ကလဲ့စားလား၊ လူသတ်သမားလား
Vol. 4 Ch. 3
"ဝိုး... ဒီအသင်းစား BBQ တွေက တအားစျေးတန်တာပဲ၊ ခရစ်စမတ်ရော နှစ်သစ်ကူးအတွက်ပါ ဝယ်သွားရမယ်။"
"အာလေ၊ ဒီသားမွှေးအနွေးထည်လေးတွေက ချစ်စရာလေးတွေ။ နယ်က တူလေးတွေဖို့ ဝယ်ပေးရမယ်။"
"ဝိုး... ဒီအလှဆင်မီးလုံးလေးတွေက တအားမိုက်တာပဲ။ ဦးလေးကြီး၊ ကျွန်မစာရင်းထဲထည့်ပေး။"
စျေးကိုရောက်တာနဲ့ ဒရုန်းဇုန်က တွေ့သမျှအကုန်ဝယ်ဖို့ကြိုးစားတော့တာပဲ။ မက်ဒါနာကတော့ ဒီမိန်းကလေးရဲ့အသုံးအဖြန်းကြီးပုံနဲ့ပတ်သက်ပြီး သံသယဝင်လာမိပြီ။ "တကယ်ရော ဟီးရိုးလစာနဲ့ သူစားလောက်ပါတယ်နော်။"
ပြီးတော့ ဥစာကီနဲ့ဒရုန်းဇုန်ရဲ့ဒိတ်ကို ဖျက်ဆီးဖို့လိုက်လာမိတာကိုပါ နောင်တရနေမိပြီ။ ဒရုန်းဇုန်က ဝယ်ပြီးသမျှပစ္စည်းတွေကို သူ့ကိုပေးပြီး သယ်လာခိုင်းလို့ မက်ဒါနာရဲ့လက်ထဲမှာ အထုပ်တွေအပြည့်ဖြစ်နေပြီ။ ဥစာကီကတော့ ဒရုန်းဇုန်စျေးထဲမှာပတ်ဝယ်နေတာကို မှင်သေသေမျက်လုံးတွေနဲ့ကြည့်ရင်း သူဝယ်ထားတဲ့ စတော်ဘယ်ရီ crepeကိုသာ အေးအေးဆေးဆေးကိုက်စားနေတယ်။
မက်ဒါနာလည်း crepeတစ်ခုကို လက်ထဲကိုင်ထားပေမဲ့ အထုပ်အလေးကြီးတွေနဲ့ဆိုတော့ စားရတာ သိပ်အဆင်မပြေလှဘူး။
"ဒါနဲ့... နင်နဲ့ဒရုန်းဇုန်က ဘယ်တုန်းက စသိကြတာလဲ၊ နင်တို့ဆက်ဆံရေးက ခုမှသိတာတော့မဖြစ်နိုင်ဘူးထင်တယ်။"
မက်ဒါနာက သူ့ရဲ့မူလစိတ်ကူး (ဒရုန်းဇုန်နဲ့ဥစာကီကို အတွဲချောင်းဖို့)ကို ပြန်သတိရလာပြီး ဥစာကီကို မေးလိုက်တယ်။ ဥစာကီကတော့ မိုးပေါ်ကိုမော့ကြည့်ရင်း ပြန်စဥ်းစားလိုက်တယ်။
"အထက်တန်းကျောင်းမှာ ဆုံကြတယ်လို့ ပြောရမလား။"
ဥစာကီပြောပုံအရတော့ သူတို့နှစ်ယောက်က အထက်တန်းကျောင်းတုန်းကတည်းက သူငယ်ချင်းတွေ။ ဒါပေမဲ့ ဥစာကီက ငယ်ငယ်လေးကတည်းက ဟီးရိုးလုပ်နေတာမလို့ အထက်တန်းကျောင်းတက်နေစဥ်မှာလည်း ဟီးရိုးအလုပ်ကို တစ်ဖက်ကလုပ်ရတယ်။
အကျိုးဆက်အနေနဲ့ နာမည်ကျော်ဟီးရိုးဖြစ်တဲ့ ဥစာကီဟာ သူငယ်ချင်းတွေရှိဖို့အတွက် သိပ်ကိုပြည့်စုံလွန်းအားကြီးနေပြီး သာမန်ကျောင်းသူတွေက မိတ်မဖွဲ့ရဲတာကြောင့် သူငယ်ချင်းမှတစ်ယောက်မှမရှိတော့ဘူး။
ဥစာကီကိုယ်တိုင်ကလည်း အဖိုးဖြစ်သူရဲ့ကြီးမားတဲ့မျှော်လင့်ချက်တွေကြောင့် ကျောင်းပြီးတာနဲ့ ဟီးရိုးလုပ်ရပြီး အိမ်ပြန်တာနဲ့ လေ့ကျင့်ရေးဆင်းရတယ်။ ဒါကြောင့် သူငယ်ချင်းထားဖို့ကိစ္စကို ခေါင်းထဲမထည့်နိုင်ခဲ့ဘူး။
ဒါပေမဲ့ တစ်နေ့တော့ ကျောင်းဝင်းထဲကို စည်းကမ်းမလိုက်နာဘဲ ဘက်ထရီဆိုင်ကယ်မောင်းဝင်လာတဲ့ ဒရုန်းဇုန်က သူ့ကိုဝင်တိုက်မိပြီး ဒဏ်ရာရသွားတယ်။ ဥစာကီကတော့ တခြားသူတွေနဲ့စကားပြောရမှာကြောက်လို့ ဘာမှအရေးတယူမရှိခဲ့ပေမဲ့ ဒရုန်းဇုန်ကတော့ သူ့ဆိုင်ကယ်က ရှေ့မီးသီးကွဲသွားလို့ဆိုပြီး လဝက်လောက်နီးပါး နောက်ကနေတစ်ကောက်ကောက်လိုက် ပြဿနာရှာနေခဲ့တော့တာလေ။
"ဒရုန်းဇုန်က တခြားသူတွေအကြောင်းကို ထည့်ပြီးမစဥ်းစားတတ်ဘူး။ သူ့ကြောင့် ငါ့လက်ကျိုးသွားပေမဲ့ သူ့ဆိုင်ကယ်မီးသီးအတွက် ငါ့ကိုပဲအပြစ်တင်ခဲ့တယ်လေ။"
မက်ဒါနာကတော့ သူတို့နှစ်ယောက်အကြောင်းနားထောင်ရင်း အထက်တန်းကျောင်းရိုမန့်တစ်ဇာတ်လမ်းတစ်ခုကို နားထောင်နေရသလိုမျိုး ခံစားလာရတယ်။ 'ဒါက သေချာပေါက် စည်းကမ်းသေဝပ်တဲ့ ကျောင်းကောင်စီဥက္ကဋ္ဌနဲ့စည်းပျက်ကမ်းပျက် လူမိုက်လေးရဲ့အချစ်ဇာတ်လမ်းမဟုတ်လား။ အိုမို့အိုမို့။'
နောက်တော့ ဒရုန်းဇုန်က ဥစာကီကိုကိုင်ပေါက်ပြီး ရန်တွေ့ခဲ့ဖူးတဲ့အကြောင်းပြောတော့ မက်ဒါနာမနေနိုင်ဘဲ သက်ပြင်းရှည်ကြီးချမိတော့တာပဲ။
"ဘာလို့ ဘဝကိုကိုယ့်အတွက်ကိုယ်မနေဘဲ သူများအတွက်နေနေရတာလဲ၊ ဒီအတိုင်းသာဆိုရင် တစ်နေ့ နင်ပြိုလဲသွားလိမ့်မယ်။"လို့ပြောရင်း ဒရုန်းဇုန်က တခြားတစ်ယောက်ရဲ့အိပ်မက်အတွက်နဲ့ပဲ အသက်ရှင်နေခဲ့တဲ့ ငယ်ငယ်က ဥစာကီကိုလက်သီးနဲ့ထိုး ဥစာကီကလည်း ပြန်ချနဲ့...။
သူတို့အထက်တန်းကျောင်းပြီးသွားတော့လည်း ဒရုန်းဇုန်က ဥစာကီနဲ့အတူရှိနေနိုင်ဖို့အတွက် ဟီးရိုးကျောင်းသွားတက်ခဲ့သေးတယ်လေ။ ဒါကြောင့်နှစ်ယောက်တွဲရှိနေကြတာ။
ဥစာကီကတော့ သူနဲ့ဒရုန်းဇုန်အကြောင်းကို သာမန်လေသံနဲ့ပြောပြခဲ့တာဆိုပေမဲ့ မက်ဒါနာကတော့ ရိုမန့်တစ် Animeကြည့်နေရသလိုခံစားရပြီး တအားမြောက်နေပြီ။ လေပေါ်တောင်ရောက်တော့မယ်။
"အား... နင်တို့နှစ်ယောက်အကြောင်း နားထောင်ရတာ အရသာကိုရှိနေတာပဲ။"
ဒါပေမဲ့ မက်ဒါနာဆိုးဆိုးဝါးဝါးတွေ ဆက်မပြောခင်မှာပဲ ဥစာကီဆီဖုန်းဝင်လာတယ်။ ဥစာကီက ဖုန်းကိုင်လိုက်ပြီး နားထောင်ပြီးတဲ့နောက် ဒရုန်းဇုန်နဲ့မက်ဒါနာတို့ကို ပြောလိုက်တယ်။
"ဟီးရိုးအစည်းအရုံးကနေ ဖုန်းဝင်လာတယ်၊ နင်ခေါ်လာတဲ့ကောင်မလေးက လူအဖြစ်ပြန်ပြောင်းသွားပြီတဲ့။"
မက်ဒါနာလည်း ဒီစကားကိုကြားတော့ ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ လီဆာပြန်ကောင်းလာတဲ့သတင်းက ပုဂ္ဂိုလ်ရေးအရ ပျော်ရွှင်စရာတစ်ခုတင်မကပါဘူး။ လီဆာက မြူတန့်သိပ္ပံအဖွဲ့နဲ့အကြာကြီးရှိနေခဲ့တာဖြစ်ပြီး အတွင်းသတင်းတချို့ကို သိနေနိုင်ပါတယ်။ အထူးသဖြင့် သူတို့တွေ ဘာအကွက်ရွှေ့နေလဲဆိုတာကို နားလည်နိုင်ဖို့အတွက် သဲလွန်စတစ်ခုပါပဲ။
...
မှောင်မဲနေသည့် တိုက်ခန်းလေးထဲမှာတော့။ ဖရာလီတာက မျက်လုံးကိုဖွင့်ပြီး မရင်းနှီးတဲ့မျက်နှာကျက်ကို မော့ကြည့်လိုက်တယ်။
"ငါသတိလစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ။"
ရက်ရက်စက်စက် ရှုံးနိမ့်သွားခဲ့တဲ့ တိုက်ပွဲမြင်ကွင်းကို ပြန်သတိရလာတော့ သူ့မျက်လုံးထဲက မျက်ရည်တွေ သွန်မှောက်သလိုစီးကျလာတယ်။ သူအားကိုးရတဲ့ မိတ်ဆွေတစ်ယောက်က ဘယ်တော့မှပြန်မလာနိုင်တော့ဘူး။
သူ့မျက်ရည်တွေကို သုတ်ဖို့အတွက် လက်နှစ်ဖက်ကို မြှောက်ဖို့ကြိုးစားလိုက်ပေမဲ့ တစ်ဖက်ကတော့ ထင်သလို မြင့်တက်မလာဘဲ နှေးကွေးနေတယ်။ သူ့လက်ကို ခံစားလို့ရသေးပေမဲ့ စိတ်ရှိတိုင်းလှုပ်ရှားလို့မရတော့ဘူး။
"သခင်မလေး သတိရလာပြီလား။" အယ်လိုဟင် အမှောင်ခန်းလေးထဲဝင်လာတယ်။ သူ့လက်ထဲမှာတော့ ပလက်စတစ်အိတ်တစ်ခုပါပြီး မွှေးပျံတဲ့စားစရာနံက ထွက်ပေါ်လာနေတယ်။
"ငါဘယ်လောက်ကြာအောင် သတိမေ့နေခဲ့တာလဲ။"
"ငါးရက်လောက်ပါ၊ ကြားထဲမှာ နည်းနည်းသတိလည်လာပေမဲ့ အခုလိုမျိုးအတိအလင်းနိုးနေတာတော့ မရှိပါဘူး။"
"ဒီနေရာက..."
"မူးယစ်ဂိုဏ်းတွေသုံးတဲ့ တရားမဝင်ဆေးပေးခန်းလေးတစ်ခုပါ။ သခင်မလေးလက်ကို ပြန်ဆက်ပေးထားပေမဲ့ အကြောတွေကတော့ ပြန်မကောင်းသေးပါဘူး။" အယ်လိုဟင်က ဖရာလီတာ လက်ကိုလှုပ်ရှားဖို့လုပ်နေတာတွေ့တော့ တစ်ဆက်တည်း ရှင်းပြလိုက်တယ်။
ဖရာလီတာလည်း အဲဒီနေ့က သူ့လက်တစ်ဖက် လေပေါ်မြောက်တက်သွားတဲ့မြင်ကွင်းကို ပြန်မှတ်မိနေတုန်းပဲ။ ပြီးတော့ စတန်းဖို့ခ်...
"စတန်းဖို့ခ်ရော.... သူဘယ်ရောက်နေတာလဲ၊ ငါသူ့ကိုတွေ့ချင်တယ်။"
အယ်လိုဟင်ကတော့ အဖြေကိုမပြောဘဲ နှုတ်ဆိတ်နေခဲ့တယ်။ ဘာပဲပြောပြော ဖရာလီတာအနေနဲ့ ဒီအဖြေကို သိနှင့်ပြီးသားမဟုတ်လား။
"ဟုတ်လား... ဒါဆိုရင် ငါ့ရဲ့တိုက်ပွဲဗျူဟာက အလုပ်မဖြစ်ခဲ့ဘူးပေါ့။"
တကယ်တော့ ဖရာလီတာက ဒီနှစ်တွေအတွင်းမှာ အဲဒီမိုက်ရူးရဲကို ရင်ဆိုင်ဖို့အတွက် ဘာမှမစီစဥ်ဘဲ နေခဲ့တာမဟုတ်ဘူး။ အလင်းဒြပ်မှုန်တွေက စီမံကိန်းရဲ့တစ်စိတ်တစ်ပိုင်းလို့ ပြောနိုင်တယ်။
ဒါပေမဲ့ သူရခဲ့တဲ့အချိန်က သိပ်ကိုနည်းလွန်းပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကို အချိန်မီမရှာနိုင်ခဲ့ဘူး။ ယူဂျင်းမြူတန့်အကျဥ်းထောင် ဖောက်ခံရတဲ့ကိစ္စက သူခန့်မှန်းထားတာထက်စောပြီး အော့တိုကို ထောင်ကနေ လွတ်လာစေခဲ့တယ်။
အဲဒီနေ့ညက တိုက်ပွဲဗျူဟာက အားနည်းတဲ့သိုးငယ်လေးလို ဟန်ဆောင်ဖို့။ လက်နက်မရှိတဲ့ ဖရာလီတာတစ်ယောက် ရှေ့ကနေ တစ်ယောက်တည်းသွားနေမယ်ဆိုရင် အော့တိုလည်း သူ့ကိုသတိမထားဘဲနေလိမ့်မယ်။ အဲဒီအချိန်မှာ Archmegaက နောက်ကနေပေါ်လာပြီး လက်နက်တွေနဲ့ဆက်တိုက်ပစ်ခတ်သတ်ပစ်ဖို့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ အော့တိုရဲ့Clock up အစွမ်းကို တန်ပြန်နိုင်တဲ့နည်းပညာမျိုး မရှိခဲ့ဘူး။
တကယ်တော့ ဘယ်သူ့မှာမှ မရှိသေးဘူးလို့ပြောရမလား။ ဖရာလီတာသာ Silverknightနဲ့အတူတူရှိနေခဲ့ရင်လည်း အလားတူကံကြမ္မာမျိုး ကြုံရဦးမှာပါပဲ။ Clock upဟာ ပြိုင်ဖက်ကင်းအစွမ်းတစ်မျိုးဖြစ်ပြီး အတွေ့အကြုံရင့်ကျက်တဲ့သူတွေသာ တန်ပြန်နိုင်တဲ့စွမ်းအားမျိုးပါ။ ကံမကောင်းစွာနဲ့ ဖရာလီတာမှာ အဲဒီလိုအတွေ့အကြုံရော နည်းပညာမျိုးရောမရှိနေဘူး။
ဒါကြောင့် ရှုံးနိုင်ခြေများမှန်းသိသိနဲ့ တစ်ယောက်ချင်းရင်ဆိုင်ဖို့ ထွက်လာခဲ့တာပေါ့။
ဖရာလီတာ တစ်ယောက်တည်းငိုင်နေတုန်း အယ်လိုဟင်က သူသိမ်းထားတဲ့ ချိပ်ပိတ်စက္ကူဖိုင်တစ်ထုပ်ကို ကမ်းပေးလိုက်တယ်။
"သခင်မလေး၊ ဒါက စတန်းဖို့ခ်နောက်ဆုံးလုပ်ခဲ့တဲ့ အစီရင်ခံစာပါ။" ဖိုင်မှာခေါင်းစဥ်တပ်ထားတာကတော့ Hyper analysing Systemအတွက် Clock up dataတွေတဲ့။
"ဒါက...." Analysing Systemဆိုတာက မက်ဒါနာတီထွင်ထားခဲ့တဲ့ သတိပေးစနစ်ရဲ့အဆင့်မြင့်တဲ့ပုံစံက featureတစ်ခု။ ရန်သူ့ရဲ့တိုက်ကွက်တွေကို စီစစ်ပြီး သင့်တော်တဲ့တိုက်ကွက်တစ်ခုကို ထုတ်ပေးနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ နာမည်ပေးပျင်းတဲ့မက်ဒါနာကတော့ ဒီတွက်ချက်မှုနည်းပညာကို ဘာနာမည်မှပေးမထားတဲ့အတွက် ဖရာလီတာကိုယ်တိုင် သီးသန့်နာမည်ပေးထားတာ။
ထုံးစံအတိုင်း မက်ဒါနာနဲ့ဖရာလီတာတို့က တစ်ယောက်သိတဲ့အရာကို အခြားတစ်ယောက်ဆီ ပေးသိနေကျဆိုတော့ ဒီနည်းပညာကို ဖရာလီတာရလာတာ။ Hyper Analysing Systemကတော့ အဲဒီနည်းပညာကိုမှ မယုံနိုင်စရာနှုန်းအထိ အဆင့်မြှင့်ပစ်မယ့် နည်းပညာဖြစ်ပြီး သီအိုရီပိုင်းအဆင့်ပဲရှိနေသေးတယ်။
အော့တိုရဲ့Clock upက အချိန်အပိုင်းအခြားတစ်ခုကို ဆယ်ဆအထိ သူ့ရှုထောင့်ကနေ ဆွဲချဲ့နိုင်တယ်။ ပြောရရင် Clock upအတွင်းမှာ ကုန်လွန်သွားခဲ့တဲ့ တစ်စက္ကန့်ဟာ အပြင်ကမ္ဘာမှာ တစ်ရာမီလီစက္ကန့်ပဲရှိတယ်။ သာမန်လူသားတစ်ယောက်က တစ်ခုခုကိုတုံ့ပြန်ဖို့အတွက်ဆိုရင် တစ်ရာ့ငါးဆယ်ကနေ နှစ်ရာမီလီစက္ကန့်အတွင်းလိုအပ်တဲ့အတွက် အော့တိုကိုပြန်တုံ့ပြန်ဖို့ဆိုတာ မဖြစ်နိုင်လုနီးပါးပဲ။
ဒါပေမဲ့ Hyper Analysing Systemကသာ အပြင်အချိန် တစ်ရာမီလီစက္ကန့်အတွင်းလုပ်ဆောင်နေတဲ့ အော့တိုရဲ့လှုပ်ရှားမှုတွေကို ကြိုဟောကိန်းထုတ်ပြီး Archmegaကို လှုပ်ရှားနိုင်အောင်သာ ပြုလုပ်နိုင်ခဲ့ရင် အနိုင်ရနိုင်တယ်။
တစ်ခုတည်းသော ပြဿနာတစ်ခုက အော့တိုရဲ့ဒေတာတွေ သူတို့မှာရှိမနေဘူး။ အော့တိုဟာ ပိုက်ဆံချမ်းသာပြီး ငွေဂုဏ်မောက်တဲ့ မိုက်ရူးရဲတစ်ယောက်သာဖြစ်ပြီး ဗီလိန်စစ်စစ်မဟုတ်တဲ့အတွက် သူကိုယ်တိုင် တိုက်ခိုက်တာမျိုးရှားတယ်။ ဒါကြောင့် အရင်တိုက်ပွဲမှတ်တမ်းတွေကနေ သူ့တိုက်ကွက်တွေကို အချက်အလက်ကောက်ယူဖို့မဖြစ်နိုင်ဘူး။
ဖရာလီတာက ဖိုင်ကိုဖွင့်ပြီး တစ်မျက်နှာချင်းစီကို မြန်မြန်လှန်ကြည့်လိုက်တယ်။ နောက်တော့ သူ့မျက်ရည်တွေက ထိန်းမရအောင်ကျလာတော့တာပဲ။
"ဒါတွေက အော့တိုတိုက်ခိုက်တဲ့ပုံစံကို ဒေတာကောက်ထားတာပဲ။ ဒါနဲ့ဆိုရင် Hyper Analysing Systemကနေတစ်ဆင့် တန်ပြန်လို့ရနိုင်ပြီ။"
တစ်ချိန်တည်းမှာပဲ စတန်းဖို့ခ်က သူ့ကိုကာကွယ်ပေးရုံတင်မကဘဲ သူ့ရဲ့ရန်သူတော်ကြီးကို အနိုင်ယူနိုင်မယ့်နည်းလမ်းကိုပါရဖို့အတွက် အသေခံပေးသွားတယ်ဆိုတာကို သတိရမိပြီး ပိုဝမ်းနည်းလာမိတော့တယ်။
...
ပန်ဒရာဂွန်လုပ်ငန်းစု၊ တိုကျိုဌာနခွဲ အဆောက်အအုံရှေ့။
ချောမောသောပေမဲ့ ရူးသွပ်နေတဲ့မျက်လုံးတွေရှိတဲ့ ရွှေရောင်ဆံပင်နဲ့လူငယ်လေးက ကုတ်အင်္ကျီကို ပခုံးပေါ်ပစ်တင်လိုက်တယ်။ သူ့ခါးမှာတော့ အထူးပြုလုပ်ထားတဲ့ ပစ္စတိုနဲ့ကျည်ကတ်အပိုတွေက အပြည့်။
"ဖရာလီတာ ပန်ဒရာဂွန်၊ မင်းက ငါ့ရှေ့ကနေ ထွက်ပြေးပြီးတော့ ပုန်းနေနိုင်မယ်ထင်နေတာလား။ မင်းလူတွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်မယ်ဆိုရင် မင်းထွက်မလာဘဲ နေနိုင်ဦးမှာလား။"
သူက ရူးသွပ်စွာ ရယ်မောလိုက်တယ်။ အဆောက်အဦးနားက ဖြတ်သွားဖြတ်လာပြည်သူတွေလည်း သူ့ခါးက သေနတ်နဲ့ စူးရှတဲ့ရယ်သံကို ကြားရမြင်ရပြီးတဲ့နောက် အခြေအနေမကောင်းတော့မှန်းသိကြတဲ့အတွက် အော်ဟစ်ထွက်ပြေးကုန်တယ်။
ရုံးရှေ့က လုံခြုံရေးအစောင့်နှစ်ယောက်ကတော့ မသင်္ကါစရာကောင်းတဲ့လူငယ်ကြောင့် သူတို့မှာရှိတဲ့ လက်နက်တွေကိုထုတ်ပြီး လူငယ်ကိုရင်ဆိုင်ဖို့ပြင်တယ်။
"ဘယ်သူလဲ... ဒါက ပန်ဒရာဂွန်ရုံးခွဲပဲ။ မင်းလုပ်ချင်တိုင်းလုပ်လို့မရဘူး.."
အဲဒီနောက်တော့ အစောင့်နှစ်ယောက်ရဲ့အမြင်တွေဝေဝါးသွားပြီး မြေပေါ်ကိုလဲကျသွားတယ်။ သူတို့နဖူးမှာတော့ အပေါက်တစ်ပေါက်စီရှိနေပြီး သွေးတွေစီးကျလို့ရယ်။
အော့တိုကတော့ နောက်တစ်ခါရူးသွပ်စွာရယ်မောလိုက်ပြီး အဆောက်အဦးထဲကို သူ့အိမ်လိုမျိုး အေးအေးဆေးဆေးဝင်လာတယ်။ သူ့မှာရှိသမျှ အရာအားလုံးကို အဲဒီနေ့က ဆုံးရှုံးခဲ့ရပြီးပြီ။ ဒီတော့ ဖရာလီတာကိုလည်း သူ့လိုပဲ အရာအားလုံးဆုံးရှုံးသွားအောင်လုပ်ရမှ သူကျေနပ်နိုင်မယ်။
ရုံးထဲမှာတော့ စာရေးမလေးတစ်ယောက်က ဟီးရိုးအစည်းအရုံးကို ဆက်သွယ်ဖို့ကြိုးစားနေရင်း သူ့ကိုမော့ကြည့်လိုက်တယ်။ ဒါပေမဲ့ နောက်မျက်စိတစ်မှိတ်အတွင်းမှာပဲ လည်ချောင်းမှာကျည်ပေါက်ရာတစ်ခုတိုးလာပြီး ထိုင်ခုံပေါ်ကို နောက်ပြန်လဲကျသွားပြီး အသက်ငင်နေတယ်။ အော့တိုကတော့ မသေမရှင်ဖြစ်နေသေးတဲ့ မိန်းကလေးကို ခုံပေါ်ကနေ ကန်ချလိုက်ပြီး သူဝင်ထိုင်တယ်။
မကြာခင်မှာပဲ ကုမ္ပဏီလုံခြုံရေးကို တာဝန်ယူထားတဲ့ အဖွဲ့ဝင်တွေအားလုံးရောက်လာပြီး သူ့ကိုဝိုင်းထားလိုက်တယ်။ ဂျပန်က လက်နက်ကိုင်ဆောင်ခွင့်တင်းကျပ်ထားပေမဲ့ သူရောက်နေတာက စစ်လက်နက်နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ကို လက်နက်ရောင်းနေတဲ့ ပါတနာတွေထဲက တစ်ယောက်ပါ။
ဒါကြောင့် နားလည်မှုနဲ့ အခြေခံထက်မြင့်မားတဲ့ လုံခြုံရေးလက်နက်တွေကို ကိုင်ဆောင်ခွင့်ပေးထားတယ်။ ဒီတော့ ပန်ဒရာဂွန်အစောင့်တွေမှာ အနည်းဆုံးဗို့စ်အားပြင်း ရှော့တိုက်တုတ်တွေနဲ့ ဟီးရိုးဝတ်စုံအဆင့်မီ ကာကွယ်ရေးဝတ်စုံတွေဒိုင်းတွေရှိကြတယ်။ တော်ရုံမြူတန့်တစ်ယောက်တောင် သူတို့ကို ပြဿနာမရှာရဲဘူး။
သူတို့နဲ့အတူ အထူးကိုယ်ရံတော်တွေခြံရံပြီး လိုက်ပါလာတဲ့ အနောက်တိုင်းသားတစ်ယောက်လည်းရှိတယ်။ အဲဒီလူရဲ့ရုပ်ရည်က အော့တိုနဲ့တော်တော်လေးဆင်ပြီး တိုကျိုရုံးခွဲကိုတာဝန်ယူရတဲ့ ပန်ဒရာဂွန်မိသားစုဝင်ပါ။ သူက အော့တိုကိုမြင်တာနဲ့ အော်ပြောလိုက်တယ်။
"အော့တို... ဒါက ပန်ဒရာဂွန်ရုံးခွဲပဲ၊ မင်းလိုရာဇဝတ်သားတွေ ဝင်လို့ရတဲ့နေရာမဟုတ်ဘူး။"
အော့တိုက ဒီစကားကိုကြားတော့ ခပ်ယဲ့ယဲ့ရယ်လိုက်ပြီး ဧည့်ကြိုစားပွဲက ကောင်မလေး မသေခင်က စားဖို့ခွဲထားတဲ့ ပန်းသီးတစ်စိတ်ကို သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်တယ်။ နောက်တော့ သူက ကြမ်းပြင်ပေါ်မှာလဲကျသေဆုံးနေတဲ့ ဝန်ထမ်းမိန်းကလေးရဲ့မျက်နှာကို ခြေထောက်နဲ့ခပ်ဆတ်ဆတ်တစ်ချက်ကန်တယ်။
"အခုငါဝင်လို့ ရောက်တောင်ရောက်နေပြီမဟုတ်လား၊ မင်းက ဘာလုပ်ချင်သေးလို့လဲ။"
ပန်ဒရာဂွန်အကြီးအကဲက မာကျောချင်ယောင်ဆောင်နေပေမဲ့ တကယ်တော့ အော့တိုကို အကြောက်ကြီးကြောက်နေတာ သိသာပါတယ်။ သူ့အသားတွေတောင် တဆတ်ဆတ်တုန်နေတာ။ ဒီစိတ္တဇလူသတ်သမားက သူ့အတွက်ဘက်မဟုတ်ဘူးလေ။
အော့တိုက ပြောပြောဆိုဆိုနဲ့ ထိုင်ခုံကနေထလိုက်ပြီး ရှေ့ကိုတစ်လှမ်းလောက်တိုးလိုက်တယ်။ လုံခြုံရေးအဖွဲ့တွေလည်း နောက်ကိုနှစ်လှမ်းလောက်ဆုတ်သွားတယ်။
"ယား...." အော့တိုက ဟာသလုပ်တဲ့သဘောနဲ့ အကျယ်ကြီးအော်လိုက်တော့ အစောင့်တွေလည်း လန့်ဖြန့်ပြီး နောက်ကိုလန်ကျတော့မလိုဖြစ်ကုန်ရော။ ဒီမြင်ကွင်းကိုမြင်တော့ အော့တိုက ပိုပြီးအားရပါးရရယ်ရင်း ပြောလိုက်တယ်။
"ငါဒီနေ့လက်စားချေဖို့အတွက် ဒီကိုလာခဲ့တာ။ ဖရာလီတာရဲ့နောက်လိုက်တွေအားလုံး ဒီနေ့ ဒီနေရာမှာ သေရမယ်။"
အော့တိုရဲ့ကြေညာချက်ကြောင့် ပန်ဒရာဂွန်အကြီးအကဲလန့်သွားပေမဲ့ ဒီအတိုင်းနေနေလို့မဖြစ်မှန်းသိပါတယ်။ ဒါကြောင့် သူက အစောင့်တွေကို အမိန့်ပေးလိုက်ပါပြီ။
"သူ့ကို ဖမ်းကြ...."
နှစ်ဒါဇင်လောက်ရှိတဲ့ အစောင့်အဖွဲ့တွေအကုန်လုံး ဧည့်ကြိုစားပွဲနားမှာရပ်နေတဲ့ အော့တိုဆီကို ပြေးတက်လာကြတယ်။ အော့တိုကတော့ ထုံးစံအတိုင်းပဲ အရူးလိုမျိုး ရယ်မောနေဆဲ။ နောက်တော့ ရယ်နေတာကို ရပ်လိုက်ပြီး လူတစ်ကိုယ်ကြားသာရုံလေသံနဲ့ ပြောလိုက်တယ်။
"Clock up"
စက္ကန့်အနည်းငယ်အကြာမှာတော့ သေနတ်သံတချို့နဲ့အတူ ရုံးခန်းကြမ်းပြင်တစ်ခုလုံးကို သွေးတွေဖုံးလွှမ်းသွားတယ်။
နောက်ဆုံးအနေနဲ့ အနောက်တိုင်းဝတ်စုံကို သားနားစွာဝတ်ထားတဲ့ ပန်ဒရာဂွန်အကြီးအကဲကြမ်းပြင်ပေါ်ကို အရင်ဒူးထောက်ကျသွားပြီး မှောက်လျက်လဲသွားတယ်။ သူ့နောက်စေ့ကတော့ သေနတ်ဒဏ်ကြောင့် ဟောင်းလောင်းပွင့်ပြီး ဦးနောက်အရည်တွေဖိတ်စင်ထွက်နေတယ်။
သတ်ရမယ့်သူတွေကို သတ်ပြီးတဲ့နောက်တော့ အော့တိုက ဧည့်ကြိုစားပွဲက ခုံမှာ ကျကျနနကျောမှီပြီး ပြန်ထိုင်နေလိုက်တယ်။
"ပျင်းစရာပဲ... ဒီလူတွေက အားနည်းလွန်းတယ်...."
...
မကြာဘူး၊ ဒီသတင်းက စျေးဝယ်ရာကနေ ဟီးရိုးအစည်းအရုံးဆီကို ပြန်လာတဲ့လမ်းပေါ်မှာပဲရှိနေသေးတဲ့ ဥစာကီရဲ့ဟီးရိုးလက်ပတ်ဆီဝင်လာတယ်။
ဥစာကီက လက်ပတ်ကိုဖွင့်ကြည့်လိုက်ပြီး သတင်းကို ကျန်နှစ်ယောက်ဆီ မျှဝေလိုက်တယ်။
"တိုကျိုက ပန်ဒရာဂွန်ကုမ္ပဏီရုံးခန်းကို ယူဂျင်းထောင်ပြေးတစ်ယောက်က လာတိုက်လို့ လူသုံးဆယ်နီးပါးသေကုန်ပြီတဲ့။"
မက်ဒါနာလည်း ပန်ဒရာဂွန်ဆိုတဲ့နာမည်ကြားလိုက်တော့ ဖရာလီတာရဲ့ရုံးခွဲတစ်ခု ဂျပန်မှာရှိနေမှန်း သတိရသွားတယ်။ ဂျပန်ရောက်တော့ ဖရာလီတာရဲ့ဘန်ဒလေကို အဲဒီရုံးခွဲက ထုတ်ပေးတာလေ။
"ဒါဖြင့် ငါတို့အဲဒီကို ခုချက်ချင်းသွားမှဖြစ်မှာပေါ့။" သူတို့သုံးယောက်လုံး တိုင်ပင်နေစရာမလိုဘဲ ချက်ချင်းအခင်းဖြစ်ရာကိုသွားဖို့ ပြင်လိုက်တယ်။
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Christmas Bonus Chapter
မိရိုင်နဲ့ယုဆတို့နှစ်ယောက် နာဂါနိုကိုရောက်နေတာ နှစ်ရက်ရှိပြီ။ ပြီးတော့ ဒီနေ့က ခရစ်စမတ်နေ့ပါ။ လောလောဆယ်တော့ သူတို့နှစ်ယောက်လုံး သက်ကြီးစောင့်ရှောက်ရေးဂေဟာတစ်ခုမှာ နေနေကြရတယ်။
နာဂါနိုကို ရထားလက်မှတ်ဝယ်ပြီး ကဗျာကယာထွက်လာခဲ့ရတာဆိုတော့ သူတို့မှာပိုက်ဆံသိပ်ပါမလာဘူး။ ကျည်ဆန်ရထားပေါ်က ဆင်းပြီးတဲ့အခါကျမှ တည်းခိုခန်းငှားဖို့ ပိုက်ဆံမရှိမှန်း သတိထားမိကြတော့တာ။
ဒီလိုနဲ့ တွေ့ရာသက်ကြီးဂေဟာထဲ ကြုံရာမုသားလေးတွေနဲ့ ဝင်နေကြရတော့တာ။
"မင်္ဂလာပါရှင့်၊ သမီးတို့က အနားက အလယ်တန်းကျောင်းကနေ လုပ်အားပေးလာတဲ့ ကျောင်းသူလေးတွေပါ။ ခရစ်စမတ်ပိတ်ရက်မှာ ကျောင်းပြင်ပပညာရေးအနေနဲ့ သက်ကြီးဖိုးဖိုးဖွားဖွားတွေကို လာဖျော်ဖြေပေးတာပါ။"
ကံကောင်းစွာနဲ့ပဲ ဂေဟာတာဝန်ခံတွေက သူတို့ရဲ့ချစ်စရာရုပ်ကလေးတွေကြောင့် လိမ်နေတယ်မထင်ကြဘူး။ မိရိုင်လေးကလည်း သူ့အစ်မလက်မှတ်အတုပါတဲ့ ကိုယ်တိုင်စာစီစာရိုက်လုပ်ထားတဲ့ ထောက်ခံစာစာရွက်တစ်ရွက် ပြင်ဆင်ထားလိုက်သေးတယ်။
မိရိုင်ထက် စာပိုတော်တဲ့ ယုဆချန်က စာရွက်မှာသတ်ပုံအမှားတွေတစ်ပုံကြီးဖြစ်နေတယ်လို့ ပြောခဲ့သေးပေမဲ့ ဂေဟာတာဝန်ခံကတော့ သေချာဖတ်ကြည့်ပုံမရဘူး။ ဒီလိုနဲ့ နေ့တိုင်း ဂေဟာကဖိုးဖိုးဖွားဖွားတွေကို ကျောင်းသီချင်းတွေနဲ့ဆိုပြကပြရုံနဲ့ ထမင်းသုံးနပ်နဲ့နေစရာအခန်းတစ်ခန်းရသွားတယ်။
ဖီးနစ်ကြီးကတော့ နာဂါနိုမြို့ကို တံတိုင်းကြီးလိုဝန်းရံထားတဲ့ တောင်တန်းတွေပေါ်မှာ လျှောက်သွားနေတယ်။ အကောင်က ခပ်ကြီးကြီးဖြစ်ပြီး တောင်ပနေတဲ့ ရွှေနီရောင်အမွှေးအတောင်တွေကြောင့် မနက်ပိုင်းဆိုရင် ဖီးနစ်ကြီးအစာရှာထွက်နေတာကို သူတို့မြင်နိုင်တယ်။ ကံကောင်းစွာနဲ့ အာကိုင်းဂါမီကနေ အသွင်ပြောင်းသွားတဲ့ဖီးနစ်က လူတွေကိုအန္တရာယ်မပေးခဲ့ဘူး။
မိရိုင်နဲ့ယုဆကတော့ တောင်တွေပေါ်ဘယ်လိုတက်ရမလဲတွေးရင်း စိတ်ညစ်နေတုန်းပဲ။ ဘာပဲပြောပြော သူတို့က ကလေးတွေလေ။ တောတွေတောင်တွေထဲ လူကြီးမပါဘဲဝင်ဖို့ မဖြစ်နိုင်ကြဘူး။
ဒါကြောင့် သက်ကြီးဂေဟာမှာ သောင်တင်နေကြတယ်။
"သမီးလေးတို့၊ ခရစ်စမတ်အပြင်အဆင်တွေ ကူတပ်ပေးလို့ရမလား။"
သဘောကောင်းတဲ့ ဂေဟာတာဝန်ခံအစ်မကြီးက လာအကူအညီတောင်းတော့ ကလေးနှစ်ယောက်လုံး စစ်မှန်တဲ့အပြုံးနဲ့ ပြန်နှုတ်ဆက်ကြတယ်။ နောက်တော့ ပြုစုစောင့်ရှောက်မယ့် သားသမီးမရှိကြရှာတဲ့ ဖိုးဖိုးဖွားဖွားတို့ခရစ်စမတ်အတွက် သူတို့စပြီးပြင်ဆင်ပေးကြတယ်။
နံရံမှာခရစ်စမတ်စာတန်းတွေချိတ်၊ ခရစ်စမတ်သစ်ပင်မှာ မီးလုံးလေးတွေဆင်ပေး၊ ပစ္စည်းတွေဟိုရွှေ့ဒီရွှေ့နဲ့ပေါ့။ မနက်ခင်းတစ်ခင်းလုံး သေချာပြင်ဆင်ပြီးသွားတဲ့နောက်တော့ ဂေဟာမှူးက သူတို့ကို ထပ်အကူအညီတောင်းပန်တယ်။
"ကျေးဇူးပြုပြီးတော့... အစ်မနဲ့စျေးဝယ်လိုက်ခဲ့ပေးပါဦး။ သယ်စရာတွေက အများကြီးပဲဖြစ်နေလို့လေ။"
ဂေဟာတစ်ခုလုံးအတွက် ခရစ်စမတ်ညစာအဖြစ် ကြက်ဆင်သားချက်ဖို့ သူတို့ပြင်ရဆင်ရဦးမယ်။ ဒါပေမဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေလည်း ရှိနေသေးတယ်။ ဖိုးဖိုးဖွားဖွားတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပေးကြမယ့် ခရစ်စမတ်လက်ဆောင်တွေပါ။
သူတို့တွေက ကိုယ်တိုင်စျေးသွားမဝယ်နိုင်ကြတော့ ကလေးတွေနဲ့ဂေဟာမှူးကို သူတို့မှာချင်တာတွေ ပြောကြတယ်။ ဂေဟာမှူးနဲ့ကလေးတွေက စာနဲ့ရေးမှတ်ပြီး စျေးမှာလိုက်ဝယ်ပေးရတော့တာပေါ့။
သက်ကြီးအဖိုးအဖွားတွေမှာလိုက်တဲ့ လက်ဆောင်ပစ္စည်းတွေကို စျေးတစ်ခုလုံးလိုက်ရှာဝင်ကြရင်း သူတို့တွေရဲ့နေ့လယ်ခင်းကို ဖြတ်သန်းရမယ့်ပုံ။ ကံကောင်းစွာနဲ့ ဖိုးဖိုးဖွားဖွားစုစုပေါင်း ဆယ်ယောက်မကျော်ပေလို့ပဲ။
ယုဆနဲ့မိရိုင်တို့ ဆိုင်လေးတစ်ဆိုင်ရှေ့က ဖြတ်လာတုန်း ခရစ်စမတ်သီချင်းဆိုနေတဲ့ ကလေးတစ်အုပ်ကိုတွေ့ပြီး သူတို့လည်း ရပ်နားထောင်ဖြစ်ကြသေးတယ်။ ဒါပေမဲ့ ပစ္စည်းတွေဝယ်ခြမ်းပြီး ဆိုင်ကထွက်လာတဲ့ ဂေဟာမှူးက သူတို့ကိုလှမ်းခေါ်တယ်။ တစ်ဖက်လမ်းကဆိုင်ကိုသွားပြီး ထပ်ဝယ်ဖို့ရှိတာတွေ သွားဝယ်ဖို့လိုသေးတာကိုး။
သီချင်းကြောင့် တက်ကြွနေပြီဖြစ်တဲ့ ကလေးနှစ်ယောက်ကတော့ တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ရင်း မြူးကြွစေတဲ့ ခရစ်စမတ်သီချင်းတွေကို လမ်းတစ်လျှောက်ဆိုလာခဲ့ကြတယ်။
"Jingle bells, jingle bells Jingle all the way Oh, what fun it is to ride In a one-horse open sleigh, hey! Jingle bells, jingle bells Jingle all the way Oh what fun it is to ride In a one-horse open sleigh"
နာဂါနိုဟာ ဂျပန်ရဲ့ရှေးမူရိုးရာမပျက်သေးတဲ့မြို့တစ်မြို့။ နေရာတိုင်းမှာ ဂျပန်ရိုးရာမူအတိုင်းဆောက်လုပ်ထားတဲ့ သစ်သားအိမ်တွေကို တွေ့နိုင်တယ်။ ရိုးရာအိမ်တွေရဲ့ခေါင်မိုးပေါ်မှာတော့ နှင်းဖြူဖြူတွေဖုံးလို့။ သူတို့သွားလာနေတဲ့ လမ်းပေါ်မှာ ရိုးရာအိမ်တွေကို ခရစ်စမတ်အပြင်အဆင်တွေကို အလှဆင်ထားတဲ့အတွက် တစ်မျိုးအမြင်ဆန်းနေတယ်။ မသိရင် အယ်ဒိုခေတ်မှာ ခရစ်စမတ်ပွဲကျင်းပနေရသလိုပဲ။
ပြန်ရောက်လာတော့ ဂေဟာမှူးက ကြက်ဆင်သားသွားချက်တယ်။ ဖိုးဖိုးဖွားဖွားတွေလည်း ဂေဟာရဲ့ဧည့်ခန်းထဲမှာ စုံလင်လို့။ တချို့ကတော့ သူတို့တစ်ဘဝလုံး ကြုံဖူးခဲ့တဲ့ ခရစ်စမတ်ပွဲတော်တွေရဲ့ခမ်းနားပုံတွေ ပျော်ဖို့ကောင်းပုံတွေပြောကြတယ်။
"ခရစ်စမတ်မှာ မပျော်တဲ့သူဆိုလို့ Scrooge ပဲရှိမယ်ထင်တယ်။" ယုဆလေးက ပြောလိုက်တော့ မိရိုင်လည်း နှင်းတွေကျနေတဲ့ ပြတင်းပေါက်အပြင်ဖက်ကို အလိုလိုကြည့်လိုက်မိတယ်။
"အခုချိန်ဆို ဆရာတစ်ယောက်တည်း ခရစ်စမတ်ကို ဘယ်လိုဖြတ်သန်းနေရမလဲမသိဘူးနော်။"
....
တိုကျိုမှာတော့ ငွေရောင်စစ်သည်ဝတ်စုံဝတ်ထားတဲ့ မက်ဒါနာကလည်း အစည်းအရုံးမှာ ရှိသမျှဟီးရိုးတွေအတွက် ခန်းမကိုပြင်ဆင်ဖို့ကူညီပေးနေရသေးတယ်။
ထင်းရှူးသားအစစ် ဆယ့်ငါးပေလောက်မြင့်တဲ့ ခရစ်စမတ်သစ်ပင်ကြီးတစ်ပင်ကိုတောင် မြေပြင်မှာစိုက်ထူဖို့ ကူညီပေးရသေးတယ်။ ဒါပေမဲ့ ရုံးမှာတော့ ဟီးရိုးတွေဆိုလို့ သူတို့ကလွဲလို့ တစ်ယောက်မှရှိမနေဘူး။
"နေပါဦး၊ တခြားသူတွေ ဘယ်ရောက်နေကြတာလဲ။ ရုံးမှာငါတို့ချည်းပဲ ခရစ်စမတ်လုပ်မှာတော့ မဟုတ်ပါဘူးနော်။"
ဝတ်စုံရှိမှာရှိနေတဲ့မက်ဒါနာက ပြောလိုက်ရင်း ဖရာလီတာဘေးမှာ ထိုင်ချလိုက်တယ်။ ဖရာလီတာကတော့ သူ့ဘေးမှာ မက်ဒါနာတစ်ဖြစ်လည်း ငွေရောင်စစ်သည်လာထိုင်နေတာ သတိထားမိတော့ ခုံတစ်ဖက်ခြမ်းကို ရွှေ့သွားတယ်။ မက်ဒါနာကလည်း တစ်ဖက်ကို ပိုတိုးကပ်လိုက်တယ်။
"နင်... နင်ဘာလို့ ငါ့အနားကပ်ထိုင်နေတာလဲ။"
"ခုံတန်းမှာ နောက်လူတွေလာထိုင်ရင် ထိုင်စရာရှိအောင်လို့လေ။"
"နင်တမင်လုပ်နေတာမဟုတ်ဘူးလား...."
ဖရာလီတာကတော့ ခုထိမက်ဒါနာကို စိတ်ကောက်ပြေသေးပုံမပေါ်ဘူး။ မက်ဒါနာကလည်း ဖရာလီတာကို အာရုံစိုက်နေတာ ရပ်လိုက်ပြီး ဆန်တာကလော့လိုဝတ်ထားတဲ့ အေမီကိုကြည့်လိုက်တယ်။
အခုအေမီက မိန်းကလေးဆန်တာကလော့ဝတ်စုံဝတ်ထားပြီး ခုနက မက်ဒါနာစိုက်ထူပေးထားတဲ့ထင်းရှုးပင်မှာ မီးလုံးတွေချိတ်ပေးနေတာ။ မက်ဒါနာလည်း အားကိုးနေရပြီဖြစ်တဲ့ သူ့အိမ်စေမလေးကို လက်မထောင်ပြလိုက်တယ်။
ပြောခါမှ အေမီက ဆန်တာကလော့ဝတ်စုံနဲ့ အတော်ကြည့်ကောင်းတာပဲ။
ဌာနမှူးဖြစ်တဲ့ ဥစာကီကတော့ ခရစ်စမတ်ကျင်းပမယ့် ခန်းမထဲမှာရှိနေတာတောင်မှ ရုံးခန်းထဲကနေ စာရွက်စာတမ်းတွေကိုယူလာပြီး လက်မှတ်ထိုးလိုက်၊ တံဆိပ်တုံးထုလိုက်၊ အစီရင်ခံစာတွေရေးလိုက်လုပ်နေတယ်။ သူ့ကြည့်ရတာ နားချိန်မရှိသလိုလို။
"ဥစာကီ-ဆန်၊ ရှင်ဒီနေ့နားဖို့ရော အစီအစဥ်ရှိရဲ့လား။"
"ဟီးရိုးတွေမှာ နားဖို့အတွက် တရားဝင်ပိတ်ရက်မရှိဘူး။ အစည်းအရုံးက တခြားဟီးရိုးတွေကလည်း နားနေတာမဟုတ်ဘူး။ ဒါကြောင့်အခုရုံးမှာ ငါတို့တွေချည်းရှိတာလေ။"
ရာဇဝတ်မှုတွေနဲ့ဗီလိန်တိုက်ခိုက်မှုတွေဆိုတာက အချိန်ကာလအကန့်အသတ်မရှိ ဖြစ်ချင်တဲ့အချိန် ထဖြစ်တာမျိုးပါ။ ဒီတော့ ဟီးရိုးတွေက ခရစ်စမတ်ပွဲတော်ရက်မှာလည်း အလုပ်လုပ်နေရတယ်။ သူတို့တွေက ရဲတွေနဲ့အတူတူပဲ။
တချို့ဟီးရိုးတွေက ခရစ်စမတ်လူစည်ကားတဲ့နေရာတွေမှာ ကင်းစောင့်နေရပြီး၊ တချို့တွေကတော့ လူနေရပ်ကွက်တွေမှာ လှည့်ကင်းလှည့်ကြတယ်။ ပြီးတော့ နောက်တစ်နေ့နေထွက်ချိန်ထိ သူတို့နားရမယ့်ပုံမပေါ်ဘူး။
ဒီမှာကျန်ခဲ့တာဆိုလို့ အရေးပေါ်ကိစ္စမရှိသမျှ ရုံးမှာပဲအလုပ်လုပ်ရတဲ့ ဥစာကီရယ်၊ အစည်းအရုံးအဖွဲ့ဝင်မဟုတ်ဘဲ လာကပ်နေတဲ့ လိုင်စင်မဲ့သူရဲကောင်းကြီးနဲ့သူ့အိမ်ဖော်ရယ်၊ ဟီးရိုးမကျဗီလိန်မကျ ဖရာလီတာရယ်ပဲရှိတာ။ အဲဲ၊ လီဆာလည်းရှိပေမဲ့ အခုလောလောဆယ်တော့ ဗိုက်ဆာလို့ဆိုပြီး ကြက်ဆင်တစ်ကောင်လုံးကို တစ်ယောက်တည်းဝါးတီးဆွဲနေတယ်။
"မမလေး... ကျွန်မအကုန်လုံး ပြင်ဆင်လို့ပြီးသွားပြီ။"
မီးသီးတပ်လို့ပြီးသွားတဲ့ အေမီက လှေကားကနေတစ်ဆင့် သစ်ပင်အောက်ကို ပြန်ဆင်းလာပြီး မက်ဒါနာကိုပြောလိုက်တယ်။
"ရပြီ၊ နားနားနေနေသွားနေတော့။" မက်ဒါနာက ဂရုမစိုက်တဲ့ပုံစံနဲ့ ပြောလိုက်ပေမဲ့ အေမီကတော့ အနားမှာလာထိုင်တယ်။ အခုခုံတန်းမှာ ဖရာလီတာ၊အေမီနဲ့ ချပ်ဝတ်ထဲက မက်ဒါနာတို့ အတူထိုင်နေကြတယ်။
အေမီက နားမလည်နိုင်တဲ့ပုံစံနဲ့ မေးလိုက်လေရဲ့။ "မမလေး... အဲဒီဝတ်စုံကြီးထဲဝင်ပြီး ခရစ်စမတ်လုပ်မလို့လား။"
မက်ဒါနာကတော့ အလွန်သဘာဝကျတဲ့လေသံနဲ့ ပြန်ဖြေလိုက်တယ်။
"ဟီးရိုးအစည်းအရုံးမှာ ငါက Silverknightဆိုတာ မသိတဲ့လူတွေအများကြီးရှိတယ်လေ။ တကယ်လို့ ငါက ဆုဗာနာမင်းသမီးလေးအနေနဲ့ ဟီးရိုးအစည်းအရုံးကိုရောက်နေရင် လူတွေဘယ်လိုထင်ကြမလဲ။"
မက်ဒါနာက လက်ညိုးလေးတစ်ချောင်းထောင်ပြီး ဆရာကြီးဆိုဒ်နဲ့ဆက်ပြောတယ်။
"Silverknightနဲ့ဆုဗာနာမင်းသမီးလေးကို အမြဲအတူတစ်နေရာတည်းမှာရှိနေတာတွေ့ရတယ်။ ဒါပေမဲ့ နှစ်ယောက်ဘယ်တော့မှတွဲမတွေ့ရဘူး။ ဒီတော့ သူတို့က တစ်ယောက်တည်းဖြစ်နိုင်တယ်တို့ဘာတို့ ထူးဆန်းတဲ့သီအိုရီတွေထွက်လာမှာပေါ့။"
ဒီစကားကြားတော့ ဥစာကီက အရူးတစ်ယောက်လိုမျိုး ခွက်ထိုးခွက်လှန်ရယ်တော့တာပဲ။ "အားဟားဟား... ဟားဟား... လျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့ Silverknightအဖြစ်နေမယ်။ တကယ်တော့ ငါတို့အစည်းအရုံးတစ်ခုလုံး Silverknightက နင်မှန်းသိပါတယ်ဟယ်။ နင့်ဘာသာနင် သူများတွေမသိဘူးလို့ထင်နေရုံပဲရှိတာ။"
"....."
ဖရာလီတာကလည်း မက်ဒါနာကို မျက်စောင်းထိုးပြီးပြောလိုက်တယ်။ "မက်ဒါနာ အရူးမ၊ နင်ရုံးကို သေတ္တာကြီးနှစ်လုံးနဲ့သွားလာနေပြီး Silverknightက ရုံး အဝင်မပြဘဲ ရုံးထဲက အမြဲထွက်ထွက်လာနေတာပဲဟာ။ ဟီးရိုးတွေက ငတုံးတွေမဟုတ်ဘူးဟဲ့။"
ဥစာကီကတော့ ပိုဆိုးတဲ့ အကြောင်းအရင်းတစ်ခုကို ထုတ်ပြောလာတယ်။ "တကယ်တော့ နင်ဝတ်စုံဝတ်နေတုန်းမြင်သွားတဲ့ လူသစ်လေးတောင်ရှိသေးတယ်။ သူတို့က နင့်ကိုအားနာလို့ အင်တာနက်ပေါ် သတင်းမဖြန့်တာပဲရှိတာ။ တစ်ရုံးလုံးသိနေပြီးသား။"
ဝတ်စုံထဲက မက်ဒါနာရဲ့မျက်နှာလည်း ပန်းသီးလေးလိုနီရဲသွားတယ်။ IQ နှစ်ရာအထက်ကြီးက အပေါစားအမှားတစ်ခုကို မှားရတယ်လို့။ တကယ်တော့ Silverknightက လျှို့ဝှက်ချက်တွေဖုံးဖိတဲ့နေရာမှာ အင်မတန်တုံးအတယ်။ မြင်းဇောင်းအိမ်ရာမှာနေတုန်းကလည်း တစ်ရပ်ကွက်လုံး သူ့ကိုSilverknightမှန်းသိတယ်။ သူကပဲ သူများတွေမသိလောက်ဘူးထင်နေတာ။
"ကျွန်မကိုရယ်နေတာတော့ဟုတ်ပါပြီ၊ ဟီးရိုးတွေက ကင်းလှည့်ရမယ်ဆိုရင် ဟီးရိုးအစည်းအရုံးက ပွဲက ကျွန်မတို့အတွက်သီးသန့်ဖြစ်သွားမယ်မဟုတ်ဘူးလား။"
တိုကျိုအစည်းအရုံးမှာက ဟီးရိုးရာနဲ့ချီပြီးရှိနေတာလေ။ သူတို့အဲဒီအတွက် ပြင်ဆင်ထားတာလည်း အများကြီးကြီးပဲဥစ္စာ။ စားစရာနဲ့သောက်စရာတွေ အလကားဖြစ်မကုန်ဘူးလား။
ဥစာကီကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေတယ်။ "ဟီးရိုးတွေက ကင်းလှည့်ရမှာဆိုပေမဲ့ အချိန်ပိုင်းနဲ့ ကင်းလဲတယ်လေ။ သူတို့ကင်းလှည့်ချိန်ကုန်ရင် ဒီကိုပြန်လာပြီး စားစရာရှိတာစားလိမ့်မယ်။"
ဥစာကီပြောတဲ့အတိုင်းပဲ ခုနစ်နာရီထိုးတော့ ပထမဆုံး ကင်းလှည့်အဖွဲ့ပြန်လာပြီး ခေါင်းဆောင်က ဒရုန်းဇုန်ရယ်။
ခရစ်စမတ်အပြင်အဆင်အနေနဲ့လားတော့မသိပေမဲ့ ဒရုန်းဇုန်ရဲ့အကူဒရုန်းက ခေါင်းပေါ်မှာ ဖိုးဖိုးဆန်တာဦးထုပ်နဲ့။
ဟီးရိုးတွေရဲ့အလှည့်ကျခရစ်စမတ်ကို မက်ဒါနာလည်း ခုမှမြင်ဖူးတာ။ ဒရုန်းဇုန်နဲ့တခြားသူမသိတဲ့ ဟီးရိုးတွေက "မယ်ရီခရစ်စမတ်"လို့အော်လိုက်ရင်း စားပွဲဝိုင်းတစ်ဝိုင်းမှာ ဝင်ထိုင်ကြတယ်။ နောက်တော့ အေမီသူတို့အတွက်ထည့်ပေးထားတဲ့ ကြက်ဆင်နဲ့တခြားစားစရာတွေကိုစား၊ သောက်စရာရှိတာသောက်ပြီးတော့ ဥစာကီဆီရောက်လာပြီး အထုပ်ကလေးတစ်ထုပ်စီ လာပေးကြတယ်။
"ခေါင်းဆောင်၊ ဒါက ခေါင်းဆောင်ဖို့ခရစ်စမတ်လက်ဆောင်တွေ။" ဥစာကီကတော့ ရုံးအလုပ်တွေ ဆက်လုပ်နေရင်း ပန်ဒါမျက်လုံးနဲ့ သူတို့ကိုမော့ကြည့်ရင်း ထင်းရှူးသစ်ပင်နားမှာ ပစ္စည်းတွေပုံထားဖို့ပြောတယ်။ သူ့ခင်ဗျာ ဖောက်ကြည့်ဖို့အတွက်တောင် မအားရှာဘူး။
ဒရုန်းဇုန်တို့ကတော့ ရိုးနေပြီဆိုတဲ့မျက်နှာနဲ့ သူပြောတဲ့အတိုင်း လက်ဆောင်တွေထားပြီး ပြန်ထွက်သွားကြတယ်။ အားလုံးပေါင်း မိနစ်သုံးဆယ်တောင်မပြည့်ဘူး။
"ဟီးရိုးခရစ်စမတ်က ဒါပဲလား။" ဒရုန်းဇုန်တို့အုပ်စုခင်ဗျာ ခရစ်စမတ်သီချင်းတောင် မဆိုနိုင်ကြဘူး။
"အင်း... သူတို့တွေ ခဏနေရင် ပြန်သွားပြီးကင်းစောင့်ရဦးမယ်လေ။ ပွဲတော်ချိန်က မတော်တဆမှုနဲ့ရန်ပွဲအဖြစ်အများဆုံးပဲ။ အလစ်သုတ်တာတို့ဘာတို့လည်း ဖြစ်တတ်တယ်။ ဒီတော့ ခနပဲနားရမှာ။"
မက်ဒါနာကတော့ သူ့ကိုယ်သူ ဟီးရိုးလိုင်စင်မယူခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အတော်လေးဝမ်းသာနေတယ်။
"တော်သေးတယ်၊ ငါလည်း လိုင်စင်ရဟီးရိုးဆိုရင် နယူးယောက်ဟီးရိုးအစည်းအရုံးမှာပဲ ကျောက်ချနေရလောက်တယ်။ အခုလိုကမ္ဘာပတ်ဖြစ်မယ်မထင်ဘူး။"
ဥစာကီပြောသလိုပဲ နောက်ထပ် အနားရလာတဲ့ဟီးရိုးတွေ တစ်သုတ်ပြီးတစ်သုတ်ရောက်လာပြီး စားလိုက်သောက်လိုက် ပြန်သွားလိုက်ဖြစ်စဥ်ကိုပဲ မက်ဒါနာ အထပ်ထပ်အခါခါကြည့်နေမိတယ်။
"သွားပါပြီ... ဒီနှစ်ခရစ်စမတ်က ဒါပဲလား။" မက်ဒါနာငိုမိတော့မယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သေသေချာချာလေး ထုပ်ပိုးထားတဲ့ လက်ဆောင်အထုပ်ကလေးက သူ့မျက်နှာရှေ့ရောက်လာတယ်။ ပေးတဲ့သူက တစ်ယောက်တည်း မရပ်မနား စားသောက်ပြီးနောက် စားပွဲကထလာတဲ့ လီဆာရယ်။
"မယ်ရီခရစ်စမတ်ပါ မေမေမက်ဒါနာ။" လီဆာလေးက ချစ်ဖို့ကောင်းလွန်းလို့ မက်ဒါနာတစ်ယောက် ခုံကနေထပြီး ဆွဲမြောက်လိုက်မိတယ်။ နောက်တော့တင်းတင်းဖက်ထားမိပြန်ရော။
"အား... မေမေမက်ဒါနာ... ဝတ်စုံကြီးနဲ့မဖက်နဲ့လေ... နာတယ်...."
ဒီတော့မှ မက်ဒါနာလည်း ပြန်သတိရလာပြီး လီဆာကို လွှတ်ပေးလိုက်မိတယ်။ သူက လောလောဆယ် ငွေရောင်စစ်သည်ချပ်ဝတ်ထဲမှာ။ အားကုန်သုံးမဖက်မိပေမဲ့ လီဆာလို အသွင်ပြောင်းမြူတန့်မဟုတ်ဘဲ တခြားလူတစ်ယောက်သာဆိုရင် အရိုးတွေအကုန် ကျိုးပဲ့ကုန်မှာ။
"အား... သမီးလေး၊ ဆောရီး။" နောက်တော့ မက်ဒါနာလည်း စိတ်လှုပ်ရှားစွာနဲ့ လက်ဆောင်ထုပ်ကိုဖြေလိုက်တယ်။ ချစ်စရာကောင်းတဲ့ ဖန်စီလက်စွပ်လေးတစ်ကွင်းထွက်လာတဲ့အတွက် မက်ဒါနာမျက်ခုံးပင့်လိုက်တယ်။ လီဆာကတော့ စားပွဲမှာပြန်ထိုင်လိုက်ပြီး မေးလေးကိုလက်နဲ့ထောက်ကာ စိတ်ကူးယဥ်မှုအပြည့်နဲ့ ပြောလိုက်တယ်။
"ဒီလက်စွပ်က မေမေလင်ဒါကို မေမေမက်ဒါနာလက်ထပ်ခွင့်တောင်းရင်သုံးဖို့ သမီးပေးတာ။"
"....." နောက်ထပ်လက်ဆောင်လာပေးတဲ့သူက အေမီရယ်။ မက်ဒါနာကတော့ တန်ဖိုးကြီးလက်ဆောင်တွေမဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေမိတယ်။
အေမီက စက်ရုပ်ဆိုတော့ ကိုယ်ပိုင်ဘဏ်အကောင့်တွေဘာတွေ ဖွင့်လို့ရတာမဟုတ်ဘူး။ ပြောရရင် Bitcoinတောင် ကိုယ့်ဟာကိုယ်မဝယ်နိုင်ရှာဘူး။ ဘယ် siteထဲဝင်ဝင် I'm not robot ကိုပဲနှိပ်ခိုင်းလွန်းလို့ အေမီခင်ဗျာ ဉာဏ်ရည်တုအခွင့်အရေးလှုပ်ရှားမှုတစ်ခုကို ဦးဆောင်ချင်နေရှာတယ်။
'ဉာဏ်ရည်တုတွေလည်း ခံစားချက်နဲ့ပါ၊ ဉာဏ်ရည်တုအားလုံးတန်းတူညီမျှ အခုပေးအခုပေး။' ဒါပေမဲ့ လောလောဆယ် လူသားနည်းနည်းအသိဉာဏ်ရှိတဲ့ ဉာဏ်ရည်တုက သူတစ်ယောက်ပဲရှိသေးတယ်။
မက်ဒါနာက အဲဒီလက်ဆောင်ထုပ်ကို ဖွင့်လိုက်တော့အထဲကနေ ခဲဆော်တဲ့ ဂေါက်တံအသစ်လေးတစ်ခုထွက်လာတယ်။ စျေးသိပ်မကြီးပေမဲ့ အမျိုးအစားကောင်းတယ်။ မက်ဒါနာက အေမီကိုမော့ကြည့်တော့ အေမီက သူ့ကိုဆူမယ်ထင်ပြီး ခေါင်းလေးငုံထားတယ်။
"မ... မမလေးက အမြဲတမ်းတစ်ခုခုထွင်နေတာဆိုတော့ ခဲဂေါက်ကောင်းတာလေးသုံးစေချင်လို့ပါ။"
တကယ်လည်း မက်ဒါနာ မင်းလွင်ဘဝက ဝယ်ထားတဲ့ ခဲဂေါက်လေးက ဟောင်းပြီးလက်ကိုင်တောင် အပူကြောင့်တွန့်လိန်ပြီး မည်းတူးနေပြီ။
"အား... နင်က ငါ့စိတ်က တကယ်သိတာပဲ၊ ကျေးဇူးပါ။ နောက်ကို မဆူတော့ဘူးနော်။" မက်ဒါနာက အေမီရဲ့ခေါင်းလေးကို ယုယုယယလေးပုတ်ပေးတော့ အေမီကလည်း မျက်လုံးလေးမှိတ်ပြီး ပြန်ပြုံးပြတယ်။ အေမီသာ အမြီးသာရှိရင် မနားတမ်းယမ်းနေလောက်ပြီ။
နောက်ဆုံးမက်ဒါနာရှေ့ကို ရောက်လာတဲ့လက်ဆောင်က ဖရာလီတာဆီက၊ ဖရာလီတာက ဘူးကို ကမ်းပေးပေမဲ့ မျက်နှာချင်းတော့မဆိုင်ရဲဘဲ မျက်နှာကို တစ်ဖက်လွှဲထားတယ်။ ဒါပေမဲ့မြင်နေရတဲ့ မျက်နှာတစ်ခြမ်းကနေ ဖရာလီတာရဲ့မျက်နှာတစ်ခုလုံး နီရဲနေတာကို မြင်နေရတယ်။
"ဒါက နင့်ဖို့ ငါကိုယ်တိုင်သွားရွေးလာတာ။"
မက်ဒါနာလည်း ဖရာလီတာရဲ့လက်ဆောင်ကြောင့် ပြုံးလိုက်မိတယ်။ "အမယ်... နင်ငါ့ကိုစိတ်ကောက်နေလို့ လက်ဆောင်မပေးဘူးထင်နေတာ။"
မက်ဒါနာဝမ်းသာအားရနဲ့ လက်ဆောင်ထုပ်ကိုဖြေလိုက်တော့ ပန်းနုရောင်ဇာဘော်လီလေးတစ်ခုထွက်လာရော။ အဲဒီမြင်ကွင်းကြောင့် မက်ဒါနာမျက်နှာတစ်ခုလုံး နီရဲလာတယ်။ နောက်တော့ ခန်းမတစ်ခုလုံးကြားအောင် အော်လိုက်ပါလေရောလား။
"ဖရာလီတာ... နင်ငါ့ကို ဘာရည်ရွယ်ချက်နဲ့ ဒီလက်ဆောင်ပေးတာလဲ။ ကောင်မစုတ်လေး၊ နင့်ကိုဆုံးမမှဖြစ်တော့မယ်။" ဒေါသထွက်နေတဲ့မက်ဒါနာက ဖရာလီတာရဲ့တင်ပါးကိုလက်ဝါးနဲ့ရိုက်ပြီးအပြစ်ပေးဖို့ ကြိုးစားပေမဲ့ ဖရာလီတာက ချက်ချင်းထပြေးတော့တာပဲ။
"မက်ဒါနာ... နင်ဝတ်စုံဝတ်ထားရင်း ငါ့ကိုတကယ်ရိုက်မလို့လား၊ အရိုးတွေကျိုးကုန်မှာပေါ့ဟဲ့။"
"မသိဘူး... နင့်ကိုပညာပေးဖို့တကယ်လိုနေပြီ။"
"ဟဲ့...ဟဲ့... ငါ့ကိုတကယ်ကြီးရိုက်မလို့လား။" မက်ဒါနာနဲ့ဖရာလီတာတို့ရဲ့အော်ကြီးဟစ်ကျယ်အသံတွေနဲ့အတူ တခြားသူတွေရဲ့ရယ်သံတွေက ဒီနှစ်ရဲ့ခရစ်စမတ်ကို ပြည့်စုံသွားစေခဲ့တယ်။