← Chapters

မနက်ခင်း

Vol. 4 Ch. 1

မနက်ခင်း

Vol. 4 Ch. 1

မနက်မိုးလင်းလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးနားမှာ အားရပါးရအိပ်ရင်း ပါးစပ်ကြီးဟပြီး ဟောက်နေတဲ့ အသုံးမကျတဲ့ အိမ်စေမလေးအေမီကို မက်ဒါနာတွေ့လိုက်ရတယ်။ ဒါပေါ့၊ ဖရာလီတာ မရှိတော့တဲ့နောက် အခန်းခအလကားရှင်းပေးမယ့်သူမရှိတော့တာနဲ့ ခြွေတာရေးအကြောင်းပြပြီး အေမီကိုသူနဲ့တစ်ခန်းတည်း အိပ်ခိုင်းထားတာ။ တစ်ယောက်တည်းဆို အထီးကျန်လို့လည်းပါတာပေါ့။

ဒီရက်ပိုင်း စိတ်ဖိစီးစရာတွေများလို့လားမသိပေမဲ့ သူ့တစ်ကိုယ်လုံး နုံးချိနေသလိုပဲ။ ဘာကြောင့်မှန်းမသိပေမဲ့ ခုရက်ပိုင်း သိပ်လည်းပြုံးပြုံးရွှင်ရွှင်မနေနိုင်ဘူး။

ဖရာလီတာတစ်ယောက် ဘယ်တုန်းကမှမရှိခဲ့ဖူးသလိုမျိုးပျောက်သွားတာ အခုဆိုရင် တစ်ပတ်ပြည့်တော့မယ်။ သူ့ကိုလိုက်ရှာဖို့အတွက် မက်ဒါနာက တိုကျိုအစည်းအရုံးကို အကူအညီတောင်းခဲ့ပေမဲ့ ဟီးရိုးအစည်းအရုံးတောင်မှ ဒီကောင်မလေးကို ခြေရာခံဖို့ မတတ်နိုင်ခဲ့ပုံပဲ။ ဖရာလီတာပျောက်သွားပြီးနောက် မက်ဒါနာဖက်မှာ ကိစ္စတော်တော်များများဖြစ်ခဲ့သေးတယ်။

ဥပမာအားဖြင့် တိုကျိုက မြူတန့်သိပ္ပံသုတေသနစခန်းတစ်ခုထဲ ဝင်စီးခဲ့တာမျိုးပေါ့။ ဘာမှထူးခြားတာရှာမတွေ့ခဲ့ပေမဲ့ မြူတန့်သိပ္ပံတွေ အကြီးကြီးကြံနေမှန်း သူတို့သိလာတယ်။ နောက်သူတို့သိလိုက်ရတာက ရုရှားမှာလိုမျိုး နိုင်ငံနဲ့ဟီးရိုးအစည်းအရုံးရဲ့စစ်ပွဲက ကမ္ဘာအရပ်ရပ်ဆီပြန့်နှံသွားတော့မယ့်ပုံပဲ။ အမေရိကန်စီအိုင်အေလက်အောက်က မြူတန့်ဌာနစိတ်ဟာ တိုကျိုအစည်းအရုံးနဲ့ မြူတန့်သိပ္ပံလက်ကျန်ဖော်မြူလာတစ်ခုအတွက် တိုက်ပွဲဖြစ်ခဲ့ပါတယ်။

နောက်ထူးခြားချက်တစ်ခုကတော့ အဲဲဒီစွန့်ပစ်ခံစခန်းထဲမှာ အချိန်အကြာကြီးပျောက်နေခဲ့တဲ့ လီဆာလေးကို ပြန်ရှာတွေ့ခဲ့တယ်။ လီတာလေးကို ဆုဗာနာမှာ ကြေးစားစစ်သည်တစ်ယောက်ဖြစ်တဲ့ ဓားနတ်ဆိုးပြန်ပေးဆွဲသွားပြီးကတည်းက သူတို့မတွေ့ရတော့တာ။ ခုပြန်တွေ့တော့လည်း မွန်းစတားလုံးလုံးဖြစ်နေပြီ။ ဒါတွေအားလုံးက မြူတန့်သိပ္ပံက လီဆာရဲ့DNAကို အလွန်အကျွံထုတ်ယူဖို့လုပ်ရာကနေ ဖြစ်လာခဲ့တာ။

နောက်ကိစ္စတစ်ခုကတော့ မိရိုင်ဆိုတဲ့ S rankဟီးရိုးဥစာကီရဲ့ညီမလေး အိမ်ပေါ်က ဆင်းပြေးသွားတဲ့ကိစ္စပဲ။ အဲဒီကောင်မလေးက နိဟွန်းရဲ့နံပါတ်တစ်ဟီးရိုးဟောင်း အာကိုင်းဂါမီကို ဆရာအဖြစ်တင်မြှောက်ထားပြီး အာကိုင်းဂါမီကိုလိုက်ရှာဖို့ ဆုံးဖြတ်ထားတယ်။ မြူတန့်သိပ္ပံကြောင့် အရိုင်းစိတ်ဝင်နေ ငှက်ကြီးဖြစ်သွားတဲ့ သူ့ဆရာကို တကယ်ပဲပြန်ခေါ်လာနိုင်ပါ့မလား။ စဥ်းစားစရာပဲနော်။

အမေရိကက ကိစ္စဆိုရင်တော့ ဖလေရာတစ်ယောက် ခုတလောမူမမှန်တာတွေလုပ်နေတဲ့ကိစ္စပဲ ပြောစရာရှိတာ။ ကြည့်ရတာ သူ့အဖိုးပိုင်တဲ့ကုမ္ပဏီကို ပြန်ရယူဖို့အတွက် ဆုံးဖြတ်လိုက်တဲ့ပုံပဲ။ ဘယ်နည်းလမ်းတွေသုံးနေလဲ မက်ဒါနာအသေးစိတ်မသိပေမဲ့ပေါ့။

ပြောရရင် ဒီဇင်ဘာလအတွင်းမှာ ကိစ္စတွေအများကြီးဖြစ်သွားတယ်။ တိုကျိုဖြစ်ရပ်၊ ဆိုးလ်ဖြစ်ရပ်၊ ယူဂျင်းထောင်ဖြစ်ရပ်၊ ပြီးတော့ သုံးခုလုံးကလည်း ဟိုမြူတန့်သိပ္ပံကြောင့်ပဲ။ သူတို့က ဗြဟ္မာကြီးဦးခေါင်းမဟုတ်တာတော့ သေချာပါတယ်နော်။

လောလောဆယ်တော့ ဟီးရိုးတွေအကုန်လုံးက အဲဲဒီအုပ်စုကို တန်ပြန်ဖို့ကြိုးစားနေကြတယ်။ မက်ဒါနာလည်းအလားတူပဲ။ သုံးရက်နေပြီးတဲ့နောက်တော့ မက်ဒါနာ အေမီကိုစမ်းသုံးခိုင်းခဲ့တဲ့ အလင်းဒြပ်မှုန်အတောင်တွေ အသင့်ဖြစ်နေပြီ။ ပြီးတော့ Dark webကိုချုပ်ကိုင်ထားတဲ့ Cybercrowနဲ့ရင်ဆိုင်ဖို့ အထူးVR Headsetလုပ်နေတာလည်း ပြီးလုနီးနေပြီ။ ဒါပေမဲ့....

တီ... တီ... တီ....။ အသံပိတ်ပြီး တုန်ခါမှုပဲဖွင့်ထားတဲ့ ဖုန်းကနေ ထွက်ပေါ်လာတဲ့ မြည်သံကြောင့် မှေးပြီးပြန်အိပ်ဖို့လုပ်နေတဲ့ မက်ဒါနာရဲ့မျက်လုံးတွေက ပြန်ပြူးကျယ်လာတယ်။

ကုတင်ခေါင်းရင်းမှာတင်ထားတဲ့ ဖုန်းဆီကိုလက်လှမ်းပြီးနောက် မျက်လုံးမဖွင့်ချင်ဖွင့်ချင်နဲ့ မက်ဒါနာ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တယ်။ ဒရုန်းဇုန်တဲ့။ ဥစာကီရဲ့အတွင်းရေးမှူးလိုလို ဒရိုက်ဘာလိုလိုလုပ်နေတဲ့ ဗလတောင့်တောင့်နဲ့ဟီးရိုးအမျိုးသမီးမလား။

"ဟယ်လို၊ မက်ဒါနာပြောနေပါတယ်။"

စိတ်မပါပေမဲ့ သူက တိုကျိုအစည်းအရုံးကို တော်တော်ဒုက္ခပေးထားတာဆိုတော့ ကိုင်မှဖြစ်မယ်မဟုတ်လား။ သူတို့ရှာဖွေရေးအဖွဲ့ကို ဝေဖာအဖြစ်နဲ့မှားပြီးစားမိခဲ့တဲ့ လီဆာကို သူတို့ဓာတ်ခွဲခန်းထဲထားဖို့ တောင်းဆိုမိခဲ့တာကိုး။

"ဟေး၊ မက်ဒါနာရေ။ ဒီနေ့ နင်အလုပ်ဆင်းဖို့အချိန်ရောက်နေပြီလေ။ မလာသေးဘူးလား..."

"အမ်... ခုမှအစောကြီးရှိသေးတယ်မဟုတ်လား။"

"ဘယ်က အစောကြီးဖြစ်ရမှာလဲ ရှစ်နာရီထိုးနေပြီဟဲ့ အိပ်ပုပ်မင်းသမီးရဲ့။"

"...." ခုမှမက်ဒါနာလည်း သူအလဲအလှယ်လုပ်ခဲ့တဲ့ကိစ္စကို ပြန်သတိရလာတယ်။ အခုလောလောဆယ် မကြာခင်ကဖြစ်ခဲ့တဲ့ တိုကျိုပြဿနာနဲ့ယာမာဂုချီတွေ ထောင်နန်းစံရတဲ့ကိစ္စကြောင့် အဆင့်မြင့်ဟီးရိုးပြတ်လပ်မှုဖြစ်နေတယ်။ ပြီးတော့လည်း အရင်လို ယာကူဇာတွေရဲ့ခေါင်းကိုင်အုပ်စုဖြစ်တဲ့ ယာမာဂုချီမိသားစုမရှိတော့တဲ့အတွက် အုပ်စုသေးသေးလေးတွေရဲ့နယ်မြေလုတိုက်ပွဲတွေလည်း ကျယ်ကျယ်လောင်လောင်ဖြစ်လာပြီ။ ပြောရရင်တော့ မက်ဒါနာတစ်ယောက် နယူးယောက်ဂိုဏ်းတွေကိုရှင်းတုန်းက ကြုံခဲ့ရတဲ့အတိုင်းပဲ။

'လီဆာကို ဟီးရိုးအစည်းအရုံးစောင့်ရှောက်မှုအောက်မှာထားချင်ရင် တိုကျိုမှာ ကင်းလှည့်ရမယ်။' အဲဒီနေ့က သူ့ကိုဥစာကီကိုနှစ်ယောက် ရုံးခန်းထဲခေါ်ပြီး စာချုပ်တစ်ခုကိုထိုးပေးပြီး အတင်းသဘောတူခိုင်းခဲ့တယ်လေ။

သူဘယ်လိုလုပ် ငြင်းလို့ရမှာလဲ။

"ဟုတ်ပြီဟုတ်ပြီ၊ နာရီဝက်အတွင်း ငါလာခဲ့မယ်။"

မက်ဒါနာလည်း မျက်လုံးကို အသည်းအသန်ပွတ်ရင်း အိပ်ရာကနေ ခုန်ထလိုက်တယ်။ နောက်တော့ ခုထိ မသိချင်ယောင်ဆောင်ပြီးအိပ်နေတဲ့ အေမီကိုပါ အိပ်ရာပေါ်ကနေ ကန်ချလိုက်ရော။

"ဟဲ့ sex dollမ၊ အိပ်ချင်ယောင်ဆောင်နေတာ ရပ်လို့ရပြီ။"

"အား... မမလေးကလည်း သူများအကောင်းအိပ်နေတာကို။"

အေမီလည်း ကြမ်းပြင်ပေါ်ကို ပုံခနဲကျသွားပြီး သူ့သခင်မလေးကို ချက်ချင်းစောဒကတတ်ရှာတယ်။ ပုံမှန်အားဖြင့်တော့ အေမီလိုလူတူစက်ရုပ်တွေက အိပ်ဖို့မလိုဘူးလို့ စိတ်ကူးယဥ်ဝတ္ထုတွေထဲမှာ ရေးတတ်ကြတယ်။ ဒါပေမဲ့ အပြင်ဘဝက အေမီအတွက်တော့မှားတယ်ဆိုရမလား။

သဘာဝကျကျပြောရရင် စက်တွေကလည်း အချိန်ကြာကြာဖွင့် ပူလာပြီးကြောင်တတ်တဲ့အတွက် သူတို့ကို အနားပေးဖို့အချိန်လိုတယ်။ ဒီလိုမှမဟုတ်ရင် မြန်မြန်ပျက်ကုန်ရောလေ။ ဒါကိုအကြောင်းပြပြီး အေမီက အမြဲတမ်းအိပ်နေတာ။ ပြောရရင် အိပ်ချင်ယောင်ဆောင်တယ်ပြောရမလားပဲ၊ သူ့လုပ်ဆောင်ချက်တော်တော်များများကို နားထားပေမဲ့ အခြေခံကျတဲ့ လုပ်ဆောင်ချက်တချို့ကတော့ အလုပ်လုပ်နေတုန်းပဲကို။ လူပိန်းနားလည်အောင်ဆိုရင် Sleep modeထဲ ဝင်နေတယ်ဆိုပါတော့။

"နင့်ကို နာရီအလန်းပေးထားတယ်မဟုတ်ဘူးလား၊ ဘာလို့မနှိုးတာလဲ။"

အေမီကတော့ ဆင်ခြေအပြည့်ရယ်။ "မမလေးကလည်း ကျွန်မက နှိုးစက်နာရီမှမဟုတ်တာလို့။" မက်ဒါနာကတော့ မနက်စောစောစီးစီးပဲ အေမီခေါင်းကိုခေါက်လိုက်မိတော့တယ်။

"ပေါက်ကရ၊ နင့်ကွန်ပျူတာက စွယ်စုံသုံးကွန်ပျူတာလေ။"

"ဒါပေမဲ့ ဖုန်းကနေ အလန်းပေးထားလို့ရတယ်မဟုတ်ဘူးလား။"

"....." ဒီတစ်ခါတော့ ပြောစရာမဲ့သွားတဲ့သူက မက်ဒါနာ။ ညနက်တဲ့အထိ အလုပ်လုပ်နေမိပြီး ဖုန်းမှာနာရီအလန်းပေးထားဖို့ပျင်းနေတာနဲ့ အေမီကို မနက်ပိုင်းစောနှိုးဖို့ပဲ ပြောလိုက်မိတာ။ အချိန်အတိအကျလည်းမပါသလို သူ့ဖက်က အမှားပါနေတော့။

"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ဒီသခင်မလေး မှားပါတယ်၊ ဟုတ်ပြီလား။"

တစ်ချိန်တည်းမှာပဲ မက်ဒါနာက ဆိုဖီယာနဲ့ဖရာလီတာတို့ရဲ့ဘဏ္ဍစိုးတွေနဲ့ အေမီကို နှိုင်းယှဥ်ကြည့်မိတယ်။ တော်တော်အိမ်စေမပီသတဲ့ ကောင်မလေးပဲ။ ဒါမှမဟုတ် နောက်တစ်ခါအဆင့်မြှင့်ပေးရင် maid programsတွေပါ ထည့်ပေးရင်ကောင်းမလား။ ရုတ်တရက် သူ့ညီလေးရှိတုန်းက တွေးနေကျအတွေးတွေဝင်လာတဲ့အတွက် မက်ဒါနာတစ်ယောက် ကောက်ကျစ်တော့မယ့်အပြုံးမျိုး ပြုံးလိုက်မိလေရဲ့။

"မမလေး... မမလေးအပြုံးက ကြောက်စရာကြီးဖြစ်လာပြီ။" သခင်မလေးဖြစ်သူရဲ့ကြောက်စရာအပြုံးကြောင့် အေမီလည်း နောက်ဆုတ်သွားတော့တယ်။

"ကဲ... ပေါက်ကရပြောနေတာတွေတော်တော့၊ ဒီနေ့အတွက် အင်္ကျီရွေးပေးဦး။"

"ဟုတ်..."

ဟိုတယ်မှာမလို့ သူတို့မနက်စာကိုယ်တိုင်ချက်ဖို့မလိုဘူးရယ်။ ပြီးတော့ အေမီကို ဟင်းချက်ခိုင်းဖို့က အဆင်မပြေသေးဘူး။ ငွေရောင်စစ်သည်ဝတ်စုံအကူနဲ့ မက်ဒါနာက ကောင်းကောင်းဟင်းချက်နိုင်ပေမဲ့ အေမီကတော့ အရသာခံနိုင်စွမ်းမရှိတဲ့အတွက် မဖြစ်နိုင်သေးဘူး။ ဟင်းပွဲတစ်ပွဲပြလိုက်ရင် ပုံစံတူအောင်ချက်နိုင်ပေမဲ့ အရသာကတော့ အာမမခံနိုင်ဘူး။ ဒီတော့ ကိုယ့်ဘာသာချက်ကျွေးခိုင်းပြီး စိတ်ဆင်းရဲခံနေမယ့်အစား ဝယ်စားလိုက်တာမှ အချိန်ကုန်သက်သာဦးမယ်။

မက်ဒါနာလည်း ထိုင်ပြီးစဥ်းစားခန်းဝင်နေမယ့်အစား ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်၊ သွားတိုက်၊ရေနွေးနွေးလေးနဲ့ ကိုယ်ရေလက်ရေသက်နဲ့ အလုပ်သွားဖို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေလိုက်တယ်။ အားလုံးပြီးလို့ ရေချိုးခန်းအပြင်ရောက်တော့ အေမီက အဝတ်အစားသုံးလေးစုံနဲ့ အသင့်ထိုင်စောင့်နေပြီ။

"မမလေးရေ၊ ဒီနေ့တော့ လန်းဆန်းတက်ကြွစေမယ့် ဖက်ရှင်လေးတွေရွေးပေးထားတယ်။"

နယူးယောက်အဆောင်ဘေးခန်းက အန်တီလေးအိုလီဗာတို့နဲ့ စျေးဝယ်ထွက်တုန်းက အဝတ်တော်တော်များများ လက်ဆောင်ရလိုက်တဲ့အပြင် ဖရာလီတာနဲ့ဒိတ်လုပ်ရှော့ပင်းထွက်တုန်းကလည်း အဝတ်အစားအသစ်လေးတွေ ရထားသေးတယ်ဆိုတော့ မက်ဒါနာလို ဖက်ရှင်အမြင်မရှိတဲ့သူတောင် အဝတ်လှလှလေးတွေ အများကြီးရှိနေတာ။

ပြီးတော့ သခင်မလေးဖြစ်တဲ့မက်ဒါနာက ဖက်ရှင်အမြင်မရှိဘူးဆိုပေမဲ့ အေမီက ဖက်ရှင်အမြင်မရှိတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဟင်းမချက်တတ်ဘဲနဲ့ ဖက်ရှင်အမြင်ကျ ဘာလို့ကောင်းနေရတာတုန်း။ ဒါကတော့ ဘယ်သူမှအဖြေသိမယ်မထင်ဘူး။

ဖြစ်နိုင်တာ သူ့သခင်မလေးကို သူ့ခေါင်းသေးသေးလေးထဲမှာ ဒီဇိုင်းအမျိုးမျိုးနဲ့ ပုံဖော်ကြည့်နေကျမလို့လား။

မက်ဒါနာ အနားရောက်လာတော့ အေမီက 'ဟီးဟီး' ဆိုပြီးရယ်ပြရင်း အဝတ်အစားတစ်စုံကို လက်ထဲထိုးထည့်ပေးလိုက်တယ်။

စတော်ဘယ်ရီပန်းပုံအပွင့်လေးတွေပါတဲ့ လိုလီတာဂါဝန်လေး။ တွဲဝတ်ဖို့အတွက် ဇာဘီးကုပ်လေးပါပါသေးတယ်။ ဒါပေမဲ့....

"ဟဲ့... နင်က ငါ့ကိုအဲဒါနဲ့လိုက်မယ်ထင်လို့လား။ ကလေးဆန်လွန်းတယ်။" တကယ်တော့ ဒီလိုဝတ်စုံမျိုးက ဖရာလီတာနဲ့သေအောင်လိုက်မှာသေချာတယ်။ ဒါပေမဲ့ မက်ဒါနာအတွက်က နည်းနည်းချစ်စရာကောင်းလွန်းပြီး သဘာဝမကျဘူး။

"အာ... မမလေးကလည်း၊ ဒါလေးဝတ်လိုက်ရင် စတော်ဘယ်ရီမင်းသမီးလေးဖြစ်...."

ဒါပေမဲ့ သူ့သခင်မလေးက မျက်စောင်းပြင်းပြင်းတစ်ချက်ထိုးလိုက်တာနဲ့ ဆက်မပြောရဲတော့ဘူး။ အဲဒီအစား တခြားဝတ်စုံတစ်စုံကို ပြောင်းပြရှာတယ်။

ဒီတစ်ခေါက်ကတော့ ဆက်ဆီဖြစ်လွန်းတယ်ဆိုရမ လား။ ဂျင်းစကပ်တိုလေးနဲ့ အပေါ်ကတွဲဝတ်ဖို့က ချက်ပေါ်အင်္ကျီ။ နည်းနည်းဟော့တဲ့ပုံစံမျိုးပေါက်ပြီး ခြုံဝတ်ဖို့အတွက် အင်္ကျီလက်ရှည်တစ်ထည်လည်းပါသေးတယ်။

ဒါပေမဲ့ မက်ဒါနာကတော့ တန်းငြင်းလိုက်တယ်။ ဒါကြီးက တအားဟော့နေတာလေ။ ပြီးတော့ အခုတလော သူ့စိတ်သူနိုင်တာမဟုတ်ဘူးရယ်။ ဒါမျိုးလေးဝတ်လိုက်လို့ကတော့ သူ့ကိုယ်သူမှန်ထဲကနေ အကြည့်မခွာနိုင်တာတို့ လူလစ်ရင် ဗိုက်ချပ်ချပ်လေးကိုကိုင်ကြည့်မိတာတို့ ဖြစ်ကုန်လိမ့်မယ်။

"မဖြစ်ဘူး...မဖြစ်ဘူး... ဒါက ငါ့အတွက် တအားဟော့လွန်းနေတယ်။"

"ပူတယ်.... အမ်... အိုက်တယ်လို့ပြောတာလား။ ဒါပေမဲ့ ကျွန်မထင်အထင်တော့ ဆောင်းတွင်းကြီးဒီလိုဝတ်စုံမျိုးက ချမ်းနေမယ်ထင်တာ။"

'နေပါဦး၊ ဒီဝတ်စုံက ဆောင်းတွင်းချမ်းမှန်းသိရင် မရွေးပေးလို့မရဘူးလား။' ဒါပေမဲ့ အေမီကတော့ မက်ဒါနာရဲ့အတွေးတွေကို ဘယ်လိုလုပ်သိပါ့မလဲ။

"ရတယ်လေ၊ အဲဒါဆို မမလေးရဲ့ပုဂံမင်းသမီးဝတ်စုံပြန်ထုတ်ပေးမယ်။ နည်းနည်းတောက်ပလွန်းလို့ လူအာရုံစိုက်ခံရလောက်ပေမဲ့ အဆင်ပြေလောက်မှာပါ။"

"ဟိုး... ဟိုးထား၊ နင်ယူလာတဲ့ နောက်တစ်ထည်ပဲပြ။"

နောက်တစ်ထည်ကတော့ မက်ဒါနာရဲ့အမြင်အာရုံကို ချက်ချင်းဖမ်းစားသွားတဲ့အတွက် အတော်ကြာတဲ့အထိ ဘာမှမပြောနိုင်တော့ဘဲ စိုက်ကြည့်နေမိတော့တာပဲ။ ဂျပန်အထက်တန်းကျောင်းသူလေးအင်္ကျီနဲ့တူပြီး နက်တိုင်အသေးလေးပါတဲ့တီရှပ်အဖြူ၊ ရင်ဘတ်မှာ ကျောင်းတံဆိပ်ယောင်ယောင်ဘာယောင်ယောင်ရင်ထိုးအတုတစ်ခုပါပြီး တွဲဝတ်ဖို့စကပ်အတွန့်တိုတိုလေးနဲ့။

"မမလေး မကြိုက်ဘူးလား... ဒါဆိုပြန်ထားလိုက်တော့မယ်။" အေမီတစ်ယောက် သခင်မလေးရဲ့ခန္ဓာကိုယ်ဘာသာစကားကို အယူလွဲသွားပြီး ပြန်သိမ်းတော့မလို့ လုပ်နေချိန်မှာပဲ မက်ဒါနာက အဲဒီဝတ်စုံကို လက်တစ်ဖက်နဲ့ဖမ်းဆွဲလိုက်တယ်။

"...."

"ငါ့ကို အဲဒါကူဝတ်ပေး။"

အဲဒီနောက်တော့ မက်ဒါနာရဲ့ဒီနေ့အတွက် ရုံးတက်ဝတ်စုံလေးက အသင့်ဖြစ်သွားပါပြီ။ အထက်တန်း ကျောင်းသူလေးဝတ်စုံနဲ့အဖြူရောင်ပင်တီလေး။

အင်္ကျီဝတ်ပြီးတာတောင် မှန်ထဲအခေါက်ခေါက်ပြန်ကြည့်ရင်း ရှုမဝဖြစ်နေတဲ့ သခင်မလေးမက်ဒါနာတစ်ယောက် ဟိုတယ်ဝန်ထမ်းက မနက်စာလာပို့တော့မှ နာရီမော့ကြည့်တော့တယ်။

"ဟောတော့... နောက်တောင်ကျနေပြီ။" အဲဒီနောက်တော့ မနက်စာအတွက်မှာတုန်း မီနူးထဲပါလာတဲ့ ပေါင်မုန့်မီးကင်ကို လက်နဲ့ကောက်ယူရင်း ပါးစပ်နဲ့ကိုက်ကာ ငွေရောင်သေတ္တာကြီးကိုဆွဲပြီး ဟိုတယ်အခန်းထဲကနေ ပြေးထွက်သွားလေတော့တယ်။ နောက်ကနေ သက်တော်စောင့် ခွေးစက်ရုပ်နက်ကြီးက ပြေးလိုက်လို့ပေါ့။

အေမီကတော့ မနက်စာမစားဘဲထွက်သွားတဲ့ သူ့မမလေးနောက်ကျောကို ကြည့်ရင်းသက်ပြင်းချလိုက်လေရဲ့။

"ဟူး.... မမလေးကတော့ တစ်နေ့တခြားမိန်းကလေးဆန်လာလိုက်တာ..."

နောက်တော့ အေမီတစ်ယောက် ထိုင်ခုံပေါ်မှာကျန်နေသေးတဲ့ အနက်ရောင်စတော့ကင်ခြေအိတ်ရှည်ကို မြင်သွားပြီး နဖူးကိုလက်နဲ့ပုတ်လိုက်မိတယ်။

"သေစမ်း... မမလေးကို စတော့ကင်ဝတ်ပေးဖို့မေ့သွားတယ်။ ဒီအတိုင်းဆိုရင် မြင်သမျှယောက်ျားလေးတွေအကုန်လုံး ရူးပြီးကျန်နေရစ်တော့မှာပဲ။"

...

ဟိုတယ်ကားပါကင်မှာ အပြင်ကဝင်လာတဲ့ တက္ကစီကားလေးတစ်စင်း ရပ်လိုက်တယ်။ ကားပေါ်ကနေ အထုပ်အပိုးတွေနဲ့အတူ နိုင်ငံခြားသားဖော်ရိန်နာတစ်ယောက် ဆင်းလာတယ်။

ဒါပေမဲ့ လူစိမ်းတစ်ယောက်မဟုတ်ဘဲ အားလုံးရင်းနှီပြီးသား လူငယ်တစ်ယောက်ပါ။ မင်းလွင်ရဲ့အထက်တန်းကျောင်းတုန်းက ရူးကြောင်ကြောင်သူငယ်ချင်း တင်မီရယ်။

မက်ဒါနာကို မင်းလွင်မှန်းမသိဘဲ ကြိုက်မိပြီးခါမှ လိင်ပြောင်းသွားတဲ့ အချစ်ဆုံးသူငယ်ချင်းမှန်းသိပြီး ကြေကွဲခဲ့ရတဲ့ ရှော့ခ်တွေကြောင့် စိတ်ရောဂါကုဆေးရုံမှာ အချိန်တော်တော်ကြာ နေလိုက်ရသေးတယ်။ နောက်ဆုံးတော့ ဆရာဝန်က စိတ်ပြေလက်ပျောက်ဆိုပြီး ဂျပန်ကိုခရီးသွားဖို့အကြံပေးလိုက်တာ။ ဦးလေးကြီးဟူဂိုကလည်း လိုလိုလားလားနဲ့ ပိုက်ဆံထုတ်ပေးရှာပါတယ်။ သူ့တူခြံထဲက ပုရွက်ဆိတ်တွင်းကို ပြဿနာမရှာတော့ရင် ပြီးရောဆိုတဲ့သဘော။

ဖူဂျီတောင်ကြီးလည်းတက်ရင်း ဂျပန်မလေးတွေရဲ့ပေါင်တံရှည်နဲ့စနေနှစ်ခိုင်ကိုလည်း ငမ်းရင်းပေါ့။

ကားပေါ်ကနေ ဆင်းလာလာချင်းပဲ တင်မီက မလိုအပ်ဘဲ တပ်ထားတဲ့ နေကာမျက်မှန်အကောင်းစားကို ဆွဲချွတ်လိုက်တယ်။ စိတ်ထဲတော့ နိုင်ငံခြားသားအချောကြီးကို ဂျပန်သူချောချောလေးတွေတွေ့ပါစေစိတ်ကူးရင်းနဲ့ပေါ့။

ရုတ်တရက် ဟိုတယ်အဝင်ဝမှန်တံခါးက အလိုလိုပွင့်လာပြီး ချစ်စရာကောင်းတဲ့သားရေဖိနပ်တစ်ဖက်နဲ့ ခြေခုံဖြူဖြူလေးကို တင်မီစမြင်လိုက်ရတယ်။

တကယ်တော့ အမည်မသိကောင်မလေးထွက်လာတဲ့

အရှိန်က တော်တော်မြန်ပေမဲ့ တင်မီဆိုတဲ့ငနှဲက ငမ်းကြောထနေကျဆိုတော့ တစ်စက္ကန့်စာကို ဆယ်စက္ကန့်နီးနီးဆွဲချဲ့ပြီးကြည့်နိုင်တဲ့ ဗီဒီယိုစလိုးမိုးရှင်းမျက်လုံးတွေရှိတယ်။ ကောင်မလေးလှလှလေးတွေရဲ့အလှကိုနှလုံးသားထဲသိမ်းထားနိုင်တဲ့ ဖိိုတိုဂရပ်ဖစ်ဘရိန်းကြီးတောင် ရှိလိုက်သေး။ အဲ၊ စာတို့ဘာတို့ကျက်တဲ့နေရာသာ သုံးမရတာ။

ပထမဆုံး သူ့စက္ခုအာရုံထဲကို ခြေခုံလှလှလေးဝင်လာပြီးတဲ့နောက် သေးသွယ်တဲ့ခြေသလုံးလေးဝင်လာတယ်။ နောက်တော့ ပေါင်တံရှည်ရှည်လေးရယ်၊ အဖြူရောင်ပင်တီလေးပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ လှုပ်ယမ်းနေတဲ့စကပ်အလှ၊ အချိုးအစားကျနတဲ့ခါးလေးနဲ့ လှုပ်ရှားသက်ဝင်နေတဲ့ ကိုယ်လုံးအလှ။ မကြီးလွန်းမသေးလွန်းတဲ့ မက်မွန်သီးလေးတွေက ခုန်ဆွခုန်ဆွ။

နောက်တော့ ပေါ်လွင်နေတဲ့ညှပ်ရိုးလေးတွေနဲ့ကြည်လင်တဲ့ လည်ပင်းအရေပြားလေးဆီ သူ့မျက်လုံးတွေက ရောက်သွားတယ်။

ပြီးတော့ မေးစေ့ချွန်ချွန်လေးနဲ့ ပါးဖောင်းဖောင်းလေးကို သူလိုက်ငေးကြည့်မိတယ်။ နောက်ဆုံးတော့ ပေါ်လွင်တဲ့နှာတံလေးနဲ့ အယ်ဘီနိုမျက်ဝန်းလေးတွေရဲ့အလှ။ အဆုံးသတ်မှာတော့ ချစ်စရာနဖူးလေးနဲ့အဖြူရောင်ဆံပင်လေးတွေ။

'နေပါဦး... အဖြူရောင်ဆံပင်၊ အယ်ဘီနို... ပြီးတော့ ဒီလောက်တောင် အစအဆုံးချစ်ဖို့ကောင်းနေတာ။' ရင်ခုန်သံတွေကို ထိန်းမထားနိုင်တော့တဲ့ တင်မီတစ်ယောက် သူ့နှလုံးသားလေးငြိမ်သွားအောင် လက်နဲ့ဆုပ်ကိုင်ထားလိုက်တယ်။

မက်ဒါနာကတော့ သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး မျက်မှောင်ကြုတ်လိုက်ပေမဲ့ စိတ်ထဲထည့်မထားတော့ဘဲ ဆက်ပြေးသွားတယ်။ ဒီအရူးကောင်ကို စိတ်ထဲတော့ ရင်းနှီးသလိုရှိပေမဲ့ အလုပ်ချိန်နီးနေပြီမလို့ မြန်မြန်သွားရတော့မယ်လေ။

တင်မီတစ်ခုခုမပြောနိုင်ခင်မှာပဲ မက်ဒါနာက ဟိုတယ်ခြံဝန်းအပြင်ရောက်သွားတယ်။ မက်ဒါနာ တံတိုင်းကို ကျော်ပြီးသူ့မြင်ကွင်းထဲပျောက်မသွားခင် မြင်လိုက်ရတာက လှုပ်ခါနေတဲ့ တင်းပြည့်လှတဲ့ တင်ပါးလေးနဲ့ခြေသလုံးနောက်ပိုင်းလေးတွေရဲ့အလှ။

"နေဦး... မင်းလွင်... ငါနင့်ကိုပြောစရာရှိ...."

နောက်ကနေ နာမည်ခေါ်ပြီး ပြေးလိုက်ပေမဲ့လည်း အတော်နောက်ကျနေပြီ။ သူလည်းဟိုတယ်ဂိတ်ဝအပြင်ရောက်လာပြီး လမ်းပေါ်ကိုရောက်တော့ အယ်ဘီနိုအလှလေးကို ဘယ်နေရာမှာမှမတွေ့ရတော့ဘူး။ အဲဒီအစား ကျောက်ရုပ်ကြီးလိုမျိုး ဂိတ်ဝမှာရပ်စောင့်နေတဲ့ ငွေရောင်စစ်သည်ကိုသာ မြင်လိုက်ရလေရဲ့။

"S... Silverknight ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီရုပ်နေတာလဲ။"

ဝုတ်.... ဝုတ်....။

တင်မီတစ်ယောက် မက်ဒါနာကို ဆက်ရှာဖို့လုပ်ပေမဲ့ ငွေရောင်စစ်သည်ဘေးနားက ခွေးစက်ရုပ်ကြီးက သူ့ကိုပိတ်ဟောင်တော့ လန့်ပြီးနောက်ဆုတ်လိုက်မိတယ်။ ငွေရောင်စစ်သည်ကလည်း လက်ညိုးတစ်ချောင်းကို သူ့မျက်နှာရှေ့ထောင်ပြီး ရှူးမှုတ်ပြတယ်။

"တိုးတိုးနေ... ဒီနားမှာ မိန်းကလေးတွေကို ခေါင်းအစခြေအဆုံးလိုက်ချောင်းနေတဲ့ နှာဘူးတစ်ကောင်ရောက်နေတယ်ကြားလို့ ငါလာစောင့်နေတာ။ မင်းတွေ့မိသေးလား...."

"ဆာSilverKnightက ဘာလုပ်မလို့လဲ။"

"တွေ့ရင် ငါ့ခွေးနဲ့ရှူးတိုက်မလို့၊ လူရှေ့မရှောင်သူရှေ့မရှောင် နှာဘူးထတာ လူကျင့်ဝတ်ဖောက်ဖျက်မှုပဲကွ။"

"...." ဒီလိုနဲ့ တင်မီလည်း မက်ဒါနာကို ဆက်မရှာရဲတော့ဘဲ ရင်ထဲပြည့်လျှံနေတဲ့အချစ်တွေကိုသိမ်းကာ ဟိုတယ်ထဲ ပြန်တပ်ဆုတ်လာရတယ်။

ချပ်ဝတ်ထဲမှာရှိနေတဲ့ မက်ဒါနာကတော့ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်မိတယ်။ "ဟူး... တော်ပါသေးရဲ့၊ သူငါ့ကို လိုက်မီခါနီးပဲ။" လောလောဆယ်တော့ မက်ဒါနာက နှာဘူးကောင်တင်မီနဲ့ မျက်နှာချင်းမဆိုင်ချင်သေးဘူးလေ။

"သားကြီး၊ မင်းငါ့ကိုလက်ထပ်ပါ။"ဆိုပြီးပြောလာရင် သူ့ဘဝတော့ ဇာတ်သိမ်းပြီ။

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

All Chapters