ဖန်မောင်နှမ၏ အိမ်သို့ သွားခြင်း
Vol. 42 Ch. 576
ကျန့်ရှန်းက နှာခေါင်းရှုံ့ကာ “ဂိုဏ်းချုပ် ဘုန်းတော်ကြီးက သေချာပေါက် ကြီးမြတ်တယ်ဆိုပေမဲ့ သူ လုပ်တဲ့ ကိစ္စတိုင်းအတွက် အကြောင်းပြချက် တစ်ခုတောင် မလိုဘူးလား။ ငါတို့ကို ခေါ်သွားချင်တယ် ... ရှင်တို့ရဲ့ အကြောင်းပြချက်က ဘယ်မှာလဲ ”
ဖုန်းလုက အေးစက်စွာ ပြန်ဖြေလိုက်သည် “လို့ယွဲ့ရွမ်းက အောက်လမ်းစုန်း မျိုးဆက်နဲ့ လျှို့ဝှက် ပူးပေါင်းနေပြီးတော့ စုန်းပညာကို တိတ်တဆိတ် လေ့လာနေတယ်။ ဒီလို လူမျိုးကို ငါတို့က ဘာကြောင့် လွတ်ပေးရမှာလဲ။ မင်းက အောက်လမ်း စုန်းမျိုးဆက်ကို ကာကွယ်ပေးချင်မှတော့ မင်းကိုလည်း ခေါ်သွားသင့်တယ် ”
“ဒီလိုကိုး“ ကျန့်ရှန်းက စိတ်ဓာတ် ကျသွားမိသည်။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက လို့ယွဲ့ရွမ်း၏ မှော်စွမ်းအင် အလျှင်အမြန် စုစည်းရေး နည်းလမ်းကို စိတ်ဝင်စားနေကြောင်း သူမ မည်သို့ မသိဘဲ နေမည်နည်း။
ဂိုဏ်းချုပ် ဘုန်းတော်ကြီး အနားရှိနေလျှင် ပြီးပြည့်စုံသည့် စည်းမျဉ်း ဥပဒေပင် ဟာသတစ်ခုထက် မပိုချေ။
မိုဝူကျီက မှော်စွမ်းအင် ကျောက်တုံး ကိုးတုံးမြောက်ကို သူ့သဘာဝ စွမ်းအင် သိုလှောင်ရေး လမ်းကြောင်းထဲ စုပ်ယူပြီးခါနီးတွင် ဂိုဏ်းချုပ် ဘုန်းတော်ကြီး လက်အောက်မှ လူများက လို့ယွဲ့ရွမ်းကို ဖမ်းဆီးရန် ရောက်လာကြောင်း ကြားလိုက်ရသည့်အခါ သူက ချက်ချင်း ထရပ်လိုက်သည်။
လို့ယွဲ့ရွမ်းကို မှော်စွမ်းအင် စုစည်းပြီး စုပ်ယူနည်း သင်ပေးစဉ် သူက တစ်ခုခုကို တွေးမိခဲ့သည်။ သူက ကျင့်ကြံခြင်း လောကမှ ရောက်လာခြင်း ဖြစ်ရာ လူတော်တော်များများက တပတ်ရိုက်ရန် ကြိုးစားကြလေ့ ရှိသည်။ လို့ယွဲ့ရွမ်းကို သင်ပေးလိုက်သော နည်းလမ်းမှာ ဤနေရာရှိ လူများအတွက် တုန်လှုပ် ချောက်ချားစေကာ အများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့လေ၏။
သို့သော်လည်း သူက သူမကို သင်ပေးလိုက်ခြင်းမှာ သူမ အဆင့်မြင့် အတန်းကို မြန်မြန် ဝင်ရောက်နိုင်စေရန် ဖြစ်ပေ၏။ အကယ်၍ မှော်စွမ်းအင် အစီအရင်က သူ့အား ဝိညာဉ်စွမ်းအား ခံစားနိုင်စေမည် ဆိုလျှင် ဂိုဏ်းချုပ် ဘုန်းတော်ကြီးနှင့် သူ့လူများက သူ့အား တိုက်ခိုက်လာလျှင်ပင် လက်တစ်ဖက်တည်းဖြင့် အကုန်လုံးကို အပြတ်ရှင်းပစ် လိုက်လို့ ရပေသည်။
မိုဝူကျီက ဂိုဏ်းချုပ် ဘုန်းတော်ကြီး၏ လူများမှာ မြန်မြန်ဆန်ဆန် ရောက်လာမည်ဟု မထင်ထားမိပေ။ လို့ယွဲ့ရွမ်းက ထိုနည်းလမ်းကို ထုတ်ပြလိုက်ရုံမျှသာ ဖြစ်သော်လည်း ဂိုဏ်းချုပ် ဘုန်းတော်ကြီး၏ လူများက ရောက်လာကြပြီ ဖြစ်၏။ လို့ယွဲ့ရွမ်းက အဆင့်မြင့်အတန်း ဝင်သည်နှင့် မှော်စွမ်းအင် ကျောက်တုံး ကိုးတုံး ရလာ၍သာ ကံကောင်းပေတော့သည်။
“ခဏနေပါဦး“ နေက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြီး ယန်ခယ့်ကျယ်က ဒေါသတကြီး ပေါက်ကွဲတော့မည့် အလား ပြေးဝင်လာသည်။
“မင်းတို့တွေ ငါ့ကျောင်းသူကို ခေါ်သွားဖို့ ခွင့်မပြုဘူး“ ယန်ခယ့်ကျယ်က ဝင်လာသည်နှင့် ခက်ထန်စွာ ပြောလိုက်သည်။
ဖုန်းလုက ထရယ်မောလိုက်ရင်း “ဆရာယန်ကိုး ... ဒီတစ်ခါတော့ အားနာပါရဲ့။ ခင်ဗျားက လျန့်နိုင်ငံရဲ့ ကာကွယ်သူ တစ်ယောက် ဖြစ်နေရင်တောင် ဒီကိစ္စကို ဝင်ရှုပ်လို့ မရဘူး ”
ဖုန်းလု မပြောလိုက်သည့် နောက်ထပ် အချက်မှာ ယန်ခယ့်ကျယ်က လို့ယွဲ့ရွမ်းနှင့် ကျန့်ရှန်းအား ကာကွယ်ပေးနေလျှင် သူလည်း တူညီသော အကျိုးဆက်ကို ခံစားရမည် ဖြစ်၏။ လျန့်နိုင်ငံက မည်မျှပင် အင်အား ကြီးမားနေစေကာမူ ဂိုဏ်းချုပ် ဘုန်းတော်ကြီးရှေ့၌ ပုရွက်ဆိတ်သဖွယ် ဖြစ်၏။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက လျန့်နိုင်ငံ၏ ကာကွယ်သူလေးကို အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။
လို့ယွဲ့ရွမ်းက ရုတ်ချည်း ထပြောလိုက်သည် “ကျမ မှော်စွမ်းအင်တွေကို စုစည်းတုန်းက မှော်စွမ်းအင်တွေက ဒီလမ်းကြောင်းကနေ စီးဆင်းလာပြီး ဒီလမ်းကြောင်းကနေ ခွဲသွားတာကို ရုတ်တရက် ခံစားမိလိုက်တာ။ အဲဒါကြောင့် ခွဲထုတ်လိုက်ပြီးတော့ မှော်စွမ်းအင်ကို စုစည်းလိုက်တာလေ ... အဲဒါက အောက်လမ်း စုန်းပညာနဲ့ ဘယ်လိုများ ပတ်သတ်နေလို့လဲ ”
လို့ယွဲ့ရွမ်းက မိုဝူကျီ သင်ပေးထားသော အစွန်းဆုံး လမ်းကြောင်းနှင့် သစ်သားဓာတ် လှည့်ပတ်လမ်းကြောင်းကို ညွှန်ပြရင်း ပြောလိုက်သည်။
“ခဏ“ ကျန့်ရှန်းကလို့ ယွဲ့ရွမ်းကို မြန်မြန် တားလိုက်ရသည် “ယွဲ့ရွမ်း ဒါက သမီးရဲ့ ကြိုးစားမှုကြောင့် သိလာတာလေ ... ဘာလို့ သူတို့ကို ပြောပြနေတာလဲ ”
လို့ယွဲ့ရွမ်းက လက်ခါကာ “သူတို့က သမီးကို အောက်လမ်းစုန်းအတတ် သင်ထားတယ်ဆိုပြီး စွပ်စွဲနေမှတော့ သမီး ရှာတွေ့ထားတဲ့ နည်းလမ်းကို ပြောပြီး သက်သေပြရုံပဲ ရှိတော့မှာလေ။ အဲဒါမှ အောက်လမ်း စုန်းအတတ်နဲ့ ဘာမှ မပတ်သတ်ဘူးဆိုတာ သိသွားကြမှာ ”
အမှန်တိုင်းပြောရလျှင် သူမက မိုဝူကျီအနေဖြင့် ဤနည်းလမ်းကို ဘာမှ တန်ဖိုးမထားကြောင်း သိထား၍သာ ဖြစ်၏။ မိုဝူကျီက ဤနည်းလမ်းကို များများစားစား မတွေးထားသောကြောင့် သူမက ထုတ်ပြောလိုက်ခြင်း ဖြစ်၏။ သို့သော်လည်း မိုဝူကျီ တန်ဖိုးမထားသည့်အရာမှာ ဤနေရာတွင် များစွာ တန်ဖိုးရှိနေသည်။
ဖုန်းလု၏ ပထမဆုံး တုံ့ပြန်မှုမှာ ဘေးနားမှ စွမ်းအင်များကို အစွန်းဖျား လမ်းကြောင်းဆီ စီးဝင်စေလိုက်သည့် အခါမှ လို့ယွဲ့ရွမ်း စကားများမှာ အမှန်ဖြစ်ကြောင်း သတိထားမိသွား၏။ ဤနည်းလမ်းမှာ သူ သင်ယူထားသည်ထက် အဆတစ်ရာမက ပို၍ ကောင်းပေသည်။ နည်းလမ်းက မြန်ဆန်ရုံသာမက ခွဲခြားလိုက်သော မှော်စွမ်းအင် များမှာလည်း အတော်လေး သန့်စင်ပေသည်။
ပို၍ အရေးကြီးသည်က ဖုန်းလုမှာ စောစောလေးက မှော်စွမ်းအင် ကျောက်တုံးပင် မသုံးလိုက်ရချေ။ မှော်စွမ်းအင် ကျောက်တုံး မလိုအပ်ဘဲ မိုးမြေဆီမှ စွမ်းအင်များကို စုပ်ယူနိုင်ခြင်းမှာ လက်ထဲ ရှိနေလျှင် မည်သို့ အားကောင်း လာလိုက်မည်နည်း။ ထိုအရာမှာ ဖုန်းလု မကြားဖူးသေးသည့်အရာ ဖြစ်၏။
ဤနေရာရှိ လူများအတွက် မှော်စွမ်းအင်နှင့် ကျင့်ကြံဖို့ရန် သတ်မှတ်ထားသော နည်းလမ်း ရှိ၏။ နည်းလမ်းမှားကို အသုံးပြုလိုက်သည်နှင့် အနည်းဆုံးအားဖြင့် ခန္ဓာကိုယ်မှာ ထုံထိုင်းလာစေပြီး အများဆုံး ဖြစ်ရပ်မှာ ချက်ချင်း သေဆုံးသွားခြင်း ဖြစ်ပေသည်။
လို့ယွဲ့ရွမ်း၏ နည်းလမ်းအသစ်ကို ကြိုးစားကြည့်ခြင်းမှာ ကိုယ့်သေတွင်းကို တူးနေသည်နှင့် ညီမျှပေ၏။
ဖုန်းလုက လို့ယွဲ့ရွမ်း စကားများက မှန်ကန်ကြောင်း သတိပြုမိပြီးနောက် သူက မှော်စွမ်းအင်ကို လှည့်ပတ်လမ်းကြောင်းထဲ စုပ်ယူဖို့ရာ ရပ်တန့်လိုက်သည်။ အကယ်၍ သူသာ လှည့်ပတ်လမ်းကြောင်းကို အသုံးပြုကြည့်ပါက ဤနည်းလမ်းမှာ သူနှင့် မသင့်တော်ကြောင်း သတိပြုမိလိမ့်မည်။
ယန်ခယ့်ကျယ်က ထပ်ပြောလိုက်သည် “အခု အားလုံးက ယွဲ့ရွမ်းကို ယုံကြပြီလား။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက နေရာကြီးတစ်ခုကို အာဏာစက်ရှိတဲ့ သူပါ။ ဒီလို ကိစ္စသေးသေးလေးနဲ့ ကျုပ် ကျောင်းသူကို ခေါ်သွားမယ်ဆိုတာကျ နည်းနည်းလေး လွန်မနေဘူးလား ”
ထိုစဉ် ဖုန်းလု၏ ဆက်သွယ်ရေး ကိရိယာမှ အသံ မြည်လာသည်။ သူက ကိရိယာကို ဆွဲကာ စကားနည်းနည်း ပြောပြီးနောက် မချခင် လို့ယွဲ့ရွမ်းဘက် လှည့်ကာ ခက်ထန်စွာ ပြောလိုက်သည် “မင်းက အောက်လမ်း စုန်းပညာကို လိုက်စားနေလားဆိုတာ ငါတို့တွေ ထပ်စုံစမ်းဦးမယ်။ ဆုံးဖြတ်ချက် မကျမလာမချင်း အန်းကျင်း တက္ကသိုလ်ကနေ ထွက်သွားခွင့် မရှိဘူး ”
ဖုန်းလုက ပြောပြီးသည်နှင့် မြန်မြန် ပြန်ထွက်သွားသည်။ ပိုလော့ကျင်းလည်း လို့ယွဲ့ရွမ်းကို တစ်ချက်ကြည့်ကာ ဖုန်းလုနှင့် အတူတူ ထွက်သွားသည်။
အားနာရှက်ရွံ့နေသည့် ဌာနမှူး ဂူက ပို၍ ရှက်ရွံ့လာကာ သူတို့နောက်မှ လိုက်ပါသွားတော့သည်။
ကျန့်ရှန်းက မျက်မှောင်ကြုတ်ကာ ထွက်သွားသည့် လူများကို ကြည့်လိုက်ရင်း “ဒီကိစ္စက အဆုံးမသတ်မှာကို စိုးရိမ်မိတယ်။ ယွဲ့ရွမ်း ... ဒီမှာ နေနေရမယ်နော်။ စိတ်မပူနဲ့ ဆရာယန်နဲ့ ဆရာမတို့ သေချာပေါက် သမီးကို ခေါ်သွားခွင့် မပြုဘူး “
ယန်ခယ့်ကျယ်က လို့ယွဲ့ရွမ်းကို ခေါင်းညိတ်ပြကာ စိတ်မပူဖို့ ပြောလိုက်သည်။ ထို့နောက် သူလည်း ကျန့်ရှန်းနှင့်အတူ ထွက်သွားတော့သည်။ မည်သို့ပင် ဖြစ်လာပါစေ သူက သူ့ကျောင်းသူကို ကူညီရန် အကောင်းဆုံး ကြိုးစားပေးရမည်။
လူအုပ်ကြီး ထွက်သွားသည်နှင့် လို့ယွဲ့ရွမ်း ပထမဆုံး လုပ်ချင်သည့် အရာမှာ မိုဝူကျီအား အကြောင်းကြားရန် ဖြစ်သော်လည်း သူမ လှည့်လိုက်သည့်အခါ မိုဝူကျီက တံခါးရှေ့တွင် ရပ်နေလေ၏။
မိုဝူကျီက လို့ယွဲ့ရွမ်းကို ပြောလိုက်သည် “ကျုပ် အားလုံးကို ကြားပြီးပြီ။ ဆရာမကျန့် ပြောတာ မှန်တယ်။ ဒီကိစ္စက ဒီလို ပြီးသွားမှာ မဟုတ်ဘူး။ အစပြုရုံတင် ရှိဦးမှာ ...”
မိုဝူကျီက အတွေ့အကြုံ များသည့်အတွက် လို့ယွဲ့ရွမ်း၏ စကားများနှင့် ဖုန်းလု၏ တုံ့ပြန်မှုကို ကြားပြီးနောက် ဖုန်းလုက အစွန်းဖျား လမ်းကြောင်းကို သုံး၍ မှော်စွမ်းအင်ကို ခွဲခြားကြည့်လိုက်မှန်း သိလိုက်သည်။ သူက မှော်စွမ်းအင်ကို မစုပ်ယူ ကြည့်ရသေးပေ။ သူက လှည့်ပတ်လမ်းကြောင်းကို သုံး၍ စုပ်ယူဖို့ရာ ကြိုးစားကြည့်သည့်အခါ အလုပ်မဖြစ်မှန်း သိလာလိမ့်မည်။ ထိုအခါ သူက နောက်တဖန် ပြန်ရောက် လာလိမ့်မည်။
ထို့အပြင် မိုဝူကျီက အုပ်ချုပ်သူ အရှင် ဖုန်းလု ထွက်သွားသည့် အကြောင်းမှာ အရေးပေါ် ကိစ္စတစ်ခုခုကြောင့် ဖြစ်မည်မှန်း မှန်းဆမိသည်။ မဟုတ်လျှင် မည်သို့ပင် ဆိုစေကာမူ သူက မှော်စွမ်းအင်ကို စုပ်ယူကြည့်ပြီး လို့ယွဲ့ရွမ်းကို ခေါ်ဆောင် သွားလိမ့်မည်။
“အစ်ကိုကြီးမို အရင် သွားသင့်တယ်။ ညီမ အစ်ကိုကြီးအကြောင်း လုံးဝ ထုတ်ပြောမှာ မဟုတ်ဘူး“ လို့ ယွဲ့ရွမ်းက မြန်မြန် ပြောလိုက်သည်။
မိုဝူကျီက ခေါင်းကိုခါကာ “မဟုတ်သေးဘူး ... မင်းဘာသာ ထုတ်ပြောပြော၊ မပြောပြော မကြာခင် သူတိုက ကျုပ်ကို တွေ့သွားမှာပဲ ... ဒါပေမဲ့ အခု ငါတို့ ထွက်သွားကြမယ်။ အန်းကျင်း တက္ကသိုလ်ကနေ ထွက်သွားကြမယ် ”
ယခုအချိန်အထိ မိုဝူကျီက လုံးဝ မစိုးရိမ်ခဲ့ပေ။ သူက သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းထဲ ဝိညာဉ်စွမ်းအားတချို့ သိုလှောင်နိုင်ခဲ့လေရာ သူ အသုံးပြုလိုက်သည်နှင့် လက်စွပ်ကို ဖွင့်နိုင်လိမ့်မည်။
လက်စွပ်ကို ဖွင့်နိုင်သည်နှင့် သူ့ဒဏ်ရာများမှာ အလျှင်အမြန် သက်သာ ပျောက်ကင်းသွားမည် ဖြစ်ရာ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက သူ့ရှေ့၌ ပုရွက်ဆိတ်သဖွယ် ဖြစ်နေလိမ့်မည်။
“ဒါပေမဲ့ ညီမတို့ အခုထွက်သွားလို့ မရဘူးလေ“ လို့ ယွဲ့ရွမ်းက စိုးရိမ်တကြီး ပြောလိုက်သည်။
မိုဝူကျီက အားရပါးရ ရယ်မောကာ “ကျုပ်တို့ ထွက်သွားလို့ ရပါတယ်။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးရဲ့ လူနှစ်ယောက်က အရင်ဆုံး သတိလာပေးရုံလောက်ပဲ။ အန်းကျင်း တက္ကသိုလ်ရဲ့ ဌာနမှူးကို မင်းထွက်သွားလို့ မရအောင် တားဆီးထားခိုင်းဦးမှာ မဟုတ်ဘူး။ သူတို့ အဲဒီလို လုပ်ထားရင်တောင် အစောင့်တွေ ရောက်မလာခင် အချိန်ရပါသေးတယ် ”
“အစ်ကိုကြီးမို အဲဒါဆို ညီမတို့ အခု ထွက်သွားကြမှာလား“ လို့ ယွဲ့ရွမ်းက နောက်ဆုံးတွင် နားလည်သွား၏။
“ဟုတ်တယ် အခု သွားကြမယ်“ မိုဝူကျီက တွေဝေခြင်းမရှိ ပြောလိုက်သည်။
“ဒါပေမဲ့ ညီမတို့ ဘယ်သွားကြမှာလဲ“ လို့ ယွဲ့ရွမ်းက စိတ်လွတ်နေဆဲ ဖြစ်ကာ မည်သည့်နေရာကို သွားရမှန်း မသိတော့ပေ။ အန်းကျင်းမြို၌ သူမတွင် မိတ်ဆွေ၊ အပေါင်းအသင်းလည်း မရှိချေ။
မိုဝူကျီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည် “ကျုပ်တို့တွေ စုန်းမျိုးဆက် ဖန်မောင်နှမရဲ့ အိမ်ဆီ သွားကြမယ် ”
“အာ ...” လို့ ယွဲ့ရွမ်းက မိုဝူကျီကို တအံ့တဩ ကြည့်ကာ ရေရွတ်လိုက်သည်။
ဖန်မောင်နှမကို ဂိုဏ်းချုပ် ဘုန်းတော်ကြီးက အနီးကပ် စောင့်ကြည့် နေသောကြောင့် ထိုနေရာကို သွားခြင်းက သူတို့ကိုယ်တိုင် သွားရောက် အဖမ်းခံသလို ဖြစ်မနေဘူးလား။
သူမက စိတ်ရှုပ်ထွေး သွားသော်လည်း သူမက ဘာဆိုဘာမှ ဝင်မပြောပေ။
သူတို့ မည်သည့်နေရာတွင် ပုန်းပုန်း ဂိုဏ်းချုပ် ဘုန်းတော်ကြီး လက်အောက်မှ မလွတ်မြောက်နိုင်ပေ။ တစ်ခုတည်းသော ခြားနားချက်မှာ ရက်ဘယ်လောက်ကြာကြာ လွတ်နေနိုင်မလဲ ဟုသာ ဖြစ်၏။
မိုဝူကျီ၏ မှန်းဆချက်အတိုင်း လို့ယွဲ့ရွမ်းနှင့် မိုဝူကျီတို့ တက္ကသိုလ်မှ ထွက်လာသည်ကို မည်သူမှ မတားကြပေ။
အုပ်ချုပ်သူ အရှင်ကိုယ်တိုင် တက္ကသိုလ်မှ ထွက်မသွားဖို့ အမိန့်ပေးခဲ့ခြင်းမှာ အပြင်းထန်ဆုံး အမိန့်နှင့် ညီမျှသော်လည်း လို့ယွဲ့ရွမ်းက ထိုအရာကို မျက်လုံးထဲ မထည့်ထားလိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။
သူတို့နှစ်ယောက် ထွက်လာပြီးနောက် ဖန်မောင်နှမ နေနေသည့် နေရာလေးကို ရှာတွေ့ခဲ့၏။
မိုဝူကျီက လျန့်နိုင်ငံသို့ ရောက်လာသည်မှာ အချိန်တစ်ခုမျှသာ ဖြစ်သော်လည်း ဤနေရာရှိ စီးပွားရေး အခြေအနေကို အကြမ်းဖျင်း မှန်းဆမိသည်။ သူက လျန့်နိုင်ငံမှာ ချမ်းသာကြွယ်ဝပြီး ဥပဒေမှာလည်း ပြည့်ပြည့်စုံစုံ ချမှတ်ထားကြောင်း ကောင်းကောင်း သိ၏။
ဖန်မောင်နှမတို့ နေထိုင်ရာနေရာဆီ ရောက်လာပြီးနောက် မိုဝူကျီက လျန့်နိုင်ငံမှာ ဆင်းရဲသည့် ပြည်သူများလည်း ရှိနေပြီး သူက မမြင်တွေ့လိုက်ခြင်းသာ ဖြစ်ကြောင်း သိလိုက်သည်။
ဆင်းရဲသားများ နေထိုင်ရာ ဤနေရာကား အဆောက်အဦ အကျိုးအပဲ့များနှင့်သာ ဖုံးလွှမ်းထား၏။ ဤနေရာ လုံးဝ ပျက်စီးသွားဖို့ရာ အချိန်တစ်ခုမျှသာ လိုအပ်လေသည်။
အမှိုက်ပုံများကို နေရာအနှံ့ တွေ့နေရပြီး လူအများက စုတ်ပြတ်နေသည့် အဝတ်အစားများ ဝတ်ဆင်ထားကြသည်။
“အစ်ကိုကြီးမို ... ဖန်မောင်နှမတို့က အရှေ့နားလေးက ပျက်စီးနေတဲ့ ဂူထဲမှာ နေကြတယ်။ အဲဒီနေရာကို ညီမ တစ်ခါ မြင်ဖူးတယ်“လို့ ယွဲ့ရွမ်းက မိုဝူကျီကို မနီးမဝေးမှ တစ်နေရာကို ညွှန်ပြကာ ပြောလိုက်သည်။
“ဟုတ်ပြီ အဲဒီကို သွားကြစို့ “ မိုဝူကျီက မြန်မြန်ဆန်ဆန် ဖြေလိုက်သည်။
မိုဝူကျီက လာလိုက်သည့် အကြောင်းအရင်း တစ်ခုမှာ အနည်းဆုံး သူ ပြန်မကောင်းလာခင်အထိ ဂိုဏ်းချုပ် ဘုန်းတော်ကြီးကို ရှောင်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ နောက်ထပ် တစ်ချက်မှာ ဖန်မောင်နှမတို့ကို အချိန်မှီ အဆင်ပြေစေရန် ဖြစ်သည်။
ဂိုဏ်းချုပ် ဘုန်းတော်ကြီးက လို့ယွဲ့ရွမ်း၏ နည်းလမ်းကို စုန်းအတတ်နှင့် ပတ်သတ်နေကြောင်း ယူဆထားပြီးပြီ ဖြစ်၏။ လို့ယွဲ့ရွမ်းက မတော်တဆ ထိုနည်းလမ်းကို သတိပြုမိလာကြောင်း ရှင်းပြပြီးနောက် အုပ်ချုပ်သူ အရှင်က အရေးကြီးကိစ္စကြောင့် ထွက်သွားရသော်လည်း ဂိုဏ်းချုပ် ဘုန်းတော်ကြီး အနေဖြင့် ထိုအရာကို နားမလည်မချင်း လို့ယွဲ့ရွမ်းကို အလွတ်ပေးမည် မဟုတ်ပေ။
လို့ယွဲ့ရွမ်းကို ရှာမတွေ့သည်နှင့် ဖန်မောင်နှမကို ဦးဆုံး တွေးမိလိမ့်မည်။ သူက ဤနေရာတွင် လာပုန်းကွယ်နေသည် မဟုတ်ဘဲ ဖန်မောင်နှမတို့ကိုလည်း ကာကွယ်ပေးရန် ဖြစ်သည်။
မိုဝူကျီက ဖန်မျိုးနွယ်စု၏ ခန္ဓာကျင့်စဉ်အကြောင်း သင်ယူရန် စိတ်အားထက်သန် နေမိသည်။ သူ လိုချင်သည်က ဖန်မျိုးနွယ်စု၏ ခန္ဓာကျင့်စဉ်တင် မကဘဲ ထိုကျင့်စဉ်မှ ရရှိလာသော ဉာဏ်ကွန့်မြူးချက်များလည်း အပါအဝင် ဖြစ်၏။ ထိုဉာဏ်ကွန့်မြူးချက်ဖြင့် သူက ချီသွေးကြော ၁၀၈ ခုကို အားထားပြီး တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းမှ ကိုယ်ပိုင် ခန္ဓာကျင့်စဉ် အကြောင်း အသိဉာဏ် ပွင့်လာလိမ့်မည်။ ယခင် သူ ဆေးလုံးဖော်စပ်မှုနှင့် အင်မော်တယ် မော်တယ် ကျင့်စဉ်များကို ပြောင်းလဲသကဲ့သို့ ဖြစ်၏။
ဂိုဏ်းချုပ် ဘုန်းတော်ကြီးအတွက် သူ့အနေဖြင့် လက်စွပ်ကို ဖွင့်နိုင်သည်နှင့် ကြောက်နေစရာ မလိုတော့ပေ။
***