ထွက်ခွာခြင်း
Vol. 3 Ch. 6
ခပ်ကြမ်းကြမ်းပုံစံနဲ့ မီးဖီးနစ်ငှက်ကြီးဝင်လာကတည်းက မက်ဒါနာတို့အုပ်စု ကံမကောင်းတဲ့အတိတ်နိမိတ်အဖြစ် မှတ်ယူထားပြီးပြီ။
ရေဘဝဲအသေကြီးကို ပါးစပ်ထဲပစ်ထည့်ပြီးနောက် ဖီးနစ်ကြီးက အရိုင်းဆန်ဆန်အော်ဟစ်လိုက်တဲ့အခါမှာတော့ သူတို့တွေချက်ချင်းထပြေးရတော့တာပဲ။
"ချီးထဲမှ၊ အာကိုင်းဂါမီဆိုတဲ့ကောင် ငှက်စိတ်ပေါက်သွားပြီလား။"
"ဂီး...." ဧရာမငှက်ကြီးက တစ်ချက်အော်ဟစ်လိုက်ပြီး ပါးစပ်ကိုအကျယ်ကြီးဟလိုက်တယ်။ ရွှေရောင်မီးတောက်တွေက သူ့နှုတ်သီးဖျားမှာ ဝဲကတော့အသွင်စုစည်းသွားပြီး မီးဘောလုံးကြီးဖြစ်သွားတယ်။ အဲဒီဝဲဘောလုံးနဲ့ မက်ဒါနာနဲ့အေမီတို့စီးနေတဲ့ ဟော့ပါယာဥ်ကို လှမ်းပစ်လိုက်တယ်။ ဟော့ပါက နှေးတဲ့အတွက်ကြောင့် သူတို့ရှောင်လို့မရတော့ဘူး။
"မမလေးရေ၊ ကျွန်မတို့နောင်ဘဝမှ ပြန်တွေ့ကြမယ်နော်။"
အေမီက သူ့ကိုယ်သူသေပြီဆိုပြီး မျက်လုံးကိုမှိတ် ငွေရောင်စစ်သည်တော်ရဲ့ခါးကို တင်းတင်းဖက်ထားလိုက်တယ်။ ကံကောင်းစွာနဲ့ Archmegaက ဂျက်လေယာဥ်တစ်စီးလိုမြန်ပြီး အတောင်ပံတွေကိုဖြန့်ကာ မက်ဒါနာနဲ့စေဘာစတိန်းကို ဂုတ်ကနေဆွဲပြီး ကယ်တင်လိုက်တယ်။ အေမီကတော့ လက်တစ်ဖက်တည်းနဲ့ မက်ဒါနာခါးကိုဖက်ထားရက်သား လေထဲမှာ တွဲလောင်းကြီးပါလာတယ်။
"အသေးမလေး၊ ဘာလို့လူကိုဆွဲမတင်ဘဲ ခွေးကိုဆွဲတင်ရတာလဲ။"
အေမီက အထွန့်တက်လိုက်ပေမဲ့ ပြန်ရတဲ့အဖြေကတော့ ပိုပြီးအေးစက်စက်နိုင်တယ်။
"မက်ဒါနာအနားမှာနင်ရှိနေတာကို ငါမျက်စိနောက်နေပြီဟဲ့။"
ဒါပေါ့၊ Yandereဆန်နေတဲ့ ဖရာလီတာလေးက တစ်နေရာကိုချွဲနေတဲ့အေမီကို ဘယ်လိုလုပ်ကျေနပ်မှာလဲ။ ပြီးတော့ တစ်ခါတစ်ခါအသားကယူသေးတယ်။
"သူငယ်နာမစင်တဲ့ ကောင်မစုတ်၊ ပြန်ရောက်ရင် နင်နဲ့ငါနဲ့တွေ့ပြီ။"
အေမီက ကျိန်းမောင်းလိုက်ပေမဲ့ အခုတော့ ဧရာမစာကလေးကြီး သူတို့နောက်ကလိုက်နေလို့ ဖရာလီတာကို ကိုယ်ထိလက်ရောက် ဘာမှမလုပ်နိုင်သေးဘူး။
တခြားဟော့ပါတစ်စီးနဲ့ရှိနေတဲ့ ဥစာကီကတော့ အခြေအနေကို သဘောပေါက်လာဟန်နဲ့ ရှင်းပြလိုက်တယ်။
"အာကိုင်းဂါမီကို ဒီလိုဖြစ်သွားစေတဲ့တရားခံက အရိပ်သခင်အပြင် တခြားတစ်ယောက်မရှိနိုင်ဘူး။ အာရုံခြောက်ပါးလုံး ပိုင်းဖြတ်ခံရလို့ အသိစိတ်မဲ့သွားတာပဲ။"
ဒါပေမဲ့ မက်ဒါနာတို့ကို မနိုင်မနင်းသယ်ရင်း မီးလုံးတွေကြား စစ်လေယာဥ်တစ်စင်းလိုရှောင်ရှားနေရတဲ့ ဖရာလီတာကတော့ နားမလည်နိုင်စွာနဲ့ ပြန်အော်ပြောလိုက်တယ်။
"ဒါပေမဲ့ နင်ပြောတော့ အာရုံခြောက်ပါးလုံးဖြတ်တောက်ခံရရင် သေဖို့ပဲရှိတာဆို။"
တကယ်လို့ နောက်ဆုံးစိတ်အာရုံသာ အဖြတ်ခံလိုက်ရမယ်ဆိုရင် ဦးနောက်သေသွားမှာဖြစ်ပြီး အသက်ရှင်စရာအကြောင်းမရှိတော့ပါဘူး။ ဒါပေမဲ့ ပြဿနာက ကိုင်းတိုဟာ မြူတန့်သားရဲတစ်ကောင်အဖြစ်ပြောင်းသွားပြီး သူတို့နောက်ကိုလိုက်နေတာပါ။
"ငါလည်း ဘယ်သိမလဲဟဲ့၊ သူက မသေမျိုးမလို့များလား။"
မသေမျိုးမလို့ အာရုံခြောက်ပါးပိုင်းဖြတ်ခံရတာတောင် မသေဘူးဆိုတာက အတော်လေးယုတ္တိရှိတယ်။ ကိုင်းတိုအသက်ဘယ်လောက်ရှိပြီလဲဆိုတာ သူတို့မသိပါဘူး။ ဥက္ကာခဲတွေ ကျဆင်းမလာခင် နှစ်တစ်ရာကျော်နှစ်ရာကတည်းက ကမ္ဘာပေါ်ကို သတ္တုအခေါင်းကြီးအနေနဲ့ ကျဆင်းလာတာဖြစ်ပြီး အပြင်ကိုထွက်လာချိန်ကစလို့ နှစ်ငါးဆယ်ရှိနေပြီဖြစ်ပေမဲ့ သူ့အသွင်အပြင်က အိုမင်းမသွားပါဘူး။ ဒါကြောင့် သူဟာသူ့သက်တမ်းထက် ကျော်လွန်နေပြီဖြစ်တဲ့ မသေမျိုးတစ်ယောက်ပါ။
ဒါကြောင့် အာရုံခြောက်ပါး ပိုင်းဖြတ်ခံရရုံနဲ့မသေနိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအခြေအနေအရ။
"သူ့ခန္ဓာကိုယ်အတွင်းက မြူတန့်စွမ်းအားတွေက သိပ်များလွန်းတယ်။ သခင်ရဲ့စိတ်အာရုံက ပျောက်ဆုံးသွားတဲ့အတွက် သခင်ကိုကာကွယ်ဖို့ အလိုလျောက်သိစိတ်နဲ့လုပ်ဆောင်နေတာ။ ဒါကြောင့် မိတ်ဆွေရန်သူမခွဲနိုင်ဘူး။ အန္တရာယ်ရှိတယ်ထင်သမျှကို ရှင်းပစ်ဖို့ကြိုးစားမှာပဲ။"
ဥစာကီက သူတို့ထဲမှာ မြူတန့်စွမ်းအားနေရာမှာ အင်အားအကြီးဆုံးပါ။ ဒါကြောင့် ကိုင်းတိုကိုယ်ထဲက စွမ်းအားအပြောင်းအလဲကို အာရုံခံနိုင်ပါတယ်။
သူတို့ပြောဆိုနေကြတုန်းမှာပဲ ဖီးနစ်ငှက်ကြီးဖြစ်နေတဲ့ ကိုင်းတိုက တောင်ပံပြင်းပြင်းတစ်ချက်ခတ်လိုက်တယ်။ မီးတောက်နေတဲ့ ငှက်မွှေးတောင်ရာချီက သူတို့ဆီကို တန်းတန်းမတ်မတ်လာနေပြီး အတောင်ခတ်ရာကနေ ဖြစ်ပေါ်လာတဲ့ လေလှိုင်းတွေကြောင့် ပင်လယ်ပြင်တစ်ခုလုံး လှိုင်းထန်ကုန်တယ်။
"မကောင်းတော့ဘူး...." ဒီအတိုင်းသာဆိုရင် သူတို့အကုန်လုံး သေကုန်တော့မှာပါ။
ဥစာကီက ဓားအိမ်ကို ဓားထဲကထုတ်ပြီး အားမာန်အပြည့်နဲ့ ဓားကွက်တစ်ခုထုတ်လိုက်တယ်။
"လေမုန်တိုင်းဓားသိုင်း၊ လေနတ်ဘုရားဒေါသ။"
ဓားချက်တွေက ချက်ချင်းမိုးသက်မုန်တိုင်းတွေအဖြစ်ပြောင်းလဲသွားပြီး မီးလျှံတောင်ပံတွေကို ရိုက်ချပစ်လိုက်တယ်။
ဒါကြောင့်ဖီးနစ်ငှက်ကြီးလည်း ပိုဒေါသထွက်လာပြီး သူ့မျက်လုံးတွေထဲမှာ မီးတောက်တွေနဲ့ပြည့်နှက်လာတယ်။
"ငါတို့တော့ သူ့ကိုထပ်ပြီးရန်စမိပြန်ပြီထင်တယ်။"
တကယ့်တကယ်တမ်းချရင် သူတို့ထဲကဘယ်သူမှ အာကိုင်းဂါမီရဲ့ပြိုင်ဖက်မဖြစ်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ သူ့ပြိုင်ဖက်ဖြစ်နိုင်မယ့်သူလည်း မရှိနိုင်ပါဘူး။ ခွန်အားအစစ်ရဲ့ရှေ့မှာ အရာအားလုံးက ပျက်စီးသွားရတာချည်းပါပဲ။
သူတို့ပြေးနေရင်း နောက်ထပ်ဒိုင်မေးရှင်းအစပ်ကိုရောက်လာပြန်တယ်။ မြူတွေထဲကိုဖြတ်သွားတော့ ဧရာမရေဘဝဲကြီးနဲ့ တိုက်ခိုက်နေတဲ့ အိခဲဒကို သူတို့မြင်လိုက်တယ်။
ဆာမူရိုင်းအဖိုးကြီးက အခြေအနေမကောင်းလှပေမဲ့ သူ့ရဲ့နဂါးကြီးက ရေဘဝဲကြီးကိုအားကုန်ဖိနှိပ်နေတယ်။ အနည်းဆုံးတော့ တစ္ဆေမျက်နှာဖုံးလိုမျိုး အသက်မသေသေးပါဘူး။ ရုတ်တရက်ပေါ်လာတဲ့ မီးငှက်ကြီးနဲ့ ဗရုတ်သုတ်ခပြေးနေတဲ့အဖွဲ့ကြောင့် သူလည်းကြောင်သွားတယ်။ ဒါပေမဲ့ သူ့မြေးကတော့ လုပ်ရမယ့်အရာကိုမမေ့ပါဘူး။
ဥစာကီက အိခဲဒရဲ့လက်ကိုဆွဲပြီး ပြောလိုက်တယ်။ "အဖိုး... ပြေးတော့...."
သိပ်မကြာခင်မှာပဲ အိခဲဒနဲ့ချနေခဲ့တဲ့ ရေဘဝဲကို ဖီးနစ်ငှက်က အကျက်ကင်ကင်ပစ်လိုက်တယ်။ နောက်တော့ ကောင်းကင်ကြီးကိုမော့ကြည့်ပြီး မီးတွေမှုတ်ထုတ်လိုက်တဲ့အတွက် ဒိုင်မေးရှင်းအတုကြီးလည်း လုံးဝပျက်စီးသွားတော့တယ်။
မြူတွေရှင်းသွားပြီဖြစ်ပြီး သူတို့တွေလည်း အစစ်အမှန်လောကကို ပြန်ရောက်လာကြပါပြီ။ ဒရုန်းဇုန်နဲ့အယ်လိုဟင်တို့ကတော့ ဟော့ပါယာဥ်ပေါ်မှာ ကြိုးကိုင်ထားရင်း ကြောင်ကြည့်နေကြတုန်းပဲ။
သူတို့ရှေ့မှာ မီတာတစ်ရာလောက်မြင့်တဲ့ မီးဖီးနစ်ကြီးက ရေဘဝဲတစ်ကောင်ကို ကင်ပစ်လိုက်တာကိုး။ ကံကောင်းတာက မီးဖီးနစ်ကြီးက စစ်ရေယာဥ်အုပ်စုကိုမြင်တာနဲ့ ဆက်သောင်းကျန်းမနေတော့ဘဲ အရှေ့အရပ်ကိုဦးတည်ပြီး အတောင်ပံဖြန့်ကာ ထွက်ခွာသွားတော့တယ်။
ဒီတော့မှ မက်ဒါနာတို့လည်း သက်ပြင်းချလိုက်မိကြတယ်။ ဒီသားရဲကောင်ကြီးသာ ရေတပ်ကို ထိပ်တိုက်ယှဥ်ချဖို့တွေးရင် လူတွေအများကြီးထပ်သေမှာဖြစ်ပြီး ကောင်းတဲ့ကိစ္စမဟုတ်တာတော့ သေချာပါတယ်။
ကံမကောင်းရင် သူတို့တွေပါ မျိုးပြုတ်သွားနိုင်ပါတယ်။
....
အခြားတစ်ဖက်မှာတော့ ဧရာမရေဘဝဲကြီးက ရေမြုပ်ကျွန်းတစ်ကျွန်းပေါ်မှာ နားလိုက်တယ်။ သူတို့ဆီကနေလည်း ဖီးနစ်ငှက်ကြီးကို လှမ်းမြင်နေရပါတယ်။ ဒီအဖြစ်အပျက်က Monsterverseထဲကို အလည်ရောက်သွားသလိုပဲ။
ရေမြုပ်ကျွန်းမှာတော့ မြူတန့်ကြောင်တစ်ကောင်နဲ့ လူငယ်တစ်ယောက်တိုက်ခိုက်နေပါတယ်။ ဒေါက်တာမြူကတော့ အရိပ်သခင်လက်မောင်းက ဒဏ်ရာကို ပတ်တီးစည်းပေးလိုက်တယ်။
"နောက်အပတ်ကျရင် ဗီလိန်အစည်းအဝေးရှိတယ်။ မင်းလည်းလာမယ်မဟုတ်လား အရိပ်သခင်။"
ဒါပေမဲ့ အရိပ်သခင်ကတော့ ခေါင်းခါပြလိုက်တယ်။ သူ့မှာကိုယ်ပိုင်လုပ်စရာတွေ ရှိနေပါသေးတယ်။
"ငါမင်းတို့နဲ့ ပူးပေါင်းဖို့မစဥ်းစားထားသေးဘူး။ လောလောဆယ် ငါ့အဖွဲ့အစည်းကိုပြန်သွားဖို့လိုတယ်။"
နှစ်ပေါင်းများစွာ ထောင်ကျထားပြီးတဲ့နောက်တော့ အရိပ်သခင်က လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းမှာ ရာထူးတစ်ခုရှိမနေတော့ပါဘူး။ ဒါကြောင့်မလို့ သူ့အဖွဲ့အစည်းကိုပြန်သွားပြီး အခြေအနေကို ပြန်တည်ငြိမ်အောင်လုပ်ဖို့က ပိုသဘာဝကျပါတယ်။
ဒေါက်တာမြူကလည်း ခေါင်းညိတ်လိုက်ပြီး အတင်းအကျပ်ခေါ်တာမျိုးမလုပ်ပါဘူး။ သူက ဒီကိုလာကူညီပေးတယ်ဆိုပေမဲ့ အရိပ်သခင်က သူနဲ့အဆင့်တူပြီး အတင်းအကျပ်လုပ်တာမျိုးက ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။ ဒါပေမဲ့ အရိပ်သခင်က မြူတန့်သိပ္ပံအပေါ်အကြွေးတင်ထားပြီဖြစ်တဲ့အတွက် နောင်တစ်ချိန်သူတို့အကူအညီလိုအပ်လာရင် တောင်းဆိုပိုင်ခွင့်ရှိသွားပါပြီ။
အရိပ်သခင်ကို အတင်းအကျပ်ခေါ်မယ့်အစား ဒေါက်တာမြူက ကျွန်းပေါ်မှာတိုက်ခိုက်နေတဲ့နှစ်ယောက်ဆီ အကြည့်ကရောက်သွားတယ်။
"S rankတစ်ယောက်ကို A rankက ခံချနေတာလား။ ကောင်လေး မင်းစွမ်းအားက စိတ်ဝင်စားစရာကောင်းသားပါပဲ။"
ရေဘဝဲလက်တစ်ဖက်ကို ဒေါက်တာမြူ ဆန့်ထုတ်လိုက်ပြီး ရွှေရောင်ဆံပင်နဲ့အရူးကောင်လေးကို ချုပ်နှောင်လိုက်တယ်။
"အဖိုးကြီး၊ ငါ့ကိုလွှတ်စမ်း။ ငါအဲဒီကြောင်ကို ဒီနေ့ရအောင်သတ်မှာ။"
"မင်းသူ့ကို မနိုင်ဘူး၊ မင်းစွမ်းအားကုန်တာနဲ့ သူက မင်းကိုကြောက်က ကြွက်ကိုကစားသလိုကစားပြီး သတ်တော့မှာ။ မသေချင်ရင် ငါ့နောက်လိုက်ခဲ့တော့။"
ဒေါက်တာမြူပြောတာတွေကလည်း အမှန်ပါ။ မြူတန့်ကြောင်ရဲ့ဒဏ်ရာပြန်ကောင်းနိုင်စွမ်းကြောင့် သူပေးတဲ့ဒဏ်ရာတွေက အကုန်ပြန်ကောင်းနေပြီဖြစ်ပြီး သူရတဲ့ဒဏ်ရာတွေကတော့ ပြန်မကောင်းနိုင်ပါဘူး။ နောက်ပြီး အဆင့်နိမ့်မြူတန့်တစ်ယောက်က သက်လုံပိုင်းမှာ အဆင့်မြင့်မြူတန့်တစ်ယောက်ကို ယှဥ်နိုင်စရာမရှိတာကြောင့် ပွဲကြာလေလေ သူသေဖို့များလေပါပဲ။
"မိတ်ဆွေကြီးလျှပ်စီးကြောင်၊ ဒီကောင်လေးကို ငါတို့အဖွဲ့က အသုံးလိုတာကြောင့်ခေါ်သွားမယ်။ ခင်ဗျားပြန်လိုချင်ရင် ဗီလိန်အစည်းအဝေးနေ့ကျရင် လာခဲ့ပေါ့။"
"ငါကလည်း ဒီမျက်စိနောက်စရာကောင်လေး တခြားတစ်နေရာရာရောက်သွားတာကို လိုချင်နေတာပါ၊ ဒေါက်တာမြူ။"
လျှပ်စီးကြောင်ကလည်း ပြန်ဖြေလိုက်တယ်။ နောက်တော့ ဒေါက်တာမြူလည်း သူ့ရဲ့ရေဘဝဲကြီးနဲ့အတူ မြူတွေခြံရံပြီး တပ်ဆုတ်သွားလေရဲ့။
"ဒီတော့... ကျွန်တော်တို့ရော ဘယ်ကိုသွားမလဲ။"
ဗီလိန်တွေနောက်ဆုတ်သွားပြီဖြစ်တာကြောင့် သူတို့လည်း ထွက်သွားဖို့အချိန်တန်ပါပြီ။ မကြာခင် အစောင့်တပ်တွေက ဒီကျွန်းကိုရောက်လာတော့မှာပါ။
လျှပ်စီးကြောင်က ဖရက်ကို လက်ညိုးထိုးပြီးပြောလိုက်တယ်။ "မင်းအတောင်တွေ ပျံလို့ရသေးတယ်မဟုတ်လား။"
သေနတ်နဲ့အပစ်ခံထားရပေမဲ့ ဖရက်မှာလည်း ပြန်လည်ကုစားနိုင်စွမ်းရှိနေတာကြောင့် အကုန်ပြန်ကောင်းလုနီးပါးဖြစ်နေပါပြီ။ ဒါပေမဲ့ အလက်စကာကနေ ကနေဒါအထိဖြတ်ပျံခဲ့တုန်းကလိုတော့ အစွမ်းကုန်မသုံးနိုင်သေးပါဘူး။
"ရတယ်၊ ဒါပေမဲ့အနီးအနားပဲ။"
"ကုန်းပေါ်ပြန်သွားနိုင်ရုံနဲ့ လုံလောက်ပါတယ်ကွာ။"
လျှပ်စီးကြောင်က ပြောလိုက်ရင်း ဖရက်ပခုံးပေါ် တက်သွားတယ်။ အခုတော့ ဧရာမကြောင်ကြီးမဟုတ်တော့ဘဲ သာမန်အိမ်မွေးကြောင်အရွယ်ပြန်ဖြစ်သွားပြီ။ သူက အရွယ်အစားပြောင်းနိုင်စွမ်းပါရှိပြီး ဘယ်အရွယ်ထိပြောင်းလဲနိုင်လဲဆိုတာကတော့ လျှို့ဝှက်ချက်တစ်ခုပါ။ ဘုရားမှပဲသိပါလိမ့်မယ်။
...
မက်ဒါနာတို့ပြန်ရောက်တော့ ညတောင်မှောင်နေပြီ။ နောက်ထပ်သတင်းတစ်ခုတက်လာတာကတော့ ဆိုးလ်တစ်မြို့လုံးကို သွေးရောင်ပင့်ကူအိမ်ကြီးက ဖုံးလွှမ်းထားပြီး အဆင့်အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားရတယ်ဆိုတာပါ။
ပတ်ဝန်းကျင်ဟီးရိုးအဖွဲ့တွေက လာရောက်ကူညီပေးချင်ပေမဲ့လည်း တောင်ကိုရီးယားအစိုးအရက ငြင်းပယ်နေဆဲဖြစ်တာကြောင့် ဘာဆိုဘာမှမတတ်နိုင်ပါဘူး။
လူတွေကလည်း ဟီးရိုးအစည်းအရုံးကို မေးခွန်းထုတ်နေကြပါပြီ။ ဒီလပိုင်းအတွင်း ဗီလိန်လှုပ်ရှားမှုတွေက သိပ်ကိုပြင်းထန်တဲ့အဆင့်ထိရောက်နေပြီဖြစ်ပြီး သာမန်လူတွေရဲ့ကြောက်ရွံမှုကလည်း အထွတ်အထိပ်မှာပါ။
တစ်ချိန်တည်းမှာပဲ ဟီးရိုးတွေက ဗီလိန်တွေနဲ့ပေါင်းပြီး လောကတစ်ခုလုံးကိုအပိုင်ကြံဖို့အတွက် စီစဥ်နေတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လာပြန်တယ်။ ပြောရရင်တော့ တစ်လောကလုံး ဗရုတ်သုတ်ခပါပဲ။
အိမ်ကိုပြန်ရောက်တော့ မက်ဒါနာစစချင်းလုပ်တာက အေမီရဲ့လက်ကို ပြန်တပ်ပေးတာပါ။ အေမီကတော့ ခုထိမျက်နှာကြီးဆူပုပ်နေတုန်းပဲ။
"မမလေးက ဒီလောက်အန္တရာယ်ကြီးတဲ့ စစ်ပွံထဲကျွန်မကိုလွှတ်စရာလား၊ တအားရက်စက်တာပဲ။"
ဒါပေမဲ့ မက်ဒါနာကတော့ အေမီကို ပြုံးရုံလေးပြုံးပြပြီး အေမီရဲ့နဖူးလေးကို လက်ညိုးနဲ့တောက်လိုက်တယ်။
"ကောင်မစုတ်လေး၊ နင်ပဲတစ်ချိန်လုံး အမှိုက်သိမ်းစက်ရုပ်မလုပ်ချင်ဘူး ပြောနေပြီးတော့။ နောက်ပြီး နင့်အတွက်ဝတ်စုံသစ်လည်း ငါလက်စသတ်နေပြီး မကြာခင် နင်လည်း ငါနဲ့တိုက်ပွဲတွေထဲလိုက်ရမယ်။"
ဟီးရိုးဆိုတာက ဘုရားသခင်တွေမဟုတ်ပါဘူး။ သူတို့မှာလည်း စွမ်းအားအကန့်အသတ်တွေရှိပြီးတော့ တခြားသူတွေရဲ့အကူအညီကိုလိုပါတယ်။ ဒါကြောင့်ပဲ Sidekickဆိုတာ ပေါ်လာတာပါ။ အေမီကတော့ မက်ဒါနာရဲ့အကူအညီကြီးဖြစ်ပြီး မက်ဒါနာက တချို့ကိစ္စတွေမှာ သူမရှိဘဲဘာမှမလုပ်နိုင်ဘူး။ အထူးသဖြင့် အိမ်မှုကိစ္စတွေလေ၊ မက်ဒါနာက ယောက်ျားလေးဆိုတော့ တချို့ဟာတွေသိပ်မကျွမ်းဘူး။ အထူးသဖြင့် အဝတ်လျှော်တဲ့နေရာတို့၊ အခန်းကို သန့်သန့်ရှင်းရှင်းထားတာတို့မှာပေါ့။
"မမလေးက ကျွန်မကိုအားကိုးလို့ရချင်တာလား။ ရပြီ၊ နောက်ဆို မမလေးကို ကျွန်မကာကွယ်ပေးမယ်။"
အေမီကတော့ ချက်ချင်းအူမြူးသွားပြီး မက်ဒါနာကို ဖက်ထားလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာကတော့ အေမီလက်ကိုဖယ်လိုက်ပြီး အပေါ်အင်္ကျီကို ဆွဲချွတ်လိုက်တယ်။
"ငါရေချိုးလိုက်ဦးမယ်၊ တစ်နေကုန်ပြေးလွှားနေရတာ နံဟောင်နေပြီ။"
ဒီနေ့တစ်နေ့လုံး ဖြစ်သွားတာတွေအများကြီးမလို့ မက်ဒါနာလေးပင်ပန်းနေပြီ။ ရေနွေးကန်ထဲ ဆပ်ပြာမြုပ်အပြည့်ထည့်ပြီး ဇိမ်လေးနဲ့ရေစိမ်ချင်လှပြီ။ ဒါပေမဲ့ ကံမကောင်းတာက ရေချိုးကန်ထဲမှာ ဖရာလီတာကြိုရောက်နေပြီး ချက်ချမထားဘူး။
မက်ဒါနာဆွဲဖွင့်လိုက်တော့ ကြွေဇလုံထဲမှာ ဆပ်ပြာမြုပ်အပြည့်ဖြည့်ပြီး ဇိမ်ခံနေတဲ့ ဖရာလီတာကိုတွေ့လိုက်ရပြီ။ ပြီးတော့ ရာဘာဘဲရုပ်ကလေးတွေနဲ့ကစားနေသေးတာ။
'နေပါဦး၊ အဲဒီဘဲရုပ်တွေက ဘယ်ကရလာတာလဲ။'ဖရာလီတာက ခါတိုင်းဆိုရင် လူကြီးလိုဟန်ဆောင်နေတာမလို့ အရုပ်တွေနဲ့မကစားဘူးလေ။ ဒါမှမဟုတ် အယုံကြည်ရဆုံးသူတစ်ယောက်ရဲ့ဘေးမှာနေနေရလို့ စိတ်ချရတယ်ဆိုပြီး သူ့ရဲ့အစစ်အမှန်စိတ်ထားကို ပြသနေတာများလား။ ဘာပဲပြောပြော ဖရာလီတာက အရုပ်တွေနဲ့ကစားတဲ့အရွယ်လေ။
"အာ... ဒါလင်၊ ရေချိုးမလို့လား။ ကျွန်မနဲ့အတူ ရေလာစိမ်လေ။ ဒီမှာကြည့် နေရာလွတ်ပါသေးတယ်။"
ဖရာလီတာက ရေချိုးဇလုံထဲကနေ ခြေသလုံးသွယ်သွယ်လေးကို မြှောက်ပြလိုက်ရင်း နေရာရှိသေးကြောင်းပြောလာတယ်။ ဒါပေမဲ့ မက်ဒါနာကတော့ ရေချိုးဇလုံထဲက အလှလေးကိုကြည့်ရင်း တစ်မျိုးကြီးခံစားလာရတာနဲ့ အခန်းထဲကထွက်ပြီး တံခါးပိတ်ပေးလိုက်တယ်။
"မြန်မြန်ပြီးအောင်လုပ်၊ အအေးပက်သေနေဦးမယ်။"
မက်ဒါနာ ပြတင်းပေါက်အပြင်ကိုကြည့်လိုက်တော့ တိုကျိုမှာလည်း နှင်းတွေစကျနေပြီ။ မကြာခင် ခရစ်စမတ်ရောက်တော့မှာကိုး။
"ဘာမှသာမဟုတ်တာ အချိန်တွေကလည်း ကုန်တာမြန်လိုက်တာ။"
အရင်နှစ်ခရစ်မမတ်တုန်းကတော့ ဟိုဂေါက်သီးကောင်တင်မီရဲ့ကုန်ဆုံးခဲ့ရတာမလို့ အချိန်တွေဖြုန်းခဲ့သလိုဖြစ်နေပြီး တကယ်တမ်းပျော်စရာမကောင်းခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်နှစ်တော့ ခရစ်စမတ်ကပျော်ဖို့ကောင်းမယ်လို့ သူခံစားနေရတယ်။ ဖရာလီတာရယ်၊ အေမီရယ်အပြင် ဂျပန်မှာတခြားကောင်မလေးတွေပါ အတူတူရှိနေရင်ကောင်းမှာ။ ဒါပေမဲ့ သူတို့တွေကလည်း ကိုယ်ပိုင်ကိစ္စတွေနဲ့ဆိုတော့။
"အင်း... ပြောခါမှ၊ လီဆာလေးကို သတိရလိုက်တာ။" မွေးစားသမီးလေးကို သတိရလာပြန်တော့ ဖရာလီတာ သက်ပြင်းချလိုက်မိတယ်။
ဖရာလီတာကလည်း ကလေးမလေးတစ်ယောက်ဆိုပေမဲ့ တကယ်ကလေးဆန်တာနဲ့ တမင်ချွဲပြနေတာက တူမှမတူတာ။ ဖရာလီတာနားနေရတာက အမြဲလိုလို သူ့ဂွင်ထဲဝင်သွားမှာကြောက်နေရပြီး အဆင်မပြေလှဘူး။ လီဆာနားနေရတာတော့ အေးချမ်းပြီး တကယ့်သမီးလေးတစ်ယောက်လိုပဲ။
'လီဆာအခုနေ အဆင်များပြေပါ့မလား။' လီဆာအဖမ်းခံထားရတာကို တွေးမိတိုင်း အဲဒီအရူးဒေါက်တာမျက်နှာကို တစ်ခွက်ခွက်နဲ့ထိုးပစ်ချင်စိတ် ပေါက်လာတော့တာပဲ။
နာရီဝက်လောက်ကြာတော့မှ ဖရာလီတာအထဲကနေထွက်လာတယ်။ ရေချိုးဇလုံထဲမှာ အကြာကြီးဝင်စိမ်နေခဲ့လို့ တစ်ကိုယ်လုံးအအေးဓာတ်ကြောင့် တုန်ရင်နေပြီး လက်တွေတောင် ပဲကြီးခွံတွန့်နေပြီ။ ရေနွေးနဲ့စိမ်နေတာဆိုပေမဲ့ အခုက ဆောင်းတွင်းကြီးလေ မချမ်းဘဲနေမလား။
"မက်ဒါနာ၊ နင်က တော်တော်ပျော်ဖို့မကောင်းတာပဲ ဟက်ချိုး.... ငါက နင်မစောင့်နိုင်တဲ့အထိ အကြာကြီးနေရင် ရေအတူလာချိုးမယ်မှတ်ပြီးစောင့်နေတာ ဟပ်ချိုး...."
မက်ဒါနာကတော့ အသေးမလေးကို အထင်သေးစွာနဲ့ကြည့်ရင်း ပြောလိုက်တယ်။
"ဒါတော့ ဘယ်တတ်နိုင်မလဲ၊ ကိုယ့်အပြစ်နဲ့ကိုယ်။ ငါက နင်ထွက်မလာရင် အနားက ရေပူစမ်းမှာသွားရေချိုးတော့မလို့။"
ရေပူစမ်းဆိုတဲ့အသံလည်းကြားရော အအေးမိခါနီးဖြစ်နေတဲ့ ဖရာလီတာလေး ချက်ချင်းနေပြန်ကောင်းလာတယ်။
"မက်ဒါနာ၊ မနက်ဖြန် ငါတို့ရေပူစမ်းဒိတ်ကြမယ်လေ။"
"....." ဟော၊ ပြောရင်းဆိုရင်း သူ့ဂွင်ထဲဝင်သွားပြန်ပြီ။
၂။
ရေချိုးပြီးတော့လည်း ဖရာလီတာက ရေပူစမ်းဒိတ်နဲ့ပတ်သက်ပြီး သိပ်ကိုတက်ကြွနေတယ်။ အင်တာနက်ကနေ သွားမယ့်ရေပူစမ်းစခန်းကို ရွေးပြီးနေပြီ။
"ဟေး... Hisamatsu Yuကိုသွားရအောင်။ သဘာဝရေပူစမ်းဖြစ်နေတဲ့အပြင် တိုကျိုနားမှာပဲလေ။"
မက်ဒါနာအနေနဲ့လည်း ငြင်းစရာမရှိတော့ ခေါင်းညိတ်ပြလိုက်တယ်။ ကလေးမလေးက နည်းနည်းကြောင်တောင်တောင်နိုင်ပေမဲ့ ကလေးဆန်တယ်လေ။ ဒီတော့ ကလေးဆိုးလေးတစ်ယောက်ကို အလိုလိုက်သင့်လိုက်ရမှာပေါ့။
ဖရာလီတာရေချိုးပြီးပြီဆိုတော့ သူလည်းဝင်ချိုးချလှပြီ။ ဒါပေမဲ့ အထဲရောက်တော့ အသေးမလေးက သူချိုးပြီးသားရေတွေကို ဖောက်မချဘဲ ဒီအတိုင်းဆပ်ပြာမြုပ်တွေနဲ့ အသင့်ပြင်ပေးထားတာတွေ့လိုက်ရတယ်။
"ဒါဘာသဘောလဲဟဲ့။" ဖရာလီတာနားရွက်ကို မက်ဒါနာဆွဲပြီးမေးတော့ တော်တော်ဆိုးဝါးတဲ့အသေးမလေးရဲ့အကြံကို သိလိုက်ရပါလေရောလား။
"မသိဘူးလေ၊ မက်ဒါနာ ကျွန်မကိုယ်သင်းနံလေးစွဲနေတဲ့ ရေနွေးကန်ထဲစိမ်ချင်မလားလို့။"
မက်ဒါနာလည်း ဖရာလီတာရဲ့နားထင်မွှေးတွေကို ပြတ်ထွက်လုနီးနီး ဆွဲပြီးမှ စိတ်ကိုလျှော့ပြီးလွှတ်ပေးလိုက်တယ်။
"နောက်တစ်ခါ ဒီလိုမလုပ်နဲ့။" စဉ်းစားကြည့်ပါဦး၊ ဒီလောက်ညစ်ညစ်ပတ်ပတ်ကြီးကို ဘယ်သူက ဝင်စိမ်ချင်မှာလဲ။ မက်ဒါနာလည်း ချက်ချင်းပဲ ရေချိုးဇလုံအစို့ကို ဆွဲဖြုတ်ပြီး ရေတွေသွန်ပစ်လိုက်တယ်။ ဖရာလီတာကတော့ မကြားတကြားရေရွတ်လိုက်သေး။
"ဒီလိုမှန်းသိရင် မက်ဒါနာရေချိုးပြီးမှချိုးပါတယ်။" သေချာပေါက် ရေမလဲဘဲဝင်စိမ်ဖို့ စိတ်ကူးနေတာမဟုတ်လား။ အဲဒီစကားကြောင့် မက်ဒါနာလည်း ကျက်သီးထလာပြီ။ ဒီအသေးမလေးက သူ့ကိုအရူးအမူးဖြစ်လွန်းနေတော့ ဘယ်လိုလုပ်ရမလဲ။ သေးသေးလေးနဲ့ မဟုတ်ကဟုတ်ကပေါင်းစုံတတ်နေပြီ။
သူတစ်ခုခုပြောမလို့လုပ်နေတုန်း ဖုန်းဝင်လာတာနဲ့ ဖုန်းကိုကိုင်ပြီး ရေချိုးခန်းထဲဝင်လိုက်တယ်။ အဓိကကတော့ ဖုန်းဆက်တဲ့သူက တိုကျိုဟီးရိုးအစည်းအရုံးက ဒရုန်းဇုန်ဖြစ်နေလို့ပါ။
"ဟယ်လို၊ ဒရုန်းဇုန်လား...."
မက်ဒါနာ ရေချိုးခန်းထဲဝင်သွားပြီးတဲ့နောက် ဖရာလီတာက ခါတိုင်းလိုပဲ အလုပ်စဖို့ကြိုးစားတယ်။ ဒီတစ်ခါတော့ ပစ်မှတ်က ပင်တီမဟုတ်တော့ဘူး။ ဒီမနက်ကပဲ သင်ခန်းစာပေးခံထားရတာလေ။ ဒီတော့ ဘယ်လုပ်ရဲဦးမလဲ။ ဒီတစ်ခါပစ်မှတ်က မက်ဒါနာရေချိုးတာ ချောင်းကြည့်မလို့။ အကြံဆိုးကြီးနဲ့ သူ့စမတ်နာရီကိုနှိပ်ပြီးကိုယ်ဖျောက်ခါနီး နာရီကိုဖုန်းဝင်လာတယ်။
တခြားသူဆိုရင်တော့ ဖရာလီတာမကိုင်ဘဲထားမလို့ဘဲ ဒါပေမဲ့ခေါ်တာက အယ်လိုဟင်ဖြစ်နေပြီး အရေးကြီးကိစ္စဖြစ်ပုံပေါ်တော့ ကိုင်လိုက်ရတယ်။
"သခင်မလေး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့အခန်းဆီလာခဲ့ပါဦး။ အရေးကြီးကိစ္စရှိတယ်။"
မက်ဒါနာကတော့ ရေအသစ်ဖြည့်ပြီးသား ရေချိုးဇလုံထဲဝင် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆပ်ပြာမြုပ်တွေထဲနှစ်လိုက်ရင်း ဖုန်းကိုနားထောင်တယ်။
"ငါတို့တွေ မနက်ဖြန် မြူတန့်သိပ္ပံရဲ့တတိယစခန်းကို ဝင်စီးမလို့၊ နင်တို့ပါဦးမယ်မလား။"
"ဒါပေါ့။"
မက်ဒါနာလည်း ချက်ချင်းအဖြေပြန်ပေးလိုက်တယ်။ ပြောရမယ်ဆိုရင် သူတို့ဂျပန်ကိုလာရမယ့် အဓိကအကြောင်းအရင်းက လီဆာကိုဖမ်းခေါ်သွားတဲ့ မြူတန့်သိပ္ပံအဖွဲ့နောက်လိုက်ပြီး လီဆာကိုပြန်ခေါ်လာဖို့ပါ။ ဒါပေမဲ့ သူတို့နောက်ကလိုက်နေပြီဆိုတာကို မြူတန့်သိပ္ပံက သိနေပြီဖြစ်တာကြောင့် ဂျပန်က စခန်းမှာနေတော့မှာမဟုတ်ပါဘူး။
သူတို့စခန်းပြောင်းသွားပြီဆိုပေမဲ့ စခန်းအဟောင်းကိုတော့ သူတို့လစ်လျူရှုလို့မရဘူး။ မြူတန့်သိပ္ပံ ဘာလုပ်နေလဲဆိုတဲ့ သဲလွန်စတွေက စခန်းဟောင်းမှာရှိနေနိုင်ပြီး သူတို့အနေနဲ့သိထားဖို့ အရေးကြီးနေပါတယ်။
နောက်ပြီးတော့ ရက်ပိုင်းအတွင်း သူတို့တွေက ပစ္စည်းဘယ်လောက်များများကို ရွှေ့ပြောင်းနိုင်မှာမလို့လဲ။ တချို့တလေကတော့ ကျန်နေဦးမှာပါ။
"ကောင်းပြီလေ၊ ဒါဖြင့်ရင် မနက်ဖြန်ရှစ်နာရီ ဟီးရိုးအစည်းအရုံးကိုလာခဲ့။ ငါတို့စောင့်နေမယ်။"
မက်ဒါနာလည်း လက်ခံတဲ့အကြောင်း ပြန်ဖြေလိုက်တယ်။ နောက်တော့ လုပ်စရာမရှိတော့တာနဲ့ ရေချိုးဇလုံထဲကနေထွက်ပြီး ရေပန်းနဲ့ ဆပ်ပြာမြုပ်တွေကို ဆေးချလိုက်ပြီးနောက် သဘက်နဲ့ရေတွေသုတ်တယ်။
...
အပြင်ပြန်ရောက်လာတော့ ဖရာလီတာကို ဘယ်နေရာမှာမှမတွေ့ဘူး။ ကြည့်ရတာ ဟိုဖက်ခန်းမှာရှိတဲ့ အယ်လိုဟင်တို့ဆီသွားတယ်နဲ့တူတယ်။ အေမီကတော့ အသစ်ရထားတဲ့လက်ကလေးနဲ့ နားကြပ်တပ်ပြီး ဂိမ်းကစားနေပြီ။ သူနဲ့တွဲကစားနေတဲ့ တွဲဖက်တွေကိုတောင် ဆူလိုက်ဆဲလိုက်သေးတယ်။
"ဘာကြည့်နေတာလဲ သောက်noobကောင်တွေရဲ့။ ဟိုမှာရန်သူတွေရှိနေတာမမြင်ဘူးလား။ ပစ်လေ။"
ပြောခါမှ၊ အေမီက တစ်ခါတလေ လစ်တိုင်းလက်တော့နဲ့ သေနတ်ပစ်တိုင်းကစားလေ့ရှိပြီး ဘယ်တော့မှ မရှုံးနိမ့်ပါဘူး။ ပရိုဂရမ်နဲ့မောင်းနှင်နေတဲ့ စက်ရုပ်တစ်ရုပ်ဆိုတော့ လူတွေထက် ဂိမ်းကစားတဲ့အခါမှာ အများကြီးပိုတော်ပါတယ်။
ပြီးတော့ အခုတလောဆိုရင် Youtubeမှာ Channel ဖွင့်ပြီး Streamနေလိုက်သေးတယ်။ မက်ဒါနာပေးထားတဲ့ ရုပ်ခံလေးကလည်းရှိဆိုတော့ ခပ်ချောချာမိန်းကလေးတစ်ယောက် စက်ရုပ်မလေးလိုCosပြီး ဂိမ်းကစားနေတယ်လို့ပဲ လူတွေထင်ကြတာ။ အခုဆိုရင် followerတောင် လေးသိန်းခွဲကျော်နေပြီ။ SilverKnightရဲ့Twitterတောင် ခုမှတစ်သိန်းစွန်းစွန်းပဲရှိသေးတာ။ အေမီအစွမ်းအံ့မခန်းဘဲ။
"ဟုတ်ကဲ့မမလေး၊ အကောင်းဆုံးကြိုးစားပါ့မယ်ခင်ဗျ။" Squadမထောင်ထားရသေးတော့ အေမီ့အသင်းဖော်တွေက Randomရထားတာဆိုတော့ သာမန်ရွက်ကြမ်းရည်ကြိုတွေ။ ဒါပေမဲ့ နာမည်ကြီးဂိမ်မာမလေးတစ်ယောက် သူတို့နဲ့ဆော့နေမှန်းသတိထားမိနေတော့ အစွမ်းကုန်ကြိုးစားရုန်းကန်နေကြတယ်။ ကံကောင်းပြီး ဂိမ်မာမလေးအထင်ကြီးတာခံရရင် မဆိုးဘူးမဟုတ်လား။
မက်ဒါနာလည်း ဂိမ်းဆော့နေတဲ့အေမီဆီက အာရုံကိုပြန်ဆုတ်လိုက်ပြီး အင်္ကျီလဲလိုက်တယ်။ ဒီတစ်ခါတော့ ညအိပ်တော့မှာမလို့ သာမန်ညဝတ်အင်္ကျီလေးပါ။ ဒါပေမဲ့ မှန်ထဲပြန်ကြည့်တော့ တအားချစ်ဖို့ကောင်းနေတာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြွေမိလုနီးနီးပဲ။
အဝတ်လဲပြီးတဲ့အထိ ဖရာလီတာပြန်မလာသေးတော့ အခန်းထဲမှာ တစ်ယောက်တည်းဖြစ်နေတော့ မက်ဒါနာလည်းပျင်းနေလာပြီး အမေရိကန်မှာကျန်နေခဲ့တဲ့ တခြားမိတ်ဆွေတွေဆီ ဖုန်းခေါ်ဖို့အတွက် အကြံရလာတယ်။ ဒါပေမဲ့ နိုင်ငံခြားရောက်နေတော့ ဗီဒီယိုကောလ်ခေါ်တာပဲ ပိုကောင်းပါတယ်လေလို့စဉ်းစားမိပြီး Viberထဲဝင်လိုက်တယ်။
ပထမဆုံး ဖုန်းမျက်နှာပြင်ကိုရိုက်ပြီး နှိပ်မိလိုက်တဲ့အကောင့်က အန်တီလေးအိုလီဗာပါ။ မက်ဒါနာမိန်းကလေးအဖြစ် ပြောင်းသွားတဲ့နေ့ကနေစပြီး ကွင်းကနေ ထွက်မသွားခင်အထိ အန်တီလေးက တော်တော်လေးကူညီပေးခဲ့တာ။ သူဝတ်တဲ့အဝတ်လှလှလေးတွေကို အန်တီလေးအိုလီဗာ ရွေးပေးထားတာလေ။ သူကိုယ်တိုင်ဆိုရင် ဘယ်ဟာနဲ့လိုက်လို့လိုက်မှန်းတောင် သိမှာမဟုတ်ဘူးရယ်။
ဖုန်းဝင်သွားပြီး မကြာခင်မှာပဲ အန်တီလေးအိုလီဗာ ဖုန်းကိုင်လိုက်တယ်။ အန်တီလေးအိုလီဗာက လေ့ကျင့်ခန်းလုပ်တဲ့ စွပ်ကျယ်ချိုင်းပြတ်လေးကိုဝတ်ထားပြီး ဦးထုပ်ခပ်သေးသေးစောင်းထားတယ်။ ကြည့်ရတာ မနက်ခင်းအားကစားလုပ်နေပုံပဲ။
မက်ဒါနာတို့ဆီမှာက ညကိုးနာရီဆိုပေမဲ့ ဟိုမှာမနက်စောစောပဲ ရှိသေးတာကို။ အများဆုံးမှာ ခြောက်နာရီခွဲကျော် ခုနစ်နာရီထိုးခါနီးလောက်ပဲရှိဦးမယ်။
"အား... မက်ဒါနာလေးပါလား၊ ဖုန်းမဆက်တာကြာပြီနော်။" အန်တီလေးအိုလီဗာက ကင်မရာကိုဆက်ဖွင့်ထားပြီး သူထိုင်ထလုပ်နေတဲ့ နေရာရှေ့မှာချဖွင့်လိုက်တယ်။ ဒီတော့ အန်တီလေးအိုလီဗာရဲ့လူပျိုသတ်ဘော်ဒီလေး လှုပ်လှုပ်ရှားရှားဖြစ်နေတာကို သေချာမြင်နေရလေရဲ့။
အင်တာဗျူးကိစ္စပြီးတဲ့နောက် အန်တီလေးအိုလီဗာက မက်ဒါနာက မင်းလွင်မှန်းသိနေပြီ၊ ပြီးတော့ မက်ဒါနာက ငွေရောင်စစ်သည်ဆိုတဲ့ လျှို့ဝှက်ချက်ကိုလည်း သိနေတာကြာပြီးသား။
"အင်း... တိုကျိုမှာစွန့်စားခန်းဖွင့်နေတာလေ၊ ဒီနေ့လည်း အကျက်ကင်အကင်မခံရရုံတမယ်ပဲ။"
"အာလေလေ... ဒါဖြင့်အရှေ့ပင်လယ်ထဲ မီးဖီးနစ်ကြီးပေါ်လာတဲ့ကိစ္စမှာ နင်လည်းပါသေးတယ်ပေါ့။"
အာကိုင်းဂါမီငှက်ကြီးဖြစ်သွားတဲ့အကြောင်းက အခုလျှို့ဝှက်ချက်မဟုတ်တော့ဘူး။ တစ်ကမ္ဘာလုံးက ယူဂျင်းထောင်ဖောက်ခံရတဲ့ကိစ္စကို အာရုံစိုက်နေတာမလို့ သတင်းရရခြင်း တစ်ကမ္ဘာလုံးပြန့်သွားတယ်။
စွမ်းအားကြီးတဲ့ S rankတစ်ယောက် ရုတ်တရက်စိတ်ဖောက်ပြီး သောင်းကျန်းနေတာက တစ်ကမ္ဘာလုံးအတွက် သတင်းဆိုးကြီးတစ်ခုပါ။ အန္တရာယ်အများဆုံး မြူတန့်သိပ္ပံအဖွဲ့က ခြေလှမ်းစိပ်စိပ်လှမ်းနေတဲ့အချိန် အားကိုးရမယ့်ဟီးရိုးတွေက သောက်တလွဲတွေဖြစ်နေတယ်။
အားလုံးထဲမှာ ဂျပန်ပြည်သူတွေကတော့ ဝမ်းအနည်းဆုံးပါ။ နေမင်းကြီး ပြန်ထွက်လာပြီဆိုပြီး ဝမ်းသာမယ်စဉ်းစားကြတုန်း ဟိုကောင်က ငှက်ကြီးဖြစ်သွားပြီး သွားချင်ရာလျှောက်သွားနေပြီကိုး။ ပြီးတော့ အာကိုင်းဂါမီအတွက် နောက်ဆက်တွဲကိစ္စတွေအတွက် ဟီးရိုးအစည်းအရုံးကလည်း မစဉ်းစားနိုင်သေးပါဘူး။ စဉ်းစားဖို့အားတောင်မအားသေးဘူးလို့ ပြောနိုင်ပါတယ်။ တောင်ကိုရီးယားက သွေးပိုးအိမ်ကြီးပြဿနာကို သူတို့ရှင်းကြရဦးမယ်။
"ငါတို့ဆီမှာတော့ မြူတန့်နဲ့လူသား ခွဲရေးတွဲရေးမူက နာမည်ကြီးနေတယ်။ အချိန်ရရင် ဒီကသတင်းတွေလည်းဝင်ကြည့်ဦး။"
ဒေါ်လေးအိုလီဗာသတိပေးတဲ့ကိစ္စကို မက်ဒါနာလည်းနားလည်တယ်။ ဒေါက်တာစမစ်ဂျင်းသွားတဲ့ကိစ္စကို ခုထိလွှတ်တော်အမတ်တွေက အရေးတယူလုပ်နေကြတုန်း။ အထူးသဖြင့် ကွန်ဆာဗေးတစ်အမတ်တွေနဲ့ ရီပက်ဗလစ်ကန်တွေက မြူတန့်တွေကို သီးခြားမျိုးစိတ်တွေလို့သတ်မှတ်ပြီး အထူးဥပဒေတွေနဲ့ချုပ်နှောင်ဖို့ ကြိုးစားနေကြတယ်။
တချို့ဥပဒေတွေဆိုရင် လွန်လွန်ကျူးကျူးဖြစ်နေပြီး ရာဇဝတ်သားတွေလိုမျိုး ခြေရာခံစနစ်နဲ့စောင့်ကြည့်ဖို့၊ ကျောင်းတွေမှာ သာမန်ကျောင်းသားတွေနဲ့ခွဲခြားထားဖို့၊ စွမ်းအားအသုံးပြုခွင့် ကန့်သတ်ဖို့ စသည်ဖြင့် စုံစေ့နေအောင်ပါပဲ။
နီယိုလစ်ဘရယ်တွေနဲ့ ဒီမိုခရက်တွေကတော့ မြူတန့်အရေးလှုပ်ရှားသူတွေကိုင်ဆောင်တဲ့ ဆောင်ပုဒ်တွေနဲ့ တစ်သားတည်းရပ်ကြတယ်။ စွမ်းအားအသုံးပြုခွင့်ဟာ လူသားအခွင့်အရေးတစ်ရပ်ဖြစ်ပြီး အမေရိကန်ဥပဒေအရ မိမိကိုယ်ကိုယ်ခုခံဖို့အတွက် လက်နက်ကိုင်ဆောင်ခွင့်လိုဥပဒေမျိုးနဲ့ ခွင့်ပြုပေးဖို့ ခြွင်းချက်ထား တောင်းဆိုကြတယ်။
ဒါပေမဲ့ ဟီးရိုးအစည်းအရုံးကို အစိုးရအောက်ထဲထည့်ဖို့ကျ သဘောတူကြပြန်ရော။ အဓိကက ရာဇဝတ်မူခင်းတွေမှာ ဟီးရိုးအစည်းအရုံးကပိုပြီး အရာရောက်နေတာကို သူတို့သဘောမကျကြတာပါ။
ဝါရှင်တန်က အိမ်ဖြူတော်ရှေ့မှာဆိုရင် နှစ်ဖက်ထောက်ခံသူတွေ ထတောင်သတ်ကြတယ်ဆိုပဲ။ လက်ရှိရီပက်ပလစ်ကန်သမ္မတကြီးကတော့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်မယ်ဆိုပြီး ပြောရှာပါတယ်။
ဒါပေမဲ့မျှမှမမျှတတာ။ အစကတည်းက အမေရိကန်မှာ မြူတန့်သန်းငါးဆယ်လောက်ပဲရှိတာလေ။ သမ္မတရွေးသလို ကိုယ်စားပြုစနစ်နဲ့ရွေးရင်တောင် ပြည်နယ်အများစုမှာ လူဦးရေအသာကြောင့်နိုင်နေဦးမယ့် သာမန်လူတွေကို မြူတန့်တွေမနိုင်နိုင်ကြဘူး။ ဒီတော့ အကုန်လုံးကိုစောင့်ကြည့်မယ့်ဥပဒေက အတည်ဖြစ်လာဖို့များနေတယ်။
မကျေနပ်တဲ့လှုပ်ရှားသူတော်တော်များများက UNအထိ တက်တိုင်ကြပေမဲ့ UNဆိုတာက အစကတည်းက နိုင်ငံကြီးတွေကြိုးဆွဲရာ ကနေရတာ။ ပြီးတော့ ရုရှားနဲ့အမေရိကန်လို ဗီတိုပိုင်တဲ့နိုင်ငံတွေက မြူတန့်တွေကို မျက်မုန်းကျိုးနေတာကြာပြီ။ ရုရှားဆိုရင် သူတို့ရဲ့ဟီးရိုးအစည်းအရုံးကိုတောင် အတိအလင်းစစ်ကြေညာလိုက်သေးတယ်။
တရုတ်ကတော့ နဂိုကတည်းက စီးပွားရေးသမားမလို့ နှစ်ဖက်လုံးနဲ့ ဖာသိဖာသာနေတယ်။ ဘေကျင်းအစည်းအရုံးအပေါ် ဖိအားတွေမပေးသလို မြူတန့်ခွဲရေးတွဲရေးမူကိုလည်း ဘာသောက်ဂရုမှမစိုက်ဘူး။ ဟီးရိုးတွေကို သူတို့စျေးပေါပေါနဲ့လုပ်ထားတဲ့ အကူပစ္စည်းတွေရောင်းရဖို့ပဲ စိတ်ထဲရှိတာ။
ပြင်သစ်နဲ့ယူကေကတော့ အမည်ခံဗီတိုနိုင်ငံတွေသာဖြစ်ပြီး ဘာမှအရာမရောက်တာကြာပြီဆိုတော့ ငုတ်တုပ်ကလေးတွေထိုင်ပြီး ဘာမှဝင်မပြောရဲရှာဘူး။
ပြင်သစ်မှာက မြူတန့်အင်အားကြီးမိသားစုတွေရဲ့စိုးမိုးမှုက တော်တော်လေးများပေမဲ့ NATO စာချုပ်အဖွဲ့ဝင်ဖြစ်တဲ့အပြင် ကုန်သွယ်ခွန်ကင်းလွှတ်ခွင့်ပေးထားတဲ့ ဥရောပသမ္မဂမျက်နှာကိုလည်း ကြည့်နေရသေးတော့ နှုတ်ဆိတ်နေပြီး စကားပြောရဖို့ အင်တင်တင်ဖြစ်နေတာ။
ယူကေကတော့ ၁၉၇၀ ခုနစ်တွေကတည်းက ငွေကြေးဖောင်းပွမှုတွေ စက်မှုလုပ်ငန်းကျဆင်းမှုတွေကြောင့် အင်အားနည်းနေပြီးသား။ ဥရောပသမဂ္ဂကနေထွက်လာပြီးနောက် ပိုဆိုးလာပြီး ဘုရင်မကြီးနတ်ရွာစံပြီးတဲ့နောက် ကမ္ဘာ့လွှမ်းမိုးမှုပါ ထိုးကျကုန်တယ်။ အခုယူကေမှာ မင်းသမီးလီလီယာက ထက်ထက်မြက်မြက်ရှိပြီး မြူတန့်နဲ့လူသားရဲ့အသက်ဟာ တန်ဖိုးတူညီတယ်လို့ပြောဖူးပေမဲ့ တခြားဖိအားတွေကြောင့် ခုထိတော့ ဘာမှဝင်မပြောသေးဘူး။
ဂျပန်မှာကတော့ တိုကျိုကိစ္စကြောင့် လူသားတွေက မြူတန့်တွေကို ခြိမ်းခြောက်မှုတစ်ခုလို့ မြင်တဲ့သူတွေရှိလာပေမဲ့ အာကိုင်းဂါမီပြန်လည်ရောက်ရှိလာခြင်းက ခတ္တသက်သာရာရသွားစေပါတယ်။ ဒါပေမဲ့နောက်များတော့ မပြောတတ်ဘူးရယ်။
မက်ဒါနာက အန်တီလေးအိုလီဗာနဲ့ တခြားအသေးအဖွဲတွေ ပြောပြီးတဲ့နောက် ဖုန်းချလိုက်ပြီးတော့ ဖလေရာကို ခေါ်လိုက်ပေမဲ့ တော်တော်နဲ့ဖုန်းမကိုင်ဘူး။
ဖုန်းကို သုံးလေးကြိမ်ခေါ်မှ ဝင်သွားပြီး တစ်ဖက်က ကောက်ကိုင်ပြီး ဖလေရာရဲ့အိပ်ချင်မူးတူးအသံကိုကြားလိုက်ရတယ်။
"ဟယ်လို... ဘယ်သူလဲ၊ ဖလေရာ ဘယ်ရီဂရင်းပြောနေပါတယ်။ အရေးမကြီးရင် ဖုံးချလိုက်တော့မယ်။"
ဖလေရာက ရိုးရိုးဖုန်းမှတ်ပြီးတော့ နားနားကပ်နားထောင်နေတာမလို့ ဖလေရာရဲ့အိပ်ချင်မူးတူးမျက်နှာလေးကို မက်ဒါနာမြင်နေရတယ်။ တကယ့်ကို စွဲမက်ချင်စရာလေး။ ဖလေရာက မက်ဒါနာနက် တော်တော်အသက်ကြီးပေမဲ့ မိန်းမလှလေးတစ်ယောက်ဆိုတာကိုတော့ ငြင်းချက်ထုတ်လို့မရဘူး။
"အား... ဖလေရာ၊ နင်ငါ့အကောင့်ကိုတောင် မမှတ်မိဘူးလား။ ပြီးတော့ ငါတို့က ဗီဒီယိုကောလ်ပြောနေတာဟ။"
မက်ဒါနာ သတိပေးလိုက်မှ ဖလေရာလည်း ဖုန်းကိုနားနဲ့ခွာလိုက်တယ်။ သူကအခု မက်ဒါနာမင်းလွင်ဘဝက သုံးခဲ့တဲ့စမ်းသပ်ခန်းထဲမှာ ပစ္စည်းတွေအစုံအလင်နဲ့။ ပြီးတော့ ပြတိုက်ထဲမှာအလှထားတဲ့ မက်တယ်ပလာဒင်မူရင်းဝတ်စုံကြီးလည်း ရှိနေသေးတယ်။ နည်းနည်းဟောင်းနေပေမဲ့ သူ့ခေတ်သူ့အခါက အကောင်းဆုံးဖြစ်တဲ့ ဂန္တဝင်စူပါဝတ်စုံပါ။
"နင်အလုပ်ရှုပ်နေတာလား။"
"အင်း... ငါ့အဖိုးဝတ်စုံကို ပြန်လေ့လာရင်း ပြင်သင့်တာပြင်နေတာလေ။" မက်ဒါနာအသံကို ကြားပြီးတာနဲ့ ဖလေရာက တက်ကြွသွားပြီး သွက်လတ်စွာပြန်ဖြေတယ်။
နောက်တော့ တဖြည်းဖြည်းနဲ့အကြောင်းစုံသိလာရတယ်။ ဖလေရာက အခုသူ့ကုမ္ပဏီထဲက လောက်တွေကိုရှင်းထုတ်ဖို့ကြိုးစားနေတာ။ ရေဂင်စီနီယာနဲ့တောင် ထိပ်တိုက်တွေ့နေပြီ။ သူတို့က ရှယ်ယာအများဆုံးပေမဲ့ နည်းပညာတွေခိုးရောင်းထားတဲ့သက်သေတွေကို ဖလေရာရှာတွေ့ထားတာမလို့ ထောင်ကျနိုင်တဲ့အမှုကြီးတစ်ခုကို တည်ဆောက်နိုင်နေကြပြီ။ အခုလေဒီဘတ်တာဖလိုင်းနဲ့တွဲလုပ်နေတာတဲ့။
"ဒါနဲ့၊ အဲဒီဝတ်စုံအဟောင်းကြီးပြင်တာ ဘာလုပ်မလို့လဲ။ ဟီးရိုးလုပ်မလို့တော့ မဟုတ်ပါဘူးနော်။"
မက်ဒါနာသိထားသလောက်တော့ ဖလေရာမှာက မြူတန့်စွမ်းအားမရှိဘူး။ ဒါကြောင့် နှစ်တစ်ထောင်လောက် ခေတ်ရှေ့ပြေးနေတဲ့နည်းပညာမြူတန့်တစ်ယောက်ရဲ့လက်ရာကို နားလည်ဖို့မလွယ်ကူပါဘူး။ ဒါကြောင့် လွယ်ကူတဲ့အလုပ်တော့မဟုတ်တာသေချာတယ်။
"အင်း၊ အဲဒီလိုပါပဲ။ ဒါပေမဲ့ သူများတွေကိုကူညီပေးဖို့ထက် ငါ့ကိုယ်ငါကာကွယ်ဖို့ဟ။ အဖိုးကြီးရေဂင်မျက်လုံးတွေက တစ်ခုခုကြံနေသလိုထင်ရလို့ ငါ့ကိုယ်ငါကာကွယ်ဖို့ အဖိုးဝတ်စုံကိုသုံးလို့ရအောင်ပြင်နေတာ။"
မက်ဒါနာကလည်း ဖလေရာစကားကိုကြားတော့ စိတ်ပူသွားပြီး ကူညီပေးချင်လာတယ်။ တကယ်တော့ ဒီလိုကိစ္စမျိုးမှာ သူဖလေရာဘေးနားရှိနေပေးရင် ပိုကောင်းမှာ။ ဒါပေမဲ့ သူကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေပြီး လီဆာလေးကို ကယ်ရဦးမယ်။
"အင်း၊ တစ်ခုခုဖြစ်ရင် ဆိုဖီယာအိမ်ထဲသာ ပြေးဝင်နေလိုက်။" ဆိုဖီယာက အခုဒီကမ္ဘာမှာမရှိသေးပေမဲ့ သူ့ရဲ့စွမ်းအားအကြီးဆုံးအစောင့်ကို သူ့အိမ်မှာချန်ထားတဲ့အကြောင်း မက်ဒါနာကိုပြောဖူးတယ်။ ဒါကြောင့် ဖလေရာကိုကူညီနိုင်တဲ့ အနီးဆုံးလူက အဲဒီတစ်ယောက်ပဲလေ။
ဖလေရာနဲ့စကားပြောပြီးတဲ့နောက်တော့ မက်ဒါနာက လင်ဒါကိုဖုန်းခေါ်သေးပေမဲ့ မကိုင်ဘူး။ အလုပ်များနေလို့လား၊ ဒါမှမဟုတ် သူ့ကိုမြင်ရင် လီဆာလေးကို သတိရမှာစိုးလို့လားတော့ မသိဘူး။
နောက်ခေါ်ဖြစ်တဲ့လူတွေကတော့ လေဒီဘတ်တာဖလိုင်း၊ သူကတော့ ချီလုလုနဲ့ မက်တယ်ပလာဒင်အမှုလိုက်နေတယ်ပြောတယ်။ နေ့တိုင်းနီးပါး ရေဂင်နောက်ကို နောက်ယောင်ခံလိုက်နေရတယ်တဲ့။ မေမေသီတာကတော့ ကင်ဆာရောဂါသက်သာသလောက်ဖြစ်နေပြီး ဖိုးဖိုးနယ်စားနဲ့အတူရှိနေတယ်။ ကောင်လေးဒီပကတော့ နယ်စားဆက်ခံသူမင်းသားနေရာနဲ့ အသားမကျသေးဘဲ ရုံးထိုင်ရမယ့်အချိန် နန်းတော်ထဲကနေ လစ်လစ်ထွက်နေတုန်းပဲ။
မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီး နာရီကိုမော့ကြည့်လိုက်တယ်။ ဆယ့်တစ်နာရီထိုးတော့မယ်။ လူနည်းနည်းလောက်နဲ့ပဲ စကားပြောခဲ့တာဆိုပေမဲ့ အိပ်ချိန်ရောက်လာပြီ။ အေမီရှိနေခဲ့တဲ့ နေရာကိုကြည့်လိုက်တော့ ဂိမ်းမဆော့တော့ဘဲ အခန်းပြန်သွားပြီ။ နှုတ်တောင်ဆက်သွားရဲ့လားမသိဘူး။
ဒါပေမဲ့ ဖရာလီတာပြန်မလာသေးလို့ အခန်းထဲမှာ အထီးကျန်နေလေရဲ့။ အတော်ကြာမှ ဖရာလီတာ ပြန်ရောက်လာတယ်။ မက်ဒါနာ သတိထားမိတာက သူ့မျက်လုံးတွေ ငိုထားသလိုနီရဲနေတာပါ။
"ဖရာလီတာ၊ နင်ငိုထားတာလား။" မက်ဒါနာလည်း စိုးရိမ်သွားပြီး ကလေးမလေးဆီပြေးသွားမေးလိုက်တယ်။
'ပြောခါမှ၊ အရေးကြီးကိစ္စရှိလို့ စတန်းဖို့စ်တို့ဆီ ထွက်သွားတာမလား။' သူ့အမျိုးတစ်ယောက်ဆုံးသွားလို့များလားလို့ မက်ဒါနာတွေးမိပေမဲ့ တကယ့်တကယ်တော့ မက်ဒါနာဟာ ဖရာလီတာအကြောင်းကို ပန်ဒရာဂွန်သခင်မလေးဖြစ်ပြီး Antiheroကြီး Archmegaလည်းဖြစ်တယ်ဆိုတာထက် ဘာမှပိုမသိဘူး။ နောက်ကွယ်က ဇာတ်ကြောင်းတွေကိုရောပေါ့။
ဖရာလီတာကတော့ မက်ဒါနာကိုတွေ့တာနဲ့ ချက်ချင်းပြုံးပြလိုက်တယ်။ နီရဲနေတဲ့မျက်လုံးတွေက ဘာမှမဟုတ်သလိုပဲ။
"ဘာမှမဟုတ်ပါဘူး၊ ဂိမ်းကစားတာ နည်းနည်းများသွားလို့ပါ။" ခုခေတ်ကလေးတွေ ဂိမ်းကစားတာ ပုံမှန်ပဲမလား။ သူတောင်တစ်ခါတလေ ညမအိပ်ဘဲ ဟိုကိုင်းအင်းပတ် ထိုင်ခုတ်နေတာလေ။ ဒါကြောင့်သာမန်ပဲလို့ တွေးလိုက်မိတာ။
"ဒါဆိုလည်း လာအိပ်တော့၊ ကလေးတွေက ညနက်တဲ့အထိ ဂိမ်းဆော့နေလို့မဖြစ်ဘူး။"
မက်ဒါနာက ဖရာလီတာကို လက်ဆွဲပြီးအိပ်ရာထဲလှဲခိုင်းလိုက်တယ်။ အရင်ကတော့ မက်ဒါနာက တစ်ယောက်တည်းအိပ်နေကျ။ ဒါပေမဲ့ခုရက်ပိုင်း ဖရာလီတာလေးက အိပ်ရာထဲအတူလာအိပ်တော့ နေသားကျနေပြီ။ တစ်ယောက်တည်းအိပ်ရင် တစ်ခုခုလိုနေသလိုကိုဖြစ်လို့ မအိပ်သေးဘဲ ဖရာလီတာကိုစောင့်နေမိတာ။
ဖရာလီတာကလည်း ခါတိုင်းလိုပဲ သူ့ခါးကိုဖက်ထားပြီး ခဏကြာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်။ ဘာကြောင့်မှန်းမသိ ဒီနေ့ဖရာလီတာဖက်ထားတာ အရင်ရက်တွေကထက် ပိုတင်းကျပ်သလိုပဲ။ ဒါပေမဲ့ ပင်ပန်းနေပြီမလို့ မက်ဒါနာလည်း တခြားကိစ္စတွေ စဥ်းစားမနေတော့ဘဲ သိပ်မကြာခင်မှာပဲ အိပ်မောကျသွားတော့တယ်။
...
"သခင်မလေး၊ သွားဖို့အချိန်ရောက်ပါပြီ။"
ညက သုံးနာရီ။ ဖရာလီတာတစ်ယောက် လေတိုးသလို နားနားကပ်ပြီး ပြောလိုက်တဲ့အသံကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။ ကျင့်သားရနေပြီဖြစ်တဲ့ အသိစိတ်ကြောင့် ဖရာလီတာဟာ ချက်ချင်းအိပ်ပျော်ရာကနေ နိုးလာနိုင်တယ်။ အအိပ်ဆတ်တယ်။
ဖရာလီတာ မျက်လုံးကိုဖွင့်ပြီး ညအမှောင်ထဲကိုကြည့်လိုက်တော့ သူတို့အိပ်ရာဘေးမှာ အယ်လိုဟင်နဲ့စတန်းဖို့စ်တို့က အသာရပ်နေကြတယ်။
အခန်းထဲမှာ လုံခြုံရေးစနစ်အမျိုးမျိုးချထားပေမဲ့ ဒီလူနှစ်ယောက်အတွက်တော့ စာမဖွဲ့လောက်ပါဘူး။ သူတို့နှစ်ယောက်လုံးက ကျွမ်းကျင်တဲ့သက်တော်စောင့်တွေ။
"သူ့ကို တကယ်ပဲပြောမပြတော့ဘူးလား။" အယ်လိုဟင်က ပြောလိုက်တယ်။ ဖရာလီတာကတော့ အိပ်ပျော်နေဆဲဖြစ်တဲ့ မက်ဒါနာရဲ့နားထင်က ဆံပင်စတချို့ကို ဖယ်ရှားလိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
"အင်း၊ သူသိသွားရင် ငါ့ကိုထွက်သွားခွင့်ပေးတော့မှာမဟုတ်ဘူး။" ဖရာလီတာရဲ့မျက်ဝန်းတွေမှာ မျက်ရည်စတချို့ တွဲလွဲခိုနေတယ်။ နောက်တော့ မက်ဒါနာရဲ့ပါးပြင်ကို ယုယုယယနမ်းလိုက်ရင်း အိပ်ရာကနေ ထရပ်လိုက်တယ်။
"သူ့ရဲ့ဘေးမှာရှိနေရင် ငါ့ရဲ့ဘဝအစစ်အမှန်ကို ငါအမြဲမေ့မေ့သွားတယ်။ ဒါပေမဲ့ ထွက်သွားမှဖြစ်တော့မယ်။"
အဲဒီနောက် ဖရာလီတာက သူ့ရဲ့ကိုယ်ရံတော်နှစ်ယောက်နဲ့အတူ အခန်းထဲက ထွက်သွားလိုက်တယ်။ တံခါးပြန်မပိတ်ခင် နောက်ဆုံးအနေနဲ့ ဖရာလီတာက အခန်းတွင်းက မက်ဒါနာကိုပြန်ကြည့်ရင်း ပြောလိုက်တယ်။
"ဖြစ်နိုင်ရင် ထာဝရမနိုးထနိုင်တဲ့အိပ်မက်တွေထဲမှာ နင်နဲ့အတူအချိန်တွေထပ်ကုန်ဆုံးချင်သေးတယ်၊ မက်ဒါနာ။"
"Sayōnara (နှုတ်ဆက်ပါတယ်)...."
၃။
မက်ဒါနာနိုးလာတော့ ချမ်းလွန်းလို့ တစ်ကိုယ်လုံးခိုက်ခိုက်တုန်နေပြီ။ ခဲမသေတာ တော်လှရယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူခြုံထားတဲ့စောင်က ခြေရင်းမှာပုံလျက်သား။
"ဖရာလီတာတော့ စောင်တွေကို ကန်ထုတ်လိုက်ပြန်ပြီထင်တယ်။" ကလေးဆန်တဲ့ ကောင်မစုတ်လေးအကြောင်းက သူ့ခေါင်းထဲ ပထမဆုံးဝင်လာတယ်။ အဲဒီဟာမလေးက အအိပ်ကြမ်းလွန်းတော့ စောင်တွေကို ခြေထောက်သေးသေးလေးနဲ့ ကန်ထုတ်နေကျ။ အခုတောင် မက်ဒါနာအအေးဓာတ်ကြောင့် ချမ်းလွန်းလို့တုန်နေပြီး နှာရည်တွေလဲ နှာခေါင်းထဲက စီးကျနေပြီ။
"ဟိုဟာမလေး၊ နင်နိုးနေပြီမဟုတ်လား။"
အိပ်ချင်မူးတူးနဲ့ လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး ဖရာလီတာရှိနိုင်တဲ့နေရာကို လှမ်းပုတ်လိုက်ပေမဲ့ ကုတင်မှာခင်းထားတဲ့ အိပ်ရာခင်းကိုပဲ ပုတ်လိုက်မိတယ်။ အဲဒီတော့မှ မက်ဒါနာလည်း မျက်လုံးကိုကျယ်ကျယ်ဖွင့်ကြည့်မိတော့တယ်။
သူချမ်းနေမှာပေါ့၊ ခါတိုင်း သူ့ခါးကိုဖက်ထားနေကျ ကောင်မလေးက ဘေးမှာရှိမှရှိမနေတာ။
'ဘုရားဘုရား... အအိပ်လွန်ပြီး ကုတင်ပေါ်ကပြုတ်ကျသွားတာတော့ မဟုတ်ပါဘူးနော်။" ပြောလို့ရတာမဟုတ်ဘူး။ ဟိုလှမ့်ဒီလှိမ့်နဲ့ အိပ်ရာပေါ်ကနေ လိမ့်ကျနေတာလည်း ဖြစ်ချင်ဖြစ်မှာ။ ကြမ်းပြင်မှာကွေးကွေးလေးအိပ်နေရမယ့် ဖရာလီတာကိုမြင်ယောင်မိရင်း စိုးရိမ်စိတ်က ကြီးထွားလာတယ်။ စောင်ခြုံလွတ်သွားလို့ လူကြီးဖြစ်တဲ့သူတောင် ဖျားချင်ချင်ဖြစ်နေတာ ကောင်မလေးအအေးမိသွားရင် ဘယ်လိုလုပ်မလဲ။
ဒီလိုနဲ့ ကုတင်ဘေးကြမ်းပြင်နှစ်ဖက်ကို ရှာကြည့်မိပေမဲ့ သေးသွယ်တဲ့ပုံရိပ်လေးကို ဘယ်နေရာမှာမှမတွေ့ရဘူး။
"ဖရာလီတာ..." မက်ဒါနာလည်း ဘယ်ရောက်သွားမှန်းမသိတဲ့ အသေးမလေးကို ရှာပုံတော်ဖွင့်ရတော့တာပေါ့။
ရေအိမ်သုံးနေလာဆိုပြီး သန့်စင်ခန်းဖက်ခြေဦးလှည့်ပေမဲ့ ဘယ်သူမှရှိမနေဘူး။ ကလေးမသေးသေးလေးဆိုတော့ တော်ကြာအိမ်သာခွက်ထဲ ပြုတ်ကျနေမှာဆိုးတာနဲ့ အထဲတောင်ငုံကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ဘာမှမရှိဘူး။
အောက်ထပ်မှာများ ထမင်းသွားစားနေလားဆိုပြီး ကြည့်ပေမဲ့ ဘယ်နေရာမှာမှ ဖရာလီတာကို မတွေ့ပြန်ဘူး။ ဒါနဲ့ အယ်လိုဟင်တို့တည်းနေတဲ့အခန်းမှာ သွားများနေသလားဆိုပြီးကြည့်တော့ အခန်းတစ်ခုလုံးဟောင်းလောင်း။
အဲဒါနဲ့အေမီလက်ကိုဆွဲပြီး ဧည့်ကြိုကောင်တာဆီကို အတင်းပြေးဆင်းလာတော့တာပဲ။
"မမလေး... မမလေး... ဖြည်းဖြည်းလုပ်ပါ၊ ကျွန်မပစ္စည်းတွေ အကုန်ကျွတ်ထွက်ကုန်တော့မယ်။" အေမီက ပြုတ်ထွက်လုဆဲဆဲဖြစ်နေတဲ့ နားကအလှတပ်အင်တာနာတိုင်ကို ပြန်စွပ်လိုက်ရင်း ပြောလိုက်တယ်။ သူတို့ဧည့်ကြိုကောင်တာကိုရောက်လာတော့ လူရှင်းနေသေးတယ်။
မနက်စောစောပိုင်းမလို့ ဧည့်သည်အသစ်မလာဘူး။ မက်ဒါနာက ဧည့်ကြိုကောင်မလေးကို တန်းမေးလိုက်တယ်။
"ဟိုလေ၊ ရွှေရောင်ဆံပင်ရှည်နဲ့ ပုပုသေးသေးကောင်မလေးတစ်ယောက်ရယ်၊ တီဗီခေါင်းနဲ့ဘဏ္ဍာစိုးရယ်၊ နေကာမျက်မှန်အမြဲတပ်ထားတဲ့ ကားဒရိုက်ဘာရယ်ကို တွေ့မိသေးလား။"
ဒါပေမဲ့ ပြန်ရတဲ့အဖြေက အားရစရာကြီး၊ သူတို့ကို ဧည့်ကြိုကောင်မလေးမှတ်မိပေမဲ့ တစ်မနက်လုံးမတွေ့မိဘူးတဲ့။ ညနက်ပိုင်းတာဝန်ယူတဲ့ဝန်ထမ်းက တစ်ယောက်မလို့ ညဖက်ထွက်သွားရင်တော့ မပြောတတ်ဘူးတဲ့။
အဲဒါနဲ့မက်ဒါနာက အဝင်အထွက်စာရင်းတွေကို ပြန်လှန်ကြည့်ခိုင်းတော့ တကယ်ပဲသူတို့အုပ်စုက ညဖက်ကြီးအခန်းအပ်ပြီး ထွက်သွားတာဖြစ်နေတယ်။ ဘယ်ကိုသွားမှာလဲ၊ ဘာကြောင့်လဲ ဘာအတွက်လဲဆိုတာတော့ ပြောမသွားဘူး။ မက်ဒါနာအတွက်လည်း ဘာအကြောင်းကြားစာမှ ချန်မထားဘူး။
မက်ဒါနာက ဖရာလီတာသူ့ကိုပေးထားတဲ့ဖုန်းနံပါတ်တွေနဲ့ ဆက်ကြည့်ပေမဲ့ ဘယ်သူမှမကိုင်ဘူး။ IP adressသိနေတော့ Technotelekinesisနဲ့ ခြေရာခံကြည့်ဖို့ ကြိုးစားတော့ တည်နေရာက ဟိုတယ်ထဲကိုပဲပြနေတာ။ သေချာပြန်ရှာကြည့်တော့ ဖရာလီတာသုံးတဲ့ ခြေရာခံလို့ရသမျှပစ္စည်းတွေအကုန်လုံး ဟိုတယ်ရှေ့က အမှိုက်ပုံးထဲမှာတွေ့တယ်။
ကြည့်ရတာ ဖရာလီတာက သူ့ကိုမရှာစေချင်ပုံပဲ။
အဆင့်တူရှိတဲ့ နည်းပညာမြူတန့်တစ်ယောက်အနေနဲ့ ဖရာလီတာက မက်ဒါနာဆီက ခြေရာဖျောက်ပြီးပြေးနိုင်စွမ်းရှိတယ်။ တော်ရုံကြိုးစားရုံလောက်နဲ့ အချိန်တိုအတွင်း ရှာတွေ့မှာမဟုတ်ပါဘူး။
ဒါပေမဲ့ ဖရာလီတာစီးနေကျ ဘန်ဒလေကားကိုစဥ်းစားမိတော့ မက်ဒါနာပြုံးလိုက်မိတယ်။ "ဖရာလီတာရေ၊ နင့်ကိုယ်နင်တော်လှပြီထင်နေလား။"
လူတစ်ယောက်အနေနဲ့ ဘယ်လောက်ချမ်းသာချမ်းသာ Flying Spur Sလို ဘန်ဒလေကားလိုမျိုးကို ပစ်ထားခဲ့မယ်လို့မထင်ဘူး။ ပြီးတော့ ဖရာလီတာအကြောင်းကို မက်ဒါနာသိတယ်။ သူက သိပ်အစွဲအလမ်းကြီးတဲ့အတွက် ကားလဲသွားမယ်ဆိုရင်တောင်မှ အနည်းဆုံးအဆင့်တူကားတစ်စီးကိုရှာမှာ။
Flying spur S နောက်တစ်စင်း ဒါမှမဟုတ် အဆင့်တူဇိမ်ခံကားတစ်စီးကို ညတွင်းချင်းဝယ်ဖို့က ပန်ဒရာဂွန်တွေအတွက်တောင်မဖြစ်နိုင်လောက်ဘူး။ စာချုပ်စာတမ်းကိစ္စတွေ စီမံရဦးမယ်မဟုတ်လား။ အရင်ကတည်းက တစ်စီးအပိုသက်သက်ရှိပြီးသားဆိုရင်တော့ မပြောတတ်ဘူး။ တိုကျိုမြို့ပေါ်မှာ လိုင်စင်မဲ့ကားတစ်စီးနဲ့ လျှောက်သွားနေဖို့ကတော့ ပိုတောင်မဖြစ်နိုင်သေးတယ်။ ချက်ချင်းအဖမ်းခံရမှာပေါ့။
ဒီတော့ အဲဒီဘန်ဒလေကားကို ရှာကြည့်တာအရှုံးမရှိဘူး။ မက်ဒါနာက အထူးလုပ်ထားတဲ့ နေကာမျက်မှန်ကို တပ်လိုက်တယ်။ အေမီကတော့ သူ့သခင်မလေး သွားတဲ့နေရာမှန်သမျှကို လိုက်နေရလို့ ပင်ပန်းနေပြီ။
"မမလေး... ဘယ်သွားဦးမလို့လဲ... ဒီမှာကျွန်မဒေါက်ဖိနပ်တွေ ပျက်စီးကုန်တော့မယ်။" မက်ဒါနာတို့ ရှော့ပင်းထွက်တဲ့နေ့က အေမီအတွက်လည်း ဝေစုပါတယ်။ အနီရောင်ဒေါက်ဖိနပ်အသစ်လှလှလေးကို အေမီစီးထားတာမလို့ လမ်းလျှောက်တာများပြီးပျက်စီးမှာကြောက်နေတာ။
"CCTV မှတ်တမ်းတွေ ပြန်ကြည့်မလို့။" မက်ဒါနာကတော့ ခပ်တိုတိုပဲ ပြန်ဖြေလိုက်ပြီး မျက်မှန်ကခလုတ်ကိုနှိပ်လိုက်တယ်။
ချက်ချင်းပဲ လွန်ခဲ့တဲ့ညက ဟိုတယ်အဝင်အထွက်ပေါက်တွေမှာရှိတဲ့ CCTV မှတ်တမ်းတွေက မျက်မှန်ထဲကို စီးဝင်လာလေရဲ့။
"အား....တွေ့ပြီ။" အထုပ်အပိုးတွေအများကြီးသယ်လာတဲ့ ဗြိတိန်လိုလီလေးနဲ့သူ့ကိုယ်ရံတော်နှစ်ယောက်ဘန်ဒလေကားထဲဝင်ပြီး ဟိုတယ်အဆောက်အဦးဝင်ပေါက်ကနေ မောင်းထွက်သွားတာ သူမြင်ရတယ်။ ပြဿနာက ခြံဝင်းအပြင်ရောက်ခါနီးမှာတပ်ထားတဲ့ CCTVကနေ နောက်ဆုံးဖမ်းယူရရှိတဲ့ပုံရိပ်အရ ဘန်ဒလေဟာ ချက်ချင်းအလင်းရောင်တချို့ကိုစုပ်ယူလိုက်ပြီး တကယ်မရှိသလိုမျိုး ကိုယ်ပျောက်သွားတာပဲ။
"ကိုယ်ပျောက်နည်းပညာလား... လူတစ်ယောက်စာအတွက်မဟုတ်ဘဲ ကားတစ်စီးလုံးအတွက်လေ။"
မက်ဒါနာအံ့ဩလို့ကိုမဆုံးဘူး။ ဖရာလီတာရဲ့ဘန်ဒလေကားက ကိုယ်ပျောက်တယ်။ ဒါဖြင့်အထူးပြုပြင်ထားတဲ့ Batmobileလိုဟာမျိုးပေါ့။ ကြည့်ရတာ ခြေရာခံလိုက်မယ့်ကိစ္စက ပိုခက်သွားတဲ့ပုံစံပဲ။
ဒါပေမဲ့ မက်ဒါနာကတော့ ဆက်ကြိုးစားနေတုန်းပဲ။ နောက်တော့ တစ်မနက်လုံး သခင်မလေးသွားတဲ့နေရာမှန်သမျှကို လျှောက်လိုက်နေရတဲ့ အေမီကတော့ စညည်းညူလာတယ်။
"မမလေးရေ၊ ဟိုတယ်တစ်ခုလုံးနှံသွားတဲ့အပြင် အနားကလမ်းတွေအကုန်လုံးကိုလည်း လိုက်ကြည့်ပြီးနေပြီ။ ဒီလောက်လူတွေများတဲ့တိုကျိုမြို့ကြီးမှာ လူရှာရခက်ပါတယ်ဆိုမှ သူ့ကိုနေ့တွင်းချင်းရှာတွေ့ဖို့မျှော်လင့်နေတာလား။"
တကယ်လည်း မက်ဒါနာက အနီးအနားလမ်းတွေအကုန်လုံးကို ခြေလျှင်လျှောက်ကြည့်ပြီး CCTV မှတ်တမ်းတွေထဲ ခိုးဝင်ပြီးနှင့်ပြီ။
ဒါပေမဲ့ ကိုယ်ပျောက်ကားပြန်ပေါ်လာတာကိုတော့ ရှာမတွေ့ဘူး။
"မဖြစ်နိုင်ဘူး... ဖရာလီတာရဲ့ကိုယ်ပျောက်နည်းပညာရဲ့စွမ်းအင်အသုံးပြုမှုနှုန်းနဲ့ဆို သူ့ကားနဲ့အကြာကြီးသုံးဖို့မဖြစ်နိုင်ဘူး၊ ဘာလို့ခုထိပြန်ပေါ်မလာရတာလဲ။"
"သူတို့ကားက သာမန်စွမ်းအင်သုံးကားမဟုတ်လို့နေမှာပေါ့၊ နျူစွမ်းအင်သုံးကားတို့ဘာတို့ဆိုရင် ဖြစ်နိုင်တယ်မဟုတ်လား။"
အေမီက သူ့စိတ်ကူးထဲရှိရာအကြံတစ်ခုကို ဆွဲထုတ်ပြီးပြောလိုက်တယ်။ ယုတ္တိမတန်တာတော့မဟုတ်ပေမဲ့ ဖရာလီတာရဲ့ဘန်ဒလေကားကို သူစီးဖူးတော့ အဲဒီလိုမဟုတ်မှန်းသိတယ်။ သူ့မြူတန့်စွမ်းအားကြောင့် သူ့လက်နဲ့ထိမိလိုက်တဲ့ နည်းပညာပစ္စည်းတိုင်းရဲ့အသေးစိတ်တည်ဆောက်ပုံကို သိရှိနိုင်တဲ့အတွက် ဖရာလီတာရဲ့ဘန်ဒလေကားဟာ သာမန်ဓာတ်ဆီကားမှန်းသိနေတယ်။ ကိုယ်ပျောက်နည်းပညာကတော့ နောက်မှထပ်တပ်ထားပုံပဲ။
"မဟုတ်ဘူး၊ သူ့ကားက သာမန်ဓာတ်ဆီသုံးကား။ ဒီလောက်ကြီးမားတဲ့စွမ်းအင်ကိုထုတ်ဖို့ အကူပစ္စည်းလိုတယ်။ ဟုတ်သားပဲ၊ သလင်းကျောက်တွေ။"
ဖရာလီတာက သလင်းကျောက်တွေနောက်ကိုလိုက်နေတဲ့သူမလို့ သူ့ဆီမှာသလင်းကျောက်တွေပေါသောနေအောင်ကိုရှိနေတာ။ အတွင်းထဲက အော်ဂဲနစ်အတောမစ်စွမ်းအင်တွေကို အပူစွမ်းအင်အဖြစ်ပြောင်းနိုင်ရင် ကိုယ်ပျောက်နည်းပညာကိုအကြာကြီးသုံးနိုင်လိမ့်မယ်။ ပြီးတော့ Archmegaဝတ်စုံမှာ အဲဒီလိုလုပ်နိုင်တဲ့ အစိတ်အပိုင်းတွေရှိနိုင်တယ်။
ဒါဆိုရင် ပြဿနာဖြေရှင်းပြီးသွားပြီ။
ဒါပေမဲ့ ဒုံရင်းက ဒုံရင်းအတိုင်းပဲ ဖရာလီတာကိုရှာဖို့ကတော့ အဝေးကြီးဖြစ်နေတုန်းပဲ။
...
ဒီလိုနဲ့ချက်ချင်းရှာတွေ့ဖို့ကို လက်လျှော့ပြီးနောက် မက်ဒါနာတစ်ယောက် ဟိုတယ်စားသောက်ခန်းထဲကို ပြန်လာခဲ့တယ်။ မနက်စာစားချိန်ရောက်နေပြီလေ။ ပြီးတော့ ရှစ်နာရီထိုးရင် ဟီးရိုးအစည်းအရုံးကိုသွားရဦးမယ်။ အခုတောင် ခုနစ်နာရီခွဲနေပြီ။
ဝိတ်တာအမျိုးသားက မက်ဒါနာနားရောက်လာပြီး ဘာစားမလဲမေးတော့ သူလည်း ပုစွန်တန်ပူရာလို့ ပြောလိုက်မိတယ်။
ဟင်းပွဲရောက်လာတော့ ဟင်းပွဲကိုငိုင်ကြည့်ပြီး ဝမ်းနည်းမိပြန်ရော။ အသေးမလေးက တန်ပူရာကြိုက်တယ်လေ။ စားချိန်ဆိုရင် အနည်းဆုံးတစ်ပွဲတော့ မပါမဖြစ်ပဲ။
"မက်ဒါနာ၊ ပုစွန်မုန့်နှစ်ကြော် ချိုချိုရွရွလေးစားကြည့်ဦး... အာ..." အဲဒီလိုပြောပြီး သူ့ကိုခွံကျွေးဖို့လုပ်ခဲ့တာလည်း အကြိမ်ကြိမ်။
အခုတော့ နှစ်ယောက်စားခဲ့ဖူးတဲ့ ဟင်းပွဲလေးကိုတစ်ယောက်တည်း စားနေရတယ်။ မက်ဒါနာလည်း ပုစွန်တစ်ကောင်ကို ခက်ရင်းနဲ့ထိုးလိုက်ပြီး ပါးစပ်ထဲထည့်ကြည့်မိတော့ ခပ်ရွရွအရသာကြောင့် မျက်ရည်တွေပဲ ဝဲသွားတယ်။
"အရသာရှိသားပဲ..."
...
ဟီးရိုးအစည်းအရုံးကိုသွားဖို့ ကားငှားလိုက်ရတယ်။ အရင်လို ကားမောင်းပြီးလိုက်ပို့ပေးမယ့် ဦးလေးအယ်လိုဟင်လည်း ဖရာလီတာနောက်လိုက်သွားပြီလေ။ ငွေရောင်သေတ္တာနဲ့အနက်ရောင်သေတ္တာကိုလည်း သူယူလာပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံကိုတော့ ဝတ်မထားဘူး။ အဲဒီအစား သူ့အတွက်ဖရာလီတာရွေးပေးထားတဲ့ ဝတ်စုံကိုပဲဝတ်လာတာ။ နက်တိုင်ပါတဲ့ အထက်တန်းကျောင်းသူလေးဝတ်စုံ။ အနီရောင်နက်တိုင်နဲ့မလို့ အသားဖြူတဲ့မက်ဒါနာနဲ့သိပ်လိုက်တယ်။
အင်္ကျီကိုကိုင်ကြည့်မိပြန်တော့ အသေးမလေးကို သတိရလာပြန်ရော။
အေမီကတော့ သခင်မလေးအရိပ်အခြေကိုကြည့်ရင်း သက်ပြင်းချလိုက်လေရဲ့။
"ဟူး၊ ဟိုက ထားသွားတာမှတစ်ရက်မပြည့်သေးဘူး။ မမလေးက မနေတတ်မထိုင်တတ်ဖြစ်နေပြီ။ မမလေး ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲ ကွေးများကွေးနေပြီလား။"
အေမီပြောတဲ့ ကွေးများကွေးနေပြီလားဆိုတဲ့စကားကြောင့် မက်ဒါနာအေမီကို မျက်စောင်းထိုးလိုက်မိတယ်။ မက်ဒါနာဝိရောဓိကို ခုထိအဖြေမထုတ်ရသေးဘူး။ ဒါပေမဲ့ မက်ဒါနာကတော့ အတင်းဖြောင့်ဖို့စဥ်းစားထားပြီးသား။
"ဘယ်ကသာ... ငါ့တစ်သက်လုံးမိန်းကလေးတွေနဲ့ပဲ ဒိတ်ဖူးတာပါနော်။ ယောက်ျားလေးတွေနဲ့ဒိတ်မှ ကွေးတယ်ပြောရမှာ။"
အေမီကတော့ မက်ဒါနာရဲ့အဖြေကြောင့် ကိုယ့်နဖူးကိုယ် လက်ဝါးနဲ့ပြန်ရိုက်လိုက်မိတယ်။
နောက်တော့...
"မမလေးရေ၊ မမလေးက အခုမိန်းကလေးလေ။"
"....." အတော်ကြာတဲ့အထိ မက်ဒါနာဆီကနေ နောက်ထပ်အဖြေစကားမကြားရတော့ဘူး။ ဒါပေမဲ့ ဟီးရိုးအစည်းအရုံးနားကိုရောက်လာတော့ မက်ဒါနာက ရုတ်တရက်ထပြောလိုက်တယ်။
"အာတော်ပြီ၊ ခေါင်းရှုပ်တယ်။ ကွေးတာမကွေးတာတွေ ဂရုမစိုက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အသေးမလေးကိုပဲ တွေ့အောင်အရင်ရှာမယ်။ တွေ့မှကောင်းကောင်းပြီး ပညာပေးလိုက်တော့မယ်။"
ဒီလိုနဲ့ မက်ဒါနာဝိရောဓိလည်း ဖြေရှင်းပြီးသားဖြစ်သွားတော့တယ်။ အဖြေကတော့ ကွေးကွေးမကွေးကွေး ဂရုမစိုက်တော့ဘူးဆိုတာပါပဲ။
...
ဟီးရိုးအစည်းအရုံးထဲရောက်တော့ ဒရုန်းဇုံက သူတို့ကို အဝင်ဝမှာစောင့်နေတာ တွေ့ရတယ်။
"ဟိုင်း၊ နယ်စားမင်းသမီးလေး။ ဒါနဲ့ အသေးမလေးရော မပါဘူးလား။"
ဒရုန်းဇုန်မေးလိုက်တဲ့စကားက မက်ဒါနာအတွက်တော့ အနာပေါ်ဒုတ်ကျသလိုပဲ။ ခါတိုင်းဆိုရင် ဘယ်သွားသွား အသေးမလေးပါနေကျ။ ခုတော့ သူတစ်ယောက်တည်းပဲ လှုပ်ရှားနေရတယ်။
"မသိဘူးလေ၊ ဘာမပြောညာမပြောနဲ့ မနက်အစောကြီး ထွက်သွားတော့တာပဲ။"
တကယ်တော့ ဟီးရိုးတစ်ယောက်ဖြစ်လာပြီးတဲ့နောက် မက်ဒါနာမှာ မိတ်ဆွေသူငယ်ချင်းတွေအများကြီးရှိလာတယ်။ သူမတတ်နိုင်တာတစ်ခုခုရှိရင် ဆိုဖီယာကိုအကူအညီတောင်းမယ်၊ ဥပဒေရေးရာကိစ္စဆိုရင် လင်ဒါကူညီလိမ့်မယ်၊ ဖလေရာကတော့ သဘောမနောကောင်းပြီး ဘာမဆိုကူညီပေးဖို့ အသင့်ဖြစ်နေပြီးသား။ ဒါပေမဲ့ ဖရာလီတာလိုတော့ ဘယ်သူမှသူ့နောက်ကို တစ်ကောက်ကောက်လျှောက်လိုက်မနေဘူးလေ။ ဒါကြောင့် ဆိုဖီယာထွက်သွားတုန်းကထက်ဖရာလီတာမရှိတော့တာက မက်ဒါနာအပေါ်မှာ ပိုပြီးသက်ရောက်မှုများတယ်။
နောက်မှ မက်ဒါနာသတိထားမိတာက ဟီးရိုးအစည်းအရုံးတစ်ခုလုံး ထူးထူးခြားခြားငြိမ်သက်နေသလိုပဲ။ အခုထိလည်း ဥစာကီကိုမတွေ့ရသေးဘူး။
"ဥစာကီရော..."
"ရုံးခန်းထဲမှာ သူ့ညီမလေးကိုချော့နေတယ်။" ဒရုန်းဇုန်ပြန်ဖြေလိုက်တော့ မက်ဒါနာလည်း လွယ်လွယ်ကူကူပဲ သဘောပေါက်သွားတယ်။
အာကိုင်းဂါမီက မိရိုင်လေးရဲ့ဆရာပါ။ အခုလိုမျိုး စိတ်ဖောက်ပြီး သတ္တဝါတစ်ကောင်ဖြစ်သွားတာကို မိရိုင်လေးဘယ်လိုလုပ်ပြီး အလွယ်တကူလက်ခံနိုင်မှာလဲ။
ရုံးခန်းနားကိုရောက်လာတော့ မိရိုင်နဲ့ဥစာကီရဲ့အသံကိုစကြားရတယ်။
"မဖြစ်နိုင်ဘူး... ဆရာက အားလုံးထဲမှာအစွမ်းအထက်ဆုံးပဲ။ အဲဒီလိုမျိုးဖြစ်မှာမဟုတ်ဘူး။" အဲဒီနောက် ရုံးခန်းတံခါးပွင့်သွားပြီး ရွှေရောင်ဆံပင်နဲ့ ကပြားမလေးတစ်ယောက် အခန်းထဲက ပြေးထွက်လာတယ်။
နောက်မှာဥစာကီပါလာပေမဲ့ ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိတဲ့မျက်နှာနဲ့ ရှိနေတယ်။ မက်ဒါနာကိုမြင်ခါမှ အလုပ်ကိစ္စသတိရသွားပြီး ဒရုန်းဇုန်ကို ပြောလိုက်တယ်။
"ဒရုန်းဇုန်၊ ငါ့ညီမလေးနောက်ကို စောင့်ရှောက်ဖို့ လူနည်းနည်းလောက်လွှတ်ပေးလိုက်။ သူမဆင်မခြင်တစ်ခုခုလုပ်မှာစိုးရတယ်။"
ဒရုန်းဇုန်လည်း ခေါင်းညိတ်လိုက်ပြီး မိရိုင်နောက်ကို လိုက်သွားတယ်။ မက်ဒါနာကတော့ ပင်ပန်းနေပုံရတဲ့ ဥစာကီကိုကြည့်လိုက်ပါပြီ။
"ဌာနအင်အားကို အဲဒီလိုမျိုးပုဂ္ဂိုလ်ရေးအရသုံးတာ အဆင်ပြေပါ့မလား။"
ဥစာကီကတော့ သူ့ဆံပင်တွေကို လက်နဲ့သပ်လိုက်တယ်။ ရွှေရောင်ဆံပင်ရှည်တစ်ချောင်းကလည်း တလက်လက်နဲ့တောက်ပနေလေရဲ့။
"ကိစ္စမရှိဘူး... ဒီနေ့တစ်နေ့လုံး ငါတို့ဌာနမှာ ဘာမှလုပ်စရာမှမရှိတာ။"
နောက်တော့ ဥစာကီလည်း လက်ရှိအခြေအနေကိုရှင်းပြလိုက်တယ်။ ယာမာဂုချီမိသားစုပြဿနာနဲ့ဖီးနစ်ငှက်ဖြစ်သွားတဲ့ ကိုင်းတိုကြောင့် အမေရိကန်အစိုးရက ဂျပန်ကိုဖိအားပေးနေတဲ့အကြောင်း။ အမေရိကန်လိုပဲ ဂျပန်မှာဟီးရိုးအစည်းအရုံးကို အစိုးရလက်အောက်မှာ မဖြစ်မနေထားဖို့ အစိုးရကိုဖိအားပေးနေတဲ့အကြောင်းတွေပါ။ ဒါကြောင့် လက်ရှိဟီးရိုးအစည်းအရုံးရဲ့နေ့စဥ်တာဝန်တွေကို ရပ်နားထားရပြီး ဟီးရိုးတွေပိတ်ရက်ရနေတယ်။
မြူတန့်သိပ္ပံအဖွဲ့အစည်းရဲ့စမ်းသပ်ခန်းက ပြဿနာကြီးတစ်ခုသာမဟုတ်ရင် မက်ဒါနာတို့တွေရဲ့စူးစမ်းရေးမစ်ရှင်ပါ အနားခံရမှာပါ။
"နိုင်ငံရေးသမားတွေက သူတို့ဖြစ်ချင်တာပဲသိကြတာ၊ ဘာအကျိုးဆက်တွေဖြစ်လာမလဲ ဂရုစိုက်ကြတာမဟုတ်ဘူး။" ဥစာကီက သူ့စကားကို နဂုံးချုပ်လိုက်ရင်း အသက်ကိုပြင်းပြင်းရှိုက်သွင်းလိုက်ပါတယ်။
နောက်တော့ သူတို့သွားရမယ့်မစ်ရှင်အကြောင်း စကားဆက်မိကြပြန်တယ်။ အစပိုင်းကတည်းက သူတို့ခန့်မှန်းထားခဲ့သလိုပဲ မြူတန့်သိပ္ပံက သူတို့စခန်းကို စွန့်ခွာသွားခဲ့ပါပြီ။ ဒါပေမဲ့ သဲလွန်စလက်ကျန်တွေ ရှိနေသေးသလို သူတို့ကွင်းဆင်းလေ့လာဖို့လဲ လိုအပ်နေဆဲပါ။
"စခန်းမှာ သူတို့လူတစ်ယောက်မှတော့မကျန်ခဲ့ပေမဲ့ ကလုန်းစစ်သားတွေကို ချန်ထားခဲ့တယ်။ အဲဒါက ငါတို့တွေအတွက် ခေါင်းကိုက်စရာပဲ။ ငါတို့အစည်းအရုံးက ဘီတာလေ့လာရေးအဖွဲ့တစ်ဖွဲ့လွှတ်ပြီးပြီ၊ ဒါပေမဲ့အထဲရောက်တော့ အဆက်အသွယ်ပြတ်သွားပြီး ပြန်ထွက်မလာနိုင်ဘူး။"
မက်ဒါနာလည်း A rank ဗီလိန်အရိုးမျက်နှာနဲ့တူတဲ့ အဲဒီကလုန်းစစ်သားတွေကို ယူဂျင်းထောင်မစ်ရှင်တုန်းက မြင်ဖူးပါတယ်။ သူတို့လိုစွမ်းအားကြီးမြူတန့်တွေအတွက် ကလုန်းစစ်သားတွေက ဘာမှမဟုတ်ပေမဲ့ သာမန်ဟီးရိုးတွေအတွက်တော့ အန္တရာယ်ရှိနေဆဲဖြစ်ပြီး အရေအတွက်များပြားလွန်းနေခြင်းကလည်း အနှောင့်အယှက်တစ်ခုဖြစ်နေပါတယ်။
"ကြည့်ရတာ မြူတန့်သိပ္ပံအဖွဲ့အစည်းက သူတို့ဘာလုပ်နေလဲဆိုတာကို ငါတို့ကိုမသိစေချင်ဘူးထင်တယ်။ ဒါကြောင့် ဆုတ်ခွာသွားတာတောင်မှ ငါတို့ကိုအစွမ်းကုန်နှောင့်ယှက်ဖို့ ပြင်ဆင်ထားခဲ့တာပဲ။"
သူတို့ဆွေးနွေးနေတုန်း ဒရုန်းဇုန်လည်းပြန်ရောက်လာတယ်။ သူက ဥစာကီကို အရင်ဆုံးသတင်းပို့လိုက်တယ်။
"ခေါင်းဆောင်၊ ဒုတိယသခင်မလေးကို ယာမာဂုချီအိမ်ဆီ ပြန်ပို့ပေးပြီးပါပြီ။ C rank နှစ်ယောက်ကိုလည်း သူတို့နဲ့ထည့်ပေးလိုက်တယ်။ ပြီးတော့...."
ဒရုန်းဇုန်မှာ အဲဒီကိစ္စအပြင် တခြားကိစ္စပြောစရာရှိနေသေးပုံပဲ။ ဥစာကီက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောခိုင်းလိုက်တယ်။
"ဆက်ပြော..."
"အမေရိကန် CIA မြူတန့်ဌာနစိတ်ကလူတွေလည်း အစည်းအရုံးကိုရောက်နေတယ်။ မြူတန့်သိပ္ပံအဖွဲ့စခန်းကို သူတို့လည်းဝင်ကြည့်ချင်တယ်တဲ့။"
၄။
စံအိမ်ဧည့်ခန်းထဲကို ဝင်လိုက်ကတည်းက ဖရာလီတာ သဘောမကျ။
ဒီနေရာကို တစ်စုံတစ်ယောက် ကြိုရောက်သလိုမျိုး ခံစားနေရတယ်။ အဲဒီနေ့က စတန်းဖို့ခ် သတိပေးတဲ့စကားကို သတိရမိတော့ ဖရာလီတာကိုယ်ထဲကသွေးတွေအားလုံး အေးခဲသွားသလိုမျိုး ခံစားရတယ်။ သူ့ဘဝမှာဖုံးလွှမ်းနေတဲ့ ကြောက်ဖို့အကောင်းဆုံးအရိပ်မည်းကြီးက တကယ်ပဲပြန်ရောက်လာခဲ့ပြီလား။
နှာခေါင်းထဲ သွေးနံရလာတဲ့အတွက်ကြောင့် ဖရာလီတာ စံအိမ်ကြီးရဲ့အမှောင်ဖုံးနေတဲ့ထောင့်တွေကို ကြည့်လိုက်မိတယ်။ ခြောက်သွေ့နေတဲ့သွေးစက်တွေနဲ့ ပြာနှမ်းနေတဲ့ လူတွေရဲ့သက်မဲ့ခန္ဓာကိုယ်တွေ။
သေချာပါတယ်၊ ဒီစံအိမ်ကြီးထဲမှာ လူသတ်ပွဲတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ အပျက်အစီးသိပ်မရှိတဲ့အတွက် စံအိမ်ထဲက လူတွေဟာခုခံဖို့တောင် အချိန်မရလိုက်ဘူးလို့ ဖော်ပြနိုင်တယ်။
ဒီလိုလုပ်နိုင်တဲ့သူက ကမ္ဘာပေါ်မှာတစ်ယောက်တည်းရှိမှန်း ဖရာလီတာသိတယ်။ သူ့ဘဝရဲ့အကြီးမားဆုံး အရိပ်မည်းဖြစ်သလို သူ့ရဲ့နောက်ဆုံးကျန်တဲ့ဆွေမျိုးလည်းဖြစ်တဲ့ ဝမ်းကွဲအစ်ကိုပါ။
ထူးခြားတဲ့မြူတန့်စွမ်းအား Clock up... အချိန်တစ်စက္ကန့်ကို အသုံးပြုသူရဲ့ရှုထောင့်သက်သက်အတွက် စက္ကန့်ပေါင်းများစွာအဖြစ် ပွားယူနိုင်တဲ့စွမ်းအား။ အမြန်နှုန်းစွမ်းအားမဟုတ်ပေမဲ့ အလားတူပဲအလုပ်လုပ်တယ်။ အချိန်ခရီးသွားတယ်လို့ ပြောလို့ရပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒီလိုဟုတ်မနေပြန်ဘူး။
အားနည်းချက်အနေနဲ့ သူများအချိန်တစ်စက္ကန့်ဖြတ်သန်းနေရချိန်မှာ သူကစက္ကန့်ပေါင်းများစွာဖြတ်သန်းရတဲ့အတွက် အဲဒီစက္ကန့်တွေအတွက် အသက်ပိုကြီးသွားပေမဲ့ စက္ကန့်အနည်းငယ်ပဲဖြစ်တဲ့အတွက် သိပ်မသိသာဘူး။ ဒါပေမဲ့ ဒီလူက သူ့စွမ်းအားကို အလကားဘယ်တုန်းကမှ အသုံးမပြုခဲ့ဘူး။ ဒါပေမဲ့ သူသုံးတဲ့အခါမှာလည်း သွေးချောင်းစီးခဲ့တာချည်းပဲ။
လူတကာထက် ဆိုးယုတ်ပြီး ရက်စက်လွန်းတဲ့သူတစ်ယောက်ကို ဖရာလီတာ ဘယ်လိုလုပ်ပြီးမေ့နိုင်မှာလဲ။
ခန်းမကြီးရဲ့အလယ်ကိုရောက်တော့ ပြတင်းပေါက်ဖက်ကိုလှည့်ထားတဲ့ ရွှေအိုရောင်ကုလားထိုင်တစ်လုံးကို သူမြင်လိုက်ရတယ်။ အဲဒီထိုင်ခုံပေါ်မှာတော့ လူတစ်ယောက်က ပေါင်ချိတ်ထိုင်နေပြီး ပြတင်းပေါက်က နေဝင်ဆည်းဆာကို ခံစားကြည့်နေလေရဲ့။
သူ့ရင်ခွင်ထဲမှာတော့ အိမ်ဖော်မလေးတစ်ယောက်ရှိနေပေမဲ့ အသက်မရှိတော့ဘူး။ မိန်းကလေးရဲ့မျက်လုံးတွေက နောက်ဆုံးအနေနဲ့သူ့ကိုမုန်းတီးစွာကြည့်နေပြီး ဓားမြှောင်တစ်လက်ကတောင် ကြမ်းပြင်ပေါ်မှာ ပြုတ်ကျနေတယ်။ နောက်တော့ လူငယ်က အကြင်နာမဲ့စွာ မိန်းကလေးရဲ့အလောင်းကို သူနဲ့ဝေးရာပစ်ထုတ်လိုက်တယ်။
"မတွေ့ရတာကြာပြီပဲ၊ ငါ့ရဲ့ညီမလေးက အရင်ကအတိုင်းပဲ ချစ်စရာကောင်းနေတုန်းပဲကိုး...."
လူငယ်က ထိုင်ခုံကနေ ထလိုက်ပြီး ဖရာလီတာဖက်ကို လှည့်ကြည့်လိုက်တယ်။ သူ့ရွှေရောင်ဆံပင်က ဆည်းဆာနေရောင်အောက်မှာ တောက်ပနေပြီး သူ့ရဲ့အရောင်မတူတဲ့မျက်လုံးအိမ်တွေကလည်း ရူးသွပ်မှုကြောင့် လင်းလဲ့နေပါတယ်။ တစ်ဖက်က အပြာရောင်၊ တစ်ဖက်ကတော့ ရဲရဲတောက်တဲ့အနီရောင်။
အဲဒီမျက်လုံးတွေကို ဖရာလီတာမှတ်မိနေသေးတယ်၊ ဒီလူက သူ့ဘဝရဲ့အိပ်မက်ဆိုးတွေကို စတင်ခဲ့တဲ့လူပေါ့။
"ဥရောပကနေ ထွက်ပြေးပြီး ဘာမဟုတ်တဲ့မိန်းကလေးတစ်ယောက်နောက်ကိုလိုက်နေနေရုံနဲ့ ငါ့လက်ကနေ နင်လွှတ်မယ်ထင်နေတာလား။ သတို့သမီးလောင်းလေးရဲ့။"
လူငယ်က ပြောပြောဆိုဆိုနဲ့ သူမြေပေါ်ကိုလွှတ်ပစ်ထားတဲ့ အိမ်ဖော်မိန်းကလေးရဲ့ခေါင်းကို အားနဲ့တက်နင်းလိုက်တယ်။ မြူတန့်တစ်ယောက်မှာပိုင်ဆိုင်ထားတဲ့ သာလွန်ခွန်အားကြောင့် ဦးခေါင်းခွံကွဲအက်သွားပြီး အဖြူရောင်အရည်တွေစိမ့်ထွက်လာတယ်။
ဖရာလီတာလည်း မျက်မှောင်ကြုတ်လိုက်ပြီး လက်ကိုမြှောက်လိုက်တယ်။ သူ့လက်မှာတော့ မက်ဒါနာနဲ့ဆင်တူလုပ်ထားတဲ့ နည်းပညာလက်အိတ်ရှိလို့နေပါတယ်။
"Archmega လာခဲ့...."
စံအိမ်ခေါင်မိုးက ရုတ်တရက်ပေါက်ကွဲသွားပြီး ဧရာမဝါးဖရိန်အမျိုးအစားစက်ရုပ်ကြီး အိမ်ထဲဝင်လာတယ်။ တစ်ချိန်တည်းမှာပဲ စက်ရုပ်ကြီးက ပစ်နိုင်သမျှ ဒုံးလက်နက်တွေနဲ့ပစ်ခတ်လိုက်ပေမဲ့ ဖရာလီတာရဲ့ပတ်ဝန်းကျင်အချိန်က ရုတ်တရက်ပြောင်းလဲသွားခဲ့ပါပြီ။
နောက်တော့ သူ့နားနားကနေ တီးတိုးအသံတစ်ခုကို ကြားလိုက်ရတယ်။
"မင်းငါ့ကို ဘယ်တုန်းက နိုင်ခဲ့ဖူးလို့လဲ။" နောက်တော့ လက်အိတ်ဝတ်မထားခဲ့တဲ့ ဖရာလီတာရဲ့လက်တစ်ဖက်က လေပေါ်မြှောက်တက်သွားပြီး သွေးတွေဒလဟောပန်းထွက်လာခဲ့တယ်။ သူ့လက်ကိုသူမခံစားနိုင်တော့ဘဲ တစ်ကိုယ်လုံးကို ထူပူနေတဲ့ခံစားချက်က ကူးစက်လာခဲ့ပါပြီ။
ဒါဘာလဲ သူသိတာပေါ့။ သူ့ဦးနောက်က နာကျင်မှုကို ဘာသာပြန်မပေးနိုင်တော့တဲ့အတွက် ပူလောင်မှုအဖြစ် ဖော်ပြပေးခဲ့တာလေ။
....
"သခင်မလေး... ယူဂျင်းအကျဥ်းထောင်ပျက်စီးသွားတဲ့နေ့က သေစာရင်းရေတွက်တဲ့နေရာမှာ အေ့စ် သခင်လေးမပါပါဘူး။"
ဖရာလီတာရဲ့အတွေးတွေက မနေ့ညစတန်းဖို့ဖ်သူ့ကိုခေါ်တွေ့တုန်းကအချိန်ကို ပြန်ရောက်လာခဲ့တယ်။
အခန်းထဲကိုရောက်လာတော့ စတန်းဖို့စ်က သူ၏စူပါကွန်ပျူတာမျက်နှာပြင်ကို ဖွင့်ပြရင်း ယူဂျင်းမြူတန့်ထောင်ထိပ်သီးလျှို့ဝှက်ချက်ဖိုင်ကို ဖော်ထုတ်ပြသလိုက်တယ်။ အော့တို အေ့စ် ပန်ဒရာဂွန် ဆိုတဲ့အမည်အောက်မှာ ပျောက်ဆုံးလို့ပဲရေးထားပြီး သေဆုံးဆိုတာမဟုတ်ဘူး။
အစောင့်တပ်ဖွဲ့က အလောင်းမတွေ့ဘူးဆိုတာနဲ့ပဲ ထောင်သားတစ်ယောက်ကို လွှတ်သွားပြီလို့ လှေနံဓားထစ် မှတ်ယူလို့တော့မရဘူး။ ယေဘုယျကျကျကြည့်ရရင် ယူဂျင်းထောင်ကြီးက အရှေ့ပင်လယ်အနက်ပိုင်းမှာဆောက်ထားတာ။ အခုလိုအချိန်မျိုးမှာဆိုရင် ရေက ခဲလုမတတ်အေးတယ်။ ပင်လယ်ကို သင်္ဘောမပါဘဲဖြတ်သွားလို့ကတော့ သေဖို့ရာနှုန်းပြည့်ပဲ။
ဒါပေါ့၊ ပျံနိုင်တဲ့မြူတန့်တွေ ငါးလိုရေကူးနိုင်တဲ့မြူတန့်တွေတော့ မပါဘူးပေါ့။
ဒါပေမဲ့ အော့တို အေ့စ် ပန်ဒရာဂွန်က ထူးခြားစွာမွေးဖွားလာသူတစ်ယောက်၊ သူ့ရဲ့တည်ရှိမှုက အထူးခြားဆုံးပဲ။ အရှေ့ပင်လယ်ကြီးကတောင် သူ့ရဲ့ရှင်သန်မှုကို ဖျက်ဆီးပစ်နိုင်ပါ့မလား။ ဖရာလီတာရော၊ စတန်းဖို့စ်ပါ သေချာမသိဘူး။
သူ့ကိုဖော်ပြဖို့က အစွမ်းထက်လွန်းတယ်ဆိုတာပဲ။ အော့တို အေ့စ် ပန်ဒရာဂွန်ဟာ A rank လို့သတ်မှတ်ခံထားရပေမဲ့ သူ့ကို S rank တွေကပဲ အနိုင်ယူနိုင်တာ။ အထွတ်အထိပ်မှာရှိနေခဲ့တဲ့ ပန်ဒရာဂွန်စောင့်ရှောက်သူ စတန်းဖို့ခ်အတွက်တောင် ပြိုင်ဖက်မဟုတ်ခဲ့ဘူး။
အဲဒီနေ့ရက်တွေကို ဖရာလီတာမှတ်မိနေတုန်းပဲ အမှောင်မိုက်ဆုံးနေ့ရက်တွေ။
....
လွန်ခဲ့သော ၂နှစ်ခန့်က။
ပန်ဒရာဂွန်ရဲ့လက်ရှိမိသားစုမျိုးဆက်မှာ မိသားစုခွဲသုံးခုရှိတယ်။ အေ့စ် ၊ဒိုင်ရွန်နဲ့ ထရိုင်ရွန်ဆိုပြီးတော့ပေါ့။ ဘယ်သူက နိမ့်တယ်မြင့်တယ်ရယ်လို့တော့မဟုတ်ပေမဲ့ အေ့စ်မိသားစုတွေကတော့ အဲလ်မြို့စားကြီးဘွဲ့ရတွေ။ ဒီတော့ သူကောင်းမျိုးအဆင့်အတန်းအရ ထရိုင်ရွန်ထက် တစ်ဆင့်ပိုမြင့်တယ်။
ဖရာလီတာရဲ့အဖေသေသွားပြီးနောက်ပိုင်းတော့ ထရိုင်ရွန်မိသားစုခွဲမှာ ဖရာလီတာရဲ့အမေနဲ့ဖရာလီတာ နှစ်ယောက်ပဲကျန်ခဲ့တာပေါ့။
တစ်နေ့တော့ ပင်မမိသားစုဖြစ်တဲ့ အေ့စ်မိသားစုက ကိုယ်စားလှယ်တွေ သူတို့ဆီရောက်လာတယ်။ ထရိုင်ရွန်ရဲ့သခင်မကြီးဖြစ်တဲ့ မဒမ်လောရန့်(ဖရာလီတာရဲ့အမေ)က သူတို့ကိုဧည့်ခံဖို့လုပ်ရတာပေါ့။
သူတို့ကတော့ တည့်ပဲပြောကြပါတယ်။ မဒမ်လောရန့်တည်ခင်းပေးထားတဲ့ လက်ဖက်ရည်ကို ဟန်ကိုယ့်ဖို့လုပ် သောက်ကြရင်းနဲ့ပေါ့။
"အစ်မကြီးရဲ့မိသားစုမှာ ပန်ဒရာဂွန်အိမ်တော်ရဲ့နာမည်ကိုဆက်ခံမယ့် ယောကျ်ားသားတွေမရှိတော့ဘူး။ ဒီတော့ ကျုပ်တို့မိသားစုရဲ့ရိုးရာအရ နာမည်မပျောက်ပျက်ရလေအောင် ထိန်းသိမ်းပေးဖို့ ပင်မမိသားစုမှာ လုပ်ပိုင်ခွင့်ရှိပါတယ်။"
မဒမ်လော့ရန်က ခုံမှာ လက်ကိုပိုက် ပေါင်ကိုချိတ်ထိုင်ရင်း မေးလိုက်တယ်။ ဆိုက်ဘော့မဖြစ်သေးတဲ့ စတန်းဖို့စ်ကတော့ ကိုယ်စားလှယ်တွေအတွက် လက်ဖက်ရည်ဖြည့်ပေးနေရင်းနဲ့ပေါ့။
"ရှင်တို့ပြောကြည့်လေ။"
"ခင်ဗျားမှာ ပန်ဒရာဂွန်မျိုးဆက်သွေးအမွေကို ဆက်ခံထားတဲ့ သမီးလေးရှိမှန်းကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့အေ့စ်မိသားစုမှာလည်း သားယောက်ျားလေးတစ်ယောက်ရှိလေတော့။"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကျွန်မတို့သမီးလေးက ၁၂ နှစ်ပဲရှိသေးတာ။"
"ဒါက အစ်မကြီးရွေးချယ်ရမယ့်အပိုင်းမဟုတ်ဘူး၊ အခုက စေ့စပ်ရုံသက်သက်မလို့ အသက်ကကိစ္စမရှိဘူး။ နောက်တစ်နေ့ကျရင် သခင်လေးအော့တို ခင်ဗျားတို့အိမ်ကို အလည်ရောက်လာပါလိမ့်မယ်။"
နောက်တော့ ကံဆိုးမိုးမှောင်ကျတဲ့ ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခု ဖြစ်လာတော့တာပဲ။ မဒမ်လော့ရန်ကတော့ ဒီကိစ္စကိုဖြေရှင်းဖို့အတွက် ဗြိတိန်တောနယ်ဖက်မှာ အနားယူနေတဲ့ ပန်ဒရာဂွန်ဘိုးဘေးဆီကို ခရီးထွက်သွားတယ်။
မိသားစုအာဏာမှာ ဘိုးဘေးရဲ့အမိန့်ကသာ အတည်ဖြစ်လေတော့ အခုကိစ္စကိုဖြေရှင်းဖို့မှာ ဘိုးဘေးအမိန့်က အက္ခရာကျတယ်။ အေ့စ်မိသားစုခွဲက မိသားစုထဲမှာ ပိုပြီးစီနီယာကျတဲ့အပြင် မိသားစုထဲမှာ ဩဇာအာဏာညောင်းတဲ့ ထရိုင်ရွန်အမျိုးသားကလည်း သေဆုံးသွားပြီဆိုတော့ ခုကိစ္စကို မဒမ်လော့ရန်တစ်ယောက်တည်း ငြင်းလို့မရဘူးဖြစ်နေတယ်။
ဒါပေမဲ့ မဒမ်လော့ရန့်မရှိတဲ့အချိန်မှာပဲ သခင်လေးအော့တိုဆိုတဲ့လူ ထရိုင်ရွန်အိမ်ပေါ်ရောက်လာပြီး မုန်တိုင်းတွေထန်တော့တာပဲ။
"ဒီအိမ်က ငါပိုင်တဲ့နေရာဖြစ်လာမှာပဲ၊ ဒီတော့ ပျော်သလိုသာနေကြ။"
ပထမရက်မှာတင် အော့တိုက ဘယ်ကမှန်းမသိတဲ့ သူ့ရဲ့အပေါင်းအသင်းတွေခေါ်လာပြီး အိမ်မှာပါတီပေးတယ်။ မူးယစ်ဆေးနဲ့အရက်တွေလည်းပါလာတာပေါ့။ ပန်ဒရာဂွန်ရဲ့ထရိုင်ရွန်အိမ်တော်မှာ ဒီလောက်ဆိုးဝါးတဲ့စော်ကားမှုမျိုး ဘယ်တုန်းကမှ မကြုံခဲ့ရဖူးဘူး။
နောက်တော့ အော့တိုက ဖရာလီတာကိုအခန်းထဲက ဆွဲထုတ်လာပြီး သူ့ရဲ့ကလေကချေသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတော့တာပဲ။
"ဒါက ငါ့ရဲ့ဇနီးလောင်းဖြစ်လာမယ့်မိန်းကလေးလေ ချစ်ဖို့မကောင်းဘူးလား။"
အဲဒီနောက် ဖရာလီတာရဲ့ဆံပင်တွေကိုထိုးဖွပြီး ပါးကို အတင်းနမ်းလိုက်တယ်။ စတန်းဖို့စ်က သူတို့ကိုကြည့်နေပေမဲ့ သိပ်မလွန်သေးတာကြောင့် ဝင်မပါသေးဘူး။ ဒါပေမဲ့ ကလေးမလေးကိုပါ အရက်ပြင်းတွေတိုက်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဝင်ပါရတော့တာပဲ။
"တော်ကြတော့.... ဒီနေ့အတွက်ပါတီပြီးပြီ။"
စတန်းဖို့စ်ရဲ့လေသံက ခန်းမထဲမှာ ဟိန်းထွက်သွားပြီး ဘယ်သူမှမဆန့်ကျင်နိုင်ခဲ့ဘူး။ သူ့ရဲ့A rank စွမ်းအားလွှမ်းမိုးချယ်လှယ်နိုင်စွမ်းက သူ့ထက်အဆင့်နိမ့်သူတိုင်းကို ဖိနှိပ်နိုင်တယ်။ ဒါပေမဲ့ အဲဒီထဲမှာတော့ အော့တိုမပါခဲ့ဘူးလေ။
နောက်တော့ နေ့ရက်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးဆိုးဝါးလာတယ်။ နောက်မှသိရတာက အော့တိုကပီဒိုတစ်ယောက်ဆိုတာပဲ။ မဖူးပွင့်သေးတဲ့ပန်းတွေကိုဖျက်ဆီးချင်နေတဲ့ အရူးတစ်ယောက်။
ဒုတိယညရောက်တော့ ဖရာလီတာရဲ့အခန်းထဲကို ခိုးဝင်လာပြီး ကိုယ်ထိလက်ရောက်စော်ကားဖို့ ကြိုးစားလာခဲ့ပြန်တယ်။ ဖရာလီတာရဲ့ငိုသံကိုကြားတော့ စတန်းဖို့စ်ရောက်လာပြီး သူ့ကိုနှင်ထုတ်ရပြန်တာပေါ့။
"အဖိုးကြီး၊ ကျုပ်ခင်ဗျားကိုမှတ်ထားမယ်။"
တတိယနေ့မနက်မှာ အေ့စ်မိသားစုက A rank မြူတန့်တချို့ထပ်ရောက်လာတယ်။ ပြောကြတာတော့ ထရိုင်ရွန်အိမ်တော်အတွက်ပြောပေမဲ့ သူတို့သခင်လေးရဲ့လက်ပါးစေတွေသက်သက်ပဲ။ စတန်းဖို့စ်ကို ထိန်းချုပ်ဖို့ဆိုပါတော့။
ညတိုင်းလိုလို အေ့စ်သခင်လေးရဲ့အခန်းထဲမှာ ထရိုင်ရွန်အိမ်တော်ရဲ့အိမ်စေမလေးတွေနဲ့ပြည့်နေတတ်တယ်။ သူတို့သဘောတူတူ မတူတူ အေ့စ်မိသားစုရဲ့အရှိန်အဝါနဲ့ပြီးသွားတာပဲ။ တစ်ယောက်ယောက်ကို အိမ်တော်ထဲမှာ မုဒိန်းကျင့်လိုက်ရင်တောင် ဘယ်မှသွားတိုင်လို့ရမှာမဟုတ်ဘူး။ အဲလ်မိသားစုတစ်ခုကို အသရေဖျက်ပါတယ်ဆိုပြီး သတင်းထဲပါလာရုံပဲရှိမယ်။
အဲဒီနေ့ညရောက်တော့ သူတို့ခန့်မှန်းထားတာထက် ဆိုးဝါးတဲ့ဖြစ်ရပ်တစ်ခုဖြစ်လာတော့တာပဲ။ အဲဒါက ထရိုင်ရွန်သခင်မပါတဲ့ ကားယာဥ်တန်းဟာ ရေစီးကြောင့် မြစ်ကူးတံတားပြိုကျတဲ့အထဲပါသွားတယ်ဆိုတာပါ။
သေသလားရှင်သလားလည်း သတင်းမကြားရတော့ဘူး။
"ထရိုင်ရွန်မိသားစုမှာ ဒီကလေးမအတွက်အုပ်ထိန်းသူမရှိတော့ဘူး။ ဒီတော့ ငါတို့အေ့စ်မိသားစုရဲ့သခင်ကြီးက အုပ်ထိန်းသူအဖြစ်တရားဝင်လက်ခံလိုက်တယ်။ စေ့စပ်ပွဲကိုလည်း သဘောတူလိုက်ပြီ။ ကျန်တာက ကာယကံရှင်ကိုယ်တိုင် လက်မှတ်ထိုးပေးဖို့ပဲ။"
ငယ်သေးတဲ့ ဖရာလီတာမှာ ကိုယ်တိုင်ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်မျိုးမရှိသေးဘူး။ ဒီတော့ ဖရာလီတာလည်း တစ်ယောက်တည်းသောလူကြီးဖြစ်တဲ့ စတန်းဖို့စ်ကို အားကိုးမိတာပေါ့။ စတန်းဖို့စ်လည်း ခေါင်းခါပြလိုက်တယ်။
ဖရာလီတာလည်း သူတို့ဘယ်လိုဖိအားပေးပေး လက်မှတ်ထိုးမပေးတော့ဘူး။
နောက်ဆုံးတော့ သူတို့တွေက ကလေးမလေးကို ခြိမ်းခြောက်တဲ့အထိပါဖြစ်လာတယ်။
"မင်းက အခုမိဘမဲ့ကလေးတစ်ယောက်ပဲ။ ငါတို့သခင်ကြီးသာ မင်းရဲ့အုပ်ထိန်းသူလုပ်မပေးရင် ကြီးတဲ့အထိ မိဘမဲ့ဂေဟာမှာပဲနေသွားရမှာ။ မင်းအဲဒီလိုနေနိုင်လို့လား၊ ညစ်ပတ်ညံစော်နေတဲ့ အောက်တန်းစားကလေးတွေနဲ့လေ။"
"မင်းလက်ထက်မှာ ထရိုင်ရွန်မိသားစုရဲ့အမွေကို ပန်ဒရာဂွန်မဟုတ်တဲ့သူလက်ထဲ ထည့်ပေးဖို့စဥ်းစားနေတာလား။"
"ကျေးဇူးမသိတတ်တဲ့ အမိုက်မ။" လော့ရန်သခင်မ တကယ်သေလားမသေလား သေချာမသိကြသေးပေမဲ့ အေ့စ်အုပ်စုကတော့ သေပြီးသလိုမျိုးကို ပြောနေတော့တာပဲ။
နောက်တော့ သူတို့တွေက ကလေးမလေးကို အခန်းထဲက အခန်းပြင်မထွက်ဖို့ တားမြစ်လိုက်ကြတယ်။ လူကိုဘာမှမလုပ်သေးပေမဲ့ လက်မှတ်မထိုးမချင်း အလွတ်ပေးမယ့်ပုံမရဘူး။ ဘာပဲပြောပြော ထရိုင်ရွန်မိသားစုခွဲရဲ့ချမ်းသာမှုက အေ့စ်မိသားစုရဲ့ခေါင်းဆောင်နေရာကိုပြိုင်နေတဲ့ အော့တိုအတွက်တော့ အကူအညီကြီးတစ်ခုဖြစ်လာမှာမဟုတ်လား။
"စတန်းဖို့စ်.... ရှင်ဘာမှမတတ်နိုင်တော့ဘူးလား။"
ဖရာလီတာက သူ့ရဲ့တစ်ခုတည်းသော ကူကယ်ရာဖြစ်တဲ့ စတန်းဖို့စ်ကို ကြည့်လိုက်မိတယ်။ စတန်းဖို့စ်ကတော့ ခေါင်းခါပြနေဆဲပဲ။
"ဒီလိုအခြေအနေမျိုးမှာ ကျုပ်ရဲ့စွမ်းအားနဲ့လွှမ်းမိုးမှုက အကူအညီမဖြစ်ဘူးသခင်မလေး၊ သူတို့က အာဏာမှာရောစွမ်းအားမှာပါ ပိုသာနေတယ်။ တစ်ခုတည်းသောမျှော်လင့်ချက်က သခင်မလေးပဲ။"
စတန်းဖို့စ်က သူ့သခင်မလေးလည်ပင်းက သလင်းကျောက်ကို လက်ညိုးထိုးပြလိုက်တယ်။ နောက်တော့ သူအဲဒါကို အသုံးပြုလိုက်တယ်။ ကျန်တဲ့ရက်တွေမှာတော့ ပိုပြီးဆိုးလာတယ်။
တစ်နေ့ ဖရာလီတာ အခန်းထဲမှာနေရာတာငြီးငွေ့လာတဲ့အတွက် ဥယျာဥ်ထဲထွက်လာမိတယ်။ အဲဒီမှာ လူတချို့ဝန်းရံလျက်ရှိတဲ့ အော့တိုက အိမ်ဖော်မလေးတစ်ယောက်ကို အလိုမတူဘဲ အနိုင်ကျင့်ဖို့ကြိုးစားနေတယ်။
"ရပ်လိုက်ကြစမ်း...." တစ်ချိန်လုံး ငြိမ်ခံနေရတဲ့ ဖရာလီတာလည်း မခံနိုင်တော့ဘဲ အဲဒီစကားတစ်ခွန်းကို ဝင်ပြောလိုက်မိတယ်။
အားလုံးဖရာလီတာကို လှည့်ကြည့်လာတဲ့အချိန်ကျမှ ဖရာလီတာသူတို့မျက်လုံးတွေက ရမ္မက်ခိုးငွေ့တွေ သူ့ဆီလှည့်လာမှန်း သတိထားမိခဲ့တာ။
သိပ်ကိုရွံ့မုန်းဖို့ကောင်းတယ်။
"ဘယ်သူများလဲလို့... ငါ့ရဲ့ဇနီးလောင်းလေးပါလား။ အချိန်မဟုတ်အခါမဟုတ်ကြီး နေရာမှားရောက်လာမှာငါသိလို့ မင်းကိုအခန်းပြင်မထွက်ခိုင်းလိုက်တာ။ အခုတော့ မင်းဘာတွေမြင်သွားပြီလဲ။"
အော့တိုရဲ့မိတ်ဆွေတွေထဲကတစ်ယောက်က ရှေ့ကိုထွက်လာတယ်။
"ဒီအသေးမလေးက မင်းအပိုင်လေးလား၊ ငါသူ့ကို နည်းနည်းမြည်းကြည့်လို့ရမလား..."
ဒါပေမဲ့ နောက်တစ်ခဏမှာတော့ အဲဒီလူရဲ့ခေါင်းပေါက်ကွဲထွက်သွားတယ်။ သေနတ်တစ်လက်ကတော့ အော့တိုလက်ထဲမှာ။ သူက အသက်ရှင်လျက် ကျန်နေသေးတဲ့ တခြားသူတွေကို သတိပေးစကားပြောလိုက်တယ်။
"ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးက ငါ့အပိုင်ပဲ၊ မင်းတို့လက်နဲ့ထိဖို့တောင် မကြိုးစားနဲ့။ ထိဖို့စဥ်းစားနေတဲ့ကောင်တွေ မင်းတို့ရှေ့ကကောင်ကို သင်ခန်းစာယူကြ။"
သွေးသံရဲရဲမြင်ကွင်းတစ်ခုကို ဖရာလီတာပထမဆုံး စမြင်ဖူးတာပဲ။ သွေးစက်တချို့က သူ့မျက်နှာနဲ့အင်္ကျီကို လာစင်တယ်။ ဖရာလီတာရဲ့အမြင်က ကြောက်စရာကိစ္စတွေကြောင့် စတင်ဝေဝါးလာတယ်။ ဒါပေမဲ့ကိစ္စက ဒီလောက်နဲ့မပြီးသေးဘူး။ အော့တိုက သူ့နားကို ဖြည်းဖြည်းချင်းလှမ်းလာတယ်။
"ငါမင်းကို မှာထားတာ မမှတ်မိဘူးလား၊ မင်းကိုအခန်းထဲက မထွက်ပါနဲ့လို့။ ပြောစကားနားမထောင်တတ်ဘူးလား။ အလကား ရုပ်လေးလှရုံပဲရှိတဲ့ငပိန်းမ။"
နောက်တော့ ဖရာလီတာရဲ့ဗိုက်ကို အော့တိုခြေနဲ့ဆောင့်ကန်လိုက်တယ်။ ပြင်းထန်တဲ့အားကြောင့် ဖရာလီတာရဲ့ဗိုက်ထဲက အူတွေအသည်းတွေအန်ထွက်လာတော့မလိုပဲ။ ဒါပေမဲ့ ဗိုက်ထဲက အစာခြေရည်အချို့ပဲ အန်ထွက်လာတာ။
ဖရာလီတာလဲကျသွားတော့ အော့တိုက သူ့ခြေထောက်နဲ့ ခေါင်းကိုနင်းပြီး ဆက်တိုက်ဆောင့်ကန်ပြန်တယ်။
"မင်းဦးနောက်သေးသေးလေးက ဘာမှမမှတ်မိဘူးလား... အခန်း..ထဲမှာပဲ...နေလို့..."
"ရပ်စမ်း...." သိပ်မကြာခင်မှာပဲ ဦးလေးစတန်းဖို့စ် သူတို့ကိုတွေ့သွားပြီးလာကယ်တယ်။
"နောက်ထပ် မင်းပဲလား၊ နောက်တစ်ခါ သူငါ့ရှေ့ရောက်မလာအောင် ဂရုစိုက်တာကောင်းမယ်။"
နောက်တော့ ဖရာလီတာကို အခန်းထဲဆက်ပိတ်ထားကြတယ်။ အကြောင်းပြချက်က သူတို့သခင်လေး ထရိုင်ရွန်အိမ်တော်မှာ လုပ်ချင်တာလုပ်လို့ရအောင်တဲ့။ ပြီးတော့ အဲဒီနေ့အတွက် ဖရာလီတာကို ညစာမကျွေးရဘူးတဲ့။ ညစာခိုးကျွေးဖို့ကြိုးစားတဲ့ နောက်ဆုံးလက်ကျန် အိမ်ဖော်မိန်းကလေးကိုတော့ သူတို့ဘယ်ခေါ်သွားကြတယ်မသိဘူး။
ထရိုင်ရွန်အိမ်တော်မှာက သခင်မကြီးမရှိရင် A rank ဆိုလို့စတန်းဖို့စ်ပဲရှိတော့ ပြောလို့လည်းဘာမှထူးမလာဘူး။
ဒါပေမဲ့ စတန်းဖို့စ်ရော ဖရာလီတာမှာပါ ကိုယ်ပိုင်အကြံရှိနေပြီးသား။ သလင်းကျောက်ထဲက နှစ်တစ်ထောင်စာနည်းပညာတွေက အလကားမှမဟုတ်တာ။
"သခင်မလေး၊ အားလုံးပြင်ဆင်ပြီးသွားပြီလား။"
ဖရာလီတာ ခေါင်းညိတ်လိုက်တယ်။ နေ့မနားညမနား လျှို့ဝှက်ခန်းထဲမှာ တပ်ဆင်ထားတဲ့ Archmega version 1.0 အသင့်ဖြစ်နေပြီ။ အေ့စ်တွေကံဆိုးတာက ထရိုင်ရွန်အိမ်တော်အတွင်းက လျှို့ဝှက်လမ်းကြောင်းတွေကို သူတို့မသိကြတာပဲ။
ဒါကပဲ ဖရာလီတာအတွက် အခွင့်အရေးတစ်ရပ်ဖြစ်လာခဲ့တယ်။
"သခင်မကြီးဆီက တစ်ပတ်ကျော်တဲ့အထိ ဘာသတင်းမှမကြားသေးဘူး။ ဒီတော့ သူအသက်ရှင်လျက်ရှိချင်မှလည်းရှိတော့မယ်။ ရှိနေရင်လည်း ဘိုးဘေးဆီကနေ အကူအညီတောင်းဖို့ ဖြစ်နိုင်ချင်မှဖြစ်နိုင်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အခုအိမ်တော်မှာကျွန်တော်တို့ပဲရှိတော့ အေ့စ်ကောင်တွေကို ကိုယ်တိုင်ပဲနှင်ထုတ်ကြတာပေါ့။ သူတို့က သုံးယောက်၊ ကျွန်တော်တို့က နှစ်ယောက်ဆိုပေမဲ့ပေါ့။"
အေ့စ်မိသားစုမှာ A rank မြူတန့်သုံးယောက်ပါလာတယ်။ ထရိုင်ရွန်မိသားစုက မိသားစုခွဲသုံးခုထဲမှာ အားအနည်းဆုံး၊ အရင်ကတည်းက ဖရာလီတာရဲ့အဖေအမေတွေနဲ့ ဘဏ္ဍာစိုးစတန်းဖို့စ်တို့သုံးယောက်ပဲရှိတာ။ ခုတော့ သူတစ်ယောက်တည်းပဲ။ ဖရာလီတာပါထပ်ပေါင်းမှ နှစ်ယောက်ဖြစ်မှာဆိုပေမဲ့ ရွေးစရာမရှိတော့ဘူး။
ပုံမှန်ဆိုရင်တော့ အလစ်အငိုက်ဖမ်းတိုက်ရင် သူတို့မှာနိုင်ခြေရှိသေးပေမဲ့ သူတို့ထည့်မထွက်လိုက်နိုင်တာက အော့တိုရဲ့လျှို့ဝှက်ထားတဲ့စွမ်းအားပါ။
၅။
CIA မြူတန့်ဌာနစိတ်ကပါဆိုတဲ့နှစ်ယောက်က ရုပ်ရှင်ထဲကလိုပဲ အနက်ရောင်နေကာမျက်မှန်ကို စတိုင်ကျကျတပ်ထားပြီး အနောက်တိုင်းဝတ်စုံဆင်တူနဲ့။ သူတို့နောက်မှာတော့ မက်တယ်ပလာဒင်ချပ်ဝတ်ဝတ်ထားတဲ့ တစ်ဒါဇင်ကျော်သော အထူးတပ်ဖွဲ့ကြီးရပ်နေတယ်။
ဒါ့အပြင် အမေရိကန်ရဲ့စစ်သုံးစက်ရုပ်ကြီးတွေဖြစ်တဲ့ ဂျပ်ဖာဆင် အိုဖိုးနှစ်ရုပ်လည်းပါတယ်။ ဒီစက်ရုပ်တွေက နည်းနည်းခေတ်နောက်ကျနေပြီး အမြောက်တွေသေနတ်တွေတပ်ပေးထားတဲ့ ဘော့စတွန်စက်ရုပ်တွေနဲ့ဆင်တယ်။ လူနှစ်ရပ်လောက်မြင့်ပေမဲ့ လေးလံပြီး ခုခေတ်မှာတကယ်အသုံးမဝင်ဘူး။ နည်းနည်းတော့ လူအထင်ကြီးခံရတာပေါ့။
တိုကျိုအစည်းအရုံးခေါင်းဆောင်ဖြစ်တဲ့ ဥစာကီကတော့ သူတို့အထောက်အထားပြလက်မှတ်တွေအကုန်လုံးကို စစ်ဆေးကြည့်ပြီး မှန်ကန်ကြောင်းခေါင်းညိတ်ပြပေမဲ့ သိပ်တော့ယုံသေးပုံမပေါ်ဘူး။
"ဒါနဲ့၊ ရှင်တို့ရောက်နေတာက ဂျပန်မြေပေါ်မှာနော်။ အခုလိုစစ်ဆင်ရေးကြီးတစ်ခုမှာဝင်ပါဖို့ အစိုးရခွင့်ပြုချက်ရပြီလား။"
အေးဂျင့်ကာတာဆိုတဲ့လူက ဂျပန်ဝန်ကြီးဌာနတံဆိပ်ပါတဲ့ နောက်စာရွက်တစ်ခုကိုထိုးပေးလိုက်တယ်။ ဝန်ကြီးချုပ်ဆီက ခွင့်ပြုလက်မှတ်ပါ။ ဒါကိုမြင်တော့ ဥစာကီလည်း သက်ပြင်းချလိုက်ရပါပြီ။ ကြည့်ရတာ ဒီအရှုပ်ထုတ်တွေကို သူတို့လုပ်ငန်းစဉ်မှာ ဝင်ပါခွင့်ပြုရဦးမယ်ထင်တယ်။
ပထမတော့ မက်ဒါနာတို့တွေက သူတို့ဘာသာတို့ ဌာနကားတွေစီးပြီး စမ်းသပ်ခန်းရှာတွေ့ထားတဲ့နေရာကို တိုက်ရိုက်သွားတော့မလို့ပဲ ဒါပေမဲ့ခေါင်းဆောင်အေးဂျင့်ဖြစ်ပုံပေါ်တဲ့ အေးဂျင့်ကာတာက ငွေရောင်စစ်သည်တော်ချပ်ဝတ်ဝတ်ထားပြီးပြီဖြစ်တဲ့ မက်ဒါနာရှေ့ကိုရောက်လာပြီး လိပ်စာကတ်ကမ်းပေးလိုက်တယ်။
"ခင်ဗျားက နယူးယောက်ရဲ့နာမည်ကြီး SilverKnightမဟုတ်လား။ ကြည့်ရတာ ကမ္ဘာပတ်စွန့်စားရင်း ဂျပန်ကိုပါရောက်လာတဲ့ပုံပဲ။"
အေးဂျင့်ကာတာက ငွေရောင်စစ်သည်လက်ထဲကို လိပ်စာကတ်ထည့်ပေးပြီးတော့ လက်ဆွဲနှုတ်ဆက်တယ်။ မျက်နှာပေါ်မှာတော့ လှိုက်လှိုက်လှဲလှဲပြုံးနေသယောင် ဟန်ဆောင်ထားတာပေါ့။
ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာလည်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ရှေ့က အေးဂျင့်တစ်ဖွဲ့က မရိုးသားသလိုခံစားရတယ်။ ဒါပေမဲ့ မက်ဒါနာက ကြိုတင်ပြီးအကဲဖြတ်ဆုံးဖြတ်တတ်သူမဟုတ်တော့ ဘာမှမပြောခဲ့ဘူး။
အစကတည်းက ဟီးရိုးအစည်းအရုံးထဲမဝင်ခဲ့သလို အစိုးရနဲ့လည်းကင်းကင်းနေခဲ့တဲ့အတွက် မြူတန့်ဌာနစိတ်တွေအကြောင်း မက်ဒါနာသိပ်မသိဘူး။ နယူးယောက်မှာတုန်းကတော့ အိုက်ဇာဝါကိုဂျင်းထည့်ဖို့ သူ့လက်ထောက်အာအိုရီကို ဌာနတိုင်ခဲ့တာမျိုးတော့ လုပ်ခဲ့ဖူးပေမဲ့ ထူးထူးခြားခြားပတ်သက်မိတာမျိုးတော့မရှိပါ။ သူတို့က အစိုးရလက်အောက်ခံမြူတန့်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ဟီးရိုးအစည်းအရုံးလိုပဲ ပြစ်မှုကျူးလွန်ထားတဲ့ မြူတန့်တွေကိုအရေးယူဆောင်ရွက်တယ်လို့ပဲ သိထားတာပါ။
"ကျွန်တော်တို့မြူတန့်ဌာနစိတ်က အရည်အချင်းရှိပြီး တရားမျှတမှုဘက်ကရပ်တည်တဲ့ ခင်ဗျားတို့လိုလူစွမ်းကောင်းတွေကို အမြဲကြိုစိုလျက်ပါ။ အထူးသဖြင့် ခင်ဗျားလိုလူတော်မျိုးပေါ့။"
ဒါပေမဲ့ ငွေရောင်စစ်သည်တော်ကတော့ ခေါင်းကုတ် (တကယ်က သတ္တုခေါင်းဆောင်းကြီးကို တဖျင်းဖျင်းကုတ်ရင်း) ပြန်ဖြေလိုက်တယ်။
"အာ... ကျွန်တော်က လောလောဆယ် ဘယ်အဖွဲ့အစည်းကိုမှ ဝင်ဖို့မစဥ်းစားရသေးဘူးဗျ။"
တကယ်လည်း မက်ဒါနာက ဘယ်အဖွဲ့ထဲကိုမှဝင်မထားဘူး။ သူ့သဘောနဲ့သူ ခြေသလုံးအိမ်တိုင်လိုက်စွန့်စားနေတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ပါ။
နယူးယောက် ကွင်းမြို့လေးက သူ့ရဲ့စမှတ်ဖြစ်ပေမဲ့လည်း သူ့စွန့်စားခန်းတွေက အခုကမ္ဘာအနှံကိုဖြန့်ကျက်လာနေပြီဖြစ်ပြီး တကယ်လို့အခြေချမယ်ဆိုရင်တောင် အမေရိကန်ကိုရွေးချယ်ဖို့ သိပ်မသေချာတော့ဘူးရယ်။
ဒါပေမဲ့ ဒီအေးဂျင့်တွေကိုကြည့်ရတာ မတရားဟန်လုပ်လွန်းမနေဘူးလား။ ဟီးရိုးအစည်းအရုံးရှေ့လာပြီး ဟီးရိုးတစ်ယောက်ကို မဲလာဆွယ်နေတာ သဘာဝမကျဘူးလေ။ မက်ဒါနာလည်း ဒီလူတွေကို သိပ်မသင်္ကါတာနဲ့ ဝတ်စုံစနစ်နဲ့ဆက်သွယ်ပြီး သူ့မှာရှိသမျှ ဒေတာဗေ့စ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တယ်။
[အေးဂျင့် ကာတာ ဝေါ့ကားလ်
အဆင့် [A ]
အမျိုးအစား - အက်စစ်အချွဲများ
ရာထူး - အထူးအေးဂျင့်ခေါင်းဆောင်]
[အေးဂျင့် လီယွန် နိုက်
အဆင့် [A-]
အမျိုးအစား - ဓားသွားလက်ဖျံ
ရာထူး - တွဲဖက်အေးဂျင့်။]
ခေါင်းဆောင်လာတဲ့ အေးဂျင့်နှစ်ယောက်လုံးက အတော်လေးအစွမ်းထက်ကြပြီး သူတို့ပါလာတဲ့ လက်နက်ကိရိယာတွေကလည်း သာမန်မဟုတ်ကြပါဘူး။ အထူးသဖြင့် အေးဂျင့်နှစ်ယောက်ဝတ်လာတဲ့ ကျည်ကာအင်္ကျီတွေက Z သတ္တုကိုနန်းမျှင်အဖြစ်ဆွဲပြီး ပျော့ပြောင်းအောင်ရက်လုပ်ထားတဲ့ စစ်တပ်သုံးအကာအကွယ်တွေပါ။ ဒီအကာအကွယ်တွေက ငွေရောင်စစ်သည်ရဲ့သာမန်ဓားခုတ်ချက်တောင် တိုးမပေါက်နိုင်လောက်ဘူး။ မြေဆွဲအားနည်းပညာနဲ့ပေါင်းရင်တော့ ဖြတ်ထုတ်ဖို့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ပြီးတော့ သေနတ်ထဲကကျည်တွေကလည်း တကယ့်ရှားပါးဇက်သတ္ထုကျည်ဖူးတွေ။ ပန်ဒရာဂွန်သခင်မလေးတောင် အဲဒီလိုကျည်မျိုး သေနတ်ထဲထည့်မသုံးဘူး။ တကယ်တော့ ဇက်သတ္ထုတွင်းတွေရှိနေတဲ့ ဆုဗာနာနယ်စားနယ်မြေတောင် ဇက်သတ္ထုကို သေနတ်ကျည်အဖြစ်သွန်းတာကို ဖြုန်းတီးမှုအဖြစ်မြင်ကြတာ။ ဒီမြူတန့်အေးဂျင့်တွေက ဘာဖြစ်ချင်နေကြတာလဲ။
'ဒီအုပ်စုက အကြောင်းမရှိဘဲနဲ့တော့ ဒီလောက်အဆင့်မြင့်တဲ့ လက်နက်တွေယူလာစရာအကြောင်းမရှိဘူး။' မက်ဒါနာလည်းတွေးမိသလို ဥစာကီလည်း တွေးမိပုံရတယ်။ သူက မက်ဒါနာကို အဓိပ်ပါယျပါပါလှညျ့ကွညျ့ပွီး ခေါင်းညိတ်ပြတယ်။ ငွေရောင်စစ်သည်ကလည်း ခေါင်းပြန်ညိတ်ပြလိုက်တယ်။
သူတို့တိတ်တဆိတ်သဘောတူလိုက်တာက CIA မြူတန့်ဌာနစိတ်အဖွဲ့သားတွေကို လျှို့ဝှက်စောင့်ကြည့်ဖို့ပါ။
ဒီအဖွဲ့က မြူတန့်သိပ္ပံနဲ့ပတ်သက်ပြီး သူတို့မသိသေးတာတစ်ခုခုကို သိနေနိုင်တယ်။ အစိုးရအုပ်စုတွေက ဟီးရိုးအစည်းအရုံးလိုမျိုး စေတနာဝန်ထမ်းဆန်ဆန်အဖွဲ့မျိုးထက် သတင်းအချက်အလက်ရယူနိုင်စွမ်း ပိုအားကောင်းပါတယ်။ ပြီးတော့ မက်ဒါနာအတွက်လည်း သူတို့ကိုစောင့်ကြည့်ဖို့က ဒီလောက်ကြီး ဝန်လေးလှတာမဟုတ်ပါဘူး။
နာရီဝက်လောက်အကြာ ပြင်ဆင်တာအားလုံးပြီးသွားတော့ သူတို့ယာတန်းစထွက်ကြတယ်။ ဟီးရိုးအစည်းအရုံးယာဥ်တန်းက သုံးစီးတည်းဆိုပေမဲ့ CIA မြူတန့်ဌာနစိတ်က ယာဥ်ငါးစီးပါပါလာသေးတယ်။ သူတို့ကျည်ကာကားနက်ကြီးတွေက လမ်းပေါ်မှာသိပ်ထင်ရှားလွန်းတယ်။ ဂျပ်ဖာဆင်ကြီးတွေကိုတော့ ဘင်ကားလိုဟာမျိုးတွေနဲ့ သယ်လာကြတာ။
မက်ဒါနာတို့ကတော့ ရှေ့ဆုံးက ကားထဲမှာရှိနေတယ်။ ဒရုန်းဇုန်ကတော့ ခါတိုင်းလိုပဲ သူတို့အတွက် ကားမောင်းပေးနေတယ်။ အယ်လိုဟင်က ဖရာလီတာအတွက် ဒရိုက်ဘာဆိုရင် ဒရုန်းဇုန်ကတော့ ဥစာကီအတွက် ဒရိုက်ဘာပါ။
"SilverKnight... ငါသိသလောက် နင်က စက်ပစ္စည်းတွေကိုဟက်ပြီး အချက်အလက်တွေယူနိုင်တယ်မဟုတ်လား။"
မက်ဒါနာ ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမဲ့သူ့စွမ်းအားကလည်း အကန့်အသတ်ရှိသေးတယ်လေ။
"အင်း၊ ဒါပေမဲ့ ငါဝင်ဟက်မယ့်ပစ္စည်းကို အနည်းဆုံးအခြေခံတည်ဆောက်ပုံနားလည်မှဖြစ်မယ်။"
ဥစာကီကလည်း အဲဒီအတွက်ပြင်ဆင်ထားပြီးသားဖြစ်ပုံပဲ။ သူ့လက်ထဲ တက်ပလက်တစ်လုံးထိုးပေးလိုက်တယ်။ ဖုန်းမျက်နှာပြင်မှာတော့ နည်းပညာပုံကြမ်းတစ်ခုရှိနေတယ်။
"ဒါက သူတို့တွေသုံးတဲ့ သီးခြားဂြိုဟ်တုဆက်သွယ်ရေးစနစ် receiverပဲ။ အေးဂျင့်နှစ်ယောက်ရဲ့ကားပေါ်မှာပါတယ်။ သူတို့က ငါတို့နိုင်ငံရဲ့အင်တာနက်စနစ်ကိုမယုံလို့ ကိုယ်ပိုင်နက်ဝေါ့နဲ့သုံးနေတာ။ ဒါပေမဲ့ သူတို့က နင့်စွမ်းအားကိုမေ့နေပုံပဲ။"
မက်ဒါနာခေါင်းညိတ်ပြီးတော့ ပုံကြမ်းကိုကြည့်လိုက်တယ်။ တစ်ချက်ကလေးနဲ့ နားလည်သွားတယ်။ ပုံမှာက ဟာ့ဝဲလ်တည်ဆောက်ပုံကိုပဲဖော်ပြထားတာဖြစ်ပြီး ဆော့ဝဲလ်ပိုင်းလုံခြုံရေးနည်းပညာတွေကိုဖော်ပြမထားဘူး။ စစ်တပ်လုံခြုံရေးနည်းပညာတွေက ဘာပဲပြောပြော သိဖို့မလွယ်ဘူးလေ။
ဒရုန်းဇုန်က ရုတ်တရက်မေးလိုက်တယ်။
"အဲဒီစနစ်ကိုဝင်ဟက်ပြီး သူတို့ပြောတာတွေနားထောင်ဖို့ နင်အဲဒီစက်ကိုထိဖို့လိုသေးလား။ ဒါမှမဟုတ် စက်ရဲ့ဘားကုတ်တို့ဘာတို့ရောလိုလား..."
"မလိုဘူး... သူတို့ဂြိုဟ်တုကလွှတ်နေတဲ့ကြိမ်နှုန်းကို ငါခံစားကြည့်လို့ရတယ်။"
မက်ဒါနာက ပြောပြောဆိုဆိုနဲ့ မျက်လုံးမှိတ်လိုက်ပြီး ပတ်ဝန်းကျင်လောကကြီးကိုမေ့ထားလိုက်တယ်။ ကွန်ရက်ဆက်သွယ်ရေးလမ်းကြောင်းတွေက သူ့စိတ်ထဲမှာ ပင့်ကူအိမ်တွေလိုမျိုးထွက်ပေါ်လာတယ်။ ဒါပေမဲ့ရှုပ်ထွေးလွန်းလို့ ဘယ်ဟာက ဘယ်သူ့ဟာမှန်းမသိနိုင်ဘူး။ ကြိုးမျှင်တွေပဲရှိတဲ့ စာကြည့်တိုက်ကြီးလိုပဲ။
ငွေရောင်စစ်သည်ဝတ်စုံက အစကတည်းက ရဲဘက်သုံးရေဒီယိုတွေကို ကြားဖြတ်နားထောင်နိုင်စွမ်းရှိပြီးသား၊ တီဗီလိုင်းလဲမိတယ်၊ အင်တာနက်လည်းရတယ်၊ ရေဒီယိုနားထောင်ချင်လို့လည်းဖြစ်တယ်၊ ဒီတော့ ဘာကိစ္စဂြိုဟ်တုဆက်သွယ်ရေးစနစ်ကိုရော မဖမ်းနိုင်ရမှာလဲ။ တစ်ခုပဲရှိတာ၊ တစ်ဖက်လူတွေ သူချောင်းနားထောင်နေမှန်း သတိမထားမိသွားဖို့ပဲလိုတာ။
သိပ်မကြာခင်မှာပဲ မက်ဒါနာက သူ့အနားကဆက်သွယ်ရေးလှိုင်းတွေကို စတင်ကွဲခြမ်းလေ့လာတယ်။ တကယ်လို့ IP Address မသိတဲ့ဖုန်းတစ်လုံးနောက် သူ့ကိုဒီအတိုင်းခြေရာခံခိုင်းရင် ခက်ကောင်းခက်နိုင်ပေမဲ့ ဂြိုဟ်တုဆက်သွယ်ရေးက လူသုံးနည်းတဲ့အတွက် ရှာဖွေဖော်ထုတ်ရလွယ်တယ်။
"ဒါတွေက တစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်သွယ်ထားပြီး အရေအတွက်သိပ်များတယ်။ သာမန်ဖုန်းလိုင်းတွေ၊ ဖယ်လိုက်။"
"ဒီတစ်ခုက အသွားပဲရှိပြီး အပြန်မရှိဘူး၊ တစ်နေရာတည်းကလွှင့်ပြီး ကျန်တာတွေက ဖမ်းယူနေကြရုံပဲ။ ရေဒီယိုလိုင်းတစ်ခုပဲ၊ ဖယ်လိုက်။"
"ဒါတွေက တစ်ခုတည်းကနေ နေရာတိုင်းကိုဖြန့်ကျက်ပြီး နေရာတိုင်းကနေ သေးငယ်တဲ့အဝန်းဝိုင်းလေးတွေအဖြစ် ပြန်ထုတ်လွှင့်တယ်၊ ဝိုင်ဖိုင်လိုင်းတွေ။ ဖယ်လိုက်မယ်။"
စိတ်ထဲမှာ မက်ဒါနာက ကွန်ယက်တွေတစ်ခုပြီးတစ်ခုကို ဖယ်ထုတ်ပစ်နေတယ်။ ရှားလော့ဟုမ်းပြောခဲ့ဖူးတယ်။ 'မဖြစ်နိုင်တာတွေဖယ်လိုက်ရင် ကျန်ခဲ့တာက အမှန်တရားပဲ'တဲ့။
နောက်ဆုံးတော့ မက်ဒါနာက ကွန်ယက်ကြိုးမျှင်လေးတစ်ခုကို ဖမ်းဆုပ်မိသွားတယ်။ အသွားရောအပြန်ရောရှိနေပေမဲ့ ထုတ်လွှင့်တဲ့နေရာက ဒေသတွင်း သူအာရုံခံမိနိုင်တဲ့အကွာအဝေးမှာရှိမနေဘူး။ ပြီးတော့ ဖမ်းယူနေတဲ့အရာက တစ်ခုတည်းရှိနေပြီး ဆက်တိုက်ရွေ့လျားနေတယ်။ အကြောင်းက သူတို့တွေ ကားလမ်းပေါ်ရောက်နေတာမလို့လေ။
"တွေ့ပြီ... ဒါက သီးသန့်ဂြိုဟ်တုဆက်သွယ်ရေးလိုင်းပဲ။"
နောက်တော့ သူ့စွမ်းအားက ဂြိုဟ်တုဆက်သွယ်ရေး receiverထဲဖောက်ဝင်သွားပြီး စက်ကိုသူ့ဝတ်စုံနဲ့ချိတ်လိုက်တယ်။
'နားထောင်နေတဲ့သူက နှစ်ယောက်တည်းမဟုတ်ဘဲ သုံးယောက်ဖြစ်သွားတာကို စောစောစီးစီးသတိမထားမိပါစေနဲ့လို့ မျှော်လင့်ရတာပဲ။' သေချာပေါက်ဒီလိုစက်မျိုးတွေမှာက အသုံးပြုနေတဲ့လူစာရင်းပေါ်နေမှာလေ။ တစ်ယောက်ယောက်သတိထားမိသွားပြီး ဖယ်ထုတ်လိုက်တာနဲ့သွားပြီ။ အဲဒီမတိုင်ခင်တော့ အရေးကြီးအချက်အလက်တစ်ခုခုကို သူကြားရမှတန်မယ်။
...
"ဟီးရိုးအစည်းအရုံးနဲ့ပူးပေါင်းလုပ်ဖို့ အဆင်ပြေသွားလား။"
အထက်အရာရှိတစ်ယောက်ယောက်က စပြောလိုက်တဲ့အသံကို မက်ဒါနာကြားရတယ်။ ဒါပေမဲ့ မြူတန့်ဌာနစိတ်ကလူတွေ သူ့ကိုပြန်ဖြေတဲ့စကားကိုကြားတော့ မက်ဒါနာပိုပြီး အံ့ဩလာရတော့တာပဲ။
"ဟုတ်ကဲ့၊ သမ္မတကြီး။ သူတို့လက်ခံလာအောင်လုပ်ခဲ့ပြီးပါပြီ။ အခုစမ်းသပ်ခန်းကို သွားနေတဲ့လမ်းပေါ်မှာ။" ဒါကတော့ အေးဂျင့်ခေါင်းဆောင်ကာတာပြောလိုက်တဲ့အသံပါ။
"မင်းတို့သိတဲ့အတိုင်းပဲ မြူတန့်သိပ္ပံအဖွဲ့က တခြားဗီလိန်တွေကို ကွန်းဖရန့်ခေါ်ပြီး အကြီးကြီးကြံနေတယ်၊ ငါတို့တွေ သူတို့နည်းပညာအကြွင်းအကျန်နည်းနည်းရထားမှဖြစ်မယ်။ ဌာနကလူတွေ Dark Webထဲဝင်ရင်း သေကုန်တာလည်းမမေ့နဲ့ဦး၊ သူတို့က ဟာကွက်မရှိအောင်ပြင်ဆင်ထားတယ်။"
ဗီလိန်တွေသုံးတဲ့ Dark Webအကြောင်းကို မက်ဒါနာနည်းနည်းလေးပဲကြားဖူးတယ်။ သူကိုယ်တိုင်က နည်းပညာမြူတန့်တစ်ယောက်ဖြစ်လို့ Dark web တွေထဲလျှောက်သွားပြီး မှောင်ခိုစျေးကွက်တွေအကြောင်းလေ့လာဖူးပေမဲ့ ဗီလိန်Domainထဲအထိတော့ မရောက်ဖူးပါဘူး။
ပြောရရင် အဲဒီနေရာက အဆင့်မြင့်နည်းပညာမြူတန့်တွေအတွက်တောင် တားမြစ်နယ်မြေလိုဖြစ်နေတာ ကြာခဲ့ပါပြီ။ အဲဒီကွန်ယက်တွေကို စောင့်ကြည့်နေတဲ့ နည်းပညာမြူတန့်ဆိုက်ဘာခရိုးက အတော်လေးကြောက်ဖို့ကောင်းပြီး ကွန်ယက်တွေနဲ့လူသတ်နိုင်တယ်။
ဒါကြောင့် ကိုယ့်အသက်ကိုယ်တန်ဖိုးထားတဲ့ ဘယ်ဟီးရိုးမှ အဲဒီအနက်ထိမသွားရဲဘူး။ မက်ဒါနာလည်း အတူတူပါပဲ။ အစိုးရထောက်ပံမှုနဲ့ ပြင်ဆင်မှုအလုံအလောက်ရှိတဲ့ မြူတန့်ဌာနစိတ်လိုအဖွဲ့မျိုးကသာ အဲဒီအနက်ထိဆင်းပြီးစောင့်ကြည့်နိုင်တာပါ။
ဒါပေမဲ့ သူကြားရသလောက် အဲဒီအဖွဲ့လည်းမျိုးဖြုတ်ခံလိုက်ရပြီး မြူတန့်သိပ္ပံရဲ့အကြံအစည်ကို သေသေချာချာ သိခဲ့ရပုံမပေါ်ဘူး။
"ဘာပဲဖြစ်ဖြစ် ကလုန်းနည်းပညာရဲ့သော့ချက်ကို ငါတို့ရမှဖြစ်မယ်။ အခုအချိန်ထိ သူတို့ကလွဲလို့ မြူတန့်တွေကိုကလုန်းပွားနိုင်တဲ့နည်းပညာ ဘယ်သူမှမပိုင်သေးဘူး။ ငါတို့သာရလာရင် အနာဂတ်ဦးဆောင်သူနေရာကိုရဖို့သေချာလိမ့်မယ်။"
"ဟုတ်ကဲ့ပါ၊ သမ္မတကြီး။"
အဲဒီနောက်တော့ အဆက်အသွယ်ပြတ်သွားတယ်။ မက်ဒါနာလည်း သက်ပြင်းချလိုက်မိတယ်။ ဆက်သွယ်ပြောဆိုနေတဲ့အချိန်က မကြာပေမဲ့ သူတော်တော်လေး သိလိုက်ရတယ်မဟုတ်လား။
"မက်ဒါနာ၊ အခြေအနေဘယ်လိုလဲ။" ဥစာကီမေးလိုက်တယ်။
"သိသင့်သမျှတော့ သိထားပြီးပြီ။" မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီး တစ်ခုချင်းစီရှင်းပြလိုက်တယ်။
"မြူတန့်သိပ္ပံအဖွဲ့အစည်းက Dark Webရဲ့အနက်ဆုံးအပိုင်းမှာရှိတဲ့ ဗီလိန် Domainမှာ တခြားဗီလိန်တွေနဲ့ အဆက်အသွယ်လုပ်နေတယ်။ ဒီအတွက်ဖြစ်နိုင်ခြေကတော့ အများကြီးပဲ။"
ဗီလိန်တွေက သူတို့အချင်းချင်း အကြောင်းကိစ္စမရှိဘဲ မဆက်သွယ်ကြဘူး။ ပစ္စည်းတစ်ခုခုရောင်းဖို့ဝယ်ဖို့အတွက်နဲ့တော့ အကုန်လုံးကိုခေါ်ပြီး ကွန်းဖရန့်လုပ်စရာမလိုဘူး။ လေလံပွဲလုပ်တာလည်းဖြစ်နိုင်ပေမဲ့ အဲဒီလောက်နဲ့တော့ အမေရိကန်သမ္မတကိုယ်တိုင် တုန်လှုပ်နေစရာမရှိဘူး။ သေချာပေါက် ကမ္ဘာ့အဆင့်အကြံအစည်တစ်ခုဖြစ်နိုင်တယ်။
"လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဟီတိုဂီရီလည်းဂျပန်က ဗီလိန်တွေကိုခေါ်ပြီး ဗီလိန်တွေ့ဆုံပွဲလုပ်ဖူးတယ်။ ဒီတော့Mad doctorဒီလိုအစည်းအဝေးခေါ်တာ ကောင်းတဲ့အရာမဟုတ်ဘူး။"
ဥစာကီကလည်း တဖြည်းဖြည်းစဥ်းစားပြီးတော့ ပြန်ပြောလိုက်တယ်။ သူတို့တွေရဲ့ရှေ့မှာ သဲလွန်စတွေက ရှိနေပြီးသားဖြစ်ပေမဲ့ တစ်ခုနဲ့တစ်ခုစနစ်တကျ မပေါင်းစပ်ရသေးဘူး။ ငွေရောင်စစ်သည်ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာကလည်း စိတ်ကိုနှစ်ထားပြီး တွေးတောလိုက်ပါပြီ။
"မြူတန့်စွမ်းအားတိုးဆေး၊ စွမ်းအားဖြစ်ပေါ်ဆေး၊ မြူတန့်တွေကို အရိုင်းဆန်စေတဲ့ကပ်ပါးမှို၊ မြူတန့်ကလုန်းတွေ၊ ပြီးပြည့်စုံတဲ့ လူလုပ်မြူတန့်ဖော်မြူလာ၊ ယူဂျင်းထောင်ကိစ္စ၊ အာကိုင်းဂါမီ၊ ကိုရီးယားက ထူးဆန်းတဲ့လူပျောက်မှုတွေ၊ ဗီလိန်ကွန်းဖရန့်၊ ဆေပီယံမီတာအရေးအခင်း၊ ဟီးရိုးတွေကြားသွေးခွဲမှု၊ ဟီးရိုးနဲ့လူတွေအကြားသွေးခွဲမှု၊ ဟီးရိုးနဲ့အစိုးရကြားသွေးခွဲမှု...."
မက်ဒါနာရဲ့အတွေးတွေထဲမှာ ကြိုးစတွေက တစ်ခုနဲ့တစ်ခုဆက်စပ်လာတယ်။ အားလုံးမှာလက်သည်က မြူတန့်သိပ္ပံဖြစ်နေပြီး သူတို့ရဲ့ကိစ္စကြီးတစ်ခုလုံးက လူသား၊ မြူတန့်နဲ့နိုင်ငံတွေကို အဓိကပစ်မှတ်ထားနေတယ်။ မက်ဒါနာစဥ်းစားလို့ရတဲ့ တစ်ခုတည်းသောအဆုံးသတ်က ကသောင်းကနင်းဖြစ်ခြင်းဆိုတာပဲ။
"ဘုရားရေ... သူက ပြီးပြည့်စုံတဲ့ ပျက်သုန်းခြင်းကို အစီအစဥ်ရေးဆွဲနေတာပဲ။" ရုတ်တရက် မက်ဒါနာပြောလိုက်တဲ့စကားကြောင့် ဒရုန်းဇုန်လည်းလန့်ပြီး ဘရိတ်အုပ်လိုက်မိတယ်။ နောက်ကကားတွေလည်း သူတို့ကားကို တိုက်မိမှာဆိုးပြီး ဖြစ်သလိုဘရိတ်ကိုဆောင့်နင်းပြီး ရပ်လိုက်တာကြောင့် လမ်းပေါ်မှာကားတွေ ကန့်လန့်ခံကုန်တယ်။
"ဘယ်လို..."
"မက်ဒါနာ၊ နင်ဘာတွေးမိသွားတာလဲ။"
မက်ဒါနာက သူ့လက်ဖဝါးနှစ်ဖက်ကို ပြန်ငုံကြည့်ရင်း ပြောလိုက်တယ်။ သူ့စိတ်တွေက ဂယောက်ဂယက်ဖြစ်နေတယ်။ အစောပိုင်းကာလတွေကတည်းက Mad doctorရဲ့အကြံကို သူတို့တွေသတိထားမိပေမဲ့ အလုံးစုံအကောင်အထည်ပေါ်တဲ့အထိတော့ မစဥ်းစားမိကြဘူး။ သာမန်ကမ္ဘာကိုအုပ်စိုးချင်နေတဲ့ ဗီလိန်လို့ပဲ သတ်မှတ်ထားခဲ့ကြတာ။
ပါဝါရိန်းဂျားကားတွေထဲကလို အမြဲရှုံးနေမယ့်တစ်ယောက်အဖြစ်ပေါ့။ ဒါပေမဲ့ ဒီဗီလိန်က လုံးဝကို အကွက်ကျကျစီမံထားပြီး အခုအချိန်မှာကင်းဝင်ဖို့ အနည်းငယ်သာ လိုပါတော့တယ်။
မက်ဒါနာက သူတွေးမိထားတဲ့အရာတွေအားလုံးကို ထုတ်ပြောလိုက်တယ်။
"ပထမဆုံး သူကမှော်ဆန်တဲ့ မြူတန့်စွမ်းအားဖြစ်ပေါ်ဆေးကို တီထွင်ခဲ့တယ်။ တစ်ခဏတာပဲဆိုပေမဲ့ စွမ်းအားကိုတောင့်တနေတဲ့ လူငယ်တွေကိုဆွဲခေါ်နိုင်တယ်။ အစစ်အမှန်မြူတန့်စွမ်းအားဆေးကိုဖော်ထုတ်ပြီးတဲ့နောက်တော့ တစ်ဆင့်တက်လာပြီး တကယ့်စွမ်းအားကိုလိုချင်ရင် လူငယ်တွေကိုသူတို့ခိုင်းတာလုပ်ဖို့ တိုက်တွန်းတယ်။"
"အဲဒီနောက်တော့ သူတို့ခိုင်းသမျှဘာမဆိုလုပ်မယ့် သစ္စာခံကြွက်တွေပေါ်လာတယ်။"
"အဲဲဒီကြွက်တွေက သူတို့ကိုယ်သူတို့ မြူတန့်လိုအမည်ခံပြီး သာမန်လူတွေကို ခွဲခြားဆက်ဆံမယ်။ သူတို့ရဲ့မစ်ရှင်တစ်စိတ်တစ်ပိုင်းအနေနဲ့ပေါ့။ သာမန်လူတွေက မြူတန့်တွေကို ပိုပိုပြီးမုန်းလာမယ်။"
"ဒုတိယအနေနဲ့ စွမ်းအားတိုးစေးကို တီထွင်လိုက်တယ်။ S rank တွေဖြစ်တဲ့ ရှားပိုင်ဝေနဲ့ဝံပုလွေနှလုံးသားတို့တောင် တောင့်မခံနိုင်ဘဲ လောဘတက်ကုန်တယ်။ လောဘကြောင့် ဟီးရိုးတော်တော်များများ ကြိုးဆွဲရာကကုန်တယ်။ အခုဟီးရိုးအစည်းအရုံးတွေထဲမှာ ဘယ်သူက သူလျှို၊ ဘယ်သူက ဘူကောင်းဆိုတာ ငါတို့မသိနိုင်တော့အောင်ဖြစ်နေပြီ။"
"တတိယအနေနဲ့ လူလုပ်မြူတန့်တွေကို ပြီးပြည့်စုံစေပြီး သူ့လက်ရွေးစင်တပ်ဖွဲ့ရဲ့အခြေခံအုတ်မြစ်ကို ခိုင်မာစေတယ်။ သူတို့က ဗီလိန်လောကမှာ အနိုင်ယူဖို့မဖြစ်နိုင်တဲ့အဖွဲ့အစည်းဖြစ်လာပြီး ဩဇာအာဏာကြီးမားလာမယ်။ ဗီလိန်တွေကိုပါ လွှမ်းမိုးချုပ်ကိုင်နိုင်မယ်။"
"စတုတ္ထအချက်ကတော့ ဆေပီယံ မီတာအရေးအခင်းပဲ။ မြူတန့်တွေရဲ့မောက်မာမှု၊ ကပ်ပါးမှိုကြောင့် ကသောင်းကနင်းဖြစ်မှုတွေ၊ ဟီးရိုးတွေရဲ့အကျင့်ပျက်မှုတွေကြောင့် လူသားတွေက မြူတန့်တွေကိုမယုံကြတော့လို့ လူသားတွေက မြူတန့်တွေဖြစ်တဲ့ ဟီးရိုးတွေကိုလည်း အယုံအကြည်စပျက်လာမယ်။ အစိုးရတွေကလည်း ငါတို့ကိုဆန့်ကျင်လာကြပြီ။ ဟီးရိုးအစည်းအရုံးအာဏာကျဆင်းပြီး ဟီးရိုးတွေအားနည်းလာမယ်။"
"ပဥ္စမအချက်ကတော့ မြူတန့်သိပ္ပံအဖွဲ့က ဖြစ်လာတော့မယ့် စစ်ပွဲမှာအနိုင်ရဖို့ပြင်ဆင်နေတာပဲ။ ယူဂျင်းထောင်ကိုဖောက်ပြီး ဂန္တဝင်ဗီလိန်တွေကိုလွှတ်ပေးပြီးမိတ်ဖွဲ့တယ်၊ မြူတန့်ကလုန်းတွေထုတ်ပြီး ဗီလိန်ကွန်းဖရန့်ခေါ်တယ်။ ကွန်းဖရန့်မှာဘာတွေဖြစ်သွားမှန်းမသိပေမဲ့ သေချာတာကတော့ ဗီလိန်တွေ သူတို့အုပ်စုခေါင်းဆောင်တဲ့နောက်လိုက်အောင် တစ်ခုခုကြိုးစားခဲ့မှာပဲ။"
"နောက်ဆုံးအချက်က သူ့အတွက်အကြီးဆုံးခြိမ်းခြောက်မှုဖြစ်နေတဲ့ အာကိုင်းဂါမီကိုဖယ်ထုတ်ခြင်းပဲ။ ဒါကလည်း ကောင်းကောင်းကြီးအောင်မြင်ခဲ့ပါတယ်။"
မက်ဒါနာက သူ့ရဲ့စကားအဆုံးမှာ ဥစာကီနဲ့ဒရုန်းဇုန်ကို ကြည့်ပြီးပြောလိုက်တယ်။
"ဗီလိန်တွေက စစ်ပွဲအတွက်အကွက်ရွှေ့ပြီးနေပြီ၊ အစိုးရတွေကလည်း သူတို့ကိုယ်ပိုင်စစ်တုရင်တွေကို လှုပ်ရှားခိုင်းနေပြီ။ ဘာမှမလုပ်နိုင်သေးဘဲ ကျန်ခဲ့တာဆိုလို့ ရေနွေးအိုးထဲ ထည့်ပြုတ်ခံနေရတဲ့ဖားတွေလိုဖြစ်နေတဲ့ ဟီးရိုးတွေဖက်ခြမ်းပဲ။"