက်စွာဖော်စပ်ခဲ့တာ။ ဒါတောင်မှ တစ်ယောက်စာပဲရခဲ့တာ။ ဖရက်အနေနဲ့ အဲဒီအက်စစ်ကိုသုံးပြီး သူ့လည်ပင်းက လည်ပတ်ကိုဖြုတ်ပြေးလို့တော့ရပါရဲ့၊ ဒါပေမဲ့ ထောင်အပြင်ကို အောင်အောင်မြင်မြင်ထွက်ဖို့ကတော့ မဖြစ်နိုင်သေးဘူး။

S rank တစ္ဆေမျက်နှာဖုံးကို ထည့်မတွက်ရင်တောင် သာမန်ထောင်စောင့်တွေနဲ့တင် သူလက်ပန်းကျပြီးသေလောက်တယ်။

တကယ်တော့ ထောင်စောင့်တွေကလည်း တုံးလှတယ်မဟုတ်ဘူး။ ဖရက်ကို အမြဲတမ်းအမွေးနက်နတ်ဆိုးကြီးဆီ ပေးမသွားခိုင်းဘူး။ ဟိုဖက်ခန်းက အမှောင်သခင်ဆီကိုပါ အလှည့်ကျသွားခိုင်းသေးတာ။ အမှောင်သခင်ကတော့ ဖရက်ကိုလစ်လျူရှုထားတယ်။ ဘာစကားကိုမှမပြောတာ။ ဒီတော့ သူတို့အကြံက နှစ်ယောက်တည်းပဲ ရှေ့ဆက်နေရတယ်။

ဖရက်ထင်မထားတာက သူ့အက်စစ်ပုလင်းလေးကို စီနီယာကြီးက သူ့ကိုပြန်ပေးလိုက်မယ်ဆိုတာပဲ။

"ဟုတ်ပြီ၊ အဲဒီပုလင်းနဲ့ ဟိုဖက်ခန်းက အမှောင်သခင်ဆိုတဲ့ငနှဲကို လွှတ်ပေးလိုက်။"

"...." ဖရက် အဲဒီစကားကြောင့် နားမလည်နိုင်ဖြစ်သွားတယ်။

"စီနီယာကြီး... ကျွန်တော်တို့နှစ်ယောက်ထောင်ဖောက်ပြေးဖို့ အက်စစ်ကိုအပင်ပန်းခံဖော်ထားတာမဟုတ်လား။ ဘာလို့သူများကို ကူပေးရမှာလဲ။"

ဖရက်စကားကိုကြားတော့ စီနီယာဗီလိန်ကြီးလည်း စိတ်တိုသွားပုံပဲ။ "ဒုံးဝေးလိုက်တာ၊ ငါ့မှာငါ့အချုပ်အနှောင်တွေကို ဖြုတ်နိုင်တဲ့နည်းလမ်း အစကတည်းကရှိတယ်ကွ။ ဒါပေမဲ့ ဘေးခန်းကအဖိုးကြီး လွတ်လာပြီးထသောင်းကျန်းမှ ဒီထဲက ထွက်လို့ရမှာ။ ငါတို့ကိုကိုင်တွယ်နိုင်တဲ့နည်းလမ်းမရှိဘဲ ဒီမှာငါတို့ကို ဖမ်းထားမယ်ထင်လို့လား။"

ဖရက်လည်း ခေါင်းကိုတဖျင်းဖျင်းကုတ်လိုက်တယ်။ စီနီယာကြီးပြောတာလည်း ဟုတ်သလိုလို။ S rank တွေကို ဒီမှာဖမ်းထားမှတော့ သူတို့မှာလည်း S rankတွေကို ဖိနှိပ်နိုင်မယ့်ဝှက်ဖဲတစ်ခုခုရှိဦးမှာပေါ့။ တစ္ဆေမျက်နှာဖုံးတစ်ယောက်တည်းက အားကိုမဟုတ်တာသေချာတယ်။ ဒီတော့ သူတို့အနေနဲ့ တတ်နိုင်သမျှ အကူအညီရဖို့လိုတယ်မဟုတ်လား။

ဒါပေမဲ့ အရိပ်အဖွဲ့ခေါင်းဆောင်ဟောင်း စူပါဗီလိန်ကြီးကို လွှတ်ပေးဖို့က သိပ်တော့ကျင့်ဝတ်တွေနဲ့ကိုက်တာမဟုတ်ဘူး။ ထားလိုက်တော့၊ ဖရက်ကလည်း ဗီလိန်ပဲဥစ္စာ၊ ဘာကိစ္စတခြားဗီလိန်တစ်ယောက်ကို လွှတ်ပေးဖို့ တွန့်တိုနေမှာလဲ။ အခုစီနီယာနဲ့ပေါင်းမိကတည်းက ငရဲကြီး၁၈ထပ်က မိစ္ဆာကြီးနှစ်ကောင်ကို လွှတ်ပေးဖို့ သူ့မှာကံပါပြီးသား။

၅။

မက်ဒါနာတို့ ရားမန်စားနေတုန်း တီဗီမှာကြေညာတဲ့ ကြားဖြတ်သတင်းက ယူဂျင်းထောင်ဖောက်ခံရတဲ့သတင်းပါ။ သတင်းဟယ်လီကော်ပတာကနေ ရိုက်ထားတဲ့ ဗီဒီယိုအတိုလေးအရတော့ ပင်လယ်ထဲက ထောင်ကြီးတစ်စစီပြိုကျသွားပြီး အလင်းတန်းနှစ်တန်း ကောင်းကင်ပေါ်ထိုးတက်လာတာကို အဝေးကနေ မြင်နေရပါတယ်။

ကြည့်ရတာ ထောင်ဖောက်တဲ့ကိစ္စမှာ အဆင့်မြင့်မြူတန့်တချို့လည်း ပါခဲ့တဲ့ပုံပဲ။ အဲဒီအလင်းတန်းထက် ပိုပြီးထူးဆန်းတဲ့မြင်ကွင်းက အတောင်ပံနဲ့လူငယ်လေးတစ်ယောက်ကို ဧရာမကျားနက်ကြီးတစ်ကောင်က ကျောပေါ်တင်ပြီး ပင်လယ်ပြင်ကိုကူးခတ်ပြေးနေတဲ့ပုံပါ။

သိပ်မကြာခင်မှာပဲ ယူဂျင်းထောင်ကြီးပေါက်ကွဲသွားတဲ့ပုံရိပ်ကို မြင်လိုက်ရပြီး ဗီဒီယိုလည်းရပ်တန့်သွားတယ်။ ဒါက ဟီးရိုးအစည်းအရုံးအနေနဲ့ ပြည်သူတွေကို ချပြချင်တဲ့သတင်းအကုန်ဖြစ်ပုံပါပဲ။ သတင်းအဆုံးမှာတော့ တင်ဆက်သူပြန်ပေါ်လာပြီး မစိုးရိမ်ကြဖို့နဲ့ အဆင့်မြင့်ဟီးရိုးတွေကို စေလွှတ်လိုက်ပြီဆိုတဲ့အကြောင်းပါပါတယ်။

"လခွမ်း... ကြောင်တစ်ကောင်က ပင်လယ်ဖြတ်ကူးတတ်လို့လား။" မက်ဒါနာသတင်းကြည့်နေရင်း စားပွဲခုံကို မှောက်ပစ်ချင်စိတ်ပေါက်လာတယ်။

ဖရာလီတာကတော့ ခေါက်ဆွဲပန်းကန်ထဲက ခေါက်ဆွဲတွေကို လက်စသတ်လိုက်ရင်း ကျသင့်ငွေအတွက် ပက်ဝေါ့စ်ရေးထားပြီးသား ဘဏ်ကတ်တစ်ကတ်ကို ချန်ထားလိုက်တယ်။

"သူကူးတတ်လို့ ကူးနေတာပေါ့ဟဲ့၊ အဲဒါက မြူတန့်သားရဲဆိုတာ အသိသာကြီးကို။"

ဟုတ််တယ်၊ မက်ဒါနာအဲဒီကြောင်ကို သေချာမမြင်လိုက်ရပေမဲ့ သူ့အမွှေးတွေမှာ လျှပ်စီးစက်ကွင်းတချို့ရှိနေတာကိုတော့ သတိထားမိတယ်။

"လျှပ်စီးစက်ကွင်းရှိတဲ့ မြူတန့်ကြောင်နက်၊ ထောင်ကိုဖျက်ဆီးပြီး အောင်အောင်မြင်မြင်နဲ့ထွက်လာတာဆိုတော့ သူ့အကြောင်းဒေတာတွေမရှိတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား။" မက်ဒါနာပြန်စဥ်းစားကြည့်ပေမဲ့ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း အဲဒီကြောင်နဲ့ပတ်သက်တဲ့သတင်းကြားဖူးတာ ဘာမှမရှိဘူး။ ဖြစ်နိုင်တာက အဲဒီထက်ရှေးကျလို့လား။

ပြီးတော့ ထောင်ကြီးမပေါက်ကွဲခင် ကောင်းကင်ပေါ်ထိုးတက်သွားတဲ့ အလင်းတန်းနှစ်ခုရှိသေးတယ်။ ပျံနိုင်တဲ့ မြူတန့်တွေဆိုတာသေချာတယ်။ အဖြစ်နိုင်ဆုံးက အသံမြန်နှုန်းနဲ့သွားနေတာမလို့ အလင်းတန်းလို့ကို ထင်နေရပဲ။

"ကြောင်ပြီးတွေးမနေနဲ့လေ၊ တစ်ခုခုသိရအောင် ငါတို့လည်းဟီးရိုးအစည်းအရုံးသွားရမယ်။" ဖရာလီတာက ကြောင်ပြီးတွေးတောနေတဲ့ မက်ဒါနာကို အော်ပြောလိုက်တယ်။

သူတို့က ဂျပန်မှာဧည့်သည်တွေဆိုပေမဲ့ အရှေ့ပင်လယ် ယူဂျင်းအကျဥ်းထောင်ကိစ္စက တစ်ကမ္ဘာလုံးရဲ့လုံခြုံရေးနဲ့ သက်ဆိုင်နေတဲ့ကိစ္စပါ။ အန္တရာယ်ရှိတဲ့ဗီလိန်တွေ ကမ္ဘာပေါ်ကိုပြန်ရောက်လာရင် တကယ့်ကိုတိုင်ပတ်ပါပြီ။

...

တိုကျိုဟီးရိုးအစည်းအရုံးက မြို့ပြင်မှာရှိတဲ့ လေးထပ်အမြင့်သာရှိတဲ့ ရုံးဆောက်အအုံတစ်ခုပါ။ ဒါပေမဲ့ ကိုယ်ပိုင်လေယာဥ်ကွင်းရှိပြီး တော်တော်လေးကျယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တိုကျိုရဲ့ဟီးရိုးရာပေါင်းများစွာကို စီမံခန့်ခွဲနေတဲ့နေရာပါ။

သူတို့ရောက်သွားတော့ အဲဒီမှာအသည်းအသန်ဖြစ်နေပြီ။ စစ်စုရုံးတဲ့ အင်တာကွန်းသံကျယ်ကျယ်ကို ကြားနေရတယ်။

"ပထမအဆင့်အရေးပေါ်ကိစ္စဖြစ်ပေါ်နေပါသည်၊

တိုကျိုဟီးရိုးအစည်းအရုံးမှ B rankနှင့်အထက်ဟီးရိုးအားလုံး သတ်မှတ်နေရာကိုလာပေးကြပါ။"

အခုမက်ဒါနာက ငွေရောင်စစ်သည်ဝတ်စုံကို ပြောင်းဝတ်ထားပြီးပြီ၊ ဖရာလီတာကလည်း Archmegaထဲမှာ။ သူတို့ရုတ်တရက်ဝင်လာတာကြောင့် ဟီးရိုးအစည်းထဲကလူတွေအားလုံး လှည့်ကြည့်လိုက်တယ်။

ကံကောင်းတာက သူတို့အသိအကျွမ်းဖြစ်တဲ့ ဒရုန်းဇုန်လည်း ရှိနေတာပဲ။

"အား... နင်တို့လည်းရောက်လာတယ်လား။" ဟီးရိုးဝတ်စုံဝတ်ရင်း အဆင်သင့်ပြင်နေတဲ့ ဒရုန်းဇုန်းက သူတို့နားရောက်လာပြီးပြောလိုက်တယ်။ သူကလည်း B rankဆိုတော့ ယူဂျင်းမြူတန့်ထောင်ကိုသွားမယ့်အဖွဲ့ထဲမှာပါတယ်။

"ငါတို့က ဒီနိုင်ငံကမဟုတ်ပေမဲ့ အခုကိစ္စမှာကူဖို့ဆုံးဖြတ်လိုက်တယ်။" ငွေရောင်စစ်သည်တော်က ယောက်ျားဆန်တဲ့လေသံနဲ့ ဝင်ပြောလိုက်တယ်။ တကယ်တော့ သူတို့နှစ်ယောက်တိုကျိုရောက်နေတဲ့သတင်းက ဟီးရိုးတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့်သိပြီးသား။ တိုကျိုပြဿနာမှာတောင် ဝင်ကူခဲ့သေးတယ်လေ။

"နင်တို့က ငါ့ထက်တောင်စောနေတာပဲ။" တိုက်ခေါင်မိုးတစ်ခုပေါ်ကနေ ဟီးရိုးအစည်းအရုံးတံတိုင်းထဲ ကျော်ဝင်လာတဲ့ ဥစာကီက ပြောလိုက်တယ်။ သူက ဂျပန်ရဲ့နံပါတ်တစ်မလို့ အခုကိစ္စမှာမသွားလို့မဖြစ်ဘူးလေ။ ဒါပေမဲ့ သူကဟီးရိုးဝတ်စုံမဝတ်ထားဘဲ အထက်တန်းကျောင်းသူစကတ်မှာ ခါးပတ်နဲ့ဓားကိုချိတ်ထားတာ။ သူနဲ့အတူ သူ့အဖိုးဖြစ်တဲ့အိခဲဒလည်းပါလာတယ်။

"ဝေ့...ဝေ့... အဖိုးကြီး၊ ရှင်က မြူတန့်ထောင်ကိုရောက်နေရမှာမဟုတ်ဘူးလား။"

Archmegaဝတ်စုံထဲမှာရှိနေတဲ့ ဖရာလီတာက အိခဲဒကို လက်ညိုးထိုးရင်း ပြောလိုက်တယ်။ ဒါပေမဲ့ဧရာမဝါးဖရိန်ကြီးထဲကနေ မိန်းကလေးသံထွက်လာတာမလို့ တစ်မျိုးသွားကျိန်းစရာကြီး။ မက်ဒါနာကတော့ ဂုဏ်ယူစွာနဲ့လက်ပိုက်ထားလိုက်တယ်။ ဒါကြောင့် SilverKnightကို သူယောက်ျားဆန်အောင်လုပ်ထားတာ။

အိခဲဒကတော့ သူ့ခေါင်းကဆံပင်ဖြူတွေကို ထိုးဖွရင်း လုပ်ရယ်ရယ်လိုက်တယ်။

"ငါက အတိတ်မှာအမှားတွေလုပ်ဖူးတယ်ဆိုပေမဲ့ ဘာပဲပြောပြော ဟီးရိုးဖြစ်နေတုန်းပဲလေ။ ဒါကြောင့်ဒီကိုရောက်လာတာ။"

ဒါပေမဲ့ ဥစာကီကတော့ သူ့အဖိုးက သိပ်ကြည်ပုံမရဘူး။ နှုတ်ခမ်းကိုဆူထားပြီး အထင်သေးတဲ့လေသံနဲ့ ပြောလိုက်တယ်။

"ဒီနေ့ည သူတို့ကို တရားရုံးစီရင်ချက်ချပြီးရင် ယူဂျင်းထောင်ဆီပို့ဖို့ပြင်နေတာလေ၊ ဒါပေမဲ့အခုထောင်ဖောက်ခံရတယ်ဆိုတော့ ယာယီဝန်ခံကတိနဲ့လွှတ်ပေးထားတာ။"

ဝတ်စုံထဲက မက်ဒါနာကတော့ သက်ပြင်းချလိုက်တယ်။ ကြည့်ရတာ ယာမာဂုချီမိသားစုရဲ့ပြစ်ဒဏ်က ရွှေ့ဆိုင်းထားရဦးမယ့်ပုံပဲ။

သူတို့လူစုနေတဲ့အချိန်မှာပဲ ကောင်းကင်ပေါ်က နေရောင်က ပိုတောက်ပလာသလိုမျိုး အားလုံးခံစားလိုက်ရတယ်။ ဟီးရိုးတွေအားလုံးမော့ကြည့်လိုက်တော့ ယခင်မျိုးဆက်ရဲ့ဂျပန့်နေဝန်းဖြစ်ဖူးတဲ့ အာကိုင်းဂါမီဟာ မီးတောက်တွေနဲ့ပျံသန်းလာပါတယ်။

"သတင်းကြားကြားချင်း ငါထွက်လာတာ၊ နောက်မကျဘူးမလား။"

အာကိုင်းဂါမီရောက်လာတော့ အိခဲဒက နောက်ကိုမသိမသာလေးဆုတ်လိုက်မိတယ်။ အနီရောင်နတ်ဘုရားက သူ့ကိုဟိုနေ့က အသေဆော်ထားတာမဟုတ်လား။ ဆေးမြူတန့်တွေကြောင့် ဒဏ်ရာအတော်များများပြန်ကောင်းနေပေမဲ့ နာကျင်မှုကိုတော့ အမှတ်ရနေတုန်းပဲလေ။

ကိုင်းတိုက အိခဲဒကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ ဒီနှစ်ယောက်က ဟိုးအရင်ကတည်းက ကမ္ဘာ့ရန်တွေပါ။

"တစ်ခါတော့ ခင်ဗျားမြေးမျက်နှာထောက်ပြီး ပြဿနာမရှာတော့ဘူး။ ဒါပေမဲ့လမ်းမှာထွက်ပြေးပြီး တရားဥပဒေရန်က ရှောင်မယ်ဆိုရင်တော့ ကင်ပြီးသားဖြစ်သွားစေရမယ်။" ကိုင်းတိုက သွားကြားက ထွက်လာတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

မက်ဒါနာကတော့ ခေါင်းထဲမှာ အတွေးတွေနဲ့ပြည့်နေတယ်။ သူမနေနိုင်ဘဲ ဝင်မေးလိုက်တယ်။ "ယူဂျင်းထောင်က အရှေ့ပင်လယ်ထဲမှာမဟုတ်လား။ ငါတို့သွားမယ်ဆိုရင် Batwingလိုဟာမျိုးတစ်ခုခုလိုတယ်မလား။ နင်တို့အစည်းအရုံးမှာရှိလား။"

မက်ဒါနာက နည်းပညာဟီးရိုးဆိုပေမဲ့ ဟီးရိုးလုပ်သက်က နှစ်တစ်ဝက်မပြည့်သေးဘူး။ ဒီတော့ သူ့မှာလေယာဥ်ပျံမရှိသေးတာပုံမှန်ပဲ။ အခုတလောတောင် ဖရာလီတာရဲ့ဘန်ဒလေကို ဂုန်းဆင်းနေရတာ။ စေဘာစတိန်းကမဆိုးပေမဲ့ ကားလောက်တော့ သက်သောင့်သက်သာမရှိဘူးလေ။

ဥစာကီက မက်ဒါနာရဲ့မေးခွန်းကြောင့် ခေါင်းညိတ်ပြပြီးပြန်ဖြေတယ်။ "သိပ္ပံကားတွေထဲကလောက် မမိုက်ပေမဲ့ ငါတို့မှာအထူးလေယာဥ်တစ်စီးတော့ရှိတယ်။ ဒရုန်းဇုန်..."

နာမည်ခေါ်ခံလိုက်ရတဲ့ ဒရုန်းဇုန်က ခေါင်းညိတ်လိုက်ပြီး သူတို့အားလုံးကို ကိုယ်ပိုင်လေယာဥ်ကွင်းဆီ ဦးဆောင်ခေါ်သွားတယ်။

လောလောဆယ် ယာမာဂုချီမိသားစုဟာ တရားရေးပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် အဆင့်မြင့်ဟီးရိုးဆိုလို့ သူတို့တွေပဲရှိပါတယ်။ အိခဲဒက ဒီကိုရောက်လာပေမဲ့ တခြားယာမာဂုချီအထူးအေးဂျင့်တွေကတော့ ဆက်အဖမ်းခံထားရပုံပေါ်တယ်။ S rank ဟီးရိုးတစ်ယောက်သာ တရားစွဲခံနေရတုန်း ခံဝန်နဲ့လျှောက်သွားလို့ရနိုင်မှာပါ။

ဒါပေမဲ့ သူတို့အင်အားက လုံလောက်တာထက်ကို ပိုနေပြီလို့ ပြောလို့ရနိုင်ပါတယ်။ အိခဲဒ၊ ဥစာကီ၊ ကိုင်းတိုတို့က S rankတွေဖြစ်ပြီး ဘယ်ဗီလိန်ကိုမဆို အနိုင်ယူနိုင်ပါတယ်။ မက်ဒါနာနဲ့ဖရာလီတာတို့ကလည်း အခုဆိုရင် S အဆင့်ကိုမီလုနီးပါး A rank တွေပါ။

သူတို့လေယာဥ်ကွင်းထဲကိုရောက်တော့ ခန့်ညားတဲ့ အနက်ရောင်ဂျက်လေယာဥ်ကြီးကို တွေ့လိုက်ရတယ်။ ကိုယ်ပိုင်ဂျက်လေယာဥ်အမျိုးအစားဖြစ်ပေမဲ့ တိုက်ခိုက်နိုင်ဖို့အတွက် လက်နက်စနစ်တွေကို တပ်ဆင်ပေးထားပြီး လေယာဥ်ကိုယ်ထည်ပေါ်မှာတော့ ဂျပန်တော်ဝင်မိသားစုရဲ့တံဆိပ်ကို ရေးထိုးထားပါတယ်။

"ဒါက ဂျပန်တော်ဝင်မိသားစုကနေ ငါတို့ဟီးရိုးအစည်းအရုံးကိုပေးထားတဲ့ Kaze 01၊ အစက သာမန်ကိုယ်ပိုင်ဂျက်ပေမဲ့ ဒရုန်းဇုန်က လက်နက်တွေတပ်ပေးလိုက်တယ်လေ။ အခုတော့ဒါက တိုကျိုအစည်းအရုံးရဲ့batwing ဖြစ်နေပြီ။"

....

လေယာဥ်ထဲကိုရောက်တော့ မက်ဒါနာလည်း ခမ်းနားလွန်းတဲ့အပြင်အဆင်တွေကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။ တိုကျိုအစည်းအရုံးက တကယ့်ကိုချမ်းသာတာပဲ။ ဒီမှာဘီယာဘားစက်နဲ့မိုက်ခရိုဝေ့တွေတောင်ပါသေးတယ်။ ဖရာလီတာရဲ့ကိုယ်ပိုင်ဂျက်မှာဆို အဲဒါတွေမပါလို့ အသင့်စားစားစရာအထုပ်တွေနဲ့ချည်း နှစ်ပါးသွားခဲ့ရတာ။

ဥစာကီက သူနဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်နေတဲ့ မက်ဒါနာတို့ကိုကြည့်ရင်း ခေါင်းညိတ်လိုက်တယ်။ အဲဲဒီနောက် တယ်လီကွန်းကနေတစ်ဆင့် ပိုင်းလော့ခုံမှာရှိနေတဲ့ ဒရုန်းဇုန်ကိုလှမ်းမေးတယ်။

"ဒရုန်းဇုန်၊ ယူဂျင်းထောင်ကိုရောက်ဖို့ ဘယ်လောက်ကျန်သေးတယ်။"

"တစ်နာရီပါ၊ ဒါပေမဲ့ မြန်မြန်မောင်းရင် နည်းနည်းစောရောက်နိုင်တယ်။"

မက်ဒါနာလည်း မျက်ခုံးပင့်လိုက်မိတယ်။ ကိုယ်ပိုင်ဂျက်တွေရဲ့မြန်နှုန်းက ဆီစားသက်သာပြီး လူများများသယ်နိုင်ဖို့ပဲ ဦးစားပေးတည်ဆောက်ထားတဲ့ သာမန်ခရီးသည်တင်ယာဥ်တွေထက် ပိုမြန်ပါတယ်။ ဒီလောက်ခရီးကို သာမန်လေယာဥ်တွေက သုံးနာရီခွဲလောက် မောင်းရမှာပါ။

ဥစာကီက ခေါင်းညိတ်လိုက်ပြီး ထိုင်ခုံတန်းနှစ်ခုကြားက စားပွဲခုံကိုထောက်လိုက်တယ်။ စားပွဲခုံက အကြီးစားတက်ပလက်အဖြစ်ကိုပြောင်းသွားပြီး ဖိုင်တွေအများကြီးပေါ်လာတယ်။

"ကောင်းပြီ၊ မရောက်ခင် ယူဂျင်းမြူတန့်ထောင်ရဲ့နောက်ကြောင်းနဲ့အခြေအနေတွေကို စရှင်းပြရတာပေါ့။ ယူဂျင်းထောင်ကြီးကို မြူတန့်ခေတ်စပြီး နှစ်ထောင်ခုနစ်အစောပိုင်းတွေမှာ စတည်ဆောက်ခဲ့တာ။ ဒါပေမဲ့ ၂၀၁၀မှပြီးတယ်။ ကမ္ဘာ့သမိုင်းမှာ အင်အားအကြီးဆုံးဆိုတဲ့ ဗီလိန်တွေကို ငါတို့ချုပ်ထားတာ။ အစွမ်းအထက်ဆုံးတစ်ယောက်ကိုတော့ ရှင်တို့အားလုံးရင်းနှီးကြမှာပါ။"

ဥစာကီက ပုံတစ်ပုံကို ထုတ်ပြလိုက်တယ်။ ရုပ်ရည်ချောမောတဲ့ သတ်လတ်ပိုင်းဂျပန်လူမျိုးတစ်ယောက်ပုံက အားလုံးရှေ့မှာထွက်လာတယ်။

"အိရှိယို ကာဂါမီ၊ ကာဂါမီမိသားစုက ကျွန်မတို့ယာမာဂုချီတွေနဲ့ဟိုးတုန်းကတည်းက ရန်ငြိုးရှိပြီး တစ်ချိန်လုံးပြိုင်ဖက်တွေဖြစ်ခဲ့တာ။ သူတို့မိသားစုက အရိပ်လုပ်ကြံသူအဖွဲ့နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူတွေပဲ။ အိရှိယိုကို လူတွေသိကြတဲ့နာမည်က အရိပ်သခင်။"

မက်ဒါနာလည်း အရိပ်သခင်အကြောင်းကို ကြားဖူးပါတယ်။ ဒီလူက အဖိုးကြီးအိခဲဒကာကွယ်ပေးနေတဲ့ ဂျပန်ဝန်ကြီးချုပ်တစ်ယောက်ကို အိခဲဒရှေ့မှာတင် ကိုယ်တိုင်လုပ်ကြံပြီး နာမည်ကြီးလာတာပါ။ အိခဲဒက အိရှီယိုအောက် ဘယ်နေရာမှာမှအားမနည်းပေမဲ့ လုပ်ကြံသတ်ဖြတ်တဲ့ပညာမှာတော့ ဟိုကအများကြီးသာတယ်လေ။ နောက်တော့ ဥစာကီက ချိပ်ပိတ်ပြီး ထောင်ထဲထည့်ထားတာ။

'နေပါဦး၊ ချိပ်တံဆိပ်။' မက်ဒါနာတစ်ယောက် တွေးနေရင်းက ကိုင်းတိုကိုယ်ပေါ်မှာရှိနေတဲ့ မင်လိုအရာတွေကို ပြန်သတိရလာပြီး ကိုင်းတိုကိုကြည့်လိုက်တယ်။ အိခဲဒ၊ဖရာလီတာနဲ့ အသုံးမဝင်ဘဲလိုက်လာတဲ့ အေမီ၊ အယ်လိုဟင်တို့လည်း သူ့ကိုကြည့်နေကြတယ်။

လူတွေအများကြီးဝိုင်းကြည့်တာခံနေရတော့ ကိုင်းတိုလည်း ရှက်သွားပြီး မျက်နှာကြီးနီလာတယ်။

"ဆိုတော့... ငါချိပ်တံဆိပ်ကိုအတင်းရုန်းဖြတ်တုန်းက သူ့ချိပ်တံဆိပ်လည်းပြတ်သွားတာလား။ ဒါပေမဲ့မင်းချိပ်ပိတ်ထားတဲ့ ငနှဲတွေကို ငါမီးမြိုက်လိုက်တယ်လေ။"

ကိုင်းတိုပြောတာလည်းအမှန်၊ သူ့မီးတောက်တွေက တခြားချိပ်ပိတ်ခံထားရတဲ့လူတွေကိုပါ လောင်ကျွမ်းပစ်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဥစာကီကတော့ မချဥ်ပြုံးမျက်နှာနဲ့ တခြားပုံတွေကိုထပ်ပြတယ်။

"ဒါတွေက ယူဂျင်းအကျဥ်းထောင်ထဲကလူတွေပို့လိုက်တာ။ ရှင်ချိပ်တံဆိပ်ကိုဖြတ်တဲ့နေ့တုန်းက သူ့တစ်ကိုယ်လုံးမီးလောင်နေတဲ့ပုံတွေလေ။"

အမှောင်ထုထဲမှာထိုင်နေတဲ့ လူလတ်ပိုင်းမြူတန့်ရဲ့ရင်ဘတ်ကနေ မီးစတောက်လာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတဲ့ ဗီဒီယိုအတိုလေးလည်းပါတယ်။ အခန်းတံခါးသတ္တုတွေတောင် နီရဲပြီးအရည်ပျော်ကျတော့မလို ဖြစ်သွားခဲ့ပေမဲ့ မီးထဲကလူတွေကတော့ အဆုံးထိမသေဘဲ ရုန်းကန်နေတုန်းပဲ။ မီးတောက်တွေငြိမ်းသွားချိန်မှာတောင် သူ့ရင်ဘတ်က ဖောင်းလိုက်ပိန်လိုက်လှုပ်ရှားနေပြီး မသေဆုံးခဲ့ပါဘူး။

"ထောင်ထဲက ဆရာဝန်တွေပြောတာတော့ သူ့တစ်ကိုယ်လုံးကျက်ပြီးသားဖြစ်ပြီးတော့ သာမန်စိတ်ခွန်အားမျိုးနဲ့ အသက်မရှင်နိုင်တဲ့ဒဏ်ရာမျိုးရထားတာတဲ့။ သူမသေတာ ရှင့်အမှားမဟုတ်ပါဘူး၊ သူကိုက စိတ်ဓာတ်ခိုင်မာလွန်းနေတာ။"

ကိုင်းတိုက အဲဒီဓာတ်ပုံတွေကိုကြည့်ရင်း သူ့မျက်လုံးတွေက အေးစက်လာတယ်။ သူ့အနားမှာထိုင်နေတဲ့ မက်ဒါနာတို့တောင်မှ လောင်ကျွမ်းခံရတော့မလိုမျိုး ခံစားလာရပါပြီ။

"ဘာပဲဖြစ်ဖြစ် ဒီကောင်က သေမသွားဘူးဆိုတော့ သောက်ပြဿနာအကြီးကြီးတက်ပြီပေါ့။"

ဥစာကီက ခေါင်းညိတ်ပြလိုက်တယ်။ "ပုံမှန်ဆိုရင်တော့ ၁၈ထပ်ကလူတွေကို အဆင့်အမြင့်ဆုံးလည်ပတ်တွေနဲ့ မြူတန့်အစွမ်းသုံးမရအောင်ထိန်းထားတာ။ ဒါပေမဲ့ ရွှေဉာဏ်တော်စူးရောက်တဲ့တစ်ယောက်ယောက်က အဲဒါကိုဖျက်နိုင်တဲ့နည်းတွေ့သွားတယ်။ လွန်ခဲ့တဲ့တစ်နာရီလောက်က သူ၁၈ထပ်ကလွတ်လာပြီး ထောင်စောင့်တွေကိုလိုက်သတ်တယ်။ သိပ်မကြာခင်မှာပဲ ထောင်မှူးကြီးတစ္ဆေမျက်နှာဖုံးနဲ့ရင်ဆိုင်ရပြီး ထောင်မှူးက ယူဂျင်းထောင်ကို ကိုယ့်ဘာသာဖျက်ဆီးတဲ့ပရိုဂရမ်သုံးပြီး ဖျက်ဆီးလိုက်တယ်။"

ဖရာလီတာက ဝင်မေးလိုက်တယ်။ "ဒီတော့ ငါတို့ရဲ့မစ်ရှင်က ထောင်မှူးကိုကူညီပြီး အဲဒီကောင်ကိုသတ်ဖို့နဲ့ လွတ်သွားတဲ့ထောင်သားတွေကို လိုက်ဖမ်းပေးဖို့ပေါ့။" ဥစာကီလည်း ခေါင်းညိတ်ပြတယ်။

ထောင်ကို အလိုလျောက်ဖျက်ဆီးတဲ့ပရိုဂရမ်နဲ့ဖျက်ဆီးလိုက်တယ်ဆိုပေမဲ့ ကံကောင်းတဲ့လူ၊ အသက်ပြင်းတဲ့လူနဲ့ စွမ်းအားကြီးမြူတန့်တွေကတော့ သေချာပေါက်အသက်ရှင်မှာပါ။

ဒါပေမဲ့ ဖရာလီတာကတော့ တစ်ခုခုမူမမှန်ဘူးလို့ အခုထိခံစားနေရတုန်းပဲ။ တကယ်လို့ အဲဲဒီအရိပ်သခင်က S rank ဖြစ်တယ်ဆိုရင်တောင် ဥစာကီတစ်ယောက်တည်းနဲ့ ပွဲပြတ်တယ်မဟုတ်လား။ သူနဲ့အာကိုင်းဂါမီတို့က လမ်းကြုံလို့ဝင်ကူတယ်ဆိုပေမဲ့ ဥစာကီအနေနဲ့ အကြောင်းမရှိဘဲ အိခဲဒကို ခေါ်လာစရာမရှိဘူး။ ဒီကိစ္စမှာ သူတို့မသိတာတစ်ခုခုရှိနေသေးတယ်။

"ဒါနဲ့... အရှေ့ပင်လယ်ယူဂျင်းထောင်က သုံးနိုင်ငံပင်လယ်ရေပိုက်နက်ထဲမှာဆိုတော့ တခြားသူတွေကရော အကူမလွှတ်ဘူးလား။"

မက်ဒါနာမေးလိုက်တော့ ဥစာကီလည်း စဥ်းစားပြီးမှပြန်ဖြေတယ်။ ဒါပေမဲ့ သိပ်မသေချာဘူးရယ်။

"လွှတ်ဖို့တော့သေချာတယ်၊ ဒါပေမဲ့ ငါတို့အုပ်စုလောက်တော့ မတောင့်ဘူးထင်တာပဲ။ ပြောရရင် တရုတ်က ရှားပိုင်ဝေအခုတလောပျောက်နေပြီး အဖိုးကြီးနန်းကုန်းပဲရှိတာ၊ ဒီတော့ရောက်လာရင်တောင် A rankလောက်ပဲရှိမယ်။ ရုရှားကတော့ အစိုးရနဲ့ဟီးရိုးအစည်းအရုံးခွါပြဲနေတော့ အကူလွှတ်ဖို့မသေချာဘူး။ ကိုရီးယားကတော့ အစကတည်းက S rankမရှိသလို ဒီနေ့လည်း ဆိုးလ်မှာပြဿနာကြီးတစ်ခုတက်နေတယ်ကြားတယ်။"

"ဆိုးလ်မှာလည်း ပြဿနာဖြစ်တယ်။ ငါတို့ဘာလို့မသိတာလဲ။" ဖရာလီတာက မေးလိုက်ပေမဲ့ ဥစာကီက ခေါင်းခါပြတယ်။

"သူတို့ပြောတာတော့ တောင်ရောမြောက်ရောပေါင်းပြီး ပြဿနာကိုဖြေရှင်းနေပါတယ်တဲ့။ အသေးစိတ်ကို ကိစ္စပြီးမှထုတ်ပြန်မယ်ဆိုလား။ ဒီတော့ငါလည်းမသိဘူးလေ၊ ငါက စပိုင်အဖွဲ့ထောင်ထားတာမှမဟုတ်တာ။ နေပါဦး၊ နင့်နတ်ဘုရားအမိန့်တော်အဖွဲ့ကလည်း မသိတာတွေရှိနေတာပဲလား။"

မက်ဒါနာနားထောင်ကြည့်တော့ ဥစာကီပြောတာလည်း မှန်သလိုလို။ ဘာပဲပြောပြော ဥစာကီက တိုကျိုအစည်းအရုံးခေါင်းဆောင်သာဖြစ်ပြီးတော့ နိုင်ငံပေါင်းစုံကကိစ္စတွေကို သိနိုင်လောက်တဲ့အထိတော့ လုပ်ပိုင်ခွင့်မရှိပါဘူး။ တချို့နိုင်ငံတွေက ဟီးရိုးအစည်းအရုံးတွေဟာ သတင်းအချက်အလက်စီးဆင်းမှုကို ချုပ်ကိုင်ထားတတ်တဲ့အတွက် တခြားဟီးရိုးအစည်းအရုံးတွေအနေနဲ့ သိရဖို့မလွယ်တာမျိုးတွေရှိတတ်ပါတယ်။ ဒါက ကူးလူးဆက်ဆံမှုအခက်အခဲတစ်ခုလို့ မှတ်ယူနိုင်ပါတယ်။

ဖရာလီတာကတော့ သူမသိသေးတဲ့ကိစ္စတစ်ခု ရှိနေတဲ့အတွက် အခုထိမကျေမချမ်းဖြစ်နေတုန်းပဲ။ ပြီးတဲ့နောက် ပွစိပွစိနဲ့တစ်ယောက်တည်း ပြောဆိုနေတော့တယ်။

"ဟင်းနော်... အဲဒီလူကန်နဲ့ဖရန့်ဆိုတဲ့နှစ်ယောက် ဆိုးလ်ကိုသွားမယ်လို့ ပြောသွားသေးတယ်မလား။ ခုထိ စာမလာသတင်းမကြားနဲ့။ သေများသေကုန်ကြပြီလားမသိဘူး။"

သူတို့စကားပြောနေတုန်း ကိုယ်ပိုင်ဂျက်လေယာဥ်နားကနေ တိုက်လေယာဥ်အုပ်တစ်ခု ဖြတ်သွားတာ မြင်လိုက်ရတယ်။ သူတို့လေယာဥ်မှာ တော်ဝင်မိသားစုတံဆိပ်နဲ့ဟီးရိုးအစည်းအရုံးအမှတ်အသားပါတာကြောင့် စစ်ဘက်လေယာဥ်အုပ်စုက ပြဿနာမရှာခဲ့ပါဘူး။ ပြီးတော့ ဒီလေယာဥ်တွေက သူတို့နဲ့ဦးတည်ရာတစ်ခုတည်းကို ပျံသန်းနေတာပါ။

မက်ဒါနာတို့ လေယာဥ်အုပ်စုကို စိတ်ဝင်စားနေတာမြင်တော့ ဥစာကီက ရှင်းပြလိုက်တယ်။

"တိုကျို ယိုကိုတာစစ်စခန်းက အမေရိကန်လေယာဥ်အုပ်စုလေ။ ယူဂျင်းထောင်ဖောက်ခံရတယ်ကြားလို့ သူတို့လည်းလှုပ်ရှားလာကြတာ။"

ဂျပန်က ဒုတိယကမ္ဘာစစ်ကာလတွင်း စစ်ရှုံးပြီးကတည်းက စစ်ရေးမှာအကြီးအကျယ်ကန့်သတ်ခံထားရပါတယ်။ သူတို့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ JSDFဟာ ကိုယ်ပိုင်လွတ်လွတ်လပ်လပ် လုပ်ဆောင်ပိုင်ခွင့်မရှိဘဲ အကြီးအကျယ်ချုပ်နှောင်ခံထားရတယ်။ တစ်ခုခုဆိုရင် အမေရိကန်ရဲ့လေတပ်စခန်းကပဲ လှုပ်ရှားရပါတယ်။

သူတို့စဥ်းစားခန်းဝင်နေတုန်းမှာပဲ အင်တာကွန်းကနေ ဒရုန်းဇုန်ရဲ့အသံထွက်လာတယ်။

"အားလုံးပဲ၊ ကျွန်မတို့တွေ တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့နီးလာပြီ။ လေယာဥ်က အဲဒီအဆင့်တိုက်ပွဲထဲကို ဝင်ဖို့မဖြစ်နိုင်လို့ ထောင်စောင့်ရေတပ်အုပ်စုရဲ့လေယာဥ်တင်သင်္ဘောပေါ်မှာနားမယ်။ အားလုံးအသင့်ပြင်ထားကြပါ။"

၂။

လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က။

သစ်သားကုလားထိုင်ပေါ်တွင်ထိုင်နေသော အဖွားအိုက အသက်ကြီးနေပြီဖြစ်သော ကြောင်အိုကြီး၏ သားမွှေးများကို ပွတ်သပ်ပေးလိုက်သည်။ ကြောင်အိုကြီးက သူ့မျက်ခုံးမွှေးများကို လက်နှင့်သပ်လိုက်ရင်းပါးရည်နားရည်များတွန့်လိပ်နေသည့် သခင်မကိုကြည့်ကာ မြှောင်ခနဲအော်လိုက်၏။

"ဘာဖြစ်လို့လဲ နီကိုလိုင်း၊ ဟုတ်သားပဲ။ ဗိုက်ဆာနေလောက်ရောပေါ့။"

အဖွားအိုက ခုံမှထလိုက်ရင်း နောက်ဖေးမီးခိုချောင်သို့ဝင်သွားသည်။ ထို့နောက် အသင့်စားကြောင်စာထုတ်ကို ဖောက်လိုက်ပြီး ရုရှားဘာသာဖြင့် နီကိုလိုင်းဟုနာမည်ရေးထားသော ခွက်ကလေးထဲသို့ အနည်းငယ်ခွဲထည့်ပေးလိုက်သည်။

ကြောင်နက်အိုကြီးကလည်း အမြီးလေးကိုနှုန့်ရင်း အပြေးလာကာ ကြောင်စာမုန့်ကလေးများကို လျှာဖြင့်လျက်ကာ စတင်ကိုက်ခွဲစားသောက်၏။

ရုတ်တရက် အိမ်တံခါးပွင့်သွားပြီး သေနတ်ကိုင်ထားသည့် လူငယ်နှစ်ယောက်က အိမ်ထဲပြေးဝင်လာကြသည်။

"အဖွားကြီး၊ လက်မြှောက်ပြီး ရှိတာအကုန်ထုတ်ပေးစမ်း။"

သို့သော်လည်း အဖွားကြီးတွင် ဘာမှပေးစရာမရှိပေ။

"သားတို့ရယ် မလုပ်ပါနဲ့၊ ဒီအမယ်အိုကြီးမှာ ရောဂါအတွက် ဆေးတွေအပြင်ဘာမှမရှိပါဘူး။"

သို့သော်လည်း ဓားပြနှစ်ယောက်က သိပ်သဘောကျပုံမရ။ တစ်ယောက်က အဖွားကြီးကို လက်ပြန်ရိုက်ချလိုက်သဖြင့် အိုမင်းနေသော ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ ပုံကျသွား၏။

ထိုအခါ အစာစားနေသောနီကိုလိုင်းက ဒေါသဖြင့်အော်ဟစ်လိုက်ပြီး ဓားပြတစ်ယောက်ဆီသို့ပြေးသွားကာ ပေါင်ခွကြားကို လက်သည်းဖြင့်ခုန်ကုပ်လိုက်သည်။

"အား...." ဓားပြက သူ့အဟွာဝင်စိုက်ဝင်နေသော ကြောင်လက်သည်းကိုကြည့်ရင်း အော်ဟစ်လိုက်၏။ သွေးစတချို့လည်း စီးကျလာသဖြင့် ငယ်ပါပြတ်သွားပြီဆိုသောအသိက ထိုဓားပြငယ်ထိပ်ကို တက်ဆောင့်ပြီး နာကျင်မှုက နဂိုကထက် ပိုပြင်းထန်လာသည်။

ထို့နောက် သူက ကြောင်ကိုသေနတ်နှင့်ချိန်ကာ ပစ်ခတ်ရန်ကြိုးစားလိုက်၏။ သို့သော်လည်း ကြမ်းပြင်ပေါ် ပုံလဲနေသည့်အဖွားအိုက သူခိုးခြေထောက်ကိုဆွဲပြီးတွန်းဖယ်လိုက်သည်။

"ငါ့သားကိုမထိနဲ့...." ကြောင်၊ အဖွားအိုနှင့်ဓားပြတို့ ရုန်းရင်းဆန်ခတ်ပစ်ကုန်ပြီး တစ်အိမ်လုံးပြောင်းဆန်ကုန်၏။ နောက်ဆုံးကျန်ဓားပြတစ်ယောက်က လက်ထဲမှသေနတ်ဖြင့် ကြောင်ကိုထိုးချိန်ပြီးပစ်လိုက်သော်လည်း အရှိန်လွန်ပြီးရှေ့ယိုင်ကျလာသော အဖွားအိုကိုသာ သေနတ်မှန်သွားသည်။

ကြောင်လည်း ထိတ်လန့်သွားပြီး လက်လွတ်ပေးလိုက်၏။ ထို့နောက် ကြမ်းပေါ်တွင်လဲနေသော အဖွားအိုထံသို့ ပြေးသွားလိုက်ကာ ပြန်မထူးတော့သောအဖွားအိုကို ကိုယ်လုံးဖြင့် ပွတ်သပ်ရင်းနှိုးရန်ကြိုးစားနေသည်။

သို့သော် အဖွားအိုက ပြန်နိုးမလာတော့ပေ။

"မင်းဘယ်လိုလုပ်လိုက်တာလဲ လူသေသွားပြီကွ။" ဂွကြားပဲ့ထွက်သွားသောဓားပြက ထိုင်ခုံမှာထိုင်နေရင်းကျန်တစ်ယောက်ကို အော်ပြောလိုက်၏။

"သေနတ်သံကြောင့် မကြာခင်ရဲတွေရောက်လာလိမ့်မယ်။ ဒီမှာမင်းသွေးတွေရှိနေတော့ ငါတို့DNAကို သူတို့ရသွားရင် ခက်ကုန်လိမ့်မယ်။"

"ဒါဆိုဘယ်လိုလုပ်မလဲ..."

"အိမ်ကိုမီးရှို့ပြီး ထားခဲ့တာပေါ့။"

ဓားပြတစ်ယောက်က ဂက်စ်မီးဖိုနှင့်ဆက်ထားသော ဓာတ်ငွေ့အိုးကို ဖြုတ်ယူပြီး ဘားကိုလှည့်ဖွင့်လိုက်သည်။ ကြောင်နက်အိုကြီးကတော့ အဖွားအိုကိုလှုပ်နှိုးဖို့ ကြိုးစားနေတုန်းပင်။

ဓားပြနှစ်ယောက်ကတော့ ဖွင့်ပြီးသောဂက်စ်အိုးကို သဘောတကျကြည့်လိုက်ပြီး အိမ်တံခါးကိုတွန်းဖွင့်ကာ ပြေးထွက်သွားကြ၏။

ပြီးနောက် အပြင်ဖက်မှ မီးခြစ်ဆံတစ်ခုကို ပစ်ထည့်လိုက်သည်။ ထို့နောက်တွင်တော့....

"ဝုန်း....." ကြောင်နက်၏သေးငယ်သောခန္ဓာကိုယ်နှင့် အဖွားအို၏သွေးအိုင်ထဲလဲနေသော ခန္ဓာကိုယ်တို့မှာ ပေါက်ကွဲမှုကြီးထဲ ပါသွားလေတော့သည်။

ထိုအချိန်မှာပင် ကောင်းကင်၌ ထူးဆန်းမှုများဖြစ်ပေါ်လာပြီး ဥက္ကာပျံတချို့ ကျဆင်းလာ၏။

...

မြူတန့်တချို့ကို တိုက်ခိုက်ပြီးတဲ့နောက် ဖရက်နဲ့ကြောင်နက်ကြီးတို့ ပင်လယ်ပြင်ကိုဖြတ်ကူးရင်း အရှေ့ပင်လယ်ထဲမှာ သဘာဝအလျောက်တည်ရှိနေတဲ့ ရေမြုပ်ကျွန်းတစ်ခုပေါ် ရောက်လာတယ်။

ကံကောင်းစွာနဲ့ ဒီရေတက်ချိန်မဟုတ်သေးတော့ သူတို့ခြေချစရာမြေရှိတယ်။ တကယ်လို့ ဒီရေတက်ချိန်ဆိုရင် ရေမြုပ်ကျွန်းများက ပင်လယ်ရေအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားတတ်တယ်မဟုတ်လား။

သူတို့နောက်ကနေ ရေတပ်လိုက်လာမည်ကို သိနေကြတဲ့အတွက် အခုနေရာမှာ စိတ်အေးလက်အေးမနားနိုင်ကြ။ ထောင်နားက ရေမြုပ်ကျွန်းတွေကို အစောင့်ရေတပ်က သူတို့ရေမိုင်ပြမြေပုံမှာ သေချာပေါက်မှတ်တမ်းတင်ထားလိမ့်မယ်။

"သိပ်လည်းစိတ်မပူပါနဲ့ကွ၊ ဒီရေပြင်က အကျယ်ကြီးပဲ။ အစောင့်ရေတပ်က လောလောဆယ်ငါတို့အပြင် တခြားထောင်ပြေးတွေနဲ့ပါ ရင်ဆိုင်နေရတာ။ ဒါကြောင့် ဒီကိုချက်ချင်းရောက်လာဦးမှာမဟုတ်ဘူး။ ပြီးတော့...."

ကြောင်နက်က တကယ့်လူသားတစ်ယောက်လိုမျိုး ပတ်ဝန်းကျင်ကိုကြည့်ပြီး သေသေချာချာ ကောက်ချက်ချတယ်။

"အခုက ဆောင်းတွင်းမလို့ အရှေ့ပင်လယ်မှာနှင်းတအားကျတယ်။ ဒီတော့ သင်္ဘောတွေအနေနဲ့ ဆိုနာစနစ်ကိုပဲအားကိုးပြီး မောင်းနှင်လို့ရမှာ။ ငါတို့ကိုသူတို့ရှာမတွေ့ခင် သူတို့နှင်းခွဲမီးသီးရောင်ကို ငါတို့အရင်မြင်ရလိမ့်မယ်။"

ဆရာကြောင်နက်ရဲ့သုံးသပ်မှုက အတော်လေးသဘာဝကျတဲ့အတွက် ဖရက်လည်း ခေါင်းညိတ်လိုက်တယ်။ ဆရာကြောင်က ရေပေါ်မှာပြေးပြီးသူ့ကိုတင်ခေါ်နိုင်ပေမဲ့ သူ့မှာလည်း မဆုံးနိုင်သည့်စွမ်းအားများ ရှိနေသည်တော့မဟုတ်။

သက်ရှိဖြစ်တဲ့မတွက် အစွမ်းထက်မြူတန့်တွေမှာလည်း သက်လုံအကန့်အသတ်ရှိတယ်။ အနားယူစရာမလိုသည့် စက်များမဟုတ်ကြ။

သူတို့အနားယူနေတဲ့အချိန်မှာပဲ ရေမြုပ်ကျွန်းပေါ်ကို တခြားလူတစ်ယောက် သောင်လာတင်တယ်။ အစကတော့ သူတို့က အဲဒီလူကိုသတိမထားခဲ့ဘူး။ အခုကျွန်းက အကျဥ်းထောင်နဲ့ဆိုရင် ကီလိုတစ်ရာခန့်ကွာသည်။

ရေမိုင်ဖြင့်တွက်ကြည့်ရင် ရေမိုင်ငါးဆယ်ကျော်ကွာပြီး မြူတန့်စွမ်းအားမသုံးနိုင်ဖြစ်နေတဲ့ သာမန်မြူတန့်ထောင်သားတွေ ကူးခတ်လာနိုင်တဲ့အကွာအဝေးမဟုတ်ဘူး။

အထူးသဖြင့် ဒီဇင်ဘာလတွင်းမှာ အရှေ့ပင်လယ်မှာနှင်းကျပြီး နေလုံးကိုတောင် ကောင်းကောင်းမမြင်ရ။ အပူချိန်က ရေခဲမှတ်နားနီးနေပြီး သာမန်လူတစ်ယောက်ကို စက္ကန့်သုံးဆယ်အတွင်း အေးခဲသေအောင်လုပ်နိုင်သလို လေ့ကျင့်ထားသူများပင် မိနစ်အနည်းငယ်ထက်ကြာကြာမနေနိုင်ပါ။ ဒါကြောင့် သူတို့က မျောလာသောထောင်သားကို သေပြီလို့ ရိုးရိုးလေးယူဆလိုက်မိကြတာ။

ဒါပေမဲ့ မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ အချိန်အတန်ကြာ အသက်ရှူရပ်နေခဲ့တဲ့ ထောင်သား လူငယ်ဆီက အသက်ပြင်းပြင်းရှူသံတစ်ချက်ထွက်လာပြီး ပြန်ထထိုင်လိုက်တယ်။

"အံ့ဩစရာပဲ... အံ့ဩစရာပဲ... နောက်ဆုံးတော့ ငရဲတွင်းနက်ရဲ့၁၇ထပ်ကနေ လွတ်မြောက်လာခဲ့ပြီပေါ့။"

ကြောင်နက်လည်း လူငယ့်စကားကြောင့် မျက်ခုံးပင့်လိုက်တယ်။ ယူဂျင်းအကျဥ်းထောင်မှာ အထပ် ၁၈ ထပ်ရှိပြီး အောက်သို့ရောက်လေ ပိုအန္တရာယ်များသော အကျဥ်းသားတွေကို တွေ့ရလေပါ။

၁၇ထပ်ရှိအကျဥ်းသားမှာ အရိပ်သခင်နှင့်ကြောင်နက်တို့လောက် အစွမ်းမရှိရင်တောင် သူ့ဟာနဲ့သူ ကြောက်ဖို့ကောင်းမှာတော့သေချာတယ်။

လူငယ်က ဖရက်နှင့်ကြောင်နက်တို့ကို မော့ကြည့်လိုက်ပြီး အရူးတစ်ယောက်နှယ် ရယ်မောလိုက်တယ်။

"ဟားဟားဟား... အားဟားဟား... မင်းဘေးက ကြောင်နက်က ၁၈ထပ်ကကောင်မဟုတ်လား။ ငါကလည်း ၁၈ထပ်ကကောင်တွေနဲ့ ပြိုင်ဆိုင်ကြည့်ချင်နေတာ။ ငါလိုလူကိုတောင် ၁၈ထပ်ကိုမပို့ဘဲ မင်းတို့နှစ်ယောက်ကိုပဲထားတော့ စိတ်တော့ဝင်စားမိသား။"

ပုံမှန်လူတစ်ယောက်သာဆိုပါက အသက်ဘေးမှလွတ်လာသည်နှင့် အေးအေးဆေးဆေးနားရန်တစ်နေရာကိုရှာနေမှာဖြစ်ပေမဲ့ အခုတစ်ယောက်ကတော့ အရူးတစ်ယောက်လိုမျိုးဖြစ်နေပြီး ဖရက်တို့ကို ရန်လိုစွာဖြင့် စတင်ကြည့်လာတယ်။

ပြောရရင် ယူဂျင်းထောင်ကလူတွေအကုန်လုံးက ရူးသွပ်နေတဲ့ ဗီလိန်တွေချည်းပဲမဟုတ်လား။

...

ဖရက်တစ်ယောက် အံ့ကျိတ်ထားလိုက်တယ်။ တစ်စုံတစ်ယောက်က သူ့ကိုယခုအဆင့်အထိ ဖိအားပေးလိမ့်မည်ဟု ထင်မထားခဲ့ပါ။ သူ့လက်မောင်းကနေ သွေးတွေ တတောက်တောက်စီးကျနေတယ်။

"ငါ့ရဲ့စစ်မှန်တဲ့စွမ်းအားက ဘာလဲသိလား။ မင်းတို့ရှောင်ရှားလို့မရနိုင်တဲ့ ပစ်ချက်တွေပဲ။"

ရွှေရောင်ဆံပင်နဲ့ထူးဆန်းသည့်မျက်လုံးတစ်စုံရှိတဲ် လူငယ်လေးက လက်ထဲကသေနတ်ဖြင့် ဖရက်ကိုချိန်ထားရင်း ပြောလိုက်တယ်။ လူငယ်လေးက ဆယ်ကျော်သက်အရွယ်ပဲ၊ သူ့ညာမျက်လုံးတစ်ဖက်က အပြာ၊ ဘယ်ဖက်မျက်လုံးက နီကျင့်ကျင့်ရောင်။ လက်တစ်ဖက်တစ်ချက်စီမှာတော့ ထောင်စောင့်တွေကိုင်တဲ့ ပစ္စတိုတစ်လက်စီကိုကိုင်ထားပြီး သူ့သေနတ်ကျည်တွေကို ဖရက်မရှောင်နိုင်ခဲ့ဘူး။

ဖရက်နားထင်ကနေ ချွေးစက်တချို့ စီးကျလာတယ်။ ဒီအကောင်က ရင်ဆိုင်ရခက်လွန်းတယ်။ အစအဆုံး သူဘာမှမသိလိုက်ရခင်မှာတင် ဒဏ်ရာရသွားပြီး ခုခံချိန်မရလိုက်ဘူး။

"ဆရာကြောင်... ခင်ဗျားမှာအကြံလေးဘာလေးမရှိဘူးလား။"

ဖရက်ဘေးမှာတော့ လျှပ်စစ်စွမ်းအားတွေဖြာထွက်နေတဲ့ မြူတန့်ကြောင်တစ်ကောင်ရှိနေတယ်။ အစကတော့ ၁၈ထပ်မှ ပထမအကျဥ်းသားကို စူပါဗီလိန်ကြီးဟု သူထင်မိခဲ့သေးတယ်။

ဒါပေမဲ့ လူသားတစ်ယောက်မဟုတ်ဘဲ ဉာဏ်အလွန်ကောင်းသည့်ကြောင်တစ်ကောင်ပါ။ ဒါကြောင့် အမွှေးဖွားနတ်ဆိုးဆိုတဲ့ဗီလိန်အကြောင်း သူတစ်ခါမှမကြားဖူးတာ။ များသောအားဖြင့် မြူတန့်သတ္တဝါများတွေက လူသူဝေးရာမှာနေတတ်ကြပြီး သူတို့နယ်ပယ်ကို မကျူးကျော်သမျှ ပြဿနာမရှာတတ်ကြဘူးလေ။

ကြောင်နက်က ခေါင်းခါယမ်းရင်း ပြန်ဖြေလိုက်တယ်။

"မသိဘူး... ဒီကောင်က သောက်ကျိုးနည်းလောက်အောင် အာရုံနောက်ဖို့ကောင်းတယ်။ သူ့စွမ်းအားက အမြန်နှုန်းလို့ ငါထင်ခဲ့ပေမဲ့ အခုတော့ပစ်မလွဲဖြစ်သွားပြန်ပြီ။ သူ့စွမ်းအားကို ငါတို့သေချာမဖော်ထုတ်နိုင်သမျှတော့ ဘာမှထူးမှာမဟုတ်ဘူး။"

ပြောပြောဆိုဆိုနဲ့ ကြောင်နက်က လက်သည်းကို မြှောက်လိုက်ပြီး လူငယ်ကို ဝင်ခုတ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ တစ်ခဏအတွင်းမှာတင် လူငယ်က နေရာမှပျောက်သွားပြီး ကြောင်နက်ရဲ့ဝမ်းဗိုက်ကို သေနတ်နဲ့ထောက်လျက်သား ပြန်ပေါ်လာတယ်။

"ဆရာကြောင်...." ဖရက်အော်ပြီးသတိပေးလိုက်ပေမဲ့ နောက်ကျသွားပြီ။

ဒိုင်း....။

သေနတ်သံကြားရပြီးနောက်တော့ သွေးတွေပန်းထွက်လာပြီး သောင်ပြင်ဖြူဖြူကို အနီရောင်စွန်းထင်းသွားစေတယ်။ ဖရက်က ဝင်တိုက်ဖို့လုပ်ပေမဲ့ နောက်တစ်ခဏမှာတင် လူငယ်က ထပ်ပျောက်သွားပြီး ဖရက်ရှေ့မှာပေါ်လာပြန်တယ်။

"တိုက်ပွဲဖြစ်နေတုန်း အာရုံမပြန့်ရင်ကောင်းမယ်နော်၊ ဖရက်...."

ဖရက်ကျောရိုးတစ်လျှောက်လုံး စိမ့်တက်သွားတယ်။ သေမင်းတစ်ပါးက သူ့မျက်လုံးရှေ့မှာ တံစဥ်ယမ်းပြီး ကခုန်နေသလိုမျိုးပဲ။ သူ့လင်းယုန်တောင်ပံကိုဖြန့်ပြီး ဘေးလွတ်ရာကို ရှောင်ပြေးဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ နောက်တစ်ခဏမှာ သေနတ်သံတချို့ကိုကြားလိုက်ရပြီး သူ့တောင်ပံတွေကနေ နာကျင်မှုကို ခံစားလိုက်ရတယ်။

သူသောင်ပြင်ပေါ် လဲကျသွားတော့အးသေပြီလို့ စတွေးမိတော့တာပဲ။ ဒါပေမဲ့လူငယ်က သူ့ခေါင်းကို ဖောက်ခွဲမပစ်ခင် အပြာရောင်အလင်းတန်းသုံးစုံက လူငယ်နောက်ကနေ ရုတ်တရက်ပေါ်ထွက်လာတယ်။ သေချာကြည့်မယ်ဆိုရင် ဒေါသထွက်နေတဲ့ ကြောင်နက်ကြီးရဲ့လက်သည်းရာတွေမှန်း သိနိုင်ပါတယ်။

"ငါ့ရှေ့မှာ သေနတ်တွေနဲ့ကစားမပြနဲ့၊ ငါအမုန်းဆုံးက မင်းတို့လိုသေနတ်သမားတွေပဲ။"

လူငယ်လည်းလန့်သွားပြီး နောက်တစ်ခဏမှာပဲ နေရာကနေ ပြန်ပျောက်သွားတယ်။ ဒါပေမဲ့ ကြောင်နက်က သူပေါ်လာမည့်နေရာကို ကြိုခန့်မှန်းမိပြီးသား။ တခြားလက်တစ်ဖက်နဲ့ လက်ပြန်ကုပ်ရုံပဲ။

လူငယ်မျက်နှာပျက်သွားပြီး ပြန်ဆုတ်လိုက်ရတယ်။ ကြောင်နက်ကတော့ အေးစက်စက်သာ ရယ်မောလိုက်လေရဲ့။

"လူငယ်လေး... မင်းတော့ဘဝပျက်ပြီ..."

"ဒီလောက်ဒဏ်ရာတွေရထားတာတောင် ခင်ဗျားက ဘယ်လိုလုပ်ပြီး..."

ကြောင်ကို သူပစ်ခဲ့တုန်းက သေကွင်းသေကွက်နေရာတွေချည်း ရွေးပစ်တာ။ သူ့သေနတ်က ထောင်စောင့်တွေဆီက ကောက်လာတာ။ ထောင်စောင့်တွေသုံးဖို့အထူးပြုလုပ်ထားပြီး ပုံမှန်သေနတ်ထက် ပိုပေါက်ကွဲအားပြင်းတဲ့ ဟီးရိုးအကူလက်နက်ပါ။ ပြင်ပလုပ်ငန်းစုတွေမှာ ဝယ်ယူ၍မရနိုင်ဘူး။ အမေရိကန်အစိုးရက သူတို့မြူတန့်ဌာနစိတ်အေးဂျင့်တွေသုံး အထူးထုတ်ထားတာထြစ်အြီး UNတာဝန်ယူရတဲ့ ယူဂျင်းထောင်ကို အလက်ရေအကန့်အသတ်နဲ့ထုတ်ပေးထားတာ။

ပြီးတော့ ကြောင်နက်က မြူတန့်ဆိုရင်တောင် ကြောင်အရေပြားက ထင်သလောက်မထူဘူး။ ဒါပေမဲ့ လူငယ်လေးက စဥ်းစားနေတာကို အဆုံးသတ်ပြီး အရူးတစ်ယောက်လို ထပ်မံရယ်မောလိုက်ပြန်တယ်။

ပြိုင်ဖက်က ပိုသန်မာလေ၊ သူကြိုက်လေပဲမဟုတ်လား။

"ဟုတ်သားပဲ... မင်းက မြူတန့်သတ္တဝါကိုး။ မင်းမှာ ပြန်လည်ကုစားနိုင်စွမ်းလည်းရှိနေမှာပဲ။"

...

အခြားတစ်ဖက်တွင်တော့ ကိုင်းတိုရဲ့ခန္ဓာကိုယ်က လေထုထဲ မြင့်တက်လာပြီး အနီရောင်ကြာပန်းများက သူ့ကိုဝိုင်းရံလိုက်တယ်။

နေမီးလျှံလို ပူနွေးလင်းထိန်တဲ့ ကြာပန်းအလင်းတွေကြောင့် နှင်းတွေ အတော်ဝေးဝေးသို့ ဆုတ်သွားတယ်။ အရိပ်သခင်ကတော့ ဒီမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်တယ်။

"မင်းက ငါ့ခန္ဓာကိုယ်ကို လောင်ကျွမ်းစေခဲ့တဲ့ကောင်မဟုတ်လား၊ မင်းမီးတောက်တွေကို ငါမှတ်မိတယ်။"

အရိပ်သခင်က သူ့အပေါ်ရုံထောင်သားအင်္ကျီကို ဆွဲဖြဲလိုက်တယ်။ သူ့ခန္ဓာကိုယ်အခြေအနေက တော်တော်ဆိုးဝါးပြီး နေရာတိုင်းမှာ ကြည့်ရဆိုးတဲ့ မီးလောင်ဒဏ်ရာအမာရွတ်တို့ ရှိတယ်။

ဒီဒဏ်ရာတွေက ဥစာကီထားခဲ့တဲ့ချိပ်တံဆိပ်ကို အာကိုင်းဂါမီဖျက်ဆီးဖို့ကြိုးစားရင်း ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တစ်ခုပါ။

အရိပ်သခင်အစား တခြားတစ်ယောက်သာဆိုပါက အလောင်းကောင်ဖြစ်နေလောက်ပေပြီ။

"မင်းကို ငါရအောင်သတ်မယ်။" အရိပ်သခင် နေရာမှပျောက်ကွယ်သွားပြီး နောက်စက္ကန့်ဝက်အတွင်း ဓားဖျားက ကိုင်းတိုရဲ့နောက်မြူထုထဲက ထွက်ပေါ်လာတယ်။ ဒါပေမဲ့ အာကိုင်းဂါမီက တစ်ချက်သာလှည့်ကြည့်လိုက်ပြီး ဓားဖျားကို လက်ချည်းသက်သက်နဲ့ဆုပ်ကိုင်လိုက်တယ်။

"မဖြစ်နိုင်တာ..."

အရိပ်သခင်မျက်လုံးပြူးသွားတယ်။ သူ့လက်ထဲကိုင်ထားတဲ့ဓားက နီရဲလာ့ပြီး စအရည်ပျော်လာတယ်။ S rank ဟီးရိုးတစ်ယောက်ရဲ့ဓားဖြစ်တာကြောင့် ဒီဓားက ဇက်သတ္တုဓားစစ်စစ်ပါ။ ပုံမှန်ဆိုရင် ဇက်သတ္တုများမှာ ပုံသွင်းရလွယ်တယ်ဆိုပေမဲ့ အရည်ဖျော်ဖို့ မြင့်မားတဲ့ အပူချိန်တစ်ခုပေးဖို့ခိုတယ်။ လူသားခန္ဓာကိုယ်ကနေ ထုတ်ပေးနိုင်တဲ့အပူချိန်က ဒီလိုလုပ်ဖို့အဝေးကြီးရယ်။

ဒါပေမဲ့ အရိပ်သခင်က ခပ်ညစ်ညစ်ပြုံးလိုက်ပြီး ပြောလာတယ်။

"ဒါပေမဲ့ မင်းနဲ့ငါက မျက်လုံးချင်းဆုံမိသွားပြီမဟုတ်လား။"

အရိပ်သခင်က အခြားလက်တစ်ဖက်ကိုမြှောက်လိုက်ပြီး ဓားနဲ့တစ်ခုခုကို ဖြတ်တောက်သည့်ဟန် ပြုလုပ်လိုက်တယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေကနေ သွေးတွေစီးကျလာပြီး တခြားဘာသက်ရောက်မှုမှမရှိဘူး။

"အား.... ငါ့မျက်လုံး...ငါ့မျက်လုံး။"

အရိပ်သခင်တစ်ယောက် သူ့မျက်လုံးတွေ အရည်ပျော်ကျတော့မတတ် ခံစားနေရတယ်။ ကမ္ဘာတစ်ခုလုံးမှာ စွမ်းအားအမြင့်ဆုံးမြူတန့်တစ်ယောက်ကို တိုက်ခိုက်ဖို့ ဒီလောက်မလွယ်ဘူး။ ကိုင်းတိုက ဖြည်းဖြည်းချင်း ရှေ့တက်လာပြီး လက်သီးနဲ့ထိုးချမယ့်ဟန်ပြင်တယ်။

"မြူတန့်တိုင်းမှာ စွမ်းအားကန့်သတ်ချက်ဆိုတာရှိတယ်။ မင်းအတွက်ရောပေါ့။"

အပ်ကလေးတစ်ချောင်းနဲ့ နံရံကိုဖြိုချနိုင်ဖို့ မျှော်လင့်နေလို့မရဘူးလေ။ ကိုင်းတိုက ဖွဖွလေးထိုးချလိုက်ပေမဲ့ အရိပ်သခင်အောက်ကိုကျွမ်းပြန်ကျသွားခဲ့ပါပြီ။

ကိုင်းတိုကလည်း ကြယ်တံခွန်တစ်ဆင်းလိုမျိုး သူ့နောက်ကိုလိုက်သွားပေမဲ့ လမ်းတစ်ဝက်မှာပဲ မျက်စိမျက်နှာပျက်သွားတယ်။

မြူတွေက ပတ်ပတ်လည်မှာဝိုင်းရံနေပြီး ဘာကိုမှမမြင်ရတော့တဲ့အထိပါပဲ။ အရိပ်သခင်ကို သူမျက်ခြေပြတ်သွားပါပြီ။

သူပတ်ဝန်းကျင်ကမြူတွေကို သင်္ကါမကင်းကြည့်လိုက်ပြီး မီးလျှံကြာပန်းတစ်ခုနဲ့ မြူတောထဲလှမ်းပစ်ပေမဲ့ ဘာမှတိုးမပေါက်ဘူး။

"တစ်ခုခုလွဲနေပြီ၊ ဒီမြူတွေက သာမန်မဟုတ်ဘူး။"

သူ့ခန္ဓာကိုယ်ကို မီးတောက်တွေလွှမ်းခြုံသွားပြီး အသံမြန်နှုန်းကိုချိုးဖောက်ကာ မြူတောထဲကနေ ထွက်သွားဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ပင်လယ်ကြီးက အဆုံးအစမဲ့နေတယ်လို့ ခံစားရပြီး ဒီခံစားချက်ကို နောက်ဆုံးခံစားခဲ့ရတဲ့အချိန်က သိပ်မကြာသေးပါဘူး။

"ဒေါက်တာမြူ...."

ကိုင်းတိုကပြောလိုက်ရင်း သူ့ခန္ဓာကိုယ်ကမီးလျှံတွေကို ပိုတိုးမြှင့်လိုက်တယ်။ ဒီတစ်ခါတော့ မီးလျှံတွေက သူ့နောက်ကျောမှာ ဖီးနစ်ပုံစက်ကွင်းတစ်ခုအဖြစ်ပေါ်လာပြီး မီးလျှံကြာပန်းရှစ်ခုက သူ့ကိုဝိုင်းရံထားတယ်။ သူ့လက်နှစ်ဖက်ကိုလည်း တင်းတင်းဆုပ်ထားပြီး မီးလျှံတွေက အဲဒီမှာစုစည်းနေတယ်။ အာကိုင်းဂါမီရဲ့အထွတ်အထိပ်စွမ်းအားပုံစံပါ။

Ultimate Skill - အထွတ်အထိပ်မီးလျှံဖီးနစ်။

သိပ်မကြာခင်မှာ မြူတောထဲကနေ ဝေ့ယမ်းနေတဲ့ ဧရာမလက်တံရှည်ကြီးတွေက စတင်တိုးဝေ့ထွက်လာတယ်။ သေချာကြည့်တော့ ဧရာမရေဘဝဲလက်ကြီးတွေပါ။ ရေဘဝဲကြီးရဲ့ခေါင်းပေါ်မှာတော့ အဖြူရောင်ဂျူတီကုတ်နဲ့ လူတစ်ယောက်လိုက်ပါလာတယ်။

"ငါတို့ထပ်တွေ့ကြပြန်ပြီနော်ံ၊ အာကိုင်းဂါမီ။"

ကိုင်းတိုကတော့ ဘာစကားမှမပြောမနေဘဲ သူ့လက်ကို ဖြန့်လိုက်တယ်။ နောက်က ကြာပန်းကြီးတွေက ပွင့်အာလာပြီး မီးလျှံတန်းကြီးခြောက်ခုက ရေဘဝဲကြီးဆီ ပြေးဝင်သွားတယ်။

ရေဘဝဲကလည်း ပင်လယ်ပြင်ကို လက်တစ်ဖက်နဲ့ရိုက်လိုက်ပြီး ရေလှိုင်းကြီးတစ်ခု တံတိုင်းအသွင်နဲ့ မြင့်တက်လာအောင်လုပ်လိုက်တယ်။ မီးလျှံတွေက ပင်လယ်ရေတော်တော်များများကို အငွေ့ပျံသွားစေပြီး ရေဘဝဲဆီဆက်တိုးလာနေသေးပေမဲ့ ရေဘဝဲလက်တွေက အားနည်းနေတဲ့ မီးလျှံတန်းတွေကို တားဆီးလိုက်နိုင်တယ်။

"မြူတန့်တိုင်းမှာ အကန့်အသတ်ရှိတယ်... ဘယ်လိုတောင်မှန်လိုက်တဲ့စကားလည်း အာကိုင်းဂါမီ။ မင်းက ပြိုင်ဖက်ကင်းတဲ့ မီးမြူတန့်တစ်ယောက်ဆိုပေမဲ့ အခုက ပင်လယ်ထဲမှာလေ၊ သဘာဝရန်သူတစ်ယောက်ရဲ့နယ်မြေထဲရောက်နေတော့ မင်းမစိုးရိမ်မိဘူးလား။"

Ultimate Skill - ဒိုင်မေးရှင်းမြူပင်လယ်။

ဒေါက်တာမြူစကားပြောနေတုန်း ရေဘဝဲကြီးရဲ့ခန္ဓာကိုယ်ကနေ အရည်ကြည်ဖုတွေထလာပြီး အထဲကနေ လူသားသဏ္ဍာန်သတ္တဝါတချို့ ဖောက်ထွက်လာတယ်။ အကုန်လုံးက အရိုးမျက်နှာနဲ့တူတဲ့ ကလုန်းစစ်သည်တွေပါ။ ဒါပေမဲ့အတောင်တွေပါပြီး ပင်လယ်ထဲမှာ ပျံသန်းတိုက်ခိုက်ဖို့ အသင့်တော်ဆုံးအနေအထားမှာ ရှိနေကြတယ်။

"မကျေပွဲလေး ပြန်နွှဲလိုက်ရအောင်။"

၃။

ဒေါက်တာမြူရောက်ရှိလာခြင်းက တိုက်ပွဲတစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေခဲ့ပါတယ်။ အဲဒီကကတော့ သူနဲ့ပါလာတဲ့ အရိုးမျက်နှာကလုန်းတွေက တိုက်ပွဲဖြစ်နေတဲ့ ပင်လယ်ပြင်ရဲ့နေရာအနှံကို ရောက်ရှိလာခြင်းပါ။

ဖရာလီတာလည်း သင်္ဘောပေါ်တွားသွားတက်လာတဲ့ အရိုးမျက်နှာတစ်ယောက်ရဲ့ခေါင်းကို လက်နဲ့ဖမ်းဆုပ်ပြီး တစ်စစီခြေမွှပစ်လိုက်တယ်။

"မက်ဒါနာ၊ ငါတို့တွေ ဒီအတိုင်းဆက်ဆက်နေနေရင် သက်လုံကုန်ဆုံးပြီး ရှုံးနိမ့်သွားလိမ့်မယ်။ တစ်ခုခုစဥ်းစားမှဖြစ်မယ်။"

ငွေရောင်စစ်သည်တော်ကလည်း ဓားကိုဝေ့ရမ်းရင်း အရိုးမျက်နှာနှစ်ယောက်ကို ခေါင်းဖြတ်ပစ်လိုက်တယ်။ အစောင့်တပ်ဖွဲ့ကလည်း သင်္ဘောမှာပါတဲ့အမြောက်တွေနဲ့ လေပေါ်မှာပျံသန်းနေတဲ့ အရိုးမျက်နှာတွေကို ပစ်ချနေပါတယ်။ ဒါပေမဲ့ အရေအတွက်များလွန်းတာကြောင့် အဆင်မပြေပါဘူး။

စက္ကန့်အနည်းငယ်ကြာပြီးတိုင်းမှာ သင်္ဘောသားတွေတစ်ယောက်မဟုတ်တစ်ယောက် အရိုးမျက်နှာတွေဆီကပစ်တဲ့ အရိုးဆူးချွန်တွေကြောင့် အသက်ပါသွားကြတယ်။

အရိုးမျက်နှာတွေပေါ်မလာခင်က သူတို့တွေဟာ ဗီလိန်တွေဝင်စီးထားတဲ့ စစ်သင်္ဘောတချို့ကို ဝင်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ အရိုးမျက်နှာတွေပေါ်လာကတည်းက သူတို့အလုပ်ကိုဆက်မလုပ်နိုင်တော့ဘဲ ဘေးမဖြစ်အောင် ခုခံကာကွယ်နေရတယ်။

အဆိုးဆုံးကတော့ သူတို့တွေမှာ စွမ်းအင်အကန့်အသတ်ရှိနေတာပါ။ Archmegaပဲဖြစ်ဖြစ် Silverknightပဲဖြစ်ဖြစ် သူတို့ရဲ့စွမ်းအင်coreထဲမှာ အားမကျန်တော့ရင် ဆက်တိုက်နိုင်တော့မှာမဟုတ်ပါဘူး။

အေမီကလည်း လက်ထဲကရိုင်ဖယ်နဲ့ ကောင်းကင်ပေါ်ကဆင်းလာတဲ့ အရိုးမျက်နှာတစ်ကောင်ရဲ့ခေါင်းကို ဖောက်ခွဲပစ်လိုက်တယ်။

"မမလေးတို့၊ ပြဿနာကို အမြစ်ဖြတ်ဖြေရှင်းရတယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။"

မက်ဒါနာတို့လည်း အေမီရဲ့စကားကြောင့် လှည့်ကြည့်လိုက်ကြတယ်။ ဒီတစ်ခါတော့ အသုံးမဝင်တဲ့ sex dollအရုပ်မလေးဆီကနေ အကြံကောင်းဉာဏ်ကောင်းတွေ ထွက်လာပြီပဲ။

မက်ဒါနာလည်း မေးကိုပွတ်ပြီးစဥ်းစားကြည့်တယ်။ ဒါပေမဲ့ ငွေရောင်ချပ်ဝတ်ကြီးနဲ့ဆိုတော့ ချပ်ဝတ်ထူကြီးဝတ်ထားတဲ့ အလယ်ခေတ်သူရဲကောင်းကြီး လေးလေးနက်နက်တွေးနေတဲ့ပုံပဲပေါ်နေတယ်။

"အင်း... ဒီအကောင်တွေ ဘယ်ကပေါ်လာလဲသိရင်တော့ ငါတို့တွေလွယ်လွယ်လေးဖြေရှင်းလို့ရနိုင်တယ်။ ဒါပေမဲ့ ဘယ်ကနေထွက်လာကြမှန်းမှမသိတာ။"

ဖရာလီတာကတော့ တခြားသူတွေနဲ့ဆက်သွယ်ဖို့အတွက် သူတို့ကိုအကြံပေးလာပါတယ်။

"ငါတို့တွေ တခြားသူတွေကိုမေးကြည့်မယ်ဆိုရင်ရော၊ ငါတို့ဖက်မှာ ဒါတွေရဲ့အရင်းအမြစ်ကိုမတွေ့ရပေမဲ့ တခြားအဖွဲ့တွေဆီမှာတော့ တစ်ခုခုထူးခြားရင်ထူးခြားမှာပေါ့။"

အားလုံးလည်းသဘောတူကြတာနဲ့ သူတို့နဲ့ခွဲပြီးထွက်လာတဲ့ အဖွဲ့နှစ်ဖွဲ့ကို ဆက်သွယ်ဖို့ကြိုးစားကြည့်တယ်။ အာကိုင်းဂါမီနဲ့အိခဲဒတို့ပါတဲ့ S rank တိုက်ပွဲဖြစ်နေတဲ့အဖွဲ့ဆီကို သူတို့ဆက်သွယ်မရခဲ့ပါဘူး။ ကြည့်ရတာ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပုံပဲ။

ဖရာလီတာ "အဖွဲ့၁က ဘယ်သူမှပြန်မဖြေဘူး။ သူတို့တွေ ပြန်ဖြေမအားလောက်အောင် အရိပ်သခင်နဲ့အသည်းအသန်တိုက်နေလို့လား ဒါမှမဟုတ် ပြင်ပအကြောင်းအရာတစ်ခုခုကြောင့် အဆက်အသွယ်ပြတ်နေတာလားတော့ မပြောတတ်ဘူး။"

မက်ဒါနာကတော့ သိပ်ထူးထူးခြားခြားမတုံ့ပြန်ပါဘူး။ နောက်ထပ်အရိုးမျက်နှာတစ်ကောင်ကို နုပ်နုပ်စင်းပြီး ပင်လယ်ထဲပြန်ပစ်ချပေးလိုက်တယ်။

ဒါပေမဲ့ဒုတိယအဖွဲ့နဲ့တော့ သူတို့အဆက်အသွယ်မြန်မြန်ပဲရသွားပါတယ်။ ဒရုန်းဇုန်က သူတို့ဆက်သွယ်တာကို လက်ခံပြီးပြန်ဖြေတယ်။

"ဟေး... အခြေအနေဘယ်လိုလဲ။" ဖရာလီတာမေးလိုက်တော့ တစ်ဖက်ကနေ မောဟိုက်နေတဲ့ ဒရုန်းဇုန်ရဲ့လေသံက ထွက်ပေါ်လာတယ်။

"တစ်ကိုယ်လုံးအရိုးတွေဖုံးနေတဲ့ကောင်တွေနဲ့ တိုက်နေရတာလေ၊ အဆင်ပြေတယ်ထင်လို့လား။"

"....." အင်း၊ ဒါလည်းဟုတ်တာပဲ။ ဒရုန်းဇုန်က သူတို့လိုမျိုး နည်းပညာမြင့်ဝတ်စုံတွေမရှိတော့ ခန္ဓာကိုယ်အားသက်သက်ကိုပဲ အားကိုးနေရမှာ။ ဒီတော့ပိုပင်ပန်းတာ ပုံမှန်ပါပဲ။

"အဲဒီကောင်တွေထွက်လာနေတဲ့နေရာပဲဖြစ်ဖြစ် နင်တို့ထူးခြားတာတစ်ခုခု သတိမထားမိဘူးလား။"

ဒရုန်းဇုန်က ခဏလောက်ငြိမ်သက်သွားပြီးခါမှ ပြန်ဖြေလိုက်တယ်။ "အင်း... ငါတို့ရဲ့၈နာရီနေရာမှာတော့မြူတွေဖုံးနေတဲ့နေရာတစ်ခုရှိတယ်။ အဲဒီထဲကနေ ထွက်လာနေကြတာ။ အာကိုင်းဂါမီနဲ့ဆရာအိခဲဒလည်း မြူတွေထဲမှာရှိနေတယ်။"

ဖရာလီတာက မြူတွေဆိုတဲ့စကားကိုကြားတော့ ထပ်ရေရွတ်လိုက်ပြီး မက်ဒါနာကိုကြည့်လိုက်တယ်။ သူတို့အဲဒီမြူတွေကို ရင်းနှီးနေတယ်လေ။

"မြူတန့်သိပ္ပံအဖွဲ့ရဲ့တည်ထောင်သူသုံးယောက်ထဲက Dr.Mistက သူ့ခန္ဓာကိုယ်ထဲက အိတ်ဆောင်ဒိုင်မေးရှင်းထဲမှာ ဒီလိုအကောင်တွေထောင်နဲ့ချီပြီးထည့်ထားနိုင်တယ်။ ကြည့်ရတာ မြူတန့်သိပ္ပံကလည်း ဒီကိစ္စမှာ ဝင်ပါနေတယ်နဲ့တူတယ်။"

မက်ဒါနာလည်း ပြန်သုံးသပ်ပြီး ပြန်ဖြေလိုက်တယ်။ ဖရာလီတာက ဘာဆက်လုပ်ရမလဲသိပါတယ်။ သူကဒရုန်းဇုန်းကို လှမ်းပြောလိုက်တယ်။

"နင်တို့တည်နေရာကိုပို့လိုက်၊ ငါတို့လာခဲ့မယ်။"

...

အနည်းငယ်အနားယူပြီးနောက်မှာတော့ အိခဲဒနဲ့တစ္ဆေမျက်နှာဖုံးတို့လည်း တိုက်ခိုက်နိုင်စွမ်းပြန်ရလာတယ်။ အရိပ်သခင်ရဲ့စွမ်းအားက အချိန်အကန့်အသတ်ရှိပါတယ်။ အာရုံခြောက်ပါးဖြတ်တောက်ခြင်းက လူတစ်ယောက်ရဲ့အာရုံတွေကို တစ်ခဏတာ ဆုံးရှုံးစေရုံသာ တတ်နိုင်တာဖြစ်ပြီးတော့ တကယ်တမ်း ဖျက်ဆီးမပစ်နိုင်ပါဘူး။

ပုံမှန်အားဖြင့်ဆိုရင်တော့ အခုစစ်မြေပြင်ထဲမှာ ဟီးရိုးတွေဖက်က S rank သုံးယောက်ရှိနေပြီဖြစ်တဲ့အတွက် ဒေါက်တာမြူတို့တွေဟာ နောက်ဆုတ်ပြေးသွားသင့်ပါတယ်။

ဒါပေမဲ့ သူတို့တွေက မြူတောထဲကိုရောက်နေပြီး ဒေါက်တာမြူရဲ့ပိုင်နက်ထဲမှာပါ။ ပြီးတော့ ဟီးရိုးသုံးယောက်လုံးက မတူညီတဲ့ဒိုင်မေးရှင်းတွေထဲမှာ ပိုင်းခြားခံထားရတယ်။

တစ္ဆေမျက်နှာဖုံး မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ကိုတစ်ယောက်ယောက်က လာကယ်ခဲ့ပေမဲ့လည်း အခုလိုမျိုး သေတွင်းထဲကို နောက်တစ်ခါပြန်ရောက်သွားလိမ့်မယ်လို့ ထင်မထားဘူး။

သူ့ရှေ့မှာ အင်မတန်စွမ်းအားကြီးမားလှတဲ့ ရေဘဝဲတစ်ကောင်ရှိနေပြီး သူ့ကိုတိုက်ခိုက်နေပါတယ်။ သူ့အနေနဲ့ ကောင်းကောင်းကြီးရှောင်ရှားတိုက်ခိုက်နိုင်စွမ်းရှိသေးပေမဲ့ တစ်ခါတစ်ခါ အရိပ်သခင်က မြူတွေထဲကနေ ပေါ်လာတတ်ပြီး လုပ်ကြံဖို့ကြိုးစားတဲ့အတွက် အခက်တွေ့နေရပါတယ်။

နောက်ပြီး အတောင်ပံပါတဲ့အရိုးမျက်နှာတွေကလည်း အနှောင့်အယှက်ပေးနေပါသေးတယ်။ ဒီအတိုင်းသာဆိုရင် သူမကြာခင်ရှုံးနိမ့်သွားတော့မှာပါ။

အခြားတစ်ဖက်မှာလည်း အိခဲဒက အလားတူပုံစံမျိုးနဲ့ ကြုံနေရပါတယ်။ သူလည်းပဲ မြူပင်လယ်ထဲမှာ အပိတ်ခံထားရပြီး ဧရာမရေဘဝဲကြီးနဲ့ တိုက်ခိုက်နေရသလို အရိပ်သခင်ကလည်း သူ့ကိုလုပ်ကြံဖို့ကြိုးစားနေပါတယ်။

အိခဲဒက သူ့ရဲ့နောက်ဆုံးဓားကွက်ကိုထုတ်ရင်း စိတ်ထဲကနေ ကျိန်ဆဲလိုက်လေရဲ့။

"တစ်ပြိုင်တည်းနဲ့ ရန်သူနှစ်ယောက်ကိုရင်ဆိုင်ရမှာလား၊ သောက်ဂွပဲဟေ့။"

...

တခြားတစ်ဖက်မှာတော့ ကိုင်းတိုက တည်ငြိမ်စွာရှိနေတယ်။ သူ့ရှေ့က ရေဘဝဲကြီးရဲ့လက်ကို မီးရှို့ပေးလိုက်ရင်း မြူထဲကထွက်လာတဲ့ အရိပ်သခင်ရဲ့ခေါင်းကို ခြေမွပစ်လိုက်တယ်။

"မင်းရဲ့စွမ်းအားက ဒိုင်မေးရှင်းအတုတွေဖန်တီးတာပဲ၊ အဆုံးမဲ့မြူပင်လယ်က တည်နေရာတစ်ခုတည်းကို များပြားတဲ့နေရာတွေအများကြီးအဖြစ်ခွဲထုတ်နိုင်တယ်။ အပြိုင်ကမ္ဘာနဲ့နည်းနည်းဆင်တူပေမဲ့ အတုအယောင်က အတုအယောင်ပါပဲ။"

ကိုင်းတိုရဲ့ကျောနောက်က မီးကြာပန်းတွေက စတင်ပွင့်လန်းလာတယ်။ အဲဲဒီနောက် မီးတန်းတွေကို ဆက်တိုက်ပစ်ခတ်ပါတော့တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ရေဘဝဲဟာ အဖျက်ဆီးခံလိုက်ရတယ်။ ဒါပေမဲ့ ခဏနေတော့ ဒေါက်တာမြူရဲ့အားရပါးရရယ်သံကြီးကို ကြားလိုက်ရတယ်။

"မင်းက အတုအယောင်မှန်းသိနေရင်တောင် ဘာထူးခြားမှာမလို့လဲ။ ဒီနေရာက ဟိုဘုရားကျောင်းလိုမျိုး လွယ်လွယ်နဲ့မင်းဖျက်ဆီးလို့ရတဲ့အရာမဟုတ်ဘူး။ အာကိုင်းဂါမီ..."

ရုတ်တရက် ပင်လယ်အောက်ကနေ ရေဘဝဲလက်တံတွေ ထပ်မံထွက်ပေါ်လာပြန်တယ်။ နောက်တော့ ပင်လယ်ထဲကနေ မြင့်တက်လာနေတဲ့ ရေစီးကြောင်းကြီးတချို့က အာကိုင်းဂါမီကိုယ်ပေါ်က မီးတောက်တွေကို ငြှိမ်းသတ်ဖို့ စတင်ကြိုးစားတယ်။

ဒါကြောင့် ကိုင်းတိုလည်း စတင်ရှောင်ရှားနေရတယ်။ တစ်ချိန်တည်းမှာပဲ ကိုင်းတိုရဲ့ခေါင်းပေါ်မှာရှိနေတဲ့ ကောင်းကင်ကြီးကပါ ပင်လယ်အဖြစ်ပြောင်းသွားပြီး အဲဒီကနေ ရေဘဝဲနောက်တစ်ကောင်ထပ်ထွက်လာတယ်။ အဲဲဒီနောက် ကိုင်းတိုပတ်ဝန်းကျင်က မြူထုကြီးတွေကလည်း ပင်လယ်အဖြစ်ပြောင်းသွားပြီး ရှစ်ဖက်ရှစ်တန်ကနေ ရေဘဝဲတွေထွက်ပေါ်လာတော့တယ်။

"အာကိုင်းဂါမီ၊ မင်းဘယ်လောက်အစွမ်းထက်ထက် ပင်လယ်ထဲမှာ ငါ့ကိုအနိုင်မယူနိုင်ဘူး။"

ကိုင်းတိုရဲ့နောက်ကျောက မီးကြာပန်းတွေက အဆက်မပြတ်လှုပ်ရှားပြီး ရေဘဝဲတွေကို တစ်ကောင်ပြီးတစ်ကောင် သတ်ပစ်နေတယ်။ ဒါပေမဲ့ တစ်ကောင်သေသွားတိုင်း နောက်တစ်ကောင်ထပ်ရောက်လာပြီး အဆုံးမသတ်နိုင်တဲ့ တိုက်ပွဲသံသရာကို ဖန်တီးလိုက်တယ်။

ရုတ်တရက် ရေဘဝဲလက်တံတစ်ခုက ကိုင်းတိုရဲ့ခြေထောက်ကို လာရစ်ပတ်မိပြီး ပင်လယ်ထဲဆွဲနှစ်လိုက်တယ်။

ပင်လယ်ရေအောက်ကိုရောက်သွားတဲ့ ကိုင်းတိုရဲ့ခန္ဓာကိုယ်က မီးတောက်တွေလည်း ချက်ချင်းငြိမ်းသွားပြီး ကြာပန်းတွေလည်း တစ်စစီပြိုလဲသွားတယ်။

ဒေါက်တာမြူရဲ့အသံကိုတော့ ရေအောက်မှာတောင်မှ တုန်ခါလှိုင်းတွေအဖြစ်နဲ့ ဆက်ကြားနေရတုန်းပဲ။

"ရေများရေနိုင်၊ မီးများမီးနိုင်တဲ့ အာကိုင်းဂါမီ။ ပင်လယ်ရေအောက်မှာတော့ မင်းစွမ်းအားကို ထုတ်သုံးလို့ရမယ်မထင်ဘူး။"

ရေအောက်ကိုရောက်ပြီးမကြာခင်မှာပဲ ရေဘဝဲလက်တံတွေက ကိုင်းတိုရဲ့ခြေတွေလက်တွေအားလုံးကို ရစ်ပတ်လိုက်ပြီး တစ်ပြိုင်နက်တည်းဆွဲဆန့်လိုက်တယ်။ ကုန်းပေါ်မှာသာဆိုရင် အရိုးအဆစ်တွေဆွဲဆန့်ခံရလို့ တဖျောက်ဖျောက်အသံတွေထွက်ပေါ်လာမှာပါ။

"အာကိုင်းဂါမီ၊ မင်းရဲ့သွေးစက်တွေက သိပ်အဖိုးတန်တယ်။ မင်းရဲ့ခြေလက်တွေကိုဆွဲဖြုတ်ပြီး အသက်ရှင်လျက်သွေးဖောက်ထုတ်ရင်ကောင်းမလား။"

နောက်တော့ ရေဘဝဲလက်တွေကို ပိုအားပါပါတစ်ချက်ထပ်ဆောင့်ဆွဲလိုက်တယ်။ နာကျင်မှုကြောင့် ကိုင်းတိုလည်း ပါးစပ်ကိုဟလိုက်မိတာပေါ့။ ပင်လယ်ရေငန်တွေက သူ့ပါးစပ်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်လာပြီး မချိမဆန့်ခံစားနေရတယ်။

ဒါ့အပြင် ညာလက်ကလည်း ထူးဆန်းတဲ့ပုံစံနဲ့လိမ်ခေါက်နေပြီ။

"လက်လျှော့လိုက်ပါတော့... မင်းရှုံးနေပြီပဲဥစ္စာ။"

ဒါပေမဲ့ကိုင်းတိုက အံ့ကိုတင်းတင်းကျိတ်ထားတယ်။ ဒေါသကြောင့် သူ့မျက်နှာတွေနီရဲလာပြီး ခန္ဓာကိုယ်အရေပြားအောက်မှာ တစ်ခုခုလောင်ကျွမ်းနေသလိုမျိုး မီးတောက်နီရောင်သွေးကြောတွေက ထောင်ထလာတယ်။ နောက်တော့ သူ့မျက်လုံးတွေပါ မီးလျှံအရောင်ပြောင်းသွားပြီး ပါးစပ်ထဲကနေ ငရဲမီးတန်းကြီးတစ်ခု ပန်းထွက်လာပါတော့တယ်။

"ဝုန်း....."

ပင်လယ်ရေတွေဆူပွက်လာပြီး ရေဘဝဲလက်တွေကို ငရဲမီးတန်းကြီးက လောင်ကျွမ်းပစ်လိုက်တယ်။ အဲဲဒီနောက် လွတ်လပ်သွားတဲ့ အာကိုင်းဂါမီက ပင်လယ်ရေမျက်နှာပြင်ပေါ်ကို ပြန်ခုန်တက်လိုက်ပြီး မီးနဲ့ဖွဲ့စည်းထားတဲ့ အတောင်ပံကိုဖြန့်ကာ လေထုထဲမှာ နောက်တစ်ဖက်ပြန်ရပ်လိုက်တယ်။ ဒါပေမဲ့ သူ့ညာဖက်လက်က အရေပြားတွေစုတ်ပြဲနေပြီး ညာဖက် တံတောင်ဆစ်ရိုးက အရေပြားကို ဖောက်ထွက်လာတာကြောင့် သွေးတွေဟာ ရေထဲကို တလဟောစီးကျနေတယ်။

"အာကိုင်းဂါမီမှာ တစ်ခုထက်ပိုတဲ့ Ultimate Skill တွေရှိတယ်လို့ ငါကြားဖူးတယ်။ ခုမှပဲကိုယ်တွေ့ကြုံရတော့တယ်။ မင်းက ပင်လယ်အောက်မှာတောင် မီးတောက်နိုင်တာပဲ။"

ရုတ်တရက် ကိုင်းတိုက ဒေါက်တာမြူရဲ့စကားများကို လစ်လျူရှုလိုက်ပြီး အကောင်းအတိုင်းရှိနေတဲ့ ဘယ်လက်ထဲမှာ မီးလှံတစ်ခုကိုဖန်တီးရင်း နောက်ကိုလက်ပြန်ထိုးနှက်ကာကွယ်လိုက်တယ်။

ထန်း.... သတ္တုချင်းထိခတ်သံ ထွက်ပေါ်လာပြီးတဲ့နောက် ဇက်သတ္တုဓားတစ်ချောင်းက အရည်ပျော်ကျသွားတယ်။ ဓားကိုင်ထားတဲ့သူကတော့ အရိပ်သခင်ပါ။ သူက ကိုင်းတိုရဲ့နောက်မှာ အလစ်ပေါ်လာပြီး ချောင်းတိုက်တာ။

အရိပ်သခင် မျက်လုံးပြူးသွားတယ်။ ကိုင်းတိုလည်း အလားတူပါပဲ။ သတ္တုချင်းထိခတ်မိသံကို ကြားပြီးတဲ့နောက် သူ့နားက ဘာသံမှမကြားရတော့ဘူး။ သူ့အကြားအာရုံကို အရိပ်သခင်ရသွားပြီ။

ကိုင်းတိုက လှံကိုအရိပ်သခင်ဆီ ပစ်လွှတ်လိုက်တယ်။ မီးလှံက လေထုထံမှာလှည့်ပတ်နေရင်း လွန်သွားတစ်စင်းလိုမျိုး ပိုအားကောင်းလာတယ်။ စက္ကန့်ဝက်မပြည့်ခင်မှာတင် အရိပ်သခင်ရဲ့ရင်ဝကို တည့်တည့်စိုက်သွားပေမဲ့ အရိပ်သခင်က သူ့ကိုခပ်ညစ်ညစ်တစ်ချက်သာ ပြုံးပြလိုက်တယ်။

နောက်တော့ အရိပ်သခင်ရဲ့ခန္ဓာကိုယ်က မြူခိုးတွေအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတယ်။ တစ်ချိန်တည်းလိုလိုမှာပဲ နောက်ထပ်အရိပ်သခင်ဆယ်ဦးနီးပါး ဓားတွေကိုင်ဆွဲပြီး ထွက်ပေါ်လာပြန်ပါတယ်။

ကိုင်းတိုနောက်မှာ ကြာပန်းတွေပြန်ပေါ်လာပြီး သူတို့အားလုံးကို မီးရှို့ပြာချပစ်ဖို့ ကြိုးစားပေမဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ရတာကြောင့် နေရာပြောင်းဖို့ကြိုးစားတယ်။ ပြဿနာက သူ့ကျောပေါ်ကို ရေဘဝဲလက်တံတစ်ခုက ရိုက်ချပြီးဖြစ်နေတဲ့အတွက် ပင်လယ်ရေပြင်ထဲကို ဘိုင်းခနဲပြုတ်ကျသွားပြန်တယ်။

ပုံမှန်ဆိုရင် သူ့နားက ရေဘဝဲလက်တံတွေလာနေတာကို ကြားနိုင်ပေမဲ့ အခုကတော့ အကြားအာရုံဆုံးရှုံးထားတာကြောင့် မတူတော့ဘူးလေ။

အဲဒီနောက်တော့ ကောင်းကင်ပေါ်မှာစောင့်နေတဲ့ အရိပ်သခင်တွေအားလုံးက ဓားတွေကိုင်ပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ အကူအညီမဲ့နေတဲ့ သူ့အပေါ်ကို ဆင်းချလာတော့တာပဲ။

ရှောင်ဖို့နောက်ကျသွားပြီ။

...

အဆုံးအစမရှိသလိုဖြစ်နေတဲ့ မြူပင်လယ်ကြီးရဲ့အစပ်မှာတော့ ဖရီးဂိတ်စစ်သင်္ဘောနှစ်စီးက ဘေးချင်းယှဥ်ရပ်ထားကြတယ်။ ဥစာကီတို့က မက်ဒါနာတို့ရှိနေတဲ့ သင်္ဘောပေါ်ရောက်လာပြီး မြူပင်လယ်ကိစ္စကို ဆွေးနွေးနေကြပါတယ်။

"ဒေါက်တာမြူရဲ့အဓိကတိုက်စစ်စွမ်းအားက အဆုံးအစမဲ့မြူတွေထုတ်ပေးနိုင်တဲ့ ရေဘဝဲသားရဲကြီးပဲ။ မြူပင်လယ်နယ်မြေအတွင်းမှာ သူ့ကိုယ်ပိုင်ဒိုင်မေးရှင်းတွေကို စိတ်ကြိုက်ချယ်လှယ်လို့ရတယ်။"

ဖရာလီတာပဲဖြစ်ဖြစ် မက်ဒါနာပဲဖြစ်ဖြစ် ဒေါက်တာမြူနဲ့ တစ်ကြိမ်တစ်ခါရင်ဆိုင်ဖူးကြပြီးသားမလို့ သူ့စွမ်းအားကို အနည်းနဲ့အများတော့ နားလည်မှုရှိပါတယ်။ ပြီးတော့ ဥစာကီကလည်း ဂျပန်အခြေစိုက်ဟီးရိုးမလို့ ဂျပန်အခြေစိုက်ဗီလိန်ဖြစ်တဲ့ ဒေါက်တာမြူအကြောင်းကို ပြည့်ပြည့်စုံစုံသိနေတယ်။

"ရေဘဝဲတွေက ရေနေသားရဲဆိုတာ ငတုံးတွေတောင်သိတယ်။ နယ်မြေအမျိုးအစားမြူတန့်တွေက သူတို့စွမ်းအားနဲ့သက်ဆိုင်တဲ့မြေအနေအထားမှာရှိနေရင် ပုံမှန်ထက်ပိုအစွမ်းထက်လာကြတယ်။"

မက်ဒါနာပြောလိုက်တယ်။ ပြီးတော့ ဒါက သာမန်အနုမာနယူဆချက်မဟုတ်ပါဘူး။ ကိုယ်တွေ့ကြုံခဲ့ဖူးပြီးသားပါ။ ဗီးနပ်စ်နဲ့ သူနယူးယောက်မှာတိုက်ခိုက်တုန်းက သစ်ပင်ပန်းမန်တွေသိပ်မရှိတဲ့နေရာဖြစ်လို့ ဗီးနပ်စ်ရဲ့စွမ်းအားက အကန့်အသတ်ရှိခဲ့ပါတယ်။

ဆုဗာနာမှာတော့ ဗီးနပ်စ်က အဆင့်တက်လာတဲ့အပြင်ကို ထူထပ်တဲ့သစ်တောကြီးတွေကြောင့် စွမ်းအားကို စိတ်ကြိုက်သုံးနိုင်ခဲ့ပြီး ဆိုဖီယာလိုမျိုး ပုံမှန် S အဆင့်တွေထက် အများကြီးသန်မာတဲ့လူကိုတောင် ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့ပါတယ်။

ပြီးတော့ မက်ဒါနာကိုယ်တိုင်ဆိုရင်လည်း စက်ပစ္စည်းတွေအများကြီးရှိနေတဲ့နေရာမှာ ပိုစွမ်းအားကြီးပါတယ်။

"သေချာတာတစ်ခုကတော့ နင့်အဖိုးကိုကယ်ချင်တာတစ်ခုတည်းနဲ့ မြူပင်လယ်ထဲဝင်သွားမယ်ဆိုရင် သေလမ်းရှာတာသက်သက်ပဲဖြစ်သွားလိမ့်မယ်။ ငါတို့နည်းလမ်းရှာရမယ်။"

ဖရာလီတာက Archmegaဝတ်စုံထဲကနေ ပြောလိုက်တယ်။ သူတို့အကုန်လုံး အသေးမလေးစကားကို သဘောတူကြတယ်။ မက်ဒါနာလည်း နယ်မြေအမျိုးအစားမြူတန့်တွေနဲ့ တိုက်ခိုက်ဖူးတာ တစ်ကြိမ်နှစ်ကြိမ်မကတော့ အတွေ့အကြုံရင့်တယ်လို့ ပြောလို့ရနေပါပြီ။ အလောတကြီးဝင်မိရင် ဘယ်လိုသေလို့သေသွားမှန်းတောင်သိမှာမဟုတ်ဘူး။

ရုတ်တရက် မက်ဒါနာက အကြံကောင်းတစ်ခုရလာပြီး အားလုံးကိုပြောလိုက်တယ်။

"တကယ်လို့ ငါတို့တွေ မြူပင်လယ်အတွင်းပိုင်းကို ကင်းထောက်လို့ရနိုင်မယ်ဆိုရင် နည်းလမ်းတစ်ခုခုတော့ ရှာတွေ့နိုင်တယ်။"

မက်ဒါနာရဲ့အကြံကိုကြားတော့ ဥစာကီလည်းအားတက်သွားပြီး ဒရုန်းဇုန်ဖက်ကိုလှည့်ကာ မေးလိုက်ပါတယ်။

"ဒရုန်းဇုန်၊ နင့်မှာ ဒရုန်းဘယ်နှစ်လုံးပါလားလဲ။"

ဒရုန်းဇုန်ကလည်း စစ်သုံးလက်နက်သေတ္တာကြီးတစ်ခုကို ဖွင့်ချလိုက်တယ်။ အတွင်းမှာတော့ ပုစဉ်းပုံစံရှိတဲ့ ထောက်လှမ်းရေးဒရုန်းသေးသေးလေးတွေ ရာနဲ့ချီပြီးထွက်လာတယ်။

"လေယာဥ်ပေါ်က ယူလာမိသမျှတော့ ဒါအကုန်ပဲ။"

ဒါပေမဲ့ ဖရာလီတာပြောလိုက်တဲ့စကားကြောင့် အကုန်လုံး စိတ်ပျက်သွားကြပြန်တယ်။

"အသုံးမဝင်ဘူး၊ မြူနယ်မြေထဲမှာ ပြင်ပက ဆက်သွယ်ရေးလှိုင်းတွေတစ်ခုမှ အသုံးမဝင်တော့ဘူး။"

မက်ဒါနာတို့ ဘုရားကျောင်းမှာတုန်းက ဒေါက်တာမြူနဲ့တိုက်တော့ သူတို့ဌာနချုပ်လို့ပြောရမယ့် တီဗီခေါင်းနဲ့ ဘဏ္ဍာစိုးစတန်းဖို့ခ်နဲ့အဆက်အသွယ်ပြတ်သွားပါတယ်။ ဒီတော့ ဒရုန်းတွေက အထဲရောက်သွားရင် ဘာမှသုံးမရတော့မှာ အသိသာချည်းပဲကို။

ဒါပေမဲ့ မက်ဒါနာမှာတော့ ဖြေရှင်းနည်းတစ်ခုရှိနေပြန်တယ်။

"ဒါပေမဲ့ လုံးဝကြီးသုံးစားမရတာတော့မဟုတ်ဘူး။ မှတ်မိသေးလား၊ ငါတို့ကို မြူနယ်မြေထဲမှာတိုက်ခိုက်ခဲ့တဲ့ ယာကူဇာတွေမှာ bluetoothနားကြပ်တွေပါလာတယ်လေ။"

အဲဒီတုန်းက မက်ဒါနာတို့တွေ ပြင်ပနဲ့ဆက်သွယ်မရတော့ဘဲ ဒုက္ခရောက်ခဲ့ပေမဲ့ ယာကူဇာတွေကတော့ အချင်းချင်းဆက်သွယ်ပြီး သူတို့တည်နေရာတွေကို ရှာဖွေခဲ့တာကြောင့် တော်တော်ခက်ခဲခဲ့ရတာပါ။

"ငါနောက်မှစစ်ဆေးကြည့်တော့ သူတို့တွေလည်း မြူနယ်မြေပြင်နဲ့အဆက်အသွယ်မရဘူး။ နယ်မြေအတွင်းမှာပဲ အချင်းချင်းဆက်သွယ်နေကြတာ။"

မက်ဒါနာရဲ့စကားကြောင့် ဖရာလီတာလည်း သဘောပေါက်သွားပြီး ပြောလိုက်တယ်။ "အား... ဆိုလိုတာက ပြင်ပနဲ့ဆက်သွယ်လို့မရပေမဲ့ အတွင်းမှာအချင်းချင်းဆက်သွယ်နိုင်တယ်ပေါ့။ ဒီလိုမှမဟုတ်ရင် မြူနယ်မြေက သူ့မဟာမိတ်တွေအတွက်ပါ စိတ်ရှုပ်စရာဖြစ်နေမှာပေါ့။"

ဒါပေမဲ့ ဖရာလီတာက အဲဒီစကားကိုပြောနေရင်း တစ်ဝက်မှာတင်ရပ်လိုက်ပြီး မက်ဒါနာကို ပြန်မေးလိုက်တယ်။

"ဒါပေမဲ့ အတွင်းကိုငါတို့တစ်ယောက်ယောက်လွှတ်ပြီး စုံစမ်းခိုင်းရင်တောင် သူက ငါတို့ကိုအခြေအနေပြန်သတင်းမပို့နိုင်တဲ့အတွက် အလကားပဲဖြစ်နေဦးမှာမဟုတ်လား။"

"......"

၄။

အဖြူရောင်အလင်းမှုန်တွေ ဖြာထွက်နေတဲ့ တောင်ပံကို တပ်ဆင်ထားတဲ့ အသုံးမကျတဲ့ အိမ်စေမလေးက မြူတောထဲကို စတင်တိုးဝင်လာတယ်။ လက်ထဲမှာတော့ ဒရုန်းငယ်လေးတွေပါတဲ့ သေတ္တာတစ််ခု။

ခါးမှာတော့ သင်္ဘောသုံးကြိုးကြီးတစ်ချောင်း ချည်ထားပါတယ်။ ဒါမှလည်း ပြင်ပလောကနဲ့ ဆက်သွယ်လို့ရမှာကိုး။

မက်ဒါနာရဲ့အကြံက... "ဒေါက်တာမြူရဲ့မြူတွေက ရေဒီယိုလှိုင်းအပါအဝင် တခြားဆက်သွယ်ရေးနည်းတိုင်းကို ဖြတ်ချနိုင်တယ်။ အကောင်းဆုံးကတော့ လျှပ်စစ်မသုံးရတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေကို အသုံးပြုဖို့ပဲ။"

ဒီအကြံက နည်းနည်းခေတ်နောက်ကျပေမဲ့ တကယ်အလုပ်ဖြစ်နိုင်တဲ့အရာတစ်ခုပါ။ ပြောရမယ်ဆိုရင် သူတို့မှာလည်း တခြားနည်းလမ်းတွေ တွေးမရတော့ဘူး။ ပြီးတော့ တွေးနေဖို့လည်း အချိန်မရပါဘူး။

ဒေါက်တာမြူက တိုက်စစ်စွမ်းအားမည်မည်ရရမရှိပေမဲ့ အရိပ်သခင်ကတော့ ခေါင်းကိုက်စရာမြူတန့်စွမ်းအားရှိပါတယ်။ အထဲမှာရှိနေတဲ့ S အဆင့်ဟီးရိုးတွေအတွက် အသက်အန္တရာယ်ရှိနေပြီး အချိန်မီအကူလွှတ်ဖို့လိုတယ်။

S rank တွေက နိုင်ငံတိုင်းအတွက်အရေးကြီးတဲ့ အင်အားပြယုဂ်တွေပါ။ ပိုမိုဆိုးဝါးလာတဲ့ ဗီလိန်တွေရဲ့လှုပ်ရှားမှုကိုတားဆီးဖို့ သူတို့ကိုမှီခိုနေရတာဖြစ်ပြီး တကယ်လို့ လက်ရှိပင်လယ်ထဲမှာအခက်တွေ့နေတဲ့ ဟီးရိုးတွေကိုသာ ဆုံးရှုံးခဲ့ရင် ဟီးရိုးအစည်းအရုံးအနေနဲ့ အဲဒီသက်ရောက်မှုတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။

မက်ဒါနာရဲ့အကြံကိုကြားတော့ ဖရာလီတာက စစချင်း ပြန်တုံပြန်လိုက်တယ်။

"နင်က နင့်ရဲ့အသုံးမကျတဲ့အိမ်ဖော်မကို စာပို့ခိုလိုသုံးမလို့လား။" ဒါပေမဲ့ မက်ဒါနာကတော့ ခေါင်းခါပြတယ်။ မြူတောထဲဝင်ပြီးသွားရင် ပြန်ထွက်ဖို့က တော်တော်ခက်တယ်လေ။ တကယ်တော့ အေမီအနေနဲ့ ဝင်သွားပြီးတာနဲ့ ပြန်ထွက်လာဖို့တောင် သေချာတာမဟုတ်ဘူး။ ဝင်ပြီးတာနဲ့ တစ်စစီဖြစ်ရင်ဖြစ်သွားမှာ။ ဒေါက်တာမြူရဲ့မြူပင်လယ်ကြီးက စတီဖင်ကင်း ကိုးကားမှုကြီးဆိုတော့ စာပို့ခိုလိုမျိုး ဝင်လိုက်ထွက်လိုက်နဲ့ သတင်းပို့လို့မရနိုင်ဘူး။

"နင်သုံးပြည်ထောင်ကားကြည့်ဖူးလား။ ကျူးကဲလျန်က သူ့စစ်တပ်တွေကိုထိန်းချုပ်ဖို့ ဧရာမစက္ကူစွန်ကြီးတွေကို အမိန့်ပေးစနစ်အဖြစ်သုံးခဲ့တာလေ။"

"....." မက်ဒါနာက စရှင်းပြတော့ အကုန်လုံးစိတ်ဝင်တစားနဲ့ ဝင်နားထောင်ကြတယ်။ သုခမိန်ကြီးခုန်းမင်က ပစ္စည်းတွေအများကြီးထွင်ခဲ့တယ်၊ ကျွဲခေါင်းလှည်းပဲဖြစ်ဖြစ် ဗျူဟာတစ်ဆယ့်ခြောက်ချက်ကျမ်းပဲဖြစ်ဖြစ် အကုန်လုံးက နာမည်ကြီးတွေ။

"ဒီတော့ အေမီကိုကြိုးရှည်ရှည်နဲ့ချည်ပြီး မြူတောထဲလွှတ်လိုက်၊ အထဲရောက်မှ သူက ဒရုန်းတွေကိုဖွင့်ပြီး သူ့စနစ်နဲ့ချိတ်မယ်။ မြင်ရသမျှကို ငါတို့ဆီမော့စ်ကုတ်နဲ့ပြန်ပို့ပေးနိုင်မယ်။"

သင်္ဘောပေါ်မှာပါလာတဲ့ ကြိုးအလျားက အကန့်အသတ်ရှိနေပေမဲ့ အတွင်းထဲကိုဝင်ပြီးထောက်လှမ်းဖို့တော့ လုံလောက်နေတုန်းပဲ။ အထူးသဖြင့် အေမီက ဝင်ရုံလေးဝင်ပြီး ဒရုန်းတွေလွှတ်ပေးဖို့ပဲလိုတာ။ ဒီလိုနဲ့မက်ဒါနာရဲ့စက်ရုပ်လူသားစာပို့စွန်ပရောဂျက်ကြီး စတင်ပါလေရောလား။ အေမီကတော့ တညည်းထဲညည်းနေလေရဲ့။

"မမလေးက ရက်စက်လိုက်တာ၊ မြူတောထဲငါ့ကိုဝင်ခိုင်းတယ်။ ဟိုလူဆိုးကောင်တွေနဲ့တွေ့ပြီး တစ်စစီဖြစ်သွားမှာ မစိုးရိမ်ဘူးလားမသိဘူး။"

မြူတောထဲမဝင်ခင်တုန်းကလည်း အေမီမသွားခင်လို့ မက်ဒါနာကိုပြောခဲ့သေးပေမဲ့ ပြန်ရလိုက်တဲ့အဖြေကတော့ "အန္တရာယ်များတယ်ဆိုပေမဲ့ နင်က စက်ရုပ်လေ၊ ပြီးတော့ နင့်ပရိုဂရမ်တွေကို ပန်ဒရာဂွန်စူပါကွန်ပျူတာမှာ back upလုပ်ခိုင်းထားပြီးသား။ တစ်စစီဖြစ်သွားလည်းမပူနဲ့ နင့်ကိုပြန်လုပ်ပေးလို့ရတယ်။"

အေမီတစ်ယောက် အဲဒီစကားတွေကိုစဥ်းစားရင် သူ့မမလေးကို စိတ်ဆိုးလို့သေတော့မယ်။ အေးစက်လိုက်တာ။

"အေမီနဲ့တူတဲ့sex dollတစ်ခုခုထဲ အေမီ့ပရိုဂရမ်တွေထည့်ပေးရုံနဲ့ အေမီဖြစ်မသွားဘူးလေ၊ အေမီအတုကြီးပဲဖြစ်မှာပေါ့။ ဂါး... ငါလည်းစိတ်ခံစားချက်တွေရှိပါတယ်ဟဲ့၊ ငါလူသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ချင်တယ်။"

ရုတ်တရက်ကြီးအေမီတစ်ယောက် UN အစည်းဝေးခန်းထဲ အတင်းဖောက်ဝင်ပြီး လူတူစက်ရုပ်တွေအတွက် လူ့အခွင့်အရေးပေးဖို့ မိန့်ခွန်းပြောချင်လာတယ်။ ပြဿနာက ဟီးရိုးအစည်းအရုံးပေါ်လာပြီးနောက် UNဟာ အာပလာအဖွဲ့ကြီးဖြစ်နေမှန်း လူကုန်သိသွားပြီး အရင်လိုလူယုံကြည်မခံရတော့ဘူး။ ဒီတော့ လူတွေက UNကို စိတ်ထဲထည့်မထားတော့တာကြာပြီ။

အေမီတစ်ယောက် ပင်လယ်ပြင်ပေါ်မှာ ဖြတ်ပျံနေရင်း မြူတောခပ်နက်နက်ထဲရောက်လာတယ်။ ဘာလို့မှန်းမသိပေမဲ့ သူရှိနေတဲ့နေရာမှာ ရေဘဝဲလည်းရှိမနေသလို ဟီးရိုးတွေလည်းရှိမနေဘူး။

ဒီတော့ ခါးကကြိုးကို မော့စ်ကုတ်နဲ့လှုပ်ယမ်းပြီး သင်္ဘောပေါ်ကလူတွေကို အသိပေးလိုက်တယ်။

[အထဲမှာတစ်ယောက်မှရှိမနေဘူး၊ ဒရုန်းတွေကို စတပ်ဖြန့်တော့မယ်။]

မက်ဒါနာတို့လည်း ရောက်လာတဲ့သတင်းကို အဓိပ္ပါယ်ဖော်လိုက်ပြီး အဓိပ္ပါယ်ပါပါနဲ့မြူတောထဲကို ကြည့်လိုက်တယ်။ အတွင်းမှာတိုက်ပွဲဖြစ်နေတာသိသာတယ်။ ဒါပေမဲ့ အေမီရောက်သွားတဲ့နေရာမှာ ဘာမှမရှိဘူး။ ဖြစ်နိုင်တာက ဗလာသက်သက်ဖြစ်နေတဲ့ ဒိုင်မေးရှင်းခွဲတစ်ခုပဲ။

ဖရာလီတာက သတင်းကိုကြားတော့ ကြိုးကိုလှုပ်ပြီး တစ်ဖက်ကို ပြန်သတင်းပို့လိုက်ပါပြီ။ [တခြားဒိုင်မေးရှင်းတစ်ခုကိုမရောက်ခင် အခုရောက်နေတဲ့ဒိုင်မေးရှင်းရဲ့ဧရိယာကိုတိုင်း။]

သူတို့ဒေါက်တာမြူရဲ့စွမ်းအားကို နားလည်ထားသလောက်တော့ ဒေါက်တာမြူက အစစ်အမှန်ကမ္ဘာက ဧရိယာတစ်ခုကိုပုံတူပွားပြီး ဒိုင်မေးရှင်းအတုတွေဖန်တီးနိုင်တယ်။ ဒါပေမဲ့ မြူတန့်တွေမှာစွမ်းအားကန့်သတ်ချက်ရှိတာကြောင့် သူဘယ်လောက်အင်အားရှိရှိ အကန့်အသတ်မဲ့ဒိုင်မေးရှင်းတွေကို မဖန်တီးနိုင်ဘူး၊ ကူးယူနိုင်တဲ့ ဧရိယာပမာဏကလည်း အကန့်အသတ်ရှိမှာပါ။

...

တစ်ဖက်မှာတော့ အေမီက ဒရုန်းတွေအားလုံးကို လွှတ်ချလိုက်ပြီး မြူတွေဖုံးနေတဲ့ပင်လယ်အတွင်း လှည့်ပတ်သွားခိုင်းလိုက်တယ်။ မိနစ်အနည်းငယ်ကြာတော့ တစ်ပတ်ပတ်မိသွားပြီး တချို့ဒရုန်းတွေက တခြားဒိုင်မေးရှင်းတွေထဲ ဝင်ရောက်ကုန်တယ်။

ဒီတော့ အေမီလည်းသူ့ခါးကကြိုးကို လက်နဲ့ကိုင်လိုက်ပြီး ပြန်သတင်းပို့တယ်။ [ရေမိုင်တစ်မိုင်ပတ်လည်၊ အထက်ကောင်းကင်ပေါ်ကို တစ်မိုင်တိတိတက်သွားတာပဲဖြစ်ဖြစ် ရေအောက်ကို တစ်မိုင်အနက်ထိဆင်းသွားတာပဲဖြစ်ဖြစ် မတူညီတဲ့ဒိုင်မေးရှင်းထဲရောက်သွားတယ်။ ကောင်းကင်အထက်မှာ တခြားဒိုင်မေးရှင်းရဲ့ရေပြင်ရှိတယ်၊ ရေအောက်တစ်မိုင်ကိုဆက်ဆင်းသွားရင် တခြားဒိုင်မေးရှင်းရဲ့ကောင်းကင်ကိုပေါက်တယ်။ ဒိုင်မေးရှင်းစုစုပေါင်းရှစ်ခုရှာတွေ့ထားတယ်။ ကြိုးရှိနေတဲ့နေရာကိုဝင်သွားရင်လည်း တခြားဒိုင်မေးရှင်းထဲရောက်သွားတယ်။]

ဖရာလီတာက မက်ဒါနာကို တစ်ချက်ကြည့်လိုက်ပြီး သူယူဆထားတဲ့သီအိုရီကို ထုတ်ပြောလာတယ်။ "အတွင်းထဲမှာ အချင်းချင်းအပြန်အလှန်ချိတ်ဆက်နေတဲ့ ဒိုင်မေးရှင်းရှစ်ခုရှိတယ်၊ ကြည့်ရတာ အေမီအနေနဲ့ သူ့ဘာသာသူ ပြန်ထွက်လာလို့မရတော့ဘူး။ ဒါပေမဲ့ပြင်ပကမ္ဘာနဲ့ဆက်သွယ်ထားတဲ့ကြိုးကတော့ သုံးလို့ရနေတုန်းပဲ။ ဒီတော့ သူ့ကိုငါတို့အချိန်မရွေး ဆွဲထုတ်ပေးလို့ရတယ်၊ ဒါပေမဲ့ သူ့ဘာသာထွက်လာလို့မရနိုင်ဘူး။"

မက်ဒါနာမှာလည်း သူ့ကိုယ်တိုင်သီအိုရီတစ်ခုရှိနေပါတယ်။ "ဒါက သေတ္တာထဲကကြောင် ဝိရောဓိနဲ့တူတယ်။ လူတစ်ယောက်က မြူတောထဲဝင်သွားရင် အစစ်အမှန်ကမ္ဘာနဲ့အဆက်အသွယ်ပြတ်သွားပြီး အတုအယောင်ဖန်တီးထားတဲ့ ဒိုင်မေးရှင်းတွေထဲ ကျရောက်သွားမယ်။ ဒါပေမဲ့ ခါးမှာကြိုးချည်ထားလိုက်တော့ ကြိုးတစ်ဖက်စွန်းက သူနဲ့အတူဒိုင်မေးရှင်းအတုထဲမှာရှိနေပေမဲ့ အခြားတစ်ဖက်စွန်းကတော့ အစစ်အမှန်ကမ္ဘာမှာ။ ဒီတော့ ကြိုးက ဒိုင်မေးရှင်းအတုထဲမှာရှိနေသလို အစစ်အမှန်လောကထဲမှာလည်း စင်ပြိုင်တည်ရှိသွားတယ်။"

"ပြောရရင် အဲဒီကြောင်က သေတာလားမသေတာလား။"

"သေလည်းမသေ ရှင်လည်းမရှင်ဘူး..."

မက်ဒါနာက သူ့စကားကို အဆုံးသတ်လိုက်ရင်း သင်္ဘောကပ္ပတိန်ကို လှည့်ကြည့်ကာ မေးလိုက်တယ်။ "ကပ္ပတိန်၊ ကြိုးတွေရှိသေးတယ်မလား။"

"ဟုတ်ကဲ့၊ ကျွန်တော်တို့သင်္ဘောပေါ်မှာ ကြိုးအရှည်တွေက အမြဲလိုအပ်နေတာမလို့ အပိုအများကြီးဆောင်ထားပါတယ်။"

မက်ဒါနာက ကျန်နှစ်ယောက်ဖက်ကိုလှည့်လိုက်ပြီး ပြောလိုက်ပါတယ်။ "ငါတို့တွေမှာ မြူတောထဲကို စိတ်ချလက်ချဝင်ဖို့အတွက် နည်းလမ်းရှိလာပြီ။ ငါတို့နဲ့သင်္ဘောကို ကြိုးနဲ့ချည်ပြီးဆက်သွယ်ထားဖို့ပဲ။ လူမကွဲအောင် အချင်းချင်းလည်း ကြိုးနဲ့သွယ်ထားသင့်တယ်။"

အားလုံးခေါင်းညိတ်ကြတယ်။ နောက်တစ်ခဏမှာတော့ အားလုံးအတူလိုက်ဝင်ဖို့ အသင့်ဖြစ်နေကြပါပြီ။ ဒါပေမဲ့ အလုပ်ရှုပ်နေတာနဲ့ ကြိုးကဆက်ပို့နေတဲ့ မော့စ်ကုတ်တွေကိုဘာသာမပြန်ဖြစ်တော့ အေမီဒုက္ခရောက်နေပြီမှန်း မသိလိုက်ကြဘူး။

အချိန်အတော်ကြာ ခက်ခက်ခဲခဲအပြင်ကမ္ဘာကို ဆက်သွယ်နေပေမဲ့ အကြောင်းပြန်တာမကြားရတဲ့အတွက် အေမီသက်ပြင်းချလိုက်တယ်။

"မမလေး... ကျွန်မတော့ ဟိုရွံစရာဟန်သိုင်းကားတွေထဲကလို ဖြစ်တော့မယ်နဲ့တူပါရဲ့။" လက်ထဲမှာ ကျည်ကုန်နေတဲ့ ရိုင်ဖယ်သေနတ်ကြီးကိုင်ထားရင်း အေမီစိတ်ပျက်လက်ပျက်ပြောလိုက်မိတယ်။

ဒီလောက်များတဲ့ဒရုန်းတွေကို ဒိုင်မေးရှင်းတွေအနှံ ဖြန့်ကျက်ပြီးတဲ့နောက်မှာတော့ ဒေါက်တာမြူသတိမထားမိဘဲ ဘယ်နေပါ့မလဲ။ အခုဆိုရင် ပင်လယ်ထဲကနေ လက်တံရှည်ကြီးတွေ ထိုးထွက်လာပြီး အေမီနားကို ချဥ်းကပ်လာနေပါပြီ။ နောက်ပြီးတော့ ဒေါက်တာမြူလွှတ်လိုက်တဲ့ ရေဘဝဲရုပ်က ဝမ်းသာအားရ ထန်တော့မယ့်ရုပ်ကြီးနဲ့။

....

တောင်ကိုရီးယား၊ ဆိုးလ်။

ဆိုးလ်လို့ပြောလိုက်ပေမဲ့ အရှေ့အာရှက အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်ခဲ့တဲ့ ဒီဒေသကို မြို့လို့ဆက်ခေါ်စရာ အကြောင်းမရှိတော့။

အဆောက်အဦးတွေအကုန်လုံး မြေပေါ်မှာပြားပြားဝပ်နေပြီး မြို့နေပြည်သူများမှာ ဘေးလွှတ်ရာကို အသည်းအသန်ထွက်ပြေးနေရတယ်။

မြို့လယ်ခေါင်မှာတော့ ဧရာမသွေးပိုးအိမ်ကြီးရှိနေပြီး အတွင်းထဲကနေ တစ်ခုခုထွက်လာတော့မလိုမျိုး လှုပ်ရှားနေတယ်။

"မကောင်းတော့ဘူး... ဆိုးတာတစ်ခုခုဖြစ်လာတော့မယ်ထင်တယ်။" အဖြူရောင်ဝတ်စုံပေါ်မှာ ကိုရီးယားအလံပုံထိုးထားတဲ့ စူပါဟီးရိုးဝတ်စုံနဲ့ဗလကြီးက ပြောလိုက်တယ်။

သူက ကိုရီးယားA rankဟီးရိုးတစ်ယောက်ဖြစ်တဲ့ မစ္စတာဘက်ဂျယ်ပါ။ သူ့ဘေးမှာတော့ တစ်ကိုယ်လုံးသွေးတွေနဲ့ရွှဲနေတဲ့ လူကန်ရှိနေတယ်။ ပြီးတော့ ပန်းသီးလေးကလည်း သူ့အနားမှာရပ်နေပြီး သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကို ကုသပေးဖို့ကြိုးစားနေရတယ်။

"လူကန်... ငါတောင်းပန်ပါတယ်၊ ဒါတွေအကုန်လုံး ငါ့ကြောင့်ဖြစ်သွားတာ။" ဖက်တီးဖရန့်က ပြောလိုက်တယ်။ တကယ်လို့ ပန်းသီးလေးသာ အချိန်မီနိုးမလာရင် သူတို့နှစ်ယောက်လုံး ငရဲပြည်ရောက်နေပြီ။

ပန်းသီးလေးနိုးလာလာချင်း Dr.soulရဲ့နှလုံးသားကို ခြေမွပစ်လိုက်နိုင်တယ်။ ဒါပေမဲ့သူတို့ထင်မထားတာက ဒေါက်တာSoulရဲ့ခန္ဓာကိုယ်က ပိုးတုံးလုံးအဖြစ်ကို ချက်ချင်းပြောင်းသွားပြီး သွေးပိုးအိမ်ကြီးတစ်ခုကို တည်ဆောက်ခဲ့တာပါ။

အခုဆိုရင် သွေးကြောတွေက မြို့အနှံကိုပြန့်နှံနေပြီး အသက်ဝင်နေတဲ့တီကောင်တွေလိုမျိုး လှုပ်ရှားသွားလာရင်း မြို့သားတွေရဲ့အသက်သွေးတွေကို စုပ်ယူနေတယ်။ အခုဖြစ်နေတဲ့ကိစ္စက S rank ဗီလိန်တစ်ယောက်ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်ဆိုတာထက်ကို ကျော်လွန်နေခဲ့ပါပြီ။

"အခုဒေါက်တာSoulက အထဲမှာဘာလုပ်နေတယ်လို့ထင်လဲ။" ဖရန့်က မေးလိုက်တယ်။ သူ့မှာလည်း ကြောက်လွန်းလို့ ဒူးတုန်နေပြီ။

လူကန်ကတော့ ခေါင်းခါပြလိုက်တယ်။ အမိန့်တော်အဖွဲ့က မြူတန့်စွမ်းအားတွေကို လေ့လာနေတာကြာပြီဖြစ်ပေမဲ့ ဒီလိုအရာမျိုးကိုတော့ ပထမဆုံးကြုံဖူးတာပါ။

"မသိဘူး... သေချာတာတစ်ခုကတော့ သူမြို့သားတွေရဲ့သွေးကိုစုပ်ပြီး ပိုသန်မာတယ်ဆိုတာပဲ။"

တောင်ကိုရီးယားဟီးရိုးဘက်ဂျယ်ကလည်း ဝင်ပြောလိုက်တယ်။ "အခုငါတို့ဆိုးလ်အစည်းအရုံးက မြို့သားတွေကို ရွှေ့ပြောင်းပေးနေပေမဲ့ တစ်နာရီအတွင်းမှာတင် လူငါးထောင်လောက်သေကုန်ပြီ။ အခုလည်း သေဆုံးနှုန်းက မြင့်လာနေတုန်းပဲ။ အကူအညီတောင်းလို့မရရင် ပိုဆိုးလာလိမ့်မယ်။ အထဲကနေ ဘာထွက်လာမလဲငါတို့မသိနိုင်ဘူး။"

ဖရန့်က မနေနိုင်ဘဲ ဝင်ပြောလိုက်တယ်။ "ဒါဖြင့်မင်းက ဘာလို့အကူအညီမတောင်းဘဲ ရပ်ကြည့်နေရတာတုန်း။ တိုကျိုအစည်းအရုံးဖြစ်ဖြစ်၊ ဘေကျင်းအစည်းအရုံးဖြစ်ဖြစ် ဆက်သွယ်လေကွာ။"

ဒါပေမဲ့ဘက်ဂျယ်ကတော့ စိတ်ညစ်ညစ်နဲ့ပြန်ဖြေလိုက်တယ်။ "ငါအကူတောင်းဖို့ကြိုးစားပေမဲ့ ကိုရီးယားအစိုးရက ခွင့်မပြုဘူးလေ။ သူတို့တွေက ဒီမှာအခြေစိုက်တဲ့ အမေရိကန်စစ်တပ်နဲ့ပဲ ဖြေရှင်းလို့ရမယ်ထင်နေတာ။ ဂျပန်ပဲဖြစ်ဖြစ် တရုတ်ပဲဖြစ်ဖြစ် သူတို့တွေက ငါတို့ကိုရီးယားနဲ့ရန်ကြွေးရှိဖူးတော့ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားတွေက အကူအညီမတောင်းချင်ကြဘူး။ သူတို့ဘာသာပဲဖြေရှင်းချင်နေကြတာ။"

ခဏကြာပြီးနောက် ကိုရီးယားကျွန်းဆွယ်အခြေစိုက် အမေရိကန်စစ်စခန်းက လေယာဥ်အုပ်ရောက်လာပြီး သွေးပိုးအိမ်ကြီးကို ဗုံးကျဲတယ်။ နည်းနည်းပါးပါးထိခိုက်သွားပေမဲ့ သိပ်မကြာခင်မှာပဲ သွေးကြောတွေအသက်ဝင်လာပြီး ကောင်းကင်ပေါ်က လေယာဥ်ပျံတွေကို မြန်ဆန်တဲ့နှုန်းနဲ့ဖျက်ဆီးပစ်လိုက်တယ်။

"ကြည့်ရတာ သူတို့အားကိုးနေတဲ့ အကောင်ကြီးကြီးတွေက မသုံးမရတဲ့ပုံပဲ၊ ငါထပ်ပြီးကြိုးစားကြည့်လိုက်ဦးမယ်။" မစ္စတာဘက်ဂျယ်က ပြောပြောဆိုဆိုနဲ့ သူတို့နားကနေထွက်သွားပြီး အစိုးရနဲ့ထပ်ညှိနှိုင်းဖို့လုပ်တယ်။

လူကန်တို့နှစ်ယောက် သွေးပိုးအိမ်ကြီးကို စိတ်ပျက်စွာနဲ့ကြည့်နေတုန်း ပန်းသီးလေးက သတိဝင်လာဟန်နဲ့ သူတို့နှစ်ယောက်ကို သတိပေးလိုက်တယ်။ အစတုန်းကတော့ ပန်းသီးလေးက သွေးပိုးအိမ်ကြီးကို မျက်လုံးကြောင်လေးတွေနဲ့ကြည့်ပြီး ထိုင်စဥ်းစားနေခဲ့တာလေ။

"အာ... ပန်းသီးလေးဒီမှာဘာဖြစ်နေလဲဆိုတာသိပြီ။" ပန်းသီးလေးက သူ့ကိုယ်သူတတိယလူတစ်ယောက်လို ညွန်းဆိုပြောလိုက်ရင်း ဧရာမငှက်သိုက်မုန့်လိုဖြစ်နေတဲ့ သွေးပိုးအိမ်ကြီးကို လက်ညိုးထိုးပြလိုက်တယ်။

"အဲဒီမိစ္ဆာက အဆင့်တက်နေတာ၊ ဆင့်ကဲပြောင်းလဲဖို့အတွက် လိုအပ်တဲ့စွမ်းအင်တွေကို မြို့သားတွေဆီက စုပ်ယူဖို့ကြိုးစားနေတာ။"

"ဘာ... ပန်းသီးလေး... နင်သူ့နှလုံးကို ဖျက်ဆီးလိုက်ပြီမဟုတ်ဘူးလား... သူကဘာလို့မသေဘဲ ပိုစွမ်းလာရတာတုန်း။"

ဖရန့်က မေးလိုက်ပေမဲ့ ပန်းသီးလေးမှာအဖြေရှိတဲ့ပုံမပေါ်ဘူး။ ခဏနေတော့ မြေကြီးတွေက ငလျှင်လှုပ်သလိုလှုပ်လာပြီး လမ်းမကြီးတွေအက်ကွဲကုန်တယ်။ အက်ကွဲကြောင်းတွေထဲကနေ သွေးကြောရှင်တွေထွက်လာပြီး ထွက်ပြေးနေတဲ့လူတော်တော်များများကို ဖမ်းယူသွေးစုပ်ပစ်တယ်။

သူတို့မျက်စိရှေ့မှာတင် လူလေးငါးဆယ်နီးပါးသေကုန်ပြီ။ ဆိုးလ်ဟီးရိုးအများစုလည်းရှိနေပေမဲ့ သူတို့လည်း လူတိုင်းကိုမကယ်နိုင်ကြဘူး။ တစ်မြို့လုံးပေါင်းရင် လူတစ်သောင်းလောက်တောင် သေကုန်မလားပဲ။ သူတို့မြင်နေရတဲ့ အဓိကလမ်းမကြီးတစ်ခုတည်းမှာတင် လူထောင်ချီပြေးလွှားနေရပြီး စက္ကန့်တိုင်းမှာအများကြီးသေနေကြတာ။ အခုကိစ္စက တိုကျိုပြဿနာထက်သိသိသာသာပိုဆိုးသလို ဆိုးလ်လူဦးရေက ထူထပ်တာကြောင့် အချိန်မီမရွေ့ပြောင်းနိုင်ရင် သိန်းသန်းချီပြီးပါ သေနိုင်တဲ့အန္တရာယ်မျိုးရှိနေတယ်။

ပန်းသီးလေးက ရုတ်တရက်ဆက်ပြောလာတယ်။ "ထူးဆန်းတယ်... ဒီလိုကိစ္စတွေက ရင်းနှီးသလိုခံစားရပေမဲ့ အတိအကျမဟုတ်ပြန်ဘူး။ ပန်းသီးလေးနားမလည်တော့ဘူး။ ဒါပေမဲ့အထဲက အကောင်ကြီးက လူမဟုတ်တော့တာတော့သေချာတယ်။ လူက သေပြီးအသိစိတ်မရှိတော့ဘူး။"

"သွေးအမျိုးအစားမြူတန့်တစ်ယောက်က သေပြီးတော့ ဘာမှန်းမသိရတဲ့မွန်းစတားတစ်ကောင်အဖြစ် ပြောင်းလဲသွားတာလား။ သူ့ရဲ့မြူတန့်စွမ်းအားကိုက ပုံမှန်မဟုတ်တာလား တခြားအကြောင်းကြောင့်လားပဲ။"

ဒါပေမဲ့ သူတို့တွေမှာ အသေးစိတ်ထိုင်စဥ်းစားနေဖို့ အချိန်မရှိပါဘူး။ စက္ကန့်တိုင်းလူရာနဲ့ချီသေဆုံးနေပြီး သူတို့မျက်စိရှေ့မှာတင် အဆင့်နိမ့်ဟီးရိုးတချို့ကျဆုံးသွားတာ မြင်နေရတယ်။ အဆင့်မြင့်ဟီးရိုးဆိုလို့ ဒီမှာသူတို့တွေပါရှိတာပါ။ စွမ်းအားကွာခြားချက်ကြီးလို့ အနိုင်မရနိုင်ဘူးဆိုရင်တောင် အကောင်းဆုံးကြိုးစားရမှာပါ။

ဘာကြောင့်ဒီလိုဖြစ်လာရတာလဲဆိုတာသိဖို့ တိုက်ပွဲပြီးမှသုတေသနလုပ်ပြီး အဖြေထုတ်ရမှာပါ။ လောလောဆယ်တော့ တိုက်ခိုက်ရမယ်။

"ပန်းသီးလေး... မင်းသူ့ကိုနိုင်အောင်တိုက်နိုင်လား။"

"အထဲကအကောင်ကြီးထွက်လာရင်တော့ ပန်းသီးလေးနိုင်မှာမဟုတ်ဘူး။ လောလောဆယ်တော့ ယှဥ်နိုင်မယ်။"

ပန်းသီးလေးက ပြောလိုက်ရင်း မြေပြင်ကိုလက်နဲ့ထိလိုက်တယ်။ အညိုရောင်သစ်နွယ်တွေက မြေပြင်ကနေ ထိုးထွက်လာပြီး သူ့ရဲ့အစိမ်းရောင်ဆံပင်တွေကလည်း လေထဲလွင့်ပျံလာတယ်။ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပါပြီ။

လူကန်ကလည်း သူ့ဓားကျိုးကို ထုတ်လိုက်တယ်။ ကြည့်ရတာ ရွေးချယ်စရာမရှိတော့တဲ့ပုံပဲ။ ဓားမောင်နှံလည်းထွက်လာပြီး သူ့ကိုသတိပေးလိုက်တယ်။

"သားလေး... မင်းအဲဒါကိုသုံးတော့မလို့လား။"

"တစ်ပြိုင်နက်တည်း စွမ်းအားတွေအများကြီးသုံးရင် သေသွားနိုင်တယ်နော်။"

ဒါပေမဲ့ လူကန်က ဆုံးဖြတ်ချက်ချပြီးနေပါပြီ။ သူ့ကျောနောက်မှာ ရာဇဝင်ဓားကိုးလက်လုံးရဲ့အရိပ်တွေ ထွက်ပေါ်လာတယ်။

"Ultimate Skill: ဓားကိုးလက်အရှင်သခင်ပေါ်ထွက်လာခြင်း။"

ရွှေရောင်အလင်းတန်းတွေက လူကန်ရဲ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတယ်။ သူ့လက်ထဲက ဇက်သတ္တုဓားဟာ ရာဇဝင်ဓားတွေအဖြစ် ပြောင်းလဲသွားတဲ့နည်းလမ်းအတိုင်းပဲ သူ့သာမန်အဝတ်အစားတွေကလည်း ရှေးဟောင်းကြေးညိုရောင်ချပ်ဝတ်အဖြစ်ကို ပြောင်းသွားခဲ့ပါပြီ။

လူကန်ရဲ့နဖူးပေါ်မှာလည်း သံလွင်ခတ်သဏ္ဍာန်သရဖူပေါ်လာတယ်။ သူ့ကျောနောက်မှာတော့ မိုယဲ့နဲ့ကျင့်ကန်းနှစ်ယောက်အပါအဝင် ရာဇဝင်ဓားကိုးလက်လုံးက မျောလွင့်နေကြတယ်။

ဒါပေမဲ့ အဲဒီဓားတွေက အချိန်မရွေးပျောက်ကွယ်တော့မလိုဖြစ်နေပြီး အဓိကအကြောင်းအရင်းက စွမ်းအားမလုံလောက်လို့ပါ။

"ဟေး... မင်းက အတည်ကြီးကိုင်တော့မှာလား။" ဖရန့်လည်း အံ့ဩသွားပြီးပြောလိုက်တယ်။ လူကန်မှာ ဒီဓားကိုးလက်လုံးကို တစ်ပြိုင်တည်းဆွဲထုတ်နိုင်စွမ်းရှိပေမဲ့ စွမ်းအားမလုံလောက်တာကြောင့် မသုံးတာကြာပါပြီ။ အများဆုံး ဓားနှစ်လက်ကိုတစ်ပြိုင်နက်ဆင့်ခေါ်ရင်တောင် တစ်ခဏပဲသုံးနိုင်တာမျိုးပါ။ ဒီတော့ အခုလိုလုပ်တာ အလကားအပင်ပန်းခံနေသလိုမဖြစ်ဘူးလား။ မိနစ်ဝက်အတွင်း ပြန်ပျောက်သွားမှာပဲကို။

ဒါပေမဲ့လူကန်က သူ့ဘောင်းဘီအိတ်ထဲကနေ ဘူးလေးတစ်ခုထုတ်လိုက်တယ်။

"ငါ့မှာပိုင်ရှင်မဲ့ သလင်းကျောက်တစ်ခုရှိသေးတယ်၊ အဆင့်နိမ့်ပြီး အားနည်းပေမဲ့ ငါးမိနစ်ဆယ်မိနစ်တော့ သုံးလို့ရမှာပါ။"

ကိုယ်ပိုင်စွမ်းအင်မလုံလောက်တဲ့နောက်တော့ လူကန်ရဲ့အကြံက သလင်းကျောက်တွေရဲ့စွမ်းအင်ကို ငှားသုံးဖို့ပါ။ ဒီနည်းကို သူတစ်ယောက်တည်းသုံးဖူးတာမဟုတ်ဘူး။ အရင့်အရင်ကတည်းက တခြားဗီလိန်တွေဟီးရိုးတွေလည်း သုံးခဲ့ဖူးပြီး ဖြုန်းတီးရာကျလွန်းလို့သာ တော်ရုံတန်ရုံမလုပ်ကြတာ။ မြူတန့်သိပ္ပံကလည်း သလင်းကျောက်ကြီးတွေကို စွမ်းအင်အရင်းအမြစ်အဖြစ် သုံးဖို့ လုပ်ဆောင်နေတယ်မဟုတ်လား။

လူကန်က သလင်းကျောက်ကို ရှေးဟောင်းချပ်ဝတ်ရဲ့ရင်ဝနေရာမှာ ထိုးစိုက်လိုက်တယ်။ နာကျင်မှုကြောင့် အော်ဟစ်လိုက်မိပေမဲ့ သူ့ကျောနောက်က ဓားကိုးလက်ဟာ ပြန်လည်ထင်ရှားလာပါတယ်။

ဖရန့်လည်း အတည်လုပ်တော့မယ့်လူကန်ကိုကြည့်ကာ သက်ပြင်းချလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်က ကြွက်သားတွေကို တောင့်တင်းအောင်လုပ်လိုက်ပါပြီ။

"မင်းက တက်ကြွနေမှတော့ ငါလည်းနောက်မှာကျန်ခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ။"

၅။

အချင်းချင်း တောင်တက်ကြိုးတွေနဲ့ ချည်ထားပြီးတဲ့နောက် ဥစာကီ၊ မက်ဒါနာနဲ့ ဖရာလီတာတို့ ပါဝင်တဲ့အဖွဲ့က မြူပင်လယ်ထဲကို ဝင်လာကြတယ်။

မက်ဒါနာရဲ့လက်ရှိငွေရောင်စစ်သည်ဗားရှင်း ပျံသန်းနိုင်တဲ့စနစ်မပါဘူး။ ဒါကြောင့် ရေတပ်ကနေ စစ်သုံးဟော့ပါယာဥ်တစ်စီးငှားလာတယ်။ လူနှစ်ယောက်စီးနိုင်ပြီး တော်တော်လေးအဆင်ပြေတယ်။ ခွေးကြီးစေဘာစတိန်းလည်း အဲဒီယာဥ်ပေါ်မှာ။ ဥစာကီကတော့ သူ့ရဲ့သိုင်းပညာနဲ့ပျံသန်းနိုင်ပေမဲ့ သက်လုံခြွေတာဖို့အတွက် သူလည်းဟော့ပါယာဥ်မှာရှိနေပါတယ်။

အယ်လိုဟင်နဲ့ဒရုန်းဇုန်အတွက်လည်း ဟော့ပါတစ်စီးရှိနေပြီး သူတို့တွေက မက်ဒါနာတို့ကိုတချို့ကိစ္စတွေမှာ ကူညီပေးဖို့လိုက်လာတာပါ။

ဥစာကီကလည်း S rankဆိုပေမဲ့ အိခဲဒတို့ရောက်နေတဲ့ အဆင့်မျိုးမှာမရှိသေးပါဘူး။ အိခဲဒနဲ့ယှဥ်ရင် အဆင့်သေးတစ်ခုစာလောက် လိုနေပါသေးတယ်။

"တောင်တက်ကြိုးတွေက အလျားအကန့်အသတ်ရှိတယ်။ အတွင်းထဲမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ ဖြုတ်ပစ်မှရမယ်။"

ဖရာလီတာက မြူပင်လယ်ထဲက အခြေအနေကိုကြည့်ရင်း အားလုံးကိုပြောလိုက်တယ်။ အခုပင်လယ်ထဲမှာ ရေဘဝဲတစ်ကောင်မှမတွေ့ရသေးဘူး။ ဒီတော့တစ်ခဏတာ သူတို့အန္တရာယ်ကင်းနေတယ်။ ဒေါက်တာမြူက သူတို့ကိုတိုက်ခိုက်ဖို့အတွက် အသင့်မပြင်ရလောက်သေးဘူး။

မက်ဒါနာလည်း သူတို့ခါးမှာချည်ထားတဲ့ တောင်တက်ကြိုးတွေကို ဖြုတ်ပစ်လိုက်တယ်။ အေမီရဲ့နောက်ဆုံးသတင်းပေးပို့ချက်အရ ဒီမြူတောထဲမှာက အရင်မြူနယ်မြေထဲမှာလိုမျိုး နည်းနည်းလောက်ဝေးသွားတာနဲ့ လူကွဲသွားတာမျိုးမဖြစ်နိုင်ပါဘူး။ နယ်မြေကျယ်ကြီးတွေကို ဖန်တီးထားတဲ့အတွက်ကြောင့် ဒိုင်မေးရှင်းအတုအချင်းချင်းချိတ်ဆက်နေတဲ့ ပမာဏကလည်း လျော့ကျသွားတဲ့ပုံပဲ။

အနီးစပ်ဆုံးဥပမာပေးရရင် သင့်လက်ထဲမှာ ဒိုးဆက်တုံးတစ်ရာရှိတယ်ထား၊ တစ်ပေပတ်လည်အတွင်းမှာ ဒိုးဆက်ပြားတစ်ရာကို ချထားကောင်းချထားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပေတစ်ရာဆိုရင်တော့ ဒိုးဆက်ပမာဏက တစ်ပေမှာ တစ်ခုပဲရှိတော့မယ်။

ဒီလောက်ကျယ်တဲ့ဒိုင်မေးရှင်းအတုကြီးကိုဖန်တီးဖို့ ဒေါက်တာမြူက အားအများကြီးသုံးထားပြီးပါပြီ။ အေမီသတင်းပို့ချက်အရ အနည်းဆုံးဒိုင်မေးရှင်းရှစ်ခုရှိနေပြီး တစ်မိုင်ပတ်လည်ဒိုင်မေးရှင်းရှစ်ခုက S rank Supporterတစ်ယောက်ကို အင်မတန်အားအင်ကုန်ခမ်းစေမှာ သေချာပါတယ်။

"ငါတို့တွေ အချင်းချင်းချိတ်ထားတဲ့ကြိုးတွေကို ဖြတ်ချလိုက်တာက အဓိပ္ပါယ်ရှိပေမဲ့ အပြင်ပြန်ထွက်ဖို့အတွက် ပင်မကြိုးကိုတော့ အဆက်အသွယ်မပြတ်အောင် တစ်ယောက်ယောက်စောင့်ဖို့လိုလိမ့်မယ်။"

မက်ဒါနာက သတိပေးလိုက်တယ်။ သူတို့အချင်းချင်း ချည်ထားတယ်ဆိုတာက ဝင်လာလာချင်း ဒိုင်မေးရှင်းမကွဲအောင်သာဖြစ်ပေမဲ့ ပင်မကြိုးကတော့ ပင်မကမ္ဘာနဲ့အဆက်အသွယ်မပြတ်အောင်လုပ်ဖို့ အရေးကြီးပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မက်ဒါနာမှာစိုးရိမ်ပူပန်မှုတွေ ရှိနေပါသေးတယ်။ အထူးသဖြင့် S rank သုံးယောက်လုံး ဒုက္ခရောက်နေတဲ့နေရာကို သွားကူညီဖို့အတွက် ဥစာကီ၊ မက်ဒါနာနဲ့ဖရာလီတာတို့သုံးဦးလုံးရဲ့စွမ်းအားကို လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အရာမရောက်ဘဲ ဒုက္ခသည်တွေသာ တိုးလာပါလိမ့်မယ်။

ဒါကြောင့်ပင်မကြိုးကိုစောင့်ကြည့်ရမယ့်တာဝန်က ဒရုန်းဇုန်နဲ့အယ်လိုဟင်လို B rankတွေအပေါ် ကျရောက်လာတယ်။ ပြဿနာက S rankဗီလိန်တွေသာ သူတို့ကိုချောင်းတိုက်ရင် တစ်ခါတည်းရှုံးသွားမှာဖြစ်ပြီး မက်ဒါနာတို့အကုန်လုံး ပြန်ထွက်နိုင်တော့မှာမဟုတ်ဘူး။

"ပထမဆုံး အေမီကိုရှာရအောင်၊ အယ်လိုဟင်မှာ ဝတ်စုံအသစ်ရှိတယ်။"

ဖရာလီတာက ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောလိုက်သလို အယ်လိုဟင်ကလည်း ခေါင်းညိတ်လိုက်လေရဲ့။ ဒီရက်တွေမှာ မက်ဒါနာတစ်ယောက်တည်း အပင်ပန်းခံပြီး တီထွင်မှုတွေလုပ်နေတာမဟုတ်ပါဘူး။ ဖရာလီတာကလည်း အများကြီးတီထွင်ထားသေးတယ်။

အယ်လိုဟင်က သူအသစ်ဝတ်ထားတဲ့ဝတ်စုံပါဝါကို ဖွင့်လိုက်တယ်။ အနက်ရောင်ချပ်ဝတ်ပေါ်မှာ အဖြူရောင်အလင်းတန်းတွေက နီယွန်မီးတွေလိုမျိုးလင်းလာတယ်။

"ငါတို့နှစ်ယောက်ပေါင်းပြီး သုတေသနလုပ်ထားတဲ့ အလင်းဒြပ်စင်က တော်တော်လေးခရီးပေါက်နေပြီးသား။ ဒါကလည်း နင်အေမီကိုပေးလိုက်တဲ့ အတောင်လိုပဲစမ်းသပ်ဗားရှင်းဆိုပေမဲ့ A rank တိုက်ခိုက်နိုင်စွမ်းဖို့ ထုတ်ဖော်ဖို့အဆင်ပြေတယ်။"

မက်ဒါနာလည်းခေါင်းညိတ်လိုက်တယ်။ ဒီလောက်ဆိုရင် အယ်လိုဟင်တို့တွေ ချက်ချင်းကြီးမရှုံးနိုင်ဘူးမလား။ S rank ဗီလိန်တွေကလည်း နဂိုရှိနေပြီးသား S rank ဟီးရိုးတွေကို ရင်ဆိုင်နေရလောက်တဲ့အတွက် ချက်ချင်းကြီးရောက်လာဦးမှာမဟုတ်ဘူး။ သူတို့အနေနဲ့ မြန်မြန်လုပ်နိုင်ရင် အဆင်ပြေနိုင်ပါသေးတယ်။

သူတို့နှစ်ယောက်ဆွေးနွေးနေတုန်း ဟော်ပါပေါ်ကနေ ဥစာကီဆင်းသွားပြီး လှိုင်းထန်နေတဲ့ ပင်လယ်ရေမျက်နှာပြင်ပေါ်ကို ခြေဖျားထောက်ဆင်းလိုက်တယ်။ ရေမျက်နှာပြင်မှာ နည်းနည်းလေးဂယက်ထသွားပေမဲ့ မသိသာဘူး။ ဥစာကီရဲ့အဆင့်နဲ့က ဒီလိုလုပ်ဖို့အဆင်ပြေပါတယ်။ အိခဲဒဆိုရင် အသံမြန်နှုန်းနဲ့ လေထဲပျံဝဲနေပြီလေ။

ဥစာကီက ခါးကိုကိုင်းလိုက်ပြီး ပင်လယ်ထဲကနေ တစ်စုံတစ်ခုကို ကောက်ယူလိုက်တယ်။ မက်ဒါနာလည်း သူ့ဟော်ပါယာဥ်ကို ဥစာကီနဲ့တန်းတူဖြစ်တဲ့အထိ နိမ့်ဆင်းခိုင်းလိုက်ပြီး သူကောက်ယူလိုက်တဲ့အရာကို သေချာသွားကြည့်ပါတယ်။

တွန့်လိမ်ကျိုးပဲ့နေတဲ့ လူသားတစ်ယောက်ရဲ့ လက်မောင်းပြတ်တစ်ခုပါ။ တိခနဲပြတ်နေတာမဟုတ်ဘဲ အားနဲ့အတင်းဆွဲဖြုတ်ခံထားရသလိုပဲ။

"လက်မောင်းပေါ်မှာ စုပ်ခွက်ရာကြီးတွေရှိနေတယ်။ သေချာပေါက် ဒေါက်တာမြူရဲ့ရေဘဝဲလက်ချက်ပဲ၊ ဘယ်သူ့လက်လဲတော့ ငါလည်းမသိဘူး။" ဥစာကီက ပြောလိုက်ပေမဲ့ မက်ဒါနာခေါင်းထဲမှာတော့ အဖြေပေါ်ပြီးသား။

တကယ်တော့ အစ်မကြီးဝတ်စုံစနစ်ကို မေးလိုက်ရုံပါ။

"အဲဒီလက်မောင်းက လေအစွမ်းရှိတဲ့မြူတန့်ဟာ၊ ဖြစ်နိုင်တာက တစ္ဆေမျက်နှာဖုံးပဲ။ သူ့အခြေအနေက မကောင်းတဲ့ပုံပဲ။"

ဖရာလီတာကလည်း ပတ်ဝန်းကျင်ကိုကြည့်ရင်း ပြောလိုက်တယ်။ "ဒီနေရာမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်ထင်တယ်၊ အခုလောက်ဆို သူရေဘဝဲဗိုက်ထဲရောက်သွားလောက်ပြီ။"

မြူတောထဲဝင်လာတဲ့ အဖွဲ့သားအားလုံး ကျောချမ်းလာကြတယ်။ သူတို့က အတွင်းမှာပိတ်မိနေတဲ့အဖွဲ့သားတွေကို ကူညီပေးဖို့လာတာဆိုပေမဲ့ ဒေါက်တာမြူရဲ့ရေဘဝဲကို ပင်လယ်ထဲမှာ တစ်ယောက်ချင်းယှဥ်နိုင်တဲ့သူမရှိပါဘူး။ အရိပ်သခင်ပါ ဒီမှာရှိနေတော့ အခြေအနေက အကုန်လုံးပိုဆိုးကုန်ပါတယ်။

"ဖြစ်နိုင်သမျှ ငါတို့တွေပင်လယ်ရေမျက်နှာပြင်နဲ့ ဝေးဝေးမှာနေသင့်တယ်။ ပြီးတော့ လေထဲမှာဆိုရင်လည်း မြူတွေထူထပ်နေရင် သတိထားရမယ်၊ အရိပ်သခင်ပေါ်လာနိုင်တယ်။"

သူတို့အားလုံး ဘာစကားမှမပြောပေမဲ့ အဲဒီစကားကို တိတ်တဆိတ် သဘောတူလိုက်ကြတယ်။

...

အခြားတစ်ဖက်မှာတော့ ကိုင်းတိုဟာ အာရုံငါးပါးလုံး ဖြတ်တောက်ခံလိုက်ရပါပြီ။ သူ့တစ်ကိုယ်လုံးထုံကျင်နေတာကလွဲလို့ ဘာမှမသိတော့၊ ဘာမှမကြားရတော့ပါ။ စိတ်ကဆောင်နေသေးပေမဲ့ လူသေတစ်ယောက်နဲ့ မခြားတော့ပါဘူး။

"နှုတ်ဆက်ပါတယ်၊ နံပါတ်တစ်ဟီးရိုး။"

ကိုင်းတိုရဲ့လက်တွေခြေတွေကို ရေဘဝဲကြီးကချုပ်နှောင်ထားပြီး အရိပ်သခင်ကတော့ လက်ထဲကဓားနဲ့ ကိုင်းတိုရဲ့ခန္ဓာကိုယ်အနှံအပြားကို ခုတ်ပိုင်းထားတယ်။ အခုက နောက်ဆုံးဓားချက်ပါ။

ဓားဦးက ကိုင်းတိုရဲ့ဘယ်နံရိုးအောက်က အသားထဲဝင်သွားပြီး ထိုမှတစ်ဆင့်နှလုံးထဲကို လျှိုဝင်သွားပါတယ်။ လုက်ကြံသတ်ဖြတ်သူ ဓားသမားစစ်စစ်တွေက နှလုံးကိုထိုးနှက်ဖို့အတွက် နံရိုးရှိတဲ့နေရာကို ဦးစားပေးမထိုးနှက်တတ်ပါဘူး။ အဲဒီအစားနံရိုးအောက်ကနေပဲ လျှိုသွင်းတတ်ကြတယ်။ ဒါမှနှလုံးကိုကာထားတဲ့ နံရိုးကိုဒုက္ခခံပြီး ချိုးဖျက်စရာမလိုတော့မှာပါ။

သွေးတွေပန်းထွက်လာပြီး ခဏကြာတော့ ကိုင်းတိုအသက်ရှူရပ်သွားတယ်။ နှလုံးခုန်သံလည်း မကြားရတော့ဘူး။

အရိပ်သခင်က ဒေါက်တာမြူကိုမော့ကြည့်လိုက်တယ်။ ဒေါက်တာမြူက ရေဘဝဲရဲ့ခေါင်းပေါ်မှာရှိနေပြီး ပြန်ဖြေလိုက်တယ်။

"သူသေပြီလား..."

"သေပြီထင်တာပဲ..." ဒါပေမဲ့ အရိပ်သခင်က စိတ်မချသေးဟန်နဲ့ ကိုင်းတိုရဲ့ဦးနောက်ကိုပါ ထိုးဖောက်ဖို့ပြင်တယ်။

ပြဿနာက အဲဒီအချိန်မှာပဲ သူတို့ရှိနေတဲ့ ပင်လယ်ပြင်တစ်ခွင်လုံး ဆူနာမီရှိသလိုမျိုး လှုပ်ခါလာခဲ့တာပါ။ ပင်လယ်ပြင်တစ်ခုလုံး ဒေါသထွက်နေတဲ့အတိုင်းပဲ။ မိုးကောင်းကင်ကြီးကနေပါ တော်လဲသံတွေထွက်ပေါ်လာပါတယ်။

...

"ဘာတွေဖြစ်နေတာလဲဟ... ကမ္ဘာကြီးပျက်စီးတော့မှာလား။" ဆရာကြောင်က တိုက်ခိုက်နေရင်း ရုတ်တရက်ထွက်ပေါ်လာတဲ့အသံတွေကြောင့် ဖရက်ဂုတ်ပေါ် ခုန်တက်လိုက်တယ်။ လူတစ်ရပ်လောက်ရှိတဲ့ ဧရာမကြောင်ကြီး ရုတ်တရက်ခုန်တက်လာတဲ့အတွက် ဖရက်လဲကျလုမတတ်ဘဲ။

တိုက်ပွဲမှာသေမလိုဖြစ်နေပြီဖြစ်တဲ့ လူငယ်ကတော့ ခဏအသက်ရှူချောင်သွားတယ်။

...

မက်တယ်ပလာဒင်ရုံးခန်းထဲမှာတော့ ဖလေရာနဲ့ဒါရိုက်တာလူကြီးတွေ စကားများနေကြပါတယ်။ ရုတ်တရက် ကောင်းကင်ကနေ အသံကျယ်ကြီးမြည်လာပြီး အထပ်မြင့်တိုက်ကြီးရဲ့မှန်တွေအကုန်လုံးကွဲပြီး လူတွေကိုလာစင်တယ်။

တံခါးနားမှာရပ်နေတဲ့ ဖလေရာတစ်ယောက်သာ ဘာမှမဖြစ်ခဲ့ဘူး။

"ကျွန်မပြောမယ်... နည်းပညာတွေကို ခိုးရောင်းပစ်တာက ရှင်တို့အတွက်အကျိုးရှိပေမဲ့ ကုမ္ပဏီအတွက်တော့မဟုတ်ဘူးလေ။ ကုမ္ပဏီနာမည်အောက်ကနေ ပစ္စည်းတွေရောင်းစားမယ်ဆိုရင် ကုမ္ပဏီလည်းအမြတ်ရသလို ရှင်တို့အကျိုးအမြတ်လည်းမြင့်တက်လာမှာပေါ့။"

ဖလေရာကတော့ ဘာမှဂရုမစိုက်တဲ့ပုံစံနဲ့ ပြောစရာရှိတဲ့စကားကို ဆက်ပြောနေတယ်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေတစ်ယောက်ကတော့ ပေါင်မှာလာစိုက်နေတဲ့ ဖန်ကွဲစတစ်ခုရှိပေမဲ့ အော်တောင်မအော်ရဲဘဲ ငြိမ်ပြီးနားထောင်နေရတယ်။

အကြောင်းက ဖလေရာရဲ့နောက်မှာ စူပါဟီးရိုးမက်တယ်ပလာဒင်ရဲ့မူရင်းမက်တယ်ပလာဒင်ဝတ်စုံကြီးက ရပ်နေတာကိုး။ ပြောစကားနားမထောင်ရင် တိုက်ပေါ်ကပစ်ချမှာလို့ ပြောထားပြီးသား။

....

တင်မီကတော့ ပုရွက်ဆိတ်အုံလေးတစ်ခုကို တုတ်ကလေးတစ်ချောင်းနဲ့ ထိုးစွနေတုန်းပဲ။ ပါးစပ်ကလဲ ပွစိပွစိနဲ့။

"ငါ့ချစ်သူငယ်ချင်းကြီးက အရမ်းလှတဲ့ကောင်မလေးဖြစ်သွားပြီး ငါကသူ့ကိုကြွေမိသွားတယ်။ ပြဿနာက သူက ငါ့မကောင်းကြောင်းတွေ အစအဆုံးသိနေတာပဲ။"

လွန်ခဲ့တဲ့တစ်လကျော်လောက်က မက်ဒါနာရဲ့အင်တာဗျူးကို နားထောင်ပြီးကတည်းက တင်မီခင်ဗျာ စားမပျော်အိပ်မဝင်နဲ့ ဆိုက်ကိုဝင်နေရှာတယ်။

အခုလည်းသူ့အိမ်မှာမဟုတ်ဘဲ စိတ္တဇဆေးရုံမှာဖြစ်ပြီး လူနာတွေဝတ်တဲ့ ကာတွန်းပုံပါအဖြူရောင်ညအိပ်အင်္ကျီလေးဝတ်ထားရတယ်။

ခဏနေတော့ ခပ်ချောချောလူမည်းနက်စ်မလေးတစ်ယောက် သူ့ကိုလာခေါ်တယ်။

"ကိုလူချောလေး... ဆေးသောက်ဖို့အချိန်ရောက်ပြီလေ။" ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဧရာမတော်လဲသံကြီးထွက်လာတဲ့အတွက် တင်မီနားကိုပိတ်ထားလိုက်တယ်။

"မရတော့ဘူး၊ မင်းလွင် အဲလေ မက်ဒါနာကိုချစ်တဲ့စိတ်တွေပြည့်လျှံနေပြီး သူ့ကိုသတိမရဘဲမနေနိုင်တော့ဘူး။ ထင်ယောင်ထင်မှားတွေတောင် ကြားနေပြီ။ ငါသူ့ကို ဖွင့်ပြောမှရတော့မယ်။ ငါ့ကိုတစ်ယောက်ယောက် ဖုန်းပေးကြပါ။"

တင်မီကိုလူနာလာကြည့်တဲ့ ဦးလေးဒီဂိုရီနဲ့လင်ဒါကတော့ စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်တယ်။ ဒိကောင်လေး အချစ်ရူးရူးသွားရှာပြီပဲ။ မက်ဒါနာက ကွေးနေပြီး မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတယ်ဆိုတာ တင်မီမသိသေးဘူး။

...

တော်လဲသံကြီး ပြီးဆုံးသွားတဲ့အခါမှာတော့ ဒေါက်တာမြူအပါအဝင် အရိပ်သခင်တို့နှစ်ယောက်လုံး ကျားမြီးသွားဆွဲမိပြီဖြစ်မှန်း သတိထားမိလိုက်ကြတယ်။

သေဆုံးသွားသင့်ပြီဖြစ်တဲ့ ကိုင်းတိုရဲ့မျက်လုံးတွေဟာ ပွင့်လာတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေက နေလိုအရာရောင်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ကလည်း လေထုထဲကို မြင့်တက်လာပါပြီ။ ခန္ဓာကိုယ်တစ်ခုလုံးက နေလိုရဲရဲတောက်နီနေပြီး ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲမှာ မီးလျှံသွေးတွေက ပြောင်းပြန်စီးဆင်းနေတာကို သူတို့မြင်ရတယ်။

နောက်တော့ မီးလျှံစွမ်းအားတွေက ဖီးနစ်တစ်ကောင်အဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။

"ဖီးနစ်က ပြာပုံထဲကနေ ပြန်မွေးဖွားလာတယ်။ မကောင်းတော့ဘူး၊ သူသတိမလည်လာခင် ငါတို့ဒီဒိုင်မေးရှင်းထဲကနေ ပြန်ဆုတ်ရမယ်။"

အဲဒီနောက် ကိုင်းတိုကိုထားခဲ့ပြီး ဒေါက်တာမြူအစစ်နဲ့အရိပ်သခင်အစစ်တို့ တခြားဒိုင်မေးရှင်းအတုတွေဆီကို ဆုတ်ခွာသွားကြတယ်။ သူတို့အနေနဲ့ ဒိုင်မေးရှင်းနယ်မြေကြီးကို ချက်ချင်းဖျက်ပြီးမပြေးရဲပါဘူး။

အပြင်မှာဆိုရင် ကိုင်းတိုက သူတို့ကိုပြန်မီလာမှာဖြစ်ပြီး သေလမ်းတစ်လမ်းသာ စောင့်ကြိုနေတော့မှာပါ။ အကောင်းဆုံးကတော့ ကိုင်းတိုကို ဒိုင်မေးရှင်းအတုထဲဆက်ပိတ်ထားပြီး လွတ်မြောက်ဖို့တခြားနည်းလမ်းရှာဖို့ဖြစ်တယ်။

အဲဒီနောက်တော့ ကိုင်းတိုရဲ့လူသားအသွင်ကို ဖီးနစ်မီးတောက်တွေက ဝါးမျိုသွားပြီး မီတာတစ်ရာလောက်အရွယ်ရှိတဲ့ ဧရာမငှက်ကြီးတစ်ကောင်သာ ဒိုင်မေးရှင်းထဲမှာ ကျန်ရှိပါတော့တယ်။

အထီးကျန်နေတဲ့ ဖီးနစ်ငှက်ရဲ့အတောင်အနားစွန်းတွေက သွေးရောင်ငှက်မွှေးတောင်တွေနဲ့ပြည့်နေတယ်။ ဗလာကျင်းနေတဲ့ ပင်လယ်ဒိုင်မေးရှင်းအတွင်း လှည့်ပတ်ပျံသန်းပြီးတဲ့နောက် တစ်စုံတစ်ခုကို နာကျည်းနေဟန်နဲ့ အကျယ်ကြီးအော်မြည်လိုက်တယ်။

ဖီးနစ်တေးသံထွက်ပေါ်လာတာနဲ့ ပင်လယ်ဒီရေတွေ မငြိမ်သက်တော့ဘူး။ တစ်စုံတစ်ခုကို ကြောက်ရွံနေတဲ့အလကားပါပဲ။ အဲဒီနောက်တော့ ဖီးနစ်ရဲ့မျက်လုံးတွေက ပင်လယ်ရေအနက်ပိုင်းကို ငုံကြည့်လိုက်တယ်။ အတွင်းမှာတော့ ဒိုင်မေးရှင်းအတုရဲ့ရေဘဝဲအတုက ပုန်းကွယ်နေပြီး သူ့ကိုမတွေ့အောင်လို့ ဆုတောင်းနေပုံရတယ်။ ပြဿနာက ဖီးနစ်ဟာ သူ့ကိုရှာတွေ့ပြီးသား ဖြစ်နေတာပါပဲ။

...

မက်ဒါနာတို့အေမီကိုရှာတွေ့တော့ အေမီမှာလက်တစ်ဖက်မရှိတော့ဘူး။ ဒါပေမဲ့ အသုံးမကျတဲ့စက်ရုပ်မလေးက ပုန်းကွယ်နေတဲ့စွမ်းအားတွေကို ထုတ်သုံးပြလိုက်နိုင်ပုံပဲ။

သူ့ကိုစတင်တိုက်ခိုက်ခဲ့တဲ့ ရေဘဝဲကြီးကတော့ အသက်ပျောက်နေပြီဖြစ်ပြီး ပင်လယ်ပြင်မှာပေါလောမျောနေတယ်။ ဒါပေမဲ့မြူတွေအဖြစ်တော့ ပြောင်းမသွားဘူး။ ပြောရရင် ဒီအကောင်တွေက မြူတွေကနေပြောင်းထားတဲ့ ပုံရိပ်ယောင်တွေမဟုတ်ဘဲ တကယ့်ဇီဝသက်ရှိကလုန်းတွေပါ။ မြူတွေက ဘယ်လောက်စွမ်းစွမ်း တကယ့်သက်ရှိအစစ်ကိုတော့ မပြုလုပ်ပေးနိုင်ပါဘူး။ ထိတွေ့ကိုင်တွယ်နိုင်ပေမဲ့ တကယ်တမ်းစဥ်းစားဉာဏ်မရှိတဲ့ သက်မဲ့ကလုန်းတွေကိုသာ ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒါကလည်း အကန့်အသတ်ရှိပြီး အစစ်တွေကိုယ်တိုင်ထိန်းချုပ်ထားဖို့လိုတယ်။

"အား... မမလေး... ဒီကိုရောက်လာပြီလား။ ဒီမှာကြည့်၊ ကျွန်မက အသုံးမကျတဲ့အရုပ်မလေးမဟုတ်တော့ဘူး။"

ဟော့ပါယာဥ်ကို ဖြည်းဖြည်းချင်းထိန်းရင်း အေမီနားကို မက်ဒါနာရောက်လာတော့ မက်ဒါနာက ယာဥ်ပေါ်ခုန်တက်လိုက်ရင်း ပြောလိုက်တယ်။ သူ့နောက်ကအတောင်ကတော့ စုတ်ပြတ်နေပြီ။ မက်ဒါနာကတော့ ငိုမဲ့မဲ့နဲ့။

"အာ... မမလေး၊ မမလေးထွင်ထားတဲ့အတောင်ပျက်သွားတာပဲ။ ရေဘဝဲက ကျွန်မကိုချုပ်ပြီးမျိုချလိုက်တော့ သူ့ဗိုက်ထဲမှာ အဲဒါကိုမိုင်ကုန်ဖွင့်ပြီး လိုက်ဖျက်ဆီးနေလိုက်တာလေ။ ဒါကြောင့်အက်စစ်တွေပေကုန်ပြီး အဲဒီလိုဖြစ်သွားတာ။"

သေချာကြည့်လိုက်တော့ အေမီသတ်ထားတဲ့ ရေဘဝဲခေါင်းက တစ်စစီပေါက်ပြဲနေတယ်။ တခြားသတ္တဝါတွေနဲ့မတူတာက ရေဘဝဲရဲ့အစာအိမ်က သူ့ခေါင်းထဲမှာ။ ဦးနောက်ကတော့ မျက်လုံးနှစ်ဖက်ကြားမှာရှိနေတာ။ ခုတော့ရေဘဝဲက ခေါင်းလဲပေါက် ဦးနောက်လည်းပျက်နေပြီ။ ကလုန်းနည်းနဲ့အတုပွားထားတာမလို့တော်သေးတယ်၊ တကယ့်အစစ်သာဆိုရင် ဒေါက်တာမြူတော့ ဒီလိုအကောင်မျိုး ပြန်လုပ်ဖို့တတ်နိုင်တော့မယ်မထင်ဘူး။

ဒါပေမဲ့ မက်ဒါနာနောက်ထပ်ဆက်ပြောလိုက်တဲ့စကားကြောင့် အေမီတစ်ယောက် စိတ်မကောင်းဖြစ်သွားတယ်။

"မဟုတ်ပါဘူး၊ ငါက နင်တစ်ကိုယ်လုံးကို အလုံးစုံအာမခံလုပ်ထားတာဆိုတော့ လက်ကလေးတစ်ဖက်ပဲပျက်စီးသွားရင် လျှော်ကြေးနည်းနည်းပဲရမှာစိုးရိမ်တာ။"

"....." အေမီခဏလောက် တိတ်ဆိတ်သွားတယ်။ အဲဒီနောက်တော့ အသံအကျယ်ကြီးနဲ့အော်ငိုတော့တာပဲ။

"ဒါဖြင့်မမလေးက အာမခံကြေးလိုချင်လို့ ကျွန်မကို တမင်သက်သက်ပျက်စီးအောင် ဒီမစ်ရှင်ထဲပို့လိုက်တာပေါ့။ ရက်စက်လိုက်တာ! မမလေးက မုန်းစရာကြီး! အား....!"

မသိရင် ခုချက်ချင်းပဲ ရေထဲခုန်ဆင်းပြီး သတ်သေတော့မလိုလို။

ဒါပေမဲ့ မက်ဒါနာစနေမှန်း ဖရာလီတာတော့သိပါတယ်။ မက်ဒါနာလိုမင်းသမီးလေးတစ်ပါးအတွက် အာမခံပိုက်ဆံနည်းနည်းလေးကို မက်စရာလား။ ဒီအသုံးမကျတဲ့ဟာမလေး ဘာမှမလုပ်တတ်ဘဲအားနည်းနေမှာစိုးလို့သာ အခုလိုတိုက်ပွဲထဲလွှတ်ရတာပါ။

အခုလည်းကြည့်လေ၊ အေမီက တစ်ယောက်တည်းနဲ့ စွမ်းအားပျောက်နေတဲ့အာကိုင်းဂါမီတောင် ရင်ဆိုင်ဖို့အခက်တွေ့ခဲ့တဲ့ မြူတန့်ရေဘဝဲတစ်ကောင်ကို အနိုင်ယူခဲ့တယ်မဟုတ်လား။ ကလုန်းမလို့ အစစ်ထက် နည်းနည်းပိုအားနည်းတယ်ဆိုပေမဲ့ပေါ့။

"ဝုတ်...ဝုတ်"

သူတို့ပြန်တွေ့နေကြတုန်း ရုတ်တရက် ခွေးကြီးစေဘာစတိန်းက ကောင်းကင်ပေါ်မော့ကြည့်ပြီး ထိုးဟောင်တယ်။

မက်ဒါနာတို့မော့ကြည့်လိုက်တော့ ကောင်းကင်ပေါ်က မြူတွေအကုန်လုံးဝဲကတော့ကြီးတစ်ခုရဲ့စုပ်ယူတာခံလိုက်ရပြီး ကောင်းကင်အမိုးက နီရဲလာပါတော့တယ်။ ဖရာလီတာက အားလုံးကို သတိပေးလိုက်တယ်။

"မကောင်းတော့ဘူး၊ ရှောင်ကြ...."

သူတို့ချက်ချင်းလူစုခွဲလိုက်ပြီးတဲ့နောက် အဝါရောင်အလင်းတိုင်ကြီးတစ်ခုက ကောင်းကင်ပေါ်ကနေ ပင်လယ်ထဲကို ထိုးဆင်းလာတယ်။ ပင်လယ်ရေတွေလည်း ချက်ချင်းအငွေ့ပျံကုန်ပြီး ဝံကတော့ကြီးတစ်ခုဖြစ်လာတယ်။

"ဘာတွေဖြစ်နေတာလဲ..." ဥစာကီပြောလိုက်ပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့အဖြေကိုသိလိုက်ကြရတယ်။

ကောင်းကင်မှာအပေါက်ကြီးတစ်ခုရှိနေပြီး အဲဒီအပေါက်ကြီးကနေ ပျက်စီးနေပြီဖြစ်တဲ့ တခြားဒိုင်မေးရှင်းအတုတစ်ခုကို မြင်နေရတယ်။

အပေါက်ထဲကနေ ဧရာမဖီးနစ်ငှက်ကြီးတစ်ကောင် နိမ့်ဆင်းပျံသန်းလာပါတယ်။ ဖီးနစ်ရဲ့နှုတ်သီးထဲမှာတော့ အငွေ့တွေတထောင်းထောင်းထနေတဲ့ ရေဘဝဲကလုန်းတစ်ကောင်ကို ကိုက်ချီထားတယ်။

"ချီးထဲမှ... သူက ရေဘဝဲကို Tako Karaage လုပ်ပစ်လိုက်တာလား။" ဖရာလီတာ လန့်အော်လိုက်မိတယ်။ (Tako Karaage ရေဘဝဲအကျက်ကြော်)

All Chapters