ဒိတ်ကိုနှောင့်ယှက်မယ်
Vol. 4 Ch. 2
မက်ဒါနာ တိုကျိုဟီးရိုးအစည်းအရုံးထဲကို ဝင်ပြီးတဲ့နောက် သူ့ချပ်ဝတ်ကိုချွတ်လိုက်ပြီး ရုံးခန်းထဲဝင်လိုက်တယ်။ ဒါပေမဲ့ ဥစာကီက အခန်းထဲမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ တစ်ခုခုကို တွေးပူနေပုံရပြီး မက်ဒါနာကို ဂရုမစိုက်နိုင်သေးဘူးရယ်။
သေချာပေါက် အိမ်ပေါ်ကဆင်းသွားတဲ့ သူ့ညီမလေးကို တွေးပူနေတာနေမှာ။ မိရိုင်လေးက ငှက်ဖြစ်သွားတဲ့ သူ့ဆရာနောက်ကိုလိုက်နေတာ။ ဥစာကီကလည်း မိရိုင်နောက်ကိုလိုက်ဖို့ လူတွေလွှတ်လိုက်ပေမဲ့ အားလုံးနီးပါးက ကလေးမလေးနှစ်ယောက်လှည့်စားတဲ့ဒဏ်ကိုခံရပြီး အချုပ်ကျတဲ့သူကကျ၊ ဆေးရုံရောက်တဲ့သူက ရောက်နဲ့။
"မဖြစ်သေးဘူး... ဒီတိုင်းဆို ငါကိုယ်တိုင်သွားရမလားပဲ။"
မက်ဒါနာလည်း ဥစာကီသတိထားမိအောင်လို့ သူ့ရှေ့သွားပြီး မျက်နှာရှေ့လက်ယမ်းပြလိုက်တယ်။
"အာ... အစည်းအရုံးခေါင်းဆောင်၊ ကျွန်မရောက်ပြီ။"
ဒီလိုပြောလိုက်မှ အခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့ ဥစာကီရဲ့ခြေလှမ်းတွေရပ်သွားပြီး ရှေ့မှာ လာရပ်နေတဲ့သူကို ကြည့်လိုက်တယ်။ ပထမဆုံး မက်ဒါနာရဲ့ရင်ဘတ်က နက်တိုင်နဲ့ကျောင်းတံဆိပ်အတု၊ ပြီးတော့ မက်ဒါနာရဲ့မျက်နှာကို မော့ကြည့်တယ်။
"အား...ဟီးရိုးကျောင်းကနေ အချိန်ပိုင်းအလုပ်လာလုပ်တဲ့ ယာယီအတွင်းရေးမှူးအသစ်လား၊ ဟီးရိုးရုံးအဝင်ဝမှာ ဝန်ထမ်းကတ်နဲ့ဆိုင်းအင်ဝင်ပြီးရင် အလုပ်စဆင်းလို့ရပြီလေ။"
"....." ငါးစက္ကန့်လောက် စွန့်အသွားပြီးတဲ့နောက် မက်ဒါနာ အသံကျယ်ကြီးနဲ့အော်ပြီး ဥစာကီရဲ့ပခုံးကိုကိုင်ကာ လှုပ်နှိုးမိတော့တာပဲ။
"ဥစာကီ၊ မတ်တပ်ကြီးလမ်းလျှောက်ပြီး အိပ်နေတာရပ်လိုက်တော့။ နင်ငါ့ကိုတောင် မမှတ်မိတော့ဘူးလား။" မဖြစ်တော့ဘူး၊ နီဟွန်းရဲ့S rankကြီးက ညီမအတွက်တွေးပူလွန်းလို့ ဒီလောက်ရင်းနှီးတဲ့ လူတစ်ယောက်ကိုတောင် မမှတ်မိတော့ဘူးတဲ့။
'ဒါပေမဲ့ ဘယ်တုန်းက ငါက ဦစာကီရဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် ဖြစ်သွားခဲ့တာလဲ။' ဒါတော့ မက်ဒါနာလည်း မဖြေတတ်ဘူး။
ခဏနေတော့ ဒရုန်းဇုန်တစ်ယောက် ရုံးခန်းထဲဝင်လာပြီး မက်ဒါနာနဲ့ဥစာကီရဲ့အဖြစ်ကိုကြည့်ကာ ခပ်လေးလေး သက်ပြင်းတစ်ချက်ချလိုက်တယ်။ ဥစာကီကတော့ ရက်ဆက်ပြီးမအိပ်ရသေးလို့ ညိုမည်းနေတဲ့ မျက်ကွင်းတွေနဲ့ မက်ဒါနာကိုလက်ညိုးထိုးပြပြီး ပြောလိုက်တယ်။
"ဒရုန်းဇုန်၊ ဒီအသစ်လေးကို ကူပြီးအလုပ်ဆင်းရမယ့်နေရာ ကူပြလိုက်ဦး။ ငါအလုပ်ရှုပ်နေတယ်။"
မက်ဒါနာလည်း မခံနိုင်တော့တဲ့အဆုံး ခါးကိုကော့ ရင်ကိုမော့ပြီး ဥစာကီကို အော်ပြောလိုက်တယ်။ "ငါက မက်ဒါနာဟဲ့၊ မက်ဒါနာ။ အသစ်လေးမဟုတ်ဘူး၊ ညီမလေးအကြောင်းတွေးပူမိနေရင်လည်း အနည်းဆုံးတော့ တရေးတမောအိပ်ဖို့သတိရဦးဟဲ့။"
မက်ဒါနာတစ်ယောက်တော့ ဥစာကီကိုကြည့်နေရင်းနဲ့ ဟီးရိုးအစည်းအရုံးခေါင်းဆောင်တွေက တကယ်ရောအားကိုးရရဲ့လားလို့ တွေးပူလာမိတယ်။ နယူးယောက်တုန်းကလည်း ဒီလောက်ကိစ္စကြီးတွေဖြစ်နေတာတောင် အစည်းအရုံးဥက္ကဋ္ဌ ထွက်လာတာမျိုးမတွေ့ရဘူးလေ။
ဒရုန်းဇုန်ကတော့ သက်ပြင်းနောက်တစ်ချက်ချလိုက်ရင်း မက်ဒါနာပခုံးပေါ် လက်တင်ကာ ခေါင်းယမ်းပြတယ်။ လွှတ်သာထားလိုက်ဆိုတဲ့သဘော။ ကြည့်ရတာ ဒရုန်းဇုန်လည်း ဥစာကီကို အတော်ကြာအောင် ဖျောင်းဖျပြီး ဘာမှမတတ်နိုင်ခဲ့ပုံပဲ။
သူတို့နှစ်ယောက် အစည်းအရုံးခေါင်းဆောင်ရုံးခန်းထဲက ထွက်လာတဲ့အထိ ဥစာကီက အခန်းငယ်လေးထဲမှာ ဟိုလျှောက်လိုက်ဒီလျှောက်လိုက် လုပ်နေတုန်းပဲ။ 'လုံးဝကို ခဲလွတ်နေပြီ။ တစ်ယောက်ယောက် ဥစာကီရဲ့ဆားကစ်တွေကို ပြန်ခဲဆော်ပေးကြပါဦးလား။'
ဒရုန်းဇုန်က မက်ဒါနာကို စမ်းသပ်ခန်းထဲခေါ်လာတယ်။ မက်ဒါနာက တိုကျိုမြို့ကို ကင်းလှည့်ရမှာ ဆိုပေမဲ့ မနက်စောစောလာပြီး လီဆာအခြေအနေကို ကြည့်ချင်သေးတယ်လေ။ အခုတော့ ပုတ်သင်ကြီးဖြစ်နေတဲ့လီဆာက စတွေ့တုန်းကလို အကြမ်းပတမ်းမဆန်တော့ဘဲ လိမ်လိမ်မာမာနဲ့ ငြိမ်ငြိမ်လေးနေနေပြီ။ ဒရုန်းဇုန်အဆိုအရတော့ အခြေအနေတည်ငြိမ်လာပြီဖြစ်ပြီး သိပ်မကြာခင် လူပြန်ပြောင်းနိုင်လိမ့်မယ်ဆိုတယ်။
ဒါပေမဲ့ မက်ဒါနာက လောလောဆယ် လီဆာထက်စာရင် ဒရုန်းဇုန်လုပ်နေတဲ့အရာကို ပိုပြီးစိတ်ဝင်စားနေတယ်။
"အဲဒီကောင်မလေး မြန်မြန်ဆန်ဆန်နဲ့ အခြေအနေတည်ငြိမ်လာတာ ကံကောင်းတယ်။ အရင်က လူလုပ်မြူတန့်တွေ သားရဲအဖြစ်အပြည့်အဝပြောင်းပြီးသွားရင် ပြန်ကောင်းလာဖို့မဖြစ်နိုင်တော့ဘူး။"
ဒရုန်းဇုန်က ပြောပြောဆိုဆိုနဲ့ ဆပ်ပြာတုံးအကြည်နှစ်တုံးကို သခွားသီးလှီးတဲ့ခြစ်နဲ့ပါးပါးလှီးပြီး လွှစာလိုဖြစ်နေတဲ့ ဆပ်ပြာတွေကို စတီးအိုးသေးသေးလေးထည့်လိုက်တယ်။ နောက်တော့ စမ်းသပ်ခန်းထဲက ဓာတ်ငွေ့ပိုက်လိုင်းကိုဖွင့်ပြီး ရေနွေးအိုးတည်တယ်။ ပုံမှန်တော့ အဲဒါက အောက်ဆီဂျင်နဲပေါင်းစပ်ဖို့လိုတဲ့ ဓာတ်ကူပစ္စည်းတွေထုတ်ဖော်ဖို့သုံးတာ။ ခုတော့ ရေချိုးဆပ်ပြာတောင့်တွေကို အရည်ဖျော်ဖို့ဖြစ်နေပြီ။
"နင့်မွေးစားသမီးလေးက ပြီးပြည့်စုံတဲ့ လူလုပ်မြူတန့်ဖြစ်နေတာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် နင်ဘယ်လိုပြောပြော ငါက အမေဇုန်တောထဲသွားလွှတ်ဖို့စီစဥ်မှာ။"
ဆပ်ပြာတွေဆူသွားတော့ ဒရုန်းဇုန်က အိုးကို မီးဖိုပေါ်ကနေချပြီး အသင့်ယူလာတဲ့ နှင်းဆီပန်းဖျော်ရည်တွေကို လောင်းထည့်လိုက်တယ်။ နောက်ပြီး ပွင့်ဖတ်လေး တစ်ခုနှစ်ခုရော အလှထည့်လိုက်သေးတယ်။
နောက်ဆုံးအဆင့်ကတော့ အသည်းပုံလေးတွေဖော်ထားတဲ့ ပုံစံခွက်ထဲ ဆပ်ပြာပျော်ရည်တွေလောင်းထည့်တာ။
'လက်လုပ်ဆပ်ပြာလား၊ ဒရုန်းဇုန်မှာ ကောင်လေးရှိနေတာများလား။' မက်ဒါနာကတော့ ဘေးကနေကြည့်ရင်း အမျိုးမျိုးသုံးသပ်စဥ်းစားကြည့်နေတယ်။
ဘာပဲပြောပြော ဒရုန်းဇုန်က မိန်းမလှလေးတစ်ယောက်လေ။ နည်းနည်းကြွက်သားတွေရှိတယ်ဆိုပေမဲ့ နားလည်ပေးမယ့်ကောင်လေးတစ်ယောက်လောက်ရှာဖို့ အခက်အခဲမရှိလောက်ဘူး။
ဘေးကနေ အကဲခတ်တဲ့အကြည့်နဲ့ စိုက်ကြည့်ခံနေရမှန်း သတိထားမိသွားတဲ့ ဒရုန်းဇုန်က မက်ဒါနာကို လှည့်ကြည့်လိုက်တယ်။
"ဘာဖြစ်လို့လဲ...."
"ဘာမှမဟုတ်ပါဘူး၊ ကိုယ်တိုက်ဆပ်ပြာကိုယ်တိုင်လုပ်တာ အရင်က အပြင်မှာမမြင်ဖူးလို့လေ။"
အပြင်မှာတော့ ဘာမှမဖြစ်သလိုမျိုး ပြုံးပြနေပေမဲ့ စိတ်ထဲမှာကတော့ ပေါက်ကရအတွေးမျိုးစုံနဲ့။ 'အမယ်၊ ဗလတောင့်တောင့်နဲ့ဒရုန်းဇုန်မှာ ကောင်လေးရှိတယ်တဲ့။ သူ့ကောင်လေးက ဘယ်လိုအမျိုးအစားဖြစ်နေမလဲမသိဘူးနော်။ ဒရုန်းဇုန်က သန်သန်မာမာဆိုတော့ နွဲ့နွဲ့နောင်းနောင်းလေးဖြစ်မယ်ထင်တယ်။'
တကယ်တော့ တခြားကောင်မလေးတစ်ယောက်ရဲ့ရည်စားအကြောင်းတွေးပြီး စိတ်ကူးယဥ်တယ်ဆိုတာက ကောင်မလေးတွေရဲ့အကျင့်ပါ။ ဘယ်ယောက်ျားလေးက ဒီလိုကိစ္စတွေလျှောက်စဥ်းစားနေမှာတုန်း။ မိန်းကလေးဖြစ်လာတာကြာလို့ မိန်းကလေးတွေရဲ့ဗီဇကို ဆက်ခံလိုက်ရပြီလို့ပဲ မှတ်ရမလား။
မက်ဒါနာရဲ့စိတ်ကူးထဲမှာတော့ သန်မာတဲ့ဒရုန်းဇုန်က နူးညံ့တဲ့ကောင်လေးကို ရင်ခွင်ထဲထည့်သွားပြီး ရန်သူအပေါင်းကနေ ကာကွယ်ပေးနေတဲ့ မြင်ကွင်းမျိုး မြင်ယောင်လာမိတယ်။
"တိုးယ၊ စိတ်မပူနဲ့။ ဒီအစ်မကြီးက မင်းကိုကာကွယ်ပေးမှာမလို့လေ။" တိုးယဆိုတဲ့ စိတ်ကူးယဥ်ကောင်လေးနေရာကနေ ဝင်ခံစားကြည့်ရင်း မက်ဒါနာတစ်ယောက် သူ့ပေါင်လေးနှစ်ချောင်းကို ပူးကပ်ထားမိလိုက်တယ်။ 'အာလေလေ၊ ထင်မထားဘဲ ဒရုန်းဇုန်က Waifu vibeအပြည့်နဲ့ပါလား။'
"ရုံးရောက်တုန်း အလကားနေမနေနဲ့ဦး၊ နင့်ကိုဧည့်သည်ဟီးရိုးခန့်ထားတာ အလကားမဟုတ်ဘူးလေ။ ပြီးရင် ငါနဲ့ခေါင်းဆောင်ဆီလိုက်ခဲ့ဦး။"
ဒရုန်းဇုန်က သူလုပ်ထားတဲ့ နှင်းဆီဆပ်ပြာခဲသုံးခဲကိုသေတ္တာသေးသေးလေးတစ်ခုထဲ ကောက်ထည့်ပြီး စမ်းသပ်ခန်းထဲက ထွက်သွားတယ်။ မက်ဒါနာကလည်း ကိုယ့်စိတ်ကူးလေးအပြည့်နဲ့ နောက်ကနေ သီချင်းလေးညည်းရင်း လိုက်လာတယ်။
'တာ...တာ... တာ...' တကယ်တော့ စာသားမပါဘဲ တေးသံလေးညည်းရုံညည်းတာလည်း ကောင်မလေးတွေအကျင့်ပဲမဟုတ်လား။ ဒါလည်း အမွေဆက်ခံလိုက်ရပြီလို့သာ မှတ်ကြပါတော့။
သူတို့ ဥစာကီရဲ့ရုံးခန်းထဲရောက်တော့ ဥစာကီက နည်းနည်းစိတ်ငြိမ်သွားပုံပဲ။ အခုသူက ထိုင်ခုံမှာ ကျောမှီထိုင်နေပြီး နဖူးကို လက်နဲ့ဖျစ်ထားလေရဲ့။ ပြီးတော့ ဝတ်ထားတာက ကျောင်းသူဝတ်စုံပုံစံတူပေါ်မှာမှ အနက်ရောင်ကုတ်အင်္ကျီနဲ့။
"ဘယ်တုန်းက သူအထက်တန်းကျောင်းသူပုံစံလဲဝတ်လိုက်ရတာတုန်း။" မက်ဒါနာကတော့ အောက်နှုတ်ခမ်းကို ဖိကိုက်ထားရင်း ရုံးခန်းထဲ လျှောက်ကြည့်ကြည့်တော့ အဝတ်လဲဗီရိုအသေးလေးတစ်ခုကို ရှာတွေ့သွားတယ်။
ဒရုန်းဇုန်ကတော့ မထူးဆန်းတဲ့ပုံစံနဲ့ မက်ဒါနာကို ရှင်းပြတယ်။ "ခေါင်းဆောင်က ဟီးရိုးကျောင်းတက်နေတုန်းကကတည်းက S rankဟီးရိုး အလုပ်လုပ်နေရတာလေ။ ဒီတော့ကျောင်းဝတ်စုံက သူ့ဟီးရိုးဝတ်စုံဖြစ်လာပြီး အခုထိချွတ်မရတော့တာ။ ဖန်တွေက ဆက်ဝတ်ဖို့ချည်းပဲပြောနေကြတာကိုး။"
"...." ဒီတော့ ထူးထူးဆန်းဆန်းဖန်တွေကြောင့် တိုကျိုအစည်းအရုံးခေါင်းဆောင်လည်း ကျောင်းကောင်စီဥက္ကဋ္ဌမမပုံစံပေါက်နေတာပေါ့။
နောက်တော့ မက်ဒါနာရှေ့မှာတင်ပဲ ဒရုန်းဇုန်က သူ့သေတ္တာသေးသေးလေးကို ဥစာကီရဲ့စားပွဲပေါ် တင်ပေးလိုက်တယ်။
"ခေါင်းဆောင်၊ ခရစ်စမတ်အတွက် တောင်းထားတာလေး ရပါပြီ။"
မက်ဒါနာကတော့ အဲဒီစကားကိုကြားတာနဲ့ ခေါင်းတွေထူပူလုမတတ် အတွေးလွန်းသွားလေရဲ့။ 'နေ.. နေကြပါဦး... ဒရုန်းဇုန်က ဥစာကီကို ခရစ်စမတ်လက်ဆောင်အဖြစ် လက်လုပ်ဆပ်ပြာပေးတယ်။ ဘယ်လိုတောင် ရိုမန့်တစ်ဆန်တာလဲ။'
မက်ဒါနာတစ်ယောက် သူ့ရှေ့က ဒရုန်းဇုန်နဲ့ဥစာကီကိုကြည့်ရင်း ပူလောင်လာတဲ့ ပါးပြင်လေးပေါ်ကို လက်တင်မိလိုက်တယ်။ 'အား... ကြည်နူးစရာစုံတွဲလေးပါလား။'ဆိုတဲ့အတွေးကအရင်။
'ကြည့်ရတာ ဒရုန်းဇုန်မှာက ကောင်လေးမရှိဘဲ ကောင်မလေးရှိနေတာပဲ။ ပြီးတော့ အဲဒါက တိုကျိုအစည်းအရုံးခေါင်းဆောင် ဥစာကီတဲ့။ အမြဲတမ်း အတွင်းရေးမှူးတစ်ယောက်လိုမျိုး အနားမှာနေပေးနေကတည်းက သံသယဝင်နေခဲ့တာ။ ဟင်းဟင်း၊ လက်စသတ်တော့ ဒီလိုပေါ့။'
မက်ဒါနာတစ်ယောက် ကိုယ့်စိတ်ကူးနဲ့ကိုယ်ရူးနေတုန်း ဥစာကီနဲ့ဒရုန်းဇုန်က သူ့ကိုစိတ်ပျက်နေတဲ့မျက်လုံးတွေနဲ့ မှေးပြီးကြည့်လိုက်ကြတယ်။
"အာနို... မက်ဒါနာ-ဆန် ဘာတွေတွေးနေမှန်းမသိပေမဲ့ ထင်သလိုမဟုတ်တာတော့ သေချာတယ်နော်။"
ဒရုန်းဇုန်က လက်ထောင်ပြရင်း ပြောလိုက်တဲ့အတွက်မက်ဒါနာတစ်ယောက် သူခိုးလူမိတဲ့ရုပ်မျိုးဖြစ်သွားရော။
"ဟီးဟီး... ငါဘယ်သူ့ကိုမှမပြောပါဘူး၊ စိတ်ချပါ။" ဒါပေမဲ့ စိတ်ထဲမှာတော့ ပြန်ရောက်ရင် အေမီကိုဖောက်သည်ချဖို့ ကြိုတင်စီစဥ်ထားပြီးသား။ မိန်းကလေးတွေဆိုတာက ၄၈နာရီထက်ပိုပြီး လျှို့ဝှက်ချက်တွေကို ထိန်းမထားနိုင်ကြဘူးလေ။ ဒါလည်း အမွေရလာတဲ့ဗီဇတစ်ခုပဲ။
ဥစာကီကတော့ နဂိုကတည်းက ဒေါသထွက်နေပြီးသားဆိုတော့ မက်ဒါနာကို ရန်စောင်တဲ့အကြည့်နဲ့ကြည့်ရင်း ခြိမ်းခြောက်တဲ့လေသံနဲ့ ပြောလိုက်ပါပြီ။
"လိုင်စင်မဲ့ဟီးရိုး SilverKnight၊ လက်ရှိဟီးရိုးအစည်းအရုံးရဲ့အခြေအနေအရ မင်းကိုယာယီဟီးရိုးခန့်ထားတဲ့အတွက် တာဝန်ချိန်မှာ မဖြစ်မနေကင်းလှည့်ရပါမယ်။ အခုချက်ချင်း မြေပုံမှာဝိုင်းပြထားတဲ့ ဒေသကိုသွားပြီး တရားမျှတမှုကိုကာကွယ်တော့။"
ဥစာကီက ယဥ်ယဥ်ကျေးကျေးပြောပြီး မြေပုံနေရာထောက်ပြလိုက်ပေမဲ့ မက်ဒါနာကို အခန်းထဲမှာ ဆက်မရှိချင်တော့တဲ့ သဘောပဲမဟုတ်လား။ နောက်ဆုံးတော့ မက်ဒါနာလည်း ဆက်မနေရဲတော့တာနဲ့ ရုံးခန်းထဲကနေ ပြေးထွက်လာခဲ့တယ်။ ဒါပေါ့၊ သူ့ချပ်ဝတ်ကို ပြန်ဝတ်ဖို့လည်းမမေ့ဘူး။
...
ဆင်ခြေဖုံးရပ်ကွက်လေးတစ်နေရာ။
ငွေရောင်ချပ်ဝတ်စစ်သည်ကြီးမှာ အလံတိုင်သေးသေးတစ်ချောင်းကိုကိုင်ပြီး မူကြိုကလေးတွေ လမ်းကူးနေတာကို ကူညီပေးနေရတယ်။ ဥစာကီအမျက်တော်ရှတာခံရပြီး ဒီနေရာကိုအပို့ခံလိုက်ရတာလေ။
"ကလေးတို့ရေ... လမ်းမကူးခင် ဘယ်ကြည့်... ညာကြည့်... ဘယ်ပြန်ကြည့်...."
အပြာနုရောင်အင်္ကျီနဲ့အဝါရောင်ဦးထုပ်ဝိုင်းလေးတွေစောင်းထားကြတဲ့ မူကြိုကလေးတွေကတော့ ဟီးရိုးကြီးတစ်ယောက်ကိုယ်တိုင် လမ်းကူးနည်းသင်ပြပေးနေတဲ့အတွက် အတော်စိတ်ဝင်စားနေကြတယ်။ သူတို့ထဲကတစ်ယောက်ကတော့ မေးရှာပါတယ်။
"ဦးဦး... ဦးဦးက Kamen rider Knightလားဟင်။"
"...." ချပ်ဝတ်ထဲမှာရှိနေတဲ့ မက်ဒါနာတစ်ယောက် သူ့ကိုလှမ်းစကားပြောတဲ့ ကောင်လေးကို ငုံကြည့်လိုက်တယ်။ ကောင်လေးကျောပိုးအိတ်က Kamen riderတွေပုံပါနေတော့ Tokuဖန်အသေးစားလေးပဲနေမှာ။ ဒါပေမဲ့ မက်ဒါနာက Animeအများစုပဲကြည့်ဖူးပြီး Tokusatsuဆိုရင် ဂေါ်ဇီလာနဲ့Ultramanပဲသိတာ။
"Kamen rider... အဲဒီနာမည်နဲ့ဟီးရိုးရှိလို့လား။" မက်ဒါနာတစ်ယောက် ကိုယ်တိုင်မသိပေမဲ့ ဝတ်စုံစနစ်ကို ရှာခိုင်းပြီးမှ အတော်နာမည်ကြီးတဲ့ တီဗီစီးရီးမှန်း သိလိုက်ရတာ။
'ဝိုး... နှစ်ခြောက်ဆယ်လုံးမရပ်မနားလွှင့်နေတဲ့ သိပ္ပံစိတ်ကူးယဥ်ဟီးရိုးဇာတ်လမ်းတဲ့။' ဒါပေမဲ့ ဒီလောက်အများကြီး သိသေးတာမဟုတ်ဘူး။ ကလေးကိုမဟုတ်ကြောင်း ရှင်းပြဖို့လုံလောက်ရုံပဲ။
"မဟုတ်ဘူး... ကျွန်ုပ်က အလယ်ခေတ်သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ SilverKnightပဲ..."
ဒါပေမဲ့ ကလေးကတော့ လက်မလျှော့သေးဘူး၊ တခြားကလေးတွေ လမ်းကူးပြီးသွားတာတောင် သူ့အနားမှာဆက်နေပြီး အမေးအမြန်းထူနေတုန်းပဲ။
"ဒါဆို ဦးရော Henshinလို့ရလား..."
"ဟန်းရှင်းက ဘာကြီးလဲ။"
ကလေးကတော့ သူ့ကိုမဲ့ရွဲ့ပြီး မော့ကြည့်တယ်။ နောက်တော့ လျှာထုတ်ပြပြီး...
"ဘာသူရဲကောင်းကြီးတုန်း... ဟန်းရှင်းတောင်ဘယ်လိုလုပ်ရမှန်းမသိဘဲနဲ့ ဘယ်လိုလုပ်စတိုင်ကျမှာလဲ... အဟပ်..." ကလေးက မက်ဒါနာကို လျှာထုတ်ပြပြီး လမ်းကိုမကြည့်ဘဲ ကူးပြေးသွားတယ်။ ဆင်ခြေဖုံးလမ်းမလို့ ကားမရှုပ်လို့သာ တော်တော့တယ်။
ငွေရောင်စစ်သည်တော်ကြီးကတော့ ခေါင်းစောင်းကိုပွတ်ရင်း ကျန်နေခဲ့တယ်။ 'ဟန်းရှင်းက ဘာကြီးလဲ၊ ဂျပန်မှာ ဟီးရိုးတွေက ဟန်းရှင်းတတ်မှစတိုင်ကျတယ်လို့ ယူဆခံရတာလား။'
စိတ်ထဲတနုံ့နုံ့နဲ့ မကျေမနပ်ဖြစ်လာတာနဲ့ မက်ဒါနာလည်း ဝတ်စုံစနစ်ကနေတစ်ဆင့်လေ့လာရင်း တော်တော်များများသိလိုက်ရတယ်။
"ဒီတော့ Kamen riderတွေလို့ခေါ်တဲ့ မျက်နှာဖုံးတပ်ရိုက်ဒါတွေက သူတို့ဝတ်စုံမဝတ်ခင် အသွင်ပြောင်းဆိုပြီး အော်ကြတာလား။ သူတို့စတိုင်ထုတ်တာ မိုက်တော့မိုက်သားပဲ... ဒါပေမဲ့အပြင်မှာဆိုရင် သူတို့စတိုင်ထုတ်နေတုန်း ရန်သူက ဦးအောင်ချမှာပဲ။"
မက်ဒါနာတစ်ယောက် စတိုင်ထုတ်ပြီးဝတ်စုံဝတ်တာကို အပြစ်ပြောနေပေမဲ့ သူကိုယ်တိုင်လည်း စိတ်ဝင်စားမိသွားတဲ့အတွက် အပြင်မှာလိုက်လုပ်မိတယ်။ Kamen rider Black Sun အသွင်ပြောင်းတဲ့ပုံစံကိုကြည့်ပြီး လိုက်တုပလုပ်မိတဲ့အထိပဲ။
"ဟန်း.... ရှင်း...."
ဒါပေမဲ့ သူအဲဒီလိုလုပ်လို့မပြီးသေးခင်မှာပဲ သူ့ရှေ့ကို ရင်းနှီးနေတဲ့ လူနှစ်ယောက်ရောက်လာတယ်။ ဒရုန်းဇုန်နဲ့ ဥစာကီရယ်။ နောက်ပြီးတော့ နှစ်ယောက်လုံးက အထက်တန်းကျောင်းသူလေးဝတ်စုံတွေနဲ့။ ဥစာကီက မနက်တုန်းကလိုပဲ ကျောင်းကောင်စီဥက္ကဋ္ဌပုံပေါက်နေပြီး ဒရုန်းဇုန်ကတော့ ညိုချောအမိုက်စားမမလေးပုံပေါ်နေလေရဲ့။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက အထက်တန်းအောင်ပြီးတာ ကြာလှနေပြီမဟုတ်ဘူးလား။ ဒီဝတ်စုံတွေနဲ့ ဘာလုပ်မလို့လဲ။
"ယို... မက်ဒါနာ-ချန်... တစ်ယောက်တည်း သောက်ရူးထနေတယ်ပေါ့၊ ရှစ်တန်းကျောင်းသူရောဂါထနေတာလား။" ဒရုန်းဇုန်က ပါးစပ်ထဲမှာ လိုလီပေါ့ငုံထားရင်း gyaruလေသံနဲ့ပြောလိုက်တယ်။
"ဒီနားမှာ ကလေးတွေကို လမ်းကူးဖို့ကူညီပေးရင်း နည်းနည်းပျင်းလာလို့ပါ၊ ဟဲဟဲဟဲ..." ငွေရောင်စစ်သည်က ဖော်ရွေတဲ့ပုံစံနဲ့ ရယ်ပြပေမဲ့ သေချာပေါက် လုပ်ရယ်ကြီးကို။
ဒရုန်းဇုန်ကတော့ လက်ထဲက ကြော်ငြာစာရွက်တစ်ခုကို ထုတ်ပြရင်း မက်ဒါနာကိုပြောလိုက်တယ်။
"ဟိုဖက်ရပ်ကွက်မှာ ခရစ်မမတ်အကြိုစျေးရောင်းပွဲလုပ်နေတာလေ။ အထက်တန်းကျောင်းသူတွေဆိုရင် စျေးလျှော့ပေးမယ်တဲ့။ နင်ရောလိုက်ချင်သေးလား။" ကြည့်ရတာ ဒရုန်းဇုန်က ညီမပျောက်လို့ ရုံးခန်းထဲမှာ တစ်နေကုန်ရူးကြောင်ကြောင်ဖြစ်နေတဲ့ ဥစာကီကို မကြည့်နိုင်တော့လို့ အပြောင်းအလဲဖြစ်သွားအောင် အပြင်ခေါ်လာတဲ့ပုံပဲ။
ပြောခါမှ မက်ဒါနာကလည်း ချပ်ဝတ်အောက်မှာ အထက်တန်းကျောင်းသူဝတ်စုံအတုခံဝတ်ထားတာလေ။ မက်ဒါနာလည်း သူ့ရှေ့က ဟီးရိုးနှစ်ယောက်ကို မသင်္ကာတဲ့အကြည့်နဲ့ ကြည့်လိုက်လေရဲ့။
'ဆိုလိုတာက ဒီနှစ်ယောက်က အထက်တန်းကျောင်းသူလိုဝတ်ပြီး လျှော့စျေးရဖို့ အစည်းအရုံးကနေ ခိုးထွက်လာတာပေါ့လေ။' မက်ဒါနာတွေးနေတုန်း ဒရုန်းဇုန်က ဆက်ပြောလိုက်တယ်။
"အား... SilverKnightက အလုပ်ကြိုးစားတယ်ကြားဖူးတယ်။ လျှော့စျေးလေးအတွက်တော့ ကင်းလှည့်တာ ဘယ်ပျက်ခံပါ့မလဲ၊ သူ့ကိုထားခဲ့ပြီး ငါတို့ချည်းပဲသွားရအောင်။ နော်၊ ခေါင်းဆောင်။"
ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာလည်း မျက်မှောင်ကြုတ်လိုက်တယ်။ 'နင်တို့က ငါ့ကိုအလုပ်လုပ်ခိုင်းပြီး နှစ်ယောက်ဒိတ်ကြမလို့လား၊ မတရားဘူးဟေ့ မတရားဘူး။ ငါ့ကိုsingleဆိုပြီး နှိမ်ချင်တယ်ပေါ့။ နင်တို့နှစ်ယောက်ရဲ့အချိန်ကောင်းလေးတွေကို မနှောင့်ယှက်ရရင် မက်ဒါနာမဟုတ်တော့ဘူးဟေ့။'
ဒေါသထွက်သွားတဲ့ မက်ဒါနာတစ်ယောက် လူမရှိတဲ့ နောက်လမ်းတစ်ခုတည်းဝင်သွားပြီး ချပ်ဝတ်ချွတ်လိုက်တယ်။ ပြီးတော့ ဟိုနှစ်ယောက်ရှေ့ကို ချက်ချင်းပြန်ရောက်လာတယ်။ လက်ထဲမှာတော့ ငွေရောင်သေတ္တာကြီးနဲ့။ သက်တော်စောင့်ခွေးကြီးကတော့ သူ့သခင်မလေးရဲ့အူကြောင်ကြောင်အပြုအမူတွေကို ခေါင်းလေးဟိုလှည့်ဒီလှည့်နဲ့ ကြည့်နေရရှာတယ်။
"လျှော့စျေးရောင်းတဲ့နေရာကို ငါလည်းလိုက်မယ်။"
ဒီတော့မှ စည်းကမ်းတင်းကျပ်တဲ့လေသံနဲ့ ဥစာကီက ဝင်ပြောလာတယ်။ "ဒါပေမဲ့ နင်လိုက်လို့အဆင်ပြေပါ့မလား၊ ဒီပတ်ဝန်းကျင်မှာက အစောင့်ဟီးရိုးဆိုလို့ နင်တစ်ယောက်ပဲရှိတာလေ။"
ဒါပေမဲ့ မက်ဒါနာကတော့ သူ့အစောင့်ခွေးကြီးကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။ "အဆင်ပြေမှာပါ၊ စေဘာစတိန်းက ငါ့ကိုအချိန်မရွေးဆက်သွယ်လို့ရနိုင်တာဆိုတော့ သူ့ကိုငါ့အစားကင်းလှည့်ခိုင်းထားပြီး အရေးကြုံမှလာကူလို့ရတယ်လေ။ လျှော့စျေးက ကြုံတောင့်ကြုံခဲပဲ နော်..."
မက်ဒါနာရဲ့တမင်ရန်စစကားကြောင့် ဒရုန်းဇုန်အံ့ကျိတ်လိုက်ပေမဲ့ သူက ရန်အရင်စမိသလိုဖြစ်သွားတာဆိုတော့ ဘာမှမပြောနိုင်ဘူးရယ်။
ဒီလိုနဲ့ အထက်တန်းကျောင်းသူလိုဟန်ဆောင်ထားတဲ့ ဟီးရိုးမိန်းကလေးသုံးယောက်သား ခရစ်စမတ်အကြိုစျေးပွဲတော်ကိုသွားဖို့ ဖြစ်လာတော့တယ်။