← Chapters

သွေးစွန်းနေသောလက်များ

Vol. 3 Ch. 8

သွေးစွန်းနေသောလက်များ

Vol. 3 Ch. 8

မိရိုင်နဲ့ယုဆတို့ကို C rank ဟီးရိုးနှစ်ယောက် အိမ်ပြန်လိုက်ပို့ပေးကြတယ်။ အာကိုင်းဂါမီဘုရားကျောင်းက ပြိုကျနေပြီဆိုတော့ ယုဆလည်း ယာမာဂုချီအိမ်တော်မှာ သောင်တင်နေတယ်။

လောလောဆယ်တော့ ယုဆနဲ့မိရိုင်တို့နှစ်ယောက်က အာကိုင်းဂါမီ စိတ်ဖောက်ပြန်သွားပြီး ငှက်ကြီးတစ်ကောင်အဖြစ် သောင်းကျန်းနေတဲ့ကိစ္စကို မယုံနိုင်ကြသေးဘူး။

"ဒါလုံးဝမဖြစ်နိုင်တာပဲ၊ ဆရာက အားလုံးထဲမှာစွမ်းအားအကြီးဆုံး။ ဗီလိန်တချို့ကြောင့်နဲ့ အဲဒီလိုမျိုး ဖြစ်သွားစရာအကြောင်းကိုမရှိတာ။"

တီဗီမှာလာနေတဲ့ အာကိုင်းဂါမီ ဖီးနစ်ကြီးဖြစ်သွားပြီး ဟီးရိုးတွေနောက်လိုက်လို့ ဟီးရိုးတွေပြေးနေရတဲ့ ဗီဒီယိုဖိုင်ကိုကြည့်ရင်း မိရိုင်ပြောလိုက်တယ်။ (အဲဒီထဲမှာ နာမည်ကျော် SilverKnightလည်းပါတယ်။) ယုဆလည်းမယုံချင်ပေမဲ့ သူတို့ရှေ့မှာလာနေတဲ့သတင်းက အတုမဟုတ်တာတော့ သေချာတယ်လေ။

ယုဆက မိရိုင်ရဲ့လက်ကလေးကို တင်းတင်းဆုပ်ထားတယ်။

"မိရိုင်-ချန်၊ ငါတို့ဘာလုပ်ကြမလဲ။"

ယုဆလေးက မိဘမဲ့ကလေးတစ်ယောက်မလို့ အာကိုင်းဂါမီက ဂရုစိုက်စောင့်ရှောက်ပေးနေတာ ကြာခဲ့ပါပြီ။ ဒါကြောင့် သူ့အတွက်ကျွေးအဖေလိုဖြစ်နေတယ်။ မိရိုင်အတွက်ကတော့ အာကိုင်းဂါမီက နတ်ဘုရားတမျှအစွမ်းထက်တဲ့ စံပြဟီးရိုးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဟီးရိုးဘဝအိပ်မက်ကို လမ်းပြပေးနေတဲ့ ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။

မိရိုင်လေးက ယုဆရဲ့ပခုံးကို လက်နဲ့ဆုပ်ကိုင်ထားလိုက်ပြီး ပြောလိုက်တယ်။

"ယုဆ-ချန်၊ ငါတို့ဆရာ့ကို ပြန်သွားခေါ်ကြမယ်လေ။"

ဒါပေမဲ့ ယုဆကတော့ သူတို့အခန်းအပြင်ဖက်မှာ တကယ့်ကိုယ်ရံတော်ကြီးတွေလိုမျိုး ရပ်စောင့်ရှောက်နေကြတဲ့ C rank ဟီးရိုးနှစ်ယောက်ကို မျက်စောင်းနဲ့ကြည့်လိုက်ရင်း သက်ပြင်းချလိုက်တယ်။

"ဒါပေမဲ့ နင့်အစ်မကတော့ သဘောတူမှာမဟုတ်တာ သေချာတယ်နော်။"

အဲဒီအချိန်မှာပဲ တီဗီလိုင်းမှာ ကြားဖြတ်သတင်းထပ်ဝင်လာတယ်။ နဂိုကတည်းက သတင်းအချိန်ကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ကြားဖြတ်သတင်းဝင်တယ်ဆိုတော့ အတော်အရေးကြီးနေပုံပါပဲ။

"မိဘပြည်သူများရှင့်၊ S rank ဟီးရိုး အာကိုင်းဂါမီအဖြစ်ကနေ အသွင်ပြောင်းသွားတဲ့ ဧရာမဗီးနစ်ကြီးက နာဂါနိုမှာအသိုက်ဆောက်ဖို့ ကြိုးစားနေပါတယ်။ မိဘပြည်သူများအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဧရာမအသိုက်ကြီးအနားကိုမသွားဖို့ သတိပေးအပ်ပါတယ်။"

အာကိုင်းဂါမီက ငှက်ကြီးဖြစ်သွားတဲ့နောက်မှာ သူ့ရဲ့ဗီဇစိတ်နဲ့ဘဲ လှုပ်ရှားနေတာပါ။ ပြောရရင် ငှက်ဖြစ်နေတဲ့အတွက် ငှက်စိတ်ပေါက်သွားပြီး အသိုက်တွေပါဆောက်နေပြီ။ သူက တွေ့ကရာဖျက်လိုဖျက်ဆီးလုပ်နေတဲ့ ကိုင်ဂျူးတစ်ကောင်မဟုတ်တာကြောင့် မြို့ထဲဝင်ပြီး တိုက်တွေကိုကိုက်စားတာမျိုး၊ မီးလောင်တိုက်သွင်းတာမျိုးတော့ မလုပ်ပါဘူး။ ဒါပေမဲ့ သူ့ကိုအန္တရာယ်ပေးနိုင်တယ်ထင်ရင်တော့ အကုန်ဖျက်ဆီးပစ်မှာပါ။ ဒါကြောင့်မလို့ မြို့သားတွေကို အနားသွားမကပ်ဖို့ သတိပေးထားရတာပေါ့။

"ယုဆ-ချန်၊ ငါတို့နာဂါနိုကို အခုသွားမှဖြစ်တော့မယ်။"

"အယ်... ဘာလုပ်မလို့လည်း။"

"ဆရာ့ကိုပြန်ခေါ်မလို့လေ၊ အခုသူ့နေရာသိနေတုန်း သွားတာကောင်းတယ်။ ငှက်တွေက ရာသီဥတုအပေါ်လိုက်ပြီး စားကျက်ပြောင်းနေတာမဟုတ်လား။ တော်ကြာ ဂျပန်ကနေထွက်သွားပြီး တောင်အမေရိကတို့ဘာတို့ရောက်သွားရင် ဘယ်လိုလုပ်မလဲ။"

"....." ဆရာရူးရူးနေတဲ့ မိရိုင်ကို ယုဆမှာပြောစရာဘာစကားမှမရှိတော့ဘူး။

ဒီလိုနဲ့ မက်ဒါနာတို့သိထားတဲ့ မိရိုင်လေး ဒုတိယအကြိမ် အိမ်ကနေထွက်ပြေးတဲ့ကိစ္စ ဖြစ်လာတော့တာပဲ။ C rank ဟီးရိုးနှစ်ယောက်လည်းရှိနေပေမဲ့ သူတို့နှစ်ယောက်က အသေးမလေးနှစ်ယောက်ရဲ့ပြိုင်ဖက်မဖြစ်နိုင်ဘူးလေ။

သူတို့နှစ်ယောက် ခိုးကြောင်ခိုးဝှက်နဲ့ အိမ်အဝင်ဝကိုဖြတ်ပြီးပြေးဖို့လုပ်နေတုန်း C rank နှစ်ယောက်သတိထားမိသွားတဲ့အတွက် ပြေးလိုက်လာကြတယ်။

"ဟေး၊ ကောင်မလေးတွေ။ မင်းတို့ဘယ်သွားမလို့လဲ။"

ဒါပေမဲ့ မိရိုင်က အဲဒီအတွက်ပြင်ဆင်ထားပြီးသား။ လက်ထဲမှာ မီးဘောလုံးလေးတစ်လုံးကိုဖန်တီးလိုက်ပြီး C rank ဟီးရိုးနှစ်ယောက်ရဲ့ဘောင်းဘီကို ပစ်လိုက်တယ်။ စက္ကန့်ဝက်လောက်အကြာမှာပဲ ဘောင်းဘီတွေမီးစွဲကုန်လို့ သူတို့နှစ်ယောက်လုံး အသည်းအသန်မီးသတ်ဖို့လုပ်နေရပြီ။

မဟုတ်ရင် အမေပေးတဲ့ရွှေပန်းလေးတွေ မီးကင်ပြီးသားဖြစ်ကုန်မှာကိုး။ မိရိုင်ကတော့ ယုဆရဲ့လက်ကို ဆုပ်ကိုင်ထားပြီးပြီ။

"ယုဆရေ၊ ပြေးသားပြေး။"

C rankerနှစ်ယောက် မီးငြှိမ်းပြီးပြန်လိုက်နိုင်တော့ ကောင်မလေးနှစ်ယောက်က တက္ကစီကားထဲရောက်နေပြီဖြစ်ပြီး သူတို့နှစ်ယောက်ကို နောက်ခန်းထဲကနေ လက်ပြနေပြီ။

"ဘိုင့်ဘိုင်... ဦးbaka-sanတို့။ သမီးတို့သွားပြီနော်။"

"ဒါရိုက်ဘာဦးလေးရေ၊ တိုကျိုဘူတာကိုမြန်မြန်မောင်းပေးပါ။"

...

ဘူတာရောက်တော့ မိရိုင်လေးက သူစုထားတဲ့ ယန်းတစ်သောင်းကျော်ကျော်ကို လက်မှတ်အရောင်းဌာနစားပွဲပေါ် တင်ပေးလိုက်တယ်။ အရပ်ကလေးက ပုနေတော့ အရောင်းစားပွဲထက် ခေါင်းလေးတစ်လုံးပဲ ပိုရှည်ရှာတယ်။ ဒီတော့ ဟိုmemeထဲက အတိုင်းပဲ။

"လက်မှတ်အရောင်းစာရေးမမကြီး၊ နာဂါနိုကိုသွားမယ့် လက်မှတ်နှစ်စောင်လောက်ပေးပါ။"

ဒါပေမဲ့ ၁၆နှစ်မပြည့်သေးတဲ့ကလေးတွေက အမြန်ရထားလက်မှတ်ဝယ်လို့မရဘူးလေ။ အုပ်ထိန်းသူပါရင်တော့ ဆယ့်တစ်နှစ်မကျော်သေးတဲ့ကလေးတွေအတွက် စျေးတစ်ဝက်လျော့တဲ့ ကလေးလက်မှတ်ရှိပေမဲ့ပေါ့။

"ကလေးတွေကို မိဘမပါဘဲ လက်မှတ်ရောင်းလို့မရဘူးလေ။ သမီးတို့မိဘတွေဘယ်မှာလဲ။"

လက်မှတ်ရောင်းအစ်မကြီးက အကောင်းဆုံးပြုံးပြလိုက်ပေမဲ့ လက်ကတော့ ဘူတာလုံခြုံရေးဝန်ထမ်းတွေကိုခေါ်ဖို့ ရေဒီယိုကိုလက်လှမ်းနေပြီ။ ဒီလိုကလေးတွေချည်းပဲ ခရီးသွားနေတဲ့အုပ်စုက အိမ်ပြေးမလေးတွေ ဖြစ်နေနိုင်တယ်လေ။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ယုဆလေးက အော်စကာရလောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ စပြီးဒရမ်မာခင်းတော့တာပဲ။

"မမကြီး... သမီးတို့က မိဘမဲ့ကလေးတွေပါ။ သမီးဖေဖေနဲ့မေမေက ဟီးရိုးတွေလေ။ ဒါပေမဲ့ အရင်ဆယ်နှစ်က တိုက်ပွဲတစ်ခုမှာဗီလိန်တွေသတ်တာခံလိုက်ရတော့။ ခုတော့ နာဂါနိုမှာနေတဲ့ဖွားဖွားလည်း ဆုံးသွားပြီးတဲ့။ ဒါကြောင့် သမီးဖွားဖွားကိုနောက်ဆုံးတွေ့ခွင့်ရဖို့အတွက် မိဘမဲ့ကျောင်းကနေ ထွက်ပြေးလာကြတာပါ။"

ယုဆလေးပြောတဲ့အထဲက တော်တော်များများက အတုအယောင်တွေဆိုပေမဲ့ တစ်ဝက်လောက်ကတော့ အစစ်တွေလေ။ သူ့မှာမိဘတွေမရှိတော့တာလည်းအမှန်ပဲ၊ အဖွားဆုံးသွားတာလည်း မကြာသေးဘူး။ လိမ်ပြောနေရင်း အရင်ကိစ္စတွေပြန်တွေးမိပြီး မျက်ရည်တွေတောင် ဝိုင်းလာသေးတယ်။ မိရိုင်လည်း အလားတူပဲ။

မိရိုင်က လက်မှတ်အရောင်းခုံနားကို ကပ်လာပြီး အရောင်လဲ့နေတဲ့ မျှော်လင့်ချက်မျက်လုံးလေးတွေနဲ့ မော့ကြည့်ပြီးပြောလိုက်တယ်။

"ကျေးဇူးပြုပြီး ကူညီပေးပါနော်။"

ကလေးမလေးနှစ်ယောက်အတွဲကိုကြည့်ရင်း လက်မှတ်အရောင်းစင်တာကအစ်မကြီးလည်း ဝမ်းနည်းလာပြီ။ နောက်တော့ ဝမ်းနည်းပက်လက်နဲ့ နှာတစ်ချက်ရှုံလိုက်ပြီး ရေဒီယိုထဲကို လှမ်းပြောလိုက်တယ်။

"ဟယ်လို... ရထားလမ်းစောင့်ရဲတပ်ဖွဲ့ကလား၊ ဒီမှာ မိဘမပါတဲ့ကလေးနှစ်ယောက် နာဂါနိုကိုပြန်ဖို့အရေးတကြီးလိုနေလို့ တစ်ယောက်ယောက်လိုက်ပို့ပေးလို့ရမလား။"

အရောင်းစာရေးမက မိရိုင်နဲ့ယုဆအတွက် ကလေးလက်မှတ်နှစ်စောင်ကိုထုတ်ပေးရင်း လက်ပြနှုတ်ဆက်လိုက်တယ်။ မကြာခင်မှာပဲ ရထားလမ်းစောင့်ရဲတပ်ဖွဲ့က ဖြစ်ပုံပေါ်တဲ့ အစ်မကြီးနောက်တစ်ယောက်ရောက်လာပြီး သူတို့ကိုကျည်ဆန်ရထားပေါ်ခေါ်သွားတယ်။

"တစ်ခုခုဖြစ်ရင် အစ်မကြီးကိုခေါ်လိုက်၊ ဟုတ်ပြီလား။ ဘာမှမပူနဲ့၊ ရထားပေါ်မှာထူးဆန်းတဲ့လူတွေပါတတ်ပေမဲ့ အများစုက သဘောကောင်းကြပါတယ်။"

ဒီလိုနဲ့ ဘူတာတစ်ခုနှစ်ခုစာလောက်အထိ သူတို့ခရီးက အဆင်ပြေပြေနဲ့ပြီးသွားတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဥစာကီက သူ့ညီမလေးကိုရှာဖို့အတွက် ယာမာဂုချီမိသားစုက လက်ရှိလှုပ်ရှားနိုင်သမျှလူတွေကို ထုတ်သုံးလာတော့တာပဲ။

"ဟေး၊ အသုံးမကျတဲ့ ရာဇဝတ်သားအားပေးတွေနဲ့ယာကူဇာလိုလိုဘာလိုလိုကောင်တွေ။ နင်တို့ဒုတိယသခင်မလေးကို ရအောင်ရှာခဲ့ကြ။ မတွေ့ရင်တော့ နင်တို့ပါ ဂျေးအောင်းရပြီသာမှတ်။"

အခုလွတ်နေတဲ့သူတော်တော်များများက အရင်က မိသားစုထဲမှာ ဘာမှအသုံးမဝင်လို့ ချောင်ထိုးထားရတဲ့သူတွေ။ ရလဒ်အနေနဲ့ ရာဇဝတ်မှုတစ်သီတစ်တန်းကြီးနဲ့ မိသားစုလုံးကျွတ် အဖမ်းခံရတဲ့အခါကျတော့ ကြီးကြီးမားမား ဘာပြစ်မှုမှကျူးလွန်မထားတဲ့အတွက် အာခမံတွေနဲ့ ပြန်လွတ်လာကြတာ။ ဒါပေမဲ့ ခြေထောက်မှာတော့ GPS သံခြေကျင်းကြီးတွေနဲ့မလို့ တစ်ခုခုမသင်္ကါစရာလုပ်မိတာနဲ့ ဂျေးပြန်အောင်းရမှာ။ ဒီအတွက်လည်း ဥစာကီက ရဲဘက်ကိုစာတစ်စောင်ပို့ဖို့ပဲလိုတယ်။

ဒါပေမဲ့ ပြဿနာက အဲဒီလိုအဖွဲ့ဝင်မျိုးကလည်း လူငါးယောက်လောက်ပဲရှိတာ။ ဒီတော့ ခရီးသိပ်မတွင်လှဘူး။ ဒရုန်းဇုန်နဲ့မက်ဒါနာတို့လည်း ကူရှာပေးနေကြပေမဲ့ ဥစာကီရဲ့ဆန္ဒအရ ဟီးရိုးအစည်းအရုံးကိုတော့ ဒုက္ခပေးမနေတော့ဘူး။ သူတို့တွေက နဂိုကတည်းက အလုပ်ရှုပ်နေကြတာကိုး။

တတိယမြောက်ဘူတာရောက်တော့ ယာမာဂူချီက စောင့်ကြည့်ခံ မိသားစုဝင်တစ်သိုက် ရထားပေါ်တက်ရှာကြတယ်။ ဖီးနစ်က နာဂါနိုမှာဆိုတော့ ဥစာကီက ဆရာကိုသွားရှာမယ့် မိရိုင်တို့ဘယ်သွားမလဲသိပြီးသား။ ပြီးတော့လည်း သူတို့ထွက်ပြေးပြီးသိပ်မကြာခင်အချိန်မှာ ထွက်မယ့်ရထားကလည်း အများကြီးမရှိဘူးဆိုတော့ ဘူတာတစ်ခုနှစ်ခုကြိုစောင့်ပြီး ဖြတ်မယ့် ရထားတိုင်းကို တက်ရှာဖို့အမိန့်ပေးထားတယ်။ ဒါကြောင့်မလို့ တိုက်တိုက်ဆိုင်ဆိုင်နဲ့ မိရိုင်တို့ရထားပေါ်ကို ဒီအုပ်စုရောက်လာကြတာပဲ။

မိရိုင်နဲ့ယုဆက သူတို့တက်လာတဲ့အချိန်မှာ ရဲမေအစ်မကြီးဝယ်ကျွေးတဲ့ ရေခဲမုန့်စားနေတာ။ ဝတ်စုံအနက်နဲ့လူတွေလည်းတွေ့ရော ကြံမိကြံရာကြံပြီး ခုန်အောက်တိုးဝင်ဖို့ အကြံရလာပေမဲ့ ဟိုအုပ်စုက သူတို့ကို တွေ့သွားပြီ။

"ဒုတိယသခင်မလေး...."

ဒီတော့ မိရိုင်လည်း ယုဆကိုခွံကျွေးဖို့လုပ်နေတဲ့ ရေခဲမုန့်ဇွန်းကို ယောင်ပြီးပစ်ချမိလိုက်တယ်။ နောက်တော့ ရေခဲမုန့်တစ်ခွက်လုံးကို ပစ်ချလိုက်ပြီး ထအော်တော့တာပဲ။

"အား... ကလေးသူခိုး၊ ကလေးသူခိုးတွေ ရထားပေါ်ရောက်နေပါတယ်ဗျ။"

ဘုန်း....။

နောက်တော့ သူတို့ရထားနောက်တွဲတံခါးပွင့်သွားပြီးရထားတွဲစောင့် ရဲမေမမရဲ့ခေါင်းပြူထွက်လာတယ်။ ကလေးတွေကို အကြံဆိုးကြီးနဲ့ဖမ်းဖို့လုပ်နေတဲ့ ယာကူဇာစတိုင် လူကြီးငါးယောက်ကိုတွေ့တော့ တစ်ခါတည်း ခရာတေးကန်ချက်နဲ့ ခုန်ထွက်လာတော့တာပဲ။

"ကျည်ဆန်ရထားပေါ်တက်ပြီး ကလေးခိုးချင်တာလား၊ ခြေထောက်ပဲရမယ်။"

နောက်တော့ ရဲတွေနဲ့ယာကူဇာတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း မိရိုင်လေးတို့အုပ်စု တခြားရထားတွဲဆီကို ထွက်လာခဲ့ကြတယ်။ မျက်နှာပေါ်မှာတော့ သူများကိုဒုက္ခပေးရလို့ ဝမ်းသာနေတဲ့အပြုံးလေးကိုယ်စီနဲ့။

...

ကမ္ဘာ့တစ်ဖက်ခြမ်း၊ အမေရိကန်မှာတော့။

ဖလေရာက သူ့ကိုယ်ပိုင်အမိုးဖွင့်ကားလေးပေါ်မှာထိုင်လိုက်တယ်။ နောက်တော့ ခလုတ်တစ်ခုကိုနှိပ်ပြီး ကားအမိုးကိုပြန်ပိတ်လိုက်ပါပြီ။ နေ့လယ်ဖက်ကြီးဆိုတော့ အမိုးဖွင့်ထားရင် တအားနေပူတယ်မဟုတ်လား၊ ပြီးတော့ အမိုးဖွင့်ကားကြီးပါလို့ ကြွားစရာကောင်မလေးတစ်ယောက်လည်း အနားမှာရှိမနေဘူးလေ။ အဲဲဒီအစား ဒါရိုက်ဘာခုံဘေးမှာ ရွှေအိုရောင် ချပ်ဝတ်အကြီးကြီးပဲရှိနေတာ။

ဒါပေါ့၊ သူ့အဖိုးရဲ့မက်တယ်ပလာဒင် ချပ်ဝတ်ဟောင်းကြီးလေ။

တကယ်တော့ ဒီချပ်ဝတ်ဟောင်းကြီးကို သူ့အဖိုးဖြစ်တဲ့ ဒေါက်တာ ဟောင်းဝပ် ဘယ်ရီဂရင်းအပြင် ဘယ်သူမှဝတ်လို့မရပါဘူး။ သူကိုယ်တိုင်လည်း ဝတ်လို့မရဘူး။ အကြောင်းက အတွင်းထဲမှာ သက်ရှိလိုမျိုး ကိုယ်တိုင်လှုပ်ရှားနိုင်တဲ့ ဉာဏ်ရည်တုတစ်ခုရှိနေပြီး ဝတ်စုံနဲ့ထိုက်တန်သူကိုသာ ဝင်ခွင့်ပေးပါတယ်။

ဟောင်းဝပ်က ဒီဝတ်စုံကို သူမရှိတော့တဲ့နောက် တခြားတစ်ယောက်က ဆက်ခံပြီး Metal Paladin အဖြစ်နဲ့ ဆက်လက်တိုက်ပွဲဝင်စေလိုတဲ့ ဆန္ဒရှိခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ သူသတ်မှတ်ထားတဲ့စံနှုန်းတွေက သိပ်ကိုမြင့်မားနေခဲ့လို့ပါ။

မက်ဒါနာကိုယ်တိုင်လည်း ဒီဝတ်စုံကိုအနီးကပ်ကြည့်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ Aiစနစ်က အရည်အချင်းမပြည့်မီဘူးလို့ သတ်မှတ်တဲ့အတွက် သူဝတ်လို့မရသလို ဘယ်ရီဂရင်းမိသားစုကလည်း လေ့လာစမ်းသပ်ဖို့အတွက် ခွင့်မပေးခဲ့ပါဘူး။

ဝတ်စုံဉာဏ်ရည်တုကပေးတဲ့ ဆင်ခြေကတော့ Silver Knightရဲ့ တရားမျှတမှုအပေါ်အမြင်ဟာ Metal Paladinကိုသုံးဖို့ မလုံလောက်ဘူးဆိုတာပါပဲ။

"ဟေး... ပလာဒင်၊ SilverKnightတောင် နင့်ကိုသုံးဖို့ အရည်အချင်းမပြည့်မီဘူးဆိုရင် ဘယ်လိုလူမျိုးကမှ နင့်အတွက်အရည်အချင်းပြည့်မီမှာလဲ။"

ဖလေရာက ဝတ်စုံရဲ့ခေါင်းစွပ်ကိုပွတ်လိုက်ရင်း မေးလိုက်တယ်။ ဝတ်စုံရဲ့မျက်လုံးနေရာ ဖန်သားပြင်ကလည်း ပွင့်လာပြီး စက်ရုပ်ဆန်ဆန်အသံထွက်လာတယ်။

"စမ်းသပ်ခဲ့သူအမည် - မင်းလွင်၊

ခွန်အား - 7/10 ကိုက်ညီသည်၊

ဉာဏ်ပညာ - 10/10 အထူးကိုက်ညီသည်၊

တရားမျှတမှုပေါ်အမြင် - 5/10 စိတ်ခံစားချက်များကို ရောထွေးပြီးစဥ်းစားနေပါသည်။ အရည်အချင်းမပြည့်မီပါ။"

"ဒါပေမဲ့ လူသားတွေမှာက ခံစားချက်ဆိုတာရှိတာပဲမဟုတ်လား၊ ဘယ်လိုလုပ်ပြီး အမြဲတမ်းတရားမျှတမှုကိုပဲ ဦးစားပေးနိုင်မှာလဲ။"

"ဟီးရိုးတွေက ခံစားချက်တွေကို နောက်ပယ်ထားဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် တစ်ဘဝလုံးနောင်တရမယ့်အမှားတွေကို ကျူးလွန်မိလိမ့်မယ်။"

ဖလေရာလည်း ကားကိုစက်နှိုးပြီး လမ်းပေါ်တက်လိုက်တယ်။ ဝတ်စုံက သူ့မေးခွန်းကို ဆက်ဖြေနေသေးပေမဲ့ ဖလေရာအရေးမလုပ်တော့ပါ။

ကားလေးက မြို့ပေါ်နဲ့တော်တော်လေးဝေးတဲ့နေရာကို မောင်းထွက်လာခဲ့တယ်။ နယူးယောက်မြို့ပြင်ဖက်မှာ သူဝယ်ထားတဲ့ အိမ်လေးတစ်လုံးရှိတယ်။ ခြံဝန်းကျယ်ကျယ်လေးနဲ့ ဥယျာဥ်ငယ်လေးတစ်ခုပါတယ်။ စျေးတော့နည်းနည်းကြီးပေမဲ့ တစ်ဘဝလုံးစုထားတဲ့ပိုက်ဆံတွေက အဲဒီလိုနေထိုင်ဖို့အတွက်မဟုတ်လား။

မက်ဒါနာပြောတဲ့ မိသားစုဘဝလေးတည်ဆောက်တော့ဆိုတဲ့အကြောင်းကို ဖလေရာတကယ်စိတ်ကူးမိတာတော့အမှန်ပဲ။

"အဲဒီကောင်မစုတ်လေးက မင်းသမီးလို့သာပြောတယ်၊ ဆင်းရဲသားရပ်ကွက်မှာပဲ အဆောင်ငှားနေနေတယ်။ သူပြန်ရောက်လာရင် ငါ့အိမ်လေးကိုခေါ်ပြီး အတင်းနေခိုင်းရမယ်။"

သူမိသားစုဘဝလေးကို စိတ်ကူးယဥ်ကြည့်မိတာနဲ့ မက်ဒါနာအကြောင်းက ရင်ထဲရောက်လာရော။ ဆူဗာနာကို အလည်သွားပြီးကတည်းက မက်ဒါနာကိုမတွေ့ရတာကြာပြီ။ ကမ္ဘာတစ်ဖက်ခြမ်းကိုသွားပြီး စွန့်စားနေတာဆိုတော့ သူလိုက်သွားလို့မရပြန်ဘူး။ တကယ်တော့ အလုပ်ကိစ္စတွေရှိလို့ဆိုတာထက် သူလိုက်သွားရင် ချစ်ရတဲ့သူရဲကောင်းကြီးကို နောက်ပြန်ဆွဲထားသလို ဖြစ်နေမှာဆိုးလို့ပါ။ သူက မတိုက်ခိုက်တတ်ဘူးလေ။

ရုတ်တရက် ဒရိုက်ဘာခုံဘေးမှာရှိနေတဲ့ ရွှေအိုရောင်ချပ်ဝတ်ကြီးက အလိုလိုစလှုပ်ရှားလာတယ်။

"ရန်မူလာသူများကို သတိပြုမိပါသည်။ အလိုလျောက်ခုခံခြင်းစနစ်ကို စတင်မည်။"

"ဘာ...."

အဲဒီနောက်တော့ ဖလေရာခံစားမိလိုက်တာ သူ့ကားကို ဧရာမထရပ်ကားတစ်စီးက ဘေးကနေ ဝင်တိုက်လိုက်တဲ့အတွက် ကျွမ်းပျံသွားတာကိုပါ။

ကားလမ်းပေါ်ကို အမိုးကမျက်နှာမူပြီး ပြုတ်မကျခင် ပလာဒင်ဝတ်စုံအစစ်ရဲ့မျက်လုံးနေရာက တောက်ပလာပြီး ဖလေရာကိုပွေ့ချီကာ ကားထဲက ပျံခုန်လိုက်တယ်။ ဒါကြောင့် အသက်အန္တရာယ်မရှိတော့ဘူး။

ကားကတော့ နောက်ထပ်သုံးလေးပတ်လောက် လိမ့်သွားပြီး ရစရာမရှိတော့ဘူး။ နောက်တော့ ထရပ်ကားပေါ်ကနေ လက်နက်ကိရိယာအပြည့်နဲ့ လူတစ်ဒါဇင်လောက်ဆင်းလာတယ်။

သူတို့အကုန်လုံးက မက်တယ်ပလာဒင် (MP01) ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့အတွက်ကြောင့် ဖလေရာရင်ထဲ ဒိန်းခနဲဖြစ်သွားတယ်။ အစောပိုင်းဝတ်စုံကသာ သူ့ကိုမကယ်ခဲ့ရင် ကားပေါ်မှာတင် တစ်စစီဖြစ်သွားလောက်ပြီ။

မက်တယ်ပလာဒင်မူရင်းချပ်ဝတ်ကတော့ ဖလေရာကို လမ်းပေါ်အသာလေးချလိုက်ပြီး ရှေ့ကနေရပ်ကာကာကွယ်ပေးလိုက်တယ်။

ခဏနေတော့ ဖလေရာရဲ့အင်္ကျီအိတ်ထဲက ဖုန်းမြည်လာတယ်။ သူထုတ်ပြီးကိုင်လိုက်တော့ ဒါရိုက်တာရေဂင်ရဲ့ဖုန်းနံပါတ်ဖြစ်နေတာ တွေ့ရတယ်။

"ဟယ်လို...."

"မင်္ဂလာနေ့လယ်ခင်းပါ၊ မန်နေဂျာဖလေရာ။ ကျွန်တော်ပို့လိုက်တဲ့ လက်ဆောင်တွေကို သဘောကျပါရဲ့လား။"

"ဒီတော့ ဒါတွေက ရှင့်လက်ချက်လား။"

ဖလေရာက သူ့ကိုဝိုင်းထားတဲ့ မက်တယ်ပလာဒင် အနက်ဝတ်တိုက်ခိုက်ရေးသမားတွေကို ကြည့်လိုက်တယ်။ မူရင်းပလာဒင်ဝတ်စုံက စျေးကွက်ဝင် အများအပြားထုတ်လုပ်ထားတဲ့ ခပ်ပေါပေါဝတ်စုံတွေထက် ပိုအင်အားကြီးပေမဲ့ အရေအတွက်နဲ့လွှမ်းမိုးလို့ရပါတယ်။ ပြီးတော့ ဝတ်စုံအတွင်းမှာ လူမပါဘဲ Aiကပဲ မောင်းနှင်နေတာဖြစ်တဲ့အတွက် စွမ်းအားအပြည့်ကို ထုတ်မသုံးနိုင်ပါဘူး။ ဒါကြောင့် သူတို့ဘက်ကအရေးနိမ့်နေတယ်။

"မင်းအဖိုးရဲ့ဝတ်စုံက ဂန္တဝင်ပစ္စည်းတစ်ခုပါ၊ ဒါပေမဲ့အခုခေတ်မှာတော့ တော်တော်လေးမော်ဒယ်အောက်နေပြီလေ။ ကျုပ်တို့ထွင်ထားတဲ့ မက်တယ်ပလာဒင် ကိုင်ဇာကနဲ့ မိတ်ဆက်ပေးပါရစေ။"

ကားပေါ်ကနေ နောက်ထပ်ချပ်ဝတ်နဲ့လူတစ်ယောက် ဆင်းလာပြန်တယ်။ အပြာနဲ့အနီရောစပ်ထားတဲ့ဆေးကို ခြယ်သထားပြီး ဇက်သတ္တုအရောင်ကြောင့် ပြောင်လတ်နေပါတယ်။ ပြီးတော့ လှံတစ်ချောင်းကိုလည်း ကျောမှာသံလိုက်နဲ့ချိတ်ထားသေးတယ်။

"ရှင်တို့က ကျွန်မမသိဘဲ ဗားရှင်းသစ်တစ်ခုကို ခိုးပြီးတီထွင်နေတာလား။ အခုရောဘာလိုချင်ပြန်ပြီလဲ။"

"မင်းမိသားစုလက်ထဲမှာရှိနေတဲ့ ရှယ်ယာတွေကို ငါတို့လက်ထဲအပ်လိုက်ပါ။ ဒါဆိုရင်အသားမနာတော့ဘူးပေါ့။"

ဟိုအရင်ရက်က ဖလေရာဟာ မက်တယ်ပလာဒင်ချပ်ဝတ်ကိုသုံးပြီး ဘုတ်အဖွဲ့ကိုခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဘုတ်အဖွဲ့က ကိုင်ဇာကိုသုံးပြီး ဖလေရာကို ပြန်ခြိမ်းခြောက်လာတယ်။

"သေစမ်း။ ပလာဒင်၊ နင်သူတို့ကို ကိုင်တွယ်နိုင်လား။" ဖလေရာက ဝတ်စုံစနစ်နဲ့ဆက်သွယ်လိုက်ပေမဲ့ ပြန်ရတဲ့အဖြေကတော့ အားမရစရာပါ။

ပလာဒင်က သူ့လက်ကိုကားဖက်ကို ဆန့်လိုက်တယ်။ အတော်လေးမယ့်ပုံပေါ်တဲ့ ရွှေရောင်တူကြီးက ပျံသန်းပြီး သူ့လက်ထဲရောက်လာတယ်။ ဒါက ပလာဒင်ဝတ်စုံရဲ့အဓိကလက်နက် Mjölnirပါ။ မိုးကြိုးအစွမ်းတော့မရှိပေမဲ့ သန့်စင်တဲ့ဇက်သတ္တုမလို့ လေးလံပြီး အဖျက်စွမ်းအားကြီးပါတယ်။

"အနိုင်ရနိုင်ခြေ၊ ၃၉%" ဖလေရာလည်း ဒီနေရာမှာ SilverKnightရှိနေရင်ကောင်းသားလို့ တွေးလိုက်မိတယ်။

၂။

ဖရန့်နိုးလာတော့ ဆေးရုံပေါ်မှာ။ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို ဖြတ်ကျော်ခဲ့ရတဲ့အတွက် သူ့တစ်ကိုယ်လုံး ကိုက်ခဲနေသင့်နေပဲ့ သာမန်အိပ်ရာထလာသူလိုမျိုး ခေါင်းကြည်ပြီး တစ်ကိုယ်လုံးလန်းဆန်းနေတယ်။

သူ့ဆေးရုံခန်းထဲမှာတော့ ပန်းခြင်းတွေအပြည့်နဲ့။ တော်တော်များများက တောင်ကိုရီးယားက ပြည်သူတွေပို့ပေးခဲ့ပုံပဲ။ သူဘာတွေဖြစ်ခဲ့လည်းဆိုတာ ပြန်စဥ်းစားကြည့်မိတော့ စိတ်ထဲမကောင်းသလိုဖြစ်လာတယ်။ သူ့တစ်ကိုယ်လုံးက အားအင်တွေ ချိနဲ့သွားသလိုပဲ။

ဆိုးလ်မြို့ကြီးပျက်စီးသွားပြီ၊ သူ့သူငယ်ချင်းလူကန်နဲ့ ဟီးရိုးတော်တော်များများ သေဆုံးသွားခဲ့တယ်။ လူကန်အကြောင်းနဲ့ သူ့ခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်မှု ကင်းမဲ့သွားစေတဲ့ စွမ်းအားအကြောင်းကိုတွေးမိတော့ သူ့စိတ်ထဲမှာ သည်းမခံနိုင်လောက်အောင် ခံစားလာမိတယ်။

"ငါ့မှာ ဒီလောက်ကြီးမားတဲ့စွမ်းအားတွေရှိနေခဲ့ရင် ဘာဖြစ်လို့ စောစောစီးစီးနိုးထမလာရတာလဲ။"

စိတ်ထင်လို့လားမသိပေမဲ့ သူ့စိတ်ထဲမှာက တစ်စုံတစ်ယောက်ရဲ့ကောက်ကျစ်တဲ့ ရယ်သံကို ကြားမိလိုက်သလိုပဲ။ ခဏနေတော့ တံခါးပွင့်လာပြီး သူနာပြုမိန်းကလေးတစ်ယောက်ဝင်လာတယ်။ သူနိုးနေတာတွေ့တော့ မိန်းကလေးတော်တော်အံ့ဩသွားပုံပဲ။ နောက်တော့ အတော်ဝမ်းသာသွားပုံနဲ့ အခန်းအပြင်ကိုပြန်ထွက်ပြီး တခြားသူတွေကို အော်ခေါ်လိုက်တယ်။

နောက်တော့ ဆရာဝန်တစ်ယောက်နဲ့သူနာပြုတွေအများကြီး အခန်းထဲကိုပြုံဝင်လာပြီး သူ့ကိုစစ်ဆေးကြတယ်။

"ခင်ဗျားသတိမေ့နေတာ ၁၂နာရီကျော်ပြီ၊ ပြန်နိုးလာလို့တော်သေးတယ်။ ကျုပ်တို့က ကိုမာဝင်နေပြီလို့တောင်ထင်နေတာ။"

ဆရာဝန်က အင်္ဂလိပ်လိုရေရေလည်လည်ပြောတတ်တော့ ဖရန့်အတွက်ပြဿနာမရှိဘူး။ လူကန်ရဲ့အခြေအနေကိုမေးတော့ အားလုံးက ခေါင်းခါပြကြတယ်။

"ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ ဟီးရိုးလူကန်က အသက်မရှိတော့ပါဘူး။"ဆိုတာပဲသိရတယ်။ တကယ်တော့ ရှင်သန်ဖို့မျှော်လင့်ချက်သေးသေးလေးတောင်မရှိခဲ့တာ။

သူ့ဆီကိုရောက်နေတဲ့ ပြည်သူတွေဆီကစာတွေလည်းရှိတယ်။ တော်တော်များများက ဆိုးလ်ကိုဖျက်ဆီးခဲ့တဲ့ မိစ္ဆာကောင်ကို သတ်ပေးတဲ့အတွက် ကျေးဇူးတင်စာတွေ။ ဒါပေမဲ့ တချို့အပြစ်တင်စာတွေလည်းပါတယ်။

"ခင်ဗျားက ဒီလောက်အစွမ်းထက်တယ်ဆိုရင် ဘာလို့ဆိုးလ်တစ်ခုလုံးကို တစ်ခါတည်းမကယ်ဘဲ စွမ်းအားတွေလျှိုထားတာလဲ။"

ဒါကတော့ ဆိုးလ်ဖြစ်ရပ်မှာ မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ ကလေးတစ်ယောက်ဆီကစာ။ ဖရန့်ကိုယ်တိုင်လည်း သိချင်နေတာပဲ။ သူဒီလောက်စွမ်းအားကြီးနေရင် ဘာလို့အဲဒီစွမ်းအားကို အစောကတည်းက မသုံးနိုင်တာလဲ။

သူ့စွမ်းအားတွေနဲ့ ဆက်သွယ်ပြီးမေးကြည့်ဖို့ စိတ်ကူးရပြီး ကြိုးစားကြည့်ပေမဲ့ ပန်းသီးလေးရော လိပ်နက်ကြီးပါ နှုတ်ဆိတ်နေကြတယ်။ သူတို့လည်း အနားယူနေတယ်ထင်တယ်။ မြင်းပျံကြီးရဲ့တည်ရှိမှုကိုတော့ လုံးဝအာရုံခံလို့မရတော့ဘူး။

"ဒီတော့ ဆင့်ခေါ်ကောင်တွေက အသတ်ခံရရင် သေနိုင်တာလား။" အရင်က တစ်ခါကမှ ဆင့်ခေါ်ကောင်တွေ တိုက်ပွဲအတွင်းမှာသေဆုံးတာမျိုး ဖရန့်မကြုံဖူးတဲ့အတွက် အခုမှပထမဆုံးသိခွင့်ရခဲ့တာပါ။ အစကတော့ သူ့စွမ်းအားနဲ့ပဲဆိုင်တယ်လို့ ထင်မိတဲ့အတွက် သူအသက်ရှင်နေသမျှ သူတို့မသေလောက်ဘူးလို့ယူဆထားတာပါ။

ဖရန့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိတယ်။ ဒီတော့ သူဒီတိုက်ပွဲမှာ ဆုံးရှုံးလိုက်ရတာ မိတ်ဆွေကောင်းနှစ်ယောက်ပေါ့။

သူနားနေတုန်း အစောပိုင်းက သူနာပြုမလေးထပ်ဝင်လာတယ်။ လက်ထဲမှာတော့ ဆန်ပြုတ်ပန်းကန်လုံးပါတယ်။ သူနာပြုမိန်းကလေးက အင်္ဂလိပ်လိုသေချာပြောတတ်ပုံမရပေမဲ့ သူ့ကိုစားဖို့ခြေဟန်လက်ဟန်နဲ့ ပြောရှာတယ်။

ဖရန့်ဆန်ပြုတ်ကို ဖြည်းဖြည်းချင်းသောက်ဖို့ကြိုးစားပေမဲ့ အကုန်လုံးပြန်အန်ထွက်လာတဲ့အတွက် သူနာပြုမိန်းကလေးက သူ့ကိုကူညီပေးနေရတယ်။

"ဘာဖြစ်တာလဲ... ငါစိတ်ထင်လို့ပဲလား၊ ဘာလို့ဆန်ပြုတ်အရသာက တအားထူးဆန်းပြီး သောက်လို့မရလောက်အောင်ဖြစ်နေရတာလဲ။"

ဒါပေမဲ့ သူ့ကိုယ်သူနေမကောင်းသေးလို့လို့ ဖရန့်ယူဆလိုက်ပြီး တီဗီကလာနေတဲ့ သတင်းကိုပဲကြည့်လိုက်တယ်။ ဖွင့်ထားတာက KBS worldရဲ့သတင်းချန်နယ်ဖြစ်ပြီး ဆိုးလ်ပျက်စီးမှုအကြောင်းကို အပျက်အစီးတွေထဲသွားပြီး ရိုက်ကူးထုတ်လွှင့်နေတာပါ။

တကယ်တော့ KBS ရုံးချုပ်ကလည်း ဆိုးလ်မှာမလို့ပျက်စီးသွားတဲ့အထဲပါတယ်။ ဒီတော့ဆူဝမ်မြို့ဒေသက သတင်းသမားတွေလာရတယ်။ အခုဖရန့်လည်းဆူဝမ်ဆေးရုံမှာ။

"နောက်ဆုံးထုတ်ပြန်ထားတဲ့ အစိုးရမှတ်တမ်းတွေအရ ဖြစ်စဥ်အတွင်းမှာ အပြစ်မဲ့ပြည်သူတစ်သိန်းခွဲနီးပါး သေဆုံးခဲ့ပြီး ငါးသောင်းကျော်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဆိုးလ်တစ်မြို့လုံးကို မြူတန့်သိပ္ပံအဖွဲ့အစည်းရဲ့ဒေါက်တာ Soulက ဖျက်ဆီးခဲ့တာဖြစ်ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ A rank သုံးယောက်နဲ့အတူ အားလပ်ရက်ထွက်လာရင်း ဝင်ရောက်ကူညီပေးခဲ့တဲ့ ပြင်သစ်ရဲ့A rankဟီးရိုးတစ်ယောက်လည်း အသက်ပေးခဲ့ရပါတယ်။ ဂျာမဏီA rank ဟီးရိုး ဖရန့်ကတော့ အစွမ်းကုန်ထုတ်သုံးပြီး ဗီလိန်ကိုအနိုင်ရခဲ့ပေမဲ့ အခုထိဆေးရုံပေါ်မှာ အနားယူနေရဆဲဖြစ်ပါတယ်။"

တောင်ကိုရီးယားက အခုတိုက်ပွဲမှာ တော်တော်ထိခိုက်သွားတယ်။ သူတို့မှာ လက်ကျန်ဟီးရိုးနှစ်ယောက်ပဲကျန်တော့တာ။ သတင်းဌာနကတော့ ဖရန့်ရဲ့ဟီးရိုးရာဇဝင်အကျဥ်းကို အကျယ်တဝင့်ဖော်ပြနေပြီး ဇာတ်လိုက်ကျော်တစ်ယောက်လိုမျိုး ချီးမြှောက်နေပေမဲ့ ဖရန့်ကတော့ ဂုဏ်ယူတယ်လို့မခံစားရဘူး။

ခါတိုင်းဆိုရင် ဒီလိုချီးကျူးမှုမျိုးက လူကန်အတွက်ဖြစ်နေကျ။ အခုတော့ လူကန်မရှိတော့ဘဲ ဒီနေရာက သူ့အတွက်ဖြစ်လာတယ်။

သူ့အကြောင်းသတင်းပြီးတော့ ယခင်မြို့တော်ဖြစ်ဖူးတဲ့ ကွမ်ဂျူးမြို့မှာ ဆိုးလ်မြို့ဖြစ်စဥ်အတွင်း သေဆုံးသူတွေအတွက် ဆုတောင်းပွဲလုပ်နေတဲ့အကြောင်း သတင်းဆက်ပြောတယ်။ ဖရန့်က အဲဒီပွဲကို လက်ညိုးထိုးပြီး သူနာပြုမိန်းကလေးကိုမေးလိုက်တယ်။

"ငါသွားလို့ရမလား။"

သူနာပြုမိန်းကလေးက နားမလည်ပေမဲ့ နားလည်တဲ့ဆရာဝန်ကို အပြေးသွားခေါ်ပေးတာမလို့ တော်တော်လေးအဆင်ပြေသွားတယ်။ သူ့ကျန်းမာရေးကလည်းတည်ငြိမ်နေပြီမလို့ ဆရာဝန်က သွားခွင့်ပြုလိုက်ပြီး သွားရေးလာရေးအတွက် စီစဥ်ပေးတယ်။

သူဆေးရုံကနေအပြင်ကိုထွက်တော့ ဌာနဆိုင်ရာက ကားတစ်စီးရောက်နေပြီ။ ဖရန့်က လမ်းမှာမယ်ရီဘရောင်းဆိုင် ဝင်ခိုင်းလိုက်သေးတယ်။ ဆန်ပြုတ်အရသာက တော်တော်ဆိုးဝါးတာကို။

ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ အမဲသားဘာဂါကလည်း သူ့အတွက်အရသာမရှိပြန်ဘူးဖြစ်နေတယ်။

"တိုက်ပွဲအတွင်းမှာ ငါ့လျှာပျက်စီးသွားတာတော့မဟုတ်ပါဘူးနော်။" သူအအေးသောက်လိုက်တော့လည်း အလားတူပါပဲ။ အေးမြမြခံစားချက်ကလွဲလို့ ဘာအရသာကိုမှ သူမခံစားမိဘူး။

"ဒေါက်တာ... ရုတ်တရက် အရသာပျောက်သွားတဲ့ရောဂါမျိုး ဆေးပညာမှာရှိလား။"

ဖရန့်လည်း သူ့ဘေးမှာထိုင်လျက်ပါလာတဲ့ ဆရာဝန်ကို မေးကြည့်လိုက်တယ်။ ဒီဆရာဝန်က ဆေးရုံကဆရာဝန်ပါပဲ။ သူ့အတွက်အကူအညီရအောင်လို့ လိုက်လာပေးတာ။

"အာ... ကျွန်တော်ကျွမ်းကျင်တဲ့အပိုင်းနဲ့တော့မဆိုင်ပေမဲ့ စိတ်ဖိအားများလို့ အရသာမခံနိုင်တဲ့ရောဂါဆိုတာတော့ရှိတယ်ထင်တယ်။ ခင်ဗျားက သူငယ်ချင်းတစ်ယောက်ကို လောလောလတ်လတ်ဆုံးရှုံးထားတာမဟုတ်လား။"

ဆရာဝန်ရဲ့စကားကြောင့် ဖရန့်လည်းသူ့လက်ထဲက ဘာဂါကိုပြန်ငုံကြည့်လိုက်မိတယ်။ ဘေးချင်းယှဥ်ပြီးတိုက်ခိုက်ခဲ့ရတဲ့ ရဲဘော်ရဲဘက်တစ်ယောက်ကို မကာကွယ်နိုင်လို့ သူခံစားရတဲ့ပြစ်ဒဏ်က အရသာခံနိုင်စွမ်းတစ်ခုတည်းပဲလား။

ဒါပေမဲ့ တစ်ဖက်လူက အသက်ကိုဆုံးရှုံးခဲ့ရတာမဟုတ်ဘူးလား။ ဒါက အပြစ်ဒဏ်တစ်ခုအနေနဲ့ဆို သိပ်ကို သက်ညှာလွန်းရာကျတယ်။

...

တိုက်ခိုက်နေတဲ့အချိန် သိပ်မကြာသေးခင်မှာပဲ မူလပလာဒင်ဝတ်စုံဟာ အောက်စည်းကိုရောက်လာပါတယ်။ ကိုင်ဇာဝတ်စုံဟာ အတော်အားကောင်းတယ်လို့ ဆိုရမှာပါ။ လက်ထဲမှာ ဓားကောက်နှစ်လက်ကိုကိုင်ထားပြီး ပလာဒင်မူရင်းဝတ်စုံကို အားကုန်ဖိနှိပ်နေတယ်။

ပလာဒင်က ဧရာမတူကြီးနဲ့ ကိုင်ဇာကိုထုချဖို့ကြိုးစားတယ်။ ဒါပေမဲ့ကိုင်ဇာက လျင်မြန်စွာရှောင်လိုက်တဲ့အတွက် လမ်းမကြီးအက်သွားတာပဲအဖက်တင်တယ်။ ကိုင်ဇာကတော့ ပလာဒင်ဝတ်စုံရဲ့ရင်ဘတ်ကို ဓားနှစ်လက်နဲ့ခုတ်ချလိုက်တဲ့အတွက် မီးပွားတွေဖွာထွက်လာပြီး နောက်ကိုခြေလှမ်းနှစ်ဆယ်စာလောက် လွင့်ပျံသွားတယ်။ ပလာဒင်က သန်မာပါတယ်၊ ဒါပေမဲ့ကိုင်ဇာက အားသန်တဲ့အပြင် ပိုလည်းမြန်တယ်။

ဖုန်းပြောနေတဲ့ ရေဂင်စီနီယာကတော့ ဖြစ်နေတဲ့အခြေအနေကို ကြိုတင်မှန်းဆမိဟန်နဲ့ရယ်မောလိုက်တယ်။

"ဟားဟားဟား... မင်းရဲ့ဝတ်စုံက တော်တော်ခေတ်နောက်ကျနေပြီ။ အထဲကဉာဏ်ရည်တုက အခြေခံတိုက်ခိုက်နည်းတွေကိုပဲ လိုက်လုပ်နိုင်တာ။ ကိုင်ဇာကတော့ Krabi-krabong ကိုယ်ခံအားကစားနည်းကို အဆင့်ကုန်ပရိုဂရမ်သွင်းထားတာ။ ဒါကြောင့်ခွန်အားသက်သက်အားကိုးတဲ့ သာမန်ဝတ်စုံတစ်စုံက အနိုင်မရနိုင်ဘူး။

"....." ကိုယ်ခံအားကစားနည်းတွေကို ဉာဏ်ရည်တုကိုသင်ပေးတာ နည်းပညာသစ်တစ်ခုတော့မဟုတ်ဘူး။ မက်ဒါနာလည်း သူ့ဝတ်စုံအတွက် သိုင်းပညာပေါင်းစုံကို ရောနှောပြီးအသုံးပြုနေတာပါ။ တကယ်တော့ ကိုင်ဇာဝတ်စုံက ခရာဘီခရာဘောင်တစ်ခုတည်းကို သုံးနေတဲ့အတွက် နည်းနည်းတောင်ဒိတ်အောက်နေသေးတယ်။

ခရာဘီခရာဘောင်က ထိုင်းသိုင်းပညာတစ်မျိုးဖြစ်ပြီး ဓားနှစ်လက်ဒါမှမဟုတ် တုတ်နှစ်ချောင်းကိုင်ပြီး တိုက်ခိုက်တဲ့နည်းစနစ်ပါ။ တစ်ခါတလေတော့ ဓားအိမ်နဲ့ဓားကို တွဲပြီးသုံးတတ်တယ်။ ထိုင်းဗားရှင်းဗန်ရှည်ပညာလို့လည်း ခေါ်ကြပါတယ်။ အတော်လေးစွမ်းတယ်ဆိုတာတော့ ငြင်းစရာမရှိဘူး။

ဒီနည်းပညာက အထူးအဆန်းမဟုတ်တော့ပေမဲ့ လောလောဆယ် ပလာဒင်ဝတ်စုံအတွက်တော့ ဘက်မဟုတ်တော့ပါဘူး။ ဖလေရာအတွက်လည်း စိတ်ထဲမှာ မအေးချမ်းနိုင်ဖြစ်လာတယ်။ အရင်က နည်းပညာမြူတန့်တွေသာ B အဆင့်အထက်ဝတ်စုံတွေကို ဖန်တီးနိုင်တာပါ။ အခုတော့ ရေဂင်သားအဖမှာ A အဆင့်ဝတ်စုံတစ်ခုရှိနေပြီ။ ဒီနောက်ကွယ်မှာ ရေဂင်တွေပဲရှိနေတာမဟုတ်မှန်းတော့ သိသာပါတယ်။

လက်တလောဖြစ်နေတဲ့ မြူတန့်ကိစ္စတွေနဲ့စဥ်းစားတွေးကြည့်ရင် အစိုးရလက်တံတွေပါဝင်နေဖို့က အဖြစ်နိုင်ဆုံးပဲ။

"ကဲ ဘယ်လိုလဲ၊ နာနာခံခံနဲ့ ရှယ်ယာတွေလွဲပေးမလား။ ဒါမှမဟုတ် ဒီနေရာမှာပဲ လူမသိသူမသိနဲ့သေမလား။"

ကိုင်ဇာဝတ်စုံက ပလာဒင်ဝတ်စုံရဲ့ရင်ဝကို ခြေထောက်နဲ့ ဆောင့်ကန်ပစ်လိုက်တယ်။ ပလာဒင်ဝတ်စုံက ဟောင်းနွမ်းနေပြီဖြစ်လို့ Void Stream နည်းပညယသုံးမဟုတ်ပါဘူး။ ဝတ်စုံအတွင်းမှာ လူရှိမနေတဲ့အတွက် သမရိုးကျ ဟိုက်ဒရောလစ် အစိတ်အပိုင်းတွေနဲ့ပဲ ချိတ်ဆက်ထားတာပါ။ ဒါကြောင့် လူဝင်ထားတဲ့ဝတ်စုံထက် ပိုပေါ့နေပြီး ခိုင်မာမှုအပိုင်းမှာလည်း လူဝင်ထားတဲ့ဝတ်စုံလောက်မပြည့်စုံပါဘူး။ ဒါကြောင့် ခါးကနေပြတ်ထွက်ပြီး မြေပေါ်ပုံကျသွားတယ်။

"မစ်ရှင်... ကျဆုံး...." အဲဒီစကားသံနဲ့အတူ ဝတ်စုံရဲ့ဉာဏ်ရည်တုက အလိုလိုပိတ်သွားတယ်။

ဖလေရာလည်း နောက်ကိုဆုတ်လိုက်ပေမဲ့ အချည်းအနှီးပါပဲ။ သူ့ကို ကိုင်ဇာဝတ်စုံနဲ့ပလာဒင် MP1 တွေက ဝိုင်းထားနှင့်ပြီ။

"မင်းက အလွယ်တကူမပေးတော့လည်း မင်းကိုဖမ်းပြီးတော့ သက်သေခံလက်ဗွေယူရသေးတာပေါ့။"

ကိုင်ဇာဝတ်စုံက လက်ထဲကဓားနဲ့ ဖလေရာကိုထိုးချိန်ရင်း ပြောလိုက်တယ်။ ဒါပေမဲ့ ဖလေရာကတော့ စိတ်ထဲမှာ ဆုံးဖြတ်ပြီးနေပါပြီ။

"ရှင်တို့ကို ကုမ္ပဏီလွှဲပေးမယ့်အစား သေလိုက်တော့မယ်။" အဲဒီနောက် ဓားဦးဆီကိုဦးတည်ပြီး ပြေးဝင်လိုက်တယ်။

သူ့အကြံက ရန်သူတွေ သူ့ကိုအကျပ်မကိုင်နိုင်ခင် အရင်သေပစ်လိုက်ဖို့ပါ။ ဒါပေမဲ့ အေးတိအေးစက်လက်တစ်ဖက်က သူ့ပခုံးကိုဆုပ်ကိုင်လိုက်တဲ့အတွက် သူရှေ့ဆက်တိုးလို့မရတော့ဘူး။

"ဒီလူ့အမှိုက်တွေအတွက်နဲ့ မင်းကိုယ်မင်းသတ်သေခွင့်ပေးလိုက်ရင် လောကကြီးက မတရားဘူးဖြစ်သွားလိမ့်မယ်။"

အဲဒီနောက်တော့ ဖလေရာမြင်လိုက်ရတာက ရဲရဲနီတဲ့သွေးတွေပါ။ သွေးစတချို့က သူ့မျက်နှာကိုလာစင်တယ်။ သူသတိဝင်လာတော့ ကိုင်ဇာဝတ်စုံရဲ့ရင်ဘတ်ဟာ ထုတ်ချင်းပေါက်နေပြီး လူတစ်ယောက်ရဲ့လက်က သူ့ကျောနောက်ကနေ ပြန်ထွက်လာတယ်။ ချပ်ဝတ်ကိုထိုးဖောက်ဖို့ သူသုံးခဲ့တဲ့နည်းလမ်းက သာမန်ခရာတေးပညာရပ်တစ်ခုဖြစ်တဲ့ ဓားသဏ္ဍာန်လက်သီးဟန်ပါ။

"ဇက်သတ္တုကို လက်ဗလာနဲ့ထိုးခွဲပစ်လိုက်တယ်။ ဒါတကယ်ရော ဖြစ်နိုင်ရဲ့လား။"

နောက်ထပ်မြင်လိုက်ရတာက ရန်သူ့သွေးတွေနဲ့ခြယ်သထားတဲ့ အဲဒီသူရဲ့မျက်နှာမှာ သွေးဆာတဲ့အပြုံးပေါ်လာတာကိုပါ။ နောက်တော့ သူ့ကျောမှာရှိနေတဲ့ နတ်ဆိုးဆန်ဆန် တောင်ပံတစ်စုံ။

အဲဒီလူက လက်ကိုကိုင်ဇာဝတ်စုံထဲက ပြန်ထုတ်လိုက်တော့ ကိုင်ဇာဝတ်စုံဝတ်ထားတဲ့သူလည်း မြေပေါ်ကိုလဲကျသွားတယ်။ ဖလေရာကတော့ သွေးစွန်းတဲ့မြင်ကွင်းကို အခုထိကြောင်ကြည့်နေမိတုန်းပဲ။

တောင်ပံနက်နဲ့လူက မြေပေါ်မှာကျနေတဲ့ ပလာဒင်ဝတ်စုံခေါင်းစောင်းကို ခြေနဲ့သိမ်းကန်ပြီး ဖလေရာရှေ့ရောက်အောင် ပို့လိုက်တယ်။

"မင်းဒီဝတ်စုံကို ဘယ်တုန်းကမှ ကိုယ်တိုင်စမ်းမဝတ်ကြည့်ဖူးဘူးမဟုတ်လား။ အခုဝတ်ကြည့်ဖို့အချိန်တန်ပြီ။"

ဒါပေမဲ့ ဖလေရာတွန့်ဆုတ်နေမိတုန်းပဲ။ "ဒါပေမဲ့ SilverKnightတောင် ဒီဝတ်စုံနဲ့မထိုက်တန်ခဲ့ဘူးလေ။"

ကိုင်ဇာဝတ်စုံနဲ့လူသေသွားပေမဲ့ ပလာဒင်အနက်ဝတ်တွေကတော့ နောက်ပြန်မဆုတ်သေးဘူး။ ပုံမှန်ပလာဒင်တွေနဲ့မတူတာက သူတို့လက်ထဲမှာ အနက်ရောင်လှံတွေကိုင်ထားပြီး လှံဖျားက ဇက်သတ္တုမဟုတ်ပေမဲ့ အထူးသတ္တုစပ်တစ်မျိုးကိုသုံးထားတဲ့အတွက် အင်မတန်ချွန်ထက်တယ်။

သူတို့တွေကို ရေဂင်စီနီယာက ဖလေရာမပါရင်ပြန်မလာဖို့ အမိန့်ပေးထားပြီးသားပါ။ ပြီးတော့ အသစ်ရောက်လာတဲ့သူက အစွမ်းထက်ပုံပေါ်ပေမဲ့ တစ်ယောက်တည်းဖြစ်ပြီး သူတို့က လူပိုများပါတယ်။

တောင်ပံနက်က ရှေ့တက်လာတဲ့ ချပ်ဝတ်နက်တချို့ကိုစိုက်ကြည့်လိုက်ပြီး သူ့လက်ထဲက ခရမ်းရောင်မီးတောက်တွေနဲ့ တစ်ယောက်ကိုပစ်ခတ်မီးရှို့လိုက်တယ်။ အဲဲဒီနောက် သူက ဖလေရာကိုပြန်လှည့်ကြည့်ပြီး ပြောလိုက်ပါပြီ။

"မင်းဝတ်မှာလားမဝတ်ဘူးလား... ငါက မင်းကိုဒီတစ်ကြိမ်ကယ်လိုက်လို့ရတယ်၊ ဒါပေမဲ့ နောင်အနာဂတ်မှာရော မင်းကိုကယ်မယ့်သူလာမယ့်အချိန်ထိ ထပ်စောင့်နေဦးမှာလား။ ကံဆိုတာ နှစ်ခါမကောင်းတတ်ဘူး။"

"....." ဘယ်ကမှန်းမသိရောက်လာတဲ့ လူစိမ်းရဲ့စကားကြောင့် ဖလေရာရင်ထဲမှာ တစ်မျိုးတစ်မည်ခံစားလိုက်ရတယ်။

တကယ်တော့ သူကြောက်နေခဲ့မိတာ။ ဝတ်စုံက သူ့ကိုငြင်းလိုက်မှာကိုပေါ့။

ဟောင်းဝပ် ဘယ်ရီဂရင်းက ဖလေရာ ဘယ်ရီဂရင်းရဲ့တကယ်လေးစားရတဲ့ စံပြတစ်ဦးပါ။ သူ့ရဲ့အဖိုးဖြစ်သလို ငယ်ငယ်လေးကတည်းက ပြုစုစောင့်ရှောက်ခဲ့သူလည်းဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ သူအလေးစားရဆုံး သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လေ။

ဟောင်းဝပ်ရဲ့ရုတ်တရက်ဆန်တဲ့ နှုတ်ဆက်ထွက်ခွာမှုကို ဖလေရာမယုံနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း ပလာဒင်ကုမ္ပဏီကို သူ့အသက်နဲ့ရင်းပြီး စောင့်ရှောက်နေခဲ့တာပေါ့။

ဖလေရာကြောက်မိတယ်၊ သူ့အဖိုးရဲ့ဝတ်စုံက သူ့ကိုငြင်းပယ်လိုက်မယ်ဆိုရင် သူ့အဖိုးက သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့တည်ရှိမှုတစ်ခုလုံးကို အသိအမှတ်မပြုဘူးလို့ ဆိုလိုတဲ့သဘောပဲမဟုတ်လား။ ဒါကြောင့်မလို့ တစ်ခါမှ မကြိုးစားခဲ့တာ။

ဒါပေမဲ့... ဒီနေ့တော့။

မလုပ်လို့မဖြစ်တော့ဘူး။

ငါ့မှာစွမ်းအားမရှိတာကြောင့် SilverKnightကို မကူညီနိုင်ခဲ့ဘူး။ ငါ့မှာစွမ်းအားမရှိတာကြောင့် ငါ့ရဲ့အခက်အခဲတွေကို ကိုယ်တိုင်မဖြေရှင်းနိုင်ခဲ့ဘူး။ ငါ့မှာစွမ်းအားမရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ်မကာကွယ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ ငါ့ကိုယ်ငါကာကွယ်နိုင်ရမယ်။

ဖလေရာက စိတ်ဆုံးဖြတ်လိုက်ရင်း သူ့အဖိုးရဲ့ဝတ်စုံခေါင်းစောင်းကို မြေပြင်ကနေ ကောက်လိုက်တယ်။ အဲဒီနောက် မျက်လုံးကိုမှိတ်ပြီး သူ့ခေါင်းမှာစွပ်လိုက်တယ်။

ရင်းနှီးနေတဲ့ ရွှေအိုရောင်စာသားတွေနဲ့ဖန်သားပြင်က ထွက်ပေါ်လာတယ်။

[ဝတ်ဆင်သူကို စစ်ဆေးနေပါသည်။

အမည် - ဖလေရာ ဘယ်ရီဂရင်း

လက်ရှိစိတ်အခြေအနေ - စိုးရိမ်နေ

ခွန်အား - ၃/၁၀ နိမ့်ပါး။

ဉာဏ်ပညာ - ၅/ ၁၀ အဆင့်မမီသေးပါ။

တရားမျှတမှု - ၄/၁၀ နိမ့်ပါး။

ဝတ်စုံဝတ်ရန် အဆင့်မမီပါ။]

ဖလေရာရဲ့မျက်လုံးထဲမှာ မျက်ရည်တွေဝိုင်းလာတယ်။ "ကြည့်ရတာ ငါ့ကိုငြင်းလိုက်ပြီထင်တယ်။"

စိတ်ပျက်စွာနဲ့ သူ့ခေါင်းစွပ်ကို ပြန်ချွတ်ဖို့ပြင်လိုက်ပေမဲ့ ဖန်သားပြင်က ဆက်သွားနေတုန်းပဲ။

[ ဝတ်စုံလက်ရှိပိုင်ရှင် - ဖလေရာ ဘယ်ရီဂရင်း (ယခင်ပိုင်ရှင်၏ သေတမ်းစာအရ ဝတ်စုံကိုဥပဒေအရပိုင်ဆိုင်ခွင့်ရှိ။)]

[စနစ်ကို အသုံးပြုခွင့်ရှိပါသည်။]

[စနစ်ကို စတင်နေပါပြီ။]

"သေတမ်းစာ... အဖိုးက သေတမ်းစာမထားခဲ့ဘူးမဟုတ်လား။ ဘယ်လိုလုပ်ပြီး ဒီမှာသေတမ်းစာရှိတယ်လို့ ပြောနေရတာလဲ။"

ဝတ်စုံရဲ့ဉာဏ်ရည်တုက ပြောနေတဲ့စကားတွေကို ဖလေရာနားမလည်ပါ။ ဒါပေမဲ့ ဝတ်စုံက သူ့ကိုသုံးခွင့်ပေးလိုက်ပြီဆိုတာတော့ သူနားလည်ပါတယ်။

"ဝတ်စုံအသင့်ပြင်...."

[တာဝန်ကို လက်ခံဆောင်ရွက်နေပါပြီ။]

ဖလေရာရဲ့အမိန့်ကိုကြားတာနဲ့ ဝတ်စုံရဲ့ကျန်တဲ့အစိတ်အပိုင်းတွေက ပြန်တုံ့ပြန်လာတယ်။ ဝတ်ရုံရဲ့ကိုယ်အပေါ်ပိုင်းနဲ့အောက်ပိုင်းနှစ်ခုလည်းက သံလိုက်စွမ်းအားကိုသုံးပြီး အလိုလိုလာပေါင်းစပ်တယ်။ အလားတူပဲ ဧရာမတူကြီးကလည်း လက်ထဲပြန်ရောက်လာပါပြီ။

"ငမိုက်သားတွေကို ထုချေပစ်မယ်။" ဖလေရာလည်း ဝမ်းသာသွားပြီး သူ့အဖိုးဟီးရိုးလုပ်စဥ်က ပြောခဲ့တဲ့စကားတစ်ခွန်းကို ထုတ်ပြောရင်း တူကြီးကိုမြှောက်ကာ တိုက်ပွဲထဲပြေးဝင်သွားတယ်။ ဒါပေမဲ့ တောင်ပံနက်နဲ့လူကတော့ အမှောင်ထုကိုအသုံးပြုပြီး တိုက်ပွဲထဲကနေ မသိမသာထွက်ခွာသွားခဲ့ပါပြီ။

"ကြည့်ရတာ အဆင်ပြေသွားပုံပဲ၊ သခင်မပေးထားတဲ့ နောက်တာဝန်တစ်ခုပြီးသွားပြီ။ အရာရာတိုင်းက သခင်မစီစဥ်ထားတဲ့အတိုင်းပါပဲ။" ယာမီက ထွက်မသွားခင် တစ်ကိုယ်တည်းရေရွတ်လိုက်တယ်။

၃။

ဖရက်မှာ စတိုင်ကျကျ ဘဏ္ဍာစိုးဝတ်စုံကိုဝတ်ထားရပြီး မနေတတ်မထိုင်တတ်ဖြစ်နေသည်။

သူတို့ရောက်နေသည့်နေရာက အတော်လေးထူးခြားသည့်နေရာဖြစ်သည်ဟု ဆိုရာမည်ဖြစ်ပြီး လှတပတမိန်းကလေးများက အိမ်စေမလေးဝတ်စုံများကို ဆင်တူဝတ်ထားကြပြီး ဆိုင်သို့လာရောက်စားသောက်ကြသူများအတွက် အကောင်းဆုံးဧည့်ခံပေးနေကြ၏။

မှန်ပေသည်၊ သူအခုရောက်နေသည့်နေရာက အိမ်စေကဖေးပါ။ ပြီးတော့ သူက တံခါးဝမှာရပ်ပြီး ဧည့်ကြိုလုပ်နေရတယ်။

"ဟေး၊ ဒီအပေါက်ဝက အစ်ကိုကြီးကိုကြည့်ဦး။ Will Smithငယ်ငယ်ကနဲ့မတူဘူးလား။ အစ်ကိုကြီး၊ ဓာတ်ပုံတွဲလိုက်လို့ရမလား။"

ပုံမှန်အားဖြင့် အိမ်စေကဖေးဆိုင်များသို့ ယောက်ျားလေးများသာ လာတတ်သော်လည်း အခုတော့ ခပ်ချောချောဘဏ္ဍာစိုးတစ်ယောက် အပေါက်ဝမှာရပ်စောင့်နေသဖြင့် မိန်းကလေးများပါ စိတ်ဝင်တစားဖြင့် စားစရာများဝင်မှာနေကြသည်။

ဆိုင်ငွေသိမ်းကောင်တာတွင်တော့ ဘုရင်ကြီးတစ်ပါးလိုထိုင်နေသည့် သားရေဘွတ်ဖိနပ်၊ ငှက်မွှေးထိုးဦးထုပ်နှင့်ကြောင်နက်ကြီးကို တွေ့နိုင်ပေ၏။

"အဲဒါပဲ ကောင်လေးရ၊ ယောက်ျားလေးတစ်ယောက်မှာ ရုပ်ရည်ယူပကာချောမောဖို့ထက် အရေးကြီးတာက ဩဇာကြီးမားတဲ့ရုပ်မျိုးရှိဖို့ပဲ။ ငါ့ကိုကြည့်၊ ငါက ဘုရင်ကြီးတစ်ပါးလိုထိုင်နေတုန်း မင်းက ဘဏ္ဍာစိုးလုပ်နေရတာလေ။"

တကယ်လည်း ဆရာကြောင်ကို အိမ်စေမလေးနှစ်ယောက်က ဘုရင်ကြီးတစ်ပါးလိုမျိုး သားမွှေးတွေကို သေသေသပ်သပ်ဖြစ်အောင် ဖြီးသင်ပေးလိုက်၊ ညောင်းမှာစိုးသဖြင့် ဇက်ကြောဆွဲပေးလိုက်နှင့် ဇိမ်ကျနေပေသည်။

"ဒီကြောင်ကို စွမ်းအားကြီးလို့ အားကိုးရမယ်ထင်ထားတာ၊ တန်တော့ နှာဘူးကျပြီးကြွားတတ်တဲ့ ငနှဲဖြစ်နေတာပဲ။" ဖရက်က အိမ်စေမလေးများကိုစနေသော ကြောင်သခင်ကြီးကို မကြည်သလိုတစ်ချက်ကြည့်လိုက်၏။ သူကျတော့ ဘာလို့ဒီလိုအခွင့်အရေးမျိုးမရဘဲ အလှပြတဲ့အရုပ်လိုမျိုး ဒုက္ခခံနေရတာလဲ ဖရက်နားမလည်။

သူတို့စကားပြောနေတုန်း ဆိုင်နောက်ဖက်မှ အသက်နှစ်ဆယ်ကျော်ခန့်သာရှိမည့် ကျက်သရေရှိရှိလှပသော အမျိုးသမီးတစ်ယောက်ထွက်လာသည်။ အသားက ညိုညိုဖြစ်ကာ ချက်ပေါ်အင်္ကျီကိုဝတ်ထားပြီး ဆံပင်ပုံစံကလည်း အီဂျစ်ဘုရင်မ ကလီယိုပတ်ထရာဆံပင်မျိုးထားထား၏။ သူ့ကိုမြင်သည်နှင့် ဆိုင်ထဲမှ အိမ်စေမလေးများက နှုတ်ဆက်လိုက်ကြသည်။

"ကောင်းသောနံနက်ခင်းပါ၊ ဆိုင်ရှင်မမလေး။" ထိုမိန်းကလေးပုံစံက သာမန်လူနှင့်တော့မတူ။ တင်ပါးနားမှ တကယ့်ကြောင်အမြီးတစ်ချောင်းရှည်ထွက်နေပြီး လမ်းလျှောက်လိုက်တိုင်း လှုပ်ယမ်းသွားသည်။ ခေါင်းပေါ်တွင်တော့ ကြောင်နားရွက်အစစ်များရှိနေပြီး လူတွေနားရွက်ရှိသင့်သည့်နေရာကတော့ ပြောင်ချောကြီးဖြစ်နေ၏။ ကြောင်တစ်ဝက်အမျိုးသမီးက သခင်ကြီးကြောင်ကိုကြည့်ရင်း ပြောလိုက်သည်။

"အာယာ့၊ အဖေရေ။ ကောင်လေးကို သိပ်စမနေနဲဦး တော်ကြာထွက်ပြေးသွားလို့ သမီးဆိုင်မိတ်ပျက်နေဦးမယ်။"

"အမယ်၊ ငါက သူ့သခင်လေ။ သခင်လုပ်တဲ့သူက ကိုယ့်အိမ်မွေးလူကို နည်းနည်းပါးပါးဆုံးမလို့ရတယ်မဟုတ်ဘူးလား။"

သို့သော်လည်း ကိုယ့်ကိုယ်ကိုယ်ဆရာကြောင့်သမီးဟု ကြေညာထားသော ကြောင်တစ်ဝက်မိန်းကလေးက ဆရာကြောင့်စကားကို နားထောင်မည့်ပုံမပေါ်ဘဲ အနားကပ်လာပြီး နားရွက်ကိုဆောင့်ဆွဲလိုက်သည်။

"အား... အား... နာတယ်ဟ..."

"ဒီမယ်အဖိုးကြီး၊ ရှင်က ကျွန်မကိုမွေးပြီးတည်းက အမေနဲ့ကျွန်မကို အာဖရိကတောနက်ထဲမှာထားခဲ့ပြီး တစ်ခေါက်မှပြန်လာကြည့်တာမဟုတ်ဘူးလေ။ ခုကျမှ ကျွန်မဆိုင်ကို ညဖက်ကြီးပေါက်ချလာပြီး ထောင်ကနေ ထွက်ပြေးလာတာမလို့ ကူညီပါဦးလို့ အပူကပ်တာလေ။ ရှင်ကြီးနဲ့ကျွန်မသာ သားအဖမဟုတ်ရင် ဟီးရိုးလက်အပ်လိုက်ပြီ။ ဒီတော့ ခိုင်းတာကိုလုပ်၊ ပြောတာကိုနားထောင်၊ အိမ်မွေးကောင်လေးနဲ့ပဲ ကစားမနေနဲ့။"

ဖရက်: "ငါဘယ်တုန်းက အိမ်မွေးလူသားဖြစ်သွားတာလဲ။"

အခုဖြစ်နေသည့် ကိစ္စရပ်များအားလုံးက လွန်ခဲ့သည့် နှစ်ရက်ခန့်က သူတို့ထောင်ဖောက်ပြေးသည့်ကိစ္စနှင့် အကြီးအကျယ်ပတ်သက်ဆက်နွယ်လျက်ရှိသည်။

ပြေးစရာမရှိသည့်အဆုံး သခင်ကြီးကြောင်က သူ့ကွာရှင်းထားသည့် မိန်းမဟောင်းနှင့်ရသော သမီးလေးထံ အကူအညီတောင်းရန်ဆုံးဖြတ်လိုက်ပြီး နှာခေါင်းဖြင့်အနံခံကာ ယခုနေရာအထိရောက်လာကြခြင်းဖြစ်သည်။

သခင်ကြောင်အဆိုအရ သူ့ယခင်မိန်းမမှာ လူသားအသွင်ပြောင်းနိုင်သည့် ကြောင်မြူတန့်တစ်ကောင်ဖြစ်ပြီး မွေးလာသည့်သမီးလေးကလည်း လူပုံစံပြောင်းနိုင်စွမ်းရှိသည့် ကြောင်တစ်ကောင်ဖြစ်လာသည်။ အစပိုင်းကတော့ ဖရက်က အဲဒီကောင်မလေးကို ကြောင်တစ်ကောင်လို့နည်းနည်းလေးမှမယုံ။

သို့သော်လည်း ထိုကောင်မလေးက အိပ်ချင်ရင် ကြောင်ပုံစံပြောင်းအိပ်သဖြင့် ယုံလိုက်ရတော့သည်။ ကြောင်သခင်ကြီးရှင်းပြတော့လည်း အလွယ်သား။

"မင်းတို့လူသား အသွင်ပြောင်းမြူတန့်တွေတောင် လူကနေ သားရဲအဖြစ်ပြောင်းနိုင်သေးတာ၊ ငါတို့ကြောင်အသွင်ပြောင်းမြူတန့်တွေက ဘာကိစ္စလူအဖြစ်မပြောင်းနိုင်ဘဲ နေရမှာလဲ။"

"....."

သို့နှင့်သမီးနှင့်မိန်းမကိုပစ်ပြီး သောင်းကျန်းချင်တိုင်းသောင်းကျန်းမိသဖြင့် ထောင်ကျနေသော အသုံးမကျသည့်အဖေမှာ သမီးလေးကို ခုမှလာအကူအညီတောင်းသလိုဖြစ်နေသဖြင့် သမီးလေးအလိုကျ ခိုင်းသမျှလုပ်နေရ၏။ သခင်ကြောင်၏ လူသားအိမ်မွေးကောင်လေး ဖရက်ကလည်း အလိုလိုအဆစ်ပါသွားတော့သည်။

ကြောင်သခင်ကြီးက သူ့လက်ထဲတွင် လက်တော့အသေးလေးတစ်ခုကိုကိုင်ထားပြီး Dark Web၏ အနက်ဆုံးအပိုင်းများထဲသို့ ဝင်ကြည့်နေရင်း Post တစ်ခုကိုမြင်သွားသဖြင့် ပြုံးလိုက်၏။

"အမယ်၊ ဗီလိန်ညီလာခံဆိုပါ့လား။ ဒီသခင်ကြီးမပါရင် ဘယ်လိုလုပ်ပွဲစည်မှာတုန်း။ သေချာပေါက်သွားရမယ်။"

...

မက်တယ်ပလာဒင်ဝတ်စုံထဲကို ဖလေရာဝင်ပြီးတာနဲ့ တိုက်ပွဲအခြေအနေက လျင်လျင်မြန်မြန်ကို ပြောင်းသွားတော့တာပဲ။ အကြောင်းအရင်းက ကိုင်ဇာဝတ်စုံကလွဲရင် ကျန်တဲ့လူတွေအားလုံးက C rank တွေကိုး။ ဒီတော့ တိုက်ပွဲအတွေ့အကြုံသိပ်မရှိတဲ့ ဖလေရာတောင်မှ သူတို့ကို လွယ်လွယ်ကူကူအနိုင်ယူလို့ရနိုင်တယ်။

တစ်ယောက်တစ်ချက်စီ တူနဲ့လိုက်ထုရုံပဲ။ နာရီဝက်လောက်ကြာတော့ အကုန်မှောက်ကုန်ပြီ။ ဖလေရာကသူတို့ဆီကနေ ပစ္စည်းသက်သေ လူသက်သေယူဖို့လည်းမမေ့ခဲ့ဘူး။

ရေဂင်တို့အုပ်စုက သူ့ကိုပြဿနာရှာချင်ရုံပဲဆိုပေမဲ့ အခုတော့ သက်ရောက်မှုက ပြောင်းပြန်ဖြစ်သွားပြီး သူတို့ရှူးသူတို့ပတ်တော့မယ်။

ဖက်ဒရယ်တရားရုံးကိုသာ ရေဂင်အုပ်စုက လူတစ်ယောက်ကို လက်နက်အပြည့်ပါတဲ့တပ်ဖွဲ့နဲ့ သတ်ဖို့ကြံတဲ့အကြောင်း သတင်းရောက်သွားကြည့်၊ သူတို့ကို သမ္မတတောင်ဆင်းမကယ်နိုင်ဘူး။

အဲဒီနေ့ညနေမှာပဲ ဖလေရာက သူရထားတဲ့ဝတ်စုံတွေ၊ ဖမ်းမိထားတဲ့လူတွေအားလုံးကို ရဲအရာရှိလင်ဒါဆီ သွားအပ်လိုက်တယ်။ သူတို့က မက်ဒါနာရဲ့ဟာရမ်အဖွဲ့ဝင်တွေဖြစ်ပြီး ဆိုဖီယာကိုအနိုင်ပိုင်းဖို့မဟာမိတ်ဖွဲ့ထားတာဆိုတော့ စည်းစည်းရုံးရုံးရှိကြတယ်လေ။

"ဒီတော့၊ နင်က နင့်ကုမ္ပဏီထဲက တေလေဂျပိုးတွေကို ပထုတ်ဖို့ တကယ်ကြီးကြိုးစားနေပြီပေါ့။"

လင်ဒါက ဖလေရာတင်သွင်းတဲ့ သက်သေတွေကို ကိုယ်တိုင်စာရင်းပြုစုနေရင်း ဖလေရာကိုမော့ကြည့်လိုက်တယ်။ ဖလေရာကတော့ ပင်ပန်းစွာနဲ့သက်ပြင်းကိုသာ ချလိုက်တော့တယ်။

"မက်ဒါနာကတော့ ငါ့ကိုကုမ္ပဏီကနေ အနားယူပြီး တစ်နေရာမှာအေးအေးချမ်းချမ်းလေး သူနဲ့အတူနေစေချင်တာ။ ဒါပေမဲ့ အဖိုးအမွေဆိုတော့လဲ...."

ဖလေရာရဲ့ချဲ့ကားပြီး ကြွားရာရောက်နေတဲ့စကားကို လင်ဒါလည်းကြားရော ဒေါသတကြီးနဲ့ ထအော်တော့တာပဲ။

"ဘယ်သူက နင်နဲ့အတူနေမယ်လို့ပြောလို့လဲဟဲ့။ ဟိုက တစ်နေရာရာမှာ မိသားစုသွားထူထောင်သင့်ပြီပြောတာ၊ နင့်လိုအပျိုဟိုင်းမကြီးကို တာဝန်ယူမယ်လို့မပြောဘူး။"

လင်ဒါ့စကားကြောင့် ဖလေရာက လက်ပိုက်ပြီးမကြည်ကြည့် ပြန်ကြည့်လိုက်တယ်။ လင်ဒါကလည်း စိတ်ဆိုးဆိုးနဲ့ပါးဖောင်းပြီး ပြန်ကြည့်တယ်။

အဲဒီအချိန်မှာပဲ မျက်မှန်အထူကြီးတပ်ထားရတဲ့ ရှေ့နေမလေးချီလုလု ရုံးခန်းတံခါးကို ဖွင့်ပြီးဝင်လာတယ်။

"ဟယ်လို၊ အရာရှိလင်ဒါက ကျွန်မကိုပြောစရာရှိတယ်ဆိုလို့ လာကြည့်တာ...."

ဒါပေမဲ့ သူတို့နှစ်ယောက် အကြည့်ချင်းပြိုင်ပြီးရန်ဖြစ်နေတာတွေ့တော့ အသေလန့်သွားပြီး တံခါးကိုပြန်ပိတ်လိုက်တယ်။

"တောင်းပန်ပါတယ်၊ ရှင်တို့နှစ်ယောက် အကြည်ဆိုက်နေမှန်း မသိလိုက်လို့ပါ။"

"ဘယ်သူက အကြည်ဆိုက်နေလို့လဲဟဲ့။" ဖလေရာနဲ့လင်ဒါ။

ဖလေရာတို့ဆီက ဖုန်းဝင်လာတော့ မက်ဒါနာက အထူးVR မျက်မှန်တစ်လက်ကိုထွင်နေတာပါ။ အခုလောလောဆယ် Archmeagaဖြစ်တဲ့ ဖလာလီတာကပျောက်နေပြီး သူ့အဖွဲ့အစည်းဖြစ်တဲ့ အမိန့်တော်အဖွဲ့က မက်ဒါနာမှာအခုအချိန်ထိရှိတဲ့ တစ်ခုတည်းသော သတင်းရင်းမြစ်ပါ။

ဆိုလိုတာက ဖရာလီတာမရှိတော့ရင် သူမြူတန့်သိပ္ပံအဖွဲ့ရဲ့လှုပ်ရှားမှုတွေကို မသိနိုင်တော့ဘူး။ ကမ္ဘာပတ်နေတဲ့ သူရဲကောင်းကြီးက သေးသေးကွေးကွေးဟာမလေးမရှိတော့တာနဲ့ ဒီလောက်ကူရာမဲ့သွားမယ်လို့ သူမထင်ခဲ့မိတာအမှန်ပဲ။ ခုတော့ ကိုယ်တိုင်ဗီလိန်တွေရဲ့နည်းပညာပိုင်နက်နယ်မြေဖြစ်တဲ့ Dark Web အနက်ပိုင်းထဲကိုဆင်းပြီး ခြေရာကောက်ဖို့စဥ်းစားနေတာ။

၂၁ ရာစုက နည်းပညာခေတ်လေ၊ အပြင်လောကကြီးက မြူတန့်သိပ္ပံကိုခြေရာကောက်ဖို့ သိပ်ကျယ်ပြန့်လွန်းနေရင် အင်တာနက်ကိုသုံးမှာပေါ့။

လက်ရှိဗီလိန်တော်တော်များများက Dark Webကိုပဲသုံးပြီး အလုပ်လုပ်နေတာပါ။ နည်းနည်းကြောက်ဖို့ကောင်းတဲ့ A rank ဗီလိန် Cybercrowက အဲဒီနေရာကို အပိုင်စိုးရထားပေမဲ့ အခုမက်ဒါနာက အဲဒီရန်သူကို အနိုင်ပိုင်းဖို့နည်းပညာတစ်ခုအထားထိုးဖို့ကြံနေတာပါ။

"Cybercrowက သူ့ဦးနောက်လှိုင်းတွေကိုသုံးပြီး လူသားတွေမခံနိုင်တဲ့ကြိမ်နှုန်းတွေကို အင်တာနက်ကနေတစ်ဆင့်ထုတ်လွှင့်ပြီး လူသတ်နိုင်တာ။ ငါက အဲဒီကြိမ်နှုန်းတွေကို ထောက်လှမ်းမိတာနဲ့ ဖြတ်ချပစ်မယ့် VR ကိုထွင်ထားတာဆိုတော့ မသေဖို့တော့ စိတ်ချရတယ်။ ပြဿနာက သူ့စောင့်ရှောက်မှုအောက်ကနေ မြူတန့်သိပ္ပံရဲ့သတင်းတွေကို ဘယ်လိုယူမလဲဆိုတာပဲ။"

Dark Webရဲ့ပင်မဆာဗာက အတော်အတန်ကြီးမားတဲ့ စူပါကွန်ပျူတာတစ်လုံးပါ၊ ဒါကြောင့် မက်ဒါနာမှာ Technotelekinisရှိရင်တောင် တစ်ခုလုံးကို တစ်ခဏတာအတွင်း ရှာဖွေရေးမလုပ်နိုင်ပါဘူး။ ပြီးတော့ Dark Webမှာက အစ်မကြီးGoogleလို စာရိုက်တာနဲ့အကုန်ထွက်လာတဲ့ search engineမရှိဘူးလေ။ Website linkအတော်များများက ဗီလိန်တွေပဲသိတာဖြစ်ပြီး လျှို့ဝှက်ပုံစံနဲ့တည်ရှိနေတာပါ။ ရှာဖို့နဲ့ဝင်ဖို့ဆိုရင် အထူးသီးသန့်တည်ဆောက်ထားတဲ့ search engineတစ်လုံးလိုတယ်။

အဲဒီကိစ္စကို စဥ်းစားမိတဲ့နောက်တော့ မက်ဒါနာက သူ့အနောက်မှာ ဂိမ်းကစားရင်းအလုပ်ရှုပ်နေတဲ့ စက်ရုပ်မလေး အေမီကိုလှည့်ကြည့်လိုက်မိတယ်။

"မမလေး... ကော်ဖီသောက်မလို့လား..." အေမီက သူ့မမလေးအကြည့်တော့ ကျောချမ်းသွားပေမဲ့ အကြံဆိုးကြီးကို မသိတဲ့အတွက်ကြောင့် ခါတိုင်းလိုပဲထင်ပြီး မေးလိုက်တယ်။

"အင်း... နှပ်ကော်ဖီတစ်ခွက်လောက်လုပ်ပေး။"

အဲဒီနောက် မက်ဒါနာက သူ့အိမ်ဖော်အရုပ်မလေးကို ကောက်ကျစ်တော့မယ့်အပြုံးမျိုး ပြုံးပြလိုက်တယ်။

'အဟိ၊ ငါ့မှာကမ္ဘာ့အကောင်းဆုံး စူပါကွန်ပျူတာတွေနဲ့ယှဥ်နိုင်တဲ့ အေမီရှိနေတာပဲမဟုတ်လား။ သူ့ကို search engineအဖြစ် သုံးလိုက်ရင်ပြီးတာပဲလေ။"

ဒါပေမဲ့ အေမီက အဲဒီလိုလုပ်ဖို့အတွက် Cybercrowရဲ့စူပါကွန်ပျူတာထဲကို ခိုးဝင်ဖို့လိုပြီးတော့ ဗိုင်းရပ်စ်ဆိုပြီး အဖျက်ခံရနိုင်တဲ့အန္တရာယ်ရှိတယ်။ Hackersတွေရဲ့တိုက်ပွဲမှာက virusတွေက အဓိကလက်နက်ပါ။ dataတွေကိုခိုးဖို့ search engine လုပ်ရမယ့် အေမီက Cybercrowအတွက် ဗိုင်းရပ်တစ်ကောင်ဖြစ်လာမှာဖြစ်ပြီး အန္တရာယ်အများဆုံးရှေ့တန်းကို အပို့ခံရတော့မှာပါ။

အေမီကတော့ သူ့မမလေးအတွက် ကော်ဖီဖျော်နေရင်း ကျောချမ်းလာသလိုခံစားရတယ်။

"ဂျပန်ဆောင်းက အေးလိုက်တာ၊ ငါတောင်ကျောချမ်းလာပြီ။" ဒါပေါ့၊ ငတုံးမအေမီကတော့ သူ့မှာအအေးဓာတ်ကို အာရုံခံနိုင်စွမ်းမရှိတာကိုမေ့နေပြီး ကျောချမ်းတာ ရာသီဥတုကြောင့်ဖြစ်တယ်လို့ ထင်နေလေရဲ့။

တီ... တီ... တီ...

မက်ဒါနာ သူ့VRမျက်မှန်အတွက် Coding စရေးနေတုန်း ဖုန်းဝင်လာတယ်။ ကြည့်လိုက်တော့ ဖလေရာဖြစ်နေတာနဲ့ အရေးကြီးကိစ္စရှိမယ်ထင်ပြီး ကိုင်လိုက်တယ်။

"ဟေး၊ မက်ဒါနာ နင်ဘာလုပ်နေတာလဲ။"

"ထွင်စရာရှိတာတွေ ထွင်နေတာလေ။"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။"

မက်ဒါနာလည်း သူ့မန်နေဂျာမမနဲ့စကားသေချာပြောနိုင်ဖို့အတွက် ကီးဘုတ်ကို လက်လွှတ်လိုက်တယ်။ ဖုန်းကို မေးကြားညှပ်ပြောရတာ ကသိကအောင့်နိုင်ပြီး ဇက်ညောင်းတယ်လေ။ တော်ကြာ မက်မွန်သီးလေးနှစ်လုံးကြားထဲ ဖုန်းပြုတ်ကျသွားမှ ကောက်ရခက်နေဦးမယ်။

နဂိုကတည်းက မက်ဒါနာက သူ့ပုံသူ မှန်ထဲကြည့်ပြီး နမ်းချင်နေတာလေ။ ဖွေးဖွေးဥဥ မက်မွန်သီးလေးတွေကိုတွေ့ရင် လက်တည့်စမ်းချင်တဲ့စိတ်ကို မထိန်းဘဲ နေနိုင်မယ်မထင်ဘူး။ ဟိုတစ်နေ့ကတောင် ရေချိုးရင်း လက်တည့်စမ်းမိလို့ တစ်နာရီလောကိကြာသွားပြီး အအေးမိတော့မလို့ပဲ။

"ဒါနဲ့ ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ။"

"ဟဲ့၊ မက်ဒါနာရဲ့။ ငါက နင့်ကိုကိစ္စရှိမှ ဖုန်းဆက်ရမှာလား။"

"ဟီးဟီး..."

နောက်တော့ ဖလေရာက ရေဂင်တို့အုပ်စုကို တရားစွဲပြီး ကုမ္ပဏီကနေ ပထုတ်တော့မယ့်အကြောင်းစပြောတယ်။ မက်ဒါနာကြောင့် ရလာတဲ့ကုမ္ပဏီအမြတ်တွေကိစ္စရောပေါ့။

"ဒီတော့ မန်နေဂျာက အမှိုက်တွေကို ရှင်းတော့မယ်ပေါ့။"

"အင်း... ပြီးတော့ ဝတ်စုံကနေ နင်ရှာထားတဲ့အမြတ်တွေက တအားများလွန်းတယ်။ ငါနင့်အကောင့်ထဲ လွဲပေးထားပေမဲ့ ငါးပုံတစ်ပုံကို ကုမ္ပဏီထဲ နင့်နာမည်နဲ့ ရှယ်ယာထည့်ထားတယ်။ အခုငါ့ကုမ္ပဏီက နင်နဲ့လည်းဆိုင်သွားပြီ။"

"အမ်၊ နေပါဦး။ ငါက နင့်ကုမ္ပဏီထဲ ရင်းနှီးမြုပ်နှံမယ် ပြောဖူးလို့လား။"

"အမေပြောဖူးတာတော့ ဇနီးမောင်နှံတွေက အလုပ်အတူတူလုပ်ရတယ်တဲ့။ ဒါမှ ကြီးပွားချမ်းသာတာတဲ့။"

"ဘာစကားပုံကြီးလဲ၊ ငါလည်းမကြားဖူးပါလား။"

"ငါ့အမေပြောတာလေ၊ ငါက စကားပုံလို့ပြောလို့လား။"

တကယ်တော့ ဖလေရာက သူ့ရဲ့အနားယူမယ့်ပလန်ကို အသေးစိတ်ကျကျစီမံနေတာ။ တစ်သက်လုံးစားမကုန်တဲ့ ရှယ်ယာအမြတ်ငွေတွေနဲ့ဆိုရင် နယ်ဖက်က လုံးချင်းအိမ်လေးမှာ တစ်သက်လုံးအေးအေးချမ်းချမ်း နှစ်ယောက်အတူနေသွားလို့ရပြီလေ။

ဘေးကကြည့်နေတဲ့ အေမီကတော့ သက်ပြင်းချလိုက်ရင်း ပြောလိုက်တယ်။ "မမလေး၊ မမလေးတို့ ရန်ဖြစ်နေတာ တကယ့်စုံတွဲတွေကြနေတာပဲ။"

မက်ဒါနာကတော့ ဒေါသထွက်လာတာနဲ့ အိမ်ဖော်မလေးခေါင်းကို ဒေါက်ခနဲထုလိုက်တယ်။

"စက်ရုပ်က စက်ရုပ်လိုနေဟဲ့၊ နင်က အချစ်ရေးလည်း နားလည်တာမဟုတ်ဘဲနဲ့။"

"အား... မမလေး... ကျွန်မလည်း လူသားတွေလိုအသိဉာဏ်ရှိပါတယ်နော်၊ ဉာဏ်ရည်တုဆိုပြီး ခွဲခြားခွဲခြားမလုပ်ပါနဲ့။ လူ့အခွင့်အရေးအပြည့်အဝလိုချင်တယ်...."

ဒီစကားကြောင့် မက်ဒါနာက အေမီကို လှည့်ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ နောက်တော့...

"ငါက နင့်ကို နေစရာလည်းပေးထားရတယ်၊ နင်အားသွင်းဖို့ မီတာခလည်းပေးရသေးတယ်၊ အဝတ်အစားလဲဝယ်ပေးရသေးတယ်၊ ဂိမ်းဆော့ဖို့ ကွန်ပျူတာလည်း ဝယ်ပေးရတယ်။ နင်က ဘာလိုချင်သေးလို့တုန်း မယ်မင်းကြီးမရဲ့။" တကယ်လည်း အေမီ့အတွက် ကုန်ကျစရိတ်က တော်တော်များတာ။ သူ့အတွက်လိုအပ်တဲ့ဓာတ်အားက တက်စလာကားတစ်စီးစာလောက်ကိုရှိတယ်။

"အား... မမလေးမညစ်နဲ့၊ မမလေး ကျွန်မကို ညာပြီးတိုက်ပွဲထဲပို့ပို့နေတာကျ ဘယ်လိုလုပ်မလဲ။"

"နင်ပဲ အသုံးမကျတဲ့ အိမ်ဖော်မ မဖြစ်ချင်ပါဘူးဆို၊ ငါ့ကို ကူညီချင်လို့ပါဆို။"

"....." ဖလေရာကတော့ သခင်မလေးနဲ့အိမ်ဖော်မလေး ရန်ဖြစ်နေတာကိုနားထောင်ရင်း ရုတ်တရက်ကြီး အထီးကျန်လာသလို ခံစားရတယ်။

ဒါက အဝေးရောက်ချစ်သူတွေကြုံတွေ့ရတဲ့ ဒုက္ခတွေထဲက တစ်ခုများလား။ ကိုယ့်ချစ်သူ တခြားမိန်းကလေးတစ်ယောက်နဲ့ စကားပြောနေတာကို မနာလိုစိတ်အပြည့်နဲ့ နားထောင်နေရတာမျိုးလေ။

"ကောင်းပြီ၊ တခြားပြောစရာမရှိတော့ဘူးဆိုတော့ ငါဖုန်းချလိုက်တော့မယ်။" ဖလေရာ ဖုန်းချလိုက်တယ်။ မက်ဒါနာ ကုမ္ပဏီမလာတော့ဘဲ ဟီးရိုးလုပ်နေကတည်းက သူနဲ့တဖြည်းဖြည်းဝေးလာတယ်လို့ ခံစားရတာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။

ဖလေရာ သက်ပြင်းချလိုက်မိပေမဲ့ သူ့မှာ မက်တယ်ပလာဒင်ဝတ်စုံရှိနေပြီဆိုတော့ မက်ဒါနာကို နောက်ဆိုကူညီပေးလို့ရသင့်ပြီမဟုတ်လား။

"အင်း... လောလောဆယ်တော့ လွှတ်ထားလိုက်ဦးမယ်၊ ဒါပေမဲ့ တစ်နေ့ကျရင်တော့ ငါက မက်ဒါနာကို အပိုင်သိမ်းမှာ။ အဲဒီနေ့ဒိတ်ပြီးကတည်းက ကံကြမ္မာက ငါတို့ကို ဆုံဆည်းခွင့်ပေးပြီးသား။"

ဖလေရာကတော့ သူ့ကိုယ်သူ မက်ဒါနာရဲ့ဖူးစာရှင်ကြီးလိုမျိုးသဘောထားပြီး တစ်ယောက်တည်းစကားပြောနေပြန်ပါပြီ။ နောက်တော့ ကိစ္စတစ်ခုကို သတိရသွားပြီး...

"နေပါဦး... သူစကားပုံလို့ ပြောလိုက်သေးတယ်မဟုတ်လား။" မက်ဒါနာလေးက စကားပုံတွေနဲ့ စကားပြောတတ်တဲ့ မမတွေကိုကြွေတာမျိုးဖြစ်နေမလား။

နောက်တော့ ဖလေရာတစ်ယောက် အိုင်းရစ်စကားပုံအဘိဓာန်စာအုပ်ကြီး အိပ်ခန်းထဲယူလာပြီး အိပ်ရာပေါ်မှာထိုင်ရင်း အိပ်ရေးပျက်ခံပြီး အိုင်းရစ်လေယူလေသိမ်းပါပါ စကားပုံတွေကိုပြောတတ်ဖို့ လေ့ကျင့်နေတော့တာပဲ။

"ချစ်တယ်ဆိုတာက အပိုင်သိမ်းလိုက်တာမဟုတ်ဘူးရှင့်၊ အချစ်ဆိုတာ ဘယ်ရီပင်တွေလိုမျိုး ဖြည်းဖြည်းချင်း ပျိုးထောင်ယူရတာမျိုးလေ။"

"အဟမ်းအဟမ်း... ဒီလိုလည်းမဟုတ်သေးဘူး။ ဒီတစ်ခုက ပိုကောင်းမယ်ထင်တယ်။"

"အချစ်ဆိုတာက ခွင့်လွှတ်ပေးခြင်းပဲလေ၊ ဒီတော့ ရှင်တခြားမိန်းကလေးတွေနဲ့တွဲနေတာကို ကျွန်မဗွေမယူပါဘူး... အား.... ဘာလို့ငါက ခွင့်လွှတ်ရမှာလဲ။ အဲဒီ ဖရာလီတာတို့ ဆိုဖီယာတို့ကို ငါက အခွင့်အရေးရရင် ရိုက်သတ်ချင်နေတာဟဲ့။"

အဲဒီညက အချစ်ရူးမကြီး ဖလေရာ ဘယ်ရီဂရင်းတစ်ယောက် မရှူနိုင်မကယ်နိုင် အိမ်မောကျသွားတဲ့အထိ အိုင်းရစ်စကားပုံပေါင်းချုပ်စာအုပ်ကြီးရဲ့အချစ်စကားပုံအခန်းက စကားပုံအားလုံးကို ရွတ်ဖတ်လေ့ကျင့်ဖြစ်သွားလေသတဲ့။

၄။

ဖရန့်တစ်ယောက် အဖြစ်ဆိုးကြီးမှာ သေဆုံးသွားတဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲတော်ကို သွားကြည့်ခဲ့ပေမဲ့ ကြာကြာမနေဖြစ်ခဲ့ဘူး။

မီဒီယာတွေတော်တော်များများက သူ့ကိုသတိထားမိသွားပြီး ဝိုင်းသတင်းမေးဖို့ကြိုးစားကြတဲ့အတွက် မနည်းရှေ့ဆက်သွားရတယ်။ ဆိုးလ်မြို့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲက သာမန်တွေ့နေမြင်နေကျလိုပါပဲ။

ဒါပေမဲ့ ဖရန့်တစ်သက်သာ ကြုံဖူးတဲ့ဆုတောင်းပွဲတွေထက် အဆပေါင်းများစွာကြီးမားပြီး လမ်းတိုင်းလမ်းတိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပစ္စည်းတွေ၊ လူတွေနဲ့ပြည့်နေတယ်။

သေဆုံးသွားသူတွေရဲ့ဓာတ်ပုံတွေကို လမ်းဘေးနံရံတွေမှာ ချိတ်ဆွဲထားပြီး အဲဒီပုံတွေရှေ့မှာ ဆုတောင်းပေးတဲ့အနေနဲ့ ဖယောင်းတိုင်တွေထွန်းပေးတာ၊ ပန်းစည်းတွေ ချသွားပေးတာမျိုးတွေ့ရတယ်။ တက်ရောက်လာသူတိုင်းက ပူဆွေးခြင်းအထိမ်းအမှတ်အနေနဲ့ အနက်ရောင်ဝတ်လာကြပြီး တစ်နေရာရောက်တော့ ငိုကြွေးနေတဲ့ အဖွားအိုတစ်ဦးကို သူတွေ့လိုက်ရတယ်။

အဖွားအိုက သူ့ကိုလှည့်ကြည့်လိုက်ပေမဲ့ သိပ်ဂရုမထားဘဲ သေဆုံးသွားတဲ့ သားဖြစ်သူရဲ့ဓာတ်ပုံကိုသာ ပွေ့ပိုက်ထားပြီး ဆက်လက်ငိုကြွေးနေတယ်။ ဝမ်းနည်းမှုတွေက လာရောက်ကူးစက်တဲ့အတွက် ဖရန့်လည်း ဒီနေရာမှာအကြာကြီး ဆက်မနေချင်တော့တဲ့အတွက် သူယူလာတဲ့ ပန်းစည်းလေးကို တစ်နေရာမှာ ချပေးခဲ့ပြီး ထွက်သွားလိုက်တယ်။

ပြီးတော့ ဒီနေရာမှာရှိတဲ့လူတိုင်းက သူ့ကိုကြိုဆိုကြတာမဟုတ်ဘူးလေ။ မြူတန့်သိပ္ပံက လျှို့ဝှက်ဝါဒဖြန့်ထားတာကြောင့် တချို့သာမန်လူတွေက မြူတန့်တွေကို မကျေနပ်ကြတော့ပါဘူး။

လူအုပ်ထဲက တစ်ဝက်လောက်က သူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်နေကြတယ်။ ဆိုးလ်အဖြစ်အပျက်က ဗီလိန်တွေကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဟီးရိုးတွေက ဖြစ်စဥ်ကို ရပ်တန့်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ မြူတန့်တွေကသာ သေကျေပျက်စီးမှုတွေအများကြီးကို ဖြစ်ပွားစေခဲ့တာပါ။ သာမန်အားဖြင့် စစ်ဖြစ်နေချိန်မှာတောင် ဒီလိုသိန်းသောင်းချီတဲ့ အရပ်သားသေဆုံးမှုမျိုးက ရှားပါးပါတယ်။

ဒါကြောင့် မြူတန့်တွေမရှိရင် ဒီလိုကြီးမားတဲ့ သေကျေပျက်စီးမှုမျိုး ဖြစ်နိုင်ပါ့မလား။ သေချာတာကတော့ Dr.Soulကြောင့် ဖြစ်လာတဲ့ သေကျေပျက်စီးမှုပမာဏဟာ လူသားတွေစစ်ပွဲမှာသုံးခဲ့တဲ့ နှစ်ခုတည်းသော နျူကလီးယားဗုံးတွေကြောင့် ဖြစ်လာခဲ့တဲ့ သေကျေပျက်စီးမှုထက် အောက်မကျခဲ့ပါဘူး။

အမေရိကန်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ ကျဲခဲ့တဲ့ လူငယ်လေးဗုံးကြောင့် လူပေါင်းတစ်သိန်းသုံးသောင်းခွဲသေခဲ့ပြီး နာဂါဆာဂီမှာကျဲခဲ့တဲ့ လူကြီးဗုံးကြောင့် အကြမ်းဖျင်းရှစ်သောင်းလောက်သေခဲ့တယ်။ တကယ်တမ်းတွက်ကြည့်ရင် ဆိုးလ်အဖြစ်အပျက်မှာ တစ်သိန်းခွဲလောက်သေခဲ့တာဖြစ်ပြီး အနည်းငယ်တောင် ပိုများနေပါသေးတယ်။

ဒီတော့ မြူတန့်တွေကို မိစ္ဆာတွေလို့ လူသားတွေမြင်လာတာ သူတို့အလွန်မဟုတ်ဘူး။ စွမ်းအားကြီးမြူတန့်တွေဟာ လူသားတွေအတွက်တော့ လမ်းလျှောက်နေတဲ့ နျူကလီးယားဗုံးတွေပါပဲ။

ရုတ်တရက် လူအုပ်ထဲကနေ ကောင်လေးတစ်ယောက် ပြေးထွက်လာတယ်။ သူက ဂျာကင်ဝတ်ထားတာဖြစ်ပြီး လက်တစ်ဖက်ကို အိတ်ထဲနှိုက်ထားတာပါ။ သူက ကိုယ်ရံတော်တွေမပါပေမဲ့ ဂျာနယ်လစ်တွေ ဝိုင်းရံခံထားရတဲ့ ဖရန့်ဆီကိုပြေးလာပြီး သူ့အိတ်ကပ်ထားက ပန်းသီးလှီးတဲ့ဓားမြှောင်ကိုဆွဲထွက်လာတယ်။

"သေစမ်း.... မိစ္ဆာကောင်..."

ကောင်လေးက ဖရန့်ကိုဓားနဲ့ထိုးဖို့လုပ်ပေမဲ့ အတွေ့အကြုံရှိဟီးရိုးတစ်ယောက်ကို အလွယ်တကူလုပ်ကြံလို့မရပါဘူး။ သူတို့တွေက အမြဲတမ်းတိုက်ပွဲဝင်နေရတာဖြစ်လို့ သူတို့ရဲ့အလိုလိုသိစိတ်က ထက်မြနေပါပြီ။

ဖရန့်က ကောင်လေးရဲ့လက်ကိုဖမ်းဆွဲပြီး ဓားကိုလုယူလိုက်တယ်။ ဒါပေမဲ့ ကောင်လေးကတော့ လက်မလျှော့ပေးဘဲ လက်သီးဆုပ်လေးတွေနဲ့ဖရန့်ရဲ့ရင်ဘတ်ကို ထုနှက်နေတယ်။

"ခင်ဗျားက ဟီးရိုးဆို၊ ဘာလို့ကျုပ်အဖေနဲ့အမေကို ရအောင်မကယ်ပေးခဲ့တာလဲ။ ခင်ဗျားကိုကျုပ်သတ်မယ်။"

ဖရန့်မှာ ပြန်ဖြေပေးဖို့အဖြေမရှိခဲ့ဘူး။ သူက မြူတန့်တစ်ယောက်သာဖြစ်ပြီး ဘုရားသခင်မှ မဟုတ်တာ။ သူ့မှာသာ Dr.soulကို နဂိုကတည်းက အနိုင်ယူနိုင်စွမ်းရှိခဲ့ရင် သူ့အချစ်ဆုံးသူငယ်ချင်းလည်း သေခဲ့ရမှာမဟုတ်ဘူး။ ဂျာနယ်လစ်တွေလည်း အဲဒီအဖြစ်အပျက်ကို ဓာတ်ပုံတွေရိုက် ဗီဒီယိုတွေရိုက်နဲ့ မှတ်တမ်းတင်နေကြပြီ။

ဖရန့်က ကောင်လေးရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပေမဲ့ ဘာမှမပြောထွက်ခဲ့ဘူး။ သူ့ပါးစပ်ထဲ အာစေးထည့်ခံထားရသလိုပဲ။ နောက်တော့ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ကောင်လေးကို လွှတ်ပေးလိုက်တယ်။

"ငါ့မှာ တောင်းပန်ပါတယ်ဆိုတဲ့စကားအပြင် တခြားပြောစရာမရှိဘူးကောင်လေး။" အဲဒီနောက်တော့ သူ့မြူတန့်စွမ်းအားကိုသုံးပြီး လူအုပ်ထဲကနေ မြန်နိုင်သမျှမြန်မြန် ထွက်သွားလေရဲ့။

ဆရာဝန်ကတော့ သူ့နောက်ကနေ မနည်းမီအောင်လိုက်ရရှာတယ်။ သူတို့ကားထဲပြန်ရောက်တော့ ဖရန့်လည်း ဆာလောင်နေတဲ့ သူ့ရဲ့ဗိုက်ပေါ်ကို လက်တင်လိုက်ရင်း မစားဘဲပစ်ထားမိတဲ့ ဟမ်ဘာဂါတစ်ဝက်ကို ကြည့်လိုက်မိတယ်။ ဒါပေမဲ့ သူအဲဒီဟမ်ဘာဂါကို ဆက်မစားချင်တော့ဘူး။

"ဗိုက်ဆာလို့လား၊ ဟုတ်သားပဲ။ မင်းမနက်ကလည်း ဆန်ပြုတ်ကုန်အောင်မသောက်ခဲ့ဘူးမဟုတ်လား။ နာလန်ထခါစလူနာတွေ ခံတွင်းပျက်တာပုံမှန်ပေမဲ့ လုံးလုံးမစားလို့တော့ ဘယ်ဖြစ်မလဲ။"

ဆရာဝန်က ပြောပြောဆိုဆိုနဲ့ ဒရိုက်ဘာကို အနားက စားသောက်ဆိုင်တစ်ခုဆီ မောင်းသွားခိုင်းလိုက်တယ်။

စားသောက်ဆိုင်ကိုရောက်တော့ ဖရန့်လည်း ဝက်သားသုံးထပ်သားကင်ပဲ ပြန်မှာဖြစ်ပြန်တယ်။ ဒါပေမဲ့ မှာပြီးစားစရာတွေရောက်လာတဲ့အချိန်မှာပဲ မှာလိုက်မိတဲ့အတွက် နောင်တရလာတော့တာပဲ။

"ငါ့ကို Dr.soul ပြန်ပေးဆွဲမသွားခင်တုန်းက ငါညစျေးတန်းမှာ ဖရန့်နဲ့အတူ အသားကင်စားနေခဲ့တာမဟုတ်လား။"

အခုတော့ အဲဒီဆိုးလ်မြို့ညစျေးတန်းလည်း ပျက်စီးသွားတဲ့အထဲပါသွားပြီ။ အဆိုးဆုံးကတော့ အခုသူက လူကန်နဲ့လုပ်ခဲ့ဖူးသမျှကို တစ်ယောက်တည်းလုပ်နေရသလို ခံစားနေရတော့တာပဲ။

"အဲဒီညကသာ ငါဘာမှန်းမသိတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ စကားမပြောဖြစ်ခဲ့ရင်။" ဒီနေ့ဒီချိန်လို အခြေအနေမျိုး ဖြစ်လာမယ်မထင်ဘူး။

နောက်တော့ ဖရန့်တစ်ယောက် စိတ်ဓာတ်ကျလာပြီး ဆိုဂျူတွေအများကြီး မှာသောက်ဖြစ်သွားတယ်။ ဆရာဝန်လည်းပါလာတာမလို့ သူ့ကိုတားပေမဲ့ အလကားပါပဲ။

ထူးဆန်းနေတာတစ်ခုက ဖရန့်ဟာ အသားကင်တွေကိုလည်း ဘာအရသာမှမခံလို့မရတာပါ။ ဒါပေမဲ့ ဆာလောင်စိတ်ကို ဖြေသိမ့်နိုင်ဖို့အတွက် အသားလွှာတွေ တစ်ခုပြီးတစ်ခုကို ဆိုဂျူးနဲ့မျှောချပစ်မိတယ်။

သူစားသောက်နေရင်း ဗိုက်ထဲကနေ အပူတွေကန်တက်လာပြီး အန်မိတော့မလိုဖြစ်တာကြောင့် ဆိုင်နောက်ကိုပြေးသွားပြီး သန့်စင်ခန်းထဲဝင်လိုက်တယ်။

နောက်တော့ သူစားထားသမျှ အစာတွေအကုန်လုံးကို အိမ်သာခွက်ထဲ အန်ထုတ်ပစ်လိုက်ရတော့တယ်။

သူသန့်စင်ခန်းထဲကနေ ပြန်ထွက်လာတော့ ဆာလောင်မှုကြောင့် တစ်ကိုယ်လုံးမူးနောက်နေတာကို ခံစားရတယ်။

"ဘယ်လိုဖြစ်တာလဲ၊ ငါဗိုက်ဆာနေတာမဟုတ်ဘူးလား။ ဘာလို့ငါစားတာတွေကို အစာအိမ်က လက်မခံရတာလဲ။"

နောက်တော့ သူ့ဘေးနားက ဖြတ်သွားတဲ့ ဝန်ထမ်းမလေးတစ်ယောက်ကို သူလှည့်ကြည့်လိုက်မိတယ်။ ကောင်မလေးဆီက ကိုယ်သင်းနံကိုရတော့ သူ့ဗိုက်ဆာတဲ့ဝေဒနါက ပိုဆိုးလာတယ်။ အဆိုးဆုံးကတော့ အဲဒီမိန်းကလေးကိုကြည့်ရင်း စားကောင်းမယ့်စားစရာတစ်ခုကို ကြည့်နေရသလိုမျိုး လျှာသက်လိုက်မိတာပါ။

"ငါဘာတွေဖြစ်နေတာလဲ..." ဖရန့် သူ့အခြေအနေကို နားမလည်နိုင်တော့ဘူး။ လူတစ်ယောက်ကို စားချင်ရအောင် သူက ဗန်ပိုင်းယားလား၊ ဂူးလ်လား။ သူတစ်ခုခုမူမမှန်တော့တာတော့ သေချာတယ်။ ဆေးရုံကို ပြန်သွားပြီး စစ်ခိုင်းရင်ကောင်းမလား။

သူစဥ်းစားနေတုန်း ကောင်မလေးက ဆိုင်နောက်တံခါးကိုဖွင့်ပြီး စားသုံးသူတစ်ယောက်မကုန်လို့ပိုနေတဲ့ စားစရာတချို့ကို အမှိုက်ထဲထည့်လိုက်တယ်။ အဲဒီလိုလုပ်နေတုန်း ဝတ်စုံနက်ဝတ်ထားတဲ့ တေလေဂျပိုးနှစ်ယောက်ရောက်လာပြီး တစ်ယောက်က ကောင်မလေးပါးစပ်ကို ပိတ်ပြီး တခြားတစ်ယောက်က ကောင်မလေးခြေထောက်ကနေမပြီး ဆွဲခေါ်ဖို့လုပ်တယ်။

"ဟေး... မင်းတို့ဘာလုပ်တာလဲ။"

ဖရန့် ဆိုင်နောက်ဖေးတံခါးပေါက်ကိုဖြတ်ပြီး လူရမ်းကားနှစ်ယောက်နဲ့ရင်ဆိုင်နေရတဲ့ မိန်းကလေးကိုကူညီဖို့လုပ်တယ်။

တောင်ကိုရီးယားက တော်တော်လေးလုံခြုံတဲ့နိုင်ငံဖြစ်ပေမဲ့ နေရာတိုင်းမှာ လူ့အမှိုက်တွေဆိုတာက ရှိတာပဲလေ။ ဒီတော့ အခုလိုမျိုးကြုံရတာ မထူးဆန်းသလို ဖရန့်ကလည်း အဲဒီအတွက်လေ့ကျင့်ထားပြီးသားပါ။

လူရမ်းကားနှစ်ယောက်ကလည်း သူတို့အလုပ်ကိုဝင်ရှုပ်တဲ့အတွက် ဖရန့်ကို ပြန်တိုက်ခိုက်ဖို့လုပ်တယ်။ သူတို့ထဲကတစ်ယောက်က ကောင်မလေးကိုဆက်ချုပ်ထားပြီး နောက်တစ်ယောက်ကတော့ ဓားမြှောင်ကို အိတ်ထဲကထုတ်ပြီး ဖရန့်ကိုထိုးဖို့လုပ်တယ်။

ဒါပေမဲ့ ဖရန့်က A rank ဟီးရိုးတစ်ယောက်ပါ။ သူ့ရဲ့အခြေခံမြူတန့်စွမ်းအား မာကျောခြင်းကိုသုံးလိုက်တော့ ဓားက သူ့အရေပြားကို လာထိပေမဲ့ လူဘာမှမဖြစ်ဘဲ ဓားသာကောက်ကွေးထွက်သွားတယ်။

တစ်ချိန်တည်းမှာပဲ လူရမ်းကားနှစ်ယောက်လည်း ထိတ်လန့်သွားတော့တာပေါ့။

"မင်းတို့ ကောင်မလေးကိုလွှတ်ပြီး အဖမ်းခံလိုက်၊ ငါက ဟီးရိုးပဲ။" ဖရန့်က ဒီလူရမ်းကားနှစ်ယောက်ကို လွှတ်ပေးဖို့ ဆန္ဒမရှိပါဘူး။ ဒီလူနှစ်ယောက် လှုပ်ရှားတာက အတော်လေးသေသပ်ပြီး လုပ်နေကျဖြစ်ပုံပဲ။သူတို့က ညဖက်နောက်ဖေးလမ်းကြားထဲ အမှိုက်ပစ်လာတဲ့ မိန်းကလေးတစ်ယောက်ကို ဖမ်းခေါ်ပြီးအဓမ္မကျင့်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အတွေ့အကြုံရင့်ကြမယ့်ပုံပဲ။

အခက်မသင့်ရင် ကွင်းဆက်မုဒိန်းကောင်တွေတောင် ဖြစ်နိုင်သေးတယ်။ ဒါကြောင့် ဖရန့်က သူတို့ကို အလွတ်မပေးဘဲ သက်ဆိုင်ရာလက်ထဲအပ်ဖို့လုပ်နေတာပါ။

ဒါပေမဲ့ သူရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်ဆိုရင်ပဲ သူ့တစ်ကိုယ်လုံးက စွမ်းအားတွေ လွင့်ပျယ်သွားသလို ခံစားလိုက်ရပြီး ဆာလောင်မှုက သူ့တစ်ကိုယ်လုံးကို လွှမ်းမိုးသွားတယ်။

"ဗိုက်ဆာတယ်... ငါ့ကိုစားစရာတစ်ခုခုပေးကြပါ။"

နောက်တော့ ဖရန့်ရဲ့သိစိတ်က လွင့်ပါးသွားပြီး သူ့ခန္ဓာကိုယ်က သူ့ထိန်းချုပ်မှုအောက်မှာမဟုတ်တော့မှန်းကိုသာ နောက်ဆုံးအနေနဲ့ သတိထားမိလိုက်တော့တယ်။

....

"အား....." တစ်ယောက်ယောက်ရဲ့အော်သံကြောင့် ဖရန့်မျက်လုံးဖွင့်ကြည့်လိုက်မိတယ်။

သူ့လက်နှစ်ဖက်က တစ်စုံတစ်ယောက်ကို အင်္ကျီကော်လံကနေကိုင်ပြီး ဆွဲမြှောက်ထားမှန်း ပထမဆုံးသတိထားမိလိုက်တယ်။ ဒါပေမဲ့ သူဆွဲမြှောက်ထားတဲ့လူရဲ့ပါးစပ်က ကြောက်လန့်မှုကြောင့် ဟောင်းလောင်းဖြစ်နေပြီး မျက်သူငယ်အိမ်ကျယ်ပြန့်နေပြီဖြစ်တဲ့ သူ့မျက်လုံးတွေက အသက်မရှိတော့တာကို ဖော်ပြနေတယ်။

"ဘာ..." ဖရန့် သူဆွဲမြှောက်ထားတဲ့လူကို ပစ်ချလိုက်တယ်။ အဲဒီသက်မဲ့အလောင်းက နောက်ဖေးလမ်းပေါ်မှာ လဲကျနေတဲ့ နောက်ထပ်အလောင်းတစ်လောင်းဆီ ပြုတ်ကျသွားတဲ့အထိ ဘုန်းခနဲအသံကျယ်ကြီးထွက်လာပြီး အလောင်းနှစ်လောင်းပုံထပ်သွားတယ်။

ဖရန့် ဒီလူနှစ်ယောက်ကိုသိတယ်။ လွန်ခဲ့တဲ့စက္ကန့်အနည်းငယ်လောက်တုန်းက သူဖမ်းဖို့လုပ်နေတဲ့ လူရမ်းကား မုဒိန်းကောင်နှစ်ကောင်လေ။ အခုတော့ သေနေပြီ။ သူအနိုင်ကျင့်ခံရလုဆဲဆဲ ဖြစ်ခဲ့တဲ့မိန်းကလေးဆီကို လှည့်ကြည့်တော့ မိန်းကလေးက သူ့ကို ကြောက်လန့်တကြားကြည့်နေပြီး နောက်တစ်ခါ ငယ်သံပါအောင် အော်လိုက်ပြန်တယ်။

"အား... ကျွန်မဆီကို မလာနဲ့... မကောင်းဆိုးဝါး..."

နောက်တော့ မိန်းကလေးက ဆိုင်ထဲကို ပြန်ပြေးဝင်သွားပြီး ဆိုင်ထဲကလူတွေကို အော်ဟစ်အကူအညီတောင်းတယ်။

"လုပ်ကြပါဦး... လူတွေသေကုန်ပြီ... မကောင်းဆိုးဝါးက သူ့ကိုသတ်လိုက်တာ။"

ဆိုင်ထဲကလူတွေ နောက်ကိုပြေးလာကြည့်တယ်။ အဲဒီထဲမှာ ဆရာဝန်လည်းပါတယ်။ ဆရာဝန်က လူသေအလောင်းနှစ်လောင်းရှေ့မှာရပ်ရင်း သူ့ရှေ့က မြင်ကွင်းတွေကို ကြောင်ကြည့်နေတယ်။

"ဘာတွေဖြစ်သွားတာလဲ...."

သူဗိုက်အဆာလွန်ပြီး သတိလစ်သွားပြီးတဲ့နောက် ဘာတွေဖြစ်သွားတာလဲ။ စက္ကန့်ပိုင်းပဲကြာတာဆိုပေမဲ့ ဘာတွေဖြစ်လို့ဖြစ်သွားမှန်း သူနားမလည်နိုင်ဘူး။

ပြီးတော့ သူဗိုက်ထပ်မဆာတော့ဘဲ အားအင်ပြည့်နေသလိုခံစားရတယ်။ နောက် စားကောင်းသောက်ဖွယ်တစ်ခုခုကို မကြာသေးခင်က စားပြီးထားသလိုမျိုး ကျေနပ်ပီတိဖြစ်နေတဲ့ ခံစားချက်မျိုးရှိနေတာကိုလည်း သူသတိထားမိတယ်။ တကယ်ပဲ စက္ကန့်အနည်းငယ်လေးအတွင်းမှာ ဘာတွေဖြစ်သွားခဲ့တာလဲ။

သိပ်မကြာခင်မှာပဲ ကိုရီးယားရဲတွေရောက်လာပြီး အမှုဖြစ်စဥ်ကို မှတ်တမ်းယူကြတယ်။ အမှုဖြစ်ရာမှာ တစ်ယောက်တည်းသော မျက်မြင်သက်သေဖြစ်တဲ့ မိန်းကလေးကိုလည်း စစ်မေးကြတယ်။

"သူ... သူက မကောင်းဆိုးဝါး... အဲဒီလူနှစ်ယောက်ရဲ့ပါးစပ်ထဲက ထွက်လာတဲ့ မြူလိုအငွေ့တွေကို သူစုပ်ယူနေခဲ့တာ။ တကယ့်မိစ္ဆာကြီးအတိုင်းပဲ။"

ရဲတွေကတော့ မြူလိုအငွေ့ဆိုတဲ့ကိစ္စကို သိပ်မယုံကြဘူး။ ဖရန့်က ဂုဏ်သရေရှိတဲ့ ဟီးရိုးဖြစ်ပြီးတော့ သူ့အစွမ်းတွေက ဆင့်ခေါ်ခြင်းနဲ့ မာကျောခြင်းပါ။ လူတွေရဲ့ကိုယ်ထဲက မြူလိုဟာတွေကို စုပ်ယူနိုင်တဲ့စွမ်းအားမျိုးမရှိမှန်း ရဲတွေသိကြတယ်လေ။ ဒီတော့ သူတို့က မိန်းကလေး အမြင်မှားတယ်ပဲတွက်ကြတယ်။ နောက်ဖေးလမ်းကြားထဲမှာ CCTV လည်းမရှိဘူးလေ။

ဖရန့်ကတော့ ဖြစ်ခဲ့တဲ့ဖြစ်စဥ်တွေကြောင့် သူကိုယ်တိုင်ရှော့ရနေပြီး ရဲတွေမေးသမျှကို ကောင်းကောင်းပြန်မဖြေပေမဲ့ ရဲတွေက သူ့ကိုမဖမ်းပါဘူး။

"ဒေါက်တာဘက်ဂျင်ဟိုက ခင်ဗျားသူငယ်ချင်းကို ဆုံးရှုံးထားရလို့ စိတ်အခြေအနေပုံမှန်မဖြစ်သေးဘူးလို့ ထောက်ခံပေးတယ်။ ခင်ဗျား လူရမ်းကားနှစ်ယောက်ကို ဒေါသမထိန်းနိုင်ဘဲ သတ်လိုက်မိတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားပုံမှန်ပြန်မဖြစ်ခင်တော့ ဟီးရိုးအဖြစ်ကနေ နားထားတာကောင်းလိမ့်မယ်။ ဟီးရိုးတွေက အခြေအနေပေါ်မူတည်ပြီး လူရမ်းကားတွေကို သေတဲ့အထိ တိုက်ခိုက်ပိုင်ခွင့်ရှိပေမဲ့ တွေ့ရာဗီလိန်လျှောက်သတ်နေရင် မကောင်းဘူးလေ။"

စခန်းမှူးက သဘောကောင်းစွာနဲ့ သေသေချာချာရှင်းပြပြီး ဖရန့်ကို အာမခံနဲ့ပြန်လွှတ်လိုက်တယ်။ ဒါပေမဲ့ ဟီးရိုးတွေရဲ့လုပ်ထုံးလုပ်နည်းအရ ဒီကိစ္စကို ဖရန့်ရဲ့မိခင်ဟီးရိုးအစည်းအရုံးကို သတင်းပို့ဖို့လိုပါသေးတယ်။ ဒါပေမဲ့ သိပ်ကြာမှာမဟုတ်သလို ရဲစခန်းမှူးပြောသလိုပဲ ဘာအပြစ်မှမပေးဘဲ လအနည်းငယ်နားခိုင်းဖို့လောက်ပဲ ဆုံးဖြတ်ချက်ကျလာဖို့များပါတယ်။

နောက်ပြီး ဖရန့်ရဲ့ဟီးရိုးသက်တမ်းမှာ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးတာမျိုးမရှိခဲ့ဘူးလေ။

ဒါပေမဲ့ ဖရန့်ကတော့ အခုထိမတည်ငြိမ်နိုင်သေးပါဘူး။ သူက ဝတ်ရုံနီဝါဒကိုင်စွဲသူမဟုတ်တဲ့အတွက် ဗီလိန်တွေကိုတောင် အလွယ်တကူသတ်တာမျိုး မလုပ်ခဲ့ဖူးဘူး။ တတ်နိုင်သမျှ သေချာဖျောင်းဖျတဲ့လူစားမျိုးပါ။ ဟီးရိုးတွေကတော့ ဒီလိုအပြစ်ကင်းစင်ပြီး ဘယ်သူ့ကိုမှ ထိခိုက်မှာမလိုလားတဲ့ ဟီးရိုးတွေကို ဝတ်ရုံဖြူဝါဒဘက်သားတွေလို့ ခေါ်တတ်ကြပါတယ်။

ဒါကြောင့် မထင်မှတ်ဘဲ လူနှစ်ယောက်ကိုသတ်မိခဲ့တဲ့အတွက် သူအကြီးအကျယ်နောင်တရနေတယ်။ ပြီးတော့ သူလက်ခံထားတဲ့ လူသားတွေနဲ့ပတ်သက်အယူအဆတစ်ခုကြောင့်လည်းပါတယ်။ "လူတိုင်းက အဖြူဆိုအဖြူ၊ အမည်းဆိုအမည်းချည်းဖြစ်နေတာမဟုတ်ဘူး။ လူတွေရဲ့အရောင်က အဖြူနဲ့အမည်းရောစပ်ထားတာ။ ဒါကြောင့် အလုံးစုံဖြူစင်တဲ့လူဆိုတာမရှိသလို အလုံးစုံယုတ်မာတဲ့လူဆိုတာလည်းမရှိဘူး။" နည်းနည်းနီယွန်လစ်ဘရယ်ဆန်ပြီး ယုတ္တိမကျတဲ့ အယူအဆပေမဲ့ ဖရန့်ကတော့ ယုံတယ်လေ။

လူနှစ်ယောက်သတ်လိုက်မိတာက ဖရန့်အတွက်တော့ သိပ်ကြီးမားလွန်းတဲ့ ထိုးနှက်ချက်တစ်ခုပါ။ ပြီးတော့ သူ့စိတ်ကိုအနှောင့်အယှက်ပေးနေတဲ့ နောက်တစ်ခုရှိသေးတယ်။

အဲဲဒီတုန်းက ခံစားချက်။

ချောင်တစ်ချောင်မှာကပ်ပြီး သူတစ်ယောက်တည်းစဥ်းစားနေတုန်း ဒေါက်တာဘက်ဂျင်ဟိုက သူ့ကိုဖျော်စက်ထဲကနေ အခုမှယူလာတဲ့ ကော်ဖီတစ်ခွက်ကမ်းပေးတယ်။

"အရမ်းကြီးလည်း စိတ်ဓာတ်ကျမနေစမ်းပါနဲ၊ မင်းလူနှစ်ယောက်ကို လက်လွန်ပြီးသတ်မိပေမဲ့ အပြစ်မဲ့တဲ့ မိန်းကလေးတစ်ယောက်ကို ကယ်လိုက်နိုင်တယ်လေ။"

ဒါပေမဲ့ ဖရန့်က ရုတ်တရက်ထရပ်လိုက်ပြီး ဒေါက်တာဘက်ဂျင်ဟိုကို ပြောလိုက်တယ်။

"ဒေါက်တာ... ကျွန်တော့်ခန္ဓာကိုယ်မှာ မူမမှန်တာတစ်ခုခုရှိနေပြီထင်တယ်။"

"ဟေ...." ဒေါက်တာဘက်ဂျင်ဟိုကတော့ ဖရန့်စကားကို နားကိုမလည်နိုင်တော့ဘူး။ သူပဲ ဖရန့်နေကောင်းပြီဆိုပြီး ဆေးရုံက ဆင်းခိုင်းလိုက်တာလေ။ ပြီးတော့ဖရန့်ရဲ့ဒဏ်ရာတွေပြန်ကောင်းတဲ့နှုန်းက လူသားတစ်ယောက်အတွက် မဖြစ်နိုင်လောက်အောင်မြန်ပါတယ်။ ပုံမှန်လူသာဆိုရင် ဖရန့်ရထားတဲ့ဒဏ်ရာတွေနဲ့ တစ်သက်လုံးဒုက္ခိတတစ်ယောက်လို နေသွားရမှာ။

ဆေးရုံကို ပြန်ရောက်ပြီး နောက်တစ်နေ့ကျတော့ ဆေးရုံကဆရာဝန်တွေက ဖရန့်စိတ်ကျေနပ်အောင် သေချာစစ်ဆေးပေးကြပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အပြည့် CT စက်ထဲထည့်ရိုက်တာတောင် မူမမှန်တာဘာမှမရှိဘူးရယ်။

"စားစရာတွေကို အရသာမခံနိုင်ဘဲ စားမဝင်ဖြစ်နေတာကလွဲလို့ ဘာရောဂါမှမရှိပါဘူး။ မင်းအခြေအနေက ဒေါင်ဒေါင်မြည်ပဲ။"

ဒေါက်တာဘက်ဂျင်ဟိုက ကျန်းမာရေးအစီရင်ခံစာကို ဖတ်လိုက်ရင်း ပြောလိုက်တယ်။ "ငါ့အထင်တော့ မင်းမှာရှိနေတဲ့ တစ်ခုတည်းသောပြဿနာက စိတ်ပဲ။အကောင်းဆုံးကတော့ ကျွမ်းကျင်တဲ့ အကြံပေးပုဂ္ဂိုလ်တွေနဲ့ ပုံမှန်တွေ့ဆုံပေးတာပဲ။"

လက်ရှိစိတ်ပညာကုထုံးတွေအရ PTSD ဆန်ဆန်ဖြစ်နေတဲ့ ဖရန့်လိုလူနာမျိုးအတွက် ဒီလိုကုထုံးမျိုးက အသင့်တော်ဆုံးပဲ။ သူ့စိတ်အခြေအနေပြန်မသက်သာခင်အထိ နားနေသင့်တာ။

နောက်တော့ ဒေါက်တာဘက်ဂျင်ဟိုအခန်းထဲကထွက်လာတယ်။ ဘာလင်ဟီးရိုးအစည်းအရုံးက အကြောင်းပြန်စာလည်းရောက်လာပြီ။ စာအရတော့ ဂရိကို ၂လလောက် အပန်းဖြေခရီးထွက်ပါတဲ့။ သူတို့ဖက်က အကုန်အကျခံပါမယ်ဆိုပဲ။

ဒီတော့ စခန်းမှူးခန့်မှန်းထားတဲ့အတိုင်းပဲ ဖြစ်လာတာ။ သူ့ဆေးရုံက အခန်းထဲမှာ နားနေနေတုန်း ဗိုက်က ဆာလာပြန်တယ်။ နာရီကိုမော့ကြည့်လိုက်တော့ နေ့လယ် ၁၂ နာရီထိုးနေပြီ။ ထမင်းစားချိန်ရောက်ပြီမဟုတ်လား။

အရင်နေ့ကလိုပဲ သဘောကောင်းတဲ့ သူနာပြုဆရာမက သူ့ဆီကို စားစရာယူလာပေးတယ်။ ဒီတစ်ခါတော့ဆန်ပြုတ်မဟုတ်ဘဲ ကြက်သားစွပ်ပြုတ်။ ဖရန့်က စွပ်ပြုတ်ကို စမ်းသောက်ကြည့်တော့ အရသာမခံနိုင်ပေမဲ့ ဗိုက်ထဲချောချောချူချူဝင်သွားတဲ့အတွက် သက်ပြင်းချလိုက်တယ်။

"ငါမနေ့က စိတ်ထင်တာနေမှာပါ။"

ဒါပေမဲ့ စွပ်ပြုတ်ပန်းကန် ကုန်သွားတဲ့အထိ သူဗိုက်မပြည့်ဘူး။ နဂိုကတည်းက အစားကြီးသူမလို့ စွပ်ပြုတ်ပန်းကန်သေးသေးလေးနဲ့ မဝတာဖြစ်မယ်လို့ သူထင်တယ်။

"ဆရာမ.... နောက်တစ်ခွက်လောက် ထပ်ပေးလို့ရမလား။" သူနာပြုဆရာမနားလည်အောင် အင်္ဂလိပ်စကားကို စိတ်ရှည်ရှည်နဲ့ဖြည်းဖြည်းချင်းပြောရတယ်။

စွပ်ပြုတ်လာပို့တဲ့ သူနာပြုဆရာမက သူ့ကိုပြုံးပြပြီး အခန်းထဲက ထွက်သွားတယ်။ ဖရန့်ကတော့ အခန်းထဲမှာစောင့်နေရင်း အူတွေခွေခေါက်လုတဲ့အထိ ဆာလောင်နေပြီလို့ ခံစားမိလာတဲ့အထိပဲ။

သိပ်မကြာခင်မှာပဲ စွပ်ပြုတ်ထပ်သွားယူတဲ့ဆရာမ က စွပ်ပြုတ်အိုးနဲ့အတူပြန်ရောက်လာပြီး သူ့ပန်းကန်ထဲ စွပ်ပြုတ်ထည့်ပေးတယ်။

ဖရန့်လည်း သူ့နှာခေါင်းထဲရနေတဲ့ စားကောင်းသောက်ဖွယ်အနံကြောင့် လျှာသပ်လိုက်မိတယ်။

"ကြက်စွပ်ပြုတ်က မွှေးလှချေလား..." ဒါပေမဲ့ သူ့အတွက်အသစ်ထည့်ပေးထားတဲ့ စွပ်ပြုတ်ဆီလက်မလှမ်းနိုင်သေးခင်မှာပဲ သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေအားလုံး ပျောက်ကွယ်သွားတယ်လို့ ခံစားလိုက်ရပြီး မြင်ကွင်းက အမှောင်ကျသွားတော့တယ်....

၅။

"ဘာတွေဖြစ်ကုန်တာလဲ... ဘာကြောင့်ဒီလိုတွေဖြစ်လာရတာလဲ။"

ခပ်ဝဝလူငယ်လေးတစ်ယောက် ရူးသွပ်နေသူလိုမျိုး ကိုယ့်ဆံပင်ကိုယ်ဆောင့်ဆွဲရင်း အော်ဟစ်နေတယ်။ သူထိုင်နေတဲ့နေရာက သက်မဲ့အလောင်းတွေပြည့်နေတဲ့ နေရာတစ်ခု။ အရင်တုန်းက ရှင်သန်လှုပ်ရှားနေခဲ့တဲ့ လူတွေအားလုံး အခုတော့အသက်ကင်းမဲ့လျက်။

"ငါဘာလုပ်လိုက်မိတာလဲ... ဘာလုပ်လိုက်တာလဲ။"

သူ ဆေးရုံခန်းထဲမှာ ဗိုက်ဆာလွန်းလို့ သတိလက်လွတ်ဖြစ်သွားခဲ့တာ။ ပြန်နိုးလာတော့ ဒီအလောင်းကောင်ပုံအထပ်မှာ သူထိုင်လျက်သားဖြစ်နေပြီ။ ဒီလူတွေအားလုံးကို သူသတ်လိုက်မိမှန်း သူ့ပင်ကိုယ်သိစိတ်က သတိပေးနေတယ်။

သူ့စိတ်ထဲကနေ အသံတစ်ခုကို စကြားလာရတယ်။ အသံပိုင်ရှင်က ထူးဆန်းတဲ့ လိပ်နက်ကြီးပါ။ သူဆင့်ခေါ်မိခဲ့တဲ့ တတိယမြောက် ဆင့်ခေါ်ကောင်။

"အစာစားလိုက်တာလေ... ဒီဂြိုဟ်ပေါ်က တခြားသက်ရှိတွေလိုပဲ မင်းလည်း စွမ်းအင်လိုတယ်မဟုတ်လား။"

ဖရန့် အဲဒီလိပ်နက်ကြီးရဲ့စကားကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ ဒီကိစ္စတွေက သာမန်နည်းလမ်းနဲ့ ဖြစ်မလာနိုင်မှန်း သိထားပြီးသားပါ။

"မကောင်းဆိုးဝါးကောင်၊ ဒါတွေအားလုံး မင်းလက်ချက်ပဲမဟုတ်လား။"

"မဟုတ်ပါဘူးကွ၊ ငါက ဒီအတိုင်းလေး မင်းအသက်ရှင်နိုင်အောင် ကူညီပေးနေရုံပါ။ မင်းက ငါ့ကိုဆင့်ခေါ်ထားတာဆိုတော့ မင်းသေရင် ငါလည်းပျောက်ကွယ်သွားမှာမဟုတ်လား။ ဟိုကောင်မလေးကလည်း ဒါကြောင့်မင်းကို သူ့မှာရှိသမျှအရာအားလုံးကိုရင်းပြီး ကုသပေးခဲ့တာ။"

"ဘာ...." ဖရန့်ဖြစ်နေတာတွေကို နားမလည်နိုင်တော့ဘူး။ လိပ်နက်ကတော့ ဖရန့်ကို ဂရုမစိုက်ဘဲ ဆက်ပြောနေတယ်။

"မင်းပိုင်ဆိုင်ထားတဲ့ မြူတန့်စွမ်းအားတွေက ကမ္ဘာမှာရှိသမျှ မြူတန့်အားလုံးထက် ပိုပြီးအစွမ်းထက်တယ်။ အိုမီဂါအဆင့်ဖြစ်တန်စွမ်းလို့ ပြောရမလားပဲ။ ဒါပေမဲ့ မင်းလိုအပ်တဲ့စွမ်းအင်ပမာဏကလည်း အများကြီးမြင့်တက်သွားတယ်။"

ဖရန့် သူစပြီးအစားမက်လာတဲ့အချိန်ကို ပြန်တွေးမိခဲ့တယ်။ သူမြင်းပျံကြီးကို စပြီးဆင့်ခေါ်မိခဲ့တဲ့အချိန်ကိုပေါ့။ အဲဒီကတည်းက အမြဲလိုလိုဆာလောင်နေတယ်လို့ ခံစားနေရပြီး အစားကိုအဆက်မပြတ်စားနေခဲ့တာ။ ပန်းသီးလေးကို ဆင့်ခေါ်နိုင်ပြီးတဲ့နောက်တော့ ပိုဆိုးလာတယ်။

"မဖြစ်နိုင်တာ... ကျုပ်ခင်ဗျားကို ဆင့်ခေါ်မိပြီးမှ ဒီလိုဖြစ်လာတာလေ။ ခင်ဗျားကျုပ်ကို လိမ်နေတာမဟုတ်လား။"

"မလိမ်ပါဘူး၊ ငါ့ကိုဆင့်ခေါ်မိလို့ ဒီလိုဖြစ်သွားတယ်ဆိုတာလဲ အမှန်ပဲ။ ဒါပေမဲ့ ငါက သိပ်ကိုစွမ်းအားကြီးလွန်းလို့ မင်းလိုအပ်တဲ့အာဟာရပမာဏက နောက်တစ်ဆင့်တက်သွားရုံပဲလေ။"

ဖရန့် အရာရာကို နားမလည်နိုင်တော့ဘူး။ သူ့ခေါင်းက ဆံပင်မွှေးတွေကို ပိုပြီးတင်းတင်းကျပ်ကျပ် ဆွဲဆုပ်လိုက်မိတယ်။ မြေပြင်မှာလဲကျနေတဲ့ အလောင်းတွေကို သူတစ်ချက်ကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်တဲ့စိတ်ကြောင့် ဗိုက်ထဲရှိသမျှကို ပြန်အန်ထုတ်မိလုနီးနီးပဲ။

ဒေါက်တာဘက်ဂျင်ဟိုနဲ့ သူနာပြုဆရာမလေးတို့လည်း သေသွားတဲ့သူတွေထဲမှာပါတယ်။ လိပ်နက်က ဖရန့်ရဲ့အပြုအမူကိုမြင်တော့ သဘောတကျရယ်မောလိုက်တယ်။ သူဒီလိုပိုင်ရှင်မျိုးကိုကြုံဖူးတာ ပထမဆုံးမှမဟုတ်တာ။

"မင်း.... ငါဗိုက်ဆာနေတုန်း မင်းငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ဒီလိုတွေလုပ်ခဲ့တာမဟုတ်လား။"

လိပ်နက်က မငြင်းဘူး။ "ဘင်ဂို၊ အမှန်ပဲ။ မင်းသာ ဗိုက်ဆာနေပြီး လိုအပ်တဲ့အာဟာရကိုမစားရင် သေလိမ့်မယ်။ ဒါကြောင့် ငါက အစားဝင်ပြီး မင်းမလုပ်နိုင်တဲ့အရာတစ်ခုကို ကူညီပြီးလုပ်ပေးရုံပဲ။"

"ဒါပေမဲ့ သူတို့က လူသားတွေလေ၊ ကိုယ့်ဘဝနဲ့ကိုယ်နေထိုင်ပြီး အသက်ရှင်နေကြတဲ့လူသားတွေဗျ။" ဖရန့် လိပ်နက်ကိုသတ်ပစ်ချင်တယ်။ ဒါပေမဲ့ သူမလုပ်နိုင်ဘူး။ သူနဲ့လိပ်နက်က တစ်ခုတည်းလိုပေါင်းစပ်နေတယ်။

"အသက်ရှင်နေတဲ့ လူသားတွေ... ဟားဟားဟား... ငါသိထားတာတော့ လောကမှာ ရှင်သန်ဖို့က ဦးစားပေးပဲကွ။ လူတွေက သေဆုံးပြီးသွားရင် ဘာမှဖြစ်မလာတော့ဘူး။ နောက်ဆုံးမှာတော့ အင်အားကြီးတဲ့သူတွေသာ ရှင်သန်ခဲ့တာ။"

"ပါးစပ်ပိတ်ထား... လောကကြီးက ခင်ဗျားထင်ထားသလိုမဟုတ်ဘူး။"

လိပ်နက်က ပိုပြီးလှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်တယ်။ ကမ္ဘာပေါ်က အရယ်ရဆုံးဟာသကို ကြားလိုက်သူလိုမျိုး။ အဲဒီနောက်တော့ သူက ဖရန့်ကို ပြန်ဖြေတယ်။

"မင်းသိလား... အဲဒီစကားကို ငါ့ကိုနောက်ဆုံးပြောခဲ့တဲ့သူက သူ့မိတ်ဆွေတွေလက်ထဲမှာပဲ ဆိုးဆိုးဝါးဝါးသစ္စာဖောက်ခံရပြီး သရဲလိုလိုတစ္ဆေလိုလိုဖုတ်ကောင်ဘဝနဲ့ နေသွားရတာကွ။ နောက်ဆုံးတော့လည်း တရားမျှတမှုအကြောင်း ပြောပြောနေတဲ့သူကိုယ်တိုင်က သူများဘဝကိုအပိုင်သိမ်းပြီး အစားဝင်နေလိုက်တော့တာပဲ။"

"မဖြစ်နိုင်ဘူး.... ပါးစပ်ပိတ်...."

နောက်တော့ ဖရန့်က စိတ်ကူးတစ်ခုရလာပြီး ဆေးရုံအပေါ်ဆုံးထပ်ကို ပြေးတက်သွားလိုက်တယ်။ ခုနက လိပ်နက်သူ့ကိုပြောတဲ့ စကားတစ်ခွန်းကို သတိရသွားတာကိုး။

"ကျုပ်သေသွားရင် ခင်ဗျားတို့လည်းသေမှာမဟုတ်လား။ ဒါဖြင့် ကျုပ်က အသေခံလိုက်မယ်ဆိုရင်ရော။"

နောက်တော့ ဖရန့်က ဝရန်တာပေါ်ကနေ ခုန်ချဖို့လုပ်တယ်။ ဒါပေမဲ့ လိပ်နက်က မတားဘဲ ရပ်ကြည့်နေတယ်။ ဝတန်တာလက်ရန်းပေါ်တက်ရပ်ပြီးတဲ့နောက် ကားတွေကိုတောင် ကစားစရာအရွယ်အနေနဲ့ပဲ မြင်ရတော့တဲ့အမြင့်ကနေ ဖရန့်ငုံကြည့်ပြီးတဲ့နောက်မှာ ဖရန့် ဆက်ပြီးမလှုပ်ရှားရဲတော့ဘူး။ သူ့အသိစိတ်ထဲမှာရှိနေတဲ့ အနက်ရှိုင်းဆုံးသိစိတ်လေးတစ်ခုက သူ့ကို မသေဖို့ပြောနေတယ်။ လောလောဆယ်ပူဆွေးနေရပေမဲ့ သူ့ဘဝတစ်လျှောက်ပျော်ရွှင်ခဲ့ရတဲ့ အမှတ်ရစရာတွေက သက်ရှိလောကကြီးနဲ့သူ့ကို ကြိုးတစ်ခုလိုမျိုး ခိုင်မာစွာတုပ်နှောင်ထားတယ်။

"ဘယ်လိုလည်း... မလုပ်နိုင်တော့ဘူးလား... ငါလူသားတွေအကြောင်းကို သေချာသိတာပေါ့။ မင်းတို့လူသားတွေက ဘာမဆိုထက် ကိုယ့်အသက်ကို ပိုတန်ဖိုးထားကြသူတွေပဲ။ သတ်သေတဲ့သူအများစုက ရွေးချယ်စရာမရှိလို့ကွ။ မင်းမှာက စွမ်းအားလည်းရှိတယ် အနာဂတ်လည်းရှိတယ်။ အများအကျိုးအတွက် ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ဖို့အတွက် သူများတွေကိုချနင်းပြီး အသက်ရှင်ဖို့ကိုရွေးမှာပဲ။"

"မဟုတ်ဘူး... မဟုတ်ဘူး...." ဖရန့်ဘယ်လိုပဲ ပါးစပ်က ငြင်းနေပေမဲ့ သူ့ခြေထောက်တွေက ရှေ့ဆက်မသွားတော့ဘူး။ အဲဲဒီနောက် သူဝရန်တာလက်ရန်းပေါ်ကနေ ပြန်ဆင်းလိုက်မိတယ်။ နောက်တော့ လက်ရန်းကို ကျောမှီရင်း ကိုယ့်ဒူးကိုယ်ပွေ့ဖက်ကာ ငိုကြွေးနေမိတယ်။

"ငါက အသက်ရှင်ဖို့အတွက် တခြားသူတွေရဲ့အသက်ကို စားသုံးရတယ်တဲ့လား။ ငါက ဘာကောင်ကြီးလဲ။"

လိပ်နက်ကတော့ ရယ်မောပြီး အဖြေပေးလိုက်တယ်။ "သူတို့ကတော့ မင်းကိုနာမည်လှလှလေးတစ်ခုပေးကြမှာပဲ၊ မိစ္ဆာကောင်တဲ့။" လိပ်နက်ရဲ့ရယ်သံတွေ ပဲ့တင်သံထပ်နေပြီး သူ့နားထဲက ထွက်မသွားတော့ဘူး။ နောက်တော့ သူအရူးတစ်ယောက်လိုမျိုး အော်ဟစ်ငိုယိုမိတော့တာပဲ။

အဲဒီအချိန်မှာပဲ သူရှိနေတဲ့အထပ်ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုရောက်လာတယ်။ ဒီလောက်အဆင့်အထိ

သတ်ဖြတ်ပွဲကြီးဖြစ်ထားတာဆိုတော့ သက်ဆိုင်ရာက မသိဘဲဘယ်နေမလဲ။ S rank တစ်ယောက်တောင်မှ ဆေးရုံတစ်ခုလုံးကလူတွေကို ဘယ်သူမှမသိအောင် မသတ်နိုင်ဘူး။

"ပစ်...." အထူးတပ်ဖွဲ့ဝင်တွေက သူ့ကိုတွေ့တာနဲ့ ဘာမှမပြောတော့ဘဲ တိုက်ရိုက်ထုတ်ခိုက်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ကျည်ဆန်တွေ သူ့အနားရောက်မလာခင်မှာပဲ သစ်နွယ်တစ်ခုက ဖရန့်ကိုယ်ထဲကနေရောက်လာပြီး ကျည်ဆန်အားလုံးကို လေထဲမှာတင် ဖျက်ဆီးပစ်လိုက်တယ်။ နောက်တော့ အဲဒီသစ်နွယ်တွေက တပ်ဖွဲ့ဝင်တွေကို ထပ်မတိုက်နိုင်တော့အောင် သိမ်းကျုံးရိုက်ချပစ်တယ်။

"တွေ့လား... အဲဒီအရူးမလေးတောင်မှ မင်းတစ်ခုခုမဖြစ်သွားအောင် ကာကွယ်ပေးနေတာ။ မင်းက ငါတို့အတွက် သခင်ဆိုတာထက် ငါတို့အသက်ရှင်အောင် လုပ်ပေးနိုင်တဲ့ အသုံးချခံအခွံသက်သက်ပဲ။ ဒီတော့ ငါတို့ပြောစကားနားထောင်ပြီး ကောင်းကောင်းအသက်ရှင်။ မင်းတကယ်သတ်သေချင်ရင်တောင် ငါတို့က ခွင့်ပြုမှာမဟုတ်ဘူး။ ခုနက မင်းသတ်မသေနိုင်မှန်းသိလို့ လွှတ်ထားပေးရုံပဲ။"

နောက်တော့ သစ်နွယ်တွေက တပ်ဖွဲ့ဝင်တွေကို သတ်ဖို့လုပ်ပေမဲ့ ဖရန့်က တားလိုက်တယ်။

"ပန်းသီးလေး သူတို့ကိုမသတ်နဲ့၊ သွားခွင့်ပေးလိုက်။"

နွယ်ပင်က တပ်သားတွေကို သတ်ခါနီးမှာပဲ ခဏရပ်သွားပြီး ပန်းသီးလေးရဲ့အသံကို နားက ကြားလာတယ်။

"သူတို့က ရှင့်ကိုသတ်ချင်နေတာ၊ ပန်းသီးလေး သူတို့ကိုသတ်မှ ရှင့်ကိုကာကွယ်ပေးနိုင်မှာ။"

"မသတ်နဲ့... ရပ်လိုက်တော့..."

သူတို့ စကားပြောနေတဲ့အတွက် နွယ်ပင်က ဆက်မတိုက်ခိုက်ဘူး။ ဒါပေမဲ့ တပ်သားတွေကလည်း ဆက်မတိုက်ဘူးလို့ မဆိုလိုဘူး။ သူတို့ထဲကတစ်ယောက်က ဗုံးလောင်ချာထဲကျည်ဖြည့်ပြီး ဖရန့်ကိုပစ်ဖို့လုပ်တယ်။

ဖရန့်လက်က အလိုလိုမြှောက်သွားပြီး သူ့လက်ကိုအကြေးခွံတွေဖုံးသွားတယ်။ အဲဒီအကြေးခွံလက်က တပ်သားပစ်လိုက်တဲ့ ဗုံးကိုအသာလေးဖမ်းပြီး ပြန်ပစ်ပေးလိုက်တယ်။

ဘုန်း....။

ပေါက်ကွဲသံတစ်ချက်နဲ့အတူ အထူးတပ်ဖွဲ့ဝင်တွေရဲ့ခန္ဓာကိုယ်က အပိုင်းပိုင်းပြတ်ထွက်ကုန်တယ်။

"မင်းသတ်မသေနိုင်တာနဲ့ဘဲ သူများသတ်တာခံမယ်လို့တော့ မစဥ်းစားလိုက်နဲ့နော်၊ ငါကတော့ မင်းကိုကာကွယ်ဖို့ ဘာမဆိုလုပ်မှာပဲ။ ဟိုကောင်မလေးလိုမျိုး ငါက မင်းစကားနားထောင်မှာမဟုတ်ဘူး။"

"မင်းကများ....."

သူတို့စကားပြောနေချိန်မှာပဲ ကိုရီးယားစစ်တပ်က ရဟတ်ယာဥ်တွေ ပျံသန်းပြီး ဆေးရုံရှိရာဆီကိုလာနေပြီ။ ဆိုးလ်ဟီးရိုးအစည်းအရုံးက ပျက်စီးသွားပြီဖြစ်ပြီး လက်ကျန်ဟီးရိုးအများစု မလှုပ်ရှားနိုင်သေးတဲ့အတွက် ကိုရီးယားစစ်တပ်ကဘဲ ဖရန့်လိုမိစ္ဆာကောင်ကို ထိန်းသိမ်းဖို့ တာဝန်ယူလိုက်ရတယ်။ သူတို့က ဖရန့်ကိုတိုက်ဖို့ အသင့်ပြင်နေကြပြီ။

"အိုးဟိုး... ကိုရီးယားလေတပ်တောင် ဒီကိုရောက်လာပြီပဲ။ အခြေအနေမကောင်းဘူး၊ လစ်ကြစို့။"

အဲဒီနောက်တော့ ဖရန့်တစ်ကိုယ်လုံးကို အကြေးခွံတွေဖုံးလွှမ်းသွားပြီး ကျောမှာလည်းလိပ်ခွံကြီးတစ်ခုပေါ်လာတယ်။ အမြီးသုံးချောင်းလည်း ပေါက်လာတာပေါ့။ မျက်လုံးတွေမှာတော့ အပြာရောင်မီးတောက်တွေက တောက်လောင်နေတယ်။

အသွင်ပြောင်းပြီးတဲ့နောက် လိပ်နက်ဟာ ရန်သူတွေနဲ့ဝေးရာကို ထွက်ပြေးတော့တယ်။

....

မြူတန့်သိပ္ပံဌာနချုပ်။

Mad doctorက အမြင့်ဆုံးခုံပေါ်တွင်ထိုင်နေပြီး စင်တီကတော့ သူ့ပေါင်ပေါ်တွင်မှာရှိနေတယ်။ ဒါပေမဲ့ စင်တီ့မျက်နှာက ခါတိုင်းလိုမဟုတ်ဘဲ Mad doctor ကို နည်းနည်းအလိုမကျဖြစ်နေသလိုပဲ။

ဒေါက်တာမြူက သူ့ကိုဗီဒီယိုတစ်ပုဒ်ပြနေပြီး Dr.Soul သေဆုံးသွားခဲ့တဲ့ ဆိုးလ်မြို့တိုက်ပွဲအကြောင်းပါ။

"ဒီတော့ Dr.soulက ငါတို့ဗီလိန်ညီလာခံကို လာမတက်ရောက်နိုင်တော့ဘူးပေါ့။ သူက နှစ်ဆယ်နဲ့ချီပုန်းနေပြီး အဆင့်တက်ဖို့လုပ်ခဲ့ပေမဲ့ ဘယ်ကပေါ်လာမှန်းမသိတဲ့ကောင်ကြောင့် သေသွားရတာ တော်တော်နှမျောစရာပဲ။"

ထို့စဥ်အခန်းအပြင်ကနေ ဗီးနပ်စ်ဝင်လာပြီး ကြားဖြတ်ပြောလိုက်တယ်။ "ဒါပေမဲ့ ဒေါက်တာယွန်းသေသွားတာက ကျွန်မတို့အဖွဲ့ရဲ့အကြံအစည်ကြီးအဖို့တော့ သိပ်ထိခိုက်မှုမရှိပါဘူး။ အန်းနပ်စ်ရှိနေသမျှ ကမ္ဘာကြီးကို အုပ်စိုးဖို့ဖြစ်နိုင်တယ်။"

ဒေါက်တာမြူနဲ့ဒေါက်တာစမစ်လည်း ဖန်သားပြတင်းပေါက်ကတစ်ဆင့် ဧရာမသတ္တဝါကြီးကို လှမ်းကြည့်လိုက်တယ်။ ပြင်ဆင်ထားတာတွေက အားလုံးအပြီးသတ်တော့မယ်။

မတည်ငြိမ်သေးပေမဲ့ ဒီကောင်ကြီးနဲ့ဆိုရင် ကမ္ဘာ့ဗီလိန်တွေအားလုံးကို သူတို့အကြံအစည်မှာအားဖြည့်ပေးဖို့အတွက် တောင်းဆိုလို့ရပြီ။ တကယ်လို့ သူတို့နောက်မလိုက်နိုင်ရင်လည်း ဖိအားပေးရုံပေါ့။ လက်ရှိမြူတန့်သိပ္ပံက ပြိုင်ဖက်ကင်းမြူတန့်အဖွဲ့အစည်းဖြစ်နေပါပြီ။

"ဗီးနပ်စ်... မင်းကိုအပြင်မှာ လုံခြုံရေးစနစ်လုပ်ခိုင်းထားတာ ပြီးပြီလား။" ဒေါက်တာစမစ်က ဘာမှသိပ်မတွေးဘဲ မေးလိုက်တယ်။

ဗီးနပ်စ်ကလည်း ဒေါက်တာစမစ်ကို ဆွဲဆောင်မှုရှိရှိ ဦးညွှတ်ပြပြီး ပြန်ဖြေလိုက်ပါတယ်။

"ဟုတ်ကဲ့၊ ကျွန်မတို့ကျွန်းတစ်ခုလုံး ဟဲလ်ဟိန်းသစ်တောကြီးလိုဖြစ်နေပါပြီ။ ဝင်လာသမျှလူတိုင်း ကျွန်မအသစ်ဖန်တီးထားတဲ့ မွန်းစတားတွေနဲ့အပင်တွေကြားထဲမှာ မရဏလမ်းမြန်းရပါလိမ့်မယ်။"

ဗီးနစ်ပ်စ်က အခုထက်အဆင့်တက်ပြီးပါပြီ။ ဒါကြောင့် မက်ဒါနာနဲ့ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရသလို အားမနည်းတော့ဘူး။ ဝှက်ဖဲတွေအများကြီးပိုရှိလာပြီး ပိုကြမ်းတမ်းလာတယ်။

ဒေါက်တာစမစ်က ဒေါက်တာမြူဖက်ကို လှည့်ပြီးဆက်မေးလိုက်တယ်။ "ကောင်းပြီ၊ မင်းတာဝန်ယူရတဲ့ အပိုင်းကရော။"

ဒေါက်တာစမစ်ကလည်း သေသေဝပ်ဝပ် ဦးညွှတ်ပြီးပြန်ဖြေတယ်။ "ငါ့ရှင်၊ ကျွန်းအနားပင်လယ်တစ်ဝိုက်မှာ ရေကူးနိုင်တဲ့ အရိုးမျက်နှာတွေကို အစောင့်ချထားပြီးပါပြီ။ ကျွန်တော့်ပင်လယ်သတ္တဝါကြီးကလည်း မြူပင်လယ်ကို အချိန်မရွေးဖန်တီးနိုင်ပြီး လာသမျှလူတွေကို အနိုင်ယူနိုင်ပါတယ်။"

ဒေါက်တာစမစ်က ခေါင်းညိတ်လိုက်ပြီး ပြတင်းပေါက်အကျော်ကို လှမ်းကြည့်ရင်း ဖြည်းဖြည်းချင်းပြောလိုက်တယ်။

"ငါတို့တွေက အာကိုင်းဂါမီကို ရှင်းထုတ်လိုက်နိုင်ပြီဆိုပေမဲ့ ကြိုမမြင်နိုင်တဲ့ ကိန်းရှင်တွေကတော့ ရှိနေတုန်းပဲ။ အခုမီးတောက်ပြာတွေနဲ့တစ်ကောင်က တိုးလာပြန်ပြီ။"

ဒေါက်တာမြူကတော့ ဖရန့်ကိုသိပ်ပြီး ခြိမ်းခြောက်မှုတစ်ခုလိုမမြင်သေးဘူး။ သူက ပြောလိုက်တယ်။

"အဲဒီတစ်ယောက်က အမိန့်တော်အဖွဲ့တည်းကဆိုပေမဲ့ ကျုပ်တို့နဲ့ထိတွေ့ဖို့ သိပ်မဖြစ်နိုင်သေးဘူး။ အဲဒီစွမ်းအားကိုကြည့်ရတာ အချိန်အတိုအတွင်းထိန်းချုပ်နိုင်ဦးမယ့်ပုံမပေါ်ဘူး။ လောလောဆယ် သတိထားရမှာပဲ ကျွန်တော်တို့နောက်ကိုဇွဲကောင်းကောင်းနဲ့လိုက်နေတဲ့ SilverKnightပဲ။"

ဒါပေမဲ့ ဒေါက်တာမြူက ဖရန့်ကို ခြိမ်းခြောက်မှုလို့မမြင်သလို ဒေါက်တာစမစ်ကလည်း မက်ဒါနာကိုခြိမ်းခြောက်မှုလို့ မြင်မနေဘူး။

"အင်း... ငွေရောင်စစ်သည်က ငါတို့ကိစ္စတော်တော်များများကို ဝင်ရှုပ်ခဲ့ပေမဲ့ သူ့လက်ရှိစွမ်းအားနဲ့ငါတို့ကို ထိခိုက်အောင်လုပ်နိုင်ဖို့ခက်တယ်။ ငါတို့ထဲက တစ်ယောက်ကိုတောင် သူအနိုင်မယူနိုင်လောက်တော့ဘူး။ အဲဒီကောင်မလေးက တိုးတက်ဖို့ရှိသေးပေမဲ့ လောလောဆယ်မှာတော့ သူရောတခြားအမိန့်တော်အဖွဲ့ဝင်တွေကိုပါ ငါတို့ကြောက်စရာမလိုသေးဘူး။"

SilverKnightက တော်တော်လေးအစွမ်းထက်ပေမဲ့ လက်ရှိအချိန်ထိ A rankပါ။ S rankတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်တိုက်ခိုက်ဖို့အတွက် ခက်ပါသေးတယ်။ ဒါကြောင့် ဒေါက်တာစမစ်က သူ့ချစ်သူစင်တီကို ထိခိုက်အောင်လုပ်လို့ ရန်ငြိုးဖွဲ့ထားပေမဲ့ တကယ့်ခြိမ်းခြောက်မှုလို့တော့ မမြင်သေးဘူး။

"ဒါပေမဲ့ သူက စင်တီကိုထိခိုက်အောင်လုပ်ထားတဲ့အတွက် ဗီလိန်တွေကိုစုစည်းပြီးရင် ပထမဆုံးသတ်မယ့်သူက လူဖြစ်လာလိမ့်မယ်။" စမစ်က သူ့စကားကို အဆုံးသတ်လိုက်တယ်။ ဒီတော့အတွက် သူတို့မှာထပ်ဆွေးနွေးစရာမရှိတော့ဘူး။

...

ဖရာလီတာတစ်ယောက် သွေးတွေဆက်တိုက်စီးကျနေတဲ့ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ ဒီအတိုင်းဆိုရင် သွေးအလွန်အကျွံဆုံးရှုံးမှုကြောင့် သူသေသွားနိုင်တယ်။

အေ့စ်သခင်လေး အော့တိုရဲ့Clock up စွမ်းအားက ပြိုင်စံရှားဖြစ်ပြီး လက်ရှိဖရာလီတာတို့ရင်ဆိုင်နိုင်တဲ့အနေအထားမျိုးမှာမဟုတ်ဘူး။

ဖရာလီတာက သူ့ကျည်ကာဝတ်စုံကြီးဖြစ်တဲ့ Archmegaထဲကို ဝင်ဖို့ကြိုးစားပေမဲ့ အော့တိုက အများကြီးကြိုဦးနေပြီး Archmegaရဲ့အဓိကပင်မ စွမ်းအင် Coreကို ဖျက်ပစ်လိုက်တဲ့အတွက် လက်ရှိ Archmegaဟာ ကြိုးပြတ်သွားတဲ့ ရုပ်သေးတစ်ရုပ်ထက် မပိုတော့ဘူး။

ဖရာလီတာအခြေအနေမကောင်းမှန်းသိတဲ့ ဘဏ္ဍာစိုးစတန်းဖို့စ်က အော့တိုနဲ့ဖရာလီတာကြားမှာ ဝင်ရပ်လိုက်ပြီး သူ့မြူတန့်စွမ်းအားကို ထုတ်ဖော်လိုက်တယ်။

"Overwhelm!" ကြီးမားတဲ့ ဖိအားတစ်ခုက အော့တိုအပေါ်ကျဆင်းလာပြီး သူ့ရဲ့အချိန်ကာလစွမ်းအားကိုနှောင့်ယှက်လိုက်တယ်။ ဒီစွမ်းအားက ဥစာကီရဲ့ပျက်ပျယ်ခြင်းနဲ့ဆင်ပေမဲ့ စွမ်းအားလုံးဝသုံးမရအောင် မကန့်သတ်နိုင်သလို သူ့ထက်သာလွန်တဲ့အစွမ်းရှိတဲ့သူတွေအပေါ်မှာလည်း မနှောင့်ယှက်နိုင်ဘူး။

အော့တိုလည်း ဒီစွမ်းအားကြောင့် အရင်အတိတ်ကဖြစ်ခဲ့တဲ့ အိပ်မက်ဆိုးတွေကို ပြန်သတိရလာတယ်။ ဒီဘဏ္ဍာစိုးကို သူသတ်နိုင်ခဲ့ဖူးပေမဲ့ အဲဒီဖိနှိပ်ချုပ်ခြယ်နိုင်စွမ်းကြောင့် သူ့ကိုဟီးရိုးအစည်းအရုံးက ဖမ်းဆီးနိုင်ခဲ့တာပါ။

ဘိုးဘေးရဲ့အကူအညီနဲ့အတူပြန်ရောက်လာတဲ့ ပန်ဒရာဂွန်သခင်မက ဟီးရိုးအစည်းအရုံးက အင်အားစုတွေနဲ့အတူ အိမ်တော်ကိုပြန်ရောက်လာချိန်မှာ ဖရာလီတာနဲ့သူက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို ဆင်နွှဲနေခဲ့ပါပြီ။

ဖရာလီတာက ရှုံးနိမ့်နေခဲ့ပေမဲ့ စတန်းဖို့စ်ရဲ့စွမ်းအားက ဖရာလီတာကို အသက်ဘေးကနေ ကယ်တိုင်နိုင်ခဲ့ပြီး တိုက်ပွဲကို စစ်ကူတွေရောက်လာစေတဲ့အထိ အချိန်ကြာရှည်စေခဲ့တယ်။

ဘဏ္ဍာစိုးကို တိုက်ပွဲအဆုံးမှာ သူသတ်နိုင်ခဲ့ပေမဲ့ပေါ့။ စတန်းဖို့စ်က သူ့စွမ်းအားနဲ့ အော့တိုကိုထိန်းထားရင်း သခင်မလေးကို လှမ်းအော်ပြောလိုက်တယ်။

"မမလေး... ဒီနေရာကနေ ထွက်ပြေးပါတော့။" သူအကောင်းဆုံးလုပ်နိုင်တာဆိုလို့ ဒီသူရူးကို ခဏလေးအချိန်ဆွဲထားနိုင်ရုံပဲ။

"ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် နင်က...." ဖရာလီတာက စတန်းဖို့စ်ကို ဒီနေရာမှာ အသေခံပြီးမထားရစ်နိုင်ဘူး။

အော့တိုကလည်း ဖိနှိပ်ချုပ်ခြယ်နိုင်စွမ်းကြောင့် ရူးသွပ်သွားတော့မလိုကို ခံစားနေရပြီ။ "ခင်ဗျားက သေပြီးသား လူတစ်ယောက်မဟုတ်လား။ ဘယ်လိုလုပ်ပြီး စက်ရုပ်တစ်ရုပ်က မြူတန့်စွမ်းအားကို ထုတ်သုံးနိုင်နေရတာလဲ။"

"အယ်လိုဟင်... ကျေးဇူးပြုပြီး သခင်မလေးကို ဘေးလွတ်ရာခေါ်သွားပေးပါ။" စတန်းဖို့စ်က နောက်မှာရှိနေတဲ့ အယ်လိုဟင်ကို ပြောလိုက်တယ်။ သူတို့သုံးယောက်လုံးက အော့တိုရဲ့ပြိုင်ဖက်မဖြစ်နိုင်ဘူး။ ဒီတော့ သခင်မလေးကိုခေါ်ပြီး ဒီကနေဆုတ်မှဖြစ်မယ်။

အယ်လိုဟင်က ဒဏ်ရာကြောင့်သွေးတွေအများကြီးထွက်နေတဲ့ ဖရာလီတာကို ချီလိုက်တယ်။ ဒါပေမဲ့ဖရာလီတာကတော့ ရုန်းကန်နေတုန်းပဲ။

"မဖြစ်ဘူး... မဖြစ်ဘူး... အယ်လိုဟင်ငါ့ကိုချထားပေး၊ စတန်းဖို့စ်သေလို့မဖြစ်ဘူး။" တကယ်တော့ သွေးတွေအများကြီးဆုံးရှုံးထားတာကြောင့် ဖရာလီတာတစ်ကိုယ်လုံး ပြာနှမ်းနေပြီဖြစ်ပြီး မိနစ်နည်းနည်းလောက်နောက်ကျရင်တောင် သွေးထွက်လွန်ပြီးသေတော့မှာ။ တအားရုန်းကန်နေတဲ့အတွက် အယ်လိုဟင်လည်း ဖရာလီတာဇက်ပိုးကို သတိမေ့သွားအောင်ဖြတ်ရိုက်လိုက်တယ်။ အဲဒီနောက်တော့ သူ့ကို ရဲတိုက်ထဲကနေ ခေါ်ထုတ်သွားပါတော့တယ်။

အော့တိုကတော့ စတန်းဖို့စ်ရဲ့စက်ကွင်းထဲကနေ မထွက်နိုင်ဘူး။ ဒါပေမဲ့ သူက ကောက်ကျစ်စွာရယ်မောနေတယ်။ "နားလည်ပြီ... နားလည်ပြီ... ခင်ဗျားဦးနောက်က ဒီစက်ရုပ်ခန္ဓာကိုယ်ထဲမှာ အသက်ရှင်နေတုန်းပဲမဟုတ်လား။ ခင်ဗျားက ဉာဏ်ရည်တုမဟုတ်တဲ့ ဆိုက်ဘော့ပဲ။ ဒါပေမဲ့ ဒီလိုဆိုရင်တောင်၊ ကျုပ်က ခင်ဗျားကို တစ်ခါသတ်နိုင်ခဲ့တဲ့အတွက် နောက်တစ်ခါလည်း သတ်နိုင်ဦးမှာပဲ။ ဟားဟားဟား... ဟားဟားဟား....။"

အယ်လိုဟင်နဲ့ဖရာလီတာ ထွက်ခွာသွားပြီးတဲ့နောက်သွေးစွန်းနေတဲ့ စံအိမ်ထဲမှာ စတန်းဖို့စ်နဲ့အော့တိုပဲကျန်ရစ်ခဲ့တယ်။ အော့တိုရဲ့ရူးသွပ်နေတဲ့ ရယ်သံကတော့ စံအိမ်တစ်ခွင်လုံး ပဲ့တင်သံထွက်နေလေရဲ့။

အတွဲသုံး ပြီးပါပြီ။

All Chapters