← Chapters

I never want to be villain

Vol. 3 Ch. b1

I never want to be villain

Vol. 3 Ch. b1

"နင့်အဖေက လူဆိုးမဟုတ်လား၊ အရူးမ။ ငါတို့နဲ့ ဝေးဝေးနေစမ်း။"

"ဗီလိန်တစ်ယောက်ရဲ့သမီးက ကျောင်းမှာမျက်နှာပြရဲသေးတယ်နော်၊ အံ့ဩပါရဲ့။"

"ထွက်သွားစမ်း၊ နင့်အဖေလိုမျိုး ငါတို့ကျောင်းကို ဖျက်ဆီးပစ်ဖို့ ကြံနေတာလား။"

ရွယ်တူကောင်မလေးတစ်သိုက်က ကျောင်းအဝင်ဝတွင် အသားမည်းမည်းနှင့်ကောင်မလေး၏တစ်ယောက်အား ဝိုင်းအနိုင်ကျင့်နေကြသည်။ ထိုကလေးအုပ်စုထဲတွင် လူကောင်နည်းနည်းကြီးသည့် မိန်းကလေးတစ်ယောက်က ထိုကောင်မလေး၏ ကျစ်ဆံမြီးကို နောက်မှဆွဲထားသဖြင့် ကလေးမ၏မျက်နှာမှာ နီရဲနေပြီး နာကျင်မှုကြောင့် မျက်ရည်များစီးကျနေ၏။

"ဟေး... နင်တို့တွေ ကျောင်းသားအချင်းချင်း ဘာလုပ်နေတာလဲ။" ရွှေရောင်နှင့်အနက်ရောင်ရောစပ်နေသည့် ဆံပင်များရှိသော အာရှအမေရိကန် ကပြားကောင်လေးက သူတို့ဆီပြေးလာပြီး လူကောင်ကြီးကြီး ကောင်မလေးကိုတွန်းဖယ်ကာ လူမည်းကလေးမလေးရှေ့တွင် ဝင်ပိတ်ရပ်လိုက်သည်။

သူ့မျက်လုံးများက ပြင်းထန်သောစိတ်ဓာတ်ကြောင့် အရောင်တောက်လျက်ရှိ၏။ အသားမည်းမည်းကောင်မလေးကတော့ နာကျင်မှုကြောင့် ငိုကျွေးနေဆဲဖြစ်ကာ ပတ်ဝန်းကျင်လောကကြီးနှင့် လုံးဝအဆက်အသွယ်ပြတ်နေသည်။

"မင်းလွင်... နင့်ဦးလေးက ဟီးရိုးမဟုတ်လား၊ ဘာကြောင့် ငါတို့တွေဗီလိန့်သမီးကို ပညာပေးဆုံးမနေတာကို လာနှောင့်ယှက်နေတာလဲ။ နင်က သူ့ကိုများ ကြိုက်နေတာလား။"

လူကောင်ကြီးကြီးမိန်းကလေးက နောက်ပြောင်လိုက်ရာ ကျန်သည့်မိန်းကလေးများလည်း စီကနဲ ရယ်မောလိုက်ကြသည်။ ကောင်လေးကတော့ လူကောင်ကြီးကြီးမိန်းကလေးကို စူးစိုက်ကြည့်လိုက်ပြီး ဒေါသဖြင့်ပြောလိုက်၏။

"ဗီလိန်တစ်ယောက်ရဲ့သမီးဖြစ်တာနဲ့ပဲ သူ့အပြစ်ဖြစ်သွားရောလား၊ မယ်လီ... ဒါအနိုင်ကျင့်တာပဲ။"

"နင်ဘာပြောတယ်..." လူကောင်ကြီးသည့် မိန်းကလေးမှာ မင်းလွင်၏စကားကြောင့် ဒေါသထွက်သွားပြီး သူ့ခန္ဓာကိုယ်က လေပေါ်မြောက်တက်လာသည်။ ကောင်လေးကတော့ မကြောက်မရွံ ရှေ့ကိုတစ်လှမ်းတက်လိုက်ပြီး မယ်လီနှင့်ရင်ဆိုင်ရန် အသင့်ဖြစ်နေ၏။

ရုတ်တရက် ကျောင်းတက်ခေါင်းလောင်း ထိုးသံထွက်ပေါ်လာသဖြင့် အနိုင်ကျင့်နေသည့် မိန်းကလေးအုပ်စုမှာ သူတို့ကျောင်းခန်းရှိရာသို့ အပြေးအလွှားထွက်သွားကြသည်။

ကျောင်းအပြင်ဖက် လမ်းမကြီးပေါ်တွင်တော့ မင်းလွင်နှင့် လူမည်းကောင်မလေးသာ ကျန်ရှိနေခဲ့သည်။ ထိုကောင်မလေး၏မျက်လုံးများက ရှားပါးသည့် တိမ်ပြာရောင်ဖြစ်ပြီး ငိုနေသည့်အခါမျိုးတွင် တိမ်များအုံ့ဆိုင်းနေသည့် ကောင်းကင်ကြီးကို မြင်ရသလို ထင်ရ၏။

မင်းလွင်က ထိုကောင်မလေးကို လက်ကမ်းပေးလိုက်ပြီး...

"တစ်နေရာရာ ထိခိုက်မိသွားသေးလား..." ကောင်မလေးကတော့ သူ့ကိုအကြောင်သားသာ မော့ကြည့်နေသည်။ မင်းလွင်က ကောင်မလေးဒူးခေါင်းမှ သွေးထွက်နေသည်ကို သတိထားမိသွားပြီး သူ့လွယ်အိတ်ထဲမှ ပတ်တီးတစ်လိပ်ကို ထုတ်လိုက်၏။

"ငါက အားကစားလုပ်နေကျမလို့ ပတ်တီးလိပ်ဆောင်ထားတာလေ။ စိတ်မပူနဲ့၊ ငါဆေးထည့်ပေးမယ်။"

မင်းလွင်တစ်ယောက် အနာဆေးထည့်ပေးနေချိန်တွင် ကောင်မလေး၏မျက်နှာက ပန်းသီးတစ်လုံးလို နီရဲလာပြီး မဝံ့မရဲဖြင့် မေးလိုက်၏။

"ဟိုလေ၊ ရှင်က ဟီးရိုးတစ်ယောက်ရဲ့အမျိုးမဟုတ်လား။ ဘာလို့ကျွန်မကို ကူညီရတာလဲ။"

"ဘာလို့ဆိုတော့ ဟီးရိုးတွေက လူတိုင်းကို ကူညီသင့်တဲ့မဟုတ်လား။ နော်၊ ဖလောအာ။" မင်းလွင်က နေမင်းကြီးကဲ့သို့ တောက်ပနေသောအပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ကောင်မလေး၏မျက်လုံးများက တဖြည်းဖြည်းကျယ်ပြန့်သွားပြီး ကမ္ဘာပေါ်မှအထူးဆန်းဆုံးအရာကို တွေ့လိုက်ရသည့်အလား ဖြစ်သွားလေသည်။

'သူက အိုတိုမဲထဲက ထွက်လာတဲ့ မင်းသားလေးများလား။' ဒါက ဖလောအာ၏အတွေးများပင်။

...

"ဘုရားရေ... အဲဒီဟီးရိုးအဆင်ပြေပါ့မလား၊ ခဲပတ်ထားတဲ့ ငါးကင်ကျနေတာပဲ။" ငွေရောင်စစ်သည်တော်က အားလုံးကို လက်ပြနှုတ်ဆက်ပြီး မြင်ကွင်းမှ တဖြည်းဖြည်းထွက်ခွာသွားခဲ့သည်။

မြို့နယ်ကလေးဆေးရုံတွင် မီးအကြီးအကျယ်လောင်နေသည့်တိုင်အောင် မည်သည့်ဟီးရိုးမှ ရောက်လာပြီး မကူညီခဲ့ပေ။ ယနေ့ခေတ်ဟီးရိုးများက လူများကိုကူညီရန်ထက် ငွေကြေးနှင့်နာမည်ကျော်ကြားမှုကိုသာ အလေးထားကြသည်။

"ဘုန်း...."

လေးလံသည့် ငွေရောင်ချပ်ဝတ်က ပြင်ဆင်နေသည့် ရေနှုတ်မြောင်းအနီးတွင် လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။

"အနည်းဆုံးတော့ ငါသုံးမိနစ်လောက် ဟီးရိုးလုပ်ခဲ့ရတာပဲ။ ငါ့ရည်မှန်းချက်တွေ ပြည့်သွားပြီပေါ့ကွာ။ ငါက ဟီးရိုးပဲ။" ငွေရောင်စစ်သည်တော်က နောက်ဆုံးအနေဖြင့် ပြောလိုက်ပြီး ထွက်သက်ကို ရှုရှိုက်လိုက်သည်။

...

"ငါမသေသေးဘူးလား...." မင်းလွင်က မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် ပတ်တီးများဖြင့်ပြည့်နေပြီး မျက်လုံးတစ််ဖက်ကတော့ ဘာကိုမှမမြင်ရပေ။ အဖြူရောင်မျက်နှာကျကိကြောင့်သာ ဆေးရုံရောက်နေမှန်း သိရသည်။

ရုတ်တရက် ဆေးရုံတံခါးပွင့်လာပြီး ပုံရိပ်လေးတစ်ခု ပြေးဝင်လာသည်။ ထို့နောက် ထိုပုံရိပ်လေးက သူ့အင်္ကျီကော်လံမှနေ၍ ဆွဲမလိုက်ကာ မျက်နှာချင်းထိမိလုနီးပါးအထိ အနားကပ်လာပြီး အော်ဟစ်ပြောလိုက်သည်။

"သောက်ရမ်း သတ္တိတွေကောင်းနေတယ်ပေါ့၊ သောက်ချီးကောင်ရဲ့။ ငါ့တပည့်တွေမတွေ့ရင် နင်အဲဒီရေနှုတ်မြောင်းနားမှာ မသာပေါ်နေတာကြာပြီဟဲ့။ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ဦး၊ မျက်နှာတစ်ခြမ်းက ငါးကင်ကြီးအတိုင်းတွန့်လိမ်နေပြီ။ ပြီးတော့နင့်အဆုတ်တစ်ခြမ်းလည်း ပျက်စီးနေပြီတဲ့ သောက်ရူးကောင်ရဲ့။"

သူ့မျက်လုံးတစ်ဖက်က မြင်နေရသေးသော်လည်း မီးဟပ်ထားသောကြောင့် အရာရာက ဝေဝါးဝါးဖြစ်နေသည်။ သို့သော်လည်း သူ့ကိုဆွဲမထားသည့်သူက မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း မွေးပျံသည့် ကိုယ်သင်းနံကြောင့် သိရှိနေ၏။

"ဖလောအာလား... ငါမင်းအသံကို မှတ်မိနေသေးတယ်။"

"သောက်ရူးကောင်... နင့်မျက်လုံးလည်း ပျက်စီးသွားပြီမဟုတ်လား။"

မျက်ရည်တချို့က မင်းလွင်မျက်နှာပေါ်သို့ ကျဆင်းလာသောကြောင့် ဖလောအာငိုနေကြောင်း သူသတိထားမိသွားသည်။ သို့သော်လည်း ဖလောအာက သူ့ကိုအခုထိ လေထဲတွင် တန်းလန်းထားထားဆဲဖြစ်ပြီး ကျိုးပဲ့နေသည့်အရိုးများကြောင့် နာကျင်မှုက တစ်ကိုယ်လုံးလှိုက်တက်လာသဖြင့် သွေးတချို့ပင် သူ့နှုတ်ခမ်းထောင့်က စီးကျလာ၏။

"ဖ...ဖလောအာ... ငါ...ငါသေတော့မယ်ထင်တယ်..."

...

"ဒီတော့ နင်ကျောင်းထွက်ပြီးတဲ့နောက် မြေအောက်လောကထဲ ရောက်သွားတာလား။"

သူတို့နှစ်ယောက် စကားတပြောပြောနှင့် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဖြစ်ကြသည်။ ဖလောအာမှာ ဖခင်ဖြစ်သူကြောင့် ကျောင်းစာသင်နှစ်တစ်လျှောက်လုံး အနိုင်ကျင့်ခံခဲ့ရပြီး နောက်ဆုံးတွင် သည်းမခံနိုင်တော့သဖြင့် ကျောင်းထွက်သွားခဲ့သည်။

အခုတော့ ဒိုင်းမွန်းဘရားသားဂိုဏ်း၏ခေါင်းဆောင်တစ်ယောက် ဖြစ်နေလေပေပြီ။

"ဒါက ငါ့ကံကြမ္မာနေမှာပါ၊ ဗီလိန်သမီးမလို့ ဗီလိန်တစ်ယောက် ဖြစ်လာတာပဲလေ။"

"မင်းက ဗီလိန်တစ်ယောက်မဟုတ်ပါဘူး၊ မင်းငါ့အသက်ကို ကယ်ခဲ့တယ်။" မင်းလွင်က ချောင်းတဟွက်ဟွက် ဆိုးနေသည့်တိုင်အောင် ကရိယာတစ်ခုကို တီထွင်နေပြီး ဖလောအာက အနီးကပ်ကူညီပေးနေရသည်။

"ဒါကို တပ်လိုက်ရရင် ရပြီမဟုတ်လား။"

"ဟုတ်တယ်... ရပြီ၊ ဒါဆိုရင် ငါမျက်လုံးဝေဝါးနေရင်တောင်မှ ဆိုနာစနစ်နဲ့အမြင်အာရုံအတုတစ်မျိုး ဖန်တီးလို့ရလိမ့်မယ်။"

မင်းလွင်က သူကိုယ်တိုင်ဖန်တီးထားသည့် မျက်နှာဖုံးကို မျက်နှာပေါ်တွင်တပ်လိုက်သည်။ မျက်လုံးနေရာများက အပိတ်ဖြစ်ပြီး နည်းပညာဖြင့်ပြုလုပ်ထားသည့် ပင်အပ်တချို့က သူ့ခေါင်းအတွင်းကို ထိုးစိုက်ထားပြီး အမြင်အာရုံတုကို ဖန်တီးလိုက်သည်။

အရောင်များကိုမမြင်ရသည့်တိုင်အောင် သူ့ဦးနောက်သို့ သုံးဖက်မြင် ဂရပ်လှိုင်းများအဖြစ် မျက်နှာဖုံးက အချက်ပြနေသဖြင့် ဖလောအာရဲ့မျက်နှာပုံကြမ်းကို သူမြင်နေရ၏။

"ဖလောအာ... မင်းက သိပ်လှတာပဲ။"

"ရုတ်တရက်ကြီး... ဘာတွေထပြောနေတာလဲ။"

...

"ငါ့ဝတ်စုံဘယ်မှာလဲ... ငွေရောင်ဝတ်စုံလေ။"

"ရှင်သတိမေ့နေတုန်း ဟီးရိုးအစည်းအရုံးက လေဆာအိုင်းရောက်လာပြီး ယူသွားတယ်။ ရှင်ကအပျော်တမ်းဟီးရိုးမလို့ ဟီးရိုးလုပ်ခွင့်မရှိဘူးဆိုပြီး သိမ်းသွားတာပဲ။ မက်တယ်ပလာဒင်ကလည်း ရှင့်ကိုအလုပ်ထုတ်လိုက်ပြီ၊ ဒါပေမဲ့ ရှင့်ဝတ်စုံတွေကိုတော့ ရဲတပ်ဖွဲ့အတွက် ထုတ်လုပ်နေပြီ။ အဲဒီက အကျိုးအမြတ်ကို ရှင်မရရုံပဲရှိတာ။"

ဖလောအာက သူသတိမေ့နေစဥ် ဖြစ်သွားသည့်ကိစ္စများကို ပြန်ပြောပြနေသည်။ အမြင်အာရုံတုအကူအညီဖြင့် သူ့လက်များက အဆက်အပြတ်လှုပ်ရှားနေ၏။

"ငါထင်ထားတဲ့အတိုင်းပဲ..."

"ရှင့်ရဲ့မန်နေဂျာကိုလည်း သူတို့တွေအလုပ်ထုတ်လိုက်ပြီကြားတယ်။ မက်တယ်ပလာဒင်ကို ဘယ်ရီဂရင်းတွေ မပိုင်တော့ဘူး။"

မင်းလွင်က ထိုအကြောင်းများကို နားထောင်နေရင်း သူ့တီထွင်မှုကို အပြီးသတ်လိုက်သည်။ သေနတ်တစ်လက်ဖြစ်ပြီး ထိုသေနတ်ကို သူ့ခါးကြားတွင်ထိုးလိုက်သည်။ မျက်နှာဖုံးဝတ်ထားသည့် သေနတ်နှင့်လူတစ်ယောက်က ဖလောအာရှေ့တွင် ရပ်နေလေပြီ။

"ဆေးရုံမီးလောင်တဲ့ကိစ္စကရော..."

"အဲဒီဆေးရုံက ဆာကူရာကော်ပိုရေးရှင်းက ဆောက်ထားတာ။ သူတို့ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေက အရည်အသွေးမပြည့်မီလို့။ ဒီလိုခဏခဏဖြစ်တယ်..."

"နားလည်ပြီ၊ ငါဆက်လုပ်လိုက်မယ်။"

"ရှင်ဟီးရိုးလုပ်ဦးမလို့လား၊ ဒါပေမဲ့ SilverKnight ဆိုတာ တစ်ခန်းရပ်သွားပြီလေ။"

မျက်နှာဖုံးဝတ်ထားသည့် လူငယ်၏နှုတ်ခမ်းများက ထိုစကားကြောင့် တွန့်သွားသည်။

"သူရဲကောင်းတစ်ယောက်က သေဆုံးသွားတာတောင် စွန့်စားခန်းကို မရပ်လိုက်သင့်ဘူး၊ သရဲအဖြစ်နဲ့ ဆက်စွန့်စားလို့ရရင် စွန့်စားနေဦးမှာပဲ။"

ဖလောအာလည်း ပြုံးလိုက်ပြီး "ဒီတော့ ရှင်ကတစ္ဆေဖြူတစ်ယောက်အဖြစ် ပြန်လာတော့မယ်ပေါ့။"

"ဖြစ်နိုင်ပါတယ်..."

...

"မင်းငါ့ကို သတ်လို့မရဘူး... ငါက ဟီးရိုးတစ်ယောက်ပဲကွ။" လေဆာအိုင်း၏မျက်လုံးများမှ သွေးများယိုစီးကျနေပြီး ငွေရောင်မျက်နှာဖုံးဝတ်ထားသည့် ဝတ်ရုံနက်က သူ့နဖူးကို သေနတ်ဖြင့်ချိန်လိုက်သည်။

ပြင်းပြင်းထန်ထန် တိုက်ပွဲတစ်ခုဖြစ်ထားဟန်ဖြင့် သူတို့နှစ်ယောက်ရှိနေသည့် အဆောက်အဦးမှာ မီးများလောင်ကျွမ်းနေပြီး လေဆာရောင်ခြည်ကြောင့်ဖြစ်လာသည့် အမည်းရောင်မီးခိုးတန်းများက နံရံတွင်ရှိနေသည်။

သို့သော် ဝတ်ရုံနက်ကို လေဆာအိုင်း၏ရောင်ခြည်များက နည်းနည်းလေးမှ ထိခဲ့ပုံမပေါ်ပေ။

"လေဆာအိုင်း... ခင်ဗျားက ဟီးရိုးတစ်ယောက်ဖြစ်ပေမဲ့ မတရားမှုတွေကို မျက်ကွယ်ပြုပြီး မတရားမှုတွေကို အားပေးခဲ့တယ်။ ဒါကြောင့် ခင်ဗျားကိုတရားစီရင်ရမယ်။"

ဝတ်ရုံနက်က သေနတ်မောင်းကို ဆွဲလိုက်သည်။ လေဆာအိုင်း၏ခန္ဓာကိုယ်မှာလည်း အပြာရောင်လျှပ်စီးကြောင်းများကြားတွင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

....

နယူးယောက်မြို့၏လမ်းမများထက်တွင် တစ္ဆေဖြူ၏ကိုယ်တစ်ပိုင်းပုံပါသော ပိုစတာများပြန့်ကျဲနေပြီး အလိုရှိသည်၊ A rank ဗီလိန် တစ္ဆေဖြူ၊ အသေရရ အရှင်ရရ၊ ဟီးရိုးအစည်းအရုံးမှ ထိုက်တန်စွာဆုချီးမြှင့်မည်ဟု ရေးထားသည်။

သို့သော် မည်သည့်ပြည်သူပြည်သားကမှ ဂရုမစိုက်ကြ။

...

အနက်ရောင်ဝတ်စုံကို ဆင်တူဝတ်ထားသည့် လူမည်းဂိုဏ်းစတားများက ဆိပ်ကမ်းကာဂိုများထားရာ နေရာတွင် တန်းစီရပ်လိုက်ကြပြီး ဆန့်ကျင်ဖက်တွင်ရှိနေသည့် ယာကူဇာများနှင့် မျက်နှာချင်းဆိုင်လိုက်ကြသည်။ ရှေ့ဆုံးတွင်တော့ ဘာကိုမှအလေးမထားဟန်ဖြင့် ပီကေကိုဝါးကာ ပူးဖောင်းမှုတ်နေသည့် ဖလောအာရှိနေပြီး သူက ယာကူဇာများကိုလက်ညိုးထိုးလိုက်ကာ အမိန့်ပေးလိုက်၏။

"ဒိုင်းမွန်ဘရားသားတွေ... နယ်မြေကိုခုခံကြ...."

"ယား...." နှစ်ဖက်ဂိုဏ်းစတားများက တစ်ဖက်နှင့်တစ်ဖက် စတင်တိုက်ခိုက်ကြတော့သည်။

...

"ဒီလိုလား... ယာမာဂုချီမိသားစုက ဗီလိန်တွေနဲ့ ပူးပေါင်းထားတာကိုး။" တစ္ညေဖြူက သူ့နောက်လိုက်လာသည့် ယာကူဇာများကို ကျောပေးလိုက်ပြီး လေဒီဘတ်တာဖလိုင်း၏ခါးကိုဆွဲကာ စမ်းသပ်ခန်းအပေါ်ဆုံးထပ်မှနေ၍ အောက်ဆုံးမြေအောက်ထပ်သို့ ခုန်ချသွားလိုက်သည်။ လေထဲတွင် သူက သေနတ်ဖြင့်အပေါ်ကို ပစ်လိုက်ပြီး သံဆူးတပ်ကြိုးက နံရံတစ်ခုတွင် သွားစိုက်သဖြင့် အောက်သို့ချောမွေ့စွာ ဆင်းလို့ရသွားသည်။

အောက်တွင်တော့ ကာတာနာကိုကိုင်၍ရပ်နေသည့် အိုက်ဇာဝါက လေထဲမှတစ္ဆေဖြူကို စောင့်ကြည့်နေ၏။

"တစ္ဆေတွေသေနိုင်သလား ငါသိချင်တယ်။"

...

အဖြူရောင်ကင်းခြေများကြီးက ဟီးရိုးနှစ်ယောက်နှင့် ဗီလိန်တစ်ယောက်ကို တိုက်ရိုက်ရင်းအလုပ်ရှုပ်နေသည်။ Mad doctorကတော့ ဆေးပုလင်းလေးနှစ်ခုကိုယူကာ စမ်းသပ်ခန်းထဲမှ အေးအေးလူလူထွက်သွားရန် ဟန်ပြင်နေ၏။

သို့သော်လည်း သူ့ပခုံးကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။

မည်သူမှရှိမနေခဲ့သော သူ့အနောက်လေထုထဲတွင် အဖြူရောင်အလင်းလွှာတစ်ခု ပေါ်ပေါက်လာပြီး အဖြူရောင်မျက်နှာဖုံး အနက်ရောင်ဝတ်ရုံနှင့်လူက မြင်ကွင်းထဲ ဖြည်းဖြည်းချင်းပေါ်လာသည်။ ဝတ်ရုံ၏အထူးစွမ်းဆောင်ရည်ဖြစ်သော ကိုယ်ပျောက်စနစ်ပင်။

တစ္ဆေဖြူက Mad doctor၏နဖူးကို သေနတ်နှင့်ချိန်ထားပြီးဖြစ်၏။

"ဒေါက်တာစမစ်... စိတ်တော့မကောင်းပေမဲ့ နယူးယောက်က ကျုပ်အပိုင်နယ်မြေဗျ။ ခင်ဗျားသောင်းကျန်းမယ်ဆိုရင် နယ်ပိုင်ဗီလိန်တစ်ယောက်ဆီက အရင်ဆုံးခွင့်ပြုချက်တောင်းသင့်တာပေါ့။"

ထို့နောက် စမ်းသပ်ခန်းရှိနေသည့် မြေအောက်ခန်းတစ်ခုလုံး ပြိုကျသွားပြီး တွင်းနက်ကြီးအတွင်းမှ စုတ်ပြတ်သတ်နေသည့် ဒေါက်တာစမစ်တစ်ယောက် မြေပေါ်သို့ ပြန်ရောက်လာကာ သူ၏ကင်းခြေများနှင့်အတူ အလန့်တကြားထွက်ပြေးသွား၏။

ထို့နောက်တွင်တော့ တွင်းကြီးအတွင်းမှ ဝတ်ရုံနက်တစ်ယောက် ခုန်တက်လာကာ မြေပေါ်သို့ ဒူးတစ်ဖက်ထောက်အနေအထားဖြင့် ဆင်းသက်လိုက်သည်။

"ထွက်ပြေးဖို့ရွေးတယ်ပေါ့... ကျုပ်လက်က လွတ်မှာမလို့လား..." မျက်နှာဖုံးအောက်မှ လူငယ်လေး၏ နှုတ်ခမ်းများက ကွေးညွှတ်သွားတော့သည်။

- The end -

All Chapters