မိရိုင် အိမ်ပြေးမလေးဖြစ်ပြန်ပြီ
Vol. 3 Ch. 7
မြူတန့်သိပ္ပံရဲ့ဂျပန်စမ်းသပ်ခန်းက တိုကျိုမြို့ပြင်ဖက် နည်းနည်းတောကျတဲ့နေရာမှာရှိတယ်။ နာမည်ကျော် ဖူဂျီတောင်ကြီးနဲ့နီးပြီးတော့ အပန်းဖြေစခန်းတွေ၊ စခန်းချနယ်မြေတွေ ဖွင့်လေ့ရှိတဲ့ နေရာတစ်ခုမှာပါ။
တိုကျိုဟီးရိုးအစည်းအရုံးကတော့ ဒေသခံရဲစခန်းနဲ့ပေါင်းပြီး အနားမှာပြည်သူတွေမရှိအောင် ဖယ်ရှားလိုက်ပြီးပါပြီ။
ဥစာကီကတော့ သူ့အဖိုးပေးလိုက်တဲ့မြေပုံအတိုင်း တောထဲမှာဦးဆောင်သွားနေပြီး ငွေရောင်စစ်သည်တော်နဲ့ဒရုန်းဇုန်တို့ကတော့ နောက်ကလိုက်နေတယ်။ သူတို့နောက်မှာတော့ တခြားဟီးရိုးတွေနဲ့ CIA မြူတန့်ဌာနစိတ်ကလူတွေ ပါလာတယ်။
တစ်နေရာရောက်တော့ ဥစာကီက ရပ်လိုက်ပြီးမြေပြင်ကို ခြေဆောင့်လိုက်တယ်။ အပေါ်ယံဖုံးထားတဲ့ မြေကြီးတွေ အပေါ်ကြွတက်လာပြီး ကားတစ်စီးဝင်စာ လေးထောင့်တံခါးပြားတစ်ချပ်က မြေပေါ်မှာ ကပ်လျက်ပေါ်လာခဲ့ပါပြီ။
"ဒီနေရာပဲ။"
အေးဂျင့်ကာတာကတော့ အဲဒီမြေပုံကို တစ်ချက်ကဲကြည့်လိုက်ပြီး မေးလိုက်တယ်။
"ဘာလို့မင်းမြေပုံက ဒီလောက်တိကျနေရတာလဲ။"
ဒီတောင်ခြေက တောအုပ်နယ်မြေဟာ တော်တော်လေးကျယ်ပြန့်ပါတယ်။ ပုံမှန်နည်းလမ်းနဲ့ဝင်ပေါက်ရှာရင် လနဲ့ချီပြီးတော့တောင် ကြာမလားပဲ။ ယာမာဂုချီမိသားစုကသာ မြေပုံထုတ်မပေးလိုက်ရင် ဘယ်နည်းနဲ့မှ သူတို့တွေအချိန်မီရှာတွေ့မှာမဟုတ်ဘူး။
မက်ဒါနာကတော့ အေးဂျင့်တွေရဲ့အနောက်တိုင်းဝတ်စုံတွေကို အကဲခတ်နေတုန်းပဲ။ ပုံမှန်လိုထင်ရပေမဲ့ ဒီဥစ္စာတွေက ဇက်သတ္တုမျှင်တွေနဲ့ရက်လုပ်ထားတာပါ။ အခုလိုနာနိုဝတ်စုံမျိုးထုတ်နိုင်တာ အမေရိကန်စစ်တပ်ပဲရှိတယ်။ ဖရာလီတာတို့ ပန်ဒရာဂွန်တွေတောင် အဲဒီနည်းပညာမျိုးရှိပုံမပေါ်ဘူး။
"ဒီမြေအောက်စခန်းက ယာမာဂုချီမိသားစုနဲ့မြူတန့်သိပ္ပံအဖွဲ့ ပူးပေါင်းပြီးခိုးဆောက်ထားတာလေ။ ဒါကြောင့် အဆောက်အဦးမြေပုံက ကျွန်မလက်ထဲမှာရှိနေတာ သဘာဝကျပါတယ်။"
ယာမာဂုချီမိသားစုတစ်ခုလုံးကို သန့်စင်ပစ်လိုက်တဲ့ ဥစာကီအကြောင်းကို တစ်ကမ္ဘာလုံးသိပြီးကြပြီးပါပြီ။ ဒါပေမဲ့ သတင်းထုတ်ပြန်တုန်းက အသေးစိတ်အချက်အလက်တွေမပါသလို CIA ကလည်း အကုန်လုံးသိနိုင်တဲ့ နတ်ဘုရားတွေမဟုတ်ပါဘူး။
မက်ဒါနာကတော့ မြေပုံကိုစိတ်မဝင်စားပါဘူး။ အကြောင်းက လိုရမယ်ရအနေနဲ့ ဥစာကီက သူ့ကိုကားပေါ်မှာ မြေပုံပြခဲ့လို့ပါ။ အဲဒီမြေပုံအရ ဒီမြေအောက်စခန်းက အနည်းဆုံးအထပ်နှစ်ဆယ်ရှိပြီး မက်ဒါနာအရင်ကဝင်ဖူးတဲ့ နယူးယောက်ကတစ်ခုထက် ပိုကျယ်ပိုကြီးမားပါတယ်။
ငွေရောင်စစ်သည်တော်က ရှေ့တက်လိုက်တယ်ပြီး ကျောမှာသံလိုက်နဲ့ချိတ်ထားတဲ့ဓားကို ဆွဲဖြုတ်လိုက်တယ်။ နောက်တော့ စစ်တပ်သုံးလက်သင်္ကေတနဲ့ သူတို့ကို သတိပေးလိုက်ပါပြီ။
"တံခါးအောက်မှာ အရိုးမျက်နှာတွေရှိနေတယ်။"
စက္ကန့်ပိုင်းအကြာမှာပဲ အရိုးဆူးချွန်တွေက သံတံခါးကို ဖြတ်ပြီး CIA နဲ့အတူပါလာတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကို လာရောက်ထိမှန်တယ်။ ဥစာကီဆီကိုလည်း လာစင်ပေမဲ့ သူကဓားကိုအသာလေးရမ်းပြီး ကာကွယ်လိုက်တယ်။ ဒရုန်းဇုန်ကတော့ ကိုယ်ကိုနည်းနည်းနောက်ဆုတ်ပြီး ရှောင်လိုက်ရုံနဲ့ အန္တရာယ်စက်ကွင်းက လွတ်သွားတယ်။
ဒါပေမဲ့အေးဂျင့်ကာတာရဲ့တွဲဖက်ကတော့ လက်ကိုတစ်ချောင်းလာမှန်တယ်။ ကံကောင်းစွာနဲ့ သူ့ဝတ်စုံကို အရိုးကဖောက်မဝင်သွားဘူး။
"အန္တရာယ်များလိုက်တာ၊ ခေါင်းကိုသာတည့်တည့်လာမှန်ရင် ငါသေပြီ။" တွဲဖက်အေးဂျင့်လီယွန်က ပြောလိုက်ပြီး သူ့လက်ဖျံကနေ စတီးရောင်ပြောင်လက်နေတဲ့ ဓားသွားအသွင်ဆူးတောင်တွေကို ဆန့်ထုတ်လိုက်တယ်။
မက်ဒါနာကလည်း သူ့ဝတ်စုံစနစ်နဲ့ မြေအောက်မှာရှိနေတဲ့ အရိုးမျက်နှာတွေနဲ့လှုပ်ရှားမှုကို စောင့်ကြည့်နေတာကြာပါပြီ။ သိပ်မကြာခင်မှာပဲ သူ့ခြေထောက်အောက်ကနေ အရိုးမျက်နှာတစ်ကောင် တံခါးကိုဖောက်ထွက်ပြီး ခုန်ထွက်လာတယ်။ ဒါပေမဲ့ဇက်စတီးဓားက သူ့ဇက်ပေါ်ရောက်နှင့်နေပြီ။
ဘုန်း.....။ ဇက်စတီးဓားက သံတံခါးကြီးရဲ့တစ်ဝက်လောက်ကို ဖျက်ဆီးပစ်လိုက်တယ်။ SilverKnight ရဲ့ခန္ဓာကိုယ်က ကွေးညွှတ်သွားပြီး လေထဲခုန်တက်လိုက်တယ်။ အဲဒီနောက်တော့....
"Void Stream Mode!...."
ပျက်စီးသွားတဲ့တံခါးအောက်ကနေ ဒါဇင်နဲ့ချီတဲ့ အရိုးမျက်နှာတွေဆက်ထွက်လာပေမဲ့ အလင်းဒြပ်စင်အားနဲ့Void Stream အားဖြည့်ကြွက်သားတွေရဲ့အားကိုပေါင်းပြီး မြားတစ်စင်းလိုမြေအောက်လမ်းထဲ ခုန်ချသွားတဲ့ မက်ဒါနာက ဓားနဲ့လျှပ်ပြတ်သလို တစ်ခါတည်းပိုင်းချလိုက်တယ်။
ရွှတ်....။
ဘုတ်...ဘုတ်...ဘုတ်....
မာကျောတဲ့အရိုးမျက်နှာရဲ့အရိုးတွေက မြေဆွဲအား ဇက်စတီးဓားရဲ့ထက်ရှမှုနဲ့ယှဥ်ရင် ဟာသတစ်ခုလိုဖြစ်နေတယ်။ အကုန်လုံး ရုပ်သေးရုပ်တွေလိုမျိုး ပြိုကျနေပါပြီ။
အေးဂျင့်လီယွန်က စုပ်တစ်ချက်သက်လိုက်တယ်။
"သူက ငါတို့ရဲ့အဆင့်တူရောဟုတ်သေးရဲ့လား၊ ဒီလိုစွမ်းအားမျိုးက S - တစ်ယောက်ကိုတောင် ယှဥ်နိုင်လောက်တယ်။ ဗီလိန်အရိုးမျက်နှာက ဘယ်တုန်းက ငါတို့ထက်အားနည်းသွားတာလဲ။"
ဒါပေမဲ့ အေးဂျင့်ကာတာကတော့ ငွေရောင်စစ်သည်ချပ်ဝတ်ကို ဆက်တိုက်အကဲခတ်ပြီးကြည့်နေတုန်းပဲ။
"အဲဒီလှုပ်ရှားမှုနဲ့ခွန်အား... တိကျပြီးပြင်းထန်တယ်၊ လူသားတစ်ယောက်တတ်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ ပြီးတော့ သူ့ဝတ်စုံမှာ အပူလှိုင်းအာရုံခံစနစ်ပါလောက်တယ်။"
ကာတာက အရိုးမျက်နှာကလုန်းတွေ အားနည်းနေတာကို သိပ်ဂရုမစိုက်ပါဘူး။ ကလုန်းတွေက အတော်လေးအရေအတွက်များပြီး အနှောင့်အယှက်ပေးနိုင်ပေမဲ့ မူရင်းအရိုးမျက်နှာနဲ့ယှဥ်ရင် အပုံတစ်ရာပုံတစ်ပုံတောင် စွမ်းအားမရှိဘူး။ သူတို့စွမ်းအားက မက်တယ်ပလာဒင်ချပ်ဝတ်ဝတ်ထားတဲ့ သာမန်စစ်သားတွေနဲ့ အတူတူလောက်ပဲ။
"ဂျပ်ဖာဆင်တွေကို မြေပေါ်မှာအစောင့်ထားခဲ့မယ်။ ကျန်တဲ့လူတွေ အထဲဆက်ဝင်ကြစို့။"
...
အကောင်ကြီးတဲ့စက်ရုပ်တွေကို အထဲမှာထားခဲ့ပြီးတဲ့နောက် လက်ရွေးစင်တပ်ဖွဲ့နဲ့ဟီးရိုးအနည်းငယ်တဲ့ စမ်းသပ်ခန်းထဲကို ဆက်ဝင်လာခဲ့တယ်။
ဒီနေရာမှာ အရိုးမျက်နှာတွေကလွဲပြီး တခြားဘာမှမတွေ့ရဘူး။ စမ်းသပ်ခန်းတစ်ခုလုံးမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေတဲ့အတွက် မှောင်မဲနေတာကြောင့် သူတို့တွေအကုန်လုံး လျှပ်စစ်ဓာတ်မီးတွေ ညကြည့်မျက်မှန်တွေနဲ့ ခရီးဆက်နေရတာ။ သုတေသနသမားတွေနဲ့ဗီလိန်အဖွဲ့ဆုတ်ခွာသွားတာ ကြာပြီဖြစ်တဲ့ပုံပဲ။
ပထမဆုံးအထပ်ကနေ သူတို့ဆင်းလာတဲ့အထပ်တွေကို ရေတွက်ကြည့်တော့ လေးငါးထပ်ဖြစ်လာနေပြီ။ ဒါပေမဲ့ အရေးကြီးတဲ့အရာတစ်ခုကိုမှ ရှာမတွေ့ကြသေးဘူး။ ဒီအထပ်တွေမှာ လူနေအခန်းလိုနေရာတော်တော်များများတွေ့ရပေမဲ့ သော့ခတ်မထားတဲ့အတွက် စမ်းသပ်ခံရတဲ့လူသားတွေအတွက်တော့ ဟုတ်ပုံမပေါ်ဘူး။ အဆင့်နိမ့်အစောင့်တွေနေဖို့ အတွက်နဲ့ ကုန်ကြမ်းပစ္စည်းတွေသိုလှောင်ဖို့အတွက်သာ သုံးတဲ့ပုံပေါ်တယ်။
ခြောက်ထပ်မြောက်ကိုစရောက်တော့ သူတို့ထက်အရင်လာခဲ့တဲ့ ဘီတာစုံစမ်းရေးအဖွဲ့ကလို့ထင်ရတဲ့ ဟီးရိုးအကူပစ္စည်းအပိုင်းအစတွေကိုတော့ သူတို့တွေ့ရတယ်။
ဒါပေမဲ့ သူတို့အဖွဲ့ကတော့ အေးအေးဆေးဆေးရှိနေတုန်းပဲ။ တစ်ခါတစ်ရံ အရိုးမျက်နှာတွေနဲ့တွေ့ရပေမဲ့ ဟီးရိုးတွေတောင် ဝင်ပါစရာမလိုဘဲ CIA တပ်သားတွေနဲ့ပဲ ပြီးသွားတယ်။
ကြားတော့ ဒရုန်းဇုန်တောင် ပျင်းလာတယ်။ မက်ဒါနာကတော့ အခုလိုဘေးကင်းလွန်းနေတယ်လို့ထင်ရတဲ့ ပတ်ဝန်းကျင်ကို သဘောမကျပါဘူး။ ဒါကြောင့် ဥစာကီကို မေးလိုက်တယ်။
"ဥစာကီ၊ ဘီတာအသင်းရဲ့အင်အားက ဘယ်လောက်လဲ။"
"B rank သုံးယောက်နဲ့ C rank ငါးယောက်၊ အားလုံးက တိုကျိုအစည်းအရုံးရဲ့အတွေ့အကြုံမြင့်စူးစမ်းလေ့လာရေးသမားတွေချည်းပဲ။"
ငွေရောင်စစ်သည်တော်ရဲ့ခြေလှမ်းတွေက ရုတ်တရက်ရပ်တန့်သွားတယ်။ ကျန်တဲ့ဟီးရိုးတွေလည်း အလားတူပဲ။ SilverKnightက သူတို့တွေထဲမှာ မြူတန့်သိပ္ပံအဖွဲ့နဲ့အများဆုံး ရင်ဆိုင်ခဲ့ဖူးသူဖြစ်တဲ့အတွက် ဗီလိန်အဖွဲ့ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ ရင်းနှီးနေပါပြီ။ ဒါကြောင့် သူသတိပေးရင်မှားခဲတယ်။
"ဘာဖြစ်လို့လဲ၊ တစ်ခုခုသတိထားမိလို့လား။"
"သူတို့အထဲကိုဝင်သွားပြီး အဆက်အသွယ်ပြတ်သွားတဲ့အချိန်က ငါတို့အပြင်ကနေဝင်လာပြီး အထဲမှာရှိနေတဲ့အချိန်နဲ့အတူတူလောက်ပဲမဟုတ်လား။"
"ဟုတ်တယ်..."
ငွေရောင်စစ်သည်တော်ရဲ့မျက်လုံးနေရာကနေ အပြာရောင်အလင်းတွေနဲ့ တောက်ပလာတယ်။ တစ်ခုခုကြောင့် စိတ်လှုပ်ရှားနေတဲ့ပုံပဲ။
"အဲဒီအဖွဲ့က ငါတို့တွေ့လာတဲ့ အရိုးမျက်နှာကလုန်းတွေလောက်နဲ့တော့ သေကုန်တာမဖြစ်နိုင်ဘူး။ ငါတို့ရဲ့အာရုံကနေ ပျောက်ကွယ်နေပြီး ငါတို့ကိုအမှောင်ထဲကနေ သားကောင်လိုချောင်းနေတဲ့တစ်စုံတစ်ခု ရှိကိုရှိလိမ့်မယ်။"
မက်ဒါနာက ပြောပြောဆိုဆိုနဲ့ အနက်ရောင်သေတ္တာကိုဖွင့်လိုက်တယ်။ အားကိုးရတဲ့ ခွေးကြီးစေဘာစတိန်းထွက်ပေါ်လာပြီး တစ်ချက်အူလိုက်တယ်။
"အူဝူး....." စေဘာစတိန်းက ကမ္ဘာ့ခွေးမျိုးစိတ်အားလုံးရဲ့ထူးခြားတဲ့ဝိသေသတွေကို ပေါင်းစည်းထားတဲ့ပြယုဂ်ပါ။ ခြေရာခံနိုင်စွမ်းနဲ့သတိကောင်းမွန်ပြီး အခုလိုဘယ်ကမှန်းမသိတဲ့အန္တရာယ် ပေါ်လာနိုင်တဲ့နေရာမျိုးမှာ အသုံးအဝင်ဆုံးပဲ။
တစ်ချိန်တည်းမှာပဲ ခွေးအူသံကြောင့် အရိုးမျက်နှာတချို့ သူတို့အုပ်စုနဲ့မရင်ဆိုင်တော့ဘဲ ရှောင်ဖယ်သွားကြမှန်း သတိထားမိလိုက်တယ်။ အစကတော့ သူတို့တွေဟာ အမှောင်ထဲကနေချောင်းပြီး တိုက်ခိုက်ဖို့ကြံနေတာပါ။ အခုတော့ သူတို့တွေဟာ ကြောက်လို့ထွက်ပြေးနေတာနဲ့တောင် တူနေသေးတယ်။
"သူတို့ကြောက်လို့ထွက်ပြေးသွားတာလား။" အေးဂျင့်လီယွန်က ပြောလိုက်ပေမဲ့ ငွေရောင်စစ်သည်ကတော့ တိုးတိုးနေဖို့ မျက်နှာရှေ့ လက်ညိုးထောင်ပြလိုက်တယ်။
သူပြောလိုတဲ့သဘောက အမှောင်ထဲမှာရန်သူ ဆိုတဲ့သဘောပါ။ သိပ်မကြာခင်မှာပဲ သူတို့တွေခြေသံကျယ်ကြီးတစ်ခုကို စကြားလာရတယ်။ ခြေသံက သူတို့နဲ့ဖြည်းဖြည်းချင်းနီးလာပေမဲ့ ဘာကိုမှမမြင်ရဘူး။
အေးဂျင့်ကာတာလည်း ထိတ်လန့်လာပြီး သူ့တပ်သားတွေအားလုံးကို အမိန့်ပေးလိုက်တယ်။
"ပါလာတဲ့ မီးဆိုင်းတွေအကုန်ဖွင့်ကြ။"
CIA အထူးတပ်သားတွေက သူတို့နဲ့ပါလာတဲ့ ပစ္စည်းသေတ္တာတွေကိုဖွင့်ပြီး နှင်းကွဲမီးဆိုင်းကြီးတွေကို အရေးပေါ်ဘယ်ထရီတွေနဲ့တွဲဖွင့်လိုက်ကြတယ်။ ဒါပေမဲ့ ရှေ့မှာဘာမှရှိမနေဘူး။
"ဘာ...."
သူတို့အားလုံးကြောင်အနေတဲ့အချိန်မှာပဲ မက်ဒါနာက အားလုံးကိုအော်ဟစ်ပြီး သတိပေးလိုက်တယ်။ "သတိထား... ရန်သူမှာကိုယ်ပျောက်နိုင်စွမ်းရှိတယ်။"
သူအော်လိုက်လို့မဆုံးသေးခင်မှာပဲ တပ်သားတစ်ယောက်က တစ်ခုခုခုန်အုပ်တာ ခံလိုက်ရသလိုမျိုး မြေပေါ်လဲကျသွားပြီး ရင်ဘက်က တစ်ခုခုနဲ့နင်းခံထားရသလိုမျိုး ချိုင့်ဝင်သွားတယ်။ နောက်တော့ လည်ပင်းကနေ သွေးတွေပန်းထွက်လာတယ်။
တပ်သားလည်ပင်းကနေထွက်လာတဲ့ သွေးစက်တွေကြောင့် သူတို့တွေကြောက်စရာကောင်းတဲ့ မြင်ကွင်းကြီးတစ်ခုကို မြင်လိုက်ကြရပါပြီ။ သွေးစတွေကပ်နေတာကြောင့်သာ မြင်နိုင်တဲ့ ချွန်ထက်နေတဲ့သွားအစုံနဲ့သတ္တဝါကြီးတစ်ကောင် စမ်းသပ်ခန်းစင်္ကြန်ပေါ်မှာရှိနေတယ်။
"ပစ်....." အေးဂျင့်ကာတာက အရူးအမူးအော်ဟစ်သတိပေးလိုက်တယ်။ တပ်သားအားလုံးလည်း ဇက်သတ္တုကျည်ဖူးတွေနဲ့ ကိုယ်ပျောက်သတ္တဝါကြီးကို ဆက်တိုက်ပစ်ခတ်ကြတယ်။ ဒါပေမဲ့ ဇက်သတ္တုကျည်တွေက မာကျောတဲ့နံရံတစ်ခုနဲ့တိုးမိသလိုမျိုး ပြန်ကန်ထွက်လာပြီး ကြမ်းပြင်ထဲတချို့နစ်မြုပ်သွားတယ်။ တချို့ကတော့ သူတို့ကိုပြန်လာစင်တဲ့အတွက်အန္တရာယ်မဖြစ်အောင် အေးဂျင့်ကာတာက အပစ်ရပ်ခိုင်းရပြန်တယ်။
"ဘာကောင်ကြီးလဲ၊ ဇက်သတ္တုကျည်တွေတောင် တိုးမပေါက်ဘူး....."
မက်ဒါနာလည်းမသိတော့ဘူး ဓားကိုသာ ကျစ်ကျစ်ပါအောင် လက်နဲ့ဆုပ်ကိုင်ထားမိတယ်။ ဒါပေမဲ့သူဆက်တိုက်ဖို့ ခွန်အားပြတ်လတ်နေတယ်။ ဒီလိုဖြစ်နေရတဲ့အကြောင်းက အနီအောက်ရောင်ခြည်မြင်ကွင်းကနေ သူမြင်နေရတဲ့ပုံရိပ်ကြောင့်ပါ။ ကြီးလွန်းတယ်၊ အဲဒီအကောင်ကြီးက ငါးမီတာလောက်ကိုရှည်ပြီး နှစ်မီတာခွဲလောက်မြင့်တယ်။ ကြောက်ဖို့အကောင်းဆုံးကတော့ သူ့အမြီးတွေကသုံးခွဖြစ်နေပြီး မြွေလိုမျိုးလှုပ်ရှားနိုင်နေတာပဲ။
"အား....."
မကြာခင်မှာပဲ အဲဒီအမြီးတွေလှုပ်ရှားလာပြီး မက်တယ်ပလာဒင်ချပ်ဝတ်ဝတ် စစ်သားတချို့ရဲ့ရင်ဘတ်ကို ထိုးဖောက်ပစ်လိုက်တယ်။ ဇက်သတ္တုရေစိမ်ချပ်ဝတ်တွေက အတော်လေးမာတယ်ဆိုပေမဲ့ ဒီအကောင်ကြီးရဲ့အမြီးတွေကိုတော့ မတားနိုင်ဘူးထင်တယ်။
"ခင်ဗျားဘာကြည့်နေတာလဲ၊ အဲဒီအကောင်ကိုမြင်ရတယ်မဟုတ်ဘူးလား။ သူ့ကိုသတ်...."
အေးဂျင့်ကာတာက ငွေရောင်စစ်သည်ကိုကြည့်ပြီး အော်ပြောလိုက်မှ မက်ဒါနာပြန်သတိဝင်လာပြီး မြေဆွဲအားဓားထဲ အားဖြည့်ပြီးရှေ့ကိုပြေးထွက်သွားလိုက်တယ်။
"ယား...."
အားအပြည့်ပါတဲ့ မြေဆွဲအားဓားနဲ့သတ္တဝါကြီးရဲ့ခေါင်းကို မက်ဒါနာခုတ်ချလိုက်တယ်။ ဒါပေမဲ့ဇက်သတ္တုမြေဆွဲအားဓားတောင်မှ အဲဒီသတ္တဝါရဲ့ခေါင်းကိုမဖြတ်နိုင်ဘူး။ စင်္ကြန်လမ်းကွန်ကရစ်ကြမ်းပြင် အက်သွားပြီး သတ္တဝါကြီးရဲ့ခြေရာတွေနစ်ဝင်သွားပေမဲ့ ဓားလည်းပြန်ကန်ထွက်လာတယ်။
"ဝေါင်း...." နောက်တော့ သတ္တဝါကြီးက မာန်ဖီပြီး မက်ဒါနာကို အမြီးသုံးချောင်းလုံးပေါင်းပြီး ရိုက်ချလိုက်တယ်။
ဘောင်း....
ကျယ်လောင်တဲ့အသံတစ်ချက်နဲ့အတူ Silver Knight လွင့်စင်သွားခဲ့ပါပြီ။ အဲဒီနောက်နံရံတစ်ခုနဲ့ဝင်တိုက်မိပြီး နံရံကိုဖောက်ကာ အခန်းတစ်ခုထဲရောက်သွားတယ်။
နာကျင်မှုကြောင့် ငွေရောင်စစ်သည်က သူ့ရင်ဘတ်ကို ယောင်ပြီးဆုပ်ကိုင်ထားမိလိုက်တယ်။ ချပ်ဝတ်ကို အဆင့်မြှင့်ပြီးတဲ့နောက် သက်ရောက်အားကိုလျှော့ချပေးနိုင်တဲ့ အပျော့စားချပ်ဝတ်နည်းပညာကို ထည့်သွင်းထားပြီးဖြစ်ပေမဲ့ နာကျင်မှုကိုတော့ မက်ဒါနာခံစားနေရဆဲပါ။
ဥစာကီကလည်း သူ့ဓားကိုထုတ်လိုက်တယ်။ ဒါပေမဲ့မြေအောက်စမ်းသပ်ခန်းထဲမှာဖြစ်တဲ့အတွက်ကြောင့် သူ့စွမ်းအားကို အပြည့်သုံးလို့မရဘူးဖြစ်နေတယ်။ တကယ်လို့သုံးခဲ့မိရင် လှိုဏ်ခေါင်းပြိုကျမှာဖြစ်တဲ့အတွက် တခြားလူတွေအကုန်လုံး မြေဖို့ပြီးသားဖြစ်ကုန်လိမ့်မယ်။
"တောင်ဖြိုဓားသိုင်း၊ အသင်္ချေဓားရိပ်များ။"
ဥစာကီရဲ့ရုပ်ပုံက အားလုံးရဲ့ရှေ့မှာပဲ နှစ်ခုကွဲပြီးပျောက်ကွယ်သွားတယ်။ အဲဒီနောက် မမြင်ရတဲ့အကောင်ကြီးနောက်မှာပြန်ပေါ်လာပြီး ရာချီတဲ့ဓားရိပ်တွေနဲ့အတူ ခုတ်ချလိုက်ပါပြီ။
အနီရောင်သွေးမှုန်စတချို့ ပန်းထွက်လာပေမဲ့ အကောင်ကြီးက ဒဏ်ရာကြီးကြီးမားမားရမသွားဘူး။ ဒါပေမဲ့ ဒဏ်ရာကြောင့်ဒေါသထွက်ပြီး ဘေးပတ်ဝန်းကျင်မှာ သူမြင်ရသမျှအရာအားလုံးကို စတင်ဖျက်ဆီးပစ်တယ်။ ဥစာကီကတော့ အစောပိုင်းကလိုပဲ အသံမြန်နှုန်းနီးနီးရွေ့လျားနေပြီး တိုက်ကွက်တွေကို ရှောင်ရှားနေပါတယ်။
"ဒဏ္ဍာရီလာ နတ်ဆိုးသတ်ဓားတောင်မှ အဲဒီမမြင်ရတဲ့အကောင်ရဲ့အရေပြားကိုပဲ ခုတ်ဖြတ်နိုင်တာလား။အဲဒါက ဘာကြီးလဲ။"
တပ်သားတွေလည်း စတင်ပြီးတုန်လှုပ်လာပါပြီ။ အေးဂျင့်ကာတာကတော့ အေးအေးဆေးဆေးရှိနေသေးပြီး အားလုံးကိုပြောလိုက်တယ်။
"မင်းတို့ရဲ့ညကြည့်မျက်မှန်က အနီအောက်ရောင်ခြည်ကိုသုံး၊ ဒီကောင်ကြီးကို ထိခိုက်အောင်လုပ်လို့မရတာတော့ မဖြစ်နိုင်ဘူး။"
နောက်တော့ သူကိုယ်တိုင်ဝင်တိုက်ဖို့အတွက် ရှေ့ကိုတက်သွားတယ်။ သူ့လည်ပင်းတွေက ဖောင်းကားလာပြီး အစိမ်းရောင်အရည်တွေနဲ့ပြည့်လျှံလာတယ်။ အဲဒီနောက်တော့ အကောင်ကြီးရှိနေနိုင်တဲ့နေရာကိုမှန်းပြီး အက်စစ်တံထွေးတွေနဲ့ထွေးထုတ်လိုက်တယ်။
"ဖူး....."
စင်္ကြန်လမ်းက ကျောက်ပြားတွေနဲ့နံရံတွေအားလုံး စက္ကန့်ပိုင်းအတွင်း အရည်ပျော်ကျသွားတယ်။ ဥစာကီကလည်း အေးဂျင့်ကာတာနောက်ကို ပြန်ရောက်လာပါတယ်။ ဒေါသလည်း တော်တော်ထွက်နေတယ်။
"ရှင်က ကျွန်မကိုပါ အရည်ပျော်ပြီးသေစေချင်နေတာလား။"
အေးဂျင့်ကာတာကတော့ ဘာမှမပြောဘဲ လက်ညိုးထိုးပြလိုက်တယ်။ ကိုယ်ပျောက်နေတဲ့အကောင်ကြီးကို ကိုယ်မှာစွဲကပ်သွားတဲ့ အက်စစ်အချွဲအကျိတွေကျေးဇူးကြောင့် သူတို့မြင်နေရပါပြီ။ ပြီးတော့ အဲဒါက အမြီးသုံးခွရှိတဲ့ ဧရာမပုတ်သင်ကြီးတစ်ကောင်မှန်း သူတို့သိလိုက်ရပါပြီ။
"မြူတန့်သိပ္ပံက ဒီနေရာကို မြူတန့်သားရဲအသိုက်အဖြစ် ပြောင်းလဲပစ်ခဲ့တာပဲ။"
သားရဲကြီးက မာန်ဖီလိုက်ပြန်တယ်။ ဒါပေမဲ့ တပ်သားတွေက ရန်သူကိုမြင်နိုင်ကြပြီမလို့ အရင်လိုလန့်မနေတော့ပါဘူး။ သူတို့ထဲက တစ်ယောက်က သေနတ်ပြောင်းအောက်က ဗုံးလောင်ချာအသေးစားလေးထဲ ဗုံးထည့်ပြီးအကောင်ကြီးဆီ ပစ်လိုက်တယ်။
အဲဒီနောက်တော့ စင်္ကြန်လမ်းထဲမှာ ပေါက်ကွဲမှုအသေးစားတစ်ခုဖြစ်ပေါ်လာပြီး နံရံတချို့နဲ့မျက်နှာကျက်တချို့ ပြိုကျလာတယ်။ ဒါပေမဲ့ အထဲမှာရှိနေတဲ့လူတွေကို အန္တရာယ်ဖြစ်စေလောက်တဲ့အထိတော့မဟုတ်သေးဘူး။
ပုတ်သင်ကြီးရဲ့လက်မောင်းက အသားစတချို့ပဲ့ကျသွားပေမဲ့ သူတို့မျက်စိရှေ့မှာတင် ပြန်ဖြစ်တည်လာတယ်။ ကာတာရဲ့အက်စစ်တွေက ပုတ်သင်ကြီးရဲ့အသားတွေကို တိုက်စားပြီးပြန်လည်ကုစားနိုင်စွမ်းကို နှောင့်ယှက်နေပေမဲ့ သိပ်မသိသာပါဘူး။
အေးဂျင့်လီယွန်ကတော့ သူ့လက်ဖျံက ဆူးချွန်တွေကို ထပ်ထုတ်လိုက်ပြီး အကောင်ကြီးနဲ့ရင်ဆိုင်ဖို့ ပြေးတက်လာတယ်။
"မင်းဘယ်လောက်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။"
....
အခြားတစ်ဖက်မှာတော့ ငွေရောင်စစ်သည်တော်က ရင်ဘတ်က တင်းကျပ်နေတဲ့ခံစားချက် ပျောက်ကွယ်သွားမှ မြေပေါ်ကိုကျနေတဲ့ ဓားကိုကိုင်ပြီး ပြန်ထလာလိုက်တယ်။ ဒါပေမဲ့ အုပ်စုဖွဲ့လာနေတဲ့ ခြေသံတချို့ကြောင့် သူ့ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်တယ်။
စင်္ကြန်လမ်းရဲ့တစ်ဖက်နံရံအတွင်းမှာရှိနေတာက အခန်းငယ်လေးတစ်ခန်းမဟုတ်ဘဲ ခန်းမကျယ်ကြီးတစ်ခုပါ။ ပြီးတော့ များစွာသောအရိုးမျက်နှာကလုန်းတွေရှိနေပြီး သူအနားကိုဖြည်းဖြည်းချင်းတိုးလာနေကြတယ်။
"သေစမ်း... ဆယ်ကောင်... အကောင်နှစ်ဆယ်... တစ်ရာ... သောက်ကျိုးနည်း များလို့တောင်မရေနိုင်တော့ဘူး။"
ဒါပေမဲ့ မက်ဒါနာက သူ့ရဲ့ငွေရောင်စစ်သည်တော်ဝတ်စုံက စွမ်းအားကြီးတဲ့အတွက်ကြောင့် ကြောက်ရွံမနေဘဲ ယုံကြည်ချက်အပြည့်ရှိနေတယ်။ ပြီးတော့ သူ့နားမှာလည်း ခွေးကြီးစေဘာစတိန်းရှိနေသေးတယ်မဟုတ်လား။ အခြေအနေမကောင်းရင် ခွေးပေါ်တက် ပြေးလို့ရတယ်။
နောက်တစ်ချက်က ဒီဝတ်စုံက S rank တွေကို ယှဥ်တိုက်တဲ့နေရာမှာတောင် ကူညီပေးနိုင်တဲ့အတွက် ဘာလို့အမှိုက်တစ်အုပ်ကို ကြောက်နေရမှာလဲ။
ငွေရောင်စစ်သည်က ဓားကိုပုံစံတကျကိုင်လိုက်ပြီး ခန္ဓာကိုယ်က Void Stream တွေကို အလိုက်သင့်ဖွင့်လိုက်တယ်။ အုပ်စုလိုက်အဝိုင်းခံရတဲ့အခြေအနေမှာ အသင့်တော်ဆုံးတိုက်ခိုက်နည်းကို သူသိပါတယ်။
"Void Stream mode: windmill slash"
ဟုတ်ပါတယ်၊ မြေဆွဲအားဓားကို လက်နှစ်ဖက်နဲ့ကိုင်ပြီး လေရဟတ်ပုံစံ သုံးရာခြောက်ဆယ်ဒီဂရီပတ်လည် ဝေ့ယမ်းခြင်းပါပဲ။ ပြီးတော့ ဝတ်စုံအကူအညီကြောင့် အဲဒီလိုယမ်းနေတဲ့အချိန်မှာ သူပြေးသွားလို့လည်းရတယ်။ ဒီတော့ ဓားကိုဝေ့ယမ်းရင်း ရန်သူအုပ်စုလိုက်ကြီးထဲကို ပြေးဝင်သွားလိုက်တော့တယ်။
၂။
အရိုးမျက်နှာအုပ်စုလိုက်ကြီးက ငွေရောင်စစ်သည်တော်ကို ဒုက္ခပေးနိုင်တဲ့အထဲမှာမပါသေးဘူး။ မိနစ်နည်းနည်းလောက်ကြာတော့ အကုန်လုံးမျိုးပြုတ်ကုန်ပြီဖြစ်ပြီး ငွေရောင်စစ်သည်လည်း အခန်းအပြင်ပြန်ထွက်လာတယ်။
အပြင်မှာတော့ ဧရာမပုတ်သင်ကြီးနဲ့အေးဂျင့်တွေ အသည်းအသန်တိုက်ခိုက်နေကြဆဲပါ။ အေးဂျင့်လီယွန်က ပုတ်သင်ကြီးခေါင်းကိုဖက်ထားပြီး သူ့လက်က ဆူးချွန်တွေနဲ့အားကုန်ထုချနေတယ်။ ပုတ်သင်ခေါင်းက တော်တော်မာပေမဲ့ အားမလျှော့တမ်းထိုးစိုက်နေတာ ကြာပြီဖြစ်လို့ တချို့နေရာတွေမှာအသားတွေက မွစာကျဲနေပြီ။
အေးဂျင့်ကာတာကလည်း အကောင်ကြီးဟန်ချက်မထိန်းနိုင်အောင် သူ့အက်စစ်တွေနဲ့ကြမ်းပြင်ကိုချောနေအောင်လုပ်နေတယ်။ ဥစာကီကတော့ ဆူးတွေပါတဲ့ အမြီးသုံးခွက အေးဂျင့်နှစ်ဖက်ဖက်လှည့်မလာအောင် ဓားသိုင်းသုံးပြီးတားဆီးပေးနေတယ်။
ပုတ်သင်ရဲ့ပြန်လည်ကုစားနိုင်စွမ်းက အားကောင်းလွန်းပေမဲ့ နာကျင်မှုကိုမခံစားနိုင်တော့တဲ့အတွက် ဒေါသထွက်လာပုံပဲ။ ကန့်လန့်ဖြတ်မျက်လုံးအိမ်က ကျဥ်းမြောင်းသွားပြီး ရုတ်တရက်သူ့အရေပြားပေါ်မှာ အပြာရောင်မီးတောက်တွေတောက်လောင်လာတယ်။
"လီယွန်... ခေါင်းကိုလွှတ်လိုက်...."
အေးဂျင့်ကာတာက သတိပေးလိုက်ပေမဲ့ လီယွန်လက်လွှတ်တာ စက္ကန့်ဝက်လောက် နောက်ကျသွားတဲ့အတွက် မျက်နှာတစ်ခြမ်းမီးဟပ်သွားပြီး ကြမ်းပြင်ပေါ်ကို ဆိုးဆိုးဝါးဝါးပုံစံမျိုးနဲ့ ပြုတ်ကျလာတယ်။
"အား.... အား..... ငါ့မျက်နှာ..."
ဥစာကီက ပုတ်သင်ကြီးရှေ့တိုးလာမှာစိုးတဲ့အတွက် ဓားရိုးပေါ်လက်တင်ပြီး ရှေ့မှာပိတ်ရပ်လိုက်တယ်။ တကယ်လို့ ပုတ်သင်ကြီးသာ ရှေ့တက်လာမယ်ဆိုရင် အားနည်းတဲ့အေးဂျင့်နဲ့ဟီးရိုးတွေအကုန်လုံးသေကုန်မှာပါ။
ဒါပေမဲ့ ငွေရောင်စစ်သည်တော် အခန်းထဲကထွက်လာတာမြင်တော့ ပုတ်သင်ကြီးက ရှေ့တက်မလာဘဲ တစ်ခုခုကို စိုးရွံနေသလိုမျိုး ကိုယ်ကိုရွံလိုက်ပြီးနောက်ကိုလှည့်ပြေးသွားတယ်။
ဥစာကီက သူ့ဓားကိုဆွဲထုတ်ပြီး ဖျက်အားပြင်းဓားသိုင်းတစ်ကွက်ထုတ်ဖို့ ကြိုးစားလိုက်ပေမဲ့ မက်ဒါနာက သူ့ရှေ့ရောက်လာပြီး တားလိုက်တယ်။
"နေဦး.... အဲဒီမျက်လုံးတွေကို ငါသိတယ်။"
...
ဥစာကီကို မက်ဒါနာက မြူတန့်သိပ္ပံအဖွဲ့က လူသားစမ်းသပ်ခံအဖြစ်အသုံးပြုခဲ့တဲ့ လီဆာနဲ့တခြားမိဘမဲ့ကလေးတွေအကြောင်း ပြောပြလိုက်တယ်။ ဒရုန်းဇုန်အပါအဝင် ဟီးရိုးတော်တော်များများကတော့ ဒီကိစ္စကို ပြင်းပြင်းထန်ထန်တုံ့ပြန်ကြပါတယ်။
"အဲဒီအချိန်ကတည်းက ငါလီဆာကို ကမ္ဘာတစ်ဝက်ထိဖြတ်သန်းပြီး လိုက်ရှာနေတာပဲ။"
လီဆာနဲ့အတူ ရှိနေတဲ့အချိန်တွေက မိသားစုတစ်ခုလိုပါပဲ။ ဒါကြောင့် သူလက်မလျှော့ဘဲ လိုက်ရှာနေခဲ့တာပေါ့။ တကယ်လို့ လီဆာတစ်ခုခုဖြစ်သွားခဲ့ရင် လင်ဒါဝမ်းနည်းမှာသေချာတယ်။
"မြူတန့်သိပ္ပံအဖွဲ့က အစကတည်းက မကောင်းတဲ့အဖွဲ့မှန်းသိပေမဲ့ ခုလိုကိုယ်တိုင်ကြုံခဲ့ရတဲ့လူဆီက ကြားရတော့ ပိုပြီးခံစားရတာပဲ။"
ဒရုန်းဇုန်က လက်ကိုပိုက်ထားရင်း ပြောလိုက်တယ်။ ဥစာကီကလည်း သက်ပြင်းချလိုက်ပါပြီ။
"နင်ပြောတော့ အဲဲဒီကလေးမလေးက ပြီးပြည့်စုံတဲ့ စမ်းသပ်ခံဆို၊ ဘာကြောင့်သူက သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားရတာလဲ။"
မူလမြူတန့်သိပ္ပံအဖွဲ့ကထုတ်လုပ်ထားတဲ့ လူလုပ်မြူတန့်တွေက သူတို့စွမ်းအားကို အသုံးပြုတဲ့အကြိမ်တိုင်းမှာ လူသားအဖြစ်ကနေပြီး သူတို့နဲ့ပေါင်းစပ်ထားတဲ့ သားရဲတွေဖက်ကို တဖြည်းဖြည်းပိုပြီးနီးစပ်လာကြပါတယ်။ ဒါပေမဲ့ လီဆာရဲ့DNAကို ရရှိပြီးတဲ့နောက် သူတို့တွေအားလုံးက ပြီးပြည့်စုံတဲ့လူလုပ်မြူတန့်တွေဖြစ်လာပြီး အဲဒီအားနည်းချက်မရှိတော့ဘူး။ဒါဆိုရင် မူလအရင်းအမြစ်ဖြစ်တဲ့ လီဆာမှာသားရဲအဖြစ်ပြောင်းသွားစရာ အကြောင်းအရင်းမရှိပါဘူး။ မက်ဒါနာလည်း အဲဒီကိစ္စကိုနားမလည်နိုင်ဘူး။
"ဒါတော့ ငါလည်းမသိဘူး...."
သူတို့က စင်္ကြန်လမ်းနံရံမှာ ကျောမှီပြီးစကားပြောနေကြတာ။ ခဏနေတော့ နံရံတစ်ဖက်ခြမ်းကအခန်းကို လေ့လာနေတဲ့ အေးဂျင့်ကာတာက ပြန်ထွက်လာပြီး သူတို့ကိုပြောလိုက်တယ်။
"အားလုံးပဲ၊ ဒီထဲကို ဝင်လာကြည့်ကြ။"
မက်ဒါနာတို့ အခန်းထဲကိုနောက်တစ်ကြိမ်ဝင်ကြည့်တော့ အခန်းတွင်းအခြေအနေကို သေသေချာချာမြင်လိုက်ရတယ်။ နေရာတိုင်းမှာ အရွယ်ရောက်ပြီးသား လူတစ်ယောက်ကိုထည့်ထားနိုင်တဲ့ ဖန်လုံသေတ္တာတွေကို စီတန်းထားတယ်။ တော်တော်များများက ပျက်စီးနေပြီဖြစ်ပေမဲ့ တစ်ခုနှစ်ခုကတော့ အကောင်းအတိုင်းရှိနေတုန်းပါ။ အထဲက လူသားစမ်းသပ်ခံတွေကတော့ သေဆုံးနေပြီဖြစ်ပြီး ပုပ်သိုးလာတဲ့အတွက် ပဲ့ကျထားတဲ့အသားစတချို့ဟာ ဆေးရည်ပျစ်ပျစ်ထဲမှာ မျောလွင့်နေတယ်။
"ဒါတွေက အရိုးမျက်နှာကလုန်းတွေလုပ်တဲ့နေရာမှာ မအောင်မြင်ဘဲကျန်ခဲ့တဲ့အရာတွေဖြစ်မယ်။"
မက်ဒါနာက ဇီဝနည်းပညာကျွမ်းကျင်သူမဟုတ်ပေမဲ့ အရင်ကတည်းက မြူတန့်သိပ္ပံစမ်းသပ်ခန်းတွေနဲ့ ရင်းနှီးနေပြီဖြစ်တဲ့အတွက် သူတို့နည်းပညာကို အကြမ်းဖျင်းတော့နားလည်နေပါပြီ။ အရင်တစ်ခါကတော့ လသားကလေးတွေကို စမ်းသပ်ခံအဖြစ်သုံးခဲ့ပေမဲ့ ဒီတစ်ခါကတော့ ဆယ်ကျော်သက်အရွယ်ကလေးတွေပါ။ ဖြစ်နိုင်တာက ကမ္ဘာအရပ်ရပ်ကနေ လူကုန်ကူးခံခဲ့ရတဲ့ကလေးတွေကို အရိုးမျက်နှာလုပ်ဖို့အတွက် သုံးခဲ့ကြပုံပဲ။
ဒရုန်းဇုန်က ဒီမြင်ကွင်းကိုမြင်တော့ သူ့ရင်ဘတ်ကို လက်နဲ့ဖိထားရင်းပြောလိုက်တယ်။
"ဒါဖြင့် ငါတို့သတ်ခဲ့တဲ့အရိုးမျက်နှာတွေအားလုံးက လူသားတွေပေါ့။" ဒရုန်းဇုန်ရဲ့စကားကြောင့် မက်ဒါနာလည်း စိတ်ထဲမကောင်းသလို ခံစားလာရတယ်။ တခြားဟီးရိုးတွေလည်း အလားတူပဲခံစားနေရမှာပါ။ သူတို့တွေက စွမ်းအားရှိပေမဲ့ တရားမျှတမှုကို လက်ကိုင်ထားတဲ့ဟီးရိုးတွေဖြစ်ပြီး လူသတ်သမားတွေမဟုတ်ကြဘူး။
မက်ဒါနာကိုယ်တိုင်လည်း ဗီလိန်တွေကိုသတ်ဖူးပေမဲ့ အခုတစ်ကြိမ်က အပြစ်ကင်းစင်တဲ့ကလေးငယ်တွေပါ။
သူတို့အားလုံးတုန်လှုပ်နေကြတုန်း အေးဂျင့်ကာတာက သတိပေးလိုက်တယ်။ "သူတို့အားလုံးက တစ်ချိန်က လူသားတွေဖြစ်ရင်ဖြစ်ကြလိမ့်မယ်၊ ဒါပေမဲ့အခုတော့မဟုတ်တော့ဘူး။"
အဲဒီနောက် သူက အခန်းထဲကနေထွက်သွားပြီး တံခါးဝနားကနေ နောက်ပြန်လှည့်ကြည့်ကာ တပ်သားတွေအားလုံးကို အမိန့်ပေးလိုက်တယ်။
"ဆက်သွားကြမယ်၊ ငါတို့ဒီတစ်နေရာတည်းမှာ အကြာကြီးအချိန်ဖြုန်းနေလို့မဖြစ်ဘူး။"
မက်ဒါနာရဲ့ခြေလှမ်းတွေက လေးလံနေတယ်။ စိတ်ထဲမှာတော့ ရူးသွပ်နေတဲ့ သိပ္ပံပညာရှင်ကို အပိုင်းပိုင်းဖြတ်ပစ်ချင်နေတယ်။ အပြစ်ကင်းစင်တဲ့ လီဆာလေးကို အဲဒီကောင် ဘာစိတ်ကူးနဲ့ဒီလိုမျိုးလုပ်ပစ်ခဲ့တယ်မသိဘူး။
"SilverKnight..." နောက်ကခေါ်သံကြောင့် မက်ဒါနာလှည့်ကြည့်လိုက်တယ်။ သူ့ကိုခေါ်တဲ့လူက အေးဂျင့်ကာတာပါ။ ကာတာက အနားကိုလျှောက်လာပြီး သူ့ပခုံးပေါ်လက်တင်လိုက်တယ်။
"အဲဒီကောင်မလေးက မင်းအတွက်သမီးလေးတစ်ယောက်လိုပဲဆိုတာ ငါနားလည်ပါတယ်။ ငါ့မှာလည်းသမီးတစ်ယောက်ရှိတယ်လေ။" သူ့လေသံက ပထမတော့ ပျော့ပြောင်းနေပေမဲ့ နောက်တော့ တစ်ဖန်အေးစက်သွားပြန်တယ်။
"ဒါပေမဲ့ အခုတော့ သူက ဧရာမပုတ်သင်ကြီးတစ်ကောင်ပဲ၊ ငါတို့တွေအတွက်... မဟုတ်ဘူး... လူသားတွေအတွက် အန္တရာယ်ရှိလာမယ်ဆိုရင် သူ့ကိုသုတ်သင်ပစ်သင့်ရင် သုတ်သင်ရမှာပဲ။"
...
ဧရာမမြေတွင်းကြီးတစ်ခုအတွင်းမှ သွေးအလိမ်းလိမ်းနှင့် လူငယ်လေးတစ်ယောက် ကုပ်ဖဲ့ပြီးတက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်တော့ ဆူးများဖြင့် ထိုးစိုက်ခံထားရသလိုမျိုး သွေးများစီကနေသည့် အပေါက်များစွာရှိနေ၏။ သို့သော်လည်း နောက်တစ်ခဏတွင် အစိမ်းရောင်အလင်းတစ်ခုက သူ့ကိုယ်ကို ဖုံးလွှမ်းသွားပြီး ဒဏ်ရာများအားလုံး ပြန်ကောင်းသွားသည်။
"ပန်းသီးလေး... နင်နိုးလာပြီလား..." လူကန်က သူ့ခါးတွင် ကြိုးတစ်ချောင်းနှင့်ချီကာ သယ်လာသော ကောင်မလေးကို ငုံကြည့်လိုက်သည်။ ဖရန့်ကတော့ တွင်းအပေါ်တွင်ရောက်နှင့်ပြီးသားဖြစ်ပြီး သူ့ဘေးတွင်တော့ ပင်ပန်းစွာအသက်ကိုရှုရှိုက်နေသည့် မြင်းပျံကြီးတစ်ကောင်ရှိနေ၏။ မသိရင် အချိန်မရွေးအသက်ထွက်သွားတော့မည့် အခြေအနေတွင်ရှိနေပေသည်။
ကိုရီးယား A rankကိုတော့ ဘယ်နေရာမှာမှမတွေ့ရတော့။ တိုက်ပွဲတစ်နေရာရာတွင် သေသွားခြင်းဖြစ်နိုင်သော်လည်း လောလောဆယ် သူတို့အရေးမစိုက်နိုင်သေးပေ။
"လူကန်... အဲဒီသွေးပင့်ကူကြီး သေသွားပြီလို့ငါ့ကိုပြောစမ်းပါ... ဒီလောက်ဆိုရင် သူသေသွားသင့်နေပြီမဟုတ်လား။"
လူကန့်တွင် မျက်လုံးတစ်ဖက်ရှိမနေတော့၊ ထိုနေရာက ဟောင်းလောင်းပေါက်ဖြစ်နေပြီး ပန်းသီးလေး၏ ကုသနိုင်စွမ်းဖြင့်ပင် မျက်လုံးပြန်ပေါက်မလာပါ။
"ပန်းသီးလေး အရမ်းပင်ပန်းတယ်၊ အိပ်ချင်နေပြီ။" တကယ်တော့ ပန်းသီးလေးလည်း ကောင်းမွန်သည့်အခြေအနေတွင် ရှိမနေပါ။ တစ်ကိုယ်လုံးပျက်စီးမသွားသည့်နေရာ မရှိသလောက်ဖြစ်ပြီး တော်တော်များများကို သူ့အစွမ်းဖြင့်ပြန်လည်ကုသထားရခြင်းဖြစ်သဖြင့် အလွန်မောပန်းနေပြီဖြစ်၏။ ထိုစကားကို ပြောပြီးနောက် ပန်းသီးလေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီး ဖရက်ကိုယ်ထဲပြန်ဝင်သွားသည်။
ဖရက်ကတော့ သူတက်လာခဲ့သည့် မြေကျွင်းကြီးထဲပြန်ငုံကြည့်လိုက်သည်။ တစ်ချိန်က ထိုတွင်းကြီးမှာ ဆိုးလ်မြို့တော်ဖြစ်ခဲ့ဖူး၏။ ဧရာမပင့်ကူကြီးမှာ တစ်စစီဖြစ်နေပြီဖြစ်ပြီး နေရာအနှံတွင်ပင့်ကူသွေးများရှိနေသည်။ သူတို့တိုက်ပွဲက အလွန်ကြာညောင်းခဲ့ပြီး လူကန်၏စိတ်စွမ်းအား၊ မြူတန့်စွမ်းအားနှင့် ခန္ဓာကိုယ်စွမ်းအားအားလုံးကို အသုံးချခဲ့ရသည်။
သွေးပိုးအိမ်ကြီးကို သူတို့ဖျက်ဆီးပြီးသည့်နောက် ထိုအကောင်ကြီးထွက်လာခြင်းဖြစ်ကာ Dr.Soul မှပြောင်းလဲသွားခြင်းဖြစ်ပုံပေါ်၏။ သူသေချာမသိသော်လည်း ထိပ်သီး S rank အများစုထက်ပင် စွမ်းအားသာလွန်နေပြီဖြစ်သည်။
ရုတ်တရက် သတ္တဝါအသေကြီး၏ဗိုက်ထဲမှ ပင့်ကူလက်ချောင်းတစ်ချောင်း ထိုးဖောက်ထွက်လာ၏။ ထူးခြားသည့် ဖိအားတစ်စုံတစ်ရာကြောင့် လူကန့်နှလုံးသားမှာ ယုန်သူငယ်လေးတစ်ကောင်လိုမျိုး လျင်မြန်စွာခုန်လာသည်။
"မပြီးသေးဘူးလား..." သူ့ခန္ဓာကိုယ်ထဲရှိ လက်ကျန်စွမ်းအားများကို စုစည်းရင်း ကြိုးစားမတ်တပ်ရပ်သည်။ ထို့နောက် သူ၏မွစာကျဲနေပြီဖြစ်သော ဓားရိုးလေးကို တင်းတင်းဆုပ်ကိုင်ထားလိုက်၏။
ပင့်ကူဝမ်းဗိုက်ထဲမှ ထွက်ပေါ်လာသောအရာမှာ လူသဏ္ဍာန်နှင့်တူသောလည်း လူမဟုတ်ပေ။ ထိုအစား အနက်ရောင်အမွှေးအမျှင်များဖြင့်ဖုံးနေပြီး ကျောနောက်မှ ပင့်ကူလက်တံရှစ်ခုထိုးထွက်နေပေသည်။ ခေါင်းကလည်း ပင့်ကူခေါင်းအတိုင်းဖြစ်ပြီး လည်ပင်းအောက် လူသားခန္ဓာကိုယ်မှာတော့ အချိုးအစားကျနသော အမျိုးသမီးတစ်ယောက်၏ခန္ဓာကိုယ်မျိုးဖြစ်၏။
ပင့်ကူလူသားက မြေပြင်တွင်ရှိနေသော ဗွက်အိုင်တစ်အိုင်ထဲမှ သူ့ပုံရိပ်ကိုသူငုံကြည့်လိုက်ပြီးနောက် သူ့ခေါင်းကိုသူ လူသားလက်များနှင့်ဆုပ်ကိုင်ကာ အက်ကွဲနေသည့်အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
"မဖြစ်နိုင်တာ... ဒီလောက်ရုပ်ဆိုးတာ ငါမဖြစ်နိုင်ဘူး... ဘယ်သူလဲ... ဘယ်သူ့လက်ချက်လဲ....."
ထို့နောက် ပင့်ကူအမျိုးသမီး၏မျက်လုံးများက ပေတစ်ရာကျော်မြင့်ပြီး ပေထောင်ချီဝေးသော တွင်းနှုတ်ခမ်းပေါ်တွင် မတ်တပ်ရပ်နေသည့် လူကန့်ထံရောက်ရှိလာသည်။
"နင်မဟုတ်လား...." ပင့်ကူက သွေးပျက်ဖွယ်အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ကိုယ်ကိုကိုင်းညွှတ်ကာ ရှေ့သို့အားဖြင့်ခုန်ထွက်လိုက်၏။ သူခြေချခဲ့သောမြေပြင်တွင် ဧရာမစွတ်ကြောင်းရာကြီးကျန်ခဲ့သည်။
တစ်ဖက်တွင်ရှိနေသော လူကန်လည်း အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်ပြီး ဓားကိုမြှောက်လိုက်သော်လည်း မည်သည့်စွမ်းအားမှထွက်မလာပေ။
"သေစမ်း..."
ပင့်ကူ၏လက်သည်းချွန်များနှင့်လက်က နောက်ဆုံးကျန်ရှိသည့် ဓားသွားကို တစ်စစီဖျက်ဆီးပစ်လိုက်ကာ လူကန့်ရင်ဘတ်ကို ထိုးဖောက်သွားပြီး ကျောနောက်မှ ပြန်ထွက်လာ၏။ ပင့်ကူ၏လက်ထဲမှာတော့ တစ်ခုခုကိုဆုပ်ကိုင်ထားပုံပေါ်ပြီး တစ်ဆတ်ဆတ်ခုန်နေဆဲဖြစ်သော နှလုံးသားတစ်ခု။
"လူကန်....." ဖရန့်အော်လိုက်သော်လည်း လူကန်က ပြန်မတုံ့ပြန်နိုင်တော့ပေ။ လူကန်၏ခန္ဓာကိုယ်မှရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ဓားကိုးလက်၏ပုံရိပ်က တောက်ပလာသော်လည်း နောက်ဆုံးတွင်တော့ အလင်းမှုန်များအဖြစ် ကြေမွသွားခဲ့သည်။
လူကန် အာ့ခ်မှာ သေဆုံးခဲ့လေပြီ။
"လူကန်...." ဖရန့်လည်း ကြိုးစားပြီးထရပ်လိုက်သည့်တိုင်အောင် သူ့ခြေထောက်တစ်ဖက်က အရိုးပင်ငေါထွက်နေသဖြင့် ကောင်းကောင်းမရပ်နိုင်ပေ။
"ပန်းသီးလေး... သူ့ကိုတစ်ခုခုလုပ်စမ်းပါ...." သို့သော် ပန်းသီးလေးထွက်မလာ။ တကယ်တော့ ယခင်တိုက်ပွဲမှာကတည်းက ပန်းသီးလေးမှာစွမ်းအားမကျန်တော့။
"ပါးစပ်ပိတ်ထားစမ်း...."
ပင့်ကူတစ်ပိုင်းအမျိုးသမီးက ဖရန့်ကိုလက်နဲ့ရွယ်လိုက်တယ်။ အားကောင်းတဲ့ဖိအားက ဖရန့်ဆီကို ပြေးလာပေမဲ့ နောက်မှာရှိနေတဲ့မြင်းပျံကြီး ထလာပြီး သခင်ဖြစ်သူကို ခေါင်းနဲ့တိုးဝှေ့ကာ တွန်းဖယ်လိုက်တဲ့အတွက် ဖရန့်ဘေးကနေ လွတ်သွားခဲ့ပါတယ်။
ဒါပေမဲ့....
ဖရန့်နောက်ဆုံးမြင်လိုက်ရတဲ့ တစ်ကိုယ်လုံးအပိုင်းပိုင်းပြတ်ထွက်သွားတဲ့ မြင်းပျံကြီးကိုပါပဲ။ သူ့မြင်းပျံကြီးသေသွားပြီ...
"မဟုတ်ဘူး...." ဖရန့် အရူးတစ်ယောက်လိုမျိုး မြေပြင်မှာလဲကျနေရင်း အော်ဟစ်လိုက်တယ်။ သူ့မျက်လုံးကနေ မျက်ရည်တွေက တားဆီးမရအောင်စီးကျနေတယ်။ ဒေါသနဲ့ဝမ်းနည်းမှုနှစ်ခု ပေါင်းစပ်သွားပြီး သူ့ခပ်ဝဝခန္ဓာကိုယ်က ကြွက်သားတွေအပြည့်ပြန်ပြောင်းသွားပေမဲ့ ခဏအကြာမှာပဲ ပြန်ပျောက်သွားတယ်။ သူ့မှာလည်း ခွန်အားမကျန်တော့ဘူးမဟုတ်လား။
"အား....." ဒါပေမဲ့ ဖရန့်က တကယ်ရူးသွပ်နေသူလိုမျိုး ပြေးထွက်လာပြီး ပင့်ကူတစ်ပိုင်းအမျိုးသမီးရဲ့မျက်နှာကို ထိုးနှက်လိုက်ပေမဲ့ တစ်လက်မတောင်ရွေ့မသွားဘူး။
နောက်ထပ် လက်သီးချက်တွေအများကြီးကို ဖြုန်းတီးပြီးတဲ့နောက်မှာတော့ ပင့်ကူတစ်ပိုင်းအမျိုးသမီးက ကြောက်စရာကောင်းတဲ့ရယ်သံမျိုးနဲ့ သဘောတကျရယ်မောလိုက်တယ်။
"အလျှော့ပေးလိုက်တော့ကောင်းလေ၊ ဒီကမ္ဘာမှာ သူငယ်ချင်းကောင်းတွေရဲ့စွမ်းအားဆိုတာမရှိဘူး။ မင်းက အလကားသက်သက်မင်းအသက်ရှင်နိုင်မယ့်အခွင့်အရေးကို ဖြုန်းတီးနေတာပဲ။"
ဖရန့်က နားမထောင်ဘဲ ဆက်တိုက်ခိုက်နေတုန်းပဲ။ နောက်ဆုံးတော့ ပင့်ကူက ဖရန့်ကို ကန်ထုတ်လိုက်တယ်။ ဖရန့်အတော်ဝေးဝေးထိလွင့်ထွက်သွားပြီး သွေးချောင်းဆိုးလိုက်ရတယ်။
"အား... မင်းက ဘယ်အချိန်လက်လျှော့ရမလဲမသိဘူးပဲ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။"
ပင့်ကူတစ်ပိုင်းအမျိုးသမီးရဲ့ခန္ဓာကိုယ်ကနေ လှုပ်ရှားနေတဲ့သွေးကြောတွေ ထွက်ပေါ်လာပြီး လူကန်ရဲ့ခန္ဓာကိုယ်ကိုထိုးဖောက်သွားတယ်။ လူကန်ရဲ့ခန္ဓာကိုယ်က သွေးစက်တိုင်းလိုလိုက Dr.soulရဲ့ခန္ဓာကိုယ်ထဲ တိုးဝင်နေပြီး တဖြည်းဖြည်းနဲ့ပင့်ကူရဲ့ပုံစံက လူကန်နဲ့ပိုတူလာတယ်။
နောက်ဆုံးတော့ လူကန်ရဲ့ခန္ဓာကိုယ်က ခြောက်သွေ့နေတဲ့မံမီအဖြစ်ပြောင်းသွားပြီး ပင့်ကူတစ်ပိုင်းကတော့ လူကန်နဲ့တစ်ထေရာတည်းတူတဲ့ တစ်ယောက်အဖြစ်ပြောင်းသွားတယ်။
"ငါ့ရဲ့စွမ်းအားအသစ်က မဆိုးဘူးပဲ၊ ဒီအတိုင်းဆိုရင် ခွဲစိတ်ပြုပြင်စရာမလိုဘဲ ငါ့ကိုယ်ငါထာဝရလှပနေအောင် ပြုလုပ်လို့ရလိမ့်မယ်။"
ဖရန့်ကတော့ သူ့သူငယ်ချင်းရဲ့ခန္ဓာကိုယ်လုံးဝပျက်စီးသွားတဲ့မြင်ကွင်းကို အကြောင်သားကြည့်နေခဲ့တယ်။ တကယ်တော့ သူထွက်ပြေးလို့ရပါတယ်။ ပင့်ကူက သူ့ကိုဂရုမှမစိုက်တာပဲ ဒါပေမဲ့သူမလုပ်နိုင်ဘူးဖြစ်နေတယ်။ လူကန်က သူ့ရဲ့သူငယ်ချင်းကောင်း၊ အားနည်းတဲ့သူ့ကို ရှေ့ဆက်ဖို့စိတ်ခွန်အားတွေ အမြဲတန်းပေးခဲ့တဲ့ လူသားတစ်ယောက်။
"ခွင့်မလွှတ်နိုင်ဘူး...."
ဖရန့်နောက်တစ်ကြိမ်မတ်တပ်ရပ်လိုက်ပြီး ပင့်ကူကို ပြေးကန်တယ်။ ဒါပေမဲ့သူ့ရဲ့ကျိုးနေတဲ့ခြေထောက်က အခြေအနေပိုဆိုးသွားတာပဲရှိတယ်။ လူကန်ရုပ်နဲ့ဖြစ်နေပြီဖြစ်တဲ့ Dr.soulကတော့ ဖရန့်ရဲ့ခြေကိုလက်နဲ့ဖမ်းဆုပ်လိုက်ပြီး ကြမ်းပြင်ပေါ်ကိုင်ရိုက်ပစ်လိုက်တယ်။
ဖရန့်ခေါင်းကွဲသွားပြီး သွေးတွေရေလိုစီးကျလာပေမဲ့ စိတ်မလျှော့သေးဘဲ ဆက်တိုက်နေတုန်းပဲ။ ကြာလာတော့ Dr.soulလည်း စိတ်မရှည်တော့ဘဲ ဖရန့်ရဲ့လည်ပင်းကို လက်နဲ့ဖမ်းဆုပ်ပစ်လိုက်တယ်။ ဖရန့်က အတင်းရုန်းကန်နေပေမဲ့လည်း အလကားပါပဲ။
"ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။ ငါမင်းနဲ့မကစားချင်တော့ဘူး၊ အရုပ်ဆိုးဆိုးကောင်လေး။ မင်းက တခြားသူတွေရဲ့ကာကွယ်မှုအောက်မှာနေပြီး လောကကြီးရဲ့ရက်စက်မှုကို မေ့ထားရုံသက်သက်ပဲ။ အခုမင်းကိုကာကွယ်ပေးမယ့်၊ မင်းသူငယ်ချင်းလည်းမရှိတော့ဘူး။ မင်းခန္ဓာကိုယ်ထဲက ကောင်မလေးလည်း မင်းကိုကာကွယ်မပေးနိုင်တော့ဘူးမဟုတ်လား။ သေလိုက်တော့။"
နောက်တော့ Dr.soulက ဖရန့်ရဲ့လည်ပင်းကိုချိုးပစ်လိုက်ပြီး အလောင်းကို မြေပေါ်ဖြစ်သလိုပစ်ချလိုက်တယ်။ အဲဒီနောက် ဖရန့်ရဲ့ခန္ဓာကိုယ်ကိုကျောခိုင်းပြီး လူကန်ရဲ့ပုံစံရှိနေတဲ့ Dr.soulက နေရာကနေ ထွက်ခွာဖို့ကြိုးစားလိုက်တယ်။
"ဒီခန္ဓာကိုယ်က တော်တော်လေးကြည့်လို့ကောင်းပေမဲ့ ဘာပဲဖြစ်ဖြစ်ယောက်ျားလေးတစ်ယောက်လေ၊ ကြည့်ကောင်းမယ့် မိန်းကလေးတစ်ယောက်လောက်သွားရှာပြီး အသွင်ယူရမယ်။ မဟုတ်ရင်၊ ငါပြန်ရောက်တဲ့အခါ အဲဒီနှစ်ယောက်က ဝိုင်းရယ်နေလိမ့်မယ်။"
....
"ဒီလောက်ပဲလား... ငါ့ဇာတ်လမ်းက...."
ဖရန့်စဥ်းစားမိလိုက်တယ်။ မြေပြင်နဲ့ထိကပ်နေတဲ့ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းအေးစက်လာတာကို သူခံစားမိနေတယ်။ မကြာခင် သူ့အသိစိတ်လည်း ပျောက်သွားတော့မယ်။
အချစ်ဆုံးသူငယ်ချင်းကို မကယ်တင်နိုင်ခဲ့သလို ဟီးရိုးတစ်ယောက်အနေနဲ့ ဘာကိုမှလည်းမပြီးမြောက်ခဲ့ဘူး။
ဟီးရိုးတစ်ယောက်အနေနဲ့ သူက အရှုံးသမားတစ်ယောက်ပဲ။ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တဲ့သူက တခြားသူတွေကို ဘယ်လိုလုပ်ပြီးကာကွယ်နိုင်မှာလဲ။ ခွန်အားကင်းမဲ့တဲ့သူတွေကို ကာကွယ်ပေးရတာ သူသဘောကျလို့ ဟီးရိုးလုပ်ချင်ခဲ့တာ။
သူ့မှာရှိတဲ့ မစို့မပို့စွမ်းအားလေးနဲ့ ဟီးရိုးကျောင်းကိုဝင်ခဲ့တာ။ အဲဒီမှာ ဒဏ္ဍာရီတစ်ခုဖြစ်လာနိုင်တဲ့ ဒီလူငယ်လေးနဲ့ သူမိတ်ဆွေဖွဲ့ဖြစ်ခဲ့တယ်။
ဒါပေမဲ့ အခုတော့ အဲဒီလူငယ်လေးက သူ့ကိုကာကွယ်ပေးဖို့ကြိုးစားရင်း သေဆုံးသွားခဲ့ပြီ။ သူ့ဖြစ်ခဲ့သင့်တဲ့ ဒဏ္ဍာရီလာသူရဲကောင်းတစ်ယောက် ဖြစ်မလာခဲ့ဘူး။ ဒါတွေအားလုံးက ခွန်အားကင်းမဲ့ပြီး ကပ်ပါးကောင်တစ်ကောင်လို ဘေးမှာအလကားကပ်နေနေတဲ့ သူ့ကြောင့်။
"ငါအားမနည်းချင်ဘူး... ဘာကြောင့်ငါအသုံးမကျရတာလဲ..."
ရုတ်တရက် သူ့စိတ်ထဲမှာ အသံတစ်သံထွက်ပေါ်လာတယ်။ သူအသံလာရာကိုရှာကြည့်တော့ ဘာမှမတွေ့ပေမဲ့ သူ့စိတ်ထဲမှာတော့ ဧရာမအနက်ရောင်လိပ်ကြီးတစ်ကောင်ကို စမြင်လာရတယ်။
"မင်း... စွမ်းအားမလိုချင်ဘူးလား..."
"လိုချင်တယ်..."
"မင်းက ဘာအတွက်အသုံးချချင်တာလဲ..."
"ငါ ငါချစ်တဲ့လူတွေအားလုံးကို ကာကွယ်ပေးချင်တယ်။"
"ဟမ်... ဘယ်လိုတောင်ရင်းနှီးနေတဲ့ စကားမျိုးလဲ၊ ငါဆိုရင်တော့ ကမ္ဘာကြီးကိုအုပ်စိုးဖို့သုံးမှာပဲ။ ထားတော့၊ ဒီတစ်ခါတော့ ကူညီပေးလိုက်မယ်။"
မြေပြင်ပေါ်မှာလဲကျနေတဲ့ ဖရန့်ရဲ့ခန္ဓာကိုယ်ကို အပြာရောင်မီးတောက်တစ်ခုက ဖုံးလွှမ်းသွားတယ်။ လောကကြီးတစ်ခုလုံးကလည်း ကြီးမြတ်တဲ့တစ်စုံတစ်ရာကို ကြိုဆိုနေတဲ့အလား တော်လဲသံကြီး ထွက်ပေါ်လာပြန်တယ်။ ဒါက ကိုင်းတိုအာရုံခြောက်ပါး အဖျောက်ခံတုန်းက ထွက်လာတဲ့အော်သံကြီးနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဒီတစ်ခါကတော့ ဝမ်းသာမှုကြောင့်ပါ။
တစ်ချိန်တည်းမှာပဲ Dr.soulလည်း သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ ရပ်တန့်ချင်လို့ ရပ်တန့်လိုက်တာမဟုတ်ဘဲ သူ့ခြေထောက်တွေ အေးခဲပြီးမြေပြင်နဲ့ကပ်နေလို့ပါ။
တစ်ပြိုင်နက်တည်းမှာပဲ ဆိုးလ်မြို့ကြီးဖြစ်ခဲ့ဖူးတဲ့ မြေကျွင်းကြီးပေါ်ကို ထူထပ်တဲ့နှင်းတွေစကျလာတယ်။
"မင်းကို ဒီနေရာကနေ ထွက်သွားဖို့ ငါခွင့်မပြုနိုင်ဘူး။" Dr.soul ဒီစကားသံကို ကြားလိုက်ပြီးနောက်တော့။
၃။
သူတို့စမ်းသပ်ခန်းရဲ့အတွင်းပိုင်းကို ဝင်လာလေလေ အရိုးမျက်နှာကလုန်းတွေကို တွေ့ရလေပါ။ ဒါပေမဲ့လည်း သူတို့စွမ်းအားနဲ့က အေးအေးဆေးဆေးဖြတ်ကျော်နိုင်နေပါသေးတယ်။
အထပ်နှစ်ဆယ်မြောက်အောက်ဆုံးထပ်ကိုရောက်တော့ အခန်းငယ်လေးတွေမတွေ့ရတော့ဘဲ ခန်းမကျယ်ကြီးတစ်ခုကိုသာ တွေ့ရပါတော့တယ်။ နေရာတိုင်းမှာ ဧရာမပိုက်ကြီးတွေရှိနေပြီးတော့ ခန်းမအလယ်မှာ တစ်စုံတစ်ခုကိုချုပ်နှောင်ထားခဲ့ပုံပေါ်တယ်။
"သူတို့ဒီမှာဘာလုပ်ခဲ့လဲမသိပေမဲ့ စွမ်းအားကြီးတဲ့အရာတစ်ခုခုတော့ ရှိနေခဲ့ပုံပဲ။"
ဒရုန်းဇုန်က အကောင်ကြီးတစ်ကောင် သောင်းကျန်းထားတဲ့အတွက် ပျက်စီးချိုင့်ဝင်နေတဲ့ ကြမ်းပြင်နဲ့နံရံတွေကို ထိုးပြရင်းပြောလိုက်တယ်။ လီဆာလည်းဒီနေရာမှာ ပုတ်သင်ကြီးအဖြစ်နဲ့ရှိနေပေမဲ့ အခုနေရာက အပျက်အစီးတွေအတွက်လက်သည်တော့မဖြစ်နိုင်ဘူး။ ပိုကြီးမားပြီး ပိုကြမ်းတမ်းတဲ့အရာတစ်ခုဖြစ်တဲ့ပုံပဲ။
ခန်းမကြီးက ကြီးမားသလိုပဲ ဘာမှန်းမသိရတဲ့စမ်းသပ်ခန်းသုံးပစ္စည်းတွေနဲ့ပြည့်နေတဲ့အတွက် တစ်နေရာကနေ တခြားတစ်နေရာကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ အထူးသဖြင့် ဖန်လုံသေတ္တာတွေခြားထားလို့ပါ။
မက်ဒါနာ ပတ်ဝန်းကျင်ကို အကဲခတ်နေတုန်း အေးဂျင့်တွေက လူခွဲပြီး အခန်းထဲပတ်ကြည့်နေကြမှန်း သတိထားမိတယ်။ သူတို့တစ်ခုခုရှာနေကြပုံပဲ။ အရိုးမျက်နှာကလုန်းတွေအတွက်ဖြစ်နိုင်တယ်။ ဒါပေမဲ့ မြူတန့်သိပ္ပံလိုမျိုးအဖွဲ့တစ်ခုခုက သူတို့ဖော်မြူလာကို ဒီအတိုင်းထားခဲ့ပါ့မလား။ အခုလိုလိုက်ရှာတာက တအားတုံးလွန်းရာရောက်တယ်။
ငွေရောင်စစ်သည်က ဓားကိုကျော်ပေါ်ပြန်တင်လိုက်ရင်း ဥစာကီတို့ကို နှုတ်ဆက်လိုက်တယ်။
"ငါ ကောင်မလေးကိုလိုက်ရှာလိုက်ဦးမယ်။"
"ကောင်းပြီ၊ ငါတို့လူခွဲရှာကြတာပေါ့။"
ကြည့်ရတာ ဒရုန်းဇုန်နဲ့ဥစာကီတို့ကလည်း ကူရှာပေးချင်နေကြပုံပဲ။ ဒီလိုနဲ့ သူတို့လူစုခွဲပြီး အတော်လေးကျယ်ပြန့်တဲ့ စမ်းသပ်ခန်းအောက်ဆုံးထပ်ကို ရှာဖွေဖြစ်ကြတယ်။
"စနစ်၊ အနီအောက်ရောင်ခြည်မြင်ကွင်းကိုသုံးမယ်။"
ချက်ချင်းမက်ဒါနာမြင်နေရတဲ့မြင်ကွင်းတွေက အပူချိန်ပြမြင်ကွင်းတွေအဖြစ်ကို ပြောင်းလဲသွားတယ်။ လီဆာမှာ ကိုယ်ဖျောက်နိိုင်စွမ်းရှိတဲ့အတွက်ကြောင့် ဒီလိုအမြင်အာရုံမျိုးနဲ့ပဲ ရှာဖွေနိုင်မှာပါ။
"အား....."
ရုတ်တရက် အနောက်ဖက်ခက်လှမ်းလှမ်းမှာရှိနေတဲ့ အေးဂျင့်တစ်ယောက် လေပေါ်မြှောက်တက်သွားပြီး ပြန်ပြုတ်ကျလာတယ်။ မက်ဒါနာ အဲဒီဖက်ကိုအပြေးသွားတော့ ပုတ်သင်လိုအကောင်ကြီးကို သူ့စနစ်ကနေ မြင်လိုက်ရတယ်။ အခုအေးဂျင့်တွေကလည်း အနီအောက်ရောင်ခြည်မျက်မှန်တွေတပ်ထားတဲ့အတွက် မြင်နေရတော့ ချက်ချင်းလိုက်ပစ်ကြတယ်။ ဒါပေမဲ့ အစောပိုင်းက အတိုက်ခိုက်ခံခဲ့ရတဲ့ အေးဂျင့်ကတော့ ရင်ဘတ်ပွင့်ပြီးသေနေပြီ။
"ရပ်လိုက်... သူက ဒီအတိုင်းစမ်းသပ်ခံကလေးတစ်ယောက်ပဲ၊ မင်းတို့သူ့ကို အကြမ်းဖက်နည်းနဲ့ဖြေရှင်းလို့မရဘူး။"
မက်ဒါနာ အဲဒီနေရာကိုရောက်သွားပြီး အေးဂျင့်တွေကို အော်လိုက်တော့ သေနတ်နဲ့ဝိုင်းပစ်နေတဲ့တပ်သားတချို့ အာရုံပြန့်ကုန်တယ်။ ပုတ်သင်ကတော့ နံရံပေါ်တွယ်တက်ပြီး သူတို့မြင်ကွင်းထဲကနေ မြန်မြန်ဆန်ဆန်ပဲ ထွက်ပြေးသွားတယ်။
အေးဂျင့်ကာတာလည်းရောက်လာပေမဲ့ မျက်နှာမကောင်းဘူး။
"SilverKnight... သူက စမ်းသပ်ခံကလေးတစ်ယောက်ဆိုရင်တောင် သူက ငါ့လူတွေကိုသတ်ထားတာကွ။"
အေးဂျင့်ကာတာက သူ့ကိုသတိထားဆိုတဲ့ပုံစံမျိုးနဲ့ ကြည့်လိုက်တယ်။ ငွေရောင်စစ်သည်ကလည်း နည်းနည်းလေးမှမလျှော့လဲ လက်ပိုက်ပြီး ဇက်ကျောလျှော့လိုက်တယ်။ ဒီလိုခပ်ပေါပေါအေးဂျင့်တစ်ယောက်ကို ကြောက်စရာလား။
ခဏနေတော့ နည်းပညာမြင့် ခရီးဆောင် ကွန်ပျူတာကိုင်ထားတဲ့ အေးဂျင့်လီယွန်ရောက်လာပြီး အေးဂျင့်ကာတာကို လက်ရှိအခြေအနေအကြောင်း အစီအရင်ခံလိုက်တယ်။
"ဆာ... ဒီခန်းမထဲမှာရှိနေတဲ့ ကွန်ပျူတာတွေအကုန်လုံးက ဒေတာထိန်းသိမ်းဖို့နေရာမပါတဲ့ တစ်ဆင့်ခံတွေ။ ကျွန်တော်တို့ဆာဗာအခန်းကိုရှာမှရမယ်။"
သေချာတာပေါ့၊ မြူတန့်သိပ္ပံအဖွဲ့က သူတို့ဒေတာတွေကို အလွယ်တကူကူးယူလို့ရအောင် လွယ်လွယ်ကူကူ ထားမှာမှမဟုတ်တာ။
"တပ်ဖြန့်ပြီး တပ်သားတွေကိုရှာခိုင်းလိုက်၊ ပုတ်သင်လည်း ထွက်ပြေးသွားပြီပဲ။"
"ဟုတ်ကဲ့၊ ဆာ..." အေးဂျင့်ကာတာက ငွေရောင်စစ်သည်ကို စူးစူးရဲရဲတစ်ချက်စိုက်ကြည့်ပြီးတဲ့နောက် ကျောခိုင်းပြီးထွက်သွားတယ်။
....
မက်ဒါနာ လီဆာကိုရှာတွေ့တော့ ခန်းမကြီးရဲ့ထောင့်တစ်ခုမှာ။ ကိုယ်ယောင်ဖျောက်ထားပြီး ထောင့်နားမှာကွေးကွေးလေးလှဲနေတာကြောင့် သူတို့ပထမဆုံးစတွေ့ဖူးတုန်းက အဖြစ်အပျက်ကိုတောင် ပြန်သတိရသွားတယ်။
အဲဒီတုန်းကလည်း လီဆာက ကြောက်ရွံပြီးတော့ ပုန်းနေခဲ့တာလေ။ အရင်ကအကြောင်းတွေတွေးမိတော့ မက်ဒါနာပြုံးမိလိုက်တယ်။ နောက်တော့ သူ့ချပ်ဝတ်က ခေါင်းစောင်းကိုချွတ်ပစ်တယ်။
လောလောဆယ် လီဆာက အရိုင်းစိတ်ဝင်နေတဲ့အခြေအနေမှာ။ အခုလိုခေါင်းစွပ်ချွတ်လိုက်တာက သူ့အတွက်ပိုအန္တရာယ်များပေမဲ့ ရင်းနှီးသူတစ်ယောက်ကို မြင်လိုက်ရရင် အသိပြန်ဝင်လာနိုင်ခြေ ပိုများတယ်မဟုတ်လား။
ဧရာမပုတ်သင်ကြီးက မက်ဒါနာအနားကပ်လာတာမြင်တော့ ကိုယ်ကိုထပ်ချုံထားလိုက်ပြီး ခြောက်တဲ့အနေနဲ့ ဟိန်းလိုက်ပေမဲ့ အန္တရာယ်တော့မပေးသေးဘူး။
"ဟုတ်ပြီ၊ လိမ္မာတဲ့ကောင်မလေး အခုဘာမှမဖြစ်တော့ဘူးနော်။"
မက်ဒါနာက လီဆာရဲ့ပုတ်သင်နှာတံပေါ်ကို လက်တင်လိုက်တယ်။ ဘာကြောင့်မှန်းတော့မသိပေမဲ့ လီဆာရဲ့ကိုယ်ဖျောက်နိုင်စွမ်းလည်း ရပ်တန့်သွားပြီး သွေးအလိမ်းလိမ်းထွက်နေတဲ့ သားရဲခန္ဓာကိုယ်ကြီးကို သာမန်မျက်စိနဲ့မြင်လာရတယ်။
လီဆာရဲ့ပြန်လည်ကုသနိုင်စွမ်းကြောင့် ဒဏ်ရာတော်တော်များများကောင်းလာပြီဖြစ်ပေမဲ့ တချို့ဒဏ်ရာတွေကတော့ အချိန်ယူပြီးကုသဖို့လိုပါတယ်။ သားရဲက အစောပိုင်းမှာတော်တော်လေးကြမ်းတမ်းခဲ့ပေမဲ့ မက်ဒါနာသူ့ကိုထိထားတဲ့အချိန်မှာတော့ ဘာပြဿနာမှရှာမနေဘူး။
နောက်ပြီးတော့ လီဆာရဲ့ကျောရိုးပေါ်မှာ သတ္တုနဲ့ပြုလုပ်ထားတဲ့ ရေပိုက်ခေါင်းလိုအရာတွေရှိနေသေးတယ်။ ဇီဝနည်းပညာကြောင်း သိပ်နားမလည်ပေမဲ့မက်ဒါနာက ဒီပစ္စည်းတွေကိုတော့ အနည်းအပါးနားလည်ပါတယ်။
"ဒါတွေက နင့်ကျောရိုးနဲ့ချိတ်ဆက်ထားတာလား၊ ရိုးတွင်းချဥ်ဆီကို ထုတ်ယူဖို့သုံးတာထင်တယ်။"
မက်ဒါနာက မေးခွန်းထုတ်သလိုလေသံနဲ့မေးလိုက်ပေမဲ့ လီဆာက ပြန်မဖြေနိုင်ဘူး။ ဒါပေမဲ့ခေါင်းကိုနှိမ့်ပြီး မျက်လုံးကိုမှိတ်ပြတာကြောင့် ဝန်ခံလိုက်သလိုပါပဲ။ အစောပိုင်းက သောင်းကျန်းခဲ့သမျှကလည်း ဆာလောင်မွတ်သိပ်မှု၊ အထီးကျန်မှုနဲ့ မလုံခြုံသလို ခံစားရမှုတွေကြောင့် ဖြစ်တဲ့ပုံပါပဲ။
"စနစ်... ဒီအစိတ်အပိုင်းတွေကို ငါ့အတွက်စစ်ဆေးပေး။"
"နားလည်ပါပြီ၊ အမိန့်ကိုဆောင်ရွက်နေပါတယ်။"
ငွေရောင်စစ်သည်ဝတ်စုံကနေ စက်ရုပ်ဆန်ဆန်တုံ့ပြန်သံထွက်လာတယ်။ စက္ကန့်အနည်းငယ်ကြာတော့ အဖြေလည်းထွက်လာပါပြီ။
"Neo Bio Adaptor... မြူတန့်သားရဲတွေရဲ့ ကျောရိုးတွင်းက ရိုးတွင်းချဥ်ဆီတွေကို ထုတ်ယူဖို့ ၁၉၉၅မှာ ယူအက်စ်စစ်တပ်က တီထွင်ခဲ့တယ်။ သားရဲတွေအတွက် အာဟာရဆုံးရှုံးမှုကြီးမားပြီး အသက်အန္တရာယ်ပေးနိုင်တာကြောင့် ပြင်ပအဖွဲ့အစည်းတွေမှာအသုံးပြုဖို့ ပိတ်ပင်ထားတယ်။"
"ဒါဆိုရင် မြူတန့်သိပ္ပံက ဘယ်လိုလုပ်ပြီးဒီပစ္စည်းတွေရလာတာလဲ။" မက်ဒါနာက ပါးစပ်ကနေပြီး ဒီမေးခွန်းကို ထုတ်ပြောလိုက်မိတယ်။ အဲဲဒီနောက် စနစ်ကျကျချီတက်လာတဲ့ ခြေသံတွေကြောင့် သူလှည့်ကြည့်လိုက်တော့ ကာတာဦးဆောင်တဲ့ အေးဂျင့်အဖွဲ့က သူ့ကိုဝိုင်းထားတယ်။
"မသိသာဘူးလား SilverKnight၊ ဒါတွေက ငါတို့သူတို့ကိုပေးထားတာလေ။ အား... မင်းက မင်းသမီးဆိုတော့ မင်းသမီးလေးလို့ခေါ်ရမလား။"
လီဆာသူ့ကိုမှတ်မိစေဖို့အတွက် မက်ဒါနာက ခေါင်းစောင်းကို ချွတ်ထားမိတယ်။ ဒါကြောင့်လည်း ခိုးကြောင်ခိုးဝှက်နဲ့ နောက်ကနေရောက်လာတဲ့ အေးဂျင့်ကာတာက သူ့ကိုဆုဗာနာမင်းသမီးမှန်းသိသွားတာ။
"ဒီတော့ ရှင်တို့အမေရိကန်ကလည်း မြူတန့်သိပ္ပံအဖွဲ့နဲ့ ပူးပေါင်းနေတဲ့အထဲမှာပါတယ်ပေါ့။"
"တကယ်တော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့အထူးအစီအစဥ်တစ်ရပ်ပါ၊ ငါတို့က သူတို့လိုတဲ့ပစ္စည်းတွေကိုထောက်ပံပေးတယ်။ သူတို့က ငါတို့လိုချင်တဲ့နည်းပညာကို ပြန်ပြီးထောက်ပံပေးတယ်။"
အေးဂျင့်တွေက သေနတ်တွေနဲ့ မက်ဒါနာနဲ့သားရဲဖြစ်နေတဲ့လီဆာကို ထိုးချိန်ထားလိုက်တယ်။ လီဆာက ဒီမြင်ကွင်းကိုမြင်တော့ ဒဏ်ရာတွေကြားထဲကနေပြန်ထလာပြီး မက်ဒါနာရဲ့ရှေ့ကနေပိတ်ရပ်ကာ ကိုယ်လုံးနဲ့ကာပေးထားတယ်။ ချစ်ရတဲ့သူတစ်ယောက်ကို ကာကွယ်ပေးဖို့ပါ။
မက်ဒါနာရဲ့မျက်နှာကလည်း ချက်ချင်းလေးနက်တည်ကြည်သွားတယ်။ ဒါပေါ့၊ အမေရိကန်အစိုးရရဲ့နောက်ကွယ်က လက်မည်းကြီးတွေမပါဘဲ မြူတန့်သိပ္ပံက ဟီးရိုးအစည်းအရုံးနဲ့နှာခေါင်းအောက်မှာ နှစ်ငါးဆယ်ကျော်လုံးလုံး ဘယ်လိုလုပ်အသက်ရှင်နိုင်မှာလဲ။
လူတွေက ငှက်ကြောင့်သေတယ်၊ အစိုးရတွေကလည်း ပိုမိုကြီးမားတဲ့ဩဇာအာဏာရဖို့မျှော်လင့်နေပြီး ကမ္ဘာကြီးအတွက် အင်အားကြီးများတဲ့ရန်သူတွေကို မွေးထုတ်ပေးသလိုဖြစ်နေခဲ့တာ။
"ငါတို့က ရုရှားနဲ့တခြားပြိုင်ဘက်တွေလုပ်သလိုပဲ လုပ်ခဲ့တာပါ။ သူတို့က ငါတို့ပေးတဲ့ပစ္စည်းတွေနဲ့ လူလုပ်မြူတန့်တွေလုပ်တယ်၊ ငါတို့ကိုတချို့တစ်ဝက်ပြန်ရောင်းတယ်။ လူလုပ်မြူတန့်တေီက အမေရိကန်စစ်တပ်နဲ့မြူတန့်ဌာနစိတ်အတွက် အဓိကစစ်သုံးလက်နက်တွေဖြစ်လာတယ်။ စိတ်မကောင်းစရာက ဟီးရိုးအစည်းအရုံးက သူတို့ရဲ့အမေရိကအခြေစိုက်စခန်းကို ရှာတွေ့သွားတာပဲ။"
ကြည့်ရတာ သူတို့ရဲ့ပူးပေါင်းမှုက ခန့်မှန်းနိုင်တာထက်တောင် ပိုပြီးကြာညောင်းနေခဲ့ပုံပဲ။ ဒါပေမဲ့ သူတို့တွေက မိတ်ဖွဲ့ထားတာမျိုးထက် အရောင်းအဝယ်ပိုဆန်တယ်။ အမေရိကန်က မြူတန့်သိပ္ပံလိုအပ်တဲ့ နည်းပညာမြင့်ပစ္စည်းတွေရောင်းပေးမယ်၊ မြူတန့်သိပ္ပံက သူတို့လိုအပ်တဲ့ လူလုပ်လူတန့်တွေကိုပြန်ရောင်းပေးတယ်။
ဒါပေမဲ့ နောက်ပိုင်းမြူတန့်သိပ္ပံရဲ့လှုပ်ရှားမှုတွေက သူတို့ကိုပါခြိမ်းခြောက်လာတော့ အရောင်းအဝယ်ဆက်ဆံရေးကိုရပ်တန့်ပြီး မြူတန့်သိပ္ပံရဲ့နည်းပညာတွေကို အရယူဖို့ဆုံးဖြတ်လိုက်ပုံပါပဲ။
"ဒီတော့ ရှင်တို့နှစ်ယောက်လည်း လူလုပ်မြူတန့်တွေပေါ့။ လူလုပ်မြူတန့်တွေကို ရှင်တို့နိုင်ငံက စစ်သုံးလက်နက်တွေလို့ မြင်နေကြတာလား။"
"ဒါပေါ့၊ ဉာဏ်ကြီးရှင်မင်းသမီးလေး။ ကြီးမားတဲ့ အဖျက်စွမ်းအားရှိတဲ့အရာမှန်သမျှက စစ်လက်နက်ဖြစ်ဖို့ကံပါတာပဲလေ။ ကျုပ်တို့တင်မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးက အစိုးရတွေကလည်း မြူတန့်တွေဖြစ်ဖြစ် လူလုပ်မြူတန့်တွေကိုပဲဖြစ်ဖြစ် အစွမ်းရှိတဲ့လူတိုင်းကို စစ်သုံးလက်နက်အဖြစ်ပြောင်းပစ်ချင်နေကြတာလေ။ အား... ဒါပေမဲ့ မြူတန့်တွေက ခံစားချက်တွေရှိနေတော့ လက်နက်တစ်ခုအနေနဲ့အသင့်တော်ဆုံးမဟုတ်ဘူး။ ဒီတော့ အရိုးမျက်နှာကလုန်းတွေကို လိုအပ်လာတော့တာပဲ။"
မက်ဒါနာက သူ့ဓားကိုတင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ ကြည့်ရတာ နောက်ဆက်ဖြစ်မယ့်ကိစ္စတွေက ကောင်းတော့မယ့်ပုံမပေါ်ဘူး။
"ရှင်က ဘာလို့ကျွန်မကိုဒါတွေလာပြောနေရတာလဲ။"
"ငါမင်းနောက်က သားရဲကိုလိုချင်တယ်။ ငါ့လူတွေကိုသတ်သွားလို့ သူ့ကိုသတ်ချင်နေပေမဲ့ သူ့ဆီကနေမှ ပြီးပြည့်စုံတဲ့ လူလုပ်မြူတန့်ဖော်မြူလာကိုရနိုင်မှာ။ မင်းဖယ်နေပေးမယ်ဆိုရင်တော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဝင်ရှုပ်ရင်တော့ အင်အားသုံးရမှာပဲ။"
သိပ်မကြာခင်မှာပဲ တိုကျိုဟီးရိုးတွေလည်း သူတို့နေရာမှဖြစ်နေတဲ့ကိစ္စတွေကို သတိထားမိကုန်တယ်။ ဥစာကီက ဒရုန်းဇုန်ကိုခေါ်ပြီး မက်ဒါနာရှေ့မှာရပ်လိုက်တယ်။
"ရှင်က ကျွန်မရှေ့မှာတင် ဟီးရိုးတွေကိုခြိမ်းခြောက်ရဲတာလား၊ လုပ်ရဲရင်လုပ်ကြည့်လေ။"
ဥစာကီက လက်ကိုဓားရိုးပေါ်တင်လိုက်တယ်။ ဘာပဲပြောပြော ဥစာကီက S rankပါ။ ဒီနှစ်ကောင်ကို ထည့်တွေးစရာတောင်မလိုဘူး။
"ဟေးဟေး... ငါတို့က မင်းလို S rankတွေအတွက် ထည့်စဥ်းစားမထားဘူးလို့ ထင်နေတာလား။" အေးဂျင့်ကာတာ ပြောလို့မပြီးခင်မှာပဲ မြေအောက်စမ်းသပ်ခန်းခေါင်မိုးကိုဖောက်ပြီး စွမ်းအားကြီးတဲ့တစ်စုံတစ်ခုက ဝင်ရောက်လာပါတယ်။ သူတို့အားလုံးမြင်လိုက်ရတာကတော့ ငွေရောင်မီးတောက်တွေကိုပါ။
"ဖလိမ်းဂါးဒီးယမ်း...." အမေရိကန်က S rankတစ်ယောက် ဂျပန်မှာဘယ်လိုလုပ်ပြီးရောက်နေလဲ သူတို့မသိပေမဲ့ မက်ဒါနာနဲ့ဥစာကီတို့ကတော့ အခုအခြေအနေက ထင်သလောက်မကောင်းတော့မှန်း တွေးမိကြပါတယ်။
"ဖလိမ်းဂါးဒီးယမ်းက ငါတို့အသစ်ပြောင်းလဲဖွဲ့စည်းမယ့် မြူတန့်ဌာနစိတ်ထဲကို ဝင်ဖို့ဆုံးဖြတ်ထားပြီးသား။ အခုသူက ငါတို့ရဲ့ကွန်မန်ဒါဂျင်နရယ်ပဲ။"
ဆေးဗားဂါးဒီးယမ်းက အစကတည်းက ဩဇာအာဏာကို မက်မောသူတစ်ယောက်ပါ။ အခုလည်း ဗိုလ်ချုပ်ရာထူးပေးမယ်ဆိုတာနဲ့ အစိုးရဘက်ကို ကောက်ကောက်ပါသွားပုံပဲ။
အမေရိကန်အစိုးရက မြူတန့်တွေကို ထိန်းသိမ်းကျပ်မတ်မယ်ပြောနေပြီး သီးခြားမျိုးစိတ်တွေလိုမြင်ပေမဲ့ မြူတန့်တွေရဲ့စွမ်းအားမပါဘဲ မြူတန့်တွေကို မဆန့်ကျင်နိုင်ပါဘူး။ ဒါကြောင့် မြူတန့်သိပ္ပံသုံးခဲ့တဲ့နည်းလမ်းအတိုင်းပဲ လောဘကြီးတဲ့မြူတန့်တွေကို မြူဆွယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဆံပင်အနက်ထဲမှာ အဖြူရောင်ရောစွတ်နေတဲ့ S rankက လေထဲကနေ မြေပေါ်မှာရှိနေတဲ့ ဥစာကီတို့ကို လက်ညိုးထိုးပြီးပြောလိုက်တယ်။
"ငါတို့လိုချင်တာပေးလိုက်၊ ငါတို့က မင်းတို့နဲ့စစ်ပွဲမစချင်ဘူး။ အာကိုင်းဂါမီလည်းမရှိတော့ မင်းတို့ထဲမှာ ငါ့ကိုယှဥ်နိုင်တဲ့သူမရှိဘူး။ ငါ့အနေနဲ့ မင်းတို့ကိုသတ်လိုက်ရင်လည်း ဘာပြဿနာမှမရှိဘူး။ ဗီလိန်တွေလက်ချက်လို့ ကြေညာလိုက်ရုံပဲ။"
မက်ဒါနာကတော့ ဓားကိုဆုပ်ကိုင်ထားရင်း အံ့ကိုကျိတ်ထားလိုက်တယ်။ ဥစာကီသာ သူ့ကိုကာကွယ်ဖို့ လက်လျှော့လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဘာပဲပြောပြော သူက ဥစာကီအတွက် လူစိမ်းတစ်ယောက်ပါ။ တကယ်လို့ ဒီနေရာမှာသာ တိုက်ပွဲဖြစ်မယ်ဆိုရင် တိုကျိုဟီးရိုးတွေအတွက် အထိနာမှာ။ ဒါကြောင့် အပြင်လူတစ်ယောက်ကို စတေးလိုက်တာက ပိုပြီးသင့်တော်တယ်။
ဥစာကီကတော့ မက်ဒါနာကို ပြန်လှည့်ကြည့်ပြီး ပဟေဠိဆန်ဆန်ပြုံးပြလိုက်တယ်။ နောက်တော့ သူ့လူတွေကို ဩဇာဓာတ်ပါပါအော်ပြောလိုက်တယ်။
"ဟီးရိုးတွေ၊ တရားမမှုကတော့ ငါတို့ဆီကို တံခါးခေါက်လာခဲ့ပြီ။ ငါကတော့ ရဲဘော်ရဲဘက်တစ်ယောက်အတွက် သူတို့ကိုဆန့်ကျင်ဖို့ဆုံးဖြတ်ထားတယ်။ မသေရဲတဲ့သူတွေနဲ့ မတန်ဘူးထင်တဲ့သူတွေ ဒီကနေ ထွက်သွားလို့ရတယ်။ တိုက်ချင်တဲ့သူတွေပဲကျန်ခဲ့။"
ဟီးရိုးအုပ်စုက နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားပေမဲ့ ဘယ်သူမှထွက်မသွားဘူး။ ဥစာကီဟာ ထက်မြက်တဲ့ခေါင်းဆောင်တစ်ယောက်ပါ။ တရားမျှတမှုအတွက် သူ့မိသားစုကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပြီးပြီ၊ ဒါကြောင့်မလို့ ဗီလိန်နီးပါးယုတ်မာနေတဲ့ CIA မြူတန့်ဌာနစိတ်ကို ဆန့်ကျင်နေတာ သိပ်တော့မထူးဆန်းလှဘူး။ မက်ဒါနာလည်း သက်ပြင်းချလိုက်ပါတယ်။ အနည်းဆုံးတော့ သူတစ်ယောက်တည်း တိုက်စရာမလိုတော့ဘူး။
"ငါဒီအကြွေးကိုမှတ်ထားမယ်။"
မက်ဒါနာက သူ့လက်နဲ့ခေါင်းစောင်းကို ပြန်ကောက်ပြီးပြန်ဝတ်လိုက်တယ်။ အပြာရောင်အလင်းက မျက်စိနေရာကနေ စူးရှစွာတောက်ပလာပါတယ်။ တိုက်ပွဲအချိန်ရောက်လာပြန်ပြီ။
"ငါက လေပေါ်ပျံနေတဲ့ ဆရာကြီးကိုထိန်းမယ်၊ နင်က အောက်ကနှစ်ကောင်ကိုထိန်း။ ကျန်တဲ့သူတွေကတော့ Mobကောင်တွေကို ရှင်းပစ်လိုက်။"
ဥစာကီက စကားဆုံးတာနဲ့ ဓားထုတ်ပြီး လေထဲက ဆေးဗားဂါးဒီးယမ်းကို တိုက်ခိုက်လိုက်တယ်။ မက်ဒါနာကလည်း အေးဂျင့်ကာတာနဲ့လီယွန်ဆီ သူ့ဓားကြီးယမ်းရင်း ပြေးဝင်သွားတယ်။ ဒရုန်းဇုန်နဲ့တိုကျိုဟီးရိုးတွေကတော့ အေးဂျင့်လက်နက်ကိုင်တပ်ဆီကို တည့်တည့်ကြီးဝင်ချတယ်။
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ စမ်းသပ်ခန်းအောက်ခြေက ရုန်းရင်းဆန်ခတ် တိုက်ပွဲမြေပြင်တစ်ခု ဖြစ်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူတို့တွေသတိမထားခဲ့မိတာကတော့ သူတို့တိုက်ပွဲကို တစ်စုံတစ်ယောက်က ဖန်သားပြင်ထက်ကနေ စောင့်ကြည့်နေတယ်ဆိုတာကိုပါ။
...
"ဒေါက်တာ... သူတို့တွေချကုန်ကြပြီ။" ဒေါက်တာမြူက လက်တော့တစ်လုံးကို လက်ထဲမှာကိုင်ရင်း စာရွက်စာတမ်းတွေနဲ့အလုပ်ရှုပ်နေတဲ့ Mad doctor ဆီထိုးပေးလိုက်တယ်။
တိုကျိုစမ်းသပ်ခန်းမှာကျန်ခဲ့တဲ့ CCTVက တိုက်ရိုက်ထုတ်လွှင့်နေတဲ့မှတ်တမ်းဖြစ်ပြီးတော့ ဟီးရိုးတွေနဲ့အေးဂျင့်တွေ ထချနေကြတဲ့မှတ်တမ်းပါ။ ဒါကိုမြင်တော့ Mad doctorက သဘောတကျပြုံးလိုက်တယ်။
"ကြည့်စမ်းပါဦး၊ ငါတို့တောင် ဘာအစီအစဥ်မှမစရသေးဘူး၊ နိုင်ငံတွေနဲ့ဟီးရိုးအစည်းအရုံးတွေ သွေးကွဲကုန်ကြပြီ။ ငါတို့အောင်မြင်မယ့်နိမိတ်ပဲ။"
အဲဒီနောက်တော့ Mad doctorက ဒေါက်တာမြူကိုကြည့်ပြီး မေးလိုက်တယ်။
"နေစမ်းပါဦး၊ မင်းက ဒီမှတ်တမ်းတွေထိုင်ကြည့်နေရအောင် တော်တော်အားနေတာလား။ ဘာမှလုပ်စရာမရှိဘူးလား။ လုပ်စရာမရှိ လူလုပ်မြူတန့်အသစ်တွေထပ်လုပ်နေ၊ အရိုးမျက်နှာတွေလောက်နဲ့မလုံလောက်ဘူးဟ။"
Mad doctorဆူလိုက်မှ ဒေါက်တာမြူလည်းမျက်နှာပိုးသေသွားပြီး အလုပ်ပြန်စဖို့အခန်းထဲက ထွက်သွားဖို့လုပ်တယ်။ ဒါပေမဲ့ Mad doctorက လက်ကိုမြှောက်ပြီး ခဏတားလိုက်တယ်။
"ဒါနဲ့ Dr.Soulလည်းမတွေ့ပါလား။ အဲဒီကောင်မ မလာသေးဘူးလား။ နောက်ငါးရက်လောက်နေရင် ဗီလိန်ညီလာခံရောက်တော့မှာလေ။"
ဒေါက်တာမြူက ခေါင်းကုတ်လိုက်ပြီးပြန်ဖြေတယ်။
"ကျွန်တော်လည်းမသိဘူး၊ ဆိုးလ်ကတိုက်ပွဲ အခုထိမပြီးသေးဘူးထင်တယ်။"
"Dr.soulက တစ်နေ့တခြားအားနည်းလာတာပဲ၊ A rank လေးနှစ်ကောင်ကိုတောင် သေအောင်မသတ်နိုင်တော့ဘူးပဲ။ မြန်မြန်ပွဲပြီးဖို့ မျှော်လင့်ရတာပဲ။ ဒါနဲ့၊ ပြီးရင်စင်တီကို ဒီလွှတ်လိုက်ဦး။ အခုတလော သူ့ကို ငါ့အနားမှာသိပ်မတွေ့သလိုပဲ။"
"ဟုတ်ကဲ့ပါ၊ ခေါင်းဆောင်ကြီး။"
၄။
ဖရန့်ရဲ့ခန္ဓာကိုယ်ကို ရေခဲအလွှာပါးတစ်ချပ်က ဖုံးလွှမ်းထားတယ်။ သူ့အသိစိတ်က ဝေဝါးနေပေမဲ့ ဖြစ်ပျက်နေတာတွေကိုတော့ နားလည်နေပါသေးတယ်။ ဒါပေမဲ့ အဲဒီလိပ်နက်ကြီးကို မြင်ပြီးသွားကတည်းက သူ့ခန္ဓာကိုယ်ကို သူမပိုင်တော့သလိုမျိုး စတင်ခံစားလာရပါပြီ။
"ငါဆင့်ခေါ်ခဲ့မိတာ စွမ်းအားကြီးတဲ့ နတ်ဘုရားတစ်ပါးလား... နတ်ဆိုးတစ်ကောင်လား။"
ဖရန့်စဥ်းစားလိုက်မိတယ်။ ဒီသတ္တဝါကြီးက သူ့ရဲ့မြူတန့်စွမ်းအားကနေ ထွက်ပေါ်လာတာဖြစ်မှန်း သူအာရုံခံမိပါတယ်။ ပြောရရင် လူကန်ပဲဖြစ်ဖြစ် ဖရန့်ပဲဖြစ်ဖြစ် သူတို့ရဲ့မြူတန့်စွမ်းအားတွေက သိပ္ပံနည်းနဲ့ရှင်းပြလို့မရနိုင်အောင် ဆန်းပြားနေပြီးတော့ သိပ်ကိုအားကောင်းကြပါတယ်။ လူတစ်ယောက်ရဲ့လက်ကနေ မီးတောက်ထွက်လာတာကို သိပ္ပံနည်းကျဝတ္တုဆန်ဆန် ရှင်းပြလို့ရပေမဲ့ ဓားကိုးလက်ဖြစ်စေ၊ ဆင့်ခေါ်ခံတွေဖြစ်စေ အဲဒီအတွက်ရှင်းပြစရာသိပ္ပံသီအိုရီတွေမရှိခဲ့ပါဘူး။
သူ့ရဲ့မြင်းပျံကြီးဖြစ်စေ၊ ပန်းသီးလေးဖြစ်စေ သဘာဝလွန်သတ္တဝါတွေဖြစ်ပြီး စွမ်းအားကြီးကြပါတယ်။ ဒါပေမဲ့ အခုလိပ်နက်ကြီးကတော့ အလွန်အကျူးဖြစ်လွန်းလို့ ဧရာမချောက်နက်ကြီးကို ငုံကြည့်နေရသလိုပဲ။
"နတ်ဆိုး... နတ်ဘုရား... ဟားဟား... ငါက အဲဒါတွေထက် သာလွန်တဲ့ရှေးဦးသားရဲတစ်ကောင်ပဲ။ ငါမွေးဖွားလာတုန်းက ဘယ်နတ်ဘုရားမှမရှိသေးဘူး။"
အဲဒီနောက်တော့ ဖရန့်ရဲ့သိစိတ်က လုံးဝအမှောင်အတိကျသွားတယ်။ ဒါပေမဲ့ဖရန့်ရဲ့ရေခဲတွေဖုံးလွှမ်းနေတဲ့ ခန္ဓာကိုယ်ကတော့ ဒီအတိုင်းရပ်နေသေးပြီး သူ့ရှေ့မှာ အဖမ်းခံထားရတဲ့ Dr.soulကို ကြည့်လိုက်တယ်။
"အားနည်းလွန်းတယ်... ငါက ဒီအတွက်ဆင့်ခေါ်ခံလိုက်ရတာလား။"
ရေခဲချပ်ကြီးက ဖရန့်ရဲ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားပေမဲ့ သူ့မျက်လုံးနေရာမှာတော့ အပြာရောင်မီးလျှံက တစ္ဆေတစ်ကောင်ရဲ့ဝိညာဥ်လိိုမျိုး တောက်ပနေတယ်။ လူကန့်ပုံစံနဲ့ရှိနေတဲ့ Dr.soulလည်း အဲဒီအကြည့်နဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ အသက်ရှူကျပ်သွားခဲ့ပါပြီ။
"ငါ့ကိုလွှတ်ပေး... ငါနင့်ကို ဘာမဆိုပေးနိုင်တယ်။ ပိုက်ဆံပဲဖြစ်ဖြစ်... စွမ်းအားပဲဖြစ်ဖြစ်..."
"စိတ်မကောင်းစရာက ငါ့အတွက် ဒါတွေတစ်ခုမှမလိုအပ်တာပဲ။"
ဖရန့်က သူ့လက်နဲ့Dr.soulရဲ့ခေါင်းကို ဆုပ်ကိုင်ပြီး တစ်ချက်တည်း ချေမွပစ်လိုက်တယ်။ S rank အများစုထက် ကျော်လွန်နေပြီဖြစ်တဲ့ ဝါရင့်ဗီလိန်ကြီးဟာ နည်းနည်းလေးတောင် ရုန်းကန်နိုင်စွမ်းမရှိခဲ့ဘူး။
အပျက်အစီးတွေနဲ့ပြည့်နေတဲ့ ကြမ်းပြင်ပေါ်မှာ ပင့်ကူတစ်ကောင်ရဲ့အပြာရောင်သွေးတွေက မိုးရွာသလိုဖြာကျပြီး စွန်းထင်းကုန်တယ်။ အဲဒီနောက်တော့ ရေခဲလူသားဖြစ်နေပြီဖြစ်တဲ့ဖရန့်ဟာ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့တယ်။
"ငါ့စွမ်းအားတွေက အရင်အတိုင်းပြန်မဖြစ်သေးဘူး၊ အကြာကြီးနားဖို့လိုနေသေးတယ်။" ဖရန့်ကိုယ်ပေါ်က ရေခဲတွေလည်း တစ်လွှာချင်းစီကွာကျသွားပြီး နောက်ဆုံးမှာတော့ အားပြတ်သွားတဲ့ဖရန့်တစ်ယောက် မြေပေါ်ကိုပြိုလဲကျသွားတော့တယ်။
....
ငွေရောင်စစ်သည်တော်က ဓားသွားကိုတစ်ချက်လှုပ်ယမ်းလိုက်ရင်း ဓားသွားပေါ်မှာတင်ကျန်နေတဲ့ အက်စစ်အချွဲအကျိတချို့ကို ဖယ်ရှားလိုက်တယ်။
အေးဂျင့်ကာတာက တကယ်ပဲပက်ကျိတစ်ကောင်ပါ။ သူ့ရှေ့မှာ အက်စစ်အချွဲတွေနဲ့ဖွဲ့စည်းထားတဲ့ ဆယ်ပေအရွယ်အစား ပက်ကျိကြီးတစ်ကောင်ရှိနေတယ်။ ပက်ကျိအက်စစ်တွေက သတ္တုတွေကိုတောင် ချက်ချင်းအရည်ဖျော်ပစ်နိုင်ပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံကိုတော့ မသက်ရောက်သေးပါဘူး။
မက်ဒါနာက သူ့ဝတ်စုံကိုအချိန်အကြာပြီးပေးပြီး အဆင့်မြှင့်နေခဲ့တာကြောင့် အားနည်းချက်တွေက မရှိသလောက်ကိုဖြစ်နေပါပြီ။ အေးဂျင့်လီယွန်ကလည်း အလားတူပဲ မက်ဒါနာအနားကိုတောင် မကပ်နိုင်သေးဘူး။ တခြားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုလည်း ဟီးရိုးအစည်းအရုံးက သိသိသာသာကြီးဖိနှိပ်ထားတယ်။
"ကဲ... ကြည့်ရတာ ဒီနေ့တော့ ရာသီဥတုက မင်းတို့ဘက်မပါဘူးထင်တယ်။"
မက်ဒါနာက ဓားကိုနောက်တစ်ခါအသင့်ပြင်လိုက်ပြီး Void Streamတွေထဲ အားထပ်ထည့်လိုက်တယ်။ အေးဂျင့်ကာတာရဲ့တိုက်ခိုက်မှုတွေက မထိရောက်တော့အတွက် မက်ဒါနာကိုရင်ဆိုင်ဖို့ လီယွန်က တာဝန်ယူထားတယ်။
သူကလည်း မက်ဒါနာရှေ့ကို အကြောက်အလန့်မရှိပြေးလာပြီး လက်ကဆူးတောင်တွေနဲ့တိုက်ခိုက်တယ်။ ဓားပြားကြီးနဲ့ဆူးတောင်တွေခတ်မိရာကနေ မီးပွားတွေထွက်လာတဲ့အထိပါပဲ။
ပုံမှန်ဆိုရင် ဒီဆူးတောင်တွေက လူသားတစ်ယောက်ကို ထက်ပိုင်းပိုင်းနိုင်ဖို့ လုံလောက်ပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံကိုတော့ မဖြတ်နိုင်ပါဘူး။ ဒါကြောင့် တိုက်ပွဲက မစခင်ကတည်းက အဖြေပေါ်နေပြီ။
သူတို့အချင်းချင်းယှဥ်ချနေရင်း ဓားချက်တစ်ချက်က ဆူးတောင်တွေနဲ့ကာမထားတဲ့ လီယွန်ရဲ့လက်မောင်းကို ပိုင်းမိသွားတဲ့အတွက် သွေးတွေလည်း ပန်းထွက်လာတယ်။
"လက်လျှော့လိုက်တော့... ဒီနေ့ငါစိတ်ကောင်းဝင်နေတာမဟုတ်ဘူး၊ မသေချင်ရင် ဘေးဖယ်နေတော့။"
လီဆာလေးကို မြူတန့်သိပ္ပံအဖွဲ့က သားရဲဖြစ်အောင်ပြောင်းထားတဲ့အပြင် အေးဂျင့်အဖွဲ့ကလည်း လီဆာ့ကိုထိခိုက်အောင်လုပ်ဖို့ ကြိုးစားခဲ့အတွက် မက်ဒါနာစိတ်ကြည်မနေပါဘူး။ အရင်တစ်ခါဗီလိန်လင်းနို့ကောင်ကိုလုပ်သလို တစ်စစီဆွဲဖြဲချင်နေတာ။ ဒါပေမဲ့ သူတို့က အစိုးရအေးဂျင့်တွေမလို့ ပြဿနာမတက်ချင်တာနဲ့ စိတ်ကိုလျှော့နေရတာပါ။
ဒါပေမဲ့ ပြောလည်းအာပေါက်ရုံအပြင် ပိုမရှိဘူးရယ်။ ပက်ကျိကောင်ဖြစ်နေတဲ့ ကာတာရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အက်စစ်တွေအဖြစ်ပြောင်းသွားပြီး မက်ဒါနာကို မျိုချပစ်လိုက်တယ်။
"Ultimate Skill: devouring"
ဒီအကွက်က နည်းနည်းအလုပ်ဖြစ်တယ်လို့ပြောရမှာပဲ၊ ငွေရောင်စစ်သည်တော်ရဲ့အပေါ်ယံဆေးသားတချို့ အရောင်ကျွတ်သွားလို့လေ။ ဒါပေမဲ့မက်ဒါနာကတော့ ဘာမှမထိခိုက်သေးဘဲ ရှိနေတုန်းပဲ။ သူ့ဝတ်စုံက ရေအောက်မှာနေလို့လည်းရတယ်လေ။ အက်စစ်ထဲနှစ်သတ်ဖို့မဖြစ်နိုင်ဘူး။
"ငါသည်းမခံနိုင်တော့ဘူး...."
အဖြူရောင်အလင်းတွေက ငွေရောင်စစ်သည်ဝတ်စုံကနေ ပေါက်ကွဲထွက်လာပြီး အေးဂျင့်ကာတာရဲ့ အက်စစ်ရည်ခန္ဓာကိုယ်ကို ဆိုးဆိုးဝါးဝါးလောင်ကျွမ်းပစ်လိုက်တယ်။
"အား...." စက္ကန့်အနည်းငယ်အကြာမှာပဲ ပက်ကျိက ငွေရောင်စစ်သည်ဝတ်စုံကို စွန့်ခွာပြီး သာမန်လူသားအဖြစ် ပုံစံပြန်ပြောင်းသွားတယ်။ ဒါပေမဲ့သူ့အရေပြားတွေက မီးလောင်ထားသလိုနီရဲနေပြီး အခြေအနေကောင်းပုံမရဘူး။
"ခေါင်းဆောင်..." အေးဂျင့်တချို့က စိုးရိမ်တကြီးနဲ့ အေးဂျင့်ကာတာကို နောက်ကိုပြန်ဆွဲခေါ်သွားကြတယ်။ အေးဂျင့်လီယွန်ကတော့ အလျှော့မပေးသေးပါဘူး။
"သူ့ကိုပစ်..."
အစောပိုင်းက ဟောင်းလောင်းပေါက်နေတဲ့ ခေါင်မိုးထပ်ကနေ အပြင်မှာအစောင့်ထားခဲ့တဲ့ ဂျပ်ဖာဆင်စစ်သုံးစက်ရုပ်နှစ်ရုပ် ခုန်ဆင်းလာပြီး ငွေရောင်စစ်သည်ကို အမြောက်တွေနဲ့ချိန်ပစ်တယ်။
"ဘုန်း....."
မြေအောက်ကနေ ပေါက်ကွဲသံကြီးထွက်လာပြီး သုတေသနစမ်းသပ်ခန်းရဲ့အစိတ်အပိုင်း တော်တော်များများလည်း ပြိုကျကုန်တယ်။ ကြည့်ရတာ အေးဂျင့်အဖွဲ့က သူသေကိုယ်သေတိုက်တော့မယ်ထင်တယ်။
မက်ဒါနာလည်း ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်ထွက်သွားပြီး နံရံတစ်ခုနဲ့ဝင်တိုက်မိပေမဲ့ ဘာမှတော့မဖြစ်ပါဘူး။
"၄၀ မမ အမြောက်ပဲ၊ အဆောက်အဦးပြိုကျပြီး လူတွေသေကုန်မှာ သူတို့ဂရုမစိုက်ဘူးလား။"
မက်ဒါနာက ဝတ်စုံကိုထိန်းရင်း နံရံထဲကနေ ပြန်ရုန်းထွက်လိုက်တယ်။ ဂျပ်ဖာဆင်တွေကတော့ သူ့ကိုစက်သေနတ်တွေနဲ့ ဝိုင်းပစ်နေဆဲဖြစ်ပေမဲ့ ခြစ်ရာတောင်မထင်ပါဘူး။
"စေဘာစတိန်း... သူတို့ကိုဖျက်ဆီးပစ်လိုက်..."
မက်ဒါနာအမိန့်ရတာနဲ့ ခွေးစက်ရုပ်ကြီးရဲ့ကိုယ်ထည်က ပွင့်သွားပြီး ရော့ကတ်လောင်ချာတစ်ခုထွက်လာတယ်။ နောက်တော့ ဂျပ်ဖာဆင်နှစ်ရုပ်ကို ရော့ကတ်အသေးစားတွေနဲ့ ဆက်တိုက်ပြန်ဆော်တော့တာပဲ။
ရှူး... ဘုန်း....
ပါရာစီတမောဆေးဘူးတစ်ဘူးစာ ရော့ကတ်အသေးစားလေးက လေပေါ်မှာဝေ့ဝိုက်ပျံသန်းပြီး သူ့ထက်အဆမတန်ကြီးတဲ့ ဂျပ်ဖာဆင်တစ်ရုပ်ကို တစ်စစီဖောက်ခွဲပစ်လိုက်တယ်။ ဒါက ပန်ဒရာဂွန်လက်ရာ မီနီစကပ်ဒုံးတွေပါ။ အဝေးကြီးတော့မပြေးပေမဲ့ ပေါက်ကွဲအားက လန့်စရာပဲ။
သူတို့တိုက်ခိုက်နေတုန်း မက်ဒါနာကျွံဝင်သွားတဲ့နံရံနောက်ကအခန်းမှာ ကွန်ပျူတာဆာဗာဟက်ဝဲလ်တွေရှိနေတယ်။ ဒါပေမဲ့ သူတို့နှစ်ဖက်လုံးက သည်းသည်းမည်းမည်းတိုက်နေတာကြောင့် ဘယ်သူမှအာရုံမစိုက်နိုင်ကြသေးဘူး။
စေဘာစတိန်းက ဂျပ်ဖာဆင်နှစ်ရုပ်လုံးကို ဖျက်ဆီးပြီးတဲ့အချိန်မှာတော့ အေးဂျင့်အဖွဲ့ဟာ လုံးဝကိုတိုက်ခိုက်နိုင်ဆုံး ကုန်ဆုံးသွားတော့တယ်။ နောက်နည်းနည်းလောက်ကြာတော့ တစ်ဖွဲ့လုံးမြေပေါ်မှာ ပြားပြားဝပ်ကုန်ပြီ။
"အမေရိကန်က ဒီအေးဂျင့်တစ်ဖွဲ့နဲ့ ဟီးရိုးအစည်းအရုံးတစ်ခုကို ကိုင်တွယ်ချင်တာလား၊ အိပ်မက်မက်နေတာပဲ။"
မက်ဒါနာက အပေါ်မှာတိုက်ခိုက်နေတဲ့ S rank တွေကိုလည်း ကြည့်လိုက်တယ်။ ဥစာကီက စမ်းသပ်ခန်း အထက်အလွှာတွေ တစ်ခုကနေတစ်ခုပြေးလွှားခုန်ကူးနေပြီး လေထဲမှာရပ်နေတဲ့ ဖလိမ်းဂါးဒီးယန်းကို ဆက်တိုက်တိုက်ခိုက်နေတယ်။
ဖလိမ်းဂါးဒီးယန်းက ဥစာကီထက် အဆင့်သေးတစ်ဆင့်ပိုမြင့်ပေမဲ့ ဥစာကီက ငယ်ငယ်လေးကတည်းက လေ့ကျင့်လာသူဖြစ်သလို သူ့ရဲ့အမွေအနှစ်လက်နက်မိစ္ဆာသတ်ဓားကလည်း ဖလိမ်းဂါးဒီးယန်းရဲ့စွမ်းအားကို တစ်ဝက်လောက်အထိလျှော့ချထားနိုင်ပါတယ်။ ဒါကြောင့် ဖလိမ်းဂါးဒီးယန်းဟာ စွမ်းအားပြည့်မထုတ်နိုင်ခဲ့ဘူး။
အောက်က အေးဂျင့်အဖွဲ့ရှုံးသွားတာကို သိပြီးတဲ့နောက် သူလည်းဆက်မတိုက်တော့ဘဲ ရပ်လိုက်တယ်။ ဆက်တိုက်နေလည်း မထူးတော့တာမလို့ပါ။ တကယ်လို့ မက်ဒါနာသာ အေးဂျင့်အကုန်လုံးကို သတ်ပစ်လိုက်မယ်ဆိုရင် သူ့အတွက်ပြဿနာရှိပါတယ်။ အထက်လူကြီးတွေက ဆုံးရှုံးမှုအတွက်အပြစ်တွေအကုန်လုံး သူ့ခေါင်းပေါ်ပုံချမှာပါ။
တကယ်လို့ မက်ဒါနာ S rank တွေရဲ့တိုက်ပွဲထဲ အခုနေဝင်လာပါမယ်ဆိုရင်လည်း သူရှုံးတော့မှာသေချာပါတယ်။ ဥစာကီက သူ့စွမ်းအားကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးပြီးသားမလို့ ငွေရောင်စစ်သည်က သူ့ကိုစိန်ခေါ်နိုင်နေပါပြီ။
"ငါတို့ အဲဒီနံရံနောက်က ဆာဗာတွေကိုယူမယ်၊ မင်းတို့က အဲဒီသားရဲကိုယူပြီးပြန်ကြ။ ဒီမှာဖြစ်ခဲ့သမျှကို နှစ်ဖက်လုံးလျှို့ဝှက်ထားကြမယ်။"
ဥစာကီလည်း သဘောတူလိုက်ပါတယ်။ တကယ်လို့ဆာဗာတွေကို သူတို့လိုလိုလားလားထည့်မပေးရင်လည်း အမေရိကန်တွေက ရတဲ့နည်းလမ်းနဲ့ယူကြဦးမှာပါ။
ဂျပန်အစိုးအရကို ဖိအားပေးပြီးတော့ပဲဖြစ်ဖြစ် စားပွဲဝိုင်းအောက်က နည်းလမ်းတွေကို သုံးပြီးတော့ပဲဖြစ်ဖြစ်ပေါ့။ ဥစာကီကလည်း အာဏာကစားပွဲထဲမှာ တိုကျိုအစည်းအရုံးကို ကြားခံမဖြစ်စေချင်တဲ့အတွက် သဘောတူလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီကလုန်းနည်းပညာက ဟီးရိုးတွေအတွက် အကျိုးမထူးပါဘူး။
သဘောတူညီချက်ရသွားပြီးတဲ့နောက် အေးဂျင့်တွေက ဆာဗာတွေကို အလုံးလိုက်ဖြုတ်သယ်ဖို့လုပ်ကြတယ်။ ဒါပေမဲ့သူတို့သတိမထားမိတာက မက်ဒါနာဟာ မသိမသာလေးအစွမ်းသုံးပြီး အဲဒီဆာဗာထဲက ဒေတာတွေကို ဖျက်ဆီးပစ်နေတယ်ဆိုတာပါ။
ဥစာကီက ဒါကိုသတိထားမိတော့ ငွေရောင်စစ်သည်နားကပ်ပြီးမေးလိုက်တယ်။
"ဟဲ့... နင်အဲဒါတွေအကုန်လုံးကို ဖျက်ပစ်လိုက်တယ်မဟုတ်လား။"
"အင်း... မြူတန့်သိပ္ပံက အရိုးမျက်နှာကလုန်းတွေအတွက် ကလေးတွေကိုသုံးတယ်၊ အမေရိကန်အစိုးရလည်း အဲဒီနည်းပညာကိုရပြီးရင် တူညီတဲ့နည်းလမ်းကိုပဲသုံးဦးမလားဆိုတာ စိုးရိမ်စရာပဲ။ ဒီတော့ နည်းနည်းကလိပေးလိုက်တယ်။ အတော်ဆုံးနည်းပညာမြူတန့်တွေတောင် ငါကလိထားတဲ့ဒေတာတွေကို ပြန်ဆယ်လို့ရမှာမဟုတ်ဘူး။"
မက်ဒါနာက သူ့လက်ကလေးကိုမြှောက်ပြီး ကြည့်ရင်းပြောလိုက်တယ်။ ဒါပေမဲ့ ချပ်ဝတ်ကြီးနဲ့မလို့ ငွေရောင်ချပ်ဝတ်ထဲက စစ်သည်တော်ကြီးက လက်သည်းနီဆိုးပြီး လေသလပ်အောင် အခြောက်ခံနေတဲ့ပုံစံပေါက်နေတယ်။
စမ်းသပ်ခန်းမှာ လုပ်စရာတွေအကုန်လုံးလုပ်ပြီးတဲ့နောက်တော့ မက်ဒါနာတို့အုပ်စုက ဟီးရိုးအစည်းအရုံးကို ပြန်လာခဲ့တယ်။ မြူတန့်ဌာနစိတ်ကတော့ လမ်းမှာတင် ခွဲထွက်သွားတယ်။ နှစ်ဖက်အဖွဲ့တွေက မျက်နှာချင်းမဆိုင်ချင်လောက်အောင်ဖြစ်နေပြီ။
ဒါပေါ့၊ လီဆာလည်းပါတယ်။ လောလောဆယ် အကောင်ကြီးဖြစ်နေတော့ သူ့ကိုကုန်တင်ကားငှားပြီး နောက်တွဲထဲတင်လာရတာ။ အထီးမကျန်အောင် မက်ဒါနာနဲ့ဥစာကီက နောက်တွဲထဲထိုင်လိုက်ပေးရသေးတယ်။ ခါတိုင်းလိုပဲ ကုန်ကားမောင်းတာက ဒရုန်းဇုန်ပါ။ အဲဒီကောင်မလေးက B rank ဟီးရိုးအစား ဥစာကီရဲ့ပုဂ္ဂလိက ဒရိုက်ဘာလုပ်ဖို့ပိုသင့်တော်တယ်။
တိုကျိုအစည်းအရုံးပြန်ရောက်တော့ အဲဒီကစက်ပစ္စည်းတွေနဲ့ လီဆာကိုစစ်ဆေးကြည့်ရပြန်တယ်။ လောလောဆယ် မက်ဒါနာမှာ သုံးနိုင်တဲ့ စမ်းသပ်ခန်းဆိုလို့ တိုကျိုအစည်းအရုံးတစ်ခုပဲရှိတာ။
လီဆာရဲ့အတွင်းအပြင်အခြေအနေကို စစ်ဆေးပြီးတဲ့နောက်တော့ မက်ဒါနာလည်းသက်ပြင်းချလိုက်မိတယ်။
"လက်စသတ်တော့ အခုလိုဖြစ်နေတာက ပြီးပြည့်စုံတဲ့ဖော်မြူလာအတွက် လီဆာရဲ့ရိုးတွင်းချဥ်ဆီအရင်းအမြစ်ကို အလွန်အကျွံထုတ်ယူခဲ့လို့ အခုလိုဖြစ်နေတာပဲ။"
မက်ဒါနာရဲ့သီအိုရီအရတော့ လီဆာရဲ့မြူတန့်သဘာဝစိတ်က ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့အတွက် သားရဲအသွင်ပြောင်းပြီး အချိန်အတိုင်းအတာတစ်ခုထိနေဖို့ ဆုံးဖြတ်လိုက်တာ။ ရိုးတွင်းချဥ်ဆီကို မပြတ်ထုတ်ယူနေခဲ့တဲ့အတွက် လီဆာရဲ့ခန္ဓာကိုယ်က ချိနဲ့ပြီး အာဟာရပြတ်နေပြီ။ မြူတန့်သိပ္ပံက အာဟာရရည်တွေထိုးသွင်းပေးနေပေမဲ့ လူသားခန္ဓာကိုယ်က ခြေဖျက်နိုင်တာထက် ပိုပြီးပေးလို့မရဘူး။ တစ်ဖက်မှာကျတော့ ချဥ်ဆီဆုံးရှုံးတာကြောင့်ဖြစ်လာတဲ့ သက်ရောက်မှုက ဝင်လာတဲ့အာဟာရပမာဏထက် အများကြီးပိုများနေတယ်။ လူသားခန္ဓာကိုယ်နဲ့ဆိုရင် သေသွားတာကြာပေါ့။
ဒီတော့မြူတန့်ဆဲလ်တွေက သခင်ဖြစ်သူကို ကာကွယ်ဖို့အတွက် သူ့ဘာသာအသွင်ပြောင်းပစ်လိုက်တယ်။ အသွင်ပြောင်းမြူတန့်တွေက သားရဲပုံစံမှာဆိုရင် လူသားပုံစံထက် အာဟာရချေဖျက်နိုင်စွမ်း ပိုပြီးမြင့်မားသလို ပြန်လည်ကုစားနိုင်စွမ်းလည်းရှိတော့ ချဥ်ဆီဆုံးရှုံးတဲ့ဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိတယ်။
"ဒီတော့ အဲဒီကောင်မလေးက လူသားပြန်ဖြစ်နိုင်သေးလား။" မက်ဒါနာစမ်းသပ်နေတာကို ဘေးကနေကြည့်နေတဲ့ ဒရုန်းဇုန်က မေးလိုက်တယ်။ ဥစာကီကတော့ တခြားလုပ်စရာတွေရှိသေးလို့ ရုံးခန်းမှာ။
"မမလေး... သောက်စရာရပြီ။" အေမီကတော့ လင်ပန်းလေးထဲ သူဖျော်ထားတဲ့ ကော်ဖီခွက်လေးနှစ်ခွက်ထည့်လာပြီး မက်ဒါနာကိုတစ်ခွက်ပေးလိုက်တယ်။ ည၉နာရိထိုးနေပေမဲ့ မက်ဒါနာဟိုတယ်မပြန်ရသေးဘူး။ ဒီတော့ ဒရုန်းဇုန်လည်း သူ့ကိုအဖော်ပြုပေးဖို့ ဆုံးဖြတ်လိုက်တာ။
"အင်း.... သူ့ရဲ့အာဟာရသိုလှောင်မှုသာ အဆင့်တစ်ခုထိပြန်ရောက်ပြီး တည်ငြိမ်သွားရင်း လူသားအဖြစ်ပြန်ပြောင်းနိုင်လိမ့်မယ်။ သူက ပြီးပြည့်စုံတဲ့ လူလုပ်မြူတန့်ပဲလေ။ တစ်နည်းအားဖြင့်တော့...."
မက်ဒါနာ စကားမဆုံးခင် ဒရုန်းဇုန်က လက်ပိုက်ပြီး ဆက်ပြောလိုက်တယ်။
"အစာများများကျွေးရမယ်ပေါ့။"
နောက်တော့ ဒရုန်းဇုန်က ကော်ဖီကိုအေးဆေးစွာ မှုတ်သောက်နေတဲ့ မက်ဒါနာကိုကြည့်ပြီးမေးလိုက်တယ်။
"နေပါဦး၊ အဲဒီအချိန်အတော်အတွင်းမှာ နင်က ဒီအကောင်ကြီးကို ဘယ်မှာထားမှာလဲ။ ဟီးရိုးအစည်းအရုံးမှာပဲထားမှာလား။"
"...."
"ငါမစဥ်းစားရသေးဘူး။" ပြောရရင် အခုလီဆာရဲ့ခန္ဓာကိုယ်က တော်တော်ကြီးနေတာလေ။ ပြီးတော့ တိုကျိုအစည်းအရုံးက ကင်းထောက်ဟီးရိုးတချို့ကိုလည်း ရိုက်သတ်ထားသေးတယ်။
သူ့ဘာသာသူ ကြောက်လန့်ပြီးအထီးကျန်နေလို့ သတ်တာပဲဖြစ်ဖြစ်၊ ဗိုက်ဆာလို့ အသိစိတ်မရှိဘဲ စားလိုက်မိတာပဲဖြစ်ဖြစ် မကောင်းတဲ့ကိစ္စကတော့ မကောင်းတဲ့ကိစ္စပဲလေ။ လောလောဆယ် အဲဒီကိစ္စတွေအကုန်လုံးကို မြူတန့်သိပ္ပံအဖွဲ့အပေါ်အပြစ်ပုံချထားပေမဲ့ လီဆာကိုမကျေနပ်တဲ့ ဟီးရိုးတွေလည်းရှိနေဦးမှာဆိုတော့ ဒီမှာထားလို့အဆင်မပြေဘူး။
"ဒါဖြင့်... ငါသူ့ကို လည်ပတ်ပတ်ပေးပြီး ဟိုတယ်ခေါ်သွားရင်ကောင်းမလား။" မက်ဒါနာစဥ်းစားရင်း ပြောလိုက်တယ်။
ဟိုတယ်ကမေးရင် 'ဒါက ကျွန်မမွေးထားတဲ့ ဆုဗာနာမျိုးရင်း ဧရာမပုတ်သင်ခွေးကြီးလေ။'လို့ လိမ်ပြီးဖြေကြည့်ရင်ရော။ ဒါပေမဲ့ အေမီကတော့ သခင်မလေးကို အကြီးအကျယ်ကန့်ကွက်ရှာပါတယ်။
"မမလေး... ဟိုတယ်က အိမ်မွေးတိရစ္ဆာန်လက်မခံဘူးလေ။ ပြီးတော့ လီဆာက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဖြစ်သင့်တဲ့ အရွယ်အစားထက်အများကြီးကျော်နေပြီ။"
"....." ဒရုန်းဇုန်ကတော့ မက်ဒါနာကို ဘယ်လိုတွေစဥ်းစားလိုက်တာလည်းဆိုတဲ့ပုံစံနဲ့ မျက်လုံးကြီးပြူးပြီးကြည့်နေတယ်။ ဒါက ငွေရောင်စစ်သည်ချပ်ဝတ်ကို တီထွင်ခဲ့တဲ့ ဉာဏ်ကြီးရှင်ဦးနောက်ပိုင်ရှင်မှဟုတ်ရဲ့လား။
"ဆုဗာနာကို ပြန်ပို့ရင်ကောင်းမလား။" ဒုတိယအကြံကတော့ ဟုတ်မလိုလိုရှိသား။
လီဆာကို ဧရာမကယ်ရီယာလေယာဥ်ကြီးပေါ်တင်ပြီး ကမ္ဘာတစ်ဝက်ဖြတ်ပျံခိုင်းမယ်။ ဆုဗာနာက မြူတန့်သားရဲတွေရဲ့နိဗ္ဗာန်ဘုံဆိုတော့ လူပြန်မဖြစ်ခင် လီဆာအတွက် စားကျက်မြေအကြီးကြီးရမှာပဲ။
မေမေသီတာကိုတော့ တိုတိုတုတ်တုတ်ပဲရှင်းပြရမှာပေါ့။ 'အမေရေ၊ ကျွန်မသမီးလေးကို ခဏစောင့်ရှောက်ပေးထားပါဦး။' ဒါပေမဲ့ အဲဒီကိစ္စကိုတွေးနေတုန်းတစ်ဝက်မှာပဲ မက်ဒါနာခေါင်းကိုခါယမ်းလိုက်တယ်။
"မဖြစ်ဘူး...မဖြစ်ဘူး... အကုန်လုံးတလွဲတွေဖြစ်ကုန်လိမ့်မယ်။" ဘယ်အမေက သူ့သမီးလေးက အကောင်ကြီးကို သမီးလေးဆိုပြီး လေယာဥ်နဲ့လှမ်းပို့တာကို လက်ခံမှာလဲ။ တော်ကြာ Beauty and the beast ၂၁ ရာစုဗားရှင်းသစ်လို့ ထင်နေဦးမယ်။
ဒရုန်းဇုန်ကတော့ မက်ဒါနာဘာလို့ခေါင်းခါနေလည်း နားလည်ပုံမပေါ်ဘူး။ ဒါပေမဲ့ မမလေးအကြောင်းနောကျေနေတဲ့ အေမီကတော့ ကိုယ့်နဖူးကိုယ်လက်ဖဝါးနဲ့ရိုက်လိုက်တယ်။
"မမလေးတော့ ပေါက်ကရတွေတွေးနေပြန်ပြီ။"
"ဒါဖြင့်လည်း ခြံကျယ်ကျယ်တစ်ခုလောက်ငှားပြီး အဲဒီကောင်မလေးနဲ့နင်နဲ့အတူနေပေါ့။ နယ်ဖက်တွေမှာ ငှားခသက်သာပါတယ်။"
ဒါပေမဲ့ ဒီတစ်ခါလည်းမက်ဒါနာက ခေါင်းခါပြန်တယ်။ "မဖြစ်သေးဘူး၊ ငါက ဖရာလီတာကိုရှာရဦးမှာ။"
သူတို့ခေါင်းကိုက်နေဦး ဥစာကီက စမ်းသပ်ခန်းထဲဝင်လာတယ်။ သူတို့ပြောတာတွေကို နားစွန်နားဖျား ကြားထားပြီးသားဖြစ်တဲ့အတွက် ဝင်ပြောလိုက်တယ်။
"သူ့ကို ငါတို့ယာမာဂုချီအိမ်ကိုသာပို့လိုက်။ အဖိုးသူ့ကို စောင့်ရှောက်လိမ့်မယ်။" ယူဂျင်းထောင်ပျက်သွားတဲ့အထိ ယာမာဂုချီမိသားစုကို ထောင်ချမယ့်ကိစ္စက ခဏဆိုင်းထားရတယ်။
လောလောဆယ် အဖိုးကြီးအိခဲဒက နေအိမ်အကျယ်ချုပ်သဘောမျိုးနဲ့ နေနေရတာဆိုတော့ အရေးပေါ်ကိစ္စမရှိရင် အပြင်ထွက်မရဘူးရယ်။ ဒီတော့ အတော်ပျင်းနေရှာတယ်။ ဒါကြောင့်ထိန်းစရာ နဂါးလောင်း (ပုတ်သင်ဆိုတော့ မျောက်လောင်းဘယ်ဟုတ်မလဲ။)တစ်ကောင် ပို့ပေးလို့ရတယ်။
နောက်ပြီး ယာမာဂုချီအိမ်တော်ကလည်း အကျယ်ကြီးဥစ္စာကို။
"အင်း... အဲဒါတော့မဆိုးဘူး..."
ဒါပေမဲ့ သူတို့စကားပြောနေတုန်း စမ်းသပ်ခန်းထဲကိုဝန်ထမ်းလေးတစ်ယောက်ရောက်လာပြီး သတင်းပို့ပြန်တယ်။
"သတင်းဆိုး... သတင်းဆိုးပါတယ်ခင်ဗျ... ဒုတိယသခင်မလေး အိမ်တော်ကနေ ထွက်ပြေးသွားပြန်ပြီ။"
"ဟမ်...." သူတို့တွေအကုန်လုံး သတင်းလာပို့တဲ့ ဝန်ထမ်းကောင်လေးဖက်ကို လှည့်ကြည့်လိုက်မိတယ်။ သူပြောတဲ့ ဒုတိယသခင်မလေးကို သူတို့သိတာပေါ့။ ဥစာကီရဲ့ညီမလေး မိရိုင်လေ။