← Chapters

Bonus Chapter

Vol. 3 Ch. b2

Bonus Chapter

Vol. 3 Ch. b2

ညနေစောင်းလာခဲ့ပြီ။

ရွာငယ်လေးအတွင်းရှိ လူကြီးလူငယ်များက စက္ကူများဖြင့်ပြုလုပ်ထားသော မီးပုံးလှလှကလေးများကို သူတို့အိမ်ရှေ့တွင် ချိတ်လျက် အလှဆင်နေကြသည်။

ဆံရစ်ဝိုင်းလေးနှင့် ကောင်မလေးတစ်ယောက်ကတော့ ထိုမီးပုံးလှလှလေးများကိုကြည့်ရင်း ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။

"သီတင်းကျွတ်ရောက်ပြီ၊ ရေး....။"

ထိုကောင်မလေးနှင့် ဘေးချင်းကပ်လျက်လျှောက်နေသော လူငယ်လေးက ကောင်မလေးကို ရှေ့တအားပြေးမထွက်အောင် သတိပေးလိုက်သည်။

"သစ်ရွက်လေး၊ အရမ်းမပြေးနဲ့။ ခလုတ်တိုက်လဲလိမ့်မယ်။"

ထိုသို့ပြောလိုက်သော လူငယ်လေး၏ဆံပင်များက သာမန်လူများနှင့် ကွဲထွက်နေသည်။ သွေးလိုရဲရဲနီပြီး အဝေးမှကြည့်ပါက မီးတောက်လိုထင်ရသော ဆံပင်များရှိ၏။

ရှေ့မှလွတ်လပ်စွာ ပြေးနေသော ကောင်မလေးကတော့ အသက်ဆယ့်နှစ်နှစ်အရွယ်မျှသာရှိသေးပုံပေါ်ပြီး ဆံရစ်ဝိုင်းပုံစံဆံပင်လေးနှင့်ဖြစ်ကာ သူလှုပ်ရှားလိုက်တိုင်း ဆံမြိတ်တို့က အသက်ဝင်စွာ လှုပ်ရှားသွားသည်။

သူတို့နှစ်ယောက်လုံး၏ကျောပေါ်တွင်တော့ ကြိမ်ပလိုင်းလေးများကို ကိုယ်စီလွယ်ထားကြ၏။ သူတို့နှစ်ယောက်ကိုတွေ့သော ရွာသားများက လေးစားစွာဖြင့် နှုတ်ဆက်ကြသည်။

"မင်္ဂလာညနေခင်းပါ နတ်ဆေးသမားတော်လေး။"

"ပျော်ရွှင်စရာ သတင်းကျွတ်အခိုက်အတန့်လေးဖြစ်ပါစေ။" ရွာသားများ၏မျက်နှာများပေါ်တွင်တော့ စစ်မှန်သောအပြုံးများက ကိုယ်စီ။

"သတင်းကျွတ်ရောက်ရင် လူကြီးသူမတွေကို ကန်တော့ရတယ်တဲ့။ သမီးက မိဘတွေမရှိတော့ ဆရာ့ကိုကန်တော့ရမှာပေါ့။ ဒါပေမဲ့ ဘာလို့ဒီလိုပွဲမျိုးကို ကျင်းပကြတာလဲဆိုတာကျ ရွာကလူတွေက သေချာမသိကြဘူးရယ်။ ရွာက အသက်အကြီးဆုံးဖြစ်တဲ့ ဖိုးဖိုးသုတတောင်မှ လိမ့်ပတ်လည်အောင် မပြောဘူးရယ်။ ဘုရားက ကောင်းကင်ပေါ်ကနေ လူ့ပြည်ကို ပြန်ဆင်းလာတဲ့နေ့လို့ပြောတာပဲ။"

သစ်ရွက်လေး၏စကားကြောင့် ကိုင်းတိုကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ နေလုံးကြီးက လုံးဝပျောက်ကွယ်သွားပြီဖြစ်ပြီး ဝလုံးသဏ္ဍာန်ဝိုင်းစက်နေသော လမင်းကြီးက ကောင်းကင်အလယ်တွင် ထွက်ပေါ်လာ၏။

လူငယ်က စဉ်းစားရင်း ပြန်အဖြေပေးလိုက်သည်။ "ဗုဒ္ဓက တာဝတိံသာနတ်ပြည်ကနေ သင်္ကဿနဂိုရ် တိုင်းပြည်ကို ပြန်ဆင်းသက်ခဲ့တဲ့အချိန်ပဲ။ တူမတူတဲ့တန်ခိုးကိုပြသပြီး အဘိဓမ္မာတရားကို ဟောကြားခဲ့တယ်လို့ မင်းတို့လူသားတွေက ယုံကြည်ကြတယ်။"

ကောင်မလေးကတော့ ဆရာဖြစ်သူက ထိုအကြောင်းကို သိသည်ဆိုသည်နှင့် ဆရာကိုချာလည်လှည့် ဝိုင်းပတ်ကာ အကြောင်းစုံမေးမြန်းရန် ကြိုးစားတော့သည်။

"ဆရာ....ဆရာ... ဒါဆိုဗုဒ္ဓဘုရားရှင်က တကယ်ရှိတာလား။"

"ရှိတယ်... ငါသူ့ကိုတွေ့ဖူးတယ်၊ ဉာဏ်ပညာကြီးလွန်းတဲ့ ပုဂ္ဂိုလ်ပဲ။" ဆံနီလူငယ်က မျက်နှာသေဖြင့် ပြောလိုက်သည်။ သူ့ခံစားချက်များကို သိရှိနိုင်ရန်မှာ ခက်ခဲလွန်းလှ၏။

"ဒါဆိုနတ်ပြည်တို့ ငရဲပြည်တို့ရော တကယ်ရှိတာလား။" ကောင်မလေးက သိလိုစိတ်ပြင်းပြနေသော မျက်လုံးရွဲလေးများဖြင့် မော်ကြည့်ရင်းမေးလိုက်သည်။

"ငါမသိဘူး..." လူငယ်၏အဖြေစကားကြောင့် ကောင်မလေးမှာ တော်တော်လေးစိတ်ပျောက်သွား၏။ သို့သော်လည်း လူငယ်လေးက ကောင်မလေးခေါင်းကိုပုတ်လိုက်ပြီး တစ်နေရာသို့ အတင်းဆွဲခေါ်သွားသည်။

"ကောင်းပြီ၊ အချိန်ဆွဲမနေနဲ့တော့။ အိမ်အမြန်ပြန်ရအောင်။ လပြည့်ညမှ ဖော်လို့ရမယ့် ဆေးတစ်မျိုးဖော်ရဦးမယ်မဟုတ်လား။" လူငယ်၏စကားကြောင့် ကောင်မလေး၏မျက်လုံးများက ပြန်လည်ဝင်းလက်လာ၏။

"ဟုတ်သားပဲ၊ အဲဒါမှ သမီးတို့ဒေသမှာဖြစ်နေတဲ့ ကာလဝမ်းရောဂါကို ဟန့်တားနိုင်မှာ။"

သို့နှင့်သူတို့နှစ်ယောက်က ရွာအစွန်တစ်နေရာရှိ အိမ်လေးတစ်အိမ်သို့ ရောက်လာကြသည်။ အိမ်လေးက သေးငယ်သော်လည်း သပ်သပ်ရပ်ရပ်ရှိပြီး အမျိုးမျိုးသော တိုင်းရင်းဆေးမြစ်များ၊ ဆေးပင်များဖြင့် ပြည့်နှက်နေ၏။

သူတို့၏တောင်ခြေရွာလေးကား အခြားမြို့ရွာများနှင့် ဝေးကွာလှသည်။ တောရိုင်းရိုးမနှင့် ဆက်စပ်နေသောကြောင့် ရောဂါထူပြောကာ ဆေးဝါးရှားပါးလှ၏။ စိုက်ပျိုးမြေလည်း မကောင်းလှသောကြောင့် စီးပွားရေးလည်း မကောင်းပေ။

သို့သော်လည်း ထူးဆန်းသည့် ဆံနီလူငယ်လေးတစ်ဦး ထိုရွာသို့ရောက်ရှိလာပြီး အခြေချသည့်နေ့မှစကာ

ရွာငယ်လေးသည် ရောဂါအပေါင်းမှကင်းစင်သွားသည်။ ဆံနီလူငယ်လေး၏ဆေးများက အလွန်စွမ်းသောကြောင့် ရပ်နီးရှိရွာများသို့ပါ ဂုဏ်သတင်းပြန့်နှံသွားပြီး တစ်ခါတရံအလည်လာတတ်သူများကြောင့် ရွာငယ်လေးမှာလည်း အနည်းငယ်ချောင်လည်လာပေသည်။

သို့သော်လည်း လူငယ်လေးထိုရွာတွင်ရောက်နေသည်မှာ နှစ်နှစ်ဆယ်ခန့်ရှိပြီဖြစ်ပြီး နည်းနည်းလေးမှ အိုမင်းသွားဟန်မရပါ။ တစ်နေ့တော့ တောင်ပေါ်တွင် အမဲလိုက်သွားရင်း ပြန်မလာတော့သည့် မုဆိုးတစ်ယောက်၏မိတဆိုးသမီး သစ်ရွက်လေးကို သူ၏ဆက်ဆံသူအဖြစ် တပည့်လက်ခံခဲ့သည်။

ထိုအချိန်မှစ၍ သစ်ရွက်လေးက ဆံနီလူငယ်၏နောက်သို့ လိုက်ပါနေခြင်းဖြစ်၏။

အိမ်ပြန်ရောက်တော့ ကောင်မလေးက ဆရာဖြစ်သူကို အိမ်ဦးခန်းမှာထိုင်ခိုင်းပြီး ဦးပေါက်ဆိန်ချကန်တော့လိုက်သည်။

"ဆရာ... ဒီတစ်နှစ်လုံး သမီးဆရာ့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားမိခဲ့တာရှိရင် ခွင့်လွှတ်ပေးပါ။" ဆံနီလူငယ်ကတော့ ဘာမှမပြောဘဲ ခေါင်းသာညိတ်ပြ၏။ စင်စစ် သစ်ရွက်လေးက အလွတ်လိမ္မာရိုကျိုးပြီး ထိုသို့ဝန်ချတောင်းပန်စရာမလို။

သို့သော်လည်း ဆံရစ်ဝိုင်းမိန်းကလေးက တစ်ခုခုကို လိုချင်နေသည့်ဟန်မျိုးဖြင့် ပြုံးဖြီးဖြီးလုပ်ရင်း ဆံနီလူငယ်လေးကို စိုက်ကြည့်နေ၏။

"မင်း... မင်းငါ့ကို အဲဒီလိုတစ်ချိန်လုံး ကြည့်နေလို့မရဘူးလေ။ ဘာ... ဘာလိုချင်လဲလို့။"

"ဆရာ... ဆရာမုန့်ဖိုးပေးရဦးမယ်လေ။"

"ဒါပေမဲ့ ငါတို့နှစ်ယောက်ပေါင်းလို့ ဒေါင်းဒင်္ဂါးတစ်ပြားတောင် မရှိတဲ့ဥစ္စာ..." ဆံနီလူငယ်လေး၏အဖြေကြောင့် ကောင်မလေးနှုတ်ခမ်းဆူထားလိုက်သည်။ သို့သော် သူတို့နှစ်ယောက်လုံး မွဲနေသည်မှာလည်း အမှန်ဖြစ်၍ ဘာမှမတတ်နိုင်ပေ။

"ဒါဆိုလည်း ဆရာသမီးတောင်းဆိုတာတစ်ခု လုပ်ပေးရမယ်။" ဆံနီလူငယ်က ကောင်မလေးကို စေ့စေ့တစ်ချက်ကြည့်လိုက်ပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။

"ပြော..."

"သမီးမေးတဲ့ မေးခွန်းသုံးခုကို အမှန်အတိုင်းဖြေရမယ်။" ကောင်မလေးက ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း လက်လေးသုံးချောင်းကို ထောင်ပြလိုက်၏။ ထို့နောက် ပထမတစ်ချောင်းကို ပြန်ရုပ်လိုက်ပြီး...

"ပထမဆုံး ဆရာ့အသက် ဘယ်လောက်ရှိပြီလဲ။" နည်းနည်းလေးမှ ရုပ်ပြောင်းမသွားတဲ့ ဆရာဖြစ်သူရဲ့တကယ့်အသက်ကို သစ်ရွက်လေးသိချင်မိတာတော့အမှန်။

ဒါပေမဲ့ ဆရာဖြစ်သူက အသက်မေးခံရတာကို နည်းနည်းလေးမှ မအံ့ဩနဲ့ ဒီအတိုင်းစိုက်ကြည့်နေတယ်။ မသိရင် ဘာမှမထူးခြားတဲ့အတိုင်းပဲ။ တဖြည်းဖြည်းနဲ့ ဆရာဖြစ်သူက ပါးစပ်ကိုဟလိုက်တာမြင်တော့ သစ်ရွက်လေး ပြုံးလိုက်မိတော့။

ဟော၊ သူဖြေတော့မယ်။

"ငါလည်း အသိအကျမသိဘူး။" ဒီအဖြေကြောင့် သစ်ရွက်လေး ရှေ့ကစားပွဲခုံကို မှောက်လှန်ပစ်မိလုနီးနီးပဲ။

သူ့ဆရာက မဖြေချင်လို့ ပေါက်ကရတွေပြောနေတာလား၊ ဒါမှမဟုတ် ရှင်သန်ခဲ့တဲ့အချိန် ရှည်လွန်းအားကြီးလို့ အသက်ကိုမမှတ်မိတော့တာများလား။ ပုံစံကိုကြည့်ရတာတော့ လိမ်နေတဲ့ပုံမပေါ်။

"ထားတော့၊ ဒုတိယမေးခွန်းဆက်မေးမယ်။ ဆရာ့မှာ သဘောကျတဲ့လူရှိလား။"

ဒီတစ်ခါတော့ ဆံနီကောင်လေးက လက်ချောင်းတွေနဲ့ သူ့မေးကိုပွတ်ကြည့်လိုက်တယ်။ ကြည့်ရတာ သူ့တပည့်မလေး မေးတဲ့ခွန်းကို နားမလည်ဘူး။

"သဘောကျတာ... ငါကြောင်တွေကိုသဘောကျတယ်လေ၊ အမွှေးဖွားဖွားလေးတွေနဲ့ ကိုင်လို့ကောင်းတယ်။"

"အား... ဆရာ၊ စကားလမ်းကြောင်းလွှဲမပစ်နဲ့လေ။ ကျွန်မက ချစ်သူရှိမရှိမေးနေတာ။"

"...." ဒီတစ်ခါလည်း ဘာအဖြေမှထွက်မလာ။ သစ်ရွက်လေးခင်ဗျာ မေးသာမေးရတယ် ငတုံးဆရာကြီးကတော့ ဘာမှသတိထားမိပုံမပေါ်ဘူး။

"ဒါဆိုလည်း၊ တတိယမေးခွန်း။ သမီးသာ အသက်ကြီးလာလို့ ဆရာ့ကိုလက်ထပ်ချင်တယ်လို့ပြောရင် ဆရာဘယ်လိုတုံ့ပြန်မလဲ။"

လူငယ်လေးက ဒီမေးခွန်းကြောင့် နည်းနည်းအံ့ဩသွားပုံပေါ်ပြီး သူ့ရှေ့ကတပည့်မလေးကို သေချာအောင်ကြည့်လိုက်တယ်။

"မင်း... ဒီမေးခွန်းရဲ့အဖြေကို သိချင်တာသေချာလား။"

ဒါပေမဲ့ ဆံနီကောင်လေးက အဖြေမပေးရသေးခင်မှာပဲ သူတို့တဲအိမ်ဝင်းထဲကို ရွာသားတစ်ယောက်ပြေးဝင်လာတယ်။

"ဆရာကြီး... ဆရာကြီး... မကောင်းတော့ဘူး။" ဆံနီလူငယ်လေးက အသက်ငယ်ရွယ်တဲ့ပုံပေါက်နေပေမဲ့ သူက ရွာသားအတော်များများထက် အသက်ကြီးနေပြီဖြစ်ပြီး သူ့ကိုဆရာကြီးလို့ ရွာသားတွေကခေါ်ကြတယ်။

"မင်း... ဘာဖြစ်လာတာလဲ။" ဆံနီလူငယ်က ကောင်မလေးရဲ့မေးခွန်းတွေကို လစ်လျူရှုလိုက်ပြီး ရွာသားကို မေးလိုက်တယ်။ ရွာသားကလည်း အကြောင်းစုံရှင်းပြပါတယ်။

"ဆရာကြီး၊ ကျွန်တော်ရွာပြင်ထွက်တုန်း တောင်အောက်က နတ်နန်းဟောင်းမှာ လူတစ်စုကျွန်တော်တို့ရွာလေးကို ဓားပြတိုက်ဖို့ကြံနေတာ ကြားခဲ့ပါတယ်။ ဒါကြောင့် ဆရာကြီးကူညီပေးဖို့ လာအကူအညီတောင်းတာပါ။"

ဆံနီလူငယ်လေးဟာ ဒီရွာငယ်လေးမှာ ဆေးပညာတစ်ခုတည်းကြောင့် နာမည်ကျော်ကြားတာမဟုတ်ပါဘူး။ သိုင်းပညာအရာမှာလည်း ကျော်ကြားပါတယ်။ တစ်ခါကလည်း ရွာကိုလူဆိုးတွေရန်ကနေ ကယ်ဆယ်ခဲ့ဖူးတာကိုး။

"ငါသွားကြည့်လိုက်မယ်။" လူငယ်က ပြောပြောဆိုဆိုနဲ့ တဲအိမ်ပေါ်ကနေ လွှားခနှဲခုန်ဆင်းသွားတယ်။ ရွာသားလည်း ကျေးဇူးတင်လိုက်တာပေါ့။

"ရွာကိုကာကွယ်ပေးတဲ့အတွက် ကျေးဇူးပါ၊ ဆရာကြီး။"

...

တောင်အောက်က နတ်ကွန်းလေးကိုရောက်တော့ တကယ်ပဲ လက်နက်အပြည့်အစုံနဲ့ လူဆယ့်လေးငါးယောက်လောက် ထိုင်ပြီးစားသောက်နေတာကိုတွေ့ရတယ်။

ပုံစံတွေကြည့်ရတာတော့ လူကောင်းဟုတ်ပုံမပေါ်ဘူး။ သူတို့ပြောတဲ့စကားတွေကို နားထောင်ကြည့်တော့လည်း ရွာငယ်လေးကို ဒုက္ခပေးမယ့်သူဆိုတာ သေချာနေတယ်။

နောက်ဆုံးမှာတော့ ဆံနီလူငယ်လေးတစ်ယောက် လူလုံးထွက်ပြဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ရှပ်... ရှပ်....။ ခြေသံတချို့။

လူတစ်ဒါဇင်ကျော်လောက်က ခြေသံကြားရာကို လှည့်ကြည့်လိုက်တယ်။ ခေါင်းဆောင်ဖြစ်သူက ဆံနီလူငယ်လေးကိုတွေ့တော့ ဓားကိုကိုင်ပြီး လှမ်းအော်လိုက်တယ်။

"ဟေ့၊ မင်းက ဘယ်သူလဲကွ။"

ကိုင်းတိုကတော့ သူတို့တွေကို အေးစက်စက်မျက်ဝန်းတစ်စုံနဲ့သာ ကြည့်လိုက်ပါတယ်။

"မင်းတို့လိုကောင်တွေကို သတ်ပစ်မလို့လေ။" အဲဒီနောက်တော့ ဆံနီရဲ့ခန္ဓာကိုယ်က နေရာကနေ ဝေဝါးပျောက်ကွယ်သွားပြီး ခေါင်းဆောင်ရဲ့ရှေ့မှာ ချက်ချင်းပြန်ပေါ်လာတယ်။

"သေစမ်း..."

...

ဆံနီလူငယ်က သူ့လက်ကနေ တစ်တောက်တောက်စီးကျနေတဲ့ သွေးတွေကို လက်တစ်ချက်ခါ ဖယ်ရှားပစ်လိုက်ပြီး အဝတ်စုတ်တစ်ခုနဲ့သုတ်လိုက်တယ်။

ဓားပြတစ်ဒါဇင်ကျော်ကတော့ အသက်မဲ့တဲ့အလောင်းကောင်တွေအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီ။ အန္တရာယ်မရှိတော့ပြီမလို့၊ သူရွာလေးကိုပြန်ဖို့ပဲ လုပ်ရတော့မယ်။

ဒါပေမဲ့ ရွာငယ်လေးရှိတဲ့ဖက်က ကောင်းကင်ဟာ နီရဲနေတာ တွေ့လိုက်ရတဲ့အတွက် သူ့ရင်ထဲဒိန်းခနဲ ဖြစ်သွားတယ်။

"ဘာတွေဖြစ်နေတာလဲ။" ပြောပြောဆိုဆိုနဲ့ သူဟာခွန်အားကုန်ကိုသုံးပြီး ရွာငယ်လေးဆီကို ပြေးထွက်သွားခဲ့တယ်။

ရွာငယ်လေးဆီကိုရောက်တော့ မီးတောက်လောင်နေတဲ့ အိမ်ရာတွေနဲ့ လဲကျသေဆုံးနေတဲ့ ရွာသားတွေ၊ အိုင်ထွန်းနေတဲ့ သွေးတွေကိုပဲ တွေ့ရတော့တယ်။

ဆံနီတစ်ယောက် အံ့ကျိတ်ထားလိုက်မိတယ်။ သူ့မျက်လုံးတွေက တရားခံကို တွေ့အောင်ရှာနေရင်းနဲ့ပေါ့။ တစ်နေရာကိုရောက်တော့ သူရှာနေတာကိုရပ်လိုက်ပြီး ဦးတည်ရာတစ်ခုကို ပြေးသွားလိုက်တယ်။

"သစ်ရွက်လေး...."

အစောပိုင်းက သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင်စကားပြောနေခဲ့တဲ့ သစ်ရွက်လေးဟာ အခုတော့ ရေတွင်းဘောင်ကိုမှီပြီး အသက်ကိုခက်ခက်ခဲခဲရှူရှိုက်နေတယ်။ သူ့လက်နှစ်ဖက်ကတော့ သူကာကွယ်ပေးဖို့ ကြိုးစားခဲ့ပုံပေါ်တဲ့ အသက်မဲ့နေပြီဖြစ်တဲ့ ကလေးငယ်နှစ်ယောက်ကို တင်းတင်းဖက်တွယ်ထားတယ်။

"ဆရာ..." သစ်ရွက်လေး သူ့ကိုတွေ့တော့ အာခေါင်ခြောက်ကပ်နေတဲ့အသံမျိုးနဲ့ ပြောလိုက်တယ်။ သူ့ရင်ဘတ်မှာ ဓားနဲ့စိုက်သွင်းခံထားရတဲ့ ဒဏ်ရာရှိနေပြီး အခုထိအသက်ရှိနေသေးတာကိုက ထူးခြားအံ့ဖွယ်ဖြစ်နေပြီ။

"ဆရာ.... အရမ်းနာတာပဲ..." ဆံနီလူငယ်လေး ကလေးမဆီကို ပြေးသွားလိုက်တယ်။ တစ်ကိုယ်လုံးအေးစက်လို့၊ သွေးအလွန်အကျွံဆုံးရှုံးထားတာကြောင့် အသိစိတ်တောင် မျော့မျော့ပဲကျန်တော့တယ်။

"ဘာမှစိတ်မပူနဲ့ ဆရာသမီးကိုရအောင်ကယ်မယ်။ သမီးကို ဘယ်သူလုပ်သွားတာလဲ။"

ဆံနီလူငယ်က သွေးခမ်းခြောက်မှုကြောင့် သွေးအနည်းငယ်သာ စီးကျနေတော့တဲ့ ကောင်မလေးရဲ့ဒဏ်ရာကို အဝတ်စနဲ့ဖိထားပေးလိုက်တယ်။ သွေးတွေစီးကျတာ ရပ်သွားလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့။ ဒါမှမဟုတ် အသက်ရှင်နိုင်လေဦးမလားဆိုတဲ့ စိတ်ကူးလေးတစ်ခု။

ကလေးမက တစ််ခုခုပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ အဲဒီအချိန်လေးအတွင်းမှာပဲ မျက်လုံးဆုံချက်က ပျောက်ဆုံးသွားပြီး အသိစိတ်ကင်းမဲ့သွားတယ်။ နတ်ဆေးဆရာတောင်မှာ ကျိန်းသေပေါက်သေတော့မယ့် လူတစ်ယောက်ကို အသက်သွင်းမပေးနိုင်တော့ဘူးမဟုတ်လား။

"အား...." ဆံနီတစ်ယောက် ဒေါသတကြီးနဲ့ အော်ဟစ်လိုက်တဲ့အတွက် သူ့အနားမှာရှိနေတဲ့ အပျက်အစီးနဲ့မီးတောက်တွေအားလုံး လွင့်ပါသွားတယ်။

သိပ်မကြာခင်မှာပဲ လူငါးဆယ်လောက်ရှိတဲ့ ဓားပြအဖွဲ့က သူ့ကိုသတိထားမိသွားပြီး ဝိုင်းရံလိုက်ကြတယ်။ ခေါင်းဆောင်ကတော့ သူ့ကိုရွာသားဟန်ဆောင်ပြီး သတင်းအမှားပေးခဲ့တဲ့သူ။

"ဟားဟား... ဘယ်လိုလဲဆေးဆရာကြီးရဲ့၊ ကျုပ်အကွက်က လှရဲ့လား။ ခင်ဗျားကို ရွာပြင်ပထုတ်ဖို့အတွက် ကျုပ်လူနည်းနည်းလောက် စတေးလိုက်ရတာ တန်ပါတယ်ဗျာ။ ခင်ဗျားရွာထဲမှာရှိနေရင် ရွာသားတွေကို အနိုင်ယူဖို့ခက်တယ်လေ။ ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်းဆိုရင်တော့... ခင်ဗျားက အစွမ်းထက်ပေမဲ့ အများက အနည်းကိုမနိုင်ဘူးလေ။"

ဆံနီက အေးစက်နေပြီဖြစ်တဲ့ ကလေးမရဲ့ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။

"မင်းငါ့တပည့်ကိုသတ်တယ်... ငါ့တပည့်ကိုသတ်တယ်... ငါ့တပည့်ကိုသတ်တယ်...." သူဟာ စကားတစ်ခွန်းတည်းကိုပဲ သူရူးတစ်ယောက်လိုမျိုး ရေရွတ်လိုက်တယ်။

အဲဒီနောက်တော့ ဓားပြဗိုလ်ကိုယ်တိုင် အံ့အားသင့်ရတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာပါတော့တယ်။

ရွာကိုလောင်ကျွမ်းနေတဲ့ မီးတောက်တွေဟာ သခင်တစ်ဦးဦးရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားတဲ့အလား လောင်စာတွေကိုထားခဲ့ပြီး တစ်နေရာထဲမှာ သွားရောက်စုစည်းတောက်လောင်ကြတယ်။ ဆံနီလူငယ်လေးရဲ့ခန္ဓာကိုယ်ဆီကိုပါ။

လူငယ်က ဆံရစ်ဝိုင်းနဲ့ကလေးမလေးကို မင်းသမီးလေးလို ပွေ့ချီထားရင်း ဓားပြတွေကို အေးစက်စက်အကြည့်တွေနဲ့ ကြည့်လိုက်တယ်။ သူ့မျက်လုံးအိမ်နဲ့ တိုက်ရိုက်အကြည့်ချင်းဆုံသွားတဲ့ ဓားပြနှစ်ဦးဟာ အသံတောင်မထွက်နိုင်ဘဲ ချက်ချင်းပြာမှုန်တွေအဖြစ်ကို ပြောင်းလဲသွားတယ်။

နဂါးတစ်ကောင်က မျက်စောင်းထိုးလိုက်သလိုမျိုး။

"မင်းတို့ပြန်ပေးဆပ်ရမယ်... မင်းတို့ကိုသတ်မယ်... မင်းတို့ကိုသတ်မယ်..."

အဲဒီနောက်တော့ မီးလျှံတွေဟာ ဆံနီလူငယ်လေးကို ဗဟိုပြုပြီး လေပွေမုန်တိုင်းကြီးအလား တိုက်ခတ်ပါတော့တယ်။ ဓားပြငါးဆယ်ကျော်ကတော့ မီးမုန်တိုင်းကြီးထဲကနေ မထွက်နိုင်တော့ဘဲ ကယ်ပါယူပါ တစ်စာစာနဲ့အော်ဟစ်နေကြရတော့တာပေါ့။

"ကယ်ကြပါ...."

"အား....."

"အရှင်နတ်မင်း၊ ချမ်းသာပေးပါ။"

"သူက လူသားမဟုတ်ဘူး၊ မကောင်းဆိုးဝါးပဲ။"

အားလုံးလောင်ကျွမ်းပြာကျပြီးနောက်မှာတော့ ဆံနီလူငယ်လေးဟာ ဆံရစ်ဝိုင်းနဲ့ကလေးမရဲ့နဖူးကို နောက်ဆုံးအနေနဲ့ နမ်းရှုံလိုက်တယ်။ အဲဒီနောက်တော့ သူ့လက်ထဲကနေ မီးတောက်တွေထွက်ပေါ်လာပြီး ကလေးမအပါအဝင် တစ်ရွာလုံးကိုဖုံးအုပ်သွားပြီး ပြာမှုန်တွေအဖြစ်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။

ဒီကလေးရဲ့သေဆုံးခြင်းဟာ သူ့ရဲ့သတိလက်လွတ်နိုင်မှုကြောင့် ဖြစ်လာခဲ့တာပါ။ အစကတည်းက သူ့စွမ်းအားသူ ယုံကြည်မှုလွန်ကဲပြီး မပေါ့ဆခဲ့မိရင် ဒီလိုအဖြစ်မျိုးဖြစ်လာမှာမဟုတ်ဘူး။

"လူတွေက စွမ်းအားကြီးလာတာနဲ့အမျှ အခြေခံလူသားဆန်မှုတွေကို မေ့လျော့လာကြတယ်။ ငါလည်း ခြွင်းချက်မဟုတ်ဘူးပဲ။" ဆံနီလူငယ်လေးဟာ နောက်ဆုံးအနေနဲ့ ညည်းညူလိုက်ရင်း ထိုနေရာလေးကနေ ထွက်ခွာလာတယ်။

သူအမှားလုပ်ခဲ့မိတာမှန်ပေမဲ့၊ သူအစွမ်းထက်လွန်းတာ မှန်ပေမဲ့ အဆုံးသတ်မှာတော့ သေသူကို အသက်သွင်းမပေးနိုင်ဘူးမဟုတ်လား။

All Chapters